Tuesday, June 1, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၁၀) ဒု ပိုင်း

' မင်း တခုခုတော့ စားဦးမှပေါ့ကွာ၊ မင်း ဒီမှာ ထိုင်စောင့်၊ ငါ သွားကြည့်လိုက်ဦးမယ် '
ဂျိုစီသည် နောက်ဖေး မီးဖိုချောင်ဘက်သို့ လျှောက်သွားသည်။ ခဏနေတော့ ပြန်ရောက်လာသည်။
' မက်ဂ်ဒါလီးနားက မင်းအတွက် မနက်စာလုပ်နေတယ်၊ ဂရေစီယာကို ကြောက်စရာမလိုပါဘူးကွာ၊ သူ အခု ထက်ထိ အိပ်ပျော်နေတုန်းပါ၊ ငါလဲ အခုရှိနေပြီပဲဟာ၊ သွားစားပါ '
နီကိုလတ်စ် သည် တခြားသူတစ်ယောက်ကသာ တိုက်တွန်းလျှင် အိမ်ဘက်သို့ ပြန်သွားလိမ့်မည် မဟုတ်။ ဂျိုစီ စကားကျတော့ သူချက်ချင်း လိုက်နာသည်။ မက်ဂ်ဒါလီးနားက သူ့အတွက် နံနက်စာ ကို ထမင်းစား ခန်း ထဲမှာပင် ပြင်ဆင်၍ ကျွေးသည်။ သူ စားနေကျ အစားများပင်ဖြစ်၏။

တခုတော့ ထူးခြား၏။ ပေါင်မုန့်မီးကင်မှာ ကျွမ်းနေသည်။ မက်ဂ်ဒါလီးနား လုပ်ကိုင်နေပုံမှာ တက်ကြွ ဖျတ် လတ်ခြင်းမရှိ။ ထိုင်းမှိုင်းလေးလံလျက်ရှိသည်။ သူ့အလုပ်အပေါ်တွင် စိတ်ဝင်စားသည့်ဟန် မရှိ။ သူ့ခေါင်းမှ ဆံပင်သည် ပွတီးပွယောင်း။ မျက်နှာကလည်း ဖောင်းတောင်းတောင်းပွတတ။ ဘရန်ဒီ အနံ့ကလည်း အခု အချိန်ထိ မပျောက်သေး။ သူ စားသောက်နေသည့် တချိန်လုံးအချိန်လုံး လိုလိုပင် မက်ဂ်ဒါလီးနားသည် သူ့အား မကြည့်။ သူ့အား လုံးဝ ဂရုမစိုက်သည့်နှယ် ရှိနေသည်။ သူ၏ နောက်ဆုံး အစာဖြစ်သော နို့ဖန်ခွက် ကုန်ခါမှပင် သူနှင့် မလှမ်းမကမ်းတွင် လာရပ်သည်။ မက်ဂ်ဒါလီးနား၏ မျက်လုံးမှာ နွမ်းနယ် နေဟန် ရှိ၏။

' မနေ့ညက ဂရေစီယာ လုပ်တာဟာ မင်းကို ကိုယ်ထိလက်ရောက် နာအောင် ကျင်အောင်လုပ်ဖို့ မရည်ရွယ်ပါဘူး၊ အရက်တွေ အလွန်အကျွံ သောက်ပြီး မူးနေလို့ပါ၊ နောက်ထပ်လည်း ဒါမျိုးမဖြစ် တော့ ပါဘူး '
နီကိုလတ်စ်က စကားပြန်မပေးပဲ ငြိမ်ဆိတ်စွာ ပြန်ကြည့်နေသည်။
' မင်းက သဘောကောင်းပါတယ် ' ဟု မက်ဂ်ဒါလီးနားက ဆက်ပြောသည်။ ' အခု ဖြစ်တဲ့ဟာကို မင်းအဖေ ဆီညော်ဘရန်းဒီးကို ပြန်မပြောပါနဲ့ '
' မပြောလို့ မဖြစ်တော့မှ ပြောမှာပါ '

' ကောင်းပါလေ့ကွယ် ' ဟု မက်ဂ်ဒါလီးနားက ရေရွက်သည်။ ' ကဲ ... ကဲ၊ မျက်နှာသစ်ချေဦး '
နီကိုလတ်စ်သည် အပေါ်ထပ် ပြန်တက်ပြီး သွားတိုက်သည်။ မျက်နှာသစ်သည်။ ပြီးတော့ အ၀တ် အစား လဲသည်။ ထို့နောက်တော့ စိတ်လက်ကြည်လင် ပေါ့ပါးသွားသည်။ သို့သော်လည်း မနေ့ညက ကြုံခဲ့ ရသည့် အဖြစ်က အရှိန်မကုန်သေး။ အခန်းထဲတွင် ကြာကြာနေချင်စိတ် မရှိ။ ဂျိုစီရှိရာ ဥယျဉ်ထဲသို့ ပြန်ဆင်း လာခဲ့သည်။
တမနက်ခင်း လုံး နီကိုလတ်စ်သည် ဂျိုစီ အနားမှ မခွာ။ စကားလည်း များများမပြော။

အလုပ်ကူ လုပ်ဖို့လည်း စိတ်မ၀င်စား။ မီးဖိုချောင်ပစ္စည်းများထားရာ စတိုခန်းတံခါးဆီသို့ မကြာ.....မကြာ လှမ်းကြည့် နေသည်က များသည်။ ဂျိုစီကိုယ်တိုင်လည်း နီကိုလတ်စ်လိုပင် ဖြစ်သည်။ စကားများ များ မပြော။ အလုပ်ကို လုပ်နေသော်လည်း သူ့စိတ်မှာ အလုပ်အပေါ်တွင် ရှိပုံမရ။ မျက်မှောင်ကုပ် ကာ တစုံ တခု ကို စဉ်းစားချိန်ဆနေဟန် ရှိသည်။ တင်းကျပ်စွာစေ့ထားသော နှုတ်ခမ်းသည် နီကိုလတ်စ် ကြုံခဲ့ရသည့် ဖြစ်ရပ် အပေါ် ပေါ့ပေါ့ဆဆသဘောမထားကြောင်းကို ဖော်ပြလျက်ရှိ၏။ သူကိုယ်တိုင်လည်း အိမ်ကြီးဘက် သို့ မကြာခဏ လှမ်းမျှော်၍ ကြည့်သည်။

တနာရီ ထိုးချိန်အထိ ဂရမ်စီယာ၏ အရိပ်အရောင်မမြင်ရ။ နေ့လယ်စာပြင်ဆင်ပြီးကြောင်း မက်ဂ်ဒါ လီးနား က လက်ဟန်ခြေဟန်ဖြင့် ပြ၍ လှမ်းခေါ်သည့်အခါ နီကိုလတ်စ်က သွားချင်စိတ်မရှိ၊ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်လျက်ရှိသည်။ ဂျိုစီက မျက်နှာရိပ်မျက်နှာကဲပြ၍ သွားခိုင်းမှပင် ထသွား သည်။ မည်သို့ပင်ဖြစ်စေ သူ ထမင်းစား ခန်းထဲ၌ နေ့လယ်စာစားခိုက်တွင် သူ့မိတ်ဆွေ ဂျိုစီသည် ပြတင်းပေါက် တခုအနီး၌ ရောက်နေ သည်ကို သူသတိပြုမိသည်။

သူပြန်သွား သောအခါလည်း ဂျိုစီသည် အိမ်နှင့်အနီးဆုံးနေရာ တနေရာမှ မြက်ပင်များကို ဓားတလက်ဖြင့် ခုတ်ဖြတ် လျက်ရှိ၏။ သူ့မျက်နှာထားမှာ တစုံတခုကို စောင့်ကြည့်ပြီး သတိထားနေဟန် ရှိလေသည်။

သုံးနာရီထိုးတွင် အိမ်ရှေ့တံခါးမကြီးကို ဖွင့်၍ ဆင်ဝင်အောက်သို့ ထွက်လာသော ဂရေစီယာကို မြင်ရ သည်။ ကိုယ်ပေါ်တွင် ရှပ်အင်္ကျီနှင့် ဘောင်းဘီသာ ၀တ်ထားသည်။ ခြေထောက်တွင် ဖိနပ်စီး ထားသည်။ သူ့ရန်သူကို မြင်လိုက်သည်နှင့်တပြိုင်နက် နီကိုလတ်စ် တကိုယ်လုံး ထူပူလာသည်။ ဂရေစီယာ၏ ပုံပန်းမှာ အမူးပြေ သေးဟန်မတူ။ အခု အချိန်အထိ အိပ်ချင်မူးတူး ဖြစ်နေသည့်ပုံစံ။ ထိုအချိန်တွင် ဂျိုစီသည် ထိုင်၍ အလုပ်လုပ်နေရာမှ မတ်တပ်ရပ်လိုက်၏။ ဂျိုစီ ထရပ်သည့်အချိန် နှင့် ဂရေစီယာ နောက်သို့ လှည့်ကြည့် သော အချိန်မှာ တပြိုင်တည်းဖြစ်သည်။ ဂရေစီယာက ဂျိုစီနှင့် နီကိုလတ်စ်တို့အား စူးစူးဝါးဝါး ကြည့်နေ သည်။

