Thursday, August 25, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၅၆)

ဦးငြိမ်းမောင် (ကျောက်စာ)
အာယုဝဍ္ဎနသြသဓ

ယနေ့အခါကာလ သမယတွင် အမေနေ့၊ "အမေ့ခြေရာ" ဟူသော အသံများကို ကြားလာရသည်။ မြင်တွေ့ သိရှိ လာရသည်။ ထို့ကြောင့် အလွန်တရာ ၀မ်းမြောက်ဝမ်းသာပီတိဖြစ်ရပါသည်။
အဘယ်ကြောင့်နည်း။
ထိုအကြောင်းကို ပြန်ပြောင်းထုတ်ဖော်ရလျှင် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်၊ ၆၀ မျှသို့ ညွှန်ပြ စတင်ရပါ လိမ့်မည်။ သို့သော် အတိတ်အကြောင်းကို မဆိုမီ ယနေ့ယခု မိမိဘ၀ ကို အရင်တင်ပြ မှ လျော်ကန်ပါလိမ့် မည်။

မိမိမှာ ၂၆.၁.၁၉ဝ၉ တွင် မွေးဖွားသဖြင့် ယခုအခါ ၉၂ နှစ်ပြည့်ကျော်၍ ၉၃ နှစ်အတွင်းသို့ ရောက်ရှိခဲ့ပါပြီ။ ယနေ့အချိန်အထိ သတိသမ္ပစဉ် မကင်းလွတ်ပဲ နေထိုင်စားသောက်နိုင်ပါသေးသည်။ သို့သော် မကြာမီမှာပင် ငြိမ်းတော့မည့် ဆီမီးတစ်တိုင် မှန်း မိမိဘာသာလည်း သိရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် ဤ အသက်အရွယ်တွင် အသိသတိ ရှိနေသေးချိန်ဝယ် နောင်လာနောက်သား အလိုရှိအပ်သူများအတွက် နည်းလမ်း ကောင်းလေး တစ်ခု ကို ပေးထားခဲ့၊ ထမ်းထားခဲ့၊ မျှထားခဲ့ချင်ပါသည်။

ဆေးသြသဓတို့ မှာ အချို့ကား ဖော်နည်းကားကိုပဲ ပေးကြ၏။ အချို့ကား ဆေးအမယ်တို့ကို ရှာဖွေပေါင်းရုံး ထောင်းထုကြိတ်ဖော် ပေးကြ၏။ အချို့ကား ကိုယ်တိုင် စားသုံး၍ ဆေး၏အကျိုးအာနိသင်ကိုပါ ပြဆိုကြ၏။ ကိုယ်တိုင် ကိုယ်ကျ ခံစားရရှိထားသော ပွဲတွေ့ဆေးမှာ စမ်းသပ်ပြီး သုတေသနပြုပြီး ဖြစ်သောကြောင့် ကျေးဇူး ကြီးလှ၏။ စွမ်းပကားကြီးလှ၏။

ဗုဒ္ဓမြတ်စွာသည် အင်္ဂုတ္တရနိကာယ် ဒုကနိပါတ်တော်၌ လောကတွင် သတ္တ၀ါတို့ စွန့်နိုင်ရန် ခက်ခဲသော အာသာနှစ်မျိုးရှိ၏။ ၁။ လာဘာသာ - ရလိုသော အာသာ၊ ၂။ ဇိဝိတာသာ= နေလိုသောအာသာဟူ၍ဖြစ်၏ ဟုပါရှိသည်။ မြတ်စွာဘုရားဟောပြတော်မူခဲ့သည့်အတိုင်း လူတို့သည်လည်း နေလိုသော အာသာဆန္ဒ အားကြီးလှသောကြောင့် အသက်ရှည်နည်းများကို ရှာဖွေကြသည်။ စမ်းသပ်တီထွင်ကြသည်။ ရှေးဟောင်း နည်း၊ ခေတ်သစ်နည်း၊ တိုင်းရင်းနည်း၊ သိပ္ပံနည်း စသည်ဖြင့် နည်းပေါင်းစုံသည်။ ဆေးပေါင်းလည်း စုံလှပေ သည်။

မိမိအသက် ၂၅ နှစ်ခန့်က ဖြစ်ပါသည်။ ဤနည်းကို ပေးမည့်ဆရာ ဖြစ်သူထံသို့ တခုတ်တရ ချဉ်းကပ်ကာ ရိုသေပျပ်ဝပ်စါာ ခယတောင်းပန်၍ တောင်းခံရယူခဲ့ပါသည်။ " ရိုသေပျပ်ဝပ်စွာ" ဆိုသော စကားကို ယခုအခါ နားလည်ကောင်းမှ နားလည်ကြပေမည်။ ထိုစဉ်ကမူ မိမိအလိုရှိသော ဆေးနည်း ဂါထာ၊ မန္တာန် စသည်တို့ရှိသည်ဟု သတင်းကြားရသော ဆရာထံသို့ လှည်းတစ်တန် လှေတစ်တန်၊ ခြေကျင်တစ်ခါ၊ ကုန်း ကြောင်းတစ်လှည့်ဖြင့် သွားရောက်တောင်းခံရသည်။ လွယ်လင့်တကူ မပေးတတ်ချေ။ ယုံကြည်စိတ်ချ လောက် မှ ပေးတတ်ပါသည်။ ယုံကြည်လောက်အောင် ရက်ရှည်လများ၊ အခေါက်ခေါက် အခါခါသွားရ သည်လည်းရှိ၏။ မပေး၊ မရသည်လည်းရှိ၏။

တစ်ခါသော် မိမိသည် မန္တလေးမြို့ ကျောက်စာဝန်ရုံး(ယခု-ရှေးဟောင်းသုတေသနဦးစီးဌာန)တွင် ထမ်း ဆောင်နေစဉ် ကာလ အကျိတ်ကုရာတွင် စွမ်းလှသော ဆရာတစ်ယောက်ရှိရာ၊ ရွှေဘိုခရိုင် ၀က်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာသို့ သွားရောက်ခဲ့၏။ ယခုအခါ ရန်ကုန်မြို့ထဲနှင့် အင်းစိန်မှာ အိမ်ဦး နှင့်ကြမ်းပြင် " ရေအိုးနှင့်ရေမှုတ်" ဖြစ်နေကြသော်လည်း ထိုအချိန်က ခရီးဝေးဖြစ်ခဲ့ရာ မိုင် ၆၀-၇၀ ခရီးမှာ အလွန်တစ်ရာ ဝေးကွာလှပါသည်။ 

ပညာကို တလေးတစားတောင်းခံခြင်း၊ ရှေးဟောင်းသုတေသန ၀န်ထမ်းတစ်ဦး ဖြစ်ကြောင်း သိရှိခြင်း တို့ကြောင့် ထိုဆရာက သူ့ပညာကို ယုံကြည်စွာ ပေးအပ်ခဲ့ပါသည်။ ထိုပညာဖြင့်ပင် မိမိ သည် အကျိတ်အဖု၊ ကြွက်နို့တို့ကို အောင်မြင်စွာ ပျောက်ကင်း ချမ်းသာကြစေရန် ယခုတိုင် ကုသပေး နိုင်ခဲ့ပါသည်။

ဤကဲ့သို့ ကုသရာတွင် အဓိက မန်းရသော ဂါထာမန္တာန်မှာ " ကပ္ပိယံ ကရောဟိ၊ ကပ္ပိယံ ဘန္တေ" ဖြစ်သည်။ ဤဂါထာ မန္တာန်မှာ မိမိရဟန်းဘ၀က အသီးအနှံတို့ကို ဘုန်းပေးသုံးဆောင်ရာတွင် ရဟန်းတော်များနှင့် အပ် စပ်စေရန် အသုံးပြုရွတ်ဆိုရသော ဂါထာဖြစ်ပေသည်။ သို့သော် ထိုဆရာပေးစဉ်က "ကပ္ပိယံ ကလောဟိ" ဟုသင်ပေးသည်။ သူကိုယ်တိုင်လည်း ထိုအတိုင်းပင် ရွတ်ဖတ်ကုသခဲ့သည်။ အောင်မြင်ခဲ့ သည်။

မိမိမှာ ဂါထာ အမှန်ကို သိရှိထားသဖြင့် အမှန်အတိုင်း ရွတ်ဆိုကုသခဲ့ရာ အောင်မြင်ခဲ့သည်ပင်ဖြစ်ပါ၏။ ဆရာ ၏ စေတနာ နှင့် သီလ သမာဓိအစွမ်းပင်။
" အာယုဒီဃ သြသဓ" ခေါ် အသက်ရှည်ဆေးနည်းကို အကြိမ်ကြိမ် အဖန်ဖန် တောင်းခံမှုကြောင့် ဆရာ သည် မိမိအား ပေးခဲ့ရာတွင် " မည်သူ့အားမျှ မပြောပါမပေးပါ" ဟူသော ခံဝန်ကတိကို တောင်းခဲ့သည်။ မိမိ ကလည်း ထိုကတိအတိုင်း ဇနီးနှင့် သားသမီးများကိုပင် အသိမပေးခဲ့ပါ။ ဆရာ၏ နည်းနိသျှည်းအတိုင်း သုံးစွဲခဲ့ သဖြင့် ယခုကဲ့သို့ အသက်(၉၃)နှစ်ထိ ကျန်းမာ၊ ချမ်းသာစွာ နေနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

မိဘတို့မှာ ညောင်တုန်းမြို့ သာမန်ကုန်သည်တို့မှ မွေားဖွားခဲ့ခြင်းဖြစ်ပြီး ရဟန်းလူထွက်ဘ၀တွင် ကျောက်စာ ၀န်ရုံး ၌ တစ်ဆယ်ခုနှစ်ကျပ်စား စာရေးကလေးဘ၀မှ စတင်ကာ သုတေသနမှူး အဆင့်တွင် အငြိမ်းစား ယူခဲ့သော မိမိဘ၀ တွင် မျိုးရိုးမှာလည်း ချမ်းသာကြွယ်ဝခြင်းမရှိပါဘဲ ယနေ့တိုင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ နေနိုင်ခြင်းသည် အကောင်းဆုံးသာဓကဖြစ်ပါ၏။

ယခုအခါ ဆရာထံပေးခဲ့သော ခံဝန်ကတိ ကို ရပ်ဆိုင်းနိုင်ပြီဟု ယူဆမိပါသည်။ ဆရာက သူ၏ဆေးနည်းကို မယုံကြည်မည် စိုးသောကြောင့် ကတိတောင်းခဲ့ခြင်းဖြစ်ပါ၏။ မှန်ပါသည်။ အချို့ဆေးနည်းတို့သည် အာနိသင် အကျိုးကျေးဇူးကြီးမားလှသော်လည်း မယုံကြည်ချင်လောက်အောင် ရှင်းလင်းလွယ်ကူနေတတ် သည်။ ဆရာ၏ နည်းမှာလည်း ဤအတိုင်းပင်ဖြစ်သည်။ ထို့ကြောင့် ဆရာက ဤကတိကို တောင်းခဲ့ခြင်းဖြစ် ၏။ ယခုခေတ်အခါတွင်ကား လူအများတို့ ဗဟုသုတကြွယ်ဝစေရန် စာနယ်ဇင်းများ၊ ရုပ်မြင်သံကြားများ၊ အသံသွင်းတိတ်ခွေများသည် အလျှံပယ်ဖြစ်နေသောကြောင့် ကျယ်ပြန့်လှသော အကြားအမြင်များဖြင့် လက်ခံကြမည်ဖြစ်သည်။ ထို့ကြောင့် ဆရာထံ ပေးအပ်ခဲ့သော ကတိကို ရပ်ဆိုင်း၍ အများသို့ ဖော်ထုတ် ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပေသည်။
ဆရာ့ထံမှ သင်ယူခဲ့သည့် နည်းအတိုင်း မိမိဆောင်ရွက်ခဲ့ပုံမှာ အောက်ပါအတိုင်းဖြစ်ပါ၏။

ထိုစဉ်က အသက်(၆၀)ရှိပြီဖြစ်သော မိခင်ကြီးထံ ချဉ်းကပ်၍ မိခင်နှင့် ခွဲခွာနေရသည်ဖြစ်သောကြောင့် လည်းကောင်း၊ အကယ်၍ မိခင်ကြီးမရှိတော့သော အခါတွင်လည်းကောင်း မိခင်ကိုယ်စား ရိုသေလေးမြတ် စွာ ပူဇော်လိုသဖြင့် မိခင်၏ ခြေရာကို ကူးယူခွင့်ပြုပါရန် ခွင့်တောင်းခဲ့သည်။ မိခင်က ခွင့်ပြုသောအခါ တောင် ဆုပ်ခန့်ရှိသော ပါဖြူပေါ်တွင် ခြေထောက်အစုံတင်၍ ရပ်စေပါသည်။ မိခင်၏ ခြေဖ၀ါးတစ်လျှောက် ခဲတံဖြင့် ရေးဆွဲယူသောအခါ မိခင်၏ ခြေရာပေါ်လာသည်။ ထိုခဲခြစ်ရာတစ်လျှောက်ကို အရောင်ပါသော အပ်ချည်ဖြင့် ထိုးဖောက်လိုက်သောအခါ မပျက်ပြယ်တော့သော မိခင်၏ ခြေရာကို ရရှိတော့သည်။ ယင်း အချိန်မှစ၍ ယနေ့ထက်တိုင် ထိုမိခင်ခြေရာကို သွားလေရာသို့ ယူဆောင်ခဲ့ပြီး မိမိအိပ်သော ခေါင်းအုံး အောက်တွင် ထားအိပ်ခဲ့ပါသည်။ မိခင်၏ကျေးဇူး၊ အမေ့ဂုဏ်ရည်တို့ကိုလည်း အမြဲအောက်မေ့စေသည်ဖြစ် ၍ မှန်းဆကော်ရော်ပူဇော်ခြင်းအမှုဖြစ်တော့သည်။

လုပ်ထုံးလုပ်နည်း ကျင့်သုံးနည်းကို ဖော်ပြလိုက်သောအခါ အချို့သူတို့သည် ဤ "အသက်ရှည်နည်း"အား ယုံကောင်းမှ ယုံကြပေမည်။ ထို့ကြောင့်လည်း ဆရာက တစ်ပါးသူအားမပြော၊ မပြရန် ကတိတောင်းခဲ့ခြင်း ဖြစ်ပါ၏။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ က၊ ညအခါတွင် ဘောလုံးကန်ကြလိမ့်မည်ဆိုပါက ယုံကြမည်မဟုတ်။ ယခုအခါ ကမ္ဘာတစ်ဝှန်းလုံး ညအခါ ဘောလုံးကန်နေကြပြီ။ ယုံလောက်သော အခြေအနေနှင့် ဗဟုသုတ တို့က ကျယ်ပြန့်လာပြီဖြစ်၏။ ယုံကြပါလိမ့်မည်။

အသက်ကို စောင့်ရှောက်သော အကြောင်းတရားလေးပါးရှိ၏။ ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ဖြစ်သည်။ စိတ်၊ ဥတုနှင့် အာဟာရတို့မှာ ခေတ်သစ်သိပ္ပံ ပညာရှင်တို့ လက်ခံကြပြီးဖြစ်သည်။ ကံအကြောင်းကား နက်နဲလှ ၏။ သိုပသော် ယေဘုယျအားဖြင့်မူ ဗုဒ္ဓဘာသာတို့သည် အတိတ်ကံကို ညွှန်ပြကြသည်။ " အသက် ကိုဥာဏ်စောင့်သည်" ဟုသော စကားလည်းရှိ၏။ လိမ္မာသူတို့သည် မမြင်နိုင်သော အတိတ်ကံကို ပုံမထား ဘဲ၊ ပစ္စပ္ပုန်ကံဖြင့် အတိတ်ကံကို ပိုမိုတက်အောင် စောင့်ရှောက်ကြ၏။ ဖန်တီးကြ၏။ ပြုပြင်ကြ၏။ ထို့ကြောင့် အသက်ရှည်သူများကို "သီလကြီး"သည်ဟု ပြောတတ်ကြ၏။ အသက်ကြီးသူ။ ဂုစ်ကြီးသူ၊ သီလ ကြီးသူတို့အား ရိုသေစွာ ရှိခိုးပူဇော်လျှင်ပင် အသက်ရှည်အဆင်းလှ ချမ်းသာအားကြီး၊ စွမ်းရည်လေးမျိုးရရှိ ပါလျှင် အလွန်ကျေးဇူးကြီးမားသော အမိ၊ အဖတို့၏ ကျေးဇူးဂုဏ်ကို ရည်မှန်းကော်ရော်ပူဇော်ခြင်းသည် အဘယ်မှာ မရဘဲ နေတော့အံ့နည်း။

မိမိမှာ ဆရာ့ထံမှရရှိသည့်နေ့မှစ၍ မိခင်ထံမှ တောင်းယူကာ အမြဲမပြတ် နိစ္စပါတ်အမှုအဖြစ် ကျင့်သုံး ဆောက်တည်ခဲ့ရာ ထူးခြားသော ပညာဂုဏ်ဒြပ်မရှိပါဘဲ၊ ယခု(၉၃)နှစ်ရောက်အောင် နေနေရခြင်း၊ တပါးသူ တို့က ကြည်ညို လေးမြတ်စွာ ပူဇော်ကန်တော့ခံရခြင်း၊ ဇနီးသားသမီးတို့၏ မတောင့်မတ၊ မကြောင့်မကြ ရ အောင် ပြုစုစောင့်ရှောက်ခံရခြင်း၊ ယခုတိုင် အားအင်နည်းပါး သတိလက်လွတ်မရှိခြင်း၊ အကျိုး အာနိသင် တို့ကို ခံစားရရှိနေပါသည်။

စားဖွယ် ဘောဇ်ကောင်း တို့ကို စားသုံးရသောအခါ အဆွေခင်ပွန်းကောင်း တို့အား သတိရသကဲ့သို့ မိမိ ကိုယ်တိုင် ခံစားသုံးဆောင်နေရသည့် အသက်ရှည်ကျန်းမာကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေသော "အာယုဝဍ္ဎနသြသဓ" ဆေးတော်မဟာ ကို လက်ဆင့်ကမ်းလိုက်ရပါတော့သည်။
ဤဗုဒ္ဓဆေးနည်းတော်ကို သုံးဆောင် ခံစားနိုင်ကြပါစေသတည်း။
 
ဦးငြိမ်းမောင် (ကျောက်စာ)

မှတ်ချက်။   (ဤစာမူရှင်သည် ၂၀၀၁ ခုနှစ် အသက်(၉၃)နှစ်အရွယ်က မမေ့ဂုဏ်ရည် မဂ္ဂဇင်းအတွက် ရေး သားပေးပို့ခဲ့ရာ ထိုမဂ္ဂဇင်းမထုတ်ဖြစ်ခဲ့သဖြင့် ယခုမှ သုံးရရာ ဤစာမူရှင် ရှိနေမည် ဆိုပါက ယခုအသက် (၁၀၁)နှစ်ရှိနေမည်ဖြစ်ပါသည်။)
.

No comments: