Friday, August 28, 2009

ငယ်ဘဝများ (၆) နှင့်မေမေပြောသောပုံပြင်များ




ကျနော်မေမေက ပုံပြောလည်းကောင်းတယ်၊ စာတွေလည်းဖတ်တယ်၊ ဖတ်တဲ့စာအုပ်တွေကို ပြန်ပြော ရတာလည်း ဝါသနာပါတယ်။ ကျနော်က ပုံလို့ပြောလိုက်ပေမဲ့ တကယ် ပုံပြင် မဟုတ်ပါဘူး၊ မေမေတို့ ငယ်ငယ်က အကြောင်းတွေနဲ့ ကျနော်တို့ ငယ်ငယ်အကြောင်းတွေကို ပြန်ပြောပြတဲ့ အခါ နားထောင်လို့ အရမ်းကောင်းပြီး ကျနော်တို့ ခေတ်နဲ့ အလှမ်းကွာနေတော့ ကျနော်စိတ်ထဲမှာ ပုံပြင်လို့ ထင်လို့ ပုံပြင် လို့ ပြောလိုက်တာပါ။

မေမေကြိုက်တာတွေက စုံထောက်ဇာတ်လမ်းတွေ၊ ထူးထူးဆန်းဆန်း အဖြစ်အပျက် တွေကို ပိုကြိုက်တယ်၊ စာဖတ်တဲ့ အခါလည်း မဝင်းမြင့်တို့၊ ဆွေလှိုင်ဦး၊ မောင်သိန်းဆိုင် တို့ကို အဖတ်များတယ်၊ ဘာသာပြန် ဆိုလည်း God Father လို စာအုပ်မျိုးကိုပိုကြိုက်တယ်။ God Father ဆိုရင်ဖေဖေ ရဲ့ အိပ်ရာဝင်ပုံပြင်ပေါ့၊ ဖေဖေ စိတ်ကြည် နေရင် မေမေပြောပြော ပြနေတာကြားတယ်။

ကျနော်တို့ မောင်လေးညီမလေးတွေ နဲ့ အရပ်ထဲက ကလေးတွေကိုတော့ ဆွေလှိုင်ဦး ဝထ္ထု တို့ မဝင်းမြင့် ဝထ္ထု တို့ကို အမြဲတန်းပြောပြောပြနေတာ ကလေးတွေဆို မေမေနားမှာ ဝိုင်းနေတာဘဲ၊ ဆွေလှိုင်ဦး ရဲ့ ဂျက်မ ဝထ္ထုတုံးက ဆိုရင် ကလေးတွေက ကြိုက်လွန်းလို့ မေမေ ကိုလဘက်ရည်ဝယ်ပေးကြ၊ အလုပ်တွေ ဝိုင်းလုပ် ပေးကြနဲ့ အန်တီမော် ပြောပါတော့ ပြောပါတော့နဲ့၊ မေမေလည်း တပတ်လောက် ပြောပြ လိုက်ရ တယ် ထင်တယ်။

မေမေ ကျနော်တို့ကိုပြောပြတဲ့ ပုံပြင်တွေထဲမှာ ကျနော်အကြိုက်ဆုံးက ကျနော်ကို မန္တလေး က service quarter မှာမွေးပြီးတော့ ဘဘကြီးက မော်လိုက်ကို ပြောင်းရတဲ့အချိန်မှာ မေမေရဲ့ မော်လိုက်အတွေ့ အကြုံ့တွေဘဲ၊ ၁၉၆၂ မတ်လလောက်မှာပေါ့ (ဖေဖေ ရှိနေလို့ သေချာမေးလိုက်တယ်)၊ အဲဒီမှာ မေမေ ရယ် ကျနော်ရယ် ဘဘကြီးနဲ့ မေမေကြီး ရယ် မော်လိုက် ကိုလိုက်သွားရတယ်၊ ဖေဖေတို့ကတော့ မန်းတလေး တက္ကသိုလ် မှာ ကျောင်းတက်နေရတာဆိုတော့ ကျောင်းပိတ်မှ မော်လိုက်ကိုပြန်လာတာပေါ့၊ မေမေ က မော်လိုက် အသွား သဘောၤပေါ် အတွေ့အကြုံ့ ကစပြီးတော့ ပြောပြတယ်။

