ဂျပန်လူမျိုးများနှင့် များများဆက်ဆံရလေလေ သူတို့အကြောင်းကို နားမလည်လေ ဖြစ်ရပါ၏။ စစ်သား အချို့သည် အလောင်းကောင်များ ပတ်ဝန်းကျင်၌ ပေါက်ရောက်နေသော ပန်းပင်များမှ ပန်းပွင့်များကို ခူးပြီးနမ်း နေကြသည်ကို ကျွန်မ ကိုယ်တိုင် မြင်တွေ့ရပါသည်။ လိပ်ပြာများ ကိုလည်း ဖမ်း၍ သူတို့၏ လက်ဝါး ထဲ၌ ထည့်ကာ လှပြီး ရွနေသည်ကို ငေးမော အံ့သြ နေကြသည်ကို တွေ့ ရပါသည်။ သို့သော် လူများကို အကြောင်းတစ်စုံတစ်ရာ မရှိဘဲ လူသတ်ရသည်ကို ၀ါသနာ တစ်ခုကဲ့သို့ လူတစ်ယောက်၏ နောက်စေ့ ကို သွေးအေးအေးနှင့် ပစ်သတ်ကြသည်။
ကလောသို့ ထွက်မည့် ရထားများကို စုံစမ်းရန် ကျွန်မနှင့် ဘမောင်တို့သည် မီးရထား ဘူတာရုံသို့ ထွက်လာကြသည်။ ဘူတာရုံတွင် လှုပ်လှုပ်ရွရွ ဖြစ်နေခြင်း မရှိပါ ။ ဂျပန်ရုံပိုင် သည် ပလက်ဖောင်း စင်္ကြံန် တွင် တင်ပျဉ်ခွေ ထိုင်နေရင်း ဓာတ်စက်ဖွင့်ပြီး နားထောင်နေပါသည်။ သူ၏ ခွေးကလည်း သူ၏ ဓာတ်စက် အနီးတွင် ရှိနေသည်ဖြစ်၍ နာမည်ကျော် ခွေးတံဆိပ် ဓာတ်ပြားထဲက ကြော်ငြာပုံနှင့် တူနေပါသည်။ ကျွန်မတို့ မေးမြန်းစုံစမ်းသည်ကိုပင် သူက ဇိမ်ပျက်မည် စိုး၍လား မသိ၊ အဖြေ မပေးပါ။ ဂျပန်ရုံပိုင်သည် လုယက်၍ ရလာဟန်ရှိသော အင်္ဂလိပ်၊ ဂျပန်၊ မြန်မာ ဓာတ်ပြားများကို ဖွင့်ပြီး အရသာ ခံနေပါသည်။
ကျွန်မနှင့် ဘမောင်တို့ နှစ်ဦးစလုံးသည် ရေကို လုံးဝ မသောက်သည်မှာ ၄၈နာရီ ရှိပါပြီ။ လျှာများကို ကွဲပြီး ရောင်နေပါသည်။ ကျွန်မတို့သည် ရေအနည်းငယ် တွေ့ရပါသော်လည်း ရောဂါပိုးများ ရှိနေမည်စိုး၍ မသောက် ရဲကြပါ။ မည်သူဖြစ်ဖြစ် ၀မ်းရောဂါ သို့မဟုတ် တိုက်ဖွိုက်ရောဂါသာ စွဲကပ်မည်ဆိုပါက ကောင်းစွာ ဆေးကုသမှု မခံရလျှင် သေဖွယ်ရာသာ ရှိပါမည်။
ကျွန်မတို့ နှစ်ဦးသည် ရထားလမ်းဘေးတွင် ထိုင်နေကြပြီး ရေငတ်လွန်လွန်း၍ ရူးသွပ်သွားမလား ဟူ၍ အောက်မေ့မိပါသည်။ နောက်ဆုံး၌ ကျွဲနွားများ တင်ဆောင်လာသော ရထားတစ်စီး ဘူတာထဲသို့ ၀င်လာပြီး ရှန်တိန် လုပ်နေသည်ကို ဘမောင်က တွေ့သွားသည်။ ဘမောင် သည် ကျွန်မ၏ လက်ကို တအားဆွဲ၍ ရထား လမ်းအတိုင်း ပြေးကြသည်။ ဇလီဖားတုံးများနှင့် ခလုတ်တိုက်ပြီး လဲမ လိုလို ဖြစ်ပါသေးသည်။
