Friday, August 26, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၂၃)

ဗီရိုတံခါးမှာ အောက်ပိုင်း၌ ၀ါယာကြိုးဝင်သာအောင် အနည်းငယ်ဟနေသည်။ စပ်စုလိုသော ဂရန်ဂါက ထို ဗီရို ဆီသို့ လျှောက်သွားပြီး ဗီရိုကို ဆွဲဖွင့်လိုက်သည်။
ဗီရိုအပေါ်ဘက်တွင် သံကြိုးတန်းတစ်တန်း ရှိသည်။ ထိုတန်းတွင် အ၀တ်ညှပ်သော ကလစ်ကလေးများ ရှိပြီး ထိုကလစ်များတွင် ရေစိုနေသော တစ်ရာတန် ဒေါ်လာ ငွေစက္ကူများကို ညှပ်ထားကာ အခြောက်လှန်း ထား သည်။

အောက်ဘက်တွင် လက်နှိပ်စက်တင်သော ခုံတစ်လုံးပေါ်၌ ပစ္စည်းတစ်ခုကိုတင်ကာ အ၀တ်ဖြင့် အုပ်ထား သည်။
ဂရန်ဂါ က အ၀တ်ကို ဆွဲဖယ်ပြီး ဖွင့်လိုက်သောအခါ ပုံနှိပ်စက် အသေးကလေးတစ်လုံးကို တွေ့ရသည်။ ထို စက်ပေါ် တွင်လည်း ရေစိုနေသော ဒေါ်လာ တစ်ရာတန် ငွေစက္ကူတစ်ရွက် ရှိနေသည်။
ထိုစက်ဘေးတွင် အမေရိကန် ငွေစက္ကူဒေါ်လာ တစ်ရာတန်အရွယ်အတိုင်း ဖြတ်ထားသော စက္ကူအဖြူ များ နှင့် စက္ကူဖြတ်သော ကိရိယာလေးတစ်ခု ရှိသည်။
မညီမညာ ကိုက်ဖြတ်ထားသော ဒေါ်လာတစ်ရာတန် ငွေစက္ကူအချို့လည်း ဗီရို ကြမ်းခင်းပေါ်၌ ပြန့်ကျဲနေ သည်။

ထိုစဉ် တွင် ဂရန်ဂါနောက်မှ ဒေါသတကြီး အော်ပြောလိုက်သော အသံတစ်သံထွက်လာသည်။
" ရှင် ဒီမှာ ဘာလုပ်နေတာလဲ "
ဂရန်ဂါ နောက်သို့ချာခနဲ လှည့်လိုက်သည်။ မျက်နှာသုတ်ပ၀ါကြီးဖြင့် ကိုယ်ကိုပတ်ထားပြီး ခေါင်းတွင် ရေစို နေသော ထရေစီဝှစ်တနေကို တွေ့ရသည်။ ဂရန်ဂါက ညင်ညင်သာသာပင် ပြောလိုက်သည်။
" ငွေအတု တွေ ... မင်းက တို့ကို အဲဒီငွေအတုတွေပေးမလို့ပေါ့လေ ... ဟုတ်လား "
ဂရန်ဂါ က ထိုသို့ ပြောလိုက်ပြီးနောက် ထရေစီဝှစ်တနေ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေသည်။ ငြင်းဆန်သော ဒေါသဖြစ်သော မျက်နှာရိပ်မျက်နှာကဲများ ပေါ်လာပြီးနောက် ပြန်လည် အန်တုလာသည်။

" ဟုတ်တယ် အဲဒါတွေပေးမလို့၊ ဒါပေမယ့် ကိစ္စမရှိဘူး၊ ဒါတွေဟာ အစစ်တွေမဟုတ်ဘူးလို့ ဘယ်သူမှ မပြော နိုင်ဘူး "
" အတုတွေပေါ့ ... ဟုတ်လား "
" ဒီစာရွက်တွေဟာ ရွှေလိုပဲ တန်ဖိုးရှိပါတယ် "
" တကယ်ပဲလား "
ဂရန်ဂါသည် ညှပ်တစ်ခုမှ ငွေစက္ကူ တစ် ရွက် ကို လှမ်းဖြုတ်ယူပြီး ကြည့်လိုက်သည်။
မျက်နှာပြင် နှစ်ဖက်ကို ဘယ်ပြန်ညာပြန် ကြည့်ပြီး အသေအချာစေ့စေ့စပ်စပ် ကြည့်ပြန်သည်။ အလွန်ပင် သေသပ် ကောင်းမွန်သည်။
" အဲဒီ ဒီဇိုင်းတွေ ဘယ်သူဆွဲပေးတာလဲ "
ဂရန်ဂါကမေးသည်။

" ဘာဖြစ်လို့လဲ ... ဘာကွာလို့လဲ၊ သောကြာနေ့ကျရင် ရှင်တို့ပေးဖို့ ဒေါ်လာတစ်သိန်း ကျွန်မဆီမှာ အသင့် ဖြစ်နေရင် ပြီးတာပဲ မဟုတ်လား "
ဂရန်ဂါသည် သူမကို စိုက်ကြည့်ပြီး ခေတ္တတွေသွားသည်။
ထို့နောက်မှ သူမ ဘာစဉ်းစားနေသည်ဆိုသည်ကို ဂရန်ဂါ သဘောပေါက်သွားသည်။
ဂရန်ဂါက အားပါးတရ အော်ရယ်ပြီး ပြောလိုက်သည်။

" သြော် ... မင်း တကယ်အတာပဲကို၊ ဘာရတနာတွေမှ မရှိဘူး "
" ရှင် ဘာဆိုလိုတာလဲ၊ ဘာရတနာမှမရှိဘူး... ဟုတ်လာ်း၊ ပါမောက္ခဇပ်ကာမင်က ပြောတော့ ... "
" သူ ပြောတာယုံတယ် ဟုတ်လား၊ ရှက်စရာပဲ မြို့စားကတော်လေးရယ်၊ ကဲ ကျွန်တော် ဒါယူသွားမယ်"
ဂရန်ဂါက သူ့လက်ထဲမှ ရေစိုနေသေးသော ငွေစက္ကူကို ထောင်ပြပြိး ပြောလိုက်သည်။
" ရှင် ကြိုက်သလောက်သာ ယူသွား၊ အဲဒါတွေဟာ စက္ကူတွေပဲ "
ထရေစီက အရေးမစိုက် အလေးမထားသည့် ဟန်ဖြင့် ပခုံးနှစ်ဖက်တွန့်ပြပြီး ပြောလိုက်သည်။

