Wednesday, February 1, 2012

ရွှေစင်ဦး တော့ ဆက်မပွတ်တော့ဘူး


ကျနော် ဒီတခေါက် ရန်ကုန်သွားတဲ့ အကြောင်းရင်း ထဲမှာ ဆက်မပွတ် သင့်တဲ့ အခုရေးမဲ့ အကြောင်းလဲ ပါဝင် ပါတယ်.... ဘာတွေ ကို မပွတ်သင့်တာလည်း .....
အွန်လိုင်း ကနေ မိတ်ဆွေ ဖြစ်တဲ့ အထဲမှာ စာရေးဆရာ မာန် (တောင်လုံးပြန်) တယောက်  လဲ ပါဝင် ပါတယ်...  သူ့ ရဲ့ စာအုပ်များကို စရိတ်အကုန်ခံပြီး စာတိုက် ကနေ အမြန်ချော နဲ့ လက်ဆောင်ပို့ ပေးပါတယ် (ကျေးဇူးပါ ကိုမာန်)...

တနေ့ ဂျီတော့ခ် မှာ တွေ တော့ .. ကျနော့် ကို ရန်ကုန်မှာ လုပ်မဲ့ ဆွေးနွေးပွဲလေး ကို လာဖို့ ဖိတ်ခေါ် ပါတယ်... ကျနော် က မန္တလေး သူ တယောက်ဖြစ်တာရယ်... ဘလော့ဂါ တယောက် ဖြစ်တာရယ် ကြောင့် လို့ ထင်ပါတယ် ... ဘာဆွေးနွေးပွဲလေးလည်း... ဘယ်သူတွေက ဘာတွေ ဆွေးနွေးကြ မှာ လည်း...

မန္တလေး မြို့ကြီး ကို အလည်ရောက်လာ တဲ့ ဗုဒ္ဓဘာသာဝင် တယောက်ဖြစ်ရင် မဟာမြတ်မုနိ ဘုရား (ဘုရားကြီး) ကိုတော့ ဝင်ရောက်ဖူးမျှော် ဖြစ်အောင် ဖူးမျှော်ကြမယ် ထင်ပါတယ်... ဗုဒ္ဓ ဘာသာဝင် မဟုတ် တဲ့ နိုင်ငံသား များနဲ့ နိုင်ငံခြားသား များ လာလည်ရင်လဲ  မန္တလေး ရဲ့ ထင်ရှားတဲ့ သမိုင်းဝင် နေရာ တခုဖြစ်တဲ့ အတွက် မဟာမြတ်မုနိ ဘုရားကို ဝင်ရောက် လေ့လာ ကြမယ် ထင်ပါ တယ်.... 

ဘုရားကိုရောက်ရင်တော့ ဘုရား ပရဝုဏ် မှာ ရှိတဲ့ ကြေးရုပ်ပြတိုက် ကို သေချာပေါက် ဝင်ရောက်ကြ မှာပါ... အဲဒီကြေးရုပ်ကြီး တွေ က လူပုံ ၂ရုပ် .. ခေါင်းသုံးလုံးဆင်ရုပ်ကြီး တရုပ် ... ခြင်္သေ့ ၃ကောင်.. ၂ကောင် က ခေါင်းပြတ်နေတယ်... အဲဒါတွေ ကို ကြည့်ရှု့ရင်း..... ဟိုပွတ်ဒီပွတ် ပွတ်ကြ တော့မှာပါ...

ကျနော်တို့ ငယ်ငယ် က ဒီအရုပ်ကြီးတွေ နဲ့ ပတ်သက်တဲ့ ကြားဖူးနေကြ ပါးစပ်ပုံပြင် ရာဇဝင် ကတော့... ဒီအရုပ်ကြီးတွေ ခြေပြတ်လက်ပြတ် ဖြစ် ခေါင်းပြုတ်နေတာတွေ ဟာ ကျနော် တို့ မန္တလေး ရောက်ပြီး မှ သူ့ ဇာတိဖြစ်တဲ့ ... ရခိုင် ကို ထွက်ပြေးဖို့ ကြံစည် လို့ ... ဒီအရုပ်ကြီး တွေကို  ရိုက်နှက် ဆုံးမ ထားရတယ် ပေါ့... နောက်ပြီး အရင်တုန်းက ဆိုရင် ခြေထောက်မှာ သံကြိုးတွေ တောင် ချီထားရတယ် ဆို ပြီး သိထား ပါတယ်... တကယ် ပြောရရင် ဒါတွေဟာ ကလေး တွေ အတွက် တော့ အလွန် ထူးဆန်းတဲ့ ပုံပြင် တွေပါဘဲ ... ကျနော် တို့ ကလေး တွေ ကတော့ ကြေးရုပ် ကြီးတွေ ကို မရဲတရဲ ကြည့်ရင်း  ပုံပြင်ဆန်း မှာ တအံတသြ ပေါ့....