သူသည် ရထားနောက်ကို ပြေးလိုက်ရင်း တွဲနှစ်ခုအကြား တွဲချင်း မတိုက်ခိုက်မိရန် ထိန်းထားသော တွဲဆက်ပေါ်တွင် ခွထိုင်မိပြီး ကျွန်မကို သူ့ဘေးသို့ ဆွဲတင်ပါသည်။ ကျွန်မတို့နှစ်ဦးသည် အတန် ကြာအောင် အမောဖြေကြပြီးမှ ပွန်းပဲ့သော ဒဏ်ရာများဖြင့် အနံ့အသက် ဆိုးရွားသော တွဲပေါ်သို့ ရောက်သွားကြကာ ကိုယ်ကို မထိန်းနိုင်တော့ဘဲ လဲကျသွားပါသည်။
ရထားသည် ကလောဘက်သို့ ခုတ်မောင်း နေသည်ဟု ထင်ပါသည်။ မောပန်းလွန်း လှသဖြင့် စိတ်ပူ မနေနိုင်ပါ။ အရေးအကြီးဆုံးမှာ သာစည်မှ ထွက်လာနိုင်ခြင်းပင် ဖြစ်ပါသည်။ သာစည်တွင် ဆက်လက် နေရပါလျှင် ကျွန်မတို့၏ ကျန်းမာရေး အခြေအနေအရ သေမင်းက ခေါ်သွားမည့်နေ့ကို စောင့်နေရသလို ဖြစ်ပါမည်။ ကူးစက်တတ်သော ရောဂါပိုးများဒဏ်မှ ကျွန်မတို့သည် ကာကွယ်နိုင်မည် မဟုတ်ဘဲ အသက် ဆုံးရှုံး ရမည်သာ ဖြစ်ပါသည်။
ရေမသောက်ရဘဲ နောက်ထပ် ၂၄နာရီ ကုန်လွန်သွားပြန်ပါသည်။ နေရာပေါင်းများစွာ၌ ရထား ရပ် သော်လည်း ကျွန်မတို့သည် ရထား မည်မျှကြာကြာ ရပ်မည်ကို မသိပါသောကြောင့် ရထားပေါ်မှ ဆင်းပြီး ရေ မရှာဝံ့ ပါချေ။
ရေငတ်နေခြင်းနှင့် ပတ်သက်ပြီး အတွေးပေါင်းစုံ ၀င်လာခဲ့သည်။ ကျွန်မသည် ပန်းပင် သစ်ပင် များ အပေါ် တွင် ရေဂါလံ ထောင်ပေါင်းများစွာကို လောင်းခဲ့ဖူးပါသည်။ ရေမြောင်းထဲသို့ ရေများကို သွန် ပစ်ခဲ့ ဖူးသည်။ ရေချိုးကန်ထဲသို့ ရေဖွင့်ချခဲ့ဖူးသည်။ ယခု ရေတစ်ဇွန်းတလေ သောက်ရပါက ဘာပဲ ပေးရပေးရ ပေးရန် အသင့် ရှိနေပါသည်။ အာခေါင်ခြောက်ကာ လျှာက ရောင်အန်းပြီး ညိုနေသဖြင့် စကားလည်း မပြောချင်ပါ။
