Sunday, March 14, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၄၅)

ဘိလိယက်ခုံတွင် အရက်ချောင်းစီးပြီ

ဤသို့ကြင်လည်စွာ ဖြီးဖျန်းညာဝါးစားတတ်သူနှင့် နိုင်ငံရေးခြေကုတ်မမိသေးသူများ၊ ၄င်းပြင် တောင်လဲရာ မြက်ပြတ်ခဲ့သော အလုပ်လက်မဲ့များသည်၊ ကျမအိမ်ဘေးရှိ ဘိလိယက်ခုံတွင် ပြုံဆုံစည်းလျက်ရှိသည်။ မြို့လည် က ဂဇော်ဆိုင်၊ အရက်ဆိုင်၊ ဘားများနှင့် မခြား တနေ့လျှင် ဆိုဒါ ၄-၅ဒါဇင် အထိကုန်ပြီး၊ ရမ်အရက် နှင့် ၀ီစကီတွေ ချောင်းစီးနေသည်။ ထိုသောက်ဖေါ် သောက်ဘက်၊ ထိုးဘော်ထိုးဘက်တို့မှာ ဆွမ်းကြီး လောင်း ပွဲတော်ကြီးနှင့်  တိုးနေသလို၊ သတင်းစာတိုက် အလုပ်တိုက်ဘက်မှာလည်း၊ နိဗ္ဗာန် ဈေးကြီးခင်းလျက်ရှိပါသည်။

ကျမသည် စိတ်မ၀င်စားတော့သဖြင့်၊ ကျောခိုင်းထားသော်လည်း၊ နေ့ခင်း နေ့လည်အချိန် များတွင် မမြင်ချင်၍မရ၊ ဒေါင့်မကျိုးသမျှတွေကို တွေ့မြင်နေရသောကြောင့် မကြာ,မကြာသတိ ပေးမှု၊ ဟန့်တား မှုတွေ ပြုမိလေသည်။ ဤတွင် ကိုယ်ကျိုးရှာ လူတသိုက်မှာ ကျမကို အားနာကြောက်ရွံ့သလို ဟန်ဆောင် ရာမှ တဘက်ကို ကပ်၍ တီးတိုးနှူးနှပ်ခါ၊ ကြိုက်ရာနှင့် မျှားလျက် သွေးခွဲရန် အားထုတ်ကြတော့သည်။

ဘယ်ကိစ္စမဆိုစည်းကမ်းမရှိ တရားအလွန်ဖြစ်နေသည်ကို တွေ့မြင်၍ ပြောပြတားမြစ် လိုက်လျှင် အဖွားကြီး ဆူနေတယ်ဟုပြောလျက်၊ တရက်တလေငြိမ်သွားကြသော်လည်း၊ နောက်ပိုင်းမှာ ဘာမဆို တီးတိုး ခေါင်းချင်းရိုက်ပြီး အဖွားကြီး မသိစေနဲ့ဟူသော ဘိုင်လောဥပဒေကို မှောင်ခိုထုတ်ပြန်ထားလိုက်သည်။ သည်တော့ တိုက်ထဲမှာ နောက်ထပ် လူသတ်နေစေဦး ကျမ နားသို့ ပြောကြားမည့်သူမရှိတော့ပြီ၊ အထူး သဖြင့် ည၊ ညမှာ ပို၍ ထကြွသောင်းကျန်းကြပါသည်။

နေ့အချိန်မှာ ကျမကို စောင်းငဲ့ ကြည့်နေကြရသေးသော်လည်း နေ၀င်ဆည်းဆာ အချိန်ကစပြီး မနက် ၉-နာရီအထိ လွတ်လပ်ရေး အပြည့်အ၀ ရရှိကြပါသည်။ ကျမသည် ညနေ ၆-နာရီအချိန်မှာ အိမ်ပေါ်တက်ပြီး၊ စိပ်ပုတီး တကုန်းနှင့် အခန်းထဲမှာ စင်းကြန်လျှောက်လျက် နိစ္စပါတ်ဝတ်မပျက် ဂုဏ်တော် တထောင် ပြည့်အောင် ပုတီးစိပ်လေ့ ရှိပါသည်။ ၁၀-နာရီလောက်မှာ ပုတီးပါတ်စေ့ သွားသော်လည်း၊  အခန်းထဲမှာ ပြန်မထွက် တော့ဘဲ အောက်ထပ်ကိုလဲ မဆင်းတော့သဖြင့် မိုးမလင်းမခြင်း လွတ်လပ်ရေးပွဲတော် အချိန် ကောင်းကြီး ဖြစ်နေကြပါသည်။