မော်လိုက်မှာ ကျနော်တို့နေရတဲ့ အိမ်ကြီးက အင်္ဂလိပ်ခေတ်က အင်္ဂလိပ် အရာရှိတွေနေတဲ့ အိမ်ကြီး တွေဆိုတော့ အကြီးကြီး တွေပေါ့၊ အဲဒီအချိန်မှာ မော်လိုက်မြို့က အရမ်းခေါင်တယ်၊ တောနဲ့လည်း အရမ်း နီးတော့ ကျားတွေဘာတွေ အိမ်ဝန်းထဲထိ ဝင်တယ်ပြောတယ်၊ ရဲသားတွေ နေတဲ့ ရဲတန်းလျားက လည်း အဲဒီအိမ်ကြီးနားမှာ ဘဲရှိတယ်တဲ့။

အဲဒီ ရဲတန်းလျားမှာ စုန်းမ၂ယောက်လောက်လည်း ရှိတယ် ပြောတယ်၊ အဲဒီထဲက စုန်းမတယောက်က သူနဲ့ ကပ်ရက်အခန်းက အမဲခြောက်လှမ်းထားတာကို ဒီဘက်အခန်း ကနေပြီးတော့ စုန်းပညာနဲ့ လှမ်းယူ တယ်ပေါ့၊ လူမယူဘဲ နဲ့ အမဲခြောက်အတန်းကြီးက သူ့အလိုလို ရွေ့နေတာ အမဲခြောက်ပိုင်ရှင်က မြင်တော့ ရန်ဖြစ်ကြတာပေါ့၊ အဲဒီမှာ ဘဘကြီး ကိုလာတိုင် ကြတော့ ဘဘကြီး ကသေနပ်နဲ့ လိုက်သွား ပြီး စုန်းမတွေ ဘာတွေ နားမလည်ဘူး မကောင်းတာလုပ်ရင်တော့ အပြစ်ပေးမှာဘဲ ဆိုမှ အဲဒီ စုန်းမ က အဲဒီလိုမျိုး လုပ်တာတွေ ငြိမ်သွားတယ်လို့ ပြောတယ်၊ နောက်ပြီး လပြည့်လကွယ်တွေမှာ စုန်းတောက်တာ တွေကို လည်း မေမေတို့ အမြဲတန်းမြင်ရတယ်ပြောတယ်။

မီးစုန်း အဝိုင်းကြီးက အပေါ်တက်လိုက် အောက်ဆင်း လိုက်နဲ့ ဟိုရွှေ့ဒီရွှေ့ ဖြစ်နေတာကိုပေါ့၊ နောက်ပြီး သိုက်ပြောင်းတာ ကိုလည်းမြင်ဘူးတယ်ပြောတာဘဲ၊ မေမေနဲ့ ကျနော်နဲ့ တခန်း အိပ်တာဆိုတော့ ညညဆို သိပ်ကြောက် တာဘဲတဲ့၊ တနေ့တော့ ညအိပ်တဲ့ အချိန်မှာ အပေါ်ထပ်က ဘေးတံခါးတချပ်ပိတ်ဘို့ မေ့နေတာ ည မေမေ အိပ်ပျော်တဲ့ အချိန်မှာ လာသတိ ပေးတယ် လို့ပြောတယ်၊ ပွင့်နေတဲ့ တံခါးကနေ အမွှေး စုတ်ဖွားနဲ့ အကောင်ကြီးဝင်လာတယ် ဆိုပြီးတော့ ၊ မေမေလန့်နိုးသွားတယ်။

ပြီးတော့မှ အဲဒီတံခါး ကိုသွားကြည့်တော့ တံခါးပွင့် နေလို့ ပြန်ပိတ်ခဲ့ရ တယ်ပေါ့၊ နောက်ပြီး မော်လိုက်မှာ တောပြစ် ဝါသနာပါတဲ့ ရဲသားတွေ တောလည် ထွက်ရင် ကျားတို့ ခွေးတူ ဝက်တူတို့ တောဝက်တွေ တို့ရခဲ့တယ် ဆိုတာ မေမေ အမြဲပြောပြတယ်။ အဲဒီမှာ ဝက်ဝံတွေလည်း အရမ်းပေါ တယ်လို့ ပြောတယ်။ မေမေ ရဲ့ ဝက်ဝံနဲ့ တွေ့ဆုံခန်းလေးလည်း ဆက်ပြီးနားထောင်ရအောင်။

မေမေက ကလေးပေါက်စလေးနဲ့ တောခေါင်ခေါင်ကြီးမှာ ဆိုတော့ အရမ်းပျင်းတာပေါ့၊ နေ့ ဆိုရင် ရဲသား မိန်းမ တွေနဲ့ တောထဲမှာ မှိုတို့ မျှစ်တို့ ခူးသွားမယ်ဆိုရင် မေမေကြီးကတော့ တားတယ်၊ ဒါပေမဲ့ မေမေက အတင်း လိုက်လိုက်သွားတာဘဲတဲ့၊ သိပ်ပျော်စရာကောင်းတယ်လို့ ပြောတယ်။ မေမေကတော့ သပြေပန်း တွေ ချိုး၊ တွေ့သမျှ အသီးအရွက်တွေခူးပေါ့။

တနေ့တော့ မေမေ က ထုံးစံအတိုင်း ကျနော်ကို နောက်ကြောမှာ ပိုးပြီးတော့ တောလည် ထွက်တာပေါ့၊ တွေ့ တဲ့ အသီးအရွက်တွေခူးပြီးတော့ ပြန်မယ်လုပ်တော့ အားလုံးကကြောက်လန့်တကြားနဲ့ နောက်ဆုတ် ပြေးဘို့ ပြင်ကြတာပေါ့၊ အပင်ကြီး တပင်ရဲ့ ခြေရင်းမှာ ဝက်ဝံကြီး က မတ်တတ်ရပ်ပြီးတော့ ပျားအုံ စားနေတာ တွေ့လိုက်ရတော့ မေမေ လည်းနောက်ဆုတ်ပြီးတော့ ပြေးရတော့တာပေါ့၊ အဲဒီနောက်တော့ မေမေ လည်း နဲနဲကြောက်သွားတယ်၊ အဲဒီက ဝံတွေကုပ်ရင် အသေဘဲ၊ မသေရင်လည်း တသက်လုံး ရုပ်ပျက် ဆင်းပျက် ဖြစ်တော့တာပေါ့။

နောက်ပြီး မေမေ သွားတဲ့ ချင်းရွာလေး အကြောင်းလည်း ပြောပြချင်တယ်၊ အဲဒီချင်းရွာလေးမှာ မေမေတို့ ကြက်ဥ တို့ ဘာတို့ဝယ်ချင်တဲ့ အခါသွားကြတာပေါ့၊ အဲဒီချင်းရွာလေးကလည်း တရွာလုံး သစ်သားခြံစီးရိုး ကာထားတယ်တဲ့၊ ရွာကိုဝင်မယ်ဆိုရင် အကျိုးအကြောင်း ပြောပြတော့မှ ကြိုးလှေကားလေးချ ပေးတာတဲ့၊ မိုက်တယ်နော်၊ မေမေကလည်း အဲဒီရွာလေးသွားရတာ သိပ်ပျော်တယ်တဲ့။

နောက်ပြီးတော့ အဲဒီက မေမေသွားလည်နေကြ ရဲသားအိုကြီးရဲ့ အိမ်မှာလည်း ကင်းခြေများ ရဲ့ အဆစ် တဆစ်ကို ငါးရုပ်ဆုံ လုပ်ထားတာ လည်းတွေ့ ခဲ့တယ်လို့ပြောတယ်၊ ဂျပန်ခေတ်က တောထဲမှာ တွေ့ခဲ့ ရတဲ့ ထန်းလုံး လောက်ရှိတဲ့ ကင်းခြေများ ရဲ့ အဆစ်တဆစ်ကို အမှတ်တရသိမ်းထားတာလို့ ပြောတယ်၊ ဖိုးကျော့ဝထ္ထု ဖတ်ရတာထက်တောင် ကောင်းသေးတယ်၊ နောက်ပြီး အိမ်သာတွင်းတူးရင်းနဲ့ သွေးတွေ ပန်းထွက် လာလို့ နေရာပြောင်းတူးလိုက်ရတဲ့အကြောင်း၊ အဲဒါ နှစ်ချို့မြွေကြီးတွေ ကြောင့်ပေါ့၊ မြွေကြီး တွေဆို ကြီးလွန်းအားကြီးလို့ ဘယ်သူမှ မသတ်ရဲဘဲ တောစပ်ထိ ရဲသားတွေထမ်းပို့ ရတယ်ဆိုတဲ့ အကြောင်း တွေလည်း မေမေ ကပြောပြတယ်..။

ထူးဆန်းတဲ့ အောက်လမ်းဆရာကြီးရဲ့ အကြောင်းတွေကို လည်းကြားရသေးတယ်၊ အဲဒီအောက်လမ်း ဆရာကြီးက ဘုန်းကြီး ဝတ်ထားတယ် လို့ပြောတယ်။ သက္ကာန်းအရေခြုံ ထားတာပေါ့၊ အဲဒီ အောက်လမ်း ဆရာကြီးက အရမ်းဆိုးတယ်တဲ့၊ ရဲသားမိန်းမ၊ မြင်းလှည်းဆရာကြီးမိန်းမနဲ့လည်းရှုတ်နေတာတဲ့၊ နောက်ပြီး သူနဲ့ အတူနေတဲ့ ကိုရင်လေးတပါးဆိုရင် သူ့အကြောင်းကို လျှောက်ပြောလို့ တအားရိုက်တာ ဘဘကြီး သိသွားလို့ သွားတားတော့ ဘဘကြီးကို မျက်ထောက်နီကြီးနဲ့ ကြည့် ပြီး `ခင်ဗျားသတိထား၊ ကျုပ် အကြောင်း သိမယ်လို့ ပြောတယ်တဲ့ `။

ဘဘကြီးက ကိုရင်လေး ကိုလည်းသူရိုက်တာနဲ့ သေမှာ ကြောက်ပြီး ရွာပြန်ခိုင်းလိုက်တာ၊ အဲဒီ ဘုန်းကြီးက ၇ ရက် နေရင် မင်းရွာမှာ သွေးအံသေမယ်လို့ ပြောတယ်တဲ့၊ နောက်တော့ သတင်းပြန်ကြားတာ အဲဒီ ကိုရင်လေးဟာ ရွာမှာ တကယ်ဘဲ သွေးအန်သေသွားတယ် လို့ပြောတယ်။

နောက်ပြီး ဘဘကြီးလည်း အဲဒီ အောက်လမ်းဆရာ နဲ့ ပြသာနာ ဖြစ်တဲ့ ညမှာဘဲ မော်တော်နဲ့ ခရီး ထွက်ရတယ်၊ တိုက်ဆိုင်တာလားတော့ မသိဘူး ဝမ်းတွေသွားပြီးတော့၊ တော်တော် ခံလိုက်ရ တယ် ပြော တယ်၊ သူ့မျက်နှာကြီးကို လည်းတချိန်လုံး မြင်နေရတယ်ပေါ့၊ ဘုရားတရားနဲ့ နေတဲ့ သူဖြစ်လို့ သူက သေအောင် မလုပ်နိုင်တာပေါ့။ မေမေပြောပြ တာတော့ တကယ်လိုဘဲ။ အဲဒီဘုန်းကြီး အရေခြုံကို အနီးအနား မှာ ဆွမ်းကြွေးတွေ ဘာတွေလုပ်ရင် လူတွေက မဖိတ်ဘဲ မနေရဲကြဘူးတဲ့၊ အဲဒီတော့ ဆွမ်းစားတဲ့ အချိန်မှာ သူ့ကိုတဝိုင်းသပ်သပ် ပြင်ပေးရတယ်တဲ့၊ တခြားဘုန်းကြီးတွေက သူနဲ့ တဝိုင်းထဲ မစားဘူးပေါ့၊ မေမေ ပြောတာတော့ `ကန်တော့ကန်တော့` မြတ်စွာဘုရားရဲ့ ပုံကို သူ့ရဲ့ညာဘက် ခြေဖဝါးမှာ ဆေးမှင်ကြောင် ထိုးထားတယ်လို့ပြောတယ်၊ ကျနော် ဖြင့် ပြောရင်းနဲ့တောင် ကြောက်လာ တယ်၊ ဒါပေမဲ့ မေမေပြောပြတာကို ချန်မထားချင်လို့ ပြောရတာပါ။

နောက်မှ မေမေ ရဲ့ အင်္ဂလိပ်အထွက် ဂျပန်အဝင်နဲ့ ရဲဘော်ဖြူ ရဲဘော်နီခေတ် နဲ့ ကရင်တွေ မန္တလေး ဝင်တဲ့ အကြောင်း တွေကို ပြောပြပါအုန်းမယ်။


အပိုင်း (ရ) ဆက်ရန်
.

2 comments:

Anonymous said...

ဖတ်ရတာကောင်းပါတယ် အမရေ၊ အခန်း ၇ မျှော်နေမယ်

အင်ကြင်းသန့် said...

စုန်းတွေ၊ အောက်လမ်းဆရာတွေအကြောင်းဖတ်ရတာ ကြောချမ်းစရာပါလား....