Friday, November 6, 2009

ငယ်ဘဝများ(၁၀)နှင့် ကျနော့် ချစ်ခရီး (၁၁) နှစ် အပိုင်း (၁)

ကျနော် ၁၀ တန်းဖြေပြီးတော့ ယောင်နေပါတယ်၊ ဘာလုပ်ရမှန်း မသိတော့ ဟိုလိုလို၊ ဒီလိုလိုပေါ့၊ ရပ်ကွက်ထဲ လပ်လျား၊ လပ်လျား နဲ့ လယ်ယာပြန်စားရေးလုပ်နေတာပေါ့၊ အဲဒီအချိန်မှာ အိမ်ရဲ့စီးပွားရေး အခြေအနေ ကလည်း လုံးဝမကောင်းပါဘူး၊ ကျနော် တို့မောင်နှမ ၆ ယောက်ကလည်း အားလုံး အရွယ်ရောက် လာကြပြီး၊ သုံးချင်ဆွဲချင်ကြပါပြီ။ ဝင်ငွေကြတော့ လည်း ဘာမှမရှိဘူး။ အဲဒီမှာ ကျနော့် ဖေဖေ ရဲ့ ဝင်ငွေရအောင် ဘာလုပ်ကြမလည်း ဆိုတဲ့ အသံတွေကို အမြဲတန်း ကြားနေရပါပြီ။


နိုင်ငံခြားမှာ ဆိုရင် ၁၆ နှစ်ပြည့်ရင် မိဘက သားသမီးကို ဘာတာဝန်မှ မယူတော့ဘူး၊ နင်တို့၁၀တန်း အောင်တော့ရော ဘာလုပ်ရမှာလည်း နင်တို့ထက် ပညာတွေ အများကြီးတတ်တဲ့ ငါတောင် ဒီလောက် ဆင်းရဲနေတာ၊ နင်တို့ ဘာအလုပ် လုပ်ကြမှာလည်း ဆိုတာတွေကို တနေ့ အကြိမ် ၁၀၀ လောက်ရွတ် နေတာဆိုတော့၊ ၁၆ နှစ်ပြည့်ရုံမက ကျော်တောင်ကျော်နေတဲ့ ကျနော်မှာတော့ ချက်ခြင်းဘဲ အိမ်ရှေ့က တရုပ်တွေဆောက်နေတဲ့ တိုက်မှာ ပန်းရံသမ ဘဲ ဝင်လုပ်ရမလား၊ မရှိတဲ့ ရီးစား နောက်ဘဲ လိုက်ပြေး ရမလား ဆိုပြီး တော်တော် စိတ်ညစ်ခဲ့ရပါတယ်။


ကျနော် လုပ်လို့ရတာဆိုလို့ ဒီလောက်ဘဲ ရမှာပါ၊ နောက်ဆုံး ပြောရရင်တော့ ကျနော့်ဘဝမှာ တော်တော် စိတ်ညစ်ခဲ့ရတဲ့ အချိန်တွေ ဘဲဆိုပါတော့၊ နောက်ပြီး တသက်လုံး ဒီမိုကရေစီရ ပြီး နေချင်သလိုနေ လာတဲ့ ကျနော့်ကို စတင်ချုပ်ချယ်လာပါတယ်။ ကျနော့် သူငယ်ချင်းတွေ အကြောင်းမပြောနဲ့ ကျနော် ဘယ်နှစ်တန်း ရောက်မှန်း တောင် ကောင်းကောင်း မသိတဲ့ ကျနော့် ဖေဖေ ဟာ ကျနော့် အချစ်ဆုံး သူငယ်ချင်း တယောက်ကို ကြည့်မရဖြစ်လာပါတယ်။


အဲဒီ သူငယ်ချင်းကလည်း ကျနော့် နဲ့ အတွဲဆုံး အချစ်ဆုံး သူငယ်ချင်းပါ၊ သူက ရုပ်ကလည်း တော်တော် ချောပါတယ်၊ ပွေလည်း အတော် ပွေပါတယ်။ သူ ကြိုက်တဲ့ သူတွေ ကလည်း မန္တလေး မြို့က တကယ် သူဌေး သားတွေကြီးပါဘဲ။ ကျနော် တို့ မန္တလေး ဆိုတာ လူတယောက် အကြောင်းပြောလိုက်ရင် အားလုံးကသိတဲ့သူ၊ မြို့မျက်နှာဖုံး ဆိုပါတော့ ဗျာ၊ အဲဒီလို မိသားစုတွေ ရှိပါတယ်။ အဲဒီ မိသားစု ကလူတွေ နဲ့ ဘဲသွားကြိုက်ပါတယ်။


ဖေဖေက အဲဒါကို ကြည့်မရပါဘူး၊ ကားရှိတဲ့သူက ကားရှိတဲ့သူ ကိုဘဲ၊ ငွေရှိတဲ့သူက ငွေရှိတဲ့သူကိုဘဲ ယူမှာ၊ နင့် သူငယ်ချင်း လို အဆင့်မျိုးကို ဘယ်သူဌေးက အတည်ကြံမှာလည်း အပျော်ကြံတာ ဆိုတာကို အမြဲ ပြောပါတယ်။ ကျနော် တခြားဘာလုပ်လုပ် ဘာမှ မပြောပေမဲ့ အဲဒီသူငယ်ချင်း နဲ့ ပတ်သက်တာ  တော့လုံးဝ လက်မခံတော့ပါဘူး။


ကျနော့်မှာလည်း ပေါင်းစရာဆိုလို့ အဲဒီသူငယ်ချင်း ဘဲရှိတာကိုး၊ ငယ်ငယ်လေး ကထဲက (၄ နှစ်သမီး လောက်ကထဲက) ပေါင်းလာတာ ဆိုတော့ တော်တော်စိတ်ညစ်ရပါတယ်။ ကျောင်းကလည်း ပိတ်ထားပြီ ဆိုတော့ စိတ်တော်တော်လေနေတဲ့ အချိန်တွေပေါ့။


အဲဒီမှာ ကျနော်လည်း အရွဲတိုက်ပြီးတော့ ရပ်ကွက်ထဲက တခြား သူငယ်ချင်းတယောက် အိမ်ကို တချိန်လုံး လည်နေပါတယ်။ အဲဒီသူငယ်ချင်း ကလည်း ကောင်းတာမဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီသူငယ်ချင်း အကြောင်းတော့ ကျနော့် အဖေ မသိဘူးလေ။ ဘာမှ မပြောဘူး။


အဲဒီမှာ ကျနော်အဖေလို လူကြီးတွေ သတိထားဖို့ တခုပြောချင်ပါတယ်။ ခုနက ကျနော့် ငယ်သူငယ်ချင်း က ရီးစားဘဲထားတာ၊ တခြား ဘာမှမဟုတ်တာ မလုပ်ပါဘူး။ အခု ကျနော် လျှောက်သွားတဲ့ ရပ်ကွက် ထဲက အိမ်မှာ မှ ဖဲဝိုင်းထောင်တယ်၊ သူတို့ အကိုတွေက နံပါတ်ဖိုးရောင်းတယ်၊ တကယ့် မကောင်းတဲ့ အိမ်ပါဘဲ။ ရပ်ကွက်နဲ့ နဲနဲ ဆက်စပ် တဲ့ သူတွေ၊ ဆိုရင် အဲဒီ အကြောင်းတွေ သိပါတယ်။ ဒါပေမဲ့ ဖေဖေ မသိပါဘူး၊ သူမကြိုက်တဲ့ သူနဲ့ မပေါင်းရင် ရပြီ၊ တခြားဘာ လုပ်လုပ် ဆိုတဲ့ စိတ်မျိုး နဲ့ ပါ၊ ကျနော့် အတွက် အန္ဒရာယ် ဘယ်လောက်ကြီးတယ် ဆိုတာ လုံးဝမသိပါဘူး။


ကျနော်လည်း အရွဲ့တိုက်ပြီးတော့ ကိုသွားနေတာ၊ ဘာဖြစ်ဖြစ်ဆိုပြီးတော့ အိမ်မှာ မှ မနေချင်တော့တာ၊ အဲဒီမှာ ဖဲဝိုင်းဘေးထိုင်ပေါ့၊ ကျနော်က ပိုကာ ကောင်းကောင်းမဒေါင်းတတ် ဘူးလေ၊ သူတို့က တကယ့် professional တွေ၊ အကောက် ယူပြီး အိမ်မှာ ဝိုင်းထောင်စား၊ သူတို့ ကိုယ်တိုင်လည်း ဝင်ရိုက်တဲ့ သူတွေကိုး၊ အဲဒီတော့ ကျနော်က တခါတလေ ဖဲဝိုင်းဘေးထိုင်၊ တခါတလေ သူတို့အိမ်နောက်ဘက်က မန်းကျီးပင် အကြီးကြီး အပေါ်တက် စာအုပ်ဖတ်ပြီး အေးရာအေးကြောင်းနေပါတယ်။ အိမ်နဲ့ဝေးတဲ့ ဒုက္ခသည် ခိုလှုံရေး စခန်းမှာ အဲဒီလို အချိန်တော်တော်ကြာ နေခဲ့ပါတယ်။


အဲဒီမှာ ကျနော် ကံကောင်းလို့မပျက်စီးခဲ့ရပုံ ကိုလည်း ပြောချင်ပါတယ်။ ကျနော် အိမ်မှာ တော်တော် စိတ်ညစ်လာတဲ့ အချိန်တွေဆိုရင် အဲဒီအိမ်က မန်းကျီးပင်ပေါ်တက် စာအုပ်ဖတ်ရင်းနဲ့ စီးကရက် သောက်လေ့ ရှိပါတယ်။ အဲဒီ အိမ်က သူငယ်ချင်းကလည်း ကျနော့်ရဲ့ ငယ်သူငယ်ချင်းပါဘဲ၊ ဒါပေမဲ့ ပညာရေးမှာတော့ ရတန်းလောက်နဲ့ လမ်းဆုံးသွားပြီး ပွေရှုတ်တဲ့ နေရာမှာလည်း ခုနက ကျနော့် ငယ်သူငယ်ချင်း နဲ့ မထူးပါဘူး၊ ဒါပေမဲ့ ကျောင်းစာလည်းကောင်းကောင်း မတတ်၊ အပြင်စာတွေလည်း ကာတွန်းအပြင် ပိုမဖတ်တတ်ဆိုတော့ ဗဟုသုတ မရှိ၊ အတွေးအခေါ်မရှိနဲ့ ပျက်စီးတဲ့ လမ်းကြောင်း ပေါ်မှာ လျှောက်နေသူပေါ့၊


ကျနော့် ကိုတော့ တော်တော်လေးစားပါတယ်၊ သူ့ရဲ့၁၀တန်း အထိရောက်တဲ့ သူငယ်ချင်းကြီးဖြစ်တဲ့ အပြင်၊ ကျနော် က မိကောင်းဖခင် သားသမီး တယောက် ဆိုတာတွေအပြင်၊ ကျနော် ကသူ့ကို အမြဲတန်း ဆရာကြီးလုပ် ဆုံးမနေကြဆိုတော့ လေးစားပါတယ်၊ ကျနော် သူအိမ်သွားရင် ကျနော် လိုတာတွေ လုပ်ပေးတဲ့ အပြင် ကျနော် ကြိုက်သလို အေးအေးဆေးဆေး နေလို့ရအောင် စီစဉ်ပေးပါတယ်။ သူ့ ဖဲဝိုင်းအကောက်ရတဲ့ အထဲကလည်း မုံဝယ်ကျွေးပါသေးတယ်၊ ဆေးလိပ်သောက်ချင်တယ် ဆိုရင်လည်း ဝယ်တိုက်ပါသေးတယ်။ ကျနော် နေပျော်တော့တာပေါ့။


အဲဒီမှာ သူအကို (၂) ယောက်အကြောင်း နဲ့ မောင် (၁) ယောက် အကြောင်း ကျနော် ပြောပြချင်ပါတယ်၊ သူ အကို တယောက် က အရက်ကို မိုးမလင်းသောက်နေတဲ့ တကယ့် အရက်သမားပါ၊ (နောက်တော့ အရက်ဒဏ်ကြောင့်ဘဲ သေသွားပါတယ်) နောက်တယောက် ကတော့ နံပါတ်ဖိုးသမားပါ။ ဆေးအကြီး အကျယ်စွဲနေတာပါ၊ မိဘက ဆေးသုံးဖို့ ပိုက်ဆံဘယ်လို ပေးနိုင်မှာလည်း၊ သူကိုယ်တိုင် ဆေးရောင်း ရုံဘဲပေါ့။


အဲဒီတော့ အိမ်မှာ နံပါတ်ဖိုးလည်းရောင်းပါတယ် ။ အဲဒီခေတ်က သိပ်ပြီး ဥပဒေ မတင်းကျပ်သေးတာလား၊ ဒါမှ မဟုတ်သူ့အကိုကဘဲ လည်လွန်းတာလား မသိဘူး၊ တော်တော်နဲ့ တော့ အဖမ်းမခံရပါဘူး၊ နောက်ပိုင်းမှာတော့ အဲဒီ နံပါတ်ဖိုး အမှု့နဲ့ဘဲ အဖမ်းခံရပြီး ထောင်ထဲမှာဘဲ သေသွားပါတယ်။ မောင်အငယ်ဆုံး တယောက်ကတော့ ဖဲဝိုင်းမှာ အကောက် ကောက်ပြီး၊ ကိုယ်တိုင်လည်း ဖဲဝင်ရိုက်နေတဲ့ တကယ့်  စံပြညီအကို တွေပါဘဲ။

အဲဒီအိမ်မှာမှ ကျနော်က သွားစတည်းချနေတာပါ။ ကျနော် သွားစာဖတ်နေတဲ့ အိမ်နောက်ဘက်မှာရှိတဲ့ မန်ကျီးပင်ကြီး အကြောင်းလည်း ပြောချင်ပါသေးတယ်။ဟိုးရှေး ကထဲ ကပေါက်နေတဲ့ တအားကြီးတဲ့ အပင်ကြီးပါ၊ ခွဆုံ တွေလည်း အများကြီး နဲ့ပါ၊  အပင်ပေါ်တက်ထိုင်လိုက်ရင် လူကပျောက်ထွက် သွားပါတယ်။ ထိုင်လို့လည်း အရမ်းကောင်းပါတယ်၊ နောက်ပြီး အခုနောက်ပိုင်းမှာ ကုန်တိုက်တွေမှာ ရောင်းတဲ့ မန်ကျီးချိုသီးတွေ စားဘူးလား မသိဘူး၊ အဲဒီအပင်ကြီးက အဲဒီအတိုင်း ချိုပါတယ်။ စားချင်ရင် ခူးစားလို့ရပါသေးတယ်။ အဲဒီအိမ်သွားနေတာ အဲဒီအပင်ကြီးကို နှစ်သက်တာလည်း ပါပါတယ်။

ခုနက ကျနော် မပျက်စီးခဲ့ပုံကို ပြောပြချင်သေးတယ်။ ကျနော် သွားသွားနေတော့ တနေ့ သူငယ်ချင်းက နင်သိပ်စိတ်ညစ်နေရင် နံပါတ်4 သုံးကြည့်ပါလားလို့ပြောပါတယ်၊ ငါ့အကိုစီက သွားယူပေး မယ်လို့ပြော ပါတယ်။ ကျနော် ဆေးမသုံးခဲ့ပါဘူး၊ အသိဉာဏ်နဲ့ ဆင်ချဉ်တုံတရား သာမရှိခဲ့ရင် ဆေးသမားဖြစ်ပြီး ဘယ်လောက် ပျက်စီးသွားမလည်း မသိပါဘူး။ 

ကျနော်လည်း သူငယ်ချင်းကို အဲဒီမှာ သံသယ၊ ဝင်သွားပါတယ်၊ သူ့အကိုအတွက် ကျနော့် ကို ဖောက်သည် ရှာပေးတာလား၊ ဒါမှမဟုတ် သူ့မှာ အသိဉာဏ်မရှိလို့ ရိုးရိုးသားသား ဘဲသုံးကြည့်ခိုင်း တာလားဆိုတာ မသေချာလို့ပါ၊ အဲဒီ အချိန်က စပြီးတော့ ကျနော်လည်း အဲဒီအိမ်ကို သွားတာ နဲသွားပါတယ်။ နံပါတ်4 သမားဖြစ်ဖို့ လက်တကမ်းအလိုပါ။

အဲဒီလိုနဲ့ နေလာလိုက်တာ ဆယ်တန်းအောင်စာရင်းတွေ မထွက်ခင် ကဆုန်လပြည့်နေ့ပေါ့၊ အရပ်ထဲက တခြားသူငယ်ချင်း တယောက်အိမ်မှာ ကျနော် ရောက်နေပါတယ်။ ကျနော်တို့ မန္တလေးမှာက ကဆုန်လပြည့်နေ့ဆိုရင် ဗောဓိပင် ဘုရားက အရမ်းစည်ကား ပါတယ်၊ ညောင်ရေသွန်းကြတာပါ၊ ဘုရားကို အရပ်ထဲကနေ အေးအေးဆေးဆေး လမ်းလျှောက်သွားရင် နာရီဝက်လောက်ကြာပါတယ်၊ သူငယ်ချင်းတွေ စုမိကြတော့ဘုရားသွားကြမယ်ပေါ့။

အဲဒီထဲမှာ ကျနော့် အဖေ မပေါင်းစေချင်တဲ့ သူငယ်ချင်းပါ ပါတယ်။ ကျနော် အဲဒီနေ့က ဝတ်ထားတာက ရှပ်အင်ကျီ အနွမ်းကလေးနဲ့ ထမိန်အောက်နား အပြဲလေးနဲ့ပါ၊ ခုံဘိနပ်လည်း စီးထားပါတယ်။ အဲဒါတွေကို အိမ်ပြန်အဝတ်မလဲ ရဲပါဘူး၊ ဖေဖေ နဲ့တွေ့သွားရင် စကားပြောနေရမှာ စိုးလို့ပါ။ ကျနော့် သူငယ်ချင်း အဖေက သူ့ရော်ဘာဘိနပ်ကို စီးဘို့ပေးလိုက်တော့ ဘိနပ်ကိစ္စ အဆင်ပြေသွားပါတယ်။ ထမိန် ကတော့ သူများ ဟာတွေမဝတ်ချင်တာနဲ့ အနားပြဲလေးကို အထဲကနေ အပ်ချိတ်နဲ့ တွယ်လိုက်ပြီးတော့ ဘုရားကို အားလုံး ချီတက်သွား ပါတယ်။

ဘုရားအသွား ၇၃ လမ်းတလျှောက်လုံး အိမ်တွေက ဖျော်ရည်တွေ၊ ရေခဲရည်တွေ၊ အချဉ်ပေါင်းတွေ ကို အိမ်ရှေ့မှာ ထုပ်ထားပြီး ဘုရားသွားတဲ့ သူတွေကို ဧည့်ခံပါတယ်။ ပျော်စရာ ဓလေ့ လေးတခုပါ။ ဘုရားဝင်း တခုလုံးလည်း လူတွေ၊ ဈေးဆိုင်တွေ အပြည့်ပါဘဲ၊ ထန်းသီးဆံ သည်တွေကလည်း ရွာတွေက လာရောင်းကြတာ အများကြီးပါဘဲ၊ ဆိုင်အားလုံးရဲ့တဝက်လောက်က ထန်းသီး သည်တွေပါဘဲ။  တီးဝိုင်း လည်း ပါပါတယ်။ အဲဒီနှစ်ကမှတ်မှတ်ရရ မြို့မ တီးဝိုင်းထင်ပါတယ်။

ကျနော်တို့လည်း တပျော်တပါး ဘဲ စားလိုက်သောက်လိုက် နဲ့ ဘုရားရောက်လာပါတယ်။ တီးဝိုင်းက စနေပြီ ဆိုတော့ ကျနော်တို့လည်း တီးဝိုင်းဘဲ အာရုံ စိုက်တော့ တာပေါ့၊ ဘုရား ညောင်ရေသွန်းဘို့က နောက်၊ တီးဝိုင်းက အရင်လေ။  အဲဒီမှာ ကျနော် က တီးဝိုင်းအာရုံစိုက်ကြည့်နေတဲ့ အချိန်၊ ကျနော့် ကို အာရုံစိုက်ကြည့်နေတဲ့ သူတယောက်ရှိနေတယ် ဆိုတာ မသိခဲ့ပါဘူး၊

အဲဒီအချိန်ထိ ကျနော်ဟာ ရီးစားထားဘို့ဆိုတာ ဝေးလို့ အာရုံထဲမှာ အဲဒါနဲ့ ပတ်သက်တာ ဆိုလို နဲနဲလေးမှ မရှိပါဘူး၊ ကျနော် နဲ့မသက်ဆိုင်သောအရာပေါ့။ တီးဝိုင်း ကြည့်ရင်းတန်းလန်းနဲ့ ရေဆာလာတာနဲ့ ရေခဲရေသည် လှမ်းခေါ်ပြီး ဝယ်သောက်ပါတယ်၊ သူငယ်ချင်းတွေ ကလည်း ဝိုင်း သောက်လိုက်ကြတာ ဆိုတော့ ကျနော်အလှည့်မှာ ရေခဲရေ က ကုန်သွားပါပြီ။ ကျနော်လည်း နောက် တသည် အနားလာမှ ခေါ်မယ်ဆိုပြီး တီးဝိုင်း ဆက်ကြည့်နေပါတယ်။

သိပ်မကြာခင် မှာဘဲ ရေခဲရေတခွက်က ကျနော့် ရှေ့ရောက်လာပါတယ်၊ ကျနော့် ရဲ့ ချစ်ချစ်ကြီးပေါ့၊ ကျနော် မသောက်လိုက်ရတာ ကိုမြင်တော့ ရေခဲရေသည် ခေါ်ပြီး ရေခဲရေ လာတိုက်တာလေ။ အဲဒီအချိန်ကစပြီးတော့ အိမ်ပြန်တဲ့ အချိန်ထိပေါ့၊ တောက်လျှောက် နောက်ကနေ လိုက်နေတော့တာ ပါဘဲ။ နောက်နေ့ တွေလည်း အိမ်ရှေ့ ကနေ ရှိုးတွေထုတ်ပြီး တနေ့ အခေါက် ၁၀၀ လောက်  နေ့ရောညရော စက်ဘီးသံပေး ဖြတ်နေပါတယ်။ ကျနော့် တို့ အိမ်ရှေ့မှာ ချောင်းတွေ၊ မြှောင်းတွေ ဖြစ်လုဆဲဆဲ ထိပေါ့လေ။ ဘဝမှာ နှစ်ပေါင်းများစွာ လက်တွဲရမဲ့ လက်တွဲဖော် တယောက်နဲ့ ပထမဆုံး တွေ့ဆုံခန်းပါ။

ဒုတိယပိုင်း ဆက်လက်ဖတ်ရှု့ပါရန်။

3 comments:

Unknown said...

အားက်လိုက္တာဗ်ာ ။
ှုဦးကိုကြီးကို မေးချင်လို့ ... "ဘာကြည့်ပြီး ကြွေသွားတာလဲ? "

Anonymous said...

love is blind.
ဒေါ်မယ်တင်ရေ
ရှင်တို့ကျွန်မတို့ အတွက် ကန်းမယ့်သူမရှိသေးလို့နေမှာပေါ့....အဟဲ
ကိုယ့်ဘ၀နဲ့ကိုယ်သာရှိပါစေတော့မောင်ရေပေါ့

Anonymous said...

ဖတ်ပြီး ရင်တွေတောင်ခုန်သွားတယ်။

မမရွှေစင် ထမီအနားပြဲလေးနဲ့ ရှပ်အကျီင်္အနွမ်းလေးဝတ်ထားလို့သာ
တော်တော့တယ်နော်။ :)))

ချစ်ညီမလေး