ယင်းသို့လျှင်၊ ထင်တိုင်း ကြဲနေလို သူတို့မှာ ကျမရှိနေတာကို သဘောမကျချင်တော့ပေ၊ ကျမသည် သူတို့ တတွေအဘို့ အကာအဆီးနံရံကြီး တခုသဘွယ် ဖြစ်နေလေပြီ။ သည်နံရံ အတားအဆီး သဘွယ် ဖြစ်နေ လေပြီ။ သည်နံရံ အတားအဆီးကြီးကို နည်းပရိယာယ် အသွယ်သွယ်တို့ဖြင့် ဖြိုခွင် ပစ်ရန် စတင်ကြံစည် နေကြသည်။ မိန်းမသြဇာနာခံရမည်လားဟု လှောင်ပြောင်ယုံမက အကြံဥာဏ် အမျိုးမျိုးပေးနေကြသည်။ 

တရှောင်ရှောင် မတ်တပ်နာနှင့် မကျန်းမမာ ဖြစ်နေတာလဲကြာလှပြီ။ သေခဲလိုက်ထာဆိုသော မနသီကာ ယောတွေ ၀င်နေကြသည်တိုင်အောင် ကျမက ဘာမှ မရိပ်မိခဲ့ ဘဲ၊ အသွားမပျက်၊ အလှူမပျက်၊ ပုတီးစိပ် မပျက် ရည်မှန်းထားသော နေ့ရက်၌ မုံရွာဖိုးဝင်းတောင် ဘက်သို့ ခရီးထွက်ခါ ရှင်အပါး၁၀၀ပင် ပြုလိုက်ပါ သေးသည်။

ဤရှင်သာမဏေ အပါး(၁၀၀)နှင့် ပဉ္စင်းအပါး ၂၀-ကို ဖိုးဝင်းတောင်တွင် ဘုရားဖူးသွားရင်း ကုသိုလ် ကိစ္စဆောင်ရွက်ရန် ကြိုတင်ချိန်းဆိုထားပြီး၊ ကုန်ကျရန် စရိတ်အလှူငွေများ တွက်ချက်ပေးပို့ပြီး သား ဖြစ်ပါသည်။ ရင်၌ဖြစ်သောသား မရှိသဖြင့်၊ သူတပါးသား (၁၀၀)တိတိကို ရှင်သာဏေပြုလို သော စေတနာ အရ၊ အလှူငွေကိုပင် ငွေစနှင့်မပေးဘဲ၊ စိန်လက်ကောက်နှစ်ရံကို စိန်ကကုန်သည် တဦးအား အချိန်မှီ ရောင်းချခိုင်း လျက် ရေစက်ချပြီးမှ ဖိုးဝင်းတောင် ဘုန်းတော်ကြီးထံသို့ ပေးပို့ လှူဒါန်းခြင်း ဖြစ်ပါသည်။

