အမေ့ရဲ့စက္ကူပါးလေးတစ်ရွက်
အမေ့သားဟာ
လောကကြီးထဲကို ရောက်လာပုံက
ခပ်ပါးပါး စက္ကူဖြူလေးတစ်ရွက်လို
လေးလေးလံလံကြီး ရောက်လာခဲ့တာပါ။
မသင်ယူပဲ တတ်မြောက်တဲ့ ပညာတွေထဲမှာ
အချစ်ပါတယ်
တဏှာပါတယ်
လိုချင်တပ်မက်မှုတွေပါတယ်
ဒါတွေက
မတားနိုင် မဆီးနိုင်
လောကဓံ လှိုင်းတွေကြားမျာ
အမေ စိုက်ပျိုးပေးတဲ့ ပျိုးပင်လေးတွေ
ကျွန်တော့်ရဲ့ ပျိုးပင်လေးတွေ
အားလုံးဟာ
တိုက်စား ပျက်စီး
ဘ၀ခရီးမှာ နောက်ပြန်ခဲ့ရတယ်။
အမေ့ရဲ့ နုပျိုစဉ်ကတော့
ခပ်ပါးပါး စက္ကူဖြူလေးကို
ထူထူထဲထဲ စောင်တွေခြုံပေးခဲ့
နို့ချိုတိုက်ကျွေးခဲ့
အမေ့ရဲ့ အရည်အချင်းတွေအားလုံးဟာ
စက္ကူပါးလေးအပေါ်မှာ
"နေ" မခ "လေ" မခ
အမေ့အာငွေ့နဲ့သာ နွေးထွေး
အမေဟာ နေတစ်စင်း
အမေဟာ လတစ်စင်း
အမေ့ရဲ့ အိပ်စက်ခြင်းကို
ကျွန်တော့်ရဲ့ ငိုခြင်းရှည်နဲ့
ညတိုင်းညစဉ်ခိုးယူခဲ့တယ်
အမေက ပေးခဲ့ပါတယ်။
အပူနာပေါက်နေတဲ့ ကျွန်တော့်ကို
နို့ရည်ပေါက်တွေက
ညထဲမှာ ရွှဲစို
နေ့နဲ့ညကို
အမေမှားနေရတယ်။
နို့စို့အရွယ်လွန်ပြန်တော့
ကျွန်တော့်ကို ပညာတတ်ကြီးဖြစ်စေချင်ခဲ့တယ်
အတန်းပညာက
တနှစ်တတန်း ပုံမှန်ကျလေတိုင်း
အမေ့ရဲ့ မျက်ရည်
ညထဲမှာ ရွဲစို
နေ့နဲ့ညကို အမေမှားနေခဲ့ရပြန်တယ် ...။
အမေ့အတွက်တော့
ခပ်ပါးပါး စက္ကူဖြူလေးအပေါ်မှာ
နေ့ည မရှိ
ရာသီ မရှိ
နာရီ မရှိ
ထူထူထဲထဲ စက္ကူဖြူတစ်ရွက်လို
ဂုဏ်ပုဒ်တွေ တသီတတန်းကြီးနဲ့
လောကအလယ်မှာ
လှပတဲ့ စက္ကူဖြူလေးသာ မြင်နေခဲ့တယ်။
ခပ်ပါးပါးစက္ကူဖြူလေးဟာ
ဒီလောက်ကြီးထိ လေးလံနေမှန်း
အမေ မထင်ခဲ့
အမေ မထင်ရက်ခဲ့
ဂျင်းဘောင်းဘီဝတ်တဲ့
ကောင်မလေးတွေနဲ့ တွဲသွားလေတိုင်း
အမေရင်ပူခဲ့
အရက်တွေ မူးလာလေတိုင်း
အမေစိတ်ပူခဲ့
ဆယ်မဖို့ ခက်ခဲ့တဲ့ စက္ကူဖြူလေး
အရောင်စွန်းထင်ပေါက်ပြဲလာတော့
အမေကဆရာဝန်
အမေက သူနာပြု
အမေက အစွန်းချွတ်သူ ...။
အမေ့အိပ်မက်တွေအကြောင်း
ကျွန်တော် ကောင်းကောင်းသိခဲ့ပါပြီ
ရတာမလို လိုတာမရတဲ့ဘ၀အတွက်
ဖြစ်ရိုးဖြစ်စဉ် ဒုက္ခတွေကြားမှာ
ကျွန်တော် တတ်စွမ်းသမျှဟာ
အမေ့အတွက် မပြည့်စုံခဲ့။
အမေ့အိပ်မက်ရဲ့ အဝေးကြီးမှာ
ကျန်ခဲ့တဲ့ စက္ကူပါးလေးဟာ
အရင်ကလို မဖြူတော့တာ
သေချာပါတယ် အမေ ...။
လောကရဲ့ အလေးအလံတွေနဲ့
အမေ့ရဲ့ မေတ္တာပင်လယ်ကြီးပေါ်မှာ
မျောနေတဲ့ စက္ကူပါးလေးတစ်ရွက်ဟာ
ဘယ်သောင်ဘယ်ကမ်း
ကပ်နိုင်မလဲ။
ဒါဟာ သေချာ မသိရ
ဒီတခါတော့
အမေ သယ်သမျှ ကျွန်တော် မဖယ်တော့ပါဘူး။
သေချာပါတယ် အမေ
အမေ့ရဲ့ မေတ္တာ ပင်လယ်
မခန်းခြောက်တဲ့
အမေ့ရဲ့ မေတ္တာပင်လယ်
လောကအလယ်မှာ စီးဆင်းနေတယ်။
ကျွန်တော်ရတဲ့ လူ့ဘ၀ခဏလေးဟာ
မလုံလောက်တော့
နောင်ဘ၀ သံသရာအထိ
စီးဆင်းနေတဲ့ မေတ္တာပင်လယ်
ပေးဆပ်ရမယ့် မေတ္တာပင်လယ်
အမေရဲ့ မေတ္တာပင်လယ် ။ ။
အမေ့အားဤကဗျာစုဖြင့် ရိုသေစွာကန်တော့ပါ၏။
လင်းနေလူ
.
မြင့်မိုရ်မေမေ
အမေ ..
၇၄ နှစ်ဆိုတဲ့အသက်
အခုပြန်ပြီးတွက်ချက်ကြည့်
လိုက်တော့
တတိယအရွယ်တောင်
ရောက်ခဲ့ပေါ့။
သည်တော့လည်း ...
ဇရာက၀ါးမျို
ဗျာဓိဆိုတဲ့ ချောက်ကမ်းပါးထဲကို
ပြုတ်ကျ
ဟော ... ခုတော့
အမေ ခဏ ခဏ
ဆေးခန်းပြနေရပြီလေ ...
တားမရတဲ့ လက်ကြမ်း
ဆွဲရမ်းပြီးတော့ လှုပ်ကိုင်
ဘာမှ မတတ်နိုင်တာ မှန်ပေမယ့်
အံတုချင်တာကတော့
တကယ်ပါပဲ။
မသဲမကွဲဝိုးတ၀ါး
ဆောင်းညချမ်းများက ပုံပြင်တွေ
သား ... ရင်မှာ
ဝေနေလေရဲ့ ...။
ပုပ္ပါးလိုတောင်ကလပ်
ဝါးတစ်လုံးလို ထောင်မတ်နေတဲ့
တောင်ခြေမှာ
ရွာတစ်ရွာ တည်ထား
အမေ့ရဲ့ချစ်လှစွာသော သားကို
ဥာဏ်များတဲ့ ငှက်ကျားက သုတ်ချီ
တောင်ပေါ်ဆီရောက်မှ ပစ်ချ
ငိုနေတဲ့ လူတွေကြား
အမေ့ရင်တွေ ကွဲသွားတာပေါ့
သွားပေတော့ ကလေးရေ
ဝေသီ မြင့်မတ်တဲ့ တောင်ကလပ်
ဘယ်သူတက်လို့မှ မရခဲ့တာ
မင်းကြမ္မာဖန်လာတဲ့အတိုင်း
အဲဒါဟာ
မင်းသင်္ချိုင်းပေါ့ ... လို့
စိတ်အားလျော့ ငိုနေကြတုန်းမှာ
"ဗြုန်း"ဆို အမေအိုရဲ့လက်
မြင့်မတ်တဲ့ တောင်ပေါ်ကို
ဖက်တက်
သွေးစက်စက်ယိုကျ
ဟိုဟိုဒီဒီက တားနေကြခိုက်မှာပဲ
အမေ့ရဲ့ အသည်းကို ဖက်နဲ့လိပ်
ဒီလိုနဲ့
တောင်ထိပ်ကို ရောက်ပါရောတဲ့
မတ်စောက်တဲ့တောင်ကမ်းပါးယံကနေ
အပြန်မှာ ဇောက်ထိုးဆင်း
ကျောရင်းမှာ သားကိုချီ
နေရီရီ အမှောင်မတိမ်းခင်မှာ
တောင်ထိပ်က ဆင်းလာတဲ့အမေ
လူ့ပြည်ကို ပြန်မှရောက်ပါ့မလား။
အမေဆိုတဲ့ အားမာန်
ကျားကန်လို့ ဇွတ်နင်း
ဟိုး ... အသောက ဘုရင်မင်းဆီကိုတောင်
သားအတွက် လက်စားချေ
" သေစားသေစေရမယ်" ရယ်လို့
ကြွေးတောင်း
ခေါင်းတစ်ခေါင်းဖြတ်ချိန်ကျပါမှ
ကိုယ့်ရင်ဝ ကိုယ်ပြန်သွင်း
" သားအရင်းသေရရှာတဲ့ အမေတွေ
ထပ်လို့လေ မငိုကြပါစေန့တော့တဲ့
သေရတော့မှာကိုတောင်
မကြောက်အား
ဟိမ၀န္တာ တောဖျားက သားကို
သွားတားရဲ့တဲ့ သတ္တိခဲအမေ
"မန္တာနီ"လို့
ခေါ်ပါသတဲ့ အမေရေ
ရင်ကိုခွဲလို့ အသည်းကိုချွေ
လူ့ပြည် လူ့ရပ်ကို ပြေးတဲ့သား
တား ... မရတဲ့ကြားထဲကပဲ
ရင်ကွဲခံပြီး မန္တန်ပေး
မြစ်ကလေးဘေးမှာပေါ့။
အမေရေ
အမေရဲ့ မေတ္တာဓာတ်တွေ
လွှမ်းပတ်
ဟောဒီပုံပြင်ဇာတ်တွေ
ပြန်ဖတ်ရင်း
အမေ့ခြေရင်းမျာ ဆုပန်သ
မေတ္တာသံ ချိုမြမြနဲ့
သား ... ဦးချကန်တော့လိုက်ပါတယ် အမေ။
ကိုးဘွဲ့ရဆရာတော်
အရှင်အာစာရာလင်္ကာရ
မေတ္တာမိုးမြေ အို အမေ
ဇူလိုင် ၁၉ ရဲ့
မျက်ရည်မိုးနှင့်အတူ
လောကထဲကို ထိုးဖောက်
အတင်းဝင်ရောက်ပြီး
ကြုံးဝါးလိုက်ပုံက အူဝဲ ... အူဝဲ
ဒီအချိန်မှာပဲ
ဘ၀ကို မတ်မတ်လျှောက်
အားအင်တွေရောက်ဖို့
အမေ့ရဲ့နို့ချို
အားဖြည့်အချိုရည်ကို သောက်ခဲ့ရ။
ဘယ်သူတွေလဲ
ဘယ်ကကောင်တွေလဲ
သောင်းကျန်းလိုက်တာ
ကိုယ့်ကိုကိုယ်မှ မကာကွယ်နိုင်သေးတဲ့ ငါ့ကို
သွေးစုပ်ဖို့တာစူ
အလစ်ချောင်းတိုက်ခိုက်
အသည်းခိုက်အောင် နာကျင်တော့
အမေ့ရဲ့လက်ဟာ
ယာဉ်ထိန်းရဲရဲ့ လက်လို အဖိုးတန်ခဲ့။
အမလေးဗျ
ဗိုက်ထဲကနာလိုက်တာ ... နာလိုက်တာ
ပြောစရာ ဘာသာစကား မတတ်သေးတော့
ကလေးသုံး ဘာသာစကားနဲ့ပဲ
ငိုသံကို အသုံးချ
ဝေဒနာကိုဖွင့်ထုတ်
မေမေ့ရဲ့အသိကို လှုပ်နိုးလိုက်တော့
ကဗျာကယာနဲ့
ကမ္ဘာကို ကိုင်လှုပ်မယ့်လက်က
အလင်းရဲ့အလျင်နှုန်းနဲ့အတူ
ဖျတ်ကနဲရောက်
ပခုံးပေါ် ဗိုက်မှောက်ပြီး
ခြေညောင်းအောင် လမ်းလျှောက်
ဝေဒနာပျောက်အောင်
ဖျောက်ပေးခဲ့တဲ့ ... အမေ ။
ဒီလိုနဲ့
ကမ္ဘာ့ဆွဲအားကိုဆန့်ကျင်
လက်နှစ်ဖက်မြှောက်
ခြေထောက်နှစ်ချောင်းကိုအားပြု
မြေကြီးကိုအန်တုဖို့
ဘေးကနေအားပေး
မေမေ့ရဲ့တေးဟာ
ရပ်နိုင်ပေ့ ရပ်နိုင်ပေ့။
ဒီလိုနဲ့ တွက်စစ်
အသက်က ငါးနှစ်
အသိဥာဏ်ရှာဖို့
ကျောင်းတော်ကိုတဲ့ လိုက်မယ်ပြင်
ငိုပွဲတွေဆင်တော့
မျက်ရည်ကိုသုတ် နှပ်ကိုသုတ်ပြီး
ဆရာမလက်ကိုအပ်
ပညာတတ်ဖြစ်စေဖို့တဲ့။
ဒီလိုနဲ့
ကျောင်းတော်ရဲ့ ရင်ခွင်နွေးနွေးထဲမှာ
ဘ၀ရေပြာမှာ အလှရွှေကြာတွေတင့်စေဖို့
ဘ၀ဇာတ်ခုံမှာ အလှဇာတ်ခုံတွေခင်းနိုင်ဖို့
ပြုံးချိုနေတဲ့မျက်နှာ
ယုယတဲ့လက်အစုံတွေကြား
မမောမပန်းနဲ့
ပညာစခန်းကိုလျှောက်
အကြင်နာပန်းတွေကောက်ရင်း
လူ့ဘ၀လမ်းမှာ
မင်းဖြောင့်ဖြောင့် လျှောက်ပေတော့လို့
အမိတက္ကသိုလ်က
အသိအမှတ်ပြုဘွဲ့တစ်ခုကို ရင်မှာပိုက်
အမေ့ရင်ခွင်ကို ပြေးအ၀င်
မေမေက ပီတိတွေရွှင်လို့။
ခုတော့လဲ အမေရယ်
အေးမြတဲ့ အမေ့ရင်ခွင်ကပြေးထွက်
ရင်ခွင်သစ်ကို ခိုလှုံ
သားသမီးအစုံနဲ့ ဘ၀ရေး
ဖြည့်တင်းဖို့ အားထုတ်
အမေ့ရုပ်တောင် အာရုံထဲမှုန်ဝါးခဲ့ပေါ့။
ဒါကြောင့်
ကြွေးသစ်ကိုရင်မှာအပ်
ကြွေးဟောင်းကိုဆပ်ဖို့
တစ်နှစ်ကိုနှစ်ခေါက်
ရွာကို အရောက်ပြန်ခဲ့တော့
သားကိုလှိုက်လှဲတဲ့အပြုံးနဲ့ ကြိုဆို
မြေးကိုကြင်နာတဲ့ လက်အစုံနဲ့ထွေးပွေ့။
ဝမ်းသာရွှင်လန်း
သံယောဇဉ်ကလဲ လန်းတုန်းပါလား ... အမေ။
နောက်ဆုံးတော့
ဘ၀ပင်လယ်ကို
တက်အချောင်း ၇၀ ကျော်နဲ့လှော်ခေတ်နေတဲ့
အမေ့ရဲ့ဆန္ဒ
သားဆီက ငွေမမျှော် ပစ္စည်းမမျှော်
လောကအကျိုးကို သယ်ပိုးဖို့
အမေပေးတဲ့ အသက်နဲ့
ကျောင်းကပေးတဲ့ ပညာရေးကိုအသုံးချ
ဖြောင့်မတ်မှန်ကန် စိတ်ထားမှန်နဲ့
ဘ၀လမ်းကိုလျှောက် ... ဆိုတဲ့
အမေ့စကားကို နှလုံးသွင်း
တပည့်တွေရဲ့ ပညာပန်းခင်းကို
ဥယျာဉ်မှူးအဖြစ် တာဝန်ယူ
ရောင်စုံဖူးပွင့်ဖို့ ရေစင်တွေဖျန်း
လူဘ၀လမ်းကို လျှောက်ရင်း
အမေ့ဆန္ဒတွေ ပြည့်ဝဖို့
အဓိဋ္ဌာန်ပြုလုပ်ပါတယ် အမေရယ် ... ။
အသက်(၇၀)ကျော် အမေသို့
ဇာနည် (ဧရာဝတီ-မြန်မာစာ)
A Mother
(A tribute to all mother)
Even before her child is born
With love and care, she'd adorn
The unborn child her womb within
Her life, her blood, her tiny being.
When she sees her newborn baby
It makes her world full and happy,
With deepest love, she would enfold
The Little one becomes her world.
Though there be many, a new one
Is still and always so welcome,
Be it a girl or be it a boy
Each new child brings more joy.
For just he children, she is living
She enjoys the joy of giving,
Her children's misdeeds she'll forgive
And all she has, she'll always give.
As around her, her children huddle
In her bosom she all would cuddle,
Care and affection she will show
And watch her tiny offsprings grow.
Love is written on her face
Enhanced with serenity and grace
True to her family, sweet and tender
Giving all her heart can offer.
For black sheep of the family
She will have even more pity
To disown him she will never try
Bur for him, she'd be ready to die.
Whatever we do, she will endure
No matter what she has to suffer,
With love light her face will beam
That love of hers is evergreen.
Nang Myint Myint Lwin
.
လခွိုင်စီ ခေါက်ဆွဲ
2 weeks ago
No comments:
Post a Comment