Tuesday, December 28, 2010

ပဆစ်အိမ် အပိုင်း (၂ဝ)

သည်နှစ် နွေ သည် ရူးချင်စရာကောင်းသည့် နွေဖြစ်သည်။ ပြောစမှတ်တွင်စရာ ကောင်းလောက် အောင် ပူပြင်းသည့် နွေဖြစ်သည်။
နေကလည်း ပူသည်။ လေကလည်း ပူသည်။
အရာရာ သည် ရုတ်တရက်ထ၍ လောင်ကျွမ်းသွားတော့မလို ကြွပ်ရွနေသည်။

ဝါဏိဇ္ဇ အလုပ်ခန်းမှ လှမ်းကြည့်လေလျှင် လမ်းတစ်ဘက်မှ ထုံးရောင် ဖွေးနေသည့် တိုက်တစ်လုံး ကို မြင်နိုင် သည်။ နေရောင်သည် ထုံးဖွေးဖွေးပေါ်မှာ ကျရောက်ပြီး ပူပြင်းသည့် အလင်းရောင်များ ကို ထုတ်လွှတ် နေဘိသည်သို့ ရှိသည်။ ပြတင်းမှန်တံခါးမှ ရောင်ပြန်များ လျှံထွက်လာသည်။ မျက်စိကို ကျိန်းစပ် စေသည် သာမက နေဆယ်စင်း ထွန်းလင်းပေးထားသလို ပူစေသည်။ ကတ္တရာ လမ်းတွင် တံလျှပ် တို့ တရှိန်ရှိန်ထ နေသည်။

ထိုသို့ ပူပြင်းတောက်ပလှသည့် နေရောင်အောက်တွင် အဆောင်အကာမပါပဲ လမ်းလျှောက်လာ သော ဦးတင်မောင်သန့်ကို မြင်လိုက်ရသောအခါ ဇင် အံ့သြနေမိတော့သည်။
သူ့ကို လမ်းဖြတ်ကူလာကာစကပင် လှမ်းမြင်နေရသည်။
မောပန်း နေပုံလည်း ရသည်။ နွမ်းနယ်နေပုံလည်းရသည်။
သည်လို မြင်လိုက်ရတော့လည်း ကြင်နာမိသလို ရှိသည်။

ဦးတင်မောင်သန့်သည် ဇင်ထံသို့ လာခဲ့ခြင်းပင် ဖြစ်ပါသည်။
မန္တလေး သို့ ထွက်ခွာသွားဖို့ လေဆိပ်တွင် ဆုံခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဆုံခဲ့ခြင်းပင် ဖြစ်ပင် ဖြစ်ပါ သည်။
ဇင် က အပြုံးဖြင့် ကြိုလိုက်မိသည်။
မိမိ စားပွဲ ရှေ့ ကုလားထိုင်တွင် နေရာပေးလိုက်သည်။

"ဇင် အံ့သြသွားမိတယ်၊ အခါတိုင်းက ဦးတင်မောင်သန့်ကား နဲ့လာနေကျ မဟုတ်လား၊ အခုလို ပူပူ လောင်လောင်ကြီး မှာ လမ်းလျှောက်လာတာ မြင်ရတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ"
အအေးဓာတ် ရစေရန် ပန်ကာကို အရှိန်မြင့် ပေးလိုက်သည်။

ဦးတင်မောင်သန့် သည် ရေထဲမှ ငါးကို ကုန်းပေါ်သို့ ဆယ်တင်ထားသလို ဖြစ်သည်။ အပူဒဏ် ကြောင့် နေမထိ သလို ရှိနေသည်။ နှာခေါင်းနှင့်သာမက ပါးစပ်ကပါ အသက်ရှူနေသည်။
"အအေးသောက် ပါလားဟင်"
ဇင့် ဖိတ်ခေါ်မှု ကို သူက ခေါင်းညိတ်လက်ခံလိုက်သည်။

ဇင်သည် ရုံးလုလင်ကို လိမ္မော်ရည်နှစ်ပုလင်းနှင့် စမူဆာ များ အမှာခိုင်းလိုက်ရသည်။
ဇင့် ဘက်က ပထမဆုံး ပြုစုခြင်းပင် ဖြစ်တော့သည်။
"မော်တော်ကားကော"
"ကားကို သွားမယူဖြစ်သေးဘူး"
"ကားပျက်နေသလား၊ ၀ပ်ရှော့မှာလား"

"ဟင့်အင်း … ဇင် ပိုပြီး အံ့အားသင့်သွားအောင် ပြောရရင် ကိုယ်အခုပဲ လေဆိပ်က လာတာ၊ အိမ်ကို မရောက် သေးဘူး၊  အလုပ်တိုက် မှာ လက်ဆွဲအိတ် ထားပြီး ဇင့်ဆီ အရင်၀၀်လာခဲ့တာ"
ဇင် သည် စိတ်ထဲမှ 'သြော် ...ဦးတင်မောင်သန့်ရယ်' ဟုညည်းလိုက်မိသည်။

'ကိုယ့်စိတ်ထဲမှတော့် သိပ်ကိုပြင်းပြင်းထန်ထန် ဖြစ်နေမိပြီဇင်။ ကိုယ်မန္တလေးမှာလည်း နေလို့မထိခဲ့ဘူး၊ တာဝန် အလျောက်သာ သည်းခံနေခဲ့ရတာ၊ ကိုယ်လေဆိပ် မှာ ပြောခဲ့တာနဲ့ ပတ်သတ်ပြီး ဇင် ဘယ်လို သဘောရလဲ ဆိုတာ သိချင်နေမိတယ်'
ဇင်သည် အသားတွေ ညိုလာကာ အနည်းငယ် ပိန်သွားသလိုရှိသော သူ့မျက်နှာကို ကရုဏာသက်သလို စူးစိုက် ကြည့်နေလိုမိသည်။

''ဇင် ဘယ်လိုသဘောရသလဲ ဟင်''
''ဇင် ဘယ်လိုမှ သဘောမရသေးပါဘူး၊ နားပါဦးလား ဦးတင်မောင်သန့်ရယ်၊ နေကလည်း သိပ်ပူလွန်း ပါတယ်၊ ဒီအချိန်မှာ ဒီလို ပူပူလောင်လောင် အကြောင်းတွေ ခဏမေ့ထားကြရ အောင်ပါ''
''ကိုယ်ကတော့ ဇင့်ဆီက အဖြေစကား ကြားရအောင် မိုင်သုံးရာကျော် အဝေးက ပြေးလာခဲ့ရတာပါ''
''ဇင့်အနေ နဲ့ အဖြေပေးဖို့ သိပ်စောလွန်းနေပါသေးတယ်''
''ဇင်...ရယ်''

ဦးတင်မောင်သန့်သည် စိတ်ပျက်သွားရခြင်းကို ဖုံးကွယ်မရသည်။ ယင်းစကားစုသည် လည်ချောင်းဝတွင် အသင့် ရှိနေသည်။ သို့စဉ်လျက် တစ်ဆို့နေသည်။ မပြောဖြစ်နိုင်ခဲ့၊ ဇင့်ရဲ့ အင်းအားတွေဘယ်ရောက်ကုန်ပြီ မသိ။
''ကိုယ်ရှိ မနေတဲ့ ရက်တွေမှာ ဇင်စဉ်စားမထားဘူးလား''
''စဉ်းစား ပါတယ်၊ စဉ်းစားရလွန်းလို့ ခေါင်းတွေလဲ ပူနေပြီ၊ ဦးနှောက်တွေလဲ ခန်းခြောက်ရ တော့မတတ်ပါပဲ''
''ခုထိ ဆုံးဖြတ်ချက် မချနိုင်သေးဘူးလား ဇင်''

''ဆိုပါတော့၊ ပြီးတော့..ဇင့်မှာ မရှင်းတာရှိတယ်၊ ဇင့်ကိုမှဘာလို့ ချစ်ချင်ရတာလဲ၊ ဘာလို့ လက်ထပ်ချင် ရတာလဲ၊ ဇင်ဟာ... ''
''ဇင်ဟာ ဘာလဲလို့ ကိုယ်အစောကြီးကတည်းက ကြိုသိခဲ့ပါတယ်၊ ဇင့်ကိုချစ်တာ လက်ထပ်ချင်လို့ ဖြစ် မှာပေါ့၊ လက်ထပ်ချင်တာကတော့ ချစ်လို့ဖြစ်မှာပေါ့''
''သိပ်ကို တိကျမှန်ကန်တဲ့ အဖြေပါပဲကလားနော်၊ ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်ဆို တာမျိုးပဲ''
ပြောရင်း ဇင်မရယ်ချင့်ရယ်ချင် ရယ်လိုက်သည်။

သည်တော့ သူကလည်း ပြုံးလာသည်။
မှာထားသော လိမ္မော်ရည်များ ရောက်လာသည်။
စကားကို လွှဲပြောင်းပြီး မန္တလေးမျာ ဆုံးပါးခဲ့သည့် သူ့အဒေါ်အကြောင်းကို ပြောပြနေသည်။
လိမ္မော်ရည် တစ်ပုလင်း ကုန်သွားသည်။

''ကိုယ်ပြန်ဦးမယ် ဇင်၊ ညနေကျရင် ထပ်တွေ့ကြရအောင်ပါ။ အဲဒီအခါမှာတော့ ဇင့်ဆီက တိကျပြတ်သားတဲ့ အဖြေ ကို ရလိမ့်မယ်လို့ ကိုယ်မျှော်လင့် ပါတယ်၊ ဇင်အဆောင် ကပဲ စောင့် နေပါ၊ ကိုယ်လာခေါ်မယ်''
''ဇင်...ဇင်.. ''
''ကိုယ်ဆက်ဆက်လာခေါ်မယ်၊ ဆက်ဆက်စောင့်ပါ။
ပြောပြီးနော် ဇင့်စကား ကို မစောင့်တော့ဘဲ ထိုင်ရာမှ ရုတ်တရက် ထသည်။ နှုတ်မဆက်ဘဲ ထွက်သွား သည်။

နေပူရှိန်အောက်မှာ၊ တံလျှပ်တွေအကြားမှာ လျှောက်သွားသော သူ့ ကျောပြင်ကိုကြည့်ရင်း ဇင်သည် ခေါင်း ကို ရမ်းခါ ပစ်လိုက်မိသည်။
ခက်တော့ တာပဲနော်။
ဇင် ရူးချင်လာပြီ။
တကယ့် ကို ရူးချင်နေပြီ။
သည်အချိန်မှာ ရူးသွားခဲ့ရင် ဘယ်လောက်များ ကောင်းမလဲ။

ဇင်သာ အရူးမ တစ်ယောက်ဆိုလျှင် ဘယ်သူကမှလည်း ချစ်မှာမဟုတ်။ သူချစ်နေသည်ကိုလည်း ဇင်က သိနိုင်မည် မဟုတ်။ ဘယ်လောက်များ ကောင်းလေမလဲ။ သူပြောလာသမျှစကားတွေကို ရယ်လို့ချည်း နေနိုင်မှာပေါ့။ ခုတော့ ဇင်၏ စိတ်ထားက အကောင်းပကတိပင်။
ဇင်သည် မိမိကိုယ်မိမိ ဒုက္ခသည် တစ်ယောက်လို တွေးထင်မိသည်။ ဦးတင်မောင်သန့် ကိုယ်တိုင် သည်လည်း စင်စစ် ဒုက္ခသည်ပါပင်။
ကိုယ့်နည်း ကိုယ့်ဟန်နှင့် ဒုက္ခသည်ချည်း ဖြစ်နေကြသည်။

အဆောင်ပြန်ရောက်တော့ ဇင် အထူးအထွေ ပြင်ဆင်မနေတော့ပါ။ ရေတစ်ဝ ချိုးလိုက်သည်။ ဆံပင် ကို သာမန်ပင် ထုံးဖွဲ့သည်။ မျက်နှာကို သနပ်ခါးရေကျဲသာ လူးသည်။ ရေမွှေးကိုလည်း အနည်းငယ်သာ သုံးသည်။ အပြာရောင် ဖျော့ဖျော့ အ၀တ်တစ် စုံ ကို ရွေး ၀တ်လိုက်သည်။
ဦးတင်မောင်သန့် ရောက်လာသည်။

အထီး တည်း မဟုတ်။ အပါးမှာ မိန်းကလေးတစ်ယောက်ပါလာသည်။ မြင်ရုံနှင့်ပင် ညိုမာသန့် ဟု သိသာ သည်။ အကြောင်းမူ ရုပ်ချင်းက ဆင်လှ၍ ဖြစ်သည်။
ဇင်၏ စိတ်ဝယ် မောင်နှင့်အတူ မောင်တို့မြို့သို့ရောက်ရှိသွားရစဉ်က ယောက္ခလောင်းနှင့် ရင်ဆိုင်ရမည့် ထိတ်လန့် ပူပန်မှုမျိုး ပေါ်ပေါက်လာသည်။
ကားအနီး သို့ ချဉ်းကပ်သွားစဉ် ခြေလှမ်းတို့ တုံ့ဆိုင်းနေကာ ရင်သည် ခုန်နွေးနေလေသည်။

''ဒါ...ကိုယ့်သမီးပဲ၊ ညိုမာသန့် ဆိုတာသူပဲ''
ဦးတင်မောင်သန့် က မိတ်ဆက်ပေးလိုက်သည်။
''သမီး...ဒါ မသက်ဇင်လေ''
ရုတ်တရက် အကြည့်တွင် ဦးတင်မောင်သန့်၏ မျက်နှာကျပုံနှင့် ဆင်လှသော မိန်းကလေးက ပေါ့ပါးစွာ ပြုံးလိုက်သည်။ ပြုံးပုံချင်းလည်း ဆင်တူလှသည်။
''ဟုတ်ကဲ့၊ တွေ့ရတာ ၀မ်းသာပါတယ်''
ညိုမာသန့် က ဆိုလိုက်သည်။ ဇင်ကတော့ ဘာမျှမပြောနိုင်။

''လာလေ ဇင်၊ ကားပေါ်တက်ပါ။ သမီးက လမ်းကြုံလိုက်လာတာပါ၊ သူ့သူငယ်ချင်း တစ်ယောက် အိမ်မှာ ဆင်း နေရစ်မှာပါ''
ဇင်သည် မလုံမလဲစွာဖြင့် ကားအတွင်း ၀င်ပြီး ထိုင်လိုက်ရသည်။
ညိုမာသန့် နှင့် ဆုံလိုက်ရသဖြင့် ဇင်ပို၍ ရူးချင်သည်။ စိတ်ထဲမှာလည်း ကျဉ်းကျပ်နေသည်။ မလုံမလဲလည်း ရှိနေမိသည်။ ဇင့်မျက်နှာသည် ထူအမ်းနေသည်။
''ဒေါ်သက်ဇင် က စာရင်းကိုင်နော်''
သွက်လက် ချက်ချာဟန်တူသော ညိုမာသန့်က ကားထွက်အလာတွင် မေးသည်။

''ဟုတ်ပါတယ်၊ ၀ါဏိဇ္ဇအဖွဲ့မှာ လုပ်ပါတယ်''
''ညိုမာ တော့လေ ကိန်းဂဏန်းတွေကို သိပ်မုန်းတာပဲ၊ သင်္ချာဆိုရင် သိပ်ကြောက်တာပဲ။ ကမ္ဘာကြီးမှာ တစ်နှစ်သုံးလေး ဆိုတဲ့ အရေအတွက်တွေ၊ လတ္တီတွဒ်တို့၊ လောင်ဂျီတွဒ်တို့၊ တစ်နှစ်မှာ သုံးရာ့ ခြောက်ဆယ့် ငါးရက် ရှိတာတို့၊ တစ်နေ့မှာ နှစ်ဆယ့်လေးနာရီ ရှိတာတို့ကို စိတ်ညစ်နေမိတယ်။ နာရီအပိုင်းအခြားတို့ ကွန်ပျူတာ တို့ မရှိရင် သိပ်ကောင်းမှာပဲလို့ ထင်တယ်''
''ညိုမာ ကလဲ ဖအေတူပဲ ဇင်ရဲ့၊ သင်္ချာကြောက်တဲ့ အနုပညာသမားပဲ''

''ဇင်ကတော့ သင်္ချာသမားမို့လား မသိဘူး၊ ကဏန်းသင်္ချာတွေသာ မရှိရင် လူတွေဟာ ကျောက်ခေတ်ကနေ ဘာတစ်ခု မှ တိုးတက်လာမှာ မဟုတ်ဘူးလို့ ထင်တယ်။ ဈေးဝယ်ရာ ကအစ အာကာသတက်တဲ့ အထိ သင်္ချာ ရှိနေတယ်''
ဇင် က မိမိဘက်မှ ကာကွယ်မိသည်။

''ဟုတ်မှာပါ၊ ဒါပေမယ့် ညိုမာက ကိုယ်ဝါသနာမပါတဲ့ အကြောင်းကိုသာ ပြောတာပါ ဒေါ်သက်ဇင်။ ညိုမာ့ကို စိတ်မဆိုး နဲ့နော်''
''အို … ဘာလို့ စိတ်ဆိုးရမှာလဲကွယ်''
''ညိုမာ ဆိုလိုတာက လောကကြီးမှာ ကန့်သတ်ချက်တွေ၊ ပညတ်တွေ၊ ဥပဒေတွေ မရှိရင် လူတွေဟာ ပိုပြီး လွတ်လပ်ကြမလား လို့ပါ။ သင်္ချာဆိုတာ လူတွေက ပညတ်တဲ့ ဘာသာရပ် တစ်ခု မဟုတ်လား ဟင်''

''မဟုတ်ပါဘူး၊ သဘာဝက ပညတ်ထားတာပါ၊ ဥပမာ ဒီကနေ့ကစပြီး နေထွက်ချိန်က နောက်တစ်နေ့ နေထွက်ချိန် ဆိုရင် ရက်တစ်ရက် တဲ့၊ ဆယ့်နှစ်ရီ အချိန်တိုင်းမှာ နေဟာ အမြဲ မွန်းတည့်တယ်၊ မုတ်သုန်ဟာ နှစ်စဉ် ကျရောက်ချိန်တိုင်းမှာ ကျရောက်တယ်၊ လရဲ့ ဆွဲငင်အားဟာ ဒီရေ အတက်အကျကို ဖန်တီးတယ်၊ ကောင်းကင် က နက္ခတ်တာရာတွေ ဟာ အမှန်အကန်အတိုင်း လှည့်လည်သွားလာနေကြတယ်၊ ကွဲလွဲမှု အနည်းအပါး ရှိပေမယ့် တစ်ပတ်လည်တဲ့အခါမှာ ပုံမှန်ပြန်ဖြစ်သွားတယ်။ သဘာဝတရားရဲ့ တိကျတဲ့ ဖြစ်ပျက် ပြောင်းလဲမှုတွေဟာ လူတွေကို သင်္ချာအတတ် သင်ပေးခဲ့တာပဲ''

''ဒေါ်သက်ဇင် ပြောတာ သိပ်လေးနက်တာပဲ၊ အမှန်ပြောရရင်တော့ ညိုမာ အဲဒီလောက် အထိ နားမလည် ပါဘူး၊ သဘောမပေါက်ပါဘူး''
''ညိုမာ နုပါသေးတယ်ကွာ''
ဦးတင်မောင်သန့် က ၀င်ပြောသည်။

''ညိုမာ ၀န်ခံပါတယ် ဒယ်ဒီ၊ လောကကြီး မှာ ညိုမာ သိစရာတွေ အများကြီး ရှိသေးတယ် နော်''
''ဒါပေါ့ကွယ်၊ ဒါပေါ့၊ ဒီလိုပဲ တစ်စတစ်စနဲ့ သိလာရမှာပေါ့''
''ဟော … ရှေ့ကဟာ ရူဘီတို့ တိုက်ပဲ၊ ညိုမာ ဆင်းနေရစ်တော့မယ်''
ခမ်းနား ထယ်ဝါသော တိုက်တစ်လုံးရှေ့မှာ ကားထိုးရပ်သွားသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, December 27, 2010

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၁၄)

အခမ်းအနားမှူးအဖြစ် ဆရာလေးကိုကြင်ခဲက ဆောင်ရွက်၏။

ပထမအနေ နှင့် မြို့ပိုင်ကြီးက မိန့်ခန်းပြောသည်။ သူပြောသမျှမှာ ပေါက်ခေါင်းတစ်နယ်လုံး ကျွန်တော်တို့ ရွာ မှသာ သူရဲကောင်းထွက်ကြောင်း၊ ဤအတွက် သူဂုဏ်ယူကြောင်း၊ နိပွန်စစ်ဗိုလ်ကြီးကလည်း အလွန် ၀မ်းသာ ကြောင်း၊ ဟေးဟိုးတပ် ဆိုသည်မှာ အလွန်ကောင်းကြောင်း၊ နောင်ကိုလည်း ရွာမှလူငယ်တို့ ၀င်စေ လိုကြောင်း...စသည် များ ဖြစ်၏။

မြို့ပိုင်ကြီးနောက် မဟာဗမာ ဥက္ကဌကြီးက စကားပြောသည်။ သူက...၊ သူသည် အဓိပတိ အရှင်မင်းကြီး ကိုယ်စား စကားပြောကြောင်း။ အဓိပတိကြီးသည် တောင်သူလယ်သမား ဆင်းရဲသားများကို အလွန် သနား ကြောင်း၊ ထို့ကြောင့် ဆင်းရဲသားပါတီကို သူအရင်ထောင် ခဲ့ကြောင်း၊ ဆင်းရဲသားများကို အလွန် ကောင်းစား စေလိုကြောင်း၊ ထို့ကြောင့် ဟေးဟိုးတပ် သို့ ဗမာလူငယ်တိုင်းဝင်၍ နိပွန်များနှင့် လက်တွဲ ဆောင်ရွက် စေလိုကြောင်း.... စသည်ဖြင့် ဟောကြားသည်။

နောက်ဆုံးအနေနှင့် ကျွန်တော့်တို့ တောင့်တနေသော ဂျပန်စစ်ဗိုလ်ကြီးက စကားပြောသည်။ စစ်ဗိုလ်ကြီး သည် သူ့ဓားကြီး ကို ဆုပ်ကာဆုပ်ကာဖြင့် ဒေါသတကြီး ရှုးရှုး ရှားရှား ရွှတ်ရွှတ်ရှက်ရှက် ကွိကွိကွကွ နှင့် ကျွန်တော် တို့ နားမလည်သော စကားတို့ကို အသံကုန်အော်ဟစ်ပြောသည်။ သူရပ်လိုက်လျှင် စကားပြန် လုပ်သူက မြန်မာလို ပြန်ပြောသည်။

ဂျပန်စစ်ဗိုလ်ကြီးပြောသည်မှာ နိပွန်တပ်မတော်ကြီးသည် အင်္ဂလိပ်မိစ္ဆာတို့အား မြန်မာပြည် မှ မောင်းထုတ် ပေးခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာတိုင်းသည် နိပွန်တို့ကို ကျေးဇူးတင်ရမည်ဖြစ် ကြောင်း၊ နိပွန်ဘုရင်မင်းမြတ် သည် နေမျိုးနွယ်ဖြစ်ကြောင်း၊ ထို့ကြောင့် အလွန်ဘုန်းကြီး ကြောင်း၊ နိပွန်နှင့်မြန်မာကို ညီအစ်ကိုဟု ပြောနေကြကြောင်း၊ ထိုစကားသည် မှားကြောင်း၊ အမှန်မှာနိပွန်သည် ဆရာဖြစ်၍ မြန်မာသည် တပည့်ဖြစ်ကြောင်း၊ တပည့်ဆိုသည်မှာ ဆရာ့ စကားနားထောင်မှ ကြီးပွားကြောင်း၊ ဟေးဟိုးတပ်ဝင်လျှင် တပည့် ကောင်းကောင်း ဖြစ်နိုင်ကြောင်း၊ နပွန်၏ ခေါင်းဆောင်မှုအောက်တွင် မြန်မာတွေ လိမ်လိမ် မာမာ ဖြင့် တပည့်ကောင်း ပီပီနေကြလျှင် မဟာအာရှတိုက်ကြီး ပေါ်ပေါက်လာမည်ဖြစ်ကြောင်း စသည် တို့ ဖြစ်သတည်း။

နပွန်စစ်ဗိုလ်ကြီး စကားပြီးဆုံးသွားသောအခါ ကာလသားတီးဝိုင်းက ခေတ္တဘိုးဘိုး အောင်သီချင်းဖြင့် ဖျော်ဖြေ သည်။ ၄င်းနောက် ကိုငကျော်ရှိန်အား ချီးကျူးခန်း စဖွင့်တော့၏။ စဖွင့်သူမှာ အခမ်းအနားမှူး ဆရာကိုကြင်ခဲ ဖြစ်သည်။
ဆရာကိုကြင်ခဲ ပြောသောစကားကိုမူ ကျွန်တော်တို့အားလုံး နားလည်ကြသသည်။

''မြန်မာ အစ တကောင်းက'' ဟူသကဲ့သို့ မြန်မာသည် သာကျသာကီဝင် မင်းမျိုးဖြစ်သည်။ မြန်မာ သူရဲကောင်း တို့အနက် ဓားနှင့်ထိုး ဓားကျိုး၊ မြမြှပ်၍လည်း မသေ၊ ရေ၌နစ်၍လည်း မသေသော ဘိုးဘိုးအောင် ကဲ့သို့သော အာဇာနည်များ ရှိခဲ့သည်။ ယောက်ျားကောင်း အာဇာနည်ဆိုလျှင် ရဲသော်မသေ- သေသော်ငရဲမလား ဟူသော စကားနှင့်အညီ အလွယ်တကူမသေနိုင်၊ သူရဲကောင်း ကျန်စစ်သားအား အနော်ရထာဘုရင် လှံဖြင့်ထိုးစဉ် က မင်းမဟာဂီရိ မောင်တင့်တယ် ကယ်ခဲ့သည့် သက်သေရှိသည်။ ဤရွာ၏ သူရဲကောင်း ကိုငကျော်ရှိန် ကိုလည်း သာသနာစောင့် နတ်မင်းကြီးလေးပါး စောင့်ရှောက်လိမ့်မည်။

ဆရာလေးကိုကြင်ခဲ၏ ဤရဲရဲတောက် စကားတို့ကို နှစ်သက်လွန်းသဖြင့် မဏ္ဍပ်တွင်းရှိ လူကုန်သည် လက်ခုပ်တီး သြဘာပေးသည်။ လက်ခုပ်သြဘာသံ ဆုံးသောအခါ ဆရာလေးကိုကြင်ခဲက စကားဆက်သည်။

''ကြွရောက်လာသော သပ္ပုရိသ သူတော်ကောင်းအပေါင်းခင်ဗျား၊ ဤနေရာမှ သူရဲကောင်း ကိုကျော်ရှိန်အား နေမျိုးသူရှိန် ဗိုလ်ကျော်ရှိန် ဟု သူကြီးမင်းကိုယ်စား ကျွန်တော်က ကင်ပွန်းတပ်ပါသည်''
ထိုအခါ ကျွန်တော်တို့အားလုံးက လက်ခုပ်တီးရပြန်သည်။ နောက်အစီအစဉ်အရ ကွမ်းတောင်ကိုင် မငြိမ်းသာ ခေါင်းဆောင်သော အပျိုချောများက တစ်ယောက်လျှင် ပန်းကုံးတစ်ကုံးကျ ကိုငကျော်ရှိန်ခေါင်း၌ စွပ်ပေးကြသည်။ ထို့နောက် ကိုငကျော်ရှိန် ကို ၀ိုင်း၍ စာရွက်ကိုယ်စီကိုင်ကာ ၀တ်ရွတ်သကဲ့သို့ ညီညီညာညာ သံပြိုင်..... ဆရာလေး ကိုကြင်ခဲ၏ ရတုကို ရွတ်ကြသည်။

''၀ဲယာအောင်မြေ....
ကြီးသရေရှင့်
ချောင်းငွေသဲဖြူ
ပတ်ဝိုင်းမူသား
ရွှေဂူဂါမာ
မြတ်ရွာဇာတိ
ဘုန်းရှိရှိလျှင်''
နောက်စာပိုဒ်များကို ကျွန်တော် မမှတ်မိတော့။ သုံးပုဒ်ရှိသည်။ အလွန်ရှည်သည်၊ ကျွန်တော် သေသေချာချာ မှတ်မိသောအပိုဒ်မှာ ကိုငကျော်ရှိန်ကို ချီးကျူးထားသည်။

''နေမျိုးသူရှိန်.....
ဗိုလ်ကျော်ရှိန်သည်
လျှံထိန်ဝင်းပ
ဗန္ဓုလသို့
သူရအခေါင်
သတ္တိပြောင်ဘိ
ရန်ရှောင်ပယ်ကင်း
စောထီးမင်းသွင်….

ကျွန်တော်သည် ဗန္ဓုလသို့ သတ္တိပြောင်နေသော နေမျိုးသူရိန် ဗိုလ်ကိုငကျော်ရှိန်ကို လှမ်းကြည့်မိသည်။ ထိုခဏ ၌ ဗိုလ်ငကျော်ရှိန်ကို ကျွန်တော် အလွန် သနားသွားသည်။
ယခင်က ကိုငကျော်ရှိန် သည် မှန်မှန် မလှပ်နိုင်သော ဗိုလ်ကေရှည် ရှည် နှင့် ဖြစ်၍ စုတ်ချွန်းချွန်း ညှင်းဆိုးဆိုး နိုင်သည်။ ယခုမူ တပ်သားသူရဲကောင်း ပီပီ ကတုံးဖြင့် ဆိုပြန်သော် ပြောင်ချော်ချော် ကြောင်စီစီလေး ဖြစ်နေသည်။ရှပ်တက်တို အဖြူ ရွှေတောင်လုံချည် အနီ ဝတ်ထားရာ လည်ပင်းမှ ပန်းကုံး တို့နှင့် ဆိုသော် အလကပ္ပချစ်တီး နှင့် တူသလို ဖြစ်နေသည်။

သနားစရာ အကောင်းဆုံးမှာ သူ့မျက်နှာလေးဖြစ်သည်။ သူ့မျက်နှာလေးသည် ဆီးစေ့မျှ ငယ်နေသည်။ မကြုံစဖူး အပျို ခုနှစ်ဦး ဝိုင်း၍ ကမ္မဝါ ညှပ်သကဲ့သို့ ရတု ဆိုနေကြသဖြင့် သူ့မျက်လုံးသည် မြေကြီးမှ မခွာရဲ ဘဲ ရှိရှာသည်။

သူကသာ မည်သူ့မျှ မကြည့်ရဲသော်လည်း မဏ္ဍပ်တွင်းရှိမျက်လုံး အားလုံးမှာ သူ့ဆီရှိနေမှန်း သူ ရိပ်မိပုံ ပေါ်သည်။ ထို့ကြောင့် သူ့ကိုယ် ကုပ်ကုပ်ကလေးမှာ ဆတ်ဆတ်တုန် နေရှာသည်။ သူ့ကြည့် ရသည်မှာ ကိုးဆောင် တွဲကျောင်း မှ တစ်ဝါတွင်း ၌ ကိုရင်ကျပ်ခိုးစွဲ ဥပုဒ်သည်တို့အား ပထမဆုံး သီလပေးစဉ်ကနှင့် တူနေသည်။ လူအားလုံး မျက်စိမှိတ် ရှစ်ခိုးသီလ ယူနေခိုက် ကိုရင်သည် အသံရောလူရော တုန်နေရှာသည်။ သီလပေး အလယ် ၌ ကျက်ထားသော ပါဋ္ဌိတို့မေ့၍ သရဏဂုံ သုံးပါး တိုင်ပေးပြီးလျှင် ပေးပြီးခြင်း။

.. သာဓုဂံကထွာ အပ္ပမာဒေန သမ္ပာဒေထ..ဦးဇင်းဆီ ဆက်သီလ ယူကြတော့ ဒါယိကာ ဒါယိကာမကြီးတို့… ဆို၍ ထပြေးသည်။
ကိုကျော်ရှိန်မှာ ကိုရင့်ထက် ကံဆိုးရှာသည်။ ကိုရင်က ထပြေးနိုင်သေးသည်။ ဂျပန်စစ်ဗိုလ် ကြီး မြို့ပိုင်ကြီး တိုက်ပိုင်ကြီး ဌာနပိုင်ကြီး တို့နှင့် တကွ ဝိုင်းဝိုင်း လည်နေသော ဤပရိသတ်ကြီးရှေ့မှ ဘယ်နည်း နှင့်မျှ မပြေးနိုင်.. ဝဍ်ရှိသမျှ ခံရလေရှာဦးမည်။ ဗိုလ်ငကျော်ရှိန် အားမကြည့်ရက် သဖြင့် ကျွန်တော့် မျက်လုံး များသည် မဏ္ဍပ်ရှေ့သို့ လွဲကြည့်လိုက်သည်။ ထိုအခါကျမှ ဤပွဲသို့ မဖိတ်သဖြင့် နောက်ကျ ရောက်လာဟန် တူသော ပုဂ္ဂိုလ်ကြီး တစ်ဦးအား တွေ့ရသည်။

ဦးလေးပု(ဝါ) အရူးကြီး ကိုပုတည်း။
ဦးလေးပု ၌ အကျင့် တစ်ခုရှိသည်။ သူ့၌ ဘာမှ လုပ်စရာမရှိသော် တံတွေးကို ဟိုထောင့်သည်ထောင့် မနားတမ်း ထွေးတတ်သည်။ကျောင်း ၌ ဥပုသ်နေ့များတွင် ထွေးခံများချထားသော အခါ… ဦးလေးပုသည် ထွေးခံတစ်ခု မျှ မကျန်အောင် သက်စေ့လိုက် တံတွေးထွေးလေ့ရှိသည်။ ယခုလည်း မင်းခမ်းမင်းနား အဖြစ် စိုက်ထားသော ငှက်ပျောပင် တို့စေ့အောင် လိုက်လံ တံတွေးထွေးနေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၁၆)


ဒင်နီ၏ သူငယ်ချင်းများ စိန့်အင်ဒရူးပွဲတော် အကြိုနေ့တွင် လျှို့ဝှက်သော ရတနာ ကို ရှာဖွေခြင်း၊ ပီလွန် ရတနာ ကို တွေ့ရှိခြင်းနှင့် နောက်ပိုင်းတွင် သက္ကလတ် ဘောင်းဘီ တစ်စုံသည် နှစ်ကြိမ်တိတိ ပိုင်ရှင်ပြောင်းခြင်း

အကယ်၍သာ ကောင်ကြီးဂျိုး သည် အာဇာနည် သူရဲကောင်းတစ်ဦးဖြစ်ခဲ့ပါမူ အလွန် စိတ်ဆင်းရဲစရာ ကောင်းသော အချိန်များ ကို စစ်တပ်ထဲ၌သာ ကုန်လွန်စေလိမ့်မည်ဖြစ်၏။ သို့သော်လည်း သူသည် ထိုကဲ့သို့သော လူစား မဟုတ်သဖြင့် မွန်ထရေးမြို့ ၏ ထောင်အတွင်း၌ ထိုက်သင့်သော လေ့ကျင့် သင်ကြားမှု့ များကို ရယူခဲ့ပြီးသည့် နောက်ပိုင်းတွင် နိုင်ငံချစ်စိတ်ရှိသူများ ကြုံတွေ့ရတတ်သည့် ဆင်းရဲ ဒုက္ခကြီး မှ လွတ်မြောက်ခဲ့သည်။

ထိုမျှသာ မကသေး၊ သူ့၌ရှိသော အပြစ်ဒဏ်ကို ခံရင်း ယောက်ျားတစ်ယောက်သည် သူ၏ နေ့များကို တစ်ဝက် အိပ်ပြီး တစ်ဝက်နိုးနေခြင်းဖြင့် အချိန်ကုန်ရသောဘ၀ဖြစ်သည့် အားလျော်စွာ ယောက်ျား တစ်ယောက် အနေဖြင့် သူ၏နှစ်များကို တစ်ဝက်ထောင်ထဲ၌နေပြီး တစ်ဝက်ကို ထောင်အပြင်၌နေခြင်းဖြင့် အချိန် ကာလ ကို မှန်ကန်စွာ အသုံးချ၍ ကုန်လွယ်စေရမည်ဟူသော အသိအမြင်ကိုပါ အခိုင်အမာ ရရှိခဲ့ လေသည်။ တကယ်တော့ လည်း ကောင်ကြီးဂျိုးသည် စစ်ကြီးဖြစ်နေသည့် ကာလအတွင်း အပြင်မှာ နေရသော အချိန်ထက် ထောင်၌နေရ သောအချိန်က ပို၍များ၏။

အရပ်သားများ၏ ဘ၀တွင် လူတစ်ယောက်သည် အပြစ်တစ်ခု ကျူးလွန်ငြားအံ့၊ ထိုသူသည် သူ ကျူးလွန် ခဲ့သော အပြစ်များ အတွက် ထိုက်သင့်သော ပြစ်ဒဏ်ကိုခံရသည်။ သို့သော်လည်း စစ်တပ်၏ ဥပဒေများတွင် သဘောတရားသစ် တစ်ခု ပေါင်းစပ်ထားသည်ဖြစ်ရာ လူတစ်ယောက်ကို သူကျူးလွန်ခဲ့သော ပြစ်မှု အတွက် သာမက သူမ ကျူးလွန်သော အရာများအတွက်လည်း အပြစ်ဒဏ်ပေးကြ၏။ ကောင်းကြီးဂျိုးသည် ဤ သဘောတရား ၏ အနက်အဓိပ္ပာယ် ကို လုံးဝ စဉ်းစား၍မရပေ။

သူသည် သူ့ရိုင်ဖယ်သေနတ်ကို တိုက်ချွတ် ခြင်းမပြု။ သူ့နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများကို ဘယ်တော့မှ မရိတ်။ တစ်ကြိမ် နှစ်ကြိမ် မျှ ခွင့်ယူသွားပြီး တပ် ကို ပြန်မလာ။ သူ့တွင် ဤချွတ်ယွင်းချက် များ နှင့် အတူ သူ့ ကို အလုပ်တစ်ခု ကို ခိုင်းလိုက်သည့်အခါတိုင်း ဆင် ခြေဆင်လက် ပေးနေတတ်သည့် ၀ါသနာ ရှိခြင်းတည်း ဟူသော ချွတ်ယွင်းချက်လည်းရှိ၏။

သာမန်အားဖြင့် သူသည် စစ်တပ် သက်တမ်း တစ်ဝက်ကို ထောင်တွင်း၌ အချိန်ဖြုန်းခဲ့သည်။ စစ်တပ်တွင် နှစ် နှစ်မျှ အမှုထမ်းခဲ့ရာ ထောင်ထဲတွင် ဆယ့်ရှစ်လမျှ နေခဲ့ရ၏။ သူ့အနေဖြင့် စစ်တပ်ထဲတွင် နေခဲ့ရသည့် ဘ၀ တွင် ပျော်ရွှင်သာယာမှု မရှိခဲ့ချေ။ မွန်ထရေး ထောင်ထဲတွင်မူ သူသည် အစစအရာရာ သက်သောင့် သက်သာ ရှိခဲ့ သည်။ အပေါင်းအသင်းများနှင့်လည်း ဆုံမိခဲ့သည်။ တပ်ထဲတွင်မူကား သူ့ကိုတင်သည့် စွဲချက် မှာ များလွန်းလှ သဖြင့် ခေါင်းအလွန်ရှုပ်ရသည်။

သို့ဖြစ်ရာ တပ်အပေါ်၌ စိတ်ကုန်သောအစွဲသည် သူ့စိတ်တွင် ရာသက်ပန် အစွဲ တစ်ခုသဖွယ် ဖြစ်လာခဲ့ လေသည်။
စစ်ကြီးပြီးသွား၍ စစ်တပ်အားလုံးကို ဖျက်လိုက်သည့်အခါ ကောင်ကြီးဂျိုးသည် ထောင်မှ မလွတ်သေး။ ခြောက်လ တိတိ အပြစ်ဒဏ် ခံနေရသေးသည်။ စွဲချက်မှာ တာဝန်ကျနေစဉ် အရက်မူးခြင်း၊ တပ်ကြပ်ကို ရေနံဆီပုံး ဖြင့် ရိုက်ခြင်း၊ သူ၏ ကိုယ်ပိုင်အမှတ်ကို ပြောရန် ငြင်းဆိုခြင်း (သူ မမှတ်မိ၍ မပြောခြင်း မျှသာ ဖြစ်၏။ ထိုစဉ်က ဘာ ကိုမှ သတိမရသဖြင့် မေးသမျှ မေးခွန်းတိုင်းကို ဖြေရန် ငြင်းခဲ့သည်။) ပဲပြုတ် နှစ်ဂါလန် ခိုးခြင်း နှင့် ဗိုလ်မှူး ၏ မြင်းကိုစီးခြင်း စသည်ဖြင့် အများကြီးဖြစ်သည်။

အကယ်၍ ထိုအချိန်က စစ်ပြေငြိမ်းရေး စာချုပ်သာ လက်မှတ်မထိုးရသေးလျှင် ကောင်ကြီးဂျိုး သည် သေနတ် ဖြင့် ပစ်သတ်ခံရဖွယ်ရာရှိ၏။ သူသည် အခြားသော စစ်မှု့ထမ်းဟောင်းများ ကိုယ့်အရပ် ကိုယ့်ဒေသ ပြန်ရောက်ကာ စစ်အောင်ပွဲ ၏ အရသာ ဟူသမျှကို စားသောက်ဝါးမျို၍ ကုန်ခါမှ သူ့နေရပ် မွန်ထရေးမြို့ သို့ ပြန်လည် ဆိုက်ရောက်ခဲ့ရ၏။
ကောင်ကြီးဂျိုး မီးရထား ပေါ်မှဆင်းလာသောအခါ သူ့ကိုယ်တွင် စစ်သုံး အနွေးထည်ကြီး၊ ကျူးနစ်ရှပ်အင်္ကျီ နှင့် သက္ကလတ်ဘောင်းဘီ နှစ်ထည် ထပ်၍ ၀တ်ထားသည်။

မြို့ထဲတွင် ဥပဒေဖြင့် ဟိုဟာမလုပ်ရ။ ဒီဟာမလုပ်ရဟူသော တားဆီးပိတ်ပင်မှုမှတစ်ပါး အခြားပြောင်းလဲမှု ဘာတစ်ခုမှ မရှိ၊ မည်သိုပင်ဖြစ်စေ ယင်းတားမြစ် ပိတ်ပင်မှုများသည် တော်ရဲလီး ၏ ဆိုင်ကို အသွင် ပြောင်းအောင် မလုပ်နိုင်ခဲ့ပေ။ ဂျိုးသည် သူ၏ အနွေးထည်အင်္ကျီကြီး ကို ၀ိုင်နှစ်ဂါလန် နှင့် အလဲအလှယ် လုပ်ပြီးသော် သူ၏ သူငယ်ချင်းစစ်၊ သူငယ်ချင်းကောင်း များကို လိုက်ရှာသည်။

ထိုညတွင် သူ့သူငယ်ချင်းများကိုတော့ မတွေ့၊ သို့သော်လည်း မွန်ထရေးမြို့ထဲတွင် လူများကို ထောင်ချောက် ထဲကျအောင် လုပ်ပေးမည့် လူဆိုး လူလည်များ၊ မိန်းမရွှင်များ နှင့် ဖာခေါင်းများသည် ကတွတ်ဝ က ဗျိုင်းစောင့် သည့်နှယ် လာသမျှ ကို အမဲဖျက်ရန် စောင့်နေကြသည်ကိုကား ထုံးစံအတိုင်း တွေ့ရသည်။ ဂျိုးကိုယ်တိုင်ကလည်း ကိုယ်ကျင့်တရား ကောင်းရေး ကို များစွာ အရေးထားသူမဟုတ်၊ ထို့ကြောင့် သူတို့ဆင် ထားသည့် ထောင်ချောက်ထဲ သို့ အကျခံရန် ၀န်မလေး။ သူကိုယ်တိုင်ကလည်း အခုလို ထောင်ချောက်မျိုး ကို ကြိုက်သူဖြစ်သည်။

မကြာမီမှာပင် အင်္ကျီနှင့် လဲလာသော ၀ိုင်တစ်ဂါလန် ပြောင်သွားသည်။ လက်ထဲတွင် ပိုက်ဆံလည်း မရှိတော့။ ထိုအခါ သူ့ကို ၀ိုင်း၍ အမဲဖျက်နေကြသော လူလည်လူလိမ်များက သူ့ကို ထောင်ချောက်ထဲမှ ပြန်ထုတ်ရန် အား ထုတ်ကြသည်။ သူကလည်း ထောင်ချောက်ထဲမှ မထွက်၊ အဘယ်ကြောင့်ဟူမူ ထောင်ချောက် ထဲ ၌ နေရသည် မှာ သူ့အဖို့ သက်သောင့်သက်သာ ဖြစ်နေပြီ မဟုတ်ပါလော။
ဤသို့ဖြင့် သူတို့လူစုက သူ့ကို အကြမ်းနည်းသုံး၍ ဆွဲထုတ်ပစ်ရန် ကြိုးစားကြသည်။

ကောင်ကြီးဂျိုးကလည်း ကြောက်စရာကောင်းလောက်အောင် အပြင်းအထန် ခုခံသည်။ ပရိဘောဂ ပစ္စည်း အားလုံး ကို ထုရိုက် ကိုင်ပေါက်ဖျက်ဆီးသည်၊ ပြတင်းပေါက်တံခါးများကို ခွဲပစ်သည်၊ အ၀တ်အစား မလုံ့တလုံ ဖြစ်နေသော မိန်းမများ ကို ငယ်သံပါအောင် အော်ဟစ်ပြီး ညအမှောင်ထုထဲသို့ ထွက်ပြေး ကုန်အောင် ရမ်းသည်။ ထိုကဲ့သို့ ထင်သလိုလုပ်၍ အားရကာမှ ပေါ်လာသည့် စိတ်ကူးအရ အိမ်ကို မီးရှို့သည်။

နောက်ဆုံးတွင် ပုလိပ်တစ်ယောက် ရောက်လာပြီး သူ့ကို ဆွဲသည်၊ ကောင်ကြီးဂျိုးက ပျော်ရွှင်မြူးထူးစွာဖြင့် သက်ပြင်း ချသည်။ သူ့ အိမ် ကို နောက်တစ်ကြိမ် ရောက်ရဦးတော့မည် မဟုတ်ပါလား။
သူ့ကို ချက်ချင်းရုံးတင်သည်။ အမှုစစ်သည်မှာ မကြာလိုက်။ ဂျူရီတစ်ယောက်မှ မပါသော စစ်ဆေးကြားနာမှု ဖြစ်၏။ သူ့ကို ထောင်ဒဏ်ရက်ပေါင်း သုံးဆယ်ချသည်။ ဂျိုးသည် သူ့အတွက် ပေးထားသော သားရေခေါက် ခုတင် ပေါ်လှဲကာ ထောင်ဒဏ်ကာလ ၏ ဆယ်ပုံတစ်ပုံကို ကုလားသေကုလားမော အိပ်နေခြင်းဖြင့် အချိန်ကုန် လွန်စေခဲ့သည်။

ကောင်ကြီးဂျိုး သည် မွန်ထရေးထောင်ကို အလွန်သဘောကျသည်။ လူပေါင်းစုံကို တွေ့ရသည့်နေရာ တစ်နေရာဖြစ်၏။ အကယ်၍သာ ကြာကြာ နေရမည်ဆိုပါက ၀င်လိုက်ထွက်လိုက် လုပ်နေသော သူ့ သူငယ်ချင်း များ နှင့် ဆုံမိတတ်သည်။ အချိန်သည် ကုန်လွယ်လှပါဘိခြင်း၊ သူထောင်ထဲမှ ထွက်ရသောအခါ ၀မ်းနည်း မိသည်၊ သို့သော်လည်း သိပ်ပြီး ၀မ်းနည်းစရာတော့ မလို၊ ထောင်ထဲပြန်လာဖို့ အလွန် လွယ်ကူ သည်ကို သူကောင်းကောင်းကြီး သိထားသည်။

သူသည် ထောင်ချောက်ထဲသို့ နောက်ထပ်တစ်ဖန် ပြန်၍ ကျလိုသော်လည်း လက်ထဲတွင် ငွေမရှိ၊ ၀ိုင်မရှိ၊ သူ့ ပေါင်းဟောင်း သင်းဟောင်းများဖြစ်သော ပီလွန်၊ ဒင်နီ နှင့် ပက်ဘလိုတို့ကို တွေ့လို တွေ့ငြား လမ်းတကာ ၀င်၍ ပိုက်စိပ်တိုက် ရှာပါသော်လည်း မတွေ့၊ ပလိပ်ဆာဂျင် ကတော့ သူတို့သုံးဦးကို မဖမ်းရသည်မှာ ကြာပြီ ဟု ပြော သည်။
" သူတို့ သေကုန်ပြီနဲ့တူတယ်" ဟု ဂျိုးက ပြောသည်။

သူသည် ၀မ်းနည်းစွာဖြင့် တော်ရဲလီ ၏ ဆိုင်သွားသည်။ သို့သော်လည်း တော်ရဲလီ သည် ငွေမရှိသူ၊ ပစ္စည်းချင်း အလဲအလှယ်လုပ်ရန် ရုပ်ဝတ္ထုပစ္စည်း မရှိသူများကို တရင်းတနှီး ပေါင်းသူမဟုတ်၊ သူသည် ကောင်ကြီးဂျိုး ကို ၀တ်ကျေ တမ်းကျေမျှသာ ပြောဆိုဆက်ဆံသည်။ သို့သော်လည်း တော်ရဲလီ က ဒင်နီ သည် တော်တီလာဖလက် ရပ်ကွက်တွင်းရှိ အိမ်တစ်လုံးကို အမွေရလိုက်သဖြင့် သူ့ သူငယ်ချင်း များနှင့်အတူ ထို အိမ်တွင် နေထိုင်လျက်ရှိကြောင်း သတင်းပေးသည်။

ကောင်ကြီးဂျိုး သည် သူ့ သူငယ်ချင်းများကို တွေ့လိုသောဆန္ဒ အလွန်ပြင်းပြလာသည်။ ထိုနေ့ ညနေခင်း တွင် သူသည် ဒင်နီနှင့် ပီလွန်ကို ရှာရန် တော်တီလာဖလက် ရပ်ကွက်ဘက်သို့ ထွက်လာခဲ့၏။ တောင်ကုန်း အတက် လမ်းမပေါ် သို့ သူ ရောက်သွားချိန်တွင် မှောင်စပျိုးလာလေပြီ။ လမ်းခုလတ်မှာပင် တစ်ဖက်မှ ရေးကြီး သုတ်ပျာ လျှောက်လာနေသော ပီလွန် နှင့် ဆုံမိသည်။

" ဟေ့ ပီလွန်၊ ငါ မင်းတို့ဆီ လာတာကွ "
" ဘယ်လို ဂျိုး" ဟု ပီလွန်က ပြန်နှုတ်ဆက်သည်။ " မင်း ဘယ်ပျောက်နေတာလဲ "
" စစ်တပ်ထဲ ရောက်နေတယ် " ဟု ဂျိုးက ဖြေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ပဆစ်အိမ် အပိုင်း (၁၉)

'သူ ဘာဖြစ်သလဲ'
ဇင် မေးသည်။
'ဟင်'
'ဦးတင်မောင်သန့် ဘာဖြစ်လို့လဲ'
'မပြောတတ်ဘူး ခင်ဗျာ့၊ ကျွန်တော့်ကို စာပေးခိုင်းလိုက်တာပဲ'
'အက်ဆီးဒဲန့် တစ်ခုခုများ ဖြစ်သလားလို့'

ကားမောင်းသူက ဘာမျှပြန်မပြောဘဲ ရှေ့မှကုန်တင်ကားတစ်စီးကို ဖြတ်ကျော်လိုက်သည်။ ကားသည် ပြည်လမ်းမပေါ်မှာ အရှိန်ပြင်းစွာ ပြေးနေသည်။
ဇင် ရင်တွေတုန်နေသည်။

သူ့ကို ဘယ်ပုံစံနှင့်မြင်ရမလဲ၊ ကျိုးပဲ့နေတာ တွေ့ရမလား၊ သွေးသံရဲရဲ ရှိနေမလား။
မင်္ဂလာဒုံ လေယာဉ်ဆိပ်လမ်းသို့ ချိုးကွေ့လိုက်သောအခါ ဇင့်မှာ အတွေးရ ကျပ်သွားသည်။ ဇင် မျှော်လင့် ထားသည်က ဆေးရုံတစ်ခုခု သို့ ဖြစ်သည်။ ကားမောင်းသူက ကားကို အလျင် အမြန် မောင်းရန်သာ အားထုတ်သည်။ ဇင်နှင့် စကားပြောလိုပုံမရ။

သို့ဖြင့် လေဆိပ်ရှေ့မှာ ကားထိုးရပ်မိသည်။
စောစောကပင် ပြောဆိုထားနှင့်ပြီးဖြစ်ဟန်ရှိသည်။ ဇင်တို့ လေဆိပ် အဆောက်အအုံအတွင်း ၀င်ရောက်ခွင့် ရခဲ့ကြသည်။
ပြည်တွင်း ခရီးသည်များ စုဝေးရာနေရာတွင် ဇင်သည် ဦးတင်မောင်သန့်ကို ကျန်းမာပကတိ ချမ်းသာစွာနှင့် တွေ့ရှိလိုက်ရသည့်အတွက် အံ့အားသင့်သွားမိသည်။
သူသည် ဧည့်ခန်းမမှ ဆိုဖာတစ်လုံးတွင် ထိုင်နေသည်။ ခြေနှစ်ချောင်းအကြား ကြမ်းပြင်မှာ ခရီး ဆောင် လက်ဆွဲအိတ် တစ်လုံး ဇင့်ကိုမြင်တော့ ၀မ်းသာအားရ ထရပ်လိုက်သည်။
'ဇင်...ဇင် လိုက်လာတယ်နော်'

'ဟုတ်ကဲ့...ဦးတင်မောင်သန့် တစ်ခုခုများ ဖြစ်သလားလို့၊ ဇင့်မှာ ရင်ကို ထိတ်နေတာပဲ'
သည်အချိန် တွင် လေဆိပ်၌ တပ်ဆင်ထားသော အသံချဲ့စက်မှ အသံပေါ်လာသည်။
'မန္တလေးသို့ လိုက်ပါမည့် ခရီးသည် ဦးတင်မောင်သန့်...ကျေးဇူးပြု၍ ပေါင်ချိန်သောနေရာသို့ ကြွပါရှင်'
'ကိုယ်...ကိုယ်...ဘာမှမဖြစ်ပါဘူး ဇင်၊ မန္တလေးမှာ အဒေါ်တစ်ယောက်ဆုံးတယ်၊ အဲဒါသွားမလို့၊ မသွားခင် ဇင်နဲ့ တွေ့သွားချင်လို့ အခေါ်လွှတ်လိုက်တာပါ'
ဇင်သည် စိတ်ညစ်ညူးစွာဖြင့် ခေါင်းကို ယမ်းခါပစ်လိုက်မိသည်။

'သြော်...ဦးတင်မောင်သန့်ရယ်...'ညည်းမိသည်။
အသံချဲ့စက်မှ ကြေငြာသံ ထွက်ပေါ်လာပြန်သည်။
'ကိုယ်သွားမှ ဖြစ်တော့မယ်၊ လိုက်လာတာ ကျေးဇူးတင်ပါတင် ဇင်'
ဇင့်မှာ ဘာမှ မပြောတတ်နိုင်အောင် ရှိတော့သည်။

သူသည် ပေါင်ချိန်သည့်နေရာသို့ သွားသည်။ လေယာဉ်စီးသည့် ခရီးသည်များအတွက် သီးသန့် ကာထားသော နေရာသို့ ၀င်သည်။
အသံချဲ့စက်မှ ကြေညာသံ ပေါ်လာသည်။
'မန္တလေးသို့လိုက်ပါသွားမည့် ခရီးသည်များ ဖော်ကာဖရင်း ရှစ်အိပ်က်စ်ဝိုင်အေ အမှတ်××သို့ တက်ရောက် ကြပါရန်'
'ကိုယ်...သွားမယ် ဇင်'
သူ့ 'အမူအရာမှာ ရေးကြီးသုတ်ပျာ နိုင်လှသည်။

'ဟုတ်ကဲ့'
ဇင်က သည်မျှသာ ပြောလိုက်နိုင်သည်။
သူက တစ်စုံတစ်ခု ပြောလိုက်သည်။
ထိုအချိန်တွင် လေယာဉ်တစ်စီး၏ နှိုးလိုက်သော စက်သံသည် ဆူညံစွာ ပေါ်လာသည်။ သူ့ စကားကို သဲကွဲစွာ မကြားလိုက်ရ။ သူက တစ်ဘက်သို့ လှည့်ထွက်ရာမှ သမင် လည်ပြန် ပြန် ကြည့်ကာ ပြောလိုက် ပြန်သည်။

လေယာဉ်စက်သံကြောင့် ဇင် မကြားလိုက်နိုင်ပြန်။
'ဟင်'
ဇင်က နားကို လက်ဖ၀ါးနှင့် ကာကာ မေးလိုက်သည်။ စက်သံငြိမ်သွားသည်။
'ဇင်...ဇင့်ကို...ကိုယ် လက်ထပ်ချင်တယ်'
'ရှင်'
'ကိုယ် ဇင့်ကို လက်ထပ်ချင်တယ်၊ ကိုယ့်ကို လက်ထပ်ပါလား ဇင်'

သူ၏အသံသည် အတော်ကြီး ကျယ်လောင်သွားသည်။ သို့သော် စက်သံက ပြန်ဖုံးလွှမ်းပစ် လိုက်သည်မို့ ဘေးလူ များ ကြားလိမ့်မည်မထင်ပါ။
'ဒါပဲ...ကိုယ်သွားမယ်'
သူသည် ထွက်ပေါက်မှ ကမန်းကတန်းပင် ထွက်သွားသည်။
ဇင်သည် ငူငူငိုင်ငိုင်ကြီး ရပ်လျက်သား ကျန်ရစ်သည်။
စိတ်ထဲမှာ တင်းကျပ် ရှုပ်ထွေးသွားသည်။

သည်အချိန်တွင် ဇင်သည် မိမိကိုယ်ကို သေသာ သေပစ်လိုက်ချင်သည်။
သို့မဟုတ် သူသေသွားရင် ကောင်းမှာပဲ ဆုတောင်းမိသည်။
ဘာကြောင့်ရယ် လို့တော့မသိ။

ဇင်သည်အကြိုထောက်လာသော ကားနှင့်ပင် အဆောင်သို့ ပြန်ခဲ့သည်။ တွေးစရာတွေက ရင်နှင့် အပြည့် ပါလာသည်။
နား မှာ လေဆိပ်တွင် ဦးတင်မောင်သန့် အော်ဟစ်ပြောခဲ့သော စကားတွေကိုသာ ကြားယောင် နေမိသည်။
'ဇင့် ကို ကိုယ်လက်ထပ်ချင်တယ်'တဲ့။

'ကိုယ့် ကို လက်ထပ်ပါလား ဇင်'တဲ့။ သည်စကားတို့သည် ပဲ့တင်သံသဖွယ် နားဝယ်လျှံနေ သည်။
ပထမတော့ 'ချစ်သည်'။
နောက်တော့ 'လက်ထပ်ချင်သည်'။
ဒီလိုပဲ ဖြစ်ရမှာပေါ့။
စိမ်းရာ မှ မှည့်၊ နုရာမှ ရင့်ဆိုသလိုပဲပေါ့။

ယခုတော့ သူ လက်ထပ်စကားကို ပြောလာပြီ။
ပြတ်သားကြစတမ်းဆိုပါက ဇင့်မှာ ဘာပြောစရာ လိုပါသလဲ။
သူက 'လက်ထပ်ချင်သည်'တဲ့။
အဖြေက ရှင်းပါသည်။
'ဟင့်အင်း'ပေါ့။

'ဦးတင်မောင်သန့်ကို ဇင် လက်မထပ်ချင်ပါဘူး၊ ဇင် ဘယ်သူ့ကိုမှလဲ လက်မထပ်တော့ပါဘူး' ပြောလိုက်ရုံသာပင်။
လက်မထပ်ခြင်းနှင့် စပ်လျဉ်း၍လည်း ဇင့်မှာ လုံလောက်သော အကြောင်းပြချက်တွေ ရှိနေ သည်။ အိမ်ထောင်ပျက်ခဲ့ဖူး၍၊ ယောက်ျားတွေကို မယုံစားတော့၍၊ ပြီး ကိုယ့်ဘ၀ကိုယ် ထိန်း ကျောင်းနိုင်ပြီဖြစ်၍ စသည်ဖြင့် ဖြစ်သည်။
သို့ပေမယ့် ဇင် ၀န်ခံချင်ပါသည်။
ဇင် ကိုယ်တိုင်က မပြတ်သား။

ယခုတော့လည်း ဦးတင်မောင်သန့်အပေါ် နှစ်သက်ခြင်း ဖြစ်ရသည်ကို ဖုံးကွယ်မထားချင်။ ကြုံ ဆုံရလျှင် သာယာခြင်း ဖြစ်ရသည်။ သူ၏ စိတ်အားထက်သန်မှု၊ ဇွဲကောင်းမှုနှင့် စိတ်ရှည်မှုတို့ က ဇင်၏တင်းမာသော စိတ်ထား ကို တရိရိ အရည်ပျော်စေသည်။

ဇင်ကလည်း အသွေးနှင့်ကိုယ် အသားနှင့်ကိုယ်ပဲ မဟုတ်လား။ အသွေးအသား အကြောအရိုး တို့ဖြင့် ဖွဲ့စည်း အပ်သော မနုဿအစုအဝေးတစ်ခုပဲ မဟုတ်လား။ ဇင့်မှာလည်း ဆန္ဒတွေ၊ တောင့်တရတာတွေ၊ ချင့်ရဲမပြေ ရတာတွေ ရှိနေခဲ့သည် အမှန်ပင်။

အသက်သုံးဆယ်ဆိုသောအရွယ်မှာ မိန်းမသားတစ်ယောက်အဖို့ အတက်ဆုံးအချိန်၊ ကျန်းမာ သန်စွမ်းဆုံး အချိန်၊ ဘ၀ ကို အထီးကျန်ကုန်ဆုံးပစ်ရဖို့ အချိန်အခါ မဟုတ်သေး။
ဇင်၏ဘ၀မှာလည်း ဘာအာမခံချက်များ ရှိနေပါသည်။
အကယ်၍ ဇင်သာ အမေရိကန် ရုပ်ရှင်ကားတွေထဲကလို မီလျံနာမကြီးတစ်ယောက် သူကြွယ်မ ကြီးတစ်ယောက်သာဆိုပါက လက်ထပ်ရေးတွေ၊ အချစ်ရေးတွေကို စွန့်ပယ်ချင် စွန့်ပယ်နိုင် မည်။ မေမေ ရယ်၊ သမီးရယ်၊ သားရယ်နှင့် ပျော်ပျော်ရွှင်ရွှင် ဘ၀တွေပါ ကုန်ဆုံးပစ်လိုက်မည်။

ယခုတော့ ဇင်ဘ၀က အသားမကျ၊ အနည်မထိုင်။
တစ်ဝမ်းတစ်ခါအတွက် မိန်းမတန်မဲ့နှင့် လှုပ်ရှားရုန်းကန်နေရဆဲ။
ကောင်းပါပြီ။
ဦးတင်မောင်သန့်ကို မငြင်းပယ်ပါဘူးတဲ့။

'ဟုတ်ကဲ့'ဟု ခေါင်းညိတ်လိုက်ပါမည်တဲ့။
နောက်ပိုင်းက အကျိုးဆက်များက မည်သို့ ပေါ်ပေါက်လာပါမည်လဲ။
ပထမတော့ ပတ်ဝန်းကျင်ကို ရင်ဆိုင်ရမည်။
ထားပါ။

ကိုယ့် ၀မ်းနာ ကိုယ်သာသိဆိုသလို ပတ်ဝန်းကျင်ကို ဥပေက္ခာပြုတတ်သော အလေ့အကျင့် ဇင့်မှာရှိနေခဲ့ပြီ။
ဒုတိယ က ဦးတင်မောင်သန့်၏ဇနီး။
ဒေါ်ခင်မေမြိုင်။
တစ်ခါမျှ မမြင်တွေ့ဖူး၊ စကားမပြောဖူးပါဘဲလျက် ရန်သူတွေ ဖြစ်လာရမည့်ကိစ္စမှာ မလိုလား အပ်သော အရာဟထင်သည်။
သူတို့ အိမ်ထောင်ရေးဘ၀သည် နှစ်ပေါင်းများစွာက 'သေ'နေခဲ့ပြီဟုဆိုသည်။ သို့စင်လျက် ဘာကြောင့်များ စောစော စီးစီးက ကွာရှင်းပြတ်စဲမထားကြတာလဲ။ ရှင်းရှင်းလင်းလင်း မရှိခဲ့ရ တာလဲ။
ဤသည်ကလည်း မချင့်ရဲစရာ ကောင်းသည်။

တတိယက ဦးတင်မောင်သန့်၏သမီး။
ညိုမာသန့်။
ညိုမာသန့်က မိမိပေါ်မည်သို့ သဘောထားလေမလဲ။

ဦးတင်မောင်သန့်၏ စကားအရ ညိုမာသန့်သည် ဇင့်ထက် ဆယ်နှစ်နှစ်သာ ငယ်သည်။ ဆယ့် နှစ်နှစ် ဆိုသည်မှာ အချို့သော မိသားစုတို့အဖို့ အစ်မအကြီးဆုံးနှင့် ညီမ အငယ်ဆုံး အရွယ် လောက်သာ ခြားနားသည်။ အသက်တစ်ဒါဇင်လောက်သာ ပိုငယ်သော ညိုမာသန့်သည် ဇင့် ကို လေးစားမှု ရှိနိုင် ပါ့မလား။ ဖေဖေမေမေတို့၏ အိမ်ထောင်ရေးကို ဖြိုခွဲသူအဖြစ်နှင့် မုန်းတီး နာကြည်း မနေနိုင်ဘူးလား။
နောက်ဆုံးကတော့ မိမိ၏သမီးနှင့် သားကိစ္စပင် ဖြစ်သည်။

ယခုအခါ သမီးနှင့်သားသ် ကျောင်းသူ ကျောင်းသားများ ဖြစ်နေကြပြီ။ သူတို့ဘ၀၊ သူတို့ အသိုင်းအ၀န်းနှင့် ဖြစ်နေကြပြီ။
ဖခင် ဟူသည် သူတို့အဖို့ စိတ်နာကြည်းဖွယ်ရာ အကောင်းဆုံးသော လူစားမျိုးဟု ခံယူထား ကြသည်။ သူတို့ အဘွား ၏ ယောက်ျားဆန့်ကျင်ရေး စကားများကြောင့်လည်း ဖြစ်ကောင်းဖြစ် မည်။ 'မောင်' ကိုယ်တိုင် က စိမ်းကားလွန်းတာကြောင့်လည်း ဖြစ်နိုင်သည်။

ဘာပဲပြောပြော ခွဲခွါခဲ့ကြပြီ ဆိုပေမယ့် မောင်သည် သမီးနှင့် သားကိုတော့ တစ်ကြိမ်တစ်ခါ ဆိုသလို လာတွေ့သင့် သည်ဟု ဇင်ထင်ပါသည်။ လာတွေ့လျှင်လည်း ဇင်သည် မည်သို့မျှ ကန့်ကွက် တားဆီးခဲ့မည် မဟုတ်။
ယခုတော့ မောင်က စိမ်းလွန်းသည်။
တစ်ကြိမ်တစ်ခါ မျှ လာမတွေ့ခဲ့။

သူ့နောက်ဇနီးကလည်း ကလေးတွေ တသွတ်သွတ် မွေးနေသည်ဟုကြားရသည်။
မောင်သည် နီးရာကို ခင်လျက် နီးရာကိုပင် ကြင်နေရပေါ်သည်။
ဖခင်နှင့် စိမ်းလှသောကလေးများက ဒုတိယဖခင်ကိုကော ရင်းနှီးကျွမ်းဝင်အောင် အားထုတ်ကြ ပါမည်လား။
အို...စဉ်းစားမည် ဆိုလျှင်တော့ ပြဿနာတွေက တစ်ပုံတစ်ပင်ကြီးပင်။
အိမ်ထောင်ရေး ဆိုသည်ကိုပင် ဇင့်မှာကြောက်ရွံ့နေမိပြီဖြစ်သည်။

တက္ကသိုလ် ကျောင်းသူ မသက်ဇင်အဖြစ်နှင့် မောင့်ကို လက်ထပ်ခဲ့သည်။ သာယာချမ်းမြေ့ သော အိမ်ထောင်ရေး တစ်ရပ် ကို ထူထောင်နိုင်မည် အထင်နှင့်ဖြစ်သည်။
သည်စဉ်တုန်း က ခွဲခွာရမှာတွေ၊ ကွာရှင်းရမှာတွေကို ထည့်မတွက်ခဲ့။ အသက်ထက်ဆုံး ချစ်သွား ရလိမ့်မည် ဟူ၍သာ ထက်ခဲ့သည်။

ဖြစ်ချင်တော့လည်း အိမ်ထောင့်သုခကို ခံစားရပြီး ဘာမျှမကြာသေးခင်မှာပင် ကွဲကွာခဲ့ရသည်။ စင်စစ် အိမ်ထောင်သုခဆိုသည်ထက် အိမ်ထောင်ဒုက္ခကို ပိုမိုခံစားရသ်ဟု ဆိုရမလိုဖြစ်နေ သည်။
အိမ်ထောင်တစ်ခုကို စိတ်ကူးယဉ်မှု သက်သက်ချည်းဖြင့် တည်ဆောက်၍ မရနိုင်သည့်အဖြစ် ကို ဇင် လက်တွေ့ ခံစားရပြီးဖြစ်သည်။
သည်တော့ ဇင် စိတ်ကူးလည်း မယဉ်ချင်တော့ပါဘူး။ လေထဲမှာ တိုက်အိမ် မဆောက်ချင် တော့ပါဘူး၊ အိမ်ထောင်ရေးဟူသည်မှာ မဟာစွန့်စားမှုတစ်ရပ်၊ သို့မဟုတ် ကြီးစွာသော စွန့် လွှတ်ခြင်းတစ်မျိုး ဖြစ်မည်ထင်သည်။

ဇင့်မှာ သည်လို စွန့်စားဖို့ စွန့်လွှတ်နိုင်ဖို့ သတ္တိတွေမှ ရှိပါသေးရဲ့လားမသိ။
အမှန် ပြောရလျှင်တော့ ဆယ်စုနှစ်တစ်စုအတွင်းမှာပင် အနုအလှတွေ၊ သမုဒယတွေထက် လက်တွေ့ ဘ၀ ကို ပိုမိုယုံကြည်ကိုးစားသော ဇင် ဖြစ်နေခဲ့ပြီးတည်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, December 26, 2010

ပဆစ်အိမ် အပိုင်း (၁၈)

ယခင်က ချစ်ခဲ့ဖူးသည် ဆိုသည်မှာလည်း တစ်ဘက်က အလွန် ထက်ထက်သန်သန်ကြိး ရှိလွန်းသော ကြောင့် ဖြစ်သည်။ ဇင့်အနေနှင့် မရှောင်ကွင်းနိုင်လောက်အောင် တန်းတန်းစွဲနေ သောကြောင့် ဖြစ်သည်။

တစ်ခါတစ်ရံတော့လည်း ဦးတင်မောင်သန့်ကို လူလွတ်တစ်ယောက်သာ ဖြစ်လိုက်ပါတော့ ဟု ဆုတောင်းချင်ချင် ဖြစ်သည်။ သည်အခါမျိုးမှာဆိုလျှင် စိတ်လွတ်ကိုယ်လွတ် ပျော်ပစ်လိုက်မည် လား။
မိမိကိုယ်တိုင်က မိမိချစ်သူကို အလုယူခံထားလိုက်ရသူ ဖြစ်နေခြင်းကလည်း ဇင့်အတွက် တ်စမှောင့်။ အနည်းဆုံး ကိုယ်ချင်းစာ တရားကလေးတော့ မွေးဖို့ ကောင်းပေသပေါ့။ ကိုယ်ခံစားခဲ့ရသလို တစ်ပါးသူကို ခံစားစေ ဖို့ မကောင်း။ အမြီးပြတ်သော မြေခွေးလို အခြား မြေခွေးများကို အမြီးပြတ်စေလိုသော ဆန္ဒမျိုး ဇင့် မှာ မရှိ။ အနည်းဆုံး မိန်းမချင်း ကိုယ်ချင်း စာသင့်သည်ကိုတော့ ဇင်သဘောပေါက်နေမိလေသည်။

နောက်တနေ့ကျတော့ ဇင် မနက်စောစောမှာပင် မြို့သို့ ပြန်လာခဲ့သည်။
သင်္ကြန်အကြိုနေ့တိုင်း ပြန်လာနေကျဖြ စ်ပါလျက် သည်တစ်ခါ အိမ်ပြန်နောက်ကျသည့် အတွက် မေမေက စုံစမ်းမှု ပြုခဲ့သေးသည်။ အလုပ်တွေ မပြတ်သေးလို့ပါဟု အကြောင်းပြရ သည်။
သြော်...တစ်ကြိမ်တစ်ခါမျှ မလိမ်ညာဖူးသော မေမေ့ကိုပင် လိမ်ညာဖူးပါပကော။
သူတကာ တို့ ပျော်ရွှင်မြူးတူးနေကြသော သင်္ကြန်ရက်များတွင် ဇင် ငေးငိုင်နေရလေသည်။

ဦးတင်မောင်သန့်အကြောင်း မေမေ့ကို ဖွင့်ပြောရန် သင့်မသင့် ချင့်ချိန်နေမိသည်။ ဖွင့်ပြော သင့်သည် ဟု တော့ ထင်သည်။ စင်စစ် သည်ကမ္ဘာမှာ ဇင့်အဖို့ တိုင်ပင်ဖော် တိုင်ပင်ဘက်ဟူ၍ လည်း မေမေ တစ်ယောက်သာ ရှိသည် မဟုတ်လား။ တိုးတိုးဖော် ဟူသည်မှာ မေမေပဲ မဟုတ် ပါလား။

သို့ဖြင့်.....
နှစ်ဆန်းတစ်ရက်နေ့ညမှာတော့ မေမေ့ကို ဦးတင်မောင်သန့်အကြောင်း ဖွင့်ပြောမိသည်။ သားအမိ နှစ်ယောက် သန်းခေါင်တိုင်အောင် ဆွေးနွေးဖြစ်သည်။ ဇင့်နှယ်ပင် မေမေကိုယ်တိုင် သည်လည်း ဦးတင်မောင်သန့် ၏ မလွတ်လပ်သည့်အဖြစ်ကို ဘ၀င်မကျေနိုင်အောင် ရှိနေရ သည်။

နှစ်ဆန်းနှစ်ရက်နေ့မှာ ဇင် ရန်ကုန်သို့ ပြန်လာသည်။ ၀ါဏိဇ္ဇသို့ အလုပ်ဝင်သည်။
ဇင် ပထမဆုံးကြားရသည့် တယ်လီဖုန်းမှာ ဦးတင်မောင်သန့်ထံမှ ဖြစ်သည်။
'ဇ င် ကတော့ မြို့မှာ တော်တော်ပျော်ခဲ့မှာပေါ့နော်'
'ပျော်တယ် လဲ မဟုတ်ပါဘူး ဦးတင်မောင်သန့်ရယ်'

'ကိုယ်တော့ အခါရက်တွေအတွင်းမှာ ဇင့်ကိုပဲ သတိရနေမိတယ်၊ သင်္ကြန်အကျနေ့မှာ ပျော်ခဲ့ရ သလောက် နောက်ရက်တွေမှာတော့ လွမ်းနေရတယ်ဗျာ'
'ဇင်လဲ သင်္ကြန်အကျနေ့ကို သတိရနေခဲ့ပါတယ်၊ မေမေနဲ့တောင် ဦးတင်မောင်ခန့်အကြောင်း ပြောကြရသေးတယ်'
'ဟုတ်လား၊ ကျွန်တော့်အကြောင်း ပြောနေကြတယ်လား'
'ဟုတ်ပါတယ်၊ မေမေက ဦးတင်မောင်သန့်ကို မြင်ဖူးချင်နေတယ်'
'တစ်နေ့လောက် ဇင်ရောကိုယ်ပါ အလည်သွားကြရအောင်ပါ။ ကိုယ်ကလဲ ဇင့်ရဲ့မေမေ၊ အဲ... ဇင်ရဲ့ မေမေ နဲ့ ကလေးတွေကို တွေ့ချင်နေပါတယ်'
သူက မေမေနှင့် ကလေးများအပေါ် သံယောဇဉ်ရှိသလို ပြောသံကြားရတော့လည်း ဇင် ၀မ်းသာမိသည်။

'ကိုယ်တို့ တွေ့ကြရအောင်လား'
'ဘယ်တော့လဲ'
'မနက်ဖြန်'
'ကောင်းသားပဲ မနက်ဖြန်မှာ တွေ့ကြမယ်လေ'
နောက်တစ်နေ့ညနေတွင် ၀ါဏိဇ္ဇသို့ ဦးတင်မောင်သန့် ရောက်လာသည်။

သည်တစ်ခါမှာတော့ 'ဘဲန်းဘူးဟောက်စ်'ခေါ် '၀ါးရိပ်သာ'သို့ ခေါ်သွားသည်။ '၀ါးရိပ်သာ'မှာ အမည်နှင့် လိုက်ဖက်စွာ ၀ါးခ်ျးသက်သက်ဖြင့် ဆောက်လုပ်ထားသော ပျော်ပွဲစားရုံတစ်ခုဖြစ် သည်။
ဇင်တို့ ၀ရံတာတွင်ရှိသော စားပွဲမှာ နေရာယူသည်။ စားသောက်ဖွယ်ရာများ မှာကြားထားစဉ် ဇင်တို့ စကား များများ မပြောဖြစ်ဘဲ အတွေးနှင့် ငြိမ်နေမိကြသည်။
'ဇင်ရယ်' ဟု သက်ပြင်းရှိုက်ရင်း စကား စလာသူက ဦးတင်မောင်သန့်။ 'တကယ်လို့ကိုယ်သာ သိဝိမင်း ဆိုရင် အခုလောက်ရှိ ရူးနေပြီ ဇင်'
'ဘာအတွက်ပါလိမ့် ရှင်'

'ဇင့်ကို နှစ်ဆယ့်လေးနာရီလုံးလုံး သတိရနေမိတယ်။ ခေတ်ဟောင်းသီချင်း ဓာတ်ပြားထဲကလို ပဲ။ စွဲမိပါပေါ့ခင်ရယ်။ တမှေးတောင် အိပ်မပျော်နိုင်တော့တယ်...ဆိုတာလို ဖြစ်နေမိပြီ ဇင်'
ဇင် သည် ဦးတင်မောင်သန့်ကို မကြည့်ဘဲ မိမိ၏ ကမာခွံလို ဖွေးနုနေသည့် လက်သည်း ကလေးများကို စိုက်ကြည့်နေသည်။
'ဇင် ဒီကနေ့ ဦးတင်မောင်သန့်နဲ့ လာတွေ့တာ ဆုံးဖြတ်ချက်တစ်ခုကြောင့်ပဲ'

'ဘယ်လိုဆုံးဖြတ်ချက်လဲ ဇင်'
'ဒီကနေ့ဟာ ဦးတင်မောင်သန့်နဲ့ နောက်ဆုံး တွေ့ခြင်းပဲဆိုတဲ့ ဆုံးဖြတ်ချက်ပါ'
ဦးတင်မောင်သန့်သည် အံ့အားသင့်သလို ငြိမ်သက်သွားလေသည်။
'ဘာအတွက်ကြောင့်လဲ ဇင်ရယ်'
မေးလာသည့်အသံက ပျော့ညံ့လှသည်။
'ဇင်တို့အဖြစ်ဟာ ရှေ့ဆက်ဖို့ မကောင်းတော့ဘူးထင်လို့ပါ။ လူလဲ သာဓုမခေါ်၊ နတ်လဲ နှစ်သက်မှာ မဟုတ် တဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ကြဖို့ ကောင်းပြီထင်ပါရဲ့ရှင်'
'ဇင် ဘာကို ဆိုလိုတာလဲ'

'ဇင်တို့ လမ်းခွဲကြဖို့ သင့်ပြီ၊ သံယောဇဉ်ဆိုတာ အတွယ်တာမလွန်ခင်မှာ ဖြတ်ကြတာ ကောင်းပါတယ်။ နို့မဟုတ်ရင် အားလုံးအတွက် ခက်ကုန်ကြလိမ့်မယ်'
'ဇင် ကိုယ့်အပေါ်မှာ သံယောဇဉ်တော့ရှိလာပြီပေါ့နော်'
'ဒါကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ရတာပါ။ ဇင်တို့ ဒီထက်စောစောက တွေ့ခဲ့ကြရင် သိပ်ကောင်း မှာပဲ။ ဘာဖြစ် လို့ ဦးတင်မောင်သန့်က ဇင့်ထက် အသက်ဆယ်နှစ်လောက် ပိုကြီးနေခဲ့ရတာ လဲ၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် က ဇင်တို့ ဘာကြောင့် မတွေ့ခဲ့ကြတာလဲ'
'မေမေကြောင့် ပေါ့။ မေမေက စောမွေးပေးခဲ့လို့ပေါ့'
ပြောရင်းက ရယ်လိုက်သည်။

'ဇင်က ဆုံးဖြတ်ချက်နဲ့လာသလို၊ ကိုယ်ကလဲ ဆုံးဖြတ်ချက်နဲ့ပါ။ အဲဒါကတော့ ကိုယ်နဲ့ သူနဲ့ ကိုယ့်လမ်း ကိုယ်သွား ကြဖို့ ဆုံးဖြတ်ခဲ့ကြပြီဆိုတာ ဇင့်ကို ပြောမလို့ပါ'
'သူ ဆိုတာက'
'သူ ဆိုတာက ကိုယ့်ဇနီး ခင်မေမြိုင်တဲ့'
ဇင်သည် 'ခင်မေမြိုင်'ဆိုသောအမည်ကို စိတ်ထဲမှာ ပဲ့တင်ထပ်ကြည့်နေမိသည်။

'ကိုယ့်လမ်းကိုယ်သွားဖို့ဆိုတာက ကွာရှင်းပြတ်စဲကြတော့မယ့် သဘောလား'
'ဒါပဲပေါ့ ဇင်'
'ဒီမှာ ဇင်ဟာ တရားခံအဖြစ်တော့ မခံယူချင်ပါဘူး။ ဇင်နဲ့ ဘယ်လိုမှတော့ မပတ်သက်လိုက်ပါ နဲ့နော်'
'ဇင့်ကြောင့် မဟုတ်ပါဘူး။ ကိုယ်တို့အဖြစ်က ကြာပြီလေ။ ပြတ်စဲဖို့ ကောင်းခဲ့တာ ကြာပြီ။ အခုတော့ ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ခဲ့ပြီ ဇင်'
'သူကကော သဘောတူသလား'

'ပြောပါပကော ကိုယ်တို့ အိမ်ထောင်ရေးဟာ သေနေတာ ကြာပါပြီလို့။ ဇင် သိထားရအောင် ကိုယ့်အကြောင်း အနည်းအပါး ပြောပြထားရဦးမယ်။ ကိုယ်ဟာ ငယ်ငယ်က ဆင်းရဲတယ်၊ ပညာကို ချို့ချို့ တဲ့တဲ့ သင်ခဲ့ရတယ်။ ဒီမှာ အထောက်အကူပြုကြတဲ့ သူတွေက မြိုင်တို့ ဖေဖေ နဲ့ မေမေပဲ။ အခုလို လူတစ်လုံး သူတစ်လုံး ဖြစ်လာရတာဟာ မြိုင်တို့ရဲ့ ကျေးဇူးတွေ မကင်း ဘူးဆိုတာ ကိုယ်မငြင်းပါဘူး။ ကျေးဇူးတရား ကို စောင့်သိတဲ့အနေနဲ့ကိုယ်ဟာမြိုင့်ကို ယူခဲ့ရ တယ်၊ လက်ထပ်ခဲ့ရတယ်၊ သမီးတစ်ယောက် ရခဲ့တယ်။ ညိုမာသန့်လို့ နာမည်ပေးထား တယ်။ သမီးမွေးပြီးတဲ့ နောက်ပိုင်းကတည်းက ကိုယ်တို့ အိမ်ထောင် ဟာ သာယာမှု ကင်းခဲ့ တယ်။ တစ်နေ့မှာ ပေါက်ကွဲမယ်ဆိုတာသိခဲ့ပါတယ်။ သမီးရဲ့မျက်နှာကို ထောက်ထားပြီး ကိုယ်တို့ရဲ့ အိမ်ထောင်သက် ရှည်ခဲ့တာပဲ'
'ဒေါ်ခင်မေမြိုင် ကို ဦးတင်မောင်သန့် မနှစ်သက်ဘဲ ယူခဲ့ရတယ်လို့ ဆိုလိုတာလား'

'ပွင့်ပွင့်လင်းလင်းပြောရရင် လက်ထပ်စ အချိန်ပိုင်းတွေတုန်းကတော့ ပျော်ခဲ့ကြပါတယ်။ နှစ် သက်တယ်၊ မနှစ်သက်ဘူး ဆိုတာက အကြောင်းမဟုတ်ခဲ့ပါဘူး။ ဒီဘက်ပိုင်းကျမှ ပြဿနာတွေ များလာခဲ့ရတာ ဆိုပါတော့'
ဇင်သည် တွေတွေကလေး ငေးနေမိသည်။ ဘာမျှတော့ ပြန်မပြောဖြစ်။
ဦးတင်မောင်သန့်က စကားဆက်သည်။

'တစ်နေ့ကျရင် ဇင်နဲ့သမီးကို ဆုံပေးရဦးမယ်။ သမီးက သူ့အမေလို မဟုတ်ဘူး။ သဘော တရားပြည့်တယ်၊ နားလည်မှု ရှိတယ်။ ကိုယ်တို့အိမ်ထောင်ရေး မပြေလည်တာကိုလဲ ရိပ်စားမိ နေပါတယ်။ ကိုယ်တို့ လမ်းခွဲကြတာ ကိုလဲ သဘောတူမှာပါ'
'ခက်တယ် ဦးတင်မောင်သန့်ရယ်၊ ဇင်တော့ ဘာပြောရမယ်မှန်းတောင် မသိတော့ပါဘူး။ ပြဿနာတွေဟာ ဇင့်ကြောင့် မဟုတ်ပါစေနဲ့လို့သာ ဆုတောင်းရတော့မှာပဲ'
သည်ကနေ့ ဇင့်အတွေးများ ရှုပ်ထွေးနေသည်။ ဦးတင်မောင်သန့်မှာပေးသော အဖိုးတန် အစားအစာတွေကိုပင် မျိုမကျချင်အောင် ဖြစ်နေမိသည်။
'ဦးတင်မောင်သန့် တို့ ပေါင်းကြတာ၊ ကွဲကွာကြတာတွေဟာ ဇင်နဲ့ ဘာမှမဆိုင်ဘူး၊ ဘာမှလဲ စိတ်မ၀င်စား ချင်ဘူး။ ဇင့်အနေနဲ့ကတော့ ဘယ်မိသားစုမှ မကွဲကွာစေချင်ဘူး၊ အိမ်ထောင်စု တိုင်း သာယာစေချင်တယ်။ မိသားစု တိုင်း ချမ်းမြေ့စေချင်တယ်၊ ဒီသဘောထားပဲ ရှိတယ်'

'ဇင့်ကို ကိုယ်တို့က တရားခံအဖြစ် ဆွဲမထည့်ပါဘူး၊ ဒီပြဿနာက ကိုယ်တို့မိသားစုရဲ့ ပြဿနာပါ။ ဇင်နဲ့ မတွေ့ရသေးခင်ကတည်းက စခဲ့တာပါ။ ဇင် ဘာမှကြောက်လန့်နေစရာ မလိုပါဘူး'
'ဒါဆိုရင်လဲ ကောင်းပါလေရဲ့ရှင်။ စောစောက စကားကို ပြန်ကောက်ရအောင်၊ ဇင် စောစောက ပြောခဲ့တယ် နော် ဒီနေ့ဟာ ဇင်နဲ့ ဦးတင်မောင်သန့်တို့ရဲ့ နောက်ဆုံးနေ့ပဲ၊ ဒီတစ်ခါတွေ့တာ ဟာ နောက်ဆုံး တွေ့ တာပဲ'
'သံယောဇဉ် ဖြတ်လိုက်တော့မယ်လား ဇင်ရယ်'
'ဇင် အတည်ပြောနေတာ ဦးတင်မောင်သန့်'

'ဇင်က ဖြတ်နိုင်ပေမယ့် ဒီက မဖြတ်နိုင်ဘူးဗျာ့။ ဒီနေ့လဲ တွေ့မယ်၊ မနက်ဖြန်လဲ တွေ့မယ်၊ နောက် မနက်ဖြန်တွေမှာလဲ တွေ့ရမှာပဲ'
'ခက်ပါလား ဦးတင်မောင်သန့်ရယ်၊ ဇင်တော့ စိတ်ညစ်လာပြီ'
'ဘာများ စိတ်ညစ်စရာရှိသလဲ ဇင်၊ ကိုယ်နဲ့တွေ့ကြုံရတာ မပျော်ဘူးလား ဟင်'
'ရှေ့ပိုင်း တုန်းကတော့ ပျော်စရာ အကောင်းသားပါပဲ ရိုးရိုးသားသား အေးအေးဆေးဆေး ရှိကြ တုန်း ကလေ။ အခုတော့ ဇင် မပျော်နိုင်တော့ဘူး ဦးတင်မောင်သန့်'
'ကိုယ်ဟာ ဇင့်အတွက် အနှောင့်အယှက်ကြီး တစ်ခု ဖြစ်နေသလား'
'မပြောတတ်ဘူး၊ ဒီရက်တွေမှာ ဇင် မပျော်နိုင်တာတော့ အမှန်ပဲ'

'ကောင်းပါပြီ ဇင်၊ ဒီလိုဆိုရင်လဲ ဒီကနေ့ညကို နောက်ဆုံးလို့သာ သတ်မှတ်လိုက်ကြပါစို့ ဟုတ်လား'
သူက စိတ်ထိခိုက်မိဟန်ဖြင့် ပြောလိုက်ပြန်တော့လည်း ဇင်၏ရင်မှာ မကောင်းနိုင်ပြန်။ သူ၏ မှိုင်တွေ ကျ သွားသော မျက်နှာကိုကြည့်ကာ ဇင့်ရင်ထဲမှာ ကြေကွဲသလို ဖြစ်လာမိသည်။
'အဲဒီလို သတ်မှတ်လိုက်ကြတာဟာ ဇင်တို့အဖို့ အကောင်းဆုံးနေမှာပါ'
ဇင် ၏ လေသံသည်ပင် တိမ်ဝင်ဆို့နှင့်နေသည်။

သို့ပေမယ့် ဇင်စိတ်ကို တင်းပါသည်။ သည်တစ်ခါ မာနိုင်အောင် ကြိုးစားမည်။ စိတ်ကိုတင်း မည်။
စင်စစ် ဇင့် အသည်းနှလုံး က သံတွေသဲခဲသဖွယ် မမာစေကာမူ အခြေအနေက မမာလို့ မရ တော့ဘူး မဟုတ်လား။ မတင်းလို့ မဖြစ်တော့ဘူး မဟုတ်လား။ ပြန်တွေးကြည့်မည်ဆိုလျှင် မောင်နှင့်တုန်းကလည်း ဇင် မပျော့ခဲ့။ ကိုယ့်ဘက်က ရှုံးရသည်ဆိုစေကာမူ မာမာနှင့် အရှုံးခံခဲ့ သည်။
မြင့်ထွန်းဦးနှင့်တုန်းကလည်း မာမာပါပဲ။ ကိုယ်ကောင်းမြင့်နှင့်တုန်းကဆိုလျှင်တော့ ပြောစရာ မရှိ။

ဇင်တို့ အစားအသောက်ပိုင်းကို တိတ်ဆိတ်စွာ သိမ်းခဲ့ကြသည်။ အဆောင်သို့ အပြန်ခရီးတွင် လည်း ငြိမ်သက် နေကြသည်။
အဆောင်ရှေ့မှ ကားရပ်တော့ ဇင်သည် တိုးတိတ်စွာဖြင့်ပင် 'ဇင် သွားတော့မယ်'ဆိုသည်။ ဦးတင်မောင်သန့်က ခေါင်းညိတ်ပြလိုက်သည်။
ခွဲခွာခြင်း သည် ခြောက်သွေ့သွေ့နိုင်လှပေသည်။

သည်ညသည် ဇင့်အဖို့ ညတာရှည်သော ညတစ်ညဖြစ်သည်။ အတွေးဖြင့် ရှုပ်ထွေးကာ အိပ် မပျော် နိုင် အောင် ရှိတော့သည်။
သည်တစ်ခါ တွေ့ဆုံခြင်းသည် တကယ်ပဲ နောက်ဆုံးဖြစ်နေပြီလား။
ဇင်နှင့်ဦးတင်မောင်သန့်တို့အကြားမှာ အနာဂတ်ဟူသည် မရှိတော့ပြီလား။
သည်ဇာတ် က သည်မှာ ပြည်ဖုံးကားချပြီလား။
ပတ်စာခွာ ဖျာသိမ်းပြီလား။
နိဂုံးချုပ်ပြီလား။

ဦးတင်မောင်သန့်သည် ဇင်က စိမ်ခေါ်ခဲ့သည့်အတိုင်း 'ဆက်ရန်မရှိတော့ပါ'ဆိုသည်ကို လက်ခံ သွားပြီလား။
အရာအားလုံး ဇင် ထင်မှတ်သလို ဖြစ်သွားလျှင် အကောင်းသားပါပဲ။ တစ်မီးငြိမ်းကာ တစ်ရန် အေးပြီ ဟူ၍သာ မှတ်ထင်လိုက်ရတော့မည် ဖြစ်သည်။
မနက်ဖြန်ကစ၍ ဇင်သည် ကိုယ့်လမ်းကိုယ်လျှောက်တော့မည်။ ကိုယ့်ဘ၀ကိုယ် ပြုစုပျိုးထောင် တော့မည်။ ဦးတင်မောင်သန့်ဟူသည်ကို စိတ်အတွေးမှ ဖျောက်ပယ်ထားလိုက်တော့မည်။
သည်သို့ စိတ်နှလုံးကို တုံးတုံးချလိုက်နိုင်သောအခါကျမှပင် ဇင် နှစ်ခြိုက်စွာ အိပ်ပျော်သွားပါ တော့သည်။
မနက် ကျတော့ လည်း ရွှင်လန်းစွာပင် အိပ်ရာမှနိုးသည်။

သည်လိုနှင့် ရက်သတ္တတစ်ပတ်မျှ ကြာမြင့်သွားခဲ့သည်။ စာမလာ၊ သတင်းမကြားဆိုသည့် အခြေအနေမျိုး နှင့်ပေါ့။
သြော်...တစ်မီးငြိမ်းလေပြီ ထင်ပါသည်။၏
သည်ကနေ့ ဇင် မှန်တင်ခုံရှေ့မှာ ထိုင်သည်။ အလှပြင်သည်။
ဇင့် မှာ သီချင်းတစ်အေးအေး နှင့်။

'မောင့်မျက်နှာတရွာမှတ်ထင်...၊အချစ်ဓါတ်ရစ်ပတ်မိရင်...ကြာလေလေ ခိုင်မြဲလေလေ၊ အမြစ် ဖြတ်မရဘဲ အသည်း ထဲက စွဲကာပင်၊ ဇွတ်မှိတ်ပြီးချစ်ရတော့မယ်...အားနွဲ့သူပါရှင်...'
'အံမာ...မရွှေဇင်၊ သီချင်းတွေ ဘာတွေ မဆိုစဖူး ဆိုလို့ပါလား'
နော်ရာ ရောက်လာသည်။ ကျောဘက်မှာ လာရပ်သည်။ နော်ရာ့ လက်ထဲမှ စာရွက်တစ်ရွက် နှင့်။
'ဒီမှာ ဇင့်အတွက် စာတစ်စောင်'
'ဘယ်ကစာလဲ နော်ရာ'

'အဆောင်ရှေ့ကို ကားတစ်စီး ထိုးရပ်လာတယ်၊ ဇင့်ကိုမေးတယ်၊ ဇင်ရှိပါတယ်ဆိုတော့ ဒီစာ ပေးပေးပါလို့ ပြောတာပဲ၊ ကားလဲ ရှိနေတုန်းပဲ'
ဇင့် စိတ်မှာ ဆန်းကြယ်သလို ရှိသွားသည်။ စာကို ကမန်းကတန်း ယူကြည့်သည်။
စာမှာ စာအိတ်အတွင်း ထည့်မထားပါ။ အလွတ်ပင် ခေါက်ထားသည်။
လက်ရေးက ဦးတင်မောင်သန့်၏ လက်ရေး။

ဇင်...

ယခုလာသောကားနှင့် အမြန်လိုက်ခဲ့ပါ။
                တင်မောင်သန့်

ဇင်၏ ရင်သည် ထိတ်ခနဲခုန်သွားသည်။ ဘာဖြစ်လို့ပါလိမ့်။ ကားချင်း တိုက်မိခြင်းကဲ့သို့ မတော်တဆ ကိစ္စများ ဖြစ်ပွားလေသလား။ ဇင်က လမ်းခွဲလိုက်ပြီဆိုသည်နှင့် အဆိပ်တွေ ဘာ တွေတော့ မသောက် တန်ရာ အောက်မေ့ပါသည်။ ဘယ်ကိုလိုက်ရမှာပါလိမ့်။ ဆေးရုံကိုလား၊ ရဲစခန်းကိုလား။
ဇင် အ၀တ် ကို အမြန်လဲသည်။

အဆောင်ရှေ့တွင် ရပ်ထားသောကားမှာ ဦးတင်မောင်သန့်၏ ဗော့စ်ဝက်ဂင်ကားပင် ဖြစ် သည်။ ကားမောင်းသူ ကိုပင် မမြင်ဖူးခဲ့။ ကားကိုလည်း ဘယ်အခါမဆို ဦးတင်မောင်သန့်ကိုယ် တိုင်မောင်းမြဲ။
ဇင့် အတွက် ဒရိုင်ဘာ က ကားတံခါးကို ဖွင့်ပေးသည်။ ဇင် ၀င်ထိုင်လိုက်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၁၃)

မယဉ်နွယ် ပြောသည် မှန်၏။ ကျွန်တော့်အဘသည် မားမားကြီးရပ်ရင်း တိုက်ပိုင်ကြီးကို စူးစူးစိုက်စိုက် ကြည့်နေ၏။ ဤသည်ကို မကျေနပ်သော ဆားပုလင်းတစ်ကောင် က အဘ အား တုတ်နှင့်ဝင်ရိုက်သည်။ အဘသည်  ရိုက်သောလက်အား သူ့ဘယ်လက်ဖြင့် ဆီးဖမ်း၍ သူ့ညာခြေထောက်နှင့် ဆီးခုံအား ပေါက်ချ သည်။ ဆားပုလင်းကောင် သည် ခွေးနာတစ်ကောင်လိုအော်၍ မြေပေါ်ပုံကျသွားသည်။ ရုတ်တရက်သော် အားလုံးကြောင် နေကြသည်။ ထို့နောက်မှ ပုလိပ်သုံးကောင်က အဘခါးကို သေနတ်များဖြင့် တေ့ချိန်၍ လက်မြှောက် စေသည်။ အဘသည် လက်မြှောက်လိုက်၏။ ထိုအခါကျမှ တိုက်ပိုင်ကြီး ဦးဆံနီသည် တဟဲဟဲ ရယ်၍ တင်းပုတ်ကြီးကို ကိုင်ရင်း အဘရှေ့၌ ရပ်သည်။

နောက်တစ်စက္ကန့်ဆိုလျှင် ဘာဖြစ်မည် ကျွန်တော်မသိ။ သို့သော် ကျွန်တော်သည် မယဉ်နွယ် ဆွဲရင်း တန်းလန်း က ချုံကွယ်မှ သူတို့ရှိရာ ပြေးထွက်ခဲ့သည်။ ကျွန်တော့်နောက် ပါးမှ မယဉ်နွယ်ကပ်ပါလာ၏။
မမျှော်လင့်ဘဲ ကျွန်တော့်တို့ ကလေးနှစ်ဦး ပေါ်လာသဖြင့် အားလုံးကြောင်ကြည့်နေသည်။ ကျွန်တော်နှင့် မယဉ်နွယ် သည်  အဘနှင့် တိုက်ပိုင်ကြီးကြား ရပ်လိုက်ကြသည်။
''တိုက်ပိုင်ကြီး ခင်ဗျားမတရားမလုပ်နဲ့၊ ကျုပ်အဘ ကိုဘိုးဒန်ကို မသတ်ဘူးဗျ…''

အဘသည် သတိဝင်လာဟန် နှင့် ကျွန်တော့်အား လှမ်းအော်သည်။
''ဟဲ့ ငယ်လေး နင်ဘယ်ကလာသလဲ၊ သွားစမ်း ပြန်''
ကျွန်တော်က အဘအား ပြန်အော်သည်။
 ''ကျုပ်က ဘာလို့ပြန်ရမှာလဲဗျ၊ ကိုဘိုးဒန် သတ်တဲ့ လူ ကျုပ်သိတယ်''

တိုက်ပိုင်ကြီးကိုဆံနီသည် မီးတောက်သော မျက်လုံးများဖြင့် ကျွန်တော့်အနား ကပ်လာသည်။ ကျွန်တော် သည် နောက်ဆုတ်၍ အသင့်ရှိသော အရက်ပုလင်းတစ်လုံးကို ဆွဲကိုင်သည်။
''တိုက်ပိုင်ကြီး ကျုပ်နားခင်ဗျားမကပ်နဲ့ဗျာ၊ ခင်ဗျားခေါင်းကို ကျုပ်ရိုက်ခွဲမယ်၊ ပြီးတော့ ကျုပ်ဆရာကို တိုင်မယ်၊ ကိုညီလေးကိုတိုင်မယ်၊ ဗိုလ်နေ၀င်း ကို တိုင်မယ်''
ကျွန်တော့်စကား အနက် ကျွန်တော့်ပုလင်းကို ကြောက်၍လော၊ ကျွန်တော့်ဆရာကို ကြောက်၍ လော…၊ကိုညီလေးကို ကြောက်၍လော၊ ဗိုလ်နေ၀င်းကို ကြောက်၍လောမသိ တိုက်ပိုင်ကြီး ရပ်သွားသည်။
ထိုအခါ သူကြီးဦးသာဇံ သည် ၀ုန်းခနဲထ၍ အော်သည်။

''သောက်ကန်းမလေး …ဒီမျိုးမစစ်ကလေးနဲ့ ဘယ်ကတွေ့လာလဲ''
ဦးသာဇံ သည် ဒေါသတကြီးနှင့် ကျွန်တော့်အနီးရှိ မယဉ်နွယ်ဆီ ပြေးလှမ်းလာ၏။
''ဒီမှာသူကြီး၊ ခင်ဗျားမယဉ်နွယ်ထိရင် ခင်ဗျားခေါင်းလည်း ကျုပ်ရိုက်ခွဲမယ်''
သတ္တိတစ်ပြားသား မှ မရှိသော သူကြီးသည်  နောက်ဆုတ်သွားသည်။ မယဉ်နွယ်လည်း ရောယောင်၍ အရက်ပုလင်း တစ်လုံး ကို ဆွဲထားသည်။ အားလုံး ကျွန်တော်တို့ကြောင့် ကြောင်နေ ခိုက်၊ ဌာနပိုင်ကြီး ဦးထွန်း သည် နေရာမှထသည်။ သူကအေးချမ်းစွာဖြင့် ကျွန်တော့်အား လှမ်းပြော သည်။

"ငယ်လေးခုနက ကိုဘိုးဒန်ကိုသတ်တဲ့လူ သိတယ်လို့ပြောတယ်၊ သူ ဘယ်သူလဲ"
ကျွန်တော်သည် ကိုရွှေနီဘက်သို့ လှည့်လိုက်သည်။
"ကိုဘိုးဒန် သတ်တာ ကျောက်ဖြုန်းရွှေနီ၊ ဒါကိုဘထွေးလေးလည်း သိတယ်မှုတ်ဖူးလား ဘထွေး လေး"
ကိုရွှေနီ သည် အလွန်လျင်မြန်၏။ သူသည်ကျားသဖွယ် ကျွန်တော့်အပေါ် ခုန်အုပ်လိုက် သည်။ သို့ရာတွင် သူ့ထက် ဌာနပိုင်ကြီးက ပိုလျင်သည်။
ကိုရွှေနီ ၏ လက်များ ကျွန်တော့်လည်းပင်း ရောက်ချိန်၌ ဌာနပိုင်ကြီး၏ ခြောက်လုံးပြူးသည် ကိုရွှေနီ၏ နားထင် ၌ တေ့ပြီးဖြစ်နေသည်။

"ရွှေနီ မင်းကလေးကိုလွှတ်လိုက်၊ ငါပြောတာကြားလား"
ဤသို့ဆိုပြန်သော် ကိုရွှေနီသည် အမိန်ကိုနာခံသော အမဲလိုက်ခွေးပမာ ကျွန်တော့်ကိုယ် ပေါ်မှ ခွာ၍ တစ်နေရာ ၌ လက်အုပ်ချီ ဆောင့်ကြောင့်ထိုင်သည်။
ဤအချိန်အထိ ငြိမ်နေသော တိုက်ပိုင်ကြီးသည် လှုပ်ရှားလာ၏။
"ဟေ့လူကိုထွန်း ခင်ဗျားဘာလုပ်တာလဲ"

ဌာနပိုင်ကြီးသည် ခြောက်လုံးပြူးကို လက်ကမချဘဲ တည်ငြိမ်စွာဖြင့် ပြန်ဖြေ၏။
ကျုပ်တရားခံ အစစ် မိထားပြီ၊ ဒီကလေးပြောတာ မှန်တယ်၊ ကျုပ်သတင်ရပြီးပြီ၊ ဘိုးဒန်နွား ဈေး ကောင်းကောင်ရတယ်၊ ရွှေနီဖဲရှုံးတယ်၊ ငယ်လေး မင်းက ဘိုးဒန်ကို ရွှေနီသတ်တယ်လို့ ဘာကြောင့် ပြောလဲ"
ကျွန်တော် သည် အလွန်အားရှိသွား၏။ ထို့ကြောင့် သိသမျှ, ပြောသည်။

"ဌာနပိုင်ကြီး၊ ကိုဘိုးဒန်ရဲ့ စာဥပြောက်နွားလေး ပွဲစားတွေဝိုင်းနေတာ ကျွန်တော်တွေ့ ခဲ့ရတယ်၊ စာသင် ကိုသန်းမောင် ရဲ့ညီ ညွန့်မောင်ကြီးနဲ့ ကျွန်တော်နဲ့ ကျောက်ဖြုန်းရွှေနီ ဖဲရှုံးတာလည်း တွေ့ခဲ့တယ၊် ညနေ ရွာပြန်လာတော့ ကိုဘိုးဒန်နဲ့ ရွှေနီနဲ့တွဲပြီး ချောင်းခေါင်းသင်္ချီင်း မှာ ထန်းရေ မူးနေတာလည်း တွေ့ခဲ့တယ်"
ဌာနပိုင်ကြီး သည် ကျေနပ်စွာပြုံးရင်း ခေါင်းတညိတ်ညိတ်ဖြင့် ဆက်မေး၏။

''ဘိုးဒန်နဲ့ ရွှေနီ အရက်မူးတာ ငယ်လေး အပြင် ဘယ်သူမြင်သေးသလဲ…''
''ကျုပ် ရော ဘထွေးလေးရော မြင်တယ်''
ဌာနပိုင်ကြီးက ဘထွေးကိုကြည့်တယ်။ ဘထွေးက ပါးစပ်အဟောင်းသားနှင့် ကျွန်တော့်ကို ကြည့်သည်။ ကျွန်တော် က ဘထွေးကို အားပေးသည်။
''မကြောက်ပါ နဲ့ ဘထွေးရယ်၊ ခင်ဗျားက သက်သေလိုက်ရမှာ ကြောက်တာနဲ့ ကျုပ်ပါးစပ် ပိတ်ထားတယ်…၊ အမှု ထိမ်ချန် ရင် အပြစ်ကြီးတယ်လို့၊ ဌာနာပိုင်ကြီး ကျုပ်အမှုမထိမ်ချန် ဘူးဗျ၊ ကျုပ်အမှန်တွေ ပြောနေတာ''

ဌာနပိုင်ကြီးသည် ကျွန်တော့်အား မည်သို့မျှ ပြန်မပြောတော့ဘဲ ပုလိပ်များအား အမိန့်ပေးသည်။
''ဟေ့…ရွှေနီ ကိုချုပ်၊ ရွှေလွန်း ကိုလည်း ချုပ်ကွာ''
ဘထွေး သည် မျက်လုံးပြူးသားနှင့် ကျွန်တော့်အား လှမ်းကြည့်သည်။

''ငယ်လေးရာ င့ါလူရာ မင်းနဲ့ငါ ရန်ငြိုးမရှိပါဘူးကွာ၊ မင်းသိသားပဲကွာ၊ ငါမဟုတ်တာ ဘာမှမလုပ်ပါဘူးကွာ၊ မင်းက င့ါကို အခုအကျဉ်းကျအောင် လုပ်ပြီပေါ့ကွာ''
ကျွန်တော်သည် ဘထွေးအား အလွန်သနားသွား၏။ ရင်၌ လည်းဆို့သွား၏။ ထို့ကြောင့် ဌာနပိုင်ကြီးအား မေတ္တာ ရပ်ခံသည်။
''ဌာနာပိုင်ကြီးရာ၊ ကျုပ်ဘထွေး မှာ အပြစ်မရှိပါဘူး''
ဌာနာပိုင်ကြီးသ ည် ဘထွေးအား စေ့စေ့ကြည့်၍ မေးသည်။

''ဖိုးရွှေလွန်း ငယ်လေးပြောတာတွေ အမှန်လား''
''မှန်…မှန်…မှန်ပါတယ်ဗျ''
''မင်း အစိုးရသက်သေ လုပ်မလား''
''လုပ်..လုပ်….လုပ်ပါ့မယ်ခင်ဗျ''
ဌာနပိုင်ကြီး သည် တိုက်ပိုင်ကြီးဘက်သို့ လှည့်သည်။
''ကဲ အစ်ကိုကြီး၊ အမှုပေါ်ပြီ ဆိုင်ရာတရားခံကို ဖမ်းချုပ်ရုံပဲ''

တိုက်ပိုင်ကြီးသည် မည်သို့မျှ မိန့်မြွက်တော်မမူဘဲ ရှူးဖိနပ်သံ တဂေါက်ဂေါက်ဖြင့် အိမ်ဆီ ထွက်ရင်း မျက်နှာ လွှဲတော်၏။
အဘနှင်တကွ ဖမ်းထားသော လူအားလုံး လွှတ်သည်။
အားလုံးပြန်ခါနီး ကျွန်တော်က ဌာနာပိုင်ကြီးကို မှာကြားသည်။

''ဌာနာပိုင်ကြီး ရာ၊ ခင်ဗျားက ကယ်ဆယ်ရေးဆရာကြီးပါ၊ ခင်ဗျားကို ကျုပ်အဖေလို ရှိခိုးပါတယ်ဗျာ၊ အဲဒီတော့ ကျုပ်ကို ခင်ဗျားတစ်ခုကူညီပါ''
ဌာနာပိုင်ကြီး သည် ပြုံးရွှင်စွာဖြင့် ကျွန်တော့်ပခုံးအားပုတ်ရင်း…။
''ပြောပါငယ်လေးရာ၊ ဦးလေး ဘာကူညီပေးရမလဲ''
ကျွန်တော် သည် သူကြီးဦးသာဇံအား လက်ညှိုးထိုးပြသည်။

''ဟောဒီလူကြီးက အလွန်အရိုက်ပက်စက်တယ်၊ မယဉ်နွယ်ကို မရိုက်ပါစေနဲ့ဗျာ၊ မယဉ်နွယ်ကို သူရိုက်ရင် သူ့ကို တစ်ကျွန်းချ ပေးပါဗျာ''
ဌာနာပိုင်ကြီးမျက်နှာ၌ ရယ်ခြင်းကို ထိန်းသိမ်းဟန် ပေါ်လာသည်။ ထို့နောက် သူကြီးဘက်လှည့်၍ ပြောသည်။
''ကဲဗျာ သူကြီး ၊ ဒီကောင်လေး စိတ်ကျေနပ်အောင် ကတိပေးလိုက်ဗျာ၊ ကောင်လေးကြောင့် အမှုမှန် ပေါ်တာ ကိုလည်း သတိထားနော်၊ ခင်ဗျားသမီး ခင်းဗျားရိုက် မှာလား''
''ဌာနာပိုင်ကြီးရာ….ကျွန်တော့်သမီး ကျွန်တော်မရိုက်ပါဘူး''

မကျေနပ်သော ကျွန်တော်က ရှေ့သို့ထွက်သည်။ ဌာနာပိုင်ကြီးအားကိုးနှင့် သူကြီးကို ကျိခိုင်းသည်။
''သူကြီး…ခင်ဗျားဘုရားစူး''
''ဖျားစူး…''
''မိုးကြိုးပစ်…''
''မိုးကြိုးပစ်…''
မြွေပွေးကိုက်…''
''မြွေပွေးကိုက်…''
''ကာလနာတိုက်…''
''တိုက်…''
ကျွန်တော်သည် မယဉ်နွယ်အား အားပေးပြုံးပြပြီး သူကြီးအိမ်ရှေ့ပေါက်မှ ထွက်ခဲ့သည်။ မယဉ်နွယ်ကို ရိုက်လျှင် သူကြီး ကာလနာတိုက်သေမည်မှာ အလွန်သေချာသည်။
အခန်း (၈)
နေမျိုးသူရိ ဗိုလ်ကျော်ရှိန်

ဤသို့ဖြင့် ရုံးပြင်ကနားတက်ရန် အလွန်ကြောက်သော ဘထွေးလေးသည် အစိုးရ သက်သေအဖြစ် ရုံးမှန်မှန် တက် နေရပြန်သည်။ ရုံးတက်ဂါတ်တက်ရမည်ကြောက်၍ ပုလိပ်လာလျှင် မှန်မှန်ရှိခိုးလျက် သူကြီးအိမ်၌ ကိုယ့်ထမင်း ကိုယ်စားရင်း မှန်မှန်ကျွန်ခံ လေသောဘထွေးခမျာ ဤသို့ဖြစ်ရသည်ကို ကျွန်တော်စိတ်မကောင်း။ သို့သော် မတတ်နိုင်။

ကိုဘိုးဒန်သတ်မှုကြီး ပြီးဆုံးပြီးနောက် ရွာ၌ အထူးအထွေ မပေါ်ပေါက်ခဲ့။ အထူးအထွေ မပေါ်ပေါက် သော အခါ တစ်နည်းအားဖြင့် ပျင်းခြောက်ခြောက်တော့ နိုင်သည်။ သို့ရာတွင် မကြာမီအတွင်း မမျှော်လင့်ဘဲ ကျွန်တော်တို့ရွာသည် ပွဲလမ်းသဘင်နှင့် စည်စည်ပင်ပင် ဖြစ်ခဲ့၏။ ဤသို့ဖြစ်လာခဲ့သည့်အတွက် ကျေးဇူး တင်ရမည့် သူ မှာ ရွာတောင်ဖျား မှ မုဆိုးမသား ကိုကျော်ရှိန်ဖြစ်သည်။
ကျွန်တော်တို့ရွာ၏ သစ်ပင်များနှင့် ဇရပ်များတွင် ယခုတလော စက္ကူရွက်ကြီးများ ကပ်ထားသည်ကို တွေ့ရ၏။ စက္ကူရွက်ထိပ်၌ 'ဟေဟိုးတပ် သို့ဝင်ကြလော့….'ဟု ဧရာမစာ လုံးကြီးများဖြင့် ရေးထားသည်။
စာလုံး များ အောက်၌ ဂျပန်စစ်ဝတ်စုံဝတ်လျက် ရိုင်ဖယ်သေနတ် မြှောက်ပြနေသော လူတစ်ယောက်ပုံကို ဆွဲထားသည်။

ဟေးဟိုးတပ် ဆိုသော စကားကို ကျွန်တော် နားမလည်။ တပ်ဆိုသဖြင့် စစ်တပ်ပဲဖြစ်ရမည်။ ပုံထဲက အရုပ် သည်လည်း သေနတ်ကို ပြထားသည်မဟုတ်ပါလော။ ဗမာတွေကို ၀င်ခိုင်းပုံ ထောက်၍ ဂျပန်တပ် တော့ မဖြစ်တန်ရာ။ ဗိုလ်တေဇ၊ ဗိုလ်နေ၀င်းတို့၏ ဗမာ့တပ်မတော်ပဲ ဖြစ်ရမည်။
ကျွန်တော်တို့ တစ်ရွာလုံးမှ ကိုကျော်ရှိန်တစ်ယောက်သာ ဟေးဟိုးတပ်သို့ ၀င်သည်။

မုဆိုးမသား ကိုကျော်ရှိန်မှာ ယခင်က ရွာ၌ ထင်ရှားလှသည် မဟုတ်၊ သူတို့ လူကြီးများက ငကျော်ရှိန်ဟု ခေါ်သည်။ ကျွန်တော်တို့ ကလေးများက ကိုငကျော်ရှိန်ဟု ခေါ်သည်။
ကိုငကျော်ရှိန် မှာ လူလူံးလူဖန် သေးသေးလေး ဖြစ်သည်။ အသားကလည်း မည်းသေးသည်။ မဆိုးမ သား လည်း ဖြစ်သေးသည်။ သူ့ကို ရွာမှအပျိုများက မည်သူမျှ ဂရိုမစိုက်ကြ။ သို့ရာတွင် ကိုငကျော်ရှိန် ဟေးဟိုးတပ် သို့ ၀င်သည်နှင့်တစ်ပြိုင်နက် နေ့ချင်းညချင်း သူရဲကောင်းကြီး ဖြစ်လာသည်။ ကိုငကျော်ရှိန် သူရဲကောင်းကြီး ဖြစ်ထိုက်သော အကြောင်းလည်း ရှိသည်။

သူကြီသည် ရွာသားများအား မောင်းထုခေါ်၍ ကျွန်တော်တို့ မကြားဖူးသော ထူးထူးဆန်းဆန်း ပွဲတစ်ခု လုပ်မည့်အကြောင်း ရှင်းပြသည်။ ဤပွဲမှာ နှယ်နှယ်ရရပွဲများ မဟုတ်။ ဂျပန်စစ်ဗိုလ်ကြီး နာကာမူရာနှင့် ပေါက်ခေါင်းမြို့ ပိုင်မင်း ဦးအေးခန့်အမိန်နှင့် လုပ်သော မင်းပွဲစိုးပွဲလည်း ဖြစ်သည် ဆို၏။ ပွဲအမည်မှာ ဂုဏ်ပြုပွဲ ဟု ခေါ်သည်။ ကိုငကျော်ရှိန်ကို ဂုဏ်ပြုမည့်ပွဲဟု သိရသည်။ ဤပွဲသို့ ဂျပန်စစ်ဗိုလ်ကြီးရော လာမည်။ မာလာသောင်းအငြိမ့် လည်း ပါမည်ဟုဆိုသည်။

ကျွန်တော်တို့တစ်ရွာလုံး ပျော်ရွှင်ကြသည်။ ရွာသည် ပွဲငတ်နေသည်မှာ ကြာပြီ။ ဂျပန်ဝင်ကလည်းက ငွေစ ရှားသဖြင့် အလှူန်အတန်းများလည်း မရှိ။ အလွှဲမရှောင်လုပ်ရမည့် ဘုန်းကြီးပျံပွဲလုပ်ရန်လည်း ရွာနီးချုပ်စပ် မှ ဘုန်းကြီး များ သည် တစ်ပါးမျှ ပျံလွန်တော် မမူကြ။
ရွာလယ်၌ မဏ္ဍပ်ကြီး ဟိန်းအောင်ထိုးကြသည်။ ဂျပန်စစ်ဗိုလ်ကြီးနှင့် မြို့ပိုင်ကြီး လာမည့်လမ်းကိုလည်း ငှက်ပျောပင်စိုက် ၍ သဲဖြူးခင်းရာဇမတ်ကာကြသည်။ ရွာရှိ အပျိုတစ်သိုက်မှာမူ ကျွန်တော်တို့ကျောင်းက သုံးတန်းပြ ဆရာလေး ကိုကြင်ခဲ နှင့် အလုပ်ရှုပ် နေကြသည်။

ဆရာလေး ကိုကြင်ခဲ လည်း အလွန်ပျော်ရွင်နေသည်။ ဆရာလေးသည် ရွာ၌ ရှင်ပြုပွဲရှိလျှင် သျှိုးလိုက်ရတု ကို အမြဲ စပ်ပေးသည်။ ဘုန်းကြီးပျံရှိလျှင် သံဝေဂသံပေါက်များနှင့် ဧယင်ကျူးရန်စာများကို ဒိုင်ခံ ရေးပေး သည်။

ရှင်လည်းမပြုကြ၊ မင်္ဂလာလည်း မဆောင်ကြသည့်ပြင်၊ ဘုန်းတော်ကြီး များကလည်း ပျံလွန်တော် မမူ ကြသဖြင့် ဆရာလေး လက်စွမ်းမပြရသည်မှာ အတော်ကြာလှပေပြီ၊ ယခု မောင်မင်းကြီးသား ကိုငကျော်ရှိန် မှ စ၍ ဆရာလေးလက်စွမ်းပြရန် သုတိသြဘာ မင်္ဂလလာ အခါတော် ရောက်ခဲ့ပြီမဟုတ်လား။ ထို့ကြောင့် ဆရာလေးကိုကြင်ခဲ အလွန်ပျော်ရွှင်နေခြင်း ဖြစ်သည်။ ဂုဏ်ပြုပွဲနေ့တွင် ဆရာလေးစပ်ထားသော 'မဲဇာတောင်ခြေ' အလိုက် '၀ဲယာအောင်မြေ' ချီရတုပိုဒ်စုံကို ကွမ်းတောင်ကိုင် တရုတ်မ ခေါ်မငြိမ်းသာ ခေါင်းဆောင်သော အပျိုတစ်သိုက်က ရွတ်ဆိုကြရမည်။ ဆရာလေးသည် မမောနိုင်မပန်းနိုင် အပျိုများကို ရတုချ ပေးနေသည်။

ဆရာလေးနည်းတူ ရွာဆံပင်ညှပ်ဆိုင်မှ ဘင်ဂျိုစိမ်းမောင်းနှင့် သံပတ္တလားဆရာ ပန်းပဲကိုမှတ်ကယ်တို့ ခေါင်းဆောင် သော ကာလသားတီးဝိုင်းအဖွဲ့လည်း အလုပ်ရှုပ် နေကြသည်။
ထို့နေ့ကြီးနေ့ကောင်းကား စကတည်းက ပျော်စရာကြီး ဖြစ်နေ၏။
မြို့ပိုင်မင်းနှင့် ဂျပန်စစ်ဗိုလ်ကြီးသည် သဲဖြူခင်းလမ်းမှ ကြွလာသည်နှင့် တစ်ပြိုင်နက် ကာလသားတီးဝိုင်းက မြိုင်မြိုင် ဆိုင်ဆိုင် စ၍စ၍ တီးတော့သည်။

''ဘရဏီရှုံးအောင် ပြုံးလိုက်ရင် …တဲ့တယ်နယ်တဲ့…တယ်တဲ့နယ်၊ ပါးချိုင့်ကလေး ချစ်စရာ လှထိပ်ခေါင်တင်''
သူတို့သီချင်းက အလွန်နားထောင်ကောင်းသည်။ သူကြီးတူ ရွှေသွားနှင့် ကိုဟန်စိန်ကလည်း အလွန် အဆို ကောင်းသည်.
ခက်သည်မှာ မြို့ပိုင်မင်းမျက်နှာ၌ ပါးချိုင့်မရှိ၊ ဂျပန်စစ်ဗိုလ်ကြီးကလည်း ဘရဏီရှုံးအောင် မပြုံး။ စစ်ဗိုလ်ကြီးမျက်နှာမှာ တင်းတင်းကြီးဖြစ်သည်။ လူပုလျှင် စိတ်တိုသည်ဟု ကြားဖူးသည်။ ဂျပန်တိုင်းသည် အရပ်ပု၍ အားတိုင်းလည်း စိတ်တိုနေကြဟန်တူသည်။

မဏ္ဍပ်သံဃာစင်လိုအမြင့်၌ ဂျပန်စစ်ဗိုလ်ကြီး၊ မြို့ပိုင်ကြီး၊ တိုက်ပိုင်ကြီး ဌာနာပိုင်ကြီး မဟာဗမာအဖွဲ့ ဥက္ကဌ၊ သူကြီး၊ ကျွန်တော့်ဆရာ ကိုအုန်းဖေ၊ ကိုးဆောင်တွဲကျောင်း ဆရာတော် ဦးပဏ္ဍိစသော လူကြီးလူကောင်း သူတော်ကောင်း သူမြတ်လောင်းတို့ ထိုင်ကြသည်။

စင်အောက်မဏ္ဍပ်အလယ်၌ လက်တန်းပါသော ကျွန်းကုလားထိုင်ထက်တွင် ကိုငကျော်ရှိန် သည် လက်ပြင်ကုန်း ကလေးဖြင့် ထိုင်နေသည်။
အခမ်းအနားမှူး အဖြစ် ဆရာလေးကိုကြင်ခဲ က ဆောင်ရွက်၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၁၅)

ပင်လယ်ဓားပြသည် နေ့စဉ်နံနက်တိုင်း သူ့သူငယ်ချင်းများ မနိုးမီ အစောကြီးထ၍ သူ၏ နောက်တော်ပါ ခွေးများ နှင့်အတူ စားသောက်ဆိုင်များနှင့် သင်္ဘောဆိပ် ဗောတံတားများဖြစ်ရာ ပေးစရာရှိသမျှကို ရက်ရက် ရောရော ပေး ကြသည်။ သူရသော အထုပ်များသည် တစ်နေ့ထက် တစ်နေ့ ပို၍ပို၍ များလာသည်။ သူသည် ရလာသော ပစ္စည်းများကို သူ့အဖော် ပီဆာနိုးများအား ခွဲဝေပေးသည်။ ပီဆာနိုများကလည်း လက်ခံ ရယူသည်။ လတ်လတ် ဆတ်ဆတ် ငါးများ၊ မုန့်အကြွင်းအကျန်များ၊ မလတ်ဆတ်တော့သည့် ပေါင်မုန့်များ၊ အမဲသား အစအန များအား လုံး ရသမျှကို စားကြသောက်ကြသည်။ သူတို့အားလုံး မကြောင့်မကြနေရသည့် အခြေအနေ သို့ ရောက်လာ သည်။

သူပေးသမျှကို သူတို့လူစုက လက်ခံစားသုံးခြင်းသည် ပင်လယ်ဓားပြ၏ စိတ်နှလုံးကို အထိခိုက်ဆုံးသော အရာ ဖြစ်သည်။ စိတ်ကြည်နူးစရာ အကောင်းဆုံးလည်းဖြစ်သည်။ သူတို့က သူ့အတွက် ဘာတွေပဲ လုပ်ပေး လုပ်ပေး ထိုလုပ်သမျှ အရာအားလုံးသည် ထိုအပြုအမူလောက် သူ့နှလုံးကို စားသောက်နေကြသည့် သူတို့ လူစုအား ကြည့်သော ပင်လယ်ဓားပြ၏ မျက်လုံးများသည် အလွန်လေးစားကြည်ညိုခြင်းကို ဖော်ပြ နေတတ် လေသည်။

ညပိုင်းတွင် သူတို့အားလုံး မီးဖိုအနီး ၌ ၀ိုင်း၍ ထိုင်ကြသည်။ ဗိုက်ပြည့်လွန်း၍ ငြီးငွေ့နေသော နတ်ဘုရား များ လေသံ ဖြင့် တော်တီလာဖလက် ရပ်ွက်အတွင်းမှ ဖြစ်သမျှ အရေအခင်းများကို အတင်းအဖျင်းအဖြစ် ပြောတတ်ကြသည်။ ထိုအချိန်များ တွင် ပင်လယ်ဓားပြ ၏ မျက်လုံးများသည် သူ့ သူငယ်ချင်းများ၏ ပါးစပ်ပေါက် တစ်ခုချင်းဆီ သို့ရွှေ့လျားသွားလာနေတတ်၏။ သူ့နှုတ်ခမ်းများမှာလည်း အဆက်မပြတ် လှုပ်ရှား နေသည်။ သူ့ မိတ်ဆွေများ ပြောသွားသည့် စကားများကို သူ့နှုတ်မှ တီးတိုးလိုက်၍ ရေရွတ်နေခြင်း ဖြစ်လေသည်။ သူ၏ နေပုံ ထိုင်ပုံများကို ကြည့်ကာ သူ့ခွေးများက သူ့သခင်အပေါ် မနာလိုဝန်တို စိတ် ဖြစ်သည့် အမူအရာ ကိုပင် ဖော်ပြ လာကြသည်။

တစ်အိမ်လုံး မည်းမှောင်ပြီး တိတ်ဆိတ်နေချိန် ခွေးများနှင့်အတူ ထွေးလုံးရစ်ပတ် အိပ်နေချိန်သို့ ရောက်လာ သောအခါ " သူတို့ဟာ ငါ့သူငယ်ချင်းတွေ" ဟု တစ်ယောက်တည်း ကျိတ်၍ သူ့ကိုယ်သူ ပြောနေတတ်သည်။ ဤ လူစုသည် သူ့ကို အလွန် ချစ်ကြသဖြင့် သူတစ်ယောက်တည်း နေရခြင်းကို မမြင်ရက် မကြည့်ရက် နိုင်အောင်ပင် စိတ်မကောင်းဖြစ်ကြရှာသည်။ တကယ်တော့ ဤအဖြစ်သည် ပင်လယ်ဓားပြအတွက် အလွန် ထူးဆန်းအံ့သြ ဖွယ် ကောင်းသည့် အရာတစ်ခုဖြစ်သည်။ 

မယုံကြည်နိုင်စရာကောင်းသည့် အရာ တခုလည်း ဖြစ်သည်။ အခုဆိုလျှင် သူ၏ လက်တွန်းလှည်း သည် ဒင်နီ ၏ ခြံဝင်း အတွင်း၌ ရောက်နေပြီ။ နေ့စဉ် ဤအိမ်မှနေ၍ ထွက်ကာ သူလုပ်နေကျအတိုင်း ထင်းခွေပြီး ရောင်းလျက်ရှိသည်။ သို့သော်လည်း ညပိုင်း သူ့ သူငယ်ချင်းများ၏ စကားဝိုင်းကို လက်လွတ်သွားမည် စိုးသဖြင့် မြေမြှုပ်ထားသည့် သူ့ဥစ္စာသိုက်ဆီကိုပင် မသွားနိုင်ဖြစ်နေသည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီ။ သူ နောက်ထပ်ရလာသော နှစ်ဆယ့်ငါးဆင့်စေ့များကို မြေမမြှုပ်ရသည်မှာလည်း ကြာခဲ့ပြီ။

သူ့သူငယ်ချင်းများသည် သူ့အပေါ်၌ ကြင်နာကြရုံမက လိုလေသေးမရှိအောင် ပြုစုကြပါ၏။ သို့သော်လည်း သူ့ကို မျက်ခြည်မပြတ် စောင့်ကြည့်နေခြင်းကတော့ သူ့အတွက် စဉ်းစားစရာ ဖြစ်နေသည်။ သူလှည်းကို တွန်းပြီး သစ်တောထဲသို့ ထင်းခွေဝင်သည့်အခါ သူ့သူငယ်ချင်းတစ်ဦးက သူနှင့် လိုက်လာသည်။ သူ ထင်းခွေ နေသည့်အခါ သူ့သူငယ်ချင်းတစ်ဦးက သူနှင့်လိုက်လာသည်။ သူ ထင်းခွေနေသည့်အခါ အနီးအနား မှာ သစ်တုံးတစ်တုံးပေါ် ထိုင်၍ စောင့်နေသည်။

ညနေပိုင်းအချိန် သူ၏ နောက်ဆုံးအလုပ်ကို လုပ်ရန်အတွက် ချောက်ထဲသို့ ဆင်းသည့်အခါတွင်လည်း ဒင်နီ သို့မဟုတ် ပက်ဘလို သို့မဟုတ် ပီလွန် သို့မဟုတ် ဂျီးဆပ်စ်မေရီယာ သည် သူနှင့် အဖော် လိုက်လာတတ်သည်။ သို့ဖြစ်ရာ ညဥ့်နက်ပိုင်းရောက်၍ အပြင်ထွက်ချင် သည့်အခါ သူ့နောက်မှ အ၇ိပ်တစ်ခု ပါမလာအောင် တိတ်တိတ်ကလေး ထွက်ရမလို ဖြစ်လျက်ရှိရာ သူ့မှာ မလွတ်မလပ် ဖြစ်နေရလေသည်။

ဒင်နီတို့ လူစုသည် ပင်လယ်ဓားပြကို မျက်ခြည်မပြတ် စောင့်ကြည့်လာခဲ့သည်မှာ တစ်ပတ်တိတိပင် ရှိခဲ့သည်။ နောက်ဆုံးတွင် စိတ်ပျက်လာကြသည်။ တိုက်ရိုက်နည်းကို အသုံးပြုမှသာ ဖြစ်တော့မည်ဟု သဘောပေါက် လာကြသည်။ ဤသို့ဖြင့် တစ်ညနေခင်းတွင် လူတစ်ဦးတစ်ယောက်အနေဖြင့် သူ့ပစ္စည်း များကို မြေမြှုပ်၇န် သင့်မသင့်ဟူသော ပြဿနာသည် ဆွေးနွေးစရာ အကြောင်းတစ်ခု ဖြစ်လာခဲ့လေသည်။

ဆွေးနွေးခြင်းကို ပီလွန်က စသည်။ " ငါ့မှာ ကော်တရာ ကပ်စေးနှဲ ဦးလေးတစ်ယောက်ရှိခဲ့တယ်၊ သူက သူ့ရွှေ တွေကို သစ်တောထဲမှာ မြှုပ်ထားတယ်။ တစ်နေ့ကျတော့ သူဝှက်ထားတဲ့ ရွှေတွေကို သွားကြည့် တယ်။ မရှိ တော့ဘူး၊ တစ်ယောက်ယောက်က တွေ့လို့ ယူသွားတာပေါ့၊ ဦးလေးလည်း အဘိုးကြီးဖြစ်နေပြီ၊ သူစုဆောင်း ထားသမျှ အကုန်ပါသွားတာဆိုတော့ စိတ်ထိခိုက်ပြီး ကြိုးဆွဲချသေသွားတယ် " ဘေးမှ နားထောင် နေသော ပင်လယ်ဓားပြ၏ မျက်နှာတွင် စိုးရိမ်သောကရိပ်များ ယှက်သန်လာသည်ကို မြင်လိုက် ရသဖြင့် ပီလွန်သည် စိတ်ထဲမှ ကျိတ်၍ ကျေနပ်သွားသည်။
ဒင်နီ ကလည်း ထိုအရိပ်အကဲကို မြင်သည်။ ထို့ကြောင့် သူကပါ ၀င်၍ ပြောသည်။

" ဒီအိမ်ကိုပိုင်တဲ့ ငါ့အဘိုးလည်း အဲသလိုပဲကွ၊သူ့ငွေတွေကို မြေကြီးထဲ မြှုပ်ထားတယ်၊ ဘယ်ရွှေ့ ဘယ်မျှ ဆိုတာတော့ ငါမသိပါ ဘူး။ ဒါပေမယ့် အများက သူ့ကို လူချမ်းသာတစ်ယောက်လို့ သိနေကြတယ်။ အဲဒီတော့ ဒေါ်လာငွေ သုံးလေးရာ လောက်တော့ ရှိမယ်ထင်တယ်၊ အဘိုးက ကျင်းတူးပြီး ငွေမြှုပ်တာကွ၊ ပြီးတော့မှ ကျင်းကို အကျအနပြန်ဖုံးပြီး ထင်းရှူးဆူးတွေအပေါ်က စိုက်ထားတယ်၊ သူကတော့ သူ့နေရာကို ဘယ်သူမှ သိမှာမဟုတ်ဘူးလို့ ထင်နေတာပေါ့၊ ဒါပေမယ့် တစ်ရက် သူသွားကြည့်တော့ ကျင်းတူးထားတာ တွေ့ရတယ်။ အထဲက ငွေတွေ ကတော့ ပါသွားပြီ"

ပင်လယ်ဓားပြ၏ နှုတ်ခမ်းများသည် တလှုပ်လှုပ်၊ သူတို့ပြောနေသည့် စကားများကို သံယောင်လိုက်၍ ရေရွတ် နေသည်။ စိုးရိမ်ထိတ်လန့်မှုသည် သူ့မျက်နှာတွင် အထင်းသားပေါ်နေသည်။ သူ့လက်ချောင်း များသည် ဆီညော် အလက်သွန်မဆင်၏ လည်ပင်းမွေးများကို ထိုးဆွလျက်ရှိ၏။ ကျန်လူစုသည် တစ်ယောက် မျက်နှာတစ် ယောက် ကြည့်လိုက်ကြပြီး ထိုအကြောင်းကို ဆက်မပြောဘဲ ရပ်ထား လိုက်ကြသည်။

ညပိုင်းအိပ်ရာဝင်ကြသောအခါ ပင်လယ်ဓားပြသည် အိမ်ထဲမှ တိတ်တိတ်ကလေး ထွက်သွားသည်။ သူ့ခွေးများ ကလည်း ကုပ်ကုပ်ရုပ်ရုပ် လိုက်သွားကြသည်။ ပီလွန်ကလည်း သူတို့နောက်မှ အသာ လိုက်သွားသည်။ ပင်လယ် ဓားပြသည် သစ်တောထဲသို့ လျင်မြန်ဖျတ်လတ်သော ခြေလှမ်းများဖြင့် ၀င်သည်။ မှောင်ထဲတွင်ပင် ဖြစ်သော်လည်း သွားနေကျဖြစ်သဖြင့် ချုံဖုတ်များကို အလွယ်တကူပင် ကျော်လွှား ဖြတ်သန်း သွားလျက်ရှိသည်။

သူ့နောက်မှ လိုက်နေသော ပီလွန်ကတော့ အလဲလဲအကွဲကွဲ ဖြစ်လျက်ရှိသည်။ သို့သော်လည်း နှစ်မိုင်ခန့် သွား မိသောအခါ ပီလွန်သည် မျက်စိလည်ကာ တ၀ဲလည်လည် ဖြစ်နေသည်။ ချုံပင် နွယ်ပင်များနှင့် ထိုးမိခြစ်မိ သဖြင့် အ၀တ်များစုတ်ပြတ် ပေါက်ပြဲကုန်သည်။ သူသည် ခဏမျှရပ်၍ အမောဖြေသည်။ သူ့ရှေ့မှ လာနေသော အသံများသည် ပျောက်ကွယ်ခဲ့လေပြီ။ သူသည် ရပ်၍ နားစွင့်သည်။ သို့သော်လည်း ပင်လယ်ဓားပြ ကို လုံးဝ မမြင်ရတော့ပေ။

နှစ်နာရီခန့် အကြာတွင် ပီလွန်သည် လာလမ်းအတိုင်းပင် ပင်ပန်းနွမ်းနယ်စွာဖြင့် ပြန်လာသည်။ ပင်လယ်ဓားပြ သည် သူ့ခွေးများ၏ အလယ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက် ရှိလေပြီ။ အိမ်ထဲ ၀င်လာသော ပီလွန် ကို ခွေးများက ခေါင်းထောင်၍ ကြည့်ကြသည်။ ပီလွန်၏ စိတ်ထဲတွင် ခွေးများက သူ့ကိုကြည့်ပြီး လှောင်ပြုံးပြုံးနေ ကြသည်ဟု ထင်ကာ မခံချိ မခံသာ ဖြစ်လျက် ရှိလေသည်။
နောက်တစ်နေ့ နံနက်တွင် သူတို့သည် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ကြပြန်သည်။

" သူ့နောက်ကလိုက်ရတာ မလွယ်ဘူးကွ" ဟု ပီလွန်က ဆိုသည်။ " သူက ပျောက်သွားတဲာ၊ သူက မှောင်ထဲမှာ ကောင်းကောင်းမြင်တယ်။ ဘယ်နားမှာ ဘာပင်ရှိတယ် ဆိုတာလည်းသူသိတယ်။ ငါတို့ တခြား နည်းလမ်း တစ်ခုတော့ ရှာဦးမှ ဖြစ်မယ် "
" တစ်ယောက်တည်း လိုက်လို့ကတော့ မလုံလောက်ဘူးထင်တယ် " ဟု ပက်ဘလို က ထင်မြင်ချက် ပေးသည်။ " တကယ်လို့ ငါတို့အားလုံး သူ့နောက်က လိုက်ကြမယ်ဆိုရင် တစ်ယောက်ကတော့ သူ့ကို ခြေရာခံ မိမှာပဲ "

" ကဲလေ ငါတို့ ကနေ့ည ထပ်ပြီး တိုင်ပင်ကြသေးတာပေါ့ " ဟု ဂျီးဆပ်စ်မေရီယာက ၀င်ပြောသည်။ " ငါ့အသိ အမျိုးသမီး တစ်ယောက်က ငါ့ကို ၀ိုင်နည်းနည်း ပေးလိမ့်မယ် " ဟု သူကဆိုသည်။ " ပင်လယ်ဓားပြဗိုက်ထဲ ၀ိုင် နည်းနည်းဝင်သွားရင် အလွယ်တကူနဲ့ ကိုယ်ယောင်ဖျောက်နိုင်မှာ မဟုတ်ဘူး "

ဂျီးဆပ်စ်မေရီယာ ၏ မိတ်ဆွေအမျိုးသမီးက ၀ိုင်တစ်ဂါလန် ပေးလိုက်သည်။ ထိုညက သူငယ်ချင်းများနှင့် အတူတူ ထိုင်၍ သူတို့စကားများကို နားထောင်ရင်း ၀ိုင်သောက်နေရသော ပင်လယ်ဓားပြသည် အတိုင်း အဆ မသိနိုင်လောက်အောင် ပျော်မြူးလျက်ရှိသည်။ သူ့ဘ၀တွင် ဤပျော်ရွှင်မှုမျိုးကို ရခဲပါဘိခြင်း၊ သူ့ သူငယ်ချင်း များကို တအားကုန် ပွေ့ဖက်ပြီး သူတို့ကို သူအလွန်ချစ်ကြောင်း ပြောပြလိုက်ချင်သောစိတ် ပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိသည်။ သို့သော်လည်း ထိုအလုပ်မျိုးကို သူ လုပ်၍မဖြစ်။ လုပ်လိုက်လျှင် သူတို့အားလုံး က သူ့ကို အရက်မူးနေပြီဟု ထင်ကြလိမ့်မည်။ သူ အလွန်ချစ်ခင်ကြောင်း ပြသသည့်အနေဖြင့် အလွန် ထူးခြားသော အရာ တစ်ခုကို လုပ်ပြချင်သည့် ဆန္ဒသည် သူ့ရင်တွင်း၌ ကိန်းအောင်းလျက် ရှိလေသည်။

" မနေ့ညက ငါတို့ ငွေတွေကို မြေကြီးထဲမြှုပ်တဲ့အကြောင်း ပြောခဲ့ကြတယ်နော် " ဟု ပီလွန်က စသည်။ " ကနေ့ည ငါ တစ်ခုသတိရပြန်ပြီ၊ ငါ့အစ်ကိုဝမ်းကွဲ တစ်ယောက်ပေါ့၊ သူက လူလည်တစ်ယောက်ကွ၊ တကယ်လို့ လူတစ်ယောက်က ငွေကို ဘယ်သူမှ ရှာမတွေ့မယ့်နေရာမှာ ၀ှက်ထားနိုင်တယ် ဆိုရင် အဲဒီလူ ဟာ သူပဲ၊ အဲဒါ သူက သူ့ငွေကိုယူသွားပြီး ၀ှက်ထားတယ်၊ မင်းတို့တွေ့ဖူးချင် တွေ့ဖူးကြမှာပါ။ သူက ဗောတံတား တွေဘက် လည်ပြီး ငါးခေါင်းတွေ တောင်းတတ်တယ်၊ ဟင်းချိုချက်သောက်ဖို့လို့ ပြောပြီး တောင်းတာ၊ အဲဒါ ငါ့အစ်ကိုဝမ်းကွဲ ပေါ့ကွ၊ ဒါပေမယ့် သူမြှုပ်ထားခဲ့တဲ့ငွေ ကို တစ်ယောက်ယောက်က ဖော်ယူ သွားတာ ခံရတယ် "

ပင်လယ်ဓားပြ၏ မျက်နှာတွင် သောကငွေ့များ ထင်ဟပ်လာပြန်သည်။
ပုံပြင်များ တစ်ခုပြီးတစ်ခု ပြောကြသည်။ ပုံပြင်တိုင်းတွင် ငွေမြှုပ်နှံသူအားလုံး ဒုက္ခရောက်ကြသည်ဟူသော နိဂုံးဖြင့် အဆုံးသတ်သည်။
" လူတစ်ယောက်ဟာ သူ့ငွေကို သူနဲ့ နီးနီးကပ်ကပ်ထားတာ အကောင်းဆုံးပဲကွ၊ မကြာမကြာလည်း လိုအပ်တဲ့ နေရာတွေမှာ သုံးရမယ်၊ သူငယ်ချင်းအပေါင်းအသင်းတွေအတွက်လည်း အကုန်အကျခံရမယ်" ဟု ဒင်နီ က စကားကို အဆုံးသတ်သည်။

သူတို့သည် ပင်လယ်ဓားပြကို အကဲခတ်ကြသည်။ သူတို့ ပြောနေကြသည့် အခိုက်မှာပင် ပင်လယ်ဓားပြ၏ မျက်နှာပေါ်၌ စောစောက ထင်ဟပ်နေသည့် သောကရိပ်များ ပျောက်သွားပြီး ထိုနေရာတွင် အပြုံး ၀င်လာ သည်။ အခုကျတော့လည်း သူသည် ၀ိုင်ကို အေးအေးဆေးဆေး သောက်နေသည်။ သူ့မျက်လုံးများမှာလည်း ပျော်ရွှင် မှုဖြင့် ၀င်းလက်နေကြသည်။
သူ့ သူငယ်ချင်းများကတော့ စိတ်ပျက်နေကြပြီ၊ သူတို့ကြံစည်သမျှ မအောင်မြင်သဖြင့် အကြံရ ကျပ်နေကြသည်။ သူတို့ ကောင်းခဲ့သမျှ၊ သူတို့ ကိုယ်ချင်းစာတရား ထားခဲ့သမျှ အလဟဿ ဖြစ်ရပြီ။ သူတို့ သည် သောက်လက်စ ၀ိုင်ကို လက်စသတ်ပြီး မရွှင်သောစိတ်ဖြင့် အိပ်ရာဝင်ကြသည်။

ည လူခြေတိတ်ချိန်တွင် ဖြစ်ပျက်သမျှ အရာရာတို့ကို ပီလွန်မသိဟူ၍ မရှိ၊ သိသည်က များ၏။ အဘယ်ကြောင့် ဆိုသော် ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများ အိပ်ပျော်နေကြသော်လည်း သူ့နားကတော့ အမြဲတစေ နိုးကြား စေခြင်းကြောင့်ပင်တည်း။ ယခုလည်း ပင်လယ်ဓားပြနှင့် သူ့ခွေးများအိမ်ထဲမှ တိတ်တိတ် ကလေး ထွက်သွား ကြသည်ကို ပီလွန်၏ နားများက ကြားလိုက်သည်။ သူသည် အိပ်ရာမှ ကပျာကသီ လူးလဲထကာ သူငယ်ချင်း များကို နှိုးသည်။ နောက်တစ်ခဏအတွင်းတွင် သူတို့ လေးယောက်သည် သစ်တောဘက် သို့ လျှောက်သွားနေ သော ပင်လယ်ဓားပြ၏ နောက်မှ လိုက်နေကြလေသည်။ သူတို့လူစု ထင်းရှူးတော ထဲသို့ ၀င်မိကြချိန်တွင် အလွန် မှောင်မိုက်နေလေပြီ။

လူလေးယောက်သည် သစ်ပင်များနှင့်ဝင်၍ လဲသူကလဲသည်၊သူတို့ရှေ့မှ သွား နေသည့် ပင်လယ်ဓားပြ တို့၏ အသံကို အဆက်မ်ြပတ် ကြားနေရဆဲ၊ သူတို့သည် ယမန်နေ့ညက ပီလွန်ရောက် ခဲ့သည့်နေရာအထိ အပင်ပန်း ခံ၍ လိုက်ကြသည်။ ထိုနေရာအရောက်တွင် ချက်ချင်းပင် ငြိမ်ဆိတ်သွားသည်။ သစ်ပင်ကြို သစ်ပင်ကြား မှ တိုးဝှေ့ဖြတ်သန်းသွားနေသည့် လေသံမှတစ်ပါး တခြားဘာသံမှ မကြားရ၊ သူတို့သည် ထိုနေရာ ၏ အနီးတစ်ဝိုက်ရှိ သစ်ပင်များ၊ ချုံပင်များကြားတွင် ပိုက်စိပ်တိုက်၍ ရှာကြသည်။ သို့သော်လည်း ပင်လယ်ဓားပြ သည် ပျောက်ကွယ်လျက်ရှိလေသည်။
နောက်ဆုံးတွင် သူတို့သည် အေးမြခြင်းနှင့် စိတ်ပျက်ဝမ်းနည်းခြင်းများကို ရင်ဝယ်ပိုက်ကာ မွန်ထရေးမြို့ဘက် သို့ ပြန်လျှောက်လာကြသည်။ သူတို့ အိမ်ပြန်မရောက်မီ အရုဏ်တက်လေသည်။ ပင်လယ်ကွေ့ ရေပြင်ထက်တွင် နေရောင်တောက်လျက်ရှိပြီ၊ မွန်ထရေးမြို့တွင်းမှ မီးခိုးများသည် တလိပ်လိပ် တက်လျက်ရှိ၏။

ပင်လယ်ဓားပြ သည် ဆင်ဝင်သို့ ထွက်လာပြီး သူတို့ကို ဆီးကြိုနှုတ်ဆက်သည်။ သူ့မျက်နှာသည် ကြည်လင်ရွှင် လန်းလျက်ရှိ၏။ သူတို့သည် မသာယာသော မျက်နှာများဖြင့် သူ့ရှေ့မှ ဖြတ်လျှောက်ပြီး ဧည့်ခန်း ထဲသို့ တန်းစီ၍ ၀င်ခဲ့ကြသည်။ ဧည့်ခန်းစားပွဲပေါ်တွင်မူ ရွက်ဖျင်အိတ်တစ်လုံး။

ပင်လယ်ဓားပြသည် သူတို့နောက်မှ လိုက်လာသည်။ " ကျုပ်ခင်ဗျားကို လိမ်ပြောခဲ့တာ ပီလွန်ရ " ဟု သူက ပြော သည်။ " ကျုပ်မှာ ငွေမရှိဘူးလို့ ခင်ဗျားကို ပြောခဲ့တယ်မဟုတ်လား၊ အဲဒါကြောက်လို့ဗျ၊ ကျုပ်အနေနဲ့ ကျုပ် ရဲ့ မိတ်ဆွေတွေအကြောင်း ကို ကောင်းကောင်းမှ မသိသေးဘဲကိုးဗျ၊ ဟုတ်ဘူးလား။ ၀ှက်ထားတဲ့ ငွေတွေ ကို ခဏခဏ လူခိုးခံရတယ်လို့ ခင်ဗျားတို့ ပြောကြတယ် မဟုတ်လား၊ အဲဒါတွေကြားရတော့ ကျုပ် ကြောက်လာပြန်ရော၊ ဒီငွေကို လုံခြုံအောင် သိမ်းထားနိုင်တဲ့ နည်းလမ်းကို ကျုပ် မနေ့ညကမှ သိရတာ၊ ကျုပ်ရဲ့ ငွေတွေဟာ ကျုပ်ရဲ့ သူငယ်ချင်းတွေနဲ့ ထားမှ လုံခြုံမှာဗျ၊ ကျုပ်ရဲ့ သူငယ်ချင်းတွေက ကျုပ်အတွက် ဒီငွေကို စောင့်ရှောက်ပေးထားမယ်ဆိုရင် ဘယ်ကောင်မှ မခိုးနိုင်တော့ဘူးပေါ့ "

လူလေးယောက်သည် ပင်လယ်ဓားပြကို အလန့်တကြား ကြည့်နေကြသည်။ လ မင်းငွေကို ပြန်ယူသွားပြီး တောထဲမှာ ၀ှက်ထားကွာ " ဟု ဒင်နီက ဒေါသတကြီးဖြင့် ပြောသည်။ " ငါတို့ မင်းငွေကို သိမ်းမပေးနိုင်ဘူး "

လူလေးယောက်သည် ပင်လယ်ဓားပြကို အလန့်တကြား ကြည့်နေကြသည်။ " မင်းငွေကို ပြန်ယူသွားပြီး တော ထဲမှာ ၀ှက်ထားကွာ" ဟု ဒင်နီက ဒေါသတကြီးဖြင့် ပြောသည်။ " ငါတို့ မင်းငွေကို သိမ်းမပေးနိုင်ဘူး "

" မဖြစ်ဘူး " ဟု ပင်လယ်ဓားပြက ပြောသည်။ " ဟိုတောထဲမှာထားရင် ကျုပ် စိတ်မချတော့ဘူး၊ ကျုပ်ရဲ့ သူငယ်ချင်း တွေက ကျုပ်ငွေတွေကို စောင့်ရှောက်ပေးထားတယ်ဆိုရင် ကျုပ် ပျော်မယ်၊ စိတ်ချမ်းသာမယ်၊ ခင်ဗျား တို့ ကျုပ်ပြောတာ ယုံချင်မှယုံမယ်၊ လွန်ခဲ့တဲ့ နှစ်ညက ကျုပ်တောထဲသွားတိုင်း လူတစ်ယောက် လိုက် လိုက်လာတယ်၊ အဲဒါ ကျုပ်ငွေတွေကို ခိုးမလို့ဗျ"
ထိုစကားသည် လူလညပီလွန်အတွက် အလွန်ကြောက်စရာကောင်းသော ထိုးနှက်ချက်တစ်ချက်ဖြစ်သည်။ သို့ သော်လည်း ပါးနပ်သော ပီလွန်သည် ထိုလက်သီးချက်မှ လွတ်မြောက်ရန် အားထုတ်သည်။ " ဒီငွေအားလုံး ကို ငါတို့ လက်ထဲမအပ်ခင် မင်းသုံးဖို့ နည်းနည်းပါးပါး ထုတ်ချင်ဦးမှာပေါ့ " ဟု ရေလာ မြောင်းပေး စကားကို ချိုသာ စွာဖြင့် ပြောသည်။

ပင်လယ်ဓားပြက ခေါင်းခါသည်။ " ဟင့်အင်းဗျာ၊ ငွေတော့ ကျုပ်မထုတ်ဘူး၊ ဒီငွေက ကတိပြုပြီး စုထားတဲ့ ငွေဗျ၊ နှစ်ဆယ့်ငါးဆင့်စေ့ပေါင်း တစ်ထောင်ပြည့်ရင် ရွှေဖယောင်းတိုင်စင်တစ်ခု ၀ယ်ပြီး စိန့်ဖရန်စစ် အရှင်မြတ် ကို လှူမလို့။ အဖြစ်က ဒီလိုဗျာ၊ ဟိုတစ်ချိန်က ကျုပ်မှာ ခွေးနေကောင်းသွားရင် ရွှေဖယောင်းတိုင်စင် တစ်ခု လှူမယ် လို့ အဓိဋ္ဌာန်ပြုခဲ့မိတယ်၊ အဲဒီခွေးက နေကောင်းသွားတယ်ဗျ "
" အဲဒီအကောင် ဒီခွေးတွေထဲမှာ ပါသလား " ဟု ပီလွန်က မေးသည်။

" မပါဘူး " ဟု ပင်လယ်ဓားပြက ဖြေသည်။ " နေကောင်းပြီး သိပ်မကြာလိုက်ခင်မှာပဲ ထရပ်ကားတစ်စီး ကြိတ် လို့ သေသွားတယ် "
သူတို့အဖို့ လမ်းပိတ်သွားလေပြီ။ ငွေကို တခြားနေရာတွင် သုံးမည်ဟု မျှော်လင့်ထားသဖြင့် ခဲလေသမျှ သဲရေကျ ဖြစ်ရလေပြီ။ ဒင်နီနှင့် ပက်ဘလိုသည် အောက်သိုးသိုး မျက်နှာထားဖြင့် ငွေအိတ်ကိုမ၍ အိမ်ခန်းထဲ သို့ ယူသွားပြီး ဒင်နီ၏ ခေါင်းအုံးအောက်၌ ထားလိုက်သည်။ တစ်ချိန်က ရှိခဲ့သည့် စိတ်ကူး အတိုင်း ဆိုပါက ဤငွေအိတ် ခေါင်းအုံးအောက်၌ ရှိနေသည်ဟူသော အသိဖြင့် ရွှင်လန်း ၀မ်းမြောက်ကြရမည် ဖြစ်၏။ အခုတော့ လည်း သူတို့၏ အဖြစ်မှာ ရင်နာစရာ ကောင်းလှချေသည်။ ဤငွေ ကို သုံးရဖို့ မျှော်လင့်ချက် မရှိတော့။ သူတို့ အတွက် အခါအခွင့်ကတော့ ပေါ်လာပါ၏။ သို့သော်လည်း ချက်ချင်းပင် ကွယ်ပျောက် ခဲ့လေသည်။

ပင်လယ်ဓားပြသည် သူတို့ရှေ့၌ရပ်လျက်ရှိသည်။ သူ့မျက်လုံးများတွင် ၀မ်းသာလွန်း၍ စို့လာသော မျက်ရည် များ။ သူ့ အနေနှင့် သူ့ သူငယ်ချင်းများအပေါ် အလွန်ချစ်ကြောင်း သက်သေထူနိုင်ခဲ့ပြီး မဟုတ်ပါလော။
" ကျုပ်တစ်ယောက်တည်း ကြက်တဲထဲမှာ နေခဲ့ရတဲ့ နှစ်တွေဟာ မနည်းဘူး " ဟု ပင်လယ်ဓားပြက ပြောသည်။ " အဲဒီတုန်းကဆိုရင် ကျုပ်ဟာ သာယာပျော်ရွှင်မှု ဆိုတာကို လုံးဝမသိခဲ့ရဘူး။ ဒါပေမယ့် အခုတော့ အိုဗျာ အခု ဆိုရင် ကျုပ်လေ သိပ်ကိုပျော်တာပဲ "
--------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, December 25, 2010

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၁၂)

ကိုဘိုးဒန် မနေ့မနက်က စာဥပြောက်နွားကလေးနှင့် မော်မဆုံးသော ကိုဘိုးဒန်...။
မနေ့ည က ကျောက်ဖြုံးရွှေနီနှင့် အပျော်ကျူးနေသော ကိုဘိုးဒန်၊ ယခုမှု အသက်မရှိပြီ။ အသက် မရှိ တော့သော ကိုဘိုးဒန်၏ အလောင်းမှ ဒဏ်ရာများပေါ်တွင် ယင်မမဲရိုင်းများ အုံနေ၏။
ကြောင်နေရာမှ ဘထွေးသည် သတိရလျက်သူ့ဖနောင့်မှ ခြေမှုန့်ကို နဖူးတွင်သုတ်သည်။

သုတ်စဉ် ပါးစပ်မှလည်း ဖွ-ဖွဟု အော်သည်။ ကျွန်တော်ကလည်း ဘထွေးလုပ်သည့် အတိုင်းလိုက်လုပ်၏။
ဘထွေး နှင့် ကျွန်တော်သည် ချုံအပြင်သို့ အလျင်အမြန်ထွက်လိုက်ကြသည်။ အမှန်ဝန်ခံရ လျှင် ကျွန်တော် အနည်းငယ် ကြောက်နေသည်။ သတ္တိခဲ ကျွန်တော်ဘထွေး၏ မျက်နှာ၌မှု သွေးမရှိတော့....။
"ကဲ....ဘထွေး....သူကြီးအိမ် ပြေးတိုင်ရအောင်"
"ဘယ်ဖြစ်မလဲ..ဘယ်ဖြစ်မလဲ"
ဘထွေးကတုန်ရီစွာ ငြင်းသည်။

"ဘာလို့မဖြစ်ရမလဲဗျ"
"ဘယ်ဖြစ်မလဲ တော်ကြာ တို့ကို အမှုပတ်နေဦးမယ်"
"ဘထွေး ကလဲ အလောင်းတွေ့လို့တိုင်တာ၊ ဘာလို့အမှုပတ်ရမှာလဲ၊ ထိန်ချန်ထားမှ တကယ်အမှုပတ်မှာ"
ဤသို့ဆိုပြန်သာ် ဘထွေး၏မျက်လုံးများမှ ပို၍ပြူးလာသည်။

"အေး...ဟုတ်တယ်၊ ထိန်ချန်မှုဖြစ်နေဦးမယ်၊  ဒါဖြင့်ဘာလုပ်မလဲ"
"ဘာလုပ် ရမယ်ဆိုတာ ကျုပ်ပြောပြီးပါပကော၊ သူကြီးတိုင်ရမှာပေါ့"
ထိုအခါမှ ဘထွေးသည် သတိရဟန် ခေါင်းညိတ်သည်။ အရေးတကြီး သတိလည်းပေး သည်။
"အေး..တို့ သူကြီးတော့ တိုင်မယ်၊ ဒါပေမယ့် မနေ့ကညနေနောက်ဆုံး သူ့ကိုရွှေနီနဲ့ ဘာနဲ့ တွေ့ခဲ့ တာတွေ မင်းလျှောက်လေရှည်မနေနဲ့ဦး"
"ဘာပြုလို့....."

"တယ်....လရှီး၊ တယ်အမေးအမြန်ထူးတဲ့ အကောင်ကိုး၊ တော်တော်ကြာ ရုံးတက သက်သေ တွေဘာတွေ ခံနေ ရဦးမယ်"
ရုံတက် သက်သေခံရမည်ကိုတော့ ကျွန်တော်လည်း ကြောက်သည်၊ ရုံးဆိုတာကပင် ကြောက်စရာ ကောင်းသည်။ ကျွန်တော်ကြာက်သွားမှန်းသိ၍ ဘထွေးက ဆက်၍ခြောက် သည်။
"ပြီးတော့ ရွှေနီက တိုက်ပိုင်ကြီးဦးဆံနီရဲ့ လူကွ၊ တော်တော်ကြာ သူကြိုးမကျဘဲ လွတ်လာ တော့တို့ကို ပြန် ရန်ရှာ နေဦးမယ်၊ ဒီတော့.....မင်ဘာမှ သူကြီးဆီမှာ သောက်စကားတွေ မများနဲ့"
"အေးပါဗျာ...... ကျုပ်နားလည်ပါပြီ....လာပါဗျာ မြန်မြန်ပြန်ကြရအောင်၊ ကိုဘိုးဒန် အပမှီပြီး ကျုပ်တို့ကို စီးနေ ဦးမယ်"

ဘထွေးအကြီးအကျယ် တုန်လှုပ်ချောက်ချားသွားသည်။ ထို့ကြောင့် သူသည် ပျားရည် ရောထားသော ချက်အရက် ကို ထုတ်ကာမော့သည်။ ထို့နောက် ကျွန်တော့်အား ပုလင်း ကိုလှမ်းပေးသည်။
ကျွန်တော် ကလည်း တစ်ကျိုက်မော့သည်။ ဤသို့ဖြင့် တူဝရီးနှစ်ယောက် ချက်အရက်ကို တစ်ယောက် တစ်ကျိုက် စီ အကြိမ်ကြိမ်မော့ပြီးနောက် ရဲဆေးဝင်လာသောအခါ ရွာဆီသို့ သုတ်ခြေတင် ဒုန်းစိုင်းခဲ့ လေ သတည်း။
အခန်း (၇)
ညဉ့်ဦးယံလူရိုက်ပွဲ

နောက်တစ်နေ့ တွင် ကိုဘိုးဒန်လူသတ်မှုနှင် ပတ်သက်၍ တိုက်ပိုင်ကြီးကိုဆံနီ ခေါင်းဆောင်သော ပုလိမ်များ ရွာသို့ ရောက်လာသည်။ သူတို့အားလုံး သူကြီးအိမ်၌ တည်းကြသည်။
ပုလိပ် ဆိုသော သတ္တ၀ါများသည် အလွန်ရွံစရာကောင်းသော သတ္တ၀ါများအဖြစ် နားလည်၏။ သူတို့ ရွာ ရောက်လာလျှင် အိမ်၌မွေးထားသော ကြက် ကို ချက်ကျွေးရသည်။ မီးတောက် အရက် (သို့မဟုတ်) ပုစွန်ဆိတ် ဆတ်ဆတ်တုန်သော ထန်းရည် ကောင်းကောင်း ရှာပေးရသည်။

 ကျွန်တော် တို့ ရွာသားများ အရက်မူးလျှင် ပုလိပ်ကဖမ်းတတ်၏။ အရက်မူးသူကိုဖမ်းသော ပုလိပ်တို့ ရွာ ရောက်လျှင် မူးအောင်သောက်ရန် အရက်ရှာခိုင်းသည် အလွန်ဆိုးရွားသော သတ္တ၀ါများဟူ၍တည်း။
တိုက်ပိုင်ကြီး ကိုဆံနီသည် ပြည်ခရိုင် ၌ အနေကြာခဲ့ပြီး တစ်ခရိုင်လုံး သူ့ကိုသိ၍ ကြောက်လည်း ကြောက်ကြ သည်။

''ဆံနီတဲ့ကွ ...၊ ပုလိပ်လုပ်ရင်း လူသတ်လာတာ သုံးယောက်လောက်ရှိပြီ''
သူက ဤသို့ကြုံးဝါးလေ့ရှိသည်။
ထို့ကြောင့် လည်း ရွာသားများ တိုက်ပိုင်ကြီးကို ကြောက်ကြသည်။

သြော်...ပုလိပ်ဆိုသည်မှာ လူသတ်မှုတရားခံကို ဖမ်းသူများဖြစ်သော်လည်း သူတို့မူ လူကိုလွတ်လပ်စွာ သတ် နိုင်ခွင့် ရှိဟန်တူစွတကား။
တိုက်ပိုင်ကြီး ကိုဆံနီ၏အဖွဲ့၌ ဌာနပိုင်ကြီးဦးထွန်းမှာ အရပ်ပု၍ ဗိုက်တွဲသည်။ ငယ်ထိပ်မှာ ဆံပင်မပေါက်ဘဲ ပြောင်စပြုနေသည်။ ဤဌာနပိုင်ကြီးသည် ပုလိပ်တစ်မျိုးဖြစ်၏။ အရက်မသောက်။ စကားပြောလျှင် ပြုံးပြုံး နှင့် ပျော့ပြောင်းသည်။ တော်ရှံတန်ရုံအမှု သူ့ဂါတ်လောက်လျှင် ဖြန်ပြေကျေအေး၍ ငြိမ်းစေသည်။ သူ့ကိုမူ ကျွန်တော်တို့ ရွာသူ ရွာသားများ ချစ်ကြသည်။ ''ကယ်ဆယ်ရေးဆရာကြီး'' ဟုခေါ်ကြ၏။

မည်သို့ဖြစ်စေ…တိုက်ပိုင်ကြီးကိုဆံနီ အမှူးပြုသော အရက်နှင့် ထန်းရည်ကြိုက်တတ်သော ကြက်သား လည်းလှီး ကို ကြိုက်တတ်သော ရွာ၌ အကောင်းဟူသမျှ ကြိုက်တတ်သော ပုလိပ် အဖွဲ့ ရောက်လာခြင်းမှာ ကျွန်တော်တို့ရွာကို သုဿန်တစ ကဲ့ သို့ ခြောက်သွေ့စေခဲ့ သည်။ ပုလိပ် မင်းများ ရောက်ဆဲဖြစ်၍ ကာလသား တို့ပင် ရွာလမ်း၌ ထွက်မလျှောက်ရဲ။
ထိုညနေ ကျောင်းဆင် ၌ မယဉ်နွယ်သည် ကျွန်တော့်အား ကျောင်းတစ်ထောင့်၌ တိုးတိုး တိတ်တိတ် သတင်းမေးသည်။

''သန့်ဇင် နင် ဟိုနေ့က လူသေလောင်းကြီး တွေ့တယ်ဆို''
''အေးလေ …ဒါကြောင့် နင့်အဘကို ငါတို့လာတိုင်တာပေါ့''
''နင် လူသေအလောင်းကြီး တွေ့တော့ မကြောက်ဘူးလား''
''ငါက လူအရှင်တောင် မကြောက်တာ မလှုပ်နိုင်တဲ့လူသေကို ဘာလို့ကြောက်ရမလဲ''

''နင် သိပ်သတ္တိကောင်းတာပဲဟယ်''
မယဉ်နွယ်သည် ကျွန်တော့်အား ချီးမွမ်းသော မျက်လုံးများဖြင့် စူးစိုက်ကြည့်ရင်း ပြောသည်။ ကျွန်တော်က မယဉ်နွယ်ကို အထူးတလည် စူးစူးစိုက်စိုက် ကြည့်မိသည်။
မယဉ်နွယ်၏ မျက်တောင်များသည် မသန်းရှင်၏ မျက်တောင်များထက် ပိုကော့သည်။ မသန်းရှင်၏ မျက်တောင်များထက် မီးခြစ်ဆံတစ်ချောင်း တင်နိုင်သော်၊ မယဉ်နွယ်၏ မျက်တောင်များထက် ဆေးပေါ့လိပ် တစ် ကို တင်နိုင်မည်ထင်သည်။ မယဉ်နွယ်၏ မျက်တောင်ကော့ကြီးများခက်ပုံမှာ ယခုပြာသိုလ ခွာညိုပန်း ထက် ၀တ်ရည်စုပ် သော လိပ်ပြာတောင်ကြီးများ ပျံနေသည်နှင့် တူသည်ဟု ကျွန်တော်နှိုင်းယှဉ်မိသည်။

''သန့်ဇင်…. နင် ငါ့ကို ဘာစို့ စိုက်ကြည့်နေတာလဲ''
''မယဉ်နွယ် … နင်က သိပ်လှတယ်ဟာ၊ ဒါကြောင့် နင့်ကို ငါကကြည့်တာ''
''ငါတကယ်လှလား''
''ရော…ခက်ပါပြီ၊ ထန်းပင်ပေါ်က လိမ့်ကျပါတယ်ဆိုမှ အပေါက်ကလေး နဲ့ လုပ်နေပြန်ပြီ၊ နင်တကယ် လှပါတယ် ဟာ ဖျားစူးရပါစေရဲ့''
''ငါတကယ် လှတယ်၊ နင့်ဆရာရည်းစား မသန်းရှင် နဲ့ ငါနဲ့ ဘယ်သူပိုလှလဲ…''

''မမရှင်လည်း လှတာပဲ၊ ဒါပေမယ့် ငါတော့ နင်ပိုလှတယ် ထင်တာပဲ''
မယဉ်နွယ် သည် ကျေနပ်နှစ်ခြိုက်စွာပြုံး၍ ကျွန်တော့်နားကပ်ကာ တိုးတိုးပြောသည်။
''သန့်ဇင် …ဒီည တို့ခြံထဲမှာ အမှုစစ်မလို့ အဲဒါ နင့်ကြည့်ချင်သလား''
''ကြည့်ချင်တာပေါ့ မယဉ်နွယ်ရာ၊ နင်တို့ အိမ်ရောက်နေတဲ့ တိုက်ပိုင်က လူသတ်ဖူး တယ်ဆို''
''အေးဟ… ငါလည်းကြားဖူးတာ၊ သူ့နာမည်က ဦးဆံနီတဲ့၊ သူ့မျက်ဆန်ကြီးကလည်း အမြဲနီနေတာပဲ''

''ငါတော့ မျက်ဆန်နီတဲ့ သတ္တ၀ါဆို တစ်ကောင်မှ မကြောက်ဘူး၊ မျက်ဆန်နီတဲ့ကောင်ဟာ အမူးသမားဟ၊ အမူးသမားဆိုတာ အရှုးပဲ၊ အရှုးကိုဘာလို့ လူကောင်းက ကြောက်ရမှာလဲ''
''အေးပါဟယ်…နင်သတ္တိကောင်းတာ ငါသိပါတယ်၊ ဒီညသူငယ်အိပ်ဆိတ် ကြက်တွန်ရင် တို့ခြံထောင့် နင်လာပေါ့၊ သရက်ကိုင်းမှာ ငါကြိုးချည်ပြီး ခြံအပြင်ဘက် ချထားပေးမယ်၊ နင်တွယ်တက်ခဲ့ပေါ့''
ကျွန်တော် သည် အလွန်ဝမ်းသာသွားသည်။

''နင် ကြိုးတောင်ချပေးဖို့ မလိုပါဘူးဟာ… နင်တို့ခြံထဲလောက်တော့ ငါဝင်နိုင်ပါတယ်၊ ထားပါတော့လေ… ငါလာခဲ့ ပါ့မယ်၊ နင်ငါ့စောင့် နေမလား''
မယဉ်နွယ် သည် ကျွန်တော့်အား မျက်စောင်းထိုးသည်။ ကျွန်တော့်ကို အစ်မလည်း မျက်စောင်းထိုးဖူးသည်။ အရီးလေးလည်း မျက်စောင်း ထိုးဖူးသည်။ အစ်မနှင့် အရီးလေး မျက်စောင်းထိုးသော် ကျွန်တော် အလွန် စိတ်ဆိုးသည်။ မယဉ်နွယ် မျက်စောင်းထိုးပုံမှာ တစ်မျိုးဖြစ်သည်။ မျက်နက်ကလး အပေါ်လှန်၍ မျက်တောင် ကလေး စင်းကာ စွေစွေလေး ထိုးလိုက်သော်လည်း အကြောင်းစိမ်းကလေးများ ပေါ်နေသော သူ့မျက်နှာ ၌ ပါးခွက် ကလေးများ ပေါ်အောင် ပြုံးလျက်ရှိနေ၏။

''နင် တော်တော်ဝိတယ် သန့်ဇင်၊ စောင့်နေပါမယ်ဆိုမှ ငါက စောင့်မနေရမှာလားဟင်….''
ဒီတော့မှ ကျွန်တော်က ပြန်ချော့ရသည်။
''အလကား က လူတာပါ မယဉ်နွယ်ရယ်၊ နင်စောင့်နေနော်၊ ငါညလာလို့ရှိရင် ဆီးသီးထုပ် တစ်ထပ် ယူခဲ့မယ်''
''ဆီးသီး မယူခဲ့နဲ့ဟ၊ မရမ်းချိုသီး မယူခဲ့နိုင်ဘူးလား၊ အေးလေနင်ပေးချင်ရင်တော့ ရှာနိုင်မှာပါပဲ''
''မရမ်းချိုသီးများ စာဖွဲ့လို့ဟာ၊ ဒါလောက်တော့ ငါရှာနိုင်ပါတယ်၊ ငါမရှာနိုင်တာက ခြသံပါ..''

''နင်…ခြသံ အကြောင်းပြောတာ နှစ်ခါရှိုပြီ၊ ခြသံ ဆိုတာ ဘာလဲ''
''နင်…ဒါနားမလည်ပါလူး မယဉ်နွယ် ရာ''
ကျွန်တော့် ဆရာ ကိုအုန်းဖေ လျှောက်လာသည်ကို တွေ့သဖြင့် မယဉ်နွယ်နှင့် ကျွန်တော်သည် ကပျာကယာ လူချင်းခွဲ လိုက်ရသည်။

ထိုည၌ လမင်းသည် ထိန်ထိန်သာနေ၏။ ပြာသိုလ မိုးကောင်းကင်၌ တိမ်ကြက်တစ်ဝပ်ရှိ သော် စစ်မက်ရေးရာ ထူပြောသည်ဟု ကျွန်တော်ကြားဖူး၏။ မိုးကောင်းကင်၌ တိမ်တို့ ကြက်မတစ်ဝပ်စာမက ဆင်မ အကောင်တစ်ရာ ၀ပ်စာထက်များနေသည်။ ဤသည်ကိုပင် ကျေးဇူးတင်မိသည်။ လရောင်မှိန်လေ ကိုယ်ဖျောက် ဖို့ ကောင်းလေ၊ ယနေ့ည ကျွန်တော် သည်ကိုယ်..ဖျောက်သွားရမည် မဟုတ်ပါလော။
မယဉ်နွယ် က အလွန်ဂတိတည်သည်။ သရက်ပင်ကိုင်းကိုကျော်၍ ခြံပြင်သို့ ကြိုးတစ်ချေင်း ကျနေသည်။

ကျွန်တော်သည် စစ်မဖြစ်မီက ပေါင်းတလည်မြို့ ဓာတ်ရှင်ရုံကြီး၌ ကြည့်ဖူး သော ရဲခေါင် ချစ်ဆွေကြီး နည်းတူ၊ ကြိုးကိုဆွဲ၍ နောက်သို့ ခြေလှမ်းလေးငါးလှမ်း ဆုတ်ကာ ခြံစည်းရိုးအားလွှားကနဲ ကျော်လိုက်သည်။ ၀ါးဖျား အချွန်တပ် ခြံစည်းရိုးနှုတ်ခမ်းနှင့် ကျွန်တော့်တင်ပါးအတွေ့၊ ပူကနဲဖြစ်ကာ ကျွန်တော့်မှာ မြေပြင်သို့ ဖုံးကနဲကျသွားသည်။

ဖုတ်ဖက်ခါ ထပြီးသောချိန် ကျွန်တော်သည် ရဲခေါင်ချစ်ဆွေကြီး၏ နည်းကို ရိုးသားစွာ စွန့်လွှတ်လိုက်သည်။ ကြိုး ကို ခြေနှစ်ဖက် လက်နှစ်ဖက်နှင့် ကပ်တွယ်၍၊ မျောက်တစ် ကောင်၏ လျင်မြန်ခြင်းဖြင့် ကျွန်တော်သည် သရက်ပင်ကိုင်း ပေါ် ရောက်သွား၏်။

သရက်ပင်ကိုင်းမှ ကြိုးအတိုင်း လျှောက်ချလိုက်သည်။ အရှိန်မသက်နိုင်သဖြင့် ကျွန်တော်သည် မြေပြင်သို့ စက်သီး မှ ရေပုံးကျသည့်နှယ် တစ်ရှိန်ထိုးကျသွားသည်။
မချိမဆံ့ ခံရသော ဒဏ်ကြာင့် ကျွန်တော်အောင့်နေခိုက် လက်ကလေးနှစ်ဖက်က ကျွန်တော့် အား ပွေ့ထူ လိုက်သည်။
''သန့်ဇင်….သန့်ဇင်''
ကျွန်တော်က ရုတ်တရက် ပြန်မထူးနိုင်။

''သန့်ဇင်၊ နင်ငါခေါ်တာကြားလား၊ နင်မသေသေးဘူးနော်…''
ကျွန်တော်သည် ဒေါသအလွန်ထွက်သွားသည်။ သစ်ပင်ပေါ်မှကျရုံနှင့် လူသေရမည်လော''
''ငါမသေပါဘူး ဟ၊ သေလို့အပမှီရော၊ နင်သိမှာမို့လား….''
မယဉ်နွယ်သည် ကျွန်တော့်ကိုယ်မှ လက်ကလေးများရုတ်၍ နောက်သို့ဆုတ်သွားသည်။ ဤတော့်ကိုယ်မှ ကျွန်တော် က ကပျာကသီထ၍ သူ့နောက်လိုက်မိသည်။
''နင်ကလည်း အားရင်ကြောက်တာပဲ၊ ငါကျီစားတာပါဟ''

ထိုအခါကျမှ မယဉ်နွယ်သည် သက်ပြင်းချ၍ ကျွန်တော် အလွန်မြတ်နိုးသော မျက်စောင်းကို ထိုးသည်။
မယဉ်နွယ်နှင့် ကျွန်တော်သည် တစ်ဦးလက်တစ်ဦးဆုပ်၍ လရောင်ဝိုးဝါးတွင် ချုံကြိုချုံကြား တိုးကာ အိမ်ကြီး ဆီ ကပ်လာကြသည်။
မယဉ်နွယ်၏ ကိုယ်လေးမှာ တဆက်ဆက်တုန်နေသည်။ သနပ်ခါးနံ့မွှေးသော မယဉ်နွယ်၏ နားကလေး နားကပ်ကာ ကျွန်တော်က တိုးတိုးမေးသည်။
''နင့်ကိုယ်တွေတုန်နေတယ်၊ ကြောက်သလား မယဉ်နွယ်''

''အေး …ငါကြောကတယ်….''
''နင်ဘာကိုကြောက်တာလဲ….''
''ငါသရဲလည်းကြောက်တယ်၊ အဘကိုလည်း ကြောက်တယ်၊ ပုလိပ်ကိုလည်း ကြောက်တယ်….''
''မကြောက်ပါနဲ့ မယဉ်နွယ်ရယ် ငါပါပါတယ်''

သို့ဖြင့် ကျွန်တော်နှင့် မယဉ်နွယ်သည် ဇလပ်ချုံကြီးတစ်ခုအနီးသို့ ရောက်လာခဲ့၏။ အိမ်နောက်ဖေး မီးရောင် များက ကျွန်တော်တို့ဆီ လာနေသည်။ အောက်လင်းဓာတ်မီး ရောင်ဖြစ်သဖြင့် အလွန်ထိန်သည်။ မယဉ်နွယ် နှင့် ကျွန်တော်သည် ဇလပ်ပင်ရင်း၌ ၀ပ်လိုက်ကြသည်။ ၀ပ်ရင်းလည်း တစ်ယောက်ကိုတစ်ယောက် ဖက်ထား ကြသည်။

ပြာသိုလဖြစ်သော်လည်း မယဉ်နွယ်၏ ကိုယ်ကလေးမှာ နွေးနေသည်။ သူတို့မိန်းမကိုယ် ကလေးသည် အချိန်မရွေး နွေးနေဟန်ရှိ၏။ ကိုယ်ကနွေးရသည့်အထဲ သနပ်ခါးနံ့ကလည်း မွှေးနေပြန်တော့ ကျွန်တော်သည် ရောက်နေသော နေရာကိုလည်းကောင်း၊ တိုက်ပိုင်ကြီး ကိုဆံနီကိုသော်လည်းကောင်း၊ ပုလိပ် များ ကိုလည်းကောင်း အားလုံးမေ့သွားသည်။

''ပဋိသခါင်္ယောနိသော အပျိုမြင် ငါ့ကိုပြော….''
ကျွန်တော် ဘုန်းကြီးကျောင်းသားဘ၀က ဤသို့ခဏခဏ အော်ဖူးသည်။ ယခုအပျိုကို မြင်ရုံတင်မက ဖက်နေရ သည်။ ဤသို့ဖက်နေရကာမှ အဘယ့်ကြောင့် ကျောင်းသားကြီး တို့သည် 'အပျိုမြင် ငါ့ကိုပြော' ဟု ကြွေးကြော် ရသနည်းဟု ကျွန်တော်သဘောပေါက်သွား သည်။

မယဉ်နွယ် ၏ ကိုယ်သည်ပြာသိုလ၌ပင် အလွန်နွေးနေပါ၏။ မိန်းမတိုင်း၏ ကိုယ်သည် မယဉ်နွယ်ကဲ့သို့ နွေးမနွေး ကျွန်တော်မသိ…''
ဤစဉ်းစားခန်းဖြင့် ကျွန်တော်ငိုင်ခိုက် မယဉ်နွယ်က ကျွန်တော့်ကို လက်တို့သည်။
‘ဟော…ဟော တိုက်ပိုင်ကြီး ထွက်လာပြီ…‘‘

မယဉ်နွယ်တို့၏ အိမ်နောက်ဖေး၌ ၀ါးပိုးတိုင်ထူ၍ သက်ငယ်မိုးနှင့် မဏ္ဍပ်သဖွယ် အဆောက်အဦ တစ်ခုရှိသည်။ အောက်လင်းမီးအိမ်အရောင်ကြောင့်  ဤအမိုးအောက် ကျွန်တော်တို့ဘက် ကျောပေးရင်း ဆောင့်ကြောင့်ထိုင်နေသော လူဆယ်ဦးခန့်ကို မြင်ရ၏။ သူတို့၏ ထိပ်နှစ်ဖက်နှင့် အနောက်တွင် သေနတ်ကိုင်ပုလိပ်သုံးဦး စောင့်နေ၏။
တိုင်ပိုင်ကြီး ကိုဆံနီနှင့် ဌာနပိုင်ကြီးသည် အဆင်သင့်ရှိသော ကုလားထိုင်ကြီးထက်၌ ၀င်ထိုင်လိုက်ကြသည်။ သူကြီး ဦးသာဇံသည် တိုင်ပိုင်ကြီး၏ ကုလားထိုင်အနီးရှိ ဖျာထက်၌ ကျို့ကျို့ရို့ရို့ ၀င်ထိုင်သည်။

အနီးရှိ ပွတ်တိုင်ခြေထောက်နှင့် စားပွဲတစ်လုံးထက်ဝယ် အရက်ပုလင်းများနှင့် ဖန်သားခွက် များရှိသည်။ လူနှစ်ဦး က ဖန်သားခွက်များအတွင်းသို့ အရက်ငှဲ့ပေး၍ တိုင်ပိုင်ကြီးနှင့် ပုလိပ်များကို ဆက်ရသည်။ ဌာနပိုင်ကြီး ကိုထွန်းကမူ အရက်မသောက်။
အရက်ငှဲ့ပေးသူ နှစ်ဦးအား သေသေချာချာ မြင်မိသောအခါ ကျွန်တော်သည် အတော်အံ့သြသွားမိ၏။
တစ်ဦးမှာ ကျွန်တော့်ဘထွေးလေး ရွှေလွန်းဖြစ်၍ ကျန်တစ်ဦးမှာ ကျောက်ဖြုန်းရွှေနီ ဖြစ်သည်။

တိုင်ပိုင်ကြီးတို့ရှေ့၌ ဆားပုလင်းနှစ်ကောင်ရှိသည်။ (ဆားပုလင်းဆိုသည်မှာ အမှုစစ် ရဲကြပ်ကြီးဟု နောင်မှ ကျွန်တော် သိရသည်။)
ဆားပုလင်းနှစ်ကောင်အနီး၌ တုတ်တိုတုတ်ရှည်များအပြင် ကြေးစည်ထုသော ဘုနှင့် တူသည့် တင်းပုတ်နှစ်ခုရှိသည်။
''မယဉ်နွယ် အဲဒီတုတ်တွေ နဲ့ ကြေးစည်ဘုက ဘာလုပ်ဖို့လ''
''အဲ့ဒါတွေ အမှုစစ်ရင် သူတို့သုံးတယ် နင်စောင့်ကြည''

ကျွန်တော် ကြာကြာမစောင့်ကြည့်ရ။ ရှေ့၌ ဆောင့်ကြောင့်ထိုင်နေသူ တစ်ဦးပြီးတစ်ဦး ခေါ်ထုတ်၍ ဆားပုလင်းနှစ်ကောင်သည် တုတ်နှင့်လည်း ရိုက်သည်၊ တင်းပုတ်နှင့်လည်း ထုသည်။ တစ်ချီတစ်ချီတွင် တိုင်ပိုင်ကြီး ဦးဆံနီက ရှူးဖိနပ်နှင့် မျက်နာသို့ ထ၍ထ၍ ကန် သေးသည်။
ကန်လိုက်ရိုက်လိုက်နှင့် တရားခံကို မေးခွန်းလည်း ထုတ်သေးသည်။ အမေးနှင့်အဖြေတို့ကို ဌာနပိုင်ကြီး ဦးထွန်းက စာရွက်တစ်ရွက်ဖြင့် လိုက်မှတ်သည်။

လူတစ်ဦးပြီး တစ်ဦး အရိုက်အထု အကန်ခံရသည်။ မချိမဆံ အော်သူလည်း အော်ကြ သည်။ သတိမေ့မြောသွားကြသည်။ စစ်မေးသော မေးခွန်းများမှာ ထူးမခြားနားများသာ ဖြစ်သည်။
''ဘိုးဒန်ကို နွားပွဲမှာ တွေ့တယ်မဟုတ်လား''
''ဘိုးဒန်နဲ့မင်း ရန်ဖြစ်ဖူးတယ် မဟုတ်လား''

''ဘိုးဒန်ကို မင်းသတ်တယ် မဟုတ်လား''
ဤမေးခွန်း ဤအရုက် ဤအထုတို့ဖြင့် အမှုစစ်ခြင်းသည် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဆက်လက်သွားနေ၏။
ကျွန်တော်သည် မယဉ်နွယ်၏ နားသို့ကပ်၍ တိုးတိုးမေးမိသည်။

''အဲ့ဒီလူတွေအားလုံးက အကိုဘိုးဒန်ကို သတ်တဲ့လူတွေ ဟုတ်ပါ့မလား…''
ဘယ်တော့ဖြစ်နိုင်မလဲ… ဒါပေမဲ့ လူတစ်ယောက်ကို တိုက်ဒိုင်ကြီးက ငါးဆယ်ရတယ်‘‘
''ဘာ…လူတစ်ယောက်ကို ငါးဆယ်ရတယ် ''

''သန့်ဇင် …နင်ဒါတွေ နားမလည်သေးဘူး၊ ပုလိပ်မသင်္ကာရင် အချုပ်ခံရတယ်၊ အချုပ်မခံချင်ရင် ငွေငါးဆယ် ရှာပေးလိုက်ရင် ပြီးတာပဲ''
မယဉ်နွယ် စကားမဆုံးခင် ရှေ့မှရှုခင်းသည် ထူးခြားပြောင်းလွဲသွား၏။  ဆောင့်ကြောင့် ထိုင်နေသူ တစ်ဦးအား ဆားပုလင်းတစ်ကောင်က တိုက်ပိုင်ကြီးရှေ့သို့ ခေါ်ထုတ်သည်။ ထိုသူသည် တိုက်ပိုင်ကြီး ရှေ့သို့ မသွား နောက်သို့ဆုတ်၍ မားမားကြီးရပ်လိုက်၏။

မယဉ်နွယ် သည် ထိတ်လန့်တကြား ကျွန်တော့်အားဖက်ရင်း ပြောသည်။
''သန့်ဇင် …အဲဒါ နင့်အဘ''

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ပဆစ်အိမ် အပိုင်း (၁၇)

နောက်တစ်ခါ ပြန်တွေ့ကြတော့ ဇင်သည် သူ့ကို ဗိုလ်ချုပ်ဈေးသို့ ပို့ပေးရန် ပြောသည်။ လိုက်ပို့ ပေးသည်။
ဈေးတန်း တစ်နေရာသို့ ရောက်သောအခါ ခေါက်ထီးတစ်ချောင်း ကို ရွေးယူလိုက်သည်။
"ပိုက်ဆံပေးလိုက်ပါ"
ဇင်က အမိန့်ပေးသလို ပြောလိုက်ရာ သူ  အံ့သြသလို ရှိသွားသည်။ ငွေထုတ်ချေလိုက်သည်။
ဇင်က လျှောက်လာရင်း ပြောလိုက်သည်။

"ဒါကို လက်ဆောင်အဖြစ် ဇင် ယူပါစေ၊ ဇင့်အတွက် ဦးတင်မောင်သန့်ရဲ့ မွေးနေ့လက်ဆောင် ပါပဲ"
သူသည် အံ့အားသင့်သွားကာ နောက်တွင် ရပ်ပြီး ကျန်ရစ်သည်။
"သော် … မသက်ဇင်ရယ်"
ညည်းသံ ပြုလိုက်လေသည်။

ဇင်ကိုယ်တိုင်လည်း မိမိကိုယ်မိမိ လောဘ သတ်နိုင်ခဲ့သည်ကို စိတ်ထဲက ကျိတ်၍ ကျေနပ်နေ မိသည်။
သို့ဖြင့် ဧပြီလ သို့ ရောက်လာသည်။ သင်္ကြန်ရက်များသည် နီးကပ်လာသည်။
ထိုရက်များတွင် ရန်ကုန်တစ်မြို့လုံး အလုပ်ရှုပ်နေပါတော့သည်။

သင်္ကြန်ရက် မတိုင်မီကပင် မဏ္ဍပ်တွေ ထိုးဖို့ ပြင်ဆင်နေကြသည်။ ရေပက်ခံကားအတွက် အဆင်အယင် ပြုလာကြသည်။ သံချပ်အဖွဲ့တွေ လှုပ်လှုပ်ရွရွ ရှိလာသည်။ ဆိုင်းသံ ဗုံသံ ကြားရစ ပြုပြီ။
ဦးတင်မောင်သန့်က မေးခဲ့ည်။
"ဒီနှစ် သင်္ကြန်မှာ မသက်ဇင် ဘာလုပ်ဖို့ စိတ်ကူးထားသလဲ ဟင် …"
"ဇင်လား … ဘာမှ စိတ်မကူးပါဘူး"
"ပျော်ပျော်ပါးပါး ရေပက်ခံထွက်ဖို့ ဖြစ်ဖြစ်၊ ဘုရားကျောင်းကန်တွေမှာ ဥပုဉ်သီတင်း ဆောက်တည်ဖို့ ဖြစ်ဖြစ် စိတ်မကူး ဘူးလား မသက်ဇင်"
"ဟင့်အင်း … ဇင် မြို့ကို ပြန်မယ်၊ ဟိုမှာ ကလေးတွေနဲ့ ပျော်မယ်။ နှစ်တိုင်းလဲ ဒီလိုပြန်နေကျ ပါပဲ"

အမှန်ပင် ဇင့်တွင် ရန်ကုန်သင်္ကြန်နှင့် ပတ်သက်၍ အတွေ့အကြုံ မရှိခဲ့။ တစ်ခါဖူးမျှ ရေပက်မခံ ခဲ့။
သင်္ကြန်အကြိုနေ့ ရောက်ပြီလားဆိုလျှင် ရုံးမှာ လုပ်တုန်းကတော့ နေ့လယ်တစ်နာရီ မီးရထား အမှီ ဘူတာရုံ သို့ သုတ်ခြေတင်ရသည်။ သင်္ကြန်ရက်များအတွင်း အိမ်တွင် နေပြီး တစ်ခါတစ်ရံ မေမေနှင့်အတူ ဥပုသ် စောင့်သည်။ အများအားဖြင့်တော့ ကလေးတွေ နှင့် အတူနေသည်။

နှစ်ဆန်းတစ်ရက်နေ့လွန်မှ အလုပ်ခွင် သို့ ပြန်လာမြဲ။
"ဒီနှစ်တော့ တစ်ခုခုလုပ်ပါလား မသက်ဇင်"
"ရှင် … ဇင် ဘာလုပ်ရမှာလဲ"
"ရေပက်ခံ ထွက်ကြရအောင်ပါ"
"အို … ကြာသားမိုကြိုး ရှင်၊ ဒီအရွယ်ကြီးတွေ ကျမှ"

"ခက်ပါလား မသက်ဇင်ရယ်၊ ဒီအရွယ်ကြီးတွေ ဆိုရလောက်အောင် မသက်ဇင်က အသက် ဘယ်လောက် များ ကြီးသေးလို့လဲ၊ သိကြားမင်းက ဒီအရွယ်မှာ ရေမကစားရဘူးလို့ စည်းကမ်းချက် ထုတ်မထားပါဘူး"
"ဘာပဲပြောပြော၊ ရေကစားတယ်ဆိုတာ လူငယ် လူရွယ်တွေ လုပ်တဲ့အလုပ်လေ။ ပြီးတော့ ရန်ကုန်သင်္ကြန် ဆိုတာ ကလဲ ရေကစားတာ သိပ်ကြမ်းသတဲ့၊ ကြားဖူးထားတယ်"
"မသက်ဇင် မှာ သင်္ကြန်အတွေ့အကြုံ ရှိခဲ့ဖူးသလား"

"ဟင့်အင်း"
"ဒါဆိုရင်လဲ အတွေ့အကြုံသစ်တစ်ခု ရတာပေါ့"
"ဇင်လေ …"
"ဇင်တွေ ဇက်တွေ လုပ်မနေပါနဲ့လေ၊ သင်္ကြန် ကျနေ့မှာ လည်ကြရအောင်၊ ကျွန်တော် စီစဉ် ထားလိုက်မယ်"
သည် အစီအစဉ်ကို ဇင်ကိုယ်တိုင်က သဘောမတူချင်လှပေမယ့် ကြိုက်နှစ်သက်သည့်ဘက်က မဲများ နေသည်။ ဇင်က အဆောင်မှာ ပြန်တိုင်ပင်ကြည့်သောအခါ အလွန် အေးအေးဆေးဆေး နေတတ်လေ့ ရှိသည့် နော်ရာ ကအစ ရေကစားထွက်ရန် သဘောတူ လက်ခံသည်။ အခြား အဖွဲ့ဝင် သုံးဦး တိုးလာသည်။

"ဒီ အစီအစဉ် ဖြစ်မြောက်အောင် လုပ်ပါ၊ နော်ရာတို့လဲ ပါမယ်။ နော်ရာ က သင်္ကြန်ရေ တစ်နှစ် မထိရင် တစ်သက် လောက် စိတ်မကောင်းဖြစ်ရတာ ဇင်ရဲ့"
ပြောမည့်သာ ပြောရသည် ဇင် ကိုယ်တိုင်သည်လည်း ရန်ကုန်သင်္ကြန်၏ အတွေ့အကြုံကို တစ်ကြိမ်တစ်ခါ ဆိုသလို တော့ ခံစား ကြည့်ဖူးချင်သည်။
သည်လိုနှင့် သင်္ကြန်အကျနေ့မှာ ဇင်တို့ ရေကစားဖြစ်ခဲ့ကြသည် ဆိုပါစို့။

ဇင်ရယ်၊ နော်ရာရယ်၊ အဆောင်က မိန်းကလေး သုံးယောက်ရယ် ပါဝင်သည်။ ဦးတင်မောင်သန့်တို့ဘက်က ပဒေသရာဇာ အလုပ်တိုက် မှ မျက်နှာသိ သုံးဦး ပါလာသည်။ လင့်ဒ်ရိုဗာကားကို ဦးတင်မောင်သန့် ကိုယ်တိုင် မောင်းသည်။

နံနက်ပိုင်းတွင် မြို့တွင်း၊ ရန်ကင်း၊ ကျောက်မြောင်း၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင်ဘက်သို့ လှည့်သည်။ ဆယ့်တစ်နာရီလောက်ကျတော့ နားကာ ဒန်ပေါက် ၀ယ်ပြီး ကန်တော်ကြီးမှာ နံနက်စာ စားကြသည်။

ရန်ကုန် သင်္ကြန်သည် ဇင့်အဖို့ ပထမဆုံး အတွေ့အကြုံ ဖြစ်သည်နှင့်အမျှ ကြောက်ရွံ့ ထိပ်လန့်၍လည်း သွားရပါတော့သည်။ ရေပတ်ကြမ်းသည်။ နှုတ်သရမ်းသည်။
ရေပက်မဏ္ဍပ်တစ်ခုသို့ ရောက်တော့မည့် အခါတိုင်းမှာ ဇင် ရင်တုန်ရသည်။ သည်အခါတွင် ဦးတင်မောင်သန့် ၏ ယုယထွေးပွေ့မှုများသည် လိုလားတောင့်တဖွယ်ရာ ဖြစ်လာသည်။ အားကိုး အားထား စရာ ဖြစ်လာသည်။

သူ၏ ရင်ခွင်ကျယ်သည် ဇင့်အဖို့ ခိုကိုးဖွယ်ရာပင်။ သူ၏ ထွေးဖက်ထားသော သန်မာသည့် လက်များ အကြား မှာ လုံခြုံမှု ရနေသည်ဟု အထင်ရှိသည်။
အမှန်ကို ၀န်ခံရမည်ဆိုလျှင် သူနှင့် ပတ်သက်သည့် ရင်ခုန် နွေးထွေးမှုသည် သည်ကာလများ၌ စတင်ခဲ့ ပေသည်။
ညနေပိုင်း ရောက်တော့ ကြည့်မြင်တိုင်၊ မြေနီကုန်း၊ စမ်းချောင်းဘက်သို့ ရောက်သည်။

ရေပက်အကြမ်းဆုံး၊ ပျိုဖြူချောတွေ အများဆုံး မဏ္ဍပ်တွေ တန်းစီနေရာ ရှမ်းလမ်း မှာ ဇင်တို့ ရေရေ လည်လည် အပက်ခံ ခဲ့ရသည်။ ကြွက်စုတ် ရေနှစ်သလို ဖြစ်နေတော့သည်။ ရှမ်းလမ်းမှ ထွက်လေသောအခါ အသက်ရှု မွန်းကျပ်နေတော့သည်။
နောက်ဆုံးအနေ နှင့် ဇင်တို့ကို အင်းလျားသို့ ပို့ပေးသည်။
နေ၀င်လုဆဲ ကာလ၊ ဆည်းဆာချိန်ကလေးမှာ ဖြစ်သည်။

"ဘယ့်နှယ်လဲ မသက်ဇင်၊ မနက်ဖြန် ထွက်ကြဦးမှလား"
"အမလေး၊ တော်ပါပြီနော်၊ ကြောက်ပါပြီ။ အခုတောင် ကံကောင်း လို့ အသက်နဲ့ကိုယ် မြဲနေတာ ပါ"
နော်ရာ က "ဘာ အခုမှ ကြောက်ပါပြီလဲ …" စသည်ဖြင့် နောက်နေသည်။
အင်းလျားရေ သည် နွေးနေသည်။

ဦးတင်မောင်သန့်တို့က သစ်မြစ်ဆုံ တစ်ခုမှာ အရက်ဝိုင်းဖွဲ့ခိုက် ဇင်တို့ အမျိုးသမီးတစ်သိုက် ရေထဲသို့ ဆင်းကြသည်။ အချင်းချင်း သင်္ကြန်ကျလိုက်ကြသေးသည်။ ကန်ရေနှင့် တစ်ယောက် ကို တစ် ယောက် ရေပက် ကစားကြသည်။ ရေထဲမှာ လိုက်တမ်းပြေးတမ်း ကစားကြသည်။
ဇင်သည် ထိုကာလ၌ မိမိ၏ အသက်အရွယ်ကိုလည်း မေ့သည်။ ဘ၀ကိုလည်း မေ့သည်။ ပူပင် ကြောင့်ကြ မှန်သမျှကို မေ့သည်။ အိ … ပီဘိ ဆယ်ကျော်သက်လို ပျော်လိုက်သည့်ဖြစ်ခြင်း။
ဇင်သည် ရေထဲမှနေ၍ နောက်ဆုံးမှ တက်လာသည်။ အဖော်များက ထိုင်ကာ ငေးကြည့်နေ သည်။

ကြည့်ပါဦး …။
သည်ကာလမှာ ဇင် ဘယ်လောက်များ လှနေပါလိမ့်။
ရေပက်ခံထွက်သည့် အတွေ့အကြုံ မရှိခဲ့သော ဇင်သည် ထူထဲသော အ၀တ်များကို ၀တ်ဆင် ရန် သတိ မရခဲ့ပေ။ ဇင်၏ ကိုယ်မှာ ပါးလွှာသော အ၀တ်များသာ ပါလာခဲ့သည်။ အ၀တ်များက ရေစိုထားသည်။ အသား နှင့် ကပ်ကာ ချပ်ရပ်နေသည်။ ဇင်၏ ကိုယ်ခန္ဓာ အချိုးအဆစ်ကို အရင်း တိုင်း ဖော်ပြနေသယောင် ထင်ရသည်။
ယခုအခါတွင် ကျန်းမာသန်စွမ်းကာ ပျော်ရွှင်ချမ်းမြေ့လျက် ရှိရပြီဖြစ်သော ဇင်သည် ကိုယ် အလေးချိန် တိုးလာ ခဲ့သည်။ အလွန်အမင် ၀ရွှဲခြင်း ရှိမလာစေရန် အစဉ်လို ကိရိယာလွတ် လေ့ကျင့်ခန်းများ ယူခဲ့သည်။

သို့ဖြစ်၍လည်း ဇင်၏ အသားစိုင်တို့သည် ကျစ်လျစ်မာကျောခြင်း ရှိသည်။ အချိုးအစား ပြေပြစ် ခြင်း ရှိသည်။
ဇင်၏ လက်မောင်းအိုးတို့သည် ၀ါဝင်းချောပြေနေသည်။ လည်တိုင်မှသည် ရင်ညွန့်မှာ ၀င်းမွတ် ညက်စင် နေသည်။ ရင်မှာ ထွားဝင့် ပြည့်တင်းသည်။ ခါးက သေးကျဉ်ကာ တင်ဆုံသည် ၀ိုင်းစက်အိထွေးနေသည်။ ရှည်လျား သန်မာသော ပေါင်တံနှင့် တုတ်ခဲသော သလုံးသားများမှာ စကားဝါသွေးလို နုညက် ၀င်းဝါ နေသည်။

ဆည်းဆာရောင်ကြွင်းကလည်း ဇင်၏ကိုယ်ကို ရွှေရည်ဆမ်းထားသလို ဖြစ်သည်။ ရေစိုထား သော ဆံပင် သည်ပင် ရွှေရောင်လှိုင်းတွန့်ကလေးတွေ ပြေးနေသည်။
သည်ကာလ မျိုးမှာ ဘယ်သူက ဇင့်ကို လက်ထပ်ဖူးပါသည် ပြောမလဲ။
ကလေးနှစ်ယောက် မိခင်ဆိုတာ ဘယ်သူက ယုံမလဲ။
အို … လှလိုက်တဲ့ ဇင်ရယ် …။

ဦးတင်မောင်သန့်သည် သက်ပြင်းတစ်ချက်ကို ကျိတ်၍ ရှိုက်လိုက်လေသည်။
အစသော် ဇင်သည် သဲပြင်ပေါ်သို့ လွတ်လပ်စွာ ပြေးတက်လာခဲ့သည်။ ဦးတင်မောင်သန့်၏ ရဲရဲစူးစူး အကြည့် ကို မြင်ရမှပင် ကိုယ်ရှိန် သတ်လိုက်ရသည်။
ဇင်၏ ရင်ဝယ် ရှိန်းမြသော အာရုံနှင့် မ၀ံ့မရဲသော စိတ်ဓာတ်များ ၀င်လာသည်။ ရင်ကို လက်နှစ်ဘက်နှင့် ယှက်သိုင်း လိုက်ကာ ကားဆီသို့ ဣနြေ္ဒရရ လျှောက်လာခဲ့သည်။
သည်က ပြီးလျှင် တော့ ဇင်တို့ အဆောင်သို့ ပြန်ကြသည်။ ယောက်ျားဖော်များကို ပို့ပြီးမှ ဖြစ်သည်။

အခြားသူများ အဆောင်အတွင်း ၀င်ရောက်သွားကြသောအခါ ဇင်သည် ဦးတင်မောင်သန့်အား နှုတ်ဆက်ဖို့ ကားအနီး မှာ ရပ်ပြီး ကျန်ရစ်သည်။
"ပျော်ရဲ့လား မသက်ဇင်"
ဦးတင်မောင်သန့်၏ အမေး။
"ပျော်ပါတေယ်"
"မသက်ဇင် ပျော်တယ်ဆိုလို့ ကျွန်တော် ၀မ်းသာပါတယ်"
"ကျေးဇူးတင်ပါတယ်လို့ အားလုံးရဲ့ကိုယ်စား ဇင်ကလဲ ပြောပါရစေ"
"နောက်နေ့တွေမှာကော လည်ချင်သေးသလား မသက်ဇင်"

"တော်လောက်ပါပြီ ထင်ပါရဲ့၊ ဒီကနေ့ ရေစိုပြီး နေလောင်ထားတဲ့ အသားတွေကို ပင်ကို အသားအတိုင်း ပြန်ဖြစ်အောင် ခုနှစ်ရက်လောက် မွေးယူရဦးမယ်လေ"
ဇင်က ရယ်ရင်း ပြောလိုက်သည်။
ဦးတင်မောင်သန့်သည် ဇင့်ကို စူးစိုက်ကြည့်နေသည်။
"ဇင်"
ပထမဆုံးအကြိမ် အဖြစ် ဇင်၏ အမည်ကို အဖျားဆွတ်ခေါ်သည်။

ဇင့်မှာ ဆန်းကြယ်သလို ရှိသွားရသည်။
"ဇင် ဒီကနေ့ သိပ်လှတာပဲ။ ဆည်းဆာရိပ်အောက်က ဇင့်အလှကို ကျွန်တော်တစ်သက် မေ့ပျောက်ပစ်လို့ ရနိုင်တော့မယ် မထင်ဘူးဗျာ"
ဇင်သည် သူ၏ တိုက်ရိုက်ကျလွန်းသော အလှဖွဲ့ စကားကြောင့် ရှက်ရွံ့သွားသလိုရှိကာ မျက်နှာကို ငုံ့လိုက်မိ သည်။ မျက်လွှာကို ချထားလိုက်မိသည်။
"ဇင် အေးနေပြီ အဆောင်ထဲ ၀င်တော့မယ်နော်"
"ကောင်းပါပြီ ကျွန်တော်လဲ ပြန်ပါတော့မယ်"
သူ၏ ကား ထွက်သွားစဉ် ဇင် အဆောင်ထဲ ၀င်ခဲ့သည်။

မောမောပန်းပန်းနှင့် အိပ်ပျော်မသွားမီကာလ၌ ဇင့်အဖို့ အတွေးများ နက်ရှိုင်းခဲ့ရသည်။
ဦးတင်မောင်သန့်၏ အလေးအနက်ရှိမှုများသည် ဇင့်ထံ ကူးစက်လာပြီ ထင်သည်။ ဇင်ကိုယ်တိုင် သူနှင့် ပတ်သက် ၍ အလေးအနက် တွေးရပါပြီ။
သူသည် ဇင့်ကို နှစ်သက်ခြင်း ပြင်းစွာ ဖြစ်နေရပြီ ဆိုခြင်းမှာ ယုံမှားစရာ မရှိပါ။ ဆန္ဒစောကာ စိတ်ဓာတ်ပြင်းပြလာသည့် အဖြစ်မှာ ဖုံးကွယ်ထား၍ မရနိုင်တော့ပါ။
သို့ပေမယ့် အခက်သားကလား။

သူက လူလွတ် မဟုတ်။ ဇနီး ရှိသည်။ သမီး ရှိသည်။
အကယ်၍ သူသာ လူလွတ်တစ်ယောက်ဖြစ်ခဲလျှင် ဇင့်စိတ်မှာ အဘယ်သို့ ရှိမည်နည်း။ ဇနီး လက်ရှိ မဟုတ် သည့် တစ်ခုလပ်တစ်ယောက်၊ သို့မဟုတ် မုဆိုးဖိုတစ်ယောက်၊ သို့မဟုတ် လူပျိုကြီး တစ်ဦးဆိုလျှင် ဇင် ယခု လောက် တင်းမာနိုင်ပါမည်လား။
ဇင်သည် မောင်နှင့်က လွဲလျှင်တော့ မဆွတ်ခင်က ညွတ်ချင်သည့် မိန်းမစားမျိုး မဟုတ်ခဲ့သည် မှာ အမှန် ပင်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၁၄)

ပီလွန်သည် ကြမ်းပြင်ပေါ်တွင် ၀င်ထိုင်ပြီး ဖယောင်းတိုင်ကို သူ့ရှေ့တည့်တည့် မြေကြီးပေါ်၌ ချထား၍ ထွန်း သည်၊ ပင်လယ်ဓားပြ၏ မျက်လုံးများက ဘာကိစ္စဘာတာလဲဟု မေးလျက်ရှိသည်။ ပီလွန်ကတော့ စကားချက် ချင်းမဖြေ၊ ပင်လယ်ဓားပြ၏ဦးခေါင်းထဲတွင် မေးခွန်းပေါင်း အမြောက်အမြား ပေါ်လာအောင် ငြိမ်ဆိတ် စွာ စောင့်နေသည်။ နောက်ဆုံးကျမှ " မင်းသူငယ်ချင်းတွေအတွက် စိတ်မပူဘူးလား" ဟု မေးသည်။

ပင်လယ်ဓားပြ၏ မျက်လုံးများသည် အံ့အားသင့်ခြင်းကို ဖော်ပြလျက် ရှိသည်။ " ကျုပ်က ဟုတ်လား၊ ကျုပ်သူ ငယ်ချင်း တွေ အတွက်တဲ့၊ ဘာ သူငယ်ချင်းလဲ "

ပီလွန်က လေသံအေးအေးပျော့ပျော့ဖြင့် ပြောသည်။ " မင်းကို သတိရနေတဲ့ သူငယ်ချင်းတွေ မင်းမှာ အများကြီး ရှိတယ်၊ မင်းကို သူတို့လာမတွေ့ကြတာက တခြားကြောင့် မဟုတ်ဘူး၊ မင်းက မာနကြီးလို့၊ မင်းအခု လို အ၀တ် တွေ စုတ်စုတ်ပြတ်ပြတ်နဲ့ အစားကြွင်း အစားကျန်တွေကို ခွေးတွေနဲ့ ဝေမျှစားပြီး ဒီကြက်တဲ ထဲမှာ နေရတဲ့အဖြစ်ကို သူတို့မြင်ရင် မင်း အရှက်ရသွားမှာလည်း သူတို့က စိုးရိမ်တယ်ကွ၊ ဒါပေမယ့် သူတို့က မင်း အခုလို တောက်လျှောက်ကြီး နေသွားရင်လည်း ဒုက္ခရောက်သွားမှာကို တွေးပြီး ပူနေကြတယ် "

ပင်လယ်ဓားပြသည် ပီလွန်၏ စကားများကို နားထောင်ရင်း အသက်မှ ဖြောင့်ဖြောင့်တန်းတန်း မရှူနိုင် လောက် အောင် အံ့အားသင့်လျက် ရှိသည်။ သူ ကြားနေရသည့် စကားများမှာ အသစ်အဆန်းများ ဖြစ်၏။ ဤစကားများ ၏ အဓိပ္ပာယ်ကို သူ့ဦးနှောက်က လိုက်၍မမီ၊ မီအောင် ကြိုးစားပါသော်လည်းမရ၊ ပီလွန်၏ စကား များ အပေါ်တွင် သံသယဖြစ်ခြင်းတော့ မရှိ၊ " ကျုပ်မှာ အဲသလို သူငယ်ချင်းတွေ ရှိနေသလား " ဟု တအံ့တသြ ရေရွတ်သည်။ 

" အဲဒါကို ကျုပ် မသိဘူးဗျ၊ သူတို့က ကျုပ်အတွက် စိတ်ပူနေကြတယ် ဆိုတာ လည်း မသိပေါင်ဗျာ၊ တကယ်လို့ ကျုပ်သာသိရင်တော့ သူတို့ စိတ်မပူအောင် ကျုပ်ကပြောမှာပါ ပီလွန်ရာ " သူသည် တံတွေးတစ်ချက် မျိုလိုက်သည်။ " ခင်ဗျား မြင်သားပဲ ပီလွန်ရာ၊ ခွေးတွေကလည်း ဒီနေရာမှာ နေရတာ ကြိုက် ကြတယ်။ ကျုပ်ကလည်း သူတို့ ကြိုက်တဲ့နေရာကို သဘောကျတယ်၊ ဒါကြောင့် နေတာ ပါဗျာ။ ကျုပ် အခုလိုနေ လို့ သူငယ်ချင်းတွေ စိတ်မကောင်း ဖြစ်ကုန်လိမ့်မယ်လို့ မတွေးခဲ့မိဘူးဗျ" ပြောနေရင်း မှာပင် ပင်လယ်ဓားပြ၏ မျက်လုံးများတွင် မျက်ရည်များစို့လာသည်။

" အေးပေါ့လေကွာ" ဟု ပီလွန်က ပြောသည်။ " ဒါပေမယ့် သူတို့ကတော့ မင်း နေရထိုင်ရတာကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ကြတာပေါ့ "
ပင်လယ်ဓားပြသည် မြေကြီးကို ငုံ့ကြည့်ပြီး ပီလွန်၏ စကားကို ပီပီပြင်ပြင် နားလည်နိုင်ရန် စဉ်းစား တွေးတောသည်။ သို့သော်လည်း စဉ်းစားစရာ ပြဿနာရှိလာ၍ စဉ်းစားသည့်အခါများ၌ ကြုံရတတ်သည့် အတိုင်း သူ့ဦး နှောက်က ရီဝေနောက်ကျိလာသည်။ 

သူလိုချင်သော အကူအညီ ဦးနှောက်ထဲက ထွက်မလာ။ အားကိုးရာ မဲ့ခြင်း တည်းဟူသော ခံစားမှု တစ်ခုသာလျှင် ပေါ်လာသည်။ သူသည် သူ့ခွေးများကို အားကိုး လို စိတ်ဖြင့် လှမ်းကြည့် သည်။ ခွေးများမှာ သူတို့နှင့်ဆိုင်သော အလုပ်မဟုတ်သဖြင့် အိပ်ပျော်နေကြလေပြီ။ ထိုအခါ သူသည် ပီလွန်၏ မျက်နှာကို အားကိုးတကြီးဖြင့် ကြည့်သည်။ " ကျုပ် ဘာလုပ်ရမယ် ဆိုတာ ခင်ဗျား က ပြောပြမှပဲ သိမှာ ပီလွန်၊ ဒါတွေကို ကျုပ်နားမလည်ဘူး"

ပီလွန်အဖို့ကတော့ ဤကိစ္စမှာ အလွန်လွယ်သည်။ အလွန်လွယ်လွန်းသဖြင့် ပီလွန်၏ စိတ်တွင် အနည်းငယ် ရှက် စိတ်ဝင်လိုက်မိသေးသည်။ သူသည် တစ်ခဏမျှ စဉ်းစားကာ နောက်တွန့်လျက်ရှိ၏။ ဤကိစ္စကို မလုပ် တော့ပါဘူးဟု ပင် ဆုံးဖြတ်လုနီးနီးဖြစ်သွားသည်။ သို့သော်လည်း သူ ထိုကဲ့သို့ ဆုံးဖြတ်မိပါက သူ့ကိုယ်သူ အကြီး အကျယ် ဒေါပွမိလိမ့်မည်ဟု ကောင်းကောင်းသိသည်။ " မင်းသူငယ်ချင်းတွေက ဆင်းရဲကြတယ်ကွ" ဟု သူကပြောသည်။ " သူတို့က မင်းကို သိပ်ပြီး ကူညီချင်ကြတယ်။ ဒါပေမယ့် သူတို့မှာ ငွေကမရှိကြဘူး၊ တကယ်လို့ မင်းမှာ ၀ှကထားတဲ့ ငွေကလေး ဘာကလေးများရှိရင် ထုတ်ပါလားကွာ၊ မင်းအတွက် အ၀တ်အစား ၀ယ်ပေါ့၊ အစားအသောက်ကိုလည်း သူများပေးတာတွေ မစားတော့ဘဲ ကိုယ့်ဘာသာကိုယ် စိတ်ကြိုက်ဝယ်စား ပေါ့၊ ၀ှက်ထားတဲ့ငွေကို ထုတ်ပေါ့ ပင်လယ်ဓားပြရာ "

ပီလွန်က သူ စကားပြောနေခိုက်တွင် ပင်လယ်ဓားပြ၏ မျက်နှာကို စူးစူးစိုက်စိုက် ကြည့်၍ အကဲခတ်သည်။ ပင် လယ်ဓားပြသည် မျက်လွှာများချထားသည်။ သံသယရှိနေသည့်သဘော၊ ထို့နောက် သူ့မျက်နှာသည် မသာမယာ ဖြစ်လာသည်။ နောက်တစ်ခဏအတွင်းမှာပင် ပီလွန်သည် အချက်နှစ်ချက်ကို အသေအချာ သိလာသည်။ ပထမတစ်ချက်မှာ ပင်လယ်ဓားပြတွင် ၀ှက်ထားသည့် ငွေများရှိနေသည်ဟူသော အချက် ဖြစ်၍ ဒုတိယတစ်ချက်မှာ ထိုငွေများကို ရဖို့မှာ ထင်သလောက် ချောင်လိမ့်မည်မဟုတ် ဟူသော အချက် ဖြစ်၏။ သူ့ အနေနှင့်ကတော့ ဒုတိယအချက်ကို ကောင်းစွာ နားလည်လိုက်ရသည့်အတွက် ကျေနပ်သည်။ ပင်လယ်ဓားပြ သည် ပီလွန်အလွန်သဘောကျသည့် ကိုင်ရတွယ်ရ ခက်သော ပြဿနာမျိုး ဖြစ်နေသည် မဟုတ် ပါလော။

ပင်လယ်ဓားပြသည် ပီလွန်ကို ကြည့်နေသည်။ သူ့မျက်လုံးများထဲတွင် ကောက်ကျစ်စဉ်းလဲသော အရိပ် အငွေ့ များရှိနေသည်။ ထိုအရိပ်အငွေ့များနှင့်အတူ ဖြူစင်ဖြောင့်မတ်သော သဘောထားရှိနေပုံကိုလည်း ဖော်ပြ လျက် ရှိ၏။ " ကျုပ်မှာ ၀ှက်ထားတဲ့ငွေ မရှိပါဘူးဗျာ" ဟု ပြောသည်။
" သူငယ်ချင်းရာ၊မင်းနေ့တိုင်း ထင်းထွက်ရောင်းလို့ နှစ်ဆယ့်ငါးဆင့်စေ့ တစ်စေ့ အမြဲရနေတာ ငါ တွေ့နေ တာပဲ။ မင်း အဲဒီငွေကို လုံးဝ မသုံးဘူးဆိုတာလည်း ငါ သိနေပါတယ်ကွာ "

ဤတစ်ကြိမ်တွင်မူ ပင်လယ်ဓားပြ၏ဦးနှောက်က သူ့ကို အကျဉ်းအကျပ်ထဲမှ လွတ်မြောက်အောင် ကယ်တင် သည်။ " ကျုပ်က သိပ်ပြီး ဆင်းရဲတဲ့ အဘွားအိုကြီး တစ်ယောက်ကို အမြဲပေးပစ်တာ " ဟု လေပျော့ ကလေးဖြင့် စကားကို လက်စသတ်သည်။ ဤသို့ဖြင့် သူသည် ထိုအကြောင်းကို နောက်ထပ် မပြော နိုင်အောင် တံခါးကို တင်းကျပ်စွာ ပိတ်လိုက်လေသည်။

" ဒါ ညာတာပဲဖြစ်မယ်လ ဟု ပီလွန်က တွေးသည်။ သူသည် ထိုင်ရာမှ ထလိုက်ပြီး သူ့ဖယောင်းတိုင်ကိုယူ သည်။ " အေးလေ၊ ငါကတော့ မင်းသူငယ်ချင်းတွေက မင်းအတွက် ဘယ်လို စိတ်မကောင်း ဖြစ်နေကြတယ် ဆိုတာ တွေးမိလို့ပါ " ဟု ပြောသည်။ " မင်းအနေနဲ့ ဘာမှမလုပ်နိုင်ဘူး ဆိုတာ ငါကလည်း မင်းအတွက် ဘာမှ လုပ်မပေးနိုင်ဘူး ပေါ့လကွာ "
ပင်လယ်ဓားပြ မျက်နှာသည် ပြန်၍ချိုသာ ပျော့ပျောင်းလာသည်။ " ကျုပ် နေကောင်းပါတယ်လို့ ပြောပြ လိုက်ပါဗျာ " ဟု သူက တောင်းပန်သည်။ " ကျုပ်ဆီကို အလည်လာကြဖို့လည်း ကျုပ်သူငယ်ချင်းတွေကို ပြောပြ ပေး ပါ။ ကျုပ်က မာနရှိတဲ့လူလည်း မဟုတ်ပါဘူး၊ သူတို့လာရင် ကျုပ်က ၀မ်းသာစွာနဲ့ ကြိုဆိုပါမယ်၊ ခင်ဗျား ကျုပ် ကိုယ်စား ပြောပြပေးမယ် မဟုတ်လား ပီလွန် "
" ငါ ပြောပေးမယ်လေ " ဟု ပီလွန်က စိတ်မပါတပါ လေသံဖြင့် ပြောသည်။

" ဒါပေမယ့် မင်းအတွက် သူတို့ စိတ်မကောင်း ဖြစ်နေကြတာကို သက်သာရာရသွားအောင် မင်းက ဘာမှ လုပ်မပေးတော့ သူတို့အနေနဲ့ ကျေနပ်ကြမှာတော့ မဟုတ်ဘူး " ပီလွန်က ဖယောင်းတိုင်မီးကို မှုတ်၍ ငြိမ်းပစ် လိုက်ပြီး အမှောင်ထုအတွင်းသို့ တိုးဝင်သွားသည်။ ပင်လယ်ဓားပြသည် သူ၏ ဥစ္စာသိုက် ဘယ်နေရာ ၌ ၀ှက်ထားသည်ကို ဘယ်တော့မှ ပြောလိမ့်မည်မဟုတ်ကြောင်း ပီလွန်နားလည်သည်။ ခိုးကြောင် ခိုးဝှက် လုပ်ယူမှသာ ဤဥစ္စာသိုက်ကို တွေ့နိုင် ပေတော့မည်။ အတင်းဓမ္မနည်းဖြင့် ယူမှသာ ဤငွေများ ကို ရပေတော့မည်။ အခြားနည်းမရှိတော့။ ဤတစ်နည်း သာလျှင် ရှိတော့၏။

ထိုအချိန် မှ စ၍ ပီလွန်သည် ပင်လယ်ဓားပြ၏ လှုပ်ရှားမှု ဟူသမျှကို မျက်ခြည်မပြတ် မခံတော့ဘဲ စောင့်ကြည့် သည်။ တစ်ခါတစ်ရံ ပင်လယ်ဓားပြထံသွား၍ အချိန်အကြာကြီး စကားပြောသည်။ သူသိလိုသော အရာ တစ်စွန်း တစ်စမှ မသိရ။ ပင်လယ်ဓားပြ၏ ရတနာသိုက်ကို ရှာဖွေတွေ့ဖို့ရဖို့ အရေး ကား ဝေးသည်ထက်သာ ဝေးလျက်ရှိ သည်။ ထို၇တနာသိုက်သည် ကြက်တဲအတွင်း တစ်နေရာ၌ လည်းကောင်း၊ တောအုပ်အတွင်း တစ်နေရာ၌သော် လည်းကောင်း ရှိရမည်။

ပင်လယ်ဓားပြ အနေဖြင့် သူဝှက်ထားသည့် နေရာသို့ ညပိုင်း ညဥ့်နက်မှသာ သွားလိမ့် မည်ဟု ယူဆ ရလေသည်။
အချိန်များစွာ အကုန်ခံပြီး စောင့်သော်လည်း အကြောင်းမထူးဘဲ ဖြစ်နေသည့်အခါ ပီလွန်သည် စိတ်မရှည် နိုင် အောင် ဖြစ်လာသည်။ တစ်စုံတစ်ဦးထံမှ အကူအညီနှင့် အကြံဥာဏ်ရယူဖို့ လိုပြီဟု သူ သဘောပေါက် လာသည်။ သူလိုနေသော အရာကို သူ့ရဲဘော်များဖြစ်သော ဒင်နီ၊ ပက်ဘလိုနှင့် ဂျီးဆပ်စ်မေရီ ယာတို့ထံမှလွဲ၍ အခြားဘယ်သူက ပေးနိုင်ပါမည်နည်း။ ခိုးကြောင်ခိုးဝှက် လုပ်ရမည့် နေရာတွင် သူတို့လောက် တော်သူ မည်သူ ရှိနိုင်ပါအံ့နည်း။ တစ်ဖက်သားကို လှည့်စားသည့် နေရာ၌ သူတို့လောက် ကျွမ်းကျင်သူ မည်သူ ရှိနိုင်ပါအံ့နည်း။ ကရုဏာတရားကို စိတ်အေးနားအေးဖြင့် အရည်ပျော်သွားအောင် လုပ်ရာ ၌ သူတို့လောက် လုပ် ရက်သူ မည်သူ ရှိနိုင်ပါအံ့နည်း။

ပီလွန်သည် သူ၏ လျှို့ဝှက်ချက်ကို သူတို့အား ဖွင့်ပြောပြီး တိုင်ပင်သည်။ ပထမဦးစွာ သူ၏ ကြံစည် စိတ်ကူးထားသမျှ ကို သူတို့နားလည် လက်ခံသွားအောင် ရှင်းပြသည်။ ပင်လယ်ဓားပြ ဆင်းရဲပုံ၊ သူ အားကိုးရာ မဲ့ ဖြစ်နေပုံနှင့် ထိုနှစ်ခုအတွက် သူရှာထားသော အကြံကို ပြောပြသည်။ သူရှာထားသည့် ပြဿနာ၏ အဖြေကို ကြားရသောအခါ သူ့ သူငယ်ချင်းများသည် ပင်လယ်ဓားပြကို သနားကရုဏာဖြစ်ကာ ကူညီလိုစိတ် အရူးအမူး ဖြစ်ပေါ်လာကြ၏။ သူတို့က ပီလွန်၏ စေတနာကို ၀ိုင်း၍ ချီးမွမ်းထောမနာ ပြုကြသည်။ သူတို့၏ မျက်နှာများတွင် ကြင်နာမှု အရိပ်အယောင်များ လွှမ်းလျက်ရှိသည်။ ပက်ဘလိုကတော့ ပင်လယ်ဓားပြ ၏ ရတနာသိုက်သည် ဒေါ်လာငွေ တစ်ရာအထက် ရှိလိမ့်မည်ဟု တွေးလေသည်။

သူတို့၏ ရွှင်လန်းတက်ကြွမှု အနည်ထိုင်သွားသောအခါ လုပ်ငန်းစီမံချက်ကို စဉ်းစားကြံဆကြ၏။
" ငါတို့ သူ့ကို အမြဲ စောင့်ကြည့်ရမယ် " ဟု ပက်ဘလိုက ပြောသည်။
" ငါ စောင့်ကြည့်ခဲ့ပြီးပြီ " ဟု ပီလွန်က ဆိုသည်။ " ညပိုင်းဆိုရင် သူ ထွက်ကြည့်မှာပဲ၊ သူ့နောက်က သိပ်ကပ်ပြီး လိုက်လို့ကလည်း မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ခွေးအုပ်က သရဲတွေလို နောက် က ကပ်လိုက်နေတာ၊ အဲဒီတော့ ဒီကကိစ္စက တယ်ပြီး မချောင်လှဘူးကွ"
" တခြား ဖြစ်နိုင်တဲ့ နည်းလမ်းတွေကော မင်းသုံးကြည့်ပြီးပြီလား " ဟု ဒင်နီက မေးသည်။

" အေး သုံးပြီပြီ "
နောက်ဆုံးတွင် လူတစ်ဖက်သားအပေါ် ညှာတာထောက်ထားတတ်သော ဂျီးဆပ်စ်မေရီယာက နည်းလမ်း တစ်ခု ကိုရှာတွေ့သည်။ " အဲ အဲဒီကြက်ခြံထဲ နေသမျှ ကာလပတ်လုံးတော့ ဒီကိစ္စဟာ ခက်ခဲနေမှာပဲ " သူက ပြော သည်။ " ဒါပေမယ့် သူ ဒီမှာ လာပြီး ငါတို့နဲ့ အတူတူနေမယ် ဆိုကြပါစို့၊ ငါတို့က သူ့ကို သနားကြင်နာမှု ပြတာနဲ့ပဲ သူ့အလိုလို စိတ်ပြောင်းပြီး ထုတ်ပြောချင်ပြောလာလိမ့်မယ်၊ ဒါမှမဟုတ်လည်း ညရောက် လို့ သူအပြင် ထွက်ရင် ငါတို့ လိုက်ချောင်းလို့ လွယ်လိမ့်မယ်"

ဂျီးဆပ်စ်မေရီယာ၏ အကြံကို ကျန်လူစုက အသေအချာ ဆင်ခြင်သုံးသပ်ကြသည်။ " တစ်ခါတလေ စားသောက် ဆိုင်တွေက ရလာတဲ့ အသားတွေဟာ အကောင်းတွေကွ၊ လတ်လတ်ဆတ်ဆတ်ကြီးတွေ၊ သိလား" ဟု ပက်ဘလိုက သူ့စိတ်ကူးနှင့်သူ ပြောသည်။ " သူရလာတဲ့ အသားကြော်တစ်ခုကို ငါ တစ်ခါတုန်း က မြင်ခဲ့ဖူးတယ် အသားနည်းနည်းပါးပါးပဲ လျော့တယ်"
" ငွေက ဒေါ်လာနှစ်ရာတောင် ရှိချင်ရှိမယ်ကွ" ဟု ပီလွန်က ပြောသည်။

ဒင်နီက ကန့်ကွက်ချက် တစ်ချက်တင်ပြသည်။ " ဒါပေမယ့်ကွာ။ ဟိုခွေး တွေက ခွကျတယ်၊ သူ ဒီမှာလာနေရင် သူ့ခွေးတွေ ပါလာမှာ "
" ခွေးတွေ က ခွေးကောင်းတွေကွ" ဟု ပီလွန်က ပြောသည်။ " ခွေးတွေက သူ့စကားကို သိပ် နားထောင်ကြတာ၊ မင်း က ထောင့်တစ်ထောင့်မှာ မျဉ်းတစ်ကြောင်းဆွဲပြီး မင်း ခွေးတွေကို ဒီစည်းထဲက မထွက်စေနဲ့လို့ ပြောထား လိုက်။ သူက သူ့ခွေးတွေကို ပြောထားလိမ့်မယ်၊ ခွေးတွေကလည်း သူ့စကား နားထောင်မှာပဲ "
" တစ်မနက်ခင်း က ငါ ပင်လယ်ဓားပြနဲ့ ဆုံမိခဲ့ဖူးတယ်။ သူ့ လက်ထဲမှာ ကိတ်မုန့်တစ်ပိုင်း ပါလာတယ်၊ ကော်ဖီ ထိ လို့ နည်းနည်းလေးပဲ စိုတယ်ကွ" ဟု ပက်ဘလိုက ၀င်ပြောပြလေသည်။
ပြဿနာ သည် သူ့အလိုလိုပင် ဖြေရှင်းပြီးသား ဖြစ်သွားသည်။ သူတို့အနေဖြင့် ကော်မတီတစ်ရပ်ဖွဲ့လိုက်ပြီး ပင်လယ်ဓားပြ ထံ သွားလည်ကြသည်။

သူတို့အားလုံး ကြက်တဲအတွင်းသို့ ၀င်သွားသောအခါ ပြည့်ကျပ်သွားသည်။ ပင်လယ်ဓားပြက သူ၏ ၀မ်းသာ ပျော်ရွှင်မှုကို မ၇ိပ်မိစေရန် အသံသြကြီးဖြင့် ဆီး၍ နှုတ်ဆက်သည်။
 
" ရာသီဥတုက ဆိုးတယ် " ဟု သူက ပြောသည်။ " ခင်ဗျားတို့ကတော့ ယုံချင်မျယုံမယ်၊ ကျုပ် ရူးဒေါ့ရဲ့ လည်ပင်း က မွှားတစ်ကောင်တွေ့တာ ခိုဥလောက်ကို ကြီးတယ်ဗျ" သူ့အိမ်အကြောင်း ပြောသည့် အခါ တွင်လည်း သူသည် အိမ်ရှင်တစ်ယောက် ပြောသင့်သည့် စကားမျိုးကို ပြောသည်။ " အိမ်က သိပ်ကျဉ်း တယ်ဗျာ၊ သူငယ်ချင်းတွေ လာလည်ဖို့ သင့်တဲ့အိမ်မျိုး မဟုတ်ပါဘူး၊ ဒါပေမယ့်ဗျာ၊ နွေးနွေးထွေးထွေးနဲ့ သပ်သပ် ရပ်ရပ်တော့ ရှိပါတယ်၊ အထူးသဖြင့် ခွေးတွေအတွက်ကတော့ အလွန်အဆင် ပြေတဲ့ နေရာပဲ "

ထို့နောက် ပီလွန်က စကားစပြောသည်။ ပင်လယ်ဓားပြအတွက် သောက ရောက်လွန်းသဖြင့် သူငယ်ချင်း အားလုံး အသက်ပင် ဆုံးရှုံးရတော့မလောက် ဖြစ်နေကြကြောင်း၊ သို့သော်လည်း ပင်လယ်ဓားပြကသာ သူတို့နှင့် အတူ နေမည်ဆိုပါမူ သူတို့အားလုံး အိပ်ပျော်စားဝင်ဖြစ်ပြီး စိတ်လည်း ချမ်းသာကြ ရလိမ့်မည် ဖြစ်ကြောင်း ရှင်းပြ သည်။
 
ဤစကားများသည် ပင်လယ်ဓားပြအဖို့ အကြီးအကျယ် ထိတ်လန့် ချောက်ချားစရာ ဖြစ်သွားသည်။ သူသည် သူ့ လက်များ ကို စိုက်ကြည့်နေသည်။ ပြီးတော့ သူ့ခွေးများကို လှမ်းကြည့်သည်။ သို့သော် ခွေးများက သူ့ကို မကြည့် နိုင်ကြပေ။ နောက်ဆုံးတွင် သူသည် ၀မ်းသာပျော်ရွှင်လွန်း၍ စို့နေသော သူ့မျက်လုံးများထဲမှ မျက်ရည်စ များကို လက်ခုံနှင့်သုတ်သည်။ မျက်ရည်စများ ပေသွားသော သူ့လက်ခုံကို သူ့မုတ်ဆိတ်မွေးကြီး နှင့်ပွတ်၍ သုတ်ပစ်သည်။

" ခွေးတွေကိုရောလား " ဟု ခပ်တိုးတိုးမေးသည်။ " ခင်ဗျားတို့က ခွေးတွေကိုပါ လာပြီး နေစေချင်တာလား၊ ခင်ဗျားတို့အားလုံး ခွေးတွေနဲ့လည်း သူငယ်ချင်းတွေပဲလား"
ပီလွန်က ခေါင်းညိတ်ပြသည်။ " အေးပေါ့၊ ခွေးတွေလည်း ပါရမှာပေါ့၊ ခွေးတွေအတွက် တစ်နေရာ သီးသန့် လုပ် ပေးမယ်လေ "
ပင်လယ်ဓားပြသည် များစွာ ဂုဏ်ယူလျက် ရှိသည်။ သူ့ကိုယ်သူ မထိန်းနိုင် မသိမ်းနိုင် ဖြစ်သွားမည်ကိုပင် စိုးရိမ် ပူပန်လျက်ရှိသည်။ " အခု ခင်ဗျားတို့ ပြန်ကြတော့ဗျာ" ဟု တောင်းပန်သံဖြင့် ပြောသည်။ " အခု ခင်ဗျား တို့ အိမ် ပြန်ကြပါ၊ မနက်ဖြန်ကျတော့ ကျွန်တော် လာခဲ့ပါ့မယ် "

ပင်လယ်ဓားပြ မည်ကဲ့သို့ ခံစားနေရသည်ကို သူတို့အားလုံး နားလည်ကြသည်။ သူတို့သည် ကြက်တဲတံခါးမှ လေးဖက်တွား၍ ပြန်ထွက်လာကြပြီး ပင်လယ်ဓားပြကို တစ်ယောက်တည်းထားကာ ပြန်လာခဲ့ကြလေသည်။
" ငါတို့နဲ့သာ အတူနေလို့ကတော့ ဒီကောင်ကြီး ပျော်သွားမှာပါကွာ" ဟု ဂျီးဆပ်စ်မေရီယာက မှတ်ချက်ချ သည်။
" အလွန် သနားစရာကောင်းလောက်အောင်ကို အထီးကျန်နိုင်တဲ့ လူတစ်ယောက်ပါကွာ" ဟု ဒင်နီက ထောက်ခံသည်။ " တကယ်လို့ စောစောက တည်းကသာ ငါသိရင် သူ့မှာ ငွေရှိရှိ မရှိရှိ ငါခေါ်ပြီးတာ ကြာလှပြီ ပေါ့ကွာ "
သူတို့အားလုံး ပျော်မြူးနေကြလေသည်။

အသစ်ပေါ်ပေါက်လာသော ပေါင်းသင်းဆက်ဆံရေးသည် ချက်ချင်းပင် အဆင်ပြေသွားသည်။ ဒင်နီက ဧည့် ခန်းမ ၏ ထောင့်တစ်နေရာတွင် အပြာရောင် မြေဖြူခဲ တစ်ခဲဖြင့် စက်ဝိုင်းခြမ်းတစ်ခြမ်း ရေးဆွဲပြီး အိမ်ထဲ၌ ရှိနေ ချိန်တွင် ခွေးများနေရမည့်နေရာ သူ သတ်မှတ်ပေးသည်။ ပင်လယ်ဓားပြကိုလည်း ထိုသတ်မှတ် နယ်မြေ အတွင်း ၌ ခွေးများနှင့်အတူ အိပ်ရမည်ဟု နေရာချထားပေးသည်။

လူ ငါးယောက်နှင့် ခွေးငါးကောင်ရှိနေသော အိမ်သည် အနည်းငယ် ကျဉ်းလာသည်။ သို့သော်လည်း ပထမအတူ နေစတွင် သူတို့အမြင်သည် တစ်မျိုးဖြစ်လာသည်။ ပင်လယ်ဓားပြကို အခုလို ဖိတ်ခေါ်၍ အိမ်၌ အတူတူ နေထိုင်ခြင်းသည် သူတို့ကို မကောင်းမှုပြုခြင်းမှ အကာအကွယ် ပေးနေသည့် ကောင်းကင်တမန် နတ်သား ၏ လုံ့ဆော် တိုက်တွန်းမှုကြောင့် ဖြစ်သည်ဟု ဒင်နီနှင့် သူ့အပေါင်းအသင်းများက ယူဆကြ လေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>