Sunday, April 25, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄ဝ)
အခန်း ၂၉
ဝမ်လန်းသည် သူဌေးကြီး ဟွံ အိမ်ကို ငှားရမ်းပြီးနောက် သားနှင့် ချွေးမကို၎င်း၊ ကြာပဒုံ နှင့် ဥသြမယ် ကို၎င်း၊ အစေခံများကို၎င်း ထိုအိမ်ကြီးသို့ ပြောင်းရွှေ့ နေထိုင်စေလေ၏၊ ၎င်းကား စိတ်မကောင်းသော သမီး ကလေးနှင့်အတူ သားအငယ်ဆုံးကိုပါ ခေါ်ထားလျက် ရုတ်တရက် လိုက်ပါပြောင်းရွှေ့ခြင်းမပြုဘဲ မူလ အိမ်တွင် နေထိုင်လေ၏၊ သားများက တပါတည်းလိုက်ပါရန် ခေါ်သော်လည်း -
" ကိစ္စမရှိဘူး မင်းတို့သာပြောင်းနှင့်ကြ ငါ့ဘို့သာ အခန်းတခန်းပြင်ထား ငါ့မြေးကလေး မွေးကာနီးမှ ငါပြောင်း လိုက်ခဲ့မယ် ငါ့မှာ ဒုက္ခသယ် သမီးကလေးတယောက်ရှိသေးတယ်၊ ငါကိုယ်တိုင်သူ့ကို မစောင့် ရှောက် မကြည့်ရှုရင် သူ့ကိုဘယ်သူမှ စောင့်ရှောက်ကြည့်ရှုမဲ့သူမရှိဘူး" ဟု ပြောလျက် မလိုက်သေးဘဲ နေလေ ၏။
ဤ စကားမှာ ချွေးမကို စောင်း၍ ပြောလိုက်ခြင်းဖြစ်၏၊ နန်းအင်၏ မိန်းမမှာ အဆိုပါ စိတ်နောက် ဆွံ့ အ နေရှာ သော ၀မ်လန်း၏ သမီးကလေးကို မုန်းတီးရွံ့ရှာလှသဖြင့် အနားကပ်မခံဘဲ နေလေ့ရှိ၏၊ "'ဒါ မျိုးတော့ အသက်ရှင်နေဘို့ကို မကောင်းဘူး၊ သူ့ကြည့်ကြည့်နေရတာ ၀မ်းထဲကခလေးကို ထိခိုက်တယ်" ဟု နှုတ်မှ ဖွင့်ထုတ်၍ပင် ပြောလေရကား နန်းအင်မှာ မယား၏ သဘောကို သိသဖြင့် ဘခင်အား ဆက်လက် တိုက်တွန်းခြင်း မပြုပေ၊ ၀မ်လန်းက ဆက်လက်၍ -
" မင်းတို့သာ သွားကြပါ ငါတော့ နန်းဝင်အတွက် မိန်းမရှာတွေ့မှဘဲ လိုက်လာခဲ့တော့မယ် ဒီကိစ္စ အတွက် ချင်း ကို လွှဲထားလို့ ငါအခုတော့ ချင်းနဲ့ဘဲ နေရအုံးမယ် "  ဟု ပြောပြန်ရာ နန်းဝင်ကလည်း ဆက်လက်၍ မပြော တော့ဘဲ အားလုံး ဟွံ့ အိမ်ကြီးသို့ ပြောင်းသွားကြလေ၏။
၎င်းတို့ ပြောင်းသွားသောအခါ ၀မ်လန်း၏ ဦးလေး မိသားတစုသည် ကြာပဒုံ၏ အဆောင်ထဲသို့ ပြောင်းနေ ကြရ၏၊ ၀မ်လန်းကား ဤကိစ္စအတွက် ဘာမှမပြောပေ ဦးလေးဖြစ်သူ ကြာကြာ နေရတော့မည် မဟုတ် ကြောင်း သိသဖြင့် ဆိတ်ဆိတ်သာနေလေ၏၊ ၎င်းကိုယ်တိုင်နှင့် သမီးနှင့်သားမှာမူ အလယ်ခန်းတွင် နေကြ လျက် အပြင်ခန်းများတွင် ချင်းနှင့်တကွ အလုပ်သမားများကို ပြောင်းရွှေ့ နေထိုင်စေလေ၏၊ ၀မ်လန်း သည် မိမိ တို့ကို ချက်ပြုတ်ကျွေးမွေးရန် အစေခံမိန်းမကြီးတယောက် ငှားရမ်း၍ ထားလေ၏။
ထို အတွင်း ချင်းသည် နန်းဝင် အတွက် နန်းဝင်၏ စိတ်ကြိုက်မိန်းကလေးတယောက်ကို ရွာတရွာမှ ရှာ၍ တွေ့လေရာ ၀မ်လန်းသည် လက်ထပ်ရန် ကြောင်းလမ်းစေ့စပ်လိုက်ပြီး နေ့ကောင်းရက်သားများ ရွေးချယ် လိုက်လေ၏။
ယခုအခါ ချင်းမှာ သက်ရွယ်ကြီးရင့်ခဲ့ပြီတကြောင်း၊ ၀မ်လန်း မှာလည်း အရွယ်လွန်ခဲ့ပြီ တကြောင်း ကြောင့် လယ် များကို ကိုယ်တိုင်ကိုယ်ကျ အုပ်ချုပ်စီမံလုပ်ကိုင်ခြင်း မပြုနိုင်တော့ပေ၊ သို့ဖြစ်လေရာ အိမ်နှင့် ဝေးလန် သောလယ်များကို ၀မ်လန်းသည် လယ်ငှားချရလေ၏၊ ဤသို့ လယ်ငှားချပြီးသောအခါ ၀မ်လန်း မှာ တာဝန်တခု ပေါ့သွားသည့် အတိုင်း ၀မ်လန်းသည် တခါတရံ သားသမီးများနှင့်အတူ မြို့က အိမ်ကြီး သို့သွား ၍ အိပ်၏၊ သို့သော် နံနက်မိုးလင်း သည်နှင့်တပြိုင်နက် လယ်ထဲက အိမ်ကို ပြန်၍လာခဲ့လေ၏၊ လယ်ထဲ ရောက်၍ လတ်ဆတ်သော လေကို ရှူရှိုက်ရသောအခါ စိတ်ချမ်းသာ၍သွားလေ၏။
ထိုအတွင်း ကုသိုလ်ကံထောက်မလာသော အချက်တခုကား ၀မ်လန်း ဦးလေး၏ သားမှာ အိမ်တွင် နေရ သည် ကို ညည်းငွေ့သည်ဆိုကာ စစ်ထဲလိုက်ရန် အိမ်မှထွက်သွားခြင်းဖြစ်ပေ၏၊ သို့ဖြစ်လေရာ ၀မ်လန်းမှာ ၀န်ထုပ်ကြီး တခု ပေါ့သွားပြန်လျက် စိတ်ချမ်းသာရပြန်လေ၏၊ ပို၍စိတ်ချမ်းသာလာရပြန်သော အကြောင်း တခုကား မြေးကလေးရကာနီးလာခြင်းပင် ဖြစ်ပေ၏၊ ၀မ်လန်းသည် ထိုရက်များအတွင်း၌ မြို့က အိမ်ကြီး မှာပင် အချိန်ကုန်လေ၏၊ အားလုံးအတွက် ပိုးထည်ဖဲထည် အ၀တ်အစားများဝယ်ပေးပြီး အစေခံများ အတွက် လည်း အစုတ်အနုတ် မ၀တ်စေဘဲ အ၀တ်အစားသစ်များဝယ်ပေး၍ ၀တ်ဆင်စေလေ၏၊ တခါက ဆင်းရဲ သား လယ်သမားတယောက်ဘ၀နှင့် ၀င်းဝ ကိုပင် မ၀င့်ရဲဖြစ်နေခဲ့သော မိမိမှာ ယခုအခါ ထိုအိမ်ကြီး ပေါ်၌ သားတွေ သမီးတွေနှင့် မြိုင်မြိုင် ဆိုင်ဆိုင်ကြီး နေထိုင်လျက်ရှိသည့်အဖြစ် ကို တစိမ့်စိမ့် တွေးရင်း စိတ်ပျော် အားရ ပီတိလှိုင်း အကြွကြီး ကြွ၍ နေလေ၏။
