Showing posts with label မစန္ဒာ ၏ မစပ်သောငရုပ်. Show all posts
Showing posts with label မစန္ဒာ ၏ မစပ်သောငရုပ်. Show all posts

Tuesday, December 11, 2012

မစန္ဒာ ၏ မစပ်သောငရုပ်, အပိုင်း (၇) ဇာတ်သိမ်းပိုင်း

"ဟေ့... ဟေ့... ဗျို့"
ကားမောင်းသူက အားနာသလို လှမ်းကြည့်ပြီးမှ မနွဲ့ရည်ကို မြင်တော့ ဗလုံးဗထွး ထအော်သည်။ ကား စက်ကို ချက်ချင်း သတ်ကာ ရပ်လိုက်သည်။
"ဟေး... မနွဲ့ရည် မဟုတ်လား" "ဟုတ်ပါ့ရှင်... ကိုခင်ထွန်းရဲ့"
"ကြည့်စမ်း ဘယ်လိုဖြစ်နေတာလဲ၊ စားသောက် ကောင်းတယ်ထင်တယ်၊ ဝလို့ ဖီးလို့၊ ကြည့်ပါဦးဗျာ၊ ဘီးဆံပတ်ကြီး နဲ့ အဘွားကြီးကျနေတာပဲ"
"အဘွားကြီး ပဲရှင့်၊ ကျွန်မအသက် သုံးဆယ့်ငါးနှစ်တောင် ပြည့်တော့မယ်၊ ကြီးပြီပဲဟာကို... ရှင်ကရော ဘီယာတွေ တနေ့ကို ဘယ်နှစ်ပုလင်းလောက် သောက်နေလို့ ဒီလောက် ဝနေတာလဲ"
မနွဲ့ရည်က သူငယ်ချင်းဟောင်းနှင့်တွေ့ရ၍ ရုတ်တရက် ပျော်သွားသည်။ မိုးရေထဲတွင်ပင် ရပ်၍ ဝမ်း သာအားရ ကျယ်ကျယ်လောင်လောင် ပြောမိလေသည်။
ကို ဆက်ဖတ်ရန် ........

"ဒါနဲ့...၊ အခု ဘယ်သွားမလို့လဲ"
"အိမ်ပြန်မလို့လေ"
"အိမ်က ဘယ်မှာလဲ"
"တောင်ဥက္ကလာမှာ"
"ဒီထက် ဝေးဝေးလေး နေရောပေါ့ဗျာ... ကတဲ၊ ကဲ... လာတက်... လိုက်ပို့မယ်"
"အားနာစရာကြီးပါလား"
"တခြားလူတွေမှ မဟုတ်ပဲဗျာ၊ ပိုးဖော်ပိုးဘက် တွေပဲ"
ကိုခင်ထွန်းက တဟားဟားရယ်ကာ ပြောသည်။ ဆယ်ကျော်သက်ကလေးမဟုတ်တော့၍ မနွဲ့ရည်က ရှက်စိတ်ငွေ့ငွေ့လေးပင် မဝဲချေ။ ရွှင်ပျော်စိတ်နှင့်သာ ရယ်မောမိတော့သည်။
"ကားကြီးက ကောင်းလိုက်တာ၊ ဘယ်က ငှားလာတာလဲ"

"သင်္ဘောသားပါဗျ၊ မရောင်းခင်တော့ စီးနိုင်ပါတယ်"
"ချမ်းသာတယ်ပေါ့နော်"
"ချမ်းသာပြီလားဗျာ၊ ကားရောင်းပြီးယင် မြေဝယ်မယ်၊ အိမ်ဆောက်မယ်ဗျ၊ ခင်ဗျားက စိတ်ကူးလွဲခဲ့တာ ကိုး နို့မို့သာဆို ကျွန်တော့်အိမ်မှာ ခင်ဗျားနေရမှာ"
ကိုခင်ထွန်း က နောက်ပြောင်နေပြန်သည်။
"ကျွန်တော်လဲ ခင်ဗျားကို မရတာနဲ့ စိတ်ညစ်ပြီး တွေ့ကရာ မိန်းမတွေ လျှောက်ယူပစ်တာ ကမ္ဘာအနှံ့ပဲ၊ ဂျပန်မှာ တယောက်၊ စင်္ကာပူမှာ တယောက်၊ ယိုးဒယားမှာ တယောက်၊ မလေးရှားမှာ တယောက်..."
"ကိုခင်ထွန်းက ကျောင်းတုန်းကနဲ့ မတူတော့ဘူးနော်"
"ဘာမတူတာလဲ"
"အယင်တုန်း က ဒီလောက် ရယ်စရာ မပြောတတ်ဘူး"

"အယင်တုန်းကတည်းက ဒီလိုပါပဲဗျာ၊ ဒါပေမယ့် အဲဒီတုန်းက ခင်ဗျားကို ပိုးနေတော့ ခင်ဗျားရှေ့ကျ အထင်များကြီးမလား လို့ ခပ်တည်တည် နေရတာပေါ့၊ အခုကျတော့ အဲဒီစိတ်တွေမှ မရှိတော့တာ"
မနွဲ့ရည်၏ရင်ထဲတွင် နွေးကနဲ ဖြစ်သွားသည်။ သူငယ်ချင်းမိတ်ဆွေတို့၏ဖြူစင်သော၊ ရိုးသားသော၊ ခိုင် မြဲသောမေတ္တာတရား ကို ကိုခင်ထွန်း၏ အပြုံးတွင် အထင်းသား တွေ့လိုက်ရသည်။
မိုးက တဖြည်းဖြည်း  ပိုပြီးသည်းလာသည်။ ကိုခင်ထွန်းက ကားကိုကျင်လည်စွာမောင်းနေသည်။ ကားရှေ့မှန် တွင် ဘယ်ညာယိမ်းနွဲ့နေသော မှန်သုတ်တံလေးကို မနွဲ့ရည်က ကြည့်ကောင်း ကောင်းနှင့်ငေး၍ ကြည့်နေမိ သည်။ ကိုခင်ထွန်းက အိမ်ဆောက်မည်ဟု ပြောတော့မှပင် မနွဲ့ရည်သည်လည်း ဗိသုကာ သူငယ်ချင်းများဆီသို့ သွားရဦးမည် ကို သတိရသည်။

တနေ့တနေ့နှင့် ရက်ရွေ့နေမိသောကြောင့် ယခုထိမသွားဖြစ်သေး။ တနေ့တုန်းကတော့ ကီလီဈေး အပြင်တန်းတွင် ဈေးလာဝယ်သော မချိုနှင့်ဖြတ်သွား ဖြတ်လာဆုံမိသေးသည်။ တသိန်းခွဲတန် သစ်သားအိမ်လေး တလုံးလောက် ဆွဲပေးရန်ပြောတော့၊ "ဟာ... မနွဲ့က အိမ်ဆောက်တော့ မယ်လား၊ ဟန်ကျ တယ်ဟေ့၊ ဆွဲပေးမယ်... ဆွဲပေးမယ်၊ ချိုတို့လဲ ကိုယ်ပိုင်အိမ်လေး ဆောက်ချင်လို့ ပိုက်ဆံစုနေတာ တထောင့်ငါးရာလောက်တော့ ရပြီ၊ တသိန်းပြည့်ဖို့ ကိုးသောင်းရှစ်ထောင့်ငါးရာလောက်ပဲ လိုတော့တယ်" ဟု ရယ်မော ၍ ပြောသွားလေသည်။
"အင်း... ပြောပြီးတော့လဲ ပြီးပြီပဲ။ မေ့ပြီထင်ပါရဲ့၊ အိမ်ပုံစံက ခုထိကို ရောက်မလာသေးဘူး"
မနွဲ့ရည် ကတွေးယင်း ပြုံးမိသည်။ ငွေရင်း ခုနစ်ရာနှင့် စခဲ့သော သူ့လုပ်ငန်းသည်၊ ဆယ်နှစ်ခန့် အတောအတွင်း တွင်ပင် အဆပေါင်းများစွာ ပွားလာပြီဖြစ်သည်။

အိမ်တွင်လုပ်နေသော ငါးပိ၊ ငံပြာရည်၊ ငါးခြောက်လုပ်ငန်းကပင် လူအင်အား အတော်သုံးရသည်။ ထမင်းကျွေး၊ အဝတ်ကြမ်းဆင်၊ တလသုံးရာ၊ အလုပ်သမားက သုံးယောက်၊ တလနှစ်ရာ၊ အလုပ်သမားက လေးယောက်၊ သို့သော် သူတို့ အကုန် လုံးက ဆွေမျိုးနီးစပ်များဖြစ်သည်။ မနွဲ့ရည်က သူတို့ကို ညကျောင်းတက်ခိုင်းသည်။ စာမေးပွဲဖြေ ခိုင်းသည်။ ထို့ကြောင့် တခါတရံ အရေးပေါ် အလုပ်များလျှင် နေ့စားတွေခေါ်ရသေးသည်။ တလောတုန်း က ရခိုင်ဘက်တွင် ဖမ်းမိသော ပိဿာချိန်တထောင်ကျော်ရှိသော ငါးမန်းကြီးကိုလိုချင်သူ၊ ငါးခြောက်ခွဲ ချင်သူ အတော်လေးများ သည်။ မနွဲ့ရည်ကတော့ အသာလေး နောက်ဆုတ်နေချင်သည်။ ငါးကကြီး လွန်းလျှင် အဆီများသည်။ ငါးခြောက်ခွဲပြီးလှမ်းလျှင် အဆီတွေ စစ်ကျသွားပြီး အသားက ဘာမှမတင်သည် ကို အတွေ့အကြုံအရ သိထားလေသည်။
"မနွဲ့ရည် ဘယ်က ပြန်လာတာလဲ"
"ကီလီကလေ"
"ဈေးသွားဝယ်တာလား"
"ဘယ်ကလာ... ဈေးသွားရောင်းတာရှင့်"
"သြော်... ငါးပိ၊ ငံပြာရည်လား"

"ကျွန်မ ကီလီမှာ ငါးရောင်းနေတာ ကိုခင်ထွန်း မသိသေးဘူးထင်တယ်၊ ကျွန်မက ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အလုပ်ကို အိမ်က လူတွေနဲ့ လွှဲထားပြီး၊ ဒီမှာ ငါးအစို လာရောင်းသေးတယ်"
"သြော်... လောဘတွေ... လောဘတွေ"
ကိုခင်ထွန်းက ရယ်သွမ်းသွေးပြန်သည်။
"ကိုယ်တတ်တဲ့ပညာကို ဘယ်လိုအသုံးချပြီး နိုင်ငံတော်အကျိုး ဘယ်လိုပြုလိုက်မယ်ဆိုတာတွေ မပြော တော့ဘူး လား ဒေါ်နွဲ့ရည်ရဲ့"
မနွဲ့ရည်၏ မျက်နှာသည် ရှိန်းကနဲ ပူသွားသည်။ ရင်ထဲတွင် ဗလောင်ဆူ၍ လှုပ်ရှားလာသည်။ ထို့နောက် မချိပြုံး ပြုံးမိလေ သည်။
"အခု ကျွန်မ မိဘမောင်နှမတွေကို ကောင်းကောင်းကျွေးနိုင်တယ်။ သမီးလေးကိုလဲ ကောင်းကောင်း ကျွေးနိုင်၊ ဆင်နိုင်တယ်၊ အိမ်မှာ မောင်ဝမ်းကွဲတွေကို ထမင်းကျွေး၊ အလုပ်ပေးပြီး ကျောင်းထားပေး ထားတာတွေလဲ တလှေကြီးပဲ၊ ထွန်းထွန်း အမေလဲ အခု ကျွန်မ အိမ်မှာပဲ။ တနေ့တနေ့ ထမင်းချက်ရတာ၊ ဟင်းချက်ရတာ အလှူအိမ် လို ချက်နေရတာ။ ဒါပေမယ့် ကျွန်မဝင်ငွေနဲ့ ကျွန်မ ချက်နိုင်တယ်။ ကျွေးနိုင်တယ်၊ လက်ထဲမှာလဲ စုမိဆောင်းမိသေး တယ်။ ကဲ... အဲဒီလိုဘဝကို ရှင်က မအောင်မြင်ဘူး ပြောချင်လို့သာ ကိုခင်ထွန်းရဲ့"

"မပြောဝံ့ပါဘူးဗျာ"
"ဒါပေမယ့် ကျွန်မ ပျော်တယ်ထင်သလားဟင်...၊ သိပ်ပျော်နေတယ်၊ သိပ်ကျေနပ်နေတယ် ထင်သ လား၊ အပတ်တကုတ် သင်ခဲ့ရ တဲ့ ပညာလေးကို မေ့ပြီထင်သလား၊ လွှင့်ပစ်လိုက်ပြီ ထင်သလား...၊ ကျွန်မ ခေါင်းထဲက ဦးနှောက် ကို အကန့်လုပ်၊ အခန်းဖွဲ့ပြီး အဲဒီပညာကို သိမ်းထားပါတယ်။ အခွင့်အခါ သင့်ယင် အခြေအနေပေး ယင် ထုတ်ပြီး အသုံးချချင်ပါသေးတယ်"
မနွဲ့ရည်က ပြောယင်း မျက်ရည်ဝဲလာသည်။ နောက်ပြောင်ရယ်မောနေသော ကိုခင်ထွန်း၏မျက်နှာ သည်လည်း တည်ကြည် သွားသည်။ မနွဲ့ရည် ကို စာနာစွာ လှမ်း၍ ကြည့်သည်။
"ကျွန်တော် လဲ ဒီလိုပါပဲ မနွဲ့ရည်ရယ်"

ကိုခင်ထွန်းက ခပ်တိုးတိုးပြောကာ ကားလီဗာကို ဖိ၍နင်းသည်။ ကားကလေးက တရိပ်ရိပ်နှင့် ပြေး သည်။ မိုးစက်မိုးမှုန်လေး များက ကွဲကြေလွင့်စဉ်ပြီး ကျန်ရစ်ခဲ့သည်။
ထိုနောက်တွင်တော့ သူတို့နှစ်ယောက် စကားမပြောမိ၊ မရယ်မောမိကြတော့ပေ။ ကိုယ့်အတွေးနှင့် ကိုယ် ငြိမ်၍နေမိ ကြ သည်။ တောင်ဥက္ကလာရောက်တော့ ကားလမ်းက ကြမ်းလာသည်။ ကိုခင်ထွန်းက လမ်းပေါ်မှ ချိုင့်ခွက်များကို သတိထားပြီး ရှောင်၍မောင်းနေသည်။ "ကျွန်မကို လိုက်ပို့ရတာ ရှင့်ကား လေးတော့ အတော်နာ သွားပြီ၊ တထောင်လောက် ဈေးလျှော့တော့မှာပဲ" ဟု နောင်ပြောင်ရန် စဉ်းစားမိ သော်လည်း စိတ်ထဲတွင် မရွှင်လှ ၍ ဘာမျှမပြောဖြစ်။
"ရပ်တော့ ကိုခင်ထွန်း၊ အဲဒီလမ်းထိပ်မှာပဲ ရပ်တော့၊ ကျွန်မ ဆင်းလျှောက်သွားတော့မယ်"
မနွဲ့ရည် က ငွေအိတ်ကိုပိုက်ကာ ကားပေါ်မှ ဆင်းသည်။ ခေါက်ထီးကို ဖွင့်ဆောင်းသည်။

"ဟောဒီမှာ အထုပ်တထုပ်...၊  ကားထဲ ပါလာယင်တော့ ပြန်မရဘူးနော်၊ တခါတည်း ယူထားလိုက် မှာ၊ မှန်း... ကြည့်စမ်းမယ် ရွှေတွေများလား"
ကိုခင်ထွန်းက ကားထဲတွင် ပါလာသော အိတ်တအိတ်ကို လှမ်းပေးသည်။ ဈေးကဝယ်လာသော ငရုတ်သီး အတောင့်ကြီး များဖြစ်သည။
"ငရုတ်သီးတွေလေ၊ အစာသွတ်ပြီး နှပ်ယင် ကောင်းတယ် ဆိုတာနဲ့"
"မစပ်ဘူးလားဗျာ"
"ဟင့်အင်း... မစပ်ဘူး"
"သြော်... မစပ်တဲ့ငရုတ် လဲ ရှိသေးတယ်နော်"
ကိုခင်ထွန်းက ကားစက်နှိုးယင်း ပြုံး၍ပြောသည်။ တဆက်တည်းပင် "သွားတော့မယ်" ဟု လက်ပြ၍ နှုတ်ဆက်သည်။ ကားကလေးလည်း ရိပ်ကနဲ ပြေးထွက်သွားလေသည်။
မနွဲ့ရည် သည် လျှပ်ပန်းလျှပ်နွယ်များနှင့် ပြိုးပြက်လက်နေသော ကောင်းကင်ကို မော်ကြည့်ယင်း မိုးရေထဲတွင် ရပ်နေမိသည်။ ဟိုး ငယ်ငယ်ကလေးဘဝတုန်းက အဖေပြောခဲ့သော စကားကို ဖြတ်ကနဲ သတိ ရသည်။ "ငရုတ်သီးဖြစ်ပြီး မစပ်ယင် ဒီငရုတ်သီးဟာ တာဝန်မကျေတဲ့ ငရုတ်သီးပဲ" တဲ့။

မျက်လုံးအိမ်တွင် စိမ့်အိုင်ဝေ့လည်လာသော မျက်ရည်များက မိုးထုများနှင့်အတူ ပါးပြင်ပေါ်သို့ စီးကျ လာသည်။ ထို့နောက် ရင်ထဲ မှာ တီးတိုး ပြောလိုက်မိသည်။
"ကိုခင်ထွန်းရယ်... ရှင်ရော ကျွန်မရော ဟောဒီက ငရုတ်သီးတွေလိုပဲ။ မစပ်တဲ့ ငရုတ်တွေဆိုတာ ရှင် သိရဲ့လား"
မနွဲ့ရည် သက်ပြင်းတချက်ရှိုက်သည်။
ထဘီ ကို လက်တဘက်နှင့်မယင်း မိုးရေထဲတွင် လမ်းလျှောက်လာသည်။

အယင်တုန်းကတော့ အင်ဂျင်နီယာ မနွဲ့ရည်၊
အခုတော့ ငါးပွဲစား မနွဲ့ရည်၊
ဘာဖြစ်သေးလဲ၊
ဘယ်သူ ဘာပြောချင်သေးလဲ... ကဲ...။

ပြီးပါပြီ
မစန္ဒာ

ဝန်ခံချက်။    ။ကီလီဈေးမှ ဒေါ်နွဲ့ကိုအကြောင်းပြု၍ မနွဲ့ရည်ကို ဖန်တီးပါသည်။ သို့သော် ဒေါ်နွဲ့ သည် မနွဲ့ရည်မဟုတ်ပါ။

.
>>>ဆက်ဖတ်ရန်>>> >>

Monday, December 10, 2012

မစန္ဒာ ၏ မစပ်သောငရုပ်, အပိုင်း (၆)

"ပညာမတတ်ခင် ကတော့ ပညာရှာရမှာပေါ့ ကိုကြီးရာ၊ ဝိုင်းတွယ်ကြလို့ အတွယ်ခံရလဲ အဲဒါ ပညာပေါ့၊ ဘယ်လို တွယ် လဲ သိရတော့ နောက်တခါ အတွယ်မခံရဘူးပေါ့ ဟုတ်ဘူးလား၊ ဟောဒီမှာ ကြည့်ထား စမ်းပါ ကိုကြီး ရဲ့၊ နွဲ့ရည် က တပည့်ဘဝမှာ ဘယ်တော့မှ ကြာရှည်မနေပါဘူး" "အေး လုပ် လုပ်၊ နင်က နင် လုပ်ချင်ရာကို ဖြစ်အောင် လုပ်တတ်တဲ့ မိန်းမပဲ နောက်တော့သာ တကိန်ကိန်အော်ပြီး ပြေး မလာနဲ့" ကိုကြီးသာခင် က ကရုဏာဒေါသော ပြောသည်။ သို့သော် ကူညီစရာရှိသည်များကိုတော့ ကူညီရှာ လေသည်။ ကို ဆက်ဖတ်ရန် ........

သို့နှင့်ပင် နွဲ့ရည်တယောက် ကီလီဈေးသို့ ရောက်ခဲ့သည်။ စပါးခွံများ အထပ်ထပ်နှင့် ပျော့အိနေသော ရွံ့မြေကို နင်းကာ ငါးစိမ်းတန်းထဲဝင်ခဲ့သည်။ ရေခဲခွဲသံက တဂျီးဂျီးနှင့် ဆူညံနေသည်။ ငါးနံ့က ညှီနေ သည်။ ရေခဲငွေ့ များနှင့် အေးနေသောလေက မျက်နှာကိုသာမက တကိုယ်လုံးကို ဆီးပြီး ရစ်ပတ်လိုက်သည်။ အသည်းထဲ တွင် အေးကနဲ ဖြစ်သွားသည်။
စူးစူးစမ်းစမ်းနှင့် ဝိုင်းပြီး ကြည့်ကြသော မျက်လုံးများကို ရင်မဆိုင်ရဲ၊ အနွေးအင်္ကျီကို လက်နှစ် ဘက်နှင့် တင်းတင်းစု ဆွဲကာ တလှမ်းချင်း လျှောက်ဝင်လာသည်။
ဘာပဲပြောပြော အားကတော့ အငယ်သားပင်။

"နင်တို့အစ်မ မနေ့မနက်တုန်းက ဘယ်လိုဖြစ်တာလဲ"
"ဟာဗျာ... အဲဒီသားအမိ က ကြွေးသုံးရာကျော်မပေးပဲ ရှောင်နေတာကြာပြီဗျ၊ မရှိလို့ မပေးတာလဲ မဟုတ်ဘူး၊ သက်သက်ကျောနေ တာ"
"အေးလေ... ဆွဲထားလိုက်တဲ့ ရွှေဆွဲကြိုးကြီးကဖြင့် ပေါင်လုံးလောက်တုတ်တယ်"
"အဲဒါနဲ့ အစ်မ က တောင်းတော့ သူတို့ကပဲ ဆဲလားဆိုလားနဲ့၊ ထဘီများ ဆွဲလှန်လိုက်တာ ဟိုဒင်း တောင်ပေါ်တော့ မယ်၊ အစ်မက ဘာမှမပြောရသေးဘူး၊ သူတို့က ဆဲလိုက်တာ ဆိုလိုက်တာ မွှန်ထူ သွားတာ ပဲ၊ ကြားတယ် မဟုတ်လား၊ အဲဒီသားအမိက နာမည်ကြီးဗျ၊ လျှာကြမ်း အာကြမ်း ဆိုပြီး တော်ရုံ ကြွေး မတောင်းရဲကြဘူး"
"အေး... ကြမ်းတာ့ အတော်ကြမ်းတယ်"

"ဒီတော့ ကျွန်တော်တို့ ကလဲ အစ်မကို မြှောက်ပေးရတာပေါ့၊ ပြန်သာအော်လို့၊ ခံနေယင် ကျောသထက်ကျောမှာ၊ အစ်မ အသားကို ထိယင် ကျွန်တော်တို့ရှိတယ် မကြောက်နဲ့လို့ ဝိုင်းမြှောက် ပေးကြတာ၊ ဟား... ဟား... ပွဲကြီးပွဲကောင်း ပဲ၊ သူတို့လောက် မဆဲတတ်သေးပေမယ့်၊ ကျုပ်တို့ အစ်မကလဲ တိုးတက်လာပြီဗျ"
စကားသံ များက နားထဲတွင် မကြည်မလင် မပီမသနှင့် လုံးထွေးနေရာမှ တဖြည်းဖြည်း ကြည်လာသည်။ မနွဲ့ရည် မျက်လုံး ကို ဖွင့်ကြည့်လိုက်သည်။ မျက်နှာပေါ်သို့ အိကျနေသော ဝါကျင်ကျင် ခြေထောင်အမိုး ကို မြင်ရ သည်။
"အစ်မနွဲ့ရည်များ ဟယ် ဒီရောက်စတုန်းကပုံနဲ့တော့ အတော်ကွာလာပြီ၊ အဲဒီတုန်းကများ အနွေးအင်္ကျီလေးကို လက်နှစ်ဘက် နဲ့ စုဆွဲပြီး လမ်းလျှောက်ယင် သုတ်သုတ်သုတ်သုတ်နဲ့၊ ဘယ်သူ့ကိုမှလဲ မကြည့်ရဲ ဘူး၊ ပြန်မြင်ယောင် မိသေးတယ်"
မနွဲ့ရည် က ခြင်ထောင်ကိုမကာ အပြင်သို့ထွက်လိုက်သည်။ ရေခဲပွဲစား မလှတင့်နှင့် ကျော်ကျော် တို့က သူ့ကို ကျောခိုင်း ကာ စကားပြောနေကြသည်။

"ဟေ့... ဘာအတင်းပြောနေကြတာလဲ ဟေ့"
"ဟော... အစ်မ နိုးလာပြီလား"
မနွဲ့ရည် သည် ပြေကျနေသော ဆံပင်ကို စုသိမ်းပြီး ဝါးဘီးနှင့် တချက်နှစ်ချက် သပ်လိုက်သည်။ ထို့ နောက် ဝါးဘီး ကို နောက်၌စိုက်ကာ ဆံပင်များကို ရစ်ပတ်လိုက်သည်။
"ဘယ်နှစ်နာရီထိုးပြီးလဲ အစ်မ"
"တနာရီ ခွဲနေပြီ၊ ဓနုဖြူငါး မလာဘူး မဟုတ်လား"
"မလာဘူး၊ အစ်မရီတော့ ရောက်နေပြီ"
"ဘယ်နှစ်တာ ပါလာလဲ"
"ဆယ်တာ... ငါးကြင်း၊ ငါးမြစ်ချင်းနဲ့ ငါးခေါင်းပွပဲတဲ့"
အစီအရီ ချထားသော ထင်းရှုးသေတ္တာများကို မနွဲ့ရည် လှမ်းကြည့်လိုက်သည်။ မည်မျှ အိပ်ပျော် သွားလေသည် မသိ၊ ငါးများချသည် ကိုပင် မသိလိုက်။ မရီကတော့ ရေစည်ပေါ်တွင် ဒူးတလုံးထောင်ကာ ထိုင်ယင်း ဆေးလိပ် ဖွာနေ သည်။ အိပ်ရေးပျက်သော မျက်လုံးများက စင်းနေ သည်။

မနွဲ့ရည်က အတန်ငယ် တွန့်တက်နေသော အင်္ကျီကို ဆွဲဆန့်လိုက် သည်။ ခြင်ထောင်ကြိုးများ ကို ဖြုတ်ပြီး ခေါက် သိမ်းသည်။ မကြာမီ ရန်ကုန်တမြို့လုံးရှိ ဈေးတကာဈေးမှ ငါးစိမ်းသည် များ ရောက် လာတော့မည်။
သံပြားပတ်ထားသော ထင်းရှူးသေတ္တာများသည်ကား ဝင်လာမစဲ တသဲသဲပင်။ အထမ်းသမား များကို ဆိုင်ရာ ဆိုင်ရာ ဒိုင် များရှေ့သို့ ထမ်း၍ သွားကြသည်။ အစုလိုက်အပြုံလိုက် သူ့အစုနှင့်သူ ထပ်ထားသော ထင်းရှူးသေတ္တာ များထဲတွင် ရေခဲရိုက်ထားသော ငါးတွေ ပုစွန်တွေ အရွယ်ရွယ် အစားစားပါသည်။ ငါးပွဲစား၊ ပုစွန်ပွဲစားတွေ ကလည်း စာရင်းစာအုပ်ကလေးတွေနှင့် ဟန်ပြင်နေ ကြပြီ။ ငါးသည်များ ရောက်လာလျှင် ဒီငါးစိမ်းတန်းကြီး တခုလုံး အုံးအုံးထအောင် တိုးကြိတ်ပြီး ဆူညံနေတော့မည်ဖြစ်သည်။ သံပြားပတ်တွေ ကိုဖြည်ကာ သွန်ချလိုက်သော ငါးပုစွန်များသည် လည်း ကွန်ကရိ ကြမ်းခင်းတွင် အပုံ လိုက်နှင့် ဟီးထနေ မည်ဖြစ်လေသည်။ ငါးစိမ်းသည်တွေက ငါးကြီး၊ ငါးငယ်၊ ပုစွန်ကြီး၊  ပုစွန်ငယ် အရွယ်ရွယ် အစားစား ကို တောင်းကြီး တောင်းငယ် အသွယ်သွယ်နှင့် ထမ်း၍တမျိုး၊ ရွက်၍တဖုံ မိုးမလင်းမီ သယ်ထုတ်သွားကြ ပြီးနောက် ရန်ကုန်မြို့ အနှံ့အပြားတွင် သွား၍ ရောင်းချကြတော့မည်ဖြစ် လေသည်။

"မရီ အိမ်သာလိုက်ဦးမလား"
"မလိုက်တော့ဘူး အစ်မ"
မနွဲ့ရည် သည် ပိုက်ဆံထည့်ထားသော အိတ်ကိုလွယ်ကာ၊ အိမ်သာဘက်သို့ ထွက်ခဲ့သည်။ အိမ်သာ သွားရာ စင်္ကြံလမ်း တလျှောက်တွင်သော ပန်းသည်များရှိသည်။ ဇော်စိမ်းများ၊ ရွက်လှများ၊ ခိုင်ရွှေဝါများက အစည်းလိုက် အထပ်လိုက်နှင့် တောင်လို ပုံနေသည်။ ချိုအီသော ဒေါနပန်းရနံ့က အိမ်သာနံ့နှင့်ရောပြီး ဝေ့ပျံ့နေသည်။ ပန်းစည်းတွေကြား တွင်တော့ မှောက်လျက်အိပ်သူ၊ ပက်လက်အိပ်သူ၊ အိပ်စင်ငှား ပြီး အိပ်သူတွေနှင့် ပြည့်နေ သည်။
မနွဲ့ရည် အိမ်သာ က ပြန်လာတော့ ငါးစိမ်းတန်းလည်း စည်ကားစပြုနေပြီ။ မောင်ဆားတို့၊ သက်ထွေးတို့လည်း ငါးချိန် ရာ ရာဇူကိုပြင်နေကြပြီ၊ ကျော်ကျော်ကတော့ ဗေဒင်ဆရာခုံလေးပေါ် တွင် စာရင်းစာအုပ် တင်ယင်း ဒိုင်ပေါ်ရောက်နေပြီ ဖြစ်လေ သည်။
မနွဲ့ရည် ကတော့ ရေစည်ပေါ်တွင် နေရာယူသည်။ ရှောစောင်ကိုခြုံယင်း တင်ပျဉ်ခွေထိုင်သည်။

"ကဲ... ကိုကြာရိုး၊ ဖွင့်တော့"
ကိုကြာရိုးက ထင်းရှူးသေတ္တာ မှ သံပြားပတ် များကို သံတူရွင်းနှင့် ထိုးကော်ကာ ဖွင့်သည်။
"အဲဒါပြီးယင် ဒီဘက် က တာကိုဖွင့်အုံး"
ထင်းရှူးသေတ္တာ သုံးလေးလုံးဖွင့်ပြီး၊ အထဲတွင်ပါသော ငါးများကို ကျော်စိုးက မြှောက်၍ပြသည်။ မနွဲ့ရည်က လှမ်းကြည့်ပြီး ဈေးဖြတ် သည်။ ငါးသည်များကလည်း တောင်းများကိုပိုက်ယင်း ဟိုဒိုင်ကငါး သွားကြည့်လိုက်၊ ဒီဒိုင် က ငါးသွားကြည့်လိုက်နှင့် ဘယ်ငါးဝယ်သွားရကောင်းမလဲ၊ စဉ်းစားယင်း လူးလာခေါက်တုံ့ လျှောက်နေကြချေပြီ။
"ညီမလေးရေ... မယူတော့ဘူးလား၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ဟော... အစ်မမြရင်၊ ငါးကောင်းတယ် နော်"
မနွဲ့ရည် က ဈေးခေါ်သည်။ မျက်နှာကို ချိုချိုထားသည်။ ပိဿချိန်က တထောင့်ငါးရာခန့်မိုသာ မကုန်မှာတော့ မပူရ၊ အစောကြီး ကုန်မည်ဖြစ်သည်။ သို့သော် မြန်မြန်ကုန်လေ အလုပ်စောစော ပြီးလေမို့ မြန်မြန် ကုန်ချင်သည်။

မနွဲ့ရည်က ဈေးခေါ်ကောင်းသည်။ ငါ့ဒိုင်က ငါးဝယ်တာ သူတို့လဲ အကျိုးရှိလို့ ဝယ်တာ၊ သူတို့အကျိုး မရှိယင် ဘယ်သူက လာဝယ်မှာလဲ၊ အရေးစိုက်စရာ မလိုပါဘူးဟူသော စိတ်ကိုမထား၊ ဝယ်သူမှန်သမျှ ကို ကျေးဇူးတင် ရမည်ဟူသော ဈေးသည်စိတ်ကို မွေးသည်။ မျက်နှာချိုသည်။ စကားချိုသည်၊ အလေး မှန်သည်၊ ထို့ပြင် ဈေးလည်း မှန်သည်။ ငါးချင်း တူလျှင် သူ့ဒိုင်က ဈေးလျှော့ရမည်၊ ဈေးချင်းတူလျှင် သူ့ ဒိုင်က ငါးက ပို၍ ကောင်း ရမည်။
"ဒီထဲက ဘယ်ဈေးလဲ"
"ဘယ်ထဲကလဲ ဒေါ်ကျင်ရဲ့၊ ကျော်စိုး...၊ တကောင် မှောက်ပြစမ်း၊ ချ၊ နောက်တကောင်ပြအုံး၊ အင်း... ဆယ့်ရှစ် ထားနော် ဒေါ်ကျင်... အကောင်ကြီးတွေ၊ သိပ်ကောင်းတယ်၊ ဘာလဲ များတယ်ထင်လို့လား၊ စုံစမ်း အုံးလေ ဒေါ်ကျင် ရဲ့၊ သူများ ထက်တော့ ဈေးနည်းစေရမှာပေါ့၊ စိတ်ချ"

ဒေါ်ကျင် က ငါးကြင်း အချိန်တဆယ်ချိန်ခိုင်းသည်။ သုံးဆယ့်ရှစ်လမ်းဈေးမှ အမေဂျမ်းကတော့ ငါးခေါင်းပွဲတာ နားတွင်၊ ငါးခေါင်းပွ တကောင် ကိုင်ကြည့်လိုက် ပြန်ချလိုက်နှင့် ချီတုံချတုံ ဖြစ်နေသည်။ မနေ့တုန်းက အမေဂျမ်း ကို ရောင်းလိုက်သော ငါးခေါင်းပွများက လမ်းတွင် ကြာသွားသောကြောင့် သိပ်ပြီး မလတ်ဆတ်၊ အမေဂျမ်း ခမျာပြန်ရောင်း ၍ မျက်နှာပန်းတော့ သိပ်လှမည်မဟုတ်၊ ဈေးကောင်းလည်း ရမည်မဟုတ်။
"အမေဂျမ်း ယူလေ၊ အမေဂျမ်းရဲ့"
"စဉ်းစားနေတာ အေ ရယ် မနေ့တုန်းကလဲ ဘာမှမမြတ်လိုက်ဘူး"
"လျှော့ပေးလိုက် မယ် အမေရဲ့၊ ယူသွား၊ အဲဒီခေါင်းပွက နည်းနည်းပဲပါတာ၊ တဆယ်နဲ့ယူသွား၊ ဟေ့ အမေဂျမ်း ကို ခေါင်းပွတွေ ချိန်ပေးလိုက်၊ အချိန်တဆယ်လောက်ပဲ ရှိတယ် အမေ၊ အကုန်ယူမလား၊ ဟော... ညီမလေး ဘယ်ထဲက ငါးလဲ၊ ဟေ့... တကောင်ပြ... နောက်တကောင်ပြဦး"

မနွဲ့ရည်က တင်ပျဉ်ခွေထိုင်ယင်း ပါးစပ်ကလေးကသာ လှုပ်နေသည်။ သူ့အလုပ်သမားများက တာတွေကို ဖွင့်လိုက်ကြ၊ ချိန်လိုက်ကြ၊ စာရင်းမှတ်ကြနှင့် အကွက်စေ့စေ့လုပ်နေကြသည်။ ကျော်စိုးက ငါးကို တဘက် တကောင်စီ ကိုင်ကာ ဆွဲမြှောက်၍ပြသည်။
"ဆယ့်လေးထားမယ် ညီမလေးရဲ့၊ သူများဒိုင်မှာ စုံစမ်းပြီး များယင် လျှော့မှာပေါ့"
မနွဲ့ရည်၏ရှေ့ တွင် ငါးသည်များက တိုးကြိတ်နေကြသည်။ မနွဲ့ရည်၏ရှေ့တွင် သာမက ငါးစိမ်းတန်း ကြီး တတန်းလုံး ဆူညံနေသည်။ တိုးကြိတ်လှုပ်ရှားနေသည်။
မနွဲ့ရည် တို့ဒိုင်နှင့် ကပ်လျက်က ပုစွန်ဒိုင်တွင်တော့ ပုစွန်တုပ်တွေ၊ ဘော့ချိတ်တွေကို သမံတလင်းပေါ် သို့ ဖွေးကနဲ၊ ဖွေးကနဲ သွန်ချနေသည်။ မနွဲ့ရည်ထိုင်နေသော ရေစည်ဘေး တွင်ကား ငါးဖယ်များ အပုံလိုက် ရှိသည်။ ဦးစိုက် ကျွမ်းပျံ စုပုံနေသော ငါးဖယ်များ၏ အကြေးခွံ ဖြူဖြူများက ဝါကျင်ကျင် ဓာတ်မီး ရောင်ဝယ် တဖိတ်ဖိတ်နှင့် အရောင်လက် လျက်ရှိသည်။

ငါးဖယ်ပိုင်ရှင်ကား ဦးတရုတ်ကြီးဖြစ်သည်။ မနွဲ့ရည် ထိုင်နေသော ရေစည်ပေါ်တွင်ပင် မနွဲ့ရည်နှင့် ကျောချင်း ကပ်၍ ထိုင်လျက်ရှိသည်။ "ဆယ့် ကိုးကျပ် တပြားမှ မလျှော့ဘူး" ဟု ခပ်တင်းတင်း ဆိုကာ ဆေးလိပ်ဖွာနေ သည်။
မရီ ကတော့ မနွဲ့ရည်၏ဘေး တွင် ခပ်ကုပ်ကုပ်ထိုင်နေသည် သူသယ်လာသော ငါးများ လျော့လျော့ သွားသည်နှင့် သူ့မျက်နှာ ကလည်း ပြုံး၍ပြုံး၍ လာသည်။ တညအတွက် အရှုံးအမြတ်ကို စိတ်ထဲမှနေ၍ တွက်ချက်နေ မိသည်။ ယခုသူ တွံတေးရန်ကုန်ကို သုံးည သုံးခေါက်သာကူး ရသေး သည်။ ငွေနှစ် ထောင်လောက် မြတ်နေပြီဖြစ် သည်။ "ငါးစိမ်းသည်ဟူသည်မှာ အမည်က ဆိုးသော် လည်း ငွေ ကတော့ အတိုးသား" ဟု တွေးယင် အိပ်ချင်မူးတူးနှင့် ပြုံးသည်။ မနွဲ့ရည်ကိုလည်း သူအားကိုးသည်။ ယုံသည်။ တခြားဒိုင်တွေ ထက် ဈေးကိုလျှော့ ၍ ရောင်းသော်လည်း ကိစ္စမရှိ၊ မနွဲ့ရည်ဒိုင်တွင် တင်လျှင် ငါးလက် ကျန် မရှိ ရေခဲ မရိုက်ရ၊ ယိုင်မပတ်ရ၊ လက်ထဲတွင် ငါးကို အပုပ်မခံရ။

"ဟော အစ်မငွေရင်၊ ငါးမြစ်ချင်းလား"
"ငါမြစ်မချင်းနိုင်သေးဘူး ဒေါ်နွဲ့ရေ၊ ဟောဒီမှာ ကြယ်သီးတလုံး ပျောက်နေလို့"
"ဟောတော့ ဒီနား မှာလား"
"ဒီနားမှာ... ခုတာတုန်းက ဟိုပိန်ပိန်၊ သွားခေါခေါ အကောင်မရဲ့တောင်းနဲ့ ငြိသွားတယ်ထင်တာပဲ၊ ဟို ဘက်နားရောက်တော့ ကြယ်သီး တလုံး မရှိတော့ဘူး၊ သေနာမ၊ သွားခေါမ၊ လင်တရူး၊ ရှပ်ပျာရှပ်ပျာနဲ့ ဘယ်လင် ဆီသွားဖို့ ဒီလောက် အရေးကြီးနေသလဲ မသိဘူး"
ဒေါ်ငွေရင် က ငါးညှီရည်တွေ ရွှဲရွှဲစိုနေသော သမံတလင်းပေါ်တွင် တကုန်းကုန်း တကွကွ နှင့်ရှာသည်။ ကိုယ့်ကိစ္စနှင့်ကို ယ်မို့ သူ့ရွှေကြည်သီးကိုလည်း  ဘယ်သူမှကူ၍ ရှာပေးမနေနိုင်ကြ။ မနွဲ့ရည်တို့က ငါးကုန်ဖို့ အရေးကြီး သည်။ ငါးသည်တွေကလည်း မိုးမလင်းမီ ဈေးကိုရောက်ဖို့ အရေးကြီးသည်။ ထို့ကြောင့် ကုန်းကုန်း ကွကွလုပ်နေသော ဒေါ်ငွေရင်ကို တွန်းကာတိုက်ကာဖြင့် တိုးဝှေ့သွားနေကြ သည်။
"အစ်မ မနေ့ က ဘယ်ဈေးဖြတ်လဲ"

"ဟော ဆွာမိ၊ နေအုံး နင်ယူတာ ဘာပါလိမ့်"
"ငါးကြင်းပေါက်လေ၊ ပိဿာတဆယ်တည်းပါ"
"ဆယ့်နှစ်ဖြတ်တယ် ဟဲ့၊ ဒီနေ့ရော မယူတော့ဘူးလား၊ အမေဂျမ်းရေ... မနေ့က ငါးဖိုးလေးတော့ ရှင်း သွားဦးနော်"
ဆွာမိပေးသောငွေ ကို ရေတွက်ကာယူသည်။ ထို့နောက် အိတ်ထဲ ထိုးထည့်လိုက်သည်။ အမေဂျမ်းကလည်း သူ့ချွေးခံအင်္ကျီ ညစ်ညစ်ထဲမှ ဆယ်တန်နွမ်းနွမ်းများကို ဆွဲထုတ်နေသည်။ မနေ့က ငါးဖိုးကိုရှင်းပြီး ဒီနေ့ငါးသစ် ထပ်ယူကြမည်။ သူတို့တွေနှင့် စာရင်းရှင်း၍ ပြီးလျှင် မနွဲ့ရည်သည် မရီနှင့် စာရင်းရှင်းရမည်ဖြစ်လေသည်။ အကြွေးတောင်း ဖို့ကတော့ မနွဲ့ရည်၏ တာဝန် အကြွေးတောင်း၍ မရလျှင်လည်း နွဲ့ရည်ကပင် ကြားက စိုက်ရမည်။ မရီ က မနွဲ့ရည်အား တပိဿာလျှင် ငါးမူးမျှ ပွဲခပေးထားပြီးပြီမို့ ရောင်းရသမျှ ငါးအချိန်ကို သူ့ဈေးနှင့် သူ မနွဲ့ရည် က ပြန်၍ ရှင်းပေးရမည်ဖြစ်သည်။ ကြွေးဆုံးလျှင်တော့ မနွဲ့ရည် ရှုံးပြီဖြစ်သည်။

"ဟဲ့ အကောင်မ၊ ငါ့ကို ဘာလို့ တွန်းရတာလဲ"
"ရှင်ကရော၊ ဘာကိစ္စ လူကြားထဲမှာ ကုန်းကွ ကုန်းကွ လုပ်နေရတာလဲ။ သွားရလာရတာ ကျပ်ရတဲ့အထဲ"
"ဒီမှာ ကြယ်သီးပျောက်လို့ဟဲ့"
သမံတလင်းပေါ် လေးဘက်ထောက် ကျသွားသော ဒေါ်ငွေရင်က ရှူးရှူးရှဲရှဲ ဖြစ်နေသည်။ ခုနစ်သံချီ ဟစ်လိုက် မည်ကြံသော်လည်း တဘက်ကလည်း နှုတ်သီးကောင်း လျှာပါးမို့ လေကို လျှော့လိုက်သည်။ ဒီအချိန်က ရန်ဖြစ်ဖို့အချိန် မဟုတ်သေး သုတ်သုတ်ဝယ် သုတ်သုတ်ပြေး၍ သုတ်သုတ်လေးရောင်းရ မည့် အချိန်ဖြစ်သည်။
"အစ်မရေ ကုန်တော့မယ်"
"အင်း... အဲဒီတာဖွင့်ပြီးယင်တော့ ကုန်ပြီ"

မနွဲ့ရည်က လက်ပတ်နာရီကို ငုံ့ကြည့်သည်။ လေးနာရီပင် မထိုးတတ်သေး၊  ငါးကုန် လျှင် ကြွေးလိုက်တောင်း ရမည်။ ဖန်နေသော မျက်လုံးကို လက်နှင့်ပွတ်လိုက်ပြီး မသိမသာ သမ်းလိုက်မိသည်။
"ဒီတခါ အစောကြီး ပြတ်တယ်နော် အစ်မ"
မရီ က ဆေးလိပ်ကလေးဖွာကာ ပြုံးနေလေသည်။ မနွဲ့ရည်ကမူ ထွန်းထွန်းကို ဖြတ်ကနဲ သတိရသည်။ ထွန်းထွန်း သာ သူ့ကို ယခုလို ရေစည်ပေါ်တွင် တင်ပျဉ်ခွေလျက်သားတွေ့လျှင် ဘာများပြောလေမည် မသိ။ အံ့သြသွား မည်လား၊ ဝမ်းနည်းသွားမည်လား၊ ဝမ်းသာချီးကျူး မည်လား၊ ဒါမှမဟုတ် လှောင်ပြောင်ပြီး ရယ်ပင် ရယ်လေမည် လား မနွဲ့ရည် မတွေးတတ်။
"ရော့ အစ်မ...၊ မနေ့က ငါးဖိုး"
"ကျေးဇူးတင်လိုက်တာ ဟယ်"
ငါးဖိုးငွေများ ကို ရပြန်တော့လည်း မနွဲ့ရည် ထွန်းထွန်းကို အခိုက်အတန့် မေ့ထားလိုက်ရပြန်သည်။ ငွေ များ ကိုတော့ အသေအချာ ရေတွက်ရသည်။
"တဆယ် နှစ်ဆယ် သုံးဆယ် ရှစ်ဆယ်၊ တရာ တရာ့ငါးဆယ် နှစ်ရာ သုံးရာ လေးရာ ခြောက်ရာ၊ တထောင် ထောင့်တရာ ထောင့်နှစ်ရာ..."

ဆယ်နာရီထိုးပြီ။
ကီလီဈေး၊ ငါးစိမ်းတန်းတွင်လည်း လူရှင်းစပြုပြီ။
မနွဲ့ရည် သည် ငွေအိတ်ကိုလွယ်ကာ ငါးတန်းထဲမှ တလှမ်းချင်းထွက်လာခဲ့သည်။ ငါးတကောင်ကိုမျှ လက်နှင့် မထိမတို့ပဲ၊ ငါးပိဿာချိန် ထောင့်ငါးရာလောက်ကို ထိုင်ရာမှ မထပဲ ရောင်းခဲ့ပြီးပြီ။ လက်ကျန် ကြွေးများကိုလည်း အတော်အတန်တောင်းနိုင် ခဲ့ပြီ မနွဲ့ရည် ရှုံးမရှုံးကို ဖောင်းကား နေသော ငွေအိတ်ကို ကြည့်ကသိနိုင်သည်။ ကိုကြီသာခင် ကမူ "အင်း... တပည့်ဘဝမှာ ဘယ်တော့မှ ကြာရှည်မနေပါဘူးလို့ နင်ပြောခဲ့တာကို ငါသတိရ တယ်။ နင်စွမ်းမှန်း ငါသိပါတယ် နွဲ့ရည်ရယ်...၊ ဒါပေမယ့် နင်က ငါ သိတာ ထက်ပိုပြီး စွမ်းပါတယ်" ဟု ပြော ခဲ့လေ သည်။
မိုးတွေက အုံ့ပြီး မည်းနေသည်။ ရန်ကုန်မြစ်ကို ကျော်၍တိုက်လာသော လေက အေးနေသည်။

"အင်း... မိုးအေးအေးမှာ ဇိမ်နဲ့အိပ်လိုက်ဦးမယ်၊ သူများတွေ အိပ်ချိန်မှာ အလုပ်လုပ်၊ သူများတွေ အလုပ် လုပ်တော့ ငါတို့က အိပ်၊ ဟုတ်ပဲ ဟုတ်သေးတော့"
မနွဲ့ရည် က တွေးယင်း ပြုံးမိသည်။ အိမ်ကို မြန်မြန်ရောက်ချင်ဇောနှင့် ခပ်သုတ်သုတ် လျှောက်သည်။
သစ်သီးတန်းရှေ့တွင် သီးမွှေးငှက်ပျောခိုင်များက တပြင်လုံးပြည့်နေသည်။ အစိုးမရသောစိတ်က ချက်ချင်းပင် ထွန်းထွန်း ဆီသို့။ ထွန်းထွန်းက ငှက်ပျောသီးကြိုက်သည်။ ငှက်ပျောသီးရှိလျှင် နွဲ့ရည်က သူ မစားရက်။ ထွန်းထွန်း ထမင်းစားပြီး လျှင် စားရန် ချန်ထားလေ့ရှိသည်။ ထွန်းထွန်းက ငှက်ပျောသီး ကို နှစ်ပိုင်းပိုင်းပြီး နွဲ့ရည် အား တပိုင်းပြန်ပေးလေ့ရှိသည်။
"မရှိတုန်းက ချဉ်ပေါင်ဟင်း တခွက်တည်းကို မျက်နှာချင်းဆိုင်စားခဲ့ရတာ၊ ခုလို တတ်နိုင်တဲ့ အချိန်မှာ ကောင်းနိုး ရာရာ၊ ဖွယ်ဖွယ်ရာရာလေးတွေ ကျွေးချင်လိုက်တာကွယ်"

နွဲ့ရည်က စိတ်ထဲမှ တွေးယင်း မျက်ရည်ဝဲချင်လာသည်။ ဘယ်သူတွေက ဘာပြောပြော၊ နွဲ့ရည်က တော့ ထွန်းထွန်း ကို မျှော်လင့်နေဆဲပင်၊ ထွန်းထွန်း ပြန်လာမည့်လမ်းကို ရော်ရမ်း၍ စောင့်နေဆဲပင် ဖြစ်လေသည်။ တခါတရံတော့ လည်း အမေ့အား "အမေရယ်၊ ထွန်းထွန်းက ကျွန်မကို ကလေးငါး ယောက်လောက်ရမှ ထားပစ်ခဲ့ ဖို့ ကောင်းတယ်၊ ခုတော့ သမီးလေးတယောက်တည်းနဲ့ ပျင်းစရာ" ဟု ပြောမိသည်။ အမေက မျက်လုံးပြူး သွားသည်။ "အမယ်လေး... မရွှေစာရယ်၊ ရူးလှချေကလား" ဟု ရင်ဖိ၍ ဆိုသေးသည်။
"သြော်... သမီး က မင်းကွတ်သီးမှာလိုက်တာပဲ၊ ဝင်ဝယ်အုံးမှ အမေကလဲ သစ်တော်သီး ဆွမ်းတော် တင်ချင်တယ် တဲ့"

သစ်သီးတန်းထဲသို့လှည့်၍ ဝင်ခဲ့သည်။ မြေတွင် ပြန့်ကျဲနေသော ငှက်ပျောဖက်များနင်း၍ လျှောက်လာ ယင်း ရေနုတ်မြောင်းထဲ သို့ ခြေတဘက်ချော်ကျသည်။ မြောင်းက တထွာသာသာမို့ ကိုယ်ဟန်ချက် ပျက်သွားသော် လည်း လဲမသွားသဖြင့် တော်သေးသည်။ ရေတွေရွှဲရွှဲစိုသွားသော ခြေထောက်ကို ဆတ်၍ ခါလိုက် ယင်း ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်မိသည်။
"ဟယ်... လှလိုက်တဲ့ ငရုတ်သီးကြီးတွေ"
ဗန်းပေါ်တွင် အစီအရီ ဆင့်တင်ထားသော အစိမ်းရင့်ရော် ငရုတ်သီးကြီးများဆီမှာ မျက်စိကို ချက်ချင်းမခွာနိုင်။ "ငရုတ်သီးစိမ်း အတောင့်ပွကြီးတွေတွေ့ယင် ဝယ်ခဲ့စမ်းပါအေ၊ အထဲမှာ ပုစွန်လေး အစာ သွတ်ပြီးနှပ်ယင် တယ်ကောင်း ဆိုပဲ" ဟု ပြောသော အမေ့စကားကို သတိရသည်။ ယခု ဗန်းထဲမှ ငရုတ် သီးတွေက မနွဲ့ရည် ခါတိုင်းတွေ့နေ ကျ ငရုတ်သီးထက်ပင် ကြီးသေးသည်။ လှသေးသည်။
"ငရုတ်သီးတွေ ဘယ်လိုရောင်းလဲ ဟင်"
"တပိဿာ ရှစ်ကျပ်"
"ဟယ်... နည်းနည်းမရောင်းဘူးလား"

"ငရုတ်သီးကြီးတွေက အကြီးကြီးတွေ၊ တပိဿာဆိုယင် ဘာမှမရဘူး၊ ယူသွားပါ အစ်မရယ်၊ ပိုလဲ အိမ်နီးချင်းပေးပေါ့"
သို့နှင့်ပင် ငရုတ်သီး တပိဿာဝယ်ဖြစ်သည်။ အိတ်ထဲတွင် အသင့်ထည့်ထားလေ့ရှိသော ပြားငါးဆယ် တန် ပလပ်စတစ် အိတ်ပါးထဲထည့်ပြီး လက်ကဆွဲလာခဲ့လေသည်။
သစ်သီးတန်း ထဲလျှောက်ယင်း မင်းကွတ်သီး ဝယ်လိုက်၊ သစ်တော်သီးဝယ်လိုက်နှင့် အချိန်က နာရီဝက်လောက် ကုန်သွားသည်။ မနွဲ့ရည် ကီလီဈေးထဲက ထွက်ဖြစ်တော့ ဆယ်နာရီခွဲပြီးနေပေပြီ။
အုံ့ပြီး မည်းနေသော ကောင်းကင်က မိုးစက်တွေ တဖျောက်ဖျောက် ခုန်ဆင်းလာသည်။ ကျဲရာမှ စိပ်၊ စိပ်ရာမှ ချက်ချင်း ပင် သဲချလာသည်။
"အင်း... ခုနေသာ ကိုယ်ပိုင်ကားလေးတစီးလောက် ထိုးရပ်လာပြီး အိမ်ကိုလိုက်ပို့ယင် ဘယ်လောက် ကောင်း လိုက်မလဲ"

မနွဲ့ရည်သည် ထဘီကို လက်တဘက်နှင့် ဆွဲမကာ လမ်းလျှောက်ယင်းတွေးမိသည်။ လေကလေး ဘက်လေးတန်စလုံးမှ ဝှေ့ယမ်းကာ တိုက်နေတော့ ခေါက်ထီးကလည်း မလုံချင်တော့။ ငွေအိတ်တ ဘက်၊ သစ်သီးအိတ် တဘက်၊ ခြင်းတဘက်နှင့် အတော်လေး ကသီလင်တနိုင်လေသည်။
"ငါ့သူငယ်ချင်း အင်ဂျင်နီယာတွေကလဲ ကိုယ်ပိုင်ကားစီးနိုင်တဲ့လူက ရှားရှားရယ်၊ ကံကောင်း ထောက် မလို့ နိုင်ငံခြားလေး ပညာတော်သင်သွားပြီး ကားကလေးပါလာပြန်တော့လဲ မစီးနိုင်ကြဘူး၊ ရောင်းစား သြော်... ဒီကား"
မနွဲ့ရည်က ရွံ့ထူသောလမ်းတွင် တစွပ်စွပ်နှင့် လျှောက်လာယင်း တွေးသည်။ တွေး၍ကောင်း နေစဉ် သူ့ဘေးမှဖြတ်၍ မောင်းသွားသော ကားတစီးကြောင့် ရေအိုင်ထဲမှ ရေများက ဗြန်းကနဲ လာ၍စဉ် သည်။ ရှောင်ချိန်မရလိုက်၊ ကားကို ဒေါသဖြစ်ဖြစ်နှင့် လှမ်း၍ကြည့်မိသည်။ နောက်ဘက် က အမိုးပင် မတင်ရ သေးသော တိုယိုတာ ဟိုင်းလက်စ် အညိုနုနုရောင်။

"ဟေ့... ဟေ့... ဗျို့"
ကားမောင်းသူက အားနာသလို လှမ်းကြည့်ပြီးမှ မနွဲ့ရည်ကို မြင်တော့ ဗလုံးဗထွး ထအော်သည်။ ကား စက်ကို ချက်ချင်း သတ်ကာ ရပ်လိုက်သည်။
"ဟေး... မနွဲ့ရည် မဟုတ်လား"
"ဟုတ်ပါ့ရှင်... ကိုခင်ထွန်းရဲ့"
"ကြည့်စမ်း ဘယ်လိုဖြစ်နေတာလဲ၊ စားသောက် ကောင်းတယ်ထင်တယ်၊ ဝလို့ ဖီးလို့၊ ကြည့်ပါဦးဗျာ၊ ဘီးဆံပတ်ကြီး နဲ့ အဘွားကြီးကျနေတာပဲ"
"အဘွားကြီး ပဲရှင့်၊ ကျွန်မအသက် သုံးဆယ့်ငါးနှစ်တောင် ပြည့်တော့မယ်၊ ကြီးပြီပဲဟာကို... ရှင်ကရော ဘီယာတွေ တနေ့ကို ဘယ်နှစ်ပုလင်းလောက် သောက်နေလို့ ဒီလောက် ဝနေတာလဲ"
မနွဲ့ရည်က သူငယ်ချင်းဟောင်းနှင့်တွေ့ရ၍ ရုတ်တရက် ပျော်သွားသည်။ မိုးရေထဲတွင်ပင် ရပ်၍ ဝမ်း သာအားရ ကျယ်ကျယ်လောင်လောင် ပြောမိလေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, December 9, 2012

မစန္ဒာ ၏ မစပ်သောငရုပ်, အပိုင်း (၅)

သမီးလေး က နွဲ့ရည်၏ ရင်ခွင်ထဲသို့ ခေါင်းလေးဝှေ့ကာတိုးယင်း နို့တောင်းနေသည်။ နွဲ့ရည်က အင်္ကျီ ကို လှန်ကာ နို့တိုက်သည်။ ရင်ထဲမှစီးထွက်လာသော နို့ရည်ချိုချိုကို ပူနွေးသော ပါးစပ် ကလေးနှင့် ဟပ်ကာ အားရပါးရ စို့ယူနေသော သမီးလေးကို ငုံ့ကြည့်ယင်း အမေ့ကို သတိရသည်။ နွဲ့ရည်သည်လည်း အမေ့ရင်ခွင် ထဲတွင် ယခုလိုပင်နို့ချို ကို သောက်သုံးခဲ့ ရမည်ဖြစ် သည်။
ကို ဆက်ဖတ်ရန် ......

"သမီးလေးကို ကြည့်စမ်း ထွန်းထွန်းမလှဘူးလား၊ ရုပ်ကတော့ ထွန်းထွန်းနဲ့ အတော်တူတယ်နော်၊ စိတ်ကတော့ ဘယ်သူနဲ့တူမလဲ မသိဘူး"
"မနွဲ့နဲ့တူမှာပါ"
"ဘယ်ပြောနိုင်အုံးမှာလဲ"
နွဲ့ရည်က သမီးလေး၏ ပါးပြင်မို့မို့ကို လက်နှင့်အသာလေး ပွတ်သပ်ကြည့်မိသည်။ နူးညံ့ပြီး အိနေ သည်။ အပြင်အသားအရေ မည်မျှပင်နူးညံ့ပါစေ အတွင်းစိတ်ဓာတ်ကိုတော့ မာစေချင်သည်။ စိတ်ဓာတ်နှင့်သတ္တိကို သူနှင့်ပင် တူစေချင်သည်။ မတူလျှင်လည်း တူအောင်ပင် လေ့ကျင့်ပေးရ မည်။ ဘယ်သူ့ကိုမှ အားမကိုးသော စိတ်ဓာတ်၊ ကိုယ့်ကိုကိုယ် ယုံကြည်သော စိတ်ဓာတ်ကို သမီးလေး၏ ဦးနှောက်ထဲသို့ တဖြည်းဖြည်းသွင်းပေး ရမည်။

"မနွဲ့နဲ့ပဲတူစေချင်ပါတယ်၊ ဒါမှ သတ္တိကောင်းမှာ၊ စာတော်မှာ၊ ဘယ်သူ့ကိုမှအားမကိုးပဲ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ် တဲ့ အမျိုးသမီးဖြစ်မှာ"
ထွန်းထွန်း က သမီးလေးကို ငေး၍ကြည့်ကာ ပြောသည်။
"မနွဲ့က ဖြစ်ချင်တာကို ဖြစ်အောင် လုပ်နိုင်တဲ့သတ္တိရှိပါတယ်။ အရာရာကို ဖန်တီးနိုင်ပါတယ်။ ကျွန်တော် ကသာ…အစွမ်းသတ္တိနည်းတာ၊ တကယ်လို့ မနွဲ့သာ ခုနေသေသွားမယ်ဆိုပါတော့၊ မနွဲ့က ဒီသမီးနဲ့ ကျွန်တော့် ကို ထားခဲ့ဖို့ စိတ်ချပါ့မလား"
"မချဘူး"
နွဲ့ရည်က ခေါင်းကို ချက်ချင်းခါပြလိုက်သည်။ သူမရှိပဲ ထွန်းထွန်းနှင့် သမီးကို နှစ်ယောက်တည်း ထားခဲ့ ဖို့ တွေးပင် မတွေးရဲ၊ လုံးဝစိတ်မချ။ ယခုနေသာ သေရလျှင်လည်း အသေဖြောင့်မည် မဟုတ်။ နွဲ့ရည်က သမီးလေး ကို ငုံ့ကြည့်ကာ တင်းတင်းဖက်ထားလိုက်သည်။

"ကျွန်တော်ကတော့ သမီးကို မနွဲ့နဲ့ထားခဲ့ရမှာ စိတ်ချတယ်"
ထွန်းထွန်းက ခပ်အေးအေးပင် ပြောသည်။
"ကျွန်တော်မရှိယင်လဲ မနွဲ့က လုပ်ရမယ့်အလုပ်တွေကို ဆက်လုပ်သွားမှာပဲ၊ လျှောက်ရမယ့်လမ်း ကိုဆက်လျှောက် သွားမှာပဲ"
"တော်ပါတော့ ထွန်းထွန်း ရယ်၊ ဘာဖြစ်လို့ ဒီစကားတွေ ပြောနေရတာလဲ"
"ဘာရယ် လို့ မဟုတ်ပါဘူး"
ထွန်းထွန်း ကပြုံးသည်။ သို့သော်သူ့ အပြုံးကမရွှင်လှ။ တကယ့်တကယ်တော့ ထိုစဉ်ကတည်း က နွဲ့ရည်ရိပ်မိခဲ့ဖို့ ကောင်းသည်။ ထွန်းထွန်းက နွဲ့ရည်တို့သားအမိကို လမ်းခွဲပြီးထားခဲ့ရန် ကြံစည် နေသည် ကို နွဲ့ရည် ရိပ်မိခဲ့ဖို့ကောင်းသည်။
နောက်ဆုံးတော့ နွဲ့ရည်၏ဘ၀ထဲမှ ထွန်းထွန်းသည် ရုတ်တရက်ပျောက်ကွယ်သွားသည်။ ထိုအခါ မှပင် နွဲ့ရည် က ရေးရေးလေး ရိပ်မိတော့သည်။
ထိုနေ့ ကို နွဲ့ရည် မမေ့။

ထိုနေ့က ရုံးတွင် နွဲ့ရည် စကားအခြေအတင် ပြောခဲ့ရည်။ နွဲ့ရည်တို့၏ အထက်အရာရှိ ဦးလှကျော်နှင့် ဖြစ်လေ သည်။
စင်စစ်တော့ ဘာမှ ဖြစ်လောက်သော ကိစ္စလေးမဟုတ်၊ သို့သော် နွဲ့ရည်ကလည်း မခံချင်တော့၊ နှုတ်လှန် ထိုးမိသည်။ ဦးလှကျော် က အသက်ငါးဆယ်ကျော် ပင်စင်နားနီးနေပြီ ဖြစ်သော လက်ဟောင်းအရာရှိ ကြီးဖြစ် သည်။ နွဲ့ရည် တို့လို နောက်ပေါက်လူငယ်များကို အထင်မကြီးလှ။
ထိုနေ့က အင်္ဂလိပ် စာအုပ်ထဲမှအကြောင်းအရာလေးတခုကို ဖတ်ကာ ဦးလှကျော်က ရယ်သည်။ ထို့နောက် နွဲ့ရည် တို့ အား ပြန်ပြောပြသည်။
"ဟောဒီမှာ နားထောင်ကြစမ်း၊ တခါတုန်းက လူတယောက်ဟာ သူ့ကားနှိုးလို့ မရတာနဲ့ စက်ပြင် ဆရာတယောက် ကိုခေါ်ပြင်တယ်၊ မရဘူးတဲ့။ ဒါနဲ့ အင်ဂျင်နီယာတယောက်ကို ခေါ်ပြီးပြတယ်တဲ့၊ အင်ဂျင်နီယာ က တူကလေးနဲ့ ဟိုခေါက်ဒီခေါက်လုပ်လိုက်တာနဲ့ ကားစက်ကနှိုးလို့ရသွားရောတဲ့၊ ဒီတော့ပိုက်ဆံ ဘယ်လောက် ကျသလဲ ဆိုတော့ အင်ဂျင်နီယာက ဆိုပါစို့ကွာ၊ ဒေါ်လာငါးဆယ်ကျ ပါတယ်လို့ပြောသတဲ့၊ ဒီတော့ ကားပိုင်ရှင် ကလဲ တူလေးနဲ့ ဟိုဟိုဒီဒီ ခေါက်ရုံနဲ့ ဒေါ်လာငါးဆယ် ဆိုတော့ မပေးချင်ဘူးပေါ့၊ ကျသင့်တာ ကို စာရင်းတွက်ပြပါလို့ပြောတော့ အင်ဂျင်နီယာက ဟောဒီလို စာရင်းလုပ်ပြလိုက်သတဲ့၊ တူနှင့်ခေါက် ခဏ တဒေါ်လာ၊ မည်သည့်နေရာကို ခေါက်ရ မည်ကိုသိသည့် အတွက် က လေးဆယ့်ကိုး ဒေါ်လာတဲ့"

နွဲ့ရည် တို့အားလုံး ၀ါးကနဲ ရယ်မိကြသည်။ ကိုအောင်မြင့်ကပင် အတတ်ပညာရှင်ဆိုတာ အဲဒါပဲ ဦးလေးရဲ့ဟု ဂုဏ်ယူစွာ ပြေလိုက်သေး သည်။ ဒီတော့ ဦးလှကျော်က ရယ်သည်။ နိုင်ငံခြားက အင်ဂျင်နီယာမို့ပါကွာ၊ ဒီက အင်ဂျင်နီယာ ဆို တနေကုန်တနေခန်းကားစက်ခေါင်း ထဲ ကုန်းနှိုက် နေအုံးမှာပါ၊ ပြီးတော့လဲ ကားကကောင်း မလာ ပဲ ပိုတောင်ပျက်သွားအုံးမှာဟု ပြောသည်။
"ဟုတ်ပါတယ် ဦးလေး၊ ကျွန်မတို့က ကမ္ဘာ့အဆင့်မီ အင်ဂျင်နီယာ အဖြစ်တော့ အသတ်မှတ်မခံ ရပါဘူး၊ ဒါကလဲ သင်ကြားပုံ နည်းစနစ်ချင်း စီးပွားရေးချင်း ကွာလို့ပါ၊ သူတို့လိုသာ သင်ရယင်၊ သူတို့ကျောင်းတွေလို လက်တွေ့ စမ်းသပ်စရာ စက်ကိရိယာတွေ အစုံအလင်ရှိယင် သူတို့လိုပဲ တတ်မှာပါ၊ ကျွန်မတို့ လူမျိုးက ပျင်းချင် ပျင်းမယ်၊ မဖျင်းပါဘူး။"
နွဲ့ရည် က ရုတ်တရက် ၀င်၍ပြောမိသည်။ ဦးလှကျော်က ထပ်၍ရယ်ပြန်လေသည်။

"ဖျင်းလား မဖျင်းလားတော့ မသိဘူးဟေ့၊ ပန်ကာတလုံးကို အစအဆုံး ဖြုတ်ပြီး အင်ဂျင်နီယာ တယောက်နဲ့ လျှပ်စစ် အလုပ်သမား တယောက် ကို ယှဉ်ပြီး ပြန်တပ်ခိုင်းတာ လျှပ်စစ် အလုပ်သ မားက အယင်ပြီးတယ်ဗျ၊ ဟား…ဟား…ဟား… အဲဒါက ကျုပ်ကိုယ်တွေ့"
နွဲ့ရည် ၏ တကိုယ်လုံးပူပြီး ရှိန်းသွားသည်။ တကိုယ်လုံးတွင် လှည့်ပတ်နေသော သွေးများက ဆူလာသည်။ ပွက် လာသည်။
"ဦးလေး ဒီစကားပြောတာ "အင်ဂျင်နီယာ"ဆိုတဲ့ စကာရဲ့ အဓိပ္ပာယ်ကို နားမလည်လို့ပဲ ထင်ပါ တယ်၊ အင်ဂျင်နီယာ ဆိုတာ အပျက်ပြင်တဲ့လူ မဟုတ်ပါဘူး၊ ပုံစံကိုတီထွင် ထုတ်လုပ်သူပါ၊ ဒါပေမယ့်  အပျက်မပြင်တတ် ရဘူးလား ဆိုတော့ ပြင်တတ်ရမှာပါ၊ ပြင်တတ်ဖို့တော့လိုပါတယ်၊ ဒါပေမယ့် သူလေ့လာခဲ့ ရတာ၊ သင်ကြားခဲ့ ရတာ၊ ကျက်မှတ်ခဲ့ရတာတွေဟာ အပျက်ပြင်တဲ့ဘာသာ ရပ်မဟုတ်လေတော့ ရုတ်တရက် ချက်ချင်းတော့ အမြဲတမ်း အပျက်ပြင်နေတဲ့ လုပ်လေ့လုပ်ထ ရှိနေတဲ့ အလုပ်သမားကို မှီချင်မှ မှီမှာပါ"
နွဲ့ရည်ကို ကြည့်ကာ အားလုံးအံ့သြနေကြသည်။ ဦးလှကျော်သည် အထက်အရာရှိမို့ မှန်မှန်မှားမှား မည်သူ မျှ ပြန်လှန်ပြောရန် မစဉ်းစားကြ၊ မခံချင်လျှင် မျက်နှာပျက်ပြီး ငြိမ်နေရုံသာ ရှိကြသည်။ နွဲ့ရည် လို ပြန်ပြော ရန် တွေးပင်မတွေးရဲကြ။

"ဒါပေမယ့် ရေရှည်ကိုကြည့်ပါ ဦးလေးရယ်၊ ရေရှည်မှာတော့ ဒီအင်ဂျင်နီယာဟာ အဲဒီအလုပ်သမား ထက်တော့ သာကိုသာ ရမှာပါ၊ ဒါက ကျွန်မရမ်းပြောတာမဟုတ်ပါဘူး၊ ကျွန်မတို့က ဒီအင်ဂျင်နီယာ ဘာသာရပ်ကိုလဲ အားတိုင်း ယားတိုင်း၊ ပိုက်ဆံရှိတိုင်း သင်ခဲ့ရတာ မဟုတ်ပါဘူး၊ သင်ချင်လျက်နဲ့ သင်ခွင့်မရတဲ့ သူတွေ ကို ပြည့် လို့၊ ဟေ့…မင်းတို့…မင်းတို့ရဲ့ ဥာဏ်ရည်ကတော့ ဒီလောက်ရှိ တယ်၊ အရည်အချင်းကတော့ ဒီမျှရှိတယ်၊ မင်းတို့တွေ က အင်ဂျင်နီယာဖြစ်နိုင်တယ် သင်ကြ၊ မင်းတို့ကတော့ မဖြစ်နိုင်ဘူး၊ ဒီပြင်တက္ကသိုလ်သွားကြ ဆိုပြီးလူတွေ အများကြီး ကျောင်းသားတွေ အများကြီးထဲက စကာတင်ရွေးပြီး သင်ခဲ့ကြရတာ ပါ၊ ခြောက်နှစ် လုံးလုံး ကြိုးစားပမ်းစားသင်ခဲ့ကြ ပြီး အလုပ်ခွင်ထဲရောက်တော့မှ ဦးလေးက ဒီအင်ဂျင်နီယာဟာ လျှပ်စစ် အလုပ်သမား တယောက် လောက်တောင် အသုံးမကျဘူးဆိုတော့ ကျွန်မတို့က သာပြောရအုံးမှာလဲ"

နွဲ့ရည်၏ အသံကတုန်လာသည်။ ပြောပြီးသည်နှင့် နေရာမှ ချက်ချင်းပြေးထွက် သွားချင် စိတ် ပေါ်လာသော်လည်း မပြေးဖြစ်ခဲ့၊ ဦးလှကျော်ကို ရင်ဆိုင်ကြည့်ယင်း မျက်တောင်ကို တဖျပ်ဖျပ်ခတ် ကာရစ်ဝိုင်း လာသော မျက်ရည်များကို ထိန်းထားသည်။
"နင်ဘာဖြစ် လို့ ကိုယ့်အထက်လူကြီးကို သွားချဲရတာလဲ"
နေ့ခင်းကျတော့ ခင်ခင်ထွေးတို့၊ ကိုခင်အောင်တို့ကမေးကြသည်။
"ဒါ ချဲတာ မဟုတ်ဘူး၊ အကျိုးသင့်အကြောင်းသင့် ပြောပြတာ၊ ဒီအကြောင်းကို ငါတို့ကမှ မပြော ယင်ဘယ်သူ မှ ပြောမှာ မဟုတ်ဘူး"
"အေးလေ ဟုတ်တော့ ဟုတ်တာပေါ့၊ ဒါပေမယ့် ငါသာဆိုယင်တော့ မပြောရဲဘူး"
"ငါကတော့ ပြောရဲတယ်"

နွဲ့ရည်က ခပ်ပြတ်ပြတ်ပင်ပြောသည်။ စိတ်ထဲတွင်တော့ ညစ်ညူးနေသည်။ ခင်ခင်ထွေးက စက်မှု အင်ဂျင်နီယာ (စိုက်ပျိုးရေး) ဘွဲ့ကို နောက်ခေါ်မည့် လေးရာ့ငါးဆယ် စကေးတွင်ထည့်၍ မခေါ်ကြောင်း၊ စက်မှုအင်ဂျင်နီယာ သက်သက် ကိုသာခေါ်မည်ဖြစ်၍ မွမ်းမံသင်တန်း သုံးလပြန် တတ်ပြီးသုံးလလည်း ထပ်ပြီး တက်မနေ ချင်၊ ကျောင်းကို သုံးလပြန်တက်နေရလျှင် အလုပ်က၀င်ငွေ ကလည်းသုံးလလျော့နည်းသွားမည်ဖြစ်သည်။ သုံးလ ဆိုလျှင် တထောင်ခန့် နစ်နာသည်။ တထောင်ဟူသောငွေသည် နွဲ့ရည်၊ ထွန်းထွန်းနှင့် သမီးလေးတို့ အတွက် တော်တော်လေး အရေး ကြီးလေသည်။
"ဒီလိုဆိုယင် လေးရာ့ငါးဆယ်စကေး ခေါ်ယင် မဖြေရပဲဖြစ်နေလိမ့်မယ်"
"ဖြစ်ဖြစ်ပေါ့ဟာ"
ဖြစ်ဖြစ်ပေါ့ ဟုသာ ပြောလိုက်ရသော်လည်း နွဲ့ရည်၏ရင်ထဲတွင် မကောင်းလှ၊ သူ့ သူငယ်ချင်းတွေ ကလေးရာ့ငါးဆယ် စားတွေ ဖြစ်ကုန်ပြီ။ ရှေ့ဆုံးမှ "ပထမ"ရကာ အောင်ခဲ့သော နွဲ့ရည်က သူတို့ လက်အောက် တွင် သုံးရာ့နှစ်ဆယ်စား ဘဝနှင့် လုပ်ရမည်ဆိုတော့ တွေးမိရုံနှင့်ပင် ရင် ထဲတွင် အောင့်လာသည်။

အိမ်အပြန် တွင် နွဲ့ရည် စိတ်မရွှင်လှ၊ အမေတို့အိမ်က မနက်ရုံးအသွားက ဝင်ထားခဲ့တဲ့ သမီးလေးကိုဝင် ခေါ်ပြီး ငိုက်စိုက် ငိုက်စိုက်နှင့် ပြန်လာသည်။ စိတ်ဆိုးတုန်း ဆိုသော်လည်း အလုပ်တဘက် ကလေးတ ဘက်နှင့် နွဲ့ရည် အကျပ်ရိုက်နေပြီ ဆိုတော့ အမေက မနေနိုင်၊ "ရုံးအသွား ကလေးကို အမေ့ဆီ ဝင်ပို့ခဲ့ ပါအေ" ဟု ပြောသည်။ ထိုသို့သာ မဟုတ်လျှင် နွဲ့ရည်သည် ဒီသမီးပေါက်စနကို ရုံးသို့ ခေါ်သွားရမည့် ကိန်းဆိုက်နေခဲ့သည်။ ကလေး သာ ထိန်းခိုင်းထားသော်လည်း မိဘကိုတော့ ဘာမှမည်မည်ရရ မထောက်ပံ့နိုင်ခဲ့ချေ။ "ဒိပြင် စီးပွားရေးလေး ဘာလေး အဆင်ပြေယင် လဲ အလုပ်ထွက်ပြီး လုပ်ရ ကောင်းသား" ဟု ပထမဦးဆုံးအကြိမ် တွေးမိသည်။ စိုက်ပျိုးရေး စက်ကိရိယာတွေ တီထင် ရေးဆွဲလို စိတ်က အခိုက်အစား ငုပ်လျှိုးသွားသည်။
အိမ်ရောက်တော့ ထုံးစံအတိုင်းပင် သော့ခလောက်က ဆီးကြိုသည်။ ထွန်းထွန်း ပြန်မရောက်သေးပေ။

"ဒီအချိန်ဆိုယင် ကလပ်စ်က ပြီးပါပြီ။ လက်ဖက်ရည်ဆိုင်ထိုင်ပြီး လေကန်နေပြန်ပြီထင်ပါရဲ့"
နွဲ့ရည် က တွေးယင်း ထမင်းချက်သည်။ မနက်ကကျန်သော ငါးခူးကြော်လေးကို ဆီအိုး တည်ပြီး ပြန် ကြော် သည်။ မုန်လာဥ ချဉ်ရည်အိုးကို ပြန်နွှေးသည်၊ ထမင်းပွဲကို အသင့်ပြင်ကာ သမီးလေးအား ထမင်း ခွံ့ယင်း ထွန်းထွန်း အား မျှော်သည်။
ခုနစ်နာရီထိုး လည်း ပေါ်မလာခဲ့။
ရှစ်နာရီထိုး လည်း ပေါ်မလာခဲ့။
ဆယ့်နှစ်နာရီထိုး လည်း ပေါ်မလာခဲ့။
တညလုံး မအိပ်နိုင်ပဲ စိတ်တပူပူနှင့် စောင့်သည်။ ထွန်းထွန်းက ပေါ်မလာခဲ့ပေ။
နောက်တရက် နောက်တရက်၊ ရက်ပေါင်းများစွာ စောင့်သည်။ ထွန်းထွန်းက ပေါ်မလာခဲ့တော့ပေ။
နွဲ့ရည်၏ ဘဝတွင် သမီးလေး "နွဲ့ရည်ထွန်း"ကို လက်ဆောင်ပေးခဲ့ပြီး ထွန်းထွန်းက ကျောခိုင်း၍ ထွက် ခွာသွားလေ သည်။

"ဒီအကောင်ကြည့်ရတာ တနေ့နေ့တော့ ဒီလိုလုပ်လိမ့်မယ်လို့ အထင်သား၊ ကိုယ့်အိမ်ထောင် ကိုယ့် သားမယားပေါ် မှာ လေးလေးနက်နက် မှ မရှိတာ"
အဖေက ပြော သည်။ အတော်လေးလည်း မကျေမချမ်းဖြစ်နေသည်။ နွဲ့ရည်ကတော့ ဘယ်သူ့ကိုမှ အပြစ်တင် မနေချင်တော့၊ ကိုယ့် အကြောင်းကံနှင့် ကိုယ်သာဖြစ်သည်။
"ပြောမနေပါနဲ့တော့ ရှင်ရယ်၊ ပြီးတာ ပြီးပြီပဲ၊ လာ ငါ့မြေးလေး၊ အမေကြီးဆီလာ"
အမေက နွဲ့ရည် ၏ရင်ခွင်တွင်းမှ သမီးလေးကို လှမ်း၍ ခေါ်သည်။ ယုယုယယ ချီပိုးသည်။
နောက်ဆုံးတော့ လည်း ဒုံရင်းက ဒုံရင်းပင် ဖြစ်သည်။ နွဲ့ရည်သည် အမေတို့အိမ်သို့ ပြန်ရောက်လာရ သည် ပင် ဖြစ်သည်။ သို့သော် အိမ်မှထွက်သွားစဉ်က ကျောင်းသူ နွဲ့ရည် ဖြစ်သည်။ ယခုတော့ အင်ဂျင် နီယာ နွဲ့ရည်ဖြစ်သည်၊ ထို့ပြင် ကလေးတယောက် တိုးခဲ့ပြီ။

"ဟေး... ကလူ ကလူ၊ သမီးလေးရေ ကလူ"
အဖေက မမြှူတတ် မြှူတတ်ဖြင့် အမေ့လက်ထဲမှ သမီးလေးကို လှမ်း၍မြှူသည်။ သမီးက တခစ်ခစ် ရယ်လေ သည်။
"အဖေ လဲ အတော်အိုလာပြီ၊ အမေလဲ ဆံပင်တွေတောင် ဖြူစပြုပြီ၊ ငါ့လုပ်အားနဲ့ရတဲ့ ငါ့လုပ်စာကို မိဘ ကို ဘာမှ မထောက်ပံ့ဖူးသေး ဘူး"
နွဲ့ရည်က နောင်တစိတ်နှင့် တွေးသည်။
ငါ လုပ်ချင်ရာကို ငါ အမြဲလုပ်ခဲ့တာပဲ၊ ကိုယ့်ဟာကိုယ် အဆင်ပြေနေတုန်းကတော့ ပျော်လို့၊ ဟော... ဆင်းရဲဒုက္ခ လဲ ရောက်ရော ဒီအဖေ ဒီအမေဆီ ပြန်ပြေးလာရတာပဲ၊ အခုတော့ မှတ်ပြီ၊ ဒီမိဒီဖကို တသက်လုံး မခွဲတော့ဘူး၊ သေတဲ့အထိ ပြုစုမယ်။ လုပ်ကျွေးမယ်။

စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်သည်။ ထွန်းထွန်းကို ချစ်မိသည့်အတွက်ကိုကား လုံးဝ နောင်တမရချေ။ သူ၏ တသက်တာတွင် ချစ်သူတယောက်ကို ဒီမျှ စွဲစွဲလမ်းလမ်း၊ မြတ်မြတ်နိုးနိုး ချစ်ခဲ့ခြင်းအတွက်လည်း ကိုယ့်ကို ကိုယ် ကျေနပ်သည်။ ဘယ်သူတွေ ဘာပြောပြော ထွန်းထွန်း ပြန်လာမည်ဆိုလျှင် နွဲ့ရည်က လက်ကမ်းပြီး ကြိုဆိုရန် အသင့်။ ထွန်းထွန်းအတွက် သားလေး၊ သမီးလေးတွေ ဆက်ပြီး မွေးပေးရန် အသင့်ပင်။ သူ၏ထောင့်ငါးရာ မေတ္တာတရား ကို ထွန်းထွန်းအတွက်ပင် သီးသီးသန့်သန့် သိမ်းထား လိုက်မည်။
"ဟေ့... အစားပုပ်မလေး.... လူရည်ချွန်ကလေး"
အဖေ က သမီးလေး၏ပါးကိုတို့ကာ ကျီစယ်နေသည်။ သမီး အစားပုပ်သည်ကတော့အမှန်ပင်။ အသက် က တနှစ်မပြည့်သေး ၍ နွဲ့ရည်က နို့မဖြတ်ရက်။ အမေနို့ကလည်း ကောင်းစွာမလိုက်တော့၍တကြောင်း နေ့ခင်းတိုင် ရုံးသွားရ၍ တကြောင်း "လူရည်ချွန်" နို့မှုန်ကို အစားထိုးရသည်။ သမီးက တလလျှင် နို့ဗူး လေးဗူးမျှ ကုန်အောင် သောက် သည်။ ဒီတော့လည်း မိဘကျေးဇူးဆပ်ချင်သော နွဲ့ရည်ခမျာ အဖေ့ဖို့၊ အမေ့ဖို့က အသာထား လိုက်ဦး၊ သမီးဖို့ပင် အနိုင်နိုင်ဖြစ်နေသည်။

"ငံပြာရည်ရောင်းယင် ကောင်းမလား မသိဘူး၊ ငါးပိ သိပ်ယင် ငံပြာရည်က အပိုထွက်တယ်။ ငါးပိရော၊ ငံပြာရည်ရော ရောင်းနိုင်ယင် မဆိုးဘူး သမီးရဲ့၊ အမေက ငါးပိ ကောင်းကောင်းသိပ်တတ်တယ်၊ နေရာ က ကျဉ်းနေ လို့၊ နံမှာစော် မှာ ပတ်ဝန်းကျင်ကို အားနာနေလို့"
အမေ ပြောစဉ်က နွဲ့ရည်က ငံပြာရည်ရောင်းရန် စိတ်မကူးမိသေးပေ။ တခါတရံ စိတ်ညစ်လျှင် အဖေ ပေး ထားသော ပစ်တိုင်းထောင် ရုပ်ကလေးကိုထုတ်၍ ကြည့်မိသည်။ "တည့်တည့်ကျကျ၊ စောက်ထိုး ကျကျ၊ မှောက်လျက် ကျကျ၊ ပက်လက်ကျကျ၊ ပြန်ပြီး ထကြ၊ ထောင်ကြ၊ ဟုတ်လား" ဟူသော အဖေ့ စကားကို ပြန် ၍ တွေးမိသည်။
ခုတလောတော့ နွဲ့ရည်သည် သူဌေးဖြစ်လိုစိတ်နှင့် ရူးနေသည်။ မိဘနှစ်ပါးအတွက် ချို့ချို့တဲ့တဲ့ ပညာ သင်နေ ရသော မောင်ငယ် ညီမငယ်များအတွက်၊ ငွေကို လောဘတကြီး ရှာချင်လာသည်။ လက်ရှိ အလုပ်တွင်လည်း သိပ် မပျော်တော့။

"ခင်ဗျားက ကိုယ်ပိုင်စီးပွားရေးနဲ့ အကျိုးပေးတယ်၊ ဒီအချိန်ကစပြီး ကြိုက်တာသာ ကောက်လုပ်၊ ဘာ လုပ်လုပ်အောင် မြင် မယ်၊ တနှစ်ပြည့်ယင် လာခဲ့၊ ခင်ဗျားလက်ထဲမှာ ပစ္စည်းအလုံးအရင်း သိန်းချီပြီး ရှိ နေရစေ မယ်"
မြေနီကုန်း မှာ နာမည်ကြီး လက္ခဏာဆရာတဦးက ပြောသည်။
"တကယ်လား ဆရာ"
"ကျုပ် အာမခံတယ်ဗျာ"
လက္ခဏာဆရာ က အပြောရဲတော့ နွဲ့ရည်အတော်ပျော်သွားသည်။ ဟုတ်သော်ရှိ၊ မဟုတ်သော် ရှိ၊ လောလောဆယ်တော့ တော်တော်လေး စိတ်ချမ်းသာသွားသည်။
"ဆရာ က ဒီလောက် အပြောရဲတော့ အားတက်စရာကြီးပေါ့၊ တစ်နှစ်ပြည့်ယင် ကျွန်မ ပြန်လာခဲ့ပါ့မယ်"
နွဲ့ရည် က စီးပွားရေးတခုတည်းကိုသာ မေးပြီး ပြန်လာခဲ့သည်။ အချစ်ရေးတို့၊ အိမ်ထောင်ရေးတို့၊ ပညာ ရေး တို့ကို စိတ်မဝင်စားတော့ပေ။ ထိုအခန်း ထိုကဏ္ဍများသည် နွဲ့ရည်၏ဘဝတွင် ပြီးဆုံးခဲ့ပြီဟု မှတ် ထားသည်။

"ဟော... မနွဲ့ရည်"
"သြော်... ကိုခင်ထွန်း"
ဘတ်စ်ကား ဆိပ်ရောက်တော့ ကိုခင်ထွန်းနှင့်တွေ့သည်။ ကိုခင်ထွန်းက နွဲ့ရည်၏အိမ်ထောင်ရေး အကြောင်းကို စကား မစ။ မသိ၍တော့ ဟုတ်မည်မထင်။ အားနာသောကြောင့် ဖြစ်ပေမည်။
"ဘယ်က လာတာလဲ"
"သြော်... ဒီနားကပါ"
နွဲ့ရည် က လက္ခဏာသွားမေးကြောင်း မပြောချင်။ အလျင်တုန်းက ဒီလက္ခဏာတွေ၊ ဗေဒင်တွေကို အယုံအကြည် မရှိကြောင်း နွဲ့ရည်က မကြာခဏ ရယ်သွမ်းသွေးကာ ပြောဖူးသည်။ သို့သော်လည်း ဒုက္ခ ရောက်လာတော့ သက်သာရာ သက်သာကြောင်းလေးများ ဟောလေမလားဟု သွားမေးမိသည်။ မျှော် လင့်သည့် အတိုင်း အဟောထွက်တော့လည်း ဝမ်းသာအားတက်ရသည်။
"ကျောင်းမှာလဲ ကျွန်မတို့လို "စိုက်ပျိုးရေး"ယူတဲ့သူ မရှိတော့ဘူးနော်"

"ဘယ်ရှိတော့မှာလဲ၊ ပေးမှ မပေးတော့ပဲ၊ နောက်ပြီးအလုပ်ရဖို့ကျတော့လဲ လွယ်လို့လား"
"အင်း... ကျွန်မ လဲ သုံးရာ့နှစ်ဆယ်စကေးမှာ တစ်နေပြီ၊ ကိုခင်ထွန်းရော"
"ကျွန်တော်တော့ သင်္ဘောလိုက်မယ်"
"ဒီလိုဆို ချမ်းသာအုံးမှာပေါ့လေ"
နွဲ့ရည် က ရယ်သွမ်းသွေးကာ ပြောမိသည်။ ကိုခင်ထွန်းကတော့ တဟားဟား ရယ်နေလေသည်။
"မနွဲ့ရည်ရော အပြင်စီးပွားရေး အရောင်းအဝယ်လေး မလုပ်ဘူးလား၊ ကျွန်တော် သင်္ဘောလိုက်ပြီး ပြန်လာယင် ပါတဲ့ ပစ္စည်းတွေ လာတင်ရမလား၊ မက်စ်ဖက်တာတို့ ခရင်ပလင်း ဆွယ်တာတို့လေ၊ ဈေး ကောင်းတယ်ဗျ"
"လာခဲ့လေ ကျွန်မ ရောင်းပေးမယ်၊ ကျွန်မကလဲ ကိုခင်ထွန်း သင်္ဘောကြုံနဲ့ အင်္ဂလန်မှာ ရောင်းဖို့ပစ္စည်း တွေ တင်ပေးလိုက်မယ်"
"ဘာတွေလဲ"

"ပြည်တွင်းဖြစ် ပစ္စည်းတွေပါ"
"ကျောက်စိမ်းတွေ များလားဗျာ၊ မရက်စက်ပါနဲ့"
"မဟုတ်ပါဘူးရှင်၊ လွတ်လွတ်ကင်းကင်း ကုန်ပါ"
"ဘာပါလိမ့်ဗျာ"
"ငါးပိ နဲ့ ငံပြာရည်လေ"
"ဟာဗျာ... လုပ်ပြီ"
နှစ်ဦးသား ဟက်ဟက်ပက်ပက် ရယ်မိကြသည်။ နွဲ့ရည်၏ရင်ထဲတွင် လွတ်လပ်ပေါ့ပါးပြီး ရွှင်လာသည်။
နောင်ပြောင်ပြီး ပြောလိုက်ခြင်းဖြစ်သော်လည်း ထိုငါးပိနှင့် ငံပြာရည်ကို တကယ်ရောင်း ဖြစ်လိမ့်မည်ဟု ကား မထင် မိသေး။

သို့သော် ထိုငါးပိနှင့် ငံပြာရည်ကို နွဲ့ရည် တကယ်ပင် ရောင်းဖြစ်ခဲ့လေသည်။
ကံဆိုးချင်တော့ မုန့်လက်ဆောင်ကုန်း မီးလောင်သည်။ နွဲ့ရည်တို့အိမ်ကလေးလည်း မီးထဲပါသွားသည်။ သို့သော် ကံကောင်း ချင်တော့ တောင်ဥက္ကလာတွင် နေရာသစ်ရခဲ့သည်။ နေရာက ကျယ်ကျယ်ဝန်းဝန်း မို့ ငါးပိသိပ် ရန်၊ ငံပြာရည်လှောင် ရန် အဆင်ပြေခဲ့သည်။
"ဘယ်အလုပ်မှာ မဆို လူတန်းစားနှစ်မျိုးပဲ ရှိတယ် သမီး၊ တမျိုးက ဆရာ၊ တမျိုးက တပည့်၊ ကိုယ်က တော်ယင် တတ်ယင် အကွက်မြင်ယင် ဆရာဖြစ်လိမ့်မယ်၊ မတော်ယင် မတတ်ယင်တော့ တပည့်ဘဝ မှာပဲ ကျေနပ်ရမှာပဲ"

"သမီးက အလုပ်တစ်ခုကို မတတ်ခင်တော့ တတ်တဲ့လူဆီမှာ ပညာယူရမှာပဲ၊ တပည့်ခံရမှာပဲ၊ ဒါပေ မယ့် တပည့်ဘဝ မှာ ဘယ်တော့မှ ကြာရှည်မနေဘူး"
နွဲ့ရည် က အဖေ့အားပြောခဲ့သည်။ ငံပြာရည် ရောင်းမိပြီဆိုတော့ ငံပြာရည်ပုံးဆွဲပြီး တဆိုင်ဝင် တဆိုင် ထွက်နှင့် ဈေးတကာလည့်ကာ ဖောက်သည်ရှာသည်။ သူငယ်ချင်းများရှိရာ ရုံးများသို့ တရုံးဝင် တရုံး ထွက်နှင့် လိုက်ပြီး ငံပြာရည်ရောင်း ရန်လည်း ဝန်မလေးခဲ့၊ ငွေရင်းခုနစ်ရာနှင့် စခဲ့သော လုပ်ငန်းသည် သုံးလအတွင်း သုံးဆလောက် မြတ် လာသည်။ ဒီတော့လည်း ငါးပိကန်တကန်ကို အုတ်စီ၊ ကွန်ကရိခင်းပြီး ကျကျန ဆောက် ပစ်လိုက်သည်။ ငါးပိကန်နှင့် တွဲလျက် ငံပြာရည်ကန်ကို ဆက်၍ဆောက်သည်။ "ငံပြာရည်သည်" ဟူသော အမည် သည် အမြင်မလှ သော်လည်း ငွေတော့ အတော်ရလေသည်။

"မနွဲ့ရည် ခင်ဗျား ငံပြာရည် ရောင်းနေတယ်ဆို"
"ဟုတ်ပါ့ရှင်၊ ယူမလား၊ ကျွန်မ ငံပြာရည် က ဘိတ်ငံပြာရည်လိုပဲနော်၊ စားမိယင် လျှာလည် သွားမယ်"
တနေ့တော့ ကျောင်း မှ သူငယ်ချင်းတဦးနှင့် ဆုံမိပြန်သည်။
"သြော်... ဒီငံပြာရည်သည်ကြီး ကလဲ သူ့ပစ္စည်းကိုပဲ သူတွန်းရောင်းနေတော့တာပဲ၊ ကျွန်တော်က ခင်ဗျားကို ငါးခြောက် ပါ တွဲမလုပ်ချင်ဘူးလားလို့ မေးမလို့ပါ"
"ဘာ ငါးခြောက်လဲ"
"ပင်လယ် ငါးမန်းတွေလေ၊ ပင်လယ် ငါးမန်းတွေက ငါးခြောက်ခွဲရောင်းယင် အတော် ရောင်းပန်း လှသတဲ့ဗျ"
နွဲ့ရည်၏ခေါင်း က အပြေးအလွှား တွက်ချက်နေမိသည်။ အိမ်ရှိ လူအင်အားနှင့် လုပ်ငန်းတွင်ပင် လုပ်ငန်းကို ချိန်ကြည့်နေ သည်။ ယခု ငါးပိငံပြာရည် လုပ်ငန်းတွင်ပင် လူငှားထားနေရပြီဖြစ်သည်။ ငါးခြောက်ပါ တွဲလျှင် တော်တော်လေးတော့ ပင်ပန်း မည်ဖြစ်သည်။ သို့သော် တော်တော်လေး မြတ်နိုင်လေသည်။

"နေစမ်းပါအုံး၊ အဲဒီပင်လယ်ငါးမန်းကို ကျွန်မက ဘယ်ကရမှာလဲ ပင်လယ်ထွက်ဖမ်းရမှာလား"
"ဘယ်က ရရမှာလဲ။ ကျွန်တော်တို့ဆီကပေါ့"
"နေပါအုံး၊ ရှင်က ဘယ်မှာလုပ်တာပါလိမ့်"
"မေးမှ မေးရက်ပလေတယ်ဗျာ၊ ပုလဲနဲ့ ငါးမှာ ခင်ဗျ၊ ပုလဲနဲ့ ငါးမှာ"
ဆောင့်ကြီး အောင့်ကြီးနှင့် ပြောသောဟန်ကို ကြည့်၍ ရယ်မိယင်း ပုလဲနှင့် ငါးဌာနတွင်လည်း စက်မှု တက္ကသိုလ်ဆင်း များ ဝင်ရောက်လုပ်ကိုင်နေသည်ကို သတိရသည်။
"သူငယ်ချင်းတွေ က အဲဒီလို ကူကြမယ်ဆိုယင်တော့ ကောင်းတာပေါ့ဟယ်၊ အတိုင်းထက် အလွန်ပေါ့"
"ကူချင်လွန်း လို့ မေးနေတာ ခင်ဗျရဲ့၊ ကူချင်လွန်းလို့"

သို့နှင့်ပင် နွဲ့ရည်၏လုပ်ငန်းသည် တဖြည်းဖြည်း ကျယ်လာခဲ့သည်။ တနှစ်ပြည့်တော့ လက္ခဏာ ဆရာ ပြောသည့်အတိုင်း ငွေတသိန်း မျှ ပိုက်မိနေပြီဖြစ်သည်။
သို့သော် နွဲ့ရည် က ထိုမျှနှင့်မရပ်နိုင်တော့။ စီးပွားရေးအကွက်ကို ချက်ကနဲ၊ ချက်ကနဲ မြင်လာပြီဖြစ် သော မျက်လုံးနှင့် ဒက်ကနဲ ဒက်ကနဲ တွက်တတ်သော ဦးနှောက်တို့က ဆက်သွယ်မိနေကြပြီ ဖြစ်လေ သည်။
ကီလီ တွင် ငါးသလောက် ဒိုင်ဖွင့်ချင်သည်ဟု မနွဲ့ရည်က ပြောလာတော့ သူငယ်ချင်းတွေက တားကြသေးသည်။ ငါးသလောက် ကို ပုလဲနှင့် ငါးက ကိုင်သော်လည်း  ပုလဲနှင့် ငါးက သူတို့ကို တဦးလျှင် ပိဿာချိန်ထောင်သောင်း ချီပြီး ပေးလိုက်သည် သာဖြစ်သည်။ ဈေးကစားသည်က ထိုဒိုင်များက ဈေးက စားနေကြခြင်းဖြစ်၏။ ထိုအထဲ သို့ နွဲ့ရည် တိုးဝင်ပါက အရင်းပြုတ်ပြီး လွင့်ထွက်သွားအောင် ဝိုင်း၍ သတ်ကြမည်ကို စိုးရိမ်ကြသည်။

"နင်က စာအုပ်ထဲက ပညာသာ တတ်တာ၊ အဲဒီ ငါးပွဲစားတွေက သတင်းစာပေးလိုက်ယင် စောက်ထိုး ဖတ်မယ့် ပုဂ္ဂိုလ်တွေ၊ အရုပ်သာ မပါယင် စာကို အတည့်လား၊ ပြောင်းပြန်လားတောင် မသိဘူး။ ဒါပေမယ့် ဘဝထဲက ပညာ ကိုတော့ ကကြီးကနေအအထိ တတ်ပြီးသားနော်၊ အပြိုင်အဆိုင်လဲ လိုချင်ကြတာ မဟုတ်ဘူး၊ နင့် ကို ခွေးဝဲစားကန်သလို ဝိုင်းပြီး ကန်ထုတ်ကြတော့မှ တကိန်ကိန်နဲ့ လွင့်ထွက်လာ ဦးမယ်"
ကိုကြီးသာခင် က ပြောခဲ့သေးသည်။ သူက နွဲ့ရည်ထက် အသက်ရော အတန်းရော ကြီးတော့ နွဲ့ရည် ကို ညီမငယ် တဦးလိုပင် သဘောထားသည်။ နွဲ့ရည်၏ဘဝကိုလည်း အစအဆုံးသိသည်။
"စာအုပ်ထဲ က ပညာတတ်ထားတော့၊ ဘဝထဲက ပညာကို တတ်လွယ်တာပေါ့ ကိုကြီးသာခင်ရဲ့"
"အေး နင် လဲ ပညာတတ်ရော ဝိုင်းတွယ်ကြလို့ ပြားနေရော"

"ပညာမတတ်ခင် ကတော့ ပညာရှာရမှာပေါ့ ကိုကြီးရာ၊ ဝိုင်းတွယ်ကြလို့ အတွယ်ခံရလဲ အဲဒါ ပညာပေါ့၊ ဘယ်လို တွယ် လဲ သိရတော့ နောက်တခါ အတွယ်မခံရဘူးပေါ့ ဟုတ်ဘူးလား၊ ဟောဒီမှာ ကြည့်ထား စမ်းပါ ကိုကြီး ရဲ့၊ နွဲ့ရည် က တပည့်ဘဝမှာ ဘယ်တော့မှ ကြာရှည်မနေပါဘူး"
"အေး လုပ် လုပ်၊ နင်က နင်လုပ်ချင်ရာကို ဖြစ်အောင် လုပ်တတ်တဲ့ မိန်းမပဲ နောက်တော့သာ တကိန်ကိန်အော်ပြီး ပြေး မလာနဲ့"
ကိုကြီးသာခင် က ကရုဏာဒေါသော ပြောသည်။ သို့သော် ကူညီစရာရှိသည်များကိုတော့ ကူညီရှာ လေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, December 8, 2012

မစန္ဒာ ၏ မစပ်သောငရုပ်, အပိုင်း (၄)

"အဖေက ထွန်းထွန်း ကို အထင်မကြီးဘူး၊ ဒါပေမယ့် လူ့ဘ၀မှာ လူတယောက်အတွက် အရေး အကြီးဆုံး အရည်အချင်း ဟာ နုတာရင့်တာမဟုတ်ဘူး၊ ဖြူစင်ဖို့ပဲ၊ နုတယ်ရင့်တယဆိုတာက အတွေ့အကြုံ အရ ပြောင်းလဲ လာမှာပဲ၊ ဖြူတာမည်းတာ က လုပ်ယူလို့မရဘူး၊ အဖေက မူလအ ရောင် ကို တန်ဖိုးမထားပဲ ဘာလို့ အနုအရင့် ကို တန်ဖိုးထားနေရတာလဲ"
နွဲ့ရည် က စိတ်ထဲမှတွေးနေမိသည်။ ထိုနောက် ငါးပိရည်ကို ခပ်၍သောက်မိသည်။ ငန်တူးတူးအရ သာက လျှာနှင့် ထိတွေ့ချိန်တွင်ပင် ဖိုးသောကြာ၏ အော်သံကို ကြားရသည်။
ကို ဆက်ဖတ်ရန် ...

"ဟာ...အစ်မ၊ ငါးပိရည်..."
နွဲ့ရည်၏ ပါးစပ်ထဲတွင် ငန်တူးသွားသည်။ ဖွီကနဲတွေးထုတ်လိုက်ချင်သော်လည်း မထွေး၊ ဇွတ် မှိတ်ပြီးမျိုချလိုက်သည်။ လျှာတပြင်လုံး ငန်နေရာမှ လည်ချောင်းတလျှောက်လုံးပါ ငန်၍ဆင်း သွားသည်။
"ငါးပိရည်တွေ"
"ဘာဖြစ်သေးလဲ"
တအံ့တသြကြည့်နေသော ဖိုးသောကြာအား ဟန်မပျက်ပြောလိုက်သည်။ အမေရော အဖေပါ သူ့ ကိုလှမ်းကြည့်နေ သည်ကို သိသော်လည်းမသိသလိုပင် ထမင်းကို ဆက်၍စားသည်။
စားမိလျှင် ဘယ်တော့မှ ထွေးမထုတ်။
လုပ်မိလျှင် လည်း ဘယ်တော့မှ နောက်မဆုတ်။
အဲဒါက နွဲ့ရည်၏မွေး ကတည်းက ပါလာသော ဗီဇစိတ်ဖြစ်လေသည်။

"လုပ်ချင်တာလုပ်၊ နောက်မဆုတ်နဲ့၊ ဖြစ်ချင်တာဖြစ်၊ စိတ်မညစ်နဲ့"
ကျော်ကျော် က အိပ်စင်ပေါ်တွင် မှောက်လျက်အိပ်ယင်းမှ တံမြက်စည်းလှည်းနေသော မောင်ဆား ကိုကြည့်ကာ ခပ်ကျယ်ကျယ်ပြော သည်။
"ဘ၀ဆိုတာ ခဏကလေးကွ၊ သက်တမ်းစေ့အောင် နေရယင်တောင် အချိန်တွေက ဖင်လှည့် ခေါင်းလှည့်နဲ့ ကုန်သွားမှာ၊ သက်တမ်းမစေ့ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရယင်တော့ ဖြုတ်ကနဲဆို ကြံတောရောက် သွားရတော့ မှာ မောင်ရ"
ကျော်ကျော် ၏ အသံက တရားသံပါသလိုလိုပင်။ သို့သော်အကြောင်းသိနေသောမနွဲ့ရည်က ရယ် ချင်သွား သည်။ တွေးလက်စ အတွေးလည်း ပြတ်သွားသည်။
"ဒီတော့ လုပ်စရာရှိတာလေးတွေကို မြန်မြန်ထက်ထက် လုပ်ပစ်လိုက်၊ သိပ်အကြာကြီး စဉ်းစားမ နေနဲ့၊ မင်းမိန်းမ ယူချင်တယ်နော် ယူပစ်လိုက်၊ စဉ်းစားလို့ကြာနေယင် ကြံတောနား နီးသွားမယ်"
"မိန်းမ ယူယင် ကျွန်တော်က သားသမီးတွေပါ လိုချင်တာဗျ၊ တော်ကြာ ၀င်ငွေလေးမဖြစ်စလောက် နဲ့ကျွန်တော့် သား၊ ကျွန်တော့် သမီးတွေ ကို ထမင်းမှဝအောင် မကျွေးနိုင်ယင်အခက်"
"ပူမနေနဲ့၊ မြန်မာပြည်မှာ အာဟာရချို့တဲ့တဲ့သူတွေ ရှိပေမယ့် ငတ်လို့သေတဲ့သူ မရှိသေးဘူး"

ကျော်ကျော် က ခပ်ပေါ့ပေါ့ပြောကာ ရယ်သည်။
"အင်း...ငကျော် ကတော့ တကယ့်ကို ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားပဲ၊ ဘ၀ဆိုတာ ခဏလေး ခဏလေး နဲ့ပြောလိုက် ယင် တရားသံလေးနဲ့၊ ခဏလေးမို့ လူ့ဘ၀လာတုန်း စုံအောင် မလုပ်ဖူးမှာ ဆိုပြီး တွေ့ကရာတွေ လျှောက် လုပ်တာ က ခက်တယ်၊ တနေ့ကလဲ ဖဲသွားရိုက်တာ တထောင်ကျော် ရှုံးလာတယ်တဲ့လေ...၊ မလွန်လွန်း ဘူးလား ဟယ်....၊ သူ့မို့ကိုယ့်ချွေးနှဲစာကိုယ် မနှမြောတယ်"
မနွဲ့ရည်ကတွေးယင်း ခေတ္တမျှငေးနေမိသေးသည်။ ရေခဲခွဲသံက တဂျီးဂျီးနှင့် ပြန်ပြီးဆူညံလာမှ ရေး လက်စစာ ကို သတိရသည်။ ခုထိ အပြီးမသတ်ရသေး။
"ကျွန်မ မှာ မိန်းမသားတန်မယ့် ပင်ပင်ပန်းပန်း လုပ်ကိုင်စားနေရသည်ကို ဦးလေးလည်း အသိပင် ဖြစ်ပါသည်။"
နောက်ဆုံး စာကြောင်း ကို ပြန်လည်ဖတ်ပြီး သက်ပြင်းတချက် ချလိုက်မိသည်။

ကျွန်မ၏ ချွေးနှဲစာကို ကျွန်မလိုချင်ပါသည်။ ဦးလေးထံတွင် ကျွန်မ၏ ငွေရှစ်ထောင်ကျော်ရှိသည် ကိုကျွန်မလည်း အသိ၊ ဦးလေး လည်း အသိပင် ဖြစ်ပါသည်။ ဦးလေးပို့နေသော အင်းငါးများကို ကျွန်မဆီမပို့ပဲ ကြည့်မြင်တိုင်ဈေး သို့ ဆက်လက်ပြီး ပို့လို ကပို့နိုင်ပါသည်။ သို့ပါသော်လည်း ကျွန်မ၏ ကြွေးကိုကားပြေ လည်အောင် ဆပ်စေ လိုပါသည်။ ကျွန်မတွင် လည်း ငွေရေးကြေးရေး အခက်အခဲ ရှိနေပါသောကြောင့် ယခုတပတ် အတွင်းတွင် ငွေလေးထောင်ကို ပေးစေလိုပါသည်။ ကျွန်မ စောင့်နေပါမည်။
ဦးလေးနှင့် လည်း လူချင်းတွေ့၍ စကားပြောလိုပါသေးသည်။ ဥက္ကံသို့ ကျွန်မကိုယ်တိုင် လာခဲ့ပါဦး မည်။
မနွဲ့ရည် က နောက်ဆုံးအကြောင်းအောက်တွင် လိုင်းတားပေးလိုက်သည်။ ဥက္ကံသို့ မနွဲရည်ကိုယ် တိုင်လာမည် ကိုကား ဦးမြင့်သန်း လန့်နိုင်သည်။ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်ဒေသတွင် အော်ဟစ်ပြီး ကြွေးတောင်းခံရလျှင် မည်သူမဆို အရှက်အိုးတော့ ဗြန်းဗြန်းကွဲမည် ဖြစ်သည်။ ဦးမြင့်သန်းလည်း အရှက်ကွဲခံချင်မည်တော့ မဟုတ်။

သို့သော် ဘာပြောပြော ငွေကသူ့လက်ထဲမှာ။ ဒါမျိုးက စာချုပ်စာတန်းနှင့် လုပ်သောအလုပ်မျိုး မဟုတ်။ တယောက်နှင့် တယောက် ယုံကြည်မှုအရင်းခံပြီး လုပ်ကြသည်မို့ တရားစွဲလို့လည်းမရ။ ဒါကြောင့်မို့လည်း ငါးလောကသား များ အဆဲအဆိုသန်ပြီး၊ လျှာကြမ်း၊ အာကြမ်း ဖြစ်ကြရခြင်း ဖြစ်လေသည်။ မဆဲနိုင် မဆိုနိုင်လျှင် ရှိရှိ သမျှ ငွေတွေ အကုန်ကြွေးဆု့းပြီး ခွေးလုံးလုံးဖြစ်နိုင်သည်။ ဗိုလ်မှုးလူထွက်တယောက်ဆိုလျှင်ကြည့်၊ မနွဲ့ရည် တို့ ငါးလောကထဲသို့ ငွေခြောက်သောင်းကိုင် ကာဝင်လာသည်။ အပြိုင်မလိုချင်သော ဒိုင်များက၀ိုင်း၍ သတ် သည်ရော၊ ရန်ကုန်သမား၊ နယ်သမား တွေကကြွေးမပေးပဲ ကြွေးဆုံးသည်ရော၊ အကုန်ပေါင်းလိုက်တော့ သုံးလအတွင်းတွင် ပင်ငွေခြောက်သောင်းလုံး တပြားမျှ မကျန်တော့။ ဖြူကာပြာကာကျပြီး အလံဖြူပြကာ နောက်ဆုတ် ခဲ့ရဖူးလေသည်။
အကယ်၍သာ ဦးမြင့်သန်းက ငွေက "ငါ့လက်ထဲမှာ ငါမပေးယင် ဘာတတ်နိုင်မှာလဲ၊ ဆဲလေဟာ၊ ဆိုလေဟာ၊ ငါ့အသားပဲ့ တာမှာ မဟုတ်တာ"ဟု သဘောထားပြီး မျက်နှာပြောင်ပြောင်နှင့် နေသည် ဟုဆိုကြပါစို့၊ မနွဲ့ရည် ထက်ပင် နှစ်ဆကြမ်းကာ နှစ်ဆပြန်ပြီး ဆဲကာ ကြမ်းမည်ဆိုပါစို့၊ မနွဲ့ရည် ဘာမှတတ်နိုင်တော့ မည် မဟုတ်။ နောက်နောင်တွင် သူနှင့်အဆက်အသွယ် မလုပ်ရုံကလွဲပြီး ဘာမှ မတတ်နိုင်။

မနွဲ့ရည်ကစာကို တခေါက်ပြန်ဖတ်သည်။ ထိုနောက်မှ ခေါက်ကာစာအိတ်ထဲထည့်သည်။ မနက် ကျလျှင် ဥက္ကံ သို့လူကြုံနှင့်ပေးလိုက်ရမည်။
"ဆယ့် တနာရီတောင် ထိုးခါနီးနေပြီ၊ ခဏအိပ်လိုက်ဦးမယ်"
မနွဲ့ရည် က ဗေဒင်ဆရာခုံလေး ကို ခြင်ထောင်အပြင်သို့ ထုတ်လိုက်သည်။ ငွေထည့်ထားသော သားရေအိတ် ကို ခေါင်းအုံးနေရာတွင် ပို့သည်။ ခန္ဓာကိုယ်အောက်ပိုင်းကို ချည်စောင်ပါးနှင့် အုပ်ကာ ခြုံလိုက်သည်။
"သက်ထွေးရေ...အစ်မတော့ အိပ်လိုက်ဦးမယ်၊ ဓနုဖြူငါးလာယင်သာ နှိုးလှည့်"
မနွဲ့ရည် ၏ ခေါင်းကအောက်သို့ချလိုက်သည်နှင့် မျက်လုံးများလည်း မှေးစင်းလာသည်။
ငါးညှီနံ့ ကိုရော ကျင်ငယ်နံ့ကိုရော၊ ထိုနောက် ဒူးရင်းသီးနံ့ကိုရော အရောရောအထွေးထွေးနှင့် ရှုရှိုက်နေ မိသည်။ ရေခဲခွဲသံကလည်း တဂျီးဂျီးနှင့် ဆူညံနေသည်။ ရေခဲတုံးများကို တွန်းသံနှင့် အတူ ကျော်ကျော်၏ အသံက မနွဲ့ရည်၏နားထဲသို့ ဗလုံးဗထွေး ၀င်ရောက်လာပြန်သည်။
"လုပ်ချင်တာ လုပ် နောက်မဆုတ်နဲ့"
ဖြစ်ချင်တာဖြစ်၊ စိတ်မညစ်နဲ့

"ငါလုပ်ချင်ရာကို ငါလုပ်ခဲ့တာပဲ၊ စိတ်ညစ်နေလို့ဖြစ်မလား"
နွဲ့ရည်က ထွန်းထွန်း၏အင်္ကျီကို ဆပ်ပြာတိုက်ယင်း ထွေးသည်။ အင်္ကျီကော်လန်နေရာတွင် မည်းနေသည်ဖြင့် လက်နှစ်ဘက်နှင့် ကိုက်ကာ ပွတ်၍လျှော်လိုက်သည်။
ခုတော့ ထွန်းထွန်းနှင့်နွဲ့ရည်တို့သည် အကြင်လင်မယားဖြစ်ကြပေပြီ။ စက်မှု တက္ကသိုလ်ကျောင်း နှင့် မနီးမဝေး တွင် အိမ်ကလေးငှား၍ အတူတူနေဖြစ်ကြပေပြီ။ အိမ်ကလေးဟု ဆိုရသော်လည်း စင်စစ်တော့ တဲသာသာပင်။ မီးရသော် လည်းရေမရ၊ အခုတော့ မိုးတွင်းမို့ ကိစ္စမရှိသေး၊ မိုးရေကို ခံထားပြီးသုံးနိုင်သည်။
"မိုးကုန် သွားတော့လဲ ရောက်ရားပေါ့ဟယ်၊ ဒီထက်ကောင်းတဲ့ အိမ်ကလေး ငှားနိုင်ယင်ငှားနိုင်မှာ ပေါ့"
နွဲ့ရည်က တွေးသည်။ တွေးမယ့်သာ တွေးသော်လည်းငှားနိုင်ဖို့မလွယ်သည်ကိုကား ကိုယ့်ကို ကိုယ် အသိသားပင်။ နွဲ့ရည်ရော ထွန်းထွန်းရော ကိုယ်ပိုင်ဝင်ငွေ ရှိကြသေးသည်မဟုတ်။နွဲ့ရည်က အခုမှပဉ္စမနှစ်၊ ထွန်းထွန်း က တတိယနှစ်။ နှစ်ကုန်ခါနီးဆိုတော့ တော်တော့ တော်သေးသည်။ နွဲ့ရည်သည် မကြာမီနောက်ဆုံးနှစ် သို့ ရောက်တော့မည်။ တနှစ်လောက်ရုန်းလိုက်လျှင် ဘွဲ့ရပြီ။
"ငါလဲ ဘာဖြစ် လို့ ဒီလောက်စောစော ယူဖြစ်တယ်မသိပါဘူး၊ ကျောင်းပြီးမှယူယင် အတော်လေး အဆင်ပြေမှာ"

မိုးစက်များက တဖွဲဖွဲကျလာသည်။ နွဲ့ရည်က မျက်နှာသုတ်ပ၀ါကို လှမ်းယူကာ ခေါင်းပေါ်တွင် ပတ်ထား လိုက်သည်။ ခေါင်းကို ရေအစိုမခံချင်၊ နွဲ့ရည်၏ဆံပင်များက ထူပြီးများ လှသည်။ ရေစို လျှင် တော်တော်နှင့် မခြောက်တတ်။
အဖေ တို့ အမေတို့ကသာ ထွန်းထွန်းကို အထင်တကြီးနှင့် ရှိလျှင်၊ နွဲ့ရည်၏သူငယ်ချင်းများကသာ နင်နဲ့ အဲဒီကောင်လေး နဲ့ မတန်ပါဘူးဟယ်...နင့်ကို နှမြောလိုက်တာဟု မပြောခဲ့ကြလျှင် နွဲ့ရည်က ထွန်းထွန်းကို ဒီမျှစောစော စီးစီးလက်တွဲခဲ့မိမည် မထင်။ ခုတော့ ထွန်းထွန်းဘက်က အင်အားနည်း လေ၊ ထွန်းထွန်းဘက်မှ ရပ် ချင်လေ ဖြစ်ခဲ့သည်။ "သမီးလုပ်ချင်တာကို သမီးလုပ်မှာပဲ၊ တားလို့ မရဘူးဆိုတာ အမေသိပါတယ်၊ ဒါပေမယ့် ကိုယ်လုပ်ချင်တဲ့ အလုပ်ဟာ မှားသလား၊ မှန်သလား၊ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား ဆိုတာတော့ စဉ်းစားပါ "ဟု အမေက ပြောခဲ့သည်။ အဖေက လည်း "ငါ့သမီး ခေါင်းမာတာတော့ ငါအသိပဲ၊ ဒါပေမယ့် အဲဒီ အင်မတန်မာတဲ့ အခွံထဲမှာတော့ ဦးနှောက်ကောင်းကောင်း ရှိလိမ့်မယ်လို့ ငါထင်ခဲ့တယ်"ဟု ဆိုခဲ့သည်။

"သမီး ခေါင်းထဲမှာ ဦးနှောက်ကောင်းကောင်း ရှိပါတယ်ဖေဖေ၊ ဒါပေမယ့် ရင်ထဲမှာလဲ နှလုံးသား ကောင်းကောင်း ရှိသေး တယ်"
နွဲ့ရည် က စိတ်ထဲမှာပြောလိုက်မိသည်။ သူနှင့်ထွန်းထွန်းကိုတော့ သဘောတူသောသူ ရှိမည်ပင် မထင်။ နွဲ့ရည် တို့ အသိုင်းအ၀ိုင်းက နွဲ့ရည်ဘက်မှ နာခဲ့သလို ထွန်းထွန်း၏ မိဘဆွေမျိုးများက လည်းထွန်းထွန်းဘက်မှ နာကြ သည်။ ကိုယ့်ထက်အသက်ကြီးတာ ကို ဘာလို့သွားကြိုက်ရသလဲ၊ ရွယ်တူတန်းတူချင်း ကြိုက်စရာ ရှားလို့လားဟု ပြောခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ထွန်းထွန်းရော နွဲ့ရည်ရော ပတ်ဝန်းကျင်၏ဒဏ်ကိုသာ မကသေး မိဘဆွေမျိုး များ၏အငြိုအငြင် အပြောအဆိုကို ပါလူးနေအောင် ခံခဲ့ရသည်။
"အို... ဘာဖြစ်ဖြစ်၊ ပေါင်းတာကတို့နှစ်ယောက်ပေါင်းတာ၊ သူတို့နဲ့ပေါင်းတာ မဟုတ်ဘူး"

နွဲ့ရည်ကအင်္ကျီကို ဆောင့်၍လျှော်ကာ ရေလောင်းချလိုက်သည်။ ဆပ်ပြာမြှုပ်ဖြူဖြူများက ရေစီးထဲ တွင်မျောပါ သွားကြသည်။ စိတ်ဆိုး ငြိုငြင်နေကြသော နှစ်ဘက်မိဘတို့ထံမှ လုံလောက်သော အထောက်အပံ့ကို မရတော့၊ စကောလားရှစ်ရသော ငွေကလည်း ကျောင်းလခပင်အနိုင်နိုင်။ ဒီတော့ နွဲ့ရည်က ၀င်ငွေရရန် ရုန်းကန် ရတော့သည်။ လောလောဆယ်တော့ သင်္ဃန်းကျွန်းမှ ကန်စွန်းရွက် များသွားသယ်ကာ ကျိုက္ကလားဈေးတွင် သွင်းသည်။ သွားယင်းလာယင်းနှင့် ဘာလုပ်ရယင်ကောင်း မလဲစဉ်းစားကာ မျက်စိဖွင့်၊ နားစွင့်သွားသည်။
"နွဲ့ရည်၊ နင့်မလဲ ပင်ပန်းလိုက်တာဟယ်၊ ဒါကြောင့် ပြောတာ၊ ကိုခင်ထွန်းကို ယူစမ်းပါလို့၊ ကြီးယင်မှီရသတဲ့၊ ငယ်ယင် ချီရသတဲ့"
"တော်စမ်းပါ၊ ကြီးကြီးငယ်ငယ် ငါမှီချင်မှီမှာပဲ၊ ချီချင်ချီမှာပဲ"

ခင်ခင်ထွေး တို့က အတန်းပြီးသည်နှင့် ကန်စွန်းရွက်ပြေးသယ်ရသော နွဲ့ရည်ကိုကြည့်ကာ သနား သလိုစကား ဆိုသည်။ နွဲ့ရည်ကလည်း သနားသည်ဆိုခြင်းကို မခံချင်ဆုံးဖြစ်သည်။ ဘာမှ သနား စရာမလို။ ထွန်းထွန်းက သူ့ကို ချစ်သည်။ သူကလည်းထွန်းထွန်းကိုချစ်သည်။ နှစ်ဦးသားချစ်ကြ သဖြင့်တအိုးတအိမ် ထူထောင် ခဲ့ကြသည်။ တခုတော့ရှိသည်။ နေရာတကာတွင်နွဲ့ရည်ကသာ ဦးစီးဦးရွက် ပြုရသည်။ ဒါကလည်း ကိုယ့်ကုသိုလ်နှင့် ကိုယ်ပင်။ အကယ်၍ထွန်းထွန်းကိုမယူပဲ အခြားတဦးကိုယူလျှင်လည်း သူကပင် ဦးစီးဦးရွက်ပြုရ မည်ပင်ဖြစ်သည်။ ဦးစီးခေါင်းဆောင်ပြုနိုင် သောသတ္တိနှင့် အရည်အချင်း က နွဲ့ရည်၏ကိုယ်ထဲတွင် ကိန်းဝပ်လျက်ရှိသည်ကို နွဲ့ရည်သိသည်။ ထိုသို့သော အရည်အချင်းရှိသူသည် ထို အရည်အချင်းကိုတော့ မည်သူနှင့်ရရ အသုံးချသည်ပင် ဖြစ်သည်။ အသုံးချတိုင်းလည်း ပင်ပန်းမည် ပင် ဖြစ်လေသည်။

"တချို့တွေက ယောက်ျားယူတယ်ဆိုတာ အားကိုးအားထားပြုဖို့ ယူကြတာ၊ ငါကချစ်လို့ယူတာ၊ ကိုယ့်ဘ၀မှာကိုယ့်ကိုယကို ကိုယ်သာအားအကိုးဆုံး အယုံကြည်ဆုံး"
နွဲ့ရည် က သူငယ်ချင်းများအား စကားတင်းတင်းဆိုခဲ့သည်။ ထွန်းထွန်းကို နွဲ့ရည်က ယခင်တုန်းက လည်း အားမကိုး၊ ယခုလည်း အားမကိုးခဲ့ပေ။ နွဲ့ရည်၏ ဘ၀တလျှောက်လုံးတွင် အားကိုးအားထား ပြုခဲ့ သည့် ယောက်ျားတဦး၊ မိန်းမတဦးသာရှိသည်။ အဖေနှင့်အမေပင် ဖြစ်လေသည်။
နွဲ့ရည်သည် အင်္ကျီကိုရေစင်အောင် ညှစ်လိုက်ပြီး ရေပုံးထဲတွင် အလိပ်လိုက်ထည့်ကာ တံစက်မြိတ် အောက်ရွေ့ ထားလိုက်လေသည်။ ထိုနောက်ရေစည်ပိုင်းပြတ်ထဲက ရေကိုခပ်ကာ ခပ်သွက်သွက် ချိုးသည်။
"မနွဲ့ရေ"
"ဟော...ထွန်းထွန်းလာပြီ"
ထွန်းထွန်း က အသံနှင့်အတူ အနီးသို့ရောက်လာသည်။ ရေစက်ရေပေါက်များနှင့် ကြည်စင်ဝင်း ပနေသောနွဲ့ရည် ၏ မျက်နှာ ကို ငေး၍ကြည့်သည်။

"ဆာလိုက်တာဗျာ...ဘာဟင်းတုံး"
"ချဉ်ပေါင်ဟင်း"
နွဲ့ရည် က ခပ်တိုးတိုးဖြေမိသည်။ စိတ်ထဲတွင်လည်းမကောင်းလှ၊ ချဉ်ပေါင်ဟင်းစားလိုက်၊ ကန်စွန်း ရွက်ကြော် စားလိုက်၊ ခရမ်းသီးနှပ် စားလိုက်နှင့် အသီးအရွက်သံသရာတွင် သူတို့နှစ်ဦး ချာလည် လည်နေကြသည်။ ကိုယ့် အတွက်တော့ ကိုယ်ဝမ်းမနည်း၊ နွဲ့ရည်က အစားအသောက် မက်မော လှသူမဟုတ်။ ထို့ပြင် အဖေအမေ တို့နှင့် နေစဉ်ကတည်းက ထိုသို့သာ စားခဲ့သူဖြစ်သည်။ သို့သော် ထွန်းထွန်းကိုတော့ အားနာသနားမိသည်။ အသားချိုချို ငါးစိုစိုလေးများ ကျွေးချင်သော် လည်းမတတ်နိုင်ခဲ့။
"စားရအောင်နော်"
"ထွန်းထွန်း ရေမချိုးတော့ဘူးလား"
"အဆောင်မှာ ၀င်ချိုးခဲ့တယ်"
နွဲ့ရည် ရေလဲလုံချည် လဲနေစဉ်တွင်ပင် ထွန်းထွန်းက ထမင်းပွဲပြင်နှင့်သည်။ မြိုင်မြိုင်ဆိုင်ဆိုင် တော့မရှိလှ။ ချဉ်ပေါင်ဟင်း တခွက်၊ ငါးပိရည်တခွက်၊ တညင်းသီးဆားစိမ် လေးငါးလုံးခန့်သာ ရှိသည်။ အရေသောက် အဖြစ်ကား ရေနွေးကြမ်း။

"ထွန်းထွန်းရယ်...နွေးအေးက မြင်းခွာရွက် သုပ်လေး ခရမ်းချဉ်ဦးသုပ်လေး ၀င်ဝယ်ခဲ့ရောပေါ့"
"မနွဲ့စားချင်လို့လား"
"ထွန်းထွန်းဖို့ပါ"
"ဒီမှာ ချဉ်ပေါင်ဟင်း ကောင်းသားပဲ...."
ထွန်းထွန်း က ချဉ်ပေါင်ဟင်းထဲတွင် ရှားရှားပါးပါး ပါလာသော ပုစွန်ကျော့ကလေးတကောင်ကို နွဲ့ရည်၏ ပန်းကန်ထဲ သို့လှမ်း၍ ထည့်သည်။ နွဲ့ရည်က မစားရက်၊ ထွန်းထွန်း၏ ပန်းကန်ထဲသို့ ပြန်၍ထည့်လိုက်သည်။ ဒီလိုနှင့်ပင် ပုစွန်ကလေးတကောင်သည် ဟိုပန်းကန်ထဲရောက်လိုက်၊ ဒီပန်းကန်ထဲရောက်လိုက်နှင့် ရှိသည်။ နောက်ထပ်တကောင် ကို ချဉ်ပေါင်ဟင်းထဲက ထပ်၍ဆယ် မိသောအခါမှ တယောက်တကောင်စီ စားကာ ပြိုင်တူ ရယ်မိကြသည်။
"မနွဲ့က များများစားရမှာဗျ"
"ဘာဖြစ်လို့လဲ"
"နှစ်ယောက်စာလေ"
"အို...သေဖြင့် မသေချာသေးပဲနဲ့"
ထွန်းထွန်းက နွဲ့ရည်၏ ဗိုက်ကိုကြည့်ကာ ပြုံးနေသည်။ ကိုယ့်ယောက်ျားပင်ဖြစ်သော်လည်း နွဲ့ရည် ရှက် သွားသည်။ ကိုယ်ကို ယို့ကာကိုယ့်ဗိုက်ကိုကိုယ် ငုံ့ကြည့်မိသည်။
"အခုမဟုတ်သေးလဲ မကြာခင် ဟုတ်လာတော့မှာ၊ ကြိုပြီးစားထား၊ ဂျူနီယာ ထွန်းထွန်းအတွက် လေ"
နွဲ့ရည် ကြည်နူးစွာပြုံးမိသည်။ "တော်စတွိုင်း"ပြောခဲ့သော ပျားရည်စက်ကလေးများကို သတိရ သည်။ တော်စတွိုင်း က ဘ၀ဟူသည်ကို ထိုသို့အဓိပ္ပာယ်ဖွင့်ခဲ့သည်။ သူဖတ်ဖူးသည်ကို နွဲ့ရည်က ထွန်းထွန်းကို ထမင်းစာယင်းပြောပြနေ သည်။

လူတယောက်သည် ကြောက်မက်ဖွယ် သတ္တ၀ါကြီး တကောင်ကလိုက်သဖြင့် ကြောက်အားလန့် အားနှင့် ထွက်ပြေး ယင်း ရေတွင်းတခုထဲကျသွားသည်။ သို့သော် ရေတွင်းနံရံတွင်ပေါက်နေသော သစ်ပင်တပင်ကို လှမ်း၍ဆွဲထားမိသောကြောင့် ရေတွင်းအောက်သို့ ကျမသွားချေ။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ နဂါးကြီး တကောင်က သူ့ကိုဝါးမျိုရန် ပါးစပ်ဟလျက် စောင့်နေသည်။ အပေါ်သို့ပြန်ကြည့်လိုက်ပြန်တော့လည်း သူ့နောက်လိုက်ခဲ့သော သတ္တ၀ါကြီးက စောင့်နေသည်။ ထိုအချိန်တွင် သူဆွဲကိုင်ထားသော သစ်ကိုင်းကို ကြွက်ဖြူနှင့် ကြွက်မည်း နှစ်ကောင်က တလှည့် စီကိုက်နေကြလေသည်။ တော်စတွိုင်းက ပထမသတ္တ၀ါကြီးကို လူ၏ဘ၀သောက၊ ဗျာပါဒ၊ ဒုက္ခများ အဖြစ်တင်စားပြီး ရေတွင်းထဲမှသတ္တ၀ါကြီးကိုကား သေမင်းအဖြစ် တင်စားပြောခဲ့ဟန်တူသည်။ သစ်ကိုင်းကို ကိုက်ဖြတ်နေသော ကြွက်ဖြူနှင့် ကြွက်မည်းနှစ်ကောင်သည်ကား လူ့ဘ၀သက်တမ်း ကိုတတိတိနှင့် စားနေသော နေနှင့်ညတို့ကို တင်စားပြောခဲ့ခြင်းဖြစ်လေသည်။
"အဲဒီတော့ ဘ၀ဆိုတာကြီးဟာ စိတ်ညစ်စရာကြီးပေါ့ဗျာ၊ အပေါ်တက်ယင်လဲ ဒုက္ခသုက္ခတွေ နဲ့၊ အောက်ခုန် ကျယင်လဲ သေမင်းနဲ့၊ ဒီအတိုင်းလဲ ကြာကြာဆွဲမထားနိုင်ဘူး၊ သစ်ကိုင်းက ကြွက်ကိုက်လို့ ပြတ်ကျတော့မယ်၊ အဲဒီလူတော့ ဘုရားစာတွေအော်ဆိုပြီး ငိုနေရမှာပေါ့"

"မငိုဘူး ထွန်းထွန်းရဲ့"
"ဒီလိုဆို ဘာလုပ်နေတုံး"
"သစ်ကိုင်းက သစ်ရွက်တွေမှာ တင်နေတဲ့ ပျားရည်စက်ကလေးတွေကို လိုက်ပြီး လျက်နေသတဲ့"
ထွန်းထွန်းက နွဲ့ရည်ကိုစိုက်ကြည့်နေသည်။ နွဲ့ရည်က ဆက်၍ရှင်းပြသည်။
"ဘ၀ဆိုတာ ဒီလိုပဲ ထွန်းထွန်းရဲ့၊ မွေးဖွားခြင်းကနေ သေဆုံးခြင်း၊ မှတ်တိုင်ကို လျှောက်နေကြ တာ၊ ဒီကြားထဲမှာ ဆင်းရဲဒုက္ခတွေကို ကြုံရမှာပဲ၊ သတိသံဝေဂရလို့လူဝတ်ကြောင်စွန့်ပြီး တောထွက်ယင်လဲ ထွက်ပေါ့လေ၊ ဒါမှမဟုတ် လို့ ဒီလူ့ဘ၀၊ လူ့ပြည်မှာပဲ နေရမယ်ဆိုယင်တော့ သတ္တ၀ါကြီးတွေကိုကြည့်ပြီး ငိုနေမယ့် အစား သစ်ကိုင်းပြတ်ကျမယ့်အချိန်ကို ပျားရည်လေးလျက် ပြီးသတ္တိရှိရှိစောင့်ချင်တယ်"
"တော်စတွိုင်း က အဲဒီသစ်ကိုင်းမှာ ပျားရည်သာမကဘူး၊ ပျားအုံလဲရှိနေတယ်ဆိုတာ သတိမရဘူး ထင်တယ်၊ တချို့လူတွေက ပျားရည်လျက်ချိန်တောင်မရပဲ ပျားတုပ်သာ ခံနေရမှာ"
"ဟုတ်တယ်နော်...အဲဒီလိုလူတွေလဲ ရှိမှာပဲ၊ ပျားတုပ်ခံယင်းနဂါးကြီးပါးစပ်ထဲ ပြုတ်ကျသွားတဲ့ သူတွေလေ"

"ရှိချင်ရှိမှာ မဟုတ်ပါဘူး၊ ရှိကိုရှိမှာပါ"
ထွန်းထွန်းက တွေးတွေးဆဆပြောယင်း ထမင်းထပ်ထည့်သည်။ သူ့ခမျာ ဘယ်လောက်ဆာလာ သည်မသိ။ ထမင်းဖြူကို ချဉ်ပေါင်ဟင်းဆမ်းပြီး ငုံ့၍ငုံ့၍လွေးလိုက်သည်မှာ နွဲ့ရည်ချက်ထားသော ဆန်နို့ဆီဗူးချက်က နည်းနည်းလေးပင်ကျန်တော့သည်။ မနက်စောစော ပဲပြုတ်နှင့်နယ်ပြီး စားသွားဖို့ပင် မလောက်တော့ချေ။
"တို့ဘ၀ သစ်ကိုင်းမှာတော့ ပျားရည်လေးတွေ ရှိနေလို့တော်ပါသေးရဲ့"
"ဘာပျားရည်တွေလဲ"
"ဟောဒီအိမ်ကလေးကလဲ ပျားရည်ပဲ၊ ဟောဒီထမင်းဝိုင်းလေးကလဲ ပျားရည်ပဲ"
နွဲ့ရည်သည် ထွန်းထွန်းကိုချစ်ခင်မြတ်နိုးစွာ ကြည့်မိသည်။ သံယောဇဉ်ကြိုး အထပ်ထပ် ရစ်ပတ် ခြင်းခံထား ရသော နှလုံးသား က ညင်သာစွာ ခုန်လာသည်။
"နောက်ပြီး ဟောဒီထွန်းထွန်းကလဲ ပျားရည်ပဲ"
ထွန်းထွန်း က သဘောကျစွာရယ်သည်။ ထမင်းစား၍ပြီးတော့ နွဲ့ရည်က ပန်းကန်ဆေးသည်။ ထွန်းထွန်းက အ၀တ်စုတ် တခုနှင့် စင်အောင်သုတ်သည်။ ဒီစားပွဲတွင်ပင် ဆက်၍စာကျက်ကြရဦး မည်၊ စာမေးပွဲနီးပြီ။

ပန်းကန်တွေဆေးနေယင်းမှ အဖေတို့အမေတို့ကို နွဲ့ရည်သတိရသည်။ မိသားစုဝိုင်းဖွဲ့၍စားနေကျ ထမင်း ၀ိုင်းလေး ကို တွေးမိသည်။ ဒီအချိန်လောက်ဆိုလျှင် အဖေတို့အမေတို့လည်း ထမင်းစားနေ မည်ထင်သည်။ ထမင်းဝိုင်း မှ လျော့သွားသော နွဲ့ရည်ကိုစိတ်ထဲမှ သတိရနေကြမည် ဖြစ်သည်။ ပါးစပ်ကတော့ ဖွင့်၍ပြောကြ လိမ့်မည်မဟုတ်။ တနေ့တုန်းကတော့ အမေလာသေးသည်။ သို့သော် သင်္ဃန်းကျွန်းသွားနေ၍ မတွေ့လိုက်ရ။ ထွန်းထွန်းကလည်း ကျောင်းမှပြန်လာသေး၊ အမေက စာတိုလေးတစောင်ကိုရေးကာ အိမ်တံခါးတွင် ညှပ်ထား ခဲ့သည်။

သမီး
အမေလာသည်၊ ကိစ္စအထူးမရှိပါ၊ နေထိုင်ကောင်ရဲ့လား၊ ကျန်းမာရေးဂရုစိုက်ပါ၊ အမေတို့တအိမ် သားလုံး လည်း နေကောင်း ပါသည်။
        အမေ

နွဲ့ရည်က အမေ့စာလေးကို စိတ်ထဲမှနေပြီး ပြန်၍ဖတ်နေမိသည်။ အမေ့စာလေးက တိုတိုလေး ဖြစ်သော်လည်း မိခင်တို့ ၏ မေတ္တာနံ့နှင့်ထုံမွှမ်းလျက် ရှိလေသည်။
ဆေးပြီးသား ပန်းကန်များကို အိမ်ထဲပြန်သယ်လာခဲ့သည်။ ထွန်းထွန်းက ထမင်းလုံးအစအနများကို တံမြက်စည်းနှင့် လှည့်းနေသည်။ ထို့နောက် သီချင်းတပုဒ်ကို တိုးတိုးလေး လေချွန်လျက်ရှိသည်။ "မာမာအေး" ၏ နှစ်ယောက်တည်းနေချင်တယ် သီချင်းဖြစ်လေသည်။
အေးအေးငြိမ့်ငြိမ့်လေး ၀ဲပျံနေသော လေချွန်သံသည် အဖေအမေကို သတိရပြီး နွမ်းနယ်နေသော နွဲ့ရည် ကိုကြင်နာ ယုယစွာ ထွေးပွေ့လာသည်။
"အင်း ....ဒီလေချွန်သံလေးကလဲ ပျားရည်တစက်ပဲ"
နွဲ့ရည်က ကြည်နူးချမ်းမြေ့စွာ တွေးလိုက်မိသည်။ သီချင်းဆိုလေ့ဆိုထမရှိသော်လည်း ဒီသီချင်း လေး ကိုတော့ နွဲ့ရည်အလိုလို ရနေသည်။ သီချင်းစာသားများကို ရင်ထဲတွင် တီးတိုးလိုက်ပြီး ရွတ်ဆို နေမိသည်။

"နေမမြင်...ရေပြင်ခဲတဲ့ မြောက်ဝင်ရိုးစွန်းကိုပဲ ခေါ်ခေါ်ပျော်ပါမယ်...သဲသဲမဲမဲ ဇွဲနဲ့...နှစ်ယောက် တည်းနေချင် တယ်"
နှစ်ယောက်တည်း နေချင်သော်လည်း၊ သိပ်ကြာကြာတော့ နှစ်ယောက်တည်း မနေလိုက်ရချေ။ သူတို့နှစ်ဦး၏ ဘ၀ထဲ သို့ သမီးလေး "နွဲ့ရည်ထွန်း"က ၀င်ရောက်လာခဲ့သည်။
ကလေးနို့ တိုက်ကာ စာကျက်ယင်း နောက်ဆုံးနှစ်စာမေးပွဲကို "ပထမ"ရအောင် နွဲ့ရည်ဖြေခဲ့ သည်။ အောင်မြင်မှု သရဖူ ကို လက်လှမ်းပြီး "အင်ဂျင်နီယာ"ဘွဲ့ကို ပိုင်ပိုင်နိုင်နိုင် ဆွတ်ခူးခဲ့လေသည်။
ခက်သည် ကတော့ "ထွန်းထွန်း"ဖြစ်သည်။ နွဲ့ရည်က ရုန်းယင်းကန်ယင်းဖြင့် အောင်ရုံသာမက "ပထမ" ရအောင်ပင် ဖြေနိုင်ခဲ့သော်လည်း ထွန်းထွန်း က ကျသည်။ မကျစဖူး စာမေးပွဲကျတော့ လည်း စိတ်ကလေချင် သည်၊ ထွေချင်သည်။ စာမကျက်ပဲ လက်ဖက်ရည်ဆိုင်တွင် အထိုင်များလာ သည်။ အိမ်ပြန်ချိန် မမှန်ချင်တော့။ သူ့အပေါင်း အသင်း အသစ်များဆီမှ ကြားရသော "အိပ်ဇင်စတင်ရှယ်လစ်"တို့၊ "ပစ္စည်းမဲ့ဝါဒ"တို့ကို ကြက်တူရွေး စာရွတ် သလို ရွတ်ဆိုတတ်လာသည်။

"မြေ-ကျေး-ရှင်းမှာ သုံးရာ့နှစ်ဆယ် စကေးနဲ့ စက်မှုအင်ဂျင်နီယာတွေ ခေါ်နေတယ်တဲ့..."
"သုံးရာ့နှစ်ဆယ် စကေးတဲ့လား"
"အင်း...လောလောဆယ်တော့ သုံးရာ့နှစ်ဆယ်တွေပဲ ခေါ်သေးတယ်၊ နောက်မှပဲ ဒီကတဆင့် လေးရာ့ငါးဆယ် စကေးရာထူး ကိုထပ်ပြီး စာမေးပွဲဖြေကြရမှာတဲ့"
"မနွဲ့ လုပ်ချင်ယင် လုပ်ပေါ့"
ထွန်းထွန်း က ခပ်ပေါ့ပေါ့ပင် ဆိုသည်။ နွဲ့ရည်စိတ်တိုသွားသည်။
"လုပ်ချင်တာ မလုပ်ချင်တာထက် လုပ်ကိုလုပ်ရမှာပဲ၊ လောလောဆယ်မှာ အရေးအကြီးဆုံးက ရရာအလုပ်ကို ၀င်လုပ်ဖို့ပဲ"
"ခြေက်နှစ် လုံးလုံး ဒီပညာကို ကြိုးစားပမ်းစား သင်လာရတာ၊ လေးရာ့ငါးဆယ်စကေး မရယင် မလုပ်ဖူး"ဟု သဘောထား သူတို့က သဘောထားနိုင်ကြသော်လည်း နွဲ့ရည်တို့က ထိုသို့ သဘော မထားနိုင်။ ရရာအလုပ် ကို ၀င်လုပ်ခဲ့သည်။ အင်ဂျင်နီယာ ဖြစ်လာခဲ့ပြီ။ အင်ဂျင်နီယာအလုပ်ကို လုပ်ရလျှင် တော်ပြီ၊ စိုက်ပျိုးရေး ဘက်ဆိုရာ စက်မှုပစ္စည်းများကို တီထွင်လိုစိတ်၊ ရေးဆွဲလိုစိတ်နှင့် နွဲ့ရည်၏လက်ချောင်းလေးများသည် ယားနေကြသည်။ ကိုယ်တတ်ထားသည့် ပညာကို စွမ်းစွမ်း တမံအသုံးချလိုက်မည်ဟူသော အတွေးက ရင်ထဲ တွင် တဖျပ်ဖျပ်နှင့် လွန့်လူးနေသည်။

"ခုထက်ထိတော့ ဘာဒီဇိုင်းမှ မလုပ်ရသေးပါဘူး ထွန်းထွန်းရယ်…၊ စာရင်းအင်းတွေနဲ့ ဇယား ရှုပ် နေတာပါပဲ"                 
နွဲ့ရည် က သမီးလေးကို ထွေးပွေ့ယင်းမှ ပြောမိသည်။ သမီးလေးက ခြောက်လရှိပြီမို့ အဖေ၊ အမေကို သိနေပြီ။ ၀ူးဝူးဝါးဝါး စကား ဆိုတတ်ပြီ။
ရုံးဆိုတော့ လဲ ရုံးအလုပ်က ပိုများမှာပေါ့၊ ဒီစာရင်းအင်းတွေကလဲ ရှောင်လို့ရမှာမှ မဟုတ်တာ
"တို့ ကတော့ ဒီဇိုင်းပဲထုတ်ချင်တယ်၊ သူများနိုင်ငံမှာဆိုယင် ကြည့်စမ်းပါအုံး၊ စပါးရိတ်ပြီးတာနဲ့ တဘက်က အစေ့ခြွေပြီး သား အပြီးထွက်လာတဲ့ စက်ကြီးတွေနဲ့ ရုပ်ရှင်ထဲမှာ ကြည့်ရတာများ ဘယ်လောက် အားရစရာကောင်း လဲ"

"သူတို့လယ်ကွင်းတွေက ဒီမှာလိုက်ကန်သင်းရိုးတွေနဲ့ မဟုတ်ဘူး၊ ပြန့်ပြန့်ပြူးပြူး အကျယ်ကြီး တွေ၊ လယ်ထွန်စက်တွေ ကောက်ရိတ်စက်တွေ မောင်းလို့လွယ်တယ်ဆို"
"အင်းလေ…သူတို့လဲ သူတို့တိုင်းပြည်နဲ့ သူတို့စက်၊ တို့လဲတို့တိုင်းပြည်နဲ့ တို့စက်၊ ထွင်နိုင်ရ မှာပေါ့၊ ကန်သင်းရိုးရှိတော့လဲ ဒီကန်သင်းရိုးတွေကြားမှာ သုံးလို့ရတဲ့စက်မျိုးပေါ့"
"မလွယ်ပါဘူးဗျာ"
ထွန်းထွန်း က ပညာပိုင်းဆိုင်ရာတွင် နွဲ့ရည်လိုမတက်ကြွချေ။ နွဲ့ရည်အားမရချင်။ ထွန်းထွန်းနှင့် နှစ် ဦးသားခေါင်းချင်း ဆိုင်ပြီး လယ်ထွန်စက်တွေ၊ ကောက်ရိတ်စက်တွေ မတီထွင်ရလျှင် ရှိပါစေတော့၊ အသေးဆုံးဖြစ်သော မြက်ရိတ်စက်လောက် ရေးဆွဲတီထွင်ရလျှင် တော်ပြီ။

သမီးလေး က နွဲ့ရည်၏ ရင်ခွင်ထဲသို့ ခေါင်းလေးဝှေ့ကာတိုးယင်း နို့တောင်းနေသည်။ နွဲ့ရည်က အင်္ကျီ ကိုလှန်ကာ နို့တိုက်သည်။ ရင်ထဲမှစီးထွက်လာသော နို့ရည်ချိုချိုကို ပူနွေးသော ပါးစပ် ကလေးနှင့်ဟပ်ကာ အားရပါးရ စို့ယူနေသော သမီးလေးကို ငုံ့ကြည့်ယင်း အမေ့ကိုသတိရသည်။ နွဲ့ရည်သည်လည်း အမေ့ရင်ခွင် ထဲတွင် ယခုလိုပင်နို့ချိုကို သောက်သုံးခဲ့ရမည်ဖြစ်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, December 6, 2012

မစန္ဒာ ၏ မစပ်သောငရုပ်, အပိုင်း (၃)

တကယ့် တကယ်တော့ မနွဲ့ရည်တို့က တပိဿာလျှင် ငါးမူးသာစားရသော ငါးပွဲစားဖြစ်သည်။ ငါး လက်ကျန် များလျှင်လည်း သူနှင့် မဆိုင်၊ နယ်မှပို၍ရောင်းသူ နာမည်ဖြစ်လေသည်။ မည်သည့် ဈေးနှင့်  ဖြတ်ရောင်းရောင်း မနွဲ့ရည်က သူ့ဒိုင်တွင် တင်၍ ရောင်းပေးခအဖြစ် တပိဿာ လျှင် ငါးမူး ရမည်ဖြစ် သည်။ နာစရာရှိ လျှင် ရောင်းသူသော်လည်းကောင်း၊ ၀ယ်သူသော် လည်းကောင်း တဦးဦး က သာလျှင် နစ်နာမည်ဖြစ်လေသည်။ 

မနွဲ့ရည်က ကြားပွဲစားမို့ နာစရာမရှိ။ မနွဲ့ရည်က ငါးဈေးကို မြှင့်၍ဖြတ် လျှင်ကား ရောင်းသူ က သာ သွားမည်ဖြစ်ပြီး နှိမ်၍ ဖြတ်လျှင်ကား ၀ယ်သူက သာသွားမည် ဖြစ်သည်။ ဒီတော့လည်း မနွဲ့ရည်က ကြားမှနေ ၍ ရောင်းသူလည်းမနာအောင်၊ ၀ယ်သူလည်း မနာအောင်၊ ငါးလက်ကျန်လည်းမရှိအောင်၊ စဉ်းစားပြီး ဈေးဖြတ်ရလေသည်။ ကိုယ်ဈေးဖြတ်မှား လျှင် နောင် ဆိုလျှင် ကိုယ့်ဒိုင်ကိုလာပြီး ငါးတင်သူလည်း ရှိမည်မဟုတ်။ ငါးဝယ်သူလည်း ရှိမည် မဟုတ်။ ကို ဆက်ဖတ်ရန် ............

အစ်မ ဘယ်နှစ်နရီထိုးပြီလဲ
"ဆယ်နာရီခွဲခါနီးပြီ၊ နင်လဲနာလိုက်ဦးလေ၊ သွား....အိပ်စင်သုံးခု သွားငှား၊ ဒေါ်နွဲ့ရည်က ငှားခိုင်း တာပါ၊ မပျောက်စေ ရပါဘူး လို့ ပြောခဲ့"
"ဓနုဖြူငါး ရောက်ခါနီးပြီ ထင်တယ်၊ ရောက်ယင် ချိန်ရဦးမယ်"
"မသေချာပါဘူးဟာ၊ အဲဒီသောင်းပြောင်း ငါးတွေက ၀င်ချင်တဲ့အချိန်မှ ၀င်တာ၊ တွံတေးငါး ကသာ မွေးမြူရေး ငါးမို့ စိတ်ချရတာ၊ ရတဲ့အချိန်လေး အိပ်သာအိပ်ရောက်တော့လဲ ထတာပေါ့"
မနွဲ့ရည် စာရင်း ဆက်တွက်သည်။ တပိဿာကို ဆယ့်နှစ်ကျပ်ခွဲနှင့် ဆယ့်ငါးပိဿာအတွက် မည်မျှ ကျသနည်း သိရန် ဂဏန်းတွက် စက် ကို တဂျောက်ဂျောက်နှိပ်ချလိုက်သည်။ ၁၈၅.၅၀ဟု လင်းကနဲ လက်ကနဲပေါ်လာသော ကိန်းဂဏန်း ကို ကူးရေးချလိုက်သည်။ တပိဿာဆယ့်လေးကျပ်ဈေးနှင့် ပိဿာနှစ်ဆယ်၏ တန်ဖိုးကို စိတ်တွက်နှင့် တွက် လျှင်ပင် ၂၈၀ိမှန်းသိသော်လည်း အကျင့်ပါနေ သောလက်က စက်ကိုသာ တဂျောက်ဂျောက်နှိပ်မိ သည်။ ၂၈၀ဟုပေါ်လာမှချရေးလိုက်သည်။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားများ အတွက် မနွဲ့ရည်သည်သူ့ဦးနှောက်ကို လည်းကောင်း၊ သူ့စွမ်းအားကို လည်းကောင်း မသုံးချင်တော့ပေ။ အခြားနေရာ များ တွင် စဉ်းစားရလွန်း၊ တွေးတော ရလွန်း၊ တွက်ချက်ရလွန်းသော သူ့ဦးနှောက်ကလေးကို သနား ပင် သနား မိသေးသည်။ ထို့ကြောင့် ခိုနိုင်သော နေရာတွင်တော့ အပြတ်အသတ်ရေသာခိုသည်။ ဦးနှောက် ကလေး ကို တတ်နိုင်သမျှ အနားပေးသည်။

ယခုငါးတွေ က တွံတေးငါးတွေဖြစ်သည်။ တွံတေးမှ "မရီး"နှင့် မနွဲ့ရည်ဆက်သွယ်မိသည်မှာ မနှစ်ကတည်း ကဖြစ်သည်။ ငါးသလောက် ရာသီကုန်ပါက မွေးမြူရေးရာသီသို့ အလှည့်ရောက် သည်။ ယခင်က ပုလဲနှင့်ငါးဌာန က မနွဲ့ရည်တို့လိုဒိုင်ကြီးတွေကို ချပေးသော ငါးသလောက် များ ကို မနွဲ့ရည်တို့က နယ် အရပ်အရပ် သို့ ဖြန့်သည်။ ယခုလိုပင် တပိဿာလျှင် ငါးမူးတင်၍ ပြန် ရောင်းသည်။ ယခုလို မွေးမြူရေး ရာသီ ရောက် ပါက ကန်ရှိသောအရပ်မှ ငါးများကို မနွဲ့ရည်တို့ စောင့်ရပြန်သည်။ ရန်ကုန် တွင် ဖြန့်ပေး ရပြန်သည်။ ယခုလည်း တွံ့တေးတွင် ကန်များဖော်ပြီဖြစ် သည်။ မရီကတွံတေးမှ ကန်တကန်ကို ချုပ်၍ ၀ယ် သည်။ မနွဲ့ရည် ဆီသို့ ပို့သည်။ 

မနွဲ့ရည် က သူ့ဒိုင်မှနေ၍ ဖြန့် ရောင်းပေး ရသည်။ ရောင်းပေးခအဖြစ် တပိဿာလျှင် ငါးမူးပွဲခရသည်။ တည လျှင် အချိန်တထောင်လောက် အနည်းဆုံးရောင်း ရသည်မို့ ငါးရာတော့အနည်းဆုံးကျန်သည်။ တခါတရံလည်း တထောင်၊ ထောင့် ငါးရာ၊ နှစ်ထောင် ရသည်။ ငါးသလောက်ရာသီတုန်းက ပိဿာချိန်သောင်းနှင့်ချီနေလေတော့ တပိဿာငါးမူး ပင် အမြတ် မယူနိုင်။ တမတ်သာ ယူရပြီး အပြတ်ဖြန့်ပစ်ခဲ့ရသည်။ ငါးမူးမြတ်မည့်အစား၊ တမတ်သာမြတ် ၍ အမြတ် ထက်ဝက်နည်းသော် လည်း မနွဲ့ရည် တွင် ငါးတွေတောင်ပုံရာပုံ ပုံ၍မနေတော့ပေ။ ငါးလက်ကျန် နည်း ခဲ့သည်။ ယိုင် မပတ်ခဲ့ရ။ ရေခဲ မရိုက်ခဲ့ရ။

ငါးပွဲစား ဟူသည် အမြတ်ချည်းသာရှိသည်။ သူ့အတွက်အရှုံးမရှိ ဟူ၍ကား ထွက်၍မရ။ မွေးမြူရေး ရာသီတွင် ငါးလက်ကျန် သည် သူနှင့်မဆိုင်သော်လည်း ရောင်းလိုက်ပြီးမှ ကြွေးမရပါက ကြားမှ ကိုယ်ကစိုက်ရတော့သည်။ ငါးပို့သူ ကို သူ့အချိန်နှင့် သူ့ငွေနှင့်အတိအကျ ရှင်းရသည်သာ ဖြစ်သည်။ အကြွေးတွေများပါက ကိုယ်က စိုက်ရပြီသာမှတ်။ မစိုက်ချင်လျှင် ကြွေးကိုရအောင်သာ တောင်းပေးတော့။ မမှားသောရှေ့နေ၊ မသေသောဆေးသမား ဟူသော စကားရှိသည်။ မနွဲ့ရည်က ထပ်၍ဖြည့်လိုက်ချင်သေး သည်။ ကြွေး မဆုံးဖူးသော ငါးပွဲစားဟူ၍ ဖြစ်လေသည်။
မနွဲ့ရည် ဆုံးသော ကြွေးကများပြီ။ နယ်သမား၊ ရန်ကုန်ဈေးသမား၊ စုစုပေါင်းအကုန်ပေါင်းလိုက်လျှင် ငါးသောင်းခန့်ရှိလေသည်။ ဥက္ကံကဦးမြင့်သန်းဆိုလျှင်ကြည့်၊ ငါးသလောက်ရာသီတုန်းက သူသည် မနွဲ့ရည် ၏ဖောက်သည် ဖြစ်သည်။ သူသယ်သွားသော ငါးသလောက်ဖိုးကို စုပေါင်းတွက်ကြည့် တော့ငွေ ရှစ်ထောင် ဖိုးလောက် ရှိသည်။ သူကငွေမပေးပဲ "ကျုပ်တို့ဘက်က အင်းငါးတွေကို ပြန်ပို့ ပေးမယ်၊ ချုံတွေဖော်တော့လဲ ချုံငါးတွေ ပို့မယ်"ဟု ငါးပေးငါးယူ စကားဆိုခဲ့သည်။ ယခုတော့ကြည့်။ ငါးသလောက်ရာသီ ကုန်ပြီ၊ အင်းဖော်ချိန်၊ ချုံဖော်ချိန်ရောက်ပြီ၊ သို့သော် ဦးမြင့်သန်း ကို မတွေ့ရသေး။ သူရန်ကုန်ရောက်လာသည်ဟု ကြားရသော်လည်း ကီလီဘက် သို့ ခြေဦးမလှည့်၊ သူ့ငါးများကို ကြည့်မြင်တိုင်ဈေးတွင် သွား၍သွင်းသည်ဟု သတင်းရသည်။

မနွဲ့ရည် သက်ပြင်းချသည်။ အခုတွက်နေသော စာရင်းတွေပြီးလျှင် ဦးမြင့်သန်းဆီသို့ ကြွေးတောင်း စားရေး ရဦးမည်။ စားရေးတောင်း၍မှ မပေးလျှင်တော့ ဥက္ကံတွင် လူချမ်းသာစားရင်းဝင် တင့်တောင့် တင့်တယ်နေသူမို့ သူ့အရပ်သား များရှေ့တွင် ဆဲမည်ဆိုမည် ကိုတော့ အတန်ငယ် လန့်နိုင်သည်။ မနွဲ့ရည်လည်း မရလျှင်ရသည့် နည်းနှင့် ကြိုပမ်း ရမည်။ အကုန်ရဖို့ကိုတော့ မမျှော်မှန်းရဲ။ ထက်ဝက်ရလျှင် ကျေနပ်ရမည်ဖြစ်လေသည်။
"ဟေ့ကောင်...သက်ထွေး၊ မအိပ်သေးဘူးလား"
"အင်း...အိပ်ရကောင်းမလား မသိဘူး၊ မျက်စိတွေတော့ ဖန်နေတာပဲ"
"အစ်မ က ပြောနေတယ်၊ အိပ်လိုက်ကြအုံးတဲ့"
ကျော်ကျော် က သူ့အိပ်စင်ကို ငါးသလောက်တာတွေပေါ် လှမ်းတင်ပြီးမှ ဖြန့်သည်။ ငါးသလောက် တာတွေ က နှစ်ပေလောက်မြင့်သည်။ နှစ်လုံးဆင့်ပြီး စီးထားတော့ လေးပေခန့်မြင့်ပြီး ဖြစ်သည်။ တခါ သူ့အိပ်စင်က နှစ်ပေလောက်မြင့်ပြန်တော့ စုစုပေါင်းခြောက်ပေခန့် အမြင့်တွင်တက်၍ အိပ်ရ ခြင်းဖြစ်သည်။

"ဒါမှ လေရှုလို့နည်းနည်းကောင်းတယ်၊ ကြမ်းနဲ့ကပ်နေယင် လေကောင်းကောင်းမရဘူး"
ကိုကြာရိုး ကတော့ သူ့ငါးစည်ပေါ်တွင်ပင် သူခွေအိပ်နေပြီဖြစ်သည်။ သီချင်းမဆိုတော့။ သက်ထွေး က သမံတလင်းကြမ်း ကို ရေလောင်းပြီး တံမြက်လှည်းပြန်သည်။ သူ့တံမြက်စည်းက ရေတွေက ကြမ်းပေးတွင် အိပ်စင် ခင်းပြီး အိပ်နေသော မောင်ဆားကို သွား၍သွား၍စဉ်သည်။ မောင်ဆားက မျက်စိကို တ၀က် ဖွင့်ပြီး ပြန်၍ အိပ်ပျော်သွားသည်။
မနွဲ့ရည် လည်း အိပ်ချင်လာပြီ။ စိတ်ကိုအခုလျော့လိုက်လျှင် အခုပင်အိပ်ပျော်သွားမည် ဖြစ်သည်။ ထိုင်လျက် ဖြစ်ဖြစ်၊ မတ်တတ်ဖြစ်ဖြစ်၊ မနွဲ့ရည်အိပ်တတ်နေပြီ။ သို့သော်အိပ်၍ မဖြစ်သေး။ ကြွေး တောင်းစားလေး ကိုတော့ ပြီးအောင်ရေး လိုက်ဦးမည်ဟု စိတ်ကူးသည်။

ဦးလေး ဦးမြင့်သန်း
ဦးလေးရန်ကုန် ရောက်သည်ကို သိရသော်လည်း ကီလီဘက် ခြေဦးမလှည့်၍ ကျွန်မနှင့် မတွေ့ရ ပါ၊ ဦးလေး သွင်းမည်ဆိုသော ချုံငါး၊ အင်းငါး များကို ကျွန်မစောင့်နေသည်မှာလည်း ကြာပါပြီ။ ကျွန်မမှာ မိန်းမသား တန်မယ့်ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်နေရသည်ကို ဦးလေးလည်း အသိပင်ဖြစ်ပါသည်။
မနွဲ့ရည် သည် စာကို ဆက်မရေးမိပဲ ငေးနေမိလေသည်။ သူ့ဘေးတွင်သာ ထွန်းထွန်းတယောက် မားမားမတ်မတ် ရပ်နေလျှင် မည်မျှကောင်းလိုက်မည်နည်းဟုတွေးပြီး မျက်ရည်ဝဲချင်လာသည်။
သတိရခြင်း၊ တမ်းတခြင်း၊ ကြေကွဲဝမ်းနည်းခြင်းတို့ကြောင့် နှလုံးသားက ခပ်မြန်မြန်ခုန်လာသည်။ သို့သော် မျက်ရည်တော့ မကျ။ မငိုမိအောင် မရှိုက်မိအောင်လည်း သူ့စိတ်ကိုသူထိန်းထားနိုင် သည်။ ဒီလိုဝမ်းနည်းစိတ်၊ အားငယ် စိတ်၊ ကြေကွဲစိတ်တွေကိုသာ ရင်ထဲတွင် တယုတယ လက်ခံ ထားလျှင် မနွဲ့ရည်တော့မကျ။ မငိုမိအောင် မရှိုက်မိအောင်လည်း သူ့စိတ်ကိုသူထိန်းထားနိုင်သည်။ ဒီလိုဝမ်းနည်းစိတ်၊ အားငယ် စိတ်၊ ကြေကွဲ စိတ်တွေ ကိုသာ ရင်ထဲတွင် တယုတယလက်ခံထားလျှင် မနွဲ့ရည်တကိုယ်လုံးသည် မျက်ရည်ချောင်း ထဲ မျောပါ သွားလိမ့်မည် ထင်သည်။

"မနွဲ့ရည် က ရင်ထဲမှ ပြောမိသည်။ သူ့တွင် လုပ်စရာတွေအများကြီးကျန်သေးသည်။ သမီးလေးကို လူလားမြောက်အောင်၊ ကြီးပြင်းအောင်၊ ပညာတတ်အောင် မွေးရဦးမည်။ သူ့မောင်တွေ ညီမတွေ ကိုလည်း ဘွဲ့ရအောင် သင်ပေးချင်သေးသည်။ ထို့ပြင် ထွန်းထွန်း၏မိဘများ၊ သူ့မိဘများအားလုံး ကိုမတောင့်မတ မကြောင့်မကြနှင့် မွေးကျေးဇူး၊ ကျွေးကျေးဇူးတွေ ဆပ်ချင်သေးသည်။ ထို့ထက် ပို၍မှ တတ်နိုင်လျှင် တိုင်းပြည်ကြီးကောင်းကျိုး အတွက် တဘက်တလမ်းမှ ပါဝင်ကူညီသေးသည်။ နိုင်ငံရေးစကားတွေ တွင်တွင်ပြောကာ တရားဟော လိုက်ချင်သေးသည်။ အလုပ်သမားလူတန်းစား တွေအသိပညာ မြှင့်ပေးရေး၊ ဘယ်သမား လူတန်းစားတွေ ကောင်းစားရေး စသည်များကို ဆွေးနွေးလိုက်ချင်သေးသည်။ သို့သော်....သို့သော်..."
မနွဲ့ရည် သည် ပင့်သက်ကို အားရပါးရ ရှိုက်၍ ရှုလိုက်သည်။ ပုစွန်ညှီနံ့၊ ငါးညှီနံ့တို့ကို ရှုမိရှိုက်မိ သော်လည်း ထိုအနံ့များ ကို သတိမထားမိတော့ချေ။ သူ၏စိတ်က အဝေးသို့လွင့်ပါးသွားသည်။
ခရေနံ့၊ စွယ်တော်နံ့၊ ပျံ့ပျံ့သင်းသော စက်မှုတက္ကသိုလ်ကျောင်းတော်ဆီသို့။

စွယ်တော်ပင်လေးတွေက စည်ပင်အုံ့အိုင်းခြင်းမရှိလှသေးသော်လည်း ခရမ်းနုရောင်၊ ပန်းနုရောင် အပွင့်လေး များနှင့် ဝေေ၀ဆာဆာရှိလေသည်။ ဒီနှစ်မှ စက်မှုတက္ကသိုလ် ရောက်လာသော မယ်သစ်လွင်လေး သုံးလေးဦးက စွယ်တော်ပင်လေးအောက် တွင် ရောက်နေကြသည်။ ရှည်လျား ဖားဝေသော အကိုင်းများကို နှိမ့်ချပြီး စွယ်တော်ပွင့်လေးများ ကို ခူးနေကြသည်။
"မနွဲ့"
ထွန်းထွန်းကခေါ်သည်။ မနွဲ့ရည် မိသမသာမော့်ကြည့်လိုက်သည်။ ထွန်းထွန်းက သူ့ထက် သုံးနှစ် လောက် ငယ်သော် လည်း ခေါင်းတလုံးလောက် ပိုမြင့်လေသည်။
"မနွဲ့....အဲဒီပန်းလေးတွေ ကို တခါမှ မခူးဘူးနော်"
"အင်း"
"တခါမှ လဲ မပန်ဘူးနော်"
"အင်း...."
"မနွဲ့ ပန်းမကြိုက်ဘူးလား"
"ပန်း ကို အလှကြည့်ဖို့တော့ ကြိုက်သားပဲ၊ ဒါပေမယ့်ပန်ဖို့တော့ မကြိုက်ဘူး"
"ဘာဖြစ်လို့လဲ"
"တို့က မိန်းမ မှ မဆန်တာ၊ လူတကိုယ်လုံး မိန်းမမဆန်ပဲနဲ့ ခေါင်းကျမှပန်းကြီးပန်ထားတော့ အချိုးကျမှာ မဟုတ် ပါဘူး"

နွဲ့ရည် က မှန်ထဲတွင်မြင်ရသော သူ့ရုပ်ကိုသူပြန်တွေးကြည့်မိသည်။ အသားကအတန်ငယ်ညို သည်။ သနပ်ခါးသာ မှန်မှန်လိမ်း၊ မိတ်ကပ်၊ ပေါင်ဒါနှင့်ဖို့လျှင် အဖြူဘက်သို့ကူးနိုင်သောအသား ဖြစ်သောလည်း မနွဲ့ရည်ထံတွင် မိတ်ကပ်၊ ပေါင်ဒါမပြောနှင့် သနပ်ခါးတုံးပင် ကောင်းကောင်းမရှိ။ အရပ်က ခပ်ပျပ်ပျပ်၊ လုံးလုံး ကျစ်ကျစ်ဖြစ်သော် လည်း အရောင်မှိုင်းမှိုင်း အင်္ကျီလုံချည် သုံးလေး ထည်ကိုသာ လှည့်၍၀တ်တတ်တော့ သူ့အသက် က နဂိုထက်ပို၍ ကြီးသည်ဟုထင်ရသည်။ ဆံပင် များက နက်မှောင်သန်စွမ်းသော်လည်း အုန်းဆီ ရွဲရွဲလူးပြီး ကျစ်ဆံပြီးတချောင်းတည်းကိုတင်းတင်း ဆွဲ၍ကျစ်တတ်သည်။ တခါတရံလည်း စုပြီးစည်းသည်။ ဒါ့အပြင် ဘာမှမလုပ်တတ်၊ လုပ်ချင်စိတ် လည်းမရှိ။ မျက်ခုံးနက်နက်၊ မျက်လုံးလှလှ၊ မျက်တောင်ကော့ကော့၊ စကားပြောကောင်းသော နှုတ်ခမ်းများ က ပါးပါးမို့ မနွဲ့ရည်သည်သာ ပြင်ဆင်လိုက်လျှင် မိန်းကလေးရှားပါသော စက်မှု တက္ကသိုလ်တွင် အချောအလှ စာရင်းဝင်နိုင်သည်ဟု သူငယ်ချင်းအချို့က ပြောသည်။ သို့သော် သူတွင် ရှိသော အလှအပများကို တော်ရုံတန်ရုံနှင့် မည်သူမျှ သတိမပြုမိကြ။ အင်္ကျီမှိုင်းမှိုင်း၊ လုံချည် မှိုင်းမှိုင်း တို့အောက်တွင် မြှုပ်နေလေသည်။ ဒါအတွက်လည်း မနွဲ့ရည် တခါမျှ ၀မ်းမနည်းမိချေ။

"မနွဲ့ ဘာလို့အလှမပြင်တာလဲ"
"ပြင်စရာ ဘာပစ္စည်းမှ မရှိဘူး"
နွဲ့ရည်က ပွင့်ပွင့်လင်းလင်းဖြေယင်းရယ်သည်။ သူ့တွင် အလှပြင်စရာ ပစ္စည်းဆို၍ ဘာမျှမရှိ သည်မှာအမှန်ပင်။ စက်မှု တက္ကသိုလ် တတိယနှစ်ရောက်လာသည်အထိ တခါမှ မိတ်ကပ်မလိမ်းဖူး သေး၊ နှုတ်ခမ်းနီမဆိုးဖူးသေး။
"ကျောင်း လာတာ ပညာရှာဖို့လာတာမဟုတ်လား၊ အဖေတို့အမေတို့အကြောင်းလဲ ထွန်းထွန်း သိသားပဲ၊ တို့ဟာမချမ်းသာတဲ့ အပြင် ဆင်းတောင် ဆင်းရဲပါသေးတယ်၊ ဒီတက္ကသိုလ်တက်နိုင် တာလဲအဖေရော အမေရော ပညာ ကို လိုလားလွန်းလို့၊ အားပေးလွန်းလို့၊ နောက်ပြီး စကောလား ရှစ်လဲရလို့၊ ရိုးရိုးသာဆိုယင် ဘယ် လွယ်လိမ့်မလဲ"
ထွန်းထွန်းနှင့် နွဲ့ရည်သည် အိမ်နီးနားချင်း ရပ်တွေရပ်မျိုးများဖြစ်သည်။ နွဲ့ရည်တက္ကသိုလ်ဝင်တန်း ရောက်တော့ အဖေကရန်ကုန်ပြောင်း၍ အခြေချသည်။ ကြည့်မြင်တိုင် မုန့်လက်ဆောင်းကုန်းတွင် အိမ်ကလေး တလုံး ငှားသည်။ အိမ်ရှေ့တွင် အဖီချကာ စုထားဆောင်းထားသမျှသော အရင်းအနှီး များနှင့် စာအုပ်ဆိုင် ကလေး တဆိုင် ဖွင့်ခဲ့သည်။

အဖေ့စာအုပ်ဆိုင်နှင့် တွဲလျက်အမေက ခဲတံ၊ ချွန်စက်၊ ပေတံ၊ ဗလာစာအုပ်၊ ဖဲကြိုး၊ ဖဲပြား၊ နှိပ်ကြယ်သီးမှအစပြု၍ အပ်ချည်လုံး၊ အပ်အထိ တိုလီမိုလီပစ္စည်းလေးများ ရောင်းခဲ့လေသည်။ နွဲ့ရည်တို့မောင်နှမတွေ အားလုံး က ကျောင်းအား လျှင်အားသလို တလှည့်စီဆိုင်ထိုင်ကြသည်။ ပစ္စည်မစုံလှသေးသော်လည်း ထိုဆိုင်မှရသော ၀င်ငွေ နှင့်နွဲ့ရည် တို့ တအိမ်သားလုံး ထမင်းနပ်မှန်အောင်တော့ စားနိုင်ခဲ့လေသည်။ ကြက်သား၊ ၀က်သား အနား သို့ ကပ်နိုင်သည်ကားမဟုတ်၊ ပဲပင်ပေါက်ကြော်နှင့် ငါးပိရည်တို့ကား မှန်မှန်စားနိုင်သည်။ အဖေအမေနှင့် အတူ နွဲ့ရည်တို့မောင်နှမအားလုံးသည် ထိုမျှလောက်ဆိုလျှင် ကျေနပ်ပြီဖြစ်သည်။ အဖေရိုက်သွင်း ထားသော အသိသည် သူတို့ရင်ထဲတွင် စွဲနေသည်။ သူတို့သည် စားဖို့ရန် အတွက် နေသူများမဟုတ်၊ နေဖို့ရန်အတွက်သာ စားနေခြင်းဖြစ်သည်။

"ကျွန်တော် ကတော့ ကျောင်းလာတာ အဖေ အမေတွေအလို ဖြည့်ရတာပါ၊ ကိုယ့်ဟာကိုယ်သာဆို ယင်ဝတ္ထုတွေ ကဗျာတွေ ကို ထိုင်ဖတ်နေမှာ၊ နောက်ပြီး ၀တ္ထုပဲ ထိုင်ရေးနေမှာ၊ ဒီတက္ကသိုလ်က ပညာတတ်လို့ ဘာလုပ် မှာလဲ မနွဲ့ရယ်၊ တကယ့်အသိ၊ တကယ့်ပညာဟာ ဘ၀ထဲမှာသာ ရှိတာပါ"
ထွန်းထွန်းက စာအုပ်ထဲမှ စကားမျာကို ရွတ်သည်။ ထွန်းထွန်းသည် အဖေ့စာအုပ်ဆိုင်မှ ဖောက် သည်တဦးဖြစ်သည်။ ထွက်လာသမျှသော အချစ်ဝတ္ထုများကို အကုန်ဖတ်သည်။ သဌေးသမီးနှင့် ထိုသဌေးအိမ်မှ ကားမောင်းသူ တို့ရကြသည့် ဇာတ်လမ်းမျိုးကို ကြိုက်လေသည်။ သတ္ထုထဲကလို နုနုရွရွ၊ လှလှပပ စကားလုံးလေးတွေ ပြောချင်သည်။ သို့သော်သိပ်တော့ မပြောတတ်။
"တက္ကသိုလ် က ပညာလဲပညာပဲပေါ့ ထွန်းထွန်းရဲ့၊ ဒီပညာကို အသုံးမကျဘူးရယ်လို့၊ ဒီလိုဆို ဒီတက္ကသိုလ်ကြီးတွေ ကို ဘာကိစ္စဖွင့်ထားမှာလဲ"
"မနွဲ့ က တက္ကသိုလ်ပညာကို အထင်ကြီးသလား"

"အထင်ကြီးတာပေါ့၊ ဒီပညာတွေကို လိုချင်လွန်းလို့ အဆင်းရဲခံ၊ အပင်ပန်းခံ၊ ခြိုးခြံချွေတာပြီး ကျောင်း တက်နေရတာ"
ထွန်းထွန်း က နွဲ့ရည်အား အလိုမကျသလို စောင်း၍ကြည့်သည်။
"ဒါကြောင့်ပြောတာ၊ မိန်းမတွေရဲ့နှလုံးသားကိုဖွင့်ဖို့ ဒီဂရီသော့၊ ငွေသော့၊ ဂုဏ်သော့ ဆိုတဲ့ သော့သုံးချောင်း လိုတယ်လို့"
နွဲ့ရည်ရယ်နေလိုက်သည်။ ကိုယ့်ဟာကို ပညာလိုချင်၍ ပညာရှာနေခြင်းသည် ထွန်းထွန်းပြောသော ဒီဂရီသော့၊ ငွေသော့။ ဂုဏ်သော့ တွေနှင့် မဆိုင်။ သို့သော် ပြော မနေချင်တော့၊ နွဲ့ရည် သာ စကား နှင့်ဖိ၍ဖိ၍ပြောလျှင် ထွန်းထွန်း ဘာမှပြန်ပြောတတ်မည်မဟုတ်။ နွဲ့ရည်အမြင်အားဖြင့် ထွန်းထွန်း သည်နုနုနယ်နယ် အဖြူခံလေးဖြစ်သည်။ အဖြူခံလေးကို စကားနှင့်ဖိ၍ မထောင်းချင်။
နွဲ့ရည် ကတော့ အဖေ့သမီးဖြစ်သည်။

သူနှင့်ရွယ်တူမိန်းကလေးများက အချစ်ဝတ္ထုတွေဖတ်၊ စိတ် ကူးလေးတွေ ယဉ်နေကြချိန်တွင် သူကဒေါက်တာ ဂျိုဆေရီဇော် တို့၊ ကက်စ်ထရိုတို့၊ ချီဂွေးဗားရား တို့အကြောင်း ဖတ်နေပြီဖြစ်သည်။ ကြိုးပေး သတ်ဖြတ်ခြင်းခံရသည့် ရုရှသူရဲကောင်းမလေး ဇိုယာ ကိုအထင်ကြီး အားကျတတ်နေပြီ ဖြစ်လေသည်။ လူလူချင်းနှိပ်စက် က လူကျွန်ပြုခံရခြင်းတို့ အကြောင်းကို ရေးဖွဲ့သည်။ စပါးတားကပ်စ်တို့၊ ဦးလေးတွမ်၏ တဲကလေး တို့၊ မန်ဒန်ဂိုး တို့ကို ဖတ်ပြီး ငွေဝယ်ကျွန်စနစ်၊ မြေပိုင်ရှင်စနစ်၊ အရင်းရှင်စနစ်စသည့် စနစ်ဆိုးများ အကြောင်း ကို လုံးဝ သူဿုံမဟုတ်သော်လည်း အဖေ့ကျေးဇူးနှင့် အတန်အသင့်တော့ တီးမိ၊ ခေါက်မိနေပြီဖြစ်လေ သည်။ ထို့ကြောင့် တွေ့၊ ကြိုက်၊ ချစ်၊ ကွဲ၊ လွမ်းသော သာမာန် အချစ်ဇာတ်လမ်း များကို နွဲ့ရည် စိတ်မ၀င်စားလှပေ။

အဖေကလည်း သူ့စာအုပ်ဆိုင်ရှိ စာအုပ်ပေါင်းများစွာထဲမှ "သမီးရေ...ဒီစာ အုပ်ကလေး ဖတ်ကြည့်စမ်း" ဟူ၍လည်းကောင်း အရေးကြီးပြီ၊ သွေးစည်းကြစို့ဆိုတဲ့ စာအုပ်က သမီးတို့လို အင်ဂျင်နီယာတယောက်နဲ့ တံတားဆောက်တဲ့ အလုပ်သမားတွေ အကြောင်းရေး ထားတာ၊ ဖတ်ကြည့်စမ်း သိပ်ကောင်းတယ်ဟူ၍ လည်းကောင်း၊ ဖတ်သင့် ဖတ်ထိုက်သော စာအုပ်ကောင်းများ ရွေးပေးတတ်သည်။
"ထွန်းထွန်း ကို တို့ဆီမှာသိမ်းထားတဲ့ စာအုပ်လေးတွေ ပေးဖတ်ရအုံးမယ်"
"ဘာ စာအုပ်တွေလဲ"
"အစုံပဲပေါ့"
"ဟိုတနေ့က မနွဲ့ဖတ်နေတဲ့ စာအုပ်မျိုးလား၊ ဘာတဲ့....၊ ချီးဂွေးဗားရား ထင်တယ်"
"အင်း...ကက်စ်ထရိုတို့၊ ချီးဂွေးဗားရားတို့၊ ဟိုချီမင်တို့ အကြောင်းတွေပေါ့ ဖတ်လို့ သိပ်ကောင်း တယ်"
"အင်း...ကက်စ်ထရို တို့၊ ချီးဂွေးဗားရားတို့၊ ဟိုချီမင်းတိုကအကြောင်းတွေပေါ့ ဖတ်လို့ သိပ်ကောင်းတယ်"
"သူများတိုင်းပြည်က အကြောင်းတွေ အသာထားပါအုံးဗျာ၊ ဒီကဗိုလ်ချုပ်အောင်ဆန်း အကြောင်း တောင် အသေအချာသိသေးတာ မဟုတ်ဘူး၊ ဇူလိုင်ဆယ့်ကိုးရက်နေ့တုန်းကဆုံးတာ ကိုးယောက် လား ဆယ်ယောက် လားတောင် အသေအချာမသိလို့ မနေ့တုန်းက လက်ဖက်ရည်ဆိုင်မှာ ထိုင်ငြင်းခဲ့ရသေး"

"အခုရော သိပြီလား"
"ဟား....ဟား.... ခုထိကို မသိသေးတာ၊ အေးမောင်မောင်ကတော့ ပြောတယ်၊ အာဇာနည်နေ့ နီးပါပြီ၊ အဲဒီတော့ မှ သတင်းစာထဲမှာ ကြည့်တာပေါ့တဲ့"
နွဲ့ရည်သက်ပြင်း ချမိသည်။ နွဲ့ရည်တွေ့ဖူးသမျှ လူဆယ်ယောက်တွင် ခုနှစ်ယောက်လောက်က ဘာအတွက်ကြောင့် များ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား၊ ပေါ့ပေါ့သွားတတ်သူများ ဖြစ်နေရလေသနည်း။ မြန်မာပြည်လွတ်လပ်ရေးရခဲ့သည်မှာ ဘာမျှ မကြာသေးပေ၊ ဒီလွတ်လပ်ရေးကြီးအတွက် အသက် တွေစတေးသွားကြသူများ၏ သွေးနံ့ပင် မပျောက်သေး၊ လေထုထဲတွင် ဝေ့ပျံ့နေဆဲ ဖြစ်သည်။ ကိုယ်ထိလက်ရောက် ပါဝင် လှုံ့ဆော် တိုက်ခိုက်ခဲ့သူများလည်း သက်ရှိထင်ရှား ရှိကြသေးသည်။ သို့ဖြစ်ပါလျက် တက်ခေတ်လူငယ်အများစုသည် လွတ်လပ်ရေး ၏ တန်ဖိုးကို မသိကြတော့သည်မှာ ရင်နာဖွယ်ပင်ဖြစ်လေသည်။

ထွန်းထွန်းက စိတ်ဝင်စားဟန်မပြလှ။ နွဲ့ရည်က ပုံဆွဲခန်းများရှိရာ တဲတန်းရှည်ကြီးများ ဘက် သို့ လျှောက်လာတော့ဘေးမှ လိုက်လျှောက်သည်။ စွယ်တော်ပင်လေး အောက်သို့ရောက်သောအခါ စွယ်တော်ရွက်ကလေး တရွက်ကို လှမ်းခူးသည်။ နွဲ့ရည်ကိုပြသည်။
"ဒီမှာလေ...နှစ်လွှာပေါင်း မှ တရွက်ဖြစ်တဲ့ အသည်းပုံ စွယ်တော်ရွက်လေး၊ ဓာတ်ခွဲခန်းထဲဝင်ပြီး ကလိုရင်းနဲ့ အရောင် ချွတ်ကြည့်အုံး မယ်၊ ရမလားမသိဘူး"
နွဲ့ရည် ရယ်ချင်သွားသည်။ ထွန်းထွန်းလှမ်းပေးသော စွယ်တော်ရွက်ကလေးကို အလိုက်သင့် လှမ်းယူပြီး စာအုပ်ကြားထဲ ညှပ်ထားလိုက်သည်၊ ဘာမှပြောမနေချင်တော့။
"ကဲ သွားမယ်၊ ထွန်းထွန်းရော အတန်းမရှိဘူးလား၊ တို့တော့ သရီးအိုတူး တချိန်ပဲ ကျန်တော့ တယ်။ ပြီးမှ မရှင်း ဒီဇိုင်းတွေ ဆွဲမယ်၊ အတန်းပြီးယင်တော့ နံရံကပ်စာစောင်အတွက် ကိုမိုးကျော်တို့ နဲ့ဆွေးနွေးရအုံးမယ်၊ ထွန်းထွန်းတို့အိမ်ရှေ့ရောက်ယင် အော်ပြောခဲ့ပါအုံး၊ ဒီနေ့ ကျောင်းမှာ ကိစ္စရှိလို့ နည်းနည်းနောက်ကျမယ် လို့ နော်"
ထွန်းထွန်း က သူ့လက်ထဲမှ တီစကွဲယားကို ပခုံးပေါ်ထမ်းလိုက်ယင်း ရယ်လေသည်။

"ကျွန်တော်က မနွဲ့ထက်တောင် နောက်ကျဦးမှာ"
"ဘာလုပ်စရာရှိလို့လဲ"
"သမ္မတရုံး မှာ ဂျိမ်းစ်ဘွန်း ကောင်းတယ်တဲ့ဗျ"
"ကောင်းကွာ"
နွဲ့ရည်ဘာမှ မပြောတော့။ "သွားမယ်"ဟုနှုတ်ဆက်ကာ ရေနံသုတ်ထား၍ အမည်းရောင် ဖြစ်နေ သော တဲတန်းရှည်ကြီး ဘက် သို့ထွက်လာသည်။ အခန်းထဲတွင် လူက ပြည့်နေသည်။ ဆရာတော့ မလာသေးပေ၊ နွဲ့ရည် က အခန်းထဲ မ၀င်သေးပဲ အရှေကဘက်သို့ ပန်း၍လျှောက်သွားသည်။ ရှေ့ဆုံးခုံတွင် ခင်ခင်ထွေးနှင့် အေးအေးလှတို့ ထိုင်နေကြသည်။ ခုံတန်းရှည်ကြီးတွင် နှစ်ယောက် တည်း ထိုင်နေတော့ ဘေးဘက်တွင် နှစ်ယောက်စာ၊ သုံးယောက်စာလောက် လွတ်နေသေးသည်။ စက်မှုတက္ကသိုလ် တွင် မိန်းကလေးက အတော်လေးရှားပါးနေသဖြင့်၊ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်ကို အတန်း အကူးအပြောင်းတွင် နေရာအခက်အခဲမရှိလှ၊ အပြေးအလွှား နေရာဦးစရာမလို၊ လူနည်းစု ဖြစ်သောမိန်းကလေး အနည်းငယ် အတွက် ရှေ့တန်းတွင် နေရာချန်ထားမြဲဖြစ်သည်။
"နင် ဘယ်သွားနေတာလဲ"
ခင်ခင်ထွေးက ဆီးမေးသည်။

"မသွားပါဘူး ထွန်းထွန်းနဲ့တွေ့လို့ရပ်ပြီး စကားပြောနေတာ"
"တွေ့ပါတယ် နင်တို့စုံတွဲကို၊ စွယ်တော်ပင်အောက်မှာ"
"ဟယ်...မဟုတ်မဟပ်၊ ဘယ်ကလာ စုံတွဲရမှာလဲ၊ ငါ့မောင်လေးဟဲ့"
နွဲ့ရည် က မျက်လုံးပြူးသွားသည်။ ကိုယ့်ကိုကိုယ်ရှက်သည်ဟု မထင်လိုက်မိသော်လည်း မျက်နှာတပြင်လုံး ရှိန်းကနဲ ပူသွားလေသည်။
"ဘာလဲ ဘင်္ဂလားမောင်လေးလား"
ခင်ခင်ထွေး က နွဲ့ရည်ကိုကြည့်ကာ ရယ်နေသည်။

"နင်တို့ ရပ်ပြီးစကားပြောနေတော့ ကိုခင်ထွန်းကြီးဆို လှည့်ကြည့် လှည့်ကြည့်နဲ့၊ မျက်စိမျက်နှာ ကိုပျက်လို့၊ သနား ပါတယ်"
"အေးလေ ကိုခင်ထွန်းဆိုယင် ဘယ်လောက်သဘောကောင်းသလဲ၊ စာလဲတော်တယ်၊ နောက်ပြီး ချမ်း လဲချမ်းသာ တယ်"
"ငါကတော့ အဲဒီလိုချမ်းသာ လို့ကို မကြိုက်တာ"
"ဘာလို့ မကြိုက်တာလဲ"
"ငါကဆင်းရဲတာကိုး... အဲဒါကြောင့်"
ခင်ခင်ထွေးရော၊ အေးအေးလှပါ နွဲ့ရည်ကို နားမလည်နိုင်သလို ကြည့်နေကြသည်။ ချမ်းသာခြင်း ကို မကြိုက်သော သူမရှိ။ စည်းစိမ်ချမ်းသာကို လူတိုင်းမက်မောကြ၊ တောင့်တကြသည်။
နွဲ့ရည် လည်း လူထဲက လူတယောက်မို့ ချမ်းသာခြင်းကိုတော့ ကြိုက်သည်ပင်။ သို့သော် လူတယောက်မို့ ချမ်းသာသည့် လူကိုယူပြီး ငွေပုံပေါ်အဆင်သင့် ရောက်သွားခြင်းမျိုးကိုကား မကြိုက်၊ ချမ်းသာသော အသိုင်းအ၀ိုင်း သို့ ခေါင်းလေး လျှိုးဝင်ပြီး မျက်နှာအငယ်မခံချင်။ နွဲ့ရည် ချမ်းသာချင်သည်။ ကိုယ့်လုပ်အားနှင့် ကိုယ် ချမ်းသာအောင် လုပ်မည်။

"ဒီလိုဆိုရင် နင်ကဆင်း ရဲတဲ့သူကိုပဲ ကြိုက်မယ်ပေါ့"
"အေးပေါ့"
"အဲဒါဆိုယင်တော့ ဟိုလမ်းသရဲလေးက အရေးသာနေပါပြီ"
"ဘယ်...လမ်းသရဲလေးလဲ"
"ထွန်းထွန်းလေ"
နွဲ့ရည်မခံချင်ဖြစ်သွားသည်။ ထွန်းထွန်းသည် ခပ်ပျော်ပျော်၊ ခပ်ပေါ့ပေါ့နေတတ်သော်လည်း လမ်းသရဲတော့ မဟုတ်။ ကဗျာဖတ်သည်၊ ၀တ္ထုဖတ်သည်၊ ဂီတာခေါက်သည်၊ ဒါအပြင်မည်သူ့ကိုမှ အနှောင့်အယှက်ပေးခြင်း မရှိ။
"ထွန်းထွန်းက လမ်းသရဲမဟုတ်ဘူး"
"ဟော...ကြည့်.. .ကြည့်စိတ်ဆိုးပြီ၊ နင်နဲ့မဆိုင်ဘူးဆို၊ ဘာလို့စိတ်ဆိုးရတာလဲ"

နွဲ့ရည်၏မျက်နှာ သည် ရှိန်းကနဲပူသွားပြန်သည်။ လှလှထွေးတို့က ကြိတ်၍ရယ်နေသည်။ စက္ကူ မြားလေးများ က လေထဲတွင် ၀ဲပျံနေသည်။ "ကိုခင်ထွန်းရေ အားမလျှော့နဲ့၊ ကြိုးစားဗျ"ဟု ရယ်မော ပြီးနောက်ပြောင်သံကို ကြားလိုက် ရသလိုလို ရှိသည်။ သူနှင့် ထွန်းထွန်း၏ ခင်မင်မှုသည် သာမန် အဆင့်ထက် မကျော်ပေ။ သို့သော် အဘယ့် အတွက်ကြောင့်ပြောချင်၊ ဆိုချင်၊ နောက်ချင်ကြပါ သနည်း။
"ဟော.....ဆရာလာပြီ"
ဆရာဝင်လာတော့ ကျွက်စီကျွတ်စီဖြစ်နေသော စကားသံများ ငြိမ်ကျသွားသည်။ ၀ဲပျံနေသော စက္ကူမြားများ ချက်ချင်းပျောက် သွားသည်။
ဆရာက ကျောင်းခေါ်ချိန် စာအုပ်ကိုဖွင့်ကာ ခုံအမှတ်များခေါ်သည်။ အတန်းတက်သူ၊ မတက်သူ များကို စစ်ဆေး သည်။ နွဲ့ရည်က စာအုပ်ကို တဖျပ်ဖျပ်လှန်လိုက်သည်။ စာအုပ်ကြားထဲတွင် ခိုးလိုး ခုလုဖြစ်နေသော အရာဝတ္ထုလေး တခုက လျှောကနဲ ထွက်ကျလာသည်။ စွယ်တော်ရွက်ကလေး တရွက်၊ ခုနတုန်းက ထွန်းထွန်းပေး လိုက်သော စွယ်တော်ရွက်ကလေး ဖြစ်လေသည်။ နှစ်လွှာပေါင်း မှတရွက်ဖြစ်တဲ့၊ အသည်းပုံ စွယ်တော်ရွက် ကလေးလေ ဟု ပြောလိုက်သံကို ပြန်ပြီးကြားယောင်မိ သည်။ သူဘာလို့ငါ့ကို ဒီစွယ်တော်ရွက် ကလေး၊ ပေးလိုက်တာလဲဟု အတွေးကဆက်မိတော့ ရင်ခုန်သံနည်းနည်း မြန်လာလေသည်။

"ဟေ့...နင့်ခုံနံပါတ်ခေါ်နေပြီ"
"ပရဲဆင့်"
နွဲ့ရည်က ကယောင်ကတမ်း ထအော်လိုက်သည်။ သူ့အသံက လိုအပ်သည်ထက် ပို၍ကျပ်သွား သဖြင့် ဆရာက မသိမသာ လှမ်းကြည့်သည်။ နွဲ့ရည်ကတော့ ရင်ခုန်နေဆဲ။
ထွန်းထွန်း ကို သူခင်မင်သော်လည်း အထင်မကြီး။ ကိုခင်ထွန်းကျတော့ အထင်ကြီးသော်လည်း သိပ်မခင်။ ကိုခင်ထွန်း က သူ့ကို စိတ်ဝင်စားနေကြောင်း သူသာမက အားလုံးသိကြသည်။ ထွန်းထွန်းကတော့ သူထက် ငယ်သည်။ သူ့ကို စိတ်ဝင်စားလိမ့်မည်ဟုလည်း သူမထင်ခဲ့။
"အံမာ...စွယ်တော်ရွက်တွေ ဘာတွေ စာအုပ်ကြားညှပ်လို့၊ နွဲ့ရည်နင် ဘယ်လိုဖြစ်နေတာလဲ"
ခင်ခင်ထွေး က နွဲ့ရည်၏စာအုပ်ကြားထဲမှ စွယ်တော်ရွက်ကလေကိုကြည့်ကာ ရယ်ပြန်သည်။ နွဲ့ရည်က စွယ်တော်ရွက် ကို လှမ်းယူသည်၊ ဆုတ်ပစ်လိုက်မည်စိတ်ကူးသည်။ အသေအချာကြည့် တော့ အသည်းပုံ သစ်ရွက်လေးကချစ်စဖွယ်ပင်။ စာအုပ်ကြားတွင် အသားမသေသေးသော်လည်း ပြန့်ပြန့်ရန့်ရန့်ဖြစ်နေသည်။

နွဲ့ရည် သက်ပြင်းချသည်။
စွယ်တော်ရွက်ကလေးကို စာအုပ်ကြားထဲသို့ အသာလေး ပြန်ညှပ်ထားလိုက်သည်၊ ဆုတ်မပစ် ရက်။

နွဲ့ရည် ဆုတ်မပစ်ရက်ခဲ့သော စွယ်တော်ရွက်ကလေးသည် အခုတော့ စာအုပ်ကြားထဲ တွင် ခြောက်နေပြီ ဖြစ်လေသည်။ ယှက်ဖြာနေသော အကြောလေးများလည်း အထင်းသားပေါ်နေသည်။
"သမီး တို့ စာစောင်လေးက ကာတွန်းလေးတွေက မဆိုးဘူးကွ၊ အတွေးအခေါ်ရော လက်ရာရော စံချိန်မီတယ်၊ နောက်ပြီး ဟောဒီ 'နက်ကလေး' ဆိုတာက ဘယ်သူလဲ သူရေးတာလေး တွေက ဟာသလဲမြောက်တယ်၊ ထိလဲထိတယ်"
အဖေ က စက်မှုစာစောင်လေးကို ဖတ်ကာ ရယ်နေသည်။ နွဲ့ရည်တို့ စက်မှုဌာနက ထုတ်သော စာစောင်လေး ဖြစ်လေ သည်။ တပတ်တခါ ထုတ်သည်။ တစောင်လျှင် ဆယ်ပြား ဖြစ်သည်။ လပ်ရေးနှင့်ရေးကာ ပုံကူးစက်နှင့် လှည့်ထုတ်သော စာစောင်လေးများဖြစ်လေသည်။ ကျောင်းသား ကျောင်းသူ အများကလည်း အားပေး ကြသည်။ ကျောင်းအတွင်း၌ ဖြစ်နေ ပျက်နေသော အဖြစ်အပျက်အစုံကို ဟာသလေးနှော ၍ ပြန်လည်တင်ပြထားသော သတင်းစာဆန်ဆန် သတင်း စဉ်လေးဖြစ်သောကြောင့် သဘောကျနှစ်ခြိုက် ကြသည်။

"အဲဒီ နတ်ကလေးကတော့ ကျောင်းမှာ ဇာတ်လိုက်ပဲအဖေရ၊ မိန်းကလေးတွေကလဲ သူဘယ်သူ လဲ ၀ိုင်းမေးနေကြ တာ၊ လျှို့ဝှက်ထားရတယ်၊ သူကစစ်စစ်ပေါက်ပေါက် မြင်တတ်ရေးတတ်တယ် မဟုတ်လား"
"ဒိပြင်ဌာနတွေကရော ဒီလိုသတင်းစဉ်မျိုးလေးတွေ မထုတ်ဘူးလား"
"မထုတ်ဖြစ်ကြဘူးအဖေ ရဲ့"
စက်မှုတက္ကသိုလ် တွင်မြို့ပြ၊ ဓာတု၊ စက်မှု၊ ချည်မျှင်နှင့်အထည်၊ ဗိသုကာ၊ လျှပ်စစ်စသည်ဖြင့် ဘာသာရပ်များ ကွဲပြားသေး သည်။ သို့သော် အားလုံးထဲတွင် နွဲ့ရည်တို့စက်မှုဌာနက လှုပ်ရှားမှု အများဆုံးဖြစ်သည်။ မိန်းကလေး လည်း အနည်းဆုံး ဖြစ်လေသည်။ စက်မှုတွင်ပင် ဘာသာရပ်များ ထပ်၍ခွဲရာ နွဲရည်ကစက်မှု (စိုက်ပျိုးရေး) ကိုယူခဲ့သည်။ အဖေကလည်း အားပေးသည်။ "အဖေတို့ နိုင်ငံကလယ်ယာစိုက်ပျိုးရေး နိုင်ငံကွ၊ စိုက်ပျိုးရေး ဘက်ဆိုင်ရာ စက်မှုပစ္စည်းတွေကတော့ လိုပြီး ယင်းလိုယင်းနေမှာ"ဟု ပြောခဲ့လေသည်။

"မနေ့တုန်း က သမီးတိုက စိုက်ပျိုးရေးယူတဲ့ ကျောင်းသူသုံးယောက် လယ်ထွန်စက်ကြီးပေးမှာ ဓာတ်ပုံရိုက် ရတယ်၊ ရှေ့သို့ ထဲ ထည့်ဖို့တဲ့၊ သိလားအဖေ"
နွဲ့ရည် က စွယ်တော်ရွက်ကလေးကို စာအုပ်ကြားထဲသို့အသာလေး ပြန်ညှပ်ထားလိုက်သည်။ ဘာဖြစ်လို့များ ဒီစွယ်တော်ရွက် ကလေးကို မကြာခဏ ကြည့်မိသည်မသိ၊ ကြည့်မိတိုင်းလည်း ထွန်းထွန်းကို သတိရသည်။ ခင်ခင်ထွေး တို့ ပြောသော ဘင်္ဂလားမောင်နှမလားဟူသည့် စကားကို ကြားယောင်သည်။
"မြန်မာပြည်ရဲ့ ပထမဆုံးသော အမျိုးသမီးစက်မှုအင်ဂျင်နီယာကြီးတွေလေ ဦးလေးရဲ့"
ထွန်းထွန်း က အိမ်ထဲသို့ လှမ်းဝင်လာသည်။ ခုတလော ထွန်းထွန်းတယောက် နွဲ့ရည်တို့အိမ်သို့ မကြာခဏ လာဖြစ် သည်။ စာအုပ်ငှားယင်း၊ စာအုပ်ပြန်ပေးယင်း၊ မသိနားမလည်သော စာကိုလာ မေးယင်းနှင့် အကြောင်းကိစ္စတွေ ကတော့ များသည်။ နွဲ့ရည်ကလည်း အတန်ငယ်တော့ စေတနာ ပိုမိသည်ထင်သည်။

သူကစတုတ္ထနှစ်ရောက်ပြီမို့ ဒုတိယနှစ် သင်ခန်းစာများကို အတန်ငယ်မေ့ချင် ချင်ဖြစ်နေပြီ၊ သို့သော် ထွန်းထွန်း အတွက် ပြန်လည်လေ့လာရန် ၀နမလေး၊ ကျက်ရလွယ်အောင် မှတ်ရလွယ်အောင် အတိုကောက်မှစုများ၊ ပုံသေနည်းများ ထုတ်ပေးရန်လည်း ၀န်မလေးခဲ့ပေ။ ခင်ခင်ထွေးကမူ ငါတော့သဘောမတူ ပါဘူးဟယ် ဟူသောစကား ကို မကြာခဏ ပြောသည်။ နွဲ့ရည်ကလည်း စိတ်တိုတိုနှင့် နင်သဘောမတူရအောင် ငါတို့က ဘာဖြစ်သေး လို့လဲဟု နှုတ်လှန် ထိုးမိသည်။ ခင်ခင်ထွေးက စကားအကျကောက်ကာ ဘာဖြစ်သေး လို့လဲဆိုတော့ ဖြစ်တော့မယ် ပေါ့ဟုတ်လားဟု ပြုံးစိစိနှင့်ပြောခဲ့သည်။ နွဲ့ရည်ဘာပြန်ပြောရမည်မသိခဲ့။ "ဘယ်တော့ မှ မဖြစ်ဘူး ဟေ့"ဟု ခုနစ်သံချီကာ အော်လိုက်ချင်သော်လည်း မအော်ဖြစ်ခဲ့၊ သူ့ ကိုယ်သူ ကောင်းစွာ မသေ ချာသောကြောင့် ဖြစ်သည်။
"စာအုပ်ကောင်းတွေ ရှိယင် ပေးပါအုံးဗျာ"
ထွန်းထွန်း က သူ့လက်ထဲမှ စာအုပ်ကို လှမ်းပေးယင်းပြောသည်။ နွဲ့ရည်ဆီမှ ငှားသွားသော "မြန်မာပြည်သား" ၀တ္ထုစာအုပ်ဖြစ်လေသည်။

ထွန်းထွန်း သည် ၀တ္ထုဖတ်မြဲ၊ ကြိုက်မြဲဖြစ်သော်လည်း ယခင်တုန်းကလို အချစ်ဝတ္ထုသက်သက် ထက် တစုံတခုသောခေတ်၊ တစုံတခုသော စနစ်အကြောင်း ရေးဖွဲ့သည်များကို ပိုမိုကြိုက်နှစ်သက် လာလေသည်။ ၀တ္ထုကို ဖတ်ယင်း ၀တ္ထုနောက်ကွယ်မှ စာရေးဆရာ၏ အတွေးကိုလှမ်းမျှော်ပြီး စဉ်းစားတတ်လာသည်။ ထိုသို့စဉ်းစား တတ်လာအောင်လည်း နွဲ့ရည်က သူ့ကိုလမ်းပြပေးခဲ့သည်။
"ဒီစာအုပ်ကောင်းတယ်မဟုတ်လား"
"ကောင်းတယ်"
"ရှေးမြန်မာကျေးတောသား တယောက်ရဲ့ ဓလေ့စရိုက်မျိုး ချစ်စိတ်တွေကို ရေးသွားယင်း၊ သက်ဦးဆံပိုင် ဘုရင်စနစ် အကြောင်းကိုပါ ရေးထားတာ ဖတ်ယင်းနဲ့အဲဒီခေတ်အဲဒီအခါကို ရောက်သွားသလို ခံစား ရတယ်နော်"
"ဟုတ်တယ်၊ ကျန်တော်ဖြင့် ဖတ်ယင်းနဲ့ကိုပေါင်တွေတင်ပါးတွေ နာလာသလိုပဲ"
"ဘာဖြစ်လို့လဲ"
"ကိုယ် ကိုယ်တိုင် ထိုးကွင်းဝင်ထိုးနေရသလား အောက်မေ့လို့ပါ"
ထွန်းထွန်း က ပခုံးကို မသိမသာကျုံပြယင်း ရယ်နေသည်။ ပက်လက်ကုလားထိုင်နှင့် ထိုင်နေသော အဖေ့ဘေးကြမ်းပေါ် တွင် တင်ပျဉ်ခွေ၍ထိုင်သည်။

"မင်းတို့ဒီခေတ် မှာ လူဖြစ်ရတာ ကံကောင်းတယ်၊ ထိုးကွင်းမထိုးရတာကိုပဲ တော်လှပြီ၊ မင်းတို့လို ပျော့စိပျော့နွဲ့တွေ ဆိုယင် မလွယ်ဘူးဟေ့"
အဖေက ထွန်းထွန်းအား အသေအချာ ကြည့်ကာပြောသည်။ ထွန်းထွန်း၏ ဆံပင်က ကုတ်ထောက် လောက် အထိရှည်သည် ကို အဖေမကြိုက်ပေ။ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါးနှင့် ဟိုယိမ်းဒီယိုင် ခပ် ပျော့ပျော့ ဟန်ကိုလည်း မနှစ်သက်။ ပုဆိုးကိုချက်ပြုတ်ဝတ်သည်ကိုလည်း ကြည့်၍မရ။ အဖေ့သား၊ နွဲ့ရည်၏မောင်သုံးယောက်လုံး ဆံပင်ရှည် မထားရ၊ ပုဆိုးချက်ပြုတ်မ၀တ်ရပေ။ တခါကဖိုးသော ကြာဆံပင်ရှည်နေ၍ အဖေက ဆံပင်ညှပ်ဆိုင် ခေါ်သွားကာ သူကိုယ်တိုင်စောင့်ပြီး ညှပ်ခိုင်းဖူးလေ သည်။ "ဆံပင်ရှည်တိုင်းလမ်းသရဲ မဟုတ်ပါဘူး အဖေရ"ဟု ဖိုးသောကြာက ဆင်ခြေကန်တော့ အဖေက "ဒါပေမယ့် လမ်းသရဲတိုင်းကတော့ ဆံပင်ရှည်တယ် ငါ့သားရဲ့"ဟု ခပ်ပြုံးပြုံးပင် ပြောခဲ့ သည်။

"သမီးတို့ မိန်းကလေးတွေလဲ ဒီခေတ်မှာ လူလာဖြစ်ရတာ ကံကောင်းတာပဲ အဖေရဲ့"
"ဘာဖြစ်လို့လဲ"
"ဟိုခေတ်မှာသာ ဆိုယင်ညတိုင်းလသာသာမှာ ထိုင်ပြီးဗိုင်းငင်ယင်း လာပိုးတဲ့သူကိုပဲ မျှောနေရမှာ၊ အဖေ့သမီး ဒီရုပ်ဒီရည်နဲ့ အဲဒီတုန်းကသာလူဖြစ်ယင် မျှော်သာမျှော် ပိုးတဲ့လူတွေက ပေါ်လာမှ မဟုတ်ဘူး၊ သာတဲ့... ဗိုင်းကိုသာနာအောင် ငင်နေရတဲ့ "ဗိုင်းနာမ"သာဖြစ်ရတော့မှာ"
နွဲ့ရည် က စကားလမ်းကြောင်းကို ပြောင်းပေးလိုက်မိသည်။ အဖေက ရယ်နေသော်လည်း ထွန်းထွန်းကမူ မသိမသာ မျက်မှောင်ကြုတ်သွားသည်။
"ဗိုင်းနာမ မဖြစ်ရပေါင်ဗျာ၊ ကိုခင်ထွန်းကြီး တယောက်လုံးရှိသားပဲ"
"တို့နဲ့ဘာဆိုင်လို့လဲ"
"သိပါဘူး၊ ဆိုင်များ ဆိုင်သလားလို့"
စသလို နောက်သလို ပြောခြင်းဖြစ်သော်လည်း ထွန်းထွန်း၏အသံသည် မနာလိုသံ နှောလျက်ရှိ သည်။ နွဲ့ရည်က အဖေ့ကို မလုံမလဲ လှမ်း၍ကြည့်လိုက်မိသည်။ အဖေကလည်း နွဲ့ရည်ကိုလှမ်း၍ ကြည့်သည်။ နွဲ့ရည် က သူ့မျက်လုံးများကို ချက်ချင်းပြန်လှည့်လိုက်မိသည်။ အဖေ့မျက်လုံးများကို ကြာရှည် ရင်မဆိုင်ရဲ၊ အဖေသည် ငယ်ရာမှကြီးလာသူဖြစ်သည်။ နွဲ့ရည်တို့ ထွန်းထွန်းတို့၏ အဖြူရောင်နှလုံးသားများ အရောင်ပြောင်းလာသည် ကို အလိုလို သိနိုင်သည်။

"ကိုခင်ထွန်းက ကျွန်တော့်ကို နည်းနည်းမှ မကြည်ဘူးဗျ"
ထွန်းထွန်းက အလိုက်ကန်းဆိုးမသိ ဆက်၍ပြောသည်။ နွဲ့ရည်ကို တမ်းတသော မျက်လုံးများနှင့် ကြည့်သည်။
နွဲ့ရည် အနေခက်လာ၍ အိမ်နောက်ဖေးသို့ အကြောင်းရှာပြီး ၀င်ခဲ့သည်။ ချဉ်ပေါင်ရွက် သင်နေ သော အမေ့ဘေး တွင် ခဏ ၀င်ထိုင်သည်။ ထိုနောက် ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် ထ ကာ ရေတခွက် ခပ်သောက်သည်။ အိမ်ရှေ့သို့ ယောင်လည်လည်နှင့် ပြန်ထွက်လာခဲ့သည်။ ထွန်းထွန်း ကအဖေနှင့် စကားပြောနေသော်လည်း နွဲ့ရည်ကိုသာ လှမ်း၍လှမ်း၍ ကြည့်နေသည်။ ထို့ကြောင့် သူတို့အနားသို့ မသွားတော့ပဲ စာကြည့်စားပွဲနား၌ ရပ်လိုက်သည်။ စားပွဲပေါ်မှ ဆလိုက်ရူးလ် ကိုကောက်ယူသည်။

မည်သည့်ကိန်းဂဏန်း ကိုမှ အမြှောက်အစား မလုပ်လိုပါပဲနှင့် အလယ်သား ကိုဟိုရွေ့ဒီရွေ့ ရွေ့နေမိသည်။ နား ကတော့ အလိုလို စွင့်ထားမိသောကြောင့် လူဆိုတာ အတ္တသ မားချည်းပဲကွ၊ နယ်ချဲ့တွေ နယ်ချဲ့တွေနဲ့၊ ကိုယ့်ပြည် ကို လာတိုက်တော့လဲ မုန်းရတာပေါ့ကွာ၊ တူးတူးခါးခါးကိုမုန်းတာ၊ ဒါပေမယ့် ကိုယ့်တိုင်းပြည် တိုးတက်ပြီး ကိုယ့်ဘုရင် ဘုန်းကြီးတုန်းက ရော ဒီလိုနယ်ချဲ့ဖို့ မကြိုးစားခဲ့ဘူးလားဆိုတော့ ကြိုးစားတာပဲ၊ အင်အားလေးကြီးလာ ယင် ယိုဒယား ပြေးတိုက်တာပဲ၊ မဏိပူရ၊ အာသံ၊ ကသည်း သွားသိမ်းတာပဲ၊ ဒါပေမယ့် ကိုယ့်ကို ကိုယ်ကျတော့ နယ်ချဲ့လို့ ဘယ်ထင်မလဲ၊ ငါတို့ဘုရင်တယ်စွမ်းပါလား၊ တယ်ဘုန်းကြီး ပါလားလို့ ကျေနပ်နေတာ ပဲကွဟု ပြောနေသော အဖေ့စကားသံကို ကြားနေရသည်။ ထွန်းထွန်း က ခေါင်းညိတ်သော်လည်း သိပ်တော့စိတ်ဝင်စားပုံမရပေ။
ညနေထမင်းဝိုင်းကျတော့ အဖေကပြောသည်။

"ထွန်းထွန်းက စိတ်ရင်းလေးတော့ မဆိုးပါဘူး၊ ဒါပေမယ့် တော်တော်နုသေးတယ်"
"ငယ်လဲငယ်တာ ကိုး အဖေရဲ့"
"နုတာရင့်တာဟာ ကြီးတာငယ်တာနဲ့ မဆိုင်ဘူးသမီး၊ သူ့လိုအရွယ်နဲ့ ရင့်ကျက်နေတာတွေကို ပုံလို့၊ အသက်ကြီးပြီး အချိန်မစီး တာတွေလဲ ပြည့်လို့"
အဖေ က သခွားသီးစိတ်ကို တဂျွတ်ဂျွတ်ဝါးနေသည်။ ထို့နောက် ထမင်းထဲသို့ လယ်ကနဖော့ ရွက်မြှုပ်ကာ ငါးပိရည် ဆမ်းသည်။ အဖေက တို့စရာစုံစုံနှင့် ငါးပိရည်သာ ပါလျှင်အသားဟင်းကို ပင်မနှိုက် တတ်တော့ပေ။ နှိုက်စရာ အသားဟင်း ကလည်း တလနေမှတခါနှစ်ခါသာ ချက်နိုင်လေ သည်။
"ထွန်းထွန်း ဟာ အိမ်ထောင်တခု ကို ဦးဆောင် ခေါင်းရွက်လုပ်ပြီး ဦးစီးနိုင်မယ့် ယောက်ျားမျိုးမ ဟုတ်ဘူး"
နွဲ့ရည်၏နှလုံးသား သည် တဖျပ်ဖျပ်နှင့်ခါသွားသလို ခံစားရသည်။ အဖေ့ကိုလှမ်းကြည့်တော့ သူ့ကို အကဲ ခတ်သလို စူးစူးစိုက်စိုက်ကြည့်နေသော မျက်လုံးများနှင့် ရင်ဆိုင်ရသည်။

"ကိုထွန်းထွန်းက အိမ်ကို ခဏခဏလာနေသော ဘယ်သူ့ကို လာပိုးနေတာလဲမသိဘူး၊ ကျွန်တော်က နှမတွေ များတော့ ဖင်အကျိန်းသားဗျ"
ဖိုးသောကြာ က အလိုက်ကန်းဆိုးမသိ ၀င်ပြောသည်။ တဟားဟားနှင့် ရယ်သည်။
"အံမယ်၊ ၀တ်ရည် ကိုတော့ မပိုးပါဘူးနော်"
"၀တ်မှုန်ကို ပိုးတာလဲ မဟုတ်ပေါင်"
ဝတ်ရည်နှင့် ၀တ်မှုန်တို့က ပြိုင်တူပြောသည်။
"အံမယ် မိဝတ်မှုန်၊ နင်ကအပျိုတောင် မဖြစ်သေးပဲနဲ့ အပိုးခံချင်သေးလို့လား၊ ခွေးမလေး"
"သိဘူးလေ"
ဝတ်မှုန် က အူကြောင်ကြောင်ပြောတော့ အားလုံးဝိုင်း၍ ရယ်ကြသည်။ သိုကသော် နွဲ့ရည်ကတော့ မရယ်နိုင်။ ရင်ထဲ တွင် ပူဆာဆာကြီး ဖြစ်နေသည်။

"အဖေက ထွန်းထွန်း ကို အထင်မကြီးဘူး၊ ဒါပေမယ့် လူ့ဘ၀မှာ လူတယောက်အတွက် အရေး အကြီးဆုံး အရည်အချင်း ဟာ နုတာရင့်တာမဟုတ်ဘူး၊ ဖြူစင်ဖို့ပဲ၊ နုတယ်ရင့်တယဆိုတာက အတွေ့အကြုံ အရ ပြောင်းလဲ လာမှာပဲ၊ ဖြူတာမည်းတာ က လုပ်ယူလို့မရဘူး၊ အဖေက မူလအ ရောင်ကို တန်ဖိုးမထားပဲ ဘာလို့ အနုအရင့် ကို တန်ဖိုးထားနေရတာလဲ"
နွဲ့ရည် က စိတ်ထဲမှတွေးနေမိသည်။ ထိုနောက် ငါးပိရည်ကို ခပ်၍သောက်မိသည်။ ငန်တူးတူးအရ သာက လျှာနှင့်ထိတွေ့ချိန်တွင်ပင် ဖိုးသောကြာ၏ အော်သံကို ကြားရသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, December 4, 2012

မစန္ဒာ ၏ မစပ်သောငရုပ်, အပိုင်း (၂)

ထို့ကြောင့် လည်း နွဲ့ရည်က အဖေ့အတန်းကို ရောက်လိုခြင်းဖြစ်သည်။ သူတကယ်တော်မတော်ကို အဖေ့ အား အစွမ်းပြ ချင်နေသည်။ အဖေအခုသင်ပြီး အခုပြန်မေးသမျှ စာတွေ ကို ဒေါက်ဒေါက်ပြေး အောင် ဆိုပြလိုက်ချင်သည်။ ဖြေပြလိုက်ချင် သည်။ နွဲ့ရည်သည် ကိုယ့် ဥာဏ်ကို ကိုယ် ယုံသည်။
သို့သော်နွဲ့ရည် သည် အဖေ့တပည့် မဖြစ်လိုက်ရ။ နွဲ့ရည်အဖေ့အတန်းသို့ရောက်မည့်နှစ်တွင်ပင် အဖေ အလုပ် ထွက် ခဲ့လေသည်။
ကို ဆက်ဖတ်ရန် .........

"ငါတော့ ထွက်စာတင်လိုက်တော့မယ်"
အဖေက အမေ့ကို ပြောသည်။ အမေက ဘာမျှမပြော၊ မောင်လေးအင်္ကျီပြဲကို ချုပ်နေရာမှ ဆက် မချုပ်တော့ ပဲ ငေးနေသည်။
"ဆရာတယောက်အနေ နဲ့ ဆိုပိုင်ခွင့်၊ ပြောပိုင်ခွင့်၊ ဆုံးမပိုင်ခွင့် အပြည့်အဝရှိရမယ်။ ခုတော့ ဆင်းရဲ တဲ့တပည့်တွေ ကိုပဲ ဆို၊ ပြော၊ ဆုံးမရမယ်။ ချမ်းသာတဲ့တပည့် မျက်နှာကြီးတဲ့တပည့်တွေကိုတော့ ဘာမှ မပြောရဘူး။ မဆုံးမရဘူးဆိုယင် ဒီ ဆရာအလုပ်က ဘာလုပ်ရတော့မှာလဲ။ ဆရာဆိုတဲ့ အဓိပ္ပာယ်ဟာ ဘာရှိတော့ မှာလဲ"
အဖေ ထိုမျှစိတ်ထိခိုက်သည်ကို နွဲ့ရည်တခါမျှ မမြင်ဖူးပေ၊ နွဲ့ရည်တို့ မောင်နှစ်မ ခြောက်ယောက် လုံး အမေ့ဘေးတွင် ၀ိုင်းထိုင်ကာ အဖေ့ကို မျက်နှာငယ်ငယ်လေးတွေနှင့် ကြည့်နေကြသည်။
ပြဿနာအစကိုတော့ နွဲ့ရည်သိသည်။ အဖေ့အတန်းမှ အဖေ့တပည့်နှစ်ဦး ကျောင်းတက်ချိန်တွင် ရန်ဖြစ်ပြီး ထိုးသတ်ကြခြင်းဖြစ် သည်။ အဖေက နှစ်ဦးလုံးကို သုံးချက်စီရိုက်ခဲ့သည်။

ကျောင်းတက် ချိန်တွင် စာသင်ခန်းထဲ၌ ရန်ဖြစ်ကြခြင်းအတွက် နှစ်ဦးလုံးတွင် အပြစ်ရှိသည်။ ကျောင်းသားနှစ် ဦးလုံး က သာမန်လက်လုပ်လက်စားများ၏ သားသမီးသာဖြစ်လျှင် ဘာနောက်ဆက်တွဲ ပြဿနာ မှလာမည် မဟုတ်။ ခုတော့ ကျောင်းသားတဦးက အဖေတို့မြို့ကလေးမှ ခရိုင်ရဲဝန်သားဖြစ်နေလေ သည်။ပြဿနာက ထိုနေရာမှ စခြင်းဖြစ်သည်။
ညနေ အိမ်ပြန်ရောက်တော့ သားက သူ့တင်ပါးမှအရှိုးရာကို သူ့အမေအားပြသည်။ ရဲဝန်ကတော် ကြီးလည်း အူနုကျွဲခတ် သလို ရင်ဘတ်စည်တီး ဖြစ်ရှာလေသည်။ နောက်နေ့မနက်ကျတော့ ကျောင်းကို လိုက် လာသည်။ ကျောင်းအုပ်ကြီးနှင့်တွေ့သည်။ သူ့သားလေးကို သူရွှေလိုဥ၍ ပိုးလို မွေးခဲ့ရသည့်အကြောင်း၊ ရက်ရက်စက်စက် ရိုက်ဖို့ မဆိုထားနှင့် လက်နှင့်ပင်မရွယ်ရက်သည့် အကြောင်း၊ ကလေးချင်းစကားနိုင်လု၍ ရန်ဖြစ်သည့် အမှုသည် မည်မျှကြီးကျယ်သောကြောင့် ထိုကျောင်းဆရာက အာဏာပါးကွက်သားလို အရှိုးရာချင်း ထပ်အောင် ရိုက်ရသနည်းဟု ပြောယင်း ငိုလေသည်။ ဒီကိစ္စကို သားတို့အဖေ မသိသေးသည့်အကြောင်း၊ သားတို့ အဖေသည် သူ့သား ကိုစကားပင် မာမာပြောသည်ကို မကြိုက်ကြောင်း၊ သိလျှင်မည်မျှ စိတ်ထိခိုက်မည် ကို တွေးပင် မတွေးရဲသည့်အကြောင်းကို ပြောယင်းရှိုက်လေသည်။

"ဆရာ သာအောင်ရယ်၊ ခင်ဗျားကတော့ ကျားပြီးကိုမှ ဓားနဲ့ခုတ်တော့တာကိုး"
ဆရာကြီးက ခေါင်းကုတ်၍ ညည်းသည်။
"မိန်းမကြီး ကလဲ ခတ်သည်းသည်းဗျ၊ တော်ကြာသူ့ယောက်ျားကို ငိုလားယိုလား၊ တိုင်လားတော လားလုပ်တော့မယ် ထင်တယ်"
အဖေ က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ငြိမ်နေသည်။ ထိုတောက်မှ ခပ်ပြတ်ပြတ်ပြောသည်။
"ကျောင်းတက်ချိန် မှာ စာသင်ခန်းထဲမှာ ထိုးကြ ကြိတ်ကြ ရန်ဖြစ်ကြတာဟာ အပြစ်ရှိတယ် ဆရာ ကြီးရဲ့၊ တပည့်တစ်ယောက် ရဲ့ အပြစ်ကို ဆရာတယောက်အနေနဲ့ ဆုံးမတာ မဆုံးမသင့်ဘူးလား၊ ကျွန်တော်က ရန်ဖြစ် တဲ့ နှစ်ယောက်လုံးကို အတူတူအပြစ်ပေးတာပါ...၊ ကျွန်တော့်တပည့်တွေအား လုံးကို ကျွန်တော် ဆင်းရဲ ချမ်းသာမရွေး အတူတူချစ်ပါတယ်၊ အတူတူ ဂရုစိုက်ပါတယ်၊ ချမ်းသာလို့ ပိုလဲမချစ်ဘူး၊ လျှော့လဲမချစ်နိုင်ဘူး"
"ဟုတ်ပါတယ်... ဒါတော့ ဒါပေါ့လေ"
ဆရာကြီးက ခေါင်းကုတ်ပြန်သည်။ သူ့မျက်နှာတွင် ပြန်တက်လာသော အဆီများကို လက်ကိုင်ပဝါ နှင့် ပွတ် သုတ်ပြီး တံတွေးမျိုသည်။

"အခုဟာက... မိန်းမကြီးက ဆတ်ဆတ်လူးနေလို့ပါ"
"ဒါကတော့ သူ့သား ကို သူ ဖျက်ဆီးနေတာပဲ ဆရာကြီးရဲ့၊ ကိုယ့်သားသမီးကို ကိုယ်လဲမဆုံးမဘူး၊ ဆရာသမား ဆုံးမတာ လဲ မခံဘူးဆိုယင် ဒီကလေး ပျက်စီးမှာပဲ"
"အဲ... အဲ... သူ ပျက်စီးမှာက နောက်၊ လောလောဆယ်မှာတော့ ဆရာ ဆရာ ပျက်အဲ့..."
"အဖေ့မျက်နှာက တင်းသွားသည်။ သူ့ရှေ့မှ ဆရာကြီးကို စိုက်၍ကြည့်ကာ ကြွေကွဲစွာပြုံးလေ သည်။"
"ဒီတော့....ဆရာကြီးက ဘာလုပ်ချင်ပါသလဲ"
"မိန်းမကြီး ကို နည်းနည်းတောင်းပန်လိုက်ယင် ပြီးမယ်ထင်တယ်၊ အရှည်အရှည်ပြဿနာတွေ မဖြစ်စေချင် လို့ပါဆရာရယ်"
အဖေက နေရာမှ ဖြည်းညင်းစွာထသည်၊ ဆရာကြီး၏ အခန်း ပြတင်းပေါက် မှနေ ၍ ချောင်းကြည့်နေ သောနွဲ့ရည်ကို လှမ်းကြည့်သည်။

"အမြှောက်ကြိုက်ကြီးပါ ဆရာရယ် နည်းနည်းပါးပါးမြှောက်ပင့်ပြီး စကားရောဖောရော ပြောလိုက် ယင်ပြီးသွား မှာပါ...."
"ကဲ ဒီလိုဆိုယင်၊ ဒီကလေးက နောက်ထပ်ကျောင်းစည်းကမ်းတွေ ကျူးလွန်ယင်၊ အပြစ်တွေလုပ် ယင်၊ ကျွန်တော် မဆုံးမရတော့ဘူးပေါ့၊ ဟုတ်လားဆရာကြီး"
"အာ...ဒါတော့ ဒါကတော့... ဒီကလေးကလဲ ဆိုး ဆိုးတော့မယ် မထင်..."
အဖေ က သက်ပြင်းချသည်၊ နာကျင်ကြေကွဲစွာ ပြုံးသည်၊ ထို့နောက် ခပ်တိုးတိုးပြောသည်။
ကျွန်တော် ထွက်စာ တင်လိုက်ပါမယ်ဆရာကြီး၊ ကျွန်တော့်ကို ခွင့်ပြုပါအုံး
ဆရာကြီး အခန်းထဲက အဖေထွက်လာတော့ နွဲ့ရည်အဖေ့ဆီပြေးသွားသည်။ အဖေ့မျက်လုံးအိမ် တွင်မျက်ရည်များ ၀ဲနေသည်ကို တွေ့ရသည်။ စိုးရွံ့ထိတ်လန့်နေသော နွဲ့ရည်၏ခေါင်းလေးကို ပွတ်ခါခပ်သောသောပြော သည်။

"ဆရာလုပ်စားရတာ ပျင်းစရာကောင်းလာပြီ သမီးရေ...၊ အဖေတော့ ကူလီထမ်းရကောင်းမလား၊ ဆိုက်ကားနင်းရကောင်း မလား၊ မြင်းလှည်းမောင်း ရကောင်းမလား၊ ဘာများလုပ်စားရယင် ကောင်း မလဲဟင်"
အဖေ က အေးသော်လည်း ပြတ်သည်။ ထိုနေ့ ထိုရက်မှစ၍ ကျောင်းသို့မသွားတော့ပေ။
အမေ ကမူ အဖေ့ရှေ့တွင် ဘာမှမပြောသော်လည်း အဖေ့ကွယ်ရာတွင် ငိုလေသည်။ အမေငိုတော့ ညီမလေးနှင့်မောင်လေးတွေ ကလည်း ငိုကြသည်။ နွဲ့ရည်ကတော့မငို၊ ၀မ်းနည်းသော်လည်း ငိုချင် စိတ်မရှိ။ အဖေလုပ်တာ မှန်တယ် ဟူသောအသိက သူ့နှလုံးသားကို စိုးမိုးထားသည်။
ကျောင်း တွင် အဖေမရှိတော့သော်လည်း နွဲ့ရည်တို့ မောင်နှမတွေက ထိုကျောင်းတွင်ပင် နေမြဲ တိုင်းနေ သည်။ နွဲ့ရည်ကို တွေ့လျှင် ဆရာကြီးက "သမီးဖေဖေ ဘာလုပ်နေလဲ"ဟု မေးတတ်သည်။ မျက်နှာလည်း ညှိုးသွား တတ်သည်။

အဖေ့ကိုတောင်းပန်စကားပြောခိုင်းသော ဆရာကြီးကို နွဲ့ရည်က အစပိုင်း ကမူ တော်တော်ကလေး မေတ္တာပျက်မိသည်။ သို့သော်လည်း ဆရာကြီး၏ မျက်နှာညှိုးညှိုး ကိုမြင်တော့ နွဲ့ရည် စိတ်မဆိုးတော့ပဲ သနားသလိုလိုပင် ဖြစ်လာသည်။ အတွင်းစိတ် က အမှန်တရား ကိုသိသော်လည်း ထိုအမှန်တရားဘက်က ရဲရဲဝံ့ဝံ့မရပ်ရဲသော သူ၏စိတ်ဒုက္ခသည် လည်းတော်တော်ကြီး မည် ဖြစ်ကြောင်း နားလည်သဘောပေါက်၍ လာသလိုလိုရှိသည်။
"နွဲ့ရည်.. .နင့်အဖေက ခရိုင်ရဲဝန်သားကိုရိုက်လို့ အလုပ်ပြုတ်သွားတာဆို"
"ပြုတ်တာမဟုတ်ပါဘူး၊ ထွက်တာပါ"
"ပြုတ်တာ နဲ့ထွက်တာ ဘာထူးလို့လဲ ဟ"
"ထူးတာပေါ့၊ ပြုတ်တာက မလိုချင်လို့ ဖြုတ်ပစ်တာ၊ ထွက်တာက ကိုယ့်ဟာကိုယ် မလုပ်ချင်လို့ ထွက်တာ"
"နင့်အဖေ က ဆရာမလုပ်ချင်တော့ဘူးတဲ့လား"

"အေး"
"ဘာဖြစ်လို့လဲ"
"ဆရာဆိုတာ ဆရာအလုပ် လုပ်ရမယ်တဲ့"
"ဆရာအလုပ်ဆိုတာ ဘာလဲ၊ စာသင်တာလား"
"အေးပေါ့"
"နောက်ပြီးတော့ရော"
"မသိဘူးဟာ...မသိဘူးဟာ၊ လျှာရှည်လိုက်တာ၊ တကတဲ"
ဖြေရပါများတော့ နွဲ့ရည်စိတ်တိုသည်။ နွဲ့ရည်၏ သူငယ်ချင်းများက အဖေ့တပည့်များ မဟုတ်၍ အဖေ့ကို ချစ်ခင်ခြင်း မရှိလှပေ။ အဖေ့အတွက်လည်း ခံပြင်းခြင်းမဖြစ်ကြပေ။
"မသိလို့ မေးတာပါဟာ...နင်ကလဲ"
"အေး...မသိတိုင်း မမေးနဲ့၊ ဒီလောကကြီးမှာ နင်တို့မသိတာတွေ အများကြီးရှိသေးတယ်၊ မသိ တိုင်း လိုက်မေးနေ ယင် နင်တို့တွေမေးယင်းနဲ့ လျှာထွက်ပြီး သေမှာပဲ"
နွဲ့ရည် တကယ် စိတ်တိုလာတော့ သူငယ်ချင်းများငြိမ်သွားကြသည်။ သူတို့က သိလို၍မေးခြင်းဖြစ် သော်လည်း ထိုမေးခွန်း များက နွဲ့ရည်၏စိတ်ကို ညှဉ်းဆဲသလို ဖြစ်နေကြောင်းကို သူတို့သတိမပြု မိကြပေ။

နဂိုကတည်းက ပြေးလွှားဆော့ကစားခြင်း သိပ်မရှိသောနွဲ့ရည်သည် အခုတော့ ယခင်ထက် ပို၍ ငြိမ်လာသည်။ အလုပ်တခုခုတော့ မြန်မြန်လုပမှဖြစ်မယ်ဟု ပြောသောအဖေ့စကားကို ကြားယောင် သည်။ အမေ၏မျက်နှာ ညှိုးညှိုး ကို မြင်ယောင်သည်။ မိဘကို ကြင်နာသနားသော စိတ်သည် ထိုအချိန်ကစ၍ အမြစ်တွယ်ခဲ့လေသည်။
"သားသမီးတွေ များတော့အိုမကွာ၊ အိမ်မကွာအလုပ်မျိုးပဲ လုပ်ချင်တယ်၊ ဒါပေမယ့် မတတ်နိုင်ဘူး၊ လောလောဆယ်တော့ ဒီအလုပ်ပဲလုပ်ရမှာပဲ"
အဖေ က သက်ပြင်းရှိုက်၍ ပြောသည်။
"အဖေ ရယ် ဒီပြင်အလုပ်မရှိဘူးလား"
"မရှိဘူးသမီး၊ အဖေတို့မှာ ကုန်ရောင်းကုန်ဝယ် လုပ်ဖို့လဲ အရင်းအနှီးတပြားမှမရှိဘူး၊ ဆန်အိုး ထဲမှာလဲ ဆန်မရှိဘူး၊ ရရာအလုပ် ကိုပဲ လုပ်ရမှာပဲ၊ ဘာလဲ သမီးက ကုန်တင်ကားမောင်းတဲ့ သူရဲ့ သမီးဆိုတာကို ရှက် လို့လား"

"မရှက်ပါဘူး အဖေ"
"အေး....ဘာမှရှက်စရာမရှိဘူး၊ အဖေ သူများပစ္စည်းခိုးတာ မဟုတ်ဘူး၊ မတရားယူတာမဟုတ်ဘူး"
နွဲ့ရည် မရှက်၊ သို့သော် ၀မ်းနည်းသည်။ ကုန်တင်ကားကြီး၏ ရှေ့ခန်းတွင်ထိုင်ပြီး ကားမောင်း နေ သောအဖေ့ ကိုမြင်ရသည်မှာ မျက်စိထဲတွင် အချိုးမကျလှပေ။ မြေဖြူခဲကို နှစ်ရှည်လများ ကိုင်လာခဲ့ သောထိုလက်သည် ကားစတီယာရင် ကို ကျွမ်းကျွမ်းကျင်ကျင်မှ ကိုင်နိုင်ပါ့မလားဟု တွေးမိပြီး စိတ်ပူနေမိသည်။ ကုန်တင်ကား များဆိုတော့ ညဘက်တွင် မောင်းရသည်။ ကုန်ကိုလိုရာပို့ပြီးသည့် နောက်၌ ထိုအရပ်က ကုန်ကိုစောင့်၍ တင်ကာပြန်မောင်းခဲ့ရသည်။ အဖေတခါသွားလျှင် တပတ်၊ ဆယ်ရက် ကြာတတ်သည်။  ပထမဆုံး အဖေအိမ်ပြန် မအိပ်သောညက နွဲ့ရည်အိပ်မပျော်။ "ငါတို့ ကတော့အိပ်လို့....၊ အဖေကတော့.... ကားမောင်းနေ ရမှာ၊ ညောင်းနေမှာပဲ၊ မျက်စိတွေဖန်ပြီး အိပ်ချင်နေမှာပဲ"ဟု တွေးယင်းအိပ်မပျော်နိုင်အောင် ဖြစ်နေသည်။

အမေကလည်း အိပ်မပျော်၊ ဘုရားစင်တွင် ဖယောင်းတိုင်ထွန်းပြီး ခဏခဏဘုရာရှိခိုးနေလေသည်။ ပထမဆုံး အခေါက်တွင်မှု အဖေသိပ်မကြာ၊ သုံးရက်အကြာတွင် ပြန်ရောက်သည်။ ရလာသောငွေကို အမေ့လက်ထဲထည့် သည်။
"ဘ၀စာမျက်နှာ အသစ် ဖွင့်ရတာပဲဟေ့...ကျောင်းဆရာအလုပ်နဲ့တော့ တခြားစီပဲ"
အဖေ က ရယ်ရယ်မောမောပင်ပြောသည်။ ဘုရားပွဲနှင့်ကြုံ၍ အဖေ၀ယ်လာသော ပစ်တိုင်းတောင် အရုပ် ကလေးခြောက်ရုပ် ကို သားသမီးခြောက်ဦးအား တခုစီပေးသည်။
"ဟောဒီမှာတွေ့လား...ဘယ်လိုပစ်ပစ် ဘယ်တော့မှမလဲဘူး၊ အမြဲတမ်းထောင်နေတဲ့ ပစ်တိုင်း တောင်...၊ ပစ်တိုင်းထောင် တဲ့ ပစ်တိုင်းထောင်... ဘယ်လောက်အတုယူစရာ ကောင်းသလဲ၊ ဘယ်လောက် အားကျစရာ ကောင်းသလဲ"
အဖေက ပစ်တိုင်းထောင်လေးများ ကို တခုပြီးတခုပစ်ပြသည်။

လိမ့်လိမ့်ပါအောင်ပြေးသော ပစ်တိုင်း ထောင်လေးများသည် အရှိန်သေသွားသည်နှင့် ဆတ်ကနဲ ပြန် ၍ထောင်သွားတတ်သည်။
"ပစ်တိုင်းထောင်ကို အတုယူကြ သားတို့သမီးတို့ရဲ့၊ ဟောဒီကအဖေ့ရဲ့ သားတွေသမီးတွေအ ကုန်လုံး လောကဓံ ဆိုတာကို ကြုံကြရဦးမှာပဲ၊ တယောက်တည်း ခါးစည်းပြီး ခံရတဲ့အခါ ခံကြရမှာ ပဲ၊ အဲဒီအခါ ဟောဒီပစ်တိုင်းထောင်လေးတွေကို သတိရကြ၊ တည့်တည့် ကျကျ၊ စောက်ထိုး ကျကျ၊ မှောက်လျက် ကျကျ၊ ပက်လက် ကျကျ၊ ပြန်ပြီးထကြ၊ ထောင်ကြ ဟုတ်လား"
အဖေ့စကား ကို ဘယ်သူမှဂရုစိုက်နာထောင်မနေကြတော့။ ကြမ်းပေါ်တွင် ပစ်တိုင်းထောင်တွေ လှိမ့်ပြီး တဟေးဟေး တဟားဟားဆူညံကုန်သည်။ အဖေကပျော်ရွှင်ဆူညံနေသော သားသမီးများ ကို တဦးချင်းကြည့် သည်။ နောက်ဆုံးတော့ အဖေ့မျက်လုံးက အမှောင်ရိပ်တွင် ရပ်နေသော နွဲ့ရည်၏ အပေါ် သို့ကျရောက်လာသည်။ နွဲ့ရည်က သူရသောပစ်တိုင်းထောင်လေးကို ဆုပ်ကိုင် ကာအဖေ့အား ကြည့်နေသည်။

"အဖေပြောတာ နားလည်လား သမီး"
အဖေက လှမ်းမေးသည်။ နွဲ့ရည် ခေါင်းညိတ်သည်။
"မှတ်ထားနော်"
နွဲ့ရည်က ထပ်၍ ခေါင်းညိတ်ပြလိုက်သည်။

အဖေပေးသော ပစ်တိုင်းထောင်လေးကို နွဲ့ရည်အသေအချာ သိမ်းဆည်းထားသည်။ ကြမ်းပေါ်တွင် လှိမ့်ပြီးမပစ်ရက်၊ မဆော့ရက်။ ပဉ္စမတန်း အတန်းတင်စာမေးပဲ ဖြေခါနီးတုန်းကရထားသော အရုပ် ကလေးသည် အဋ္ဌမတန်း ရောက်သည်အထိ အကောင်းပကထိ ရှိလေသည်။ ၀တ်ရည်တို့၊ ဖိုးသောကြာတို့ အရုပ်ကလေး များသည်ကား ပိန်ချိုင့်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်ပြီဖြစ်သည်။ အ၀တ်ထည့်သော ထန်းခေါက်ဖာထဲတွင် အ၀တ်စုတ်နှင့် ထုပ်၍ထည့်ထားသော နွဲ့ရည်၏အရုပ်က အသစ်အတိုင်းရှိနေ၍ မောင်လေးတွေက မျက်စောင်း ထိုးသည်။ နွဲ့ရည်မပေး။
"ညည်းကလဲအေ... ကလေးမဟုတ် သူငယ်မဟုတ်၊ ဒီပစ်တိုင်းထောင်ကို မက်မက်မောမော"
အမေက အပြစ်တင်သည်။ နွဲ့ရည်က အမေ့ကိုတော့ ဘာမှပြန်မပြောရဲ၊ သို့သော် မောင်တွေ ကို တော့တိုးတိုးတိတ်တိတ်ကြိမ်းထားသည်။ "နင်တို့တွေ ငါမသိပဲများ ငါ့အရုပ်ကို ယူယင်အသေပဲ"ဟု မျက်နှာထားနှင့်ပြောထားသည်။ မောင်တွေ၊ ညီမတွေအပေါ် ဘယ်သောအခါမှ အနှမြော၊ အတွန့် တို မရှိခဲ့သော နွဲ့ရည် သည် ဒီပစ်တိုင်းထောင်လေးကိုတော့ အထိမခံ။

အမေကတော့ ဘာမှမသိ။ "ပစ်တိုင်းထောင်"ကို ကစားစရာဟုထင်သည်။ နွဲ့ရည်အတွက်မူ ထိုပစ် တိုင်းထောင်လေး သည် ကစားစရာမဟုတ်။ "ဘ၀သတ္တိ"၏ အမှတ်အသားဖြစ်သည်။ ထိုပစ်တိုင်း ထောင်လေး ကို မြင်တိုင်း တည့်တည့် ကျကျ၊ စောက်ထိုးကျကျ၊ မှောက်လျက်ကျကျ၊ ပက်လက်ကျ ကျပြန်ပြီး ထကြ၊ ထောင်ကြဟူသော အဖေ့စကားကို အမှတ်ရသည်။
"နွဲ့ရည်ရေ... ငရုတ်သီးလေးတွေ ခူးချည်ပါဦး သမီးရယ်၊ ဒီမှာခရမ်းချဉ်သီးငါးပိချက်ထဲ ထည့်ရအောင်"
အမေ က မီးဖိုထဲမှ လှမ်းအော်၍နွဲ့ရည် နေရာမှထသည်။ အိမ်ရှေကဖိနပ်ချွတ်တွင် မြေပန်းအိုးနှင့် ထည့်ကာ စိုက်ထားသောငရုတ်ပင် မှ ငရုတ်သီးလေးများကို တထောင့်ချင်း ခူးယူသည်။
"အစ်မငရုတ်ပင် က ဟန်ကျသားပဲ၊ အိမ်မှာငရုတ်သီးစိမ်းဝယ်ဖို့မလိုဘူး၊ လိုယင်ခူးစားရုံပဲ"
ဝတ်ရည်နှင့် ဖိုသောကြာက ဖိနပ်ချွတ်တွင် ဖိနပ်ဖင်ခုထိုင်ပြီး ကြံချောင်းများကို အခွံခွာနေသည်။

အဖေ ကားမောင်းသော အလုပ်မှရသည့်ဝင်ငွေသည် ကျောင်းဆရာဘ၀က ၀င်ငွေထက်ပင် များသေး သော်လည်းနွဲ့ရည်တို့တအိမ်သားလုံး ၀၀လင်လင် စားလောက်ရန်ကား မပြည့်စုံပေ။ နွဲ့ရည်တို့၊ ၀တ်ရည် တို့က အသက်ကလေးတွေ ကြီးလာတော့ မိဘကိုတတ်အားသမျှ ကူညီရန် စဉ်းစားကြသည်။ ကြံဝယ်ပြီး ကြံပန်းခိုင် လုပ်ကြသည်။ ထိုတောက် အိမ်ရှေ့တွင် ဗန်းကလေးနှင့် ချပြီး ရောင်းသည်။ ငါးမူး တကျပ်တော့ မြတ်သည်ပင်။ အမေ့အတွက်ငါးပိဖိုးရသည်။ သူတို့အတွက် ခဲတံဖိုး၊ ချွန်စက်ဖိုးရသည်။ အဖေ့သားသမီး များက အဖေ့သွေးအပြည့်ပါသည်မို့ "ကြံပန်းခိုင်နော်... ကြံပန်းခိုင်ချိုချိုလေး"ဟု တယောက် တလဲအော်ရန် ၀န်မလေးကြ။
"ဖိုးသောကြာ က အဲဒီငရုတ်ပင်အောက်မှာ ကြက်သွန်နီတဥတူးမြှုပ်ထားတယ် သိလားအစ်မ၊ ကြက်သွန်မိတ် စား ရအောင်တဲ့"
ဝတ်ရည် က သတင်းပေးသည်။ နွဲ့ရည်က ငရုတ်ပင်ရင်းကို ငုံ့ကြည့်မိသည်။ အမိတ်ထွက်စ ကြက် သွန်ဥလေး တလုံးကမြေကြီးထဲ မှ တပိုင်းပေါ်နေသည်။

နွဲ့ရည်တို့ အိမ်ကလေး မြေအပိုတလက်မမျှပင် မရှိပေ။ ထို့ကြောင့် နွဲ့ရည်က သူငယ်ချင်းအိမ်မှ ငရုတ်ပင်ပေါက်လေး ရလာတော့ မြေပန်းအိုးထဲသို့ လမ်းဘေးက မြေတူးထည့်ပြီး စိုက်ထားရခြင်း ဖြစ်သည်။
ငရုတ်ပင်လေး လည်း တဖြည်းဖြည်းကြီးလာသည်။ ထို့နောက် အပွင့်တွေဝေလာသည်။ ယခုတော့ ငရုတ်သီးစိမ်းစိမ်း နီနီလေးတွေက မိုးပေါ်မတ်မတ်ထောင်ကာ မြိုင်မြိုင်ဆိုင်ဆိုင်သီးနေကြပြီ ဖြစ်လေ သည်။ လိုချင်လျှင် လိုသလောက် ခူးတို့လိုက်ရုံသာ။ နွဲ့ရည်တို့ တအိမ်ထောင်တော့ ကောင်း ကောင်း စားလောက်သည်။
"အစ်မ ငရုတ်သီးတွေကလဲ စပ်လိုက်တာ ၀ီခေါ်နေတာပဲ"
"ငရုတ်မှန်ယင် စပ်ရမှာပေါ့ ၀တ်ရည်ရဲ့"
"ဟော.. .အဖေပြန်လာပြီ"
ဝတ်ရည် က ကြံချောင်းကို ပစ်ချကာအဖေ့ကိုဆီးကြိုသည်။ အဖေ့မျက်နှာတွင် ချွေးပြန်နေသည်။ သူ့လက်ထဲမှ လွယ်အိတ် ကို လှမ်းပေးပြီး "ရေ...အေးအေး တခွက်"ဟု ပြောသည်။
နွဲ့ရည် လည်း အိမ်နောက်ဖေးသို့ အမြန်ဝင်ခဲ့သည်။ လက်ထဲမှ ငရုတ်သီးလေးများကို အမေ့အား ပေးပြီး ရေအိုးစင်မှ ရေအေးအေးတခွက်ကို ပြည့်ပြည့်ခပ်ယူလိုက်သည်။

"ဟူး...ညောင်းလိုက်တာ"
အဖေက ရေကိုတရှိန်ထိုး မော့သောက်ရင်း ချွေးစိုနေသော ရှပ်အင်္ကျီကိုချွတ်ပစ်လိုက်ပြီး သူ့ရင်ဘတ် ကိုသူ လေနှင့်မှုတ်နေသည်။ နွဲ့ရည်က ယပ်ခပ်ပေးမည်ပြုသောအခါ အဖေက လက်ကာ၍...
"နေပစေ၊ ချွေးငုပ်သွားမယ် သမီး"
"အဖေလဲ ပင်ပန်းလိုက်တာ"
"ပညာမတတ် တဲ့ လူတွေလုပ်တဲ့ အလုပ်ကိုးသမီးရဲ့၊ ပင်ပန်းတာပေါ့"
အဖေက ပြုံး၍ပြောသည်။ သို့သော်အဖေ့အပြုံးက မရွှင်လှပေ။ တပည့်ပေါင်း သောင်းခြောက် ထောင် ကိုယဉ်ကျေးရန်၊ သိမ်မွေ့ရန်၊ သွန်သင်ဆုံးမ လမ်းပြခဲ့သော အဖေသည်စရိုက်ကြမ်း၊ အနေ ကြမ်းသော ကားသမားများ ကြားတွင်အနေရ အထိုင်ရကျပ်ဟန်တူသည်။ သို့သော် ပိုက်ဆံကလေး ရလာယင် စားလိုက် ယင်း ကုန်လိုက်ယင်းနှင့်မိုက အရင်းအနှိးလည်း မစုဆောင်းနိုင်။ အလုပ်အသစ် လည်းပြောင်းလဲပြီး မလုပ်နိုင် ခဲ့ပေ။

"အဖေ"
"ဖိုးသောကြာက လှမ်းခေါ်သည်"
"ဘာတုံးကွ"
"မစပ်တဲ့ငရုတ် ရှိလားဟင်"
"အဖေတော့ မကြားဖူးပေါင်ကွာ"
"ရှိယင် စားကြည့်ချင်လိုက်တာဗျာ"

"မစပ်တဲ့ငရုတ်များ ဘာလုပ်ဖို့လဲ သားရယ်...၊ ငရုတ်သီးဖြစ်ပြီး မစပ်ယင် ဒီငရုတ်သီးဟာ တာဝန် မကျေတဲ့ ငရုတ် ပဲ"
"ကြံဖြစ်ပြီး မချိုယင်ကော အဖေ"
ဝတ်ရည်က ကြံခွဲယင်းမှ လှမ်းမေးသည်။
"ကြံဖြစ်ပြီး မချိုယင်လဲ ဒီကြံမှာ ချွတ်ယွင်းချက် ရှိလို့ပဲ၊ ကြံရဲ့တာဝန်က ချိုဖို့"
"ဒီလိုဆို ရှောက်သီးရဲ့တာဝန်က ချဉ်ဖို့၊ ကြက်ဟင်းခါးသီးရဲ့တာဝန်က ခါးဖို့"
ဖိုးသောကြာက နှုတ်ရေးစကားတတ်လုပ်ကာ ဆက်၍ရွတ်သည်။ အဖေကရယ်နေစဉ် အိမ်နောက် ဖေးမှ အမေ ထွက်လာသည်။ ဖိုသောကြာ၏စကားကို ကြားတော့ခပ်ပြုံးပြုံးပင် ၀င်ပြောသည်။
"သားတို့၊ သမီး တို့ တာဝန်ကစာကျက်ဖိုက၊ ပညာရှာဖို့"
"အမေ တို့၊ အဖေတို့ တာဝန်က ထမင်းချက်ဖို့၊ ပိုက်ဆံရှာဖို့"

ဖိုးသောကြာက အားကျမခံထပ်၍တွန့်သည်။ သူ့စကားကိုသူ ဟုတ်လှပြီဟု သဘောကျနေ သော်လည်း ၀တ်ရည်က သူ့ကိုတံတောင်နှင့်တွက်ကာ မျက်စောင်းထိုးသည်။
"ထမင်းချက် ဖို့၊ ပိုက်ဆံရှာဖို့ဆိုယင် နင့်ကိုငွေတသိန်းနဲ့ ထမင်းချက်တယောက် ပေးမယ်၊ ကဲ... နင်အဖေ နဲ့အမေနဲ့ လဲမလား"
"ဟ...ဘာလို့ လဲရမှာလဲ"
ပြူးတူးပြဲတဲ ဖြစ်သွားသော ဖိုးသောကြာအား ကြည့်ကာ အားလုံးရယ်မိကြသည်။ အဖေ၏မျက်နှာ တွင် ထင်ဟပ်နေသော ပင်ပင်ပန်းပန်း၊ နွမ်းနွမ်းနယ်နယ် အရိပ်အရောင်များလည်း အတန်ငယ်ပြေ ပျောက်သွားသည်။
"မိဘနဲ့သားသမီးမှာ တာဝန်တွေ ၀တ္တရားတွေ ဘယ်လိုရှိတယ်၊ ဘယ်ညာရှိတယ်ဆိုတဲ့ သတ်မှတ် ချက်တွေတော့ ရှိတာပေါ့လေ၊ ဒါပေမယ့် ဒါတွေထက်အရေးကြီးတာက၊ တန်ခိုး အင်အားကြီး တာက စေတနာ နဲ့မေတ္တာပါ"
အဖေ က ခပ်တိုးတိုးပြောသည်။

"မိဘမေတ္တာကို ကိုယ်ကိုယ်တိုင် မိဘဖြစ်လာတဲ့ တနေ့ကျမှ နားလည်မှာပဲ သားတို့သမီးတို့ရေ"
အမေက ၀တ်ရည်၏လက်ထဲမှ ဓားကိုလှမ်းယူကာ ကြံဆစ်ပိုင်း အ၀ိုင်းလေးတွေရအောင် ဖိ ကြိတ်ပြီး လှီးဖြတ် သည်။ ဓားက တုံးနေတော့ တိတိရိရိ မပြတ်ချင်ပေ။
နွဲ့ရည် သည် အမေ့လက်ချောင်းပိန်ပိန်လေးမျာကို ငေးကြည့်နေမိသည်။ အမေ့လက်ကလေးများ သည်ဘယ်တော့ မှ အလုပ်နှင့်ပြတ်သည်ဟူ၍မရှိ။ အိပ်ချိန်တွင်ပင် အနားမနေရ။ အငယ်ဆုံး၊ အဆိုး ဆုံး၊ ညီမလေးဝတ်မှုန် က "ယားတယ်.....ယားတယ်"နှင့် ဂျီတိုက်လွန်းသောကြောင့် သူကျော်ပွတ် ပြီးခပ်သာသာ ကုတ်ပေးနေရတတ်သေး သည်။
"သားသမီး ခြောက်ယောက်လုံး ဘွဲ့တွေရ၊ ပညာတတ်ကြီးတွေဖြစ်၊ ဟော...ဘွဲ့ဝတ်စုံတွေ ကိုယ်စီဝတ်ပြီး အ မေ ကလဲ ပ၀ါကြီးခြုံလို့ ဓာတ်ပုံတွဲရိုက်လိုက်ရယင် သေပျော်ပြီ ကလေးတို့ရေ"
"ဖြစ်လာရမှာပေါ့ကွာ"

အမေက မျှော်လင့်တကြီးပြောသည်။ အဖေက နှစ်သိမ့်စကားဆိုသည်။ အသက်ကို၀၀ရှုကာ ခါးကိုမတ်၊ ပခုံးကိုမြှင့်ထားလိုက်သော အဖေ့ရုပ်သွင်သည် နွဲ့ရည်မျက်စိထဲတွင် စွဲသွားသည်။ ဘယ်တာဝန်တွေ ဘယ်လောက်ပိပိ၊ ဘယ်လောက်လေးလေး၊ ငါတို့နိုင်အောင် ထမ်းမယ်ကွ ဟု ကြွေးကြော်နေသယောင်ရှိလေသည်။
"ကဲ...ပြောစမ်း ဖိုးသောကြာ၊ ငါ့သားက ကြီးယင် ဘာလုပ်မှာလဲ"
"စစ်တိုက် တဲ့ ဗိုလ်ကြီးဗျ"
"သမီး ၀တ်ရည်ကရော"
"စာသင်တဲ့ဆရာမ"
အမေက နွဲ့ရည်ကို လှမ်းကြည့်သည်။ ထိုနောက် ပြုံး၍မေးသည်။
"ကဲ...ငါ့သမီးကြီး နွဲ့ရည်ကရော...ဘာလုပ်မှာလဲ"
"အင်ဂျင်နီယာ"
နွဲ့ရည် က အမေ့ကိုမော်ကြည့်ကာ တိုးတိုးဖြေလိုက်လေသည်။

........................................
"လုပ်ချင်တာလဲ မလုပ်ရပါ၊ မလုပ်ချင်တာတွေလဲ လုပ်ရတာ၊ ဟောဒီမောင် ကီလီဈေးမှာလေ၊ ဟိုဒီပြေး လို့ကွယ့် ပိုက်ဆံရှာ၊ အဲဒါ...အဲဒါ...အဲ...ဒါ...ဘ၀...သံသရာ"
ကိုကြာရိုး၏အသံက မနွဲ့ရည်ကို လှုပ်၍နှိုးလိုက်သည်ကဲ့သို့ ရှိသည်။ မနွဲ့ရည်သည် မျက်တောင် တဖျပ်ဖျပ်ခတ်ယင်း သူ့မျက်စိရှေ့မှ ကိန်းဂဏန်းမျာကို စူးစိုက်၍ ကြည့်လိုက်သည်။

    ဆွာမိ ......... ငါးကြင်းပေါက်    ၁၀-ပိဿာ
    မအေးညွန့်.... ငါးမြစ်ချင်း(ကြီး) ၁၂-ပိဿာ
    ဦးထူး........... ငါးမြစ်ချင်း(သေး) ၁၅-ပိဿာ
    ဒေါ်လှရင်....   ငါးခေါင်းပွ          ၁၀-ပိဿာ
မနွဲ့ရည်က ကိန်းဂဏန်းများကို ဆက်ဖတ်မနေတော့၊ ဂဏန်းတွက်စက်ကလေးကိုသာ ကောက် ကိုင်လိုက်သည်။ တခုချင်းရေးပြီး တွက်သွားတော့သည်။ ငါးတွေက အချိန်ကိုသာ ရေးရေးထား သည်၊ ဈေးနှုန်းကိုတော့ မသတ်မှတ်ရသေး။ ငါးယူသွားသော ငါးသည်တွေကလည်း ငါးကိုသာ ယူသွား သည်။ ငွေကိုမပေးချေသေး။ မနေ့မနက်က ဒီငါးတွေယူသွားပြီး ဆိုင်ရာဆိုင်ရာ ဈေးတွင် ရောင်းပြီးကြပြီမို့ သူတို့လက်ထဲတွင်လည်း ငွေပေးပြီဖြစ်သည်။ နက်ဖြန်မနက်လာလျှင် သူတို့ သည်မနွဲ့ရည် သတ်မှတ်သောဈေးနှင့် မနေ့ကငါးဖိုးငွေကို ချေပြီး နောက်ထပ်ငါးများကို ယူသွား ကြမည်ဖြစ်သည်။ ငါးလောက တွင်တော့ အကြွေးမပေး၍လည်း မဖြစ်၊ လက်ငင်းချေစနစ်နှင့်သာ ရောင်းလျှင်လည်း ဒီငါးတွေတောင်ပုံ ရာပုံ ကို မြန်မြန်ထက်ထက်ရောင်း၍ ပြီးနိုင်မည်မဟုတ်။ ဒီတော့ ယုံကြည်မှုကို အရင်းခံပြီး အလုပ်လုပ်ရသည်။ တချို့ကတော့ ညစ်သည်။ ဒီနေ့ဒီဒိုင်တွင် ငါးယူသွား ပြီးနောက်တနေ့ကျတော့ ဟိုဘက်ဒိုင်မှာ သွားဝယ်သည်။ ပိုက်ဆံကိုမဆပ်တော့ပဲ ရှောင်သည်။

ရန်ကုန်ဈေးတွေက ယူရသောငါးအချိန်မှာ ဆယ်ဂဏန်းတွေမို့ တော်သေးသည်။ အကြွေးမရသော် လည်း ရာဂဏန်း၊ ထောင်ဂဏန်းသာဖြစ်သည်။ နယ်သမားတွေကျတော့ ပိုဆိုးသည်။ အချိန်က ရာဂဏန်၊ ထောင်ဂဏန်းဖြစ်သည်။ ဒီတော့လည်း အကြွေးငွေ က ထောင်ဂဏန်း မက၊ သောင်းဂဏန်း ထိ ရောက်သည်။ ဈေးသမားတွေလို ဒီနေ့ပေး၊ နောက်နေ့ရှင်း စနစ်နှင့်လည်း မဟုတ်၊ ငါးများကိုသာ ကုန်တင်ကားနှင့် တိုက်၍တိုက်၍ သယ်သွားသော် လည်း ငွေကိုတော့ တော်တော်နှင့်မရှင်းတတ်။
"မအေပေး ဒူးရင်းသီးသည်၊ တခြင်းအစိတ်ဆိုလို့ တန်လှချည်ကလေးဆိုပြီး ၀ယ်မိပါတယ်...ချီးမှ ပဲ၊ ခုအထိ တလုံးမှမကောင်းသေးဘူး၊ နုလဲနုသေး၊ ရေကလဲဝင်သေး၊ ဒီမှာကြည့်ပါအုံးကွာ၊ စားကြည့်လိုက် ယင် ရေ အတိုင်းပဲ၊ ရေကမှသူ့ထက်ချိုဦးမယ် ထင်တယ်"
ရယ်သံများ ကို ကြားရသည်။ ပုစွန်ပွဲစား ကိုလှဝေ၏အသံဖြစ်သည်။ မနွဲ့ရည်လည်း ရယ်ချင်သွား သည်။ ဒူးရင်းသီးဆယ်လုံး ပါသော ခြင်းတခြင်းကို အစိတ်ဟုဆိုတော့ တလုံးနှစ်ကျပ်ခွဲသာ ကျသည်။ ကောင်းမည် ချိုမည်သာ ဆိုလျှင်တန်လိုက်မည့်ဖြစ်ခြင်း။

"အချင်းချင်းတွေကိုကွာ၊ ချီး...မကောင်းယင်လဲ မကောင်းဘူး ပြောရောပေါ့၊ ဟင်း...လာပလေ့စေ၊ ငါ့ဆီကိုလာပြီး ပုစွန်လေး ဟင်းစားရောင်းပါအုံးဆိုမှ အပုပ်တွေရောင်းလိုက်အုံးမယ်"
"ရှင့်ပုစွန်ပုပ်ကို ၀ယ်ပါလိမ့်မယ် အားကြီး၊ ငါးတွေပုစွန်တွေက ဒူးရင်းသီးလို အခွံဖုံးမထားဘူးရှင့်၊ ကြည့်လိုက် ယင် အသိသာကြီး"
"ချီး...တလုံးတဆယ်တန် ၀ယ်စားလိုက်ရ ကောင်းသား၊ အဲဒါကမှ ကောင်းအုံးမယ်၊ ငွေကုန်ရကျိုး နပ်ဦးမယ်"
"တဆယ့်နဲ့နှစ်ကျပ်ခွဲ ဒီလောက်ဈေးကွာနေမှ ရှင်ကသာလို့ နှစ်ကျပ်ခွဲတန်ဝယ်သေးလဲ၊ အပေါစားလိုက်တာကိုး ခံပေါ့"
တယောက်တပေါက်အသံများကို ကြားရသည်။ ဒူးရင်းသီးနံ့ကလည်း ငါးညှီနံ့နှင့်အတူရောပြီး ဝေ့၀ဲနေသည်။

ဒီငါးစိမ်းတန်းထဲတွင် ငါးညှီနံ့ကတော့ ဘယ်တော့မှပျောက်မည်မဟုတ်။ ငါးတွေ ပုစွန်တွေကို ဒီရုံကြီးထဲ တွင် တောင်ပုံရာပုံပုံပြီး ရောင်းခဲ့သည်မှာနှစ်ပေါင်းများစွာ ကြာလေပြီမို့ အောက်ခင်း သမံတလင်း ကြမ်းတွင် သာမက နံရံတွေ၊ ထုပ်တန်းတွေ၊ ခေါင်မိုးပြးတွေမှာပါ အညှီနံ့ ကစွဲနေပြီဖြစ်သည်။ အညှီနံ့စွဲနေသော မီးမှိန်မှိန် လင်းသော၊ ရေခဲခွဲသံတဂျီးဂျီးနှင့်ဆူညံသော ဒီရုံကြီးထဲတွင် မနွဲ့ရည်ကျင်လည်ခဲ့သည်မှာ ငါးနှစ်ခန့်ရှိပေပြီ။ တခါတရံလည်း ရန်ဖြစ်သံကို ကြားရသည်။ ဆဲသံဆိုသံ၊ တိုင်းသံ၊ ထွာသံများကို ကြားရသည်။ ထိုအသံများ ကိုလည်း မနွဲ့ရည် နားယဉ်ပြီ၊ ရောမရောက်လျှင် ရောမသားလိုပင် ကျင့်ရမည်မို့ သူကိုယ်တိုင်လည်း အနည်းအကျဉ်း တော့ဆဲတတ်ဆိုတတ်ပြီ။
"ကျော်ကျော်.... နင်ဈေးစနည်းနားပြီးပြီလား"
"ပြီးပြီ အစ်မ"
"ငါးမြစ်ချင်း ဘယ်ဈေးဖြတ်သလဲ"
"ဆယ့်လေးခွဲ အစ်မ"
"သူတို့အကောင်တွေက ဒီထက်ကြီးလား"
"ဒီလောက် ပိဿာဝန်းကျင် အကောင်တွေပါပဲဗျာ၊ ယောင်ယောင်လေးတော့ ကြီးမလား မပြော တတ်ဘူး၊ ဒါပေမယ့်သူတို့ ငါးက နည်းနည်းပွပြီဗျ၊ ကျွန်တော်တို့လောက်မလတ်ဘူး"
"တို့ငါးက လက်လိုက်တာရဲနေတာပဲ၊ ဒါဆိုယင်ဈေး အတူတူပဲ ဖြတ်မယ်"

"အကောင်သေးကတော့ ဆယ့်သုံးတဲ့"
"ဒီလိုဆို တို့အကောင်းသေးကို ဆယ့်နှစ်ခွဲပဲ တော်ပြီ၊ ငါးကြာင်းကရော"
"ဆယ့်ခြောက်၊ နည်းနည်းသေးတယ်"
"ဒီလိုဆို တို့ကနည်းနည်းကြီးတာ ဆယ့်ခြောက်ပေါ့ဟုတ်လား၊ ခေါင်းပွကတော့ တခြားဒိုင်မ၀င် ဘူး ထင်တယ်၊ ဆယ့်တစ်ခွဲပဲဖြတ်လိုက်မယ်"
မနွဲ့ရည်ကသူ့ဒိုင်တွင် အလေးမှန်ရမည်၊ ဈေးသက်သာရမည်ဟူသော မူကိုလက်ကိုင်ထားသည်။ အမြတ် နည်းနည်းနှင့်များများရောင်းသည်။ တနေ့တနေ့ လက်ကျန်ငါးမထားပဲအပြတ်ရှင်းပစ် သည်။ ဈေးကိုင် ၍ထားကာ ယိုင်ပတ်ပြီး ရေခဲလည်းမရိုက်ချင်ပေ။

တကယ့်တကယ်တော့ မနွဲ့ရည်တို့က တပိဿာလျှင် ငါးမူးသာစားရသော ငါးပွဲစားဖြစ်သည်။ ငါးလက်ကျန် များလျှင်လည်း သူနှင့်မဆိုင်၊ နယ်မှပို၍ရောင်းသူ နာမည်ဖြစ်လေသည်။ မည်သည့် ဈေးနှင့်ဖြတ်ရောင်းရောင်း မနွဲ့ရည်က သူ့ဒိုင်တွင် တင်၍ ရောင်းပေးခအဖြစ် တပိဿာလျှင် ငါးမူး ရမည်ဖြစ် သည်။ နာစရာရှိ လျှင် ရောင်းသူသော်လည်းကောင်း၊ ၀ယ်သူသော်လည်းကောင် တဦးဦး ကသာလျှင် နစ်နာမည်ဖြစ်လေသည်။ မနွဲ့ရည်က ကြားပွဲစားမို့ နာစရာမရှိ။ မနွဲ့ရည်က ငါးဈေးကို မြှင့်၍ဖြတ် လျှင်ကား ရောင်းသူ ကသာသွားမည်ဖြစ်ပြီး နှိမ်၍ ဖြတ်လျှင်ကား ၀ယ်သူက သာသွားမည် ဖြစ်သည်။ ဒီတော့လည်း မနွဲ့ရည်က ကြားမှနေ၍ ရောင်းသူလည်းမနာအောင်၊ ၀ယ်သူလည်း မနာအောင်၊ ငါးလက်ကျန်လည်းမရှိအောင်၊ စဉ်းစားပြီး ဈေးဖြတ်ရလေသည်။ ကိုယ်ဈေးဖြတ်မှား လျှင် နောင် ဆိုလျှင် ကိုယ့်ဒိုင်ကိုလာပြီး ငါးတင်သူလည်း ရှိမည်မဟုတ်။ ငါးဝယ်သူလည်း ရှိမည် မဟုတ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>