မန်းမှာ နေပူပူနဲ့ဆိုတော့ ဘယ်မှ မသွားဖြစ် မလာဖြစ်ပါဘူး ဒါပေမယ့် စည်းစိမ် လက်ကလေး နဲ့ လျှောက်လည် နေတာ အတော်ကြာပါပြီ။ ခြေထောက်နဲ့သွားတာ မဟုတ်တော့ လူကလည်း တနေ့တခြား ဝိတ် တွေ တက်လာတာ မှန်တောင် မကြည့်ရဲပါဘူး ။
မကြီးမငယ်နဲ့ ကင်းမြီးကောက် ထောင်ပြီး လျှောက်သွားတယ် တလွဲ မတွေးကြပါနဲ့ဗျာ ။ ကီးဘုတ်ကလေး တခြောက်ခြောက် နဲ့ မျက်လုံး ဒေါက်ထောက်ပြီး လည်တဲ့အလည်ဟာ တနေ့ တနေ့ မိုင်နဲ့တွက်ရင် နဲမှာ မဟုတ်ပါဘူး။ တကယ့် ပကတိ အစစ်အမှန် နီးပါးတူတဲ့ ဘဝတွေထဲမှာ ငုတ်တုတ် ထိုင်ရင်း ပျော်စရာ ရှိ ပျော်လိုက် ဝမ်းနည်းစရာရှိ ဝမ်းနည်းလိုက် ဒေါထစရာရှိ ဒေါထလိုက်နဲ့ E သံသရာ စက်ဝိုင်းထဲ မျောနေတာ ကြာပေါ့ ။
အပြင်မှာ ဟင်း ဘယ်လောက်မကောင်း မကောင်း ဘလော့ထဲမှာ ရှယ်ချက်တင်နေကြတာဆိုတော့ ထမင်း ပန်းကန် ကိုင်ပြီး ဘလော့ရှေ့ ဖွဘုတ်ရှေ့ချပြီး စားတတ်ခဲ့ပြီ။
မျက်စေ့ အောက်ရှေ့မှောက် အလဲလဲ အပြိုပြို ဖြစ်သွားတဲ့ ဂျပန်ငလျှင်၊ မြန်မာနယ်စပ် ငလျှင်တွေ ကို ကြည့်ပြီးတော့ တရားသံဝေဂ မယူတတ်ခဲ့ပြီ။ ငလျှင်သတင်းဖတ်ရင်း စည်းစိမ်ရှင်ကတော့ ဖတ်ဘူးခဲ့တဲ့ စာတိုပေစ လေးတခုကို သတိရနေတယ်။
ရူပဗေဒ ပညာရှင် Richard Feynman ပြောတာပါ။ လူတွေက နောက်ဆုံးကျတော့ သူတို့ကို ဖျက်ဆီး ပစ်မယ့် သူတို့ ထိန်းချုပ်နိုင်စွမ်း မရှိ တဲ့ အရာ တခုကို တီထွင်ခဲ့ကြတယ်တဲ့ဗျာ။ ဘာမှ မလုပ်ခဲ့ကြရင်တော့ ကျွန်တော် တို့ဟာ နျူကလီးယား ကို ရင်ဆိုင်ရမှာ မဟုတ်ပါဘူးတဲ့ အခုတော့ မဟာပျံ့နှံ့မှုကြီးကို ရင်ဆိုင် ရမှာ ဖြစ်ပါတယ်တဲ့။
ပြီးတော့ ပြောသေး တယ် အနာဂါတ် ၂မျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်။ တခုက ဘယ်တုန်းကမှ မကြုံဖူးတဲ့ လူသား မျိုးနွယ် ပျက်သုဉ်းခြင်း၊ နောက်တခုက တနေ့တည်းမှာ မြို့ကြီး တမြို့ နှစ်မြို့ ပျက်စီး ဆုံးရှုံးပြီး လူသန်းပေါင်း များစွာ သေဆုံးသွားပြီးတဲ့နောက် လူသားတွေက လစ်ဘရယ်ဒီမိုကရေစီကို အခြေအမြစ် ကစလို့ ဖျက်ဆီး ပစ်လိုက်ပြီး လူသားမျိုးနွယ်ကို ဆက်လက်ထိန်းသိမ်းဖို့ တင်းကျပ်တဲ့ အာဏာရှင် စနစ်ဆီ ပြန်လှည့်သွားမယ့် အရေး ဖြစ်ပါတယ်တဲ့။
အိုးဟိုးးးးဒါကြောင့် စည်းစိမ်တို့က ခေတ်လွန်ကမ္ဘာထဲမှာ ရောက်နေတာကိုး။ ပြီးတော့ ပြောသေးတယ် တတိယ ကမ္ဘာဆိုတာ မရှိနိုင်တော့ဘူးလား ဆိုတော့ နျူကလီးယား ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်တာ အောင်မြင်မှု ရှိ ၊ မရှိပေါ်မှာ မူတည် နေပါတယ်တဲ့။ လူသားမျိုးနွယ် ပျက်သုဉ်းမယ့် အလားအလာ အတိအကျ ကို ဘယ်သူမှ မသိရှိ ကြပါဘူး။ ကဲကဲ …..စည်းစိမ်တို့ စောင့်ကြည့်ရုံမှ တပါး မတတ်နိုင်ပြီ။
နှစ်တိုင်းနှစ်တိုင်း တကယ့် အစစ်အမှန်မဟုတ်တဲ့ ကမ္ဘာလေးထဲကနေ ထွက်ခွါပြီး အစစ်အမှန် ကမ္ဘာလေးထဲက ရိပ်သာကို စည်းစိမ် သွားပါတယ်။ တကယ်တော့ ကိုယ်သိချင်တာလေးတွေကို လက်ကလေး တချက်လှုတ်လိုက်တာနဲ့ သိနေတဲ့အချိန်မှာကိုယ့်စိတ်ကလေး ကိုယ်နားလည်ဖို့ ကိုယ့်ခန္ဓာ အကြောင်း သိဖို့တော့ ကျင့်ကြံနေကြရအုံးမှာပါ။ ( ကလစ်တချက်နှိပ်ရုံနဲ့ သိ မသိ အပြည့်အစုံ ဖတ်ချင် သူတွေ အတွက် လင့် ခ် လေးပါ... http://smartchinateam.com/2011/03/13/data-mining-how-companies-now-know-everything-about-you-by-joel-stein-time-com/
တကယ်ဆိုရင် စာရေးတာထက် ဖတ်ရတာပိုကြိုက်ပါတယ်။ ယခု လတ်တလောဖတ်တဲ့ အထဲက ဒါန နဲ့ပတ်သတ် တာလေး တခု တွေ့တယ်ဗျာ။ စိတ်ပျော်ရွှင်မှုကလွဲပြီး ဘာဆိုဘာမျှမရှိပါဘူးတဲ့။ သြစတေးလျ နိုင်ငံသား သန်းကြွယ်သူဌေးလေးက သူ့ရဲ့ူပိုင်ဆိုင်မှုတွေ အားလုံးကို တခြားသူတွေကူညီဖို့နဲ့ သူ့ကိုယ်သူ အတွက် စွန့်လွတ်တယ်ဆိုဘဲ။ အင်း ဒီစာလေး ဖတ်ပြီး စည်းစိမ်က သနားနေတာ။ အမယ် မင်းကများ ရာရာစစ ဒီလောက် အများကြီး စွန့်လွတ် ထားတဲ့သူ ကိုများ သနားနေရသေး ဟုတ်စ။
ပင်ပမ်းကြီးစွာ ရှာဖွေပြီးတော့ ချမ်းသာကြွယ်၀ လာရော အဲဒီချမ်းသာတာကြီးက ပျော်ရွှင် ချမ်းမြေ့မှုကို မဖန်တီး ပေးပါဘူးတဲ့ဗျာ။ (ချမ်းသာသောသူများ သတိရှိပါကုန်။ စည်းစိမ်တို့တော့ နာမည်သာ ရှိတာဗျို့ ကြားဖြတ် ကြော်ငြာဝင်တာပါ။) သူပိုင်ဆိုင်သမျှတွေကို ရောင်းချပြီးတော့ ဆင်းရဲချို့တဲ့သူတွေကို ကူညီ ထောက်ပံ့မှုတွေ ပေးမယ်။ သူဌေးလေးကတော့ ဘာကိုမှ မပိုင်ဆိုင်လိုတော့ပါဘူး။ ဒါပေသိ သူ့ရဲ့ ဘဝသစ်ကလည်း စိတ်ဝင်းစားဖို့ ကောင်းတယ်ဗျ တောင်တန်းတွေပေါ်မှာ နေဖို့အတွက် အဝတ်အစားနဲနဲ၊ စာအုပ်သေတ္တာ ၂လုံးနဲ့ လက်တော့ တလုံးယူသွားမယ်ဆိုဘဲ။
ဒီလက်တော့ကြီးရှိနေမှတော့ဗျာ ဒုက္ခအိုးလေး ရှိသလိုနေမှာပါဘဲ။ (ဒါကြောင့် သနားတယ်ပြောတာပါ)။ သူတို့ရဲ့ အမြင့်ဆုံးလုပ်နိုင်တာက ဒါနဘဲရှိတာကိုး ဘာဝနာ အဆင့်ထိမှမရှိတာ။ ကျွန်တော် ရိပ်သာ သွားတာ ကို အမတော်ကလည်း ဒုက္ခအိုးလေးသယ်သွားခိုင်းနေပါတယ်ဗျား။ ဒီဒုက္ခအိုးလေးရှိနေမှတော့ ဘယ်လိုသွားပြီး အားထုတ်တော့မလဲဗျာ နော။ သူဌေးလေး နဲ့ လူသားအားလုံး ခန္ဓာ့အကြောင်းသိဖို့ ကျင့်ကြံ ကြိုးကုတ် အားထုတ်နိုင်ပါစေ။
မူရင်း ဖတ်ချင်တဲ့သူတွေအတွက်တော့ လင့်လေးတွေထည့်ပေးထားပါတယ်။ Nothing but Joy (RD Dec 2010) ကပါ ။ http://www.rdasia.com/nothing-but-joy
ကိုယ်သိချင်တာ ဘာမဆို ကီးဘုတ်ကလေးတချက်နှိပ်ရုံနဲ့ ရတယ်လို့ပြောပေမယ့် ကျွန်တော်တို့ တကယ် ဝယ်ယူလို့မရတဲ့ ကီးဘုတ်လေးနှိပ်ရုံနဲ့ မရတဲ့အရာတွေ အများကြီးပါ။ နေ့စဉ်တရားအားထုတ်တဲ့အလုပ် ၊ ဆွေမျိုးညာတကာတွေကို စောင့်ရှောက်တာ၊ လုပ်ငန်းကိုင်ငန်းတွေ တဖြည်းဖြည်းကြီးပွား အောင်လုပ်တာ သို့မဟုတ် ကျန်းမာရေးတိုးတက်အောင်လုပ်ရတာတွေ.......အများကြီးပါ။
အခုတော့ ကျွန်တော်တို့ဟာ အစစ်အမှန်မဟုတ်တဲ့ ကမ္ဘာထဲမှာ ပျော်ရွှင်နေကြတာ။ ကျွန်တော်တို့ အားလုံးက ကမ္ဘာအတုလေးရဲ့ အကျဉ်းစံလေးတွေဖြစ်မှန်းမသိဖြစ်နေကြတာ သတိပြုဖို့ ကောင်းပါ တယ်။
ကိုယ့် စိတ်အကြောင်း ကိုယ့် ခန္ဓာအကြောင်းလေးသိဖို့ ငွေတွေ အများကြီးပေးပြီးမှ ယောဂကျင့်စဉ်လိုမျိုး သင်တန်းတွေ တက်နေကြတာ၊ မြန်မာနိုင်ငံမဟုတ်တဲ့ တချို့နေရာ ဒေသ တွေမှာ ရိပ်သာဝင်ဖို့ ငွေတွေ အများကြီး ပေးကြရတာ ကို ဖတ်ရတော့လည်း တကယ်သနားပါတယ်။ ကျွန်တော်တို့ မန္တလေး မြို့ က မိုးထိအောင်စည် ရိပ်သာ လေးကို လာခဲ့ပါ။ လူ ပါဖို့ဘဲ အရေးကြီးတာပါ။ ကျန်တာ ဘာမှ မလိုအပ်ပါဘူး။ စားသောက်၊ နေထိုင် စရိတ် အစစအရာရာ အားလုံး ရိပ်သာကတာဝန် ယူပါတယ်။ ဇွန်းတပ် ပြီး အဆင့်သင့် စားသောက်နိုင်ပါတယ်။ အလှူ မခံပါဘူး။ အဓိက ကိုယ့် တာဝန်က ကိုယ့်တရားကိုယ် စိတ်အေးလက်အေး အားထုတ်ရုံပါ။ အချိန် ရရင်တော့ ဒီအလုပ်ကလေးကို လုပ်ဖို့ အတွက် ဖိတ်ခေါ် ပါတယ်။
ဘလော့ကြွလာ ဆွေသဟာများ နဲ့ ဘလော့ဂါများအားလုံး ကို လေးစားခင်မင်စွာဖြင့် နှစ်သစ် အတွက် ကြိုတင်နှုတ်ဆက် ခဲ့ပါတယ်... အားလုံး စိတ်နှလုံးချမ်းမြေ့ကြပါစေ...။
လေးစားစွာဖြင့်
စည်းစိမ်ရှင်
.