Tuesday, March 16, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၄၇)

စလေသူဗိုလ်ကျလွန်းလို့

ဤသို့ ကြံကြံဖန်ဖန် စိတ်ကူးကြည့်ဘို့ပင် မဖြစ်နိုင်သော ကိစ္စများကို အသိုင်းအ၀ိုင်းနှင့် အကြံကြီး ကြံစည် နေကြသော်လည်း ကျမက တစွန်းတစမျှ မရိပ်မိအောင် ဣနြေ္ဒဆောင်နိုင် ကြသည်။ မှင်သေကြသည်။ ခရီးမထွက်ဘဲ အိမ်မှာ နားနေလျှင် ရက်တပါတ်မပြည့်မီ မအီမသာ ဖြစ်လာ၍ ဆရာဝန်ခေါ်ရသည်။ ဆေးတွေ ဖိစား ရပြန်သည်။ အသက်အရွယ်အားဖြင့် ခြောက်ဆယ်နားကပ်နေ သည်။

ကျန်းမာရေး ချို့တဲ့နေသည်ကလဲ အတော်ကြာပြီ။ ဤအတောအတွင်း သေသွားလျှင်လည်း မည်သူတဦး တယောက်ကမှ သံသယရှိကြမည်မထင်၊ ကျမကိုယ်တိုင်ကလည်း မည်သူ့ကိုမျှ သံသယမရှိခဲ့၊ ရှိဘို့ရာ အရိပ် အကဲကလေးပင် မတွေ့မြင်ဘူးသဖြင့် သံသယဖြစ်စရာမလို၊ ကျမကိုယ်တိုင်ပင် နောက်ထပ် နေရလှ လျှင် အလွန်ဆုံးတနှစ်စ, နှစ်နှစ်စဘဲ နေရတော့မည်ဟု စိတ်ကို ဒုံး, ဒုံးချထားမိသူဖြစ်ပါသည်။

ကျမသည် နှစ်ပေါင်းများစွာ ၀တ္ထုတိုရှည် အမျိုးမျိုးကို ဇာတ်လမ်း ဇာတ်အိမ်ဖွဲ့လျက် ဇာတ်ကွက်အမျိုးမျိုးကို ဇာတ်လမ်း ဇာတ်အိမ်ဖွဲ့လျက် ဇာတ်ကွက်အမျိုးမျိုးတို့ကို တည်ထွင်ရေးသား ခဲ့သူဖြစ်သော်လည်း မိမိ ပတ်ဝန်းကျင်၌ ကျောက်ကျစ်ယုတ်မာနေသူ တစုဝိုင်းရံပြီး ပြေးပေါက်မရှိအောင် မိနေသည်မှာ နှစ်နှစ် ခန့်ရှိလာသည်အထိ မသိသားဆိုးဝါးခဲ့ရခြင်းသည် အလွန်, နုံလွန်း၍တော့မဟုတ်ပါ။

လောကကြီး၌ မကြံကောင်း မစီအပ်သော ကိစ္စများ ဖြစ်နေသည် တကြောင်း ကြောင်သူတော်၏ မှင်သေ မှုကြောင့် တကြောင်း၊ အသက်အရွယ်ဂုဏ်သိက္ခာ၊ ၀ါရင့်အရွယ်ရင့်သော အစိပ်အပိုင်းတွင် ရောက်ရှိနေကြပြီ ဖြစ်သဖြင့် အလွန်ယုံကြည်ပြီး အထင်ကြီးခဲ့မိသည် စိတ်ချခဲ့မိသည် တကြောင်း၊ ကျမ၏ ပတ်ဝန်းကျင်ရှိ ကျမ ပြု၍ နုနေကြသော ဆွေမျိုးသားချင်း တပည့်တပန်းများ အပေါ်တွင် စိတ်ချမိသည် တကြောင်း၊ ထိုအချိန် အထိပင် ထွက်ဝင်သွားလာပေါင်းသင်းနေသော မိဆွေသင်္ဂဟ ဟောင်းများကလည်း နှုတ်လုံအားကြီးနေသည် တကြောင်းကြောင့်သာ၊ ဘာတခုမှ သဲလွန်စမပေါ်လာခြင်းဖြစ်ပါသ်ည။ သဲလွန်စတခုနှင့် မတော်တဆ ခလုပ် တိုက်မိ၍ ဆွဲမ, လိုက်သော အခါမှ မသိချင်၍ မနေရတော့ဘဲ စာပေါင်းသိုက် မလိန်ခြုံကြီးမှာ အုံလိုက်ကြွ၍ ပေါ်လာရခြင်း ဖြစ်ပါသည်။

အကြံသမားတို့၏ အရှိန်က တဖြေးဖြေးတိုးတက်မြင့်မားလာသည်တွင် အိမ်ပေါ်မှာ ကျမအတွက် နေ့စဉ် ရက်ဆက် ဝေယျာဝစ္စ လုပ်ကိုင်ပေးနေသော လုပ်သက် (၈)နှစ်ခန့်ရှိ အိမ်ဖေါ်သားအမိမှာ တနေ့မျက်စိ မျက်နှာမကောင်း ဖြစ်လာသည်။ တောသို့ ခေတ္တပြန်ပါရစေဟု ခွင့်တောင်းလာသည်။ သူတို့ဘယ်တော့မှ မပြန်ဟု ဆိုထားသော ကတိရှိနေသည်။ သားအမိနှစ်ယောက်စလုံးကို ကျက အိမ်ဖော်ဟူ၍ သဘောမထား၊ သူတို့ကလည်း ကျမအပေါ်၌ သံယောဇဉ်ရှိသည်။ သစ္စာရှိသည်။ သို့သော် အလွန်ကြောက်တတ်သည်။

ဘယ်သူက အနိုင်ကျင့်ကျင့် ကျမနားမပေါက်ကြားရအောင် ကြိတ်ခံတတ်သည်ကို ကျမသိခဲ့ပြီး ဖြစ်သည်။ ကျမကလဲ လခကို အလုပ်နှင့်မမျှအောင် ပိုပိုမိုမိုကြီးပေးထားခဲ့ရုံမက လက်ဝတ်လက်စားကလေးများ ပိုးဖဲကတီပါစသော ၀တ်ကောင်းစားလှများကို မပြတ်အောင် ပေးခဲ့သည်။ သည်တော့ သူတို့ကလည်း ပြန်ရန် စိတ်မကူး။ ကျမအတွက်လည်း သူတို့သားအမိမရှိလျှင် လက်မတွေ့၊ အခြားသူဝင်၍ လုပ်ကိုင်ရန် မဖြစ်သော အခြေ အနေရောက်နေပါသည်။

သူတို့တောပြန်မည်ဆိုလျှင် ကျမအတွက် ခြေအဖြတ်ခံရသည်နှင့်မခြား ဖြစ်ရာ၊ ပြန်လိုသော အကြောင်း အရာကို မပေါ်,ပေါ်အောင် စစ်ဆေးမေးမန်းရပါတော့သည်။ သည်တော့မှ ပေါ်လာသည်။ စလေမြို့ ကလာ နေ သော မိုနိုစာစီသူမနှင့်မတဲ့သဖြင့် မနေလိုကြောင်း၊ အနိုင်ကျင့်လွန်းအားကြီး၍ နေ့တကျက်ကျက်, ညတကျက်ကျက် ဖြစ်ပျက်နေသည်မှာ ကြာပြီဖြစ်ကြောင်း သိရှိရပါသည်။

ဤအခါမျိုး မှာတော့ ကျမကအရေးမယူဘဲ နေလို့မရပါ။ ဒီသားအမိမှာ ငါ့ဝေယျာဝစ္စလုပ်ပေးနေသူ စိတ်ချ ရသူများဖြစ်၍ သူတို့မရှိလျှင် ငါ့မှာနေလို့မဖြစ်၊ သို့အတွက် ညီးဦးလေးပညာရေးအတွင်းဝန် ဦးပုအိမ်မှာ ရွေ့နေပါ၊ အလုပ်ကို နေ့နေ့လာလုပ်နိုင်သည်။ သို့မဟုတ် ညဘက် အလုပ်ဆင်းလျှင်လည်း၊ အလုပ် ပြီးချိန်၌  အခြားမိန်းခလေးများနှင့်အတူ အလုပ်တိုက်မှ ကားနှင့်ပြန်ပို့ရာ လိုက်သွားလျှင် ဖြစ်သည်ဟု  ပြောကာ သူ့ဦးလေးဦးပုကို ခေါ်၍ အပ်ထည့်လိုက်ပြီး ဦးပုအိမ်သိုက ရွှေ့၍ နေထိုင်စေပါသည်။

သို့ရာတွင် နေ့တိုင်းအလုပ်လာဆင်းသည်။ ထမင်းစားချိန်ရောက်လျှင် မီးဖိုဆောင်မှာ စားသော အချို့အိမ်သား များနှင့်အတူ ၀င်စားရင်း မီးဖိုဆောင်မှာစားသော အိမ်ဖေါ်သားအမိအား စောင်းမြောင်း ဆဲဆိုခြင်း၊ မခံချည့် မခံသာပြောခြင်းစသော ရန်လုပ်မှုတွေက နေ့စဉ်နှင့်အမျှ ပြုမူလျက်ရှိနေပြန်သည်။ နောက်ဆုံး သူတို့ မနှစ်မျို့သော စကားလုံးမှာဤအိမ်မှာ ဘယ်သူမှမရှိသည်ဖြစ်စေ၊ ရှိသည်ဖြစ်စေ အကြောင်း မဟုတ်၊ အကျိုးမယုတ်၊ သည်သားအမိမရှိခြင်းက ကျမအဘို့လက်ငင်း အကျိုးယုတ်ရမည်။ သည် သားအမိ ကို လက်မလွှတ်နိုင်ဆိုသော စကားလုံးဖြစ်ရာ တစ်နေ့သည်သားအမိ မရှိအောင်ကို တိုက်ထုတ် ပစ်ရမည် ဆိုသော မသမာသူတို့၏ စည်းဝါးကိုက်မှု တခုတိုးလာပြန်ပါသည်။

စလေသူနှင့် ဂါဝန်ပြာတို့ တစခန်းထပြီ

ထိုသားအမိ ဤအိမ်အပေါ်မှ ထွက်သွားဘို့ တိုက်ပွဲစတင်ပါပြီ။ သို့သော် ကျမက ဒါတွေဘာမှ မသိရသေးပါ။ တိုက်ပွဲ ကို ပြင်းထန်စေရန် စစ်ကူရောက်လာသူတစုကလည်း အသိုင်းအ၀ိုင်းအတော် ကောင်းလာသည်။ ကျောင်းသွား ဂါဝန်ပြာဝတ်ရင်း အိမ်ထောင်ကျသွားသော ခလေးနှစ်ယောက် အမေ-တူမ ၀မ်းကွဲဖြစ်သူ ကလည်း အရေးကြီးသော ဋ္ဌာနစိတ်မှ ပါဝင်တိုက်ခိုက်ရသည်။

သို့ကြောင့် မကြာပါဘူး၊ အိမ်ဖေါ်သားအမိမှာ ခါးခါး, သီးသီးပြန်တော့မည် ဖြစ်လာပြန်ပါသည်။ တားမရသည့် အဆုံးမှာ ကျမက လက်လျော့ပြီး ပြန်ခွင့်ပြုလိုက်ရသည်။ နောက်နေ့မှာစ၍ ကျမအတွက် ဝေယျာဝစ္စ လုပ်ကိုင် ပေးမည့် သူမရှိတော့ပါ။ ထိုအခွင့်အရေးကိုယူကာ စလေသူမိုနို စာစီသမက ကျမအတွက် ဝေယျာ ၀စ္စ လုပ်ကိုင်ပေးရန်ဆိုပြီး အိမ်သို့ အတင်းပြောင်းရွှေ့လာသည်။ သူဝင်၍ ကူညီသောအလုပ်မှာ ကျမ အတွက် နေ့စဉ်မနက်စာအဖြစ် ကြက်ဆွပ်ပြုတ်တခွက်နှင့် ကြက်ကြော်အနည်းသာ စားနေကျဖြစ်၍ မီးဖို ဘက်မှ လုပ်ကိုင်ပေးပြီး၊ စားပွဲခန်းတည်းက လူက ကျမစားချိန်ရောက်လျှင် ပြင်ဆင် ကျွေးမွေးမြဲဖြစ်ပါသည်။ ဤအလုပ် တာဝန်ကို စလေသူမက လက်ရသိမ်း၍ ယူလိုက်ပါသည်။

ဒေါ်ဒေါ်လေး စားရန်သူကိုယ်တိုင် ဆွပ်ပြုတ် ပြုတ် ၍ ကျွေးမွေးသောအခါလည်း သူကိုယ်တိုင် ပြင်ဆင် ကျွေးမွေး ချင်သည်ဆိုပြီး အပိုင်စီးလိုက်ပါသည်။ ကျမကလည်း သူ့တာဝန်ခံနှင့်သူရှိပါလျက် ၀င်လုပ်သည်ကို မကြိုက် သော်လည်း စေတနာရိုးနှင့် ပြုစုသည်ထင်သောကြောင့် ဘာမှမပြောဘဲ နေလိုက်ပါသည်။ သို့ရာတွင် လုပ်ကိုင်ပုံနည်းစံနစ်မကျ အရင်လက်ရာကို မမှီသဖြင့် စိတ်တိုင်းမကျရသည်က များသည်။ ဤအခါမျိုး၌ ဂျီးများသည်ဟု ကွယ်ရာ၌ အတင်းဆိုလေသည်။ အကြိုက်မတွေ့ပါ များလာသောအခါ လုပ်ရင်းစွဲလူများ လက်သို့ ပြန်လွှဲလုပ်ခိုင်းရသည်။ သို့သော် ဇွတ်အတင်းဝင်၍ လုပ်ကိုင်စွက်ဖက်နေပြန်ရာ မီးဖိုချောင်မှာ တကျီကျီ ဖြစ်နေကြောင်း နောက်ပိုင်းတွင် သတင်းရခဲ့ပြန်ပါသည်။

အိမ်ပေါ်ရှိ ကျမနေသောအခန်းတွင် သုတ်သင်ခြင်း၊ အိပ်ရာခင်းခြင်း၊ အ၀တ်အစားသိမ်းခြင်းစသော ဝေယျာ ၀စ္စ အလုပ်များကို ဂါဝန်ပြာ ကလေးနှစ်ယောက်အမေ တူမ၀မ်းကွဲက နေ့စဉ်လာရောက် လုပ်ကိုင် ပေးပါသည်။ ထွက်သွားသော အိမ်ဖေါ်သားအမိနေရာသို့ သူတို့နှစ်ယောက်က အစားထိုးလုပ်ပြီး အပိုင်စီး လိုက်သည်။ ကျမက ထွေထွေထူးထူးမတွေးမိဘဲ သတို့လဲ ပူးပူးကပ်ကပ် လာရောက် လုပ်ကိုင် ပေးချင်သော ကြောင့် ၀င်လုပ်ကြသည်ဟု စေတနာရိုးနှင့် ထင်မိခဲ့သည်။

သို့သော် ကျမက အိမ်မှု လုပ်ကိုင်သူများအား စံနစ်တကျ ဖိဖိ, စီးစီးရှိမှ သဘောကျသည်။ ပြန်သွားသူ အိမ်ဖေါ်မ မှာ စံနစ်တကျ လုပ်ကိုင်တတ်သူဖြစ်ပြီး သူတို့တတွေ လာရောက်လုပ်ကိုင်ပေး သောအခါ  အဆင်မပြေ မှုတွေက များသဖြင့် လက်မတွေ့ဘဲ ဖြစ်နေပါသည်။ သို့ကြောင့် စံနစ်တကျ လုပ်ကိုင် တတ်သော ခလေးမနှစ်ယောက်လောက်ကို ရှာဖွေစေရာ အိမ်ထောင်သိမ်း (မိတ်) အလုပ်ကိုနားလည်သော ကရင် မလေး နှစ်ယောက်အသင်းတိုက်မှ ရရှိလာပါသည်။