ထို့နောက် ကျွန်မတို့သည် ကလောမြို့သို့ ချဉ်းကပ်လာကြပြီ ဖြစ်ကြောင်း သိရ၍ များစွာ စိတ်ချမ်းသာ သွားခဲ့သည်။ မိုးလင်းစပြုနေပြီဖြစ်၍ ဘူတာပလက်ဖောင်းပေါ်၌ ရှမ်းအမျိုးသမီးတစ်ဦး နွားနို့ရောင်း နေသည်ကို တွေ့ရသဖြင့် ခေါ်ယူပြီး နွားနို့ တစ်ခွက် ၀ယ်၍ ရေငတ်ပြေစေရန် တအား သောက်ချ လိုက်ပါသည်။ မူလက လျှာနှင့် လည်ချောင်းများ နာကျင်နေရသည့်အထဲ နွားနို့ကပါ ပူလောင်နေသဖြင့် အနာ ပေါ် တုတ်ကျသလို မခံမရပ်နိုင်အောင် ဝေဒနာ ခံစားရပါသည်။
ကျွန်မနှင့် ဘမောင်တို့သည် မြို့ထဲသို့ သွားကြသည်။ ဤမျှ ခရီးပေါက်လာသည်ကို ၀မ်းသာရပါ သည်။ သို့သော် ကျန်နေသေးသည့်ခရီးကို မည်သို့ ဆက်ရမည်ဖြစ်ကြောင်း စဉ်းစား၍ မရသေးပါ။ အရာရာသည် တောင်ကြီးမြို့မှ ရွေ့လျား သွားလေရော့သလား ထင်ရသည်။ ခြေထောက်မှ အနာက နာကျင်လွန်းသဖြင့် သွားလိုက် နားလိုက် လုပ်နေရသည်။ ကားလမ်းမကြီးပေါ်ရှိ ဓာတ်ဆီ ဆိုင်တစ်ဆိုင်တွင် ကျွန်မတို့ နှစ်ဦး အကြာကြီး နားနေကြသည်။
နာရီပေါင်းများစွာ ကြာပြီးနောက် ဂျပန်စစ်ကား အုပ်စု တစ်စု ရောက်လာပြီး ဓာတ်ဆီဆိုင်တွင် ရပ်နေ ကြသည်။ နောက်ဆုံး လော်ရီကားပေါ်တွင် နောက်ဘက်ခန်း၌ ဖျာများ ခင်းထားပြီး ဂျပန်အရာရှိ တစ်စု စိတ်အေး သက်သာစွာ နေရာယူထားကြသည်။
ကျွန်မတို့နှစ်ဦး ကားနောက်ပြီးမှ တက်လာသည်ကို မမြင်လေဟန်၊ သတိမမူဟန် ကျွန်မတို့ ဘက်သို့ လှည့်ကြည့် ဖော်ပင်မရပါ။ ကျွန်မတို့ နှစ်ဦးကို သူတို့က ဖုတ်လေသည့် ငါးပိ ရှိလေဟန်မတူပါ။ ဂျပန် အရာရှိ များ အတွက် သီးသန့်လုပ်ထားသော ကားပေါ်သို့ ဗမာတောသားတစ်ဦးနှင့် ဥရောပသွေးပါသော အမျိုး သမီး တစ်ဦးတို့ တက်ရောက် လာသည်ကို အမေးအမြန်းမရှိခြင်းကို ပြန်လည်စဉ်းစားလိုက် သောအခါ မဖြစ်နိုင် ဟု တွေးမိသည်။ ထိုအချိန်က ကျွန်မမှာ အလွန်မောပန်းနေသဖြင့် ဘာတွေလုပ်ခဲ့မိ သည်ကိုပင် မသိပါ။ ယင်းသို့ ထူးခြားသော ဖြစ်ရပ်ကို ထိုစဉ်က အမှတ်တမဲ့ ဖြစ်ခဲ့သော်လည်း နောက် ကျမှ ကျွန်မတို့၏ အောင်မြင်မှု နောက်ကွယ်တွင် လျှို့ဝှက်ချက်ရှိကြောင်း တွေ့ရသည်။
