Wednesday, October 28, 2009

ငယ်ဘဝများ(၈)နှင့် ကျနော့် ကျောင်းသားဘဝတစိတ်တပိုင်း (၂)

ကျနော့် ရဲ့ဘလော့လေး ၄ ရက်နေ့ဆိုရင် ၃လသား အရွယ်ရောက် သွားပါပြီ၊ ဖတ်ရှု့အားပေးကြသော မိတ်ဆွေ သူငယ်ချင်းများအား ကျေးဇူးတင်ပါကြောင်းနှင့် သတင်းစာ အစောင် ၅၀ (အဲ ရေးလို့မရဘူးဗျ၊ တနိုင်ငံလုံး ထွက်တာမှ မြန်မာ့အလင်း၊ ကြေးမုံ၊ ရတနာပုံ၊ မန္တလေးသတင်းစာ ဟဲ.ဟဲ ၄စောင်ဗျာ) မှ၎င်း၊ CDMA ဖုန်း အလုံး ၅၀၊ GSM ဖုန်း အလုံး ၁၀ဝ တို့ဖြင့်၎င်း လူကိုယ်တိုင် လာရောက် ၍ အားပေးကြသော ကျေးဇူးရှင် (အမေပေး အဖေ၊ နှမပေး ယောက်ဖ အဲအဲ ယောင်လို့) အဘ တို့အား၎င်း e-mail လိပ်စာ ၁၀ဝ နှင့် Internet ဆိုသော ဘာကြီးမှန်း မသိမှ အားပေးကြသော ... အမလေးဗျာ သတင်းစာ လေး၂ရက်လောက် ဆက်ဖတ်လိုက် မိပါတယ် ....အကျင့်တွေ ကူး သွားလိုက်တာ ....မြန်လိုက်တာ မြန်လိုက်တာ...ဟဲ..ဟဲ။ အချုပ်အားဖြင့်ဆိုရသော် အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကျနော် ပုံပြင်လေး တပုဒ် ဖတ်မိတယ်ဗျာ ဘလော့တွေထဲမှာလား မဂ္ဂဇင်း တွေထဲမှာလား မသိတော့ ဘူး၊ အတိအကျ မပြောနိုင်တဲ့ အတွက် ကျနော့် ရဲ့ မှတ်ဉာဏ်လေးကိုသာ ဝိုင်းပြီး ရန်လုပ်ကြပါတော့။ ကျနော် ကတော့ ရေးစရာရှိတာ ဆက်ရေးရအုန်းမှာပါဘဲ။

အဲဒီပုံပြင်ထဲမှာဗျာ မျှားပစ်ပြိုင်ပွဲလုပ်တယ်ပေါ့၊ အပစ်ခံတဲ့လူက ဘုရင်ရဲ့ ကိုယ်ရံတော်ပေါ့ သူ့ခေါင်းပေါ်မှာ ပန်းသီးတလုံး တင်ထားတယ်ဗျာ။ ပထမ တယောက်ထွက်လာတယ်၊ ပန်းသီးလေးကို မှန်အောင်ပစ် နိုင်တယ်၊ ပရိသတ်က ဝိုင်းပြီးလက်ခုတ်တီး အားပေးကြတယ်၊ အဲဒီအခါမှာ မျှားပစ်သမားက ဂုဏ်ယူဝံ့ ကြွားစွာနဲ့  I am အာနိုး ပေါ့၊ တခါနောက်တယောက် ထွက်လာပြန်တယ်၊ သူကလည်း အဲဒီလိုဘဲ ပန်းသီးလေး ပြုတ်ကြသွားတဲ့ အခါမှာ ပထမ တယောက်လိုဘဲ I am ရမ်ဘို ပေါ့။

နောက်ဆုံး ကျနော်တို့ရဲ့ ဇာတ်လိုက်ကြီး ထွက်လာပါပြီ၊ သူကလည်း အသေအချာဘဲ ချိန်ပြီးတော့ ပစ်လိုက်တယ်ဗျာ၊ တည့်တည့်ကြီးပါဘဲ၊ ကိုယ်ရံတော်ရဲ့နုလုံးသားကို အဲဒီတော့ ကိုယ်ရံတော်လည်း ပက်လက်လန်ပြီး သေသွားတော့တာပေါ့၊ ပရိသတ်ကြီးကလည်း ဘာပြောရမှန်း မသိဘူး၊ ကြောင်နေကြ တာပေါ့၊ ဒါပေမဲ့ ဇာတ်လိုက်ကြီးကတော့ မကြောင်ဘူးဗျ၊ I am sorry ဆိုပြီးတော့ ခပ်တည်တည်နဲ့ ပြန်လှည့် ထွက်သွားတာပေါ့။

ကျနော် ပြောချင်တာကတော့ဗျာ ကျနော်လည်း အင်တာနက်က သူများဘလော့ တွေ ဝက်ဘ်ဆိုက် တွေမှာ ရေးထားတာတွေဖတ် ပရိသတ်ရဲ့ အားပေးသံတွေကို သဘောကြပြီးတော့ ဘလော့လေးထောင်ပြီး ဟိုရေးဒီရေး ရေးလိုက်မိတာ ၃ လ ပြည့်ပါတော့မယ်။ အဆင့်မမှီဘူး ထင်ရင်လည်း ခင်ဗျားတို့ကတော့ အားနာလို့ ဘာမှပြောမှာမဟုတ်ဘူး၊ ကျနော်ကတော့ ခပ်တည်တည်ဘဲ I am sorry ပါဘဲ ဗျာ....ဟား..ဟား။

ကျနော့်ရဲ့ ဒီနေ့ post ကတော့ အလယ်တန်း ကျောင်းသားဘဝတုန်းက ၊ ကျနော့်ရဲ့ အူလည်လည် လုပ်ပုံတခုနဲ့ ကျနော့်ရဲ့ အချစ်ဆုံးဆရာ ဆရာကြီး ဦးဝင်းလှိုင် အကြောင်းကို ပြောချင်တယ်ဗျာ။ ကျနော်တို့ ၁၆ ကျောင်းထွက်တွေ ဆိုရင်အားလုံးသိကြမှာပါ၊ ဆရာကြီးက ကျောင်းမှာ သင်္ချာသင်တာပါ၊ အသင်လည်း အရမ်းကောင်းသလို သဘောလည်း အရမ်းကောင်းပါတယ်။ ရီစရာလည်းတအား ပြောတတ် ပါတယ်။ ကျောင်းသားတွေကိုလည်း တော်တော်ချစ်ပါတယ်။ တရုပ်အမျိုးသားပါ။

ကျနော်တောင် ဆရာကြီးကို အတုယူပြီးသင်္ချာယူခဲ့တာပါ။ ဘလော့ထဲမှာ ဆရာကြီးအကြောင်းရေးရမှာ ဆိုတော့ ဖားထားရတာပေါ့ဗျာ။

ဆရာကြီးက အခုရှိပါသေးတယ်၊ အမေရိကားမှာ သားသမီးတွေနဲ့ လိုက်နေပါတယ်၊ ကျနော်တို့ အထက ၁၆ ဆရာကန်တော့ပွဲဆိုရင်တော့ ပြန်လာတယ်ပြောပါတယ်၊ ကျနော်လည်း ဆရာကန်တော့ပွဲကို တခါမှ မရောက်ပါဘူး။ ဆရာကြီးနဲ့ မတွေ့တာနှစ်ပေါင်းများစွာ ကြာသွားပါပြီ။

ဆရာကန်တော့ပွဲ ဆိုရင်ကျနော်လည်း ကန်တော့ချင်ပါတယ်။ ဒါပေမဲ့ ကျနော် က ၁၆ ကျောင်းရဲ့ဂုဏ်ကို လည်းမဆောင်နိုင်ဘူး၊ ငွေကြေးအရလည်း ဘိုင်ကောင်ဆိုတော့၊ အရေးမလုပ်တာလား မသိပါဘူးဗျာ။

ဆရာကန်တော့ပွဲ ကို ကျနော်ဘယ်တော့မှ မသိလိုက်ပါဘူး။ အလကား စတာပါဗျာ။ သူငယ်ချင်း ဟောင်းတွေနဲ့ကို အဆက်အသွယ်ပြတ်နေတာပါ။ အခု ကျနော့်ဘလော့ကို အားပေးနေတဲ့ ၁၆ ကျောင်းသားဟောင်း ကိုနောင်ကြီး တို့ရေ အခုသိသွားရင် ဆရာကန်တော့ပွဲရက်ကလေး ကိုသိချင်ပါတယ်၊ အလှုငွေလေး လည်း ထည့်ချင်ပါတယ်ဗျာ။

ကဲပြန်စလိုက်ကြရအောင် ကျနော် ၈တန်းနှစ်ကပေါ့၊ အဲဒီတုန်းက ကျနော်က ရှပ်အင်ကျီ ဘဲအမြဲဝတ် ပါတယ်၊ နေတာထိုင်တာလည်း free စတိုင်ဆိုတော့ ဆရာ၊ ဆရာမတွေ အမြင်မှာတော့ သိပ်မကြည်ဘူး ပေါ့ဗျာ၊ တကယ်တော့ ကျနော်က တော်တော် အ ပြီး ဘာမှ  လည်လည်ဝယ်ဝယ် မရှိပါဘူး။

နောက်ပြီး ကျနော်နဲ့ တွဲနေတာလည်း ခင်စန်းလွင် ဆိုတဲ့ခပ်ချောချော သူငယ်ချင်းပါ။ ကျနော် ကစာသင်ရင် နောက်ဆုံးတန်းမှာ သူနဲ့အမြဲတွဲထိုင်ပါတယ်။ သူ့နားလေးမှာ ပူးပူးကပ်ကပ်ပေါ့ဗျာ၊ ကျောက်သင်ပုံး ပေါ်စာရေးရင်လည်း ကျနော်က ကျောက်သင်ပုန်းကို မကြည့်ပါဘူး၊ မြင်လည်းမြင်မှ မမြင်ရတာ၊ အဲဒီတော့ သူ့ထဲကကြည့်ပြီးတော့ စာတွေကူးနေရတာကိုးဗျ။  အဲဒါကြောင့် သူနားကို ကပ်ရတာပါ၊ အဲဒါကို ဆရာက မကြည်ဘူးဗျာ။

ကျနော်ကစာကို တကယ်မမြင်ရတာပါ၊ အဲဒါကို ကျနော်လို အတီးအတ ကလည်း မျက်စေ့မှုံနေမှန်း မသိဘူး၊ သူများမြင်ရပြီး ကိုယ်ဘာကြောင့် မမြင်ရလည်း ဆိုတာလည်း မစဉ်းစားဘူး။ ခုနပြောသလိုဘဲ သူငယ်ချင်းစာအုပ်ထဲကဘဲ လိုက်ကူးနေတာဘဲ။ နောက်ဆုံးဘယ်အချိန်မှ သိသလည်း ဆိုတော့ ကျောင်းကျန်းမာရေး အဖွဲ့က ကျောင်းသားတွေကို ဆေးစစ်တဲ့ အချိန်ကြမှ အဲဒီ အဖြစ်မှန်က ပေါ်သွားပါတယ်။

မျက်စေ့လည်း စစ်တာကိုးဗျ။ အဲဒီကြမှ ကျနော်ဟာ မျက်စေ့တအားမှုံ နေတာ သိရပါတယ်။ အဲဒီကထဲက တတ်လိုက်ရတဲ့ -၂၅၀° နဲ့ မျက်မှန်ဟာ အခုထိတတ်ရတုန်းပါဘဲ။ ကလေးဖြစ်ပြီး ပါဝါလည်းများတယ်။ ဒီလောက်အချိန်ထိ မျက်စိမှုန်နေတာကို မိဘတွေ မသိလို့ဆိုပြီး ဆရာဝန်တွေက အပြစ်တင်ပါတယ်။

ကျနော်ကတော့ ဘယ်သူဘာပြောပြော မျက်မှန်လေး တတ်လိုက်တဲ့ အချိန်က စပြီးတော့ အမြင်သစ်တွေနဲ့ လောကကြီးတခုလုံး လှပသွားတော့ တာပါဘဲဗျာ။ တချိန်လုံး လောကကြီးတခုလုံးကို မှုံဝါးဝါးကြည့် လာတာ ကိုးဗျ။ အဲဒီလောက်ထိ ကျနော် အူလည်လည် နေခဲ့တာပါ။

အဲဒါနဲ့ ခုနက ဆရာနဲ့ပြသနာ ဆက်လိုက်ကြရအောင်၊ ကျနော် လည်းဆရာ့အချိန်မှာ ဆရာစာရှင်းပြတာကို နားထောင်နေရင်း မျက်စေ့ကတော့ သူငယ်ချင်းထဲက လိုက်ပြီးစာကူးနေတာပေါ့ဗျာ။ အဲဒီအချိန်မှာ သူငယ်ချင်း က တစခန်း ထပါတယ်။

ဟေ့ ဟေ့ နင်ဘာအနံရလည်းတဲ့၊ ကျနော် လည်း နှာခေါင်းလေး ဟိုရှုံဒီရှုံ လုပ်ပြီး မရပါဘူးဆိုတော့၊ အဲဒါဆို နမ်းကြည့်စမ်း ဆိုပြီး စာသင်ခုံပေါ် ခေါင်းလေး မှောက်ပြီး လည်ပင်းလေး စောင်းပေးတယ်ဗျာ၊ ကျနော်လည်း နဲနဲတော့ မွှေးသလိုလိုရှိသားဆိုတော့၊ မချောက တခါ လက်ကလေး နောက်ပစ်ပြီး ရင်ဘတ်ကို ကော့ပေးတယ်ဗျာ၊ ငါ့ရင်ဘတ်မှာ လည်းစွတ်ထားတယ် မွှေးကြည့်အုန်း ဆိုတော့ ကျနော်လည်း မွှေးကြည့်တာပေါ့။

သူ့ပါးစပ်ကလည်း ပြောလိုက်သေးတယ် အဲဒါ ငါတို့အမ ဝယ်လာတဲ့ ပြင်သစ် ရေမွှေးအစစ်တဲ့၊ အဲဒီတော့ မှ ကျနော်လည်း အမွှေးနံ ရသွားပြီးတော့ ခပ်ပြင်းပြင်းလေး မွှေးလိုက်မိတယ်ဗျာ။ ဆရာ ဦးဝင်းလှိုင် ကအဲဒါတွေကို ဘယ်အချိန်ကထည်းက ကြည့်နေမှန်းမသိပါဘူး။ မြင်သွားတယ်ဗျာ ..ဟဲ..ဟဲ၊

အဲဒီတော့ ဆရာက စာသင်တာကို ရပ်ပြီးတော့ ကျောက်သင်ပုန်းပေါ်မှာ ငှက်၂ကောင် နှုတ်သီးခြင်း တေ့နေတဲ့ ပုံကိုဆွဲလိုက်တယ်ဗျာ။ ပြီးတော့ မြေဖြူ ကို အခန်းအပြင်ကို လွှတ်ပစ်လိုက်တယ်။ ပါးစပ်ကလည်း ကီသွင်းပြီးအော်လိုက်တယ်၊ ဟေ့နောက်ဆုံးတန်းက ကောင်မလေး ၂ ယောက်တဲ့။

ကျနော်လည်း လန့်သွားတာဘဲ၊ အားလုံးကလည်း ဝိုင်းရီကြတာပေါ့။ ကျနော် လည်းအူလည်လည်နဲ့ ကိုယ်နဲ့ ဘာမှမဆိုင်သလိုနဲ့ ခတ်တည်တည်နဲ့ လိုက်ရီလိုက်ရတာပေါ့၊ ဘယ်လို ရှင်းပြရမှန်းလည်း မသိပါဘူးဗျာ။ အားလုံး အရီရပ်သွားတဲ့ အချိန်ကြမှ ဆရာက စာဆက်သင်ပါတယ်။

ဆရာက အဲလို အဲလို သဘောကောင်းတာပါဗျာ။
စာကြွင်း (ဆရာက ပုံဆွဲ ဝါသနာပါတယ်ဗျ။ အဲဒီလိုဘဲ အခွင့်အခါသင့်လာရင် ပုံတွေဆွဲ ဆွဲပြီး တပည့်တွေကို သူဘယ်လောက်ပုံဆွဲ တော်တယ်ဆိုတာ ပညာပြလေ့ရှိပါတယ်။)

ကျနော်လည်း တကယ်ဆို ဒီအဖြစ်အပျက်ကို မေ့နေပါပြီ၊ ဒါပေမဲ့ ဒီနေ့ မနက်စောစော ပြစ်သစ် ဂိုက်လုပ်တဲ့ သူငယ်ချင်းရောက်လာပြီး သူ့ကိုပြင်သစ်မတယောက်က ရေမွှေး ပုလင်းလက်ဆောင် ပေးတယ် တဲ့၊ အနံမရဘူးလားတဲ့၊ ကျနော့်ရဲ့ အနံခံမကောင်းတဲ့ နှာခေါင်းကြီးကလည်းဗျာ သုံးစားလို့ကိုမရပါဘူး၊ အင်းမရဘူး ဆိုတော့ အဲဒါဆို ဒီနားမွှေးကြည့် ဆိုပြီး လက်လေး၂ ဘက်နောက်ပစ်လို့ ရင်ဘတ်ကလေး ကော့ပေး ပြန်ပါတယ်။

ကျနော်လည်း ထုံးစံအတိုင်း မွှေးရပြန်တော့ တာပေါ့ဗျာ။ အင်းမွှေးတယ်ဗျာ၊ သင်းသင်းလေးလို့။ အဲဒီတော့ မှ မချောက ကျေနပ်တော်မူသွားတယ်။ အဲဒါ တတောင်လောက် ရှိတဲ့ပုလင်းကြီးတဲ့ဗျ။ ဟား..ဟား။ ဒီတခါတော့ ဂျောက်ပေါက်ကြဘို့ လမ်းမရှိတော့ပါဘူး။

ဒါပေမဲ့ စိတ်ကလေးက အတိတ် ကို ပြန်ရောက်သွားတော့ ဆရာကြီးဦးဝင်းလှိုင်ကိုလည်း သတိရသွားတယ်၊ သူငယ်ချင်း ခင်စန်းလွင် ကိုလည်းသတိရသွားတာနဲ့ ဒီပို့စ် လေးကို ရေးဖြစ်သွားတာပါ။

တကယ်လို့များ ခင်ဗျားတို့စိတ်မဝင်စားဘူးဆိုရင်တော့ I am sorry ပါဗျာ လို့ပြောရင်း ရပ်နားလိုက်ပရစေ တော့ဗျာ။

1 comment:

Anonymous said...

ဟေ့....ဘယ်သူတွေ ဘာပြောပြော ငါကတော့ဂရုမစိုက်ဘူး....ဆက်ရေးမှာပဲကွ...(ယောင်ပီး လေသံတွေတောင်ကူးစက်ကုန်ပီ....)


ချစ်ညီမလေး