(၂၅)
ပြင်သစ်မြို့စားကြီး မာတစ်နီ သည် နှစ်စဉ် ဂျွန်လ ပထမစနေနေ့၌ ပါရီဆေးရုံမှ ကလေးများအတွက် အလှူ ငွေရှာ သော ရန်ပုံငေါ ထမင်းစားပွဲကြီး ကျင်းပသည်။
ကြီးကျယ်ခမ်းနားသော ထို ထမင်းစားပွဲကြီးအတွက် တစ်ဦးလျှင် ကျသင့်ငွေမှာ ဒေါ်လာ တစ်ထောင် ဖြစ် သည်။
ထို ထမင်းစားပွဲကြီးသို့ ကမ္ဘာတစ်ဝန်း မှ ထိပ်တန်းပုဂ္ဂိုလ်များ လာရောက်ကြသည်။
မြို့စားကြီး မာတစ်နီ၏ ၁၅-ရာစုခေတ်က ဆောက်လုပ်ခဲ့သော ဘိုးဘွားပိုင် အိမ်ဂေဟာကြီးသည် ပြင်သစ် နိုင်ငံ ၏ ထိပ်တန်း အိမ်ဂေဟာများထဲ၌ တစ်ခု အပါအ၀င် ဖြစ်သည်။
ရန်ပုံငွေ ညစာစားပွဲ ပြုလုပ်သည့် ညကမူ ထိုအိမ်ကြီး၏ ပင်မ ကပွဲဆောင်ကြီးနှင့် တွဲဖက်လျက် ရှိသော ကပွဲခန်းမ တို့၌ လှလှပပ ၀တ်စား ဆင်ယဉ်ထားသော မြူးကြွနေသည့် ဧည့်သည်များနှင့် ပြည့်နေသည်။
တူညီဝတ်စုံကို စမတ်ကျကျ ၀တ်ဆင်ထားသော စားပွဲထိုးများက ရှန်ပိန်အရက်ကို ထမင်းရေချောင်းစီးတမျှ တိုက်ကျွေး ဧည့်ခံနေကြသည်။
မြီးစရာ - မြှံစရာ စားသောက်ဖွယ်များကို ငွေလင်ပန်းကြီးများထဲတွင် ထည့်ပြီး စားပွဲရှည်ကြီးများပေါ်တွင် ချထား ပေးသည်။ ရှန်ပိန်နှင့် လိုက်ဖက်သော အမြီးများ ဖြစ်သည်။
ထရေစီသည် အဖြူရောင် ဇာပေါက်ဝတ်စုံကို ၀တ်ထားပြီး ဆံပင်ကို အပေါ်သို့ စုထုံးကာ စိန်သရဖူလေး ဆောင်း ထားသဖြင့် အလွန်ပင် ကြည့်၍ လှပပြီး စွဲမက်စရာ ကောင်းနေသည်။
ထရေစီသည် ညစာစားပွဲကြီးကို ဦးဆောင် ကျင်းပသော အိမ်ရှင်မြို့စားကြီး မာတစ်နီ နှင့် တွဲကနေသည်။
မြို့စားကြီး သည် အသက် ၇၀-နီးပါးခန့်ရှိသော မုဆိုးဖိုကြီး ဖြစ်သည်။ အရပ် ပိန်ပိန်ရှည်ရှည် ဖြစ်သည်။
"ကလေးဆေးရုံ ရန်ပုံငွေ ထမင်းစားပွဲ လက်မှတ်က တစ်စောင်ကို ဒေါ်လာတစ်ထောင် ပေးရတယ်။ ဒါပေမယ့် အဲဒီကရ တဲ့ အမြတ်ငွေရဲ့ ဆယ်ရာခိုင် နှုန်းလောက်ပဲ ကလေးဆေးရုံ ရောက်တယ်။ ကျန်တဲ့ ၉၀-ရာခိုင်နှုန်း ကတော့ မြို့စားကြီးအိတ်ထဲ ရောက်သွားတာပါပဲ"
ဂန်သာဟာတော့ ပြောခဲ့သော ထိုစကားကို ထရေစီသည် မြို့စားကြီးနှင့် တွဲကနေရင်းက ပြန်လည် ကြားယောင် မိသည်။
"ခင်ဗျား သိပ် အကကောင်းတာပဲ"
မြို့စားကြီးက ထရေစီအား ချီးမွမ်း ထောမနာပြုလိုက်သည်။
"ကျွန်မနဲ့တွဲကတဲ့ သူက ကောင်းလို့ ကျွန်မ ကောင်းလာတာပါ"
ထရေစီက အပြုံးပန်း တဝေေ၀ဖြင့်ပင် ပြန်ပင့်ပေးလိုက်သည်။
"မင်းနဲ့ငါ အလျင်က ဘာကြောင့် မတွေ့ခဲ့ကြပါလိမ့်"
"ကျွန်မကတောင် အမေရိကန်မှာနေတာ၊ တောထဲမှာ နေတယ်ဆိုပါတော့"
ထရေစီက ရှင်းပြသည်။
"ဘာဖြစ်လို့ အဲဒီမှာ သွားနေတာလဲ"
"ကျွန်မ ယောက်ျားက ဘရာဇီးမှာ သတ္တုတွင်းတွေ ပိုင်တယ်လေ"
"သြော် ... အခု မင်းယောက်ျားကော ဒီထမင်းစားပွဲမှာ ပါလာသလား"
"မပါဘူး ... သူ ဘရာဇီးမှာပဲ အလုပ်တွေများလို့ နေရစ်ခဲ့တယ်"
"အို ... သူ့အတွက် ကံဆိုးတာပေါ့၊ ငါ့အတွက် ကံကောင်းတာပေါ့၊ တို့နှစ်ယောက် မိတ်ဆွေကောင်းတွေ ဖြစ်ကြဖို့ ငါမျှော်လင့်ပါတယ်"
မြို့စားကြီးက ရင်ချင်းကပ်ပြီး တွဲက နေရင်းမှ ထရေစီ၏ သိမ်ကျဉ်းသော ခါးကလေးကို တင်းတင်း ကျပ်ကျပ် လေး ဖက်လိုက်ပြီး ပြောလိုက်သည်။
ထရေစီသည် မြို့စားကြီး ပခုံးပေါ်မှ ကျော်ပြီး ဂျက်စတီဗင်ကို ရုတ်တရက် လှမ်းမြင်လိုက်သည်။
ဂျက်သည် ကြက်သွေးရောင်ဝတ်စုံကို ဆင်မြန်းထားသော ညိုညိုချောချော မိန်းကလေး တစ်ယောက်နှင့် တွဲက နေသည်။
အမျိုးသမီးက ဂျက်အား ပိုင်စိုးပိုင်နင်းကလေး တွဲခို မှီဖက်ထားသည်။ ထရေစီက လှမ်းမြင်လိုက်သည့် တစ်ချိန်တည်း မှာပင် ဂျက် ကလည်း ထရေစီ အား လှမ်းမြင်လိုက်ရာ ပြုံးပြသည်။
သူ ပြုံးပြ လိုက်သော အပြုံးတွင် အဓိပ္ပာယ်ပါနေသည်ဟု ထရေစီ သိနေသည်။
လွန်ခဲ့သော နှစ်ပတ် အတွင်း ထရေစီ သည် ဖောက်ထွင်းခိုးယူမှု ပြုလုပ်ရန် နှစ်ကြိမ် ကြံစည်ခဲ့သည်။
ပထမအိမ်တစ်အိမ် ကို သူမ ဖောက်ထွင်းဝင်ရောက် သွားပြီး မီးခံသေတ္တာကို ဖွင့်လိုက်သောအခါအထဲ၌ ဘလာနိတ္တိ ဘာမျှ မရှိတော့သည်ကို တွေ့ရသည်။
ဒုတိယ အကြိမ်တွင် ထရေစီသည် သူဝင်ခိုးမည့် အိမ်အနားသို့ ချဉ်းကပ်သွားနေစဉ်မှာပင် ရုတ်တရက် ကားတစ်စီး စက်နှိုးပြီး မောင်းထွက်သွးသောအသံ ကြားသဖြင့် လှမ်းကြည့်လိုက်ရာ ကားပေါ်တွင် ဂျက်ကို မြင်လိုက်သည်။
နှစ်ကြိမ်စလုံးပင် ထရေစီ ထက် ဂျက်က လက်ဦးသွားခဲ့သည်။ ယခုလည်း မိမိ ကြံစည်နေသည့် အိမ်သို့ ရောက် နေပြန်ပြီဟု ထရေစီ တွေးမိသည်။
ဂျက်နှင့် သူ့အမျိုးသမီးတို့သည် တွဲက နေရင်းမှ ထရေစီတို့ အတွဲနားသို့ ရောက်လာသည်။ ဂျက်က ပြုံးပြီး နှုတ်ဆက်လာသည်။
"ကောင်းသော ညနေခင်းပါ မြို့စားကြီး"
"အား ... ဂျက်ဖရေ ... ကောင်းသော ညနေခင်းပါပဲဗျာ၊ ထမင်းစားပွဲကို ခင်ဗျားတက်ရောက်လာတဲ့အတွက် ၀မ်းသာတယ်ဗျာ"
မြို့စားကြီးက ပြုံးပြီး ပြန်ပြောလိုက်သည်။
"ဒီထမင်းစားပွဲကို ဘယ်အလွတ်ခံလို့ ဖြစ်ပါ့မလဲဗျာ"
ဂျက် မြို့စားကြီးကို ပြန်ဖြေရင်းမှ သူ သိုင်းဖက်ထားသော အမျိုးသမီးကို မေးငေါ့ပြကာ မြို့စားကြီးနှင့် မိတ်ဆက်ပေးလိုက်သည်။
"ဒါ့ - မစ္စဝေါလေ့စ်ပါ မြို့စားကြီး၊ မစ္စ၀ါလေ့စ် မြို့စားကြီး မာတစ်နီလေ"
မြို့စားကြီးကလည်း သူတို့အား ထရေစီနှင့် မိတ်ဆက်သည်။
"ဒီမှာ မြို့စားကတော်ကြီး ... ဟောဒီက မစ္စဝေါလေ့စ်နဲ့ မစ္စတာဂျက်ဖရေစတီဗင်တို့နဲ့ မိတ်ဆက်ပေးပါရစေ၊ ဒါကတော့ မြို့စားကတော်ကြီး ဒီလာရိုဆာပါ"
နာမည်က ... ဘယ်သူ ... ကျွန်တော် ကောင်းကောင်း မကြားလိုက်လို့ပါဗျာ"
ဂျက်က မျက်ခုံးပင့်လိုက်င်္ပြီး ပြန်မေးလိုက်သည်။
"ဒီလာရိုဆာ"
ထရေစီက ဖြေလိုက်သည်။
"ဒီလာရိုဆာ ... ဒီလာရိုဆာ၊ အင်း ... ဒီနာမည်ဟာ ကျွန်တော်နဲ့ သိပ်ရင်းနှီးတဲ့ နာမည်ပေါ့၊ ကျွန်တော် ခင်ဗျား ခင်ပွန်း မြို့စားကြီးကို သိပါတယ်၊ သူကော ခင်ဗျားနဲ့အတူ အခု ဒီမှာ ပါလာသာလား၊
ဂျက်က မေးလိုက်သည်။
"သူ ဘရာဇီးမှာ"
ထရေစီက အံကြိတ်လိုက်သ်ည။
"အို ... ဆိုးတာပဲ၊ ကျွန်တော် သူနဲ့အတူတူ အမဲလိုက် တွက်ဖူးပါတယ်၊ သူမတော်တဆ မဖြစ်ခင်ကပေါ့"
ဂျက်က ပြောသည်။
"ဘယ်လို မတော်တဆ ဖြစ်လို့လဲ"
မြို့စားကြီးက ၀င်မေးသည်။
"ဒီလိုပါ သူ သေနတ်ထဲက ကျည်ဆန်မတော်တဆ ထွက်ပြီး သူရဲ့ ပေါင်ခြံမှာ သွားထိလို့ပါ၊ သူ သာမန် လူကောင်းလို့ ပြန်ဖြစ်ဖို့ကော မျှော်လင့်ချက် ရှိသေးရဲ့လားဟင် ..."
ဂျက်က မြို့စားကြီးကို ဖြေရင်းမှ ထရေစီကို တစ်ဆက်တည်း မေးလိုက်သည်။
"ကျွန်မ ယောက်ျား ဟာ တစ်နေ့ကျရင် ရှင့်လိုပဲ ပုံမှန် လူကောင်းတစ်ယောက် ပြန်ဖြစ်လာမှာ သေချာပါ တယ်"
ထရေစီက အရွဲ့တိုက် ဖြေလိုက်သည်။
"သြော် ... ၀မ်းသာစရာပါပဲ၊ ခင်ဗျားသူနဲ့ တွေ့တဲ့အခါကျရင် ကျွန်တော်က မေးတယ်ဆိုတာ ပြောလိုက်ပါ ဗျာ"
ထိုစဉ်မျာပင် တီးဝိုင်းမှ တီးလုံးရပ်သွားသဖြင့် သူတို့အကများ ရပ်လိုက်ကြသည်။ မြို့စားကြီး မာတစ်နီက ထရေစီ ကို တောင်းပန်လိုက်သည်။
"ကျွန်တော့်ကို ခွင့်ပြုပါဦး၊ ကျွန်တော် တခြား ဧည့်သည်တွေ သွားပြီး ဧည့်ခံလိုက်ပါရစေဦးဗျာ၊ ညစာ စားရင် ကျွန်တော့်စားပွဲမှာ လာထိုင်ဖို့ မမေ့နဲ့နော်"
မြို့စားကြီး က တစ်ဖက်သို့ လှည့်ထွက်သွားစဉ်မှာပင် ဂျက် သူ့အတွဲ အမျိုးသမီးကို ပြောလိုက်သည်။
မင်း လက်ကိုင်အိတ်ထဲမှာ အက်စပရင် ဆေးပြားတွေ ပါလာတယ် မဟုတ်လား၊ ကိုယ် ခေါင်းသိပ်ကိုက်လို့ ကွာ၊ တစ်ပြားလောက် သွားယူပေးစမ်းပါ"
"အို ... ဟုတ်လား၊ အခုချက်ချင်း သွားယူလာခဲ့မယ်နော် စောင့်နေ"
ထိုအမျိုးသမီး လှည့်ထွက်သွားသည်ကို ကြည့်နေရင်းမှ ထရေစီ ဂျက်အား မေးလိုက်သည်။
"သူက ရှင့်ကို ဆီးချိုရောဂါပျောက် ဆေးပြားတွေ ပေးမှာ ရှင် မကြောက်ဘူးလား"
"သူက သဘောကောင်းပါတယ်၊ ဒါနဲ့ စကားမစပ် အခုတလော ခင်ဗျား ဘာကြောင့် အရောက် နောက်ကျ ကျနေတာလဲ"
"ဒါ ရှင်နဲ့ ဘာမှမဆိုင်ပါဘူး၊ ရှင် ပူပန်စရာ မဟုတ်ဘူး"
"ဟုတ်ပါတယ်ဗျာ၊ ဒါပေမယ့် ခင်ဗျားကို မိတ်ဆွေကောင်းတစ်ယောက် အနေနဲ့တော့ အကြံပေးပါရစေ၊ ဒီ အိမ်ဂေဟာကိုတော့ ဖောက်ထွင်းယူဖို့ မကြိုးစားလေနဲ့ ..."
"ဘာဖြစ်လို့လဲ၊ ရှင်က အဲဒီလိုလုပ်ဖို့ ပထမဆုံး ကြံစည်ထားလို့လား"
ဂျက်က ထရေစီ၏ လက်မောင်းကို အသာဖွဖွလေး ကိုင်လိုက်ပြီး လူသူရှင်းသော စန္ဒရားခုံနားသို့ ခေါ်သွား သည်။
စန္ဒရားဆရာက စန္ဒရားက စိတ်ပါလက်ပါ တီးနေသည်။
စန္ဒရားသံကြောင့် ဂျက်ပြောသည့် စကားသံကို ထရေစီတစ်ယောက်သာ ကြားရသည်။
"မှန်တာပြောရရင် ကျွန်တော် ကြံစည် ကြိုးစားခဲ့ဖူးပါတယ်၊ ဒါပေမယ့် အန္တရာယ်သိပ်များတယ်"
"တကယ်ပဲလားရှင်"
ထရေစီသည် ဂျက်နှင့် စကားပြောရသည်မှာ ပျော်ရွှင်စ ပြုလာသည်။
"ကျွန်တော် ပြောတာကို နင်းထောင်စမ်းပါ ထရေစီ၊ အဲဒီအကြံကို မကြိုးစားပါနဲ့၊ ပထမအဆင့်အနေနဲ့ မင်းဟာ ခြံဝင်းထဲက ဖြတ်ပြီး အိမ်ကြီးကို ရောက်အောင် အသက်နဲ့ကိုယ် မြဲပြီး သွားနိုင်မှာ မဟုတ်ဘူး၊ လူကို အသေကိုက်သတ်တဲ့ ခွေးတစ်ကောင်ကို ညဘက်ဆိုရင် ခြံဝင်းထဲမှာ လွှတ်ထားတာ"
ဂျက် အလေးအနက် ပြောလာသည်။
ထရေစီကလည်း ဂရုစိုက် နားထောင်နေသည်။
ဂျက် ဤအိမ်ကြီးတွင် ၀င်ရောက် ဖောက်ထွင်းခိုးယူရန် ကြံစည်နေမှန်း ထရေစီ တွေးမိလာသည်။
ပြတင်းပေါက်တွေနဲ့ တံခါးပေါက်တွေ အားလုံးကို ၀ါယာနဲ့ ဆက်ထားတယ်။ အချက်ပေးကိရိယာကို ရဲစခန်း နဲ့ တိုက်ရိုက်ဆက်သွားထားတာ၊ အိမ်ထဲကိုရောက်အောင် မင်းဝင်လို့ ရရင်တောင်မှ အိမ်ထဲမှ မျက်စိနဲ့ မမြင်နိုင်တဲ့ အနီရောင်အောက်ဓာတ်ရောင်ခြည်တွေကို ဘယ်ပြန်ညာပြန် အထပ်ထပ်ဖြတ်ပြီး လွှတ်ထားတာ"
"ဒါတွေအားလုံး ကျွန်မ သိတယ်"
ထရေစီက ပြောလိုက်သည်။
"ဒါပေမယ့် မင်းတစ်ခု ထပ်သိထားဖို့က အဲဒီဓာတ်ရောင်ခြည်တန်းတွေနဲ့ တည့်တည့်နေရာကို မင်း ၀င်ရောက် သွားချိန်မှာ အချက်ပေးကိရိယာ အသံတွေက မမြည်ဘူး၊ အဲဒီနေရာက ထွက်လိုက်တဲ့ အချိန်ကျ မှ မြည်မှာ၊ အပူရှိန် အပြောင်းအလဲ ဖြစ်သွားရင် မြည်တာပဲ၊ ဒီတော့ အဲဒါတွေကို ပိတ်ပြီး အထဲဝင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ယခု ဂျက် ပြောလိုက်သော အချက်ကို ထရေစီကို မသိပေ။
ဂျက် ဤအချက်များကို ဘယ်လိုလုပ် လေ့လာထားပါလိမ့်ဟု ထရေစီ တွေးကြည့်မိသည်။
"ရှင် ဘာဖြစ်လို့ ကျွန်မကို အဲဒီအချက်တွေ အားလုံး ပြောပြနေရတာလဲ"
ထရေစီက မေးလိုက်သည်။
ဂျက်က ပြုံးပြသည်။
ဂျက်၏ စွဲမက် နှစ်လိုဖွယ်ရာ ကောင်းသော ဤအပြုံးများကို ထရေစီ ယခင်က မတွေ့ဘူးပေ။
"မင်းကို ဖမ်းမိ မသွားစေချင်လို့ပါပဲ မြို့စားကတော်ကြီးရယ်၊ မင်း အခုလို ငါးအနီးအနားတစ်ဝိုက်မှာ ရှိနေ တာကို ငါလိုချင်တယ်။ မင်း သိပါတယ် ထရေစီ၊ မင်းနဲ့ ငါဟာ မိတ်ဆွေကောင်းတွေ ဖြစ်လာနိုင်ပါတယ်"
"ဒါတော့ ရှင် မှားနေပြီ၊ မဖြစ်နိုင်တာပဲ"
ထိုစဉ်မှာပင် ဂျက်၏အတွဲ အမျိုးသမီး လာနေသည်ကို ထရေစီ လှမ်းမြင်လိုက်သည်။
"ရှင့် ဆီးချိုရောဂါရှင် လာနေပြီ၊ ရှင်တို့အတွဲ ပျော်လိုက်ကြပါဦးနော်"
ထရေစီ တစ်ဖက်သို့ လှည့်ထွက်သွားသည်။
ညစာ စားပွဲ၌ တည်ခင်း ကျွေးမွေးသော အစားအစာများမှာ ကောင်းမွန်ပြီး အရသာ ရှိလှသည်။
ဝိုင်အရက် ကလည်း ပေါလှသည်။
ညစာ သုံးဆောင်ပြီးသောအခါ မြို့စားကြီး မာတစ်နီက ထရေစီဘက်လှည့်ပြီး မေးလိုက်သည်။
"ကျွန်တော် ပန်းချီကားတချို့ကို ခင်ဗျား ကြည့်ချင်တယ်ဆို၊ အခု လိုက်ကြည့်မလား"
"ကောင်းသားပဲ မြို့စားကြီး"
မြို့စားကြီး၏ ပန်းချီပြခန်းသည် ကိုယ်ပိုင်ပြတိုက်လေးသဖွယ်ပင် ဖြစ်သည်။
အီတလီပန်းချီကျော်တို့၏ လက်ရာများ၊ ပြင်သစ်လက်ရာများနှင့် ပီကာဆို ပန်းချီကားများကို တွေ့ရသည်။
ထို့အပြင် တခြား ပန်းချီကျော်များ၏ လက်ရာအများအပြားကိုလည်း တွေ့ရသေးသည်။
ပန်းချီကာုးအားလုံး၏ စုစုပေါင်းတန်ဖိုးမှာ တွက်မရနိုင်လောက်အောင်ပင် ဖြစ်သည်။
ထရေစီသည် ပန်းချီကားများ စိုက်ကြည့်နေရင်းမှ ပြောလိုက်သည်။
"ဒီပန်းချီကားတွေအတွက် အကာအကွယ် ကောင်းကောင်း လုပ်ထားရမှာပေါ့နော်"
"ဟာ ... လုပ်ထားရပါပြီလား၊ ဒီအဖိုးတန် ပန်းချီကားတွေကို ခိုးဖို့ သူခိုးတွေက သုံးကြိမ် ကြိုးစားခဲ့တယ်၊ ပထမ တစ်ယောက်ကတော့ ကျွန်တော့်ခွေးကိုက်တာနဲ့ သေသွားတယ်။ ဒုတိယ တစ်ယောက်ကတော့ ကျိုးပဲ့ပြီး ဒုက္ခိတ ဖြစ်သွားတယ်။ တတိယတစ်ယောက်ကတော့ ထောင်တစ်သက် စံမြန်းနေရပြီလေ"
"အင်း ... အခုလို ကြားရတော့မှပဲ ပန်းချီကားတွေအတွက် စိတ်အေးရတော့တယ် မြို့စားကြီးရယ် ..."
"ကဲလာ ... အပြင်သွားကြစို့၊ ကျွန်တော် နက်ဖြန် မနက်ကျရင် ဒူဗေလာကို သွားမယ်၊ အဲီး ပင်လယ်ကမ်းစပ် မှာ ကျွန်တော်ရဲ့ အပန်းဖြေစံအိမ်ငယ်တစ်လုံး ရှိတယ်။ လာမယ့် စနေနဲ့ တနင်္ဂနွေကျရင် မိတ်ဆွေတချို့ကို အဲဒီမှာ လာအပန်းဖြေဖို့ ဖိတ်ထားတယ်၊ မြို့စားကတော်လဲ လာစေချင်ပါတယ်"
"ကျွန်မ လာချင်ပါတယ်၊ ဒါပေမယ့် ကျွန်မယောကျာ်းလဲ သိပ်ပြီး အလုပ်တွေ ပင်ပန်းနေတော့ ကျွန်မ ဘရာဇီးကို ပြန်ပြီး သူ့ကို ပြုစုဦးမှ ဖြစ်မယ်၊ ဒါကြောင့် မလာနိုင်တာကို ခွင့်လွှတ်ပါရှင်"
ထရေစီက လိမ္မာပါးနပ်စွာ ငြင်းလိုက်သည်။
နောက်တစ်နေ့ညတွင် တိမ်ထူထပ်ပြီး အေးစိမ့်စိမ့်ဖြစ်နေသည်။
ထရေစီသည် မှောင်ရိပ်ထဲမှ နေပြီး ရပ်ကြည့်နေရာအိမ်ဂေဟာကြီး၏ ပတ်ပတ်လည်ရှိ နံရံကြီးများသည် ကြောက်စရာ အတားအဆီးကြီးဖြစ်နေသည်။
ထရေစီသည် ဘောင်းဘီရှည်အနက်၊ ဆွယ်တာလက်ရှည်အနက် ၀တ်ထားပြီး ရော်ဘာအော်ကခံဖိနပ်ကိုစီး ထားသည်။
လက်နှစ်ဖက်တွင် လက်အိတ်အနက်ကို စွပ်ထားပြီး ပခုံးသိုင်းအိတ်ကို လွယ်ထားသည်။
အုတ်နံရံကိုကြည့်နေရာမှ ထောင်နံရံကို ပြန်သတိရလိုက်သောအခါ တွန့်ခနဲဖြစ်သွားသည်။
ထရေစီသည် ဗင်ကားတစ်စီးကို ငှားလာပြီး အိမ်ကြီး၏ အနောက်ဘက် အုတ်တံတိုင်းနှင့်ယှဉ်ပြီး ရပ်လိုက် သည်။
အုတ်နံရံ၏ အခြားတစ်ဖက် အိမ်ဝင်းထဲမှ နေ၍ ကြောက်စရာကောင်းလောက်သော ခွေးဟောင်သံကို ကြား ရသည်။
ခွေးသည် မမြင်ရသောရန်သူကို လေထဲတွင် ခုန်ခုန်ပြီး တိုက်ခိုက်ကာ ဟောင်နေသည့် အသံမျိုးဖြစ်သည်။ ဒိုဘာမင် အမျိုးအစားခွေးတို့၏ ကိုယ်ခန္ဓာကြီး၍ ကြံ့ခိုင်မှုအားအင် ပြည့်ဖြိုးမှုနှင့် လူသေလောက်သော သွား များ၏ စွမ်းပကားကို ထရေစီ ကောင်းကောင်းသိသည်။
ထရေစီက ဗင်ကားထဲမှ တစ်စုံတစ်ယောက်ကို "ကဲဟေ့ " ဟု အချက်ပေးလိုက်သည်။
ထိုအခါ ဗင်ကားထဲမှနေ၍ ဒိုဘာမင် ခွေးအမကြီးတစ်ကောင်ကိုဆွဲပြီး လူတစ်ယောက် ထွက်လာသည်။
ထိုသူသည် ထရေစီလိုပင် အနက်ရောင် အပေါ်အောက် တူညီဝတ်စုံ ၀တ်ထားသည်။ သက်လတ်အရွယ် ဖြစ်ပြီး ပိန်ပိန်ပါးပါးဖြစ်သည်။
ဤရာသီမှာ ခွေးများ မိတ်လိုက်သော (တော်သလင်း)လဖြစ်သည်။ ဤဘက်မှ ခွေးမကြီး ကားအပြင်ဘက် ရောက်လာသည်ကို ဟိုဘက်က ခွေးထီးကီး အနံ့ရသွားပုံရသည်။
စောစောက ဒေါသတကြီးနှင့် ဟောင်နေသော အသံမှ မိတ်ရှာသည့် အူသံမျိုးကို ပြောင်းသွားတော့သည်။
ကားထဲမှ ထွက်လာသူက ခွေးကြီးကို ကားခေါင်မိုးပေါ်သို့ မ တင်ရာ ထရေစီက ၀ိုင်းဝန်းကူညီပြီး တွန်းတင် ပေးလိုက်သည်။
ကားခေါင်မိုးပေါ်က အမြင့်သည် အုတ်နံရံအမြင့်နှင့် တပြေးညီလောက်ပင် ရှိနေသည်။ သူတို့နှစ်ယောက် သည် ခွေးကြီးကို မတင်ကာ အုတ်နံရံကိုကျော်ပြီး ၀င်းအတွင်းသို့ ပစ်ထည့်လိုက်သည်။
ပထမဆုံး ထိုးဟောင်လိုက်သည့်အသံ နှစ်ချက်ဆင့်ပေါ်လာသည်။ ထို့နောက် နှာခေါင်းဖြင့် အနံ့ခံရှူသည့် အသံများပေါ်လာပြီး ခွေးနှစ်ကောင် ပြေးလွှား ဆော့ကစားမြူးထူးသံပေါ်လာသည်။
ထို့နောက်တွင်မူ အသံအားလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ထရေစီက သူပအဖော်ဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်သည်။
" လာ ... သွားစို့ "
ထရေစီ၏ အဖော်က ခေါင်းညိတ်ပြလိုက်သည်။
သူ့နာမည် က ယန်းလူဝစ္စ၊ ထိုလူသည် သူခိုးအလုပ်ဖြင့် အသက်မွေးနေသူဖြစ်သည်။ သူ့ဘ၀၏ အချိန်တာ အများစုသည် ထောင်ထဲ၌ ကုန်လွန်ခဲ့ရသည်။
သူသည် ဥာဏ်ထက်မြက်ခြင်းမရှိ။ သို့သော် သော့များ၊ အချက်ပေးကိရိယာများနှင့် ပတ်သက်၍မူ ကျွမ်း သည်။
ထရေစီ သည် ဗင်ကားခေါင်မိုးပေါ်မှနေ၍ အုတ်နံရံတံတိုင်းပေါ်သို့ ခုန်ကူးလိုက်သည်။
ခေါက်လှေကားကို အုတ်နံရံတွင်ချိတ်ပြီး အောက်သို့ဖြေချလိုက်သည်။
ထို လှေကားမှ နေ၍ မြက်ခင်းပေါ်သို့ သူတို့နှစ်ယောက် ဆင်းသွားသည်။
အိမ်ဂေဟာ ခြံဝင်းကြီးသည် မီးရောင်စုံ တောက်ပပြီး ရယ်မောပျော်ရွှင်နေသော ဧည့်ပရိသတ်များဖြင့် ပြည့် လျှမ်း နေသည့် ယမန်နေ့ညကနှင့် လုံးဝ မတူဘဲ ဖီလာကြီး ဆန့်ကျင်ခြားနားနေသည်။
ယခုမူ နေရာတိုင်းတွင် မည်းမှောင် တိတ်ဆိတ်နေသည်။
ယန်းလူဝစ္စသည် ထရေစီ၏ နောက်မှအသာကပ်လိုက်လာသည်။
ဒိုဘာမင် ခွေးကြီးများကိုသာ ကြောက်လန့်တကြားစောင့်ကြည့်နေသည်။
အိမ်ကြီးဂေဟာတွင် နံရံကပ်တိုက် ပန်းပင်များက ရာစုနှစ်နှင့်ချီပြီး ပေါက်နေရာ မြေပြင်မှ အိမ်ခေါင်မိုးအထိ တိုက်ပန်းပင် အနွယ်များက ဖုံးအုပ် ယှက်သန်းနေသည်။
ထို တိုက်ပန်း အနွယ်များ ခိုင် မခိုင်ကို ထရေစီက ယမန်နေ့ညကပင် လူမသိအောင် စမ်းသပ်ခဲ့သည်။
ယခု ထရေစီက တိုက်ပန်းအနွယ်တစ်ခုကို လှမ်းဆွဲပြီး ခိုလိုက်သောအခါ လူတစ်ကိုယ် အလေးချိန်ကို ကောင်းကောင်း ခံနိုင်ကြောင်းကို သိလာရသည်။
ထရေစီသည် တိုက်ပန်းအနွယ်ကိုဆွဲပြီး အပေါ်သို့ ခိုတက်သွားသည်။ အောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ ခွေးများကို မတွေ့ရပေ။
သြော် ... ခွေးနှစ်ကောင် အတော်ကြာကြာ အလုပ်များနေဦးမှာပဲ "
ကြာနိုင်သမျှကြာပါစေဟု ထရေစီ စိတ်ထဲက ဆုတောင်းလိုက်သည်။
ထရေစီ အိမ်ခေါင်မိုးပေါ် ရောက်သွားသောအခါ အောက်မှာ ကျန်နေသော ယန်းလူဝစ္စကို အချက်ပေးလိုက် သည်။
ယန်းလူဝစ္စ တက်လာပြီး သူ့ဘေးတွင် ရပ်လိုက်သည်။
သူ့ ပခုံးပေါ်တွင် ကျောပိုးလွယ်အိတ်တစ်လုံးပါလာသည်။
ထရေစီသည် မီးရောင်တန်း ပျပျလေးသာမြင်ရသော လက်နှိပ်ဓာတ်မီးနှင့် အိမ်ခေါင်မိုးကိုဟိုမှ သည်မှ ခပ် အုပ်အုပ် ထိုးကြည့်သည်။
အိမ်ခေါင်မိုးတွင် အလင်းရောင်ရရန် တပ်ထားသော မှန်ချပ်ကို တွေ့ရသည်။
ထရေစီ ရပ်ကြည့်နေစဉ်မှာပင် ယန်းလူဝစ္စက သူကျောပိုးအိတ်ထဲမှနေ၍ မှန်ဖြတ် စိန်ဖူးတပ်ထားသော အချောင်းကလေးကို ထုတ်ယူပြီး လုပ်ငန်းစတော့သည်။ တစ်မိနစ်ပင် မကြာလိုက်ပါ မှန်ချပ်ကို ဖြတ်ကာ ဘေးသို့ ရွှေ့ဖယ်ပြီးသားဖြစ်နေသည်။
ထရေစီသည် အပေါက်ထဲမှ အောက်သို့ လှမ်းကြည့်လိုက်သည်။
သူတို့ ဆင်းရမည့်လမ်းတွင် အချက်ပေး ကိရိယာ ၀ါယာကြိုးများ ပင့်ကူအိမ် အမျှင်များသဖွယ် ယှက်သန်း နေသည်။
" အဲ့ဒါတွေကို ရှင် လုပ်လို့ရမလား ယန်း "
ထရေစီက တိုးတိုးလေး မေးလိုက်သည်။
" မခက်ပါဘူး၊ ရပါတယ် "
ယန်းလူဝစ္စက ပြန်ဖြေသည်။
လူဝစ္စသည် သူ့ကျောပိုးအိတ်ထဲမှနေ၍ တစ်ပေခန့် ရှည်သော ၀ါယာကြိုးတစ်ချောင်းနှင့် အချက်ပေး ------။
သူသည် တဖြည်းဖြည်းချင်း လှုပရှားကာ အချက်ပြ၀ါယာကြိုး၏ ထိပ်ဘက်အစကို လိုက်ရှာသည်။
ထို ထိပ်ဘက်အစကို ဆွဲချွတ်ကာ အချက်ပေးမီတာ၏ တ်ဖက်ထိပ်ရှိ ညှပ်တွင် ထိုးထည့် ညှပ်ထားလိုက် သည်။
ထို့နောက် ပလာယာကို ထုတ်ယူပြီး ၀ါယာကြိုးကို ဂရုတစိုက် ဖြတ်လိုက်သည်။
ထရေစီသည် အသက်ပင် ရဲရဲမရှူရဲဘဲ အချက်ပေးကိရိယာများ ရုတ်တရက် မြည်လာလေမည်လားဟု ရင် တထိတ်ထိတ်နှင့် စောင့်နေရသည်။
ဘာသံမျှ မြည်မလာဘဲ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်။
ယန်းလူဝစစက ထရေစီကို မော့်ကြည့်လိုက်ပြီး " ပြီးပြီ" ဟု ပြောလိုက်သည်။
ထရေစီ စိတ်ထဲကမူ ယခုမှ အစပင်ရှိသေးကြောင်း သိနေသည်။
ထရေစီတို့ နှစ်ယောက်သည် နောက်ထပ် ခေါက်လှေကားကို ထပ်ဆင်ကာ ခေါင်မိုးပေါ် အလင်းရောင် ၀င်ပေါက်မှနေ၍ မျက်နှာကျက်ပေါ်သို့ ဆင်းလာကြသည်။
ထိုအခြေအနေ ထိ အားလုံး အဆင်ပြေနေသည်။
သို့သော် ရှေ့ဆက် ရင်ဆိုင်ရမည့် အခြေအနေက နှလုံးတုန်စရာ။
ထရေစီသည် သူ့လွယ်အိတ်ထဲမှနေ၍ အနီရောင် မှန်သားတပ်ထားသော မျက်စိဖုံးနှစ်ခုကို ထုတ်ယူပြီး တစ်ခုကို ယန်းလူဝစ္စအား ပေးလိုက်သည်။
" အဲဒါ တပ်ထားလိုက် " ဟုလည်း ပြောလိုက်သည်။
အနီရောင်အောက် မျက်မှန်ကို တပ်လိုက်သောအခါ အနီရောင်အောက် ရောင်ခြည်တန်းများအားလံးကို အံ့သြ စရာ ကြောက်စရာ ကောင်းလောက်အောင် တွေ့လာရသည်။
အိမ်၏ မျက်နှာကျက် ထပ်ခိုးတံခါးဝတွင် အနီရောင်အောက် ရောင်ခြည်တန်း ဖြတ်သန်းသွားနေသည်ကို မြင်ရသည်။
ရိုးရိုးမျက်စိဖြင့် ဆိုမူ မြင်ရမည် မဟုတ်ပေ။
" အဲဒီ ရောင်ခြည်တန်းအောက်ကနေ ငုံ့ဝင်မယ်၊ ဂရုစိုက်နော် "
ထရေစီက ယန်းလူဝစ္စအား သတိပေးလိုက်သည်။
ထို ရောင်ခြည်တန်းအောက်မှ သူတို့ ငုံ့လျှိုးဝင်တွားသွား ရာ စင်္ကြံလမ်းကျယ်ကြီး တစ်ခု၏ အ၀သို့ ရောက် သွားသည်။
မှောင်မိုက်နေသော ထိုလမ်း၏ တစ်ဖက်ထိပ်တွင် မြို့စားကြီး မာတစ်နီ၏ အိပ်ခန်းရှိသည်။
ထရေစီက လက်နှိပ်ဓာတ်မီး အသေးကလေးဖြင့် ထိုလမ်းကို ထိုးကြည့်လိုက်သည်။
အနီရောင်အောက် ဓာတ်ရောင်ခြည်တန်း နောက်တစ်ခုကို ထပ်တွေ့ရသည်။
ထိုရောင်ခြည်တန်းသည် ခပ်နိမ့်နိမ့်မှ ဖြတ်သွားရာ ထရေစီနှင့် ယန်းလူဝစ္စတို့က အပေါ်မှ ခုန်ကျော်ပြီး ဖြတ် သန်းသွားရသည်။
ထရေစီသည် နံရံများကို လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်လိုက်ရာ အဖိုးတန် ပန်းချီကားများကို တွေ့ရသည်။
" လီယိုနာဒိုဒါဘင်ချီရဲ့ ပန်းချီကားပဲ ယူခဲ့၊ အဲ နောက်ထပ်တော့ ရတနာတွေ ရရင်လဲ ဆွဲခဲ့ပေါ့ "
ဂန်သာယာတော့၏အမှာစကားကို ထရေစီ နားထဲ၌ ကြားယောင်နေသည်။
ထရေစီ သည် ပန်းချီကားကို ဖြုတ်ယူလိုက်ပြီး ကြမ်းပြင်ပေါ်တွင် မှောက်ချလိုက်သည်။
ထို့နောက် နောက်ဘက်အကာကိုဖွင့်ပြီး ပန်းချီကားချပ်ကို မှန်ဘောင်ထဲမှ ဖြုတ်ယူလိုက်သည်။
ပန်းချီကားချပ် စက္ကူကို လိပ်လိုက်ပြီးနောက် ပခုံးသိုင်း အိတ်ထဲသို့ ထည့်လိုက်သည်။
ကိစ္စတော့ ပြီးပြီ။
မီးခံသေတ္တာကို ဖွင့်ဖို့သာ ကျန်တော့သည်။
မီးခံသေတ္တာသည် အခန်းတဖက် ထောင့်စွန်းတွင် ရှိနေသည်။
ထရေစီသည် မီးခံသေတ္တာရှေ့မှ လိုက်ကာကို ဆွဲဖယ်ပြီး ဖွင့်လိုက်သည်။
အနီရောင်အောက် ရောင်ခြည်တန်းများသည် မီးခံသေတ္တာရှေ့တည့်တည့်မှနေပြီး ကြမ်းပြင်မှမျက်နှာကျက် အထိ ကန့်လန့်ဖြတ် ဖြတ်သန်း တည်ရှိနေသည်ကို တွေ့ရသည်။
ရောင်ခြည်တန်းများ တစ်ခုနှင့်တစ်ခုလည်း ဖြတ်သန်းကာ ရှိနေကြသည်။
ထို ရောင်ခြည်တန်း တစ်ခုခုကို မဖြတ်ကျော်ဘဲ မီးခံသေတ္တာရှေ့သို့ရောက်ရန် မည်သို့မျှ မဖြစ်နိုင်ပါချေ။
ယန်းလူဝစ္စသည် ရောင်ခြည်တန်းများကို စိုက်ကြည့်ပြီး စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
" ဒါတွေကို ဖြတ်ကျော်ဖို့တော့ မဖြစ်နိုင်ဘူး၊ ခုန်ဝင်ဖို့ကလဲ သိပ်မြင့်နေတယ်၊ ငုံ့ဝင်ဖို့ကလဲ သိပ်နိမ့်နေတယ်၊ ဘယ်လိုမှ လွတ်လမ်းမရှိဘူး"
ကျွန်မ ပြောသလိုသာ လိုက်လုပ်စမ်းပါ၊ ဖြစ်ရမယ် "
ထရေစီက ပြန်ပြောလိုက်ပြီး ယန်းလူဝစ္စ၏ ကျောဘက်မှ ၀င်ရပ်လိုက်ကာ သူ၏ခါးကို သူမက နောက်ဘက် မှ နေ၍ တင်းတင်းကျပ်ကျပ် သိုင်းဖက်လိုက်သည်။
ကဲ - ကျွန်မတို့နှစ်ယောက် ခြေလှမ်းတစ်လှမ်းချင်း ညီညီ စလျှောက်ကြမယ်၊ ဘယ်ခြေစရွှေ့၊ ညာခြေရွှေ့"
ရောင်ခြည်တန်း တည့်တည့်ဆီသို့ နှစ်ဦးသားတစ်လှမ်းချင်းလှမ်းနေသည်။
" ရောင်ခြည်တန်းတွေထဲ ၀င်မလို့လား "
လူဝစ္စကမေးလိုက်သည်။
" ဟုတ်တယ် "
ရောင်ခြည်တန်းများ၏ အလယ်ကောင်တည့်တည့်ဆီသို့ သူတို့ဦးတည်ရွှေ့လျားသွားကြသည်။
ရောင်ခြည်တန်းမှာ တစ်ခုနှင့် တစ်ခု ဖြတ်သန်းသွားသော နေရာသို့ ရောက်သောအခါ သူတို့ ရပ်လိုက်ကြ သည်။
" ကဲ ကျွန်မ ပြောတာကို ဂရုစိုက်နားထောင်၊ ရှင်အဲဒီ မီးခံသေတ္တာဆီကို ဆက်လျှောက်သွား "
" ဒါပေမယ့် ရောင်ခြည်တန်းတွေက ... "
" ကိစ္စမရှိဘူး ဘာမှ မဖြစ်စေရဘူး "
ထရေစီသည် သူမ တွက်ထားသည့် အတိုင်းပင် အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ထားသည်။
ယန်း လူဝစ္စသည် တုံ့ဆိုင်းဆိုင်းနှင့်ပင် ရောင်ခြည်တန်းများထဲမှ ရှေ့ တစ်လှမ်းတိုးပြီး ထွက်လိုက်သည်။
ဘာသံမျှ မြည်မလာဘဲ ပြကတေ့ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်။
လူဝစ္စ က ထရေစီကို ထိတ်လန့် တုန်လှုပ်နေသော မျက်လုံးအစုံဖြင့် သမင်လည်ပြန် လှည့်ကြည့်လိုက် သည်။
ထရေစီသည် ရောင်ခြည်တန်းများ ဖြတ်သန်းပေါင်းစုံရာ အလယ်တည့်တည့်တွင် မလှုပ်မရှား ရပ်မြဲရပ်နေ သည်။
သူမ ခန္ဓာကိုယ် ၏ အပူရှိန်က ရောင်ခြည်တန်းများကိုအချက်ပေး ခေါင်းလောင်းသံများ မမြည်အောင် ထိန်း ထားသည်။
ရောင်ခြည်တန်းများထဲသို့ တစ်ယောက်တည်း ၀င်လာပြီး တစ်ယောက်တည်း ထွက်သွားလျှင် အပူချိန် အပြောင်းအလဲကြောင့် အချက်ပေးခေါင်းလောင်းများ အလိုအလျောက် မြည်သားပေမည်။
နှစ်ယောက်ဝင်လာပြီး တစ်ယောက် ခွဲထွက်သွားသောအခါ ကျန်တစ်ယောက်၏ ကိုယ်ခန္ဓာ အပူရှိန်ဖြင့် အသံ မမြည်အောင် ထိန်းထားနိုင်ခြင်းဖြစ်သည်။
ထရေစီ တွက်ကိန်းမှန်နေသည်။
ထရေစီသည် ထိုနေရာတွင်ပင် မလှုပ်မယှက် ရပ်နေသည်။
သူမ လှုပ်လိုက်သည်နှင့် တစ်ပြိုင်နက် အချက်ပေးလျှပ်စစ်ခေါင်းလောင်းများ ချက်ချင်း အသံမြည်သွားမည် ကို ကောင်းကောင်းသိနေသည်။
ယန်းလူဝစ္စသည် သူ၏ ကျောပိုးအိတ်ထဲမှ ပစ္စည်းကိရိယာတချို့ကို ထုတ်ယူကာ မီးခံသေတ္တာ သော့နံပါတ် တွဲကို စတင်ဖွင့်လှစ်ရန် ကြိုးစားနေသည်ကို ထရေစီ မျက်စိ ဘယ်ဘက်ထောင့်မှ လှမ်းမြင်နေရသည်။
ထရေစီသည် နည်းနည်းမျှ မလှုပ်ဘဲ တောင့်တောင့်ကြီး ရပ်နေသည်။
အသက်ကို ဖြည်းဖြည်းချင်း ရှူနေသည်။
လူဝစ္စ မီးခံသေတ္တာကို ကြိုးစားဖွင့်နေသည်မှာ အချိန်အတော်ပင် ကြာသွားချေပြီ။
ထရေစီ ခြေသလုံးသားများ တောင့်တင်း နာလာပြီး ကြွက်တက်လုနီးပါး ဖြစ်နေသည်။
သို့သော် အံကြိတ်ပြီး တင်းခံနေရသည်။
နည်းနည်းမျှ မလှုပ်ရဲ မရွှေ့ရဲ။
" ဘယ်လောက် ကြာဦးမှာလဲ "
ထရေစီက ခပ်တိုးတိုးမေးသည်။
" ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်ပေါ့ "
ထိုမျှ ရပ်စောင့်နေရသည်မှာ သူမအဖို့ တစ်သက်တာလောက် ကြာသည်ဟု ထင်မိသည်။
ဘယ်ခြေထောက်မှ ကြွက်သားများကလည်း တအားနာလာသည်။ ထရေစီသည် နာလွန်းသဖြင့် မအော် လိုက်မိအောင် မနည်းမျိုသိပ်ထိန်းထားရသည်။ ထိုအချိန်တွင် "ကလစ်" ခနဲ အသံမြည်သွားပြီး မီးခံသေတ္တာ ပွင့်သွားသည်။
" ဟာ ... ပစ္စည်းတွေ မနည်းပါလား၊ အားလုံးသိမ်းကျုံးယူလိုက်ရမလား "
ယန်းလူဝစ္စက မေးလိုက်သည်။
" စာချုပ် စာတမ်းတွေ မယူနဲ့၊ ရတနာတွေပဲယူ၊ အဲဒီထဲမှာ ရှိသမျှ ငွေစက္ကူ အားလုံးကတော့ ရှင့် အတွက်ပဲ "
" အိုကေ ... ကြိုက်ပြီ "
ယန်းလူဝစ္စက မီးခံသေတ္တာထဲမှ ပစ္စည်းများ ထုတ်ယူနေသံကို ထရေစီကြားရသည်။
တစ်ခဏ အကြာတွင် လူဝစ္စသည် ထရေစီဆီသို့ လျှောက်လာရင်း မေးလိုက်သည်။
" ကဲ ... အခု ဒီရောင်ခြည်တန်းတွေထဲကနေပြီး အသံမမြည်အောင် ဘယ်လိုလုပ် ထွက်မလဲ "
" အဲဒါတော့ ကျွန်မ မသိဘူး "
" ဘာ ... ဘယ်လို ... "
" ကျွန်မ ရှေ့မှာသာ ရပ်လိုက်စမ်းပါ "
" ပြီးတော့ကော "
" ကျွန်မ ပြောသလိုလိုက်လုပ် "
ယန်းလူဝစ္စသည် ထရေစီ ရှေ့တည့်တည့်ရောင်ခြည်တန်းထဲသို့ စောစောက ပုံစံအတိုင်း ၀င်ရပ်လိုက်သည်။
ဘာသံမျှ မြည်မလာ။
" ဟုတ်ပြီ ... အခု ကျွန်မတို့ တဖြည်းဖြည်းချင်း ရောင်ခြည်တန်း ... လမ်းကြောင်းအတိုင်း နောက်ပြန် ဆုတ်မယ်"
" အဲဒီ နောက်တော့ကော "
ယန်းလူဝစ္စ က ဆက်မေးသည်။
" ပြေးကြတာပေါ့ "
သူတို့ နှစ်ယောက်သည် ရောင်ခြည်တန်းအတိုင်း နောက်ဘက်သို့ တရွေ့ရွေ့ တဖြည်းဖြည်း ဆုတ်လာရာ ရောင်ခြည်တန်း ၏ အစဖြစ်သော လိုက်ကာဆီသို့ ရောက်လာသည်။
" ကျွန်မ သွားလို့ ပြောလိုက်တာနဲ့ တစ်ပြိုင်တည်း ကျွန်မတို့ လာတဲ့အတိုင်း ပြေးပေတော့ ... ဟုတ်လား
ယန်းလူဝစ္စက ခေါင်းညိတ်လိုက်သည်။
ထရေစီ တစ်ကိုယ်လုံးမှာ မသိမသာ တုန်လာသည်။
" ကဲ ... သွားတော့ "
ထရေစီသည် ချာခနဲလှည့်ပြီး အခန်းတံခါးဝဆီသို့ စွတ်ပြေးတော့သည်။ ယန်းလူဝစ္စက သူမနောက်မှ ပါ လာသည်။
ရောင်ခြည်တန်းထဲ မှ သူတို့ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် လျှပ်စစ် အချက်ပေးခေါင်းလောင်းသံများ ကျယ်လောင် ဆူညံစွာ မြည်ဟိန်းသွားတော့သည်။
ထရေစီသည် မျက်နှာကျက်ပေါ်သို့ ပြေးတက်လိုက်ပြီး တပ်ထားသော ခေါက် လှေကားမှတစ်ဆင့် အိမ် ခေါင်မိုးပေါ် တက်သွားသည်။
ယန်းလူဝစ္စကလည်း သူမနောက်မှ ပါလာသည်။ သူတို့နှစ်ယောက်သည် အိမ်ခေါင်မိုးပေါ်မှနေ၍ ခေါင်မိုး အစပ် အထိ ပြေးသွားပြီး တိုက်ကပ် ပန်းနွယ်ပင်များကို ခိုတွဲကာ မြေပြင်ပေါ်သို့ ဆင်းကြသည်။
ထို့နောက် ခြံဝင်းကိုဖြတ်ကာ ဒုတိယ လှေကားအသင့် ရှိနေသော အုတ်နံရံဆီသို့ တအားကုန် ပြေးတော့ သည်။
လှေကားဖြင့် နံရံပေါ် ပြေးတက်ပြီး ဗင်ကားခေါင်မိုးပေါ်သို့ လွှားခနဲ လွှားခနဲ ခုန်ချလိုက်ကြသည်။
ထရေစီက ယာဉ်မောင်းနေရာတွင် ၀င်ထိုင်လိုက်ရာ လူဝစ္စက သူ့ဘေးတွင် နေရာဝင်ယူလိုက်သည်။
ထရေစီသည် လမ်းအတိုင်း ကားကို မောင်းထွက်လာရာ သစ်ပင်အုပ် တစ်ခုအောက်တွင် ရပ်ထားသော အနက်ရောင် ဆီဒင် ကားတစ်စီးကို လှမ်းမြင်လိုက်ရသည်။
ထရေစီ၏ ဗင်ကား ရှေ့မီးရောင်က ဆီဒင်ကားထဲသို့ လင်းထိန်သွားရာ ယာဉ်မောင်းနေရာတွင် ထိုင်နေသော ဂျက်စတီဗင်ကို မမျှော်လင့်ဘဲ မြင်လိုက်ရသည်။
ဂျက်၏ ဘေးတွင် ကြီးမားသော ဒိုဘာမင်ခွေးကြီး တစ်ကောင်ကိုလည်း ထရေစီ မြင်လိုက်ရသည်။
ထရေစီက အားရပါးရ အော်ရယ်လိုက်သည်။ သူမကားကို အရှိန်မြှင့်မောင်းထွက်သွားရင်းမှ ဂျက်ထံသို့ လှမ်း ပြီး အနမ်းပျံကလေး ပစ်ပေးခဲ့သည်။
ရဲကားများ ဥသြဆွဲပြီး လာနေသည့် ခပ်လှမ်းလှမ်းမှ အသံကို ထရေစီ ကြားလိုက်ရပြန်သည်။
လာပါစေတော့။
ဆက်ရန်
.
1 comment:
အကွက်ကတော့ခပ်လန်းလန်းပဲ...ဒါပေမယ့်မကောင်းမှု့ဆိုတာဆိတ်ကွယ်ရာမရှိဘူးထရေစီရယ်..။စိတ်မကောင်း ပါဘူးကွယ်....။ အပင်ပမ်းခံပြီးရိုက်တင်ပေးကြတဲ့အစ်မတို့ရေ..ကျေးဇူးအများကြီး တင်ပါတယ်ဗျာ...။
Post a Comment