ကလောမှ တောင်ကြီးသို့ မိုင်ပေါင် ၄၄မိုင် ကွာဝေး၍ ၅နာရီ ခရီး လာရပါသည်။ ဂျပန်များသည် ကျွန်မ တို့အား ဈေးတွင် ချပေးခဲ့ပါသည်။ ဘမောင်သည် ခရီးအလွန်သွားနိုင်သော တောင်ပေါ်သား တစ်ဦး ဖြစ်၍ ၂မိုင်ခရီးကို မနက်စာ မစားမီ လမ်းလျှောက် နေသလို လျှောက်သွား နိုင်ခဲ့ပါသည်။
အခြား တစ်ဖက်တွင်တော့ လူကလည်း ပင်ပန်း ခြေထောက်များကိုလည်း မသယ်ချင်တော့ သောကျွန်မ အတွက် ဒီခရီးကို ရောက်အောင်လျှောက်နိုင်ပါ့မလားဟု သံသယ ဖြစ်မိသည်။ ကျွန်မ၏ ခြေထောက် များတွင် အလေးများ ဆွဲထားသလို ခြေထောက်ကို တစ်လှမ်းချင်း သယ်ပြီး ဖခင်ကြီးအား ရွေ့ပြောင်း ထားခဲ့သော ဘန်ဂလိုသို့ ရောက်အောင် ပင်ပန်းစွာ သွားနေရသည်။
ကျွန်မတို့ကို စောင့်မျှော်ကြိုဆိုသူများတွင် မစ္စတာ မက္ကင်တိုင်ယာမိသားစု၊ ဦးသင်နှင့် အခြား မိတ်ဆွေ များကို တွေ့ရပါသည်။ မစ္စတာမက္ကင်တိုင်ယာတို့မှာ ကျွန်မ ထွက်သွားပြီးမှ တောင်ကြီးသို့ ရောက်လာ ကြခြင်း ဖြစ်ပါသည်။
ဖခင်ကြီးက ကျွန်မထံမှ သတင်းကို ကြားချင်နေသည်။ ကျွန်မကမူ ရေကိုသာ အငမ်းမရ သောက်ချင် နေသည်။ ရေတွင်း တစ်တွင်းလုံးကုန်သွားအောင် သောက်ပစ်ချင်နေသည်။ ထိုသို့ သောက် လျှင် အလွန် အန္တရာယ် များမည်ဖြစ်၍ ထိုအကြံကို လက်လျှော့လိုက်ရသည်။ ရေက အကောင်းဆုံး ရှန်ပိန် ထက်ပင် အရသာ ရှိသလို ထင်မိသည်။
စကား ပြောနေစဉ် ပါးစပ်ထဲတွင် နာကျင်သော ဝေဒနာကို ခံစားနေရသည်။ သို့သော် မေမေနှင့် ညီမလေး တို့နှစ်ဦး ကောင်းမွန်စွာအိန္ဒိယ ပြည်သို့ရောက်သွားကြကြောင်းကို သိရ၍ ပြုံးရွှင်နေသော ဖခင်ကြီးကို ကြည့်ပြီး ကြမ်းတမ်းသော ခရီးကို သွားခဲ့ရကျိုးနပ်သည်ဟူ၍ သဘောထားမိပါသည်။
နောက်နှစ်ည ကြာပြီးနောက် ကျွန်မတို့ စကားဝိုင်းဖွဲ့ပြောနေကြစဉ် ဦးသင် က ဘမောင်သည် အကြား အမြင်ရသူ တစ်ဦး ဖြစ်ကြောင်း ပြောလာပါသည်။ ဦးသင်က သူ၏ဇနီးနှင့် သမီးနှစ်ယောက် မှာ လမ်းခရီးတွင် လူစုကွဲ၍ ပျောက်ဆုံးသွားခဲ့ကြောင်း၊ သူ့တို့၏သတင်းကို သိလိုသဖြင့် ဘမောင်အားမေး ရန်ပြောကြား ထားကြောင်း ပြောပါသည်။
မစ္စတာ မက္ကတိုင်ယာ ကလည်း ထိုသို့ မေးမြန်းရာတွင် သူညီဆရာဝန်တစ်ဦး၏ သတင်းကို သိလို၍ သူလည်း ပါဝင် မေးမြန်း လိုကြောင်း ပြောပါသည်။
ဝိညာဉ်ကမ္ဘာနှင့် ဆက်သွယ်နိုင်သည့် ၀ိသေသကို ပိုင်ဆိုင်ထုတ်ပြောသော လူမျိုးကို ကျွန်မလုံးဝအယုံ အကြည်မရှီပါ။ ကျွန်မတို့၏ ဘာသာတရားက ကျွန်မတို့တွင် လိုအပ်နေသော အင်အားနှင့် ယုံကြည် မှုကို ပေးထားပြီးဖြစ်၍ အကြားအမြင်ရသည်ဆိုသော လိမ်ညာမှုမျိုးကို လက်မခံနိုင်ပါ။
'' ငါဟာ အတော်ပဲတစ်ကိုယ်ကောင်း ဆန်ပါကလား'' ဟုအတွေးပေါ်လာ၏။ ကျွန်မကတော့ မိခင်နှင့်ညီမတို့ ဘေးမသီ ရန်မခသည်ကို သိထားပြီး အခြာသူများ၌ သူ့တို့၏ ချစ်ခင်သော မိသားစုများ ပျောက်ဆုံးနေ၍ ၄င်းတို့၏ သတင်းကိုမည်မျှ သိချင်နေကြရှာမည်ကို ထည့်၍ မတွေးမိပါ။ သို့ဖြစ်၍ သူတို့နှင့်မတူ မေးမြန်း ရန် သဘောတူ လိုက်ပါသည်။
ကျွန်မက ထင်နေသည်။ အမေနှင့် ညီမတို့ကျန်းမာချမ်းသာစွာ ရှိနေကြောင်းကိုပင် ပြောလိမ့်မည်။ ထိုသို့ ပြောသည့်အတွက် အချိန်ကုန်တာကတော့ မှန်သည်။ သို့သော် ဘာများ ဆုံးရှုံးသွားမည်နည်း။ ဖေဖေ ကတော့ ကျွန်မတို့ လူစုထဲတွင် ၀င်မပါပါ။ အခန်းထဲတွင်ပင် မထိုင်တော့ဘဲ ထွက်သွားပါသည်။ မဟုတ်တမ်း တရမ်း တွေကို နားထောင်ချင်ဟန် မတူပါ။
အယူသီးမှု့ အတွေ့အကြုံ တစ်ရပ်ပင်ဖြစ်သည်။ ကျွန်မတို့သည် ဘမောင်ကို အလယ်တွင် ထားကာ ဘေးမှ ၀ိုင်းပြီး တင်ပျဉ်ခွေ ထိုင်ကြသည်။ ကျွန်မတို့ မေးချင်သည်တို့ကို ဦးသင်မှ တစ်ဆင့် မေးကြ ရသည်။
တောင်ပေါ်သား ဘမောင်က နတ်ဝင်သလို ဖြစ်သွားသည်။ ဦးသင်က သူ၏မိသားစုများ မည်သည့် အရပ်သို့ ရောက်နေ သနည်းဟု မေးသည်။ ဘမောင်က သူ၏ မူလအသံနှင့် မဟုတ်ဘဲ အခြားအသံ တစ်သံဖြင့် ပြန်ပြောသည်။
'' ရေလမ်းခရီးနဲ့ မြောက်ဘက်အရပ်ကို သွားတယ်၊ ဘုန်းကြီး တွေကြားထဲ ရောက်နေတယ်၊ သူတို့အား လုံး ကောင်းကောင်း မွန်မွန်ပါ'' ဟုပြန်ပြောသည်။
