အင်တာနက် ပေါ်မှာ အထူးသဖြင့် ဖေစ်ဘွတ်ပေါ်မှာ လူမျိုးရေးခွဲခြားမှု့ တွေ အများဆုံး တွေ့နေပါတယ် ... နိုင်ငံ အရေးနဲ့ ပါတ်သက်လို့လည်း ဘာသာရေး လူမျိုးရေး ခွဲခြားမှု့ကြောင့် ဖြစ်တဲ့ ပြဿနာတွေ အများဆုံး တွေ့နေပါတယ်... မန္တလေး သူ တယောက်အနေ နဲ့ လူမျိုးရေး ဘာသာရေး ခွဲခြားမှု့ သဘောထား ခံယူချက်တွေ အတွက် ကိုယ့်ကို ကိုယ် ပြန်စမ်းစစ် မိပါတယ် ... ငယ်ငယ်လေး ကထဲက လူမျိုးရေး ခွဲခြားခဲ့လား .. ခွဲခြားရမှန်း မသိပါဘူး.. ဘာသာရေး ခွဲခြားခဲ့လား .. ဒါတော့ ခွဲတယ် ... ဘယ်သာသာဝင် တွေရဲ့ ဘယ်နေ့ဆို ဘယ်လို အစားတွေ စားရမယ် ဆိုတာဘဲ ခွဲခြားခဲ့ပါတယ် ... ခရစ်စမတ် နီးရင် ပျော်တယ် ... ခရစ်ယာန် သူငယ်ချင်း တွေနဲ့ ပျော်ကြမယ် ... မုန့်စားမယ် ...
တရုတ်နှစ်သစ်ကူး နီးရင် သူငယ်ချင်းတရုတ်မလေး အိမ်က ဝက်ခြံ ကို စေ့စေ့ မကြည့်တော့ပါဘူး ... နှစ်ကူးရက် ရောက်မှဘဲ ပါးစပ်ထဲ ထည့်ပါတယ် .... တနှစ်ကို ဝက်တကောင် သတ်ပြီးတော့ ဝက်နဲ့ ပတ်သက်တဲ့ ဟင်းမျိုးစုံ ချက်ပြီး နှစ်ကူးစားသောက်ပွဲ မှာ ပျော်ပျော်ကြီး ဆင်နွဲလေ့ ရှိတဲ့ အကျင့် သူငယ်ချင်း အိမ်မှာ ရှိပါတယ်.....
အစ်နေ့ လည်း အတူတူပါဘဲ ... ငယ်သူငယ်ချင်း တယောက် ရဲ့ မေမေ က အစ် နီးရင် ကျနော်တို့စားချင် တဲ့ အစာတွေ မေးနေကြပါ... အုန်းထမင်း ချက်ရမလား ... ဒန်ပေါက် ချက်ရမလား ... ဒန်ပေါက် ဆိုရင်လည်း အမဲသား မစားမှန်းသိတော့ ကြက်သား.. ဆိတ်သား နဲ့ ချက်ကျွေး ပါတယ် ... ဟိန္ဒူ မီးထွန်းပွဲ ဆိုလည်း မုန့်အချိုတွေ မလိုင်မုန့်တွေ အဝတီးကြပါတယ် ... ကိုယ်နဲ့ ဘာသာမတူသူတွေ နဲ့ သူတို့ ရဲ့ နေ့ထူးနေ့မြတ်မှာ ပျော်ရွှင်ခဲ့တာတွေ ပါ ... ကျန်တဲ့ အပိုင်းတွေ ကတော့ သူငယ်ချင်း တွေ ထုံးစံ အတိုင်းဘဲ ... ပျော်စရာရှိပျော်ကြ စိတ်ကောက်စရာရှိကောက်ကြ ပါဘဲ...
