Monday, February 15, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၂ဝ)

ရည်ရွယ်ချက် (၂) ခု

သည်တစ်ကြိမ်သာ မတော်တဆနှင့် နဂါးနီတိုက်ရောက်သွားမိပြီး မန်နေဂျာလုပ်သူနှင့် သိရသည်။ နဂါးနီမှ အစုရှယ်ယာ များကိုလည်း ချဲ့ထွင် ရှာဖွေနေသည်။ အသိမြင်လျှင် အစုရှယ်ယာ မပါ, ပါအောင် လိုက်လံ နှိုးဆော်ခြင်း၊ မရ၊ အရ အေးဒမြတိုက်သည့်နည်းနှင့်လည်း ဇွတ်အတင်းရှယ်ယာ အစုအ၀ယ်ခိုင်းခြင်းများကို နီးစပ်ရာ အသင်းဝင် ရှယ်ယာရှင်များက တဆင့်၊ တဆင့် ကူး၍ ဆောင်ရွက်ပေးကြသည်။ 

အလုပ်ဌာန တိုးချဲ့ရာ ၌ ငွေရေး၊ ကြေးရေး ခိုင်လုံတောင့်တင်းအောင် ၀ိုင်းဝန်း ကူညီကြရာတွင် ကျမကလဲ တဦး အပါအ၀င် ဖြစ်နေသည်။ ကျမ ၀ယ်ယူလာခဲ့ရသည်။ ကျမနှင့် နီးစပ်သော စာပေ၀ါသနာပါသူ မိတ်ဆွေ များထံမှလည်း ရှယ်ယာရရှိရေးအတွက် မန်နေဂျာ သည် မကြာခဏအကူအညီလာတောင်းလေ့ ရှိပါသည်။ နဂါးနီစာအုပ်တိုက်၏ ၀င်ငွေအင်အား တောင့်တင်းခိုင်မာစေလိုသော စေတနာကြောင့် အားပေး ခဲ့ရာမှ နဂါးနီစာအုပ်တိုက်၏တတိယ မြောက် မန်နေဂျာ ကျွန်တော် ခြေလျင်အုန်းခင် ပါဆိုသူနှင့် အသိ မိတ်ဆွေ အဖြစ် ရောက်ရှိလာခဲ့ရ ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် မင်းကြီးဦးကျော်က ကျမ သဘောကျရာ ရိုက်လိုရာ စာပုံနှိပ်တိုက်ကို စာအုပ်များ အပ်ရန် တာဝန် လွှဲပုံလိုက်သည့်အတိုင်း ပုံနှိပ်ခ ရခြင်းရလျှင် နဂါးနီပုံနှိပ်တိုက်ကိုသာ ရစေချင်သော စေတနာဖြင့် "စစ်ရောင်ခြည်" ၀တ္ထုစာအုပ်ရေ (၅၀၀၀၀) ငါးသောင်းကို စတင်ပုံနှိပ်ပေးရန် အပ်နှံ လိုက်ပါသည်။ စာအုပ်များ ရိုက်နှိပ်ပြီးစီးသောအခါ တနိုင်ငံလုံးရှိ ခရိုင်အသီးသီးသို့ ဖြန့်ချီရန် ကိစ္စ ကို ဆောင်ရွက်ရန် စာရေး တယောက် နှင့် တိုက်ခန်းတစ်ခုကို ဆူးလေဘုရားလမ်းတနေရာတွင် ငှါး ထားသည်။ 

စာအုပ် ပြီးစီးအောင် ရိုက်နှိပ်ပေးခြင်း၊ အစိုးရ ဌာန၏ စာရင်းပေးချက်အရ ခရိုင်မင်းကြီး တစ်ဦးပိုင် ဖြစ်သော မြို့နယ်ခရိုင်အသီးသီးသို့ ရောက်အောင် ဖြန့်ချီပေးခြင်း စသော တာဝန်များကို စာအုပ် ငှားရိုက်မည့်သူ နဂါးနီမန်နေဂျာက တာဝန်ယူပါမည်ဆိုသောကြောင့် ကျမက မင်းကြီး ဦးကျော်ထံ ခေါ်သွား ပြီး စကား ကမ်းလှမ်းပေးခဲ့သည်။ ကျမက စာမူကိုသာ စိတ်အေး၊ လက်အေး ရေးပေးနိုင်မည်။ သည် အထွေထွေ ကိစ္စများ ကို တာဝန်မယူလို၍ ဖြစ်ပါသည်။

စစ်ရောင်ခြည်စာအုပ် ဖြန့်ချီနေဆဲမှာပင် နောက်ထုတ်မည့် "ကမ္ဘာ့ရန်သူ" စာမူကို ရေးသားပြီးစီး သွားပါသည်။ ထိုစာအုပ်မှာ မျက်နှာ-၁၆၀ ခန့် ပုံနှိပ်တိုက် အခေါ် (၁၀)ဖေါင်မျှသာ ရှိသည်။ ပုံနှိပ်မည့် စာအုပ်ရေ မှာ တစ်သိန်း ဖြစ်ပါသည်။ ထိုစာအုပ်ရိုက်နှိပ်ရာ အုပ်ရေတစ်သိန်းအတွက် ကုန်ကျမည့် စရိတ် စက မျက်နှာဖုံး ပန်းချီဘလောက်၊ အတွင်းပန်းချီဘလောက်နှင့် စက္ကူဘိုးခ၊ စာစီခ၊ ရိုက်ခ၊ စာအုပ်ချုပ်ခ စသဖြင့် အလုံးစုံ တွက်ချက် တင်ပြစေသည်။ ဖြန့်ချီရာ၌ ကုန်ကျသော စရိတ်များ၊ အခန်း ငှါးခ စာရေးငှားခများပါ ဦးကျော်၏  ဌာနမှ စာရင်းကျသလောက် ထုတ်ပေးရမည်။ ဖြန့်ချီဆဲ ဖြစ်သော စစ်ရောင်ခြည် ၀တ္ထုမှာလည်း အစစသည်နည်းအတိုင်း ဦးကျော်တို့ဌာနက ကုန်ကျစရိတ် ခံရပါသည်။

သို့ကြောင့် ကမ္ဘာ့ရန်သူဝတ္ထုကို ဒုတိယအကြိမ်နဂါးနီတိုက်မှဘဲ ရိုက်နှိပ်စေပါသည်။ ကမ္ဘာ့ရန်သူ ၀တ္ထု၏ ဇာတ်ကြောင်း မှာ ဂျာမဏိပြည်တွင် အာဏာရှင် ဟစ်တလာ၏ နာဇီဝါဒလက်အောက်၌ ဘယ်မျှလောက် ကြောက်မက်ဘွယ် နေထိုင်ကြသည်ဆိုသော အတွင်းရေးများကို ပေါ်လွင်လာစေ သည့် ဇာတ်ကွက် ဇာတ်လမ်း များကို တည်ဆောက်ရေးသား ရပါသည်။ ၀တ္ထုစဖွင့်ရာ၌ ဂျာမပြည်မြူ နစ်မြို့ ဆင်ခြေဖုံး ရပ်ကွက် တွင် နေထိုင်သော မိသားစု တစ်အိမ်ထောင်ကို အကြောင်းခံကာ ရေးသားရပါသည်။

ထိုအခါက ကျမမှာ ကမ္ဘာလှည့်ပြီး ထိုအရပ်ဒေသများသို့ ရောက်ခဲ့ဘူးခြင်း မရှိပါဘဲ လေဘမ်း၍ ဒါန်းလွှဲ ရသူအလား စိတ်ကူးနှင့်သာ အကွက်ချ၍ ရေးသားရခြင်း ဖြစ်ပါသည်။ နိုင်ငံခြားကို မသွား မရောက်ဘူး သေးမှီ နိုင်ငံခြားသားတို့ဌာနီမှ နိုင်ငံခြားသားများကို ဇာတ်ဆောင်ပြု ဇာတ်အိမ်တည်၍ ရေးရသည်မှာလည်း လွယ်ကူ လှသည့်တော့ မဟုတ်ပါ။ နာဇီဝါဒ၏ အသွေး အရောင်ကိုတော့ စာအုပ်စာတမ်းများတွင် တွေ့မြင် သိရှိ ရသလောက်နှင့် ဗဟုသုတ ပေါက်ခဲ့ပါ သည်။
စာအုပ်၏ ပထမစာမျက်နှာမှာ ကျမ၏  ရည်ရွယ်ချက် အောက်ပါအတိုင်း အမှာ ရေးလိုက်ရပါသေး သည်။

ရည်ရွယ်ချက်

ဤ၀တ္ထုကို ရေးသားရာ၌ ရည်ရွယ်ချက် ၂ခု ရှိပါသည်။ ပထမရည်ရွယ်ချက်မှာ ဂျာမဏီ ပြည်တွင် နာဇီဝါဒ လွှမ်းမိုးသည့် နေ့ကစ၍ ယနေ့တိုင်အောင် ဂျာမဏီအမျိုးသားချင်းပင် ဖြစ်လင့် ကစား နာဇီဂိုဏ်းဝင် မဟုတ်သော ဂျာမဏီလူမျိုးတို့မှာ မည်သို့သော ညှင်းပန်း နှိပ်စက်ခြင်း အမှုတို့ နှင့် ရင်ဆိုင် တွေ့ကြုံ နေရ သည်ကို မြန်မာပြည်က ကွင်းကွင်းကွက်ကွက် နားလည်စိမ့်သော ငှာဘော်ပြလို၍ ဖြစ်ပါသည်။

ဒုတိယရည်ရွယ်ချက်မှာ လွတ်လပ်ရေးကို လိုလားတောင့်တနေကြ ကုန်သော မြန်မာလူမျိုးများ သည် သခင် ပြောင်းလိုသော ကိစ္စမျိုးဖြင့် သူတထူးကိုအားကိုး၍ ကောင်းနိုးနိုး ရော်ယမ်းမှန်းဆကာ အလဟဿ အချိန် မကုန်ကြစေဘဲ မိမိတို့လိုလားသော လွတ်လပ်ရေးကို မိမိတို့ဘာသာ ကိုယ့်ဒူး ကိုယ်ချွန် ကြိုးပမ်း အားထုတ် ကြစေလို၍ ပင် ဖြစ်ပါသည်။
စာဖတ်သူ တို့သည် နဇီဝါဒ၏ အကောင်းအဆိုး အကျိုးအပြစ်ကို ကိုယ်ပိုင်ဥာဏ်နှင့် စီစစ်နိုင်ရန် အတွက် ဤ၀တ္ထုကို ဇာတ်ကွက်ဆင်ကာ ရေးသားဖေါ်ပြရခြင်း ဖြစ်ပါသည်။ စသော အမှာ နိဒါန်းကို ပဏာမခံ၍ ပေးလိုက်သည်။

သို့လျှင် ကျမရေးသော ကမ္ဘာ့ရန်သူ ၀တ္ထုစာအုပ်များသည် မြန်မာပြည် စာအုပ်ရာဇ၀င်၌ ပဋ္ဌမဆုံးအုပ်ရေ တစ်သိန်း ရိုက်နှိပ်ဖြန့်ချီ ရပြီး မြန်မာပြည်အရပ်ရပ် လှည်းနေလှေ အောင်း တောအုံချုံကြား မကျန် ပြန့်နှံ့ သွားသည်။ ပြန့်နှံ့သည်ဆိုရာမှာလည်း တခရိုင်လျှင် ခရိုင် မင်းကြီးတပိုင်ကအောက်ခြေသိမ်း ဆယ်အိမ် ခေါင်း အထိ လူဦးရေနှင့် ကြည့်ဖြန့်ကြသောကြောင့် ဖြစ်ပါသည်။
 
ကမ္ဘာ့ရန်သူ စာအုပ်ထွက်သောအခါ နိုင်ငံရေးအယူသီးသူများ၏ ဝေဖန်မှုသည် ဆုလာဘ်အဖြစ် ရရှိ ပါသည်။ ဘာဘဲဖြစ်ဖြစ် အစိုးရကလုပ်လျှင် မကြိုက်သော လက်မခံချင်သော အချိန်အခါ၏ အစွဲ အလန်း အတိုင်း အစိုးရအတွက် စာရေးပေးသူကိုပါ အလိုတော်ယိစာရင်းသို့ သွတ်သွင်းလိုက်ကြ လေသည်။ သို့သော် ဂျပန်ခေတ်ရောက်၍ စပ်စပ်ကလေး အထိခံရသောအခါ အရေလယ်သွားကြ ဟန် တူပါသည်။

စစ်ကြိုခေတ်မှအယူအဆ

ဒုတိယအကြိမ် ရိုက်နှိပ်ထုတ်ဝေသော ကမ္ဘာ့ရန်သူ ၀တ္ထုများ ဖြန့်ချီနေချိန်မှာ စစ်ဂျာနယ်တစ်ခု ထုတ်ဝေရန် ဦးကျော်က တိုင်ပင်ပြန်သည်။ ကျမကလဲ ၀တ္ထုများကို အမြဲ ဆက်ရေးရန်မဟုတ်၊ တစ်အုပ်၊ နှစ်အုပ်သာ ရေးမည် ဖြစ်သဖြင့် ဂျာနယ်ထုတ်ရင် သဘောတူပါသည်။ သို့ရာတွင် ဂျာနယ် မှာ ရေးသားစရာ အခဏ်း ကဏ္ဍများ စုံလင်စွာ ပါရမြဲဖြစ်၍ ကျမ တာဝန်မယူချင်ကြောင်း ပြောပါ သည်။ 

ဦးကျော်က ဂတိ ထားသည် မှာ ကျမ ဘာမှ မရေးရပါ၊ စစ်နှင့်ဆိုင်ရာ တိုက်ပွဲ ဓာတ်ပုံများ၊ သတင်းများကို သူတို့ ဌာနက ရသည့် အတိုင်း ထည့်သွားပါမည်၊ အယ်ဒီတာလည်း အသင့် ရှိပါ သည်။ အနီးရှိ အင်္ဂလိပ်ကပြား အဘိုးကြီး တစ်ဦးကို ညွှန်ပြ၍ သူက အလုပ်ရှိသမျှ လုပ်ပါလိမ့်မည်။ ဂျာနယ်ကိုလည်း အစိုးရ ပုံနှိပ် ထုတ်ဝေသူ အဖြစ် အမည်ခံ ထားရုံသာ ကူညီပါဟု ဆိုပါသည်။ သို့ဖြစ်၍ ဂျာနယ်၏ နောက်ကျော ဘက်မှာ ထုတ်ဝေသူ ဒဂုန် ခင်ခင်လေး ဆိုသော အမည်ခံရန်မျှ သဘောတူလိုက်ပါသည်။

ကျမ ရေးခဲ့ပြီးသော ကမ္ဘာ့ရန်သူ စသော ၀တ္ထုစာမူခမှာ တစ်ပုဒ်လျှင် ငွေငါးထောင်ရသည်။ စာအုပ် ရိုက်ခ၊ အခြား တင်ပို့စရိတ် ကုန်ကျသလောက် စာရင်းအတိုင်း ပေးရမည့်ငွေများကိုလည်း ကျမ အမည်နှင့်သာ ထုတ်ပေး သောကြောင့် ထိုငွေမျာကို ရရှိအောင် အစိုးရနှင့် ဆိုင်ရာ ငွေစာရင်း မင်းကြီးရုံးတွင် သွားရောက် ပြီးမှ ကျမက လက်မှတ်ထိုး၍ ထုတ်ပေးရပါသည်။ 

ထို့ကြောင့် အလုပ် ကိစ္စရှိသမျှတို့ကို တိုင်ပင် ဆွေးနွေး ရခြင်း၊ ငွေရေး၊ ကြေးရေး ထုတ်ပေးရန် ငွေစာရင်း မင်းကြီးရုံး သွားရခြင်း၊ တစ်ခါ တစ်ခါ စာအုပ်ထုတ်ဝေရာ အလုပ်တိုက်ခန်း သွားကြည့်ရခြင်း၊ မင်းကြီး ဦးကျော် ၏ ရုံးခန်းမှာ လုပ်ငန်းနှင့် ဆိုင်ရာ ကိစ္စအတွက် သွားသည့်အခါ သွားရလာရခြင်း စသည်များတွင် နဂါးနီ မန်နေဂျာက စာအုပ်ထုတ်မှု လုပ်ငန်း၌ ပါဝင် လုပ်ကိုင်ပေးနေသူ ဖြစ်၍ အတူတကွ သွားတန်သည့် နေရာများကို ခေါ်သွားရပါသည်။

ပို့ရသော စာအုပ်များကလည်း ခရိုင်အသီးသီးက များလှ၍ တော်တော်နှင့် မပြီးပါ။ စာဖောင်များ ရိုက်ရာမှာ စာအုပ်ရေ တစ်သိန်းအတွက် ရိုက်နှိပ် ရခြင်းဖြစ်၍ လက်ရှိ မြန်မာပြည်မှ စာပုံနှိပ်စက်များနှင့် လိုသော ရက်တွင် တချိန်တည်း မပြီးစီးနိုင်ပါ၊ စာအုပ်ကို ပြီးစီးနှင့် သလောက် ခွဲ၍ ရိုက်ရခြင်း၊ ပြီးသမျှကို စာအုပ်အဖြစ် ချုပ်သူက ချုပ်လုပ်ပေး ရခြင်း၊ ဖြန့်ချီသူကလည်း ပြီးစီသလောက်တသုတ်စီ ခွဲ၍ ဖြန့်ချီ ပေးပို့ နေရပါသည်။

ထိုအချိန်နှင့် မရှေ့မနှောင်းမှာပင် ဂျပန် သူလျှို့ခေါ်သော စာအုပ် တစ်အုပ် ပေါ်လာပ်ြပါသည်။ ၀င်ရိုးတန်း နိုင်ငံအပါအ၀င် ဂျပန်နိုင်ငံမှာလည်း ဂျာမဏီက နာဇီဝါဒကဲသို့ ကြောက်မက်ဘွယ် ကောင်းကြောင်း ရေးသား ထားပါသည်။ ဂျပန်များ ဗမာပြည်ကို တိုက်ခိုက် သိမ်းယူပြီး စိုးမိုးသော အခါ ဂျပန်သူလျှို စာအုပ်ရေး သူမှာ ဂျပန် ပင်ပေတိုင်၏ နှိပ်စက် ညှဉ်းဆဲမှုကြောင့် မချိမဆန့် ခံလိုက်ရပြီးနောက် အနိစ္စ ရောက်ရရှာ ပါသည်။

အကယ်၍ ဗမာပြည်ကို ဂျပန်က ၀င်မသိမ်းဘဲ ဂျာမဏီကသာ ၀င်လာမည်ဆိုလျှင် နာဇီဝါဒ အကြောင်း ရေးသားခဲ့သော ကျမ အဘို့လည်း သက်သမည် မဟုတ်ဟု တွေးမိပါသည်။ သို့ရာတွင် ဂျာမဏီမှာ အလှမ်း ကွာသဖြင့် ဗမာပြည်ဘက် မရောက်လာဘဲ ဂျပန်နေမျိုးနွယ်များကသာ တရုပ် ပြည်နှင့် တဆက်ထဲ တမြေထဲ စပ်နေရာ ဗမာပြည်သို့ အလွယ်တကူ ရောက်လာကြပါသည်။ မူလ နိုင်ငံရေးသမားများနှင့်လည်း လျှို့ဝှက်သော အဆက်အသွယ် ရှိခဲ့၍ ပိုမို လွယ်ကူသည်။ 

ဝင်လာ သော ဂျပန်များကို အားကိုး အားထား ပြု၍ ကြိုဆိုခဲ့ကြသည်။ ဂျပန်သည် အင်္ဂလိပ်ကို တိုက်ထုတ် ပစ်လိုက်ပြီး ဗမာများ လက်ထည်းသို့ လွတ်လပ်ရေး ကြီးကို အထပ်လိုက်၊ အထပ်လိုက် ပုံပြီး အပ်လိုက်မည်ဟု ရည်မှန်းခဲ့ကြသည်။ ထိုကြောင့် ဂျပန် သူလျှို့စာအုပ်ကိုလည်း အယူသီးသမားများ က မကြိုက်မနှစ်သက်ကြဘဲ ဝေဘန် ဆဲဆိုကြသည်ဟု သိရှိရ ပါသည်။

နောက်ပိုင်း ဂျပန်နှင့် နဖူး တွေ့၊ ဒူးတွေ့ တွေ့ပြီး လက်သည်းခွါ၊ ရေနွေးလောင်းစသော မချိမဆန့် ခံရသည့် ဆုလာဘ်ကြီး များ ရလာသော သုံးနှစ်တာ အချိန်အတွင်းမှာ ကျောချမှ ဒမြမှန်း သိလာကြပြီး တော်လှန်ရေး ကိစ္စ ကြီးကို ကြိတ်၍ လုပ်ကြရပြန်သည်။ အရင် ဘုန်းကြီးက တချက်သာ ခေါက်၍ နောက် ဘုန်းကြီး က အချက်တရာလောက် အခေါက်ခံရသော မျောက်ကလေးပမာ လက်တွေ့ နာကျည်းဘွယ်ရာ အမျိုးမျိုး ခံစားရခြင်းမှာ လွတ်ကင်းအောင် ရုန်းထွက်ကြရပြန်ပါသည်။ ဒီအခါမျိုးမှာ တဘက်က စစ်ရေး သာလာသော အင်္ဂလိပ် အမေရိကန်တို့ကလည်း လျှို့ဝှက်နည်းနှင့် ဂျပန်တော်လှန်ရေးမှာ အကူ အညီ ပေးကြ ရပြန်ပါသည်။

နိုင်ငံရေးဆိုသည်မှာ ချာချာလယ်နေသည်။ ဖေါက်လွှဲ ဖောက်ပြန်ဖြစ်ပြန် ပျက်ပြန်နှင့် ဓမ္မဓိဋ္ဌာန်ပြု၍ တခု တည်းသော အယူအဆနှင့် လုပ်မရကြောင်း ပေါ်လွင်လာသည်။ မုန်းသူကိုလဲ ပြန်ချစ်တန်က ချစ်ဟန်ဆောင်ရသေးသည့် ဗဟုသုတတို့ကို စစ်ကြိုခေတ် စစအတွင်း ခေတ်နှင့် စစ်ပြီး ခေတ်များကို ကိုယ်တွေ့ မျက်မြင် ကြုံတွေ့ ခံစားခဲ့ရသူများအတွက် လက်တွေ့ သဘောပေါက်ခဲ့ကြရပါတော့သည်။ ရေးလက်စ နှင့် ကွက်ကျော်ချ၍ ရေးသွားခြင်း ဖြစ်ပါ၏။

ယခု စစ်ကြိုအချိန်တွင် ဖြစ်ပျက်သမျှ ရေးပြဆဲ ဖြစ်ပါသည်။ သို့နှင့် မင်းကြီး ဦးကျော်၏ ၀ါဒဖြန့်ချီရေး ဋ္ဌာနက ထုတ်ဝေသော စစ်ဂျာနယ်များပင် စတင်၍ ထွက်လာပါသည်။ သည်အခါတွင် ကျမ ရေးသော ကမ္ဘာ့ ရန်သူ စာအုပ်များ တင်ပို့ ဖြန့်ချီပြီးစီးသလောက် ဖြစ်သွားပါပြီ၊ သို့ရာတွင် အချို့ ခရိုင်များက စာအုပ်များ လုံလောက်အောင် မရကြောင်း တိုင်ကြားကြသည်။ စုံစမ်းသောအခါ စာအုပ်က တစ်ပြိုင်တည်း အုပ်ရေ တစ်သိန်း မပြီး၍ ပြီးသလောက် ခွဲပို့ရသည်ဆို၏။

နောက်ပိုင်းမှာ စာအုပ်ရိုက်ခြင်း၊ တင်ပို့ ဖြန့်ချီခြင်းများ မနိုင်မနင်းရှိ၍ တာဝန်ခံ ဦးစီးလုပ်ကိုင်ပေးသူ နဂါးနီ မန်နေဂျာ နှင့် မင်းကြီး ဦးကျော်တို့ စာအုပ်ရိုက်ခ ငွေစာရင်း ရှင်းရာတွင် ရုတ်ရုတ် ရုတ်ရုတ် ဖြစ်လာ သည်ကို တွေ့ရပါသည်။ ကျမက ဘာမှ မသိ၊ ဘာတာဝန်မှလည်း မခံသူဖြစ်၍ မေးမြန်း စုံစမ်းခြင်း ပင် မပြု တော့ပါ။

ထိုအတွင်းမှာ နဂါးနီ စာအုပ်တိုက်တွင်လည်း အမှုဆောင် လူကြီးများ စည်းဝေးရာ၌ ကမ္ဘာ့ရန်သူ စာအုပ် အငှားရိုက်ခြင်း၊ ဂျပန်သူလျှိုစာအုပ် ထုတ်ဝေခြင်းများကို အလိုမတူသူ တချို့နှင့် အတိုက် အခံ ဖြစ်ကြ သည်ဟု ကြားသိရသည်။ ကျမ၏ ကမ္ဘာ့ရန်သူ စာအုပ်ရိုက်ခြင်းမှာ စာအုပ်တစ်သိန်း ရိုက်ခ ၀င်ငွေ ရစေ လိုသော စေတနာကြောင့် အပ်ခဲ့ခြင်းသာ ဖြစ်သည်။ နဂါးနီတိုက်က ထုတ်ဝေ သော စာအုပ် မဟုတ်ပါ။ အခ ယူ၍ အငှါးရိုက်ပေးခြင်းသာ ဖြစ်ပါသည်။ ဂျပန် သူလျှိုစာအုပ်မှာတော့ နဂါးနီတိုက်က ထုတ်ဝေ သည်ဟု ထင်သည်။ ကျမ ကောင်းစွာ မမှတ်မိတော့ပါ။

ရည်ရွယ်ချက်တူ၍ ဘဝခရီးဖော်ပြုခြင်း
.

1 comment:

လိုင် said...

ဖေါ်ပြပေးတာကျေးဇူးပါ