Wednesday, February 24, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၂၄)

သူတို့သည် ရိုက်နှက်ရလွန်း၍ ငြီးငွေ့လာကြသောအခါ ကျွန်မအနေနှင့် ထုတ်ဖော်ဝန်ခံလာအောင် ပိုမို ကောင်းမွန်သော နည်းသစ်ကို အသုံးပြုလာကြသည်။ ကျွန်မ၏ လက်သည်းများကို ပလိုင်ယာများဖြင့် ညှပ်၍ တစ်ချက် ချင်းခွာကြပြန်ပါသည်။ ယင်းသို့ လက်သည်းခွံများကို ခွာနေခိုက် ဂျပန်အရာရှိသည် ကျွန်မသိသော လူအမည်များကို တစ်ခုချင်း ထုတ်ဖော် ပြောဆိုနေပါသည်။ သူတို့သည် ကျွန်မနှင့်အတူ လုပ်ဖော် ကိုင်ဖက် များ ဖြစ်ကြောင်း သူကပြောပါသည်။ ကျွန်မက ဘယ်လိုဘဲ ငြင်းငြင်း သူတို့က မယုံကြည်ကြပေ။

တစ်ကိုယ်လုံး ဒဏ်ရာ ဒဏ်ချက်များ မီးလောင်ခံရသော ဒဏ်ရာများနှင့် အချုပ်ခန်းသို့ ပြန်ပို့ကြပါသည်။ ကျွန်မသည် ကြမ်းပြင်ပေါ်သို့ လဲလျောင်းရင်း သူတို့ ရွတ်ပြသော စပိုင်ဆိုသူ တစ်ဦး တစ်ယောက်ကိုမျှ သိမနေ ပါ၍ ဘုရားသခင်ကို ကျေးဇူး အနန္တ တင်မိသည်။ အကယ်၍သာ ကျွန်မသိနေသူ တစ်ဦးဦး ပါဝင်ပါက သစ္စာ ဖောက် မိလေမလား မပြောတတ်ပါ။
တခါ တခါတော့လည်း ငါ့နှယ်နော် တကယ်ပဲ စပိုင်ဖြစ်လိုက်ပါတော့ ဒါမှ သူတို့မေးတဲ့အခါ ၀န်ခံနိုင်မှာပေါ့ ဟုလည်း တွေးမိ ပါသည်။

သို့ဖြင့် ရက်များ ကြာညောင်းလာသောအခါ စစ်မေးသူ အရာရှိကလည်း စိတ်ရှည်ရှည် မထားနိုင်တော့ပါ။ ရိုက်နှက် ညှဉ်းပန်း ကြသူများကလည်း အပျော်သက်သက်လို ဖြစ်လာကြသည်။ တညတွင်မူ ကျွန်မအား ခေါ်မထုတ်ဘဲ ထားသည်။ ကျွန်မသည် ဒုက္ခအပေါင်းမှ ကင်းဝေးလေပြီဟု ဘုရားသခင် အား ကျေးဇူး တင်မိသည်။

မဟုတ်ပါ။ မနက်မိုးလင်းသည်နှင့် ဂျပန်အရာရှိသည် အချုပ်ခန်းသို့ ပေါက်ချလာပြီး ကွက်လပ်ကို မြင်နေ ရသော ပြတင်း ပေါက်ဆီ အတင်းဆွဲခေါ်သွားပါသည်။
မင်းအမှန် အတိုင်း မပြောလို့ရှင်ရင် မင်းဘာဖြစ်သွားမလဲ ဆိုတာ သေသေချာချာကြည့် ဟု သူက အော်ငေါက် ပြီး ပြောပါသည်။

လူတစ်စုကို ခေါ်ထုတ်လာပြီး နံရံကို ကျောပေး၍ မတ်တတ်ရပ်စေပါသည်။ အ၀တ်စ အဖြူ၏ အလယ် ကောင်တွင် အနီပြောက် ဆိုးထားသော အ၀တ်များဖြင့် မျက်နှာကို စည်းထားကြသည်။ သူတို့အားလုံးကို ကျွန်မ ရှေ့တွင်ပင် သေနတ်နှင့် ပစ်သတ်လိုက်ကြပါသည်။

ဤမျှ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းမျိုး လူအများအား အေးဆေး ရက်စက်စွာ သတ်ဖြတ်သော အတွေ့ အကြုံမျိုး ကျွန်မ၏ တစ်သက်တာတွင် တစ်ကြိမ်တစ်ခါမျှ မတွေ့ကြုံခဲ့ဖူးပါ။ ကျွန်မမှာ ကြောက်ရွံ့လွန်း၍ မကြည့်ရဲ သဖြင့် ခေါင်းကို နောက်သို့ ပြန်လှည့်လိုက်သည်။  မရပါ။ ကျွန်မ၏ခေါင်းကို ပြတင်းပေါက်ဆီသို့ အတင်း ပြန်လှည့်ပေးသည်။ ကျွန်မအလွန် ၀မ်းနည်းမိပါသည်။ အမှန်အတိုင်း ဘယ်လိုပဲ ပြောပြော အရိုက် အနှက် ခံရသည်။ နှိပ်စက် ညှဉ်းပန်း မှု့က ပို၍ပို၍ ကဲလာသည်။ သူတို့ ယုံကြည် လာအောင် ဘာများ လုပ်ရပါ့ မလဲဟု တွေးနေမိသည်။

ကျွန်မသည် မိမိကိုယ်ကိုယ် မထိန်းသိမ်းနိုင်ဘဲ တုန်လှုပ်စွာဖြင့် ဂျပန်အရာရှိကို မျက်နှာချင်းဆိုင်လိုက်သည်။
ကျွန်မကို ဘာဖြစ်လို့ ပစ်မသတ်တာလဲ ကျွန်မကို သတ်ပြီးရင် ကျွန်မ အဖေကိုပါ ပစ်သတ်ပါ သူ့မှာ ကြည့်မယ့် ရှုမယ့်သူ မရှိဘူး ဟု ပြောပြီး ကျွန်မကိုယ်တိုင် လူသေကောင် ကဲ့သို့ စိတ်ကို လျှော့ချလိုက်သည်။ အကယ် ၍များ ထိုအချိန်က ကျွန်မကို သတ်ခဲ့သော် ၀မ်းပန်းတသာ ကြိုဆိုမည်သာ ဖြစ်ပါသည်။

ဂျပန်အရာရှိသည် စကားတခွန်းမျှ မပြောဘဲ အချုပ်ခန်းထဲမှ ထွက်ခွာ သွားသည်။ အချုပ်ခန်း တံခါး ပိတ်သွားသည်။ နောက်ထပ်လည်း လူတွေကို နှစ်ကြိမ်သုံးကြိမ်မျှ ထပ်၍ သတ်ခဲ့ကြပါသည်။ အုန်းမှုတ်ခွက် နှစ်ခြမ်း  ကို ယှက် ၍ အပေါက်ငယ် ကလေးမှ ကျွန်မအား ပေးနေကျ အစောင့်သည် တစ်နေ့တွင် မင်းကို မကြာခင် အပြင်ထွက်ခွင့် ပေးလိမ့်မည် ဟု ပြောသွားလေသည်။

ကျွန်မကတော့ မယုံကြည်ပါ။ ကျွန်မခေါင်းမာမှုအတွက် နောက်ထပ် ထွင်လိုက်သော ဒဏ်ပေးခြင်း တစ်မျိုး ဟု ထင်လိုက်ပါသည်။ ကျွန်မအား ညှဉ်းပန်း နှိပ်စက်ရန် ခေါ်ထုတ်သွားသည့် အခါမျိုးမှ အပ ကျွန်မသည် အပြင်လောက ခြေချခွင့် မရခဲ့ပါ။

တစ်နေ့တွင် မ၀ရေစာပေးသော ထမင်းကို စားပြီးချိန်၌ အစောင့်က တံခါးလာဖွင့်ပါသည်။ ကျွန်မအား ကော်ရစ်ဒါ အတိုင်း မြေကွက်လပ်သို့ ခေါ်ထုတ်လာသည်။ ရေတွင်းတတွင်း ငင်ရန်ကြိုးတပ် ပြီးသား ရေပုံးကို ရေတွင်း နှုတ်ခမ်းပေါ်တွင် တင်ထားသည်။ ကျွန်မ၏ အသားများ အရိုး အဆစ်များတွင် ဖြစ်ပေါ်နေသော နာကျင် ကိုက်ခဲမှုများ သက်သာသွားစေရန် တစ်စုံတစ်ရာ စဉ်းစားခြင်း မပြုဘဲ ရေတွင်းဆီသို့ ပြေးသွား မိသည်။ ရေတစ်ပုံးအမြန်ငင်ကာ ရေကို ခေါင်းမှ လောင်းပြီး ချိုးလိုက်မိပါသည်။

အစောင့်တယောက်က ကျွန်မထံမှ ရေပုံးကို လုယူပါသည်. အနီးတွင် မတ်တပ်ရပ်နေသော အရာရှိက မင်းရေချိုး ချင်ရင် ဘုန်းကြီးရှေ့မှာ ချိုးပြမှ ရေချိုးခွင့်ပေးမယ် ဟု ပြောပါသည်။
ကျွန်မ ဘယ်တော့မှ မလုပ်ဘူး ဟု ပြန်အောင်သည်။

သူသည် အရေးမကြိးသည့်ဟန်ဖြင့် ပခုံးနှစ်ဖက်ကို လှုပ်ခါ၍ သူသတိထားမိမှာ မဟုတ်ပါဘူး ဟု ပြောပါသည်။
သူကြည့် နေသည့်ဘက်သို့ လှမ်းကြည့်သောအခါ ဘုန်းကြီးတပါး ရပ်နေသည်ကို တွေ့ရပါသည်။ ဘုန်းကြီး သည် အလွန် ပိန်လှီပြီး အရပ်ရှည်ပါသည်။ ခေါင်းက ဆံပင်များက နီညိုရောင် သန်းနေပြီး မုတ်ဆိတ်မွေးများ ရှိသဖြင့် ခရစ်တော်နှင့် ခပ်ဆင်ဆင် မှတ်ထင်ရပါသည်။ သို့သော် ဘုန်းကြီးမှာ အရှုးလုံးလုံး ဖြစ်နေပါပြီ။ သူ၏ ကိုယ်ကျပ်အင်ကျီ မှာ အစိတ်စိတ် အမြွာမြွာ စုတ်ပြတ်နေပါသည်။ သူ့ပုတီးကုံးမှ ပုတီးစေ့များကို မျိုချ နေပါသည်။

ကျွန်မက စကားပြောကြည့်ပါသေးသည်။ သူပြန်ပြောသော စကားများကိုတော့ တလုံးတလေမှ နားမလည် ပါ။ နောက်တကြိမ်တွင် ကျွန်မ အပြင် ထွက်ခွင့်ရသောအခါ ရူးနေသော ဘုန်းကြီးနှင့် ပတ်သက်၍ အခြား အကျဉ်းသား တစ်ယောက်ထံ စုံစမ်းကြည့်ပါသည်။ ဂျပန်များ၏ ညှဉ်းဆဲ နှိပ်စက်မှု ဒဏ်ကို မခံနိုင်၍ ရူးသွား ကြောင်း သိရပါသည်။ သူ့ဘာသာကို ဆန့်ကျင်ပြီး ပြောဆိုလုပ်ကိုင်လျှက် ရှိကြောင်း နှင့် သူသည် သတိ လက်လွတ် ဖြစ်နေကြောင်း သိရပါသည်။

ကျွန်မအား စစ်ဆေးခြင်း မပြုဘဲ ထားသည့် အချိန်က တိုတောင်းလှပါသည်။ ကျွန်မအား ထိုအခွင့်အရေး ဘာကြောင့် ပေးသည် ကိုလည်း နားမလည်နိုင်ခဲ့ပါ။ ညစဉ်ပင် ထုတ်ပြီး ရိုက်နှက် စစ်ဆေးသမှု ပြုကြပြန် ပါသည်။

ကျွန်မသည် အင်အား ချည့်နဲ့နေပြီဖြစ်၍ ဦးနှောက်ကိုလည်း မစေစား နိုင်တော့ပါ။ ကျွန်မ စိတ်ထဲတွင် လက်မရွံ့ အာဏာသားများနှင့် မျက်နှာချင်းဆိုင်ရမည့်ရက်ကိုသာ စောင့်စားနေမိပါသည်။ သူတို့နှင့် ရင်ဆိုင် ရသည့် တခဏ၌သာ ကြောက်ရွံ့နေရပြီး မကြာမီတွင် ကိစ္စများ အားလုံးပြီးပြတ်သွားမည် မဟုတ်ပါလား။ ကျွန်မ သည်လည်း အေးချမ်းသော ဘ၀သို့ ရောက်သွားမည် မဟုတ်ပါလားဟု တွေးနေမိပါသည်။

ယင်းနောက် ကျွန်မအား ညစ်ပတ်ပေရေနေသော အချုပ်ခန်းထဲ၌ အထီးကျန် ပစ်ထားကြပြန်သည်။ ကျွန်မသည် ကြမ်းပြင်ပေါ်၌ လဲလျောင်းနေပြီး တံခါးကို မျက်ခြည်မပြတ် စောင့်ကြည့်နေမိပါသည်။ လူအမြောက် အများကို ရက်ရက် စက်စက် သတ်ဖြတ်ခဲ့သည့် ကွက်လပ်သို့ အတင်းအဓမ္မ ဆွဲခေါ်သွားပြီး နံရံကို ကျောပေး၍ မတ်တပ်ရပ်နေစေရန် အတွက် အစောင့်များက တံခါးလားဖွင့်ပေးသည်ကို စောင့်ကြည့် နေခြင်း ဖြစ်ပါသည်။ သို့သော် ရက်ပေါင်းများစွာ ကြာသည်အထိ တံခါးလာ မဖွင့်ကြပါ။

တံခါးကို စိုက်ကြည့်နေရသည်မှာလည်း ကျွန်မစိတ်ကို ပြန်၍ ခြောက်လှန့်နေသလို ထင်မိပါသည်။ ကျွန်မကို အိပ်မွေ့ ချထား လေသလား မသိ။ တံခါးကို ဖွင့်ကြည့်ချင်နေသည်။ တချိန်တည်းမှာပင် ကြောက်စိတ်က ၀င်လာသည်။

ညတညတွင် တံခါးက ဖြုန်းခနဲ ပွင့်သွားခဲ့သည်။ ကျွန်မအား တဖန် ပြန်၍ ညှဉ်းပန်းနှိပ်စက် ကြဦးမည်။ လာမည့် ဘေးကို ရင်ဆိုင်ရန် အားတင်းလိုက်ပါသည်။ မီးများ ထိန်ထိန်လင်းနေသော အခန်းထဲသို့ ခေါ်ဆောင် သွားကြရာ အရာရှိက ခုံရုံးအဖွဲ့ ရှေ့မှောက်မှာ မင်းတရားရင်ဆိုင်ရမယ် ဟု ပြောပြပါသည်။ အသေး စိတ် ရှင်းပြခြင်း မပြုဘဲ ကျွန်မအား ခေါ်ဆောင်သွားရန် အချက်ပြလိုက်ပါသည်။ အခန်းသို့ ပြန်ပို့ သဖြင့် တယောက်တည်း ကျန်ရစ်ခဲ့ပြီးနောက် ဂျပန်အရာရှိ ပြောပြချက်ကို အပြန်ပြန် အလှန်လှန် သုံးသပ် နေမိပါသည်။

တရားခုံရုံး ဆိုတာက ရုပ်ပြပါ ၊ ငါ့ကို သေဒဏ်ပေးမှာပါ အမှု စစ်ဆေး သည်မှာလည်း ကြာမည် မဟုတ် အမိန့်ချ သည်က ပို၍ မြန်လိမ့်မည်ဟု ထင်မြင် ယူဆ နေမိပါသည်။
အမှုစစ်ဆေး မည့်နေတွင် ကျွန်မအား တရားရုံးလုပ်ထားသော နေရာသို့ ခေါ်ဆောင်သွားကြပါသည်။ အူရောင် ရောဂါဖြင့် ကျွန်မဆေးကု ပေးခဲ့ရသည့် ညီအစ်မ နှစ်ဦး၏ အစ်ကိုဖြစ်သူ ဗဟာဒူး ကို တရားရုံး၌ မမျှော်လင့် ဘဲ တွေ့ရသည်။ ဗဟာဒူး က ကျွန်တော့် အပေါ်မှာ ယုံကြည်စိတ်ချပါ ခင်ဗျားဟာ စပိုင် မဟုတ်ပါဘူး ကျွန်တော့နှမတွေရဲ့ အသက်ကို ကယ်တင်ခဲ့သူ ဖြစ်ပါတယ် ခင်ဗျားအနေနဲ့ စကားတလုံး တလေမှ မပြောပါနဲ့ ကျွန်တော်ဟာ ခင်ဗျားရဲ့ စကားပြန်အဖြစ်နဲ့  မကျန်းမမာ ဖြစ်နေတဲ့ လူတွေအပေါ်မှာ ခင်ဗျား ဘ၀ကို ဘယ်လို မြှုတ်နှံထားတယ်ဆိုတာ ရှင်းပြမယ် ဟုပြောပါသည်။

ကျွန်မသည် ပါးစပ်က ဘာမှ မပြောဘဲ ခေါင်းညိတ် ပြလိုက်သည်။ ကျွန်မ၏ အသက်ကို သူ၏ လက်ထဲ ထည့်ထား ရုံမှ အပ ကျွန်အနေနှင့် လုပ်နိုင်သည့် အရာ မရှိပါ။ သူ၏ ရှင်းလင်းချက်များ အပေါ်တွင်လည်း ကျွန်မက မျှော်လင့်အားကိုးခြင်း  မရှိပါ။

အဖမ်းခံရစဉ်ကပင် ကျွန်မ၌ အပြစ်တစ်စုံတစ်ရာ မရှိကြောင်း စိတ်ဆိုး နာကြည်းစွာနှင့် အော်ပြောခဲ့ ရပေါင်းများလှပြီ။ ယုံကြည်လက်ခံခြင်း မရှိခဲ့ကြပါ။ တရားခုံရုံးက လူကြီးများကို ဗဟာဒူးက မည်မျှ ဖျောင်းဖျ တင်ပြ နိုင်ပါစေ လက်ခံနိုင်စရာ အကြောင်း တစ်စုံတစ်ရာမရှိဟူ၍ ကျွန်မ ထင်မြင်ယူဆပါသည်။

ဂျပန်စကားကို တလုံးတလေမျှ မတတ်ထားသဖြင့် စင်မြင့်တွင် ထိုင်နေကြသော ခုံရုံး အဖွဲ့ဝင်များအား ဗဟာဒူး က ရှည်လျားစွာ တင်ပြနေသည်ကို မည်သည့် အချက်အလက်များ ဖြစ်လိမ့်မည်ဟု ကြံဆ၍ မရပါ။  တရားသူကြီးများ ၏  မျက်နှာထားနှင့် တစ်စုံတရာ ပြောင်းလဲမှု မရှိ၍ တင်ပြချက်များသည် အရေးပါ အရာ ရောက်လိမ့်မည် မဟုတ်ဟု ယူဆပါသည်။ မည်သည့်တရားသူကြီးကမှ ခေါင်းညိတ်သည်ကို မတွေ့ရ။ မှတ်တမ်း အနေဖြင့် ရေးမှတ်သည်ကို မမြင်ရ။ မတုန်မလှုပ် ကျောက်ရုပ်ကဲ့သို့ ထိုင်နေကြပြီး သူတို့တတွေ နားထောင် နေကြသည် ဟူ၍ပင် မထင်ရပါ။

လနှင့်ချီပြီး ခံစားရမည့် ဒုက္ခများ ဖြုန်းခနဲ ပေါ်ပေါက်လာခဲ့သလို ပြီးဆုံးချင်တော့လည်း ဖြုန်းခနဲ မြန်မြန် ဆန်ဆန် ပြီးဆုံး သွားခဲ့ပါသည်။ ခုံရုံးအဖွဲ့ဝင် လူကြီးများသည် တရားစစ်ဆေးခြင်းကို ရပ်နား၍ အတွင်းခန်းသို့ ၀င်သွားကြသည်။ ရုံးခန်းတွင်းသို့ တဖန် သူတို့ ပြန်ဝင်လာကြသော အခါ ကျွန်မက မတ်တတ်ရပ်နေပါသည်။

ခုံရုံး သဘာပတိက ဂျပန်လို စကားအနည်းငယ် ပြောပါသည်။ ကျွန်မ၏ နောက်တွင် ရပ်နေသော အစောင့်တဦးက ပခုံးကို လာပုတ်ပြီး တရားရုံး မှ ထွက်ခွာသွားရန် အချက်ပြပါသည်။ တရားရုံးက ကျွန်မကို စွဲချက် တင်သည်။ လွှတ်ပစ်သည်ကို ကျွန်မမသိပါ။ ဗဟာဒူး၏ ပြုံးရွှင်နေသော မျက်နှာကို ကြည့်ပြီး မျှော်လင့်ချက် ရှိသူဟူသော အသိဖြင့် ၀မ်းသာမိပါသည်။

စကား တခွန်းမှ မပြောဘဲ ကျွန်မကို အပြင်သို့ ခေါ်ထုတ်လာပါသည်။ ရပ်ထားသော လော်ရီကား၏ နောက်ခန်းတွင်း သို့ တွန်းတင်လိုက်ပြီး ပြင်ဦးလွင်သို့ လိုက်ပို့သည်။ မီးကင် နေရသလို ပူပြင်းသော မန္တလေးမှ အပူချိန် ရေခဲမှတ်အောက် ရောက်အောင် ချမ်းအေးလှသည့် ပြင်ဦးလွင်သို့ အ၀တ်အစား စုတ်စုတ် ပြတ်ပြတ်နှင့် ရောက်သွားရသော ကျွန်မ ခိုက်ခိုက်တုန် နေမိသည်။ သွားချင်း ကြိတ်သံကလည်း ထွက်ပေါ် နေပါသည်။

ကျွန်မက အစောင့်လုပ်သူအား စမ်း၍ စကားပြောကြည့်သည်။ အစောင့်သည် မြန်မာ စကားပင် မပြောတတ် လေရော့ သလား သူ၏ အထက်လူကြီးများက ကျွန်မနှင့် စကားမပြောရန် အမိန့်ထုတ်ထားလေသလား မသိပါ။ လောက အလယ်တွင် ကျွန်မ မရှိသလို စကားမပြောဘဲ တောင့်တောင့်ကြီး ထိုင်နေပါသည်။

ဂျပန်ကင်ပေတိုင်ရုံးချုပ်ရှေ့တွင် ကားကို ရပ်ပြီး ကျွန်မကို ဆွဲထုတ်ပါသည်။ အိမ်ခန်းတခုသို့ ခေါ်သွားပြီး ခုံရှည် တခုပေါ်တွင် ကျွန်မကို အိပ်ရန် ပြောပါသည်။ ကျွန်မမှာ ခိုက်ခိုက်တုန်အောင် ချမ်းနေသဖြင့် သူ၏ ကုတ်အင်ကျီကို ချွတ်ပြီး ကျွန်မ ပုခုံးပေါ် တင်ပေးပါသည်။

နောက်တနေ့ နံနက်တွင် ကျွန်မအား မျက်နှာသုတ်ပ၀ါ သွားပွတ်တံ သွားတိုက်ဆေးများ ထုတ်ပေး၍ အပြင်ဘက် ရှိ ရေပိုက်တွင် ဆေးကြောသန့်စင်ခွင့် ပြုပါသည်။ စစ်သားများနှင့် တန်းတူ ထမင်းစားရန် တန်းစီ ရပါသည်။ ယင်းနောက် ကျွန်မအား ရုံးခန်းတခုသို့ ခေါ်ဆောင်သွားပြီး စာရွက်တရွက်နှင့် ကလောင်တံ တချောင်းကို ကျွန်မရှေ့တွင် ချပေးပါသည်။ အရာရှိလုပ်သူက လက်မှတ်ထိုးပါ ဟူ၍ ပြောပါသည်။

ဆက်ရန်
.

1 comment:

မေဓာဝီ said...

ဖတ်ရင်းနဲ့ ရင်ထဲမှာ ပူလာတယ်။
အာဏာရှင်တွေကိုလဲ ပိုပိုပြီး ခါးခါးသီးသီး မုန်းတီးမိတယ်။
သူတို့ အာဏာလုပွဲမှာ အချောင်ခံရတဲ့ အပြစ်မဲ့သူတွေ ခေတ်အဆက်ဆက် ဒုနဲ့ဒေးပဲနော်။
ရင်ထဲ နင့်နေတာပဲ။ :(