Monday, January 28, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၄၆)

“ဘယ်သူ့ဆီက သတင်းရတာလဲ”
“ကျွန်တော်ကိုယ်တိုင် မိခဲ့တာပါ။ ကျွန်တော် သေချာအောင် ရဲဘော်တွေ အလောင်းမြှုပ်တဲ့ဆီ ကျွန်တော် ပဲ လိုက်သွားပါတယ်”
ကိုသိန်းနိုင် ၏ နောက်ဆုံးစကားများအရ ကင်ပေတိုင်များသည် ရဲဘော် ၃ ယောက်ကို အမျိုးမျိုး ညှဉ်းပန်း နှိပ်စက်မှုများ ပြုရာတွင် လူ့လောက၌ ထည့်၍ပင် စဉ်းစားဝံ့စရာမရှိသော နည်းများဖြင့် ညှဉ်းပန်းမှု ပြုခဲ့ကြ သည်ကို ကြားရလေသည်။
ကောင်းကင်ပြင် သည် မည်းမည်းမှောင်နေသည်။ လမိုက်ရက်ဖြစ်၍ ကြယ်များသည် ထွန်းပလျက် ရှိသည်။ မိုးမျက်နှာပြင်ပေါ် မှ ကြယ်များ တစ်ခါတစ်ခါ ကြွေလျက်ရှိသည်။
မိုးမျက်နှာ ၏ မျက်ရည်ပေါက်များလော ...။
ကို ဆက်ဖတ်ရန် ........

ရဲဘော်သုံးယောက် ကျဆုံးသွားရခြင်းအတွက် ကျွန်တော့်ရင်ထဲတွင် တနုံ့နုံ့ ခံစားလျက်ရှိနေပါသည်။ ၎င်းတို့ အထဲ မှ သိုက်ထွန်းသည် ကျွန်တော်၏ ငယ်မွေးခြံပေါက် သားတပည့်ဖြစ်ပါသည်။ ၎င်း၏မိဘများက သိုက်ထွန်း အား လယ်ထွန်းလယ်လုပ် လယ်သမားအဖြစ် မြင်လိုကြသည်။ ကျွန်တော်နှင့်တွေ့သောအခါ သိုက်ထွန်းအား တပ်မတော်ထဲ သို့ဝင်ရန် ဇွတ်ခေါ်ယူသိမ်းသွင်းခဲ့သည်။ ယခုတိုက်ထွန်းတစ်ယောက် ကင်ပေတိုင် ညှဉ်းပန်းမှုဖြင့် ရေတိမ် နစ်ခဲ့လေပြီ။ သိုက်ထွန်း၏မိဘ၊ သိုက်ထွန်း၏ ရွာသို့ ကျွန်တော်မည်သို့ မျက်နှာပြရ မည်နည်း။ ကျွန်တော့် မျက်စိထဲတွင် သွက်လက်ချက်ချာ၍ ခိုင်းစေရာတွင် ပေါ့ပါးဖျက်လတ်သော သိုက်ထွန်း ၏ လှုပ်ရှားမှုကို မြင်ယောင်နေမိပါသည်။ အလားတူပင် ကျန်ရဘော်များမှာ သိုက်ထွန်းကဲ့သို့ လယ်သမား သားသမီးများဖြစ်ကြပါသည်။

“သခင်မြလှိုင်”
“လာလေ၊ သခင်သာဖန်၊ ထိုင်”
“ဖျာပုံက ဆတ်သား လာတယ်”
“ဟုတ်လား ...၊ လာပြီ”
ကျွန်တော် သခင်သာဖန်နောက်မှ လိုက်လာခဲ့ပါသည်။ သခင်သာဖန်သည် ကျွန်တော်နေထိုင်ရာ နွားတင်းကုပ် အတွင်း သို့ မည်သူ့ကိုမျှ လာရောက်စေခြင်းမပြုဘဲ အကြောင်းကိစ္စရှိလျှင် ၎င်း ကိုယ်တိုင် လာ ရောက်လေ့ ရှိပါသည်။ စားမှုသောက်မှု ဗာဟီရကိစ္စများကိုပင် ၎င်းကိုယ်တိုင် ဆောင်ရွက်ပေးလေ့ရှိပါသည်။ သခင်သာဖန် သည် တို့ဗမာအစည်းအရုံးဝင် ရဲဘော်ဟောင်းတစ်ဦးဖြစ်ပြီး ဂျပန်ခေတ်တွင် ကျွန်တော်တို့ တင်မြှောက် ထားသော သူကြီးလည်းဖြစ်ပါသည်။ သခင်သူကြီး ဖြစ်သောကြောင့် ဆင်းရဲနွမ်းပါးသည်။ လက်လှုပ်မှ ပါးစပ် လှုပ်ရသူဖြစ်သည်။ ယခု ကျွန်တော်တို့ ရဲဘော်များသည် သခင်သာဖန်၏ လက်ယာလုပ်ငန်း၌ နွားကျောင်း၊ ထင်းခွေ၊ ရေခပ်၊ မြက်ရိတ်ကအစ ၀ိုင်းဝန်းကူညီကြပါသည်။ ကျိုက္ကဘာ ရွာသူရွာသားများမှာ ရဲဘော်များအား လက်ခံ ထားရခြင်းအတွက် အသက်အန္တရာယ်များပြားသည်ကို သိသော်ငြားလည်း နိုင်ငံနှင့် လူမျိုးအတွက် ယခုကဲ့သို့ ဆောင်ရွက်နေရခြင်းကိုပင် ဂုဏ်ယူလျက်ရှိကြပါသည်။

“ဟ ... မလှရှင်ကြီး။ သတင်းထူးလား”
“စာလာပေးတာ”
“ဟာ ... စာမရေးကြနဲ့လို့ မှာထားတာ။ လုပ်ပြီ။ စားမိသွားရင် အကုန်သေကုန်မှာဗျ”
ကျွန်တော်က ခရီးရောက်မဆိုက် ဆူပူလိုက်ခြင်းကြောင့် မလှရှင်သည် ပို၍မောသွားဟန်တူပါသည်။ စကားပင်ဆက်၍ မပြောနိုင်တော့ဘဲ သောက်ရေအိုးင် ရှိရာသိုပင်ဆက်၍ မပြောနိုင်တော့ဘဲ သောက်ရေအိုး စင်ရှိရာသို့ သွားရောက်ကာ ရေမှုတ်ဖြင့် တစ်ခွက်ပြီး တစ်ခွက် ဆင့်၍ သောက်နေသည်ကို တွေ့ရပါသည်။ အမှန်က မလှရှင်သည် စာလည်းမတတ်။ တော်လှန်ရေးဆိုသည်ကိုလည်း နားလည်ခြင်းမရှိ။ ကျွန်တော်၏ ဇနီးအိမ်ဘေး ထင်းပွဲရုံမှ လင်မယားနှစ်ယောက် ထင်းလှည်းဖြင့် ထင်းရောင်းစားခြင်းဖြင့်သာ အသက်မွေးကြ သူများဖြစ်ပါသည်။ ယခု တစ်နွယ်ငင်တစ်စင်ပါ ဆိုသကဲ့သို့ ထင်းပွဲစားကိုဘမောင်နှင့် ပတ်သက်၍ ကျွန်တော် သည် မလှရှင်နှင့် ၎င်း၏ ယောက်ျားကိုချစ်မောင်တို့အား လျှို့ဝှက်ကိစ္စများအတွက် အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။

“လာ ... မလှရှင်။ စာပေးလိုက်တယ်ဆို။ ဘယ်သူ့ဆီကလဲ”
“တော့် မိန်းမက ပေးခိုင်းလိုက်တာ”
ပြောပြောဆိုဆို ဆံပင်ထဲ၌ ၀ှက်၍ယူလာသော သန်းသန်းထံမှ စာကိုထုတ်၍ ပေးပါသည်။ သန်းသန်းရေး လိုက်သော စာမှာ များများစားစားမဟုတ်လှဘဲ ရန်ကုန်မှ ဧည့်သည်ရောက်နေကြောင်း၊ လူလွှတ်ခေါ်ယူရန် တို့ဖြစ်ပါ သည်။ ကျွန်တော်သည် ရန်ကုန်က ဧည့်သည်ဆိုခြင်းကြောင့် အရေးကြီးကြောင်း ချက်ချင်း လွှတ်၍ ခေါ်ယူရန် လိုကြောင်း သဘောပေါက်ပါသည်။ သိုကြောင့် ကိုသိန်းဖေကိုပင် စေလွှတ်ရန် တာဝန်ပေးလိုက်ရပါသည်။
“ကိုင်း ... သွားဆို၊ ခုပဲ သွားမယ်။ ဘာမှာဦးမလဲ”
“နေကောင်းတယ် ပြောလိုက်ပါဗျာ”
“ခေါ်ခဲ့ရမလား၊ ဟား ... ဟား”
ကိုသိန်းဖေသည် စကားမဆုံးမီပင် လှော်တက်ကို ဆွဲလျက် ဘောက်တူဆီသို့ လှမ်းလျက်ရှိနေပါသည်။ လျင်မြန်ဖျတ်လတ်၍ ဇွဲကြီးသော ကိုသိန်းဖေကို ကြည့်ရင်း အားရကျေနပ်မိပါသည်။ ကိုသိန်းဖေ ဘောက်တူပေါ် သို့ တက်သောအခါ ကျွန်တော်နှင့် မလှရှင်တို့ စကားပြောရင်း ကမ်းနားသို့ လိုက်ခဲ့ကြသည်။

“သွားမယ် ... ညပြန်ရောက်အောင် ပြန်ခဲ့မယ်”
“ကောင်းပြီ ... ဒီမယ် ကိုသိန်းဖေ”
“ဆိုစမ်း ... တရုတ်ခေါက်ဆွဲစားမလား၊ ၀ယ်ခဲ့မယ်”
“တော်ပါပြီ၊ ဧည့်သည်ကို ဒီကိုမခေါ်ခဲ့နဲ့ ကျွန်တော် ခဏနေရင် တူးမြောင်းရွာကို သွားစောင့်နေနှင့်မယ်”
ကိုသိန်းဖေ ၏ ဘောက်တူကလေးသည် တရိပ်ရိပ် ပြေးထွက်သွားသည်။ ကိုသိန်းဖေ ၏ ဘောက်တူ ကလေး ပျောက်ကွယ်သွားသောအခါ ကမ်းပေါ်သို့ ပြန်တက်လာခဲ့ပြီး ကျွန်တော်၏ ပစ္စည်းကလေးများကို သယ်ယူကာ တူးမြောင်းရွာသို့ ခရီးဆက်ရန် ပြင်ဆင်ရပါသည်။

“သခင်မြလှိုင်၊ တူးမြောင်းကို လှေနဲ့သွားပါလား”
“နေပေစေ ... ကွင်းထဲကပဲ ဖြတ်လျှောက်သွားတော့မယ်”
“နည်းနည်းဝေးတယ်ဗျ ... နောက်ပြီး မြွေကင်းရန်က ရှိတယ်”
သခင်သာဖန်က ဇွတ်တားမြစ်ပြီး ကျွန်တော်နှင့်အဖွဲ့အား တူးမြောင်းရွာသို့ လိုက်ပါပို့ဆောင်ပေးပါသည်။ တူးမြောင်းရွာ သည် ကိုသိန်းဖေ၏ ဆွေမျိုးသားချင်းများ၏ ရွာဖြစ်ပါသည်။ တူးမြောင်းရွာ ဘုန်းတော်ကြီး ကိုယ်တိုင် ပင်လျှင် ဖက်ဆစ်တော်လှန်ရေးတွင် ရဲဘော်များစွာအား ကျွေးမွေးလက်ခံထားသော ပုဂ္ဂိုလ်ဖြစ် ပါသည်။
“ဒီကနေကြည့်ရင် ဟိုပျပျက မည်းမည်းတောတန်းကလေးဟာ ဖျာပုံနောက်ဖေးက အပြောင်ရွာပေါ့။ ဟိုဘက်က တောအုပ်စုစုက ကျုံကူ။ မိးခိုးကလေး ရေးရေးထွက်နေတာက အကြီးဝ ဆန်စက်”
အိမ်ရှင်၏ သမီးကြီး မစောမြင့်က ကျွန်တော့်အား အိမ်အပေါ်ထပ် ပြတင်းပေါက်မှနေ၍ ဖျာပုံမြို့၏ အနေ အထား ကို ပြညွှန်းနေ ပါသည်။ ၎င်း၏ ပြောကြားချက်အရ ရွာထိပ်မှ လက်ပံပင်ပေါ်တွင် ကင်းချထားကြောင်း၊ ၎င်းကင်းမှ အမြဲစောင့်ကြည့်ပြီး ဂျပန်စစ်တပ်များ ကုန်းလမ်းမှ လာသည်ဖြစ်စေ၊ ရေလမ်းမှလာသည်ဖြစ်စေ ကြိုတင် သိနိုင်ကောင်းတို့ကို ပြောပြပါသည်။

“ဒီဘက်ကို ခဏလာကြည့်ပါဦးရှင်”
“ဟုတ်ကဲ့”
“ဒီပြတင်းပေါက် သံတိုင်တွေဟာ ဖြုတ်လို့ရပါတယ်။ ဒီမယ် ...”
“ဟုတ်ကဲ့”
“အကယ်၍ အရေးအကြောင်း တစ်စုံတစ်ရာနဲ့ကြုံရင် ဒီသံတိုင်ကို ဖြုတ်၊ နောက်ဖေးခေါင်တိုင်ပေါ်က တက်ပြီး ဆင်းသွားရင် တောစပ်ထဲကို တစ်ခါတည်းရောက်သွားနိုင်တယ်”
မစောမြင့် တို့မိဘများသည် တူးမြောင်းရွာတွင် ကြေးရတတ်များ ဖြစ်ကြသည်။ ၎င်းတို့၏ စီမံဆောင်ရွက်မှုမှာ ဖက်ဆစ်တော်လှန်ရေး ကာလနှင့် လာရောက်ဆုံစည်းနေ ပါသည်။ ရှေးယခင် က တောလက်ကျေးရွာ များမှ ကြေးရတတ်များသည် သူခိုးသူဝှက်၊ ဓားပြတို့၏ ဘေးရန်မှ ကာကွယ်ရန် ယင်းသို့ စီမံဖန်တီးထားလေ့ရှိကြ ဟန်တူပါသည်။ ကျွန်တော်သည် မစောမြင့်ပြောသော စကားများကို စဉ်းစားလိုက်သကဲ့သို့ တအင်းအင်း လိုက်နေမိသည်။ ထို့နောက် မစောမြင့် ဆင်းသွားသောအခါ မိမိအတွက် ပြင်ပေးထားသော အိပ်ရာပေါ်သို့ လှဲရင်း၊ အတွေးနယ်ချဲ့မိပါတော့သည်။

သန်းသန်း။ သူ့မိဘများသည် ကျွန်တော့်အား ငြိုငြင်နေပလိမ့်မည်။ ကျွန်တော်သည် သန်းသန်းအား ဇနီးအဖြစ် ပေါင်းသင်းသည့်နေ့မှစ၍ ယခုအချိန်အထိ ခင်ပွန်းသည်တစ်ယောက်အဖြစ် တာဝန်မကျေခဲ့ သည်မှာ အမှန်ပင်ဖြစ် ပါသည်။ ယခု ကျွန်တော်သည် အသက်ဖြင့် ရင်းနှီးရသော အလုပ်ကို လုပ်လျက် ရှိ ပြန်ပါသည်။ ဂျပန်ခေတ်တွင် ၎င်းတို့နှင့်ဆန့်ကျင်သော လုပ်ရပ်တစ်ခုကို လုပ်ငြားအံ့။ ထိုလုပ်ရပ်ပေါ်ပေါက် သည်နှင့် တစ်ပြိုင်နက် ပတ်သက်ရာ ပတ်သက်ကြောင်း မှန်သမျှအားလုံးတို့အား ဒုက္ခပေးတော့သည်။ သို့ကြောင့် လည်း ဖက်ဆစ်စနစ်ဆိုးအောက် တွင် လူထုတစ်ရပ်လုံးသည် တုတ်တုတ်မျှ မလှုပ်ဝံ့သည့် ဘ၀သို့ ရောက်ခဲ့ကြလေသည်။

ယခု သန်းသန်း၏ အသက်သည် ၂၀ မျှသာ ရှိသေးသည်။ အိမ်ထောင်သက် နုနယ်လှသေးသည်။ အိမ် ထောင် သည် ဘ၀၏ ချမ်းမြေ့သာယာမှုကို မခံစားရသေးမီ ကျွန်တော် ဖက်ဆစ်တော်လှန်ရေး ကို ဆောင်ရွက် ရန်မြေလျှိုးသွားခဲ့သည်။ သန်းသန်းကို သနားမိသည်။ တမ်းတမိသည်။ စာနာမိသည်။ ယခုတော့ မတတ်သာပြီ။ အကယ်၍ မသေမပျောက် ပြန်လညတွေ့ဆုံရမည်ဆိုလျှင် မိမိဘ၀ကလေး အေးချမ်းမှု အတွက် သန်းသန်းကို ကတိပြုလိုက်မည်။ ထိုအခိုက် ..
“ဗျို့ ဆရာကြီး၊ ဘာတွေ အတွေးနယ်ချဲ့နေရတာလဲဗျ။ ကျုပ်တက်လာတောင် မသိလိုက်ဘူး ဟင်း ... ဟင်း”
“ဟာ ... ကိုသိန်းဖေကြီး၊ ခြေသံတောင်မကြားပါလား။ ဟော ... ကိုကျော်မင်း (ဗိုလ်ကြီးကျော်မင်း၊ ကွယ်လွန်) ရန်ကုန်ကလာတာ၊ ခင်ဗျားလား”
“ဟုတ်တယ် ...။ ကျုပ် မနက်ဖြန်ပဲ ပြန်ချင်တယ်။ ဗိုလ်ချုပ်က မြလှိုင်နဲ့ တွေ့ပြီးရင် ချက်ချင်းပြန်လာခဲ့တဲ့ဗျ”

“ကိစ္စအထူးရှိလား”
“ရှိတာပေါ့။ ဗိုလ်ချုပ်မှာလိုက်တဲ့ကိစ္စတွေ အားလုံး အဆင်ပြေရဲ့လား။ နောက်ပြီး မကြာခင် ရန်ကုန်မှာရှိတဲ့ တပ်တွေ ဖျောက်တော့မှာဆိုတော့ ဖျာပုံနယ်ထဲမှာ နေထိုင်ဖို့ကိစ္စ ဘာတွေလုပ်ထားသလဲတဲ့ဗျ”
ကျွန်တော်က ကိုကျော်မင်း (ဗိုလ်မှူးကြီးကျော်မင်း၊ ကွယ်လွန်) မေးမြန်းချက်များကို ရန်ကုန်မှ စတင်ထွက်ခွာ လာခဲ့သည့်အချိန်မှစ၍ ဗိုလ်လျက်ာမျာလိုက်သော အဆက်အသွယ်များနှင့် ဆက်သွယ် မှု ပြတ်တောက် သွားခဲ့ပုံ၊ ဒေးဒရဲနယ်အတွင်းတွင်ရှိသော အချို့ပွိုင့်များမှ အဆက်အသွယ် များနှင့် တွေ့ဆုံ ခဲ့ သော်လည်း ၎င်းတိုကို နောက်ထပ် ဆက်သွယ်မှု မရဘဲ ရှိခဲ့ပုံ၊ သခင်စိုးတို့လူသိုက် ဒေးဒရဲ တပ်အတွင်း ၌ ရှိနေပုံ၊ ဗိုလ်လက်ျာနှင့်အဖွဲ့ နေထိုင်ရန် အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း တို့ကို ပြောကြား လိုက် ပါသည်။

အခြေအနေများသည် တရိပ်ရိပ် ပြောင်းလဲခဲ့လေပြီ။ မူလစီစဉ်ထားသော အစီအစဉ်များလည်း ပြောင်းလဲ သွားပါသည်။ ကျွန်တော်သည် ကိုတင်အေးအား ဖျာပုံမြို့နယ်သို့ တိတ်တဆိတ် ပြန်လည် ပို့ဆောင်ပေး ခဲ့ပြီး နောက် စုစည်းထားသော တပ်များရှိရာသို့ အမြန်သွားခဲ့ပါသည်။ ထိုအချိန်တွင် အပြောင်ရွာတွင်ရှိသော တပ်ထွက်တင်ဦးနှင့် ရဲဘော်ဟု ထင်ရသူများအားလုံးကို ကင်ပေတိုင်မှ သိမ်းကျုံးဖမ်းဆီးလေသည်။
“ဒီမယ် မြလှိုင် ... ရှမ်းကွင်းကြီးက ကိုတင်ကြိုင်တို့လူသိုက် ဖျာပုံက စခန်း ၂ မှာ ရောက်နေတယ်။ မင်းကိုယ်တိုင် သွားတွေ့လိုက်ရင် ကောင်းမယ်”
“ဘာဖြစ်လို့လဲ”
“တပ်တချို့ ခုရက်ပိုင်းက ရောက်လာတယ်။ ရှမ်းကွင်းကြီး၊ ပလိပ်ဖရဲမှာ ဖျောက်ထားတယ်ပြောတယ်”
“ဘယ်ကရတဲ့ သတင်းလဲ”
“ဂျိဝါနဲ့ ကျုံတာက ရဲဘော်တိုးကြီးနဲ့ ရဲဘော်မှင်တို့ဆီက သတင်းလာပို့သွားတယ်”

ကျုံကူသူကြီး ကိုကျော်သန်း၏ ပြောပြချက်အရ ဖျာပုံမြို့ပေါ်တွင် လျှို့ဝှက်စခန်းအဖြစ် ထားရှိသော ဦးဖေသန်း၊ ဦးကျော်တို့၏ အိမ်သို့ သွားရောက်ရန်ကိစ္စ ပေါ်ပေါက်လာပါသည်။ ရှမ်းကွင်းကြီးသူကြီး ဦးထွန်းတင်၊ ၎င်း၏ညီ ကိုတင်ကြိုင်တို့သည် ဦးဖေသန်း၊ ဦးကျော်တို့နှင့် သားချင်းများ ဖြစ်ကြသည့်ပြင် မျိုးချစ်စိတ်ထက်သန်သော ပုဂ္ဂိုလ်များ လည်းဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်တော်နှင့် ရဲဘော်စံယျတို့နှစ်ယောက် ညဥ့်မိုးချုပ်သည့်အထိ ကျုံကူရွာ ၌ ပုန်းအောင်းနေကြပြီး မိုးချုပ်သည်နှင့် တစ်ပြိုင်နက် စခန်း ၂ သို့ သွား ရောက်ကြရန် စီစဉ်ခဲ့ကြပါသည်။ သို့သော် ကျွန်တော်၏ ကြိုးစားချက်သည် အချည်းနှီးဖြစ်ခဲ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်မြို့လုံး ဖြန့်ကျက်ချထားသော ကေဘိုထိုင်ကင်းများကို ဖြတ်ကျော်ခွင့် မရရှိခဲ့ပါ။ သို့ဖြစ်၍ ထိုနေ့ည စခန်း ၂ သို့ သွားရောက်ပြီး ရဲဘော်တင်ကြိုင်တို့လူသိုက်နှင့် တွေ့ဆုံရန် အစီအစဉ်များကို စွန့်လွှတ်လိုက်ရပါသည်။

“မြလှိုင် မင်း အစားငါသွားမယ်”
“ကောင်းသားပဲ။ ကိုတင်ကြိုင်နဲ့တွေ့ရင် ပြည့်ပြည့်စုံစုံ မေးခဲ့ဗျာ”
ကိုသောင်းအိအား စခန်း ၂ သို့စေလွှတ်လိုက်ရပါတော့သည်။ စခန်း ၂ သို့ ကိုသောင်းအိ ရောက်လာသော အခါ ကိုတင်ကြိုင်ကို မတွေ့လိုက်ရတော့ပေ။ ထိုအခါ ဦးဖေသန်း၏ ပြောပြချက်အရ သခင်စိုးတို့လူသိုက် သည် ဒေးဒရဲဂွကလေးတွင် ဌာနချုပ်ဖွင့်ထားကြောင်း၊ ဖျာပုံမြို့ပေါ်မှ ကိုထွန်းစိန်တို့ လူသိုက်အားလုံး ဂွ ကလေးရွာသို့ ရောက်ရှိနေကြကြောင်း အခိုင်အမာ သိလာရပါသည်။ ကျွန်တော်သည် ထိုသတင်းကိုကြားရ သည့်အတွက် မအံ့သြမိပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ လူသိုက် ရန်ကုန်မှ ဆင်းလာခဲ့စဉ် မှပင် မြေတိုင်း စာရေး မောင်တင်တို့လူသိုက်၏ အခြေအနေကို ကြည့်ရခြင်းဖြင့် သခင်စိုးမဟုတ်သည့်တိုင်အောင် ဖက်ဆစ်တော်လှန်ရေး ၏ စခန်းတစ်ခုအဖြစ် ရှိနေကြောင်း ကောင်းစွာရိပ်မိခဲ့ပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၃၄)

လမ်းခရီး မှာ ဘယ်သူမဆို သတိမမူမိရင် ခလုတ်ကန်သင်း တိုက်မိတတ်တာပါပဲ။ ကိုယ်တိုက်မိတာက သစ်ငုတ်လောက် ဆိုရင်တော့ ခြေမလေး ကွဲရုံ၊ သွေး တစ်စက် နှစ်စက် ထွက် ရုံလောက်ပေါ့နော်။ ကျောက်တုံး ကြီးကြီး ဖြစ်နေရင် မှောက်လျက်လဲလို့ ခြေကျိုး၊ လက်ကျိုး၊ ခေါင်းကွဲ အန္တရာယ် က မသေး လှပါဘူး။ အဲဒီလိုပဲ ဘဝခရီးမှာ ကိုယ် ကြိုတင်မမြင်မိတဲ့ ခလုတ်ကန်သင်းကဲ့သို့ စိတ်ထား မမှန် ရင်ထဲ က အကြံနဲ့ တရားပျက်တတ်သူများ အများအပြား ရှိနေတတ်ပါတယ် ဆိုတာ စာရှုသူ များ ကို ပြောပြချင် ပါရဲ့။ ကို ဆက်ဖတ်ရန် .............

အပိုင်း (၃၆)

ဗုဒ္ဓရှင်တော်ဘုရားက ဟောကြားထားခဲ့တဲ့ တိုတိုရှင်းရှင်းလေးရယ်ပါ။
"ဘယ်အရာမှ အစိုးမရ" တဲ့။
စိတ်ဆိုတာ အလွန်တရာမှ ပြောင်းလဲလွယ်တတ်တယ် ဆိုတာကို သိထားပါလျက်နဲ့ သူတစ်ပါးရဲ့စိတ် ကိုများ ကျွန်မက သွားပြီး အစိုးရချင်နေမိတာ ကိုယ့်အမှား ဆိုတာ အဲဒီနေ့က အိပ်ရာဝင်ချိန်မှာ ပြန် လည် သုံးသပ်ကြည့် မှ မြင်မိတော့တာပါပဲ။
ပုထုဇဉ် လူသားမှန်သမျှ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာစိတ်တွေ အမြဲတမ်း စိုးမိုးနေတတ် တာမို့ သူလည်း လောဘနောက်လိုက်ပြီး အခွင့်သာခိုက် အရယူလိုက်တာကို ကျွန်မကရော ဘာထူးလို့ လဲ။ ဒေါသတွေ လျှံလျှံဝေပြီး မကျေမချမ်း ဖြစ်နေခဲ့တာပဲ မဟုတ်လားနော်။
ဘဝခရီး ကို လျှောက်ကြရသူတိုင်း အတွေ့အကြုံ အမျိုးစုံနဲ့ ခံစားချက် အဖုံဖုံကို ကြုံကြရမှာကတော့ ဓမ္မတာ ပါပဲလေ။ တစ်ခါတလေ ပျော်စရာ၊ ကြည်နူးချမ်းမြေ့စရာ၊ တစ်ခါတစ်လေလည်း ဒေါသဖြစ်စရာ၊ ခံရခက်စရာ။ ဒါပေမဲ့ အဲဒီ ပျော်စရာတွေရော၊ ဒေါသထွက်ခံရခက်စရာတွေကရော တာရှည်ခံတာမှ မဟုတ်တာ။ ပြီးတော့ လည်း ပြီးသွားပြန်တာပါပဲ။ အတွေ့အကြုံတိုင်းမှာ သင်ခန်းစာ ဆိုတာက ပါတတ် တာမို့ အသိတရား တစ်ခု ရလိုက်ခြင်းက အမြတ်လို့ ခံယူရမှာပါပဲ။

ဘယ်အရာမှ အစိုးမရတဲ့အတိုင်း ကိုယ့်လျှောက်မယ်လို့ ပြင်ထားတဲ့လမ်းက မဖြစ်ဘဲ တစ်နည်း တစ်ဖုံ ပြောင်းလဲသွားတဲ့ လမ်းအရ ကြောင်လိမ်လှေကား တက်ရသလို အကွေ့အကောက် အလှည့် အပြောင်း တွေ နဲ့ ခရီးဆက်ရမှာဖြစ်တော့ တခြားအရေးပေါ်ကိစ္စတွေ ကြားထဲမှာ ဒီကိစ္စ က ဖြတ်သန်းခဲ့ရတဲ့ သာမန်အကြောင်းတရားလေးအနေနဲ့ အချိန်ကြာ ရင် မှေးမှိန်ပျောက်ကွယ် သွားရမှာပါပဲ။
ဒါကြောင့် ကျွန်မတို့ ရှေ့ဆက်ရမဲ့ အရေးပေါ်ကိစ္စတွေကိုပဲ အာရုံထား လှုပ်ရှားရပါတေ့တယ်။ အမေရိ ကားရောက်ရင် အလုပ်စပြီး ထူထောင်နိုင်ဖို့အတွက် မြန်မာအနုပညာမှန်သမျှလိုက်ပြီး လေ့လာဆက် သွယ်ရင်း နမူနာတွေလည်း ယူထားပေါ့။ ငွေထည်၊ ယွန်းထည်၊ ပန်းပုနဲ့ ကြိမ်ပစ္စည်းတွေကအစ ကောင်းနိုးရာရာ အကုန် လိုက်ကြည့် မှတ်ထားပြီး လေ့လာနေရသလို လက်ရှိအခြေအနေတွေကိုလည်း တဖြည်းဖြည်း ထုခွဲရောင်းချပြီး စရိတ်စက နဲ့ ကုန်ကျရမဲ့ကိစ္စ မှန်သမျှအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရပါတယ်။

ကျွန်မ အသက်နဲ့ထပ်တူ မြတ်နိုးတန်ဖိုးထားတဲ့ ဓာတ်ပုံဆိုင်ကိုလည်း စွန့်လွှတ်ရမဲ့ အခြေအနေ ဖြစ်လာ တော့ လက်ရှိအလုပ်တွေ ကို ချုံးနိုင်သမျှ ချုံးပြီးလာမဲ့ ခြောက်လအတွင်း ပိတ်လိုက်နိုင်မှ ပြည်ပကို မထွက်ခင်မှာ အမြတ်တော်ခွန် ကိစ္စတွေက စာရင်းပြတ်နိုင်မှာမို့ အဲဒီအတွက်လည်း ပြင်ရဆင်ရပေါ့။ သမီး ကေသီနဲ့ သား ရွှေစင် မောင်နှမနှစ်ယောက်ကို အတူ အမေရိကားပို့ဖို့ စီစဉ်ရမှာမို့ နိုင်ငံကူးလက် မှတ် လျှောက်ထားဖို့ အတွက် ကေသီကိုလည်း အလုပ်က ထွက်ခိုင်းရပါတယ်။ အဲဒီအချိန်ကာလမှာ ယူဘီအေ မှာကလည်း ပြဿနာတွေက ရှုပ်ထွေးစပြုနေပါပြီ။ အခုခေတ်လို Open Trade မဟုတ်သေး တော့ နယ်စပ်က ဝင်တဲ့ ကုန်တွေကို မှောင်ခိုရောင်းဝယ်ကြရတာကြောင့် တစ်နိုင် သယ်နိုင်ရင် ဝမ်းစာ ဖြစ်နိုင်တဲ့ သဘော မို့ တောက ဦးကြီးတွေကအစ စပါးမစိုက်ကြတော့ဘဲ လွယ်လွယ်ငွေဖြစ်တဲ့ မှောင်ခို သယ်နေကြတာမျိုးလေ။

မော်လမြိုင်၊ မုတ္တမ မီးရထားလမ်းဆိုရင်လည်း မှောင်ခိုကုန်သည်တွေနဲ့ ကြိတ်ခဲနေလို့ သာမန်လူတွေ ခရီးသွားဖို့ မလွယ်ကူ သလို တာချီလိတ်တို့၊ မြိတ်၊ ထားဝယ်တို့ သွားတဲ့ လေယာဉ်တွေမှာလည်း မှောင် ခိုကုန်သည်တွေက အပြည့် လိုက်ကြတာ ဖြစ်လို့ လေယာဉ်လက်မှတ်ကအစ အလွယ်တကူမရဘဲ ဈေး ကြီးပေးပြီး မှောင်ခိုဝယ်ရတဲ့ အခြေအနေ မျိုး ရောက်လာပါတယ်။
အဲလို မှောင်ခိုကုန်သည်တွေကို အစိုးရကလည်း နှိမ်နင်းဖမ်းဆီး အရေးယူနေတာ ပါပဲ။ မှောင်ခိုသူတွေ နဲ့ ပေါင်းပြီး ဖောက်ပြန်တဲ့ ဝန်ထမ်းတွေကိုလည်း အရေးယူပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ (စသုံးလုံး) စုံ ထောက် အဖွဲ့ကလည်း အလွန်ကို လက်သံပြောင်ပြောင်နဲ့ အရေးယူတာမို့ စသုံးလုံးဆိုရင် မသမာသူ များ အားလုံး က ဖိမ့်ဖိမ့်တုန် ကြောက်ကြရပါတယ်။ စသုံးလုံးက ဌာနဆိုင်ရာ အားလုံးကို မျက်စိဒေါက် ထောက် ကြည့်နေတာ မို့ ယူဘီအေလည်း အပါအဝင်တစ်ခုဖြစ်မယ် ထင်ပါရဲ့။ မရိုးသားတဲ့ ဝန်ထမ်း တွေ သတင်း ရအောင် တခြားလူတွေဆီက သတင်းနှိုက်သလို ကျွန်မ သမီး ကေသီကို ခေါ်ပြီးလည်း သတင်းနှိုက်လေ့ ရှိတယ်ပေါ့။

မကေသီတို့ အုပ်စုကတော့ ဝန်ထမ်းသာဖြစ်နေကြပေတယ်၊ အများစုက လူကြီး သားသမီးတွေဆို တော့ မိသားစု တာဝန်လည်း မရှိတာကြောင့် တရုန်းရုန်းနဲ့ စားကြ သောက်ကြ၊ ရုပ်ရှင်တွေ အတူချိန်း ပြီး ထွက်ကြည့်ကြနဲ့ အပူအပင် ကင်းကင်းနဲ့ တက္ကသိုလ်ကောင်းသအချိုးက မပြေကြသေးတဲ့ အနေ အထားမှာ ရှိနေကြဆဲလေ။ ဒီအထဲ မှာ မရိုးမသားဝန်ထမ်း ဆိုတာမျိုးလည်း ရှိနိုင်ကောင်းရဲ့ပေါ့။ သမီး ကို ခေါ်စစ်ဆေးမေးမြန်းတိုင်း သူ မသိဘူး ဆိုတာပဲ ဖြေခဲ့တာတဲ့။ နှစ်ခါမက သုံးခါလောက် ခေါ်မေး တော့…
"မာမီရာ၊ သမီးလည်း စိတ်မရှည်တာနဲ့ အဲဒီက အန်ကယ်ကြီးတွေကို ပြောခဲ့တယ်၊ သူများတွေ ဘာလုပ် နေလဲ ဆိုတာ သမီး မသိဘူး။ သိရင်တောင်မှ သူများ ဒုက္ခရောက်အောင် မပြောချင်ပါဘူးလို့ ပြောခဲ့ တယ်၊ ဒါမှ အေးမှာ" တဲ့။

သမီး ပြောခဲ့ပုံလေးတော့ သဘောကျမိပါရဲ့။ ဒါပေမဲ့ ဒီလိုနေရာမှာ တာရှည်မှ လုပ်သင့်ပါ့မလားဆိုတာ ကျွန်မ တွေးပြီး ပူမိပါတယ်။ ခုတော့ နိုင်ငံကူးလက်မှတ် လျှောက်ဖို့အတွက် လက်ရှိအလုပ်ကထွက်ဖို့ လိုအပ် လာတော့ အတော်ပဲ ဖြစ်သွားလေတယ်ပေါ့။ သား ရွှေစင်ကို မသွားခင် ရှင်ပြုပေးရမှာလည်း ရှိ သေးတယ်လေ။ အငယ်ဆုံး သား အိန္ဒာကတော ခေါင်းတုံးတုံးရမဲ့ကိစ္စ ပြဿနာမရှိပါဘူး။
ကျွန်မ ရဲ့မာမီ နှလုံးရောဂါနဲ့ ဆရာဝန် စပြီး ပြရတဲ့အချိမှာ မာ့မီအတွက် စိတ်ပူမိတာနဲ့ ကုသိုလ်ဆက်တဲ့ အနေနဲ့ သားကို အရေးပေါ်ရှင်ပြုဖို့ မာမီကိုယ်တိုင် အလှူလေးတစ်ခု လုပ်ဖို့ တိုက်တွန်းစီစဉ်ရပါတယ်။ မကျန်းမာ ခိုက်ဆိုတော့ အကျဉ်းရုံးပြီး အမြန်ဆုံး အကောင်အထည်ပေါ်အောင် ဖန်တီးရတယ်ပေါ့။ သား က ဆယ်နှစ်သားပဲ ရှိသေးတာပါ။ "အဘွား အသက်ရှည်အောင် သားက သင်္ကန်းဆီး ကိုရင်ဝတ်ပြီး ကုသိုလ် ယူပေးနော်" လို့ ပြောတော့ အလွယ်တကူပဲ ခေါင်းညိတ်လေရဲ့။

သားကြီး ဝင်းတုန်းကလည်း အဖေ ဆုံးခါနီး ရှင်ပြုကိုရင် ဝတ်ပေးတေ့ သူလည်း ဆယ်နှစ်သားပဲ ရှိသေး တာပါ။ ဘုန်းကြီးကျောင်းကို ထည့်လိုက်တော့ အိမ်ပြန်ချင်တယ် ဆိုပြီး တစ်ညလုံး ငိုနေတာနဲ့ ဘုန်းကြီး က စိတ်ကုန်ပြီး အိမ်ပြန်ပို့ပေး လာတယ်။ အိမ်ကျတော့လည်း မာမီနဲ့ အိပ်ချင်တာတဲ့လေ။ ကိုရင်ဆိုတာ ဒကာမနဲ့ မအိပ်ရဘူး။ ဒယ်ဒီ နဲ့ သွားအိပ်ဆိုတော့လည်း မအိပ်ချင်ဘူး ဂျီကျနေလို့ ကျွန်မမှာ အဲဒီညက တစ်ညလုံး မအိပ်ရပါဘူး။ သားငယ် အိန္ဒာ ကတော့ အရေးပေါ်ရှင်ပြုပေးတာ ရှောရှောရှူရှူ၊ ကျေကျေ နပ်နပ်နဲ့ ဝတ်တဲ့အပြင် တစ်ပတ်စေ့ လို့ ကိုရင်က ထွက်ခိုင်းတော့ ငိုပါလေရော။ ကျောင်းပြန်တက်ရမှာမို့ မနည်းချော့ပီး ပြန်ထွက်ခိုင်းရပါတယ်။

အခုတော့ အရင်က အလှူနှစ်ခုလို သောကနဲ့ အရေးပေါ်လုပ်ရတာ မဟုတ်ဘဲ ကြည်နူးပီတိ နဲ့ အေး အေးဆေးဆေး စီစဉ်ရတာဖြစ်လို့ ကျွန်မ ရင်မှာ ပေါ့ပါးပျော်ရွှင်နေမိပါတယ်။ နောက်ပြီး ရှင်ကလည်း "ရွှေစင်"၊ "ဇာနည်"နဲ "အိန္ဒာ" သားသုံးယောက်ဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင် မဟုတ်လားနော်။ ဒါကြောင့် စိတ်တက်ကြွ မှု အပြည့်နဲ့ လှူဖွယ်ပစ္စည်းတွေ ပြေးဝယ်လိုက်၊ ဖိတ်စာတွေရိုက်၊ ဧည့်ခံဖို့ အကျွေးအမွေး တွေ ကိုလည်း စိတ်ကြိုက်ရွေး စီမံခန့်ခွဲလိုက်နဲ့ နေ့မအား၊ ညမအား အလုပ်များနေ တာတောင် မောရ ကောင်းမှန်း မသိ၊ အားအင် အပြည့် ဖြစ်နေလေရဲ့။
ရှင်ပြုအလှူပွဲကို ကျွန်မတို့ ကိုးကွယ်တဲ့ ဆားလင်းဆရာတော်ကြီးနဲ့ ကလေးတွေလည်း ရင်းနှီးပြီး သား ဖြစ်နေတာ က တစ်ကြောင်း၊ အိမ်နဲ့လည်း နီးတာမို့ အဆင်ပြေတာ တစ်ကြောင်းကြောင့် ဆားလင်း ကျောင်းတိုက် မှာပဲ လုပ်ဖို့ စီစဉ်ထားပါတယ်။ ပထမဆုံး ရှင်ပြုနားထွင်း အလှူတုန်းကတော့ သားကြီး ခင်မောင်ဝင်းခန့် က ရှင်ဝတ်ပြီး သမီးကေခိုင်ခန့်က နားသတာမို့ ကန်တော်ကြီးဘုတ်ကလပ်မှာ မန္တလေး ပုံစံ အတိုင်း ပုဏ္ဏားတွေ၊ ဘာတွေနဲ့ နားသတဲ့ အခမ်းအနား လုပ်ခဲ့ရတာလေ။ အခုကျ သမီး သုံး ယောက် စလုံးကလည်း အမေတောင် မသိလိုက်ရဘူး။ သူတို့ဟာ သူတို့ သွားပြီး နားသထားကြတာမို့ အခမ်းအနား လုပ်စရာ မလိုတော့ဘူးပေါ့။

အဲဒီအဖြစ်ကလည်း အမှတ်တရပါပဲ။ ကျွန်မမှာ သမီးလက်ကျန် နားမသရသေးတာ သုံးယောက် ရှိနေ ပါသေးတယ်။ အမေရိကား ရောက်နေတဲ့ သမီးကြီး ကေခိုင်က ညီမတွေ ဝတ်ဖို့ဆိုပြီး ပစ္စည်းမျိုးစုံပို့လေ့ ရှိတာ ကိုး။ အဲဒီ အချိန်က ခေတ်စားတဲ့ Pant Suit တွေ ရောက်လာရင်လည်း ညီအစ်မတစ်တွေ ခုခေတ် မော်ဒယ်လ်တွေ လို အမျိုးမျိုး Pose တွေ လုပ်ကြပြီး ဓာတ်ပုံတွေရိုက်ကြ၊ ဓာတ်ပုံဆိုင်ကိုယ်ပိုင် ရှိနေ တော့ ထင်တိုင်းကျဲကြပေါ့။ ခေတ်ပေါ် ကပ်နားကပ်တွေ၊ နားဆွဲတွေ၊ ရောက်လာပြန်တော့ သူတို့မှာ နားပေါက် မရှိတာ နဲ့ အဲဒီနားကပ်တွေ အမြန်ဆုံး ဝယ်ချင်တဲ့အခါ အကြံဉာဏ်ထုတ်ကြလေရဲ့။

အငယ်ဆုံးသမီး သူဇာက အလွန်အေးပါတယ်။ အကြီးတွေ အနိုင်ကျင့်သမျှ သူက ကုန်းခံတဲ့အစားထဲ က။ အမေရိကား က နားဆွဲတွေ၊ နားကပ်တွေ ရောက်လာတော့ အကြီး ကေသီနဲ့ အလတ် ယမင်း ညီ အစ်မနှစ်ယောက် က အတိုင်အဖောက် လုပ်ကြပါတယ်။ ကျွန်မတို့ရဲ့မိသားစုဆရာဝန် သန်းသန်းဋ္ဌေးဆီ မှာ သွားပြီး အမြန်ဆုံး နားထောက်ကြမယ်ပေါ့။
နားဖောက်တာက နာရင် ဘယ့်နှယ့်လုပ်မလဲလို့ ထပ်ပြီး ရွှေဉာဏ်ရှင် ညီအစ်မ နှစ်ယောက်က စဉ်းစား ကြတော့ "ဒီလို လုပ်ရအောင်ဟယ်၊ သူဇာကို တို့ ခေါ်သွားမယ်လေ၊ ဟိုကျရင် သူ့ကို အရင်ဖောက်ခိုင်း လိုက်ပြီး တို့ သူ့ကို ကြည့် တာပေါ့၊ သူ့မျက်နှာ ရှုံမဲ့ပြီး မျက်ရည်တွေ ဘာတွေကျရင် တို့ မဖောက်ဘဲ ပြန် လာမယ်၊ သူ ဘာမှမဖြစ်ဘူး ဆိုတာ မြင်ရရင် တို့ ဖောက်တာပေါ့" ဆိုပြီး အငယ်ညီမလေးကို သူတို့ရဲ့ အစမ်းသပ်ခံ အဖြစ် ခေါ်သွားကြတယ် တဲ့လေ။ ဆေးခန်းရောက်တော့ သူတို့ရဲ့မဟာအကြံအစည် အတိုင်း သူဇာကို အရင်ဖောက်ဖို့ ခုံပေါ် တင်ပေးလိုက် တယ်တဲ့။ ညီအစ်မ နှစ်ယောက် သူဇာ့မျက်နှာကို ဒေါက်ထောက်ကြည့်လေတယ်ပေါ့။

ကျွန်မ အလုပ်က ပြန်ရောက်လို့ ကားပေါ်က ဆင်းမယ် ကြံခါရှိသေးတယ်။ ညီအစ်မသုံးယောက် ဒေါက် တာ သန်းသန်းဋ္ဌေး ဆေးခန်းဘက်က အပြေးအလွှား လမ်းကူးလာကြပြီး "မာမီ့သမီး သူဇာလုပ်တာနဲ့ သမီး တို့နားတွေ သေလုအောင်နာပြီး ပြန်လာခဲ့ရတာ" တဲ့။ ကေသီနဲ့ ယမင်းက အလုအယက် လာတိုင် ပါတယ်။
"ဘယ်လိုဖြစ် ကြတာလဲ" မေးမှ ဇာတ်ရည်လည်တော့တာလေ။ နားဖောက်တဲ့အချိန်မှာ သူဇာ့မျက် နှာက ရှုံ့ရှုံ့မဲ့မဲ့ မတွေ့ရတော့ အိုကေပဲ ဆိုပြီး သူတို့လည်း နားဖောက်ခံကြတယ်ပေါ့။ သူတို့အလှည့်မှာ နာလှချည့်ဖြစ်မှ သူဇာ ကို တရားခံ စစ် စစ်ကြတာတဲ့။
"သူဇာ လည်း နာတာပေါ့ မမယမင်းရဲ့၊ ဒါပေမဲ့ ကျိတ်ခံလိုက်တာ" လို့ ပြန်ဖြေတော့ သူတို့ ညီမကို ကျိတ်ခံရကောင်းလား နဲ့ ဒေါသထွက်ပြီး ကျွန်မကို မကျေမနပ်နဲ့ လာတိုင်ကြတာပါ။ အစမ်းသပ်ခံ အခေါ်မှား သွားတော့လည်း ကိုယ့်အတက် ကိုယ်စူးပြီး သူတို့ ခံလိုက်ရခြင်းပါ။

"အဲဒါ စိတ်ကောင်းမရှိခြင်းရဲ့အကျိုး" လို့ ကျွန်မ ရယ်ရင်းနဲ့ ပြောရပါသေးတယ်။ အဲဒီလို သူတို့ဟာ သူတို့ သွားပြီး နားသ ထားကြပြီးသား ဖြစ်နေတော့ ရှင်ပြုအလှူပွဲမှာ သမီးတွေကို ထည့်စဉ်းစားစရာ မလိုတော့တာကြောင့် ဘုန်းကြီးကျောင်း မှာပဲ လုပ်ဖို့က ပိုအဆင်ပြေသွားလေတယ်ပေါ့။
သားတွေရဲ့ရှင်ပြုပွဲ မှာ ဖခင်ရင်း ဖြစ်တဲ့ ဦးမြလှိုင်လည်း ပါဝင်သင့်တယ် ထင်လို့ ဦးမြလှိုင်ကိုလည်း ဖိတ်လိုက် ပါတယ်။ သားတွေ ဆံချချိန် မှာ ဆံ ခံတဲ့ ပိတ်ဖြူစ ကို ကျွန်မတို့နှစ်ယောက် တစ်ဖက်စီကိုင်ထားတော့ ဦး မြလှိုင် ရဲ့ရင်မှာ ဘယ်လို ခံစားရတယ် မသိပေမဲ့ ကျွန်မရဲ့နှလုံးသားမှာတော့ နာကျင်မှုတွေကြောင့် ဝေ့ဝဲ လာတဲ့ မျက်ရည် ကို ပြိုကျမလာရအောင် မနည်း အားတင်းပြီး ထိန်းထားရပါတယ်။ သူ့အပေါ်မှာ ချစ် ခြင်း မုန်းခြင်း ဆိုတဲ့ စွဲလမ်းတပ်မက်စိတ်၊ အာဃာတစိတ်တွေ မရှိဘဲ လုံးဝရှင်းသန့်နေတာကြောင့် ဦးမြလှိုင်အတွက် ကျရတဲ့ မျက်ရည် မဟုတ်တာတော့ သေချာပါတယ်။

တစ်သက်တာ ခိုင်မြဲလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ထားပြီး နှလုံးသား အုတ်မြစ်နဲ့ တည်ဆောက်ခဲ့တဲ့ အိမ်ထောင် တစ်ခု ပြိုကွဲသွားပြီး ကြားထဲက ရင်သွေးငယ် သားသမီးတွေ ဓားစာခံအဖြစ်နဲ့ မိတကွဲ ဖတ ကွဲ မျက်နှာငယ်ရတဲ့ သူတို့ဘဝ ကို တွေးပြီးတော့ စာနာမိတာကြောင့် ရင်နာစိတ်နဲ့ကျရတဲ့ မျက်ရည်ပါ။ မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေ အတွက် ဘယ်လိုကောင်းကျိုးတွေကိုပဲ ဖြည့်ဆည်ပေးနိုင် တယ် ထားဦး။ မိဘနှစ်ပါး အတူမရှိခြင်း ဆိုတဲ့ ကွက်လပ်ကြီးကတော့ ဘယ်လောက်ပဲ စွမ်းအားရှိရှိ ဖြည့်ဆည်းလို့ရမဲ့ကိစ္စ မဟုတ်ပါ ဘူးလေ။ ဒါဟာ ခင်ပွန်းသည်အပေါ် မှာ အဆုံးစွန်အထိ သည်းခံနိုင်ခြင်း မရှိခဲ့တဲ့ ဇနီးကောင်းမဟုတ်သော ကျွန်မရဲ့ အပြစ် လို့ပဲ ခံယူမိပါတယ်။

ဧည့်ခံပွဲပြီး လို့ တရားနာတဲ့အချိန်မှာ ကျွန်မ စိတ်လှုပ်ရှားလွန်းလို့လား၊ ဒါမှမဟုတ် ဇောကပ်ပြီး လှုပ်ရှား မှုများခဲ့ လို့လား မသိဘူး။ အမျိုးသမီး များ ဓမ္မတာ အတိုင်း ရာသီလာတာ သာမန်ဖြစ်နေရာက အိုးမှောက် လိုက် သလို သွေးတွေ တအားသွန်ချ လိုက်တာကြောင့် ဝတ်ထားတဲ့ လုံချည် ရွှဲရွှဲစိုရုံမကဘဲ ထိုင်တဲ့နေ ရာပါ အိုင်ထွန်း သွားအောင် ဖြစ်သွားတော့တယ်။ လူပုံအလယ်မှာဆိုတော့ အရှက်ကွဲမှာစိုးလို့ ကျွန်မ မလှုပ်ရဲဘူး။ ဘေးမှာ ကပ်ထိုင်နေ သူ အားလုံးတော့ သိကြတာပေါ့။ တရားဟောတာကလည်း မပြတ် သေးတော့ ဟန်မပျက် သာ နေရတယ်။ နည်းနည်းလေးတစ်ချက် နေရာရွှေ့တာနဲ့ ဆင်းတဲ့သွေးက မနိုင်မနင်း ဖြစ်တာအပြင် ရင်ထဲမှာ လည်း ကတုန်ကယင် ဖြစ်နေပါပြီ။ ကိုယ့်ဟာကိုယ် ယိုင်လဲမသွား အောင် စိတ်ကို မနည်းအားတင်းပြီး ထားရပါ တယ်။ တရားပွဲပြီးလို့ ရေစက်ချမယ်လုပ်တော့ ဆရာတော် ကြီးက "အလှူ့အမ ရှေ့လာပြီး ရေစက်ချလေ" တဲ့။

"တပည့်တော် မထနိုင်လို့ ဒီနေရာက ရေစက်ချခွင့်ပြုပါ ဘုရား" လို့ပဲ လျှောက်ရတော့တယ်။ ကျွန်မ စကားကြောင့် ဆရာတော်ကြီးလည်း စဉ်းစားရခက်သွားမယ် ထင်ပါတယ်။ ခပ်လှမ်းလှမ်းက ပရိသတ်တွေ ကတော့ အကြောင်းရင်းကို မသိတာမို့ စူးစမ်းတဲ့အကြည့်နဲ့ အားလုံးက လှည့်ကြည့် နေကြတော့ ကျွန်မလည်း အနေတွေခက်၊ ရှက်လည်း ရှက်ပေါ့။ ချက်ချင်းဆိုသလို ဦးကျော်ဇောက အနားရောက်လာပြီး ကျွန်မဖြစ်ပျက်နေပုံ ကို တွေ့သွားတာ နဲ့ အလောတကြီး...
"မဖြစ်ဘူး ခင်၊ ခုချက်ချင်း ဆေးရုံကို အမြန်သွားမှ"တဲ့။
"ရေစက်မချရသေးဘဲ နဲ့ တစ်ပိုင်းတစ်စ ထားပြီးမသွားချင်ပါဘူး။ ရေစက်ခွက်နဲ့ကရားဘာ ဒီကို ယူလာပေးပါ" လို့ မှလိုက်ရတယ်။ ဟုတ်တယ်လေ။ ကျွန်မ စိတ်ရောလူပါကြိုးစားအားခဲပြီး လုပ်ထားတဲ့ ဒီအလှူပွဲလေး အဆုံးမသတ် ရဘဲ ဒီတိုင်းထားမသွားနိုင်ပါဘူး။ ဆရာတော်ကြီးလည်း အဆင်မပြေတာ တစ်ခုခုဖြစ်နေပြီ ဆိုတာကို သဘောပေါက်နားလည်သွားတယ် ထင်ပါရဲ့။ ရေစက် ချကိုအတိုချုံးပြီး ရွတ်ဖတ်တိုင်တည်ပေး ပါတယ်။ အားလုံးသောသုံးဆယ်တစ်ဘုံရှိ လူနတ်ဗြဟ္မာ သတ္တ၀ါ ဝေနေယျများနဲ့အတူ ကွယ်လွန်ပြီးသူ မိဘနှစ်ပါးဆွေမျိုး များနဲ့ ဆရာသမား၊ ကျေးဇူးရှင် အပေါင်းများကို အမျှပေးဝေပြီးမှကျွန်မလည်း အထမြောက် သွားတဲ့ ကုသိုလ်ကောင်းမှုအတွက် ၀မ်းသာကြည်နူးစိတ်နွဲှ့တူ ပေါ့ပါးသွားရပါတယ်။

တင်းထားသမျှ စိတ်ကိုလည်း လျှော့်လိုက်ရော လူက ပျော့ခွေသွားတာကြောင့် လာရောက်ချီးမြှင့်ပေးတဲ့ ဧည့်ပရိသတ် ကိုတောင် ကျေးဇူးတင်စကား မဆိုနိုင်တော့ဘဲ ဆရာတော်ကြီးနဲ့တကွ သံဃာတော်များနဲ့ သားကိုရင်လေးတွေ ကိုသာ လက်အုပ်ချီ ကန်တော့ရင်း ပွေ့ချီယူသွားရာနောက် ပက်လက်ပါသွားတော့တာပါပဲ။ ကားနဲ့ ဘုန်းကြီးကျောင်း ကနေ အမျိုးသမီးဆေးရုံ အရေးပေါ်ကို တန်းပြီး ရောက်သွားတဲ့ လူနာ ကျွန်မမှာ ၀တ်ကောင်းစားလှ နဲ့ မျက်နှာက် ခြယ်သထားပေမယ့် ဆုံးရှုံးသွား တဲ့ သွေးတွေ ကြောင့် လျော့ ရဲရဲ ပျော့ခွေနေပါပြီ။ အရေးပေါ်တာဝန်ကျ ဆရာဝန်မလေး က ရောဂါ စစ်ဆေး ပြီးသွေးထိန်း ဖို့ စီနဲ့ကေ ထိုးဆေးထိုးပေးပြီးတာနဲ့ ထရော်လီပေါ်တင်ပြီး ဘီဘလောက်ကို ပို့လိုက်ပါတယ်။

ချက်ချင်းလက်င်း ကျွန်မအိပ်ရာပေါ် ပက်လက်လူနာဖြစ်သွားပါလေရော။ တာဝန်ကျဆရာ များ က သွေးဖောက်သူ က ဖောက်၊ ဆီးစစ်သူက စစ်၊ သွေးပေါင်ချိန်၊ ရှုပ်ယှက်ခတ်လို့ပါပဲ။ ကျွန်မရဲ့ကုသမြဲ ဆရာဝန်ကြီးဒေါက်တာတင်တင်မွှန်း ကိုလည်း အကြောင်းကြား ရတယ်ပေါ့။ နာရီပိုင်းအတွင်း မှာပဲ ဒေါက်တာတင်တင်မွှန်း လည်း ရောက်လာပါတယ်။ လိုအပ်တဲ့ ကုသမှုအတွက် ချက်ချင်း သားအိမ်ခြစ် ရမယ်။ သားအိမ်က တစ်ရှူးတစ်စ လှီးဖြတ်ပြီး ဓာတ်ခွဲခန်း ပို့ရမယ်။ အဲဒီဓာတ်ခွဲခန်းက စစ်ဆေးတွေ့ရှိ ချက်ပေါ်မှာ မူတည်ပြီး ဆက်လက်ကုသမှု ခံယူရမယ်၊ လိုအပ်ရင် ခွဲစိတ်ကုသရမယ် ဆိုတာတွေကို ကျွန်မ သဘောပေါက် နားလည်အောင် အသေးစိတ်ရှင်းပြပါတယ်။

ဖြစ်လာပြီ ဆိုတော့လည်း အားလုံးကို ရင်ဆိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် အားပေးရတော့တာ ပါပဲ။ ကျွန်မရဲ့ လုပ်အားတွေ တကယ်လိုအပ်နေတဲ့ ခုလိုအချိန်မျိုးမှာ လူနာလာဖြစ်ရတဲ့ အစိုးအရခြင်းအနေကို စိတ်ထဲမှာ မကျေမနပ် ဖြစ်မိပေမဲ့ ဒါဟာ ရှင်တော်ဘုရား ဟောကြား ထားခဲ့တဲ့  အစိုးမရခြင်းကို လက်တွေ့ကြုံရခြင်းပါလားလို့ နှလုံးသွင်း ဆင်ခြင်ပြီး စိတ်ကို လျှော့ရပါတယ်။ သွေးပေါင်ချိန်တွေ တအား ကျနေတာကြောင့် ဆရာဝန်က အိပ်ရာက လုံးဝမထစေဘဲ သွေးတွေ၊ ဆေးတွေ သွင်းထားပါတယ်။ လူရော၊ စိတ်ရော နားရမယ်ဆိုပြီး စာတောင် ဖတ်ခွင့်မပေးပါဘူး။ ဒီတော့လည်း အချိန်တွေကို ကောင်းစွာ အသုံးချတဲ့ အနေနဲ့ တရားမှတ်လိုက်၊ မေတ္တာပို့လိုက်။ ဒါပေမယ့် အချိန်တော်တော်များများက တရားမှာ မမွေ့ လျှော်နိုင် ဘဲ တွေးချင်ရာ တွေးနေမိတယ်ဆိုပါတော့။

လူကသာ ခုတင်ပေါ်မှာ ပတ်လက်ဖြစ်နေတာနော်။ အတွေးတွေက နေရာအနှံ့ကိုရောက် နေလေရဲ့။ ကိုရင်လေးတွေ ဘယ်လိုများနေကြပါလိမ့်။ ကျောင်းမှာအဆင်မှ ပြေပါလေစ။ အိမ်မှာရှိတဲ့ ကျွန်မ အမေရော နေထိုင်မှကောင်းပါလေစ။ စိတ်မှ ကြည်ကြည်လင်လင် ရှိပါလေစ။ မိသားစု စားရေးသောက်ရေးတွေရော၊ အိမ်ဖော်မိန်းကလေးတွေ ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးပါလေစ။ အလုပ်တိုက် မှာရော တပည့်တွေ အလုပ်ရက်ချိန်း မှန်အောင် ဂရုစိုက်ကြလေစ။ ပြည်ပရောက်နေကြတဲ့ သားနဲ့သမီးတွေရော အဆင်ပြေပါလေစ စတဲ့စတဲ့ အတွေးတွေနဲ့ ပတ်ချာလည်လို့ပေါ့။
ဒါ့အပြင် သမီးနဲ့သားအတွက်နုင်ငံကူးလက်မှတ်ထုတ်ဖို့ကိစ္စ ပြီးတာနဲ့ ပြည်ဝင်ခွင့်ဗီဇာ လက်မှတ်၊ တစ်ခါ ထွက်ခွင့်လက်မှတ် စတာတွေကလည်း တစ်ဆင့်ပြီး တစ်ဆင့် လုပ်စရာ တွေကအနန္တ။ သမီးက ဘွဲ့ရပြီးသားမို့ ပညာရေးဌာနမှာ လျော်ကြေးသွင်းမယ့်ကိစ္စ၊ အမြတ်တော်ခွန်ရှမ်းတမ်း၊ ဓာတ်မီးခ ကြွေးကျန်မရှိ ရှင်းတမ်း၊ ရဲစခန်းက ရာဇ၀တ်မှု ကင်းရှင်းကြောင်း ရှင်းတမ်းဆိုတာမျိုးတွေအတွက် တစ်ရုံးတက် တစ်ရုံးဆင်း လုပ်ရဦး မှာ တွေကတော့ ရှိသေးတာမို့ ခန္ဓာကိုယ်စက်ကြီး ခေတ္တခဏ Slow Down လုပ်ထားရပေမဲ့ အတွေးတွေကတော့ မိုင်ကုန်ဖွင့်ပြီး မောင်းနေလျက်ပါပဲ။
သမီးကေသီနဲ့ သူဇာတို့က ဦးကျော်ဇောနဲ့အတူ တစ်နေ့နှစ်ခေါက် ဆေးရုံကို မှန်မှန်လာ ကြည့်ကြပါရဲ့။

ပထမနေ့က ကျွန်မကို သွေးသွင်းထားတာကို တွေ့တော့…
''ကိုယ်မေ့သွားတယ်ကွာ၊ ဒေါက်တာဒေါ်တင်တင်မွှန်းကို ခင့်အတွက် H အမျိုးအစား သွေးကို စပါယ်ရှယ် သွင်းပေးပါလို့ မပြောလိုက်မိဘူး'' တဲ့။''ဘာလဲ H ဆိုတာ မကြားဖူးပါဘူး၊ အေတို့၊ ဘီတို့၊ ဘိုတို့ပဲ ကြားဖူးတာ'' လို့ ကျွန်မက ပြန်ပြောတော့…
''ခင်က မြင်းကြီးလို အမြဲဒုန်းစိုင်းနေတဲ့ မိန်းမ မဟုတ်လား၊ အဲတော့ H ဆိုတာ မြင်းသွေးကို ပြောတာလေ၊ ဒါမှ အံကျဖြစ် မှာပေါ့'' တဲ့။ အရေးထဲသူက ကျွန်မကို လာပြီး ဟာသလုပ်နေ လိုက်သေးတယ်။
ဟုတ်ပါရဲ့။ စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ အဖြစ်က လက်တွေ့ကြုံရမှ တော်တော် စိတ်ပင်ပန်းစရာ ကောင်းတယ်ဆိုတာ နားလည်ရပါတော့တယ်။ ခုပဲကြည့်ပါဦးလေ။ ဆေးရုံမှာ သုံးလေးရက်ပဲ ရှိသေးတယ်။ ဧည့်ချိန်မှာ သမီးတို့ ရောက်တာနဲ့ '' ကိုရင်တွေ ရောကျောင်းမှာ အဆင်ပြေကြရဲ့ လား'' မေးကြည့် ပါတယ်။ ကြားရပုံ ဇာတ်လမ်းကိုလည်း နားထောင်ကြပါဦးနော်။ တော်ရုံတန်ရုံ အသက်ထွက်ခါနီး လူနာသာ ဆိုရင် တစ်ခါတညအ်း ခေါက်ခနဲ မျက်ဖြူဆိုက်သွားလောက်ပါရဲ့။

''မာမီ့သားတွေတော့ မပြောချင်ပါဘူး၊ ခုမနက် ကြီးကြီးအုံးတို့ သော်မဆင်လမ်းအိမ်က ယာဉ်မောင်း ဦးလေးကွန်း ကို လွှတ်ပြီး ဆွမ်းပင့်ခိုင်းတယ်တဲ့။ အကြီးကိုရင်ရွှေစင်က တစ်ပါး တည်းပါလာပြီး အငယ်ကိုရင်နှစ်ပါးက ပါမလာဘူး။ မေးကြည့်တော့ ညီအစ်ကို နှစ်ယောက် ကျောင်းမှာ သတ်နေကြလို့ ရွှေစင်က ထားပစ်ခဲ့တာတဲ့၊ ဒါနဲ့ကျောင်း ကို တစ်ခေါက်ပြန်သွား ပင့်တာ လိုက်မလာကြဘူး။ နောက်ဆုံး ကြီးကြီးအုံးကိုယ်တိုင် လိုက်ပင့်ပြီး ချော့ခေါ်တာ လည်း မရဘူး။ သုံးခေါက်ရှိအောင် သွားပင့်တာ မရလို့ ကြီးကြီးအုံးက အိမ်လိုက် လာပြီး. သမီးကို လာတိုင်တာပေါ့။
''ဆရာတော်ကြီး မရှိဘူးလား'' မေးကြည့်တော့…
''ဆရာတော်ကြီး က စာပြန်ပွဲရှိလို့ အဲဒီမှာ နေ့တိုင်းသွားကြီးကြပ်နေရတာ တစ်နေကုန်ပဲ၊ တစ်ပတ်လုံး သွားရမှာ လို့ ပြောတယ်''
''ကောင်းရောဟယ်'' ကျွန်မတော်တော်စိတ်ညစ်သွားရပါတယ်။

ဆရာတော်ကြီးက ဆရာတပည့်ရင်းမို့ ကိုရင်တွေလို တခြားကျောင်းဘက်မှာ မထားဘဲ ဆရာတော်ကြီး သီးသန့်ကျောင်း ခန်းမှာ တင်ထားလေတော့် သူတို့အတွက် ကွပ်ကဲမဲ့သူ မရှိဘဲ ပွဲတော်ကြီး ဖြစ်နေတာပေါ့။ အချိန် နဲ့ တရားထိုင်၊ ဘုရားစာသင် ဆိုတာတွေတော့ ဆရာတော်ကြီးက ဦးပဉ္ဇင်းနဲ့ အပ်ထားခဲ့ လို့ တော်ပါသေးရဲ့။
''ကြီးကြီးအုံး နဲ့ သမီးလိုက်သွားပြီး ကိုရင်ဇာနည်ကို တွေ့လို့ချော့မော့ ကားပေါ်တင်ထား ပြီးမှ အငယ်ကောင် ကိုရင်အိန္ဒာ ကို လိုက်ရှာတော့ ကျောင်းတံတိုင်းက သံတံခါးကို ကိုင်ပြီး ငိုနေတယ်။ ချော့ခေါ်တာမရဘူး။ သံတိုငမ် ကို အတင်းတွယ်ကပ် ဆုပ်ထားတာနဲ့ဥ မနည်း ဆွဲဖြုတ်ခေါ်ချပြီး ကားပေါ်လည်း တင်လိုက်ရော ဇာနည် က အိန္ဒာပါရင် မလိုက်ပါဘူးဆိုပြီး ဟိုဘက်တံခါးပေါက်ကနေ ဆင်းသွားပြန်တာနဲ့ သမီးလည်း စိတ်တိုတာ နဲ့ နှစ်ကောင်စလုံး ကိုခေါင်း နာနာ ခေါက်ပြီး ခေါ်ခဲ့တော့မှ ပါလာကြတာ''
''ဟယ် …ငရဲကြီးပါပြီ သမီးရယ်၊ ကိုရင်တွေကို ခေါင်းခေါက်ခေါ်ရတယ်လို့''
''အို…ငရဲကြီးလည်း မတတ်နိုင်ဘူး၊ မာမီ့သားတွေက ဒီလိုမှမလုပ်ရင် နားထောင်တာမှ မဟုတ်တာ''
ကျွန်မမရှိကတည်းက အိမ်မှာ အကြီးဆုံးအဖြစ်နဲ့ စီမံကွပ်ကဲနေတဲ့ မကေသီရဲ့ လက်သံပြောင်ပုံကို နားထောင်ရင်း ပိုပြီးမောလာရတော့တယ်။

''သူတို့ကို မာမီမမြင်သေးလို့၊ တွေ့ရင် စိတ်မကောင်းဖြစ်ဦးမှာ၊ ညီအစ်ကို နှစ်ယောက် သတ်ကြတာတဲ့လေ၊ ဇာနည့်ခေါင်းက ခေါင်းတုံးပြောင်ပြောင်မှာ အိန္ဒာက ကုတ်ဖဲ့ထားတဲ့ လက်သည်းရာကြီးတွေက အစင်းလိုက်က အစင်းလိုက် ပဲ့ရွဲ့နေတာ မြင်လို့တောင် မကောင်းဘူး''
အိမ်မှာ တစ်ခါမှ အဲလို ကိုယ်ထိလက်ရောက် သတ်ပုတ်တာ မရှိခဲ့ပါဘဲနဲ့ ကိုရင်ဝတ်နဲ့ ဘုန်းကြီးကျောင်း ရောက်ကာမှ ဒဏ်ရာဒဏ်ချက်တွေနဲ့ဆိုတော့ လူကြားလို့မှမကောင်း။ ကျွန်မပြေးသွားပြီး သားတွေ ကြည့်ချင်မိပါရဲ့။
''မာမီ့သားတွေက မနက်ကတော့ ကားတောင် တူတူမစီးနိုင်ပါဘူး ဆိုပြီးသတ်ပုတ်ထားကြ ပြီးနေ့ခင်းကျ ညီအစ်ကိုနှစ်ယောက် ချစ်မြတ်နိုးစွာနဲ့ ကျောချင်းကပ် ဆိုက်ကားကြီး စီးပြီး အိမ်ရောက်လာကြတယ်''
''ဒကာမကြီး ၀တ္ထုကပ်စမ်း'' တဲ့။
''သမီးက မင်းတို့ ကိုရင်ဝတ်နေတာ ဘာသတ္ထု၊ ကာကွန်းမှ မဖတ်ရပါဘူး၊ နောက်လူကြီး မပါဘဲနဲ့ ဘာကိစ္စ ကြွလာကြတာလဲ '' ဆီးဆူတော့…
"ဖတ်ချင် တဲ့ ၀တ္ထုစာအုပ် တောင်းတာမဟုတ်ဘူး၊ ဗိုက်ဆာလို့ အအေးသောက်ချင်လို့ ၀ယ်စရာ ပိုက်ဆံအတွက် ၀တ္ထုကပ်ခိုင်းတာ၊ နားလည်းမလည်ဘဲနဲ့၊ ဆူဖို့ပဲ သိတယ်လို့ ဇာနည်က သမီးကိုပြန်ပြောတယ် မာမီရဲ့"

"ဒါနဲ့ အအေးဝယ် ကပ်ပြီး ကျောင်းကို ပြန်ပို့လိုက်ရတယ်၊ ဆိုက်ကားခသည် ဆီးပြီး ရှင်းပေးလိုက်သေးတယ်၊ ကိုရင်ရွှေစင် တပါးပဲ ၀ါတော်ခြောက်ဆယ်ရ ၀ါတော်ခြောက်ဆယ်ရ ဆရာတော်ကြီး ဟန်ပန် နဲ့ ကျောင်း မှာ အေးအေးဆေးဆေးနေ တယ်၊ အငယ် ကိုရင်နှစ် ပါးကမနိုင်ဘူး"
"ကျောင်း က ဦးပဉ္စင်းကလည်း သမီးကိုဆီးတိုင်လိုက်သေးတယ်၊ ညီအစ်ကိုနှစ်ယောက် နောက်ဘက်က ဘုရား ငုတ်တိုပေါ် တက်ထိုင်နေလို့တဲ့၊ ဘုန်းဘုန်း က အမြင့်ကြီးလိမ့်ကျမှာစိုး လို့ဆင်းခိုင်းရတယ်တဲ့၊ ကိုရင်ဇာနည်က သင်္ကန်း ကို လည်ပင်းမှာ သိုင်းချီပြီး ဆရာတော် ကြီးကျောင်းလှေကားထိပ်ကနေ "ဇောရိုးကွ"ဆိုပြီး ခုန်ခုန်ချလို့ တဲ့"
"ဆရာတော်ကြီး ပြန်ရောက်မှ အားလုံးငြိမ်ကုပ်ပြီး တရားထိုင်၊ ဘုရားစာတွေပြန်ကြတာ၊ သူတို့ ကဲနေတာ ဆရာတော်ကြီး က မသိရှာဘူးလို့ ဦးပဉ္စင်းကပြောပြတယ်။ မာမီ့သား တွေက ဗျက်ဝိ၊ ဗျတ္တလိုကျောင်း ကို မှောက်မထား ရင် ကံကောင်း"

သမီးကေသီက သူ့မောင်တွေ သောင်းကျန်းပုံတွေအကြောင်း အားပါးတရ ပြောပြနေတော့ အားမရှိရတဲ့ ကျွန်မမှာ အသက်တောင်ရှူဖို့ သတိမရဘဲ ရင်မပြီး နားထောင်နေမိပါတယ်။
"သမီးရဲ့ မောင်လေးတွေ က ငယ်ငယ်လေးတွေ ရှိသေးတာသမီးရယ်၊ ယောက်ျားလေး တွေဆိုတာ ရှာကြံပြီးဆော့ကြ တဲ့ ကလေးချည်းပါပဲ၊ စိတ်မတိုပါနဲ့၊ နောက်ပြီး နေ့လွဲညစာ မစားရဘဲ သီလစောင့်ထိန်းနေ ရတော့ ဆာ ရှာကြမှာပေါ့၊ အအေးပုလင်းတွေ ဆရာတော် တို့ရော၊ သူတို့ရော ဘုဉ်းပေးရအောင် ကေ့စ်လိုက် ၀ယ်ပြီး ကျောင်း ကို ပို့ထားလိုက်ပါ"
"အမယ်လေး၊ မာမီ ပြောတာနောက်ကျသေးတယ်။ သူတို့ညီအစ်ကို ဆာတိုင်းဆိုက်ကား စီးပြီးပေါက်ချလာ မှာစိုးလို့ ပြန်ပို့လိုက်တော့ သမီးတစ်ခါတည်း သေတ္တာလိုက်ဝယ်ပြီး ကျောင်းပေါ်မှာ တင်ထားပေးခဲ့ပြီးပါပြီ၊ ကိုရင်ရွှေစင်ကိုလည်း လူကြီးမပါဘဲ သူတို့ထွက်မ လာစေနဲ့ ဆိုတာလည်းမှာထားခဲ့တယ်၊ နေ့ဆွမ်းလည်း ကြီးကြီးအုံတို့က နေ့တိုင်း ကျောင်းကိုပို့ပေးပါတယ်၊ မာမီ ပူမနေနဲ့၊ နေကောင်းအောင်သာနေ"တဲ့။

ဒီလိုဆိုတော့လည်း သမီးကေသီက ကိုရင်တွေကို ခေါင်းခေါက်ဆုံးမတာကလွဲရင် မျက်နှာလွှဲ ရသားလို့ တွေးရင်းကျေနပ်ပီတိဖြစ်ရပါတယ်။ တော်ပါသေးရဲ့။ သောမဆင်း လမ်းမှာနေတဲ့ ဦးမြလှိုင်ရဲ့ အစ်မတွေ က အလှူပွဲ မှာ ကျွန်မဆေးရုံတင်လိုက်ရတာ တွေ့ သွားကတည်းကဆွမ်းကိစ္စသူတို့ တာဝန် ယူကြမယ် ဆိုပြီး နေ့စဉ် အိမ်ကိုပင့်တဲ့ခါပင့်၊ မပင့်တဲ့နေ့ကျရင်လည်း ကျောင်းကသံဃာတွေအတွက် ချက်ပြီး ပို့ပေးနေ တာကြောင့် ကျွန်မဆွမ်းကိစ္စရင်မောသက်သာ သွားရလို့မမတင်နဲ့ မမသန်း တို့ကို ကျေးဇူးတင်ရပါ သေးတယ်။ ဦးမြလှိုင် ကလည်း သားကိုရင်တွေကို သူ့အိမ်မှာ တစ်ရက် ဆွမ်းပင့်ကျွေး တယ် ထင်ပါရဲ့။
"သမီးရဲ့မောင်"ရွှေစင်"ကရော ညစာမစားဘဲ သီလဆောက်တည်ရတာ နေနိုင်ရဲ့လား၊ သူ့ညီတွေလို ဆာတယ်အော် မနေဘူးလား"မေးကြည့်တော့...
"မအော်ပါဘူး၊ သူက ညစာမစားဘဲ နေနိုင်ပါတယ်တဲ့၊ မာမီ့သားကငြိမ်ကုပ်နေလို့ သမီးက သူတရား စာအုပ်တွေဖတ်ပြီး ဟုတ်လှပြီလို့ ထင်နေတာ၊ ဒီနေ့ကျမှာကြည့်လိုက်တော့ သူဖတ်နေတာ ကာတွန်း စာအုပ်တွေဖြစ်နေ တယ်၊ ဘယ်က ရလဲမေးမှ မောင်ကျော်ဝင်းတို့ မောင်မြတ်နိုးတို့က သူပျင်းနေမှာစိုး လို့ ကျောင်းကိုလာပို့သွားကြတာတဲ့လေ၊ ပါရမီဖြည့် တဲ့သူငယ်ချင်းတွေ ဘယ်လောက်တော်လဲနော်"

"မာမီ့သား ဇာနည်ကတော့ အရာနဲ့ ကြောင်းကြောင်းပါပဲ။ ရွှေစင်က ပြောပြလိုက်တယ်၊ သူတို့နေ့ ဆွမ်းဘုဉ်းပေးပြီးလို့ ဘုရားစာတက်ဖို့ သွားကြမယ်ဆိုပြီး ထလည်းထလိုက်ရော ဘယ်အချိန်က အချိုပွဲထဲ က နှိုက်ထားလိုက်လဲမသိဘူး၊ သူ့သင်းပိုင် ခါးပုံစထဲက ထန်းလျက်လုံးတွေ ပြုတ်ကျပြီးထွက်လာတာ၊ ကြမ်းပြင်ပေါ် မှာ တဒေါက်ဒေါက်နဲ့ ဦးပဉ္စင်း တွေ့သွားလို့ ဒီကောင် မျက်နှာစပ်ဖြဲဖြဲနဲ့ ရယ်နေတယ်တဲ့"

သမီးက သူ့မောင်ဖြစ်ပုံကို သဘောကျပြီး ရယ်မောပြနေပေမဲ့ အမေရဲ့ ရင်ထဲမှာတော့ သားငယ်လေးတွေ သီလစောင့် တာ အကျင့်မရှိတာကြောင့် ကလေးပီပီ အခါကြီးရက်ကြီး မှာမှကျွန်မကလည်း တိုက်တိုက်ဆိုင်ဆိုင် လူနာ အဖြစ် ရောက်နေရတော့ စိတ်တိုင်းကျ စောင့်ရှောက်မှု မပေးနိုင်တာအတွက်လည်း အားမလို အားမရဖြစ်ပေါ့။ ဒီလိုနဲ့ လေးငါးရက် ကြာတော့ဓာတ်ခွဲခန်းကို ပို့ထားတဲ့ သားအိမ်က တစ်ရှူးစရဲ့အဖြေလည်း ရလာ ပါတယ်။ ကင်ဆာရောဂါ မဟုတ်မှန်းသိရတဲ့အတွက် တစ်နည်းတော့ ရင်ပေါ့သွားရပါတယ်။ တဖြည်း ဖြည်းအင်အားလည်း ပြည့်လာတာကြောင့် တစ်ပတ်ပြည့်တာနဲ့ ဆေးရုံကဆင်းခွင့်ပြုပါ တယ်။
ကျွန်မ အိမ်ပြန်ရောက်တာ နဲ့ တစ်ရည်တည်း သွားတွေလည်း ကိုရင်ကလူဝတ်လဲပြီး ပြန် ရောက်လာကြလေရဲ့။ ရှင်သာပြု လိုက်တယ် အလှူနေ့က ကိုရင်တွေကို တဒင်္ဂဖူးမြင်လိုက် ရတာကလွဲပြီး ကိုယ်ထိလက်ရောက် ဘာဝေယျဝစ္စကုသိုလ်မှ မပြုလိုက်ရတာမို့ ကိုယ့်အ ဖြစ်ကိုယ် မကျေနပ်စရာ လို့ တွေးပြီး စိတ်မကောင်း ဖြစ်နေမိပါတယ်။ ဘယ်လိုပဲ စိတ်ကူး ယဉ်ပြင်ဆင်ထားပေမဲ့ ကံဇာတ်ဆရာက ဘ၀ဇာတ်စင် မှာ တီးလုံးပြောင်းပေး လိုက်ပြန်ရင် လည်းကိုယ်က မတတ်နိုင်ဘဲ တေးဂီတအလိုက် ကကွက်တွေ ပြောင်း ကရသ လိုပါပဲ။

ဘ၀ ဆိုတာဘာကိုမှ ပုံသေကားချ ဆုပ်ကိုင်ထားလို့ မရပါဘူးလေ။
တကယ်က အသက်ရှင်ခွင့် ရနေသေးရင်ပဲ ကျေးဇူးတင်ပါဦးနော်။ ဒီတစ်နေ့တာအဖို့ ကိုယ့်အကျိုး၊ သူတစ်ပါး အကျိုးစတဲ့ အကျိုးရှိရာရှိကြောင်းလေး လုပ်ဖြစ်ခဲ့ရင်နေရကျိုးနပ် တယ်လို့ပဲ သဘောထားရမှာပါ။ ခုလည်း ကျွန်မ မှာ သွေးတွေသွန်ချတာက ကင်ဆာရောဂါ ကြောင့်မဟုတ်မှန်း ကွဲကွဲပြားပြား သိရတော့ ကိုရင်တွေ အတွက် အပြည့်အ၀ တာဝန်မ ကျေလိုက်ရပေမဲ့ အနာရောဂါကင်းစွာနဲ့ အသက်ရှင်ခွင့်ရတာကိုပဲ မိသားစု အတွက် တန် ဖိုးရှိသတင်းအဖြစ်နဲ့ ကျေးဇူးတင် ၀မ်းသာနေရပါသေးတယ်။
ဆေးရုံ က ဆင်းတာနဲ့ ကျွန်မလည်း လုပ်စရာတွေစတင်ပြီး လှုပ်ရှားရတော့တာပါပဲ။ ဓာတ်ပုံဆိုင်ကိုလည်း အမြတ်တော်ခွန် ကင်းရှင်း ဖို့အတွက် အခုကတည်းက ကြိုတင်ပိတ် ဖို့လိုက်အပ်တာကြောင့် ရပ်နားလိုက် ရပါတယ်။ အခြေအနေ ကို ဖျက်ရတဲ့အထဲမှာ ကျွန်မ ရဲ့ဓာတ်ပုံဆိုင်ကို ဖျက်သိမ်းရထာက ရင်အနာဆုံးပါပဲ။ ကျွန်မ ရဲ့ထပ်တူထပ်မျှ ကိုယ်ပွား လေးတစ်ခုကို မြေမြှုပ် သင်္ဂြိုဟ်လိုက်ရခြင်းဖြစ်လို့ ရင်မှာကြေမွသွားအောင် ခံစားရပါ တယ်။

အထူးသဖြင့် ကျွန်မကို အလုပ်ရှင်တစ်ယောက်လို သဘောမထားဘဲ မိခင်တစ်ယောက်လို၊ အစ်မတစ်ယောက်လို ချစ်ခင်မြတ်နိုး ကိုးစားကြတဲ့ စိတ်ထားနဲ့ အေးအတူပူအမျှ၊ အနိမ့် အမြင့်၊ အတက်အကျရဲ့ ဒဏ်တွေကို ကြံ့ကြံ့ခံပြီး နှစ်ပေါင်းများစွာ လက်တွဲခဲ့ကြတဲ့ အလုပ် သမားအားလုံးကို ထားခဲ့ပြီး တစ်ကိုယ်ကောင်း ဆန်စွာနဲ့ ကျောခိုင်းရမဲ့အဖြစ်က တရားမျှ တခြင်းမရှိဘူးဆိုတာ ကိုယ့်နှလုံးသားက သိနေတာကြောင့် ပိုပြီးထိခိုက် နာကျင် ရပါတယ်။
ဘ၀မှာ ကိုယ်လုပ်သမျှ အကောင်းချည်း၊ အမှန်ချည်းမဖြစ်နိုင်တဲ့ အခါတွေလည်း ကြုံရ တတ်ပါတယ်။ ကျွန်မမှာ သးသမီးတွေရဲ့ ရှေ့ရေးနဲ့ မိသားစုအတူတကွ စုစည်းမှုဖြစ်စေဖို့ ဦးထားပြီး လုပ်ရတဲ့အခါ တစ်ဖက်မှာ အလုပ်သမားတွေ အတွက် အားထားရာမဲ့လည်း မဖြစ်စေချင်တာကြောင့် လက်ရှိအခြေအနေထဲက အကောင်းဆုံးဖြစ်အောင် စီစဉ်ရတော့ တယ်။ အလုပ်သမားဥပဒေအရ သုံးလစာအပြင် ထိုက်သင့်တဲ့ ဆုငွေ နဲ့အတူ ကျွန်မ ရဲ့ဓာတ် ပုံပစ္စည်းအားလုံး ကို ပေးလိုက်ပါတယ်။ သင့်တင့်တဲ့ တစ်နေရာရှာပြီး ဆိုင်လေး တစ်ဆိုင် ဖွင့် ပြီးရပ်တည်ကြဖို့လည်း အကြံပြုလိုက်တယ်ပေါ့။

အလုပ်သမားဆိုကြပေမဲ့ ကျွန်မနဲ့ လက်ရည်တစ်ပြင်တည်းလုပ်လာကြတာနှစ်ပေါင်းများ စွာကြာကြပြီဖြစ်လို့ အားလုံး က မိသားစုလို ဖြစ်နေတာပါ။ ကျွန်မရဲ့ကိုယ်ရေးကိုယ်တာ လှိုင်းလေထန် ခဲ့တဲ့ ရေစုန် ရေဆန် ဘ၀တွေနဲ့ ခံစားရချက်တွေကိုလည်း အနီးကပ်သိထား ကြတဲ့သူတွေဖြစ်လို့ သူတို့ ရင်ဆိုင်ရမဲ့ အပြောင်းအလဲ အခက် အခဲတွေ ကြားထဲကပဲ ကျွန်မကို ကောင်းစားစေချငတဲ့ စေတနာနဲ့ နားလည်လက်ခံ ၀မ်းသာပေးနေကြ ပါသေး တယ်။
ဆိုင်ကိစ္စရှင်းပြီး တဲ့နောက် နိုင်ငံကူးလက်မှတ် လျှောက်ဖို့ ကိစ္စကစရတော့ မယ်လေ။ လောလောဆယ် အခြေအနေ အရ ကန်ရိပသာလမ်းခြံကလည်း မရောင်းရသေးတဲ့မြေက တစ်ပိုင်း ကျန်နေသေးတဲ့ အပြင် ပြင်ဦးလွင်က တိုက်ကလည်း ရှိနေသေးတာမို့ ဒါတွေအား လုံးကရှင်းလင်းဖို့ အချိန် ယူရဦးမှာကြေင့် ဦးကျော်ဇော ကိုပဲ တာဝန်ပေးပြီး နောက်မှလိုက် လာခဲ့ဖို့ စဉ်းစားဆုံးဖြတ်ရပါတယ်။ သမီးကေသီနဲ့ သားရွှေစင် သွားပြီးတာနဲ့ မရှေးမ နှောင်း ကျွန်မနဲ့အတူမာမီရယ်၊ သမီးသူဇာနဲ့ သားအိန္ဒာတို့က တစ်သုတ် သွားကြမယ်ပေါ့။

အဲဒီမှာပြဿနာက စတော့တာပါပဲ။ နိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့အခါမှာ အမျိုးသား မှတ်ပုံတင်ကတ်ပြား ရှိရပါတယ်။ ၁၉၅၄ခုနှစ်လောက်ကတည်းက မြန်မာနိုင်ငံသားတိုင်း အမျိုးသးမှတ်ပုံတင်ကတ် ကိုင်ဆောင် ရမယ်ဆိုတဲ့ ဥပဒေပြဋ္ဌာန်းပြီး အမျိုးသားမှတ်ပုံတင် ဓာတ်ပုံတွေ လူတိုင်းရိုက်ရပါတယ်။ ကျွန်မတောင် ပြင်ဦးလွင်က ဘီတီဘရားသားကော်ဖိ ပိုင်ရှင်ဦးဘတူနဲ့ စပ်တူသူကငွေစိုက်၊ ကျွန်မက လုပ်စားစိုက် မြန်မာတစ်ပြည်လုံး မှတ်ပုံ တင် တင်ဒါရဖို့လျှောက်ဖြစ်ပါသေးတယ်။ ကျွန်မတို့မရလိုက်ဘဲ တခြားတစဦး ရသွားတာ ကြောင့်တွက်ရချက်ရတဲ့လုပ်အားခ အချိန်တွေ ဆုံးရှုံးသွားရတယ် ဆိုပါတော့။
တစ်တိုင်းပြည်လုံး မှတ်ပုံတင်တွေရိုက်ကြတဲ့အချိန်မှာ ကျွန်မအမေက စိတ်ဝေဒနာနဲ့ တံတားလေးဆေးရုံမှာ  တင်ထားပြီးကုသနေရခိုက် ဖြစ်လို့မရိုက်လိုက်ရပါဘူး။ ဆေးရုံက ပြန်ဆင်းလာပြီးတဲ့အခါကျတော့ မှတ်ပုံတင် သွားရိုက်ဖို့ မာမီ့ကိုခေါ်တော့လည်း ရာတန် တွေတုန်းကလို သွားမလဲဘူးဆိုပြီး ကတ်ဖဲ့ တိုက်ခဲ့တဲ့အတိုင်း ခေါ်လို့မရတာနဲ့ မရိုက်ရပါ ဘူး။ မာမီအနေနဲ့ စိတ်ဝေဒနာရှင်ဖြစ်နေတော့လည်း သူ့စိတ်ဆန္ဒ ကို ဆန့်ကျင်ပြီးမလုပ်ရဲ တာလည်းပါတယ်ပေါ့။

နောက်ပြီးအလုပ်ကိစ္စ၊ ရုံးကိစ္စ၊ ငွေကြေးကိစ္စစတဲ့ ပြင်ပဆက်ဆံရေး တာဝန်တွေလည်း မရှိတာမို့ အိမ်ထဲက အိမ်ပြင်မထွက် တဲ့ မာမီ့အတွက်မှတ်ပုံတင် မရှိ လည်းဘာမှပြဿနာမရှိဘူး ဆိုပြီး ပေါ့ပေါ့ တန်တန် သဘောထားပြီး နေလာခဲ့တာ ခုနိုင်ငံ ကူးလတ်မှတ်လျှောက် ဖို့ကျတော့ မှ ပြဿနာတက်တော့တာပဲလေ။
ဒါနဲ့ ကျွန်မ တို့ ရပ်ကွက်ဆိုင်ရာ ရပ်ကွက်လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီရုံးကို သွားပြီး ဥက္ကဋ္ဌနဲ့တွေ့၊ အကျိုးအကြောင်းပြောပြ ရပါတယ်။ ဥက္ကဋ္ဌက ဒါဆိုရင်မှတ်ပုံတင်ရိုက်တဲ့ အချိန်ကာလက တံတားလေးဆေးရုံမှာ တက်ရောက်နေတဲ့ အတွက် မရိုက်လိုက်ရကြောင်း ကိုဖော်ပြပြီးလျှောက်လွှာတင်ပါ။ တာဝန်ခံဆေးရုံက ဆရာဝန်ကြီးဆီကလည်း မှန်ကန် ကြောင်းထောက်ခံစာ ယူပြီးပူးတွဲတင်ပြပေးပါလို့ ပြောလိုက်ပါတယ်။

ဒီတော့မှ ကျွန်မစိတ်ထဲပေါ့သွားပါတော့တယ်။ လွယ်လွယ်ကိစ္စပြီးလိမ့်မယ်လို့တွေးပြီး တံတားလေးဆေးရုံကို သွားလိုက်ပါတယ်။ ကျွန်မရဲ့အမေ ဆေးရုံတက်ရစဉ်ကာလက ဆေးရုံအုပ်ကြီးက ဆရာဝနကြီးဦးဘသောင်းပါ။ ဦးဘသောင်း အလုပ်က အနားယူပြီး ကွယ်လွန်တောင် သွားပါပြီ။ လက်ရှိဆရာဝန်ကြိးက ဦးနေ၀င်းပါ။ ဦးနေ၀င်း ရဲ့ဇနီး မမစီက အိုဂျီအဖြစ်နဲ့ ကျွန်မရဲ့ကလေး တော်တော်များများ မွေးပေးခဲ့ဖူးတာမို့ရင်းနှီးခင်မင်နေတာ ကြာပါပြီ။ ဆရာကြီးဦးနေ၀င်းကို ရုံးခန်းမှာ အဆင်သင့်တွေ့တော့ ကျွန်မလည်းဝမ်းသာ အားရ နဲ့လာရင်းကိစ္စ အကျိုးအကြောင်း တွေပြောပြတယ်ပေါ့။
"အဲဒါမှခက်တာပဲ ခင်မကြီးရေ"တဲ့။
"ဘာဖြစ်လို့လဲ ဆရာ"လို့မေးတော့..
"ခင်မကြီးရဲ့အမေ ဒေါ်ခင်ခင်မေဆေးရုံတက်ခဲ့တာက နှစ်ပေါင်းနှစ်ဆယ် ကျော်နေပြီ ဆိုတော့ အဲဒီမှတ်တမ်းတွေ က ဘာမှလက်ခံမရှိတော့ဘူး"
"နောက်ပြီး ကျွန်တော်တာဝန်ယူရတဲ့လက်ထက်မှာ ဆိုရင်လည်း ကျွန်တ်ာထောက်ခံပေး လို့ရသေးတယ်၊ ဆရာကြီး ဦးဘသောင်း ကလည်းဆုံးပြီ၊ ကျွန်တော့်အချိန်မှာ မဟုတ်လို့ ကျွန်တော် ထောက်ခံပေးလို့လည်း မဖြစ်ဘူး"တဲ့။
ဆရာဦးနေ၀င်း စကားကြားတော့ ကျွန်မတော်တော်အားငယ်သွားမိတယ်။

"ဒါဖြင့် တခြားဘယ်လိုနည်းလမ်းများ ရှိသေးလဲ ဆရာရယ်၊ မှတ်ပုံတင်ရဖို့ကလည်း ဒီက ထောက်ခံစာရမှ လုပ်လို့ရမှာမို့ပါ"လို့ ပြောတော့...
"တစ်ခုတော့ ရှိတယ်၊ ဒေါ်ခင်မေမေ ဆေးရုံမှရှိစဉ်က ကုသခဲ့ဖူးတဲ့သူရှိရင် သူတို့ကို ထောက်ခံပေးခိုင်းလို့ရမယ်၊ ရုံးခန်း ကို သွားပြီး စာရေးကြီးကိုမေးကြည့်၊ သူ့ဆီမှာတော့ ဆရာဝန်တွေနဲ့ ပတ်သက်တာ အကုန်သိနိုင်မယ်" တဲ့။
လပြည့် လကွယ်ကိုလိုက်ပြီး ဒီရေအတက် အကျ ဖြစ်ရသလိုပဲ ကျွန်မမှာလည်း ဆရာကြီး ဦးနေ၀င်းရဲ့ စကားအလိုက် ခုပဲ စိတ်ဓာတ်ကျလိုက်၊ ခုပဲစိတ်ဓာတ်တက်လိုက်။ ခုလည်း မျှော်လင့်ချက်ကလေး ရှိလေသေးရဲ့ဆိုတဲ့ အားတက်စိတ် နဲ့ ခြေလှမ်းသွက်သွက်လှမ်းပြီး ရုံးခန်းဘက် ကူးလုက်ပါတယ်။ စာရေးကြီး ဆိုသူကိုလည်း အကျိုးအကြောင်းတစ်ခါရှင်းပြ ရပြန်တယ်ပေါ့။ ပြီးမှ...
"ဆရာဦးသွင် ရှိလားဟင်"ကျွန်မ မှတ်မိတဲ့ တစ်ဦးတည်းသော ဆရာဝန်နာမည်မေးကြည့် တော့ဦးသွင်ဆုံးတာ ကြာပြီတဲ့လေ။

ခုမှ အခက်ကြုံရတော့တာပါ။ ကျန်တဲ့ဆရာဝန်တွေရဲ့နာမည်တွေလည်း နှစ်ပေါင်းကကြာ တော့ကျွန်မ မမှတ်မိတော့ ပါဘူး။
"လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကတည်းက လုပ်ခဲ့တဲ့ လုပ်သက်ရင့် ဆရာဝန်ကြီး တွေထဲကရော ဘယ်သူတွေ ရှိသေးလဲရှင်"မေးသာ မေးရတာ။ ကျွန်မအသံက ပျော့နေပါ ပြီ။
"အဲဒါတော့ ကျွန်တော့်လည်း မသိဘူး၊ ဟိုမှာချိတ်ထားတဲ့ ဆရာဝန်ကြီးများရဲ့ အုပ်စုဓာတ် ပုံရှိတယ်။ အစ်မအဲဒီ ပုံသွားကြည့်ပြီး ရှာကြည့်ပါလား၊ အများအားဖြင့်ကတော့ သေကုန် ကြပြီ၊ တချို့လည်း ပင်စင်ယူသွားကြပြီပေါ့၊ အနှစ်နှစ်ဆယ် ဆိုတာကြာ လှပြီပဲ"တဲ့။

သူပြောတာလည်း ဟုတ်ပါရဲ့။ နှစ်ပေါင်းနှစ်ဆယ်ဆိုတာ နည်းတဲ့နှစ်တွေမှ မဟုတ်တာနော်။ ရေနစ်နေတဲ့ အခါ ကောက်ရိုးတစ်ပင်ကို အားပြုဆွဲမိသလို ကျွန်မလည်း နောက်ဆုံးအား ကိုးတစ်ခု အနေနဲ့ ချိတ်ထားတဲ့ ဓာတ်ပုံကို သွားကြည့်ပါတယ်။ အားလုံးရဲ့မျက်နှာတွေက စိတ်ထဲမှာ ယဉ်ပါးနေပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ ကွဲကွဲပြားပြား မမှတ်မိတော့ပါဘူး။ အဲဒါကလည်း ကျွန်မရဲ့ ကြီးစွာသော အားနည်းချက် တစ်ခုဆိုတာ ၀န်ခံရမှာပါပဲ။ ကျွန်မရဲ့ မှတ်ဥာဏ်မှာ အကြောင်းအရာတွေမကဘဲ ဂဏန်းနဲ့ဆိုင်ရာ နံပါတ်လိုမျိုးတွေကျတော့ အလွတ်ရအောင် မှတ်မိတတ်ပေမဲ့ လူတွေကိုမမှတ်မိတတ်ပါဘူး။
လုပ်ရတဲ့ အလုပ်ကလည်း မင်္ဂလာဆောင်တွေ၊ အလှူတွေ၊ ဌာနဆိုင်ရာ အုပ်စုပုံတွေ၊ သင်တန်းဆင်းပွဲတွေ ဆိုတော့ လူအများစုနဲ့ အမြဲတမ်းထိတွေ့ ဆက်ဆံရတာမို့ ဘယ် ဟာကကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တဲ့မိတ်ဆွေ၊ ဘယ်ဟာက အလုပ်သဘောအရ ဆက်ဆံရတဲ့ Customer ဆိုတာမကွဲပြားတော့ဘဲ မိတ်ဆွေကို Customer လိုဆက်ဆံ၊ Customerကျတော့ မိတ်ဆွေလို တရင်းတနှီး သွားပြောနဲ့ အလွဲလွဲ အချော်ချော်တွေ ဖြစ်တတ်လွန်းလို့ ကိုယ့်ရဲ့အားနည်းတဲ့ မှတ်ဥာဏ်ကိုလည်း စိတ်ပျက်မိပါရဲ့။

အခုလည်း ကျွန်မ ဘယ်လိုမှဓာတ်ပုံထဲက ဆရာသမားတွေကို အမည်မဖော်နိုင်တော့ စာရေးကြီးလည်း ကျွန်မကို အကူအညီမပေးနိုင်တာကြောင့် စိတ်ပျက်ပျက်နဲ့ နှုတ်ဆက်ပြီး ရုံးခန်း ကပြန်ထွက် ဖို့ ခြေအလှမ်း လိုက်မှာ အမျိုးသမီးခပ်၀၀တစ်ယောက် ရုံးခန်းထဲ ၀င်လာ တာနဲ့မျက်နှာချင်းဆိုင် ဆုံလိုက်မိတယ်ပေါ့။ အမျိုးသမီး က ကျွန်မကို မြင်မြင်ချင်း...
"ဒေါ်ခင်မကြီး ရှင့်အမေ နေကောင်းရဲ့လား"တဲ့။ ဆီးမေးပါတော့တယ်။ ကျွန်မလည်း စစချင်းကြောင်သွားလေရဲ့။ အမျိုးသမီး ကို မြင်ဖူးသလိုလို ရှိသားလို့ တွေးလိုက်မိပြီး...
"မာမီ နေကောင်းပါတယ်၊ ဆောရီးပဲနော်၊ ကျွန်မ ကောင်းကောင်းမမှတ်မိလို့"နဲ့ ချက်ချင်း တောင်းပန် လိုက်ရပါတယ်။
"ဟုတ်မှာပေါ့၊ ကျွန်မက ပင်စင်ယူပြီးမှ ၀လာတာလေ၊ ဒေါ်ခင်မကြီးကို ဒီမှာတွေ့လိုက် တော့ ရှင့်အမေ နေမကောင်း လို့များ လာပို့သလားထင်လိုက်မိတာ"တဲ့။
ကျွန်မ ခေါင်းလည်း လင်းလက်သွားပြီး "နေပါဦး၊ မာမီနေမကောင်းတုန်းကဒီမှာ ရှိလို့လား ဟင်"နဲ့ ပျာပျာ သလဲ ပြန်မေးလိုက်မိပါတယ်။

"ရှိတာပေါ့၊ ကျွန်မ ၀ါ့ဒ်မှာဒေါ်ခင်ခင်မေ နေသွားတာ အကြာကြီးပဲဟာ၊ ခေါ်ခင်မကြီးက မမှတ်မိတော့ဘူးလား"တဲ့။
စကားပြောရင်းနဲ့မှ သူ့အပြုံးလေးတွေကို ကျွန်မ ကောင်းကောင်းပြန်ကျက်မိသွားပြီး...
"ဟုတ်ပြီ၊ ဟုတ်ပြီ၊ မမ ဒေါက်တာဒေါ်စောနု မဟုတ်လားဟင်"
"ဟုတ်ပါ့ရှင်၊ အခုမှတ်မိသွားပြီပေါ့"ပြောရင်းနဲ့ သူကရယ်ပါရော။
"ကဲ...ကဲ...လာ၊ ကျွန်မနဲ့ အခုလိုက်ခဲ့စိမ်းပါဦး၊ အရေးတကြီးကိစ္စရှိလို့" ဆိုပြီး ကျွန်မ ဒေါ်စောနုရဲ့ လက်ကို အတင်းဆွဲပြီး ဆရာဦးနေ၀င်းအခန်းကို  အပြေးနီးပါးဝင်သွားဖြစ်တော့ တယ်။
"ဆရာရေ၊ ဟောဒီမှာ ဒေါက်တာဒေါ်စောနု၊ တကယ်ကိုGod Sent ဆိုတဲ့ အတိုင်းပါပဲ"လို့ ပြောရင်း ဆရာ့စားပွဲရှေ့အရောက် မှာ ၀မ်းသာအားရပြောမိတော့ ဒေါ်စောနုက အူလည် လည်နဲ့..
"နေပါဦး၊ ဘာတွေ ဖြစ်နေကြတာလဲ"တဲ့။

ဒီတော့မှ ကျွန်မရဲ့လာက်ရင်းကိစ္စ ပြဿနာကိုဒေါတာဒေါ်စောနု သဘောပေါက်အောင် ရှင်းပြရပြန် ပါတယ်။ ဒေါ်စောနု ကလည်း ပင်စင်သွားတာ ကြာပြီ။ ခုရုံးခန်းကိုပင်စင်လစာ ကိစ္စနဲ့ ရောက်လာတာတဲ့လေ။ တိုက်တိုက် ဆိုင်ဆိုင် ပက်ပင်းဝင်တိုးဖြစ်လို့သာ။ မဟုတ် ရင်ကကျွန်မလည်း နိုင်ငံခြားသွားရေးကိစ္စကို ဒီမှာတင် နိဋ္ဌိတံလိုက်ရမယ့် အဖြစ်ပါပဲ။
ဒေါက်တာဒေါ်စောနုက လိုလိုလားလား အလွယ်တကူနဲ့ ထောက်ခံစာ ရေးပေးပါတယ်။ ဆရာဦးနေ၀င်းက ရုံးတံဆိပ်တွေ ဘာတွေအကျအန နှိပ်ပေးပြီး သေသေချာချာ လုပ်ပေး လိုက်တာကြောင့် ဆရာကြီးဦးနေ၀င်းနဲ့ ဒေါက်တာဒေါ်စောနုကို ကျေးဇူးစကားအထပ်ထပ် ဆိုပြီး ကျေးဇူးတင်မဆုံး ဖြစ်ရပါရဲ့။
ကျွန်မ ရဲ့အကျိုးပေးကလည်း ဒါမျိုးချည်းပါပဲ။ ဘယ်တောမ့ဆို ကြုံလိုက်ရရင် အစွမ်းကုန် ကြိုးစားပေမဲ့ ကံကြမ္မာက နောက်ဆုတ်စရာနေရာမကျန်အောင် နံရံထောင့်အထိတွန်းပို့ ပေးလိုက်ပြီး "ကဲပါ၊ လက်မြှောက်ပါပြီ"လို့ စိတ်ကိုလျှော့ခါမှ ဆုချတဲ့အနေနဲ့ "ရော့...အင့်၊ ယူတော့"ဆိုပြီးလုပ်တတ်တာမျိုးလေ။

မတွေ့ဘူးလား။ ဦးမြလှိုင် အပ်ခဲ့တဲ့ ရာတန်တွေ ပြန်ပေးစဉ်ကာလကလည်း အဲလိုပဲ စိတ် လျှော့ပြီးမရလည်း ထားလိုက် ပါတော့လို့ ခံယူပြီးခါမှ မ စမယ့် ပုဂ္ဂိုလ်နဲ့ မျက်နှာချင်းဆိုင် ၀င်တိုးလို့ အချိန်မီထုတ်ယူခွင့်ရခဲ့တာပါ။ ဘ၀မှာ မမျှောလင့်တဲ့ Miracleဆိုတာတွေက ဖြစ်တတ်ပါတယ်။ တစ်မိနစ်၊ တစ်စက္ကန့်နဲ့ ဘ၀လမ်းကြောင်း အပြောင်း အလဲတွေ ကြုံကြ ရတာမကြာခဏ သတင်းတွေမှာမြင်တွေ့နေရတာပဲ။

အကြောင်းတစ်ခုခုနဲ့ တစ်မိနစ်လေး နောက်ကျသွားတာကြောင့် ကိုယ်စီးရမဲ့လေယာဉ် လွတ်သွားပြီး အဲဒီလေယာဉ် ပျက်ကျ တော့အသက်ဘေးက ချမ်းသာသွားတာမျိုးတွေ၊ သေသေချာချာချိန်းထားလျက်နဲ့ တစ်မိ နစ်လောက် လွဲသွားတာနဲ့ ချစ်တဲ့သူချင်းတစ်သက်စာ ကွေကွင်းသွားရတာမျိုးတွေ။
တစ်မိနစ် ဆိုတဲ့ အချိန်ကာလလေးဟာ ဘာမှမဟုတ်ပေမဲ့ လူတစ်ယောက်အတွက်အ ကောင်းအဆိုးဖြစ်ရပ်တွေ ဦးတည်ပြောင်းလဲ သွားတဲ့အထိ စွမ်းဆောင်နိုင်ပါတယ်။ အဲဒီနေ့ ကသာဒေါ်စောနုအလာနဲ့ တစ်မိနစ်လောက် လွဲသွားခဲ့ရင် လက်ရှိဘ၀ကိုရောက်မလာဘဲ ကျွန်မဘ၀တစ်မျိုးတစ်ဖုံ ပြောင်းလဲဖွယ်ရာ ဖြစ်နိုင်ပါတယ်။
တကယ်ကတော့ Miracleဆိုတာ မိမိကို စောင့်ရှောက်ကြသော နတ်ကောင်းနတ်မြတ်များ ရဲ့ ကူညီစောင့်ရှောက်ခြင်းဖြစ်ရပ် တစ်ခု ပါပဲလေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, January 27, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၄၅)

“သမ္ဗန်ဆရာကြီးသည် စကားဆက်၍ မပြောတော့ဘဲ စိတ်ပျက်စွာဖြင့် သမ္ဗန်ကို ပျင်းရိစွာ ခတ်လျက် ရှိပါသည်။ ကျွန်တော်သည် သမ္ဗန်ဆရာကြီးအား သနားငဲ့ညှာလိုသော် လည်း နောက်ပြန်ထိုးရွာ သည် အလွန်ကြီးမားသော ရွာကြီးတစ်ရွာဖြစ်သည့်ပြင် နောက်ပြန်ထိုးရှာမှ ဆန်စက်ကြီးများ မှာလည်း ဂျပန်ကုမ္ပဏီမှ သိမ်းဆည်း၍ စပါးများ ၀ယ်ယူကြိတ်ခွဲ လျက်ရှိနေပါသည်။ နောက်ပြန်ထိုးတွင် နားလိုက်ခြင်းဖြင့် ကျားရှေ့၌ မှောက်လျက်လခြင်းမည်ပေမည်။ သို့ဖြစ်၍ သမ္ဗန်ဆရာကြီး၏ ငြိုငြင်မှု ကင်းဝေးရန် ရေဆန်လှော်ခတ်ရမည့် အချိန်တွင် ရဲဘော်စံယျနှင့် ကိုသောင်းအိတို့က တစ်လှည့်စီ လှော်ခတ်ပေးခဲ့ကြပြီး သမ္ဗန်သမားအား အနားပေးခဲ့ရပါသည်။ သို့ဖြစ်၍ မကြာမီ ဆားအိုး ချောင်းရွာ သို့ ဆိုက်ရောက်ခဲ့ကြပါတော့သည်။ ကို ဆက်ဖတ်ရန် ..........

“အဘသီ ... အဘသီ”
“ဝေး ... ဘယ်သူတွေလဲ၊ အချိန်မဲ့ပြီပဲဟ”
ပြန်ထူးသူ က အဘသီအသံ မဟုတ်ဘဲ မီးတိုင်ကို မြှောက်၍ စူးစမ်းစွာ ကြည့်နေပါသည်။ ကျွန်တော်တို့အား ညဥ့်အခါ မည်သူမည်ဝါ ဖြစ်သည်ကို ၎င်းတို့အနေဖြင့် သိရန်လည်း မလွယ်ကူလျပေ။ အဘယ်ကြောင့်ဆို သော် ကျွန်တော်တို့ကိုယ်တိုင် စစ်ဝတ်များ ၀တ်ထားခြင်းကြောင့်ပင် ဖြစ်ပါသည်။
“အဘသီ မရှိဘူးလား ဦးလေး။ ကျွန်တော်မြလှိုင်ပါဗျ”
မြလှိုင်ဟု ပြောလိုက်သံအဆုံးတွင် တဲအတွင်းမှ တဟွတ်ဟွတ်ဆိုးနေသော ချောင်းဆိုးသံကို ကြားလိုက် ရသည် တွင် ချောင်းသံသည် အဘသီပင် ဖြစ်ချေမည်။ အဘသီသည် ပန်းနာရင်ကျပ်သမားဖြစ်၍ ပန်းနာ ရင်ကျပ်ထလျှင် အိပ်ရာထက် ၌ ဘုံးဘုံးလဲလေ့ရှိသည်။

“ဟာ ... ကိုမြလှိုင်ကြီးတို့ လူသိုက်ပါလား။ ရုတ်တရက် မမှတ်မိဘူးလေ။ ကျုပ် ကျော်မောင်လေ”
အဘသီ၏ သားကြီး ကိုကျော်မောင်က ကျွန်တော့်အား ချက်ချင်း မှတ်မိသွားဟန်ဖြင့် အသံမြှင့်၍ စကားဆို သည်။ ကျွန်တော် သည် ကိုကျော်မောင်၏ လက်ဖမ်းဆွဲပြီး ကမ်းပေါ်သို့ တက်လိုက်ပါသည်။ ကိုကျော်မောင်ကမူ ၀မ်းသာခြင်းကြောင့် ကျွန်တော့်အား ဖက်လှဲတကင်းပြုသည်။
“ဒါထက်၊ အဘသီရော”
“ထုံးစံအတိုင်း ရင်ကျပ်ထနေတယ်”
စကားသံ မဆုံးမီပင် စောင်ခြုံ၍ တရွေ့ရွေ့ထွက်လာသော အဘသီကို တွေ့လိုက်ရပါသည်။ ဇရာထောင်းခြင်း၊ ရောဂါဖိစီးခြင်း တို့ကြောင့် အဘသီ၏ ရုပ်အင်္ဂါများမှာ ပို၍ အိုမင်းရင့်ရော်လျက်ရှိနေပါ သည်။ ကျွန်တော် သည် နယ်ချဲ့ တော်လှန်ရေးတွင်လည်းကောင်း၊ ဆာစံ အရေးတော်ပုံတွင်လည်းကောင်း၊ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့သောလယ်သမား တော်လှန်ရေးသမားကြီးကို ကြည့်ရင်း သက်ပြင်းရှိုက်ထုတ်လိုက်မိပါ သည်။ အဘသီတစ်ယောက် နိုင်ငံကို ချစ်မြတ်နိုးသောစိတ်ဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ခြင်းများသည် ဇရာ၏ ထုထောင်းမှုဖြင့် ဘ၀နေ၀င်ချိန်သို့ ရောက်ရှိနေလေပြီတကား ...။

“အဘ”
“ဟွတ် - ဟွတ် - ဟွတ် - ဗျ - ကိုမြလှိုင်”
“ဒီည အဘဆီမှာ အိပ်မလို့”
အဘသီ၏မျက်နှာပေါ်တွင် ပြုံးရိပ်များ သမ်းလာသည်။ ၎င်း၏ မျက်လုံးများသည် ၀င်းလက်လာသည်။ ခြုံထားသော စောင်ခြုံကို ခွာလျက်၊ ကျွန်တော့်အပါးသို့ တိုးကပ်လာသည်။ အဘသီသည် ရုတ်ခြည်းတော် လှန်ရေး အားမာန်များ ပြန်လည်ပြည့်ဖြိုးလာခြင်းဖြစ်ပါသည်။ အိုမင်းရင့်ရော်လျက်ရှိသော သူ၏ မျက်နှာပေါ် မှ အရေးအကြောင်း များသည် တဒင်္ဂ၌လှပနုပျိုနေသည်ဟု ကျွန်တော်ထင်မှတ်မပါသည်။ ထို့နောက် ကျွန်တော့် နားနားသို့ တိုးကပ်ပြီး စကားဆိုသည်။
“အရေးတော် ပေါ်ပြီလား ကိုမြလှိုင်ကြီး”
“အဘသီ ကျန်းမာအောင်လုပ်၊ သေနတ်ပစ်ရဦးမှာဗျ၊ ဟင်း ... ဟင်း ... ဟင်း ”
ကျွန်တော်၏ ပြောစကားကြောင့် အဘသီက ချောင်းတဟွတ်ဟွတ်ဆိုးနေသည့်ကြားမှပင် ဟက်ဟက်ပက် ပက်ရယ်မောလိုက်မိသည်။ ကျွန်တော်ကမူ အဘသီ၏ ရောဂါဖိစီးမှုကို အားမရသော်လည်း စိတ်ဆောင်နေ သော အဘသီ၏ ထက်သန်မှုကို စိတ်တွင်းမှ ချီးကျူးနေမိသည်။ အဘသီသည် ပန်းနာရောဂါ သာမရှိလျှင် ကျွန်တော်နှင့်အတူ တကောက်ကောက် လိုက်နေဦးမည်မှာ မုချပင်ဖြစ်ပါသည်။

“ကိုမြလှိုင်တို့ ဒီတစ်ညပဲလားဗျ”
“အခြေအနေအရပဲ ကိုကျော်မော်၊ ဒါထက် သူကြီးကို ကျန်တစ်ယောက်ရှိရင် သွားခေါ်ချေဗျာ”
“ဖြည်းဖြည်းပေါ့ ကိုမြလှိုင်ရာ။ ကျုပ်နဲ့ပဲ စကားဝအောင် ပြောပါရစေဦး။  ငကျန် - ငကျန်ကို နောက်ပြီးမှ သွားခေါ်၊ လက်ဖက်ရည်ကြမ်းနဲ့ သောက်ရအောင် ငါးခြောက်သွားဖုတ်ချေ”
ကျွန်တော်သည် အဘသီအား ဖက်ဆစ်တော်လှန်ရေးနှင့်ပတ်သက်သော အခြေအနေများနှင့် ပတ်သက် ၍ ပြောသင့်ပြောထိုက်သော အကြောင်းအရာများကို ပြောပြပါသည်။ စင်စစ် ဆားအိုးချောင်းရွာသည် ဖျာပုံမြို့နှင့် နီးကပ်သော ကျေးရွာတစ်ရွာဖြစ်ပါသည်။ ဖျာပုံမြို့နှင့် ဆက်သွယ်ရန်လည်း လွယ်ကူပါသည်။ ကျွန်တော် ရန်ကုန် က မထွက်ခွာမီ ဗိုလ်လက်ျာက လုံခြုံစိတ်ချရသောနေရာများကို ရွေးချယ်၍ စခန်းများ ဆောက်လုပ်ရန် မှာကြား လိုက်သည် ကိုလည်း သတိရမိပါသည်။ အထူးသဖြင့် အဘသီ၏ ခြံဝိုင်းသည် အလွန်သာယာ၍ သီးပင်စားပင် များဖြင့် အုပ်ဆိုင်းဆိုင်းရှိသော ခြံကြီးတစ်ခြံဖြစ်ပါသည်။

“အဘသီ ...”
“ဗျား ... ဘာတုန်း ကိုမြလှိုင်ကြီးရ”
“အဘသီခြံထဲမှာ လူဝင်လူထွက်ရှင်းရဲ့လား”
“ဘာတုန်း ကိုမြလှိုင်ကြီး၊ တပ်စခန်း ချချင်လို့လား”
“ဆိုပါတော့”
“ရွာသူရွာသားနဲ့ အုန်းပင်သားတွေကတော့ လာလေ့ရှိတယ်။ ကျုပ်က အုန်းသီးရောင်း၊ ကွမ်းသီးရောင်း လုပ်နေ ရတော့ သူတို့ပဲ ကိုယ်တိုင် လာတက်ပြီး ခူးယူနေကြတာပဲ။ သိပ်တော့ မလုံခြုံဘူးဆိုရမယ်”
ထိုညက ကျွန်တော်တို့ နောက်တစ်နေ့ ဖျာပုံသို့ သွားရေး အစီအစဉ်များကို ရေးဆွဲကြပါသည်။ ရဲဘော် စံယျ အား တစ်နေရာ သို့လည်းကောင်း၊ ရဲဘော်သောင်းအိအား တစ်နေရာသို့လည်းကောင်း၊ လူခွဲစေလွှတ်ပြီး ကျွန်တော် ကိုယ်တိုင် လည်း အောက်ကွင်းရွာမှ ကျွန်တော်တို့၏ အမာခံရဲဘော်တစ်ဦးဖြစ်သူ ကိုကျော်လှထံ သွားရောက်ရန် ဆုံးဖြတ်ကြ ပါသည်။
ကျွန်တော် တို့ အိပ်ရာတွင် ကျောချသောအချိန်သည် သန်းခေါင်ပင်ကျော်ခဲ့ပါပြီ။ အဘသီ၏ရောဂါဖိစီးမှုကြောင့် ညည်းညူသံနှင့် အိမ်နောက်ဖေးသရက်ပင်အို ထက်မှ တောက်တဲ့တစ်ကောင် ၏ တောက်တဲ့ တောက်တဲ့ ဟူသော အော်သံ မှာ အိပ်မပျော်နိုင်အောင်ပင် အနှောင့် အယှက်ဖြစ်မိပါသည်။ ထိုသို့ အိပ်မပျော်သောအခါ ချစ်စခင်စ ဇနီးဖြစ်သူ သန်းသန်းသည် ကျွန်တော်၏ အတွေးနယ်၏ အရှင်သခင်အဖြစ် စိုးမိုးလာလေသည်။

ကိုသိန်းဖေ (အောင်ပင်လယ်သိန်းဖေ)၏ သတင်းပို့ချက်အရ ကျွန်တော်စေလွှတ်ထားသော ရဲဘော် သုံး ယောက်အား ညောင်လမ်းငူရွာတွင် ဂျပန်စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယခု အချိန်အထိ မည်သည့်နောတွင် ရောက်ရှိနေသည်ကို မသိရကြောင်း ပြောလာပါသည်။ ကျွန်တော်သည် ဖျာပုံမြို့ သို့ ယခုရောက်ရှိရာတွင် ဖျာပုံမြို့ပေါ်သို့ လုံးဝမသွားဘဲ ဇနီးဖြစ်သူ သန်းသန်းကိုသာ ဖျာပုံ သို့ ရောက်ရှိနေကြောင်း သိရှိရန် အကြောင်းကြားထားခဲ့ပါသည်။ ဖျာပုံမြို့ပေါ်တွင် ကျွန်တော်တို့၏ အဓိကစခန်း ကို ထင်းပွဲစား ကိုဘမောင်၏ အိမ်နှင့် ကိုဝက်ကြီးတို့ အိမ်များကို သတ်မှတ်ခဲ့ပါသည်။ ဖက်ဆစ် တော်လှန်ရေးနှင့် ပတ်သက်သော လျှို့ဝှက်သတင်းများကို ယင်းနှစ်ဌာနနှစ်ခုမှ ဆက်သွယ်ရယူပါသည်။

ကျွန်တော်တို့၏ ဆက်သားများမှာ ထင်းလှည်းဆွဲသူ ကိုချစ်မောင်နှင့် ဇနီး မလှရှင်၊ ကိုဝက်ကြီးတို့ မိသားစု၊ အောင်မြေဘုံသာကျောင်းမှ ဘုန်းတော်ကြီး စတိလတို့ဖြစ်ကြပြီး၊ ဖက်ဆစ်များနှင့် ပတ်သက်သော သတင်း များ၊ မြေပုံများ၊ လှုပ်ရှားမှုများကို အသက်စွန့်၍ ဆောင်ရွက်ပေးကြသူများမှာ ကိုသန်းနိုင် (ဂျပန်စကားပြန်) ၊ ကိုမောင်မောင်သန်း (ဂျပန်စကားပြန်)၊ (ယခင် ဖျာပုံမြို့နယ် တောင်သူလယ်သမားကောင်စီ ဥက္ကဋ္ဌဟောင်း) ကိုအောင်ခင် ဆိုသူတို့ ဖြစ်ကြပါသည်။ ၎င်းတို့သည် ဂျပန် များ၏ လှုပ်ရှားမှုသတင်းများကို အတိအကျ စာရင်း များနှင့်တကွ ပေးနိုင်ခဲ့သူများ ဖြစ်ကြပါသည်။ ကျွန်တော်သည် အောက်ကွင်းရွာရှိ ကိုကျော်လှ တို့အိမ်တွင် ဖျာပုံသို့လွှတ်လိုက်သော ရဲဘော်စံယျနှင့် ရဲဘော်သောင်းအိတို့အား စောင့်မျှော်နေရင်းမှ အထက်ပါသတင်းဆိုး ကို ကိုသိန်းဖေ လာရောက်ပြောကြား ခြင်းဖြစ်ပါသည်။

“ဖြစ်ပျက်ပုံ အသေးစိတ် မသိခဲ့ရဘူးလား ကိုသိန်းဖေ”
“ဖြစ်ပျက်ပုံ ကတော့ ဂျပန်စစ်တပ်က ဘိုးဘကုန်းကနေ ညောင်လမ်းငူကို အကူးမှာ ဘုန်းကြီးကျောင်းထဲက ထွက်လာ တဲ့ လှထွန်းဆိုတဲ့ ရဲဘော်နဲ့တွေ့တယ်။ လှထွန်းကိုမြင်တော့ သူတို့က ရပ်ခိုင်းတယ်တဲ့။ အဲဒီအခါ မှ လှထွန်း က သတိအနေအထားနဲ့ ရပ်လိုက်တာကိုမြင်ပြီး ဒီကောင် ရဲဘော်ပဲဆိုတာ သိသွားတာ”
“အင်း ... ရဲဘော် ဆိုတဲ့ကောင်က တခြားရုပ်ဖျက်လို့ရပေမယ့် စစ်သားပုံစံကတော့ ရုတ်တရက် ဖျောက်မရ တော့ ဒုက္ခတွေ့ တာပေါ့။ ဒါနဲ့ ကျန်ရဲဘော်မြဦးနဲ့ သိုက်ထွန်းတို့ကိုရော ဘယ်လိုလုပ်မိတာလဲဗျ”
“ဘုန်းကြီးကျောင်း ထဲ ၀င်ရှာတော့ ကတုံးနဲ့ ထိုင်နေတာ တွေ့တဲ့နှစ်ကောင် စလုံးကို ဆွဲတာပါပဲ”

ကျွန်တော်သည် ကိုသိန်းဖေပြောပြသော အကြောင်းများထက် လောလောဆယ် ရဲဘော်သုံးယောက် မည်သည့်နေရာ သို့ ရောက်ရှိနေသည် မည်သို့မည်ပုံ ကယ်တင်နိုင်မည်၊ မည်သူများအား တာဝန်ပေးရမည်ကို စိတ်ဖြင့် အကွက်ချလျက် စီစဉ်နေမိပါသည်။ ဂျပန်စစ်တပ်ဆိုသည်မှာလည်း ကျေးရွာ များတွင် ရုံးတစ်ရုံး ဓားတစ်စင်း ကဲ့သို့ အာဏာပိုင်စိုးသူများ ဖြစ်ရကား ၎င်းတို့လယ်၌ပင် အစပျောက် သွားမည် ဆိုလျှင် လည်း ပျောက်ကွယ်သွားနိုင်သည် မဟုတ်ပါလား။ ထိုအခိုက် ကိုသောင်းအိနှင့် အတူ ကိုဝက်ကြီးတစ်ယောက် တိုက်ကြက် တစ်ကောင် ကို ပိုက်၍ ရောက်လာကြပါသည်။
“သောက်ရေးထဲ ဒီတိုက်ကြက်ကြီးက ဘာလုပ်ရတာလဲဗျ။ ခင်ဗျားကြီး တော်တော်ခက်တာပဲ”
ကိုဝက်ကြီး သည် ကျွန်တော့်အား မထေမဲ့မြင် ပြုံးပြလိုက်သည်။ ထို့နောက် ကိုကျော်လှ၏ အိမ်ရှေ့ သောက်ရေအိုးဆီသို့ သွားရောက်ကာ ရေတစ်ခွက်ခပ်၍ တိုက်ကြက်ကြိး၏ တစ်ကိုယ်လုံး ကို ရေဆွတ်ပေး လျက်ရှိပြန်ပါသည်။ ကျွန်တော်သည် ရဲဘော်သုံးယောက်အား ဂျပန်စစ်တပ်မှ ဖမ်းဆီး သွားခြင်းအတွက် ခေါင်းပူနေခြင်းကြောင့် ဆက်၍ စကားမပြောတော့ဘဲ ကိုသောင်းအိကိုသာ အခြေအနေ များကို မေးမြန်း ကြည့်မိပါတော့သည်။

“ဘာထူးသေးလဲ ကိုသောင်းအိ”
စံယျ သူတို့အဖေခြံထဲ ဗိုလ်လက်ျာနေတဲ့ စခန်းဆောက်ဖို့ နေရာသွားကြည့်တယ်။ ညနေကို ရောက်အောင် လာလိမ့် မယ်။ မင်းမိန်းမ သန်းသန်းအိမ် အ၀င်အထွက် ကင်ပေတိုင်က စောင့်ကြည့်နေတယ်။ အုန်းမောင်တို့ လူသိုက်မရှိကြတော့ဘူး”
“ဟေ့ - သောင်းအိ၊ မင်းကိစ္စ ပြီးပလား”
ကိုသောင်းအိပြောနေသော စကားမဆုံးမီ ကိုဝက်ကြီး၏ ငှက်ဆိုးထိုးသံကြီးကို ကျွန်တော် ဒေါသထွက်သွား မိသည်။ ဤမျှအရေးကြီးသော ကိစ္စများကို ပြောဆိုနေသည့်ကြားမှ အလိုက်မသိစွာဖြင့် ၀င်ရောက်ပြောခြင်း ကို ကျွန်တော် သည်းမခံနိုင်ပေ။

“ဟေ့လူ ...၊ ခင်ဗျားပါးစပ် ပိတ်ထားလိုက်စမ်း။ ကိုသောင်အိ ဆက်ပြောစမ်းပါဦး”
“ဟိတ် ... မြလှိုင်ကြီး ၊ သောင်းအိ ပြောစကားထက် အရေးကြီးတယ်ကွ”
“ဘာအရေးကြီး တာလဲ။ စောစောက ဘာလို့ မပြောတာလဲ။ ဘာလို့ တိုက်ကြက်ကြီး ယူလာရတာလဲ။ တာဝန်နဲ့ ကြက် တိုက်တာ၊ ဖဲရိုတာ ရောလို့ မရဘူးဗျ”
“အောင်မယ်လေး၊ မာစတာကြီးက အရမ်းဟောက်နေတာပါပဲလား၊ ဟား ... ဟား ... ဟား”
“ပြောစမ်းဗျာ။ ခင်ဗျားနဲ့ စကားပြောရတာ ကျုပ်ရူးသွားလိမ့်မယ်”
“ရော့ ... စာ”
“ဘယ်သူ့ဆီက စာလဲ”
“မင်း အနံ့သွားခံခဲ့ဖူးတဲ့ ဂျပန်ကတော်”
ကျွန်တော် သည် ကိုဝက်ကြီးစကားမဆုံးမီ သူလက်ကမ်းပေးလိုက်သော စာကို ဖတ်ကြည့်လိုက်သည်။ ကျွန်တော့် မျက်လုံးများ မှာ မျက်ရည်ဥများ သီးလာသည်။ ကျွန်တော့်ရင်များ တလှပ်လှပ်ခုန်လာသည်။ ကျွန်တော့်လက်များ အလိုလို တုန်လာသည်။

သန်းကြည်ထံမှ စာသည် ညောင်လမ်းငူရွာမှ ဖမ်းယူခဲ့သော ဗမာ့တပ်မတော်မှ ရဲဘော်များ ဂျပန်ကင်ပေတိုင်ရုံး တွင် ရောက်ရှိနေကြောင်းနှင့် ညှင်းပန်းစစ်ဆေးနေကြောင်းတို့ပင် ဖြစ်ပါသည်။ ထို့ပြင် ကိုဝက်ကြီးသည် ကြက်သမား ကဲ့သို့လည်းကောင်း၊ အရက်သမားကဲ့သို့လည်းကောင်း၊ သွားလာလှုပ်ရှား၍ သတင်းများ ရယူခြင်းဖြစ်ကြောင်း၊ ယခုလည်း အများ တကာ၏ စိတ်တွင် ၀က်ကြီးတစ်ကောင် ကြက်တိုက်သွားသည်ဟု ထင်ရန် အတွက် တိုက်ကြက်ကို ပိုက်၍ ထွက်လာခဲ့ခြင်းဖြစ်ကြောင်းတို့ကို သိလိုက်ရပါသည်။
“ဆောရီးဗျာ၊ ကျုပ်ဆူတာ ရှေ့လောကြီးသွားတယ်”
“ထပ်သရီး၊ ဆဲပြီး ဆိုပြီးမှ ဘာဆောရီးလဲ”
ကျွန်တော်သည် သန်းကြည်ထံမှစာကို ကိုသိန်းဖေနှင့် ကိုကျော်လှတို့အားပြလိုက်သည်။ ထို့နောက် ဂျပန် ကင်ပေတိုင်ရုံး တွင် ဖမ်းဆီးထားသော ရဲဘော် ၃ ယောက်ကို ကယ်တင်ရေးအတွက် တိုင်ပင်ကြသည်။ ကိုသိန်းဖေ ကမူ ပင်လယ်ပိုင်းတွင်ရှိနေသော ဂျပန်စစ်တပ်ကို ၀င်ရောက် တိုက်ခိုက်လိုကြောင်း ပြောကြား ပါသည်။

အမှန်မှာ ဖက်ဆစ်တော်လှန်ရေးနှင့်ပတ်သက်၍ ကျွန်တော်တို့တွင် ယခုအချိန်အထိ မည်သို့ ဆောင်ရွက်ရမည်ကို တိတိ ကျကျ အမိန့်များမရရှိသေးသော ကာလဖြစ်သဖြင့် ကိုသိန်းဖေ၏ အကြံဥာဏ်ကို ခေတ္တဆိုင်းငံ့ထားရန် ဆုံးဖြတ်ပေး လိုက်ပါသည်။ ထို့နောက် ဂျပန်ကင်ပေရုံးတွင် ဖမ်းဆီးထားသော ရဲဘော်များ၏ လွတ်မြောက်ရေး မှာ အလွန်ခက်ခဲသော အကြောင်းတစ်ရပ်ဖြစ်ရုံမက၊ နောက်ထပ်ဆင့်ပွား ဖြစ်ပေါ်မည့် အကျိုးဆက်မျးကိုပါ ထည့်တွက်ကြည့်ခြင်း အားဖြင့် ၎င်းရဲဘော် ၃ ယောက် လွတ်မြောက်ရေး ထက် နောက်ထပ်ရဲဘော်များကို ဖမ်းဆီးခြင်း မပြုနိုင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၏ အရိပ်လက္ခဏာများ လုံးဝ မမပေါ်ပေါက်ရေး တို့ အတွက် ရှေ့ဆောင် ရွက်ဖွယ်များ လုံးဝမပေါ်ပေါက်ရေးတို့အတွက် ရှေ့ဆောင် ရွက်ဖွယ်များကိုသာ ညှိနှုင်း၍ စခန်း အသီးသီးတွင် ရှိနေကြသော ဖက်ဆစ်တော်လှန်ရေး “ပွိုင့်”များသို့ အသိပေးအကြောင်းကြားရန် စီစဉ်ရပါသည်။

ထိုနေ့ညနေတွင် ကျွန်တော်နှင့် ကိုသောင်းအိတို့သည် ဖျာပုံမြို့ပေါ်ရှိ မြေအောက်စခန်း အမှတ် ၂ ဖြစ်သော ဦးဖေသန်း ၏ တိုက်သို့ ပြောင်းရွေ့ခဲ့ပါသည်။ ဦးဖေသန်း၏တိုက်သို့ ရောက်သောအခါ ရဲဘော်စံယျနှင့်တကွ၊ ဖျာပုံမြို့ပေါ် မှ ရဲဘော်များ အားလုံး စုံစုံညီညီ ရောက်ရှိနေကြောင်း တွေ့ရပါသည်။ ဦးဖေသန်း၏ တိုက်သည် အလွန်ကြီးမားသော တိုက်ကြီးဖြစ်သည့်ပြင် ရဲဘော်များ၏ စားရေးသောက်ရေးအတွက် ပူပင်ဖွယ် မရှိအောင် ပြည့်စုံပါသည်။ ထို့ပြင် ဦးဖေသန်းသည် ဂျပန်ကုန်သည်များနှင့် ဟန်ရေးပြ ရင်းနှီး ဆက်ဆံမှုရှိခြင်းကြောင့် ကျွန်တော်တို့ စခန်းဖွင့်ထားခြင်းကို ဂျပန်ကင်ပေရုံးမှ သတင်းအနံ့ မရနိုင်ရှိနိုင်ဘဲရှိပါသည်။ တိုက်အိမ်အောက်ထပ်တွင် ဂျပန်များအား ဧည့်ခံနေချိန်တွင် ကျွန်တော်တို့သည် တိုက်အပေါ်ထပ်၌ လျှို့ဝှက်အစည်းအဝေးများ လုပ်လျက်ရှိကြပါသည်။

ဖျာပုံမြို့သို့ ကျွန်တော်တို့ လူသိုက် ရောက်ရှိခဲ့ပြီး တစ်ပတ်ခန့်အကြာ၌ ဗိုလ်လက်ျာ၏ မှာကြားချက်ဖြစ်သော စခန်းတည်ဆောက်မှု ကို ရဲဘော်စံယျ၏ ဖခင်ပိုင်သော ဓနိခြံကြီး၏အလယ်တွင် တည်ဆောက်နိုင်ခဲ့ကြပါ သည်။ ကျွန်တော်တို့သည် ဓနိပင်များဖြင့် ဖုံးလွှမ်းပိတ်ဆီးနေသော ခြံကြီး၏ အလယ်တည့်တည့်တွင် လူ ၂၅ ယောက်ခန့် နေထိုင်နိုင်သော တဲကြီးနှစ်လုံးကို အလျင်အမြန် တည်ဆောက်ပြီးစီးခဲ့ကြပါသည်။ ထို့ပြင် အရေးအကြောင်း ပေါ်ပေါက်ခဲ့သော် ရှောင်တိမ်းလွတ်မြောက်ရန်အတွက် မလွယ်ပေါက် နှစ်ခုနှင့်  အသကင့်လှော်ခတ်သွားနိုင်သော ဘောက်တူ နှစ်စင်းကိုလည်း ထားရှိပြီးဖြစ်ပါသည်။
“ဒီကနေ့ည စခန်း ၃ ကို ရွှေ့ပြီး စည်းဝေးကြရအောင်”
စခန်း ၃၄ သည် ဖျာပုံမြို့ ၇ လမ်းမှ အခွန်ဝန်ရုံး စာရေးကြီး ဦးအုန်းစိန်၏အိမ် ဖြစ်ပါသည်။ ဦးအုန်းစိန်သည် ဖျာပုံမြို့နယ် စစ်ဆ်ရေးအတွက် ခရိုင်ဝန်ရုံးမှ မြေပုံများကို ကျွန်တော်တို့အား ရယူပေးခဲ့ပါသည်။ ၎င်းမေပုံ များသည် နောင်သောအခါ အလွန်အသုံးဝင်ခဲ့ပါသည်။ ဦးအုန်းစိန်၏ အိမ်တွင် ကျွန်တော်တို့ စုဝေးသည့် ညက စစ်ဝန်ကြီးရုံးမှပေးလိုက်သော ဖျာပုံမြို့နယ်အတွင်း ခွင့်ဖြင့်ရောက်နေသော ရဲဘော်များ၏စာရင်းကို စစ်ဆေး၍ ၎င်းရဲဘော်များအား ပြန်လည်ခေါ်ယူ၇န် တာဝန်များ ခွဲဝေကြပါသည်။ စုရင်းများအရ ဖျာပုံမြို့နယ်အတွင်း ရဲဘော် ၆၀ ကျော်ခန့်ရှိနေကြောင်း သိရပါသည်။

ရဲဘော် ၆၀ ကျော်ခန့် ပြန့်ကြံနေသော ကိစ္စကို ပြန်လည်စုစည်းရန် လွယ်ကူသော ကိစ္စတော့ မဟုတ်လှပါ ပေ။ သို့သော် စစ်ဝန်ကြီးရုံးမှ အမိန့်အရဖြစ်၍ ၎င်းတို့အား လူဖြန့်၍ လိုက်လံခေါ်ယူ စုစည်းရမည်ဖြစ်ပါသည်။ များသောအားဖြင့် ခွင့်ပြန်ရဲဘော်များမှာ ဖျာပုံမြို့ပေါ်မှ နည်းပါးပြီး ကျေးရွာများတွင် များပြားပါသည်။ သို့ဖြစ်ရာ ရှေးဦးစွာ ရဲဘော်များ ရောက်ရှိနေသော ကျေးရွာများစာရင်း၊ ထိုကျေးရွာများတွင် ကျွန်တော်တို့ ဖွဲ့စည်းထားသော ဖက်ဆစ်တော်လှန်ရေး တာဝန်ခံများ သို့မဟုတ် သူကြီးများမှတစ်ဆင့် ပြန်လည်ခေါ်ယူရန် စီစဉ်ရပါသည်။
“ကိုသိန်းဖေနဲ့ ကိုကျော်လှက အောက်ပိုင်းက ရဲဘော်တွေကို လိုက်ပြီး ခေါ်ဗျာ”
“အောက်ပိုင်းမှာ စုစုပေါင်း ဘယ်နှစ်ယောက် ရှိသလဲ”
“ဒီမှာ စာရင်း။ သူတို့လိပ်စာအားလုံး ၁၆ ယောက်”
“မလိုက်ရင် ဘယ်နှယ့်လုပ်မလဲ”
“ဒီမှာ စစ်ဝန်ကြီးရုံးက အမိန့်”
“အမိန့်ဖီဆန်ရင်ကော ကိုမြလှိုင်”
“ထားရစ်ခဲ့။ ဒါပဲ”

ခွင့်ရဲဘော်များ ကောက်သင်းကောက်ရန် လူ ၃ စု ခွဲလိုက်ကြသည်။ ဖျာပုံမြို့နယ်အတွင်း အရှေ့အနောက် တောင်မြောက် ခွဲလိုက်ပြီး ဒေသခံရဲဘော်များမှတစ်ဆင့် ပြန်လည်စုစည်းသောအခါ ရဲဘော် ၆၀ ကျော် အနက်မှ ၅၃ ယောက်ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပါသည်။ ၎င်းရဲဘော်များကို ကျုံကူသူကြီး ကိုကျော်သန်း (ကွယ်လွန်)အိမ်တွင် ပထမစုစည်းထားရှိပြီး တပ်စိတ်များ ဖွဲ့စည်းကာ တိုက်ခိုက်ရေး စခန်းအဖြစ် ထားရှိသော ကိုသိန်းဖေ (အောင်ပင်လယ်)၏ ဒေသဖြစ်သော အခြာတမံ၊ တူးမြောင်း၊ ကျီးနှင့်ပင်စသော ရွာတို့၌ လက်နက်တပ်ဆင်၍ တပ်စွဲစေပါသည်။

စခန်းတစ်ခုလုံး တိတ်ဆိတ်လျက်ရှိပါသည်။
ကျေးငှက်တို့၏ မြူးတူးအော်မြည်သော အသံမှတစ်ပါး မည်သည့်အသံဗလံမျှ မကြားရပေ။ ယင်းစခန်းကား ဗိုလ်လက်ျာ၏ ညွှန်ကားချက်အရ ကျွန်တော်တို့တည်ဆောက်ထားသော စခန်းသစ်တစ်ခုဖြစ်ပါသည်။ ဓနိပင်များ၊ တောဗလပ်ပင်များ၊ အုန်းပင်များ၊ ကွမ်းသီးပင်များ၊ မာလကာပင်များ ၀ိုင်းရံလျက် အုပ်ဆိုင်း လျက်ရှိသည်မှာ ကိုက် ၂၀ ခန့်ကပင် တဲစခန်းကြီးကို မမြင်နိုင်အောင် ကာဆီးပိတ်ဆို့ထားလျက် ရှိနေပါသည်။ ကျွန်တော် ၏ အစီအစဉ်အရ စခန်းနှင့် လေးဖာလုံခန့် အကွာအဝေးရှိ လမုပင်များကြားတွင် လင့်တစ်ခု ထိုးထားပါသည်။ ထိုလင့်ပေါ်မှကြည့်လျှင် ဖျာပုံမြစ်အတွင်းသို့လည်းကောင်း၊ စခန်း၏ လေးဖက် လေးတန် အရပ်သို့ လည်းကောင်း ကောင်းစွာ မြင်ရပါသည်။ ထိုမှစခန်းနှင့် ကိုက် ၅၀ အကွာခန်တွင် လုံခြုံရေး ကင်းဝှက်တစ်ခုကို ချထားပါသည်။

“ဟေ့ကောင် ... မြလှိုင်”
“ဘာလဲဗျ”
“သန်းသန်းကို သတိမရဘူးလား။ ငါ သွားခေါ်ပေးရမလား”
“ကျွန်တော့်အိမ်နဲ့ ဘယ်လိုမှ အဆက်အသွယ်မလုပ်ချင်ဘူး။ ကင်ပေက သိပ်လျင်တာဗျ”
ဤသို့ဖြင့် ချစ်ဇနီးဖြစ်သူ သန်းသန်းနှင့် ကျွန်တော့်မှာ နီးလျက်နှင့် ဝေးနေရပါသည်။ ကျွန်တော်တို့ လူသိုက် သည် စခန်းတွင် အစောင့်ရဲဘော် ဇေယျနှင့်အဖွဲ့အား ထားရစ်ကာ ကိုသိန်းဖေ (အောင်ပင်လယ် သိန်းဖေ) နှင့်အတူ ရွာအနှံ့ တောအနှံ့ ခရီးဆန့်ခဲ့ကြပါသည်။ ကိုသိန်းဖေသည် ၎င်း၏ စီးပွားရေး အလုပ်ကို လုံးဝစွန့် လွှတ်လိုက်ပြီးနောက် ကျွန်တော်နှင့်အတူ သေအတူ ရှင်မကွဲ လက်တွဲလုပ်ကိုင်ရန် ဆုံးဖြတ်ကာ ကျွန်တော့် နောက်မှ တကောက်ကောက် လိုက်ပါခဲ့ပါသည်။ ကိုသိန်းဖေနှင့် သွားလာရသော ခရီးများမှာ ဖျာပုံမြို့နယ် အတွင်း ဖက်ဆစ်တော်လှန်ရေးစခန်းများသို့ ဖြစ်ပါသည်။ လက်လှော် လှေကလေးဖြင့် တစ်ရွာဝင် တစ်ရွာ ထွက် သွားလာခဲ့ရသော ကာလများတွင် ဘောက်တူပေါ်တွင် အိပ်ရသည်လည်း ရှိသည်။ ကွင်းစပ်တွင် လှေကပ်၍ အိပ်ရသည်လည်းရှိသည်။ ယင်းသို့ သွားလာရငြားလည်း ကိုသိန်းဖေတစ်ယောက် ကွမ်းများဝါး လျက် ပျော်ရွှင်ချမ်းမြေ့အားမာန်တက်လျက် ရှိသည်ကိုသာ တွေ့ရသည်။

“ဒီမယ် ကိုသိန်းဖေ။ တော်လှန်ရေးကြီးပြီးရင် ဘာလုပ်မလဲ”
“ဟား ... ဟား ... ဟား တောသားပဲဗျ။ ထင်းတောတက်  ထင်းခုတ်ပြီး ထင်းပြန်ရောင်းမှာပေါ့ဗျ”
“ဟာ ... လုပ်ရော့မယ်။ တော်လှန်ရေးပြီးလည်း တပ်ထဲဝင်ပေါ့ဗျ”
“ကျုပ် ... သျှောင်ထုံးကြီးကို နှမြောတယ်။ ဟား ... ဟား ... ဟား”
မှန်ပါသည် ကိုသိန်းဖေ၏ သျှောင်ကြီးမှာ အုန်းသီးငယ်တစ်လုံးခန့်ရှိသည်။ ရာသီဥတုဒဏ်ကြောင့် နီကြင်ကြင်ဖြစ်နေသော် လည်း ကိုသိန်းဖေက သူ့ဦးစွန်းကို သူ အလွန်မြတ်နိုးတွယ်တာလျက်ရှိပါသည်။
“သျှောင်နှမြောလို့ တပ်ထဲမ၀င်ဘူးဆိုတဲ့ အကြောင်းပြချက်က မခိုင်လုံလှပါဘူးဗျာ”
“ရော ... ခက်ပါပြီ။ ကျုပ်ကို အဖေလုပ်တဲ့လူက ဟေ့သျှောင်ကြီး ငါမသေခင် ပဉ္စင်းတက်ရမယ်ဆိုတာတောင် ကျုပ်သျှောင်ကြီး နှမြော လို့ ဟိုရှောင်ဒီတိမ်း လုပ်ခဲ့တာ ခုထိပဲ ဆိုပါတော့။ သျှောင်မဖြတ်ဘဲ စစ်ထဲဝင်လို့ မရဘူးလား ဗျ”
“ရသားပဲ၊ ဇာတ်ထဲက စစ်သားတွေကတော့ မောက်တိုမောက်ရှည်နဲ့ ချပ်ဝတ်တန်ဆာနဲ့။ တော်လှန်ရေးပြီးရင် ဇာတ်ထဲ လိုက်ပေါ့။ ဟီး ... ဟီး ... ဟီး”
“ဟား ... ဟား ... ဟား”

ကိုသိန်းဖေ၏ လှော်တက်မှရေများသည် တဖွားဖွားဖြာထွက်လျက်ရှိသည်။ ကမ်းစပ်မှ ငါးပြက်ကလေးများ သည် လူသံကြားသော အခါ ရေထဲသို့ ဆင်းပြေးကြသည်။ ကျွန်တော်သည် မြစ်ဝကျွန်းပေါ်သား ဖျာပုံမွေး၊ ဖျာပုံကြီးဖြစ်သော် လည်း ရေကူးတတ်ခြင်းမရှိချေ။ သို့တစေ ယခု ကျွန်တော်တစ်ယောက် လူးလဲ့လူးလဲ့ လှုပ်ယိမ်းနေသော ဘောက်တူငယ်ဖြင့် ခရီးသွားလျက်ရှိရပါသည်။ ထိုအခိုက် ကိုသိန်းဖေ သည် လှော်ခတ်နေသော ဘောက်တူကို ကမ်းစပ်ဓနိပင်များကြားသို့ ထိုးကပ်လိုက်ပါသည်။ ရုတ်ချည်းဖြစ်၍ ကျွန်တော် အံ့အားသင့်သွားပါသည်။
“ကိုမြလှိုင်၊ ကမ်းပေါ် ခဏ တက်နေလိုက်ဗျို့”
ကျွန်တော် သည် ကိုသိန်းဖေ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အခြေအနေကို ရိပ်မိလိုက်သဖြင့် ဓနိတော အတွင်းသို့ တက်၍ ပုန်းအောင်းနေလိုက်ပါသည်။ မကြာပါချေ။ တထုတ်ထုတ်မြည်လျက် ခုတ်မောင်း လာ သော မော်တော်သမ္ဗန်တစ်စင်း၏ အသံကို ကြားရပါသည်။ ယင်းမော်တော်ပေါ်တွင် ဂျပန်စစ်သားများ အပြည့် ပါဝင်လာကြပြီး ကိုသိန်းဖေ၏ ဘောက်တူဘေးမှပင် ဖြတ်၍ ခုတ်မောင်းသွားပါသည်။ ထိုအချိန်တွင် ကိုသိန်းဖေ သည် လက်တွင် ကိုင်ထားသော ပိုက်ကွန်ကို ဖြန့်ကြဲလျက် ငါးဖမ်းနေလေသည်။ မော်တော်သံ လုံးဝ ပျောက်ကွယ်သွားသောအခါမှပင် ကိုသိန်းဖေ၏ အချက်ပေးသံ ထွက်ပေါ်လာပါသည်။

“ဘယ်သူတွေလဲဗျ”
“ငပုတွေ တစ်ဒါဇင်လောက် ပါလာတယ်”
“ကင်းလှည့်တာနဲ့ တူတယ်”
“ဟုတ်လား။ ဖြတ်သာတိုက်လိုက်ရရင် အပွပဲ။ ဟင်း ... ဟင်း”
ကျွန်တော်တို့ ဘောက်တူကို တဖြည်းဖြည်း လှော်ခတ်လာခဲ့ကြသည်မှာ နေ၀င်ဖျိုးဖျအချိန်တွင် ကျိုက္ကဘာ ရွာသို့ ရောက်ခဲ့ကြပါသည်။ ကျိုက္ကဘာရွာသူကြီးမှာ ကျွန်တော်တို့၏ အမာခံရဲဘော်တစ်ဦးဖြစ်၍ ၎င်း၏ ရွာ တစ်ရွာလုံး၌ ရဲဘော် ၃၀ ကျော်မျှ ဖြန့်ကျက်နေထိုင်လျက် ရှိသည်။ ဂျပန်များ ၀င်ထွက် သွားလာနေသည့် ကြားမှပင် သခင်သာဖန်သည် ၎င်းရဲဘော်များကို လုံခြုံစွာပင် စောင့်ရှောက်ထားနိုင်ခဲ့သူလည်းဖြစ်ပါသည်။

“ဗျို့ ... သူကြီး သခင်သာဖန်ကြီး ရှိလားဗျို့”
ကျွန်တော့်အသံကို ကျက်မိသော သခင်သာဖန်သည် ကမ်းစပ်သို့ အပြေးအလွှားဆင်းလာသည်။ ၎င်း၏ နောက်မှ ဂျပန်စကားပြန် ကိုသိန်းနိုင်နှင့် မောင်မောင်သန်းတို့ကိုပါ တွေ့လိုက်ရသဖြင့် အံ့သြမိသည်။ ၎င်းတို့ နှစ်ယောက် ယခုကဲ့သို့ ရောက်ရှိနေခြင်းသည် ဖျာပုံမြို့၏ ပြောင်းလဲမှု တစ်ခုခုအတွက် ဖြစ်လာလိမ့်မည်ကိုမူ တွက်ဆမိပါသည်။ ကျွန်တော်ထင်သည့်အတိုင်းပင် သူကြီး အိမ်ပေါ်တွင် ထိုင်မိလိုက်သည်နှင့် တစ်ပြိင်နက် ဖျာပုံမြို့နယ်အတွင်း ဂျပန်တပ်များ၏ လှုပ်ရှားမှုများကို ဂဃနဏ သိရပါတော့သည်။ ဂျပန်တပ်များသည် ဖျာပုံမြို့ပေါ်တွင် ဟန်ပြမျှသာ ထားရှိပြီး အချက်အချာ ကျသော ကျေးရွာများ သို့ ဖြန့်ကျက် တပ်စွဲထားလျက် ရှိ ကြောင်း သိရပါသည်။ ဥပမာ ကျွန်တော်တို့၏ အချက်အချာနှင့် အင်အား အတောင့်တင်းဆုံးဖြစ်သည့် ဖျာပုံ မြို့၏ တောင်ဘက်ပိုင်း၊ ပင်လယ်ပိုင်းတစ်ခုလုံး၊ ကျုံကဒွန်း၊ ဆိပ်မ စသည့်ရွာတို့တွင် ဂျပန်တပ်ခွဲစတ်ခုမျှ ရှိသော အင်အား များဖြင့် တပ်ဆွဲထားပါသည်။

“တခြားဘာထူးသေးလဲ”
“စိတ်ထိခိုက်စရာ သတင်းတစ်ခုတော့ ပြောရဦးမယ်ဗျာ။ ညောင်လမ်းငူက ဖမ်းထားတဲ့ ရဲဘော် ၃ ယောက်ဟာ ကင်ပေတွေ ညှင်းတာနဲ့ သေသွားကြပြိ”
“ဗျာ ... သေပြီဟုတ်လား”
“အင်း ...”
ကျွန်တော် စကားဆက်၍ မပြောနိုင်တော့ပါ။ ကျွန်တော်၏ ပါးပြင်ပေါ်တွင် မျက်ရည်များ ကျဆင်းလာသည်။ ကျွန်တော် ငိုသောအခါ ကျန်ရဲဘော်များလည်း မျက်ရည်ကျသည်။
“တောက် ... တိုက်ရင်းခိုက်ရင်း သေရတာထက် ခုလို ချောင်ပိတ်အမိခံပြီး သေရတာ နာတယ်ဗျာ”
“ရဲဘော်တွေ ကျဆုံးသွားတယ်ဆိုတာ သေချာရဲ့လားဗျာ”
“သေချာပါတယ်”

“ဘယ်သူ့ဆီက သတင်းရတာလဲ”
“ကျွန်တော်ကိုယ်တိုင် မိခဲ့တာပါ။ ကျွန်တော် သေချာအောင် ရဲဘော်တွေ အလောင်းမြှုပ်တဲ့ဆီ ကျွန်တော်ပဲ လိုက်သွားပါတယ်”
ကိုသိန်းနိုင်၏ နောက်ဆုံးစကားများအရ ကင်ပေတိုင်များသည် ရဲဘော် ၃ ယောက်ကို အမျိုးမျိုး ညှဉ်းပန်း နှိပ်စက်မှုများ ပြုရာတွင် လူ့လောက၌ ထည့်၍ပင် စဉ်းစားဝံ့စရာမရှိသော နည်းများဖြင့် ညှဉ်းပန်းမှု ပြုခဲ့ကြ သည်ကို ကြားရလေသည်။
ကောင်းကင်ပြင် သည် မည်းမည်းမှောင်နေသည်။ လမိုက်ရက်ဖြစ်၍ ကြယ်များသည် ထွန်းပလျက်ရှိသည်။ မိုးမျက်နှာပြင်ပေါ် မှ ကြယ်များ တစ်ခါတစ်ခါ ကြွေလျက်ရှိသည်။
မိုးမျက်နှာ ၏ မျက်ရည်ပေါက်များလော ...။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၃၃)

ဒီတော့မှ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ ခေါင်းလေးတွေ ညိတ်လို့ ကျေနပ်သွား ကြလေရဲ့။
ဆေးရုံ ရောက်တော့ ဒေါက်တာသန်းသန်းဌေး မှာထားတဲ့အတိုင်းပဲ၊ ခင်ထွေးကို ဆရာဝန် နဲ့ တွေ့ပေး လိုက်ပါတယ်။ ဆရာဝန်က သေသေချာချာ စမ်းသပ်ပြီးတာနဲ့ ကလေးသေဆုံးကြောင်း သူ့ကိုလည်း ရှင်းပြ၊ လိုအပ် တဲ့ ထောက်ခံစာလည်း ရေးပေးလိုကတော့ အမေခမျာ မျက်ရည်တွေကျလို့။ ဒီတော့မှ သူ့သား သေတယ် ဆိုတာ လက်ခံပေတော့တာပဲ။ အိမ်ကို လည်း တစ်ခေါက် ပြန် မသွားချင်တော့တာ နဲ့ ဂန္ဓီဆေးရုံ က အပြန်မှာ လမ်းလည်း ကြုံတာဖြစ်လို့ ကျွန်မတို့ ကိုးကွယ်တဲ့ ပုဇွန်တောင်က ဆားလင်းကျောင်း တိုက်ကို ဝင်လိုက်ပါတယ်။ ဆရာတော်နဲ့လည်း အဆင်သင်တွေ့လို့ တစ်ခါတည်း ကလေး ရဲ့ ရုပ်ကလာပ်ကို သရဏဂုံ တင်ပြီး တာမွေသုသာန်မှာ သင်္ဂြိုဟ်ရပါတယ်။
'ဉာတကနဉ္စ သင်္ဂဟော' အဆွေအမျိုးတို့ကို စောင့်ရှောက်ရခြင်း ဆိုတာ မင်္ဂလာတစ်ပါးလို့ ရှင်တော်ဘုရား က ဟောကြားခဲ့ပေမဲ့ မိမိမှာ ပြဿနာကင်းအောင်လည်း စောင့်ရှောက် တတ်ဖို့ လိုအပ်ပါလားဆိုတဲ့ အသိတရား တစ်ခုလည်း သင်ခန်းစာအဖြစ် ရရှိလိုက်ပါသေး တယ်။
ကျွန်မဘ၀ သင်ခန်းစာ များကတော့ စုံပါ့ဆိုတဲ့ အထဲပါပဲနော်။
ကို ဆက်ဖတ်ရန် ......

အပိုင်း (၃၅)

"အသက်တစ်ရာ မနေရပေမဲ့ တွေ့ရတတ်တယ်" လို့ ဆိုထားတာပဲနော်။ အဲဒီ တွေ့ရတဲ့ အမှု တွေထဲက ဘ၀သင်ခန်းစာလေးတွေ ယူသွားနိုင်ကြလို့လည်း အသက်အရွယ်ရတာနဲ့ အမျှ လူတွေမှာ ရင့်ကျက်မှု ရလာကြ တာ ဖြစ်မှာပါပဲ။ ဘ၀ခရီးမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ လက်ရှိ တစ်မိနစ်စာ၊ တစ်နာရီစာ၊ တစ်နေ့စာကိုပဲ အာရုံထားပြီး အကောင်းဆုံး စိတ်စေတနာနဲ့ တာဝန်ယူသွားကြမယ် ဆိုရင် ကိုယ့်အတွက်ရော၊ သူတစ်ပါး အတွက်ပါ ကောင်းသော မနက်ဖြန်တွေ ဖြစ်လာနိုင်ကောင်းပါရဲ့။
ကျွန်မလည်း တူမလေးခင်ထွေးကို စိတ်ဖြေနိုင်အောင် ချော့မော့ပြီး တရားချရ၊ အားပေးရ၊ အကျိုးအကြောင်းစုံ ကိုလည်း သူ့ခင်ပွန်းသိရအောင် မန္တလေးကိုလှမ်းပြီးဆက်သွယ်အကြောင်း ကြားရနဲ့ အလုပ်တွေရှုပ်ပေါ့။ ဒီအချိန်မှာ ဦးကျော်ဇောကလည်း ကန်ရိပ်သာမှာ တိုက်တစ်လုံး စဆောက်ဖို့ ဗိသုကာဦးလှဖေနဲ့ ပုံဆွဲထားတာတွေ ကို လိုတာပိုတာ ပြင်ဆင်ပြီး ကုန်သွယ်ရေး က ပစ္စည်းတွေထုပ်ဖို့ အလုပ်ရှုပ်ပေါ့။

ခင်ထွေး မန္တလေး ပြန်သွားပြီးနောက် ကျောင်းပိတ်ရက် ရောက်တော့မှာကြောင့် သားတွေကို ရှင်ပြုဖို့ စဉ်းစား မိတာ နဲ့ စီစဉ်မယ် လုပ်ပါတယ်။ သားအကြီး ရွှေစင်က...
"ဟာ... မာမီကလည်း နေပါဦး၊ ကျော်ဝင်းတို့၊ မြတ်နိုးတို့နဲ့ ကျောင်းပိတ်ရက်မှာ ငပလီ သွားကြဖို့ တိုင်ပင် ထားတာ ခေါင်တုံးကြီးနဲ့ မသွားချင်ပါဘူး။ ပြန်လာမှ လုပ်ပါ " တဲ့။
သူ ဈေးဆစ်ကောင်းတာနဲ့ ကျွန်မလည်း ရက်ရွှေ့လိုက်ရပြန်ပါရောလေ။ သူတို့ တိုင်ပင်ထား တဲ့အတိုင်း သူငယ်ချင်းသုံးယောက် ငပလီတဲ့ သွားလိုက်ကြတာ ဒါပထမဆုံးအကြိမ် မိဘမပါ ဘဲ လွှတ်ရတဲ့ခရီးဖြစ်လို့ စိတ်မချနိုင် ဘဲ ရေနက်နက်ထဲ အတင့်ရဲပြီး ဆင်းမကူးကြဖို့လည်း မှာကြားလိုက်ရတာ အထပ်ထပ်ပါပဲ။
KG ကတည်းက တွဲလာကြတဲ့ ဒီသူငယ်ချင်းသုံးယောက်က ဘာလုပ်လုပ် အတူတူပဲလေ။ သင်္ကြန်ရက်ဆိုရင် မကျခင် တစ်ရက်ကတည်းက မောင်ကျော်ဝင်း အိမ်မှာ သွားစုကြပြီး နို့ဆီ ခွက်တွေ၊ သံပုံးစုတ်တွေနဲ့ တီးဝိုင်းဖြစ်အောင် ဖန်တီးပြီး တီးကြ မှုတ်ကြ၊ ရေပက်ခံ လည်ကြ၊ နှစ်ဆန်း တစ်ရက်နေ့ကျ မှ ခြေကုန်လက်ပန်းကျပြီး နေလောင်ထားလို့ တစ်ကိုယ်လုံး အသားနီ လန်ထာတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြန်ရောက် လာတာမျိုးပါ။ အမေက မနေနိုင်လို့ ဒဏ်ရာ တွေကို ပေါင်ဒါတွေ ဖြူးပေးရ၊ လိုးရှင်း လိမ်းပေးရပေါ့။

အခုလည်း သုံးယောက်သား ဘဲလ်ဘော့တွမ်တွေ၊ ဆံပင်အရှည်ကြီးတွေနဲ့ သွားကြလေရဲ့။ သံတွဲဈေး ထဲမှာ လျှောက်ကြတော့ ကလေးတွေက နောက်က တကောက်ကောက်လိုက်ပြီး "စုတ်စုတ်ပြတ်ပြတ် လမ်းသရဲ ရုပ်က ပုံမလာတယ်" ဆိုတဲ့ အကော်ဒီယံ အုန်းကျော်ရဲ့ သီချင်း ကို လိုက်ဆိုရင်း သြဘာပေးကြလို့တဲ့။ သွားတုန်း ကတော့ ငါးရက်ဆိုပြီး စီစဉ်သွားကြတာပါပဲ။ ပြန်မယ့်ရက်မှာ လေယာဉ်ကွင်းက အကောက်ခွန် အရာရှိက သိနေလို့။ အဲဒီအရာရှိက တစ် ဆင့် လက်မှတ် မရတာကြောင့် ပြန်မလာနိုင်သေးတာကို သတင်း ပို့ပေးလာ ပါတယ်။
ဆယ်ကျော်သက်ကလေးတွေ ဆိုတော့ ရှေ့နောက်စဉ်းစားပြီး တိုင်းရထွာရ ကောင်းမှန်းလည်း သိကြတာ မဟုတ်ဘူး။ ပါလာတဲ့ငွေတွေ သုံးကြစားကြပြီးတဲ့နောက် ပြန်ရမဲ့ရက်ကိုရောက်တော့ ကျန်သမျှငွေနဲ့ ငပလီပြန် လက်ဆောင်ပေး ဖို့ဆိုပြီး ခရုပုတီင်္းတွေ၊ ကောက်ညှင်းထုပ်တွေ ၀ယ်လိုက်ကြ တာပေါ့။ လေယာဉ်ကွင်းရောက် ကာမှ လက်မှတ် မရတော့ လက်ထဲမှာလည်း တစ်ပြားမှ မရှိကြတော့ဘူး။ တည်းတဲ့ဟိုတယ် ပြန်လာတော့လည်း အခန်းခ ပေးစရာ မရှိတာနဲ့ ဟိုတယ်စောင့် အဘိုးကြီးကို အကျိုးအကြောင်း ပြောပြရတယ်တဲ့လေ။ အဘိုးကြီးက သနားပြီး သူ့တဲလေးမှာ ပေးနေပေလို့ အိပ်စရာ နေရာလေး ရတာတဲ့လေ။

လက်မှတ်ကလည်း တစ်ရက်နဲ့မရ၊ နှစ်ရက်နဲ့မရ၊ ၀ယ်စားစရာ ပိုက်ဆံကလည်း မရှိတော့ လက်ဆောင်ပေး မဲ့ ကောက်ညှင်းထုပ်တွေ ကုန်သွားပြန်တော့ ရေသောက်ပြီး ဗိုက်မှောက်နေ ရတော့တာပေါ့။
ရန်ကုန်မှာရှိတဲ့ မိဘတွေကတော့ သူတို့ ကြုံတွေ့နေရတဲ့ အီသီယိုပီးယားနဲ့အပြိုင် ငတ်မွတ် ခြင်းဘေးကြီးကို မသိဘူးလေ။ တမျှော်မျှော်နဲ့ ဖြစ်နေရပြီး အချင်းချင်းတစ်ဦးနဲ့ တစ်ဦး ဖုန်း ဆက် သတင်းမေးနေရပါတယ်။ သုံးရက်မြောက်နေ့ ကျမှ မောင်မြတ်နိုးရဲ့ ဖခင် အစီအစဉ်လုပ် ပေးမှုနဲ့ VIPလေယာဉ်တစ်စီး အပြန်မှာ နေရာချောင်လို့ သူတို့သုံးယောက်ကို ပြန်ခေါ်လာခဲ့ ပေးဖို့ မှာကြားလိုက်တာကြောင့် သုံးယောက်သား ပြန်ရောက်လာကြလေရဲ့။ အဲဒီနေ့က လေ ယာဉ်ကွင်းက ရောက်ရောက်ချင်း ထမင်းပွဲပြင်တော့ စားလိုက်ကြတာ။ ထမင်းကို အခုမှမြင်ဖူး တဲ့ အတိုင်းပါပဲ။ သူတို့ အတွေ့အကြုံတွေ ကို ပြောပြလို့ နားထောင်ရတာ ကျွန်မမှာ ရယ် လည်း ရယ်ရ၊ ရင်လည်း နာရ။ ဒါ သူတို့အဖို့ ဖြစ်ချင်ရာဖြစ်တတ် တဲ့ လူ့ဘ၀ရဲ့ ဇာတ်လမ်း အစ နမူနာအပိုင်းလေးပေါ့နော်။
ရာသီဥတုရယ်၊ အချစ်ရယ်၊

လူ့ဘ၀ခရီး ဆိုတာရယ် အားလုံး အတူတူပါပဲ။ ဘယ်လောက်သေ ချာတယ် ထင်ထားထား တကယ်တမ်း ကျတော့ ဟုတ်ချင်မှ ဟုတ်တယ်၊ အချိန်မရွေး ပြောင်း လဲနိုင်တာပါလား ဆိုတာ ခံယူထားနိုင် ပါမှ တော်ကာကျပါတယ်။ အခုလည်း ကျွန်မတို့ အိမ် ရောင်းလို့ ထွက်လာတဲ့ငွေထဲက တချို့ကို ခွဲပြီး အိမ်သုံး စရိတ်ရအောင် မန္တလေးက ကျွန်မတို့ ရဲ့ မိတ်ဆွေရင်းတစ်ယောက်ဆီမှာ ရင်းနှီးဖို့ ထည့်ထားလိုက်တာ မို့ နေရေး စားရေးတော့ ရင်အေးသွားရတယ်ပေါ့။ ဓာတ်ပုံတိုက်ကရတဲ့ ၀င်ငွေကတော့ သားသမီးအတွက် ပိုပို လျှံလျှံ သုံးဖို့နဲ့ လှူစရာ၊ ပေးစရာအဖြစ် ထားပြီး ဦးကျော်ဇောကလည်း ကန်ရိပ်သာခြံမှာ တိုက်စ ဆောက်ဖို့ ပြင်ဆင်နေပြီလေ။ ဒီတော့ လက်ရှိအခြေအနေအရ ချောမွေ့ ဖြောင့်ဖြူးတော့မဲ့ အရိပ်အယောင် မြင်နေသလိုပါပဲ။

ဒီအချိန်မှာ တက္ကဆက်ပြည်နယ်မှာ တစ်ယောက်တည်း ချန်နေခဲ့တဲ့ သမီးကေခိုင်က လက်ထပ် ဖို့ ရည်ရွယ် သူ တွေ့ထားပြီ ဆိုပြီး ကျွန်မဆီမှာ ခွင့်တောင်းလေရဲ့။ အစ်ကိုကြီး အဖအရာမို့ အနီးအနားမှာရှိတဲ့ အစ်ကိုနဲ့ တိုင်ပင်ပြီး စီစဉ်ဖို့ ပြောလိုက်ရတယ်ပေါ့။ ကျွန်မအနေနဲ့ သား သမီးတွေရဲ့ အိမ်ထောင်ရေးကို လွတ်လပ် စွာ ရွေးချယ်ခွင့် ပေးထားပြီးဖြစ်လို့ သူတို့ကလည်း အမြဲတမ်း အမေကို ပွင့်ပွင့် လင်းလင်း ပြောဆိုတိုင်ပင်နေကျပါ။ သားနဲ့ ပြောတော့လည်း သား က သူ့ညီမ လက်ထပ်လိုတဲ့ သူငယ်ကို စိစစ်ကြည့်ပြီး မှ ကျေနပ်ခွင့်ပြုပါတယ်။ ဒီတော့ သားကြီးခင်မောင်ဝင်းခန့်က အုပ်ထိန်းသူအဖြစ်နဲ့ ကေခိုင်ရဲ့ လက်ထပ်ပွဲ မှာ ပါဝင်ပြီး ညီမ ငယ် ယမင်းကိုတော့ အပျိုရံအဖြစ် လုပ်စေချင်တယ် စီစဉ် တာကြောင့် မောင်နှမနှစ်ယောက် ကေခိုင် ရဲ့ လက်ထပ်ပွဲကို ပါဝင်ဖို့ ဟူစ္စဆင်ကို လိုက်သွားကြလေရဲ့။

ကျွန်မအဖို့တော့ ဝေးလံတဲ့ခရီးမို့ မသွားနိုင်ဘဲ ပို့လိုက်တဲ့ မင်္ဂလာဓာတ်ပုံလေးတွေ နဲ့ပဲ ကျေနပ်နှစ်သိမ့် လိုက်ရတယ်ပေါ့။ ကိုယ့်ကိုယ်စား တာဝန်ယူ စောင့်ရှောက်ပေးမဲ့သူတစ်ဦး ဘ၀အဖော်အဖြစ် ရထားပြီ ဆိုတော့လည်း တစ်နည်း စိတ်အေးရတယ် ဆိုပါတော့။ အဲ... စိတ်မအေးရသေးတာက မယမင်းအတွက်ပါပဲ။ အမေရိကား ကို ရောက်ကတည်းက လာသမျှ စာတွေက အိမ်အလွမ်းနာ စာတွေချည်းပဲလေ။ ဘယ်သူမဆို ကိုယ့်မွေးရပ်မြေကို ခွဲခွာသွားရ သူတိုင်း အိမ်းလွမ်းနာကျကြတာ ဓမ္မတာပါပဲနော်။
ရေခြားမြေခြား သူတစ်ပါးတိုင်းပြည် မပြောနဲ့။ ကိုယ့်တိုင်းပြည်ထဲမှာ မန္တလေးက နေပြီး ရန်ကုန်ပြောင်း လာတာတောင် ရင်ကွဲနာကျပြီး ကျွန်မမှာ နေ့စဉ်နဲ့အမျှ မျက်ရည်ကျပြီး ငိုနေရတာ တော်တော် နဲ့ နေသားမကျပါဘူး။ သုံးနှစ်လောက် ကြာကာမှပဲ နေသာထိုင်သာ ဖြစ်သွားရတာပါ။ ခုလို ဘာသာစကားမတူ၊ အလေ့အထ မတူ၊ အယူဝါဒမတူ၊ ယဉ်ကျေးမှုမတူ တဲ့ သူစိမ်းတစ်ရံဆံတွေကြားမှာ အခြေတကျဖြစ်ဖို့ ဆိုတာ လည်း အချိန်ယူရပါတယ်။ လောလောဆယ်မဖြေသာ၊ မနေသာဖြစ်နေတဲ့ သမီးကိုလည်း စာနာခံစားမိပါရဲ့။

ဒါကြောင့် စာတွေမပြတ်ရေးပြီး အားပေးနှစ်သိမ့်ပေမယ့် ငယ်ရွယ်သေးတော့ စိတ်အားမတင်း နိုင်ဘဲ အမေလိုက်လာဖို့ပဲ တဂျီဂျီမှာ နေပါတယ်။ သမီးဆီက ရောက်လာတဲ့စာတွေ ဖတ်ပြီး တိုင်း ကျွန်မရဲ့ရင်ကို ဆွဲဆုတ်ခံရသလို တစ်ခါတစ်ရံလည်း မျက်ရည်ကျမိတဲ့ထိ လှိုက်လှိုက်လှဲ လှဲ နာကျင်ခံစားရပါတယ်။
ဒါဆိုရင် လည်း ဘာဖြစ်သေးလဲ။ သမီးတို့အားလုံး သွားကြရအောင်လေတဲ့။ ကျွန်မမျက်ရည် ကျတာမြင်တော့ အနားမှာ ရှိတဲ့ ကေသီက အားပေးစကား ဆိုပါတယ်။ ပြောလို့သာ ပြောတာ ပါ။ အားလုံးသွားကြဖို့ ကိစ္စဆိုတာ လွယ်တာ မှ မဟုတ်ဘဲ။ နောက်ပြီး သမီးကေသီကလည်း သူ့အလုပ်နဲ့သူ ပျော်နေတာပါ။ မြန်မာ့လေကြောင်း သယ်ယူပို့ဆောင်ရေး မှာ လုပ်ရတာဖြစ် တော့ တစ်နှစ်တစ်ခါ မြန်မာပြည်တွင်း ဘယ်နေရာ သွားသွား လေယာဉ် လက်မှတ်က အလကားရသေးတာလေ။ သူတစ်ယောက်တည်းတင် မဟုတ်ဘူး။

မိခင်အနေနဲ့ ကျွန်မလည်း ခံစားခွင့်ရလို့ ဟန်ကိုကျလို့။
ကေသီက ခရီးသွားဖို့လည်း အလွန်ကိုဝါသနာပါတဲ့ မိန်းမ။ သူ့ကုသိုလ်ကလည်း ကောင်း တယ်။ အဲလို ခရီးသွား ၀ါသနာပါတဲ့သူ ယူဘီအေမှာ လုပ်တော့ ခြေထောက် အတောင်ပံ တပ်ပေးလိုက်တဲ့အတိုင်းပေါ့။ ငယ်ရွယ်စဉ် ကျောင်းသူဘ၀ကတည်းကလည်း ကျောင်းပိတ် ရက်ဆို ကေခိုင်နဲ့ ညီအစ်မနှစ်ယောက် ရွှေမန်းသင်္ကြန်ကို တစ်နှစ်မပြတ် သွားနေကြပါတယ်။ ကျွန်မက နောက်ပိုင်း မအေးသူမို့ ခရီးသွား ၀ါသနာပါပေမဲ့ အိမ်က ရက်ကြာကြာခွဲနိုင်သူ မဟုတ်တာကြောင့် ခရီးထွက်ဖြစ်ခဲပါတယ်။
ကျွန်မ လိုက်ပို့တာသာ စောင့်ပြီး သွားရမှာဆိုရင်တော့ ကလေးတွေလည်းဘယ်မှရောက်ဖူးကြ မှာ မဟုတ်ဘဲ ရွှေလှောင်ချိုင့်စံ မင်းသား၊ မင်းသမီးလေးတွေပဲ ဖြစ်နေကြတော့မှာမို့ စိတ်ချရ တဲ့ လူကြုံကောင်းရတိုင်း ကျွန်မက သူတို့နေရာတကာ ရောက်ဖူးရအောင် ပေးပြီးလွှတ်ပါ တယ်။ ဒါကြောင့် မကေသီဆို ဟိုးမြန်မာပြည်ရဲ့ အထက်ဖျား မချမ်းဘောကနေပြီး အောက်ခြေ ကော့သောင်ထိ ရောက်ဖူးပါတယ်။

ကော့သောင် ခရီးတစ်ခေါက်ကတော့ တကယ့်ကို အမှတ်တရပါပဲ။ အဲဒီနှစ်က ကော့သောင် သွားကြမယ် စီစဉ်တော့ သမီးအပါအ၀င် ယူဘီအေက ကလေးမတွေ တစ်သိုက်ကြီးပေါ့။ ရန်ကုန်က ထားဝယ် ကို လေကြောင်းနဲ့ သွားကြပြီး ထားဝယ်မှာ တစ်ရက်နား လျှောက်လည် ကြ၊ မြို့ခံဖြစ်တဲ့ မိတ်ဆွေ သန်းသန်းကြည် က တာဝန်ယူပို့ပေးတာနဲ့ မောင်းမကန် ပင်လယ် ကမ်းခြေကိုလည်း ရောက်ဖြစ်ကြသေးတယ်။ ကျွန်မ အညာသူအဖို့တော့ ပင်လယ်ရဲ့ အလှက အံ့မခန်းပါပဲ။ ကျိုက္ခမီနဲ့ ငပလီကမ်းခြေတွေ ထက် မောင်းမကန်က သဲသောင်ပြင် ပိုကျယ်တာ မို့ ငွေလွှာင်ဖြူးကြီး ချခင်းထားတဲ့အတိုင်း လရောင်ရိပ်မှာ လင်းလက်နေ ပုံက အသက်ရှုမှား လောက်တဲ့ ရှုခင်းပါပဲ။

လသာသာမှာ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ထွက်ကြရင်း တခြားဗိုလ်တဲတွေက လူငယ်အုပ်စုတွေနဲ့ မိတ်ဆွေ ဖြစ်သွားကြလို့ အုပ်စုတောင့်တော့ သဲသောင်ပြင်ပေါ်မှာ စိတ် လွတ်လက်လွတ် ပျော်နေကြတာ ကြည့် ရတာ ကျွန်မတို့လူကြီးပိုင်း အုပ်ထိန်းသူတွေတောင် ရင်မှာ ပေါ့ပါးတဲစိတ်နဲ့ ကြည်နူးပီတိ ဖြစ်ကြရပါတယ်။ သန်းခေါင်တိုင် မှ ဗိုလ်တဲ ပြန်ရောက် တော့ ဗိုလ်တဲစောင့်ဦးကြီးက ကမာကောင် ဟင်းစပ်စပ်နဲ့ ထမင်းချက်ကျွေး တာကို စား ကောင်းကောင်းနဲ့ စားလိုက်ကြတာ စားပိုးနင့်မတတ်ပါပဲ။
ထားဝယ်ကနေ မြိတ်ကို လေကြောင်းနဲ့ ထပ်ဆင့်သွားရပါတယ်။ မြိတ်မှာတော့ ကြိုတင် အကြောင်းကြောင်းထားလို့ ဦးကျော်ဇောရဲ့သူငယ်ချင်း ဦးကြူဝကြီးက လေဆိတ်မှာလာကြို ပြီး သူ့အိမ် မှာတည်း၊ မြိတ်မြို့ကိုလည်း နှံအောင် လိုက်ပို့ပေးလို့ အဆင်ပြေတယ်ပေါ့။

မြိတ်ရဲ့ အသုံးအနှုန်းတွေကလည်း တစ်ရွာ တစ်ပုဒ်ဆန်း မှတ်သားစရာပါပဲ။ သူတို့က လူ နာမည်နဲ့ အတူထူးခြားချက်ကလေးတွေကို ၀ိသေသပြုပြီး တွဲခေါ်လေ့ရှိကြတယ်။ ကျွန်မတို့ မိတ်ဆွေ ဦးကြူဝကတော့ 'ဦူးကြူဝကြီး' တဲ့။ တခြားပိန်တဲ့ ဦးကြူကျတော့ 'ဦးကြူပိန်သေး' ဖြစ်ပါလေရော။ ကျွန်မသာ မြိတ်သူဖြစ်ခဲ့ရင် ဓာတ်ပုံရိုက်တာကို အကြောင်းပြုပြီး ဓာတ်ပုံ ခင်မကြီးလို့ အခေါ်ခံရမလား မသိနော်။
မြိတ်ကနေ ကော့သောင်းကို ကြယ်ငါးပွင့်သဘောင်္နဲ့ သွားရပါတယ်။ ပင်လယ်ထဲမှာ သင်္ဘော စီးဖူးတာ ဒါပထမအကြိမ် မို့ လှိုင်းမူးတဲ့ဒဏ်ကို အလူးအလဲ ခံလိုက်ရသေးတယ်။ အဲဒီသဘောင်္ ပေါ်မှာ ကျွန်မနဲ့ ကွန့်ဗင့် မှာကတည်းက တစ်တန်းတည်း ငယ်သူငယ်ချင်း 'မေဘယ်လ်ကြည်' ရဲ့ခင်ပွန်း ရေဒီယိုအရာရှိ ဦးလှသန်း ပါလာတာကြောင့် ခရီးမှာ အထောက်အကူ အများကြီး ရခဲ့ပါတယ်။ ကော့သောင်ကို ရောက်တော့ ဦးကြူကြိုတင် အကြောင်းကြား စီစဉ်ပေးတာ ကြောင့် အမတ်ဦးကြည် မိသားစု လာကြိုပြီး သူ့အိမ်မှာ အစစ တာဝန်ယူပြီး ပြုစုစောင့်ရှောက် ပေးပါတယ်။

နောက်နေ့မနက်ကျတော့ ဦးကြည်က မင်းတို့ လူငယ်လေးတွေ ဈေးဝယ်ဖို့ ရနောင်းကို နေ့ချင်းပြန် သွားချင်ရင် လူဝင်မှုကြီးကြပ်ရေးအရာရှိဆီမှာ ခွင့်တိုင်ပြီး သွားလို့ရတယ်ပြော တော့ မကေသီတို့ ယူဘီအေအုပ်စု ၀မ်းသာအားရ နဲ့ ထအော်ကြပါလေရော။ ကော့သောင်းနဲ့ ရနောင်းကလည်း နီးနီးလေးရယ်။ တစ်ဖက်ကမ်း မှာရှိတဲ့ ရနောင်းကို မော်တော်လေးနဲ့ ကူးလိုက်ရင် တစ်နာရီလောက်ပဲ ကြာတာလား။
ဒါနဲ့ ဦးကြည်ပြောတဲ့အတိုင်း လူဝင်မှုကြီးကြပ်ရေးမှာ ခွင့်တိုင်ပြီး ကျွန်မတို့အုပ်စုရနောင်း ကူးဖြစ်ကြပါတယ်။ ရနောင်းဘက် ခြေချလိုက်တာနဲ့ ဆိုင်ကြီးတွေက တန်းစီနေတာပဲ။ ကုန် ပစ္စည်းတွေကလည်း အပြည့်အသိပ်။ အ၀တ်အထည်တွေဆိုလည်း အလိပ်လိုက်၊ အလိပ်လိုက် ခေါင်ခိုက်နေအောင် များပြားတာပါ။
ကျွန်မနဲ့ ပါလာကြတဲ့ မကေသီတို့ သူငယ်ချင်းအုပ်စုတွေမှာ ဟိန်းနေတဲ့ ဆိုင်ကြီးတွေကို ကြည့်ပြီး ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေကြလေရဲ့။ သူတို့လူဖြစ်တဲ့ခေတ်မှာ ကုန်သွယ်ရေးက ရောင်းချတဲံ သမ၀ါယမ ဆိုင်ကလေးလောက်ပဲ မြင်ဖူးထားတာ ဆိုတော့ လည်းအံ့မခန်းဖြစ်ရှာ မှာပေါ့။ ကျွန်မတို့ လူငယ်ူဖြစ်တုန်းက ဆိုရင် ရိုးကုမ္ပဏီတို့၊ တီဂျူးမားတို့၊ စိန်ဘရားသားတို့ ဆိုတာလည်း ရနောင်းက  ဆိုင်ကြီးတွေထက် သာအောင် ဟိန်းနေတာပါပဲ။

ကုန်ပစ္စည်းတွေ အထပ်လိုက်၊ အပုံလိုက်မမြင်စဖူး မြင်ရတော့ ဟိုဟာလည်း ၀ယ်ချင်၊ ဒီဟာလည်မးရချင် ၀ယ် လိုက် ကြတာ လက်မလည်နိုင်အောင်ပါပဲ။ ဆိုင်တစ်ခုထဲ ၀င်မိရင် မထွက်တမ်း ၀ယ်ချင်ကြလို့ ကျွန်မမှာ သူတို့ကိုလောဆော်ရ၊ ဘရိတ်အုပ်ရ၊ ပါးစပ်က အမြှုပ်ထွက်အောင် ပြောရတယ်လို့ လူကြီးတွေ ပြောနေကျ ပုံခိုင်း စကားကို ခုမှ လက်တွေ့ ကြုံရတော့တာပါပဲ။
ဈေးဝယ်ကောင်းနေတာနဲ့ နေ့လယ်စာတောင် မစားဖြစ်ကြပါဘူး။ ညနေလေးနာရီ ထိုးတာနဲ့ ပြန်ချိန်တန်လို့ သူတို့တစ်တွေ ကို ဆိုင်ထဲကသ ဆွဲထုတ်ဖို့ ကျွန်မ ကြိုးစားပေမဲ့ 'အန်တီရဲ့ ခဏလေးပါ' 'မာမီရဲ့ နေပါဦး' ဆိုတဲ့ အပြောတွေ နဲ့ အ၀ယ် လက်စမသတ်နိုင်တာကို ဆက်စောင့်လိုက်ရတာ ခြောက်နာရီ ထိုး ပါလေရော။ မှောင်စကလည်း ပျိုးနေပါပြီ။ ၀ယ်ခြမ်းလာတဲ့ ပစ္စည်းတွေကလည်း မနိုင် မနင်း။. မော်တော်အသေးလေး တစ်စီးတိုက်စာ ဖြစ်နေပါတော့တယ်။

မော်တော် စထွက်တော့ မြစ်ထဲမှာ မည်းမည်းမှောင်နေပြီ။ ကော့သောင်က အထွက်မှာ လူဝင်မှုကြီးကြပ်ရေး အရာရှိက အသေအချာကို မှာလိုက်တာပါ။ " ခင်ဗျားတို့ လေးနာရီ ထိုးတာနဲ့ ပြန်လာကြနော်၊ မမှောင်စေ နဲ့၊ မှောင်ရင် စိတ်မချရတာ မဟုတ်ဘူး။ လူကို မော်တော်ပေါ်က ရိုက်ချပြီး လုယူတာမျိုးတွေ ရှိတယ်။ ဖြစ်လာရင် ကျွန်တော်တို့မှာ တာဝန်ရှိတယ် "တဲ့။
အခု ရေလယ်ကျတော့မှ အရာရှိရဲ့စကား ကြားယောင်ပြီး ကျွန်မတို့မှာ ရင်တထိတ်ထိတ် နဲ့ ကြောက်လိုက်ကြတာ တုန်လို့ပါပဲ။ ဖြတ်လာတဲ့ မော်တော်တွေ့တိုင်း အန္တရာယ်ပြုမဲ့သူတွေ ဖြစ်လေမလား ဆိုတဲ့ စူးစမ်းအကဲခတ်ရပါသေးတယ်။ တကယ် ဟုတ်နေရင်လည်း ဒီအချိန်မှာ ဘာမှမတတ်နိုင်ဘဲ လည်စင်းပြီး ခံလိုက်ရမဲ့ အဖြစ်ပါပဲ။

မော်တော်တစ်ခုလုံးမှာ အားကိုးရာ ယောက်ျားလေးရယ်လို့ မြင့်မြင့်ဝေရဲ့ အစ်ကိုမောင်မြတ်ကျော် တစ်ယောက်တည်း ပါတာပါ။ လူကြီးဆိုလို့ ကျွန်မတစ်ယောက် တည်းရယ်နော်။ တွေးကြည့်ရင် အားငယ် စရာကြီး။ ကော့သောင် ရောက်ခါနီး တစ်ခေါ်လောက် အလိုမှာ သေနတ်ကိုင် ယူနီဖောင်းဝတ်တွေ နဲ့ မော်တော်က ကပ်လာတော့ ကျွန်မတို့တော့ မြစ်လယ်ကောင်မှာ ကိစ္စချောလေပြီလို့ တွေးရင်း အသက်ရှုမှား၊ လက်ဖျားခြေဖျားတွေပါ အေးနေအောင် ထိတ်လန့်တုန်လှုပ်မိတော့တာပဲ။

တော်ပါသေးတယ်။ ကင်းလှည့်တဲ့ မြန်မာပြည်ဘက်က ရဲတွေ ဖြစ်နေလို့ သက်သာ ရာရသွားတာပါ။ ကမ်းကိုကပ်တော့ အမတ်မင်းဦးကြည်ရော၊ လူဝင်မှု ကြီးကြပ်ရေးအရာရှိတွေရော အားလုံးတန်းစီပြီး လက်နှိပ်ဓာတ်မီးတွေ၊ မီးအိမ်တွေနဲ့ စိတ်ပူလို့ လာစောင့်နေကြတာတဲ့။ ကျွန်မမှာ အားနာလွန်း လို့ တောင်းပန်လိုက်ရတာ။ ကိုယ့်သမီး တစ်ယောက်တည်း ဆိုရင်လည်း " ဟဲ့ လာခဲ့၊ ပြန်မယ် "လို့ ခေါင်းခေါက်ခေါ်ခဲ့ရင် ဖြစ်သေးတယ်။ သူတစ်ပါး သားသမီးတွေကျတော့ ကိုယ်က မဆိုရက် မပြောရက်တဲ့ အပြင် သူတို့ လူငယ်လေးတွေ မတွေ့ဖူး မမြင်ဖူးကြတော့ အရူးအမူး ဖြစ်နေကြတာကို ကြည့်ပြီး ကိုယ်ချင်းစာ သနားမိ တာလည်း ပါရဲ့ပေါ့။ တကယ်တော့ ခေါင်းဆောင်ကောင်းမမည်၊ လူကြီးမပီသသော ကျွန်မရဲ့ အပြစ်ပါပဲလေ။

ဒါကြောင့် ကော့သောင်ခရီးကို အမှတ်တရအဖြစ် သတိရနေခြင်းပါပဲ။ ရန်ကုန်ပြန်ရောက်တော့ လည်း ကိုယ့်တာဝန် နဲ့ကိုယ် ပုံမှန်လည်ပတ်မြဲပေါ့။ သားကိုရွှေစင် အမေရိကား စာသင်သွားဖို့ကလည်း စီစဉ်ရဦးမှာ ဖြစ်တော့ သားကို အင်္ဂလိပ်စာ ကောင်းအောင် ဆရာမတီနာအုံးဆီကိုပို့၊ လက်နှိပ်စက်ရိုက်ပါ သင်ခိုင်း ထားတဲ့အပြင် သားကို အိမ်နီးချင်း အဖြစ် နေခဲ့ဖူးတဲ့ ဆရာပေါ်ဦးသက်ဆီမှာ ပန်းချီသင်ပေးဖို့လည်း သွားပြီး အပ်ရပါတယ်။
သားသွားဖို့ လှုပ်ရှားနေတာတွေ တွေ့တော့ ကူးစက်ရောဂါနဲ့ သမီး ကေသီကလည်း အမေရိကား သွားချင် တယ် ဖြစ်ပြန်ပါရော။ ရောဂါတက်နေဆဲ တစ်နေ့ ကျွန်မကို စာချုပ်လာချုပ်လေရဲ့။
"မာမီ၊ သမီးလည်း ရွှေစင်နဲ့ အတူတူ အမေရိကား လိုက်သွားချင်တယ်၊ ဟိုမှာ ဘွဲ့လွန်မာစတာတစ်ခု ထပ်တက် မယ်လေ "
" အေး၊ ဘွဲ့လွန်တစ်ခု ရထားတယ်ဆိုရင် ကောင်းတာပေါ့ " လို့ ကျွန်မက ဆိုတော့...

" ဒါပေမဲ့ မာမီပါ လိုက်မှ သမီးတို့က သွားချင်တာ "
" မလွယ်တဲ့ ကိစ္စကြီးပါ သမီးရယ် "
" ဘာလို့ မလွယ်ရမှာလဲ၊ ကိုကိုက အားလုံး လာဖို့ သံရုံးကို ခေါ်စာတွေ တင်ထားပြီးသားဆို "
" အေးလေ၊ ခေါ်တာတော့ ဟုတ်တာပေါ့၊ ဒါပေမဲ့ သမီးရဲ့ အစ်ကိုကို တာဝန်တွေ ပေးလို့မဆုံး ဖြစ်နေတာတော့ ဘယ်ကောင်းမလဲကွာ၊ သူ့မှာလည်း မိသားစုနဲ့ သားသမီးတွေနဲ့၊ သူ့ဘ၀ ရပ်တည်ရေးကလည်း ရှိသေးတဲ့ဟာ "
"ဒါကြောင့် မာမီပါ လိုက်ခဲ့ဖို့ သမီးက ပြောတာပေါ့၊ မိသားစုအားလုံး ရောက်သွားရင် ကိုကို့ကို တာဝန်ပေးဖို့ မလိုတော့ဘူးလေ၊ ကိုယ့်ဟာကိုယ် ရပ်တည်ပြီး နေကြမှာပေါ့ "
သမီးရဲ့ စကားတစ်ခွန်းက ကျွန်မအတွက် စဉ်းစားစရာ ဖြစ်သွားပါတယ်။ ဟုတ်ပေသားပဲ။ သားကိုချည်း ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ပို့ရင်း တာဝန်ပေးနေရတာကတော့ မမျှတရာ ရောက်နေတာ အမှန်ပါပဲ။

ဒီအတွေးက ကျွန်မဦးနှောက်ကို တော်တော်လေး အလုပ်ပေးနေပါပြီ။ ကျွန်မအဖြစ်ကလည်း သူတကာလို စိတ်ဆန္ဒရှိတိုင်း ဖုတ်ဖက်ခါ ထသွားလို့ရတာမျိုး မဟုတ်။
စိတ်ဝေတနာရှင် မိခင်ကြီးက ဟိုအချိန်တုန်းကလို မကြာမကြာ တံတားကလေးဆေးရုံကို ပို့ပြီး ဦးနှောက်ကို လျှက်စစ်ဓာတ် နှိပ်ပေးနေရလောက်အောင် ကုသပေးစရာ မလိုတော့တဲ့ အခြေအနေထိ ကောင်းလာတာမှန်ပေမဲ့ ပကတိ လူကောင်း တစ်ယောက်လိုမျိုးကလည်း မဟုတ်သေးတာကြောင့် သူတစ်ပါး တိုင်းပြည်မှာ သွားနေလို့ ဖြစ်ပါ့မလား ဆိုတာကလည်း အဓိကထားပြီး စဉ်းစားရပြန်ပါတယ်။ နောက်ပြီး ငယ်ငယ်က ရွှေစွန်ညို ကစားရင်း ခေါင်လူကြီးရဲ့ နောက်က ခါးဖက်ပြီး တွဲပါလာတဲ့ အတွဲရှည်ကြီးလို ကျွန်မ ခါးကို ဖက်ပြီးပါလာကြမဲ့ ကလေးတွေကလည်း အရွယ်အစားစား ရှိသေးတာ မဟုတ်လားနော်။

တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုတဲ့စကားကလည်း ရှိသလို သေချင်တဲ့ကျား တောပြောင်းဆိုတဲ့ စကား ကလည်း ရှိသေးတာမို့ ကျွန်မရဲ့ အတွေးတွေက ခေါင်းထဲမှာ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀အဖြစ် ချာချာလည်နေလေရဲ့။ ဒါကြောင့် ဦးကျော်ဇောကို တိုင်ပင်ကြည့်မိပါတယ်။
"ဟာ...သိပ်ကောင်းတာပေါ့၊ သွားသင့်တာပေါ့ "နဲ့ သူက အားတက်သရော ထောက်ခံ နေပါလေရော။
" အေး... သွားပါပြီတဲ့၊ ဟိုကျ ဘာလုပ်စားကြမှာလဲ "
"အမယ်လေး ဒါများ တွေးပူလို့ကွာ၊ ဒီက မြန်မာပစ္စည်းတွေက အမေရိကား ဈေးကွက်ကို ရောက်သေးတာ မဟုတ်ဘူး၊ ယွန်းထည်တွေ၊ ငွေထည်တွေ၊ ပန်ပုတွေကို နိုင်ငံခြားသားတွေ စိတ်ဝင်စားကြလွန်းလို့မှ M.E.I.C (မြန်မာသွင်း ကုန်ထုတ်ကုန်ဌာန)မှာ ကိုယ့်မိတ်ဆွေတွေ ရှိတယ်၊ သွားပြီး ဆွေးနွေးကြည့်တာပေါ့၊ ကိုယ်တို့က ဦးဦးဖျားဖျား စနိုင်ရင် အကျိုးရှိမှာပဲ " တဲ့။
သူက အားပေးအားမြှောက် လုပ်လိုက်တာနဲ့ ကျွန်မလည်း စိတ်ဝင်စားသွားတယ် ဆိုပါတော့။ ဒါနဲ့ ပထမဆုံးအနေနဲ့ အရေးတကြီး ပြဿနာဖြစ်နိုင်တဲ့ မာမီရဲ့ သဘောထား ဘယ်လိုရှိမလဲ ဆိုတာကို မသိမသာ တီးခေါက်ကြည့်ပါတယ်။ သားရွှေစင်နဲ့ သမီး ကေသီတို့ မောင်နှမ နှစ်ယောက်ကို စာသင်ဖို့ အမေရိကား ပို့မလို့ စိတ်ကူးရင်း ကျွန်မတို့လည်း ငါးနှစ်လောက် ခေတ္တသွားနေပြီး စီးပွားရှာကြည့်ရင် ကောင်းမလား မသိဘူး ဆိုတဲ့ အနေနဲ့ ပြောကြည့်တော့ မာမီကလည်း စိတ်ပါလက်ပါနဲ့...။

"ကောင်းသားပဲ၊ ဒါဆိုရင် မာမီလည်း သားကြီးဝင်းက မွေးတဲ့ မြစ်တွေကို မြင်ဖူးတွေ့ဖူးတာပေါ့ " တဲ့။ ကဲ… အဆင်ချော ချင်တော့လည်း တိုင်ပင်လိုက်တဲ့သူတွေက ထောက်ခံအားပေးနေတော့ ကျွန်မလည်း စိတ်အား တက်လာတယ်ပေါ့။ ဒါပေမဲ့ တစ်ဖက်မှာကလည်း တိုက်က ဆောက်တော့မဲ့ဆဲဆဲ။ အားလုံးက လည်း အခြေတကလေး ရှိနေပြီ။ နေရေး စားရေးအတွက် မပူမပင် နေနိုင်တဲ့ အခြေအနေတစ်ခု ကို ရောက်လုနီးနေပြီဆိုကာမှ အားလုံးကို ဖျက်ပြီး အခြေအနေ သစ်တစ်ခုကို စလုံးကနေပြန်ပြီး  စရမှာက လည်း တစကယ်ကို မလွယ်သော ကိစ္စမဟုတ်ပါလားနော်။
ခုချိန်ထိ ဖြတ်သန်းလာခဲ့ရတဲ့ ကျွန်မ ဘဝကို ပြန်ပြီး လေ့လာကြည့်မိပါတယ်။ ငယ်ရွယ်စဉ် ကျောင်းသူ ဘဝ မှာတော့ ကလေးမို့ဘာမှမသိခဲ့တာကြောင့် ထားလိုက်ပါတော့။ ဆယ်ကျော်သက်အရွယ်မှာ ဒုတိယ ကမ္ဘာစစ်ကြီး နဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရကတည်းက စခဲ့တဲ့ လောကဓံနဲ့ တိုက်ပွဲဟာ အခုမှ သက် ပြင်းလေးချပြီး အနား ရမယ် ကြံကာရှိသေး။ အေးအေးမနေဘဲ နောက်တစ်ပွဲ ရင်ဆိုင်ရုန်းကန်ဖို့အတွက် ကြံစည် စိတ်ကူးနေတယ် ဆိုတာရော သင့်မှ သင့်တော်ပါ့မလား။

အသက်အရွယ်နဲ့ အခြေအနေ ဆိုတာတွေကိုလည်း ထည့်တွက်ရဦးမှာ မဟုတ်လားနော်။ မန္တလေးမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေဆဲ ရှိသမျှ အခြေအနေတွေကို ဖျက်ခဲ့ပြီး ရန်ကုန်မှာ စလုံးက ပြန်စရ တုန်းက အသက်အရွယ် က နှစ်ဆယ်ကျော် အစိတ်ပိုင်းပဲရှိသေးတာမို့ နုတုန်းပျိုတုန်း လန်းဆန်းတက် ကြွတုန်းလေ။ ကလေး ကလည်း နှစ်ယောက်တည်း ရှိသေးတာအပြင် မမသန်းက လုံးဝတာဝန်ယူသွား တာမို့ လှည့်ကြည့်စရာ မလိုအောင် နောက်ပိုင်းအေးရပါတယ်။ တဖြည်းဖြည်းနဲ့ ဘောလုံးပွဲအသင်း တစ်စုစာနီးပါး ကလေးတွေ စုမိအောင်မွေးထားပြီးတဲ့ ခုချိန်မှာ ကျွန်မရဲ့အသက်ကလည်း ငါးဆယ်တွင်း ရောက်ရုံမက ပြည့်လို့ တစ်နှစ်တောင် စွန်းနေ ပါပြီ။ ဒီဝန်ပိုးကြီးကို သူတစ်ပါးရဲ့တိုင်းပြည်မှာ ကျွန်မ အောင်မြင်စွာ ထမ်းဆောင်နိုင် မှာတဲ့လား။ ဒါကလည်း အလွန်စဉ်းစားစရာ အချက်တစ်ခုပါပဲ။
အခြေအနေအရပ်ရပ် ကို ချပြီး တွေးကြည့်တော့ လက်ရှိအတိုင်းက ရင်မောစရာ သိပ်မရှိတော့ဘဲ ဘဝ ခရီးကို ဂုဏ်ပကာသန မပါ ရိုးရိုးစင်းစင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း လျှောက်နိုင်မဲ့ အနေအထားမှာ ရှိနေပါပြီ။
ဒါပေမဲ့…

အဲဒီ ဒါပေမဲ့ ဆိုတာကြီးကို တွေးရင်း ကျွန်မ ဆုံးဖြတ်ရခက်နေခြင်းပါပဲ။ လောကမှာ ဘယ်ဟာမှ အလ ကားရတယ်ဆိုတာ မရှိပါဘူး။ မမြင်ရလို့သာ မသိကြတာ၊ အရာရာအားလုံးမှာ ဈေးနှုန်းအသီးသီး ကပ် ပြီးသား ပါလာတာ ချည်းပါပဲ။ တစ်ခုမဟုတ် တစ်ခု တန်ရာတန်ကြေးတော့ ပေးရစမြဲပါနော်။
အခုလည်း သားတွေ သမီးတွေ အားလုံးရဲ့ပညာရေးအပြင် မိခင်နဲ့ မကွဲမကွာနေလိုခြင်း ဆန္ဒပြည့် မြောက်ရေးအတွက် ဆုံးဖြတ်ရမယ်ဆိုရင် တန်ဖိုးအနေနဲ့ ပေးရမှာက ကျွန်မ သတ္တိရှိရှိနဲ့ အခြေအနေ အရပ်ရပ် ကို ရင်ဆိုင်ရုန်းကန်ရမှာပါပဲ။

ဒီဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချဖြစ်ဖို့အတွက်တော့ ကျွန်မ အိပ်မပျော်သော ညများစွာကို ဖြတ်သန်း ခဲ့ရပါတယ်။ ဆုံးဖြတ်ချက်တစ်ခုချဖို့ ခက်ခဲလေ၊ တစ်ဖက်မှာ နက်နဲတဲ့ အကျိုးအကြောင်းတရားတွေ ရှိ နေတတ်တာပဲနော်။ အမေရိကားကို လာဖို့အရေး အသက်ငါးဆယ်ပဲ ရှိသေးတဲ့ ကျွန်မမှာ ကိုယ့်ကိုယ် ကိုယ် အားပေး ရင်း သတ္တိတွေ မွေးနေလိုက်ရတာ အတိတ်လမ်းကို ပြန်လျှောက်ရင်း အခု စာရေးနေတဲ့ အချိန်မှာ အာကာသ ယာဉ်မှူး John Glenn က အသက် ၇၇ နှစ်မှာ အာကာသကို ဒုတိယ အခေါက် တောင် ပြန်သွားနေလိုက်သေးတယ်။ အရေးကြီးတာက အသက် မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်တစ်ခုအ တွက် လိုအပ်ချက် ဆိုတာက မိမိဆန္ဒကို သင့်တင့်အောင် နှလုံးသွင်းနိုင်ခြင်း၊ ကောင်း/ဆိုး ဖြစ်ရပ်အား လုံးအပေါ် မှာ တာဝန်ယူနိုင်ခြင်းနှင့် ဖြစ်လာသမျှကို သတ္တိရှိရှိနှင့် လက်ခံဖြေရှင်းနိုင်ခြင်းပါပဲ။

ဒီလိုနဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးပြီ ဆိုတော့လည်း အကောင်အထည်ဖော်ဖို့အတွက် ခြေလှမ်းစရ တယ်ပေါ့။ အမေရိကား မှာ စီးပွားရေးစနိုင်ဖို့ အခြေခံကိစ္စတွေ သိမှတ်ရအောင် ဦးကျော်ဇောနဲ့အတူ M.E.I.C က သူ့မိတ်ဆွေ အရာရှိ ကို သွားတွေ့ပြီး ဆွေးနွေးပါတယ်။ အမေရိကားကို  စိတ်ဝင်တစားနဲ့ လိုချင်လို့ မှာတဲ့ ပစ္စည်းတွေ နှစ်မျိုးပဲရှိတယ်တဲ့။ ဝါးရိုးတံနဲ့ လုပ်ထားတဲ့ ငါးမျှားတံရယ်၊ နောက်တစ်မျိုး က ပုသိမ်ထီး တဲ့။ နိုင်ငံကြီးတွေမှာကျတော့ ကုန်တိုက်ကြီးတွေက တစ်ခုတည်းမဟုတ်ဘဲ အနယ်နယ် အမြို့မြို့မှာ ဆိုင်ခွဲတွေ ရှိတာမို့ မှာပြီဟေ့ဆိုရင်လည်း အရေအတွက်က သိန်းချီပြီး မှာတာလို့ ပြောပြ ပါတယ်။ ကျွန်မတို့ တိုင်းပြည် အနေနဲ့ စက်မှုထွန်းကားသေးတာ မဟုတ်တာကြောင့် အဲလို အများကြီး မှာတဲ့အခါ ထုတ်ကုန်အဖြစ် လိုအပ်သလောက် မီအောင် ပို့ပေးဖို့ အခက်အခဲရှိတဲ့အကြောင်း။
နောက်တစ်ခု Quality Control ဆိုတာက ရှိပါသေးတယ်။ နမူနာတစ်ခုကို ပြပြီး ဈေးစကားဆို၊ အရောင်းအဝယ် ဈေးတည့်လို့ ကုန်ပို့တဲ့အခါမှာ စောစောက ပြထားတဲ့ နမူနာအရည်အသွေးနဲ့ တစ် တိုင်းတည်းဖြစ်ဖို့ ကလည် လိုအပ်သေးတာပါ။ Quality Control ကြောင့် စံမမီမှုနဲ့ ပြဿနာတက်တာ မျိုးလည်း ရှိတတ်ကြောင်း စတဲ့ ကျွန်မတို့ သိသင့်သိထိုက်တဲ့ ကိစ္စတွေကို အရာရှိမိတ်ဆွေက စိတ်ရှည် ရှည်နဲ့ ရှင်းပြ ပါတယ်။

ကျွန်မ လုပ်ချင်တာက မြန်မာ့ယွန်းပစ္စည်းတွေ၊ ငွေထည်တွေနဲ့ ပန်းပုတွေ စတဲ့ အနုပညာနဲ့ပတ်သက် တဲ့ အလှထားပစ္စည်းမျိုးတွေဆိုတော့ အခုလို Quality Control ဆိုတာမျိုးတွေ သိထားရတာအတွက် ပြင်ဆင်ဖို့ အထောက် အကူဖြစ်စေပါတယ်။ အဆင်ပြေအောင် လုပ်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိ တာပေါ့။ ဒါကြောင့် မိတ်ဆွေရင်းဖြစ်တဲ့ ကျိုင်းတုံစတိုးက ဒေါ်မိမိလေးနဲ့လည်း တိုင်ပင်ကြည့်ပါတယ်။  ကျွန်မက အမေရိကားဘက်မှာ ဈေးကွက်ရှာမယ်။ ဒေါ်မိမိလေးက မြန်မာပြည်ဘက်က ပစ္စည်းတာဝန် ယူပြီး အဝယ်တော်အဖြစ်နဲ့ ပို့ပေးမယ် စသဖြင့်ပေါ့။
ကျွန်မတို့ စိတ်ကူးယဉ်ပြီး လေထဲမှာ ဆောက်လိုက်တဲ့ တိုက်အိမ်ကြီးကတော့ ဝေဇယန္တာတမျှ လှပလို့ပဲ ဆိုပါတော့။ အဲဒီလို စီးပွားရေး စနိုင်ဖို့ အစီအစဉ်တွေဆွဲပြီးတဲ့နောက် လက်တွေ့ရှင်းရမဲ့၊ ပြင်ဆင်ရမဲ့ ကိစ္စတွေကလည်း အများကြီး ရှိပါသေးတယ်။ ပထမဆုံး ဆောက်မယ်လို့ ပြင်ဆင်ထားတဲ့ တိုက်ကို လည်း ရပ်ဆိုင်းပြီး အဲဒီမြေကွက်က သမီးကေသီရဲ့နာမည်နဲ့ ဝယ်ထားတာဖြစ်လို့ ဒါကိုလည်း စာရင်း ရှင်းတဲ့ အနေနဲ့ ပြန်ရောင်းဖို့ စီစဉ်ရပါတယ်။

ကျွန်မတို့ ကံကောင်းချင်တော့ မြေဈေးတွေ၊ တိုက်ဈေးတွေ တက်လာတဲ့အချိန် ဖြစ်နေပါရော။ ခြံက ကျယ်တာမို့ ဆောက်မယ် ပြင်ဆင်ထားတဲ့ တိုက်နေရာကို ပိုင်းပြီး မြေရော၊ ဆွဲထားပြီးသား တိုက်ပုံစံ ရော၊ ကုန်သွယ်ရေးက ထုတ်ထားပြီးသား တစ်တိုက်စာ ပစ္စည်းတွေရောပါထည့်ပြီး ရောင်းဖို့ စီစဉ်တော့ ကျွန်မတို့နဲ့ ရင်းနှီးတဲ့မိတ်ဆွေ ဗိုလ်မှူးကြီး ကြီးမြင့်နဲ့ ဈေးတည့်ပါတယ်။ အဲဒီ တိုက်တစ်နေရာစာအပြင် ကျန်တဲ့မြေကိုလည်း အကွက် ချပြီး ရောင်းဖို့ စိတ်ကူးတာကြောင့် အလယ်မှာရှိတဲ့ ရုပ်ရှင်စတူဒီယိုကြီး ကိုလည်း ဖျက်ရမယ် စသဖြင့် လုပ်ရမဲ့ ကိစ္စတွေက အများကြီး တန်းစီနေတော့တာပဲ။

စတူဒီယိုမှာ ပေးနေထားတဲ့ ခြံစောင့်မိသားစုကို နေရာရွှေ့ပေးဖို့ စီစဉ်ပေးရဦးမှလေ။ အနေကြာတော့ သူတို့ကိုလည်း သံယောဇဉ်ဖြစ်နေပါပြီ။ ဒါကြောင့် သူတို့ကို သင့်တော်မဲ့ ရပ်ကွက်ထဲမှာ ငှားနေရအောင် လုံလောက်တဲ့ အိမ်စပေါ်ငွေလည်း အထိုက်အလျောက် ပေးလိုက်မယ်ပေါ့။ ဒါမှလည်း သမီးပျိုလေးနဲ့ နေစရာ အဆင်ပြေသွားမှာဆိုတာကို ကျွန်မတို့နှစ်ယောက် တိုင်ပင်ကြပြီး အဲဒီအစီအစဉ်ကို ပြောပြဖို့ တစ်ညနေမှာ ခြံထဲကို သွားကြတော့ စကားစကာပဲ ရှိသေးတယ်။ ယောက်ျားက အချိုးပြောင်းသွား လိုက်တာ မယုံနိုင်အောင်ပါပဲ။
ခါတိုင်း ကျွန်မတို့ သွားရင် အန်ကယ်ရဲ့၊ အန်တီရဲ့နဲ့ ပျာနေတဲ့သူက ခုကျ မျက်နှာထားတင်းတင်းနဲ့ "ဒီလို လွယ်လွယ် စီစဉ်လို့ ဘယ်ရမလဲ၊ အန်ကယ်တို့ တန်ရာတန်ကြေးပေးမှ ဖယ်ပေးနိုင်မယ်" တဲ့။
ကျွန်မ ဆိုတာ သူ ပြောတာကို ကြားရတော့ အံ့သြလွန်းလို့ စကားတစ်ခွန်းမှတောင် မထွက်နိုင်ဘဲ သူ့ကို အငေးသား ကြည့်နေမိတယ်။ ဦးကျော်ဇော က စိတ်ဆိုးတဲ့ အရိပ်အယောင် မပြဘဲ ချော့ချော့မော့မော့နဲ့ "အေးပါ၊ အန်ကယ် တို့ကလည်း တိုင်ပင်ထားပြီးသားပါ။ မောင်ရင်တို့ ရပ်ကွက်ထဲမှာ အိမ်ငှားနေနိုင်ဖို့ လုံလောက်တဲ့ စပေါ်ငွေပေးပြီး ပြောင်းရွှေ့တာအတွက် အားလုံး စီစဉ်ပေးမှာပါ" နဲ့ လေသံပျော့ပျော့နဲ့ ပြောနေလေရဲ့။

ကျွန်မ စောစောက ထားမိတဲ့ စေတနာတွေ ဘယ်ဆီရောက်သွားမှန်းတောင် မသိတော့ပါဘူး။ အဲဒီ စေတနာ နေရာ မှာ ဒေါသမီးတွေ တဟုန်းဟုန်းတောက်ပြီး ရင်ထဲမှာ မခံမရပ်နိုင် ဖြစ်နေတော့တယ်။ လူကြီး သူမတွေ ပြောခဲ့ဖူးတဲ့ "လှေမျောလည်း မဆယ်နဲ့၊ ခြေနှစ်ချောင်းလည်း မကယ်နဲ့" ဆိုတဲ့ ရှေး စကားကို ကြားယောင် မိပါတယ်။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ တောင်းဆိုမှုမပါဘဲ နေသာပါလျက် နဲ့ ကျွန်မက စာနာစိတ်ထားပြီး စေတနာအလျောက် ကူညီစောင့်ရှောက်မိတဲ့ ဒီအဖြစ်ကို ရရှိလိုက်တဲ့ တုံ့ပြန်မှုကို မယုံနိုင်အောင် ကြုံရခြင်းပါပဲ။
တချို့သော လူတွေမှာ ဒီလို နိမ့်ကျတဲ့ စိတ်ဓာတ်မျိုး ရှိတတ်ပါလား ဆိုတာကိုလည်း ကိုယ်တွေ့ကြုံမှပဲ နားလည်ရပါတော့တယ်။ ပြဿနာ နည်းစေချင်လို့ ဦးကျော်ဇောက ဆက်လက်ပြီး ချော့ချော့မော့မော့ နဲ့ ဆွေးနွေးပေ မဲ့ သူကတော့ အလျှော့မပေးဘဲ မာမာတင်းတင်းနဲ့ပါ။ ကျွန်မက စိတ်မြန်တဲ့သူ၊ နောက်ပြီး ပွင့်ပွင့် လင်းလင်း ဟန်မဆောင်တတ်တဲ့သူဖြစ်လို့ ဒီမြင်ကွင်းကို ကြာကြာမရှုဆိတ်တာနဲ့…

"ကိုင်း… လာပြန်ကြမယ်" လို့ ခပ်ပြတ်ပြတ်ပြောရင်း ကျောခိုင်း ဆင်းလာခဲ့ပြီး ကားပေါ် သွားထိုင်နေ လိုက်ပါတယ်။ ဦးကျော်ဇော ရောက်လာပြီး ကားစက်နှိုးရင်း "အေးကွာ၊ လူတွေက မယုံနိုင်စရာပဲနော်" တဲ့။ ကျွန်မ ရင်ထဲ မှာ မကျေလည်တဲ့ အလုံးကြီးက ဆို့နေလို့ စကားတောင် ပြန်မပြောနိုင်ပါဘူး။ "မည် သူမပြု မိမိမှုပေါ့" လူယုတ်မာနဲ့ တွေ့ရင် ကိုယ့်စေတနာက အကျိုးမပေးဘဲ ဒဏ်ပြန်ခံရတတ်တာပဲ မဟုတ်လားနော်။ Agnes ဆိုတဲ့ မိန်းကလေးကို အာမခံပေးခဲ့စဉ်က အတွေ့အကြုံရှိခဲ့ဖူးပါလျက်နဲ့ အမှတ်မရှိဘဲ ထပ်လုပ်မိတာက ကျွန်မ ရဲ့မဟာအမှားလို့ ပြောရမှာပါပဲ။
ဒါကြောင့်လည်း ရှင်တော်ဘုရားက လူယုတ်မာကို ဝေးဝေးက ရှောင်ဖို့ ဟောကြားထားခဲ့တာဖြစ်မှာပါ။ ခက်တာက ဝေးဝေးက ရှောင်နိုင်ဖို့ လူကောင်း၊ လူယုတ် ခွဲခြားနိုင်ဖို့မှ မလွယ်တာနော်။ လူယုတ်မာဆို တာ ပုံပြင်ထဲကလို ချိုကြီးကားရားနဲ့ မြင်သာ ထင်သာဆိုရငလည်း ဝေးဝေးက ရှောင်နိုင်ကောင်းရဲ့ပေါ့။

အဲဒီနေ့အပြန်မှာ YMBA ဗုဒ္ဓဘာသာ ပြန့်ပွားရေးအသင်းက နာယကကြီးဖြစ်တဲ့ ဦးစိုးရအိမ်ကို ကိစ္စတစ် ခုနဲ့ ဝင်ဖို့ ကလည်း ရှိနေတော့ စိတ်မကြည်မလင်နဲ့ဘဲ ရောက်သွားပါတယ်။ ကျွန်မ မျက်နှာ မသာယာ တာကိုမြင်တော့ အစ်ကိုကြီး ဦးစိုးရက…
"ညည်းက ဘာဖြစ်လာတာလဲ" လို့ ဆီးမေးပါတယ်။ ကိုကြီးက မေးလိုက်ကာမှ ငိုချင်လျက်လက်တို့ ဖြစ် သွားပြီး ရောက်မဆိုက် ဘာမှမပြောနိုင်ဘဲ ကလေးတစ်ယောက်လို ထိုင်ငိုချလိုက်တာပေါ့။ ဒီတော့မှ ဦး ကျော်ဇော က စောစောက ကြုံခဲ့တဲ့အဖြစ်ကို ပြောပြတာနဲ့ ကိုကြီးလည်း ဇာတ်ရည်လည်သွားတော့ တယ်လေ။
"ခင်မကြီး၊ ငါ့ညီမ ညည်း အခုံစားရတာက တော်သေးတယ် အောက်မေ့၊ ဟော… တို့အိမ်နဲ့ မျက်နှာချင်း ဆိုင်တိုက် တွေ့တယ်ဟုတ်လား၊ အမေက မသေချင်မှာ ဒီသမီးကို အမွေပေးတယ်ဆိုပြီး နာမည် နဲ့လွှဲ ပေးလိုက်တာ၊ အခုသမီးက သူ့တိုက်ဆိုပြီး အမေကို နှင်ချလို့ ပြဿနာဖြစ်နေကြတယ်၊ အဲဒါ သမီး အရင်းခေါက်ခေါက်နော်၊ အမေရဲ့နေရာမှာ ညည်း နေကြည့်စမ်း၊ ဘယ်လောက် ရင်နာရမလဲ၊ လောက မှာ တရားပျက်သူတွေ အများကြီးရှိတယ်၊ ငါ့ညီမ ဘယ်သူ တရားပျက်ပျက်၊  ကိုယ်မပျက်ဖို့က အရေး ကြီးတယ်၊ အဲဒါပဲ သတိထားကျင့်ကြံပါ" တဲ့။

အမြင်မှန်ကို ရစေဖို့ ဆုံးမ လမ်းညွှန်တဲ့ မိတ်ဆွေကောင်း ဆိုတာလည်း ဘဝမှာ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပါ။ ကျွန်မမှာ အဲလို မိတ်ဆွေကောင်းတွေရှိခဲ့လို့လည်း လမ်းချော်မယ်ကြံတိုင်း တည့်မတ် မှုတွေ ရခဲ့တာဖြစ်ပါတယ်။ ကိုကြီး ဦးစိုးရဆီက ပြန်လာတော့ မျက်ရည်လည်းခန်း၊ လူလည်း လန်းဆန်း လာပါတော့ တယ်။ ပြဿနာကို ဒေါသမပါဘဲ အေးအေးချမ်းချမ်း ရင်ဆိုင်ဖြေရှင်းကြမယ်လို့လည်း ဦး ကျော်ဇောနဲ့ တိုင်ပင်ပြောဖြစ်ကြတယ်ပေါ့။
ပြဿနာက ကျွန်မတို့ ထင်သလောက် မသေးကွေးပါဘူး။ နောက်တစ်ခေါက် ခြံထဲကိုသွားကြတော့ ကိုယ်တော်ချောက ကျွန်မတို့ကိုလည်း မြင်ရော၊ ကုလားထိုင်ပေါ်ကတောင် မထဘဲ ဒူးတနှန့်နှန့်နဲ့ "ကျွန်တော်က ဆုံးဖြတ်ပြီး သား၊ ကျွန်တော် တောင်းထားတဲ့ ငွေအတိုင်း တစ်ပြားမှ မလျှော့နိုင်ဘူး၊ အန်ကယ်တို့က အရှင်းရှင် ဆိုပြီး ရှေ့ကသွားရင် ကျွန်တော်က ကိစ္စပြတ်တဲ့ထိ နောက်ကလိုက်မှာ၊ ခု ရပ်ကွက်ကော်မတီကိုတောင် တိုင်စာ ပို့လိုက်ပြီ" တဲ့။

ကိုကြီးဦးစိုးရက တရားမပျက်စေနဲ့လို့ ဆိုဆုံးမထားလို့ သည်းခံခြင်း စိတ်ရှေ့ထားပြီး လာခဲ့တဲ့ ကျွန်မ ဒီစကား လည်း ကြားရတော့ ဘုရားဖြစ်မယ့် အုတ်ခဲလည်း မဟုတ်တာကြောင့် စိတ်ထဲ မှာ ထောင်းခနဲ ဒေါသ ထွက်သွားတော့တာပဲ။ သူတောင်းဆိုတဲ့ ငွေကြေးကလည်း ကြည့်ပါဦး။ ကျွန်မ တို့ ရောင်းမဲ့ဈေး ရဲ့ ခုနှစ်ဆယ့် ငါးရာခိုင်နှုန်းလေ။ နောက်ပြီး မဆီမဆိုင် ကျွန်မတို့ကိုလည်း အရင်းရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကြီး နဲ့လည်း ပစ်ထုလိုက်သေး ရဲ့။ သူနဲ့ ဘယ်လိုမှပြောလို့ အချိုးမပြေတာနဲ့ ကျွန်မတို့ ပြန်ခဲ့ကြပြီး သူ တိုင် ထားတယ်ဆိုတဲ့ ရပ်ကွက်ကော်မတီ ကို အကျိုးအကြောင်းသိရအောင် မေးမြန်းရှာဖွေပြီး သွားရပါတယ်။

ဖြစ်ချင်တော့ တွေ့ရတဲ့ အဲဒီရပ်ကွက်ကော်မတီတစ်ဦးက ကျွန်မတို့ရဲ့မိတ်ရင်းဆွေရင်း ရွှေကျီးနိုင်လွန် စက်က ဒေစီ ရဲ့မောင်ငယ်လေးဖြစ်နေပါရော။ လူရင်းဆိုတော့ ဖြစ်ကြောင်းကုန်စင်တွေကို ကျွန်မလည်း ရင်ဖွင်ပြ တာပေါ့။ သူကလည်း ကျွန်မတို့ရဲ့ စိတ်ရင်းစေတနာကို နားလည်ပြီးသားပါပဲ။ ဒါပေမယ့် ခက် တာက လူမှုရေး အရ ကျွန်မတို့က မကြွယ်ဝပေမဲ့ ရပ်တည်နိုင်တဲ့ ပြည့်စုံသဖြစ်နေတယ်။ သူကတော့ အခြေအနေမဲ့ ဆင်းရဲသားမို့ လူမှုရေးအရ အခွင့်အရေးက တစ်ပန်းသာနေတယ်တဲ့လေ။ သူ တောင်းဆို ထားတာနဲ့ ကျွန်မတို့ ပေးဖို့ လျာထားတာ ကလည်း အဟပ်ကြီး ကွာဟနေလေရဲ့။ ဒါကြောင့် ငါးဦးကော် မတီများ အားလုံး ညှိနှိုင်းပြီး ဆုံးဖြတ်ကြတဲ့ အတိုင်း ကျွန်မတို့က နာခံပြီးမှသာ ပြဿနာက ပြေလည် မယ်ဆိုတာ သိခဲ့ရပါတယ်။

ဒီတော့လည်း ကိုယ်က ဘာမှမတတ်နိုင်ဘဲ ခုံတင်ကြားနာပြီး ဆုံးဖြတ်မဲ့ နေ့ရက်ကိုပဲ စောင့်မျှော်ရပါ တယ်။ ငါးဦးကော်မတီ လူကြီး များက နှစ်ဖက်ကြားနာပြီးတဲ့အခါမှာ လူမှုရေးအရ ကျွန်မတို့ သတ်မှတ် ထားတဲ့ ငွေရဲ့လေးဆ ကို ပေးစေဖို့ ချမှတ်လိုက်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကြောင့် ဘသားချော မျက် နှာ ဝင်းပ သွားတာ ကြည့်ပြီး သူ့ရင်ထဲက တိန်တိန်မြည်သွားသံတောင် ကျွန်မ ကြားလိုက်မိသလိုပါပဲ။
သူ တောင်းဆို သလောက် မဟုတ်ဘဲ သုံးပုံတစ်ပုံ ဖြတ်ပေးလိုက်တာတောင် သောင်းဂဏန်းတွေ ဖြစ် နေတာမို့ သူ့ဘဝ တစ်သက်တာမှာ တစ်ခါမှ မကိုင်ဖူးတဲ့ငွေမျိုး ဖြစ်နေမှာ သေချာပါတယ်။ ကိုယ့်ဘက် က တရား မပျက် ပေးလိုက်ရပေမဲ့ အရာရာကို သည်းခံခွင့်လွှတ်နိုင်တဲ့ သူတော်စင်လည်း မဟုတ်၊ ခံစား မှုမရှိ တဲ့ ကျောက်ရုပ်လည်း မဟုတ်ဘဲ သာမန်လူသားစစ်စစ်ဖြစ်တဲ့ ကျွန်မမှာ သူ ဝမ်းသာတာကို မုဒိ တာ မပွားနိုင်ဘဲ ခံရခက်နေ မိပါတယ်။ အထူးသဖြင့် ကျွန်မရဲ့ထားရှိတဲ့ စေတနာက ကုသိုလ်ဖြစ်မလာ ဘဲ မလှမပ အကုသိုလ်နဲ့ အဆုံးသတ်ရခြင်း အတွက် မကျေမလည် ခံစားနေရခြင်းပါ။

လမ်းခရီး မှာ ဘယ်သူမဆို သတိမမူမိရင် ခလုတ်ကန်သင်း တိုက်မိတတ်တာပါပဲ။ ကိုယ်တိုက်မိတာက သစ်ငုတ်လောက် ဆိုရင်တော့ ခြေမလေး ကွဲရုံ၊ သွေး တစ်စက် နှစ်စက် ထွက် ရုံလောက်ပေါ့နော်။ ကျောက်တုံးကြီးကြီး ဖြစ်နေရင် မှောက်လျက်လဲလို့ ခြေကျိုး၊ လက်ကျိုး၊ ခေါင်းကွဲ အန္တရာယ်က မသေး လှပါဘူး။ အဲဒီလိုပဲ ဘဝခရီးမှာ ကိုယ် ကြိုတင်မမြင်မိတဲ့ ခလုတ်ကန်သင်းကဲ့သို့ စိတ်ထား မမှန် ရင်ထဲ က အကြံနဲ့ တရားပျက်တတ်သူများ အများအပြား ရှိနေတတ်ပါတယ် ဆိုတာ စာရှုသူများ ကို ပြောပြချင် ပါရဲ့။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, January 26, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၄၄)

“ဗျို့ ... ကိုမြလှိုင်ကြီး၊ စကားမပြောနိုင်ပါလား၊ ဘယ်လိုလဲ လွမ်းနေပြီလား”
ငိုချင်လျက် လက်တို့ဆိုသည့်နှယ် ကျွန်တော် သန်းသန်းအား တွယ်တာမှုများ ရစ်ပတ်ဖွဲ့သီနေလျက် စိတ်ကူး ဈာန်ဝင်စားနေချိန် တွင် ကိုသန်းထွန်းက ယခုကဲ့သို့ စလိုက်သောအခါ ရင်ထဲတွင် လှုပ်ရှားသွားရပါ သည်။ သို့သော်လည်း ကျွန်တော်သည် တာဝန်ထမ်းဆောင်နေသော စစ်သားတစ်ယောက်ပင် မဟုတ်ပါလော။ စစ်သား ဆိုသူ၏ ဘ၀သည် မိမိကိုယ်ကို မိမိပိုင်ဆိုင်သူ မဟုတ်ရကား ...
“လွမ်းတယ် မဟုတ်ပါဘူးဗျာ၊ ဒါပေမယ့် ...”
“ဟား ... ဟား  လွမ်းတာနဲ့ သတိရတာ အတူတူပါပဲ၊ မုတ်ဆိတ်ကြီးနဲ့ ဘာဘူကြီး ဆိုတာမျိုးပါလေ”
“အင်း ... ရဲဘော်တို့က မိန်းမမှ မယူဖူးသေးတော့ ပြောအားရှိမှာပေါ့ဗျာ”
“ဟုတ်မယ် ... ဒါလဲ ဟုတ်မှာပါပဲ”
ကို ဆက်ဖတ်ရန် .......

ရှုမ၀၊ တွဲ ၃၅၊ အမှတ် ၄၁၅၊ ဒီဇင်ဘာလ၊ ၈၁

ရောက်လျှင်ရောက်ချင်း စစ်ဝန်ကြီးရုံးသို့ ဆောင်ရွက်ဖွယ် ကိစ္စများ ဆောင်ရွက်၍ အချိန်များသည် ဟိုလှည့် သည်လှည့်ကုန်ခဲ့ရသည်။ ဗိုလ်မှူးဝင်းအား ဖျာပုံမြို့ အခြေအနေများကို ရှင်းလင်းပြောပြရန် ကြိုးစားရာ ဗိုလ်မှူးဝင်းနှင့် မတွေ့ဖြစ်တော့ဘဲ ဒုဌာန ဗိုလ်ကြီးသောင်း (ဗိုလ်မှူးကြီးသောင်း)အား အခြေအနေ အရပ်ရပ်ကို ရှင်းပြ ရပါသည်။ ကျွန်တော့်အား ပုဂ္ဂိုလ်အရ ချစ်ခင်သော အထက်အရာရှိဖြစ်သည့်အတိုင်း ရင်းရင်းနှီးနှီး ပြောဆို ဆုံးမမှုများ ပြုပါသည်။ ၎င်း၏ ဆုံးမမှုများထဲတွင် ဖက်ဆစ်တော်လှန်ရေးကြီး နီးကပ်လာ သည်နှင့်အမျှ မိမိအသက်အန္တရာယ် မှာလည်း ပို၍နီးကပ်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ဆောင်ရွက် ဖွယ်ကိစ္စများကို သိုသိပ် လျှို့ဝှက်နိုင်သမျှ လျှို့ဝှက်လုပ်ဆောင်ရန် ထိပ်တိုက် ရင်ဆိုင်ရမည့် ကိစ္စမှန်သမျှ မည်သို့မျှ မလုပ်ဖြစ်အောင် ကြိုးစားပါဟုလည်း မှာကြားဆုံးမပါသည်။

ထိုအျိန်က ကျွန်တော်တို့ လူသိုက် ဗိုလ်လက်ျာအိမ်တွင် စုဝေးနေထိုင်ကြပါသည်။ ကျွန်တော်တို့ဆိုသည်မှာ ကျွန်တော် အပါအ၀င်၊ ညီဖြစ်သူ သိန်းဟံ(ဗက သန့်စင်)၊ ကိုဘနီ (ဗိုလ်မှူးကြီး ဘနီ)၊ ကိုမြတ်သန်း၊ ကိုမြ မောင်၊ ကိုထွန်း၊ ကိုတင်အေး (အမ်-တင်အေး) တို့ဖြစ်ကြပါသည်။ ကျွန်တော် ဖျာပုံက ပြန်လာခဲ့ပြီးနောက် ဗိုလ်လက်ျာနှင့် မတွေ့ဖြစ်ခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် ဗိုလ်လက်ျာ သည် ညစဉ် ၁ နာရီ ၂ာနာရီခန့် တိုင်မှ နေအိမ်သို့ ပြန်ရောက်လေ့ရှိပြီး ကျွန်တော်တို့ ရုံးတက်ချိန်မတိုင်မီ စစ်ရုံးသို့ ထွက်သွားလေ့ ရှိခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ဖြင့် ကျွန်တော်နှင့် ဗိုလ်လက်ျာ တစ်အိမ်တည်းတွင် အတူတကွ နေ ထိုင်သော်လည်း သေသည်အထိ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဝေးနေပါသည်။ ထိုကာလအတွင်း ကျွန်တော် သည် ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သကသော ကိစ္စကို အဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ နံနက်ခင်း ကျွန်တော်သည် စစ်ရုံးသို့ သွားရန် အိမ်အောက်ထပ်တွင် ဖိနပ်စီးနေ စဉ် အပေါ်ထပ်မှ ဗိုလ်လက်ျာ ဆင်းလာသည်ကို တွေ့ရပါသည်။ ၎င်းနှင့်အတူ လူငယ်စစ်ဗိုလ်တစ်ဦးကိုလည်း လိုက်ပါလာသည် ကို တွေ့ရပါသည်။ (နောင်သောအခါ ၎င်းစစ်ဗိုလ်မှာ ဗိုလ်အောင်ကြီးဟု သိရပါသည်။) ဗိုလ်လက်ျာကပင် စတင်၍ ကျွန်တော့်အား အောက်ပါအတိုင်း ပြောပါ သည်။

“မြလှိုင်၊ ရုံးရောက်ရင် ငါ့ဆီ ခဏလာခဲ့ဦး”
“ဟုတ်ကဲ့”
ရုံးသို့ရောက်ပြီး မကြာမီပင် ဗိုလ်ကြီးသောင်းအား ဗိုလ်လက်ျာခေါ်ထားကြောင်း သတင်းပို့၍ ဗိုလ်လက်ျာ ရုံးခန်းရှိရာသို့ ထွက်လာခဲ့ပါသည်။ ဗိုလ်လက်ျာ၏ ရုံးခန်းသို့ ရောက်သောအခါ ကျွန်တော့်အား အခန်းစောင့် ရဲဘော်က ၀င်ခွင့်မပေးဘဲ စောင့်ဆိုင်းရန် ပြောကြားပါသည်။ ကျွန်တော် သည် ခြေထောက် များတောင့်အောင် စောင့်နေသော်လည်း အစောင့်ရဲဘော်က သတင်းပို့ပေးမည့် အရိပ်အယောင် ကို မတွေ့ သဖြင့် စိတ်တိုဒေါသထွက်မိပါသည်။
“ဒီမယ် ရဲဘော် ...။ ဗိုလ်မှူးကြီး လက်ျာကို သွားသတင်းပို့ပေးပါ။ မှာထားတဲ့ ရဲဘော် ရောက်နေတယ်လို့ ပြောရင် သိပါတယ်”
ထိုအခိုက် ဗိုလ်ကြီးထွန်းဖေ ထွက်လာသည်နှင့် ကြုံသဖြင့် ကျွန်တော်သည် ဗိုလ်ကြီး ထွန်းဖေအား ကျွန်တော့် အား ဗိုလ်လက်ျာက မှာထားကြောင်း ပြောပြါသည်။ ဗိုလ်ကီးထွန်းဖေသည် ချက်ချင်းပင် ဗိုလ်လက်ျာအး ၀င်ရောက် သတင်းပို့ပေးပြီး ၎င်းနှင့်အတူ ကျွန်တော့်အား ခေါ်၍ ဗိုလ်လက်ျာထံ ပို့ပေးပါသည်။ ဗိုလ်လက်ျာ အခန်းသို့ ရောက်သောအခါ ဗိုလ်လက်ျာ၏ စားပွဲရှေ့တွင် ဗိုလ်မှူးကြီး စောကာဒိုး၊ ဗိုလ်ရှိန်း၊ ဗိုလ်ဘနီ၊ ဆရာကြီး ဦးငွေကိုင်၊ ဆရာကြီး ဦးအေးသွယ်တို့ လူသိုက်ကို တွေ့ရပါသည်။ ဆရာကြီး ဦးအေးသွယ်မှာ မြို့မကျောင်း တွင်နေစဉ် ကျွန်တော်၏ ဆရာကြီး ဖြစ်ခဲ့သူ မြို့မ ကျောင်းဆရာကြီး ဦးအေးသွယ်ဖြစ်ပါသည်။ မကြာမီ ဆရာကြီး ဦးငွေကိုင်နှင့် ဆရာကြီး ဦးအေးသွယ်တို့ ပြန်သွားကြပါသည်။

“မြလှိုင် ... မင်း ဖျာပုံအခြေအနေကို ပြောပြစမ်း”
ကျွန်တော်က ဖျာပုံမြို့နယ်တစ်ခုလုံး၏ လှုပ်ရှားမှုများကို ယေဘုယျပြောပြသောအခါ ဗိုလ်လက်ျာက ဖျာပုံ မြို့နယ်၏ ဖက်ဆစ်တော်လှန်ရေး မြေအောက်လျှိုဝှက်ဆောင်ရွက်မှုများမှာ စိတ်ကျေနပ်ဖွယ် အထူးရှိကြောင်း ကျွန်တော့်ကိုလည်း စစ်ရုံးတွင် ဆက်၍မနေတော့ဘဲ ဖျာပုံသို့ ပြန်ဆင်းပြီး ဖက်ဆစ်တော်လှန်ရေး ဆောင်ရွက်ဖွယ်များ ဆောင်ရွက်ရန် မှာကြားပါသည်။ ထို့ပြင် ဗိုလ်လက်ျာသည် ဖျာပုံနယ် အတွင်း ဆက်သွယ်ဆောင်ရွက်ရမည့် ကိစ္စ အရပ်ရပ်ကို ကျွန်တော့်အား မှာကြားပါသည်။
“မြလှိုင် ...၊ မင်း ဖျာပုံကို ဘယ်တော့သွားမလဲ”
“ဘယ်တော့ သွားရမလဲ ...”
“မနက်ဖြန်ပဲ သွားတော့ ...”
“စစ်ဝတ်နဲ့ပဲ သွားရမှာလား ”
“အေး ... ရန်ကုန်က အထွက်တော့ စစ်ဝတ်နဲ့ပဲသွား။ ဒါပေမယ့် သင်္ဘောနဲ့တော့ မသွားနဲပတော့။ ရန်ကုန် ဆိပ်ကမ်း ကလည်း မသွားနဲ့။ အကောင်းဆုံးက ကြည့်မြင့်တိုင်ဘက်က ဖြစ်ဖြစ်၊ တစ်နေရာကပဲဖြစ်ဖြစ် သမ္ဗန် ငှားပြီး သွားရင် ကောင်းမယ်။

ဗိုလ်လက်ျာ အခန်းမှထွက်ခဲ့ပြီးသောအခါ ကျွန်တော်သည် ဗိုလ်မှူးဝင်းနှင့် ဗိုလ်ကြီးသောင်းတို့ထံ ၀င်ရောက်၍ အကျိုးအကြောင်းပြောဆို သတင်းပို့ပါသည်။ ဗိုလ်မှူးဝင်းထံမှ ထွက်လာပြီးသောအခါ ကျွန်တော်သည် မိမိနှင့်အတူ ဖျာပုံသို့ လိုက်ပါကြမည်ြဖစ်သော တပ်ကြပ်သောင်းအိ၊ တပ်သားကြီး စံယျ တို့ နှင့် အတူ ပြန်လာခဲ့ကြပါသည်။
“ဒီမယ် ကိုယ့်လူ ... ခု ဘယ်သွားမှာလဲ ...”
“အိမ်ပြန်မှာပေါ့”
“အစောကြီးရှိသေးတယ်။ ဖျာပုံမသွားခင်၊ လင့်ခ်ဟော်တယ် သွားလိုက်ကြရအောင်ကွာ”
“ဟင့်အင်း ... ခင်ဗျားကြီး အက်ဝင်ရင် သွေးသိပ်ဆိုးတယ်။ ခုဟာတာဝန်နဲ့ဗျ”
“လပါကွာ ... ကိုယ်မသောက်ပါဘူး”
“တကယ်ပြောတာလား”

ကျွန်တော်တို့ သုံးယောက် လင့်ဟိုတယ်သို့ ရောက်သောအခါ စားပွဲများတွင် လူသူလေးပါး ရှင်းနေသည် ကို တွေ့ရသည်။ စားသောက်ရင်း ကျွန်တော်သည် ဖျာပုံသိုပြန်၍ တာဝန်ထမ်းဆောင်ရခြင်းအတွက် ၀မ်းသာကျေနပ်လျက်ရှိပါသည်။ ကျွန်တော်တို့အားလုံး ဖျာပုံသားများဖြစ်ခြင်းကြောင့်လည်း ကိုသောင်းအိနှင့် ရဲဘော်စံယျ တို့မှာလည်း ကျွန်တော်ကဲ့သို့ပင် ပျော်ရွှင်ကျေနပ် ကြလိမ့်မည်ဟု ယုံကြည်မိ ပါသည်။ ကျွန်တော်တို့ လင့်ခ်ဟိုတယ်မှ ထွက်ခွာလာပြီးနောက် ရွှေတောင်ကြားလမ်းရှိ ဗိုလ်လက်ျာအိမ်သို့ မပြန်ကြသေးဘဲ ၀ယ်ခြမ်းဆောင်ရွက် ဖွယ်ရာ များ ရှိခြင်းကြောင့် ရန်ကုန်မြို့အတွင်းသို့ လာခဲ့ကြပါသည်။
“မြို့ထဲ ... နောက်မှ သွားရအောင်လား”
“ဒါဖြင့် ဘယ်ကို သွားကြမှာလဲ”
“ဘုရားပေါ် တက်ရအောင်”

သုံးယောက်သား စိတ်တူကိုယ်တူ ရွှေတိဂုံဘုရားပေါ်သို့ တက်ခဲ့ကြသည်။ စစ်ကာလဖြစ်ခြင်းကြောင့် ဘုရား ပေါ်တွင် လူများကြိတ်ကြိတ်တိုးမျှ စည်ကားလှပါသည်။ ဇရပ်များ၊ တန်ဆောင်းများတွင် လူများပြည့်သိပ် လျက် ရှိပြီး၊ အလယ်ပစ္စယံရှိ ဇရပ်များ အားလုံးလိုလို စစ်ပြေးများ နေထိုင်လျက်ရှိကြပါ သည်။ ကျွန်တော် သည် ရွှေတိဂု ရှင်တော်မြတ်အား သဒ္ဓါကြည်ညိုစွာ ဖူးမြော်၍ လိုအပ်သော ဆုမွန်များ တောင်းမိပါသည်။ ကျွန်တော် ကဲ့သို့ပင် ကိုသောင်းအိ၊ ကိုစံယျတို့လည်း ရွှေတိဂုံစေတီတော်ကြီး၏အရိပ် အောက်တွင် ချမ်းမြေ့ကြည်နူးစွာ ဘုရားရှိခိုးလျက်ရှိသည်ကို တွေ့ရပါသည်။ ကျွန်တော်တို့ သုံးယောက် ဘုရားမှဆင်းပြီး သံဈေး တစ်ဝိုက် သိမ်ကီးဈေးတစ်ဝိုက် လှည့်ပတ်ကာ လိုအပ်သော ပစ္စည်းကလေးများ ၀ယ်ယူကြပါသည်။ ကျွန်တော်တို့ အိမ်သို့ ပြန်ရောက်သောအခါ မိုးလုံးလုံးချုပ်ခဲ့ပါပြီ။

ကျွန်တော်တို့ ပြန်ရောက်ပြီး မကြာမီ ဗိုလ်လက်ျာ ပြန်ရောက်လာပါသည်။ ထို ညစာကို ကျွန်တော်တို့ ဗိုလ်လက်ျာနှင့် အတူ စားသောက်ကြပါသည်။ ထမင်းဝိုင်းတွင် ဗိုလ်လက်ျာက ဖျာပုံသို့ရောက်လျှင် ဆက်သွယ် ရမည့်“ပွိုင့်” များကို ညွှန်ကြားပါသည်။ ထို့နောက် ဖျပုံညမို့နယ်အတွင်း လုံညခုံစိတ်ချရသော နေရာများတွင် စခန်းများဆောက်ရန် မှာကြားပါသည်။

ကြည့်မြင်တိုင်ဆိပ်ကမ်းမှ တွံတေးသို့ သမ္ဗန်တစ်စီးငှား၍ လာခဲ့ကြပါသည်။ သမ္ဗန်ကြီးမှာ ရေမလုံသဖြင့် ကျွန်တော် တို့သုံးယောက် တစ်ယောက်မျှ အငြိမ်မနေရဘဲ ရေခပ်ထုတ်ရသဖြင့် ဖတ်ဖတ်မောခဲ့ရသည်။ သို့ဖြင့် တွံတေး သို့ ရောက်ခဲ့ကြပါသည်။ တွံတေးမြို့သို့ ရောက်သောအခါ ရန်ကုန်မှ ဆက်သွယ်ပေးလိုက် သော လိပ်စာအတိုင်း ဗိုလ်အေးချို (ကွယ်လွန်သူ-သူရအေးချို)၏ မိခင်အိမ်တွင် တက်ရောက်တည်းခိုကြ ပါသည်။ ဗိုလ်အေးချို ၏ မိခင်သည် ကျွန်တော်တို့အား သားအရင်းများနှင့်မခြား ဂရုစိုက်ပြုစုခြင်း ပြုပါသည်။ ကျွန်တော်တို့ ဗိုလ်အေးချို မိခင်အိမ်သို့ အချိန်ကြာမြင့်စွာ နေထိုင်ရန်မဟုတ်သော်လည်း ကျွန်တော်တို့ တွံတေးသို့ရောက်ပြီး မကြာမီပင် တွံတေးတစ်မြို့လုံးအား ရန်သူလေယာဉ်များမှ လာရောက်ဗုံးကြဲခြင်းကြောင့် တစ်မြို့လုံး မီးလောင်ပြင် ဘ၀သို့ ရုတ်ခြည်း ကူးပြောင်းသွားသည်ကို ၀မ်းနည်းကြေကွဲဖွယ် တွေ့ရပါသည်။

လေကြောင်းအန္တရာယ်များ ရှင်းလင်းသွားသောအခါ ကျွန်တော်တို့ သုံးယောက်သား တွံ့တေးမြို့တွင်းရှိ ဗုံးချထားရာ နေရာများသို့ သွားရောက်ကြပြီး ဒဏ်ရာရသူ၊ သေဆုံးသူ များကို သွားရောက်ကူညီ သယ်ပိုးပေး ကြပါသည်။ ထိုနေ့က ကျွန်တော်တို့ ကိုယ်များတွင် ဗုံးဘေးဗုံးဒဏ် ကြောင့် သေကြေကြရသော လူနာ များ၏ သွေးညှီနံ့များ ပေကျံလျက်ရှိပါသည်။ ဤကြောက်မက်ဖွယ်ရာ မြင်ကွင်းကြောင့် စစ်ကို မုန်းတီး ရွံ့ရှာစိတ်များ ကျွန်တော့်တစ်ကိုယ်လုံး ပျံ့နှံ့ခဲ့ရပါသည်။

ကျွန်တော်တို့ လူသိုက် တွံ့တေးမြို့မှ ညနေစောင်းခန့်တွင် ကွမ်းခြံကုန်းသို့ မော်တော်ကားဖြင့် ထွက်လာကြ ပါသည်။ မော်တော်ကားဆိပ်တွင် ခရီးသွားများဖြင့် ပြည့်သိပ်နေသည့်ကြားမှ ကားသမားက စစ်ဝတ် ကို ကြောက်သဖြင့် ကျွန်တော်တို့ကို ရှောရှောရှူရှူ လိုက်ခွင့်ပြုပါသည်။ ကျွန်တော်ုတို့လည်း အလိုက်သိစွာပင် ကားအတွင်း ၌ ၀င်ရောက်လိုက်ပါ စီးနင်းခြင်း မပြုတော့ဘဲ ကားခေါင်မိုးပေါ်မှ လိုက်ပါစီးနင်းခြင်းပြု ပါသည်။ မော်တော်ကားသည် တွံတေးမှ မှောင်တရီအချိန်တွင် စတင်ထွက်ခွာပါသည်။ ယင်းသို့ အမှောင်စောင့်၍ ခရီးထွက် ရခြင်းမှာလည်း လမ်းခရီးတွင် ကျွဲညီနောင်ခေါ် ရန်သူလေယာဉ်များ၏ စတင်ထွက်ခွာသော အခါ လေဖြူးဖြူး တိုက်ခတ်မှုကြောင့် ပင်ပန်းမှုများ သက်သာရာ ရရှိခ့ပါသည်။

ညအခါ ထွက်လေ့ရှိသော ပိုးလောင်းကောင်များ၊ ဖြုတ်များသည် အရှိန်ဖြင့် မောင်းနှင် လျက်ရှိသော မော်တော်ကား၏ အရှိန်ဖြင့် ကျွန်တော်တို့၏ မျက်နှာများပေါ်သို့ ဖွဲဖြင့် ပစ်ပေါက်သကဲ့သို့ ရှိပါချေသည်။ ၎င်းပိုးလောင်းကောင်များသည် မျက်စိများအတွင်းသို့လည်းကောင်း၊ နားအတွင်းသို့ လည်းကောင်း၊ နှာခေါင်းအတွင်းသို့လည်းကောင်း၊ တိုး ၀င်ကြကုန်သည်။ ကြာသော် သုံးယောက်သား မျက်နှာ ကို မျက်နှာသုတ်ပ၀ါဖြင့် ပတ်၍ ကားခေါင်မိုးပေါ်တွင် ၀မ်းလျားမှောက်၍ လိုက်ပါခ့ကြရပါသည်။ ဤမျှဒုက္ခကြီးမားစွာဖြင့် လိုက်ပါ့ရင်း၊ မကြာမီ ကွမ်းခြံကုန်းသို့ ဆိုက်ရောက်ခဲ့ပါသည်။ ကွမ်းခြံကုန်း သို့ ရောက်သောအခါ တွံ့တေးမှ ဆက်သွယပေးလိုက်သော ဦးစံညွန့် ဆိုသူအား ရှာဖွေကြရပြန်ပါသည်။ ဦးစံညွန် အိမ်ကို တွေ့ရသော်လည်း စစ်ဝတ်နှင့် ကျွန်တော်တို့အားမလွတ်ပေါက်မှ ချောင်းကြည့်ပြီး အိမ်တံခါးကို ဖွင့်မပေးဘဲ ဦးစံညွန့် ရန်ကုန်တက်သွားတယ်ဟုသာ ဖြေကြားပါသည်။

သို့ကြောင့် ကျွန်တော်တို့က မိမိတို့ မြန်မာစစ်သားများဖြစ် ကြောင်း၊ တွံတေးမှ ဗိုလ်အေးချို၏ မိခင်က မှာကြား၍ လာရောက် ရခြင်းဖြစ်ကြောင်း၊ ပြောကြားကာ တံခါး ဖွင့်ခိုင်းရပါသည်။ ထိုညက ဦးစံညွန့်က ကျွန်တော်တို့အား ညစာ ကို ချက်ချင်း ချက်ပြုတ်ကျွေးပြီးနောက် ဒေးဒရဲသို့သွားရန် သမ္ဗန်တစ်စင်းကို ချောမောစွာ ငှားရမ်းဆောင်ကြဉ်းပေး ပါသည်။ ကွမ်းခြံကုန်းမှ ဒေးဒရဲသို့ ရေလှည့်သင့်လျှင် အချိန်ကာမြင့်စွာ မသွားရသော် လည်း ကျွန်တော်တို့သွားသောအချိန်မှာ ရေကျနေခြင်း ကောင့် တစ်ကြောင်း၊ ရေကျော် သို့ရောက်သောအခါ ရေတက်လာသည်အထိ စောင့်ဆိုင်းရခြင်းကြောင့် တစ်ကြောင်း၊ ဒေးဒရဲ သို့ ရောက်သော အခါ နံနက်အရုဏ်သို့ပင် ချဉ်းလျက်ရှိနေပါပြီ။
“ကိုင်း ... ဘယ်လိုလုပ်မလဲ၊ မိုးလင်းမှ တက်မလား”
“ဘယ်ဖြစ်မလဲ”
“ဒါဖြင့် ဘယ်လိုလုပ်မလဲ။ ဒီအချိန် သခင်ဖေတင်တို့၊ သခင်မောင်မောင်တိုကို ရှာဖို့မလွယ်ဘူး”
“ကိစ္စမရှိဘူး၊ ကျွန်တော်တို့ အမျိုးအိမ်ရှိတယ်။ သွားနှိုးမယ်”
“ကောင်းတယ်”

သို့ဖြင့် ကျွန်တော် ဦးဆောင်၍ ဒေးဒရဲ ရုပ်ရှင်ရုံပိုင်ရှင် ဦးစိန်၊ ဒေါ်အုန်းမြိုင်၊ ၎င်း၏ အစ်မဖြစ်သူ ဒေါ်အေးခိုင် တို့တိုက်သို့ သွားရောက်နှိုးကြပါသည်။ အလွယ်တကူပင် ဒေါ်ဒေါ် ဒေါ်အေးခိုင်က ကျွန်တော်တို့အား လက်ခံ တည်းခိုစေပြီး တူဖြစ်သူကိုမောင်မောင်အား သခင်ဖေတင်၊ သခင်မောင်မောင်တို့အား သွားရောက် သတင်းပို့ရန် ခိုင်းလိုက် ပါသည်။ သို့သော် ကိုမောင်မောင် ပြန်လာသောအခါ ဒေးဒရဲတွင်ရှိသော သခင်အား လုံးမြေလျှိုး ကုန်ကြပြီဖြစ်ကြောင်း ဂျပန်ကင်ပေများ ၎င်းတို့လူသိုက်အား အပူတပင်း ရှာဖွေနေကြောင်း များ ပြောကြား လာပါတော့သည်။
ကျွန်တော်တို့ လူသိုက်သည် ဗိုလ်လက်ျာမှာလိုက်သော ဒေးဒရဲအဆက်အသွယ်များ လုံးဝမရနိုင်ကြောင်း သိလိုက်ရသော အခါ ဒေးဒရဲတွင် အချိန်ကုန်ခံ၍ ဆက်လက်နေထိုင်ခြင်းထက် ဖျာပုံသို့ အမြန်သွားရောက် ရန်ဆုံးဖြတ်ရပါတော့သည်။

ကျွန်တော်သည် ကိုမောင်မောင်အား ဒေးဒရဲမှ သခင်ဖေတင်နှင့် သခင်မောင် မောင်၊ သခင်ဇော်ဖေတို့လူသိုက်နှင့် အဆကအသွယ်ရရန် ကြိုးစားပေးဖို့မှာကြားပြီး ကျွန်တော်တို့ ဖျာပုံသို့ ခရီးဆက်ရန် သမ္ဗန်တစ်စင်း ရှာဖွေ ငှားရမ်းပေးရန် ခိုင်းရပါသည်။ ကိုမောင်မောင်၏ စီစဉ်ပေးချက်အရ နံနက် ထမင်းစားပြီးချိန်ခန့်တွင် ဒေးဒရဲမှ ဖျာပုံသို့ ခရီးထွက်လာခဲ့ကြပါသည်။ ကျွန်တော်သည် ဒေးဒရဲမှ ဖက်ဆစ်တော်လှန်ရေး ရဲဘော်များနှင့် မတွေ့လိုက်နိုင်ခြင်းကြောင့် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စများ နှင့် မတွေ့လိုက်နိုင်ခြင်းကြောင့် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စများအတွက် ရင်မောလျက် ရှိပါသည်။ ဗိုလ်လက်ျာ၏ ပြောကြားချက်အရ သခင်စိုး သည် ဒေးဒရဲနယ်အတွင်းတွင် ယခုရှိနေကြောင်း မူလ ဖျာပုံတွင် ရှိနေသော်လည်း ဖျာပုံတွင် လုံခြုံမှု မရှိခြင်းကြောင့် ဒေးဒရဲနယ်တွင် ခိုအောင်းနေကြောင်း သိရပါ၍ ယခု မည်သို့ ခေရာခံရပါမည်နည်း။ ဖျာပုံသို့ရောက် လျှင် မည်သူတွေရှိ၍ မည်သူတွေ ပုန်းရှောင်နေကြမည်နည်းဟု စိတ်မောဖွယ်များကို စဉ်းစားရင်း ငြီးငွေ့ ဖွယ်ကောင်းသော သမ္ဗန်သွားခရီးကို လိုက်ပါလာခဲ့ရပါသည်။

သမ္ဗန်ဖြင့် ခရီးသွားလာရခြင်းသည် အလွန်ငြီးငွေ့ဖွယ် ကောင်းလှပါသည်။ လူတစ်ယောက်၏ အင်အားဖြင့် ရွေ့လျားရသော တွန်းအားဖြစ်ခြင်းနှင့် ရေစုန်ရေဆန်ဟူသေ ရေတက်ရေကျ အခြေအနေ ကိုကြည့်၍ သွား လာရခြင်းများကြောင့် သမ္ဗန်ဖြင့် ခရီးသွားလာရခြင်းအတွက် သည်းခံစိတ်ရှည်ရပါသည်။ ကျွန်တော်နှင့် ရဲဘော်စံယျမှာ သမ္ဗန်ခေါင်မိုးအောက်တွင် အိပ်၍ လိုက်ပါလာခဲ့ကြပြီး ကိုသောင်းအိကမူ သမ္ဗန်သမား အား ကူညီလှော်ခတ်ပေးရင်း လမ်းခရီးအခြေအနေများကို ကင်းထောက်လိုက်ပါခဲ့ပါသည်။
“ဗျို့ ... သမ္ဗန်ဆရာကြီး၊ ဟိုရှေ့က အုန်းပင်စုစုဟာ ဘာရွာလဲဗျ”
“အဲဒါလား၊ ရွာတန်းရှည်လေ”
ရွာတန်းရှည်ဟူသော သမ္ဗန်သမားကြီး၏ ပောစကားသံကြောင့် ကျွန်တော်တစ်ယောက် အိပ်ချင် မူးမူးဖြစ်နေ ခြင်းများ ချက်ချင်း ပျက်ပြယ်သွားပါသည်။ အဘယ်ကြောင့်ဆိုသော် ရွာတန်းရှည်သည် ကျွန်တော်၏ အမေ့မောင် ၀မ်းကွဲတောင်သူ ဦးလေးဦးစစ်ပိုး၏ ဇနီးရွာဖြစ်ပါသည်။ ရွာတန်းရှည်ဆိုသည့်အတိုင်း အလျား ရှည်သော ရွာကြီးတစ်ရွာဖြစ်သည်။ ရွာတန်းရှည်ရှိ လယ်ကွင်းများသည် လည်းကောင်း၊ ဂွကလေးရွာရှိ လယ်ကွင်း များသည်လည်းကောင်း ရန်ကုန်မြို့မှ သူဌေး ဦးဘိုးလှပိုင်သော လယ်မြေများဖြစ်ပါသည်။

ယင်း လယ်များ၏ ကိုယ်စားလှယ်မှာ ဦးလေးဦးစစ်ပိုးပင်ဖြစ်ပါချေသည်။
“ကိုသောင်းအိ၊ ရွာတန်းရှည်ရောက်ရင် ကျွန်တော့်ပြောဗျာ ...”
“ရောက်ပဲ ရောက်တော့မယ်၊ မင်း ... ထကြည့်စမ်းပါဦး”
မှန်ပါသည်။ ကျွန်တော် သမ္ဗန်ဦးပေါ်သို့ တက်၍ကြည့်သောအခါ ရွာသို့ဝင်ရန် နီးနီးပဲရှိနေသည်ကို တွေ့ရပါ သည်။ ရွာတန်းရှည်ရွာကြီးမှာ အုန်းပင်များ၊ ဓနိပင်များ အပြိုင်းအရိုင်းပေါက်လျက် အလွန်စိုပြည် သာယာသည်ကို တွေ့ရပါသည်။
“သမ္ဗန်ဆရာကြီး၊ ဦးစစ်ပိုးအိမ်တံတား သိသလားဗျ”
“သိတာပေါ့ ကိုရင်လေး။ ဟိုရှေ့က စပါးကျီနီနီကြီးနဲ့ တည့်တည့် တံတားဟာ၊ ပွဲစားကြီး ဦးစစ်ပိုးရဲ့ အိမ်တံတား ပဲပေါ့”
“ဟုတ်ပြီ၊ ဒါဖြင့် အဲဒီ တံတားမှာပဲ ကပ်ပေးပါ”

ကျွန်တော်တို့ သမ္ဗန်ကလေးသည် မကြာမီ ဦးလေးဦးစစ်ပိုးတို့ ရေခံတံတားသို့ ဆိုက်လိုက်ပါသည်။ ပထမသော် သမ္ဗန်ကပ်သည် ကို မြင်သဖြင့် ဦးလေးဦးစစ်ပိုး၏တပည့် ကိုထွန်းရဆိုသူသည် အပြေးအလွှား ဆင်းလာသည် ကို တွေ့ရပါသည်။ ထို့နောက် သမ္ဗန်တွင်းမှ စစ်ဝတ်များနှင့် ကျွန်တော်တို့အား တွေ့သော အခါ လျင်မြန်စွာ ထွက်ပြေးသွားသည်ကို တွေ့လိုက်ရပါသည်။ ထို့ကြောင့် ကျွန်တော်က အသံပြုရပါသည်။
“ဗျို့ ... အဒေါ်ညှက်၊ ကျွန်တော်ပါ ...”
“၀ူး ... ဘယ်သူလဲဟဲ့”
“မောင်မောင်ပါ၊ အဒေါ်ညှက် ...”
ထိုအခါမှ အဒေါ်ညှက်သည် တံတားသို့ပြေးဆင်းလာသည်။ ၎င်းနှင့်အတူ ကိုထွန်းရ၊ သမီးဖြစ်သူ မခင်သိန်း တို့ လည်း လိုက်ဆင်းလာကြသည်။ ကိုထွန်းရသည် စပ်ဖြီးဖြီးဖြင့် ကျွန်တော့်အား ကြည့်ကာ ရယ်မောနေသည်။

“ဘယ်လိုတုန်းဗျ။ ဘာလို့ ထွက်ပြေးတာလဲ”
“ဂျပန်တွေထင်လို့ပါ မောင်မောင်ရဲ့”
“ကျွန်တော်တို့ ထမင်းမစားရသေးဘူး၊ လုပ်ပါဦး၊ ဒါထက် ဦးလေးဦးစစ်ပိုး အခုဘယ်မှာလဲ၊ ရန်ကုန်က တိုက်မှာလား”
“ဖျာပုံတိုက်မှာ ရှိလေရဲ့ ...”
“အတော်ပဲ၊ ဟင်း ဟင်း”
ကျွန်တော် တို့ လူသိုက်အတွက် ကိုထွန်းရတို့လူသိုက် ချက်ပြုတ်ကျွေးမွေးရန် အလုပ်ရှုပ်လျက် ရှိနေပါသည်။ ထိုအချိန်တွင် လေတဟူးဟူး တိုက်ခိုက်လျက်ရှိသောကပြင်တွင် ကျောဆန့်ရင်း ကျွန်တော် တစ်ယောက် နှစ် နှစ်ခြိုက်ခြုက်အိပ်ပျော်သွားပါသည်။ ရွာတန်းရှည်သည် ကျွန်တော်နှင့်စိမ်းသော ရွာမဟုတ်ပါ။ ယခင် နယ်ချဲ့ တော်လှန်ရေး အစိုးရက သခင်များကို လိုက်လံဖမ်းဆီးစဉ်ကလည်း ကျွန်တော် ဤရွာတန်းရှည် တွင် လာရောက်ခိုအောင်းခဲ့ဖူးပါသည်။

“ဟေ့ကောင် မြလှိုင်၊ ထတော့ ထမင်းစားမယ်”
ကုသောင်းအိ နှိုး၍ လူးလွန့်ထကြည့်မိသောအခါ ထမင်းပွဲကြီး ဟီးနေအောင် ပြင်ထားသည်ကို တွေ့လိုက်ရ သည်။ ဟင်းလျာများ စုံလင်လှသည်။ လတ်တလော ချက်ပြုတ်ထားရသည်ဆိုသော်လည်း ကြက်သားဟင်း မှလွဲ၍ ကျန် ဟင်းလျာများမှာ စည်သွတ်အစားအသောက်များ ဖြစ်ကြပါသည်။
“မောင်မောင်၊ မင်းတို့အခု ဘယ်လိုသွားမှာလဲ”
“ဖျာပုံကို သွားမှာ အဒေါ်ညှက်”
“ဂွကလေး၊ ၀င်သွားဦးမလားလို့ ...”

“ဟင့်အင်း ... ဂွကလေးမှာ ဘယ်သူရှိလဲ”
“မြေတိုင်းစာရေး မောင်တင်နဲ့ ဖျာပုံက သခင်အချို့ ရောက်နေကြလေရဲ့”
“မ၀င်တော့ဘူး အဒေါ်ညှက်။ ဖျာပုံကိုပဲ အလျင်သွားဦးမယ်”
အဒေါ်ညှက်အား ဤသို့ပြောပင် ပြောလိုက်ရသော်လည်း ကျွန်တော့်စိတ်တွင် ဂွကလေးရွာသို့ ၀င်ကြည့် လျှင် ဒေးဒရဲမှ သခင်ဖေတင်နှင့် သခင်မောင်မောင်တို့ လူသိုက်နှင့် တွေ့နိုင်လေမည်လားဟု တွက် ဆမိပါသည်။ သို့သော် ထမင်းဝိင်းတွင် လူစိမ်းများ ရှိနေခြင်းကြောင့်ဆက်၍မေးမြန်းခြင်းမပြုဘဲ၊ ဆိတ်ဆိတ် ပင်နေလိုက်မိ ပါသည်။ ထိုအခိုက် သမ္ဗန်ဆရာမှ ရေအလှည့်သင့်တုန်း ခရီးဆက်ရန် ကတိပေးသဖြင့် အဒေါ်ညှက် အား နှုတ်ဆက်၍ ထွက်ခဲ့ကြပါသည်။

“ဟေ့ ... ဟိုရှေ့က သမ္ဗန် ဘယ်သွားမလို့တုန်း။ ဒီကို ကပ်ခဲ့”
“ဆရာတို့၊ ကပ်ပေးရမလား”
ကျွန်တော်သည် ကမန်းကတန်းထ၍ သမ္ဗန်ပေါ်သို့ တက်လိုက်သည်။ အရပ်ဝတ်အရပ်စားနှင့် လူတစ်ယောက်၊ ရိုင်ဖယ်တစ်လက်ကို ကိုင်၍ ကျွန်တော်တို့ သမ္ဗန်ကို လှမ်းခေါ်နေပါသည်။ သို့ဖြစ်၍ ကျွန်တော်က သမ္ဗန်ဆာကို လှမ်း၍ မေးရသည်။
“ဟိုရှေ့က ခေါ်တဲ့ရွာက ဘာရွာလဲဗျ”
“ဂွကလေးလေ၊ ဒါ သူဌေးကြီး ဦးဘိုးလှဆိပ်ပေါ့”

သမ္ဗန်သည် ရေအရှိန်ဖြင့် တဖြည်းဖြည်းရွေ့နေပါသည်။ ရိုင်ဖယ်ကိုင်ထားသော လူသည် စစ်ဝတ်နှင့် ကျွန်တော့် အား မြင်သောအခါ တဲအတွင်းတွင် ထိုင်နေသော ၎င်း၏လူများအား စကားလှည့်ပြောနေသည်ကို တွေ့ရသည်။ မကြာမီ ရိုင်ဖယ်ကိုင် လူသုံးလေးယောက်ခန့် ထွက်လာကြပြီး ဆိပ်ခံတံတားတွင် ရပ်လျက်ရှိ ကြပါသည်။ ၎င်းတို့စိတ်တွင် ဝေခွဲမရဟန်ဖြင့် စောင့်ကြည့်နေကြပါသည်။
“သမ္ဗန်ဆရာကြီး ကပ်ပေးလိုက်ပါ”
ကျွန်တော်၏ ခွင့်ပြုချက်ရသောအခါ သမ္ဗန်သည် ဆိပ်ခံတံတားဆီသို့ ဦးတည် လှော်ခတ်သွားပါသည်။ ထို အခါ ၎င်းတို့ကို ကျွန်တော်က ကောင်းစွာ မသိသော်လည်း ၎င်းတို့က ကျွန်တော်တို့အား ဗမာစစ်သားမှန်း သိသွားသည့် အလား ဗမာစစ်သားများဖြစ်ကြောင်း အချင်းချင်း ပြောနေကြသည်ကို ကြားလိုက်ရပါသည်။

“ဟိတ် ... မောင်မြလှိုင်၊ မင်း အခု ဘယ်က လာတာလဲ၊ ဘယ်သွားမှာလဲ”
“ရန်ကုန်ကလေ။ ခု ဖျာပုံသွားမလို့လေ၊ ဒါထက်”
“ဖျာပုံကို ဘာကိစ္စလဲကွ”
“တ၀န်နဲ့ပါ။ ဒါထက် ဂွကလေးမှာ သခင်တွေ ရောက်နေတယ်ဆိုဗျ”
“ကြံကောင်းစည်ရကွာ၊ မင်း ဘယ်သူပြောလိုက်သလဲ”
“ထားပါတော့။ ကျွန်တော်က ဒေးဒရဲက သခင်တင်ဖေတို့ သခင်မောင်မောင်တို့နဲ့ တွေ့ချင်တယ်ဗျာ”
“ငါ ဘယ်သိမှာလဲကွ။ ဒါထက် ဖျာပုံသွားရင် သတိထားသွား။ သခင်တွေတော့ ဂျပန်ကင်ပေတွေက ပိုက်စိတ် တိုက် လိုက်ဖမ်းနေတယ်။ နောက်ပြီး ခွင့်မရှိဘဲနေတဲ့ ရဲဘော်တွေကိုလည်း ဖမ်းစစ်နေတယ်”
“ကျေးဇူးပဲ၊ နေပါဦး။ ခင်ဗျားတို့ဆီမှာ ဖျာပုံက သခင်တွေ တကယ်မရှိတာလားဗျ။ ကျွန်တော်က ကိုအုန်းမောင် ကို လောလောဆယ် တွေ့ချင်နေတာ”

အမှန်က မြေတိုင်းစာရေး ကိုတင်သည် ကျွန်တော်တို့အား မည်သည့်တာဝန်ဖြင့်လာသည်။ မည်သည့် အဆက်အသွယ်ရှိသည်ကို မသိခြင်းကြောင့် ယင်းသို့ ကွယ်ဝှက်ပြောဆိုခြင်းဖြစ်ပါသည်။ အကယ်၍သာ ကျွန်တော်တို့ လူသိုက်နှင့် မြေတိုင်းစာရေး ကိုတင်တို့သည် ဖက်ဆစ်တော်လှန်ရေးအတွက် အဆက်အသွယ်များ ရှိမည် ဆိုလျှင် ထိုနေ့က သခင်ဖေတင်တို့ လူသိုက်ကိုသာမကသခင်စိုးနှင့် ဖျာပုံက ရဲဘော်အချို့ကိုပါ ဂွကလေးရွာ တွင် တွေ့ဆုံခဲ့မည်ဖြစ်ပါသည်။ ယခုမူ ကျွန်တော်တို့လူသိုက် လမ်းစပျောက်၊ အဆက်အသွယ်ပျောက် သည့် အခြေအနေသို့ ဆိုက်ရောက်လျက်ရှိပါတော့သည်။ သို့ဖြစ် ၍ မြေတိုင်းစာရေးကိုတင်တို့ လူသိုက်အား နှုတ်ဆက်ထွက်ခွာခဲ့ကြပါသည်။ (နောင်သောအခါ ၎င်းမြေတိုင်း စာရေး မောင်တင်သည် သခင်စိုး၏ လက်ရုံးအလံနီ အောင်မင်းအဖြစ် ကျော်ကြားခဲ့သူဖြစ်ပါ သည်။ ၎င်းနှင့် ပတ်သက်သော အကြောင်းများသီးခြား ဖော်ပြပါမည်။)

“မြလှိုင်၊ ဖျာပုံကို အရောက်သွားမလား။ ခုအတိုင်းဆို မဖြစ်ဘူးထင်တယ်ကွ”
“ဟုတ်တယ်။ အုန်းပင်ဘက်ကမ်းဖြစ်ဖြစ်၊ ဆားအိုးချောင်းဖြစ်ဖြစ်ဝင်မယ်။ အဲဒီက သမ္ဗန်ကို ပြန်လွှတ်လိုက် မယ်”
“ကောင်းတယ်”
ဆားအိုးချောင်းရွာသည် နယ်ချဲ့ တော်လှန်ရေးကာလက ကျွန်တော်တို့ နေထိုင်လာခဲ့သော အဘဦးဘိုးသီ တို့ရွာရှိ ပါသည်။ အဘသီနှင့် ကျွန်တော်နှင့် မတွေ့သည်မှာ ကြာသော်လည်း မည်သို့မဆို အဘသီတစ်ယောက် ဆားအိုးချောင်းရွာ ၌ပင် ရှိမည်မှာ သေချာပါသည်။ ယခုလည်း အဘသီအိမ်သို့ပင် သွားရောက်၍ ထိုမှတစ်ဆင့် ဖျာပုံမြို့ အခြေအနေကို စုံစမ်းရန် ဆုံးဖြတ်မိပါသည်။
“သမ္ဗန်ဆရာကြီး၊ ဆားအိုးချောင်းကိုပဲ သွားတော့မယ်။ ဖျာပုံကို မပို့နဲ့တော့ဗျာ”

“ပို့လို့လဲမရဘူး။ ရေမမီတော့ဘူး။ မကြာခင် ရေတက်တော့မှာ ကိုရင်တို့”
“ကိုင်းပါလေ။ ဆားအိုးချောင်းထိတော့ ပို့လို့ရသေးတယ်မဟုတ်လား”
“နောက်ပြန်ထိုးမှာ နားပါလား”
“ဒီမယ်၊ ဆားအိုးချောင်းကိုတော့ ရောက်မှဖြစ်မယ်”
“သမ္ဗန်ဆရာကြီးသည် စကားဆက်၍ မပြောတော့ဘဲ စိတ်ပျက်စွာဖြင့် သမ္ဗန်ကို ပျင်းရိစွာ ခတ်လျက်ရှိပါသည်။ ကျွန်တော်သည် သမ္ဗန်ဆရာကြီးအား သနားငဲ့ညှာလိုသော်လည်း နောက်ပြန်ထိုးရွာ သည် အလွန်ကြီးမားသော ရွာကြီးတစ်ရွာဖြစ်သည့်ပြင် နောက်ပြန်ထိုးရှာမှ ဆန်စက်ကြီးများမှာလည်း ဂျပန်ကုမ္ပဏီမှ သိမ်းဆည်း၍ စပါးများ ၀ယ်ယူကြိတ်ခွဲ လျက်ရှိနေပါသည်။ နောက်ပြန်ထိုးတွင် နားလိုက်ခြင်းဖြင့် ကျားရှေ့ ၌ မှောက် လျက်လြဲခင်းမည်ပေ မည်။ သို့ဖြစ်၍ သမ္ဗန်ဆရာကြီး၏ ငြိုငြင်မှု ကင်းဝေးရန် ရေဆန်လှော်ခတ်ရမည့် အချိန်တွင် ရဲဘော်စံယျနှင့် ကိုသောင်းအိတို့က တစ်လှည့်စီ လှော်ခတ်ပေးခဲ့ကြပြီး သမ္ဗန်သမားအား အနားပေးခဲ့ရပါသည်။ သို့ဖြစ်၍ မကြာမီ ဆားအိုး ချောင်းရွာသို့ ဆိုက်ရောက်ခဲ့ကြပါတော့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>