ကျေးဇူးသိမှ
ကျေးဇူးဆပ်၏
ဦးပဏ္ဍိစွာဘိဝံသ
ကျေးဇူးဆပ်၏
ဦးပဏ္ဍိစွာဘိဝံသ
စာရေးဆရာ ဒါရိုက်တာ ဆရာကြီးဦးသုခသည် အမေ့ကျေးဇူးကို သိ၍ ကျေးဇူးဆပ်ချင်စိတ်များဖြစ်ပေါ်ပြီး အမေ့ ကျေးဇူးကို စွမ်းနိုင်သမျှ ဆပ်ခဲ့ပါသည်။
သူကဲ့သို့ အခြားသူများကိုလည်း အမေ့ကျေးဇူးတွေကို သိစေချင်သည်။ ကျေးဇူးဆပ်လိုစိတ်များဖြစ်ပေါ်လာ ပြီး အမေ့ကျေးဇူးကို ဆပ်စေချင်သည်။ ထို့ကြောင့် အေးချမ်းသာယာသည့် ပြာသိုလပြည့်နေ့ကို " အမေနေ့" အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ကျင်းပပူဇော်ရန် ကြိုးပမ်းခဲ့ပါသည်။ သို့အတွက် ဆရာကြီး ဦးသုခကို အမေနေ့ ဗိမာန်ကြီး ကို တည်ဆောက်ပေးခဲ့သည့် ဗိသုကာဆရာကြီးဟု ဂုဏ်ပြုသင့်ပါသည်။
၁၃၅၈-ခု၊ ပြာသိုလပြည့်နေ့ဝယ် မန္တလေးမြို့၌ အမေနေ့ အခမ်းအနားကို ပဌမဆုံးကျင်းပခဲ့ပါသည်။ ထိုနှစ် မကျင်းပမီ အမေနေ့ဗိသုကာ ဆရာကြီးဦးသုခသည် မန္တလေးမြို့သို့ကြွရောက်လာပြီး ဆွေးနွေးတိုင်ပင်ခဲ့ပါ သည်။ အစီအစဉ်များချမှတ်ပေးခဲ့ပါသည်။
မန္တလေးမြို့၌ " အမေနေ့ " စတင်ကျင်းပသည့် ၁၃၅၈ ခုနှစ်၌ ဆရာကြီး ဦးသုခသည် အသက်(၈၇)နှစ်ရှိခဲ့ ပြီး ဖြစ်ပါသည်။ ၁၃၆၆ ခုနှစ်အသက်(၉၅)နှစ်အရွယ်၌ ဆရာကြီး ဦးသုခသည် ဘ၀ခရီးထွက်သွားခဲ့ပါသည်။
ဆရာကြီး ဦးသုခ အသက် ထင်ရှား ရှိနေသေးလျှင် မန္တလေးမြို့၌ (၁၄)ကြိမ်မြောက်အဖြစ် "အမေနေ့" ကျင်း ပကြမည့် ၁၃၇၁ ခုနှစ်၊ ပြာသိုလပြည့်နေ့၌ အသက်(၁၀၀)ပြည့်ခဲ့ပါပြီ။ ထို့ကြောင့် ဆရာကြီး ဦးသုခ အသက်(၁၀၀) ပြည့်ပွဲကိုလဲ ပူးတွဲ ကျင်းပလိုပါသည်။ ဂုဏ်ပြုမဂ္ဂဇင်းလဲ ထုတ်ဝေလိုပါသည်။ စာတစ်ပုဒ်ရေး ပေးစေ လိုပါသည်။ ဤသို့ "အမေနေ့" ကျင်းပရေး ဥက္ကဋ္ဌ စာရေးဆရာ ဦးဖုန်းမြင့်အောင်က ဘုန်းကြီးအား လာရောက်လျှောက်ထားခဲ့ပါသည်။
ချောင်ကုတ်နေသူပါ
ဘုန်းကြီးသည် " ခေါင်းတစ်လုံးတည်းဖြင့် အိုးများစွာ မရွတ်လိုသူ"ကဲ့သို့ ဂန္ထဓုရ ၀ိပဿနာဓုရမှတစ်ပါး အလုပ် များစွာ မလုပ်နိုင်၍ သံဃအဖွဲ့အစည်းအဆင့်ဆင့်တွင် မည်သည့် အဖွဲ့အစည်း၌မျှ မပါဝင်ခဲ့ပါ။ ဘွဲ့ ထူး ဂုဏ်ထူး လဲ မရှိပါ။ ချောင်ကုတ်နေသူသာဖြစ်ပါသည်။ ပတ်ဝန်းကျင်နှင့်လဲ အဆက်ပြတ်နေပါသည်။ ဤ ကဲ့သို့သော သူကို လာရောက်ရေးခိုင်းသည့်အတွက် စွမ်းနိုင်သမျှ ရေးပါမည်။
အမေ့ကျေးဇူး
" အမေနေ့ဗိမာန်" ဗိသုကာဆရာကြီး ဦးသုခ၏ ရည်ရွယ်ချက်အတိုင်း အမေ့ကျေးဇူးတွေကို သတိရ သိရှိကြ မှ သာလျှင် အမေ့ကျေးဇူးကို ဆပ်ကြမည်ဖြစ်သောကြောင့် အမေ့ကျေးဇူးများကို ဖော်ပြပါမည်။
အမေ့ကျေးဇူး ကို "သမုဒ္ဒေါ ပါတိကံ ယထာ"လို့ ရှေးဆရာတော်ကြီးများက ဘုရားရှင်အလိုကျ ဖော်ပြ ထားခဲ့ပါသည်။
အဓိပ္ပါယ်ကတော့ သမုဒ္ဒရာကြီးလေးစင်း မြစ်ချောင်းအင်းအိုင်များ၌ စီးဝင်လှိုင်းထနေသော ဂဏန်းချ၍ မပြ နိုင်အောင် များပြားလှသည့် ရေစက်ရေပေါက်များရှိပါသည်။
ထို ရေစက်ရေပေါက်များသည် အမေရဲ့ ရင်သွေးရတနာများအပေါ်၌ ထားရှိသည့် ...
၁။ အကျိုးလိုလားသည့် မေတ္တာ
၂။ ကြင်နာသနားသည့် ကရုဏာ
၃။ နို့ချိုအေးကို သောက်စို့နေသည့်အခါ စသည်တို့၌ ရင်သွေးငယ်လေးကို ကြည့်၍ အတိုင်းမသိဝမ်းသာနေ သည့် မုဒိတာများ နှင့် နှိုင်းစာလိုက်လျှင် မိုးရွာသည့်အခါ ကျသည့် မိုးရေတစ်ပေါက်မျှ သေးငယ်၍ သွား၏။ ဤသို့ အဓိပ္ပါယ်ဆိုလိုပါသည်။
မှန်ပါသည်။ အမေ့မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့ကား အတိုင်းမသိ ကြီးမားလှပါသည်။ မဖွားမြင်မီ ပဋိသန္ဓေ တည်နေစဉ်ကတည်းကပင် "တို့ရင်သွေးလေးရဲ့ မျက်နှာကို ဘယ်တော့ မြင်ရပါ့မလဲ" လို့ မြင်လိုတွေ့လို သည့်စိတ်တွေ ဖြစ်ခဲ့ပါသည်။
" ရောဂါကင်းရှင်း ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ၊
လှပကျော့ရှင်း ရုပ်အဆင်းနှင့် ပြည့်စုံပါစေ။
လှပတင့်တယ် ရှုချင်ဖွယ်ကောင်းသော ကိုယ်လက်အင်္ဂါနှင့် ပြည့်စုံပါစေ" ဤသို့ မေတ္တာ၊ ကရုဏာစိတ်တွေ ဖြစ်ခဲ့ပါသည်။ (အဋ္ဌကထာ)
အမေ၀မ်းသာသည့်မုဒိတာ
အမေသည် မီးဖွားသည့်အာဝေဏိက ဆင်းရဲကို ပြင်းထန်စွာ ခံစားနေရစဉ် ဖွားမြင်ပြီးရာအခါ၌ ရင်သွေး ရတနာလေးကို ကြည့်၍ အမေ၏ နှစ်သက်ရွှန်းလန်းဝမ်းသာသည့် မုဒိတာစိတ်တွေ ဖြစ်ပေါ်ခဲ့ပါသည်။ (အဋ္ဌကထာ)
သီတာ ရေချမ်းတစ်ပေါက်ကျက အပီူးတောက်ကြီး ငြိမ်းအေးသွားသကဲ့သို့ အမေ၏ ပင်ပန်းဆင်းရဲမှုများ ပြေပျောက်သွားခဲ့ပါသည်။
ဖွားမြင်ပြီးစအချိန်ကို မိခင်သည် ရင်သွေးကလေးအပေါ်၌ အတွယ်တာဆုံးအချိန်ဟု ဆိုကြပါသည်။ ထို အချိန်ဝယ် သားမြတ်နှစ်ခုကြား၌ အသားချင်းထိတွေ့ ပွေ့ပိုက်ထားပြီး နို့ဦးရေကြည်ကို သောက်စို့နေသော ရင်သွေးလေးကို ကြည့်၍ အမေ၏ အနှိုင်းမဲ့ဝမ်းသာသည့် မုဒိတာစိတ်တွေဖြစ်ခဲ့ပါသည်။ မည်သူမဆို အမေ့ ရင်ငွေ့ကို ခိုလှုံ၍ အမေ၏ နို့ချိုကို သောက်စို့ပြီး အမေ့ကျေးဇူးကြောင့် တစတစကြီးပြင်းလာကြသူတွေချည်း ဖြစ်ပါသည်။
နို့ရည်သည်သွေး
ထိုငယ်စဉ်က သောက်စို့ခဲ့သည့် နို့ရည်ကို မြတ်စွာဘုရားရှင်က " ချစ်သားတို့ သင်တို့ငယ်စဉ်၌ မိခင်က ရင် ခွင်ဖြင့် ပွေ့ပိုက်၍ တိုက်ကျွေးခဲ့သည့် နို့ရည်သည် ငါဘုရားမြတ်စွာ အဆုံး အမ သာသနာတော် အလိုအား ဖြင့် သွေးပင်ဖြစ်၏" ဟု မိန့်ကြားတော်မူခဲ့ပါသည်။ (ပါဠိတော်)
သွေးသည် အနံ့ကညှီ၏။ အဆင်းကနီပါသည်။ မိခင်နို့ရည်သည် အဆင်းကဖြူဖွေး၏။ အနံ့ကကြူမွှေး၏။ ချို အေးသော အရသာလည်း ရှိပါသည်။ ဤသို့ သဘာဝကွာခြား၍ သွေးကနို့ချိုအေး မဖြစ်နိုင်ဟု ငြင်းချက် ထုတ် ရန်ရှိပါသည်။
ထို့ကြောင့် အဋ္ဌကထာ၌ " မိခင် ခန္ဓာကိုယ်အတွင်း၌ သွေးကြောတို့ဖြင့် လှည့်ပတ်သွားလာနေသော သွေး တို့သည် ရင်သွေးလေးများ ဖွားမြင်ခါနီးအချိန် ဖွားမြင်ပြီးစအချိန်၌ သားမြတ်သို့ရောက်လာစဉ်အခါ မိခင်၏ အနှိုင်းမဲ့မေတ္တာ အင်အားကရုဏာအင်အားကြောင့် သွေးကနို့ချိုအေးဖြစ်လာရ၏" ဤသို့ ပြဆိုထား ပါသည်။ (အဋ္ဌကထာ)
သိပ္ပံအမြင်
ယနေ့သိပ္ပံဆရာများက ကိရယာဖြင့် တိုင်းတာ၍ မိခင်သားမြတ်၌ သွေးအောင်စ(၄၀၀)ခန့်ရှိမှ နို့ရည် (၁) အောင်စ ဖြစ်နိုင်သည်ကို အတိအကျသိကြ၏။ ထို့ကြောင့် သားမြတ်ရှိ သွေးသည် နို့ချိုထုတ်လုပ်ရန် ကုန် ကြမ်းဖြစ်သည်ကို လက်ခံကြ၏။ အထူးအံ့သြနေကြသည်မှာ "သားမြတ်မှ သွေးကသာ ဘာကြောင့် နို့ချိုအေး ဖြစ်ရသလဲ၊ အခြားအချိန်၌ မဖြစ်ဘဲ ဖွားမြင်ခါနီး ဖွားမြင်ခါစအချိန်၌သာ သွေးကနို့ချိုအေး ဘာ ကြောင့် ဖြစ်ရသလဲ။ ကလေး၏ အရွယ်အလိုက် နို့ရည်၌ အာဟာရဓါတ်များသည် ဘာကြောင့် ပြောင်းလဲ လာ ရသလဲ "ဤသို့ အ့သြနေကြပါသည်။
မြတ်စွာဘုရားရှင်က လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀)ကျော်ကတည်းက " မိခင်ကြီး၏ ရင်သွေးရတနာများ အပေါ် ၌ ထားရှိသည့် အနှိုင်းမဲ့မေတ္တာ ကရုဏာစွမ်းအားကြောင့်" ဟုဟောတော်မူခဲ့ပြီးဖြစ်၏။
ကရုဏာဒေါသော
အမေသည် စိတ်တိုင်းမကျ၍ သားသမီးများကိုဒေါသဖြင့် ကြိမ်ဆဲမိ၊ ရိုက်နှက်မိ တတ်ပါသည်။ ထိုဒေါသ၏ နောက်ကွယ်၌ မမြင်ရသည့် အနှိုင်းမဲ့မေတ္တာ ကရုဏာစွမ်းအားတွေ များစွာရှိနေပါသည်။ ထိုဒေါသမျိုးကို " မေတ္တာဒေါသော၊ ကရုဏာဒေါသော" ဟု ရှေးဆရာတော်ကြီးများ မိန့်ကြားခဲ့ပါသည်။ ထိုဒေါသဖြင့် ပြောဆို ရိုက်မိသော အမေကို ပြန်မပြောမိ၊ အံမတုမိအောင် သတိထားသင့်ပါသည်။
" ရှေးတုန်းက သီဟိုဠ်ကျွန်း၌ သားငယ်တစ်ယောက်သည် အမေက တောထဲသို့ မသွားရန်တားမြစ်နေပါ လျှက် နားမထောင်ဘဲ ဇွတ်ထွက်သွားခဲ့ပါသည်။ သွားခါနီး၌ အမေက "နင့်ကို ကျွဲရိုင်းမကြီးက ခတ်လို့ သေ ပါစေ" ဟု ကြိမ်ဆဲလိုက်၏။
တောထဲ ရောက်သောအခါ တကယ်ပင် ကျွဲရိုင်းမကြီးနှင့် တွေ့ပါသည်။ ထိုကျွဲရိုင်းမကြီးက ခတ်မလို့ ပြေး လာသောအခါ သားငယ်က " အမေ၏ပါးစပ်က ပြောသကဲ့သို့ မဖြစ်ဘဲ၊ စိတ်ထဲရှိသည့်အတိုင်းဖြစ်ပါစေ" ဟု သစ္စာဆိုလိုက်ရာ ထိုတောကျွဲရိုင်းမကြီးသည် ရှေ့တိုးမရတော့ဘဲ ထိုနေရာ၌ပင် ရပ်ဆိုင်းသွား၏။ ဤသို့ ကရုဏာဒေါသော၏ သဘောကို အဋ္ဌကထာ၌ ထုတ်ပြထားပါသည်။
သားကိုသနားလို့ အမေငိုသည်
ဘုန်းကြီး ငယ်စဉ် (၁၀)နှစ်သားအရွယ် အိမ်ပေါ် ဘုရားစဉ်ရှေ့၌ ဆော့ကစားမိသည်။ " ဟဲ့သား ဘုရားစင် ရှေ့မှာ မကစားကောင်းဘူး" ဟုအမေက သုံးကြိမ်တိုင်တိုင် တားမြစ်ပါသည်။ ကစားမက်၍ မသိချင်ယောင် ဆောင်ပြီး ဆက်ကစားခဲ့ပါသည်။ အမေကဒုတ်ကိုင်လာ၍ အိမ်အောက်သို့ ဆင်းပြေးခဲ့ပါသည်။ အမေက ဆင်းလိုက်လာပြီး ကျောကို ဒုတ်ဖြင့် ဆက်ရိုက်၏။
အမေရိုက်နေသည့် ဒုတ်ကို လက်ဖြင့် ကာကွယ်မိပါသည်။ အမေက "ကြည့်စမ်း ငါ့ကို အာခံတယ်"ဆိုပြီး ထပ်ရိုက်ပါသည်။ အိမ်နီးချင်း အဖွားဒေါ်နှင်းနွယ်သည် ပြေးလာပြီး" ဟဲ့ လူကလေး အမေကို ရှိခိုးလိုက်၊ ရှိ ခိုးလိုက်" တိုက်တွန်းပါသည်။ ထို့ကြောင့် အမေ့ကို ထိုင်ပြီး ရှိခိုးလိုက်ပါသည်။ ထိုအခါ အနာကို ရိုက်မိ၍ သွေးတွေ ထွက်ပြီး အင်္ကျီစိုနေသည်ကို အမေသိသွားပါသည်။
အမေသည် ဒုတ်ကိုချပြီး ထိုင်၍ အင်္ကျီကို လှန်ကြည့်၏။ အနာကိုရိုက်မိ၍ သွေးတွေ ထွက်နေတာကိုမြင်၏။ ခုံခံသည် မဟုတ်ဘဲ နာလွန်း၍ လက်ဖြင့် ကာကွယ်သည်ကို သဘောပေါက်သွား၏။ အမေသည် ငိုသံဖြင့် " အနာရှိတာကို အမေ မေ့သွားတယ်။ သားလေးရယ်" ဟု ပြော၏။ အိမ်ပေါ်သို့ လက်ဆွဲခေါ်သွားပြီး သွေး များကို သုတ်ပေး၍ ဆေးထည့်ပေးပါသည်။
ထိုအချိန် အမေ့မျက်နှာ၌ မျက်ရည်တွေ တပေါက်ပေါက် ကျနေ၏။ သားကို စောင်းလျှက် သိပ်ထားပြီး အသံ ထွက်အောင် ငို၍ မျက်ရည်သုတ်နေ၏။ ထိုအချိန်၌ အမေသည် (၃၆)နှစ် အရွယ်ဖြစ်၏။ အသက်(၄၀) အရွယ်၌ အမေ၏ အေးမြသော မျက်နှာသည် ကမ္ဘာလောကကြီးအတွင်းမှ ပျောက်ကွယ်သွား ခဲ့ပါသည်။
အမေသည် မျက်နှာဝိုင်း၍ နှာတံပေါ်၏။ မျက်ခုံးကောင်း၊ ဆံပင်ကောင်း၍ အသားဖြူပါသည်။ အရပ်အမောင်း သင့်တင့်ပါသည်။ ယခုအချိန်အထိ အမေ၏ ဒေါသနောက်ကွယ်ရှိ အနှိုင်းမဲ့ မေတ္တာအင်အား ကရုဏာအင်အားတို့ကို သတိရလျှက် ငိုကျွေးနေသည့် မျက်နှာပုံရိပ်သည် စိတ်ထဲ၌ ထင်လျှက် ရှိပါ သေး၏။
အမေရဲ့ အနှိုင်းမဲ့ ကျေးဇူးတရားကို အနည်းငယ် ဖော်ပြပြီးပါပြီ။ အမေနေ့ ဗိမာန်ကြီးကို တည်ဆောက်ခဲ့ သည့် ဗိသုကာ စွယ်စုံပညာရှင် ဆရာကြီးဦးသုခ၏ ရည်ရွယ်ချက်အတိုင်း အမေ့ ကျေးဇူးကို သိ၍ ကျေးဇူး တပ်ကြပါရန် တိုက်တွန်းအပ်ပါသည်။
သိန်းသန်းရတနာဆရာတော်
ဦးပဏ္ဍိစွာဘိဝံသ
.
No comments:
Post a Comment