အခန်း (၄) ဦးလေးတွမ်၏ တဲကလေး
ဦးလေးတွမ့်တဲကလေးသည် သစ်လုံးတဲကလေး ဖြစ်သည်။ အိမ်မကြီးနှင့် ကပ်လျက်တွင် ရှိသည်။ ထိုသစ်လုံးတဲကလေး၏ ရှေ့တွင် သီးနှံပင်များ စိုက်ပျိုးထားသော ဥယျာဉ်ကလေး ရှိသည်။ ပန်းနွယ်ပင် များသည် သစ်လုံးနံရံကို တွယ်တက်ပေါက်ရောက်နေ၏။ ဒေါ်ကြီးချလို ၏ အသည်းစွဲပန်း ပင်များလည်း ရှိချေ သည်။
အိမ်ငယ်ကလေးအတွင်း၌ ဒေါ်ကြီးချလိုသည် မီးဖိုတွင် ဖုတ်ထားသော မုန့်ကို ကြည့်ရင်း အကျေနပ်ကြီး ကျေနပ်နေသည်။ သူသည် အိမ်ကြီးတွင် ညစာစားပွဲ သိမ်းခဲ့ပြီး ဖြစ်သည်။ သူကား အိမ်ကြီး၏ စားတောကဲတည်း။ အိမ်ကြီးတွင် ရှယ်လဗီမိသားစုကို ညစာတည်ခင်း ကျွေးမွေးပြီး နောက်၊ အိုးခွက် ပန်းကန်များကို ဆေးခဲ့ပြီးနောက် အိမ်ကလေးတွင် သူ့အဖိုးကြီးအတွက် ညစာ ပြင်ဆင်ကျွေးမွေးရဦးမည် ဖြစ်လေ သည်။
ခေါင်းစည်းအောက်က သူ့မျက်နှာသည် မီးဖိုက မီးရောင် တွင် တလက်လက် ဖြစ်နေသည်။
ဒေါင့်တနေတွင်ကား အိပ်ရာတခုကို သန့်ပြန့်စွာ ပြင်ဆင်ထား၏။ အိပ်ရာဘေးတွင် အနေ တော် ကော်ဇော တချပ်ကို ခင်းထားသည်။ ထိုနေရာကား သူနှင့် သူ့ကလေးတို့၏ အိပ်ရာနေရာ ဖြစ်လေသည်။ အခြားတဒေါင့် တွင်လည်း အိပ်ရာတခု ပြင်ထား၏။
တဖက်ထောင့်ခုံတန်းလျားပေါ်၌ ဆံပင်ထူလပျစ်နှင့် ကလေးနှစ်ယောက်နှင့်အတူ အငယ်ဆုံး ကလေး တယောက် ရှိ၏။ ကလေးနှစ်ယောက်၏ မျက်လုံးများသည် အရောင် တောက်နေ၏။ ပါးပြင်များမှာ ပြည့်ဖြိုး ကာ အရောင်ထွက်နေ၏။ သူတို့နှစ်ယောက်သည် ကလေး ငယ်ကို လမ်းရှောက်သင်နေ၏။ ကလေးငယ် ကား တော့တီးတော့တ သွားတတ်သော အရွယ် ဖြစ် သည်။
မီးဖိုရှေ့ကစပွဲသည် ညစာတည်ခင်းရန် အသင့်ပြင်ထားပြီး ဖြစ်လေသည်။ ထိုစပွဲ၌ ဦးလေးတွမ် ထိုင်နေသည်။ ဦးလေးတွမ်သည် အိမ်ကြီးရှင် မစ္စတာရှင်လဗီ၏ လက်ရုံး ဖြစ်၏။ သူ၏ ကျယ်ပြန့် ကြီးမားသော ရင်အုပ်၊ တုပ်ခိုင် ထွားကျိုင်းသော ကိုယ်နေကိုယ်ထား၊ မဲပြောင်သော အသားအရေတို့သည် အာဖရိက တိုက်သားစစ်စစ်ကြီး တဦးဖြစ်ကြောင်းကို ဖော်ပြနေဘိသကဲ့သို့ ရှိ ချေသည်။ သူ့မျက်နှာ သွင်ပြင် သည် စိတ်ကောင်း စေတနာကောင်း ရှိ၍ စူးစိုက်လေးနက်သော စိတ်ထား၊ ကြင်နာ သနား တတ်သော သဘောထားတို့ကို ပေါင်းစည်းဖော်ပြနေ၏။ ရိုးသားခြင်း၊ ကျိုးနွံခြင်း၊ ယုံကြည်ကိုးစားလွယ်သော ဟန်ပန်မျိုး နှင့်အတူ မိမိသိက္ခာကို မိမိ လေးစားတန်ဖိုးထား သော အသွင်လက္ခဏာမျိုးကိုလည်း ဆောင် ထား၏။
သူသည် ကျောက်သင်ပုန်းတချပ်တွင် စာကူးရေးနေ၏။ သူ စာကူးရေးနေဟန်မှာ ဂရု တစိုက် အားထုတ် ရေးသား နေရဟန်က စောင့်ကြည့်နေသည်။ ထိုကလေးကား မစ္စက်ရှယ်လဗီ၏ သား သခင်လေး ဂျော့ ဖြစ်သည်။
"ဒီလို မဟုတ်သေးဘူး ဦးလေးတွမ်၊ ဒီလိုမဟုတ်သေးဘူး" သူသည် ဦးလေးတွမ်ကို စာသင်ပြ ပေးနေသူ အဖြစ် ဦးလေးတွမ် အရေးမှားသော စာလုံးကို ထောက်ပြပေးနေ၏။
ဦးလေးတွမ်အဖို့ကား အတော် ခက်ရာခက်ဆစ် ဖြစ်နေဟန် ရှိ၏။
"တူတို့ လူဖြူတေမတော့လဲ လွယ်လိုက်တာနော်" ဒေါ်ကြီးချလိုက ချက်ပြုတ်နေရာမှ လှမ်းပြော လိုက်သည်။
"ဒေါ်ကြီးရေ ကျနော် ဆာလှပြီဗျာ။ ဒေါ်ကြီး မုန့်ကို မကျက်သေးဘူးလားဗျ" ဂျော့က ဒေါ်ကြီးချလိုကို လှမ်းမေးသည်။
ဒေါ်ကြီး ချလိုသည် မုန့်ဖုတ်အိုးဖုံးကို လှပ်ကြည့်ရင်း
"ကျက်ပြီဟေ့။ အမယ်လေးကွယ် ကောင်းလိုက်တာ။ ကဲဟေ့ မင်းစာအုပ်တွေ သိမ်းလိုက် ပါအုံးကွယ်။ အဖိုးကြီး နဲ့ တခါထဲထိုင် တခါထဲစားရအောင်" ဒေါ်ကြီးချလိုသည် သားငယ်နှစ်ယောက် ကို ထမင်းစပွဲသို့ လာမရှုပ် အောင် နှင်ထုတ်လိုက်ပြီး စပွဲပေါ်တွင် ဦးလေးတွမ်နှင့် ဂျော့အတွက် ညစာတည်ခင်းသည်။ ဂျော့ သည် ညစာစားရင်း ဒေါ်ကြီးချလို၏ အချက်အပြုတ် လက်ရာ အကြောင်းကို ချီးမွမ်းနေ၏။
ဒေါ်ကြီးချလိုသည် ဤနယ်တ၀ိုက်၌ အချက်အပြုတ်ကျွမ်းကျင်မှုဖြင့် ထင်ရှားရသည်ကို ဂုဏ်ယူ ၀င့်ကြွား နေ၏။
ဂျော့သည် စားရင်းသောက်ရင်း ဒေါ်ကြီးချလိုနှင့် စကားပြောရာမှ ဒေါင့်ထဲက ကလေး နှစ်ယောက် ပါးစပ် တပြင်ပြင် ဖြစ်နေသည်ကို မြင်ရသဖြင့် မျိုမကျနိုင် ဖြစ်သွားကာ
"ဟေ့၊ မော့နဲ့ပိ။ ရော့ ရော့" စားလက်စမုန့်ကိုဖဲ့ပြီး လှမ်းပေးရင်း "ဒေါ်ကြီးချလိုရေ။ လုပ်အုံး ဗျာ" ကလေးတွေအတွက် ရည်ရွယ်ပြောလိုက်သည်။
ဂျော့နှင့် ဦးလေးတွမ်းတို့ စားသောက်ပြီးလျှင် ဒေါ်ကြီးချလိုသည် ကလေးငယ်ကို ပေါင်ပေါ် တွင် တင်လျက် နောက်ထပ် မုန့်အိုးကို ဖုတ်ရာမှပင် မုန့်အိုးတွင်းမှ မုန့်များကို နှိုက်ယူကာ ကလေး တွေကို လှမ်းပေးလိုက်၊ သူပါးစပ်ထဲသို့ ထည့်လိုက်နှင့် လုပ်နေ၏။ ကလေးတွကာ မုန့်ကို ငြိမ်ငြိမ် မစား။ ဆော့ရင်း ကစားရင်း စားသောက်နေကြ၏။

ဒေါ်ကြီးချလိုမှာ ကလေးနှစ်ယောက်ကို မနိုင် နိုငအောင် ဖြစ်နေ၏။ ထို့ကြောင့် ကလေးအငယ်ဆုံးကို အောက်သို့ ချလိုက်သည်။ ကလေး အငယ်ဆုံးသည် ဦးလေးတွမ်ဆီသို့ ရောက် လာသည်။ ဦးလေးတွမ်က ကလေးအငယ်ဆုံးကို ဆွဲယူ ပြီး သူ့ပေါင်ပေါ် တင်သည်။ ကလေးသည် ဖခင်၏ ဆံပင်ကို ဆွဲချေ၊ နှာခေါင်းကို ဆွဲချေနှင့် ဆော့ ကစားနေ၏။ ဦးလေးတွမ်သည် သမီးကို ကလူ ကျီစယ် နေ၏။
"ကဲ ကဲ။ နင်တို့ပြီးပြီ မဟုတ်လား။ သွားကွာ၊ အိပ်ချေကြ။ ဒို့ ဒီမှာ ၀တ်တက်ကြမလို့" ဒေါ်ကြီးချလိုသည် မကြာခင် ၀တ်တတ်မည့် အစီအစဉ်အတွက် ပြင်ဆင်ရန် ကလေးများကို အိပ်ရာ သို့ နှင်ထုတ်လိုက်သည်။ ကလေး တွေကား မသွားချင်ကြပေ။
"နေပါစေ့ ဒေါ်ကြီးရယ်။ သူတို့လဲ နားထောင်ရတာပေါ့" ဂျော့က ၀င်ပြောသည်။။
မကြာခင်ပင် ၀တ်တက်ရန်အတွက် အခန်းကို ပြင်ဆင်သည်။ ထို့နောက် လူအများသည် ဦးလေးတွမ်၏ တဲကလေးအတွင်းသို့ ၀တ်တက်ရန် ရောက်လာကြလေသည်။ ထိုလူများတွင် အများစုမှာ မစ္စတာ ရှယ်လဗီ ၏ အလုပ်သမားများ ဖြစ်ကြသည်။ အချို့ကား အနီးအပါးရှိ ခြံဝင်များ မှ အလုပ်သမားများ ဖြစ်ကြသည်။ အသက် ရှစ်ဆယ် ရွယ် ခေါင်းဖြူကြီးများကအစ ဆယ်ငါးနှစ် အရွယ် လူငယ်များပါ ပါဝင်လေသည်။
မကြာမီပင် သူတို့သည် သမ္မာကျမ်းအလာ ဓမ္မသီချင်းမျာကို ရွတ်ဆိုကြ၏။ ဂျော့က သမ္မာ ကျမ်းစာကို ဖတ်၍ တိုင်ပေးသည်။ ဦးလေးတွမ် ခေါင်းဆောင်သော နီးဂရိုးများက လိုက်ဆိုကြလေ သည်။
ထိုသို့လျှင် ဦးလေးတွမ်၏ တဲကလေး၌ ၀တ်တက်နေစဉ်တွင် မစ္စတာ ရှယ်လဗီနှင့် ကျွန် ကုန်သည်ကြီး မစ္စတာ ဟာလေတို့သည် စာချုပ်စာတန်းများနှင့် အလုပ်ရှုပ်နေကြလေသည်။
နှစ်ဦးစလုံးပင် သဘောတူ စာချုပ်များကို စစ်ဆေးပြီးနောက် မစ္စတာရှယ်လဗီသည် စာချုပ် များကို စိတ်လက် မပါသော်လည်း မလွှဲမရှောင်သာသည် ဖြစ်သောကြောင့် ခပ်မြန်မြန် ထိုးပေး လိုက်သည်။
"ကဲ ဒါဆို ပြီးရောပေါ့။ ခင်ဗျားကြည့်ရတာကတော့ သိပ်စိတ်ကောင်းပုံမရဘူး" မစ္စတာ ဟာလေက ပြောသည်။
"ဒီမယ် မစ္စတာဟာလေ။ ခင်ဗျားကတိကိုတော့ ခင်ဗျား သတိရလိမ့်မယ် ထင်ပါတယ်။ တွမ့်ကို လူကောင်း သူကောင်းမှ မဟုတ်ရင်တော့ မရောင်းဘို့ သတိပေးထားတာ ခင်ဗျာ"
"ခင်ဗျား ရောင်းပြီးမှဘဲဟာ။ ဘာဖြစ်သေးလဲ"
"ကျနော့မှာက တာဝန်ရှိတယ် မဟုတ်လား"
"ကျုပ်မှာလဲ တာဝန်ရှိပါတယ်လေ။ ကျုပ်တတ်နိုင်သမျှ ကြည့် စီစဉ်ပါမယ်။ ကျုပ်နဲ့ ပတ်သက်လို့ကတော့ စိတ်ချပါ။ ဘာမှ မစိုးရိမ်နဲ့။ ကျုပ်လဲ ဒီကောင်တွေအပေါ် မရက်စက်တတ်ပါ ဘူး"
မစ္စတာရှယ်လဗီကား စိတ်မဖြောင့်လှပေ။ သို့သော် မည်သို့မျှ စကားမဆက်ပဲ ခပ်မဆိတ် နေလိုက်သည်။ မစ္စတာဟာလေသည် နေရာမှ ထွက်သွားလေသည်။ မစ္စတာ ရှယ်လဗီသာလျှင် အထီးတည်း ကျန်ရစ် ခဲ့လေ၏။
အခန်း (၅) ဆက်ရန်
.

No comments:
Post a Comment