Wednesday, May 29, 2013

တင့်ဆန်း ၏ ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၉)

 ယင်းသို့ ရှိစဉ်ခိုက်ဝယ် ညီမငယ်သည် ကောက်ရသလို အပြင်းဖျားပါလေတော့သည်။ သူမ ဖျား ရခြင်း နေပူ ထဲတွင် ကျွန်တော်တို့ ရေချိုးရန် အတွက် ရေကန် မှ ရေ ခပ်ခြင်းကြောင့် ဖြစ်ကြောင်း ကျွန်တော် သိသည်။
"အစန်း၊ ညီမလေးကို ဂရုစိုက်ပါကွယ်။ သူဟာ တို့အပေါ် ကောင်းရှာပါတယ်" ကျွန်တော်က ညီမငယ် အပြင်းဖျားသောကြောင့် စိုးရိမ်စွာ ပြောမိသည်။

"ရှင့် မယားလေး ရှင် ဂရုစိုက်ပေါ့။ ကျုပ်တော့ ကလေးတစ်ဖက် ဘာတစ်ဖက်နဲ့ ဂရုမစိုက်နိုင်ပါဘူး"
ခင်စန်းကြည် က အငေါ်တူးလိုက်လေရာ ကျွန်တော်မှာ ရင်ထဲ အောင့်ကနဲနာ၍ သွားလေသည်။
ကို ဆက်ဖတ်ရန်............

အစန်း မင်းဟာ အတော် ကျေးဇူးကန်းတဲ့ မိန်းမတစ်ယောက်ပဲ။ ညီမလေးဟာ မင်းကိုရော၊ ကလေးတွေ ကို ရော ဘယ်လောက် ဂရုစိုက်တယ်ဆိုတာ မင်းအသိပဲမို့လား။
"ဒါက ရှင့်မျက်နှာနဲ့ ဂရုစိုက်တာပါ။ ကျွန်မချည့်ဆိုရင် ခြေနဲ့တောင်တို့မှာ မဟုတ်ပါဘူး"
"ကဲ တော်တော့။ မင်းနဲ့ငါ့ စကားပြော အဆင်မပြေပါဘူး"
ကျွန်တော်သည် ဤမျှသာ ပြောပြီး ညီမငယ်ဆီသို့ ထလာခဲ့သည်။ ခင်စန်းကြည်သည် နောက်တွင် နှုတ်မှ ပွစိပွစိပြောရင်း ကျန်ခဲ့လေ၏။ ကျွန်တော်သည် သူမ ဘာပြောပြော၊ ဘာထင်ထင် ဂရုမစိုက်နိုင်တော့။ ညီမငယ်ကိုသာ နေ့ရောညပါ ပြုစုနေရသည်။ တစ်ညတွင် ခင်စန်းကြည်
သည် လေနာသည် ဟုဆိုကာ အော်ညည်းလူးလှိမ့်၏။ 

ကျွန်တော်က လျက်ဆား တစ်ခွက်သာတိုက်ပြီး လက်ဖျားနှင့်ပင်မတို့ဘဲ ပစ်ထား လိုက်လေသည်။ သူမ ၏ လေနာခြင်းမှာလည်း ညီမငယ်ခေါင်းကိုက်သည်ဆို၍ ကျွန်တော်နှိပ်ပေးသည်ကို မနာလို၍ နာခြင်းဖြစ်ကြောင်း ကျွန်တော်က အတတ်သိပါသည်။

ခင်စန်းကြည်သည် ကျွန်တော်က သူမအား ဂရုမစိုကိရကောင်းလားဟု ဒေါပွကာ နံနက်လင်းလျှင် လင်းခြင်း ကလေးများကို ခေါ်၍ ထွက်သွားတော့သည်။

 ကျွန်တော်မှာ ခင်စန်းကြည်အပေါ်၌ ပို၍ ပို၍ စိတ်ပြတ်စဲ လာလေသည်။ ထို့ကြောင့် သွားလိုရာ သွားစေတော့ ဟုပင် ပစ်ထားပြီး သတင်းမှ မမေးဘဲ နေခဲ့သည်။
ခင်စန်းကြည်သည် ကျွန်တော်နှင့် ညိမငယ်တို့ ညားနေကြကြောင်း ညီမငယ်နှင့် ကျွန်တော် ညားနေ၍ သူမအား နှင်ထုတ်လိုက်ကြောင်း သတင်းဆိုးများကို လွှင့်လေရာ ကျွန်တော်မှာ လူဆိုးကြီးတစ်ယောက်၊ သစ္စာမဲ့သူ တစ်ယောက်အဖြစ် အများ၏ ထင်မြင်ယူဆချက်ကို ခံယူရပါသည်။
ညီမငယ်အား အစ်မကြီးက လာရောက် ခေါ်ယူသွားသည်။ ကျွန်တော်က သတင်းဖြစ်သည့်အတိုင်း မဟုတ် မမှန်ကြောင်း ရှင်းလင်းပြရာ အစ်မကြီးက ယုံသည်။

"ဒါပေမယ့် မောင်လေးရယ် မင်းတို့ချင်း အတူနေကြလို့ မသင့်တော်ဘူးမို့လား။ အစ်မကြီးသဘောကတော့  မင်းတို့ချင်း တကယ်ဖြစ်တေင် မကန့်ကွက်ပါဘူး။ ဒါပေမယ့် မင်းမှာကလဲ လွတ်လွတ်လပ်လပ် မဟုတ်။ ညီမကလဲ သိပ်ငယ်သေးတော့ ခုလောလောဆယ် ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ ဖြစ်နေတယ်။ မင်းကလဲ လွတ်လွတ် လပ်လပ်နဲ့ သုံးလေးနှစ်ကြာနေလို့ ညီမကလဲ ကြီးလာရင် အစ်မသဘောတူပါတယ်ကွယ်" ဟု ပြောသွားလေသည်။

ကျွန်တော်က ခင်စန်းကြည်နှင့် ကွာရှင်းပြတ်စဲဖို့ကို ကြိုးစားတော့သည်။ ကျွန်တော်သည် အစ်မကြီးပြော စကား ကို နှစ်သက်သဘောကျ၍ မဟုတ်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး  စိတ်နှလုံး ပူကျွမ်းအောင် နှိပ်စက်နေ ခဲ့သူနှင့် ရှေ့ဘ၀ခရီးတွင် ဆက်၍ မသွားလိုတော့သောကြောင့်ပင် ဖြစ်ပါသည်။
ခင်စန်းကြည် သည် ကျွန်တော်က တကယ်ကွာရှင်းတော့မည်ဆိုသောအခါ ပေကပ်နေသည်။ သူမ အမှား များကို ၀န်ခံလာသည်။ ဒါပေမယ့် ကျွန်တော်သည် ဆုံးဖြတ် လုပ်တတ်သူ ဖြစ်၏။ သူမကျွန်တော့်အပေါ် စိတ်နာ လာအောင် ပြောသည်။ ညီမငယ်နှင့် လက်ထပ်တော့မည်ဟုလည်း ပြောသည်။ ထိုအခါတွင် သူမ သည် ကျွန်တော့် အား စိတ်နာပြီး ပြတ်စဲသွားလေသည်။
သူမနှင့် ကျွန်တော် ပြတ်စဲကြရာ၌ သားနှစ်ယောက်ကို ကျွန်တော်က ခေါ်ထား၍ သမီးအား သူက ခေါ်သွား သည်။ သမီး အတွက် ကျွန်တော်က တစ်လလျှင် ငွေအစိတ် ထောက်ပံ့ရ၏။

ကျွန်တော်သည် အဘွားလေးတို့နှင့် စုပေါင်းနေသည်။ အဘွားလေးမှာ စစ်ဒဏ်ကြောင့် စီးပွားရေးပျက်ပြား ကာ အုန်းမောင် မှာလည်း အလုပ်အကိုင်မရှိ ဖြစ်နေသည်။ အားလုံးတာဝန်ကို ကျွန်တော်က ယူ၍ လုပ်ကျွေး ရသည်။ ကျွန်တော်သည် မယားငယ် လိုချင်၍ မယားကြီးအား ပစ်သည်ဟု သတင်းပြေးနေသည်။ ကျွန်တော် က မဖြေရှင်း လို၊ ခင်စန်းကြည်၏ အပြစ်များကို မထုတ်ဖော်လို။ ကျသမျှ အပြစ်ဒဏ် ကျွန်တော်သာ ခံမည်ဟု ဆုံးဖြတ်ထားလေသည်။ အပေါင်းအသင်းများက မေးလျှင်လည်း ဟုတ်မှန်ကြောင်းကို ပြန်ပြောသည်။ ဒါပေမယ့် ညီမလေးကို ကျွန်တော်က တစ်ဖက်သတ် ချစ်နေကြောင်း၊ ညီမလေးဆန္ဒကို မသိရသေးကြောင်း သာ အဖြေပေးထားခဲ့၏။  

လှည်းကူးမြို့သည် ငမိုးရိပ်ချောင်းကို ခွ၍ တည်ထားသည်။ ကျွန်တော်သည် လှည်းကူး၌လည်း နေချင်စိတ် မရှိ။ ငမိုးရိပ်နှင့် ဝေးရိာသု့ ပြေးချင်သည်။ ထိုစဉ်၌ မောင်မြကြီးသည် ထောက်ကြံ့တွင် ဆံပင်ညှပ်ဆိုင်တစ်ခု ခွဲ၍ တည်ထောင်ထားသေးသည်။ တစ်နေ့ ကျွန်တော် ညီမငယ်ထံသို့ အလည်သွားရာ ညီမငယ်သည် ရိုင်းစိုင်းစော်ကားသော စာတစ်စောင်ကို လာပေးပြီး အိမ်ခန်းထဲသို့ ၀င်ပြေးသွားသည်။
ကျွန်တော်က စာကို ဖတ်ကြည့်ပြီး အံ့အားသင့်နေမိသည်။

စာ၏ သဘောမှာ ကျွန်တော့်တွင် သားကြီး မယားကြီး ရှိလျက်နှင့် သူမ အား ခွေးကျင့်ခွေးကြံ စိတ်ထားရကောင်းလားဟု ရန်တွေ့ထားပြီး ကျွန်တော့် အား နောက်တွင် သူမအိမ်သို့ မလာဖို့ ဖြစ်လေသည်။
စာဖတ်ပြီးသော် ကျွန်တော့်မှာ ခေါင်းထဲ၌ မိုက်ကနဲ ဖြစ်၍သွားသည်။ ညီမငယ်သည် ဘယ်သဘောနှင့် ထိုစာမျိုးရေးသည်ဟုလည်း နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။ အမှန်စင်စစ် ကျွန်တော်သည် တစ်ကြိမ် တစ်ခါမျှ မတော်မတရားလည်း မလုပ်ခဲ့။ ချစ်စကားလည်း မဆိုခဲ့ပါဘဲနှင့် ဤစာမျိုးရေးခြင်းမှာ ထူးခြား ဆန်းကြယ် ၍ နေရလေတော့သည်။
 
ကျွန်တော်သည် စာရွက်အားလုံးကို ချေပစ်လိုက်ပြီးနောက် မောင်မြကြီးအား ထောက်ကြံ့ဆိုင်သို့ သွားရောက်ခါ အလုပ်လုပ်လိုကြောင်း ပြောပြရာ မောင်မြကြီးက ခွင့်ပြုလေသည်။ မောင်အောင်သန်းမှာ ကျွန်တော်နှင့် နေရာချင်းလဲရသောကြောင့် ၀မ်းသာနေသည်။ သူသည် အစ်ကိုဖြစ်သူ၏ စီစဉ်ချက်ကြောင့် ထောက်ကြံ့၌ နေရသော်လည်း ပျော်ပိုက်ခြင်း မရှိခဲ့ချေ။
သူက လှည်းကူး၌ ပျော်ပိုက်သူ။ ကျွန်တော်က လှည်းကူးတွင် မနေလိုသူ။ နေရာချင်းလဲလိုက်သောကြောင့် ၂ယောက်စလုံး စိတ်တိုင်းကျသွားရသည်။

ထောက်ကြံ့တွင် လှည်းကူးထက်ဝင်ငွေပိုကောင်း၏။ ဂေါ်ရာစစ်သားများခေါင်းမှာ ဆံပင်နုလှသဖြင့် ၅မိနစ် နှင့်တစ်ခေါင်း အပြီးညှပ်နိုင်ခဲ့သည်။ ထိုစဉ်က မောင်မြကြီးသည် ကျွန်တော်အား သုံးပုံနှစ်ပုံစား ပေးထားသည်။ သူသည် မိတ်ဆွေကောင်းတစ်ယောက်ပေတည်း။
ကျွန်တော့်ဝင်ငွေမှာ တစ်နေ့လျှင် ၁၈နှင့် ၂၈ကျပ် ကြားရှိပေသည်။ ထိုကြားထဲ၌ စီးကရက်ဗူးများ အရောင်းအ၀ယ် လုပ်ခြင်းကြောင့်လည်း ၀င်ငွေလမ်းတစ်ဖက် ရှိနေသေးသည်။ ကျွန်တော်မှာ ထိုစဉ်က ငွေကြေးစုဆောင်းလိုစိတ် မရှိ။ အဘွားလေးနှင့် ကလေးများအတွက် ပေးပြီးလျှင် ကျန်ငွေကို အကုန် သုံးဖြုန်းပစ်လိုက်သည်။

ကျွန်တော်နှင့်အတူ အလုပ်လုပ်သူမှာ မောင်မြကြီး၏ အစ်ကို တ၀မ်းကွဲတော်စပ်သူ ချစ်ဆွေ ဖြစ်သည်။ ချစ်ဆွေမှာ ကျွန်တော်နှင့် ရွယ်တူဖြစ်၍ သူ့တွင်လည်း ဇနီး ရှိသည်။ သူ့ဇနီးမှာ သူ့ထက်အသက်ကြီးသူ ဖြစ်၍လားမသိ ဇနီးအားသူက စွန့်ပစ်ထားလေသည်။ ကျွန်တော်တို့နှစ်ယောက်မှာ အတွဲညီလှ၏။ ဆိုင်တွင် ဆီ၊ ဆား၊ ဆန်၊ ငရုတ်၊ ကြက်သွန်မှအစ အပြည့်အ၀ယ်ထားသည်။ စီးကရက်ဗူး များ၊ ဆေးပေါ့လိပ်တစ်ရာ စည်းများ အပြည့်အစုံ ရှိသည်။
 
ကျွန်တော်တို့ ရွာမှ စစ်ပြေးလာကြသူများသည် ထောက်ကြံ့အနီး မှော်ဘီလေယာဉ်ကွင်းသို့ လာရောက် နေ့စားကူလီ လုပ်ကြသည်။ ထိုအထဲမှ ကျွန်တော်တို့နှင့် ဆွေရိပ်မျိုးရိပ် မကင်းသူများသည် ကျွန်တော် တို့ ဆိုင်၌ ထမင်းစားကြသည်။ ဆေးလိပ်များကို သဘောရှိသောက်ရုံမက ယူ၍ သွားကြသည်။ ကျွန်တော်တို့ က ကျေနပ်ပါ၏။ သူတို့သည် စစ်ပြေး ဒုက္ခသည်တွေ မဟုတ်ပါလား။
ကျွန်တော်မှာ ဆံပင်ညှပ်အလုပ်ကို လုပ်ရင်းနှင့် လူအမျိုးမျိုး လူတန်းစား အသီးသီးတို့၏ ဓလေ့၊ စရိုက်၊ သဘာဝ၊ စိတ်နေစိတ်ထားများကို လေ့လာခဲ့သည်။ မှတ်သားခဲ့သည်။

တစ်ခါတစ်ခါ၌ ၀တ္ထုရေးချင်စိတ် အပြင်းအထန် ဖြစ်ပေါ်လာသည်။ ထောက်ကြံ၌နေစဉ်ကပင် ကျွန်တော် သည် ၀တ္ထုများကို စမ်းရေးကြည့်သည်။ ချစ်ဆွေမှာ ခေတ်ပညာ ရှစ်တန်းအထိ သင်ဘူးပြီး စာဖတ်ဝါသနာပါ သူဖြစ်သောကြောင့် ကျွန်တော့်ဝတ္ထုများကို ဖတ်ကြည့်ပြီ;
"မင်းရေးတာ သိပ်တော့ မဆိုးဘူးကွ။ ဒါပေမယ့် လိုတော့ လိုသေးတယ်။ ဘာလိုတယ်ရယ်လို့ ငါလဲ မပြော တတ်ဘူး" ဟု မှတ်ချက်ချသည်။
ကျွန်တော် သည် ထိုစဉ်က ရေးချင်စိတ်ပေါက်၍သာ ရေးခြင်း ဖြစ်ပြီး ဘယ်မဂ္ဂဇင်း၊ ဂျာနယ်တိုက်သို့မှ ပို့ရန် လည်း မရည်ရွယ်၊ ပို့လည်း မပို့ခဲ့ပါချေ။ ထောက်ကြံ့တွင် ၅လ ခန့် နေခဲ့ပြီး ဂေါ်ရာ စစ်တပ် ပြောင်းရွှေ့ သွား သောကြောင့် အလုပ်ပါးသဖြင့် လှည်းကူးသို့ ပြန်လာခဲ့သည်။
ကျွန်တော် ထောက်ကြံ့ရောက်၍ မကြာမီမှပင် လက်ဖက်ရည်ဆိုင်မှ အစ်မကြီး သေဆုံးသည်ဟု သတင်း ကြားခဲ့သည်။ ကျွန်တော် လှည်းကူး ပြန်ရောက်ပြီးနောက် ညီမငယ်တို့မှာ အတော်အခြေအနေဆိုးနေသည် ဟု သတင်းကြားသည်။ ကျွန်တော်သည် ညီမငယ်နှင့် သွားရောက်တွေ့ဆုံရန် စိတ်ကူးသေး၏။ သို့သော် ထိုကိစ္စကို ဤမျှနှင့်ပင် ဖြတ်လိုက်ခြင်းက ကောင်းမည်ဟု ယူဆမိကာ မသွားဘဲ နေလိုက်သည်။
တစ်နေ့ ဈေးထဲ၌ အမေကြီးအား တွေ့၏။ အမေကြီးက အိမ်လာလည်ဖို့ ပြောသည်။ ကျွန်တော်က ငြင်း၏။

"သမီးငယ်က မင်းကို မကြာခဏ သတိရပါတယ်ကွယ်။ ဟိုတုန်းကစာဟာလဲ သူရေးတာ မဟုတ်ပါဘူး။ သူ့အစ်မက မင်းအ၀င်အထွက်များရင် လူကဲ့ရဲကမှစိုးလို့ ရေးတာပါ။ သူက ဒီစာကို မပေးပါရစေလို့ ငိုပြီး တောင်းပန်တယ်။ အစ်မက ရိုက်မောင်း ပုတ်မောင်းလုပ်ပြီး ပေးခိုင်းလို့ ပေးရရှာတာပါ"
အမေကြီးက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြသည်။
"ကျွန်တော် မလာချင်တာကို ဒီစာကိစ္စကြောင့် မဟုတ်ပါဘူး အမေကြီးရယ်။ ကျွန်တော် ၀င်ထွက် သွားလာ နေရင် လူတွေက ညီမလေးနဲ့ တစ်မျိုးတစ်မည် ပြောကြဆိုကြဦးမယ်။ ဒါကြောင့်ပါ"
"အို ဘယ်သူ ဘာပြောပြော ကိုယ်က မူမှန်ရင် ပြီးတာပဲ သားရယ်။ ပြောကြပေစေပေါ့"
အမေကြီး ဇွတ်ပြောနေပြန်သောကြောင့် ကျွန်တော်သည် အားလပ်သည့်တစ်နေ့၌ လာခဲ့ပါမည်ဟု ကတိပေးလိုက်ရသည်။

ကျွန်တော်သည် ထိုအိမ်သို့ သွားသင့်မသွားသင့် စဉ်းစားသည်။ ထိုအိမ်သို့ သွားဖန်များလျှင်လည်း ညီမငယ်နှင့် ငြိတွယ်မိမည် စိုးရိမ်သည်။ အမှန်ဆိုရသော် ညီမငယ်အား ကျွန်တော် ချစ်ပါသည်။ အိမ်ထောင်ဘက် အနေနှင့်လည်း သဘောကျပါသည်။ ဒါပေမယ့် ကျွန်တော်သည် ထို ကလေးမငယ်နှင့် ဖြစ်သောကြောင့် မယားကြီးအား ကွာရှင်းပြတ်စဲခဲ့သည်ဆိုသော အဖြစ်မျိုးသို့ မရောက်ချင်။ ထိုသို့ မဟုတ် ကြောင်းကို အထင်သေး အပြစ်ဆိုနေသူများအား လက်တွေ့ပြသချင်ပါသည်။  ထို့ကြောင့် ထိုအိမ်သို့ သွား ချင်လျက်နှင့် ကျွန်တော် မသွားဘဲ နေခဲ့ရပါတော့သည်။
    ကျွန်တော် လှည်းကူးသို့ ပြန်ရောက်ပြီး ၂ လ ခန့်အကြာတွင် သမီးငယ်သည် ၀က်သက်ဝမ်းဖြစ်၍ သေဆုံးသွားသည်ဟု သတင်းကြားရပါသည်။ ကျွန်တော်မှာ ရင်သွေးသေဆုံးခြင်း၏ ပရိဒေ၀ ကို ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်၍ မီးတောက်ခဲ့ရသည်။ ဒါပေမယ့် ကျွန်တော်သည် ကလေးအလောင်း အားလည်း သွားမကြည့်။ သင်္ဂြိုလ်စရိတ်သာ လူကြုံနှင့် ပေးလိုက်ပြီး ရင်မှအပူကို ကျိတ်မှိတ်ခံစားနေလိုက် သည်။
    အများက ကျွန်တော့်အား စိမ်းကားသော ဖခင်အဖြစ် ထင်မြင်ယူဆကြသည်။ ကျွန်တော်သည် ဘယ်သူက ဘာ ထင်ထင် ဂရုမစိုက်။ ထိုကလေး သေဆုံးခြင်းနှင့်ပတ်သက်၍ ခင်စန်းကြည်နှင့် ကျွန်တော် ပြန်လည် တွေ့ဆုံခြင်းမဖြစ်လိုခြင်းသည်သာ ကျွန်တော့်အတွက် အဓိကဖြစ်လေသည်။
    ကျွန်တော် မှာ စိတ်ကပိုင်းဖြတ်ပြီးလျှင် တကယ်လုပ်သူဖြစ်ပါသည်။ ခင်စန်းကြည်ကိုလည်း ပြတ်၏။

ညီမငယ်နှင့် လည်း ရှောင်လွှဲနေခဲ့သည်။ ယင်းသို့သာမက ကျွန်တော်သည် နောက်ထပ်၍ အိမ်ထောင်ပြုလို စိတ်ပင် မရှိဖြစ်ခဲ့ရလေတော့သည်။
    ကျွန်တော်သည် အချိန်ရသမျှ စာအုပ်တွေကိုသာ နင်းကန်ဖတ်နေခဲ့သည်။ ထိုစဉ်၌ ကျွန်တော်တို့ ခင်မင်ရာ လူတစ်စုသည် '' လူထုအလင်းရောင်'' ' အမည်ဖြင့် စာကြည့်သင်းတစ်ခုကို တည်ထောင်လိုက်ကြ သည်။စာကြည့်သင်းမှာ တက်တက်ကြွကြွ ရှိလှသည်နှင့် မြို့မှ စာပေ၀ါသနာရှင်များက အားပေးကြသည်။ စာအုပ်စာတမ်းများ လှူဒါန်းကျသည်။ အသင်းရံပုံငွေကလည်း အတော်တောင့်တင်းသည်နှင့် ထွက်လာသမျှသော စာအုပ်စာတမ်းများကို ၀ယ်ယူဖတ်ရှုနိုင်ပေသည်။
    ကျွန်တော်သည် စာကြည့်တိုက်၌ ရှိသမျှ နိုင်ငံရေး၊ စီးပွားရေး၊ ၀တ္ထု၊ ဆောင်းပါး၊ မဂ္ဂဇင်း၊ ဂျာနယ် အားလုံးကို ထုတ်ဖတ်သည်။ စာကြည့်တိုက်မှူးလုပ်သူမှာ ကျွန်တော့်ကို အံ့အားသင့်ရလေသည်။

    တစ်နေ့တွင် အာရှလူငယ် အစည်းအရုံးမှ လက်ရေးစာစောင်ထုတ်မည်ဟု ကြေညာကာ ၀ါသနာပါသူတိုင်း ၀တ္ထု၊ ကဗျာ၊ ဆောင်းပါးများ ၀င်ရောက်ရေးသားနိုင်သည်ဟုလည်းဆိုသည်။ ၀တ္ထုများကို ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့် ၃ မျိုးထား၍ ရွေးချယ်ကာ ဆုများပေးမည်ဟုဆိုလေသည်။ ကျွန်တော် မှာ ၀တ္ထုရေး လိုစိတ် ပြင်းထန်နေချိန်ဖြစ်၍ ''ဂေါ်သာဂေါ်''ဆိုသော ခေါင်းစည်းနှင့် ၀တ္ထုတိုကလေးတစ်ပုဒ် ရေးသည်။ ပြီးနောက် ကလောင်အမည်ကိုလည်း ''တင့်ဆန်း'' ဟု တပ်လိုက်သည်။
    ကျွန်တော့်ဝတ္ထု မှာ ဒုတိယရရှိ၍ မောင်မြကြီး ၀တ္ထုက ပထမရကာ တတိယမှာ မည်သူရရှိသည်ဟု မမှတ်မိတော့ပါ။
    ''ခင်ဗျား အရေးအသားတော့ တကယ်ကောင်းတယ်။ ဒါပေမယ့် ဇာတ်လမ်းက သိပ်မကောင်းဘူး။ လက်ရေးကလဲဆိုး၊ သတ်ပုံကလဲ သိပ်မှားတယ်''ဟု ထိုလက်ရေးစာစောင် အယ်ဒီတာလုပ်သူ ကိုစောမောင်က ဝေဖန်လေသည်။
    ကျွန်တော်သည် ထိုလက်ရေးစာစောင်၌ ၀တ္ထုတစ်ပုဒ်ရေးပြီး နောက်ထပ် ၀တ္ထုများကိုလည်း ရေးစမ်း မကြည့်တော့ပါ။ စာအုပ်တွေကိုသာဖတ်၍ နေခဲ့ပါသည်။ တစ်ညနေ ကျွန်တော် မြို့ပြင်သို့ ထွက်၍ ငေးနေရာမှ နေ၀င်စအချိန် ဇရက်များ ဆူဆူညံညံ အိပ်တန်းတက်ကြသည်ကိုကြည့်ပြီးကာ ကဗျာ စပ်ချင်စိတ် ပေါက်လာသည်နှင့် အိမ်သို့ ပြန်လာပြီး ''ရီပြာပြာ''အမည်နှင့် ကဗျာတစ်ပုဒ် စပ်လိုက်သည်။ ပြီးနောက် ကလောင်အမည်ကို ''တင့်ဆန်း(လှည်းကူး)ဟု ရေးထိုး၍ နောက်နေ့တွင် ဒီးဒုတ် ဂျာနယ်သို့ ပို့လိုက်၏။ ဂျာနယ်ထွက်လာသောအခါတွင် ကျွန်တော်၏ ကဗျာကလေး ပါ၍လာလေသည်။
    ကျွန်တော်သည် အားရ၀မ်းသာ ဖြစ်မိ၏။

အမှန်စင်စစ် ကျွန်တော်မှာ ကဗျာစပ်နည်း စပ်ထုံးများကို သင်အံလေ့ကျက်ထားသူမဟုတ်။ အခြားကလောင်ရှင်များ ရေးထားသော ကဗျာတို့ကိုသာ ပေါ့ပေါ့ဆဆ ဖတ်ထားပြီး ယခု ''ရီပြာပြာ'' ကဗျာ မှလည်း စပ်ချင်စိတ်နှင့်သာ ရေးစပ်လိုက်သော်လည်း စပ်နည်းစပ်ထုံးနှင့် စပ်မိသည်ဟူ၍ပင် ကိုယ့်ဟာကိုယ် နားမလည်ခဲ့ပါချေ။
    ကျွန်တော်မှာ ကဗျာတစ်ပုဒ် ဂျာနယ်၌ ပါပြီးမှပင် ကဗျာစပ်နည်းစပ်ထုံးများကို ရှာဖွေ ဖတ်ရှုပြီး လေ့ကျင့်ရလေသည်။ ပြီးနောက် ဒီးဒုတ်ဂျာနယ်တွင် ကဗျာများ ဆက်ကာ ရေးပို့ လေတော့ သည်။ ၁၀ ပုဒ်ပို့ လျှင် ၈ ပုဒ်ခန့်ပါ၍  ပုဒ်လောက်သာ အပယ်ခံရသည်။
    ကျွန်တော်သည် အားတက်လာ၏။ ကဗျာများသာမက ပြုပြင်ရေးဆောင်းပါးများလည်းရေးသည်။ ဒီးဒုတ်ဂျာနယ် က ဆောင်းပါးများကို ထည့်ပေးရုံသာမက ဂျာနယ်များလည်း အပတ်စဉ် ကျွန်တော့်ထံသို့ ပို့ပေးခဲ့သည်။
    ကျွန်တော်က စာပေ၌ စွဲလမ်းနေစဉ် ညီမငယ်သည် ဂျပန်တော်လှန်ရေး ရဲဘော်တစ်ယောက်နှင့် လက်ထပ် သွားသည်။ ကျွန်တော်မှာ စိတ်ထဲတွင် အတော် ထိထိခိုက်ခိုက် ခံစားလိုက် ရ၏။ နှမြောတသခြင်း ဖြစ်မိ၏။ ထို့ကြောင့် ''တောနှင့်မတန်'' အမည်ဖြင့် ၀တ္ထုတိုတစ်ပုဒ်ရေး၍ ဒီးဒုတ်သို့ ပို့လိုက်ရာ ပါ၍လာပြန် သည်။ ကျွန်တော့် ၀တ္ထုပါသော ဂျာနယ်လိပ်တည်း၌ စာတစ်စောင်လည်း ပါလာသည်။ စာမှာ ယခုလို သူတို့ ဂာနယ်သို့ စာမူများ ရေးသားချီးမြှင့်သည့်အတွက် ကျေးဇူးတင်ကြောင်း အယ်ဒီတာက ရေးသားပေးပို့လိုက် သောစာဖြစ်လေသည်။
    ကျွန်တော် ရေးပို့လိုက်သော ''တောနှင့်မတန်'' ဇာတ်လမ်းမှာ ကျွန်တော့်ကိုယ်ကို တောထား၍ ညီမငယ်ကဲ့သို့ ဖြူစင်မွန်မြတ်သူသည် ကျွန်တော်ကဲ့သို့ တောမျိုးနှင့်မတန်။ ဖြူစင်သန့်ရှင်းသူချင်းသာ ထိုက် တန်သည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်လေသည်။
    ကျွန်တော်သည် ဒီးဒုတ်ဂျာနယ်သို့ ၀တ္ထုတိုများရေး၍ ပို့ပြန်သည်။ ကျွန်တော် ရေးသမျှတည်းမှ မှတ် မှတ်ရရ ၂ ပုဒ်သာ အပယ်ခံရပြီး အားလုံးဂျာနယ်၌ ပါသည်ချည်းသာ။

    ကျွန်တော်မှာ စာဖတ်လိုက်ရေးလိုက်နှင့်သာ ပျော်ပိုက်နေခဲ့သည်။ စာရေးဆရာတစ်ယောက်အဖြစ်နှင့် ထင်ပေါ် ကျော်ကြားဖို့ကိုလည်း မရည်ရွယ်။ စာရေးခြင်းနှင့် အသက်မွေး၍ ရသည်ဟုလည်း မသိ။ ဘာသာပြန်သော၊ မှီးသော ၀တ္ထုများကိုဖတ်ပြီး ထိုသို့မလုပ်နိုင်က စာရေးဆရာဖြစ်လိမ့်မည်ဟုလည်း မထင်မှတ်ခဲ့ပါချေ။ ကိုယ်ဝါသနာရှိ၍ ရေးချင်စိတ်နှင့်ရေးသော စာတွေကို ထည့်ပေးနေခြင်းအတွက် ဒီးဒုတ်ဂျာနယ်ကို ကျေးဇူးတင်မဆုံး ရှိခဲ့ပါတော့သည်။
    နိုင်ငံရေး အခြေအနေမှာ လှုပ်ရှားလာခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိသော ခေါင်းဆောင်များ သည် မြန်မာ့လွတ်လပ်ရေးကို ခပ်တင်းတင်း တောင်းဆိုလာကြသည်။ ကျွန်တော်မှာ စာပေသက်သက်ကို သာမဟုတ်။ နိုင်ငံရေးကိုလည်း တစ်ဖက်က စိတ်ဝင်စားသေးသဖြင့် ကမန်တော့်ဝတ္ထုများက နိုင်ငံရေးဆန် လာသည်။ အမျိုးသားစိတ် လှုံ့ဆော်မှုကလေးများ ပါရှိတတ်သည်။ ထိုအခါ၌ မိတ်ဆွေသူငယ်ချင်းများက ကျွန်တော့်ဝတ္ထုတွေ ကောင်းလာပြီဟု ချီးကျူးကြသည်။

    ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်သို့ လွတ်လပ်ရေးအတွက် သွားရောက် အရေး ဆိုကြသောအခါ မြန်မာတစ်ပြည်လုံး ဆန္ဒပြပွဲများ လုပ်ကြသည်။ ကျွန်တော်တို့ လှည်းကူးမြို့၌လည်း စည်ကားစွာ ဆန္ဒပြပွဲ လုပ်သည်။ ထိုဆန္ဒပြစည်းဝေးပွဲ၌ ကျွန်တော် ကိုယ်တိုင် ရှမ်း၊ ချင်း၊ ကရင်၊ ကချင်စသော လူမျိုးစုများအား သွေးမခဲဖို့ အဆိုတစ်ရပ်ကို တင်သွင်းခဲ့သည်။
    စည်းဝေးပွဲ လုပ်ပြီး နောက်တစ်နေ့၌ သတင်းထောက် ကိုဘသိန်းက သူခရီးသွားစရာရှိ၍ အစည်း အဝေးပွဲ လူထုဓာတ်ပုံများ ဟံသာဝတီသတင်းစာတိုက်သို့ ပို့ပေးပါရန် ကျွန်တော့်အား ခိုင်းစေလေသည်။ ကျွန်တော်သည် ဓာတ်ပုံနှင့်အတူ ကဗျာတစ်ပုဒ်ပါ သတင်းစာတိုက်သို့ ပို့လိုက်သည်။ နောက် ၂ ရက်ကြာ၍ ဟံသာဝတီ သတင်းစာ ထွက်လာသောအခါ ''ဆန္ဒပြပွဲဆင်နွှဲသည့် တင့်ဆန်း လှည်းကူး'' ဟုမျက်နှာဖုံးတွင် ၆ လိုင်း စာလုံးကြီးနှင့် ခေါင်းစဉ်တပ်သော ကျွန်တော့်ကဗျာရော၊ ကိုဘသိန်း၏ လူထုဓာတ်ပုံပါ ပါရှိလာလေရာ ၀မ်းသာမဆုံးနိုင်အောင် ရှိရပြန်တော့သည်။
    ကျွန်တော်သည် စာဖတ်ဖို့နှင့် ရေးဖို့သာ စိတ်စွဲနေ၏။

စာပဒေသမဂ္ဂဇင်း ထွက်ပေါ်လာသောအခါ တွင် အဖွဲ့ဝင် ဖိတ်ခေါ်ချက် ပါလာသည်။ ကျွန်တော်သည် စာပဒေသာ အဖွဲ့ဝင်လိုက်၏။ ပြီးနောက် ''လယ်ကူလီ'' အမည်နှင့် ၀တ္ထုတစ်ပုဒ်ရေးကာ စာပဒေသာသို့ ပို့လိုက်သည်။
    လယ်ကူလီ ၀တ္ထုမှာ ကျွန်တော် တွေ့ကြုံဆက်ဆံခဲ့ရသော လယ်အလုပ်သမား ကူလီများ၏ အကြောင်းပင် ဖြစ်လေသည်။ ထိုစာမူပို့ပြီး ဆယ်ရက်ခန့်အကြာတွင် စာပဒေသာမှ ကျွန်တော့်ထံသို့ စာတစ် စောင်ရောက်ရှိလာသည်။ ထိုစာမှာ ကျွန်တော်၏ ၀တ္ထုက ရှည်လွန်းနေ၍ စာပဒေသာ၌ စာမျက်နှာ မပေး နိုင်သောကြောင့် ရှုမ၀မဂ္ဂဇင်းသို့ ပေးထားပါကြောင်းများ ဖြစ်လေသည်။
    ကျွန်တော်မှာ ၀မ်းသာမဆုံး ရှိနေပြန်သည်။ အမှန်စင်စစ် ကျွန်တော်သည် ကိုယ့်ကိုယ်ကိုယ် အထင် ကြီးတတ်သူမဟုတ်။ ဤကဲ့သို့ မဂ္ဂဇင်းများ၌ ပါဝင်နိုင်မည့် ၀တ္ထုမျိုး ရေးသားနိုင်လိမ့်မည်ဟုလည်း မထင် မှတ်ခဲ့။ သို့သော် ရေးချင်သောစိတ်ကို တားမရ၍သာ ရေးသားပေးပို့ခဲ့ခြင်းများ ဖြစ်လေရာ ယခုလို ပြန်စာ မျိုးရရှိလာသောအခါ၌ ဘယ်သို့လျှင် မပျော်နိုင်ဘဲ ရှိပါအံ့နည်း။
    ကျွန်တော် ဒီးဒုတ်ဂျာနယ်၌ ရေးသော ၀တ္ထု၊ ဆောင်းပါး၊ ကဗျာများတွင် ''တင့်ဆန်း'' (လှည်းကူး) ဟု ကလောင်အမည် တပ်လေ့ရှိသည်။

လယ်ကူလီ ၀တ္ထု၌လည်း ထိုအတိုင်းပင် တပ်လိုက်ပါသည်။ စာပဒေသာမှ ပြန်စာရပြီး ၁၅ ရက်ခန့်အကြာ တွင် ရှုမ၀တံဆိပ်ပါသော စာအိတ်နှင့် စာတစ်စောင် ကျွန်တော့်ဆီသို့ ရောက်ရှိလာသည်။ စာအိတ် ကို ဖောက်လိုက်သောအခါ ဦးကြီးမောင် (ငွေဥဒေါင်း)၏ လက်မှတ်နှင့်စာကို တွေ့ရသည်။ ၎င်းစာတွင် လယ်ကူလီဝတ္ထုအား ရှုမ၀စာတည်းအဖွဲ့မှ ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း၊ ဤကဲ့သို့ တကယ့် လယ်ကူညီတွေ၏ ဘ၀သရုပ်ကို ဖော်ပြရေးသားသော ၀တ္ထုမျိုး မြန်မာပြည် တွင် မရှိသေးကြောင်း၊ အလွန်ကောင်း ပါကြောင်းနှင့် တင့်ဆန်း (လှည်းကူး)ကို လှည်းကူးဖြုတ်ပစ်၍ ကလောင်အမည် ''တင့်ဆန်း''သာ ထားမည်ဖြစ်ကြောင်းများ ပါရှိလေသည်။
    ကျွန်တော်သည် နှစ်သိမ့်ကြည်နူးမှုများကို အပြည့်အ၀ခံစား၍ နေခဲ့ရသော်လည်း စာရေးခြင်းနှင့် အသက်မွေးနိုင်လောက်သော စာရေးဆရာတစ်ယောက် ဖြစ်လာရလိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် မယုံကြည် ခဲ့။ မျှော်လည်း မမျှော်မှန်းခဲ့ပါချေ။ ယခုလိုပဲ စိတ်ကူးရသည့်အခါ ကောက်ရေးလိုက်၊ စိတ်ကူး မရနေလိုက်ပင် ဖြစ်ပေမည်ဟု ရည်ရွယ်ခဲ့ပေသည်။
    ကျွန်တော် လယ်ကူလီရေးပြီးနောက် မဂ္ဂဇင်းဝတ္ထုများရေးဖို့ စိတ်မကူးခဲ့။ ဒီးဒုတ်ဂျာနယ်၌သာ ၀တ္ထုကဗျာများ ရေးခဲ့ပါသည်။ ရွှေအစာပြောင်ပေါ်၍ လာပြန်သောအခါ ''၀တ်ထရိန်း''ဟု ခေါင်းစဉ်တပ်၍ သရော်စာ တစ်ပုဒ်ရေးပို့ရာ စာစောင်၌ပါ၍ လာပြန်တော့၏။ စာစောင်ကိုလည်း ကျွန်တော့်ထံ လစဉ်မှန်မှန် ပို့ပေးခဲ့၏။ ထိုစာစောင်သို့ နောက်ဟာသ၀တ္ထုတစ်ခုပို့သေး၏။ ခေါင်းစည်းမမှတ်မိတော့။ ထိုစာပုဒ်လည်း ပါခဲ့သည်။
    ထိုစဉ်က ကျွန်တော်မှာ အပျော်တမ်း စာရေးသူ ဖြစ်သောကြောင့် သိပ်ပြီးရေးချင်စိတ်က တိုက်တွန်း လာမှ ရေးသည်။ ရေးသမျှမှာလည်း အပယ်ခံရခဲလျ၏။ ပါသည်ချည်းသာများလေသည်။

    ကျွန်တော်တို့ဆိုင်၏ ၀င်ငွေမှာ ယခင်ကထက် လျော့နည်းလာသည်။ အပြိုင်အဆိုင် များလည်း ပေါများလာသည်။ ဆံပင်ညှပ်ခ ဈေးနှုန်းမှာလည်း တစ်ကျပ်မှ သုံးမတ်သို့ ကျဆင်းလာသည်။ အခြားကုန် ဈေးနှုန်းများက မကျလှသေးဘဲ ကျွန်တော်တို့ ဆံပင်ညှပ်ဈေးနှုန်းသာ ကျဆင်းလာသောကြောင့် ကျွန်တော်တို့ စီးပွားရေး ကျပ်တည်း၍လာခဲ့ရသည်။ ကျွန်တော်သည် ထိုဆံပင်ညှပ်အလုပ်ကို စိတ်ပျက်လာ တော့သည်။ ဒါပေမယ့် စာရေးဆရာ လုပ်ဖို့ကိုလည်း စိတ်ကူးပင် မထည့်ခဲ့မိ။
    ''လက်ရှိအလုပ်ပဲ လုပ်ဦးပေါ့ကွယ်။ တခြားမှာ အလုပ်အတည်တကျ မရှိသေးဘဲနဲ့ ဒီအလုပ်စွန့်လွှတ်လိုက်ရင် အားလုံးဒုက္ခရောက်ကုန်ကြလိမ့်မယ်''
    ကျွန်တော်က ဆံပင်ညှပ်အလုပ်ကို စိတ်ပျက်ကြောင်း အခြားအလုပ်တစ်ခုသို့ ကူးပြောင်းချင်ကြောင်း ပြောလေရာ အဘွားလေးက စိုးရိမ်စွာ ပြောသည်။
    ''ဒီအလုပ်နဲ့က ကြီးပွားဖို့ နေနေသာသာ နောက် တစ်ခေါင်းငါးမူးများဖြစ်သွားရင် ထမင်းစားဖို့တောင် ခက်မှာ အဘွားလေးရဲ့။ ဒါ့ကြောင့် ခုကတည်းက တခြား အလုပ်တစ်ခုကို စမ်းသပ် ကူး ပြောင်းထားမှဖြစ်မယ်။ ကျွန်တော် လော်လီတစ်စီးလောက် ကန်ထရိုက်နဲ့ယူပြီး ဟိုမြို့ ဒီမြို့ကုန်ဆွဲမယ် စိတ်ကူးတယ်။ နောက် ဟန်ပုံပေါ်ရင်လည်း ငွေရှာပြီး လော်လီတစ်စီးဝယ်တာပေါ့''
    '' ကိုယ်ကိုယ်တိုင် နားမလည်ရင် ကားအလုပ်က ခက်သားပဲကွယ်''