သို့ဖြင့် သားတွေ မယားတွေနှင့် ပျော်ပျော်ကြီး နေလိုက် စားလိုက် အိပ်လိုက်နှင့် သူဌေးစည်းစိမ်ကို ပျော် ပျော်ကြီး ခံစားလျက်ရှိရာ၌ တနေ့တွင် ဥသြမယ်က သားစုံမယားစုံ ပျော်ပွဲထိုင်လျက် ရှိသည့်နေရာကို ရောက်လာပြီး -
ခုလို မြင်ရတော့ ကျမငယ်ငယ်တုံးက ဒီအိမ်ကြီးမှာ နေတုံးက အဖြစ်အပျက်တွေ ပြန်မြင်ယောင် မိတယ် ဟိုတုန်း ကလည်း အခုလိုဘဲ ပျော်ပျော်ပါးပါးကြီး နေကြထိုင်ကြတာဘဲ ဟိုတုံးကနဲ့ သိပ်တူတာဘဲ ကျမသာ အရွယ် ကျပြီး သူဌေးကြီးတွေနဲ့ မတန်တော့အောင် ရုပ်ဆင်းပျက်နေပြီ ဟု ၀မ်လန်းကို ခပ်ညုညု ကြည့်၍ ပြောလိုက် ပြီး ခစ်ကနဲ ရယ်လိုက်လေ၏၊ သို့သော် ၀မ်လန်းမှာ မကြားဟန်ဆောင်လျက် ဣနြေ္ဒကြီး လုပ်နေ လိုက်ရလေ၏၊ သို့နှင့်လည်း မိမိအား သူဌေးကြီး ဟွံနှင့် နှိုင်း၍ပြောဆိုခြင်း ခံရသည့်အတွက် ၀မ်းထဲ၌ ကြိတ်၍ ပီတိဖြစ်သွားလေ၏။
တနေ့သ၌ နန်းအင်၏ဇနီးသည် သားဖွားတော့ရန် ကမ္မဇလေ သားသန္ဓေ လှုပ်ရှားလာလေ၏၊ သို့သော် ခဲခဲ ယဉ်းယဉ်း ဖြစ်နေကြောင်း ကြားရသောအခါ ၀မ်လန်း မှာ ထိပ်သို့ သွေးတက် လျက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေလေ၏၊ မီးနေခန်းမှ အော်ဟစ်ညည်းညူသံကို ကြားရလေလေ စိုးရိမ် ပူပန် မိလေလေ ဖြစ်ကာ ဗျာများလျက် မြို့ထဲထွက်ခဲ့ပြီး အမွှေးတိုင်များဝယ်လျက် ဆိုင်ရာနတ်သမီးသို့ သွားရောက် ကန်တော့ ရင်း ချောချောမောမော ဖြစ်ပါစေရန် တတွတ်တွတ် ဆုတောင်း၍ နေလေ၏။
" မှန်လှပါ ချောချောမောမော ဖြစ်အောင် စောင့်မကြည့်ရှုတော်မူပါ အရှင်နတ်သမီး မြေးယောက်ျား ကလေး မွေးရင် ၀တ်လဲတော် အသစ်ဆက်ပါ့မယ် ဒါပေမဲ့ မိန်းခလေးမွေးလာရင်တော့ ကျုပ်ဘာမှ မဆက် ဘူးနော်၊ အရှင် နတ်သမီး ဟုလည်း ယောက်ျားကလေး မွေးဖွားစေရန် အမျိုးမျိုး ဆုတောင်းပြန်၏။
နောက်ဆုံး အိမ်သို့ ပြန်ရောက်သွားလေ၏၊ ကုလားထိုင်တလုံးတွင် ၀င်ထိုင်လိုက်ပြီး မောလှသဖြင့် လဘက်ရည် သောက်ရန် အစေခံမကလေးများကို လက်ခုတ်တီး၍ ခေါ်လိုက်လေ၏။ သို့သော် တယောက် မျှ ရောက်မလာပေ မျက်နှာမှ ချွေးများကိုသုတ်ရန်အတွက် ရေနွေးဆွတ်သော မျက်နှာသုတ်ပုဝါ တခု ယူခဲ့ရန် ခိုင်းလိုသဖြင့် လက်ခုတ်တီးခေါ်ပြန်၏ သို့သော် မည်သည့်အစေခံကလေးမှ ပေါ်မလာ ဟိုပြေး ဒီပြေး တခန်းဝင် တခန်းထွက်နှင့် ဗျာများ အလုပ်ရှုတ်နေကြသည်ကိုသာ တွေ့ရ၏။ သို့သော် မီးနေ သယ် ၏ အကြောင်းကို မည်သူအားမျှ ခေါ်၍မမေးရဲပေ၊ သူ့ကိုလည်း မည်သူကမျှ လာ၍ စကားမပြော အလုပ် ကြီးစွာ ရှုတ်နေကြသဖြင့် ၀မ်လန်းမှာ တယောက်တည်း ငုတ်တုတ်ဖြစ်၍ နေလေ၏။
မိမိ၏ သားဦး နန်းအင်ကို မွေးစဉ်တုံးကပင် ဤမျှလောက် ဗျာမများမိ ဤမျှလောက် သောကမဖြစ် မိပေ။
နောက်ဆုံး ၌ ကြာပဒုံသည် ဥသြမယ်ကိုတွဲလျက် ရယ်မော၍ ထွက်လာပြီး "ယောက်ျား ကလေးတော့ သားရော အမေရော ကျန်းကျန်းမာမာပါဘဲ ခလေးကို ကြာကြာမြင်ခဲ့ ရပါပြီ ချော ပါတယ်" ဟု ပြောလေ၏။
ဤတွင်မူ ၀မ်လန်းမှာ အလုံးကြီးကျလျက် ရယ်နိုင်လေ၏။ ထိုင်ရာမှထပြီး လက်ခုတ်တီးလျက် အားပါး တရ ရယ်ရင်း၊
    " ကွာ ငါ့မှာ ဘာလုပ်ရမှန်းမသိ ပြာနေတာဘဲကွ" ဟုပြောရာက တယောက်တည်း ကျန်ရစ်ခဲ့ သောအခါ ကုလား ထိုင်ပေါ် ပြန်ထိုင်ပြီး စဉ်းစား၍ နေပြန်လေ၏။
" ငါ့သားဦးကလေးမွေးတုံးကတောင် ငါဒါလောက်တောင် ထိပ်သွေးမရောက်ခဲ့ဘူး အခုတော့ "ဟု တကိုယ်တည်း ပြောရာက နန်းအင်ကို မွေးစဉ်က အဖြစ်အပျက်ကို ပြန်၍မြင်ယောင် လာလေ၏။ နေ့တနေ့ အိုလင်မှာ မိမိနှင့်အတူ လယ်ထဲတွင် အလုပ်လုပ်လျက်ရှိစဉ် ၀မ်းနာလာသဖြင့် အိမ်သို့ ပြန်သွားပုံ မဲမှောင် နေသော အခန်းထဲ၌ တယောက်တည်း သားဖွားပုံ သားဖွားတိုင်း ဖွားတိုင်း မည်သူ့ကိုမျှ အပူမရှာ တယောက် တည်းပင်ငြိမ်သက်စွာ ဖွားမြင်ခဲ့ပုံ သားဖွားပြီးသည်နှင့်တပြိုင်နက်လည်း မီးနေခန်းထဲမှ ထွက်ခဲ့ လျက် လယ်ထဲသို့ အလုပ်လုပ်ရန် ဆင်းလာပုံများကို ပြန်၍ တွေးမိလေ၏ ချွေးမ ယခုမီးဖွား ပုံကို ပြန်၍ ကြည့်လိုက် သောအခါ ခလေးလို တကျော်ကျော် အော်ဟစ်ညည်းညူလျက် အစေခံများ အိုလင်နှင့် ကွာလှ လေချင်း ဟု အောက်မေ့မိလေ၏။
ထိုနောက် တဖန် အိုလင်သည် ခလေးကို ၎င်း၏ ကြီးမားထွားကြိုင်းသော သားမြတ်စုံမှ ပေါကျွယ် သော နို့ရည်ကို တိုက်ကျွေးရာ၌ နို့ရည်မှာ မကုန်နိုင်မခမ်းနိုင်ဖြစ်ပြီး ခလေးတယောက်ကို ၀၀ကြီး တိုက်ကျွေး နိုင်ရုံမျှ မက ပိုလျံ၍ မြေကြီးပေါ်၌ပင် အိုင်ထွန်း၍ နေခဲ့သည့်အဖြစ်ကို ပြန်၍မြင်ယောင်သတိရမိ စဉ် သားဖြစ်သူ နန်းအင်သည် အနီးသို့ရောက်လာလေ၏။ ပြုံးပြုံး ပြုံးပြုံးနှင့် အနားကပ်လာပြီးနောက်။
" သားကလေးတော့ မွေးမီ အဘေနို့ထိန်းတယောက်တော့ ရှာမှဘဲ သူ့အမေနို့ကို တိုက်ဘို့တော့ ကျွန်တော် သဘော မတူဘူး နို့တိုက်ရင် အမေ့ရဲ့ အလှတွေပျက်တာဘဲ မြို့က ပိုက်ဆံတတ်နိုင်တဲ့ မိန်းမ တွေ မှန်သမျှ ဘယ်တော့မှ ကိုယ်တိုင် နို့မတိုက်ဘူး" ဟု ပြောလေ၏။
" အေးအေး ကိုယ်တိုင် နို့မတိုက်နိုင်လို့ နို့ထိန်းခေါ်တိုက်မှ ဖြစ်မယ်ဆိုရင်လဲ ခေါ်လေကွယ်ဟု ပြော လိုက်လေ ၏။
ဝမ်လန်းသည် ၀တ်လဲတော်သွား၍ ဆက်ရာမှ ပြန်ရောက်သောအခါ လယ်တောထဲမှ လူတယောက် အပြေး အလွှား ရောက်လာပြီး ချင်း မှာ ရုတ်တရက် သေတော့မည်ဖြစ်နေ၍ မသေမီ ၀မ်လန်းအား တွေ့လိုကြောင်း အပြော ခိုင်း လိုက်ပါကြောင်းနှင့် ပြောဆိုလေ၏ ၀မ်လန်းမှာ ထမင်းပွဲ အသင့် ရှိနေသည်ကိုပင် မစားနိုင်ပေ ချက်ခြင်း ထွက်၍ လိုက်လာခဲ့လေ၏ ကြာပဒုံ ကညနေစောင်းမှ သွားရန် တားမြစ်သော်လည်း နားမထောင် ဘဲ ထွက်ခဲ့လေရာ ကြာပဒုံမှာ နေပူထဲတွင် လျှောက်နေသော ၀မ်လန်းကိုကြည့်ပြီး အစေခံမ တယောက် အား ထီးတချောင်း ဖြင့် လိုက်၍ မိုးပေစေလေ၏။
ဝမ်လန်းသည် လယ်ထဲမှ အိမ်သို့ ရောက်သွားသောအခါ ချင်းရှိရာ အခန်းထဲသို့ တန်းဝင်သွားလေ၏။ အခန်း တခုလုံးကား လယ်လုပ်သားများဖြင့် ပြည့်ကြပ်၍နေလေ၏။
    " ဘယ်လို ဖြစ်တာလဲ "
    " သူက သူ့ဘာသာသူ စပါးလှေ့မတဲ့" ။
    " ကျွန်တော်တို့က မလှေ့ပါနဲ့ အသက်ကြီးပြီလို့ ပြောပေမယ့် "    
    "  နောက်ထပ်ငှားထားတဲ့ လူသစ်အလုပ်သမားတယောက် ရှိတယ် အဲဒီလူက စပါး မလှေ့တတ်တော့ ချင်းက ကိုယ်တိုင် လုပ်ပြတာ အသက်ကလဲကြီးတော့ အားပြတ်ပြီး။"
ထိုအခါ ၀မ်လန်းက ကြောက်ဖွယ် အသံကြီးဖြင့်၊ "ဒီလူသစ်ကို ငါ့ဆီခေါ်ခဲ့စမ်း "ဟု ဆိုလိုက်ရာ လုပ်သား များသည် အသားနီနီ ကိုယ်ရေကြမ်းကြမ်းနှင့် နွားမျက်လုံးများရှိသည့် ကြောက်ရွံ့တုန်လှုပ်နေသော လူတယောက်ကို ၀မ်လန်းရှေ့သို့ တွန်းတိုး၍ ပို့ကြလေ၏ ၀မ်လန်းသည် ဒေါသရှေ့ ဆောင်လျက်ရှိရကား မိမိရှေ့သို့ ရောက်လာသောသူ၏ ပါး ၂ဘက်ကို ဘယ်ပြန်ညာပြန် ရိုက်နှက် လျက်ရှိလေ၏။ လက်နှင့် အားမရ သဖြင့် အစေခံမိန်းမ၏ လက်မှ ထီးကိုလှမ်းဆွဲပြီး ထီးနှင့်ရိုက်ပြန်လေ၏၊ လုပ်သားများကား မည် သူမျှ ၀င်မဆွဲဝံ့ကြဘဲ ရပ်၍သာ ကြည့်နေကြရလေ၏။
ထိုအခိုက် ချင်းသည် အိပ်ယာထဲမှ လူးလွန့်၍ ညည်းညူ လိုက်ရာ ၀မ်လန်းလည်း ထီးကို ပစ်ချလျက်။
" ဒီငမိုက်ကို ငါရိုက်ရင် ဟိုမှာ သေလိမ့်မယ် " ဟုပြောကာချင်း၏ နံဘေးမှ ၀င်ထိုင်လိုက်လေ၏ ချင်းကား သစ်ရွက်ချောက် ကလေးတခုလို ပြားချပ်ပိန်လှီ၍ နေလေ၏ ၎င်းတို့မျက်နှာမှာ ချွေးတို့ဖြင့် စေးကပ် လျက် ရှိလေ၏၊ ၀မ်လန်းသည်ချင်း၏ နားနားသို့ကပ်လျက်။
 " ကျုပ် ခင်ဗျားအတွက် ခေါင်းတလုံး ၀ယ်လိုက်မယ် အေးအေး ဖြောင့်ဖြောင့်ဘဲသေပါ " ဟုပြော လိုက်ရ ချင်းမှာ ထိုစကားများကို မကြား အသက်ကိုသာ မောဟိုက်စွာ ရှူထုတ် နေလျက် မကြာမီပင် ၀မ်လန်း မျက်စိ အောက်၌အသက်ပျောက်သွားလေ၏။
ဝမ်လန်းသည် ချင်း၏ ဈာပနကို ကောင်းမွန်စွာ သင်းင်္ဂြိုလ်လျှက် အိုလင်နှင့် ဘခင်ဖြစ်သူကို မြှုပ်နှံခဲ့သော သင်းချိုင်းမြေ ၀င်းအ၀တွင် မြှုပ်နှံလေ၏၊ သားများကိုလည်း မိမိကွယ်လွန်ခဲ့လျှင် "ချင်း"၏ အလောင်းနှင့် အနီးဆုံးနေရာ၌ မြှုပ်နှံရန်မှာကြားလေ၏၊ ၎င်းမှာ ချင်းတယောက် ကွယ်လွန်သွားခြင်းအတွက် များစွာ ယူကြုံး မရ ဖြစ်နေလေ၏။
ဈာပနကိစ္စပြီးသွား၍ ၀မ်လန်းသည် လက်ရုံးတဆူ ပြုတ်သွားသဖြင့် လယ်အားလုံးကိုပင် လယ်ငှားချ လိုက်၏၊ လယ်ထဲကအိမ်၌ လုပ်သားများထဲမှ လင်မယား ၂-ယောက်နှင့် သားသမီးတစုကို နေစေလျက် ဘိန်းစားဦးလေး လင်မယား ၂-ယောက်ကို၊ ကြည့်ရှူ စောင့်ရှောက်ရန်မှာခဲ့လေ၏၊ ထို့နောက် လယ်ထဲက အိမ်တွင် ထားသော သားအငယ်ဆုံးနှင့် စိတ်နောက်သူ သမီးကလေးကိုပါ ခေါ်၍ မြို့ထဲက အိမ်သို့ တခါ တည်း ပြောင်းခဲ့လေ၏။
ဆက်ရန်
.
No comments: