Thursday, January 21, 2010
ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၃၃)
အခန်း(၃၃)
အရှင်နှစ်ပါး ယုံမှတ်တော်မူ၍ သဒ္ဓါကြည်ဖြူမြှောက်စားတော်မူခြင်းဖြင့် ၀င်းဝင်းတောက် ကောင်းစား လျက် ရှိသော ရနောင်မြို့စား မောင်မောင်တုတ်သည် မင်းညီမင်းသားတို့၏ အဆောင်အယောင် အခမ်း အနားနှင့် ကြီးစွာသော ချမ်းသာစည်းစိမ် ဂုဏ်ရှိန်သတင်းဖြင့် ကျော်စောခြင်းရှိခဲ့သလောက် ကောက်ယူ သိမ်းပိုက် ထားသော ကြင်ယာမြောက်သား ဇနီးများမှာလည်း အလွန်ပင် များပြားလှသည်ဖြစ်သောကြောင့် ရနောင် မင်းသား နေရန် ဆောက်လုပ် ထားသော အိမ်ကြီးမှာ ကြင်ယာမြောက်သား များလှသည်နှင့်အမျှ အဆောင်ဆောင် အခန်းခန်းထား၍ ဆောက်လုပ်ရလေရာ ခြားတစ်ပါးသော အိမ်တော် ၄-၅ ဆောင်နှင့် ညီမျှ လျက် ရှိသည်။
ဤမျှကြီးမားကျယ်ဝန်းသော အိမ်တော်ကြီးမှာပင် ကြင်ယာပေါင်း တစ်ရာတိတိ ပြည့်အောင် ကောက်ယူ သိမ်းပိုက်လျက်ရှိသောကြောင့် ဘေးမှ ပမ်း၍ပမ်း၍ အဆောင်ပိုများ ထုတ်ရပြန်ရာ ကာလကြာသော် အိမ်တော်ကြီးမှာ တဲဝိုင်းကြီးနှင့် အလားသဏ္ဍာန် တူမျှလာလေ၏။ ထိုသို့ မြောက်မြားသော ကြင်ယာ ဇနီးတို့ကိုလည်းကောင်း၊ ၄င်းတို့၏ အစွယ်အပွားများ၊ အစေအပါးများကို လည်းကောင်း ရနောင် မင်းသား မောင်မောင်တုတ်၏ မူလရှိရင်းစွဲ ခြွေရံသင်းပင်း ကျေးရင်း ကျွန်ရင်း တို့ကိုလည်းကောင်း ကျွေးမွေး ပေးကမ်းထောက်ပံ့ရသည်မှာ မောင်မောင်တုတ်တွင် တာဝန်ကြီးလေးစွာ ရှိမည်ဖြစ်သော်လည်း လျှမ်းလျှမ်း တောက် ကောင်းစား၍ တန်ခိုးအာဏာ ကြီးမားနေသလောက် ရတနာ ရွှေငွေ၊ ဆန်ရေ စပါး တို့ကို သုံး၍ မကုန် ဖြုံး၍မကုန်အောင် စုလိုက် ပုံလိုက်ရရှိသူဖြစ်သည့်အလျောက် အလွယ်တကူနှင့်ပင် ထောက်ပံ့ ပေးကမ်းမှု ပြုနိုင်လေသည်။
အရှင်သခင်၏ မြှောက်စားသူကောင်းပြုခြင်း ခံရသည်နှင့်အမျှ မိမိရသမျှ အခွင့်အရေး တန်ခိုး အာဏာ ကိုလည်း အရာရာမှာ လွှာ၍လွှာ၍ အသုံးပြုတတ်ရုံမက အမျိုးမျိုး အဘက်ဘက် ၀ိုက်၍ သူတစ်ပါး လက်နှိုက် မ၀င်သာအောင်လည်း အကာအကွယ် ပြုထားတတ်သည်၊ သွက်လက်ဖျတ်လတ်သလောက် စိတ်ကူး အမျိုးမျိုး ပေါက်လျက် ကြိုတင်၍ သိမြင်တတ်သည့် ပါရမီထူးတစ်ခုလည်း ရှိသေးသည်။ ကိုယ်ရေး ကိုယ်တာ မှန်သမျှမှာလည်း လုပ်ချင်ရာကို ရဲရင့် ဖျတ်လပ်စွာ မကြောက်မဆုတ် လုပ်ဝံ့သော သတ္တိရှိသည်။ သို့ရာတွင် ခြေဖျားထောက်၍ အရှင်သခင်ကို သစ္စာဖောက်ရန် စိတ်ကား ဆံလွှာမျှမရှိ၊ အရှင်နှစ်ပါး အလိုတော် ပြည့်မှုနှင့် အကျိုးတော်ဆောင်ရာတွင် မောင်မောင်တုတ်ထက်ပို၍ ကြံရည်ဖန်ရည် ထက်မြက် သူ မရှိသလောက် ဖြစ်ခဲ့သည်။
ရွှေနန်းရှင်ဘုရား၏ အလိုတော်ပြည့်မှုကိုလည်း အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကာ အမှုတော် ထမ်းလာ ခဲ့သလို အရှင်နန်းမတော်ဘုရား၏ အလိုတော်ကိုလည်း အနည်းနည်းနှင့် ဖြည့်စွမ်းဆက်သ အကျိုးတော် ဆောင်ခဲ့ရသဖြင့် အလွန်ပင် မျက်နှာသာရခဲ့သည်။
သီပေါရွှေနန်းရှင်ဘုရားမှာ ကျမ်းဂန်စာပေမွေ့၍ သူတော်ကောင်းနှလုံးပွားပြီး စိတ်ထားနူးညံ့တော် မူသူ ဖြစ်သောကြောင့် တစ်ကြောင်း၊ ရွှေနန်းတက်စက ငါ၏ လက်နက်နှင့် မသေစေရဟု ကတိတော် ရခဲ့သူဖြစ်၍ တစ်ကြောင်း ခစားထမ်းရွက်ရာတွင် အမှားပြုမိသည်တိုင်အောင် အလျှောက်ကောင်းလျှင် အထောင်း လွတ်နိုင်သော်လည်း အရှင်နန်းမတော်ကြီး ထိပ်စုဖုရားလတ်ကိုမူကား စိတ်ထားတော် ထက်မြက်သဖြင့် အလျှောက်အတင် ခက်ချိမ့်မည်ဟု မောင်မောင်တုတ် ကိုယ်တိုင် တင်ကြိုနားလည်ခဲ့သည်။
သို့ကြောင့်ပင် အရှင်နန်းမတော်ဘုရားကို ပိုမိုရင်းနှီးအောင် အကျိုးတော်ဆောင်လျက် ရွပ်ရွပ်ချွံချွံ ထမ်းရွက်ခဲ့သည့် အရှင်နန်းမတော်ဘုရားက "မောင်တုတ်ရေ ..." ဟု စကားမျှနှင့် ဗောင်းတော်ညိတ် စိတ်တော် သိတတ်သည့် တပည့်လိမ္မာပီသစွာ မျက်နှာလိုအားရ သာသာထိုးထိုးကြီး အကျိုးတော် ဆောင်ပြ လိုက်သည်။ ရွှေလိုလျှင်ရွှေ၊ ငွေလိုလျှင်ငွေ၊ ခလုတ်ကန်သင်းရန်ခပင်းစသော မကင်းသာမရှောင်သာသော အနှောင့် အယှက်မျိုး ပေါ်လာလျှင်လည်း မောင်မောင်တုတ်က သုတ်သင်ရှင်းလင်းပြီး ဖြစ်နေသည်။ သို့ကြောင့်ပင် ဘုရင့်နောင်ဘွဲ့ထူးနှင့် ရနောင်မင်းသားကြီး ရာထူးကို သီပေါရွှေနန်းရှင်က သူကောင်း ပြုတော်မူသည်ကို နန်းမတော်ဘုရားက လိုလိုချင်ချင် အခွင့်အရေး ကုန်စင်အောင် အသုံးပြုနိုင်ခွင့် ပေးတော် မူထားခြင်း ဖြစ်လေသည်။
နန်းတွင်းနန်းပြင် အ၀င်အထွက် နှောင့်ယှက်စစ်ဆေးခြင်း မရှိစေရဆိုသော အခွင့်အရေးထူးတစ်မျိုးကို ရရှိ ထားသူဖြစ်၍ အရေးကြီးသော ကိစ္စများကို တီးတိုးစကားဖြင့် တိုင်ပင် လျှောက်ထားရန် ရှိသော အခါများတွင်လည်း နေ့ညဥ့်မရွေး နန်းမတော်ဆောင်ကြီးသို့ဝင်ကာ နန်းမတော်ဘုရားထံ ခစား ရောက်လာလေ့ရှိသဖြင့် သီပေါရွှေနန်းရှင်ဘုရားထက်ပင် အရှင်နန်းမတော်ဘုရားနှင့် ရင်းရင်းနှီးနှီးရှိပြီး ကိစ္စ ကြီးငယ် အသွယ်သွယ်ကို အလွယ်တကူ တိုင်တည် ဖြေရှင်းလျက်ရှိခဲ့လေသည်။
၏ထို့ကြောင့် မောင်မောင်တုတ်၏ တန်ခိုးအာဏာသည် လွန်စွာကျယ်ပြန့်လျက် ရှိခဲ့သည်။ မှူးမတ် အရာ ရှိကြီး များမှာ ပြဋ္ဌာန်းပိုင်းခြားထားသော အခွင့်အာဏာ များစွာရှိစေကာမူ စင်စစ်အားဖြင့် ထိုအခိုက် အခါ တွင် ရနောင်မင်းသား၏ အခွင့်အရေးက ပိုမိုကျယ်ဝန်းလျက်ရှိသဖြင့် တစ်ခါတစ်ရံ ပြဋ္ဌာန်း ပိုင်းခြား ထားသော ရာဇသတ်၊ ဓမ္မသတ်များနှင့်ပင် အငြိအစွန်း ရှိခဲ့တတ်ရာ အရှင်နှစ်ပါး၏ မျက်နှာကြောင့် သက်ညှာ စွာ ခွင့်လွှတ်ခဲ့ရပေါင်းလည်း အကြောင်းအားလျော်စွာ များစွာ တွေ့ကြုံခဲ့ ရတတ်သည်။ မြို့ဝန်၊ မြို့ချုပ် စသော ရာဇ၀တ်ဌာနများမှာမူကား ရနောင် မင်းသား၏ တန်ခိုးအာဏာက သာ၍ပင် အရိပ် လွှမ်းလျက် ရှိတော့သည်။ သို့သော်လည်း အထက်ပါ နည်းအတိုင်းပင် အရှင်နန်းမတော်ဖုရား၏ မျက်နှာတော်ကိုလည်းကောင်း၊ ရွှေနန်းရှင် ဘုရား၏ မျက်နှာတော်ကိုလည်းကောင်း အလွန်အကျွံ သူကောင်း ပြု မြှောက်စားထားခြင်းခံရသော ရနောင်မင်းသား မောင်မောင်တုတ်၏ တန်ခိုးအာဏာကို ရင်ဆိုင် ပြု၍ အမှုအရေးမဆိုဘဲ မျက်နှာလွှဲ ရှောင်သွားကြရတော့သည်။
ယင်းသို့လျှင် အခွင့်အရေး တန်ခိုးအာဏာ များစွာရှိခဲ့သော မောင်မောင်တုတ်သည် အပြင်တွင် ဤမျှပင် အာဏာ တန်ခိုး လွှမ်းမိုးနေသလောက် ၀င်းဝင်းတောက် အရှိန်ကြီးကာ ထင်ရာပြုမူနေသော်လည်း ရွှေနန်းတော် ထဲတွင်ကား အရှင်နှစ်ပါး၏ မျက်နှာတော်အောက်၌ ကြောက်တတ်သော ယုန်သူငယ်သည် ကေသရာဇခြသေ့င်္မင်းကြီးရှေ့ဝယ် ပျပ်ဝပ်စွာ ခစားနေထိုင်သည့်နှယ် မခုတ်တတ်သည့် ကြောင်ငယ် နှင့်မခြား နေထိုင်ခစားလေသည်။ ကြင်ယာ ဇနီးအမြောက်အမြား ယူထားခြင်းကြောင့် ဣတ္ထိယ သိုက်သမား ဟု တင်စားပြောကြားခြင်း ခံရစေကမြူ နန်းတွင်းသူများကို ဘယ်အခါမှ စော်ကား ကျူးလွန် ခဲ့သည် မရှိဘဲ မြို့ထဲရပ်မှ မိန်းကလေးများကိုသာလျှင် မရလျှင် ရသာအောင် အမျိုးမျိုး ကြံဆောင် သိမ်းပိုက်မြဲဖြစ်သည်။ များသောအားဖြင့် ဇာတ်သမ၊ အငြိမ့်သမ၊ အရပ်သမများကို နိုင်နင်းစွာ တန်ခိုး အာဏာ ရှိသမျှ သုံး၍ သိမ်းကြုံးယူငင်တတ်သည်။ မိန်းကလေးချောချောဆိုလျှင် ပျိုသော၊ အိုသော၊ ကာမပိုင် ရှိသော မရှိသော အလိုရှိခဲ့လျှင် တွေးတောစဉ်းစား ဆင်ခြင်ခြင်းတရားဟူ၍ မ၀င်စားနိုင်။ နည်း အမျိုးမျိုး နှင့် အပိုင်သိမ်းလိုက်တော့သည်။
သီပေါ ရွှေနန်းရှင်ဘုရား မြှောက်စားချီးမြှင့်ခြင်း ခံရသူများအနက် မောင်မောင်တုတ်ကဲ့သို့ပင် ထက်မြက်သူ တွေ များစွာရှိစေကာမူ ထိုသူ ထိုသူတို့အပေါ်တွင်လည်း မောင်မောင်ထုတ်ကသာ အပေါင်းပါ ခေါင်းဆောင် ပြုလျက် တစ်လက်ရာ တစ်သဘောတည်း သွေးစည်းထားသကဲ့သို့ ရှိလေရာ မောင်မောင် တုတ်ကသာ ဗိုလ်လုပ်၍ ဦးစီးခေါင်းဆောင်ပြုရာ ရောက်လေ၏။
ထို့ကြောင့် လောကဓမ္မ နှစ်ဌာနလုံးမှာ နည်းမှန်လမ်းမှန် မှန်ကန်ကျနစွာ ဖြစ်စေလိုသော ပညာရှိ သုခမိန်ကြီးများ ခြေဖျားထောက်လွန်းသည်ဟု မောင်မောင်တုတ် အပေါ်တွင် ထင်မြင် ယူဆစိတ်ထဲမှ နှာခေါင်း ရှုံ့တတ်ကြသည်၊ အချို့ကလည်း ဘုရင့်မျက်နှာတော် ထောက်ထား၍ ပွင့်ပွင့်လင်းလင်း ပြောကြား ခြင်း မပြုစေကာမူ စိတ်တူသဘောတူ အချင်းချင်း တွေ့ကြသောအခါ "မောင်တုတ် ယခုလောက် ခြေဖျား ထောက်နေလျှင် တစ်နေ့ အကျနာလိမ့်မည်၊ ဘယ်နေ့ ဘယ်အကွေ့မှာ ကျမလဲမသိဘူး" ဟု တစ်ဦးကို တစ်ဦး လက်တို့ပြောနေကြလေသည်။
သို့သော် မောင်မောင်တုတ်တို့သည် လက်ရှိ တန်ခိုးအာဏာ ကြီးမားသူများဖြစ်သည့် အားလျော်စွာ မြို့ဝန်မင်း ဘုန်းတောက်၍ ပါနောက်ခြေကြွဆိုသလို မျက်နှာလိုအားရနှင့် ၀၀ စားရလျှင် ပြီးရောဟု အလိုကျ ကျွန်ရင်းခံကြသည့် သာပေါင်းညာစား တပည့်နောက်လိုက် အင်အားမှာ တစ်နေ့တခြား တိုးပွား ကျယ်ပြန့် လာသည်သာ ဖြစ်လေ၏။
မောင်မောင်တုတ်မှာ အရပ်အမောင်းကောင်းကောင်း အညားညိုစိမ့်စိမ့်တွင် ကျောက်ပေါက်မ သက်သက် ရှိသော်လည်း ကျက်သရေရှိသော သူ၏မျက်လုံးက အမြဲပြုံးရယ်နေသကဲ့သို့ရှိသည်။ သို့ပြုံးနေသော မျက်လုံး ထဲမှာပင် အရေးကိစ္စကြုံလျှင် မငဲ့မကွက် သတ္တိရှိရှိ စွန့်စားရက်မည့် အရိပ်အရောင်များ သန်းလျက် ရှိသည်။
ယနေ့အဖို့ မောင်မောင်တုတ်သည် ရွှေနန်းတော်မှ ခစားအပြီး မိမိအိမ်ကြီးတွင် ထုံးစံအတိုင်း စည်းစိမ် ယစ်မူး အပျော်တော်ကြူးခိုက် ဖြစ်လေ၏။
အိမ်တော်ကြီး၏ ရှေ့ပိုင်းမှာ ရနောင်မြို့စားကြီး မောင်မောင်တုတ် တစ်ကိုယ်တည်း စံမြန်းရာ သီးသန့် ထားသော အခန်းကြီးတစ်ခုရှိ၍ အလယ်ချက် ဗဟိုတွင်မူ ကြင်ယာမြောက်သားဇနီးများနှင့် ပျော်ပါးစံစားရာ ကျယ်ဝန်း သော ခန်းမအ၀ိုင်းကြီးတစ်ခု စီမံပြုပြင်ထားလေသည်။ ထိုအခန်းကြီးကို အလယ်ထားလျက် လ,စက်ဝန်း သဏ္ဍာန် အခန်းကို ဘေးမှ ပထမအရစ်အဖြစ် ၀န်းရံသော အဆောင်များရှိ၍ တစ်ဆောင်လျှင် ကြင်ယာ တော်ကြီးတစ်ဦးစီ နေထိုင်ရသည်။ ထို့နောက် ဒုတိယ အရစ်ဆောင်များတွင်လည်းကောင်း၊ တတိယ အရစ်အဆောင်များတွင်လည်းကောင်း၊ ဇနီးမယား ကိုယ်လုပ်တော်များကို ဂုဏ်ထူး အဆင့် အတန်း လိုက် နေရာချပေးထားသည်ဖြစ်ရာ ရွှေနန်းတော်မှ ခစားပြန်ချိန်တွင် ရနောင်မြို့စားကြီး မောင်မောင် တုတ်စံနေရာ ဗဟို --- အခန်းဝိုင်းကြီးသို့ ကြင်ယာ တော်အားလုံး ဖြီးလိမ်းဝတ်ဆင်၍ လာရောက် စုရုံးနေကြရသည်။
ကြင်ယာတော်များနှင့် စံစားရာဖြစ်သော ဗဟိုခန်းဆောင်ဝိုင်းကြီးတွင် ဆင်ပြင်ခင်းကျင်းထားသော အသုံး အဆောင် များမှာကား ပိုး၊ ဖဲ၊ ကတ္တီပါ၊ ဖန်သားမှန်သားများ အတိပြည့်၍ ၀င်းဝင်းတောက်ပြောင် အရောင် ချင်းယှက်သန်းနေလေသည်။ ကတ္တီပါမှီအုံး ကတ္တီပါကွပ် သင်ဖြူးချောများ တင်ထားသည့် သလွန် ညောင်စောင်း များမှာ ခန်းလုံးပြည့် မှိုင်းလုံးကော်ဇောများပေါ်တွင် တည်ရှိပြီးလျှင် အခန်းပတ်လည်တွင် ကိုယ်လုံးပေါ် မှန်ချပ်များကို အလိုက်သင့် ထားပြီးလျှင် ကွမ်းတုံဖဲကန့်လန့်ကာကြီးများကိုမူကား အကာ အကွယ် လိုလျှင် အဆင့်သင့်ရန် အသွယ်သွယ် ဆွဲဆင်မတင်ထားလျက်ရှိသည်။ ပြူတင်းလက်ရန်းဆီတွင်မူ ထူထဲ သော ကတ္တီပါ နေရာထိုင် ကတ္တီပါလက်ထောက်များ ချထားပြီး ပန်းဥယျာဉ်ထဲမှ ရှုမျှော်ခင်းကို လေညှင်း ခံ ရှုစားရန် ပြင်ဆင်ထားရသည်။ ရွှေချယွမ်းအုပ်ကြီးများ သုံးချာင်းထောက် အုပ်ကြီးများမှာလည်း အဖုံးကို ဖွင့်လျှင် အသင့်တွေ့မြင်နိုင်ရန် အချို၊ အချဉ်၊ အဖန်၊ အစပ်၊ အအီ၊ အဆိမ့်၊ နှစ်သိမ့်ဖွယ်ရာ ရသာ မျိုးစုံ ကို အိုးအထုံ၊ အမွှေးရနံ့နှင့် သန့်ပြန့်စွာ ပြုပြင်ထည့်ထားရသည်။ စောင်းညှင်းပတ်သာ တူရိယာ အမျိုးမျိုး ကို အချိုးကျ ပြင်ဆင်၍ လိုလျှင်အသင့်ရရန် စီမံထားပြီးလျှင် ညဥ့်အဖို့တွင် အလင်းရောင်ပေးရန်၊ ဖန် မုတ်ဆိတ်၊ ဖန်ပဒေသာ၊ ဖန်ပန်းဆိုင်၊ ဖန်ပန်းနွယ်များဆွဲ၍ ဖယောင်းခဲ၊ ဖယောင်းတိုင်များ ထွန်းညှိရန် အသင့်ထားရသည်။
ဆယ့်နှစ်ရာသီ ရုပ်လုံးပေါ် ငွေဖလားကြီးများတွင်လည်း အကျော် ဓမ္ပါ၊ နံ့သာ၊ နှင်းရည် များထည့်လျက် အနံ့ အသက် ချိုမွှေးသော မြတ်လေး၊ သရဖီ၊ စပယ်စသည့် မွန်မြတ်သော ပန်းခိုင်ပန်းကုံးများကို လှပ ဝေဆာစွာ ထိုးစိုက်ပြင်ဆင်ထားရသည်။
ရနောင်မြို့စား မင်းသားကြီး မောင်မောင်တုတ် ရွှေနန်းတော်မှ ခစား၍ ပြန်လာတိုင်း အိမ်တော်ကြီး ဆင်ဝင် သို့ စီးလာခဲ့သည့် ဆင်၊ ကပ်ယှဉ်မိ၍ ဆင်"က"ပေါ်မှ အိမ်ကြမ်းပြင်သို့ ခြေတင်မိသော အချိန်ကစ၍ ဖြီးလိမ်း ၀တ်ဆင်ကာ ကြိုဆိုနေသော ကြင်ယာဇနီးများက ၀ဲယာတွဲမလျက် အိမ်ဦးဆောင်သို့ ခေါ်ယူ လာကြ ရသည်။ ခေတ္တခဏနားပြီး ရေချိုးဆောင်ထဲတွင် ရေကြည်ရေအေး ချိုးပေးသူကပေး၊ ချေးညှော် တွန်းသူက တွန်း၍ ရေမိုးသန့်စင်ပြီးနောက် အမွှေးအထုံ သပ်ထားသော ပုဆိုးပ၀ါ၊ ၀တ်လဲတန်ဆာတို့ကို ၀တ်ဆင် လဲလှယ် ပေးပြီးမှ ယုယုယယ တွဲမလျက် ဗဟိုခန်းမကြီးသို့ ခေါ်ခဲ့ကြရသည်။
သလွန်ညောင်စောင်းထက်သို့ နွဲမှီလျက် ထိုင်မိသည်နှင့်တစ်ပြိုင်နက် ကွမ်းယာဆက်သည့် ဇနီးကလည်း အသင့်၊ နေကျော်သည့် ပင်ကျရေကို ရွှေဖလားနှင့် ထည့်စောင့်သူကစောင့်၊ ထန်းရည်ခါးနှင့် မြည်းစားစရာ၊ ချိုးကြော်၊ ကြက်ကြော် စသည်တို့ကို ကလပ်ပေါ်တင်၍ ကိုင်ထားသူကထား၊ ယပ်ခပ်ပေးသူက မရှား၊ အနှိပ်တော် များဆက်သူကဆက်၊ ဖက်သူကဖက်၊ ပွေ့သူကပွေ့၊ အတွေ့နှင့် အငွေ့ပေး၍ တဖြည်းဖြည်း မြှူသူက မြှူ၊ ရွှေခြူဆည်းလည်းသံသာ ညည်းသလို သီချင်းကြီး သီချင်းခံများနှင့် အသုံးတော်ခံသူကခံ၊ စောင်းညှင်း ပတ်သာ တူရိယာတီးတတ်သူများကတီးလျက် ကကွက်၊ ဆိုကွက်နိုင်သော အငြိမ့်သမ၊ ဇာတ်သမ၊ ဇနီးများက စည်းဝါးကျနစွာ တီးမှုတ်သီဆို၊ ကခုန်ဖြေဖျော်၍ တပျော်တပါး စည်းစိမ်ခံစားနေမြဲ ဖြစ်လေ၏။
မောင်မောင်တုတ်သည် ထုံးစံအတိုင်း ညောင်စောင်းထက်၌ ကြင်ဖက်ကြင်ရာများစွာသော ဇနီးချော များအား ကျောသပ်ရင်သပ်၊ ပူးကပ်နွှဲမှီ ကျီစယ်ရွှင်စံ၊ လောကီစည်းစိမ်ခံရင်း ရွှေဖလားအတွင်းမှ ပင်ကျရည် တစ်ကျိုက် ကြက်ပေါင်ကြော်တစ်ကိုက်နှင့် အလိုက်သင့်ရှိနေစဉ်များမကြာသေးမီက ဆင့်နှင့် တင်၍ ခိုးယူသိမ်းပိုက်လိုက်သော ဇာတ်မင်းသမီး တောင်တွင်းကြီးမြို့သူ မမလေးက ခိုင်ပန်းစုံ၊ ယိုးဒယား အကနှင့် နွဲ့နွဲ့လျလျ ဖြေဖျော်လျက်ရှိလေ၏။
အမရပူရ မြို့တော်ဟောင်းမှ ရက်ကန်းသည်မ အချောအလှကလေးကို ကောက်ယူပြီး ခင်ဆွေကြီး ဟူသော အမည် ပေးထားသော ဇနီးကလေးက ကြက်သားကြော်ကလပ်ကို အဆက်မပြတ် အနီးသို့ တိုးပေး နေရသည်။ ရွှေမြို့တော်မြောက်ပြင်က ထန်းသမားကြီး ဦးပိန်၏ သမီးချောကလေး မဲမှုတ်ကို ရနောင် မင်းသား ဘ၀ရောက်စကပင် ခင်ထားမြဟူသော အမည်သညာဖြင့် ကြင်ရာတော်ဖြစ်ခဲ့သူ ဇနီးကညာ ကလည်း ပြာလဲ့လဲ့ ပင်ကျရည်ကို အလျဉ်မီအောင် ရွှေဖလားချင်း ပြောင်းထည့်၍ လောင်းငှဲ့ ပေးလျက်ရှိသည်။ ကွမ်းကြိုက်တတ်သောကြောင့် ခင်ညှာဆိုသော ဇနီးကလေးမှာ ကွမ်းယာပေးသော အလုပ် တာဝန်သပ်သပ် ထမ်းဆောင်ရသည်ကို ပြုံးချိုရွှင်ပြစွာ ကြည့်လျက် ခြေတစ်ဖက်နှင့် တို့ကာ တို့ကာ ကလိထိုး လိုက်လျှင် ခင်ညှာမှာ ယောင်တတ်သူဖြစ်၍ ယာနေသော ကွမ်းရွက်များကို တအား ဆုတ်ဖြဲ လွှင့်ပစ် လိုက်တော့သည်။
မောင်မောင်တုတ် က ပြုံးရယ်လျက် "ဟဲ့ ... ခင်ညှာ ဘာတွေလွှင့်ပစ်နေသလဲ" ဟု မေးမှ ခင်ညှာမှာ သတိရပြီး အနီးတွင် ပြန့်ကြဲနေသော ပစ္စည်းများကို သိမ်းဆည်းနေရလေသည်။ "ကိုင်း ... ခင်ဆွေ ကြီးနဲ့ ခင်ထားမြ တို့လည်း တော်ကြတော့ သည့်ထက်များလျှင် မင်းတို့လင်မူးလဲပြီး တစ်ခါတည်း အိပ်ပျော် သွားလိမ့်မယ်"ဟု ပြောသဖြင့် ခင်ဆွေကြီးနှင့် ခင်ထားမြတို့ ထန်းရည်ခါးနှင့် ကြက်ကြော် များကို သိမ်းဆည်း သွားကြသည်။ လက်မောင်းသားနှင့် ခြေသလုံးများကို အနှိပ်တော်ဆက်နေသော ခင်သက်နှင့် ခင်ဘုန်းရှင် တို့ကိုလည်း "ကဲ ... ကိုယ်တော့်ဇနီးများ ခဏနားကြပါဦး" ဟု ခြေကို ရုန်းလိုက်ပြီး မနီး မဝေး တွင် ငြိမ့်ငြိမ့်ညောင်းညောင်း ပျောင်းပျောင်းနွဲ့နွဲ့ လှည့်ကာပတ်ကာ က,နေသူ မမလေး (ဆင်ခိုးမလေး)ကို မျက်စနှင့် အချက်ပေး၍ ခေါ်လိုက်သည်တွင် မမလေးမှာ ညင်ညင်သာသာ မောင်မောင်တုတ် ရင်ခွင် အနီးသို့ ရောက်လာလေ၏။
မာင်မောင်တုတ်သည် အပါးသို့ရောက်လာသော မမလေးကို ရင်ခွင်တွင် သိမ်းပိုက်ပြီး မျက်နှာကို မော့စေလျက် အထက်ကစီး၍ ပြုံးပြုံးကြီး စိုက်ကြည့်ကာ "ဘယ့်နှယ်လဲ မလေးရဲ့ မောင်မောင်နဲ့ နေရသည် မှာ ပျော်ရဲ့လား" ဟု မေးလျှင် -
"မှန်ပါ ရနောင်မောင်မောင်ကြီးဘုရား ဘုန်းတော်ရိပ် ခိုလှုံရသည်မှာ အလွန်ပင် ပျော်ရွှင် လှကြောင်း ပါဘုရား" ဟု မမလေးက တိုးတိုးကလေး ပြန်၍ပြောလိုက်သောကြောင့် အသံအောကြီးနှင့် သဘောကျစွာ ရယ်မောလိုက်လာ -
"ဟဲဟဲဟဲဟဲ ... တကယ်ပဲလား မလေးရာ၊ ငါ့ကို ကြောက်လို့များ ညာနေရသလား"
"မဟုတ်ပါဘူး မောင်မောင်ကြီးဘုရား၊ တကယ်ပင် ပျော်ရွင်လှပါတယ်၊ ဒီလို စည်းစိမ်ချမ်းသာမျိုးနှင့် မနေခဲ့ရဖူးတဲ့ ဇာတ်သမားကလေးပါ၊ ဘယ်မှာမပျော်ဘဲ နေနိုင်မလဲဘုရာ့"
"ယုံရတာပဗျာ၊ ကွယ်ရာမှာသာ အသစ်ဘယ်လိုကောင်းသော်လည်း အဟောင်းတလည်လည် အောက်မေ့ လှတယ်ဆိုတဲ့ စကားလို မျက်ရည်ကလေးတစိုစိုနှင့် တိတ်တိတ် ခိုးငို၍ မနေပါနဲ့" မငိုပါဘူးဘုရာ့ ယုံတော် မူပါ၊ ဟိုကလည်း ဖျကျွန်မကို သတိရမယ် မဟုတ်ပါဘူး၊ မြို့သူကြီးရာထူး လည်းရ ရွှေကလည်း ငါးပိဿာ၊ ကြင်ယာဇနီးက နှစ်ယောက်ပြိုင် ကိုယ်တော်တိုင်က ချီးမြှောက်မစလိုက်လေတော့ စည်းစိမ် ယစ်မူးပြီး ချစ်ဦးကို မေ့လို့နေပါပြီ၊ ဖျကျွန်မက သတိရလို့လည်း အကျိုးမထူးပါဘူးဘုရား၊ သားကလေး နှစ်ယောက် ကိုတော့ မှန်တဲ့အတိုင်း တင်လျှောက်ရလျှင် တစ်ခါတစ်ခါ လွမ်းမိပါရဲ့ ကိုယ်တော်"
"လင်ရှိရင် သားရှိလာပါလိမ့်မယ် မလေးရယ်၊ ဒါအတွက်တော့ မလွမ်းပါနဲ့၊ ကဲ မော့စမ်းပါ၊ ခုလို ပူပုံပန်း မျက်နှာ ကလေး ကလည်း တစ်မျိုးပဲ ချစ်စရာကောင်းလှတယ်၊ ဇာတ်သမမို့ ပါးစပ်ကလည်း ခရာ၊ အမူအရာ ကလည်း ကောင်းလွန်းလို့ သက်ဆုံးတိုင်ပေါင်းပြီး ထင်းပုံမှာ ခေါင်းချရသည်အထိ မိမိကို ချစ်ပါမယ်၊ အားမငယ်ပါနဲ့"
"ယခုလို ကြည်ဖြူတော်မူတာကို သိရလို့ ကိုယ်တော့်ကို တစ်အားကိုးပါတယ်ဘုရား၊ ကြင်ယာတော် ကြီးများ ကသာ တစ်ခုလပ် ဇာတ်သမက အရေးရောက်လှတယ်လို့ မျက်စိစပါးမွေးစူးကုန်ကြမှာ စိုးလှပါတယ်ဘုရား"
"အို ... ဒီလို ကြင်ယာတော်အချင်းချင်း ၀န်တိုမိစ္ဆာစိတ်ပြင်းပြီး စိတ်တွင်းက ကောက်ကျစ်ကြရိုးထုံးစံ မရှိဘူး မလေးရဲ့၊ ဒီလောက်များတဲ့ ကျုပ်မယားတွေဟာ ကျုပ်ကို အင်မတန် ကြောက်ရတယ်၊ တစ်ယောက် နှင့်တစ်ယောက် ကတောက်ကဆ မဖြစ်ရ၊ ငြူစူ စောင်းမြောင်းခြင်းမရှိရ၊ သူသာတယ် ငါနာတယ်ဆိုတာ စိတ်မျိုးလည်းမထားရ၊ ကျုပ် သဘောမကျ တာကို ပြုမိကြလို့ ဒေါသထွက်လျှင်လည်း တစ်ခါတည်း အသက်နှင့် အိုးစားကွဲရမယ်ဆိုသည်ကို နားလည်ကြပါတယ်၊ ဒါကြောင့် သူတို့တစ်တွေဟာ ဘယ်အခါမဆို ပျော်ပျော်ရွှင်ရွှင် သိုက်သိုက် ၀န်းဝန်း နေကြတာကိုသာ တွေ့မြင်ရတယ် မဟုတ်လား"
"ဒီလိုဆိုလျှင် ၀မ်းမြောက်လှပါပြီ မောင်မောင်ကြီးဘုရား၊ ၀ယ်ခါစ လွန်းပုဆိုးကလေးများ အရောင် မညှိုးခင် သာ နေ့တိုင်းဝတ်ချင်သော်လည်း ရေလျှော် တစ်ပတ်နွမ်းလျှင်တော့ အခန်းထောင့် တစ်နေရာမှာ စုပုံလို့ ချွတ်ခဲ့ဖို့ပဲ ရှိပါရဲ့ဘုရား"
"ဟားဟားဟား ... စကားတတ်တဲ့ မလေးရဲ့ ယခု ကျုပ်ဝတ်နေတဲ့ လွန်းပုဆိုးကလေးဟာ အသစ် ကြပ်ချွတ်မှ မဟုတ်ပါပဲကလား၊ အသစ်စက်စက်ထက် စုံမက်မြတ်နိုးလှလို့ တစ်ရေကျ တစ်ပတ်နွမ်း ကလေးကိုပဲ သူများလက်ထဲက အဓမ္မဆွဲလို့ ယူခဲ့ရသည်၊ ဘယ်ဆီမှာ သွားလို့ ချွတ်ထား နိုင်ပါတော့မလဲ၊ ကဲ ... ကဲ ... သည့်လောက် ပလီပလာ တီတီတာတာ ပြောတတ်တဲ့ ဟောဒီ လွန်းပုဆိုးကလေးကို ခေါက်ရိုး ကြပြီး ချုပ်ကြောင်းဗရပွေ ပြဲတဲ့အောင် တစ်ခါတည်းစွပ်လို့ မချွတ်တန်းဝတ်လိုက်မယ် ... ဖယ် ... မလေး ... မရုန်းနှင့်" ဟု ပြုံးတဲ့၍ ဆိုဆိုပြောပြော မလေးတစ်ကိုယ်လုံးကို သိမ်းကြုံးရစ်ပတ်လျက် အဆက်မပြတ် အသက်ရှူကြပ် လောက်အောင် ကျီစယ်လိုက်ရာ ဘယ်ညာရှေ့နောက် အနီးအပါးရှိ ဇနီးများကလည်း အသီးသီး အားကျမခံ မောင်မောင်တုတ်ကို ၀ိုင်း၍ဖမ်းပြီး မောင်မောင်ကြီးဘုရား မောင်မောင်ကြီးဘုရား မမလေးကို ချစ်သလို ဖျကျွန်မတို့ကိုလည်း ချစ်တော်မူပါဦး" ဟု ဗရုန်းဗရင်း စစ်အင်ကျင်းသလို ကိုယ်လုံးချင်း နွဲ့မီပြီး တသီတတန်းကြီး ၀န်းဝိုင်းလာကြသဖြင့် မောင်မောင်တုတ်မှာ ဆင်ခိုးမကလေးကို လက်တစ်ဖက် ပိုက်ထားလျက်နှင့်ပင် နောက်ထပ် စီတန်းချီတက်လာသော ကြင်ယာတော်အပေါင်းကို အချစ် ဆွမ်းကြီး လောင်း၍ နေရလေသတည်း။
"ကိုရင်တုတ်ဗျို့ ... ကိုရင်တုတ်" ဟု ခပ်အုပ်အုပ် ခေါ်လိုက်သောအသံကို စည်းစိမ်ခံရာမှ ရုတ်တရက် ကြားလိုက်သောကြောင့် မောင်မောင်တုတ်သည် နားကို လက်အုပ်၍ ထောင်လိုက်မိ သည်။
ခေါ်လိုက်သော အသံမှာ ဖဲကန့်လန့်ကာ၏ ဟိုမှာဘက်ဖြစ်သော အိမ်ဦးခန်းဆီမှ လွင့်လာသည်။ သည်အချိန် သည်အိမ်မှာ မောင်မောင်တုတ်ကို သည်အခေါ်မျိုးနှင့် ခေါ်ဝံ့သသူ မရှိ၊ အပြင်လူ တစ်ဦး တစ်ယောက် ကလည်း ဤနည်းနှင်နှင် အိမ်ထဲသို့ ၀င်၍ခေါ်ရဲမည်မထင်၊ ဧကန္တပင် မောင်မောင်ငယ် သာလျှင် ဖြစ်ရမည်ဟု အတတ်သိလေ၏။
မောင်မောင်ငယမှာလည်း မိမိနှင့် ရင်းနှီးချစ်ခင်သလောက် စရိုက်ချင်းမတူသူ ဖြစ်လေရာ အရေး အကြောင်း ကိစ္စမထူးခြားထဲ အကြောင်းမဲ့လာခြင်း မဟုတ်တန်ရာဟု တွေးမိသည်။ သို့နှင့် မည်သည့် အကြောင်းကိစ္စကြောင့် လာသည်ဖြစ်စေ ကြုံကြိုက်သောအခါဝယ် မောင်မောင်ငယ်အား ရင်းနှီးသူတို့၏ ကျီစယ်ခြင်းမျိုးဖြင့် ကျီစယ်လိုသောကြောင့် အနီးရှိခင်ထားမြအား "ဟဲ့ ... ခင်ထားမြ အပြင်ခန်းက ဧည့်သည် ကို သွားခေါ်ခဲ့" ဟု စေလွှတ်လိုက်လေ၏။
ကြင်ယာတော်များ မှာ ယောက်ျား ဧည့်သည်ကို ဘယ်အခါမျှ အတွင်းခန်းသို့ မခေါ်ဖူးဘဲ ထူးထူး ကဲကဲ ပြုမူသည့် ကိစ္စကို စိတ်တွင်းက အံ့သြလျက် ကြက်သေသေ၍ ငေးနေမိကြရာ အပြင်ထွက်သွားသော ခင်ထားမြ ပြန်ဝင်လာမှ သတိရကြလေ၏။
"ဟဲ့ ခင်ထားမြ ဘာကြောင့် တစ်ယောက်တည်း ပြန်လာရသလဲ"
"ဧည့်သည်က ကိုယ်တော့်အခန်းထဲ လိုက်မလာဝံ့ပါဘူး မျက်စိရှက်ပါသတဲ့ဘုရား"
"အို ... သွား ... အတင်းအဓမ္မ ဆွဲခေါ်ခဲ့ကြ၊ ခင်ထားမြနဲ့အတူ ခင်မိုးသူနဲ့ ခင်ဖြူလိုက်သွား၊ မိမိသစ်နှင့် ခင်နှင်းဥတို့က သုံးယောက်အားနဲ့ ဆွဲလို့မနိုင်ရင် လက်ကို အတင်းဝင်ကိုင်ပြီး အဆောင်ထဲရောက်အောင် ဆွဲခေါ်ခဲ့ရမယ်" ဟု ဆိုသောကြောင့် ခင်ထားမြနှင့်အတူ ခင်မိုးသူ၊ ခင်ဖြူ၊ မိမိသစ်နှင့် ခင်နှင်းဥတို့ တပ်ချီ၍ ထွက်သွား ကြရပြန်လေ၏။
မောင်မောင်တုတ်က အနီးတွင် ကျန်ရစ်သော ကြင်ယာတော်တို့အား ကဲ ... မိမိတို့ မမတို့ ယခုလာတဲ့ ဧည့်သည်တော် ဟာ ကျုပ်နှင့် အလွန်တရာ ချစ်ကျွမ်းဝင်တဲ့ လူဖြစ်တယ်၊ သူလာလျှင် မိမိတို့က ကျုပ်ကို ပြုစု ယုယသလို ယုယုယယ ဧည့်ခံကြစမ်းပါဟု တိုးတီးပြောဆိုမှာထားလျှင် "ကောင်းလှပါပြီ မောင်မောင်ကြီး ဘုရား" ဟုပြောပြီး ကွမ်းယာ၊ ဆေးလိပ်၊ အချိုပွဲ၊ အချဉ်ပွဲ၊ အကြော်အလှော် စမြိန် စားပွဲများကိုင်ကာ အရံသင့်စောင့်နေကြစဉ် ခင်ထားမြတို့ တစ်စုက "ရဲရဲကြွ တော်မူပါ၊ မောင်မောင် မကြွလာလျှင် ကျွန်မတို့ အပြစ်တင်ခံရပါလိမ့်မယ်"ဟု ဆိုဆိုပြောပြော တွန်းတွန်းပို့ပို့ တွဲမခေါ်ဆောင် လာသောကြောင့် မောင်မောင်ငယ်မှာ မိန်းမတွေအလယ်မှ ကသိ ကအောက် အားတုံ့အားနာနှင့် ဆုတ်ကန် ဆုတ်ကန် ပြုရင်း လိုက်ပါလာခဲ့ရင်း အဆောင်တွင်းရှိ မောင်မောင်တုတ်အနီးသို့ ရောက်လာလေ၏။
"ဟားဟား ... ထိုင်ပါ ကိုရင်ရာ၊ ဘာဖြစ်လို့များ မျက်စိရှက်ရတာတဲ့လဲ၊ ယောက်ျားမဟုတ်သလိုပဲကိုးဗျ" ဟု မောင်မောင်တုတ် က ဆီးကြိုလက်ဆွဲကာ သလွန်ပေါ်တွင် နေရာရွေ့ပေးပြီး နီးနီးကပ်ကပ် ယှဉ်ပြိုင်၍ ထိုင်စေ၏။
ငယ် ။ " ယောက်ျားပေတဲ့ဗျာ ကိုရင်တုတ်ဟာက နည်းနည်းကဲလွန်းသလားလို့"
တုတ် ။  "မင်းပျို မင်းလွင်တို့မည်သည်မှာ လိမ္မာသလိုစံပြီး အရသာခံတတ်မှ လောက်အမြတ်ရတယ်ဗျ"
ငယ် ။  "တန်လျှင်ဆေး လွန်လျှင်ဘေးတဲ့၊ ဘာဖြစ်ဖြစ် သင့်တင့်လျှောက်ပတ်ရုံပဲ ကောင်းသဗျာ၊ ကာမဂုဏ်စည်းစိမ်ဆိုတာ ခြိုးခြံနိုင်သမျှ ခြိုးခြံမှတော်ကာကျတယ်"
တုတ် ။  "အာရတီ-၀ိရတီဆိုတဲ့ တရားဟာ မတွေ့ခင်သာ ရှောင်နိုင်အောင် ဟောထားကြတာပါ၊ လက်တွေ့သုံးသပ်မိတဲ့ တစ်နေ့ကျတော့ သောက်လေသောက်လေ ငတ်မပြေတည့် ရေငန်ဆားကျင်း နွားတစ်သင်းသို့ ဆိုတဲ့ စကားက ပြတ်ပြတ်သားသား အနိုင်ရသွားတာပဲ မဟုတ်လား ကိုရင်ငယ်ရဲ့"
ငယ် ။  "အင်း ... ခင်ဗျားဆင်ခြေနဲ့ ခင်ဗျားအလုပ်ကတော့ တယ်ဟုတ်နေတာပဲနော်"
တုတ် ။  "ဟီ ဟိ ၊ ပျော်ပျော်ပဲလေ၊ ကဲ ... ကဲ၊ ကိုယ့်ရောင်းရင်းလာတဲ့ အခိုက်အတန့်မှာ ဧည့်ဝတ် ကျေအောင် ပြုစုဖို့ရ ၀တ္တရားရှိတယ်၊ ခင်ခင်တို့၊ တင်တင်တို့၊ မိမိတို့ မမတို့ လာကြလာက၊ စားစရာ၊ သောက်စရာတွေနှင့်၊ ဧည့်ဝတ်ပြုကြပါ၊ ယပ်ခပ်သူကခပ်၊ ကွမ်း၊ ဆေး၊ လက်ဖက် ပေးသူကပေး၊ အချိုပွဲ၊ အချဉ်ပွဲတွေ တ၀ဲဝဲရောက်လာလျှက် ခြေသလုံးနှစ်ဖက် ဆုပ်နယ်သူကနယ်နှင့် မောင်မောင်ငယ်ကို ၀ိုင်းအုံပြုစုကြသောအခါ ကျီးကန်းတောင်းမှောက်ပမာ ယောင်ချာချာဖြစ်လျက် ခြေနှစ်ဖက်ကို ရုတ်တရက် ရုန်းဖယ်ပြီး တင်ပျဉ်ခွေကြီး ပြင်ထိုင်ကာ -
"ဟာ ... ဟာ ... တော်ကြပါဗျာ၊ မနှိပ်ပါနဲ့ တော်ကြပါ၊ အားနာစရာကြီး" ဟု ပြောလျက် လက်ကာ တွန်းဖယ်၍သာ နေလေ၏။
"သုံးဆောင်တော်မူပါ မောင်မောင်ရဲ့" ဟူသော အသံစာစာကလေးများမှာလည်း စားစရာအမျိုးမျိုးကို ရှေ့သို့ တွန်းဖယ်၍ ပေးရင်း အတင်းအကျပ် နားပူနေကြတော့သည်၊ ကြာသော် မောင်မောင်ငယ်မှာ မနေသာ တော့ဘဲ -
"ကဲ .. ကိုယ်ရင်တုတ်ရာ ခင်ဗျားဟာတွေကို တဆိတ် သိမ်းဆည်းစမ်းပါဦး" ဟု တောင်းပန်ယူကာမှ အနည်းငယ် ရှဲသွားကြတော့သည်။
ငယ် ။  "ကိုရင်တုတ်ရယ် ကျုပ်တော့ ဒီလောက်များ ဒါတွေခင်ဗျားမို့ တတ်နိုင်ပေသည်၊ အံ့သြပါရဲ့ဗျာ၊ ကျုပ်တော့ ညည်းစော်ကို နံလာတာပဲ"
တုတ် ။  "အဲဒါ ခင်ဗျား မခံစားထိုက်လို့ထင်သဗျာ၊ ကျုပ်မှာတော့ ဒါနှင့်တောင် အားမရသေးပါဘူး၊ အသစ်ကလေးတွေ အချောအလှကလေးတွေသာ တွေ့ဦးမယ်ဆိုရင် အဆင်သင့်သလို ကြံဖန် ယူဦးမှာ ပါပဲဗျာ၊ ဟောဟိုနားက သနပ်ခါးရောင်ရင်စီးနှင့် တင်ကြီးကြီး ကိုယ်လုံးထွားထွား အသား ညိုစိမ့်စိမ့် ကလေး လှမ်းကြည့်စမ်း၊ ကျုပ်လက်ထဲရောက်စ သုံးရက်မျှသာရှိသေးတယ်၊ တယ်မရဲရှာသေးဘူး၊ အဲဒါ ခင်ဦးတဲ့၊ သူ့ကို ယူခဲ့ရတာ ကျုပ်မှာ ဓားတပြက် တုတ်တပြက်နဲ့ အတော်ကသုတ်ကရက် နိုင်ခဲ့တယ်"
ငယ် ။  "အမယ်မင်း ... ငါ့သူငယ်ချင်းနှယ် ဖြစ်မှဖြစ်ရလေ၊ မိန်းမက ရှားရှားလို့ထင်ရဲ့၊ တုတ်တပြက် ဓားတပြက်နဲ့များ ယူရရှာသကိုနော်"
တုတ် ။  "ခင်ဗျားက မသရော်ပါနှင့်ဦးဗျ၊ ကျုပ် ဒီလိုသိမ်းပိုက်ခံရတာကလည်း မခံချင်တာ တစ်ကြောင်းကြောင့်ပါပဲ၊ အဲဒီဇာတ်ကြောင်းကလေးလည်း နားထောင်စမ်းပါဦး"
ငယ် ။  "ဟောတော်မူပါဗျာ၊ ခင်ဗျားရဲ့ ကာမဂုဏ်ယပ်လဲ့တရားကို နားသောတဆင်ပမယ်"
တုတ် ။  "ဟိုမြို့ဝန်ဦး ................ အကြောင်းကို ခင်ဗျား ကြားဖူးတယ်မဟုတ်လား။ သူကလည်း မယားခပ်များများပဲလေ၊ ခင်ဦးရဲ့ အစ်ကိုကြီးတစ်ယောက်ဟာ ရာဇ၀တ်မှု ရောက်တာနှင့် မြို့ဝန်မင်းဆီမှာ အကူအညီသွားတောင်းရှာတယ်၊ ဒီတော့ မြို့ဝန်က ခင်ဦးကို သိမ်းပိုက်ရမှ သူ့ အစ်ကိုကြီးကို အမှုက လွတ်အောင်ကြံပေးမယ်၊ ဒီအမှုဟာ သူ့လက်ထဲမှာရှိတယ်၊ သူ့အပြင် ဘယ်သူမှ မကယ်နိုင်ဘူးလို့ ခြိမ်းခြောက်တာနှင့် ယူပါမယ်လို့ အာမခံရရှာသတဲ့"
ငယ် ။  "ဒါနှင့် ခင်ဗျားလက်ကို ဘယ်လိုရောက်လာရသည်လဲ"
တုတ် ။  "အဲလေ ဆက်ပြောပါဦးမယ်၊ တကယ်ဆိုတော့လည်း ခင်ဦးရဲ့ အစ်ကို ကြီးဟာ ကျုပ်တပည့် မောင်မောင်ဦးတို့ဂိုဏ်းက လူငယ်တစ်ဦးပါ၊ မြို့ဝန်က မလွှတ်ခင် အထက်အမိန့်က လွှတ်ပြီးသားပဲ၊ မြို့ဝန်ကလည်း ရောင်တော်ပြန်နှင့် ရောလွှတ်ဆိုသလို သူ့အစွမ်းနဲ့ လွှတ်နိုင်တဲ့ အနေမျိုးနဲ့ ခင်ဦးကို မလိမ့်တပတ်သိမ်းချင်လို့ လွှတ်ဖို့ရက်ဆွဲပြီးထားရာမှာ အဆင်သင့်စွာနဲ့ ခင်ဦးဟာ ကျုပ်နှင့်လာတွေ့ရော၊ ကျုပ်ကလည်း မြင်တယ်ဆိုရင်ပဲ တစ်ခါတည်း ကြိုက်ချင်ချင်၊ သူ့ခမျာကလည်း မြို့ဝန်မင်းစားမဲ့အစား ဖြစ်နေကြောင်း ဇာတ်လှန်လို့ အမှန်ကို သိရတော့ ခင်ဦးကို မြို့ဝန်အိမ်ခေါ်လာတဲ့နေ့မှာ ကျုပ်တပည့်များက လမ်းခရီးအကြားမှာ ၀င်လုတာပဲ၊ မြို့ဝန်ရဲ့ လူတွေကလည်း သတ္တိနည်းကြတဲ့လူတွေမှ မဟုတ်ပဲကလား၊ ဓားလွတ်တွေ တရမ်းရမ်းနှင့် အစွမ်းရှိသလောက် တစ်ယောက်မကျန် ခုခံကြတယ်"
ငယ် ။  "သြော် ... ဟိုတစ်နေ့က ဒေးဝန်းရပ်နားမှာ အဆောင်ကိုင်သမားတွေ ဓားချင်းခုတ်ကြတယ်ဆိုတာ ဒီကိစ္စထင်ပါရဲ့"
တုတ် ။  "ဟုတ်တယ် ... ဟုတ်တယ် ဓားချင်းခုတ်လို့ သူတို့ဘက်က နှစ်ယောက်ကျသွားတယ်လေ၊ နောက် ကျုပ်ဆီက လူတွေကများလို့ အားမတန်တာနှင့် မာန်လျှော့သွားကြတာကလား၊ ခင်ဦးကိုလည်း ကျုပ်လူများက တစ်ခါတည်း ခေါ်လာနိုင်ခဲ့တယ်၊ အဲဒါတောင် ကိုရွှေမြို့ဝန်ကလေးက ကြွက်မနိုင် ကျီမီးရှို့တဲ့သဘောနှင့် ခင်ဦးရဲ့ အစ်ကိုကြီးကို အချုပ်ထောင် ထဲက မလွှတ်ဘဲထားလို့ ကျုပ်လူတွေ သွားလွှတ်ရတယ်၊ ဒါတောင် ရိုက်ထားလိုက်တဲ့ ဒဏ်ရာတွေ နည်းတာမဟုတ်ဘူး၊ မြို့ဝန်ကလည်း သူစားမဲ့ ထမင်းပွဲကို ခြေနှင့်ကန်လှဲရမလားလို့ ကျုပ်ကိုတော့ နည်းနည်းမှ အခဲမကျေဘူးတဲ့၊ ဒါပေတဲ့ဗျာ ကျုပ်က သူ့ထက် တန်ခိုးအာဏာကြီးနေလို့သာ နည်းနည်းမှ သူ့ခမျာ အသာခေါင်းငုံ့နေရတာကလား"
ငယ် ။  "အင်း ... မယားအရေးကြောင့် စပ်ကြားက ဓားဘေးသင့်တဲ့ အဆောင်ကိုင်သမား နှစ်ယောက်အတွက်ကော သူတို့ဘက်က အရေးမယူဘူးလား"
တုတ် ။  "သူတို့ကိစ္စ မူရင်းကိုကမှ မရိုးမသားဘဲနှင့် စ,ခဲ့တဲ့ဟာဆိုတော့ ဘယ်မှာ လမ်းဆုံးအထိ လိုက်ဝံ့မလဲ"
ငယ် ။  "ဒါပေတဲ့ အမှုမဲ့အမှတ်မဲ့တော့ မနေနဲ့ကိုရင်ရဲ့၊ သတိဝီရိယ အမြဲထားပါ၊ မြို့ဝန်ကလည်း စိတ်အတော်ထက်တဲ့လူဗျ"
တုတ် ။  "သူ ထက်မြက်တာတွေ ကျုပ်သိပါတယ် ကိုဖေငယ်ရာ၊ ထက်ရုံမကဘူး ညစ်ပတ်တာကလည်း ရှိသေးတယ်၊ တပည့်လူဆိုးတွေ မွေးထားတာလည်း တယ်မနည်းဘူးတဲ့ဗျ။ ကျုပ် သိရသလောက်တော့ မအူမလည်နှင့် ဥစ္စာကြေးငွေ ကြွယ်ဝတဲ့ လူတစ်ဦးဦးရဲ့ အိမ်က ပစ္စည်းများကို လိုချင်ပြီလားဆိုမှဖြင့် ဒီမြို့ဝန်က အိမ်ရှင့်နှင့် အလွမ်းသင့်အောင် ပေါင်းလိုက်သေးတယ်၊ တစ်နေ့ကျတော့ ပျော်ပွဲရွှင်ပွဲအဖြစ်နှင့် အိမ်ရှေ့သွားပြီး ဇာတ်ပွဲများ ခံပေးလိုက်သေးတယ်၊ အိမ်သားတွေ ပွဲခင်းထဲဆင်းပြီး မေ့မေ့လျော့လျော့ နေကြပြီဆိုမှ သူ့တပည့်တွေက တိတ်တဆိတ် နောက်ဖေးလှေကားက လိုချင်သလို ပစ္စည်းပစ္စယာ သေတ္တာကြီး၊ သေတ္တာငယ်တွေကို လှည်းနှင့်တိုက်သယ်ကြတာပဲတဲ့"
ငယ် ။  "တယ်မဟန်ပါဘူးဗျာ၊ သူ့ပစ္စည်းရှင်များကလည်း ဒါလောက် အတင့်ရဲတာ မသိကြတော့ ဘူးဟာလား"
တုတ် ။  "နောက်တော့ ရိပ်မိသလိုလို ရှိပေမဲ့ မြို့ဝန်ဆိုတဲ့ ဂုဏ်ပုဒ်နှင့် တန်ခိုးအာဏာကထက်ပြီး နိုင်လိုမင်းထက် လုပ်ချင်တဲ့ သူ့ဝသီကို ဓာတ်သိသွားကြတော့ ပြိုင်ဆိုင်ပြောဆိုဖို့လည်း အင်အားချင်း မမျှလေတော့ ကြိတ်ပြီးသည်းခံလိုက်ကြရတာပဲတဲ့၊ ဒါနဲ့ တချို့ ကုန်သည်ကြီးတွေ၊ သူကြွယ်ကြီးတွေဟာ နောက်များ သူ့အမိန့်နဲ့ ရပ်ကွက်ထဲ ဇာတ်ပွဲလာခံမယ်ဆိုရင် အင်မတန် ကြောက်လန့်တကြား ဖြစ်ကြပြီး ရှိတဲ့ပစ္စည်းကလေးတွေ တစ်နေရာ သွားဝှက်ထားရဆိုပဲ"
ငယ် ။  "သြော် ... တယ်လည်း ညစ်ပတ်စုတ်ပဲ့တဲ့ အကြံပါပေဗျာ၊ အင်း ... ဒါလောက် ဗိုလ်လုပ်ချင်တဲ့လူဟာ ဒီတစ်ခါ ခင်ဗျားကို ခံလိုက်ရတဲ့အဖြစ်ကဖြင့် အတော့်ကို အကျနာသွားရှာတာပေါ့"
တုတ် ။  "ခင်ဦးရဲ့ အင်္ဂါရုပ်ကလည်း အဟုတ်ကို မက်မောလောက်ပါပေတယ်ဗျာ၊ ကျုပ်သာ အချိန်မီ မတွေ့လိုက်ရင် မခက်ပါလား၊ ကဲ ... ကဲ စကားကောင်းနေလိုက်တာ စားစရာတွေ သုံးဆောင်စမ်းပါဦး ကိုယ့်လူရာ၊ လာတဲ့အခါ အေးအေးဆေးဆေးပေါ့"
ငယ် ။  "သိပ်တော့ အချိန်ကြာအောင် အေးအေးစွာ မနေနိုင်ဘူး ကိုရင်တုတ်ရဲ့၊ ယခု ကျုပ်လာခဲ့ရတာက ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်ဘုရား အမိန့်တော်နှင့် လာခဲ့ရခြင်းဖြစ်တယ်၊ ခင်ဗျား အခန်းထဲမယ် စည်းစိမ် ယစ်နေလို့ အတော်ကြာစောင့်နေပါသေးရဲ့၊ တော်တော်နဲ့ ကိစ္စပြီးမှာ မဟုတ်တာနဲ့ အပြင်က လှမ်းခေါ် ရတာပဲ"
တုတ် ။  "သြော် ... ဒါဖြင့် ပြောစမ်းပါဦး ဘယ်လိုအမိန့်တော်များ ပါရှိပါသတုံး"
ငယ် ။  "တစ်နေ့ကပဲ ကျုပ်နှမကလေး ခင်အကြီး သူ့မေဖျားတို့အိမ် ပြန်ရောက်သွားပြီဗျ၊ အရှင် နန်းမတော် ဖုရားကလည်း တစ်လလောက် ဆေးဝါးကုဖို့ အိမ်ပြန်နေခွင့် ပြုလိုက်သည်တဲ့"
တုတ် ။  "အို ... ဒီလိုဖြင့် ကျုပ်တို့ ကြံခွင့်စည်ခွင့် ရကြပြီပေါ့"
ငယ် ။  "ဟုတ်ပါတယ်၊ အဲဒါ ရွှေနန်းရှင်ဘုရားကို ကျုပ် သွားပြီး သံတော်ဦးတင်တော့ အလျင်အမြန် မောင်မင်း အိမ်ပြန်သွားရမည်၊ မောင်တုတ်ကို ခေါ်၍ ဒိုင်းဝန်ကတော်ကြီးပါ သုံးဦးပေါင်း တိုင်ပင် ဆွေးနွေးပြီး ဘယ်နည်းဘယ်ပုံပြုရန် သင့်တော်မည်ဆိုတာ ငါ့ထံလာ၍ သံတော်ဦးတင်ရမည်တဲ့ ကိုရင်တုတ် ရဲ့"
တုတ် ။  "အို ... ဟုတ်ကဲ့လား၊ ရွှေနန်းရှင်ဘုရားက ကျုပ်တို့အပေါ် တာဝန်ပုံပြီး အကုန်လွှဲလိုက်သည် ဆိုပါတော့"
ငယ် ။  "ဟုတ်တယ် ကိုရင်တုတ်၊ ကျုပ်တို့ လုပ်ကိုင်ကြံစည်ရမည့် အလုပတွေ ပေါ်လာပြီး၊ ဒီကနေ့ကစပြီး ဒိုင်းဝန်ကတော် အရီးဖုရားနှင့် ခင်ဗျားတို့ ကျုပ်တို့ တိုင်ပင်လို့ အဆင်ပြေသလို စခန်းသွားကြရလိမ့်မယ် ကိုရင်တုတ်ရဲ့"
တုတ် ။  "ဟုတ်ကဲ့ ကိုဖေငယ်၊ အမြန်အနှေး ယခုညဥ့်ပင် ပြေး၍ အရေးတကြီး ဆွေးနွေးနှီးနှော ကြတာပေါ့၊ ကဲကဲ ... အချိန်က စကောစကနှင့် ညစာသုံးဆောင်ပြီးမှ အရီးဖုရားထံ သွားကြပါစို့၊ ဟဲ့ ... ခင်ဆွေကြီးတို့ ခင်နှင်းဥတို့၊ ညစာသုံးဆောင်ဖို့ ပြင်ကြစမ်း" ဟု လှမ်း၍ အမိန့်ပေးလိုက်ရာ အတန်ကြာက ရှဲဖယ်သွားသော မောင်မောင်တုတ်၏ ကြင်ယာအများသည် ၀တ္တရားအတိုင်း အနီးအနားသို့ ၀ိုင်းရံရောက်လာ၍ ညစာပွဲရံကြီးကို အရေးတကြီး ဆိုင်ရာဆိုင်ရာ တာဝန်ခံလျက် အမြန်ပြင်ဆင်နေကြလေ၏။
ဝသန္တန် အချိန်အခါဖြစ်၍ မိုးတိမ်တိုက်များမှာ ဂဏှာမငြိမ် ပြေးလွှားလှုပ်ရှားလျက် ရှိသောကြောင့် ညဥ့်ဦးယံ လခြမ်းကလေးသည် မိုးသားတိမ်တိုက်ကြားတွင် ထွက်ချည်ဝင်ချည်၊ ငုပ်ချည်ပေါ်ချည်၊ မှောင်တစ်ချီ၊ လင်းတစ်လှည့်နှင့် ဖြစ်နေလေ၏။ ရွှေမြို့တော်အတွင်း တောင်မျက်နှာ မင်္ဂလာတံခါး လမ်းသည် ၀င်းခြံကြီးချင်း ဆက်ကာဆက်ကာ တည်ရှိသော မှူးတော်မတ်တော် မြို့စားရွာစား စသော မင်းရာဇာ တို့ နေထိုင်ရာ ရပ်ကွက်ဖြစ်သည့်အတွက် အကူးအသန်း လူသွားလူလာ များစွာ မရှိလှဘဲ သဲလမ်း တစ်လျှောက်တွင် မှောင်မည်းသော မန်ကျည်းပင်ရိပ်များ ကျရောက်လျက်ရှိ၍ လမ်းပေါ်၌ ဖားဂုံညင်း၊ ဖားတလက်တို့သာလျှင် မိုးရေစွက်စွက်တွင် ပျော်ရွှင်ဆူညံလျက် ရှိလေ၏။
ဒိုင်းအတွင်းဝန်မင်းနေအိမ် ဆင်ဝင်ခန်းခေါ်သည့် အိမ်ဦးခန်းတွင် အတွင်းဝန်မင်း ညဥ့်ညီလာခံသို့ တက်ရောက်ခစားနေသောကြောင့် အခါတိုင်းဆိုလျှင် တံခါးများ ပိတ်ထားမြဲဖြစ်သော်လည်း ထိုနေ့အဖို့မှာ ပြူတင်းကဲလားတွေ ဖွင့်လှစ်၍ ဖန်သားဖန်ကျည် တစ်ပင်တိုင် မီးအိမ်များကို ပျားဖယောင်း တိုင်ကြီးများ ထည့်၍ ထွန်းထားသောကြောင့် အလင်းရောင်များ ထိန်ဝေလျက် ရှိလေ၏။
သို့ရာတွင် အတွင်းဝန်မင်းကား ထုံးစံအတိုင်း ရွှေနန်းရှင်ဘုရားထံတော်တွင် ညဥ့်ဦးယံ ညီလာခံ ၀င်နေဆဲ ဖြစ်ရာ အဆောင်ဦး၌ ဒိုင်းဝန်ကတော်ကြီး၊ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာ ခင်ခင်ကြီးကို အနီးမှ ထားပြီး အရေးကြီးသော အကြံအစည်များ တိုင်ပင်ပြောဆိုလျက် နေကြဆဲ ဖြစ်လေ၏။
ဝန်ကတော်ကြီးမှာ မတ္တရာ ကွမ်းသီးဖက်ချော ရွှေရောင်ပြားပတ် ဆေးပေါ့လိပ်ကြီးကို မီးခိုး တထောင်း ထောင်း ထအောင် သောက်လျက်ရှိ၍ မောင်မောင်တုတ်မှာ ကွမ်းအုပ်ထဲမှ ကွမ်းနုဝါကို တစ်ယာပြီးတစ်ယာ အဆက် မပြတ် ယာစားရင်း၊ (*) လေးညှင်း၊ နာနတ်သီးထဲမှ လေးညှင်းပွင့်ကိုနုတ်၍ စားလိုက်၊ ဖော့ပန်း ချယ်ထားသည့် (**)ဆေးဖုံးကိုဖဲ့၍ စားလိုက်နှင့် စိတ်ကူး ကုတ်လျက်ရှိသည်တွင် မောင်မောင်ငယ်ကလည်း ၀န်ကတော်ကြီးအနီးရှိ ကျောက်စိမ်းလက်ဖက်အုပ်ထဲမှ (***) ကြက်သွန်ပိုးတီကြော်နှင့် (****) ချင်းဆပ်ကုံးများကိုသာ ရွေးချယ်စားသောက်လျက် လက်တစ်ဖက်ကကိုင်ထားသော ရွှေဖီ လက်ဖက် ခြောက်ရည် ခပ်ပူပူကို တရှူးရှူးမှုတ်၍ သောက်ကာ မောင်မောင်တုတ် ပြောမည်ဖြစ်သော စကားကို ငြိမ်သက်စွာ စောင့်စားလျက်ရှိလေ၏။
(* လေးညှင်း၊ နာနတ်သီးဆိုသည်မှာ နန်းတော်သူများ အယဉ်အနုသုံးသော ပစ္စည်းဖြစ်သည်။ ကွမ်းစားရန် လေးညှင်းပွင့်များကို ကွမ်းအစ်တွင် ရောရောနှောနှော စုပုံမထားဘဲ ဖော့ကို နာနတ်သီးသဖွယ် လှီးကာ အနီရောင် ဆိုးလျက် အေက်တစ်ဖက်က ရွှေရောင်ပြားစိမ်းကို အညှာသဖွယ် စိုက်သည်၊ အပေါ်မှလည်း ရောင်ပြား စိမ်းများကို နာနတ်ရွက်သဏ္ဍာန် ဖွာဖွာကိုက်၍ ထိုးစိုက်သည်။
ဖော့ဖြင့်ပြုပြင်ထားသော နာနတသီးကိုယ်ထဲတွင် လေးညှင်းပွင့်များ ပတ်လည်ထိုးထားသောအခါ နာနတ်သီးမျက်ကွင်းများ ဖော်ပေးသည်နှင့်တူသည်)
(** ဆေးဖုံဆိုသည်မှာ ကွမ်းစားဆေးကို ရွှေဆိုင်းကဲ့သို့ ၂ လက်မပတ်လည် အထပ်များပြုလျက် အထက်အောက် တစ်ဖက်တစ်ချက် ရွှေရောင်ပြားပိတ်၍ အပ်ချည်ဖြင့် ဖိညှပ်ချုပ်ထားသည်၊ အပေါ်က ဖော့ပန်းကလေးများလှီး၍လည်းကောင်း၊ သီကြားရုပ်၊ နဂါးရုပ်၊ ကဏန်းရုပ်၊ စသည်ဖြင့် လက်မြောက်သူ တို့က အမျိုးမျိုး ရုပ်လုံးဖော်လှီး၍ အလှအပ တပ်ဆင်ထားခြင်းဖြစ်သည်။)
(*** ကြက်သွန်ပိုးတီကြော်မှာ လက်ဖက်နှင့်စားသော ကြက်သွန်ဖြူကြော်ဖြစ်သည်၊ ကြက်သွန်ဖြူကို ပိုးတီးလှီးပြီး မျက်လုံးနှစ်ဖက် နေရာကို ရှမ်းနှမ်းထည့်၍ ကြော်လျှင်ကျက်သောအခါ ပိုးတီကောင် ကလေးကဲ့သို့ စန့်ထွက်လာသည်၊ စားရာတွင်လည်း ရွ၍ အရသာရှိသည်။)
(**** ချင်းဆပ်ကုံးမှာ လက်ဖက်နှင့်စားသော ချင်းကို ဆပ်ကုံးငယ်သဏ္ဍာန် နုနုယယ၊ လှီးပြီးမှ အချဉ်ဖြင့် စိမ်ထားခြင်း ဖြစ်သည်။
နန်းသုံးအယဉ်အနု စားသောက်ဖွယ်ရာများဖြစ်၍ ထိုခေတ်က နန်းတော်သူ၊ နန်းတော်သားများ၊ မင်းဆွေ စိုးမျိုးများ သုံးစွဲ စားသောက်လေ့ရှိသည်။)
ယင်းသို့ အတွးကိုယ်စီနှင့် ငြိမ်သက်တိတ်ဆိတ်လျက် ရှိနေရာမှ ခင်ခင်ကြီးက စတင်၍ "ဟင် ... အစ်ကိုတို့ဟာက ဘယ်လိုဖြစ်ကြတာလဲ၊ မရဲဘဲနှင့် ကျွဲမြီကြိုး စီးကြလို့၊ ခင်ကြီးသက်သက် ဒုက္ခ ရောက်ရတာပါ၊ ဒီလိုသာ တောင်မင်း မြောက်မင်း မကယ်နိုင်လို့ တမှိုင်မှိုင် ဖြစ်နေကြရင် ခင်ကြီး စိတ်ရှုပ်တာနဲ့ ရူးတော့မှာပဲ" ဟု ပြောလိုက်သည်။
"ညီမလေးကို စိတ်အေးအောင် ကိုကိုကြီးတို့ ကြံဆေင်ပေးပါမယ်ကွယ်၊ ခဏလေးစောင့်ပါ၊ ခင် ခုလို ဒုက္ခ ရောက်တာလည်း အစ်ကိုကြီးတို့ ပယောဂမကင်းပါဘူး၊ ချက်ချင်း နေရာကျအောင် ဆောင်ရွက် မပေးနိုင်တာကိုပဲ ကိုကြီးတို့မှာ မချင့်မရဲ ဖြစ်နေပါတယ် ခင်ရယ်" ဟု မောင်မောင်တုတ်က နှစ်သိမ့်စေသည်။ သို့ရာတွင် ခင်ခင်ကြီးမှာ အလွမ်းမီးတောက်နေဆဲ ဖြစ်သောကြောင့် -
" ကိုကိုကြီးတို့ ကြံစည်ရာလည်း ခင်သိပါတယ်၊ သို့ပေမဲ့ အကျိုးအကြောင်း၊ အဆိုးအကောင်း ဘာမှနားမလည်ပါ၊ ခင့်မှာ ရွှေနန်းရှင်ဘုရားနှင့် မတွေ့ရဘဲ ယခုလို ရက်ရှည်နေ့ရှည် ခွဲနေရတာကိုသာ မခံမရပ်နိုင်အောင် ရှိပါတယ်၊ ရွှေမျက်နှာတော်ကို ဖူးမြော်လို့နေရမည်ဆိုလျှင် ထမင်းမစားရချင်လည်း နေပါ စေတော့ အစ်ကိုရဲ့ " ဟု ငိုရှိုက်ပြီး ကလေးဆိုးကြီးလို ပြောရှာတော့ သည်။ ၀န်ကတော်ကြီးလည်း သမီးကို ကျောသပ်ကာ -
"မငိုပါနဲ့သမီးရယ်၊ သမီး စိတ်ချမ်းသာအောင် မေဖျားတို့ ဆောင်ရွက်ပေးပါမယ်၊ ကဲ ... မောင်မောင်တို့ရယ်၊ ဘယ်လိုများ စီမံဆုံးဖြတ်ကြမလဲ ပြောကြစမ်းပါဦး"
တုတ် ။  "ကျွန်တော်တို့တော့ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုသလို ရွှေနန်းရှင် ဘုရား၏ မူလ ရည်ရွယ်တော်မူရင်းအတိုင်း ခင်ခင်ကြီးကို ဆောင်ရမိဖုရားတစ်ပါးအဖြစ်ရောက်ရန် အမြန်ဆုံး ဆောင်ရွက်ဖို့ စီမံဆုံးဖြတ်ရတော့မှာပဲ အရီးဖုရားရဲ့"
ဝန်ကတော် ။  "အဆောင်သီးခြားနှင့် မိဖုရားအဖြစ် ကောက်ယူမြှောက်စားတော်မူတဲ့ ကိစ္စမှာ ရွှေနန်းရှင်ဘုရားအလိုတော်သာ ဖြစ်ပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ အရီးဖုရားတို့က ဘယ်လိုလုပ် ကိုင် စီမံစရာ လိုပါသေးသလဲ"
တုတ် ။  "ရွှေနန်းရှင်ဘုရားကတော့ ခင့်အပေါ်မှာ အင်မတန်လည်း မြတ်နိုးတော်မူပါသည်၊ မိဖုရား တစ်ပါးအဖြစ် ထင်ထင်ရှားရှား အဆောင်တော်သနားတော်မူရန် အချိန်အခါတန်လျှင် အမှန်ပင် ချီးမြှောက်တော်မူပါလိမ့်မည်၊ အချိန်အခါဆိုသည်မှာလည်း ကြာချင်လည်းကြာပါမည်၊ မြန်ချင်လျှင် လည်း နက်ဖြန်သန်ဘက် ဆိုသလို ရုတ်တရက် အကွက်ဆိုက်လာပါမည်၊ ဒီတော့ အဆောင်ရ မိဖုရားတို့၏ အသုံး အဆောင်များ အရေးရှိလျှင် အဆင်သင့်ရနိုင်ရန် စီမံပြင်ဆင်ထားက အမှားနိုင် ဘူးထင်ပါသည် အရီးဖုရား"
ဝန်ကတော် ။  "ကောင်းပါပြီ မောင်မောင်၊ အဲဒီတာဝန်မှန်သမျှကိုတော့ အရီးဖုရားက စီမံပြင်ဆင် ထားလိုက် ပါမည်"
ငယ် ။  "ဒီကိစ္စကို ရက်များမကြာခင် အေးချမ်းစွာ ပြီးမြောက်စေရန် ခင်အကြီး အိမ်ပြန်ခေါ်ခဲ့ရသည်၊ ခင်အကြီး ရွှေနန်းတော်ပေါ်က အိမ်ပြန်ရောက်သည်နှင့် တစ်ချက်တည်း မောင်မင်းတို့ ကြည့်လို့ စီစဉ် ကြစေလို့ ရွှေနန်းရှင်ဘုရားက အမိန့်တော် ပေးထားပြီး၊ ဒီတော့ အမြန်နှင့်အနှေး ကိစ္စပြီးမြောက် ဖို့အရေးကို ကျုပ်ဆို လက်ထဲမှာပဲ ရှိသဗျ"
ခင်ခင်ကြီး ။  " အစ်ကိုတို့ဟာ အစ်ကိုတို့ နှေးလိုနှေး၊ မြန်လိုမြန် ကြံချင်သလိုသာ ကြံကြပါ၊ ခင်ကြီး အလိုကို ပြောရမှာဖြင့် ခုလောလောဆယ် ရွှေနန်းရှင်ဘုရားကို သွားလို့ဖူးချင်လှပါတယ်၊ ဘယ်နေ့ ဘယ်လောက်မှ မျက်နှာတော်ကို ဖူးမြင်ရပါ့မလဲ"
တုတ် ။  "ကိုကိုကြီးတို့ စီမံစိုင်းပြင်းနေကြတဲ့ အတောအတွင်းမှာ ခင်နှင့် ရွှေနန်းရှင်ဘုရားကို ဘယ်လိုနည်းနှင့် တွေ့ခွင့်ရအောင် ကြံဆောင်လို့ပေးရမလဲ၊ ရွှေနန်းရှင်ဘုရား ကိုယ်တော်တိုင် ဒီကို ထွက်တော်မူရန်လည်း ဧကရာဇ်ဘုရင်တစ်ပါးအဖြစ်နှင့် စဉ်းစားလိုက်လျှင် လားလားမျှ သင့်တော် မည် မထင်ဘူး ခင်ရဲ့"
ဝန်ကတော် ။  "ဒီပြင့် နည်းလမ်းများ ရှိပါလိမ့်ဦးမယ် မောင်မောင်ရယ်"
ခင်ကြီး ။  "ကြံစည်ပေးပါဦး ကိုကိုကြီးရယ်၊ ခင်ကြီးလေ မိဖုရားတွေ ဘာတွေ မဖြစ်တာဖြစ်တာ ဘာမှဂရုမစိုက်ချင်ပါဘူး၊ ရွှေနန်းရှင်ဘုရားကို ဖူးနေရရင် ၀မ်းသာတာပါပဲ"
ငယ် ။  "ခင့်စိတ်ချမ်းသာမှုကို ကြိုးစားပါ့မယ်၊ ဒီမှာ ကိုတုတ်ရဲ့ နက်ဖြန်ညကို ရွှေနန်းရှင်ဘုရားထံ ခင့်ကို ခေါ်ဖို့ ရှေးဦးစွာ ကြံကြစို့"
တုတ် ။  "အရင်နေရာမှာတွေ့ကြလို့ ဖြစ်ပါ့မလားဗျာ"
ငယ် ။  "ဒီနေရာမှာ မဖြစ်လျှင် ဖြစ်နိုင်မည့်နေရာကို ရွှေနန်းရှင်ဘုရားထံ အမိန့်တော်ခံတာပ"
တုတ် ။  "ရွှေနန်းတော်အရှေ့ပိုင်း တစ်နေရာရာမှာ ရွေးကြရင် ရစရာရှိပါတယ်၊ ခင်ခင့်ကို ကျုပ်တို့နှင့်အတူ ယောက်ျားကလေးအသွင် ၀တ်ဆင်ပြီး လိုက်စေလျှင် နေ့စဉ် အသွားအလာ လွယ်ကူပါတယ်"
ငယ် ။  "နန်းမတော်ဖုရားအဆောင်တော်မှာ ခစားနေစဉ်ကတော့ ခင်အကြီးကို ခေါ်ရတာ အင်မတန် ကျဉ်းကြပ်လှပါတယ်၊ ယခုလို ကိုယ့်အိမ်က ကိုယ်သွားနိုင်လျှင် အင်မတန် လွတ်လပ်တာပါပဲ"
တုတ် ။  "ရွှေနန်းရှင်ဘုရားကလည်း ဒီအကြံကို လက်ခံတော်မူလိမ့်မယ်လို့ ထင်တယ်"
ငယ် ။  "ဒီလိုဆိုလျှင် နက်ဖြန်မနက်ပိုင်း ညီလာခံမှာ ဒီအကြံကို သံတော်ဦးတင်ကြစို့၊ ဒီတော့မှ ညဥ့်ဘက်ကို ညီလာခံကျုပ်တို့ဝင်လျှင် ခင့်ကို တစ်ခါတည်း ခေါ်သွားနိုင်လိမ့်မယ်"
ဝန်ကတော် ။  " ကဲ... သမီး မျက်ရည်ကလေး တလည်လည်နှင့် ငိုမနေပါနဲ့တော့ကွယ်၊ သမီးရဲ့ အစ်ကိုကြီးတွေက ဘယ်လောက်များ ကြိုးစားနေရှာကြသလဲ၊ ကဲကဲ နက်ဖြန်ညကိုပဲ ရွှေနန်းရှင်ဘုရားနှင့် တွေ့ရစေမယ်တဲ့ ဘာမှမပူနှင့်"
ခင်ခင်ကြီး ။  "၀မ်းသာလိုက်တာ မေဖျားရယ်၊ တကယ်ပဲ တွေ့ရပါစေနော်၊ ဘုရားသိကြား မတော်တဆ အနှောင့်အယှက်တွေ့ပြီး အကြံပျက်စီးမသွားပါစေနှင့်" ဟု မျက်နှာရွှင်ရွှင်နှင့် ဆုတောင်းနေလျှင် ၀န်ကတော် ကြီးသည် ကလေးသဖွယ် အေးလွယ်ပူလွယ် ဖြစ်နေရှာသော သမီးကလေးကိုကြည့်လျက် ကရုဏာသက်မိလေသည်။ မောင်မောင်တုတ်မှာ စိတ်ခိုင်သူဖြစ်၍ အကြောင်းမထူးခြားလှသော်လည်း မောင်မောင်ငယ်မှာ နဂိုမူလက ပယောဂမကင်းသဖြင့် ရင်တွင်းမှာ မချိမဆန့် ဖြစ်သွားပြီး ခင်ကြီးကို ငါတို့ပင်း၍ ဖျက်ဆီးလိုက်ကြတယ်၊ ငယ်စိတ်ငယ်သွေးနှင့် ကလေးလိုနေသူကလေးတစ်ဦးဟာ ငါတို့ရှေ့ မှာပင် လင်တရူးမကလေး ဖြစ်နေရရှာပါပေါ့ကလားဟု ရင်ထုမနာ သနားလိုက်မိတော့သည်။ သို့ကြောင့် ပင်လျှင် ဘယ်ကမ်း တင်တင် ဘယ်သောင်ဆိုက်ဆိုက် ခင်ခင်ကြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိမည့် ကိစ္စမှန် လျှင် အသက်ကိုပင် အန်၍လဲလိုက်တော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်မိသည်။
အတန်ကြာလျှင် တဖွဲဖွဲကျနေသော မိုးများစဲလျက် အပြင်ဘက်လမ်းမဆီမှ မြင်းဟည်းသံများ လူသံများကြားရ၍ ၀န်ကတော်ကြီးက "ဟော ... မောင်မောင်တို့ ဘဘဘုရားလည်း ညီလာခံစဲလို့ ရွှေနန်းတော် ထဲက ပြန်လာပြီထင်တယ်" ဟု ပြောလိုက်လေ၏။
မောင်မောင်ငယ်က "ဒါနဲ့ မေဖျားရယ ဘဘဘုရားကို အားနာစရာကောင်းလှပါတယ်၊ မောင်တို့ ပြောဆို တိုင်ပင်သမျှတွေ ဘာမှမသိပါစေနဲ့" ဟု နှုတ်ပိတ်လိုက်လေ၏။
ဝန်ကတော်ကြီစးကလည်း "မေဖျားကလည်း အသေးစိတ် ပြောမထားပါဘူး၊ ဖခင်ဆိုတော့ သိသင့် သိထိုက် သမျှတော့ အသိပေးရသေးတယ် မောင်ရဲ့" ဟု စကားတုန့်လိုက်ပြီးနောက် ဒိုင်းအတွင်းဝန်မင်းလည်း အိမ်ပေါ်သို့ ရောက်လာလေ၏။ "အို ... တူတော် ရနောင်မင်းသားကြီးတို့ ဒီကို ရောက်လို့နေကြပါကလား၊ ဒါကြောင့် ယနေ့ ညဥ့်ဦးညီလာခံမှာ မောင်မောင်တို့ကို မမြင်တာကိုး" ဟု နှုတ်ဆက်လျက် အ၀တ်အစားများ လဲလှယ်ကာ စကားဝိုင်းတွင် ၀င်ထိုင်ပြီး ရွှေနန်းတော်ကြီးမှ ညီလာခံတွင် ဆွေးနွေးခဲ့ရသော ကိစ္စများကို တစ်ဆင့် ပြောကြား တိုင်ပင်လျက် ရှိလေ၏။
ညို့မှိုင်းသော မိုးတိမ်လွှာများသည် လေဆောင်ရာ ရွေ့လျားလျက်ရှိလေ၏။ တစ်ခါတစ်ခါ တိမ်လွှာချင်း အဆက်ပြတ်သွားလျှင် ဖဲပြာရင့်ပေါ်တွင် စိန်မှုန်စိန်ပွင့်ကလေးများ ဖြန့်ကြဲထားသကဲ့သို့ ၀ါးခနဲ လက်ခနဲ ပြိုးပြိုးပြက်ပြက်နှင့် လ,ရောင်ကြယ်ရောင်တွေ ထွက်နေသော ပြာလဲ့ကြည်လင်သည့် ထက်ကောင်းကင် မျက်နှာကျက်ကို တစ်ချက်တစ်ချက် တွေ့မြင်နိုင်လေ သည်။
လေပြည်တလှိုက် မိုးတပြိုက်နှင့် လ,သာသည့်ခိုက်တွင် ရုတ်ခနဲ ကြည်လင်ပြီး တိမ်ညိုချည်း သန်းလာလျှင်ကား တင်းတိမ်လွှာကို ခြုံဖြန့်ကာရံလိုက်သည်နှင့်မခြား မှောင်ရိပ်များ ဆိုင်း၍သွား လေ၏။
ပန်းရွက်၊ ပန်းခိုင်တို့အပေါ်တွင် မိုးရေစက်တို့ ဖျန်းပက်စိုရွဲနေသောကြောင့် တစ်ချီတစ်ချီ ထွက်၍ သာလိုက်သော ငွေလရောင်အောက်တွင် ရေရောင်မှာ စိန်ရောင်လို တောက်ပြောင်ဝင်းလက် တဖျပ်ဖျပ် ရှိခဲ့ရာ တစ်သုတ်တစ်သုတ် လှုပ်ရမ်းကစားလိုက်သော မိုးသက်လေကြောင့် ရေပေါက်ရေ ဥတွေ ပြုတ်ကြွေလျှော့ကျ မြေသို့ခသည်တွင်မှ မြရောင်ရွက်နုတို့သည် သူ့မူလ အသွင်အတိုင်း အကိုင်း အနွယ်ချင်း ယှက်ကာ ဇာတိရုပပေါ်လာကြကုန်သည်။
အဆောင်တော် တံစက်မြိတ်အောက်၌ တစ်ပေါက်ပေါက်ကျလျက်ရှိသော မိုးရေကြွင်းရာလေးများမှာလည်း သဲနုပြင်တွင် အမြှင်မပြတ် ချိုင့်ဝှမ်းငယ်များ ထပ်နေစေတော့သည်။
အရှေ့တောင်ဘက် မျက်နှာမှ ကြောင်လိန်လှေကားဖြင့် မြင့်မားသော နန်းမြင့်မျှော်စင်ဖုံးလွှမ်း ကာကွယ်ပေးနေသကဲ့သို့ ရှိလေ၏။ မျှော်စင်နန်းမြင့် ပြာသာဒ်၏ ဒုပိကာအောက်ခြေတွင် ငွေဝန်းစန္ဒာသည် တွဲမှီခိုနေသည်ဟု ထင်ရလေသည်။ နံ့သာအုတ်နန်းဆောင်ကလေးမှာ စန်းငွေယုန်နှင့် မျက်နှာချင်း ဆုံလျက်ရှိ၍ နံ့သာနန်းဆောင် အတွင်းတွင်ကား ရွှေနန်းရှင်ဘုရား ခေတ္တစံနေတော်မူလိုက် ဖြစ်လေ၏။
သီပေါရွှေနန်းရှင်ဘုရားသည် တောင်ဘက် ပန်းခုံတော်နံ့သာအုတ် နန်းဆောင်အတွင်း ခင်းထား အပ်သော ရတနာ သဉ္ဇာလီပေါ်တွင် ထိုင်တော်မူကာ တိမ်ညိုထဲမှ ဘွားခနဲ ထွက်ပေါ်လာသော စန္ဒာလ၀န်းကို မျှော်မှန်း ကြည့်ရှုတော်မူလျက် ဒိုင်းခင်ခင်ကြီးမှာမူ ရွှေနန်းရှင်၏ ခြေတော်စုံကို တင်းတင်းကျပ်ကျပ်ဖက်၍ ဒူးခြား၌ ခေါင်းထား ပြီး ၀မ်းပမ်းတနည်း လှိုက်လှိုက်လှဲလှဲကြီး ငိုလျက် ရှိလေ၏။
ရွှေနန်းရှင်သည် ကြောက်စိတ်ထက် ချစ်စိတ်က လွန်ကဲပြီး သဲသဲမဲမဲဖြစ်နေရှာသော ခင်ခင်ကြီးအား သနားခြင်းပြင်းစွာဖြင့် ငုံ့ကာရှုစားတော်မူနေရင်း ခင်ခင်ကြီး၏ ခေါင်းကလေးကို သပ်လိုက်၊ ဖြူဖွေးနုညက် အိစက် ပြေပြစ်သော ပခုံးကလေးနှင့် မောင်မောင်ဘုရား အင်မတန်မှ သနားချစ်ခင်တော်မူပါတယ်၊ ဘယ်တော့မှ စိမ်းကားတော်မူလိမ့်မယ် မထင်ပါနှင့်" ဟု မိန့်တော်မူ ကာ ချော့မော့တော်မူလျက်ရှိသည်။
"ရွှေနန်းရှင် မောင်မောင်ဘုရား ခင်ကြီးကို ဒီလိုထားမဲ့အစား တစ်ခါတည်း သေသွားအောင်သာ ဓားတော် နှင့် ပိုင်းတော်မူလိုက်ပါတော့ဘုရား၊ ရွှေနန်းရှင် မောင်မောင်နဲ့ ယခုလို ရက်ကြာကြာကြီး ခွဲခွာ နေရသည် ထက် သေရတာက ကောင်းပါသေးရဲ့ဘုရား" ဟု ခင်ခင်ကြီးက ငိုရင်းရှိုက်ရင်း တလှိုက်လှိုက် ပြောဆို လျှောက်တင် လျက် ရှိနေတော့သည်။
ဘုရင် ။  "ခင်ကြီးရဲ့ မောင်မောင်ဘုရားကလည်း ခင့်ကို အပါးတော်မှာ အမြဲထားပြီး အလကား နေရင်း မှန်လိုရှု၍သာ နေချင်ပါသည်။ သို့ရာတွင် ကြာကြာဝါးမဲ့သွား အရိုးကြည့်ရှောင်ရသည်ဆိုတဲ့ စကားတိုင်း ခင့်နန်းမတော်ဖုရား ကြည်သာတော်မူမည့်အချိန်ကို စောင့်တော်မူလိုလို့ပါကွယ်"
ခင်ကြီး ။  "ရွှေနန်းရှင် မောင်မောင်ဘုရား၊ စောင့်စားတော်မူတာက အရေးမကြီးပါ၊ ခင်ကြီးမှာ မောင်မောင်ဘုရားကို ချစ်တာတစ်ခုတည်း နားလည်ပါသည်၊ တစ်နေ့မတွေ့ရလျှင် ရင်ထဲမှာ မီးတွေ တောက်နေသလို အင်မတန် ပူလောင်ပြီး အခံရခက်လှပါတယ်ဘုရား"
ဘုရင် ။  "နောင်ကို ယခုလို မပူရအောင် မောင်မောင်ဘုရား၊ မြှောက်စားပြီး မိဖုရားတစ်ပါးအဖြစ် ထားပါမယ်၊ တယ်မကြာစေရပါဘူး ခင်ရဲ့"
ခင်ကြီး ။  "ကျေးဇူးတော်ရှင် ရွှေနန်းရှင်ဘုရား၊ မိဖုရားဖြစ်ရတာ ဘယ်လောက်ကြာဦးမယ် မသိသေး ပါဘုရား၊ ခင်ကြီးအလို လျှောက်တင်ရလျှင် အရှင် နန်းမတော်ဘုရား ကြည်သာတော်မူလို့ မိဖုရားမဖြစ်ခင် ရွှေနန်းရှင်ဘုရားနှင့် ယခုလို အကြာကြီး ကွေကွင်းနေရမည်ဆိုလျှင် မိဖုရားလည်း မဖြစ်ချင် နေပါစေ တော့ဘုရား၊ ဘယ်လိုပဲနေရနေရ၊ ရွှေနန်းရှင် မောင်မောင်ဘုရား အပါးတော်မှာ ကိုယ်လုပ်တော် ကလေး အဖြစ်နှင့် အချစ်ကိုဆက်၍ နေပါရစေတော့ဘုရား"
ဘုရား ။  "အို...ခင်က နေချင်သော်လည်း မောင်မောင်ဘုရားမှာ ခင့်ကို သနားချစ်ခင် မြတ်နိုးစိတ် ၀င်တော်မူလှသည်၊ နိမ့်နိမ့်ကျကျ ကိုယ်လုပ်တော်ကလေးဘ၀နှင့် ထားတော်မူရက်ပမလား၊ မကြာခဏ တွေ့ချင်လှတဲ့ စိတ်နှိုးဆွမှုကို မလွန်ဆန်သာခြင်းကြောင့် ယခုလို ခက်ခက်ခဲခဲနှင့် တွေ့ကြရတာ ကလေးကိုပင် ခင်ကြီးအတွက် မောင်မောင် ကရုဏာသက်မိပါတယ်ကွယ်"
ခင်ကြီး ။  "အရှင် သဒ္ဓါတော်မူလို့ မိဖုရားတစ်ပါး ဖြစ်ရစေကာမူ မောင်မောင်ဘုရား အပါးတော်မှာ နေ့စဉ် နီးနီးကပ်ကပ် မခစားရပါလျှင် အလကားပါပဲဘုရား၊ မိဖုရားဘယ်လောက်ကြာမှ ဖြစ်ရဖြစ်ရ မောင်မောင်ဘုရားထံတော်ကို နေ့တိုင်းနေ့တိုင်း ရောက်ရလျှင် ခင်ကြီး စိတ်ပျော်ပါတယ်၊ ဘယ်ကမ္ဘာထိအောင် စောင့်ရစောင့်ရ ကျေကျေနပ်နပ်ကြီး စောင့်ပမယ်ဘုရား"
ဘုရား ။  "ခင်ကြီးရယ်၊ ကလေးငယ်သမျှ ငါ့ကို စိတ်လိုက်မာန်လိုက် အင်မတန်မှ ချစ်ရှာလျှတယ်နော်၊ သြော် ... ငါကလည်း ရှင်ဘုရင်မို့သာ ရာဇဣနြေ္ဒ ဆောင်ရသည်။ ရွှေရင်တော်ထဲ ခွဲလို့ပြလိုက်ရလျှင် ခင်နှင့်တယ်လို့ ကွာလှမည်မဟုတ်ဘူးကွဲ့၊ နန်းမတော်ကြီးရဲ့ ကြည်သာအခွင့်ပေးမှုဟာ မကြာခင် ရပါစေလေ မောင်မောင် ချစ်တော်မူတာတွေ ခင်ကြီး သိရစေမပေါ့"
ခင်ကြီး ။  "မောင်မောင် ရွှေနန်းရှင်နှင့် ညစဉ် ညစဉ် ခင်ကြီးလာပြီး ခစားဖူးတွေ့ချင်ပါတယ်ဘုရား၊ နောက်များမှ သိရမဲ့ အရေးကိုဖြင့် တင်ကြိုတွေးတော မက်မောမနေပါရစေနှင့်၊ မောင်မောင်ဘုရား ခင်ကြီးကို တကယ်ချစ်တော်မူလျှင် နေ့စဉ်တွေ့တော်မူချင်မှာပါပဲ၊ စိတ်တော်ထဲက မပါရင်သာ ဟာ ... ဒီကောင်မ ကလေးဟာ တယ်နားပူတာပဲလို့ အထင်တော်ရှိပါလိမ့်မည်ဘုရား"
ဘုရင် ။  (ခင်ခင်ကြီးကို တင်းတင်းကျပ်ကျပ် ဖျစ်ညှစ်ကာ) "အို ... ဒီချစ်စရာမကလေးဟာ စကားတတ်တော်မူရှာလေတယ်၊ တကယ်ဆိုတော့ မောင်မောင်ဘုရားကလည်း ခင့်ကို နေ့စဉ်နေ့ တိုင်း တွေ့မြင် နေချင်ရက်ပါ၊ မတွေ့ရတဲ့အချိန်တွေကဆိုလျှင် ခဏခေတ္တ စက်ပျော်တော်မူစဉ်အခါကလေးမှာပဲ စိတ်တော် က စွဲလမ်းမှုအတွက် အိပ်မက်တော်ထင်မြင်ပြီး ခင်ခင်နှင့်အတူ ကြည်ဖြူရွှင်လန်း အချစ်ခန်း ဖွင့်တော်မူခဲ့ရပါတယ်၊ ချစ်သူနှင့် အမြဲတွေ့လို့ အချစ်ငွေ့ အချစ်မှိုင်းခံပြီး စည်းစိမ်စံရတဲ့ ကိစ္စမျိုးမှာ ပုထုဇဉ် မှန်သမျှ ခုံမင်ကြမြဲပါ၊ မောင်မောင်ကော ဘာမို့ခံနိုင်မှာတုံး ခင်ရဲ့"
ခင်ကြီး ။  "ဒါဖြင့် ရွှေနန်းရှင် မောင်မောင်ဘုရား၏ ရှေ့တော်မှောက်ကို နေ့တိုင်း အခစားရောက်ပါ ရစေ ဘုရား"
ဘုရင် ။  "ကောင်းပါပြီ ခင်ရယ်၊ မောင်ဖေငယ်နှင့် မောင်တုတ်တို့ကို အမိန့်တော် ရှိလိုက်မယ်၊ ဒီကို ခင်ကြီး နေ့တိုင်းရောက်စေရမှာပေါ့၊ မောင်မောင်တော့ ညဥ့်ညီလာခံကိစ္စကို အကြောင်းပြပြီး ခင်ကြီးနှင့် နံ့သာဆောင်တော်မှာ ပျော်ပျော်စံတော်မူတော့မည်၊ သည်အချိန်ကစပြီး ခင်ကြီး မငိုနှင့် တော့နော်၊ ပါးပေါ်က မျက်ရည်တွေ သုတ်ပစ်လိုက်ပေတော့"
ဟု မိန့်တော်မူကာ ၀တ်လဲတော် မုဆိုးခါးပုံစကို မ,ယူကာ ခင်ခင်ကြီး၏ ပါးပေါ်တွင် ဥလိုက်တင်လျက် ရှိနေသေးသော မျက်ရည်စများကို သနားကြင်နာစွာ သုတ်ပေးတော်မူပြီး ပုခုံးကို ဖက်ပွေ့ဆွဲထူကာ တွဲယူ ဆောင်ကြဉ်းပြီး နံ့သာဆောင်အတွင်းသို့ ၀င်တော်မူလေသည်။
ကြည်ဝင်းလက်ပြောင်သော လ,ရောင်သည် မိုးတိမ်တောင်များ လွင့်ပါးသွား၍ လင်းအားကောင်းလျက် ရှိလေသည်။ ပန်းခုံတော်အတွင်းမှ မြတ်လေးပန်းရနံ့များကို သန်းခေါင်လေညင်းက နံ့သာဆောင် အုတ်တိုက်ငယ်အတွင်းသို့ ပို့ဆောင်ဖြည့်သွင်းနေလေ၏။ နံ့သာနန်းရေကန်ငယ်တွင်မူကား ကောင်းကင်နှင့် လမင်းသည် ၀င်းဝင်းစက်စက် နစ်မြှုပ်လျက် ရှိလေသတည်း။
မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့သည် နံနက် ညီလာခံအချိန်က ရွှေနန်းရှင် ဘုရားထံ အကြံဥာဏ်ဆက်ကြပြီး ဖြစ်သောကြောင့် တောင်ဘက်ပန်းခုံတော်တွင် စုံမက်ချစ်ခင်တော်မူလှသော ဒိုင်းခင်ခင်ကြီးနှင့် ယခုညမှစ၍ ပြန်လည်တွေ့ဆုံတော်မူရလေသည် ဖြစ်ရာ နောက်နောင် အခွင့်အရေး သာယာခြင်းမရှိသေးသမျှ ညစဉ်ပင် ယခုကဲ့သို့ တွေ့ဆုံတော် မူကြရတော့မည်ဖြစ်လေ၏။
သီပေါရွှေနန်းရှင်ဘုရား၏ စိတ်တော်မှာ နန်းမတော် ထိပ်စုဖုရားလတ်အား ညီမတော်စုဖုရားကလေးကို မြောက်နန်းမိဖုရားကြီး မြှောက်တင်ရေးနှင့် အခွင့်အရေးညီတော်မမူသေးမီ ခင်ခင်ကြီးကို ဆောင်ရ မိဖုရားကလေး အဖြစ် ချီးမြှောက်သိမ်းပိုက်လိုကြောင်း ဖျောင်းဖျသွေးဆောင်တော်မူရန် ကြံစည်တော် မူလျက် ရှိသည့် အတိုင်း နန်းမတော်ကြီး စိတ်လက်ကြည်သာတော်မူမည့် အချိန်အခါကို ဆိုင်းငံ့တော် မူရင်းပင် ညစဉ် ညစဉ် ဒိုင်းခင်ခင်ကို အလွမ်းပြေ တွေ့ဆုံတော်မူ၍နေလျှင် ခင်ခင်ကြီးလည်း စိတ်လက် ပျော်မွေ့ရှာမည်။ ခင်ခင်ကြီးမှာ ရွှေနန်းတော်ပေါ်တွင် မနေဆဲ သူ၏ မိဘများထံတွင် နေထိုင်သော ကြောင့် သွားရေးလာရေးလည်း လွယ်ကူချောင်ချိမည်။ မင်းခစား ယောက်ျားကလေးတစ်ဦး သဏ္ဍာန်ဖြင့် မောင်မောင်တုတ်၊ မောင်မောင်ငယ်တို့နှင့် အသွားအပြန် ရောနှောထွက်ဝင် ခစားခဲ့လျှင် မည်သူ တစ်ဦး တစ်ယောက် မျှ ရိပ်မိရန်မရှိ၊ မိမိကိုယ်တော်တိုင်လည်း တိုင်းရေးပြည်ရေး ဆွေးနွေးရန် ရိုးမယ်ဖွဲ့၍ ညဥ့်အလှည့် ညီလာခံကို အချိန်ကြာရှည်စွာ ပြုလုပ်ရန် ရနောင်မြို့စား မောင်မောင်တုတ်တို့နှင့် တိုးတိုး တိတ်တိတ် အတွင်းကြိတ် စီမံတော်မူလိုက်လေ၏။
သို့ကြောင့် ထိုနေ့မှစ၍ ရွှေနန်းတော်နေ့အခါ ဗိုလ်ညီလာခံ၊ ရွှေဆောင်တော်အတွင်း မင်းကြီး၊ စိုးကြီး၊ ၀န်ကြီး၊ မှူးကြီးများနှင့် အလှည့်ကျ ကျင်းပမြဲဖြစ်သော ညဥ့်ညီလာခံသဘင်ကိုလည်း အချိန်ပို၍ ကျင်းပလျက်ရှိသည်။ စီမံဆွေးနွေးနေကျ တိုင်းရေးပြည်မှုများကိုလည်း ရွှေနန်းရှင်ဘုရား ကိုယ်တော်တိုင် ထူးထူးထွေထွေ စိစစ်ဆွေးနွေးတော်မူလေရာ အခါတိုင်းထက်ပင် ခရီးတွင်ကျယ် လျက်ရှိလေ၏။
နေ့အခါ ရွှေဆောင်တော် ဗိုလ်ညီလာခံသဘင်တွင် ထာဝစဉ် တက်ရောက်ရသော မှူးတော်, မတ်တော်, ၀န်ကြီး ၀န်ထောက်, မြို့စား,ရွာစားနှင့် အရာရှိများမှာ လယ်ကိုင်းမြို့စား ၀န်ကြီးမင်း၊ တောင်ခွင်မြို့စား မင်းကြီး၊ တိုင်တားမြို့စားမင်းကြီး၊ စလေမြို့စား လှေသင်းအတွင်းဝန် မင်း၊ မက္ခရာမြို့စား၊ အောက်မြစ်စဉ် ခရိုင်ဝန် လက်ဝဲ၀င်းတော်မှူး၊ ညောင်အုပ်မြို့စား လယ်ယာ ၀င်းတော်မှူး၊ ပျဉ်းမနားမြို့စား နောက်ဝင်း တော်မှူး ယင်းတော်မြို့စား ရွှေမြို့တော်ဝန်မင်း၊ ကောလင်းမြို့စား၊ ရွှေလှံဗိုလ်မြို့ဝန်မင်း၊ ပင်လယ်မြို့စား အက္ကပတ်မြင်းဝန်မင်း၊ ၀န်ထောက်တော် မိုးတားမြို့စားမင်း၊ ၀န်ထောက်တော် ၀က်မစွတ်မြို့စားမင်း၊ ၀န်ထောက်တော် အ၀ခရိုင်ဝန်မင်း၊ ၀န်ထောက်တော် အညာမြစ်စဉ်ခရိုင်ဝန်မင်း၊ ၀န်ထောက်တော် ချင်းတွင်းကြောင်း ခရိုင်ဝန်မင်း၊ ၀န်ထောက်တော် မြင်းစုကြီးဝန်မင်း၊ ၀န်ထောက်တော် ဖန်ချက်ဝန်မင်း၊ ၀န်ထောက်တော် ပညာဝန်မင်း၊ ပင်းသာမြို့စား၊ အတွင်းဝန်မင်း၊ ၀န်ထောက်တော် ပေါက်မြိုင်မြို့စားမင်း၊ မြို့သစ်မြို့ စားအတွင်းဝန်မင်း၊ ကျောက်မြောင်းမြို့စားအတွင်းဝန်မင်း၊ မိုင်းခိုင်းမြို့စားအတွင်းဝန်မင်း၊ ရှေ့ဝင်းတော်မှူး ရတနာသိင်္ခ ခရိုင်ဝန်မင်း၊ တောင်တွင်းကြီးခရိုင်ဝန်မင်း၊ စစ်ကိုင်းခရိုင်ဝန်မင်း၊ ပုခန်းကြီးခရိုင်ဝန်မင်း၊ စို့လေးဆယ်ဒိုင်းဝန်၊ ဘောင်ဝန်၊ စက်ဝန်၊ ယွန်းစုဝန်၊ သံတော်ဆင့် အဝေးကျီဝန်၊ သံတော်ဆင့်လယ်ဝန်၊ သံတော်ဆင့် ပန်းထည်းဝန်၊ သံတော်ဆင့် လက်နက်တိုက်ဝန်၊ သံတော်ဆင့် ငယ်တိုးရွှေလောင်းလှေအုပ်ဝန်၊ စာရေးတော်ကြီး၊ မင်းလှရာဇ ကျော်ထင်၊ ၀င်းဒိုင်းစာရေးတော်ကြီးတို့ဖြစ်၍ ရွှေနန်းရှင် သီပေါမင်းတရားကြီး ကိုယ်တော်တိုင် တိုင်းရေးပြည်မှုများကို ခန့်ခွဲစီမံတော်မူလျက် ရှိပြီးလျှင် ညဥ့်အခါ ညဥ့်ညီလာခံသဘင်မှာမူ လူစုံ မင်းစုံ ခစားခြင်းပြုရန် မလိုသဖြင့် အတွင်းဝန်များ၊ ၀န်ကြီး ၀န်ထောက် ဗြဲတိုက်သံဆင့်များသာ အလှည့်အဆိုင်းနှင့် တာဝန်ကျ တက်ရောက်ခစားကြမြဲ ဖြစ်လေရာ လက်သုံးတော်ကြီးများမှာလည်း နေ့ဆိုင်းညဆိုင်းခွဲ၍ အမြဲခြံရံ ခစားလျက် ရှိကြလေ၏။
ထိုလက်သုံးတော်ကြီးများအနက် နေ့လှည့်ညဥ့်လှည့် ခွဲရာတွင် ပင်းသာမြို့စား မောင်မောင်ဗျောင်း ခေါင်းဆောင်သော အဆိုင်းက အများအားဖြင့် နေ့လှည့်ကျ၍ လက်သုံးတော်ကြီးကိုင်မြောက် ဒ၀ယ်ဗိုလ် ရနောင်မြို့စား မောင်မောင်တုတ် ခေါင်းဆောင်ပြုသော အဆိုင်းမှ ညလှည့်ကို တာဝန် ပြောင်းလဲယူကြလေသည်။
မြောက်ဒ၀ယ်ဗိုလ် လက်သုံးတော်ကြီးကိုင် ရနောင်မင်းသား မောင်မောင်တုတ်မှာ ညဥ့်လှည့်တာဝန်ကို ခေါင်းဆောင်ပြု၍ ယူခြင်းသည် ရွှေနန်းရှင်ဘုရားနှင့် ဒိုင်းခင်ခင်ကြီးတို့ ညဥ့်အခါ၌ ပန်းခုံတော်မှာတွေ့ရန် စီမံ ဆောင်ရွက်ဖွယ် ကိစ္စများကြောင့် ဖြစ်လေ၏။ ညဥ့်ညီလာခံ စဲခါနီးအချိန်တိုင်လျှင် အမှတ်မထင် ကိုယ်ရောင် ဖျောက်ကာ စာဆိုတော် တောင်သမန်လယ်စား မောင်မောင်ငယ်နှင့်အတူ ဒိုင်းခင်ခင်ကြီးကို သွားရောက် ကြိုယူရသည်။
ဒိုင်းခင်ခင်ကြီးမှာ လက်သုံးတော်ကိုင် ယောက်ျားကလေးပမာ ကြိုးပုဆိုး ပိုးအင်္ကျီရင်ဖုံး သျှောင်တစောင်းထုံးလျက် လ,စက်ရောင် ပုသိမ်ပ၀ါကို သပ်ရပ်စွာပေါင်းပြီး ငွေဓားကြီးကို လွယ်လျက် ရွှေနန်းတော်ပေါ်သို့ မင်းမှုထမ်းယောက်များနှင့် ရောနှောတက်လာသောအခါ မည်သူ မည်ဝါကမျှ သင်္ကာယနမကင်းခြင်း မဖြစ်နိုင်ပေ။
ဒိုင်းခင်ခင်ကြီးသည် ရွှေနန်းရှင်ဘုရားနှင့် တွေ့ရသောအချိန်အခါများတွင် ချစ်ခင်စုံမက် မေတ္တာ ဓာတ်ဖက်ပြီး လူကြီးစိတ်တစ်ပိုင်း ၀င်မိစေကာမူ သူနွဲ့နေကျ အစ်ကိုကြီးဖြစ်သည့် မောင်မောင်ငယ်နှင့် တွေ့သော အခါမျိုးတွင် ငယ်စဉ်က အပြောအဆို အပြုအမူမျိုးအတိုင်းသာ ဆက်ဆံတတ်ရှာသည်။
မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့သည် ခင်ခင်ကြီးကို သွားရောက်ကြိုယူခဲ့ပြီး ညီလာခံမစဲ သေးလျှင် တောင်ဒ၀ယ်ဆောင်တွင် မောင်မောင်ငယ်နှင့်အတူ ခေတ္တ၀ှက်ထားခဲ့ပြီး မောင်မောင်တုတ် တစ်ယောက်တည်း ပန်းခုံတော်အဋ္ဌ်တိုက် နံ့သာဆောင်ဆီသို့ လာရောက်ကာ အရိပ်အခြည် စောင့်စား နေရသည်။ ရွှေနန်းရှင်ဘုရား နံ့သာနန်းဆောင်သို့ ရောက်တော်မူသည်ကို တွေ့ရမှ မောင်မောင်ငယ်ရှိရာ တောင်ဒ၀ယ်ဆောင်သို့ ပြန်လာပြီး ခင်ခင်ကြီးကို ခေါ်ကာ ရွှေတိုက် ဆောင် မှောင်ရိပ်မှခို၍ နံ့သာဆောင်အထိ လိုက်သွားလျက် ရှေ့တော်ပို့ဆက်ကြရသည်။ တစ်ခါ တစ်ရံ အချိန်နီးကပ်လွန်းလျှင် ခင်ခင်ကြီး နှင့် မောင်မောင်ငယ်က နံ့သာအုတ်တိုက် နန်းဆောင် အတွင်းမှာပင် အရင်ဝင်ရောက် နေနှင့်ရသည်။
ယင်းသို့ကြောင့် မောင်မောင်ငယ်နှင့် ခင်ခင်ကြီး နှစ်ယောက်တည်းရှိသော အချိန်အခါများတွင် ခင်ခင်ကြီးမှာ ကလေးပမာ ပြောချင်ရာတွေ လျှောက်ပြောနေသလောက် မောင်မောင်ငယ်မှာ မချိတယ်နှင့် အုံ့ပုန်းပူ လူမသိဆိုသလို ဆွေးမြည့်နေသော အသည်းနှလုံးများကို မချိပြုံး ပြုံးခြင်းဖြင့် ဖုံးလမ်း ကွယ်ဝှက် လိုက်ရရှာသည်။
"သြော် ... အမိုက်အရူးကလေး၊ ဘာမှ မသိတတ်ရှာဘူး၊ သူ့ရွှေနန်းရှင်ဘုရားနှင့် မတွေကခင်ကဖြင့် ငိုလို့၊ တွေ့ရတော့ ချိုလို့ပြုံးလို့ပါကလား" ဟု သနားကရုဏာစိတ်ဖြင့်လည်း တစ်နည်းတစ်လမ်း ကြိတ်၍ ဖြေရလေသည်။
"အစ်ကိုရေ အစ်ကို့ရွှေနန်းရှင် မောင်မောင်ဘုရားဟာလေ သိပ်သဘောတော်ကောင်းတာပဲ၊ ခင်ကြီးကို အသည်း နစ်အောင်ချစ်တယ်တဲ့ ... တဲ့ဆိုပြီး အို ... ပွေ့ပွေ့ထားလိုက်တာများ အစ်ကိုရယ် ခင့်အသားတွေ ပဲ့ကုန် မလား အောက်မေ့ရတယ် သိလား၊ ခင်ကြီးကလည်းလေ ရွှေနန်းရှင် မောင်မောင်ဘုရားကို အများကြီး ချစ်တာပဲ၊ အစ်ကိုတို့ မေဖျားတို့ချစ်တာနဲ့လည်း တူပါဘူး၊ တစ်မျိုးပါပဲလေ၊ ခင်ကြီးက ကိုယ့်အစ်ကို မို့ ချစ်လို့ပြောတာနော်၊ တော်တော်ကြာ အစ်ကိုက ရနောင်ကိုကိုကြီးကို အများကြီးချစ်တာပဲ၊ အစ်ကိုတို့ မေဖျားတို့ချစ်တာနဲ့လည်း တူပါဘူး၊ တစ်မျိုးပါပဲလေ၊ ခင်ကြီးက ကိုယ့်အစ်ကိုမို့ ချစ်လို့ ပြောတာနော်၊ တော်တော်ကြာ အစ်ကိုက ရနောင် ကိုကိုကြီးကို သွားမပြောလိုက်နဲ့ဦး၊ ရှက်စရာ ကြီးသိလား" ဟု ပွတ်သီးပွတ်သပ်နှင့် ပြောနေလျှင် မောင်မောင်ငယ်တွင် မကြားချင်၍လည်း မနေရ၊ တွေတွေကြီးငေးရာမှ စကားစတုံ့ပြန်ခြင်း မပြုနိုင် သောအခါ -
"အစ်ကိုကလည်း ဘာတွတွေးပြီး ငေးနေရသည်လဲ အစ်ကိုရယ်၊ ခင်ကြီးပြောတဲ့ စကားတွေများ မကြားရော့လား" ဟု အားမလိုအားမရ မေးတတ်ပြန်သည်တွင် မောင်မောင်ငယ်မှာ မနေသာတော့ပဲ -
"ကြားပါတယ် ခင်ရယ်၊ အစ်ကိုကလည်း ခင်တို့အတွက် အမြဲတွေးနေတာပါ" ဟု တော်သလို ညာ၍ ဖြေလိုက် သည့်တိုင်အောင် ခင်ခင်ကြီးက စကားမဆုံးပဲ -
"အစ်ကိုကလည်း ဘာတွေတွေးပြီး ငေးနေရသည်လဲအစ်ကိုရယ်၊ ခင်ကြီးပြောတဲ့ စကားတွေများ မကြား ရော့လား"ဟု အားမလိုအားမရ မေးတတ်ပြန်သည်တွင် မောင်မောင်ငယ်မှာ မနေသာတော့ပဲ -
"ကြားပါတယ် ခင်ရယ်၊ အစ်ကိုကလည်း ခင်တို့အတွက် အမြဲတွေးနေတာပါ"ဟု တော်သလို ညာ၍ ဖြေလိုက် သည့်တိုင်အောင် ခင်ခင်ကြီးက စကားမဆုံးပဲ -
"အစ်ကိုကလည်း အလကားပဲ၊ တွေးတွေးနေတာကို၊ အခုလေ ခင်ကြီး ဘာမှမလိုချင်တော့ဘူး အစ်ကိုရဲ့၊ ခင်ချစ်တဲ့ အစ်ကိုက ညညလာခေါ်ပြီး ခင်ချစ်တဲ့ ရွှေနန်းရှင် မောင်မောင်ဘုရား အပါး တော်ကို လိုက်ပို့တယ်၊ ဘယ်အရာကို လိုသေးသလဲ၊ စိတ်ဆင်းရဲခံပြီး အပိုကိစ္စတွေတွေးလို့ ငေးမနေစမ်းပါနဲ့ အစ်ကိုရယ်"ဟု တကယ့်သဘော တကယ့်မနောဖြင့် ယပ်လှဲတရားပြန်ဟော နေသောအခါ -
"ဒီလိုချည်းနေလို့လဲ ဘယ်ပြီးဦးမလဲ ခင်ရဲ့၊ ခင့်ကို တစ်ဆောင်တစ်နန်း အထင်ကရထားပြီး မိဖုရားမြှောက်ခြင်းကိစ္စ ပြီးဆုံးသွားပါမှ အစ်ကိုတို့ ဆောင်ရွက်ရမဲ့တာဝန် ကျေကုန်ကြမှာကလား၊ ဒါကြောင့် စီမံကြံဖန် လုပ်ကိုင်စရာတွေကို အမြဲတွေးနေရပါတယ်"
ဟုပြောရပြန်တော့သည်။ သို့ရာတွင် ခင်ခင်ကြီးမှာ ထိုအရေးကို တွေးစရာဟူ၍မယူဆ၊ နေ့စဉ်နှင့် အမျှ ရွှေနန်းရှင်ဘုရားနှင့် ဤကဲ့သို့ တွေ့နေရလျှင် နှစ်သိမ့်ကျေနပ်လှတော့သည်။ သို့နှင့် မောင်မောင်ငယ်က ကြောင့်ကြောင့်ကြကြ ပြောနေခြင်းကိုပင် နားမ၀င်နိုင်ဘဲ "အို ... အစ်ကိုကလည်း ဒါကိုပဲ စိတ်အရှုပ်ခံ မနေစမ်းပါနှင့်၊ ခင်ကြီးလေ အခုလိုနေရတာ အလွန်ပျော်ပါတယ်လို့ဆိုမှ"ဟု နှုတ်ခမ်းကလေး မစူတစူထား၍ နွဲ့အားသန်လိုက်သောအခါ မောင်မောင်ငယ်လည်း နောက်ထပ် မပြောသာတော့ဘဲ ရင်ထဲက နာ၍နေမိရှာသည်။
တစ်ခါတစ်ရံလည်း ဤနည်းအတိုင်းပင် ရွှေနန်းရှင်ဘုရားနဲ့သာ ဆောင်တော်သို့ မကူးလာမိ တောင်ဒ၀ယ် ဆောင်တွင် မောင်မောင်ငယ်နှင့် ခင်ခင်ကြီးတို့ နှစ်ယောက်တည်း စောင့်ဆိုင်းနေကြစဉ် ယောက်ျား ကလေး အသွင်နှင့် ခေါင်းပေါင်းစ ပုဆိုးစပြင်၍ မှန်ခုံတွင် အရိပ် ကြည့်ပြီး တခိခိ ရယ်မောကာ မောင်မောင်ငယ် ထိုင်နေရာသို့ ပြေးလာလျက် ရင်ခွင်ထက်သို့ ရုတ်တရက် ၀င်၍ထိုင်လိုက်ကာ -
"အစ်ကို ... အစ်ကို ခင်ကြီး ခုလိုဝတ်ထားတော့လေ တကယ့် ယောက်ျားကလေးလိုပဲနော်၊ ဒါပေတဲ့ တော်တော်ကြာ ရွှေနန်းရှင် မောင်မောင်ဘုရားနှင့် တွေ့တော့လေ ယောက်ျားမဟုတ်ဘူး၊ တစ်ခါတည်း ယောက်သွားဖြစ်ကရော" ဟု လက်ဟန်ခြေဟန်နှင့် အသာအရွှန်းကလေးဖောက်ပြီး ကရွတ်ကင်း လျှောက် ပြောမိလျှင် မောင်မောင်ငယ်တွင် မျက်နှာမထားတတ်အောင် ဖြစ်သွားကာ -
"အို ... ခင်အကြီး ဘာတွေပြောနေတာလဲကွယ်၊ ခင်ဟာ အရင်တုန်းကလို ကလေးမဟုတ်တော့ ဘူးကွဲ့" ဟု ပြုံးမဲ့မဲ့နှင့် သတိပေးလိုက်စေကာမူ ခင်ခင်ကြီးက နှုတ်ခမ်းကလေးစူ ပါးကလေးပူလိုက်ပြီးမှ "အစ်ကိုက နားဖြင့် မလည်ဘဲနဲ့ ခင်ကြီးပြောတာ၊ တကယ်မယုံဘူးလား၊ ယောက်သွားဆိုတာ ခြစ်ရတယ် အစ်ကိုရဲ့၊ မနန်းခုံကြီး မုန့်လုပ်တုန်းက ခင်ကြီး မြင်ခဲ့ရတယ်၊ မုန့်ဆပ်သဖူးတို့၊ မုန့်ပေါင်းတို့လုပ်တော့ ကောက်ညှင်း မုန့်တွေကို ယောက်သွားနဲ့ ခြစ်ခြစ်ယူတယ်၊ ခင်ကြီးနဲ့ ရွှေနန်းရှင်မောင်မောင်နဲ့ တွေ့ကြရင် လည်း ချစ် ... ချစ် ... နေကြတာပဲမဟုတ်လား၊ ခင်ကြီးတို့ချစ်ဖို့ အစ်ကိုတို့ပဲ လာလာခေါ်ကြပြီးတော့" ဟု မကျေနပ် သံကလေးနှင့် ပြောလိုက်ရာ -
"အဲဒီလို စကားတွေကို အစ်ကို့မပြောကောင်းဘူးခင်ဗျာ"ဟု မျက်နှာပြုံးပြုံးထား၍ စိတ်ဆိုးမသွားရန် ကြံဖန်ပြောသည်တွင် -
"ဟင် ... အစ်ကိုကပဲ မပြောကောင်းဘူးဟဲ့၊ ဒါနဲ့ အစ်ကိုကတောင်မှ ခင်ကြီးကို လာခေါ်ပြီး ရှေ့တော်ပို့သေးတဲ့ဥစ္စာ၊ ဘာလို့မပြောကောင်းရမှာလဲ"ဟု စောဒက၀င်လျှင် -
"ရွှေနန်းရှင်ဘုရား ကျေးဇူးတော်တွေ အစ်ကိုတို့ တစ်သက်မှာ ဆပ်လို့မကုန် ဒါကြောင့် စေခိုင်းတော် မူသမျှ ဦးခေါင်းထိပ်ရွတ် ဆောင်ကြဉ်းရပါတယ်၊ နောက်တစ်ချက်မှာလည်း ကိုယ့်ညီမလေး မိဖုရားဖြစ်မည့်ကိစ္စ အစ်ကိုက စေတနာကောင်းထားလို့ ကြိုးစားရထာပေါ့ခင်ရဲ့" ဟု ရေရေလည်လည် ပြောနေသည်ကို ကြည်ကြည်လင်လင် နားဝင်လေဟန်နှင့် အတန်ကြာ စဉ်းစားနေပြီးမှ အယူအဆ တစ်မျိုးပြောင်းသွားပြန်ကာ -
"ဒါနှင့် အစ်ကိုကတော့ ဘောက်မဲ့ကြောင့် အောင်သွယ်ကြီး လုပ်ပေးသေးလဲ၊ ခင်ကြီးပြောတဲ့ စကား ကိုတော့ မကြားချင်ဘူးတဲ့လား၊ ဒါဖြင့်နေပါ တော်တော်ကြာ ကိုကိုကြီး လာခေါ်ရင် ခင်ကြီး မလိုက်တော့ပါဘူး၊ နေပါစေတော့"ဟု စိတ်ကောက်သွားသောကြောင့် မောင်မောင်ငယ်မှာ နားမထောင်ရဲ သော စကားကိုပင် ခင်ခင်ကြီး စိတ်ပြေလေအောင် ဟန်ဆောင်ကြိတ်မှိတ်လျက် -
"တော်တော်ခက် တဲ့ ခင်အကြီးပါကလား၊ အစ်ကိုက နားမထောင်ချင်လို့ ပြောနေတာ မဟုတ်ပါဘူး ခင်ရဲ့၊ စိတ်ကောက် လို့မနေပါနဲ့၊ ကဲ ခင် ပြောချင်တဲ့စကားတွေ အားရပါးရသာ ပြောပါ၊ အစ်ကို နားထောင် နေပါမယ်" ဟု ချော့မော့ လိုက်လျောနေသော အခါမျိုးတွင် မောင်မောင်တုတ် ၀င်လာပြီး "ကဲ ... ကိုဖေငယ် တို့ လာကြတော့ ရွှေနန်းရှင်ဘုရား ရောက်တော်မူပြီ" ဟု တီးတိုးပြောလာလျှင် ခင်ခင်ကြီးမှာ စိတ်ကောက်ရှိန် မပြေသေးသော ကလေးသဖွယ် မောင်မောင်ငယ်ကို ဖက်တွယ်ကုတ်ကပ်ပြီး "ခင်ကြီး မသွားချင်တော့ပါဘူး၊ တော်ကြာ အစ်ကိုက ခင်ကြီးပြောတဲ့စကားတွေ နားမထောင်ချင်ဘူး ဆိုနေလိမ့်ဦးမယ်" ဟု အကျပ်ကိုင်နေသောကြောင့် ရုတ်တရက် ထွက်၍မရ မောင်မောင်တုတ်ကလည်း အလောတကြီး ခေါ်လျက်ရှိရာ မောင်မောင်ငယ်မှာ မိမိအပေါ်တွင် တမင် ပေကပ်ဆိုးနွဲ့နေရှာသော ခင်ခင်ကြီး အား စကားနှင့် ရုတ်တရက် ချော့မရသည့်အဆုံးတွင် တစ်ကိုယ်လုံး သိမ်းကြုံးပွေ့ချီကာ ပခုံးတွင် ထမ်းလျက် နံ့သာဆော်နန်းဘက်သို့ ခပ်သွက်သွက် လှမ်းလာခဲ့ရတော့သည်။
ဤအခါမျိုးတွင်ကား ခင်ခင်ကြီးမှာ ကလန်ကဆန် မလုပ်ရက်တော့ဘဲ အစ်ကိုကြီး ပခုံးကို ဖက်နွဲ့ လိုက်ပါ လာရင်းပင် မျက်နှာရွှင်ရွှင်ပျပျနှင့် -
"ဒါမှ ခင်ကြီးချစ်တဲ့ အစ်ကို၊ အစ်ကိုကလည်း ခင်ကြီးကို သိပ်ချစ်ရှာတာပဲ၊ နောက်လည်း ခင်ကြီး စိတ်မကောက်တော့ပါဘူးနော် အစ်ကိုရယ် " ဟု ချွဲချွဲနွဲ့နွဲ့ ပြောလျက် ကျောသပ်ရင်သပ်ပြု၍ လိုက်ပါ လာတတ်ပြန်ရာ အရိယာသာဝကမဟုတ်ရှာသော မောင်မောင်ငယ်မှာ တစ်ခါတစ်ခါ ယောင်ချာချာ နှင့် ဘာကလိုလို ရင်ထဲက ဖို၍သွားရရှာတော့သည်။
ထိုနည်းနှင်နှင် ဒိုင်းခင်ခင်ကြီးနှင့် သီပေါရွှေနန်းရှင်ဘုရားတို့မှာ တောင်ဘက် ပန်းခုံတော်အတွင်း ရင်းနှီးယုံကြည်ရသော လက်သုံးတော် အိပ်ဖန်တော် ကင်းထောက်များကို မောင်မောင်တုတ်၊ မောင်မောင်ငယ်တို့ အုပ်ချုပ်စေလျက် နေ့စဉ် ရက်ဆက် ညဥ့်နက်သန်းခေါင်အထိ နံ့သာနန်းဆောင် တော်တွင် စံပျော်လျက်ရှိခဲ့လေရာ နေ့ရက်အတန်ကြာလာသည်တိုင်အောင် မည်သူတစ်စုံတစ်ဦးမျှ စောင်းပါး ရိပ်ခြည် အကဲမခတ်မိနိုင် ရှိခဲ့လေသည်။
မောင်မောင်ငယ်နှင့် မောင်မောင်တုတ်တို့သည် များမကြာမီအတွင်း အတိအလင်း မိဖုရားငယ် တစ်ပါး အဖြစ်နှင့် ခင်ခင်ကြီးအား အဆောင်သီးခြားထားပေးရန် အမိန့်တော်ခံလျက် ရှိရာ ရေနန်းရှင် ဘုရား ကလည်း မြတ်နိုးတော်မူပြီးဖြစ်သည့်အတိုင်း ချီးမြှင့်တော်မူရန် ခမည်းတော် မင်းတုန်းမင်းတရားကြီး လက်ထက်တော်က မြောက်ရွှေရေးဆောင် မိဖုရား စံတော်မူခဲ့ဖူးသော မြောက်ရွှေရေးဆောင်တော်ကို ပြုပြင် မွမ်းမံထားစေဟု မောင်မောင်ငယ်နှင့် မောင်မောင်တုတ်တို့အား တီးတိုးမိန့်တော်မူ ထားပြီး ဖြစ်လေ သည်။
ဤအခိုက်အတန့် အတွင်းမှာလည်း ဒိုင်းခင်ခင်ကြီးနှင့် မိခင် ဒိုင်းအတွင်းဝန် ပုဂံမြို့စားကတော်ကြီး တို့သည် သီတင်းတစ်ပတ်လျှင် နှစ်ကြိမ်မျှ အရှင်နန်းမတော်ဖုရား ရှေ့တော်သို့ အခစားမပျက် ရောက်ရှိကြရာ နန်းမတော်ဖုရားသည် အကြောင်းထူးထွေ မကြားသဖြင့် ပကတိအတိုင်းအဖူးအမြော်ခံလျက် ရှိခဲ့သည်။ တစ်ခါတစ်ရံလည်း ၀တ်ကောင်းစားကောင်း ဆုတော်များပင် သနားတော်မူလိုက်ရာ ဒိုင်းဝန်ကတော်ကြီးမှာ အရှင်နန်းမတော်ဖုရား ကြည်သာ တော်မူသည်ကို ခံရသဖြင့် ၀မ်းမြောက်ဝမ်းသာ ရှိခဲ့ရှာသည်။
ရွှေနန်းရှင်ဘုရားမှာ တိုင်းရေးပြည်ရာ စီမံခန့်ခွဲတော်မူခြင်းဖြင့် မင်းယောက်ျားပိုင်းဆိုင်ရာ ညီလာခံ သဘင်၌သာလျှင် ထာဝစဉ် မွေ့လျော်တော်မူသည်ကို အရှင်နန်းမတော်ဖုရားသည် ထူးထူးခြားခြား အကဲခတ်တော် မူရန် မလိုသကဲ့သို့ စိတ်ချယုံကြည်တော်မူလျက်ရှိခဲ့၏။ သို့သော် ရက်ပေါင်းအတော်ကြာ၍ လာသော အခါ နေ့အခါ ညီလာခံကွဲလျှင် ဘမရာသန အဆောင်တော်ကြီးနှင့် နန်းမတော်ဆောင်ကြီးတွင် အချိန် ရှည်ကြာစွာ စံနေတော်မူခဲ့သော်လည်း ညဥ့်အချိန်အခါတွင်မူကား ညဥ့်ဦးညီလာခံသဘင်ကို ယခင် အစဉ်အလာထက် အချိန်ပိုမို ကြာမြင့်စွာ ဆွေးနွေးခြင်းပြုလျက် ညဥ့်နက်သန်းယံမှ ပြန်လည် ကြွရောက်လာတတ်သဖြင့် အရှင် နန်းမတော်ဖုရား စိတ်ထင့် စိုးနှောင့်တော်မူလာလေသည်။ သို့နှင့် တစ်နေ့သော အခါ နန်းမတော် ဆောင်ကြီးအတွင်း သီပေါမင်းတရားနှင့် နန်းမတော် စုဖုရားလတ်၊ သလွန်တော်ပေါ်တွင် နီးနီးကပ်ကပ် စံတော်မူချိန်တွင် နန်းမတော်ဖုရားက စတင်၍ -
"မောင်မောင် ယခုတစ်လော ညဥ့်ညီလာခံမှာ အချိန်အကြာကြီး စံတော်မူတာ ဘာကြောင့်ပါပဲ" ဟု မေးတော် မူလေ၏။ ရွှေနန်းရှင်ဘုရားသည် ရုတ်တရက် အံ့အားသင့်တော်မူမိရာမှ မသိမသာ ပြုံး တော်မူပြီး -
"နန်းမတော်ကြီးရယ်၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရတဲ့ တာဝန်ဟာ တစ်နေ့တခြား အင်မတန်မှ ကျယ်ဝန်း များပြားလာတော့သည်။ နေ့အခါမှာ တိုင်းရေးပြည်ရေး၊ သာသနာတော်အရေး ဆွေးနွေး စီမံတော်မူ ရခြင်းကတစ်မျိုး၊ ညဥ့်ညီလာခံမှာဆိုလျှင် နောက်တစ်နေ့အတွက် ခဲရာခဲဆစ်ရှိသမျှ ကိစ္စအ၀၀ကို အမိန့်တော် ချမှတ်ရန် အတွင်းဝန်ကြီးများနင့် ကြိုတင်ဆွေးနွေးညှိနှိုင်းတော် မူရသည်မှာလည်း အချိန် လောက် သည်ဟုပင် မရှိပါတကား နှမတော်ရဲ့" ဟု မိန့်တော်မူလေ၏။
နန်းမတော် ။  "ရွှေနန်းတက်တော်မူစကထက် ယခုမှ ပို၍ တိုင်းရေးပြည်ရာ ကျယ်ဝန်းလာသည်မှာ ဘယ်လို ထူးခြားခြင်းမျိုး ဖြစ်ပါလိမ့်မောင်မောင်"
ဘုရင် ။  "မောင်မောင်ဘုရားတို့ နိုင်ငံတော်ကြီးကို မဟာမိတ် အင်္ဂလိပ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့က သံတမန် များကို ခမည်းတော်ဘုရား ရွှေလက်ထက်တော်ကလို ဆက်လက်ထားရှိရန် သံများ စေလွှတ်တော် မူလျက်ရှိသည်မှာ တစုံတစ်ရာ အကြောင်းမထူးခြားသေးဘူး နှမတော်ရဲ့ ဒီကိစ္စနှင့် တယ်စပ်လျဉ်းပြီး နိုင်ငံအချင်းချင်း၊ ကြီးနိုင်ငယ်ညှဉ်း မဖြစ်ကြစေရန် စီမံကြိုးပမ်းတော်မူ ရသည်၊ ကုလားပြည်ကို ရောက်နေသည့် နောင်တော်မြင်ကွန်း မြင်းခုံတိုင် ကိုယ်တော်များကလည်း မကြာမကြာ ကြယ်ဖိုး ကြီးစော်ဘွား ထံလာ၍ မြန်မာနိုင်ငံတော်ကို ရယူရန် ကြံဖန်အားထုတ်တော် မူနေတယ်၊ အောက်ပြည် ရန်ကုန်မြို့ နှင့် ပုသိမ်မြို့ရှိ အင်္ဂလိပ်အရာရှိများထံ ခိုဝင်တော်မူနေသော နောင်တော် ညောင်ရမ်း ညောင်အုပ် ကိုယ်တော်တို့ကလည်း မြေထဲသရက်နယ်စပ် တစ်လျှောက်ကို အနှောင့်အယှက် ပြုတော်မူကြတယ်။ ရှမ်းပြည် မိုးနဲနယ်ဘက်ကလည်း တစ်နှစ်တစ်ခါ ရှိခိုးလက် ဆောင်တော် ဆက်လာခြင်း ထုံးစံအစဉ်အလာကိုဖျက်၍ မကျိုးမနွံမည့် ပုံသဏ္ဍာန်ရှိကြောင်း နယ်အရာရှိနှင့် စစ်ကဲတော်ကြီးများထံမှ ရွှေလွှတ်တော်သို့ အစီရင်ခံစာ ရောက်လာတယ် နန်းမတော်ကြီးရဲ့ ...
"သည်မျှသာမကသေးဘူး နှမတော်၊ မောင်မောင်တို့ စိုးပိုင်တော်မူကြတဲ့ နိုင်ငံတော်အတွင်း အောက်မြစ်စဉ် အဝေးမြို့ ကျေးရွာနယ်ပယ်များတွင် လူဆိုး၊ ဓားပြများ အလွန်ပင် သောင်းကျန်းထကြွ၊ ခိုးဆိုးတိုက်ခိုက်နေကြသဖြင့် ဓနကြေးငွေ ခိုင်လုံတောင့်တင်းသူများ၊ ပြေးလွှားတိမ်းရှောင်၍ နေရကြောင်း၊ ၄င်းလူဆိုး လူမိုက်များကို တိုက်ခိုက်နှိမ်နင်းခြင်း မပြုနိုင်လျှင် သူခိုးကြီးက ဓားပြ၊ ဓားပြကြီးလျှင် သုပုန်ဖြစ်ကာ နိုင်ငံတော်ကြီး မငြိမ်မသက်ရှိလာမည်ကို စိုးရိမ် စရာရှိသဖြင့် အတွင်းဝန်မင်း၊ မြို့စားမင်းကြီး မင်းခေါင်သူရိန် အတွင်းဝန် လှေသင်းဝန်စလေမြို့စား မင်းကြီး သီရမဟာဇေယျကျော်ထင်၊ ၀န်ထောက်တော် မြို့သစ်မြို့စားတို့ကို တောင်တွင်းကြီးသို့ စေလွှတ်တ်ေမူလိုက်ပြီး သူတို့မြို့ရွာ နယ်ပယ် တို့အတွင်း ရာဇ၀တ်ရေး၊ ခိုးသားဓားပြတို့ကို တွန်းလှန် ဖြိုဖျက်ရန် ဆိုင်ရာ အဝေးမြို့ဝန် စစ်ကဲရွာသူကြီး မြို့သူကြီးတို့အား လက်နက်တော်များ ထုတ်ဝေပေးခဲ့စေရသည် နှမတော်ရဲ့၊ နောက်ပြီး မောင်တော်တို့ ရွှေနန်းတော်ထက်မှာ အလှူတော် အသုံးတော်တွေ အကုန်အကျများလှ၍ ဘဏ္ဍာတော်များ လျော့ပါးနေသည်ကို ဖြည့်တင်းရန် အခွန်အတုပ် တိုးတက်ကောက်ခံပြန်လျှင်လည်း ပြည်သူ လူခပင်းတို့ ဆင်းရဲကျပ်တည်းခြင်း ရှိကြ မည်၊ သို့အတွက် ထီရုံတော်များဖွင့်ကာ အကောက်တော်ဌာနသစ်ဖွင့်လှစ်ခဲ့ရာ မကြာခဏ စစ်ကြောမေးမြန်းရခြင်း ကိစ္စကလည်း ကြီးလေးသော တာဝန်တစ်ရပ်ကဲ့သို့ ရှိသည်နှမတော်၊ ဒီကိစ္စ အရပ်ရပ်ကို နေ့ညဥ့်မလပ် ခန့်အပ်စီမံတော်မူရင်း အချိန်ကြွင်းကလေးရသမျှနှင့် ရှင်ဘုရင့် စည်းစိမ် ခံရ, စံရသည်မှာ မကာမိ မထေမိအောင် ရှိပါတော့တယ် နန်းမတော်ကြီးရယ်"
နန်းမတော် ။  "ရွှေလွှတ်တော် ၀န်ကြီးတွေရှိသားပဲ ဒီလောက်တောင်များဖြင့် အပင်ပန်းမခံပါနှင့် မောင်မောင်ရယ်"
ဘုရင် ။  "၀န်ကြီးမှူးကြီးများမှာလည်း ပြည်ကြီးပခုံး ပြည်ကြီးလက်ရုံး ဆိုတဲ့ စကားအတိုင်း သူတို့ ဆောင်ရွက်ရသည့် တာဝန်ဝတ္တရားတွေက အများသား နှမတော်၊ သူတို့တစ်တွေ ရှိပေလို့သာ မောင်မောင် သည်မျှ သက်သာရသေးတယ်"
နန်းမတော် ။  "ယခုလို တိုင်းပြည်ရေးရာတွေနှင့်သာ အချိန်ကုန်တော်မူနေပါလျှင် မောင်မောင် အင်မတန် ပင်ပန်းနွမ်းနယ်တော်မူနေတော့မယ်၊ ဒီလိုဖြင့် နှမတော် မရှုရက်ပါ၊ ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ သက်သာစွာ ရှိရန်လည်း စံတော်မူပါဦး မောင်မောင်ရယ်"
ဘုရင် ။  "ကောင်းပါပြီ၊ နှမတော်၏ စေတနာတော်နှင့် သင့်တင့်ညီညွတ်အောင် မောင်မောင် ချမ်းမြေ့သက်သာစွာ စံတော်မူပါမည်၊ ကြည်ကြည်သာသာ ခွင့်ပြုတော်မူတာကိုလည်း အလွန်ပဲ ၀မ်းမြောက် တော်မူပါတယ်"
နန်းမတော် ။  "မောင်မောင်ဘုရား ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့မှုကို ရှေရှုပြီး ဒီက နှမတော်ကြီးကလည်း အမြဲ စေတနာထားတော်မူပါသည်"
ဘုရင် ။  "ဒါနှင့် စကားမစပ် နှမတော်အပါးတော်မှာ ခစားထမ်းရွက်နေတဲ့ အပျိုတော်တွေ ယခင် အခါကလို များများမမြင်ပါလား ဘယ်ကိုရောက်သွားကြသည်လဲ"
နန်းမတော် ။  "မောင်မောင် ထင်တော်မူလို့ပါ၊ ခစားသူတွေ အရင်ကထက်ပင်များပါသေးတယ်၊ အိမ်တော်ပါ အပျိုတော်ကြီးများမှာတော့ အိမ်ထောင်ရက်သားကျလို့ မြို့စားရွာစား ၀န်ကြီးဝန်ထောက် ကတော်များဖြစ်ပြီး သားနှင့်သမီးနှင့် ရှိကြလေတော့ သူတို့အိမ်နှင့် အိုးနှင့် နေကြရှာပါတယ်၊ အပါးတော်ကို နေ့စဉ်မလာသော်လည်း နှစ်ရက်ခြား သုံးရက်ခြားလောက် လာရောက်ခစားလျက်ပါ"
ဘုရင် ။  "နှမတော်ရဲ့ အထိန်းတော်ကြီး ခင်ဘွားသစ်မှာလည်း သမီးတော် ထိပ်စုမြတ်ဖုရားကြီး၏ မြပုခက်အနီးမှ မခွာရသေးဘူးလား အသက်ကြီးရှာပါပြီ"
နန်းမတော် ။  "သစ်သစ်ကို မြှောက်စားချီးမြှင့်ပြီး အေးအေးငြိမ်ငြိမ် စည်းစိမ်နှင့် နေပါစေလို့ အခွင့်အရေး ပေးသနားတော် မူထားပါလျက် သမီးတော် ထိပ်စုမြတ် ဖုရားကြီးကိုပင် ဆက်လက်ထိန်းချီနေချင်ရှာလို့ ပုတီး စိပ်ရာက မကြာမကြာ ထထလာပါတယ်၊ မလာပါနှင့် သစ်သစ်ရယ်လို့ပြောတော့ တစ်လောက ငိုပါတယ် မောင်မောင်"
ဘုရင် ။  "သြော် ... သနားစရာ သူ့ခမျာ သံယောဇဉ်ကြီးလှရှာသည်"
နန်းမတော် ။  "အိမ်တော်ပါ မှန်သမျှ ကိုယ့်အရှင်သခင်ကို အင်မတန် ချစ်ရှာကြပါသည်၊ မောင်တော့် ကျေးကျွန် များလည်း သည်အတိုင်းပဲ မဟုတ်ပါလား၊ အထွတ်အမြတ်ရောက်လို့ ခစားထမ်းရွက်သူတွေ ဘယ်လောက်ပင် များများ နှမတော်နှင့် မောင်တော်ဘုရားတို့ကလည်း သူတို့ကိုမှ ထူးထူးကဲကဲ သဒ္ဓါ ယုံမှတ်တော် မူတာကလား"
ဘုရင် ။  "နောက်မှ ခစားလာကြတဲ့ အပျိုတော်တွေကလည်း အသက်ကလေးတွေက အငယ်သားဆိုတော့ အလိုတော်မသိကြလို့ မိမိရရ အမှုတော်ထမ်းတတ်ရှာကြမည် မထင်ဘူး နှမတော်၊ သြော် ... ဒါနှင့် စကားမစပ် ဒိုင်းမယ်ခင်တစ်ယောက် မမြင်ပါကလား"
(သီပေါရွှေနန်းရှင်ဘုရားသည် ဒိုင်းခင်ခင်ကြီး မရှိသည်ကို သိတော်မူသော်လည်း စကားစ ရလေအောင် မသိချင်ဆောင်၍ မေးတော်မူခြင်းဖြစ်သည်။)
နန်းမတော် ။  "မောင်တော် မသိတော်မူသေးလို့ မေးတော်မူပါသလား၊ အပျိုတော်ကလေးတွေ အများ အပြား ရှိကြရာမှာ ဒိုင်းခင်ခင်ကြီးကိုမှ ထူးထူးခြားခြား သတိတော်ရလိုက်ပေသည်။
ဘုရင် ။  "ထူးခြားတယ်လို့ မဟုတ်လှပါဘူး နှမတော်ရဲ့၊ မောင်တော်တို့အား ဘိသိက်တော်များ ဆက်ဖူးသည့် ကလေးမဖို့ သတိတော်ရခြင်းပါ၊ သူဘာဖြစ်၍ ရှေ့တော်မှာ မတွေ့ပါလိမ့်"
နန်းမတော် ။  "ဟိုတစ်လောကပဲ လေရောဂါထိလို့ ဆေးဝါးစားပါရစေဆိုပြီး သင်းအမေကြီးနှင့် လိုက်၍ သွားပါတယ်၊ မကြာခဏတော့ ရှေ့တော်သို့ ခစားရန် ရောက်လာကြပါရဲ့ မောင်တော်"
ဘုရင် ။  "သြော် ... ဒါဖြင့် သနားပါတယ် နှမတော်၊ ဆုတော်လာဘ်တော်များ ပေးသနားပြီး မြှောက်စား တော်မူလိုက်ပါဘိ"
နန်းမတော် ။  "တစ်နေ့ဆီကပင် ငွေစင်တစ်ပိဿာနှင့် ဖဲပ၀ါတစ်အုပ် သနားတော်မူပါသေးသည် မောင်တော်"
ဘုရင် ။  "အင်း ... ကောင်းပါလေရဲ့၊ အဲလေ ... တကယ်ဆိုတော့ ဆုတော်သနားတော်မူတဲ့ကိစ္စက နန်းမတော်ကြီးနှင့် ဆိုင်သင့်ပါသည်။ အရည်အချင်းအလျောက် အရာအထူး ဘွဲ့မည်ရည်များနှင့် မြို့စားရွာစား ပေးသနားပြီး မြှောက်စားချီးမြှင့်ရန်ကိစ္စကတော့ မောင်မောင်ရွှေနန်းရှင်က ဆိုင်သဗျ၊ ဒါကြောင့် နန်းမတော်ကြီး၏ ကျေးတော် ကျွန်တော်များကိုလည်း မောင်မောင်ရဲ့ အိမ်တော်ပါများနှင့်ပင် မတူ ရအောင် ခေါင်ခေါင်ဖျားဖျား မြှောက်စားတော်မူချင်ပါသည်၊ သဘောညီတူ နှစ်သက်တော်မူပါရဲ့လား"
နန်းမတော် ။  "ကောင်းလှပါပြီ၊ နှမတော်ကို ချစ်ကြည်လေးစားတော်မူသလောက် နှမတော်၏ ရံရွှေတော်များကို ချီးမြှောက်သူကောင်းပြုတော်မူသည့်အတွက် မနှစ်သက်စရာ မရှိပါ"
ဘုရင် ။  "မောင်းမမိဿံ ခြွေရံများခြင်းဆိုသည်မှာ ဧကရာဇ်မင်းတို့၏ တင့်တယ်ခြင်းတစ်ရပ်ပင်ဟု ရှင်နန်းမတော်ကြီး ယုံတော်တော်မူလာပြီထင်ပ"
နန်းမတော် ။  "ယုံကြည်တ်ာမူပါတယ် မောင်တော်ဘုရား၊ ဘယ်အပျိုတော်ကို ဘယ်လိုမြှောက်စား ချီးမြှင့်တော်မူမယ်ဆိုသည်ကိုသာ စာရင်းအင်းနှင့် အတိအလင်း မိန့်တော်မူပါ"
ဘုရင် ။  "ဘယ်သူ့ကို ဘယ်လို အဆင့်အတန်းထား၍ မြှောက်စားတော်မူမည် ဆိုသည်ကို စဉ်းစား ရပါဦးမယ်၊ မောင်တော်ရွေးချယ်မှုကို စုစုနန်းမတော်ကလည်း တစ်စိတ်တစ်ဝမ်းတည်း သဘောတူတော်မူပါမည်လား"
နန်းမတော် ။  "စစ်မရောက်ခင် မြှားကုန်သလို တင်ကြိုပူပင်တော်မူနေခြင်းမှာ ထူးထူးခြားခြား ရှိလှပါကလား မောင်တော်၏ သဒ္ဓါတရားအတိုင်း ပိုင်းခြားကန့်သတ်တော်မူမှာကို နှမတော်က အလိုမတူစရာ မဟုတ်ကြောင်းပါ"
ဘုရင် ။  "ကောင်းပါပြီ၊ မောင်တော် စီစဉ်လျာထားမှုကို တစ်ခုစီ တစ်ခုစီ အသေးစိတ်၍ မမူသေးဘဲ အကြမ်းအားဖြင့် နန်းမတော်ကြီး သိတော်မူရန် မိန့်တော်မူပါမည်၊ သည်နန်းမတော်ဆောင်မှာ ခစား နေထိုင်ရှာကြတဲ့ နန်းတွင်းသူ အပျိုတော်များကို ဘွဲ့ထူးအဆင့်အတန်းတိုးပြီး ချီးမြှင့်ခြင်း၊ ရွာစား အဆင့်မှ မြို့စားအဆင့်၊ နယ်စားအဆင့်၊ မြှင့်၍မြှင့်၍ သူကောင်းပြုခြင်း၊ ခမည်းတော်ဘုရား လက်ထက်တော်က မှန်နန်းအပျိုတော်ကြီးများကဲ့သို့ ရေလှည်းစီး၍ ရွှေထီးဆောင်းခြင်းစတဲ့ အဆောင်အယောင် အခမ်းအနားများကို ပိုမိုကျယ်ဝန်းများပြားစေခြင်း၊ အချို့အပျိုတော်များကို မင်းသမီးများ၏ အဆောင်အယောင် အခမ်းအနားဖြင့် မြှောက်စားခြင်း၊ အချို့ကို နန်းရ၊ ဆောင်ရ မိဖုရားများ၏ အဆောင်အရွက်နည်းတူ သူကောင်းပြုတော်မူချင်ပါသည်။
နန်းမတော် ။  "ဤအတိုင်းဆိုလျှင် သင့်မြတ်လှပါသည် မောင်တော်၊ မောင်တော်ရဲ့ အစီအစဉ်ကို နှမတော် ၀င်၍စွက်ဖက်ခြင်း မပြုလိုကြောင်းပါ"
ဘုရင် ။  "မောင်တော်၏ သဘောအတိုင်း တာဝန်ပုံလျှင် အလုံးစုံ အမိန့်တော်ထုတ်၍ တစ်သုတ်စီ တစ်သုတ်စီ သူကောင်းပြုတော်မူလိုက်ပါတော့မယ်၊ သည်အထဲက မောင်တော်ဘုရားအတွက် ခြေဆုပ် လက်နယ် မောင်းမငယ်တစ်ဦးတစ်ယောက်လောက်များ မောင်မောင့်အတွက် သဒ္ဓါတော်မမူချင်ပါဘူးလား နှမတော်ရဲ့ (ပြုံး၍မိန့်တော်မူလိုက်သည်။)
နန်းမတော် ။  "သြော် ... မောင်တော်က လက်စသပ်တော့ ဒီခရီးကို ဒီနည်းနှင့် ရောက်အောင် လှမ်းတော်မူခဲ့ပေသကိုး နှမတော်က မောင်တော်ဘုရားအတွက် သဒ္ဓါတရားဖက်လို့ ညီမတော်ရင်း ရမည်းသင်းစုလေးကိုပင် ကြင်တော်မူခွင့်ပေးဆက်ထားပါလျက် ဘယ်အတွက် မဆိုင်သူ တစ်ရံဆံကို လိုတော်မူပြန်သလဲ မောင်မောင်ရဲ့၊ နှမတော်က ကိုယ်ချစ်တဲ့ မောင်မောင်ကို ညီမတော်နှင့်သာ သဒ္ဓါတော်မူပါတယ်"
ဘုရင် ။  "ညီမတော်ကလေးကိုငယ်ရွယ်သူလည်းဖြစ်ပြန် သူနှင့် ထိုက်ထိုက်တန်တန် မြောက်နန်းစံ မိဖုရားတစ်ပါးအဖြစ်နှင့် လေးလေးစားစား ထားတော်မူရမည် ဖြစ်လေတော့ ကိုယ်လုပ်မောင်းမငယ် အဖြစ် အပါးတော်မှာ နီးနီးကပ်ကပ်ထားပြီး စေပါး၍ မသင့်လျော်ပေဘူး မဟုတ်လား နှမတော်"
နန်းမတော် ။  "မောင်တော် မိန့်တော်မူတာလည်း မှန်ပါတယ်၊ သို့ရာတွင် နှမတော်ရဲ့ အတွင်းသဘောကို အတိအလင်း ပြောရမယ်ဆိုလျှင် နှမတော်နှင့် မောင်တော်တို့၏ အချစ်တော် နှစ်ပါးတွင် သူတစ်စိမ်းကြားဝင်၍ ချစ်ပင်ချစ်နွယ်တွေ ဖြာလာမှာ နည်းနည်းမှ မခံသာအောင် ရှိပါတယ်၊ ဒါကြောင့်သာ ဖိတ်တာချင်းအတူတူ သူများအိတ်ထဲမှာ မဖိတ်စေဘဲ ခိုင်မြဲတဲ့ အချစ်ခဲကို ညီမတော်ကလေးနှင့်သာ ဝေခွဲတော်မူနိုင်ပါတယ်"
ဘုရင် ။  "နှမတော်က ကြည်သာတော်မူသော်လည်း ညီမတော်ကလေးကဖြင့် စိတ်မရဲရှာသေးဘူး ထင်ပါတယ်၊ သူ့ခမျာမှာ ခပ်အေးအေးနှင့် ကလေးလို စံတော်မူနေရှာတယ်၊ ကျယ်ဝန်းတဲ့ ကာမဂုဏ် စရိုက်ကို အာရုံငိုက်ပုံ မပေါ်သေးဘူးထင်ပါရဲ့ နှမတော်၊ ဒါကြောင့် မောင်တော်ကလည်း ခပ်ဆိုင်းဆိုင်းနှင့် သူ့ဘက်က ညွှတ်ကိုင်းလာမည့် အချိန်အခါကို ငံ့မျှော်စောင့်စားနေတော်မူပါ တယ်၊ ကိုယ်လုပ်တော်တို့ မောင်းမငယ်တို့ မိဖုရားငယ်တို့ ဆိုသည်မှာ ပုံရိုင်းရိုင်း နှိုင်းရလျှင် ခြေဆုပ် လက်နယ် ဆေးပေးမီးယူ ခိုင်းစရာ စေရာကလေးတွေပါ၊ ချစ်ခင်မြတ်နိုးမှုနှင့် လူတစ်ခု သူတစ်ခု အရာထားပြီး စဉ်းစားတော်မူရန် မရှိလှပါဘူး"
နန်းမတော် ။  "မောင်တော် ရွှေနန်းရှင်က မြင်တော်မူထားသူများရှိလို့ပါလား၊ နှမတော် အပါးမှာ ခစားကြတဲ့ သတ္တ၀ါမကလေးတွေဟာ ငယ်ရွယ်လွန်းကြတဲ့ သူတွေချည်းများပါတယ်၊ အရွယ် ရောက်ပြီး သည့် အပျိုတော်များမှာလည်း သူ့အတွဲနှင့် သူ၊ ကတော်တွေ မယားတွေသာ ဖြစ်ပါတယ်၊ ဘယ်ဟာကို ရည်ရွယ်လို့ မိန့်တော်မူတယ်ဆိုတာ သိပါရစေ မောင်တော်ရဲ့"
ဘုရင် ။  "မောင်တော် မြင်ထားသူရှိ၍ မိန့်တော်မူခြင်းမဟုတ်ပါ နှမတော်က ခိုင်းတော်မူစရာ ပေးချင်ရာပေး ဆက်ချင်ရာဆက် လက်ခံရမည့်မောင်တော်ပဲ"
နန်းမတော် ။  "နှမတော်ကတော့ မဆက်ချင်ပေါင်ပါ၊ မောင်တော် လိုလားရာကို ဖွေရှာလို့ ညွှန်ပြလျှင် ကြည့်ချင် ပါငဲ့"
ဘုရင် ။ "ကြည့်တော်မူချင်ရုံပဲလား၊ သနားတော်မူမှာ မဟုတ်ရင်လည်း အလုပ်ပို မလုပ်ပါရစေနှင့် (စိတ်တော် ကိုစမ်း၍ မိန့်တော်မူသည်)
နန်းမတော် ။  "နှမတော်ထံမှာ မောင်တော်ဝန်ခံခဲ့တဲ့ အချစ်တော် စာချုပ်ကို ဆုပ်ဖျက်ချိုး ဖောက်နိုင် လောက်အောင် သွေးဆောင်နိုင်တဲ့ ရူပါရုံရှင်ကို မြင်ချင်ကြည့်ချင်ပါသေးတယ်"
ဘုရင် ။  "နှမတော် ဤသို့ထင်မြင်လျှင် တက်တက်စင် လွဲပါလေတော့မည်၊ ဒီအဆောင်မှာ မောင်မောင်ဆင်လိုသည့် ပန်းရယ်လို့ မယ်မယ်ရရ မရှိသဖြင့် နှမတော်ကြည့်ရန် ညွှန်ပြခြင်းမပြုနိုင် ပါကလား"
နန်းမတော် ။  "သြော် ... ဖော်တော့မလိုလိုနှင့် ဖုံးပြီး မုန့်လုံးစက္ကူကပ်သလို ချာရပတ်လည်သွား ပြန်ပါ ပေါ့ကလား"
ဘုရင် ။  "အထင်တော်မမှားလိုက်ပါနှင့် ဖုံးလားကွယ်လားပြုရန် မကြံရွယ်ရိုးအမှန်ပါ၊ အကောင် အထည် သဏ္ဍာန်မရှိသေးလို့ ညွှန်ပြဖို့ ခက်သည်ကို အထင်တော် ပို၍လွဲလျှင် ကံကိုပဲ အပြစ်ချိရတေ့မည် နှမတော်"
နန်းမတော် ။  လူမတန် ကံကိုချဆိုတဲ့ ရှေးကစကား အစဉ်အလာ ရှိပါတယ်၊ ဘယ်သူက လာ၍ချချ ကံကတော့ ရန်မတွေ့တတ်ရှာပါဘူး၊ အင်မတန်သဘောကောင်းပါသည် မောင်တော်ဘုရား"
ဘုရင် ။  "ကဲကဲ ... နှမတော်နှင့် စကားပြိုင်လိုတော့ နိုင်စရာအကြောင်းမမြင်တော့ပါ၊ မောင်တော်တို့ စကားစ၍ ပြောလာစဉ်က မူလအကြောင်းခံမှာ ဒီဟာမဟုတ်ပါ၊ အပျိုတော်များကို ဘွဲ့မည်ရည် အတန်းအဆင့်နှင့် ရာထူးဂုဏ်ထူးများ တိုးမြှင့်ချီးမြှောက်မူဖို့ ကိစ္စပါကလား၊ စကားတွေ ကျယ်ဝန်းပြီး အစွန်းမလွတ် အဖျားမလွတ်ဖြစ်လာခဲ့ပြီ၊ ဒီတော့ကာ နှမတော် နှစ်သက် တော်မူသလိုသာ သူကောင်း ပြုတော်မူပါဘိ" ဟု စကားနိဂုံးချုပ် အမိန့်တော်ရှိလျက် နောက်ထပ် မဆက်ဘဲ အကဲမရသည့်အတူတူ မိန့်တော် မမူတော့ရန် သန္နဋ္ဌာန်ချတော်မူလိုက်လေသတည်း။
နန်းမတော် ထိပ်စုဖုရားလတ်သည် စကားအဆက်အစပ်နျင့် အတွေးအယူ သူမတူအောင် ပါးနပ် တော်မူလှသည်အတိုင်း နှိုင်းယှဉ်စဉ်းစားတော်မူမိသော အထောက်အထားများမှာ ယခင်အခါ ကာလအတန်ကြာက သင်္ကာမကင်းသော စိတ်ထားဖြင့် ဒိုင်းခင်ခင်ကြီး၏ အသွားအလာများကို စောင့်စားကြည့်ရှုစေရာ သေချာဂန မတွေ့ရသော်လည်း နီးစပ်သော အချက်အလက်များနှင့် အသင့်အတင့် သိရှိရိပ်မိခဲ့ရာမှ ရုတ်တရက် အစပျောက်သွားသောကြောင့် စောင့်စားနေစဉ်မှာပင် ခင်ခင်ကြီးက အမိန့်တော်ခံ၍ အိမ်ပြန်သွားသည့်အတွက် အဆက်အသွယ် ပြတ်လေပြီဟု မယုံမကြည် ဖြစ်တော်မမူတော့ဘဲ နေခဲ့သည်။
သို့ရာတွင် ယနေ့ မောင်တော်ဘုရား ရွှေနန်းရှင်နှင့် တွေ့ဆုံနှီးနှော စကားဆက်စပ်ပြောတော်မူခါမှ ရွှေနန်းရှင်ဘုရားက ဒိုင်းခင်ခင်ကြီးကို သတိတရ မေးတော်မူခြင်း၊ ဆုတော်လာဘ်တော်ပေးရန် အမိန့်ရှိခြင်း၊ ကိုယ်လုပ်မောင်းမတစ်ဦးလောက် ထားလိုကြောင်း၊ ထူးထူးခြားခြား အခွင့်အရေးစကား ဆိုတော်မူခြင်းက စလျက် ဖော်မလိုနှင့် ၀ှက်လိုက်သည့် အခြင်းအရာများကို စဉ်းစားသုံးသပ်တော်မူမိလျှင် ယခင် မသင်္ကာချင်သော စိတ်တော်များမှာ အသစ်တစ်ဖန် အားကောင်း၍ လာပြန်တော့သည်။
မောင်မောင်ဟာ ဧကန္တ ဒီကောင်မကလေးကို အရေးတယူ မေးတော်မူခြင်းမှာ ကြင်နာသနား၊ ချစ်စိတ်တော် များနေ၍သာ ကြာရှည်သိုသိပ်ခြင်း မပြုနိုင်ဘဲ လွှတ်ခနဲ မိန့်တော်မူခြင်း ဖြစ်မည်ဟု တစ်ထစ်ချ ယုံကြည်တော်မူလိုက်သည်။
တစ်နည်းအားဖြင့်လည်း သည်ကောင်မကလေးဟာ အရွယ်ကလည်း နုနုငယ်ငယ်၊ ရူပနိကာယ်မှာလည်း ဆိုဖွယ်ရာ အပြစ်မရှိ ကောင်းခြင်းငါးရပ်နှင့် ပြည့်ဝကျမ်းဂန်တွက်ညီညွတ်လှ၍ ဘိသိက်တော်ပင် ဆက်ခဲ့ ရသည်။ ဒီလို လှလှပပကလေးကို မြင်ရလျှင် ရှင်ဘုရင်လည်း ရဟန္တာမဟုတ်၍ လှုပ်ရှားပေမှာပဲ၊ မဟုတ်မှလွဲရော မောင်တော်ဘုရားတော့ ဒိုင်းခင်ကြီးရဲ့ အဆင်းပြင်လျာနှင့် ရူပါရုံရေယဉ်ကြောမှာ နစ်မြောလို့ နေတော်မူပါပြီ၊ ဒီကိစ္စ တိတိကျကျ သိရှိတော် မူရအောင် ခင်မကြီးကို ထပ်မံဆောင်ရွက်ရန် စေခိုင်း တော်မူရတော့မည်။
သြော် ... မောင်တော် ရွှေနန်းရှင်သည် ယခုတစ်လောတွင် တိုင်းပြည်ရေးရာများကို ကိုယ်တော်တိုင် ထူးထူးထွေထွေ စီမံခန့်ခွဲလို့ ယခုတစ်လောတွင် နည်းနည်းတော့ ဆန်းသည်လို့ ထင်မိတယ်၊ ဘယ်လိုနည်း ဘယ်လိုလမ်းများနှင့် စခန်းသွားတော်မူပါလိမ့်၊ နှစ်သိပ်ကြည်ဖြူ ချစ်တော်မူ၍ ဇမ္ဗူတွင် အတူမထား စုတစ်ပါးရင်ခွင်ထက်မှာ သက်ရာပြည့်စံပါမယ်လို့ အသွယ်သွယ် သစ္စာထားခဲ့ပေမဲ့ ရုပ်လှပြီး အရွယ်သင့်တဲ့ စံပယ်ပွင့်ကလေးကို မြင်ပြန်တော့လည်း ငါ့ရင်ခွင်က ရုန်းထွက်လို့ လက်သင့်ရာ လှမ်းတော် မူချင်တော့သည်ထင်ရဲ့ဟု စိတ်တော်ထဲတွင် ကြေကွဲဝမ်းနည်းတော် မူချင်သလိုလို ဖြစ်လိုက်သည်။
သို့ရာတွင် အရှင်နန်းမတော် ထိပ်စုဖုရားလတ်သည် စိတ်ထက်မြက်တော်မူသည့်အတွက် ရုတ်တရက် စိတ်ဝမ်းနည်းတော်မူရာက ရွှေနန်းရှင်အပေါ်တွင် မခံချင်စိတ်၊ ဒေါမနဿစိတ်များပေါ်၍ အမျက်တော်ကြွလာတော့သည်။ ဤကိစ္စကို မရမနေ မျက်ခြည်မပြတ် စုံစမ်း၍ ရွှေနန်းရှင်အား လက်ရဖမ်းတော်မူပြီးလျှင် နာနာကြည်းကြည်း ပြစ်တင်ပြောဆိုတော်မူမည်ဟု ကြံစည်ပိုင်းဖြတ်တော်မူလိုက်လေသတည်း။
မယ်တော်လောင်းရှည် မိဖုရားကြီးအား သားတော် သီပေါရွှေနန်းရှင်ဘုရားက ဘုံငါးဆင့် ဆောင်ရ ခုနစ်ဆောင်ရှိသည့် ကြီးကျယ်ခမ်းနားစွာသော အိမ်ဖြူတော်ကြီးနှင့် စံနေတော်မူစေလျက် မြို့စား အဖြစ် စလင်းမြို့၊ တလုပ်မြိ့များကိုဆက်၍ ထီးမိုးသည်ခံအတွက် နန်းခမ်းမြို့၊ ပင်ခမ်းမြို့များကို ဆက်ပြီး လျှင် အသုံးခံ ကျွေးခံအတွက် ချောင်းဦးဆယ်ရွာရှိ ဘိုးတော်ဘုရားမှ ဆင်းသက်ပိုင်ဆိုင်ခဲ့သော လယ်ပယ်တော် များကို ဆက်သတော်မူပြီးလျှင် မယ်တော်ဘုရား အပါးတော်မြဲများ၊ စာရေးတော်ကြီးများ၊ ကွမ်းရေတော် ခေါင်းများ၊ ကွမ်းရေတော်သား ခုနစ်ဆယ်၊ ကျွန်တော်မျိုး ယောက်ျားငါးရာ၊ ကျွန်တော်မျိုး မိန်းမ လေး ရာ တို့ကို ၀ဲလှည့်ယာလှည့် ခွဲ၍ နေ့ညဥ့်မပြတ် ထွက်ဝင်ခစားစေရသည်။ ယင်းသို့ မြောက်မြားစွာသော ကျေးတော်ကျွန်တော်မျိုးတို့နှင့် မယ်တော်ကို ကြည်ညိုရိုသေစွာ မြှောာက်စားပြုစုခဲ့ရာမှ ကာလမကြာမီ ကိုးရာကျော်ရှိသော ကျေးကျွန်အမှုထမ်းများကို အပြစ်တင်မကင်းရှိတော်မူသည်ဟု အချို့ကို အရာနုတ်၍ ထက်ဝက်မကဖြစ်သော ကျွန်တော်မျိုးငါးရာခန့်လောက်သာ ထားတော်မူလေ သည်။ ဤကိစ္စနှင့် ပတ်သက်၍ မယ်တော်လောင်းရှည်ဖုရားမှာ သားတော်အတွက် တစ်စုံတစ်ရာ စိတ်ကွက်တော်မမူစေကာမူ တစ်ခါတစ်ရံ သမီးတော်များနှင့် စကားစပ်မိလျှင်ကား သားမယ်တော်များ ခေါင်းချင်းဆိုင်၍ ရှေ့အရေး ဆွေးနွေး တိုင်ပင်လျက် ရှိကြသည်။
သီပေါရွှေနန်းရှင်ဘုရား၏ အစ်မတော်ရင်း ပခန်းကြီးမြို့စား စုဖုရားကြီးနှင့် နှမတော်ငယ် မိတ္ထီလာမြို့စား စုဖုရားကလေး တို့သည် တစ်နေ့သောအခါ မယ်တော် လောင်းရှည်ဖုရားအနီး ထိုင်တော်မူရာမှ ငယ်ရွယ် ရှာသူ မိတ္ထီလာစုဖုရားကလေးက အစ်မတော်အား စတင်၍ လျှောက်ထား လိုက်သည်။
"မယ်တော်ဘုရား နန်းမတော်ဆောင်ကြီးကို ရောက်တော်မူပါသေးလား ဘုရား"
မယ်တော် ။  "မယ်တော်ဘုရား မနေ့ကပင် ရောက်ခဲ့ပါသည်၊ သမီးတော်များလည်း မကြာခဏ သွားလိုက်ကြပါကွယ်"
စုဖုရားလေး ။  "သွားတော့ သွားချင်ပါတယ် မယ်မယ်ဘုရား၊ ယောင်းမတော်ဘုရားက ကြည်ကြည် သာသာ ရှိတော်မူတဲ့အခါတော့လည်း ရဲရဲတင်းတင်း ခစားဝံ့ပါသည်၊ တစ်ခါတစ်ခါ ရွှေစိတ်တော် မကြည်လင်မှဖြင့် အင်မတန် ကြောက်ပါသည်ဘုရား"
စုဖုရားကြီး ။  "ကိုယ့်ယောင်းမတော်ရဲ့ စိတ်တော်ကို အသိသား၊ အလိုက်သင့် အပြစ်မရှိအောင် ခစားပေါ့ ညီမလေးရယ်"
လေး ။  "ဟုတ်ပါငဲ့မဘုရား၊ ကြည်သာတော်မူတဲ့အခါနှင့်ကြုံလျှင် သဇင်ပန်းတွေပေမဲ့ ယူလို့မကုန်အောင် တစ်ပုံကြီး လက်ဆောင်သနားတော်မူလိုက်ပါတယ်၊ အဆင်မသင့်တဲ့ အခါမျိုးမှာတော့ ညီမလေး ၀တ်ဆင် သွားတဲ့ ခါသာပိတ် ထိုင်မသိမ်းအင်္ကျီကလေးကိုပင် စေ့စေ့ စပ်စပ် ရှုစားပြီး မိတ္ထီလာစုလေးက ရှင်ဘုရင့်နှမဆိုတော့ ခါသာပိတ်အင်္ကျီ အသစ်စက်စက်ကြီးဝတ်လို့ လွှတ်မောက်လာပါကလားကွယ်လို့ မိန့်တော်မူပါတယ် မယ်မယ်ဘုရား၊ ဒါဖြင့် စုလေးမှတ်ထားပြီး နောက်များတော့ ပိတ်အင်္ကျီအသစ်ကို မ၀တ်ဝံ့တာနှင့် ခ၀ါချကို ၀တ်ပြီး မီး္ဂှူးမြင်တော်မူချိန်က သွား၍ ခစားရပါတယ်၊ အဲဒီတော့မှ သာလို့ ဆိုးပါသေးတယ်ဘုရား၊ ငါ့အနား ခ၀ါစော်နံလိုက်တာ ခေါင်းကိုက်ချင်လာပြီတဲ့၊ ရှင်ဘုရင် ခေါင်းခဲတော့ သဲတယ် ဆိုတဲ့ စကားအတိုင်း မိဖုရားခေါင်းခဲမှာစိုးလို့ အပျိုတော်တွေ ၀ိုင်းသဲတာနှင့် တစ်ခါတည်း ထပြေး လာခဲ့ရပါတယ်ဘုရာ့၊ အခစား မ၀င်ပြန်တော့လည်း ရှင်ဘုရင် နှမတွေက မာနကြီးကြတယ်လို့ ဆိုတော်မူဦးမယ်၊ ခဏခဏ သွားလို့ အ၀တ်အစားသစ်ရင် အပြစ်မလွတ်၊ တစ်ရေလျှော် ခ၀ါချ ၀တ်ပြန်တော့လည်း ဒိုဘီစော် ခ၀ါစော် နံပြန်တယ်၊ ဘယ်နည်းနဲ့မှ အပြောခံမလွတ်ပါဘူး မဖုရား"
ကြီး ။  "မမတို့ကတော့ တရားနှလုံးထားလို့ အောက်ကျို့တဲ့ဘက်ကချည်း နေမှာပါပဲကွယ်၊ ဘယ်လိုပဲ အပြစ်ရှာရှာ မနေတတ်ပါဘူး၊ ညီမလေးကတော့ ကလေးသဘောမို့ ပြောလိုက်ရင် နာချင်လေသလား"
လေး ။  "အလိုလေး ... မနာဝံ့ပါဘူးဘုရား၊ စကားစပ်မိလို့ အကြောင်းအကျိုးလျှောက်တင်မိတာပါ၊ မယ်တော်ဖုရားတောင်မှ အလိုက်သင့်အလျားသင့် စံနေတော်မူရရှာသေးတာ အသိသားပါဘုရား"
မယ်တော် ။  "နန်းမတော် စုလတ်က စိတ်အင်မတန် ဆပ်တော်မူတယ် ဆိုတာ ငယ်စဉ်အခါထဲက မယ်ဖုရားအသိမို့ သည်းခံတော်မူနိုင်ပါတယ်၊ မယ်မယ်ဖျားက ချွေးမရယ်လို့ သဘောမထား သွေးသားတော်ရင်းများလို မှတ်ထင်လျက်ပါ၊ သူကသာ တစ်ခါတစ်ခါ ယောက္ခမလို သဘောထားလို့ သားနဲ အမိ သိသင့်သိထိုက်တဲ့ စကားများ ပြောကြားမယ်ကို အလွန်တိုထွာတော် မူပုံရတဲ့အတွက် အဆက်အသွယ် ခပ်ကင်းကင်း နေတော်မူခဲ့တယ်၊ အင်မတန်ချစ်တဲ့ သားပေမဲ့ သူအနား တယ်မကပ်ဝံ့ပါဘူးကွယ်"
စုလေး ။  "ဟုတ်ပါကြောင်းဘုရား၊ သားတော်က မယ်တော်အား ပြုစုယုယတာတွေကို ကျေနပ်ပုံမရပါ၊ ဟိုတစ်လောက ကျေးတော်မျိုး ကျွန်တော်မျိုး ကိုးရာတစ်ထောင် ထားသည်ကို မလိုလို့လား မသိ အခုငါးရာသာ ရှိပါတော့သည်ဘုရား"
စုကြီး ။  "ထန်းသီးကျွေခိုက် ကျီးနားခိုက်ဆိုသလိုများ ဖြစ်နေထင်ပါရဲ့ ညီမတော်လေးရယ်၊ မယ်တော်ဆောင်မှာ ကျွန်တော်မျိုး တစ်ထောင်ကျော်ထားတဲ့အတွက် အသုံးကံကျွေးတာဝန်တွေ အများကြီး လေးတယ် မဟုတ်လား၊ ရွှေတိုက်တော်မှာလည်း ဘဏ္ဍာတော်များ အထူးလျော့ပါးနေတဲ့ အခါ ဖြစ်လို့ ပိုရာကို လျှော့ကြသည်နှင့် တူပါတယ်"
စုလေး ။  "စုလေးတို့မဖုရား မိန့်တော်မူသလို ဟုတ်မယ်မထင်ပေါင်ပါဘုရား၊ ဒါပေတဲ့ ကြောက်လှပါတယ်၊ နောက်တစ်ခါ မပြောဝံ့ပါဘုရား"
မယ်တော် ။  "ကဲ ... ကဲ ... ကြောက်တတ်မှ ၀န်ကင်းသတဲ့ သမီးတော်တို့ရဲ့"
စုကြီး ။  "စုကြီးကိုလည်း ကြောက်တတ်တာပါပဲဘုရား"
မယ်တော် ။  "သမီးတော်တို့မှာ မောင်တော် ရွှေနန်းရှင် မျက်နှာနှင့်တောင် ဒီလောက် ကြောက်ရလန့်ရသေးတယ်၊ ရွှေနန်းတော် အနောက်ပိုင်းမှာ မျက်နှာငယ်ငယ်နှင့် နေရှာကြတဲ့ ညီမတော် အစ်မတော်တွေ တပုံကြီး ရှိကြသေးတယ်၊ သနားစရာပဲကွယ်၊ သြော် ... တကယ်ဆိုတော့လည်း သူတို့ တစ်တွေဟာ သတ်ရာဖြစ်ရာမှာ မပါကြဘဲ အသက်သွေးခဲ မြဲနေကြရသည်ပင်၊ အလွန်ကျေးဇူးတင်နေရှာပုံ ရပါတယ်၊ မျက်နှာငယ်လေးခြင်းလို့ ၀မ်းနည်းဖို့ပင် သတိရချင်မှ ရကြတော့မည်"
စုလေး ။  "အင်မတန် ကြောက်ရှာကြပါသည်ဘုရား၊ ဟိုတစ်လောက အီတာလျံဓာတ်ပုံကူးဆရာ ရောက်လာသဖြင့် ရှေ့တော်မှာလာ၍ ဓာတ်ပုံကူးခံကြရမည်ဆိုသဖြင့် မသေလို့ ကျန်နေကြတဲ့ ခမည်းတော် မင်းတရားကြီးဘုရား၏ မိဖုရားများ၊ သမီးတော်များ၊ ကောလင်းမင်းသား၊ ပျဉ်းမနားမင်းသား စတဲ့ သားတော်ငယ်ကလေးများ၊ နတ်ရွာစံ ဘဒွေးတော် အိမ်ရှေ့ဘုရား၏ သမီးတော်များ အားလုံးပင် ရှေ့တော်သို့ဝင်ပြီး အမိန့်တော်ကြီးနှင့် ဓာတ်ရိုက်ခံကြရပါတယ်၊ ဒီအခါတုန်းက စုလေးတို့ ညီအစ်မမလဲ အတူပါပါတယ်၊ ရှေ့တော်မှာဆိုတော့ ရှိခိုးလက်ယှက်ခြင်းကိုလည်း မဖြုတ်ဝံ့ မော့မော့ကြော့ကြော့လည်း မနေရဲ လူထဲသူထဲမှာ ဓာတ်ရိုက်ခံရလို့ ရှက်တာက တစ်မျိုး၊ နန်းမတော်ကြီးကို ကြောက်တာက တစ်ဖက် အသက်တောင် မှန်မှန်မရှူဝံ့ကြဘူး ဘုရား"
စုကြီး ။  "ဟုတ်ပါပေတယ်၊ ညီမတော် စုလေးပြောမှ သတိတော်ရမိသည်"
မယ်တော် ။  "မယ်တော်ဖုရားမှာလည်း သားတော်ရဲ့ ဂုဏ်ကျေးဇူးကြောင့် ထူးထူးခြားခြား အိမ်ဖြူတော် ပြူတင်းရွေချနှင့် စံစားပြီး ဘုရင့်မယ်တော်ကြီးတို့၏ အခမ်းအနားကို ရရှိစေကာမူ သြဇာအာဏာတော့ မရှိလှပါဘူး၊ မယ်ဖုရား ကိုယ်တိုင်ကလည်း ခပ်အေးအေးပဲ စံတော်မူလိုသည်နှင့် အခန့်သင့်ပါ၊ သြော် ... ဒါနှင့် မယ်ဖုရား၏ အကြီးစာရေး မောင်ရွှေမှုံ လျှောက်တင်ချက်အရ အားလပ်နေတဲ့ မြောက်ရွှေရေးဆောင်တော်ဟောင်းကို သုတ်သင်ရှင်းလင်း၍ ဟင်္သာပြဒါးရွှေဆေးနှင့် ရေးသား ခြယ်လှယ်နေကြသည်ကို တွေ့မြင်ခဲ့ရတယ်၊ ဘယ်သူဘယ်ဝါ စံနေဖို့လည်း မသိ မေးမြန်း စုံစမ်း ကြည့်လိုလည်း မရဘူးဆိုပါကလား သမီးတော်များရဲ့"
စုလေး ။  "မောင်ကြီးဘုရားက မိဖုရားငယ်များ ယူတော်မူမယ်လို့ ရည်ရွယ်တော်မူသလားမှ မသိတာဘုရား"
မယ်တော် ။  "သမီးတော်တို့ မောင်ကြီးဘုရားဟာ ဒီလိုနေရာမှာ အလွန်မှ ရိုးတော်မူရှာပါတယ်၊ ရနောင် မောင်မောင်တုတ်နှင့် မောင်ဖေတို့ ခြယ်လှယ်ခဲ့လို့သာ ငယ်စဉ်က စုစုလတ်နှင့် ဆက်သွယ်မိတာကလား"
စုလေး ။  "ရှင်ဘုရင်အဖြစ်ကို ရောက်လာမှတော့ ရွှေနန်းစဉ်လာ ထုံးတမ်းအရ လူမတတ်သော်လည်း လက်ဖက်ထုပ်က တတ်လာတော့မှာပဘုရား"
စုကြီး ။  "ညီမတော်လေး ဒါတွေ မတွေးလေနှင့်၊ အစ်မတော် အရင်းကိုပင် အတင်းတွန်းဖယ်ပစ်ခဲ့နိုင်ခဲ့ နန်းမတော်ကြီးပါကလား၊ မောင်ကြီးဘုရားကလည်း နားအေးကြိုက်တော်မူပါတယ်၊ ဘယ်ကလာ၍ မိဖုရားငယ် ယူတော်မူပါမလဲ"
စုလေး ။  "သည့်နှယ် မောင်ကြီးဘုရားအတွက် မဟုတ်ပါလျှင် သားတော်၊ သမီးတော်အချင်းချင်းထဲမှ ထိမ်းမြားလက်ထပ်ရန်အတွက်ပေလား မသိပါဘုရား"
မယ်တော် ။  "သမီးတော် စုလေးတွေးတော်မူသလို မဖြစ်နိုင်ပါဘူးကွယ်၊ မယ်ဖျားတို့ မှတ်မိတော်မူသလောက်ဆိုလျှင် ဒီရွှေရေးဆောင်များဟာ မိဖုရားများအတွက်သာ ထားခဲ့ရိုးထုံးစံ အစဉ်အလာရှိတယ်၊ မင်းတရားကြီးဘုရား၏ သားတော၊ သမီးတော်များအတွက် လက်ထပ်ပွဲ အခမ်းအနား ပြုလုပ်ဖို့လည်း မဖြစ်တန်ရာ"
စုကြီး ။  "မှန်ပါသည်၊ ခမည်းတော် နတ်ရွာစံမင်းတရားကြီးဘုရား လက်ထက်တော်က ဆိုပါလျှင် အချိန်အရွယ်တိုင် ရောက်လာသည့်သားတော်၊ သမီးတော်၊ တူတော် တူမတော်များကို အနွယ်တော် မပျက် လက်ဆက်ထိမ်းမြားပေးတော်မူမြဲဖြစ်ပါသည်။ ယခု မောင်ကြီးဘုရား လက်ထက်တ်ေမှာ အနွယ်တော်ချင်း လက်ဆက်ဖို့ပင် အင်မတန် ခက်ခဲလိမ့်မယ် ထင်ပါဘုရား"
စုလေး ။  "ဘာာကြောင့်လဲပါဘုရား"
စုကြီး ။  "အရွယ်ရောက်ပြီး လူလားမြောက်တဲ့ သားတော်၊ တူတော်မင်းသားတွေ အားလုံးလိုလို သေကုန်ကြပြီ မဟုတ်လား ညီမလေးရဲ့၊ မသေလို့ ကျန်ခဲ့တဲ့ သားတော်များရှိသော်လည်း အင်မတန် ငယ်ရွယ်ကြရှာတဲ့ ကလေးတွေသာဖြစ်တယ်"
မယ်တော် ။  "သမီးတော်များ စကားစပ်လာလို့ သတိရတော့တယ်၊ အချိန်အရွယ်ရောက်ပြီး ကျန်ရစ်ရှာတဲ့ သမီးတော်များ တူမတော်များမှာ ကြင်ဘက်ကြင်ရာ အနွယ်တူမရှိဘဲ ခုလိုသာ အနောက်ဆောင်များတွင် ခြံလှောင်ထားသကဲ့သို့ ကာလကြာရှည် နေသွားကြရမည်ဆိုပါက လူ့လောကီဓမ္မတာ သဘာဝကို ပိတ်ပင်တားဆီးထားရာ ရောက်တော့မှာပဲ၊ တချို့လည်း ငယ်ရွယ်သူတို့ဘာဝ မမှားတန်ရာ မှားယွင်းပြီး ရာဇ၀တ်မကင်းတဲ့ ကိစ္စတွေ ပြုမိမှားကြပါက ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ပြီး ၀ါးလုံးရှည်ကြီးနဲ့ သိမ်း၍ အရိုက်ခံရသလို မိန်းမအားလုံးကို သိမ်းကြုံး၍ အပြစ်ပြောဆိုခံကြရတော့မယ်"
စုလေး ။  "ဒါလည်း နန်းမတော်မဖုရားလတ်က ချုပ်ချယ်တော်မူခြင်း တစ်မျိုးပါပဲ၊ ညီအစ်မတော်ကြတဲ့သူ အချင်းချင်း ကိုယ်ချင်းစာတော်မူလျှင် ဒီပြင် မင်းသားများမရှိတဲ့အဆုံးမှာ မောင်ကြီးဘုရားက သိမ်းပိုက်ပြီး ဆောင်ရနန်းရ မိဖုရားများအဖြစ်နှင့် ထားတော်မူနိုင်သားပါဘုရား"
စုကြီး ။  "အမိန့်တော်အတိုင်းပါဘုရား ... သားမယ်တော် သုံးပါးတည်းသာရှိသဖြင့် သိသင့်သိထိုက်သော အကျိုးအကြောင်းများကို ရှေ့အလားအလာ ဘေးရန်ကင်းစွာ ခံစားနေထိုင်ရန် အကြံဥာဏ် ပွင့်ပွင့်လင်းလင်းနှင့် အချင်းချင်း ညှိနှိုင်းခြင်းမျှ ဖြစ်ကြောင်းပါဘုရား" ဟု စကားလက်စ သိမ်းကာ ပွဲတော်စာ စားသုံးချိန်ရောက်သည်နှင့် အဆောင်မကြီးဘက်သို့ ထွက်တော်မူ ခဲ့ကြလေသတည်း။
အရှင်နန်းမတော် ထိပ်စုဖုရားလတ်သည် အတွင်းကျကျ ယုံမှတ်တော်မူလှသော ခင်မကြီးအား ရွှေနန်းရှင်ဘုရားနှင့် ဒိုင်းခင်ခင်ကြီးတို့အပေါ်တွင် နောက်ထပ် မသင်္ကာစရာ အရိပ်လက္ခဏာများ ကြုံတွေ့တော်မူပြန်သည့်အကြောင်းတို့ကို ပြန်ပြောင်းအမိန့်တော်ရှိပြီးလျှင် ညဥ့်ညီလာခံသဘင်ကို အချိန်ကြာရှည်စွာ ပြုတော်မူခြင်းကိစ္စအတွက် သံသယမကင်းကြောင်း၊ ညီလာခံကိစ္စပြီးလျှင် ရွှေနန်းရှင် ဘယ်နေရာသို့ ထွက်တော်မူ၍ ဘယ်သူက ခစားပြီး ဘယ်စကားမျိုး တိုင်ပင်ဆွေးနွေးတော်မူသည်ဟု သိတော်မူလိုသဖြင့် အခွင့်အရေးရသည့် အခိုက်ကိုကြည့်၍ နှိုက် နှိုက်ချွတ်ချွတ် လိုက်လံစုံစမ်း ထောက်လှမ်း ရမည်ဟု အမိန့်တော်ပေးလေ၏။
ခင်မကြီးလည်း တစ်ပါးကျွန်ပီပီ ဦးလည်မသုံ စေခိုင်းတော်မူသမျှ အမှုကိစ္စများကို ကုန်လုံကြေပွန်အောင် မျက်နှာအားရ ရွက်ဆောင်ခဲ့သူဖြစ်သည့်အတိုင်း အရှေ့ပိုင်းက အဆက်အသွယ် အကူးအသန်းများကို ကြိုးကြိုးပမ်းပမ်း ချောင်းမြောင်းစုံစမ်းပြန်လေသည်။ သို့ရာတွင် ရနောင်မြို့စား မောင်မောင်တုတ် ခေါင်းဆောင်ပြုထားသော လက်သုံးတော်ကိုင် အိပ်ဖန်တော်သား ၀ဲလှည့်ယာလှည့် အမှုထမ်းများသည် မှန်နန်းဆောင်၏ အရှေ့ဘက်နှင့် တောင်ဘက် မျက်နှာတို့တွင်လည်းကောင်း၊ ဗောင်းတော် ဆောင်ဘက် တွင်လည်းကောင်း အဆောင်ကြီးသုံးခုရှေ့နောက် တန်းလျက်ရှိသော တောင်ဒ၀ယ်ဆောင်၊ ရွှေတိုက် ဆောင်၊ ရွှေဆောင်တော်တို့တွင်လည်းကောင်း၊ တောင်ဘက် ပန်းခုံတော်အုတ်တိုက်နှင့် ဦးတိုက် ဆက်စပ် လျက်ရှိသော တောင်စမုတ်ဆောင်တော်တစ်ဝိုက်၌ လည်းကောင်း ဓားရောင်လှံရောင် ပြိုးပြိုး ပြောင်ပြောင်နှင့် သန်းခေါင်သန်းအလွဲထိ ပခုံးချင်းကပ်၍ ညပ်နေအောင် စောင့်ကြပ်နေကြသည်ဖြစ်ရာ ခင်မကြီးမှာ မည်မျှပင် ကြိုးစားငြားလည်း အိပ်ဖန်တော်သားများကို ထိုးဖောက်ဝင်ရောက်နိုင်ခြင်းငှာ များစွာ ခဲယဉ်းလျက်ရှိတော့သည်။ သို့နှင့်လည်း ခင်မကြီးသည် ကိုယ်တိုင်မျက်မြင် မသိမမြင်ရစေကာမူ ညဥ့်ညီလာခံသဘင်ကွဲ၍ မှူးတော်မတ်တော်တို့ အပါးတော်မှ ရှဲသွားသည့်နောက် မည်သည့်အချိန်တွင် ရွှေနန်းရှင်ဘုရား မှန်နန်းအဆောင်တော်သို့ ပြန်ရောက်၍ အချိန်မည်မျှ အကြာတွင် ညီလာခံ စဲလေသည်များကို အချိန်နှင့် တိုင်းထွာစုံစမ်းရန် မိမိခင်ပွန်းသည် သေနတ်ဝန်မင်းအား အရှင် နန်းမတော် ဖုရား အမိန့်နှင့် လက်သိပ်ထိုး စုံစမ်းမေးမြန်းလေတော့သည်။
ခင်မကြီး၏ ခင်ပွန်းဝန်မင်းမှာ ညဥ့်ညီလာခံတွင် ၀င်ရောက်ခစားရသည် မှန်သော်လည်း ၄င်းထက်ရာထူးကြီးသူ အတွင်းဝန်ကြီးများကဲ့သို့ ဘုရင့်အပါးတော် နီးနီးနားနား ခစားခြင်း မပြုရ သည်တိုင်အောင် ဆွေးနွေးတော်မူသော ကိစ္စအ၀၀ကို မှတ်သားကြားနာရပေသည်။ အမိန့်တော် ချသမျှကိုလည်း ထိုနည်းနှင်နှင် တွေ့မြင်ကြားသိရလေသည်။ သို့ရာတွင် ထိုကိစ္စများမှာ နိုင်ငံတော်အရေး၊ သာသနာတော်အရေး၊ ပြည်သူလူထုနှင့် သက်ဆိုင်သည့် အရေးများသာဖြစ် ကြောင်း၊ အထူး အထွေမရှိကြောင်း ဇနီးသည်အား ရိုးသားစွာ ပြန်၍ပြောလေ၏။ ခင်မကြီးမှာ ဤအဖြေမှာ ကျေနပ်ခြင်း မရှိပေ၊ ညီလာခံကွဲသည့်အချိန်ကို မှတ်၍ လာခဲ့ရန် ပူဆာပြန်သည်။ ၀န်မင်းလည်း ဇနီး၏ အလိုအတိုင်း ပြောပြရရှာသည်။
ထို့ကြောင့် နောက်ဆုံးတွင် ညီလာခံကွဲသော အချိန်နှင့် ရွှေနန်းရှင်ဘုရား ဘမရာသနအဆောင်တော်သို့ ပြန်ဝင်တော်မူသော အချိန်မှာ နှစ်ပဟိုရ်လောက် ကွာနေသည်ကို ရှေ့သို့တစ်ဆင့်လှမ်း၍ စုံစမ်းရန် အကွက်လည်လာတော့သည်၊ မိမိကိုယ်တိုင် ညီလာခံတော်မူရာ အဆောင်တော်သို့ သွားနိုင်ခွင့် မရှိစေကာမူ ခင်ပွန်းဖြစ်သူ ၀န်မင်းအား စကားပရိယာယ် အမျိုးမျိုးနှင့် လှည့်ကာပတ်ကာ အမေး အမြန်း ထူလှစွာ ပြုမူလာခဲ့ရာ ကြာသော် လူရိုးကြီး ၀န်မင်းမှာ "အမေး အစစ်ထူလှပါကလားဝန်ကတော်ခင်ခင်ရဲ့၊ ဘယ့်နှယ် အရေးကိစ္စများ ပေါ်ပေါက်နေပြန်သလဲ" ဟု ဇနီး၏ အကဲကို ပြန်၍စမ်းသည့်အလား မေးခွန်းများ ထုတ်လာတော့သည်။
"ကျွန်မတို့မှာ အရှင်နန်းမတော်ဖုရား၏ တစ်ပါးကျွန်အဖြစ်နှင့် အမှုတော်ထမ်းလာခဲ့ရလို့ ဒီအခြေ ရောက်အောင် ဘုန်းတ်ခိုးတောက်ခဲ့ရသည် မဟုတ်ပါလား၊ အရှင်နန်းမတော်ဖုရားက သိတော်မူလို၍ ခိုင်းတော်မူလျက် အသက်နှင့်ပင်လဲ၍ ဆောင်ရွက်ရမည် ၀န်မင်းရဲ့၊ ဒါကြောင့်သာ အမေး အမြန်းထူရပါသည်" ဟု ပြန်လည် ဖြေရှင်းလိုက်သောအခါမှ ၀န်မင်းကလည်း အရေလည်ကာ -
"ဒါဖြင့် ရှိပါစေတော့ ခင်ခင်ရာ၊ ကျုပ်သိဒါတော့ ပြောပါမည်၊ ဒါထက် ယခုလို စုံစမ်းနေသည်မှာ အရှင် နန်းမတော်ဖုရားက ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်ဘုရားအပေါ်တွင် ယုံကြည်တော်မမူလို့ပေလား" ဟု စကား အတတ်ပေါက်လာ၍ လာပြန်သည်။
"ယုံကြည်တော်မမူလို့လည်း မဟုတ်ပါ၊ သို့ရာတွင် အ၀င်အထွက် မသင်္ကာတဲ့ ကိစ္စတစ်ရပ် ရှိနေပါသည်။ ရွှေနန်းရှင်ဘုရား ညဥ့်ညီလာခံစဲလျှင် ဘယ်နေရာကို ထွက်တော်မူပြီး ဘယ်သူနှင့် တွေ့ဆုံတော် မူတယ်ဆိုသည်ကို အမှန်အတိုင်း သိတော်မူလိုရင်းဖြစ်ပါတယ်" ဟု ရည်ရွယ်ချက် အမှန်ကို ခင်ပွန်းဖြစ်သူကို သိရန် ဖွင့်၍ အန်လိုက်သည်။ ဤတွင်လည်း ၀န်မင်းက ဇနီးသည်ကို ဖျောင်းဖျနားချသော လေသံအေးနှင့် -
"သိခွင့်ရှိလိမ့်မည် ထင်လို့မေးသော်လည်း အရေးမဆိုင်တဲ့ ကိစ္စမှာ ကျုပ်တို့ ဘာမှသိရတာမဟုတ်ဘူး ၀န်ကတော်ခင်ခင်ရဲ့၊ တကယ့်တကယ်ဆိုတော့လည်း ကျုပ်တို့အရှင်နှစ်ပါး စိတ်ဝမ်းကွဲပြားတော်မူမည့် ကိစ္စမှန်လျှင် ဖုံးတန်ဖုံး ဖိတန်ဖိ၊ သတိဝီရိယ ရှေ့ ဆောင်ပြီးအေးချမ်းအောင် အမှုတော် ထမ်းသင့် ပါတယ်ခင်ရယ်" ဟု တကယ်ပင် သဘောကောင်း၊ မနောကောင်းနှင့် အကြောင်းသင့် အကျိုးသင့် ပြောရှာတော့သည်။ ခင်မကြီးသည် သခင့်အတွက် ဆိုလျှင် ခင်ပွန်းလင်ကိုပင် ဥာဏ်ဆင်လှည့်ဖြား၍ မိမိ ၀တ္တရားကို ကျေကုန်အောင် စွမ်းဆောင်လိုသည်ဖြစ်ရာ -
"ဟုတ်ပါတယ် ခင်ခင်ကလည်း ဒီအတိုင်းပင် သဘောထားပါတယ်၊ ဒါပေတဲ့ ဘယ့်နှယ့်ကိစ္စမှန်း သိကို မသိရသေးလို့ မေးမြန်းထောက်လှမ်းနေရခြင်းပါ၊ တကယ်သာ ဟုတ်ရာမှန်ရာကို တပ်တပ်ထင်ထင် မြင်ရသိရပါက အရှင်နှစ်ပါးလုံး အကျိုးယုတ်မည့်ကိစ္စဆိုလျှင် အရှင် နန်းမတော်ဖုရားအား အလကား သံတော်ဦးတင်ပမလား၊ ခင့်ဝမ်းထဲမှာသာ သိုသိပ်လို့ ထားမှာပေါ့ ၀န်မင်းရယ်၊ ခင်ခင်ကို ချစ်တော်မူတယ်ဆို၊ ခင်ခင်သိလိုတဲ့ ကိစ္စကလေးများ ကြိုးစားပြီး ကူညီပါလား ၀န်မင်းရဲ့" ဟု နွဲ့နွဲ့လျလျ လေသံနှင့် ပူဆာပြန်လေ၏။ ဤတွင်လည်း သေနတ်ဝန်မင်းမှာ ပြုံးပြုံးကြီးဖြစ်လာပြီး "ဒီလိုဖြင့် ကောင်းပါပြီဗျာ၊ ကောင်းပါပြီ ခင်ခင်သိချင်တာ သိရအောင် ကျုပ် ဆောင်ရွက်ပေးပါမည်" ဟု ကြည်ကြည် သာသာ အာမခံလိုက်ရှာာတော့သတည်း။
ဤနည်းနှင့်လည်း မျှော်လင့်ချက် ခရီးစကို မရောက်နိုင်ခဲ့ကြပြန်သည်။ ညညီလာခံစဲလျှင် ၀န်ကြီးအတွင်းဝန်များ အားလုံးထ၍ ပြန်ကြသောအခါ သေနတ်ဝန်မင်းတစ်ဦးတည်းသာ ကြောင်စာစာနှင့် ကျန်ရစ်ရှာသည်။ ဘုန်းတော်ကြီးလှသော ဘုရားမှာ ညောင်းညာတော်မူသည်ဟု အမိန့်တော်ရှိကာ သလွန်တော်ပေါ်တွင် ခြေတော်ကို အဆုပ်အနယ် ခံတော်မူနေသည်၊ လက်သုံးတော်ကလေး နှစ်ယောက်က ကပျာကယာထ၍ ခြေတော်တစ်ဖက်တစ်ချက်ကို အနှိပ်တော်ဆက်၍ နေကြသည်ကိုသာ မြင်ရသည်၊ သို့နှင့် အကြောင်း ထူးဦးမည်လားဟု စောင့်၍ ခစားနေသောအခါများတွင်မူကား ရွှေနန်းရှင်ဘုရား ကိုယ်တော် တိုင်ကပင် " ဟင် ... သေနတ်ဝန်၊ မပြန်သေးဘူးလား၊ သွားတော့လေ၊ အိမ်အပြန် ညဥ့်နက်လျှင် အအိပ်ပျက်၍ နေတော့မည်" ဟု အမိန့်တော်ရှိတတ်လေရာ နောက်ထပ်၍ ကြာကြာနေရမည်မှာလည်း အကြောင်း ပြစရာ မရှိသိဖြင့် "ဗျာဒိတ်တော်မြတ်အတိုင်းပါဘုရား" ဟု ရှိခိုးလျှောက်တင်ကာ နောက်ဆုတ်နောက်ဆုတ်နှင့် ခပ်ကုတ်ကုတ် ထွက်လာခဲ့ရရှာတော့သည်။
မလျှော့သော လုံ့လဖြင့် နောက်တစ်ရစ်ကျော့ကာ တစ်စုံတစ်ရာ မေ့နေရစ်ဟန် မလိမ့်တပတ်ဥာဏ်နှင့် ညီလာခံရာ အဆောင်တော်ထဲသို့ ပြန်လှည့်ဝင်ဦးမည်ဟု ကြံစည်သောအခါ တိုင်းမှာလည်း ကျည်းရှင် တံခါးရွက် ပိတ်ထားပြီး အိပ်ဖန်တော် လက်သုံးတော်သားများက အသားချင်းထိမတတ် စောင့်ကြပ်ပြီးသား ဖြစ်နေလျက် "အလို ဘယ်အတွက် ၀န်မင်းဘုရား ပြန်ကြွလာပါသလဲ" ဟု လက်သုံးတော်ထဲမှ တစ်ယောက်က စတင်မေးလျှင် "ခုတင်က ဆေးလိပ်ထုပ်ကလေး မေ့ရစ်သည်" ဟုလည်းကောင်း၊ "ကွမ်းယာထုပ်၊" "ချွေးသုတ်ပ၀ါ" စသဖြင့် ရမိရရာ ဆွဲ၍ ဖြေလိုက်ရရှာသည်တိုင်အောင် "ကျွန်တော်များ ရှာ၍ ထားလိုက်ပါမည်၊ ယခုတင်ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်ဘုရား မှေးခနဲ စက်ပျော်တော်မူသွား ပါသည်" ဟူသော လက်သုံးတော်တို့ အပြောကြောင့် အောင့်သက်သက်နှင့် ပြန်ခဲ့ရသည်ချည်းသာ ဖြစ်တော့ သတည်း။
ယင်းသို့လျှင် နည်းပရိယာယ် အသွယ်သွယ်ကို လဲလှယ်အသုံးပြုကာ စောင်းပါးရိပ်ခြည် စုံစမ်း ထောက်လှမ်းနေခဲ့လေသည်။ ခင်မကြီးတို့ ဇနီးမောင်နှံသည် ထည်လဲ၊ ဆင်ကွဲ အကြံဥာဏ် ထုတ်ကာ ဆီကဲ့သို့ အပေါက်ရှာ၍ ၀င်ပါသော်လည်း မောင်မောင်တုတ်၏ အကာအရံ ခံတပ်ကြီးကို မည်သည့်နည်းနှင့်မျှ ထိုးဖောက်ဝင်ရောက်နိုင်စွမ်း မရှိခဲ့ဘဲ ကြံဖန်သမျှ တပ်လှန်၍ ကျခဲ့ရတော့ သည်။ သို့ကြောင့် ညဥ့်ညီလာခံကွဲလျှင် ရွှေနန်းရှင်ဘုရား ဘယ်တွင်ရှိတော်မူသည်ဟူသော အဖြေကလေးကိုပင် မပေးနိုင်၍ လက်မှိုင်ချရတော့မလို ဖြစ်နေလေ၏။
ခင်မကြီးမှာ ကြာလေကြာလေ အားမလိုအားမရ ဖြစ်လာခဲ့ရှာသည်။ ၀န်မင်းနှင့် မဟန်နိုင်သည့် အဆုံးတွင် လက်သုံးတော်ကလေးများကို ပူးပူးကပ်ကပ်ပေါင်းလျက် အကြောင်းသင့် လာသောအခါ သိလိုသော အချက်အလက်များကို လှည့်စားသွယ်ဝိုက်ပြီး အငိုက်ဖမ်း၍ မေးမြန်း စုံစမ်းလေသည်။ လက်သုံးတော် သားများကား မောင်မောင်တုတ်တို့၏ သစ္စာခံ သံမဏိဂိုဏ်းဝင် လက်ရွေးစင် လူယုံတော်ကလေးများကိုသာ ရွေးကောက်ဖွဲ့စည်းထားခြင်းဖြစ်ရကား ခင်မကြီးပေးသမျှ ကျွေးသမျှ စား၍ မေးသမျှ စကားကိုမူ အူလည်ကြောင်ပတ်နှင့် အစဖြတ်လိုက်တတ်ကြတော့သည်။ မသင်္ကာဖွယ် ကိစ္စများကား တစ်နေ့တခြား ပြန်ကြွလာတတ်သည်မှာလည်း ညစဉ်ညတိုင်း ဖြစ်တော့သည်။ ရွှေနန်းရှင်ဘုရားသည် ဤအချိန်တိုင်းမှာ ညောင်းညာတော်မူသဖြင့် အနှိပ်ခံ၍ချည်း နေတော်မူရန် မဖြစ်နိုင်ဟူသော အတွေးသည်သာ နေ့စဉ် ပေါ်ပေါက် ရမြဲ ဖြစ်ပေသည်။
အကြံဥာဏ်မသေးလှသော ခင်မကြီးကလည်း မရမနေ ခပ်ပေပေ ဇွဲကြီးကြီးနှင့် တစ်နည်းမဟန်လျှင် တစ်နည်းကြံပြန်သည်။ ရွှေနန်းတော်အရှေ့ပိုင်းတွင် ၀င်ရောက်ထိုးထောက်၍ မမြင်စွမ်းနိုင်သည့်အဆုံးတွင် ဒိုင်းခင်ခင်ကြီးတို့ နေအိမ်တွင် လူဝင်လူထွက် အသွားအလာကို နေ့ရောညပါ အစောင့်အနေ ချထား ကြည့်ရှုစေသည်။
သို့ကြောင့် ဒိုင်းအတွင်းဝန်မင်း နေအိမ်ဝင်းခြံအနီးအပါး တစ်ဝိုက်တွင် မယောင်မလည် အထောက်တော် လုပ်၍ နေသူများသည် ဥဒဟို မစဲအောင် သွားလာစုံစမ်းလျက် ရှိကြပြန်သည်။ သို့ရာတွင် ဒိုင်းဝန်မင်းနှင့် တောင်သမန်လယ်စား မောင်မောင်ဖေတို့ ရွှေနန်းတော် အခစားထွက်ဝင်ခြင်း၊ တစ်ခါတစ်ရံ နေ့အခါ ဒိုင်းဝန်ကတော်ကြီးနှင့် ခင်ခင်ကြီးတို့သားအမိ အရှင် နန်းမတော်ဖုရားထံ အခစားဝင်ကြခြင်းတို့မှ တစ်ပါး ညအခါ တောင်သမန်လယ်စား မောင်မောင်ဖေ သူ၏အခြွေအရံလက်စွဲ တပည့်ယောက်ျားငယ်များနှင့် ညဥ့်ညီလာခံဝင်ရန် သွားသည်၊ သန်းခေါင်သန်းလွဲရှိမှ သူ၏အဖော် တပည့်လက်သား ယောက်ျား ငယ်တစ်စုနှင့် ပြန်ရောက်လာသည် စသော အစီရင်ခံချက်များကိုသာ ရသဖြင့် ခင်မကြီး မျှော်လင့် သလောက် ခရီးမရောက်ရှိခဲ့ပြန်သည်။
အထောက်တော်များသည် မောင်မောင်တုတ်နှင့် မောင်မောင်ဖေ သို့မဟုတ် မောင်မောင်ငယ်တို့ ညအခါ ညီလာခံ အ၀င်အထွက်၌ ရွှေနန်းတော် မည်သည့်ဘက်က အဆင်းအတက်ပြုသည်၊ တပည့်ငယ်သား ဘယ်နှစ်ယောက် နောက်ကပါသည်အထိ စေ့စေ့ငှငှ ကြည့်ထားရမည်။ တစ်ခါတစ်ရံ အခွင့်သာလျှင် ၄င်းတို့၏ တပည့်သားဟန်ဆောင်လျက် ရောယှက်လိုက်ပါသွားပြီး မည်သို့သော အမှုကိစ္စများ ပြုလုပ် ကြသည်ဟု အမှတ်မထင် ကြည့်ရှုရန် အကြံသစ်ဖွင့်၍ စနစ်တစ်မျိုးပြောင်းခဲ့သည်။
တံခါးအနီး အတွင်းတစ်ဝိုက်မှာ ပင်းသာမြို့စား မောင်မောင်ဗြောင်း၏ လူများ ခြံရံစောင့်ကြပ်လျက် တောင်စမုတ်ဆောင်တော် လှေကားအတက်မှသည် တောင်ဘက် ပန်းခုံတော်နှင့် မျှော်စင်ပြာသာဒ် တော်ကြီးအထိ အစောင့်အရှောက်တွေ ဆထမ်းပိုး ပိုနေပြန်သည့်အပြင် ဤမှာ ဘက်တွင် အထွက်အ၀င်ကို သာ၍ပင် စစ်ကြောခြင်းပြုနေသည်။
ကင်းသုံးတန်လောက်ထားပြီး လျှို့ဝှက်သော အထိမ်းအမှတ်နည်းကို သုံးစွဲကြသည်၊ မောင်မောင်တုတ်၊ မောင်မောင်ငယ်တို့က တပည့်ဘယ်နှစ်ယောက်ပါသည်ဟု အတိအကျပြောပြီးမှ ၀င်သွားကြ သည်တိုင် အောင် နောက်ပါးတို့အား လျှို့ဝှက်သော အထိမ်းအမှတ်များနှင့် စစ်ဆေးပြီးမှ နောက်ထပ် ၀င်ခွင့် ရသည်။
ထိုမျှလောက် ကြားဖောက်ထိုးကွက်မရအောင် စေ့စပ်သေချာလှသော မောင်မောင်တုတ်၏ အစီ အမံကြောင့် အဖမ်းအဆီးခံရသော ခင်မကြီး၏ အထောက်တော်များမှာလည်း မနည်းပါးလှတော့ချေ။ အယောင်ဆောင်၍ လိုက်ပါလာလေသမျှ အဖမ်းအဆီးခံရသော သူတို့ခမျာ များအတွက်လည်း မသက်သာ လှဘဲ ရွှေနန်းတော်ထဲ မည်သည့်အကြံအစည်နှင့် အယောင်ဆောင်လာသည်ကို မရရအောင် ထောင်အတွင်း ၌ ညှဉ်းပမ်းနှိပ်စက်ကာ မေးမြန်းစစ်ဆေးရာမှ ခင်မကြီး၏ စေခိုင်းချက်အရ လာရခြင်း ဖြစ်ကြောင်း ဖော်ပြောကြသည်တွင် မောင်မောင်တုတ်ကို ခပ်အုပ်အုပ် အစီရင်ခံကြလေရာ ချက်ဆိုလျှင် နားခွက်က မီးတောက်သလို ခင်မကြီးဆိုသော အမည်ကို ကြားရုံနှင့် နန်းမတော်ဖုရား အလိုတော် ဖြစ်ကြောင်း ကောင်းစွာ ရိပ်မိသဖြင့် ရှေးကထက် နှစ်ဆတိုးပြီး အမျိုးမျိုး သတိဆောင်၍ လုံခြုံအောင် သိုသိပ်ကြလေ၏။
အရှင်နန်းမတော်ဘုရား၏ အမိန့်တော်အရ လေးဘက်လေးတန်က ၀ိုင်းပြီး အနည်းနည်းအလမ်းလမ်းဖြင့် စုံထောက်ခန်းဖွင့်ခဲ့သူ ခင်မကြီးမှာ ခရီးပြင်းနှင်ရင်းက လမ်းစပျောက်၍ သွားရကား မိမိ ကြိုးစားခဲ့သမျှ နည်းလမ်းအ၀၀ကို အစမှအဆုံး တစ်လုံးတပါဒမကျန် နန်းမတော်ဖုရားထံ သံတော်ဦးတင်ရတော့သည်။ "ဘုရားကျွန်တော်မျိုးမ၏ အစွမ်းနှင့်ဖြင့် ရွှေနန်းတော်အရှေ့ဘက်ကို ဤတစ်သက် ကူးသွားနိုင်ရန် မဖြစ်နိုင်တော့ကြောင်းပါ ဘုရား၊ မသင်္ကာဖွယ်ကိစ္စရပ်များကလည်း နေ့စဉ်အရိပ်အယောင်ထင်လျက်မို့ အရှင်နန်းမတော်ဖုရား ကိုယ်တော်တိုင် ထွက်တော်မူလျှင်ဖြင့် ဘယ်သူမှ တားဆီးဝံ့မည် မဟုတ်ကြောင်း ပါဘုရား" ဟု အကြံဥာဏ်ပေးစကားဆက်သလျှောက်ထားရလေ၏။ အရှင် နန်းမတော် ဖုရားလည်း " အင်း ... ဒီနည်းဖြင့်လျှင် သင့်လျော်လိမ့်မည်၊ လုံလောက်မည့် အချိန်နာရီနှင့် အကောင်အထည် လက်ဆုပ်လက်ကိုင်မိနိုင်သောအခါကို လာ၍ သံတော်ဦးတင်က ငါကိုယ်တော်တိုင် ထွက်ကြွပြီး လက်ရဖမ်းတော်မူမည်" ဟု အမိန့်တော်ရှိလိုက်လေ၏။
တစ်နည်းတစ်လမ်းအားဖြင့်လည်း ခင်မကြီး စေလွှတ်ထားသော အထောက်တော်အချို့ထံမှ အစီရင်ခံချက်အရ ဒိုင်းဝန်မင်းအိမ်သို့ ၀င်ထွက်နေကြသော သူတို့တွင် ပန်းတိမ်ဝန်၏ လက်ထောက်ခံ ပန်းတိမ်အမှုထမ်းများ(ပန်းတိမ်ဆရာ)ကိုလည်း တွေ့ရကြောင်း သိရှိရသဖြင့် ပန်းတိမ်ဖိုများကို အထောက် တော်များ ချထားစုံစမ်းသောအခါ ဒိုင်းဝန်ကတော်က သမီးခင်ခင်ကြီး ၀တ်ဆင်ရန် လက်ဝတ် လက်ဆင်များ လုပ်စေရာ အချို့အသုံးအဆောင် အဆင်အယင်များမှာ မိဖုရားများသာ ၀တ်ဆင် သုံးစွဲခြင်း ပြုရသော ပစ္စည်းပါနေခြင်း၊ ရွှေကလပ်၊ ရွှေရေဖလား၊ ရွှေကွမ်းအစ်၊ ရွှေထွေးခံတို့အပြင် ရွှေသင်ဖြူး ငွေသင်ဖြူး များ ရက်ရာတွင်သုံးရသော ရွှေနန်းပြား၊ ငွေနန်းပြားများ ဆွဲခိုင်းထားခြင်း စသည် တို့ကို တွေ့မြင် သိရှိလာခဲ့လေသည်။
ဒိုင်းဝန်ကတော်ကြီးသည် ထိုပစ္စည်းများကို ပန်းတိမ်ဖိုတွင် လုပ်စေသည်မှာ နောင်အခါ သမီးခင်ခင်ကြီး အဆောင်ရ မိဖုရားဖြစ်လာလျှင် ရွှေနန်းရှင်ဘုရား အဆောင်တော်သို့ ကူးကြွလာတော်မူသောအခါ၌ ခင်းကျင်း ရန်သာ ရည်ရွယလျက် (လျှို့ဝှက်စွာ အသင့်စီမံထားရမည်) ဆိုသော မောင်မောင်တုတ်တို့၏ အကြံပေးချက်အရ ပြုပြင်စီမံသင့်သမျှ လုပ်ဆောင် ထားရခြင်းဖြစ်လေ၏။
မောင်မောင်တုတ်မှာ တန်ခိုးအာဏာထွား၍ ရွှေမရှားငွေမရှား အသုံးအစွဲကလည်း လက်ဖွာသူ ဖြစ်သည်။ မောင်မောင်ငယ်မှာလည်း ရွှေတိုက်တော်ကို အုပ်ချုပ်ရသူ၊ ရွှေတိုက်စိုးကြီး တစ်ဦး ဖြစ်သည်။ ရွှေနန်းရှင်ဘုရားကလည်း ခင်ခင်ကြီးကို သဒ္ဓါတော်ပွား၍ စေတနာတော် အထူးထားသည်၊ မကြာမီလည်း အထင်အရှား မြှောက်စားတော်မူတော့မည်ဖြစ်ရာ ဒိုင်းဝန်ကတော်ကြီးမှာ တစ်စုံတစ်ရာ သံသယမရှိ သူ၏ တာဝန်အရ မောင်မာင်တုတ်တို့ ထုတ်ပေးသမျှ ရတနာရွှေငွေ အမြောက်အမြားမှ အစစအဆင်သင့်ရှိစေရန် ကြိုတင်စီမံခြင်းသာ ဖြစ်ရှာသည်။
မောင်မောင်တုတ်မှာ မဆုတ်မနစ်သော လုံ့လဖြင့် ရွှေနန်းရှင်ဘုရားနှင့် ခင်ခင်ကြီးတို့အရေးတွင် လျင်လျင်မြန်မြန် အကြံအထမြောက်စေရန် မအိပ်မနေ အပင်ပန်းခံနေသူဖြစ်ရကား ရွှေနန်းရှင်ဘုရား ထံတော်မှ နောက်ဆုံးကြားသိရသော အခြေအနေမှာ နန်းမတော်ဖုရား၏ ကြည်သာမှုကို ယခုထက်တိုင် မရရှိသေးကြောင်း နောက်နောင်ကိုလည်း သည်နည်းအတိုင်းပင် အခွင့်အရေး ဖင့်နှေး နေမည်သာ ဖြစ်ကြောင်း ကောင်းစွာ သိရှိရလျှင် ရွှေနန်းရှင်ဘုရားအား စိတ်ထား တွန့်ဆုတ်တော်မမူရန် သံတော်ဦး တင် စကားဖြင့် အားပေးအားမြှောက် ပြုလျက်ရှိလေ၏။
"ဒိုင်း ၀န်သမီးအနေနှင့် သည်ပစ္စည်းတွေကို သုံးစွဲဝတ်ဆင်ရန် မလိုပါ၊ မိဖုရားအဖြစ်သို့ ရည်မှန်းပြီး တစ်စခန်းဖွင့်နေခြင်းသာပါဘုရား" ဟု ခင်မကြီးက လျှောက်ထားလျှင် အရှင်နန်းမတော်ဖုရားက -
"အင်း ... ခင်မကြီး လျှောက်တာမှန်တယ်၊ သို့ရာတွင် သင်းတို့သဘောအရ ဘယ်နည်းနှင့်မှ ပြုလုပ်ဝံ့ကြမည်မထင်၊ ရှင်ဘုရင်ကိုယ်၌က အားပေးအားမြှောက်ပြုလို့ သင်းတို့ ရောင့်တက်ဝံ့တာ ဖြစ်မှာပဲ"
ဟု မျက်နှာတော်ပျက်ပျက်နှင့် မိန့်တော်မူလိုက်သည်။ ထိုနောက်မှ သတိတော်ရသဖြင့် ခဏနှင့် အမူရာ ပြင်၍ ခပ်ရွှင်ရွှင် ဖြစ်တော်မူလာကာ -
"ဒါတွေကို သိတော်မူတယ် မလုပ်ဘဲ ခပ်အုပ်အုပ် ထူချင်ယောင်ဆောင်လျက် ဣနြေ္ဒမပျက် စံတော်မူမည်၊ ဒိုင်းဝန်ကတော် အခစားဝင်တဲ့အခါ ရှေးကထက် မျက်နှာသာပေးပြီး ခင်မကြီးက အရောဝင်ရမည်၊ ဒီမိန်းမကြီးဟာ အတော်လာသည့် သပွတ်အူမကြီးပါကလား၊ ခြေတစ်ဖက်ကျိုး၍သာ တော်တော့သည်၊ မကျိုးများ မကျိုးလျှင် မိုးကိုပင် တက်၍ ထိုးမည့်အမယ်ကြီးပဲဟဲ့" ဟု မိန့်တော်မူရာ ခင်မကြီးကလည်း ပျာပျာသလဲဖြင့် "ထုံးစံအတိုင်းပဲ ဧည့်ခံလိုက်ပါမည်ဘုရား၊ အရှင်နန်းမတော်ဖုရား ပျော်ပျော်ပါးပါး ရှုစားတော်မူပါဘုရား" ဟု လျှောက်ထားပြီး စကားတီးတိုးနှင့် အပျိုတော်ကြီးအချို့ လက်တို့ခြေတို့ စည်းဝါး ရိုက်၍ နေကြလေ၏။
...................................
အခန်း (၃၄) နက်ဖြန်မျှော်ပါ
.
1 comment:
Anonymous said...
ခိုးလည်းစားချင်သေးတယ်နော်..ဦးနှောက်လည်းမရှိတဲ့ ၀န်ကတော်တို့ပဲ..ပစ္စည်းဆိုတာနောက်မှလုပ်လဲရသားနဲ့..ဒီစာကိုဖတ်ရင်း စစ်သူကြီးမဟာဗနုလ တိုက်ပွဲမှာကျတာကို မျက်စိထဲမြင်ပီးပြုံးမိတယ်.. တိုက်ပွဲထဲမယ် သူကရွှေထီးဆောင်းပီး ဦးဆောင်နေမှတော့ ဟိုကပြစ်ပီပေါ့..နဲတောင်နဲသေး..ဟီးး
အမလေး ရနောင်မောင်မောင်တုတ်ကလဲဆိုးလိုက်တာ အမရာ..
တိုင်းပြည်ပျက်ဆီးတာ ဒီလို လုပ်ချင်တာလုပ်နေတာလဲတကြောင်းပါတယ်။ ဆင်ခြင်ချင့်ချိန်နိုင်မရှိတဲ့ ဘုရင်ဖြစ်တာလဲတကြောင်းပေါ့..
ဖတ်ရင်းနဲ့..သီပေါလဲ .. မိန်းမသာကြောက်တာ..မခေပါလားလို့တွေးမိတယ်. ..သြော်..ယောင်္ကျားများနော်..မာယာ များပါဘိ။