Monday, August 22, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၅၃)

ဝါ၀ါဝင်းရွှေ
ဆရာများစွာထဲမှ ထူးခြားသောဆရာ

ဘုရား၊ တရား၊ သံဃာ၊ အမိ၊ အဖ၊ ဆရာသမားဆိုတဲ့ အနန္တောအနန္တငါးပါး ကန်တော့ပွဲကြီးဟာ မ၀ါ ရဲ့ အိမ် ဘုရားခန်း မှာ အမြဲမပြတ်ထားပြီး နေ့စဉ် လက်ဆယ်ဖြာ ထိပ်မှာမိုးကာ ကန်တော့ခဲ့ပါတယ်။
အရဟံအစ၊ ဘဂ၀ါအဆုံး၊ ကိုးပါးသော ဂုဏ်တော်တို့နဲ့ ပြည့်စုံတော်မူသော မြတ်စွာဘုရားနှင့် တစ်ဂိုဏ်းထဲ ထားအပ်သော ဆရာ။ ငယ်စဉ်တောင်ကျေး ကလေးဘ၀မှစ၍ စာပေသင်ကြားပေးခဲ့သော ဆရာများ။ မ၀ါ ရဲ့ ရုပ်ရှင် သက်တမ်း တစ်လျှောက်တွင် တွေ့ဆုံခဲ့ကြရသော ဆရာသခင် ကျေးဇူးရှင်များ။ ထိုထိုသော ဆရာ များထဲတွင် " ဆရာကြီး ဦးသုခ" မှာ ထူးခြားသော ဆရာတစ်ဆူဖြစ်ပါသည်။
၁၉၆၂ ခုနှစ် " သိကြားစေ သက်သေညွှန်း" ဇာတ်ကားမှ စတင်၍ ဆရာနှင့် ဆုံခဲ့ရပါတယ်။

စရိုက်တဲ့နေ့က ဆရာက " သမီး မ၀ါ၊ ညည်း ဘုရားစာ ဘာတွေရလဲ" တဲ့ အဲဒီတုန်းက မ၀ါကလည်း ငယ် သေးတော့၊ သမီး သြကာသ ရပါတယ်။ မေမေ တို့က ငါးပါးသီလ သင်ထားပါတယ်လို့ ဖြေလိုက်တယ်။ ဆရာ က အေး အခု ဒီ နေ့ ကားရိုက်နားလိုက်ပြီ။ နောက်တစ်ပတ်ကျရင် သမီးဓမ္မစကြာကို ကျက်ခဲ့ပြီး ဆရာ့ ကို ရွတ်ပြရမယ် လို့ ပြောပါတယ်။ မ၀ါလည်း ကြောက်ကြောက်နဲ့ ဟုတ်ကဲ့ပါဆရာလို့ ပြောပြီး အိမ်ရောက် တော့ ဘုရားခန်းထဲက ဓမ္မစကြာဒေသနာစာအုပ်ကြီးကို လှန်ကြည့်လိုက်တော့ ... ဘုရား ဘုရား အမယ်လေး ပါဠိတွေ အရှည်ကြီး ပါလား။ ငါ တစ်ပတ်နဲ့ ကျက်လို့ ရပါ့မလား။ အို ဘာပဲဖြစ်ဖြစ် ဆရာ ခိုင်းတာ လုပ်ရမှာပဲ ဆိုပြီး၊ နေ့ကားရိုက်၊ ညပြန်လာ၊ ထမင်းပါ စားသောက်ပြီးတာနဲ့ ဓမ္မစကြာ ပါဠိတော်ကြီး ကျက်လိုက်တာ (၁)ရက်နေ့တော့ အလွတ် အာဂုံဆောင်နိုင်ခဲ့တယ်။ (၃) ရက်မြောက်နေ့ ရှုတင် သိမ်းချိန်မှာ ဆရာ့နားသွားပြီး " ဆရာ သမီး ဓမ္မစကြာ ရပါပြီ" လို့ ပြောလိုက်တော့ ဆရာက " ဟေ ငါက ညည်းကို (၇)ရက် ကျက်ခိုင်းတာ၊ အခုရပြီဆို ဟုတ်ပါ့မလား၊ ကဲကဲ ရွတ်ပြစမ်း" လို့ ပြောပါတယ်။

မ၀ါလည်း ဆရာထိုင်နေတဲ့ ကုလားထိုင်အောက်မှာ ကြုံ့ကြုံ့လေးထိုင်ပြီး မျက်စိမျက်လုံးမှိတ်၊ မြတ်စွာဘု ရား ကို အာရုံပြုပြီး ဓမ္မစကြာဒေသနာတော်ကြီးကို အသံနေ အသံထားနဲ့ ရွတ်လိုက်ပါတော့တယ်။ ပြီးသွားတဲ့ အချိန်မှာ မျက်စိမှိတ်ထားရာက ကြားလိုက်ရတဲ့ ဆရာ့အသံကတော့ " မ၀ါ သမီးတော်တယ်" တဲ့။ ဆရာရဲ့ ချီးကျူးခြင်း ခံရတဲ့ အသံကို ခုထိ ကြားယောင်နေဆဲပါဆရာ။ ဆရာဟာ သမီးကို အနုပညာ ၀မ်းစာတင် ပေးခဲ့တာမဟုတ်ဘဲ ဘ၀တစ်သက်စာ သင်ခဲ့တဲ့ ကျေးဇူးကို ဆပ်လို့မကုနိုင်ပါဘူး။
ဆရာရေ ... အခု ၀ါတွင်း ရောက်နေပြန်ပါပြီ၊ ၀ါတွင်းတစ်တွင်းလုံး ဓမ္မစကြာကို သမီး နေ့တိုင်းရွတ်ဖတ်ပွား များခဲ့ပါတယ်။ ဟိုတုန်းက ရွတ်ခဲ့တဲ့ စိတ်အသိ၊ အခု အသက်အပိုင်းမှာတော့ ဓမ္မစကြာရဲ့ အနှစ်သာရဖြစ်တဲ့ သစ္စာလေးပါး မြတ်တရားကို သိရတဲ့ အဖိုးမဖြတ်နိုင်တဲ့ စိတ်နဲ့ရွတ်ပြီးတိုင်း ဆရာ့ကို အမျှဝေခဲ့ပါတယ်။ ဆရာ ရောက်ရာ ဘုံဘ၀က သာဓုခေါ်ပါနော် ...

ဝါ၀ါဝင်းရွှေ
သုခ
အမေ

" အမေ "
ဤစာကလေးနှစ်လုံးကို အသံထွက်အောင် ဖတ်ကြည့်လိုက်စမ်းပါ။
အလွန်ချိုမြိန်သော၊ သာယာသော၊ စိတ်ချမ်းသာသော၊ မေတ္တာဖြင့် ထုံမွမ်းသော အရသာကို ခံစား ရပါလိမ့်မည်။
မိမိ၏ ရင်သွေးကလေးငယ်တီတာက " အမေ " ဟုခေါ်လိုက်လျှင် အခေါ်ခံရသူမိခင်၏ နားမှာ အရသာပေါ် သကဲ့သို့ ကြီးတောင့်ကြီးမ လူကြီးပိုင်းကျခါမှ မိမိက " အမေ " ဟု ခေါ်လိုက်ရလျှင် မိခင်သာမက မိမိကိုယ် တိုင်ပါ ခေါ်၍ အရသာရှိတတ်ပါသည်။ တော်ရုံတန်ရုံကုသိုလ်နှင့် အသက်ကြီးခါမှ " အမေ "ဟု ခေါ်စရာ ရှိ နိုင်ကြသည် မဟုတ်။

လောကမှာ ဥစ္စာစီးပွား၊ ပညာအသိတရား၊ သြဇာအာဏာများဖြင့် ဘယ်အရာမဆို ဖန်ဆင်းနိုင်သည် လိုတရ သည်ထား၊ မြေအုတ်များပြိုလျှင် ကျောက်ဆစ်ဖြင့် တည်ဆောက်နိုင်သည်ထား၊ မိခင်ဆိုသည့် ပုဂ္ဂိုလ် တစ်ယောက် ကိုတော့ အစားထိုး၍ ရနိုင်ကြသည်မဟုတ်။ လင်သေလျှင် လင်စားရနိုင်၍ မယား သေလျှင် မယား စားရနိုင်ကာ သားသမီးဆုံးစေဦး၊ နောက် သားသမီးရနိုင်ပါသေးသည်။ မိခင်ဆိုသော " အမေ "ကို တော့ အစစ်မဆိုထားနှင့် အလားတူမေတ္တာပိုင်ရှင်မျိုးကိုပင် မရနိုင်။

ကိုယ်ကချစ်ရမည့် သားသမီးကလေးတွေ ပေါ်လာသည့် အခါမှာ အမေကို သတိရလာတတ်သည်။ ကိုယ်က သည်းခံ ခွင့်လွှတ်ရမည့် သားဆိုးသမီးမိုက်ကို ရလာပြန်တော့ အမေ့ကိုပို၍ သတိရလာတတ်သည်။ ကိုယ့် အမေ မရှိပြီးသည့်နောက် သူတစ်ထူးသားကြီး၏ အမေအိုကိုမြင်လျှင် အမေကို သတိရတတ်ပြန်သည်။
ကိုယ့်မိခင် ကို ကိုယ်တိုင် ၀တ္တရားကျေကျေပွန်ပွန်နှင့် လုပ်ကျွေးပြုစုခဲ့ဖူးလျှင် မထောင်းသာလှ။ ကိုယ်က မေ့မေ့ လျော့လျော့ ပေါ့ပေါ့တန်တန် နေခဲ့မိသည့် သားသမီးတို့မှာ အမေမရှိခါမ နောင်တကြီးစွာရကာ ရင် ထုမနာဖြစ်တတ်ကြသည်။

