အခန်း (၃)
အိမ်ရောက်လို့ ဈေးခြင်းလေး ချပြီး ရေတခွက်သောက်မယ် လုပ်တုန်းရှိသေးတယ်... မိန်းမရေ မြန်မြန် ပြင်ဟေ့ ဗိုက်ဆာ နေပြီလို့ အော်သံ ကြား လိုက်ရတော့ သောက်နေတဲ့ ရေတောင် သီးပါရဲ့... ဖွဟဲ့ ဖွဟဲ့ လို့ ကိုယ်ဘာသာ ရွတ်ရင်း မီးဖိုထဲ အပြေး တပိုင်း ဝင်ခဲ့ရတယ်..။
မီးဖိုဘေးမှာ နှပ်ထားတဲ့ ထမင်းအိုးဖုံးပေါ်က မီးသွေးခဲလေးတွေ တောင် ပြာ တော်တော် ဖုံးနေပြီ... ရခါစက ထမင်းချက်ရင် ပေါင်းအိုးနဲ့ ချက်မယ်ပြင်တော့ .. လူကြီးက ..မိန်းမ ရယ် ဖြစ်နိုင်ရင် ထမင်းကို ငှဲ့ချက် ပါ တဲ့.. ကိုယ်က ပေါင်းအိုး နဲ့ ချက်တဲ့ ထမင်း ကို မစားတတ် လို့ပါဆိုလို့ .. ဒုက္ခရောက်ခံပြီး ထမင်းရည်ငှဲ့ ချက် ရတယ်..။
ထမင်း ကို အစေ့ မပျက်အောင် ထမင်းအုပ်ထဲ ခူးထည့်.. ပဲလေး ဖြူး ပြီး ပဲဆီ စစ်စစ်လေး စမ်း ဆားလေး ဖြူးပြီး ဖွဖွလေး နှယ်ထားတယ်...၊ ဝက်သားလေး ပြုတ်ကြော် လုပ်ထားတာကို ကျွပ်အောင်ပြန်ကြော် ပြီး ဂျင်းပြားလေး ကြက်သွန်ဖြူလေး ပါထဲ့ရသေး တယ်… မွှေးကျွပ်နေတဲ့ ဝက်သားကြော်လေး တခွက် ရပြီ ... ပုဇွန်ခြောက် များများ နဲ့ ကြော်ထား တဲ့ ဘာလချောင်ကြော်လေး လည်း ပုလင်းထဲ က နေ ပုဂံထဲ ပြောင်းထည့် ရသေးတယ်... ၊ ကြက်ဥလေး သုံးလုံး လောက် လဲ မကျက်တကျက် ကြော်လိုက် ရသေးတယ်... ။
အမယ်လေး မေ့လို့ ရေနွေးကျကျလေး ဖောက်ထားအုန်းမှ... ဟော .. ဝင်လာပါပြီ .. ထမင်းစားပွဲ မထိုင်ရသေးဘူး.. အသားကြော်တတုံးကောက်ဝါးလိုက်တယ်.. အင်း စားလိုက်တာ ထမင်းအုပ် တအုပ် ကို ပြောင်တလင်းခါလို့.. ကိုယ့် အတွက် တောင် ဈေးထဲက အမေ နဲ့ မုံဟင်းခါး စားမိခဲ့လို့ တော်ပါ သေးတယ်....။
စားသောက်ပြီး ရေးနွေးခွက်လေး ကိုင် လဘက်အုပ်လေး မ လို့ အိပဲ့အိပဲ့ နဲ့ ထွက်သွားတယ်... ကော်ဖီ ကျကျလေး လုပ်အုန်း ဟေ့လို့ လည်း အော်သွားလေရဲ့....။
ဒါနဲ့… မင်း အုန်းနို့ခေါက်ဆွဲ က အဆာပလာ တွေ အကုန်ပါရဲ့လားကွ. မုန့်ကျွတ်ကြော် ရော... ငါးဖယ်လေး လည်း ပါးပါးလှီး ထဲ့ အုန်း လို့ ပြောလိုက်သံ ကြားမှ ငါးဖယ် ကို သတိရသွားတယ်… ငါးဖယ် မေ့ခဲ့ပြန်ပြီ ပြေးလိုက်အုန်း ဟဲ့ ဈေးတခေါက်.. ။
ဈေးဘက်ပြန်မထွက်ခင် ကြက်ပြုတ်ရေအိုး လေး မြန်မြန်တည် ထားခဲ့ရသေးတယ်... ပြန်လာရင် တောက်လျှောက် တန်းချက် ရအုန်းမယ်... အုန်းနို့ခေါက်ဆွဲ ကတော့ အုန်းနို့များများ .. အစာ စုံစုံနဲ့မို့ စားမကောင်းမှာ ပူစရာမလိုဘူး.. လို့တွေးရင်း .. ပြေးလိုက်ရ လွှားလိုက်ရ နဲ့ မုန့်ဟင်းခါး လေးတောင် ဘယ်ကြား ကပ်မှန်းမသိ တော့ဘဲ ဆာလာပြန်တယ်.. အင်း အုန်းနို့ ခေါက်ဆွဲ ကျက်မှဘဲ စားပါ တော့မယ်လို့ တွေးရင်း ငါးဖယ်စစ်စစ် လေး အစိတ်သားလောက် ရဖို့ ကို ငါးတန်း ထဲ ခြေတိုအောင် လျှောက်ပြီးမှ ရှားရှားပါးပါး ရခဲ့တယ်... တခါထဲ ဆိုင်မှာဘဲ ပေါက်ခိုင်းလာခဲ့တယ် .. သူ့မှာ ငါးဖယ် ထောင်းချိန် မရနိုင်တော့...။
လေပူ တချက် ကို ဟူးကနဲ နေအောင် ပါးစပ်ကမှုတ်ထုတ်လိုက်ရင်း စိတ်မောတာ က လူမော တာထက် ပိုတယ်လို့ ရွတ်ရင်း ဒီလောက်တောင် အကောင်းကြိုက်တတ်လွန်း တဲ့ စူဇကာကြီး ကို အမြင်ကပ်ကပ် နဲ့…. တော့် အုန်းနို့ခေါက်ဆွဲ က ငါးဖယ် မပါတော့ စား မဖြစ်တော့ဘူးလား .. ဘဲသွေးမပါတော့.. မုံကြွပ် မထဲတော့ ရော ဘာဖြစ်မှာလည်း ... ချက်ရပြုတ်ရ ဝယ်ရချမ်းရတဲ့ လူကိုလည်း အားနာအုန်း လို့…. ဒီတခါ တကယ်ကို ပြောပြစ် လိုက်တော့မယ်... မကျေနပ်လို့ ရန်ဖြစ်ပြီး ကွဲရင်လည်း ကွဲတော့ လို့တောင် စိတ်ထဲ စဉ်းစား မိသေးတယ်... မောလွန်းလို့ပါ..။
ဈေးနှစ်ခေါက် အသွားအပြန်ထက် သူ စားချင်တာတွေ မရမှာ ကြောက် လို့ မောရတဲ့ အမော က ပိုသေး တယ်... ဒါတွေကို ဒီလူကြီး မသိဘဲ အိမ်ကနေ ဟိုဟာစားချင် .. ဒီဟာစားချင် နဲ့ အလကား စူဇကာကြီး.....။
အခန်း (၄)
မီးဖိုချောင် ထဲ မှာ ဟိုဟာ လုပ်ရမလို ဒီဟာ လုပ်ရမလို နဲ့ ယောင်တောင်တောင် ကြီး ဖြစ်နေတယ်.. အခါတိုင်း တော့ သူဘာမှ စဉ်းစားစရာ မလိုအောင် ဟိုဟာလေး ချက်ပါဟ.. ဘာလေး မပါဘူးလား ညာလေး မပါဘူးလား နဲ့ သူ့အနားကို စားဘို့သောက်ဘို့ လာ လာ ပြောနေကြ ဆိုတော့ သူ့ဘာမှ စဉ်းစားစရာ မလိုတဲ့ အပြင် သူခိုင်းတာတောင် မနဲ အလျှင်မှီအောင် လုပ်ပေးနေရ လို့ သူ့ မှာ ယောင်ချိန် နချိန်တောင် မရှိပါဘူး… မရှိလွန်း လို့လည်း တခါတခါ စူဇကာကြီး စူဇကာကြီး နဲ့ စိတ်ထဲက တဖွဖွ ရွတ်နေကြ…။
အခုလို စူဇကာကြီး ဘာမှ ဂျီးမများ နိုင်ပြန်တော့ လည်း မီးဖို ထဲမှာ ဘာမှ လုပ်ချင် ကိုင်ချင်စိတ် မရှိတော့ သလို.. မီးဖိုချောင်တခုလုံးဟာ လည်း အသရေ မဲ့ နေသလိုဘဲ…. သြ မီးဖိုချောင် ဆိုတာလည်း စူဇကာကြီး .. အဲ ယောကျ်ားကြီး ချက်ခိုင်းသလို ဟင်းကောင်း ကျွေးကောင်း တွေ ချက်နေမှ မီးဖိုချောင်ရဲ့ အသရေ ရှိနေတာ ထင်ပါရဲ့… အမလေး ယောက်ျားရေ … ကျမ ကို ချက်ခိုင်းလိုက်စမ်းပါ… မီးဖိုချောင်ထဲ က မထွက်တမ်း ချက်လိုက်ချင်ပါရဲ့….။
မှတ်မှတ်ရရ အုန်းနို့ ခေါက်ဆွဲချက် တဲ့ နေ့ ကဘဲ ညနေစာ ဝက်သားနှပ် နဲ့ စားပြီး ညမှာ အင်ကျီ ချွတ်ကြီး နဲ့ အိပ်လိုက်တာ မနက်ကျ ဖျားပါလေရော… လမ်းထိပ်ဆိုင် က စပ်ဆေး လေး ကို တရက်ပျောက်နိုး နဲ့ သောက်လာလိုက်တာ အဖျား မကျတဲ့ အပြင် ပိုပို ဆိုးလာတာကို အမေ သိတော့ အိမ်လိုက်လာပြီး ညည်းတို့ လည်း ငွေမရှိတာ လည်း မဟုတ် ဘဲနဲ့ ဒီကွမ်းယာဆိုင်ဆေး နဲ့ ပြီးရသလား ဆိုပြီး ဆေးခန်း သွားခိုင်းတယ်..။
ဆရာဝန် လေး နဲ့ သေချာ ကုလိုက် မှ တိုက်ဖိုက်ဆန်ဆန်ဖြစ်နေတာ အဖတ်လုံးဝ မကျွေး နဲ့ ဆိုလို့ ဘာအဖတ် မှ မကျွေးရတာ ကြာသွားပြီ..၊ အင်း ဒီလောက် အစားမက် တဲ့ ယောက်ျားကြီး ဘာမှ ကို မစား ရတော့ဘူး… ။
ကျမ လေ ဆရာဝန် က မစားခိုင်းလို့ သူ မစားရတာကို ဝမ်းမနဲပါဘူး … ဒါပေမဲ့ သူကိုယ်တိုင် စားချင်စိတ် မရှိတာ … ဘာမှ မပူစာ တော့တာကိုတော့ ဝမ်းနဲ မိတယ်… အင်း ဘယ်လိုများ ဖြစ်သွားပါလိမ့် .. ပြန်မှ ကောင်းပါတော့ မလားလို့ တွေးရင်း မျက်ရည် တွေ ကျလာ ပြန်တယ်…။
အခန်း (၅)
ဒီနေ့တော့ အဖျား ကျသွားတာလည်း တော်တော်ကြာပြီဆိုတော့ … ယောက်ျား ရေ ရှင်ဘာလေးများ စားချင်လည်း.. ဒီနေ့ ဆေးခန်းသွားရင် ဆရာ့ ကိုလည်း မေးခဲ့ပါလား… စားလို့ ရရင် ရှင်စားချင်တာလေး လုပ်ပေးမယ်လေ လို့ … ပြောပေမဲ့ … လေသံပျော့လေး နဲ့ ငါဖြင့် မစား ရတာကြာလို့ လားမသိဘူး စိတ်ထဲမှာ စားချင်စိတ် ကို မပေါ်ဘူး လို့ ပြောလိုက်ပြန်တော့ ကျမ ဝမ်းနဲ ရပြန်ရော….။
ဆေးခန်း ကို အမေ နဲ့ သွားပြကြတယ်… အမေ့ လည်း မှာ လိုက်ရသေး ဆရာဝန်လေး မေးခဲ့ ပါအုန်း .. ဘာကျွေးရင် ရပြီလည်း လို့ ပြောတော့… အမေ က မျက်စောင်း တချက်ထိုး ရင် ညည်း မချက်ရ မပြုတ်ရတာ ဘယ်လောက်သက်သာလည်း .. တချိန်လုံး စူဇကာ ယောကျ်ားကြီး ဆိုပြီး ရွတ်နေတဲ့ မိန်းမက လို့ ပြောသွားတယ်… ။
အမေရေ ကျမ မပြောတော့ပါဘူး ….. ယောက်ျားစားချင်တာလေး များရှိရင် ချက်ကျွေး ချင်လိုက် တာလို့ စဉ်းစားရင်း…. ဟိုဘက်အိမ် က ဂျီးတော်ကြီးပြောသလို ဒီလောက် အစားမက်တဲ့ လူ အစားမဝင်ရင် မလွယ်တော့ဘူး လို့ ပြောတာကို ပြန်ကြားပြီး ငိုချင်တဲ့ စိတ်တွေ လှိုက်လှိုက်တက်လာပြန်တယ်…..။
အင်း ထိုင်မှိုင်နေတုန်း ဘဲ အမေတို့ ပြန်လာတယ်.. အမေ ဆရာက ဘာပြောလိုက်လဲ လို့ မေးတော့ အဖျားလည်း မရှိတော့ ဘူးဆိုတော့ ခပ်ပျော့ပျော့ ဆို ဘာမဆိုစားရတယ် ပြောတယ်.. အများကြီးတော့ မစားနဲ့အုန်းတဲ့ … သူ့ကိုသာ ဘာစားချင်လည်း မေးကြည့် လိုက်တော့ လို့ အမေထုံးစံ အတိုင်း ခပ်ထေ့ထေ့လေး ပြောလိုက်တယ်….. ယောက်ျား ကိုကြည့်လိုက်ပြန်ေတော့ … နုံးချိချိ မျက်နှာ ပေါ်မှာ မချိပြုံး နဲ့ ငါဖြင့် တကယ် ကို စားချင်စိတ်မရှိပါဘူး ဟာ လို့ ပြောလိုက်တဲ့ သူ့ အသံ ကို နားထောင် ပြီး ကျမ ဖြင့် စိတ်ဓါတ် ကျသွားလိုက်တာ… ရှင်ကလည်း စဉ်းစားစမ်းပါအုန်း ရှင်.. လို့ ပြောရင်း မီးဖိုထဲ အမြန်ပြေးဝင်ပြီး ငိုချင်တဲ့ စိတ်တွေ မနဲ ဖျောက်ပြစ်ရတယ်…။
ဟဲ ကျက်သရေ မရှိ ဘာမရှိ.. မီးဖိုထဲ ထိုင်မှိုင်မနေ နဲ့ ညည်းယောကျ်ား ခေါ်နေတယ် သွားလိုက်အုန်း လို့ ပြောလို့ အခန်းထဲ အပြေးတပိုင်း ဝင်လာမိတယ်… ကြည်ကြည်လေး စိတ်မကောင်းဖြစ်နေလား .. ငါ အစား မစားတာ က တိုက်ဖိုက် ဆိုတာ အဖတ်နဲ့ လုံးဝ မတည့် လို့ စားရင်လည်း သေမှာ မလို့ မစားတာ ဒါကြောင့် နင့် ကိုလည်း မပူစာတာပါ.. ငါ မစားချင်လို့ မဟုတ်ဘူး… ကဲ.. အခု ဆန်ပြုတ်သောက်မယ်… ဘဲသားဆန်ပြုတ်နော် တရုပ်နံနံ တို့ ငရုပ်ကောင်း တို့ လည်း ထဲ့ ကြက်သွန်ဖြူ များများလေးထဲ့…. ဟို ဆားပေါ့ခြောက်လေး လည်း မီးဖုတ်ပြီး ဆီရွှဲရွှဲ ဆန်းခဲ့အုန်း… ။
အမလေး… အခုမှ ရင်ထဲ ကအလုံးကြီး ကျသွားတယ်… မျက်နှာ မဲမဲ ကြီးကို ချစ် မျက်စောင်း တချက် ထိုးလိုက်ရင်း…. စိတ်ချယောက်ျား ရေ ဆန်လေး လှော်ပြီး အကောင်းဆုံး ကိုပြုတ်ခဲ့ မယ် ခဏလေး စောင့် လို့ ပြောလိုက်တယ်….။
ဒီတခါ ဈေးသွားရတာလောက် ခြေလှမ်း တွေ သွက်လက် တာ မရှိတော့ သလို… သူ့ မီးဖိုချောင်လေး လည်း မကြာခင် ဟင်းနံကျွေးနံ တွေ နဲ့ ကျက်သရေ ရှိလာတော့မယ်…. နောက်ပြီး ဒီနေ့ က စပြီး အကောင်းကြိုက် လှတဲ့ စူဇကာ ယောကျ်ား ကြီး ကို မငြိုငြင် တော့ ပါဘူးလို့ များ အမေ့ ကို ပြောလိုက်ရင် ..... အင်း ဆဲလိုက်မဲ့ အမျိုး....။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
ဝန်ခံချက်
ကျနော် အကြိုက် ဝတ္ထုတို တွေထဲမှာ ဆရာမကြီး စိန်စိန် (ရှုမဝ ထောင်ဆုရ) ရဲ့ ဝမ်းတတောင် ဝတ္ထု တိုလေး လည်းပါ ပါတယ်… ဘလော့ဂ် ပေါ်မှာ တင်ဘို့ ရှာလိုက်တော့ ကျနော့်ကိုယ်ပိုင် အဲဒီ ဝတ္ထုတိုလေး ပါတဲ့ စာအုပ်ကလေး ပျောက်နေပါပြီ… စာအုပ် ဆိုင်တွေ မှာ လိုက်ရှာတာ လည်း အခုထိ မတွေ့သေးပါ.. ရရင် တင်ပေးပါမယ်…။
အခု ဒီ ဝတ္ထု တိုလေး မှာ ဝမ်းတတောင် ရဲ့ အငွေ့အသက် နဲ့ ကျနော် တွေ့ဘူး တဲ့ စူဇကာ လို ယောက်ျား နှစ်ယောက် ရဲ့ လွှမ်းမိုး မှု့ အနည်းငယ် ပါကြောင်း ဝန်ခံပါတယ်…။
ရွှေစင်ဦး
.
17 comments:
အဲလို ဇူဇကာယောက်ျားနဲ့ ဆိုရင်တော့ ချက်ရပြုတ်ရ သက်သာမှာ မဟုတ်ဘူး.. :(
ဒါပေမယ့်လည်း ဇာတ်လမ်းထဲက အမျိုးသမီးလိုပဲ မချက်ရ မနေနိုင် ဖြစ်ချင်ဖြစ်သွားမှာ.. :)
Thank you very much dear sis.
I like this article very much.
I would like to request you to try to post your own-tune-articles as well.
Ray
sometimes I wanna cook like her :)
ဝတ္ထုလေး လာဆက် ဖတ်တယ် အစ်မရေ။ ဖတ်လို့ မ၀သေးဘူး ခစ်ခစ် ဆက်ရေးပါဦး အစ်မရေ။ ၀တ္ထုက ပြီးနေပေမယ့် ထပ်ဖတ်ချင်သေးတယ်။ အဲ့ လူကြီး ၀က်သားတွေ၊ အတက်စာတွေ စားပြီး လေဖြတ်ရင်ဖြတ် မဖြတ်ရင် ဦးနှောက်သွေးကြော ပြတ်တော့မယ်လို့ ထင်နေတာ။ ဒါဆို ၀တ္ထုထဲက ကြည်ကြည်က သူ့ယောက်ျား မဲမဲ၀၀ကြီးကို ချစ်သားနော် ခိခိး)
ကြိုက်တယ်။
မမခင်ဦးမေကောမန့်အတိုင်းပဲ။ :P အနော်။
good တယ်ဗျာ...
လူတွေရဲ့ ဖြစ်တတ်တဲ့ စိတ်နေစိတ်ထားလေးကို မသိမသာလေးနဲ့ ဆွဲခေါ်လာပြီး နောက်ဆုံးမှ ချပြလိုက်တယ်။
ဟုတ်သားနော် လူတွေဟာ လုပ်နေရတဲ့အခါကျ ငြူစူကြတယ်.. တကယ် မလုပ်ရတော့ဘူး ဆိုပြန်တော့ လုပ်ချင်ကြပြန်ရော။ အရေးအကြောင်းဆို မိန်းမတွေရဲ့ မေတ္တာစိတ်ကလေးက ပေါ်လာရော။ ဒီဝတ္ထုတိုလေး တော်တော်သဘောကျတယ်. အစ်မရာ
အဲလိုချက်ကြွေးမဲ့ မိန်းမတွေ့ရင်..ညည်းအကိုကြီးကို လက်တို့လိုက်ဟေ့..
ဒီမှာ..ဗမာပြည်လို ဂဒီးဂဒီး ဈေးသွားဖို့မလိုဘူး..အကုန်လုံး ready made အကုန်လုံးရှိတယ်..
မချက်ရင် မနေနိုင်တာက လွဲလို့။း)))
အမရွှေစင်ရေ...
မေဓာဝီက အမရွှေစင်ရဲ့ လက်ရာလေးတင်ထားတယ်ဆိုလို့ အပြေးလာဖတ်တာ။
စာဖတ်ရင်း မောလိုက်တာ အမရွှေစင်ရာ.. စိတ်က ဈေးသွားတဲ့နောက်.. စကားပြောတဲ့ နောက်ပါသွားတာကိုး။ နောက်ပြီး ဗိုက်လဲ လေးလာသလိုဘဲ။ ကိုယ်တိုင် စားလိုက်ရတဲ့အတိုင်း။
ဖတ်လို့ကောင်းတယ်။ ဆက်ရေးပါအုံး။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
မမရေ အားပေးသွားတယ်နော်...
ညလေးက အခုထဲက ဟင်းချက်ထမင်းချက် အပျင်းလေး
ဟောက်ျားရရင် အရိုက်ခံရမယ် ထင်တယ်...အဟီး
ကောင်းသောနေ့လေးဖြစ်ပါစေမမ။
လောကမှာ လူဆိုတာ အံ့သြစရာပဲနော်။
စားတော့လည်း တမျိုး ၊ မစားနိုင်တော့ တမျိုး ၊ အရင်က စားခဲ့တာကို ပြန်တမ်းတ မိနေပြန်ရော။ ကျနော့် အဖေ ကတော့ ငယ်ငယ်ကတည်းက ပြောဖူးတယ်။ ကလေးတွေ ဆော့နေတာ စားနေတာကို ဘာမှ မပြောနဲ့။ မဆော့ဘူး ၊ မစားတော့ဘူး ဆိုရင်တော့ နေမကောင်းလို့ ဒါဆိုမှ စိတ်ပူရမှာတဲ့။
Very good post!! While I was reading this post, I missed my mom and dad. They are always like this couple :D Have a nice day!!!
ဇာတ်လမ်းက ပြီးသွားပေမယ့်
ိစိတ်ထဲမှာ မပြီးသေးဘဲ
ဆက်ဖတ်ချင်နေတယ် ..း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
အော်...နောက်ဆုံးတော့ ပျော်ရွင်စွာချက်လေသတည်း
ပေါ့...ဟုတ်လားအစ်မ...:)
ငါးသလောက်ပေါင်းကကျက်သွားပြီလား..........
very good, ama.
Post a Comment