Saturday, February 20, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၂၀)

သူသည် ကျွန်မ၏ အလုပ်ရှင်ဖြစ်ကြောင်းဖြင့် ဒေါက်တာဆူဇူကီးက အမြဲမပြတ်သတိပေးလေ့ရှိ ပါသည်။ ဗိုလ်မှူးကြီး ၌ ရာထူးအရှိန်အ၀ါ ရှိသည် မှန်သော်လည်း ပြင်ဦးလွင်၌ နေထိုင်၍ မဖြစ်နိုင် ကြောင်း ကျွန်မကို တိုက်တွန်း ပြောဆိုလေ့ရှိပါသည်။

မင်းသာ တကယ်လို့ မလိုက်နာခဲ့သေည် ဖြစ်ပေါ်လာမည့်အခြေအနေသည် အလွန်းဆိုးရွားလိမ့် မည်ဖြစ် ကြောင်း ဖြင့်ဒေါက်တာဆူဇူကီးက သတိပေးပါသည်။ သူ၏စကားကို နားမထောင်၍ မဖြစ်ပါ။ သူသည် ဘုရင်ခံ တစ်ဦးပင်ဖြစ်၍ အစပထမ၌သူ၏ ခြမ်းခြောက်မှုကို တော်လှန်ရန် ရည်ရွယ်ချက် မရှိခဲ့ပါ။

အချိန်များက တဖြည်းဖြည်း ကုန်လွန်ခဲ့သည်။ ကျွန်မ၏ သတ္တိများကိုပြန်လည် စုစည်းပြီးစွန့်စား ကြည့်ရန် ဆုံးဖြတ် လိုက်သည်။ ယင်းကဲ့သို့ တစ်ခုခုကို စွန့်စားရန် ဆုံးဖြတ်ခြင်း မပြုခဲ့သော် စစ်ပွဲကြီး ပြီးဆုံး သွားသည်အထိ ရန်ကုန်တွင် သောင်တင်နေမည် ဖြစ်ပါသည်။ ဒေါက်တာဆူဇူကီး သည်အခြေအနေအရ ကျွန်မပေါ်၌ ကျေနပ်နေသူဖြစ်၍ ကျွန်မကိုပြန်ခေါ်၍ မရခဲ့သေည်စိတ်ဆိုး မည်ဖြစ်ပါသည်။ သို့သော် သူသည် ကျွန်မအားဖမ်းဆီး သည်အထိပြုမှုလိမ့်မည် မဟုတ်ဟု ယူဆထားပါသည်။

နောက်တစ်ခေါက် ကျွန်မ ပြင်ဦးလွင်သို့ သွားသောအခါ သူ၏အမိန့်ကို ဖီဆန်ရန်ကျွန်မဆုံးဖြတ် လိုက် ပါသည်။ သူထံမှကျွန်မအား ရန်ကုန်မြို့သို့ ချက်ချင်းပြန်လာရန် အမိန့်ပေးသောစာနှစ်စောင် ရရှိခဲ့သည်။ သို့သော် ကျွန်မက နားမထောင်ခဲ့ပါ။

ပြီးပြီး ပျောက်ပျောက် ဖြစ်သွားပြီဟု စိတ်ထဲတွင် ထင်မှတ်နေစဉ် ပြင်ဦးလွင် ရဲဋ္ဌာနသို့အမြန်သွား ရောက် သတင်းပို့ရန် ကျွန်မထံသတိပေးစာ တစ်စောင်ရောက်ခဲ့သည်။
ဋ္ဌာနက "ကျွန်မသည် ပေးအပ်သော အမိန့်တာဝန်ကို ပြောင်ပြောင်တင်းတင်း ငြင်းပယ်ခဲ့ခြင်း အတွက် စစ်အရာရှိများ ရိပ်သာတွင် အစေခံအဖြစ်ဆောင်ရွက် ရမည်"ဟု ပြောလိုက်ပါသည်။ ထိုအ လုပ်သည် မည်သို့သော အလုပ်ဖြစ်သည်ကို အခြားသူများထံမှ ကျွန်မသိထားပြီး ဖြစ်ပါသည်။

"ကျွန်မသည် သူနာပြုဆရာမတစ်ဦးသာ ဖြစ်၍ မမာမကျန်းဖြစ်သူ များအား ဆေးကုသပေးသူ တစ်ဦး ဖြစ်ကြောင်း" ဖြင့်စိတ်ဆိုးဆိုးနှင့် ပြောချလိုက်သည်။ ကျွန်မအနေနှင့် စစ်တပ်တွင် ဖြေဖျော်သူတစ်ဦးအဖြစ် မလုပ် နိုင်ကြောင်း ဒေါသတကြီးနှင့် ပြောပြစေကာမှု ပုလိပ်အရာရှိများက နားမ၀င်ကြပါ။ သို့သော် လာဘ်ထိုး လိုက်သောအခါ ဟန်ကျသွားခဲ့၏။ သူတို့ကပြင်းထန်စွာ သတိ ပေးပြီးပြန်လွှတ်လိုက်ပါသည်။ သို့ဖြင့် ဂျပန်စစ်တပ်၏ 'ဖြေဖျော်သူ'(မိန်းမရွှင်) အဖြစ်မှ ကင်းလွတ် ခဲ့ရပါသည်။

ဒီဇင်ဘာလထဲသို့ ရောက်သောအခါ ကျွန်မနှင့်ဖခင်တို့အား လက်ရှိနေထိုင်လျက် ရှိသော ဂျိုင်းဗီးလ် နေအိမ် မှ ပြင်ဦးလွင်နှင့် လားရှိုးလမ်းပေါ်တွင် ရှိသည့်စစ်တပ်က သိမ်းထားသော အိမ်သို့ ရွှေ့ပြောင်း ပေးရန် စစ်တပ်မှ အမိန့်စာ ရောက်လာသည်။

မက္ကင်တိုင်ဟာမိသားစုမှာ ထိုအမိန့်မျိုးကို ခပ်စောစောကပင်ရရှိခဲ့ ပြီးဖြစ်၍ပြောင်းသွားနှင့် ပါပြီ။ ကျွန်မ တို့သည်လည်း ယင်းအမိန့်စာကို စောဒကတက်မနေတော့ဘဲ ခွေးနှစ်ကောင်၊ မက္ကင်တိုင်ယာ တို့ ပေးထား ခဲ့သော ကြက်တူရွေး တစ်ကောင်၊ ဘဲနှစ်ကောင်နှင့် အတူ သတ်မှတ်ပေးသည့် အိမ်သို့ပြောင်းလာခဲ့သည်။

အိမ်က ကြီးပြီး မှောင်သည်။ လူကနည်းသဖြင့် နေထိုင်ရသည်မှာ အထီးကျန်နိုင်လှသည်။
ရက်များ တဖြည်းဖြည်း ကုန်လွန် သွားသောအခါ ပြောင်းရွေ့ရန် အမိန့်ကျ၍ ပြောင်းလာသူအများ အပြားသူ အများ အပြားသည် ဤအရပ်သို့ဗြိတိသျှလေထီး သမားများဆင်းသက်လာလိမ့် မည်ဟူသော ကော လာဟလ သတင်း ထွက်နေသောကြောင့် မြို့ပြင်သို့ ရွှေ့ပြောင်း သွားကြကုန်သည်။

လူအများ ဘေးကင်းရာသို့ ရွှေ့ပြောင်း သွားကြသဖြင့် ကျွန်မ၏လူနာများ နည်းပါး သွားခဲ့ပါသည်။ ရေနွေးပူပူ ထဲသို့ ပြဒါးတိုင်းထည့်ထားသလို ကုန်ဈေးများကခေါင်ခိုက် နေသဖြင့်ရန်ကုန်တွင် စုဆောင်း လာခဲ့သောငွေများ မကြာမီပင်ကုန် သွားတော့သည်။
ခရစ်စမတ် ပွဲတော် မတိုင်မီတစ်နေ့တွင် ကျွန်မသည်အလွန် စိတ်ဓာတ်ကျနေသည်။ ပွဲတော်တွင် စားသောက် ရမည့်ပစ္စည်းဆို၍ ဘာမျှမရှိ။ ဘဲနှစ်ကောင်မှလွဲ၍ စားစရာစိုးစဉ်မျှမရှိပါ။ ပူအိုက်သော ဒေသ များ၌ အလွန်တရာလိုအပ်သော ဆားပင်လျှင်တစ်ပွင့် တလေမှမရှိ။

သင်သည် ဆားမရှိသည့် အချိန်နှင့်ကြုံကြိုက်သောအခါ ဆား၏ တန်ဖိုးရှိပုံကို နားလည်ပါလိမ့်မည်။ အလွန် ပူအိုက်သောရာသီ၌ ဆားမရှိလျှင် လူပင် သေနိုင်ပါသည်။ ဆားပုံးအလွတ်ကို ခလောက်လှုပ် ခါချနေရင်း လစာဆိုသော salary သည် လက်တင်ဘာသာ sal မှ ဆင်းသက်လာပြီး sal သည်ပင် ဆား (salt) ဖြစ်ကြောင်း စဉ်းစား နေမိသည်။ ဆားသည် လူအများအတွက် အမြင့်ဆုံးတန်ဖိုး ရှိသော ပစ္စည်းဖြစ်ပါသည်။

အများနှင့်လိုက်ပြီး ပြောင်းရွေ့သွားခြင်း မပြုသူများတွင် မစ္စတာဟက်စကင်တို့ ပါဝင်ပါသည်။ မိသားစုမှာ မိဘနှစ်ပါးနှင့် သားနှစ်ယောက်ဖြစ်သည်။ မစ္စတာဟတ်စကင်မှာ အိပ်ရာထဲမှထနိုင် သူမဟုတ်၍ သူ့ဇနီး အခြေအနေမှာ ကျွန်မထက်ပင်ကုသိုလ် ဆိုးပါသေးသည်။ ဒီကြားထဲတွင် သူမကကျွန်မတို့သားအဖကို သတိရဖော် ရရှာသည်။ သူမ၏သားနှစ်ယောက်ကို ကျွန်မတို့ထံသို့ သာယာချမ်းမြေ့သော ခရစ္စမတ် ဖြစ်စေကြောင်း ဆန္ဒပြုရန် စေလွတ်လိုက်ခြင်း ဖြစ်ပါသည်။

သူတို့နှစ်ယောက်၏ အသက်မှာတစ်ယောက်က ၁၆နှစ်ဖြစ်၍ အခြားတစ်ယောက်က ၁၄နှစ်ဖြစ်ပါ သည်။ တံခါးဝသို့ ရောက်လာကြသော သူတို့နှစ်ဦးမှာ ၀ါးခြမ်းပြားထောင်ထားသလို ပိန်လှီနေကြ သဖြင့်သူတို့၏ အသက် ကိုကျွန်မ မခန့်မှန်းနိုင်ခဲ့ပါ။ သူတို့ကိုကြည့်ပြီး စိတ်မကောင်းပါ။

ငါ့မှာတော့ ဘဲနှစ်ကောင် ရှိတယ်၊ မင်းတို့ဖမ်းလို့ရရင် ဖမ်းပြီး အိမ်ပြန်ရောက်ရင် မင်းတို့ အမေကို ပေးလိုက်ပါ ဟု ကျွန်မ ပြောလိုက်ပါသည်။
ကျွန်မသည် သူတို့ နှစ်ယောက်လောက် လျင်မြန်စွာ လှုပ်ရှားနိုင်သူ များကို မမြင်ဖူးပါ။ သို့ဖြင့်ဘဲ နှစ်ကောင် ကတော့ သူတို့လက်ထဲရောက်သွားမည် အမှန်ပင်။
သူတို့ နှစ်ယောက် ပြန်သွားသောအခါ ဘဲနှစ်ကောင် အဆက်မပြတ်တဂတ်ဂတ် အော်သွားသံကို  ကြားနေ ရသည်။ ကျွန်မ၏စိတ်ထဲတွင် မတင်မကျဖြစ်မိသေးသည်။ ကျွန်မ၏ အဆုံးအဖြတ်စော သွားခြင်း ကို စိတ်မကောင်း မဖြစ်ပါ။ ဖုန်အလိမ်းလိမ်း ထနေသောဥယျာဉ်ထဲတွင် လမ်းလျှောက်ရင်း ကျွန်မတို့အတွက် ပွဲတော် အတွင်း ချက်ပြုတ် စားသောက်ရန်အသားနှင့် ပစ္စည်းများ မည်သို့ ရနိုင်မည်ကို စဉ်းစားနေမိသည်။

ထိုအချိန်တွင် လူတစ်ယောက်စက်ဘီးစီး၍ ခြံထဲသို့ ၀င်လာသည်ကို တွေ့ရသည်။ သူ၏စက်ဘီး လက်ကိုင်တန်း နှင့် ဘားတန်းပေါ်၌ အထုပ်အပိုးပေါင်းများစွာ တင်ထားသည်ကို တွ့ရ၏။ ခြံတွင်းသို့ ၀င်လာပြီး အနီးရောက်၍ဆလံ ပေးတော့မှလက်ကျိုး၍ ကျွန်မကိုယ်တိုင်အရိုး ဆက်ပေး လိုက်သော ကလေးမလေး၏ ဖခင်ဖြစ်ကြောင်း မှတ်မိပါတော့သည်။
သူက သူ့သမီးလေး ၏ လက်သည် ပြန်လည်၍ ဆက်သွားခဲ့ပြီး မှုလကအတိုင်း လက်ကို ပြန်လည် အသုံးပြု နိုင်ခဲ့သဖြင့် ထိုအကြောင်းကို ကျွန်မအားပြောပြလို၍ နေရာအနှံ့အပြား လိုက်လံရှာဖွေခဲ ကြောင်း၊ မကြာ သေးမီကမှု တစ်စုံတစ်ယောက်က ကျွန်မမည်သည့် အရပ်တွင်နေထိုင်ကြောင်း ပြောသဖြင့် ခရစ္စမတ်ပွဲတော် ၌ စားသောက်နိုင်ရန် အသားနှင့် လိုအပ်သော ဟင်းချက်စရာပစ္စည်း အနည်းငယ် ယူလာခဲ့ကြောင်း ပြောပြ ပါသည်။

ကျွန်မသည် အထုပ်များ ကို စားပွဲပေါ်သို့ ဖြေချရင်း ၀မ်းပန်းတနည်းဖြင့် ငိုမိပါသည်။ ဆိတ်ပေါင် တစ်ပေါင်၊ ဟင်းသီး ဟင်းရွက်များ၊ ဆီပုံးများဂျုံအိတ်များ၊ ဆန်၊ အမွှေးအကြိုင်များနှင့် ကျွန်မစိတ်ကို ကြိုတင် သိနေသည့် အလား ဆားပါ ပါလာသည်။ ကျွန်မက ကျေးဇူးတင်စကား ပြောသည်ကိုပင် လက်မခံဘဲ စက်ဘီးပေါ် တက်ပြီး ထွက်သွား ပါတော့သည်။
သူ့ကိုနောက်ထပ်မတွေ့ရတော့ပါ။ လမ်းဘေးတွင် ရှိသော ခြတောင်ပို့က ကျွန်မတို့၏ ခရစ္စမတ်ပွဲ တော် အောင်အောင် မြင်မြင် လုပ်နိုင်ရေး အတွက် ကယ်တင် လိုက်ခြင်း ဖြစ်ပါသည်။

ကလေးမလေး၏ လက်ပြန်လည်ကောင်းမွန်သွားသည့် အတွက် ၀မ်းသာရပါသည်။ ဖြစ်သလို ကုသ ပေးခဲ့ ရသော်လည်း အောင်မြင်ထိရောက် သွားသည့် အတွက် ၀မ်းသာရပါသည်။ သို့သော် ၀မ်းအသာဆုံး မှာ ခရစ္စမတ်ပွဲတော်နေ့ တွင် ဟန်ကျ ပန်ကျ စားသောက်ရတော့မည့်အတွက် ဖြစ်ပါသည်။ နောက်တစ်နေ့ တွင် ခရစ္စမတ်ပွဲတော်၏ ညစာကို ကျွန်မတို့ ကျကျနန စားသောက် နိုင်ခဲ့ကြပါသည်။  ခွေးများသည်ပင် ကူညီ စားသောက် ကြပါ၏။

ဇန်န၀ါရီလ အစပိုင်း၌ဗြိသိသျှ ဗုံးကြဲလေယာဉ်ပျံများ၏ ပထမဆုံးအကြိမ် ဗုံးကြဲခြင်းကို ကျွန်မတို့ ခံကြ ပါသည်။ အချိန်မှာမနက်တစ်နာရီထိုးပြီးစ ဖြစ်သည်။ အချိန်ကိုတော့အတိအကျ သိ၏။ သတင်းစာနှင့် ပြက္ခဒိန် မရှိသောကြောင့် ရက်အတိအကျ ကိုမူ မသိပါ။ ကောင်းကင်ယံ တွင် လေယာဉ်ပျံစက်သံများ နှင့် ဆူညံ နေပါသည်။ ရုတ်တရက် ချက်ချင်း နေထွက်လာသလို ကောင်းကင်ယံ တစ်ခုလုံး လင်းထိန် သွားပါသည်။

ကျွန်မသည် ဆင်ဝင်အောက်သို့ ပြေးထွက်သွားကာ မီးရှူးမီးပန်း များပါသည့် လေးထီးများ မြေပြင် သို့ ဖြည်းဖြည်း ကျဆင်းလာသည်ကို မှင်တက်စွာ ဖြင့် ကြည့်နေမိသည်။ စိတ်ထဲတွင်လည်း သိပ်လှတာပဲဟု ထင်မိပါသည်။ ထိုအလင်းရောင်ကိုယူပြီး ဗုံးများကိုသွန်ချပါတော့သည်။ ကျွန်မသည်ဖခင်အား စားပွဲ အောက်သို့ ရွှေ့ပြောင်းပေနေစဉ်မှာပင် စူးရှသော လေချွန်သံနှင့် အတူ ပြင်းထန်သော ပေါက်ကွဲသံ ပေါ်ထွက် လာပြီးကျွန်မမှာ အခန်းထောင့် တစ်နေရာသို့ လွင့်စဉ် သွားခဲ့ပါသည်။

နောက်ထပ် ပေါက်ကွဲသံများ ဆက်ကာ ဆက်ကာကြားရသော်လည်း အိမ်ကတော့ပြိုကျ မသွားသေး ပါ။ ဘာတွေများ ဖြစ်ကုန်ပြီလဲဟူသော သိချင်စိတ်ဖြင့် အပြင်သို့ ထွက်ကြည့်ရာ ကျွန်မတို့၏ အိမ် နှင့် ကိုက်၂၀၀ခန့်သာ ဝေးသော ရေတွင်းတည့်တည့် သို့ ဗုံးတစ်လုံး ကျရောက် သွားပြီး မပေါက်ကွဲ သေးသည်ကို  တွေ့ရပါသည်။

ဗုံးကြဲ နေခိုက်မှာပင် ဘီးများလှိမ့်လာသံ၊ လှည်းဝင်ရိုးမှ ဆီမထိုး၍ ထွက်ပေါ်လာသံ များကို အဆက်မပြတ် ကြားနေ ရ၏။ အပြင်သို့ ကျွန်မ ထွက်ကြည့်သောအခါ လမ်းပေါ်တွင်အထုပ်အပိုး ကိုယ်စီဖြင့် ရနိုင်သော ယာဉ်များ အပေါ်၌ ပစ္စည်းများတင်ဆောင်ပြီး မြို့ကိုစွန့်ခွာ ပြေးကြမည့်လူများ ပြည့်ကျပ်နေသည်ကို တွေ့ရ ပါသည်။ နွားလှည်းများ၊ လက်တွန်းလှည်းများ၊ ကလေးများတင် ဆောင်သည်တွန်းလှည်းမျာကို တွေ့ရသ်။ သူတို့သည် ခြေဦးတည့်ရာသို့ သွားနေကြသူများဖြစ် သည်။ ကျွန်မနည်းတူ သူတို့သိနေကြသည်က ဗုံးတစ်ခါ ကြဲပြီဆိုလျှင် နောက်ထပ်အကြိမ် ပေါင်းများစွာ လာတော့မည် ဟူ၍ပင် ဖြစ်သည်။ အစရှိက အနောင်နောင် ဆိုရိုးစကားရှိသည် မဟုတ်ပါလော။

ထိုညတွင် အိပ်၍ မရတော့ပါ။ ကျွန်မသည် ဖခင်ကြီးအား နံနက်စာ ကျွေးပြီး အထုပ်အပိုးများ ပြင်ဆင် ထားရန် မှာကြားခဲ့ကာ ဘုန်းတော်ကြီး ကီးအိုထံသို့ သွားပါသည်။ ကျွန်မအနေနှင့် ဘေးအန္တာရယ် ကင်းရှင်းသော နေရာကိုလိုက်ရှာနေခိုက် ဖခင်ကြီးအားလက်ခံထားပါရန် လျှောက်ထားရန် ဖြစ်ပါသည်။ ဘုန်းတော်ကြီး ကီအို ကလည်း ဝမ်းမြောက်ဝမ်းသာ ပင် လက်ခံမည် ပြောသဖြင့် ကျွန်မသည် လက်တွန်း လှည်း တစီးငှား၍ တွန်းလှည်း ပေါ်တွင် ဖခင်ကြီး နှင့် သူ၏ အဝတ် အစားများ၊ ကြက်တူရွေး နှင့် ခွေးနှစ်ကောင် ကို တင်ကာ ဘုန်းကြီးကျောင်းသို့ ပို့ခဲ့သည်။

ဆက်ရန်

1 comment:

Anonymous said...

ဖတ်လို့ကောင်းလိုက်တာ အမရေ

ဒီနေ့အစောကြီး တင်ပေးတယ်နော်
အမနဲ့ အမသမီးများရေ ကျေးဇူးတင်ပါတယ်