ဆရာရန်အောင်က သူ့ဘ၀မှာ သူ့ " အမေ " အကြောင်း စာအုပ်ရေးပြီး ကျွန်တော့်ကို အမှာအဖြည့်ခိုင်းလာ သည်။
ကျွန်တော့်ကို သူက အထင်ကြီးဟန် တူသည်။
ကျွန်တော်က မိခင်မေတ္တာ မိဘကျေးဇူးအကြောင်းများကို ကျောင်းတိုင်းလိုလို ဟောပြောခဲ့ဖူးသဖြင့် မိဘ ကျေးဇူးအထူးသိသော သားလိမ္မာတစ်ယောက်ဟု အထင်ရောက်ဟန်ရှိသည်။ တကယ်ဆိုရလျှင် သား ကောင်း တစ်ယောက် မဖြစ်ခဲ့။ အမေ့ တစ်သက်နှင့် တစ်ကိုယ် ကျွန်တော့် လုပ်စာကို ထမင်းကလေး တစ်နပ်မျှ စားမသွားခဲ့ရရှာ။ တစ်ခုတည်းသော ပြောနိုင်စရာဖြင့် ဒုလ္လဘရဟန်းပြုခဲ့စဉ်က ကံကောင်းထောက်မ၍ ဆွမ်းတစ်နပ်ခံ ကျွေးလိုက်မိရုံရှိသည်။ တကယ့်ကို ကံကောင်းထောက်မ၍သာ။ သို့ မှမဟုတ်လျှင် ပြောစရာမှ လုံးဝရှာတွေ့တော့မည် မဟ်ုတ်။ (ဤအကြောင်းကို " အမေစားရသော ထမင်း တစ်နပ်" ဟု ရေးခဲ့ဖူးပြီ)

ကျွန်တော်ကသာ ၀တ္တရားမကျေရှိခဲ့သည်။ အမေက ကျွန်တော့်ကို ချစ်ပုံများကဖြင့်။
လောကမှာ သူများအမေက ချစ်သည်ဆိုရာမှာ မိခင် မေတ္တာတစ်မျိုးတည်းသာ ဖြစ်လိမ့်မည်။ ကျွန်တော့် အမေကတော့ ကျွန်တော့်ကို " မိဘမေတ္တာ" အစစ်နှင့် ချစ်ခဲ့သူဖြစ်ပါသည်။
အကြောင်းကား ကျွန်တော့် ကို မီးရှူးသန့်စင်မွေးလိုက်စဉ်က အဖေနှင့်အမေ အဆင်မပြေ၍ ကွဲနေကြ သည်။ ယောက်ျား ဖောင်စီး၊ မိန်းမမီးနေ သေမင်းနှင့် ရင်ဆိုင် ရသော သားဦးကို ခင်ပွန်းသည် လင် တစ်ယောက် ၏ အိမ်ဦးခန်းမှနေ၍ ချောင်းဟန့်သံမျှ မကြားနိုင်ခဲ့ဘဲ ကိုယ့်ဇွဲနှင့်ကိုယ် အံကြိတ်၍ မာန်တင်း ပြီး အာဝေဏိက ကို စစ်ခင်းခဲ့ရရှာသည်။

အမေ က သတ္တိရှိသည်။ မာန်ရှိသည်။ အမှတ်အသားကြီးသည်။ ဇွဲလုံ့လ၀ီရိယရှိသည်။ အဖေနှင့် ကွဲသည် သော် မှ မာန်ကြီး၍ ကွဲခဲ့ကြရသည်။ အဖေက လူရည်တတ် မုဆိုးဖိုရွာသူကြီး။ သမီးနှစ်ယောက် ဖခင်။ အမေ က ချောမောလှပသည့် အပျိုစင်ဘ၀။ မိဘဆွေမျိုးများက ပေးစား၍ ညားခဲ့ရခြင်းဖြစ်သည်။ တိုတိုဆို ကြပါစို့။ ကျွန်တော့်ကို ကိုယ်ဝန်လွယ်၍ အဖေ့ထံမှ ခပ်တင်းတင်းပဲ ဆင်းခဲ့သည်။ နှစ်ဘက်ဆွေမျိုး မိတ်သင်္ဂဟ များက သားသမီးရဲ့နောင်ရေး ခပ်အေးအေးစဉ်းစားဖို့ နားချကြသည်။ ပြန်လည် စေ့စပ် ကြသည်။ အဖေကတော့ အမြဲတံခါးဖွင့်ထားပါသည်ဟု ဆိုသည်။ အမေကတော့ " သားမွေးမွေး သမီး မွေးမွေး မအေလိုချစ်ပြီး ဖအေလို လူတစ်လုံးသူတစ်လုံး ဖြစ်အောင် ပျိုးထောင်ပြမည်" ဟု ကြိမ်းဝါးခဲ့သည်။ မယား စရိတ် သားစရိတ် မှ တစ်ပြားတစ်ချပ်မတောင်းဆိုခဲ့။ ဒါသာဖြစ်သော်လည်း အမေတို့မှာ အဖေ့လို ကြွယ်ဝ မဟုတ်။ မိခင် နှင့် ဦးလေး မျက်မမြင် တစ်ယောက်၊ ညီမလေးတစ်ယောက်။

