ညစာစားအပြီးမှာ သူ့အဖေနဲ့အမေက အိမ်ရှေ့ခန်းမှာ သွားထိုင်နေကြပြီး သူ့ ကျတော့ နောက်ဖေးခန်း မှာ ပန်းကန်တွေ တစ်ပုံတစ်ပင်ကြီးနဲ့ ထားပစ်ခဲ့တာ တွေ့ရပါတယ်။ ကျွန်တော် က နောက်ဖေးဘက်ပေါက် ကနေ ၀င်သွားတဲ့ အခါ သူက အခန်းထဲ ၀င်ခွင့်ပေးပြီး "ရှူး ... နင် ဒီမှာ ရောက်နေတာ ဘယ်သူမှ မသိစေနဲ့" လို့ ပြော ပါတယ်။ အခန်း က ကစားခန်းလေးလိုပဲ၊ ညတိုင်း ကျွန်တော် သူတို့ဆီ သွားပြီး အင်တုံမှာ ပန်းကန် ကူဆေးပေး ပါတယ်။
Saturday, June 23, 2012
ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၃)
"မောင်လေးတို့၊ အခု ဘယ်ကိုပြန်မှာတုံး"
"မန်ကျည်းပင်ပု" မောင်ဆေးရိုးသည် ဦးဘဒင် မောင်ဖိုးအိတို့နှင့် နှုတ်ဆက်အပြီးတွင် ငထွန်းကား ထွက် လာသော အခါ လှည်း ကို တန်းမောင်းရန်အတွက် အသင့်ထွက်ထား၏။ ထိုအပေါ်သို့ မယ်အေးရှင် ရောက်နေ ၏။ တစ်ခဏ အတွင်း ခွဲခွာရမည့်သူမို့ ခွင့်လွှတ်သည်းခံရငြား၊ မောင်ဆေးရိုး လျှာယားနေ၏။

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၆)
"ဟဲလို… ဟုတ်ကဲ့… ကျွန်တော် နားထောင်နေပါတယ်… ပြောပါခင်ဗျာ… စာလုံး ကလေး
ပေါင်းပြ နိုင် မလား… ကျေးဇူးတင်ပါတယ်… အများကြီး ကျေးဇူးတင်ပါတယ်။
မင်္ဂလာရှိသော ညပါ"
အခန်းထဲ သို့ သူ ပြန်ဝင်လာသည်။ လက်ထဲမှာ စာရွက်ပိုင်းကလေးတစ်ခု ကိုင်လာသည်။ မက်ဇင်မ်ကို ချစ် ရှာသော ဖရင့်… သူကိုင်ထားသော စာရွက်ပိုင်းကလေးသည် မက်ဇင်မ်၏ဘဝကြီး တစ်ခုလုံးကို ဖျက်ဆီး ပစ်မည့် စာရွက်ပိုင်းကလေးဖြစ်ကြောင်း သူ့ခမျာ မသိရှာပါတကား။ ထိုစာ ရွက်ပိုင်းကလေးကို ချပေး လိုက်ခြင်း အားဖြင့် မက်ဇင်မ်၏ နောက်ကျောကို ဓားနှင့်ထိုးပြီး အဆုံးစီ ရင်ပစ် လိုက်ခြင်းဖြစ်ကြောင်း မသိရှာပါတကား။

Friday, June 22, 2012
ဟိန်းလတ် ဘာသာပြန် ငမဲ အပိုင်း (၁)
''အမေ၊ ဘယ်နေရာ၊ ဘယ်အချိန်မှာ ဖြစ်ဖြစ် ငမဲဆိုတဲ့ စကားလုံးနောက်ထပ် ကြားရတိုင်း သူတို့ဟာ ကျွန်တော့် စာအုပ် ကို ကြော်ငြာ ပေးနေကြတယ်လို့သာ သဘောထားလိုက် စမ်းပါ အမေ''
ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၂)
"ကိုယ့်အားကိုယ်ကိုးပြီး တစ်ခဲချင်း ဖယ်ရမှာပဲဗျို့။ ညီလေးရေ၊ လှည်းပေါ်မှာ ထိုင်မနေနဲ့၊ လာကွ လာကွ"
ငထွန်းကား သည် ပိတ်ဆီးနေသော ကျောက်ခဲများကို ဘေးသို့ ကောက်ပစ်ရာက မောင်ဆေးရိုးကို ပါ ခေါ်သည်။ မောင်ဆေးရိုးလည်း လှည်းဒေါက် ကို ထောက်ထားခဲ့သည်။ လှည်းငါးစီးမှ လူ၉ယောက်၏ စွမ်းအား သည် များမကြာမီ အကောင်အထည်ပေါ်သောအားဖြင့် ရှေ့တည့်တည့်က အလင်းရောင် ကို မြင်ကြ ရပြီ။ "လုပ်ကြဟေ့ လုပ်ကြ၊ မမှောင်ခင် တောင်ကြားက ထွက်နိုင်အောင်"
အချင်းချင်း အားပေးကာ ပိတ်ဆို့နေသော တောင်ကြား အပြိုအပျက်ထဲမှ ထွက်လျှင်ထွက်ချင်း ၀မ်းသာ အားရ အော်ကြ၏။ "ကိုင်း အစ်ကို လမ်းပြပေတော့" ကို ဆက်ဖတ်ရန်...
(၂)
ရှည်လျားသော တောင်တန်းကြီးနှစ်ဖက် ညှပ်ထားသော လမ်းတစ်လမ်းသည် အနီးအနားမှာ ရှိသည်ဟု တစ်ကြိမ်မျှ မကြားဖူးသောကြောင့် ငထွန်းကားမှာ မိမိလွတ်မြောက်လာခဲ့သော တောင်ကြားလမ်းကို တအံ့တသြ လည်ပြန်ကြည့်နေ မိ၏။ ဥစ္စာစောင့်တွေက လှည့်စားသည်၊ ဘီလူး ပြိတ္တာတွေက မျက်စိလည်အောင် လုပ်သည် ဆိုရအောင် ကလည်း မိမိတို့ ညီအစ်ကိုချည်းမဟုတ်။ အခြားလှည်းလေးစီးပါသေးသည်။ နှစ်စီးမှာ ကမ်းဖြူ က။ နှစ်စီးက ဆန်ကောရွာ က ဆို၏။
"ကိုင်း အစ်ကို လမ်းပြပေတော့"
မောင်ဆေးရိုး၏ ပြောသံကြားရငြား ငထွန်းကား အံ့သြမပြေ။ လှည်းလမ်းကို နှစ်ဖက်ညှပ်မိုးထား သည့် တောင်တန်းကြီးကိုသာ ကြည့်၍ မ၀သကဲ့သို့ ဖြစ်နေ၏။
"အဖော်လှည်းတွေ သွားကုန်ပြီဟ အစ်ကိုရ"
ညီထံ မှ တတိယအကြိမ် ကြားရသည်တွင် ငထွန်းကားသည် မောင်ဆေးရိုးကို လှည့်ကြည့်မိ၏။
"အစ်ကိုပဲ လမ်းပြမယ် ပြောပြီးတော့ အခု ဘယ်လိုဖြစ်နေပြန်တာတုံးကွ ဟေ"
"အေးကွ" ငထွန်းကားသည် သူ၏ အေးကွကို သူလည်း နားမလည်ပေ။ စင်စစ်အားဖြင့် လက်ရှိမြင်ကွင်းသည် လည်း သူနှင့် စိမ်းသည်သာပင်။ တောင်ကြားတွင် အတူတကွ ပိတ်မိခဲ့သော လှည်းများလည်း သွားကြပြီ။ သို့သော် ကမ်းဖြူမှဟုဆိုသော လှည်းများကမူ လက်ဝဲဘက်လမ်းကို ထိုးပြသွားကြ၏။
"အေးကွ။ သည်လမ်းလည်း ခပ်စိမ်းစိမ်းပဲကွ။ သို့ပေသည့် အရှေ့ဘက်ကလမ်းကို လိုက်ကြတာ ပေါ့ကွာ"
ဤသို့ဖြင့် ငထွန်းကား ညီအစ်ကိုတို့၏ လှည်းသည် ယာခင်းများ အလယ်မှ ဖြတ်ချေ၊ ဖုန်းဆိုးမြေမှ ဖြတ်ချေဖြင့် မဆုံးနိုင်သော လှည်းလမ်းအတိုင်း မောင်းလာမိကြသည်။
ဤအရိပ်တွင်လည်း တစ်ချိန်သောအခါက တောဖြစ်ခဲ့ဖူးဟန်တူ၏။ ဆွေးနေသော သစ်ငုတ်အချို့ ကို မြက်ဖုတ်ကြား ချုံကြား၌ တွေ့ရ၏။ သည်နေရာတွင် ထူထပ်သိပ်သည်းစွာ တစ်ချိန်က ရှိခဲ့ဟန် တူသော တော သည် လူတို့ကို ကြောက်ရွံ့သဖြင့် ထွက်ပြေးရာ လက်စလက်န အငုတ်များ ကျန်ခဲ့ ခြင်း ဖြစ်ပေမည်။
အပင်ကြီးကြီးမားမား မရှိသလောက် ရှား၏။ တစ်ပင်တလေမှာ စောင်ချမ်းပင်များသာ ဖြစ်သည်။ မြင့်သော်ငြား သစ်ပင် မဟုတ်သော အရာမှာ ရှားစောင်းပြာသာဒ် ဖြစ်သည်။ မိုးလေအဆင်ပြေခိုက် တွင် ထိုးတက် လာသော်ငြား မိုးလေ အဆင်မပြေသောနေ့၌ အချိန်မရွေး အူချောင်းပြီး လဲတတ်သော ရှားစောင်းပြာသာဒ် အပြင်၊ တောနာနတ် လည်း ရှိသေး၏။
တောနာနတ် လည်း ဟန်နှင့်ပန်နှင့် ၀င့်ကြွားစွာ ပေါက်ရောက်ငြားသူလည်း အချိန်မရွေး ကျတတ် သည်။ ချိုးငှက် များကား ဤနှယ်အပင်ကြီး မရှိသော အရိပ်မှာပင် မြည်တမ်းနေကြ၏။
"ဖွတ်ကလေး ပုတတ်ကလေး ယုန်ကလေး သင်းခွေချပ်ကလေး တစ်ကောင်တလေရရင် ကောင်းမှာပဲဟေ့"
ချုံတွေ မြတ်ဖုတ်တွေ ကို စေ့စေ့ကြည့်ရင်း ငထွန်းကား မြည်တမ်း၏။
"တစ်နေရာမှာ နေခိုပြီး ထမင်းချက်စို့ အစ်ကို"
မောင်ဆေးရိုးသည် ရှေ့သို့ မျှော်ကြည့်ရာက ငထွန်းကားကို လှည့်ကြည့်ပြီး တိုင်ပင်သည်။
"စောပါသေးတယ်ကွာ။ မင်းနွားတွေ တို့မောင်းစမ်းပါ"
ငထွန်းကားသည် မီးခိုးနံ့ရသောကြောင့် နှာခေါင်းတရှုံ့ရှုံ့ လုပ်ရင်း တုံ့ပြန်၏။ မွန်းတည့်ချိန်တွင် မိမိအရိပ် မည်မျှရှိသည် ကို ဖော်ပြသော "စစ်၊ ကိုင်း၊ အ၊ နောက်၊ အုတ်၊ ကျောက်၊ စု၊ ရာ" သည် ယခုမှ အသုံးဝင်ပေတော့၏။ မြေပြောင်ပြောင်ကို မမြင်နှင့်။ တံလှပ် ထနေပြီ။
တံလှပ် မထလျှင် လေပွေပျိုးပြီ။ "ညီလေးရေ၊ ဇရပ်တစ်ဆောင်ကွ" ငထွန်းကား ၀မ်းသာ အားရအော်ငြား မောင်ဆေးရိုး မမြင်ရ။
"ဇရပ်ရှိရင် ရေတွင်းဖြစ်ဖြစ် ရေကန်ဖြစ်ဖြစ် ရှိနိုင်တယ်ကွ။ ဟန်တာပဲဟေ့၊ မောင်း မောင်း၊ တို့ပေးဟေ့"
ငထွန်းကားသည် အမှန်ပင် ဇရပ်တစ်ဆောင်ကို ရိပ်ခနဲ မြင်လိုက်ရသည်။ သို့ရာတွင် ကုန်း ကမူ ပြန်ကွယ်သွားသောကြောင့် မောင်ဆေးရိုး လည်ပင်ရှည်ချိန်၌ မမြင်ရခြင်း ဖြစ်၏။ သို့သော် လှည်းလမ်း မှာ ထိုဇရပ်ရှိရာသို့ သွားနေခြင်းဖြစ်သဖြင့် နောက်ထပ် တစ်ခါမျှ မောင်းမိပြီးချိန်၌ ဇရပ် သည် ဘွားခနဲ ပေါ် လာလေ၏။ "နည်းသဲ့ဟာကြီး မဟုတ်ပါကလား" မောင်ဆေးရိုး ၀မ်းသာအားရ အော်၏။
ကိုးခန်း ရင်ကွဲဇရပ်ကြီးသည် ငထွန်းကား မျှော်လင့်သည့်အတိုင်း ရေတွင်းရော ရေကန်ပါ ရှိသည်။ ရေကန်မှာ ထန်းပင်များနှင့် သဖန်းပင်များ ၀န်းရံထားပြီး ရေတွင်းကိုမူ ညောင်မုတ်ဆိတ်ပင်ကြီး တစ်ပင်က အုပ်ခြုံပေး ထားပေ၏။
"ဇရပ်ကသွပ်တွေကို ခွာမယူကြတာပဲ ကျေးဇူးတင်ရမယ် အစ်ကိုရေ့"
မောင်ဆေးရိုး တွေ့ဖူးသမျှ မြင်ဖူးသမျှကား သုသာန်ဇရပ်မှ ခါးပန်းနှင့် သွပ်ကိုပင် မရှောင်ဘဲ ခွာယူ ကြသည်။ လမ်းဘေးရှိ ဇရပ်များသော်ကား ပြောဖွယ်မရှိပြီ။ အမိုးဟင်းလင်း၊ ခါးပန်းနှင့် ဆင့် ဗလာ ကသာ များပေသည်။
"သည်အရပ်မှာ လူယုတ်မာ မရှိလို့ ဖြစ်မှာပေါ့ကွာ"
ငထွန်းကားက ထိုသို့ ထင်မြင်ချက်ပေးငြား၊ မောင်ဆေးရိုးက ချက်ချင်းပယ်ဖျက်သည်။
"ရွာဆက် ဝေးသယ်ထင်သယ်ဟ အစ်ကိုရ၊ သွပ်ခွာဖို့ တကူးတကန့် လာရမှာမို့ အဝေးကြီးကို မလာကြ သာ ဖြစ်ရော့သလား"
မည်သို့ ပင်ဖြစ်စေ ကိုးခန်းဇရပ်ကြီးကား ကုန်းခေါင်ခေါင်တွင် ရှိနေသောကြောင့် အဖိုးတန်လှသည်။ မိုးမိသည့်အခါ များတွင် နွားများကို သွင်းထားရန်အတွက် ဇရပ်ကို ရင်ခွဲပေးထားပြန်သဖြင့် ပို၍ အဖိုးတန်သည်။ မုတ်ဆိတ်ဖွားဖွားဖြင့် ဟိုနားတွင် တစ်ပင်၊ သည်နားတွင် တစ်ပင် လျှောက်ပြီး ထောက်ခြင်းအားဖြင့် အေးရိပ်ချဲ့သော ညောင်ပင်ကြီးကလည်း လွန်စွာ အဖိုးတန်ပေသည်။
အဖိုးတန်သည်နှင့် အညီ မှီခိုနားနေသော လှည်းများကလည်း မနည်းပေ။ ဇရပ်ဝန်းကျင်တွင် သုံးအုပ်။ ညောင်ပင်အောက်တွင် လေးအုပ် လှည်းဝိုင်းဖွဲ့ထား၏။ လူများမှာလည်း လှည်းပေါ်လှည်း အောက် ဇရပ်ပေါ် ဇရပ်အောက်၌ အိပ်နေသူများဖြင့် ပြည့်နေ၏။ နွားစာစဉ်းနေသူ၊ ဆန်ပြာနေသူ၊ ထမင်း ဟင်း ချက်ပြုတ် လုပ်ကိုင်နေသူ၊ ရေခပ်ဆင်းနေသူ စသည်များကလည်း မနည်းပေ။
သည်မျှ များပြားသော ပရိသတ်ကြားတွင် သူတို့ညီအစ်ကိုအတွက် တစ်နေရာသည် မခက်ပေ။ လှည်းပါးသော နေရာတွင် ငထွန်းကား လှည်းထိုးလျှင် မောင်ဆေးရိုးက ၀ါးကျည်တောက်ထဲ၌ ဆန်ထည့်ပြီး ရေကန်ဘက်သို့ လာသည်။
"ရေကန်မှာ ဆန်မဆေးရ။ ရေတွင်းမှာ ရေပုံးရှိ"
ဝဲပုံကိုက လှပသာယာသော အသံ ဖြစ်သည်။ စကားမှာ မပြည့်စုံငြား နားလည်သည်။
"ရေတွင်းမှာ ရေပုံးရှိတယ်ကော" "ဟုတ်ကဲ့ ကောင်းပါပြီ။ ရေတွင်းမှာပဲ ဆန်ဆေးပါမယ်"
မောကလည်းမော၊ ဆာကလည်း ဆာလောင်သဖြင့် အသံရှင်ကို မောင်ဆေးရိုး မော့မကြည့်မိ။ သို့ရာတွင် ထိုအသံရှင် ပင် မီးစွဲနေသော ထင်းစ ငါးစ လာပေးသည်။
"ဖိုခုံလှောက် မြေကြီးခဲ လုပ်တာပ" ဖိုခုံလှောက်အဖြစ် အသုံးပြုထားသော မြေကြီးခဲတွေ အသင့် ရှိသည်။ မောင်ဆေးရိုး အသင့်ယူပြီး မီးဖိုသည်။ ထမင်းအိုး တည်တသည်။ ထမင်းအိုး ငှဲ့နေချိန်တွင် ခုနက အသံရှင် ဟုထင်ရသော မိန်းကလေး ရောက်လာပြန်၏။
"ပဲပုပ်ကင် ရှိတယ်။ ဟင်း မရှိ"
ပဲပုပ်ကို မောင်ဆေးရိုး မစားဖူးပါ။ ယခု အမျိုးသမီးလာပေးသော ပဲပုပ်ကင်မှာ ဖက်ဖြင့် ထည့်ထား ငြား ဆီရွှဲနေ သည်။ အနံ့လည်း သင်းသည်။ ပဲပုပ် ကမှ ညောင်ရွက်နှင့်မို့ သားနားသေး၏။ မောင်ဆေးရိုး ဆန်ထုပ်ထဲမှ ဆွဲထုတ် လာသော ငရုတ်သီးထောင်း မှာ ဖြတ်ကတတ်ဆန်းနိုင်၏။ ပြောင်းဖူးဖက်ဖြင့် ထုပ်ထားသော ငရုတ်သီးထောင်းနှင့် ငါးပိဖုတ်။ ဆန်စေ့တွေ ပွတ်ချ ရသည်။ ဖွဲတွေ မှုတ်ထုတ်ရသည်။ ထမင်းပူပူလောင်လောင်ကြီး ကို မောင်ဆေးရိုး ဆာဆာနှင့် လွေးသည်။ ထမင်းဆယ်လုတ်ခန့် မျိုချပြီးမှ အစ်ကိုငထွန်းကား ကို မောင်ဆေးရိုး သတိရသည်။
"လှည်းထိုးပြီး ကတည်းက ပျောက်သွားတာပါ"
ထမင်းလုတ် ခွံ့ရင်းက မောင်ဆေးရိုး လည်ပင်းရှည်သည်။ ဇရပ်ပေါ်နှင့် ညောင်ပင်အောက်သို့ ကြည့်သည်။ ဇရပ်ပေါ်တွင် အော်လံကြီး တကားကားနှင့် သီချင်းစက်တစ်လုံးကို မြင်ရသည်။ လူတွေ ၀ိုင်းနေသည်။
"သေနိုင်ရိုးလား လေဘာတီရေ၊ ပေတစ်ရာကို လျှောက်ပါလို့ မြင်သလောက်ကိုတော့ ပြလိုက်ချင် တယ်။ အခြေလည်း တိုးတယ်၊ အနေလည်း တိုးတယ်၊ မသေဘဲ ကိုးကွယ်"
ထိုခေတ် ထိုအခါက ခေတ်စား လူကြိုက်များသော အငြိမ့်မင်းသမီး လေဘာတီမမြင်ရ၏ တုံးကျော်မ တေးချင်း ဖြစ်၏။ သို့ဖြစ်ငြား ရမ်းဘိုကနုးဇနပုဒ်သား မောင်ဆေးရိုးသည် မမြရင်ကို မကြားဖူးပါ။ မသိပါ။ သို့ကြောင့် ထိုသီချင်း စက်ဘေးရှိ လူအုပ်ကို ကျော်ပြီး မျက်စိ ရောက်သွား၏။
မောင်ဆေးရိုး ၏ မျက်စိရောက်သွားသော လူအုပ်မှာ တေးချင်း နားထောင်နေသူများနှင့် ပုံဟန်ချင်း မတူပါ။ မျက်နှာချင်း ဆိုင် ၀ိုင်းထိုင်နေသူများမှာ သုံးယောက်သာ ဖြစ်သည်။ ထိုသုံးယောက်ကိုမှ တစ်ဖန် လူများ ထပ်ဆင့် ၀န်းအုံနေကြ၏။
"အစိုကိုရေ၊ ထမင်းစားကြစို့"
"စားစား ညီလေး စားနှင့်"
ဖဲဝိုင်း ဖြစ်သည်။ သို့သော် စက္ကူဖဲ ဖဲဝိုင်းကား မဟုတ်။ သုံးပုံဖဲ ဖဲဝိုင်း ဖြစ်သည်။ ကစားသူမှာ သုံးယောက်သာ ရှိ၏။ ဘေးက ၀ိုင်းနေသူများမှာ လက်ထဲတွင် ကိုင်ထားသော ဖဲ၊ အောက်တွင် "ဖွက်" ထားသော ဖဲကိုကြည့်ကာ ကျန်လူနှစ်ယောက်၏ လက်ထဲက ဖဲ၊ မှောက်ထေထားသော ဖဲများကို ကြည့်ကာ ကြားထဲက ရင်တုန်ပန်းတုန် ဖဲမီးလှုံနေကြခြင်း ဖြစ်၏။
ငထွန်းကား က ညောင်ပင်စပ်မှ လှမ်းခေါ်သော ညီကို လှမ်းပြောသောအခါ ဖဲကိုင်ထားသူက လှည့်ကြည့်၏။ "သွားစားချေ ပါ၊ ပြန်လာရင် ထပေးမယ်" ဟု ပြောသော်ငြား ငထွန်းကား မသွားပေ။
"ရပါတယ်၊ မဆာသေးပါဘူးဗျာ"
သို့အတွက် ထိုသူ က တစ်ပွဲအပြီးတွင် ထရပ်သည်။ သူ့နေရာတွင် အထိုင်ခိုင်းသည်။
"ပိုက်ဆံပါရဲ့လား"
"တစ်မတ်တော့ ပါသဗျ"
ငထွန်းကားအတွက် နေရာဖယ်ပေးသူသည် ဇယ် ၁၃ခုနှင့် ကြေးပိုက်ဆံပြား ၃ပြားကို ငထွန်းကား သို့ ပေးကာ ငထွန်းကား ထံမှ မတ်စေ့အ၀ိုင်းကလေးကို ယူသွား၏။
ဖျာပေါ်တွင် ဖဲချပ် ၂၄ချပ်ကို ရှစ်ချပ်စီခွဲပြီး မှောက်ထားသည်။ ငထွန်းကားက သူ့ရှေ့ရှိ ဇယ်များကို မေးထိုးပြ၏။ ထိုဇယ်များ မှာ အပ်ချည်ရစ်သော ဘီးလုံးအသေးကို ခါးလယ်မှ ပိုင်းထားခြင်း ဖြစ်သည်။ ငထွန်းကားက သူ့ကို နေရာဖယ်ပေး သူ ရှိနေဆဲတွင် မေးငေါ့လျက် မေး၏။
"သည်ဇယ်တွေ ဘယ်သူထုတ်တာတုံး"
"ကျုပ် ထုတ်တာပါဗျာ၊ ဇယ်တစ်ခုကို တစ်ပြားနဲ့ ၆၄ခု တစ်ကျပ်ဖိုး ထုတ်ထားပါတယ်"
ငထွန်းကား ၏ လက်အောက်အိမ်မှ နှုတ်ခမ်းမွေးနှင့် သျှောင်ကြီးဗွေက သွက်လက်စွာ ဖြေသည်။ ထိုအခါတွင်မှ ငထွန်းကား သည် ကျေနပ်စွာဖြင့် သူ့ရှေ့ရှိ ဖဲရှစ်ချပ်ကို ကောက်ယူသည်။
ဖဲသမားအများစု သည် ဖဲကြီးကို လက်ရင်း၌ထားပြီး ဖဲငယ်များကို လက်ဖျား၌ ဖဲဆွဲပုံကို ကြည့်ပြီး ဖဲအပါကို ခန့်မှန်း တတ်၏။ ထို ခန့်မှန်းချက်ဖြင့် ပိတ်တတတ် ဆို့တတ်၏။
သို့ဖြစ်သောကြောင့် ငထွန်းကားသည် လက်ရင်း၌ ဖဲသေး၊ လက်ဖျား၌ ဖဲကြီးများကို ထားလေ့ ရှိသည်။ သူ့လက်ထိပ်က လူ၊ သူ့လက်အောက်ကလူများ အထင်မှားအောင် လုပ်တတ်သည်။ ယခုပင်ကြည့်။ ဖဲရှစ်ချပ် စီအပြီး ၌ ငထွန်းကား ရေရွတ်၏။
"ရှမ်းဆိုလို့ မူးရင်တောင် ရှူစရာ မပါပါကလား ကွယ်ရို့"
သူ့ဘေးတွင် ထိုင်ပြီး သူ့ဖဲကို သဲသဲမဲမဲ ကြည့်နေသူများမှာ မျက်လုံးပြူးနေကြ၏။ ပြူးရမလည်လေ၊ သူ့တွင် ပါသော ဖဲနှင့် သူအော်ပုံက တခြားစီ မဟုတ်ပါလား။
သူ့လက်ထဲ တွင် ရှိသော ဖဲမှာ ရှမ်းဖဲချည်း ဖြစ်၏။ သို့ပါလျက်နှင့် "ရှမ်းဆိုလို့ မူးရင်တောင် ရှူစရာ မပါပါကလား ကွယ်ရို့" မြည်တမ်းသောအခါ ဘေးလူတွေ မျက်လုံးပြူးရ၏။ ငထွန်းကား လက်ထဲတွင် ရှမ်းကြီးတွေချည်း ရှိသည်။ စုံလာသည်ဖြစ်စေ၊ တစ်ချပ်ချင်းလာသည်ဖြစ်စေ ရှမ်းသာ လာလျှင် ငထွန်းကားလက်မှ ပြေးမလွတ်။
သို့ရာတွင် သူ့အထက်က ဖဲငယ်ကလေးတွေ ဆင်းလာသည်။ ငထွန်းကား မည်သို့မျှ မတတ်နိုင်။ ထေလွှတ်ရသည်။ ထို ဖဲငယ်ကလေးကို သူ့လက်အောက်က ရိုက်ယူသည်။ စုံတိုက်သည်။ ငထွန်းကား မည်သို့မျှ မတတ်နိုင်။ ထိုင်ပြီး ထေနေရသည်။ ဤသို့ဖြင့် တစ်လှည့်ပြီး သွားကာ လေးစေ့ပေးလိုက်ရချိန်ဝယ် ငထွန်းကား ရှေ့သို့ ထမင်းတစ်ပန်းကန် ရောက်လာ၏။
မယ်ငြိမ်းစည် ၏ ချိုသာသော မျက်နှာမျိုး။
"မောင်ကြီးရဲ့ ညီငယ်က ဖက်နဲ့ထုပ်ပြီး ပို့မယ်လုပ်နေလို့ နှမက ပန်းကန်နဲ့ ထည့်ပြီး ယောက်သွား တပ်ပေးတာပါ"
အသံ သည် ချိုသည့်နည်းတူ မယ်ငြိမ်းစည်၏ မျက်လုံးမျိုး ဖြစ်သည်။ မြို့ကြီးပြကြီးများတွင် ကြေးဇွန်းအသုံး တွင်နေပြီ ဖြစ်ငြား ကျေးလက်တွင် "ကန်ယောက်သွား" ဖြင့်သာ ခပ်စားနေဆဲ ရှိသေး၏။ မျက်လုံးလှပြီး မျက်နှာ ချိုသော၊ အသံသာသော ထိုမိန်းမမှာ ငထွန်းကား၏ လက်အောက်က ကိုဘဒင်း၏ဇနီး မယ်အေးရှင် ဖြစ်သည်။
သို့ရာတွင် ထိုအမျိုးသမီးကို ငထွန်းကား မသိပါ။ အင်တစ်ခုဖြင့် ထည့်ပေးသော ထမင်းတွေကို ကန်ယောက်သွားဖြင့် ကော်၍ ကော်၍ စားသည်။ တက်လာသော ဖဲတွေက ဗမာနှင့် ရှမ်း မျှပြီး မပါ။ ခုနက အလှည့်တွင် ရှမ်းဖဲချည်းပါသဖြင့် ထိုင်ပြီး ထေနေခဲ့ရသည့် နည်းတူ သည်တစ်လှည့်တွင် ဗမာကြီးတွေချည်း ပါသည်။ ဆင်းလာသမျှ ရှမ်းတွေကို ထိုင်ပြီး ထေနေရကာ အဆုံးသတ်တွင် လေးစေ့ပေးလိုက်ရသည်။
ဤနည်းဖြင့် ငထွန်းကားတွင်ပါသော တစ်မတ် ကုန်ပြီ။
"အစ်ကိုရေ နေရှိတုန်း ခရီးဆက်ကြစို့လေ"
ငထွန်းကားဘေးသို့ မောင်ဆေးရိုး ရောက်လာသည်။
"အေးကွာ သွားတာပါ။ ညီလေးမှာ ပိုက်ဆံပါရင် အစ်ကို့ကို ချေးကွာ။ ရွာရောက်ရင် ပြန်ဆပ်မယ်"
"အမေပေးလိုက်သာ တစ်မတ်။ ကျီးဒန်ပေးလိုက်သာ တစ်မတ်။ စုစုပေါင်း ငါးမူး ပါသဗျာ့၊ ရော့"
မောင်ဆေးရိုးသည် ကက်ကို အနည်းအကျင်းနားလည်ငြား၊ သုံးပုံကို ဗိတ်ဗိတ်သား မသိပါ။ ပဲစေ့ ၄စေ့နှင့် မူးစေ့ ၂စေ့ကို ငထွန်းကားသို့ ထုတ်ပေးပြီး ထသွားသည်။ ငထွန်းကားမှာ မောင်ဆေးရိုး၏ ပိုက်ဆံငါးမူး လက်ခံရရှိမှပင် မင်္ဂလာရသည်။ တစ်ချီတည်းနှင့် ၁၆စေ့။
"ညီလေးရဲ့ ပိုက်ဆံက လာဘ်ကောင်းသကွ"
နောက်တစ်လှည့်တွင် ငထွန်းကား ဖူလုံသည်။ နောက်တစ်လှည့်တွင် နှစ်ဖူရပြီး ကျယ်သည်။ ဤသည်ကို ရည်ပြီး သူ့ပိုက်ဆံကို လာဘ်ကောင်းသည်ဟု ချီးမွမ်းငြား၊ မောင်ဆေးရိုး ဟင်းချနေ၏။ အကြောင်းသော်ကား သူ့ထံမှ ထမင်းတွေက ယူသွားပြီး၊ ငထွန်းကားထံ ပို့ပေးသော မယ်အေးရှင် သည် ငထွန်းကားဘေး တွင် ရောက်နေသောကြောင့် တည်း။
ငထွန်းကား၏ ဇနီး မယ်ငြိမ်းစည်ကို "မျက်လုံးမကောင်း" ဟု ငထွန်းကား၏မိခင် မယ်ကြွယ်စိုးက ပြောခဲ့ဖူး၏။ ယခု ထိုမယ်ငြိမ်းစည်နှင့် ထပ်တူထပ်မျှ မျက်လုံးမကောင်းသူမှာ မယ်အေးရှင် ဖြစ်သည်။ သူ့ယောက်ျား ဦးဘဒင် ကလည်း ဖဲနိုင်နေသောကြောင့် လျစ်လျူရှုသလော၊ မနိုင်သော ကြောင့် လွှတ်ထားရသလော။ မောင်ဆေးရိုးမှာ ကြားထဲက အနေခက်၏။
ဖဲသမားသည် အချိန်ကို မသိပေ။
ငထွန်းကားမှာ သုံးမတ်ရှုံးပါလျက် ထမည့်ဟန် မပြ။ ဦးဘဒင်နှင့် မောင်ဖိုးအိတို့၏ လူအများက ရေနံချေးမီးခွက်များ ထွန်းပေးကြ၏။ မောင်ဖိုးအိမှာ ငထွန်းကား၏ လက်ထိပ်ကလူ ဖြစ်သည်။ သူလည်း ငထွန်းကားနှယ် သုံးမတ် မရှုံးသည့်တိုင်အောင် တ်စမျှသော်ကား ရှုံးထားဟန် တူ၏။ ညစာ သည်လည်း နံနက်စာနည်းတူပင် အင်ခွက်နှင့် ကန်ယောက်သွား တပ်လျက် ငထွန်းကားထံ ရောက်လာရပြန်ပြီ။ ယခု ညစာတွင်ကား အားလုံး တစ်ညီတည်း ဖြစ်သည်။ သူငယ်အိပ်ဆိပ်တွင် လှည်းပေါ်၌ အိပနေသော မောင်ဆေးရိုးကို မယ်အေးရှင်က လာနှိုးသည်။
"မောင်လေး ကို မောင်လေးရဲ့ အစ်ကိုက အနှိုးခိုင်းလို့"
မောင်ဆေးရိုး ထလိုက်လာသည်။ ရေနံချေးမီးခွက် နှစ်ခွက်အောက်က သုံးပုံဖဲဝိုင်းသ်ည တိတ်ဆိတ် နေ၏။ သို့ရာတွင် ဖဲချပ်တွေကို ဖဲချပ်တစ်ချပ်ဖြင့် ဆွဲခြစ်သံကား ညံဆဲပင်။ မောင်ဆေးရိုးသည် သူ့အစ်ကို ငထွန်းကားဘေးတွင် တသမ်းသမ်းတဝေေ၀ သွားထိုင်သည်။
"ညီလေး အင်္ကျီချွတ်စမ်း"
ငထွန်းကားတွင် အင်္ကျီမပါ။ မောင်ဆေးရိုးသည် ခရီးထွက်ခါနီးမှ ကောက်စွပ်လာခြင်း ဖြစ်၏။ ယခု ထိုအင်္ကျီကို ငထွန်း ကား ရန်ရှာသည်။ မောင်ဆေးရိုးကား အီလေးအာလေး ဆွဲမနေပေ။ အင်္ကျီကို ချွတ်ပြီး ငထွန်းကား၏ ရင်ခွင်ထဲသို့ ထည့်ပေး၏။
"ကိုသာဒင် ငါးကျပ်ပေးဗျာ"
ငထွန်းကားသည် မောင်ဆေးရိုး၏ အင်္ကျီကို လက်အောက်အိမ်သို့ ချက်ချင်းပို့လိုက်သည်။
"ခင်ဗျာ့ အင်္ကျီ ငါးကျပ်တန်ပေမဲ့ ပိုက်ဆံမရှိဘူးဗျ"
"ရှိသလောက်ပေးဗျာ၊ ဘယ်လောက်ပေးမတုံး"
ဦးဘဒင်သည် ကြေးပြားနှင့် ပဲစေ့၊ မူးစေ့၊ မတ်စေ့များကို ရေတွက်ကြည့်နေရာက "သုံးကျပ်တော့ ရနိုင်တယ်" ဆို၏။
"အက်ႌယူထားဗ်ာ။ ရွေးနိုင်ရင် ရွေးမယ်။ မရွေးနိုင်ရင် ငါးကျပ်အဆုံးပေါ့ဗျာ"
ငထွန်းကားသည် ဦးဘဒင်ထံမှ ရသော ပိုက်ဆံများကို သူ့ရှေ့တွင် တပ်ထားသည်။ အချို့ကို ဇယ်နှင့် လဲသည်။
"ဒါလောက်ဖဲသေတာ၊ ဖဲဖမ်းပါလား"
လက်ထိပ်အိမ် မောင်ဖိုးအိက အကြံပေး၏။ ငထွန်းကား ခေါင်းခါသည်။
"ဖဲညံ့တာ မှ မဟုတ်တာ၊ လူအသုံးမကျလို့ ဖြစ်တာပဲ"
ငထွန်းကားသည် သုံးမတ်ရှုံးပြီးစေကာမူ တစ်ကြိမ်မျှ ဖဲမဖမ်းပေ။ တစ်ခါမျှလည်း နေရာမလဲပေ။ သို့ရာတွင် ငထွန်းကား၏ လက်ထိပ်မှ မောင်ဖိုးအိမှာလည်း ရှုံးနေသူဖြစ်သဖြင့် ဖဲဖမ်းပြီ။ ယင်းတိုက် နှစ်ဖြင့် ပြုလုပ်ထားသော သုံးပုံဖဲ ၂၄ချပ်ကို သုံးချပ်စီ ထပ်ပြီး ရှစ်ပုံပူးထားသည်။ ဖဲဖမ်းသူ မောင်ဖိုးအိ က ဖဲပုံ ရှစ်ပုံမှ အပေါ်ဆုံးအချပ်များကို တညီတည်း ဆွဲချသည်။ ဖဲရှစ်ချပ်သည် အလွှာ လိုက် ကျဆင်း လာလျှင် သုံးချပ်စီ ထပ်သည်။ နှစ်ပုံရလျှင် ပိုနေသော ၂ချပ်ကို ထပ်သည်။ နောက်တစ်ချပ် ယူပြီး ထပ်သည်။ ဖဲဖမ်းသူ မောင်ဖိုးအိရှေ့တွင် သုံးချပ်ဖဲပုံ ရှစ်ပုံ ဖြစ်သွားပြီ။ ထိုမှ တစ်ဖန် လေးချပ်ပုံများသို့ ပြောင်းပြီး ပုံပြန် သည်။ ခြောက်ပုံအရတွင် မောင်းဖိုအိသည် နှစ်ပုံစီ တွဲထားသည်။
"ကိုင်း အံစာထိုးပေတော့"
ဦးဘဒင်က အံစာကိုငထွန်းကားဘက်သို့ တွန်းပေးသည်။်
"ဟာ ကျုပ်မှမကျယ်တာ၊မထိုးချင်ပါဘူး" "အံစာထိုးတဲ့လူဆိုတာ ကျယ်တတ်သဗျ"
ထိုသို့ပြောမှငထွန်းကားသည်အံစာကို ကောက်ကိုင်ချေသည်။ အထက်တွင်ဆိုခဲ့သည့် "ကျယ်သည်" ဆိုခြင်းမှာ ကစားဖော်သုံးယောက်အနက် အတော်ဆုံးအခြေအနေကို ရသူဖြစ်၏။ အံစာမှာ ၆ မျက်နှာပါသော သစ်သားတုံး ကလေးဖြစ်သည်။ တစ်မျက်နှာတွင် အမှတ်အသားတစ်ခု ရေးထားသည်။ ပထမတစမျက်နှာတွင် အစက် တစ်စက်၊ ဒုတိယမျက်နှာ၌ အစက်နှစ်စက်။ ဤသို့ဖြင့် ဆဋ္ဌမမျက်နှာတွင် အစက်ခြောက်စက် ရှိသည်။
အံစာထိုး သည်ဆိုခြင်းမှာ အံစာတုံးကို ပစ်လိုက်ခြင်းဖြစ်၏။
တစ်ပွင့်ပေါ်နေခြင်းနှင့် လေးပွင့် ပေါ်နေခြင်းကို အတူတူ ဖြစ်သည်ဟု သတ်မှတ်၏။ အခေါ်အဝေါ် အားဖြင့် တစ်လေး။ လိုက်နာရန် စည်းကမ်းကား အံစာထိုးသူ ပထမ ကောက်ရခြင်း ဖြစ်၏။
နှစ်ပွင့်ပေါ်နေခြင်းနှင့် ငါးပွင့် ပေါ်နေခြင်းသည် ထပ်တူထပ်မျှ ဖြစ်သည့်အတွက် နှစ်ငါးဟု ခေါ်၏။ နှစ်ငါး၏ အကျိုးသက်ရောက်မှုမှာ အံစာထိုးသူသည် နောက်ဆုံးမှ ကောက်ယူရခြင်း ဖြစ်ပေ၏။
သုံးပွင့်ပေါ်ခြင်းနှင့် ခြောက်ပွင့်ပေါ်ခြင်းသည်လည်း အတူတူပင် ဖြစ်၏။ အခေါ်အားဖြင့် ခြောက်သုံး။ အကျိုးသက်ရောက်မှုအားဖြင့် အံစာထိုးသူ၏ လက်ထိပ်လူက စတင်ကောက်ယူရပြီး၊ အံစာထိုးသူ က အလယ်ကျခြင်း ဖြစ်ပေ၏။
"ကဲဗျာ ဟုတ်ပါပြီ၊ ကဲဟေ့"
ငထွန်းကား သည် မောင်ဖိုးအိ ဖဲဖမ်းထားသော ဖဲပုံပေါ်သို့ ပြောပြောဆိုဆို အံစာကို ပစ်ချလိုက်လေ ၏။ အံစာသည် ဖဲပုံပေါ်မှ ဖျာပေါ်သို့ လိမ့်သွားသည်။ အပွင့်လေးပွင့်ပေါ်လျက် ငြိမ်သက်နေသည်။
"တစ်လေးပါကလား"
ငထွန်းကား သည် တန်းစီထားသော လေးချပ်ပုံထဲမှ ၂ပုံကို ပြောပြောဆိုဆို ကောက်ယူသည်။ လက်ထဲတွင် ဖဲစီ၍ ပြီးရုံသာ ရှိသေးသည်။
"ကောင်းမယ့်ကောင်းတော့လည်း ပါစင်မင်္ဂလာပါခင်ဗျာ"
မှန်ပေသည်။ ရှမ်းဖဲကျူးတစ်စုံနှင့် စီတင်းတစ်စုံ။ တီတစ်စုံနှင့် မင်္ဂလာစုံတွဲ ဖြစ်သည်။
ကျူးတစ်စုံ ကို နိုင်သောဖဲ ဖရှိပါ။ ထိုကျူးတစ်စုံကို ကြောက်ရသော စီတင်းတစ်စုံကလည်း အတူတကွ ပါနေသည်။ တီတစ်စုံကလည်း မြန်မာဖဲတွင် အမြင့်ဆုံးဖြစ်သည့်အတွက် နိုင်ဖဲ ၆ချပ်ကို လက်ဝယ်ပိုင် ထားသောကြောင့် ပါစင် ခေါ်၏။
ထိုပါစင်နှင့်တွဲလျက်ပါသော မင်္ဂလာမှာ ရိုးရိုးမင်္ဂလာ မဟုတ်။ "ပါစင်မင်္ဂလာ" ဖြစ်သည့်အတွက် ကစားဖော် ၂ယောက်က ပါစင်ကြေးနှစ်စေ့။ မင်္ဂလာကြေး နှစ်စေ့။ ဖူလုံကြေး လေးစေ့။ စုစုပေါင်း တစ်ဦးလျှင် ရှစ်စေ့ ပေးရ၏။
"ဖဲဖမ်းဆော့ ငါက။ သွားကျယ်တော့ သူများက"
မောင်ဖိုးအိ မကျေမချမ်း ရေရွတ်ရာ ဦးဘဒင်က နှစ်သိမ့်၏။
"တော်လိုက်တာ၊ ပါစင်မင်္ဂလာ သည်တစ်ခါပဲ ဖြစ်သေးတယ်"
ဦးဘဒင်၏ဇနီး မယ်အေးရှင်သည် ငထွန်းကားနှင့် ကပ်ထိုင်ရာက နှာသံကလေးဖြင့် ပြောသည်။ ဦးဘဒင်မှာ ဖဲနိုင်နေ လျှင် မယားကို အရေးမလုပ်သူ မဟုတ်ချေ။ ငထွန်းကားအတွက်သော်ကား နှာသံ ကြာဗျာပါဟန်များသည် အဆန်းမဟုတ်တော့ချေ။
"ဖဲဖမ်းတော့ ငါက။ သွားကျယ်တော့ သူများက"
မောင်ဖိုးအိ မကျေမချမ်း ထပ်မံပြောသောအခါ "ရော့ဗျာ၊ ကျုပ်ရတာတွေ ခင်ဗျားယူ" ဟု ငထွန်းကားက သူ့ရှေ့ရှိ ဇယ်စေ့များကို မောင်ဖိုးအိဘက်သို့ တွန်းပေး၏။
"ခင်ဗျား ဒါဘာလုပ်တာတုံး၊ ဘာလုပ်တာတုံး"
မောင်ဖိုးအိသည် မေးလည်း မေး၏။ ထရပ်ရင်း နောက်သို့လည်း ဆုတ်၏။
"နားညည်းတယ်ဗျာ"
"နားညည်းရင် မပြောဘူးဗျာ။ ခင်ဗျားဟာတွေ ပြန်ယူ"
မောင်းဖိုးအိ၏ ဟန်ပင်က ထိုးမည်သို့ ကြိတ်မည်သို့ ရှိ၏။ သို့ရာတွင် ငထွန်းကားက မော်၍သော်မျှ မကြည့်သည့်အတွက် ပြန်ထိုင်ကြသည်။ ငထွန်းကား အံစာထိုးသည်။ ဘိတ်ကျသည်။ မင်္ဂလာ ထွက်နိုင်သည့်အတွက် မင်္ဂလာကြေးရသည်။ ထိုအလှည့်တွင် ငထွန်းကားမှား မင်္ဂလာကြေးရသည်။ ဖူလုံ သည်။ နောက်တစ်လှည့်တွင် ပါစင် မင်္ဂလာရပြန်သည်။
"တော်ပြီ၊ အိပ်ပြီ"
သည်မျှ ဖဲကောင်းနေသော သူ့အစ်ကိုကို ခရီးဆက်ရန် မောင်ဆေးရိုး မတိုက်တွန်းဘဲ လှည်းပေါ် တွင် ပုဆိုးခြုံပြီး မောင်ဆေးရိုးကွေးသည်။ မှေးမှေးမှေးမှေး ဖြစ်စဉ် သူ့ကိုယ်ပေါ်သို့ "ခေါက်ချိုးစောင်" တစ်ထည် ရောက် လာ၏။
"ဟာ ဘယ့်နှာကြီးတုံး"
မောင်ဆေးရိုးသည် ထိုခေါက်ချိုးစောင်ကို ကန်ပစ်ရာ "မခြုံချင်နေပေါ့။ သူများက စေတနာနဲ့ ခြုံပေး တာ" ဆီမန်း မန်းသံ ကြားရ၏။ အသံရှင်မှာ မယ်အေးရှင်ဖြစ်ကြောင်း မောင်ဆေးရိုး ကောင်းစွာ သိသည်။ ထိုမိန်းမသည် ကြာတွေ နှာတွေ ဗျာပါတွေနှင့် ဆွဲဆောင်မှုရှိသော်ငြား ဘုန်းကြီးကျောင်း တွင် "ကာမေသုမိစ္ဆာစာရ" ကို ကောင်းစွာ သင်ကြားခဲ့ရသော မောင်ဆေးရိုးကို မယူကျုံးနိုင်ပေ။ သို့ကြောင့် မောင်ဆေးရိုးသည် နွားနှစ်ကောင်ချည်ထားသည့်နေရာသို့ ထလာခဲ့သည်။
နွားနှစ်ကောင်မှာ ရေနှင့်ဖျော်သော အစာကို စားနေကျ ဖြစ်သည်။ သည်နေရာတွင်မူ ရေကို သီးခြားသောက်ပြီး တစ်ကောင်လျှင် မြက်တစ်ထုံးကျ စားနေရသဖြင့် အားမရ။ မောင်ဆေးရိုး၏ အနံ့ကို သိသဖြင့် ထရပ်ကြ သည်။ မောင်ဆေးရိုးက ဘို့နေရာကို ပွတ်ပေးရုံမှအပ ဘာမျှမတတ်နိုင်။ မတတ်နိုင်သောကြောင့် ဖဲဝိုင်းကို မောင်ဆေးရိုး လှမ်းကြည့်သည်။ သူ့အစ်ကို ငထွန်းကားမှာ အခြေအနေကောင်းနေ သဖြင့် မောင်ဆေးရိုး၏ အင်္ကျီကို ပေါင်နှံရာမှ ရွေးထားသည်။ သို့သော် မောင်ဆေးရိုး ၀မ်းမသာ ပါ။ နှဲသမားပါးစပ်နှင့် ဖဲသမားအဖြစ်မှာ အတူတူပဲ မဟုတ်လား။
သို့ဖြစ်သဖြင့် မောင်ဆေးရိုးသည် ဦးဘဒင်ထံမှ သူ့အစ်ကို သုံးကျပ်ဖြင့် ရွေးထားသော အင်္ကျီကို ကိုင်၍သော်မျှ မကြည့်။ သူ့အစ်ကိုဘေးတွင် ထိုးအိပ်၏။ ကြည့်စမ်း၊ မယ်အေးရှင်တို့ အတင့်ရဲပုံများ။ မီးရောင်အောက် တွင်လည်းဖြစ် ဦးဘဒင်၏ မျက်စိအောက်မှာပင် မောင်ဆေးရိုးကို စောင်ခြုံပေး၏။
"ကျုပ်တို့ သွားဖို့ကောင်းပြီ အစ်ကို"
မောင်ဆေးရိုး တီးတိုးပြောသည်။
"အေးပါ၊ အရုဏ်တက်ရင် သွားကြတာပေါ့"
ငထွန်းကားက မောင်ဆေးရိုးကြားရုံမျှသော လေသံဖြင့် ပြန်ဖြေ၏။ စင်စစ်သော်ကား ဦးဘဒင်နှင့် မောင်ဖိုးအိတို့မှာ အရပ်တကာလည်ပြီး ကက်ဆွဲရလျှင် ကက်။ ကက်မဆွဲရလျှင် သုံးပုံရိုက်နေသူ များ ဖြစ် ၏။ ငထွန်းကားမှာ သွားရင်းဟန်လွှဲ အပျော်လုပ်သော်ငြား ဦးဘဒင်တို့မှာ စီးပွားရေး လုပ်ငန်း တစ်ခုသဖွယ် လုပ်နေကြခြင်း ဖြစ်၏။
ဦးဘဒင်ရော မောင်ဖိုးအိပါ ကမ်းဖြူရွာသားများ ဖြစ်ကြသည်။ သည်သုံးပုံဝိုင်းသို့ ငထွန်းကား ၀င်နိုင်ရန် ဖယ်ပေးသူ မှာ ဥသျှစ်ကုန်းသား ဖြစ်၏။ ဥသျှစ်ကုန်းမှာ ကမ်းဖြူနားက ရွာတစ်ရွာ ဖြစ်သည်။ ဖယ်ပေးသူမှာ ဦးဘဒင်နှင့် မောင်ဖိုးအိ တို့ မလှန်နိုင်သော မောင်သာအေး ဖြစ်သည်။
စင်စစ်အားဖြင့် သူတို့သည် နွားစာအ၀ယ် ထွက်ဟန်ဖြင့် သည်နေရာ၌ ဖဲရိုက်ကြခြင်း ဖြစ်၏။ ငထွန်းကား ထသွား လျှင်လည်း သုံးပုံဝိုင်း ဆက်ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် ကက်ဝိုင်းဖြစ်မည်မှာ သေချာ၏။ ယခု ငထွန်းကား ၀င်လာ သဖြင့် ဥသျှစ်ပင်ရွာသား မောင်သာအေး အိပ်ချိန်စားချိန် ကောင်းစွာရနေခြင်း ဖြစ်ပေ၏။
ငထွန်းကား မှာ အကျင့်မကောင်းပေ။
သူသည် ဤသုံးပုံဝိုင်းတွင် ၀င်ရောက်ထိုင်မိပြီး သုံးလေးလှည့်မျှ ဆ်ကတိုက်နိုင်လျှင် သူ ထမည်။ ယခုသော်ကား ရှုံးသောကြောင့် မဲခြင်း ဖြစ်သည်။ အဘယ်မျှ မဲပါသနည်းဟူမူ ထမင်းသုံးနပ်ကို ဖဲရိုက်ရင်း စားကာ အိပ်ချိန် တစ်ချိန် မေ့လျှော့ခဲ့ပြီ။
မည်သို့ဆိုစေ သာလာယံဇရပ်ကြီးနှင့် ညောင်မုတ်ဆိတ်ပင်ကြီးကို လွှမ်းခြုံထားသော ညဥ့်အမှောင် သည် တဖြည်းဖြည်း ဆုတ်ယုတ်ခဲ့သည်။ သိပ်သည်းသော အမှောင်ထုကြီး ပြယ်စပြုပြီ။ မောင်ဆေးရိုးသည် သူ့အစ်ကိုမနှိုးဘဲ နိုးလာသည်။ မျက်လုံးကို ပွတ်ပြီး ငထွန်းကား၏ ဘယ်ဘက် ပခုံးပေါ်သို့ လှမ်းကြည့်၏။ မောင်ဆေးရိုး ထိုးမအိပ်မီက ငထွန်းကား၏ပခုံးပေါ်တွင် တင်ထားသော အင်္ကျီ မရှိပြိ။
သို့ဖြစ်ရကား သူ့အစ်ကို ရှုံးမဲ မဲဦးမည်ဟု မောင်ဆေးရိုး တွက်သည်။ သို့ကြောင့် သူ့အစ်ကိုဘေး တွင် မောင်ဆေးရိုး ပြန်လှဲသည်တွင် ငထွန်းကားက ညာလက်ဖြင့် ခံထားသည်။
"မအိပ်နဲ့တော့၊ သွားကြရအောင်"
"အင်္ကျီကော" ဟု မေးရင်း၊ မောင်ဆေးရိုး ထထိုင်၏။
"ညီလေးရဲ့အင်္ကျီလား။ ရွေးလိုက်၊ ပြန်ပေါင်လိုက်နဲ့။ အေးလေ၊ အရှုံးနဲ့ပိုင်းတာပဲ ကောင်းပါတယ်"
မောင်ဆေးရိုး စောဒက မတတ်ကပါ။ သူသည် ငါးကျပ်ဖြင့် ဆုံးသော အင်္ကျီကို နှမြောသော်ငြား မပြောတော့ ပါ။ ပြောမိသောကြောင့် သံသရာရှည်နေလျှင် နောက်ထပ် ဘယ်နှရက်ထိုင်ဖြစ်မည်ကို မည်သူမျှ အတပ် မပြောနိုင်ပါ။ မန်ကျည်းပင်ပုရွာမှ မယ်ငြိမ်းစည် မျှော်ခြင်း မမျှော်ခြင်းထက် ရမ်းဘိုကုန်းမှ အမေ မျှော်ရော့မည်။
သို့ကြောင့် အင်္ကျီစကား တစ်ခွန်းမျှ မပြောဘဲ မောင်ဆေးရိုး ထလာသည်။ နွားနှစ်ကောင်ကို လှည်းတပ်သည်။
"မောင်လေး သွားတော့မလား"
မယ်အေးရှင် ရောက်ဖြစ်အောင် ရောက်လာသေးသည်။
"မောင်လေးတို့၊ အခု ဘယ်ကိုပြန်မှာတုံး"
"မန်ကျည်းပင်ပု" မောင်ဆေးရိုးသည် ဦးဘဒင် မောင်ဖိုးအိတို့နှင့် နှုတ်ဆက်အပြီးတွင် ငထွန်းကား ထွက် လာသော အခါ လှည်း ကို တန်းမောင်းရန်အတွက် အသင့်ထွက်ထား၏။ ထိုအပေါ်သို့ မယ်အေးရှင် ရောက်နေ ၏။ တစ်ခဏ အတွင်း ခွဲခွာရမည့်သူမို့ ခွင့်လွှတ်သည်းခံရငြား၊ မေင်ဆေးရိုး လျှာယားနေ ၏။ "ခင်ဗျားလောက် အရှက်နည်း သဲ့မိန်းမ။ တစ်သက် မတွေ့ဖူးဘူးဗျာ"
ဆက်ရန်
.

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၅)
"ရဘက်ကာ ဟာ ရေထုတ်ပိုက်ခေါင်းတွေ လဲ မဖွင့်ဘူး။ သင်္ဘောဝမ်းဗိုက်ကိုလဲ အပေါက်ဖောက်မပစ် ဘူး။ သူ့ကိုယ်သူ လဲ ဘယ်တော့မှ သတ်မသေဘူး။ ရဘက်ကာ ဟာ အသတ်ခံလိုက်ရတာ။ သတ်တဲ့လူ ကိုရော သိချင်သလား… ဟောဟို ပြတင်းပေါက်နားမှာ ခပ်တည်တည် ပြုံးပြီး ရပ်နေတဲ့ လူဟာ လူသတ်သမားပေါ့ဗျာ… မစ္စတာ မက်ဇီမီလျံ ဒီဝင်းတား ဆိုတာ လူသတ်သမားပေါ့။ သူ့ကို သေသေချာ ချာကြည့်လိုက်စမ်းပါ။ ကြိုးစင်တင် ဖို့ ဘယ်လောက်ကောင်းမယ့်လူလဲဆိုတာ… ဟား… ဟား… ဟား…" ဖေဗယ် က အရက်မူးလွန်းနေသူတစ်ယောက်လို အတောမသတ် ရယ်တော့သည်။ စိတ်မမှန်သူတစ် ယောက်လို ရယ်တော့သည်။ ကို ဆက်ဖတ်ရန်.........
အခန်း (၂၄)
အရူးတစ်ယောက်လို အတောမသတ် ဖေဗယ်ရယ်သည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ သည်။ သူ့မျက်နှာ မှာ နီရဲပြီး မျက်လုံးများပါ သွေးချင်းချင်းရဲနေသည့်အတွက် ဘုရားသခင်ကို ကျေးဇူး တင်ပါသည်။ သူ့ကိုယ်သူ မထိန်းနိုင် မဟန်နိုင်ဘဲ ယိမ်းထိုးနေသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ယင်းသို့သော အပြုအမူများကြောင့် ကာနယ်ဂျူလယန်းသည် သူ့အပေါ်သံသယ၀င်သွားတော့သည်။ သူ့ကို မကြည့်တော့။ သူ့ဘက်မှာလည်း မရှိတော့။ ကျွန်မတို့ဘက်သို့ ရောက်လာပြီ။
"ဒီလူ အရက်မူးနေပြီ။ သူ့ဟာသူ ဘာတွေပြောနေမိတယ် ဆိုတာတောင် မသိတော့ဘူး"ဟု ကာနယ် ဂျူလယန်းက ပြောသည်။
"ကျုပ်အရက်မူးနေတယ်... ဟုတ်တယ်.... မထင်လိုက်ပါနဲ့ မိတ်ဆွေကြီးရာ... ခင်ဗျားက တရားသူ ကြီး... ဗိုလ်မှူးကြီး... ဒါပေမဲ့ ကျုပ်ကို အရူးလုပ်လို့မရဘူး။ ကျုပ်ဘက်မှာ တရားဥပဒေရှိတယ်။ ဒီစီရင် ချက်ကို ပြောင်းပစ်ဖို့ ကျုပ်လုပ်ရမယ်။ ဒီခရိုင်ထဲမှာ ခင်ဗျားအပြင် တခြားတရားသူကြီးတွေရှိသေး တယ်။ ဦးနှောက်တကယ်ရှိတဲ့ တရားသူကြီးတွေ ရှိသေးတယ်။ မက်ဇင်မ် ဒီဝင်းတားက ရဘက်ကာကို သတ်ပစ်လိုက်တယ်ဆိုတာ ကျုပ် သက်သေခံ အထောက်အထားတွေ ပြမယ်"
"ခဏနေပါ ဦး မစ္စတာဖေဗယ်... ဒီနေ့ ရုံးတော်မှာ စစ်ဆေးတုန်းက ခင်ဗျားရှိနေတယ် မဟုတ်လား။ အခုမှ ကျုပ် မှတ်မိ လာတယ်။ ခင်ဗျား ဟိုမှာ ထိုင်နေတာ ကျုပ် တွေ့ခဲ့တာပဲ။ စီရင်ချက်ဟာ တရားမျှတ မှန်ကန်မှုမရှိဘူးလို့ ခင်ဗျားထင်ရင် အဲဒီအချိန်တုန်းက ဘာကြောင့် မပြောတာလဲ။ ဂျူရီလူကြီးတွေနဲ့ မှုခင်းရှေ့နေကို ဘာဖြစ်လို့ မပြောတာလဲ။ အဲဒီစာကို ဘာဖြစ်လို့ ရုံးတော်မှာ မတင်ပြခဲ့တာ။ ဂျူရီ လူကြီးတွေနဲ့ မှုခင်းရှေ့နေကို ဘာဖြစ်လို့ မပြောတာလဲ။ အဲဒီစာကို ဘာဖြစ်လို့ ရုံးတော်မတင်ပြခဲ့ တာလဲ။"
"ဟား... ဟား... ဘာဖြစ်လို့ မတင်ပြတာလဲ... ဟုတ်လား... အဲဒီ နည်းလမ်းကို ကျုပ်က မကြိုက်လို့ ပေါ့ဗျာ... ဒီဝင်းတား ဆီ ကိုယ်တိုင်လာပြီး ဖြေရှင်းချင်လို့ပေါ့ဗျာ... ဟား... ဟား"
"ဒါကြောင့် ခင်ဗျားကို ကျွန်တော် ဖုန်းဆက်ခေါ်တာပါ" မက်ဇင်မ်က ပြတင်းပေါက်မှ ပြန်လျှောက် ပြီးပြောသည်။ "သူ့စွပ်စွဲချက်တွေကို ကျွန်တော်တို့အားလုံး ကြားပြီးပါပြီ။ ကျွန်တော်ကလဲ သူ့ကို ဒီအ တိုင်းမေးခဲ့ပါတယ်။ သူဟာ သူဌေးမဟုတ်ပါဘူးတဲ့။ ဒါကြောင့် သူသေတဲ့အထိ တစ်နှစ်ကို ငွေနှစ် ထောင် သုံးထောင် ကျွန်တော်က ပေးမယ်ဆိုရင် သူနောက်ထပ် မနှောင့်ယှက်တော့ပါဘူးတဲ့။ ဟော ဒီမှာ ဖရင့်ရှိတယ်။ ကျွန်တော့်မိန်းမရှိတယ်။ သူတို့နှစ်ယောက်စလုံးကြားတယ်။ သူတို့ကိုမေးကြည်ပါ။"
"ဒါ အမှန်ပါပဲခင်ဗျာ... ငွေညှစ်တာပါ။ သိပ်ရှင်းပါတယ်"ဟု ဖရင့်ခရော်လေက ၀င်ပြောသည်။
"ဒါမှန်တာပေါ့။ ငွေညှစ်တယ် ဆိုတာ မလုပ်ကောင်းတဲ့အလုပ်ပဲ။ လူပေါင်းများစွာ စိတ်မချမ်းမသာဖြစ်ကြ ရမယ်။ ငွေညှစ်သူကိုယ်တိုင်လဲ ထောင်ကျနိုင်တယ်။ ဒါမျိုးကို ကျုပ်တို့ရှောင်ရမယ်။ ကျုပ်မေး မယ့် မေးခွန်းတွေကို ဖြေနိုင်လောက်အောင် ခင်ဗျား စိတ်တည်ငြိမ်မှုရှိ မရှိ ကျုပ်မသိဘူး ဖေဗယ်… ပုဂ္ဂိုလ် ရေးတွေ ရှေ့တန်း မတင်ဘဲ ဒီကိစ္စကို မြန်မြန် ရှင်းလိုက်ကြရအောင်။ ခင်ဗျား ဒီဝင်းတားကို အပြင်း အထန် စွပ်စွဲပြီးပြီ။ ဘာ အထောက်အထား ပြနိုင်သလဲ"ဟု ကာနယ်ဂျူလယန်းက မေးသည်။
"အထောက်အထား... ဘာအထောက်အထားကို ခင်ဗျားက လိုချင်သေးလို့လဲ... သင်္ဘောဝမ်းဗိုက်က အပေါက်တွေ ဟာ လုံလောက်တဲ့ အထောက်အထားတွေ မဟုတ်ဘူးလား။ သက်သေခံတွေ မဟုတ်ဘူး လား"
"ဒါတွေဟာ အထောက်အထားမဖြစ်နိုင်ဘူး။ ဒီအပေါက်တွေကို ဒီဝင်းတား ဖောက်နေတာ မြင်ပါတယ် လို့ ထွက်ဆိုနိုင် မယ့် မျက်မြင်သက်သေမရှိသမျှ သက်သေခံ မမြောက်ဘူး။ ခင်ဗျားမှာ မျက်မြင်သက် သေ ရှိသလား"
"ဘာမျက်မြင်သက်သေ လဲ... ဒါဟာ ဒီဝင်းတား လုပ်တာပဲ။ ရဘက်ကာကို လူကလွဲပြီး တခြားဘယ်သူ က သတ်မှာလဲ" "ကားရစ်ဆိုတာ လူဦးရေအများကြီးနေတဲ့ မြို့။ ဒီမြို့မှာ တစ်အိမ်တက်ဆင်း လိုက်မေးနေ ရမှာလား... ဘယ်လို လုပ်ပြီး မျက်မြင်သက်သေ ခင်ဗျား ပြနိုင်သလဲ"
"သြော်... ခင်ဗျားက ဒီဝင်းတားဘက် လိုက်သွားပြီပေါ့လေ... သူ့ကို အကာအကွယ်ပေးနေပြီပေါ့ လေ... သူ ဒုက္ခရောက်သွားမှာ ခင်ဗျားက မမြင်ရက်ဘူးပေါ့လေ... ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာ သူနဲ့အတူတူ ထမင်းစားနေတဲ့ လူကိုး။ သူက ဒီအရပ်မှာ နာမည်ကြီးတစ်လုံးနဲ့နေတဲ့ မျက်နှာကြီး ကိုး... သူက မန်ဒါလေစံအိမ်ကြီး ရဲ့ ပိုင်ရှင် ကိုး...။ သောက်သုံးမကျတဲ့ အကောင်ကြီး..."
"ဆင်ခြင်ပြော ဖေဗယ်....ဆင်ခြင်ပြော"
"ကျုပ်ကို ဒီလိုအလွယ်ကလေးနဲ့ ပထုတ်လိုက်လို့ ရမယ်ထင်သလား။ ရုံးတော်မှာ ကျုပ်က တရားစွဲ လို့မရဘူး ထင်သလား။ ခင်ဗျားကို ကျုပ်ပြောပြမယ်။ ဒီဝင်းတားက ကျုပ်ကြောင့် ရဘက်ကာကို သတ် ပစ်လိုက်တယ်။ ကျုပ်ဟာ သူ့ချစ်သူပဲ ဆိုတာ သူသိတယ်။ သူက သ၀န်တိုတယ်။ ကြောက်စရာကောင်း လောက်အောင် သ၀န် တိုတယ်။ ကမ်းခြေက တိုက်ကလေးထဲမှာ ကျုပ်ကို ရဘက်ကာ စောင့်နေတယ် ဆိုတာ သူသိတယ်။ အဲဒီညမှာပဲ သူလိုက်သွားပြီး ရဘက်ကာကို သတ်ပစ်လိုက်တာ။ ပြီးတော့ သင်္ဘောကေဗင်ထဲမှာထည့်ပြီး နှစ်ပစ်လိုက်တာပဲ"
"ဇာတ်လမ်း ကလေးကတော့ နားထောင်လို့ကောင်းပါရဲ့ ဖေဗယ်....။ ဒါပေမဲ့ ခင်ဗျားမှာ အထောက် အထား မရှိဘူး။ ခင်ဗျားကို ထပ်ပြောရဦးမယ်။ ခင်ဗျားမှာ ဘာအထောက်အထားမှ မရှိဘူး။ မျက်မြင် သက်သေပြပါ။ ကျုပ်အရေး ယူပေးမယ်။ ကမ်းခြေက တိုက်ကလေးကို ကျုပ် သိပါတယ်။ ပျော်ပွဲစား ထွက်ကြ တဲ့ နေရာမဟုတ်လား။ မစ္စက်ဒီဝင်းတားရဲ့ သင်္ဘောက တက်မကို သိမ်းထားတဲ့ တိုက်မဟုတ်လား။ အဲဒီပတ်ဝန်းကျင် မှာ နေတဲ့လူတွေ အများကြီးရှိတယ်။ အဲဒီအထဲက မျက်မြင်သက် သေတစ်ယောက်လောက် ခင်ဗျား ရှာပေးနိုင် ပါ့မလား"
"နေဦး..." ဖေဗယ်က တစ်လုံးချင်းပြောသည်။ "နေဦး...ဒီဝင်းတားကို အဲဒီညက မြင်တဲ့လူ ရှိနိုင်တယ်။ အင်မတန်ကောင်း တဲ့ အခွင့်အရေးပေါ့ဗျာ။ မျက်မြင်သက်သေ တစ်ယောက်ပြနိုင်ရင် ခင်ဗျား ဘာပြော မလဲ"
ကာနယ်ဂျူလယန်း က ပခုံးများကို တွန့်လိုက်သည်။ ဖရင့်က မက်ဇင်မ်ကို လှမ်းကြည့်သည်။ မက်ဇင်မ် က ဘာမျှ မပြော။ ဖေဗယ်ကိုသာ စိုက်ကြည့်နေသည်။
ဖေဗယ် ဘာကိုဆိုလိုကြောင်း ကျွန်မ ချက်ချင်းသိလိုက်ပါသည်။ မည်သူ့ကို ဆိုလိုကြောင်း ချက်ချင်း သိလိုက် ပါသည်။ ကျွန်မစိတ်ထဲမှာ စိုးရိမ်စိတ်တွေ ကြီးစိုးလာသည်။ သူပြောသည်မှာ မှန်ပါသည်။ စိတ် မနှံ့သော လူတစ်ယောက် ၏ မျက်လုံးများပိုင်ရှင် ဘင်းကို ကျွန်မ မြင်ယောင်လာပါသည်။ သူပြောခဲ့ဖူး သည့် စကားများ ကိုလည်း ပြန်လည် ကြားယောင်လာမိပါသည်။
"အဲဒီအမျိုးသမီး ဟိုမှာ မြုပ်သွားတာမဟုတ်လား... သူ ဘယ်တော့မှ ပြန်မလာတော့ဘူးနော်... ဘယ် သူ့ကိုမှ ကျွန်တော် မပြောပါဘူး။ သူ့ကို သူတို့ရှာလို့တွေ့မှာလား... ငါးတွေက သူ့ကို စားထားကြပြီ မဟုတ်လား..." ဆိုသော စကားများကို ပြန်လည်ကြားယောင်လာမိပါသည်။
ထိုညက အဖြစ်အပျက်များကို ဘင်း မြင်နိုင်ပါသည်။ ရဘက်ကာ၏ အလောင်းကို သင်္ဘောပေါ်သို့ မက်ဇင်မ် သယ်သွားပုံ၊ သင်္ဘောကို ပင်လယ်ပြင်မှာ နှစ်ခဲ့ပြီး ရာဘာလှေကလေးနှင့် ပြန်လာပုံများကို ဘင်း မြင်တွေ့နိုင် ပါသည်။ ကျွန်မ မျက်နှာပေါ်မှာ သွေးရောင်ဆုတ်သွားသည်။ ပင်ပန်းစွာဖြင့် ကုလားထိုင်နောက်မှီပေါ်မှာ မှီချ လိုက်မိ ပါတော့သည်။
"ဒီအရပ်မှာနေတဲ့ စိတ်ကောင်းကောင်းမနှံ့တဲ့ လူတစ်ယောက်ရှိတယ်။ ပင်လယ်ကမ်းခြေမှာပဲ သူ အမြဲ နေ တယ်။ ရဘက်ကာနဲ့တွေ့ဖို့ ကျွန်တော်သွားတိုင်း သူ့ကိုတွေ့ရတတ်တယ်။ ပူအိုက်တဲ့ ညတွေ ကျရင် သောင်ပြင်ပေါ်မှာဖြစ်ဖြစ် တောထဲမှာဖြစ်ဖြစ် သူအိပ်လေ့ရှိတယ်။ ကောင်လေးက ဦးနှောင် မမှန်ဘူး။ ဒါပေမဲ့ အဲဒီညတုန်းက သူဘာကိုမြင်တယ်ဆိုတာတော့ ပြန်ပြောပြအောင် ကျွန်တော် လုပ် နိုင်ပါတယ်" ဟု ဖေဗယ် က ပြောသည်။
"ဘယ်သူလဲ.... ဘယ်သူ့အကြောင်းကို သူပြောနေတာလဲ..." ဟု ကာနယ်ဂျူလယန်းက မေးသည်။
"ဘင်းကို ပြောနေတာဖြစ်မှာပေါ့" ဖရင့် မက်ဇင်မ်ကို ကွက်ကနဲ တစ်ချက်ကြည့်ပြီးပြန်ဖြေသည်။ "ကျွန် တော် တို့ခြံ က သီးစားအလုပ်သမားတစ်ယောက်ရဲ့ သားပါ။ ဒါပေမဲ့ သူ့သက်သေထွက်ချက်တွေကလဲ အားထားလောက် မှာ မဟုတ်ပါဘူး။ မွေးကတည်းက ဦးနှောက်ပျက်လာတာ"
"ဒါနဲ့ဘာဆိုသလဲ... သူ့မှာ မျက်စိရှိတယ်။ သူ ဘာမြင်တယ်ဆိုတာ သူသိတယ်။ ဟုတ်တယ် မဟုတ် ဘူး ဖြေရုံ ပဲ။ ဘယ်လိုလဲကွ... မင်းစိတ်တွေ လှုပ်ရှားလာပြီ မဟုတ်လား... သိပ်ပြီး စိတ်တင်းမထားနိုင် တော့ဘူး မဟုတ်လား" ဖေဗယ် က တစ်ဆက်တည်း မက်ဇင်မ်ကိုပါ လှမ်းမေးသည်။
"အဲဒီလူကိုခေါ်ပြီး မေးကြည့်လို့ ရနိုင်မလား" ကာနယ်ဂျူလယန်းက မေးသည်။
"ရနိုင် ပါတယ်။ ဖရင့်... ရောဘတ်ကိုလွှတ်ပြီး သူ့အမေအိမ်မှာ သွားခေါ်ခိုင်းလိုက်ပါ"
မက်ဇင်မ် က ဖရင့်ကို လှမ်းပြောသည်။
ဖရင့်က တုံ့ဆိုင်းနေသေးသည်။ ကျွန်မကို မျက်လုံးစွေပြီး ကြည့်လိုက်ကြောင်းလည်း သတိထားလိုက်မိ သည်။
"ကဲ...လုပ်ကွာ...ဒီကိစ္စကြီး တို့ပြတ်ချင်ပြီ"
မက်ဇင်မ် ၏ စကားဆုံးသည်နှင့် အခန်းပြင်သို့ ဖရင့်ထွက်သွားသည်။ ကျွန်မ ရင်ထဲမှာ နာကျင်လာ သည်။ ခဏကြာတော့ ဖရင့် ပြန်ဝင်လာသည်။
"ကျွန်တော့ကားနဲ့ ရောဘတ်ကို လွှတ်လိုက်တယ်။ ဘင်းကို အိမ်မှာ အဆင်သင့်တွေ့ရင် ဆယ်မိနစ် ထက် မပိုဘူး။ ပြန်ရောက်လာမယ်"
"ဒါလောက် မိုးသဲနေရင် အိမ်မှာ သူရှိနေမှာ သေချာတယ်" ဟု ဖေဗယ်က ပြောသည်။ "သူမြင်တာ တွေ ကိုပြောရပါစေ့မယ်ဗျာ... ကြည့်ကြပါ။ ဟား... ဟား...."
မက်ဇင်မ် ကိုကြည့်ပြီး သူရယ်ပြန်သည်။ သူ့မျက်နှာပေါ်မှာလည်း ဇောချွေးတွေ ပြန်နေသည်။
စိတ်အားထက်သန်နေပုံ လည်း ရသည်။
"ဒီ မန်ဒါလေစံအိမ်ကြီးမှာ ခင်ဗျားတို့က ညီညွတ်ရေး ရနေကြတာပေါ့လေ။ ခရိုင်တရားသူကြီးက တကျိတ်တည်း တစ်ဉာဏ်တည်း။ မိန်းမလုပ်တဲ့သူက ကိုယ့်ယောက်ျားကို ဆန့်ကျင်ပြီး ဘယ်သက် သေခံ ပါ့မလဲ။ ခရော်လေကလဲ ဒီအတိုင်းပဲပေါ့။ အမှန်အတိုင်းအစစ်ခံရင် သူအလုပ် ပြုတ် သွား မယ်လေ။ နောက်ပြီးတော့ ကျွန်တော့်အပေါ်မှာလဲ သူက အာဃာတထားနေတာ။ ကျွန်တော့်ကြောင့် ရဘက်ကာ နဲ့ သူ ထင်တိုင်းမကြဲလိုက်ရဘူးလေ။ မဟုတ်ဘူးလား ခရော်လေ... ဒီတစ်ခါတော့ မောင်ရင့်အဖို့ အဆင်ပြေ သွားပါပြီကွာ။ အခုအမျိုးသမီးက သူသတိလစ်သွားတိုင်း ၀က်မြီးလိုဆော့တတ်တဲ့ မင်းလက် ကို တမ်းတနေ မှာပါ။ သူ့ယောက်ျား ကို သေဒဏ်ပေးကြောင်း တရားသူကြီးရဲ့ စီရင်ချက်ကို ကြားရတဲ့ အခါ ၀က်မြီးနဲ့တူတဲ့ မင်းရဲ့လက် က သူ့ကိုဖေးမကူပေး လိုက်ဦးပေါ့"
အဖြစ်အပျက်က မြန်လွန်းလှသည်။ မက်ဇင်မ် ဘာလုပ်လိုက်သည်ကို မမြင်လိုက်ရအောင်ပင် မြန်လွန်း လှသည်။ ဖေဗယ် သည် ဆိုဖာလက်တန်းပေါ်သို့ ယိုင်းပြီးကြမ်းပြင်ပေါ်သို့ ထိုးကျသွးသည်။ သူ့ဘေး မှာ မက်ဇင်မ် ရပ်နေသည်။ ကျွန်မ စိတ်အပူကြီး ပူသွားမိပါသည်။ ဖေဗယ်ကို လက်သီးနှင့်ထိုးလိုက် သည့်အတွက် မက်ဇင်မ် အပေါ်မှာ အထင်မှားစရာ ဖြစ်လာနိုင်သည်။ သည်အဖြစ်ကို မသိရသောကိုယ်၊ မမြင်ရသော ကိုယ် ဖြစ်လိုက်ချင်ပါ၏။ ကာနယ်ဂျူလယန်းက ဘာမျှမပြော။ မျက်နှာထားတည်တည်ကြီး နဲ့ ဖြစ်နေသည်။ သူတို့ကို ကျော်ခိုင်းပြီး ကျွန်မဆီသို့ လျှောက်လာသည်။ "အပေါ်ထပ်တက်နေလိုက်ရင် ကောင်းမယ်ထင်တယ်" ဟု ခပ်တိုးတိုး ပြောသည်။ "မသွားချင်ဘူး... ကျွန်မ မသွားချင်ဘူး" ကျွန်မက ခေါင်းခါပြ ရင်း လေသံနှင့် ပြန်ပြောသည်။
"ဒီငတိပါးစပ်က ဘာမဆို ထွက်တော့မယ့်အခြေအနေမျိုး ရောက်နေတယ်။ အခုမြင်လိုက်ရတာက စိတ် မကောင်းစရာ ပဲ။ ခင်ဗျားယောက်ျားလုပ်တာ မှန်ပါတယ်။ ဒါပေမဲ့ ဒီမြင်ကွင်းမျိုး ခင်ဗျားမြင်ဖို့ မကောင်း ဘူး"
ကျွန်မ က ပြန်မဖြေပါ။ ဖြည်းဖြည်းချင်း မတ်တတ်ပြန်ရပ်နေသည့် ဖေဗယ်ကိုသာ ငေးကြည့်နေမိပါ သည်။ ဆိုဖာပေါ်မှာ အရုပ်ကြိုးပြတ် ထိုင်ချရင်း လက်ကိုင်းပဝါဖြင့် မျက်နှာကို အုပ်ထားသည်။
"အရက်တစ်ခွက်ပေးပါ....အရက်တစ်ခွက်လောက် ပေးကြပါ" ဟု သူကပြောသည်။
မက်ဇင်မ်က ဖရင့်ကို လှမ်းကြည့်သည်။ အခန်းထဲမှာ ဖရင့်ထွက်သွားသည်။ ကျွန်မတို့အားလုံး တိတ် နေကြသည်။ ခဏကြာတော့ ၀ီစကီနှင့်ဆိုဒါဗန်း ကိုင်ပြီး ဖရင်ပြန်ဝင်လာသည်။ ၀ီစကီကို ဆိုဒါနှင့်ရော ပြီး ဖေဗယ်ကို လှမ်းပေးသည်။ တိရစ္ဆာန်တစ်ကောင်လို လောဘတကြီး သောက်နေသည်။ မက်ဇင်မ်၏ လက်သီးထိသွားသော မေးရိုးပေါ်မှာ အညိုရောင် ပေါက်နေသည်။
မက်ဇင်မ်သည် အားလုံးကို ကျော်ခိုင်းပြီး ပြတင်းပေါက်နားမှား သွားရပ်နေပြန်သည်။ ကာနယ်ဂျူ လယန်းက မက်ဇင်မ်ကို ကြည့်နေသည်။ သူကြည့်ပုံက လေ့လာနေပုံမျိုး၊ အကဲခတ်နေပုံမျိုး။ ဘာ ကြောင့် သည်လို ကြည့်နေရပါလိမ့်။ ကျွန်မ၏ရင်ထဲမှာ တုန်ယင်လှုပ်ရှားလာသည်။
သည်အကြည့်မျိုး သည် သူစဉ်းစားနေပြီဆိုသည့် သဘောလား။ သံသယ၀င်နေပြီဆိုသည့် သဘော လား။
မက်ဇင်မ် ကတော့ ဒါတွေကိုမမြင်။ အပြင်မှာရွာနေသည့် မိုးကိုသာ စိုက်ကြည့်နေသည်။ ဖေဗယ်က ကုန် သွားသည့် ၀ီစကီဖန်ခွက်ကို စားပွဲပေါ်မှာ ပြန်တင်လိုက်သည်။ ကြမ်းပြင်ပေါ် စိုက်ကြည့်ရင်း အသက် ပြင်းပြင်း ရှူနေသည်။ "ရောဘတ် ပြန်လာတဲ့ကား သံကြားတယ်"
ဖရင့် က ပြောပြောဆိုဆို အခန်းအပြင်ထွက်သွားသည်။ ဖေဗယ်က ခေါင်းမေ့ကြည့်သည်။ ပြီးတော့ ထိုင် ရာမှထပြီး တံခါးပေါက်ကို လှမ်းကြည့်နေသည်။ သူ့မျက်နှာပေါ်တွင်လည်း အကျည်းတန်သည့် အပြုံး တစ်ခုရှိနေ သည်။ တံခါးပွင့်သွားသည်။ ဖရင့်ဝင်လာသည်။ နောက်ကိုလှည့်ပြီး တစ်စုံတစ်ယောက်ကို စကားပြောနေ သည်။
"၀င်ခဲ့လေ ဘင်း... မစ္စတာဒီဝင်းတာက မင်းကို စီးကရက်ပေးချင်လို့တဲ့။ ဘာမှ ကြောက်စရာမရှိပါဘူး"
ရှိုးတိုးရှန်းတန့်ဖြင့် အခန်းထဲသို့ ဘင်း ၀င်လာသည်။ ခေါင်းပေါ်မှာ ဦးထုပ်ဆောင်းမထားသောကြောင့် အကြည့်ရဆိုးနေသည်။ ဆောင်းနေကျ ဦးထုပ်ကြီးကို လက်ထဲမှာ ကိုင်ထားသည်။ သူ့ခေါင်းကို ပြောင် နေအောင် ရိတ်ထားသည်။ အမူအရာကလည်း ထိတ်လန့်တကြား ဖြစ်နေသည်။
အခန်းထဲ မှ မီးရောင်ထိန်ထိန်များက သူ့ကို မူးမိုက်သွားစေဟန် တူပါသည်။ မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း အခန်းထဲမှာလူများကို ကြည့်နေသည်။ ကျွန်မကို သူမြင်သွားသည်။ ကျွန်မက လျော့ လျဲစွာ ပြုံးပြသည်။ ပူပင်သောကရောက်သည့် အပြုံးမျိုးဖြစ်ပါသည်။ ကျွန်မကို သူမှတ်မိသည် မမှတ်မိ သည် မပြောတတ်ပါ။ မျက်လုံးကိုသာ ဖွင့်ချည် ပိတ်ချည်လုပ်နေသည်။ ဖေဗယ်က သူ့ရှေ့သို့ ဖြည်း ဖြည်းချင်း တိုးသွားပြီး ရပ် လိုက်သည်။
"ဟဲလို... တို့နှစ်ယောက် နောက်ဆုံးတွေ့ပြီးကြတဲ့ နောက်ပိုင်းမှာ မင်းဘ၀အဆင်ပြေတယ် မဟုတ် လား"
ဘင်းက သူ့ကိုငေးကြည့်နေသည်။ မှတ်မိပုံမပေါ်။ ဘာမျှလည်းပြန်မဖြေ။ "ငါဘယ်သူလဲဆိုတာ သိတယ်မဟုတ်လား" ဖေဗယ်က ဆက်ပြောသည်။ "အာ....." ဘင်းက သူ့ဦးထုပ်ကြီးကို ဆွဲလိမ်နေသည်။ "ဆေးလိပ်သောက် ပါဦး" ဖေဗယ်က စီးကရက်ဗူးကမ်းပေးသည်။ ဘင်းက မက်ဇမ်နှင့် ဖရင့်ကို တစ်ချက် လှမ်းကြည့်သည်။
"ရတယ် ဘင်း... မင်း လိုချင်သလောက်ယူပါ"
မက်ဇင်မ်က လှမ်းပြောသည်။
ဘင်းက စီးကရက်လေးလိပ်ယူပြီး နှစ်လိပ်ကို နားရွက်ကြားမှာ ညှပ်ထားလိုက်သည်။ ပြီးတော့ သူ့ဦးထုပ်ကြီးကို လိမ်မြဲလိမ်နေသည်။
"ငါ ဘယ်သူလဲဆိုတာ မင်းသိတယ်မဟုတ်လား"
ဖေဗယ်က ထပ်မေးပြန်သည်။ ဘင်းကမဖြေသေး။ ကာနယ်ဂျူလယန်းက သူ့ဆီလျှောက်သွားပြီး မေး သည်။
"ခဏကြာရင် မင်းအိမ်ပြန်ရမှာပါ ဘင်း... မင်းကို ဘယ်သူကမှ ဘာမှမလုပ်ပါဘူး။ မေးခွန်းကလေး တစ်ခုနှစ်ခု ဖြေရုံ ပါပဲ။ မစ္စတာဖေဗယ်ကို မင်းသိသလား" သည်တစ်ကြိမ်တော့ ဘင်းက ခေါင်းကို ယမ်းခါပြ သည်။
"သူ့ကို တစ်ခါမှ မမြင်ဖူးဘူး" "ဟေ့ကောင်... အရူးမထစမ်းနဲ့။ ငါ့ကိုမြင်ဖူးတယ် မင်းသိတယ်။ ကမ်းခြေမှာရှိတဲ့ မစ္စက်ဒီဝင်းတား ရဲ့တိုက်ပုကလေးကို ငါသွားတာ မင်းမြင်တယ်။ ဟိုမှာ ငါ့ကို မင်းမြင်ဖူးတယ်။ မဟုတ်ဘူးလား..." "မဟုတ်ပါဘူး.... ကျွန်တော် ဘယ်သူ့ကိုမှ မမြင်ဖူးပါဘူး"
"ခွေးသား... လူလိမ်... မစ္စက်ဒီဝင်းတားနဲ့အတူတူ ငါလျှောက်သွားတာကို မင်းမြင်တယ်။ မြင်တယ် မဟုတ်လား... တို့ကို ပြတင်းပေါက်ကနေ မင်းချောင်းကြည့်နေတာတို့ ဖမ်းမိဖူးတယ်လေ"
"အာ... " "တော်တော် ယုံကြည်အားထားလောက်တဲ့ မျက်မြင်သက်သေပါလား ဟရို့..." ကာနယ်ဂျူလယန်းက ရယ်သွမ်းသွေးသည်။ ဖေဗယ်က သူ့ဘက်ကို လှည့်လိုက်သည်။
"ဒါတွေက အကွက်ဆင်ထားတာလေဗျာ... တစ်ယောက်ယောက်က ဒီအရူးကိုလာဘ်ထိုးထားတာပဲ။ ကျွန်တော့် ကို သူအကြိမ်ပေါင်း များစွာ မြင်ဖူးတယ်။ ဒီမှာကြည့်စမ်း... ဒါဆိုရင် မင်းမှတ်မိမလား" ဖေဗယ်က အိတ်ထဲမှ ပိုက်ဆံအိတ်ကိုနှိုက်ယူပြီး တစ်ပေါင်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ပြသည်။
"အခု မင်းငါ့ကို မှတ်မိပြီ မဟုတ်လား" ဘင်းက ခေါင်းယမ်းသည်။ ပြီးတော့ ဖရင့်၏လက်မောင်းကို ဆွဲကိုင်ထား သည်။
"သူ့ကို ကျွန်တော် မမြင်ဘူးပါဘူး ...သူက ကျွန်တော့်ကို ထောင်ထဲတည့်ဖို့ ဒီကိုလာတာလား ခင်ဗျာ..."
"မဟုတ်ပါဘူး… လုံးဝ မဟုတ်ပါဘူး ဘင်း" ဖရင့်က ပြန်ပြောသည်။
"ထောင်ထဲကို ကျွန်တော် မသွားချင်ဘူး။ သူတို့က သိပ်ရက်စက်တယ်တဲ့။ ကျွန်တော် အိမ်မှာပဲ နေပါရ စေ။ ကျွန်တော် ဘာမှမလုပ်ပါဘူး" "စိတ်အေးအေးထားပါ ဘင်း… မင်းကို ဘယ်သူကမှ ထောင်ထဲမပို့ပါဘူး။ ဒီလူကို မင်း မမြင်ဖူးဘူးဆို တာ သေချာရဲ့လား…" ဟု ကာနယ်ဂျူလယန်းက မေးသည်။ "မမြင်ဖူးပါဘူး ခင်ဗျား… လုံးဝ မမြင်ဖူးပါဘူး" "မစ္စက်ဒီဝင်းတားကို မင်း မှတ်မိသလား" ကာနယ်ဂျူလယန်းကပင် ဆက်မေးသည်။ ဘင်းက ကျွန်မကို မရေမရာ လှမ်းကြည့်သည်။ "မဟုတ်ဘူး… ဒီအမျိုးသမီး မဟုတ်ဘူး။ တခြားတစ်ယောက် ကို ပြောတာ။ ဟိုကမ်းခြေက တိုက်ပုက လေး ကို အမြဲသွားလေ့ရှိတယ်"
"အာ…"
"ရွက်သင်္ဘောကလေးရှိတဲ့ အမျိုးသမီးကို မှတ်မိသလား"
"သူ သွားပြီ"
ဘင်းက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ပြန်ပြောသည်။
"ဟုတ်တယ်… တို့သိတယ်။ သူက ရွက်တိုက်လေ့ရှိတယ်လေ… ဟုတ်တယ်မှတ်လား… သူ နောက်ဆုံး ရွက်သွား တုန်းက ပင်လယ်ကမ်းခြေမှာ မင်း ရှိနေခဲ့သလား။ ညဦးပိုင်းလေ… တစ်နှစ်လောက် ကြာသွား ပြီလေ… အဲဒီလို ထွက်သွားပြီး သူ ပြန်မလာတော့ဘူးလေ…"
ကာနယ်ဂျူလယန်းက ချော့မော့သည်လေသံမျိုးဖြင့် ဆက်မေးနေသည်။
ဘင်းကမူ လက်ထဲမှ ဦးထုပ်ကို လိမ်မြဲလိမ်နေသည်။ ပြီးတော့ ဖရင့်ကို ကြည့်သည်။ ထို့နောက် မက်ဇင်မ်ကို လှမ်းကြည့်သည်။
"အာ…"
"မင်း အဲဒီမှာ ရှိနေခဲ့တယ်။ ဟုတ်တယ် မှတ်လား…" ဖေဗယ်က ရှေ့သို့ကုန်းပြီး မေးသည်။ "ကမ်းခြေ က တိုက်ကလေး ဆီကို မစ္စက်ဒီဝင်းတား ဆင်းလာတာ မင်း မြင်တယ်။ သူနဲ့ အတူတူ မစ္စတာဒီဝင်းတား ပါလာတာ မင်း မြင်တယ်။ သူ့မိန်းမဝင်သွားတဲ့ တိုက်ထဲကို သူလဲ ဝင်သွားတယ်။ အဲဒီနောက် ဘာဖြစ် သလဲ။ ကဲ… ပြောစမ်း… အဲဒီနောက် ဘာဖြစ်သလဲ"
ဘင်း က နောက်ဘက်ရှိ နံရံဘက်သို့ တိုးကပ်သွားသည်။
"ကျွန်တော် ဘာမှမမြင်ပါဘူး ခင်ဗျာ။ ကျွန်တော် အိမ်မှာပဲ နေချင်ပါတယ်။ ထောင်ထဲ မသွားပါရ စေနဲ့ခင်ဗျာ။ သူ့ကို ကျွန်တော် မမြင်ဖူးပါဘူး။ ဘယ်တုန်းကမှ မမြင်ဖူးပါဘူး။ ဟိုအမျိုးသမီးနဲ့ သူ့ ကို တောထဲမှာ တစ်ခါမှ မမြင်ဖူးပါဘူး" ဘင်းသည် ပြောရင်း ကလေးတစ်ယောက်လို ငိုကြွေးလေ တော့သည်။
"အလကား အသုံးမကျတဲ့ သောက်ရူး… အသုံးမကျတဲ့ သောက်ရူး"
ဖေဗယ် က တစ်လုံးချင်း ပြောနေသည်။ ဘင်းက ကုတ်အင်္ကျီလက်ဖြင့် သူ့မျက်လုံးနှစ်ဖက်ကို ပွတ်သပ်လိုက် သည်။
"ခင်ဗျား ပြတဲ့သက်သေက ခင်ဗျားကို ဘယ်လိုမှအထောက်အကူပေးနိုင်ပုံ မပေါ်ပါဘူး။ အလကား သက်သက် အချိန်ဖြုန်း သလို ဖြစ်နေတယ်။ သူ့ကို ဘာများမေးချင်သေးသလဲ" ဟု ကာနယ်ဂျူလ ယန်းက ပြောသည်။
"ဒါ အကွက် ရိုက်ထားတာ…" ဖေဗယ်က အော်သည်။ "ကျုပ်ကို ဆော်ဖို့အကွက် ရိုက်ထားတာ… ခင်ဗျားတို့အားလုံး ဝိုင်းပြီးလုပ်ကြံကြတာ။ တစ်ယောက်ယောက်က ဒီအရူးကို လာဘ်ထိုးထားတာ။ ကျုပ်ပြောတာ၊ ဒီအရူး မဟုတ်တာတွေပြောဖို့ လာဘ်ထိုးထားတာ"
"ဘင်းကို အိမ်ပြန်ခွင့်ပေးသင့်ပြီ ထင်တယ်" ဟု ကာနယ်ဂျူလယန်းက ပြောသည်။
"ကောင်းပြီ ဘင်း… မင်းကို ရောဘတ် ပြန်ပို့ပေးလိမ့်မယ်။ မင်းကို ဘယ်သူကမှ ထောင်ထဲမထည့် ပါဘူး။ မကြောက် ပါနဲ့။ ဖရင့်… သူစားဖို့ ရောဘတ်ကို တစ်ခုခုယူခိုင်းလိုက်ပါ။ သူကြိုက်သလောက် ယူပါစေ" ဟု မက်ဇင်မ် က လှမ်းပြောသည်။
"တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်တဲ့အတွက် ဆုချတာပေါ့လေ… မဟုတ်ဘူးလား… မက်ဇ်… မင်းအတါက် ဒီကနေ့ သူအကောင်းဆုံး တာဝန်ထမ်းဆောင်သွားတာပေါ့ကွာ" ဟု ဖေဗယ်က ပြော သည်။
ဖရင့် က ဘင်းကို အခန်းပြင်သို့ ခေါ်ထုတ်သွားသည်။ ကာနယ်ဂျူလယန်းက မက်ဇင်မ်ကို တစ်ချက် လှမ်းကြည့် လိုက်သည်။
"ဒီကလေး တော်တော်ကြောက်သွားတယ်။ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေပြီ။ သူ့ကို ဒီလို ဆက်ဆံတာမျိုး တစ်ခါ မှ မကြုံဖူးဘူးထင်တယ်"
"မကြုံဖူးပါဘူး… ဒီကလေးဟာ အပြစ်ကင်းပါတယ်။ ဘယ်သူ့ကိုမှလဲ အန္တရာယ် မပေးတတ်ပါဘူး။ ကျွန်တော်တို့ကလဲ သူ နေချင်သလို နေခွင့်ပေးထားပါတယ်" ဟု မက်ဇင်မ်က ပြန်ဖြေသည်။
"ခင်ဗျားအမှုကို သူ ဘာမှမကူညီနိုင်ဘူး။ မစ္စတာဒီဝင်းတား အပြစ်ရစေနိုင်လောက်တဲ့ သက်သေခံ အထောက်အထားတစ်ခုမှ ခင်ဗျား မပြနိုင်ဘူး။ ခင်ဗျား ပြောခဲ့တာတွေဟာ အခြေအမြစ်မရှိတော့ ဘူး။ ဒီမှာ မစ္စတာဖေဗယ်… ရုံးတော်ကိုတင်ပြရင် ခင်ဗျားမှာ အထောက်အထား မရှိတော့ဘူး မဟုတ်လား။ ခင်ဗျားဟာ မစ္စက်ဒီဝင်းတားနဲ့ လက်ထပ်တော့မယ့် ယောက်ျားပါလို့ ခင်ဗျားကိုယ် တိုင် ပြောခဲ့တယ်။ ကမ်းခြေက တိုက်ကလေးမှာ တိတ်တိတ်ပုန်း ချိန်းတွေ့ကြတယ်လို့ ခင်ဗျား ပြောတယ်။ အခု ဒီကလေးက မမြင်ပါဘူးလို့ ပြောသွားပြီ။ ခင်ဗျားပြောတဲ့ ဇာတ်လမ်းမှန်ကန် ကြောင်း ဘာအထောက်အထားမှ မပြနိုင်တော့ဘူး မဟုတ်လား" "ကျွန်တော် မပြနိုင်တော့ဘူး… ဟုတ်လား…" ဖေဗယ်က ပြန်ပြောသည်။ သူ့မျက်နှာပေါ် မှာ အပြုံးတစ်ချက် သမ်းသွားသည်ကို မြင်လိုက်ရသည်။ မီးလင်းဖိုနားက ခေါင်းလောင်းကို သူ သွားနှိပ်သည်။
"ခင်ဗျား ဘာလုပ်နေတာလဲ" ကာနယ်ဂျူလယန်းက မေးသည်။ "ခဏစောင့်ပါ… မြင်ရပါစေ့မယ်"
ဘာတွေဖြစ်လာတော့မည်ကို ကျွန်မ တွက်ဆလိုက်မိပြီး ဖြစ်ပါသည်။ အခန်းထဲသို့ ဖရစ် ဝင်လာ သည်။
"မစ္စက်ဒင်ဗာကို လွှတ်လိုက်စမ်းပါ" ဟု ဖေဗယ်က ပြောသည်။ ဖရစ်က မက်ဇင်မ်ကို လှမ်းကြည့်သည်။ မက်ဇင်မ်က ခေါင်းဆတ်ပြသည်။ အခန်းထဲမှ ဖရစ် ပြန် ထွက်သွားသည်။
"မစ္စက်ဒင်ဗျာဆိုတာ ဒီအိမ်က ဘဏ္ဍာစိုး အမျိုးသမီးလား" ဟု ကာနယ်ဂျူလယန်းက မေးသည်။
"ရဘက်ကာရဲ့ အရင်းနှီးဆုံး မိတ်ဆွေလဲဖြစ်ပါတယ်" ဟု ဖေဗယ်က ဝင်ပြောသည်။
"ရဘက်ကာ လက်မထပ်ခင် နှစ်ပေါင်းများစွာကတည်းက အတူနေခဲ့တာ။ ရဘက်ကာဟာ သူ့ လက်ပေါ်မှာ ကြီးခဲ့တာပဲ။ ဒင်နီဟာ ဘင်းနဲ့ လုံးဝမတူတဲ့ သက်သေဖြစ်ကြောင်း တွေ့ရပါလိမ့် မယ်"
အခန်းထဲသို့ ဖရင့် ပြန်ဝင်လာသည်။
"ဘင်းကို အိမ်ပြန်အိပ်ခိုင်းလိုက်ပြီ မဟုတ်လား… ညစာကောင်းကောင်းကျွေးပြီး "မင်း သိပ်လိမ္မာ တဲ့ လူကလေး"လို့ ပြောလိုက်ပြီ မဟုတ်လား။ ဒီတစ်ခါတော့ မင်းတို့လူသိုက်အဖွဲ့ မချောင်တော့ ဘူးလို့သာ မှတ်ပါ" ဟု ဖေဗယ်က ဆီးပြောသည်။ "မစ္စက်ဒင်ဗာ ဆင်းလာလိမ့်မယ်။ သူ့ဆီက တစ်ခုခုရနိုင်လိမ့်မယ်လို့ ဖေဗယ်က ထင်နေတယ်" ဟု ကာနယ်ဂျူလယန်းက ဖရင့်ကို ရှင်းပြသည်။ ဖရင့်က မက်ဇင်မ်ကို ကွက်ကနဲ တစ်ချက် လှမ်းကြည့်သည်။ ထိုအကြည့်ကို ကာနယ်ဂျူလယန်း မြင်လိုက်သည်။ သူ့နှုတ်ခမ်းများ တင်းတင်းစေ့သွားသည်။ သည်အမူအရာ ကို ကျွန်မ မကြိုက်ပါ။ နည်းနည်းကလေးမှ သဘောမကျနိုင်ပါ။ ကျွန်မ လက်သဲများကို ကိုက်နေ မိသည်။
ကျွန်မတို့အားလုံး စောင့်နေကြသည်။ တံခါးပေါက်ကို ကြည့်နေကြသည်။ ထို့နောက် မစ္စက်ဒင်ဗာ ဝင်လာသည်။ မစ္စက်ဒင်ဗာကို တစ်ယောက်ချင်းသာ ကျွန်မတွေ့ခဲ့ဖူးသည်။ ထိုသို့ တွေ့တိုင်း သူ့ အရပ်ကြီးက မိုးနေသည်ဟု ထင်ခဲ့သည်။ ယခုတော့ သူ့ကိုယ်လုံးကလေး ကျုံ့နေသည်။ သူက ကျွန်မတို့ကို တစ်ယောက်ချင်း လိုက်ကြည့်နေသည်။
"မင်္ဂလာပါ မစ္စက်ဒင်ဗာ" ဟု ကာနယ်ဂျူလယန်းက နှုတ်ဆက်သည်။
"မင်္ဂလာပါရှင်…" "ပထမဦးဆုံး ကျွန်တော် မေးခွန်းတစ်ခုမေးပါရစေ။ ကွယ်လွန်သွားတဲ့ မစ္စက်ဒီဝင်းတားနဲ့ အခု ဒီမှာရှိနေတဲ့ မစ္စတာဖေဗယ် တို့ ဘယ်လိုပတ်သက်ကြတယ်ဆိုတာများ အမှတ်ထားမိပါသလား"
ကာနယ်ဂျူလယန်း ကပင် စမေးသည်။
"သူတို့ မောင်နှမဝမ်းကွဲ တော်စပ်ကြပါတယ်"
"ဆွေမျိုးတော်စပ်တာကို ကျွန်တော် ဆိုလိုတာမဟုတ်ပါဘူး မစ္စက်ဒင်ဗာ… ဒီထက်ပိုပြီး ရင်းနှီးမှု တစ်ခုခုကို ဆိုလိုတာပါ"
"ကျွန်မ နားမလည်ပါဘူးရှင်" "လုပ်မနေစမ်းပါနဲ့ ဒင်နီ…" ဖေဗယ်က ဝင်ပြောသည်။
"သူ ဘာအဖြေ လိုချင်လို့ မေးနေတယ်ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ကာနယ်ဂျူလ ယန်းကို ကျွန်တော် အားလုံးဖွင့်ပြောပြီးပြီ။ ဒါပေမဲ့ ကျွန်တော့်ကို့ ယုံပုံမပေါ်ဘူး။ ရဘက်ကာနဲ့ ကျွန်တော် ဟာ နှစ်ပေါင်းများစွာ အတူပေါင်းသင်းနေထိုင်ခဲ့ကြတယ် မဟုတ်လား။ သူနဲ့ ကျွန်တော် ဟာ ချစ်နေကြတာ မဟုတ် လား"
မစ္စက်ဒင်ဗာ က ချက်ချင်းပြန်မဖြေဘဲ ဖေဗယ်ကို စိုက်ကြည့်ကာ အကဲခတ်နေသည်။ သည်အမူ အရာကြောင့် ကျွန်မ အံ့အားသင့် မိပါသည်။ အထင်အမြင်သေးသည့် အကြည့်မျိုးဖြင့်လည်း ကြည့် နေသည်။
"သူဟာ ရှင့်ချစ်သူ မဟုတ်ပါဘူး" "ဒီမှာ သေသေချာချာ နားထောင်စမ်း ကောင်မကြီး"
ဖေဗယ် က ထုံးစံအတိုင်း စတော့သည်။ သို့သော် မစ္စက်ဒင်ဗာက သူ့စကားကို ဖြတ်လိုက်သည်။
"သူဟာ ရှင်နဲ့လဲ မချစ်ဘူး။ မစ္စတာဒီဝင်းတားနဲ့လဲ မချစ်ဘူး။ ဘယ်ယောက်ျားကိုမှ မချစ်ဘူး။ ယောက်ျားတွေ အားလုံးကို အထင်သေး တယ်။ အထင်သေးတယ်ဆိုတာ ထက်တောင် ပိုသေး တယ်"
ဖေဗယ်၏မျက်နှာ က ဒေါသကြောင့် နီရဲလာသည်။
"နားထောင်စမ်း။ ဟောဟိုတောထဲက လူသွားလမ်းအတိုင်း ညပေါင်းများစွာ ကျုပ်ဆီကို လာတွေ့ နေတာ မဟုတ် လား။ ကျုပ်နဲ့အတူတူ ကမ်းခြေက တိုက်မှာ လာအိပ်နေတာမဟုတ်လား။ သူအပြန် ကို ခင်ဗျား အမြဲတမ်း စောင့်နေရတယ် မဟုတ်လား။ စနေ တနင်္ဂနွေမှာလဲ လန်ဒန်ကို လိုက်လာပြီး ကျုပ်နဲ့ အတူတူနေနေတာ မဟုတ်လား"
"သြော်… ဒီလိုလား… သူ အဲဒီလို ရှင်နဲ့အတူနေတော့ရော ဘာဖြစ်သလဲ။ သူ စိတ်ချမ်းသာဖို့အ တွက် သူ့မှာ လုပ်ခွင့် မရှိဘူးလား… ယောက်ျားတွေနဲ့အတူ အိပ်တယ်ဆိုတာ သူ့အဖို့တော့ ကစား စရာတစ်မျိုးပဲ။ ကစားစရာ တစ်မျိုး ကို ကစားတဲ့အနေနဲ့ ယောက်ျားတွေနဲ့ သူ အိပ်တယ်။ ကျွန်မကို ဒီအတိုင်း သူ ပြောပြခဲ့တယ်။ သူ စိတ်ချမ်းသာ ဖို့အတွက် ဒီအလုပ်ကို သူလုပ်တယ်။ ဒီလိုလုပ်ရတဲ့ အတွက် သူ့အဖို့ စိတ်ချမ်းသာစေတယ်။ ရယ်ရမောရစေ တယ်။ ကျန်တဲ့ ယောက်ျားတွေကို ရယ်စ ရာလုပ်နေသလို ရှင့်ကိုလဲ သူ ရယ်စရာ လုပ်နေတာပဲ။ ယောက်ျားတွေ နဲ့တွေ့ပြီး သူ ပြန်လာတိုင်း အိပ်ရာပေါ်မှာ အားရပါးရ ရယ်မောနေတာ ကျွန်မ သိ တယ်"
မမျှော်လင့်ဘဲ ရုတ်တရက် ကြားလိုက်ရသည့် စကားလုံးများကြောင့် ကျွန်မတို့အားလုံး ထိတ်လန့် တကြား ဖြစ် ကုန်ကြသည်။ မက်ဇင်မ်၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ ဖေဗယ်က နား မ လည်နိုင်လို မစ္စက်ဒင်ဗာ ကို ငေးကြည့်နေသည်။ ကာနယ်ဂျူလယန်းက သူ့နှုတ်ခမ်းမွေးကို ပွတ်နေ သည်။ မိနစ်အတန်ကြာအောင် မည်သူမျှ စကားမပြောနိုင်ကြ။ အခန်းထဲမှာ တိတ်နေသည်။ မိုးရေ စက်ကျသံများကိုသာ ကြားနေရသည်။ ထို့နောက် မစ္စက်ဒင်ဗာ က ငိုချလိုက်သည်။ ရဘက်ကာ၏ အခန်းထဲမှာ ကျွန်မရှေ့တွင် ငိုချလိုက်သလို ရှိုက်ကြီးတငင် ငိုခြင်းဖြစ်သည်။ ကျွန်မ အသံကုန် အော်ပစ်လိုက်ချင်ပါသည်။ အသံကုန်အော်ပြီး သည် အခန်းထဲမှ ပြေးထွက်ကာ မဆုံးနိုင်အောင် အော်ဟစ်နေချင်ပါတော့သည်။
မည်သူကမှ သူ့ဆီမသွား။ ဘာမှမပြော။ ဘာအကူအညီမှ မပေး။ ဆက်ငိုမြဲ ငိုနေသည်။ သံသရာ ဆုံးသည့်တိုင် မရပ်တမ်း ငိုတော့မည် ဟု ကျွန်မ ထင်ပါသည်။ ခဏကြာတော့မှ တဖြည်းဖြည်း အငို ရပ်သွားသည်။ မလှုပ်မယှက် ရပ်နေသည်။ သူ၏အနက်ရောင်ဂါဝန်ကို တင်းတင်းကိုင်ထားသည်။ ကာနယ်ဂျူလယန်းက ညင်သာသောလေသံဖြင့် တိုးတိုးပြောသည်။
"မစ္စက်ဒင်ဗာ.. မစ္စက်ဒီဝင်းတား ဘာကြောင့်များ သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ခင်ဗျား ထင် ပါသလား"
"မသိဘူး… ကျွန်မ မသိဘူး" သူက ခေါင်းကို တွင်တွင်ခါသည်။
"ဒါ မဖြစ်နိုင်ဘူး။ ကျွန်တော် သိသလို သူသိတယ်။ ခင်ဗျားကို ကျွန်တော် ပြောပြီးပြီ မဟုတ်လား" ဟု ဖေဗယ် က ပြောသည်။
"ခင်ဗျား တိတ်တိတ်နေပါ" ကာနယ်ဂျူလယန်းက သူ့ကို လှမ်းဟန့်သည်။ "မစ္စက်ဒင်ဗာကို စဉ်းစား ဖို့ အချိန်ပေး ပါ။ သာမန်ကြည့်ရင် သူ ရေးခဲ့တဲ့စာဟာ ရယ်စရာပဲဆိုတာ ကျုပ်တို့အားလုံး လက်ခံ ပြီးပြီ။ သူ လန်ဒန်မှာ ရှိနေတုန်း ခင်ဗျား ဆီကို အဲဒီစာရေးခဲ့တယ်။ ခင်ဗျားကို သူ တစ်ခုခုပြောချင်ခဲ့ တယ်။ သူ ပြောချင်တာဟာ ဘာလဲဆိုတာ သိရရင် ဒီပြဿနာကြီးရဲ့အဖြေကို ရကောင်းရနိုင် တယ်။ အဲဒီစာကို မစ္စက်ဒင်ဗာ ဖတ်ပါစေ။ အရိပ်အယောင်တစ်ခုခု ပေါ်လာနိုင်စရာ ရှိတာပေါ့"
ကာနယ်ဂျူလယန်း၏စကားဆုံးတော့ ဖေဗယ်က အိတ်ထဲရှိ စာရွက်ခေါက်ကိုနှိုက်ယူပြီး မစ္စက် ဒင်ဗာ ၏ခြေထောက် နားသို့ လှမ်းပစ်ချသည်။ မစ္စက်ဒင်ဗာက ကောက်ယူပြီး နှစ်ခေါက်ဖတ်သည်။ ပြီးတော့ ခေါင်းကို ယမ်း လိုက်သည်။
"ဒီစာ ဖတ်ရလို့ လဲ ဘာမှမထူးပါဘူး။ သူ ဘာဆိုလိုတယ်ဆိုတာ ကျွန်မ မသိဘူး။ မစ္စတာဂျက်ကို အရေးကြီးတဲ့ အကြောင်း တစ်ခုခုပြောစရာ ရှိရိုးမှန်ရင် ကျွန်မကို သူ အလျင်ပြောမှာပဲ"
"အဲဒီည က သူနဲ့ ခင်ဗျား လုံးလုံးမတွေ့ဘူး မဟုတ်လား"
"မတွေ့ပါဘူး။ ကျွန်မ အပြင်သွားနေပါတယ်။ ညဦးပိုင်းတစ်ပိုင်းလုံ ကားရစ်မှာ ရှိနေပါတယ်။ ဒါ ကြောင့် ကျွန်မ ကိုယ် ကျွန်မ ခွင့်မလွှတ်နိုင်အောင် ဖြစ်နေရတာပေါ့"
"ဒီလိုဆိုရင် သူ့စိတ်ထဲမှာ ဘာရှိနေတယ်ဆိုတာ ခင်ဗျား မပြောနိုင်ဘူးပေါ့ မစ္စက်ဒင်ဗာ…။ "ရှင့် ကို ပြောပြစရာ ရှိနေတယ်" ဆိုတဲ့စကားဟာ ဘယ်လိုအကြောင်းမျိုးများ ဖြစ်နိုင်မယ် ထင်သလဲ"
"မသိပါဘူးရှင်… ကျွန်မလဲ မစဉ်းစားတတ်ပါဘူး"
"အဲဒီနေ့က လန်ဒန်မှာ သူ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ဘယ်သူများ သိပါသလဲ" ဘယ်သူကမှ ပြန်မဖြေ။ မက်ဇင်မ်က ခေါင်းယမ်းပြသည်။ "ဒီမှာ… ဒီစာကို မွန်းလွဲသုံးနာရီက ကျွန်တော့်အခန်းမှာ ထားသွားတယ်။ အလုပ်သမား က သူ့ကို မြင်လိုက်တယ်။ ဒီစာထားခဲ့ပြီး တောက်လျှောက် ကားမောင်းပြန်လာတဲ့ပုံပဲ"
"ဆံပင်အလှပြင်ဖို့ ဆယ့်နှစ်နာရီခွဲကနေပြီး တစ်နာရီခွဲအထိ ချိန်းထားတာတော့ ရှိတယ်" ဟု မစ္စက်ဒင်ဗာက ပြောသည်။ "ဒါလောက်တော့ ကျွန်မ မှတ်မိတယ်။ ဘာကြောင့်လဲဆိုတော့ သုံး လေးရက် အလိုက လန်ဒန်ကို ကျွန်မပဲ ဖုန်းဆက်ပြီး ချိန်းပေးရတာပါ။ ဟုတ်ပါတယ် ဆယ့်နှစ်နာရီ က တစ်နာရီခွဲ… အခါ တိုင်းတော့ ဆံပင်အလှပြင်ပြီးရင် သူ့ကလပ်မှာ နေ့လယ်စာ စားလေ့ရှိပါ တယ်။ အဲဒီနေ့ကလဲ သူ့ကလပ် မှာလဲ နေ့လယ်စာ စားကောင်းစားပါလိမ့်မယ်"
"နေ့လယ်စာစားတာ နာရီဝက်ထား။ ဒီအတိုင်း ဆိုရင် နှစ်နာရီကနေ သုံးနာရီအထိ သူ ဘာလုပ် နေသလဲ… ဒါကို ကျွန်တော် တို့ ရှာကြည့်ရမယ်" ဟု ကာနယ်ဂျူလယန်းက ပြောသည်။
"အောင်မယ်လေး… ဖြစ်ရလေဗျာ… သူ ဘာလုပ်နေတယ်ဆိုတာ ဘယ်သူက ဂရုစိုက်ရမှာလဲ" ဖေ ဗယ် က အော်သည်။ "သူ့ ကိုယ်သူ ပြန် သတ်တာမဟုတ်ဘူး။ ဒါပဲ အရေးကြီးတာ မဟုတ်လား"
"သူ့အချိန်းအချက် မှတ်တမ်း စာအုပ် ကျွန်မအခန်းထဲမှာ သော့ခတ်သိမ်းထားတာ ရှိပါတယ်" မစ္စက်ဒင်ဗာက တစ်လုံးချင်းပြောသည်။ "အဲဒီစာအုပ်တွေအားလုံး ကျွန်မ သိမ်းထားပါတယ်။ မစ္စ တာဒီဝင်းတားကလဲ ကျွန်မဆီက မတောင်းဖူးပါဘူး။ အဲဒီနေ့အတွက် အချိန်းအချက်တွေနဲ့ပတ် သက်ပြီး အင်မတန် တိကျသေချာ ပါတယ်။ ချိန်းထားတာမှန်သမျှ တန်းစီပြီး ရေးထည့်ပါတယ်။ တွေ့ပြီးပြီ ဆောင်ရွက်ပြီးပြီဆိုရင် ဘေးမှာ ကြက်ခြေခတ် တတ်ပါတယ်။ အဲဒီမှတ်တမ်းစာအုပ်က အထောက်အကူပြုနိုင်မယ်ဆိုရင် ကျွန်မ သွားယူပေး ပါ့မယ်"
"ဘယ်လို သဘောရသလဲ ဒီဝင်းတား… ဘာပြောချင်ပါသလဲ။ မှတ်တမ်းစာအုပ်ကို ကျွန်တော်တို့ ကြည့်ရင် စိတ်မရှိ ပါဘူးနော်" ဟု ကာနယ်ဂျူလယန်းက မေးသည်။
"မရှိပါဘူး… ဘာမှကိစ္စမရှိပါဘူး" ကာနယ်ဂျူလယန်းက စူးစမ်းသလို လှစ်ကနဲ တစ်ချက် လှမ်းကြည့် လိုက်သည် ကို ကျွန်မ တွေ့ လိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင် ဖရင့်ကလည်း သတိထား လိုက်မိပုံရသည်။ မက်ဇင်မ်ကို သူ က လှမ်းကြည့်သည်။ ပြီးတော့ ကျွန်မ ကို လှည့်ကြည့်ပြန်သည်။ ယခု တစ်ကြိမ်တွင်တော့ ထိုင်ရာ မှထပြီး ပြတင်းပေါက် ဆီသို့ လျှောက်သွားသူမှာ ကျွန်မ ဖြစ်နေချေသည်။ အပြင်မှာ မိုးဖွဲဖွဲသာ ရွာ နေတော့ သည်။ ကျွန်မတို့အားလုံး စကားမပြောကြပါ။ သို့သော်လည်း သည်စာကြည့်ခန်းထဲမှာ မက်ဇင်မ် ၏သေရေးရှင်ရေးအတွက် တရားစီရင်နေခြင်းဖြစ်ကြောင်း ကျွန်မတို့အားလုံး သိနေကြပါ သည်။
ညင်ညင်သာသာ တံခါးပိတ်သံကြားသဖြင့် နောက်သို့ ကျွန်မ ပြန်လှည့်လိုက်သည်။ မှတ်တမ်းစာ အုပ်ကိုင်ပြီး မစ္စက်ဒင်ဗာဝင် လာသည်ကို တွေ့ရသည်။
"ကျွန်မ ပြော တာ မှန်ပါတယ်။ သူ့အချိန်းအချက်တွေအားလုံးကို ရေးမှတ်ထားပါတယ်။ ဟောဒီမှာ သူ သေတဲ့နေ့ က မှတ်တမ်းတွေ"
သားရေဖုံး ဖုံးထားသော စာအုပ်နီနီသေးသေးကလေးကို သူက ဖွင့်ပြသည်။ ပြီးတော့ ကာနယ်ဂျူ လယန်းကို ကမ်းပေး သည်။ မှတ်တမ်းကို အကြာကြီး စိုက်ကြည့်နေသည်။ ကျွန်မတို့အားလုံး ရပ် စောင့်နေကြသည်။ ထိတ်လန့် ဖွယ် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ကျွန်မက လက်သီးကို ကျစ် ကျစ်ပါအောင် ဆုပ်ထားသည်။ မက်ဇင်မ်ကိုလည်း ကျွန်မ မကြည့်နိုင်ပါ။ ကျွန်မ၏ရင်ခုန်သံကို ကာနယ်ဂျူလယန်း ကြားမှာ သေချာပါသည်။
"အင်း…" ကာနယ်ဂျူလယန်းက စာအုပ်ကြားထဲမှာ လက်ညှိုးညှပ်ထားရင်း သက်ပြင်းချလိုက် သည်။ တစ်ခုခုဖြစ်တော့မည်။ ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်တော့မည်ဟု ကျွန်မ တွေးနေမိသည်။
"ဟုတ်တယ်… မစ္စက်ဒင်ဗာပြောတဲ့အတိုင်း ဆံပင်အလှပြင်ဖို့ ၁၂ နာရီ ချိန်းထားတယ်။ ပြီးတော့ ဘေးမှာ ကြက်ခြေခတ် ထားတယ်။ သူ အလှပြင်ဖြစ်တယ်ဆိုတဲ့ သဘောပေါ့။ နောက် ကလပ်မှာ နေ့လယ်စာစားတယ်။ ဒါကိုလဲ ဘေး မှာ ကြက်ခြေခတ်ထားတယ်။ အင်း… ဒီဥစ္စာက ဘာလဲ… ဘေကာ… ၂ နာရီ၊ ဘေကာဆိုတာ ဘယ်သူလဲ…"
ကာနယ်ဂျူလယန်းက မက်ဇင်မ်ကို လှမ်းကြည့်သည်။ မက်ဇင်မ်က ခေါင်းယမ်းပြသည်။ မစ္စက်ဒင် ဗာကို ဂျူလယန်းက လှမ်းကြည့်လိုက်သည်။
"ဘေကာ…" မစ္စက်ဒင်ဗာက ရေရွတ်နေသည်။ "ဘေကာဆိုတဲ့ နာမည်မျိုး သူ မသိပါဘူး။ ပြောသံ တစ်ခါမှ မကြားဖူးဘူး" "ဒါပေမဲ့ ဒီထဲမှာ ရေးထားတယ်" ကာနယ်ဂျူလယန်း မစ္စက်ဒင်ဗာဘက်သို့ စာအုပ်ကို ကမ်းပေး သည်။ "ခင်ဗျား ကိုယ်တိုင်ကြည့်လေ… ဘေကာ တဲ့… ဘေးက ကြက်ခြေခတ်ကို ထင်းထင်းကြီးခတ်ထား တယ်။ ခဲတံ ကို ချိုးပစ်လိုက်ချင်သလို ဖိပြီး ခြစ်ထားတယ်။ ဘေကာ နဲ့ သူ တွေ့ဖြစ်တာ သေချာ တယ်။ ဘေကာ ဆိုတာ ဘယ်သူဖြစ်မလဲ"
မစ္စက်ဒင်ဗာက မှတ်တမ်းစာအုပ်ကို စိုက်ကြည့်နေသည်။
"ဘေကာ… ဘေကာ…" ဟုလည်း စဉ်းစားသလို ရေရွတ်နေသည်။
"ဆိုလိုတာ က ငွေညှစ်မယ့်လူများ မဖြစ်နိုင်ဘူးလား" ကာနယ်ဂျူလယန်းက ဖေဗယ်ကို တစ်ချက် လှမ်းကြည့် လိုက်သည်။
မစ္စက်ဒင်ဗာက ခေါင်းကိုခါယမ်းရင်း "ဘေကာ… ဘေကာ…" ဟု ရေရွတ်မြဲ ရေရွတ်နေသည်။
"သူ့မှာ ရန်သူ မရှိဘူးလား… တစ်ယောက်ယောက်က ခြိမ်းခြောက်နေတာရော မဖြစ်နိုင်ဘူးလား… သူ ကြောက်ရတဲ့ သူများ ရှိသလား" "မစ္စက်ဒီဝင်းတားဟာ ဘာကိုမှမကြောက်ပါဘူး။ ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ သူကြောက်တာ သူ စိတ်ပူတာ တစ်ခုပဲရှိတယ်။
သူ အိုရမှာ ကို ကြောက်တယ်။ ဖျားနာရမှာကို ကြောက်တယ်။ အိပ်ရာထဲ လဲနေရမှာကို ကြောက်တယ်။ ကျွန်မကို အကြိမ်ကြိမ်ပြောဖူး ပါတယ်။ သူ သေရင် ဖယောင်းတိုင်က မီးကိုမှုတ်ပြီး ငြိမ်းသတ်လိုက်သလို ဘာဝေဒနာ မှ မခံစားရဘဲ သေသွားချင်တယ် တဲ့။ အခုလို ရေနစ်သေသွား တာ ဖြေသာတာပေါ့လေ…။ ဝေဒနာကို အကြာကြီး မခံစားလိုက်ရဘူး မဟုတ်လား"
မစ္စက်ဒင်ဗာ က ထိုစကားကိုပြောပြီး ကာနယ်ဂျူလယန်းကို အကဲခတ်ကြည့်နေသည်။ ကာနယ်ဂျူ လယန်းက မဖြေ။ သူ့နှုတ်ခမ်းမွေး ကို ပွတ်ရင်း တုံ့ဆိုင်းဆိုင်းလုပ်နေသည်။ မက်ဇင်မ်ကို တစ်ချက် လှမ်းကြည့်လိုက်တာ ကျွန်မ မြင်လိုက်ရပြန်သည်။
"ဒါတွေ လုပ်နေတာ ဘာအဓိပ္ပာယ်ရှိသလဲ" ဖေဗယ်ကပြောရင်း ရှေ့သို့တိုးလာသည်။ "ကျွန်တော် တို့ဟာ အဓိကအချက် ကနေပြီး ဘေးချော်ထွက်နေကြတာပဲ။ ဘေကာဆိုတဲ့ အကောင်ကို ဘယ် သူက ဂရုစိုက်ရမှာလဲ။ ဒီကိစ္စ သူနဲ့ ဘာဆိုင်မှာလဲ။ အလှကုန်ပစ္စည်းရောင်းတဲ့ အကောင်ဖြစ်ချင် ဖြစ်မှာပေါ့။ ဒီအကောင်ဟာ အရေးကြီးတဲ့ အကောင် ဆိုရင် ဒင်နီ သိရမှာပေါ့။ ဒင်နီကို လျှို့ဝှက် ထားတာ ရဘက်ကာမှာ ဘာမှမရှိဘူး"
ကျွန်မ ကမူ မစ္စက်ဒင်ဗာကို အကဲခတ်နေသည်။ မှတ်တမ်းစာအုပ်ကို လှန်လျောကြည့်ရင်း သူ စဉ်း စားနေသည်။ ခဏကြာတော့ ရုတ်တရက် အံ့သြတကြီးဖြင့် ထပြောသည်။
"ဟောဒီမှာ တစ်ခုတွေ့ပြန်ပြီ…။ တယ်လီဖုန်းနံပါတ်တွေ မှတ်ထားတဲ့အထဲမှာ ဘေကာတဲ့… ဘေး မှာ နံပါတ်ရေး ထားတယ်။ ၀၄၄၈… ဒါပေမဲ့ ဘာအိပ်ချိန်းမှ မပါဘူး" "သိပတော်တဲ့ ဒင်နီကွာ…" ဟု ဖေဗယ်က ပြောသည်။
"သေခါနီးအဘွားကြီးဖြစ်တော့မှ စုံထောက်ကောင်းကြီး ဖြစ်လာတယ်။ ဒါပေမဲ့ ခင်ဗျား ဆယ့်နှစ်လ လုံးလုံး နောက်ကျသွားပြီ။ မနှစ်ကသာ ဒါကို တွေ့အောင် ခင်ဗျား ရှာနိုင်ခဲ့ရင် တစ်ခုခုအသုံးချလို့ ရမယ်"
"တယ်လီဖုန်းနံပါတ် ဖြစ်တာတော့ သေချာသွားပြီ။ ၀၄၈၈… ဘေးမှာ ဘေကာဆိုတဲ့နာမည်… ဘာ ဖြစ်လို့ အိပ်ချိန်းအမည် ထည့်မရေးတာလဲ" ဟု ကာနယ်ဂျူလယန်းကလည်း ပြောနေသည်။
"လန်ဒန်မှာရှိတဲ့ အိပ်ချိန်းတွေအားလုံးကို ဆက်ကြည့်ပါဗျာ" ဟု ဖေဗယ်က ပြောသည်။ "ဒီလို ဆက်တဲ့အတွက် မိုးထိန်ထိန်လင်းသွားရင်လဲ လင်းစမ်းပါစေ။ ဘယ်လိုမှ မအောက်မေ့ပါဘူး။ တယ်လီဖုန်းကြေးတွေ အများကြီး ကုန်ပေမယ့် မက်ဇင်မ်အဖို့လဲ အရေးမကြီးပါဘူး။ ဟုတ်တယ် မှတ်လား မက်ဇ်… မင်း အချိန်ဆွဲနေတာ မဟုတ်လား။ လုပ်ပါ… ငါကလဲ အချိန်ဆွဲထားရသေးတာ ပေါ့"
"နံပါတ်ဘေးမှာ အမှတ်အသားတစ်ခုတော့ရှိတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ။ မစ္စက်ဒင်ဗာ… ကြည့် စမ်းပါဦး… (မ) စာလုံးများ မဖြစ်နိုင်ဘူးလား"
မစ္စက်ဒင်ဗာက ကာနယ်ဂျူလယန်းလက်ထဲမှ မှတ်တမ်းစာအုပ်ကို ဆွဲယူကြည့်သည်။
"ဟုတ်နိုင်တယ်… သူ ရေးနေကျ (မ) စာလုံးမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကမန်းကတန်း ရေး လိုက်တာနဲ့ တူတယ်… ဟုတ်ပါတယ်… (မ) စာလုံးပါပဲ" "မေဖဲယား… ၀၄၈၈… တယ်ဟုတ်ပါလား… တယ်ဦးနှောက်ကောင်း ပါလား" ဟု ဖေဗယ်က ပြော သည်။
"ဟုတ်ပြီ…" မက်ဇင်မ်က စီးကရက်ကို မီးညှိရင်း ပြောသည်။ တစ်ချိန်လုံး စီးကရက် မသောက်ဘဲ ယခုမှ ပထမဆံုးသောက်ခြင်းဖြစ်သည်။ "တစ်ခုခုတော့ လုပ်ပြမှ ဖြစ်မယ်။ ဖရင့်… မေဖဲယား အိပ်ချိန်းကနေပြီး ၀၄၈၈ ကိုဆက်စမ်း"
ကျွန်မ၏ရင်ထဲ မှာ တင်းကျပ်နေသည်။ လက်နှစ်ဖက်ကို ဘေးချပြီး ငြိမ်ငြိမ်ကလေး ရပ်နေမိသည်။ မက်ဇင်မ်က ကျွန်မ ကို လုံးလုံးလှည့်မကြည့်။
"လုပ်လေကွာ… ဖရင့်… ဘာစောင့်နေတာလဲ"
မက်ဇင်မ်က ထပ်ပြောတော့မှ ဖရင့် ထွက်သွားသည်။ တယ်လီဖုန်းခန်းထဲ ဝင်သွားပြီး ခဏကြာ တော့ ပြန်ထွက်လာသည်။
"ခဏကြာရင် ပြန်ခေါ်မယ်တဲ့" သူက တိုးတိုးပဲပြောသည်။ ကာနယ်ဂျူလယန်းက လက်နှစ်ဖက် နောက် ပစ်ပြီး ခေါက်တုံခေါက်ပြန် လမ်းစလျှောက်သည်။ ကျွန်မတို့အားလုံး စကားမပြော တိတ်နေကြ သည်။ လေးမိနစ်လောက်ကြာ တော့ တယ်လီဖုန်း ခေါင်းလောင်းမြည်သံကြားရသည်။ သည်အသံကို ကြား ရတော့ အခံရခက်လှ သည်။ တယ်လီဖုန်းခန်းထဲသို့ ဖရင့် ဝင်သွားသည်။
"မေဖဲယား ၀၄၈၈ ကပါလားခင်ဗျား… ဘေကာဆိုတဲ့ လူတစ်ယောက်များ အဲဒီမှာ နေပါသလား။ ခင်ဗျာ… အော် ဟုတ်ပါသလား… စိတ်မရှိပါနဲ့နော်။ ဟုတ်ကဲ့… ဟုတ်ကဲ့… နံပါတ်မှားပြီး ရထား တာနဲ့ တူပါတယ်။ အများကြီး ကျေးဇူးတင်ပါတယ် ခင်ဗျား"
တယ်လီဖုန်းပြန်တင်သံ ကြားရသည်။ ပြီးတော့ အခန်းထဲသို့ ပြန်ဝင်လာသည်။
"မေဖဲယား ၀၄၈၈ က လေဒီအိစ်လေဆိုသူ နေပါတယ်တဲ့။ ဂရို့စ်ဗီနာလမ်းကတဲ့… ဘေကာဆိုသူ ကို သူတို့ မကြားဖူးဘူးလို့ ပြောတယ်" ဖေဗယ်က တအား ရယ်တော့သည်။ "မြူဇီယမ် အိပ်ချိန်းကို ဆက်ကြည့်ပါဦး" ဟု မစ္စက်ဒင်ဗာက ပြောသည်။ ဖရင့်က မက်ဇင်မ်ကို လှမ်းကြည့်သည်။ မက်ဇင်မ်က "ဆက်လိုက်ပါ" ဟု ပြောသည်။
အခန်းထဲမှာ စောစောကအတိုင်း ပြန်ဖြစ်နေကြပြန်သည်။ ကာနယ်ဂျူလယန်းက လမ်းပြန် လျှောက်နေသည်။ ငါးမိနစ်ကြာ သွားသည်။ တယ်လီဖုန်း ခေါင်းလောင်းမြည်သည်။ ဖရင့်က ဝင် သွားသည်။
"ဟဲလို… မြူဇီယမ်… ၀၄၈၈ ကလားဗျာ။ ဘေကာဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် အဲဒီမှာများ နေပါသ လား… အိုး… အခုပြောနေတာ ဘယ်သူပါလဲ။ ညစောင့်… ဟုတ်လား။ ဟုတ်ကဲ့… ဟုတ်ကဲ့… ကျွန်တော် နားလည်ပါတယ်။ ဒါဟာ ရုံးမဟုတ်ဘူး… ဟုတ်ပါတယ်။ လိပ်စာကလေးများ ပေးနိုင်မ လား… ဟုတ်ကဲ့။ အရေးကြီးတယ် ဆိုပါတော့" သူက စကားပြောခွက်ကို လက်နှင့်အုပ်ထားပြီး ကျွန်မတို့ဘက်သို့ လှမ်းပြောသည်။ "ကျွန်တော် တို့ တွေ့ပြီထင်တယ်"
အလို… ဘုရား… ဘုရား… မမှန်ပါစေနဲ့။ ဘေကာဆိုတဲ့လူနဲ့ မတွေ့ပါစေနဲ့။ ဘေကာဆိုတဲ့လူ သေ သွားပြီ ဆိုတာမျိုးသာ ဖြစ်ပါစေတော့။ ကျွန်မ စိတ်ထဲမှာ တရစပ် ဆုတောင်းရင်း ဖရင့်ကို လှမ်း ကြည့်နေမိသည်။
"ဟဲလို… ဟုတ်ကဲ့… ကျွန်တော် နားထောင်နေပါတယ်… ပြောပါခင်ဗျာ… စာလုံး ကလေး ပေါင်းပြ နိုင် မလား… ကျေးဇူးတင်ပါတယ်… အများကြီး ကျေးဇူးတင်ပါတယ်။ မင်္ဂလာရှိသော ညပါ"
အခန်းထဲ သို့ သူ ပြန်ဝင်လာသည်။ လက်ထဲမှာ စာရွက်ပိုင်းကလေးတစ်ခု ကိုင်လာသည်။ မက်ဇင်မ်ကို ချစ်ရှာသော ဖရင့်… သူကိုင်ထားသော စာရွက်ပိုင်းကလေးသည် မက်ဇင်မ်၏ဘဝကြီး တစ်ခုလုံးကို ဖျက်ဆီး ပစ်မည့် စာရွက်ပိုင်းကလေးဖြစ်ကြောင်း သူ့ခမျာ မသိရှာပါတကား။ ထိုစာ ရွက်ပိုင်းကလေးကို ချပေးလိုက်ခြင်း အားဖြင့် မက်ဇင်မ်၏ နောက်ကျောကို ဓားနှင့်ထိုးပြီး အဆုံးစီ ရင်ပစ်လိုက်ခြင်းဖြစ်ကြောင်း မသိရှာပါတကား။
"ပြန်ဖြေတာက ညစောင့်တစ်ယောက်ပါ။ အဲဒီမှာ လူနေအိမ် မရှိဘူးတဲ့။ နေ့ခင်းမှာ ဆရာဝန် တစ် ယောက်ရဲ့ဆေးခန်းဖွင့်ဖူးတယ်တဲ့။ ဒါပေမဲ့ေါဒက်တာဘေကာဆိုသူက ဆေးခန်းပိတ်ပြီး အငြိမ်း စား ယူသွားတာ "

Thursday, June 21, 2012
ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး အပိုင်း (၁)
(၁)
ဓားပြကြီးသည် လှည်းဝင်ရိုးသံကို ဂရုတစိုက် နားထောင်နေသည်။
"နားထောင်ကြမ်းဟေ့၊ လှည်းဝင်ရိုးသံက ကျွီခနဲ ကျွီခနဲ တယ်သွက်တာပဲကွ။ ပစ္စည်းမပါဘူး၊ လူချည်းပဲကွ"
ဓားပြကြီး မိုးသီး သည် ပြောပြောဆိုဆို ထရပ်သည်။
"အဲသည်လှည်း ကို လုမယ်ဟေ့။ အရေးတကြီးကိစ္စရှိလို့ အဖော်မရှာဘဲ တစ်ကိုယ်တော် ထွက်လာတဲ့ သူဌေး လှည်း ကွ"
မိုးသီး ၏ စကားအဆုံးတွင် ချုံပုတ်များ ချိုင့်ဝှမ်းများထဲမှ ဓားပြတွေ ထွက်လာသည်။ စုစုပေါင်း ခုနစ်ယောက်။ ဓားကိုင်နှင့် လှံကိုင်၊ ဒူးလေးကိုင်များ။
မိုးသီး ရပ်နေသော သစ်ပင်ရိပ်သည် အခြားနေရာများထက် ကုန်းကျသောကြောင့် လရောင်အားကိုး ဖြင့် အသော့နှင် လာသော နွားလှည်းကို စီးပြီး မြင်ရ၏။ လရောင်အောက်တွင် ဖုန်းတထောင်းထောင်းဖြင့် သွက်သွက်နှင် လာသော နွားလှည်းမှာ လှည်းယဉ်မဟုတ်။
လှည်းမောင်းသူရောမှ နှစ်ယောက်တည်းသာ ဖြစ်သည်။
"ဟေ့ ဟိုလှည်း ရပ်လိုက်စမ်း"
ဓားပြကြီးမိုးသီး သည် ပြောလည်း ပြော၏။ သစ်ပင်ရိပ်မှလည်း ထွက်၏။ လရောင်ထဲသို့ သူထွက်မှ ငယ်သားတွေပါ လိုက်ထွက်၏။
"ဟာ ဓားပြတွေ ပါကလား။ အစ်ကို ပါးစပ်ပိတ်ထား ငါပြောမယ်"
လှည်းမောင်းသူ မှာ ရမ်းဘိုကုန်းသား မောင်ဆေးရိုး ဖြစ်၏။ လှည်းပေါ်တွင် ခရီးသည်အဖြစ် ပါလာသူမှာ သူ့ အစ်ကို ငထွန်းကား ဖြစ်သည်။ ငထွန်းကားသည် မန်ကျည်းပင်ပုရွာတွင် သားနှစ်ယောက်နှင့် မယားနှင့်နေရာ က မိဘနှင့် ညီအစ်ကိုမောင်နှမများကို လွမ်းသောကြောင့် လှည်းကြုံဖြင့် လိုက်လာခဲ့သည်။ သူ့တွင် မွေးချင်း များများ မရှိ။ ညီမောင်ဆေးရိုး၊ နှမ မယ်မျှင်သာ။
သူသည် ရွာတွင် တစ်လ ကိုးသီတင်း နေ၏။ ဦးကျန်ကြီး မယ်ကြွယ်စိုးတို့သည် ဝေးဝေးလံလံက သားကြီး ရောက် လာသဖြင့် ၀မ်းသာ၏။ မိဘ လုပ်ကျွေးရာတွင် များသောအားဖငြ့် နဖူးက ချွေးခြေ မပေါ် ကျအောင်သာ လုပ်ကိုင်ကြ၏။ ငထွန်းကားသော်မူ "ကျွန်ကြီးငနွား" ဖြစ်သည်။ သို့ကြောင့် သားကြီးကို ကြည်ဖြူ ၀မ်းသာငြား စိုးရိမ်လာ၏။
"လင်မယားများ စိတ်ဆိုးလာရော့သလား"
မည်းမည်း သည်းသည်း ကျွဲကြီးတစ်ကောင်နှယ်ရှိသော ငထွန်းကား၏ ဇနီးမှာ ရွှေတဆုပ်ရွာမှ မင်ကြောင်ဆရာ ဦးရဲတင်း ဒေါ်မင်းဘော် တို့၏ သမီး မယ်ငြိမ်းစည် ဖြစ်သည်။ မယ်ငြိမ်းစည်သည် အလှထက် အယဉ်ကဲနေငြား မျက်လုံး မကောင်းပေ။
မယ်ငြိမ်းစည် ကြက်မျက်သင့်၍၊ မျက်လုံးစွေ ၍ "မျက်လုံးမကောင်း" ဟု ဆိုခြင်းမဟုတ်။ ယောက်ျား တိုင်းကို ပြီတီတီ လုပ်သည်။ ကြာမျက်လုံးဖြင့် ကြည့်သည်။ ထို့ကြောင့် မျက်လုံးမကောင်းဟု အမေ မယ်ကြွယ်စိုး က ပြောခြင်း ဖြစ်သည်။
မယ်ငြိမ်းစည် သူတို့အမျိုးထဲသို့ ၀င်လာသည့်အတွက် မောင်ဆေးရိုးတို့မှာ ဂုဏ်နိမ့်ပါသည်။ ရွာတောင်ပိုင်းက ဦးဘမှီ အိမ် ဓားပြအတိုက်ခံရရာ ဓားပြအချို့ကို မိသည်။ ရွာတွင်းမှ လက်ထောက် ချသူမှာ မယ်ငြိမ်းစည် ဖြစ်ကြောင်း ထိုဓားပြ များက အစစ်ခံသည်။ သို့ကြောင့် ငထွန်းကား၏ညီ မောင်ဆေးရိုးမှာ ထို မရီးကြောင့် ဂုဏ်ပျက်ရ မျက်နှာငယ်ရ၏။ ထိုသို့ မလိုအားအပ်သူ ဖြစ်စေကာမူ ဦးကျန်ကြီး၊ မယ်ကြွယ်စိုးက မြုံ မနေပါ။
"ဟဲ့ လင်မယားများ စိတ်ဆိုးလာသလား"
ပျာပျာသလဲ မေးကြ၏။
"လင်မယား စိတ်ဆိုးမလာပါဘူး။ အဖေတို့ အမေတို့ နေလို့ထိုင်လို့ ကောင်းကြရဲ့လားမသိဘူး၊ တစ်ခေါက် တစ်ကျင်း သွားချေဦးမယ် ပြောပြီး လာတာပါ" တစ်ခုမူ ပြောစရာ ရှိ၏။
ဦးကျန်ကြီး၊ မယ်ကြွယ်စိုး တို့ အိမ်သို့ ငထွန်းကား ရောက်လာချိန်တွင် မောင်ဆေးရိုး၏ သားငယ်က မှက္ခရုနာ ပေါက်နေ၏။ အိမ်ကြီးတွင် အဖီဆွယ်နေသူ၏ အဖြစ်အပျက်ကို ငထွန်းကား ကောင်းစွာ သိနေ သည်။ ကောင်းစွာ မြင်နေသည်။
ကလေး က နို့မစို့နိုင်။ တအင်အင် မြည်နေသည်။ ဟိုဟာ ကောင်းသည်ဆို လုပ်လိုက်၊ သည်ဟာ ကောင်းသည် ဆို လုပ်လိုက်ဖြင့် သံသရာလည်နေ၏။ ဝေဒနာရှင် ကလေးသာ ဆင်းရဲသည်မဟုတ်။ မိဘနှစ်ပါးပါ အအိပ်ပျက် အစားပျက် ဖြစ်ကြရ၏။
သည်အချိန်တွင် ရောက်လာသော ဧည့်သည်က ငထွန်းကား။
"ကလေး ဘာဖြစ်သတုံး"
"မှက္ခရုပါကွာ၊ ပါးစပ်တစ်ခုလုံး ဖွေးနေသာ"
"အမယ်လေး မှက္ခရုနာများ ခက်လွန်လွန်းလို့"
ငထွန်းကား၏ ခက်လွန်လွန်းလို့မှာ သဒ္ဓါသုမန ဇာတ်ထုပ်ထဲကလို မဟုတ်ပေ။ ပေပင် မှ ပေရွက်ခြောက် ကို ပြာချပြီး၊ အုန်းဆီနှင့် ဖျော်ပြီး လိမ်းပေးခြင်း ဖြစ်သည်။ သူ့ဆေးနည်းဖြင့် နောင်တွင် ဘညိန်းဖြစ်လာမည့် အကောင် သက်သာ သွားသဖြင့် ငထွန်းကား နောက်ဆံငင်နေခြင်း ဖြစ်၏။
သို့သော် အမေက သူ့သားအကြောင်း၊ သူ့ချွေးမအကြောင်း သိသည်။ သားအနှောင်အဖွဲ့သာ မရှိလျှင် သည် မိန်းမ ကို အချိန်မရွေး ပစ်ထားခဲ့နိုင်သော လူစားဟူ၍လည်း မယ်ကြွယ်စိုး သိသည်။
"ကလေး လည်း သက်သာနေပေါ့ဟယ်၊ ပြန်ပြန်" သို့သော် ငထွန်းကား အထုပ်အပိုး မပြင်။
"သား ငဆေးရိုး၊ နင့်အစ်ကို ကို လှည်းနဲ့လိုက်ပို့လိုက်စမ်း"
ငထွန်းကား သည် သားမယားရှိရာ မန်ကျည်းပင်ပုသို့သွားပါလျက် လမ်း တွင် သောင်တင် နေနိုင်၏။ ထမင်းစားနေရာ က အိမ်ရှေ့ ရှိ ငရုတ်ပင် သို့ ငရုတ်သီး ဆင်းခူးရာ သုံးနှစ်ကြာမှ ပြန်ရောက်သူမှာ ငထွန်းကား ကဲ့ သို့သော လူစားမျိုး ဖြစ်၏။
"ပြန်ပြန်၊ မင်းရောက်နေသာ တစ်လကျော်ပြီ။ လူလေး မင့်အစ်ကိုကို လှည်းနဲ့လိုက်ပို့လိုက်"
အမေ့ အမိန့်အရ မောင်ဆေးရိုး လှည်းပြင်သည်။ ရေဗလုံအိုးနှင့်က တစဘူး။ ဘူးသီးခြောက်နှင့်က တစ်ဘူး၊ ရေကို အဓိကထားပြီး ဆန် သုံးနပ်စာ တင်လျက် အိမ်မှ ထွက်လာကြ၏။ ရမ်းဘိုကုန်းမှ စလင်းသို့ သွားသော လမ်းသည် အကျဉ်းသားများ၏ ကောင်းမှုကြောင့် ဖြူးနေ၏။ သာစည်ရွာနား က ဗွက်မှာလည်း မင်းတုန်းမင်း နန်းမစံမီကတည်း အုတ်တံတား ဖြစ်နေပြီ။
သို့သော် ငထွန်းကားမှာ နွားနှင့်ဖက်ပြီး လယ်ထွန်လာသူ ဖြစ်ရာ အလွယ်မကြိုက်ပေ။
"သည်လမ်းကသွားရင် အသွားအပြန် ၅ရက် ကြာမယ်ကွ"
သို့ကြောင့် မောင်ဆေးရိုးမှာ အစ်ကို၏ ညွှန်ကြားချက်အရ မြင်းခေါင်းရွာဘက်က လှည့်မောင်းရ သည်။ ကျောက်လမ်းမဟုတ်သောငြား ခရီးတိုသည်။ ၀န်စည်စလယ်မပါသည့်အတွက် တော်ရုံ သဖြင့် ဗွက်ကို မမှုပေ။
ဝန်စည်စလယ်ပါသော လှည်းများသည် ဗွက်ကို ကြောက်၏။ သို့အတွက် ခရီးဝေးချင်ဝေးပါစေ၊ အဖော်ကို ရှာသည်။ အဖော်ပါမှသာ တစ်ဦးကိုတစ်ဦး ကူညီနိုင်ပေမည်။ ငထွန်းကားတို့ညီအစ်ကိုမှာ သော်ကား စားအိုး စားခွက်သော်မျှ မည်မည်ရရ မပါပေ။ နေပူချိန်တွင် နားပြီး ညပါမရှောင် မောင်းလာသောကြောင့် နေ့တွင်းချင်း ရွာရိပ် ကို ခိုမိပြီ။
မန်ကျည်းပင်ပု နယ် ထဲသို့ ၀င်မိမှ ဓားပြနှင့်ဆုံသည်။ ဓားပြက ခုနစ်ယောက်မို့၊ မောင်ဆေးရိုးက စိတ်ဆတ်သော သူ့ အစ်ကို ကို အဖယ်ခိုင်းပြီး၊ သူက ဓားပြကို ထိုင်ပြီး ရှိခိုး၏။
"ကျွန်တော့်အစ်ကို က မန်ကျည်းပင်ပုရွာကပါ။ နာမည် ငထွန်းကားပါ။ ကျွန်တော်က ငဆေးရိုး ခေါ်ပါတယ်။ ရမ်းဘိုကုန်း ကပါ။
ဆန်ကလေး တစ်ပြည် ကလွဲလို့ အဖိုးတန်ပစ္စည်း မပါပါဘူး ခင်ဗျာ"
"နေပါဦးကွ၊ မင့်အစ်ကို မှာ ပါးစပ်မပါဘူးလး"
ဓားပြကြီးမိုးသီး ၏ စကားက ငထွန်းကားကို မခံချင်အောင် ဆွ၏။
"ပါးစပ်ပါပေမဲ့ အပြောအဆို မတတ်မှာစိုး"
"ဖယ်စမ်းကွာ"
ဓားပြကြီးမိုးသီး သည် မောင်ဆေးရိုးကို တွန်းပစ်ခဲ့၏။ လှည်းရိပ်ခိုပြီး ထိုင်နေသော ငထွန်းကားကို ခြေဖြင့် ကန်၏။ ငထွန်းကား သည် ကန်လာသောခြေကို လက်ဝါးစောင်းခုတ်လျက် ထရပ်၏။ ဓားပြ ကြီးမိုးသီး တဟားဟား ရယ်မော၏။
"လက်စသတ်တော့ ကျားကိုစီး စားလို့မကုန်တဲ့ ယောက်ျားကြီးပဲကွ။ အဲသာနဲ့များ ဟိုကောင် က ရှေ့နေ လုပ်သေး တယ်"
ဓားပြကြီးက ပြောပြောဆိုဆို မောင်ဆေးရိုး ကို ပြေးကန်သည်တွင် ငထွန်းကား က ပိတ်ဆီးဟန့်၏။
"ကျုပ်နဲ့ ခင်ဗျားနဲ့ ကတောက်ကဆဖြစ်မှာစိုးလို့ ကျုပ်ညီက ကြားဝင်တာပဲဗျ။ ခင်ဗျား လက်နက် အားကိုး၊ လူဦးရေအားကိုး နဲ့ အနိုင်မကျင့်နဲ့။
ဓားပြကြီး သည် ငထွန်းကားကို စိုက်ကြည့်လျက် တိုးကပ်လာ၏။ ငထွန်းကားသည် တိုးကပ်လာ သော ဓားပြကို မျက်တောင် မခတ် ဘဲ ပြန်ကြည့်နေ၏။
"မင်းညီ အရင်းလား"
"ဘာလုပ်မလို့တုံး"
"မင်းစကားပြောတာ မောက်မာလှချေကလား။ ယောက်ျားစွမ်းပြိုင်ချင်သလား"
ငထွန်းကားသည် ၀န်းရံထားသော ဓားပြများကို ကြည့်သည်။
"ခင်ဗျားတို့ ကိုယ်ပေါ်က ဒူးလေးကို ဖယ်လိုက်ရင် ရှစ်ယောက်နဲ့ တစ်ယောက် ချရဲတယ်။
ဓားပြကြီး ရယ်မောသည်။
"တော်တော် လေကျယ်တဲ့လူပဲ"
ဓားပြကြီးက သူ၏ လက်ဝဲလက်ဖျံကို ထောင်ပြသည်။
"အပြောမကြီးနဲ့။ ငါက လက်ဖျံတစ်လုံးတည်း ရှိတယ်။ ဘယ်သူမျှ ငါ့ကို အံမတုရဲဘူး"
"ကျုပ်လည်း ကျုပ်လမ်း ကျုပ်သွားချင်တာပါပဲ။ ရန်မဖြစ်ချင်ပါဘူး"
"ရတယ်လေ၊ လှည်းနဲ့ နွား ထားခဲ့ပြီး မင်းတို့ သွားနိုင်တယ်"
"ဆင်းရဲသားမှာ လှည်းနဲ့ နွားပဲ အားကိုးစရာ ရှိတာ။ ခင်ဗျား ကိုယ်ချင်းစာတရား ခေါင်းပါးတဲ့လူပဲ"
"ဟ ကိုယ်ချင်းစာရင် ဓားပြလုပ်နေမလားကွ"
ငထွန်းကား နားလည်လိုက်ပါပြီ။ ဤဓားပြကား ခိုက်ရန် မဖြစ်ပွားရလျှင် မပြီးသည့် ဓားပြ ဖြစ်သည်။ ထို့ကြောင့် ပုဆိုး ကို ခါးတောင်းကျိုက်သည်။ သျှောင်ကို ပြင်ထုံးသည်။ ထို့နောက် ဖြောင်းခနဲ ဖြောင်းခနဲ လက်ပန်းပေါက်ခတ် သည်။
"ဟေ့ ဒူးလေးချထား၊ တစ်လံကွာမှာ ဆုတ်နေ"
ဓားပြကြီး မိုးသီးသည် ဒူးလေးကိုင် သုံးယောက်ကို လှည့်ပြီး အမိန့်ပေး၏။ သူကိုယ်တိုင်ကား ဓားကို မြှောက်ပြီး ပြေး ၀င်၏။ "ကျားဘသား" ဟူသည့် ၀မ်းခေါင်းသံကြီးနှင့်အတူ ဓားတခြား လူတခြား ဖြစ် လျက် ဓားပြကြီး ငမိုးသီး လွင့် သွားသည်။
"ခင်ဗျားအားကိုး သဲ့ဓား မရှိတော့ဘူး၊ ဘယ့်နှယ်လုပ်မတုံး"
ငထွန်းကား၏ စကားမဆုံးမီ ဓားပြကြီး၏ ခြေထောက်က လွင့်ဝဲလာသည်။ ငထွန်းကား တိမ်းရှောင် သည်။ နောက်ပြန်ကန်သည်။ ဓားပြကြီး အွန့်ခနဲ မြည်လျက် လေးဖက်ထောက်ကျသွား၏။
သို့သော် ဓားပြကြီး တစ်ခုန်အကွာအဝေးတွင် ဓားရှိသည်။ ထိုဓားကို ထပြီးမယူ။ ထရပ်ပြီး လက်ပန်းပေါက် ခတ်သည်။ ဖြောင်းခနဲ ဖြောင်းခနဲ လက်ပန်းပေါက်ခတ်သံမစဲမီ လက်သီးတွေရော ခြေဖျားတွေပါ ငထွန်းကားထံ ၀ံပျံ လာ၏။ ငထွန်းကား ငဲ့ကာစောင်းကာ တိမ်ရှောင်ငြား၊ ဓားပြကြီး၏ ခြေမမှ ခြေသည်းက ပါးကို ခြစ်သွား၏။
"ဟာ အစ်ကို"
မောင်ဆေးရိုး ပျာယာကြီး ခတ်သွားငြား ငထွန်းကားသော် မတုန်လှုပ်။ နီရဲသော သွေးတွေ ပေါက်ခနဲ ပေါက်ခနဲ ကျသော်ငြား သူ့အကြည့် က ဓားပြကြီးထံမှာသာ ရှိသည်။ သူတို့နှစ်ယောက် သည် တစ်ယောက်ကဲကို တစ်ယောက် ကြည့်နေကြရာ တစ်အောင့်မျှ ကြာသွားသည်။
"ဟိတ်ကျားဘသား"
ဓားပြကြီးမိုးသီး ပြေးလာပြီး ခြေဖျားဖြင့်ခတ် လက်ဝါးစောင်း ခုတ်သည်။ ငထွန်းကားက ရှေ့ကို တိုးပြီး လက်နှစ်ဖက် ကို ဖမ်းချုပ်သည်။ သူ့ရှေ့ကို တိုးသဖြင့် မြေကြီးမှာ ငထွန်းကားပခုံးပေါ် ရောက်သွားသည်။ သို့သော် ပခုံးပေါ်ရောက်လာသူကို ငထွန်းကားက ကြာရှည်မထား။ ချက်ချင်း ကိုင်ပေါက်သည်။
ငထွန်းကား၏ ပေါက်ချက်က ပြင်းသည်။ ပြင်းသော်ငြား ဓားပြက ပေါ့ပါးစွာ လှုပ်လှည့်သဖြင့် မတ်တတ်ကျသည်။ ပေါ့ပါးစွာကျသော မြေကြီး၏နောက်၌ ငထွန်းကား ကပ်လျက်ပါလာသည်။ တံတောင်ဖြင့် ထောင်းသည်။ အွတ်ခနဲ မြည်လျက် ဓားပြကြီး ခါးကုန်း အသွားတွင် ငထွန်းကားက ဖနောင့်ဖြင့် ပေါက် သည်။ ဓားပြကြီး လေးဖက်ထောက်ကျသည်။ ဆက်လျက် ဖနောင့်ပါလာသဖြင့် ဓားပြကြီး ကိုယ်ကို လှည့်သည်။ ဤတစ်ချက်ကား အကြီးကျယ်ဆုံးအမှားပေတည်း။ ဓားပြကြီး ကိုယ်ကို လှည့်လိုက်ချိန် တွင် ၀င်လာသော ဖနောင့်ချက်က ဓားပြကြီး၏နံရိုးကို ရိုက်ချိုးလိုက် သတည်း။
"တော်ပြီ၊ ငါ ရှုံးတယ်၊ သွားတော့"
သွေးအန်သော ဓားပြကြီးထံ ငယ်သားများ အပြေးစုပြုံကြ၏။ မောင်ဆေးရိုးသည် လှည်းပေါ်သို့ အပြေး တက်သည်။ အတင်းမောင်းသည်။ ငထွန်းကားကလည်း "ငါ့ကို စောင့်ပါဦး" တစ်ခွန်းမပြော။ လှည်းနောက်သို့ အား သွန်လျက် ပြေးလိုက်လာသည်။ အတော်ကြီး ပြေးမိမှ လှည်းရံတိုင်ကို ကိုင်မိပြိး၊ လှည်းပေါ်သို့ လွှား ခနဲ ရောက် လာ၏။
သတ်ပုတ်ရသဖြင့် ငထွန်းကား မှာ အားကုန်သည်။ ပြေးနေသော လှည်းနောက်သို့ အပြေးလိုက်ရ ခြင်းကား ပို၍ ပင်ပန်း သည်။ သို့ကြောင့် ငထွန်းကားမှာ စကားမပြောနိုင်ဘဲ မောင်ဆေးရိုးကို လက်ဖြင့် ပုတ်၏။ မောင်ဆေးရိုး လှည့် ကြည့်သော်ငြား နားမလည်။
"လမ်း လမ်း လမ်း"
လမ်းဟူ၍ မောင်ဆေးရိုး ကြား၏။ သို့ရာတွင် လမ်းရိုးဟု ပြောသလော၊ လမ်းဟောင်းကို ပြောသလော။ လှည်း ကိုလည်း ရပ်မထားဝံ့။
"အစ်ကို ဘာပြောသတုံး"
"မှားမှား လမ်းမှား"
ထိုအခါတွင် ကား မောင်ဆေးရိုးသည် လှည်းကို ထိုးရပ်လိုက်လေ၏။
"လမ်းမှားလာသယ်၊ ဟုတ်လား အစ်ကို"
"အေးကွ။ ဒါပေမဲ့ မောင်း မောင်း၊ ငါ လမ်းပြမယ်"
သို့ကြောင့် နွားစားကျက်ဟု ထင်ရသော လွင်ပြင်ထဲသို့ မောင်ဆေးရိုးမှာ လှည်းကို ဆက်လက် မောင်းနှင် လာရ၏။ မကြာမီ လှည်းလမ်းတစ်ခုကို တွေ့ငြား၊ ငထွန်းကားလည်း မျက်စိလည်နေဟန် ရှိသည်။
"မောင်းကွာ မောင်းသာမောင်း"
ကုန်းတစ်ခုပေါ်သို့ အရောက်တွင် မောင်ဆေးရိုးတွင် လှည်းကို ထိုးရပ်ကာ "အစ်ကို ကြည့်ပါဦး၊ မျက်စိ လည်သာ ပြေပြီလား" ဟု မေးသည်။
"ဟား နင့်ဖေကလွှား၊ ကျောင်းတော်ရာသွားတဲ့လမ်းပါကလား။ ညီလေး ဖဲ့ ဖဲ့ ဘယ်ဘက်ကို ဖဲ့ဆင်း ဟ။ နေ မထွက်မီ ရောက်လာမှာကွာ။ သည်ဓားပြတွေ ရှုပ်တဲ့အတွက် နောက်တစ်နေ့ တစ်နေကုန် ပြီပေါ့"
မောင်ဆေးရိုး မှာ ဤသို့ဖြင့် သူ့အစ်ကို ငထွန်းကား ညွှန်ကြားသည့်အတိုင်း မောင်းလာရာ မိုးလင်း ချိန်တွင် တောင်ကြားလမ်းတစ်ခု၏ အစပ်ကို မေးတင်မိလေ၏။
"အဲသည်လမ်းဟာ ငါမသွားဖူးတဲ့လမ်းပဲဟ ညီလေးရ"
မောင်ဆေးရိုးအတွက် အားပျက်စရာဖြစ်သော ငထွန်းကား၏ စကား။ သို့ရာတွင် အလားတူ နွားလှည်း များကို မြင်ရသဖြင့် မောင်ဆေးရိုး စုံစမ်းကြည့်ရာ မန်ကျည်းပင်ပု လမ်းခွဲသို့ ရောက်ကြောင်း သိရလေ၏။
တောင်ကြားလမ်းမှာ ကြောက်မက်ဖွယ် ဖြစ်သည်။ ၀ဲယာတောင်မြင့်ကြီးတွေ၏ ကြားက သွားရသော လမ်းဖြစ်သည်။ တောင်ကြားလမ်းသို့ ၀င်လာသည်နှင့် တစ်ပြိုင်နက်တည်း နိမ့်သော တောင် ပြေလျှောသောတောင် ကို မတွေ့ရ။ ရှေ့ဆက်သွားလေလေ မြင့်လေလေ။
နေရောင် ကို မော့ကြည့်မှ မြင်ရသည်။
မောင်ဆေးရိုး တို့ ညီအစ်ကို၏ ရှေ့တွင် လှည်းနှစ်စီး သွားနှင့်သည်။ လှည်းကို မမြင်ရငြား ဖုန်ကား မသေသေး။ နောက်လှည်းတွေ ပါလာကြောင်းကိုကား လှည်းဝင်ရိုး အီသံကြောင့် သိရခြင်း ဖြစ်သည်။
"အစ်ကိုရေ၊ အခုနေ တောင်ကြားထဲကို မြစ်တစ်ခုခု စီးဝင်လာရင် ဘယ့်နှယ်လုပ်မတုံး"
ကြည့်ရင်းကြည့်ရင်း စိတ်အားငယ် လာသဖြင့် မောင်ဆေးရိုးမေးရာ၊ ငထွန်းကား၏အဖြေက ရှင်း၏။
"သေရုံပဲ ရှိတာပေါ့ကွာ"
"မသေဘူးဗျ"
ဝဲ ယာ တောင်ကမ်းပါးယံများတွင် ကုတ်စရာ တွယ်စရာများ တွေ့သည်။ ပျံလွှားငှက်များကို မြင်ရ သည်။ သို့ ရာတွင် ထိပ်ပိုင်းတွင်သာ ငှက်များကို မြင်ရ၏။ အောက်ခြေသို့ ဆင်းမလာကြချေ။
နွား များသည် နားရွက်ကို ပေပြီး သွားလေ့ ရှိ၏။ ယခု လှည်း ဆွဲနေသော နွားတစ်ရှဉ်း မှာ နွားရွက် တွေ ထောင်နေသည်။ သူတို့ မနှစ်သက်သော နေရာ ဖြစ် ၏။ နွားသင်္ချိုင်း ရှိသော နေရာ ကို ဖြတ်သန်း သွားရလျှင် နွားတွေ လန်လေ့ရှိ၏။ အမှောင့် ပယောဂ ရှိသောနေရာ ဆိုလျှင်လည်း နွားတွေ လန့်တတ်၏။ ယခု လှည်းထဲက နွားတစ်ရှဉ်းမှာ ထိုအသွင်မျိုး ဖြစ်နေသည်။
ထိုအခါ မောင်ဆေးရိုး က သတိပေးသည်။
"အစ်ကိုရေ၊ နွားတွေရဲ့ အနေအထားက မကောင်းဘူးဗျ"
ငထွန်းကား မူ တောက်တက်ခတ်၏။
"သည်ဓားပြတွေ နဲ့ မတွေ့ရင် အိမ် မှာ တစ်ရေးတစ်မော ရပြီကွ"
နေလုံးကို မြင်ရပြီ။
နားကွဲမတတ် ဆူညံသော အသံများ ကြားရသည်။ နွားနှစ်ကောင်း ထိုးရပ်သွားကာ လဲမယောင် ပြိုမယောင် ဖြစ်နေစဉ် ခေါင်းပေါ်သို့ အမှုန်အမှိုက်တွေ ခဲတွေ ကျလာ သည်။ မြင်နေရသော နေရောင် ပျောက် သွားပြီ။ "ငလျင်လှုပ်တာကွ" "ဒါဖြင့် ဘယ့်နှယ်လုပ်မတုံး" မောင်ဆေးရိုး မော့ကြည့်သည်။ မိုးသို့ပျံ့ လွင့်နေသော တောင်နံရံ များသည် အချင်းချင်းထိကပ် လျက် တောင်ကြားလမ်းကို လက်ယှက်မိုးထားဟန် ရှိနေပေသည်။
"နေရောင်ပျောက်သွားပေမဲ့ မမှောင်ဘူးကွ"
ငထွန်းကားသည် လှည်းပေါ်မှ ခုန်ဆင်းသည်။ လှည်းရှေ့သို့ ပြေးကာ ခဲကြီးကျောက်ကြီးများကို ဖယ်ပေးသည်။
"မောင်း ညီလေး၊ မောင်း မောင်း"
သို့စဉ်တွင် နောက်လှည်းများမှ လူများ ပြေးလာကြ၏။
"ငလျင် လှုပ်တာဗျ" "နှစ်ဖက် တောင်နံရံကြီးတွေ အချိန်မရွေး ပြိုကျနိုင်တယ်"
ပါးစပ် မှ မည်သို့ပင် ပြောစေကာမူ လမ်းပိတ်အောင် ပြိုမကျသေးသဖြင့် ရှေ့က ငထွန်းကား လမ်းရှင်းပေးသည် ကို မောင်ဆေးရိုး၏ လှည်းက သွက်သွက်မောင်းသည်။ ငထွန်းကား၏ တစ်ယောက်အားဖြင့် ကြီးမားနေသော ကျောက်တုံးများ ကို နောက်လှည်းမှ လူများက ကူညီပေးကြ သည်။
"အစ်ကိုရေ၊ မနားနဲ့ဗျို့။ အချိန်မရွေး ပြိုကျနိုင်တယ်"
မောင်ဆေးရိုး၏ လောဆော်မှုကြောင့် ငထွန်းကား မနားနိုင်။ နောက်လှည်းများမှ လူများလည်း မနား ရဲကြ။ တောင်ကြားလမ်းတစ်ခုလုံး ပိတ်သွားပြီ ထင်ရ၏။ သို့ရာတွင် နေရောင်နှင့် အလင်းရောင် မမြင်ရပြီ။ အလင်းရောင် အားနည်းပြီး ကျောက်တုံးတွေ စုပုံပိတ်ဆို့နေသော နေရာ သို့ အရောက် တွင် မောင်ဆေးရိုးရော ရှေ့ - နောက် လှည်းများပါ ရပ်နေကြရပြီ။
"ကဲ ဘယ့်နှယ် လုပ်ကြမတုံး"
ရှေ့ဆုံးလှည်း မှ လှည်းသမားက မေးသည်။
"ကိုယ့်အားကိုယ်ကိုးပြီး တစ်ခဲချင်း ဖယ်ရမှာပဲဗျို့။ ညီလေးရေ၊ လှည်းပေါ်မှာ ထိုင်မနေနဲ့၊ လာကွ လာကွ"
ငထွန်းကား သည် ပိတ်ဆီးနေသော ကျောက်ခဲများကို ဘေးသို့ ကောက်ပစ်ရာက မောင်ဆေးရိုးကို ပါ ခေါ်သည်။ မောင်ဆေးရိုးလည်း လှည်းဒေါက် ကို ထောက်ထားခဲ့သည်။ လှည်းငါးစီးမှ လူ၉ယောက်၏ စွမ်းအား သည် များမကြာမီ အကောင်အထည်ပေါ်သောအားဖြင့် ရှေ့တည့်တည့်က အလင်းရောင် ကို မြင်ကြ ရပြီ။
"လုပ်ကြဟေ့ လုပ်ကြ၊ မမှောင်ခင် တောင်ကြားက ထွက်နိုင်အောင်"
အချင်းချင်း အားပေးကာ ပိတ်ဆို့နေသော တောင်ကြား အပြိုအပျက်ထဲမှ ထွက်လျှင်ထွက်ချင်း ၀မ်းသာ အားရ အော်ကြ၏။

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၄)
"သိပ်ကောင်းပါတယ် ဆရာကတော်"
မီးလင်းဖိုနား မှာ ကျွန်မ သွားရပ်နေမိသည်။ မက်ဇင်မ် ပြန်ရောက်မလာမီ ဖေဗယ်ကို ရှင်းထားနှင့်မှဖြစ် မည်ဟု ဆုံးဖြတ်လိုက်သည်။ သူတို့နှစ်ယောက်ကို တွေ့ပေးလို့မဖြစ်။ ဖေဗယ်ကို ဘာစကားပြောရမည် ဆိုသည် ကိုတော့ ကျွန်မ မသိ။ သို့သော် လည်း ကြောက်စိတ်ကား လုံးဝမရှိပါ။ ကို ဆက်ဖတ်ရန်............
ခဏအကြာမှာပင် ဖေဗယ်ကို ဖရစ်က အခန်းထဲသို့ ပို့လိုက်သည်။ သူ့ပုံပန်းမှာ ယခင် တစ်ကြိမ်က အတိုင်းဖြစ် သည်။ သို့သော်လည်း နည်းနည်းတော့ ပိုပြီး မသပ်မရပ်ဖြစ်နေသည်။ အရက် အလွန် အကျွံ သောက်ထား ပုံရသည်။ မျက်လုံးတွေ နီရဲနေသည်။
"အိမ်မှာ မက်ဇင်မ်မရှိပါဘူး။ ဘယ်အချိန်ပြန်လာမယ်ဆိုတာလဲ ကျွန်မ မသိဘူး။ မနက်ဖြန်မနက်ကျမှ ရုံးမှာ သွားတွေ့ဖို့ စီစဉ်ရင် ကောင်းလိမ့်မယ် ထင်ယ်"
"စောင့်ရတာ အပန်းမကြီးပါဘူးဗျာ… သိပ်လဲကြာကြာစောင့်ရမယ် မထင်ပါဘူး။ ထမင်းစားခန်းထဲမှာ မက်ဇင်မ် အတွက် ညစာပြင်ဆင်ပေးထားတာ တွေ့ခဲ့ပါတယ်"
"ကျွန်မ တို့ အစီအစဉ်တွေ ပြောင်းလိုက်တယ်။ ဒီနေ့ညတော့ မက်ဇင်မ် ပြန်လာတော့မှာ မဟုတ်ပါဘူး"
"သြော်… သူ ထွက်ပြေးသွားပြီပေါ့… ဟုတ်လား…"
ဖေဗယ် က မထိတထိပြုံးရင်း ပြောသည်။ သူပြုံးပုံမျိုးကို ကျွန်မ သဘောမကျနိုင်ပါ။
"ခင်ဗျား အဲဒီလိုသဘောမျိုး ပြောလိုက်သလားလို့ တွေးမိပါတယ်။ အေးပေါ့လေ… ပတ်ဝန်းကျင်အခြေ အနေတွေ အရ သူ့အနေနဲ့ ဒီလိုပဲ လုပ်ရတော့မှာပေါ့။ အတင်းအဖျင်း အပြောခံရတယ်ဆိုတာ လူတချို့ အတွက် စိတ် မချမ်းသာစရာ ပါပဲ။ အဲဒီအဖြစ်မျိုးကို ရှောင်တိမ်း ထွက်ပြေးသွားတာဟာ စိတ်ချမ်းသာ စရာအကောင်းဆုံးပဲ မဟုတ်လား" "ရှင် ဘာကိုဆိုလိုတာလဲ… ကျွန်မ နားမလည်ဘူး"
"နားမလည်ဘူးလား… လုပ်မနေပါနဲ့ဗျာ… ခင်ဗျားပြောသလို ကျုပ်က ယုံမယ်ထင်သလား။ ပြောစမ်းပါ ဦး… ခင်ဗျား အခု နေကောင်းသွားပြီလား။
တရားရုံးမှာ စစ်ချက်ယူနေတုန်းက သတိလစ်သွားသေး တယ်လေ…။ ခင်ဗျားဆီကိုလာပြီး အကူအညီပေး မလို့ပါပဲဗျာ… ဒါပေမဲ့ ခင်ဗျားအနားမှာ သူရဲကောင်း ကြီးတစ်ယောက် ရောက်နှင့်နေပြီလေ… ဖရင့်ခရော်လေ တစ်ယောက်တော့ တော်တော်စိတ်ချမ်းသာ သွားမှာပေါ့။ သူ အိမ်ပြန်လိုက်ပို့ပေးတာ ခင်ဗျား လက်ခံလိုက် သလား… ကျုပ်တုန်း ကတော့ ငါးကိုက် လောက်အတူတူ ကားလိုက်စီးကြည့်ပါ ဆိုတာတောင် ခင်ဗျား လက် မခံခဲ့ ဘူးလေ…"
"ဘာကိစ္စ အတွက် မက်ဇင်မ်နဲ့ တွေ့ချင်တာလဲ"
စားပွဲပေါ် မှ စီးကရက်ဗူးကို သူ လှမ်းယူပြီး မီးညှိသောက်နေသည်။ ကျွန်မကိုလည်း အကဲခတ်နေသည်။
"ကျုပ်နဲ့ အလျင်တစ်ခါ တွေ့ပြီး နောက်မှာ ခင်ဗျား အများကြီးရင့်ကျက်လာပြီပဲ။ ဘာတွေများ ခင်ဗျား လုပ်နေခဲ့တယ် မသိဘူး။ ဖရင့်ခရော်လေကို များ ခေါ်ပြီး ပန်းခြံထဲမှာ အတူတူလမ်းလျှောက်နေသလား… ကဲ… ဖရစ် ကို ဝီစကီနဲ့ ဆိုဒါ ယူလာပေးဖို့ပြောပေးပါလားဗျာ"
ကျွန်မ က ဘာမှပြန်မပြောဘဲ ခေါင်းလောင်းတီးလိုက်ပါသည်။ ဆိုဖာအစွန်းမှာ သူ ဝင်ထိုင် သည်။ ခြေ ထောက်နှစ်ဖက် ကို လွှဲနေသည်။ မထိတထိ ပြုံးမြဲပြုံးနေသည်။ ရောဘတ် ဝင်လာသည်။
"မစ္စတာဖေဗယ် အတွက် ဝီစကီ နဲ့ ဆိုဒါ ယူခဲ့ပါ"
"ဘယ်လိုလဲဟေ့ ရောဘတ်… မင်းနဲ့ မတွေ့ရတာ ကြာပြီ။ ကားရစ်မြို့ထဲမှာရှိတဲ့ ကောင်မလေးတွေရဲ့ အသည်း ကို ခွဲနေတုန်းပဲလားကွ…" ဟု ဖေဗယ်က လှမ်းမေးသည်။
ရောဘတ် မျက်နှာ ရဲ သွားသည်။ ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ကျွန်မကို လှမ်းကြည့်လိုက်သည်။
"ကဲ… ကောင်းပါပြီကွာ… ခပ်မြန်မြန်ပြေးပြီးတော့သာ ဝီစကီ ယူလာပေးစမ်းပါ"
ရောဘတ် ပြန် ထွက်သွားသည်။ ဖေဗယ်က တဟားဟားရယ်နေသည်။ စီးကရက်များကိုလည်း ကြမ်းပေါ်သို့ စည်းမဲ့ကမ်းမဲ့ ချွေချနေသည်။ ခဏကြာတော့ ဝီစကီယူပြီး ရောဘတ် ပြန်ဝင်လာသည်။ သူ့မျက်နှာမှာ ရှက်သွေးဖြာနေဆဲရှိသည်။ မနေတတ် မထိုင်တတ်လည်း ဖြစ်နေသည်။ ဖေဗယ်က ဝီစကီ စသောက်သည်။ ကျွန်မ ကိုလည်း မျက်တောင်မခတ် ခြေဆုံးခေါင်းဖျား ကြည့်နေသည်။ မျက်နှာ အမူအရာ ကတော့ မချိုမချဉ်။
"မက်ဇင်မ် ညစာပြန်မစားဘူး ဆိုရင်လဲ ကျုပ်အနေနဲ့ ဘယ်လိုမှ မအောက်မေ့ပါဘူးဗျာ"
ကျွန်မ က ဘာမျှပြန်မပြော။ လက်နှစ်ဖက် နောက်ပစ်ပြီး မီးလင်းဖိုနားမှာ ရပ်မြဲရပ်နေသည်။
"ထမင်းစားခန်းထဲမှာ မက်ဇင်မ် အတွက် ပြင်ဆင်ထားတဲ့ ညစာတွေလဲ အလဟဿ မဖြစ်စေရပါဘူး"
ကျွန်မ ကို ခေါင်းငဲ့ကြည့်ရင်း မချိုမချဉ် ပြုံးမြဲပြုံးနေပြန်သည်။
"မစ္စတာဖေဗယ်… ကျွန်မ ရိုင်းရိုင်းစိုင်းစိုင်း မပြောချင်ပါဘူး။ ဒါပေမဲ့ ကျွန်မ သိပ်ပင်ပန်းနေတယ်။ ဒီနေ့ တစ်နေ့လုံး သိပ်ပင်ပန်းခဲ့တယ်။ ဘာကိစ္စ မက်ဇင်မ်နဲ့ တွေ့ချင်တယ်ဆိုတာ ကျွန်မကို ပြောမပြနိုင်ရင် ရှင် ဒီအခန်း ထဲ မှာ ဆက်ထိုင်မနေတာ ကောင်းမယ်။ စောစောက ကျွန်မ အကြံပေးခဲ့တဲ့အတိုင်း မနက် ဖြန်မနက်ကျ မှ ရုံးမှာသွားတွေ့ပါ"
ဆိုဖာစွန်း မှ ထပြီး ကျွန်မဆီသို့ လျှောက်လာသည်။ ဝီစကီဖန်ခွက်ကို လက်ထဲမှာ ကိုင်ထားဆဲရှိသည်။
"နေပါဦး… နေပါဦး… ဒီလိုလဲ အပြတ်မလုပ်လိုက်ပါနဲ့ဗျာ… ကျုပ်လဲ ဒီနေ့တစ်နေ့လုံး ပင်ပန်းနေတာပါ ပဲ။ ကျုပ်ကို တစ်ယောက်တည်း ထားခဲ့ပြီး ထွက်မပြေးလိုက်ပါနဲ့။ ခင်ဗျားကို ဘာအန္တရာယ်မှ မပေးပါဘူး။ တကယ်ပါ။ ကျုပ် အကြောင်းတွေ မက်ဇင်မ်က ခင်ဗျားကို ပြောပြထားပြီးပြီနဲ့ တူတယ်"
ကျွန်မ က အဖြေပြန်မပေး။
"ကျုပ်ဟာ အင်မတန် ထွားကျိုင်းကြီးမားတဲ့ ဝံပုလွေဆိုးကြီးတစ်ကောင်လို့ ထင်နေတယ်မဟုတ်လား။ မထင်ပါနဲ့ ဗျာ။ ကျုပ်ဟာ အဲဒီလိုလူစားမျိုး မဟုတ်ပါဘူး။ သူလို ကိုယ်လို သာမန်ပါပဲ။ ဘာအန္တရာယ်မှ မပေးတတ် တဲ့ အကောင်ပါ။ မန်ဒါလေစံအိမ်ကြီးကို ခင်ဗျားရောက်လာတယ်။ ခင်ဗျား မသိဖူးသေးတဲ့ လူပေါင်း များစွာ နဲ့ တွေ့တယ်။ ကောင်းပါတယ်ဗျာ။ ကျုပ်အဖို့တော့ အင်မတန် တုန်လှုပ်ချောက်ချား စရာ တွေချည်းပါပဲ။ ရဘက်ကာ ဟာ ကျုပ် ရဲ့ဝမ်းကွဲနှမပါ။ သူ့ကို ကျုပ် အရမ်းချစ်တယ်"
သူက ဆက်ပြောနေသည်။ သူ့ကိုယ်က ယိမ်းထိုးနေသောကြောင့် ကြိုးစားပြီး ထိန်းနေသည်။
"ဟုတ်ပါတယ်… ရှင့်အတွက် ကျွန်မ စိတ်မကောင်းပါဘူး"
"ကျုပ်တို့ နှစ်ယောက်အတူ ကြီးပြင်းလာခဲ့ကြတယ်။ ဘာမဆို စိတ်တူကိုယ်တူ ရှိခဲ့ကြတယ်။ ကမ္ဘာပေါ် မှာ ရဘက်ကာ ဟာ ကျုပ် အချစ်ဆုံးပါပဲ။ ရဘက်ကာရဲ့ အချစ်ဆုံးဟာလဲ ကျုပ်ပါပဲ။ ဒါကြောင့် ကျုပ် စိတ်တွေ ကယောင်ချောက်ချား ဖြစ်ကုန်ရတာပေါ့" "မှန်ပါတယ်… မှန်ပါတယ်"
"ဒီကိစ္စနဲ့ ပတ်သက်ပြီး မက်ဇင်မ် ဘာလုပ်မလဲ… ကျုပ် သိချင်တာ အဲဒါပဲ။ ရုံးတော်က စစ်ဆေးချက် ပြီး ဆုံးသွားတဲ့နောက် မှာ ဒီအတိုင်း အေးအေးဆေးဆေး ထိုင်နေရင် ရပြီလို့ သူ ထင်သလား။ ပြောစမ်းပါ"
သူ မပြုံးတော့ပါ။ ကျွန်မဘက်သို့ ကိုယ်ကို ကိုင်းထားသည်။
"ရဘက်ကာ အတွက် တရားသဖြင့်ဖြစ်အောင် ကျုပ် လုပ်ရမယ်။ သူ့ကိုယ်သူ သတ်သေတာတဲ့… ဖြစ်ရ လေဗျာ… သူ့ ကိုယ်သူ သတ်သေတာပါလို့ ဂျူရီလူကြီးတွေ ပါးစပ်က ထွက်လာအောင် အိုနာကျိုးကန်း မှုခင်းရှေ့နေ က လုပ်လိုက်တာလေ…။ သူ့ကိုယ်သူ သတ်သေတာမဟုတ်ဘူးဆိုတာ ခင်ဗျားရော ကျုပ် ပါ သိတယ်။ မဟုတ်ဘူး… ဟင်း… မဟုတ်ဘူးလား" သူက ကျွန်မ ဘက် တိုးကပ်ထားမြဲဖြစ်သည်။
ရုတ်တရက် တံခါး ပွင့်သွားပြီး မက်ဇင်မ် ဝင်လာသည်။ သူ့နောက်က ဖရင့်ခရော်လေ ပါလာသည်။ တံခါး ပွင့်လျက်နှင့် မက်ဇင်မ်က တောင့်တောင့်ကြီးရပ်ပြီး ဖေဗယ်ကို မျက်တောင်မခတ် စိုက်ကြည့်နေ သည်။ "ခွေးသား… မင်း ဘာလာလုပ်တာလဲ" ဟု မက်ဇင်မ်က ပြောသည်။
ဖေဗယ်က နောက်လှည့်ကြည့်သည်။ ခဏစောင့်နေသေးသည်။ ပြီးတော့မှ ပြုံးသည်။
"ကိစ္စကတော့ဗျာ… ဒီကနေ့ ရုံးတော်ကချလိုက်တဲ့ စီရင်ချက်အတွက် မောင်ရင့်ကို ဝမ်းသာစကားပြော ဖို့ လာတာပါပဲ" "မင်းဟာမင်း အိမ်ထဲက ထွက်သွားမလား… ခရော်လေ နဲ့ ငါက ဆွဲထုတ်ပစ်တာ ခံချင်သလား"
"ခဏနေပါဦးလေ… သိပ်မလောစမ်းပါနဲ့"
ဖေဗယ် က ထိုမျှပြန်ပြောပြီး စီးကရက် မီးညှိနေသည်။ ပြီးတော့ ဆိုဖာလက်တန်းပေါ် ပြန်ထိုင်သည်။
"ငါပြောမယ့် စကားတွေကို အိမ်ဖော်တွေ မကြားစေချင်ဘူး မဟုတ်လား။ အေး… အဲဒီအတိုင်း တံခါး ကြီးဖွင့်ထားရင်တော့ အကုန်ကြားမှာပဲ"
မက်ဇင်မ်က မလှုပ်၊ ဖရင့်က တံခါးကို အသံမမြည်အောင် ပိတ်လိုက်သည်။
"ကဲ… နားထောင် ကိုယ့်လူ… ဒီအမှုကြီး ထဲက မင်း ကောင်းကောင်းကြီး လွှတ်သွားပြီ မဟုတ်လား။ မင်း မျှော်လင့်ထားတာထက်တောင် ပိုပြီးဟန်ကျသွားသေးတယ်လေ။ ရုံးတော်မှာ ဒီကနေ့ ငါ ရှိနေ တယ်။ ငါ့ ကို မင်း မြင်တာ ပြောရဲ ပါတယ်။ အစကနေ အဆုံးအထိ ငါ ရှိနေတယ်။ မင်း ကျဉ်းထဲကျပ်ထဲ ရောက် လာတဲ့အချိန် မှာ မင်းမိန်းမ သတိလစ်သွားတာလဲ ငါတွေ့တယ်။ တကယ်တော့ မင်းမိန်းမ ကို အပြစ်ဆို စရာ မရှိပါဘူးကွာ…။ ဒီလိုပဲ ဖြစ်ရမှာပေါ့။ စစ်ဆေးချက်တွေ က ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိနိုင် တော့ဘဲကိုး။ ဒါပေမဲ့ မင်းတို့ အင်မတန် ကံကောင်းပြီး ဒီနေ့ချလိုက်တဲ့ စီရင်ချက် အတိုင်း ဆက်ဖြစ်သွား တော့တာပေါ့။ ဦးနှောက်မရှိတဲ့ ဂျူရီလူကြီးတွေက မင်းကို ဘက်လိုက် လိုက်ကြတယ်မဟုတ်လား"
""
မက်ဇင်မ်က ဖေဗယ်ဆီသို့ တိုး သွားသည်။ ဖေဗယ်က လက်ကာပြသည်။
"ခဏစောင့်ဦးလေ… မစောင့်နိုင်တော့ဘူးလား… ငါပြောတာ မဆုံးသေးဘူးလေ။ မင်း မပျော်နိုင်ဆုံး ဘဝ ကို ရောက်သွားအောင် ငါ လုပ်နိုင်တယ်ဆိုတာ မင်း သဘောမပေါက်သေးဘူးလား။ မပျော်နိုင်ဆုံး ဘဝ ဆိုတာတောင် မပြည့်စုံသေးဘူး။ သိပ်ကို အန္တရာယ် ကြီးမားသွားနိုင်တယ်လို့ ပြောရမယ်"
မီးလင်းဖိုနား ရှိ ကုလားထိုင်ပေါ်သို့ ကျွန်မ ထိုင်ချလိုက်မိသည်။ ပြီးတော့ ကုလားထိုင်လက်တန်းကို တင်းတင်းကြီး ဆုပ်ကိုင်ထားမိသည်။ ဖရင့်က ကျွန်မ၏ကုလားထိုင်နောက်မှာ လာရပ်သည်။ မက်ဇင်မ် သည် မလှုပ်သေး။ ဖေဗယ်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေဆဲဖြစ်သည်။
"သြော်… ဒီလိုလား… ဘယ်လိုနည်းနဲ့များအန္တရာယ်ကြီးသွားအောင် မင်းက လုပ်နိုင်သလဲ"
"ဒီမှာကြည့် မက်ဇင်မ်… မင်းရယ်… မင်းမိန်းမရယ်… ခရော်လေရယ် ကြားမှာ ဘာလျှို့ဝှက်ချက်မှ မရှိ ဘူးလို့ ငါ ထင်တယ်။ ငါ ရှင်းရှင်းပဲ ပြောတော့မယ်။ ရဘက်ကာနဲ့ ငါ့အကြောင်းကို မင်းတို့အားလုးံ သိကြ တယ်။ တို့နှစ်ယောက်ဟာ ချစ်သူတွေပဲ။ ဒါနဲ့ပတ်သက်လို့ ဘယ်တုန်းကမှ ငါ မငြင်းခဲ့ ဘူး။ နောက်လဲ ငြင်းမှာမဟုတ်ဘူး။ ကောင်းပြီ။ ရဘက်ကာဟာ ထုံးစံအတိုင်း ရွက်လွင့် ထွက်သွား ရင်း ရေနစ် သေခဲ့ရ တယ်လို့ စောစောပိုင်းအထိ ငါ ယုံကြည့်ခဲ့တယ်။ နောက် သူ့အလောင်းကို အက်ခ်ျကွန်ဘီ မှာ ပြန်တွေ့ တယ်ဆိုတာာလဲ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ နောက်ထပ်အလောင်းတစ်ခုကို သူ့သင်္ဘောကေဗင်ခန်း ထဲ မှာ ရေငုပ်သမားက ထပ်တွေ့ပြန်ပြီဆိုတဲ့သတင်း ဖတ်ရတော့ နားမလည်နိုင်အောင်ဖြစ်သွားတယ်"
"ရဘက်ကာနဲ့ အတူတူ သင်္ဘောစီးသွားတာဟာ ဘယ်သူလဲ… စဉ်းစားလို့မရဘူး။ ဒါကြောင့် ဒီကိုထွက် လာခဲ့ တယ်။ မစ္စက်ဒင်ဗာနဲ့တွေ့တယ်။ အခုတွေ့ရတဲ့အလောင်းဟာ ရဘက်ကာရဲ့အလောင်း အမှန်ပဲ လို့ သူက ပြောတယ်။ ဒီအချိန် အထိ ငါ့စိတ်ထဲမှာ သံသယမဖြစ်သေးဘူး။ အက်ခ်ျကွန်ဘီမှာ တွေ့ရတဲ့ အလောင်း ဟာ ရဘက်ကာ မဟုတ်ဘူး။ မှားပြောတာ ။ အခုဟာကမှ ရဘက်ကာရဲ့အလောင်းအစစ်။ ဒါ ဟာလဲ သူ့ဟာသူ ရိုးရိုး သားသား ရွက်လွင့်သွားရင်း မတော်တဆ ကေဗင်ထဲမှာ ပိတ်မိပြီး ရေနစ်သေ သွားတာပဲလို့ ယုံကြည်ခဲ့တယ်"
"ဒါနဲ့ ဒီကနေ့ ရုံးတော် မှာ စစ်ဆေးတာကို ငါ တက်နားထောင်ခဲ့တယ်။ ဒီလို စစ်ဆေးပြန်တော့လဲ အားလုံး ဟာ ချောချောမောမောပဲ။ မဟုတ်ဘူးလား။ သင်္ဘောတည်ဆောက်တဲ့ ဂျိမ်းစ်တက် အစစ်ဆေး မခံချိန် အထိ အားလုံး ချောချောမောမောပဲဖြစ်နေတာမဟုတ်လား။ ဒါပေမဲ့ ဂျိမ်းစ်တက် အစစ်ခံပြီးတဲ့ နောက်မှာ ဘာတွေဖြစ်ကုန် သလဲ၊ သင်္ဘောဝမ်းဗိုက်က အပေါက်တွေနဲ့ ရေထုတ်ပိုက်ခေါင်းတွေ အဆုံး အထိ ဖွင့်ထားတာကို မင်း ဘာပြောချင်သလဲ"
"ရုံးတော်မှာ ဒီအကြောင်းတွေ ငါ ပြောခဲ့ပြီးတဲ့နောက် ဒီနေရာမှာ မင်းနဲ့ ဒီအကြောင်းတွေ ထပ်ပြောနေ ချင်သေးတယ်လို့ မင်း ထင်သလား။ သက်သေခံချက်တွေ မင်း ကြားပြီးပြီ။ စီရင်ချက်ကို မင်း ကြားပြီး ပြီ။ ဒါတွေကို မှုခင်းရှေ့နေ ကလဲ ကျေနပ်ပြီးပြီ။ ဒါဆိုရင် မင်းလဲ ကျေနပ်ရမှာပေါ့"
"သူ့ကိုယ်သူ သတ်သေတယ် ဆိုတာလား… ဟုတ်လား… ရဘက်ကာဟာ သူ့ကိုယ်သူ သတ်သေ သတဲ့ လား… ဒီလို အလုပ်မျိုး သူ လုပ်မတဲ့လား… နားထောင်စမ်း။ ဟောဒီစာတစ်စောင် ငါ့ဆီမှာ ရှိနေတယ် ဆိုတာ မင်း မသိဘူး မဟုတ်လား… ဒီစာဟာ ငါ့ဆီကို သူ နောက်ဆုံးရေးခဲ့တာပဲ။ ငါ ဖတ်ပြမယ်။ မင်း စိတ်ဝင်စားပါလိမ့်မယ်"
အိတ်ထဲ မှာ စာတစ်ရွက် ကို သူ နှိုက်ထုတ်သည်။ လက်ရေးစောင်းစောင်းကို ကျွန်မ မှတ်မိနေ ပါသည်။ ဖေဗယ်က စာကို ဖတ်ပြသည်။
အိပ်ခန်း ကနေပြီး ရှင့်ဆီကို ကျွန်မ ဖုန်းဆက်သေးတယ်။ ပြန်မထူးဘူး။ မန်ဒါလေ ကို ကျွန်မ တန်းပြန်တော့မယ်။ ဒီကနေ့ည ကမ်းခြေက တိုက်မှာ ရှိနေမယ်။ ဒီစာကို အချိန်မီရရင် ကျွန်မနောက်ကို ကားမောင်း လိုက်ခဲ့ပါ။ ကမ်းခြေ က တိုက်မှာ တစ်ညလုံးရှိနေမယ်။ တံခါး အသင့်ဖွင့်ထားပေးမယ်။ ရှင့် ကို ပြောစရာ ရှိနေတယ်။ မြန်နိုင် သမျှ အမြန်ဆုံးလဲ ရှင်နဲ့ တွေ့ချင်တယ်။
ရဘက်ကာ့ စာ ကို သူ့အိတ်ထဲသို့ ပြန်ထည့်သည်။
"မင်းဟာ ကိုယ့်ကိုယ်ကို သတ်သေတော့မယ် ဆိုရင် ဒီလိုစာမျိုး ရေးသွားပါ့မလား။ မနက် လေးနာရီမှာ ငါ့အခန်း ကို ငါ ပြန်ရောက်တော့ ဒီစာ ကိုတွေ့တယ်။ အဲဒီနေ့က လန်ဒန်ကို ရဘက်ကာ ရောက်လာတယ် ဆိုတာ ငါ မသိဘူး။ သိရင် သူနဲ့တွေ့ဖြစ်အောင် တွေ့မိမှာပေါ့။ အဲဒီညက ငါလဲ ဧည့်ခံပွဲတစ်ခု တက်နေ မိတယ်။
မနက် လေးနာရီမှာ ဒီစာကိုဖတ်ရတော့ ရဘက်ကာ နောက်ကို လိုက်သွားဖို့ အချိန်သိပ်နောကကျနေပြီ.. ကားမောင်းလာရမယ် မဟုတ်လား။ နောက်နေ့မှ ဖုန်းလှမ်းဆက်တော့မယ်ဆိုပြီး အိပ်ရာဝင်ခဲ့ တယ်။ နောက် တစ်နေ့ နေ့ခင်းအိပ်ရာက နိုးတော့ ရဘက်ကာ သေသွားပြီဆိုတာ ကြားရတော့တာပဲ"
ဆိုဖာလက်တန်းပေါ် မှာ သူ ထိုင်နေသည်။ မက်ဇင်မ်ကို စိုက်ကြည့်နေသည်။ ကျွန်မတို့အားလုံး မည်သူ မှ စကားမပြောကြ။ "နေ့ခင်းတုန်း က ဒီစာကိုများ မှုခင်းရှေ့နေ ဖတ်လိုက်ရမယ် ဆိုရင် မင်းအတွက် အလိမ်အကွေ့ ကလေး တွေ ဖြစ်သွားနိုင်တယ်မဟုတ်လား" ဟု ဖေဗယ်က ပြောသည်။
"ကောင်းပြီ… ဘာဖြစ်လို့ မှုခင်းရှေ့နေကို အဲဒီစာ မပေးတာလဲ" ဟု မက်ဇင်မ်က ပြန်မေးသည်။
"ဖြည်းဖြည်းပေါ့ ကိုယ့်လူရယ်… ဖြည်းဖြည်းပေါ့… အားလုံး ရှုပ်ကုန်ပါဦးမယ်။ မင်း ဒုက္ခရောက်သွားတာ မျိုးကို ငါ မလိုလားပါဘူး။ မင်းဟာ ငါ့ကို မိတ်တွေလို သဘောမထားခဲ့ဘူး။ ရန်သူလို သဘောထားခဲ့ တယ်။ ဆက်ဆံ ခဲ့တယ်။ ဒီအတွက် ငါ အာဃာတမထားပါဘူး။ ချစ်စရာကောင်းတဲ့ မိန်းမချော မိန်းမလှ ရတဲ့ ယောက်ျားတွေဟာ သဝန်တို တတ်ကြတယ်။ ဒါဟာ ဓမ္မတာပဲ။ သူတို့ကို ငါ အပြစ်မဆိုပါဘူး။ ဒါပေမဲ့ သနားတယ်။ သဝန်တို တဲ့စိတ် ကို ထိန်းချုပ်ပြီး မိန်းမကို ခွင့်လွှတ်ရမယ့်အစား မိန်းမကို သတ်ပစ် တတ်ကြတယ်။ မင်းလဲ ဒီလိုပဲဖြစ်ခဲ့တာ မဟုတ်လား။ ကဲ… သဘောတူညီမှုတစ်ခုကို လုပ်ကြ ရအောင်။ ငါဟာ ငွေကြေးချမ်းသာတဲ့သူ မဟုတ်ပါဘူး။ ဒါကြောင့် ငါ မသေမချင်း တစ်နှစ်ကို ငွေနှစ်ထောင်ဖြစ်ဖြစ် သုံး ထောင်ဖြစ်ဖြစ် ပေးသွားမယ်ဆိုရင် မတောင့်မတ မကြောင့်မကြနဲ့ ငါ နေသွား နိုင်မယ်။ ပြီးတော့ မင်းကို ဘာဒုက္ခမှ ထပ်မပေးဘူး။ ဒီလို ဒုက္ခမပေးဘူးဆိုတာလဲ ဘုရားရှေ့မှာ သစ္စာဆိုပြမယ်"
"မင်း အိမ်ထဲက ထွက်သွားလို့ စောစောကတည်းက ငါ ပြောခဲ့တယ်။ ဒီစကားကို ငါ ထပ်မပြောတော့ ဘူး။ ဟောဟို မင်းနောက်မှာ တံခါးပေါက်ရှိတယ်။ မင်းဟာမင်း ထွက်သွားနိုင်တယ်" ဟု မက်ဇင်မ်က လှမ်းပြော သည်။
"ခဏနေပါဦး မက်ဇင်မ်…" ဖရင့်ခရော်လေက ဝင်ပြောသည်။ "ဒီလို လွယ်လွယ်လုပ်လို့ မရသေးဘူး" ပြီးတော့ ဖေဗယ်ကိုကြည့်ပြီး ဆက်ပြောသည်။ "ခင်ဗျား ဘာတွေလုပ်နေတယ်ဆိုတာ ကျွန်တော်သိ တယ်။ ဒီလိုဖြစ်ကုန် ရတာဟာ လဲ ကံမကောင်းအကြောင်းမလှလို့ ဖြစ်ကုန်ရတယ်။ ခင်ဗျားပြောသလိုပဲ ဒီအရှုပ်အထွေး ဟာ မက်ဇင်မ်အတွက် အထိုက်အလျောက် အခက်အခဲ ပေါ်နိုင်တယ်။ ဒီကိစ္စမှာ ကျွန် တော် ရှင်းရှင်းလင်းလင်း သဘောပေါက် သလို သူ သဘောပေါက်ဟန်မတူဘူး။ မက်ဇင်မ်ဆီက ခင်ဗျား ငွေ ဘယ်လောက် လိုချင်တယ် ဆိုတာ တိတိကျကျ ပြောပါ"
မက်ဇင်မ်၏ မျက်နှာဖြူသွားသည် ကို မြင်လိုက်ရသည်။ နဖူးပေါ်မှာလည်း အကြောတွေ ထောင်လာ သည်။
"ဖရင့်… ဒီကိစ္စထဲ မင်း ဝင်မပါနဲ့။ ဒါဟာ ငါ့ကိစ္စလုံးလုံးဖြစ်တယ်။ ဒီလို ငွေညှစ်တာမျိုး ငါ ဘယ်တော့မှ လက်မခံဘူး"
"မင်းမိန်းမ ဟာ လူသတ်သမားမယား ဖြစ်ချင်လိမ့်မယ်လို့ ငါ မထင်ဘူး။ ကိုယ့်မယား ကိုယ် သတ်မှု နဲ့ ကြိုးစင် တက်သွားရသူ တစ်ယောက်ရဲ့ မုဆိုးမအဖြစ် လူတကာ လက်ညှိုးထိုးတာ ခံချင်လိမ့်မယ် မထင်ဘူး" ဖေဗယ် က ပြောပြီး ရယ်သည်။ ကျွန်မကိုလည်း လှမ်းကြည့်သည်။
"ငါ့ကို ခြောက်လို့ လှန့်လို့ရမယ် ထင်နေသလား ဖေဗယ်… ဒီလိုထင်ရင် မင်း မှားပြီ။ မင်း ဘာလုပ်လုပ် ငါ သောက်ဂရုမစိုက်ဘူး။ ဟောဟိုအခန်းထဲမှာ တယ်လီဖုန်းရှိတယ်။ ကာနယ်ဂျူလယန်းကို ဖုန်းဆက် လိုက်ရမလား။ သူက တရားသူကြီးလေ… မင်း ဇာတ်လမ်းကိုတော့ သူ စိတ်ဝင်စားပါလိမ့်မယ်"
ဖေဗယ်က သူ့ကို စိုက်ကြည့်ပြီး ရယ်နေသည်။
"ဟား… ဟား… လိမ်ပုံညာပုံကလေးကတော့ သင်းပါပေ့ကွာ… မင်း ဂျူလယန်း ကို ဖုန်းဆက်မခေါ်ရဲပါ ဘူး ကိုယ့်လူ ရယ်… မင်းကို ကြိုးစင်တင်ဖို့ သက်သေခံအထောက်အထားတွေ ငါ့မှာ အပြည့်အစုံရှိနေ ပြီပဲ" မက်ဇင်မ် က တယ်လီဖုန်းထား သည့် အခန်းသို့ဖြတ်လျှောက်သွားသည်။ ခဏကြာတော့ တယ်လီဖုန်း လှည့်သံ ကြားရသည်။ "သွားတားပါ… သူ့ကို သွားတားပါ" ဟု ကျွန်မက ဖရင့်ကို ပြောသည်။
ဖရင့်က ကျွန်မ မျက်နှာကို တစ်ချက်ကြည့်ပြီး ခပ်သုတ်သုတ် လျှောက်သွားသည်။
"ကားရစ် နံပါတ် ၁၇ ပေးပါ" မက်ဇင်မ်၏အသံကို ကြားရသည်။ အလွန်အေးစက်စက်နိုင်သော၊ အလွန် တည်ငြိမ်သော အသံဖြစ်နေ သည်။ ဖေဗယ် က လှမ်းကြည့်သည်။ သူ့မျက်နှာက ဘာဖြစ်မည်ကို သိလိုဇောဖြင့် တင်းနေသည်။
"လာမရှုပ်စမ်းနဲ့" ဖရင့်ကို အော်ထုတ်လိုက်သည့် မက်ဇင်မ်၏အသံကို ကြားရသည်။ ခဏကြာတော့ "ကာနယ်ဂျူလယန်း လား… ဒီဝင်းတား စကားပြောနေပါတယ်။ ဟုတ်ပါတယ်… ဟုတ်ပါတယ်… ကျွန် တော် သိပါတယ်။ ကျွန်တော့်ဆီကို အခုချက်ချင်း လာနိုင်ပါ့မလား။ ဟုတ်ပါတယ်။ မန်ဒါလေကိုပါ။ အရေးကြီးတဲ့ ကိစ္စ တစ်ခုကြောင့်ပါ။ ဖုန်းနဲ့ပြောလို့ မဖြစ်ပါဘူး။ ဒီရောက်ရောက်ချင်း အကျိုးအကြောင်း သိရပါလိမ့်မယ်။ ဒီလို ဖုန်းဆက်ခေါ်ရတာ အားနာပါတယ်ဗျာ။ ကျေးဇူးပါပဲ"
အခန်းထဲ သို့ မက်ဇင်မ် ပြန်လာသည်။ "ဂျူလယန်း ချက်ချင်း ထွက်လာနေပြီ"
မက်ဇင်မ် က ထိုမျှပြောပြီး ပြတင်းပေါက်တစ်ခုကို ဖွင့်ကာ ရပ်နေသည်။ ကျွန်မတို့ကို ကျောခိုင်းပြီး အပြင်လေကို ရှူရှိုက်နေသည်။
"မက်ဇင်မ်… မက်ဇင်မ်…"
ဖရင့်က ခပ်တိုးတိုးခေါ်သည်။
မက်ဇင်မ်က ပြန်မထူး။ ဖေဗယ် က နောက်ထပ် စီးကရက်တစ်လိပ်ကို မီးညှိပြီး တဟားဟားရယ်နေ သည်။
"ဟား… ဟား… ဟား… မင်းကိုယ်တိုင်က ကြိုးစင်တက်ချင်သပဆိုရင်တော့ ငါကလဲ တင်ပေးရတော့ မှာ ပေါ့ကွာ…" ဖေဗယ် က သတင်းစာတစ်စောင် လှမ်းယူကာ ဆိုဖာပေါ်သို့ ထိုင်ချလိုက်ပြီး သတင်းစာကို လှန်လှော နေသည်။ ဖရင့်က မက်ဇင်မ်နှင့် ကျွန်မကို တစ်လှည့်စီကြည့်ပြီးနောက် ကျွန်မအနားသို့ လာရပ်သည်။
"တစ်ခုခု လုပ်မပေးနိုင်ဘူးလား… အပြင်ထွက်စောင့်ပြီး ကာနယ်ဂျူလယန်း ဒီကိုမလာအောင် တားပေး ပါ။ တစ်ခုခု မှားသွားတယ်လို့ ပြောပါ" ဟု ကျွန်မက ဖရင့်ကို လေသံဖြင့် ပြောသ်ည။
မက်ဇင်မ် က နောက်လှည့်မကြည့်ဘဲ ပြတင်းပေါက်မှ လှမ်းအော်ပြောသည်။ "ဖရင့်… အခန်းထဲက လုံးဝ မထွက် နဲ့။ ဒီကိစ္စကို ငါ တစ်ယောက်တည်း ဖြေရှင်းမယ်။
ဆယ်မိနစ်တိတိကြာရင် ကာနယ်ဂျူလယန်း ရောက်လာလိမ့်မယ်"
ကျွန်မတို့ အားလုံး တိတ်နေကြသည်။ ဖေဗယ်က သတင်းစာဖတ်နေသည်။ မိုးရေစက်ကျနေသံမှတစ်ပါး တိတ်နေ သည်။ ကျွန်မ၏ခန္ဓာကိုယ်ထဲမှာ အင်အားတွေ ကုန်ခန်းနေသည်။ အကူအညီကင်းမဲ့ လာသည်။ ကျွန်မ ဘာမျှမလုပ်နိုင်တော့ပါ။ ဖရင့်ခရော်လေလည်း ဘာမျှမလုပ်နိုင်တော့ပါ
ဝတ္ထု စာအုပ် ထဲမှာဆိုလျှင် သို့တည်းမဟုတ် ပြဇာတ်ထဲမှာဆိုရင် ခြောက်လုံးပြူးတစ်လက်ယူပြီး ဖေဗယ် ကို ကျွန်မ တို့ ပစ်သတ်မည်။ ပြီးတော့ အလောင်းကို ဗီရိုထဲမှာ ဝှက်ထားလိုက်မည်။ ယခုတော့ ခြောက်လုံပြူး လည်း မရှိ။ ဗီရိုလည်း မရှိ။ ကျွန်မတို့သည်လည်း ဝတ္ထုထဲက လူများမဟုတ်။ ပြဇာတ်က နေကြသော ဇာတ်ကောင် များလည်းမဟုတ်။ ဖေဗယ် တောင်းသည့်ငွေပေးလိုက်ဖို့ မက်ဇင်မ်၏ခြေသ လုံးဖက်ပြီးတော့လည်း ကျွန်မ မတောင်းပန်နိုင်တော့ ပြီ။ သည်အတိုင်း ထိုင်ပြီး ကြည့်နေရတော့သည်။
မိုးအလွန် သဲ နေသောကြောင့် ခြံထဲသို့ ကားဝင်လာသံကို မကြားလိုက်ရပါ။ ဖရစ်က ကာနယ်ဂျူလယန်း ကို အခန်းထဲ သို့ လိုက်ပို့ပေးတော့မှပင် သူ ရောက်လာပြီဖြစ်ကြောင်း သိရတော့သည်။ မက်ဇင်မ် က ပြတင်း မှ နောက်လှည့်ကြည့်သည်။ "မင်္ဂလာပါ။ ကျွန်တော်တို့ ထပ်တွေ့ကြရပြန်ပြီပေါ့ဗျာ… ချက်ချင်း ရောက် လာတာပါပဲလား"
"ဟုတ်တယ်။ ခင်ဗျားက အရေးကြီးတယ်ဆိုတော့ ချက်ချင်း ထွက်လာခဲ့တယ်။ မော်တော်ကားက အဆင်သင့်ရှိနေတာ ကံကောင်းသွားတာပေါ့။ ဘာတွေဖြစ်ကြတာလဲ ပြောစမ်းပါဦး…"
ကာနယ်ဂျူလယန်း က ဖေဗယ်ကို ဇဝေဇဝါ လှမ်းကြည့်နေသည်။ ပြီးတော့ ကျွန်မဆီလာပြီး လက်ဆွဲ နှုတ်ဆက်သည်။
"မိုးရွာလိုက်တာ ဟန်ကျသွားတယ်။ မိုးပြတ် နေတာ ကြာပြီ။ ခင်ဗျားလဲ နေလို့ကောင်းသွားပါပြီနော်"
ကျွန်မ က တစ်စုံတစ်ရာ ပြန်ပြောမိပါသည်။ သို့သော်လည်း ဘာပြောမိသည်ကို မသိတော့ပါ။ ကာနယ် ဂျူလယန်း က ကျွန်မတို့ကို တစ်ယောက်ချင်းလှည့်ကြည့်နေသည်။
"အကြောင်းမဲ့ ခေါ်တာမဟုတ်ဘူး ဆိုတာတော့ သဘောပေါက်ပါလိမ့်မယ်။ သူက ဂျက်ဖေဗယ် ပါ။ ကျွန် တော့် အလျင်မိန်းမ ရဲ့အစ်ကိုဝမ်းကွဲပဲ။ သူနဲ့တွေ့ဖူးချင်လဲ တွေ့ဖူးပါလိမ့်မယ်"
"အင်း… မြင်ဖူးသလိုလိုပဲ… ဟိုတုန်းက ဒီမှာတွေ့ဖူးကြတာ ဖြစ်မှာပေါ့"
ကာနယ်ဂျူလယန်း က ခေါင်းညိတ်ပြပြီး ပြောသည်။
"ဟုတ်ပါလိမ့်မယ်။ ကိုင်း… ဖေဗယ်… မင်း လုပ်စရာရှိတာ လုပ်ပေတော့" မက်ဇင်မ်က လှမ်းပြောသည်။
ဖေဗယ် က ထိုင်ရာမှထပြီး သတင်းစာကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ ဆယ်မိနစ်အတွင်း သူ့ကိုယ် သူ စိတ်ငြိမ်အောင် အတော်ထိန်းသွားနိုင်ပုံရသည်။ ခြေလှမ်းမှန်မှန်ဖြင့် သူ လျှောက်လာသည်။ သူ့မျက် နှာပေါ် တွင်လည်း အပြုံးမရှိတော့။ သည်လိုဖြစ်သွားရသည်ကို သူ နှစ်မြို့ပုံမပေါ်။
"ဒီမှာ ကာနယ်ဂျူလယန်း… ဒီကိစ္စ ကို သွယ်ဝိုက်ပြောနေစရာ မလိုပါဘူး။ ဒီနေ့ ရုံးတော်က ချလိုက်တဲ့ စီရင်ချက် ကို မကျေနပ်လို့ ကျွန်တော် ဒီကိုရောက်နေတာပါ" "အိုး… ဒီကိစ္စက မစ္စတာဒီဝင်းတားပြောရမယ့်စကားပဲ။ ခင်ဗျားပြောရမယ့် စကားမှ မဟုတ်ဘဲ" "ကျွန်တော့်မှာ ပြောပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်ဟာ ရဘက်ကာ ရဲ့ဝမ်းကွဲအစ်ကို တော်စပ်ရုံမက ရဘက်ကာ အသက်ရှင်နေရင် သူရဲ့လင်ယောက်ျားတော်စပ်မယ့် လူ တစ်ယောက် အနေနဲ့ပါ ပြောပိုင် ခွင့် ရှိပါတယ်" ထိုစကားကြောင့် ကာနယ်ဂျူလယန်း နောက်တွန့်သွားသည်။
"အို… ဘယ်လို စကားပြောလိုက်တာလဲ…။ ဒီစကားအမှန်ပဲလား ဒီဝင်းတား"
"ကျွန်တော် လဲ ဒီစကား ကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ကြားဖူးတာပါပဲ"
မက်ဇင်မ်က ပခုံးကိုတွန့်ပြီးပြောသည်။
ကာနယ်ဂျူလယန်းက မင်္သကာ သလို တစ်ယောက်ပြီးတစ်ယောက်ကို လှည့်ကြည့်နေပြန်သည်။
"ဒီမှာ ဖေဗယ်… ခင်ဗျားရဲ့အခက်အခဲက ဘာလဲ။ တိတိကျကျ ပြောပါ"
ဖေဗယ် က ကာနယ်ဂျူလယန်းကို ခဏကြာအောင် စိုက်ကြည့်နေသေးသည်။ စိတ်ထဲမှာ အကြံယူနေပုံ ရသည်။ စောစောက တည်ငြိမ်နေပြီဟု ထင်ရသော်လည်း ယခုမူ တည်ငြိမ်နေပုံမပေါ်တော့။ သူ့အိတ် ထဲမှ ရဘက်ကာ၏စာကို ဖြည်းဖြည်းချင်း နှိုက်ယူသည်။
"ရုံးတော်က စီရင်ချက်ချလိုက်သလို ရဘက်ကာဟာ သူ့ကိုယ်သူ သတ်သေဖို့ ပင်လယ်ထဲကို ထွက်မ သွားခင် ဟောဒီစာကို နောက်ဆုံး ရေးသွားပါတယ်။ ဖတ်ကြည့်ပါ။ ဒီစာမျိုးကို ရေးသွာတဲ့ မိန်းမတစ် ယောက်က သူ့ကိုယ်သူ သတ်သေနိုင်တဲ့စိတ်မျိုး ပေါ်နိုင်ပါ့မလား"
ကာနယ်ဂျူလယန်း က မျက်မှန်ထုတ်ပြီး စာဖတ်သည်။ ပြီးတော့ ဖေဗယ်ကို ပြန်ပေးသည်။
"အပေါ်ယံကြည့်မယ်ဆိုရင်တော့ ဒီစာရေးတဲ့ မိန်းမမျိုးဟာ သူ့ကိုယ်သူ သတ်သေမယ်လို့ မပြောပါဘူး။ ဒါပေမဲ့ ဒီစာဟာ ဘာကိုဆိုလိုတာလဲ ဆိုတာ ကျုပ် မသိဘူး။ ခင်ဗျားရော သိသလား… ဒီဝင်းတားရော သိသလား…" မက်ဇင်မ် က ဘာမျှမပြော။ ဖေဗယ်က စာရွက်ကို လိပ်နေသည်။
"ကျွန်တော့်နှမ ဟာ ဒီစာရေးပြီး ကျွန်တော့်ကို အတိအကျ ချိန်းလိုက်တာပဲ။ မဟုတ်ဘူးလား… ကျွန် တော့်ကို ပြောစရာရှိနေတဲ့အတွက် မန်ဒါလေကို ကားမောင်းပြီး လိုက်ခဲ့ပါလို့ ထင်ထင်ရှားရှား ရေးထား တာပဲ။ ဘာကို ဆိုလိုတယ်ဆိုတာတော့ ကျွန်တော့်ကို သူချိန်းတယ်။ ကျွန်တော်နဲ့ တွေ့ဖို့ ကမ်းခြေက တိုက်ပုကလေးမှာ တစ်ညလုံး စောင့်မယ်လို့ ပြောတယ်။ သင်္ဘောနဲ့ရွက်လွင့်ထွက်သွားတာလဲ ဘာမှ အံ့သြစရာ မရှိဘူး။ သူ လုပ်နေကျပဲ။ လန်ဒန်က နေ့ချင်းပြန်လာရတော့ ပင်ပန်းပြီး တစ်နာရီလောက် ရွက်တိုက်ချင်မှာပေါ့။ ဒါပေမဲ့ သင်္ဘောကိုနှစ်ပြီး သူ့ကိုယ်သူ သတ်သေလိုက်တယ်ဆိုတာ ဖြစ်နိုင်ပါ့မ လား။ ရဘက်ကာ ဟာ အရူး မဟုတ်ဘူး။ ဒီမှာ ကာနယ်ဂျူလယန်း… ရဘက်ကာဟာ အရူးမဟုတ်ဘူး ဗျ… ခင်ဗျား နားလည်သလား…"
နောက်ဆုံး စကားများကို ဖေဗယ်က အော်ပြောသည်။ သူ့မျက်နှာလည်း ရဲရဲနီနေသည်။
"ဒီမှာ ကိုယ့်လူ… ကျုပ်အပေါ်မှာ ခင်ဗျား စိတ်တိုစရာ ဘာအကြောင်းမှမရှိဘူး။ ကျုပ်ဟာ ဒီအမှုကို စစ် ဆေးတဲ့ မှုခင်းရှေ့နေမဟုတ်ဘူး။ စီရင်ချက်ချတဲ့ ဂျူရီအဖွဲ့ဝင် လူကြီးလဲမဟုတ်ဘူး။ ကျုပ်ဟာ ဒီခရိုင် ရဲ့တရားသူကြီးပဲ။ ခင်ဗျားနဲ့ ဒီဝင်းတားကို ကျုပ် ကူညီနိုင်ရင် ကူညီဖို့ပဲ ရှိတယ်။ ခင်ဗျား နှမ သူ့ကိုယ် သူ သတ်သေတယ်ဆိုတာကို ခင်ဗျား မယုံနိုင်ဘူးလို့ပြောတယ်။ တစ်ဖက်မှာလဲ သင်္ဘောတည်ဆောက် သူရဲ့အစစ်ခံချက်တွေကို ကျုပ်တို့ကြား သလို ခင်ဗျားလဲ ကြားပြီးပြီ။ ဝမ်းဗိုက်မှာ အပေါက်ရှိနေတာ ရယ်… ရေထုတ်ပိုက်ခေါင်းတွေ ဖွင့်ထားတယ် ဆိုတာရယ်… ကောင်းပြီး။ လိုရင်းပြောမယ်။ ရဘက်ကာ ဘာဖြစ်တယ်လို့ ခင်ဗျားက ပြောချင်တာလဲ"
ဖေဗယ် က မက်ဇင်မ်ဘက်သို့ တဖြည်းဖြည်း လှည့်ကြည့်သည်။ လက်ထဲက စာကို လိပ်မြဲလိပ်နေသည်။
"ရဘက်ကာ ဟာ ရေထုတ်ပိုက်ခေါင်းတွေ လဲ မဖွင့်ဘူး။ သင်္ဘောဝမ်းဗိုက်ကိုလဲ အပေါက်ဖောက်မပစ် ဘူး။ သူ့ကိုယ်သူ လဲ ဘယ်တော့မှ သတ်မသေဘူး။ ရဘက်ကာ ဟာ အသတ်ခံလိုက်ရတာ။ သတ်တဲ့လူ ကိုရော သိချင်သလား… ဟောဟို ပြတင်းပေါက်နားမှာ ခပ်တည်တည် ပြုံးပြီး ရပ်နေတဲ့ လူဟာ လူသတ်သမားပေါ့ဗျာ… မစ္စတာ မက်ဇီမီလျံ ဒီဝင်းတား ဆိုတာ လူသတ်သမားပေါ့။ သူ့ကို သေသေချာ ချာကြည့်လိုက်စမ်းပါ။ ကြိုးစင်တင် ဖို့ ဘယ်လောက်ကောင်းမယ့်လူလဲဆိုတာ… ဟား… ဟား… ဟား…"
ဖေဗယ် က အရက်မူးလွန်းနေသူတစ်ယောက်လို အတောမသတ် ရယ်တော့သည်။ စိတ်မမှန်သူတစ် ယောက်လို ရယ်တော့သည်။

Wednesday, June 20, 2012
တင်မောင်မြင့် ဘာသာပြန် မာတင်လူသာကင်း နှင့် ကျွန်မဘဝ, အပိုင်း (၁၁) ဇာတ်သိမ်း
" ဒီကလပ်မြို့နယ် မှာ နေတဲ့ မင်းတို့ကောင်တွေ ဇန်န၀ါရီလ ၁၅ ရက်မှာ နောက်ဆုံး ဆောင်ရမှာနော် ကျပ်ကျပ် သတိပေး လိုက်ပါရဲ့ "
သူတို့ အိမ်ဝယ် ဖို့ အလုပ်ရဖို့လည်း သူက တတ်နိုင်သမျှ အကူအညီပေးသည်။ သူတို့တွင် ပြဿနာ တစ်မျိုးမျိုးဖြစ်လျှင် ဘယ်ဌာနနှင့် ဆိုင်သည်။ ဘယ်သူနှင့် ဆိုင်သည်ကို မေးစမ်းပြီး အက်ဒီကင်း ချက်ချင်း သွားရောက် ဖြေရှင်းပေးသည်သာ။ သားက နိုင်ငံနှင့် အ၀န်း လျှောက်သွားပြီး ဧရာမ အရေးကိစ္စကြီး များ ကို ဆောင်ရွက်နေစဉ် ဒက်ဒီကင်းက တစ်ယောက်ချင်း တစ်ကိုယ်ချင်း၏ ကိစ္စကလေးများ ကို ဖြေရှင်းပေးသည်။ ထို့ကြောင့် သူ့ကို လူချစ်လူခင် ပေါနေခြင်းမှာ ဆန်းသည်ဟု မဆိုသာပေ။ ကို ဆက်ဖတ်ရန်...
ဒက်ဒီကင်းကို ဘယ်သူမှတား၍မရ။ ကျွန်မ မှတ်မိနေတာ တစ်ခုရှိသည်။ အသားရောင် ခွဲခြားရေး တွင် ထိပ်ဆုံးက နေသည့် ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှုအဖြစ် လက်စတာဒေါစ် အရွေးခံရ တော့ ၀မ်းတစ်ထွာ စစ်ဆင်ရေး မှ ဒက်ဒီကင်းနှင့်အတူ ဘာသာရေး ခေါင်းဆောင်များက ပြည်နယ် အုပ်ချုပ်ရေးမှူးသစ်ကို နီဂရိုး လူမျိုးများ အချိုးညီညီ အလုပ်ရရှိရေး ကိစ္စကို ဆွေးနွေးသည်။ ပွင့် လင်းသလို အလွန် သံတမန် ပရိယာယ်ကြွယ် သလို ရံခါတွင် တဲ့တိုးပြောတတ်သည့် ဒက်ဒီကင်းကို ဦးဆောင်ဆွေးနွေးဖို့ အားလုံးက သဘောတူကြသည်။
ပထမပိုင်း တွင် အခြား ခေါင်းဆောင်များနှင့် ဆွေးနွေးသည်။ အချိန်တန်တော့မှ ဒက်ဒီကင်းက ဗုံးခွဲသလို တစ်စခန်းထတော့သည်။
" ဒီမယ် မစ္စတာ မက်ဒေါ့စ်၊ ခင်ဗျား သိထားဖို့က ခင်ဗျားဆီ ကျုပ်တို့ လက်ဝါးဖြန့်တောင်းဖို့ လာတာ မဟုတ်ဘူးဆိုတာပဲ။ ကျွန်တော်တို့ လူတွေ ရသင့်တဲ့ အလုပ်ကို အချိုးညီညီ ရဖို့ပဲ။ ခင်ဗျားက ဒါကို ဆောင်ရွက်မပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့က မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် လုပ်ရ လိမ့်မယ်။ နောက်တစ်ချက်က ခင်ဗျားဟာ အသားရောင် ခွဲခြားရေးကို ယုံကြည်တဲ့ လူတစ်ယောက်လို့ သတင်းစာတွေ ထဲမှာ ကျွန်တော်တို့ ဖတ်ရတယ်။ ခင်ဗျားဟာ ခင်ဗျားတက်နေတဲ့ ဘုရားကျောင်းမှာ သာသနာရေး ၀န်ထမ်းတစ်ယောက်ပါ။

ခရစ်ယာန်ကောင်း တစ်ယောက်အနေနဲ့ ဒီလို လူမျိုးရေးခွဲခြားမှုကို ခင်ဗျား ဘယ်လို လုပ်ပြီး လက်ခံနိုင်တာလဲ။ ဘယ်လို ဓမ္မကျမ်းစာတွေကို ခင်ဗျားဘယ်လို လုပ်ပြီး လက်ခံနိုင်တာလဲ။ ဘယ်လို ဓမ္မကျမ်းစာတွေကို ခင်ဗျား ဖတ်ခဲ့ တာလဲ။ ဘယ်လို တရားတွေကို နာခဲ့တာလဲ။ ခင်ဗျားကို ခင်ဗျား ဖတ်ခဲ့တာလဲ။ ဘယ်လို တရားတွေကို နာခဲ့တာလဲ။ ခင်ဗျားကို ကျွန်တော် ဖိတ်ပါတယ်။ ကျွန်တော်တို့ရဲ့ အက်ဘာနီဇာကို လာပြီး ကျွန်တော် ဟောတဲ့ တရားတွေကို နာကြားလှည့်ပါ။ ကျွန်တော် ထင်ပါတယ်၊ ခင်ဗျားဟာ ကျွန်တော်တို့ကို ကူညီနိုင်တဲ့လူပါ"
အားလုံး အံ့သြသွားစေမည့် စကားကို ပြည်နယ်အုပ်ချုပ်ရေးမှူးမက်ဒေါ့စ်ဆိုလာသည်။
" ခင်ဗျားလည်း ကျွန်တော့်ကို ကူညီနိုင်ပါတယ်၊ ဒက်ဒီကင်း "
အားလုံး ထပြန်မည် လုပ်တော့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒက်ဒီကင်းဆီ လျှောက်လာပြီး …
(၈)
သည်လို "၀မ်းတစ်ထွာ" စည်းရုံးရေး ခရီးများထွက်နေစဉ် မိုးကုပ်စက်ဝိုင်းဆီတွင် အန္တရာယ်မိုးသားတိမ်လိပ်များ တက်လာနေလေပြီ။
မင်းဖစ်နှင့် တင်နက်စီမှ ကျန်းမာရေးလုပ်သားများ သမဂ္ဂက ထဆူသည်။ အများစုမှာ နီဂရိုးများဖြစ် သည်။ ရဲက အကြမ်းဖက် နှိမ်နင်းသည်။ ဤတွင် နီဂရိုးများသာ မကတော့ဘဲ လူဖြူများပါ ဒေါသ ထွက်လာကြသည်။ ဂျင်မိလော်ဆန် ခေါင်းဆောင်သည့် SCLC ပါ ပါလာတော့သည်။ လူဖြူ သမဂ္ဂများနှင့်ပါ ပူးပေါင်း လိုက်ကြသည်။ အခြေအနေ ကို ထိန်းပေးဖို့ ဂျင်မ်က မာတင့်ကို ဖုန်းဆက် သည်။
မာတင် ချက်ချင်းလိုက်သွားသည်။ မတ်လ ၂၈ ရက်နေ့တွင် သူ ကျွန်မဆီ ဖုန်းပြန်ဆက်သည်။
" မောင် ၀ယ်ပို့လိုက်တဲ့ပန်းတွေ ရရဲ့လား " ရောက် မလာသေးကြောင်း ပြောတော့ သူ ၀ယ်ပြီး ပို့ခိုင်း လိုက်ကြောင်းပြော သည်။ ကျွန်မ ရင်ထဲ တွင် နွေးခနဲ ဖြစ်သွားသည်။ သူ့ဆီမှ မေတ္တာအကြည်ဓာတ် ကို သေသေချာချာ ခံစားလိုက် ရခြင်းဖြစ်ပါသည်။
နှင်းဆီရောင် ကာနေရှင်း ပန်းစည်း ရောက်လာတော့ … ဟင် …. ပန်းအတုတွေပါလား။ ကျွန်မ အံ့သြသွားသည်။ သူ ဘယ်တုန်းကမှ ကျွန်မကို စက္ကူပန်းတွေ မပေးဖူးပါ။ ဘယ်လို ဖြစ်တာပါလိမ့်။
သူ ပြန်ရောက်လာ လို့ ကျေးဇူးတင်ကြောင်းပြောရင်း …
" ပန်းတွေက သိပ်လှတာပဲ။ ဒါပေမဲ့ မောင် ပို့လိုက်တာ ပန်းအတုတွေနော် " လို့ပြောတော့ …
" ဟုတ်တယ် ကိုရီ၊ မောင်က မင်းတစ်သက်လုံး သိမ်းထားဖို့ တမင်ဝယ်ပို့ပေးတာ" တဲ့။
သည်ပန်းစည်း မှာ သူ့ဆီမှ ကျွန်မ နောက်ဆုံး ရရှိသည့် ပန်းစည်းဖြစ်ပါသည်။ သူတို့ ကြာကြာခံမည် ကို သိသဖြင့်သာ တမင် စီစဉ်လိုက်ခြင်းဖြစ်ပါ လိမ့်မည်။
သည်တစ်ခါ အစည်းအဝေး တက်ဖို့ သွားမည့် မင်းဖစ် ခရီးစဉ်မှာ လေယာဉ်နောက်ကျသဖြင့် မာတင့်ကားဖြင့် သွားရ သည်။ သူ နောက်ကျသွားသဖြင့် မင်းဖစ်တွင် ထိန်းမနိုင် သိမ်းမရတွေ ဖြစ် ကုန်သည်။ ဆိုးသွမ်း လူငယ်တွေ ၀င်လာပြီး " လူမည်းအာဏာ" ဆိုင်းဘုတ်တွေ ကိုင်ကာ ဝှေ့ယမ်း သောင်းကျန်းတော့သည်။ မာတင် ရောက်သွားချိန် တွင် အခြေအနေ ဆိုးနေပြီ။ သူတို့ကို ဘယ်သူမှ မထိန်းနိုင်တော့။ အိမ်တွေကို ပုလင်းတွေ ခဲတွေနှင့် ပစ်။ ဆိုင်တွေထဲ ၀င်ပြီး မှန်တွေခွဲသည်အထိ ဖြစ်လာသည်။ အဓိကရုဏ်း ကို နှိမ်နင်းရာတွင် လူငယ်တစ်ယောက်သေသည်။
မာတင် စိတ်ဓာတ် အကျကြီး ကျသွားသည်။ သူ့လက်ထက်တွင် တစ်ခါမျှ သည်လို ရိုင်းစိုင်းသည့် ပွဲမျိုးမဖြစ်ခဲ့ဖူး။ သူနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း သူ့တာဝန်ဟု မာတင့် စိတ်ထဲ စွဲနေသည်။
ထို ညတွင်း ချင်း မာတင်က သတင်းစာ ရှင်းလင်းပွဲ လုပ်ကြောင်း ရောဖ်နှင့် ဘားနဒ်လီးတို့က နောင်မှ ကျွန်မ ကို ပြောပြပါသည်။ သူ အလွန်အမင်း စိတ်ထိခိုက်နေသဖြင့် ကောင်းကောင်း စကား မပြောနိုင်တော့ဘူး တဲ့။ နောက်နေ့ မနက်တွင် သတင်းစာ ရှင်းလင်းပွဲထပ်လုပ်သည်။
သည် တစ်ခါတော့ မာတင်က ရင်ထဲရှိသမျှ အိတ်သွန်ဖာမှောက်ရင်ဖွင့်တော့သည်။ စာနယ်ဇင်း သမားတွေကို သူက အသေးစိတ် ရှင်းပြသည်။ ဘာတွေ မှားယွင်းခဲ့ကြောင်း၊ ဘယ်လို မှားယွင်းခဲ့ ကြောင်း၊ ဘာကြောင့် မှားယွင်း ခဲ့ကြောင်း၊ ဘာကြောင့် စသည် စသည်တို့အပြင် မင်းဖစ်လူမည်း တွေမည်၍ မည်မျှ ဆင်းရဲကြောင်း။ ယင်းသည် ပေါက်ကွဲမှု ၏ အခြေခံဖြစ်ကြောင်း ပြောရင်း သူ၏ အကြမ်းမဖက်ဝါဒအကြောင်း ဆက်ပြောသည်။
သတင်းထောက် တစ်ယောက်က မေးသည်။ " ဒေါက်တာကင်း ခင်ဗျား၊ မနေ့ညက စပြီး ခင်ဗျား ဘယ်သူနဲ့ စကားပြောခဲ့ပါသေးသလဲ " မာတင် ဖြေသည်။
" ဘုရားသခင်နဲ့ကလွဲပြီး ဘယ်သူနဲ့မှ စကားမပြောဖြစ်ခဲ့ပါဘူး "
နောက်တစ်နေ့ တွင် သူ အိမ်ပြန်ရောက်လာသည်။ ခါတိုင်းလိုပင် " ကိုရီရေ … ကိုရီ ဘယ်မှာလဲဟေ့ " ဟု အော်ပြီး ၀င်လာသည်။ အိပ်ခန်းထဲ ကျွန်မပြေးထွက်လာပြီး သူ့ရင်ခွင်ထဲ ပြေးဝင်ကာ အနမ်းဖြင့် နှုတ်ဆက် လိုက်သည်။ ညစာ စားရင် အဖြစ်အပျက်ကို စိတ်ပျက်လက်ပျက် ပြောပြသည်။ ကျွန်မက သူ့တွင် တာဝန်မရှိကြောင်း ပြောပြီး နှစ်သိမ့်ရသည်။ သူ စိတ်သက်သာရာ ရသွားပုံရပါသည်။
နောက်နေ့ တွင် ခေါင်းဆောင်တွေကို အစည်းအဝေးခေါ်လိုက်သည်။ မင်းဖစ်မှ ဂျင်မ် ဝေါ်ဆန်လည်း တက် သည်။ မင်းဖစ်တိုက်ပွဲဆက်မလား၊ ရပ်မလား ဆွေးနွေးကြသည်။ သူက မင်းဖစ်ကိစ္စနှင့်အတူ ဆင်းရဲသား တပ်ကြီး ၀ါရှင်တန် သို့ ချီဖို့ကိုလည်း စိတ်အားထက်သန်နေသည်။ သတင်းစာတွေက အမျိုးမျိုးဝေဖန်ကြသည်။
အကြမ်းဖက်မှုတွေ ၀င်လာနိုင်ကြောင်း ကြိုတင် ဟောကိန်း ထုတ်ကြသည်။
သို့သော် မာတင်ကမူ အမေရိကန်တွင် အကြမ်းမဖက်ရေးမူဖြင့် လှုပ်ရှားဖို့ သည်တစ်ကြိမ်အား နောက်ဆုံး အခွင့်အရေးဟု ယုံကြည်နေသည်။ မင်းဖစ် အရေးအခင်းကို ကြည့်ပြီး လူတွေ ကြောက် စိတ်ဝင်နေကြမှန်း မာတင်သိသည်။ ထို့ကြောင့် ၀ါရှင်တန်သို့ ချီတက်ပွဲမှာ များစွာ အခက်အခဲတွေ ရှိလိမ့်မည်။ အစည်းအဝေးတွင် သူ့ခေါင်းဆောင်တွေကို မင်းဖစ်တွင် ငြိမ်းငြိမ်းချမ်းချမ်း ပြန်စဖို့ နားဝင်လာအောင် မာတင် စည်းရုံးသည်။ SCLC ကိုလည်း သည်ကိစ္စ အလေးအနက် စဉ်းစားဖို့ သူ တိုက်တွန်းသည်။
" သူ့ ဝေဖန်ရေးတွေဟာ ထက်မြက်ပါတယ်၊ မီးလို အားရှိပါတယ်။ ဒါပေမဲ့ ငြိမ်းခါနီး မီးနဲ့ တူနေတယ်" ဟု တစ်ယောက်က ဝေဖန်သည်။
အစည်းအဝေးမှာ တစ်ဖက်နှင့် တစ်ဖက် အပြင်းအထန် ဖြစ်လာသည်။ မာတင်က ရုတ်တရက် ထပြီး အပြင်ထွက်သွားသည်။ သူမပါဘဲ သူတို့ချည်း စဉ်းစားဖို့ အခွင့်အရေး ပေးခဲ့ခြင်းဖြစ်၏။ သူတို့တစ်တွေ ပို၍ ပွင့်လင်းလာလိမ့်မည်ဟု မာတင်က ယုံကြည်သည်။
အစည်းအဝေး နားချိန်တွင် ကျွန်မ ဖုန်းဆက်သည်။ သူ ညစာ ဘယ်အချိန် ပြန်စားမှာလဲ မေးသည်။ ရော့ဖ်က ဖုန်းကိုင်သည်။ " မာတင်အပြင် ထွက်သွားတယ် ကိုရီ၊ အငြင်းအခုံတွေကို သူ တော်တော် စိတ်ပျက်နေပုံရတယ်။ ဒါပေမဲ့ သူ ထွက်သွားနေတုန်းမှာ တို့ အစည်းအဝေးခန်းထဲကို ဘုရားသခင် ကြွမြန်းလာသလိုပဲ။ ခု တို့အားလုံး သဘောတူညီမှုတွေ ရနေပြီ ၀ါရှင်တန်ကို တို့သွား မယ်။ မင်းဖစ်က ပတ်သွားမယ် "
မတင် အိမ်ပြန်ရောက်လြာတော့ အစီအစဉ်ကို ပြောပြသည်။ ဧပြီလ ၈ ရက် တနင်္လာနေ့တွင် မင်းဖစ် လှုပ်ရှားမှု ပြန်စမည်။ သူက ဧပြီလ ၃ ရက် ဗုဒ္ဓဟူးနေ့ကတည်းက ကြိုသွားနှင့်မည်။
တနင်္ဂနွေနေ့တွင် ၀ါရှင်တန် ဘုရားကျောင်းတွင် တရားပေးဖို့ ပါမောက္ခချုပ် ဖရန်စစ် ဆေယာက ဖိတ်သဖြင့် သူ တရားဟော သည်။ ဘုရားကျောင်း မဆံ့အောင် လူတွေ ပြည့်နေသည်။ သူက " အသားရောင် ခွဲခြားမှု၊ လူမည်းများအား နှိပ်စက်ကလူ ပြုမှုတွေကို အမြစ်ပါမကျန် မြေလှန်ပစ်ရမယ်" ဟု အစချီံပြီး ရဲရဲတောက် စကားလုံး များဖြင့် သူ့တရားကိုစသည်။
" ကျွန်စနစ် ဖျက်သိမ်းလိုက်တယ်ဆိုတာ ဘာနဲ့ တူသလဲဆိုရင် တစ်သက်တစ်ကျွန်း ထောင်ချ ထားတဲ့ လူတစ်ယောက်ကို ဘတ်စ်ကားခ မပေးဘဲ လွှတ်ပေးလိုက်တာနဲ့ တူနေတယ် "
တနင်္ဂနွေနေ့ည မာတင် အိမ်ပြန်ရောက်လာတော့ သမ္မတ ဂျွန်ဆင်၏ နာမည်ကျော် မိန့်ခွန်းကို ကျွန်မတို့ ၀ိုင်း နားထောင်ကြသည်။ သူက နောက်လေးနှစ်သက်တမ်းအတွက် အရွေးခံမည့်အကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်းများ အဓိကထား ပြောသွား သည်။ တနင်္လာနှင့် အင်္ဂါနေ့တွင် သူ အလုပ်တွေ ရှုပ်နေသည့်ကြားမှ ကလေးတွေနှင့် အတူ နေသေးသည်။
ဗုဒ္ဓဟူးနေ့တွင် မာတင့်ကို ခေါ်ဖို့ ရော့ဖ် အစောကြီးရောက်လာသည်။ ကျွန်မက ယောက်ျားကို နှုတ်ဆက်အနမ်း ပေးပြီး ဆုတောင်းပေးလိုက်သည်။ ကလေးတွေ မရှိကြသေး။ ကျွန်မတို့ လင်မယား ထောင်ပေါင်းများစွာ နှုတ်ဆက်ခဲ့ဖူးသည့် အတိုင်း "ဂွဒ်ဘိုင်" ဟု နှုတ်ဆက်ကြသည်။
ဟောလီးဒေး အင်း ဟိုတယ်တွင် တည်းခိုသည့်အတွက် ၀ိုင်းဝေဖန်ကြသဖြင့် သူတို့ အဖွဲ့ နေရာ ပြောင်း တည်းကြရသည်။ ဟောလီးဒေး အင်းက ဇိမ်ခံ ဟိုတယ် မို့လို့တဲ့။ သူတို့က ဆူပွက်နေ သည့် နေရာနှင့်ဝေးဝေး မြို့ပြင်ကို ရွေးတည်းခြင်းဖြစ်သည်။ လုံခြုံမှုကို ဦးစားပေးခဲ့ခြင်းဖြစ်သည်။ သို့သော် သည်လို ဝေဖန်တာကို မကြိုက်သဖြင့် မာတင်က မာလ်ဘာရီလမ်းမှ နီဂရိုးဟိုတယ်ကလေး တစ်ခု သို့ ပြောင်းလာခဲ့ကြသည်။ ထိုညက အခြေအနေတွေ အားလုံး ကောင်းနေကြောင်း သူ ကျွန်မဆီ ဖုန်းဆက်အကြောင်းကြားသည်။
ထိုညက ပြောသည့် မာတင့် မိန့်ခွန်းကို သန်းနှင့်ချီသည့် လူတွေ အကြိမ်ကြိမ်ပြန်ဖွင့်ပြီး နား ထောင်ကြသည်။ မာတင်က သည်အစည်းအဝေးကို မသွားဖို့ ပင်စိတ်ကူးလိုက်သေးသည်။ သည်မြို့ခံ လူငယ်တွေနှင့် ရင်မဆိုင် ချင်သောကြောင့်ဖြစ်၏။ ရော့ဖ်က လူများများ လာမည်မထင်။ မာတင် အနားယူဖို့ လိုသဖြင့် ရော့ဖ်က ၀င်ပြီး မိန့်ခွန်းပြောပေးဖို့ သဘောတူလိုက်သည်။ သို့သော် ကလေးဆွန် ဘုရားကျောင်းတွင် လူနှစ်ထောင်လောက် စုဝေးနေသည်ကို တွေ့သဖြင့် ရော့ဖ်က မာတင့်ကို လှမ်းခေါ်လိုက်သည်။ မာတင် ချက်ချင်းရောက်လာသည်။
စင်မြင့်ပေါ်သို့ မာတင် လှမ်းတက်လိုက်သည်နှင့် လူအုပ်ကြီးက တစ်ခဲနက် ကောင်းချီးသြဘာပေးကြသည်။ မာတင်က နှုတ်ဆက် စကားစပြောပြီး သူတို့အားလုံးအတွက် တောင်းဆိုချက်များ ပြောပြသည်။ သူနှင့် SCLCက အပြတ် ထောက်ခံ ရပ်တည်မည်။ ပြောနေရင်း တစ်ခုခုကို ရုတ်ခြည်း ကြိုမြင်လိုက်သည့်အလား၊ သူ့ကို တိုက်ခိုက်မည် ဆိုသည့် ခြိမ်းခြောက်မှုများ၊ ကောလာဟလများ မင်းဖစ်တွင် ပျံ့လွင့်နေကြောင်းဖြင့် စပြီး …
" ဘာတွေ ဖြစ်လာမယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ရဲ့ ရှေ့မှာ အခက်အခဲပေါင်း များစွာနဲ့ နေ့ရက်တွေ မှာ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ အဲဒါတွေက ခုတော့ ကျွန်တော့်အတွက် အကြောင်းမဟုတ်တော့ပါဘူး။ ဘာပြုလို့လဲဆိုတော့ ကျွန်တော် တောင်ထိပ်ကို ရောက်နေပါပြီ။ ဒါပေမဲ့ ကျွန်တော် မမှုပါဘူး။
လူတိုင်းလိုပဲ ကျွန်တော်လည်း အသက်ရှည်ရှည် ခင်ခင်မင်မင် နေချင် ပါတယ်။ ဒါပေမဲ့ အသက်ရှည်ခြင်းဟာ ကျွန်တော်နဲ့ မဆိုင်သလို ဖြစ်သွားပါပြီ။ ဒါကြောင့် ကျွန်တော် မမှုတော့ဘူးလို့ ပြောတာပါ။ ကျွန်တော်ဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲ လုပ်ချင်ပါတယ်။ တောင်ပေါ်တက်ဖို့ တွန်းအားပေးတာဟာလည်း ဘုရားသခင်ရဲ့ အလိုတော် ဖြစ် ပါတယ်။ တောင်ထိပ်ကနေပြီး "မြတ်သောမြေ" ကို ကျွန်တော် လှမ်းမြင်နေရပါပြီ။ အဲဒီကို ခင်ဗျား တို့နဲ့အတူ ကျွန်တော်ရောက်ချင်မှ ရောက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေရာကနေပြီး ခင်ဗျားတို့ကို ကျွန်တော် ဒီည ပြောလိုက်မယ်။ လူသား တစ်ယောက်အနေနဲ့ ကျွန်တော်တို့ အားလုံး အဲဒီနေရာကို အရောက်သွားကိုသွားရမယ်။ ဒါကြောင့် ကျွန်တော် ဒီည အရမ်းပျော်နေတယ်။ ဘယ်လို လူမျိုးကိုမှ ကျွန်တော် မကြောက်ဘူး။ ကျွန်တော့် မျက်စိထဲမှာ ကိုယ်တော် အရှင်ရဲ့ ဦးခေါင်းတော်မှ ရောင်ခြည် စက်ဝိုင်းကို မြင်နေရပြီ …။
သူ့အသံ တိမ်ဝင်သွားသည်။ ပရိသတ်၏ တုံ့ပြန်မှုမှ စိတ်လှုပ်ရှားစရာကောင်းလှသည်။ သူကိုယ်တိုင် ထိုတဒင်္ဂကို မွန်မြတ်သန့်စင်ခြင်း၏ အထွတ်အထိပ်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် စိတ်လှုပ်ရှားလွန်းပြီး သူ ရှေ့ဆက် မပြောနိုင်ခြင်း ဖြစ်မည်ဟု ကျွန်မ တွေးကြည့်မိသည်။ ဆုံးအောင်ပြောလျှင် "ကိုယ်တော်အရှင်၏ အမှန်တရားသည် ရှေ့သို့ ဆက်လက် ချီတက်နေသည်" ဟူသည့် အပိုဒ်ပါရမည်။
နောက်တစ်နေ့မှာ ၁၉၆၈ ခုနှစ် ဧပြီလ ၄ ရက်နေ့ဖြစ်သည်။ စိုးရိမ်စိတ်တို့ ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ သူ့တွင် ကင်းစင်ကာမာတင် တစ်ယောက် ပျော်သလိုလိုပင် ဖြစ်နေသေးသည်ဟု ဆိုကြသည်။ အေဒီက နောင်တွင် ကျွန်မကို ပြန်ပြောပြသည်။ ညီအစ်ကို နှစ်ယောက်ကလေးတွေလို စကြ နောက်ကြနှင့် နောက်ဆုံးတွင် နပန်းလုံးကြသေးသည်တဲ့။
မာတင်က အမေ့ဆီ ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်သည်။ အေဒီအတွက် ထူးဆန်းနေသည်။ ခရီးထွက် နေဆဲတွင် ဘယ်တော့မှ သူတို့ အမေ့ဆီ ဖုန်းဆက်လေ့မရှိ။ ပြီးတော့ သူသည်နေ့ အရမ်းရွှင်နေ သည်။ ပြီးတော့ သူ့ကိုယ်သူ အေဒီပါဆိုပြီး မအေကြီးကို နောက်သေးသည်။ ပြီးတော့ အေဒီကိုလည်း မာတင်ပါဆိုပြီး ပြောခိုင်းသည်။ တစ်ယောက်အသံနှင့် တစ်ယောက်တူအောင် လုပ်ပြီးတော့ပေါ့လေ။
နောက်ဆုံးတွင် အပြင်ထွက် ထမင်းစားဖို့ အ၀တ်လဲကြသည်။ မာတင်က အ၀တ်လဲပြီးတော့ ရှေ့ ၀ရန်တာသေးသေးကလေးတွင် ထွက်ရပ်ပြီး မျက်နှာချင်းဆိုင်မှ အိမ်အိုကြီးကို လှမ်းကြည့်နေ သည်။ ထိုည အစည်းအဝေး တွင် သီဆို ဖျော်ဖြေရမည့်သူက ဘင်ဘရန့်ခ်ျ။ သူက မာတင် ရပ်နေသည့် ၀ရန်တာအောက် တည့်တည့် တွင် ရပ်နေသည်။ မာတင်က အပေါ်မှ သူ့ကို လှမ်းခေါ် ပြီးပြောသည်။
" ငါ့အတွက် မင်း ဟို … သီချင်း ဆိုနော်၊ " အိုအရှင် တပည့်တော်၏ လက်ကို တွဲခေါ်ပါလော့" လေ၊ ဟေ့ … ကောင်းကောင်း ဆိုပေးနော် "
ဘင်က အောက်မှ ရယ်ပြီး "ဆိုပါ့မယ်" ဟု ကတိပြုသည်။
ထိုညတွင် ကားမောင်းရမည့် ဆော်လမွန် ဂျုန်းက မာတင့်ကို လှမ်းပြောသည်။
" ဒေါက်တာကင်း အေးတယ် ခင်ဗျ၊ အပေါ် ကုတ်အင်္ကျီဝတ်လာရင် ကောင်းမယ် ထင်တယ် "
" အေး … အေး … ကောင်းပြီ၊ ၀တ်ခဲ့မယ် "
သွားခါနီးတွင် မာတင့် အခန်းထဲသို့ ရော့ဖ် အပြေးအလွား ၀င်လာသည်။ မုတ်ဆိတ်ရိတ်ဖို့ လိုးရှင်း လာဆွတ်တာတဲ့။ ထိုအချိန်တွင် သေနတ်သံ တစ်ချက် ထွက်လာသည်။ သူတို့အားလုံး ဗြောက်အိုး ဖောက်သံဟု ထင်လိုက်ကြောင်း ကျွန်မအား ပြန်ပြောကြသည်။
ထိုညနေခင်းတွင် ယိုလင်ဒါနှင့် ကျွန်မ ဈေးဝယ်ထွက်နေကြသည်။ အီစတာ ပွဲတော်အတွက် ကလေးများဖို့ အ၀တ်အစား မ၀ယ်ရန် ကျွန်မ ဆုံးဖြတ်လိုက်သည်။ သည်ပွဲတော်သည် အလွန် မွန်မြတ်သည့် ဘာသာရေး ပွဲတော်ဖြစ်သည်။ နွေဦးရာသီ ပျော်ပွဲရွှင်ပွဲမျိုးမဟုတ်။ အိမ်ပြန်ရောက်တော့ တယ်လီဖုန်းမြည်နေသည်။ ဂျက်စီဂျက်ဆင် ဆက်ခြင်းဖြစ်၏။ " ကော်ရက်တာ ဒေါက်တာကင်း သေနတ်ပစ် ခံရတယ်။ မီရာလေယာဉ်နဲ့ မင်းဖစ်ကို လိုက်ခဲ့ပါ။ စိန့် ဂျိုးဇက် ဆေးရုံမှာ တင်ထားတယ် " ကျွန်မ ရင်ထဲ နင့်ခနဲ ဖြစ်သွားသည်။ စိုးရိမ်ရသည့် အခြေအနေမှန်း ကျွန်မ အလိုလို သိနေသည်။ အံ့သြလွန်း၍တော့ မဟုတ်။ စင်စစ် ကျွန်မ မသိစိတ်က သည်လို သတင်းမျိုး ကို စောင့်နေသည်မှာ ကြာပြီဖြစ်ပါလိမ့်မည်။
ကျွန်မ အသေးစိတ် မေးတော့ သူက "ပခုံးထိသွားတာပါဟုဆိုသည်။ သူဖော့ပြောမှန်း ကျွန်မ သိနေသည်။ ကျွန်မ နောက်ထပ် မမေးရဲတော့ပါ။
" အစောဆုံး လေယာဉ်နဲ့ လိုက်ခဲ့မယ် ဂျက်စီ "
မာတင့် အတွင်းရေးမှူး ဒိုရာ မက်ဒေါနယ်ကို ကျွန်မ လှမ်းခေါ်ပြီး အမြန်လာခဲ့ဖို့ ပြောလိုက်သည်။
အင်ဒီးယန်းက ကျွန်မ ကို မင်းဖစ်မှ လှမ်းဆက်ပြီး အခြေအနေမကောင်းကြောင်း ပြောသည်။ " ဒါပေမဲ့ အသက် အန္တရာယ်တော့ မရှိပါဘူး " ဟု သူက နှစ်သိမ့်စကားဆိုသည်။
ကျွန်မ တီဗွီဖွင့်ကြည့်လိုက်သည်။ ကျွန်မ သိထားသလောက်ပင် သူတို့ သတင်းကြေညာနေသည်။ ထိုအချိန်တွင် ယိုကီ ပြေးဝင် လာကြသည်။ ကျွန်မ တီဗွီကို ပိတ်ဖို့ လုပ်သော်လည်း သူ နားစွန်နားဖျား ကြားသွားပြီ။
ယိုကီက " မပြောနဲ့၊ သမီးကို ဘာမှ မပြောနဲ့" ဟု အော်ငိုပြီး အခန်းထဲမှ ပြေးထွက်သွားသည်။ သို့သော် ချက်ချင်း သူ ပြန်ရောက် လာသည်။ ကျွန်မ မင်းဖစ် သို့ လိုက်သွားရမည့်အကြောင်း ပြော လိုက်သည်။
" သမီး အဖေ သေနတ်ပစ်ခံရလို့တဲ့ "
သူ ကျွန်မကို အ၀တ်သေတ္တာ ၀ိုင်းထည့်ပေးသည်။ ကျွန်မတို့နှင့် အလွန်ခင်သည့် မြို့တော်ဝန် အလန် ဖုန်းဆက်မေး သည်။ ဘာအကူအညီလိုသလဲမေးသည်။ ကျွန်မက ၈း၂၅ လေယာဉ်ဖြင့် သွားမည့် အကြောင်း ပြောတော့ လေယာဉ်ကွင်းကို သူ လာခဲ့မည့်အကြောင်း ပြောသည်။ မိတ်ဆွေ အပေါင်းအသင်းတွေ မိသားစုတွေ ရောက်လာကြသည်။ ကျွန်မသွားခါနီးတွင် ဒက်စတာက မေးသည်။
" အဖေ နဲ့ အမေ ဘယ်တော့ ပြန်လာမှာလဲဟင် "
" မေမေ မင်းဖစ်ကနေ ဖုန်းဆက်လိုက်မယ်လေ၊ အဲဒီတော့ ပြန်မယ့်ရက် ပြောနိုင်မှာပေါ့ "
ကလေ အားလုံး ကို နမ်းပြီး နှုတ်ဆက်၍ ကျွန်မ ထွက်လာခဲ့သည်။
မာတင့် ညီမ ခရစ္စတင်း၊ သူ့ယောက်ျား အိုင်းဇက် ဖားရစ်၊ မြို့တော်ဝန်နှင့် သူ့ဇနီး၊ ပြီးတော့ ဓမ္မ ဆရာကြီး ဖရက်ဘာနက် ဇနီးမောင်နှံတို့ လေယာဉ်ကွင်းသို့ လာရောက် နှုတ်ဆက်ကြသည်။ လေယာဉ်ကွင်းတွင် လူတွေ အားလုံး သုတ်ခြေတင်နေကြသည်။ မြို့တော်ဝန် အလန်က တဗျစ် တောက်တောက်ပြောနေသည်။ "မိုက်ရိုင်း လိုက်လေကွာ၊ လူတွေ ခေါင်းထဲမှာ ဘယ်တော့များမှ အသိစိတ် ၀င်လာကြမယ် မသိဘူး "
အသံချဲ့စက် မှ ကျွန်မ နာမည်အော်ခေါ်သံ ကြားလိုက်တော့ ကျွန်မကျော်ထဲ စိမ့်သွားသည်။ ဒိုရာ မက်ဒေါနယ် ကျွန်မ ဆီ အပြေးလျှောက်လာနေသည်။ သူ့ မျက်နှာကို မြင်လိုက်ကတည်းက ကျွန်မ သိလိုက်ပြီ။ မာတင် သေသွားပါပြီ။
မြို့တော်ဝန် က သတင်းအတိအကျရအောင် သူလုပ်မည်ဆိုသည်။ ဒိုရာက ဘာတစ်ခွန်းမှ မပြော။ ကျွန်မ တို့ နှစ်ယောက် ပြေးဖက်လိုက်ကြသည်။
မြို့တော်ဝန် အလန်ပြန်ရောက်လာသည်။ သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ သူက လေသံကို ထိန်းပြီး …
" မစ္စက်ကင်း၊ ကျွန်တော့် ကို သက်ဆိုင်ရာက ပြောခိုင်းပါတယ်။ ဒေါက်တာကင်း ကွယ်လွန်သွားပါပြီတဲ့ "
သူတို့ မပြောခင် ကျွန်မ သိနေသလို ပဲ။ သတင်းစကားကို စောင့်နေရုံသာပါ။ မာတင် ဆုံးပြီဆိုတဲ့ သတင်းလေ။
မြို့တော်ဝန် က ကျွန်မ လက်ကို ကိုင်ပြီးမေးသည်။
" မစ္စက်ကင်း မင်းဖစ်ကို သွားချင်သေးလား၊ ဒါမှမဟုတ် အိမ်ပြန်ချင်သလား "
" ကျွန်မ ကလေးတွေဆီ ပြန်မှထင်တယ်။ မင်းဖစ် ကို သွားဖို့ နောက်မှပဲ ဆုံးဖြတ်ပါတော့မယ် "
မြို့တော်ဝန် အလန်၊ ခရစ္စတင်း၊ အိုင်းဇက် တို့နှင့်အတူ ကားတစ်စီးတည်းစီးပြီး အိမ်ပြန်လာခဲ့ကြ သည်။ လမ်းတွင် ဘယ်သူမှ စကားမပြောကြပါ။ ဘာတွေ ဖြစ်ကုန်တာပါလိမ့်။ အဓိပ္ပာယ်ကို ကျွန်မ ရှာဖွေ စဉ်းစားလာခဲ့ သည်။ သည်ရက်သတ္တပတ် ကား အီစတာအကြို ရက်သတ္တပတ်ပါကလား။ ထူးတော့ ထူးဆန်းသည်။ သို့သော် ကျွန်မ စိတ်တွေ တည်ငြိမ်နေသည်။ ရှင်ပြန်ထမြောက်ခြင်း ပွဲတော်၊ မကောင်းဆိုးဝါးကို တရားက အောင်နိုင်ခြင်း အထိမ်းအမှတ်နေ့ မတိုင်မီ တစ်ရက်။ ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသည့်နေ့မြတ်၊ သေခြင်းကို အောင်နိုင်ခြင်း အထိမ်းအမှတ်ပွဲ မတိုင်မီနေ့။ ယေရှုသခင် အသေမခံမီနေ့။
မာတင် က အီစတာ ပွဲတော်၏ အနှစ်သာရ၊ အီစတာ ပွဲတော်ချိန်တွင် လူသား အချင်းချင်း ပိုမိုချစ်ခင် နားလည်တတ်ကြပုံများကို မကြာမကြာ ပြောလေ့ရှိသည်။ ဘယ်လောက်ပဲ အခြေအနေ တွေဆိုးနေဆိုးနေ အီစတာ ပွဲတော် ဆီက ဗုံသံကြားလိုက်တာနဲ့ ပြေလည်မှု ရသွားတတ်ကြသည်ဟု လည်း သူက ယုံကြည် သည်။ မျှော်လင့်ချက်တွေ ရှိလာတတ်ကြသည်ဟု ယုံကြည်သည်။ ဘ၀၏ အမှန်တရား၊ ဘ၀၏ အလင်းတန်းများ ထွန်းတောက် လာတတ်သည်ဟု ယုံကြည်သည်။ သည်ကမ္ဘာကြီးထဲတွင် ကောင်းမြတ်ခြင်း မင်္ဂလာအပေါင်း ကိန်းအောင်းနေသည် ဟု သူက ယုံကြည်သည်။
ကျွန်မ ယောက်ျား က သူ့ ယုံကြည်မှုအတွက် သူ့ဘ၀ကို ပေးဆပ်ဖို့ အဆင်သင့် ရှိနေသူဖြစ်သည်။ အများ အတွက် အလုပ်အကျွေး ပြုရမည်ဟု ယုံကြည်နေသူဖြစ်သည်။ ရင်ကွဲနာ ကျနေသည့် ကြားမှ သူ့အကြောင်းကို ကျွန်မ စဉ်းစားနေမိခြင်းဖြစ်ပါသည်။
ပြီးတော့မှ ကလေးတွေ ကို ဘယ်လို ပြောရမှာပါလိမ့်ဟု ကျွန်မစဉ်းစားရတော့သည်။ သူတို့ အနားတွင် ကျွန်မ မရှိဘဲ၊ သူ့အဖေ သတင်းကို သူတို့ ကြားသွားမှဖြင့် …၊ ကျွန်မ အရမ်း စိုးရိမ်သွား သည်။
ကျွန်မ အိမ်ပြန်ရောက်သွားတော့ ဘန်နီကလေး အိပ်နေပြီ။ ဒက်စတာနှင့် မာတီက အခန်းထဲမှာ။ ယိုလင်ဒါက ဆီးပြော သည်။
" မေမေ သမီး မငိုဘူးနော်၊ မငိုရဘူး မဟုတ်လား။ ဘာပြုလို့လဲ ဆိုတော့ ဖေဖေ မသေလို့ပေါ့၊ သူ့ခန္ဓာကိုယ် သေချင်သေ သွားမယ်၊ ဒါပေမဲ့ ဖေဖေ ၀ိညာဉ်ဘယ်တော့မှ မသေဘူး မေမေ။ သူ့ကို ကောင်းကင်ဘုံ မှာ သမီးတွေ့မှာ "
မငိုဘူး၊ မငိုဘူး တဖွဖွ ပြောနေလျက်က သူ့ပါးပြင်ပေါ်သို့ မျက်ရည်တွေ တသွင်သွင်စီးကျနေသည်။
" မေမေဟာ သိပ်သတ္တိကောင်းတဲ့ အမျိုးသမီးပဲ။ မေမေ့ နေရာမှာ သမီးသာဆိုရင် သမီး ဘာလုပ်ရမှန်း သိမှာ မဟုတ်ဘူး။ ဖေဖေ့ကို သတ်တဲ့လူတွေကို သမီး မုန်းရမှာလား ဟင် "
ကျွန်မ ဖြေရတော့မည်။ သူ့ကို သိုင်းဖက်လိုက်ပြီး … " ဟင့်အင်း … မမုန်းရဘူး။ သမီး ဖေဖေက မုန်းတာကို ကြိုက်မှာ မဟုတ်ဘူး။ သမီးလည်း သိပ်သတ္တိရှိပါတယ်ကွယ်။ သမီးအတွက် မေမေ ဂုဏ်ယူ ပါတယ်။ ဖေဖေ လည်း ဂုဏ်ယူမှာပါ "
သားကလေးတွေက ကျွန်မကို စောင့်နေကြသည်။ မာတီကလေးက ဘာမှ နားမလည် သလို ကြောင်စီစီ ကလေးဖြစ်နေသည်။ သူတစ်ခုကို ပြောချင်နေပြီး ဘာပြောရမှန်းမသိ ဖြစ်နေပုံရသည်။ ခုနစ်နှစ်သာရှိသေးသည့် ဒက်စတာ ကလေး က မေးသည် "မေမေ၊ ဖေဖေ ဘယ်တော့ပြန်လာမှာလဲ" တဲ့။
ကျွန်မရင်ထဲ တွင် မချိအောင် နာကျင်သွားပါသည်။
" ဒက်စတာ သားလေး ဖေဖေ သေနတ်ပစ်ခံရတယ်၊ အခြေအနေမကောင်းဘူးတဲ့၊ သွားသွား အိပ်တော့နော်၊ မနက်ဖြန် မှ မေမေ ပြောပြမယ်နော် "
" ဟုတ်ကဲ့ မေမေ "
ဘာမှ ဆက်မမေးဘဲ အေးအေးဆေးဆေး အိပ်ဖို့ပြင်သည်။
နှလုံးသွေးပျက်ချင်စရာ ကောင်းသည့်ည၏ ပထမပိုင်းဖြစ်ပါသည်။ အားပေးမည့်သူတွေ ၀ိုင်းဝိုင်း လည်နေသော် လည်း ထိုနာရီပိုင်းများတွင် သူတို့ဘာမျှ မတတ်နိုင်ကြပါ။ သမ္မတဂျွန်ဆင်က ဖုန်းဆက်ပြောသည်။
" ကျွန်တော် အကြီးအကျယ် စိတ်မကောင်း ဖြစ်နေပါတယ် မစ္စက်ကင်း၊ ကျွန်တော့် အမျိုးသမီးလည်း အတူတူ ပါပဲ၊ မိသားစုနဲ့ အတူတူ ကျွန်တော်တို့ သောကဖြစ်နေကြပါတယ်။ ကျွန်တော် တီဗွီမှာ ကြေညာချက်ထုတ်ပါ့မယ် "
သူက မိန့်ခွန်းထဲ တွင် အရေးပေါ် လွှတ်တော် ခေါ်ယူမည့်အကြောင်း၊ အမျိုးသားရေးကိစ္စ တစ်ရပ် အဖြစ်နှင့် အဖျက်သဘော မပါသည့် အပြုသဘော သက်သက်စီမံချက် တစ်ခု ရေးဆွဲမည့် အကြောင်းများ ထည့်သွင်းပြောကြား သွားသည်။
အထက်လွှတ်တော်အမတ် ရောဘတ် ကနေဒီ ကလည်း ကျွန်မအမျိုးသားအနိစ္စ ရောက်သွားသည့် အတွက် ၀မ်းနည်းကြောင်း၊ စိတ်လည်း အလွန်ပျက်နေကြောင်း ဖုန်းဆက်လာသည်။
" အစစအရာရာ တတ်နိုင်သည့်ဘက်မှ အကူအညီပေးပါမယ် " ဟုလည်း ဆိုလာသည်။
မင်းဖစ် ကို လိုက်သွားပြီး မာတင့် အလောင်း သယ်ရမည့်အကြောင်းပြောတော့ …
" ကျွန်တော် လေယာဉ် စီစဉ်ပေးပါ့မယ်၊ အဲဒီ လေယာဉ်နဲ့ သွားပါ " ဟု ပြောလာသည်။
ဟယ်ရီ ဘယ်လဖောင်တီ ကလည်း ဆက်သည်။
" ကော်ရက်တာ၊ ကိုယ် ချက်ချင်း လာခဲ့မယ်၊ ကလေးတွေနဲ့အတူ နေပေးမယ်၊ ကိုယ်တတ်နိုင်သမျှ မင်းနဲ့မျှဝေ ခံစားမယ် " သူ့ကြောင့် ကျွန်မ အပုံကြီးသက်သာရာ ရပါသည်။ ဟယ်ရီသည် လူ့စရိုက်ကို တကယ် နားလည်ပြီး အလွန်ပြည့်ဝသည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။
ဒက်ဒီကင်းကတော့ ဆောက်တည်ရာမရဖြစ်ကာ တဗျစ်တောက်တောက်ပြောနေသည်။
" ဘယ်လို ဖြစ်ကုန်တာလဲကွာ၊ ငါက အရင်သွားရမှာ "
ဒက်ဒီကင်းကို ကြည့်ပြီး ကျွန်မ သောက နှစ်ဆပွားသွားပါလေတော့သည်။ သို့သော် ဒက်ဒီကင်းက သူ့ကိုယ်သူ ထိန်းပါသည်။ မေမေ ကင်းကတော့ ကျောက်ဆောင် တစ်ခုလို တည်ငြိမ်သည့် အမျိုးသမီးကြီးဖြစ်သည်။
သောကြာနေ့ မနက်တွင် ရောဘတ်ကနေဒီ စီစဉ်ပေးသည့် လေယာဉ်ဖြင့် မင်းဖစ်သို့ ကျွန်မ ထွက် လာခဲ့သည်။ အလောင်းကို အတ္တလန္တာသို့ သယ်ဖို့ စီစဉ်သည်။ မင်းဖစ် လေယာဉ်ကွင်းတွင် ကလေးတွေ လာစောင့်နေသည်။ သူတို့ အားလုံး လေယာဉ်ပေါ် တက်ပြီး မကြာခင် ဘန်နီက မေး သည်။
" မေမေ ဖေဖေ ဘယ်မှာလဲဟင် "
သူ့ကို ဖက်ပြီး ကျွန်မနှင့် အတူ ထိုင်ခိုင်းလိုက်သည်။
" ဒီမယ် သမီး၊ ဖေဖေ သေတ္တာကြီးထဲမှာ အိပ်ပျော်လိုက်လာတယ်၊ သမီးနဲ့ တွေ့ရင် သူစကားပြော နိုင်မှာ မဟုတ်တော့ဘူး "
အိမ်ရောက်တော့ ကျွန်မတို့ ခေါင်းကို ဖွင့်ကြည့်ကြသည်။ ဘန်နီက သူ့အဖေ အလောင်းကို တွေပြီး ရပ်ကြည့်နေ သည်။ အတွင်းပိုင်း အဖြူရောင် ပိုးသားကပ်ထားသည့် ခေါင်းထဲတွင် မာတင် အိပ်ပျော်နေသည်။ သူ့မျက်နှာမှာ ညက်ညောကာ နုပျိုနေ သည်။ သောက ဟူသရွေ့ မြူငွေ့မျှ မရှိ သလိုပင်။ ဘယ်ဒဏ်ရာဒဏ်ချက်မျှ မတွေ့ရ။ ကျွန်မက ဘန်နီ ကို ရှင်းပြသည်။
" ဖေဖေကလေ ဘုရားသခင်နဲ့သွားနေတော့မှာတဲ့ သူ ပြန်လာလို့ မရတော့ဘူး သမီးလေး "
သူ ဘာမှ နားလည်ဟန် မတူပါ။ သို့သော် ညနေပိုင်းလောက်တွင် သေခြင်းတရားအကြောင်း သူ ရေးရေး သဘောပေါက်လာပုံ ရသည်။ အတ္တလန္တာသို့ နိုင်ငံကျော် ပုဂ္ဂိုလ်တွေ အသုဘ လာပို့ကြ သည်။
ရောဘတ်ကနေဒီနှင့် သူ့ဇနီး အီသယ်လ်၊ ဂျက်ကလင် ကနေဒီ၊ ရစ်ချဒ် နစ်ဆင်၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ရော့ကဖဲလားက အားလုံးအတွက် လေယာဉ်စီစဉ်ပေးသည်။ ရစ်ချဒ်နစ်ဆင်က အသုဘ ကိစ္စပြီးတော့ ကျွန်မဆီ သီးသန့်လာတွေ့သေးသည်။ မစ္စက်မက်ကာသီက ဧည့်ခံကြိုဆို ရေးနှင့် စာဝင်စာထွက်တွေ ကို အကူအညီပေးသည်။ အချို့ကလည်း အတ္တလန္တာအိမ်ကို တမင်လာပြီး အားပေး စကားပြောကြသည်။ " ကျွန်တော်တို့ မစ္စက်ကင်းကို အနှောင့်အယှက် မပေးချင်ပါဘူး။ သူ့အကြောင်းကို ကျွန်တော်တို့ စဉ်းစားနေတယ်ဆိုတာ သိစေချင်လို့ပါ " ဟုဆိုကြ သည်။
အမှတ်ထင်ထင် အရှိဆုံးကတော့ ဘီလ် ခရော့စ်ဘီနှင့် ရောဘတ်ကတ်ဘ်တို့ နှစ်ယောက် ရောက် လာကြခြင်းဖြစ် ပါသည်။ နာမည်ကျော် တီဗွီစပိုင်မင်းသားနှစ်ယောက်။ သားတွေနှင့် တစ်ညနေလုံး သူတို့ ကစားကြသည်။ သူတို့နည်း သူတို့ဟန်ဖြင့် ကျွန်မတို့ စိတ်သက်သာရာရအောင် လုပ်ပေးခြင်း ပင်။
သမ္မတ ဂျွန်ဆင်က ဧပြီလ ၇ ရက်နေ့ကို အမျိုးသား ကြေကွဲဖွယ်နေ့အဖြစ် သတ်မှတ်ကြေညာပေး သည်။ တစ်ကမ္ဘာလုံး မှ လူတွေ ၀မ်းနည်းကြေကွဲမှုနှင့် အတူ ညီအစ်ကိုတော်တွေဖြစ်ကာ မေတ္တာ တရားတွေ ပွားများ ယှက်သန်းသည့် ကာလဖြစ်ပါသည်။ သူ့အပေါ် လူတွေ ဘယ်လောက် ကရုဏာ ရှိသည်။ သူ့စွန့်လွှတ်မှုတွေ ဘယ်မျှ အရာရောက်သည် ကို သူမြင်မသွားရရှာပါကလား။
စိတ်လိုက်မာန်ပါ သမားများ၏ စိတ်မကောင်းစရာအဖြစ်များရှိပါသည်။ မာတင် လုပ်ကြံခံရသည့် သတင်းကြောင့် မြို့ကြီးခြောက်ဆယ့်သုံးမြို့တွင် ပေါက်ကွဲမှုတွေဖြစ်ကြသည်။ ၀ါရှင်တန်က ပွဲအကြမ်းဆုံးဖြစ်သည်။ ကြားလို့တော့ သိပ်မကောင်း။ အကြမ်းမဖက်ရေးသမားအတွက် အကြမ်းဖက် မှုတွေ ပေါ်လာခြင်းမှာသဘာဝမကျပါ။
အသုဘမှာ အတော် အထိန်းရ အသိမ်းရ ခက်သည့် အသုဘမျိုးဖြစ်သွားသည်။ သို့သော် ရပ်ဝေး ရပ်နီးမှ ရောက်လာကြသည့် သူ့လို ငြိမ်းချမ်းရေး သမားများက ထိန်းပေးကြသည်။ အလောင်းကို စပယ်လ်မန် ကောလိပ်တွင် တနင်္လာနေ့အထိ ထားပြီး အက်ဘင်နီဇာတွင် အင်္ဂါနေ့ မနက်အထိ ထားပြီးမှ သင်္ဂြိုလ် ဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်ကြပါသည်။
ဟယ်ရီ ဘယ်လဖောင်တီက ကျွန်မကို ကြေညာချက် တစ်မျိုးမျိုးထုတ်ဖို့ အကြံပေးသည်နှင့် ကျွန်မ သတင်းစာ ရှင်းလင်းပွဲ လုပ် ဖို့ စီစဉ်လိုက်သည်။
မာတင် အနေဖြင့် SCLC ကိုရော့ဖ် အဘာနာသီ၏ ဦးဆောင်မှုဖြင့် နိုင်ငံသား အခွင့်အရေးတွေကို ဆက်လက် တောင်းဆိုစေချင်မှာဖြစ်ကြောင်း၊ အင်ဒရူးယန်းနှင့်အခြား ခေါင်းဆောင်တွေလည်း သူ လုပ်လက်စတွေ ဆက်လုပ်စေချင်မှာဖြစ်ကြောင်းများကျွန်မ ရှင်းပြလိုက်ပါသည်။
" ကျွန်မ ယောက်ျားက ကလေးတွေကို မကြာ မကြာ ပြောတတ်ပါတယ်။ " လူတစ်ယောက်ဟာ အသက်စွန့်ပြီး လုပ်ဖို့ အလုပ်မရှိဘူး ဆိုရင် သူ့ဘ၀ဟာ အဓိပ္ပာယ်မရှိဘူး" ဆိုတာမျိုး၊ " အသက် ဘယ်လောက် ရှည်ရှည် နေရမယ်ဆိုတာက အရေးမကြီးဘူး၊ နေရသခိုက်မှာ ဘယ်လောက် ကောင်းကောင်း လုပ်သွားနိုင်တယ် ဆိုတာက ပိုအရေးကြီးတယ်" ဆိုတာမျိုးပြောလေ့ရှိပါတယ်။
" ကျွန်မ ယောက်ျားဟာ နာကြည်း ခါးသီးမှုမရှိဘဲ၊ အမုန်းတရားမပွားဘဲ၊ သေခြင်းတရားကို ရင်ဆိုင် သွားခဲ့တာပါ။ ပြဿနာကို အကြမ်းနည်းနဲ့ ဖြေရှင်းတာလောက် သူ မနှစ်သက်တာ ဘာမှ မရှိပါဘူး။ သူဟာ ပိုကောင်းတဲ့နည်းလမ်း၊ ပိုပြီး ထိရောက်မယ့် နည်းလမ်း၊ အပျက်သဘောထက် အပြုသဘောဆောင်တဲ့ လမ်းကို ရှာဖွေရင်း သူ့အသက်ကို ပေးသွားတာပါ။ အဲဒီ လမ်းစဉ်နောက် ကိုပဲ ကျွန်မတို့ ဆက်လိုက်သွားကြရမှာပါ "
မာတင့် ဆန္ဒအတိုင်း မင်းဖစ် လူထု လမ်းလျှောက်ပွဲကို တနင်္လာနေ့တွင် ပြန်စဖို့ စီစဉ်ကြသည်။
ဟယ်ရီက အကြံပေးသည်။
" အဲဒီပွဲကို မင်းသွားဖို့ ကောင်းတယ် ကော်ရက်တာ၊ ခု မင်းပန်းနေတာ ကိုယ် သိပါတယ်၊ ဒါပေမဲ့ ဟိုကလူတွေ မင်းလာရင် ပိုအားရှိကြမှာ "
ကျွန်မ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
" ဟုတ်တယ် ဟယ်ရီ၊ မာတင်ကလည်း သွားစေချင်မှာပဲ၊ ကလေးတွေကိုတောင် ခေါ်ချင်ခေါ် သွားမယ် "
တနင်္လာနေ့ ရောက်တော့ အကြီးသုံးယောက်ကို ခေါ်ပြီး ကျွန်မနှင့် ဟယ်ရီ၊ မင်ဖစ်သို့ လေယာဉ်ဖြင့် ထွက်ခဲ့ကြသည်။
မာတင် ကွယ်လွန်ခြင်းအတွက် လူတွေ သွေးပျက်ကာ ချောက်ချားနေချိန်၊ တားဆီးမိန့်များ ရုပ်သွား သည်လား။ သို့မဟုတ် မေ့လျော့နေကြသည်လား။ ကျွန်မတို့ လေယာဉ်ကွင်းမှ မြို့ထဲရောက်တော့ လူတွေ စီတန်း လမ်းလျှောက်နေကြပြီ၊ ရှေ့ဆုံးမှ နေရာဝင်ယူပြီး တစ်မိုင်ဝေးသည့် မြို့တော်ခန်းမသို့ ကျွန်မ တို့ လျှောက်ကြသည်။ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ငြိမ်သက်စွာ လျှောက်ကြသည်။ မြို့တော်ခန်းမ ရောက်တော့ ကလေးတွေက ကျွန်မနှင့် အတူ ပလက်ဖောင်း ပေါ်တွင် ထိုင်ကြသည်။ သူတို့အဖေ ၏ ဂုဏ်သတင်းများကို နားထောင်ပြီး သူတို့ ကျေနပ်နေကြ သည်။
ဧပြီလ ၉ ရက်နေ့တွင် အက်ဘင်နီဇာ ဘုရားကျောင်းတွင် အသုဘ အခမ်းအနားကျင်းပသည်။ သူ ငယ်ငယ်က နှစ်ခြင်းမင်္ဂလာပြုခဲ့သည့် ကျောင်းသူကို ခရစ်ယာန်ကောင်း တစ်ယောက်ဖြစ်အောင် သူတော်စင် တစ်ယောက်ဖြစ်အောင် ပုံသွင်းပေးခဲ့သည့်ကျောင်း။ မာတင် အကြိုက်ဆုံး ဓမ္မတေးများကို သီဆိုကြဖို့ ကျွန်မ တို့ ရွေးလိုက်ကြသည်။
"Why I survey the Wondrous Cross"
" In Christ, There is no East nor West."
ပြီးတော့ သူ့အစွဲဆုံး Softy & Tenderly"
ပြီးတော့ သူ့ဘ၀နှင့် ဟတ်မိသည့်
Where He leads me I will follow
နောက်ဆုံးတွင် သူ့အသံသွင်းထားသည့် ဓမ္မတေးများ။ သူ့ကိုယ်ပိုင် အသံကို သူ့ အသုဘတွင် ကြားရသည့်အခါ လူတိုင်း မျက်ရည် မဆည်နိုင်ကြတော့ပေ။
" ကျွန်တော် နေ့တစ်နေ့အကြောင်း ပြောချင်ပါတယ်။ အဲဒီနေ့ဟာ "မာတင်" လူသာကင်းဟာ အသက်ကို ပဓာန မထားဘဲ အများအတွက် အလုပ်အကျွေးပြုနေတဲ့လူ … မာတင်လူသာကင်းဟာ လူတိုင်းကို ချစ်ဖို့ ကြိုးစားနေတဲ့လူ" လို့ ပြောမယ့် သူတစ်ယောက်ယောက် ပေါ်လာမယ့်နေ့ပါပဲ"
နေရောင်အောက် သို့ ကျွန်မတို့ ထွက်လာသည့်အခါတွင် ထောင်သောင်းမကသော အသုဘရှုလာသူ လူအုပ်ကြီး ကို တွေ့ရသည်။ မာတင်၏ ခေါင်းတလားကို လယ်တောတစ်ခုမှ မြည်းတစ်ကောင်ဆွဲလှည်းအိုကလေးပေါ် တင်ပြီး၊ အက်ဘင်နိဇာမှ မိုးဟောက်စ်သို့ ယူလာခဲ့ကြ သည်။ လူတစ်သောင်းခွဲ လိုက်ပို့ကြသည်။ မာတင် ၏ နောက်ဆုံး ခရီးရှည်ကြီးဖြစ်လေသည်။
တက္ကသိုလ် ပရိဝုဏ်ထဲမှ မြက်ခင်းစိမ်းစိမ်းတွင် မြည်းလှည်းပေါ်မှ ခေါင်းကို ချလိုက်ကြသည်။ ရော့ဖ်က အသုဘ အခမ်းအနား ကို အလှဆုံးအကောင်းဆုံးဖြစ်အောင် စီစဉ်ထားသည်။ မဟာလိယာ ဂျက်ဆင်က Precious Lord Take My Hand ကိုသီဆိုသည်။
အသင်းတော် ဥက္ကဋ္ဌမေးစ်က မာတင်အတွက် "အမွှမ်း"ရွတ်သည်။
" ဘုရားသခင်သည် မာတင်လူသာကင်းအား ခေါ်တော်မူ၍ "သားတော်မာတင်၊ စစ်နဲ့ ငြိမ်းချမ်းရေး၊ လူမှုရေးတရားမျှတမှု အသားရောင် ခွဲခြားဆက်ဆံရေး၊ ဆင်းရဲသူ ဆင်းရဲသားအား မေတ္တာထားရေး၊ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲများဆန့်ကျင်ရေးနှင့် အကြမ်းမဖက်ရေး တရားများကို အမေရိကန် နိုင်ငံသို့ သင် ဟောကြားရမည်" ဟု မိန့်မြွတ်တော်မူသည်။
ခေါင်းတလား ကို မြေမချမီ၊ ရော့ဖ်ကလည်း ချီးမွမ်းနှုတ်ဆက်စကားပြောသေးသည်။ သိပ်မရှည် သော်လည်း ထိထိ ခိုက်ခိုက် ခံစားကြရသည်။
အိမ်ရောက် လို့ ကလေးများအားလုံး အိပ်သွားချိန်တွင် မာတီက ကျွန်မနှင့် စကားပြောဦးမည်ဆို သည်။ အိပ်ရာပေါ် တွင် သားအမိနှစ်ယောက်ထိုင်မိသည်နှင့် သူ့အဖေအကြောင်းတွေ မေးလေတော့သည်။
" မေမေ ကျွန်တော့်မှာ အဖေ မရှိတော့ဘူးဟုတ်လား၊ သိပ်ဒေါသဖြစ်ဖို့ကောင်းတာပဲ "
" သြ … သားရယ်၊ သား ဘယ်လို ခံစားနေရတယ်ဆိုတာ မေမေ သိပါတယ်ကွယ်၊ ဒါပေမဲ့ သား ဖေဖေ ဘယ်တော့ မှ မသေဘူး သိလား၊ မေမေတို့ စဉ်းစားရမှာက သူ မရှိတော့တဲ့ နောက်မျာတောင်မှ လူတွေ ဘယ်လောက် သူ့ကို ချစ်ကြတယ်၊ လေးစားကြတယ်ဆိုတာပဲ။ သူဟာ သူများတကာတွေအတွက် အသက်ရှင်ခဲ့ တယ်။ အများတကာအတွက် အသက်ပေးခဲ့တယ်။ အဲဒါ ကြောင့် လူတွေက သူဖောက်ခဲ့တဲ့ လမ်းပေါ်မှာ ဆက်လျှောက်ကြလိမ့်မယ်။ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ကြလိမ့်မယ် "
ပြီးတော့ ကျွန်မ ကြားထားသည့် မင်္ဂလာသတင်းကို သားကလေးအားပြောပြရသည်။
" မာလွန်ဘရန်ဒိုက သူ့ ၀င်ငွေဆယ်ပုံတစ်ပုံ ကို ဖေဖေတို့ အဖွဲ့သားတွေကို လှူမယ်တဲ့ သားရဲ့၊ တခြား လူတွေကို လည်း သူ့လို လုပ်ဖို့ တိုက်တွန်းမယ်တဲ့ "
သည်တော့မှ မာတီ အားတက်သရော ပြန်ပြောသည်။
" ဒါကောင်းတာပေါ့ မေမေ၊ သားတို့ ကျောင်းအုပ်ဆရာမကြီး မစ္စက်ဒေါက်ကလပ်စ်လည်း ခုသဘောပေါက် သွားပုံရတယ်။ အရင်တုန်းက သိပ်များများ မသိဘူး၊ ခုတော့ နားလည်သွားပြီတဲ့ မေမေ "
မာတီကလေး သည် ပြောနေရင်း သူ့ဆုံးရှုံးမှုကြီးကို ခဏမေ့သွားပုံရသည်။ သူ့အဖေကြောင်းများ။ သူ့အဖေသည် လူ့ဘ၀ တစ်ခုလုံး ကောင်းကျိုးအတွက် ရောက်ရာဘ၀မျ ဆုံးခန်းတိုင်အောင် ဆက်လုပ်နေမှာဖြစ်ကြောင်းများကို ကျွန်မ ပြောပြနေမိသည်။ အတန်ကြာမှ သူ အိပ်ပျော်သွားသည်။
မာတီ့ အဖေသည်လည်း မြေအောက်တွင် လဲလျောင်းကာ အိပ်စက်နားနေပါလေပြီ။
ဝါရှင်တန်တွင် သူပြောခဲ့သည့် မိန့်ခွန်းထဲမှ သူ့စကားလုံးများကို ကား အုတ်ဂူပေါ်တွင် အထင်းသား။
" နောက်ဆုံးမှာ လွတ်လပ်ခဲ့ပြီ။ လွတ်လပ်ခဲ့ပြီ။
အို … အဖဘုရားသခင်
နောက်ဆုံးတွင်
ကျွန်တော်မျိုးလွတ်လပ်ခဲ့ပါလေပြီ"
တင်မောင်မြင့်
၂-၂-၂၀၁၀
.
Subscribe to:
Posts (Atom)