တာကာဟာရှီ
တစ်နေ့သောနံနက်ခင်းတွင် သူတို့တတွေကျောင်းကစားကွင်း၌ ပြေးလွှားဆော့ကစားနေကြစဉ် ဆရာကြီး က ပြောလိုက်သည်။
"ဟောဒီမှာ မင်းတို့အတွက်မိတ်ဆွေတစ်ယောက်၊ သူ့နာမည်ကတော့ တာကာဟာရှီ၊ သူဟာ ပထမတန်း ရထားတွဲပေါ်တက်လိမ့်မယ်"
တော့တိုး-ချန်အပါအ၀င် ကလေးများအားလုံးက တာကာဟာရှီကို ကြည့်လိုက်ကြသည်။ သူသည် ဦးထုပ် ကိုချွတ်၍ ဦးညွှတ်လိုက်ရင်း "နေကောင်းကြရဲ့လား"ဟု အနည်းငယ်ရှက်သော အမူအရာ ဖြင့် နှုတ်ဆက် စကား ပြောလိုက်သည်။
တောတိုး-ချန်နှင့်သူမ၏ အတန်းသားများအားလုံးသည် ပထမတန်း၌ပင် ရှိနေကြသေးသဖြင့် အလွန်ပင် ငယ်ကြသည်။ သို့သော်လည်း တာကာဟာရှီသည် ယောက်ျားကလေးတစ်ယောက် ဖြစ်သော်လည်း ပို၍ပင် ငယ်သည်။ ခြေတံလက်တံများမှာတိုသည်။ သူ၏ဦးထုပ်ကို ကိုင်ထားသော သူ၏ လက်ဖ၀ါး များမှာလည်း တိုသည်။ သူ၏ဦးထုပ်ကို ကိုင်ထားသော သူ၏လက်ဖ၀ါးများမှာလည်း သေးသေးကလေးပင်ဖြစ်သည်။ သို့သော်လည်း သူတွင်ကျယ်သောပုခုံးများရှိသည်။ သူသည် မရွှင်မလန်းဟန်ပန်အနေအထားဖြင့် မတ်တတ် ရပ်နေပါသည်။
"ငါတို့သူနဲ့ စကားသွားပြောကြရအောင်"
တော့တိုး-ချန်သည် မိရိုး-ချန်နှင့်စက်ကိုးချန်ကို ပြောလိုက်သည်။ သူတို့သည် တာကာဟာရှီရှိရာ သို့ သွားကြသည်။ သူတို့သူ့အနီးသို့ ရောက်လာကြသောအခါ သူသည်နှစ်လိုဖွယ်ပြုံးလိုက် သည်။ သူတို့ ကလည်း ပြန်ပြုံးပြလိုက်ကြသည်။ သူ့တွင် ပြူးကျယ်သော မျက်လုံးများရှိသည်။ သူသည် တစ်ခုခု ပြောချင် နေကြောင်းကို သူ၏မျက်လုံးများက သက်သေပြနေသည်။
"ရထားတွဲ ထဲမှာရှိတဲ့ စာသင်ခန်းကို နင်လိုက်ကြည့်မလား"
တော့တိုး-ချန်က ပြောလိုက်သည်။
"အေး"
တာကာဟာရှီသည် ထိုသို့ပြောပြီးနောက် သူ၏ဦးထုပ်ကို ပြန်ဆောင်းလိုက်သည။်
တော့တိုး-ချန်သည် သူ့အားစာသင်ခန်းကို လိုက်ပြရန်အတွက် အလျင်စလိုဖြစ်နေပြီး မီးရထား တွဲဆီသို့ ခုန်ပေါက် ပြေးသွားရင်း တွဲတံခါးဝမှနေ၍ "မြန်မြန်လာ"ဟု ပြောလိုက်သည်။
တာကာရှီ သည် ခပ်မြန်မြန်လျှောက်နေပုံရသည်။ သို့သော်လည်း သူသည် ခပ်ဝေးဝေးနေရာ၌ ရှိနေ သေးသည်။
သူသည်ခြေထောက်များကွတ, ကွတနှင့် ပြေးဖို့ကြိုးစားရင်းပြောလိုက်သည်။
တာကာဟာရှီသည် ပိုလီယိုရောဂါသည် ယာဆူအာကီ-ချန်ကဲ့သို့ပင် ခြေထောက်ကို တရွတ်တိုက် ဆွဲပြီး လမ်းမလျှောက် သော်လည်း မီးရထားတွဲရှိရာသို့လာရာ၌ ယာဆူအာကီ-ချန်ကဲ့သို့ပင် အချိန်များများ ယူရသူဖြစ်ကြောင်း တော့တိုး-ချန်နားလည်လိုက်သည်။ သူမသည် ငြိမ်သက်စွာဖြင့်သူ့ကိုစောင့်နေသည်။ တာကာဟာရှီသည် အစွမ်းကုန်ပြေး၍လာနေသည်။ "မြန်မြန်လာပါ"ဟု ပြောရန်မလိုတော့။ သူသည်အမှန်ပင် မြန်မြန်လာနေခြင်းဖြစ်သည်။ သူ၏ခြေထောက်များမှာ အလွန်တိုပြီးလေးကိုင်းကဲ့သို့ ခွင်နေ၏ သူသည်ဒီထက်ပိုပြီး ကြီးထွားလာစရာရှိတော့ဟု ဆရာများနှင့် လူကြီးများက သိလားကြ လေသည်။ တော့တိုး-ချန်က သု့ကိုစောင့်နေသည်ကို တွေ့သောအခါသူသည် သူ၏ လက်မောင်း များကိုလွှဲ၍ ပိုပြီးမြန်မြန်လာသည်။ တံခါးဝသို့ ရောက်သောအခါ "မင်းဟာတကယ့်ကိုအပြေးသန်တာပဲ"ဟု ပြောလိုက်ပြီး နောက် "ငါဟာအိုဆာ ကာမြို့ကပဲ"ဟု ဆက်ပြောလိုက်သည်။
"အိုဆာကာကလား"
တော့တိုး-ချန်သည် အံ့သြစွာဖြင့် မေးလိုက်သည်။ အိုဆာကာသည် သူမမရောက်ဖူးသေးသော အိမ်မက် ထဲက မြို့တစ်မြို့ဖြစ်သည်။ အမေ၏မောင်ငယ်၊ သူမ၏ဦးလေးသည် တက္ကသိုလ်ကျောင်း သားတစ်ယောက် ဖြစ်သည်။ သူအိမ်သို့လာသည့်အခါတိုင်း သူ၏လက်နှစ်ဖက်ဖြင့် သူ၏ ဦးခေါင်း ကိုညှပ်၍ မြင့်နိုင် သမျှမြင့်အောင်အပေါ်သို့ မြှောက်တင်ပြီး…
"ငါနင့်ကို အိုဆာကာမြို့ကိုပြမယ်၊ အိုဆာကာကို မြင်ရသလား"ဟု မေးလေ့ရှိသည်။
လူကြီးများသည် ကလေးများကို တွေ့သည့်အခါ ဤကဲ့သို့ကစားလေ့ရှိကြသည်။ ဦးလေးက သူမကို ဤကဲ့သို့ပြုလုပ်သည့်အခါ သူမ၏မျက်နှာမှ အရေပြားများတင်း၍ မျက်လုံးများပုံသဏ²ာန် တစ်မျိုး ဖြစ်သွားပြီး နားရွက်များနာကျင်သည်။ သို့သော်လည်း သူမသည် အိုဆာကာမြို့ကို မြင်ရလိုမြင်ရငြား လှမ်းကြည့်လိုက်မိသည်။ သို့သော်လည်း သူမသည် အိုဆာကာမြို့ကို မမြင်ရပေ။ သို့သော်လည်း သူမသည် တစ်နေ့နေ့တွင် အိုဆာကာကိုမြင်ရမည်ဟု ယုံကြည်မိ သဖြင့် ဦးလေးလာသည့်အခါတိုင်း "ကျွန်မကို အိုဆာကာမြို့ပြပါ"ဟု ပြောလေ့ရှိသည်။ ထို့ကြောင့် အိုဆာကာသည် သူမ၏ စိတ်ကူးယဉ် အိမ်မက် ထဲက မြို့ဖြစ်နေသည်။ တာကာဟာရှီသည် အိုဆာကာမှ လာခဲ့သူဖြစ်သည်။
"ငါ့ကိုအိုဆာကာအကြောင်း ပြောပြပါလား"ဟု တော့တိုး-ချန်ကပြောလိုက်သည်။
"အိုဆာကာအကြောင်းလား"
သူသည်ပျော်ရွှင်သော အမူအရာဖြင့် ပြုံးရင်းပြောလိုက်သည်။ သူ၏အသံမှာ ကြည်လင်ပြီး အောင်သည် ထိုအခိုက်ပထမသင်ခန်းစာစတင်ရန်အတွက် ကျောင်းတက်ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
"ကံမကောင်းလိုက်တာ"ဟု တော့တိုး-ချန်ကပြောလိုက်သည်။ တာကာဟာရှီသည် သူ၏ လွယ်အိတ်ဖြင့် ဖုံးအုပ်လုမတတ်ဖြစ်နေသော သူ၏ကိုယ်ခန္ဓာကိုယ်ကိုယိမ်းထိုး၍ ပျော်ရွှင်သော အသွင်ဖြင့် လမ်းလျှောက် သွားပြီး အတန်း၏ပထမဆုံးတန်းတွင် ၀င်ထိုင်လိုက်လေသည်။ တော့တိုး-ချန်သည် သူ၏အနီးဆုံးတွင် ခပ်မြန်မြန်ဝင်ထိုင်လိုက်သည်။ မိမိတို့ထိုင်ချင်သည့် နေရာတွင် ထိုင်နိုင်သဖြင့် တော့တိုး-ချန်ဝမ်းသာခြင်းဖြစ်မိသည်။ သူမသည် သူ့ကို တစ်ယောက်တည်း ပစ်မထားလိုပေ။ ဤကဲူ့သို့အားဖြင့် တာကာယာရှီလည်း သူမ၏ သူငယ်ချင်း ဘ၀သို့ ရောက်ရှိလာခဲ့လေတော့သည်။
စဉ်းစဉ်းစားစားလုပ်ပါ
တော့တိုး-ချန်သည် ကျောင်းမှ အိမ်သို့ပြန်လာသည်။ အိမ်သို့ရောက်ခါနီးတွင် လမ်းဘေး တစ်နေရာ၌ သူမကိုဆွဲဆောင်သော အရာဝတ္တုတစ်မျိုးကို တွေ့ရသည်။ ၎င်းမှာ သဲပုံကြီး တစ်ပုံဖြစ်သည်။ ပင်လယ်နှင့် ဝေးကွာသော ဤနေရာမျိုးမှ သဲများကို တွေ့ရခြင်းသည် ထူးဆန်းလှ ပါဘိ။ သူမ အိပ်မက်ပွား မက်နေလေရော့သလား။ စိတ်လှုပ်လှုပ်ရှားရှား ဖြစ်မိသည်။
သူမသည် အရှိန်ယူသည့်အနေဖြင့် ခုန်ဆွခုန်ဆွအနည်းငယ် ပြုလုပ်လိုက်ပြီးနောက် တအားပြေး သွားပြီး သဲပုံ ထိပ်ပေါ်သို့ ခုန်တက်လိုက်သည်။ သဲပုံဟူ၍သူမထင်မှတ်ခဲ့သော အရာဝတ္တုသည် တကယ့် တကယ် တော့ သဲပုံမဟုတ်ပါ။ အထဲမှအရာဝတ္တုများမှာ အသင့်ဖျော်စပ်ထားသော နံရံကပ် ပလတ်စတာ များသာ ဖြစ်သည်။ "ပလော့"ဟူသော အသံနှင့်အတူ သူမသည် မြုပ်ဝင်သွား ပြီး စေးထိုင်းထိုင်းအရာများက သူမ၏ ရင်ဘတ် အထိ ဖုံးအုပ်သွားလေတောသည်။ သူမ၏ ကျေင်းလွယ်အိတ်နှင့် ဖိနပ်ထည့် သောအိပ်ပါအထဲသို့ ရောက်သွား လေတော့ရာ သူမသည် ကျောက်ရုပ်လိုဖြစ်သွားသည်။ သူမ ကရုန်းထွက် လေလေ သူမ၏ ခြေထောက်များက ကျွံဝင်သွား လေလေဖြစ်နေသည်။
သူမ၏ရှုးဖိနပ်များမှာ ကျွတ်ကျွတ်လုနီးနီးဖြစ်နေသည်။ သူမတကိုယ်လုံးမြုပ်မသွားရေးအတွက် သူမသည် အထူး ဂရုပြုနေရသည်။ ထို့ကြောင့်သူမသည် ဆက်လက်မလှုပ်ရှားတော့ဘဲ ငြိမ်ငြိမ်လေး နေနေလိုက်သည်။ သူမမသိသော မိန်းမကြီးတစ်ယောက်စ နှစ်ယောက်စသည် သူမ အနီးမှ ဖြတ်လျှောက် သွားသည့်အခါ သူမက "ကျွန်မကိုကူညီပါ"ဟု အသံသေးသေးကလေးဖြင့် အကူအညီတောင်းသည်။ သို့သော် သူတို့က သူမသည် ကစားနေခြင်းသာဖြစ်သည်ဟု မှတ်ယူပြီး သူမကို ပြုံးပြ၍ သူတို့ လိုရာ ခရီးသို့ ဆက်သွား ကြသည်။
ညနေစောင်းအချိန် မှောင်ရီသမ်းလာသေအခါ အမေသည်သူမကိုလိုက်ရှာသည်။ ပလတ်စတာပုံ ထိပ်၌ခေါင်းကလေးပေါ်ရုံသာရှိတော့သည် တော့တိုး-ချန်ကို တွေ့လိုက်ရသောအခါ သူမသည် လွန်စွာ အံသြထိတ်လန့်ခြင်း ဖြစ်မိသည်။ အမေသည် ၀ါးလုံးရှည်တစ်ချောင်းကို ရှာဖွေရယူပြီး၊ တော့တိုး-ချန်ကို ၀ါးလုံးတစ်ဘက်စွန်း ထိုးပေးလိုက်သည်။ တော့တိုး-ချန်က ၀ါးလုံးစွန်းကို မိမိရရ ကိုင်မိသောအခါမှ သူမက ၀ါးလုံးကို ဆွဲလိုက်ရာတော့တိုး-ချန်သည် ပလတ်စတာထဲမှ လွတ်မြောက်လာလေတော့သည်။ အစ ပထမတွင် အမေသည် သူမလွတ်မြောက်ရန် လက်ဖြင့်ဆွဲ ထုတ်ဖို့ကြိုးစားခဲ့သေးသည်။ သို့သော်လည်း အမေ့ ခြေထောက်သည် ပလတ်စတာထဲ၌ နစ်နေ သဖြင့် လွတ်ထွက်အောင် အတော့်ကို ကြိုးစား လိုက်ရသေးသည်။
တော့တိုး-ချန်သည် မီးခိုးရောင်ပလတ်စတာများနှင့် ဖုံးအုပ်ခြင်းခံနေရလေရာ နံနက်တစ်ခုနှင့် ပုံသဏ္ဍာန် တူနေ လေသည်။
"သမီးကို အမေအရင်တစ်ခါက ပြောခဲ့ဖူးတယ်လို့ အမေထင်တယ်၊ ဘာလဲဆိုတော့ သမီးအနေနဲ့ တစ်စုံ တစ်ရာ ထူးထူးဆန်းဆန်းတွေ့ရင် တစ်ခါထဲနဲ့ခုန်မတက်လိုက်ပါနဲ့လို့ အမေပြောဖူးတယ်လို့ ထင်တယ်။ အရမ်း မလုပ်နဲ့၊စူးစမ်းဆင်ခြင်ပြီးမှ လုပ်ပါလို့ဆိုတာလေ"ဟု အမေကပြောလိုက်သည်။ "အရင် တစ်ခါက" ဟုဆိုသည်မှာ ကျောင်း၌နေ့လယ်စာစားရန် ကျောင်းလွှတ်ချိန်ကဖြစ်ခဲ့သော အဖြစ် အပျက် တစ်ခုကို ဆိုလိုခြင်းဖြစ်သည်။ တော့တိုး-ချန်သည် ကျောင်း၏စုဝေးခန်းမကြီး နောက်ဘက် လမ်းကလေး ပေါ်တွင် လမ်းလျှောက် သွားနေစဉ် လမ်းလယ်၌သတင်းစာတစ်စောင် ကိုတွေ့လိုက်ရသည်။ သတင်းစာ ပေါ်သို့ ခုန်တက် လိုက်ရရင် သိပ်ပျော်ဖို့ကောင်းမှာပဲဟု စဉ်းစားမိသောကြောင့် တော့တိုး-ချန်သည် နောက်သို့ အနည်းငယ် ပြန်ဆုတ်လိုက်ပြီး ခုန်ဆွခုန်ဆွ အနည်းငယ်ပြုလုပ်လိုက်သည်။
ထို့နောက်သူမသည် အမြန်ဆုံးအရှိန်အဟုန်ဖြင့် ပြေးသွားပြီးသတင်းစာအလယ်တည့်တည့် နေရာပေါ်သို့ရောက်အောင် ခုန်လိုက်သည်။ ထိုနေရာ၌သတင်းစာရှိနေရခြင်းမှာ ကျောင်းစောင့်က အညစ် အကြေး ကန်၏ အဖုံးနေရာ၌ ယာယီအဖုံးအဖြစ်ဖြင့် အစားထိုး၍ ခေတ္တခဏ ဖုံးထားသော ကြောင့် ဖြစ်သည်။ ကျောင်းစောင့်သည် တစ်စုံတစ်ခု ပြုလုပ်ရန် ထွက်ခွာမသွားမီ ကွန်ကရစ်အဖုံး မရှိသည့်နေရာမှ မကောင်းသော အနံ့အသက်များ ထွက်နေခြင်းကို တားဆီးရန် အပေါက်ကို သတင်းစာဖြင့် ဖုံးအုပ် ထားခဲ့ခြင်းဖြစ်သည်။ တော့တိုး-ချန်သည် "ပလော့" ဟူသောအသံကြီးနှင့် အတူ အညစ်အကြေး ကန်ကြီး ထဲသို့ တန်းတန်းမတ်မတ်ကျသွား လေတော့ဒ။ အမှန်တကယ်ပင် ထိတ်လန့်စရာ ကောင်းလှ ပေသည်။ သို့သော်လည်း ကံကောင်း ထောက်မသဖြင့် သူမကို ပြန်လည်ဆည်ထုတ်နိုင်ခဲ့ကြပြီး သန့်ရှင်း သော မိန်းကလေး ငယ်တစ်ယောက်ဖြစ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြသည်။ အမေသည် ထိုအဖြစ် အပျက် ကို ဆိုလိုခြင်းဖြစ်သည်။
"ကျွန်မ ဘယ်ဟာပေါ်ကိုမှ နောက်ထပ်ခုန်မတ်ကတော့ဘူး" ဟု တော့တိုး-ချန်သည် ငြိမ်သက် သော အမူ အရာ ဖြင့် ပြောလိုက်သည်။
သမီး၏ စကားကို ကြားရသောအခါ အမေသည် စိတ်သက်သာရာရသွားသည်။ သို့သော်လည်း တော့တိုး-ချန်ဆက်လက်ပြောလိုက်သည့် စကားကို ကြားလိုက်ရပြန်သောအခါ အမေ၏ စိတ်သက်သာရာရမှုသည် အပြည့်အ၀ မဖြစ်တော့ချေ။
တော့တိုး-ချန်းဆက်ပြောလိုက်သည့် စကားမှာ ...
"ကျွန်မလေ သတင်းစာပေါ်ကိုဖြစ်ဖြစ်၊ ဒါမှမဟုတ် သဲပုံပေါ်ကိုဖြစ်ဖြစ် နောက်ထပ်ခုန်မတက် တော့ဘူး" ဟူ၍ဖြစ်သည်။
တော့တိုး-ချန် သည် တစ်စုံတစ်ခုပေါ်သို့ ခုမန်မတက်မီ အရမ်းမလုပ်တော့ဘဲ စဉ်းစဉ်းစားစားတော့ ပြုလုပ်လိမ့် မည်ဟု အမေသည် သေသေချာချာ ယုံကြည်လိုက်မိသည်။
နေ့အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ သားအမိနှစ်ယောက် အိမ်သို့ ပြန်ရောက်သည့် အခါ အမှောင်ထုက အားကောင်းလျက်ရှိနေလေပြီ။
နောက်ပြီးတော့ ... အု
တိုမိုကျောင်း၏ နေ့လယ်စာစားချိန်သည် အစဉ်အမြဲပျော်စရာကောင်းသည်။ သို့သော်လည်း များမကြာမီ အချိန် အတွင်း စိတ်ဝင်စားဖွယ်ကောင်းသော အသစ်အဆန်းတစ်ခုမှာ ထပ်တိုး၍ လာပြန်သည်။
ကျောင်းအုပ် ဆရာကြီးသည် သူ၏တပည့်ငါးဆယ်၏ နေ့လယ်စာ အစားအသောက်ဗူးများထဲ၌ "ပင်လယ် သမုဒ္ဒရာ ထဲက တစ်မျိုးမျိုး၊ တောင်ကုန်းများပေါ်မှ တစ်မျိုးမျိုး" ပါမပါကို စစ်ဆေးလျက်ပင် ရှိသလို၊ သူ၏ဇနီး သည်မှာလည်း ဟင်းခွက်များထဲမှ ဟင်းတစ်မျိုးမျိုးကို လိုအပ်သော ဗူးထဲသို့ ဖြည့်ပေး လျက်ပင် ရှိသည်။ ၄င်းနောက် သူတို့သည် "၀ါးပါ ၀ါးပါ၊ ညက်ညက် ၀ါးပါ၊ သင်စားမည့် အစားအစာ တိုင်းကို" သီချင်းကို ဆိုကြသည်။ သီချင်းဆိုပြီးသောအခါ "ကျွန်ုပ် သည် ကျေးဇူးတင်စွာဖြင့် ပါဝင် စားသောက် ပါသည်"ဟု ပြော၍ စားကြသည်။ သို့သော်လည်း ယခုအခါ၌ "ကျွန်ုပ်သည် ကျေးဇူးတင်စွာဖြင့် ပါဝင် စားသောက် ပါသည်" ဟု ပြောပြီးသောအခါ တစ်ယောက်ယောက်က စကားအနည်းငယ်ပြောရသည်။
တစ်နေ့တွင် ကျောင်းအုပ် ဆရာကြီး က ပြောသည်။
"ငါတို့ တစ်တွေဟာ စကားပြောတတ်ဖို့ လိုတယ်လို့ ငါထင်တယ်၊ မင်းတို့ရော ဘယ်လိုထင်လဲ၊ ငါတို့ တစ်တွေ နေ့လယ်စာ စားသောက်နေကြတုန်းမှာ နေ့တိုင်း တစ်ယောက်တစ်လှည့်စီ အလယ်မှာ ထွက်ရပ်ပြီးတော့ အကြောင်းအရာတစ်ခုခုကို ပြောကြရအောင် ဘယ်လိုသဘောရ ကြသလဲ"
အချို့ကလေးများက မိမိတို့သည် စကားပြောမကောင်းကြ၊ သူတစ်ပါးပြောသည်များကို နားထောင်ခြင်းက ပျော်စရာကောင်းသည်ဟု တွေးမိကြသည်။ အချို့မှာမူ မိမိတို့သိထားသည့် အကြောင်းအရာများကို သူတစ်ပါး သိအောင် ပြန်ပြောခြင်းသည် အလွန်ကောင်းသည်ဟု တွေးမိ ကြသည်။ တော့တိုး-ချန်သည် သူမ မည်သည့် အကြောင်းပြောရမည်ကို မသိသေး။ သို့သော်လည်း အကြောင်းအရာတစ်ခုခုကို စမ်းပြော ကြည့် ရန် အာသီသရှိသည်။
ကလေးအများစုသည် ဆရာကြီးပြောသော အစီအစသ်ကို သဘောတူကြသည်။ ထို့ကြောင့် နောက်တစ်နေ့ မှအစပြု၍ စကားပြောပွဲကို စတင်ရန် ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။
ဂျပန် ကလေးသူငယ် များသည် အိမ်ထဲတွင် စကားပြောကြသော်လည်း အစားအစာများ စားသောက် ချိန်တွင်မူ စကားပြောလေ့မရှိကြ။ သူ၏နိုင်ငံခြား ဗဟုသုတ အတွေ့အကြုံအရ ကျောင်းအုပ်ဆရာ ကြီးသည် သူ၏တပည့်များအား အစားအစာများကို စားရာ၌ အချိန်များများယူပြီး စားကြရန် တိုက်တွန်း သလို စားရင်းသောက်ရင်း စကားပြောကြရန်ကိုလည်း အားပေးသည်။
ထို့အပြင် ရာကြီးက သူတို့တစ်တွေကို လူရှေ့ထွက်စေပြီး မကြောက်မရွံ့ဘဲ မိမိတို့၏ ထင်မြင် ယူဆချက် များကို ရှင်းလင်းစွာနှင့် လွတ်လပ်စွာ မည်သို့ပြောရမည်ကိုလည်း လေ့ကျင့် ပေးရန် လိုအပ်ပြီဟု စဉ်းစားမိ သည်။ ထို့ကြောင့် ဆရာကြီးသည် ဤစာတွေ့ကို လက်တွေ့အဖြစ် အကောင်အထည်ဖော်ရန် အချိန် ရောက်ပြီ ဟု ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်လေသည်။
ဆရာကြီး၏ စိတ်ကူးကို ကျောင်းသားများက သဘောတူပြီးသောအခါ ဆရာကြီးက ...
"မင်းတို့အနေနဲ့ ငါတို့စကားပြောကောင်းသူဖြစ်မှ စကားပြောရမယ်လို့ဆိုပြီး စိတ်ပူခြင်းဖြစ်မနေကြနဲ့၊ မင်းတို့ကြိုက်တာ မင်းတို့ ပြောနိုင်ကြတယ်၊ မင်းတို့ပြုလုပ်ချင်တဲ့ အကြောင်း အရာတွေကိုလည်း မင်းတို့ ပြောနိုင်တယ်၊ ဘာကိုပဲဖြစ်ဖြစ်ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ်လေ၊ ငါတို့စမ်းကြည့်ကြတာပေါ့" ဟု တပည့်များကို ပြောသည်။ ဆရာကြီး၏ ပြောစကားများကို တော့တိုး-ချန်သည် စိတ်ဝင်စားစွာနားထောင်သည်။
စကား ပြောမည့် ကျောင်းသားကျောင်းသူများ၏ စာရင်းကို ပြုလုပ်ကြသည်။ ၄င်းအပြင် စကားပြောရန် အလှည့်ကျသူသည် "ဘက်ဘက်ဝါးပါ" သီချင်းကို ဆိုပြီးသည်နှင့် နေ့လယ်စာကို သူများထက်ပို၍ မြန်မြန် စားရန် ကိုလည်း ဆုံးဖြတ်ကြသည်။
တစ်ကျောင်းလုံးရှိ ကျောင်းသားကျောင်းသူများ၏ အလယ်တွင် မတ်တတ်ရပ်၍ စကားပြောရခြင်း အလုပ် သည် နေပလယ်စာစာရင်း သူငယ်ချင်းသုံးလေးယောက်နှင့် စကားပြောပုံမျိုးလို မဟုတ်ဘဲ၊ သတ္တိ အများကြီး ရှိရန် လိုရုံသာမက အတော်ကလေးခက်ခဲသည်ကို ကလေးများ မကြာမီ သိရှိလာကြ လေ တော့သည်။ အချို့ကလေးများသည် အစပထမ၌ အလွန်ရှက်နေကြသဖြင့် တခစ်ခစ်ရယ်နေကြသည်။ ကျောင်းသား ငယ်တစ်ယောက်မှာမူ စကားပြောရန် ပြင်ဆင်မှုကို ကြိုကြို တင်တင်ပြုလုပ်ထားသော်လည်း ရှေ့ထွက် ၍ မတ်တတ်ရပ်လိုက်သည်နှင့် ပြောစရာများ အားလုံး မေ့ပျောက်သွားလေတော့သည်။ "ဖား များ အဘယ့်ကြောင့် ဘေးစောင်း ခုန်ရသနည်း" ခေါင်းစသ်ကို သူသည် ထပ်ခါတလဲလဲပြောပြီးနောက် "မိုးရွာတဲ့ အခါမှာ" ဟူ၍သာ ဆက်ပြောသည်။ သို့သော် သူသည် ရှေ့ဆက်မပြောနိုင်တော့ဘဲ နောက်ဆုံး၌ "ဒါပါပဲ" ဟု ပြော၍ ဦးညွတ် လိုက်ပြီး သူ၏ နေရာသို့ ပြန်သွားသည်။
တော့တိုး-ချန်စကားထွက်ပြောရန် အလှည့်သို့မရောက်သေး၊ သို့သော်လည်း သူမအလှည့်သို့ ရောက်လျှင် သူမ၏ အသည်းစွဲပုံပြင်တစ်ပုဒ်ဖြစ်သော "မင်းသားနှင့်မင်းသမီး" ပုံပြင်ကိုပြောရန် ဆုံးဖြတ်ထားသည်။ ထိုပုံပြင်ကို ကျောင်းသားတိုင်းသိသည်။ ခေတ္တခဏ အားလပ်ချိန်ရသည့် အခါများ၌ သူမသည် ၄င်းပုံပြင်ကို ပြောချင်သည်။ သို့သော် အခြားကလေးများက "ငါတို့ အဲဒီပုံပြင်ကို နားထောင်ရလွန်းလို့ ငြီးငွေ့နေပြီ" ဟု သူမကို ပြောလေ့ရှိကြသည်။ မည်သို့ပင် ဖြစ်ပါစေ သူမသည် ထိုပုံပြင်ကိုသာ ပြောမည်ဖြစ်သည်။
အစီအစဉ် သစ်သည် စတင်ကတည်းက အဆင်ပြေလျက်ရှိသည်။ သို့သော်တစ်နေ့တွင် စကား ထွက်ပြော ရန် အလှည့်ကျသော ကျောင်းသားလေးတစ်ယောက်က သူသည် စကားထွက် မပြောနိုင်ပါ။ ပြောစရာ စကားများမရှိပါဘူးဟု ဆိုပြီး အကျောက်အကန်ငြင်းဆန်လျက်ရှိသည်။
"ကျွန်တော့မှာ ဘာစကားမှ ပြောစရာမရှိပါဘူး" ဟု ထိုသူငယ်ကပြောသည်။
တော့တိုး-ချန်သည် ပြောစရာစကားမရှိဘဲသူလည်း ရှိနပါပကောဟု စဉ်းစားမိသဖြင့် အံ့သြဖြင်း ဖြစ်နေမိသည်။ ထိုသူငယ်သည် စကားမပြောဘဲ ထိုင်နေသည်။ ကျောင်းအုပ်ဆရာကြီးသည် ထိုသူငယ်၏ စာရေး စားပွဲသို့ သွားသည်။ သူ၏ နေ့လယ်စာဗူးထဲ၌ ဘာမှမရှိတော့။
"မင်းမှာ ဘာစကားမှ ပြောစရာမရှိဘူးလား" ဟု ဆရာကြီးကမေးသည်။
"ဘာမှ မရှိပါဘူး"
ထိုသူငယ်သည် မမှန်မကန် ပြောနေခြင်းတော့ မဟုတ်ချေ။ သူ့တွင် ပြောရန်စကားများ အမှန်တကယ်ပင် မရှိသည်မှာ သေချာသည်။
ဆရာကြီး သည် သူ၏ဦးခေါင်းကို နောက်သို့လှည့်၍ ရယ်မောသည်။ သူ့တွင် သွားအချို့မရှိသည်ကို ဂရု မပြုနိုင်တော့။
"မင်း တစ်ခုခုပြောဖို့ ငါတို့ကြိုးစား ရှာကြစို့ရဲ့"
"ကျွန်တော် ပြောဖို့အတွက် တစ်ခုခုရှာပေးမယ်"
သူငယ်လေးသည် အံ့သြခြင်းဖြစ်နေပုံရသည်။
ဆရာကြီးသည် ထိုကျောင်းသားကို အလယ်နေရာသို့ သွားစေပြီး သူက ထိုကျောင်းသား၏ နေရာတွင် ထိုင်လိုက် သည်။
"ကြိုးစားပြီး စဉ်းစားပါဦး၊ ကနေ့မနက် မင်းအိပ်ရာကထပြီးတော့ ဘာလုပ်သလဲ၊ မင်းကျောင်းကို မလာခင်ပေါ့၊ မင်းပထမဆုံး ဘာလုပ်သလဲ" ဟု ဆရာကြီးက မေးလိုက်သည်။
"ကောင်းပါပြီ"
ထိုကျောင်းသား သည် ထိုသို့ပြောပြီးသောအခါ သူ၏ခေါင်းကို ကုတ်လိုက်သည်။
"ဟုတ်ပြီဟေ့၊ ကောင်းပါပြီလို့ မင်းပြောတယ်၊ မင်းမှာ ပြောစရာရှိတယ်၊ "ကောင်းပါပြီ" ပြီးတော့ မင်းဘာလုပ်သလဲ" ဟု ဆရာကြီးက ပြောသည်။
"ကောင်းပါပြီ၊ အု ... ကျွန်တော် ထလိုက်ပါတယ်"
သူသည် ခေါင်းကို နောက်ထပ်ကုတ်ရင်း ပြောလိုက်သည်။
တော့တိုး-ချန်နှင့် အခြားကျောင်းသားများအားလုံး အလွန်သဘောကျကြသည်။ သူတို့သည် စိတ်ဝင်စားစွာ ဖြင့် နားထောင်ကြသည်။ ထိုကျောင်းသားက ဆက်ပြောသည်။ "နောက်ပြီးတော့ ... အု" သူသည် ခေါင်းကို ထပ်ကုတ် လိုက်ပြန်သည်။ ဆရာကြီးသည် စိတ်ရှည်လက်ရှည်ထိုင်၍ ထိုသူငယ်ကို စောင့်ကြည့်နေသည်။ ဆရာကြီး၏ မျက်နှာမှာ ပြုံးနေသည်။ သူသည် သူ၏လက်ဖ၀ါး နှစ်ဖက်ကို ဆုပ်ကိုင်၍ စာရေးခုံပေါ်၌တင်ထားသည်။ ၄င်းနောက် စကားကို ဆက်ပြောသည်။
"သိပ်ကောင်းတယ်၊ ဟုတ်လာပြီ၊ ဒီမနက်မှာ မင်းအိပ်ရာက ထလိုက်တယ်၊ လူတိုင်း နားလည်အောင် မင်းပြောပြီးပြီ၊ စကားပြောကောင်းသူတစ်ယောက်လို လူတွေကို ရယ်အောင် ဒါမှမဟုတ် စိတ်ပျော်ရွှင် လာအောင်တော့ မင်းပြောနိုင်ဖို့ မလိုဘူး၊ အရေးကြီးတာကတော့ စောစောက မင်းပြောခဲ့တယ်၊ မင်းမှာ ဘာမှ ပြောစရာမရှိပါဘူးတဲ့၊ ဟော အခု မင်းပြောစရာ ရှာတွေ့ နေပြီပဲ"
သို့သော်လည်း ထိုကျောင်းသားသည် ပြန်မထိုင်ပေ။ သူသည် အသံကို ပိုမြှင့်လိုက်ပြီး "နောက်ပြီး တော့ ... အု ... " ဟု ပြောလိုက်ပြန်သည်။
ကလေးများအားလုံး၏ ခေါင်းများသည် ရှေ့သို့ စိုက်ကျသွားကုန်သည်။ ထိုကျောင်းသားသည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ဆက်ပြောသည်။
"နောက်ပြီးတော့ ... အု ... အမေက ... အု ... အမေက ပြောပါတယ် "သွားတိုက်ပါတဲ့ ... အု ... ဒါကြောင့် ကျွန်တော် သွားတိုက်ပါတယ်"
ဆရာကြီးက လက်ခုပ်တီးလိုက်သည်။ ကျောင်းသားတိုင်းကလည်း လက်ခုပ်တီးကြသည်။ ထိအခါ ထိုကျောင်းသား သည် ယခင်ကထက် ပိုကျယ်သောအသံဖြင့် ဆက်ပြောသည်။
"နောက်ပြီးတော့ ... အု ... "
ကျောင်းသားများအားလုံးသည် လက်ခုပ်တီးခြင်းကို ရပ်၍ အသက်ပြင်းပြင်းပင် မရှူဘဲ နားစွင့်လိုက် ကြသည်။ သူတို့၏ ဦးခေါင်းသည် ရှေ့သို့ ပို၍စိုက်နေကြသည်။
နောက်ဆုံး၌ ထိုသူငယ်လေးသည် အောင်မြင်စွာဖြင့် ပြောလိုက်လေတော့၏။
"နောက်ပြီးတော့ ... အု ... ကျွန်တော်ကျောင်းကို လာပါတယ်"
အသက်ခပ်ကြီးကြီး ကျောင်းသားတစ်ယောက်သည် ဟားတိုက်အရယ်လွန်ကာ သူ၏ ဦးခေါင်းကို မထိန်းနိုင် သဖြင့် မျက်နှာသည် သူ၏ နေ့လယ်စာဗူးနှင့်ပင် ဆောင့်မိလေတော့သည်။ ပြောစရာ ဘာမျှ မရှိပါ ဘူးဆိုသော ထိုကျောင်းသားသည် ပြောစရာရှာတွေ့သွားသဖြင့် ကျောင်းသားတိုင်း အလွန် ပျော်သွား ကြလေ တော့သည်။
ဆရာကြီးသည် လက်ခုပ်ကို အားရပါးရတီးလိုက်သည်။ တော့တိုး-ချန်နှင့် အခြားကျောင်းသား ကျောင်းသူ များကလည်း လိုက်တီးကြသည်။ ခန်းမကြီးအလယ်တွင် ရပ်နေသော "နောက်ပြီးတော့ -အု" ကျောင်းသား ကလည်း လက်ခုပ်လိုက်တီးသည်။ စုဝေးခန်းမကြီးတစ်ခုလုံးမှာ လက်ခုပ်သံများဖြင့် ပြည့်လျှံ သွားတော့ သည်။
ထိုသူငယ်လေးသည် လူကြီးဘ၀သို့ရောက်လာသည့်တိုင်အောင် ထိုလက်ခုပ်သံများကို မည်သည့် အခါမျှ မေ့ပျောက် သွားဖွယ်ရာ ရှိမည်မဟုတ်ပေ။
ကျွန်မတို့ကစားနေကြတာပါ
တော့တိုး-ချန်သည် ကြောက်စရာကောင်းသော ထိခိုက်ဒဏ်ရာရမှုနှင့် ကြုံခဲ့ရသည်။ သူမကျောင်းမှ ပြန်လည်ရော်ရှိပြီးနောက် ညစာမစားမီ သူမအခန်းထဲတွင် ရော့ကီနှင့် "၀ံပုလွေလုပ်တမ်း" ကစားနေစဉ် ဤသို့ ကြုံခဲ့ရခြင်းဖြစ်သည်။
သူတို့စကားကြပုံမှာ အခန်း၏ မျက်နှာချင်းဆိုင် နံရံများမှနေ၍ ကြမ်းပြင်ပေါ် လှိမ့်လာကြပြီး တစ်ဦးနှင့်တစ်ဦး ဆုံမိသည်နှင့် ခေတ္တမ လုံးထွေးသတ်ပုတ်ကြရမည်။ ၄င်းနောက် တစ်ဦးပေါ် တစ်ဦး ခုန်အုပ်ကြရမည်။ သူတို့သည် ဤကဲ့သို့သော ကစားနည်းကို အကြိမ်များစွာ ကစားပြီးသော အခါ အနည်းငယ် ပိုမိုဆန်းပြားသည့် အမူအရာလုပ်၍ ကစားရန် ဆုံးဖြတ်လိုက်ကြသည်။ ဤဆုံး ဖြတ်ချက်ကို တော့တိုး-ချန် ကသာ ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။ သူတို့ပြုလုပ်ကြမည့် ဆန်းဆန်း ပြားပြား အမူအရာမှာ တစ်ဦးနှင့်တစ်ဦးဆုံတွေ့ရန် ကြမ်းပြင်ပေါ်မှ လှိမ့်လာကြပြီး အခန်း၏ အလယ်သို့ ရောက်လာ ကြသောအခါ၌ ရက်စက်ကြမ်းကြုတ်သော ၀ံပုလွေမျက်နှာမျိုး သရုပ်ဆောင်နိုင်သူက အနိုင် ရမည်ဖြစ်သည်။
ရော့ကီသည် ဂျာမန်သိုးထိန်း ခွေးမျိုးဖြစ်သည်။ ၄င်း၏ ပုံသဏ္ဍာန်မှာ ၀ံပုလွေနှင့် တူသည်။ နားရွက် များကို ထောင်လိုက်ပြီး ပါးစပ်ဖြဲ၍ သွားများပေါ်အောင် ပြုလုပ်လျှင် ၀ံပုလွေနှင့် တူသွားမည် ဖြစ်သည်။ ရော့ကီသည် ၄င်း၏ မျက်လုံးများကိုလည်း ကြောက်စရာအသွင်သို့ ရောက်အောင် ပြုလုပ်နိုင် လေသေးသည်။ တော့တိုး-ချန်အဖို့မှာမူ ၀ံပုလွေနှင့်တူအောင် ပြုလုပ်ရာ၌ အနည်းငယ် ခက်ခဲသည်။ သူမ၏ လက်ဖ၀ါးနှစ်ဘက်စလုံးကို ဖြန့်၍ ဦးခေါင်းတဘက်တချက်စီ၌ ကပ်ထားလိုက် သောအခါ ၀ံပုလွေနားရွက်များနှင့်တူသွားသည်။ ထို့နောက် သူမ၏ ပါးစပ်ကိုဖြဲ၊ မျက်လုံးများကို ပြူးနိုင်သမျှပြူးပြီး မာန်ဖီသံကိုလုပ်၊ ရော့ကီကို ကိုက်ချင်ယောင် ဆောင်လိုက်သည်။ အစပထမတွင် ရော့ကီသည် ဤကစား နည်းကို ကောင်းကောင်းမွန်မွန် ကစားသည်။ သို့သော် ၄င်းသည် ခွေးငယ်တစ်ကောင်မျှသာ ဖြစ်သည်။ ခဏ အကြာ၌ ၄င်းသည် ကစားနေခြင်းကို မေ့သွား ကာ အဟုတ်တကယ် ကိုက်လိုက်လေတော့သည်။
ခွေးငယ်တစ်ကောင်ဟု ဆိုရသော်လည်း ရော့ကီသည် တော့တိုး-ချန်၏ ကိုယ်လုံးထက်နှစ်ဆနီးနီး ကြီးသည်။ ထို့အပြင် ၄င်း၌ ချွန်ထက်သော သွားများရှိသည်။ ထို့ကြောင့် သူမအနေဖြင့် ဘယ်လို ဖြစ်သွား သည်ဟု မသိလိုက်မီမှာပင် သူမ၏ ညာဖက်နားရွက်သည် ဦးခေါင်းမှတွဲလောင်းကျနေပြီး သွေးများမှ အောက်သို့ စီးကျလာလေတော့သည်။
သူမအော်သံကို ကြားရသောကြောင့် အမေသည် မီးဖိုချောင်ထဲမှ ပြေးထွက်လာသည်။ တော့တိုး-ချန်ကို ရော့ကီနှင့်အတူ အခန်းထောင့်တစ်နေရာတွင် တွေ့လိုက်ရသည်။ တော့တိုး-ချန်သည် သူမ၏ ညာဖက် နားရွက်ကို သူမ၏ လက်နှစ်ဘက်ဖြင့် ကိုင်ထားသည်။ သူမ၏ အင်္ကျီမှာ သွေးများ ဖြင့် လိမ်းကျံ နေသည်။ ဧည့်ခန်းထဲ၌ တယောထိုးလေ့ကျင့်နေသော အဖေသည်လည်း အခန်းထဲ သို့ရောက်လာသည်။ ရော့ကီက မိမိသည် တစ်စုံတစ်ခုသော ကြောက်စရာအမှုကို ကျူးလွန်ခဲ့ပြီ ဖြစ်ကြောင်း နားလည်ပုံရသည်။ ၄င်း၏အမြီးသည် နောက်ခြေထောက်နှစ်ချောင်းကြားထဲသို့ ကုပ်ဝင် သွားပြီး ၄င်းသည် တော့တိုး-ချန်ကို ၀မ်းနည်းစွာ ကြည့်နေမိသည်။
တော့တိုး-ချန်သည် သူမ၏ဒဏ်ရာကို မစဉ်းစားနိုင်။ သူမစဉ်းစားသည်မှာ အကယ်၍ အဖေနှင့် အမေသည် ရော့ကီကို အလွန်အမင်း စိတ်ဆိုးပြီး နှင်ထုတ်လိုက်ရင်၊ ဒါမှမဟုတ် အခြားသူ တစ်ယောက်ကို ပေးပစ် လိုက်ရင် သူမဘာလုပ်ရမလဲဆိုသည့် အချက်ပင်ဖြစ်သည်။ ထိုကဲ့သို့သာ ဆိုလျှင် သူမအနေဖြင့် ၀မ်းနည်း၍ ဆုံးမှာ မဟုတ်တော့။ ထို့ကြောင့် သူမသည် ရော့ကီ၏ နံဘေးတွင် မှောက်ချလိုက်ပြီးနောက် သူမ၏ ညာဖက် နားရွက်ကို ကိုင်ထားရင်း "ရော့ကီကို မဆူပါနဲ့၊ အပြစ်မတင်ပါနဲပ" ဟူ၍ ထပ်ခါတလဲလဲ ငိုယို၍ ပြောလေ တော့သည်။
အမေနှင့် အဖသည် သူမ၏နားရွက်ကိုကြည့်ရန် ပိုမိုအာရုံစိုက်လိုက်ကြပြီး သူမ၏ လက်များကို ဖယ်ထုတ် ရန် ကြိုးစားကြသည်။ သို့သော် တော့တိုး-ချန်သည် လက်များကိုဖယ်မပေးဘဲ "မနာပါဘူး၊ ရော့ကီကို စိတ်မိုးပါနဲ့၊ စိတ်မဆိုးပါနဲ့" ဟူ၍သာ ငိုယိုပြောလေတော့သည်။ တော့တိုး-ချန်သည် ထိုအချိန်အခါက အမှန် တကယ်ပင် သူမ၏ အနာကို ဂရုမစိုက်ပေ။ သူမသည် ရော့ကီ အတွက်ကိုသာ စိတ်ပူပန်ခြင်းဖြစ်နေမိသည်။
သွေးများစီးကျလျှက်ရှိရာ ရော့ကီသည် သူမကို ကိုက်လိုက်ပြီ ဆိုသည်ကို အမေနှင့်အဖေ ချက်ချင်း နားလိုက်သည်။ သူတို့က တော့တိုး-ချန်အား "ရော့ကီကို ဘာမှမလုပ်ပါဘူး၊ စိတ်မဆိုးပါဘူး" ဟု အာမခံ ချက် ပေးသောအခါမှ တော့တိုး-ချန်သည် နားရွက်ကို အုပ်ထားသော လက်များကို ဖယ်ပေးလိုက်သည်။ သမီးဖြစ်သူ၏ တွဲလောင်းကျနေသော နားရွက်ကို တွေ့မြင်လိုက်ရသည်နှင့် အမေသည် စူးရှစွာ အော်လိုက်မိသည်။ အဖေသည် သမီးဖြစ်သူကို ချီ၍ ဆရာဝန်ထံ အမြန်ဆုံး သွားသည်။ အမေကသူတို့ ရှေ့မှ သွားသည်။ ကံကောင်းထောက်မသည်က တကြောင်း၊ ဆရာဝန်ထံ အချိန်မီ ရောက်ရှိခဲ့သည် က တကြောင်း တို့ကြောင့် ဆရာဝန်သည် နားရွက်ကို မူလနေရာ၌ ပုံမှန်အတိုင်း ပြန်လည် ထားရှိ ကုသ ပေးနိုင်ခဲ့သည်။ သူမ၏ မိဘများသည် ထိုသောအခါကျမှ စိတ်သက်သာရာ ရခဲ့ကြသည်။ သို့သော် တော့တိုး-ချန် မှာမူ သူမ၏ အဖေနှင့် အမေတို့က "ရော့ကီကို အပြစ်မတင်ပါဘူး" ဟု ပေးထားသောကတိ တည်မှ တည်ပါ့မလား ဟူ၍ စိုးရိမ်မကင်းဖြစ်နေမိသည်။
တော့တိုး-ချန်သည် ဦးခေါင်းထိပ်မှ မေးစေ့ထိ စည်းထားသော ပတ်တီးဖြင့် အိမ်သို့ ပြန်လာသည်။ သူမသည် ယုန်ဖြူကလေးတစ်ကောင်နှင့်တူနေသည်။ ရော့ကီကို မဆူပါဟု ကတိပေးထားသော အဖေသည် ရော့ကီကို တနည်းနည်းဖြင့် သတိပေးသမှု ပြုလုပ်ချင်သည်။ သို့သော် အမေက "ရှင့်ကတိ တည်ပါစေနော်" ဟူသော အဓိပ္ပယ်ဆောင်သည့် အကြည့်ဖြင့် ခင်ပွန်းသည်ကို ကြည့်လိုက်ရာ အဖေသည် စိတ်မပါ့တပါဖြင့် အမေ၏ အလိုသို့ လိုက်ရ လေတော့သည်။
တော့တိုး-ချန်သည် အိမ်ထဲသို့ ပြေးဝင်သွားသည်။ အခြေအနေကောင်းသည်။ မည်သူမျှ စိတ်မဆိုးတော့ ဆိုသည်ကို ရော့ကီအား အမြန်ဆုံး အသိပေးလိုသည်။ သို့သော်လည်း သူမသည် ရော့ကီကို ဘယ်လိုမှ ရှာမတွေ့။ တော့တိုး-ချန်သည် ပထမဆုံးအကြိမ်အဖြစ် အော်ငိုမိလေတော့ သည်။ သူမသည် ဆရာဝန် ရှေ့တွင်လည်း မငိုခဲ့။ သူမငိုလျှင် အဖေနှင့်အမေက ခွေးအပေါ် ပို၍ ဒေါသထွက်မည်ကို သူမ စိုးရိမ်မိသည်။ သို့သော်လည်း ယခုအခါ၌ သူမ၏ မျက်ရည်များသည် အဆက် မပြတ်ကျလျက်ရှိသည်။ သူမ သည် ငိုနေသည့်ကြားထဲက "ရော့ကီ-ရော့ကီ၊ နင်ဘယ်မှာလဲ" ဟု တကြော်ကြော်ခေါ်နေမိသည်။
အချိန်အတန်ကြာ ခေါ်ပြီးသောအခါ မျက်ရည်များစိုရွဲနေသော သူမမျက်နှာသည် တဖြည်းဖြည်း ပြုံးလာသည်။ အဘယ့်ကြောင့်ဆိုသော် သူမမြင်နေကျ အညိုရောင်ကျောကုန်းသည် ဆိုဖာနောက်မှ တဖြည်းဖြည်း ပေါ်လာသောကြောင့် ဖြစ်သည်။ ရော့ကီသည် တော့တိုး-ချန်ထံ သွားပြီး ပတ်တီး များကြား ထဲမှ အနည်းငယ်ထွက်နေသော နားရွက်ကို လျှာဖြင့် ညင်သာစွာလျက် ပေးသည်။ တော့တိုး-ချန်သည် သူမ၏ လက်ကလေးများဖြင့် ရော့ကီ၏အဖေက ခွေးနားရွက်၏ အနံ့နံသဖြင့် မနမ်းဖို့ ပြောသော်လည်း မရချေ။ သူမအဖို့ ထိုအနံ့နှင့် ယဉ်နေပြီဖြစ်သည်။
ရော့ကီနှင့် တော့တိုး-ချန်သည် အလွန်မောပန်းသွားကြလေပြီ။ သူတို့သည် အိပ်ငိုက်နေကြလေပြီ။
နွေနှောင်းကာလ လမင်းကြီးသည် ပန်းခြံပေါ်မှနေ၍ "၀ံပုလွေလုပ်တမ်း" နောက်ထပ် ဘယ်တော့မှ ကစား ကြတော့မည် မဟုတ်သည့် ပတ်တီးစည်းထားသော မိန်းကလေးနှင့် သူမ၏ခွေးကို ငုံ့ကြည့် လျက်ရှိသည်။ ယခု အခါ၌ သူတို့နှစ်ဦးသည် ရှေးကထက်ပို၍ ချစ်သော မိတ်ဆွေများဖြစ်လာ ကြလေပြီ။
အားကစားပြိုင်ပွဲ
တိုမိုကျောင်း၏ အားကစားပြိုင်ပွဲကို နှစ်စဉ် နိုဝင်ဘာလ(၃)ရက်နေ့၌ ကျင်းပသည်။ ဆရာကြီးသည် စူးစမ်းလေ့လာ မှတ်သားမှုများနှင့် သုတေသနပြုခြင်းတို့ကို ဆောင်ရွက်ပြီးသောအခါမှ ထိုနေ့တွင် ကျင်းပရန် ဆုံးဖြတ်ချက်ချခြင်းဖြစ်သည်။ သူ၏ သုတေသနပြုလုပ်ချက်အရ ဆောင်းဦးရာသီ နေ့တစ်နေ့ ဖြစ်သော နိုဝင်ဘာလ(၃)ရက်နေ့သည် မိုးရွာသည့် အကြိမ်အနည်းဆုံး နေ့တစ်နေ့ ဖြစ်ကြောင်း ကို သူသိရှိမှတ်သားထားလေသည်။ ကလေးများသည် ကျောင်းအားကစားကွင်းကို အားကစား ပြိုင်ပွဲနေ့ မတိုင်မီ တစ်ရက်၌ ကြိုတင်ပြင်ဆင်မှု အမျိုးမျိုးနှင့် မွမ်းမံခြယ်သမှုအမျိုးမျိုးကို ပြုလုပ် ထားကြသည်။ ဆရာကြီး၏ မိုးလေ၀သဆိုင်ရာ ကိန်းဂဏန်းရှာဖွေရာ၌ ကျွမ်းကျင်မှုကြောင့်ပေလား၊ သိုကမဟုတ် နေရောင်ခြည် နှင့် မိုးတိမ်များသည် ဆရာကြီး၏ စိတ်ဆန္ဒကို အသိအမှတ်ပြုသည့်အတွက်ကြောင့်ပေလား မပြောတတ်။ ကလေးများ အလိုကျ အတိုင်း အားကစားပြိုင်ပွဲနေ့တွင် မိုးကားအနှောင့်အယှက် မပြုလုပ်ပေ။ မည်သို့သော အကြောင်း ကြောင့်ပင်ဖြစ်ပါစေ ထိုနေ့၌ မိုးမ`၇ွာသည်မှာ အံ့သြစရာကောင်းလှပေသည်။
တိုမိုကောင်းသည် အစစအရာရာတွင် အခြားကျောင်းများနှင့် မတူဘဲ တမူထူးခြားသလို အားကစား ပြိုင်ပွဲနေ့မှာလည်း ထူးခြားလေသည်။ တိုမိုကျောင်း၏ အားကစားပြိုင်ပွဲ ပွဲစဉ်များတွင် အခြား မူလတန်းကျောင်းများမှ ပွဲစဉ်များနှင့် တူညီသောပွဲစဉ်နှစ်မျိုးသာရှိသည်။ လွန်ဆွဲပွဲနှင့် ခြေသုံးချောင်း ထောက် ပြေးပွဲသာဖြစ်သည်။ ကျန်ပွဲစဉ်များအားလုံးမှာ ဆရာကြီးက တီထွင်ထား သည့် ပွဲစဉ်များ သာဖြစ်သည်။ အားကစားပြိုင်ပွဲအတွက် ပစ္စည်းထူးထူးဆန်းန်းများ မလိုအပ်ပေ။ အားလုံးမှာ ကျောင်း၌ နေ့စဉ် မြင်တွေ့နေကျ ပစ္စည်းများသာဖြစ်သည်။
ဥပမာအားဖြင့်ပြရလျှင် ငါးဝမ်းဗိုက်များအတွင်း လှုပ်ရှားမှုပြိုင်ပွဲမျိုး။ အ၀တ်စကြီးများကို ငါးကြီးများ နှင့်တူအောင် ပုံဖော်၍ ဆေးခြယ်သပြီး ကျောင်းအားကစားကွင်းအလယ်၌ ချထားသည်။ အချက်ပေး လိုက်သည်နှင့် ပြိုင်ပွဲဝင်ကလေးများသည် ငါးများရှိရာသို့ ပြေးသွားကာ ငါး၏ ပါးစပ်ထဲသို့ တွားဝင် ကြရသည်။ ပါးစပ်မှဝင်၍ အမြီးပေါက်မှထွက်ကြရမည်။ အမြီးပေါက်မှ ထွက်ပြီး နော် မူလတာ လွှတ်ရာနေရာသို့ ပြန်ပြေးသွားကြရမည်ဖြစ်သည်။ ကွင်းလယ်တွင် ငါးသုံး ကောင်သာရှိသည်။ အနီရောင် ငါးနှစ်ကောင်နှင့် အပြာရောင် ငါးတစ်ကောင်သာဖြစ်သည်။ ထို့ောကာင့် တစ်ခါပြိုင်လျှင် ကလေး သုံးယောက် သာ ယှဉ်ပြိုင်နိုင်လေသည်။ အမှတ်တမဲ့ကြည့်လျှင် ခက်ခဲမှုမရှိဟု ထင်ရသော်လည်း တကယ် ပြိုင်ကြည့်သောအခါ မလွယ်ကူမှန်းတွေ့ရမည် ဖြစ်သည်။ ငါး၏ကိုယ်ခန္ဓာထဲ၌ မှောင်မည်း ၍နေသည်။ ငါး၏ကိုယ်ထည်မှာ ရှည်မျောမျောဖြစ်သည်။ ငါး၏ကိုယ်ခန္ဓာထဲရောက်လျှင် လမ်းကြောင်း မှားသွား နိုင်သည်။
တော့တိုး-ချန် အပါအ၀င် အချို့ကျောင်းသားငယ်များသည် ပါးစပ်ပေါက်မှပင် ပြန်ထွက်လာမိရာ အ၀ ရောက်တော့မှ သူတို့မှားမှန် သိသဖြင့် ကမန်းကတန်းဖြင့် အထဲသို့ ပြန်ဝင်သွားကြရပြန်သည်။ ထိုပြိုင်ပွဲကို ကြည့်ရသူများအဖို့ စိတ်ပျော်ရွှင်စရာ ကောင်းသည်။ ကလေးများသည် ငါး၏ ခန္ဓာကိုယ် ထဲ၌ ရှေးတိုး နောက်ငင် ပြုလုပ်နေမှုကြောင့် ငါး၏ခန္ဓာကိုယ်သည် တွန့်လိမ်တွန့်လိမ် ဖြစ်၍ နေ သည်။ အဝေးမှ မြင်ရသူ များအဖို့ တကယ့်ငါးလားဟူ၍ ထင်မှတ်ရလေသည်။
အခြား ပြိုင်ပွဲတစ်မျိုး ရှိသေးသည်။ 'အမေ့ကို ရှာဖွေပါ' ပြိုင်ပွဲ ဖြစ်သည်။ အချက်ပြလိုက်သည်နှင့် ကလေးများ သည် သစ်သားလှေကား ရှိရာသို့ ပြေးသွားပြီး လှေကားပေါ်တက်ကာ လှေကားထိပ်ရှိ ခြင်းတောင်း ထဲ၌ ထည့်ထားသော စာအိတ်တစ်အိတ်ကို နှိုက်ယူရသည်။ စာအိတ်ကို မြန်မြန် ဖောက်၍ အထဲရှိ စာရွက်ထဲ၌ ရေးထားသောစာကို ဖတ်ရသည်။
ဥပမာ - စက်ကိုး-ချန်၏ အမေဟု ရေးထားပါက ပြိုင်ပွဲကို လာရောက်ကြည့်ရှုနေသော ပရိသတ်များ ရှိရာသို့ အမြန်ဆုံး ပြေးသွားပြီး စက်ကိုး-ချန်၏ အမေကို ရှာ၍ သူမ၏လက်ကိုဆွဲယူရမည် ဖြစ် သည်။ ထို့နောက် သူမနှင့် အတူ ပန်းတိုင်ဆီသို့ အမြန်လာရမည် ဖြစ်သည်။
ဤပြိုင်ပွဲကို ယှဉ်ပြိုင်ရာ၌ လှေကားပေါ်တက်သည့်အခါ ကြောင်တစ်ကောင်ကဲ့သို့ ပေါ့ပါးရမည် ဖြစ်သလို လှေကား တက်ကျွမ်းကျင်ရန်လည်း လိုအပ်သည်။ ၎င်းအပြင် စာရွက်ပေါ်၌ ရေးထား သော နာမည်ပိုင်ရှင် ကို သိထားရန် လိုအပ်ပေသည်။ အကယ်၍ စာရွက်ပေါ်၌ 'မစ်(စ)အိုကူး၏အစ်မ' ဟု ခေါ်ရမည် ဖြစ်သည်။ ဤသို့ အော်ခေါ်ရာ၌ သတ္တိရှိဖို့လိုသည်။ ကံကောင်းသော ကလေးများအနေဖြင့် သူတို့၏ မိခင်နာမည် ရေးထား သော မဲလိပ်ကို နှိုက်မိပါက သူတို့သည် ခုန်ပေါက်ရင်း "အမေ၊ အမေ - မြန်မြန်-မြန်မြန်" ဟု အော်ပြောလေ့ ရှိကြသည်။ ပရိသတ်များအနေဖြင့် ဤပြိုင်ပွဲကို ကြည့်ရင်း သူတို့က လှုပ်လှုပ်ရွရွ ဖြစ်လာ သည်။ ပရိသတ်များ ထဲရှိ လူကြီးမိဘအုပ်ထိန်းသူများသည် မည်သည့်အချိန်တွင် သူတို့၏ အမည်ကို ခေါ်မည်ဆိုသည် ကို ကြိုတင်မသိထားပေ။
ထို့ကြောင့် သူတို့သည် နားစွင့်ကာ အဆင်သင့် ရှိနေကြရသည်။ သူတို့နေထိုင်ရာခုံများ၊ သို့မဟုတ် မြက်ဖျားများပေါ်၌ အသင့်ရှိနေကြရသည်။ ကလေးတစ်ယောက်ယောက်က သူတို့၏အမည်ကို လာခေါ် သည်နှင့် သူတို့သည် ထိုင်ရာမှ အမြန်ဆုံးထကာ ထိုကလေးရှိရာသို့ အမြန်ဆုံးသွား၍ ကလေး၏ လက်ကိုဆွဲကာ ပန်းတိုင်ရှိရာသို့ အမြန်ဆုံးပြေးသွားရလေသည်။ ထို့ကြောင့် ကလေး တစ်ယောက် ယောက်က ပရိတ်သတ်ရှေ့သို့ လာရပ်ပြီဆိုလျှင် ထိုကလေး၏ဖခင်ဖြစ်သူပင်လျှင် အသက်ပြင်းပြင်း မရှူဝံ့ဘဲ မည်သူ၏ နာမည်ကို ခေါ်ပါ့မလဲဆိုသည်ကို နားစွင့်နေမိသည်။ ထို့ကြောင့် အားကစားပြိုင်ပွဲလာ လူကြီး များသည် တစ်ဦးနှင့်တစ်ဦး စကားများများပြောရန် အချိန် မရကြ။ အစားအစာစားရန်လည်း အချိန် မရကြ။ လူကြီးများသည်လည်း ကလေးများနည်းတူပင် အားကစားပြိုင်ပွဲများ၌ ပါဝင်ကြရလေသည်။
ကျောင်းအုပ်ဆရာကြီးနှင့် အခြားဆရာ၊ ဆရာမများသည် ကလေးများ၏ လွန်ဆွဲပွဲ အသင်းနှစ်သင်း တွင် ပါဝင်ကြသည်။ လွန်ဆွဲပွဲ၌ "ဟီး-ဟို၊ ဟီး-ဟို" အသံသည် ကျယ်လောင်စွာ ပေါ်ထွက်လာ သည်။ လွန်ဆွဲပွဲ၌ ပါဝင်ခြင်းမရှိသော ယာဆူအာကီ-ချန်ကဲ့သို့သော မသန်မစွမ်းကေးလများမှာမူ လွန်ကြိုးအလယ်တွင် ချည်ထားသည့် လက်ကိုင်ပ၀ါကို မျက်ခြည်မပြတ်စောင့်ကြည်ကြရသည်။ မည်သည့်ဘက်က အနိုင်ရ သွားသည် ကို သူတို့ကြည့်ကြရသည်။
နောက်ဆုံးပွဲစဉ်ဖြစ်သည့် ကျောင်းတစ်ကျောင်းလုံး ပါဝင်ယှဉ်ပြိုင်ရသော လက်ဆင့်ကမ်းပြေးပွဲ သည် တိုမိုကျောင်း၌ တမူထူးခြား ပြန်လေသည်။ မည်သူမျှ ဝေးဝေးမပြေးကြရ။ စုဝေးခန်းမကြီးရှိ ရာသို့ တက်သွား ရသည့် လခြမ်းပုံသဏ္ဌာန် ကွန်ကရစ်လှေကားထစ်များ အတိုင်း အတက်အဆင်း ပြုလုပ်ရုံသာ ဖြစ်သည်။ ရုတ်တရက်ကြည့်လျှင် အလွန်လွယ်ကူစွာ တက်နိုင်ဆင်းနိုင်မည်ဟု ထင်မှတ်ရသည်။ သို့သော် လည်း ပြုလုပ်ထားသော လှေကားအပြားများမှာ သိပ်မကြီးရုံသာမက အထစ်များမှာ တစ်ခုနှင့်တစ်ခု အလွန် နီးကပ်စွာ ရှိသည်။ ပြိုင်ပွဲဝင်သူများသည် လှေကားထစ်များ ကို အထစ်ကျော်တက်ခွင့် မရှိပေ။ အစဉ်လိုက် နင်းတက်နင်းဆင်း ပြုလုပ်ကြရမည် ဖြစ်သည်။ အရပ်မြင့်သူများနှင့် ခြေဖ၀ါးကြီးသူများအဖို့ ခဲယဉ်းသည်။ ထိုလှေကားထစ်များသည် နေ့လယ်စာ စားရန်အသွား၌ ကျောင်းသားများ တက်နေ ကြဖြစ်သော လှေကားထစ်များပေါ်တွင် အသစ် ခင်းကျင်းမွမ်းမံထားသော လှေကားထစ်များသာ ဖြစ်သည်။ လှေကား ထစ်စုစုပေါင်း အရေအတွက် မှာ (၈)ခုမျှသာ ဖြစ်သည်။
လှေကားထစ်များပေါ်၌ သူ့ထက်ငါ လုယက်ပြေးတက်ပြေးဆင်း ပြုလုပ်နေကြသော ကျောင်းသား ကျောင်းသူ များကို ခပ်လှမ်းလှမ်းမှ ကြည့်မည်ဆိုလျှင် ရောင်စုံထွက်နေသော ကလေးကြည့် မှန်ပြောင်း တစ်မျိုးကို ကြည့်ရသည်မှာ ပုံသဏ္ဌာန်တူလေသည်။
အားကစားပြိုင်ပွဲနေ့တွင် အံ့သြစရာကောင်းသော အကြောင်းအရာတစ်မျိုး ပေါ်ပေါက်ခဲ့သည်။ ကျောင်း၌ ကိုယ်လုံး ကိုယ်ထည်အသေးဆုံး၊ ခြေတံလက်တံအတိုဆုံးဖြစ်သော တာကာဟာရှီသည် သူပါဝင် ယှဉ်ပြိုင် သော ပြိုင်ပွဲတိုင်းတွင် ပထမဆုကို အမြဲတမ်း ရသည်။ မယုံကြည်နိုင်အောင်ပင် ဖြစ်သည်။ အခြား ကျောင်းသား များက ငါး၏၀မ်းဗိုက်ထဲ၌ တွားသွားနေစဉ်တွင် တာကာဟာရှီသည် ထွက်ပေါက်မှ လျှပ်ရောင် အလား လျှင်မြန်စွာ သူများထက်ဦးအောင် ထွက်နိုင်ခဲ့သည်။ အခြား ကျောင်းသားများက လှေကားပေါ်သို့ ခက်ခက် ခဲခဲတက်နေချိန်တွင် သူသည် လှေကားပေါ်မှ ဆင်းပြီး အဝေးသို့ ကိုက်အတော်များများ ရောက်နေ လေပြီ။ လက်ဆင့်ကမ်း ပြေးပွဲတွင်လည်း စုဝေးခန်းမကြီး၏ လှေကားတစ်များပေါ်သို့ တက်ရေး အတွက် အခြားကျောင်းသားများက အငြင်း အခုံဖြစ်နေခိုက် တာကာဟာရှီသည် သူ၏ ခြေထောက်တို ကလေး များကို ပစ္စတင်အလား လှုပ်ရှား နိုင်ခဲ့သည်။
"ငါတို့ကတော့ တာကာဟာရှီကိုနိုင်အောင် ကြိုးစားယှဉ်ပြိုင်ရမယ်"ဟု အခြားကျောင်းသားများက ပြောကြ သည်။
သူ့ကို နိုင်ရန်အတွက် အခြားကလေးများသည် အစွမ်းကုန်ကြိုးစားကြသော်လည်း တာကာဟာရှီ သည်သာ အနိုင် ရသည်။ တော့တိုး-ချန်သည်လည်း အစွမ်းကုန်ကြိုးစားပါသည်။ သို့သော် သူမ သည် တာကာဟာရှီ အပေါ် အနိုင်မရခဲ့။ ခက်ခက်ခဲခဲ ပြုလုပ်ရသော ပြိုင်ပွဲများတွင် သူတို့သည် တာကာဟာရှီကို လုံးဝမနိုင်ကြ။
တာကာ ဟာရှီသည် ပျော်ရွှင်သောမျက်နှာနှင့် ဂုဏ်ယူဝင့်ကြွားသော မျက်နှာဖြင့် ဆုများကို ရယူခဲ့ သည်။ သူသည် ပြိုင်ပွဲတိုင်း၌ ပထမရသည်။ ထို့ကြောင့် သူသည်ဆုများကို တစ်ဆုပြီးတစ်ဆု လက်ခံ ရရှိသည်။ ဆုလက်ခံ ယူသောသူကို ကလေးတိုင်းက မနာလိုသော အကြည့်ဖြင့် ကြည့်ကြ သည်။
"နောင်နှစ်ခါ မှာ တာကာဟာရှီကို နိုင်အောင် ပြိုင်မယ်"
ကလေးတိုင်း စိတ်ထဲတွင် ထိုအတိုင်း ဖြစ်ပေါ်လာသည်။ သို့သော်လည်း တာကာဟာရှီသည် နောင်နှစ် နောင်နှစ်များတွင်လည်း အားကစားကြယ်ပွင့်အဆင့်မှ လျှောကျသွားခြင်း မရှိချေ။
အားကစားပြိုင်ပွဲများ၌ အနိုင်ရသူများကို ဆရာကြီး ချီးမြှင့်သည့် ဆုများမှာ တမူထူးခြားသည်။ ပထမဆု သည် နိုကိုဥကြီးတစ်ဥဖြစ်ကောင်း ဖြစ်နိုင်သည်။ ဒုတိယဆုသည် မုန်လာဥငယ်နှစ်ဥ ဖြစ် နိုင်သည်။ တတိယ ဆုရှင်သည် ဟင်းရွက်စည်းတစ်စည်းဖြစ်ဖြစ် ရပေလိမ့်မည်။ ဆုများမှာ ထိုကဲ့သို့ ပင် ဖြစ်သည်။ ကျောင်းအားလုံး တွင် ကျောင်းအားကစားပြိုင်ပွဲများတွင် ဆုရသူများကို ဟင်းသီး ဟင်းရွက်များ ပေးလေ့ ရှိသည်ဟု တော့တိုး-ချန် ထင်မှတ်ခဲ့သည်။ ဤအထင်မှားကြောင်း သူမ အသက်အနည်းငယ်ကြီးလာမှ သိသည်။
ထိုအချိန်အခါက ကျောင်းများတွင် မှတ်စုစာအုပ်များ၊ ခဲတံများ၊ ခဲဖျက်များ စသည်တို့ကို ဆုအဖြစ် ဖြင့် ပေးလေ့ရှိသည်။ ဤသည်ကို တိုမိုကျောင်းမှ ကျောင်းသားကလေးများ မသိကြ။ သို့သော် လည်း သူတို့သည် ဟင်းသီးဟင်းရွက်များ ဆုအဖြစ်ရသည်ကိုမူ မပျော်ကြ။ ဥပမာအားဖြင့် မုန်လာဥနီများနှင့် ကြက်သွန်နီများ ဆုအဖြစ် လက်ခံရရှိထားသော တော့တိုး-ချန်သည် ၎င်းတို့ကို မီးရထား ပေါ်သယ်ဆောင်သွားရမှာ အနှောင့်အယှက် ဖြစ်မိသည်။ ဟင်းသီးဟင်းရွက်များ ပွေ့ပိုက် ၍ ကျောင်းမှ အိမ်သို့ ပြန်သွားရမှာကို ကျောင်းသားများ အဘယ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ် ကြသနည်း။ အမေက ဟင်းသီးဟင်းရွက် ၀ယ်ခိုင်း၍ ဈေး၌သွားဝယ်ပြီး အိမ်ပြန်လာရပုံများနှင့် မတူ ပါ။ ကျောင်းမှ အိမ်သို့ အပြန်တွင် ဟင်းသီးဟင်းရွက်များဖြင့် ပြန်လာသည်ဆိုတော့ ကသိ ကအောက်တစ်မျိုး ဖြစ်မနေ ဘူးလား။
ဂေါ်ဖီထုတ် တစ်ထုပ်ကို ဆုအဖြစ်ဖြင့် ရရှိသော ခပ်၀၀ကျောင်းသားတစ်ယောက်သည် မည်သို့ ပြုလုပ် ရမည်ကို မသိဘဲ ဖြစ်နေသည်။
"ဒါကြီးကို ငါသယ်မသွားချင်ဘူး၊ လွှင့်ပစ်လိုက်တာကောင်းမယ်ထင်တယ်"ဟု ပြောလိုက်သည်။
ကျောင်းသားများ၏ ပြောသံဆိုသံ ညည်းညူသံများကို ဆရာကြီး ကြားသွားဟန် တူသည်။ သူသည် သူ၏တပည့်များရှိရာသို့ သွား၍ ...
"ဘာဖြစ်နေကြတာလဲ၊ ဒီဆုတွေကို မင်းတို့မလိုချင်ကြဘူးလား"ဟု မေးလိုက်သည်။ ၎င်းနောက် သူကပင် ဆက်လက်၍ ပြောလိုက်သည်။
"ဒါတွေကို မင်းတို့ရဲ့ အိမ်ကို ယူသွားပြီးတော့ မင်းတို့ရဲ့ အမေတွေကို ညစာချက်ပေးဖို့ ပြောကြပါ။ ဒီဟင်းသီးဟင်းရွက်တွေဆိုရင် မင်းတို့ရဲ့ လုပ်အားနဲ့ရခဲ့တဲ့ ဟင်းသီးဟင်းရွက်တွေ၊ မင်းတို့ ကိုယ်တိုင် ကြိုးပမ်းအားထုတ်မှုနဲ့ ရရှိခဲ့တာ ဟင်းသီးဟင်းရွက်တွေကို မင်းတို့ရဲ့ မိသားစုကို ပေးနိုင်တာ မဟုတ် ဘူးလား၊ မင်းတို့ ဘယ်လို သဘောရသလဲ၊ အရသာ ရှိလိမ့်မယ်လို့ ဆရာကြီး ထင်တယ်"
ဆရာကြီး ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ ဥပမာအားဖြင့် တော့တိုး-ချန်အဖို့ ယခုအကြိမ်သည် သူမ၏ အိမ်မိသားစု စားသုံးနိုင်ရန် ညစာကို ရှာဖွေပေးနိုင်ခြင်းသည် ပထမဆုံးအကြိမ်ပင် မဟုတ်ပါ လော။
"မုန်လာဥဟင်းကို အရသာရှိရှိ ချက်ပေးဖို့ အမေ့ကို ကျွန်မ ပြောမယ်၊ နောက်ပြီးတော့ ကြက်သွန် တွေကို ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း အမေ့ကို မေးရဦးမယ်"ဟု တော့တိုး-ချန်က ဆရာကြီး ကို ပြောလိုက် သည်။
ထိုအခါ ကျန်ကျောင်းသားများကလည်း အိမ်ပြန်ရောက်လျှင် သူတို့ပြုလုပ်မည့် အစီအစဉ်ကို ဆရာကြီးအား ပြောပြကြ လေတော့သည်။
"ကောင်းတယ်၊ မင်းတို့တစ်တွေ အခုအကြံကောင်းတွေ ရကုန်ကြပြီ မဟုတ်လား"ဟု ဆရာကြီးက ပြောလိုက်သည်။ သူသည် ပြုံး၍ ပြောလိုက်ခြင်း ဖြစ်သည်။ သူ၏ပါးပြင်မှာ အနီရောင်သန်းလျက် ရှိ သည်။ ကျောင်းသား များသည် သူတို့၏အိမ်များ၌ မိသားစုများနှင့်အတူ ညစာစားရင်း ကျောင်း အားကစား ပြိုင်ပွဲ အကြောင်းကို ပြောဆိုကြမည်ကို စဉ်းစားမိရင်း ကြည်နူးနေမိလေသည်။
ဆရာကြီးသည် အထူးသဖြင့် တာကာဟာရှီအကြောင်းကို စဉ်းစားမိမည် ဖြစ်၏။ တာကာဟာရှီ၏ အိမ်မှာ ညစာ ထမင်းဝိုင်းတွင် သူ၏ ပထမဆုများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေမည်မှာ မလွဲပေ။
မိမိ၏ ကိုယ်ခန္ဓာသည် သူတစ်ပါးထက် သေးငယ်သောကြောင့် အားငယ်စိတ်ဖြစ်ပေါ်တတ်သော တာကာ ဟာရှီ သည် ထိုအားငယ်စိတ်ကို သတိမရတော့ဘဲ အားကစားပြိုင်၌ ပထမဆုများရရှိခဲ့ပုံကို ပြန်လည် စဉ်းစားမိပြီး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေမည်ကို ဆရာကြီးစဉ်းစားမိမည်မှာ မလွဲပေ။ ဆရာကြီးသည် တာကာ ဟာရှီသာ ပထမဆုရနိုင်မည့် တိုမိုကျောင်းပုံစံအားကစားပြိုင်ပွဲမျိုးကို အထူး တီထွင် ထားလေရော့ သလား။ ဤသည် ကို ဆရာကြီးမှတပါး အခြားမည်သူမျှ ပြောနိုင်မည် မဟုတ်ပေ။

ကဗျာဆရာ အီဆာ ဆက်ရန်
.
3 comments:
ရေး နိုင်လွန်းတယ်ဗျို့ ။
တာကာ ဟာရှီ အကြောင်း တော်တော် လေးကို ဖတ်ယူ
ရပါတယ်။ ပြောချင်တာလေးတစ်ခု တော့ ရှိနေမှာပါ။
ဆက်ရေးပါလေ။
မမရေ.....ဒီနေ့လည်းလာပါတယ်..နောက်ပြီးတော့...အု ....အကုန်ဖတ်သွားပါတယ် :D
ချစ်ညီမလေး
တ၀ကြီး ဖတ်လိုက်ရလို့ ကျေးဇူးပဲ မရွှေစင်ဦးရေ ... ။ တော့တိုးချန်ကလေးကတော့ စံပါပဲ။ ပလာစတာပုံထဲ နစ်တာရယ်၊ နားရွက်ကို ရော့ကီကိုက်တာရယ် ဖတ်ပြီး အသည်းယားလိုက်တာ။
တချို့နေရာတွေ စာကျခဲ့တာလေးတွေ အနည်းအကျဉ်းရှိပေမဲ့ ကိုယ့်ဟာကိုယ်ပဲ ဖြည့်ဖတ်လိုက်ပါတယ်။ အမြန်ရိုက်တာဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့နော။ :)
Post a Comment