သူက ကုလား ဖြစ်လို့ ... တရုတ် ဖြစ်လို့ ... ဆိုပြီး မစဉ်းစားမိပါဘူး ... ကျန်တဲ့ သူငယ်ချင်းတွေ လည်း ဒီလိုပါဘဲဗျာ ... အခုကြမှ ဘယ်နဲ့ ဖြစ်ပြီး ဒီလောက် မုန်းတီးနေကြတာလည်း ...ငယ်စဉ်ဘဝ ကနေ အရွယ်ရောက်တဲ့ အထိ ဘယ်တရုတ် .. ကုလား ကမှ နှောက်ယှက်တာ မပြောနဲ့ ရီးစား စာပေးတာတောင် မခံရဘူးပါဘူး ... အခုအချိန်မှာ မျိုးချစ်ပုဂ္ဂိုလ် များက မျိုးစောင့်ဥပဒေ ဆိုတာ တွင်တွင်ပြောနေကြတော့ ... အရပ်ထဲမှာ လူမျိုးခြား ဘာသာခြားနဲ့ လက်ထပ်တာ တာတွေ ကိုပြန် စဉ်းစား မိပါတယ်...
ကျနော် တို့ ငယ်ငယ်သမဝါယမ ခေတ် ... ပါတီကောင်စီခေတ် က ပါတီကောင်စီ လူကြီး .. ရပ်ကွက်လူကြီး လုပ်တဲ့ ဦး....... ဆိုတာရှိတယ် ... သူက ဗုဒ္ဓဘာသာ ... သူ့မိန်းမ က အစ္စလမ်ဘာသာဝင် ... ကလေး တွေ မွေးထားတာ အများကြီးဘဲ .. ကျနော်တို့ မောင်နှမ တွေ နဲ့ အစဉ်အဆက် သူငယ်ချင်း တွေဘဲ .. သူ့သားသမီး တွေ လည်း အတိအကျတော့ မသိပေမဲ့ ဗုဒ္ဓဘာသာ ယူတာများတယ် ထင်ပါတယ် ... သူတို့ လင်မယား လည်း ချစ်ချစ်ခင်ခင်ပါဘဲ ... အခု သူ့သားသမီး တွေတောင် အင်တာနက် သုံးပြီး ကျနော် ရေးတဲ့ စာကို ဖတ်ချင်ဖတ်နိုင်ပါတယ် ... သူတို့လင်မယားလည်း အိုအောင်မင်းအောင် အခု အချိန်ထိ ပေါင်းသင်း နေကြ ပါတယ် ...
ကျနော် တို့ ငယ်ငယ်က ကျနော် တို့အိမ်နဲ့ မျက်နှာချင်းဆိုင် မှာ ကိုကုလား လို့ ကျနော်တို့ ကခေါ်တဲ့ ကျနော်တို့ ထက် အသက်ရော အတန်းရော အများကြီးကြီး တဲ့ အိမ်နီးခြင်း တယောက် အကြောင်း ကို လည်း စဉ်းစားမိပါတယ် ... သူတို့ မိသားစုက အဖေ တယောက်လုပ်စာနဲ့ စားနေရတဲ့ အတွက် အဆင်မပြေကြ ပါဘူး .. မောင်နှမ တွေလည်း အများကြီးရှိပါတယ် ... ကိုကုလား က အကြီးဆုံး... ဗမာ ဗုဒ္ဓဘာသာပေမဲ့ အသားမဲတာ ကို အကြောင်းပြုပြီး ကိုကုလား နံမည်တွင်တာပါ ... သူ ဆယ်တန်းအောင် တော့ သူ့အဖေ အလုပ် လုပ်တဲ့ဌာန မှာ အလုပ်သွင်းပေးတယ် .. မိသားစု အဆင်ပြေခါစ ရှိသေးတယ် ... မိန်းမ ယူသွားပါတယ်..
မိန်းကလေးက အစ္စလာမ် ဘာသာဝင်ပါ ... သူ့ အမေကြီး အော်အော် ငိုတာ အခုထိကြားယောင်မိတယ် ... ကုလားလို့ ငါနာမည် မှည့်မိလို့များ တကယ် ကုလား ဖြစ်သွားတာလား ကုလား ရဲ့ ဆိုပြီးတော့ပါ ... ကိုကုလား က အဲဒီဘာသာကိုပါ ပြောင်းလိုက်ရတာကိုး ... ဟိုတလောက သူ့အဒေါ်နဲ့ တွေ့လို အမှတ်တရ ကိုကုလား အကြောင်းမေးလိုက်ပါတယ် ... သူ့ မိသားစု နဲ့ အဆင်ပြေပြေ ပါဘဲတဲ့ ... ဒါပေမဲ့ ဒီဘက်က ဆွေမျိုး မိတ်ဆွေ များနဲ့တော့ အဆက်အသွယ် မရှိပါဘူး လို့ ပြောပါတယ် ......
နောက်တယောက် ကတော့ ကျနော် ကျောင်းပြီး မှ သိခဲ့ရတဲ့ သူငယ်ချင်းမလေး သူက လည်း အစ္စလာမ် ဘာသာဝင် ပါ ... သူ့ရီးစားက မြန်မာ ဗုဒ္ဓဘာသာ .. ငယ်ချစ်တွေ နှစ်ပေါင်းများစွာ ချစ်ခဲ့ကြတော့.. အချိန်တန် တော့ ယူချင်ကြတယ် .. ဒါပေမဲ့ သူငယ်ချင်း အစ္စလမ်မလေးက ဘာသာပြောင်း မှ လက်ထပ် မယ်လို့ ပြောလိုက်တယ်တဲ့ ... သူ့ရီးစား ဗုဒ္ဓဘာသာ ကလည်း ပြောင်းမယ်တဲ့ ... ကောင်လေး ရဲ့ မိဘ တွေ ညီအစ်ကို မောင်နှမတွေ ကတော့ ဘယ်သဘောတူကြမလည်း ... ကျနော့် စိတ်ထဲလည်း မကျေမနပ် ဖြစ်သွားတယ် .. ဘာလို့ ပြောင်းရမှာလည်း ကိုယ်ဘာသာ ကို ဘာလို့ စွန့်ရမှာလည်း ဆိုပြီး သူငယ်ချင်း ကို တောင်ပြောမိပါသေးတယ် .. သူငယ်ချင်း ကတော့ သူတို့ ဘာသာက ဘာသာမတူရင် လက်ထပ်လို့ မရတဲ့ အတွက်ပါတဲ့ .. ဒါကြောင့် သူ့ချစ်သူ ဘာသာမပြောင်းချင်ရင်လည်း လက်မထပ်ဘဲ အခုလိုဘဲ တသက်လုံးနေသွားတော့မယ် လို့ ပြောပါတယ် ...
ယောက်ကျားလေး ဘက် ကလည်း ဘာသာမပြောင်းဖြစ်ပါဘူး ... နောက်တော့ အဲဒီ အစ္စလာမ် သူငယ်ချင်းကောင်မလေး က သူ့ရီးစား ဗုဒ္ဓဘာသာ ကောင်လေး နောက်ကို ခိုးရာ လိုက်ပြေးသွားပါတယ် ... မင်္ဂလာတော့ မဆောင်ကြတော့ဘူး ... အခုတော့ ကလေးနှစ်ယောက် ရနေကြပြီ.. ကောင်မလေး ဘက် နဲ့လည်း အဝင်အထွက် ပြန်ရှိသွားပြီ .. ကောင်လေးနဲ့ လည်း ဘာသာ မပြောင်းကြဘဲ .. ပေါင်းနေကြ ပါတယ် ... ချစ်ချစ်ခင်ခင် ပါဘဲ ... အခု ကျနော်တို့ အိမ်နား မှာဘဲ နေကြပါတယ် .........
နောက်ဆုံး တယောက်ကတော့ ကျနော် ရဲ့ အသိ ထဲကပါဘဲ ... မလေးရှား မှာ ဆယ်တန်းအောင် ကထဲက အလုပ်သွားလုပ်ပြီး မိဘ ကိုရှာကျွေးနေတာပါ ... မလေးသူလေး နဲ့ ရီးစားဖြစ်တယ် ... နှစ်ပေါင်း ကြာလာတော့ လက်ထပ်ကြတယ် ... ဒါပေမဲ့ ဗုဒ္ဓဘာသာဝင် အဲဒီ ယောက်ကျားလေး က အစ္စလာမ် ဘာသာ ကို အရင်ပြောင်းရပါတယ် ... သူ့ရဲ့ ဘာသာပြောင်းပွဲ ပုံတွေ ဖေစ်ဘွတ်ပေါ် မှာတင်ပါတယ် ... ပြီးရင် လက်ထပ် တဲ့ ပုံတွေ ပါတင်ပါတယ် ... လက်မထပ် ခင်က မြန်မာပြည် ပြန်လာပါသေးတယ် .. အမေနဲ့ ညီမ က ဘာသာ မပြောင်း ဖို့ မြန်မာပြည်မှာဘဲ ရှိတာလေး နဲ့ လုပ်စားဖို့ ငိုယိုပြီး တောင်းပန်ပါတယ် ...ဒါပေမဲ့လုံးဝ လက်မခံဘဲ မလေးရှား သူနဲ့ ယူသွားပါတယ် ... သူ ကြိုက်မကြိုက် မသိလို့ ဖေ့စ်ဘွတ် လင့်ခ် ကို တော့ တင်မပေးတော့ ပါဘူး...
မြန်မာမလေး များ ကုလားနဲ့ယူတာတော့ ကျနော့် မျက်မြင် မှတ်မှတ်ထင်ထင် ဖြစ်ရတဲ့ အတွေ့အကြုံမျိုး မရှိတဲ့ အတွက် မဖော်ပြနိုင်ပါဘူး ... အခု အင်တာနက် ပေါ် မှာ ဖေ့စ်ဘွတ်ခ် သုံးမှဘဲ ဘယ် မြန်မာမလေး က ဘယ်ကုလား ကို ယူလို့ ဘာဖြစ်သွားတယ် .. ဘယ်လို အနှိပ်စက်ခံရတယ် ဆိုတာ ကြားပါတယ် ... ဒါကြောင့် ချစ်ညီမ ကိုတောင် ခဏ ခဏ ပြောဖြစ်တယ် ... ငါ့ကို က ဒီလောက် ဟိုးလေးတကျော် အနှိပ်စက်ခံ ဇာတ်လမ်းတွေ ကို ဖေ့စ်ဘွတ် သုံးမှ ဘဲ တွေ့ဘူး မြင်ဘူးတာ ဆိုတော့ တော်တော် ဗဟုသုတ နည်းတယ် .. လို့ ပြောမိပါတယ် ... ဒါတောင် ဒီဘက်ခေတ်ရောက် မှ ဒီလောက် များများတွေ့ဘူးတာပါ ... ကျနော် စသုံး တုန်းက ဒါတွေ မရှိပါဘူး .. အခုမှဘဲ ဒီမိုကရေစီ ကို လျှောက်လှမ်းတော့မှဘဲ ဒါတွေ အတွေ့များလာတာပါ ...
ကျနော် နဲ့ ဟိုတလောက ခင်မင်တဲ့ ဦးဇင်း နဲ့ မျိုးစောင့် ဥပဒေ အကြောင်း ငြင်းကြ တာ မှတ်မိအုန်းမှာပါ ... (
မျိုးစောင့် ဥပဒေ နဲ့ ရွှေစင်ဦး နဲ့) တနေ့ကတော့ အဲဒီ ဦးဇင်း နဲ့ ပါလာတဲ့ ဦးဇင်း က နောက် တခေါက် ပြန် လာပါတယ် ... ဒကာမကြီး ဟိုနေ့က ဟို ဦးဇင်း.... နဲ့ဒကာမကြီး နဲ့ ငြင်း ကြတော့ ကျုပ်လည်း ဒကာမကြီး ဘက်ကပါ .. မျိုးစောင့် ဥပဒေ မလိုအပ်ဘူး လို့ ထင်ခဲ့ပါတယ် ... ဒါပေမဲ့ အခု စိန်ပန်းထဲ မှာ ကျုပ် မျက်မြင် ဖြစ်ရပ်မှန် တွေ တွေ့လာတဲ့ အတွက် စိတ်ပြောင်းသွားပြီ ... မျိုးစောင့်ဥပဒေ ဆိုတာ လိုအပ်ပါ တယ် ... အဲဒါ ဒကာမကြီးလည်း စိတ်ပြောင်းအောင် လို့ လာပြောတာဆိုပြီး အစ္စလာမ်ဘာသာ ဝင် ယောက်ကျား က ဗုဒ္ဓဘာသာဝင် မိန်းမ ကို နှိပ်စက် တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ကို ပြောပြပါတယ် ...
တပည့်တော် ယုံပါတယ်ဘုရား ... နောက်ပြီး ဗုဒ္ဓဘာသာဝင် ယောက်ကျားက ဗုဒ္ဓဘာသာဝင်မိန်းမ ကို နှိပ်စက် တဲ့ ဇာတ်လမ်းလေး တွေ လည်း တပည့်တော် ပြောပြပါမယ် ဆိုတော့ ဦးဇင်း ငြိမ်သွားပါတယ် ... လူ အခြင်းခြင်း နှိပ်စက် ညှင်းပန်းတာ ကို တပည့်တော် လက်မခံပါဘူး .. ဘယ်ဘာသာဝင်ဆိုတာ မကြည့်ပါဘူး လို့ ပြောလိုက်ပါတယ် ... ဒါပေမဲ့ ဦးဇင်း က ဇွဲမလျှော့ ပါဘူး နောက်နေ့ မှာ မျိုးစောင့် ဥပဒေ ဆိုတဲ့ အခွေလေး လာပို့သွားပါတယ် ... ဒကာမကြီး နားထောင်ဖြစ်အောင် ထောင်ပါလို့ လည်း ပြော သွားပါတယ် ... ကျနော် ယူထားလိုက်ပါတယ် .. ဦးဇင်း စိတ်ချမ်းသာပါစေတော့ .. သူတို့ မေတ္တာရှိတဲ့ ဒကာမကြီး အမြင်မှန်ရအောင် ကျိုးစားကြတာပါ ... တကယ့် အရိုးခံ ဘာပရောဂ မှ မပါဘူးဆိုတာ ယုံကြည်ပါတယ် ...
ကျနော် တို့ မန္တလေး ဆိုတာ မီးလောင်လည်း ဘုန်းကြီးတွေ က ရှေ့ဆုံးက နေပြီး.. ဒကာ၊ ဒကာမ တွေ ကို အမြဲတမ်း အကာကွယ်ပေးနေကြ ... ၈၈၈၈ အရေးတော်ပုံကြီး တုန်းကလည်း တမြို့ လုံး အေးချမ်းအောင် ...... စောင့်ရှောက် ပေးခဲ့တယ် ... ပြည်သူ နဲ့ လက်တွဲလို့ စစ်အစိုးရ ကို ဖြုတ်ချဖို့ ကျိုးစား ပါဝင်ခဲ့တယ် .. ၂၀၀၇ သံဃာအရေးအခင်း တုန်းကလည်း အသေခံ..... အဖမ်းခံပြီး အာဏာရှင် တွေကို ဖြုတ်ချဖို့ ကျိုးစားခဲ့ တယ် ..မသင့်တော်တာ ရှိရင်လည်း ဘုန်းဘုန်းတွေ က ဆုံးမပဲ့ပြင်ခဲ့တယ် .. ဘာသာရေး အသိကြွယ်အောင် ဆိုဆုံးမ ခဲ့တယ် ... အချစ်ဆုံး အဖိုးက လည်း ဘုန်းကြီး ဝတ်နဲ့ တချိန်လုံး ဘုရားစာသင် တရားထိုင်သင် ဆိုတော့ ဘုန်းဘုန်းတွေ ကို ကြည်ညိုပြီးသား ... လေးစားပြီးသားပါ.. ထောင်ထဲမှာ မန္တလေး က ဂဠုန်နီဘုန်းဘုန်း.. ငြိမ်းချမ်းရေးကိုယ်တော်.. နဲ့ တခြားဘုန်းဘုန်း များ အနှိပ်စက်ခံရတယ် ကြားရတုန်းက မျက်ရေ ကျလောက်အောင် စိတ်ထိခိုက်ရပါတယ် ...
မြန်မာပြည် မှာ အထူးသဖြင့် နယ်ဘက်မှာက သားယောက်ကျားလေးများကို အလှူအတန်း လုပ်ပြီးတဲ့ အခါ သာသနာ့ဘောင်မှာ ပျော်မွေ့သွားရင် သိပ်ဝမ်းသာကြပါတယ် .. ကျောင်းထိုင်ဘုန်းဘုန်းများ ကလည်း ဉာဏ်ကောင်းတဲ့ ကိုရင်များကို လူပြန်မထွက်စေချင်တော့ပါဘူး ... အဲဒီတော့ မြန်မာပြည်က လူတော်များ (နယ်ဘက်က အများစုပေါ့) ဟာ ငယ်ဖြူ ကိုယ်တော်များ ဖြစ်နေကြပါတယ် ...
လူလောက သဘာဝတွေ .. နိုင်ငံရေးပရိယာယ် တွေ နဲ့ အာဏာရှင် တွေ ရဲ့ ညစ်ပတ် စုတ်ပြတ်ပုံ ယုတ်မာ ကောက်ကျစ်ပုံ ကို အလုံးစုံ နားမလည်နိုင်အောင် ရိုးသားကြပါတယ် .. ဒါကြောင့် ဘုန်းဘုန်း များလည်း အခုအချိန်မှာ မျိုးစောင့်ဥပဒေ လို သဘောထား ကွဲပြားစေတဲ့ အရာတွေ ကို ခဏ ထားလိုက်ပါအုန်း ... လို့ တောင်းပန်ချင်ပါတယ် .... မျိုးစောင့်ဥပဒေ ကနေ အမုန်းမီးပွားများ ပေါက်ဖွား လာပြီး တိုင်းပြည်မအေးချမ်း တဲ့ အတွက် ကယ်တင်ရှင်များက တိုင်းပြည် ကို ဂျောက်ထဲ မကြအောင် ကယ်တင်ကြ ပါလိမ့်မယ် ဘုရား ..... တပည့်တော် တို့ ပြည်သူများ နောက်တကြိမ် အကယ် မခံနိုင်တော့ ပါဘူး ...
အခု တပည့်တော်တို့ မြန်မာပြည်မှာ အာဏာရှင်လက်အောက် က လွတ်မြောက်ဖို့ လမ်းစလေး ရေးရေးပေါ်နေပါတယ် . ဒါပေမဲ့ အာဏာ လက် မလွှတ်ချင် တဲ့ သူတွေ ... အာဏာရူး တွေ ရှိနေပါတယ် ... အာဏာ လက်မလွှတ်ရအောင် ဘက်ပေါင်းစုံကနေ ပြည်သူများ.. သံဃာများ.. ဘာသာကွဲများ.. နိုင်ငံရေးသမားများ.. တိုင်းရင်းသားများ ကို စည်းရုံးရေး ပျက်ပြားအောင် အကြီးအကျယ် လုပ်ဆောင်နေကြတယ် လို့ တပည်တော်ထင်တဲ့ အတွက် အခုအချိန်မှာ လမ်းစလေးရေးရေး ကို မပျောက်အောင် ထိမ်းသိမ်းဖို့ ကလွဲပြီး မျိုးစောင့်ဥပဒေ အပါအဝင် ညီညွတ်ရေး ပျက်ပြားစေတဲ့ အရာအားလုံး ကို စိတ်မဝင်စားပါဘူး လို့ ပြောချင်ပါတယ် ဘုရား ...
နောက်ဆက်တွဲ အနေနဲ့ ပြောရရင် ကျနော် နဲ့ သိကျွမ်းတဲ့ ကျောင်းတက်နေတဲ့ ကလေးတွေ ရှိပါတယ် ... တနေ့က ဆရာမ က ဗုဒ္ဓဘာသာလား လို့ မေးပါတယ် .. ဟုတ်တယ်လို့ ပြောတော့ စီဒီခွေလေး ထုတ်ပေးပါတယ် ... ၉၆၉ မှာ ဈေးဝယ်ဖို့ ဆိုတဲ့အခွေလေးပါ .. ကျနော်ဖွင့်မကြည့်မိပါဘူး ... တော်တော်လည်း စိတ်ပျက် သွားပါတယ် .. M.Res လုပ်နေတဲ့ ကလေးတွေပါ ... ဒီလို ပညာတတ် ကလေး တွေ ရဲ့ ဦးနှောက်ထဲ မှာ ဒီလို အတွေးအခေါ်တွေ ဝင်ရောက်နေ တာ ဟာ တိုင်းပြည် အတွက် မကောင်းတဲ့ အလားအလာ တွေပါ ...
ကျနော် တို့ မြန်မာပြည်ကြီး တိုးတက်ဖွင့်ဖြိုးရေးအတွက် နိုင်ငံခြား ရင်းနှီးမြုတ်နှံမှု့ တွေ လိုအပ်နေတဲ့ အချိန်မှာ အမြင်ကျဉ်းမြှောင်းတဲ့ ၉၆၉ မှာ ဈေးဝယ်ပါ ဆိုတဲ့ ဆောင်ပုဒ် ကို လည်း လက်မခံနိုင်ပါဘူး .. ဒီအတိုင်းသာ ဆက်သွားနေရင် ၉၆၉ မှာ ဈေးဝယ်ရရုံတင် မကဘူး.. နောက်ဆိုရင် အပ်ချီလုံး တလုံးနဲ့ ဓါတ်ခဲ တလုံး ... ဆန်တပြည် ကို တနေကုန် တန်းစီပြီ ထုတ်ရတဲ့ သမဝါယမ ခေတ်ကို ပြန်ရောက်ပြီး ... အာဏာရှင် တွေ လက်အောက် မှာ ပြန်လည် ဒူးထောက်ရလိမ့်မယ် ... လို့ ကျနော် ထင်ပါတယ်..
ဘလော့ဂါတဦး အနေနဲ့ ရေးသင့်တယ် ထင်တဲ့ ပိုစ့်လေးကို ဘလော့ဂ်ဒေး အမှတ်တရလေး
ရေး လိုက် ပါတယ် ... ဧရာဝတီအရေး ကဲ့ သို့ အရေးကြီးတဲ့ နောက်ထပ်...
နှစ်ပေါင်းများစွာ အာဏာရှင် များ လက်ထဲ ဆက်လက် နေရမဲ့ အရေးလို့ လည်း ကျနော်
ထင်ပါတယ် ... ဒါကြောင့် ဒီပိုစ့် လေး ကို ရေးပါတယ်
ကျနော့် ဘလော့ဂ်လေးမှာ လေးနှစ်ကျော် ဖတ်ရှု့ အားပေးခဲ့ကြတဲ့ စာဖတ်သူ မိတ်ဆွေ များကိုလည်း အထူးကျေးဇူး တင်ပါတယ် ... အခုတလော အလုပ်နည်းနည်း များတဲ့အတွက် ... ဘလော့ဂ်လိပ်စာလည်း အပြောင်းအလဲ ဖြစ်သွားတဲ့ အတွက် ... စာတင်တာ နည်းနည်း အဆက်ပြတ်သွားပါတယ် ... အားလုံး ကို တောင်းပန်ပါတယ် ... ဘလော့ဂါ မိတ်ဆွေများလည်း လင့်ခ် လေးပြောင်းချိတ်ပေးကြပါ... ကျနော်လည်း ဆက်လက်ပြီး စာကောင်းလေးများ တင်ပေးနိုင်ဖို့ ကျိုးစားပါမယ် ....
ကျနော့် ဘလော့ဂ်လေး မှာ တင်ထားတဲ့ ဆောင်ပုဒ်လေး ရှိပါတယ် ... အောက်မှာထပ်ဖော်ပြ ထားပါတယ် ... အဲဒီအတိုင်းဘဲ ကျနော် ကျင့်သုံး မှာပါ ...
“မတရားမှုတခုမှာ “ ကြားနေ” တယ်ဆိုရင်
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ် လိုက်တာနဲ့ အတူတူပါပဲ”
“If you are neutral in a situation of injustice, you have chosen to side
with the oppressor.”
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဒေါက်တာ မာတင်လူသာကင်း)
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)
အားလုံးကိုလေးစားလျှက်
ရွှေစင်ဦး
http://www.shwezinu.blogspot.com
.