အခန်း (၃) လင်သားနှင့် ဖခင်
ဤသို့ဖြင့် လင်သားနှငက့် ကွေကွင်းရသော အယ်လစ်ဇာ့ ဘ၀သည်လည်း စိတ်နှလုံး ပူပန်စရာ ဖြစ်ခဲ့ ရ၏။
ထိုညနေ၌ ရှယ်လဗီလင်မယားသည် မစ္စတာဟာလေ ထွက်သွားပြီးနောက် အပြင်ဖက် သို့ ထွက်သွားကြ၏။ အယ်လစ်ဇာသည် ၀ရန်တာတွင် ရပ်လျက် သူ့သခင်များ ထွက်သွားသည်ကို ငေးစိုက် ကြည့်နေ၏။ သို့စဉ်မှာပင် သူ့ပခုံးထက်သို့ လက်ဖ၀ါးပြင်ထိလာသဖြင့် နောက်ဖက်သို့ ရုတ်တရက် လှည့်ကြည့် လိုက်မိသည်။ ချက်ချင်းပင် သူ့မျက်လုံးအစုံ၌ အပြုံးရောင် လက်လာ သည်။
"ဟင်၊ ဂျော့ပါလား။ ၀မ်းသာလိုက်တာ ဂျော့ရယ်။ လာ၊ လာ၊ ဂျော့။ သခင်မတို့ ခုဘဲ အပြင် ထွက်သွား တယ်။ အိမ်ထဲဝင်ပါအုံး ဂျော့ရယ်။ ကျမဖြင့် ပျော်လိုက်တာ။ ကြည့်ပါအုံး။ မျက်နှာကလဲ ကြည့်ရတာ တမျိုးဘဲ။ ဘာများဖြစ်နေလဲ ဂျော့ရယ်။ သားကို ကြည့်စမ်းပါအုံး။ သား ကြီးမလာဘူး လားဟင်" အယ်လစ်ဇာ သည် လင်သားကို အိမ်ခန်းတွင်းသို့ ခေါ်လာပြီး သားနှင့် တွေ့ပေးသည်။ သားငယ်သည် မိခင်၏ ခါးဝက်မှာ ကွယ်ပုန်း လျက် ဖခင်ကို ရှက်စနိုး လှမ်းကြည့်နေ၏။
"လှမလားဘူးလားဟင်"
"ဒင်းကလေး မွေးမလာရင် ကောင်းမှာဘဲ" ဂျော့က နာနာကျည်းကျည်း ပြောလိုက်သည်။ "ကိုယ် ကိုယ်တိုင် လူဖြစ်မလာရင်လဲ ကောင်းမယ်"
အယ်လစ်ဇာသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားကာ လင်သား၏ ပခုံးတွင်မှီလျက်သား ထိုင်ချလိုက်သည်။ မျက်ရည်သည်လည်း သွန်ကျလာ၏။
"ဒီမယ် အယ်လစ်ဇာ၊ ကိုယ်မကောင်းဘူး။ မင်း ဒီလိုဖြစ်အောင် ကိုယ်လုပ်မိတဲ့အတွက် ကိုယ်ဟာ လူဆိုးဘဲ။ ကိုယ်တို့ဟာ မတွေ့ခဲ့ကြရင် ကောင်းမှာဘဲ။ ဒီလိုဆို မင်းလဲ ပျော်ပျော်ရွှင်ရွှင် နေရမယ်"
"ဘာတွေ ပြောနေတာလဲ ဂျော့ရယ်။ ဘာတွေများ ဖြစ်လာရပြန်တာလဲ။ ကျမတို့ ဒီအချိန် အထိ စိတ်ချမ်းချမ်းသာသာ နေခဲ့ကြရတာဘဲ မဟုတ်လား"
"အစစ်ပေါ့ အချစ်ရယ်" ဂျော့သည် ပြောပြောဆိုဆို သားကို ဆွဲယူကာ စူးစိုက်ကြည့်လျက် "မင်းနဲ့တဖုံထဲပါလား အယ်လစ်ဇာ။ ကိုယ်တွေ့ဘူးသမျှမှာ မင်းဟာ အချောဆုံးပါ။ ကိုယ်တွေ့ချင် မြင်ချင် ခဲ့တာဟာ မင်းဘဲ အယ်လစ်ဇာ။ အို၊ မဟုတ်ဖူး၊ မဟုတ်ဖူး။ ကိုယ်တို့ မတွေ့ခဲ့ကြရင် ကောင်းမယ် အယ်လစ်ဇာ"
"ဘယ်လိုဖြစ်နေတာလဲ ဂျော့ရယ်
"ဟုတ်တယ် အယ်လစ်ဇာ။ အားလုံး စိတ်ဆင်းရဲစရာ၊ စိတ်ဒုက္ခရောက်စရာတွေဘဲ။ ကိုယ့်ဘ၀ဟာ ခါးသည်းလှပါတယ်။ အမြဲတမ်း ပူလောင်နေတဲ့ဘ၀မျိုး။ ဒုက္ခသည်ဘဲ။ အနှိပ်စက် ခံဘ၀မျိုး။ ဒီလိုလူမျိုးက မင်းဘ၀ကို ဆွဲချလိုက်တာဘဲ အယ်လစ်ဇာ။ ဘာလုပ်နေလို့ကော အကျိုး ရှိအုံးမှာလဲ။ ဒို့ဟာ ဘာကို သိစရာကော လိုသေးသလဲ။ ဘာဖြစ်ဖို့များကော လိုသေးသလဲ။ အသက်ရှင်နေလို့ကော ဘာထူးမှာလဲ အယ်လစ်ဇာ။ သေတာအကောင်းဆုံး မဟုတ်လား"
"အို ဂျော့၊ ဒီလို မတွေးနဲ့လေ။ ဂျော့ ဘာဖြစ်နေတယ်ဆိုတာ ကျမ သိပါတယ်။ သည်းခံပါ ဂျော့ရယ်။ တနေ့ကျ"
"သည်းခံရမယ်၊ ဟုတ်လား။ ကိုယ် သည်းခံနေရမှာလား။ ဒင်း လာခေါ်တဲ့အချိန်မှာ ကိုယ် စကားတလုံးမှ မပြောတဲ့အတွက် ဒို့ကို ဘယ်သူကလာပြီး သနားသလဲ"
"ဘာဘဲဖြစ်ဖြစ် သူဟာ ရှင့်သခင်ဘဲ မဟုတ်လား"
"သခင်၊ ဘာသခင်လဲ။ သူဟာ ကိုယ့်သခင် ဖြစ်ရမယ်လို့ ဘယ်သူက ဖန်တီးပေးလိုက် တာလဲ။ ကိုယ်ဟာ သူ့လိုဘဲ လူတယောက် မဟုတ်လား။ တကယ်ဆို ကိုယ်ဟာ သူ့ထက် လုပ်နိုင် ကိုင်နိုင် စွမ်းဆောင်နိုင်တဲ့ လူပါ အယ်လစ်ဇာ။ အလုပ်သဘောမှာ ဒင်းထက် ကိုယ်ပိုပြီး နားလည် တယ်။ ဘာမဆို ကိုယ် ဒင်းထက် တတ်တယ်။ ဒင်းကကျ ကိုယ့်ကို နွားလို ကျွဲလို သဘောထား တယ်"
"အို ဂျော့ရယ်။ မထိတ်သာ မလန့်သာတွေပါလားကွယ်။ ရှင်တခုခုများ လုပ်မလို့လားဟင်။ ရှင် ကျမနဲ့ သားမျက်နှာကို ထောက်ပါ ဂျော့ရယ်
"ကိုယ်ဟာ သည်းခံခဲ့ပြီပြီး အယ်လစ်ဇာ။ သည်းခံလေလေ ပိုပိုဆိုးလေလေ ဖြစ်လာပြီ။ ကိုယ့်သွေး ကိုယ့်သားတွေဟာ ဒီထက် ပိုပြီး သည်းမခံနိုင်ကြတော့ဘူး။ ဒင်းဟာ အခွင့်သာသမျှ ကိုယ့်ကို စော်ကား တယ်။ နှိပ်စက်တယ်။ ညှဉ်းပန်းတယ်။ ကိုယ်ဟာ အတတ်နိုင်ဆုံး သည်းခံတယ်။ သူခိုင်းတာထက် ပိုလုပ်တယ်။ ရသမျှ အချိန်မှာ ကိုယ့်ဘာသာ ကြိုးစားတယ်။ ပညာရှာတယ်။ ဘာအကျိုးရှိသလဲ။ ဒါတွေဟာ ထပ် ထပ်ပြီး အစော်ကားခံရဘို့၊ အနှိပ်စက်ခံရဘို့ဘဲ ဖြစ်လာတယ် မဟုတ်လား။