မစ္စတာမက္ကင်တိုင်ယာက သူ့ညီဆရာဝန်ဖြစ်သူ နော်မန်၏ အကြောင်းကို ဆက်မေးသည်။ စောစောက ဘမောင် ပြောနေသော အသံသည် တိုးသွားပြီး
''ရေရောင်မည်းမည်းတွေ တွေ့တယ်၊ ရေကအနက်ကြီးပဲ'' ဟုပြောသည်။ မက္ကင်တိုင်ယာက ထပ်ကာ ထပ်ကာ မေးခွန်းထုတ်သော်လည်း ဆက်မပြောတော့ပါ။
ကျွန်မတို့ အလှည့်သို့ရောက်သောအခါ ကျွန်မ၏မိခင်နှင့်ညီမတို့ အကြောင်းကို မေးပါသည်။ ဘမောင်၏ ပါးစပ်မှ ထွက်လာသော လေသံကမာကျောပြီး စိတ်ဆိုးဟန်ပါသည်။
'' ခင်ဗျား မယုံကြည်ဘဲနဲ့ ဘာကြောင့်ဒါတွေ မေးနေရသလဲ'' ဟုပြောပါသည်။
ကျွန်မမှာ ရုတ်တရက် အံ့အားသင့်သွားပြီး မည်သို့ ပြန်ပြောရမှန်း မသိအောင် ဖြစ်သွားမိပါသည်။ ကျွန်မ၏ စိတ်ထဲတွင် အမှန်ရှိသည့်အတိုင်း ပြောချလိုက်သည်။
''ကျွန်မက မယုံကြည်ဘူးဆိုတာ မှန်ပါသည်၊ ဒါပေမယ့် လေးလေးစားစားနဲ့ ကျွန်မ ရဲ့ မိခင်ရော ညီမပါ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ သိချင်လို့ မေးနေတာပါ'' ဟုပြောလိုက်သည်။
တစ်ခန်း လုံးတိတ်ဆိတ်သွားသည်။ ဘမောင်ထံမှ ကလေးသံလေးဖြင့် '' သူတို့ မြောက်ဘက်အရပ်က တောင်ဘက်အရပ်ကို သွားနေကြတယ်၊ သူတို့နိုင်ငံခြားမှာ ရှိနေတယ်'' ဟုပြောလိုက်သည်။
ကျွန်မသည် စိတ်ဝင်စားမှု မရှိလှပါ။ အသစ်အဆန်း သူတို့ထံက ဘာမျှမကြားရပါ။ မိခင်နှင့် ညီမတို့ အိန္ဒိယပြည် သို့ ရောက်သွားကြပြီကိုလည်း ကျွန်မကိုယ်တိုင်က သိထားနှင့်ပြီး ဖြစ်နေသည်။ အခြားသူ များကို သူ ပြောကြားသည်နှင့် ပတ်သက်၍လည်း ဘ၀င်မကျလှပါ။
အမှန်တကယ်ဖြစ်ပျက်သည်များကို ကျွန်မတင်ပြနေခြင်း ဖြစ်ပါသည်။ နောင် နှစ်ပေါင်း အတန်ကြာသော အခါ ကျွန်မနှင့် ဦးသင်တို့ အိန္ဒိယပြည်၌ ဆုံမိကြ၍ သူ၏မိသားစုအကြောင်းကို မေးမြန်းပါသည်။
''ချောင်ကျသော ရွာကလေးတစ်ရွာ၌ သူ၏မိသားစုကို ဘုန်းကြီးများက စောင့်ရှောက်ထားသဖြင့် ကျန်းကျန်း မာမာနှင့် ပြန်လည်တွေ့ရကြောင်း၊ ဘမောင်က မစ္စမက္ကတိုင်ယာကို ဟောလိုက်သည်မှာ လည်း မှန်ကန်ကြောင်း၊ မက္ကတိုင်ယာ၏ညီ နော်မန်သည် မုတ်သုံရာသီ၌ ရေကြီးနေသော မြစ်ကို ဖြတ်ကူးရာမှ ရေနစ် သေဆုံးသွားကြောင်း ပြောပြပါသည်။''