ဂရန်ဂါ က ရေစိုနေသော ဒေါ်လာ တစ်ရာတန် စက္ကူအချို့ကို ထပ်ပြီး ဖြုတ်ယူလိုက်သည်။
" ဟိုတယ်က အလုပ်သမားတစ်ယောက် ဒီအခန်းထဲ မလာဘူးဆိုတာ မင်း ဘယ်လိုလုပ်သိသလဲ "
" သူတို့ကို ပိုက်ဆံကောင်းကောင်းပေးပြီး ဒီအခန်းထဲ မ၀င်အောင် လုပ်ထားတာပေါ့၊ နောက်ပြီး ကျွန်မ အပြင် သွားရင် ၀ါယာကြိုးဖြုတ်ပြီး ဗီရိုကို သော့ခတ်ပိတ်သွားတာ "
ထရေစီက ခပ်အေးအေးပင်ရှိနေသည်။ သူ့ကို အရှင်ထား၍ မဖြစ်တော့ဟု ဂရန်ဂါတွေးလိုက်သည်။
" မင်း ဒီဟိုတယ်က ဘယ်မှ ထွက်မသွားနဲ့ဦး၊ ငါ မင်းကို မိတ်ဆွေတစ်ယောက်နဲ့ တွေ့ပေးချင်သေးတယ်"

*
အာမန်ဂရန်ဂါသည် မူလက ထရေစီအား အပြတ်ရှင်းရန်အတွက် ဘရူနိုဗင်းဆင့်ထံ ချက်ချင်းလွှဲပေးလိုက်ဖို့ ရည်ရွယ်ခဲ့သည်။ သို့သော် အတွေးတစ်ခု ၀င်လာသဖြင့် ဆိုင်းထားလိုက်သည်။
ဂရန်ဂါသည် ထရေစီထံမှ ယူလာသော ငွေစက္ကူများထဲမှ တစ်ရွက်ကို ထပ်မံကြည့်ရှုစစ်ဆေးပြန်သည်။ အစစ်လောက်နီးနီး ကောင်းနေသည်ဟု တွေးမိသည်။
ဒီဇိုင်းသေသပ်သည်။ အရောင်များက တောက်ပြီး ခွင့်ကျသည်။ ဘင်ဂျမင်ဖရန်ကလင်၏ ပုံကလည်း ပီပြင် သည်။ သူ့လက်ထဲမှ ငွေစက္ကူကို တကယ့်အစစ်နှင့် ကွဲပြားခြားနားကြောင်း မည်သူမျှပြောနိုင်မည် မဟုတ်ပါ ချေ။

ဤ ငွေစက္ကူ အတုများကို အစစ်အဖြစ် မသိမသာ သုံးစွဲ လဲလှယ်သွား၍ ရမည်လောဟု သူတွေးမိသည်။
ထို့ကြောင့် ထရေစီအား ရှင်းပစ်ရေးအတွက် ဘရူနိုဗင်းဆင့်အား မခေါ်သေးဘဲ ခေတ္တ ဆိုင်းထား လိုက်သည်။
နောက်တစ်နေ့နံနက် စောစောတွေင် ဂရန်ဂါသည် ဇပ်ကာမင်အားခေါ်ပြီး ထိုရာတန်ငွေစက္ကူတစ်ရွက်ကို လှမ်းပေးလိုက်သည်။
" ဘဏ်ကို သွားပြီး အဲဒီဒေါ်လာ တစ်ရာကို ပြင်သစ်ဖရန့်ငွေနဲ့ လဲခဲ့စမ်းကွာ "
" ဟုတ်ကဲ့ ... အကြီးအကဲ "

ဇပ်ကာမင် ရုံးခန်းထဲမှ သုတ်သုတ်ပျာ်ပျာ ထွက်သွားသည်ကို ဂရန်ဂါ ထိုင်ကြည့်နေသည်။
ဤကိစ္စသည် ဇပ်ကာမင်၏ မိုက်မဲမှုအတွက် ပြစ်ဒဏ်ခတ်လွှတ်လိုက်ခြင်းပင်ဖြစ်သည်။ အကယ်၍ သူ အဖမ်းခံ ရလျှင် ထိုငွေစက္ကူ အတုကို မည်သူ့ထံကရကြောင်း ထုတ်ပြောရဲမည်မဟုတ်ဘဲ ထောင်ကျခံသွား ပေလိမ့်မည်။

ထုတ်ပြောလျှင်လည်း ထောင်ကျ ခံရသည်ထက် ဆိုးသော မရဏလမ်းကို လျှောက်လှမ်းရမည်မှန်းသူ သိပေ လိမ့်မည်။
သို့သော် ထိုငွေစက္ကူကို ဇပ်ကာမင်ဘဏ်၌ လဲလာ၍ရလျှင်မူ ... ဂရန်ဂါ ပြုံးလိုက်သည်။
ထို့နောက် ၁၅ မိနစ်အကြာတွင် ဇပ်ကာမင်း ပြန်ရောက်လာသည်။ ဒေါ်လာတစ်ရာနှင့် ညီမျှသော ပြင်သစ် ဖရန့် ငွေများ ထုတ်ပေးသည်။

" ဘာခိုင်းစရာ ရှိပါသေးသလဲ အကြီးအကဲ "
ဂရန်ဂါက ပြင်သစ်ငွေများကို စိုက်ကြည့်လိုက်ပြီးမှ ပြန်မေးလိုက်သည်။
" မင်း ငွေလဲတဲ့နေရာမှာ အခက်အခဲများ တွေ့ခဲ့သေးသလား "
" ဘာအခက်အခဲမှ မတွေ့ပါဘူး၊ ဘာဖြစ်လို့လဲ "
" ကဲ ဒါဖြင့် မင်း အဲဒီဘဏ်ကို တစ်ခေါက်ပြန်သွားစမ်းကွာ၊ ငါ အခု ပြောလိုက်တဲ့အတိုင်း လုပ် ... ဟုတ် လား "
ဂရန်ဂါက ဇပ်ကာမင်အား အသေးစိတ် ပြောပြညွှန်ကြားတော့သည်။

*
အဒေါ့ဖ်ဇပ်ကာမင်သည် ပြင်သစ်ဘဏ်၏ ခန်းမကြီးထဲသို့ ၀င်သွားပြီး ဘဏ်မန်နေဂျာ၏ စားပွဲနားသို့ ချဉ်း ကပ်သွားသည်။
ဤတစ်ကြိမ်တွင် ဇပ်ကာမင်သည် သူ တကယ်ကြုံတွေ့နိုင်သော အန္တရာယ်ကို ကြိုတင် သိနေသည်။
သို့သော် ဂရန်ဂါ၏ ဒေါသထက် စာလျှင် ဤအန္တရာယ်က သူ့အတွက် သက်သာပေလိမ့်ဦးမည်ဟု သိနေသည်။
" ဘာ ကူညီရမလဲခင်ဗျာ "
ဘဏ်မန်နေဂျာက မေးသည်။

" ကျွန်တော့်မှာ အခက်အခဲ တစ်ခု ရှိနေလို့ပါဗျာ၊ ဒီလိုဗျာ ... မနေ့ညက ကျွန်တော် အရက်ဆိုင်မှာတွေ့တဲ့ အမေရိကန်တချို့နဲ့ ပိုကာကစားခဲ့တယ် "
ဇပ်ကာမင်က သူ့စကားကို ရပ်လိုက်သည်။
မန်နေဂျာက ပညာရှိဆန်ဆန် ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီး ပြောသည်။
" အဲဒီ ဖဲဝိုင်းမှာ ခင်ဗျား ဖဲရှုံးတော့ အခုဘဏ်ကငွေချေးချင်တယ်ပေါ့ ဟုတ်လား "
" မဟုတ်ပါဘူး၊ တကယ်တော့ အဲဒီ ဖဲဝိုင်းမျာ ကျွန်တော် နိုင်တာ၊ ဒါပေမယ့် အဲဒီလူတွေ ကြည့်ရတာ ရိုး သားပုံ မရဘူး၊ သူတို့ဆီက ကျွန်တော် နိုင်လာတဲ့ ဒေါ်လာ တစ်ရာတန် နှစ်ရွက်ဟာ အစစ်မှ ဟုတ်ရဲ့လား လို့ ကျွန်တော် သံသယရှိနေလို့ပါ"
ဇပ်ကာမင် က ဒေါ်လာ တစ်ရာတန် နှစ်ရွက်ကို ထုတ်ပြလိုက်သည်။

ဘဏ်မန်နေဂျာ ငွေစက္ကူကို လှမ်းယူပြီး ဖင်ပြန်ခေါင်းပြန် အသေအချာ ကြည့်သည်။
ပထမ မျက်နှာဘက်ကို ကြည့်သည်။
ထို့နောက် ကျောဘက်ကို ကြည့်သည်။
တစ်ဖန် မီးရောင်တွင် ထောင်ကြည့်လိုက်ပြန်သည်။
သူ ထိုသို့ ကြည့်နေသည်ကို ဇပ်ကာမင်က ရင်တမမ နှင့် စောင့်နေရသည်။

ဇပ်ကာမင်ကို ဘဏ် မန်နေဂျာက မော်ကြည့်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
" ခင်ဗျား ကံကောင်းတယ်မွန်စီယာ၊ ရာတန်နှစ်ရွက်စလုံး အစစ်တွေချည်းပဲ "
ဇပ်ကာမင် ကျိတ်ပြီး သက်ပြင်းချလိုက်သည်။
အင်း ... ဘုရားမတာပဲ၊ အားလုံးအဆင်ပြေပြီ။

*
အာမန်ဂရန်ဂါ၏ ရုံးခန်းထဲ၌ ဂရန်ဂါနှင့် မျက်နှာချင်းဆိုင်တွင် ထရေစီ ထိုင်နေသည်။
" ခင်ဗျားနဲ့ ကျွန်တော် အစုစပ်လုပ်မယ် "
ဂရန်ဂါက ထရေစီကို ပြောလိုက်သည်။
" ကျွန်မ ဘယ်သူနဲ့မှ အစုစပ်မလုပ်ဘူး "
ထရေစီက အပြတ်ပြောပြီး ထိုင်ရာမှ ထလိုက်သည်။
" ပြန်ထိုင် ... "
ထရေစီက ဂရန်ဂါ၏ မျက်လုံးကို စိုက်ကြည့်ပြီး ပြန်ထိုင်လိုက်သည်။

" ဒီမြို့က ငါ့မြို့၊ ငါ့လက်ထဲမှာရှတာ၊ မင်းဆီက ငွေစက္ကူတစ်ရွက်လောက်ကို ထုတ်ဖို့ ကြိုးစားတာနဲ့ မင်း အဖမ်းခံရမှာပဲ၊ မိန်းမလှကလေးတွေဟာ ငါတို့ ထောင်ထဲမှာ ဒုက္ခလှလှ ခံစားရတာ မင်း ကြားဖူးမှာပေါ့၊ ငါ့ အမိန့်မရဘဲ ဒီမှာ မင်း ဘာမှ လှုပ်ရှားလို့ မရဘူး သိလား "
" ဒါဖြင့် ကျွန်မအတွက် အကာအကွယ် ရအောင် ရှင့်ဆီက ဘာဝယ်ရမှာလဲ "
" မင်း မှားနေတယ်၊ မင်း ငါ့ဆီက၀ယ်ရမှာက မင်း အသက်ပဲ "
သူ့စကားကို ထရေစီ ယုံသည်။
" ကဲ ... မင်း အဲဒီပုံနှိပ်စက်ကို ဘယ်က ရတယ်ဆိုတာ ငါ့ ပြောစမ်း "
ထရေစီ ချီတုံ ချတုံ ဖြစ်နေသည်။

နောက်ဆုံး မတတ်သာတော့သဖြင့် ထရေစီ လက်လျှော့ အရှုံးပေးကာ ဖွင့်ပြောရတော့သည်ကို ဂရန်ဂါ ပီတိဖြင့် နားထောင်နေသည်။
" ဆွစ်ဇာလန်မှာနေတဲ့ အမေရိကန် တစ်ယောက်ဆီက ကျွန်မ ၀ယ်တာ၊ သူက အမေရိကန် ဒင်္ဂါသွန်းစက်ရုံ မှာ ဒီဇိုင်းဆရာအဖြစ် ၂၅-နှစ် လုပ်ခဲ့တယ်၊ ဒါပေမယ့် သူ အနားယူတော့ အကြောင်း အချို့ကြောင့် ပင်စင် လုံးလုံး မရဘူး၊ ဒီတော့ သူလဲ စိတ်နာပြီး ပြန်လိမ်ဖို့ ဆုံးဖြတ်ခဲ့တယ်တဲ့၊ ဖျက်ဆီးပစ်ရမယ့် ဒေါ်လာ တစ်ရာ တန် ဇင့်ပုံနှိပ်ပုံပြားတချို့ကို ဘယ်သူမှ မသိအောင် အပြင် ခိုးထုတ်ခဲ့တယ်တဲ့၊ နောက်ပြီးတော့ အဲဒီက သူ့အဆက်အသွယ်ဟောင်းတွေဆီက ငွေစက္ကူရိုက်တဲ့ စက္ကူတွေကို မှောင်ခို ၀ယ်ခဲ့တယ်တဲ့ ... "
" သြော် ... ဒါကြောင့် ငွေစက္ကူတွေက သိပ်ကောင်းနေတာကိုး" ဟု ဂရန်ဂါ စိတ်ထဲက မှတ်ချက်ချလိုက် သည်။

သူ့အတွက် အောင်ပွဲခံရပေတော့မည်။
" အဲဒီစက်က တစ်နေ့ကို ငွေစက္ကူဘယ်လောက်ရိုက်နိုင်သလဲ "
" တစ်ရွက်ကို တစ်နာရီကြာတယ်၊ ငွေစက္ကူရဲ့မျက်နှာပြင် နှစ်ဖက်စလုံးကို ရိုက်ရတာဆိုတော့ ... "
ထရေစီ စကားမဆုံးမီမှာပင် ဂရန်ဂါက ဖြတ်မေးပြန်သည်။
" ဒီ ထက်ကြီး တဲ့ ပုံနှိပ်စက်ကော မရှိဘူးလား "
" သူ့မှာ ကျွန်မကို ရောင်းလိုက်တဲ့ စက်ထက်ကြီးတဲ့ စက်တစ်လုံး ရှိသေးတယ်ရှင့်၊ အဲဒီစက်က ရှစ်နာရီကို အရွက် ငါးဆယ်ကျတယ်၊ တစ်နေ့ကို ဒေါ်လာ ငါးထောင် ရတယ် ဆိုပါတော့၊ ဒါပေမယ့် အဲဒီစက်ကို သူက ဒေါ်လာငါးသိန်း ရမှ ရောင်းမယ်တဲ့ "
အဲဒါ ၀ယ်လိုက်

ဂရန်ဂါက အပြတ်ပြောလိုက်သည်။
" ကျွန်မမှာ ဒေါ်လာငါးသိန်းမှမရှိဘဲ "
" ငါပေးမယ်၊ ဘယ်လောက်ကြာရင် စက် ရနိုင်မလဲ "
" သိပ်တော့ ကြာမယ်မထင်ဘူး "
ထရေစီက တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
ဂရန်ဂါက တယ်လီဖုန်း ကောက်ကိုင်ပြီး သူ့လူ တစ်ယောက်ထံ လှမ်းပြောလိုက်သည်။
" လူဝစ္စ၊ ပြင်သစ်ဖရန့်ငွေ ဒေါ်လာ ငါးသိန်းဖိုး ငါ အခုလိုချင်တယ်၊ မီးခံသေတ္တာထဲမှာ ဘယ်လောက် ရှိသလဲ ကြည့်လိုက်၊ လိုတာ ဘဏ်တွေမှာ သွားထုတ်၊ ပြီးရင် ငါ့ရုံးခန်းကို ယူလာခဲ့ "
" ကျွန်မ ပြန်တော့မယ် "

ထရေစီက တုန်တုန်ယင်ယင် ပြောပြီး ထလိုက်သည်။
" မင်း ဘယ်မှ မသွားရဘူး "
" ကျွန်မ တကယ်ပဲ ... "
" ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်ထိုင်နေစမ်း၊ ငါ စဉ်းစားနေတယ် "
ဂရန်ဂါသည် ငွေစက္ကူ ပုံနှိပ်စက်ကြီး ၀ယ်ပြီးပါက ငွေစက္ကူများ ရိုက်ထုတ်မည်။ ငွေများဖြင့် မိမိ ယခုထုတ်ယူ လိုက်သော ငွေများကို ဘဏ်တွင် ပြန်လည် ဖြည့်တင်းအစားထိုးမည်။
သို့ဆိုလျှင် မိမိ ငွေထုတ်ယူခဲ့သည်ကို မိမိနှင့် အစုစပ် အလုပ်လုပ်နေသူများ သိတော့မည် မဟုတ်ပေ။
ထို့နောက်ပိုင်းတွင် ထရေစီအား ဗင်းဆင့်လက်အပ်ပြီး အပြတ်ရှင်းခိုင်းလိုက်မည်။

ဤကား သူ့အတွေး။
ထို့နောက် နှစ်နာရီခန့်အကြာတွင် အိတ်ကြီးတစ်လုံးဖြင့် ငွေများ ရောက်လာသည်။
ဂရန်ဂါက ထရေစီကို ပြောလိုက်သည်။
" မင်းတည်းတဲ့ ဟိုတယ်မှာ မနေနဲ့တော့၊ တောင်ကုန်းတွေပေါ်မှာ ငါ့ရဲ့ သီးသန့် အိမ်တစ်လုံးရှိတယ်၊ ငါတို့ လုပ်ငန်းစနိုင်တဲ့ အချိန်အထိ မင်း အဲ့ဒီမှာပဲ နေရမယ်၊ ကဲ ... ဆွစ်ဇစ်လန်က မင်း မိတ်ဆွေဆီ တယ်လီဖုန်း ဆက်ပြောတော့၊ ဟို ပုံနှိပ်စက်အကြီးကို မင်း ၀ယ်မယ်လို့သာ ပြောလိုက်ပေတော့ "
ဂရန်ဂါက ထရေစီဘက်သို့ တယ်လီဖုန်းထိုးပေးလိုက်ပြီး ဆွစ်ဇာလန်သို့ ချက်ချင်း တယ်လီဖုန်း ဆက်ခိုင်း တော့သည်။

" သူ့ တယ်လီဖုန်းနံပါတ်က ကျွန်မ ဟိုတယ် အခန်းထဲမှာ ကျန်နေခဲ့တယ်ရှင့်၊ ကျွန်မ ဟိုတယ်ကနေ ဆက် လိုက်မယ်၊ ရှင့်အိမ်လိပ်စာ ကျွန်မကိုပေး၊ စက်ကို အဲဒီလိပ်စာအတိုင်း ရှင့်ဆီ ပို့ခိုင်းလိုက်မယ် ပြီးတော့ .. "
" နေပါစေ ... အိမ်ကို မပို့နဲ့၊ ကြွက်မြီး တန်းလာမယ့် သဲလွန်စမျိုး ချန်မထားနိုင်ဘူး၊ စက်ကို လေဆိပ်မှာ သွားယူမယ်၊ ဒီည ညစာစားရင်း အဲဒီကိစ္စ မင်းနဲ့ ဆက်ဆွေးနွေးမယ်၊ ညရှစ်နာရီမှာ မင်းနဲ့ငါ ပြန်တွေ့မယ်"
တန်းဖြုတ်လိုက်ပြီဖြစ်၍ ထရေစီ ထိုင်ရာမှ ထလိုက်သည်။
ဂရန်ဂါက ငွေအိတ်ကြီးကို မေးငေါ့ ပြလိုက်ပြီး ထရေစီကို ပြောလိုက်ပြန်သည်။

" ပိုက်ဆံတွေကို ဂရုစိုက်နော် ...၊ ပိုက်ဆံတွေရော မင်းရော တစ်ခုခု အတိမ်းအစောင်း အမှားအယွင်းဖြစ်မှာ ငါ လုံးဝ မလိုလားဘူး "
" စိတ်ချပါ။ ဘာမှမဖြစ်စေရပါဘူး "
ထရေစီက အာမခံလိုက်သည်။
" ပါမောက္ခ ဇပ်ကာမင်က မင်းကို ဟိုတယ်လိုက်ပို့ပြီး မင်းရဲ့ ကိုယ်ရံတော် သက်တော်စောင့်အဖြစ် ရှိနေလိမ့်မယ်၊ ကဲ ... သွားကြတော့ "
ဇပ်ကာမင်နှင့် ထရေစီတို့သည် ကားဖြင့် ဟိုတယ်သို့ ပြန်လာကြသည်။ သူတို့နှစ်ယောက်ကြားတွင် ငွေအိတ် ကြီးက ရှိနေသည်။

နှစ်ဦးစလုံး အတွေးကိုယ်စီဖြင့် ကားပေါ်တွင် ငြိမ်ပြီး ပါလာကြသည်။
ဘာတွေ ဖြစ်ပျက်နေသည်ကို ဇပ်ကာမင် တိတိကျကျ မသိပေ။
သို့သော် ...
မိမိအတွက် အခြေအနေကောင်းလိမ့်မည်ဟု တွေးမိသည်။
ဤအမျိုးသမီးက အခရာဖြစ်နေသည်။
သူမအား မျက်ခြည်မပြတ် စောင့်ကြည့်နေရန် ဂရန်ဂါက အမိန့်ပေးလိုက်သည်။
သူ့အမိန့်အတိုင်း လုပ်ရပေတော့မည်။

*
အာမန်ဂရန်ဂါသည် ထိုနေ့ညနေက အတွေးဖြင့်ပင် မြူးနေမိသည်။
ပုံနှိပ်စက်ကြီးကို ၀ယ်ယူရန် စီစဉ်ခဲ့လေပြီ။
တစ်နေ့ ရှစ်နာရီစက်လည်လျှင် ဒေါ်လာ ငါးထောင်ပြီးသည်ဟု ၀ျစ်တနေကပြောခဲ့သည်။
သို့သော် ဂရန်ဂါတွင် သည်ထက် ပိုကောင်းသော အကြံရှိနေသည်။
ထိုစက်ကို ၂၄ နာရီစလုံး လည်ပတ်ရန် ရည်ရွယ်ထားသည်။

ထိုသို့ လည်ပတ်လျှင် တစ်နေ့ ၂၄ နာရီတွင် ဒေါ်လာတစ်သောင်းငါးထောင်ရမည်။
တစ်ပတ်လျှင် ဒေါ်လာတစ်သိန်းကျော်မည်။
တနင်္ဂနွေဆယ်ပတ်လျှင် ဒေါ်လာတစ်သိန်းရမည်။
ဤသည်မှာ အစပင် ရှိသေးသည်။
ယနေ့ည ထရေစီနှင့်တွေ့လျှင် စက်လုပ်သူမှာ မည်သူ မည်ဝါဖြစ်ကြောင်း စုံစမ်းမည်။
သိရလျှင် ထိုသူနှင့်တွေ့ပြီး နောက်ထပ် စက်များ ထပ်ရအောင် လုပ်မည်။

သို့ဆိုလျှင် မိမိအတွက် ချမ်းသာကြွယ်ဝမှုမှာ မှန်းဆ၍ပင် ရနိုင်တော့မည်မထင်။
ရတနာပုံကြီး ဆိုက်ပေတော့မည်။
ည ၈ နာရီတိတိအချိန်တွင် ဂရန်ဂါ၏ မော်တော်ကားသည် ထရေစီတည်းခိုသော ဟိုတယ်ရှေ့၌ ထိုးဆိုက် လိုက်သည်။
ဂရန်ဂါ ကားပေါ်မှဆင်းပြီး ဟိုတယ် ဧည့်ခန်းမထဲသို့ ၀င်သွားသည်။
အ၀င်ဝနားတွင် ဆိုဖာတစ်လုံး၌ ဇပ်ကာမင် ထိုင်စောင့်ကြည့်နေသည်ကို တွေ့သောအခါ သူ ကျေနပ်သွား သည်။

ဂရန်ဂါက ဟိုတယ် စာရေးမကလေး စားပွဲဆီသို့ လျှောက်သွားပြီး ပြောလိုက်သည်။
" ဂျူလီ ... ငါ ဒီအောက်ထပ်ဧည့်ခန်းမှာ ရောက်နေပြီဆိုတာ မြို့စားကတော်လေး ဒီချန်တလီကို တယ်လီဖုန်းနဲ့ လှမ်းပြောလိုက်စမ်းပါ၊ အောက်ကိုလာဖို့ ခေါ်လိုက်ပါကွာ "
" မြို့စားကတော်လေး ဟိုတယ်က ပြောင်းသွားပြီ၊ မရှိတော့ဘူး မွန်စီယာဂရန်ဂါ "
ဂျူလီက မော့်ကြည့်ပြီး ပြောလိုက်သည်။
" မင်း လူမှားနေလို့ပါ၊ လှမ်းခေါ်လိုက်စမ်းပါ "
ဂျူလီ စိတ်ညစ်သွားသည်။

ဂရန်ဂါကို ဆန့်ကျင်ပြောရသည်မှာ သူမ အဖို့ အန္တရာယ်များလှသည်။
" သူ ပြောင်းသွားတာကို ကျွန်မ ကိုယ်တိုင် လုပ်ပေးလိုက်ရတာပါ "
" ဘယ်အချိန်ကလဲ "
" ဟိုတယ်ပြန်ရောက်လာပြီး မကြာခင်ကလေးကပါပဲ၊ သူက ကျွန်မတို့ ဧည့်ကြိုဌာနကို တယ်လီဖုန်းနဲ့ လှမ်းပြောတယ်၊ သူ ပြောင်းတော့မယ်တဲ့၊ ဟိုတယ်ခကျသမျှကို ပြေစာ ရေးယူလာပါတဲ့၊ တစ်ခါတည်း ငွေ ရှင်းပေးလိုက်မယ်တဲ့ "
" ငွေသားတွေလား ... ပြင်သစ်ဖရန့်ငွေတွေလား "
ဂရန်ဂါက စိတ်ထဲ၌ အပြေး အလွှား တွက်ရင်း မေးလိုက်သည်။

" ဟုတ်ပါတယ် မွန်စီယာ "
" သူ့ အခန်းထဲက ဘာတွေများ ယူသွားသေးသလဲ၊ လက်ဆွဲအိတ်တို့ သေတ္တာတို့ ပေါ့လေ "
ဂရန်ဂါက စိုးရိမ်တကြီး မေးလိုက်သည်။
ဟင့်အင်း ... ဘာမှ ယူမသွားဘူး၊ ပစ္စည်းတွေနောက်မှ ယူခိုင်းလိုက်မယ်တဲ့ "
သို့ဆိုလျှင် ထရေစီသည် ပိုက်ဆံယူပြီး ဆွစ်ဇာလန်သို့ သွားခြင်းဖြစ်မည်။
ပုံနှိပ်စက်ကြီးကို ကိုယ်တိုင် သွားဝယ်ခြင်း ဖြစ်နိုင်သည်ဟု ဂရန်ဂါ တွေးမိသည်။

" ဒါဖြင့် ... ငါ့ကို သူ့အခန်းလိုက်ပို့စမ်း မြန်မြန် "
" ဟုတ်ကဲ့ ... မွန်စီယာ "
ဂျူလီသည် သော့စင်မှ သော့တစ်ချောင်းကို ဖြုတ်ယူလိုက်ပြီး ဂရန်ဂါနှင့်အတူ ဓာတ်လှေကားသို့သွားသည်။
ဂရန်ဂါသည် ထိုင်နေသော ဇပ်ကာမင်ဘေးမှ ဖြတ်လျှောက်သွားစဉ်တွင် ဇပ်ကာမင်အား ခပ်တိုးတိုးလှမ်း ပြောလိုက်သည်။
" မင်း အဲဒီမှာ ဘာထိုင်လုပ်နေတာလဲ ငအ၊ အမျိုးသမီး မရှိတော့ဘူး ထွက်သွားပြီ"
ဇပ်ကာမင်က ဘာမျှ နားမလည်သည့် အသွင်ဖြင့် မော်ကြည့်လိုက်ပြီး ပြန်ပြောသည်။
" သူ့ ထွက်သွားလို့ မရနိုင်ပါဘူး၊ အောက်ထပ် ဧည့်ခန်းကိုလဲ ဆင်းမလာပါဘူး၊ ကျွန်တော် သူ့ကို စောင့် ကြည့်နေတာပါ "

" ဘာ ... မင်း သူ့ကို စောင့်ကြည့်နေတယ် ဟုတ်လား၊ မင်း ရှေ့ပေါက်က စောင့်ကြည့် နေတုန်း သူက နောက်ဖေးမလွယ်ပေါက်က လစ်သွားမှာပေါ့ ငတုံးရ၊ ကဲ ... မင်း အခု ကာစီရိုရုံးကိုပြန်၊ ငါ မင်းနဲ့နောက်မှ စာရင်းရှင်းမယ် "
ထရေစီ၏ အခန်းမှာ ဂရန်ဂါ နောက်ဆုံးတွေ့ခဲ့ရသည့်အတိုင်းပင် ဘာမျှ မပြောင်းမလဲရှိနေသည်။
ဟိုဘက် အခန်းနှင့် ဆက်ထားသောတံခါးက ပွင့်နေသည်။
ဂရန်ဂါ ထိုအခန်းထဲသို့ ၀င်သွားပြီး ဗီရိုဆီသို့ ခပ်သုတ်သုတ်သွားကာ ဗီရိုတံခါးကို ဆွဲဖွင့်လိုက်သည်။

ပုံနှိပ်စက်ကလေးမှာ နေရာမယွင်းရှိနေသေးသဖြင့် ဂရန်ဂါ ဘုရားသခင်ကို ကျေးဇူးတင်လိုက်မိသည်။
ဝှစ်တနေသည် ကတိုက်ကရိုက် လစ်ပြေးရသဖြင့် စက်ကလေးကိုပင် ယူမသွားနိုင်ပါကလားဟု တွေးမိသည်။
ဤသည်မှာ သူမ၏ အမှားပင်ဖြစ်သည်ဟု ဂရန်ဂါ တွက်လိုက်သည်။
သူမသည် မိမိအား ဒေါ်လာငါးသိန်း လိမ်သွားသည်။
ဤသည်ကို သူမ ထိုက်ထိုက်တန်တန် ပြန်လည်ပေးဆပ်ရစေမည်။

မိမိလူများက သူမကို တွေ့အောင်ရှာမည်။
ထိုသို့ ရှာရာတွင် ရဲအဖွဲ့ရှိ သူ့လူများထံမှ အကူအညီယူမည်။
ထို့နောက် သူမကို ထောင်ကျအောင် လုပ်မည်။
စက်ရောင်းသူ မည်သူမည်ဝါဖြစ်သည်ကို သူမထံမှ သိအောင် လုပ်မည်။ ထို့နောက် သူမကို ထာဝရပါးစပ် ပိတ်လိုက်တော့မည်။
အာမန်ဂရန်ဂါသည် ရဲဌာနချုပ် တယ်လီဖုန်းနံပါတ်ကို လှည့်လိုက်ပြီး ရဲမှူးဒူးမောင့်နှင့် စကားပြောပါရစေဟု တောင်းလိုက်သည်။ ဒူးမောင့်အား ဂရန်ဂါက သုံးမိနစ်ခန့် စိတ်အား ထက်သန်စွာ ပြောလိုက်ပြီးနောက် ... " ကျွန်တော် ဒီက စောင့်နေမယ်" ဟု နိဂုံးချုပ်ကာ တယ်လီဖုန်း ချလိုက်သည်။

ဆယ့်ငါးမိနစ်ခန့် အကြာတွင် သူ့မိတ်ဆွေရဲမှူးရောက်လာသည်။
ရဲမှူးနှင့်အတူ ဥပဓိရုပ်ခပ်ဆိုးဆိုး လူတစ်ယောက် ပါလာသည်။
" ဒါကတော့ မွန်စီယာ ဒင်နရယ်ကူးပါးတဲ့၊ မွန်စီယာ ဂရန်ဂါ၊ ဒီက မစ္စတာ ကူးပါးကလဲ ခင်ဗျားတယ်လီဖုန်း ဆက်ပြီး ပြောတဲ့ အမျိုးသမီးအကြောင်း စိတ်ဝင်စားလို့တဲ့ "
ရဲမှူး ဒူးမောင့်က သူနှင့် ပါလာသူကို ဂရန်ဂါနှင့် မိတ်ဆက်ပေးလိုက်သည်။

ကူးပါးက စ မေးသည်။
" အဲဒီ အမျိုးသမီးက ငွေမတုလုပ်တဲ့အထဲမှာ ပါနေတယ်လို့ ခင်ဗျား ရဲမှူးဒူးမောင့်ကို ပြောခဲ့တယ်ဆို ... ဟုတ်လား "
" ဟုတ်ပါတယ်၊ အခု သူ ဆွစ်ဇာလန်ကို လစ်သွားတာ သိပ်မကြာသေးဘူး၊ နယ်စပ်လောက်က စောင့်ဖမ်း လို့ ရနိုင်သေးတယ်၊ ခင်ဗျားတို့အတွက် လိုအပ်မယ့် သက်သေခံ အထောက်အထားအားလုံး ဒီမှာ ကျွန်တော် ရထားတယ် "
ဂရန်ဂါက သူတို့ကို ဗီရိုဆီသို့ခေါ်သွားသည်။
ဒင်ရနယ်ကူးပါးနှင့် ရဲမှူးဒူးမောင့်တို့က အထဲကို ကြည့်လိုက်သည်။

" အဲဒါ သူ့ပိုက်ဆံတွေကို ရိုက်နှိပ်တဲ့ ပုံနှိပ်စက်ပေါ့ "
ကူးပါးက ရှေ့သို့တိုးကပ်ပြီး စက်ကို အသေအချာကိုင်တွယ် ကြည့်ရှုစစ်ဆေးသည်။
" ဟို အမျိုးသမီးက ဒီပုံနှိပ်စက်နဲ့ ငွေစက္ကူရိုက်တယ်လား "
ကူးပါးက သေချာအောင် ထပ်မေးလိုက်သည်။
" ဟုတ်တယ်လေ၊ ခင်ဗျားကို ကျွန်တော် အဲဒီအတိုင်း ပြောခဲ့သားပဲ "
ဂရန်ဂါက စကားကို ရပ်လိုက်ပြီး သူ့အိတ်ထဲမှ ငွေစက္ကူအတုတစ်ရွက်ကို ထုတ်ယူကာ ပြလိုက်ပြီး ဆက်ပြောသည်။

" ဟောဒီမှာကြည့် ... ဒါ သူ ကျွန်တော့်ကို ပေးသွားတဲ့ငွေစက္ကူ တစ်ရာတန်အတုတွေထဲက တစ်ရွက်ပဲ"
ကူးပါးသည် ငွေစက္ကူကို ပြတင်းပေါက်ဆီသို့ ယူသွားပြီး နေရောင်တွင် ထောင်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
" ဒီငွေစက္ကူက အစစ်ကြီးဗျ "
" အစစ်နဲ့ သိပ်ကိုတူနေလို့ပါ၊ ဖီလဒယ်ဖီးယား ငွေစက္ကူပုံနှိပ်တိုက်က ခိုးထုတ်လာတဲ့ ဒီဇိုင်း ဇင့်ပြားနဲ့ ရိုက် ထားလို့ သိပ်တူနေတာပါ၊ အဲဒီ ပုံနှိပ်စက်နဲ့ ရိုက်တာပဲ "
သူ စကားကြားရသောအါခါ ကူးပါးက ခပ်ရိုင်းရိုင်းပင် ပြန်ပြောလိုက်သည်။

ခင်ဗျား လူအ လူမိုက်ပဲ၊ ဒါက ရိုးရိုးပုံနှိပ်စက်တလေးဗျ၊ ဒီစက်ကလေးမျိုးက ဖူးစကက် စာရွက်မှာ ထိပ်ပိုင်းက စာခေါင်းစီးလောက်ပဲ ရိုက်လို့ရတယ် "
" စာခေါင်းစဉ်ပဲ ရိုက်လို့ရတယ် ဟုတ်လား "
ဂရန်ဂါက အမေဍိတ်သံဖြင့် မေးလိုက်သည်။
သူ့အဖို့ အခန်းကြီး ချာချာလည်သွားသည်ဟုပင် ထင်လိုက်မိသည်။

" စက္ကူတွေကနေ ဒေါ်လာ ရာတန်အစစ်တွေ ဖြစ်လာအောင် ဒီစက်ကလေးနဲ့ အကွက်ဆင် လှည့်စား ထားတာ ကို ခင်ဗျားက တကယ်ယုံနေသလား "
" ကျွန်တော် မျက်စိနဲ့ တပ်အပ်မြင်ပါတယ်လို့ ပြောနေ .... "
ဂရန်ဂါ က သူ့စကားကို ဆက်မပြောတော့ဘဲ ရပ်လိုက်သည်။ မြင်ခဲ့သည်များကို ပြန် စဉ်းစားသည်။
မိမိ မြင်ခဲ့ရသည်များမှာ ရေစိုနေသော ငွေစက္ကူများအား ကလစ်များတွင်ညှပ်ပြီး လှန်းထားသည်ကို တွေ့ခဲ့ ရသည်။
ငွေစက္ကူအရွယ် စက္ကူအဖြူ၊ ဗြောင်တချို့နှင့် စက္ကူဖြတ် ကိရိယာကို မြင်ခဲ့ရသည်။

ထိုစက္ကူဖြင့် ငွေစက္ကူတစ်ရွက်ဖြစ်အောင် ပုံနှိပ်ပြခဲ့သည်ကို မိမိ မမြင်ခဲ့ရပေ။
ပိပိရိရိ အယုံသွင်း လှည့်ဖြားသွားပုံကို သူ့ခေါင်းထဲမှ တွေးမိလာသည်။
ငွေစက္ကူအတု လုပ်ခြင်းလည်းမရှိ၊ ဆွစ်ဇာလန်တွင် စက်ရောင်းမည့်သူလည်းမရှိသည့်အဖြစ်ကို မြင်လာသည်။
ထရေစီသည် ရွှေသင်္ဘောမြုပ် ရှာဖွေရေးအကွက်မိခံရသူမဟုတ်။ ထိုကိစ္စ၌ အကွက်မိ ခံရသယောင် ဟန်ပြပြီး မိမိထံမှ ဒေါ်လာငါးသိန်းကို ငွေတု ကိစ္စဖြင့် အကွက်ရိုက်လိမ်သွားကြောင်း ဂရန်ဂါ သဘော ပေါက် လာသည်။

မိမိအား ထရေစီက ခေါင်းတုံးပေါ်ထိပ်ကွက်သွားပေပြီ "
ဤကိစ္စ သိသွားကြလျှင် ...။
ဒူးမောင့်နှင့် ကူးပါးတို့က သူ့ကို စိုက်ကြည့်နေသည်။
" ခင်ဗျား အဲဒီအမျိုးသမိးကို အမှု ဖွင့်ချင်သလား အာမန် "
ရဲမှူးဒူးမောင့်က မေးသည်။
မိမိက မည်သို့ အမှုဖွင့်နိုင်ပါမည်နည်း။

ငွေစက္ကူအတုလုပ်ဖို့အတွက် ဒေါ်လာ ငါးသိန်း မတည်ပေးငွေ အလိမ်ခံရပါသည်ဟု အမှုဖွင့်လို့ရမည်လား။
မဖြစ်နိုင်။
မိမိ ငွေငါးသိန်းကို လုပ်ဖော် ကိုင်ဖက်များ မသိအောင် ထုတ်ယူခဲ့ရာ သူတို့သိလျှင် ဤသို့ အလိမ်ခံရသည် ကို ယုံပါမည်လား။
မည်သို့မျှ ယုံကြမည် မဟုတ်ပါချေ။

" နေ ... နေပါစေ၊ အမှုမဖွင့်တော့ပါဘူး "
အာဖရိက ...။
အာမန်ဂရန်ဂါ တွေးလိုက်သည်။
မိမိ အာဖရိကကို ထွက်ပြေးမည်။

မိမိ လုပ်ဖော်ကိုင်ဖက်များ မိမိအား အာဖရိကတွင် မည်သို့မျှ ရှာတွေ့မည် မဟုတ်ပေ။
ဒင်နရယ်ကူးပါးကလည်း တွေးလိုက်သည်။
နောက်တစ်ကြိမ် ...
နောက်တစ်ကြိမ်တွင် မိမိ သူမ ကို လက်ရဖမ်းမည်။

ဆက်ရန်
.

1 comment:

KMC@ချင်းလေး said...

မိုက်တယ်..သွက်တယ်..။ ဘာပဲပြောပြောပြေးမလွတ်နိုင်တော့ပါဘူး။ စုံထောက်ကျော်ကြီးနဲ့လက်တစ်ကမ်းပဲကွာ
နေတော့တဲ့ဟာ..။ကျေးဇူးပါအစ်မတို့ရေ။
ပျော်ရွှင်နိုင်ကြပါစေဗျာ..။