"ဒီမယ် အယ်လစ်ဇာ၊ မနေ့က အဖြစ်ကိုဘဲ ကြည့်။ ကိုယ်မြင်းလှည်းမှာ ပစ္စည်းတင် နေတယ်။ ဒင်းသားက မြင်းနားလာပြီး ကြာပွတ်တချောင်းနဲ့ ကမြင်းတယ်။ ကိုယ်က မြင်းလန့်မှာ စိုးလို့ တားတယ်။ ဒါကို ဒင့်သားက သူ့ကို ကိုယ်ရိုက်ပါတယ်ဆိုပြီး သူ့အဖေကို တိုင်တယ်။ သူ့အဖေ က ကိုယ့်ကို ကြိုးနဲ့တုပ်ပြီး သူ့သားကို စိတ်တိုင်းကျ အရိုက်ခိုင်းတယ်။ ဒင်းတို့ဟာ သခင်တွေလို ဘယ်သူက သတ်မှတ်တာလဲ"
"အို ဂျော့ရယ်။ ရှင် ဖုရားသခင်ကို ယုံပါ။ ရှင်မှန်ဘို့သာ အရေးကြီးတာပါ"
"မှန်တယ် အယ်လစ်ဇာ။ ကိုယ်လဲ မင်းလိုဘဲ ခရစ်ယန်တစ်ယောက်ပါ။ ဒါပေမယ့် ကိုယ့်နှလုံးသားဟာ မာလာဘီ အယ်လစ်ဇာ။ ဒီအတိုင်းဖြစ်နေတဲ့ အခြေအနေကေို ဖုရားသခင် ရှုစိမ့်သလား။ ဒီလိုဆို ကိုယ် ဘယ်လိုလုပ်ပြီး ဖုရားသခင်ကို ယုံကြည်နိုင်ပါ့မလဲ"
"မဟုတ်သေးဘူး ဂျော့။ ဒါဟာ ကံကြမ္မာပဲ။ သခင်မက ပြောတယ် ဂျော့။ ဘာဘဲ မကောင်း ကြမ္မာနဲ့ ကြုံကြုံ ဖုရားသခင်ဟာ ကောင်းအောင် ဖန်တီးပေးမှာဘဲလို့ ကျမတို့ ယုံကြည်ရလိမ့်မယ် ဂျော့"
"ဒါတွေဟာ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ လူတွေ၊ လှည်းပေါးက လူတွေအဖို့တော့ အပြော လွယ်တာ် အယ်လစ်ဇာ။ ဒီလူမျိုးတွေကို ကိုယ်တို့လိုဘ၀မျိုးမှာ ထားကြည့်စမ်းပါ။ ဒီထက်မဆိုး တော့ ပြောပါ အယ်လစ်ဇာ။ အမှန်က ကိုယ်ကောင်းချင်တယ် အယ်လစ်ဇာ။။ ဒါပေမယ့် ကိုယ့်နှလုံး သားမှာ မီးဟုန်း ဟုန်းတောက်နေပြီ။ မင်းမသိဘူး အယ်လစ်ဇာ၊ မင်း မသိဘူး။ ဒီနိုင်ငံမှာ ကျွန်တယောက်ဟာ မိန်းမ တယောက် ကိုတောင် လက်ထပ်မယူနိုင်ဘူးဆိုတာ မင်းမသိဘူးလား။ တချိန်မှာ ဒင်းတို့ဟာ ဒို့ကိုမခွဲဘူး ပြောနိုင် သလား။ ဒီအချိန်မှာ မင်းနဲ့ ကိုယ်တို့ မကွဲကြပေဘူးလား။ ဒါ့ကြောင့် ကိုယ်ပြောနေတာ အယ်လစ်ဇာ။ ကိုယ်ဟာ လူ့ဘ၀ထဲ ရောက်မလာရင် ကောင်းမယ်။ မင်းနဲ့ မတွေ့ရင် ကောင်းမယ်လို့"
"ဒါပေမယ့် ကျမတို့သခင်ဟာ စိတ်ကောင်းရှိပါတယ်ဂျော့"
"မှန်တယ် အယ်လစ်ဇာ။ ဒါပေမယ့် သူသေရင် ဘာဖြစ်မလဲ။ ဒို့ဟာ တခြားလူရဲ့ကျွန် ဖြစ် ကြအုံးမယ်။ မသေဘူးထား။ သာဟာ မင်းတို့တတွေကို ရောင်းမပစ်ဖူးလို့ ဘယ်သူ သိနိုင်မလဲ။ ဒို့သားကို ကြည့်စမ်း။ ဒီခလေးကို တနေ့ရောင်းပစ်မယ် ရောင်းမပစ်ဘူး ဘယ်သူ သိနိုင်မလဲ"
ထိုစကားကြောင့် အယ်လစ်ဇာ၏ နှလုံသည် ကျင်ကနဲနာသွား၏။ ခပ်စောစောက ကျွန်ကုန် သည်နှင့် သူ့သခင်တို့ စကားကိုလည်း ကြားယောင်လာသည်။ ချက်ချင်းပင် မျက်နှာသည် ဖြူဖတ် ဖြူလျော် ဖြစ်လာသည်။ အသက်ရှုပင် ရပ်သွားသလို ကြုံရ၏။ သည်အကြောင်းကို သူ့လင်အား ပြောရမည်လား အကြံ ဖြစ်သေးသည်။ သည်တော့ ထိတ်လန့်တုန်လှုပ်လာပြန်သည်။ မဖြစ်နိုင်ဘူး ဟု စိတ်က တင်းသည်။
"ကဲ၊ အယ်လစ်ဇာ၊ အချစ်။ ကိုယ်သွားတော့မယ်။ ကိုယ် ဒီမှာ မနေတော့ဘူး"
"သွားမယ်။ ဘယ်ကိုသွားမှာလဲဟင်"
"ကိုယ် လွတ်ရာပြေးရမယ် အယ်လစ်ဇာ။ ကိုယ် ကနေဒါကို သွားမယ်။ ဒါဟာ ကိုယ့် နောက်ဆုံး မျှော်လင့်ချက် ပဲ အယ်လစ်ဇာ။ ကိုယ် ဒီမှာ ပိုက်ဆံရှာမယ်။ ပိုက်ဆံရှိတဲ့တနေ့မှာ ကိုယ် ပြန်လာပြီး ကိုယ့်မယား နဲ့ကိုယ့်သားကို ၀ယ်ယူမယ်"
"အို မဟုတ်တာ ဂျော့ရယ်။ ရှင်အဖမ်းခံရမှာပေါ့"
"ကိုယ် အဖမ်းမခံဘူး အယ်လစ်ဇာ။ မထူးဘူး။ ကိုယ်တို့ဟာ လွတ်ရင်လွတ်၊ မလွတ်ရင် အသေခံ။ ဒါဘဲ အယ်လစ်ဇာ"
အခန်း (၄) ဆက်ရန်

.
3 comments:
ကိုယ့်နှလုံးသားဟာ မာလာဘီ အယ်လစ်ဇာ။ ဒီအတိုင်းဖြစ်နေတဲ့ အခြေအနေကေို ဖုရားသခင် ရှုစိမ့်သလား။ ဒီလိုဆို ကိုယ် ဘယ်လိုလုပ်ပြီး ဖုရားသခင်ကို ယုံကြည်နိုင်ပါ့မလဲ"
"ဒါတွေဟာ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ လူတွေ၊ လှည်းပေါးက လူတွေအဖို့တော့ အပြော လွယ်တာ် အယ်လစ်ဇာ။ ဒီလူမျိုးတွေကို ကိုယ်တို့လိုဘ၀မျိုးမှာ ထားကြည့်စမ်းပါ။ ဒီထက်မဆိုး တော့ ပြောပါ အယ်လစ်ဇာ။ အမှန်က ကိုယ်ကောင်းချင်တယ် အယ်လစ်ဇာ။။
ကိုယ်တို့ဟာ လွတ်ရင်လွတ်၊ မလွတ်ရင် အသေခံ။
true words!
Totally true.
If someone is rich and get everything, then they ll believe God too much.
This is true.
Myatnoe
အသစ်နှစ်ပုဒ် လာဖတ်သွားတယ် မရွှေစ်ရေ။
ကွန်နက်ရှင် မကောင်းတဲ့ကြား၊ ဘန်းထားတဲ့ကြားက ခက်ခက်ခဲခဲ ကျော်ခွပြီး တင်ပေးတာ ကျေးဇူးတင်တယ် တကယ်ပါ။
ကိုယ်ချင်းလဲ စာပါတယ်။
ကျမ မြန်မာပြည်မှာတုန်းက အဲဒီလိုပဲ ခက်ခက်ခဲခဲ ဘလော့ရေးခဲ့ရတာ။ ပို့စ်တခုတင်ဖို့ အတော်ကြာတယ်။ ဒါကြောင့် မရွှေစင် ဒုက္ခကို နားလည်စွာ ကိုယ်ချင်းစာပါတယ်။
မျှော်လျက်. .
Post a Comment