Friday, October 30, 2009

My trip (2)

ကျနော် ခရီးတိုလေး တခုထွက်ပါမယ်ဗျာ၊ မနက်ဖြန် စနေ နေ့ကိုသွားပါမယ်။ တနင်္လာ နေ့မှာ ပြန်ရောက်ပါမယ်။
အဲဒီတော့ post အသစ်လည်း မတင်နိုင်သေးပါဘူးဗျာ။

with love
shwezinu
>>>ဆက်ဖတ်ရန်>>> >>

Wednesday, October 28, 2009

ငယ်ဘဝများ(၈)နှင့် ကျနော့် ကျောင်းသားဘဝတစိတ်တပိုင်း (၂)

ကျနော့် ရဲ့ဘလော့လေး ၄ ရက်နေ့ဆိုရင် ၃လသား အရွယ်ရောက် သွားပါပြီ၊ ဖတ်ရှု့အားပေးကြသော မိတ်ဆွေ သူငယ်ချင်းများအား ကျေးဇူးတင်ပါကြောင်းနှင့် သတင်းစာ အစောင် ၅၀ (အဲ ရေးလို့မရဘူးဗျ၊ တနိုင်ငံလုံး ထွက်တာမှ မြန်မာ့အလင်း၊ ကြေးမုံ၊ ရတနာပုံ၊ မန္တလေးသတင်းစာ ဟဲ.ဟဲ ၄စောင်ဗျာ) မှ၎င်း၊ CDMA ဖုန်း အလုံး ၅၀၊ GSM ဖုန်း အလုံး ၁၀ဝ တို့ဖြင့်၎င်း လူကိုယ်တိုင် လာရောက် ၍ အားပေးကြသော ကျေးဇူးရှင် (အမေပေး အဖေ၊ နှမပေး ယောက်ဖ အဲအဲ ယောင်လို့) အဘ တို့အား၎င်း e-mail လိပ်စာ ၁၀ဝ နှင့် Internet ဆိုသော ဘာကြီးမှန်း မသိမှ အားပေးကြသော ... အမလေးဗျာ သတင်းစာ လေး၂ရက်လောက် ဆက်ဖတ်လိုက် မိပါတယ် ....အကျင့်တွေ ကူး သွားလိုက်တာ ....မြန်လိုက်တာ မြန်လိုက်တာ...ဟဲ..ဟဲ။ အချုပ်အားဖြင့်ဆိုရသော် အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကျနော် ပုံပြင်လေး တပုဒ် ဖတ်မိတယ်ဗျာ ဘလော့တွေထဲမှာလား မဂ္ဂဇင်း တွေထဲမှာလား မသိတော့ ဘူး၊ အတိအကျ မပြောနိုင်တဲ့ အတွက် ကျနော့် ရဲ့ မှတ်ဉာဏ်လေးကိုသာ ဝိုင်းပြီး ရန်လုပ်ကြပါတော့။ ကျနော် ကတော့ ရေးစရာရှိတာ ဆက်ရေးရအုန်းမှာပါဘဲ။

အဲဒီပုံပြင်ထဲမှာဗျာ မျှားပစ်ပြိုင်ပွဲလုပ်တယ်ပေါ့၊ အပစ်ခံတဲ့လူက ဘုရင်ရဲ့ ကိုယ်ရံတော်ပေါ့ သူ့ခေါင်းပေါ်မှာ ပန်းသီးတလုံး တင်ထားတယ်ဗျာ။ ပထမ တယောက်ထွက်လာတယ်၊ ပန်းသီးလေးကို မှန်အောင်ပစ် နိုင်တယ်၊ ပရိသတ်က ဝိုင်းပြီးလက်ခုတ်တီး အားပေးကြတယ်၊ အဲဒီအခါမှာ မျှားပစ်သမားက ဂုဏ်ယူဝံ့ ကြွားစွာနဲ့  I am အာနိုး ပေါ့၊ တခါနောက်တယောက် ထွက်လာပြန်တယ်၊ သူကလည်း အဲဒီလိုဘဲ ပန်းသီးလေး ပြုတ်ကြသွားတဲ့ အခါမှာ ပထမ တယောက်လိုဘဲ I am ရမ်ဘို ပေါ့။

နောက်ဆုံး ကျနော်တို့ရဲ့ ဇာတ်လိုက်ကြီး ထွက်လာပါပြီ၊ သူကလည်း အသေအချာဘဲ ချိန်ပြီးတော့ ပစ်လိုက်တယ်ဗျာ၊ တည့်တည့်ကြီးပါဘဲ၊ ကိုယ်ရံတော်ရဲ့နုလုံးသားကို အဲဒီတော့ ကိုယ်ရံတော်လည်း ပက်လက်လန်ပြီး သေသွားတော့တာပေါ့၊ ပရိသတ်ကြီးကလည်း ဘာပြောရမှန်း မသိဘူး၊ ကြောင်နေကြ တာပေါ့၊ ဒါပေမဲ့ ဇာတ်လိုက်ကြီးကတော့ မကြောင်ဘူးဗျ၊ I am sorry ဆိုပြီးတော့ ခပ်တည်တည်နဲ့ ပြန်လှည့် ထွက်သွားတာပေါ့။

ကျနော် ပြောချင်တာကတော့ဗျာ ကျနော်လည်း အင်တာနက်က သူများဘလော့ တွေ ဝက်ဘ်ဆိုက် တွေမှာ ရေးထားတာတွေဖတ် ပရိသတ်ရဲ့ အားပေးသံတွေကို သဘောကြပြီးတော့ ဘလော့လေးထောင်ပြီး ဟိုရေးဒီရေး ရေးလိုက်မိတာ ၃ လ ပြည့်ပါတော့မယ်။ အဆင့်မမှီဘူး ထင်ရင်လည်း ခင်ဗျားတို့ကတော့ အားနာလို့ ဘာမှပြောမှာမဟုတ်ဘူး၊ ကျနော်ကတော့ ခပ်တည်တည်ဘဲ I am sorry ပါဘဲ ဗျာ....ဟား..ဟား။

ကျနော့်ရဲ့ ဒီနေ့ post ကတော့ အလယ်တန်း ကျောင်းသားဘဝတုန်းက ၊ ကျနော့်ရဲ့ အူလည်လည် လုပ်ပုံတခုနဲ့ ကျနော့်ရဲ့ အချစ်ဆုံးဆရာ ဆရာကြီး ဦးဝင်းလှိုင် အကြောင်းကို ပြောချင်တယ်ဗျာ။ ကျနော်တို့ ၁၆ ကျောင်းထွက်တွေ ဆိုရင်အားလုံးသိကြမှာပါ၊ ဆရာကြီးက ကျောင်းမှာ သင်္ချာသင်တာပါ၊ အသင်လည်း အရမ်းကောင်းသလို သဘောလည်း အရမ်းကောင်းပါတယ်။ ရီစရာလည်းတအား ပြောတတ် ပါတယ်။ ကျောင်းသားတွေကိုလည်း တော်တော်ချစ်ပါတယ်။ တရုပ်အမျိုးသားပါ။

ကျနော်တောင် ဆရာကြီးကို အတုယူပြီးသင်္ချာယူခဲ့တာပါ။ ဘလော့ထဲမှာ ဆရာကြီးအကြောင်းရေးရမှာ ဆိုတော့ ဖားထားရတာပေါ့ဗျာ။

ဆရာကြီးက အခုရှိပါသေးတယ်၊ အမေရိကားမှာ သားသမီးတွေနဲ့ လိုက်နေပါတယ်၊ ကျနော်တို့ အထက ၁၆ ဆရာကန်တော့ပွဲဆိုရင်တော့ ပြန်လာတယ်ပြောပါတယ်၊ ကျနော်လည်း ဆရာကန်တော့ပွဲကို တခါမှ မရောက်ပါဘူး။ ဆရာကြီးနဲ့ မတွေ့တာနှစ်ပေါင်းများစွာ ကြာသွားပါပြီ။

ဆရာကန်တော့ပွဲ ဆိုရင်ကျနော်လည်း ကန်တော့ချင်ပါတယ်။ ဒါပေမဲ့ ကျနော် က ၁၆ ကျောင်းရဲ့ဂုဏ်ကို လည်းမဆောင်နိုင်ဘူး၊ ငွေကြေးအရလည်း ဘိုင်ကောင်ဆိုတော့၊ အရေးမလုပ်တာလား မသိပါဘူးဗျာ။

ဆရာကန်တော့ပွဲ ကို ကျနော်ဘယ်တော့မှ မသိလိုက်ပါဘူး။ အလကား စတာပါဗျာ။ သူငယ်ချင်း ဟောင်းတွေနဲ့ကို အဆက်အသွယ်ပြတ်နေတာပါ။ အခု ကျနော့်ဘလော့ကို အားပေးနေတဲ့ ၁၆ ကျောင်းသားဟောင်း ကိုနောင်ကြီး တို့ရေ အခုသိသွားရင် ဆရာကန်တော့ပွဲရက်ကလေး ကိုသိချင်ပါတယ်၊ အလှုငွေလေး လည်း ထည့်ချင်ပါတယ်ဗျာ။

ကဲပြန်စလိုက်ကြရအောင် ကျနော် ၈တန်းနှစ်ကပေါ့၊ အဲဒီတုန်းက ကျနော်က ရှပ်အင်ကျီ ဘဲအမြဲဝတ် ပါတယ်၊ နေတာထိုင်တာလည်း free စတိုင်ဆိုတော့ ဆရာ၊ ဆရာမတွေ အမြင်မှာတော့ သိပ်မကြည်ဘူး ပေါ့ဗျာ၊ တကယ်တော့ ကျနော်က တော်တော် အ ပြီး ဘာမှ  လည်လည်ဝယ်ဝယ် မရှိပါဘူး။

နောက်ပြီး ကျနော်နဲ့ တွဲနေတာလည်း ခင်စန်းလွင် ဆိုတဲ့ခပ်ချောချော သူငယ်ချင်းပါ။ ကျနော် ကစာသင်ရင် နောက်ဆုံးတန်းမှာ သူနဲ့အမြဲတွဲထိုင်ပါတယ်။ သူ့နားလေးမှာ ပူးပူးကပ်ကပ်ပေါ့ဗျာ၊ ကျောက်သင်ပုံး ပေါ်စာရေးရင်လည်း ကျနော်က ကျောက်သင်ပုန်းကို မကြည့်ပါဘူး၊ မြင်လည်းမြင်မှ မမြင်ရတာ၊ အဲဒီတော့ သူ့ထဲကကြည့်ပြီးတော့ စာတွေကူးနေရတာကိုးဗျ။  အဲဒါကြောင့် သူနားကို ကပ်ရတာပါ၊ အဲဒါကို ဆရာက မကြည်ဘူးဗျာ။

ကျနော်ကစာကို တကယ်မမြင်ရတာပါ၊ အဲဒါကို ကျနော်လို အတီးအတ ကလည်း မျက်စေ့မှုံနေမှန်း မသိဘူး၊ သူများမြင်ရပြီး ကိုယ်ဘာကြောင့် မမြင်ရလည်း ဆိုတာလည်း မစဉ်းစားဘူး။ ခုနပြောသလိုဘဲ သူငယ်ချင်းစာအုပ်ထဲကဘဲ လိုက်ကူးနေတာဘဲ။ နောက်ဆုံးဘယ်အချိန်မှ သိသလည်း ဆိုတော့ ကျောင်းကျန်းမာရေး အဖွဲ့က ကျောင်းသားတွေကို ဆေးစစ်တဲ့ အချိန်ကြမှ အဲဒီ အဖြစ်မှန်က ပေါ်သွားပါတယ်။

မျက်စေ့လည်း စစ်တာကိုးဗျ။ အဲဒီကြမှ ကျနော်ဟာ မျက်စေ့တအားမှုံ နေတာ သိရပါတယ်။ အဲဒီကထဲက တတ်လိုက်ရတဲ့ -၂၅၀° နဲ့ မျက်မှန်ဟာ အခုထိတတ်ရတုန်းပါဘဲ။ ကလေးဖြစ်ပြီး ပါဝါလည်းများတယ်။ ဒီလောက်အချိန်ထိ မျက်စိမှုန်နေတာကို မိဘတွေ မသိလို့ဆိုပြီး ဆရာဝန်တွေက အပြစ်တင်ပါတယ်။

ကျနော်ကတော့ ဘယ်သူဘာပြောပြော မျက်မှန်လေး တတ်လိုက်တဲ့ အချိန်က စပြီးတော့ အမြင်သစ်တွေနဲ့ လောကကြီးတခုလုံး လှပသွားတော့ တာပါဘဲဗျာ။ တချိန်လုံး လောကကြီးတခုလုံးကို မှုံဝါးဝါးကြည့် လာတာ ကိုးဗျ။ အဲဒီလောက်ထိ ကျနော် အူလည်လည် နေခဲ့တာပါ။

အဲဒါနဲ့ ခုနက ဆရာနဲ့ပြသနာ ဆက်လိုက်ကြရအောင်၊ ကျနော် လည်းဆရာ့အချိန်မှာ ဆရာစာရှင်းပြတာကို နားထောင်နေရင်း မျက်စေ့ကတော့ သူငယ်ချင်းထဲက လိုက်ပြီးစာကူးနေတာပေါ့ဗျာ။ အဲဒီအချိန်မှာ သူငယ်ချင်း က တစခန်း ထပါတယ်။

ဟေ့ ဟေ့ နင်ဘာအနံရလည်းတဲ့၊ ကျနော် လည်း နှာခေါင်းလေး ဟိုရှုံဒီရှုံ လုပ်ပြီး မရပါဘူးဆိုတော့၊ အဲဒါဆို နမ်းကြည့်စမ်း ဆိုပြီး စာသင်ခုံပေါ် ခေါင်းလေး မှောက်ပြီး လည်ပင်းလေး စောင်းပေးတယ်ဗျာ၊ ကျနော်လည်း နဲနဲတော့ မွှေးသလိုလိုရှိသားဆိုတော့၊ မချောက တခါ လက်ကလေး နောက်ပစ်ပြီး ရင်ဘတ်ကို ကော့ပေးတယ်ဗျာ၊ ငါ့ရင်ဘတ်မှာ လည်းစွတ်ထားတယ် မွှေးကြည့်အုန်း ဆိုတော့ ကျနော်လည်း မွှေးကြည့်တာပေါ့။

သူ့ပါးစပ်ကလည်း ပြောလိုက်သေးတယ် အဲဒါ ငါတို့အမ ဝယ်လာတဲ့ ပြင်သစ် ရေမွှေးအစစ်တဲ့၊ အဲဒီတော့ မှ ကျနော်လည်း အမွှေးနံ ရသွားပြီးတော့ ခပ်ပြင်းပြင်းလေး မွှေးလိုက်မိတယ်ဗျာ။ ဆရာ ဦးဝင်းလှိုင် ကအဲဒါတွေကို ဘယ်အချိန်ကထည်းက ကြည့်နေမှန်းမသိပါဘူး။ မြင်သွားတယ်ဗျာ ..ဟဲ..ဟဲ၊

အဲဒီတော့ ဆရာက စာသင်တာကို ရပ်ပြီးတော့ ကျောက်သင်ပုန်းပေါ်မှာ ငှက်၂ကောင် နှုတ်သီးခြင်း တေ့နေတဲ့ ပုံကိုဆွဲလိုက်တယ်ဗျာ။ ပြီးတော့ မြေဖြူ ကို အခန်းအပြင်ကို လွှတ်ပစ်လိုက်တယ်။ ပါးစပ်ကလည်း ကီသွင်းပြီးအော်လိုက်တယ်၊ ဟေ့နောက်ဆုံးတန်းက ကောင်မလေး ၂ ယောက်တဲ့။

ကျနော်လည်း လန့်သွားတာဘဲ၊ အားလုံးကလည်း ဝိုင်းရီကြတာပေါ့။ ကျနော် လည်းအူလည်လည်နဲ့ ကိုယ်နဲ့ ဘာမှမဆိုင်သလိုနဲ့ ခတ်တည်တည်နဲ့ လိုက်ရီလိုက်ရတာပေါ့၊ ဘယ်လို ရှင်းပြရမှန်းလည်း မသိပါဘူးဗျာ။ အားလုံး အရီရပ်သွားတဲ့ အချိန်ကြမှ ဆရာက စာဆက်သင်ပါတယ်။

ဆရာက အဲလို အဲလို သဘောကောင်းတာပါဗျာ။
စာကြွင်း (ဆရာက ပုံဆွဲ ဝါသနာပါတယ်ဗျ။ အဲဒီလိုဘဲ အခွင့်အခါသင့်လာရင် ပုံတွေဆွဲ ဆွဲပြီး တပည့်တွေကို သူဘယ်လောက်ပုံဆွဲ တော်တယ်ဆိုတာ ပညာပြလေ့ရှိပါတယ်။)

ကျနော်လည်း တကယ်ဆို ဒီအဖြစ်အပျက်ကို မေ့နေပါပြီ၊ ဒါပေမဲ့ ဒီနေ့ မနက်စောစော ပြစ်သစ် ဂိုက်လုပ်တဲ့ သူငယ်ချင်းရောက်လာပြီး သူ့ကိုပြင်သစ်မတယောက်က ရေမွှေး ပုလင်းလက်ဆောင် ပေးတယ် တဲ့၊ အနံမရဘူးလားတဲ့၊ ကျနော့်ရဲ့ အနံခံမကောင်းတဲ့ နှာခေါင်းကြီးကလည်းဗျာ သုံးစားလို့ကိုမရပါဘူး၊ အင်းမရဘူး ဆိုတော့ အဲဒါဆို ဒီနားမွှေးကြည့် ဆိုပြီး လက်လေး၂ ဘက်နောက်ပစ်လို့ ရင်ဘတ်ကလေး ကော့ပေး ပြန်ပါတယ်။

ကျနော်လည်း ထုံးစံအတိုင်း မွှေးရပြန်တော့ တာပေါ့ဗျာ။ အင်းမွှေးတယ်ဗျာ၊ သင်းသင်းလေးလို့။ အဲဒီတော့ မှ မချောက ကျေနပ်တော်မူသွားတယ်။ အဲဒါ တတောင်လောက် ရှိတဲ့ပုလင်းကြီးတဲ့ဗျ။ ဟား..ဟား။ ဒီတခါတော့ ဂျောက်ပေါက်ကြဘို့ လမ်းမရှိတော့ပါဘူး။

ဒါပေမဲ့ စိတ်ကလေးက အတိတ် ကို ပြန်ရောက်သွားတော့ ဆရာကြီးဦးဝင်းလှိုင်ကိုလည်း သတိရသွားတယ်၊ သူငယ်ချင်း ခင်စန်းလွင် ကိုလည်းသတိရသွားတာနဲ့ ဒီပို့စ် လေးကို ရေးဖြစ်သွားတာပါ။

တကယ်လို့များ ခင်ဗျားတို့စိတ်မဝင်စားဘူးဆိုရင်တော့ I am sorry ပါဗျာ လို့ပြောရင်း ရပ်နားလိုက်ပရစေ တော့ဗျာ။

>>>ဆက္ဖတ္ရန္>>> >>

Monday, October 26, 2009

စိတ်ဝေဒနာရှင် ဘဝ ကြုံခဲ့ရ တခဏ

ကျနော် အရူးတယောက် ဖြစ်သွားခြင်း၊ နဲနဲတော့ ရင့်သီးသွားသလား မသိဘူး၊ ကိုယ့် ကို ကိုယ့် မလို့ပြောမိတာပါ။ တနည်းအားဖြင့် တော့ စိတ်ဝေဒနာသည် တယောက် ဖြစ်သွားခြင်းနဲ့ အားလုံးရဲ့ မသိမသာတမျိုး သိသိသာသာ တမျိုးနဲ့ ဝိုင်းကြည့်ကြပြီးတော့ အရူးလေးကျနော့်ကို  ဝိုင်းသနား ကြခြင်းကို မအူမလည် ကျနော်တယောက် ခံခဲ့ရခြင်းကို ပြောပြချင်ပါတယ်ဗျာ။

အနုပညာ ဆိုတာ အလွန့်အလွန် ခွန်အားကြီးမားပါတယ်။ ကျနော် စဉ်းစားကြည့်တယ်၊ ကမ္ဘာကြီးပေါ်မှာ သီချင်းသံတွေ ဆိပ်သုဉ်း သွားရင်၊ စာအုပ်တွေသာမရှိတော့ရင်၊ ကဗျာ တွေပျောက်ဆုံးသွားရင်၊ ရုပ်ရှင် တွေလည်း မရိုက်ကြတော့ဘူးဆိုရင် ကျနော်တို့ ကမ္ဘာကြီး ဘာတွေဖြစ်သွားမလည်း။ ကျနော်လည်း မသိဘူး။

ဒါပေမဲ့ ကျနော်သိတာ တခုကတော့ ရုပ်ရှင်တွေကြည့်၊ စာအုပ်တွေဖတ်ပြီးတော့ အဲဒီထဲက ဇာတ်လိုက်တွေကို သဘောကျကြတယ်၊ အတုခိုးကြတယ်။ ကိုယ်တွေ့နော် ဟဲ..ဟဲ။ ကျနော်က ဆရာမ ဒေါ်ခင်ဆွေဦး ရဲ့ဇာတ်လိုက်တွေကို သိပ်သဘောကြတာလေ။

နောက်တော့ ဆရာမ က သူ့ဆောင်းပါး တပုဒ် ထဲမှာ သူ့ဇာတ်လိုက်တွေကို သဘောကြ ကြတဲ့ မိန်းခလေးတွေ အပျိုကြီးတွေဖြစ်ကုန်ကြတယ် ဆိုတော့မှ အပျိုကြီးတော့ အဖြစ်မခံနိုင်ဘူး၊ အမြန် ပြုပြင်မှဆိုပြီး ကိုယ့်စိတ်ကိုယ် ပြုပြင်ထားရတယ်။ တော်ကြာ ယောက်ကျားမရဘဲ အပျိုကြီးဖြစ်သွား မှာ စိုးလွန်းလို့ ဟဲ..ဟဲ..။

ပြောချင်တာကတော့ဗျာ ဝထ္ထုထဲက၊ ရုပ်ရှင်ထဲက ဇာတ်ကောင် အများစုဟာ ideal တွေဘဲ၊ အပြင်မှာ သိပ်မရှိနိုင်ဘူး။ ရှိရင်လည်း ရှားမယ်ပေါ့ဗျာ၊ ဒါပေမဲ့ မရင့်ကျက်သေးခင်မှာတော့ တကယ်ဘဲ အပြင်မှာ အဲဒီလိုဖြစ်ချင်ကြတယ်၊ ဖြစ်ဘို့ကျိုးစားကြတယ်။ ကျိုးစားတဲ့ အတိုင်း တချို့ကတော့ ဖြစ်သွားကြတယ်၊ ကောင်းသွားတာပေါ့။ 

တချို့ကတော့ ရူးသွားကြတယ်။ ဟဲ.ဟဲ တကယ်ပြောတာပါ။

မို့မို့မြင့်အောင် မော်တော်ပီကယ် အဖြစ်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လေ။ ခင်ဗျားတို့တော့ အဲဒီရုပ်ရှင် ကြည့်ဘူးသလားတော့ မသိဘူး။ အကယ်ဒမီလည်းရတယ်ထင်တယ်။ အဲဒီကားမှာ မို့မို့မြင်အောင် က မိန်းမမော်တော်ပီကယ် လုပ်တာလေ။

အဲဒါကြည့်ပြီးတော့ အိမ်က ညီမတော် (နယ်က ကျောင်းလာတက်တဲ့ ညီမဝမ်းကွဲ) လုပ်သူက တအားသဘောကြသွားတယ်။ သူက ၈တန်းအောင် ပြီးတော့ ကိုးတန်းတက်နေတာထင်တယ်။ အဲဒီရဲမေ ဆိုတာလည်း ၈တန်းအောင်ရင် လျှောက်လို့ရတယ်ဆိုတော့ အတော်ဘဲပေါ့။ သူတွက်မှာပေါ့။

နောက်ပြီး အဲဒီအချိန်တုံးက ကျနော်တို့ ဦးလေးဝမ်းကွဲတယောက် ကလည်း မန္တလေးတိုင်း ရဲမင်းကြီး ဖြစ်နေတာဆိုတော့ သူ့စိတ်ထဲ အပိုင်တွက်လိုက်မှာပေါ့။ သူ လုပ်ရင် သေချာပေါက် ရမယ်ပေါ့၊ သူ့သူငယ်ချင်း တယောက်ကလည်းပါသေးတယ်။ သူနဲ့ အတူ ရဲမေ လုပ်မဲ့ တယောက်ပေါ့ဗျာ။ သူက ဘယ်လောက် အပိုင်တွက်ထားမှန်း မသိဘူး။ သူ့ သူငယ်ချင်း ကိုလည်း ဘာတွေပြောထားမှန်း မသိဘူး။ ရူးတာလေ ရူးတာ။

ကျနော်တို့ တအိမ်လုံးက အဲဒီစကား စကြားကြားခြင်းတော့ နောက်ပြီးများ ပြောနေတာလား၊ အပျော်သဘောများ ပြောနေတာလား ဆိုပြီးတော့ အလေးအနက် မထားမိဘူးပေါ့။ နောက်တော့မှ သူက တကယ်လုပ်ချင် ပြီးတော့ feeling အပြည့် နဲ့ ပြောနေတယ် ဆိုတာ သိတော့တယ်။

အဲဒီတော့မှ ဝိုင်းပြီးတော့ ကန့်ကွက်ကြတာပေါ့ဗျာ၊ နင်ရူးနေလား၊ အဲဒါရုပ်ရှင်ထဲမှာမို့လို့ အပြင်မှာဆိုရင် ရဲမေတို့ မော်တော် ပီကယ်တို့ ဆိုတာ ဘယ်လိုလည်း ဆိုတာကို ဝိုင်းပြောလိုက်ကြတာ၊ လက်ပန်ပင် ဇရက်ကျ တဲ့အတိုင်းပါဘဲ။ ဒါပေမဲ့ ကလေးအခြင်းခြင်း ပြောကြတာဆိုတော့ ကောင်းကောင်း မွန်မွန်တော့ ဘယ်ရှင်းတတ် ကြပါမလဲ။

နောက်တော့ ဦးလေးလုပ်တဲ့သူ ကျနော်တို့ အဖေကလည်း၊ အဓိပ္ပါယ်မရှိတဲ့ တောင်းဆိုမှု့ ဆိုတော့ ဘာမှမလုပ်ရဘူး၊ ပညာသင်တဲ့ အချိန် ပညာဘဲ သင်ရမယ်ဆိုတော့ဗျာ၊ သူ တော်တော်ကြီးကို စိတ်ဓါတ် ကျသွားတယ်ထင်ပါတယ်။ ထမင်းမစား ဟင်းမစားနဲ့ ဆန္ဒ ပြတော့တာ ပါဘဲ။ ကျနော်တို့လည်း ပထမတော့ ခဏနေရင်စိတ်ပြေသွားမှာပေါ့ ဆိုပြီးတော့ သိပ်အလေးအနက် မထားမိပါဘူး။

နောက်တော့ မှ ဗျာ မမက ထမင်းတင်မကဘူး၊ ရေပါချော့တိုက်ရတဲ့ အနေအထား ရောက်သွားရော။ အဲဒီတော့မှ တအိမ်လုံး ပျာယာခပ် ပြီး နယ်မှရှိတဲ့ သူ့အမေကိုလှမ်းခေါ်ရတော့တာပေါ့၊ သူ့အမေ ရောက်လာပေမဲ့ အဓိပ္ပါယ်မရှိတဲ့ တောင်းဆိုချက်ဆိုတော့ ဘယ်လို လိုက်ရော လို့ရမှာလည်း၊ ဒါပေမဲ့ ဆူလို့ပူလို့လည်း မဖြစ်ဆိုတော့ ဆေးခန်းသွားပြရတော့တာပေါ့။

ဆရာဝန်က သူအစာစားအောင်နဲ့ အားပြတ်မသွားအောင် ဆေးတွေသွင်းပြီး နာလန်ပြန်ထလာအောင် လုပ်ပေးပါတယ်။ ဒါပေမဲ့ ဒါဟာ စိတ်ကျရောဂါ depression ဘဲ၊ ကိုယ့် အသက် ကိုယ် လုပ်ကြံတဲ့ အဆင့်ရောက်သွားပြီ ဆိုတော့ အရေးကြီးပါတယ်။ ဆေးရုံသွားပြီးတော့ စိတ်ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဆေးကုပါဆိုတော့၊ ကျနော်တို့လည်း သူ့ကို စိတ်ဆေးရုံ သွားပြရတော့တာပေါ့။  

ကျနော် သူ့ရဲ့ ခံစားချက်တွေဘဲပြောနေတာနဲ့ သူ့ရဲ့ အလှအပတွေမပြောရသေးဘူးနော်။ ကျနော်တို့ ညီမဝမ်းကွဲ တွေထဲမှာ အလှဆုံးပါ။ အသားအရေ ကစပြီးတော့ ဘာမှပြောစရာ မရှိအောင်လှပါတယ်။  အခုထိလည်း မို့မို့မြင်အောင် အရှုံးပေးလောက်အောင် လှနေတုန်းပါ။ မုန့် များဝယ်ကျွေးမလားလို့။

အဲဒါနဲ့ ဆေးရုံသွားပြကြရော ဆိုပါတော့ဗျာ။ မန္တလေးမှာ စိတ်ကုဆေးရုံ သီးသန့်မရှိပါဘူး။ အရင်တုန်းက အရေးပေါ်ကုတဲ့ ရုံရဲ့နောက်ဘက် က တထပ်တိုက်လေး မှာသွားပြရပါတယ်။ ဘယ်သူမှတော့ စိတ်ရောဂါကု ဆေးရုံ ကို မသွားချင်ကြဘူးဗျာ။ အရူး အထင်ခံရမှာဆိုးလို့။

ဒါပေမဲ့ ညီမ ကိစ္စကြတော့ မလိုက်လို့ မရတော့ဘူး။ သူ့အမေကလည်း နယ်မှာနေတာဆိုတော့ သူ့သမီးနဲနဲ အခြေအနေကောင်းတာ နဲ့ပြန်သွားတော့တာပေါ့။ လူကြီးမလိုက်လို့ မရတဲ့ကိစ္စဆိုတော့ မေမေလိုက်ရတော့တာပေါ့။ စိတ်ရောဂါ ဆိုတာ ရိုးရိုးနေမကောင်းသလို အခုဆေးသောက်၊ ခဏနေပျောက်တာ မဟုတ်ဘူး။

အချိန်အကြာကြီးသောက်ရတာ၊ သူတို့ ပေးတဲ့ဆေးတွေသောက်ပြီးတော့ တပတ်တခါဆိုရင် တပတ်တခါ ပြန်သွားပြရတာ၊ ပြီးရင်ဆေးကို လိုတိုးပိုလျှော့ လုပ်ပြီးသောက်ရတာ၊့ ဆရာဝန်တွေကလည်း သူတို့လူနာ တွေနဲ့ စကားတွေပြောကြည့်ကြ သေးတာပေါ့ဗျာ။

အဲဒီတော့ ဆေးရုံကို ချိန်းတဲ့အတိုင်းဘဲ သွားရတယ်၊ တပတ်တခါပေါ့၊ တနေ့တော့ မေမေ မလိုက်နိုင်လို့ ကျနော်လိုက်သွားရတယ်။ မချော ကတော့ဗျာ အလှဆုံးပြင်ဆင်ပြီး၊ တက်ကြွ လန်းဆန်း လို့၊ ဆေးရုံ မလိုက်ချင်ဘဲနဲ လိုက်ပို့ရတဲ့ ကျနော်ကတော့ နွမ်းဖတ်ဖတ်နဲ့ စိတ်ပျက်လက်ပျက် ပုံပေါ့။

အဲဒါ အရေးကြီးတယ်နော်၊ အရေးကြီးမှန်း ကျနော်လည်း ဘယ်သိပါ့မလည်း၊ နောက်မှဗျာ၊ မမ ကဟိုရောက်တော့မှ စာအုပ်တွေ ဘာတွေထပ်ပြီး ကျနော့်ကို ဟိုနားထိုင် ဒီနားထိုင် အမိန့်တွေပေး၊ နေရာတွေ ချထားလို့ပေါ့။ ကျနော်က ပထမဆုံး အခေါက်လိုက်ရတာဆိုတော့ ဘာအထာသိမှာလည်း နောက်ပြီးတော့ ကျနော်ကအူကြောင်ကြားဆိုတော့ သူအမိန့်အတိုင်းဘဲပေါ့။

စိတ်ဝေဒနာရှင်တွေဆိုတော့ လူနာစောင့်ကတော့ အမြဲတန်းပါတယ်၊ ရောဂါအနုအရင့်ပေါ်လိုက်ပြီး လူနာစောင့် အနဲအများ ပါတာပေါ့ဗျာ။ အဲဒီ လူနာစောင့်တွေကလည်း စိတ်ဝေဒနာရှင်တွေကို စိတ်ဝင်စားတယ်ဗျာ၊ ဟိုကောင်လေး ကတော့ သနားပါတယ်၊ စစ်တပ်ထဲ ဝင်တာ ဆေးမအောင်လို့ ဗိုလ်ရူး ရူးနေတာပေါ့ တို့။

အဲဒီ ဗိုလ်ရူးကလည်း တမျိုးဗျ ဝင်လာတဲ့ လူတိုင်း လက်ညှိုးသေနပ် နဲ့ထိုးပြီး ပါးစပ်ကလည်း တဒိုင်းဒိုင်းနဲ့၊ တွေ့တဲ့လူတိုင်း ပစ်နေတာ၊ တူပါ့ဗျာ...၊ ကျနော်တောင် ယောင်ယောင်ပြီး ဟိုရှောင်ရမလို၊ ဒီရှောင်ရမလိုနဲ့ မဟာသတ္တိရှင် ဆိုတော့ သေနပ်သံ ဆိုရင်ကို ကြောက်ကြောက် နေတာလေ။

ဟိုတယောက်ကတော့ ဘုရင်ရူးတဲ့ဗျာ၊ ဘုရားထူးမှ သူနဲ့စကားပြောလို့ ရတယ်တဲ့တို့၊ ဒို့ဆရာဝန်ကြီး တောင်ဘုရားထူးပြီးမှ သူ့ကိုဆေးကုရတာတို့ ဘာတို့ပေါ့ဗျာ၊ အဲဒီ ဘုရင်ရူးကလည်း တမျိုးသိလား၊ လာသမျှလူ ဘုရားထူးခိုင်းနေတာ ဟား..ဟား၊ တူပါ့ဗျာ...။

မဟဝါ ကတော့ ဟိုလူနဲ့ပြုံးပြ၊ ဒီလူနဲ့ နှုတ်ဆက်နဲ့၊ ကျနော်ကိုလည်း လှည့်ကြည့်၊ လှည့်ကြည့် နဲ့ ၊ ကျနော်လို အုူတူတူကောင် ကလည်း သူဘာအချိုး ချိုးနေမှန်း တော်တော်နဲ့ကို မရိပ်မိဘူး၊ နောက်မှ သူက ကျနော့်ကို ဝေဒနာရှင် ပေါ့၊ သူက လူနာရှင် ပေါ့ဗျာ၊ အဲဒီ အချိုး ချိုးနေတာရိပ်မိတော့တယ်။ ကျနော်လည်းအစကတော့ ဒေါသဖြစ်သွားတယ်။

ဒါပေမဲ့ ဒေါသဖြစ်တော့လည်း ကျနော်က ဘာလုပ်နိုင်မှာလည်း သူ့ခေါ်ဆူရအောင်လည်း ဘာကို ဆူရမှာလည်း၊ ဒေါသဖြစ်ပြရင်လည်း ပိုပြီးတော့ ကျနော်ကို စိတ်ဖောက်လာတယ် ထင်ပြီး သနားတဲ့ အကြည့်နဲ့ အကြည့်ခံ ရအုန်းမယ်။

အခုကို သူကဟိုလူနဲ့ တိုးတိုး ဒီလူနဲ့တိုးတိုး နဲ့ ဟိုကကျနော့်ကို မသိမသာကြည့်၊ ဒီက မသိမသာကြည့်နဲ ကျနော့်မှာ အရူးဇာတ်လိုက်ကြီး ကိုဖြစ်လို့။

အဲဒါ ........က တမူးပိုသာသွားတဲ့ ဇာတ်လမ်းနဲ့၊ အနုပညာ ရဲ့အရေးပါမှု့တခုကို ကိုယ်တွေ့ပြောပြ တာပါ။

မတော်တဆ အဲဒီဆေးရုံမှာ ကျနော်နဲ့ ဆုံဘူးတဲ့သူများရှိရင်လည်း ကျနော်က လူနာစောင့်ပါလို့လည်း ကျေးဇူးပြုပြီး ကြော်ငြာပေး ကြပါအုန်းဗျာ ဟား..ဟား..ဟား။


>>>ဆက္ဖတ္ရန္>>> >>

Sunday, October 25, 2009

ဒီနေ့ ကျနော် မွေးနေ့

ဒီနေ့ ၂၅.၁၀.၂၀ဝ၉ ကျနော့် မွေးနေ့၊ မေမေ က မနက်စောစော နှင်းဆီပန်းတစီးနဲ့  happy birthday လုပ်သွား ပါတယ်။

မေမေ က ကျနော်ပြောခဲ့သလိုဘဲ ဘိုကျောင်းထွက်ဆိုတော့ နည်းနည်းတော့ ဘိုဆန်တယ်။ Christmas ဆိုလည်း မမေ့မလျော့ မိတ်ဆွေများကို wish လုပ်လေ့ရှိတယ်။ happy new year ဆိုလည်း အရင်ဆုံး happy new year လုပ်ရမှကျေနပ်ပါတယ်။

ကျနော် လည်း မေမေ ကိုချစ်ပါတယ်။ ဒါပေမဲ့ မေမေ ကို ဖေဖေနဲ့မရဘဲ တခြား ဖေဖေ ထက့် ပိုပြီး ကြင်နာတတ်တဲ့ ယောက်ကျားတယောက်နဲ့ ပိုပြီးတော့ ရစေချင်တယ်။ မေမေ ပိုပြီးတော့ စိတ်ချမ်းသာမှာ။ (သွားတော့ မပြောလိုက်ကြအုံးနဲ့နော် ပြေးပေါက်မှားနေအုန်းမယ်)

မေမေ ကရုပ်လည်းသိပ်ချောတယ်။ အခုထိကိုတကယ်ချောနေတုံးပါ။ နောက်ပြီး စိတ်သဘောထား နူးညံပျော့ပြောင်းတယ်။ စိတ်ကူးယဉ်ဆန်တယ်။ တကယ့်ကို ဝထ္ထု ထဲက ဇာတ်လိုက်မင်းသမီး တယောက်နဲ့ ပိုတူတယ်။

သား၊ သမီးတွေကိုစကားပြောတာက စပြီးတော့ ဘယ်တော့မှ ရင့်ရင့်သီးသီး ပြောလေ့မရှိဘူး၊ မေမေနဲ့ (ကျနော့်ဆိုရင်) ရွှေစင်ဦး နဲ့၊ အဲသလို့ အမြဲတန်းနံမည်နဲ့ပြောလေ့ရှိပါတယ်။ ဖေဖေနဲ့ဆိုရင်လည်း စကားများရန်ဖြစ်ရင် (ဖေဖေကတဖက်သတ်ပါ) ဘယ်တော့မှ ကျမ၊ ရှင်၊ နင်၊ ငါ၊ တော်၊ ကျုပ် ဆိုတဲ့ နာမ်စားတွေ သုံးလေ့မရှိပါဘူး။

မော် နဲ့ ကိုယ် နဲ့ ဘဲ၊ ကျနော်တို့က ကြားထဲက ဒေါသဖြစ်လို့၊ ပြောပစ်စေချင်တာ နဲနဲလေး ကြမ်းကြမ်းတမ်းတမ်းပေါ့၊ ဒါပေမဲ့ ဘယ်တော့မှ မကြားဘူးပါဘူး။ ဆဲတာဆိုတာ ဆိုရင်ပိုဝေးပေါ့၊ သား၊ သမီးတွေကိုလည်း ဒီလိုပါဘဲ။ ဘယ်တော့ မှ ဆဲတာရိုက်တာမပြောနဲ့ ကြမ်းတမ်းစွာ တောင်မပြောဘူးပါဘူး။

အဲဒီလို အမေမျိုးကို ရထားပေမဲ့ ကျနော်တို့ သားသမီးတွေကတော့ ဆိုးပါတယ်။ ကျနော် ဆိုရင် ပိုပြီးကြမ်း ပါတယ်။ ဆဲလည်းဆဲတတ်ပါတယ်။ ဒါကြောင့် ဆေးရုံမှာကလေးများ မှားလာသလား (ကိုရီးယားကား တွေလို ထင်ကြည့်ရတာလေ) လို့တောင် ထင်ချင်စရာကောင်းပါတယ်။ ဒါလည်း သိပ်မဖြစ်နိုင်ဘူး ဖေဖေ နဲ့ ကျနော်နဲ့ က ရုပ်တအားတူတယ်။

အဲဒီတော့ ဖြစ်နိုင်တာတခုက ဖေဖေ့ မှာများ အရင့်အရင် မိန်းမတယောက်ယောက် များရှိခဲ့လို မေမေ က ကျနော့်ကို သဘောထားကြီးစွာနဲ့များ မွေးထားလေသလားပေါ့ ဟား..ဟား။ မေမေက ရွှေစင်ဦးကို မေမေ့ လှတာတွေလည်းမပေးဘူး၊ စိတ်သဘောထား နူးညံသိမ့်မွေ့တာတွေ နဲ့ ရောင့်ရဲတင်းတိမ် တတ်တဲ့ စိတ်တွေလည်း မပေးတော့ စတာပါနော်။

ကျနော့် မေမေနဲ့ ဖေဖေ တို့ရဲ့နဲနဲလေးမှ မလိုက်ဘက်တဲ့ အကြောင်းတခုကို မေမေ့အကြာင်း ပြောနေတုန်း နဲနဲလောက် ဖြတ်ပြောအုန်းမယ်နော်။

တနေ့ (တညလို့ပြောရင်ပိုမှန်ပါပေါ့နော်) ဖေဖေက အလန့်တကြားအိပ်ရာထဲက ခုန်ထွက်လာပါတယ်။ မော် လာပါအုန်း။ လာပါအုန်း။ အိပ်ရာထဲမှာ ဘာတွေမှန်းမသိဘူး၊ စိုတိစိုဖတ်နဲ့တဲ့။ ကျနော်တို့ အားလုံးပြေးကြည့်ကြတာပေါ့။

ဟဲ..ဟဲ မေမေရဲ့ စိတ်ကူးယဉ်ပြီး ပန်းကြဲထားသော အိပ်ရာထဲမှာ ဖေဖေကတော့ မွှေးပျံသင်းကြိုင်စွာနဲ့ မအိပ်နိုင်ဘဲ စိုတိစိုဖတ်နဲ့ ဘာတွေမှန်းမသိဘူးတဲ့၊ မွှေးရနံလေး နဲနဲလောက်တောင် မရဘူးလား မသိပါဘူးဗျာ။

အဲဒီတော့ မေမေ ကနဲနဲ စိတ်ဆိုးသွားတယ် ထင်ပါတယ်၊ အခါတိုင်းလည်း မော် ဒီလိုဘဲ ပန်းတွေကြဲကြဲ ထားတာ မသိဘူးလားတဲ့။ ဖေဖေ ကလည်း မသိပါဘူးတဲ့၊ တော်တော် ကို romantic မဆန်တဲ့ ဖေဖေပါဘဲဗျာ ဟား..ဟား။

နောက်ပြီး သူတို့ သမီးရီးစား တုန်းက (ကျနော့်ရဲ့ autobiography ထဲမှာ တော့ ရေးဘူးတယ်၊ ဖေဖေ ရန်ကုန်ကို RIT သွားတက်တုန်းကပေါ့) ကျောင်းပိတ်ရက် ဘတ်စကားနဲ့ လျှောက်လည်ကြတော့ ခေါက်ဆွဲဆိုင်ဝင်ပြီး မေမေကို ခေါက်ဆွဲ ကျွေးတာပေါ့။

မေမေ ကလည်းရှက်နေလား မသိပါဘူး၊ ခေါက်ဆွဲ မစားနိုင်ဘူးတဲ့ အဲဒီတော့ ဖေဖေကပြောတယ်တဲ့၊ မော် အခု ဝအောင်စားထား၊ နောက်ထပ်ကျွေးစရာ ပိုက်ဆံမရှိတော့ဘူးလို့ပြောတယ်တဲ့။ မေမေ တို့က ဘယ်စားလိမ့်မလဲ၊ ဘာမှန်းလည်းမသိဘူးတဲ့ ဖေဖေ ကအဲဒီလိုပြောတာတဲ့၊ သူခမြာ အခုမှ သားသမီး တွေကို တိုင်တည်ရှာတာ။

ကျနော် မေမေနဲ့ဖေဖေ အကြောင်းပြောမယ်ဆိုရင် အများကြီးပြောစရာရှိပါတယ်၊ ဒါပေမဲ့ဒီနေ့ကျနော့် မွေးနေ့လေ၊ ဒါထက်ပိုပြောရင် မိုးကြိုးပစ်လိမ့်မယ် ဟဲ..ဟဲ။

အခုတော့ ကျနော်လည်း ကျနော်မွေးနေ့မှာ ဖေဖေ၊ မေမေတို့ ရဲ့ ကြီးမားလှသော မွေးကျေးဇူးကို blog ထဲမှာ အတင်းတုပ်ခြင်းနဲ့အနည်းငယ် ဆပ်လိုက်ကြောင်းပါခင်ဗျား။

(နောက်ဆက်တွဲ အနေနဲ့ ကျနော့်အသက် ဘယ်လောက်လည်းဆိုတာ မမေးဘို့ ကြိုတင်ပြီး အသနားခံပါတယ်ခင်ဗျား၊ သေမင်းကြားသွားမှာ စိုးလွန်လွန်းလို့ပါ ဟဲ..ဟဲ )


>>>ဆက္ဖတ္ရန္>>> >>

Saturday, October 24, 2009

ကျနော်သိတဲ့မန္တ္တလေး (၃) နှင့် မန္တလေး က မဟာ့..မဟာ ဆိုင်ကြီးများ

ဒီနေ့မနက်စာရေးဆရာ နီကိုရဲ ဆုံးသွားကြောင်း e-mail ထဲကသတင်းရတော့ စိတ်မကောင်းဖြစ်မိတယ်။ မျှဝေချင်တဲ့စိတ်ကြောင့် အနီးအနားမှာ ရှိတဲ့ ကိုယ့် customers တွေကိုပြောမိတယ်၊ သိတော့ သိတယ် သိပ်မသိဘူးတဲ့။ ဘာမှခံစားချက်မရှိဘူး။

ကိုယ့်ဝန်ထမ်းကလေး တွေကိုပြောမိတော့လည်း ဒီအတိုင်းဘဲ။ ဩ ပိုပိုပြီးတော့ စိတ်မကောင်း ဖြစ်မိရပါလား။ ဘယ်လို လူတွေနဲ့များ တွေ့နေရပါ့လည်းနော်။

ဒီနေ့တော့ဗျာ ကျနော်တို့ ရွှေမန်းတလေးက မဟာဆန်သော၊ အပြောအဆို ယဉ်ကျေးသိမ့်မွေ့သော၊ customers  များအားယဉ်ကျေးဖော်ရွေစွာ ဆက်ဆံတတ်သော ဆိုင်ရှင်မမ၊ အရောင်းဈေးသည်မမ တို့အကြောင်းဖောက်သည်ချ ပါရစေဗျာ။

ထမင်းစားမကောင်းလို့ ထမင်းဆိုင်သွားပြီး ဟင်းဝယ်မိပါတယ်။ ဟိုဟင်းလေးကောင်းနိုးနိုး၊ ဒီဟင်းလေး ကောင်းနိုးနိုးနဲ့ ဟိုရွေးဒီရွေးဆိုတော့ ဆိုင်ရှင်မမ ကလည်းသနားသွားတယ် ထင်ပါတယ်။ အကြံကောင်း လေးပေးရှာပါတယ်။

ဟင်းရည်လေးလည်းကောင်းတယ်တဲ့။ ဝက်နံရိုးနဲ့ ကြံမဆိုင်ဟင်းရည်တဲ့။ ကျနော်လည်း အကြိုက်ဘဲပေါ့၊ အဲဒါဆိုထည့်ဗျာပေါ့။ ဟဲ..ဟဲ အဲဒီတော့ မမက ဟင်းရည်ကလည်း ရောင်းတာဘဲနော် တဲ့၊ ကျနော်လည်း နဲနဲတော့ ကြောင်သွားတယ်။ ကျနော့် ကိုယ် ကျနော် အလကားများ လာတောင်းနေမိ လားလို့ ပြန်စဉ်းစားရသေးတယ်။ ဟဲ..ဟဲ နောက်မှ ငါလည်း လာဝယ်တာပါဘဲလို့ စိတ်ထဲက... စိတ်ထဲက ပြောမိတာ..။

ဟိုနေ့ကတော့ဗျာ နေလည်းမကောင်းနေတာနဲ့ ဆံပင်မညှပ်ဖြစ်တာလည်း ကြာသွားတော့ ဆံပင်လည်း ညှပ်ချင်တော့၊ ဆိုင်သွားပြီး ဆံပင်ညှပ်မယ် ခေါင်းလျှော်မယ်ပေါ့။ အဲဒါဗျာ ခေါင်းလျှော်နေတာ နဲနဲလေးကြာလာတော့ ကျနော်လည်း မခံချင်တော့ဘူး၊ နေမကောင်းတာ ထပ်ဖြစ်မှာ စိုးလို့ပါ၊ အဲဒါနဲ့ အမရေ ခေါင်းလေးမြန်မြန် လျှော်ပေးပါ။ ကျနော်က အခုမှ နေကောင်းခါစ မလို့ပါလို့ ပြောလိုက်မိတယ်ဗျာ။

အဲဒီတော့ မမက ခဏလေးလျှော်လည်း ဒီဈေးဘဲပေးရမှာနော် တဲ့။ ကျနော်လည်း ရပါတယ် အမရယ် ပိုပေးဆိုလည်းပေးပါမယ်၊ ခေါင်းလျှော်တာလေးသာ ရပ်ပေးပါတော့လို့ ဟဲ..ဟဲ။

တခါကလည်း စတိုးဆိုင်ကြီး တဆိုင်ဝင်သွားပြီးတော့ ဟိုကြည့်ဒီကြည့်လျှောက်ကြည့်ရင်း အင်္ကျီ တထည့် သေချာကြည့်ချင်တာနဲ့ ညီမလေးရေ ဟိုအင်္ကျီလေး ကြည့်ချင်လို့ လို့ပြောတော့ `အဲဒါ ..........ိ/.နော်တဲ့ `။  ဩ.....အင်္ကျီလေးဝယ်ပြီး ဒင်းတို့ရှေ့ ခြေထောက်ဘဲ သုတ်ပြရမလား၊ ဓါးနဲ့ ဘဲနှတ်နှတ်စင်း ပြစ်ရ ကောင်းမလားလို့...အင်း....စိတ်ထဲက စဉ်းစားတာပါ၊ လက်တွေ့ကတော့ ဟုတ်ပါတယ်လေ။ ငါနဲ့လည်း ဒီအင်္ကျီနဲ့ မတန်ပါဘူးလို့။ အေး အေး မပြပါနဲ့တော့ကွယ် လို့ပြောပြီး ကုပ်ချောင်းကုပ်ချောင်းနဲ့ ပြန်လှည့် ထွက်ခဲ့ရပါကြောင်း၊

နောက်တခါကတော့ ကျနော်ကလည်း ကျနော်ပါဘဲ၊ အစားအသောက်နဲ့ပတ်သက်ရင် တော်တော် ဂျီးများပါတယ်။ ညီမလုပ်တဲ့သူက မန္တလေးမြို့ရဲ့ မဟာ့ မဟာ mini market ကြီးတခုက မဟာငါးပိရေကျို ကိုဝယ်လာပေးပါတယ်ဗျာ၊ ကျနော်ကလည်း အဲဒါကိုတော်တော်ကြိုက်သွားပါတယ်။

ထမင်းစားရင် အဲဒီငါးပိရေကျိုနဲ့မှ စားချင်ပါတယ်။ ဗူးလေးနဲ့ ကြိုပြီးသားဗျာ။ အတို့အမြူတ်ကလည်း အစုံပါပါတယ်။ ဒညင်းသီးဆားရည်စိမ်၊ ဖန်ခါးသီး၊ သရက်ကင်းတို့ ရှောက်ရွက်တို့ အစုံပါဘဲ။ ငရုပ်သီးမှုံကလည်း လှော်နံလေးကိုသင်းလို့။

တနေ့တော့ ညီမ မပါဘဲနဲ့ ကျနော် အဲဒီ mini market ရှေ့ရောက်သွားတယ်။ ငါးပိရေကြိုကို သတိရသွားတယ်။ အဲဒါနဲ့ ကြုံတုံးဝင်ဝယ်သွားအုန်းမယ်လေဆိုပြီး ဝင်ဝယ်ပါတယ်။ ငါးပိရေကျို ၂ ဗူး၊ ကျန်တာတွေကလည်း စားစရာတွေကြီးပါဘဲ။

အဲဒါနဲ့ ပိုက်ဆံရှင်းပြီးယူသွားမယ်လုပ်တော့၊ မမတွေက ထည့်စရာမပေးဘူးဗျ။ ကျနော်ကလည်း လက်ကကိုင်ရမှာ နဲနဲများနေတော့ သူတို့နောက်မှာရှိတဲ့ mini-market  နံမည်နဲ့ အိပ်ကလေးတွေကို လှမ်းကြည့်ပြီးတော့ တောင်းလိုက်မိတယ်ဗျာ။ သူများတွေလည်း ထည့်သွားတာတွေ့တာကိုးဗျ။

အဲဒါ တသောင်းဘိုးအထက်ဝယ်မှ အဲဒီအိတ်နဲ့ ထည့်ပေးပါတယ်တဲ့၊ ကျနော်လည်း နဲနဲ ရှက်သွားပြီး အိတ်ဘိုးပိုက်ဆံပေးမယ်ကွာလို့ ပြောလိုက်တော့လည်း မရောင်းပါဘူးရှင်တဲ့။

ဒါနဲ့ ကျနော်လည်း တသောင်းဘိုးပြည့်အောင်ဘဲ အထဲပြန်ဝင်ပြီး ဝယ်ရမလား၊ အစကထဲက တသောင်းဘိုး ပြည့်အောင် မဝယ်မိတဲ့ ကိုယ့်ကိုယ့်ကိုဘဲ အသုံးမကြအုံးဟဲ့ ဆိုပြီး ရိုက်ပြစ်ရ ကောင်းမလား စဉ်းစားရင်း စဉ်းစားရင်းနဲ့ ဆိုင်ပြင်ပြန်ရောက်လာကြောင်းပါခင်ဗျား။

အဲ..အဲ post လေးက မပြီးသေးဘူးနော်၊ ကျနော့် ရဲ့ အဲဒီအဖြစ်အပျက်လေးတွေ ရေးထားတာကို ညီမလုပ်တဲ့ သူကဖတ်ပြီးတော့ အဲတာ ဘယ်သူ့ အပြစ်မှမဟုတ်ဘူး ခင်ဗျားအပြစ်တဲ့.. အမလေးဗျာ၊ ဘာလို့ ကျနော့်အပြစ်လည်းလို့၊ ကျနော် ဘယ်နေရာမှာ ဘာအမှားတွေများ ကျူးလွန်မိလို့ ပါလည်းပေါ့။

နေရာတကာ စုတ်တီးစုတ်ဖတ်နဲ့ အတီးအတလုပ်နေလို့တဲ့ဗျာ..၊ ဩ..ဩ ဂလိုလား။

ဒါပေ့မဲ့ ကျနော် ကလည်း သေချာ ပြန်စဉ်းစားလိုက်တော့ ဒါကျနော့် အပြစ်မဟုတ်ဘူး၊ ကမ္ဘာကြီးပူနွေး လာတဲ့အပြစ်၊ ကမ္ဘာကြီးအပြစ်လို့၊ ပူလွန်းလို့ မနက်မနက်ရေချိုးပြီးရင် အနွမ်းဆုံးအင်ကျီလေး၊လုံချီလေး တွေရွေးရွေးဝတ်ပြီး အပူဒဏ်ကိုရင်ဆိုင်ခဲ့ရလို့၊

ဒါဘယ်သူမှာမှ အပြစ်မရှိ ကမ္ဘာကြီးအပြစ်ပါလို့ ပြောကြားရင်း ဒီ post လေးကိုရပ်နား လိုက်ပရစေတော့ဗျာ။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက္ဖတ္ရန္>>> >>

Thursday, October 22, 2009

ကျနော်သိသောလူအမျိုးမျိုး (၂)

အခန်း (၃)

ကျနော် မနေ့ကဘလော့ထဲမှာဘဲ တိုက်ရိုက်ရေးလိုက်တာ ဒုက္ခတော်တော်ရောက်သွားတယ်။ အားလုံး ပြီးသွားတော့မှ connection မကောင်းတော့ တင်မရဘူးဖြစ်နေတာ၊ save လုပ်တာလည်း မဝင်ဘူး။ အဲဒါနဲ့ e-mail ထဲပို့ထားပြီး ပြန်ပိတ်လိုက်တော့မှ connection  ပြန်ရလာတယ်။

အဲဒါနဲ့ email ထဲကပြန်ယူပြီး ဘလော့ထဲ ပြန်ထည့်တော့ မရပြန်ဘူး။ converter နဲ့ ပြန်ပြင်တော့ လည်းမရဘူး။ ဒါနဲ့ print ပြန်ထုတ်ပြီး ပြန်ကြည့် ရိုက်ရတယ်။ မိုးလည်းတအားချုပ်နေတာနဲ့ ဆက်လည်း မရိုက်နိုင်တော့ တာနဲ့ အပိုင်းခွဲပြီး တင်လိုက်ရတယ်။ သိတဲ့သူများရှိရင် အကူအညီပေး ကြပါအုန်းဗျို့။

အခုလိုမျိုး word ထဲကနေ convert ပြန်လုပ်ရင် ဘလော့မှာ ပြန်တင်လို့ရတယ်။ တချို့စာလုံးတွေတော့ နဲနဲ ပြန်ပြင်ပေးရတာပေါ့။ ဒီနေ့တော့ စိတ်ချလက်ချဘဲ word နဲ့ဘဲ အရင်ရိုက်လိုက်ရတယ်။ လိုင်းကောင်းတဲ့ အချိန်ကြမှ တခါထဲ တင်လိုက်တော့မယ်။

ကျနော့် ဆိုင်အတွက် လူရွေးပုံကို (လူတော်၊ လူကောင်းကလေးတွေလေ..ဟဲ..ဟဲ)  ကျနော်နဲနဲ ပြောပြချင်ပါတယ်။ အမြင်တွေကတော့ တူချင်မှတူမှပေါ့၊ အယူအဆ မတူရင်လည်း လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိပါတယ်။

ကျနော်က ဆိုင်မှာ ကလေးတွေ ကွန်ပျူတာ လာသင်ကထဲက သူတို့ရဲ့ စိတ်လေးတွေကို အကဲခတ်ကြည့် လေ့ရှိပါတယ်။ သင်ယူတဲ့ နေရာမှာ ဇွဲရှိရဲ့လား၊ သူတပါးကို အကူအညီပေးချင်တဲ့ စိတ်ရှိရဲ့လား၊ သည်းခံတတ်လား။ အနစ်နာခံတတ် ရဲ့လားပေါ့၊ ကျနော့် စံတွေက သူများတွေနဲ့ တော့ တူချင်မှတူမယ်။

ဒါပေမဲ့ ကျနော့် ဆိုင်ဆိုတော့ ကျနော်ကြိုက်တဲ့သူကိုဘဲ ထားချင်တာပေါ့၊ တော်တော်များများ စံကိုက်ရင် သူတို့လည်း အလုပ်လိုချင်တယ်ဆိုရင်တော့ ဆိုင်မှာ ထားလိုက်တာပါဘဲ။ နယ်က တပည့်တွေကိုတော့ ပိုပြီးဦးစားပေးရတာပေါ့ (စံချိန်စံညွှန်းတွေကိုတော့ လျှော့ချရတာပေါ့လေ..ဟား..ဟား..)။

ကျနော် ကြည့်တဲ့အထဲမှာ တော်တာမပါဘူး။ ကျနော်ကလည်း တော်မှမတော်တာ။ (စတာပါဗျာ၊ ဆရာထက် တပည့်ကပိုတော်ရင် ကောင်းတာပေါ့)၊ မတော်တဲ့ သူကို တတ်လာအောင်တော့ ကျနော်သင်နိုင်ပါတယ်။ ကျန်တဲ့အရာတွေက တော်တာထက် ပိုအရေးကြီးတယ်လို့ ထင်လို့ပါ။ အဲဒီတော့ ကျနော့်တပည့်များ မကောင်းရင်ကျနော့်တာဝန် သာမှတ်လိုက်ပါတော့။

ကျနော့် တချို့ တပည့်တွေအကြောင်း ဆက်လက်ပြောပါအုန်းမယ်။ ဆိုင်က ကွန်ပျူတာရော မိတ္တူရော ဆိုတော့ ဘောက်ချာရေးမယ် ဆိုရင် သူတို့အချင်းချင်း ညှိပြီးမှ ရေးရပါတယ်။ ဘာက ဘယ်လောက်ဆိုပြီးပေါ့။ အဲဒီအခါမှာ သူတို့တွက်တာ ခဏခဏမှားပါတယ်။

ကျနော်နဲ့ညီမက အားလုံးအတွက် ဘောက်ချာတွက်မပေးနိုင်ပါဘူး။ ဆိုင်မှာ စာရင်းကိုင်လည်း သီးသန့်မထားနိုင်တော့ သူတို့လုပ်တာကို သူတို့ကိုယ်တိုင်ဘဲ တွက်ခိုင်းရပါတယ်။

ပြောချင်တာက ဘောက်ချာတွက်ရင် အမှားများပါတယ်၊ အဲဒီတော့ ကျနော်တို့က customer တွေကို ကြိုတင် request လုပ်ထားရပါတယ်။ သေချာပြန်စစ်ပေးပါလို့ အမှားပါရင်ပြောပါပေါ့။ ကျနော်တို့ အားတဲ့အချိန်တွေ ဆိုရင်တော့ စစ်ပေးပါတယ်။ စစ်တဲ့အခါတိုင်းလည်း တော်တော်များများ အမှားတွေ့ပါတယ်။

ကျနော့် customer တွေက လိုရင်ပြန်လာတောင်းပါတယ်။ ပိုရင်ပြန်လာပေးပါတယ်။ (တချို့ကဘောက်ချာကို ချက်ခြင်းမစစ်နိုင်တော့ သူတို့ကြည့်မိတဲ့အချိန်ကြမှ အမှားသိတော့ လာပြောကြ ပါတယ်)၊ သူတို့လုပ်ထားတဲ့ အထဲက စာအုပ်ချုပ်ခတော့ မပါဘူး၊ မိတ္တူကူးခတော့ မပါဘူးပေါ့၊ ပြန်ထည့်ပြီး ပေါင်းပါအုန်းပေါ့။ တချို့ကလည်း ပေါင်းတာမှားနေတယ်။ ဘယ်လောက်ပိုသွား ပါတယ်ပေါ့၊ အဲဒီအချိန်မှာ ပြန်အမ်းပေး ရပါတယ်။ လိုတာလည်း ပြန်ရပါတယ်။

အဲဒီတော့ ခင်ဗျားတို့ ဘယ်လိုထင်လည်း၊ လို လို့လာပေးတဲ့သူနဲ့ ပိုတွက်ထားလို့ ပြန်လာတောင်း တဲ့သူ ဘယ်သူပိုများသလည်းဆိုတာ၊ လိုနေလို့ ပြန်လာပေးတဲ့သူကများပါတယ်။ ငွေသိပ်မများ လို့လို့ ထင်ချင်ထင်နေအုန်းမယ်။ ဆိုင်အတိုင်းအတာနဲ့ ဆိုရင်တော့ မနည်းဘူးလို့ထင်ပါတယ်။ အဲဒီတော့ ခင်ဗျားတို့လည်း လူတွေရဲ့မေတ္တာတရားတွေကို ယုံကြည်လိုက်ကြပါ။ ကိုယ့်စေတနာထားတဲ့ အတိုင်း တုံ့ပြန်လာ ကြပါလိမ့်မယ်။

ဘယ်အလုပ်မဆို အတိအကျ လုပ်ရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ဒါပေမဲ့ စေတနာဟာ ဘယ်တော့မှ အကျိုးမမဲ့ပါဘူး။

မေတ္တာအကြောင်း ပြောရင်းနဲ့ ကျနော့်ညီမနဲ့ကျနော် ပြောခဲ့တာတွေကို နဲနဲလောက်ပြန်ပြော ချင်ပါတယ်။ ညီမက လူတွေကို ကြည့်ပြီးတော့ လူတွေဟာ လောဘအရမ်း ကြီးတယ်တဲ့။ ၁၊ အမြန်လိုချင်တယ် ၂၊ အရည်အသွေး လည်းကောင်းချင်တယ် ၃၊ ဈေးလည်းချိုချင်တယ် တဲ့ တခုလိုချင်ရင် တခုတော့ အလျှော့ပေး ရအုန်းမှာပေါ့တဲ့။ အခုတော့ အားလုံးရချင်တယ်တဲ့၊

ကျနော်က ညီမကို တချက်ဖြည့်ပြောလိုက်တယ်၊ သူတို့ လိုချင်တဲ့အဲဒီအချက်တွေ အားလုံးပြည့်စုံ ရင်တောင်၊ သူတို့မေတ္တာရှိတဲ့ဆိုင်ကိုဘဲ လာမှာလို့ပြောလိုက်ရတယ်။ အဲဒီတော့ အလုပ်တခုမှာ အောင်မြင်ချင်ရင် မေတ္တာနဲ့၊စေတနာ နဲနဲလောက်ဖြည့်လိုက်ရင် အားလုံးအဆင်ပြေ သွားမှာပါလို့ ပြောချင်ပါတယ်။

ခင်ဗျားတို့ လူတွေကိုဘယ်တော့မှ လျှော့မတွက်နဲ့၊ လူတွေရဲ့အိတ်ထဲက ပိုက်ဆံရအောင်ယူ ဖို့ဆိုတာ တော်တော် ခက်ပါတယ်။ သူတို့မှာ ရွေးချယ်စရာ မရှိတဲ့အခါမှာတော့ လွယ်လွယ်ရချင်ရမယ်၊ ရွေးချယ် စရာရှိတာနဲ့ သူတို့စိတ်ကြိုက် စံချိန်စံညွှန်း နဲ့အားလုံးကိုက်ညီတယ်ထင်မှ သူတို့ပိုက်ဆံထွက်ပါတယ်။ နောက်ပြီး လူတွေမှာ ခံစားချက်တွေရှိပါတယ်၊ ဘယ်တော့မှ မလေးမစားမလုပ်ပါနဲ့။ နှလုံးသားထဲက တကယ်ခံစားချက်နဲ့ဆက်ဆံကြည့်ပါ။ ပိုပြီးတော့ အဆင်ပြေလာပါလိမ့်မယ်။

လူအမျိုးမျိုးရှိတဲ့အထဲမှာ တချို့လူတွေကို မေတ္တာထားဘို့ရာတော်တော်ခက်ပါတယ်။ တော်တော်ဆိုးတဲ့ လူတွေ ရှိပါတယ်။ ဒီလိုဘဲ သီးခံနိုင်ဘို့ လေ့ကျင့်ယူရပါတယ်။ ကျနော့် ဝန်ထမ်းကလေးတွေလည်း အဲဒီလိုပါဘဲ။ အမှားတွေ သိပ်များတဲ့အခါ ကိုယ့်စေတနာကို သဘောမပေါက်တဲ့အခါ သူတို့ကို လည်ပင်းညှစ်သတ်ရရင် ကောင်းမလား ကိုယ့်ကိုကိုယ့် သတ်သေရကောင်းမလား စဉ်းစားမိပါတယ်။ သူတို့ကိုဘဲ သတ်ပစ်တော့ မှာပေါ့နော်၊ (just a joke) အားလုံးထွက်ပြေးကုန်ကြအုန်းမယ် ဟား..ဟား။

ခုနက ဘောက်ချာရေးတဲ့ အကြောင်းပြောရင်းနဲ့ စကားပြတ်သွားတဲ့ ကျနော့်ကလေးတွေ အကြောင်း ဆက်ပြောရအုန်းမယ်၊ တခါတော့ ဘောက်ချာတစောင် နဲ့ စာရင်းမှားကြောင်းလာပြောတယ်။ ရေးတဲ့သူ ကြည့်လိုက်တော့ ကျနော့်လက်မှတ် ဖြစ်နေတယ်၊ ကျနော်လည်း သေချာကြည်ပြီး ဒါငါ့လက်ရေး မဟုတ်ဘူး ဆိုတော့၊ ပြသ၁နာ ကစပြီ။ ဘယ်သူက ကျနော့်ဆိုင်းထိုးထားလည်းပေါ့။

အဲဒီမှာ သူတို့အချင်းချင်း ဝိုင်းကြည့်ကြပြီး တရားခံရှာပေးပါတယ်၊ ဒါဘယ်သူလက်ရေး၊ဘယ်သူပေါ့၊ အဲဒီမှာ ခေါ်မေးတော့၊ သူဟုတ်ပါတယ်ပေါ့၊ မင်းဘာသာ တွက်ထားတာ မင်းလက်မှတ် မင်းထိုးပေါ့၊ ဘာလို့ ငါ့လက်မှတ်ထိုးရတာလည်း ဆိုတော့၊ သူကစာရင်း တွက်တာတော့ ဟုတ်ပါတယ်။ ဆိုင်းထိုးတဲ့ အခါကြရင် ဆရာမ ဆိုင်းဘဲထိုး ရမယ်ထင်လို့ လို့ပြောပါတယ်။ အဲဒီလောက် မအူမလည် လုပ်တဲ့ ကလေးတွေပါ။  နောက်မှ ကိုယ်တွက်တဲ့ဘောက်ချာကို ကိုယ်ဆိုင်းထိုးရမယ်ဆိုတာ သေချာသင်ပေး ရတယ် (တရားခံရှာလို့ ရအောင်လေ ဟဲ..ဟဲ)။



အခန်း (၃) ပြီးပါပြီ။

ဒီလောက်နဲ့ဘဲ ကျနော်သိသောလူအမျိုးမျိုး (၂) ကို အဆုံးသတ်လိုက်ကြရအောင်ဗျာ၊






>>>ဆက္ဖတ္ရန္>>> >>

Wednesday, October 21, 2009

ကျနော်သိသောလူအမျိုးမျိုး (၂)

အခန်း (၂)

အခုလောက် ဝန်ထမ်းကလေးတွေ မများခင်က စာအုပ်တွေ ကို ချုပ်ဆိုင်ပို့ချုပ်ရတော့ ဘာပြသ၁နာမှ မရှိပါဘူး၊ လူတွေများနေတော့ ကျနော်လည်း သူတို့မုံဘိုးဘဲရရ ဆိုပြီးတော့ ဆိုင်မှာလုပ်နိုင်တဲ့ အလုပ်မှန်သမျှ သူတို့ကို အကုန်လုပ်ခိုင်းရပါတယ်။ အဲဒီမှာ ပြသ၁နာ ကစတာပါဘဲ။

စာအုပ်ချုပ်တော့ စာအုပ်ရေက တခါတလေ ၁၀၀၀၊ ၂၀၀၀ လောက်ရှိပါတယ်၊ စာရွက်တရွက်ခြင်းစီ အရင်ကောက် ပြီးမှ ထပ်ချုပ်ရပါတယ်၊ အဲဒီအခါမှာ စာမျက်နှာ ၁၊၂၊၃၊၄ ကျောကပ်ပုံစံအတိုင်း ခေါက်ရပါတယ်။

အဲဒီလို ခေါက်တဲ့အခါတိုင်း အစဉ်လိုက်ခေါက်ရမယ်ဆိုတာ ကလေးတောင်သိပါတယ်။ ဒါပေမဲ့ သူတို့ မကြာခဏ ၃၊၄၊၂၊၁ ပုံစံအတိုင်း ခေါက်ထားလို့ နောက်ကလိုက် လိုက်ပြင်ရတာ ၂ဆလောက် ပိုမောပါတယ်။ ဒါပေမဲ့ ဘယ်လိုပြောပြော ခဏခဏ မှားကြပါတယ်။

အုပ်ရေများတဲ့အခါဆိုရင် အားလုံးမောကြောဆိုက်သွားတာပေါ့၊ အဲဒါ ဘယ်တော့မှ တရားခံမပေါ်ဘူး။ ဝိုင်းလုပ်ကြတာကိုး အားလုံးသတိမမူကြတာပေါ့။ ကျနော်မှာ သူတို့ စာရွက်ကောက်ရင် နောက်က တဟဲ့ဟဲ့နဲ့ နံပါတ်တွေလိုက်လိုက်စစ်ရတာ မျက်မှန်ပါဝါတွေတောင် ပိုပိုတိုးလာသလိုပါဘဲဗျာ။ သူတို့အားလုံး စာတတ်ကြပါတယ်၊ ဘွဲ့ရပြီးသားနဲ့ ဘွဲ့မရသေးတာပဲ ကွာပါတယ်၊ ၂ယောက် ၃ယောက်လောက်တော့ ၁၀တန်း မအောင်တာပါပါတယ်။ ဘက် မှားချုပ်တာတော့ ပြောမနေတော့ပါဘူး ခဏခဏပါဘဲ။

မိတ္တူကူးရင်လည်း ဒီလိုပါဘဲ၊ ဘယ်လိုဘဲသင်ထားထား သူတို့ ကူးချင်သလိုကူးတာပါဘဲ။ riso copy ဆိုရင်လည်း ခဏလေးနဲ့ အများကြီးရတာဆိုတော့ မှားရင် အရှုံးများပါတယ်။ ဒါပေမဲ့ အမြဲတန်းမှာ မှားပါတယ်။ ၁နဲ့၂ကျောကပ်ရမှာကို ၁နဲ့၁ဘဲ ပြန်ကပ်ပစ်လိုက်တာတို့ နံပါတ်ကျော်ကပ်လိုက် တာတို့ပေါ့ဗျာ။

ဆိုင်မှာလည်း ယောကျ်ားလေးဝန်ထမ်း ၄၊ ၅ယောက်လောက် နေပါတယ်၊ ဆိုင်နေတဲ့အထဲက လုပ်သက်အနဲဆုံး သမားက ၂နှစ်လောက်တော့ရှိပါပြ၊ီ ဆိုင်မှာ ချက်စားတာဆိုတော့ အပြင်အဆောင် မှာနေတဲ့ မိန်းခလေးတွေက ထမင်း၊ ဟင်း ချက်ပေးပါတယ်၊ ညီမနဲ့ ကျနော်နဲ့က ဈေးဝယ်ပေးပါတယ်၊ ယောကျ်ားလေး တွေကတော့ အိုးတွေခွက်တွေ ဆေးကူပေါ့။

အဲဒီမှာ ကံကောင်းလို့ မီးမလောင်ခဲ့တဲ့အဖြစ်တစ်ခုကို ပြောပြချင်ပါတယ်။ မိန်းခလေးတွေ အဆင်မပြေလို့ မနက်စောစော မရောက်တဲ့ နေ့တွေဆို ကျနော်ကအိမ်မှာ စားတဲ့သူတွေအတွက် အစောစာစားဖို့ စီစဉ်ပေးပါ တယ်။ ထမင်းတွေဘာတွေလည်း ကျနော်ကြော်ပေးပါတယ်၊ သူတို့ကတော့ ကြက်သွန်နွာ ဘာညာလုပ်ပေးပါ တာပေါ့။ တနေ့တော့ ကျနော်လည်း ထမင်းကြော်ရမှာ ပျင်းတာနဲ့ ယောကျာ်းလေး ထဲကတစ်ယောက်ကို ကြော်ပေးလိုက်အုန်းလို့ ပြောပြီး တခြားလုပ်စရာတွေ လုပ်နေပါတယ်။

ခဏာနေတော့ ညှော်နံရတာနဲ့ နောက်ထဲပြေးကြည့်တော့ ကိုယ်တော်ချောက gas မီးဖိုပေါ်မှာ လျှပ်စစ် ဒယ်အိုး တင်ပြီးတော့ ကြော်နေတာ၊ အသိမြန်လို့ မဟုတ်ရင် ထမင်းထုပ် တင်မကဘူး ထောင်ထဲထိ ရောက်အုန်းမှာ။

ကျနော်လည်း တော်တော်ဆူပြီးတော့ မင်းနေ့တိုင်း ဒီဒယ်အိုးကိုဆေးနေတာ၊ ပလပ်ပေါက်ပါမှန်း မသိဘူးလား၊ လျှပ်စစ်နဲ့မှ တယ်ရတယ်ဆိုတာ မသိဘူးလားဆိုတော့ သိတယ်တဲ့၊ ဒါဆို ဘာဖြစ်လို့ ဒီလိုလုပ်လည်းဆိုတော့  ဆက်စပ်မှု့ကို သေချာမစဉ်းစားမိလို့တဲ့၊ ဒီပစ္စည်းတွေ ကျနော်သုံးနေတာ သူမရောက်ခင်ကထဲက အဲဒီကလေး ဆိုင်မှာ နေတာ ၂နှစ်လောက်ရှိပြီဆိုတော့၊ ခင်ဗျားတို့ဘဲ စဉ်းစားကြည့်ကြစမ်းပါ၊ ဘယ်လောက်များ ရိုက်ချင်စရာ ကောင်းလည်းဆိုတာ။

ကျနော်လည်း အဲဒီကလေးဟာ ဒီလောက်ကြီးမားတဲ့ အပြစ်မလုပ်ခင်ကထဲက မကြာခဏ အမှားတွေ အများဆုံး လုပ်လေ့ရှိတဲ့အတွက် သူ့ကို သေချာမေးကြည့်တယ်၊  မင်းမိဘတွေက မင်းကိုဘာမှ မခိုင်းဘူးလား၊ အိမ်မှာ ဘာမှ မလုပ်ရဘူးလားဆိုတော့ မခိုင်းဘူးတဲ့၊ ဘာကြောင့်လည်းဆိုတော့ ကျနော် အမှားအယွင်းတွေ လုပ်တာများလို့ ဆုံးရှုံးမှု့တွေများလို့တဲ့၊ ခိုင်းမိတဲ့ ကျနော်သာလျှင် အမှားယွင်းဆုံးနဲ့ အပြစ်အရှိဆုံးပါလို့ ကျနော်ကိုယ် ကျနော်သာ အကြိမ်ကြိမ် အပြစ်တင်မိပါကြောင်း။


အဲဒါတွေက အလုပ်လုပ်ရင် အမှားတွေ့မှာဘဲ၊ အမှားတွေ့မှ အမှန်ကိုရှာတွေ့နိုင်မယ်ဆိုတဲ့ ကျနော်ရဲ့ ခံယူချက် တွေကို ပြောင်းပစ်ရမလို ဖြစ်နေတယ်။ အလုပ် ဘယ်လောက်လုပ်လုပ် အမှန်ကို ဘယ်သောအခါမှ ရှာမတွေ့ နိုင်တဲ့ ကျနော်ရဲ့ ချစ်တပည့်များအတွက် ငြိမ်ငြိမ်ထိုင်ခိုင်းရင် ပိုပြီးတော့ အဆင်ပြေနိုင်မလားဆိုတာ စဉ်းစား ရတော့ မလိုဖြစ်လာတယ်။

သူတို့ကို ငြိမ်ငြိမ်ထိုင်ခိုင်းဖို့ computer ကိုင်ခိုင်းမလားဆို ပြီးတော့ computer မှာခိုင်းတော့လည်း customer က စိတ်ကျေနပ်ပါပြီ ဆိုတာတောင် သူတို့မှာ ပြင်လို့ မပြီးနိုင်ဘူး၊ customer က အရေးကြီးလို့ ရပါပြီ ပြောတာတောင် သူတို့က ကျေနပ်အောင် မလုပ်ပေးရလို့ စိတ်ကောက်ချင်သေးတယ်။ အရိပ်၃ပါးထဲက တပါးမှ နားမလည်သူ တွေပါဗျာ။

ကျနော်နဲ့ အလုပ်အတူတူတွဲ လုပ်တဲ့ သူငယ်ချင်းညီမ ရှိပါသေးတယ်၊ သူက စိတ်လည်းသိပ်မြန်တယ်။ အလုပ်လည်း လုပ်နိုင်ပါတယ်။ သူက ကျနော်တပည့် ရွေးထားတာတွေ ကြည့်ပြီး ခင်ဗျားက ဒီထက် အ တဲ့ တပည့်တွေ ရွေးလို့မရဘူးလားလို့ မေးတယ်။

ကျနော်က အဲဒီမေးခွန်းကို ဒီလိုဖြေခဲ့ပါတယ်။ မျိုးရိုးကိုကြည့်ပြီး အဖြေထုတ်လို့ ရပါတယ်လို့၊ ကျနော်တို့ မောင်ဝမ်းကွဲ တယောက်ရှိပါတယ်။ သူက ၁၀တန်းမအောင်ပါဘူး၊ ဒါပေမဲ့ စီးပွားရေးအရတော့ ကိုယ်ပိုင်လုပ်ငန်း လုပ်ပြီး ထိုက်သင့်သလောက် အောင်မြင်ပါတယ်။ သူက ဝန်ထမ်းအမြဲတန်းလိုနေတော့ သူ့ဆိုင်ရှေ့မှာ ဆိုင်းဘုတ်ကလေးချိတ်ထားပါတယ်။ ၈တန်း၊ ၉တန်း၊ ၁၀တန်း အဆင့်ရှိ ဝန်ထမ်း(   )ဦး အလိုရှိပါသည်လို့ ရေးထားပါတယ်။ သူက ၁၀တန်း မအောင်ဘူးကိုး၊ အဲဒီတော့ သူ့ဆိုင်က ဝန်ထမ်းတွေကို ဘယ်တော့မှ ၁၀တန်း အောင်၊ ဘွဲ့ရမခေါ်ပါဘူး။

အခုကျနော်လည်း အဲဒီလိုဘဲပေါ့၊ ကျနော်ကို ညီမက အမြဲတန်း အ တယ်၊ အ တယ် ပြောနေတော့ ကျနော်ဆိုင် က ဝန်ထမ်းတွေကိုလည်း ကျနော်က ကျနော်တို့ မျိုးရိုးထုံးစံ အတိုင်း ရွေးချယ်ပါတယ်လို့၊ ကျနော်ထက် လည် သူများ ကျနော့်ဆိုင်မှာ ဘယ်တော့မှ မခန့်ပါကြောင်းခင်ဗျား။

နောက်ဆက်တွဲအနေနဲ့ ပြောစရာရှိပါသေးတယ်၊ ကျနော့်ရဲ့ သူငယ်ချင်းညီမက ကျနော်ကို အမြဲတန်း အ တယ် ပြောပြောနေလို့ ကျနော်လည်း မခံနိုင် ဖြစ်ပြီး စကားနဲနဲလောက် ပြောပြလိုက်တာ အခုတော့ ကျနော်လည်း လူလည်ကြီး နာမည်ပြောင်းသွားပါပြီ။

တကယ်လည်တဲ့ သူတွေက သူတို့လည်တာ လူမသိစေရဘဲနဲ့ လည်တာလို့၊ လည်တယ်လို့ အမည်ခံထားတဲ့ သူတွေက တကယ်မလည်သေးလို့ သူတို့ လည်မှန်းလူသိတာ၊ တကယ်လည်တဲ့ သူတွေက သူတို့လည်တာလူ မသိဘူး။ ဒါမျိုးကိုမှ တကယ်လည်တယ်လို့ ခေါ်တာလို့ ပြောလိုက်လို့၊ အခုတော့ ကျနော်လည်း လူလည်ကြီး ဖြစ်သွားပါပြီ။

ကျနော့်ရဲ့တချို့တပည့်တွေဘယ်လိုလူစားထဲမှာ ပါသလည်း ဆိုတာတော့ ခင်ဗျားတို့ဘဲ ဆုံးဖြတ်ကြ ပါတော့ ဗျာ။ ကျနော် တချို့တပည့်  လို့ ပြောခဲ့တယ်နော်၊ အားလုံးဆိုရင် စိတ်ကောက်သွားကြလို့၊ ကျနော် နဲ့ ဆိုင်ကြီးနဲ့ ကျန်နေအုံးမယ်။

နောက် post တွေမှာ ကျနော်ရဲ့ တချို့တချို့ တပည့်တွေအကြောင်းနဲ့ နောက်ထပ် ကျနော်သိသော  လူများ အကြောင်းကို ဆက်လက်ဖော်ပြပါအုန်းမယ်။

အခန်း (၂) ပြီးပါပြီ။
အခန်း (၃) ဆက်ဖတ်ပါ

>>>ဆက္ဖတ္ရန္>>> >>

ကျနော်သိသောလူအမျိုးမျိုး (၂)

အခန်း(၁)

connection လည်းမကောင်း၊ နေလည်းမကောင်းနေတာနဲ့ ပို့စ် အသစ်မတင်ဖြစ်တာ နဲနဲကြာသွားပြီ၊ ဒီနေ့တော့ ကျနော့်ဆိုင်က ကလေးတွေအကြောင်း နဲနဲလောက် ပြောပြချင်ပါတယ်၊ ကျနော်သိသော လူအမျိုးမျိုး (၁) ထဲမှာ dull and eager ဆိုတဲ့ အဆိုးဆုံး နံပါတ် (၄) အမျိုးအစား အကြောင်းပြောပြခဲ့ပါတယ်။

အခု ကျနော့်ဆိုင်က တချို့ကလေးတွေကိုတော့ ဘယ်အမျိုးအစားထဲ ထည့်ရမှန်း ကိုကျနော်တော့ မသိတော့ဘူး။ နံပါတ် (၄) လောက်တော့ မဆိုးပေမဲ့ နဲနဲတော့ဆိုးတယ်။

ကျနော့် ကလေးတွေအကြောင်းမပြောခင် ဆိုင်အကြောင်းနဲနဲပြောပြချင်တယ်၊ ကွန်ပျူတာ စာစီစာရိုက်နဲ့ မိတ္တူ ဆိုင်ပါ၊ ဒီဇိုင်း တွေဘာတွေလည်းလုပ်တယ်။ အင်တာနက် လည်းသုံးလို့ရတယ် (ကြော်ငြာ ဝင်နေတာမဟုတ်ပါ)၊ ဆိုင်အကြောင်းနဲနဲပြောမှ ကလေးတွေအကြောင်းပြောလို့ရမှာ ဖြစ်တဲ့ အတွက်ပါ၊ ဆိုင်ဝန်ထမ်း ကလေးတွေလည်း နဲနဲတော့ များပါတယ်။

တက္ကသိုလ် (day) တက်နေတဲ့ ကလေးတွေလည်း ရှိပါတယ်၊ သူတို့က စနေ၊ တနင်္ဂနွေ အလုပ်ဆင်းတယ်၊ စာမေးပွဲ နီးရင်တော့ တောက်လျှောက်နားတယ်၊ အဝေးသင် တက်နေတဲ့ ကလေးတွေကတော့ သူတို့ကျူရှင်ရက်တို့ အနီးကပ် ရက်တို့ကစပြီး စာမေးပွဲပြီးတဲ့ အထိနားပါတယ်၊ ဒါပေမဲ့ အဲဒီအချိန်မှာ ဒေး သမားတွေက ပြန်လာတော့ အဆင်ပြေသွားပါတယ်။ အဲဒီလို ဝင်လိုက်ကြ ထွက်လိုက်ကြ နဲ့ ပျော်စရာကြီးပါ။ ဆိုင်ကအပြီးထွက်တဲ့ သူတော့ သိပ်မရှိပါဘူး၊ ဝင်လာတဲ့သူတွေဘဲရှိပါတယ်။

ကျနော်ကလည်း ဆိုင်မှာအလုပ် လုပ်ချင်တဲ့ တပည့်တွေဆိုရင် အလုပ်ပေးချင်ပါတယ်။ ဆိုင်ဖွင့် ရခြင်း ရည်ရွယ်ချက် ကလည်း တပည့်တွေကို အလုပ်ပေးချင်လို့ စဖွင့်ခဲ့တာ ဆိုတော့ သူတို့ကိုအလုပ် လူမလိုဘူးလို့  မငြင်းချင်ပါဘူး။ အဲဒိတော့ ဆိုင်က တဖြေးဖြေးကြီးလာပါတယ်။

ကျနော်က ကွန်ပျူတာသင်တာဆိုတော့ တပည့်တွေရှိပါတယ်။ နယ်ကရော မြို့ပေါ်ကရောပေါ့၊ သူတို့က ကွန်ပျူတာ ပြီးသွားရင် အလုပ်သွားလျှောက်ကြပါတယ်၊။

ရတဲ့ကလေးလည်းရပေါ့၊ မရတာကများပါတယ်၊ တချို့ကလေးတွေက အလုပ်လုပ်ပြီး မြို့ပေါ်မှာနေချင်ပေမဲ့ အလုပ်ကမရတော့ စိတ်ဓါတ်ကျ ကျသွားကြပါတယ်၊ ကျနော်က အဲဒီလိုကလေးမျိုးတွေကို အလုပ် ပေးချင်တာပါ၊ ဘဝအတွက် တိုးတက်ရာရှာချင်တဲ့ လူငယ်တွေကို အားပေးချင်တာပေါ့၊ ဒါနဲ့ သူများအလုပ် မပေး ရင်ဆရာမ အလုပ်ပေးမယ်ဆိုပြီး ဒီဆိုင်ကလေး စဖွင့်ဖြစ်တာပါ။

ကျနော် တကယ်ဘဲစီးပွားရေးသက်သက် တခုထဲကြည့်ရင် မြို့ပေါ်က ကလေးတွေက ပိုပြီးအဆင်ပြေပါတယ်၊ သူတို့အတွက် စားရေး၊နေရေး ကိုတာဝန်မယူရတဲ့ အတွက်ဖြစ်ပါတယ်။ နယ်က ကလေးတွေဆိုရင် ကျမ်းမာရေးက စပြီး နေစရာ၊ စားစရာ၊ နောက်ဆုံး လူမှုရေးကစပြီး တာဝန်အများကြီး ပိုသွားပါတယ်။ ကျနော် တပည့်အများစုက မြို့ပေါ်ကမဟုတ်သလို၊ ကျောင်းမပြီးသေးတာတွေများပါတယ်။

ကြုံကြိုက်လို့ တခါထဲပြောလိုက်ရအုန်းမယ်၊ ကျနော်တို့ မန္တလေး ကဆိုင်တွေရဲ့ ရှေ့မှာ အလုပ်ခေါ်တဲ့ ဆိုင်းဘုတ် ကလေးတွေ မကြာခဏတွေ့ရပါတယ်၊ ဒါပေမဲ့ မှတ်ချက်အနေနဲ့ ကျောင်းဆက်မတက်သူများသာ လျှောက်ထားနိုင်ပါသည်တို့ မြို့ပေါ်နေသူများသာ လျှောက်ထားရန် တို့ရေးထားတာကိုတွေ့ရပါတယ်။ တချို့က သတင်းစာကနေ အဲဒီအတိုင်းကြော်ငြာ ကြပါတယ်။

ကျနော်က ဒီဆိုင်းဘုတ်တွေကို ဆန့်ကျင်ပါတယ်။ ကြုံကြိုက်ရင် ဒီအကြောင်းကိုစာရေးအုန်းမယ်လို့ မှတ်ထား ပါတယ်။ နောက်ပြီး ကျနော်ဘာသာ တယောက်ထဲ အဲဒီလို ဆိုင်းဘုတ်ချိတ်တဲ့ ဆိုင်တွေကို ဘယ်တော့မှ အားမပေးတဲ့ နည်းနဲ့ တကိုယ်တော် ဆန္ဒပြလေ့ ရှိပါတယ်။

အားလုံးစဉ်းစားကြည့်ပါအုန်း၊ ကိုယ့်လူမျိုး (သ) ကိုယ်နေထိုင်တဲ့ နိုင်ငံက လူမျိုးတွေကို လူညွန့်တုံးအောင် လုပ်တဲ့ နည်းတွေမဟုတ်လား။ လူဆိုတာ တိုးတက်မှု့ကို အမြဲရှာနေရမယ်။ တိုးတက်အောင် လုပ်နေတဲ့ သူတွေကို ကိုယ်တတ်နိုင်တဲ့ နည်းနဲ့ အားပေးရမယ်။

ဒီလိုမဟုတ်ဘဲ ကိုယ့်အကျိုးစီးပွားတခု ထဲအတွက် ကြည့်ပြီး လူငယ်တွေရဲ့ တိုးတက်ရာလမ်းကြောင်းတွေကို ပိတ်ပင်တဲ့ စိတ်ဓါတ်ရှိတဲ့ စီးပွားရေးသမားတွေကို ကျနော်တို့ဆန့်ကျင်ကြရမယ်။ ကျနော် တပည့်တွေ ကိုလည်း ဒီလို ဆိုင်တွေ၊ company တွေကိုဘယ်တော့ မှ အလုပ်မလျှောက်ခိုင်းပါဘူး။

နောက်ပြီး မြန်မာပြည်မှာ နေတဲ့သူအချင်းချင်းတောင် မြို့ပေါ်နေတဲ့သူနဲ့ နယ်တွေမှာ နေတဲ့သူတွေ ရတဲ့ အခွင့်အရေးခြင်းဟာ တော်တော်ကွာခြားပါတယ်။ နယ်မှာ နေတဲ့သူတယောက်ဟာ ကွန်ပျူတာ  တတ်ချင်လို့ မြို့ပေါ်မှာ လာသင်ရင် မြို့ပေါ်မှာ နေရတဲ့ စားစရိတ်၊ အဆောင်စရိတ် ဟာ ကွန်ပျူတာသင်တန်းကြေး ထက်အစပေါင်း များစွာပိုပါတယ်။

အဲဒီလိုလူတွေအတွက် အလုပ်လိုပါတယ်။ မြို့ပေါ်မှာ ဆက်လက်ရပ်တည်နိုင်အောင် အလုပ်တခု အမြန်ရှာရပါတယ်၊ မြို့ပေါ်မှာ အလုပ်မရှိဘဲ သင်တန်းတွေဘဲ တက်ခိုင်းနေနိုင်အောင် ထားပေးနိုင်တဲ့ မိဘ မျိုးက ရှားပါတယ်။

အဲဒီလို ကလေးတွေဟာ အလုပ်ရမှာ မြို့ပေါ်မှာ ဆက်ပြီးနေသွားနိုင်မယ်၊ ကျောင်းမပြီးသေးတဲ့ သူတွေလည်း ကျောင်းဆက်တက်နိုင်မယ်၊ နောက်ပြီး ကျနော်တို့ရဲ့ မြန်မာပြည်က သူငယ်ချင်း၊ ဆွေမျိုးသားချင်း အများစုဟာ တခြားနိုင်ငံတွေမှာ သွားပြီး စီးပွားရှာကြတယ်၊ ပညာရှာကြတယ်၊ အဲဒီနိုင်ငံက အလုပ်ရှင်တွေသာ ဒီလိုသဘောထားရှိရင် ကျနော်တို့ လူမျိုးတွေ ဘယ်လို ငွေရှာမလည်း၊ ပညာရှာမလည်း။ ဒါကြောင့် အသိစိတ် ရှိတဲ့ လူမျိုးတိုင်းဟာ ကိုယ့်လူမျိုးတိုးတက် မှု့ကို အားမပေးတဲ့ စီးပွားရေးသမားများကို ဆန့်ကျင့်ကြရပါမယ်။

ဆိုင်က ကလေးတွေအကြောင်းပြန်ဆက်လိုက်ရအောင်၊ ကျနော့်လုပ်ငန်းသဘာဝအရ ဝန်ထမ်းတယောက် အသစ်ဝင်တာနဲ့ ချက်ခြင်း လုပ်ငန်းခွင်မှာ သုံးလို့မရပါဘူး၊ သူတို့ ကျွမ်းကျင်မှု့ရအောင် အချိန်တွေ အများကြီး ပေးရပါတယ်။ ကွန်ပျူတာမှာ သုံးဖို့ဆိုရင် အနဲဆုံးတနှစ်လောက်ကြာပါတယ်၊ ဒါ စာရိုက်တာ လောက် ရှိသေးတာ၊ ဒီဇိုင်း လုပ်တာတွေမပါသေးဘူး၊ ဒီဇိုင်း သမားကတော့ အနုပညာအမြင်လည်းရှိမှ၊ လုပ်ငန်းအတွေ့အကြုံ့ လည်းတော်တော်ရှိမှ ရပါတယ်။

ဒါတောင် တော်တဲ့ ကလေးမှပါ၊ အမြင်မရှိတဲ့ကလေးဆိုရင် အများကြီးပိုကြာပါတယ်။ မိတ္တူမှာလည်း အဲဒီလောက်အချိန်မပေးရပေမဲ့ နဲနဲတော့ အချိန်ယူရပါတယ်။ ချက်ခြင်းတော့ အသစ်တွေကိုသုံးလို့ မရပါဘူး။ အဲဒီတော့ စစခြင်း သူတို့ကို စာရွက်ကောက်တာတွေ၊ စာအုပ်ချုပ်တာတွေလုပ်ခိုင်းရပါတယ်။

အရင်တုံးက စာအုပ်ချုပ်ဆိုင်ပို့ချုပ်ရတဲ့ စာအုပ်တွေကို သူတို့ကိုချုပ်ခိုင်းရပါတယ်။ ကျနော့်မှာ ဝန်ထမ်းတွေ ကများ နေတော့ သူတို့ အလုပ်မရှိမှာ စိုးရိမ်ပြီး ဆိုင်အတွက် အလုပ်ရှာရတာကလည်း တော်တော် မောပါတယ်။ အဲဒီအကြောင်းတွေ သူတို့လည်းသိပါတယ်။ ကျိုးကျိုးစားစားလည်း အလုပ် လုပ်ကြပါတယ်။ အကျိုးအကြောင်းနဲ့ ပြောပြတာကိုလည်း သေချာနားထောင်ပြီး ဟုတ်ကဲ့..ဟုတ်ကဲ့ နဲ့ လိမ္မာကြပါတယ်။

customer တွေကလည်း ကလေးတွေလိမ္မာလို့ ဆိုပြီး ချီးကျူးကြပါတယ်၊ အလုပ် လုပ်တာစိတ်ရှည်လို့ တိကျလို့ ဆိုပြီး သဘောကျကြပါတယ်။ ဒါပေမဲ့ customer တွေရဲ့နောက်ကွယ်မှာ သူတို့နဲ့ကျနော်သတ်နေတာ မသိကြပါဘူး။ ကျနော့် ဆိုင်မှာလုပ်ရတာ အဆင်ပြေတယ်၊ ကလေးတွေက သဘောကောင်းတယ်နဲ့ နာမည်ကြီးပါတယ်။

အခန်း (၂) ဆက်ဖတ်ပါ


>>>ဆက္ဖတ္ရန္>>> >>

Monday, October 12, 2009

ကျနော်သိသောလူအမျိုးမျိုး (၁)

ကျနော်တို့ ပတ်ဝန်းကျင်မှာ ဘယ်လို လူမျိုးတွေ အများဆုံးရှိနေပါသလည်း၊ လူတွေကို အမျိုးအစားခွဲတဲ့ နေရာမှာ တချို့က ဒီလို ခွဲခြားကြပါတယ်တဲ့၊

နံပါတ်     (၁) အမျိုးအစားက ဉာဏ်ကောင်းပြီး တက်ကြွတဲ့သူတွေ၊ intelligent and eager ပေါ့၊ သူက အကောင်းဆုံး၊

နံပါတ်     (၂) အမျိုးအစားကတော့ ဉာဏ်ကောင်းပြီး ပျင်းတဲ့သူတွေပေါ့၊ intelligent and lazy၊ သူကလည်း ဘာပြသာနာမှ မရှိဘူး၊ နံပါတ် (၁) လောက်တော့မကောင်းဘူးပေါ့။

နံပါတ်     (၃) အမျိုးအစားကတော့ ဉာဏ်လည်း မကောင်းဘူး ပျင်းလည်းပျင်းတယ်၊dull and lazy (ဉာဏ် မကောင်းဘူး ဆိုတဲ့နေရာမှာ ရိုးရိုးဉာဏ်မကောင်း ရုံမဟုတ်ဘူး၊ ဉာဏ်မရှိတဲ့ သဘောပိုသက် ရောက်တယ်)၊ သူကလည်း နဲနဲတော့ တော်သေးတယ်၊

နံပါတ်     (၄) အမျိုးအစားက နောက်ဆုံး ကျနော်တို့ အကြောက်ရဆုံး အမျိုးအစားပေါ့၊  ဉာဏ်လည်း မရှိဘူး၊ တက်လည်းတက်ကြွတဲ့ သူမျိုးတွေ ပေါ့ဗျာ၊dull and eager ပေါ့။

ကျနော်အရင်တုန်းကလည်း ဒါတွေကို သိတယ်၊ ဒါပေမဲ့ သိပ်လေးလေးနက်နက် မစဉ်းစားမိဘူး၊ နောက်ပိုင်း မှ နံပါတ် (၄) အမျိုးအစား လူမျိုးတွေနဲ့ တွေ့ရတာတော်တော်များလာတော့ မှ စိတ်တော်တော် ညစ်မိပြီး စဉ်းစားမိလာလို့ ရေးမိတာပါ၊

ကျနော်တို့ တိုင်းပြည်မှာဘဲ နောက်ပိုင်း ပိုများလာ သလားမသိဘူး၊ အထူးသဖြင့် ကျနော့်ဆိုင်မှာ ပေါ့ (ကျနော့် ဆိုင်ကလည်း ကျနော်တိုင်းပြည်ထဲမှာ ပါတယ်နော်) ဟဲ..ဟဲ။

နံပါတ်     (၁) အမျိုးအစားတွေသာ တိုင်းပြည်မှာ အများဆုံး ရှိနေရင်တော့ ဘယ်လောက်ကောင်းမလည်း၊ ဉာဏ်ပညာ အမြှော်အမြင်နဲ့ ပြည့်စုံပြီး တက်တက်ကြွကြွ အလုပ်လုပ်ကြတဲ့ သူတွေနေတဲ့ တိုင်းပြည် ဆိုတော့ တိုးတက်ကြီးပွားမှု့ အမြန်ဆုံးရှိမှာပေါ့။

နံပါတ်     (၂) အမျိုးအစားကတော့ ဉာဏ်ရှိတယ်၊ ပျင်းတယ်၊ ဒါပေမဲ့ ကိစ္စမရှိဘူး၊ ခိုင်းတဲ့ အချိန်တော့ ဉာဏ်ရှိ တဲ့ လူဆိုတော့ အဆင်ပြေအောင်လုပ်သွားမှာဘဲ၊

နံပါတ်    (၃) အမျိုးအစားကတော့ ဉာဏ်လည်းမရှိဘူး ပျင်းလည်းပျင်းတယ်ပေါ့။ ရွေးစရာ တခြား မရှိရင်တော့ ဒါမျိုးလူတွေကို ရွေးနိုင်သေးတယ်ပေါ့၊ ပျင်းတဲ့သူဆိုတော့ ခိုင်းထားတာထက်ဘာမှတော့ ပိုလုပ်မှာ မဟုတ်ဘူး၊ အဲဒီတာ့ ခိုင်းတဲ့သူက ဉာဏ်ရှိတဲ့သူဆိုရင် အဆင်ပြေသွားနိုင်သေးတယ်၊

နံပါတ်   (၄) အမျိုးအစားကတော့ ကြောက်စရာ အကောင်းဆုံးပေါ့၊ ဉာဏ်လည်းမရှိဘူး၊ တက်လည်း တက်ကြွတဲ့ သူတွေဆိုတော့၊ အလုပ် လုပ်မယ်ဆိုရင် ထိပ်ဆုံးကနေ အားကျိုးမာန်တက် လုပ်တော့တာပေါ့၊ ပြီးတော့ လည်း အမှားတွေကြီးဘဲ ဆိုတော့ နောက်ကသူတို့လုပ်တဲ့ အမှားတွေကို လိုက်ပြင်ရ၊ အဲဒီအမှားတွေအတွက် တန်ဆာခံ ပေးဆပ်ရမှု့တွေနဲ့ ဒုက္ခအကြီးအကျယ်ရောက်တော့တာပေါ့၊ အဲဒီလူရဲ့ အရေးပါမှု့ကို လိုက်ပြီး ဒုက္ခ အနဲအများ ရနိုင်တယ်၊  ဒီလိုလူမျိုးတွေဟာ လုပ်ပိုင်ခွင့် အပြည့်အဝရထားတဲ့ သူမျိုးတွေသာ ဖြစ်နေခဲ့ရင် တော့ ခင်ဗျားတို့ သေဖို့သာပြင်ပေတော့ပေါ့၊

ကျနော်  တွေ့ခဲ့တဲ့ နံပါတ်လေး အမျိုးအစားထဲက တယောက်အကြောင်းကို နဲနဲပြောချင်တယ်ဗျာ၊ ကျနော် တို့ အိမ်မှာ မေမေ ကိုအလုပ် လာကူလုပ်ပေးတဲ့ ကျနော်တို့ရပ်ကွက်နားက လှသင်း ဆိုတဲ့ ၁၂-၁၃ နှစ်အရွယ် ကလေး တယောက် ရှိတယ်၊ ကျနော့် ရဲ့ တပည့်ကျော်ပေါ့ဗျာ၊ အဲဒီကလေးက မေမေ အလုပ်တွေကူလုပ် ပေးတာဆိုတော့ မေမေက ဈေးမသွားခင် သူ့ကိုမှာခဲ့တာပေါ့။ အိုးတွေ၊ခွက်တွေ ဆေးထားပေါ့၊ ပြန်လာရင် အဆင့်သင့် ချက်ရအောင်ပေါ့၊ အဲဒီတော့ တက်တက်ကြွကြွနဲ့စိတ်ချပေါ့၊

မေမေလည်း ဈေးကပြန်လာရော အိုးတွေခွက်တွေအားလုံးလည်း ပြောင်လက်လို့ပေါ့၊ မေမေ လည်း ချက်ဖို့ ပြင်ဆင်ရင်းနဲ့မှဘဲ သူ့ဆီအိုးကြီးပါ ပြောင်လက်သွားမှန်းသိတော့တာပေါ့..ဟဲ...ဟဲ၊

မေမေက ဆီတလစာလောက်ကို အိုးအကြီးနဲ့ထည့်ထားပြီးတော့မှ တနေ့စာချက်ရင် ခွဲခွဲ သုံးတဲ့အကျင့် ရှိတော့ အိုးကြီးထဲမှာ ဆီတွေထည့်ထားတာပေါ့၊ ဒီဆီအိုးကလည်း သိသာပါတယ်။ ချက်တဲ့ ပြုတ်တဲ့ အိုးတွေနဲ့လည်း တခြားစီထားတာပါ။

အဲဒါ ကိုယ်တော်ချောက ရှာဖွေ ပြီးမှ ဆေးကြောထားတာလေ၊ အိုးထဲမှာ ဆီတွေပါတာ မင်းမတွေ့ဘူးလား ဆိုတော့၊ တွေ့ပါတယ်တဲ့၊ ရေနွေးကြမ်းတွေ မှတ်လို့ ပါတဲ့၊ သေသေချာချာကို မပြီးတော့ လမ်းတဘက်က မြှောင်းထဲကိုသွားသွန် ထားတာလေ၊ မေမေက သူသွန်ထားတယ်ဆို့တဲ့ နေရာထိကို သွားကြည့်သေးတာ၊ မင်းကွာ အသိသာကြီးပါပေါ့၊

ဆီနဲ့ ရေနွေးကြမ်းနဲ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားပါအုန်းဆိုပြီး တဗျစ် တောက်တောက် နဲ့ပေါ့၊ ဆီတွေကတော့  တကယ့်ကို ဆီပုံးဖြစ်ပြီး ငရဲမင်းကြီး ကို လက်ဆောင်ပေးလိုက် ရတော့တာပေါ့။
ခုနက ကျနော်က ကျနော့် တပည့်ကျော်လို့ ပြောခဲ့တယ်နော်၊ ကျနော့် ရဲ့တဦးတည်းသော တပည့်ကျော်လေ၊ ကကြီး၊ ခခွေး သင်ပေးခဲ့တဲ့ တပည့်ပေါ့။

ကျနော်တို့ မောင်နှမတွေက ဆရာ့သားသမီးတွေ ဖြစ်နေ လို့လားတော့ မသိဘူး၊ အလွန် ဆရာကြီး လုပ်ချင်တဲ့ အမျိုးတွေပေါ့၊ အထူးသဖြင့် ကျနော့် ညီမ အငယ်ဆုံးလေ၊ စာသိပ်သင်ချင်တာ၊ အဲဒီတော့ အရပ်ထဲက ကလေးတွေကို စာသင်ပေးတယ်၊ ကျောင်းမနေသေးတဲ့ ကလေးတွေရော၊ ကျောင်းနေတဲ့ ကလေး တွေရောပေါ့၊ တအိမ်လုံး ဆူညံပွက်လော ရိုက်လို့ပေါ့။

ကျနော် က အဲဒီလို ကလေးပေါက်စတွေကို သင်တာ ဝါသနာမပါဘူး၊ ၀ လုံးကိုဘယ်က စဆွဲရတယ်ပေါ့၊ ကကြီး ကို ဘယ်နေရာ က ဘယ်လို စဆွဲရတယ်ပေါ့၊ သူကတော့ အခြေခံ ကျကျ သင်ပေးတာ၊ ကျနော် ကတော့ ကိုယ်တိုင်တောင် ဘယ်စာလုံးဘယ်လို ရေးမိမှန်းတောင်မသိတော့ သင်ဖို့ဆိုတာဝေးရောပေါ၊ ခုနက တပည့်ကျော် အကြောင်းဆက်လိုက်ရအောင်၊ သူက စာမတတ် ဘူးလေ၊ စာလည်း တတ်ချင်တယ် ထင်ပါတယ်၊ ညီမ အငယ်က ကကြီးခခွေး သင်ပေမဲ့ သူက သူနဲ့ အသက်သိပ်မကွာတော့ ဆရာမတင်ချင်ဘူးနဲ့ တူပါတယ်၊

ကျနော့်ကို စာလာသင်ခိုင်းတယ်။
သူ ညည ဗွီဒီယို ရုံသွားရင် ဒုက္ခရောက်တယ်ပေါ့၊ မင်းသားမင်းသမီး နာမည်တွေ မဖတ်တတ်တော့ မျက်နှာငယ်တယ်ပေါ့၊ ကျနော် ကလည်း ကိုယ့်ကို အထင်တကြီး နဲ့ မဟာပညာရှိ ကဝိတစူ လို့သဘောထား ပြီး အားကိုးတကြီး လာသင်ခိုင်းတော့ ဟဲ..ဟဲ၊ တညအိပ် လောက်စဉ်းစားပြီး သင်ပေးရမှာပေါ့လေ ဆိုပြီး၊ ကျနော်တို့ ဆရာတယောက်၊ တပည့်တယောက် ကကြီးခခွေး တန်းကြီး ဟာ ရက်အနည်းငယ် အတွင်းမှာဘဲ အော်သံ၊ ငေါက်သံ၊ ဆူသံ၊ ပူသံ အသံမျိုးစုံနဲ့ စတင် အကောင်အထည် ပေါ်လာပါတော့တယ်။

ကျနော့် ညီမအငယ် ၆ တန်းကျောင်းသူ ကကြီးခခွေး တန်းဆရာမကြီး ကလည်း သူအတန်း ကိုလုသင်တယ် ဆိုပြီး မျက်စောင်းတထိုးထိုးနဲ့ပေါ့။ တအိမ်လုံး ကလည်းဒီလောက် ဉာဏ်မကောင်းတဲ့ ကလေးကို ကျနော် ဘယ်လိုများ စာတတ်အောင် သင်မလည်း ဆိုတာစိတ်ဝင်တစားပေါ့၊။

ကျနော်လည်း သင်ရင်းတန်းလန်း နဲ့ တအိမ်လုံးရဲ့စောင့်ကြည့် ကြည့်ရှုခြင်းကို ခံရတော့မှ တော်တော် တုန်လှုတ်သွားတယ်၊ ငါဟာတော်တော်ကြီးကျယ်တဲ့ အလုပ်ကြီးကို လုပ်နေတာဘဲ၊ လှသင်း များ မင်းသား၊ မင်းသမီး နံမည်တွေ မဖတ်တတ်ရင် ငါ့ ရဲ့ မဟာအရှက်တော်ကြီးတော့ ကွဲပါပြီ ဆိုပြီး ကျိုးစားပန်းစား နဲ့ အချိန်ပိုတွေခေါ် ပြီး အနီးကပ်စောင့်ကြည့်သင်တန်း တွေနဲ့ တလလောက် အပြင်းအထန် သင်လိုက်တော့မှ မောင်မင်းကြီးသားက ကကြီးခခွေး ရေးတေးတေး လေးသိလာတယ်။ စာဖတ်တတ်ဖို့ ဆိုရင်တော့ ကျနော် ဘဲအသက်ထွက်မလား အိမ်ကလူတွေဘဲ ဆူသံပူသံတွေကြောင့် နားတွေလေး ကုန်ကြမလားမသိပါဘူး။

အဲဒါနဲ့ ကျနော်လည်း နောက်ဆုံး ပေါ်တိုက်ကွက်ကို ဘဲ သုံးရတော့မယ်ဆိုပြီး၊ ဆရာ တပည့်၂ယောက် အရေးပေါ် တိတ်တိတ်ပုန်း အစည်းအဝေးထိုင်ရပါတယ်၊ `မင်း ရုပ်ရုင်မင်းသား၊ မင်းသမီး နာမည် တွေဘဲ ဖတ်တတ်ရင် ရပြီ လားဆိုတော့.. ` `ရပြီ ဘာမှမလိုဘူး၊ အဲဒီလောက် သိရင်ကို ကျနော်က ကျနော်တို့ သူငယ်ချင်း တွေကြားမှာ ဆရာကြီးဖြစ်ပြီ` တဲ့။

ကဲ အဲဒါဆိုရင်တော့ ရပြီကွာ ဆိုပြီး၊ ကျနော်က ကျော်ရဲအောင် အခါတထောင်၊ ကျော်သူ အခါနှစ်ထောင်၊ ထက်ထက်မိုးဦး အခါတသိန်း စသည်စသည့်ဖြင့်ပေါ့ လေ၊ အသံတိတ် ပုံတူးကူးလေ့ကျင့်ခန်း ကြီးကို မလျော့သော ဇွဲ၊ လုံလဖြင့် ၂လလောက် ကျိုးပန်းလိုက်တဲ့ အခါမှာတော့ ပညာရှိကဝိလေးက တော်တော်လေး မှတ်မိသွားပါတယ်။

အဲဒီ အချိန်မှာတော့ ကျနော်တို့ရဲ့ အနီးကပ်လက်တွေ့ ကွင်းဆင်းသင်တန်း ကြီးကစပါပြီ၊ ဆရာတပည့် ၂ယောက် မရဲတရဲ နဲ့ဗွီဒီယို ရုံရှေ့ကို တိတ်တိတ်ပုန်း၊ လူမသိ သူမသိ ချီတက်သွားပြီး ဗွီဒီယို ရုံရှေ့က သင်ပုန်းကြီးရှေ့မှာ စာမေးပွဲ စစ်ပါတယ်၊ ကဲ စပေတော့ ဆိုတော့ မှ မဟာပညာရှိက ခါးကော့ရင်မော့ ပြီး၊  ``ရဲကိုကို နှင့် လင်းဇာနည်ဇော် တို့ ရဲ့ ဒီဘ၀ ဒီမျှသာ`` ဆိုပြီး ကျယ်ကျယ်လောင်လောင် နဲ့ ထစ်ငေါ့ ထစ်ငေါ့ ဆိုလိုက်တဲ့ အသံကို ကြားရတော့ မှဘဲ ကျနော် ရင်ထဲက အလုံးကြီးလည်း ဝုန်းကနဲ ပြုတ်ကြသွားပါတယ်။

ကျနော်တို့ ရဲ့သင်တန်းဆင်းပွဲ ကြီးအဖြစ် လဘက်ရည်နဲ့ဆမူစာ ကို တအိမ်လုံး အဝကျွေးပြီး၊ ကျနော်ရဲ့ ကကြီး၊ ခခွေး သင်တန်းကြီးဟာလည်း ` ဒီဘ၀ ဒီမျှသာ` ဆိုပြီး တသက်တာလုံး အတွက် အောင်မြင်စွာ အဆုံးသတ် သွားကြောင်းပါ ခင်ဗျား။

ကျနော် လည်း လှသင်းတို့ ရဲ့ မဟာဝင်ဒါမီယာ ရပ်ကွက်ထဲမှာ လှသင်းရဲ့ ဆရာမဆိုပြီး နံမည်တွေကြီးလို့ပေါ့၊ ဝင်ဒါမီယာရပ်ကွက် လို့ကျနော်တို့ ခေါ်ရတဲ့အကြောင်းက တကယ့် real  ဝင်ဒါမီယာ နဲ့ပြောင်းပြန် ဆင်းရဲနွမ်းပါး လွန်းလို့ ပြောင်ပြီး ခေါ်ကြတာပါ၊ သူတို့ရပ်ကွက်က ရေဆိုးမြှောင်းရဲ့ ဘေး မှာ တဲ သေးသေး လေးတွေ နဲ့ ၁၂ ပွဲဈေးသည်တို့ ပလပ်စတစ်ကောက်တဲ့သူတို့ တကယ့်ကို အောက်ဆုံးအလွာက လူတွေ နေတဲ့ ရပ်ကွက်ဖြစ်နေလို့ပါဘဲ။

ကျနော့် ရဲ့ သင်တန်းဆင်းပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားပြီးတဲ့နောက် နှစ်နှစ်လောက် ကြာတဲ့ အချိန် မှာတော့၊ ကျနော့် တပည့်ကျော် တခါရောက်လာပြန်တယ်၊ ``ဆရာမရေ ကျနော် ဟိုအဖွဲ့ထဲ ဝင်မလို့ သူတို့က စာကောင်းကောင်းတတ်မှ လို့ပြောလို့၊ ကျနော်က စာတော့ ဖတ်တတ်ပါပြီ၊ လက်မှတ် ဆိုတာလေးလည်း ထိုးရမယ် လို့ ပြောတယ်၊ လက်မှတ်ထိုး လှလှလေးလည်း သင်ပေးပါအုန်း`` ဆိုတော့ ဘာရမလည်း ကျနော်လည်း နောက်ဆက်တွဲ အလှဆုံး လက်မှတ်ထိုးနည်း လေးကို သင်ပေးလိုက်တာပေါ့၊ နိုင်ငံ သားကောင်းဖြစ်မဲ့ ကျနော့် တပြည့်ကျော်ကို လက်လွတ်ခံလို့ ဘယ်ဖြစ်မလည်းဟဲ..ဟဲ။

နောက်ဆက်တွဲ ပန့်ပိုးမှု့အဖြစ် အလှဆုံးလက်မှတ်ထိုးနည်း နှင့် ပုဆိုး အစိမ်းတထည် ကိုစွန့်ကျဲ လိုက်ပါကြောင်း သတင်းပေးရင်း နံပါတ် (၄) အမျိုးအစား ထဲက ကျနော်သိသော dull and eager တယောက် အကြောင်းကို ခဏာတာ ရပ်နားလိုက်ပရစေ။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.




>>>ဆက်ဖတ်ရန်>>> >>

Sunday, October 11, 2009

blog ပျောက်ဆုံးသောနေ့များ

ကျနော့် ဘလော့ လေးနဲ့ခွဲနေရတာ ၂ရက်တောင်ရှိသွားပြီ၊ ဟို ပုံပြင်ထဲကတော့ ကိန္နရာချောင်းခြား၊ တညခွဲရတာနဲ့ ရက်ပေါင်း ၇၀၀ ငိုရသတဲ့၊ အခုတော့ ကျနော်လည်း အဲဒီလို ငိုရမယ့်ကိန်းရောက်နေပြီ  ထင်တယ်၊ ဘလော့လေးက ကျနော် ချစ်ချစ်လေးလေ။

မနေ့ကစပြီး ဘာတွေဖြစ်သွားမှန်း မသိပါဘူး၊ ဘလော့ ဖွင့်လို့မရတော့ဘူး၊ ကျနော်လည်း ရေးချင်တာတွေ ရှိနေတာနဲ့ ဘယ်ဆိုင်မှာများရမလည်း ဆိုပြီး လိုက်သုံးကြည့်သေးတယ်၊ မရပါဘူးဗျာ၊ ဒါနဲ့ကျနော်လည်း အိပ်သာအိပ်လိုက် ရတာ စိတ်ကိုမကောင်းဘူးဟဲ..ဟဲ ရောဂါလေ။

မနက်လင်းတော့ မောင်လေးရောက် လာမှဖွင့်လို့ရတယ်။ ဒါပေမဲ့ မြင်သာမြင်မကြင်ရတဲ့ ဘ၀ပေါ့။ ပို့စ် အသစ်တင်နိုင် လောက်အောင် မကောင်းသေးတော့ ထိုင်ထိုင်ဘဲ ကြည့်နေရတယ်။

အခုတော့ အောင့်လို့မရတော့တာနဲ့ word ထဲမှာဘဲ ရေးနေရတယ်၊ ည လိုင်းကောင်းတဲ့ အချိန်မှ convert လုပ်ပြီး ပြန်တင်ကြည့် ရတော့မှာဘဲ၊ အခုတော့ ကျနော်လည်း တော်တော်နေတတ်သွားပါပြီ။ မနေတတ်ရင် တော်တော်ကြာ မြတ်စွာဘုရား လက်ထက်က ရသေ့ကြီးလို ငရဲပြည် ရောက်နေလိမ့်မယ်။ ရသေ့ကြီးက သေမှ၊ ကျနော် က အရှင်လပ်လပ် ငရဲပြည် ရောက်သွားနိုင်တယ် ဟား...ဟား။

ခင်ဗျားတို့တော့ ကြားဘူးမယ်ထင်ပါတယ်၊ ဒါပေမဲ့ အကြောင်းတိုက်ဆိုင်နေလို့ ပြန်ပြောပြပရစေ၊ မြတ်စွာဘုရား လက်ထက်ကပေါ့ ရသေ့ကြီးတပါးရဲ့ ကျောင်းသင်ခဏ်းနဲ့ပြည့်တန်ဆာမ တယောက်ရဲ့ အိမ်နဲ့မျက်နှာခြင်းဆိုင် ဖြစ်နေသတဲ့၊ ရသေ့ကြီးက တရားအားထုတ်ရင်းနဲ့ ပြည့်တန်ဆာမ အိမ်ဘက်ကို မျက်စေ့က ရောက်ရောက်သွားသတဲ့၊ ယောက်ကျား တွေက ၀င်လိုက်ကြ၊ ထွက်လိုက်ကြ၊ ပါဂျဲရိုးတွေ ဆပ်ပ်တွေတ၀ီဝီ နဲ့ပေါ့ဗျာ ဟဲ..ဟဲ ယောင်လို့ အဲဒီခေတ်က ပေါ်မှ မပေါ်သေးတာဘဲ။ ပြည့်တန်ဆာမ ကလေးကလည်း လှမှလှ၊ အခုမှ နိုက်ကလပ် ကပြန်လာတဲ့ အတိုင်းဘဲတဲ့။

ရသေ့ကြီးက တနေ့တနေ့ အဲဒီအိမ်က မြင်ကွင်းတွေ ကြည့်ကြည့်ပြီး ဥပစ်ခါမပြုနိုင်ဘဲ ဒေါသနဲ့ မစ္စိရ စိတ်တွေဘဲ ပွားများနေသတဲ့၊ ဟဲ..ဟဲ ကျနော့် ဖေဖေ နဲ့တူတယ်ထင်တယ် (just a joke) ၊အဲဒီတော့ ရသေ့ကြီးမှာ တနေ့တနေ့ အဲဒီစိတ်နဲ့ဘဲ အမြဲတန်း ပူလောင်နေတော့တာပေါ့။

ဟို ပြည့်တန်ဆာမ လေးကတော့ သူဘာသာသူ နိုက်ကလပ် သွားတဲ့အချိန်သွား၊ မော်ဒယ်ရှိုး သွားတဲ့အချိန်သွား၊ ပျော်လို့ပါးလို့ပေါ့၊ ဒါပေမဲ့ တရားလုပ်ရမဲ့အချိန်မှာလည်းမှန်မှန်လုပ်သတဲ့၊ သူ့ရဲ့ ပြည်တန်ဆာမ အလုပ်ကိုလည်း အလုပ်တခုအဖြစ်သာ သဘောထားပြီး လုပ်သတဲ့၊ ရသေ့ကြီးကတော့ ဘယ်တော့မှ စိတ်ကမရှင်းနိုင်ဘူးတဲ့၊ သူ့စိတ်ထဲမှာ ပြည့်တန်ဆာမ အကြောင်းဘဲ ရောက်နေသတဲ့။ တရားအားထုတ် လို့လည်းမကောင်းတော့ဘူးပေါ့၊ နောက်တော့ ရသေ့ကြီးလည်းသေ၊ ပြည်တန်ဆာမ လည်းသေ။ ရသေ့ကြီး ကတော့ သေပြီးတဲ့နောက် ငရဲပြည်ရောက်သတဲ့၊ ပြည်တန်ဆာမကတော့ နတ်ပြည် ရောက်သတဲ့။

ကျနော်လည်း ရသေ့ကြီးလို ဖြစ်မှာကြောက်လို့ ပါးစပ်ပိတ် (စားတဲ့အချိန်တော့ ဖွင့်ပါတယ်)၊နားပိတ် (သီချင်းနားထောင်တဲ့အချိန်တော့ ဖွင့်ပါတယ်)၊ မျက်စိပိတ် (ဘလော့ ရေးတဲ့အချိန်တော့ဖွင့်ပါတယ်) ပြီးတော့ နေနေရပါကြောင်း။ ကျနော်က အရှင်လပ်လပ် ငရဲပြည် မရောက်ချင်ဘူးလေ ဟဲ..ဟဲ။

လူ့စိတ်ဟာတော်တော် ဆန်းကျယ်ပါတယ်၊ ကျနော် ကစာသိပ်ရေးချင်တယ်။ ဒါပေမဲ့ မရေးဖြစ်တာများတယ်၊ ပျင်းလည်းပျင်းတယ်၊ ကိုယ်တခါတလေ ရေးဖြစ်တာလေးတွေကိုလည်း ကိုယ်ဘာသာကိုယ် မကြိုက်တာနဲ့ ချောင်သိပ်ပြစ် လိုက်တာများတယ်။

အခု ဘလော့လေးလုပ်မိမှ ဒုက္ခတွေရောက်နေတော့တယ်၊ စာမရေးရမနေနိုင်တဲ့ ရောဂါ က ဘလော့နဲ့မှ ရတော့တာ ပါဘဲဗျာ၊ ကျနော်တို့ အရင်တုန်းက စာရေးတယ် ဆိုတာလည်း အိပ်ရာ ပေါ်ဝမ်းယားမှောက် ရေးချင်ရေး၊ စားပွဲမှာရေးချင်ရေးပေါ့၊ ကုလားထိုင်ပေါ်ထိုင်ပြီး ဘာမှမရေးဘဲနဲ့ ငေးကြောင်ကြောင် လုပ်နေရင်လည်း ရောဂါ (စိတ်..စိတ်) ရပြီထင်နေမှာ ကြောက်တော့ ကိုယ့်အိပ်ရာထဲကိုယ် ခြင်ထောင်ချပြီး လူမသိသူမသိရေးရတာပေါ့၊ အိပ်ရာပေါ် ရေးတော့လည်း အိပ်ချင်တော့တာပေါ့၊ နောက်ပြီး ကျနော် ကရေးပြီးတဲ့စာဆိုရင် အမြန် မဂ္ဂဇင်းထဲမှာ ပါချင်တယ်၊ စောင့်ရတာစိတ်မရှည်ဘူး။

နောက်ပြီး ငွေကလည်း မက်သေးတယ်၊ စာမူခရတဲ့ငွေကနည်းလွန်းလို့လေ ဟဲ..ဟဲ၊ ကိုယ့်တိုင်းပြည် အခြေအနေကိုယ်မသိ၊ ကိုယ့်အခြေအနေကိုယ်မသိ၊ ခက်လိုက်ပါဘိဆိုတာ ကျနော်မှအစစ်၊ နိုင်ငံခြားက စာရေးဆရာတွေနဲ့ ကိုယ့်နဲ့ဘာဆိုဘာမှမဆိုင်တဲ့ အနေအထားကိုသဘောမပေါက်ဘဲနဲ့ စာမူခ နဲတယ်လေး၊ အယ်ဒီတာ ကဟိုဖြတ်ဒီဖြတ် လုပ်အုန်းမှာလေး ဆိုပြီး မစားရတဲ့စပြစ်သီးချဉ်နေတာလေ။

အခု ဘလော့နဲ့မှ ကျနော် စိတ်နဲ့အဆင်ပြေသွားတော့တာပေါ့၊ ရေးချင်ရာရေးပြီး အမြန်တင်ပစ် လိုက်ချင်တော့တာဘဲ၊ ဟိုဘလော့ တခုလိုပေါ့ ကိုယ့်ဘလော့ မှာ ကိုယ်သာ ဘုရင် (ဘလော့ရဲ့ ဘုရင် ပါ နော်...နော်) အရှင်သခင် ပေါ့လေ၊ အဲဒီမှာ ကိုယ်ကြိုက်တာရေးတာကို ဆင်ဆာလုပ်မဲ့ အယ်ဒီတာလည်း မရှိတော့ ကိုယ်ဘာသာ မြန်မြန်ရေးပြီး မြန်မြန်တင်ပြစ်လိုက်တော့တာဘဲ။

ဖတ်သူရှိလား၊ မရှိလားလည်းမသိ၊ သူငယ်ချင်းတွေကို အီးမေးလ် ပို့ ဖတ်ခိုင်း၊ ဂျီတော့ ထဲကနေ နားပူနားဆာတိုက်ဖတ်ခိုင်း၊ သူတို့ကလည်း နားအေးပြီးရောဆိုပြီး အင်း..အင်း ဖတ်ပါတယ်ပေါ့၊  `` ဟဲ..ဟဲ တကယ်တန်း တော့ ဖတ်ချင်မှ ဖတ်မှာပေါ့၊ အခုကိုကြည့် ရန်လုပ်ခံနေရပြီ၊ တော်တော်မကောင်းတဲ့ သူငယ်ချင်းဗျ `` ခင်ဗျားတို့လည်း ဝေးဝေးရှောင်ကြနော်၊ စတာပါဗျာ၊ ဘလော့လေးတော့ မဖတ်ဘဲလည်း မနေကြနဲ့အုန်း၊ ရေးစရာလည်း မရှိတော့ဘူး၊ ဒီ ပို့စ် အတွက်တော့ ဒီမျှ နဲ့သာပေါ့ဗျာ.........။


.
>>>ဆက်ဖတ်ရန်>>> >>

Thursday, October 8, 2009

မြန်မာပြည် ကြီး နှင့် အင်တာနက် သုံးစွဲသူများ (၁)

ဒီနေ့ ဘာဟင်းချက်ရပါ့ ဟဲ.ဟဲ ယောင်လို့၊ ဘလော့ တခုထောင်ပြီး ရေးစရာမရှိတိုင်း ဟင်းတွေကြီးချက် ချက်နေတော့ အကျင့်ပါနေလို့ပါ။

ကျနော်လည်း ရေးစရာမရှိတိုင်း blog တွေလိုက်လိုက်ဖတ်နေတော့ ၊ဘာရေးရမှန်းတောင် စဉ်းစားချိန် မရတော့ဘူး၊  အခုလည်း blog တခုကိုဖတ်ရင်းနဲ့ comment ထဲမှာ တွေ့လိုက်တဲ့ မြန်မာပြည် က သနားစရာ အင်တာနက်သုံးသူများ အကြောင်းပေါ့ဗျာ။

နိုင်ငံခြား ရောက်နေတဲ့ သူ့ သူငယ်ချင်းတွေကို email လိပ်စာပေးတော့ ဟဲ.ဟဲ မရောက်မှာ ကြောက်ရှာတော့ password လေးပါအဆစ်ထည့် ပေးလိုက်တဲ့ အကြောင်းပါ၊ အဲဒါမျိုး နောက်တယောက် ကသူလည်းကြုံဘူးကြောင်း ရေးပြထားတော့ ကျနော့် ခမျာ အသာမနေနိုင်ရှာဘဲ ကိုယ့်ဒုက္ခ ကိုယ်ရှာပြီး ကျနော်တို့ မြန်မာပြည် ကအင်တာနက်သုံးသူများ အကြောင်းကို ရေးပြ အသနားခံ အဲလေ တင်ပြလိုက်ရ ပါကြောင်း။

ကျနော် တို့က မြန်မာပြည်မှာ နေကြတယ်လေ၊ ကျနော်တို့ တိုင်းပြည်မှာ ငွေလည်းရှား၊ နည်းပညာ ဗဟုသုတကလည်း နည်းလေတော့ အင်တာနက် သုံးဘူးရင်၊ email လိပ်စာလေးတခုရှိနေရင်ကို ကိုယ်ကိုကိုယ့် အတော်ဟုတ်လှ ပြီလို့ ထင်နေတာပါဗျာ၊ တကယ်ပြောတာနော် ကိုယ်တွေ့ ကိုယ်တွေ့..။

ကျနော် အခုလို အင်တာနက်နဲ့ မနီးစပ်ခင် လွန်ခဲ့တဲ့ ၄-၅ နှစ် ကထဲက ကျနော့် ရဲ့ ဒယ်ဒီ ဖားသား ဖေဖေ က အင်တာနက် မသုံးလို့ကျနော့် ကိုအမြဲတန်း ကဲ့ရဲ့ အဲ အဲ အပြစ်တင် နေတဲ့ကြားက မနေနိုင် မထိုင်နိုင် သမီးလုပ်သူအတွက် email လိပ်စာ တခုမက အဲ အလကားပေးသမျှ အကုန်ယူ.ပြီး email တွေအများကြီး လုပ်ထားပါတယ်၊ သူလုပ်ထားသမျှ email တွေနဲ့ Password တွေကို လာပေးပြီး အင်တာနက်သုံးဘို့ အမြဲတန်း တိုက်တွန်း နှိုးဆော်နေပါတယ်။

သမီးလိမ်မာလေး ကလည်း ယောင်လို့တောင် အင်တာနက် ဆိုင်မထိုင်ဖြစ်ပါဘူး၊ အဲဒီတော့ ကျနော်ဖေဖေ ခမျာ သူလုပ်ပေးထားတဲ့ ကျနော့် email လိပ်စာလေးထဲကို သူ့ လုပ်ပေးထားတဲ့ password လေးနဲ့ သူဘာသာသူ တယောက်ထဲ ရေးချင်ရာရေးပြီး၊ တယောက်ထဲ ပြန်ပြန်ဖတ်နေမှာပေ့ါ ဟား--ဟား သနားလိုက်ပါဘိ။

ကျနော် ကလည်း email လိပ်စာလေးကို ကျနော့်ရဲ့ address card ထဲမှာ ငါ့ မှာ email လိပ်စာရှိတယ်ကွ ဆိုတဲ့အနေနဲ့ ထည့် တော့ထားပါရဲ့၊ တခါမှ လည်းကိုယ်တိုင်မသုံး၊ email ပို့သူရှိမရှိ သတိတောင်မထားမိ၊ အဲဒါ ကျနော့် ရဲ့ လွန်ခဲ့ တဲ့ တနှစ်မပြည့် ခင်က original အနေအထားအတိုင်း email လိပ်စာနဲ့ password အပေါ်မှာ အရေးထားမှု့ကိုပြောပြတာပါ။

အခုတော့ မရတော့ ဘူးနော်၊ ဟိုတလောကမှ ဖေဖေ ကမေးသေးတယ်၊ နင် password ပြောင်းထား တာလားတဲ့၊ မျက်နှာသေလေးနဲ့ ဟုတ်လို့ပြောလိုက်တယ်၊ ဘယ်ရတော့မလည်း ကျနော့်ရီးစား စာတွေဖတ်မိသွားရင် ဒုက္ခ နဲ့ လှလှ နဲ့တွေ့ကြမှာပေါ့..ဟား..ဟား...ဟား။

ကျနော် အခုလို အင်တာနက် သုံးပြီးတော့ အင်တာနက်ကြီးနဲ့ မခွဲနိုင်မခွာနိုင် ဖြစ်နေခွင့် ရတာဟာ အခြေအနေ တခုပေးလို့ သုံးစွဲခွင့် အလွယ်တကူ ရနေတဲ့ အတွက် အခုလို့ blog တွေဘာတွေထောင်စားခွင့် အဲလေ blog လေးလုပ်ပြီး မဟုတ်ကဟုတ်က တွေရေးနိုင်ခွင့် ရနေတာပါဗျာ၊ မြန်မာပြည်က လူတိုင်းဟာ အင်တာနက် ကိုလွယ်လွယ်မသုံးနိုင်ကြပါဘူး။

ခင်ဗျားတို့လို နိုင်ငံခြား ရောက်နေတဲ့ သူတွေနဲ့ ဆိုရင်တော့ နှိုင်းယှဉ် လို့တောင်ရမယ်မထင်ပါဘူး၊ ပထမအချက်က အင်တာနက် သုံးဘို့ ငွေရှိရမယ်ဗျာ၊ အနဲဆုံး တနာရီ သုံးရင်တောင် ၄၀၀ ကျပ်၊ ၂ နာရီလောက်ထိုင်မှ နဲနဲလေး အရေလည်ရုံ ဆိုတော့၊ တနေ့ ငွေ ၈၀၀ အကုန်ခံဘို့ဆိုတာ ကျနော်တို့ လူမျိုးတွေအတွက် မလွယ်လှပါဘူး၊ ဘယ်သူမှလည်း မသုံးကြဘူး။

ခင်ဗျားတို့ကတော့ ထင်မှာနော် ငွေ ၈၀၀ ဆိုတာ တဒေါ်လာ တောင်မရှိပါဘူးလို့၊ ကျနော်တို့ မြန်မာပြည်မှာ တက္ကသိုလ် က ဆရာမတယောက်တောင် တနေ့ တဒေါ်လာထက် ပိုမရပါဘူး၊ အဲဒီတော့ ကျနော်တို့ စီက ပညာတတ်တွေလို့ ပြောတဲ့ လူတန်းစားတွေတောင် သုံးချင်ပေမဲ့ ပထမ အချက်က ငွေအနေအထားကြောင့် သုံးဖို့ခက်ပါတယ်၊ ဒုတိယ အချက်အနေနဲ့တော့ အချိန်ပါဘဲ၊ မလောက်ငှတဲ့ ငွေကြေးအတွက် နည်းမျိုးစုံသုံးပြီး ငွေရှာနေရတဲ့ အသိုင်းအဝိုင်း မှာ အချိန်မပိုပါဘူး၊ အင်တာနက် ဆိုင်မှာ တနေ့ ၂နာရီလောက်ထိုင်နိုင်အောင် အချိန်မပေးနိုင်ပါဘူး။

အဲဒီတော့ ကျနော်တို့ မှာ အဲဒီအခြေအနေ တွေကြောင့် အင်တာနက် သုံးဘို့ ခက်ပါတယ်။ အဲဒီတော့ email, password ဗဟုသုတနဲကြပါတယ်၊ နောက်ပြီး သူတို့မှာ လှို့ဝှက်ချက်တွေ၊ မဟုတ်တာလုပ်တာတွေ ကိုယ်ရေးကိုယ်တာတွေ မရှိသလောက်ပါဘဲ၊ အဲဒီတော့ password ရဲ့ အရေးပါပုံ ကိုနားမလည် ကြပါဘူး၊ အဲဒီအတွက် သနားကြပါ အဲ.. နားလည်ပေးကြပါဗျာ။ ဗဟုသုတ ဖြန့်ဝေပေးကြပါ။

ဒုတိယ လူတန်းစားတရပ်ရှိပါသေးတယ်၊ မိဘ ပိုက်ဆံသုံးပြီး ကြိုက်သလောက် အင်တာနက်သုံးနေကြတဲ့ လူချမ်းသာ သားသမီးတွေပါဘဲ (တချို့ကတော့ အိမ်မှာထားသုံးကြပါတယ်)၊ တချို့ကတော့ ဆိုင်မှာ နာရီပေါင်းများစွာ သွားသုံးကြပါတယ်။ အဲဒီအတွက် ပိုက်ဆံကို နည်းနည်းလေးမှ မနှမြောကြပါဘူး။

ဒါပေမဲ့ သူတို့မှာ နည်းပညာဗဟုသုတ ဘာမှမရှိကြပါဘူး၊ ရှာဖွေဘို့လည်းစိတ်ကူးနဲနဲလေးမှ  မရှိကြပါဘူး၊  သူတို့အသုံးအများဆုံးက g talk နဲ့ vzo ပါဘဲ၊ တခါတရံ gmail သုံးပါတယ်၊ အများဆုံးကတော့ gtalk ပါဘဲ၊ ယောက်ကျားလေးနဲ့ မိန်းခလေး account တွေ အများကြီးထားပြီး လှည့်ပတ် ချက်နေကြပြီး၊ စိတ်ကူးယဉ် အင်တာနက်ကမ္ဘာထဲမှာ ပျော်မြူးနေကြလေရဲ့။ သနားတတ်ရင် ခင်ဗျားတို့ သနားလိုက်ပါ၊ မြန်မာပြည်ရဲ့ နောက်တခေတ်ကို ဦးဆောင်မဲ့  မြန်မာပြည်ရဲ့သားကောင် အဲ..သားကောင်း လေးတွေကို ကြည့်ကြည့်ပြီး မြန်မာပြည်ရဲ့ ရှေ့ရေး အတွက် ခင်ဗျားတို့ စိတ်ပူတတ်ရင်လည်း စိတ်ပူနိုင်ပါတယ်။


နောက် တချက် က myanglish ပါဘဲ၊ ကျနော်တို့ မြန်မာပြည် gtalk မှာ အများဆုံး အသုံးပြုနေကြတဲ့ မြန်မာစာ ကို အင်္ဂလိပ် အသံထွက် အတိုင်းရိုက်ထား တဲ့ စာသားတွေပါဘဲ၊ ဖတ်ရခက်ပါတယ်၊ ဖတ်နေမကြရင်ပေါ့လေ၊ သူတို့အခြင်းခြင်း ကြတော့ ဖတ်တတ်ကြပါတယ်၊ ဖတ်နေမကြတဲ့ သူတွေအတွက်တော့ နဲနဲခဲယဉ်းမယ်၊ အဲဒီအကြောင်းလေးလည်း ပြောချင်တယ်။

ကွန်ပျူတာ မှာ မြန်မာလိုရိုက်တတ်ဘို့ဆိုတာ မလွယ်ပါဘူး၊ စနစ်တကျ သင်တန်းတွေမှာ တက်ပြီးသင်ထားတဲ့ သူတွေတောင်(သင်တန်းတက်ပြီး သင်နိုင်တဲ့သူ ကလည်း တော်တော်ရှားပါတယ်) သင်တန်းမှာ မြန်မာစာ အတွက်အချိန် အများဆုံး ၁ရက်လောက်ဘဲပေးလေ့ ရှိပါတယ်၊ အဲဒါ မြန်မာပြည်ရဲ့ နံမည်အကြီးဆုံး ကွန်ပျူတာသင်တန်းတွေရဲ့ မြန်မာစာ အတွက်ပေးတဲ့ အချိန်ပါဘဲ၊ ၁ရက်ဆိုတာ သင်တန်းချိန် ၂နာရီလေးကိုပြောတာနော်၊ အဲဒီ ၂ နာရီလောက်နဲ့ မြန်မာစာကို ဘယ်လိုမှ မရိုက်တတ်နိုင်ပါဘူး၊ အိမ်မှာ ကွန်ပျူတာ ရှိရင်တော့ ဆက်ရိုက်ရင်းနဲ့ ရသွားနိုင်ပါတယ်၊ ဒါတောင် တော်တော်ဝါသနာကြီးမှပါ၊ နို့မိုဆိုရင် မီးပျက်တာ နဲ့ ကွန်ပျူတာ မသုံးနိုင်ပါဘူး။

အင်ဘတ်တာ ဆိုတာလည်း ကိုရီးယား ကားလေးကြည့်ဖို့ထားအုန်းမှကိုး ဟဲ..ဟဲ၊ နောက်ပြီး အင်္ဂလိပ် စာကလည်း ရေးနေမကြ၊ ပြောနေမကြ ရင်တော်တော်အဆင်မပြေပါဘူး၊ ကျွန်တော်တို့ မြန်မာပြည်သား မြန်မာအခြင်းခြင်းကလည်း ဘယ်သူမှ ရေးကျင့်ရအောင် ပြောကျင့်ရအောင် အားအားရားရား ဆိုပြီး ကျင့်နေတဲ့သူ အရှားသား၊ အဲဒီတော့ အင်္ဂလိပ် လိုလည်း မရေးတတ်၊ မပြောတတ်ရှာကြပါဘူး။

အဲဒီအချိန်မှာ အင်တာနက် သုံးရအောင်ဆိုတော့ သူတို့ အတွက်အဆင်အပြေဆုံးဖြစ်တဲ့ myanglish နဲ့ဘဲ သုံးကြတာ မဆန်းပါဘူး၊ အခု သူတို့ တတွေ အင်တာနက် ဆိုင်က ကွန်ပျူတာ ရှေ့ထိုင်ပြီး myanglish လေးနဲ့ ကမ္ဘာကြီးနဲ့ ဆက်သွယ် ပေးဖော် ရနေတာကိုက မဟာ မဟာ ကျေးဇူးရှင်များကို ကျေးဇူးတင်ရမှာပါဘဲ၊ ကမ္ဘာကြီးနဲ့ ဆက်သွယ် လာနိုင်တဲ့ အခွင့်အရေးလေးရလာ တဲ့အချိန်မှာ ဆက်သွယ်လာကြတာကိုက ကျနော် တို့က သူတို့ကို အသုံးပြုဖော်ရတဲ့ အတွက်ကျေးဇူးတင်နေရတာပါ။ ကျနော်ပြောနေတာ အများစုပါဘဲ၊ အနည်းစု အင်္ဂလိပ်စာကောင်းတဲ့ ကလေးတွေ၊ အင်တာနက်မှာ ကိုယ်လိုချင်တာကို နည်းအမျိုးမျိုးသုံးပြီး ရှာဖွေ နေကြတဲ့ ကလေးတွေ လည်း လူနည်းစု ရှိပါသေးတယ်၊ အဲဒီတော့ မြန်မာပြည် ကြီးကို ကယ်တင်ချင်ကြတဲ့ မဟာမဟာ ပညာရှိများ စဉ်းစားကြပါ။

ကျနော် တို့ မြန်မာပြည် က အင်တာနက် ဗဟုသုတ ချို့တဲ့သော၊ အင်္ဂလိပ်စာမကောင်းသော သနားစရာ မြန်မာကဝိ(myanglish) ကိုတည်ထွင် အသုံးပြုနေကြတဲ့ မဟာပညာရှိ ကဝိလေးများကိုသာ အရင်ကယ်တင်ဘို့ နည်းလမ်းလေး ရှာကြပါအုန်းဗျာ။ ခေါင်းကိုက်တယ် ဆိုပြီး gtalk မပြောဘဲ အဆင့်မမှီရှာ တဲ့ မြန်မာပြည်သူများကို ကျေးဇူးပြုပြီး လှစ်လှုမရှုဘဲ သူတို့ပြောချင်တာလေး တွေကို myanglish လေးသုံးပြီး ကမ္ဘာနဲ့ ဆက်သွယ်နေရှာတဲ့ သနားစရာ မြန်မာပြည်သူ တွေရဲ့ စကားလေးတွေကို နားထောင်ပေးပြီး၊ သူတို့ကိုကယ်တင်ဘို့ နည်းလမ်းလေး လည်းရှာကြပါအုန်း၊ ခင်ဗျားတို့လောက် မြန်မာပြည် ကိုချစ်တာ မရှိဘူးမဟုတ်လား။ ကျေးဇူးတင်ပါတယ်ဗျာ။

ကျနော် ပြောတဲ့ လူတန်းစားတွေက မြန်မာပြည်မှာ အင်တာနက်သုံးမယ်ဆိုရင် သုံးတတ်တဲ့၊ သုံးဘို့အခွင့်အလမ်း ရှိနေတဲ့ လူတန်းစား တွေထဲမှာအများဆုံး ရှိနေကြတဲ့ အလွှာ ၂မျိုးပါ၊ ကျနော် တို့လို့ ဟိုမရောက်ဒီမရောက်တွေလည်း အများကြီး ရှိနေသလို  ပညာရှင်လူတန်းစားတွေလည်း  မြန်မာပြည်မှာ အများကြီး ရှိနေ ပါသေးတယ်၊ ဒီပညာရှင် တွေကြောင့်လည်း ကျနော်တို့ အခုလို မြန်မာ blog တွေအသုံးပြုခွင့် ရနေကြပြီး ကမ္ဘာကြီးနဲ့ လွယ်လွယ်ဆက်သွယ် လို့ရနေတာပေါ့။ ဒါပေမဲ့ အဲဒါကတော့ လူနည်းစုပေါ့ဗျာ။

မြန်မာပြည် မှာ အဲဒီလို အင်တာနက်သုံးသူ အဆင့်အတန်းမျိုးစုံ ရှိနေပါတယ်၊
ကျနော်တို့ တတ်နိုင်တာကတော့  မြန်မာပြည် အင်တာနက် တိုးတက်ထွန်းကားရေး ဒို့ အရေး  ဒို့ အရေး.....ဒို့အရေး.......ဟေး..........ဟေး...........ဟေ။......ကြောက်...ကြောက်လိုက်တာဗျာ.........တူ ...တူသွား သလား ဟင်..ဟင်..လို့....။
>>>ဆက္ဖတ္ရန္>>> >>

Monday, October 5, 2009

ငယ်ဘဝများ(၈)နှင့် ကျနော့် ကျောင်းသားဘဝတစိတ်တပိုင်း (၁)

ကျနော် တို့ကျောင်းက အခုဆိုရင် မန္တလေးမြို့မှာ နံမည် အကြီးဆုံး ဖြစ်နေတဲ့ အ.ထ.က (၁၆) ပေါ့ဗျာ၊ ကျနော်တို့ ကျောင်းတက်စဉ် ကတော့ အခုလောက် ၁၆ ကျောင်းရဲ့ ဂုဏ်ကျက်သရေ မကြီးမားသေးပါဘူး၊ ဒါပေမဲ့ စည်းကမ်းတော့ နဲနဲကြီးစ ပြုနေပြီထင်တယ်၊ ကျနော်တို့ ၁၆ ကျောင်းက စည်းကမ်းတွေက ကျောင်းပျက်မယ် ဆိုရင် ခွင့်တိုင်ရမယ့် ကဒ်ရှိတယ်၊ အဲဒီထဲမှာ မိဘ (အုပ်ထိမ်းသူ) ရဲ့လက်မှတ် နမူနာ ပါတယ်၊ အဲဒီလက်မှတ်နဲ့ ခွင့်တိုင်ရတယ်၊ လက်မှတ် မတူရင် ကျောင်းလစ်တာ ပေါ့ဗျာ။

ကျနော့်ရဲ့ ခွင့်လက်မှတ် ကတော့ ရှယ်ပါဘဲ၊ မူရင်း လက်မှတ်ကိုက မေမေ တို့အစား ကျနော်ထိုးထားတဲ့ လက်မှတ်ဆိုတော့ ပူစရာ မလိုတော့ဘူးပေါ့၊ ကျနော် ဖေဖေဆိုရင် တခါတလေ သားသမီး တွေ ဘယ်နှစ်တန်းရောက်နေလည်း ဆိုတာတောင် ပြန်စဉ်းစားယူနေရတာဆိုတော့ ဘာပြသနာ မှမရှိဘူး၊ မေမေ ဆိုရင်လည်း လက်မှတ်မထိုး ရရင် အလုပ်ရှုတ်တောင် သက်သာသေး ဆိုတဲ့ အထဲကဘဲ ဟဲ..ဟဲ။ ကျနော်မှာ မူရင်း အော်ရီဂျင်နယ် လက်မှတ် ကြီးရှိနေတော့ ကျောင်းပျက်ချင်တိုင်း ပျက်နိုင်ပါတယ်။

ဒါပေမဲ့ ကျနော့် က မလိမ်တတ်ဘူး၊ ကျနော် ကျောင်းပျက် ချင်ရင်တော့ မေမေကို ပြောပြလိုက်ရင်ရတယ်၊ နေကောင်း လည်း မတက်ချင်ရတယ်၊ နေမကောင်းလည်း တက်ချင်ရတယ်။ အခွင့်အရေး အပြည့်အဝ ရတယ်။ တခါတလေ အားလုံး ကျောင်းသွားကြတော့ မေမေတယောက်ထဲ အိမ်မှာ ပျင်းနေတော့ တယောက်တလေ ဒီနေ့ကျောင်းမသွား ဘူးလို့ ပြောရင် မေမေ ပျော်နေတာ (တကယ်ပြောတာပါ မယုံမရှိနဲ့)။

ကျနော် ကျောင်းသက်တန်း မှာ ရုံးခန်းမှာ ၂ကြိမ် မိဘ ဝန်ခံလက်မှတ် ထိုးရပါတယ်၊ ရုံးခန်းရောက်တဲ့ ပထမ ပြသနာက ကျနော်သူငယ်ချင်းက အပြင်သွားချင်တာ အဲဒါကျနော် ကို ထမင်းစားဆင်းတဲ့ အချိန်မှာ အဖော်ခေါ်လို့လိုက်သွားတာ၊ ကျောင်းတက်ချိန် အမှီပြန်မရောက်တော့ ရုံးခန်းရောက်တော့တာပေါ့။ ကျောင်းအုပ်ကြီးနဲ့ အတန်းပိုင်ဆရာမ နဲ့စစ်ဆေးမေးမြန်းခန်းပေါ့၊ ကျနော် ကတော့ ဘာမှဖြေစရာမရှိဘူး၊ သူငယ်ချင်း အဖော်ခေါ်လို့လိုက်တယ်ပေါ့၊ အဲဒါနဲ့ မိဘကိုယ်တိုင် ဂတိ ဝန်ခံချက် လက်မှတ်ထိုးရမယ် ဆိုပြီး မိဘခေါ်ခိုင်းပါတယ်၊ အဲဒီမှာ ကျနော် စိတ်ညစ်သွားပါပြီ၊ ကိုယ် ရှုတ်ရှုတ်ရှက်ရှက် လုပ်တာ မေမေ လက်မှတ် လိုက်ထိုးရရင်ဒုက္ခရောက်တော့ မှာဘဲဆိုပြီး စိတ်ညစ် သွားတယ်၊ ဒါပေမဲ့ မရပါဘူး မေမေ လက်မှတ်လိုက်ထိုး ရတယ်။

ဒုတိယ အကြိမ်ကတော့ ရုပ်ရှင် သွားကြည့်တာ သူငယ်ချင်းတယောက်နဲ့ ရုပ်ရှင်က ရုံတင် နောက်ဆုံးရက် ဆိုတော့ ကျနော်လည်း တအားကြည့်ချင်နေတော့ မေမေကိုခွင့်တောင်း ပြီး သွားကြည့်တာပါ၊ ကျနော် ကျောင်းပျက်တာ မေမေ သိတယ်၊ ဒါပေမဲ့ ကျောင်းကတော့ ကျောင်းလစ်တာဘဲပေါ့။ နောက်နေ့ ကျနော်တို့ ရုပ်ရှင်ကြည့်တာ ကျောင်းကသိသွားတော့ ရုံးခန်းခေါ်ပါတယ်၊ ခုံရုံးတင် စစ်ဆေးတယ်ပေါ့ဗျာ၊ ကျနော် ကတော့ အမှန်အတိုင်းဘဲ မေမေသိတယ်ပေါ့၊ မေမေ ပြောပြီးမှ သွားပါတယ်ပေါ့၊ဒါပေမဲ့ သူငယ်ချင်း ကတော့ သူ့ ချစ်ချစ်အဖော်လေးလည်း ပါတော့ မရတော့ဘူး၊ ကျောင်းထုတ်ခံ ရပါတယ်၊ ကျနော် ကတော့ last warning အဖြစ် လက်မှတ်ထိုးရပါတယ်၊ ကျနော် လည်းအဲဒီက စပြီးနဲနဲ ခြေငြိမ် သွားတယ်။ ကိုယ် နဲ့ ပြိုင်မိုက်မဲ့လူမှ မရှိတော့တာကိုး။

အခုဆိုရင်တော့ ကျနော်တို့ ၁၆ ကျောင်းက ခွင့်လက်မှတ်နဲ့ကို မရတော့ဘူးလို့ပြောတယ်၊ လူကြီးကိုယ်တိုင် လိုက်ပြီး ခွင့်တိုင်ပေးရတယ်၊ သူငယ်တန်း ကလေးလည်း ဒီအတိုင်းဘဲ၊ မိဘတွေ အလုပ်ရှုတ်တာပေါ့၊ ဒါပေမဲ့  မိဘတွေ ကိုယ်တိုင် ကအဲဒီလို့ လုပ်ရတာကို ကျေနပ်၊ ဂုဏ်ယူနေတဲ့ စိတ်ရှိတယ်၊ မလိုအပ်တဲ့ စည်းကမ်း လိုက်နာတာဟာ လုပ်ပိုင်ခွင့် အလွဲသုံးစား လုပ်တာကို အားပေးရာ ရောက်တယ် ဆိုတာ သား၊ သမီးဇောနဲ့ မေ့နေပုံရတယ်။

ကျနော် တို့ခေတ်က ကျောင်းနေရတဲ့ပုံစံကို ကျနော်ပြောပြရအုန်းမယ်၊ ကျနော့် ကိုမေမေက ကျနော် ကျောင်းသိပ်နေချင်လို့ လိုက်အပ်ပေးတော့ အသက်မပြည့်လို့လက်မခံဘူး၊ နောက်တနှစ်မှ ကျောင်း စတက်ရတယ်၊  သူငယ်တန်းမှာ ၂နှစ်တက်ရတယ်၊ သူငယ်တန်းကြီး၊ သူငယ်တန်းလေးပေါ့၊ ၁တန်း၂တန်း ရောက်တော့ ကျနော့် အောက်က အငယ်တွေလည်း ကျောင်းစတက်ကြပြီ၊ စတက်တဲ့ အချိန်မှာ အငယ်တွေ ကိုမေမေဘဲ ကျောင်းလိုက်အပ်ပေးသလား၊ သို့မဟုတ် ကျနော်ဘဲ ကျောင်းအပ်ပေးခဲ့ရသလား ဆိုတာ သိပ်မမှတ်မိတော့ဘူး။

၄တန်းရောက်တဲ့ အချိန်မှာတော့ ကျနော် မှတ်မိသွားပြီ၊ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော့် အောက်အငယ် ၂ယောက်ကျောင်းအပ်တာ အဲဒီအချိန်မှာ ကျနော်ကျောင်းအပ်ပေးရတော့ ကျောင်းဝင်ကြေးက ၃ယောက်စလုံးအတွက်ပေးလိုက်တယ်၊ တကယ်က မောင်နှမ ၃ယောက် ဆိုရင် တယောက်အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ပေါ့ဗျာ၊ ဖြတ်ပိုင်း ထဲမှာ ရေးထားတယ်၊ ကျနော် ကလည်းကလေး ဆိုတော့ ဘယ်သိပါ့ မလည်း အားလုံးအတွက်ဒီအတိုင်းဘဲ ပေးပြစ်ခဲ့တာပေါ့။

မောင်နှမ ၃ ယောက်စလုံး ဒီကျောင်းမှာရှိပါတယ်၊ တယောက်အတွက်လျှော့ပေးပါတို့ ဘာတို့ ဘယ်ပြော တတ်ပါမလည်း၊ သိလည်း ဘယ်သိ ပါ့မလည်း၊ နောက်တော့ မှ ကျေးဇူးရှင်မိဘ နှစ်ပါးကသိပြီး ပြန်တောင်းခိုင်းတယ်ဗျာ၊ ကျနော့် စိတ်ညစ်ရတာပေါ့၊ ဒါကြောင့် လည်းမှတ်မိနေတာပေါ့၊ ကျောင်းအပ် ပေးတာတောင် လွန်လှပြီ၊ အခုပေးပြီးသား ပိုက်ဆံပြန်တောင်းခိုင်းတာဆိုတော့ ကျနော်မှာ တအား စိတ်ညစ်ရတာပေါ့၊ ဒါပေမဲ့ ရအောင်တော့ တောင်းပေးခဲ့ပါတယ်။

အဲဒါကျနော် ၄တန်းနှစ်ကနော်၊ ကိုယ့် အောက်က အငယ်၂ယောက်ကို ကျောင်းအပ်ပေးပြီး ပိုသွားတဲ့ ပိုက်ဆံတောင် ပြန်ရအောင် တောင်းပေး တတ်နေပြီ၊ မေမေ တို့ကတော့ ကျနော့် တို့ အတန်းပိုင် ဆရာမတွေ ဘယ်သူတွေလည်း၊ ကျနော်တို့ အခြေအနေ ဘယ်လို့လည်းဆိုတာ ကျနော်တို့ ပြောပြမှသိရတာ၊ ကျောင်းကဆရာမ ဘယ်လို ပြောလိုက်တယ်၊ report card ပေးလိုက်တယ်၊ လက်မှတ် ထိုးပေးပါတို့ ဘာတို့ဆိုတာ ကျနော်တို့ ကတဆင့် မိဘတွေ သိရတာပါ။ 

အခုခေတ်ကလေးတွေ ကတော့ မိဘက အားလုံးကို လိုက်လုပ်ပေးရတယ်၊ စာမေးပွဲ ဖြေပြီး ရတဲ့ အမှတ်က စပြီး၊ နောက်ဆုံး position ထိ မိဘပြောမှ သား၊သမီးတွေကသိရတယ်၊ (မိဘဆရာပူးပေါင်း တာ နဲနဲ လွန်သွားတယ် ထင်တယ်)ကိုယ် ကိုယ်တိုင်လုပ်ထားတဲ့ ၊ လုပ်နေတဲ့ အလုပ်တွေကို ကိုယ့်ထက်အရင် မိဘတွေကတဆင့် ကိုယ်သိရတာကို လုပ်ရိုးလုပ်စဉ် တခုအဖြစ် သဘောထားကြတယ်၊ မိဘတွေရော ကလေးတွေကရော ဆရာ၊ ဆရာမတွေကရောပေါ့ဗျာ၊ ပြောရရင်တော့ ကလေးတွေမှာ လည်းအစွမ်းမရှိ တော့ဘူး၊ မိဘတွေကလည်း လုပ်ပိုင်ခွင့်တွေကို ဘောင်ကျော်ပြီးလုပ်တယ်။

ဆရာ၊ ဆရာမတွေနဲ့ မိဘတွေပူးပေါင်းပြီး ကလေးတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်တယ်လို့ ကျနော် မြင်ပါတယ်၊ ပြောရရင်တော့ အစွမ်းအစနဲသော ကလေးများအဖြစ်မိဘနဲ့ဆရာ ပူးပေါင်းပြီး လုပ်ကိုင်နေကြ တယ်ပေါ့။ ခင်ဗျားတို့များ အဆင်သင့်ရင် အထက ကျောင်းတကျောင်းရဲ့ ကျောင်းဆင်းချိန်၊ ကျောင်းတက်ချိန် ကိုနဲနဲလောက် လေ့လာကြည့်လိုက်ပါလား၊ အကုန်လုံးနားလည် သွားလိမ့်မယ်။

ကိုယ့် ကလေးထက် အရေးကြီးသော တန်ဘိုးရှိသောအလုပ် မရှိတော့သလိုဘဲ အလုပ်ရှုတ် နေကြတာလေ၊ ကလေးတွေက အဖိုးတန်ပါတယ်၊ ဒါပေမဲ့ အစွမ်းအစရှိသောကလေးများ၊ အနာဂတ်ကို ဦးဆောင်နိုင်သော ကလေးများ ဖြစ်ပေါ်လာရေး က ပိုပြီးအဖိုးတန်ပါတယ်။ အဲဒီ အတွက် မိဘများနဲ့ ဆရာများ ပူးပေါင်းဆောင်ရွက် သင့်ပါတယ်။ ကိုယ့် ကလေးတွေကို လိုအပ်တာထက်ပိုမိုပြီး ဂရုစိုက်ခြင်းအားဖြင့် ကလေးတွေမှာ အစွမ်းအစနဲသွားမယ်၊ လုပ်ရည်ကိုင်ရည် မရှိသောကလေးများ၊ ဆုံးဖြတ်ချက်မချရဲသော ကလေးများ အဖြစ်ကြီးပျင်းလာပြီး မြန်မာပြည်ရဲ့ အနာဂတ် ဟာ ပိုမိုပြီး ပျက်စီးသွားပါလိမ့်မယ်။ ဒါကတော့ ကျနော့် ထင်မြင်ချက်ပါ။

ကျနော် ဟိုတလောက reader digest  magazine ထဲက ဆောင်းပါးလေး တပုဒ် ဖတ်လိုက်ရတယ်၊ ဖေဖေ နဲ့ အတူတူဖတ်တာပါ၊ ကျနော် အင်္ဂလိပ်စာက very poor ပါ (ဒါက ကြော်ငြာ အကြွားလေးလေ) ဟဲ...ဟဲ၊ အဲဒီ ဆောင်းပါးလေးရဲ့ ရည်ရွယ်ချက်ကို ကျနော် နဲနဲလောက် ရှင်းပြချင်တယ်။

ကလေးများကို ပျင်းဖို့(ငြီးငွေ့)ဖို့ အချိန်လေး ပေးဖို့ပါဘဲ၊ နဲနဲလေး နားရှုတ်သွားလားမသိဘူး၊ ကလေး တွေက ပျင်းနေတော့ သူတို့မှာ စဉ်းစားစရာ အချိန်လေးတွေရှိလာပြီး၊ သူတို့ စဉ်းစားတတ်လာမယ်၊ လေ့လာ စူးစမ်းလာမယ်၊ အဲဒီ အချိန်မှာ သူတို့ရဲ့ဆန်းသစ်သော အသိဉာဏ်များ၊ အတွေးအခေါ်များ၊ စူးစမ်း လေ့လာမှု့ များကို ရရှိနိုင်မယ်ပေါ့။ ကလေးများ တွေးခေါ်စဉ်းစားဖို့၊ ပျင်းရိငြီးငွေ့ဖို့ အချိန်တွေကို ပေးမထားဘဲ အချိန်ကိုက် time table များပြုလုပ်ပေးထားတဲ့ မိဘများ အတွက်စဉ်းစားစရာပါ၊ ကိုယ်ရဲ့ ကလေးကို သာမန် ဘဲဖြစ်စေချင်လား၊ ဒါမှမဟုတ် ........စဉ်းစားစရာတွေပါဘဲ။ ကျနော် ဆောင်းပါး ပြန်ရှာလို့ရရင် မူရင်းကိုတင်ထားပေးပါမယ်။

ဆက်ရန်
.
>>>ဆက္ဖတ္ရန္>>> >>

Friday, October 2, 2009

ကျနော်သိတဲ့မန္တ္တလေး (၂) နှင့် မန္တလေးကဘုရားပွဲများ

ဒီနေ့ ဆိုင်မှာ သမီးတွေက မနက်စာ ဝက်သားနဲ့ ကျောက်ဖရုံသီး သပြွန်းဟင်းချက်တယ်၊ ပိတ်စွယ်ချဉ်ကို ကျော်တယ်၊ အရင်က အိမ်မှာ ပိတ်စွယ်ချဉ် စားလေ့မရှိဘူး၊ အခုကျနော်တို့ ဆိုင်မှာ ချက်စားတော့ အခုနှစ်ပိုင်း မန္တလေးမှာ ခေတ်စားလာတဲ့ ပျံကျဈေးလေးတွေကို သွားမှ အဲဒီအချဉ်ကိုတွေ့ဘူးတာ၊ စားလို့ကောင်းလို့ ညီမ ကလည်း အမြဲတန်း တွေ့ရင်ဝယ်လာတယ်၊ လပ်ဆတ်မှ စားလို့ကောင်းတယ်၊ ကျနော်တို့ ကြာဇံဟင်းထဲ ထည့်လေ့ရှိတဲ့ ပိတ်စွယ် ဖြူဖြူနုနုလေး တွေကို အချဉ်တည်ထားတာ ကျော်စားရင် စိမ့်ပြီးချဉ်ဖြုန်းဖြုန်းလေး စားလို့ ကောင်းတယ်။

ညနေစာ ဘာဟင်းချက်မလည်းလို့ မေးတော့ ဝက်သား ကျန်တာနဲ့ ဂေါ်ရခါးသီးနဲ့ သပြွန်းပြန်ချက်မယ်တဲ့  ကျနော်လည်းစိတ်ပိန်သွားတယ် ညမနက် သပြွန်းတော့ မစားချင်တာနဲ့ ဝက်သားဟင်းလေးချက်မယ် လုပ်တော့ သရက်သီးခြောက်ကမရှိဘူး၊ ဒါနဲ့ ဝက်သား ရိုးရိုးဘဲချက်လိုက်ရတယ်၊ ဝက်သားချက် ရင်းနဲ့ ကျနော် ဘလော့ထဲမှာ ကျနော်တို့ မန္တလေး မှာ ချက်လေ့ချက်ထရှိတဲ့ ဝက်သားဟင်းလေးချက် ချက်လိုက်အုန်းမယ်လို့ စိတ်ကူးရတယ်။ သူငယ်ချင်းတွေ ငိုနေရအောင်လေ၊ ကျနော် ရဲ့နိုင်ငံခြားရောက် သူငယ်ချင်းတွေ ကျနော့် ဘလော့ဖတ်ပြီး ငိုရတယ်ဆိုလို့လေ၊ သူတို့မျက်ရေတွေ ကိုချူယူရမယ်၊ ဟဲ..ဟဲ။


ကျနော်တို့ မေမေ က ဟင်းချက်ကောင်းတယ်၊ အချဉ်တည် တာတို့၊ ဝိုင် ဖောက်တာတို့ လည်းတတ်တယ်၊ Christmas ရောက်ရင် သူကိုယ်တိုင် စိမ်ထားတဲ့ ဝိုင်ကို နှစ်ယောက်ထဲ သောက်လေ့ရှိတယ်၊ ဟား...ဟား။ ကျနော်တို့ ခိုးသောက်ထားတဲ့ ကျန်တာကိုမှပါ။


ကျနော် ရဲ့ ဘလော့ဖတ်တဲ့ သူငယ်ချင်းတွေကို တောင်းပန်ရအုန်းမယ်၊ ကျနော်က မန္တလေးသူ ဆိုပေမဲ့ ဆရာဆူးငှက် တို့လို မန္တလေးဗဟုသုတ လည်းမကြွယ်ဝ၊ ဆရာ သိုက်ထွန်းသက်တို့၊ ဆရာညိုထွန်းလူတို့၊ ဆရာဝင်းစည်သူုတို့လို ဆရာမျိုးတွေနဲ့ တခြားမန္တလေးက စာရေးဆရာကြီးတွေလို့  အနုပညာအား ကလည်း မကောင်းတော့ သည်းညည်း ခံပြီးတော့ ဖတ်ကြပါလို့။


ကျနော်တို့ မန္တလေး က ရပ်ကွက်တွေမှာ နှစ်စဉ် ဘုရားပွဲ ကျင်းပလေ့ရှိတယ်၊ သီတင်းကျွတ် ပြီးတဲ့ အချိန် ကစပြီးတော့ တောက်လျှောက်ပေါ့၊ ကျနော် တို့ ရပ်ကွက် ဆိုရင် ရန်မျိုးလုံရပ်ကွက်လို့ ခေါ်တယ်၊ အဲဒီရပ်ကွက်ထဲမှာ မှ သူ့လမ်းသွယ်လေးနဲ့သူ ဘုရားပွဲ လုပ်လေ့ရှိတယ်၊ ကျနော်တို့ လမ်းဆိုရင် လှည်းတန်း လို့ခေါ်တယ်၊ အခု အစိုးရ လက်ထက်မှာ နံမည်လှလှလေး ပြောင်းပေးထားတယ်၊ သရဖီလမ်း တဲ့။

ကျနော်တို့ ရပ်ကွက်တွေက ဘုရင် လက်ထက်ကလက်လုပ် လက်စား တွေသာနေလေ့ ရှိတဲ့ မြို့အစွန်အဖျားက ရပ်ကွက်တွေထင်တယ်၊ လှည်းထောင်တဲ့ လူတွေ အနေများတဲ့လမ်းကို  လှည်းတန်း၊ ရေစည်လှည်း ဆွဲတဲ့သူတွေအနေများတဲ့ လမ်းကိုရေစည်တန်း၊ မြေနက်ရွာက လူတွေအနေများတဲ့ လမ်းကို မြေနက်တန်း၊ မုံတီတန်း စသည်စသည်ဖြင့်ပေါ့လေ ....။

အဲဒီလို နံမည်လေး တွေရှိတဲ့ လမ်းသွယ်လေး တွေကလည်း ဘုရားပွဲ နှစ်စဉ်လုပ်လေ့ရှိတယ်၊ ရပ်ကွက်ကြီးတခုမှာ အဲဒီလိုလမ်းသွယ် တွေအများကြီးရှိတော့  ည ညဆို ဘုရားပွဲက ဆိုင်းသံဘုံသံတွေနဲ့ မနက်မနက် ဆိုရင်တော့ ဘုန်းကြီးတွေ စာရေးတံမဲဖောက် တဲ့အသံတွေကို တဆောင်းတွင်း လုံးလိုလို ကြားရလေ့ရှိတယ်၊ ကျနော်တို့ လှည်းတန်းဆိုရင် အိမ်ခြေ ၁၀၀လောက် ဘဲရှိမယ်၊ လူတွေကလည်း လက်လုပ်လက်စားတွေများပါတယ်၊ ဒါပေမဲ့  ဘုရားပွဲကို နှစ်စဉ် အပြိုင်အဆိုင် ကျင်းပ နိုင်တယ်၊ အပြိုင်အဆိုင်လို့ ပြောရတာကတော့ဗျာ ကျနော်တို့ မန္တလေးမြို့မှာ မျိုးချစ်စိတ် အတော်များတဲ့ လူတွေတော်တော်ပေါတယ်၊ တိုင်းပြည်ခြင်း ယှဉ်ရင် ကိုယ့် မြန်မာပြည်၊ မြို့ခြင်းယှဉ်ရင် ကိုယ့်မန္တလေးမြို့၊ အဲဒီလိုဘဲ ရပ်ကွက်ခြင်းယှဉ်ရင်လည်း ကိုယ့်ရပ်ကွက် ကလုပ်တာမှ အကောင်းဆိုတော့ ဘုရားပွဲလုပ်တဲ့ နေရာမှာလည်း အပြိုင်အဆိုင်တွေပေါ့ဗျာ။

ပွဲငှားတဲ့ အချိန်က စပြီးတော့ပေါ့၊ ဒို့ရပ်ကွက်က အောင်ကျော်ညွန့် ၊ ဒို့ရပ်ကွက်ကတော့ မြို့တော်သိန်းအောင်က တပြားမှ မလျှော့ဘူးဆိုတာမျိုးတွေပေါ့၊ စာရေးတံမဲ ဆိုတာလည်းရှိသေးတယ်၊ ဘုန်းကြီးတပါးကို စာရေးတံမဲ တခုနဲ့ သပိတ်တလုံးယူရတယ်၊ စာရေးတံထဲမှာ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက်လှုကြတယ်၊ ကျနော်တို့ ငယ်ငယ်ကဆိုရင် စာရေးတံထဲမှာ ဧကုတင်တွေ၊ ဘီရိုတွေပါတယ်၊ စောင်တွေ ၊ ခြင်ထောင်တွေ မျက်နှာသုပ် ပဝါအကြီးကြီးတွေ နောက်ပြီး ပိုက်ဆံတွေကို ပဒေသာပင်သီး တာတွေလည်းပါသေးတယ်၊ သိတ်မတတ်နိုင်တဲ့ သူတွေ နဲ့ ကထိကထ သိပ်မခံနိုင်တဲ့ သူတွေကတော့ ပြကဒိန်မှာ ပိုက်ဆံကပ်ပေး လိုက်ကြတာပေါ့၊ မနက်ဆိုရင် ဘုန်းကြီးတွေကို မဲဖောက်ပေးတယ်၊ ကိုယ့်အိမ်ကစာရေးတံလှူတဲ့ဘုန်းကြီး ဘာပေါက်လည်း ဆိုတာ ရပ်ကွက်ထဲက အိမ်တွေကလည်း သိချင်တော့ စာရေးတံမဲဖောက်တဲ့ ဇရပ်လေးနားမှာ လူတွေအုံလို့ပေါ့ ဗျာ၊ ဘုန်းကြီးတွေကလည်း ရင်ခုန်သံ တွေမြန်လို့ပေါ့၊ ကိုယ့်ဘုန်းကြီးများ ကောင်းကောင်း ပေါက်သွားရင် အော်လိုက်ရတာဆူညံလို့။

ဒီရပ်ကွက်ထဲမှာ ဒီလိုရပ်ကွက်သားခြင်း အနီးအနားက ဘုန်းကြီးကျောင်းက ဒါမှမဟုတ် ရပ်ကွက်ထဲမှာ ဆွမ်းခံကြွလေ့ရှိတဲ့ ဘုန်းကြီးတွေကိုဘဲ ကိုးကွယ်ကြတာ ဆိုတော့ များသောအားဖြင့် ဘုန်းကြီးတပါးကို စာရေးတံ မဲ ၃၊ ၄ ခုလောက် ရလေ့ရှိတယ်၊ ကျနော်တို့ ကလေးတွေ ကတော့ ကိုယ့်ဘုန်းကြီးစွန့်ကျဲမယ့် ငှက်ပျောသီးဖီး တို့ မုံတို့ပြကဒိန်တို့ ဘာတို့ကို မျှော်ကိုးရင်းနဲ့ ဘုန်းကြီးရလာမဲ့ ပစ္စည်းတွေကို ကူသည်ပေးရတာပေါ့။

ကျနော်တို့ စာရေးတံမဲယူတဲ့ အိမ်တွေက ဆွမ်းဟင်းနဲ့ဆွမ်းတွေကို သပိတ်နဲ့လောင်းလှုတဲ့အချိန်မှာ သပိတ် အဖုံးကိုသုံးလေ့မရှိဘူး၊ ငှက်ပျောသီးဖီးတို့ လက်သုပ်ပဝါတို့ မုန့်ထုတ်တို့လိုမျိုးတွေနဲ့ သပိတ်အဖုံးလုပ်ပေးလိုက်လေ့ရှိတယ်၊ ဆွမ်းဟင်းဝတ်ခွက်တွေ ကိုလည်း ငှက်ပျောရွက်နဲ့ဘဲ ထိုးလေ့ရှိတယ်။ အဲဒီအချိန်မှာမှ ကျနော်ရဲ့ ဝက်သား ဟင်းလေးချက်က ချက်ဘို့ အချိန်ရောက်လာပါပြီ၊
ကျနော်တို့ အိမ်မှာတော့ ဘုရားပွဲ ဆိုရင် ဝက်သားအိုးကြီးချက်၊ ဒါမှမဟုတ် ဝက်သားဟင်းလေးချက် ချက်လေ့ရှိတယ်။

အဲဒီအချိန်မှာမှ များများနဲ့ ကောင်းကောင်းစားရတာဆိုတော့ ကျနော်တို့ကတော့ တအားပျော်တယ်၊ ရပ်ကွက်ထဲက အိမ်တွေက များသောအားဖြင့် ဘုရားပွဲမရောက်ခင် တရက်ထဲက ဝက်သား တို့ဘာတို့ကို ကြိုတင်ပြီး order မှာထားလေ့ ရှိတယ်၊ အသားကောင်းကောင်း သုံးထပ်သားတို့ ပေါင်သားတို့ ဘာတို့ပေါ့ဗျာ၊ မေမေ စပြီးဟင်းချက်ကထဲက ကျနော်တို့က ဘေးကနေဝိုင်းရှုတ် အဲလေ ဝိုင်းကူပြီး ပျော်နေကြပြီပေါ့၊ မေမေ ကဝက်သားချက်ပြီဆိုရင် အတုံးအကြီးကြီးတွေ အရင်တုံးထားတယ်။

ပြီးတော့မှ  ပဲငံပြာရည်၊ ကြက်သွန်နီဥ လေးစိတ်စိတ်၊ ကြက်သွန်ဖြူ အမြှောင်းလိုက်၊ ဂျင်း၊ ခရမ်းချဉ်သီး ကတော့ နဲနဲဘဲထည့်တယ်၊ နောက်ပြီး ကြာညို့နည်းနည်း၊ အရောင်တင်၊ ဆနွင်းနဲနဲ ထည့်ပြီးတော့ မှ ရောနဲ တယ်၊ ပြီးမှ ဆီတွေ အများကြီးလောင်းထည့်၊ ရေ နည်းနည်းထဲပြီး စတည့်ပါပြီ၊ ပြီးတော့ မှ ဝက်သား နူးအိလာတဲ့ အထိ ရေနည်းနည်း ခြင်းထည်ထည့် ပြီး တည်တာ၊ ဝက်သားတွေက နူးအိနေပြီး အနှစ်တွေ အများကြီးနဲ့ စားလို့ အရမ်းကောင်းပါတယ်။

နောက်တခါ ဟင်းလေးချက် တဲ့ နှစ်တွေဆိုရင်လည်း၊ ဆီဖြူသီး တွေအရင်ပြုတ်၊ ဆီဖြူသီး တွေနူးအိနေမှ အစေ့ထုတ်ပြီး ငရုတ်ဆုံနဲ့ကြေနေအောင် ထောင်းရပါတယ်၊ နောက်တခါ မေမေက သရက်သီးစိမ်းတွေ ပေါ်ချိန်ကြရင် ပါးပါးလှီးပြီး အခြောက်လှမ်းထားတဲ့ သရက်သီးခြောက်တွေ ရှိပါတယ်၊ ဈေး ထဲမှာလည်း သရက်သီးခြောက်ရောင်းပါတယ်၊ ဒါပေမဲ့ ကိုယ့်အိမ်မှာ လှမ်းတဲ့ သရက်သီးခြောက်က ပိုကောင်းပါတယ်၊ သရက်သီးခြောက် လှမ်းမယ်ဆိုကထဲက သရက်သီးအမျိုးအစားကို ရွေးဝယ်ရပါတယ်၊ အမျိုးမကောင်းတဲ့ တောသရက်တွေဘာတွေဆိုရင် အနံမကောင်းဘူး၊ အနှစ်ရရင်လည်း မကောင်းဘူး၊ နောက်ပြီး ကိုယ်အိမ်မှာ ကိုယ်လှမ်းတာဆိုတော့ သန့်ရှင်းတာပေါ့ဗျာ၊ ဟိုအခြောက် ဒီအခြောက် တွေမပါ တော့ဘူး ပေါ့။

ခုနက သရက်သီးခြောက် တွေကိုလည်းပြုတ်၊ နူးလာတဲ့ အချိန်ကြမှ ညက်နေအောင်ထောင်း၊ ဝက်သား ကတော့ ခုနက လိုဘဲပြင်ဆင်ရတာဘဲ၊ ဒါပေမဲ့ ကြက်သွန်နီ လျှော့ထည့် ခရမ်းချင်သီး မထည့်ရတော့ဘူး၊ ဝက်သား တော်တော်နူးနေမှ ခုနကထောင်းထားတဲ့ ဇီးဖြူသီး၊ သရက်သီး တွေကိုထည့်ရပါတယ်၊ ပြီးမှ ရေထည့်ပြီး ဆီများများထည့် ရပါတယ်၊ ဟင်းလေးချက်ကတော့ ဆီတော်တော် ထည့်ရတယ်၊ နောက်ပြီး သူက အကြာကြီး ထားလို့ရတယ်၊ ကျက်လို့စားတဲ့အချိန်ကြရင်လည်း အရသာက တအားကောင်း ပါတယ်။

ဘုရားပွဲ မှာ ဆိုရင် ကျနော် တို့မေမေက အဲဒီလို ဝက်သားဟင်းကတခွက်၊ ဘဲဥကြော် (ကြက်ဥ) မဟုတ်ဘူးနော်၊ ကျနော်တို့ မန္တလေး သားတွေက ကြက်ဥဆိုရင် ကြက်သွန်တွေဘာတွေနဲ့ ကြော်လေ့ မရှိဘူး၊ မကျက်တကျက် ဆိုရင်သာ ကြက်ဥ သုံးတာ၊ ဘဲဥကြော်ရင်လည်း ကြက်သွန်နီ ပါးပါးလှီးခရမ်းချဉ်သီးပါးပါးလှီးပြီးမှ ရောမွှေပြီး အချပ်လိုက် ကြော်တာ၊ ပြီးတော့ သရက်ချဉ်သုတ်၊ ကြက်သွန်နီပါးပါးလှီး၊ ငရုပ်သီးစိမ်းပါးပါးလှီး၊ နံနံပင်တို့ဘာတို့နဲ ဆီများများ နဲ့ရောသုတ်တာ၊ တခြားဟင်း တွေကတော့ နဲနဲပါးပါး ဆွမ်းဝတ်ခွက်များရုံဘဲ၊ ဝက်သားချက် သလိုတော့ ရှယ်မဟုတ်တော့ဘူး။

သြ မေ့လို့ ငါးပိကြော် လည်းပါသေးတယ်၊ ဟဲ ဟဲ ပုဇွန်ခြောက်များများ၊ ကြက်သွန်နီနီများများနဲ့ ငပိနဲနဲ နဲ့ ရှယ်လေ၊ ဘုရားပွဲနေ့ဆိုရင် အဲဒီဟင်းနံကျွေးနံတွေက အရပ်ထဲမှာ ဖုန်းလွှမ်းနေတယ်၊ မန္တလေး ရဲ့ဘုရားပွဲအနံလေးပေါ့။ ဒါက ဘုန်းကြီး သပိတ်ထဲထည့်ဘို့နဲ့ အိမ်သားတွေ စားဘို့၊ ထမင်းကျွေး ဧည့်သည်လာရင်လည်း ကျွေးရတာပေါ့ဗျာ။


နောက်တခါ ရှိသေးတယ်၊ ဧည်သည့်တွေလာရင် ဧည့်ခံဘို့ ကျွေးမွေးဘို့၊ အဲတာကတော့ တတ်နိုင်ရင် တတ်နိုင်သလို ကျွေးလေ့ရှိတယ်၊ ကြာဇံဟင်းတို့မုန့်ဟင်းငါးတို့၊  လဘက်ရည်နဲ့မုံ တို့ ပဲမြစ်ထောင်း (အုန်းသီး မြေပဲဆံဖြူး)၊ နောက်ပြီး မုံဆမ်း၊ မုံဆမ်းကတော့ ရှယ်ပေါ့ဗျာ အုန်းသီးများများနဲ ကောင်းသလား မမေးနဲ့ နောက် ထိုးမုန့် မန္တလေး အိမ်တွေကထိုးမုန့်ကို အိမ်မှာဘဲထိုးကြတယ်၊ နောက် အုန်းနို့ ကျောက်ကျော၊ မပါမဖြစ် နောက်တမျိုးကတော့ ဇီးဖြူသီးဆားရည်စိမ်နဲ့ ငပိကြော် ပါဘဲ။

အားလုံး စားသောက်ပြီးရင် အချိုပိတ်လေ၊ ဘုရားပွဲ မတိုင်ခင်၁လလောက် ကထဲက ဇီးဖြူသီး အလုံးကြီးကြီးတွေ ဝယ်ထားပြီး ဆားရည်စိမ် ထားရတာလေ၊ အဲဒါနဲ့ ငါးပိကြော်နဲ့ ပေါ့၊ ကျနော်တို့ အိမ်မှာတော့ ကျနော် အဒေါ်တွေ အပျိုဘဝတုံးကဘဲ ဧည့်သည် ဧည့်ခံတာပါ၊ ကျနော် တို့လက်ထက်မှာတော့ ဟဲ  ဟဲ သူများအိမ် တွေ လိုက်စားတာဘဲ ရှိတော့တယ်၊ အိမ်မှာ မကျွေးတော့ဘူး၊ ကျနော်တို့ကတော့ ရင်းနီုးတဲ့ သူငယ်ချင်းတွေ လာရင် ပွဲဈေးတန်းဘဲ လိုက်ကျွေးလိုက်တယ်၊ အိမ်မှာ မေမေကလည်း ကလေးတွေနဲ့ မလုပ်နိုင် ဖေဖေ ကလည်း စကားတအားများတာ။

ဘုရားပွဲ ဖြစ်တာကို နားညည်းလို့ ဘာလို့နဲ့ရွတ်နေတာ၊ ဘုရားပွဲ ကိုယောင်လို့တောင် တချက်လဲှ့ကြည့်တာမဟုတ်ဘူး၊ မြန်မာ့ ရိုးရာစရိုက်များကို လုံးဝလက်မခံသော၊ စိတ်လည်း မဝင်စားသော အဖေ တယောက်ဆိုတော့ သူငယ်ချင်းများကို အိမ်မှာ ဧည့်မခံနိုင်ပါ၊ တခြား အရပ်များမှာ ကျင်းပသော ဘုရားပွဲများမှာတော့ သမီးလုပ်တဲ့ သူက အဝလိုက်စားလေ့ရှိပါတယ်။ ကျနော်တို့ သူငယ်ချင်းတွေက ဘုရားပွဲလိုက်စားရင် တော်ပြီနဲ့ တကယ်တော်ပြီ ကို ပြောလေ့ရှိတယ်၊ တော်ပြီ ဆိုတာ ထပ်ထည့် အုန်းဆိုတဲ့ သဘော လူကြားထဲဆိုတော့ ထည့်ပါဆိုရင်မကောင်းတော့ တော်ပြီဆိုရင် ထပ်ထည့်  ရတယ်။

တကယ်တော်ပြီဆိုမှ အထဲရပ်ရတယ်၊ ဒါကကျနော်တို့ သူငယ်ချင်းတွေရဲ့ တာဝန်နဲ့ဝတ္တရားဘဲ။ ဘုရားပွဲ မှာ တော့ များသောအားဖြင့် ဇာတ်ကြီးတွေဘဲ ငှားလေ့ရှိတယ်၊ သိပ်ပြီးစီးပွား အဆင်မပြေတဲ့ နှစ်တွေ မှာတော့ အငြိမ့်တွေဘာတွေငှားတယ်၊ တခါတလေ ကြရင်တော့ တရက်ကို တငြိမ့်နှုန်းနဲ့ ငှားလေ့ရှိတယ်၊ အငြိမ့်ကမယ်ဆိုရင်တော့ လမ်းထဲမှာ စင်ထိုးပြီးကထဲက တရပ်ကွက်လုံး ဖျာအစုတ်တွေ မိုးကာစတွေ ခုံတန်းလျှားတွေနဲ့ နေရာဦးကြတော့တာဘဲ၊ ဆူလို့ညံလို့ ပွက်လောရိုက်လို့ပေါ့၊ အဲ ဇာတ်ကမယ် ဆိုရင်တော့ ပွဲကြည့်စဉ်တွေ စဆောက်ဘို့ ဝါးလုံးကားကြီးလာချ ကထဲက ဘုရားပွဲရဲ့အနံအသက်တွေ ရနေပြီပေါ့ဗျာ။

တရပ်ကွက်လုံး ပျော်ရွှင်နေကြတာလေ၊ စဉ်ဆောက်မယ့် လူတွေလာပြီ ဆိုရင်တော့ တရပ်ကွက်လုံးအတွက်အလုပ်က စပါပြီ၊ ကလေးတွေကတော့ ဝါးလုံးတွေပေါ်တက်ဆော့၊ လူကြီးတွေကတော့ စင်ထိုးတာထိုင်ကြည့်ရင်းနဲ့ အတင်းတုတ် ကြပေါ့၊ အလုပ်ရှိရင်လည်း အိမ်ရှေ့မှာဘဲ ထိုင်လုပ်လေ့ရှိကြတယ်၊ ပဲအခွံချွတ်တာတို့ ၊ ဟင်းရွက်သင်တာတို့ပေါ့။

နောက်ပြီး စင်ထိုးတာကို ကြည့်ရင်း ` ဟေ့ ဒီနှစ်တော့ နှင်းမိုးတွေထည့်တယ်ဟ၊ မထည့်ရင်လည်း အေးလို့သေရောပေါ့တို့` `စဉ်တွေများ တယ်ဟေ့ မင်းသားက ကောင်းတာကိုးတို့` ဟာဒီနှစ် စဉ် တွေကကျဉ်းလိုက်တာတို့` ဒို့ဝယ်ရင် ဘယ်နားက ဝယ်မယ်တို့` ဘာတို့ပေါ့ဗျာ၊ အလုပ်တွေက စဖြစ်နေကြပြီ၊ စဉ်တွေထိုးပြီးတာနဲ့ စဉ်လက်မှတ် တွေ စဝယ်ကြပြီ၊ ကိုယ်ကြိုက်တဲ့ နေရာရအောင်ပေါ့၊ အဲဒီ အချိန်မှာ ကျနော်တို့တော့ မပါဘူး၊ ကျနော် ဖေဖေ နဲ့ မေမေ က ပွဲကြည့်တာ ဝါသနာ မပါတော့ ကျနော်တို့လည်း မကြည့်ရဘူးပေါ့၊ ကျနော်လည်း ဝါသနာမပါဘူး။

ဒါပေမဲ့ အားလုံး လှုတ်လှုတ်ရှားနဲ့ ပျော်ရွှင်နေကြတော့ ကြည့်ချင်တာပေါ့၊ ကျနော်တို့အိမ်ကလမ်းထိပ် တည့်တည့် မှာ ဆိုတော့စဉ်တွေဆောက်ရင်လည်း အိမ်ရှေ့တည့်တည့်မှာ ဆောက်ထားတာ၊ ပွဲကရင်လည်း အကုန် ကြားနေရတာ၊ ကျနော် တို့ကတော့ ဖေဖေ အိပ်ရင်တော့ ထွက်ကြည့် ချင်ကြည့်လိုက်တာဘဲ၊ လူရွှင်တော် ပျက်လုံးတွေကိုဘဲ ကြိုက်တာ၊ နှင်းမိုးစဉ် တွေမပါတဲ့နှစ် ဆိုရင် အိမ်ပေါ်က လှမ်းကြည့်ရင်တောင်မြင်ရတယ်၊ ဆရာဆူးငှက်တို့လို အနုပညာပါရမီမပါတော့  ဘာမှမခံစား တတ်ခဲ့ဘူး၊ ကျွဲပါး စောင်းတီးသလိုပေါ့ဗျာ။


ပျက်လုံးတွေ ဆိုလို့ပြောရအုန်းမယ်၊ ကျနော် တို့ရပ်ကွက်ထဲမှာ အငြိမ့်ထောင်တဲ့ အိမ်တအိမ်ရှိတယ်၊ ကျနော်တို့နဲ့ အရမ်းရင်းနှီးတယ်၊ လူရွှင်တော် သောင်းဒန်တို့ ဂျော်လီတို့ မိတ်ဆက်တို့ဆိုတာ တခေတ်တခါ ကမန္တလေးမှာ နံမည်ကြီးတွေပေါ့၊  အဲဒီမှာခုနပြောတဲ့ ဦးဂျော်လီက ကျနော်တို့လမ်းထဲက အငြိမ့်ထောင် ပိုင်ရှင်ပေါ့။

အဲဒီဦးဂျော်လီသမီးက ကျနော်ထက် ၅နှစ်လောက်ကြီးမယ်။ ညီမ အရင်းတွေလို နေလာကြတာ၊ မေမေတို့ရဲ့မွေးစားသမီးလိုဘဲပေါ့၊ ဝမ်းတူးတူးဝမ်း ရယ် အငြိမ့်နံမည် တွေမေ့နေတယ်၊ နောက်မှ ပြန်ပြောပြပါမယ်၊ ခေါင်းဆောင်မင်းသမီး (အခုရုပ်ရှင်မင်းသမီး ဒေါ်နွဲ့နွဲ့စန်းတို့နဲ့ အတူတူလက်တွဲ လုပ်ခဲ့ကြတာပေါ့)၊ အဲဒီ ဦးဂျော်လီ တို့ အငြိမ့်က ကျနော်တို့ လမ်းထဲမှာ တနှစ် က ပြပါတယ်၊ အဲဒီမှာ ကျနော် စပြီး ပျက်လုံးတွေကို ခံစားတတ်လာတာပါ။


အခုခေတ်မှာတော့ အဲဒီပျက်လုံးတွေက တော်တော်ရိုးသွားပါပြီ။ အဲဒီအချိန်တုန်းကတော့ အတော်ဆန်း ခဲ့တာပေါ့၊ ဦးဂျော်လီတို့ဆိုရင် အချုပ်ထဲမှာ ခဏ ခဏ အနားယူရတာပေါ့၊ ဦးဂျော်လီ ကလည်းခေသူတော့ မဟုတ်ဘူး၊ တရုပ်တို့ ရုရှား တို့ကို အနုပညာကိစ္စနဲ့ အစိုးရကစေလွှတ်တာခံရသူပေါ့၊ အဲဒီညတုန်းက လည်းရဲစခန်းက ခေါ်သွားတာခံရတယ် ထင်တယ်။


ကျနော် တို့ ကလည်းဒီညတော့ ကိုယ်သိတဲ့သူကမှာဆိုတော့ စိတ်ဝင်တစားပေါ့၊ ဦးဂျော်လီ သမီး နဲ့မိန်းမ တို့ကတော့ အရပ်ထဲမှာ ကတာကိုရှက်လို့တဲ့ သူတို့အကြောင်းဘာမှ မပြောနဲ့ပေါ့၊ ဦးဂျော်လီ ကအနုပညာရှင်စစ်စစ် ကြီးပါ မိန်းမနဲ့သမီးမှာတာမပြောနဲ့၊ ဦးနေဝင်း မှာတာတောင် နားထောင်တဲ့ သူမှမဟုတ်တာ၊ အခုပျက်လုံးကလည်း ဦးနေဝင်းနဲ့ တိုက်ရိုက် သက်ဆိုင် ပါတယ်။

ပျက်လုံးအတိအကျတော့ မမှတ်မိတော့ဘူး၊ သဘောတရားကိုတော့ မှတ်မိနေလို့ ပြောလို့ရပါတယ်၊ သူတို့ မိသားစု ကဆင်းရဲတော့ အသားမစားနိုင်ဘူးပေါ့၊ အဲဒါနဲ့ အသားစားချင်လို့ ချောင်းဘေးမှာ ငါးသွားမျှား တော့ ငါးလေးတကောင်မိခဲ့ တယ်ပေါ့။

အိမ်ရောက်တော့ မိန်းမရေ ငါးလေးကြော်ပေးပါဆိုတော့ မိန်းမက `ရှင်ရူးနေသလား ဘယ်မှာလည်း ဆီပေါ့၊ ကျုပ်တို့ လုပ်သားပြည်သူတွေ ဆီမမြင်ရတာ ဘယ်လောက်ရှိပြီ လည်းပေါ့၊ အဲဒါဆိုလည်း ငါ့ကို ဒီ ငါးလေးတော့ ရေလုံပြုတ်လေးဘဲ လုပ်ပေးပါပေါ့၊ အဲဒီတော့ မိန်းမက ငါးပြုတ်စရာ မီးသွေးလည်းမရှိဘူး ထင်းလည်းမရှိဘူး၊ ဝယ်စရာ ပိုက်ဆံလည်း မရှိဘူးဆိုတော့ `ကဲ ကဲ မိန်းမရေ ရှိစေတော့ ` ဆိုပြီး ငါးလေးကို ချောင်းထဲ ပြန်လွှတ်လိုက်သတဲ့။

ဟဲ.....ဟဲ ငါးလေးက ` မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေဝင်းကျန်းမာပါစေ၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အောင်ရမည် လို့ ဆုတောင်း ပြီး ရေကူးသွားသတဲ့ ဟား..... ဟား....ဟား။

 ကျနော့် ရဲ့ ဘုရားပွဲ ဆောင်းပါးလေးကို ဒီတင်ဘဲ တကယ်တော်ပါရစေတော့ဗျာ..

>>>ဆက္ဖတ္ရန္>>> >>