သူတို့လိုသော လခနှင့် အလုပ်လုပ်ရန် ရောက်လာကြသဖြင့် လက်ခံလိုက်သည်။ သူတို့ ရောက်လာသော အချိန်မှာ နေ့လည် ၂နာရီအချိန်ဖြစ်ပါသည်။ ညနေ ၅နာရီလောက်တွင် အောက်သို့ ဆင်း၍ ညစာ ထမင်းစား စေသည်။ ခလေးမကလေးများသည် ထမင်းစားရန် ဆင်းသွားသော အချိန်က ရွှင်ရွှင် ပျပျ ရှိသော်လည်း ထမင်းစားပြီး ပြန်တက်လာသောအခါသူတို့ မျက်နှာတွေ မသာမယာဖြစ်လာပါသည်။ ဤတွင် မပြီးသေးပါ။ ကျမတို့ဒီအိမ်မှာ အလုပ်မလုပ်ချင်တော့ပါဘူး၊ ယခုဘဲ အသင်းတိုက်သို့ ပြန်ပို့ပါတော့ဟု ဆိုကြ ပါသည်။ ကျမကလည်း အတော်ကြီးအံ့သြသွားမိပါသည်။

ခုအကောင်းသားက ချက်ခြင်းမူ ပြောင်းသွားသည်မှာ တခုခုဘဲဟုတော့ ထင်လိုက်မိပါသည်။ ရှိပြီးသား လူဟောင်း များက လူသစ်ရောက်လာသည်ကို မနှစ်သက်သဖြင့် တနည်းနည်းနှင့် ဖျက်ဆီးခြေထိုးလိုက်ခြင်း ဖြစ်ရ မည်ဟု သာမန်မျှဘဲ တွေးလိုက်မိပါတော့သည်။ သည်အချိန်က ကျမသည် တချီတပွဲ အိပ်ရာထည်း လဲခဲ့ရာမှ နေကောင်းစ အချိန်ဖြစ်ပါသည်။ ဘယ်အကြောင်းကြောင့်ဟူ၍ ထောက်မပြနိုင်ဘဲ လူဟောင်း အိမ်ဖေါ်သားအမိပြန်သွားပြီးနောက် သီးတင်းနှစ်ပါတ်လောက် အကြာတွင် ရောဂါအခြေအနေ နဲနဲဆိုးလာ၍ အိပ်ရာထဲ လဲခဲ့ပါသေးသည်။

ဆရာဝန်ကိုလဲ ထုံးစံအတိုင်း ခေါ်မြဲခေါ်ရပြန်သည်။ ထုံးစံကိုက အိမ်မှာနေလျှင် သင့်တင့်သော ဆွပ်ပြုတ် ဓါတ်စာနှင့် နေသည့်အထည်းမှ မကြာခဏ ဆရာဝန်ခေါ်ရတတ်သည်။ ခရီးသွားသော အခါများတွင် ဆွပ်ပြုတ် စသော ဓါတ်စာများ မစားပေမဲ့လဲ ကျန်းမာသည်။ တခါတရံ အစာမကြေသော အစာမျိုးစား မိသော်မှ ကိစ္စမရှိ၊ ကျန်းမာ လျက်သာ နေပါသည်။

ဗမာပြည်အရပ်ရပ် တောအထပ်ထပ် တောင်အထပ်ထပ်သို့သွားချင်သမျှ သွားနေသည်။ ပေပေ တေတေနှင့် ဓါတ်စာတွေမစားဘဲ နေကောင်းသည်။ အိမ်ရောက်သောအခါ သင့်တင့်သော အစာစားရက်ဘာကြောင့်များ ခဏ,ခဏ ဆရာဝန်ခေါ်, ခေါ်နေရပါသလဲဟု အချို့က မေးခွန်းပြုကြသည်။ ကျမလဲ ဘာမှပြန်မပြောတတ်ပါ။

စလေသူနှင့် မန္တလေးသားတို့ အရှုတ်
စာအုပ်ထဲမှာ ပါတဲ့ ဒေါ်ခင်ခင်လေး ပုံပါ
.

No comments: