Monday, October 5, 2009

ငယ်ဘဝများ(၈)နှင့် ကျနော့် ကျောင်းသားဘဝတစိတ်တပိုင်း (၁)

ကျနော် တို့ကျောင်းက အခုဆိုရင် မန္တလေးမြို့မှာ နံမည် အကြီးဆုံး ဖြစ်နေတဲ့ အ.ထ.က (၁၆) ပေါ့ဗျာ၊ ကျနော်တို့ ကျောင်းတက်စဉ် ကတော့ အခုလောက် ၁၆ ကျောင်းရဲ့ ဂုဏ်ကျက်သရေ မကြီးမားသေးပါဘူး၊ ဒါပေမဲ့ စည်းကမ်းတော့ နဲနဲကြီးစ ပြုနေပြီထင်တယ်၊ ကျနော်တို့ ၁၆ ကျောင်းက စည်းကမ်းတွေက ကျောင်းပျက်မယ် ဆိုရင် ခွင့်တိုင်ရမယ့် ကဒ်ရှိတယ်၊ အဲဒီထဲမှာ မိဘ (အုပ်ထိမ်းသူ) ရဲ့လက်မှတ် နမူနာ ပါတယ်၊ အဲဒီလက်မှတ်နဲ့ ခွင့်တိုင်ရတယ်၊ လက်မှတ် မတူရင် ကျောင်းလစ်တာ ပေါ့ဗျာ။

ကျနော့်ရဲ့ ခွင့်လက်မှတ် ကတော့ ရှယ်ပါဘဲ၊ မူရင်း လက်မှတ်ကိုက မေမေ တို့အစား ကျနော်ထိုးထားတဲ့ လက်မှတ်ဆိုတော့ ပူစရာ မလိုတော့ဘူးပေါ့၊ ကျနော် ဖေဖေဆိုရင် တခါတလေ သားသမီး တွေ ဘယ်နှစ်တန်းရောက်နေလည်း ဆိုတာတောင် ပြန်စဉ်းစားယူနေရတာဆိုတော့ ဘာပြသနာ မှမရှိဘူး၊ မေမေ ဆိုရင်လည်း လက်မှတ်မထိုး ရရင် အလုပ်ရှုတ်တောင် သက်သာသေး ဆိုတဲ့ အထဲကဘဲ ဟဲ..ဟဲ။ ကျနော်မှာ မူရင်း အော်ရီဂျင်နယ် လက်မှတ် ကြီးရှိနေတော့ ကျောင်းပျက်ချင်တိုင်း ပျက်နိုင်ပါတယ်။

ဒါပေမဲ့ ကျနော့် က မလိမ်တတ်ဘူး၊ ကျနော် ကျောင်းပျက် ချင်ရင်တော့ မေမေကို ပြောပြလိုက်ရင်ရတယ်၊ နေကောင်း လည်း မတက်ချင်ရတယ်၊ နေမကောင်းလည်း တက်ချင်ရတယ်။ အခွင့်အရေး အပြည့်အဝ ရတယ်။ တခါတလေ အားလုံး ကျောင်းသွားကြတော့ မေမေတယောက်ထဲ အိမ်မှာ ပျင်းနေတော့ တယောက်တလေ ဒီနေ့ကျောင်းမသွား ဘူးလို့ ပြောရင် မေမေ ပျော်နေတာ (တကယ်ပြောတာပါ မယုံမရှိနဲ့)။

ကျနော် ကျောင်းသက်တန်း မှာ ရုံးခန်းမှာ ၂ကြိမ် မိဘ ဝန်ခံလက်မှတ် ထိုးရပါတယ်၊ ရုံးခန်းရောက်တဲ့ ပထမ ပြသနာက ကျနော်သူငယ်ချင်းက အပြင်သွားချင်တာ အဲဒါကျနော် ကို ထမင်းစားဆင်းတဲ့ အချိန်မှာ အဖော်ခေါ်လို့လိုက်သွားတာ၊ ကျောင်းတက်ချိန် အမှီပြန်မရောက်တော့ ရုံးခန်းရောက်တော့တာပေါ့။ ကျောင်းအုပ်ကြီးနဲ့ အတန်းပိုင်ဆရာမ နဲ့စစ်ဆေးမေးမြန်းခန်းပေါ့၊ ကျနော် ကတော့ ဘာမှဖြေစရာမရှိဘူး၊ သူငယ်ချင်း အဖော်ခေါ်လို့လိုက်တယ်ပေါ့၊ အဲဒါနဲ့ မိဘကိုယ်တိုင် ဂတိ ဝန်ခံချက် လက်မှတ်ထိုးရမယ် ဆိုပြီး မိဘခေါ်ခိုင်းပါတယ်၊ အဲဒီမှာ ကျနော် စိတ်ညစ်သွားပါပြီ၊ ကိုယ် ရှုတ်ရှုတ်ရှက်ရှက် လုပ်တာ မေမေ လက်မှတ် လိုက်ထိုးရရင်ဒုက္ခရောက်တော့ မှာဘဲဆိုပြီး စိတ်ညစ် သွားတယ်၊ ဒါပေမဲ့ မရပါဘူး မေမေ လက်မှတ်လိုက်ထိုး ရတယ်။

ဒုတိယ အကြိမ်ကတော့ ရုပ်ရှင် သွားကြည့်တာ သူငယ်ချင်းတယောက်နဲ့ ရုပ်ရှင်က ရုံတင် နောက်ဆုံးရက် ဆိုတော့ ကျနော်လည်း တအားကြည့်ချင်နေတော့ မေမေကိုခွင့်တောင်း ပြီး သွားကြည့်တာပါ၊ ကျနော် ကျောင်းပျက်တာ မေမေ သိတယ်၊ ဒါပေမဲ့ ကျောင်းကတော့ ကျောင်းလစ်တာဘဲပေါ့။ နောက်နေ့ ကျနော်တို့ ရုပ်ရှင်ကြည့်တာ ကျောင်းကသိသွားတော့ ရုံးခန်းခေါ်ပါတယ်၊ ခုံရုံးတင် စစ်ဆေးတယ်ပေါ့ဗျာ၊ ကျနော် ကတော့ အမှန်အတိုင်းဘဲ မေမေသိတယ်ပေါ့၊ မေမေ ပြောပြီးမှ သွားပါတယ်ပေါ့၊ဒါပေမဲ့ သူငယ်ချင်း ကတော့ သူ့ ချစ်ချစ်အဖော်လေးလည်း ပါတော့ မရတော့ဘူး၊ ကျောင်းထုတ်ခံ ရပါတယ်၊ ကျနော် ကတော့ last warning အဖြစ် လက်မှတ်ထိုးရပါတယ်၊ ကျနော် လည်းအဲဒီက စပြီးနဲနဲ ခြေငြိမ် သွားတယ်။ ကိုယ် နဲ့ ပြိုင်မိုက်မဲ့လူမှ မရှိတော့တာကိုး။

အခုဆိုရင်တော့ ကျနော်တို့ ၁၆ ကျောင်းက ခွင့်လက်မှတ်နဲ့ကို မရတော့ဘူးလို့ပြောတယ်၊ လူကြီးကိုယ်တိုင် လိုက်ပြီး ခွင့်တိုင်ပေးရတယ်၊ သူငယ်တန်း ကလေးလည်း ဒီအတိုင်းဘဲ၊ မိဘတွေ အလုပ်ရှုတ်တာပေါ့၊ ဒါပေမဲ့  မိဘတွေ ကိုယ်တိုင် ကအဲဒီလို့ လုပ်ရတာကို ကျေနပ်၊ ဂုဏ်ယူနေတဲ့ စိတ်ရှိတယ်၊ မလိုအပ်တဲ့ စည်းကမ်း လိုက်နာတာဟာ လုပ်ပိုင်ခွင့် အလွဲသုံးစား လုပ်တာကို အားပေးရာ ရောက်တယ် ဆိုတာ သား၊ သမီးဇောနဲ့ မေ့နေပုံရတယ်။

ကျနော် တို့ခေတ်က ကျောင်းနေရတဲ့ပုံစံကို ကျနော်ပြောပြရအုန်းမယ်၊ ကျနော့် ကိုမေမေက ကျနော် ကျောင်းသိပ်နေချင်လို့ လိုက်အပ်ပေးတော့ အသက်မပြည့်လို့လက်မခံဘူး၊ နောက်တနှစ်မှ ကျောင်း စတက်ရတယ်၊  သူငယ်တန်းမှာ ၂နှစ်တက်ရတယ်၊ သူငယ်တန်းကြီး၊ သူငယ်တန်းလေးပေါ့၊ ၁တန်း၂တန်း ရောက်တော့ ကျနော့် အောက်က အငယ်တွေလည်း ကျောင်းစတက်ကြပြီ၊ စတက်တဲ့ အချိန်မှာ အငယ်တွေ ကိုမေမေဘဲ ကျောင်းလိုက်အပ်ပေးသလား၊ သို့မဟုတ် ကျနော်ဘဲ ကျောင်းအပ်ပေးခဲ့ရသလား ဆိုတာ သိပ်မမှတ်မိတော့ဘူး။

၄တန်းရောက်တဲ့ အချိန်မှာတော့ ကျနော် မှတ်မိသွားပြီ၊ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော့် အောက်အငယ် ၂ယောက်ကျောင်းအပ်တာ အဲဒီအချိန်မှာ ကျနော်ကျောင်းအပ်ပေးရတော့ ကျောင်းဝင်ကြေးက ၃ယောက်စလုံးအတွက်ပေးလိုက်တယ်၊ တကယ်က မောင်နှမ ၃ယောက် ဆိုရင် တယောက်အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ပေါ့ဗျာ၊ ဖြတ်ပိုင်း ထဲမှာ ရေးထားတယ်၊ ကျနော် ကလည်းကလေး ဆိုတော့ ဘယ်သိပါ့ မလည်း အားလုံးအတွက်ဒီအတိုင်းဘဲ ပေးပြစ်ခဲ့တာပေါ့။

မောင်နှမ ၃ ယောက်စလုံး ဒီကျောင်းမှာရှိပါတယ်၊ တယောက်အတွက်လျှော့ပေးပါတို့ ဘာတို့ ဘယ်ပြော တတ်ပါမလည်း၊ သိလည်း ဘယ်သိ ပါ့မလည်း၊ နောက်တော့ မှ ကျေးဇူးရှင်မိဘ နှစ်ပါးကသိပြီး ပြန်တောင်းခိုင်းတယ်ဗျာ၊ ကျနော့် စိတ်ညစ်ရတာပေါ့၊ ဒါကြောင့် လည်းမှတ်မိနေတာပေါ့၊ ကျောင်းအပ် ပေးတာတောင် လွန်လှပြီ၊ အခုပေးပြီးသား ပိုက်ဆံပြန်တောင်းခိုင်းတာဆိုတော့ ကျနော်မှာ တအား စိတ်ညစ်ရတာပေါ့၊ ဒါပေမဲ့ ရအောင်တော့ တောင်းပေးခဲ့ပါတယ်။

အဲဒါကျနော် ၄တန်းနှစ်ကနော်၊ ကိုယ့် အောက်က အငယ်၂ယောက်ကို ကျောင်းအပ်ပေးပြီး ပိုသွားတဲ့ ပိုက်ဆံတောင် ပြန်ရအောင် တောင်းပေး တတ်နေပြီ၊ မေမေ တို့ကတော့ ကျနော့် တို့ အတန်းပိုင် ဆရာမတွေ ဘယ်သူတွေလည်း၊ ကျနော်တို့ အခြေအနေ ဘယ်လို့လည်းဆိုတာ ကျနော်တို့ ပြောပြမှသိရတာ၊ ကျောင်းကဆရာမ ဘယ်လို ပြောလိုက်တယ်၊ report card ပေးလိုက်တယ်၊ လက်မှတ် ထိုးပေးပါတို့ ဘာတို့ဆိုတာ ကျနော်တို့ ကတဆင့် မိဘတွေ သိရတာပါ။ 

အခုခေတ်ကလေးတွေ ကတော့ မိဘက အားလုံးကို လိုက်လုပ်ပေးရတယ်၊ စာမေးပွဲ ဖြေပြီး ရတဲ့ အမှတ်က စပြီး၊ နောက်ဆုံး position ထိ မိဘပြောမှ သား၊သမီးတွေကသိရတယ်၊ (မိဘဆရာပူးပေါင်း တာ နဲနဲ လွန်သွားတယ် ထင်တယ်)ကိုယ် ကိုယ်တိုင်လုပ်ထားတဲ့ ၊ လုပ်နေတဲ့ အလုပ်တွေကို ကိုယ့်ထက်အရင် မိဘတွေကတဆင့် ကိုယ်သိရတာကို လုပ်ရိုးလုပ်စဉ် တခုအဖြစ် သဘောထားကြတယ်၊ မိဘတွေရော ကလေးတွေကရော ဆရာ၊ ဆရာမတွေကရောပေါ့ဗျာ၊ ပြောရရင်တော့ ကလေးတွေမှာ လည်းအစွမ်းမရှိ တော့ဘူး၊ မိဘတွေကလည်း လုပ်ပိုင်ခွင့်တွေကို ဘောင်ကျော်ပြီးလုပ်တယ်။

ဆရာ၊ ဆရာမတွေနဲ့ မိဘတွေပူးပေါင်းပြီး ကလေးတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်တယ်လို့ ကျနော် မြင်ပါတယ်၊ ပြောရရင်တော့ အစွမ်းအစနဲသော ကလေးများအဖြစ်မိဘနဲ့ဆရာ ပူးပေါင်းပြီး လုပ်ကိုင်နေကြ တယ်ပေါ့။ ခင်ဗျားတို့များ အဆင်သင့်ရင် အထက ကျောင်းတကျောင်းရဲ့ ကျောင်းဆင်းချိန်၊ ကျောင်းတက်ချိန် ကိုနဲနဲလောက် လေ့လာကြည့်လိုက်ပါလား၊ အကုန်လုံးနားလည် သွားလိမ့်မယ်။

ကိုယ့် ကလေးထက် အရေးကြီးသော တန်ဘိုးရှိသောအလုပ် မရှိတော့သလိုဘဲ အလုပ်ရှုတ် နေကြတာလေ၊ ကလေးတွေက အဖိုးတန်ပါတယ်၊ ဒါပေမဲ့ အစွမ်းအစရှိသောကလေးများ၊ အနာဂတ်ကို ဦးဆောင်နိုင်သော ကလေးများ ဖြစ်ပေါ်လာရေး က ပိုပြီးအဖိုးတန်ပါတယ်။ အဲဒီ အတွက် မိဘများနဲ့ ဆရာများ ပူးပေါင်းဆောင်ရွက် သင့်ပါတယ်။ ကိုယ့် ကလေးတွေကို လိုအပ်တာထက်ပိုမိုပြီး ဂရုစိုက်ခြင်းအားဖြင့် ကလေးတွေမှာ အစွမ်းအစနဲသွားမယ်၊ လုပ်ရည်ကိုင်ရည် မရှိသောကလေးများ၊ ဆုံးဖြတ်ချက်မချရဲသော ကလေးများ အဖြစ်ကြီးပျင်းလာပြီး မြန်မာပြည်ရဲ့ အနာဂတ် ဟာ ပိုမိုပြီး ပျက်စီးသွားပါလိမ့်မယ်။ ဒါကတော့ ကျနော့် ထင်မြင်ချက်ပါ။

ကျနော် ဟိုတလောက reader digest  magazine ထဲက ဆောင်းပါးလေး တပုဒ် ဖတ်လိုက်ရတယ်၊ ဖေဖေ နဲ့ အတူတူဖတ်တာပါ၊ ကျနော် အင်္ဂလိပ်စာက very poor ပါ (ဒါက ကြော်ငြာ အကြွားလေးလေ) ဟဲ...ဟဲ၊ အဲဒီ ဆောင်းပါးလေးရဲ့ ရည်ရွယ်ချက်ကို ကျနော် နဲနဲလောက် ရှင်းပြချင်တယ်။

ကလေးများကို ပျင်းဖို့(ငြီးငွေ့)ဖို့ အချိန်လေး ပေးဖို့ပါဘဲ၊ နဲနဲလေး နားရှုတ်သွားလားမသိဘူး၊ ကလေး တွေက ပျင်းနေတော့ သူတို့မှာ စဉ်းစားစရာ အချိန်လေးတွေရှိလာပြီး၊ သူတို့ စဉ်းစားတတ်လာမယ်၊ လေ့လာ စူးစမ်းလာမယ်၊ အဲဒီ အချိန်မှာ သူတို့ရဲ့ဆန်းသစ်သော အသိဉာဏ်များ၊ အတွေးအခေါ်များ၊ စူးစမ်း လေ့လာမှု့ များကို ရရှိနိုင်မယ်ပေါ့။ ကလေးများ တွေးခေါ်စဉ်းစားဖို့၊ ပျင်းရိငြီးငွေ့ဖို့ အချိန်တွေကို ပေးမထားဘဲ အချိန်ကိုက် time table များပြုလုပ်ပေးထားတဲ့ မိဘများ အတွက်စဉ်းစားစရာပါ၊ ကိုယ်ရဲ့ ကလေးကို သာမန် ဘဲဖြစ်စေချင်လား၊ ဒါမှမဟုတ် ........စဉ်းစားစရာတွေပါဘဲ။ ကျနော် ဆောင်းပါး ပြန်ရှာလို့ရရင် မူရင်းကိုတင်ထားပေးပါမယ်။

ဆက်ရန်
.

3 comments:

နောင်ကြီး said...

ကျွန်တော်လဲ ၁၆ ကျောင်းသားပါ အာပေးနေပါတယ်

me said...

၁၆ ကျောင်းသားဟောင်းခြင်း တွေ့ရတာ ၀မ်းသာပါတယ်၊ အားပေးတာ ကျေးဇူး တင်ပါတယ်။

Anonymous said...

ကလေးတွေကို ပျင်းရိငြီးငွေ့ချိန်လေး ပေးဖို့အကြောင်းကို မမလေးရေးပေးထားတာ ဖတ်ဖူးတယ်။


ချစ်ညီမလေး