Monday, October 26, 2009

စိတ်ဝေဒနာရှင် ဘဝ ကြုံခဲ့ရ တခဏ

ကျနော် အရူးတယောက် ဖြစ်သွားခြင်း၊ နဲနဲတော့ ရင့်သီးသွားသလား မသိဘူး၊ ကိုယ့် ကို ကိုယ့် မလို့ပြောမိတာပါ။ တနည်းအားဖြင့် တော့ စိတ်ဝေဒနာသည် တယောက် ဖြစ်သွားခြင်းနဲ့ အားလုံးရဲ့ မသိမသာတမျိုး သိသိသာသာ တမျိုးနဲ့ ဝိုင်းကြည့်ကြပြီးတော့ အရူးလေးကျနော့်ကို  ဝိုင်းသနား ကြခြင်းကို မအူမလည် ကျနော်တယောက် ခံခဲ့ရခြင်းကို ပြောပြချင်ပါတယ်ဗျာ။

အနုပညာ ဆိုတာ အလွန့်အလွန် ခွန်အားကြီးမားပါတယ်။ ကျနော် စဉ်းစားကြည့်တယ်၊ ကမ္ဘာကြီးပေါ်မှာ သီချင်းသံတွေ ဆိပ်သုဉ်း သွားရင်၊ စာအုပ်တွေသာမရှိတော့ရင်၊ ကဗျာ တွေပျောက်ဆုံးသွားရင်၊ ရုပ်ရှင် တွေလည်း မရိုက်ကြတော့ဘူးဆိုရင် ကျနော်တို့ ကမ္ဘာကြီး ဘာတွေဖြစ်သွားမလည်း။ ကျနော်လည်း မသိဘူး။

ဒါပေမဲ့ ကျနော်သိတာ တခုကတော့ ရုပ်ရှင်တွေကြည့်၊ စာအုပ်တွေဖတ်ပြီးတော့ အဲဒီထဲက ဇာတ်လိုက်တွေကို သဘောကျကြတယ်၊ အတုခိုးကြတယ်။ ကိုယ်တွေ့နော် ဟဲ..ဟဲ။ ကျနော်က ဆရာမ ဒေါ်ခင်ဆွေဦး ရဲ့ဇာတ်လိုက်တွေကို သိပ်သဘောကြတာလေ။

နောက်တော့ ဆရာမ က သူ့ဆောင်းပါး တပုဒ် ထဲမှာ သူ့ဇာတ်လိုက်တွေကို သဘောကြ ကြတဲ့ မိန်းခလေးတွေ အပျိုကြီးတွေဖြစ်ကုန်ကြတယ် ဆိုတော့မှ အပျိုကြီးတော့ အဖြစ်မခံနိုင်ဘူး၊ အမြန် ပြုပြင်မှဆိုပြီး ကိုယ့်စိတ်ကိုယ် ပြုပြင်ထားရတယ်။ တော်ကြာ ယောက်ကျားမရဘဲ အပျိုကြီးဖြစ်သွား မှာ စိုးလွန်းလို့ ဟဲ..ဟဲ..။

ပြောချင်တာကတော့ဗျာ ဝထ္ထုထဲက၊ ရုပ်ရှင်ထဲက ဇာတ်ကောင် အများစုဟာ ideal တွေဘဲ၊ အပြင်မှာ သိပ်မရှိနိုင်ဘူး။ ရှိရင်လည်း ရှားမယ်ပေါ့ဗျာ၊ ဒါပေမဲ့ မရင့်ကျက်သေးခင်မှာတော့ တကယ်ဘဲ အပြင်မှာ အဲဒီလိုဖြစ်ချင်ကြတယ်၊ ဖြစ်ဘို့ကျိုးစားကြတယ်။ ကျိုးစားတဲ့ အတိုင်း တချို့ကတော့ ဖြစ်သွားကြတယ်၊ ကောင်းသွားတာပေါ့။ 

တချို့ကတော့ ရူးသွားကြတယ်။ ဟဲ.ဟဲ တကယ်ပြောတာပါ။

မို့မို့မြင့်အောင် မော်တော်ပီကယ် အဖြစ်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လေ။ ခင်ဗျားတို့တော့ အဲဒီရုပ်ရှင် ကြည့်ဘူးသလားတော့ မသိဘူး။ အကယ်ဒမီလည်းရတယ်ထင်တယ်။ အဲဒီကားမှာ မို့မို့မြင်အောင် က မိန်းမမော်တော်ပီကယ် လုပ်တာလေ။

အဲဒါကြည့်ပြီးတော့ အိမ်က ညီမတော် (နယ်က ကျောင်းလာတက်တဲ့ ညီမဝမ်းကွဲ) လုပ်သူက တအားသဘောကြသွားတယ်။ သူက ၈တန်းအောင် ပြီးတော့ ကိုးတန်းတက်နေတာထင်တယ်။ အဲဒီရဲမေ ဆိုတာလည်း ၈တန်းအောင်ရင် လျှောက်လို့ရတယ်ဆိုတော့ အတော်ဘဲပေါ့။ သူတွက်မှာပေါ့။

နောက်ပြီး အဲဒီအချိန်တုံးက ကျနော်တို့ ဦးလေးဝမ်းကွဲတယောက် ကလည်း မန္တလေးတိုင်း ရဲမင်းကြီး ဖြစ်နေတာဆိုတော့ သူ့စိတ်ထဲ အပိုင်တွက်လိုက်မှာပေါ့။ သူ လုပ်ရင် သေချာပေါက် ရမယ်ပေါ့၊ သူ့သူငယ်ချင်း တယောက်ကလည်းပါသေးတယ်။ သူနဲ့ အတူ ရဲမေ လုပ်မဲ့ တယောက်ပေါ့ဗျာ။ သူက ဘယ်လောက် အပိုင်တွက်ထားမှန်း မသိဘူး။ သူ့ သူငယ်ချင်း ကိုလည်း ဘာတွေပြောထားမှန်း မသိဘူး။ ရူးတာလေ ရူးတာ။

ကျနော်တို့ တအိမ်လုံးက အဲဒီစကား စကြားကြားခြင်းတော့ နောက်ပြီးများ ပြောနေတာလား၊ အပျော်သဘောများ ပြောနေတာလား ဆိုပြီးတော့ အလေးအနက် မထားမိဘူးပေါ့။ နောက်တော့မှ သူက တကယ်လုပ်ချင် ပြီးတော့ feeling အပြည့် နဲ့ ပြောနေတယ် ဆိုတာ သိတော့တယ်။

အဲဒီတော့မှ ဝိုင်းပြီးတော့ ကန့်ကွက်ကြတာပေါ့ဗျာ၊ နင်ရူးနေလား၊ အဲဒါရုပ်ရှင်ထဲမှာမို့လို့ အပြင်မှာဆိုရင် ရဲမေတို့ မော်တော် ပီကယ်တို့ ဆိုတာ ဘယ်လိုလည်း ဆိုတာကို ဝိုင်းပြောလိုက်ကြတာ၊ လက်ပန်ပင် ဇရက်ကျ တဲ့အတိုင်းပါဘဲ။ ဒါပေမဲ့ ကလေးအခြင်းခြင်း ပြောကြတာဆိုတော့ ကောင်းကောင်း မွန်မွန်တော့ ဘယ်ရှင်းတတ် ကြပါမလဲ။

နောက်တော့ ဦးလေးလုပ်တဲ့သူ ကျနော်တို့ အဖေကလည်း၊ အဓိပ္ပါယ်မရှိတဲ့ တောင်းဆိုမှု့ ဆိုတော့ ဘာမှမလုပ်ရဘူး၊ ပညာသင်တဲ့ အချိန် ပညာဘဲ သင်ရမယ်ဆိုတော့ဗျာ၊ သူ တော်တော်ကြီးကို စိတ်ဓါတ် ကျသွားတယ်ထင်ပါတယ်။ ထမင်းမစား ဟင်းမစားနဲ့ ဆန္ဒ ပြတော့တာ ပါဘဲ။ ကျနော်တို့လည်း ပထမတော့ ခဏနေရင်စိတ်ပြေသွားမှာပေါ့ ဆိုပြီးတော့ သိပ်အလေးအနက် မထားမိပါဘူး။

နောက်တော့ မှ ဗျာ မမက ထမင်းတင်မကဘူး၊ ရေပါချော့တိုက်ရတဲ့ အနေအထား ရောက်သွားရော။ အဲဒီတော့မှ တအိမ်လုံး ပျာယာခပ် ပြီး နယ်မှရှိတဲ့ သူ့အမေကိုလှမ်းခေါ်ရတော့တာပေါ့၊ သူ့အမေ ရောက်လာပေမဲ့ အဓိပ္ပါယ်မရှိတဲ့ တောင်းဆိုချက်ဆိုတော့ ဘယ်လို လိုက်ရော လို့ရမှာလည်း၊ ဒါပေမဲ့ ဆူလို့ပူလို့လည်း မဖြစ်ဆိုတော့ ဆေးခန်းသွားပြရတော့တာပေါ့။

ဆရာဝန်က သူအစာစားအောင်နဲ့ အားပြတ်မသွားအောင် ဆေးတွေသွင်းပြီး နာလန်ပြန်ထလာအောင် လုပ်ပေးပါတယ်။ ဒါပေမဲ့ ဒါဟာ စိတ်ကျရောဂါ depression ဘဲ၊ ကိုယ့် အသက် ကိုယ် လုပ်ကြံတဲ့ အဆင့်ရောက်သွားပြီ ဆိုတော့ အရေးကြီးပါတယ်။ ဆေးရုံသွားပြီးတော့ စိတ်ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဆေးကုပါဆိုတော့၊ ကျနော်တို့လည်း သူ့ကို စိတ်ဆေးရုံ သွားပြရတော့တာပေါ့။  

ကျနော် သူ့ရဲ့ ခံစားချက်တွေဘဲပြောနေတာနဲ့ သူ့ရဲ့ အလှအပတွေမပြောရသေးဘူးနော်။ ကျနော်တို့ ညီမဝမ်းကွဲ တွေထဲမှာ အလှဆုံးပါ။ အသားအရေ ကစပြီးတော့ ဘာမှပြောစရာ မရှိအောင်လှပါတယ်။  အခုထိလည်း မို့မို့မြင်အောင် အရှုံးပေးလောက်အောင် လှနေတုန်းပါ။ မုန့် များဝယ်ကျွေးမလားလို့။

အဲဒါနဲ့ ဆေးရုံသွားပြကြရော ဆိုပါတော့ဗျာ။ မန္တလေးမှာ စိတ်ကုဆေးရုံ သီးသန့်မရှိပါဘူး။ အရင်တုန်းက အရေးပေါ်ကုတဲ့ ရုံရဲ့နောက်ဘက် က တထပ်တိုက်လေး မှာသွားပြရပါတယ်။ ဘယ်သူမှတော့ စိတ်ရောဂါကု ဆေးရုံ ကို မသွားချင်ကြဘူးဗျာ။ အရူး အထင်ခံရမှာဆိုးလို့။

ဒါပေမဲ့ ညီမ ကိစ္စကြတော့ မလိုက်လို့ မရတော့ဘူး။ သူ့အမေကလည်း နယ်မှာနေတာဆိုတော့ သူ့သမီးနဲနဲ အခြေအနေကောင်းတာ နဲ့ပြန်သွားတော့တာပေါ့။ လူကြီးမလိုက်လို့ မရတဲ့ကိစ္စဆိုတော့ မေမေလိုက်ရတော့တာပေါ့။ စိတ်ရောဂါ ဆိုတာ ရိုးရိုးနေမကောင်းသလို အခုဆေးသောက်၊ ခဏနေပျောက်တာ မဟုတ်ဘူး။

အချိန်အကြာကြီးသောက်ရတာ၊ သူတို့ ပေးတဲ့ဆေးတွေသောက်ပြီးတော့ တပတ်တခါဆိုရင် တပတ်တခါ ပြန်သွားပြရတာ၊ ပြီးရင်ဆေးကို လိုတိုးပိုလျှော့ လုပ်ပြီးသောက်ရတာ၊့ ဆရာဝန်တွေကလည်း သူတို့လူနာ တွေနဲ့ စကားတွေပြောကြည့်ကြ သေးတာပေါ့ဗျာ။

အဲဒီတော့ ဆေးရုံကို ချိန်းတဲ့အတိုင်းဘဲ သွားရတယ်၊ တပတ်တခါပေါ့၊ တနေ့တော့ မေမေ မလိုက်နိုင်လို့ ကျနော်လိုက်သွားရတယ်။ မချော ကတော့ဗျာ အလှဆုံးပြင်ဆင်ပြီး၊ တက်ကြွ လန်းဆန်း လို့၊ ဆေးရုံ မလိုက်ချင်ဘဲနဲ လိုက်ပို့ရတဲ့ ကျနော်ကတော့ နွမ်းဖတ်ဖတ်နဲ့ စိတ်ပျက်လက်ပျက် ပုံပေါ့။

အဲဒါ အရေးကြီးတယ်နော်၊ အရေးကြီးမှန်း ကျနော်လည်း ဘယ်သိပါ့မလည်း၊ နောက်မှဗျာ၊ မမ ကဟိုရောက်တော့မှ စာအုပ်တွေ ဘာတွေထပ်ပြီး ကျနော့်ကို ဟိုနားထိုင် ဒီနားထိုင် အမိန့်တွေပေး၊ နေရာတွေ ချထားလို့ပေါ့။ ကျနော်က ပထမဆုံး အခေါက်လိုက်ရတာဆိုတော့ ဘာအထာသိမှာလည်း နောက်ပြီးတော့ ကျနော်ကအူကြောင်ကြားဆိုတော့ သူအမိန့်အတိုင်းဘဲပေါ့။

စိတ်ဝေဒနာရှင်တွေဆိုတော့ လူနာစောင့်ကတော့ အမြဲတန်းပါတယ်၊ ရောဂါအနုအရင့်ပေါ်လိုက်ပြီး လူနာစောင့် အနဲအများ ပါတာပေါ့ဗျာ။ အဲဒီ လူနာစောင့်တွေကလည်း စိတ်ဝေဒနာရှင်တွေကို စိတ်ဝင်စားတယ်ဗျာ၊ ဟိုကောင်လေး ကတော့ သနားပါတယ်၊ စစ်တပ်ထဲ ဝင်တာ ဆေးမအောင်လို့ ဗိုလ်ရူး ရူးနေတာပေါ့ တို့။

အဲဒီ ဗိုလ်ရူးကလည်း တမျိုးဗျ ဝင်လာတဲ့ လူတိုင်း လက်ညှိုးသေနပ် နဲ့ထိုးပြီး ပါးစပ်ကလည်း တဒိုင်းဒိုင်းနဲ့၊ တွေ့တဲ့လူတိုင်း ပစ်နေတာ၊ တူပါ့ဗျာ...၊ ကျနော်တောင် ယောင်ယောင်ပြီး ဟိုရှောင်ရမလို၊ ဒီရှောင်ရမလိုနဲ့ မဟာသတ္တိရှင် ဆိုတော့ သေနပ်သံ ဆိုရင်ကို ကြောက်ကြောက် နေတာလေ။

ဟိုတယောက်ကတော့ ဘုရင်ရူးတဲ့ဗျာ၊ ဘုရားထူးမှ သူနဲ့စကားပြောလို့ ရတယ်တဲ့တို့၊ ဒို့ဆရာဝန်ကြီး တောင်ဘုရားထူးပြီးမှ သူ့ကိုဆေးကုရတာတို့ ဘာတို့ပေါ့ဗျာ၊ အဲဒီ ဘုရင်ရူးကလည်း တမျိုးသိလား၊ လာသမျှလူ ဘုရားထူးခိုင်းနေတာ ဟား..ဟား၊ တူပါ့ဗျာ...။

မဟဝါ ကတော့ ဟိုလူနဲ့ပြုံးပြ၊ ဒီလူနဲ့ နှုတ်ဆက်နဲ့၊ ကျနော်ကိုလည်း လှည့်ကြည့်၊ လှည့်ကြည့် နဲ့ ၊ ကျနော်လို အုူတူတူကောင် ကလည်း သူဘာအချိုး ချိုးနေမှန်း တော်တော်နဲ့ကို မရိပ်မိဘူး၊ နောက်မှ သူက ကျနော့်ကို ဝေဒနာရှင် ပေါ့၊ သူက လူနာရှင် ပေါ့ဗျာ၊ အဲဒီ အချိုး ချိုးနေတာရိပ်မိတော့တယ်။ ကျနော်လည်းအစကတော့ ဒေါသဖြစ်သွားတယ်။

ဒါပေမဲ့ ဒေါသဖြစ်တော့လည်း ကျနော်က ဘာလုပ်နိုင်မှာလည်း သူ့ခေါ်ဆူရအောင်လည်း ဘာကို ဆူရမှာလည်း၊ ဒေါသဖြစ်ပြရင်လည်း ပိုပြီးတော့ ကျနော်ကို စိတ်ဖောက်လာတယ် ထင်ပြီး သနားတဲ့ အကြည့်နဲ့ အကြည့်ခံ ရအုန်းမယ်။

အခုကို သူကဟိုလူနဲ့ တိုးတိုး ဒီလူနဲ့တိုးတိုး နဲ့ ဟိုကကျနော့်ကို မသိမသာကြည့်၊ ဒီက မသိမသာကြည့်နဲ ကျနော့်မှာ အရူးဇာတ်လိုက်ကြီး ကိုဖြစ်လို့။

အဲဒါ ........က တမူးပိုသာသွားတဲ့ ဇာတ်လမ်းနဲ့၊ အနုပညာ ရဲ့အရေးပါမှု့တခုကို ကိုယ်တွေ့ပြောပြ တာပါ။

မတော်တဆ အဲဒီဆေးရုံမှာ ကျနော်နဲ့ ဆုံဘူးတဲ့သူများရှိရင်လည်း ကျနော်က လူနာစောင့်ပါလို့လည်း ကျေးဇူးပြုပြီး ကြော်ငြာပေး ကြပါအုန်းဗျာ ဟား..ဟား..ဟား။


1 comment:

Anonymous said...

ဟားဟားဟား....အဲဒီအစ်မကြီးရော ကောင်းသွားပီလား.... :)

လာသမျှလူ ဘုရားထူးခိုင်းတဲ့ ဘုရင်ရူးတွေကလည်းရှိသေးသကိုးး.... :)))