အမေကဟုတ်ဟုတ် - မဟုတ်ဟုတ် အင်္ဂလိပ်လို ရွတ်ရှက်ဒွတ်ဒတ်လုပ်မှ ကြိုက်သည်။ ကျွန်တော်က ကျောင်းစာ မဟုတ်သော ဗမာစာကြီးပေကြီးတွေကို အော်ကြီးဟစ်ကျယ် အလွတ်ကျက်သည်။ ကဗျာစပ် သည်။ သီချင်းဆိုသည်။ သီချင်းဆိုတာ ကိုတော့ အဘိုးလေးဦးတုပ်ပေါက စောင်းတီးနေပြီဖြစ်၍ အမေ့ကိုပါ ပတ်ပျိုး ယိုးဒယား တစ်ပုဒ်စ နှစ်ပုဒ်စ တက်ပေးပြီး မကြာခဏ ဆိုစေရ၍ အကြောင်းမဟုတ်။ ဘုရားကိုးဆူ ဆွမ်းကပ်စာ တွေကို အော်ကြီးဟစ်ကျယ် ကျက်လိုကျက်။ ဆိုင်းဆင့် လေပြေနှင့် ကွက်စိပ်စာတွေ ရွတ်လို ရွတ် လုပ်နေသည် ကိုတော့ နည်းနည်းမှ ဘ၀င်မကျ။ တစ်ခါက အမေသူ့ရင်သူတီးပြီး ငိုကြီးချက်မ ဖြစ်လိုက် ပုံ ကို ကျွန်တော် ဘယ်တော့မှ မမေ့။

ရန်ကုန် က၀ိမျက်မှန် စာပုံနှိပ်တိုက်သို့ အဟာသုတကာရီ မဃဒေ၀ လင်္ကာစာအုပ်ကို ဗီပီပီနှင့်မှာ၍ ရောက် လာရာ အမေက မေးတော့ ကျွန်တော့်က " ဒစ်ရှင်နာရီ" စာအုပ်ဟု လိမ်ပြောလိုက်သည်။ စင်စစ် " ဒစ်ရှင် နာရီ" ဆိုတာကို အမေက နားလည်သည်မဟုတ်။ အင်္ဂလိပ်စာအုပ်ဆိုလျှင် ကျေနပ်နေတတ်သည်။ ကျသ လောက် ငွေပေးပြီး သူကိုယ်တိုင် အထင်တကြီး ဖွင့်ကြည့်တော့မှ သားရေဖုံး ရွှေစာလုံးနှင့် ဗမာစာအုပ်ကြီး ဖြစ်နေ တော့သည်။ ဤတွင် သူ့ရင်တွင် အုန်းကနဲတီးထဲ့၍ " အမယ်လေး ငါ့သားရယ် ဒီစာတွေများ ဖတ်ဖို့ ဆို အင်္ဂလိပ်ကျောင်းကို ပိုက်ဆံအကုန်ခံထားပါ့မလား။ ဘုန်းကြီးကျောင်း ပို့တော့မပေါ့" ဟုမျက်ရည်လည်ရွဲ ညည်းညူ လိုက်သည်။

ပေါင်းတာ သင်းတာက အစ အင်္ဂလိပ်လို ရွှတ်ရွှတ်ရှက်ရှက် ပြောတတ်သူနှင့် ပေါင်းမှသဘောကျသည်။ ကျွန်တော် က လူပြန်တော် ဆေးဆရာ၊ စာရေးဆရာ အရွယ်ကြီးကြီး လူကြီးပိုင်းများနှင့်သာ လေးလေး စားစား ပေါင်းနေသည်။
ထိုခေတ် ထိုအခါက မြန်မာပညာရှိ ဆိုလျှင် ဆင်းရဲနွမ်းပါးသော အခြေအနေသာ ရှိတတ်သည်။ လူမှုရေးဆို လျှင် ထင်ထင်ပေါ်ပေါ် တလေးတစား အဆက်အဆံ ခံရသူများမှာ အင်္ဂလိပ်စာတတ် အရာရှိအရာခံ များသာ ဖြစ်သည်။

မြန်မာစာ ပျို့ကဗျာလင်္ကာတို့မှာ စကားပြေ၀တ္ထုများ ခေတ်စား လာချိန်တွင် ထိုဘက်သို့ အာရုံရောက်သွား ပြန်သည်။ ထိုခေတ်က ၀တ္ထုဟူသမျှ နန်းတွင်းကအစ အရပ်ဝတ္ထုအထိ ချစ်ရေးကြိုက်ရေးသာ ဦးစားပေး ကြသည်က များသည်။ ထို့ကြောင့် ၀တ္ထုရေးလို၍ ၀တ္ထုများများ ဖတ်ရလေရာ ထိုဝတ္ထုများထဲက အချစ် အကြောင်း တွေက အတွေးအခေါ် အယူအဆတွေပါ အချစ်ကိုသာ အမွန်အမြတ်ပြု၍ အချစ်ကိုသာ ကိုးကွယ် ဆည်းကပ်မပြတ်ရိုသေ လာလေရကား အမေ့သား ၀န်ထောက်လောင်းကြီးမှာ ကျောင်းမှ ထွက် ချင်းမယား ယူ၍ ချစ်စံနမူပြလိုက်လေသည်။

အမေ့ အဖို့တော့ အားကိုးထားသော တောင်ကြီးပြိုလေပြီ။ အမေက သဘောမတူသဖြင့် ယောက္ခမအိမ်သို့ ရောက်။ ယောက္ခမအဖို့ကတော့ သမီးရှင်ဖြစ်၍ သမက်ကိုလက်ခံ။ ကိုယ့်ဘက်က ပြန်ကြည့်တော့ အမေက ဂုဏ်မက်သူ။ ကိုယ့်အချစ်ကို နှောင့်ယှက်သူ။ ၀တ္ထုထဲက မာနကြီးသူဌေးကတော်ကြီးများအတိုင်း။ ယောက္ခမကြီး ကိုတော့ သနားစရာ။ ခင်တွယ်စရာ။ ကြင်နာစရာ။ မိမိကို စေတနာအပြည့်အ၀ထားရှိသော မျက်နှာငယ် လူတန်းစား။ ကိုယ်ကမွေးသည့် သူ့မြေးကို ယုယလွန်းသည်ကပင် ကျေးဇူးတော်အပုံ-ဂုဏ်တော် အနန္တ။
အလုပ်အကိုင် ကလေးရ၍ ပိုက်ဆံကြေးငွေ နည်းနည်းကလေးဆူဖြိုးတော့ အမေကို သတိမရ။ ယောက္ခမ ကို သာ မျက်နှာလုပ်ခဲ့ရသည်။ သဒ္ဓါကြည်ဖြူ မြတ်နိုးတော်မူခဲ့သည်။ သို့ပေမယ့် မစားရသည့် ကြားက သူ့သား ချောင်ချောင်လည်လည် ဖြစ်သည်ကို မြင်၍ ပီတိဖြစ်နေသူကား အမေ။

စာရေးဆရာ၊ ၀တ္ထုရေးဆရာ ဖြစ်လိုသူမှာ စာပေက လွဲလျှင် ဘယ်အလုပ်မှမြဲသည်မဟုတ်။ ရွှင်ပျော်ပျော်မှာတစ်မူးတန်ဝတ္ထုကလေး တစ်ပုဒ်စွံတော့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ရန်ကုန်ကို ခြေကုန် သုတ်ခဲ့ သည်။ စိတ်အထင်က ၀တ္ထုတစ်ပုဒ် ငွေအစိတ်။ တစ်လကို ၀တ္ထုသုံးပုဒ်ရေး။ ၇၅-ကျပ်ကြီး များ တောင်။ ဒုတိယ မြို့အုပ်ဆိုသူတောင်လခက တစ်ရာကျော်ရုံကလေး။
ဤသို့နှင့် ရန်ကုန်မြေခြေချ၍ တစ်လနှစ်လဆိုလျှင်ပင် စာရေးဆရာ၊ ၀တ္ထုရေးဆရာတို့၏ လက်တွေ့ဘ၀ကို မရှုမလှ ခံ လိုက်ရပါပြီ။ ၀တ္ထုတစ်ပုဒ်ငွေအစိတ်ဆိုပေမယ့် နှစ်ကျပ်ပေး၊ သုံးကျပ်ပေး၊ အလီလီအလာလာ။ ကိုယ် က သုံးပုဒ်ရေးထား။ ထုတ်ဝေသူက တစ်ပုဒ်မှ အနိုင်နိုင်ယူ။ သားမယားကို အိမ်တစ်ဆောင် မီးတ ပြောင်နှင့် ခေါ်ထားနိုင်ဖို့ဝေး။ တစ်ကိုယ်တည်းတောင် ကုန်းကြောင်းလျှောက်ပြီး ဗယာကြော်နှင့် ပြီးရသော ရက်တွေက ဆက်ကာဆက်ကာလာ။ ကိုယ့်မြို့ကိုယ့်ရွာသို့ အောင်မြင်စွာ ဆုတ်ခွာရလေသတည်း။

ရန်ကုန်မှ စိတ်ဓာတ်ကျ၍ မ၀ရေစာ ဗလချာ ဖြစ်နေသည့် ငယ်စဉ်ကတည်းက စားသောက်ဖွယ်ကို မက်တတ်သော ထောက်လောင်းကြီးအား ကြိုက်တတ်တာကလေးတွေကို တမင်ချက်ပြုတ်၍ ခေါ်ကျွေးသူ ကား ကျွန်တော့် " အမေ "။ အမေမှ အမေ။
ဒါသာ ဖြစ်သည်။ ဆယ်နှစ် ဆယ့်ငါးနှစ်အတွင်း ကြွယ်ပိုးငယ်ဝမှ တစစဆင်းရဲချို့တဲ့သွားရှာလေပြီ။ ဒီကြား ထဲ သူ့သား ကို အမွှမ်းတင်စရာမရှိ ကြံဖန်ပြီး တင်လိုက်သေးတာက။
" ငါ့သားလည်း အမေ့ကို ခွဲသွားရော။ အမေလည်း ဆင်းရဲတာပဲ။ ငါ့သားက "သိုက်ဖွား" မဟုတ်လား။
ကျွန်တော်က ရင်တွင်းက သူ့စေတနာနှင့်ခံယူချက်ကို မသိ။ ရယ်စရာအရွှန်းပြောသည်ထင်၍ ခင်ရွှင်ရွှင် ကလေး ရယ် လိုက်သေးသည်။

ဝါသနာသည် ၀ီရိယနှင့်ဇွဲကို အားပေးတတ်သည်။ ၀ါသနာပါရုံပါ၍ ၀ီရိယနှင့်ဇွဲမပါလျှင် အရာမထင်တတ်။ ထို့ကြောင့် ဆွေရပ်မျိုး ဆွေမျိုးသားချင်း အထင်မကြီးသည့် ဘ၀ကို တော်လှန်ရန် ရန်ကုန်မြေသို့ ခြေချလိုက် ပြန်ပါသည်။ ချလျှင်ချခြင်း သုခဖြစ်ရအောင် ဒုက္ခတွေနဲ့ နပန်းလုံးရသည့် အချိန် ...
တစ်နေ့သော ညဦးပိုင်း အိမ်နီးချင်းတစ်အိမ်က ဓာတ်စက် ဓာတ်ပြားတစ်ချက်ဖွင့်လိုက်သည်။ သီချင်းက " အနန္တော အနန္တငါးပါးဂုဏ်ရည်။ ယုံယုံကြည်ကြည် နေ့စဉ်ရိုကျိုးရှိခိုးကြရဲ့လား။ ဆရာသမားမိဘ၊ ဘုရားနဲ့ တစ်ဂိုဏ်းတည်းပြသည်" အစချီသော ရွှေတိုင်ညွန့်ရေး၍ မကြည်အောင်ဆိုသော "၀ိစိတြ" မိဘမေတ္တာ သီချင်း။ ဤအသံကို ပထမကြားဖူးလိုက်ခြင်း။

ကျွန်တော့်မှာ မွေးညင်းတွေထောင်လာသည်။ တစ်ကိုယ်လုံး စိမ့်၍စိမ့်၍ အေးလာသည်။ ချွေးစေးတွေထွက် ၍ တုန်တုန်ရီရီဖြစ်လာသည်။ နားထဲသို့ သေးငယ်ချွန်မြသော တံကျင်ကလေးဖိ၍ သွင်းလိုက်သကဲ့သို့ နား နာကျင်ကျင် ခံစားလိုက်ရသည်။ နှာယောင်ပွ၍ ရင်ထဲက တလှပ်လှပ်ဖြစ်လာသည်။

လူက မငိုဘဲနှင့် မျက် ရည်ပူတွေ တွဲရရွဲခိုလာကြသည်။
မြန်မာစာဖတ်လျှင် မိဘမေတ္တာ၊ မိဘကျေးဇူး၊ မိဘဂုဏ်တွေနှင့် မရှောင်မလွဲနိုင်အောင် တွေ့ရတတ်သည်။ အချို့စာပိုဒ်တွေများ နှုတ်မိအာဂုံဆောင်ထားမိသေးသည်။ ဤစာသား ဤသဘောတရားများကား ကျွန်တော့် အတွက် အဆန်းများမဟုတ်။ သူ့သီချင်းထဲမှာပါသော မူရင်းစာသားများကို အဇာတသတ္တု အလင်္ကာကြီးထဲမှာ တွေ့ဖူးထားပြီးဖြစ်သည်။ ဥပမာ - " ပတ္တမြားအမြှောင်ကာသည့် စုတ်အဆောင်ထဲ။ ဓား တစ်ထောင့်ထွာနှင့် ဥသျှောင်တဲ။ ဘုရာ့ကျောင်းဒကာကြီးကို တုပ်နှောင်လှဲ။ ဒုတ်တစ်ထောင်မစဲ လက်ရုံး ရောင်ဖြင့်၊ အသက်ဆုံးအောင် မသနားမညှာသတ်တဲ့၊ သားအဇာတသတ် ပြေကိုမွှေသည်။ ယမားကြာယပ် နှင့် ရွှေကေသီ၊ အနားလာကပ်တာက ဝေဒေဟီ၊ စကားလာမစပ်နဲ့ သေပေစီ"။

ဤစာတွေကို ကျက်ဖူးမှတ်ထူးပါလျက် " ဤသီချင်းသံကျမှ ခံစားမှုအဘယ်ကြောင့် ပြင်းထန်ရသလဲ"ဟု ကိုယ့်ကိုယ်ကို မေးမိသည်။ ကျက်တာမှတ်တာက " ငါအသုံးချဖို့။ ငါကြွားဖို့။ ငါစာထဲထည့်ရေးဖို့ပဲ။ ငါ ကိုယ် တိုင်သိဖို့ သုံးဆောင်ဖို့မှ မဟုတ်ခဲ့ပဲတဲ့။ ဒါကြောင့် ဘုရားက ပိဋကတ်သုံးပုံကို မြွေဖမ်းယောက်ျားကဲ့သို့ သင် ခြင်းမျိုးကို ဒုက္ခဖြစ်စေတယ်လို့ ဟောခဲ့တာပဲ။ စာဖတ်လို့က သတိမရ။ တရားနာတုန်းက သဘောမပေါက်။ သီချင်းဆိုသံကြားမှ စိတ်နှလုံးထဲ ရောက်လာတာက ငါ့အာသာနုသယနဲ့ တိုက်ဆိုင်ပေလို့ပဲ။ ဒါကြောင့် ဘုရား ရဲ့ ဆအာသာဓရဏဥာဏ်တော် ခြောက်ပါးထဲမှာ အာသာနုသယဥာဏ်တော်ဆိုတာ ဤသဘော ပေကိုး" အမေကိုသာမက လက်တွေ့ကျကျ ဘုရားကို ကြည်ညိုလိုက်ရသည်။

ကဲ ... အမေ့ကို ကျေးဇူးနှင့် အမေ့မေတ္တာတို့ကို သိပါပြီ။ နောင်တရပါပြီ။ ကျွေးချင်လှပါပြီ။ ဘယ်မှာလဲ ပိုက်ဆံ။ ကိုယ်တောင်သူများ အိမ်မှာ ကပ်နေရသည့်ဘ၀။ ဤတွင်မှ ဆင်းရဲလိုက်သည့်စိတ်။ တစ်သက်လုံး ကအမေ့စေတနာတွေ မှန်သမျှ ရုပ်ရှင်ထဲမှာ တွေးသလို တစ်ပြုံလုံးအကုန်လုံး ဘယ်က ဘယ်က ပေါ် လာသည် မသိ။ ဒီတော့ မိမိကိုယ်မိမိ ဒေါသကြီးစွာ ဖြစ်ရသည်။
ကံအားလျော်စွာ ကျိုက်လတ် ကို ပြန်၍ ဒုလ္လဘရဟန်းခံရအောင် အခွင့်တစ်ခုရလာသည်။ ရဟန်းခံရအောင် ပြန်လာမှန်း သိတော့ အမေကိုယ်တိုင် သားရဟန်းလောင်းအတွက် ပရိက္ခရာ ရှစ်ပါး ဆိုတာထဲက တစ်ပါးမှ မဖြည့်စွမ်းနိုင်လောက်အောင် ဆင်းရဲရှက်ကြောက် နေရှာသည်။ စိတ်ကူးစိတ်သန်းရ၍ အမွန်မြတ်ဆုံး အသန့်ရှင်းဆုံး ဖြစ်သည့် မိမိခံဆွမ်းကို ချကျွေးသောအခါ ၀မ်းသာ ရမည့် အစား ချုံးပွဲချပြီး ငို၍တားသော ကြောင့် ဆွမ်းတစ်နပ် မှ တောင်းတောင်းပန်ပန် ချော့မော့ ကျွေးခဲ့ ရသည်။

" အမေ ... အမေ " အမေ့ဂုဏ်ကို သိပြီဆိုသည်နှင့် တစ်ပြိုင်နက် ယုံချင်ယုံ-မယုံချင်နေ။ အလုပ်အကိုင် အတည် တကျ နှင့် မကြောင့်မကြ နေရတဲ့ ဘ၀ရောက်ခဲ့ရသည်။
" အမေ - အမေ " အမေ့ကို ကျွေးနိုင်စွမ်းအားရှိ၍ အားပါးတရလာခေါ်သည့်အခါ အမေက ကျွန်တော်နှင့် လိုက် ၍ မနေနိုင်ပါ။ ကျွန်တော့် နှမငယ် အိမ်ထောင်ကျပြီး အိမ်မှုကိစ္စအ၀၀ သင်ရပြရအောင် သူတို့နှင့် ပုသိမ် ကို လိုက်နေရချေဦးမည်တဲ့။

အဲ ... ကျွန်တော့် ၏ နှမ ပေါ်လာပုံကတော့ ငွေကြေးကလေး တောင့်တင်း ထင်ပေါ်လာသည့် အခြေအနေ မှာ ကျွန်တော့် အဖေက ပြန်လည် စေ့စပ်လာလို့ မျက်နှာခပ်မော့မော့နဲ့ပဲ လက်ခံလိုက်တာလေ။ အမေ့ မှာက မာနကြောင့်သာ ကင်းကွာခဲ့ပေမယ့် သူ့အနေနဲ့က ငယ်ချစ်ပေကိုး။
ပုသိမ် မှာ နေထိုင်ရတာ ကောင်းသည့်အကြောင်း၊ သားမက်ဖြစ်သူက အလွန်ရိုသေ၍ ဦးစားပေးကြောင်း အမေ့ ထံ စာရတော့ အမေ့အတွက် ကျေနပ်စရာဖြစ်ပေမယ့် ကျွန်တော့် အတွက်တော့ လိုဘမပြည့်။ " အင်း ... သားမက် ဆိုတာလည်း ငါလို အကောင်မျိုး တစ်ယောက်နေမှာပါပဲ" ဟု ပြုံးလိုက်မိပါသေးသည်။

တစ်နှစ်လောက် အကြာ စာလာပြန်တာက အမေ ကျွန်တော်ထံ လာနေလိုသည့်အကြောင်းနှင့် နေ၍လည်း နည်းနည်း မကောင်းဟု နှမကရေးလိုက်ခြင်းဖြစ်သည်။
ဤတစ်ခါလာနေတော့မည်ဆို၍ နည်းနည်း နေမကောင်းဆိုတာတောင် ၀မ်းသာလိုက်မိသေးသည်။ အခွင့် အရေး ရ၍ အားပါးတရ ခေါ်ရအောင်သွားလို့ အမေ့ကို တွေ့လိုက်ရသည်။ အမေ့မှာ အရိုးပေါ် အရေတင်၍ ခပ်ယဲ့ယဲ့ ရှိတော့သည်။ အမေပြုံးလိုက်၍ မျက်လုံးများ အရောင်တဖိတ်ဖိတ် ဖြစ်လာသည်။ ချက်ချင်းထ၍ ရေမိုးချိုးပြီး သနပ်ခါးများလိမ်းကာ အမေကျန်းမာနေပါသည်ဟု အားမရသော သားကို စကားမပါဘဲ သရုပ် ဆောင်ပြသည်။

ဤသို့နှင့် အမေ့ ကို ရန်ကုန်သို့ ခေါ်ခဲ့သည်။ ကျွန်တော့် အိမ်ပေါ်ရောက်၍ နှစ်ရက်သာခံရှာသည်။ ကမ္ဗလာ သီးကလေးကို ညှစ်၍ ဂလူးကို့စ်နှင့်ရောပြီး ကြွေဇွန်းနှစ်ဇွန်းသာ တိုက်ကျွေးလိုက်ရသည်။ သားကို ပြုံးပြုံးကြီး ကြည့်ပြီး ပြုံးပြုံးကြီးသေသွားတော့သည်။

ဤကား ကျွန်တော့် အမေအကြောင်း

ဆရာ၇န်အောင်က သူ့ (အမေစာအုပ်)မှာ ကျွန်တော့်ကို အမှာအဖြည့်ခိုင်းသည်။ သူက သူကိုယ်တိုင် ခြောက်ဆယ့်ရှစ်နှစ်ရှိမှ သူပအမေရှစ်ဆယ်ကျော်နှင့် ခွဲခဲ့ရသည်။ သေကွဲမကွဲခင် ရှင်ကွဲ ခွဲနေရစဉ်ကလည်း သူ့အမေကို သူကိုယ်တိုင် အားရပါးရ ပြုစုကျွေးမွေးခဲ့ရသည်။ သူကိုယ်တိုင် အိမ်ထောင်ဘက်နျစ်ဆက် ကျကျ မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက်ရရ၊ သူ့ အမေကိုတော့ အမြဲတမ်း သွားသွားပြီး ချွဲနိုင်နွဲ့နိုင် သေးသည်။

" အမေ " ဟု သူက ခေါ်လိုက်လျှင်။
" ဘာလဲဟဲ့ ငရန်" ဟု ပြန်၍ထူးသံ ကြားရသည်မှာ ဘယ်၍ ဘယ်မျှ အရသာရှိလိုက်မည်မသိ။

ဆရာရန်အောင်က သူ့(အမေ)မှာ မည်၍မည်မျှ တစ်ဦးကို တစ်ဦး ချစ်ခင်တွယ်တာပုံကို စုံစုံစေ့စေ့ ရေးထား သည်။ သူငယ်စဉ်က ညအိပ်ညနေ ဈေးရောင်းထွက်သွားသည့် အမေကို လွမ်းလှသည်နှင့် အမေ့ အင်္ကျီဟောင်း က မိခင် အနံ့ ကလေး ကို နမ်းကာ အလွမ်းဖြေခဲ့ရသည်ဟု ဆိုထားသည်။

ကျွန်တော် ကိုယ်တိုင် မိုက်မည့်သာမိုက်ခဲ့သည်။ ကျွန်တော်လည်း သူ့ကဲ့သို့ပင် ငယ်စဉ်က အမေ့ အင်္ကျီဟောင်း ကလေးကို နမ်း၍ အလွမ်းဖြေခဲ့ဖူးခြင်းကြောင့် သူ့စာဖတ်မိမှ ကြေကွဲရပြန်ပါသည်။
ကျောင်းပေါင်းများစွာကို မိဘမေတ္တာ လိုက်ဟောသဖြင့် သားလိမ္မာတစ်ယောက်ဟုထင်လျှင် တက်တက်စင် အောင် မှားလိမ့်မည်။ အမေရှိသေးသော ကလေးသူငယ်တို့ကို ကျွန်တော်လို မိုးလွန်မှထွန်ချ။ အမေဆုံးမှ သတိရ ဆိုသလို မဖြစ်ရအောင် ကိုယ် မိုက်တာ ကိုယ် ဖော်ပြီး သူတော်ကောင်းကလေးများ ဖြစ်စေချင်၍ ဖြစ်ပါသည်။

ယခု သင်ကိုင်ထားသော ဆရာရန်အောင်၏ အမေကို လုံးစေ့ပတ်စေ့ဖတ်ပါ။ ဖတ်ပြီး၍ ဆုံးလျှင် " အမေ" ဟု အသံထွက်အောင် ခေါ်ကြည့် လိုက်ပါ။
အုလွန်ချိုမြိန်သော၊ သာယာသော စိတ်ချမ်းသာသော၊ မေတ္တာဖြင့် ထုံမွှမ်းသော အရသာကို သင်ကိုယ်တိုင် ခံစားရပါလိမ့်မည်။

သုခိအတ္တာနံ ပရိဟရန္တု။
သုခ
(ဆရာ ဦးရန်အောင်၏ " အမေ "စာအုပ်မှ အမှာစာ)
.

No comments: