Showing posts with label မြလှိုင် ၏ ဘဝနေဝင်ချိန်. Show all posts
Showing posts with label မြလှိုင် ၏ ဘဝနေဝင်ချိန်. Show all posts

Saturday, February 9, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၅ဝ)

 ကျွန်တော်သည် ဆွေးမြည့်နာကြည်းစိတ်များဖြင့် ရင်၌ ပြည့်လျှံလာသောအခါ အနာဟောင်းများကို စဉ်းစားရင်း မိမိဦးတည်ဆောင်ရွက်လျက်ရှိသော ဖက်ဆစ်တော်လှန်ရေးဟူသော ဦးတည်ချက်နှင့် အတူ မြစ်ဝကျွန်းပေါ် ရှိ ကျွန်မြူနစ် ပါတီ ကိုလည်းကောင်း၊ ကွန်မြူနစ်ပါတီ၏ လက်အောက် ခံ ပြောက်ကျား ရဲဘော် များကို လည်းကောင်း၊ နိုင်ငံရေးမှူးဆိုသူများကိုလည်းကောင်း ရန်သူ အဖြစ် မြင်လာခဲ့ ပါ သည်။ ထို့ထက် အခါအခွင့်သင့် လျှင် ရဲဘော်သောင်းအိ ကိုယ်စား လက်စားချေ မည် ဟူသော သန္နိဋ္ဌာန်ချထားလိုက်ပါသည်။ ထိုအချိန်မှစ၍ ကွန်မြူနစ် ဆန့်ကျင်ရေး သမား မြလှိုင် အဖြစ် ဘ၀ကူးပြောင်း ရောက်ခဲ့ရပါသတည်း။ ကို ဆက်ဖတ်ရန် ....

တူးမြောင်းရွာတွင် တစ်ပတ်ခန့် ရင်မှအနာကို ကုစားနေရပါသည်။ ထိုအချိန်တွင် ဗိုလ်ဘစိန်တပ်နှင့် ဆက်သွယ်သတင်းပို့၍ ဖျာပုံအနောက်ဘက် တိုက်ခိုက်ရေး တာဝန်ကို ဗိုလ်ဘစိန်ထံမှ ညွှန်ကြားရရှိပါသည်။ ကျွန်တော်တို့ တပ်စုသည် ကိုသိန်းဖေ၏ဌာနေ ပြောက်ကျားများနှင့်ပူးပေါင်း၍ ဖျာပုံ ဆင်ခြေဖုံးတစ်ဝိုက် ဖက်ဆစ် အလိုတော်ရိ များကို လိုက်လံသုတ်သင်ကြပြီး၊ အခြားကြီးချောင်းဝတွင် ဂျပန် အ၀ယ်တော်တပ်နှင့် တိုက်ခိုက်ခဲ့ရာ ရဲဘော်ဟန်ရင်ဆိုသူ ဒဏ်ရာရရှိခဲ့ပြီး ဖက်ဆစ်များဘက်မှ ၃ ဦး လက်ရ ဖမ်ီးးသုတ်သင်နိုင်ခဲ့ ကြပါသည်။

ဖက်ဆစ်တ်ာလှန်ရေး၏ အရှိန်အဟုန်မှာ မြစ်ဝကျွန်းပေါ်တစ်ခုလုံး မြင့်မားစွာ လှုပ်ရှားပေါ်ပေါက်လျက်ရှိပါ သည်။ ကျွန်တော် တို့ တစ်တွေမှာ ခြေလျင်ခရီး၊ လှေသမ္ဗန်စသည်တို့ဖြင့်သာ သွားလာနေခြင်းကြောင့် အချို့ နေရာများ သို့ လွယ်ကူစွာ ဆက်သွယ်နိုင်ခြင်းမရှိဘဲ ရန်သူအများအပြားကို လွတ်မြောက်စေခဲ့ပါသည်။ ထို့ပြင် ရန်သူများ သည် ယခုအခါ လူနည်းစု သွားလာခြင်းမပြုတော့ဘဲ တပ်စုလိုက်၊ တပ်ခွဲလိုက် စုပေါင်း၍ စနစ်တကျ လှည့်လည် သွားလာခြင်းပြုကြကုန်သည်။ ကျွန်တော့် တပ်စုသည် တူးမြောင်းရွာကို အခြေစိုက်စခန်းထားရှိပြီး ထိုမှတစ်ဆင့် လှည့်လည်တိုက်ခိုက်ကြပါသည်။ ထိုအချိန်တွင် ဖျာပုံမြို့၏ အခြေအနေသည် လှုပ်လှုပ်သာရှိနေပါသည်။

ဖက်ဆစ်များသည် ကျွန်တော်တို့ တပ်မတော်နှင့် တိုက်ခိုက် ရာတွင် အထိနာခဲ့ရသည်များကို အကြောင်းပြု၍ ဖျာပုံမြို့အား ကြွက်မနိုင် ကျီမီးနဲ့ရှို့သည့်ပမာ တစ်မြို့လုံး မြေလှန်သွားဖျက်ဆီးမည်ကို အထူးစိုးရိမ်လျက် ရှိပါ သည်။ ဖျာပုံမြို့ပေါ်တွင် ကျန်ရှိနေသော ကျွန်တော်တို့၏ အထောက်တော်များထံမှ ဖျာပုံမြို့ကို အမြန် သိမ်းပိုက်ရန် တိုက်တွန်းသည့် အကြောင်းကြား စာများကိုလည်း မကြာခဏ ရရှိပါသည်။ သို့ကြောင့်ပင် ကျွန်တော်တို့ အားလုံး ဖျာပုံမြို့သိမ်းရေး အစီအစဉ် များကို တမော့ဝစခန်းတွင်ရှိသော ဗိုလ်လက်ျာထံ သတင်းပို့ ရန် ကျွန်တော့်ကိုပင် တာဝန်ပေးလိုက်ပါသည်။
မကြည့်ချင် မြင်ချင်လျက်သားဆိုသည့် စကားပုံကဲ့သို့ ကျွန်တ်ာသည် တမော့ဝစခန်းသို့ သွားရောက်ရခြင်း ကိုမနှစ်မြို့သော် လည်း မိမိအထက်အရာရှိဖြစ်သူ ဗိုလ်ဘစိန်၏ စှာင့် ရေးသားစေလွှတ်သော အမိန့်ဖြစ်၍ မသွား၍ မဖြစ်ပေ။

သို့ဖြစ်ခြင်းကြောင့် ကျွန်တော်နှင့်အတူ ကိုသိန်းဖေ (အောင်ပင်လယ်သိန်ဖေ)၊ ရဲဘော် ဟန်ရင်၊ ရဲဘော် စံယျတို့ ကို ခေါ်၍ တမော့ဝစခန်းသို့ ခြေလျင်ခရီးဖြင့် ထွက်ခွာလာခဲ့ပါသည်။ ကျွန်တော်တို့ တွင် နံနက်စာအဖြစ် တူးမြောင်းရွာ မှ မစောမြင့်တို့ ပေးလိုက်သည့် ကောက်ညှင်းထုပ်တစ်တွဲစီ ပါခဲ့ကြပါ သည်။ ကျွန်တော်တို့ ထွက်လာသော အချိန်မှာ နံနက်လင်းစ အချိန်ဖြစ်၍ နှင်းရိပ်များ ပိတ်ဆီးနေသဖြင့် သွားလာရေးအတွက် လုံခြုံပါ သည်။ ရှေးဦးစွာ တူးမြောင်းမှ ကျုံးကူးရွာ အနောက်ဘက်မှတစ်ဆင့် အကြီးဝ ရွာသို့လည်းကောင်း ထိုမှတစ်ဆင့် သလိပ်ကြီးရွာ မှ ဌာနပြောက်ကျားခေါင်းဆောင် သခင်မှင်ထံသို့လည်း ကောင်း ရောက်ရှိခဲ့ပါသည်။ သခင်မှင်ထံသို့ ရောက်သောအခါ ဗိုလ်ဟန်သိမ်းတို့တပ်စု ဗိုလ်ဘစိန်ထံသို့ ထွက်ခွာသွားကြောင်း သတင်းရပါသည်။ သခင်မှင်တို့အဖွဲ့သည် ကျွန်တော်တို့အား ဘောက်တူတစ်စင်းဖြင့် တမော့ဝရွာသို့ ပို့ဆောင်ပေးပါသည်။ တမော့ဝရွာသို့ ရောက်သောအခါ ညနေ ၄ နရီခန့်ပင် ရှိချေပါပြီ။

ယခုတစ်ခေါက်တွင် တမော့ဝရွာ၌ ဗိုလ်မြတ်ကျော် မရှိတော့ပေ။ ကျွန်တော်သည် ရွာခံပြောက်ကျားခေါင်း ဆောင် ရဲဘော်စိန် အား ကျွန်တော့်အား ဗိုလ်ဘစိန်တို့၏ ခိုင်းစေချက်အရ ဗိုလ်လက်ျာနှင့် တွေ့ရှိရန် ရောကှ်ိနေကြောင်း သတင်းပို့ခိုင်း လိုက်ပါသည်။ မကြာမီ ဗိုလ်တင်အေး (အမ်-တင်အေး) လိုက်လာပြီး ဗိုလ်လက်ျာနှင့် တွေ့ဆုံ ရန် ခေါ်ယူသွားပါသည်။
“ဆိုစမ်း မြလှိုင်၊ ဘာထူးလဲ”

“ဖျာပုံမြို့ အခြေအနေဟာ စိုးရိမ်စရာဖြစ်နေတယ်။ ဖက်ဆစ်ရန်သူများက မြေလှန့်မီးရှို့မှာ စိုးရိမ်ရတယ်။ ဒါကြောင့် ဖျာပုံ ကို ကျွန်တော်တို့တပ်မတော်က ၀င်သိမ်းထားချင်တယ်။ ဒါကို ဗိုလ်ဘစိန်က သတင်းပို့ပြီး ညွှန်ကြားချက် ကို တောင်းခိုင်းလိုက်ပါတယ်”
“ဘယ်ဖြစ်မလဲကွ”
“ဗိုလ်လက်ျာ၏ အသံမဟုတ်ဘဲ အခြားအသံတစ်ခု ဖြစ်ခြင်းကြောင့် ကျွန်တော် မော်ကြည့်လိုက်သည်။ ဖက်လက်စ စာအုပ်တစ်အုပ်ကို လက်ညှိုးခြား၍ ကိုင်ရင်း၊ စကားဝိုင်းသို့ ၀င်လာသော ဆရာကြီး သခင်စိုး ကို တွေ့လိုက်ရပါသည်။ ကျွန်တော်သည် သခင်စိုးအား ကောင်းသည်ဆိုးသည်ဟု ဆက်၍ မပြောဘဲ ဗိုလ်လက်ျာ ကို စူးစိုက်ကြည့်နေလိုက်ပါသည်။ ထိုအခါ သခင်စိုးက ဆက်၍ ပြောပြန်သည်။
“ဖျာပုံမြို့ ကို ၀င်သိမ်းလို့ လက်ဝယ်ရပြီပဲ ထားပါတော့။ ရန်သူက နောက်တစ်ခါ အလုံးအရင်းနဲ့ ၀င်ပြီးချလို့ ဆုတ်ပေးရမယ်ဆိုရင် ဖျာပုံတစ်မြို့လုံး ပြာပုံဖြစ်သွားမယ် မဟုတ်လား သခင်လှဖေ”
ဗိုလ်လက်ျာက စကားပြန်မပေး။ ကျွန်တော့်ကိုလည်း မကြည့်ဘဲ သူကြီး ဦးညွှန့်အိမ်တွင် ရှိနေသော မေဂျာဗွိုက်တို့နှင့် ကိုသောင်းတို့အား သွားရောက်ခေါ်ယူခဲ့ရန် ဗိုလ်တင်အေး (အမ်-တင်အေး)အား စေလွှတ် လိုက်ပါသည်။

“မြလှိုင်၊ မင်း ဒီတစ်ည ဒီမှာ နေဦးကွ။ တို့တိုင်ပင်ပြီး အဖြေပေးမယ်မဟုတ်လား”
မကြာမီ ဗိုလ်တင်အေး (အမ်-တင်အေး) နှင့်အတူ၊ မေဂျာဗွိုက်တို့ ၀ိုင်ယာလက် အော်ပရေတာ ချာလီ၊ လေထီးဆင်း ကိုဘသောင်း (ဦးဘသောင်း၊မြန်မာ့ထုတ်ကုန်သွင်းကုန် ကော်ပိုရေးရှင်း) တို့ ရောက်ရှိ လာပါ သည်။ ၎င်းတို့အား ဗိုလ်လက်ျာက ဖျာပုံမြို့ အခြေအနေ၊ ရန်သူအင်အား၊ ဖျာပုံမြို့ပတ်ပတ်လည်၌ရှိသော ဗမာ့ တပ်မတော်အင်အား၊ ကွန်မြူနစ်ပြောက်ကျားအင်အား စခန်းများကို ရှင်းပြပြီးနောက်၊ ဖျာပုံမြို့ သိမ်းပိုက်ရေးကို တိုင်ပင်ပါသည်။ ဗိုလ်လက်ျာ၏ ပြောကြားချက်များကို နားထောင်၍ မေဂျာဗွိုက်တို့နှင့် ကိုဘသောင်း တို့က ဖျာပုံမြို့ကို တပ်မတော်မှ ၀င်ရောက်သိမ်းခြင်းသည် တစ်ဖက်နှင့်တစ်ဖက် ၀င်ရောက် သိမ်းယူရမည် ဖြစ်၍ (၁)နှစ်ဘက် အကျအဆုံး ရှိနိုင်ကြောင်း၊ (၂) ရန်သူက ဆုတ်ခွာရာတွင် မြို့အား မီးရှို့ ဆုတ်ခွာနိုင်ခြင်း၊ (၃) ထိုသို့ အချိန်မရသည့်တိုင်အောင် တိုက်ပွဲ၌ မြို့သူမြို့သားများ ထိခိုက်နိုင်ခြင်း စသည် တို့ကြောင့် တိုက်ခိုက်သိမ်းယူခြင်း မပြုသင့်ကြောင်း ပြောကြားပါသည်။

“အကောင်းဆုံး အကြံဥာဏ်ပေးနိုင်ပါသလား”
“ဖြစ်နိုင်ရင် ရန်သူ့စခန်းတွေ ဘယ်မှာရှိတယ်၊ အင်အား ဘယ်လောက်ရှိတယ်၊ ဘယ်နှစ်နေရာရှိတယ်ဆိုတာ တိတိကျကျ မြေပုံနဲ့တကွရရင် ကျွန်တော်တို့ ဗုံးကြဲပေးမယ်။ ဒါဆို ရန်သူ့စခန်းပဲ ပျက်စီးမယ်”
“မြလှိုင် ကြားလာ။ မင်း ရန်သူ့စခန်းတွေကို တိတိကျကျညွှန်းတဲ့ မြေပုံ ရနိုင်မလား”
“ရနိုင်ပါတယ်။ ကျွန်တော် ခုပြန်ပြီး ရရချင်း လာပို့ပေးပါမယ်”
“ဗိုလ်ဘစိန်တို့ကို ဖျာပုံသိမ်းရေး ခဏဆိုင်းထားဦးလို့ ပြောလိုက်ကွာ”
ဗိုလ်လက်ျာဆီမှ ပြန်လာသောအခါ ရဲဘော်ဟန်ရင်အား ဗိုလ်ဘစိန်ထံသို့လည်းကောင်း၊ ရဲဘော်စံယျအား ဖျာပုံ ၇ လမ်းမှ ဦးလေး ဦးအုန်းစိန်ထံသို့ လည်းကောင်း သတင်းပို့ခြင်း၊ မြေပုံရရှိရေးတို့ကို ဆောင်ရွက်ပါသည်။

ဦးလေးဦးအုန်းစိန်သည် အခွန်ဝန်ရုံးတွင် တာဝန်ထမ်းဆောင်နေသူဖြစ်၍ မြေပုံရရှိရေးမှာ မခက်ခဲသော်လည်း ဖက်ဆစ်များ၏ စခန်းများ အတိအကျရရှိရန် လွယ်ကူမည်ဟု မထင်ခဲ့ပေ။ သို့သော် ဦးအုန်းစိန် သည် အောက်ကွင်းရွာဘက်သို့လည်းကောင်း၊ ဖျာပုံမြို့ပတ်လမ်းဘက်သို လည်းကောင်း လှည့်လည်ကြည့်ရှုပြီး ရန်သူစခန်း များကို မြေပုံကြမ်း ဆွဲပေးရုံသာမက ဖျာပုံမြို့ စည်ပင်သာယာအဖွဲ့မှ ရရှိသော မြေပုံပေါ်တွင် မင်နီသား၍ ရန်သူစခန်းများကို ဖော်ပြပေးလိုက်ပါသည်။ ဦးအုန်းစိန် ထံမှ မြေပုံ ရလျှင်ရချင်း ကျွန်တော်သည် တမော့ဝစခန်းသို့ ခရီးပြင်းပြန်လာခဲ့ပြီး မြေပုံများကို အပ်နှံလိုက်ပါသည်။ မြေပုံများ ရရှိပြီးနောက် မကြာမီ ရန်သူစခန်းများအား မဟာမိတ်တို့မှ သွားရောက် ဗုံးကြဲခဲ့သော်လည်း မှန်းခြေမကိုက်ဘဲ ရန်သူစခန်း တစ်ခုမှလွဲ၍ ဖျာပုံမြို့တွင်းသို့ ဗုံးအချို့ကျခဲ့သဖြင့် ရပ်သူ ရပ်သားအချို့ သေဆုံးခဲ့ကြရပါသည်။ ယင်းကိစ္စတွင် ကျွန်တော် တရားခံဖြစ်နေမည်လားပင်မသိဟု စိတ်ထဲတွင် ခံစားခဲ့ရပါသည်။

ကဇောင်းတိုက်ပွဲ

ဤတိုက်ပွဲား မြစ်ဝကျွန်းပေါ် ဖက်ဆစ်တော်လှန်ရေးတွင် သမိုင်းတွင်ရစ်သည့် တိုက်ပွဲကြီးတစ်ခုဖြစ်ပါ သည်။ ဖက်ဆစ်တပ် များသည် အရူးမီးဝိုင်းဟိုမှသည်မှ တိုက်ခိုက်ခြင်းခံရသောကြောင့် ၎င်းတို့၏ စစ်ဆင်ရေး နည်းဗျူဟာ ကို ပြောင်းလဲသုံးစွဲလာပါသည်။ ၎င်းတို့သည် တပ်မတော်သားများ ရှိမည်ထင်သော ရွာသို့ အလုံး အရင်းနှင့် ချီတက်၍ ရွာသူရွာသားများရှိမည်ထင်သောရွာသို့ အလုံးအရင်းနှင့် ချီတက်၍ ရွာသူ ရွာသားများကို ဖမ်းဆီး စစ်မေးခြင်း၊ မီးရှို့ခြင်းများကို ပြုပါသည်။ ကြာသော် ရွာသူရွာသားများသည် တပ်မတော်သားများကို လက်ခံ ရန် အလွန်ကြောက်ရွံ့ကြကုန်သည်။ ယခုအခါ အင်အားကြီးမားစွာ တပ်စွဲ ထားသော နေရာ ၂ ခုသာရှိ ပါသည်။ ယင်း ၂ ခုမှာ (၁) ကျွန်တော့်တပ်စုနှင့် အင်အား ၃၀၀ ခန့်ရှိသော ပြည့်သူ့ အရေးတော်ပုံပါတီ မှ ပြောက်ကျား များ၏ တူးမြောင်းစခန်း၊ (၂) ဗမာ့တပ်မတော် ဗိုလ်ဘစိန် ဦးစီးသောတပ်နှင့် ကွန်မြူနစ်ပြောက်ကျား ၂၀၀ ခန့် ရှိသော ကဇောင်းရွာစခန်းတို့ ဖြစ်ကြပါသည်။
ထိုနေ့ ကား သင်္ကြန်အကြိုနေ့ဖြစ်သည်။

တူးမြောင်းရွာသို့ ဆက်သားရောက်လာသည်။ ဖျာပုံတွင် ဖက်ဆစ်တပ်နှင့် ရဲအဖွဲ့ ဘေိုထိုင်အဖွဲ့များ စုဝေး၍ နယ်သို့ ဆင်းကြမည်ဟူသော သတင်းဖြစ်သည်။ ယင်းသတင်းအရ ကျွန်တော်တို့သည် ရန်သူများ ချီတက်လာနိုင်သည့် ရေလမ်း၊ ကုန်းလမ်းများမှ ဆီးကြိုတိုက်ခိုက်နိုင်ရေးကို စီစဉ်ကြပါသည်။ သို့သော် ထိုနေ့တစ်နေကုန် သည်အထိ ရန်သူများ ချီတက်တိုက်ခိုက်ခြင်းမရှိသဖြင့် အခြေအနေကို မစဉ်းစား တတ် အောင် ဖြစ်မိပါသည်။ ထိုနေ့ည ၈ နာရီခန့်တွင် ဓနုံးချောင်းရွာမှ ရဲဘော်လှဦးဆိုသူ အရေးတကြီး ရောက်ရှိ လာပြီး ယခုညနေဘက် က ရဲသား ၃၀ ခန့်၊ ကေဘိုထိုင် ၂၅ ခန့်၊ ဟေးဟိုး ၁၀ ခန့်နှင့်ဖက်ဆစ်တပ်မှ စစ်သား ၁၅၀ ခန့်ဖျာပုံမြို့ ၏ တောင်ဘက်သို့ ဆင်းသွားကြသည်။ ၎င်းတို့ ချီတက်သည်မှာ ဗမာ့တပ်မတော် အား တိုက်ခိုက် ရန် ဖြစ်သော်လည်း မည်သည့်ဒေသသို့ သွားရောက်ကြသည်ကို တပ်အပ်မပြောနိုင်ကြပေ။ ကျွန်တော် သည် ကိုလှဦး၏ စကားဆုံးသောအခါ ဖက်ဆစ်ရန်သူများ အနေဖြင့် ကျွန်တော့်စခန်းအား တိုက်ခိုက်ခြင်း မပြုလျှင် မုချမသွေ ကဇောင်းတွင် တပ်စွဲထားသော ဗိုလ်ဘစိန်တပ်သို့ တက်ရောက် တိုက်ခိုက်ခြင်းဖြစ်မည်ကို သဘောပေါက်မိပါသည်။

ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ဖြစ်၍ ကဇောင်းရွာဖျားမှ အိုးစည်သံကလေးသည် လေဟုန်စီး၍ လွင့်ပါး လာသည်။ ရွာသူရွာသားများဖြစ်ကြသော သက်ကြီးရွယ်အိုများမှာ သီလဆောက်တည်ရန် ရွာဦးကျောင်းသို့ လှူဖွယ်ဝတ္ထုတို့ဖြင့် ရောက်ရှိကြကုန်သည်။ ဗိုလ်ဘစိန်သည် ဆေးမှူး ဆရာတင်အောင်နှင့်အတူ ကင်းများ စစ်ဆေးပြီး ကဇောင်းအနောက် ရွာသူကြီးနှင့် သူကြီးကတော်တို့ ဘုန်းကြီးကျောင်း သွားရန် ပြင်ဆင်နေ ၍ နှုတ်ဆက်စကားပြောဆိုပြီး သူကြီးအိမ်ရှေ့ကြမ်းပေါ်၌ အိပ်ပျော်နေသော ဗိုလ်ကျော်စိုးအား နှိုး၍ အကျိုး အကြောင်းမေးမြန်းကြည့်ရာ ဗိုလ်အောင်စိန်တို့ ကျုံကဒွန်းဂါတ်ကိုစီး၍ သိမ်းယူခ့သော လက်နက်များ လှေနှင့် အပြည့် ပါလာကြောင်း ပြောကြားသဖြင့် တပ်မတော်အတွက် လုံလောက်သော လက်နက် ခဲယမ်းမီး ကျောက်များ ဖြည့်ဆည်းရရှိသဖြင့် ဗိုလ်ဘစိန် ၀မ်းသာမိသည်။ ဗိုလ်ကျော်စိုးအား ချီးကျူးစကားပြော ဆို၍ ကဇောင်းအရှေ့ရွာတွင် ဗိုလ်ဟန်သိမ်းတပ်နှင့်အဆင်သင့်တွေ့၍ ဗိုလ်ဟန်သိမ်းတပ် ခရီးထွက်ရေးကို စီစဉ် ညွှန်ကြား လျက်ရှိပါသည်။ ထိုအခိုက် ကရင်အဘိုးအို တစ်ယောက် မောပန်းကြီးစွာဖြင့် ရောက်ရှိလာပြီး ဖက်ဆစ်တပ်ကြီး ချီတက်လာပြီဖြစ်ကြောင်း၊ ၎င်းနှင့်အတူ ပုလိပ်အဖွဲ့ ကေဘိုထိုင်နှင့် ဟယ်ရီသိန်းဆိုသူ လည်းပါကြောင်း ပြောပြပါသည်။

“ဖထီး၊ ဖက်ဆစ်တပ်က ချီတက်လာတာ သေချာရဲ့လား”
“ဝေး ... ငါဘာလုပ် မုသားပြောရမှာလဲ စစ်ဗိုလ်ကြီးရယ်။ သင်းတို့နဲ့ ငါနဲ့တွေ့ခဲ့တာပဲ။ သူတို့က ငါ့ကို မှာတယ်။ ဗမာတွေ ကို မပစ်ပါနဲ့တဲ့။ သူတို့လည်း ဗမာစစ်သားတွေကို မပစ်ပါဘူးတဲ့။ သေနတ်သံကြားရင် မြေမှ ၀ပ်နေပါမယ် တဲ့”
“ကျေးဇူးတင်တယ် ဖထီး၊ ကျွန်တော်တို့ ခုပဲ စီစဉ်ပါမယ်”
ကရင်အဘိုးကြီး ထွက်သွားသောအခါ ဗိုလ်ဟန်သိမ်းခရီးထွက်ရေးကို ဖျက်သိမ်းလိုက်ပြီး၊ ရန်သူများအား အဆင်သင့် ဆီးကြိုတိုက်ခိုက်နိုင်ရန် စဉ်းစားရပါသည်။ ထိုအချိန်မှာပင် သပေကန်ရွာသားတစ်ယောက် အပြေး အလွှားရောက်ရှိ လာပြန်ပြီး။ ဖက်ဆစ်တပ်ကြီး တက်လာနေပြီဖြစ်ကြောင်း ပြောလာပြန်ပါသည်။ ယင်းသို့ဆိုလျှင် ရန်သူများ အင်အားကြီးမားစွာဖြင့် တိုက်ခိုက်တော့မည်မှာ အမှန်ပင် ဖြစ်ပေလိမ့်မည်။ ဗိုလ်ဘစိန်သည် ဆရာတင်အောင် ၏ လက်ကို တင်းတင်းဆုပ်၍ စကားဆိုသည်။

“ပွဲကြီးပွဲကောင်းတော့ တွေ့ရပြီပေါ့။ အရာတင်အောင်ရေ”
ဖက်ဆစ်တပ်မှ တပ်ခွဲတစ်ခွဲ ၁၅၀ နှင့် ရဲအဖွဲ့ဝင်များ၊ ကေဘိုထိုင်များ၊ ဟေးဟိုးများ စုစုပေါင်း အင်အား ၂၀၀ ကျော်ခန့်တို့သည် ဧပြီလ ၁၃ ရက်နေ့ညနေတွင် ဖျာပုံမြို့မှ စတင်ထွက်ခွာလာကြပြီး ဖျာပုံတမံရွာတွင် စခန်းချ ပါသည်။ ထိုမှတစ်ဆင့် မရောင်းရကျော်အတိုင်း ချီတက်လာခြင်းဖြစ်ပါသည်။ ရန်သူများသည် စက်သေနတ်ကြီး၊ စက်သေနတ်ကလေးများ အပါအ၀င် လက်နက်မျိုးစုံ ပါဝင်ပီး မြန်မာများကို ရှေ့မှတင်၍ ချီတက် လာခြင်းဖြစ်သည်။ မြန်မာများအနေဖြင့် နီးရာဓားကို ကြောက်၍ သူ့ဆန်စား ရဲရသော်လည်း တကယ်တမ်း အသက်ဖြင့် ရင်း၍ တိုက်ရတော့မည်ကို သသောအခါ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ကြ ကုန်သည်။

ထို့ပြင် ဗမာ့တပ်မတော်နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအသီးသီးတွင်လည်း ဖက်ဆစ်များ အရေးနိမ့် လျက်ရှိကောင်း မျက်မြင်ကိုယ်တွေ့ ဖြစ်ပါသည်။ ထိုထက် မကြာသေးမီက မဟာမိတ်တို့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခြင်းသည် ဖက်ဆစ်တော်လှန်ရေးတွင် တပ်မတော်နှင့် မဟာမိတ်တို့ ပူးပေါင်းမိခြင်းဖြစ်ကြောင်း သတင်းကြားပြီး လည်း ဖြစ်ပါသည်။
ကျွန်တော့် မိဘ ညီအစ်ကို မောင်နှမများနှင့် ဇနီးဖြစ်သူ သန်းသန်းတို့သည် ဖက်ဆစ်များ အလုံးအရင်းနှင့် ဗမာ့တပ်မတော် အား တိုက်ခိုက်ရန် ဆင်းသွားပြီဟူသော သတင်းကို ကြားသိလိုက်သည်နှင့် တစ်ပြိုင်နက်၊ စိုးရိမ် ပူပန်စိတ် များ အထွတ်အထိပ်သို့ ရောက်ခဲ့ကြလေသည်။ မည်မျှပင် ကျွမ်းကျင်သည် ဆိုလင့်စကား လက်နက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရသော အလုပ်သည် အသက်ခန္ဓာကိုယ် အရင်းတည်ရသောအလုပ် မဟုတ် ပါလား။ သန်းသန်းသည် ဘုရားစင်ရှေ့တွင် တစ်နေကုန်ထိုင်နေသည်။ မိခင်နှင့် အဒေါ်များသည် ကမ~မဋ္ဌာန်းကျောင်း ၌ မေတ္တညကမ~မဋ္ဌာန်းကို ထိုင်၍ မေတ္တာပို့လျက် ရှိကြကုန်သည်။ ထိုအချိန် ကျွန်တော် သည် လက်နက်ခဲယမ်းမီးကျောက်များကို စစ်ဆေးလျက်ရှိနေပါသည်။

ဗိုလ်ဘစိန်သည် သပြေကန်ရွာမှ ဆက်သားဖြစ်သူအား ကဇောင်းရွာအတွင်း အသိအိမ် တွင် နေထိုင် ရန်၊ လောလောဆယ် ရွာသို့ မပြန်ရန် တိုက်တွန်းရင်း ဗိုလ်ဟန်သိမ်းအား အသင့်ပြင်ရန် ပြောပါသည်။
“ဗိုလ်ဟန်သိမ်း၊ ခင်ဗျားတပ်ဖွဲ့ အဆင်သင့်ဖြစ်ရင် ကန်ဘောင်ကိုသွားနှင့်ပါ။ ဟိုမှာ စက်သေနတ်ကြီး တပ်ခွဲက ဗိုလ်ချစ်စု သူ့တပ်နဲ့ ရှိနေတယ်။ ဗိုလ်ချစ်စုကိုလဲ ပြောလိုက်ပါ။ ရန်သူအင်အား ၂၀၀ နဲ့ ၃၀၀ လောက်ရှိတယ်။ အသင့်ရှိနေပါလို့။ နောက်ပြီး ကျုပ် လိုက်လာမယ်”
ဗိုလ်ဘစိန်စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဗိုလ်ဟန်သိမ်း၏ တပ်သည် လက်နက်ကိုယ်စီဖြင့် ကန်ဘောင် ဆီသို့ အပြေး ချီတက် သွားသည်။ ထိုအခိုက် ဗိုလ်ဘစိန် ခေါင်းထဲသို့ အသိတစ်ခု တိုးဝင်လာသည်။ ယခု ရန်သူများ ချီတက် လာကြောင်း သတင်းပေးသူများမှာ ရွာသားများသာဖြစ်သည်။ ၎င်းတို့သည် ရန်သူအင်အား၊ လက်နက် အင်အားနှင့် မည်သည့်လမ်းက ချီတက်လာသည်ကို တိတိကျကျ မပြောနိုင်ပေ။ အကောင်းဆုံးမှာ မိမိတပ်မှ ရဲဘော်ကို ရုပ်ဖျက်စေလွှတ်ရန်ပင် ဖြစ်သည်။ ထို့ကြောင့် -
“ဟေ့ ... ရဲဘော် မောင်သန်း၊ အကူရဲဘော်တစ်ယောက်ကိုပါ ခေါ်သွား၊ ငါးဆောင်းတို့၊ ငါးတို့ ကွန်တို့ ယူပြီး ရန်သူအင်အားကို သွားထောက်ချေပါ။ အင်အား၊ လက်နက်၊ ဘယ်ပုံစံနဲ့ ချီလာတယ်ဆိုတာ မှတ်ခဲ့။ ကိုင်း ... သွားတော့ဒါပဲ”

ရဲဘော်မောင်သန်းနှင့်အတူ ရဲဘော် ညိုမှိုင်းတို့ ထွက်သွားကြသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ထို့နောက် ကျုံကဒွန်းရွာမှ သိမ်းဆည်းလာသော လက်နက်များအနက် ရိုင်ဖယ်များကို ရဲဘော်များအား ပေးဝေစေပြီး နှစ်လုံးပြူး၊ ၀င်ချက်စတာ သေနတ်များကို ရွာမှ ပြောက်ကျားများအား ဝေငှပေးထားရန် မှာ ကြားရပါသည်။ ဗိုလ်ဘစိန်သည် မိမိအဖြစ်ကို စဉ်းစားရင်း ပြုံးမိသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ သင်္ကြန်အကျနေ့တွင် မိမိတပ်နှင့် ရွာခံများ စုပေါင်း၍ ရိုးရာအတာပွဲကလေး လုပ်၍ ရဲဘော်များအား အပန်းဖြေစေမည်ဟု မျှော်လင့်ထားခ်ျကလေး ပျောက်ဆုံးသွားခြင်းပင် ဖြစ်ပါသည်။ မိမိ၏အပြုံးကလေး မပျက်ပြယ်မီပင် ဆက်သားတစ်ဦး အပြေးအလွှား ရောက်လာပြန်သည်။

“ဆိုစမ်း ... ရဲဘော်၊ ဖြည်းဖြည်းပြော၊ အမောလည်းဖြေဦး။ ဟေး ... ရဲဘော်တစ်ယောက် ရေတစ်ခွက်ယူခဲ့ စမ်းဟေ့”
“ဖက်ဆစ်တပ်ကြီး၊ ဖိုးရှမ်းပေါစုဘက် ရောက်လာပြီ”
“ဘယ်လောက်များသလဲ ရဲဘော်”
“အိုး ... အများကြီးပဲ ဗိုလ်ကြီး။ အများကြီးပဲ။ လူ ၄ ယောက် ထမ်းတာကြီးတွေလည်း ပါတယ်ဗျ”
“အင်း ... စက်သေနတ်ကြီး ပါလာတာကိုး”
ဗိုလ်ဘစိန်သည် ဆက်သားရဲဘော်အား မေးမြန်းပြီးသောအခါ ဗိုလ်ကျော်စိုးနှင့် ရုံးအဖွဲ့အား ရုံးပစ္စည်းများ သိမ်းဆည်း၍ ပြောင်းရွှေ့ထားရန် မှာကြားပြီး၊ ဗိုလ်မျိုးချစ်နှင့် ရဲဘော်သစ်များအား ရွာအနောက်ဘက် စည်းရိုးသို့ သွားရောက်၍ ရန်သူများ ရွာအတွင်း ၀င်ရောက်ခြင်း မပြုရန် ဟန့်တားတိုက်ခိုက်ရန် မှာကြား လိုက်ပါသည်။ ဗိုလ်မျိုးချစ်တို့ လူသိုက် ထွက်ခွာသွားသော အခါ ဗိုလ်ဘစိန်သည် လက်နက်အပြည့်အစုံကို ယူ၍ ရဲဘော် ဘတင့်၊ ရဲဘော်ထွန်းကြည်တို့နှင့်အတူ ဖျာပုံကွန်မြူနစ်ပါတီ မြို့နယ်ခေါင်းဆောင် ကိုမြင့်အောင် (ခ) ကျော်သိန်း၊ ကိုဘဥာဏ်၊ ကိုတင်အေးတို့အားခေါ်၍ ဗိုလ်ချစ်စု၊ ဗိုလ်ဟန်သိမ်းတို့ရှိရာ ကန်ဘောင်ဆီသို့ ထွက်လာခဲ့ပါသည်။ လမ်းတွင် ကင်းထောက်လွှတ်လိုက်သော ရဲဘော်မောင်သန်းနှင့်တွေ့၍ မောင်သန်းအား အကျိုး အကြောင်း မေးရပါသည်။

“ရဲဘော်မောင်သန်း၊ အခြေအနေ ဘယ်လိုလဲ”
“ဟော ... ဟိုမှာ လာနေပြီ ဗိုလ်ကြီး၊ မ်ြငတ်ယ မဟုတ်လား”
ရဲဘော်မောင်သန်းညွှန်ရာသို့ ကြည့်လိုက်သောအခါ ရန်သူများသည် ရွာဆီသို့ လူတန်း ၂ တန်းခွဲ၍ ခပ်ကျကျဲ ချီတ်လာသည်ကို တွေ့ရပါသည်။ ယခုတက်လာသော အင်အားမှာ ၄၀-၅၀ ခန့်သာဖြစ်သည်။
“ဒါပဲလား၊ မောင်သန်း”
“မဟုတ်ဘူး၊ ဖိုးရှမ်းပေါစု ဘက်ကလည်း တချို့ ချီတက်လာနေတယ်”
“ဘယ်လောက်များလဲကွ”
“ဒါထက် များတယ်။ ဖက်ဆစ်တပ်က ၁၀၀ လောက်၊ အရန်တပ်နဲ့ဆို ၂၀၀ ကျော်ကျော် ရှိတယ်ထင်တယ်၊ ဗိုလ်ကြီး”
“ကိုင်း ... မောင်သန်း၊ မင်းတပ်ကို အမြန်သွားတော့”

ရဲဘော်မောင်သန်း ထွက်ခွာပြီးနောက်၊ ဗိုလ်ဘစိန်သည် ကန်ဘောင်ရိုးပေါ်မှ ချီတက်လာသော ရန်သူတပ် များအား ကိုယ်ရောင်ပြ၍ ရပ်နေလိုက်သည်။ ရန်သူတပ်များသည် ၂ တန်း ချီတက်လာရာမှ ၄ တန်း ခွဲလိုက် သည်။ ကန်ဘောင်အတွင်းမှ စက်သေနတ်ကြီး ရဲဘော်မောင်ပေါသည် ရန်သူများအား စက်သေနတ်ကြီးဖြင့် လိုက်ချိန်ရင်း မရိုးအရွ ဖြစ်နေသည်။ ၎င်း၏ လက်ချောင်းကလေးများသည် တပ်ခွဲမှူး၏ “ပစ်”ဟူသော အမိန့်ကို စောင့်ရင်း ခလုတ်ပေါ်တွင် အသာတင်ထားလိုက်သည်။ ရဲဘော်သာထိုက်မှာ စက်သေနတ်ကြီး ဘေးမှ ယမ်းဗုံးကြီးကို ဖွင့်ကာ ယမ်းကတ်များ တစ်ကတ်ပြီးတစ်ကတ် ထိုးပေးရန် အသင့်စောင့်နေပါသည်။

ထို့အတူ ဗိုလ်ဟန်သိမ်း ၏ တပ်မှာလည်း ကန်ဘောင်တွင် ၀ပ်၍ အသင့်ချိန်ထားကြသည်။ စက်သေနတ်ကီး တပ်ခွဲမှူး ဗိုလ်ချစ်စု၊ တပ်ခွဲ (၂) တပ်ခွဲမှူး ဗိုလ်ဟန်သိမ်းတို့သည် ရန်သူ့ အခြေအနေကိုကြည့်၍ တာဝန်များကို ခွဲဝေလျက်ရှိကြသည်။ ရဲဘော်မောင်ပေါသည် သူ့တပ်ခွဲမှူး ဗိုလ်ချစ်စုအား ပစ်ရတော့မလား၊ ပစ်ရတော့မလားဟု တမေးထဲ မေးနေပါသည်။ ဗိုလ်ချစ်စုသည် ရန်သူများကို နောက်ဆုံးလူမှ စ၍ ပစ်ပြီး ရှေ့ကို ဆွဲ၍ ပစ်ရမည်ဟု ပြော၍ “ပစ်” ဟူသော အမိန့်ကို ပေးလိုက်ပါသည်။ အမိန့်သံဆုံးသည်နှင့်တစ်ပြိုင် နက်၊ စက်ကြီးသံ၊ ဘရင်းဂန်းသံ၊ ရိုင်ဖယ်သံများသည် ဘ၀ဂ်သို့တိုင် ဆူယံသွားပါတော့သည်။ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ပစ်နေကြသည်မှာ အ၀ီစိပွက်မျှ ဖြစ်ပါသည်။ နံနက် ၇ နာရီခန့်မှ စတင်တိုက်ခဲ့ကြ သည်မှာ ၈ နာရီ ကျော်သည့်အထိ တိုက်ပွဲကား ပြင်းထန်ဆဲဖြစ်သည်။ ရန်သူများသည် တိုက်ကွက်များပြောင်းလာသည်။

ကဇောင်းရွာ နောက်ကျောမှ ပန်း၍တက်ကာ ရွာကို သိမ်းမိရန် ကြိုးစား ကြပြန်သည်။ အနောက်ဘက်တွင် ဗိုလ်မျိုးချစ်နှင့် ဗိုလ်မိုးနက်တို့ရှိကြသည်။ ၎င်းတို့သည် ရဲဘော်သစ်များ ကို ဦးဆောင်၍ ရှိသမျှအင်အားဖြင့် ခုခံလျက်ရှိကြပါသည်။ ရွာသူရွာသားများကလည်း ရန်သူများ ကြောက် လန့်စေရန် ညာသံပေး၍ ပါးစပ်သေနတ်များ ပစ်ပေးကြပါသည်။ ရန်သူများသည် ထိုအခါတွင်မှ လူစုလူဝေး ရှိနေသော နေရာကို ခန့်မှန်းသိရှိကာ စိန်ပြောင်းနှင့် ပစ်ပါတော့သည်။ စိန်ပြောင်းကျည်ဆန် သင့်၍ ရွာသား ရဲဘော်တစ်ယောက် ကျဆုံးသွားပါသည်။ ထိုအချိန်တွင် ဗိုလ်မျိုးချစ်၊ ဗိုလ်မိုးနက်၊ ဗိုလ်ကျော်စိုးတို့ လူသိုက်မှာ ရန်သူများ၏ လက်ချက်ဖြင့် ဗိုလ်ဘစိန်နှင့်တကွ ဗိုလ်ချစ်စု၊ ဗိုလ်ဟန်သိမ်းနှင့် ရဲဘော်အားလုံး ကျဆုံးကုန်ပြီဟု ယူဆကာ ၀ဲကြီးရွာဆီသို့ ဆုတ်ခွာသွားကြပါတော့သည်။
စက်ကြီးနှင့် တရစပ်ပစ်နေသည့်ကြားမှ ရန်သူများသည် တွား၍ တက်လာကြသည်။

ယင်းကား ဖက်ဆစ် များ၏ မဆုတ်မနစ်သော အသေခံတိုက်သည့် ချီးကျူးဖွယ် စိတ်ဓာတ်ပင်ဖြစ်ပါသည်။ ဗိုလ်ဘစိန်သည် ရန်သူ များနောက်ကျောမှ တ်၍ ရွာကိုသိမ်းပြီး မီးရှို့မည်ကို စိုးရိမ်ပူပန်လာသည်။ ထို့ကြောင့် ဗိုလ်ဟန်သိမ်း အား ရွာနောက်သို့ ၀င်ရောက်သိမ်းရန် ကြိုးစားနေသော ရန်သူ၏ နောက်ကျောမှ ၀င်တိုက်ရန် ညွှန်ကြားရ သည်။ သို့သော် သေနတ်သံများ ဆူညံနေသဖြင့် ဗိုလ်ဟန်သိမ်းအား အော်ပြော၍ မကြားသဖြင့် ရဲဘော် ဘတင်သည် မြေပြင်ပေါ်၌ တရွှီရွှီ ဖြတ်သန်းနေသော ကျည်ဆန်များကြောင့် ချောင်းဘေးမှ ကပ်ကာ ဗိုလ်ဟန်သိမ်းထံသို့ လာခဲ့သည်။ ထိုအချိန်တွင် ချောင်း၏ လက်ယာဘေးတွင် ကပ်၍ ခိုနေသော ဖက်ဆစ် တပ်ကို တွေ့ည်။ ပထမသော် မိမိတို့ ဗမာ့တပ်တော်မှဟု ထင်၍ “ဆက်သားလာတယ်ဟေ့” ဟု အော်၍ ပြောလိုက်သည်။ ထို့နောက် တဖြည်းဖြည်း နီးလာသောအခါ ငွေရောင်သွားများကို တအားဖြဲ၍ “ရာပါ၊ ရာပါ” ဟု ခေါ်နေသော ဖက်ဆစ်တပ်သားတစ်ဦးကိုတွေ့ပြီး လန့်ဖျပ်ကာ ချောင်းထဲသို့ လှိမ့်ချလိုက်လေ သည်။ ရဲဘော် ဘတင် တစ်ယောက် သေကံမရောက်၍သာ အသက်ရှင်ခဲ့ရပါသည်။

ရဲဘော် ဘတင်၊ ဗုလ်ဟန်သိမ်းထံသို့ မရောက်ဘဲ ဗိုလ်ဘစိန်ထံ ပြန်လာနိုင်ခဲ့ခြင်းသည် အမှန်စင်စစ် ကံ ကောင်းသည်ဟု ဆိုရချေမည်။ အဘယ်ကြောင့်ဆိုသော် မီတာ ၁၀၀ ခန့်အထိ ရန်သူများ ရှိနေခြင်းနှင့် စက် သေနတ်ကြီးအဖွဲ့ဖြစ်ကြောင်း သိလိုက်ရခြင်းကြောင့်ပင်။

“အဘ ... ရွာကျတော့မယ်။ ရွာကျရင် ကျွန်တော်တို့အားလုံး ၀ိုင်းပြီးသား ဖြစ်သွားမယ်။ အချိန်ရှိတုန်း ရွာထဲ ၀င်ရအောင်”
ဗိုလ်ဘစိန် သည် ဗိုလ်ဟန်သိမ်း၏ အထက်ပါစကားကို ကြားလိုက်ရာတွင် ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ချလိုက်မိသည်။ ရန်သူများ ညှပ်ပူးညှပ်ပိတ် တက်လာသည့်အချိန်တွင် တစ်ဘက် ရန်သူကို အပြတ်နိုင်အောင် တိုက်ပြီးမှသာ ကျန်ရစ်သူကို ဖြိုရလွယ်ကူမည်ဖြစ်သည်။
“ဗိုလ်ဟန်သိမ်းရေ၊ ဒီကန်ဘေးက ရန်သူကို အရင်နိုင်အောင် တိုက်ရမယ်။ ပြီးရင် ကျုပ်တို့အားလုံး ကန်ထဲမှ စုပြီး ရွာကို ချီလာတဲ့ ရန်သူကို ပြန်တိုက်ရမယ်”
“ကောင်းတယ်”

ဗိုလ်ဘစိန်သည် ကန်ဘေးမှကပ်၍ တက်လာသော ရန်သူအား စက်ကြီးဖြင့် တရစပ် ပစ်ခိုင်းသည်။ ထိုအချိန်တွင် ဗုံးကြဲလေယာဉ်နှစ်စင်းသည် တိုက်ပွဲဖြစ်နေသည့်ပေါ်မှ တည့်တည့်ပျံသွားပါသည်။ ရန်သူများ သည် ဗမာ့ တပ်မတော်နှင့် မဟာမိတ်တို့ အဆက်အသွယ်ရရှိသည်ဟု ထင်မှတ်ဟန် တူပါသည်။ ရုတ်တရက် ပစ်ခတ်မှုများ ရပ်ဆိုင်းသွားသည် ကို တွေ့လိုက်ရလေသည်။ ယင်းအခွင့်ကောင်းကိုယူ၍ ရဲဘော်များနှင့် အတူ ချောင်းကို ဖြတ်ကူးလိုက်ကြသည်။ ဗိုလ်ဟန်သိမ်းသည် ခြောက်လုံးပြူးကိုင်၍ ရှေ့မှ တက်နေသဖြင့် အကာအကွယ် ယူရန် ဗိုလ်ဘစိန် မကြာခဏ သတိပေးရပါသည်။ ယခုကဲ့သို့ ချီတက်နေ သည်ကို ရဲဘော်များ မှား၍ မပစ်မိရန်လည်း “တို့ ဒီက တက်နေတယ်ဟေ့” ဟု ၃ ကြိမ်မျှ အသံပေးသော အခါတွင်မှ သစ်ပင်ပေါ်တွင် ကင်းစောင့်နေသော ရဲဘော်က ကြားကြောင်း အသံပြန်ပေးသည်။ ရန်သူအား ဗိုလ်ဘစိန် အော်သံကို ကြားကောင်း ကြားလိမ့်မည် ထင်သည်။ သို့သော် မတတ်နိုင်ပြီ။

ထိုအချိန်ွင် ကျုံကဒွန်းရွာကို စီး၍ လက်နက်များ သိမ်းဆည်း၍ ပြန်လာသော ဗိုလ်အောင်စိန်၏ တပ်ခွဲ ၃ သည် ၀ဲကြီး လယ်ကွင်းထဲ၌ စခန်းချလျက် အိပ်စက်နားနေကြပြီး၊ နံနက်ဝေလီဝေလင်းအချိန်အတွင်း ၀ဲကြီးရွာထဲသို့ ၀င်ခဲ့ကြသည်။ ရဲဘော်များကို အနားပေးပြီး စားရေးသောက်ရေးအတွက် စီစဉ်နေစဉ် ကဇောင်းရွာဘက်မှ စက်သေနတ်ကြီး ပစ်သံ၊ စိန်ပြောင်းပစ်သံများကြားရသဖြင့် ချက်ချင်းအစီအစဉ်ပြောင်း လျက် ကဇောင်းရွာသို့ အပြင်း ချီတက်ခဲ့ကြလေသည်။ နံနက် ၈ နာရီခွဲခန့်တွင် ပိန်းချောင်းသို့ ရောက်ခဲ့ကြ သည်။ ကဇောင်းရွာ ၏ မြောက်ဘက်ယွန်းယွန်း မီတာ ၈၀၀ ခန့်ဝေးသော ဥယျာဉ်စုရွာကလေးတစ်ရွာဖြစ် သည်။ ဗိုလ်အောင်စိန် သည် ကဇောင်းရွာမှ ပြေးလာသော ရွာသားအချို့ကို မေးသည်။ တိုက်ပွဲဖြစ်နေ သည်ဟုသာ ပြော၍ မည်မည်ရရ မည်သူမျှ မပြောနိုင်ဘဲ ရှိပါသည်။ ရှေ့သို့ ဆက်ရန်လည်း ရန်သူများ မည်သည့် အရပ်တွင် ရှိနေသည်ကို မသိရခြင်းကြောင့် ဆက်၍ မတက်ရဲအောင် ဖြစ်ရသည်။ ထိုအချိန်တွင် ပိန်းချောင်းရွာထဲ၌ ဗိုလ်ရဲဥိးကို အခန့်သင့်တွေ့လိုက်ရသဖြင့် ဗိုလ်ဘစန်တို့ ဘယ်မှာရှိသည်ကို မေးမြန်းရ သည်။ ဗိုလ်ရဲဦး၏ ပြောပြချက်အရ ဗိုလ်ဘစိန်နှင့် ဗိုလ်ဟန်သိမ်းတို့ တပ်များ ဖိုးရှမ်းပေါ်စု ရွာနားက ကန်ထဲတွင် ရှိနေကြောင်း သိရသည်။

ဗိုလ်အောင်စိန် ရောက်သောအချိန်သည် စစ်ပွဲအရှုံးအနိုင်အတွက် အဆုံးအဖြတ်ပေးမည့် အခြေအနေတွင် ရှိသည်။ အဘယ်ကြောင့် ဆိုသော် ရန်သူများသည် ကဇောင်းရွာနှင့် မီတာ ၁၀၀၊ ၁၅၀ အတွင်းသို့ ချဉ်းနင်း ၀င်ရောက်လာကြ၍ အနီးကပ်တိုက်ပွဲအတွက် လှံစွပ်များပင် တပ်ဆင်ထားသည်ကို တွေ့မြင်ရပါသည်။ ဗိုလ်အောင်စိန် သည် လွှတ်လိုက်သောဆက်သား ပြန်ရောက်သည်အထိ မစောင့်တော့ဘဲ ဤသေရေး ရှင် ရေးအချိန်တွင် ရန်သူအား ရှာ၍ တိုက်ခိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်ကာ ကဇောင်း ရွာနှင့် မီတာ၁၀၀၊ ၂၀၀ တွင် လှုပ်လှုပ်လှုပ်လှုပ် ရွေ့လျားနေသော မြင်ကွင်းဆီသို့ ဘရင်းကိုင်ရဲဘော်အား အချက်တိုနှစ်ဆင့်မျှ ဆွဲရန် အမိန့်ပေးလိုက်ပါသည်။ ဘရင်းကိုင် ရဲော် အောင်မြကြည်သည် ကန်သင်းပေါ် တွင် ဘရင်းကိုတင်၍ ၆ ချက်စု၊ ၅ ချက်စုမျှ ဆွဲလိုက်သည်နှင့် တစ်ပြိုင်နက် ရန်သူများထံမှ ပြန်လှန်ပစ်ခတ် သော ကျည်ဆံများသည် မိုးသီးမိုးပေါက်ပမာ ရောက်ရှိလာပါတော့သည်။

ကံကောင်းထောက်မသည်ဟု ဆိုရဖွယ်ပင်။ ရန်သူများသည် ကဇောင်းရွာသို့ လွတ်လွတ်ကင်းကင်း ၀င် ရောက်စီးနင်းချိန်တွင် မမျှော်လင့်ဘဲ ဗိုလ်အောင်စိန်၏ တပ်မှ ဘေးဘက်ဝင်ရောက် ထိုးဖောက် တိုက်ခိုက် ခြင်းဖြင့် ရန်သူများ ကဇောင်းရွာသို့ မ၀င်နိုင်တော့ဘဲ ဗိုလ်အောင်စိန် တပ်ရှိရာသို့ မြားဦး လှည့်၍ တိုက်ရပါ တော့သည်။
မွန်းတည့်နေ သည် ခြစ်ခြစ်တောက် ပူလှသည်။ သို့သော် တိုက်ပွဲကား အရှိန်ကောင်းတုန်း၊ တစ်ဖက်နှင့် တစ်ဖက် သဲကြီးမဲကြီး ပစ်ခတ်နေတုန်းပင်။ ရန်သူများသည် မူလက ဗမာ့တပ်မတော်ကို ကြက်ကလေး၊ ငှက်ကလေးများကဲ့သို့ သာသာဖြင့် ဖမ်းယူနိုင်မည်ဟု တွက်ခဲ့ရာတွင် ယခုမှန်းချက်နှင့် နှမ်းထွက် လုံးဝ မကိုက် ဖြစ်ခဲ့ချေပြီတကား ...။

ထိုအချိန်တွင် ဗိုလ်ဘစိန်၏ နားထဲသို့ အသံတစ်သံ တိုးဝင်လာသည်။ ယင်းကား “ဗိုလ်အောင်စိန်တပ် ရောက် လာပြီ” ဟူ၍ဖြစ်သည်။ ဗိုလ်ဘစိန်သည် တစ်ဖက်တွင် သဲသဲမဲမဲ ပစ်နေသော ဗိုလ်ဟန်သိမ်း အား ဗိုလ်အောင်စိန်၏ တပ်ရောက်လာညပီဖြစ်ကြေင်း အသိပေးလိုသည်။ သို့သော် အသံကကွဲအက်နေလေပြီ။ သို့ကြောင့် ရဲဘော်ခင်မောင်ကို သံကုန်ဟစ်၍ “ဗိုလ်အောင်စိန်တပ်ရောက်လာပြီ”ဟု ၃ ကြိမ် အော်ခိုင်းသည်။ ခင်မောင်၏ အော်သံကြောင့် ဗိုလ်ဟန်သိမ်းကြားအောင် ပြန်အော်သည်။ ရန်သူနှင့်စာလင် လက်နက်အင်အား လူအင်အား ချို့တဲ့သော်လည်း စိတ်ဓာတ်အင်အားမှာ ပြည့်ဝသဖြင့် ဤတိုက်ပွဲသည် မုချမသွေနိုင်မည်ဟု ဗိုလ်ဘစိန် သန္နိဋ္ဌာန်ချထားခဲ့ပါသည်။ အရေးကြီးသည်မှာ စစ်ပွဲဆိုသည်မှာ လက်နက် အင်အား လူ အင်အား ကောင်းရုံမျှဖြင့် အောင်ပွဲခံနိုင်သည် မဟုတ်ရကား ...။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, February 7, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၄၉)

ဖျာပုံဘက်တွင် စက်သေနတ်ပစ်ပြီးနောက် ထိုလေယာဉ်ကြီးသည် လာလမ်းအတိုင်း ပြန်လာပြီး တဖြည်းဖြည်း ပျောက်ကွယ် သွားပါတော့သည်။
“ဟေ့ ... ဟိုမှာ ကြည့်စမ်း၊ လေယာဉ်သုံးစီး လာနေတယ်”
“အေး ... ဟုတ်တယ်”
စကားပြော ၍ မဆုံးမီ၊ မြားဦးသဏ္ဍာန် ပျံသန်းလာသော လေယာဉ်သုံးစီးအနက်မှ တစ်စီးပြီးတစ်စီး ချပေးပါ သည်။ ကောင်းကင် တွင် ပွင့်၍ ထွက်လာသော လေထီးများမှာ မှိုပွင့်များအလား အလွန် လှပ ပါသည်။ ထိုနေ့က လက်နက်၊ စားသောက်ဖွယ်၊ အ၀တ်အထည် စည့် ပစ္စည်းပေါင်း ၃၉ ကွန်တိန်နာဖြစ် ပါသည်။
ကို ဆက်ဖတ်ရန် ...

လေထီးဖြင့် ကျလာသော လက်နက်များ၊ ရာရှင်များကို လှည်းများဖြင့် သူကြီး ဦးညွန့်အိမ်သို့ သယ်ယူသွား ကြပါသည်။ ကျွန်တော်၏ တာဝန်သည် လေထီးချစဉ် အတွင်းလုံခြုံရေးတာဝန် ထမ်းဆောင် ရခြင်း မျှသာ ဖြစ်သဖြင့် ယင်းလက်နက်များကို သယ်ယူရာတွင် ကွန်မြူနစ်ပါတိ၏ ကျေးရွာပြောက်ကျားများက တာဝန် ယူ သယ်ပါသည်။ ကျွန်တော်သည် မစားရ၀ခမန်းဖြစ်ရသော ယင်းလက်နက်များကို ကြည့်ရင်း မိမိတပ်စု အတွက် လောလောဆယ် ကိုင်ဆောင်နေရသော ဂျပန်လက်နက်များကို စိတ်ပျက်မိသည်။ သို့သော် ဘာမျှ မတတ်နိုင်သော ဘ၀၏ အကျိုးသက်ရောက်မှုမှာ မိမိကိုယ်ကို ဖြေသိမ့်ခြင်းနှင့် သက်ပြင်းအကြိမ်ကြိမ် ချမိ ခြင်းသာ လျှင် ဖြစ်ပါသည်။
နေလုံးကြီး သည် အနောက်ဘက်မိုးကုပ်စက်ဝိုင်းသို့ ၀င်အံ့ဆဲဆဲဖြစ်ခြင်းကြောင့် ဆည်းဆာ၏အလှ ပန်းနုရောင် အသွေး ကို ဆောင်လျက်ရှိနေပါသည်။ စောစောက လေထီးဖြင့်ချပေးခဲ့သော လက်နက်မျးကို သယ်ဆောင်သော ကျေးရွာပြောက်ကျားများ၏ လှည်းများသည် အစီအရီရွာတွင်းသို့ တအိအိလှိမ့်ဝင်လျက် ရှိနေသည် ကို တွေ့ရသည်။

“ဗိုလ်လေး မပြန်သေးဘူးလား”
“အေး၊ ပြန်တာပေါ့။ တို့တာဝန်ပြီးပြီပဲ။ ကိုစံယျ၊ ရဲဘော်တွေခေါ်ပြီး လူစစ် တန်းဖြုတ်လိုက်ပါဗျာ”
ရဲဘော်စံယျ သည် ကျွန်တော့်ထံမှ အမိန့်ရသောအခါ ကင်းချထားသော ရဲဘော်များရှိရာသို့ အပြေး သွားရောက်ခေါ်ယူ ပါသည်။ ရဲဘော်များသည် တာဝန်ရုတ်သိမ်းနေသည်ကို သိသော်လည်း မိမိသဘောဖြင့် ထွက်ခွာ လာခြင်းမပြုဘဲ ရဲဘော်စံယျ လာရောက်သည့်အထိ စောင့်စားလျက်ရှိနေပါသည်။ ကျွန်တော်သည် ကန်သင်းပေါ် တွင် ထိုင်ရင်း ရဲဘော်များ၏ စည်းကမ်းလိုက်နာမှုအတွက် ၀မ်းသာမိသည်။ ဤရဲဘော်များ သည် လေ့ကျင့်ပြီး တိုက်ပွဲအတွေ့အကြုံရှိသောဗမာ့ကာကွယ်ရေး တပ်မတော်သားများဖြစ် ကြသည်။ ကျွန်တော် တို့ ရန်ကုန်မှ တပ်ဖျောက်ထွက်လာခဲ့ပြီးသည့်နောက် ကျေးရွာများတွင် လှည့်လည် နေထိုင် ခဲ့သော် လည်း လေ့ကျင့်မှု မပျက်ခဲ့ကြပေ။ ကျွန်တော်သည် မိမိ၏ တပ်စုအား ရန်သူနှင့် ယှဉ်၍ တိုက်ခိုက်နိုင်ရန် အတွက် ဓားသွေးသကဲ့သို့ ရဲဘော်များအား လေ့ကျင့်ပေးထားပြီးဖြစ်ပါသည်။ မကြာမီ ရဲဘော်စံယျမှ ရဲဘော် များပြည့်စုံကြောင်း တန်းဖြုတ်ရန် ကျွန်တော့်အား သတင်းပို့ပြီး ရွာအတွင်းသို့ ၀င်ခဲ့ကြ ပါသည်။ သူကြီး ဦးညွန့်၏ အိမ်ကြီး တစ်ခုလုံး ပျားပန်းခတ်မျှ စည်ကားလှုပ်ရှားလျက်ရှိသည်။ ကွန်တိန်နာခေါ် သေနတ် များနှင့်ပစ္စည်းများ ထည့်သော ကျည်တောက်ကြီးများကို ထုနှက်ရိုက်ဖွင့်နေသော အသံများမှာလည်း ပန်းပဲဖိုမှ ထုရိုက်နေသော အသံကဲ့သို့ အဆက်မပြတ် ပေါ်ထွက်လျက်ရှိပါသည်။

“ကိုစံယျရေ ... ရဲဘော်တွေ ထမင်းကျွေးဖို့ ခေါ်သွားတာ့ဗျာ”
“ဟိုက် ... ကိုင်း ရဲဘော်တို့၊ ထမင်းစားရုံကို သွားကြမယ်။ တန်းစီ”
ရဲဘော်များ ထွက်သွားသောအခါ ကျွန်တော်သည် ပင်ပန်းနွမ်းနယ်စွာ ၀ါးကွပ်ပျစ်ပေါ်သို့ လှဲချလိုက်မိသည်။ ထိုအခါ ကောင်းကင်ပြင်သည် ကျွန်တော့်မျက်နှာပေါ်မှ မိုး၍ ကြည့်နေပါသည်။ ကျွန်တော်သည် တစ်ဖက် သို့ စောင်း၍ အိတ်ကပ်ထဲတွင် တွန့်လိမ်ခွေကောက်နေသော လေထီးချ စီးကရက်ဘူးမှ စီးကရက်တစ်လိပ်ကို ထုတ်၍ ပါးစပ်တွင် တပ်ကာ မှိန်းနေလိုက်သည်။ ထိုအခိုက်ဖြောက်ဟူသော အသံနှင့်အတူ မီးပွင့်ကလေး တစ်ချက်ပေါ် လာပြီး ကျွန်တော့်ပါးစပ်မှ စီးကရက်ကို မီးညှိရန် ဖိတ်ခေါ်လိုက်သည်။ ထိုသူ ကား လေထီးဆင်း ရဲဘော် ကိုဘသောင်းဖြစ်ပါသည်။
“ကိုမြလှိုင်ကြီး၊ တော်တော် မောသွားလားဗျ”
“မမော ပါဘူးဗျာ၊ စိတ်နည်းနည်းမောလို့ မှိန်းနေတာပါ”
“ဟက် ... ဟက် ... စိတ်မောတယ် ဟုတ်လား၊ ရှင်းပြစမ်းပါဦး”

ကျွန်တော်သည် ကိုဘသောင်း လှမ်းပေးသော ချွင်းဂန်းကို လှမ်းယူရင်း ပါးစပ်တွင် မြုံစားလိုက်သည်။ ထို့နောက် ကျွန်တော့် တပ်စု၏ ချို့တဲ့သော လက်နက်အခြေအနေကို ရှင်းပြပြီး ကျွန်တော့်တပ်စု၏ လေ့ကျင့်သားရမှု စိတ်ဓာတ်ပိုင်းများ ကို ၀ါဒဖြန့် ပြောကြားလိုက်ပါသည်။
“ကိုမြလှိုင် တပ်စုမှာ လူဘယ်နှစ်ယောက်လောက်ရှိလဲ”
“ခုတော့ အားလုံး ၃၅ ယောက်လောက်ရှိတယ်ဗျာ”
“ဒီလိုလုပ်ဗျာ။ ကျွန်တော် မေဂျဗွိုက်တို့နဲ့ တိုင်ပင်ကြည့်မယ်။ နောက်ညပီး ဒီကပြောက်ကျားခေါင်းဆောင်တွေနဲ့ တိုင်ပင်ကြည့် မယ်။ ပြီးရင် အဖြစ်နိုင်ဆုံး ကျွန်တော် ဆောင်ရွက်ပေးမယ်“တကယ်လားဗျ”
“ဟာ ... ရဲဘော် ကလည်း တကယ်ပဲပေါ့ဗျ”
“ကျေးဇူး သိပ်တင်တယ်ဗျာ၊ ဒါထက် ဘယ်တော့ သိရမှာလဲ”
“အလွန်ဆုံး မနက်ဖြန်ပေါ့”

ကိုဘသောင်းသည် ၎င်း၏ကတိအတိုင်း ကျွန်တော့်တပ်စုအား လက်နက်တပ်ဆင်ပေးရေးကို မေဂျာဗွိုတ်တို့အား လည်းကောင်း၊ ပြောက်ကျားခေါင်းဆောင်(ကိုအောင်ခင်)ကိုထွန်းစိန်တို့အားလည်းကောင်း ပြောဆို၍ နောက်တစ်နေ့နံနက်သို့ ရောက်သည့်အထိ မစောင့်တော့ ဘဲ ထိုည၌ပင် ၃၀၃ ရိုင်ဖယ်အသစ် ၂၅ လက်၊ လက်ပစ်ဗုံး ၂၀၊ စတင်းဂန်း ၃ လက်တို့ကို ထုတ်ပေး လိုက်ပါသည်။ ထို့အတူ ကျွန်တော့်ထံမှ ဂျပန်လက်နက်များကို သိမ်းယူခြင်းမပြုဘဲ ကျွန်တော့် ကိုပင် ပြန်ပေးလိုက်ပါသည်။
ထိုအချိန်မှစ၍ လက်နက်အသစ်ကလေးများ ရထားသော ကျွန်တော်၏ တပ်စုသည် တာလွှတ်အံဆဲဆဲ ပြိုင်မြင်းများ ကဲ့သို့ ဖက်ဆစ်များနှင့် အလျင်အမြန် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပါစေဟု တဖွဖွ ဆုတောင်းရင်း အားမွေး လျက်ရှိကြပါလေသည်။

စခန်းတစ်ခုလုံး လက်နက်စွဲကိုင် အသင့်ရှိနေကြပါသည်။
တမော့ဝရွာ၏ အရှေ့ယွန်းယွန်းဆီမှ တိုက်ပွဲဖြစ်နေသည်ဟု ခန့်မှန်းရပါသည်။ အဆက် မပြတ် ပေါ်ထွက် လာသော စက်သေနတ်သံများ၊ တစ်ချက်တစ်ချက် ပြင်းထန်စွာ မြည်ဟည်းသော စိန်ပြောင်းပစ် သံများကို ကြားရခြင်းကြောင့် တိုက်ပွဲပြင်းထန်နေဆဖြစ်ကြောင်းကိုလည်း သဘောပေါက်ပါသည်။ ထိုအချိန် တွင် ဗမာ့တပ်မတော်မှ ဗိုလ်မြတ်ကျော်နှင့် ကျွန်တော်တို့တပ်များ ရှိနေသော်လည်း ကျန်ပြောက်ကျား တပ်များမူ အများအပြားရှိပါသည်။ သို့သော် တိုက်ပွဲတစ်ခုကို စီမံကွပ်ကဲတိုက်ခိုက်ရန်ကိုမူ တိုက်ပွဲအတွေ့အကြုံမရှိသော ယင်းဒေသခံ ပြောက်ကျားများဖြင့် တိုက်ခိုက်၍ ရမည်ကားမဟုတ်ပေ။ သို့တစေ ဗိုလ်မြတ်ကျော်၏ တပ်ခွဲမှာ တမော့ဝရွာ ရှိ လူကြီးများ၏ လုံခြုံမှုကို တာဝန်ယူထားရသော တပ်ဖြစ် ခြင်းကြောင့် ဤနေရာမှ ထွကခွာသွားရန် မဖြစ်နိုင်ပေ။ သို့ဖြစ်ခြင်းကြောင့် ဤနေရာမှ ဗိုလ်မြတ်ကျော်သည် အရေးအကြောင်း ပေါ်ပေါက်၍ ဆက်သား များ ရောက်ရှိ အကူအညီတောင်းလျှင် အဆင်သင့်ဖြစ်စေရန် ကျွန်တော့်တပ်စုအား ပြင်ဆင်ထားရန် ညွှန်ကားပြီး ၎င်း၏တပ်ခွဲကိုလည်း စနစ်တကျ ချထားစီစဉ်လျက် ရှိပါသည်။

မကြာမီ ဆတ်သား ရောက်ရှိလာပါသည်။ ဆတ်သားများ၏ သတင်းပို့ချက်အရ ဒေးဒရဲအပိုင် ပံကဒတ်ရွာတွင် ဖက်ဆစ် များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ယင်းပံကဒတ်ရွာသည် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိသော ကရင် တိုင်းရင်းသားများ နေထိုင်သော ညီညွတ်စည်းလုံးသော လယ်သမားရွာကြီးတစ်ရွာ ဖြစ်ပါသည်။ ရွာခံများဖြစ်ကြ သည့် စောထွန်းစိန်နှင့် စောအေးကျော်တို့မှာ ပံကဒတ်ရွာ၏ ပညာတတ် လူငယ် များဖြစ်ကြပြီး ယခုအခါ ကွန်မြူနစ်ပါတိ၏ စည်းရုံးမှုဖြင့် ဖက်ဆစ်တော်လှန်ရေး ရဲဘော်များ ဖြစ်လာကြပါ သည်။ ၎င်းတို့အား ဗိုလ်မြတ်ကျော် က တာဝန်ယူ သင်တန်းပေးခဲ့ပါသည်။
“ရဲဘော်၊ ရန်သူအင်အား ဘယ်လောက်ရှိလဲ”
“၆၀-၇၀ လောက်ရှိတယ် ထင်တယ်”
“အခြေအနေကို ပြောစမ်း”
“ရွာကို ၀ိုင်းထားတယ်”

ဆတ်သား ရဲဘော်ထံမှ အကျိုးအကြောင်း သိရပြီးနောက် ဗိုလ်မြတ်ကျော်သည် ကျွန်တော့်အား ခေါ်ယူ၍ တိုးတိုး တိတ်တိတ် မှာကြားပါသည်။ ၎င်း၏ မှာကြားချက်ကို ယခုလာသော ဆတ်သားသည် အမှန်တကယ် လာရောက်သတင်းပို့ခြင်း ဖြစ်နိုင်သကဲ့သို့ ရန်သူ၏ ထောင်ချောက် ထောင်ခြင်းလည်းဖြစ်နိုင်ကြောင်း၊ သို့ဖြစ်၍ ကျွန်တော့် တပ်စု မှ တပ်စိတ်တစ်စိတ်ကို ရှေ့ပြေးကင်းဖြစ်အထောက်တော်လွှတ်ပြီး နောက်ချန်လိုက်သွားရန် အမိန့်ပေး ပါသည်။ ၎င်းဆတ်သားကိုလည်း တစ်ပါတည်းခေါ်သွားရန် မှာကြားပါ သည်။ တိုက်ပွဲ တိုက်ရတော့ မည်ဖြစ်၍ ကျွန်တော်တို့လူသိုက် ပျော်ရွှင်ကြသည်။ ဖက်ဆစ်တော်လှန်ရေးကို နဖူးတွေ့ ဒူးတွေ့ ဆောင်ရွက်ကြ ရတော့မည်မဟုတ်ပါလား။

ရှေ့ပြေးကင်း တပ်စိတ်နှင့် ကျွန်တော်၏ တပ်စု နာရီဝက်ခန့်ခြား၍ ချီတက်ခဲ့ကြသည်။ ရှေ့ပြေးကင်း တပ်စိတ်ကို တပ်ကြပ်သောင်းအိ ခေါင်းဆောင်၍ ရဲဘော်များမှာလည်း တိုက်ရည်ဝသော ရဲဘော်များဖြစ်၍ ကျွန်တော် စိတ်ချ ပါသည်။ ယခုမူ လက်နက်များကပါ အသစ်များ ဖြစ်ခြင်းကြောင့် ပိုက စိတ်ချပါသည်။ ကျွန်တော်သည် မိမိတပ်ကို မိမိယုံကြည်သည်။ နောက်ဆုံး ဤတိုက်ပွဲတွင်အရေးမလှ၍ ရှုံးနိမ့်ခဲ့သော် ကျွန်တော်တို့အားလုံး တိုက်ပွဲတွင် ကျဆုံးခြင်းသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။ ဗိုလ်မြတ်ကျော်က ကျွန်တော့် လက်ကို နာနာညှစ်ရင်း စကားဆိုသည်။
“ရဲဘော်၊ သတိဝီရိယနဲ့ တိုက်နော်။ ရန်သူကို အထင်မသေးနဲ့”
“စိတ်ချပါ”
“အောင်မြင်ပါစေဗျာ၊ ကိုင်း ... ထွက်တော့”

ထိုအခိုက် ကျွန်တော်တို့အနီးသို့ ကွန်မြူနစ် ပြောက်ကျား တာဝန်ခံ ကိုအောင်ခင် (ကိုထွန်းစိန်) ရောက်ရှိလာ ပါသည်။ ၎င်းက ရန်သူအင်အားမှာ များပြားခြင်းကြောင့် ကျွန်တော်၏ တပ်စုအင်အားဖြင့် မလုံလောက်နိုင်ကြောင်း သို့ဖြစ်၍ ပြောက်ကျားတပ်ုတစ်စုကိုလည်း စစ်ကူဖို့လိုကြောင်း ပြောပါသည်။ ကိုအောင်ခင် ၏ ပြောစကားကို ကြားသောအခါ ကျွန်တော်က တုတ်တုတ်မျှ မလှုပ်ဘဲ ဗိုလ်မြတ်ကျော်ကို လှမ်းကြည့် လိုက်သည်။
“မလိုတော့ဘူး ထင်တယ် ကိုအောင်ခင်”
“ဟာ ... လိုတယ်ဗျ။ ကိုမြလှိုင်က နယ်မကျွမ်းဘူး။ ကျုပ်လူတွေက နယ်ခံတွေဗျ။ ကျွန်တော်က စိတ်ပူ လို့ ပြောတာ၊ နောက်ပြီး ရန်သူက ၁၀၀-၂၀၀ ဒီက လူ ၃၀ လောက်ဆိုတော့ အင်အားချင်း မမျှပါဘူး”
“အင်းလေ ... ကိုအောင်ခင် သဘောပေါ့။ ဒါပေမယ့် ကိုမြလှိုင်နဲ့တော့ တွဲတိုက်ပါဗျာ။ ခင်ဗျား တပ်စုကို ဗိုလ်မြလှိုင်ကို အပ်လိုက်ပါ”
“ဟာ ... ဘာဖြစ်မှာလဲ”

ကျွန်တော်သည် ကိုအောင်ခင်နှင့် ယခုလိုအချိန်၌ အငြင်းမပွားလိုပေ။မည်သို့ပင်ဆိုစေ ကိုအောင်ခင်သည် သူ့တပ်စုကို သူကိုယ်တိုင် ကွပ်ကဲ တိုက်ခိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ ကျွန်တော် က ကိုအောင်ခင်အား သဘောတူကြောင်း ပြော၍ တိုက်ခိုက်မည့် အစီအစဉ်ကို မေးရပါသည်။ အမှန်က တပ်မတော် တွင် အထက်အမိန့်သည် အဓိကဖြစ်သည်။ ကွပ်ကဲမှု ဆိုသည်မှာလည်း ဆင့်ကဲဆင့်ကဲ နာခံရမြဲဖြစ် သည်။ ယခု ဗိုလ်မြတ်ကျော်သည် တပ်မတော်အရာရှိတစ်ယောက် ဖြစ်သည်။ တာဝန်ဝတ္တရားအရလည်းကောင်း၊ ရာထူးအရ လည်းကောင်း ကျွန်တော့်ထက်လည်းကြီးသူဖြစ်သည်။ သို့ဖြစ်၍ ကျွန်တော်သည် ဗိုလ်မြတ်ကျော် ပေးသော အမိန့် ကို နာခံရမည်သာဖြစ်သည်။ ယခု ကိုအောင်ခင်နှင့် ကျွန်တော့်မှာ တိုက်ပွဲနှင့် ပတ်သက်၍ အစီအစဉ် ချမှတ်ဆောင်ရွက်ရန် မေးခြင်းဖြစ်ပါသည်။

“ဟ ... မြလှိုင် ရ၊ ရန်သူကို တိုက်တာပဲကွာ။ ရန်သူရှိတဲ့ဆီ တို့ပြောက်ကျားနည်းနဲ့ တိုက်ရမှာပေါ့။ မင်း ပြောနေတာနဲ့ အချိန်တွေ လင့်ကုန်ပြီ။ ငါ သွားနှင့်မယ်ကွာ”
ကျွန်တော်က ခေါင်းညိတ်ပြလိုက်သည်။ ကိုအောင်ခင်သည် သူ့တပ်စုကို သူခေါ်၍ အပြင်းချီတက်သွားပါ သည်။ ကိုအောင်ခင်တို့ တပ်စုကို အမည်းစက်ကလေးသဏ္ဍာန် မြင်သည့်အထိ ကျွန်တော် ကြည့်နေမိ သည်။ ထို့နောက် ကျွန်တော့် တပ်စုအား ဦးဆောင်၍ ချီတက်ခဲ့သည်။ ဤနေရာတွင် ကိုအောင်ခင်အား အပြစ်မဆိုလိုပေ။ အဘယ်ကြောင့် ဆိုသော် ကိုအောင်ခင်သည် စိတ်အားထက်သန်ခြင်း၊ ပူပင်ခြင်း စသည့် ဇောကပ်နေ သူဖြစ်ပါ သည်။ ထို့ပြင် ၎င်းသည် ကွန်မြူနစ်ပါတီ၏ တာဝန်ရှိသော ပြောက်ကျားခေါင်းဆောင် တစ်ဦးမဟုတ်ပါလား။

မကြာမီ ရှေ့ပြေးကင်း တပ်စိတ်မှ ရဲဘော်တင်လှ ရောက်ရှိလာသည်။ အချိန်မှ ညနေစောင်းဖြစ်သော်လည်း ကျနေသည် ကျွန်တော်တို့အား စူးစူးဝါးဝါး ပူလောင်စေပါသည်။ ကျွန်တော်တို့ တပ်စုသည် ခြောက်သွေ့၍ ပက်ကြားအက် များ၊ စပါးပင်ငုတ်များကို ပင်ပန်းစွာ နင်းခြေဖြတ်ကျော်လာခဲ့ကြရငြားလည်း စိတ်အဟုန်သည် တိုက်ပွဲ၌ သာ ရောက်ရှိနေပါသည်။
“ဆိုစမ်း တင်လှ။ မင်းတို့ တပ်စိတ် ဘယ်မှာလဲ”
“ရွာစည်းရိုးနဲ့ ကပ်လျက် ဇရပ်အောက်မှာ ရောက်နေတယ်”
“ဒီက ဘယ်လောက်ဝေးသလဲ”
“တစ်မိုင်ခွဲလောက်တော့ဝေးမယ်”
“ရန်သူ့အခြေအနေကို ပြောစမ်း”
“ဆုတ်သွားကြပြီ။ တပ်မတော်က လိုက်တိုက်နေတယ်။ ရွာမှာ စောထွန်းစိန်တို့ပဲ ကျန်ခဲ့တယ်”
“ဘယ်သူ့တပ်လဲ”
“ဦးဘလုံတပ်လို့ ပြောတယ်” (ဗုလ်ချုပ်တင်ဖေ၏ တော်လှန်ရေးအမည်။)

ကျွန်တော်တို့တပ်စု ပံကဒတ်ရွာသို့ ရောက်သောအခါ တိုက်ပွဲပြီးစီး၍ မောပန်းစွာ ပြန်လာသော ဗိုလ်လတင်ဖေကို တွေ့ရပါသည်။ ဗိုလ်တင်ဖေသည် လုံချည်ကို ပုခက်လုပ်၍ သယ်ဆောင်လာသော ဗိုလ်လောင်း ဗိုလ်ရအတွက် လွန်စွာ စိတ်ပူပင်လျက် ရှိပါသည်။ ကျွန်တော်တို့တပ်စု ရောက်ရှိကြောင်း သတင်းပို့ပြီးသော အခါဗိုလ်လတင်ဖေက ဗိုလ်ရအား အလျင်အမြန်တမော့ဝရွာသို့ သယ်ဆောင်ရန် အမိန့် ပေး ပါသည်။ ထိုညက လသည် ထိန်ထိန်သာနေပါသည်။ လယ်ကွင်းပြင်ကြီး မှာ ငွေရောင်အဆင်း ကဲ့သို့ ဖြူဖွေး လှနေပါသည်။ ကျွန်တော်တို့သည် ဗိုလ်အသက်ရှင်ရေးအတွက် တစ်ယောက်တစ်လှည့် အပြေးထမ်းဆောင် သယ်ယူ လာခဲ့ကြသည်မှာ ည ၈ နာရီခန့်တွင် တမော့ဝရွာသို့ ရောက်ရှိပါသည်။

“မြလှိုင် မင်း တပ်စုက ဆတ်သားတစ်ယောက် ပေးစမ်း”
“ရပါတယ်”
“သွက်သွက်လက်လက်ကောင်မှ ဖြစ်မယ်ကွ”
“ကိုသောင်းအိကို ပေးမယ်။ မဖြစ်ဘူးလား”
“အေး၊ ကောင်းတယ်”
ဗိုလ်လကျာ်ခိုင်းစေချက်အရ ကျွန်တော်သည် တပ်ကြပ်သောင်းအိကို ဆတ်သားအဖြစ် တာဝန်ပေးရန် ဗိုလ်လက်ျာထံ သို့ ခေါ်ခဲ့ပါသည်။ ဗိုလ်လက်ျာသည် ဒေးဒရဲမြို့နယ်အတွင်းမှ ကျုံသင်၊ သဲကုန်းစသော ရွာများ တွင် ဖစ်ဆစ်များနှင့် တပ်မတော် တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်မှ အရာရှိနှင့် ရဲဘော်အချို့ ကျဆုံး သွားခဲ့ကြောင်း၊ တပ်မတော်မှ အရာရှိကြီးအချို့ ဖက်ဆစ်များ ဖမ်းဆီး၍ ဒေးဒရဲ အချုပ်ခန်း၌ ထားရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ဒေးဒရဲမှ မြေအောက် အဆက်အသွယ်များ၏ အကူအညီဖြင့် စုံစမ်းရယူရန်နှင့် တပ်မတော် မှ အရာရှိကြီးများမှာ မည်သူမည်ဝါ ဖြစ်သည်ကိုပါ သိရှိရန် လိုအပ်ကြောင်း၊ အသေးစိတ် မှာကြား ပါသည်။ ဗိုလ်လက်ျာထံမှ ပြန်လာသောအါ ကျွန်တော်နှင့်အတူ ဗိုလ်တင်အေး (အမ်-တင်အေး၊ ပန်းချီ၊ ပန်းပု ကျောင်းအုပ်ကြီး)လည်း အတူလိုက်ပါလာလေသည်။
“ကိုသောင်းအိ၊ သေသေချာချာ သတင်းမှန် ယူခဲ့ဖို့ လိုတယ်နော်”

“စိတ်ချပါ ဗိုလ်လေး”
ကိုတင်အေးသည် ကိုသောင်းအိအား အထက်ပါစကားကို ပြောပြီးနောက် စိတ်မချမ်းသာဘဲ ဆရာကြီးသခင်စိုး ၏ ပြောကြားချက်အရ ဗမာ့တပ်မတော်မှ ထိပ်တန်းအရာရှိကြီးနှင့် အချို့အရာရှိများ ဒေးဒရဲအချုပ်ခန်းတွင် ဖက်ဆစ်တပ် မှ လက်ရဖမ်းဆးထားကြောင်း၊ ယင်းသတင်း ခိုင်လုံမှု အတည်ပြုပြီး သည်နှင့်တစ်ပြိုင်နက်၊ ဖက်ဆစ်များ၏ စခန်းများကို မဟာမိတ်တို့ အကူအညီဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး၊ ဒေးဒရဲ အချုပ်ခန်းအတွင်းမှ တပ်မတော် မှ ထိပ်တန်းအရာရှိကြီးနှင့် အရာရှိများအား အသေခံတပ်ဖြင့် ၀င်ရောက် စီးနင်း ထုတ်ယူရန်ဖြစ်ကြောင်း ပြောပြပါသည်။
“ကိုသောင်းအိ၊ ဒီကိစ္စကို ပေါ့ပေါ့တန်တန် မလုပ်နဲ့နော်။ အကောင်းဆုံးကတော့ ခင်ဗျား ဂွကလေးစခန်းကို ၀င်ပြီး ကိုအောင်မင်း (မြေတိုင်းစာရေးကိုတင်)တို့နဲ့ ဆက်သွယ်ပြီး ဒေးဒရဲကို ဆက်သွားတာ ကောင်းတယ်”

“ကောင်းတယ်၊ ဘာဘာညာညာတော့ မပြောနဲ့ ဒေးဒရဲမြေအောက် အဆက်သွယ်ကို ဂွကလေးမှာ အဆင်သင့် တွေ့ချင်လဲ တွေ့မယ်”
“စိတ်ချပါကွာ”
ကိုသောင်းအိကို ကျွန်တော်နှင့် ကိုတင်အေးတို့သည် တမော့ဝရွာနယ်နိမိတ်အဆုံးသို့ လိုက်၍ပို့ကြသည်။ ကိုသောင်းအိသည် တာဝန်ဝတ္တရားများကို တိတိကျကျ မြန်မြန်ဆန်ဆန် ဆောင်ရွက်၍ ပြန်လာနိုင်ပါစေဟု ကျွန်တော် ၏ စိတ်ထဲမှ ဆုတောင်းလိုက်မိသည်။ သို့သော် ကျွန်တော့်ဆုတောင်း မပြည့်ခဲ့ပေ။
အကြောင်းမူ ...။
ဗိုလ်လက်ျာ သည် ကျွန်တော်နှင့် ကိုတင်အေးအား ကိုသောင်းအိကု အကြိုလွှတ်ခဲ့သည်။ ဗိုလ်လက်ျာ၏ ခိုင်းစေချက် အရ ကျွန်တော်နှင့် ကိုတင်အးတို့သည် ကိုသောင်းအိအား အထောက်အကြိုပြုရန် တမော့ဝရွာ၏ စွန်လယ်တဲ တစ်ခုတွင် နှစ်ယောက်သား အိပ်၍ စောင့်နေခဲ့ကြသည်။ ကွင်းပြင်များကို ဖြတ်၍ တိုက် လာသော လေပူသည် ကျွန်တော်တို့အား ချော့၍ သိပ်သကဲ့သို့ ရှိစေပါသည်။
“ကိုမြလှိုင်၊ အိပ်ချင် အိပ်လေ”
“အိမ်က မိန်းမကို လွမ်းတယ်ဗျာ”

ကျွန်တော့်စကားကို ကြားသောအခါ လူပျိုကြီး ကိုတင်အေးက တဟက်ဟက်ရယ်မောသည်။ အမှန်က ကိုတင်အေးသည် အိမ်ထောင်သည် မဟုတ်ရကား ကျွန်တော့်အား ကိုယ်ချင်းမစာတတ်နိုင်စေ။ ကျွန်တော်သည် ချစ်သူသန်းသန်း အား လက်ထပ်ပေါင်းသင်းခဲ့သည့်နောက် အိမ်ထောင်သည်တစ်ဦး၏ တာဝန်ကို တိတိပပ မထမ်းဆောင်နိုင် ဘဲ နိုင်ငံရေးနောက်သို့ ကောက်ကောက်ပါအောင် လိုက်ခဲ့သူ ဖြစ်သည်။ ယခုလည်း ကျွန်တော့် အနေဖြင့် လူငယ်ပီပီ ဇနီးသည်အား လွမ်းဆွတ်သတိရနေမိသည်မှာ အမှန်ဖြစ်ပါသည်။ သို့တစေ ယင်းသို့ လွမ်းဆွတ် တမ်းတမှုကိုပင် အချိန်ယူ စဉ်းစားရသောဘ၀ မဟုတ်သဖြင့် စိတ်ပျက်မိလေသည်။

“မရယ်နဲ့ ကိုတင်အေး။ ခင်ဗျား မိန်းမ မရှိတော့ ကိုယ်ချင်းမဟာတတ်ဘူးပေါ့ဗျာ”
“ဖက်ဆစ်တော်လှန်ရေးကြီးပြီးတော့ တွေ့ကြရမှာပေါ့ဗျာ။ အဲဒီအခါမှာ ခင်ဗျားမိန်းမက ပန်းကုံးစွပ်ဖို့ အသင့်စောင့်နေမှာပါ”
“အင်း ... ဟင်း ... ဟင်း ... ။ မိန်းမက ပန်းကုံးစွပ်မလား။ ယောက်ခမုတ်ကြီးက အိမ်ပေါ်က ကန်ချမလား ဆိုတာ တစ်ခုခုတော့ ဖြစ်မှာပါ”
ကျွန်တော် အိပ်ပျော်သွားသည်။

အိပ်ပျော်သော တဒင်္ဂသည် သုခနှင့် ပြည့်စုံလှသည်။ နေပူမရှောင်၊ မိုးရွာမရှောင် သွားလာရှုပ်ရှားနေသော ကာလများသည် အသက်ကို အရင်းတည်ထားရသည်။ အမြဲသတိရှိစွာ သွားလာရသဖြင့် အလိုလို သွေးက လန့်နေသည်။ ကျွန်တော်တို့ မျက်စိများသည် ကျီးများကဲ့သို့လည်းကောင်း။ ကျွန်တော်တို့၏ လှုပ်ရှားမှုသည် သားကောင်နှင့် ရန်သူကို ရှာဖွေနေရသော မုဆိုးကဲ့သို့လည်းကောင်းရှိပါချေသည်။ ကျွန်တော်တို့အဖို့ အိပ်စက် နားနေခြင်းမှာ နေ့နှင့်ညခွဲခြား၍လည်းမရခဲ့ပေ။ ရသောအချိန် တွေ့သောနေရာတွင်သာ ခေတ္တ နားနေ အိပ်စက်ခြင်းမျှသာ ပြုလုပ်ရမြဲဖြစ်သည်။ ယခု ကျွန်တော် အိပ်ပျော်သွားပါသည်။ အိပ်ပျော်သောအခါ စစ်သားဘ၀ ၏ ကြမ်းတမ်းသော အသိတရားများ ပျောက်ကွယ်လျက် လှပသော အိပ်မက်များ ကို မြင်မက် လေသည်။ ပြန်လည် နိုးကြားမလာမီအတွင်း အိပ်မက်ကမ္ဘာသည် တစ်ဘ၀၏ အလှအပ များ ဖြစ်ပါသည်။

“ကိုမြလှိုင်၊ ကိုသောင်းအိ တစ်ယောက် ပြန်လာနေပြီဗျ”
အိပ်မှုန်စုံမွှားဖြင့် ကိုတင်အေး ညွှန်ရာသို့ ကြည့်လိုက်ပါသည်။ မှန်ပါသည်။ အလွန်ဝေးလံသော ကွင်းထီးထီး၏ အလယ် တွင် မည်းမည်းသဏ္ဍာန်တစ်ခုသည် လှုပ်ရှားလျက်ရှိသည်။ ကိုတင်အေးက လက်ထဲမှ မှန်ပြောင်းဖြင့် ကြည့်ရင်း အင်္ကျီအပြာ ၀တ်ထားသော လူတစ်ယောက်သည် ခြေကုန်သုတ်၍ လာနေကြောင်း ပြောပြနေပါသည်။
”ရော့.... ကြည့်စမ်း ခင်ဗျား ရဲဘော် မဟုတ်လား”
ကျွန်တော်က မှန်ပြောင်းကိုတလှည့်ယူ၍ြ့ကည့်လိုက်မိသည်။ ကိုတင်အေး ပြောသကဲ့သို့ပင် အင်္ကျီအပြာ ဝတ်ထားသော လူတစ်ယောက် ကျွန်တော်တို့ ရှိရာသို့ ဦးတည်လျက် ရှိနေသည်ကို တွေ့ရသည်။ ကိုသောင်းအိ သည် ခရီးမထွက်မီ အကျီင်္အပြာကို ဝတ်ဆင်ထားခဲ့သည်ဖြစ်၍ ယခု လာနေသူမှာ ကိုသောင်း အိပင် ဖြစ်ပေ လိမ့်မည်။

”ကိုသောင်းအိပဲ ဖြစ်မှာပါ”
မှန်ပြောင်းဖြင့် ကြည့်၍ လူတစ်ယောက်မှန်း သိရသော်လည်း ကျွန်တော်တို့ ရှိရာသို့ ၎င်းရောက်လာရန် နာရီဝက် ခန့် လာရဦးမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်တော်သည် ကိုတင်အေးအား ကိုသောင်းအိ နှင့် ကျောင်းနေဖက် သက်တူရွယ်တူ မဟုတ်သော်လည်း တို့ဗမာ အစည်းအရုံး ဖွဲ့စည်းသောအလခါ ကျွန်တော် တို့နှင့်အတူ အလုပ်အမှုဆောင်တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည် ထိုအချိန်မှာပင် အိမ်ထောင်ကျခဲ့ပြီး အိမ်ထောင်သည် ဘဝဖြင့် ဖျာပုံမြို့မှ ဦးတင်ဦး၏ သစ်ဆိုင်တွင် စာရေးလုပ်ရင်း တပ်မ တော်တွင် ဆက်လက်ထမ်းဆောင်ခဲ့ပြီး ယခု ကျွန်တော်တပ်စုတွင် တပ်စိတ်မှူးအဖြစ် ပါဝင်လာခဲ့ပါသည်။
”ကိုသောင်အိ လာရင်တော့ သတင်းစုံသိရမှာပဲ။ ဗိုလ်ချုပ် ဗိုလ်လက်ျက သိပ်စိတ်ပူနေတယ်ဗျ”
”အရေးကြီးတာက သတင်းမှန်ဖို့နဲ့ အချိန်မီဖို့ပဲ လိုပါတယ်”

