အင်္ဂလိပ်အပြေးဂျပန်အ၀င်
တိုက်ကြီးမြို့မှာလည်း သူ့ပရိသတ်သူ့, သူ့အပူနှင့်သူ ဖြစ်လာပြန်ပါသည်။ မြို့ထိပ်မှာလာ၍ စခန်းချ, ချနေသောစစ်တပ်များက မြို့ကိုမီးတင်ရှို့ သွားလိမ့်မည်ဟူသော ကောဋ္ဌာဟလ ဖြစ်ပြီး ထိတ်ထိတ်ပြာ ရှိလာကြသည်။ လမ်းပေါ်မှာတိုက်ပွဲ ဖြစ်ချင်လည်းဖြစ်ဦးတော့ မလိုလို၊
သို့ကြောင့် တိုက်ပွဲဖြစ်လျှင် လွတ်ရာဋ္ဌာနသို့ ခေတ္တရှောင်တိမ်းနေရန် ဂျိုးဖြူကန် အနီးရှိလိမ္မော်ခြံမှာ ယာယီတဲ တခုသွားရောက်ဆောက်လုပ် ထားရပါသည်။ ထိုမျှမကသေး၊ နေအိမ်သို့မီးလောင်သွားပါက် ကပစ္စည်းအသုံးအဆောင်များ မပါရလေအောင် မြေကျင်းကြီး တခုကို လူငှားတူးစေသည်။ ပြီးမှ အသုံးအဆောင် ပစ္စည်းများကို ကျင်းကြီးထဲ သယ်ချ၍ အပေါ်က ၀ါးကပ်ဖိကာလျက် မြေကြီးများ ယက်ဖို့ ဖုံးတင် ထားစေရသည်။
အေးအေး ချမ်းချမ်းနေရတော့မည် ထင်ကာမှ လူ့ဘ၀၏ တိုတောင်းလှသော တသက်သာ ကလေး မှာ များလိုက် ရသည့်ဒုက္ခ၊ သို့သော် နိုင်ငံရေး အရိပ်အယောင် မကင်းသူများနှင့် ၎င်းတို့၏ နောက်လိုက် နီးစပ်သူ တို့မှာ စပ်ကူး၊ မတ်ကူး ဖြစ်နေချိန်မို့ ကသီကရီ ဖြစ်ရသည်။ ဂျပန်နှင့် လက်တွဲ ချီတက်လာသော ဗမာ့ တပ်မတော်ကြီးက တနိုင်ငံလုံး သိမ်းပိုက်မိသောအခါ ဂျပန်က ဗမာပြည်ကြီးအား ဒို့ဗမာများလက်သို့ အုပ်ချုပ်ရေးပေးအပ်ခဲ့မည်၊ ထိုအခါ အေးချမ်းသာယာစွာ နေကြရမည်ဟု ယုံကြည်နေကြသည်။
များမကြာမီခင် ဂျပန်စစ်တပ်နှင့် ဗမာ့တပ်မတော်တို့ ရန်ကုန်ဘက်သို့ ချီတက်လာနေပြီ ဆိုသော သတင်း ပေါ်လာသည်။ တိုက်ကြီးမြို့မှာတော့ တိုက်ပွဲမဖြစ်ဘဲ အင်္ဂလိပ်စစ်တပ်များ ဆုတ်ခွါ သွားလေပြီ၊ နောက်တနေ့ တွင် ကျမတို့ နေထိုင်ရန် ဂျိုးဖြူ ကန်စေင်း လိမ္မော်ခြံတွင် အရေးပေါ် ဆောက်လုပ်ထားသော တဲငယ်မှာ ဘီ-အိုင်-အေ ဗမာ့တပ်မတော်မှ ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း)နှင့် နောက်ပါ တပ်မတော် သားများ ၀င်ရောက် စတဲချနေကြောင်း ပြောလာ သည်။
ဤတွင် တိုက်ကြီးမြို့မှ နိုင်ငံရေး အဆက်အသွယ်သမားအချို့နှင့်အတူ အပြင်လူများလည်း အူးယား၊ ဖားယား လိုက်ပါသွားကြသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့က ပဲခူးရိုးမ၏ အတွင်းလမ်းမှ လျှို့ဝှက် လာကြ သောကြောင့် ဂျိုးဖြူကန်စောင်း လိမ္မော်ခြံသို့ ရောက်လာရခြင်း ဖြစ်သည်။ ထိုကမှ တဆင့် ရန်ကုန် ဆင်းရန် ဖြစ်ပါ သည်။
ဘီ-အိုင်-အေ ဗမာ့တပ်မတော် ရောက်လေရာ အရပ်တို့မှ လူငယ် လူလတ်များသည် တပ်မတော် သားအဖြစ် စုပြုံ လိုက်ပါသွားကြသည်။ မြိတ် ထားဝယ်သားများ၊ မော်လမြိုင်သားများက စစ်ဦး ဘီလူး အချိန် စောစော ပိုင်းကပင် ဘီ-အိုင်-အေ တပ်မတော်သားများအဖြစ် စုပြုံလိုက်ပါလာကြပြီး သား ဖြစ်နေပါသည်။ တိုက်ကြီး မြို့နယ် တ၀ိုက်ရောက်လာပြန်တော့လည်း လူငယ် လူရွယ်များ ရန်ကုန်အထိ စုပြုံ လိုက် ပါသွားကြသည်ကို တွေ့မြင်ရပါသည်။
ဗမာ့ တပ်မတော် အကူအညီနှင့် ဂျပန်စစ်ဗိုလ်များ ရန်ကုန်မြို့ကြီး ၀င်စီးမိကြသောအခါ၌ တိုက်မည့် စစ်တပ် လည်း မရှိတော့ပါ။ တိုက်တာနေအိမ် အဆောက်အဦးကြီးတို့တွင် အရှင်မဲ့ဖြစ်ခါ ကြိုက်ရာ ၀င်နေလိုက် ကြသည်။ ဂျပန်စစ်တပ်သို့၎င်း၊ ဘီ-အိုင်-အေ ဗမာ့ တပ်မတော်နောက်သို့၎င်း၊ ခါတော်မှီ လက်မြဲ နှိုက်ရန် အကြံနှင့် စုပြုံရောယောင် ပါလာသော လူတစု၏ အရေအတွက်ကလည်း မနည်းလှပါ။
ဘာမှန်း မသိသော ဘူးသီးကြော်တံဆိပ် လက်ပတ်အနီစာလုံးနှင့် လူတွေကလည်း မိုးကျရွှေကိုယ် အလား အနှံ့အပြား ပေါ်လာကြသည်။ ရန်ကုန်ပြန်၍ ကိုယ့်အိမ်ကိုယ့်ရာ ပြန်နေရပါ မည့် အကြောင်းကိုလည်း သူတို့ကိုဘဲ အကြောင်းသင့်အောင်ပေါင်း၍ အခွင့်တောင်းမှ ရကြသည် ဟု ကြားသိရပါသည်။
တိုက်ကြီးမြို့မှာ အိမ်တလုံး သီးသန့်ငှါး၍ ရသဖြင့်လည်း မြေကြီးတွငင်းထဲမှ တိုင်းပြည်ပြု ပုံနှိပ် တိုက်၏ အသုံး အဆောင် ပစ္စည်းများ ဖေါ်ယူပြီး ပြောင်းရွှေ့ထားရသည်။ သို့ကြောင့် ရန်ကုန်နှင့် တိုက်ကြီးမြို့ကို ဥဒဟို သွားချည်ပြန်ချည် လုပ်နေရသောအခါ ကားငယ်ကလေးနှင့် ပြေးလွှားကူး သန်းရသဖြင့် သက်သက်သာသာရှိသော်လည်း အခေါက်ရေ များလာသောအခါ အသုံးပြုရသော ဓါတ်ဆီမှာ မူမမှန် သဖြင့် ခရီးလမ်း တွင် ဒုက္ခပေးစပြုလာသည်။
ဓါတ်ဆီကို ၀ယ်ယူသုံးစွဲရာ၌ ရှေးယ ခင်ကလို သန့်သန့်ရှင်းရှင်းမရှိ၊ ရေရောသော ဓါတ်ဆီ၊ အမှိုက်သရိုက် ပါဝင်သော ဓါတ်ဆီများဖြစ်ရာ ထင်ထင်ရှားရှား ၀ယ်၍လည်းမရ၊ ခိုးကြောင် ခိုးဝှက်ရောင်းချသူများထံမှ ၀ယ်ရသည်။ ရောင်းရာ၌ လောဘဇောတိုက်သူများက ဆီဂါလံများအောင် ရေရောသည်။
ဓါတ်ဆီမှာ စစ်အတွင်းဖြစ်၍ ဂျပန်စစ်ဘက်မှ ရရှိသမျှ သိမ်းချုပ် ထားသောကြောင့် အရပ်သူ အရပ် သားများ သုံးရန် အလွယ်တကူ ၀ယ်ယူမရနိုင်သော အခက်အခဲကြောင့် ကားနှင့်မသွားမလာဘဲ မနေနိုင် သူများမှာ ရရာမှ ခဲရာ ခဲဆစ်ရှာဖွေ ၀ယ်ယူရခြင်း ဖြစ်ပါသည်။ ထိုအချိန်က ဓါတ်ဆီမှာ ရွှေ လိုရှားသည်။
ရွှေတွင်းတူးသူတွေလည်း အသက်ကို စွန့်၍ လုပ်ကိုင်ရှာကြရသည်။ သံလျင် ဘီအိုစီ ရပ်ကွက်မှ ဓါတ်ဆီ တိုင်ကီကြီးများသည် ရွှေတွင်းကြီးများ ဖြစ်နေကြသည်။ သေနတ်ထမ်းစောင့်သူ ဂျပန်စစ်သားများ လက်လှမ်း မမှီရာ အရပ်မှ ရွှေရည်တွေကို ခပ်ယူသယ်ပိုးပြီး ဈေးကြီးကြီးနှင့် ရောင်းသူများသည် တကဲ့ ရွှေထုပ်ကြီး များ ပိုက်နေကြရပါသည်။
ဓါတ်ဆီ ဒုက္ခပေးမှုကြောင့် နောက်ပိုင်းမှာ ရန်ကုန်သွားလျှင် ဘတ်စ်ကားနှင့် လိုက်ရသည်။ ဂျပန် စစ်ဘက် မှလည်း စစ်သုံးပစ္စည်းအဖြစ်နှင့် အနိုင်အထက် ယူငင်သုံးစွဲရန် သူတပါးပိုင် ကားရှိသမျှကို မရအရ လိုက်၍ သိမ်းယူ နေကြသည်။
ရောက်လာသော မြို့ရွာ ရပ်ကွက်များ၌ ဘယ်အိမ်မှာ ကား ရှိကြောင်း မေးမြန်းစုံစမ်း၍ ဂျပန်စကားပြန်များ ညွှန်ကြားရာ ဋ္ဌာနသို့လိုက်လာကြပြီး အပိုင် သိမ်းဆည်းဆွဲယူသွားလေ့ ရှိကြရာ အချို့ဂျပန် စကားပြန် များနှင့် အလွှမ်းသင့်အောင် လုပ်နိုင်သော ကားပိုင်ရှင်များ လွတ်သွားသော်လည်း စကားပြန်တို့နှင့် မသိ မကျွမ်း က ကားဆွဲခံကြရမြဲ ဖြစ်ပါသည်။ ဤနည်းအတိုင်း ကျမတို့၏ အသုံးမချလောက်သော ကားစုတ် ကားငယ်ကလေးမှာ လည်း သက်သာရာမရ ဂျပန်လာဆွဲသွားသည်ကို ခံရပြန်ပါသည်။
စစ်ဘေးစစ်ဒဏ်
မြေစမ်းခရမ်းပျိုး ဆိုသလို ကျမတို့သည် ရန်ကုန်ကို မကြာခဏသွားပြီး နေရေးထိုင်ရေးနှင့် အလုပ် အကိုင်ပြန်ဖွင့်ရန် ကြိုးစားနေသော်လည်း အချိုးအစားမကျသေးသဖြင့် ပစ္စည်းများကို မသယ်ယူဘဲ လူချည်းသာ အနေများပါသည်။ ထိုအတွင်း ပုံနှိပ်လုပ်ငန်းကို အစပျိုးရန် မောင်ဂိုမာရီလမ်းပေါ်ရှိ လမ်း ၅၀-နှင့် မျက်နှာချင်းဆိုင် စာပုံနှိပ်စက်တခုကို ငှားပြီး ပိုစတာများ၊ မြို့ရွာအုပ်ချုပ်ရေးဋ္ဌာနတို့မှ အရေး ပေါ်စာရွက်စာတမ်းများကို လက္ခံရိုက်နှိပ်ပေးသော လုပ်ငန်းတခုကို အစပြုထားပါသည်။
၄၇-လမ်းအိမ်မှာ ခေတ္တယာယီနေသာရုံမျှ စတဲချနေချိန်ဖြစ်၍ အိမ်ထောင်ပစ္စည်းလုံလောက်စွာ မသယ် ရသေး။ အိပ်ရာနေရာမပေးနိုင်စေကာမူ အဝေးရောက် ဧည့်သည်များက ရောက်လာကြလေ ပြီ။ ထိုသူများ မှာ အထက်အညာရပ်ဆီမှ ပြန်ရောက်လာကြသော ကျမ၏ တ၀မ်းကွဲ၊ နှစ်ဝမ်းကွဲ မောင်များဖြစ်၍ ဂျပန် အစိုးရ ၀င်လာပြီး အုပ်ချုပ်ရေးစတော့မည်ဖြစ်ရာ သူတို့၏ အစိုးရရာထူးများအ တိုင်း ပြန်လည်ရရန်လာရောက် စာရင်းပေးကြခြင်း ဖြစ်ပါသည်။
အိမ်တဘက် အခန်းမှာလည်း မြစ်ဝကျွန်းပေါ်ရှိ တောရွာအရပ်မှ ရောက်လာကြသော (သူ)၏ ဆွေမျိုး သားချင်း အချို့က ၀င်နေကြပြီး အလုပ်အကိုင်ရှာဖွေကြသည်။ စစ်အတွင်း ရန်ကုန်မြို့၏ အတွင်ကျယ်ဆုံးအလုပ်မှာ ဟိုနေရာက ပစ္စည်းတခုခု ၀ယ်လာပြီး ဒီနေရာမှာ ချရောင်းခြင်း အလုပ်များဖြစ်၍ ဤအလုပ်များကို လုပ်ကိုင်ကြသည်။
ဈေးအနီးတ၀ိုက်ရှိ လမ်းဘေးဘလက်ဖေါင်း များမှာ သူခိုးဈေးခေါ် အဆိုပါ ယာယီကျဘန်း ဈေးသည်များ ထံတွင် ၀ယ်သူတွေ တိုးမပေါက် အောင် စည်ကားလှပါသည်။ ဟင်းသီးဟင်းရွက် ရောင်းသော ဈေးသည်များ၊ သားငါးရောင်းသော ဈေးသည်များ ကြားမှ အင်္ဂလိပ် အိမ်များတွင်သာ အသုံးများသော ငွေရည်သုတ်-ဇွန်း-ခရင်း-ဒါးများ၊ ငွေရည်သုတ်ပန်းအိုး-ပန်းခွက်၊ လဘက်ရည်စုံများနှင့် ပန်းပုထုထားသော ကျွန်းသေတ္တာ ကြီးငယ် များ၊ကော်ဇော၊ ခန်းဆီး၊ စားပွဲခင်းကြီးများကို ချရောင်းနေကြသည်။ ဂိုလ်ဒင်ဘဲလီ၊ ပြည်လမ်း တ၀ိုက်ရှိ အင်္ဂလိပ် အိမ်များမှ ဇိမ်ခံပစ္စည်းများကို အ၀တ်အထည်ရွှေတိုငွေစ ပစ္စည်းများလောက် စုံမက်ခြင်း မရှိကြ၍ ဈေးပေါပေါနှင့်ချရောင်းနေသည်။
ဒါတွေကို နားလည်သူများက လိုက်လံဝယ်ယူပြီး သိမ်းဆည်းကာ တန်ဘိုးနားလည်သူများထံသို့ အမြတ် တင်၍ ရောင်းခြင်းဖြင့် ၀င်ငွေကောင်းလာကာ လူမွဲခမြာတို့ ၀မ်းရေးပြဿနာကို ဖြေရှင်း နိုင်ကြသည်။
ကျမတို့ ရန်ကုန်သို့ ပြန်ပြောင်းလာကြတော့မည့်အတွင်းမှာ အိန္ဒိယရောက် အင်္ဂလိပ် အစိုးရဋ္ဌာနမှ ရေဒီယိုကျေညာချက်များကို ကြားသိရပြန်ပါသည်။ ၄င်းကျေညာချက်၏ အဆိုမှာ ဗမာပြည်ကို ပြန်လည်တိုက်ခိုက်တော့မည် ဖြစ်ကြောင်း၊ လေကြောင်းမှ တိုက်ခိုက်မည်ဖြစ်ရာ ဗုံးများ ကြဲချစရာ အဆောက်အဦများနှင့် နီးနီးကပ်ကပ်မနေကြရန် နေမိသော မြို့သူမြို့သားတွေကိုလည်း ပြောင်းရွှေ့ ရှောင်ရှား နေကြရန် သတိပေးပါသည်။ ရေဒီယိုဖွင့်လိုက်တိုင်း ဤသတိပေးသံသာပေါ်လာသည် ပြောသည့် အတိုင်းလည်း ညဥ့်ဦးယံနှင့် သန်းခေါင်ပိုင်းမှာ အင်္ဂလိပ်တိုက်လေယာဉ်များသည် တ၀ီဝီနှင့်ရောက်လာပြီး ရန်ကုန်မြို့လယ် တ၀ိုက်မှာ ဗုန်းမိုးရွာချကြလေသည်။
မြို့လယ်ရှိ လူနေအိမ်ခြေတိုက်တာ အဆောက်အဦတွေမှာ ၊ဗုန်းချက်ကြောင့် ပြိုပျက်ကြရပြန်သည်။ ဗုန်းစမှန်၍ သေသူတွေ၊ တိုက်ပြိုပိ၍ မချည့်မဆန့်သေရသူတွေမှာ မြို့သူမြို့သားများနှင့်တကွ ဂျပန် စစ်သားများ ဖြစ်ကြပါသည်။ သို့ကြာ်င့ ညညဆိုလျှင် မည်သူမှ အိပ်ကောင်းခြင်း မအိပ်ရ၊ နားက တ၀ီဝီမြည်သံ ကိုသာ စွင့်နေရပါသည်။
တနေ့သောညတွင် ကျမတို့နေထိုင်ရာ ၄၇-လမ်းအိမ်နှင့် တအိမ်ခြားကစပြီး ကရစ်လမ်း၊ လမ်း၅၀-တို့အထိဒါးလွယ်ခုတ်ကြီး ဗုန်းများဆက်တိုက် ကြဲချသွားခြင်းခံရသဖြင့် မြင်မကောင်း ရှုမကောင်း ဖြစ်သွားသည်။ ခါတိုင်းနေ့များဆိုလျှင် သည်လောက်နီးနီးနားနား မကြုံခဲ့ရ၍ ကြောက်ပေမင့် နေသာသေး သော်လည်း ယခုအချိန်မှာတော့ ကံကောင်း၍သာ သီသီကလေး လွတ်သွားရသဖြင့် အတော်ဘဲ တုန်လှုပ် ချောက်ချား ဖြစ်ကြရပါသည်။
ထို့ပြင် ညစဉ်ညတိုင်းဆိုသလိုက လေယာဉ်ပျံသံကြားလျှင် အူယားဖါးယားနှင့် အိမ်ထဲက ပြေးထွက်ပြီး လမ်းထိပ်ရှိ လေကြောင်း ခိုလှုံရာ အုတ်ဂူကလေးများသို့ လာရောက်ပုန်းအောင်းရသည်။ သို့ပုန်းအောင်း ကြရာမှာလည်း သက်သာမှုမရှိပါ အုတ်ဂူကလေးများ အတွင်း၍ နေ့ခင်းနေ့လည်က လမ်းသွား တစုသည် ကျင်ကြီးကျင်ငယ် စွန့်သော အိမ်သာအဖြစ် တာဝန်မဲ့စွာ ပြုလုပ်ခဲ့ကြသဖြင့် နှာခေါင်းကို ပိတ်လျက် အသက်အောင့် နေကြရပါသည်။ ကြာလျှင် လက်ငင်းထိမည့် ဗုန်းအန္တရာယ်ထက် အသက်အောင့် ရသော ဝေဒနာနှင့် အလွန်စူးရှသော အနံ့အသက်များကြောင့် ကျန်းမာရေး ထိခိုက် လာမည့် အန္တရာယ်မှာ သာ၍ဆိုးဝါးလာပါတော့မည်။
သို့ကြောင့် မြိုကတွင်းမှာမနေ၀ံ့၍ မြို့ပြင်ရှိအေးချမ်းမည့် ရပ်ကွက်တွင် အိမ်တခု ရှာဖွေ ပြောင်းရွေ့ကြရန် သန္နိဋ္ဌာန်ချလိုက်ရသည်။ ထိုအချိန်က ကြိုက်ရာအိမ်ကို ၀င်နေရဲကြသူများမှာ အိပြဿနာရှင်းနေသည်။ အချို့က ကိုယ့်အိမ်ကိုယ်ပြန်မနေ၀ံ့ကြသဖြင့် နေရဲသူများကို အိမ်စောင့်သဘွယ်နေတော်မူကြပါဟု ခခ ယယ တင်ထားကြရပါသည်။
သို့မဟုတ်ပါက ဂျပန်စစ်တပ်က သိမ်းယူအသုံးပြုတတ်ကြသည်။ သုံးလျှင်လည်း အေးအေး နေကြခြင်း မဟုတ် အိမ်ထဲရှိ စားပွဲကုလားထိုင် ဘီရိုစန္ဒယားအထိ ထမင်းချက်ရန် ထင်းမရှိ၍ ထင်းအဖြစ်နှင့် အသုံးချ တတ်ကြသည်။ ထင်းအဖြစ် အသုံးချရန် အိမ်ထောင်မှုပစ္စည်းများ ကုန်သောအခါ ပြူတင်းပေါက် တံခါးရွက် များ ထရံများကိုပါ ခွာယူပြီး မီးမွှေးကြပါသည်။
သို့ကြောင့်အိမ်ပိုင်ရှင်များမှာ နေပေးမည့်လူကို ရှိခိုးဦးတင်လိုက်ရှာနေရသော အခိုက်အတန့်တွင် ကျမတို့ မှာတော့ ရွှေဂုံတိုင်လမ်း အမှတ် ၂၂၁ရှိ အိမ်ကြီး တလုံးကို တလလျှင် လခ ၁၀၀ိနှင့် သွားရောက် ငှားရမ်း ရပါသည်။ ရွှေဂုံတိုင်ရပ်ကွက်မှာ ထိုအခါက အန္တရာယ်ကင်းပြီး တိုက်လေယဉ်ပျံများလာ၍ ဗုန်းချ တတ်သော နေရာမျိုးမဟုတ်ဟု ယူဆကာ၊ ပြောင်းရွှေ့နေထိုင်ရန် ပိုင်းဖြတ်ရခြင်း ဖြစ်ပါသည်။
အိမ်ကြီးမှာ ၀င်းခြံနှင့် တောင်ပူစာ ကလေးပေါ်တွင် တည်ဆောက်ထားသော နှစ်ထပ်အိမ်ကြီး ဖြစ်ပါသည်။ နောက်ဖေး အစေခံ တန်းလျားရှည်ကြီးကပင် ၈-ခန်းမျှရှိသည်ဟုထင် ပါသည်။ အိမ်ကကြီးပြီး နေသူက နေးနေရာတွင် ကျမထံ၌ သားသ္မီးအဖြစ် မွေးပါတော့ဟု အပနှံထားသော ခလေးမကလေး သုံးဦး၏ဖခင်၊ ယခင် ဒလဘက်၌ လယ်ကူလီလုပ်သူသည်။
ရုတ်တရက ရွှေထုပ်ကြီးကိုင်ကာ ပေါက်လာပါတော့သည်။ သူယူလာသော ရွှေထုပ်ကြီးကို ဖြေပြသောအခါ ရွှေခြေကျင်း ရွှေလက်ကောက်၊ ရွှေဆွဲကြိုးများကို တွေ့မြင့်ရပါသည်။ သူသည ဘီအိုစီမှ ရေရည်တွေကို သယ်ယူ ရောင်းချသော အလုပ်နှင့်ချမ်းသာ လာပြီဖြစ်၍ သ္မီးများဝတ်ဆင်ရန် သည်ရွှေတွေယူလာသည် သ္မီများ ကိုလည်းး သှူနှင့်အတူနေထိုင်ရန် ပြန်ခေါ်သွားတော့မည်ဟု ဆိုပါသည်။
ပုံနှိပ် လုပ်ငန်း ပြန်လည်တာစူခြင်း
.

1 comment:
ခေတ်ပျက်မှာ လုပ်ရဲတဲ့သူတွေ သူဌေးဖြစ်ကြတာပါပဲ။
Post a Comment