ဗိုလ်ချုပ်အစိုးရလက်ထက်၌ ခရီးသွားလာရေးမှာ လုံခြုံအေးချမ်းလှသဖြင့် ကျမတို့သည် ယခင်နှစ် က စီမံကိန်းဆွဲထားကြသည့်အတိုင်း ရွှေမန်းလွင် မီးရထားတွဲရှည်ကြီး ၂-တွဲငှါးလျက် သွားလေရာ လိုက်ပါမြဲဖြစ်သူ မိတ်ဆွေများ၊ အိမ်သူအိမ်သားများနှင့် ယုဝတီအဖွဲ့၊ ကလောင်ရှင် အဖွဲ့တို့ပါ လူပေါင်းလေးငါးဆယ် ခရီးထွက်ခဲ့ကြ ပြန်ပါသည်။ လူတွေကများသဖြင့် တချီ၊ တချီခရီးသွားရ သောအခါ ရောက်လေရာ၌ စားရေး၊ နေရေး၊ သွားလာလည်ပတ်ရေးပါမကျန် ပါလာသော လူတာဝန်က မသေးလှပါ၊ ရွှေမန်းတင်မောင်၊ စိန်မဟာသဘင်တို့၏ ဇာတ်အဖွဲ့နှင့် နင်လား၊ ငါလား အိမ်ရာလိပ်တွေနှင့် လက်ဆွဲ သေတ္တာတွေကပင် လောရီတစီးဝင်ရန် အင်မတန်သိပ်၍ တင်ရသည် အထိများ ပါဘိ၏။

တနေရာမှတနေရာ မီးရထားချင်း၊ ကားချင်း၊ ကူးတို့လှေချင်း အလွှဲမှာ ကိုယ့်လူတွေစေ့ငှအောင်ပါ၊ မပါ ပစ္စည်း တွေစုံ မစုံကို ၀ဇီကိုင်၊ ဘုတ်ကိုင်များနှင့် ယောက်ျား သပ်သပ် မိန်းမသပ်သပ်ကွပ်ကဲ အုပ်ချုပ် စေရသည်။ မန္တလေးမြို့သို့ ရောက်သောအခါ မုံရွာရထား သို့ ဤလူသိုက်ကြီးနှင့် ပြောင်းစီးကြရသည်။ တသိုက်လုံး အတွက် မီးရထားတွဲများလည်း ကြိုတင် စီစဉ်ထားစေရပါသည်။

သို့နှင့် မုံရွာမြို့ ရောက်ပြန်တော့လည်း ဤပစ္စည်း ဤလူသိုက်ကြီးနှင့် ဘူတာရုံမှ ကူးတို့ဆိပ်သို့ သွားရ၊ ထိုမှတဖန် ချင်းတွင်းမြစ် တဘက်သို့ လှေ-ဖေါင်ကူးတို့ဖြင် ကူးပြီး ဟိုဘက်ကမ်းမှ တဆင့် ဘဘ်(စ)ကားများ၊ ဂျစ်ကား များ ရသမျှ စုပေါင်းငှါးပြီး ဖိုးဝင်းတောင်အထိ သွားရသည်မှာ ကရိထက အလွန်များလှပါသည်။ သို့ရာတွင် သည်နေရာကို သွား၍ သည်ဘုရားတွေဖူးပြီး သည်အရှင်အပါး (၁၀၀)ပြု ကုသိုလ်ကို ဆည်းပူး လိုသောဇောကြောင့် မောရမှန်းမသိခဲ့ပါ၊ စေတနာအရ ခက်ခက်ခဲခဲ သွားလာခဲ့ရသမျှတွေမှာ ဘယ်အခါမဆို အန္တရာယ်ကင်းခဲ့မြဲ၊ ချောမောခဲ့ရမြဲ ဖြစ်ပါသည်။

အမတ်လောင်းရောဂါထကြပြီ

ဖိုးဝင်းတောင်ရှင်ပြုပွဲမှာဘဲ ဓာတ်မီးစက်တလုံး ကိုဖိုးဝင်းတောင်ရှိ ဘုရားများ ပူဇော်ရန် လှူဒါန်းခဲ့ပြီး မုံရွာမြို့သို့ ပြန်ကူးလာကြပါသည်။ မုံရွာမြို့ ဦးထွန်းလှ၊ ဒေါ်ခင်ပုတို့က ပါသမျှလူပေါင်း ၄၀ခန့်အား သူတို့တိုက်ပေါ်မှာတင်လျက် ပြုစုဧည့်ခံသဖြင့် ဦးထွန်းလှတို့တိုက်မှာ ဗဟိုရ်ပြုပြီး မိုးညှင်းသံဗုဒ္ဓေ ဘုရား၊ ကျောက်ကာရွှေဂူနီဘုရား၊ ထန်းတလုပ်ချောင်းနှင့် အတော်ကရိကထခံ၍ သွားရသော တွင်းတောင်နှင့် တွင်းရွာ သို့ သွားကာ သယံဇာတထူးခြားလှသော ကမ္ဘာ့သဘာဝ ရှုခင်းများကို ဗဟုသုတပြုကြပါသည်။

ယင်းမှတဖန် မန္တလေးမြို့သို့ ပြန်လာခဲ့ကြပြီး အရှေ့ပိုင်း နယူးစီဘီလိုင်းရပ်ကွက်ရှိ မိတ်ဆွေတဦး၏ အိမ်ကြီးတအိမ်မှာ ပါသမျှ ပရိသတ်တို့ အပြည့်အကြပ်တည်းခိုးကြရသည်၊ ထိုအိမ်မှာ စတည်းချ ဗဟိုရ်ပြုပြီး မန္တလေးမြို့နှင့် မြို့နယ် အနီးအပါး နေ့ချင်း ပြန်သွားနိုင်သော အရပ်ရှိ ဘုရားများကိုပါ ရန်ကုန်မှပါလာကြတဲ့ တကြိမ် တခါမှ မရောက်ဘူး သူတို့အား၎င်း၊ မန္တလေးမြို့မှာ နေထိုင်ကြသူ များပင်ဖြစ်လင့်ကစား အခွင့်အလှည့် မသင့်၍ တကြိမ်တခါမှ မရောက်ဘူးသူများကိုပါ ခေါ်လျက် ကျောက်ဆည်နယ် အတွင်း ဘက်ရှိ ဓာတ်တော်တောင်ဘုရားသို့အထိ ခဲရာခဲဆစ် သွားရောက်ဖူးကြ ပါသည်။ 

သောင်းကျန်း အန္တရာယ်ကြောင့် အသွား အလာ မလွယ်ကူခဲ့သော မန္တလေးမြို့အနီးအပါးရှိ ရွှေစာရံဘုရား၊ မယ်ဥတောင် စသည်များ၊ စစ်ကိုင်း ကောင်းမှုတော်ဘုရားမှအစ ရွှေကြက်ယက် ဘုရား၊ တောင်မြို့ ကျောက်တော်ကြီးနှင့် ပုထိုးတော်ကြီး ဘုရားများကိုလည်း ထီးတော်အသစ် တင်ထားသည်များကို သွားရောက် ဖူးမျှော်ကြ စေပါသည်။

ဝါတွင်းအခါဖြစ်သောကြောင့် မန္တလေးမြို့သို့ ရောက်စဉ်အခါ ယိုးဒယားဈေး ရဲဋ္ဌာနာရပ်ကွက်ရှိ ၀က်မစွတ်မြို့စားမင်းကြီးနှင့် သမီးခင်ခင်လတ်ကြီးတို့ ကောင်းမဓမ္မာရုံသို့ မြို့ပေါ်ရှိဆရာတော်၊ သံဃာတော် ကြီးများအား ပင့်လျက် ဆွမ်းဘောဇဉ်နှင့်တွက် ၀ါဆိုသင်္ကန်းတော်များ ကပ်လှူပူဇော် ခဲ့ပါသည်။ နောံဆုံး လှည့်လည်ပို့ရန် နေရာမကျန်တော့မှ ဤလူစုလူဝေးအတိုင်း မန္တလေးမှ ရန်ကုန် သို့ မီးရထားနှင့် တသိုက်ကြီး ပြန်ခဲ့ကြသည်။

ကျမသည် ဤအချိန်ထိလည်း အိမ်တွင်း၌ တငွေ့ငွေ့ ဖွဲမီးကဲ့သို့ အုပ်၍ လောင်ကျွမ်းနေသော ကိစ္စ အရပ်ရပ်များကို၎င်း၊ မကောင်းသူမကောင်းသားတို့၏ ပယောဂကြောင့် ကျမအပေါ်တွင် သွေးအေး အေးနှင့် ကြိုးစားကြံစည်နေမှုတွေ ရှိနေပြီ ဖြစ်သော်လည်း အလျဉ်းပင် မသိမကြားသေးသောအခါ ဖြစ်ပါသည်။

မိုးကုန်၍ ဆောင်းဦးပေါက်အချိန်သို့ ရောက်ခဲ့သည်၊ ရွေးကောက်ပွဲအချိန် ကန့်သတ်ပြီး၍ နယ်အသီးသီး၌ ဆိုင်ရာနိုင်ငံရေး အဖွဲ့အစည်းများက ကြိုးပမ်းနေကြသည်။ သန့်ရှင်းမှ ရွေးကောက် ပွဲဝင်ဘို့ လူများ ရွေးချယ်ရာထားသော ကိစ္စအတွက် အလုအယက်အရွေးခံလိုသူတွေအား တမြို့၊ တမြို့မှာ ဆုံးဖြတ်မှု မပေးသာအောင် အခက်ခဲ တွေ့နေရသော အချိန်ရောက်လာသည်။ ခါတော်မှီ အမတ်အရွေးခံလိုသူ အချို့မှာလည်း နီးစပ်ရာ လက်သင့်ရာ အောင်သွယ်ပေးမည့်သူ ရှာကြသည်။

ဤအခါမျိုးမှာ ဗမာ့ခေတ်သတင်းစာအုပလတိုက်မှာ၎င်း၊ ကျမနေသော အိမ်ကြီး အောက်ထပ်တွင် ၎င်း၊ ဧည့်ပရိသတ်အပေါင်း စည်းကားလွန်းလှသည်။ ပထစအဖွဲ့မှာ သူ့ကို ရွေးစေချင်ပါသည်၊ ငါ့ကို ရွေးစေ ချင်ပါသည်စသော ခါတော်မှီပုဂ္ဂိုလ်တွေ များလွန်းလှသဖြင့် ဆုံးဖြတ် သတ်မှတ်ပေးရမည့် ပုဂ္ဂိုလ်များ ဦးဏှောက်ခြောက်နေရသောအခါမျိုး၌ သြဇာအာဏာရှိသည်အထင်ခံရသော သူတို့ အိမ်တွင် ထွက်ဝင် မစဲ တသဲသဲ ဖြစ်ခဲ့ကြသည်။

ကိုယ်ကျိုးကြည့် စီးပွားရေးသမားကြီးများကလည်း မိမိတို့ အခွင့်အရေးကိုမျှော်ကိုးကာ နီးစပ်ရာ လက်တို့၍ သူတို့လူကိုရွေးစင်ချင်သည်။ နိုင်ငံရေးသမားများကို ကိုယ်လိုရာ လူအား အပေါင်း အသင်းပြုခြင်း၊ ထောက်ခံခြင်းစသည်များမှာ နိဗ္ဗာန်မဂ်ဖိုလ်လို၍မဟုတ်၊ တိုင်းပြည်ကောင်းဘို့ ဆိုသော အပြောမျိုးကလည်း ခေတ်မမှီ တော့သော ညာနည်းဖြစ်ရာ ပြတ်ပြတ်ရေးသားရမည်ဆို လျှင် ကိုယ်ကျိုးရှိအောင် ဖိအားပေး ကြခြင်းသာ ဖြစ်ပါသည်။ ကိုယ်ကျိုးမလိုဘဲ အဆဲခံငွေကုန်ခံ၍ အားပေးသူမှာ အရူးသော်၎င်း၊ အမြှောက် အပင့် ကို နားမလည်သူသော်၎င်း ဖြစ်ကြရပါမည်။

စလေသူမဇာတ်လမ်းစပြီ
.

1 comment:

Nyein said...

အမရေ ဒီစာအုပ်ထဲမှာ ဓာတ်ပုံတွေကော မပါဘူးလားဟင်။ အဆင်ပြေရင် တချို့ ဓာတ်ပုံလေးတွေပါ စကင်ဖတ်ပီး တင်ပေးပါလား ...ဟိဟိ အားလဲနာတယ် ခင်လဲခင်တယ်။ အားမှပါ။ ဒဂုန်ခင်ခင်လေးကို အသက်ကြီးတဲ့ပုံမမြင်ဖူးသေးလို့ :)