ဂျိုစီကလည်း ဂရေစီယာအား စူးစူးရဲရဲပြန်ကြည့်သည်။ သူတို့နှစ်ယောက်သည် အတန်ကြာမှ တယောက်ကို တယောက် မျက်လုံးချင်းဆိုက်၍ စိုက်ကြည့်နေကြသည်။ နီကိုလတ်စ် တကိုယ်လုံး မှာ အေးစက် တောင့်တင်း လျက် ရှိ၏။ သူသည် ဂျိုစီနှင့် ဂရေစီယာတို့၏ စစ်အေးတိုက်ပွဲကို ဘေးမှ ရပ်၍ မျက်တောင် မခတ် ကြည့်နေမိသည်။ ဂျိုစီနှင့် ဂရေစီယာတို့သည် စကားတခွန်းမှမပြောပဲ တယောက်ကို တယောက် ကြည့်နေ ကြသည်မှာ တမိနစ်ခန့်တော့ ကြာမည်ဟု သူထင်သည်။ ထို့နောက် ဂရေစီယာ ၏ မျက်လွှာ များသည် အောက်သို့စိုက်ကျသွားသည်။ သူ့ပါးစပ်မှ ခပ်တိုးတိုး ရေရွတ်သည်။ ပြီးတော့ ထွီကနဲ တံတွေး တချက် ထွေးလိုက်ကာ ကားရုံဘက်သို့ ထွက်သွားလေ သည်။ ခဏနေတော့ မော်တော်ကား စက်စမ်းသံကို ကြားကြ ရလေ၏။

နီကိုလတ်စ်က ဂျိုစီမျက်နှာကို အားကိုးတကြီး မော့်ကြည့်သည်။ ဂျိုစီ၏မျက်နှာထားမှာ တည်ငြိမ် လျက် ရှိသော် လည်း နဖူးကြောများကတော့ ရှုံ့နေကြလေသည်။
'မင်းအဖေ ကနေ့ပြန်လာမှာလား နီကို'
' မလာသေးဘူး ဂျိုစီ၊ မနက်ဖြန်တောင် ပြန်ချင်မှ ပြန်လာဦးမှာ '
' ဒီလိုဆို မင်း ဒီည ဒီမှာပဲ အိပ်ချင်သလား၊ မင်း ဘယ်လိုစိတ်ကူးလဲ '

' ဟာ ... ကျွန်တော် မအိပ်ချင်ဘူး ဂျိုစီ၊ မအိပ်ရဲဘူးဗျ၊ ခင်ဗျားကကော ကျွန်တော့်ကို ဒီမှာပဲ အိပ်စေ ချင် သလား '
တခဏမျှ ငြိမ်ဆိတ်သွားသည်။ ဂျိုစီသည် မြေပြင်ကို စိုက်ကြည့်ပြီး တွေဝေစဉ်းစားနေရာမှ နီကိုလတ်စ် အား ဖြတ်ကနဲ မော့်ကြည့်သည်။
' ဒီလို စဉ်းစားရ သိပ်ခက်တယ် နီကို၊ ငါ့ အနေကတော့ ကိုယ့်ဒုက္ခကိုယ် မရှာချင်ဘူး၊ ဒါပေမယ့် ... မင်းကို တယောက် တည်းထားခဲ့ဖို့ ဆိုတာကလဲ ... ငါ မလုပ်ရက်ဘူး၊ ဟို ... အကောင်ကြီးနဲ့ ငါ မထားခဲ့နိုင်ဘူး'

' ဒီလို ဆိုရင်တော့ ကျေးဇူးပါပဲ ဂျိုစီရာ၊ ခင်ဗျားကို ကျွန်တော် သိပ်ပြီး ကျေးဇူးတင်ပါတယ် ' ဟု နီကိုလတ်စ် က ၀မ်းသာအားရ ရေရွက်သည်။
ဂျိုစီကတော့ သိပ်ပြီး တက်တက်ကြွကြွ မရှိ။ သူ့အမူအရာမှာ ခပ်ငေးငေး ခပ်ငိုင်ငိုင်နှင့် အေးတိ အေးစက် နိုင်လွန်း လှ၏။
' ကျေးဇူးတင်ဖို့ မလိုပါဘူးကွာ၊ ရပါတယ်၊ ကနေ့တော့ အလုပ် ဆက်လုပ်နေလို့ မဖြစ်တော့ဘူး၊ မင်းလည်း ငါနဲ့ အတူတူ အိမ်ကို လိုက်မှာ မဟုတ်လား '

အခန်း (၁၁) ဆက်ရန်
.

No comments: