Sunday, August 21, 2011

ဖိုးကျော့ ၏ သမုဒယ ဤပင်လယ် အပိုင်း (၁၆)

တော်တော် နောက်စရာ မရှိ နောက်တဲ့ကောင်တွေ၊ တော်တော်ယုတ်မာတဲ့အကောင်တွေ၊ တွေ့ရင် တော့ ပြောရဦးမယ်၊ သူတို့ သိပ်မရင်းနှီးဘဲနော်ကတာဟာ စော်ကားတာပဲ။ ဒီကောင်တွေ နောက်လို့ ဒီနေ့ည ငါမေသူ နဲ့လွဲရတာ။
စိတ်ထဲ တော်တော်ခံပြင်းသွားမိသည်။
မေသူ တို့ အိမ်က မီးရောင်ပါ ပျောက်သွားမှ သူပြန်လာလေသည်။ ရင်ထဲနွမ်းလျလျ ဖြစ်လာ၏။

"စားပြီးခဲ့ပလား"
မေသူ၏အမေးကို ချက်ချင်းမဖြေသေး။ အနားတွင် အလျင်ထိုင်၏ မီးခွက်ကို အလျင်ဆုံး လှမ်းကြည့်သည်။ ထမင်းစား နေသော မေသူကလည်း ရိပ်မိပုံရ၏။ မီးခွက်ကို ရွှေ့သည်။ လက်တစ် ဖက်ကမထားသော ထမင်းပန်းကန် ကို ချ၍ ဆေးလိပ်ညှိမလို့ မဟုတ်လား၊ ဒီမှာ မီးခြစ်ဟု ပြောသည်။
"မိုးချုပ် လိုက်တာ၊ ခုမှထမင်းစားတယ်"
ခါတိုင်းနေ့ တွေလောက် အပြင်အဆင်မရှိသော မေသူ၏မျက်နှာနှင့် ဟင်းပါပုံ၍ ဖြစ်သလိုစားနေ သော မေသူ၏ ထမင်းပန်းကန်ကို စွေကြည့်လိုက်၏။

"မအားလို့ ခုမှစားရတာ၊ စားမလား"
"ခွံကျွေးရင် စားမယ်"
မေသူက အိမ်ရှေ့သို့ ကြည့်သည်။ ဈေးဝယ်လာသူတွေကို မမြင်ရသဖြင့် ပန်းကန်ပြား ဟင်းပုံထဲမှ ငါးခြောက် တစ်ဖဲ့ ကို ကောက်ကာ ရော့ဟု လက်ကမ်း၏။ သူပါးစပ်ဟပေးလိုက်သည်။
မေသူခွံ့ပေးသော ငါးခြောက်ဖတ် ကို တစိစိဝါးရင်း သူလည်း အိမ်ရှေ့သို့ မျက်လုံးကစားနေ၏။ ဈေးဝယ် လာသူတွေကို ကြည့်နေသည်။ လူရိပ်လူခြည် ဆို၍လုံးဝမမြင်ရသောအခါ ပါးစပ်ဟပြန်၏။ မေသူကလည်း ခွံပြန်သည်။

"ခွေး...."
မေသူက သူ့လက်ကိုခါပြီး ရယ်ကြဲကြဲနှင့်ဆိုသည်။
"ဗျ၊ ၀ူး....၀ူး...."
မေသူကရယ်သည်။
"ခွေးကလည်း အဲသလို မြည်လို့လား"
"မြည်တာမဟုတ်ဘူး အူတာ"
"ခွေးအူတာကလဲ"ဟု မေသူကပြောပြီး ထပ်ရယ်ပြန်၏။

"အဲဒါ ဘုန်းကြီးကျောင်းက ကြေးစည်ထုသံကြားတော့ စားရတော့မယ်ဆိုတဲ့ အထိမ်းအမှတ် နဲ့အူတဲ့ ခွေးအူသံ လေ"
"ဂိန်ဂိန်အော်တာကကော"
"အဲဒါက အရိုက်ခံရတာ"
သူက ပါးစပ်ဟပြန်၏။
"တော်ပြီနော်...သူများမြင်မယ်"
"ဘယ်သူမှ မလာတာ"
"ဟိုကာလနာတွေ လာချင်လာဦးမယ်"

"ဘယ်ကာလနာတွေလဲ"
"ဟို ပသျှူးနဲ့ ဖေတင် ကာလနာလေ"
ချက်ချင်းသူသတိရသွားသည်။
"ခွေးသားတွေ၊ တို့ကိုလည်း မနေ့က ညာသွားတယ်"
"ဘာညာသွားလဲ"
"အစ်ကိုကြီး လိုက်ရှာနေတယ်လို့လေ"
"မဟုတ်ဘူး"
"ဘယ်ကလာ ဟုတ်ရမှာလဲ၊ အစ်ကိုကြီးနဲ့ ကျုပ်တွေ့ပြီးပြီ"
တို့ဟုပြောနေရာမှ ကျုပ်ဟူသောစကားကြောင့် အောင်တိုင်စိတ်ဆိုးနေသည်ကို မေသူသိသွား၏။

ပြဦးမယ်ဟု ဆိုပြီး မေသူက ထမင်းပန်းကန်ကို လက်စသတ်ကာ ထသွားသည်။ အောင်တိုင်က ရေနံဆီ မီးခွက် ကို ကောက်ကိုင်ကာ ဆေးလိပ်မီးညှိ၏။ တစ်နေကလို အဆင်သင့်မှ သင့်ပါ့မလားဟု မီးခွက်ကို မေသူ ထားသော နေရာတွင် ပြန်ထားကာ ၀ူးခနဲ အစမ်းမှုတ်ကြည့်၏။ မီးမငြိမ်း။ နောက် တစ်ခါမှုတ်ရန် နေရာ ရွှေ့လိုက်စဉ် မေသူကောဟူသော ဒေါ်သန်းရာ၏ အသံကြောင့်လန့်သွား သည်။
ရင်တထိတ်ထိတ်နှင့် မီးခွက်မှုတ်အစမ်းကျင့်နေသဖြင့် ဒေါ်သန်းရာ ၀င်လာသည်ကို မမြင်မိ။ မီးခွက် အပေါ်သာ ဇောကပ်နေသည်။
"မေသူကောဟဲ့"
"သြော်...ထမင်းစားနေတယ်အဒေါ်၊ လာလိမ့်မယ်၊ ဘာယူမလဲ"
ဒေါ်သန်းရာ က စက်လုပ်မုန့်တစ်ထုပ်ကို လှမ်းဖြုတ်သည်။

"နင်က ဘာလာလုပ်လဲ"
စူးစမ်းသလို မေး၏။
"ဓာတ်ခဲ လာဝယ်တာ"
ရော့ ဟု ငါးမူးစေ့တစ်စေ့ပေးပြီး ပြန်ထွက်၏။
"မုန့်ထုပ် က ငါးမူးလား မေသူ"
"အမယ်လေး ငါက၀ယ်နေကျပဲဟဲ့၊ နင့်ကို ဈေးရောင်းခိုင်းဖို့ မေသူငှားထားတာ ကျနေတာပဲ"
ဒေါ်သန်းရာ စကားနှင့်အတူ အတွင်းထဲက မေသူကလည်း ဟုတ်ပါတယ်ဟု ပြောသံကို ကြားလိုက် ရသည်။

"ဟဲ့...ဘယ်လိုဖြစ်ပြန်တာလဲ"
တံစက်မြိတ်အောက် ကျော်ရုံသာ ရောက်သေးသောဒေါ်သန်းရာကပြန်လှည့်ကြည့်၍ အော်၏။
"လေတိုက်လို့ မီးငြိမ်းသွားတာ အဒေါ်ရယ်"
အောင်တိုင်က မီးခွက်ကို ပြန်ထွန်းသည်။

ဒေါ်သန်းရာ အနားတွင် ရှိနေသဖြင့် သူ၏အစမ်းလေ့ကျင့်မှုသည် ပို၍ ထိရောက်အောင်မြင် သွား၏။ မေသူလည်းအနားတွင် မရှိသဖြင့် သူ့ကိုမည်သူကမှ ထင်မည်မဟုတ်။
"မိုးကျတော့မယ်ဟ၊ လေတိုက်တာပေါ့၊ သင်္ကြန်လွန်ပြီး ရက်ပေါင်းလေးဆယ်ဆိုရင် မိုးကျတယ် တဲ့၊ မေသူက အောင်တိုင်ကို ဈေးရောင်းအငှားခိုင်းထားတာကို၊ တစ်နေ့ဘယ်လောက်လဲဟဲ့"
တစ်နေ့ ငါးပြား လေ အဒေါ်ဟု မေသူကပြန်ထွက်လာပြီး သွာရင်နောက်ခိုင်းပြောသွားသော ဒေါ်သန်းရာ ကို ကြားလောက်အောင် အော်ပြောလိုက်သည်။

"ဟန်ကျတာပေါ့ အေင်တိုင်၊ နေ့ခင်းဆို မောင်ထွန်းသောင်ဆီမှာ၊ ညဆိုမေသူဆီမှာ၊ ဟဲ့အမေ့၊ ဘယ်သူလဲ လို့ နင်အသက်ရှည်ဦးမယ်"
ဒေါ်သန်းရာ၏ ခြံဝက စကားကိုအောင်တိုင်နားမစွင့်မိတော့။ "ဘာလုပ်တာလဲ" စောစောကဟု မေသူ့ အမေးကိုရယ်ကျဲကျဲနှင့် "ပွဲမ၀င်ခင် အပြင်မှာကျင်းပဆိုတဲ့ စကားအတိုင်းပဲပေါ့"ဟု ပြောလိုက်၏။
တော်တော်လည် နော်ဟု မေသူကမျက်စောင်းချိတ်၍ မီးခွက်ကို နေရာရွှေ့လိုက်၏
တကယ် လုပ်တာကြည့်ဟု တီးတိုးဆို၍ မေသူက အောင်တိုင်ကိုဆွဲဆိတ်၏။ မီးခြစ်ကိုလည်း စမ်း၍ ရှာသည်။

အန်း မရှည်လျားရဲ၊ သတိနှင့် လူချင်းခွာလိုက်ကာ အောင်တိုင်က မီးခွက်ပြန်ထွန်းသည်။ လက်တုန်သေး သဖြင့် တော်တော် နှင့် ဓာတ်မီးခြစ်က ထွန်းမတောက်။ သူ့ဆိုင်တွင် ဘယ်နေရာ ဘာရှိသည် ကိုအတပ်သိသော မေသူကစိတ်မရှည်ဟန်နှင့် သစ်သားမီးခြစ်နှင့် မီးခွက်ကို ပြန်ထွန်း လိုက်၏။ တကယ် လေတိုက်၍ မီးငြိမ်းသွားဟန်နှင့် မီးခွက်ကို လေကွယ်နေရာ ရှာသလို လျှောက် ရွှေ့နေ၏။ မေသူ၏ လက်တွေလည်း တုန်နေသည်။ အောင်တိုင်ကမူ အခုထိ ရင်ခုန်မရပ်သေး။

မေသူ၏မျက်နှာကို စေ့စေ့ကြည့်၍ မရယ်မပြုံးဖြစ်နေမိ၏။ တစ်နေ့ကလို ဘယ်နေရာကို နမ်းမိ မှန်းမသိ မဖြစ်တော့။ မေသူ၏ပါးဖောင်းဖောင်း အိအိကို ထိထိမိမိ သူနမ်းလိုက်မှန်းသိ၏။ ရင်တ ထိတ်ထိတ်ခုန်၍ ကျေနပ်နေမိသည်။ မေသူက သူ့မျက်နှာကို မကြည့်၊ မျက်လွှာချ၍ မျက်နှာရဲနေ ၏။ အတန်ကြာ တိတ်ဆိတ်နေကြသည်။
"ပြဦးမယ်ဆို၊ ဘာပြမလို့လဲ"
မေသူ အိမ်ရှေ့သို့ မျက်စိကစားပြန်သည်။ သူလည်း လိုက်ကြည့်၏။ ဈေးဝယ်ရန် မည်သူမျှ ၀င် မလာ။
ခါးကြားထဲက ထုတ်၍ စာရွက်ခေါက်တစ်ခေါက်ပြသည်။

"ရည်းစားစာ ပေးသွားတာပေါ့"
"ဘယ်သူလဲ"
"ဟို ပသျှူးကောင်"
"ပိုးသီးမဟုတ်လား"
မေသူက ခေါင်းညိတ်ပြသည်။
"ခွေးပသျှူး မနေ့က ငါ့ကိုအစ်ကိုကြီး ရှာနေပြန်တယ်တဲ့၊ စားပေးချလို့၊ ဟိုထားဝယ်သား ဖေတင် မြှောက်ပေးတာ နေမှာပေါ့"
မကျေမနပ်နှင့် ရေရွတ်ကာ မေသူ့လက်ထဲက စာကို လှမ်းယူ၏။

အမှန်မှာ သူစောစောကပင် ပိုးသီနှင့် ဖေတင်ကို ဒေါသထွက်လာ၏။
မေသူကိုပြောမည်ဟု လမ်း၌တွေးလာသည်။ သို့သော် မေသူ၏မျက်နှာကို မြင်ရသောအခါ အားလုံး ကိုမေ့သွား၏။ ယခု ထိုဒေါသသည် ခေါင်းထောင်လာ၏။
"ဘာလို့ ယူထားလိုက်လဲ"
မေသူကိုပင် မျက်မနပ်သလို တစ်ချက်ကြည့်၏။

"ငြင်းမရဘူး၊ အတင်းထားခဲ့တာ၊ လူမြင်နေမှာစိုးလို့..."
အောင်တိုင်က စာရွက်ခေါက်ကို ဖြန့်၍မီးခွက်နား ကပ်ထိုင်လိုက်၏။
"မဖတ်နေနဲ့၊ သူများမြင်ဦးမယ်၊ သိရအောင် ပြတဲ့ဟာ"
ချက်ချင်း အောင်တိုင် တဗျင်းဗျင်း ဆွဲဆုတ်ပစ်လိုက်သည်။

"သိပ်အတင့်ရဲတာ သိလား၊ သူတို့အိမ်မှာ ရေဒီယို ကက်ဆက်ရှိတဲ့အကြောင်းလည်း မသိမသာ ကြွား သွားတယ်၊ ဟိုတလောက သူမြိတ်ကိုသွားတာ၊ နာရီအသစ်တစ်လုံး ၀ယ်မလို့တဲ့၊ မြိတ်မှာ ကက်ဆက်ခွေ ငှားတဲ့ဆိုင်တွေ တွေ့ခဲ့တယ်။ အငှားဆိုင် ဖွင့်ပါလား၊ တို့ငှားမယ်တဲ့"
အောင်တိုင်က မေသူ၏ မျက်နှာကို စေ့စေ့ကြည့်နေ၏။

"တို့ကက်ဆက်မှ မရှိတာလို့ ပြောလိုက်တယ်၊ ၀ယ်ပေါ့၊ မေသူတို့က ပိုက်ဆံရှိပါတယ်တဲ့၊ အစ်ကိုကြီး ပစ္စည်းမှန်း သူတို့လည်း မသိဘူး"
အောင်တိုင်လည်း ရှာလျားသော သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်မိ၏။
"တို့က လူကြီးမဟုတ်တော့ ခက်တယ်"ဟု အောင်တိုင်က ပြောလိုက်၏။ မေသူက"ဘာလဲ"ဟု မေး၏။
"သြော်...မေသူ့အဖေ ဘယ်လိုနေသေးသလဲ"
"ခုတော့ နည်းနည်းသက်သာနေတယ်၊ ၀မ်းသွားနေတာလည်း ဒလဟောမဟုတ်တော့ဘူး"
"ကြည့်ဦးမယ်"

"ဘာလုပ်မလဲ၊ လူကြီးလည်း မဟုတ်ဘဲနဲ့"
မေသူ ကြည့်စေချင်ပုံမရ။ ဘိန်းချေးတွေပါလေနေလျှင် နံစော်နေလိမ့်မည်ဟု သူတွေး သည်။
"အစ်ကိုကြီးက ဘာပြောလဲ"
"ကြိုးစားကြည့်မယ်လို့ ပြောတယ်၊ ဒီထက် သက်သာလာပြီး သွားနိုင်လာနိုင်ရင် မြိတ်ခေါ်သွားပြီး ဆရာဝန် နဲ့ ဘိန်းဖြတ်ပေးရမယ်လို့ ပြောတယ်၊ မေသူ့ကို ပြောတာနော်....အဖေတော့ မသိသေး ဘူး"
"အစ်ကိုကြိး လုပ်ပေးရင်ဖြစ်မှာပါ"
မေသူက သူ့မျက်နှာကိုငေးငေးလေး ကြည့်နေ၏။

အောင်တိုင်က လေတိုက်၍ လေတိုက်၍ တလွန့်လွန့်လှုပ်နေသော မီးညွန့်ဆီ မျက်စီရောက်သွား ပြန်သည်။ မေသူ က သူ့ကို မျက်စောင်းထိုး၏။
လမ်းမ က သီးချင်းအော်ဆိုသံ ကြားလိုက်ရသည်။
"ယုံပါမေရယ်၊ ပုံမမာ တင်ပြမယ်"
ဟိုရှေးအခါဝယ်၊ တော်မြိုင်ကြီးရဲ့အလယ်၊
စန္ဒကိန္နရီမောင်မယ်....အချစ်ရည်လူးလို့
တော်က်၊ ခွေးမသားပိုးတီ၊ လာပါစေဟု အောင်တိုင်ငြိုးထား၏။ သူ့ကိုကို ပုဏ္ဏားကွယ်သွား အောင် ရွှေ့လိုက်၏။

"ဘာလုပ်မလို့လဲ"
"ဟိုကောင်တွေ လာပါစေ၊ မနေ့နောက်သွားတာ မေးရမယ်"
"အိုး...မေးမနေပါနဲ့၊ ရန်ဖြစ်နေကြဦးမယ်"
"ဖြစ်ဖြစ်၊ လူကိုစော်ကားတာ၊ အစ်ကိုကြီးကိုပါ မထိမခန့်ပြောတဲ့ကောင်တွေ"
သို့သော် ပိုးတီတို့မ၀င်ခဲ့၊ အိမ်ရှေ့က သီးချင်းအော်ဆို၍ ကမ်းကြီးသတ်ဘက် ထွက်သွားကြ၏။
"လိုက်တမ်းပြေးတမ်း ကစားရတာ တော်တော်ပျော်စရာ ကောင်းလား"
ဆိုင်ရှေ့တွင် ထိုင်လိုက်သည်နှင့် မေသူ၏အပြောကို ကြားရ၏။ မေသူ၏မျက်နှာကို ကြည့်မိသည်။ သိသိသာသာ အကဲမရ။

"ဘာလိုက်တမ်းပြေးတမ်းလဲ"
"အမယ် မသိတာ ကျနေတာပဲ"
ချက်ချင်း စိုးရိမ်သောကမျက်နှာကို ပြန်ပြင်သည်။
"အစ်ကိုကြီးက ပဲ့ချိတ်ထုတ်ခိုင်းလို့ သွားတာ၊ ပဲ့ချိတ်ပေါ် အတင်းတက်ထိုင်နေတော့ ဒီလိုပဲ လှည့် ရှောင်ထားခဲ့ရတယ်၊ မိဇံက ဘာရယမ်ဟုတ်ပါဘူး၊ ပင်လယ်နားက သူ့အဖေတို့ ငါးတဲလိုက်ချင် လို့ နေမှာပေါ့"
"ဒါပေါ့၊ နေ့တိုင်းသွား နေ လိုက်နေကျဆိုတော့ ပဲ့ချိတ်ပေါ်ကပဲ စောင့်ရမှာပေါ့"
"နေ့တိုင်း မဟုတ်ပါဘူး၊ တစ်ခါတလေပါ"

"နေ့တိုင်းဆို လူမြင်မကောင်းလို့လား၊ ဘာဖြစ်လဲ၊ မိဘချင်းလည်း သဘောတူပြီးသားပဲ၊ မဟုတ် ဘူးလား"
ဆိုင်ထဲက ပစ္စည်းများကို ဟိုဟိုဒီဒီနေသား တကျလုပ်၍ပြော၏။
နတ်ဆိုးမ မေစီတွန်းထားခဲ့ပြန်လေပြီဟု အတပ်ထင်လိုက်၏။ ပဲ့ချိတ်ထားသော မိဇံတို့ ချောင်းတစ် ဖက်ကမ်းက အုန်းခြံသည် မေစီတို့ အုန်းခြံ ခွေးမ သက်သက်ချောက်တွန်းဖို့ ချောင်းကြည့်နေတာ ဟုကျန်ဆဲမိ၏။
"မဟုတ်ပါဘူး"ဟူသော သူ့စကာကို "ဘာမဟုတ်တာလဲ"ဟု မေသူကကမျက်စောင်းနှင့် ဆိုလေ၏။

"တို့ပြောပြီးပါပြီနော်...အမေ ဘယ်လို သိပ်သိပ် ကိုယ်အိပ်ချင်မှ ပျော်တာ"
"အိပ်ယောင်ဆောင်သူကို အနှိုးရ ခက်၏တဲ့"
"အိပ်နေသူကား ဘာမှမသိ၊ အသေနဲကတူတယ်တဲ့"
"ဟုတ်ပါလိမ့်မယ်၊ နှိုးလျက်သားနဲ့သာ ပြန်အိပ်ယောင်ဆောင်ရင်တော့ ဒါပဲနော်"
လက်ဆီးဆုပ်နှင့် ရယ်ပြ၏။
"ယုံပါမေရယ်၊ ပုံပမာ တင်ပြမယ်...ဆိုတဲ့"
"နားညည်းလိုက်တာ..."
"အဲဒီကောင်တွေ လာသေးလားလို့ မေးမလို့ပါ"

"လာတယ်"
"ဘာထပ်ပြောသေးလဲ"
"ဈေးဝယ်တွေရှိလို့ မုန့်ဝယ်ပြီး ပြန်သွားကြတယ်၊ လာလို့စောစောမလာလဲ"
"အစ်ကိုကြီး ခေါ်ထားလို့၊ ဆိုင်ပိတ်ချင်ပလား၊ နေပါဦး"
"အစ်ကိုကြီးက ရှစ်နာရီကျော်ရင် ပိတ်တဲ့"
အောင်တိုင်က လက်ကနာရီကို မြှောက်ကြည့်၏။ ဆီးမီးဘက် ကိုယ်ယိမ်းလိုက်သောအခါ မေသူက သူ့ကိုယ်ကို တအားတွန်းပစ်လိုက်လေသည်။ ခိုးခိုးခစ်ခစ် ရယ်သံအဆုံးမှာ ကဲလားချလိုက်၏။ သူအပြင်သို့ ရောက်သွားလေ၏။

ဆိုင်ခန်းအပေါ်တွင် ချိတ်ဆွဲထားသော မီးအိမ်ကို မကျေမနပ်နှင့် မော့ကြည့်လိုက်၏။ လက်ဆွဲမီး အိမ်၏ အလင်းရောင်သည် ဆိုင်ခန်းတစ်ခုလုံးကို နိုင်နိုင်နင်းနင်း လင်းထိန်းနေသည်။ အပြင်က ကြည့်လျှင် ယောက်တန်းတွင် ဆွဲချိတ်ထားသော မိးအိမ်ကိုပင် မမြင်ရ။ အလင်းရောင်သာ ဆိုင်ခန်း ပေါ်ကျနေသည်။ ထို့ကြောင့်လည်း ခြံဝက သူ့ကြည့်စဉ်က မီးအိမ်ကို မမြင်မိ။ ဆိုင်ခန်းထဲ အလင်း သာရှိ၏။ ဆိုင်ခန်းထဲ ၀င်မိကာမှ သူကအံ့သြရသည်။

"တစ်နေ့က အစ်ကိုကြီး ကိတ်မုန့်ခြောက်လာယူတယ်၊ သူ့ပြန်သွားပြီပေါ့။ အစ်ကိုကြီးရှိတုန်း လေတိုက် လို့ မီးခွက်ငြိမ်းသွားတော့ ဒီလိုပဲ ခဏခဏငြိမ်းတတ်လားလို့ မေးတယ်၊ လေပေါက် နေပြီပဲအစ်ကိုကြီး ခဏခဏငြိမ်းတယ်လို့ ပြောရတာပေါ့"
မေသူ၏ မျက်နှာကို အောင်တိုင် စိုက်ကြည့်နေ၏။
"ဒီမီးခွက်နဲ့ မဟန်ပါဘူး။ အိမ်က မီးအိမ်နဲ့မှ ဖြစ်မယ်ပြောပြီး လာထွန်းပေးသွားတာ၊ ဟိုဘက် ကမ်းသွားမှ မီးအိမ်တစ်လုံး ၀ယ်လာဦးမယ်တဲ့"
အောင်တိုင် သက်မချသည်။

"မေသူလိုတာပေါ့"ဟုပြောပြီး စကားရပ်သွား၏။
"မေသူက ဘာလိုလို့လဲ"
"ခဏခဏငြိမ်းတယ်လို့ ပြောတာကိုး"
"ဟုတ်ကော မဟုတ်ဘူးလား၊ သူပဲလုပ်တာ"
သူ အကြာကြီး ငိုင်နေမိသည်။ ဘာပြောရမှန်းလည်းမသိ။
"သူ လုပ်တာ အစ်ကိုကြီးများ ရိပ်မိလို့လား မသိဘူး"
တစ်ကိုယ်လုံး လှုပ်ရှားသွားမိသည်။

"ဘာပြောလို့လဲ"
"ဒီမီးခွက်နဲ့ မဟန်ပါဘူးလို့ ညည်းသွားတာ ပြောတာပါ"
သံသယစိတ်သည် ရုတ်ခြည်းပေါ်လာ၏။ စိုးရိမ်စိတ်က ရင်ထဲပြည့်သွား၏။ အစ်ကိုကြီး မီးအိမ် လာ ထွန်းပေးသွားသည်မှာ ရိုးရိုးသားသား ဖြစ်နိုင်ပါမည်လား။ မေသူ၏မျက်နှာကို ထပ်ကာထပ်ကာ ကြည့် မိသည်။ ရင်ထဲပို၍ တင်းကျပ်လာ၏။ မေသူ့ကိုများ အစ်ကိုကြီး ကြိုက်နေသလားဟူသော စကားကိုမှု နှုတ် က မထွက်ဝံ့။ မေသူကို မေးရမှာ ၀န်လေးနေမိသည်။ သက်ပြင်း အကြိမ်ကြိမ် ရှိုက် မိသွား၏။
"ရော့လေ"
မေသူက ငိုင်တွေနေသော သူ့ကို ပဲကြီးလှော်တစ်ထုပ် လှမ်းပေးသည်။

"ခွံ့ပေးပါလား"
"လုပ်လာပြန်ပြီ၊ သူကဲတာနဲ့ တစ်ရပ်လုံး သိကုန်တော့မှာပဲ"
"သိတော့လည်း ဘာဖြစ်လဲမေသူ၊ လူကြီးတွေလည်း ငယ်ငယ်ကပင် မေသူနဲ့တို့ကို ဖူးစာဖတ် တွေလို့ ပြောနေကြတာပဲ၊ မေသူလည်း ပြောသေးတယ်လေ၊ မမှတ်မိပြန်တော့ဘူးလား"
"ဘာလို့လဲ"
"ဟို ဘက်ကမ်း မဟီကျောင်းသူ ကျောင်းသားတွေ ပြောကြတယ်ဆိုတာ သိပ်ဆန်းကြယ်တာပဲ၊ ပုံပြင် ထဲ တောင် မရှိဘူး။ တို့ကို သူတို့သိပ်မြင်ချင်ကြတယ် ဆိုတာလေ"
"အေး....အေး....နော်....ဟုတ်သားပဲ"
မေသူက ပြုံးရယ်၍ပြောသော်လည်း သူမရယ်နိုင်။ စိတ်နွမ်းလူပန်းဖြစ်နေသလို တွေ့သည်။ အလိုအလို အားငယ်လာမိ၏။ မေသူ့မျက်နှာကို မကြည့်ဘဲ ပြောမိ၏။
"တကယ်ပါ မေသူ၊ မုန်တိုင်းထပြီးတဲ့နှစ်ကပ်င် ကြီးလာရင် မေသူ့ကိုပဲ ယူမယ်လို့ ဆုံးဖြတ်ပြီး သားပါ"
မေသူ ၏ မျက်နှာ ကို ကြည့်သည်။ မေသူက မျက်လွှာချထား၏။

"ဟင်မေသူ၊ တို့ပြောတာ ကြားတယ်မဟုတ်လား၊ ခုတို့ကြီးပြီ၊ လူပျိုဖြစ်နေပြီ၊ တို့အရွယ်တွေ မိန်းမ ယူကြပြီ"
ဘာမှပြန်မပြောဘဲ ငိုင်တွေနေသော မေသူကို အားမလိုအားမရ ဖြစ်လာမိသည်။
"မေသူ တို့ကို ချစ်တယ်မဟုတ်လားဟင်"
နှုတ်ဖြင့် အဖြေမထွက်။ မျက်လုံးပင့်ကြည့်၍ ခေါင်းညိတ်ပြ၏။
"မိုးဦးကျ ကျောင်းဖွင့်ရင် မေသူပြန်ဦးမှာပေါ့နော်၊ မေသူမဟီကို ပြန်သွားရင် တို့တော့ လွမ်း ကျန်ခဲ့ရ ဦးမှာပဲ။ နှစ်တိုင်းလွမ်းရတယ်"
"မေသူ ကျောင်းမနေတော့ဘူး"

"ဟင်...ဘာဖြစ်လို့လဲ"
"မေသူရှက်လို့၊ မဟီမှာ ငါးတန်းကျောင်းသူ ကျောင်းသားတွေက ကလေးတွေချည်းပဲ၊ မေသူ့ အရွယ် တွေဆို ခုနှစ်တန်း ရှစ်တန်းတွေပဲ များတယ်"
"ဒီလိုဆို ဒီနှစ် တကယ်မပြန်တော့ဘူးပေါ့နော်"
"အင်း"ဟုဆို၏။ သူ့မျက်နှာကို လွှဲပြန်သည်။

"အစ်ကိုကြီးကလည်း မနေချင်မနေနဲ့တော့။ မိထွေးလေးလည်း ဟိုဘက်ကမ်းပြန်သွားတော့ ဆိုင်ပဲ ရောင်းပါတဲ့၊ အဖေလည်း နေမကောင်းဘူးမဟုတ်လား"
"မေသူ့ကို အစ်ကိုကြီးက ကျောင်းထားပေးတာလား"
"အစကတော့ အဖေထားပေးတာပါ"
"နောက်တော့ကော"
"မသိဘူး"
ရှည်လျားသော သက်မနှင့်အတူ အကြည့်ကိုပါ ဖယ်လိုက်မိသည်။ သူ့ရင်ထဲ အမည်မဖော်ပြတတ် သော ဝေဒနာ တစ်ခု ချက်ချင်းပြည့်လာသည်။ မေသူ့မျက်နှာကို ပြန့်ကြည့်၏။

ဆက်ရန်
.

1 comment:

AMK said...

လေးပွင့်ဆိုင်ဇာတ်လမ်းတော့လာတော့မယ် နဲ့ တူတယ် ငယ်ငယ် ကလိုပဲ ဇာတ်သိမ်းအရင် လှန်ဖတ်ပြီးမှ ဆက်ဖတ်ရမလားပဲ ဒါနဲ့ စကားမစပ် အစ်မကြီးရွှေစင် happy ending လားဟင် အများကြီး ရိုက်တင်ပေးနေတာ ကျေးဇူးပါခင်ဗျာ