
မာနနှင့်ဒေါသ ပေါင်းစပ်ထားတဲ့ အကြင်နာမဲ့တဲ့နှုတ်ခမ်းများ၊ ညစ်ညမ်းတဲ့ စကားသံများသာ ထွက်ကျလေ့ရှိတဲ့ ရက်စက်တဲ့ နှုတ်ခမ်းတစ်စုံကရော၊ အားလုံးထဲမှာ ကျမ ရှာဖွေနေတဲ့ နှုတ်ခမ်းတစ်စုံ ကတော့ ခပ်ဖျော့ဖျော့တောင် တွေ့မလာပါဘူး၊ ကျမ မုန်းတီးတဲ့နှုတ်ခမ်းများကသာ ကျမ ခန္ဓာကိုယ်အနှံအပြားမှာ....၊ ကြောက်ရွံခြင်း၊ နာကြင်ခြင်းတွေနဲ့ ကျမ သေဆုံးသွားခဲ့ပြီလား...၊ မသတီစရာကောင်းလှတဲ့ နှုတ်ခမ်းတွေ ကျမ နှုတ်ခမ်းပေါ် ပြိုကျလာချိန်မှာတော့ မွန်းကျပ်ခြင်း၊ နာကြင်ခြင်းနဲ့ ရွံရှာခြင်းတွေ ပေါင်းစပ်ပြီး ပြို့တက်လာတဲ့ အန်ပစ်လိုက်ချင်တဲ့စိတ်တွေကို ထိမ်းလို့ မရတော့ဘူး၊ ကျမ အားရပါးရ အန်ပစ်လိုက်တယ်၊ ရွံရှာခြင်းများ၊ ကြောက်ရွံခြင်းများ၊ အားလုံး..........အားလုံး ပါသွားကြစမ်းပါ၊
အန်ဖတ်တွေထဲမှာ ကျမ ဝိုးတဝါးတွေ့လိုက်တာက ချစ်တတ်တဲ့နှလုံးသားတစုံနဲ့ ကလီစာများ၊ ဒါတွေမရှိမှ ကျမ အသက်ရှင်နိုင်တာ သူတို့သိကြရဲ့လား၊ တကယ်တော့ နှလုံးသားမပါဘဲ အသက်ရှင်နေတာ ကျမ တစ်ယောက်ထဲမှမဟုတ်တာ၊ တစ်ချိန်တုန်းက ကျမ ရဲ့...မောင်..၊ ကျမ အတွက်တော့ အခုလည်း ကျမ ရဲ့...မောင်.... ပါဘဲ၊ ............မောင်.......ရော နှလုံးသားမပါဘဲ အသက်ရှင်နေသလား၊ ကျမ ဘာမှမသိ၊ ကျမ သိရမှာကတော့ အန်ဖတ်တွေ ကြားထဲက ကျမ ပြန်လည်ရှင်သန်နိုးထလာဖို့ တစ်ခုတည်း ပါဘဲ၊ အနည်းဆုံး ကျမ ရဲ့ ရှင်သန်ခြင်းဟာ ကျမရဲ့ မိသားစုအတွက်တော့ တန်ဖိုးတခု ရှိမှာပါ၊ ကျမ အတွက်တော့...၊
အန်ဖတ်တွေကြားထဲက ပြန်လည်ရှင်သန်ဖို့ ကျမ အလိုချင်ဆုံး သန့်ရှင်းစင်ကြယ်တဲ့ အေးစက်သင်းပျံ့တဲ့ ရေစက်ရေပေါက်တွေ ဘယ်မှာလည်း၊ ကျမ တကိုယ်လုံး စင်ကြယ်သွားအောင် ဆေးကြောပြစ်လိုက်စမ်းပါ၊ မင်းတို့ အနည်းဆုံး ဒို့အရေပြား တွေကိုတော့ သန့်စင်စေမှာပါနော်၊ ဒို့စိတ်တွေသန့်စင်စေဖို့ရော ဘာတွေနဲ့ ဆေးကြောရမှာလည်း၊ အခုအချိန်မှာတော့ ကျမ ခန္ဓာကိုယ်ကြီး သန့်စင်သွားဖို့ကသာ အရေးကြီးဆုံးပါ၊
ကျမ မှာ နှလုံးသား မရှိတာတောင်မသိတဲ့ လူတွေ ကျမ စိတ်တွေမသန့်စင်တာ သူတို့ဘယ်လို သိနိုင်မှာလည်း လူကွယ်ရာမှာ အန်ဖတ်တွေနဲ့ လူးလိမ့်နေတဲ့ ကျမ၊ အန်ဖတ်တွေကြားထဲက ရုန်းထွက်ဖို့ နှလုံးသွေးတွေနဲ့အမြဲတမ်း ဆေးကြောနေရတဲ့ နှလုံးသား မရှိဘဲအသက်ရှင်နေတဲ့ ကျမ၊ သူတို့အားလုံး အတွက်တော့ ဒါတွေဟာ အရေးမကြီးတဲ့ ကိစ္စတွေပေါ့၊ အထူးသဖြင့် ကျမ ယောကျာ်းဆိုတဲ့ လူကြီးလူကောင်း အရေခြုံမြေခွေးကြီး အတွက်တော့ ကျမ ခန္ဓာကိုယ်ကြီး သန့်စင်နေရမယ်၊ မွေးပျံ့ နေရမယ်၊ သူ့အတွက်တော့ ဒါတွေဟာအရေးကြီးဆုံးပေါ့၊ ကျမ အတွက်တော့ ရှင်ဟာအညစ်ပတ် ဆုံး၊ ရှင့်ရဲ့အပြာရောင်လွှမ်းတဲ့ နှုတ်ခမ်းအစုံက ရွံစရာအကောင်းဆုံး၊ မုန်းလိုက်တာ၊ ကျမ အရမ်းမုန်းတယ်၊ ပြို့တက်လာတဲ့ အမုန်းတရားတွေနဲ့ မသတီစရာကောင်းတဲ့ စက်ဆုတ်စရာ အားလုံးကို အန်ပစ်လိုက်စမ်းပါ၊ အဲ့ဒီ နှုတ်ခမ်းတွေကြားထဲကို အန်ပစ်လိုက်စမ်းပါ၊ အားလုံးပါသွားအောင် အန်ပစ်လိုက်စမ်းပါ။
အဖြူရောင်နဲ့ ပန်းနုရောင်တွေရောယှက်နေတဲ့ အေးမြသန့်စင်တဲ့ ရေချိုးခန်းလေးရေ၊ မင်းဘယ်မှာ လည်းကွယ်၊ မင်းကို ငါ ချစ်တယ်၊ အားလုံးနဲ့ ဝေးကွာစေတဲ့၊ ငါ့အန်ဖတ်တွေကိုဆေးကြော ပေးတဲ့ မင်းကို ငါ ချစ်တာနော်၊ မင်းရဲ့ ငွေကြေးနဲ့တိုင်းတာတဲ့ တန်ဖိုးတွေ ငါတကယ်မသိဘူး၊ အန်ဖတ်တွေကြားထဲမှာ မြောနေတဲ့ ငါ့ကို မင်းဆေးကြောပေးနေကြပဲမဟုတ်လား၊ မင်းတစ်ယောက်တော့ ငါဘာကိုချစ်တာလည်း ဆိုတာ နားလည်နိုင်လည်နိုင်မှာပါနော်၊ လူတွေသတ်မှတ်ကြတဲ့ မင်းရဲ့တန်ဖိုးကို ငါချစ်တာမဟုတ်ဘူး ဆိုတာ မင်းတယောက်လောက်တော့ ထောက်ခံလိုက်စမ်းပါ၊ ဒို့ရဲ့အသဲနှလုံး စမ်းချောင်းကလေး ထဲမှာလည်း မင်းနဲ့ဘဝတူ အေးမြသန့်စင်တဲ့ရေတွေ စီးမြောနေတာရော မင်းသိရဲ့လား၊ ဆိတ်ငြိမ်ခြင်း၊ လွတ်လပ်ခြင်းနဲ့ ပျော်ရွှင်ခြင်းတွေ ရောစပ်ပေါင်းဖက်နေတဲ့ ဒို့ရင်ထဲက စမ်းချောင်းကလေးရေ မင်းရော ဘယ်မှာလည်းကွယ်၊ မင်းရဲ့ အရိပ်မှာခိုနေကြတဲ့ ပန်းရိုင်းလေးတွေရော...၊ မင်းအရိပ်ခိုနေရတဲ့ ဒို့တတွေရဲ့ ဆော့ကစားဘက် အပင်ကြီးတွေရော ...၊
ဒို့တွေကို သတိမှရသေးရဲ့လားလို့၊ ဒို့တွေ မင်းရင်ခွင်မှာ မခိုလှုံရတာ ဘယ်လောက်ကြာသွားခဲ့ပြီလဲ၊ ဆောင်းခိုငှက်ကလေးတွေတော့ သိတတ်ကောင်းပါရဲ့၊ သူတို့ လာတဲ့အချိန် သူတို့ ပြန်တဲ့အချိန်တွေဟာ ပြက္ခဒိန် မလိုအောင် တိကျပြီးသား မဟုတ်လား၊ ငှက်ကလေးတွေရေ မင်းတို့ရဲ့ ဇာတိမြေက ရက်စက်ကြမ်းတမ်း လွန်းတဲ့ရာသီဥတုဒဏ်ကို မင်းတို့ မခံနိုင်လွန်းလို့ ချောင်းကလေးရဲ့ ထွေးပိုက်ခြင်းကို နွေးထွေးစွာခံယူ ရပေမဲ့.....၊ ငွေခိုခဲ့တဲ့ ကျီးမိုက်တစ်ကောင် ကတော့...........၊ ငှက်ကလေးတွေရေ မင်းတို့ရဲ့ ပြန်ရက် ကသတ်မှတ်ပြီးသားနော်၊ ချောင်းကလေးသိချင်ရင်တော့ မေးလို့ရမှာပါ၊ ဒို့အတွက်တော့ ပြန်ရက်မရှိတဲ့ ထောင်ချောက် တခုထဲမှာ၊ နာရီတွေလည်းမရှိတော့ဘူး၊ ပြက္ခဒိန်တွေလည်း ပျောက်ဆုံးသွားပြီ၊ အချိန်မသိ၊ နှလုံးသားမရှိဘဲ ဒို့တွေအသက်ရှင်နေတာရော ချောင်းကလေး သိရဲ့လား၊ ဒို့ကလွဲရင် မင်းအပါးမှာ ခိုနားခွင့်ရကြတဲ့ သူတွေအားလုံးအတွက် အချိန်တစ်ခုထိတော့ ဒို့တွေရှင်သန် နေအုံးမှာပါ၊ ဒို့အတွက် သူတို့အားလုံးစိတ် မညစ်ကြပါစေနဲ့၊ သူတို့ကိုသာ ဒို့တွေကိုယ်စား ပျော်ရွှင်ခွင့်ပေးလိုက်ပါတော့ ချောင်းကလေးရေ။
ဒို့တွေ ငယ်ငယ်တုန်းက ဘယ်လောက်ထိ ပျော်ခဲ့ကြတယ်ဆိုတာ ချောင်းကလေးလည်း သိတယ်၊ သစ်ပင်ကြီးနဲ့ ပန်းကလေးတွေလည်း သိတယ်၊ ငှက်ကလေးတွေလည်း မမေ့တတ်ရင် မှတ်မိမှာပါ၊ နွေနံနက်ခင်းတွေမှာ ဒို့မောင်နှမတွေ နဲ့ ]မောင်... ချောင်းကလေးရဲ့ ရင်ခွင်မှာ လွတ်လပ်ခြင်းတွေကို ထွေးပွေ့ရင်း ပျော်ရွှင်ခြင်းတွေနဲ့ ဆော့ကစားခဲ့ကြတာ ဟာ အိမ်မက်တွေမဟုတ်ခဲ့တာတော့ သေချာပါတယ်၊ စမ်းချောင်းကလေးရဲ့ဘေးမှာ မောင်တို့တတွေ ဖမ်းမိလာတဲ့ ငါးတွေနဲ့ မီးပုံပွဲလုပ်ခဲ့ကြပြီး တောပန်းကလေး တွေရဲ့ရင်ခွင်ကြားမှာ မူးရစ်ရီဝေရင်း အရိုင်းဆန်တဲ့ မောင့်ရဲ့ဂစ်တာသံတွေနဲ့အတူ ဒို့တွေစားခဲ့ရတဲ့ချိုမြိန်ခြင်း အရသာတွေကိုရော ဘယ်လိုမေ့နိုင်မှာလည်း၊ ဒို့တွေ စားခဲ့တာတွေဟာ တကယ့်ကိုဘဲ ပျော်ရွှင်ခြင်း၊ လွပ်လပ်ခြင်း၊ ကြည်နူးခြင်းတွေပါ ဆိုတာတော့ မင်းတို့အားလုံး ယုံကြည်လိုက်စမ်းပါ။
ကြမ်းတမ်းရိုင်းစိုင်းတဲ့ မုန်းတိုင်းတခုရဲ့ ခြေဆင်းဟာ သိပ်ကိုနူးညံသိမ်မွေ့တဲ့ လေပြေညှင်းလေး ပါဆိုတာ တခါတခါတော့ ကျမတို့မေ့သွားတတ်ကြတယ်နော်၊ ကျမဘဝရဲ့ မုန်းတိုင်းခေါ်သံ ၁၀တန်းအောင်စာရင်း တေးသံသာ ကလေးကလည်း ချိုသာအေးမြလွန်းတော့ ကျမရဲ့ဝေဖန်ပိုင်းခြားတတ်တဲ့ အသိဉာဏ် တွေလည်း ကျမနဲ့ အဝေးဆုံးမှာ...၊ လူသားအားလုံးအတွက် ရယူပိုင်ဆိုင်ဘို့ အခွင့်အရေးတွေကို သဘာဝတရားကြီးက ကန့်သတ် ပေးထားပြီးသားလို့ပြောခဲ့ရင် ဘယ်သူတွေများ ငြင်းချက်ထုတ်ကြ အုံးမှာလဲ၊ ကိုယ်ရသင့်တာထက်ပိုပြီး ရချင်ရင်တော့ လောကကြီးရဲ့ ဒဏ်ခတ်ခြင်းကို ခံရလိမ့်မယ်၊ ရယူသင့်တာနဲ့ ရယူချင်တာ သိပ်ကိုကွာခြားလွန်းတဲ့ ကျမကတော့ ရယူချင်တာတခုထဲကိုကြည့်ပြီး ဒေါင်းယောင်ဆောင်တဲ့ ခေတ်သစ်ကျီးမိုက် တကောင်အဖြစ် အယောင်ဆောင်မြို့ပြမှာစီးမြော လိုက်ပါရင်း မြို့ပြယဉ်ကျေးမှု့တွေနဲ့ အကျွမ်းတဝင်ဖြစ်နေလေရဲ့။
ရိုးသားဖြူစင်ကြတဲ့ အပြစ်မရှိတဲ့မိသားစုဝင် ၅ယောက်ရဲ့ အသွေးအသား တွေကိုစုတ်ယူရ လောက်အောင် ဒီအင်ဂျင်နီယာဘွဲ့ဟာ အဖိုးထိုက်တန်ပါရဲ့လားဆိုတာတောင် ကောင်းကောင်းမစဉ်းစား ခဲ့တဲ့ ခေတ်သစ် ကျီးမိုက်တကောင် တကယ်ရှိခဲ့ဘူးတယ်ဆိုတာ မန္တလေးနည်းပညာတက္ကသိုလ်၊ မန်းချယ်ရီဆောင်ရဲ့ ၁၀ပေ ၁၂ပေ ကျယ်တဲ့ ၂ယောက်ခန်းလေး ကလည်း ထောက်ခံလိမ့်မယ်၊ အခန်းဝရံတာလေး ကနေ အတားအဆီး မရှိ မြင်နေရတဲ့ အပြာရောင်လိမ်းကျံ ထားတဲ့ရှမ်းရိုးမ တောင်တန်းကြီးကလည်း သက်သေလိုက်လိမ့်မယ်၊ ဟန်ဆောင်မှု့တွေနဲ့ ပိတ်ဆို့နေတဲ့ မြို့ပြလူမှု့ ဆက်ဆံရေး အောက်မှာ ဒို့တွေ ပိတ်လှောင် မွန်းကျပ်နေတုန်းက တောင်တန်းပြာကြီးက ဒို့အတွက် အကောင်းဆုံး အဖော်မွန်ဘဲလေ၊ သူ အားလုံး သိပါတယ်။
အခြေခံမတူတဲ့ လူတန်းစားတွေကြားထဲမှာ ဟန်ဆောင်မှု့တွေနဲ့မိတ်ဆွေဖွဲ့ရင်း မြို့ပြပညာသင်စနစ်ရဲ့ အဆောင်စရိတ်၊ ကျောင်းစရိတ်၊ ကျူရှင်စရိတ်၊ မဆုံးနိုင်တဲ့ စရိတ်တွေကြားမှာ မိသားစုကို စတေးခဲ့တဲ့ ဒို့အတွက် ပေးဆပ်ရခြင်းက အနံ့ဆိုးတဲ့ အပြာရောင် နှုတ်ခမ်းတစုံ၊ ငွေကလွဲရင် ဘာမှမသိတဲ့ ဦးနှောက်တလုံး၊ ရက်စက်ကြမ်းတမ်းတဲ့ နှစ်လုံးသားတစ်စုံ၊ ဘာတွေဘဲဖြစ်ဖြစ်လေ ဒို့တွေနဲ့ ထိုက်တန်ပါတယ်၊ အမှန်တရားနဲ့ ၅နှစ်လောက်ကင်းကွာခဲ့တဲ့ ဒို့အတွက် အမှားတွေနဲ့ တသက်လုံး ရင်ဆိုင်ခဲ့ရရင် လည်း မောင်ရေ အဲ့ဒါ တရားတယ်နော်။
အကြင်နာကြီးမားတဲ့မိသားစု၊ အချစ်တွေအပြည့်အဝပေးနေတဲ့ ]မောင်}၊ နောက်ပြီး သိပ်ကိုတန်ဘိုးရှိ တယ်လို့ ကျမ ထင်ထားခဲ့တဲ့ အင်ဂျင်နီယာဘွဲ့၊ ကျမ မှာရှိတာ ဒါအကုန်ဘဲ၊ ဘယ်မှာလည်း အားလုံးအတွက် လိုအပ်နေတဲ့ငွေ၊ ကျမမောင်လေး ၂ ယောက်အတွက် ကျောင်းစရိတ်ရော၊ နောက်ကျမှ ရခဲ့တဲ့နောင်တ တွေနဲ့ မြို့ပြပညာရေးစနစ်အကြောင်း ကျမရှင်းပြခဲ့ရင်တော့ ကျမကိုချစ်တဲ့၊ လေးစားတဲ့၊ ဉာဏ်ပညာ မသေးတဲ့ မောင်လေးတွေ နားလည်ကြမှာပါ။ ဒါပေ့မဲ့ ဒါဟာ တရားမျှတမှု့ရော ရှိပါသလား၊ ကိုယ်ပျော်ရွှင်စွာ ပြီးဆုံးစွာ လျှောက်ခဲ့တဲ့ လမ်းကြောင်းတခုကို မောင်လေးတွေကို ပေးမလျှောက်စေတာ ဟာငွေတခုထဲအတွက်တင် မဟုတ်ဘူး ဆိုတာကိုရော မောင်လေးတွေ ကောင်းကောင်း နားလည်ကြ ပါ့မလား၊ ဘာပဲဖြစ်ဖြစ်လေ ငွေရှိရင်တော့အားလုံး ပြေလည်သွားမှာပါ၊ အဲ့ဒီ ငွေကို ကျမဘယ်လို ရှာရမှာလဲ၊ ပညာနဲ့ငွေနဲ့ လဲရင် ပေးရမဲ့ ကိုယ့်ကျင့်တရား၊ ဂုဏ်သိက္ခာ တွေကို ကျမပေးရဲသလား၊ ကျမ မပေးရဲခဲ့ဘူးနော်။
မောင် ရော ဆင်းရဲသား လူနာတွေဆီက ကြေမွတွန့်လိတ်နေတဲ့ ပိုက်ဆံတွေကို အေးစက်တဲ့နှလုံး သားတွေနဲ့ယူရက်သလား၊ ကိုယ့်နဲ့ပတ်သက်သူတွေ အတွက် နည်းမျိုးစုံနဲ့ရှာဖွေပြီး ကုသပေးနေကြတဲ့ မိသားစုဝင်တွေဆီက ရလာတဲ့ပိုက်ဆံတွေနဲ့ လိပ်ပြာသန့်စွာနဲ့ ကားဝယ်စီးနိုင်ရဲသလား၊ တိုက်ဆောက်နိုင် သလား၊ ကျမ မထင်ပါဘူး၊ နှလုံးသားလှတဲ့ မောင် ပညာနဲ့ငွေနဲ့ မလဲပါဘူး ကျမနဲ့လည်း မောင် မလဲဘူးမဟုတ်လား၊ ဆရာဝန် တယောက်ဖြစ်ဘို့ ပေးဆပ်ရတဲ့ တန်ဘိုးတွေကို ဆရာဝန်တယောက် ဖြစ်လာတဲ့ မောင် သိမှာပါ၊ ဒါပေ့မဲ့ မောင်ရေ ကျမတို့ နိုင်ငံမှာ ဆင်းရဲတဲ့ လူတွေသိပ်များနေသေးတယ်၊ ထိုက်တန်တဲ့ရင်းနှီးမှု့အတွက် ထိုက်တန်တဲ့ ရယူမှု့ကို မောင်မရနိုင်သေးဘူး၊ ဒါတွေ မောင်သိပါတယ်နော်၊ မောင်အတွက် ကျမ ကျေနပ်နေပါတယ်။
ကျမ တခုခုကို ရွေးချယ်ရတော့မယ်နော်၊ မောင်ရယ်၊ ဂုဏ်သိက္ခာရယ်၊ ငွေရယ်၊ ကျမ ဘာကို ရွေးချယ်ခဲ့သလဲဆိုတာ မောင်သိခဲ့ပြီးသားဘဲ၊ သစ္စာမရှိတဲ့ ကျမကို ဘယ်တော့မှ ခွင့်မလွှတ်နဲ့လို့ ပြောခဲ့ရင် လည်း မောင် ခွင့်လွှတ်မှာ ကျမသိပါတယ်။ ကျမအတွက် ပင်ပန်းဆင်းရဲခဲ့ကြတဲ့ မိသားစုကို ပြစ်မထားနိုင်ဘူး၊ ကျမ ရချင်တဲ့ ငွေတခုအတွက် တတ်နိုင်သမျှ အားလုံးပေးဆပ်နိုင်ရမယ်လေ၊ ကျမကို မယူမနေရ ဆိုပြီး ဘယ်သူမှ မပေးစားခဲ့ဘူးနော်၊ ကျမ ကိုယ်တိုင်ကျေကျေနပ်နပ် လက်ထပ်ခဲ့တဲ့ ယောက်ကျားတယောက်၊ သူ လိုချင်တာနဲ့ ကျမ ရချင်တာကို အပေးအယူလုပ်ခဲ့တဲ့ လက်ထပ်ပွဲကြီးတစ်ခုကို ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့တာ ကျမ ကိုယ်တိုင်တဲ့ မောင်ရေ။
သိပ်ကိုလွယ်တဲ့ ခပ်ညံညံမိန်းမ တယောက်ရဲ့ ဈေးကွက်ရှာဖွေရေး လက်ထပ်ပွဲကြီးတခုပေါ့၊ ကိုယ့်ကို ကိုယ့် အမြဲတန်း အထင်ကြီးပြီး အမှားတွေကို တချိန်လုံး ကျူးလွန်ခဲ့တဲ့မိန်းမ တယောက် တသက်လုံးအတွက် အမှားကြီးမှားခဲ့ပြီ မောင်ရေ၊ လူသားစားကျားတကောင်ရဲ့ မာယာတွေကို မုဆိုးမဟုတ်တဲ့ သာမန်လူ တယောက် ဘယ်လိုနားလည်နိုင်မှာလည်း၊ အင်မတန်ကောက်ကျစ်စင်းလဲပြီး ပါးနပ်တဲ့ စိတ္တဇ လူသားတယောက်ရဲ့ ထောင်ချောက်ကိုရော၊ ရှေးဦးလူသားတွေရဲ့ အရောင်းအဝယ် စနစ်တခုကို ၂၁ရာစုထိ အသုံးပြုနေဆဲ ဖြစ်တဲ့ ကျမလို ခပ်ခပ်ညံညံ မိန်းမတယောက်ကရော ဘယ်လိုစဉ်းစားတွေးခေါ်ပြီး သိနိုင်မှာလဲ၊ ကိုယ်မှားခဲ့တဲ့ အမှားတခုအတွက် ဘယ်လိုဘဲ ပေးဆပ်ရ ပေးဆပ်ရ၊ ပေးဆပ်မယ် ဆိုတဲ့ မိန်းမ တယောက် သိတာက မချစ်မနှစ်သက်တဲ့သူနဲ့ အတူနေရခြင်း ချစ်ခင်နှစ်သက်တဲ့သူနဲ့ ခွဲခွာနေရခြင်း ဆိုတဲ့ ခပ်ရိုးရိုး အဆိုအမိန့်တခုထဲဘဲ၊ အခုတော့ ကျမ ရင်ဆိုင်နေရတာက လောကငရဲ၊ ပူလောင်ခြင်း ရက်စက်ခြင်း နာကြင်ခြင်း ဆိုတဲ့ ငရဲနဲ့ တူတဲ့ တနေရာမှာ ကျမ ရှိနေတယ် မောင်--။
လောကကြီးရဲ့ မျက်နှာစာမှာတော့ လှပတင့်တယ်တဲ့ မျက်နှာဖုံးစွတ်ထားတဲ့ မိန်းမတယောက်၊ လောကကြီးရဲ့ နောက်ကွယ်မှာတော့ အံဖတ် တွေကြားမှာလူးလိမ့်ရင်း ရက်စက်ရိုင်းစိုင်းလှတဲ့ လူယုတ်မာတယောက်ရဲ့ ခြေရင်းမှာ လည်းစင်းခံ နေရတယ်ဆိုတာ လမင်းကြီး သက်သေရှိတယ်၊ နေမင်းကြီးလည်း ထောက်ခံ ပေးလိမ့်မယ်။
]မောင်} ရေ ...လူတစ်ယောက် ဒါမှမဟုတ် သတ္တဝါတမျိုးမျိုးကို ညှင်းပန်းနှိတ်စက်ရတာကို ကြိုက်နှစ်သက်တဲ့၊ အဲ့ဒီသတ္တဝါ နာကြင်ခြင်းဝေဒနာ ခံစားရတာကို အရသာခံပြီး စိတ်ကျေနပ်မူ့ဖြစ်စေတဲ့၊ ဒါမှမဟုတ် သူကိုယ်တိုင် နှိတ်စက်ခံရမှ စိတ်ကျေနပ်မူ့ ရတဲ့ ှေိသာေျသခ့ငျာ လို့ခေါ်တဲ့ စိတ်တ္တဇရောဂါ တမျိုးအကြောင်း ကျမ တို့ ဆွေးနွေးခဲ့ကြတာကို မှတ်မိသေးရဲ့လား၊ ဆရာဝန် တယောက်ဖြစ်တဲ့ မောင် ကတော့ အသေးစိတ် ပိုသိတာပေါ့နော်၊ အဲ့ဒီတုန်းက မောင့်ဆရာ ရဲ့ ဆေးခန်းကိုရောက်လာတဲ့ မိန်းမတယောက်ရဲ့ခန္ဒာကိုယ် အတွင်းပိုင်း က ဒဏ်ရာတွေကို ဆေးကုပေးရင်း၊ မိန်းမတယောက်ကို ဒီလောက်လူမဆန်စွာနှိတ်စက်ထားတာ ရူးနေလို့ ဖြစ်ကြောင်း၊ အဲ့ဒီ ယောက်ကျားကို ရဲစခန်းတိုင်မယ်၊ အရူးထောင်ပို့မယ်လို့ပြောတော့ အဲ့ဒီမိန်းမက မောင့်ဆရာ ကို အမူ့မဖွင့်ဘို့ အကြောင်း တောင်းပန်ပြီး၊ မောင့်ဆရာရဲ့ဆေးခန်းကို ဘယ်တော့မှမလာတော့တဲ့ အကြောင်း မောင့်ဆရာ ပြောပြတာကို မောင်ပြန်ပြောပြီး အဲ့ဒီရောဂါအကြောင်း ကျမကို မောင် ရှင်းပြတယ်လေ။
ကျမက မတောက်တခေါက် အသိဉာဏ်လေးနဲ့ အဲ့ဒီမိန်းမကလည်း ညှင်းပန်းနှိတ်စက်ခံရတာကို ကြိုက်တဲ့ အဲဒီရောဂါရှင် ဘဲဖြစ်လို့ နေမှာပေါ့လို့မညှာမတာ ဝေဖန်ခဲ့တဲ့ ကျမတယောက် ဝဋ္ဌ်လည်နေပြီလို့ပြောရင် မောင်သိပ်စိတ်မကောင်း ဖြစ်မှာလား.......၊ ကျမကို အမြန်ဆုံး ဒီယောက်ကျားနဲ့ ကွာရှင်းခိုင်းမှာဘဲနော်၊ ငွေရှိတဲ့ယောက်ကျား တယောက်နဲ့ ခန်းနားကြီးကျယ်စွာ လက်ထပ်၊ ကိုယ်လိုချင်တာတွေရယူခဲ့ပြီးမှ သိတ်မကြာခင်မှာဘဲ ဇာတ်သိမ်းခန်းကို အလွယ်တကူ ကပြရလောက်အောင် ကျမ သတ္တိ မရှိသေးဘူးမောင်၊
နောက်ပြီး အခုမှအေးချမ်းခါစရှိသေးတဲ့ အရှက်အကြောက် ကြီးပြီး ရိုးသားအေးဆေးလှတဲ့ မိသားစုကို ကျမအတွက် မပူလောင်စေချင်တော့ဘူး မောင်ရေ၊ ကျမအလှည့်တုန်းကတော့ မိသားစုဝင်အားလုံး နှစ်ပေါင်းများစွာ အနစ်နာခံခဲ့ကြတယ်၊ အခု ကျမ အလှည့်လေ၊ ကျမသိတ်ပျော်နေတယ်လို့၊ အားလုံးသိကြပါစေ၊ ဒါမှသူတို့ အားလုံးလည်း ပျော်ကြမယ် မဟုတ်လား။
ပြန်လမ်းမရှိတဲ့ ထွက်ပေါက်ပိတ်နေတဲ့ ကောက်ကျစ်စဉ်းလဲလှတဲ့ မြေခွေးတကောင်ရဲ့ ထောင်ချောက် ထဲက သားကောင်ငယ် တကောင်ရဲ့ ထိတ်လန့်တုံလှုပ်ခြင်း တွယ်ရာမဲ့ခြင်းကို မောင်တို့အားလုံး မသိကြပါစေနဲ့၊ စမ်းချောင်းလေးလည်း မသိနဲ့၊ ပန်းပွင့်လေးတွေလည်း မသိကြနဲ့။
လမင်းကြီးရေ မင်းကို ငါ သိပ်ချစ်တယ်၊ နာကြင်ခြင်း ရက်စက်ခြင်းတွေနဲ့ဝေးတဲ့ အချိန်လေးမှာ မင်းတယောက်သာ ငါ့ရဲ့အဖော်မွန်ဘဲ မဟုတ်လား၊ ငါ့မျက်ရေတွေကို မင်းသုတ်ပေးခဲ့တယ်နော်၊ ငါ့ဒဏ်ရာတွေကိုလဲ မင်းဘဲဆေးကုပေးခဲ့တယ်လေ၊ မင်းနဲ့လွဲရမှာကြောက်လွန်းလို့ ဒို့တွေမအိပ်ခဲ့တဲ့ ညပေါင်းများစွာ အကြောင်း ကိုလည်း မင်းအသိဆုံးပါ၊ လမင်းကြီးရေ မင်းရင်ထဲကဒို့ အကြောင်းတွေကို မင်းနဲ့အတူ ကမ္ဘာကြီးရဲ့ အပြင်ဘက်ကို သယ်သွားလိုက်နော်၊ လမင်းကြီးရယ် ကြယ်ကလေးတွေရယ် နေမင်းကြီးရယ် မင်းတို့အားလုံး သိပ်ကောင်းကြတယ်နော်၊ မင်းတို့အားလုံးပေးခဲ့တဲ့ ကြင်နာမှု့တွေနဲ့ ဒို့တွေတချိန်ချိန်ထိတော့ ရှင်သန်နေအုန်းမှာပါ။
နေမင်းကြီးကလည်း နွေးထွေးမှု့အပြည့်နဲ့ ကျမကိုနှုတ်ဆက်နေတယ်.......သနားစရာမိန်းခလေးရေ မင်းပျော်နေသလားတဲ့....... ပန်းပွင့်ကလေးတွေကလည်း မွှေးရနံ့တွေ အပြည့်နဲ့ ကြိုဆိုနေလေရဲ့၊ အလှပဆုံး ပန်းကလေးတွေရေ မင်းတို့ဘယ်မှာလည်း.......၊ သေဆုံးသွားတဲ့မြေခွေးတကောင်ရဲ့ အသုဘ အခမ်းအနားကို ဒို့တွေနဲ့ အတူတူသွားကြမယ်နော်၊ မင်းတို့အားလုံး အဝင့်ြွကားဆုံးပွင့်လိုက်ကြစမ်းပါ၊ ကမ္ဘာပေါ်မှာရှိတဲ့ အတော်ဆုံး ပန်းချီဆရာတွေနဲ့ အလှဆုံးဆေးရောင်တွေ ချယ်လိုက်စမ်းပါ၊ အမွှေးဆုံး ရနံ့တွေကိုလည်း ပက်ဖျန်းလိုက်ကြအုန်းနော်၊ ဒို့အတွက် လွတ်လပ်မှု့ လေပြေညှင်းလေးဟာ ညစ်ပတ်နံဟောင်နေတဲ့ မြေခွေးတကောင်ရဲ့ အသုဘ အခမ်းအနားမှာ တသုန်သုန် တိုက်ခတ်နေလေရဲ့၊
ပန်းကလေးတွေရေ မင်းတို့မျှော်ရတာမောနေပြီလားဟင်၊ သူတို့လာခေါ်ကြတော့မှာပါ၊ မင်းတို့ယုံလိုက် ကြနော်၊ ဒို့တတွေမပါဘဲ သူတို့ဘယ်လို အခမ်းအနား လုပ်ကြမှာလည်း၊ အသုဘအခမ်းအနားတခုဟာ ဒီလောက်ထိ လှပကြည်နူးမှု့တွေနဲ့ ပြည့်စုံနိုင်သလား လွတ်လပ်မှု့ လေပြေညှင်းတွေ ဒီလောက်တောင် တိုက်ခတ်နိုင်သလား၊
သေဆုံးသွားတဲ့မြေခွေးတကောင်ဆီက လွတ်လပ်မှု့တခုအတွက် အပြုံးတပွင့် .......၊ ရက်စက်မှု့တွေနဲ့ ပြည့်နှက် နေတဲ့အပြာရောင် နှုတ်ခမ်းတစုံ၊ သူတကယ်ဘဲ သေဆုံးသွားပြီလား၊ သေချာမှု့ တခုအတွက် နောက်ဆုံးအပြုံး တပွင့် ........။