စိတ်ပိုးစားတာ လူ
စိုးဘာဒိုင်
စိုးဘာဒိုင်
ကျော်ဝေယံ သည် တိရစ္ဆာန်ကလေးတွေကို ချစ်တတ်သူဖြစ်သည်။ ယခု ပြောင်းရွှေ့လာသည့်အိမ်သို့ သူ၏ ခွေးကလေးသုံးကောင် နှင့် ကြောင်ကလေးတစ်ကောင် ကို သူနှင့်အတူ ပြောင်းရွှေ့ခေါ်လာခဲ့သည်။ တကယ်တော့ ထိုခွေးကလေးသုံးကောင်နှင့် ကြောင်ကလေးတို့ဟာ သူယခင်နေခဲ့သည့်အိမ်တွင် ၀င်ထွက် စားသောက် နေသည့် ပိုင်ရှင်မဲ့တွေဖြစ်သည်။ ခွေးကလေးသုံးကောင်က လမ်းဘေးခွေးတွေ ဖြစ်သလို ကြောင်ကလေး ကလည်း ဘယ်သူ့အိမ်ကမှ မွေးထားတာမဟုတ်ဘဲ တစ်အိမ်တက်ဆင်း ကျွေးတာ စားနေသည့် ကြောင်ဖြစ်သည်။
ယခုအိမ် ကို မပြောင်းမီတစ်ရက်အလိုတွင် ခွေးသုံးကောင်နှင့် ကြောင် ကို ဖမ်းထားလိုက်ပြီး လှောင်ထား ခဲ့သည်။ ပိုင်ရှင်မဲ့တိရစ္ဆာန်လေးကောင် သည် ယခုအိမ်ကို ရောက်ချိန်မှာတော့ ကျော်ဝေယံပိုင်ဖြစ်သွား သလို ထိုတိရစ္ဆာန်လေးကောင် ကလည်း သခင်ပိုင်ရသွားခဲ့ခြင်းဖြစ်သည်။
ကျော်ဝေယံ ၏ အိမ်ထောင့်လမ်းဘက်တွင် မာလကာပင်တစ်ပင်ရှိသည်။ ထို အလေ့ကျ ပေါက်နေသည့် မာလကာပင် မှာ အသီးကောင်းကောင်းသီးပြီး အလုံးကလည်း လှသည်ကို တွေ့ရသည်။ သူပြောင်းရွေ့ လာချိန် တွင် မာလကာသီးတွေ တော်တော်ကလေးထွားနေပြီဖြစ်သည်။.
မာလကာပင် ပေါ်တွင် ငှက်ကလေးတွေ၊ ရှဥ့်တွေ ပြေးလွှားထိုးဆိတ်ကိုက်ဖဲ့စားသောက်နေကြသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံ ရှဉ့်နှင့်ငှက်တွေ ရန်ဖြစ်နေကြသည်ကိုလည်း တွေ့ရတတ်သည်။ ငှက်တွေ က ရှဥ့်တွေ ကို လိုက်လံထိုးဆိတ်နေကြသည်။ ရှဥ့်ကို ၀ိုင်းထိုးဆိတ်နေချိန်မှာတော့ ငှက်တွေက စည်းလုံး ကြသည်။
ရှဥ့်မရှိသည့်အချိန်မှာတော့ သူတို့အချင်းချင်း ထိုးဆိတ် လုယက်နေတတ်ကြသည်။ ကြောင်ကလေးက ထိုငှက် တွေကို အပင်အောက်ကနေ သွားသွားချောင်းသည်။ ရှဥ့်တွေကလည်း သူတို့အချင်းချင်း ကိုက်ကြ၊ ရန်ဖြစ်ကြ နှင့် မာလကာသီး ကို လုယက်နေကြသည်။ ထိုရှဥ့်တွေကိုလည်း ကြောင်က အပင် ပေါ်မော့ကြည့်ပြီး ချောင်း နေတတ်သည်။
ငှက်ကလေး တွေ က သတ်ရင်းပုတ်ရင်း ထိုးဆိတ်ရင်း မြေပေါ်ထိရောက်လာကာ မြေပေါ်မှာပါ သတ် ပုတ် ထိုးဆိတ် ကြသည်။ ထိုအချန်မျိုးတွင် ချောင်းနေသည့်ကြောင်က လိုက်ဖမ်းသည်။ ငှက်တွေက သူတို့ရန်ပွဲ ကို ရပ်ကာ ပြန်ပြေးကြသည်။
ရှဥ့်တွေကကျတော့ လုံးထွေးသတ်ပုတ်ရင်း မာလကာပင်ပေါ်ကနေ ဘုတ်ခနဲ ပြုတ်ပြုတ်ကျလာတတ် ရာ ကြောင်က လိုက်ခုန်အုပ်သည်။ ခွေးသုံးကောင်ကတော့ သူတို့ကို တွေ့ရာနေရာတွင် လိုက်သည်။ ခွေး လိုက်တော့ လည်း ကြောင်ရော၊ ရှဥ့်ရော၊ ငှက်ရော ပြေးကြရသည်။
ကျော်ဝေယံ ကတော့ ထိုမြင်ကွင်းတွေ ကို မကြာခဏ ဆို သလို မြင်မြင်နေရသည်။ ခွေးတွေ၊ ကြောင်တွေ ကို မကြာခဏဆိုသလို မြင်မြင်နေရသည်။ ခွေးတွေ၊ ကြောင်တွေကို သူကဟန့်တားခြင်း၊ အိမ်က ကြောင် လိုပင် ဘယ်ကရောက်လာ မှန်းမသိသည့် ကြောင်နှစ်ကောင်လည်းရှိသည်။ ထို ကြောင် နှစ်ကောင်က ယခင်က နေခဲ့သည့် လူတွေရှိကတည်းက လာနေကျဖြစ်ဟန်တူသည်။
ယခုအခါ အတည်တကျနေသည့် ကြောင်တစ်ကောင်ရောက်လာတော့ သူတို့အတွက်တော့ စား သောက်စရာ နေရာ တစ်နေရာ ပျောက်သွားသလို ဖြစ်သည်။ အသစ်ရောက်လာသည့် ကြောင်ကို သူတို့ နှစ်ကောင် က ရန်ရှာဖို့ချောင်းနေကြသည်။ ကျော်ဝေယံက အိမ်တွင်နေသည့်အချိန်များတော့ သူတို့အ တွက် အခွင့်အလမ်းတွေက နည်းနေသည်။
ညဘက်ဆိုလျှင်တော့ ထိုကြောင်နှစ်ကောင်က အိမ်ကကြောင်ကို လာချောင်းရင်း ကိုက်နေကြသည်မှာ ခေါင်မိုးပေါ် တွင် ဗြောင်းဆန်နေလေသည်။ ထိုကြောင်နှစ်ကောင်ကို လှန့်ရ၊ မောင်းရတာကပင် သူ့တွင် အလုပ်ပို တစ်ခု ရနေလေသည်။
ကျော်ဝေယံ ၏ ခြံနှင့် ကပ်လျက်တိုက်သည် မာလကာပင်ကိုင်းများ အိမ်ထဲရောက်နေသည့်တိုက် ဖြစ် သည်။ မာလကာကိုင်းများကလည်း လမ်းပေါ်တွင် သုံးပုံတစ်ပုံလောက်ရှိပြီး ကျန်သုံးပုံနှစ်ပုံက ကျော်ဝေယံ ၏ ခြံဘက်တွင် ကျနေသည့်ကိုင်းတွေက ပိုများပြီး မာလကာသီးတွေကလည်း ပိုများသည်။
ထိုခြံထဲ မှ လူတွေက မာလကာသီးတွေကို ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်တွေကို လိုက်စွပ်နေကြ သည် ကို တွေ့ရသည်။ တစ်ရက် ကတော့ သူ့ခြံဝင်း ထဲ အထိဝင်လာပြီုး သူ့ခြံထဲကျနေသည့် ကိုင်းက မာလ ကာသီး တွေကို အိတ်လာစွပ်ကြသည်။ ခွေးခြေ တွေ၊ ထိုင်ခုံတွေမလာပြီး စွပ်ကြသည်။ အကိုင်းဆွဲချပေး သူပေး၊ စွပ်သူကစွပ်နှင့် အလုပ်ရှူပ်နေကြသည်။
ကျော်ဝေယံက ၀ါးပက်လက်ကုလားထိုင်တွင်ထိုင်ကာ မဂ္ဂဇင်းဖတ်ရင်း သူတို့်လုပ်နေတာကို ကြည့်နေ သည်။ သူတို့်ကတော့ သူတို့်ခြံ၊ သူတို့ဝင်းထဲတွင် လုပ်နေသလိုကို စိတ်ကြိုက်လုပ်နေကြသည်။ ယခုလို ခြံထဲဝင်လာပြီး လုပ်ကိုင်နေတာနှင့် ပတ်သက်ပြီး သူ့ကိုတော့ ခွင့်တောင်းဖို့ကောင်းသည့်ဟု ကျော်ဝေယံက သူတို့်ုကိုကြည့်ပြီး တွေးနေသည်။
သည်ခြံကိုပြောင်းလာတာကလည်း ရက်ပိုင်းပဲရှိသေးတာဆိုတော့ ပတ်ဝန်းကျင်နှင့် သင့်မြတ်အောင်နေ ရမည်ဟုတွေးကာ သူထိုင်ကြည့်နေလိုက်သည်။ သူတို့်ကတော့ သူတို့်လုပ်စရာရှိတာလုပ်ပြီးသည်နှင့် သူတို့ခြံဘက် ကို ကူးသွားကြလေသည်။ သူ့ဘက်လှမ်းကြည့်နှုတ်ဆက်ဖော်ပင် မရပေ။ ဘယ်လိုလူတွေ ပါလိမ့်ဟု သူ့စိတ်ထဲက ပြောနေမိသည်။
ယခု ရပ်ကွက်ကလေးက ကိုယ့်ဝင်း၊ ကိုယ့်ခြံနှင့် သီးသီး၊ သန့်သန့််ကလေးတွေနေကြပြီး အေးဆေးငြိမ် သက် နေသည်ကိုတော့ ကျော်ဝေယံ သဘောကျနေသည်။ သူက တစ်ပတ်လုံးနေမှ နှစ်ရက်သုံးရက် လောက်ပဲ အလုပ်လုပ်စရာရှိသူဆိုတော့ ကိုယ့်အိမ်မှာ အေးအေးဆေးဆေးနေရတာကိုပဲ သဘောကျ သည်။ စာဖတ်ချင်လျှင်ဖတ်၊ တီဗီကြည့်ချင်လျှင်ကြည့်၊ သီချင်းနားထောင်ချင်လျှင်နားထောင် နားနား နေနေ နေ၍ရသည်။
တစ်ဖက်ခြံကလူတွေကိုကြည့်ရသည်မှာ ကျော်ဝေယံ ငှား၊ နေသည့်အိမ်ကို အိမ်ငှားတွေတစ်ယောက် ပြီး တစ်ယောက် ရောက်ရောက်လာတော့ လူသစ်တွေကို တွေ့တွေ့နေရသဖြင့် ရိုးနေသည့်ပုံစံပေါက် သည်။ သူတို့ကတော့ ကိုယ်ပိုင်ဝန်း၊ ကိုယ်ပိုင်အိမ် ဖြစ်ဟန်တူသည်။ လူသစ်တွေ၊ လူငှားတွေရောက် ရောက်လာ ဆက်ဆံပြီး ပြန်ထွက်သွားကြပြန်ဆိုတော့ သူတို့လည်း နည်းနည်းတော့ရိုးသွားပုံရသည်။
သူတို့ခြံဘက်ကျနေသည့်အကိုင်းက မာလကာသီးတွေကိုလည်း သူတို့က အိပ်စွပ်ထားကြသည်။ အိတ်တွေ စွပ်ထားတော့ ငှက်တွေက ထိုအိတ်တွေကို ထိုးဖောက်ဆိတ်ဖဲ့ပြီး မာလကာသီးကို စားကြ သည်။ ရှဥ့်တွေ ကလည်း အိတ်တွေကို ကိုက်ဖဲ့ပြီးစားကြသည်။ တစ်ခါတစ်ရံ ထိုအိမ်ကလူတွေက ငှက်တွေ၊ ရှဥ့်တွေကို မောင်းလှန့် နေကြသည်ကိုလည်း တွေ့ရသည်။
သူတို့်အိမ်တွင် လူခြောက်ယောက်၊ ခုနှစ်ယောက်လောက်ရှိရာ လူသုံးယောက်လောက်ကတော့ အိမ်မှာ အမြဲ ရှိသည်။ ကျောင်းသားတစ်ယောက်၊ ကျောင်းသူကလေးတစ်ယောက် ရှိသည်။ ထိုကလေးနှစ် ယောက်က ငှက်တွေ၊ ရှဥ့်တွေကို အမြဲလိုလိုမောင်းကြ၊ လှန့်ကြလုပ်နေတာကိုလည်း သူတွေ့ရသည်။ သူလည်း မပိုင်၊ ကိုယ်လည်းမပိုင် ၀င်းထရံအပြင်ဘက်တွင် ပေါက်နေသည့် မာလကာပင်က မာလကာ သီးတွေ ကို အိတ်နှင့်စွပ်ထားတာကိုတော့ ကျော်ဝေယံက စိတ်ထဲတွင် ဘ၀င်မကျဖြစ်နေသည်။
" ကိုယ်စိုက်ထားတဲ့အပင်လည်း မဟုတ်ဘူး။ ကိုယ့်ခြံထဲက အပင်လည်းမဟုတ်ဘူး။ ငှက်ကလေးတွေ၊ ရှဥ့်ကလေး တွေ စားနေကြတာ စားပစေပေါ့၊ ဘာလို့ တွန့်တိုနေတာလဲမသိဘူး"
ကျော်ဝေယံ တပည့်က တစ်ဖက်ခြံကလူတွေကိုကြည့်ပြီး မှတ်ချက်ချသည်။
"သူတို့် စားချင်ရင်လည်း သူတို့ခြံဘက်ကျနေတဲ့ကိုင်းက ခူးစားပေါ့ ဆရာ၊ သူများခြံထဲထိဝင်လာပြီး ပိုင်စိုး ပိုင်နင်း အိတ်လာစွပ်တာကတော့ မကောင်းဘူး၊ ဒါ သူတို့် မာလကာသီးလို့ မပြောရုံပဲ"
"ထားလိုက်ပါကွာ၊ လောလောဆယ် ငါတို့်က ဧည့်သည်တွေပဲ၊ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေသွားဖို့လိုတယ်၊ အိမ်နီးနားချင်းဆိုတာ ရန်နည်းလေကောင်းလေပဲ"
ကျော်ဝေယံတပည့်က ဘာမှစောဒကမတက်တော့ဘဲ သူလုပ်စရာရှိတာကိုပဲ ဆက်လုပ်နေလိုက်တော့ သည်။ မျက်လုံးကတော့ တစ်ခါတစ်ရံ မာလကာပင်ပေါ်ကို ရောက်ရောက်သွားသည်ကို ကျော်ဝေယံ သတိပြုမိသည်။ သူ့တပည့်ကလည်း မာလကာသီးတွေကို သဘောကျနေပုံရလေသည်။
တစ်ဖက်ခြံကတိုက်တွင် သစ်သားဖြင့်ရိုက်ထားသည့် စာကလေးအိမ်တွေကို တွေ့ရသည်။ စာကလေး တွေကလည်း ၀င်ထွက်နေကြသည်။ ထိုစာကလေးတွေက လှန်းထားသည့် မျက်နှာသုတ်ပုဝါမှ ချည် ဖောင်းလေးတွေ ကို ထိုးဆွရင်းထုတ်ကာ သူတို့အသိုက်တွေဆီ ချီချီသွားတာကို ကျော်ဝေယံ မြင်နေ သည်။ မျက်နှာသုတ်ပုဝါတွေက သူတို့်ဆွဲထုတ်ထားသည့် ချည်စတိုးလိုးတန်းလန်းတွေဖြင့် ပွနေသည်။
"ဒီစာကလေးတွေ ကလည်း မလွယ်ဘူးဆရာ၊ မျက်နှာသုတ်ပုဝါတွေဆိုရင် အကုန်ပွနေပြီ၊ စာကလေး တွေ ထိုးဆွယူယူသွားကြတာ၊ သူတို့်အသိုက်ထဲ ထည့်နေကြတာ၊ တဘက်ကို အပြင်မှာတောင် မလှန်း ရဲလ တော့ဘူး၊ ကြာရင် လက်သုတ်ဖတ်လို ပွကုန်တော့မယ်"
ကျော်ဝေယံတပည့်က ချည်တွေတန်းလန်းထွက်နေည့် တဘက်ကိုပြကာ ပြောနေသည်။ သူက ပြုံး၍ သာ နေလိုက်သည်။
'ဘက်ကရှဥ့်တွေက အရင်နေရာက ရှဥ့်တွေထက် ဆိုးတယ်ဆရာ၊ ဘုရားစင်ပေါ်က ပန်းတွေလည်း လာ ကိုက်ဖြတ်ကြတာပဲ၊ စားတာလည်း မဟုတ်ဘူး၊ သက်သက်ဖျက်လိုဖျက်ဆီးလုပ်နေကြတာ၊ ပြတင်း ပေါက် တွေတောင် မဖွင့်ရဲဘူး၊ ဒီကောင်တွေ သောင်းကျန်းလွန်းလို့'
ရှဥ့်တွေကလည်း သူ့တပည့်ပြောသလိုပင် ပန်းတွေကို ကိုက်ဖြတ်နေကြလေရာ ပန်းက တစ်ရက်တစ်ခါ အသစ် တင်တင် နေရသည်။ ပန်းပွင့်တွေကို ကိုက်ဖြတ်ပြီး အရိုးတံတွေကို သယ်သွားကာ သူတို့အသိုက် ကို မွမ်းမံနေကြာတာကို ကျော်ဝေယံက လိုက်ကြည့်ရင်းတွေ့ရသည်။ ကျော်ဝေယံတို့၏ခြံဝင်းထဲတွင် ထနောင်းပင်ကြီး တစ်ပင်၊ မန်ကျည်းပင်တစ်ပင်ရှိလေရာ ထိုအပင်ကြီးများပေါ်တွင် ရှဥ့်တွေက အသိုက် ဆောက် နေကြသည်ကို တွေ့ရသည်။
' ပန်းရိုးတံတွေနဲ့ အသိုက်ဆောက်နေကြတာကွ'
' အသိုက်ဆောက်စရာရှားလို့ ဆရာရယ်၊ မကျည်းပင်တွေ၊ ထနောင်းပင်တွေ ရှိနေတာပဲ၊ အဲဒါတွေနဲ့ လည်း ဆောက် လို့ ရတာပဲဟာ၊ ပန်းမှ လာကိုက်ရတယ်လို့ '
' တိရစ္ဆာန်ပဲကွာ၊ ဒါတွေ ဘယ်သိပါ့မလဲ၊ သူတို့်အတွက် အဆင်ပြေတာပဲ ကြည့်ရမှပေါ့၊ တချို့လူတွေ တောင်မှ ကိုယ့်အတွက်ပဲ ကြည့်တာတွေ ရှိနေတာကွ၊ တိရစ္ဆာန်က လူလောက်ဥာဏ်အသိရှိတာမှ မဟုတ်တာ၊ သူတို့်အတွက်ကတော့ သူတို့်မြင်လေရာတွေ့လေရာ သူတို့်ယူလို့ရတာပဲပေါ့၊ သူတို့်က ဒီလိုပဲ နေလာ၊ ရှင်သန်လာကြတာကိုးကွ၊ သူ့စည်းကိုယ့်စည်းဆိုတာ တိရစ္ဆာန်က ဘယ်သိပါ့မလဲ။ တိရစ္ဆာန်လိုပဲ မသိတဲ့ လူတွေတောင် ရှိနေတာပဲကွ '
' ဆရာပြောတာလည်း ဟုတ်တာပဲ၊ တိရစ္ဆာန်လောက်ပဲ သိတဲ့လူတွေကလည်း ရှိသေးတာပဲ '
တိရစ္ဆာန်လောက် မသိတဲ့လူတွေလည်း ရှိတာပဲကွ၊ တိရစ္ဆာန်က တရားတာတွေ၊ မတရားတာတွေ မသိ ဘူး၊ ဖျက်လိုဖျက်ဆီးလုပ်နေတာလို့လည်း သိတာမဟုတ်ဘူး၊ သဘာဝတရားကြီးက သူတို့်အတွက်ပေး ထားတာ လို့ ပဲ သိမှာပေါ့၊ ခုကြည့်ကွာ၊ စာကလေးတွေက သူတို့အိမ်ကလေးထဲ ခင်းဖို့်တဘက်က ချည်မွှေးတွေကို ထုတ်ယူတယ်၊ ရှဥ့်တွေကလည်း သူတို့်အသိုက်ဆောက်ဖို့် ပန်းရိုးတံတွေကို ကိုက်ယူ တယ်၊ ဒါကလည်း သူတို့်အိမ်ကလေးအတွက် လုံလောက်သွားရင် သူတို့်ရပ်သွားမှာပဲ၊ လူတွေကျတော့ ဒီလိုမဟုတ်ဘူးကွ၊ လူတွေမှာက လောဘရှိတယ်၊ လုံလောက်ရုံနဲ့ မကျေနပ်ဘူး၊ ဒါကျတော့ တိရစ္ဆာန် က သာသွားရော၊ ဖျက်လိုဖျက်ဆီးဆိုတာက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး၊ ငါတို့ဘက်က ကြည့်လို့ သာဖျက်လိုဖျက်ဆီး ဖြစ်တာ ကိုးကွ '
တစ်ဖက်အိမ်က စာကလေးအိမ်တွေ လုပ်ပေးထားတာကိုကြည့်ပြီး သည်လူတွေကလည်း ငှက်ကလေး တွေ ကို ချစ်တတ်တာပဲဟု ကျော်ဝေယံ တွေးသည်။ ငှက်ကလေးတွေကို ချစ်တတ်၍ စာကလေးတွေ နေမည့်အိမ်ကလေးတွေ ချိတ်ဆွဲပေးထားသည့် သည်လူတွေက စာကလေးတွေ စား၍မရအောင် မာလကာသီး တွေကို အိတ်စွပ်ထားတာကျတော့ စိတ်ထဲတစ်မျိုးဖြစ်နေသည်။
ငှက်တွေ၊ ရှဥ့်တွေကတော့ သူတို့စွပ်ထားသည့် အိတ်တွေကို ထိုးဆိတ်၊ ကိုက်ဖဲ့ပြီးစားနေကြသည်ကို တွေ့ရသည်။ အပင်အောက်တွင် သူတို့ထိုးဆိတ်၊ ကိုက်ဖဲ့ထားသည့် မာလကာသီးကင်းတွေကို တွေ့ရသည်။ ထိုးဆိတ်ထားရုံ၊ ကိုက်ဖဲ့ထားရုံပဲရှိသည်။ သူတို့လည်း စားထားကြသည် မဟုတ်။ စား၍ လည်း အရသာ ရှိဦးမည် မဟုတ်ပေ။
' အိတ်စွပ်တာလည်း စွပ်တာပဲရှိတာ ဆရာ၊ အပင်အောက်မှာ ကိုက်ဖဲ့ထားတဲ့ မာလကာသီးတွေမှ ပြန့်ကျဲ နေတာပဲ၊ အိတ်တွေလည်း ထိုးဆိတ်ကိုက်ဖဲ့ထားကြတာ ပေါက်ပြဲလို့ '
' ဒါပေါ့ကွာ၊ သူတို့စားစရာကို သူတို့်ရှာစားကြတာပဲပေါ့၊ စားကောင်းတော့လည်း စား၊ စားမကောင်း တော့လည်း ကိုက်ဖဲ့ပစ်ပြီးထားလိုက်တာပေါ့၊ ငှက်နဲ့ရှဥ့် ဦးရာကောင် စားကြရတာကိုး၊ ငှက်ရော၊ ရှဥ့်ရော စားကြတာဆိုတော့ ဦးရာကောင်က စားရစတမ်းဖြစ်နေတာလေ၊ မဟုတ်ရင်း ငှက်ဆိုတဲ့ကောင် က စားလို့ ရတာကို ကိုက်ဖဲ့ထိုးဆိတ်စားတဲ့ကောင်ကွ၊ သရက်ပင်တွေ ကြည့်ပါလား၊ စိမ်းရင် မစားဘူး၊ ရှဥ့်ကျတော့ ဒီလိုမဟုတ်ဘူး၊ အစိမ်းလည်းစားတာပဲ၊ ဒီတော့ ငှက်ကလည်း မှည့်တာကို မစောင့်တော့ ဘူး၊ စားလို့ အရသာ ရှိတာ နဲ့ ထိုးဆိတ်စားရတော့တာကိုးကွ '
'ဟုတ်တယ်ဆရာ၊ ငှက်က အမှည့်ကိုပဲကြိုက်တာ၊ မာလကာသီးတွေက မှည့်ချိန်တောင် ရောက်မလာ တော့ဘူး၊ ရှဥ့်တွေက ကိုက်စားတော့ သူတို့်လည်း ကိုက်စားတဲ့သဘောပဲ၊ ဒါပေမဲ့ သီးကင်းတွေဆို တော့ စားလို့လည်း မရ၊ အောက်ကြွေသွားတော့ အလဟဿဖြစ်ရတော့တာပဲ မဟုတ်လား '
' တိရစ္ဆာန်ကိုးကွ၊ ဘယ်သိပါ့မလဲ၊ တချို့လူတွေတောင် တိရစ္ဆာန်လောက်ပဲ သိတာရှိသေးတာပဲ၊ လက်ဦးမှု ယူကြတာနဲ့ပဲ စံချိန်မီ မရတော့တာတွေ အများကြီးပဲ၊ မမှည့်သေးတဲ့ သရက်သီးဆေးထိုးပြီး မှည့်ခိုင်းလို့ခိုင်း၊ မရင့်သေးတဲ့ သစ်ပင်တွေခုတ်ပြီး သစ်လုပ်လို့လုပ်၊ စောင့်ဦးမဲ့ ရတနာတွေ တူးလို့တူး နဲ့ စံချိန်မမီတာတွေ ဖြစ်ကြ ရတယ်၊ ကြီးရဦးမဲ့ငါးလည်း မကြီးနိုင်တော့၊ ထွားရဦးမဲ့ပုဇွန်လည်း မထွားနိုင် တော့တာတွေ ငါတို့တွေ့နေ၊ မြင်နေရတာပဲကွာ၊ ဒါကြောင့်လည်း ရှေးလူကြီးတွေက ဘူးသီးနုနု မခူးရ လို့ပြောတာ၊ ဘူးသီး ဆိုတာ နုမှစား လို့ ရတာပဲကွာ၊ ဒါပေမဲ့ သီးကင်းလောက်နုတာတွေ ခူးစားတော့ ဘာဖြစ်မလဲ မင်းပဲ စဉ်းစားကြည့် လေကွာ၊ အပြိုင်အဆိုင်ရှိလာရင် လက်ဦးဖို့လိုတယ်မဟုတ်လား၊ လက်ဦးမှုယူကြရင်းနဲ့ မူလတန်ဖိုး တွေ လျော့သွားတာပဲ '
ကျော်ဝေယံ တို့ စကားကောင်းနေစဉ်မှာပင် တစ်ဖက်ခြံမှ လှုပ်ရှားမှုတစ်ခုကို သူတို့တွေ့လိုက်ရလေ သည်။ အိတ်စွပ် ထားသည့် မာလကာသီးတွေကို တစ်လုံးချင်းလိုက်စစ်ကာ မှည့်လုမှည့်ခင်ဝမ်းပျဉ်းတွေ ကို အိတ်ဖွင့်ပေးနေသည်ကို တွေ့ရသည်။ စိမ်းဝါနုရောင်သမ်းနေသည့် မာလကာသီးတွေက စားလို့ ကောင်းသည့် အနေအထား ကို ရောက်နေသည်။
'မာလကာသီး တွေ ခူးတော့မယ်နဲ့တူတယ်ဆရာ၊ ကျွန်တော်တို့်လည်း ကျွန်တော်တို့ဘက်ကျနေတဲ့ကိုင်း က အသီး တွေ စစ်ပြီးခူးမှနဲ့တူတယ် '
'အိတ်တွေ က သူတို့လာစွပ်ထားတာလေကွာ'
' သူတို့လာစွပ်တာလည်း လာစွပ်တာပေါ့ဆရာ၊ ကျွန်တော်တို့လည်း ရသင့်တာပေါ့'
' စောင့်ကြည့်လိုက်ပါဦးကွာ'
စားလို့ရသည့် မာလကာသီးတွေကကို အိတ်စွပ်ဖယ်လိုက်ပြီးနောက် မခူးဘဲ အပင်ပေါ်မှာ ချန်ထား လိုက်သည် ကို တွေ့ရသည်။အိတ်စွပ်ဖယ်လိုက်ပြီး အတော်ကလေးကြာတော့ မာလကာပင်တွေပေါ် တွင် ရှဥ့် နှင့် ငှက်တို့၏ လုယက်တိုက်ခိုက်စားသောက်နေကြသည်ကို ကျော်ဝေယံတို့ဆရာတပည့် ကြည့်နေကြ သည်။
တချို့အလုံးတွေက မြေကြီးပေါ်ထိ ပြုတ်ကျလာသည်။ ရှဥ့်တွေက အပင်ပေါ်မှာ ဆင်းပြေးလာပြီး မာလကာသီးကို လာချီသည်။ ငှက်တွေကလည်း ၀ိုင်းထိုးဆိတ်သည်။ မာလကာသီးကကြီးတော့ ရှဥ့်က လည်း ချီမပြေးနိုင်၊ ငှက်ကလည်း မသယ်နိုင်ပေ။ နေရာမှာပဲ စားသောက်နေကြရသည့်ငှက်နှင့်ရှဥ့် လုယက် စားသောက် နေရာကို ကြောင်ကပြေးလာပြီး ခုန်အုပ်သည်။ ရှဥ့်ကလည်း ထွက်ပြေး၊ ငှက်တွေ ကလည်း ပျံပြေး သည်။
ကြောင်က မာလကာသီးကု နမ်းကြည့်ပြီး အဝေးက စောင့်ကြည့်နေကြသည်။ ရှဥ့်နှင့်ငှက်တွေကို လှမ်း ကြည့်နေသည်။ ငှက်တွေက ကြောင်နားကပ်ကြည့်လိုက်၊ ပျံပြေးလိုက်လုပ်နေသည်။ ကြောင်ကလည်း လှမ်းခုန်အုပ်လိုက်၊ ထိုင်စောင့်လိုက်လုပ်နေသည်။
' ကြောင်ကလည်း မာလကာသီးစားတဲ့ကောင် မဟုတ်ဘူး၊ မာလကာသီးစားမဲ့ကောင်ကို စားချင်လို့ ချောင်း နေတာ၊ တွေ့တယ်မဟုတ်လား၊ ငါတို့လူတွေထဲမှာလည်း ဒါမျိုးတွေအများကြီးကွ'
' ကြီးနိုင်ငယ်ညှဉ်းပေါ့နော် ဆရာ '
'ဒီလိုလည်း ပြောလို့ရတာပေါ့ကွာ၊ သဘာဝကိုလည်း ကြည့်ရသေးတယ်ကွ၊ တချို့လူတွေက ကိုယ်နဲ့မ ဆိုင်တာ၊ ကိုယ်သုံးလို့မရတာကိုလည်း သိမ်းပိုက်ထားတတ်တယ်၊ ဒါကိုလိုချင်တဲ့ လူဆီကနေ တစ်ခုခု ပြန်ရချင်တာပေါ့ကွာ၊ သူသုံးလို့်မရတာ၊ ကိုယ်သုံးလို့ရတယ်၊ ကိုယ်သုံးလို့မရတာ သူသုံးလို့ရတယ်၊ တစ် ယောက်နဲ့တစ်ယောက် မျှတစွာနဲ့မှ သုံးနိုင်ရင် သူ့အတွက်လည်းကောင်း၊ ကိုယ်အတွက်လည်းကောင်း ပေါ့၊ ဒါပေမဲ့ ကိုယ်သုံးလို့ရတာကလည်း ကိုယ့်ထဲမှာ အလျှံပယ်၊ ကိုယ်သုံးလို့မရတာတွေကလည်း ကိုယ့်ထဲမှာ တပြုံတမကြီး မပေးဘူးဆိုတဲ့လူတွေကျတော့ မဟုတ်တော့ဘူးပေါ့ကွာ'
'ကြောင်ကလည်း ထိုင်စောင့်နေတာပဲ ဆရာ၊ ငှက်တွေနဲ့ရှဥ့်တွေကလည်း လက်မလျော့သေးဘူး '
' ဒီမာလကာသီးကို လုနေကြတဲ့ကောင်တွေကိုးကွ၊ အပင်ပေါ်မှုာ လုစားနေကြတာပဲ၊ ဒါက သဘာဝပဲ ကွ၊ သဘာဝထဲမှာ ရှင်သန်နိုင်အောင် ကြိုးစားကြရတာပဲပေါ့ကွာ'
'ကြောင်ခေါ်ပြီး ထမင်းကျွေးလိုက်ပါကွာ၊ ဒီရှဥ့်နဲ့ငှက်တွေကို သူလည်း ဖမ်းနိုင်မှာ မဟုတ်ပါဘူး၊ စားလို့ ရတဲ့ ကောင်တွေ စားကြပါစေ'
ကျော်ဝေယံမှာ ငှက်တွေဝိုင်းဆိတ်တာခံနေရသည့် ရှဥ့်ကိုသနားလာသည်။ သို့်သော်လည်း သဘာဝ အတိုင်း လွှတ်ထားလိုက်တာပဲကောင်းတယ်ဟု သူတွေးကာ ဆက်ကြည့်နေသည်။
'အစားတစ်လုတ် အတွက် သူတို့်မှာလည်း လွယ်တာမဟုတ်ဘူးဗျ၊ ကောင်းကောင်းစားရအောင်ဆိုပြီး မာလကာသီးတွေကို အိတ်စွပ်ပေးထားတာ၊ မဟုတ်ရင် သီးကင်းတွေကုန်ရောဗျ၊ စားလို့ရတဲ့အချိန် ဖွင့်ပေးလိုက်တော့ သူတို့်လည်း စားလို့ရတယ် မစားရတယ် ဆိုတာကတော့ သူတို့ကံပေါ့ဗျာ၊ တစ်ကောင်ချင်း ဖဲ့ကျွေးလို့ရတာလည်း မဟုတ်ဘူးလေ'
ကျော်ဝေယံ၏ ခြံထဲက အိတ်စွပ်တွေကို လိုက်စစ်ဆေးကာ ဖွင့်ပေးနေသည့် တစ်ဖက်ခြံကလူက သူ့ကို လှမ်းပြော လိုက်သဖြင့် ရှဥ့်ငှက်တို့ စစ်ပွဲကိုကြည့်နေသည့် ကျော်ဝေယံက လှည့်ကြည့်သည်။
' ခင်ဗျားစိတ်ကူးလေး ကောင်းပါတယ်၊ ကျွန်တော်ကတော့ ခင်ဗျားတို့စားချင်လို့ ငှက်မဆိတ်၊ ရှဥ့်မကိုက် အောင် အိတ်စွပ်တာလို့ ထင်တာဗျ၊ ဒါကျွန်တော်က ပွင့်ပွင့်လင်းလင်းပြောတာပါ '
'ဒါပေါ့ဗျာ၊ အစေ့ကလည်း နည်းတယ်၊ မွှေးလည်းမွေးတယ်၊ စားချင်စရာပဲ၊ တစ်ခါတလေတော့လည်း စားတယ် ပေါ့ဗျာ၊ ဒါပေမဲ့ ဒီနားတစ်ဝိုက်မှာ ရှဥ့်တွေ၊ ငှက်တွေစားနိုင်တဲ့အပင် နည်းတယ်ဗျ၊ ဒါကြောင့် ဒီကောင်တွေ အတွက် ထားလိုက်တာ၊
ဒီအပင်လေး သီးနေသရွှေ့သူတို့ စားစရာရနေတာပေါ့ဗျာ၊ အသီး လေးလို့ရတဲ့အဆင့်ထိတော့ အတတ်နိုင် ဆုံး ရောက်အောင်လုပ်ပေးတာပါ၊ ဒါလည်း စိတ်ချမ်းသာစရာ ကောင်းတယ်ဗျ၊ လုစားကြတာကတော့ ကိုယ်လည်း မတတ်နိုင်ဘူးလေ၊ ဖျန်ဖြေလို့ ရတဲ့ကိစ္စ မှ မဟုတ် တာ '
'ကျွန်တော်လည်း သူတို့သဘာဝအတိုင်းထားတာပဲ ကောင်းမယ်လို့် တွေးမိတာနဲ့ ကြည့်နေလိုက်တာပဲ'
'ကျွန်တော် တို့ ဖျန်ဖြေကြည့်မလား'
' ဘယ်လိုလုပ်မှာလဲ'
' ငှက်တွေက ဒီလောက်လိုက်ဆိတ်နေတာ၊ ဟိုကောင်တော်တော် နာရော့မယ်၊ ငှက်တွေကို ကျွန်တော် တို့ ၀ိုင်းမောင်း ပေးလိုက်ကြရအောင် ဒီကောင်တွေလည်း တော်တော်စားထားပြီးကြပြီပဲ'
' စမ်းကြည့်ကြတာပေါ့'
ကျော်ဝေယံနှင့်တစ်ဖက်အိမ်မှလူက သစ်ပင်နားကပ်သွားကြကာ သဲကြီးမဲကြီးလိုက်ဆိတ်နေကြသည့် ငှက်တွေကို လှန့််မောင်းလိုက်ကြသည်။ ငှက်တွေလည်း ထိတ်လန့်ကာ ပြန်ပြေးကြသည်။ ငှက်တွေလို ပင် ရှဥ့် ကလည်း ကြောက်လန့်ပြီး ကိုက်ထားသည့်မာလကာသီးကို ပစ်ချကာ ထနောင်းပင်ပေါ် တက် ပြေးသွားသည်။
'ကဲ ကျွန်တော်တို့်ကတော့ ဖျန်ဖြေလိုက်တာပဲဗျ၊ အကုန်ပြေးကြတာပဲ၊ မာလကာသီးလည်း အောက် ပြုတ်ကျ လာရော့ဗျာ '
'ကျွန်တော်တို့်ကသာ ဖျန်ဖြေတယ်လို့ တွက်တာကိုးဗျ၊ သူတို့်က ဖျန်ဖြေတယ်လို့ မထင်ဘူးလေ၊ အန္တရာယ်လို့ တွက်တာကိုးဗျ၊ ကျွန်တော်တို့က သူတို့ကို အန္တရာယ်ပြုတယ်လို့တွက်တော့ ထွက်ပြေးကြ တာပေါ့လေ၊ ခင်ဗျားပြောသလို ဖျန်ဖြေလို့လည်း မရဘူးဆိုတာဟုတ်တယ်'
' ဖျန်ဖြေတယ်ဆိုတာ ကိုယ့်အချင်းချင်း၊ နားလည်သူ အချင်းချင်း မှ ရတာ၊ လူကို လူကပဲ ဖျန်ဖြေလို့ရ တယ်၊ ရှဥ့် ကို ရှဥ့်ကပဲ ဖျန်ဖြေလို့ရတယ်။ ငှက် ကို ငှက်ကပဲ ဖျန်ဖြေလို့ရတယ်'
ဖျန်ဖြေတာ ပြေလည်ဖို့ က နားပေါက်ဖို့လိုတာကိုးဗျ၊ နားပေါက်တယ်ဆိုတာကလည်း စကားအမူအရာ နားလည်ရုံ နဲ့ မပြီးသေးဘူး၊ စကားအမူအရာ ကို သဘောပေါက် မှ တကယ်နားပေါက်တာ ....
ကျော်ဝေယံ အတွက် အိမ်နီးချင်းကောင်းတစ်ယောက် ရရှိလိုက်ပြီဟု သဘောပေါက်သွားသလို သူ့အိမ် နီးချင်း ကလည်း အိမ်နီးချင်းကောင်းတစ်ယောက် ရောက်လာတာပဲဟု သဘောပေါက်သွားပုံရသည်။ ကြည်နူး လွတ်လပ်စွာပြုံး ၍ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
စာရေးသူ - စိုးဘားဒိုင်
ပိတောက်ပွင့်သစ်
ဇူလိုင်- ၂ဝ၁၁
.
4 comments:
“အပြိုင်အဆိုင်ရှိလာရင် လက်ဦးဖို့လိုတယ်မဟုတ်လား၊ လက်ဦးမှုယူကြရင်းနဲ့ မူလတန်ဖိုး တွေ လျော့သွားတာပဲ ”..
' ဖျန်ဖြေတယ်ဆိုတာ ကိုယ့်အချင်းချင်း၊ နားလည်သူ အချင်းချင်း မှ ရတာ၊ လူကို လူကပဲ ဖျန်ဖြေလို့ရ တယ်၊ ရှဥ့် ကို ရှဥ့်ကပဲ ဖျန်ဖြေလို့ရတယ်။ ငှက် ကို ငှက်ကပဲ ဖျန်ဖြေလို့ရတယ်'..
မှတ်သားစရာတွေပါပဲ ။ ခုခေတ် အခြေအနေတွေ နဲ့ တထပ်ထည်း ကျ နေ ပါ့ လား.. နော်။
ကိုယ်လိုရာဆွဲတွေးပြီး အဓိပ္ပါယ် ဖေါ်ယူလိုက်ပါတယ် မရွှေစင် ရေ..
ခင်တဲ့
မကိ
အင်း..
ကျွန်တော်ကတော့  သည်ပို့ (စ)က
ဗမာပြည်( ကျွန်တော်တို့  ရွာကြီး ) ရဲ့ 
နိုင်ငံရေး အချေအနေကို မီးမောင်းထိုးပြတယ်လို့  မြင်တယ်။
အိပ်မပျော်လို့  စက်ဖွင့် ဖွင့် ချင်း
တွေ့ တာနဲ့  ဝင်ဖတ်လို့  မှားရင်လည်း
ကျွန်တော်ပဲပေါ့ နော်..။
ခင်တဲ့ 
အဖြေးလူ
ကိုယ်ပြေတာ ဖျန်ဖြေတာကို နားမလည်မှတော့ ဒီအတိုင်းထားပြီး `ဥပက္ခာပြုလိုက်ရတဲ့ သဘောဘဲထင်ပါရဲ့ အစ်မရေ..
အဲဒီလို အဖြစ်တွေလည်း ရှိသားနော်
ကျွန်တော်တို့ ရဲ့ ခေတ်ကို ထင်ဟတ်ပြနေတဲ့ ဝတ်တုလေးပါ သိပ်ကြိုက်ပါတယ် ကျေးဇူး အစ်မ
Post a Comment