ခရီးထွက်ခဲ့သည့် ပင်ပန်းနွမ်းနယ်မှုများမှ နာလန်ထူအောင် ရက်သတ္တပတ်ပေါင်း များစွာ အချိန်ယူခဲ့ရ ပါသည်။ ကျွန်မပြန်၍ နေကောင်းလာသည်နှင့် တစ်ပြိုင်နက် ဖခင်အား ပြင်ဦးလွင်သို့ သွားရန်အချိန် ကျပြီ ဖြစ်ကြောင်း ပြောရသည်။
ကိုဒါမသည် တောင်ကြီးမြို့သို့ ပြန်ရောက်နေပြီးဖြစ်၍ သူကိုပင် အကျိုးအကြောင်း သွားပြောပြပြီး အကူအညီ တောင်းရ ပါသည်။ သူကလည်း မဆိုင်းမတွ ကူညီခဲ့ပါသည်။ တောင်ကြီးမြို့ကဲ့သို့ မော်တော် ကား ရှားပါးပြီး စစ်တပ် က ကားများကို ရအောင်ငှားပေးနိုင်သည်မှာ ထူးခြား ပြောင်မြောက်မှုဖြစ်ပါသည်။
နောက်ခန်းထဲသို့ ဖခင်ရော သူ၏အိပ်ရာကိုပါ တင်ပေးလိုက်သည်။ ကျွန်မတို့ပို့ပစ္စည်းအနည်းငယ် ပါပါသည်။ မက္ကင်တိုင်ယာနှင့် သူ၏ကလေး ၄ ယောက်တို့ပါ ကားပေါ်တက်ကြပါသည်။ ခွေးနှစ်ကောင် ကြက်တူရွေး တစ်ကောင်နှင့် ဘဲများပါ ကားပေါ်သို့ တင်သည်။ ကား၏လေးများ ညွှတ်ကွေးနေသည်။
အယ်နီကို ကျွန်မတို့နှင့် တစ်ပါတည်း လိုက်ခဲ့ရန် ခေါ်ပါသည်။ အယ်နီသည်က ခေါင်းခါသည်။ တောင်ကြီးမြို့ ကို ပထမအကြိမ် ဗုံးကြဲခံရစဉ်က ပျောက်ဆုံးသွားခဲ့သော သူမ၏ယောက်ျား မဒရာစီ ကုလား အရက်သမားက အိမ်ပြန်ရာက်နေပြီ၊ သူပြန်ရောက်လာစဉ်က အရက်များမူး နေပါသည်။ သူသည် နေ့ရောညပါ အရက်မူး နေပြီး လူတွေကို စိတ်အနှောက်အယှက်ဖြစ်စေသောကြောင့် ကျွန်မ၏ အိမ်ဝင်းထဲ သို့ ၀င်ခွင့် မပေးခဲ့ပါ။
သူမ၏ယောက်ျားကို မမျှော်လင့်ဘဲပြန်ရောက်လာခြင်းအတွက် အယ်နီသည်လည်း ကျွန်မကဲ့သို့ စိတ် အနှောက် အယှက် ဖြစ်ခဲ့ပါသည်။ သို့သော် သူမ၏ ယောကျာ်းကိုတော့ မစွန့်ပစ်နိုင်ပါ။ သူမက ကျွန်မကို လေးစား ချစ်ခင် ပါသော်လည်း သူမ၏ ယောကျာ်း အပေါ်တွင် သစ္စာရှိရပါဦးမည်၊ အယ်နီအတွက် ကျွန်မ ၀မ်းနည်း မိပါသော်လည်း အငြင်းအခုံ လုပ်ရန်တော့ မဖြစ်ကြောင်း ကျွန်မ သိပါသည်။ သို့သော် တန်ဖိုး မရှိသော လင်တစ်ယောက်အတွက် သူမ၏ အနစ်နာခံမှု့ ကိုတော့ ခါးသီးမိပါ သည်။ ကျွန်မ ပေးနိုင် သမျှသော ငွေကြေးနှင့် ပန်းကန်ခွက်ယောက်များ၊ အိုးခွက်များ ကို ပေးခဲ့ပါသည်။ တစ်ဦးနှင့်တစ်ဦး ကြေကွဲစွာ ဖက်ထားကြသည်။