စောစောက မသဲကွဲသောအရာသည် ယခုသဲကွဲစွာ မြင်ရပါပြီ။ အင်္ကျီ အပြာဝတ်ထားသော လူတစ်ယောက်သည် ကျွန်တော်တို့ ရှိရာသို့ စိုက်စိုက်မတ်မတ် လာလျက်ရှိနေသော်လည်း မည်သူ မည်ဝါဟု တပ်အပ်မပြောနိုင်သေး သဖြင့် မှန်ပြောင်းဖြင့်ပင် မည်သူမည်ဝါ ဖြစ်ကြောင်း စူးစမ်း ရပြန်ပါသည်။
”ကိုမြလှိုင် ကျွန်တော် တို့ဆီ လာနေတဲ့သူဟာ ကိုသောင်အိတော့ မဟုတ်ဘူးဗျ။ ခင်ဗျားကြည့်စမ်းပါဦး”
ကိုတင်အေး ၏ စကားကြောင့်ကျွန်တော်ရင်ထဲတွင် ထိတ်လန့်မှု တစ်ခုကို ရရှိလိုက်မိပါသည်။ အဘယ် ကြောင့် ဆိုသော် ကိုသောင်းအိသည် မည်သည့် အကြောင်းကြောင့် ပင်ဖြစ်စေ ယနေ့ စခန်းသို့ ပြန်လည်ရောက် ရှိရမည် ဖြစ်ပါသည်။ အကယ်၍ ကိုသောင်းအိ တစ်ယောက် မဟုတ်ဘဲ အခြားသူတစ် ယောက်သာဖြစ်ပါမှု ကိုသောင်းအိသည် ရန်သူတို့၏ ထောင်ချောက်တွင် နောက်ထပ်တိုးဝင်လာသူ ဖြစ်ပေလိမ့်မည်။ ယင်းသို့ စဉ်းစားရင်း ကျွန်တော်သည် ကိုတင်အေး ကမ်းပေးသော မှန်ပြောင်းကို လှမ်းယူ၍ ကြည့်လိုက်မိပါသည်။

”ဟုတ်တယ် ကိုသောင်းအိ မဟုတ်ဘူး ဒါပေမယ့် ဗိုလ်မြတ်ကျော်နဲ့တော့ တူတယ်ဗျ”
”ဟုတ်ပြီ ဟုတ်ပြီ ဗိုလ်မြတ်ကျော် ဖြစ်နိုင်တယ်”

ဟေ့လူတွေ ဘာကြောင်ကြည့်နေတာလဲ ရော့ လေထီးရာရှင်”
ဗိုလ်မြတ်ကျော်သည် သိုင်း၍လွယ်ထားသော စစ်လွယ်အိတ်အတွင်းမှ လေထီးရှာရှင် ၂ ဘူးကို ကျွန်တော်တို့ ထံသို့ ပစ်ပေးလိုက်ပါသည်။ ရာရှင်ဘူးများ ၀ါးကြမ်းခင်းပေါ်သို့ ကျသွားသည့်တိုင်အောင် ကျွန်တော် တို့ ကောက်ယူခြင်းမပြုသေးဘဲ ဗိုလ်မြတ်ကျော်အား စိန်းစိန်းကြည့်ကာ မေးလိုက်မိပါသည်။
“ဗိုလ်မြတ်ကျော် ခု ဘယ်က လာတာလဲ“
“ဂွကလေး၊ အောင်မင်းတို့ဆီက ပြန်လာတာလေ ဘာဖြစ်လို့တုန်းဗျ“
“ သြော် ... ကိုသောင်းအိကို ဗိုလ်ချုပ်လျက်ာက ဒေးဒရဲလွှတ်လိုက်တာ ပြန်ရောက်မလာလို့ စိတ်ပူနေတယ်ဗျ“
“ဘာပြောတယ်၊ ကိုသောင်းအိ ဟုတ်လား“

“ဟုတ်တယ်“
“သောင်းအိဟာ ဘယ်ကလဲ ရဲဘော်လား “
“ဟုတ်တယ်လေ၊ ကျွန်တော့်တပ်စုက တပ်ကြပ်ကလေးပဲဗျ“
“ဟာ ... အောင်မင်း ကျုပ်ကို တစ်ပတ်ရိုက်လိုက်ပြီဗျို့၊ အကျိုးတော့စည်းကုန်ပြီ ထင်တယ်ဗျာ“
ဗိုလ်မြတ်ကျော်၏ ပြောပြချက်အရ ကိုသောင်းအိသည် ကျွန်တော်တို့ ညွှန်ကြားလိုက်သည့်အတိုင်း ဂွကလေး ရွာသို့ရောက်၍ အောင်မင်းထံတွင် ဒေးဒရဲမှ အခြေအနေများကို စုံစမ်းသည်။ ယင်းစုံစမ်းချက်ကို အောင်မင်းက သံသယဖြစ်ကာ ကိုသောင်းအိကို ဖမ်းဆီးလိုက်ပါသည်။ တော်လှန်ရေးကာလဖြစ်သဖြင့် ယင်းသို့ အောင်မင်းက ကိုသောင်းအိကို ဖမ်းဆီးခြင်းသည် လုပ်သင့်လုပ်ထိုက်သော ကိစ္စဖြစ်သည်ကို ကျွန်တော် လက်ခံနိုင်ပါသည်။

သို့သော် ဗိုလ်မြတ်ကျော်၏ နောက်ဆက်တွဲ ပြောစကားအရ ရဲဘော်သောင်းအိအား သိလိုက်ရပါသည်။ ယင်းစကားရပ်သည် ကျွန်တော့်ရင်ကို မီးကဲ့သို့ လောင်မြိုက်ခဲ့ရပါသည်။ ကျွန်တော်သည် အောင်မင်း၏ သတ်ဖြတ်မည် အထိရက်စက်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ ယင်းသို့ထင်မြင်သည်မှာလည်း အကြောင်း နှစ်ချက် ရှိပါသည်။ ပထမအကြောင်းအချက်မှာ အောင်မင်း(ခ)မြေတိုင်းစာရေးမောင်တင်သည် ကိုသောင်း အိအား ငယ်ပေါင်းကြီးဖော်အဖြစ် တစ်မြို့ထဲ၊ တစ်ပိုင်းတည်း နေထိုင်လာခဲ့ခြင်းနှင့် ဒုတိယအချက်မှာ ဤမျှ ကြီးသေးသော တာဝန်တစ်ခုကို ထမ်းရွက်ရန် တာဝန်ဖြင့် လာရောက်သူတစ်ဦးအား အကြောင်း အမျိုးမျိုးကြောင့် သင်္ကာမကင်း ဖြစ်သည့်တိုင်အောင် စေလွှတ်တာဝန်ပေးလိုက်သော တမော့စ၀စခန်းသို့ အထောက်တော်စေ လွှတ်၍ ဟုတ်မဟုတ် စုံစမ်းနိုင်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

ကျွန်တော်သည် ဗိုလ်မြတ်ကျော်၏ နောက်ဆက်တွဲ စကားရပ်ကြောင့် အသက်ရှူခြင်းကို ခေတ္တမျှပင် ရပ်ထားလိုက်မိသည်။
“အောင်မင်းက ဖက်ဆစ်သူလျှိုဆိုပြီး လက်ပြန်ကြိုးတုပ်ပြီး တွဲလောင်းချထားတယ်ဗျ။ ကျုပ်လည်း ရဲဘော် မှန်းမသိ လို့ သတ်မယ့်အတူတူဆိုပြီး သူ့အင်္ကျီချွတ်ဝတ်လာခဲ့တာပဲ။ ကိုင်း အချိန်ရှိတုန်း ဗိုလ်ချုပ်လက်ျာဆီ သတင်း ပို့ပြီး တားကြရင် ကောင်းမယ်။ ကျုပ်လည်း ပြန်လိုက်ခဲ့မယ်ဗျာ။ အောင်မင်း ကျုပ်ကို တစ်ပတ်ရိုက် လိုက်တာပဲဗျို့“
ကျွန်တော်နှင့် ဗိုလ်တင်အေးတို့နှစ်ယောက် ဗိုလ်လက်ျာဆီသို့ အပြေးရောက်ရှိသတင်းပို့ခဲ့နိုင်သော်လည်း ဗိုလ်လက်ျာ ထံမှ ခွင့်ပြုချက်ရရှိပြီး တားမြစ်ရန် စီစဉ်နေချိန်တွင် အောင်မင်းတို့လူသိုက် ၎င်းတို့ဖမ်းဆီးထားသော ရဲဘော်သောင်းအိ သည် ၎င်းတို့လက်မှ သေနတ်ကို ၀င်ရောက်လုယူရန် ကြိုးစားသဖြင့် ပစ်သတ်လိုက်ရကြောင်း သတင်း လာပို့သွားတော့သည်။

ထိုအချိန်သည် ကျွန်တော်တစ်ယောက် အရူးကဲ့သို့ အော်ဟစ်မိပါသည်။ ကျွန်တော့်အား မည်သူမည်ဝါက ဆွဲလွဲခေါ်ယူခဲ့ သည်ဟု ကျွန်တော် မသိလိုက်မိဘဲ လူတစ်ယောက်၏ အသိစိတ်လုံးလုံး ပျောက်ဆုံးခဲ့ရပါသည်။ ကျွန်တော် သတိရလာသောအခါ ကျွန်တော့်အား ၀ိုင်းဝန်းဖျောင်းဖျလျက်ရှိသော တပ်မတော် အရာရှိ များကို တွေ့ရပါ သည်။ ကျွန်တော်သည် ကလေးငယ်သဖွယ် ကျူကျူပါအောင် ငိုချလိုက်မိသည်။ အားရအောင် ငိုလိုက်ပြီးနောက် အောင်မင်း အား လက်စားချေရန် သံန္နိဋ္ဌာန်ချလိုက်မိပါသည်။
“ဗိုလ်မြလှိုင်၊ ဗိုလ်ဘစိန်နဲ့ ဆက်သွယ်ပြီး ဖက်ဆစ်ကို တိုက်ပါ“
ဗိုလ်တင်ဖေ၏ အမိန့်ဖြင့် ကျွန်တော်သည် ထိုအချိန်မှစ၍ တမော့ဝစခန်းကို ကျောခိုင်းခဲ့ပါသည်။
နေနှင့်ဦးတော့ အောင်မင်းရေ ...။

တမော့ဝစခန်းကို ကျောခိုင်းခဲ့သော်လည်း ရဲဘော်သောင်းအိ ရေတိမ်နစ်ခဲ့ရသော ရင်မှဒဏ်ရာက မပျောက်။ စဉ်းစားမိလေတိုင်း တနုံ့နုံ့ခံစားရသည်။ တမြေ့မြေ့ဆွေးရသည်။ နာကြည်းစိတ်များ ရင်္ပ သိုလှောင် ရသော အခါ နှောင်းကာလ ၏ အကြောင်းအချက်များက နှိုးဆွပေါ်ပေါက်လာရပြန်သည်။
တပ်မတော် ကကောင်တွေဟာ မျက်ကန်းမျိုးချစ်တွေ၊ သေရဲတာနဲ့ တိုင်းပြည်ချစ်တာကလွဲလို့ ဘာသဘောတရား ခံယူချက်မှ မရှိတဲ့ကောင်တွေဟူသော ကွန်မြူနစ်ဆရာကြီးများ၏ တပည့်သားမြေးများ အား လက်သိပ်ထိုးပြောစကားများကို ပြန်လည်ကြားယောင်လာခဲ့ပါသည်။ ထို့အတူ မြင်ယောင်ဝိုးတ၀ါး ပြန်ပေါ်လာသော အချက်တစ်ခုသာ ရှိပါသေးသည်။
တစ်နေ့သော ရက်တစ်ရက်။

ဖျာပုံမြို့မှ ဆက်သားရောက်လာသည်။ ဆက်သား၏ သတင်းပို့ချက်အရ ဖက်ဆစ်တပ်မတော်မှ စစ်သားများ ယခုည တမော့ဝစခန်းသို့ ၀င်ရောက်တိုက်ခိုက်မည့်သတင်းဖြစ်သည်။ သတင်းမှလည်း ယုတ္တိတန်ပါသည်။ အဘယ်ကြောင့်ဟူမူ တမော့ဝစခန်းသို့ လေထီးချပေးစဉ်က လက်နက် ခဲယမ်းမီးကျောက်များ၊ အ၀တ်အထည်၊ အစားအသောက် များ ထည့်သည့် ကွန်တိန်နာခေါ် သံကျည်တောက်ကြီးများကို တမော့ဝ ချောင်းဝ သို့ထွက် ၍ မြစ်အတွင်း ၌ ပစ်ချဖျောက်ဖျက်ခဲ့လေသည်။ သို့သော် ရေကျသောအခါ ယင်းပစ္စည်းများ အားလုံး သောင်စပ် ၌ အစီအရီ တင်နေသည်ကို ရန်သူများက တွေ့ရှိပြီး သဲလွန်စရခဲ့ခြင်းဖြစ်ပါသည်။ ဆက် သားထံမှ သတင်း ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ကျွန်တော်တို့အား စခန်းတစ်နေရာသို့ ရွေ့ထားရန်၊ ထို့အတူ နိုင်ငံရေးခေါင်းဆောင်ကြီး သခင်စိုးကိုလည်း အလားတူ လုံခြံသည့်စခန်း သို့ ပြောင်းရွှေ့ ထားရန် ဖြစ်ပါသည်။ ဒုတိယတာဝန်မှာ တမော့ဝကျေးရွာအား ဖက်ဆစ်တို့ မဖျက်ဆီးနိုင်ရန် အသက်ပေး ကာကွယ် ရန်ဖြစ်ပါသည်။ ထို့နောက် လူကြီးများ ရွှေပြောင်းရေးတာဝန်ကို ဗိုလ်သန်းထွန်း တပ်စုမှလည်းကောင်း၊ ကွန်မြူနစ်ပြောက်ကျား ကိုအောင်ခင်တို့ကလည်းကောင်း တာဝန်ယူ၍ တိုက်ခိုက် ရေးတာဝန်ကို တမော့ဝချောင်းဝ တွင် ကရင်ပြောက်ကျား စောထွန်းစိန်နှင့် တစ်ဖက်ကမ်းရှိ ဦးတင်ကြိုင်တို့ အဖွဲ့က လည်းကောင်း၊ ဌာနချုပ် အဆောက်အအုံနှင့် တမော့ဝရွာကို ကျွန်တော့် တပ်စုကလည်းကောင်း၊ တမော့ဝ အရှေ့ဘက်ကမ်း ဗိုလ်လက်ျာ၏စခန်းကို ဗိုလ်မြတ်ကော် တပ်ကလည်းကောင်း အသီးသီး ခွဲဝေ ဆောင်ရွက်ကြ ပါသည်။

ထိုညက ကျွန်တော်တို့ မျှော်လင့်ထးသကဲ့သို့ ရန်သူများက ၀င်ရောက်တိုက်ခိုက်ခြင်း မပြုဘဲ ဖျာပုံမြို့မှ နှစ် ထပ်သင်္ဘောတစ်စီးနှင့် မော်တော်ကြီး တစ်စင်းတို့ကို ဆွဲ၍ ပုသိမ်သို့ ရေလမ်းမှ ချီတက်သွားပါသည်။ ယင်းသို့ ချီတက်လာသည် ကို ကနစိုကွင်းတွင် ရောက်ရှိနေသော ဗိုလ်ဟန်သိမ်း (ယခင်စားသောက်နှင့် အဖျော်ယမကာ ကုန်သွယ်ရေး ဦးဆောင်ညွှန်ကြားရေးမှူး)၏ တပ်မှ တိုက်ခိုက်လိုက်လေသည်။ ဖက်ဆစ် တပ်များမှ ခုခံ တိုက်ခိုက်သဖြင့် တိုက်ပွဲမှာ ၁ နာရီခန့် ကြာမြင့်၍ ရန်သူအချို့ ကျဆုံးပြီး ရိက္ခာနှင့် စစ်ပစ္စည်း များကို ဗိုလ်ဟန်သိမ်းတို့ ရရှိလိုက်လေသည်။ ဗိုလ်ဟန်သိမ်းတို့တပ်နှင့် တိုက်ပွဲဖြစ်နေချိန်တွင် ရန်သူများ တမော့ဝရွာသို့ ချဉ်းနင်း ၀င်ရောက်လာမည်ဟု ထင်မှတ်၍ လိုအပ်သည်များကို အသင့်စီစဉ် စောင့်နေသော် လည်း ရန်သူများ သည် မိုးစင်စင်လင်းသည့်အထိ ပေါ်မလာကြတော့ဘဲ ကစဥ့်ကလျားဖြင့် ပုသိမ်သို့ ဆက်လက် ချီတက်သွားကြောင်း ရှမ်းကွင်းကြီးရွာမှ ပြောက်ကျားတာဝန်ခံ ကိုတင်ကြိုင်တို့ထံမှ ဆတ်သား လွှတ်လိုက်သဖြင့် သိရှိကာ ကျွန်တော်တို့ တပ်များကို ပြန်လည်ရုပ်သိမ်းထားခဲ့ကြပါသည်။ ကျွန်တော်တို့ စုရုံးမိကြသောအခါ နံနက် ၆နာရီခန့် ရှိပါပြီ။ ဗိုလ်မြတ်ကျော်၊ စောထွန်းစိန်နှင့် ကျွန်တော်တို့ စုရုံး၍ ကင်းလဲ ရန်ကိစ္စ၊ အချို့ရဲဘော်များအား ခေတ္တအိပ်စက်နားနေရန် ကိစ္စကို တိုင်ပင်ကြပါသည်။ ထိုအခိုက် ကျွန်တော့် တပ်စုမှ တပ်ကြပ်တင်ဦးက ၀က်အူချောင်းများ၊ ထောပတ်ဘူးများ၊ သကြားဘူးများကို ပွေ့ပိုက်၍ ယူလာပါ သည်။

“ဟ ... ရဲဘော် ဘယ်က ဟာတွေလဲကွ၊ များလှချည်လား”
“ဟို ... ဟို အခန်းထက တွေ့တာ”
“ထားလိုက်၊ ပြန်ထားလိုက်။ ဒါ ဆရာကြီး သခင်စိုးအတွက် ထားတာကွ”
ကျွန်တော်က ယင်းသို့ပြောခိုက် ဗိုလ်မြတ်ကျော်က တပ်ကြပ်တင်ဦး ယူလာသောပစ္စည်းများကို လှမ်းယူ လိုက်ပြီး မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများကို အားရပါးရ သပ်က ကျွန်တော့်ပေါင်လို လက်ဖြင့်ပုတ်၍ ပြောလာပါသည်။
“လုပ်မနေနဲ့ ကိုယ့်လူ။ ဒါတွေ အားလုံး ကြော်ပြီး ကျိတ်ပစ်ရမယ်။ တို့များ ရဲဘော်တွေ ငယ်လှသကွာ၊ ရွေး-ရဲဘော်တစ်ယောက် လာစမ်း ဟိတ်”
ဗိုလ်မြတ်ကျော် သည် ရဲဘော်လက်သို့ ၀က်အူချောင်းတွဲကြီးနှင့်တကွ ထောပတ်ဘူးများကို အပ် လျက် ကြော် လှော် ခိုင်းပါသည်။ ရဲဘော်များကလည်း ၀က်အူချောင်းများ ကို ထောပတ်နှင့် ပင် ကြော် လိုက်ကြသေး သည်၊ ထို့ပြင် သကြားများကို သောက်ရေအိုးထဲ ထည့်၍ လက်ဖြင့်မွှေကာ ရှာလပတ်ရည် အဖြစ် သောက် လိုက်ကြ ပါတော့သည်။

ထိုနေ့နံနက်က အစားအသောက် ငတ်လှသော ကျွန်တော်တို့တစ်တွေ ပျော်လိုက်သည့် ဖြစ်ခြင်း။ သို့သော် ကြာကြာမပျော်လိုက်ရပေ။ ညနေစောင်းတွေ ခေါင်းဆောင်ကြီး ပြန်ရောက်လာပါသည်။ ထိုအခါ ကိုအောင်ခင်က ခရီးရောက်မဆိုက် ကျွန်တော့်အား ဆရာကြီး၏ ရိက္ခာများကို မတန်မရာ စားသောက်ရကောင်းလား ဟု ပြောဆိုက ဒေါသူပုန်ထပါလေသည်။ ကျွန်တော်ကမူ မည်သူ့အားမျှ လွှဲချမနေ တော့ ဘဲ ခေါင်းငုံ့ခံလိုက်ပါတော့သည်။

ကျွန်တော်သည် ဆွေးမြည့်နာကြည်းစိတ်များဖြင့် ရင်၌ ပြည့်လျှံလာသောအခါ အနာဟောင်းများကို စဉ်းစား ရင်း မိမိဦးတည်ဆောင်ရွက်လျက်ရှိသော ဖက်ဆစ်တော်လှန်ရေးဟူသော ဦးတည်ချက်နှင့်အတူ မြစ်ဝကျွန်းပေါ်ရှိ ကျွန်မြူနစ် ပါတီ ကိုလည်းကောင်း၊ ကွန်မြူနစ်ပါတီ၏ လက်အောက်ခံ ပြောက်ကျား ရဲဘော်များကို လည်းကောင်း၊ နိုင်ငံရေးမှူးဆိုသူများကိုလည်းကောင်း ရန်သူအဖြစ် မြင်လာခဲ့ပါ သည်။ ထို့ထက် အခါအခွင့်သင့် လျှင် ရဲဘော်သောင်းအိ ကိုယ်စား လက်စားချေမည်ဟူသော သန္နိဋ္ဌာန်ချထားလိုက်ပါသည်။ ထိုအချိန်မှစ၍ ကွန်မြူနစ် ဆန့်ကျင်ရေး သမား မြလှိုင်အဖြစ် ဘ၀ကူးပြောင်း ရောက်ခဲ့ရပါသတည်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, February 6, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၄၈)

"ဒီကဆင်းသွားကြ ငါ့ညီတို့ ... "
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဦးလေးဓ
"ဦးလေးအရွယ် မဟုတ်သေးပါဘူး ငါ့ညီရယ်။ ဟွတ် ... ဟွတ် ... ဟွတ် ... "
"ဆောရီးဗျာ၊ ဒါနဲ့ မြင်းလှည်းခ"
"နေပါစေ ငါ့ညီရယ်။ မင်း နောင်တော် သခင်လှဖေကို ပြောလိုက်။ သထုံဟောတုန်းက တစ်ခန်းကျော် က မြင်းသမားသိန်းမောင် က လိုက်ပို့ပေးတယ်လို့ကြားလား"
"တောက် ... တောက် ... တောက် ... တောက်"
လမ်းပေါ် သို့ လိမ့်ထွက်သွားသော မြင်းခွာသံလေးသည် ကျွန်တော်၏ နားတွင် အလွန် သာယာသော တေးသံ လွင်လွင်နှင့်မခြား ခံစားလိုက်ရသည်။
ကို ဆက်ဖတ်ရန် ....

ဘောက်တူပေါ်တွင် ကျွန်တော်၊ ကိုသိန်းဖေ၊ ကိုစံယျတို့ သုံးဦးထိုင်လျက် လှော်ခတ်လာခဲ့ကြသည်။ ကိုသိန်းဖေ ၏ လက်တွင် လယ်ထွန်တစ်လက် ပါလာသည်။ မုန့်သေတ္တပုံးအလွတ်တွင် ရေနံဆီ မီးခွက်တစ်ခုကို ထွန်းညှိ ထားသဖြင့် မီးရောင်မှိန်မှိန်သည် ဘောက်တူတစ်ဝိုက်တွင်သာ ရေးရေးပျံ့လွင့်လျက် ရှိသည်။ ကိုသိန်းဖေ ကတော့ ကမ်းဘေးဝဲယာသို့ မျက်စိကစား၍ လယ်ထွန်ကို ပစ်လိုက်ဖော်လိုက်လုပ်နေသည်။
ယနေ့ည ဗိုလ်လက်ျာနှင့်အဖွဲ့ စခန်းသို့ရောက်ကြမည်။
ကျွန်တော့်ရင်များ ခုန်နေသည်။ မုန့်သေတ္တထဲ၌ ထည့်၍ ထွန်းထားသော မီးကို လေတိုး၍ ငြိမ်းသေမသွားရန် ဂရုစိုက် ရသည်။ ကိုစံယျကမူ ဘော်တူပဲ့ကို ထိန်းထားရင်း ဖာပုံမြစ်အတွင်းမှ သွားလာနေ သောလှေ သမ္ဗန်များကို အကဲခတ်စောင့်ကြည့်လျက် ရှိနေပါသည်။ ကျွန်တော်တို့လူသိုက်ချောင်းဝသို့ လာရောက်စောင့်နေ သည်မှာ ၂ နာရီကျော်မျှ ကြာမြင်ခဲ့သော်လည်း မည်သည့်ထူးခြားမှုကိုမျှ မတွေ့ရသဖြင့် ဆက်လက်စောင့်ဆိုင်း ရန် စဉ်းစားရသည်။ ထိုအချိန်တွင် ဓနိပင်များကြားမှ ခြင်ရိုင်းများမှာ တဆစ်ဆစ်စုပြုံကိုက်သဖြင့် တစ်ကိုယ်လုံး ယားယံလျက် ရှိပါသည်။

“ဘယ်အချိန်အထိ စောင့်ကြမလဲ၊ ကိုသိန်းဖေ”
“သန်းခေါင်ကျော်တဲ့ အထိတော့ စောင့်သေးတာပေါ့။ ရေလှည့်မသင့်ရင် ချိန်းတဲ့ အချိန် ရောက်ချင် မှ ရောက်တာဗျ”
“စောင့်ရမယ့်အတူတူ အရုဏ်တက်အထိပဲ စောင့်ကြမယ်ဗျာ၊ မဟုတ်ရင် ဗိုလ်ချုပ်တို့ ဒုက္ခရောက်နေလိမ့်မယ်”
မှန်ပါသည်။ ရန်ကုန်တွင် ဗိုလ်လက်ျာနှင့်တွေ့စဉ်က မှာကြားလိုက်သည်။ မှာယနေ့ညညဦးပိုင်း တွင် ရောက်အောင် လာမည်ဟု မှာကြားလိုက်သော်လည်း ရေလမ်းခရီးဆိုသည်မှာ မီးရထား၊ မော်တော်ကား များ ကဲ့သို့အချိန်မှန်ချင်မှမှန်နိုင်ပေလိမ့်မည်။ သို့ဖြစ်ရာ ကျွန်တော်တို့ တာဝန်သည် လာ သည်ဖြစ်စေ၊ မလာ သည် ဖြစ်စေ၊ အချိန်ကုန်သည်အထိ စောင့်ရမည်သာဖြစ်ပါသည်။
“ကိုမြလှိုင်၊ ညောင်းရင် လှေဝမ်းထဲမှာ ခဏလှဲနေပါလား”
“လှုပ်လှုပ် ... လှုပ်လှုပ်နဲ့ မူးတယ်ဗျ၊ မအိပ်တတ်ဘူး။ ကိစ္စမရှိဘူး၊ စောင့်တာပေါ့”
ထိုအခိုက် သမ္ဗန်တစ်စီး ခပ်လှမ်းလှမ်းမှ လမုပင်တန်းတွင် ၀င်ဆိုက်လိုက်သည်ကို မြင်လိုက်ရပါသည်။ ကျွန်တော်တို့ သုံးဦးသည် သမ္ဗန်ရှိရာသို့ လှော်ခတ်သွားရန် သင့်မသင့် စဉ်းစားရင်း ဘောက်တူကို ရပ်တန့် စေရန် ထိန်းထားလိုက်သည်။

“အချက်ပြကြည့်ရအောင်လား”
“နေဦး၊ ခဏစောင့်ကြည့်ဦးမယ်”
“ဟိုမှာ သမ္ဗန်ပေါ်က မီးထွန်းလိုက်ပြီ”
ကျွန်တော်က ၀ှက်ယူလာသော ဆီစိမ်စက္ကူအစိမ်းကို ဘောက်တူပေါ်မှ မီးခွက်ပေါ်တွင် အုပ်လိုက်သည်။ ထိုအခါ သမ္ဗန်ပေါ် မှ မီးရောင်သည် ငြိမ်းသတ်သွားကာ ကျွန်တော်တို့ရှိရာသို့ လှော်ခတ်လာပါတော့သည်။ သမ္ဗန်ကြီး နီးကပ် လာသောအခါ ကျွန်တော်တို့ဘောက်တူကို ဦးလှည့်လိုက်ပြီး လမ်းပြခေါ်ဆောင်လာခဲ့ပါ သည်။ ထိုညဥ့် က ဗိုလ်လက်ျာနှင့် အဖွဲ့အား စခန်းသို့ ခေါ်ဆောင်လာခဲ့ကြပြီး၊ လုံခြုံစွာ သိုဝှက်ထားနိုင်ခဲ့ပါ သည်။

ဗိုလ်က်ျာတို့အဖွဲ့တွင် လူပေါင်း ၈ ဦးခန့် ပါဝင်ခဲ့ကြသည်။ ဗိုလ်လက်ျာ၊ ဗိုလ်ထွန်းဖေ၊ ဗိုလ်မြသန်း၊ ကိုတင်အေး (အမ်တင်အေး)၊ ရဲဘော်လှညိမ်းနှင့် အခြားသုံးဦးတို့ ဖြစ်ကြသည်။
“မြလှိုင်၊ တို့နက်ဖြန်ည၊ တမော့ဝကို ရွှေ့ချင်တယ်”
“ဒီမှာ ဘာဖြစ်လို့လဲ”
“ဘာမှ မဖြစ်ဘူး၊ တတော့ဝမှာ ဌာနချုပ်ထားဖို့ တို့စီစဉ်ခဲ့ပြီးပြီ”
ထိုညက ကျွန်တော်တို့အားလုံး တရေးမျှမအိပ်ရဘဲ ဖျာပုံမြို့နယ်အတွင်း သွားလာရမည့် အစီအစဉ် များ ရေးဆွဲကြပါသည်။ ဗိုလ်လက်ျာ၏ ပြောကြားချက်အရ မြောင်းမြတွင် စောကြာဒိုး၊ ဗိုလ်ဘနီတို့ အားလုံးကို ဖက်ဆစ် တို့က ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။ ကျွန်တော်တို့တာဝန်များ ခွဲဝေပြီးသောအခါ ကျွန်တော်သည် ဗိုလ်လက်ျာ ၏ ဌာနချုပ်နှင့် စစ်ရေးတာဝန်ခံများနှင့် ဆက်သွယ်ဆောင်ရွက်ရသော တာဝန်ကို ပေးအပ်ခြင်း ခံ ရပါသည်။

“မြလှိုင်၊ မင်းမှာ တပ်သားအင်အား ဘယ်လောက်ရှိလဲ”
“တပ်စု တစ်စုရှိတယ်”
“တပ်စိတ်တစ်စိတ် ငါခေါ်သွားမယ်”
ဗိုလ်လက်ျာ ၏ အစီအမံများအရ ကျွန်တော်သည် တိုက်ခိုက်ရေးတာဝန်များ မဟုတ်ဘဲ ဆက်သွယ်ရေး တာဝန် များ ဖြစ်ခြင်းကြောင့် စိတ်ပျက်အားလျော့မိသည်။ အမှန်က ကျွန်တော်သည် စစ်တိုက်လိုသောသူ တစ်ယောက် ဖြစ်သည်။ သို့သော် စစ်သားဆိုသည်မှာ အထက်မှ ပေးအပ်သော အမိန့်ကို တသွေမတိမ်း လိုက်နာရ သူဖြစ်သဖြင့် ဆင်ခြေလဲရန်အကြောင်း မရှိပါချေ။ ဗိုလ်လက်ျာက အနုပညာသမားပီပီ ကျွန်တော် တို့ တည်ဆောက်ထားသော စခန်းကို မှတ်ချက်ချပါသည်။

“မင်းတို့စခန်းက သာယာတယ်ကွ။ မိန်းမခိုးလာဖို့ကောင်းတဲ့ နေရာပဲ”
ရဲဘော်ကြီး စံယျသည် ဗိုလ်လက်ျာ၏ မှတ်ချက်ကို ကြားရသောအခါ သူ့မျက်နှာ လေးထောင်းကြီးကို ရှုံ့၍မဲ့မဲ့ကြီးဖြစ် သွားပါသည်။ ရဲဘော်ကြီးစံယျမှာ ဗိုလ်လက်ျာစခ်းချမည်ဆို၍သာ ဤမျှလုံခြုံသော၊ ဤမျှသေသပ်သော ဤမျှ သာယာသော နေရာဖြစ်သည့် သူတို့မိပိုင် ခြံမြေကြီး ကိုရှင်းလင်း တည်ဆောက် ခဲ့ ခြင်းဖြစ်ပါသည်။
ကျွန်တော်သည် ထိုညတစ်ညလုံး နောက်နေ့တစ်နေ့လုံး လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ကိုယ်ကျ တာဝန် ယူ ဆောင်ရွက်ပါသည်။ လူကြီးတစ်ယောက်အတွက် လုံခြုံမှုတာဝန်သည် ကြီးမားလွန်းရကား ကျွန်တော့်ရင်များ သည် အလိုလို ပူလောင်လျက်ရှိပါသည်။

“လာဗျို့ ကိုဝက်ကြီး၊ ဘာထူးလဲ”
“သိပ်ထူးတယ်”
“ပြောလေ”
ကိုဝက်ကြီးသည် တုံ့ဆိုင်းဆိုင်း ဖြစ်နေသဖြင့် အားမလို အားမရ ဖြစ်ရပါသည်။ သို့သော် ဗိုလ်လက်ျာ ရှိနေသဖြင့် အော်ငေါက်ဆူပူခြင်းမပြုဘဲ ကိုဝက်ကြီးပြောမည့်စကားကို သည်းခံစောင့်ဆိုင်းနေမိ သည်။ ထိုအခါတွင် မှ ၀မ်းနည်းစိတ်မကောင်းသော အမူအရာဖြင့် တစ်ခွန်းချင်း ပြောလာသည်။
“မင်းအမေ၊ မင်းဦးလေး၊ မင်းအဒေါ်၊ မင်းမိန်းမတွေကျိုပန်ကင်ပေက စစ်နေတယ်”
“ရော် ... ဘယ်တုန်းကလဲ”
“ဒီနေ့မနက်ကပဲ”
“ဘာဖြစ်သေးလဲ”
“သန်းကြည်အပြောကတော့ နေပူလှန်းတယ်တဲ့”
ကိုဝက်ကြီး ၏ စကားအဆုံးတွင် ကျွန်တော် မျက်ရည်ကျမိသည်။ ကျွန်တော်တို့တစ်တွေသည် မိဘနှစ်ပါး အား လုပ်ကိုင်ကျွေးမွေးပြုစုသော သားကောင်းများမဟုတ်ပေ။ သို့တစေ မိဘမေတ္တာသည် ကြီးမားစွာဖြင့် ခွင့်လွှတ်ခ့သည်။

ယခု ကျွန်တော်တို့ကြောင့် မိဘများကို ကင်ပေတိုင်က ညှဉ်းပန်းမှု ပြုလေပြီ။ ညှင်းပန်းမှု၏ နောက်ဆက်တွဲကား ...
သတ်ဖြတ်ခြင်းပင်။ ယင်းသတင်းကြောင့် ဗိုလ်လက်ျာ တမော့ဝသို့ ခရီးထွက်ရန်ကို ခေတ္တရွှေ့ဆိုင်းလိုက်ပြီး ဖျာပုံ မှ မိခင်ကြီးနှင့် မိသားစုများ အခြေအနေကို သိရှိရန် ရဲဘော်ညွန့်မောင်နှင့် ရဲဘော်နှစ်ဦးအား တိတ်တဆိတ် ဖျာပုံသို့ စေလွှတ်လိုက်ပါသည်။ ဖက်ဆစ်များသည် တပ်မတော်၏ လှုပ်ရှားမှုများကို နယ်အနှံ့၊ ရွာအနှံ့ ပိုက်စိပ်တိုက် လျက် ရှာဖွေလျက် ရှိပါသည်။ သို့သော် ကျေးရွာများတွင် တပ်မတော်သားများမှာ ရွာသူရွာသား များနှင့် ရောနှောနေထိုင်ခြင်း၊ ရွာခံလုပ်သားပြည်သူများ၏ ဖက်ဆစ်တော်လှန်ရေးစိတ် ပြင်းပြ ခြင်းတို့ကြောင့် လုံခြုံမှု ရှိသင့်သလောက် ရှိနေပါသည်။
ကျွန်တော် တို့သည် ရဲဘော်ညွန့်မောင်ကို ဖျာပုံသို့ စေလွှတ်လိုက်ပြီးနောက် တမော့ဝရွာသို့ ဗိုလ်လက်ျာ မရောက်ရှိသေးကြောင်းကို ရဲဘော်သောင်းအိနှင့် ရဲဘော်မြကြည်တို့အား သတင်းပို့လွှတ်လိုက်ပါသည်။

ကျွန်တော်သည် မိခင်နှင့် ဇနီးဖြစ်သူတို့၏ စိတ်မအေးစရာသတင်းများကို ရင်မ၍ ဘ၀င် မကျနိုင်အောင် စောင့်မျှော်နေသော်လည်း လွှတ်လိုက်သော ရဲဘော်ညွန်မောင်နှင့်အဖွဲ့မှာ ညနေ နေ၀င် သွားသည်အထိ ပေါ်မလာဘဲ ရှိနေပါသည်။ ဗိုလ်လက်ျာ အား နောက်ထပ် သတင်းထောက် လှမ်းရန် အတွက် လူလွှတ်ရန်ပြော ကြားသောအခါ ဗိုလ်လက်ျာက ထိုနေ့ည အချိန်ကုန်သည် အထိ စောင့်ကြည့်ပြီးနောက် အခြေအနေများ မထူးလျှင် ကိုယ်တိုင်လိုက်သွား၍ စုံစမ်းဆက်သွယ်ရန် ပြောကြားပါသည်။

အချိန်အခါမှာ လမိုက်ရက်ကာလဖြစ်၍ စခန်းအတွင်း ထွန်းညှိထားသော မီးတိုင်မှလွဲ၍ အပြင်၌ မည်းမှောင်လျက်ရှိသည်။ စခန်းချထားသည့် နေရာမှာလည်း ထူထပ်သော ဓနိတောကြီး၏ အလယ် တွင် ဖြစ်သဖြင့် နှစ်ဖာလုံခန့်မှပင် မြင်နိုင်ဖွယ် မရှိပေ။ စိုစွတ်ခြင်း၊ သစ်ပင်၊ မြက်ပင်၊ ဓနိပင်များ ထူထပ်ခြင်းကြောင့်၊ ခြင်ကောင်များ၏ အော်မြည်သံမှာ လေယာဉ်ပျံကဲ့သို့ပင် ကြားနေရသည်။ ကင်းပုန်းများ မှာ မြေတွင်ဝပ်၍ ကင်းစောင့်နေကြရသဖြင့် ခြင်၊ ဖြုတ်စသော သတ္တ၀ါများ၏ ပွဲတော်ကြီးပမာဖြစ်လျက် ရှိပါသည်။
ည ၈ နာရီ ခန့် ဖြစ်သည်။
မည်းမည်းသဏ္ဍာန်နှစ်ခုသည် လှေပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
“ဟိတ် ... ရပ်”
ကင်းပုန်းမှ ရဲဘော်များသည် ထိုမသဲမကွဲသဏ္ဍာန်နှစ်ခု၏ ဘေးသို့ အလျင်အမြန် တိုးကပ်လိုက်ပြီးနောက် သေနတ်ဖြင့် ထောက်ထားလိုက်ကြသည်။ မလှမ်းမကမ်းမှ ရဲဘော် ၃ ဦးမှလည်း အသင့်အနေအထားဖြင့် သေနတ်ကို ချိန်ထားလိုက်ကြသည်။

“ဟန်ရင်၊ ရွှေလုံး၊ တို့ ရဲဘော်တွေပါ ...”
“နေဦး ...”
ရဲဘော်တစ်ယောက်သည် ကျွန်တော့်ထံသို့ သတင်းပို့ရန် ရောက်ရှိလာသည်။ ရဲဘော်ရောက်လာသဖြင့် မိမိ မျှော်နေသော ရဲဘော်ညွန့်မောင် ပြန်ရောက်သည်ဟု ထင်ကာ ပျော်ရွှင်မိပါသည်။ သို့သော် ကင်းရဲဘော်က ဟန်ရင်နှင့် ရွှေလုံးဆိုသူဖြစ်ကြောင်း ပြောကြားသောအခါ တူးမြောင်းရွာတွင် ချန်ရစ်သော ရဲဘော်များဖြစ် ကြောင်း သိရှိကာ ၎င်းတို့အား တွေ့ဆုံရန် ကင်းရဲဘော်နောက်မှလိုက်သွားပါသည်။ ကျွန်တော် သည် ရဲဘော် ဟန်ရင်နှင့် ရဲဘော်ရွှေလုံးတို့အား နွားတင်းကုပ်အတွင်းသို့ ခေါ်ယူသွားကာ အကျိုးအကြောင်း မေးမြန်း ရပါသည်။ ရဲဘော်ဟန်ရင်၏ ပြောပြချက်အရ ဖက်ဆစ်တပ်များသည် ဗမ့တပ်မတော် သားများ ရှိသည်ဟု သတင်းရသည့်ရွာများသို့ တပ်နှင့်ဝိုင်း၍ ရှာဖွေလျက်ရှိကောင်း ကျိုက္ဘာရွာမှ ကျွန်တော်တို့ ထွက်ခွာလာခဲ့ပြီး တစ်ပတ်လောက်အကြာတွင် ဗိုလ်ထွန်းညို (ဗိုလ်မြသန်း)တို့ အဖွဲ့ ကျိုက္ကဘာ သို့ ရောက်ရှိခဲ့ကြပြီး ဖက်ဆစ်တော်လှန်ရေးတရား ဟောခဲ့ကြောင်း၊ ဗိုလ်ထွန်းညိုတပ် ထွက်ခွာသွားပြီး မကြာမီ ဖက်ဆစ်တပ် များ ရောက်ရှိလာပြီး ကျိုက္ဘာရွာမှ အိမ်တစ်ချို့ကို မီးတင်ရှို့လိုက် ကြောင်း၊ ကျီးနှစ်ပင်ရွာသို့ တစ်ဖန် ၀င်ပြီး ရွာသူရွာသားများအား အချို့ကို ဖမ်းဆီး၍ အချို့ကို ရိုက်နှက်ကြောင်းနှင့် ဗိုလ်မျိုးချစ်၏တပ်သည် ကဒါရွာ တွင် စခန်းချလျက်ရှိပြီး ဗိုလ်အောင်စိန်၏ တပ်သည် ကျုံကဒွန်းရွာသို့ ၀င်ရောက်စီးနင်းကြပြီး ကျုံကဒွန်းဂါတ် မှ လက်နက်များအားလုံး သိမ်းဆည်းနိုင်ခဲ့ကြောင်း တို့ဖြစ်ပါသည်။

“ကြားရတာကတော့ အားရစရာပဲဗျ။ ဒါထက် ဦးသုခ (ဗိုလ်ဘစိန်)တို့ အခု ဘယ်မှာ ရှိကြသလဲ”
“ကဇောင်း၊ ၀ဲကြီးဘက်မှာ ရှိကြတယ်”
ရဲဘော် ဟန်ရင်၊ ရဲဘော် ရွှေလုံးတို့ထံမှ ရရှိသောသတင်းများကို ဗိုလ်လက်ျာထံသို့ သွားရောက်၍ ချက်ချင်း သတင်းပို့ပါသည်။ ဗိုလ်လက်ျာသည် ဗိုလ်ဘစိန်၊ ဗိုလ်တင်ဖေတို့နှင့် ဆက်သွယ်ရန် ကျွန်တော့်အား တာဝန်ပေးပြီး ရဲဘော် ညွန့်မောင်တို့ ပြန်ရောက်မရောက် မေးမြန်းသဖြင့် မရောက်သေးကြောင်း ပြောလိုက် ရပါ သည်။ ဗိုလ်လက်ျာသည် မည်သို့မျှ မှတ်ချက်မချသော်လည်း ၎င်းကိုယ်တိုင် ကျွန်တော်တို့ မိခင်အိုကြီး နှင့် အိမ်သူ အိမ်သားများအတွက် သောကရောက်လျက်ရှိကြောင်း ၎င်း၏မျက်နှာပေါ်တွင် ပေါ်လွင်လျက် ရှိနေပါ သည်။
“မနက်ဖြန်၊ ကျွန်တော် လိုက်သွားမယ်”
“ကောင်းတယ်၊ သိုသိုသိပ်သိပ် သွားဖို့လိုတယ်”
ဗိုလ်လက်ျာ ထံမှ ပြန်လာပြီး ရဲဘော်ဟန်ရင်နှင့် ရဲဘော်ရွှေလုံးတို့အား ဗိုလ်ဘစိန်ထံသို့ ဆက်သွယ်ရန် ညွှန်ကြားပြီး ဗိုလ်လက်ျာ ၏ ဌာနချုပ်မှာ တမော့ဝရွာတွင် ရှိမည်ဖြစ်ကြောင်း မှာကြားလိုက်ပါသည်။ ရဲဘော် ဟန်ရင် တို့ပြန်လည် ထွက်ခွာသွားသောအခါ အရှေ့ဘက်ဆီမှ အရုဏ်ဦးသည် မျက်နှာပေါ်စပြုလျက်ရှိပါပြီ။

နံနက် ဝေလီဝေလင်းအချိန်၊ ရဟန်းတစ်ပါးနှင့် နောက်ပါ ကပ္ပိယတစ်ဦးတို့သည် ဖျာပုံမြို့၏ သုသာန်ဘက်ဆီမှ ဖြတ်လျက် မြို့တွင်းသို့ ၀င်ရောက်လာခဲ့သည်ကို ၀ိုးတ၀ါး တွေ့လိုက်ရပါသည်။ ယင်းသင်္ကန်း ၀တ်ကား ကျွန်တော်ဖြစ်၍ နောက်မှပါသူ ကပ္ပိယမှာ ရဲဘော်ကြီး စံယျတို့ဖြစ်ပါသည်။ ဖက်ဆစ် တော်လှန်ရေး ကိစ္စအ၀၀ ကို ဆောင်ရွက်နေစဉ်အတွင်း အောင်မြေဘုံသာကျောင်းတိုက် သိမ်အတွင်း၌ စည်းဝေးခဲ့သည့်ညက အရေးအကြောင်း ရှိလျှင် အသုံးပြုရန် ဦးစတိလထံမှ သင်္ကန်းတစ်စုံ အစွန့်ခံခဲ့ရာ ယခု ယင်းသင်္ကန်းသည် ကျွန်တော် တို့ နှစ်ဦးအား ဖက်ဆစ်တို့ချထားသော ကင်းများကို လွယ်ကူစွာ ဖြတ်ကျော် နိုင်ခဲ့လေပြီတကား။

ကျွန်တော်တို့ အောင်မြေဘုံသာကျောင်း ပရ၀ဏ်အတွင်းသို့ ရောက်သောအခါ ကျီးများ နိုးစစ ပြုနေပါပြီ။ ကျွန်တော်သည် ဆရာတော် ဦးအာစရ ကျောင်းသင်္ခန်း၏ နောက်တွင် မိခင်ကြီး ဆောက်လုပ်လှူဒန်းထား သော ဇရပ်ရှိရာ သိ့ သော့သော့ပင်လှမ်းလိုက်သည်။ ယင်းဇရပ်တွင် တစ်ဦးဦး အမှန်ရှိပေလိမ့်မည်ဟု တွက်ဆ ခဲ့သည့် အတိုင်း တံခါးကို ဖြည်းညှင်းစွာ ခေါက်လိုက်ရာ သမ္ဗုဒ္ဓေဂါထကို မတိုးမကျယ် ရွတ်ဖတ် သရဇ္ဈယ်လျက် တံခါးရှိရာ သို့ ထလျှောက်လာသည့် မိခင်ကြီးအသံကို ကြားလိုက်ရသည်။
“အင်း ... မေမေ ဘာမှ မထိခိုက်ပါစေနဲ့”ဟု စိတ်ထဲမှ တိုးတိုး ဆုတောင်းလိုက်သည်။ ကျွန်တော်၏ ဆုတောင်းသံ ကလေး မဆုံးမီ တံခါးတစ်ချပ်ပွင့်လျက် မိခင်ကြီး၏ မျက်နှာကို မြင်လိုက်ရသည်။ စိတ်၏ ပင်ပန်းမှု၊ ဘ၀ တစ်လျှောက်လုံး လောကဓံကို ရင်ဆိုင်လာခဲ့ရရှာသော မိခင်ကြီးသည် အလွန်အိုမင်းရင့်ရော် လျက်ရှိနေပါ သည်။ ကျွန်တော် သည် မျက်ရည်မကျမိရန် အားတင်းထားရသည်။ ထို့နောက် ...
“မေမေ ...”
“ရော် ... သား ... သား မောင်မောင်၊ ဘယ်လို ဖြစ်လာပြန်တာတုန်းကွယ်”

ကျွန်တော်က ဒူးထောင့်၍ မိခင်ခြေဖမိုးစုံကို ဦးတိုက်လိုက်သည်။ ထိုအခါ ကျွန်တော့် မ်ျလုံးစုံမှ မျက်ရည်များ သည် မိခင်ကြီး၏ ခြေဖမိုးပေါ်သို့ ရွာသွန်းချလိုက်လေပါတည်း။ မိခင်က ကျွန်တော့် လက်မောင်းကို ကိုင်၍ ဇရပ်အတွင်းသို့ဝင်ရန် ပြောသည်။ ကျွန်တော်သည် ၀မ်းနည်းခြင်းစိတ်ဇောကြောင့် ထိုအချိန်က မိခင်ငိုလေ သည်၊ မငိုလေသည်ကိုပင် မမှတ်သားမိခဲ့ပါချေ။ ကျွန်တော်က ဗိုလ်လက်ျာနှင့် ကျွန်တော်တို့ ကျန်းမာစွာဖြင့် အတူတကွ ရှိနေကြောင်း၊ စိုးရိမ်ပူပန်ရန် မရှိကြောင်းများကို ပြောပြပြီးနောက် မိခင်ကြီးနှင့်တကွ ညီ အစ်ကို မောင်နှမ များအား ကင်ပေများက နေပူလှမ်းကြောင်း ကြားသိရသဖြင့် စိတ်ပူနေကြောင်း ပြောပြသော အခါ မိခင်ကြီး သည် ယဲ့ယဲ့မျှ အသံထွက်၍ ရယ်လိုက်သည်။

“နေပူလှန်းလှန်း၊ လည်သည်းခွာခွာ၊ သံရည်ပူလောင်းလောင်း စိတ်ပူစရာ မဟုတ်ပေါင် သားရယ်”
“ဘယ်နှစ်ရက်လောက် ခေါ်ညှဉ်းကြသလဲ”
“နှစ်ရက်ထဲပါကွယ်”
“သြော် ... မေမေရယ်”
ကျွန်တော်က မိခင်အား ဤသို့ ယောင်ယမ်းခေါ်လိုက်မိသည်။ မိခင်သည် ကျွန်တော့်အား ညှာတာစွာဖြင့် အားမာန်တင်းထားဟန်ပြုသည်။ သို့သော် ကျွန်တော်ကမူ မိခင၏ ရင်တွင်းမှ ခံစားချက်ကို အလိုလို သိမိနေ ပါသည်။ ကျွန်တော်နှင့် မိခင်ကြီး စကားပြောသံကြောင့် အဒေါ်အပျိုကြီး နှစ်ယောက်နှင့် ကျွန်တော့် အစ်မ နှစ်ယောက် သည် ဆွမ်းချက်ဇရပ် အဆောင်မှ ကူးလာကြသည်။
“မိုးလင်းပြီ သား၊ တော်ကြာ လူစိမ်းတွေ မြင်ရင် သား ဒုက္ခတွေ့လိမ့်မယ်”
ထို့နောက် မိခင်ကြီးနှင့် အဒေါ်အပျိုကြီးတို့နှစ်ဦး ဇရပ်ပေါ်မှဆင်း၍ ဆရာတော် ဦးအာစရအား ကျွန်တော့် အား တစ်နေ့တာ ကျောင်းပရိဝဏ်အတွင်း နေထိုင်ခွင့် တောင်းကြပါသည်။ ဆရာတော်၏ ခွင့်ပြုချက်အရ ထိုနေ့ တစ်နေ့တာ ကို ဆရာတော်၏ ကျောင်းသင်္ခန်းအတွင်း အိပ်ဆောင်တွင်း၌ တစ်နေကုန်ခိုအောင်းနေထိုင် ခဲ့ကြရလေသည်။

စခန်းသို့ ပြန်ရောက်သောအခါ လွှတ်လိုက်သော ရဲဘော်ညွန့်မောင်တို့အဖွဲ့ ရောက်နှင့်နေသည်ကို တွေ့ရပြီး၊ ဗိုလ်လက်ျာနှင့် ယင်းညမှာပင် တမော့ဝရွာသို့ ခရီးထွက်ရန် အသင့်ဖြစ်နေကြောင်း ပြောလာပါ သည်။
“မြလှိုင် ... မင်းတို့မနက်ဖြန်ညကို ငါ့ဆီ လိုက်ခဲ့ကြဦး”
“ဟုတ်ကဲ့”
“တို့ကိုလိုက်ပို့မယ့် ရဲဘော်တွေ အသင့်ဖြစ်နေပြီလား”
“ဖြစ်နေပါပြီ”
ဗိုလ်လက်ျာတို့အဖွဲ့ကို ၃ စု ခွဲ၍ ကျွန်တော်တို့ တမော့ဝသို့ ပို့ပေးပါသည်။ ရှေးဦးစွာ ဗိုလ်လက်ျာ၊ ဗိုလ်မြသန်း၊ ဗိုလ်တင်အေး (အမ်တင်အေး) တို့ ၃ ဦးကို ကိုသိန်းဖေခေါင်းဆောင်၍ သမ္ဆန် တစ်စင်းဖြင့် ခေါ်ဆောင် သွားပါသည်။ ကျန်ရဲဘော်များကို ကိုသောင်းအိ ခေါင်းဆောင်၍ ခေါ်ဆောင်စေပြီး ကျန်ရဲဘော် များ မှာ ခြေလျင်ခရီးဖြင့် သလိပ်ကြီးရွာသို့ သွားရောက်ကြပြီး ထိုမှတစ်ဆင့် ရွာခံသခင်မှင်တို့အဖွဲ့မှ လိုက်လံ ပို့ဆောင်ပေးကြပါသည်။

ရက်ပေါင်းများစွာ၊ အစားပျက် အအိပ်ပျက် တာဝန်များ၏ ဖိဒဏ်ကို ကျွန်တော် မခံနိုင်တော့ပေ။ သို့ဖြစ်ရာ ဗိုလ်လက်ျာတို့ လူသိုက်အား ပို့လွှတ်လိုက်ပြီးနောက် ကျွန်တော်တစ်ယောက် အိပ်ရာပေါ်တွင် ဘုံးဘုံးလဲပါ တော့သည်။ ကျွန်တော် အပြင်းဖျားနေသဖြင့် ဗိုလ်လက်ျာ မှာကြားခဲ့သော နောက် တစ်နေ့ ရောက်ရှိရန် အစီ အစဉ်များကိုဖျက်၍ အဖျားသက်သာမှ လာရောက် မည်ဖြစ်ကြောင်း သတင်း ပို့ခိုင်းလိုက်ရပါသည်။ ကျွန်တော်၏ အဖျးက သက်သာမှုမရှိ။ ဆေးမရှိ၊ အစားကောင်း၊ မစားရသဖြင့် ၅ ရက်ခန့်  ကြာသွားသည်။ ထိုအချိန်တွင် မမျှော်လင့်ဘဲ ဖျာပုံမြို့ ၅ လမ်းမှ ဒေါက်တာလှရွေ၏ မိတ်ဆွေများဖြစ်ကြသော ဇ၀နဆေး တိုက်ပိုင်ရှင် ဦမောင်မောင်ကြီးနှင့် ဇနီး ဒေါ်အေးခင်တို့အား ရဲဘော်ကြီး စံယျတို့လူသိုက် တိတ်တဆိတ် ပင့်လာခဲ့ကြပါတော့သည်။ ဦးမောင်မောင်ကြီးတို့ လင်မယားမှာ ကျွန်တော့် အား ဆေးထိုးဆေးတိုက်ဖြင့် ၂ ရက်မျှ စခန်းတွင် နေထိုင်သွားကြသည်။ ထို့ပြင် ထိုးဆေး များ၊ ဆေးထိုးတံများကိုပါ ထားခဲ့ကြလေသည်။ ဤအခိန် ဤအခါမှစ၍ ကျွန်တော်တစ်ယောက်ကိုယ့်တင်ပါး ကိုယ်လှ န်၍ ဆေးထိုးသော အတတ်ကို တတ်ခဲ့ရလေသည်။

တမော့ဝ စခန်း။

ငှက်ဖျားပျောက်လျှင် ပျောက်ချင်း တမော့ဝစခန်းသို့ ထွက်လာခဲ့သည်။ တမော့ဝ စခန်းသည် ဖက်ဆစ် တော်လှန်ရေး ဆင်နွှဲရာတွင် အရေးပါသော သမိုင်းဝင် ရွာကြီးတစ်ရွာဖြစ်သည်။ တမော့ဝရွာသည် အိမ်ခြေ တစ်ရာခန့်ရှိသည်။ ရွာသူရွာသားများသည် သူကြီးဦးညွန့်၏ သြဇာကို လေးစားစွာ လိုက်နာကြ ကုန်သည်။ ထိုမှဆင့်ကဲ ဆင့်ကဲ ဦးညွန့်၏ ဆွေမျိုးညီအစ်ကို မောင်နှမများက ရွာသူရွာသား များအပေါ် ဦးဆောင်ကြ သည်။ တမော့ရွာ၏ ညီညွတ်မှုသည် အံ့သြဖွယ်ပင်။
ထို့ကြောင့် တမော့ရွာကို မြစ်ဝကျွန်းပေါ် ဖက်ဆစ်တော်လှန်ရေး၏ စစ်ရေး နိုင်ငံရေး ဌာနကြီးတစ်ခု အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ဟန်တူပါသည်။ တမော့ဝစခန်းသို့ ကျွန်တော်လာရာ တွင် တမော့ချောင်းဝသို့ ၀င်လျှင်ပင် ဖြန့်ကျက်ထားသော ကရင်ပြောက်ကျား စောထွန်းစိန်၏ တပ်နှင့်တွေ့ရ ပါသည်။ ထိုမှချောင်းရိုးတစ်လျှောက် ကွန်မြူနစ်ပါတီ၏ ဖွဲ့စည်းမှုအောက်မှ ရွာခံ ပြောက်ကျားများကို အဆက်မပြတ် တွေ့ရသည်။ ဤနေရာမျိုး သို့ ဖက်ဆစ်ရန်သူများ တိုးဝင်တိုက်ခိုက်ရန် မလွယ်ကူကြောင်း ကျွန်တော် မှတ်ချက်ချမိသည်။

သူကြီး ဦးညွန့်၏ အိမ်တံတားသို့ ကျွန်တော်၏လှေ ကပ်လိုက်သည်နှင့် တစ်ပြိုင်နက် မုတ်ဆိတ်မွေး၊ ပသိုင်းမွှေး တို့ဖြင့် မူလရုပ်ကိုပင် မမှတ်မိနိုင်သော ဗမာ့တပ်မတော်မှ ဒုဗိုလ်တစ်ဦး ဆင်းလာပြီး ကျွန်တော့်အား စစ်ဆေး ပါသည်။ ၎င်းအသံကို ကြားတော့မှပင် ဗိုလ်မြတ်ကျော် (ကွယ်လွန်သူ ပန်းချီကျောင်းအုပ်ကြီး ဦးမြတ်ကျော်)ဖြစ်ကြောင်း သိလိုက်ပါသည်။
“ဟေး ... ဗိုလ်မြတ်ကျော်”
“ဟ ... ဗိုလ်မြလှိုင် ...ရွေး ... မိုးချုပ်ပါပကောလား၊ ရဲဘော်ရ”
“စခန်းက မှောင်မှ ထွက်လာတာ၊ လမ်းမှာလဲ ၁၀ ခါလောက် အစစ်ဆေးခံရတော့ အချိန်သိပ်လင့်သွား တယ်”
“ထမင်းစားပြီးကြပြီလား”
“ဟင့်အင်း၊ ဒါထက် ဗိုလ်ချုပ်လက်ျာတို့ ရှိလား”
“ရှိတယ် ...၊ စားပြီးမှ သွားသတင်းပို့ကြတာပေါ့။ ကိုင်း ... တက်ကြ။ အားလုံး ဘယ်နှစ်ယောက်လဲ”
“ကျုပ်ပါ၊ ၅ ယောက်”
“ဗျို့ ဦးစိန်၊ ဒီရဘြော် ၅ ယောက် ထမင်းကျွေးပါဦး”

ထမင်းဝိုင်းသို့ ထိုင်မိသောအခါ ဗိုလ်မြတ်ကျော်နှင့် စကားပြောနေရသဖြင့် ထမင်းကို ကောင်းစွာ မစားနိုင်ဘဲ ရှိပါသည်။ ဗိုလ်မြတ်ကျော်သည် လောလောဆယ် ဂွကလေးရွာတွင် ကွန်မြူနစ်ပြောက်ကျားများ တပ်ခွဲတစ်ခွဲ ခန့်ရှိ၍ ဗိုလ်အောင်မင်း (မြေတိုင်းစာရေး ကိုတင်)က ဦးဆောင်လျက်ရှိပါသည်။ ဗိုလ်မြတ်ကျော် သည် ဗိုလ်အောင်မင်း တို့အဖွဲ့အား လက်နက်အသုံးချနည်းနှင့် တိုက်စိပ်တိုက်ပွဲ၊ တပ်စုတိုက်ပွဲ၊ ညတိုက်ပွဲ များ အတွက် လေ့ကျင့်သင်ကြားပေးနေရကြောင်း သိရှိရပါသည်။
“ဒီမယ် ဗိုလ်မြတ်ကျော်”
“ဆို ... ဘာလုပ်ပေးရမလဲ”
“ရဲဘော် ကြည့်ရတာ၊ တောပုန်းကြီး စံဖကျနေတာလဲ၊ ဒါထက် လက်နက်တွေ တယ်ကောင်းပါလားဗျ။ ကျုပ်ရဲ့ အစုတ် အပြတ်တွေ နဲ့ တစ်ခြားစီပဲ။ ဟင်း ... ဟင်း၊ လဲကိုင်လိုက်ပြီး ငပုတွေ လိုက်ဆော်ပစ်လိုက်ရ ရင်အား ဘာပြောကောင်းမလဲ”

“ဒါတွေ အဲယာဒရော့ပ် တွေဗျ။ ဗိုလ်ချုပ်နဲ့ တွေ့တော့ တောင်းပေါ့ဗျာ။ ပေါပါတယ်။ ရပါတယ်”
ကျွန်တော်သည် ဗိုလ်မြတ်ကျော် ခါးတွင် ချိတ်ထားသော ၄၅ ဘို့၊ ပစ္စတို၊ လက်ထတွင် ကိုင်ထားသော စက်သေနတ် ကလေး (နောင်သောအခါစတင်းဂန်း) တို့ကို ကိုင်ကြည့်မိသည်။ မှန်ပါသည်။ ယင်းလက်နက် များကို ကျွန်တော် မမြင်ဘူးသေးပါ။ ယင်းလက်နက်များမှာ မဟာမိတ်တို့က လေယာဉ်ပေါ်မှ မကြာသေးမီက ချပေးသော လက်နက်များဖြစ်ပါသည်။
“ကိုင်း ... စားပြီး ရင် ဗိုလ်လက်ျာဆီ သွားသတင်းပို့ရအောင်။ ခင်ဗျား ရဲဘော်တွေတော့ ဒီမှာပဲ နားခိုင်း လိုက်ပါ”
“ဒါဆို သွားစို့”
“ဆရာစိန့်၊ ဗိုလ်မြလှိုင် ရဲဘော်တွေတော့ ဒီမှာပဲ နေရာချပေးလိုက်ပါ။ လာ ... ရဲဘော်”

ဗိုလ်မြတ်ကျော်နှင့် ကျွန်တော်သည် တမော့ချောင်း အရှေ့ဘက်ကမ်းသို့ လှေတစ်စင်းဖြင့် ကူးခဲ့ကြသည်။ ဗိုလ်လက်ျာ ယခုနေထိုင်သော နေအိမ်မှာ သူကြီး ဦးညွန့်၏ ညီမအိမ်ဖြစ်၍ ရွာမနှင့် ချောင်းတစ်ခုခြားပါ သည်။ အိမ်မှာ သွပ်မိုး ပျဉ်ထောင် နှစ်ထပ်အိမ်ဖြစ်၍ သီးသီးခြားခြား ရှိပါသည်။ ဗိုလ်လက်ျာ၏ လုံခြုံရေး ကင်းတပ်ဖွဲကို ဗိုလ်သန်းထွန်း ၏တပ်မှ တာဝန်ယူ၍ တမော့ဝရွာသို့ ဗမာ့တပ်မတော်မှ ရဲဘော်များအားလုံး ကို ဗိုလ်မြတ်ကျော်က အုပ်ချုပ်ပြီး ကွန်မြူနစ် ပြောက်ကျားများကို ကိုစိန်ထွန်း (ကိုအောင်ခင်၊ ဗကပ ကျဆုံး)က အုပ်ချုပ်လျက် ကရင်ပြောက်ကျားများမှာ ကရင်ပြောက်များစောထွန်းစိန်က အုပ်ချုပ်ပါသည်။ တမော့ဝရွာတွင် လက်နက်တပ်ဆင်ပြီး ရဲဘော်အားလုံး၏ အင်အားမျာ ၃၀၀ ခန့်ဖြစ်ပါသည်။

“ဗိုလ်ချုပ်၊ ဗိုလ်မြလှိုင်နဲ့ ရဲဘော်တွေ ရောက်လာပြီ” ()()()()
“အေး ... အတော်ပဲ၊ မင်းကို ခိုင်းစရာရှိတယ်”
“ဟုတ်ကဲ့၊ ဒါပေမယ့် ကျွန်တော် လက်နက်တွေ လဲချင်တယ်”
“ဟုတ်တယ် ဗိုလ်ချုပ်၊ သူ့တပ်စုကို လက်နက်အသစ် ထုတ်ပေးလိုက်ရင် ကောင်းမယ်”
“မဖြစ်သေး ဘူးကွ၊ ခု ရှိတဲ့လက်နက်တွေက သခင်စိုးက သူတို့ ပြောက်ကျားတွေကို ပေးဖို့ ဖယ်ထား တာ ဖြတ်ကျော်ရ”
“မကုန်နိုင်ပါဘူး ဗိုလ်ချုပ်။ နောက်ပြီး ပြောက်ကျားရဲဘော်တွေထက်စာရင် ဗိုလ်မြလှိုင်တပ်စုက လေ့ကျင့် ပြီးသား ရဲဘော်ဟောင်းတွေ ဆိုတော့ ပိုကောင်းမယ် ထင်ပါတယ်”
“လောလောဆယ်တော့ ခဏနေဦးကွာ”

ဗိုလ်လက်ျာ၏ နောက်ဆုံးစရားအရ ဗိုလ်မြတ်ကျော်တစ်ယောက် ဆက်၍ ပြောရန် အကြောင်းမရှိတော့သဖြင့် ကျွန်တော့်ဘေးတွင် ငူငူကြီး ထိုင်နေပါသည်။ ဗိုလ်လက်ျာကမူ ကျွန်တော့်အား တပ်စုတစ်စုလုံး တမော့ဝရွာ သို့ ပြောင်းရွှေ့လာပြီးနောက် တမော့ဝတွင် တပ်စွဲထားသော တပ်မတော်အောက်တွင် ဆက်လက်ဆောင်ရွက် ရန်နှင့် ကျွန်တော် တာဝန်မှာ ၎င်းကိုယ်တိုင် ခိုင်းစေသော ကွန်မြူနစ်ပြောက်ကျားများနှင့် ဆက်သွယ်သော တာဝန် ကို ထမ်းဆောင်ရန် ဖြစ်ပါသည်။

ကျွန်တော်နှင့် ဗိုလ်မြတ်ကျော်တို့ နှစ်ယောက် ဗိုလ်လက်ျာထံမှ ပြန်လာသောအခါ ညဥ့်တစ်ချက် တီးပင် ကျော်နေပါပြီ။ သို့သော် စခန်းကြီး တစ်ခုလုံးမှာ နီးနီးကြားကြား တက်တက်ကြွကြွဖြင့် ပျော်ရွှင်ဖွယ် အလှူအိမ်ကြီး ပမာ ရှိနေပါသည်။ ကျွန်တော့်အား ဗိုလ်မြတ်ကျော်က သူကြီးညွန့်အိမ် အပေါ်ထပ် သို့ ခေါ်ဆောင်သွားပါသည်။ သူကြီးအိမ်အပေါ်ထပ်တွင် ကွန်မြူနစ် ပြောက်ကျားတပ်ဖွဲ့များ ရှိပါသည်။
“ ဟေး ... မြလှိုင်၊ မင်း ဘယ်တုန်းက ရောက်လဲ”
“ဟာ ကိုထွန်းစိန်၊ ခင်ဗျား ဒီမှာလား”
“အေးကွ။ ဒါ တို့ဌာနချုပ်လေကွ”
“ရော် ... ဟုတ်ပြီ၊ တယ်ကြီးပွားနေပါလား”
“ဒါပေါ့ ... ဒါပေါ့”
ကိုထွန်းစိန်သည် ကျွန်တော့်ကို လေယာဉ်မှ ချပေးထားသော ကေရာရှင်ဘူးများ၊ ဘီစကွတ်မုန့်များ၊ စီးကရက် များဖြင့် ဧည့်ခံပါသည်။ ကျွန်တော်သည် စားရင်း သောက်ရင်း မျက်စိကစား၍ ကြည့်လိုက်မိရာ၌ ၃၀၃ ရိုင်ဖယ် အသစ်များ၊ ဘရင်းဂန်းများ၊ စတင်းဂန်းများ၊ လက်ပစ်ဗုံးများ၊ မီးလောင်ဗုံးများ၊ ခဲယမ်း မီးကျောက် သေတ္တာ များ တောင်ပုံရာပုံကို တွေ့ရပါသည်။

“ကိုထွန်းစိန် လက်နက်တွေ များလှချည်လားဗျ။ သွားရည်ကျတယ်ဗျာ”
“များဆို လေထီးနဲ့ ချပေးထားတာကွ။ ဆရာကြီး (သခင်စိုးကို ဆိုလိုသည်)ရဲ့ တပ်အတွက် ဖယ်ထားတာလေ”
“ဆရာကြီးက နိုင်ငံရေးခေါင်းဆောင်ကြီးပဲ၊ တပ်မလိုပါဘူးဗျ”
“ဟ ... ဒီမောင်၊ တော်တော်ဒုန်ဝေးနေပါပြီ။ တို့တစ်တွေဟာ ဆရာကြီးရဲ့ ပြောက်ကျားတွေပေါ့ကွ”
“ဒါဆိုလည်း ငါတို့ အတွက်လို့ ရှင်းရှင်းပြောပါဗျာ၊ ကျုပ်ကို နည်းနည်းပေးလိုက်ပါလားဗျာ”
“ငါ့တပ်က လက်နက်တပ်ဆင်ပြီးပါပြီ။ ဒါတွေက နောက်ထပ်ဖွဲ့စည်းမယ့် တပ်တွေအတွက်ကွ။ မင်းတို့ တပ်မတော် အတွက် တို့ ခွဲပေးပြီးပြီပဲ”
“လုပ်ဗျာ၊ ခင်ဗျား ထဲက နည်းနည်း ကျုပ်ကို ခွဲပေးပါလား”

“မဖြစ်နိုင်ပါဘူးကွာ၊ ဒါပေမယ့် မင်းကိုင်ဖို့ စတင်းဂန်းတစ်လက်၊ လက်ပစ်ဗုံး ၅ လုံးနဲ့ ကျည်ဆန် ၁၀၀ တော့ ပေးလိုက်မယ်”
ကျွန်တော်နှင့် ဗိုလ်မြတ်ကျော်သည် လေးပင်သော ခြေလှမ်းများဖြင့် ကျွန်တော့် ရဲဘော် များ နေထိုင်သည့် တဲဆီ သို့ လျှောက်လာခဲ့ကြပါသည်။ သူကြီးအိမ်ပေါ်တွင် တွေ့ခဲ့ရသော လက်နက်များ ကို မြင်ခဲ့ရသော ကျွန်တော်သည် မိမိတွင်ရှိသော ဂျပန်ရိုင်ဖယ် မီးကျိုးမောင်းပျက်များကို စိတ်ပျက်မိလေသည်။ စစ်သား ဆိုသူအဖို့ လက်နက်သည် မက်မေတွယ်တာဖွယ် ရတနာပင် မဟုတ်ပါလား ...။
“ဗိုလ်မြလှိုင်၊ ခင်ဗျား စိတ်မကောင်းဖြစ်လာသလား”
“အင်း ...”
“ဒါအစပဲ ရှိသေးတယ်။ နောက်ကို အများကြီး တွေ့ရဦးမယ်။ ကျုပ်တော့စိတ်ကို လျှော့ထားလိုက်ပြီ။ မဟုတ်ရင် ... တောက်”
ကျွန်တော့် အား တဲဝအထိ လိုက်ပို့ပြီးသောအခါ ဗိုလ်မြတ်ကျော် တစ်ယောက် နှုတ်ဆက်၍ ပြန်သွားပါသည်။ တဲအတွင်းဘက် တွင် ကင်းစောင့်နေသော ရဲဘော်စိတ်မောင်နှင့် တွေ့ရသဖြင့် ကျန်ရဲဘော်များ ကို နှိုးရန် ပြောလိုက်မိပါသည်။

“ခရီးသွားရဦးမှာလား ဗိုလ်လေး”
“မဟုတ်ပါဘူးကွာ၊ သွားသာ နှိုးလိုက်ပါ”
ရဲဘော်များကို ကျွန်တော်က ကိုထွန်းစိန် ပေးလိုက်သော ကရာရှင်ဘူး ၂ ဘူးကို ဖွင့်၍ ကျွေးလိုက်ပြီး စီးကရက်ဘူး ကိုလည်း ချပေးလိုက်ပါသည်။ ထို့နောက် ရဲဘော်များအား သူကြီးအိမ်ပေါ် တွင် တွေ့ခဲ့သော လေထီးချ လက်နက်ပုံကြီးနှင့် လက်နက်သစ်များ တပ်ဆင်ဖွဲ့စည်းထားပုံကို ပြောပြမိပါသည်။
ရဲဘော်များသည် ထူးဆန်းသော ပုံပြင်ကို နားထောင်နေကြရသည့်နှယ် ...။

ဖျာပုံမြို့နယ်အတွင်း အရှေ့မှအနောက်၊ တောင်မှမြောက် လက်လှော်လှေဖြင့် တစ်ဖုံ၊ ခြေလျင် တစ်နည်း စေလွှတ် လိုက်သော တာဝန်မျးကို ထမ်းဆောင်နေခဲ့ရသည်မှာ တစ်ပတ်ခန့် ကြာမြင့် သွားပါ သည်။ တပ်မတော်၏ သတင်းများကား ဟိုမှသည်မှ ပျံ့နှံ့လျက်ရှိပါသည်။ ဖျာပုံမြို့နယ်အတွင်း ဗိုလ်ဘစိန် ၏ တိုက်ပွဲအတွေ့အကြုံရှိပြီးသော ၎င်း၏တပ်သည် ဖက်ဆစ်များကို အမဲလိုက်သကဲ့သို့ ခြေရာခံလိုက်၍ တိုက်ခိုက် ခဲ့ကြသည်မှာ  ပွဲတိုင်းကျော်များ ဖြစ်နေပါသည်။
ယခုတစ်ပတ် တမော့ဝရွာသို့ ပြန်လာရာတွင် ပွဲကြီးပွဲကောင်းနှင့် လာတိုးနေပါသည်။ အဘယ်ကြောင့်ဆိုသော် သူကြီးအိမ်ပေါ်တွင် မဟာမိတ်တပ်မှ လေထီးဆင်းများ ရောက်ရှိနေကြပါသည်။ ၎င်းတို့မှာ မေဂျာဗွိုင်တို၊ ၀ိုင်ယာလက်အော်ပရေတာ ချင်းရဲဘော် ချာလီနှင့် ကိုဘသောင်း (ယခု မြန်မာ့ ထွက်ကုန် သွင်းကုန် ကော်ပိုရေးရှင်း) တို့ ဖြစ်ကြသည်။ စခန်းတစ်ခုလုံး ပျားပန်းခတ်မျှ အလုပ်ရှုပ်နေကြပါ သည်။

“ဆရာစိန့်၊ ဘာတွေ အလုပ်များနေတာလဲဗျ”
“ဗိုလ်လေး၊ မသိသေးဘူးလားဗျ”
“ဟင့်အင်း၊ ဘယ်သိမလဲ၊ ဘာတွေဖြစ်နေလို့လဲ”
“ဟင်း ... ဟင်း ... ဘာမှ မဖြစ်ပါဘူး။ ဒီညနေ ရွာနောက်က ကွင်းထဲမှာ လက်နက်တွေ လေထီးနဲ့ လာချပေးမှာဗျ”
“ဟာ ... တယ်ဟုတ်ပါလားဗျို့”
ထိုသတင်းကြောင့် ကျွန်တော့် ရင်ထဲတွင် အလိုလို ပျော်နေပါသည်။ မကြာမီ ကျွန်တော်တို့ တပ်မတော်မှ ရဲဘော်များ အား လေထီးချရာတွင် လုံခြုံရေးအတွက် တာဝန်ချထားပေးပါတော့သည်။ ကျွန်တော့် တပ်စုမှာ ကွင်း၏ မြောက်ဘက်တွင် တာဝန်ယူစောင့်ရပါသည်။ ကျွန်တော်တို့တစ်တွေ မှာ နေ့လယ်တစ်နာရီ ခန့်ကပင် နေပူကျကျဲ ကွင်းထီးထီးတွင် ကင်းစောင့်နေကြရပါသည်။ သို့သော် ပူရမှန်း၊ ပင်ပန်းရမှန်း မသိနိုင် ဘဲ ပျော်ရွှင်ကြပါသည်။ မမျှော်လင့်သော မမြင်ဘူးသော အတွေ့အကြုံကို တွေ့ကြရမည် မဟုတ်ပါလား...။

ညနေ လေးနာရီခန့်တွင် ကွင်း၏ အလယ်တည့်တည့်၌ တီပုံသဏ္ဍာန် ပိတ်ဖြူကြီးတစ်ခု ကို လေထီးဆင်းမေဂျာဗွိုင်တို ကိုယ်တိုင် ကြီးကြပ်ခင်းကျင်းပါသည်။ ထို့နောက် တီသဏ္ဍာန် စာလုံး၏ထိပ်တွင် မီးဖိုရန် မီးစာများ စုစေပါသည်။ ထိုသို့ဆောင်ရွက်ပြီး၍ မကြာမီပင် ကြီးမားသော လေယာဉ်ကြီးတစ်စင်း သည် ကွင်းကိုဖြတ်၍ နိမ့်နိမ့်ပျံသွားပါသည်။ ယင်းလေယာဉ်မှာ ရှေ့ပြေးလေယာဉ်ဖြစ်၍ ဖျာပုံဘက်ဆီသို့ ၏ ဦးတည်မောင်းနှင် သွားပြီး မကြာမီ ဖျာပုံမြို့ဆီမှ စက်သေနတ်ပစ်သံများ ကြားလိုက်ရပါတော့သည်။ ယင်းဆောင်ရွက်မှုသည် နောင်သောအခါ လေထီးချလျှင် ရှေ့ပြေးလုပ်လေ့ရှိသော လုပ်နည်း လုပ်ဟန်တစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

ဖျာပုံဘက်တွင် စက်သေနတ်ပစ်ပြီးနောက် ထိုလေယာဉ်ကြီးသည် လာလမ်းအတိုင်း ပြန်လာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားပါတော့သည်။
“ဟေ့ ... ဟိုမှာ ကြည့်စမ်း၊ လေယာဉ်သုံးစီး လာနေတယ်”
“အေး ... ဟုတ်တယ်”
စကားပြော ၍ မဆုံးမီ၊ မြားဦးသဏ္ဍာန် ပျံသန်းလာသော လေယာဉ်သုံးစီးအနက်မှ တစ်စီးပြီးတစ်စီး ချပေးပါ သည်။ ကောင်းကင် တွင် ပွင့်၍ ထွက်လာသော လေထီးများမှာ မှိုပွင့်များအလား အလွန်လှပပါသည်။ ထိုနေ့က လက်နက်၊ စားသောက်ဖွယ်၊ အ၀တ်အထည် စည့် ပစ္စည်းပေါင်း ၃၉ ကွန်တိန်နာဖြစ်ပါသည်။

ရှုမ၀၊ တွဲ ၃၅၊ မှတ် ၄၁၇၊ ဖေဖော်ဝါရီ ၁၉၈၂။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, January 29, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၄၇)

“မြလှိုင် မင်း အစားငါသွားမယ်”
“ကောင်းသားပဲ။ ကိုတင်ကြိုင်နဲ့တွေ့ရင် ပြည့်ပြည့်စုံစုံ မေးခဲ့ဗျာ”
ကိုသောင်းအိအား စခန်း ၂ သို့စေလွှတ်လိုက်ရပါတော့သည်။ စခန်း ၂ သို့ ကိုသောင်းအိ ရောက် လာသော အခါ ကိုတင်ကြိုင်ကို မတွေ့လိုက်ရတော့ပေ။ ထိုအခါ ဦးဖေသန်း ၏ ပြောပြချက်အရ သခင်စိုးတို့လူသိုက် သည် ဒေးဒရဲဂွကလေးတွင် ဌာနချုပ်ဖွင့်ထားကြောင်း၊ ဖျာပုံမြို့ပေါ် မှ ကိုထွန်းစိန်တို့ လူသိုက်အားလုံး ဂွ ကလေးရွာသို့ ရောက်ရှိနေကြကြောင်း အခိုင်အမာ သိလာရ ပါသည်။ ကျွန်တော်သည် ထိုသတင်းကိုကြားရ သည့်အတွက် မအံ့သြမိပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ လူသိုက် ရန်ကုန်မှ ဆင်းလာခဲ့စဉ် မှပင် မြေတိုင်း စာရေး မောင်တင်တို့လူသိုက်၏ အခြေအနေကို ကြည့်ရခြင်းဖြင့် သခင်စိုးမဟုတ်သည့်တိုင်အောင် ဖက်ဆစ်တော်လှန်ရေး ၏ စခန်းတစ်ခုအဖြစ် ရှိနေကြောင်း ကောင်းစွာရိပ်မိခဲ့ပါသည်။
ကို ဆက်ဖတ်ရန် ........

“ဒါထက် ရှမ်းကွင်းကြီးမှာ ရဲဘော်တွေ ရောက်နေတယ်ဆိုတဲ့ကိစ္စကော ဘာသိခဲ့လဲ”
"ရဲဘော်တချို့ကို ၀ှက်ထားတယ်လို့ပြောတယ်"
"ဘယ်သူက ပြောတာလဲ"
"ကိုတင်ကြိုင်က ဦးဖေသန်းကို ပြောတာလို့ ပြောတယ်"
"ဒီလိုဆို ရှမ်းကွင်းကြီးကို ကျွန်တော် လိုက်သွားလိုက်မယ်"
သို့သော် ရှမ်းကွင်းကြီးကို ကျွန်တော် မရောက်ခဲ့ပေ။ ကျုံတာမှ ရဲဘော်ဘိုးကြီးတို့လူသိုက် ကျွန်တော့်ထံ ရောက်ရှိလာပြီး တမော့ကြီး-တမော့ဝတွင် ဖျာပုံမှ ရဲဘော်များ (နောင်သောအခါ ဗကပ ဖြစ် သူများ)ရောက် ရှိ လျက်ရှိကြောင်း၊ သင်တန်းပေးလျက်ရှိကြောင်းများ ကြားသိရပါသည်။ ထိုအချိန်က ကျွန်တော် သည် ပြည့်သူ့ အရေးတော်ပုံပါတီနှင့် ဆက်သွယ်သော တပ်မတော်အတွင်းမှ ရဲဘော်ဖြစ် ၍ ပြည်သူ့ အရေးတော်ပုံ ၏ မြေအောက်ပွိုင့်များမှာ ယခုသတင်းရသော တမော့ကြီး-တမော့ရွာများတွင် မထား ရှိခဲ့ခြင်းကြောင့် ပင်ဖြစ်ပါ သည်။

ကျွန်တော်သည် များမြောင်လှသော တာဝန်များကြားမှ ဇနီးသည် သန်းသန်းအား သတိရနေမိသည်။ သန်းသန်းနှင့် ကျွန်တော် လူချင်းမတွေ့ရသည်မှာ ကြာမြင့်ခဲ့ပါပြီ။ အထူးသဖြင့် လူငယ်ဘာဝ ဇနီးသည်၏ မျက်နှာသည် တာဝန်များကြားမှပင် မကြာခဏ ပေါ်လာလေ့ရှိသည်။
သြော် ... မည်သည့်အချိန်အထိ ချစ်ဇနီးကို ယခုကဲ့သို့ ခွဲခွာနေရဦးမည်မသိဘဲ ရင်ထဲတွင် ချစ်သူနှင့် ကွေကွင်း ရသော မီးတောက် ကလေး လောင်မြိုင်လျက်ရှိနေပါသည်။
ရှုမ၀၊ တွဲ ၃၅၊ အမှတ် ၄၁၆၊ ဇန်န၀ါရီလ၊ ၁၉၈၂။

ရန်ကုန်သို့ထွက်ခွာရန်ကိစ္စ ပေါ်ပေါက်လာခဲ့ပါသည်။ ရန်ကုန်သို့သွားရန် ကိစ္စနှင့်ပတ်သက်၍ ကျွန်တော် ကိုယ်တိုင် သွားရောက်မှ အစစအဆင်ပြေဖွယ်ရှိခြင်းကြောင့် စခန်းတွင် နေသားတကျ အစီအစဉ် များ ကို စီမံဆောင်ရွက် ရပါသည်။ ရဲဘော်စံယျသည် တပ်သားကြီးအဆင့်ရှိသော်လည်း တာဝန် ၀တ္တရား များ ဆောင်ရွက်ရာ ၌ စေ့စပ်သေချာခြင်း၊ ယခုဆောက်လုပ်ထားသော စခန်းနှင့် နယ်မြေကျွမ်းကျင်မှု ရှိခြင်း တို့ ကြောင့် စခန်းတစ်ခုလုံး ကြီးကြပ်မှုကို ရဲဘော်စံယျအား လုံးဝဥဿုံ တာဝန်ပေးခဲ့ပြီး တပ်ကြပ်သောင်းအိ ဖျာပုံမြို့ပေါ် ရှိ ကျွန်တော်တို့ ချန်ထားရစ်သော ရဲဘော်များနှင့် ဆက်သွယ်ဆောင်ရွက်ရန် တာဝန်ပေးအပ် ခဲ့ပါသည်။ 

ကျွန်တော်တို့၏ အမာခံရဲဘော်များဟူ၍ ဖျာပုံတွင် များများစားစား မကျန်ခဲ့သော် လည်း အောက်ကွင်းရွာမှ ရဲဘော်ကျော်လှ သည် လည်းကောင်း၊ ဖျာပုံသင်္ဘောတံတားဆိပ်မှ ဦးဖေသန်း၊ ဦးကျော်တို့သည် လည်းကောင်း၊ ဖျာပုံ ၇ လမ်း မှ ဦးအုန်းစိန်သည်လည်းကောင်း၊ ဖျာပုံအောင်မြေ ဘုံသာကျောင်းမှ ဦးစတိလသည်လည်းကောင်း ၎င်းတို့ တာဝန်ဝတ္တရားများကို ဆက်လက်ဆောင်ရွက်လျက် ရှိပြီး ကိုဝက်ကြီး သည် ခြေမြန်တော် ဆတ်သား အဖြစ် ဆောင်ရွက်လျက်ရှိနေပါသည်။ ကျွန်တော်သည် တဲ၏ ကဲလားအပြင်ဘက် တွင် လပ်လျက်ပေါက်နေ သည့် သြဇာပင်ထက်မှ ဆက်ရန်ဖိုမ နှစ်ကောင်၏ ချစ်တင်းနှောနေသည်ကို ကြည့်၍ သက်ပြင်းချလိုက်မိသည်။ ဆက်ရက်ဖိုသည် ဆက်ရက်မကို ပူးကပ်ကာ တကျဲကျဲ အော်နေသည်။ ဆက်ရက်မက ဆက်ရက်ဖို တကျဲကျဲ အော်နေသည်ကို ကြည်နူးသဖြင့် ခေါင်းငဲ့ လိုက်၊ အမွေးဖွလိုက်ဖြင့် ဟန်ရေး ပြလျက်ရှိသည်။ 

ဤမြင်ကွင်းကို မြင်သောအခါ အိမ်တွင်ကျန်ရစ်ခဲ့သော ဇနီးသည် သန်းသန်းကို သတိရမိသည်။ သန်းသန်းသည် ယခုအခါ ကျွန်တော် မည်သည့် နေရာဒေသတွင် ရောက်ရှိနေသည်ကိုပင် မသိရှာပေ။ အသက် ၂၀ ကျော်နှင့် အသက် ၂၀ မျှသာရှိကြသေးသော ကျွန်တော်တို့နှစ်ဦးသည် အကြင်လင်မယားအဖြစ် ရောက်ရှိခဲ့ငြားလည်း သူတကာ ဇနီးမောင်နှံများကဲ့သို့ တစ်ဦးကိုတစ်ဦး ယုယစွာ မနေထိုင်လိုက်ရဘဲ ၀ရမ်းပြေးတစ်ယောက်၏ ဇနီးသည် အဖြစ် နေ့တထိတ်ထိတ်၊ ညဥ့်တထိတ်ထိတ်ဖြင့် နေရသောအခါ ဖြစ်ပါချေသည်။ ကျွန်တော်၏ အတွေးတစ်ဝက် တစ်ပျက်မဆုံးမီ ဆက်ရက်မောင်နှံ ထပျံသွားကြသည်။ ထိုအခိုက်တဲဝတွင် အရိပ်တစ်ခု ထိုးသဖြင့် လှမ်းကြည့်လိုက်သောအခါ ကျွန်တော်တို့ ရဲဘော်ကြီးကိုဝက်ကြီးကို တွေ့လိုက်ရသဖြင့် ၀မ်းသာ အားရ နေရာမှထလျက် ၎င်း၏လက်ကို လှမ်းဆွဲလိုက်မိသည်။

"ဆိုစမ်း၊ ဘာထူးသေးသလဲ"
"ဒီမှာစာ"
ကျွန်တော်လည်း ကိုဝက်ကြီး၏လက်ထဲမှစာကို လှမ်းယူရင်း ကိုဝက်ကြီးကို တစ်ဆက်တည်း မေးလိုက်မိ သည်။ ကိုဝက်ကြီး ကမူ ကျွန်တော့်အမေးကို မဖြေသေးဘဲ ခါးပိုက်ထောင်ထဲမှ ပဲကြီးလှော်ထုပ်၊ တရုတ်ပဲမုန့်၊ ဂျပန်စီးရက်တစ်ဘူး ကို ထုတ်၍ပေးပါသည်။
"ငါ့ကောင်ကြီး၊ အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ သနားလှသကွာ ... "
"ထားစမ်းပါ၊ ဘာထူးသေးလဲ၊ သန်းနဲ့ရော တွေ့သေးလား"
"နို့ ... ငါ့မြင်ရင် လှမ်းခေါ်နေမှာစိုးလို့ ငါ မင်းမိန်းမ အိမ်ဘက်ကို လုံးလုံး မလှည့်ဝံ့ဘူးကွာ။ နောက်ပြီး သန်းကြည် ကလည်း မင်း တို့နဲ့ အဆက်အသွယ် လုပ်ချင်တယ် ပြောတယ်ကွ။ ဒီကောင်မ မင်းကို အသက်နဲ့လဲပြီး ကူညီမယ့် ကောင်မ ကွ။ ဟင်း ... ဟင်း ... ဘကြီးဘုန်းကြီး ပေးတဲ့ဆေးက တယ်လဲ စွမ်းသကိုးကွ"
"တော်စမ်းပါ၊ သောက်ရေးထဲ ဒီရွှတ်နောက်တာတွေ ရှိနေရသေးတယ်"
"ဟ ... မြလှိုင်။ ငါ မင်းလုပ်နေတာကို ဘာရယ် ညာရယ် မစောကြောပါဘူး။ မင်းကို ချစ်တာတစ်ခုတည်းနဲ့ မင်းခိုင်းတာ လုပ်တာပဲကွ။ သန်းကြည်လည်း ဒီလိုပဲ။ မင်းကို သူချစ်တယ်။ သူ ခုလုပ်နေတာ ငပုတွေသိရင် ရင်ခွဲ အသည်းဆားပက် နေလှမ်းသတ်မှာကွ"
မှန်ပါသည်။ ကိုဝက်ကြီးသည် လူတကာ၏ မျက်စိတွင် လူသော့သွမ်းအရက်သမားတစ်ဦးဖြစ်သကဲ့သို့ သန်းကြည် ဆိုသည်မှာလည်း တစ်လင်ကွာ၊ တစ်ခုလပ် ဆက်ကော့လပ်ကော့ မိန်းကလေးတစ်ယောက်။ ယခု တစ်ဖန် ကင်ပေတိုင် စစ်ဗိုလ်ကို လင်လုပ်ယူထားပြန်သောအခါ အမျိုးကောင်းသားသမီးများက နှာခေါင်းရှုံ့၍ အပြစ်ဆိုကြ ကုန်သည်။ ထိုအချိန်မျိုးတွင် ၎င်းတို့နှစ်ဦးသည် နိုင်ငံလွတ်လပ်ရေးအတွက် ဖက်ဆစ်စနစ်ဆိုး ကို တော်လှန်ရန်စိုင်းပြင်းလျက်ရှိသော ကျွန်တော်တို့အား အသက်စွန့်၍ ကူညီနေသည်မှာ အံ့သြဖွယ်ရာ တစ်ပါးကဲ့သို့ရှိပါချေသည်။ တကယ်ကမူ ပုဂ္ဂိုလ်ခင်သဖြင့် တရားမင်ခြင်းပင် မဟုတ်ပါလော ...။
 
ကျွန်တော် ခေါ်လိုက်သဖြင့် ကင်းချထားသော ရဲဘော်များမှအပ ကျန်ရဲဘော်များ စုဝေးရောက်လာကြ သည်။ ကျွန်တော် သည် မဖြစ်စလောက် ပဲမုန့်ကလေးဆယ့်လေးငါးခုနှင့် ပဲလှော်ကလေး ၅၀ သားတို့ကို ခွဲဝေပေး လိုက်ပါသည်။ ရဲဘော်များသည် ဤတရုတ်ပဲမုန့်ကလေး တစ်ဆစ်တစ်ပိုင်းကိုပင် နတ်သုဒ္ဓါကဲ့သို့ သဘောထားကာ စားသောက်ထွက်ခွာသွားကြပါသည်။
"ကိုင်း ... ပြောစမ်း၊ သတင်း ဘာထူးလဲ "
"၀ဲကြီးဘက်မှာ တပ်အချို့၊ ကျိုက္ကဘာမှာ တပ်တချို့၊ ကနစိုကွင်းမှာ တပ်အချို့ရောက်နေတယ်"
"သေချာရဲ့လားဗျ"
"သိပ် သေချာပါတယ်"
"စုစုပေါင်း ဘယ်လောက်ရှိသလဲ"
"မသိဘူး ... "
ကျွန်တော်သည် ကိုဝက်ကြီးအား ဆက်၍ မမေးတော့ဘဲ စောစောကပေးသော စာကိုဖွင့်၍ ဖတ်လိုက်ပါ သည်။ ပထမသော် စာပါအကြောင်းအရာနှင့် ပတ်သက်၍ ဝေခွဲမရသော်လည်း စာယူလာသူ စာပေးလိုက် သောစခန်းနှင့် စာပေးလာသူတို့အား စုစည်းကြည့်သောအခါ ယင်းစာ၏ သဘောကို ကောင်းစွာ နားလည်ပါ တော့သည်။ စာပါအကြောင်းအရာမှာ ကျုံကဒွန်းရွာမြေအောက်စခန်းမှ ရဲဘော်ချစ်ခင်မှတစ်ဆင့် ပေးလိုက် သောဗိုလ်ဘစိန် (ကွယ်လွန်၊ ကိုသုခ ဖက်ဆစ်တော်လှန်ရေး၏ နာမည်ဝှက်) ထံမှစာပင်ဖြစ်၍ ကျွန်တော့် အား၎င်းနှင့် အမြန်ဆုံးဆက်သွယ် သတင်းပို့ရန် အကြောင်းကြားခြင်းဖြစ်ပါသည်။ 

ဗိုလ်ဘစိန်ထံမှ ပေးလိုက် သောစာ ဆုံးသွားသောအခါ ကိုဝက်ကြီးထံမှ ရရှိသော သတင်းများမှာ ခိုင်လုံကြောင်း ရင်ထဲတွင် မှတ်ချက် ချလိုက်မိပါသည်။ သို့ဖြစ်၍ ဗိုလ်ဘစိန်ထံသို့ သတင်းပြန်ကြားသည့် စာတစ်စောင် ကို ရေးသားပြီး ကျွန်တော် လက်ရှိ ဆောင်ရွက်နေရသည့် တာဝန်နှင့် ဖျာပုံနယ်အတွင်း ကျွန်တော်၏ စည်းရုံးမှု၊ ဖွဲ့စည်းမှုနှင့် လူများ စာရင်းကိုပါ ရေးသား အစီရင်ခံလိုက်ပါသည်။ (မှတ်ချက်။ ဗိုလ်ဘစိန်သည် ဖက်ဆစ်တော်လှန်ရေးကာလ တွင်ဖျာပုံမြို့၏ တာဝန်ခံဖြစ်ပြီး တိုင်းအမှတ် ၂၊ တပ်ရင်း ၈၀၏ တပ်ရင်းမှူးဖြစ်လာပါသည်။) ကျွန်တော် အစီရင်ခံစာ ရေးပြီးသောအခါ သကောင့်သား ကိုဝက်ကြီးသည် တဲ၏ ဖိနပ်ချွတ် တွင် နှစ်ခြိုက်စွာ အိပ်ပျော် နေသည် ကို တွေ့ရသဖြင့် ပေပေတေတေ ကျရာနေရာ တွင် ဖြစ် သလိုနေ၊ ဖြစ်သလိုစားတတ်သော သူ့အကျင့်ကို စိတ်ထဲမှ ချီးကျူးမိပါသည်။ ထို့နောက် ကိုဝက်ကြီးကိုနှိုး၍ စာကို သေချာ သိုသိပ်စွာ ယူဆောင်သွားရန် မှာကြားမိပါသည်။ ကိုဝက်ကြီးကမူ ကျွန်တော်ပြောနေသည်ကလို အလေးမမူသည့် အလား သူ့တွင်ပါလာသော ထင်းခုတ်ဓား၏ အရိုးကိုသာ သဲကြီးမဲကြီး ရိုက်ဖြုတ်ပြီး ကျွန်တော့်ကို စပ်ဖြီးဖြီး မျက်နှာဖြင့် ကြည့်ကာ ယူဆောင်သွားရမည့် ဓားရိုးအတွင်းထည့်၍ မျက်လုံးတစ်ဘက် မှိတ်ပြ လိုက်ပါသည်။
"ဘယ့်နှယ်လဲ ဂွတ်တယ် မဟုတ်လား"
"ဂွတ်ပါတယ်။ အားကြီး ဂွတ်ပါတယ်။ ကိုင်း - အချိန်ရှိတုန်း သွားပေတော့"

ရန်ကုန်သို့မသွားမီ၊ မြစ်ဝကျွန်းပေါ်၏ တာဝန်ခံတစ်ဦးဖြစ်သူ ကိုဘဆွေလေး(ရန်ကုန်ဘဆွေ)နှင့် အလွန် တွေ့လို လှပါသည်။ ကိုဆွေလေးနှင့်တွေ့ လျှင် ပြည်သူ့အရေးတော်ပုံ ပါတီ မှ နောက်ဆုံး ညွှန်ကြားချက် များကို သိနိုင်ဖွယ်ရှိပါသည်။ ကိုဘဆွေလေး၏ မြစ်ဝျွန်းပေါ် ပြောက်ကျားစစ်နှင့် ပတ်သက်သော တိုက်ခိုက်ရေး စာတန်းညွှန်ကြားချက်များကို ဖတ်ရခြင်းကြောင့်လည်း သူ့ကို တွေ့လိုစိတ် ပြင်းပြမိပါသည်။ ကင်ပေတိုင် လည်း ၎င်းကို အသေရရ၊ အရှင်ရရ လိုချင်သည်။ ကိုဘဆွေလေးသည် ပြည်သူ့အရေးတော်ပုံ ပါတီ ၏ မြစ်ဝကျွန်းပေါ် ခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။ ကျွန်တော် ရန်ကုန်တွင်ရှိစဉ်က သခင်ချစ် (ဆရာချစ်)သည် ကိုဘဆွေလေးနှင့် ပတ်သက်သော အကြောင်းများကို ပြောကြားခဲ့ဖူးပါသည်။ သို့သော် ကျွန်တော် မတွေ့ခဲ့ ရပေ။ ကျွန်တော်နှင့် ကိုဘဆွေလေးမှာ လုပ်ဖော်ကိုင်ဖက် မဟုတ်ပေ။ စင်စစ် ကိုဘဆွေလေး သည် မြစ်ဝကျွန်းပေါ် မှ ကျွန်တော်တို့၏ သတင်းများအရ ဆိုလျှင် ကိုဘဆွေလေးသည် မည်သည့်ရွာတွင်မျှ နားနေခြင်း မရှိဘဲ တစ်နေရာမှ တစ်နေရာသို့ လျင်မြန်စွာ ကူးလူးသွားလာနေကြောင်း သိရပါ သည်။ နောက်ဆုံးတွင် မူ ကိုဘဆွေလေးနှင့် တွေ့ဆုံနိုင်ရေးကို လက်လျော့လိုက်ပြီး ရန်ကုန်သို့ သွားရောက် ရမည့် အစီအစဉ်ကိုသာ ဆောင်ရွက်ရပါသည်။

ရန်ကုန်သို့ မထွက်ခွာမီ တစ်ရက်အလိုတွင် ကျွန်တော်တို့ မြေအောက်မှ ခေါင်းဆောင်များနှင့် ချိန်းဆို ၍ တွေ့ဆုံကြပါသည်။ ယင်းတွေ့ဆုံပွဲနှင့် ပတ်သက်၍ ဖျာပုံအောင်မြေဘုံသာ ကျောင်းအတွင်းရှိ သိမ်အတွင်း၌ ကျင်းပကြပါသည်။ ကျွန်တော်တို့တစ်တွေကို ရဟန်းတော်များက တ်ာဝန်ယူ၍ ကင်းစောင့် ပေးကြပါသည်။ ဖျာပုံအောင်မြေ ဘုံသာကျောင်းတိုက်သည် စာသင်တိုက်ကြီးတစ်ခုဖြစ်၍ ရဟန်း ၇၀ ကျော်မျှ သီတင်း သုံးတော်မူ ပါသည်။ ကျောင်းထိုင် ဆရာတော်မှာ ဦးနာယဒဖြစ်ပါသည်။ လက်ထောက် ဆရာတော်များမှာ ဦးဝိလစက္က၊ ဦးကောသလ္လ၊ ဦးစတိလတို့ဖြစ်ကြပါသည်။ လက်ထောက်ဆရာတော်များမှာ ရဟန်းပျိုများဖြစ်ကြ သည့်အတိုင်း ကျွန်တော်တို့၏ ဖက်ဆစ်တော်လှန်ရေး ဆောင်ရွက်မှုနှင့် ပတ်သက်၍ ကူညီကြပါသည်။ ကျွန်တော်၏ မိဘများ၏ ဆရာဒကာရင်းများလည်း ဖြစ်ကြပါသည်။ ယင်းအစည်းအဝေး တွင် နယ်အူခြေအနေ အရပ်ရပ်၊ ရန်သူလှုပ်ရှားမှု၊ လက်နက် အင်အား ငွေကြေးအခြေအနေ များ ကိုပါ ပြည့်စုံ စွာ ဆွေးနွေးနိုင် ခဲ့ကြပါသည်။ တိုက်ခိုက်ရေးအတွက် အချိန်းအချက် များကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါ သည်။ ထိုညက စခန်းသို့ ရောက်သောအခါ နံနက် မိုးစင်စင်လင်းလျက်ရှိပါပြီ။
 

"ကိုမြလှိုင် ... ဒီည သွားဖြစ်သလား "
"သွားရမယ်။ မနက်ဖြန် အရောက်လာမယ့်အကြောင်း သတင်းပို့ထားတယ်"
ကိုသိန်းဖေသည် ကျွန်တော်တို့ ရန်ကုန်သို့ သွားရောက်ရေးအတွက် အသေးစိတ် အစီအစဉ်များကို တာဝန်ယူ ဆောင်ရွက်ပါသည်။ ကိုသိန်းဖေ၏ စီစဉ်ပေးချက်အရ ထိုညက ဖျာပုံမြို့မှ ကိုစိန်ဘန်းဆိုသူ ပိုင်ဆိုင်သော "မင်းမနိုင်" အမည်ရှိ ငါးစိမ်းမော်တော်၏ ပဲ့ခန်းအတွင်းတွင် လိုက်ပါခွင့် ရခဲ့ပါသည်။ မော်တော်မှာ ငါးစိမ်းများ ကို ရန်ကုန်သို့ တင်ပို့သော မော်တော်ဖြစ်ခြင်းကြောင့် မော်တော်တစ်စင်းလုံး ငါးညှီနံ့များဖြင့် နံစော်နေ ပါသည်။ သို့သော် ကိုစိန်ဘန်းတို့ ညီအစ်ကိုမှာ ကျွန်တော်ကဲ့သို့ ရာဇ၀တ်ကောင် တစ်ပိုင်းကို သက်စွန့်ဆံဖျား လက်ခံခေါ်ယူဝံ့ခြင်းကပင် ၎င်းတို့၏ မျိုးချစ်စိတ်ကို ချီးကျူးရမည်သာဖြစ်ပါသည်။ မော်တော်ပေါ်တွင် လူသူလေးပါး မပါခြင်းကြောင့် ကျွန်တော့်အတွက် အနည်းငယ် လွတ်လပ်မှု ရရှိပါသည်။
" ဆရာ၊ ကျွန်တော်တို့ ကျိုက်လတ်ကို ခဏကပ်ရဦးမယ် ဆရာ"
"မကပ်ဘဲ မောင်းလို့မရဘူးလားဗျာ"
"ကျွန်တော်တို့ မော်တော်က အသွားကုန် အပြန်ကုန် ကျိုက်လတ်မှာ ချပေးနေကျဆိုတော့ မ၀င်ရင် မဖြစ်ဘဲ ဖြစ်နေပါတယ်။ ဒါပေမယ့် ၁၀ မိနစ်အတွင်း ပြီးအောင် တင်ပါမယ်။ ဆရာလည်း အထဲမှာ ခဏနေရင် ရပါတယ်"
ကျွန်တော်သည် ဆက်၍ မပြောတော့ဘဲ ငြိမ်နေလိုက်သည်။ မကြာမီ ကျိုက်လတ် အ၀င် မှ ကေဘိုထိုင်ကင်းများထံမှ မော်တော်ကို လှမ်းမေးနေသောအသံ ကြားရပြီး စက်အရှိန်လျော့သွားသံကို သတိထား လိုက်မိပါသည်။
"ဆရာရေ ... ရန်ကုန်လင်းအားကြီး ဈေးအမီ မောင်းရမှာမို့ သွားခွင့်ပြုပါဆရာ"
"ဘာတွေ ပါသလဲ"
"ငါးနဲ့ ပုစွန်ကြီးပါပဲ"
"ပုစွန်ပေးခဲ့ဗျ"
ကိုစိန်ဘန်းသည် အသင့်ခတ်ထားသော ပုစွန်များကို ကမ်း၍ပေး လိုက်ရင်း မော်တော်ကို ဆက်၍ မောင်းပါ တော့ သည်။ ထိုအခါမှ ကျွန်တော့်ရင်ထဲမှ တဒိတ်ဒိတ် ခုန်နေသော သွေးခုန်နှုန်းသည် ပုံမှန်အခြေအနေ သို့ ရောက်သွားပါတော့သည်။
"ဆရာ ... ကျိုက်လတ် မှာ ကပ်ပြီး၊ သေတ္တာနှစ်လုံး ချခဲ့ပြီးရင် စိတ်ချရပါပြီ"
"ကျိုက်လတ်မှာ စစ်ဦးမှာလားဗျ"
"ပြီးပြီလေ။ ဒီကောင်တွေစစ်ဟာ ပုစွန်ဟင်းစားပေးခဲ့တော့ပြီးပြီပေါ့။ ဟင်း ... ဟင်း "
" လမ်းမှာ ဘယ်ဝင်ရဦးမှာလဲ "
"ရန်ကုန်ကို တိုက်ရိုက်ပဲ ဆရာ"
ကိုစိန်ဘန်း၏ စကားမဆုံးမီပင် ကျိုက်လတ်ဆိပ်ကမ်းသို့ မော်တော်ကပ်ကာ ၎င်း၏ညီဖြစ်သူ ကိုချစ်လှိုင်နှင့် မော်တော်သား တစ်ယောက်တို့ ဆိပ်ခံပေါ်သို့ သေတ္တာနှစ်လုံးကို အမြန်ချ၍ ထွက်ခွာခဲ့ကြပါသည်။ ကျိုက်လတ် မှ ထွက်၍ မော်တော်ပဲ့စင်ပေါ်သို့ ကျွန်တော်ထိုင်မိသောအခါ မြစ်ပြင်မှ လေနုအေးသည် ညဥ့်ငှက် များ တေးသံနှင့်အတူ လေဟုန်စီး၍ ကျွန်တော့်ထံသို့ ရောက်ခဲ့ပါသည်။
ညဥ့်သည် မည်းမှောင်နေ သကဲ့သို့ ကျွန်တော့်ဘ၀ခရီးသည်လည်း ကြမ်းတမ်းလွန်းလှပါသည်တကား။

ဗိုလ်လက်ျာ ကို မောင်ခိုင်လမ်းမှ သူဌေးဦးဘိုးလျ၏ သုံးထပ်တိုက်ပေါ်တွင် သွားရောက်တွေ့ဆုံရပါသည်။ မျက်မှန်ချွတ် ၍ တရုတ်အမျိုးသားတစ်ဦးကဲ့သို့ ၀တ်စားထားသော ဗိုလ်လက်ျာ၏ ပုံသဏ္ဍာန်ကိုကြည့်ရင်း ပြုံးမိပါသည်။ ဗိုလ်လက်ျာနှင့်အတူ ကိုမြသန်း (ဖျာပုံ ကော်ပိုရေးရှင်း)၊ ကိုတင်အေး (အမ်တင်အေး)၊ အခြား အမည် မသိ ၃-၄ဦးတို့လည်းရှိကြသည်။ ကျွန်တော်သည် ဗိုလ်လက်ျာကို ဖျာပုံမြို့နယ် အတွင်း ပြည်သူ့အရေး တော်ပုံအဖွဲ့၏ ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှုနှင့် ပတ်သက်သော အချက်အလက်များ ကို အသေးစိတ် အစီရင်ခံပါသည်။ ထိုအခါ ဗိုလ်လက်ျာသည် ဖျာပုံမြို့နယ်၏ လက်ရှိ အခြေအနေမှာ လွန်စွာ အားရကျေနပ် ဖွယ်ရှိကြောင်း၊ တွံတေး မူးလမန်း စခန်းမှ တပ်ရင်း ၁ သည် ဖျာပုံမြို့နယ်တွင်း သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောပြပါသည်။ ကျွန်တော်က ရန်ကုန်မှ ထွက်ခွာ ခဲ့စဉ်က ဒေးဒရဲမှ ရဲဘော်များနှင့် မတွေ့ရသည့်ကိစ္စကို ပြောပြရင်း ဂွကလေးရွာတွင် ဖျာပုံမှ အာရှလူငယ် အချို့နှင့် နိုင်ငံရေးသမား လူငယ်အချို့ကို တွေ့ခဲ့ကြောင်း ပြောပြသောအခါ သခင်စိုးသည် ဂွကလေးရွာတွင် စခန်းချ လျက်ရှိပြီး နိုင်ငံရေးသင်တန်းများ ပေးလျက်ရှိကြောင်း၊ ၎င်းနှင့်လည်း အဆက်အသွယ် ရှိကြောင်း များကို ပြောပြပါသည်။

"မြလှိုင်၊ မင်း ဒီနေ့ပဲ ပြန်တော့။ တို့ သန်ဘက်ခါ ထွက်ခဲ့မယ်"
ဗိုလ်လက်ျာထံတွင် စခန်းလမ်းပြအဖြစ် ရဲဘော် လှညိမ်းရှိသည်။ ရဲဘော်လှညိမ်းသည် ကျွန်တော်၏ တပ်မှ တပ်သားဖြစ်သည်။ ဗိုလ်လက်ျာအနေဖြင့် လက်တိုလက်တောင်းခိုင်းရန်နှင့် ဖျာပုံစခန်းသို့ ဗိုလ်လက်ျာနှင့် အဖွဲ့အား ခေါ်ဆောင်လာနိုင်ရန်တို့အတွက် ကြိုတင်ပို့ထားသော ရဲဘော်ဖြစ်ပါသည်။ ဗိုလ်လက်ျာက ကျွန်တော့် အား ယနေ့ပင် ဖျာပုံသို့ပြန်ရန် ညွှန်ကြားသော်လည်း ကျွန်တော့်အနေဖြင့် မည်သို့မည်ပုံ ပြန်ရမည်ကို စဉ်းစားရင်း စိတ်ရှုပ်ထွေး လျက်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ကျွန်တော်သည် စစ်ဝတ် ၀တ်၍လည်း မဖြစ်နိုင်သည့်ပြင် ဖျာပုံသင်္ဘောဆိပ်မှ ပေါ်ပေါ်ထင်ထင် ပြန်ရန်လည်း မလွယ်ကူသောအခါ ဖြစ်ပါသည်။ ဗမာ့တပ်မတော်သည် ဖက်ဆစ်တို့အား လက်နက်စွဲကိုင် တော်လှန်ရန်အတွက် တပ်ထွက်သွားခဲ့လေပြီ။

မောင်ခိုင်လမ်းမှ ဗိုလ်လက်ျာနှင့် တွေ့ဆုံပြီး၍ ထွက်လာသောအခါ နေ့လယ် မွန်းတီးချိန်ဖြစ်ပါသည်။ ရန်ကုန်မြို့ ၏ ချစ်ချစ်တောက် ပူပြင်းသော နေရောင်အောက်၌ ကျွန်တော် သည် ယောင်တိယောင်ချာဖြင့် ခြေဦး တည့်ရာ သို့ လျှောက်နေမိသည်။ ဖျာပုံပြန်ရေးအတွက် ခေါင်းထဲမှ ဥာဏ် အကျိုးအပဲ့ကလေးများကို ညှစ်ထုတ်နေမိသည်။ ထိုအခိုက် ကိုကြီးချစ်တို့မိသားစုကို သတိရမိသည်။ ကိုကြီးချစ်တို့ မိသားစုသည် ဗုံးဘေးစက်သေနတ်ဘေးမှ ကင်းရာ တာမွေဗျိုင်းရေအိုးစင်ထိပ်မှ အိမ်ကြီးသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြ သည်။ (ယခုပါတီ စာနယ်ဇင်း အဆောက်အအုံဘေးမှ ၀င်းအတွင်းကအိမ်ကြီး)။ ကျွန်တော်လည်း မိမိအကြံ ဥာဏ်အတွက် ၀မ်းသာ စွာဖြင့် လျှောက်နေသော ခြေလှမ်းများကို ရေကျော်ဘက်ဆီသို့ ဦးတည်လိုက်ပါတော့သည်။
လမ်းမပေါ် ၌ တံလျှပ်များ တရိပ်ရိပ်ပြေးလျက်ရှိသည်။

ချွေးသီးချွေးပေါက်များသည် ခေါင်းမှ တစ်ကိုယ်လုံး စီးဆင်းလျက်ရှိသည်မှာ ရေချိုးထားသည့်နှယ်ပင်။ ကျွန်တော်သည် လမ်းလျှောက်ရင်း မိမိဘ၀ကို မိမိစဉ်းစားရင်း ပြုံးလိုက်မိသည်။ ကြေးရတတ်မိသားစု အသိုင်းအ၀ိုင်း မှ ပေါက်ဖွားလာခဲ့သော တစ်ခါက ဘ၀လှလှကလေးသည် အိပ်မက်သဖွယ် ကျန်ရစ်ခဲ့လေပြီ။ ၅၅၀၀ ပိုးပျော့အင်္ကျီ၊ ဘန်ကောက်လုဲံခည် ထည်လဲဝတ်၍ ဂိုးဖလိပ်စီးကရက်ကို ညှပ်ကာ မိဘပေးသော ပိုက်ဆံ၊ မိဘမသိ ဘဲ အလစ်သုတ်၍ရသော ပိုက်ဆံများကို ဖြန့်ခင်း၍ နေထိုင်လာခဲ့သော ကျွန်တော်သည် ယခု အိတ်ကပ် ထဲတွင် ဂျပန်ငွေ ဒေါ်လာ ၁၀၀၀ ပင်မပြည့်ဘဲ ရှိနေပါသည်။ လက်ဖက်ရည် တစ်ခွက် ကို ဒေါ်လာအစိတ်၊ ထမင်းတစ်ပွဲ ဒေါ်လာ ၂၀၀ ပေးနေရသောအချိန်တွင် ကျွန်တော် အတိတ်ကို တမ်းတရုံမှ တစ်ပါး အခြားမတတ်နိုင်ပြီ။ သို့သော် ကျွန်တော်သည် အံတင်း၍လည်းကောင်း၊ မာန်သွင်း၍လည်းကောင်း၊ ဖက်ဆစ်တော်လှန်ရေး ၏ အားမာန်ဖြင့် ပျော်ရွှင်စွာပင် ပေတရာကတ္တရာလမ်းပေါ်တွင် လျှောက်နေပါသည်။ ဘင်ဂါလီစု သို့ ရောက်သောအခါ ကျွန်တော့်ခြေထောက်များ နာကျင်လာသည်။ လမ်းဘေးသို့ ကြည့်သော အခါ ကုလား လက်ဖက်ရည်ဆိုင်ကို တွေ့သဖြင့် ၀မ်းသာအားရ ၀င်လိုက်မိသည်။

"လက်ဖက်ရည် သောက်မယ်လား၊ ကောင်လေး"
"ခါဂျာမုန့်တစ်ခုပေးပါ။ ဆာဒါးပဲပေး"
"ဒေါ်လာအစိတ်"
"ပေးပါ"
ကြံသကာရည်များ လောင်းထားသော ခါဂျာမုန့်တစ်ခုကို လာချပေးသည်။ ဂျုံမဟုတ်၊ ဆန်မဟုတ်၊ မည်သည့်အရာနှင့် လုပ်ထားသည်ကို မသိသော ခါဂျာမုန့်သည် အုတ်ခဲစတစ်ခုကို ၀ါးရသည့်နှယ် ချိုးချိုး ချွတ်ချွတ်မြည်ကာ လည်ချောင်းအတွင်းသို့ ကြမ်းတမ်းစွာ သက်ဆင်းသွားသည်။ ကျွန်တော်သည် မှိုနံ့သင်း သင်းအရသာဖြင့် ပြည့်စုံသော ဆာဒါးကို တစ်ခွက်ပြီးတစ်ခွက်ဆင့်၍သောက်လိုက်သည်။ ကိုယ်မှ စီးဆင်း သောချွေးများသည် အရိပ်ကို လိုက်သောခဏတာတွင် အေးမြသွားပါသည်။ အမော လည်း ပြေလောက်ပြီ ဖြစ်သဖြင့် ကျွန်တော် ခရီးဆက်ရန်အတွက် ထလိုက်ကာ ကျသင့်သော မုန့်ဖိုးဒေါ်လာ အစိတ် ကို ထုတ်ပေး လိုက်ပါသည်။

"ဆာဒါးဖိုး ၅ ဒေါ်လာ ပေးဦးလေ၊ ကောင်လေး "
"ဟ ... ဆာဒါးက အလကား၊ မဟုတ်လား ... ကာကာကြီးရဲ့"
"မရဘူး၊ ၅ ဒေါ်လာပဲ "
ကျွန်တော် မည်သို့မျှ ဆက်မပြောတော့ပဲ ၅ ဒေါ်လာတန်တစ်ရွက်ပစ်ပေးလိုက်ပြီး လက်ဖက်ရည်ဆိုင်မျ ထွက်လာခဲ့သည်။ လမ်းပေါ်တွင် လူသူလေးပါး ရှင်းနေသော်ူလည်း ခပ်လှမ်းလှမ်းတွင်မူ ကျွန်တော့် တူရှုသို့ ပျင်းရိစွာ နင်းလာနေသော ဆိုက်ကားတစ်စီးကို မြင်လိုက်ရသဖြင့် ၀မ်းသာသွားပါသည်။ ဆိုက်ကားဆရာ သည် ဤမျှပူပြင်းသော နေရောင်ခြည်အောက်တွင် လသာသာခရီးနှင့်သကဲ့သို့ ဖြည်းညှင်းစွာ နင်းနေခြင်း အတွက် စိတ်ထဲတွင် အံ့သြနေမိသည်။ ထိုအချိန်မှာပင် ကျွန်တော့် အနီးသို့ ရောက်လာပါသည်။

"ဆရာလေး၊ လိုက်မလားဗျ"
"ဘယ်ကိုလဲ"
"ဗျိုင်းရေအိုးစင်ဘက်ကို သွားချင်လို့"
"ကျုပ် ထမင်းစားဦးမှာဗျ၊ စောင့်နိုင်ရင် လိုက်တာပေါ့ "
"စားလေ၊ စောင့်တာပေါ့"
"ဒါဆို လာတက်"
"ဘယ်မှာစားမှာလဲ"
"အိမ်မှာ စားမှာပေါ့"
"ခင်ဗျားအိမ်က ဘယ်မှာလဲ"
"ဘီလူးမ ဈေးနောက်က သင်္ချိဲုင်းထဲမှာ။ သွားမှာဆို လာဗျာ"
ဆိုက်ကားဆရာက စိတ်မရှည်ဟန်ဖြင့် ကျွန်တော့်အား ငေါက်သည်။

ကျွန်တော်သည် အမေးအမြန်းမထူတော့ဘဲ ဆိုက်ကားပေါ်တက်ကာ ၎င်းခေါ်ဆောင်ရာသို့ လိုက်ပါသွားပါ သည်။ ဆိုက်ကားဆရာ၏ အိမ်ဆိုသည်မှာ လုံချည် ၂ ထည်ကို ဆက်၍ ၀ါးလုံး ၄ လုံး ထောက် ထားသော ဂေဟာဖြစ်သည်။ ဆိုက်ကားဆရာတွင် ဇနီးသားသမီး ရှိပုံမရဟုထင်သည်။ ထဘီရင်ရှား ထားသော အမယ် အိုတစ်ဦးသည် ဆိုက်ကားဆရာ အလာကို မျှော်နေရင်း ပူပန်မှုကို ထုတ်ဖော်ပြောကြားနေလေ သည်။ မှန်ပါ သည်။ စစ်ကာလဆိုသည်မှာ နေ့မြင်ညပျောက် ကာလမျိုးပဲ မဟုတ် ပါလား။ ကျွန်တော်သည် မိခင်အိုအား ဆိုက်ကားနင်း၍ စွန့်စားလုပ်ကိုင်ကျွေးမွေးသော ထိုသူအား စိတ်ထဲမှ သာဓုခေါ်မိသည်။

"သားလေး၊ ထမင်းစားမယ် မဟုတ်လား "
"စားမယ်၊ အမေ"
"ဧည့်သည်ကော စားပြီးပြီလား"
"စားလာခဲ့ပြီ အဒေါ်၊ စားပါ၊ ကျွန်တော်က ပါစင်ဂျာပါ "
"စားပါဦး ... "
"စားပါ၊ စားပါ"
ထမင်းပန်းကန်တွင် နီကြင့်ကြင့် ဆန်ကွဲထမင်းအမောက်ကို ပုံ၍ ငါးပိဟု ထင်ရသော မည်းမည်းသဏ္ဍာန် လက်မခန့် အတုံးတစ်တုံးကို တွေ့ရသည်။ ဆိုက်ကားဆရာ၏ ထမင်းပွဲက ဤမျှသာဖြစ်သည်။ ကျွန်တော်သည် ရင်နာစွာ ကြည့်မိသည်။ သက်ပြင်းကို အကြိမ်ကြိမ်ချမိသည်။ ထို့ကြောင့်ပင် ၎င်း၏ အိမ်မှ ထွက်လာသောအခါ ဆိုက်ကားဆရာ၏ မိခင်လက်သို့ ဒေါ်လာ ၁၀၀ ထည့်လိုက်ပါသည်။
အမေအို၏ ကျယ်လောင်စွာ ဆုပေးသတည်း ဝေး၍ဝေး၍ ကျန်ခဲ့ပါသည်။

ကိုကြီးချစ်တို့အိမ်တွင် မိသားစုအားလုံးနှင့် တွေ့ရပါသည်။ ကျွန်တော်က အချိန်နည်းသဖြင့် ကိုကြီးချစ် အားတိုတိုနှင့် လိုရင်းကို ရှင်းပြပြီး ကျွန်တော် ဖျာပုံပြန်ရေးအတွက် ကမ်းနားတွင် "မင်းမနိုင်" မော်တော်ကို စုံစမ်းပေးရန် အပူကပ်ရပါသည်။ ကိုကြီးချစ်သည် ကျွန်တော်အကူအညီ တောင်းခံမှုကို ဆောင်ရွက်ပေးရန် သဘောတူသော်လည်း "မင်းမနိုင်" မော်တော်ကို ရှာဖွေရန် ဟူသော အချက်ကိုမူ မရေရာလွန်းသဖြင့် စိတ်ပျက်ကြောင်းပြောပါသည်။
"မောင်မောင်ရယ် ... "မင်းမနိုင်"တွေ့ရင် မင်းဘယ်လို ဖျာပုံပြန်မလဲ။

ကိုလှဖေတို့က သန်ဘက်ခါ ရောက်တော့မှာဆိုတော့ မင်းဘယ်လိုပဲဖြစ်ဖြစ်၊ ဖြစ်တဲ့နည်းနဲ့ ပြန်ဖို့လိုတယ်"
"ဟုတ်ပါတယ်၊ ကျွန်တော် ရက်တွက်ကြည့်တော့ "မင်းမနိုင်" မော်တော်ဟာ ရှိနိုင်တယ်။ ကိုကြီးချစ်"
"အေး ... ငါ အခုသွားမယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ငါစီစဉ်လာခဲ့မယ်ကွာ"
ကိုကြီးချစ်သည် ကျွန်တော်နှင့် စကားပြော၍ ပြီးလျှင်ပြီးချင်း ဗျိုင်းရေအိုးစင်လမ်းထဲမှ မြင်းလှည်းတစ်စီးကို ငှား၍ ထွက်ခွာသွားပါသည်။ ကိုကြီးချစ်တစ်ယောက် ညနေ၀င်သည်အထိ ပြန်မလာသဖြင့် စိတ်ပူပင်ရပြန် ပါသည်။ ကျွန်တော်သည် ငြိမ်ငြိမ်ထိုင်၍ မရနိုင်တော့ဘဲ ခြံဝကိုသာ လှမ်းမျှော်ရင်း ကိုကြီးအလာကို မျှော်မိ သည်။ ကိုကြီးချစ်၏ဇနီး ဒေါ်နုနုကမူ ကျွန်တော့်အား မောင်ငယ်သဖွယ် စိတ်မပူရန်၊ တာမွေနှင့် ရန်ကုန် ကမ်းနားမှာ အလွန်ဝေးလံကြောင်းပြောပါသည်။ ည ၇ နာရီ ထိုးသွားပေပြီး။ ကိုကြီးချစ်၏ အရိပ် အယောင်ကို လုံးဝမမြင်ရသေးပေ။ ကျွန်တော့်အား ထမင်းစားရန်ပြောသဖြင့် ထမင်းဝိုင်းသို့ စိတ်မပါဘဲ ၀င်ထိုင်လိုက်ရသည်။ ထိုအခိုက် အိမ်ရှေ့တွင် မြင်းလှည်းဆိုက်သံကြားရပြီးနောက် ကိုကြီးချစ်၏ စကား ပြောသံကို ကြားလိုက်ရသဖြင့် ထမင်းလုတ်ကို ပါးစပ်ထဲသို့ မသွင်းဖြစ်တော့ဘဲ နောက်ဖေးမှ အပြေးထွက် လာလိုက်ပါသည်။

"ဟော ... ကိုကြီးချစ်၊ ဟာ ... ကိုချစ်လှိုင်"
ကျွန်တော့်နှုတ်မှ ၀မ်းသာအားရ အော်လိုက်မိသည်။ ကိုကြီးချစ်သည် အလွန်မောပန်းလာဟန်ဖြင့် ကျွန်တော့်အား စကားပြန်မပြောသေးဘဲ နောက်မှီကုလားထိုင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ကာ ဇနီးဒေါ်နုနု အား လေသံဖြင့် ရေတစ်ခွက် ယူလာရန်ပြောပါသည်။ ကျွန်တော်သည် ကိုကြီးချစ်အား အလွန် အားနာသဖြင့် တောင်းပန်စကားဆိုမိပါသည်။ ကိုကြီးချစ်၏ မိသားစုတစ်ခုလုံးသည် ကျွန်တော်နှင့် ဗိုလ်လက်ျာ၊ ဒေါက်တာလှရွှေစသည့် ညီအစ်ကိုတစ်စုအနွံအတာကို အချိန်မရွေးခံသော မိသားစုဖြစ်ပါ သည်။ ၎င်းတို့သည် မိမိငွေ၊ မိမိကား၊ မိမိစရိတ်ဖြင့် အချိန်မရွေး ဆောင်ရွက်ပေးသော ကျေးဇူးရှင်များလည်း ဖြစ်ပါသည်။

"အင်း ... ဟင်း ... ဟင်း။ မောလိုက်တာ မောင်မောင်ရယ်။ မင်းပြောတဲ့ "မင်းမနိုင်" တော်တော်ကို ကမ်းနားမှာ အဆင်သင့် သွားတွေ့တယ် ဆိုရင်ပဲငါ ထီပေါက်လောက် ၀မ်းသာသွားတယ်ကွ"
"ကျွန်တော်က ကိုကြီးချစ် သိပ်ကြာနေလို့ စိုးရိမ်နေတာဗျ"
"ဟ ... မောင်မောင်၊ မြင်းလှည်းနဲ့ ကမ်းနားကို သွားရတာကွ၊ နောက်ပြီး မြင်းလှည်းကြည့်ဦး။ ရှူနာရှိုက်ကုန်းကွ။ လမ်း တွင် အမောဆို့မသေတာ ကံကောင်းတယ် အောက်မေ့ရမယ်။ မြင်းလှည်းဆရာက ငါ့အသိ ငါ့မိတ်ဆွေမို့ လိုက် လာတာ။ ဒီခရီးမျိုး ဘယ်သူလိုက်မလဲ မောင်မောင်ရယ်။ ဟင်း ... ဟင်း ။ အေး၊ ငါကမ်းနားမှ ဘယ်လောက်စောင့် ရတယ်ဆိုတာ မင်းလူသာမေးကြည့်တော့ကွ... "
ကိုကြီးချစ် ကမ်းနား သို့ ရောက်သွားသောအချိန်တွင် "မင်းမနိုင်" မော်တော်ကို အဆင်သင့် တွေ့သော် လည်း မော်တော်စောင့် သူငယ်မှလွဲ၍ မည်သူမျှ မရှိသဖြင့် မော်တော်ရှင်များ လာသည်အထိ ထိုင်စောင့်နေ ရပြန်ပါသည်။

ကိုစိန်ဘန်းတို့ ညီအစ်ကိုနှစ်ယောက်မှာ ဖျာပုံတင်မည့်ကုန်၊ ကျိုက်လတ်တင်မည့် ကုန်များကို ပွဲရုံများသို့ လိုက်လံကောက်ခံနေရသဖြင့် ညမှောင်သည့်အထိ ပြန်မလာဘဲ ရှိပါသည်။ ပြန်လာသောအခါ ကိုကြီးချစ်၏ အကျိုး အကြောင်း ပြောပြချက်ကို မယုံတစ်ဝက် ယုံတစ်ချက်ဖြင့် ဟိုလိုလို သည်လိုလိုလုပ်ကာ အကဲစမ်းကြပြန် သည်။ ထို့နောက်တွင်မှ ကိုကြီးချစ်၏ ကြိုးပမ်းချက်ဖြင့် ကိုစိန်ဘန်း၏ ညီ ကိုချစ်တစ်ယောက် စိတ်ချလက်ချ ကိုကြီးချစ် နောက်သို့ လိုက်လာခဲ့ကြ ခြင်းဖြစ်ပါသည်။
"ကိုင်း ... ဒီလိုဆို အချိန်မဆွဲနဲ့။ ကျွန်တော်တို့ ရေအမီ ထွက်ရအောင်၊ သွားကြစို့"
"ကိုကြီးချစ် မြင်းလှည်းခ ဘယ်လောက်ပေးရမှာလဲ"
"ပေးအနေနဲ့ ငါစိုက်ပေးလိုက်မယ်။ ခဏစောင့်ဦး။ ကိုသိန်းမောင် မြင်းသွားလဲနေတယ်။ မင်းတို့မဟုတ်ရင် ဒီနေ့ည ရန်ကုန်ထဲ ပြန်ရောက်မှာ မဟုတ်ဘူးကွ"
မြင်းလှည်းဆရာ ကိုသိန်းမောင်သည် မကြာမီ မြင်းတောင့် မြင်းချော တစ်ကောင် ကသာ မြင်းလှည်း တစ်စီး ဖြင့်ရောက်လာသည်။ ကိုသိန်းမောင်၏ မျက်နှာ ကို မြင်သောအခါ လူကြမ်းမင်းသား လှမောင်ကြီးကို သတိရ လိုက်မိသည်။ သူ့ဥပဓိရုပ် သည် မြင်းလှည်းမောင်းသူ မဟုတ်တန်ရာ။

" ဆရာချစ်၊ ဆရာ့လူတွေ ပြန်ပို့ကြစို့"
" ကြည့်သာ ခေါ်သွားပေတော့ ကိုသိန်းမောင်ရေ။ ကျုပ်တော့ မြင်းလှည်းဆွဲတဲ့ မြင်းထက် မောနေပြီဗျ။ ဟဲ ... ဟဲ ... "
" စိတ်ချပါ ဆရာချစ်။ ကဲ .... သွားစို့"
ကိုသိန်းမောင် ဆိုသူသည် လမ်းခရီး တစ်လျှောက်လုံး ကျွန်တော်တို့အား စကားပြောဆိုခြင်း မပြုဘဲ သူ့မြင်း ကိုသာ ကြိမ်တို့၍ သွက်သွက်မောင်းလာခဲ့သည်။ ညောင်ပင်လေးဈေးသို့ ရောက်သောအခါ မြင်းလှည်းကို အရှိန်သတ် ၍ရပ်ကာ ဤနေရာမှဆင်းရန် စကားဆိုသည်။

"ဒီကဆင်းသွားကြ ငါ့ညီတို့ ... "
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဦးလေးဓ
"ဦးလေးအရွယ် မဟုတ်သေးပါဘူး ငါ့ညီရယ်။ ဟွတ် ... ဟွတ် ... ဟွတ် ... "
"ဆောရီးဗျာ၊ ဒါနဲ့ မြင်းလှည်းခ"
"နေပါစေ ငါ့ညီရယ်။ မင်း နောင်တော် သခင်လှဖေကို ပြောလိုက်။ သထုံဟောတုန်းက တစ်ခန်းကျော် က မြင်းသမားသိန်းမောင် က လိုက်ပို့ပေးတယ်လို့ကြားလား"
"တောက် ... တောက် ... တောက် ... တောက်"
လမ်းပေါ် သို့ လိမ့်ထွက်သွားသော မြင်းခွာသံလေးသည် ကျွန်တော်၏ နားတွင် အလွန်သာယာသော တေးသံ လွင်လွင်နှင့်မခြား ခံစားလိုက်ရသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, January 28, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၄၆)

“ဘယ်သူ့ဆီက သတင်းရတာလဲ”
“ကျွန်တော်ကိုယ်တိုင် မိခဲ့တာပါ။ ကျွန်တော် သေချာအောင် ရဲဘော်တွေ အလောင်းမြှုပ်တဲ့ဆီ ကျွန်တော် ပဲ လိုက်သွားပါတယ်”
ကိုသိန်းနိုင် ၏ နောက်ဆုံးစကားများအရ ကင်ပေတိုင်များသည် ရဲဘော် ၃ ယောက်ကို အမျိုးမျိုး ညှဉ်းပန်း နှိပ်စက်မှုများ ပြုရာတွင် လူ့လောက၌ ထည့်၍ပင် စဉ်းစားဝံ့စရာမရှိသော နည်းများဖြင့် ညှဉ်းပန်းမှု ပြုခဲ့ကြ သည်ကို ကြားရလေသည်။
ကောင်းကင်ပြင် သည် မည်းမည်းမှောင်နေသည်။ လမိုက်ရက်ဖြစ်၍ ကြယ်များသည် ထွန်းပလျက် ရှိသည်။ မိုးမျက်နှာပြင်ပေါ် မှ ကြယ်များ တစ်ခါတစ်ခါ ကြွေလျက်ရှိသည်။
မိုးမျက်နှာ ၏ မျက်ရည်ပေါက်များလော ...။
ကို ဆက်ဖတ်ရန် ........

ရဲဘော်သုံးယောက် ကျဆုံးသွားရခြင်းအတွက် ကျွန်တော့်ရင်ထဲတွင် တနုံ့နုံ့ ခံစားလျက်ရှိနေပါသည်။ ၎င်းတို့ အထဲ မှ သိုက်ထွန်းသည် ကျွန်တော်၏ ငယ်မွေးခြံပေါက် သားတပည့်ဖြစ်ပါသည်။ ၎င်း၏မိဘများက သိုက်ထွန်း အား လယ်ထွန်းလယ်လုပ် လယ်သမားအဖြစ် မြင်လိုကြသည်။ ကျွန်တော်နှင့်တွေ့သောအခါ သိုက်ထွန်းအား တပ်မတော်ထဲ သို့ဝင်ရန် ဇွတ်ခေါ်ယူသိမ်းသွင်းခဲ့သည်။ ယခုတိုက်ထွန်းတစ်ယောက် ကင်ပေတိုင် ညှဉ်းပန်းမှုဖြင့် ရေတိမ် နစ်ခဲ့လေပြီ။ သိုက်ထွန်း၏မိဘ၊ သိုက်ထွန်း၏ ရွာသို့ ကျွန်တော်မည်သို့ မျက်နှာပြရ မည်နည်း။ ကျွန်တော့် မျက်စိထဲတွင် သွက်လက်ချက်ချာ၍ ခိုင်းစေရာတွင် ပေါ့ပါးဖျက်လတ်သော သိုက်ထွန်း ၏ လှုပ်ရှားမှုကို မြင်ယောင်နေမိပါသည်။ အလားတူပင် ကျန်ရဘော်များမှာ သိုက်ထွန်းကဲ့သို့ လယ်သမား သားသမီးများဖြစ်ကြပါသည်။

“သခင်မြလှိုင်”
“လာလေ၊ သခင်သာဖန်၊ ထိုင်”
“ဖျာပုံက ဆတ်သား လာတယ်”
“ဟုတ်လား ...၊ လာပြီ”
ကျွန်တော် သခင်သာဖန်နောက်မှ လိုက်လာခဲ့ပါသည်။ သခင်သာဖန်သည် ကျွန်တော်နေထိုင်ရာ နွားတင်းကုပ် အတွင်း သို့ မည်သူ့ကိုမျှ လာရောက်စေခြင်းမပြုဘဲ အကြောင်းကိစ္စရှိလျှင် ၎င်း ကိုယ်တိုင် လာ ရောက်လေ့ ရှိပါသည်။ စားမှုသောက်မှု ဗာဟီရကိစ္စများကိုပင် ၎င်းကိုယ်တိုင် ဆောင်ရွက်ပေးလေ့ရှိပါသည်။ သခင်သာဖန် သည် တို့ဗမာအစည်းအရုံးဝင် ရဲဘော်ဟောင်းတစ်ဦးဖြစ်ပြီး ဂျပန်ခေတ်တွင် ကျွန်တော်တို့ တင်မြှောက် ထားသော သူကြီးလည်းဖြစ်ပါသည်။ သခင်သူကြီး ဖြစ်သောကြောင့် ဆင်းရဲနွမ်းပါးသည်။ လက်လှုပ်မှ ပါးစပ် လှုပ်ရသူဖြစ်သည်။ ယခု ကျွန်တော်တို့ ရဲဘော်များသည် သခင်သာဖန်၏ လက်ယာလုပ်ငန်း၌ နွားကျောင်း၊ ထင်းခွေ၊ ရေခပ်၊ မြက်ရိတ်ကအစ ၀ိုင်းဝန်းကူညီကြပါသည်။ ကျိုက္ကဘာ ရွာသူရွာသားများမှာ ရဲဘော်များအား လက်ခံ ထားရခြင်းအတွက် အသက်အန္တရာယ်များပြားသည်ကို သိသော်ငြားလည်း နိုင်ငံနှင့် လူမျိုးအတွက် ယခုကဲ့သို့ ဆောင်ရွက်နေရခြင်းကိုပင် ဂုဏ်ယူလျက်ရှိကြပါသည်။

“ဟ ... မလှရှင်ကြီး။ သတင်းထူးလား”
“စာလာပေးတာ”
“ဟာ ... စာမရေးကြနဲ့လို့ မှာထားတာ။ လုပ်ပြီ။ စားမိသွားရင် အကုန်သေကုန်မှာဗျ”
ကျွန်တော်က ခရီးရောက်မဆိုက် ဆူပူလိုက်ခြင်းကြောင့် မလှရှင်သည် ပို၍မောသွားဟန်တူပါသည်။ စကားပင်ဆက်၍ မပြောနိုင်တော့ဘဲ သောက်ရေအိုးင် ရှိရာသိုပင်ဆက်၍ မပြောနိုင်တော့ဘဲ သောက်ရေအိုး စင်ရှိရာသို့ သွားရောက်ကာ ရေမှုတ်ဖြင့် တစ်ခွက်ပြီး တစ်ခွက် ဆင့်၍ သောက်နေသည်ကို တွေ့ရပါသည်။ အမှန်က မလှရှင်သည် စာလည်းမတတ်။ တော်လှန်ရေးဆိုသည်ကိုလည်း နားလည်ခြင်းမရှိ။ ကျွန်တော်၏ ဇနီးအိမ်ဘေး ထင်းပွဲရုံမှ လင်မယားနှစ်ယောက် ထင်းလှည်းဖြင့် ထင်းရောင်းစားခြင်းဖြင့်သာ အသက်မွေးကြ သူများဖြစ်ပါသည်။ ယခု တစ်နွယ်ငင်တစ်စင်ပါ ဆိုသကဲ့သို့ ထင်းပွဲစားကိုဘမောင်နှင့် ပတ်သက်၍ ကျွန်တော် သည် မလှရှင်နှင့် ၎င်း၏ ယောက်ျားကိုချစ်မောင်တို့အား လျှို့ဝှက်ကိစ္စများအတွက် အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။

“လာ ... မလှရှင်။ စာပေးလိုက်တယ်ဆို။ ဘယ်သူ့ဆီကလဲ”
“တော့် မိန်းမက ပေးခိုင်းလိုက်တာ”
ပြောပြောဆိုဆို ဆံပင်ထဲ၌ ၀ှက်၍ယူလာသော သန်းသန်းထံမှ စာကိုထုတ်၍ ပေးပါသည်။ သန်းသန်းရေး လိုက်သော စာမှာ များများစားစားမဟုတ်လှဘဲ ရန်ကုန်မှ ဧည့်သည်ရောက်နေကြောင်း၊ လူလွှတ်ခေါ်ယူရန် တို့ဖြစ်ပါ သည်။ ကျွန်တော်သည် ရန်ကုန်က ဧည့်သည်ဆိုခြင်းကြောင့် အရေးကြီးကြောင်း ချက်ချင်း လွှတ်၍ ခေါ်ယူရန် လိုကြောင်း သဘောပေါက်ပါသည်။ သိုကြောင့် ကိုသိန်းဖေကိုပင် စေလွှတ်ရန် တာဝန်ပေးလိုက်ရပါသည်။
“ကိုင်း ... သွားဆို၊ ခုပဲ သွားမယ်။ ဘာမှာဦးမလဲ”
“နေကောင်းတယ် ပြောလိုက်ပါဗျာ”
“ခေါ်ခဲ့ရမလား၊ ဟား ... ဟား”
ကိုသိန်းဖေသည် စကားမဆုံးမီပင် လှော်တက်ကို ဆွဲလျက် ဘောက်တူဆီသို့ လှမ်းလျက်ရှိနေပါသည်။ လျင်မြန်ဖျတ်လတ်၍ ဇွဲကြီးသော ကိုသိန်းဖေကို ကြည့်ရင်း အားရကျေနပ်မိပါသည်။ ကိုသိန်းဖေ ဘောက်တူပေါ် သို့ တက်သောအခါ ကျွန်တော်နှင့် မလှရှင်တို့ စကားပြောရင်း ကမ်းနားသို့ လိုက်ခဲ့ကြသည်။

“သွားမယ် ... ညပြန်ရောက်အောင် ပြန်ခဲ့မယ်”
“ကောင်းပြီ ... ဒီမယ် ကိုသိန်းဖေ”
“ဆိုစမ်း ... တရုတ်ခေါက်ဆွဲစားမလား၊ ၀ယ်ခဲ့မယ်”
“တော်ပါပြီ၊ ဧည့်သည်ကို ဒီကိုမခေါ်ခဲ့နဲ့ ကျွန်တော် ခဏနေရင် တူးမြောင်းရွာကို သွားစောင့်နေနှင့်မယ်”
ကိုသိန်းဖေ ၏ ဘောက်တူကလေးသည် တရိပ်ရိပ် ပြေးထွက်သွားသည်။ ကိုသိန်းဖေ ၏ ဘောက်တူ ကလေး ပျောက်ကွယ်သွားသောအခါ ကမ်းပေါ်သို့ ပြန်တက်လာခဲ့ပြီး ကျွန်တော်၏ ပစ္စည်းကလေးများကို သယ်ယူကာ တူးမြောင်းရွာသို့ ခရီးဆက်ရန် ပြင်ဆင်ရပါသည်။

“သခင်မြလှိုင်၊ တူးမြောင်းကို လှေနဲ့သွားပါလား”
“နေပေစေ ... ကွင်းထဲကပဲ ဖြတ်လျှောက်သွားတော့မယ်”
“နည်းနည်းဝေးတယ်ဗျ ... နောက်ပြီး မြွေကင်းရန်က ရှိတယ်”
သခင်သာဖန်က ဇွတ်တားမြစ်ပြီး ကျွန်တော်နှင့်အဖွဲ့အား တူးမြောင်းရွာသို့ လိုက်ပါပို့ဆောင်ပေးပါသည်။ တူးမြောင်းရွာ သည် ကိုသိန်းဖေ၏ ဆွေမျိုးသားချင်းများ၏ ရွာဖြစ်ပါသည်။ တူးမြောင်းရွာ ဘုန်းတော်ကြီး ကိုယ်တိုင် ပင်လျှင် ဖက်ဆစ်တော်လှန်ရေးတွင် ရဲဘော်များစွာအား ကျွေးမွေးလက်ခံထားသော ပုဂ္ဂိုလ်ဖြစ် ပါသည်။
“ဒီကနေကြည့်ရင် ဟိုပျပျက မည်းမည်းတောတန်းကလေးဟာ ဖျာပုံနောက်ဖေးက အပြောင်ရွာပေါ့။ ဟိုဘက်က တောအုပ်စုစုက ကျုံကူ။ မိးခိုးကလေး ရေးရေးထွက်နေတာက အကြီးဝ ဆန်စက်”
အိမ်ရှင်၏ သမီးကြီး မစောမြင့်က ကျွန်တော့်အား အိမ်အပေါ်ထပ် ပြတင်းပေါက်မှနေ၍ ဖျာပုံမြို့၏ အနေ အထား ကို ပြညွှန်းနေ ပါသည်။ ၎င်း၏ ပြောကြားချက်အရ ရွာထိပ်မှ လက်ပံပင်ပေါ်တွင် ကင်းချထားကြောင်း၊ ၎င်းကင်းမှ အမြဲစောင့်ကြည့်ပြီး ဂျပန်စစ်တပ်များ ကုန်းလမ်းမှ လာသည်ဖြစ်စေ၊ ရေလမ်းမှလာသည်ဖြစ်စေ ကြိုတင် သိနိုင်ကောင်းတို့ကို ပြောပြပါသည်။

“ဒီဘက်ကို ခဏလာကြည့်ပါဦးရှင်”
“ဟုတ်ကဲ့”
“ဒီပြတင်းပေါက် သံတိုင်တွေဟာ ဖြုတ်လို့ရပါတယ်။ ဒီမယ် ...”
“ဟုတ်ကဲ့”
“အကယ်၍ အရေးအကြောင်း တစ်စုံတစ်ရာနဲ့ကြုံရင် ဒီသံတိုင်ကို ဖြုတ်၊ နောက်ဖေးခေါင်တိုင်ပေါ်က တက်ပြီး ဆင်းသွားရင် တောစပ်ထဲကို တစ်ခါတည်းရောက်သွားနိုင်တယ်”
မစောမြင့် တို့မိဘများသည် တူးမြောင်းရွာတွင် ကြေးရတတ်များ ဖြစ်ကြသည်။ ၎င်းတို့၏ စီမံဆောင်ရွက်မှုမှာ ဖက်ဆစ်တော်လှန်ရေး ကာလနှင့် လာရောက်ဆုံစည်းနေ ပါသည်။ ရှေးယခင် က တောလက်ကျေးရွာ များမှ ကြေးရတတ်များသည် သူခိုးသူဝှက်၊ ဓားပြတို့၏ ဘေးရန်မှ ကာကွယ်ရန် ယင်းသို့ စီမံဖန်တီးထားလေ့ရှိကြ ဟန်တူပါသည်။ ကျွန်တော်သည် မစောမြင့်ပြောသော စကားများကို စဉ်းစားလိုက်သကဲ့သို့ တအင်းအင်း လိုက်နေမိသည်။ ထို့နောက် မစောမြင့် ဆင်းသွားသောအခါ မိမိအတွက် ပြင်ပေးထားသော အိပ်ရာပေါ်သို့ လှဲရင်း၊ အတွေးနယ်ချဲ့မိပါတော့သည်။

သန်းသန်း။ သူ့မိဘများသည် ကျွန်တော့်အား ငြိုငြင်နေပလိမ့်မည်။ ကျွန်တော်သည် သန်းသန်းအား ဇနီးအဖြစ် ပေါင်းသင်းသည့်နေ့မှစ၍ ယခုအချိန်အထိ ခင်ပွန်းသည်တစ်ယောက်အဖြစ် တာဝန်မကျေခဲ့ သည်မှာ အမှန်ပင်ဖြစ် ပါသည်။ ယခု ကျွန်တော်သည် အသက်ဖြင့် ရင်းနှီးရသော အလုပ်ကို လုပ်လျက် ရှိ ပြန်ပါသည်။ ဂျပန်ခေတ်တွင် ၎င်းတို့နှင့်ဆန့်ကျင်သော လုပ်ရပ်တစ်ခုကို လုပ်ငြားအံ့။ ထိုလုပ်ရပ်ပေါ်ပေါက် သည်နှင့် တစ်ပြိုင်နက် ပတ်သက်ရာ ပတ်သက်ကြောင်း မှန်သမျှအားလုံးတို့အား ဒုက္ခပေးတော့သည်။ သို့ကြောင့် လည်း ဖက်ဆစ်စနစ်ဆိုးအောက် တွင် လူထုတစ်ရပ်လုံးသည် တုတ်တုတ်မျှ မလှုပ်ဝံ့သည့် ဘ၀သို့ ရောက်ခဲ့ကြလေသည်။

ယခု သန်းသန်း၏ အသက်သည် ၂၀ မျှသာ ရှိသေးသည်။ အိမ်ထောင်သက် နုနယ်လှသေးသည်။ အိမ် ထောင် သည် ဘ၀၏ ချမ်းမြေ့သာယာမှုကို မခံစားရသေးမီ ကျွန်တော် ဖက်ဆစ်တော်လှန်ရေး ကို ဆောင်ရွက် ရန်မြေလျှိုးသွားခဲ့သည်။ သန်းသန်းကို သနားမိသည်။ တမ်းတမိသည်။ စာနာမိသည်။ ယခုတော့ မတတ်သာပြီ။ အကယ်၍ မသေမပျောက် ပြန်လညတွေ့ဆုံရမည်ဆိုလျှင် မိမိဘ၀ကလေး အေးချမ်းမှု အတွက် သန်းသန်းကို ကတိပြုလိုက်မည်။ ထိုအခိုက် ..
“ဗျို့ ဆရာကြီး၊ ဘာတွေ အတွေးနယ်ချဲ့နေရတာလဲဗျ။ ကျုပ်တက်လာတောင် မသိလိုက်ဘူး ဟင်း ... ဟင်း”
“ဟာ ... ကိုသိန်းဖေကြီး၊ ခြေသံတောင်မကြားပါလား။ ဟော ... ကိုကျော်မင်း (ဗိုလ်ကြီးကျော်မင်း၊ ကွယ်လွန်) ရန်ကုန်ကလာတာ၊ ခင်ဗျားလား”
“ဟုတ်တယ် ...။ ကျုပ် မနက်ဖြန်ပဲ ပြန်ချင်တယ်။ ဗိုလ်ချုပ်က မြလှိုင်နဲ့ တွေ့ပြီးရင် ချက်ချင်းပြန်လာခဲ့တဲ့ဗျ”

“ကိစ္စအထူးရှိလား”
“ရှိတာပေါ့။ ဗိုလ်ချုပ်မှာလိုက်တဲ့ကိစ္စတွေ အားလုံး အဆင်ပြေရဲ့လား။ နောက်ပြီး မကြာခင် ရန်ကုန်မှာရှိတဲ့ တပ်တွေ ဖျောက်တော့မှာဆိုတော့ ဖျာပုံနယ်ထဲမှာ နေထိုင်ဖို့ကိစ္စ ဘာတွေလုပ်ထားသလဲတဲ့ဗျ”
ကျွန်တော်က ကိုကျော်မင်း (ဗိုလ်မှူးကြီးကျော်မင်း၊ ကွယ်လွန်) မေးမြန်းချက်များကို ရန်ကုန်မှ စတင်ထွက်ခွာ လာခဲ့သည့်အချိန်မှစ၍ ဗိုလ်လျက်ာမျာလိုက်သော အဆက်အသွယ်များနှင့် ဆက်သွယ် မှု ပြတ်တောက် သွားခဲ့ပုံ၊ ဒေးဒရဲနယ်အတွင်းတွင်ရှိသော အချို့ပွိုင့်များမှ အဆက်အသွယ် များနှင့် တွေ့ဆုံ ခဲ့ သော်လည်း ၎င်းတိုကို နောက်ထပ် ဆက်သွယ်မှု မရဘဲ ရှိခဲ့ပုံ၊ သခင်စိုးတို့လူသိုက် ဒေးဒရဲ တပ်အတွင်း ၌ ရှိနေပုံ၊ ဗိုလ်လက်ျာနှင့်အဖွဲ့ နေထိုင်ရန် အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း တို့ကို ပြောကြား လိုက် ပါသည်။

အခြေအနေများသည် တရိပ်ရိပ် ပြောင်းလဲခဲ့လေပြီ။ မူလစီစဉ်ထားသော အစီအစဉ်များလည်း ပြောင်းလဲ သွားပါသည်။ ကျွန်တော်သည် ကိုတင်အေးအား ဖျာပုံမြို့နယ်သို့ တိတ်တဆိတ် ပြန်လည် ပို့ဆောင်ပေး ခဲ့ပြီး နောက် စုစည်းထားသော တပ်များရှိရာသို့ အမြန်သွားခဲ့ပါသည်။ ထိုအချိန်တွင် အပြောင်ရွာတွင်ရှိသော တပ်ထွက်တင်ဦးနှင့် ရဲဘော်ဟု ထင်ရသူများအားလုံးကို ကင်ပေတိုင်မှ သိမ်းကျုံးဖမ်းဆီးလေသည်။
“ဒီမယ် မြလှိုင် ... ရှမ်းကွင်းကြီးက ကိုတင်ကြိုင်တို့လူသိုက် ဖျာပုံက စခန်း ၂ မှာ ရောက်နေတယ်။ မင်းကိုယ်တိုင် သွားတွေ့လိုက်ရင် ကောင်းမယ်”
“ဘာဖြစ်လို့လဲ”
“တပ်တချို့ ခုရက်ပိုင်းက ရောက်လာတယ်။ ရှမ်းကွင်းကြီး၊ ပလိပ်ဖရဲမှာ ဖျောက်ထားတယ်ပြောတယ်”
“ဘယ်ကရတဲ့ သတင်းလဲ”
“ဂျိဝါနဲ့ ကျုံတာက ရဲဘော်တိုးကြီးနဲ့ ရဲဘော်မှင်တို့ဆီက သတင်းလာပို့သွားတယ်”

ကျုံကူသူကြီး ကိုကျော်သန်း၏ ပြောပြချက်အရ ဖျာပုံမြို့ပေါ်တွင် လျှို့ဝှက်စခန်းအဖြစ် ထားရှိသော ဦးဖေသန်း၊ ဦးကျော်တို့၏ အိမ်သို့ သွားရောက်ရန်ကိစ္စ ပေါ်ပေါက်လာပါသည်။ ရှမ်းကွင်းကြီးသူကြီး ဦးထွန်းတင်၊ ၎င်း၏ညီ ကိုတင်ကြိုင်တို့သည် ဦးဖေသန်း၊ ဦးကျော်တို့နှင့် သားချင်းများ ဖြစ်ကြသည့်ပြင် မျိုးချစ်စိတ်ထက်သန်သော ပုဂ္ဂိုလ်များ လည်းဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်တော်နှင့် ရဲဘော်စံယျတို့နှစ်ယောက် ညဥ့်မိုးချုပ်သည့်အထိ ကျုံကူရွာ ၌ ပုန်းအောင်းနေကြပြီး မိုးချုပ်သည်နှင့် တစ်ပြိုင်နက် စခန်း ၂ သို့ သွား ရောက်ကြရန် စီစဉ်ခဲ့ကြပါသည်။ သို့သော် ကျွန်တော်၏ ကြိုးစားချက်သည် အချည်းနှီးဖြစ်ခဲ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်မြို့လုံး ဖြန့်ကျက်ချထားသော ကေဘိုထိုင်ကင်းများကို ဖြတ်ကျော်ခွင့် မရရှိခဲ့ပါ။ သို့ဖြစ်၍ ထိုနေ့ည စခန်း ၂ သို့ သွားရောက်ပြီး ရဲဘော်တင်ကြိုင်တို့လူသိုက်နှင့် တွေ့ဆုံရန် အစီအစဉ်များကို စွန့်လွှတ်လိုက်ရပါသည်။

“မြလှိုင် မင်း အစားငါသွားမယ်”
“ကောင်းသားပဲ။ ကိုတင်ကြိုင်နဲ့တွေ့ရင် ပြည့်ပြည့်စုံစုံ မေးခဲ့ဗျာ”
ကိုသောင်းအိအား စခန်း ၂ သို့စေလွှတ်လိုက်ရပါတော့သည်။ စခန်း ၂ သို့ ကိုသောင်းအိ ရောက်လာသော အခါ ကိုတင်ကြိုင်ကို မတွေ့လိုက်ရတော့ပေ။ ထိုအခါ ဦးဖေသန်း၏ ပြောပြချက်အရ သခင်စိုးတို့လူသိုက် သည် ဒေးဒရဲဂွကလေးတွင် ဌာနချုပ်ဖွင့်ထားကြောင်း၊ ဖျာပုံမြို့ပေါ်မှ ကိုထွန်းစိန်တို့ လူသိုက်အားလုံး ဂွ ကလေးရွာသို့ ရောက်ရှိနေကြကြောင်း အခိုင်အမာ သိလာရပါသည်။ ကျွန်တော်သည် ထိုသတင်းကိုကြားရ သည့်အတွက် မအံ့သြမိပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ လူသိုက် ရန်ကုန်မှ ဆင်းလာခဲ့စဉ် မှပင် မြေတိုင်း စာရေး မောင်တင်တို့လူသိုက်၏ အခြေအနေကို ကြည့်ရခြင်းဖြင့် သခင်စိုးမဟုတ်သည့်တိုင်အောင် ဖက်ဆစ်တော်လှန်ရေး ၏ စခန်းတစ်ခုအဖြစ် ရှိနေကြောင်း ကောင်းစွာရိပ်မိခဲ့ပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>