    အဘွားလေးက သဘောမတူသော်လည်း ကျွန်တော်က မနေပါ။ လောလီတစ်စီးကို ကန်ထရိုက်နှင့် ငှား၍ ကျွန်တော့် အစ်ကို ကိုသန်းမောင်နှင့် ပြည်လမ်းသို့ ထွက်ခဲ့သည်။ ကိုသန်းမောင်က ကားမောင်း၍ စပယ်ယာ ကလေးတစ်ယောက် ငှားသည်။ ကျွန်တော့်မှာ ကားပေါ်၌ လူပိုတစ်ယောက်ဖြစ်နေခဲ့၏။
    ပြည်လမ်း၌ လော်လီကားကြီးနှင့် သွားလာကုန်ဆွဲနေခဲ့ရာ ထိုပြည်လမ်းရှိ မြို့ရွာ အတော်များများ သို့ ရောက်ခဲ့ရသည်။ လူတန်းစားအမျိုးမျိုးနှင့် ကြုံတွေ့ရသည်။ လုပ်ငန်းအမျိုးမျိုးကို လေ့လာရသည်။ အထူး သဖြင့် ကားသမား တို့၏ စရိုက်ကို သိခဲ့ရပေသည်။
    ကျွန်တော်က ကားတစ်စီးငှား၍ ထွက်စမ်းသောအခါ မောင်မြကြီးလည်း ကားတစ်စီးငှား၍ ထွက်စမ်း ကြည့်သည်။ သူ့ကားကို ချစ်ဆွေက မောင်းသည်။ ချစ်တွေမှာ ဆံပင်ညှပ်အလုပ်ကို စွန့်လွတ်ပြီး ကားဒရိုက်ဘာ လုပ်နေသည်မှာ ကြာခဲ့ပေပြီ။
    ကျွန်တော်တို့ ကားမှာ မကြာခဏ ပျက်သောကြောင့် ခေါက်ရေသိပ်မရဘဲ ရှုံးလေသည်။

 ကားငှားခ ကိုပင် ကျွန်တော့်ပတ္တမြား လက်စွပ်ရောင်း၍ ဖြည့်ပေးလိုက်ရလေသည်။ ကျွန်တော်ရလိုက်သော အမြတ်မှာ ဒေသန္တရဗဟုသုတနှင့် နောက်တွင် ရှုမ၀၌ ရေးသားခဲ့သော ''ဒီသောင်မြေ'' ၀တ္ထုသွေးသောက် တွင် ရေးခဲ့ သော ''ပုပ်ကုန်'' ၀တ္ထုတို့သာ ဖြစ်သည်။
    ကျွန်တော်မှာ ထိုအလုပ်ရှုံးသည်ကို စိတ်ပျက်သည်ထက် ထိုအလုပ်၏ ဂျပိုးဆန်မှုကို စိတ်ပျက်သွား သည်။ မောင်မြကြီးသည် အလုပ်လည်းမရှုံး၊ ကားပိုင်ရှင် ဖြစ်အောင်လည်း ကြိုးစားသောကြောင့် နောင်အခါတွင် ကားသုံးလေးစီး၏ ပိုင်ရှင်ဖြစ်နေလေပြီ။
    ကျွန်တော်မှာ စိတ်မပါလှဘဲနှင့် ဆံပင်ညှပ်ဆိုင်သို့ ပြန်၍ အလုပ်ဆင်းရပြန်သည်။ အဘွားလေး သည် သူ့၌ ရှိထားသော ငွေသားဒင်္ဂါးအချို့ကိုရောင်းကာ ဆေးပေါ့လိပ်ခုံ ထောင်သည်။ ထိုအလုပ်မှာ ကြီးပွား နိုင်သော အလုပ်ဖြစ်သောကြောင့် ကျွန်တော်က အားပေးသည်။ ဆိုင်များသို့ ကိုယ်တိုင်လျှောက်သွင်းသည်။ အလုပ်က အကျိုးပေးရန် အလားအလာ ရှိသော်လည်း အဘွားလေးနှင့် ဆေးလိပ်သမများ ဆက်ဆံရေး အဆင်မပြေသောကြောင့် ၅ လလောက်လုပ်ပြီး ဆေးလိပ်ခုံ ပိတ်ပစ်လိုက်ရသည်။
    ဆံပင်ညှပ်ဆိုင်မှာ ၀င်ငွေကလည်း ပို၍လျော့နည်းလာသည်။ တစ်နေ့လုပ်စာမှာ တစ်နေ့ဟင်းချက် စရာဖိုးလောက်သာရ၏။ အိမ်လခ ၃၀ ကျပ်နှင့် ဆန်ဖိုး၊ ဆီဖိုးများလိုလာသည်။ ကျွန်တော်နှင့် အဘွားလေး တို့တိုင်ပင်ကြကာ အဘွားလေး၌ ကျန်ရှိသော ငွေဒင်္ဂါးများကို ရောင်းပြန်ပြီး ၀ါးကုန်ကူးသည်။
    ရွာ၌ရှိသော အဘိုးလေး၏ တူတော်တစ်ယောက်နှင့် ကျွန်တော်စပ်တူလုပ်သည်။

စပ်တူလုပ်သည် ဆိုသော်လည်း ကျွန်တော်ကသာ ငွေစိုက်ရသည်။ သူက ကျွန်တော့် ထံမှ ငွေများနှင့် တောတွင် ၀ါးဝယ်ကာ လှည်းကူးသို့ ရောက်ရှိလာသော ၀ါးဖောင်များကို ကျွန်တော် က ရောင်းချ ရမည်။ အမြတ်တစ်ယောက်တစ် ၀က်ဖြစ်၏။
    ထိုသူသည် ကျွန်တော့်ထံမှ ငွေများယူသွားပြီး အနီထောင် ထိုးပစ်လေရာ ရှုံး၍ကုန်သည်။ ၀ါးတစ် ဖောင်သာ ပို့ပေးနိုင်ခဲ့၍ ကျန်ငွေများကို ပြန်တောင်းသောအခါ ထိုသူက မပေးဘဲနေသည်။ အဘွားလေး သည်ငိုယိုလျက် ရန်ကုန် စမ်းချောင်းရပ်ကွက်တွင်ရှိသော အဘိုးလေးညီအား သွားတိုင်သည်။ အဖိုးလေးညီ လိုက်လာပြီး တောင်းပေးသော်လည်း အနည်းအပါးသာရ၍ အကြေအလည် မရတော့ပါချေ။
    အဘိုးလေးညီသည် အဘွားလေးနှင့် ကျွန်တော်တို့အား ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ရန်ခေါ်သည်။ ရန်ကုန်၌ အလုပ်တစ်ခုခု စီစဉ်ပေးမည်ဟုပြော၏။ အဘွားလေးကလည်း လိုက်လိုသည်။ ကျွန်တော်ကလည်း သဘောကျ၏။ ကျွန်တော်မှာ ငမိုးရိပ်မှ ခွာချင်နေခဲ့သူ မဟုတ်ပါလား။
    ထိုအချိန်၌ အဘွားလေးသမီးမှာ အုန်းမောင်နှင့် ကွဲကွာနေသည်။ သူမတွင် သမီးငယ်တစ်ယောက် ရှိ၏။ ကျွန်တော့် သားအကြီးမှာ ကျောင်းနေ၍ သားအငယ်မှာလည်း ကျောင်းထားရသူနီးနေပြီ။

    ကျွန်တော်တို့သည် မဆိုင်းမတွပင် ရန်ကုန်သို့ ရွှေ့ပြောင်းခဲ့ကြသည်။ စမ်းချောင်းရှိ အဘိုးလေးညီ အိမ်ကိုပင် ရွှေ့ပြောင်းခဲ့ပါ၏။ အဘိုးလေးညီမှာ မြင်းလှည်း ၂ စီးထောင်ထားကာ မြင်းလှည်းအသင်း၌ အတွင်းရေးမှူး လုပ်နေသည်။ ကျွန်တော်တို့အားလည်း မြင်းလှည်းတစ်စီးထောင်ရန် တိုက်တွန်း၏။ ကျွန်တော်မှာ အသက်ရှိသော သတ္တ၀ါတစ်ကောင်၏ လုပ်စာကိုင်စာကို စားလိုစိတ်မရှိ။ ထို့ကြောင့် အဘိုးလေးညီ၏ အကြံပေးချက်ကို သဘောမတူ။ ဒါပေမယ့် တစ်နေ့ လေးငါးကျပ်မှန်မှန်ဝင်မည် ဆိုသဖြင့် အဘွားလေးက သဘောတူကာ သူ့သမီး၏ ရွှေဆွဲကြိုးကို ရောင်းပြီး မြင်းလှည်းထောင်လေသည်။ ကျွန်တော်မှာ မြင်းလှည်းအလုပ် ကိုလည်း စိတ်မပါ။ ကိုယ်စိတ်ပါသော စာရေးခြင်း အလုပ်ကလည်း ပြောင် ပြောင်မြောက်မြောက် မဖြစ်သေး၍ မလုပ်ရဲ။ အထူးသဖြင့် ကျွန်တော်မှာ အင်္ဂလိပ်စာ မတတ်သောကြောင့် စာရေးဆရာ အလုပ်လုပ်ဖို့ရန် လုံးဝ စိတ်မကူးခဲ့ခြင်းပင်ဖြစ်ပါသည်။
    ကျွန်တော်မှာ အလုပ်လက်မဲ့ လူတစ်ယောက် ဖြစ်နေခဲ့ရသည်။ ရန်ကုန်၌ ဘာအလုပ်မှလည်း မလုပ်တတ်။ ငွေရင်းလည်း မရှိ။ ယောင်ချာချာနေခဲ့ရာမှ လှည်းကူးသို့ပြန်ပြီး မောင်မြကြီးကားနှင့် ဟိုမြို့ ဒီမြို့များကို လိုက်သည်။ ရန်ကုန်သို့ ပြန်လာပြီး လည်ကာပတ်ကာ နေသည်။ တစ်နေ့တွင် အဘိုးလေးညီ၏ ဇနီးက ပြောပါသည်။
    "မင်းဒီလိုနေလို့ ဘယ်ဖြစ်မလဲ။ မြင်းလှည်းထောင်တယ်ဆိုတာ ကိုယ်တိုင် လုပ်နိုင်မှ ကိုက်တာ။ လူငှားသမားနဲ့ ပစ်ထားရင် ကိုယ်မစားရဘူး။ သူတို့ခိုးတာနဲ့ ကိုယ့်တွက် ဘာမှမကျန်ဘူး"
    "ကျွန်တော်က မြင်းလှည်းမှ မမောင်းတတ်ဘဲ အဒေါ်ရယ်" ကျွန်တော်က စိတ်ပျက်စွာ ပြန်ပြော လိုက်သည်။

    "မမောင်းတတ်လဲ လှည်းပေါ်ထိုင်လိုက်ပြီး ငွေသိမ်းပေါ့ကွဲ့"ခုလို ပစ်ထားလို့တော့ ဘယ်လိုမှ မရဘူး" ဟု ဆိုပြန်သောကြောင့် ကျွန်တော်မှာ မတတ်နိုင်တော့ဘဲ မြင်းလှည်းပေါ်တွင် ငုတ်တုတ်ထိုင်လိုက် ၍ ငွေသိမ်းသော အလုပ်ကို လုပ်ရပြန်ပါတော့၏။ မြင်းလှည်းနှင့် လိုက်နေရသောကြောင့် ရန်ကုန်ကို အနှံ့အပြား ရောက်ခဲ့ရသည်။ ကျွန်တော်မှာ မြင်းလှည်းသမားများ၏ စရိုက်ကို စိတ်အပျက်ဆုံး ဖြစ်သည်။ ကျွန်တော်မှာ စိတ်ပျက်သော်လည်း ဘ၀၏ ရပ်တည်မှု အလုပ်တစ်ခုဖြစ်သောကြောင့် ကျိတ် မှိတ်သည်းခံနေရပြန်တော့၏။
    မြင်းလှည်းထောင်သည့် အလုပ်မှာလည်း မကိုက်ပါချေ။ ဟုတ်ပါ၏။ မြင်းစားဖိုး၊ လူငှားခနှုတ်လိုက် လျှင် တစ်နေ့ ၄ ကျပ်မျှပင် ကျန်ဖို့ခဲယဉ်းနေသည်။ ထိုကြားထဲ မြင်းမကျန်းမမာဖြစ်၍ ဆေးကုရလျှင် အိတ် ထဲက စိုက်ရတော့၏။
    ကျွန်တော်က အဘွားလေးအား မြင်းလှည်းပြန်ရောင်းပစ်ဖို့ ပြောသည်။ အဘွားလေး က မြင်းလှည်း ရောင်းပြီး ဘာလုပ်မလဲ ပြန်မေး၏။ ကျွန်တော်က အဖြေမပေးနိုင်ခဲ့ချေ။

    မြင်းလှည်းပေါ် စိတ်ပျက်ပျက်နှင့် ထိုင်လိုက်နေစဉ် တစ်နေ့ ဦးဝိစာရလမ်း၌ ရွာတွင် နေစဉ်က ကျွန်တော်တို့ တီးဝိုင်း၌ တယောတီးသူကိုချစ်တင်နှင့် သွားတွေ့သည်။ ကိုချစ်တင်က ကျွန်တော့်အား တွေ့ ရ၍ အားရ၀မ်းသာ ဖြစ်နေသည်။ ကပ္ပလီကွက်သစ်ရှိ သူ့အိမ်သို့ ခေါ်သွား၏။ သူသည် တပည့်နှစ်ယောက် နှင့် နို့ဆီဗူးခွက်ကို ဖျက်၍ လုပ်သောဘုရားမီးထွန်းသည့် မီးအိမ်ကလေးများ လုပ်နေသည်။
    "ဘယ့်နှယ်၊ ခင်ဗျားလုပ်ငန်း ဟန်ကျရဲ့လား"
    ကျွန်တော်က သူ့လုပ်ငန်းအကြောင်းကို မေးကြည့်သည်။
    "တစ်နေ့ ကိုယ့်တွက် တစ်ဆယ်၊ ဆယ့်နှစ်ကျပ်တော့ ကျန်သားဗျ"
    ကိုချစ်တင်က အားရ၀မ်းသာပြောသည်။

    "ကျွန်တော်လဲ ဒီမြင်းလှည်းကြီးနဲ့ လုပ်နေရတာ စိတ်ပျက်လွန်းလို့ဗျာ"
    ကျွန်တော်က ခပ်ညည်းညည်းပြောလိုက်သည်။
    "ခင်ဗှားကို ပြောရမှာ အားတော့အားနာပါတယ်ဗျာ။ ကျွန်တော်တို့ အလုပ်က အမြင်နုပ်ပေမယ့် ငွေဝင်တော့ မဆိုးလှပါဘူး။ ခင်ဗျား ကျွန်တော်တို့နဲ့ လာလုပ်နိုင်ရင် လုပ်ပေါ့။ ခက်လဲ မခက်ပါဘူး။ ဟိုဟာ ဒီ ဟာဝိုင်းဝန်းလုပ်ပေါ့။ ခင်ဗျားကို ကျွန်တော် တစ်ပုံပေးမယ်။ ခု ဟိုလူ နှစ်ယောက်လည်း ကိုယ့်ဝေစုနဲ့ကိုယ် ငွေကို ခွဲယူတာပဲ။ ဒါပေမယ့် ကျွန်တော် သူတို့ဆီက လက်နက်ကိရိယာခ ပြန်နှုတ်တယ်။ ခင်ဗျားကိုတော့ မနှုန်ဘူး။ အသားတင်ပေးမယ်"
    ကိုချစ်တင်က ဤသို့ ပြောလေရာ ကျွန်တော်အတော် ၀မ်းသာသွားသည်။ ဘာပဲဖြစ်ဖြစ် ရရာ အလုပ်ကိုလုပ်ပြီး ကြီးပွားအောင်ကြံမည်ဟုလည်း စဉ်းစားထားသည်။ ညတွင် အဘွားလေးအား အကျိုး အကြောင်းပြောပြီး နောက်နေ့နံနက် အစောကြီး ကျွန်တော် အလုပ်ဆင်းခဲ့သည်။ ထိုနေ့ ကျွန်တော်မှာ သံပြားညှပ်ရုံ၊ ဆေးသုတ်ရုံနှင့်ပင် ညနေကျ၍ ပစ္စည်းများ ဆိုင်သွားသွင်းပြီးနောက် ငွေရင်းရှာ ကျွန်တော့် အတွက် ၆ ကျပ်ကျော်ကျော် ရခဲ့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, May 27, 2013

တင့်ဆန်း ၏ ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၈)

ကျွန်တော်သည် တစ်ခုခုကို လုပ်မိပြီဆိုလျှင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဇွတ် တရွတ်ပင် စွဲစွဲမြဲမြလုပ်တတ်သော အကျင့်ရှိခဲ့သည်။ လောင်းကစားနှင့် မူးယစ်သောက်စားခြင်းများ မကောင်း မှန်း ကျွန်တော်သိသည်။ ဒါပေမယ့် ထိုအလုပ်ကို မဖြတ်ဘဲဆက်၍ သာလုပ်နေခဲ့ သည်။ နောက်ဆုံး တွင် ဆိုင်တွင်အလုပ်လုပ်သူအား ဆိုင်ကို ၇၅ ကျပ်နှင့် ရောင်းပစ်လိုက်သည်။ ဤမျှ အောက်ကျ၍ လူအထင်သေးသော အလုပ်မျိုးကိုလည်း လုပ်မစားတော့ဟု စိတ်ကို ဆုံးဖြတ် လိုက် လေသည်။ ကို ဆက်ဖတ်ရန် ..........

အဖေနှင့် အဘွားလေးတို့သည် ခင်စန်းကြည်နှင့် သားငယ်နှစ်ယောက်အား မငတ်ရုံသာ ထောက်ပံ့ထားကြ သည်။ ကျွန်တော့်ကိုကား ငွေတစ်ကျပ်ပင် မပေးကြလေတော့။ ကျွန်တော်သည် လက်ပတ်ကြိုးနှင့် ကြယ်သီးကြိုး ကို အပေါင်ဆိုင်မှ ရွေးပြီး ရောင်းပစ်လိုက်သည်။ ခင်စန်းကြည်၏ လက်ဝတ်လက်စားများကို အဖေက ရွေးပြီး အဘွားလေးတို့အား အပ်နှံထားသည်။ သူမကိုယ်၌ ၀တ်ဆင်ခွင့် မပေးလေတော့။

ကျွန်တော်သည် ကစားဝိုင်းနှင့် အရက်ဝိုင်းများတွင် တစ်နှစ်နီးပါးမျှ ကျင်လည်ခဲ့ပြီးနောက် ထိုအလုပ်များကို စိတ်ကုန်ခန်း လာသည်။ ထို့ကြောင့် အပြင်သို့ပင် မထွက်တော့ဘဲ ရရာစာအုပ်များကို ရှာဖွေရင်း အိမ်၌သာ နေခဲ့ပြန်သည်။ လူကြီးများနှင့် ခင်စန်းကြည်တို့မှာ ကျွန်တော် ကောင်းမွန် စွာနေသည် ကို မြင်တွေ့ရသော ကြောင့် ၀မ်းသာကြသည်။ ထို့သို့ရှိစဉ် အဘွားလေးက ကျွန်တော့်အား မန္တလေးသို့ ဘုရားဖူးခေါ် ၍ သွားခဲံ လေသည်။
မန္တလေးက ပြန်လာပြီးနောက် ကျွန်တော်ရွာ၌ လုံးဝနေလိုစိတ် မရှိဘဲ ဖြစ်နေမိပြန်သည်။

ရွာ၌ နေရလျှင် ကျွန်တော်မှာ အမြင်ကျဉ်းမြောင်း၍ လယ်သမားသာ ဖြစ်ရမည်ဟု ယုံကြည်ထားသည်။ လယ်သမား မလုပ် ၍ ကုန်သည်လုပ်ပြန်လျှင်လည်း ရွာကြေးရည်တက် အဖြစ်ထက် ပို၍ ကြီးပွားစရာ အကြောင်းမရှိ ဟု တွက် သည်။ ကျွန်တော်သည် မြို့အရပ်များ၌ တိုက်နှင့် ကားနှင့် နေကြသည်များကို အားကျ မိသည်။

ကျွန်တော်သည် ရွာမှ ထွက်ရမည့် လမ်းစကို ရှာနေမိသည်။ အဖေသည် နောက်အိမ်ထောင် ထူထောင်ပြီး ကတည်းက စီးပွားရေး ကျဆင်းလာသည်။ ကျွဲအုပ်နှင့် စပါးဝမ်းစာလောက်ရှိပြီး လက်ထဲ တွင် ငွေမရှိ ဖြစ်နေသည်။ ထို့ကြောင့် အဖေ့ထံမှ အရင်းအနှီး ချေးငှားရန်လည်း မဖြစ်နိုင်။ အဘွားလေး တို့၌ ငွေကြေး ရှိသည်။ သူတို့သည် ကုန်သည်များဖြစ်၍ ငွေဖြင့် ငွေကိုတိုးပွားအောင် အလုပ် လုပ်နေကြသူများ ဖြစ်သော ကြောင့် သူတို့ထံမှလည်း ငွေရင်းနှီးရနိုင်မည် မဟုတ်။ ပြီးနောက် ကျွန်တော့် မှာ ခေတ်ပညာတတ်မဟုတ် သောကြောင့် မြို့အရပ်၌ လခစားအလုပ်နှင့်လည်း အသက်မွေးဝမ်းကျောင်းဖို့ ခက်ခဲ လှပေသည်။ ယင်းသို့ ရှိနေစဉ် သခင်တိုးဆိုင်၌ ပညာသင်နေသူ မောင်မြကြီးသည် ကျွန်တော်တို့ရွာ၌ ဆံပင်ညှပ် ဆိုင် လာရောက် ဖွင့်လေသည်။ သူသည် စာဖတ်ဝါသနာပါ၍ ကြီးပွား ချမ်းသာ လိုသူ ဖြစ်သည်။ ခေတ်ပညာလည်း ရှစ်တန်း အထိ သင်ခဲ့ဖူး၏။ သူနှင့် ကျွန်တော် ခင်မင်ခဲ့ကြသည်။

ကျွန်တော်မှာ အလုပ်အားလပ်နေသူ ဖြစ်သောကြောင့် မောင်မြကြီးဆိုင်၌ပင် အချိန်ကုန်လေ့ ရှိသည်။ သူ့ ဆိုင်မှာလည်း အလုပ်ကောင်းစွာ မရှိလှ။ သူလည်း စိတ်ပျက်ပျက်နှင့်ပင် ပေ၍ လုပ်နေသည်။ ထိုစဉ်၌ ဒုတိယကမ္ဘာစစ် သည် မြန်မာပြည်သို့ ကျရောက်လာခဲ့ပေသည်။ ဂျပန်များ မြန်မာပြည်ကို သိမ်းပိုက် လိုက် လေပြီ။ အခြေအနေ အနည်းငယ်အေးသောအခါ မောင်မြကြီးမှာ လှည်းကူးသို့ ပြန်သွားသည်။

သူ့ဆိုင်မှာ ကျွန်တော့်အား ထက်ဝက်စားဖြင့် လုပ်ကိုင်ရန် ပေးထားခဲ့သည်။ ကျွန်တော်သည် စိတ်မပါ လှဘဲ နှင့်ပင် အလုပ်ရှိပြီးရော သဘောမျိုး လုပ်ကိုင်နေခဲ့ပေသည်။

၂လခန့်ကြာရှိသည်တွင် မောင်မြကြီးသည် ကျွန်တော် လုပ်နေသော ဆိုင်ကို လာသိမ်းသွားသည်။ သူသည် လှည်းကူး ၌ ဆိုင်ဖွင့်လေပြီ။ အလုပ်မရှိသော်လည်း ကျွန်တော် ၀မ်းမနည်းခဲ့။ ကျွန်တော့်စိတ်၌ ထိုရွာမှ မထွက်ခွာနိုင် သည်ကိုသာ စိတ်မကောင်း ဖြစ်နေရသည်။ အလုပ်လက်မဲ့ဘ၀နှင့် တစ်လကျော်ခန့်ေ နပြီး သော် မောင်မြကြီးထံမှ စာတစ်စောင် ရောက်လာသည်။ သူ၏စာမှာ ကျွန်တော့်အား လှည်းကူးကဆိုင်၌ အလုပ်လုပ် လိုက လာရောက် လုပ်ကိုင်ရန် ဖြစ်လေသည်။

ကျွန်တော် ၀မ်းသာလှ၏။ စာရောက်ပြီး နောက်တစ်နေ့တွင် ကျွန်တော်သည် စစ်လွယ်အိတ်တစ်လုံး၌ အ၀တ်များ ထည့်ကာ ကျွန်တော်တို့ရွာနှင့် ၁၇မိုင်ကွာဝေးသော လှည်းကူးမြို့သို့ ခြေလျင်ခရီးဖြင့် ထွက်ခဲ့ပါ တော့သည်။ ထိုအချိန်၌ ကျွန်တော်တွင် သားနှစ်ယောက်သာမက သမီးငယ်လေး တစ်ယောက် လည်း ရရှိ နေပေပြီ။
"ရှင် ဟိုမှာ အခြေအနေကောင်းရင် ကောင်းခြင်း အစန်းတို့ကို လာခေါ်နော်"

ခင်စန်းကြည်သည် သမီးငယ်ကို ပွေ့ပိုက်ရင်း မျက်ရည်ပြည့်သော မျက်လုံးများဖြင့် ကျွန်တော့်အား မှာကြား လိုက်သည်။ ကျွန်တော်သည် ကိုယ်မနေချင်သော ရွာမှ ထွက်ခွာခဲ့ရပြီဖြစ်သောကြောင့် ၀မ်းသာအားရ ရှိနေ သည်။ ၁၇မိုင် ခရီးကို ကုန်းကြောင်း ခြေလျင် လျှောက်ရသော်လည်း ပင်ပန်းရမှန်းမသိ ဖြစ်ခဲ့ရလေသည်။
ကျွန်တော်သည် လှည်းကူး၌ တစ်လခန့် အလုပ်လုပ်မိ၍ အခြေကျသောအခါ အိမ်တစ်ခန်းငှား၍ ခင်စန်းကြည်နှင့် သမီးငယ်အား ပြန်ခေါ်သည်။ သားနှစ်ယောက်မှာ အဘွားလေးတို့နှင့် နေခဲ့ကြ၏။

မောင်မြကြီးမှာ ဆက်ဆံရေးကောင်း၍ အပေါင်းများသူဖြစ်လေရာ ဆိုင်မှာ အလုပ်တော်တော်များများ လုပ်ရ သည်။ ဆိုင် တွင် ဆံပင်ညှပ်ခုံ ၃ခုံ ရှိ၏။ မောင်မြကြီး၊ ကျွန်တော်နှင့် မောင်မြကြီးညီ မောင်အောင်သန်းတို့ လုပ်ကြသည်။ အောင်သန်းမှာ ခေတ်ပညာ ၇တန်းတတ်သူ ဖြစ်၏။ သူ့၌ နိုင်ငံရေးစိတ်ဓာတ်များရှိနေကာ လူမှု ဆက်ဆံရေး တွင် ဘုကျကျ ဆက်ဆံတတ်လေသည်။ သူသည် ဂျပန်များကို မုန်း၏။ ဂျပန် တို့အား တော်လှန်ရေး အတွက် စိတ်အားထက်သန်နေသည်။

အလုပ်ကို ပင်ပန်းစွာ လုပ်ရသော်လည်း တန်ဖိုးနည်းလှသော ဂျပန်ငွေစက္ကူများမှာ အသုံးမခံ ရှိနေသည်။ ကျွန်တော် မှာ တစ်နေ့ တစ်ဆယ်ဖိုး လုပ်နိုင်မှ ငွေငါးကျပ်သာ ရ၏။ ထိုငွေငါးကျပ်သည် တစ်နေ့စာ ပင် ကောင်းစွာပြန်၍ မရခဲ့ပါချေ။
မောင်မြကြီး သည် ကျွန်တော့်အပေါ် ညှာတာပါ၏။ ထက်ဝက်စားဘ၀နှင့် မလုံလောက်ရှိသည်ကို သိသော အခါ ငါးပုံ သုံးပုံစားအဖြစ် တိုးပေးသည်။

သို့သော်လည်း မချောင်လည်ခဲ့။ ကုန်ဈေးနှုန်းမှာ တစ်နေ့ထက် တစ်နေ့တက်၍ ငွေစက္ကူတန်ဖိုးက ကျသထက် ကျနေသည် မဟုတ်ပါလား။
ကျွန်တော် သည် မနေလို၍ ထွက်လာပြီးနောက်မှတော့ ရွာသို့ မပြန်လို။ ဖြစ်ချင်ရာဖြစ်၊ ရှေ့သို့သာ ဇွတ်တိုး ဖို့ ဆုံးဖြတ်ထားသည်။ ကျွန်တော်တို့အဖို့ တစ်လတစ်လတွင် အိမ်လခနှင့် စားစရိတ်တို့လောက်သာ ရရှိ ၍ အ၀တ်အစားများကိုပင် ဖဲ့၍ မ၀ယ်နိုင်။

တော်သေးသည်မှာ ကျွန်တော့်သားငယ် ၂ယောက်သည် အဘွားလေးထံ၌ ရှိနေခြင်းအတွက် စရိတ် သက်သာနိုင်ခဲ့ခြင်းပင် ဖြစ်လေသည်။ အဘိုးလေးမှာ စစ်ဖြစ်ခါနီးလောက်မှာပင် သေဆုံးခဲ့၏။ ကျွန်တော် စောစောက ရွာမှထွက်ရန် ၀န်လေးသည်မှာ ဤအကြောင်းက တစ်ချက်ပါသည်။ ဟုတ်ပါ၏။ အဘွားလေး တွင် အဘွားလေးနှင့် အဘွားလေး၏ သမီး မိန်းမသား ၂ယောက်တည်း ရှိကြလေရာ ကျွန်တော် က သူတို့ အား စောင့်ရှောက်နေရတော့သည်။ နောက်ပိုင်း၌ ကျွန်တော် စိတ်ချလက်ချ ထွက်လာခဲ့ခြင်းမှာ အဘွားလေးသမီးသည် ကျွန်တော့ညီတစ်ဝမ်းကွဲ မောင်အုန်းမောင်နှင့် အိမ်ထောင်ပြုသဖြင့် ယောက်ျား တစ်ယောက် သူတို့အိမ်၌ မားမားမတ်မတ် ရှိနေခြင်းကြောင့်ပင်။
ခန်စန်းကြည်မှာ သားသမီး ၃ယောက် ရခဲ့သည်တိုင် မူမပြောင်းခဲ့။

ကျွန်တော်ငှားသော အိမ်နှင့် အလုပ်ဆိုင် မှာ ၃ဖာလုံခန့် ကွာဝေး၏။ ကျွန်တော်သည် နံနက်အိပ်ရာမှ ၆နာရီတွင် ထကာ ရေမိုးချိုးပြီး ဆိုင်သို့ လာခဲ့ သည်။ နေ့လယ် ၁၁နာရီကျော်လျှင် အိမ်သို့ နံနက်စာ ပြန်စားလေ့ ရှိ၏။ ခင်စန်းကြည်သည် ကျွန်တော်နှင့် လည်း အိပ်ရာက အတူမထတတ်။ ပြီး နံနက်စာ ထမင်း ကိုလည်း အဆင်သင့် မဖြစ်သည့်ရက်သာ များနေ လေသည်။ ကျွန်တော့်မှာ တစ်ပတ်လျှင် ၃ခါ ၄ခါ နံနက်စာ ကို စိတ်ဆိုးမာန်ဆိုးနှင့် စားသောက်ရသည်။

ညနေကျပြန်တော့လည်း ၆နာရီ ဆိုင်သိမ်း၍ ပြန်သည့်တိုင် ထမင်းဟင်း အဆင်သင့် ရှိချင်မှ ရှိသည်။ ကျွန်တော် စိတ်အပျက်ဆုံးမှာ အ၀တ်မှန်မှန်မလဲရခြင်းဘဲ ဖြစ်သည်။ ဂျပန်ခေတ်၌ နောက်ထပ် အ၀တ် မ၀ယ်နိုင်သောကြောင့် တဖြည်းဖြည်း ရှိသမျှ စုတ်ပြဲခဲ့ရာ နောက်ဆုံး အ၀တ်၃စုံသာ ကျန်ရှိလေသည်။ ထို၃စုံ ကို မှန်မှန်လျှော်ဖွတ် မီးပူတိုက်ပေးမှ လည်မည်။ ဆံပင်ညှပ်သမားဆိုသည်က တစ်နေ့တစ်ထည် လဲရ သည်။ သို့မဟုတ်လျှင် ဆံပင်တိုများက စူး၍ မနေနိုင်။

အ၀တ် မလည်မှုကြောင့် ခင်စန်းကြည်နှင့် ကျွန်တော် တကျက်ကျက် ရန်ဖြစ်ရသည်။ သူမသည် အိမ်ကို လည်း ရှုပ်ပွပေရေ စွာထားသည်။ မြို့အိမ်များသည် သန့်ပြန့်ကြ၏။ ကျွန်တော်က သူများနည်းတူ နေချင် သည်။ ဒါပေမယ့် မနေခဲ့ရ။ ဖုံတည်းအမှိုက်တည်း၌သာ နေခဲ့ရသည်။
ကျွန်တော် ငှားနေသော အိမ်မှာ ၄ပေ ၃ခန်း ဖြစ်သည်။ တစ်ဘက်သော နှစ်ခန်း ၌လက်ဖက်ရည်ဆိုင် ရှိသည်။

ထို လက်ဖက်ရည်ဆိုင်တွင် အသက်၃၀ခန့် မုဆိုးမ ဦးစီးသည်။ ဆိုင်မှာ သူမပိုင် ဖြစ်၏။ သူမ တွင် အမေ တစ်ယောက်နှင့် အသက်၁၄နှစ်ခန့် ဆံရစ်ဆံတောက်နှင့် ညီမငယ် ရှိသည်။ ကျွန်တော်သည် ထိုလက်ဖက်ရည်ဆိုင် မှ လူများနှင့် ရင်းနှီး၏။ သူတို့တွင် ယောက်ျားမရှိခြင်းကြောင့်လည်း ကျွန်တော့် ကို မောင်ဖွား သဖွယ် အားကိုးသည်။

လက်ဖက်ရည်ဆိုင်ရှင် အစ်မကြီးသည် ခင်စန်းကြည်အား လင်ဝတ္တရားမပျက်ဖို့ သန့်သန့်ရှင်းရှင်ငးနေဖို့ ဆုံးမ သည်။ ထိုအခါ ခင်စန်းကြည်က ကျွန်တော်နှင့် ပေးစား၍ မကြားတကြားဆဲလေသည်။ လက်ဖက်ရည် ဆိုင်ရှင် အစ်မကြီး သည် မဆုံးမရဲဘဲ လက်မြှောက်လိုက်လေသည်။

ခင်စန်းကြည်သည် ဟင်းကိုလည်း ဖန်ဖန်တီးတီး ချက်ပြုတ်တတ်သူမဟုတ်။ လွယ်ရာကျရာကိုသာ ၀ယ်၍ ချက်သည်။ ကဇွန်းရွက်ကြော်နှင့် ၀က်ဆီဖတ်တို့သည် ကျွန်တော်၏ နေ့စဉ်ဟင်းလျာများ ဖြစ်နေသည်။ တစ်ဖက်ခန်း မှ အစ်မကြီးသည် ကျွန်တော်၏ အစားအနေ ဆင်းရဲ့မှုကိုကြည့်ကာ သနားလေသည်။ အဘွားကြီး ကလည်း သနားသည်။ ကလေးမသည် ဟင်းကောင်းကလေးများချက်လျှင် ကျွန်တော့်အား လာ၍ ပေးတတ်၏။ ထိုသို့ပေးလျှင် ခင်စန်းကြည်က မကြိုက်။ စောင်းမြောင်းပေးစား၍ ဆဲပြန်သည်။
"မယားထက်ပဲ သူတို့က ပြုစုချင်ကြတယ်" ဟု ဆိုသောကြောင့် ဟင်းကျွေး အစားအသောက်များ မပေးဝံ့ ကြပြန်ချေ။

ကျွန်တော်သာ ကြားထဲက ငတ်မွတ်ခဲ့ရလေသည်။ ကျွန်တော်သည် နေ့စဉ်နှင့်အမျှ စီးပွားရေး ကို မည်သို့ ပြောင်းလဲရမည်နည်း။ မည်သည့်လုပ်ငန်းမျိုးကို လုပ်ရမည်နည်းဟု စဉ်းစားခဲ့သည်။ သို့သော် လက်ထဲ တွင် အရင်းအနှီးမရှိသော ဘ၀၌ ဘာကိုမျှ မလုပ်နိုင်။ ဖြစ်သလိုနှင့်သာ ဘ၀ကို ရပ်တည်နေခဲ့ ရ ပေသည်။

ကျွန်တော် လှည်းကူး၌ ဆင်းဆင်းရဲရဲ ဖြစ်နေကြောင်း ကြားသောအခါ အဖေနှင့် အဘွားလေးတို့က ရွာသို့ ပြန်ပြောင်းခဲ့ရန် မှာသည်။ ကျွန်တော်ကား "ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်" ဆိုသော စကားကို လက်ကိုင် ထားသူဖြစ်သဖြင့် ပြန်မပြောင်းဘဲ ပေကပ်နေသောကြောင့် အဖေသည် လှည်းကြုံနှင့် ဆန်များ တင်ပို့ပေး၏။ ပိတ်ခြင်ထောင် အသစ်ကြီးတစ်ခုကို ဖျက်၍ အင်္ကျီချုပ်ဝတ်ရန် ပို့ပေး၏။ ကျွန်တော်သည် အဖေ ၏ ကြီးမားသော မေတ္တာကို အားရကျေနပ်နေမိပါသည်။

စစ်အခြေအနေမှာ တစ်စထက်တစ် ပြင်းထန်၍ လာလေပြီ။ မဟာမိတ် လေယာဉ်များ သည် မြန်မာ့ ကောင်းကင်ပြင် ၌ အုပ်လိုက်ချီ၍ ပျံသန်းကာ မီးလောင်ဗုံးများ ကိုလည်း ပြင်းထန်စွာ ချလျက် ရှိနေ သည်။ ကျွန်တော်မှာ ခင်စန်းကြည်တို့ သားအမိအား လှည်းကူး၌ ထားရန် စိတ်မချဖြစ်လာသည်။ ကျွန်တော့ တွက်ကိန်းမှာ ဗုံးချခြင်းချလျှင် မြို့များကိုသာ ချပေမည်။ တောရွာများသည် ဗုံးဒဏ်မှ လွတ်ကင်းလိမ့်မည်ဟု တွက်သည်။ ထို့ကြောင့် သူတို့သားအမိအား ရွာသို့ ပြန်ပို့ထားလိုက်သည်။

ခင်စန်းကြည် မရှိသောနောက်၌ တစ်ဘက်ခန်းမှ လူများနှင့် ကျွန်တော် ရင်းရင်းနှီးနှီး နေခွင့်ရလာသည်။ ညီမငယ်သည် ကျွန်တော်၏ အ၀တ်များကို ဇွတ်ယူ၍ လျှော်ဖွတ်ပေးသည်။

မီးပူတိုက်ပေးသည်။ ကျွန်တော် မှာ နံနက်စာကို ဈေး၌စား၍ ညစာကို တစ်ဘက်ခန်း၌ စားရသည်။ ကျွန်တော် မစားလို ၍ ငြင်းသော်လည်း မရ။
"မင်း မိန်းမ ပြောပေါက်ဆိုပေါက် ဆိုးလွန်းလို့ပါကွယ်။ တို့က မင်းကို အစားဆင်းရဲ အနေဆင်းရဲ မြင်ရ ကတည်းက ပြုစုချင်နေတာ ကြာပါပြီ"

အဘွားကြီးကရော အစ်မကြီးကရော ပြောသည်။ ညီမငယ်မှာ ကျွန်တော့်အား အစ်ကိုကြီးသဖွယ် ခင်မင် ယုယရှာသည်။ ထိုအချိန်၌ ကျွန်တော်မှာ ကျွန်တော်ဘ၀တစ်လျှောက်လုံး လိုအပ်နေသော အချက်တစ်ခု ပြည့်ဝနေသည်ဟု ထင်မှတ်နေသည်။ မှန်ပါ၏။ ကျွန်တော်၏ ဘ၀တစ်သာတွင် ချစ်သူက ကျွန်တော့် အား ပြုစုယုယခြင်းကို ခံရဖို့ လိုအပ်နေသည်။ ညီမငယ်အား ကျွန်တော် ချစ်သည်။ ကျွန်တော် သူမအပေါ် ချစ်သော အချစ်မှာ ရိုးသားသလား။ မရိုးသားသလား ခွဲခြား၍ မရနိုင်ပါ။ ဒါပေမယ့် ကျွန်တော် သည် စိတ်ကို ထိန်း၍ ညီမသဖွယ်သာ ဆက်ဆံသည်။ ဘယ်နည်းနှင့်မျှ သူမအား ကျွန်တော်က လက်ထပ်ပေါင်းသင်း ၍ လည်း မဖြစ်။ အကယ်၍ ကျွန်တော်သည် လွတ်လပ်သူတစ်ယောက်ဖြစ်ဘိမူ ငယ်သည် ကြီးသည်မှာ အကြောင်း မဟုတ်ပေ။

ညီမငယ်မှာ ရုပ်ရည်ချောမော လှပသူတစ်ယောက် ဖြစ်သည်။ ကျွန်တော်သည် ထိုရုပ်ရည်မျိုးကိုလည်း သဘော ကျသည်။ ဒါပေမယ့် ကျွန်တော် သူမအား လက်မထပ်နိုင်။ သူမအား လက်ထပ်လို၍လည်း လက်ရှိ ဇနီး ကို ကွာရှင်းမပစ်လို။ ညီမငယ်၏ အယုအယကို ခံရ၍ ကြည်နူးနေရသည့်ကြားမှ အချစ်နှင့် ပတ်သက် သည့် သောကစိတ် များက ရှုပ်ပွေ၍ လာရပြန်ချေသည်။

အစ်မကြီးနှင့် အမေကြီးက ကျွန်တော့အား ချစ်ကြသည်။ ညီမငယ်နှင့်လည်း စိတ်ချလက်ချ လွတ်လပ် စွာ နေခွင့်ပေးထားသည်။ ညီမငယ်သည် စဉ်းစားဆင်ခြင်တတ်သည့်အရွယ် မဟုတ်သေး။ သူမ သည် တဇွတ်ထိုး တဇောက်ကန်းသာ ချစ်နေရှာသည်။ ကျွန်တော်မှာ စိတ်ကို ထိန်းချုပ်ရခြင်းကြောင့် ပင်ပန်းလှ သည်။ ပင်ပန်းလွန်းအားကြီးလာသောအခါ ထိုအိမ်မှ ထွက်ပြေးဖို့ စဉ်းစားလာသည်။
ကျွန်တော်သည် အိမ်ပြောင်းမည်ပြုသောအခါ အစ်မကြီးက တားသည်။ အမေကြီးက ကန့်ကွက်သည်။ ညီမငယ်က ငိုရှာသည်။ ကျွန်တော် မပြောင်းဖြစ်ခဲ့။ ထိုအိမ်၌ပင် ဆက်လက်နေရ ပြန်တော့သည်။

လှည်းကူးသို့ မဟာမိတ်များ ဗုံးချလေရာ မြို့ပျက်လေသည်။ သေသူသေ၍ ကျန်လူများ မနေ၀ံ့။ အနီးအနား ရှိ ရွာများ သို့ ရွှေ့ပြောင်းကြရသည်။ ကျွန်တော်တို့သည် လှည်းကူးအနီးရှိ အစ်မကြီးတို့၏ ဇာတိ ရွာကလေး သို့ ရွှေ့ပြောင်းခဲ့ကြသည်။

အစ်မကြီးတို့က တောရွာအိမ်ကလေးတွင် ကျွန်တော်တို့သည် အေးချမ်းစွာ နေခဲ့ကြသည်။ ထိုအချိန်၌ အစ်မကြီးသည် လူငယ်တစ်ယောက်နှင့် အိမ်ထောင်ပြုပြီးစ ဖြစ်လေသည်။ ညီမငယ်မှာ အစ်မ အိမ်ထောင် ပြုသွားပြီဖြစ်သောကြောင့် ကျွန်တော့်အနီး၌သာ တပူးကပ်ကပ် ရှိနေကာ ကျွန်တော့် ကိုသာ နွဲ့ဆိုးဆိုးလျက် ရှိနေပေတော့သည်။

ကျွန်တော်သည် တောရွာကလေးကို နှစ်ခြိုက်သဘောကျနေမိသည်။ မြို့၌ အခြေအနေအေး၍ အစ်မကြီး တို့ လင်မယားဆိုင် ပြန်ဖွင့်ကြသော်လည်း အမေကြီး၊ ညီမငယ်နှင့် ကျွန်တော်တို့မှာ တောရွာအိမ်ကလေး၌ ပင် နေကြပြီး ကျွန်တော်က ထိုအိမ်မှနေ၍ အလုပ်ဆင်းသည်။ ညနေဘက်တွင် ရရာ အစားအစာများကို ၀ယ်ခြမ်း လာကာ ပျော်ပျော်ပါးပါး စားသောက်ကြသည်။

ယင်းသို့ ရှိနေစဉ် ကျွန်တော်တို့ရွာမှ လူများ လှည်းကူးသို့ ပြေးလာကြသည်။ ကျွန်တော်တို့ရွာမှာ မီးလောင်း ဗုံး အချခံရသဖြင့် ရွာလုံးပြုတ်သွားပြီဟု ပြေးလာသူများက ပြောကြသည်။ ကျွန်တော်မှာ အဖေ၊ အဘွားလေးနှင့် ဇနီးသားသမီးများအတွက် သောကရောက်ရလေသည်။ နောက်နေ့၌  အဘွားလေးတို့ ရောက်လာရာ အဖေနှင့် ကျွန်တော့်ဇနီး သားသမီးများအား မတွေ့ရဟု ဆိုလေသည်။ ကျွန်တော် ခေါင်းမီးတောက်ရ၏။ ချက်ခြင်းပင် ကျွန်တော်သည် ရွာသို့ ထွက်ခွာခဲ့သည်။ ထိုအချိန်မှာ ဂျပန် များက မြန်မာတို့အား သတ်ဖြတ်နေသောကြောင့် အားလုံးက တားကြသည်။ ညီမငယ်က ငို၍ တားသည်။ ကျွန်တော် မည်သူ့စကားကိုမှ နားမထောင် ဇွတ်ပင် ထွက်လာခဲ့သည်။
ရွာမှ လူအချို့ ခိုလှုံနေရာ မခူမြောင်တောသို့ ရောက်သောအခါ ခင်စန်းကြည်နှင့် သားသမီးများကို တွေ့ရ၍ ၀မ်းသာရသည်။ သို့သော် အဖေ့အတွက် ကြားရသော သတင်းမှာ ရင်ကို ဆို့စေတော့၏။

အဖေသည် သူချစ်မြတ်နိုးသော ကျွဲပေါက်ကြီးအား ဂျပန်များက ယူသဖြင့် ပြန်လည်ခုးယူရာတွင် ဂျပန်များ က သေနတ်နှင့်ပစ်၍ သတ်လိုက်သည်ဟူသတည်း။
ကျွန်တ်ာသည် အဖေ့အတွက် စိတ်ရှိလက်ရှိ ငိုကြွေးရုံမှတပါး ဘာမျှမတတ်နိုင်ပါချေ။

ခင်စန်းကြည်မှာ မမျှော်လင့်ဘဲ ကျွန်တော် ရောက်ရှိလာခြင်းအတွက် အထူးတလည် ၀မ်းသာနေသည်။ ကလေးများလည်း ပျော်ရွှင်နေကြသည်။ နောက်နေ့၌ ကျွန်တော်သည် သားငယ်ကို ကျောပိုး၍ ခင်စန်းကြည် တို့အားခေါ်ပြီး လှည်းကူးသို့ ပြန်လာခဲ့သည်။ ဤအချိန်မှစ၍လည်း ကျွန်တော့်မှာ ရွှံ့ဗွက်နှင့် ဖုံများထူထပ်လှသော ငမိုးရိပ်ကမ်းခြေရွာနှင့် သံယောဇဉ်ကင်းပြတ်ခဲ့ရလေတော့သည်။ အဘွားသည်လည်း ဂျပန်ခေတ် အလယ်လောက်က သေဆုံးခဲ့ပေပြီ။

ကျွန်တော်သည် ဂျပန်ခေတ်ကနေခဲ့သော အိမ်မှာ အလုပ်နှင့်ဝေးကွာသောကြောင့်၎င်း၊ ထိုအနီးအနား၌ မဟာမိတ် စစ်သားများနှင့် ဈေးသည်များ ရှုပ်ရှုပ်ပွေပွေ ရှိလှသောကြောင့်၎င်း၊ ထိုအိမ်သို့ ပြန်လည် မနေလို တော့ဘဲ အလုပ်နှင့်နီးရာ၌ အိမ်ခန်းငှားရန် ရှာဖွေခဲ့သည်။ သို့သော် အိမ်ခန်းက ရှားပါးလှ၏။ ရွာမှလူများ ဂျပန်ရန်ကြောက်၍ မဟာမိတ်တို့က သိမ်းထားသော မြို့သို့တက်နေသောကြောင့်လည်း ပို၍ အိမ်ငှား ရှားပါးခဲ့ရခြင်း ဖြစ်ပါတော့သည်။ ထို့ကြောင့် ကျွန်တော်မှာ ညီမငယ်များ၏ နေအိမ်ကလေး၌ ညီမငယ်များ နှင့်အတူ ခင်စန်းကြည်တို့အား ထားကာနေခဲ့သည်။

ညီမငယ်သည် ခင်စန်းကြည် ရောက်လာသော်လည်း ကျွန်တော့်ကို ယခင်ကကဲ့သို့ပင် ရင်းရင်းနှီးနှီးနေ လေ သည်။ ခင်စန်းကြည်သည် ထိုသို့ ညီမငယ်က ကျွန်တော်နှင့် ရင်းရင်းနှီးနှီးနေသည်ကို မကြိုက်။ ကျွန်တော့်အား ညီမငယ်က ပြုစုသည်ကို သဘောမကျဖြစ်ကာ ထိုအိမ်မှ အမြန်ပြောင်းကြဖို့ ကိုသာ လောဆော်နေတော့သည်။
"ပြောင်းတာပေါ့ အစန်းရာ။ ဒါပေမယ့် အိမ်တို့ ဘာတို့ကလည်း ရှာလို့ ဖွေလို့ လွယ်တာမဟုတ်လို့ နေတာပါ"

ကျွန်တော်က ဤသို့ ပြောသော်လည်း သူမက မကျေနပ်။ "ရှင်ဒီက မပြောင်းနိုင်ရင် ရှင့်မယားလေးနဲ့ပဲ နေခဲ့။ ကျွန်မတော့ ဆွေမျိုးတွေဆီ ကလေးတွေနဲ့ သွားနေတော့မယ်"
ခင်စန်းကြည်သည် ဤသို့ပြောကာ လှည်းကူးအနီးအနားရှိ သူမ ဆွေမျိုးများရှိရာ အခြားရွာတစ်ရွာသို့ ကလေးများ အား ခေါ်ပြီး ထွက်သွားလေသည်။ ကျွန်တော်မှာ ယခုအကြိမ်၌ ခင်စန်းကြည်၏ အပေါ်တွင် အကြီး အကျယ် စိတ်ပျက်ခဲ့သည်။ ဤမျှ စိတ်သဘောထား သေးသိမ်ကျဉ်းမြောင်းသူ အမျိုးသမီး တစ်ယောက်နှင့် လည်း ရှေ့သို့ ဆက်လက်ပြီး ခရီးဖော်အဖြစ် ခရီးမသွားလိုတော့။ ထို့ကြောင့် ကျွန်တော် သည် သူမအား လိုက်၍ မခေါ်ဘဲ ခပ်အေးအေးပင် နေခဲ့လေသည်။

ကျွန်တော်သည် စိတ်၌ ထွေပြားလှ၏။ ကျွန်တော့်ဘ၀၏ အဆင်မပြေပုံကို တွေးမိတိုင်းလည်း ထင်ရာသာ စိုင်းပစ်ချင်စိတ်ပေါက်နေခဲ့ရသည်။
ကျွန်တော် ၏ စီးပွားရေးမှာ ဂျပန်ခေတ်နှင့်မတူတော့ဘဲ အဆင်ပြေလာသည်။ တစ်နေ့လျှင် အင်္ဂလိပ်ငွေ ရှစ်ကျပ်၊ တစ်ဆယ်ရသည်။ ဒါပေမယ့် ကျွန်တော် ငွေကြေးစုဆောင်းလိုစိတ် မရှိ။ ရသမျှ အကုန် သုံးပစ် လိုက်သည်။

ဆယ်ရက်ခန့်ကြာသော် ခင်စန်းကြည် ကလေးများနှင့် ပြန်လည် ရောက်ရှိလာပြန်သည်။ ကျွန်တော်သည် သူမအား ဆိုးသည်။ ကောင်းသည် မပြောဘဲ အေးအေးသာ နေခဲ့သည်။ ညီမငယ်မှာလည်း သူ့အား မကြည်ဖြူသော် လည်း ၀တ္တရားမပျက်ပင် ဆက်ဆံနေထိုင်ခဲ့သည်။ ကျွန်တော်သည် ညီမငယ်ကို စိတ်ထဲမှ ချီးကျူး မိ၏။ သူမသည် လူငယ်သလောက် မျိုသိပ်နိုင်သော စိတ်ထား ရှိလှပေသည်တကား။
ခင်စန်းကြည် မှာ မကျေမနပ်နှင့်ပင် ထိုအိမ်၌ နေရပြန်သည်။ ကျွန်တော့်ကိုလည်း အိမ်ပြောင်းကြ ဖို့ နေ့စဉ်နှင့်အမျှ နားပူနားဆာ လုပ်နေသည်။

ယင်းသို့ ရှိစဉ်ခိုက်ဝယ် ညီမငယ်သည် ကောက်ရသလို အပြင်းဖျားပါလေတော့သည်။ သူမ ဖျားရခြင်း နေပူ ထဲတွင် ကျွန်တော်တို့ ရေချိုးရန်အတွက် ရေကန်မှ ရေခပ်ခြင်းကြောင့် ဖြစ်ကြောင်း ကျွန်တော် သိသည်။
"အစန်း၊ ညီမလေးကို ဂရုစိုက်ပါကွယ်။ သူဟာ တို့အပေါ် ကောင်းရှာပါတယ်" ကျွန်တော်က ညီမငယ် အပြင်းဖျားသောကြောင့် စိုးရိမ်စွာ ပြောမိသည်။

"ရှင့် မယားလေး ရှင် ဂရုစိုက်ပေါ့။ ကျုပ်တော့ ကလေးတစ်ဖက် ဘာတစ်ဖက်နဲ့ ဂရုမစိုက်နိုင်ပါဘူး"
ခင်စန်းကြည်က အငေါ်တူးလိုက်လေရာ ကျွန်တော်မှာ ရင်ထဲ အောင့်ကနဲနာ၍ သွားလေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, May 2, 2013

တင့်ဆန်း ၏ ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၇)

နွေရာသီ၌ ကျွန်တော်ထင်သလိုနေခဲ့သော်လည်း မိုးရာသီသို့ ရောက်ရှိလာသောအခါ ကျွန်တော် လယ်ထဲသို့ လိုက်ရသည်။ ခင်စန်းကြည်မှာ ရွာရှိအိမ်ကြီး၌ပင် နေခဲ့၏။ ထိုအခါ၌ အဘွားလေးတို့သည် ကျွန်တော်တို့ အိမ်ကြီးတွင် မနေကြတော့ဘဲ အိမ်သစ်ဆောက်၍ ပြောင်းရွှေ့ သွားလေပြီ။ အိမ်ကြီးတွင် အဘွားနှင့် ခင်စန်းကြည်တို့သာ နေထိုင်ကြ၏။ ကျွန်တော်မှာ နံနက် လယ်ထဲသို့သွား၍ ညအိမ်ပြန်အိပ်ရသည်။ ကို ဆက်ဖတ်ရန် ..........

    ကျွန်တော်မှာ ယခင်ကလို ထမင်းချက်၊ အိမ်ထောင်ထိန်း အလုပ်မဟုတ်တော့ဘဲ ကောင် ရေ ၃၀ ခန့်ရှိသော ကျွဲအုပ်ကြီးအား ထိန်းကျောင်းရန် အဖေက ခိုင်စေလာသည်။ ကျွန်တ်ာမှာ တောကြိုတောင်ကြား လျှိုမြောင်များထဲတွင် ကျွဲအုပ်ကြီးကိုလိုက်၍ ထိန်းကျောင်းနေရသည်။ ယင်း သို့တစ်ယောက်ထီးတည်း ကျွဲအုပ်ကြီးနှင့် နေရသောအခါတွင် ကျွန်တော်သည် ရရာစာအုပ်များကို ငှားရမ်း၍ ဖတ်ရှုသည်။ ထိုအထဲ ကြီးပွား ချမ်းသာရေး ကျမ်းစာအုပ်များ၊ ၀တ္ထုများ၊ စီးပွားရေး ဆောင်း ပါးများပါရှိလေရာ ကျွန်တော်မှာ ကြီးပွားချမ်းသာ လိုစိတ်များ တက်ကြွလာပြန်သည်။ ထို တောကြိုတောင်ကြား လျှိုမြောင်များတွင် ကျွဲကျောင်းနေ ရသောဘ၀မှ ကျွတ်လွတ်ချင်စိတ်ပြင်း ထန်လာသည်။ သို့သော် ကျွန်တော်မှာ အဖေနှင့် ခွဲခွာရမည် ကို မခွဲရက်သောကြောင့် ၃ နှစ်လုံးလုံး ကျွဲကျောင်းရင်းဖြင့် အချိန်တွေ ကုန်ခဲ့ရလေသည်။

    ခင်စန်းကြည် သည် နောက်ထပ် သားငယ်တစ်ယောက်ကို မွေးဖွားလာပြန်၏။ သူမသည် ထိုမျှ အသက်ကြီးရင့် လာသော်လည်း ပြောင်းလဲခြင်းမရှိဘဲ ယခင်ကထက်ပင် ပို၍ဆိုးလေသည်။ သူမကိုယ်ကို လည်း သပ်ရပ်စွာနေထိုင်ခြင်းမပြု၊ ကလေးများကိုလည်း ပစ္စလက်ခတ်ထားတတ်လေ ရာ အဘွားလေးနှင့် အဘွားလေး သမီးက ကလေးများကိုသာ ပြုစုစောင့်ရှောက်ပေးနေရသည်။
    ကျွန်တော်သည် တောကြီးမျက်မည်း၌ ကျွဲကျောင်းရသော ဘ၀မှလွတ်မြောက်ရန် ရန်းကန် လာ၏။ အဖေ့အား လည်း မညှာနိုင်တော့။ အဖေနှင့် စီးပွားရေးကွဲလွဲသွားမည့် နည်းလမ်းကို ကြံဆ လာသည်။
    ကျွန်တော်တို့ရွာတွင် ဆံပင်ညှပ်ဆိုင် တစ်ဆိုင်တည်းသာရှိ၏။ ထိုဆိုင်တွင်လည်း ဆိုင်ရှင် တစ်ယောက်တည်း သာရှိလေရာတစ်နေ့ ထိုဆိုင်ရှင်ဖျားလေ၏။ ကျွန်တော်တို့ရွာမှ ဆံပင်ညှပ်ချင်သူ များနှင့် ပတ်ဝန်းကျင်ရွာ များမှ ဆံပင်ရှည်နေသူများ အတော်ကသိကအောက်ဖြစ်နေကြသည်ကို ကျွန်တော် သိရလေသည်။

    ကျွန်တော်သည် ချက်ခြင်းပင် ထိုလုပ်ငန်းကို လုပ်ရန်သတိရသည်။ သတိရသည်နှင့်ပင် အဘိုးလေးထံ၌ အဖေ အပ်ထားသော ငွေထဲမှ ငွေတစ်ရာတောင်းကာ ရန်ကုန်သို့ ထွက်လာခဲ့တော့ သည်။ ရန်ကုန်တွင် ဆံပင်ညှပ် သမားတစ်ယောက်ကို ရှာ၍ငှားသည်။ ဆံပင်ညှပ်သမားရသောအခါ ဆံပင်ညှပ်ဆိုင် ဖွင့်လိုက်လေ သည်။
    အဖေလည်း ကျွန်တော့်၏လုပ်ပုံကိုင်ပုံ မြန်ဆန်လွန်း ၍ အံ့သြနေသည်။ ကျွန်တော့်ကို လည်း သူ့မတိုင်ပင်ဘဲ လုပ်ရကောင်းလားဟု အပြစ်တင်သည်။
    “ဒီမှာ အဖေ၊ ကျွန်တော့်မှာ သားတစ်ယောက်က နှစ်ယောက်ရှိလာပြီ။ ကျွန်တော်ရဲ့ကိုယ် ပိုင်လုပ်ငန်းဆိုလို့ ဘာတစ်ခုမှမရှိသေးဘူး။ ဒါ့ကြောင့် အကွက်ဆိုက်တုန်း အဖေ့ကို မတိုင်ပင်ဘဲ လုပ် လိုက်ရတာပဲ။ အဖေ့တိုင်ပင်နေရင် အကြံပျက်သွားမှာစိုးလို့ပါ”
    “ငါ့မှာရှိတဲ့ ပစ္စည်းဟာ မင်းဥစ္စာချည့်ပဲမို့လား။ မင်းအပြင် ဘယ်သူကများ အမွေခံခွင့်ရှိသေး သလဲ”
    အဖေက မကျေမနပ်နှင့် ပြောပြန်သည်။

    “အမှန်ပြောရရင် ကျွန်တော် တောထဲမှာ ကျွဲကျောင်းရပြီ အဖေ။ ကျွန်တော်ဟာ ရွှံထဲနွံထဲ မိုးရွာနေပူထဲမှာ လုပ်ရတဲ့ အလုပ်မျိုးကို နည်းနည်းမှ မလုပ်ချင်ဘူး။ အရိပ်ထဲမှာနေပြီး ပိုက်ဆံရတဲ့ အလုပ်မျိုးကိုပဲ လုပ်ချင် တယ်။ နောက်တစ်ခုက ကိုယ်စွမ်းကိုယ်စနဲ့ စီးပွားရှာချင်တယ်။ မိဘရဲ့နို့ သက်ကို ခံမစို့နေချင်တော့ဘူး”
    အဖေ သည် ကျွန်တော်အား စိမ်းစိမ်းတစ်ချက် စိုက်ကြည့်လိုက်ပြီး ဘာမျှမပြောတော့ဘဲ မကျေမနပ်နှင့် ငြိမ်၍ နေလေသည်။
    ကျွန်တော်၏ဆံပင်ညှပ်ဆိုင်မှာ ဖွင့်သည့်နေ့၌ပင် ငွေတစ်ဆယ်ကျော်လောက်ဝင်သော ကြောင့် ကျွန်တော်မှာ အားတက်နေမိသည်။ ဆံပင်ညှပ်သမားမျာလည်း အတော်ဖား၍သွား၏။ ကျွန်တော်သည် ဤလုပ်ငန်းဖြင့် ကြီးပွားချမ်းသာရေးကို လုပ်ကိုင်တော့မည်ဟုလည်း ဆုံးဖြတ် လိုက်ပါသည်။

    ရွာမှလူများသည် ကျွန်တော့်အား အလုပ်အကွက်မြင်သည်ဟု ချီးကျူးသူက ချီးကျူးပြီး ဆတ္တာသည် အလုပ် ကိုမှ လုပ်ရကောင်းလားဟု အပြစ်ဆိုသူက ဆိုကြသည်။
    ခင်စန်းကြည်မှာ ကျွန်တော်ကိုယ်တိုင် ရှာဖွေသော ငွေကြေးကို ကိုယ်တိုင်သုံးစွဲရသော ကြောင့် ဝမ်းသာနေသည်။ ကျွန်တော်မှာလည်း တောကြီးမျက်မည်းတွင် ကျွဲကျောင်းရသော ဝဋ် ကြွေးမှ လွတ်ကင်းနေပြီဖြစ်သောကြောင့် ပျော်မဆုံး ရွှင်မဆုံးရှိနေသည်။ ဆိုင်မှာလည်း ဝင်ငွေ ကောင်းနေ၏။ ကျွန်တော် သည် စုဗူးတစ်ခုပြုလုပ်ကာ ငါးမူးစေ့နှင့် ဒင်္ဂါးပြားများကို စုဗူး၌ ထည့်၍ စုဆောင်းသည်။
    ကျွန်တော်က လုပ်ငန်းခွဲထွက်ရုံမျှသာမက စားအိုးကိုပါ ခွဲလိုက်သောအခါ အဖေသည် သူ့ အတွက်သူ စီစဉ် ရလေသည်။ အဖေသည် သူ့ထက် အသက် ၅ နှစ်ခန့်ငယ်သော ဆင်းရဲသူ မုဆိုးမ တစ်ယောက်နှင့် အိမ်ထောင်ပြုလေသည်။ ထိုအမျိုးသမီးတွင် သားတစ်ယောက်၊ သမီးတစ်ယောက် နှင့် မောင်၊ တူ၊ တူမများ ရှိကြသည်။ သူတို့အားလုံးပင် အဖေ့အား မှီခိုကြ၏။ အဖေ၏လယ်တဲတွင် ယခင်ကလို ခြောက်သွေ့မနေဘဲ စိုပြေလာသည်။

    အဖေသည် ကျွန်တော့်အား ကျွဲ ၃ ရှဉ်းနှင့် အိမ်ကြီးကို အမွေအဖြစ် ပေးထားသည်။ ပြီး နောက် စပါးဝမ်းစာ များလည်း ပေးသည်။ ကျွန်တော်သည် စပါးဝမ်းစာနှင့် အိမ်ကိုသာမက်မော၍ ကျွဲများအား လိုချင်စိတ်မရှိခဲ့ပေ။ အဖေ့တွင် အိမ်ထောင်နှင့် သာသာယာယာ ဖြစ်သွားခြင်းအတွက် ဝမ်းသာနေမိသည်။ အဖေ ယခုလို အိမ်ထောင်အတည်တကျ ရှိနေခြင်းကြောင့်လည်း ကျွန်တော်၏ ဘဝ ရှေ့ရေးအတွက် ကြံစည်ရာ၌ ပို၍လွတ်လပ်သည်။ နောက်ဆံတင်းစရာ မလိုတော့ချေ။
    ဖျားနေသောဆိုင်ရှင်မှာ ကျန်းမာလာသောအခါတွင် အပြိုင်ပေါ်လာသောကြောင့် အလုပ် ကို ကြိုးစား လုပ်သည်။ ဆက်ဆံရေးတွင် ပို၍ ချောမောပြေပြစ်စွာ ဆက်ဆံသည်။ ကျွန်တော် ရန်ကုန်က ငှားလာသော ဆံပင်ညှပ် သမားမှာ လက်ရာကောင်းသည်မှန်သော်လည်း တောက မကြိုက်။ တော ကကြိုက်သည် မှာ ပြောင်ပြောင်ထစ်ထစ်ဖြစ်၍ သူက ပြေပြေသာသာ ညှပ်ပေးလေ သည်။ ပြီးနောက် သူသည် တောက လူများနှင့် စရိုက်ကိုက်ညီအောင်လည်း မဆက်ဆံတတ်ပေ။ နောက်တစ်ခုမှာ ဆိုင်ဟောင်း သည် လူစည်ကားသော ဈေးပိုင်း၌ရှိ၍ ကျွန်တော်မှာ ရရာဆိုင်ကို ငှားရမ်း၍ ဆိုင်တည်ရလေရာ ကျွန်တော့် ဆိုင်မှာ လူ မစည်သော ရွာလယ်ပိုင်း၌ ရှိသောကြောင့် တစ် နေ့တစ်ခြား ရေနည်းငါးသို့ ဆိုသကဲ့သို့ အလုပ်ပါး ၍ ပါး၍ လာလေတော့သည်။

    ကျွန်တော်သည် လူငှားအလုပ်သမားအား လက်ရာပြင်ဖို့နှင့် တောကလူများနှင့် ဆက်ဆံပုံ ဆက်ဆံနည်းများကို ပြောပြနေ၏။ သို့သော် မရ။ အလွန်ခေါင်းမာသူ ဖြစ်နေလေသည်။ ကျွန်တော် မှာ သူ့အားပြော၍ ဆို၍ မရသောအခါတွင် ဆိုင်နေရာရွှေ့ပြောင်းဖို့ကို ကြိုးစားရသည်။ ဈေးပိုင်းရှိ ကျွန်တော်နှင့် ဆွေရိပ်မျိုးရိပ်မကင်းသူများ၏ ပန်းတိမ်ဖိုဘေးမှ အခန်းကလေးကို မရအရ ငှားကာ ဆိုင်ပြောင်း လိုက်ပါသည်။
    ဆိုင်ပြောင်းခြင်းအတွက် ဆိုင်လခသာ ဈေးပိုများလာပြီး ဝင်ငွေမှာ သိပ်ထူးခြားမှုမရှိဘဲ ဖြစ်နေပြန်သည်။ ကျွန်တော့်အလုပ်သမားသည် ထိုအခါ၌ ရန်ကုန်သို့ ပြန်ပြေးသွားလေတော့၏။
    ကျွန်တော်မှာ ဆံပင်ညှပ်ပညာကို ကောင်းစွာမတတ်သေးဘဲနှင့်ပင် ဆိုင်နှင့်တန်းလန်းကြီး ကျန်နေ ခဲ့တော့ သည်။ နောက်ထပ်အလုပ်သမားရှာငှား၍လည်းမရ။ ဒုက္ခ လှလှကြီးရောက် ၍ နေရ လေတော့၏။
    အလုပ်သမားစုံစမ်းနေဆဲ တတ်သမျှနှင့်ပင် ကလေးခေါင်းများ ခင်မင်ရာ ခင်မင်သူများကို ညှပ်ပေးနေခဲ့ရာ တစ်နေ့မှ သုံးမူးတမတ်မျှသာ စီလေတော့သည်။ ကျွန်တော်မှာ ဟန်မပျက် နေ့စဉ် ဆိုင်ဖွင့်နေသော် လည်း စိတ်ပျက်လှလေပြီ။ ဟုတ်ပါ၏။ ဤအတိုင်းသာဆိုက ဆိုင်ငှားစရိတ်ကြေဖို့ ပင် ခဲယဉ်းနေလေပြီ မဟုတ်ပါလား။

    ကျွန်တော်သည် လှည်းကူး၌ ဆံပင်ညှပ်အလုပ်သမား သွားရှာသည်။ သခင်တိုး ဆံပင် ညှပ်ဆိုင်၌ လူငယ်တစ်ဦးကို တွေ့ရသည်။ သူ့နာမည်မှာ မောင်မြကြီးဟု သိရ၏။ သူသည် ကျွန်တော့်ဆိုင်တွင်လိုက်၍ အလုပ် လုပ်ချင်သည်။ သို့သော် သူက ဆံပင်ညှပ်ပညာသင်နေဆဲဖြစ်၍ ကောင်းစွာ မတတ်မြောက်သေးသောကြောင့် ခက်နေပေသည်။
    ကျွန်တော်သည် ရွာသို့ပြန်လာပြီး ဆိုင်ပြန်ဖွင့်သည်။ စိတ်ကူးထုတ်၍ ကြိုးစားခြင်းကြောင့် လည်း ဘိုကေပုံ ကို အသင့်အတင့်ဖြစ်အောင်၊ ကောင်းအောင် ညှပ်တတ်သော်လည်း အချိန်သိပ် ကြာမှ ပြီးလေသည်။ ကျွန်တော် က ဆိုင်သို့ ဆံပင်ညှပ်သူအလာများအောင် နည်းသစ်တစ်ခုကို ထွင်လိုက်သည်။ ဆံပင်ညှပ် လာ သူများအား အောင်ဘာလေလက်မှတ် ထုတ်ပေး၍ လက်ပတ်နာရီ၊ ဖောင်တိန်၊ ခေါင်းလိမ်းဆီဗူးတို့ကို ၃-လ တစ်ကြိမ် အောင်ဘာလေ မဲဖောက်မည်ဟု သတင်းလွှင့် လိုက်သည်။

    ယခင်ကထက် လူဝင်အနည်းငယ်ပို၍ လာသည်။ ဒါပေမယ့် သိပ်ပြီး ထူးခြားမလာခဲ့ချေ။ ယင်းသို့ ကျွန်တော့် ဆိုင်ကို လူမလာခြင်းမှာလည်း အကြောင်းရှိပါတယ်။ ကျွန်တော်မှာ မြန်မြန် မညှပ်တတ်ခြင်းနှင့် လူတိုင်း လူတိုင်းနှင့်လည်း အဆင်ပြေအောင် မဆက်ဆံတတ်ခြင်းပင် ဖြစ်ပါ သည်။ ကျွန်တော် ၏ ပင်ကိုယ်စိတ်ထား၌ကပင် မည်သူကိုဖြစ်စေ မှန်တန်းသာဆက်ဆံချင်သည်။ နိမ့်သူကိုစီး၍ မြင့်သူကို ပင့်မ မဆက်ဆံတတ်ချေ။
    တစ်ဖက်ဆိုင်မှ ဆံပင်ညှပ်သူသည် တစ်ရပ်တစ်ကျေးမှ လာရောက်နေထိုင်သူဖြစ်သည်။ ဂုဏ်ရှိသူများအား အောက်ကြို့ခံရသည်။ သူ့ဆိုင်လာသူ ဖောက်သည်များက ဘာပြောပြော ခေါင်း ငုံ့ ခံသည်။ သူသည် ငွေရဖို့တစ်ခုကိုသာ ကြည့်သူဖြစ်လေ၏။ ထို့ကြောင့် ဆံပင်ညှပ်သူတွေ သူ့ဆိုင် ၌ များနေလေ သည်။

    ကျွန်တော်သည် စီးပွားရေးကို မည်မျှအဓိကထားသည်ဆိုစေ ထိုသူကဲ့သို့ မကျင့်နိုင်ပေ။ လူအချင်းချင်း အောက်ကျမခံလို။ ကိုယ်က အလုပ်လုပ်ပေး၍ သူက လုပ်ခပေးခြင်းဖြစ်သည်။ အမှန်က ဆိုင်သို့ ဆံပင်ညှပ်လာသူများသည် သူတို့၏လှပမှု၊ သပ်ရပ်မှုအတွက် လာရောက် အလှပြု ပြင်ခြင်းဖြစ်၍ ဆံပင်ညှပ်သမားကလည်း အလှပြုပြင်ပေးခယူခြင်းသာည ဖြစ်သည်။ သူတို့အား ဝတ္တရား ရှိသည်ထက် ပို၍ အောက်ကျပေးစရာမလိုဟု ကျွန်တော်က ယူဆထားသည်။
    ရွာမှ ဘဝင်မြင့် ရောဂါရှိသူ ကြေးရည်တတ်များသည် ကျွန်တော့်အပေါ် ဆက်ဆံရာ၌ ယခင်ကလို မဟုတ်တော့။ တစ်ဖက်တိုင်မှ လူကို ဆက်ဆံနည်းမျိုး ဆက်ဆံချင်ကြသည်။ ကျွန်တော်ကလည်း မခံ။ သူတို့က
    “ဟေ့ကောင်” ဟုခေါ်လျှင် ကျွန်တော်ကလည်း
    “ဘာလဲ” ဟု ခပ်မာမာထန်ထန်ပင် ပြန်၍ ထူးလေသည်။ ထို့ကြောင့်လည်း ကျွန်တော့် အား ကြေးရည်တတ် ဘ၀င်ကိုင်သူများက မုန်းတီးလာကြလေသည်။ ကျွန်တော်မှာ အိမ်ထောင်ရေးလည်း အဆင်မပြေ၊ စီးပွားရေးလည်း အဆင်မပြေဖြစ်လာသောအခါ စိတ်က ထွေ၍ လာ၏။ ထင်ရာသာ စွပ်၍ လုပ်ပစ်ချင်သည်။ ယင်းသို့ရှိစဉ် ရွာ၌ ရန်ကုန်မှ တရုတ်များလာ၍ အနီ ထောင်ဒိုင် လုပ်ကြလေသည်။ ကျွန်တော်သည် စိတ်ထွေထွှေင့် အနီထောင် ဒိုင် သွားထိုးရာ ငွေ တစ်ရာကျော် အနိုင်ရသည်။

    စိတ်ထဲတွင် ပျော်လာသည်။ သူငယ်ချင်းများနှင့် အက်သောက်ကြသည်။ နောက်တစ်ခါပြန် ၍ အနီထောင်ထိုးပြန်ရာ ပြန်၍ရှုံးသည်။ ကြယ်သီးကြိုးကိုပေါင်၍ ထိုးပြန်သည်။ ရှုံး၏။ ကျွန်တော် စိတ်ညစ် လာသည်။ အရက်ကို ပို၍သောက်၏။ ခင်စန်းကြည်မှာ ကျွန်တော့် အား လောင်းကစား မလုပ်ဖို့ တောင်းပန်သည်။ အရက်မသောက်ဖို့ ပြောသည်။ ကျွန်တော်က သူမစကား ကိုလုံးဝ နားမထောင်။ လုပ်ချင်ရာသာ လျှောက်၍ လုပ်နေတော့သည်။
    ကျွန်တော် ထင်ရာစိုင်းနေချိန်၌ တစ်ဖက်ဆိုင်မှာ အလုပ်တွေ ပို၍ များနေသည်။ တစ်ယောက်တည်း မနိုင်သောကြောင့် သူ့တပည့် လင်မယားအားခေါ်၍ လုပ်နေရသည်။ ထိုဆိုင်ရှင်မှာ သူ့တပည့် လင်မယားအား တစ်နေ့လျှင် ငါးပဲမျှသာပေး၍ အလုပ်ခိုင်းလေသည်။ တပည့် အလုပ်သမားသည် ကျွန်တော့် ထံလာ၍ ပိတ်ထားသောဆိုင်၌ အလုပ်လုပ်ရ ပါရန် တောင်း ပန်လေသည်။ ကျွန်တော်က ထက်ဝက် စားနှင့် ခွင့်ပြုပြီး ဆိုင်သော့ အပ်လိုက်သည်။ သူတို့လင်မ ယားကျွန်တော့်ဆိုင်သို့ ပြောင်းရွှေ့နေထိုင်ကြလေသည်။

    အဖေသည် ကျွန်တော့်အား ကောင်းကောင်းနေဖို့ ဆုံးမသည်။ အဘွားလေး။ အဘိုးလေးတို့ကလည်း ဆုံးမသည်။ အကယ်၍ ဆံပင်ညှပ်အလုပ်ကို မလုပ်လိုက ဆိုင်ကို ပြန်ရောင်းပြီး ယခင်က အတိုင်းနေဖို့ပြောသည်။ ပေါင်ထားသော ကြယ်သီးကြိုးနှင့် လက်ပတ်နာရီ ကြိုးတို့ကို ပြန်ရွေးပေးသည်။
    “ကဲရော့၊ အဲဒါ မင်းနောက်ဆုံးအနေနဲ့ သွားကစား။ နိုင်လည်းတော်၊ ရှုံးလည်းတော်”
    အဘိုးလေးက ငွေအစိတ်ကို ရက်ရောစွာ ပေးလိုက်သည်။ ကျွန်တော်သည် ထိုငွေအစိတ် နှင့် သွားထိုးရာ ငွေနှစ်ရာကျော်နိုင်သည်။ တော်ပြီဟု စိတ်ကိုပိုင်းသော်လည်းမရ။ သူငယ်ချင်းများ ကအရက် တိုက်ခိုင်းကြသည်။ အရက်ဆိုင်ရောက်လျှင် ကျွန်တ်ေပါမူး၏။ မူးလာသောအခါ ပြန်၍ ကစားသည်။ ရှုံးပြန်လေတော့၏။

    ဆံပင်ညှပ်ဆိုင်မှာ ထက်ဝက်စားနှင့် ပေးထားသော်လည်း သူတို့မည်မျှရကြသည်မသိ။ ကျွန်တော့်အတွက် တစ်နေ့မှ တမတ်သုံးမူးရသည်။ ကျွန်တော့်ဆိုင်၌ လာရောက်လုပ်သူမှာ ပထမ ဆိုင်ရှင်ထက် ပင် အောက်ကျခံခြင်း၊ စကားပြောကောင်းခြင်းတို့ကြောင့် လူချစ်လူခင်များကာ ဆိုင်၌ လူစည်သည်။ သို့သော် ကျွန်တော့် အတွက်မူ ငါးမူးထက်ပိုမရတတ်ပေ။
    ကျွန်တော်သည် ဆိုင်ကရသည် မရသည်ကို ဂရုမစိုက်တေ့။ ကစားဝိုင်း အရက်ဆိုင်တို့၌ သာ ပျော်ပိုက်နေခဲ့သည်။ အနီထောင်ဝိုင်းမရှိလျှင် ဖဲရိုက်သည်။ နိုင်သည့်အခါနိုင်၍ ရှုံးသည့်အခါ ရှုံး၏။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ အရက်ဖိုးက မှန်မှန်ပင် ကုန်ကျနေခဲ့ပေသည်။ ၃ လလောက် တေမိ ပေမိသောအခါတွင် ကျွန်တော့်တွင် လက်ဝတ်လက်စားမရှိတော့။ ကျွန်တော့် ဇနီးတွင် လည်း နားကပ်တစ်ရံသာ ကျန်ရှိနေခဲ့ပေသည်။

    ကျွန်တော်သည် တစ်ခုခုကို လုပ်မိပြီဆိုလျှင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဇွတ် တရွတ်ပင် စွဲစွဲမြဲမြလုပ်တတ်သော အကျင့်ရှိခဲ့သည်။ လောင်းကစားနှင့် မူးယစ်သောက်စားခြင်းများ မကောင်းမှန်း ကျွန်တော်သိသည်။ ဒါပေမယ့် ထိုအလုပ်ကို မဖြတ်ဘဲဆက်၍သာလုပ်နေခဲ့သည်။ နောက်ဆုံးတွင် ဆိုင်တွင်အလုပ်လုပ်သူအား ဆိုင်ကို ၇၅ ကျပ်နှင့် ရောင်းပစ်လိုက်သည်။ ဤမျှ အောက်ကျ၍ လူအထင်သေးသော အလုပ်မျိုးကိုလည်း လုပ်မစားတော့ဟု စိတ်ကိုဆုံးဖြတ်လိုက် လေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, May 1, 2013

ဒေါက်တာစိုးလွင် ၏ မိုက်ကယ်ရယ်၊ သော်တာဆွေရယ်၊ လူနာတစ်ယောက်ရယ်၊ ကျွန်တော်ရယ်

ပထမဦးစွာ ကျွန်တော်ဆိုသော ကောင်လေးတစ်ယောက်နှင့် စာဖတ်သူကို မိတ်ဆက်ပေးဖို့ လိုမည်ဟု ထင်ပါသည်။ မိတ်ဆွေဖြစ်သွားကြသောအခါမှ ကျွန်တော့်ရင်ထဲက ပြောပြချင်သည်တို့ကို ရှင်းရှင်း လင်းလင်း ပြောပြ၍ ကောင်းမည်ဟု ကျွန်တော် ယုံကြည်နေမိသောကြောင့် ဖြစ်ပါသည်။
ကျွန်တော့်ကို ရင်းနှီးသူများက "ပေါက်ကလေး" ဟု ချစ်စနိုး ခေါ်ကြပါသည်။ အညာသား သူငယ်ချင်း တစ်ယောက်က "ဖိုးပေါက်" ဟု အားပါးတရအာလုပ်သံနှင့် ခေါ်တတ်သည်။ ကျွန်တော်၏ အဒေါ်နှင့် အမများကမူ ကျွန်တော့်ကို "မိပေါက်" ဟုခေါ်ကြသည်။ ပြောမနာဆိုမနာ သူငယ်ချင်းများကတော့ "ငပေါက်" ဟု အားရပါးရ ခေါ်လေ့ ရှိပါသည်။ ကျွန်တော့်ထက်ငယ်သူများကတော့ ရိုရိုသေသေနှင့် "ကိုပေါက်" ဟုခေါ်ပါသည်။ ဘယ်သူတွေက ဘယ်လိုခေါ်ခေါ်လေ တစ်ယောက်သောသူကမူ ကျွန်တော့်အား "မောင်" ဟုခေါ်ပါသည်။ သို့သော် ကျွန်တော့်ကို "ကိုကို" ဟုခေါ်သောသူ မရှိသေးပါ။ ဝမ်းနည်းစွာပြောရမည်ဆိုလျှင် ယခုအရွယ်အထိ ကျွန်တော့်မှာ ရည်းစားတစ်ယောက်တည်းသာ ရှိဖူး သေးသောကြောင့် ဖြစ်ပါသည်။

ကျွန်တော့်နာမည်ကို ပြောပြပြီးသောအခါ ကျွန်တော့်အလုပ်အကိုင်ကိုလည်း ပြောပြရပါဦးမည်။ ကျွန်တော် သည် ဆရာဝန်ပေါက်စလေးတစ်ဦး ဖြစ်ပါသည်။ ထို့ကြောင့်နာမည်နှင့် အလုပ်အကိုင် ကို ပေါင်းစပ်လိုက် လျှင် ကျွန်တော့်ကို "ဒေါက်တာပေါက်ကလေး" ဟုခေါ်ကြပါစို့။
ကျွန်တော့်၌ ငယ်ငယ်ကလေးတည်းကပင် အလွန်စဉ်းစားတွေးတောငေးမောတတ်သော၊ လူကလေး ပိစိကွေးနှင့် မလိုက်သော စာအုပ်ထူကြီးများကို လူကြီးများ မသိအောင် ချောင်တစ်ချောင်၌ ကုတ်ကုတ် ကလေး ဖတ် တတ်သော ဝါသနာ ရှိပါသည်။
ထို့ကြောင့် ကျွန်တော်သည် စာပေဝါသနာပါသော ဒေါက်တာပေါက်ကလေးဖြစ်သည့်အကြောင်း စာဖတ်သူနှင့် ပဏာမ မိတ်ဆက်ပေးလိုက်သည်။

(၂)

စာပေဝါသနာပါသော ကျွန်တော်သည် စာပေ၏လွှမ်းမိုးမှုကို ခံရမည်ဆိုသည်မှာ ယုံမှားသံသယ ရှိကြ မည် မထင်ပါ။ ယခု ကျွန်တော်၏ စိတ်နေသဘောထား အတွေးအခေါ်လောကအမြင် စသည်တို့သည် ကျွန်တော် ဖတ်ရှုခဲ့ရသော စာအုပ်များနှင့် များစွာသက်ဆိုင်နေသည်ဟု ကျွန်တော် ယုံကြည်ပါသည်။
စာအုပ်တစ်အုပ်ကို ခံစားချက်နှင့် ဖတ်သည်။ စူးစမ်းလိုစိတ်နှင့် ဖတ်သည်။ မည်သို့ပင်ဖတ်ဖတ် စာတစ်အုပ်ကို စာတစ်ပုဒ်ကို ဖတ်ပြီးလျှင်ကား စိတ်ထဲတွင် တစ်ခုခုကျန်ရစ်အောင် ကျွန်တေယ် ဖတ်လေ့ ရှိပါသည်။ ကျွန်တော့်၌ မှတ်စုစာအုပ်လေးတစ်အုပ် ရှိပါသည်။ ကျွန်တော်ဖတ်သော စာအုပ် များထဲမှ ကျွန်တော်၏စိတ်ထဲ ထိခိုက်သွားစေနိုင်သော အရေးအသားများ အတွေးအခေါ်များကို ထိုစာအုပ်လေး ထဲတွင် ကျွန်တော်ကူယူထားလေ့ ရှိသည်။ ပျင်းပျင်းရှိလျှင် ထိုစာအုပ်လေးကို ခဏခဏ ပြန်ဖတ် ၍ တွေးတောနေတတ်ပါသည်။ စာအုပ်ဖတ်ရင်း ပြုံးတတ် ရယ်တတ် မဲ့တတ် ငိုတတ်သော ကျွန်တော့်ကို နားမလည် သူများက အရူးဟု ပြောကြမည်ဆိုလျှင် စာပေဝါသနာရှင်များကမူ ကျွန်တော့် ဘက်မှ ကိုယ်ချင်းစာ ၍ နားလည်နိုင်ကြမည်ဟု ထင်ပါသည်။

ကျွန်တော် စတင်တွေးခေါ်တတ်ခါကစ ဖတ်ရသော စာအုပ်တစ်အုပ်ထဲမှ အတွေးအခေါ်တစ်ခုကို ကျွန်တော် များစွာ သဘောကျမိပါသည်။
ထိုစကားလေးများကို ကျွန်တော် တင်ပြလိုပါသည်။ ဤသည်ကို ဖတ်ရလျှင် ဤစကားသည် မည်သည့် ဝတ္ထုထဲမှ မည်သူပြောခဲ့သည့်စကားဆိုသည်ကို စာဖတ်သူများလည်း သိလိမ့်မည် ထင်ပါသည်။
"ကျုပ် ဗေဒင်ကို မယုံဘူး ... ဗေဒင်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မယုံတဲ့သူတွေ မေးတာပဲ၊ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်မယ် ဆိုတာ မသိလို့ တခြားသူမေးရတာဟာ အမှန်တော့ ရှက်စရာ အကောင်းဆုံး အလုပ်တစ်ခုပေါ့။ ကျုပ်ဘဝရဲ့ဗေဒင်ကို သူများ မေးစရာ မလိုဘူး။ ကျုပ်ဘာသာကျုပ် ဟောနိုင်တယ်။ ကျုပ်ဘာဖြစ်မယ် ဆိုတာကို ကျုပ်အရည်အချင်းနဲ့ ကြိုးစားမှုက အဆုံးအဖြတ်ပေးမှာပဲ"
ဆရာအောင်လင်း ၏ "အရိုင်းစံပယ်" ဝတ္ထုထဲမှ ဇာတ်လိုက်ကိုဘခက် ပြောခဲ့သော စကား ဖြစ်ပါသည်။ ထိုစကားအား စာအုပ်လေးထဲတွင် သေချာစွာ ကူးရေးထား၍ ခဏခဏ ဖတ်ကာ သဘောကျရင်း ကျရင်းမှ ထိုဇာတ်လိုက်ကဲ့သို့သော သဘောထားသည် ကျွန်တော့်သဘောထား ဖြစ်မှန်းမသိ ဖြစ်လာ ပါတော့သည်။

ထို့ကြောင့်လည်း ဘယ်အရပ် ဘယ်ဒေသရောက်ရောက် စုံစမ်းမေးမြန်း၍ ဗေဒင်မေးလေ့ ရှိသော ကျွန်တော့် အမေနှင့် အဒေါ်များအား ကျွန်တော်၏ ကိုယ့်အကြောင်းကို သူများ သွားမေးနေရတယ် မသိပါဘူး။ သူတို့မပြော လည်း ကိုယ့်အကြောင်းကိုယ် သိနေတာပဲ မဟုတ်လား။

(၃)
အမျိုးသမီးတိုင်း ဗေဒင်လက္ခဏာကို ယုံကြည်ဝါသနာပါသည်လို့တော့ ကျွန်တော် မပြောလိုပါ။ သို့သော် ကျွန်တော့် ပတ်ဝန်းကျင်မှ တွေ့ရသမျှသော အမျိုးသမီးအများစုသည် ဗေဒင်ဝါသနာပါသည် ဟုတော့ ကိုယ်တွေ့ မို့ သိနေပါသည်။
ကျွန်တော် ၏ မေမေဆိုလျှင် ဗေဒင်ကို အတော်ယုံ၏။ ကျွန်တော့်အား ဗေဒင်ဆရာဆီ ခေါ်သွားရန် မေမေ မကြာခဏ ကြိုးပမ်းဖူးပါသည်။ ဆရာဝန်ဖြစ်လာမည့်သားအား စိတ်မချနိုင်သော အမေ တစ်ယောက်၏ စိတ်ထားကို နားလည်နိုင်လိမ့်မည် ထင်ပါသည်။ အမေဘယ်လောက်ပင်ခေါ်ခေါ် ကျွန်တော်ကတော့ မလိုက်ရေးချ မလိုက်။
"မေမေကလည်းဗျာ ... ကိုယ့်အကြောင်းများ သူများ သွားမေးရမယ်လို့" ကျွန်တော် ဘာပြောပြော အမေ စိတ်မပျက်၊ ကျွန်တော်မပါလည်း အမေတစ်ယောက်တည်း ထီးကလေးဆောင်းပြီး ကျွန်တော့် ဇာတာပေရွက်ကလေးကိုင်ကာ ဗေဒင်ဆရာဆီသွားတတ်သည်။ ဗေဒင်ဆရာ၏ ဟောချက်များကို စာနှင့် သေချာ ရေးယူလာခဲ့သည်။ ကျွန်တော့်ကိုလည်း အလွတ်ကျက်ခိုင်းလိုခိုင်း၊ ပြီးတော့ ဗေဒင် ဆရာ ခိုင်းလိုက်သော ယတြာများ အဆောင်များကိုလည်း ခက်ခက်ခဲခဲ ရှာဖွေ လုပ်ကိုင်တတ်လေသည်။

တစ်ခါတုန်းက ကျွန်တော့်ကို ဗေဒင်ထဲမှ ကျွန်တော် မှတ်မိနေမိသည်မှာ ...
"ဤဇာတာရှင်သည် အလွန်စန်းပွင့်သည်။ မိန်းကလေးများ ပတ်လည်ဝိုင်းနေသည်။ အနောက်တောင် ဘက်မှ အမျိုးသမီးအနှောင့်အယှက်ကို သတိထားပါ။ ဒီနှစ်အတွင်း အရှေ့မြောက်ဘက်သို့ ခရီး မသွားပါနှင့်"
အမယ်မယ် တယ်ဟုတ်တဲ့ငါပါလား။ ဘဝင်တော်တော်မြင့်သွားမိလေသည်။ အမေစိတ်ပူမည်ဆိုလည်း စိတ်ပူစရာပါပဲ။ ဘာပဲဖြစ်ဖြစ်လေ အရှုံးရှိတာ မှတ်လို့။ ကျွန်တော့်စိတ်ထဲ အနောက်တောင်အရပ်မှ မိန်းကလေးတစ်ယောက် ရှာပြီး အရှေ့မြောက်ဘက်ဆီ ခရီးသွားချင်လိုက်တာ မပြောပါနှင့်တော့လေ။

ကျွန်တော်၏ ရည်စားသ်ညလည်း မိန်းကလေးတစ်ဦး ဖြစ်ပါသည်။ မိန်းကလေးတစ်ဦးမို့ ဗေဒင်ဝါသနာ ပါလိမ့်မည်ဆိုတာ ကျွန်တော်မပြောလည်း သိလိမ့်မည် ထင်သည်။ ကြုံတုန်းလေး အတိတ်ကံကို တစ်ခေါက်လှန်ပြီး ဇာတ်ကြောင်း ပြန်ပြချင်ပါသေးသည်။
ဟိုတစ်လောတုန်းက ကျွန်တော်တို့ နောက်ဆုံးနှစ်အပိုင်း(ခ)စာမေးပွဲကြီး ဖြေရခါနီး ဖြစ်ပါသည်။ ဒီစာမေးပွဲက ဆေးတက္ကသိုလ်ရဲ့နောက်ဆုံးနှစ် အခက်ခဲဆုံး၊ ကုသိုလ်ကံကောင်းဖို့လည်း အလိုအပ်ဆုံး၊ ဆရာဝန် တစ်ယောက် ဖြစ်ထိုက်၊ မဖြစ်ထိုက် အဆုံးအြဖတ်ပေးမည့် စာမေးပွဲ။ နေ့မအား ညမအား စာကျက်နေ ရချိန်၊ ငိုချင်သလိုလိုနှင့် ရူးချင်ချင်ဖြစ်ရသောအချိန် ဖြစ်ပါသည်။
အဲဒီအချိန်မှာ သူဘယ်လို စိတ်ရူးပေါက်သည်မသိ။ အခုဖြေရမယ့် စာမေးပွဲကြီးအောင် မအောင်ကို ဗေဒင်သွားမေးချင်သည်တဲ့။ စာမေးပွဲနီးလို့ စိတ်ညစ်ရတဲ့ကြားက သူကလည်းတစ်မှောင့်။ "ယောကျ်ား တို့ဘုန်း မိုးသို့ချုန်း" ဆိုသည့် စကားအတိုင်း ကျွန်တော်ရေရေလည်လည် ဟောက်ပစ် လိုက်လေ သည်။

"ဟာ မဟုတ်တာဘဲကွာ ... စာမေးပွဲအောင်မအောင်များ ဗေဒင်သွားမေးရဦးမှာလား။ ကိုယ်ကြိုးစား ရင် ကိုယ်တော်ရင် အောင်မယ်၊ ကိုယ်အသုံးမကျရင် ကျမှာဘဲ။ ဒါများ ဗေဒင်မေးစရာ မလိုပါဘူး။ ဘယ်သူဖြစ်ဖြစ် စဉ်းစားကြည့်လိုက်ရင် အသိသာကြီးပဲ" ထိုစကားကို ကြာသောအခါ သူမည်သို့ လုပ်သည်ဟု မိတ်ဆွေ ထင်ပါသနည်း။
"ခုမှသိရတော့တယ် ... သူ့ကို ချစ်မှမချစ်ဘဲ၊ မချစ်လို့ အလိုမလိုက်တာပေါ့။ ဒါလေးများ ဘာပင်ပန်း တာကျနေတာပဲ။ ဓူဝံကြယ်များသွားဆွတ်ခိုင်းရင် ဘယ်လိုများနေမယ် မသိဘူး" ဟု ဆိုကာ၊ ၂ရက် ၂နာရီနှင့် ၂မိနစ် တိတိ ကျွန်တော့်ကို စကားမပြောဘဲ စိတ်ကောက်ပါတော့သည်ခင်ဗျား။

အတောင်နှစ်ဆယ်ဝတ် မင်းယောကျ်ားကြီးဖြစ်သော ကျွန်တော်သည် ထိုလက်နက်၏ ဒဏ်ကို ကြံ့ကြံ့ မခံနိုင်ခဲ့တာ အမှန်ပါပဲ။ ခုနေတုန်းတော့ ဒင်းလုပ်ထားဦးပေါ့။ မရခင်တော့ ဖျာလိုလိပ်ပြီး ထိပ်ပေါ်တင်ရ မယ်လို့ ဘိုးဘေးဘီဘင် အဆက်ဆက်က မှာခဲ့သေးတာပဲဟု စိတ်ကို ဖြေလိုက်ကာ အမေ့တုန်း ကတင်း နိုင်သူ ကျွန်တော်တစ်ယောက် စက်ဘီးနောက်မှ သူ့ကိုတင်ပြီး မန္တလေးအခေါ်အပြ (၂၀)လောက် ကို လျှာထွက်အောင်နင်း၍ နာမည်ကြီး ကိုရွှေဗေဒင်ဆရာထံမှောက် အရောက်ပို့ ရပါတော့သည်။
ကြုံကြိုက်တုန်းမို့သာ ပြောရပါသည်။ ရှက်တော့လည်း အရှက်သား၊ သူများတွေ သိကုန်မှာ စိုးရသေး သည်။ ထို့ကြောင့် စာဖတ်သူအား ဤအကြောင်းတွေ သူများကို လျှောက်မပြောဖို့ ကြိုတင်၍ တောင်းပန်အပ်ပါသည်။
မထူးပါဘူးလေ ပြောလက်စနှင့် ဆက်ပြောရတော့မည်။ စလေအညာက ကိုရွှေဗေဒင်ဆရာ ဘာဟော သည်ထင်ပါသနည်း။ စာကြိုးစားဖို့ အထူးလိုသည်။ အနှောင့်အယှက်တွေ ရှိနေသည်။ ဒါကြောင့် ယတြာချေ ရမည်။ စာမေးပွဲခန်းထဲသို့ ဝင်တိုင်း အင်္ကျီတွင် အရွက်တစ်မျိုး (အခုတော့လည်း ပြီးပြီးရော ထုံးစံအတိုင်း နာမည်တော့မေ့သွားပြီ)ကို တွယ်၍ ဖြေမှ အနှောင့်အယှက်က ကင်းဝေးမည်ဟု ဆိုသည်။

စာကျက်ဖို့အချိန် မရှိရတဲ့ထဲမှာ ရှာရခက်မည့် အရွက်ကိုမှ ညွှန်းသော ဗေဒင်ဆရာအား ရိုက်ချင် စိတ် ပေါ်လာသည်။ ဒါပေမဲ့ တတ်နိုင်ပါဖူးလေ။ သမိုင်းပေးတာဝန်ဆိုတော့လည်း ရှောင်လွှဲနေလို့မှ မရတာ ဘဲ။ ဆရာကြီးရွှေဥဒေါင်း၏ စုံထောက်ဦးစံရှားဝတ္ထုများ ဖတ်ထားသူ၊ ကာတွန်းအောင်ရှိန်၏ စုံထောက် ကြီး ဦးရှံစားကာတွန်းများ ဖတ်ထားသူ ကျွန်တော့်အဖို့ ဒီအရွက်လောက်များတော့ အပျော့ပဲ၊ မန်းမြေ အနှံ့ခြေဆန့်ကာ ယတြာချေသော သစ်ရွက်အား ရှာဖွေပါတော့သည်။
အတိုချုပ် လိုက်လျှင် ... ယတြာတန်ခိုးတော်ကြောင့် ကျွန်တော်တို့နှစ်ယောက်လုံး စာမေးပွဲအောင်ခဲ့ သည်ဟုပဲ ဆိုပါတော့လေ။ စာမေးပွဲအောင်၍ အမေ့ဆီ ပြန်သောအခါတွင် အမေပြောသော စကား ကြောင့် ကျွန်တော် ပြုံးမိလေသည်။ "သားစာမေးပွဲအောင်ဖို့ အမေဗေဒင်ကြိုမေးပြီး အပင်ပန်းခံ ယတြာ ချေထား တယ်လေ" ဟု ဝမ်းသာအားရနှင့် အမေကပြောတော့ ကျွန်တော် မပြုံးမိရင် ကျွန်တော်က ဘာကောင် မို့လို့ပါလဲခင်ဗျာ။

(၄)

ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်ကတော့ "ဆရာဝန်ပေါက်စလေးတစ်ယောက်" ဖြစ်လာပြီ။ ကျွန်တော် ဆရာဝန်ဖြစ်ပြီ အမေရေဟု ရင်ကော့ပြီး အမေ့ဆီ ပြန်လာခဲ့ရသည်။ ဆရာဝန်ဘွဲ့ကြီးကို ပိုက်ပြီး ဘွဲ့ရ အလုပ်လက်မဲ့ ဆရာဝန်လေးတစ်ယောက်လုပ်နေလို့တော့ မဖြစ်သေးပါဘူး။ ကျွန်တော် အလွန်အားကျ ကြည်ညိုသော နှလုံးလှ ဆရာဝန်ကြီးများဖြစ်သည့် ဒေါက်တာနော်မန်ဗက်သွန်းတို့၊ ဒေါက်တာအဲလ် ဘက်ရွိက်ဇာတို့လမ်းကို လိုက်ရမလား။ ဟုတ်ပြီ ဒီလမ်းကို လိုက်မယ်။ ဒီတော့ သူတို့လိုပဲ ငယ်ငယ် တုန်းတော့ အေးအေးဆေးဆေး နေပြီး အသက်ကြီးမှပဲ ကိုယ်ကျိုးစွန့်ပြီး ဆရာဝန်အလွန် လိုအပ်နေသော တရုတ်ပြည် တို့၊ အာဖရိကတောနက်ထဲတို့ကို သွားတော့မယ်။
လောလောဆယ်တော့ ဆရာဝန်ဖြစ်သည်အထိ (၁၇)နှစ်တိတိ ငွေကုန်ကြေးကျများပြားစွာ ပညာသင် ပေးခဲ့ပြီး ၍ နွမ်းလျနေပြီဖြစ်သော မိဘနှစ်ပါး ကို ကျေးဇူးဆပ်ရန် အတွက် နောင်တော့်နောင်တော် တို့၏ လမ်းစဉ်ကို စိတ်ထဲ အတွေးထဲမှ မလိုက်ချင် ပါဘဲလျက် လက်တွေ့မှာတော့ လိုက်ရကာ ဆေးခန်းငယ် လေးတစ်ခုကို ဖွင့်ရပါတော့သည်။ ဤသို့ဖြင့် "ဒေါက်တာပေါက်ကလေး" ၏ ဆေးခန်းပိစိကလေးတစ်ခု သည် ကျွန်တော်တို့ မြို့သေးသေးလေး၏ များပြားလှစွာသော ကွမ်းယာဆိုင် ဆံပင်ညှပ်ဆိုင်များနှင့် အပြိုင် လမ်းထောင့်တိုင်းတွင် တည်ရှိနေသော ဆေးခန်းကြားတွင် မထင်မရှား ပေါ်ထွက်လာခဲ့လေ သည်။

ပျော်စရာလား စိတ်ညစ်စရာလားတော့မသိ၊ ဒေါက်တာပေါက်ကလေးရဲ့ ဆေးခန်းမှာတော့ အမြဲတစေ လူရှင်းနေ တာ အမှန်ပါပဲ။ ဆေးရုံတို့ ဆေးခန်းတို့ဆိုတာ လူစည်ကားအပ်တဲ့နေရာ မဟုတ်ပါဘူးလေဟု စိတ်ကို ဖြေနေရသည်။ ကောင်းတာတစ်ချက်ကလည်း ရှိပါသေးသည်။ ခုမှပဲ ဆေးကျောင်းသား ကာလ ဆေးစာအုပ်ကြီးတွေကြားထဲမှာ မြှုပ်နှံထားရသော ကျွန်တော့် မျက်လုံးအစုံ ကို ကျွန်တော် ဝါသနာပါလှ သော စာပေထဲမှာ အေးဆေးစွာ နှစ်မြှုပ်နိုင်တော့သည် မဟုတ်ပါလား။

စာပေအကြောင်း ပြောလျှင် ကျွန်တော်အကြိုက်နှစ်သက်ဆုံး စာရေးဆရာအကြောင်းလည်း ပြောရပါ ဦးမည်။ သူကား ဆရာသော်တာဆွေပါတည်း။ ဆရာ့စာတွေကို ဖတ်၍ ရယ်မောပျော်ရွှင်ခဲ့ရသလို အတွေးနက်နက်တွေးကာ ဘဝ၏ အမှန်တရားများကို ရှာတတ်စေခဲ့ပါသည်။ ဆရာသော်တာဆွေ၏ အကြောင်းပြောနေခြင်းမှာ ကျွန်တော်ယခု ပြောပြချင်သည့်အကြောင်းနှင့် ဆရာသော်တာဆွေ၏ စာ တစ်ပုဒ်နှင့် များစွာသက်ဆိုင်နေသောကြောင့် ဖြစ်ပါသည်။
ဆေးခန်းလူမလာတော့လည်း ဘာအရေးစိုက်ရမှာလဲ။ လူနာစမ်းသပ်တဲ့ ခုတင်ကြီးအားနေတော့ အဲဒီ ခုတင်ပေါ်တက်အိပ်ပြီး အားပါးတရ စာအုပ်တွေ ဖတ်ပစ်လိုက်မှာပေါ့။ ဒါနဲ့ပဲ ဟိုတစ်နေ့က စာအုပ်ဆိုင် ကို သွား စာအုပ်တွေကိုမွှေနှောက်၊ ဆရာသော်တာဆွေဝတ္ထုပါတဲ့ မဂ္ဂဇင်းတွေအားလုံး ငှားခဲ့လေသည်။ ဆရာဝန်ကလေးဆိုပြီး အထင်တော့မကြီးလိုက်ပါနဲ့။ မဂ္ဂဇင်းအဟောင်းတွေကို တစ်အုပ်ကိုငါးမူးစီ ပေးပြီး ငှားနိုင်တဲ့ ဒေါက်တာလေးပါခင်ဗျာ။

အဲဒီနေ့က မှတ်မှတ်ရရ ဗေဒင်လက္ခဏာနဲ့ ပတ်သက်တဲ့ ဆရာသော်တာဆွေရဲ့ ငယ်မူပြန်ဝတ္ထုလေး တစ်ပုဒ် ကို ဖတ်လိုက်ရသည်။ ၁၉၈၅ခု ဧပြီလထုတ် ချယ်ရီမဂ္ဂဇင်းထဲက "မိုက်ကယ်ရယ်၊ သန်းဆွေရယ်၊ ခိုင်ရယ်၊ ကျွန်တော်ရယ်" ဆိုတဲ့ ဝတ္ထုလေး ဖြစ်ပါသည်။ အဲဒီဝတ္ထုထဲက ဗေဒင်ဆရာ မိုက်ကယ်၏ ပညာစွမ်းကို အံ့သြချီးမွမ်း မိလေသည်။
ထိုဝတ္ထုထဲမှာ ပါသော အချက်များထဲက ကျွန်တော် ပြောချင်သည့်အကြောင်းနှင့် တိုက်ရိုက် ပတ်သက် သော ဗေဒင်ဟောချက်တစ်ချက်တည်းကိုသာ တင်ပြလိုပါသည်။ ဆရာမိုက်ကယ်က စာရေးဆရာ သန်းဆွေ ကို ဒီလူဟာ နှစ်မကူးခင်သေမှာပဲဟု အတတ်ဟောပြောခဲ့သည်။ ဘယ်သူမှ မယုံချင်သော် လည်း ထိုနှစ် နှစ်မကူးခင်မှာ ဆရာသန်းဆွေရေနှစ်ပြီး တကယ့်ကို သေသွားခဲ့လေသည်။
ထိုဝတ္ထု ကို ဖတ်ပြီး အတွေးနယ်ချဲ့မိရင်းမှ ဗေဒင်လက္ခဏာကို မယုံကြည်ချင်သော ကျွန်တော် တစ်ယောက်တော့ဖြင့် အလွန်လေးစားသော ဆရာသော်တာဆွေ၏ ကိုယ်တွေ့ဝတ္ထုထဲမှ ဆရာ မိုက်ကယ် ၏ ဗေဒင်ပညာရပ်ကို မယုံနိုင်လောက်အောင် အံ့သြမိလေသည်။

(၅)

တွေးရင်းငေးရင်း မိုးချုပ်လာလေပြီ။ ဆေးခန်းပိတ်တော့မှပဲ။ လူနာတစ်ယောက်မှ မလာသေး ဘဲ ဆေးခန်းပိတ်ရမှာ ကိုယ့်လိပ်ပြာကိုယ် ရှက်မိလိုက်ပါဘိ။ တတ်နိုင်ပါဘူးလေ ကျောင်း မှာ  နောက်ကြ ပြောင်ကြတုန်းကလို ငါတို့တွေ ဆေးဗန်းလေးခေါင်းမှာ ရွက်ပြီး "ဟောဒီက ဆရာဝန်ပါဗျို့ ... ဆေးထိုး ကြဦး မလား။ အားဆေးကောင်းကောင်းတွေ ပါတယ်။ တစ်ခါထိုးမှ တစ်မတ်တည်းရယ်" လို့ မအော်ရ သေးတာ ဝမ်းသာရမယ်လို့ ရသေ့စိတ်ဖြေတွေးနေမိစဉ် လူရိပ်နှစ်ခု ဆေးခန်း တံခါးဝသို့ ရောက်လာ သည်ကို တွေ့လိုက်ရလေသည်။
ဝမ်းမြောက်ဖွယ်ရာ တကယ့်လူနာပါလား။ တစ္ဆေခြောက်တာ မဟုတ်ပါဘူးဟု ဆိုတာ သေချာမှ ကျောင်းတုန်းက မသင်ခဲ့ရပေမယ့် ကိုယ့်ဘာသာလေ့လာထားသော ဦးနု၏ "လူပေါ်လူဇော်လုပ်နည်း" စာအုပ်ထဲကအတိုင်း ပြုံးရွှင်စွာ ကြိုဆိုလိုက်လေ သည်။ နေရာ ထိုင်ခင်းပေးပြီးသည်နှင့် စုံထောက်ကြီး ရှားလော့ဟုမ်းစတိုင်နှင့် လူနာကို အကဲခတ်လိုက်လေသည်။

ဒီနှစ်ယောက်ထဲကမှ လှပသွက်လက်တဲ့ မိန်းမပျိုလေးကတော့ လူနာဟုတ်မယ်မထင် ... မိုးရွာခါနီး အုံ့ဆိုင်းနေတဲ့ကောင်းကင်လို အသက်နဲ့စာရင် အိုမင်းနေပုံရတဲ့ သောကမျက်နှာပိုင်ရှင် အဘိုးကြီးဟာ လူနာ ဖြစ်ရမယ်။
"ကဲ အဘ ... ဘာဖြစ်သလဲခင်ဗျာ၊ ကျွန်တော့်ကို ပြောပြပါဦး"
အဘိုးကြီးက ကျွန်တော်မေးတာကို သူ့မေ်းတယ် လို့မှ အောက်မေ့ရဲ့လား မသိ တွေတွေကြီးငေးနေ လေ သည်။ ထိုအခါ မိန်းကလေးက "ဆရာ ဒါ ကျွန်မအဖေ ပါ၊ အဖေသိပ်နေမကောင်းလို့ ဆရာ့ဆီ ခေါ်လာတာပါ"
"သြော် ဟုတ်လား ... ဘယ်လို နေမကောင်းတာလဲ။ အနာသိရင် ဆေးရှိရမှာပေါ့ဗျာ၊ ကျွန်တော့် ကို သေချာပြောပြပါဦး။ ရောဂါကို သေချာသိရမှ ဆရာဝန်ဟာ အနာနဲ့ဆေးတည့်အောင် ပေးနိုင်မှာ ဖြစ်ပါ တယ်"
"ဆရာရေ ဒီလိုပါရှင် ... ဧပြီလထုတ် ချယ်ရီမဂ္ဂဇင်းထဲမှာပါတဲ့ သော်တာဆွေရဲ့ဝတ္ထုကို ဖတ်ပြီး တွေးနေ မိတာ မဟုတ်လား။ သို့သော် သေချာအောင် မေးလိုက်လေသည်။ ခုနက စားပွဲပေါ်ချထား လိုက်သော ချယ်ရီ မဂ္ဂဇင်းထဲက ဝတ္ထုကို ပြလိုက်ကာ ...
"ဒီဝတ္ထုလားဗျာ ... တိုက်တိုက်ဆိုင်ဆိုင် အခုပဲ ကျွန်တော် ဖတ်ပြီး သွားလို့ ဒီဝတ္ထုအကြောင်း တွေးနေတာဗျာ"

"ဟုတ်တာပေါ့ရှင် ... အဲဒီဝတ္ထုပေါ့။ ဒီဝတ္ထုကြောင့် အဖေဒီလို ဖြစ်ရတာ" တစ်ခဏအချိန်အတွင်းမှာပင် ကျွန်တော် သည် စာပေဝါသနာပါသူပီပီ စိတ်ဝင်စားဖွယ်ရာ ဆက်စပ်တွေးတောလိုက်လေသည်။ ဟာ ကြည့် ရတာ ... ဒီအဘိုးကြီး ဆရာသော်တာဆွေတို့နဲ့ ရွယ်တူပဲ။ သူ့ဝတ္ထုထဲက ခိုင်ဆိုတာနဲ့များ ဘယ်လို ပတ်သက်နေပါလိမ့်။ မဟုတ်မှာလွဲရော ခိုင့်ရဲ့ပန်းဦးကို ခူးသွားတဲ့ ငယ်ရည်းစားကြီးလား မသိဘူး။
ဇာတ်လမ်း ကတော့ စိတ်ဝင်စားစရာကောင်းလာပြီ။ "ကဲ ညီမလေး ဆရာတော့ သိပ်စိတ်ဝင်စားနေပြီ၊ ဆရာ့ ကို နားလည်အောင် သေချာရှင်းပြပါဦး"
"ဒီလိုပါဆရာ ... ကျွန်မအဖေဟာ ဒီလဆန်းကပဲ အသက်"၆၉နှစ်" ပြည့်ခဲ့တာပါ။ အရင်က ကျန်းကျန်း မာမာ ပါပဲ။ လွန်ခဲ့တဲ့ ၂လလောက်ကမှ ဒီဝတ္ထုပါတဲ့ မဂ္ဂဇင်းကို ဖတ်မိပြီးကတည်းက ဒီရောဂါစပြီးရတော့ တာပါ"
ထိုစဉ်မှာ အဘိုးကြီးသည် ကျွန်တော်တို့ စကားပြောနေသည်ကို စိတ်ဝင်စားပုံမပေါ်ဘဲ စားပွဲပေါ် ချထား သော ထိုဝတ္ထုပါသည့် ချယ်ရီမဂ္ဂဇင်းကို မျက်မှောင်ကြီးကုတ်ကာ စူးစိုက်ကြည့်နေလေသည်။

"ဒီဝတ္ထုကြောင့် ဘယ်လိုဖြစ်ရတာလဲဗျာ"
"သြော် ... ဟုတ်သားပဲလေ၊ သေချာမသိသေးတော့ ဆရာအံ့သြနေမှာပေါ့။ အစကစပြီး ပြောပြပါ့မယ် ရှင်။ ဒီလိုပါ ... ကျွန်မဖေဖေ ငယ်ငယ်တုန်းက သိပ်ခင်တဲ့ သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ အဲဒီတုန်းက သူတို့နှစ်ယောက်လုံး ဆင်းဆင်းရဲရဲ ပေပေတေတေ နေခဲ့ကြတယ်။ တစ်နေ့ကျတော့ သူတို့နှစ်ယောက်ဟာ ဟိုဝတ္ထုထဲမှာပါတဲ့ ဗေဒင်ဆရာမိုက်ကယ်နဲ့ ခင်မိကြတယ်။ ဟိုဝတ္ထုထဲကလိုပဲ ဆရာမိုက်ကယ်ဟာ ခင်ပြီးမကြာခင် မှာဘဲ သူတို့နှစ်ယောက်လုံးကို ဗေဒင်ဟောပါလေရောရှင် ...
သူဟော ခဲ့တာ သူတို့နှစ်ယောက်အတွက် တစ်ယောက်တစ်ချက်စီတည်းပဲ။ အဖေ့သူငယ်ချင်းကို "ခင်ဗျား ဟာ အခုသာ ဆင်းရဲနေတယ်။ ဒါပေမဲ့ မကြာခင်မှာဘဲ ဘယ်လိုမှလည်း ပင်ပင်ပန်းပန်း မလုပ်ရ ပါဘဲနဲ့ ကျိကျိတက် ချမ်းသာလာလိမ့်မယ်လု့ ဟောလိုက်တယ်"

အဖေ့ကိုတော့ ထူးထူးဆန်းဆန်း ဟိုဝတ္ထုထဲမှာ ဆရာသန်းဆွေကို ဟောခဲ့သလိုပဲ" ခင်ဗျားဟာ အသက်(၇၀)မှာ သေမှာပဲ" ဆိုတဲ့ စကားတစ်ခွန်းတည်း ပြောခဲ့တယ်လေ။ အဲဒီတုန်းကတော့ အဖေရော သူ့သူငယ်ချင်းရော ရယ် နေလိုက်တာပဲ။ ဟောတာကလည်း အရက်ဝိုင်းမှာကိုး။ သူတို့ နှစ်ယောက်လုံး မယုံကြဘူး။ အလကားလျှောက်ပြောတယ် ပဲ အောက်မေ့ကြတာပေါ့။
ဒီလိုနဲ့ သူတို့(၃)ယောက် လုံး ကွဲသွားကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်ရောက်လို့ ရောက်မှန်းလဲ မသိကြဘူးပေါ့။ အရင်(၄)လလောက်တုန်းက အဖေ ရန်ကုန်ကို ရောက်သွားတယ်။ ဗိုလ်ချုပ်ဈေး ထဲလျှောက်ရင်း မမျှော်လင့်ဘဲ သူနဲ့ကွဲသွားတဲ့ သူငယ်ချင်းကို သွားတွေ့တယ်။ မတွေ့တာ နှစ်ပေါင်း များစွာ ကြာပြီ ဆိုတော့ သူတို့သိပ်ဝမ်းသာကြတာပေါ့။ ဒါနဲ့ ဟိုတယ်တစ်ခုသွားပြီး စားရင်း သောက် ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတယ်။
ဒီအခါ ဖေဖေ့သူငယ်ချင်းက သူ့အကြောင်း ပြောပြတယ်။ သူ အဖေနဲ့ ကွဲသွားပြီး ဟိုလိုလိုနဲ့ မိုးကုတ် ဘက် ရောက် သွားတယ်။ အဲဒီမှာ မမျှော်လင့်ဘဲ ကံစွပ်ပြီး ကျောက်အောင်သွားတယ်။ ဒါနဲ့အဲဒီကစပြီး သူ သူဌေးဖြစ်သွားတယ် တဲ့လေ။ အခုဆိုရင် တကယ့်ကိုချမ်းသာတဲ့ သူဌေးကြီး ဖြစ်နေပြီတဲ့။

အဲဒီမှာ သူတို့နှစ်ယောက် ဆရာမိုက်ကယ် ဟောထားတဲ့ ဗေဒင်တော့ မှန်နေပြီဆိုတာ လက်ခံလိုက်ရ တယ်။ အဲဒီရန်ကုန်က ပြန်လာပြီး ဖေဖေမျက်နှာ သိပ်မကောင်းမှန်းတော့ ရိပ်မိတယ်။ ဒါပေမဲ့ ဘာမှန်း မသိကြ ဘူးပေါ့။ ဖေဖေကလည်း ဗေဒင်ကို သိပ်ယုံတာ မဟုတ်တော့ ဒီလိုပဲ စွပ်ရွပ်ပြီး မှန်သွားတာနဲ့ တူပါတယ်ဆိုပြီး သူ့စိတ်သူ ဖြေနိုင်ပါတယ်။
ဒီလိုနဲ့နေလာတာ ဟိုတစ်လောက ချယ်ရီမဂ္ဂဇင်းကို ကျွန်မတို့ ငှားဖတ်ကြတယ်။ ကျွန်မတို့ ဖတ်ပြီး ချထား တုန်း အဖေက ပျင်းပျင်းနဲ့ ကောက်ဖတ်လိုက်မိတယ်။ အဲဒီထဲက သော်တာဆွေရဲ့ ဝတ္ထုကို ဖတ်ပြီး အဖေဟာ သိသိ သာသာ မျက်နှာပျက်လာတယ်။

ညညဆိုရင်လည်း ကောင်းကောင်း မအိပ်ဘူး။ ထမင်းလည်း ကောင်းကောင်း မစားဘူး။ သူ့မှာ ဒီအရွယ် အထိ ဘာရောဂါမှလည်း ထွေထွေထူးထူး ရှိတာ မဟုတ်တော့ ကျွန်မတို့လည်း အတော် စဉ်းစားရကျပ် နေတာပေါ့။ ရုတ်တရက်ဗြုန်းစားကြီး ဖြစ်လာတာ မဟုတ်လား။ အိမ်မှာ ကျွန်မက အကြီးဆုံး သမီး၊ အဖေကအသက်ကြီးမှ အိမ်ထောင်ကျတော့ အခုသားအငယ်တွေက ကျောင်းနေကြတုန်း။ သားတွေ ကလည်း မလိမ်မာကြတော့ အဖေက သားသမီးတွေကို စိတ်မချဘူး။ သံယောဇဉ်သိပ်ကြီးတာပဲ ...
အဖေ ကတော့ ဒီနှစ်အတွင်း သေတော့မှာ သားသမီးတွေကို စိတ်မချဘူးလို့ ပြောလိုပြော။ သူသေရင် ဘယ်သူက ဘယ်လိုနဲ့ အမွေတွေ ခုကတည်းက ခွဲပေးလိုပေးနဲ့။ ဒီလိုတွေပြောလွန်းတော့ ကျွန်မတို့က အတင်းဝိုင်းပြီး မေးကြတာပေါ့။ အတန်တန်မေးမှ ဒီအဖြစ်မှန်တွေကိ ုသူပြောပြတယ်။
ခက်ပါတယ် ဆရာရယ် ဗေဒင်ဆိုတာကို ကျွန်မတို့ ယုံပါတယ်။ ဒါပေမဲ့ ဒီလောက်မှန်ပြီး မသိသင့်တာ ကြီး ကြိုသိနေတော့ ဘာများ အကျိုးရှိမှာမို့လဲ မသိဘူး။ ကိုယ့်သေနေ့ကို ကိုယ်ကြိုသိနေတယ် ဆိုတာမျိုး ဟာ ထောင်ထဲမှာ ကြိုးပေး သတ်ခံရမယ့် အကျဉ်းသားမျိုးမှာမှ ရှိကြတာမျိုး မဟုတ်လား။ ဆရာသော်တာဆွေ ကိုလည်း သွားပြီးရန်တွေ့ချင်လိုက်တာ အရမ်းပဲ။ ဆရာစဉ်းစားကြည့် ... မိုက်ကယ်ဟာ ကျွန်မအဖေအပြင်ကို တခြားလူဘယ်နှယောက်လောက်ကိုများ သေမယ့်ရက်တွေကို ပြောခဲ့သေးလဲ မသိပါဘူး။ အဲဒီလူတွေက မယုံဘူးဆိုရင်အကြောင်း မဟုတ်ဘူး။ ဒီလို ဆရာသော်တာဆွေရေးတဲ့ ဝတ္ထုကို ဖတ်ရပြီး ကျွန်မအဖေလို ဖြစ်ကုန်ရင် မခက်ပါဘူးရှင်။

ဟိုတစ်နေ့ ကပဲ ဧည့်သည်တစ်ယောက် အိမ်လာလည်ရင်း အဖေ့မျက်နှာကို မြင်တာနဲ့၊ ဟော ခင်ဗျား ဘာဖြစ်နေတာ လဲ။ ခင်ဗျားမျက်နှာကလည်းဗျာ အေးစက်စက်နဲ့ တစ်မျိုးကြီးပါပဲလားလို့ ပြောသွားတာနဲ့ အဖေ့မှာ တုန်လှုပ်လိုက်တာလေ။ ဟိုဝတ္ထုထဲမှာ သန်းဆွေသေခါနီး ကာတွန်းဦးဖေသိန်း မြင်လိုက်ရတဲ့ မျက်နှာ က လူသေမျက်နှာလို အေးစက်စက်ကြီးလို့ ရေးထားတာ မဟုတ်လား။
ကဲ အဲဒါ ဆရာအကြံပေးစမ်းပါဦးရှင် ... ကျွန်မတို့လည်း မကြံတတ်တော့ဘူး။ အဖေကလည်း အိမ်ပြင် ထွက် ရင်တောင် ကားတိုက်မှာစိုးလို့ မထွက်ရဲဘူး။ အခုတောင် အတင်းဆွဲခေါ်လာတာ။ အနီးဆုံးဖြစ်တဲ့ ဆရာ့ဆေးခန်းကို လာပြပြီး အကူအညီတောင်းရတာပါပဲရှင်"

ဤသို့သော စိတ်ဝင်စားဖွယ် ရှည်လျားလှသော စကားကို ဆက်တိုက်ပြောလိုက်ပြီး မိန်းကလေးသည် ကျွန်တော့်အား အားကိုသော မျက်လုံးများဖြင့် ကြည့်နေလေသည်။ ကျွန်တော့်အား အားကိုသော မျက်လုံးများဖြင့် ကြည့်နေလေသည်။ ကျွန်တော် အတော်အကျပ် တွေ့သွားလေသည်။ ကျွန်တော့်လို ဆရာဝန်ပေါက်စလေး တစ်ယောက်အတွက် ဒီရောဂါပြသဿနာဟာ နူးညံ့သိမ်မွေ့စွာ ခက်ခဲလွန်းနေ တာအမှန်ပါပဲ။
ကဲ ... ဗေဒင် ကို မယုံချင်တဲ့ စာပေဝါသနာရှင်လေး ဒေါက်တာပေါက်ပေါက်ရယ် ဗေဒင်ဆရာမိုက်ကယ် ရယ်၊ စာရေးဆရာသော်တာဆွေ ရယ် ဆေးကုရမယ့် လူနာတစ်ယောက်ရယ် ဗေဒင်နဲ့ ပတ်သက်နေ တဲ့ ရောဂါတစ်ခုရယ်ဟာ အပြန်ပြန်အလှန်လှန် ပတ်သက်လာပြီ ဖြစ်ပါတယ်။

စာဖတ်သူဟာ ကျွန်တော့်နေရာမှာဆိုရင် ဒီအဘိုးကြီးကို ဘယ်လိုပြောမလဲဗျာ။ ဗေဒင်ဆိုတာ အလကားပါ။ ကိုယ့်ကိုယ် ကိုယ် မယုံတဲ့သူတွေမေးတာပဲ။ ကိုယ့်ဘဝရဲ့ဗေဒင်ကို ကိုယ့်အရည်အချင်းနဲ့ ကြိုးစားမှုကို ကြည့်ပြီး ကိုယ့်ဘာသာဟောနိုင်တယ်လို့ အရင်တုန်းက ကျွန်တော် သူများတွေကို ပြောသလို အခုရော ပြော လို့ ဖြစ်နိုင်ပါ့မလား။
ဒါမှမဟုတ် ... ဒီမှာ အဘရယ် ဗေဒင်ဆိုတာရှိရင် ယတြာဆိုတာလည်း ရှိရမှာပဲ။ ဒီတော့ ဆရာ မိုက်ကယ် ဆီက ယတြာလေးဘာလေး တောင်းကြည့်ပါလားလို့ ကျွန်တော်ပြောပြရင်ကော။

(၆)

ဆရာဝန်လေးမောင်ပေါက်ပေါက် တစ်ယောက်တော့ဖြင့် ဆေးခန်းကို ရှားရှားပါးပါး လူနာ တစ်ယောက် ရောက်လာတာတောင် မပျော်နိုင်ဘူး ဖြစ်နေပါတယ်။ လူနာရဲ့ရောဂါကိုရော၊ ရောဂါဖြစ်ရတဲ့ အကြောင်းအရင်း ဇစ်မြစ်ကိုရော သေချာသိရပါလျက်နဲ့ ဘယ်လိုကုသရမယ်ဆိုတာ စဉ်းစားရင်း ဦးနှောက် ထဲမှာ ချာချာလည် နေပါသည်။
"အနာသိရင် ဆေးရှိရမယ်" ဆိုတဲ့ဆိုရိုးရှိတာမို့ ဒီလူနာအတွက်လည်း ဆေးတစ်ဖုံတော့ ရှိကိုရှိရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါကြောင့် ဒီဆေးကို ကျွန်တော် အပူတပြင်း ရှာဖွေနေပါတယ်။
ဒီတော့ "ကျွန်တော်ရယ် ကျွန်တော့် လူနာတစ်ယောက်ရယ်အတွက် တတ်နိုင်လျှင် တစ်ခုခု ကူညီပါ ရန် လေးစားစွာ တောင်းပန်အပ်ပါသည် ဆရာမိုက်ကယ်နှင့် ဦးသော်တာဆွေတို့ခင်ဗျား ..."

ချစ်စွာသောစာဖတ်သူ

ကျွန်တော် ဆရာဝန်ပေါက်စဘဝက ထူးဆန်းသော လူနာတစ်ဦးနှင့် ဆုံခဲ့ရ၏။ ဆေးခန်းမှ အပြန်တွင် ဝေခွဲမရသောအတွေးများဖြင့် အိပ်မပျော်နိုင်ရာမှ ဤဝတ္ထုကလေးကို ညလုံးပေါက်ရေးခဲ့မိ၏။ ဤဝတ္ထု စာမူလေး ကျွန်တော့်သံသေတ္တာထဲတွင် ရှိနေသည်မှာ (၁၈)နှစ်တိတိ ကြာညောင်းခဲ့ကာ စာရွက်များပင် ဝါကြင်နေပြီ။ အချိန်တွေ ဤမျှကြာညောင်းခဲ့သော်လည်း ဘဝတစ်ကွေ့၌ တစ်ခဏသာ ဆုံတွေ့ခဲ့ရ သော လူနာ၏ အသွင်သည် ယနေ့တိုင် ကျွန်တော့်စိတ်အစဉ်တွင် စွဲထင်နေဆဲပင်။ မကြာမီက ကျွန်တော်နှင့် အစ်ကိုသဖွယ် ရင်းနှီးခင်မင်သော ဒေါက်တာခင်ဇော်လွင် (သုခချမ်းသာ မဂ္ဂဇင်း အယ်ဒီတာ)နှင့် ရှေးဟောင်းနှောင်းဖြစ်များ ပြောကြရင်း ကျွန်တော် ဆုံခဲ့ဖူးသည့် ထူးဆန်းသော လူနာ တစ်ဦး အကြောင်းကို သူ့အားရင်ဖွင့်ဖြစ်ခဲ့၏။

ဤသို့ဖြင့် မမျှော်လင့် မထင်မှတ်ပါဘဲနှင့် ကျွန်တော့်သံသေတ္တာလေးထဲ သိမ်းဆည်းထားခဲ့သော ကျွန်တော့် ရင်ထဲ ယနေ့တိုင် ပဟေဠိဖြစ်ဆဲ ဇာတ်လမ်းပုစ္ဆာလေးတစ်ပုဒ်သည် ယခု စာဖတ်သူ ၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီ။ ဤလူနာနှင့် သင့်လျော် မည့် ဆေးတစ်ဖုံကို သင်ရော စဉ်းစားမိပါ၏လော။ ကျွန်တော်သည် ဤလူနာနှင့် တွေ့ပြီး မည်သို့ ဆေးကုရမည်ကို စဉ်းစားနေဆဲမှာပင် ခရီးထွက်ခဲ့ ရ၏။ မြန်မာပြည်တစ်နံတစ်လျား လှည့်လည်တာဝန် ထမ်းဆောင်ရသော ဝန်ထမ်း ဆရာဝန်တစ်ဦး ဖြစ်ခဲ့ရ၏။ ကျွန်တော့်လူနာ၏ ကံကြမ္မာသည် မည်သို့ မည်ပုံ ဖန်ခဲ့ပါသနည်း။

ကျွန်တော် သိလိုလှပါ၏။ တိုင်းကျော်ပြည်ကျော် သွေးထွက်အောင် မှန်ကန် သည်ဟု နာမည်ကြီးလှသော ဆရာမိုက်ကယ်၏ ဗေဒင်သည် ယခုတစ်ကြိမ်တွင်ရော တကယ် မှန်ကန်ပါ၏လော။ သို့မဟုတ် လူနာရှင်မိသားစုသည် အစွမ်ထက်လှသော ယတြာတစ်ခုခုကိုများ ကံကောင်းထောက်မစွာ အချိန်မီ ရှာဖွေတွေ့ရှိ၍ လူနာသည် သေတွင်းမှ လွတ်ကင်းခဲ့ပါသလော။ အကယ်၍ လူနာရှင်မိသားစုသည် ဤဝတ္ထု ကို ဖတ်မိသည်ရှိသော် စာဖတ်သူမျာသည် သိလိုလှမည် ဖြစ်သော ပုစ္ဆာအဖြေ ကို အောက်ပါ လိပ်စာအတိုင်း ကျေးဇူးပြု၍ ပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဒေါက်တာစိုးလင်း
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊
ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ရန်ကုန်မြို့။
 .
>>>ဆက်ဖတ်ရန်>>> >>