ကျွန်မတို့ ကားထွက်လာသောအခါ သူတစ်ဦးတည်း မတ်တတ်ရပ်၍ လက်ပြရင်း ငိုယို ကျန်ခဲ့သည်။ ကျွန်မတို့ ပြန်လည်တွေ့ရန်မှာ အလားအလာ ရှိတော့မည် မဟုတ်ကြောင်း နှစ်ဦးစလုံးက သိနေကြပါ သည်။ တဲတစ်တဲ အတွင်း၌ကား သူမ မပစ်ပယ်နိုင်သူ တစ်ဦးက အရက်မူးပြီး အိပ်နေသည်။ သူ့အတွက် သူ့ဇနီးက မည်မျှ ကိုယ်ကျိုး စွန့်လွှတ် ခဲ့သည်ကို သူသိမည်မဟုတ်။ ဂရုစိုက်လိမ့်မည်လည်း အဟုတ်ပါ။
လမ်းမ များပေါ်တွင် စစ်ပြေးဒုက္ခသည် များနှင့် ပြည့်ကျပ်နေဆဲပင် ဖြစ်သည်။
တောင်ကြီးမှ ၁၂မိုင်ဝေးသော ရွှေညောင် အထိ လူတန်းကြီးက ရှိနေ၍ ရောက်မှ ရောက်ပါ တော့မလား ထင်ရသည်။
ကျွန်မတို့သည် ရွှေညောင်ဘူတာတွင် ပါလာသော ပစ္စည်းများကို ချပြီးကုန်များ အတင်အချ လုပ်သည့် နေရာ၌ စခန်းချကြသည်။ ကျွန်မတို့အတွက် နောက်ခရီးကို သယ်ဆောင်ပေးရမည့် ရထားကို စိတ်ရှည် ရှည်ထား ၍ စောင့်မျှော်ရပါဦးမည်။ ရုံပိုင်သည် ကျွန်မတို့လူစုအား တွဲနှစ်တွဲပေါ်သို့ တင်ပေးပြီး '' ရထားကို မည်မျှလောက် ကြာအောင်စီးရမည်၊ ရထားသည်ကျွန်မတို့သွားလိုရာသို့ ရောက်မည်မရောက်မည်ကို သူကတိ မပေးနိုင်ကြောင်း'' ပြောပါသည်။
အကြိမ်ပေါင်းများစွာ ပျက်ကွက်ပြီးနောက် ရွှေညောင်မှ ကလေးသို့ ရထားသည် ကလင်ကလန်၊ ကလင် ကလန် စသောအသံများပေးကာ စတင်ထွက်ခွာ ပါတော့သည်။ မောင်းတံတစ်ခုကို ဆွဲလိုက်တိုင်း ခေါင်းတွဲကြီး တစ်စစီဖြစ်သွားမည်လားဟု စိုးရိမ်မိပါသည်။ ကလော တွင်လည်း မုန်းစရာ ကောင်းအောင် ကြန့်ကြာ နေပြီးမှ ခေါင်းတွဲကို စက်နှိုး၍ ရပါသည်။ ရထားသည် ဥသြဆွဲကာ တောင်အောက် လွင်ပြင်ဆီ သို့ ခုတ်မောင်း သွားပါသည်။
ဆက်ရန်
.
1 comment:
ဖတ်ပီးကြောင်း...အကြောင်းလာကြားပါသည်။အိပ်ပီ..
နော်..
Post a Comment