အဲဒါတွေ အပြင် ပါလာတဲ့ လူကြီး သူမ တွေက ခေါင်းမကိုက်အောင် ခေါင်းကို နာနာပွတ်... ဗိုက် မနာအောင် ဗိုက်နာနာပွတ် လို့ ခိုင်းကြပါတယ် ... အို ပွတ်လိုက်တဲ့ အမျိုး  ... မဝံမရဲ ကနေ  စိတ်ပါ လက်ပါ ... ပိုက်ဆံ ပေးရတာ လည်း မဟုတ်ဘူးလေ  ..  ငြိမ်ငြိမ် ရပ်ပြီး အပွတ်ခံ နေ တဲ့ အရုပ်ကြီး တွေ ကို အလကား ရတိုင်း ဆုတောင်း ပြီး နေရာလွတ်မကျန်အောင်........ပွတ် လိုက်ရတာ လက်ညောင်း မှ ရပ်တော့တာ ပါဘဲ...  

ဒါက တခါ ၂ခါ မဟုတ်ပါဘူး ဘုရားရောက်တိုင်း အလကား ပွတ်လို့ ရတဲ့ နေရာမှာ အလကား အားအား ယားယား ပွတ်တဲ့ အကြိမ်ပေါင်း မရေမတွက် နိုင်ပါဘူး... ရွှေစင်ဦး တယောက်ထဲ ဒီလို ပွတ် တာ မဟုတ်ပါဘူး.... လာသမျှ လူတိုင်း ဒီလို ပွတ်ကြတာ မရေတွက် နိုင်ပါဘူး... အခုတော့ ကိုမာန် ပြောတာ က ဒီအရုပ်ကြီး တွေ ကို ပွတ်တဲ့ ကိစ္စ နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲပါတဲ့....

ကျနော် တော်တော် စိတ်ဝင်စားသွားပါတယ်... အလကားပွတ်ခွင့် ရတာလေး တောင် မပွတ်ရတော့ဘဲ ပိုက်ဆံ ပေး ပွတ်ခိုင်းပြီး များ ငွေရှာကြမှာလားပေါ့.... တကယ် တမ်း ... ကိုမာန်ရှင်းပြတာကတော့... ကျနော် တို့ နိုင်ငံ ကို လာလည် နေကြ ဖြစ်တဲ့ အမေရိကန် နိုင်ငံ နယူးရော့ မှာနေတဲ့ ပြတိုက်ကြီး တတိုက် (နံမည် မေ့သွားပါပြီ) က vice president တယောက်ဖြစ်တဲ့ ... Mrs. Olivier Bernier (အမေရိကန်ကြီး) ဟာ ဒီပြတိုက်ကြီး ကို ရောက်တိုင်း ဒီအရုပ်ကြီး တွေ ကို ဒီလို ပွတ်နေတာ မြင်ရတာ သူ အသဲနာလွန်းလို့ ... သူ နှမြောလွန်း လို့ ဒီအရုပ်ကြီး တွေ ပျက်စီး ဆုံးရှုံး မှာ ကြောက်လို့ ဒီလို မပွတ်ကြဘဲ .. ရှေးဟောင်း အမွေအနှစ် တွေကို ကာကွယ် ထိမ်းသိမ်းကြဖို့ သူရှင်းပြချင် ပါတယ်ဆိုပြီး အဲဒီ ပွဲလေး လုပ်ဖြစ်တာပါ ... 

ရန်ကုန်မြို့ Strand Hotel မှာ ပွဲလေး လုပ်မှာပါ... အဲဒီမှာ ဂျာနယ်လစ် တွေ သမိုင်း ကို စိတ်ဝင်စားတဲ့.... စာရေးဆရာကြီးတွေ....ရှေးဟောင်း ယဉ်ကျေးမှှု့ နဲ့ ဆိုင်တဲ့အထက်ပုဂ္ဂိုလ် များ တက်ရောက်ကြမယ် လို့ ပြောပါတယ်...

ကျနော့် မှာ အလုပ်ကိစ္စ နဲ့ ပတ်သက်ပြီး ရန်ကုန် ကို သွားရင်လည်း ဖြစ် မသွားရင်လည်း ဖြစ်ပေမဲ့ ... အလုပ်ကိစ္စ အတွက် အကြောင်းပြပြီး...... တခါထဲ အဲဒီရက် ကလေး သွားလိုက်ရင် အလုပ်၂ခုပြီး ပါတယ်လေ.. သွားလိုက်ပါမယ် ဆိုပြီး ချစ်ညီမ နဲ့ ရန်ကုန်ကိုထွက်လာပါတယ်... တကယ်ကတော့ အမတင့် အိမ်က မုန့်ဟင်းခါး ပါ သောက်ခဲ့ ရတော့ အလုပ် သုံးခု ပြီးပါတယ် .... အသစ်ကိုမှ ချစ်ရှာတဲ့ စိန်ဂေဟာ နဲ့ အသစ်မရှာ တတ်တဲ့ ချစ်ညီမ အနော် နဲ့ ပါတ်သက်လို့ ပိုစ့် တခုပါ ရခဲ့တော့ အလုပ် လေးခု ပြီးပါတယ်...

အဲဒီ ပွဲ ကို မသွားခင် .... ဒီအရုပ်ကြီး တွေ နဲ့ ပတ်သက်တယ် ဆိုလို့ ဘာတွေ များထပ်ထူးမလဲ ဆိုပြီး ... ဘုရားကြီး ကို ချမ်းချမ်းစီးစီး ထဲသွား တသက်လုံး ကြည့်လာတဲ့ အရုပ်ကြီး တွေ ကို မျက်တောင် မခတ် ထပ်ကြည့်... နောက် ဆို ... ဒါကြီးတွေ ကို ပွတ်ချင်မှ ပွတ်ရတော့ မှာ ဆိုပြီး  နှုတ်ဆက် ပွတ်လေး ပွတ် (ဖွဖွလေးပါ) ... ရိုက်စရာရှိ တဲ့ ဓါတ်ပုံ တွေရိုက် ... Notice တွေ ပြန်ဖတ်...  အင်တာနက် မှာ သိသင့် သိ ထိုက်တာ တွေ ထပ်ရှာပြီးမှ ရန်ကုန်ကို ချီတက်လာပါတယ်....

အမေရိကန် ကြီးက.... ဒီရုပ်ထုကြီး တွေ ဟာ ကမ္ဘောဒီယား နိုင်ငံ အန်ကာဝပ် ဘုရားကျောင်းက ယူလာ တဲ့ အရုပ်ကြီး တွေပါ... ရှေးဟောင်းသမိုင်း တန်ဖိုးအရ တန်ဖိုးမဖြတ်နိုင်ပါဘူးတဲ့... ဒီလို အဖိုးတန် ကြေးရုပ်ကြီး တွေဟာ အလကား ရ တိုင်း အားရှိပါးရှိ ပွတ် ပွတ်ပြီး ဆုတောင်း နေတဲ့ ရွှေစင်ဦး လို လူစား တွေကြောင့် ဗိုက်ကြီး တွေ ပါးပြီး ပေါက်တော့ မယ်.. လည်ပင်း လည်း ပါးပြီး ပြတ်တော့မယ်တဲ့... ဒါကြောင့် အရုပ်ကြီး တွေ ကို လူတွေ ကိုင်တွယ်လို့ မရအောင် ထိမ်းသိမ်းစောင့်ရှောက်ဖို့ ပြောပါတယ်...

ဒီအရုပ်ကြီး တွေ ရဲ့ မူလတည်နေရာဖြစ်တဲ့ ခမာယဉ်ကျေးမှု့ အမြင့်ဆုံး အချိန် က တည်ဆောက်ခဲ့ တဲ့ အန်ကာဝပ် ဘုရားကျောင်း မှာတောင် ဒီလောက်ကြီး တဲ့ ကြေးရုပ် ကြီးတွေ မရှိတော့ပါဘူး... ကျနော် တို့ နိုင်ငံ မှာ ၆ရုပ် ရှိနေပါတယ်.. ဒီအပြင် အဲဒီဆွေးနွေးပွဲ မှာဘဲ ဆရာတယောက် ရဲ့ ပြောကြားချက် အရ မြန်မာပြည်....... မြို့က ........ ဘုရားမှာ အကောင်း ပကတိ ခမာလက်ရာ အန်ကာဝပ် ဘုရား ကျောင်းထွက် ဖြစ်တဲ့ ကြေးရုပ်ကြီး ၂ရုပ် ဟာ မပျက်မစီး ... ကောင်းကောင်း မွန်မွန် ရှိနေပါသေး တယ်တဲ့... အမေရိကန်ကြီး တောင် အဲဒီ ၂ရုပ် အကြောင်း မသိ ပါဘူး... နောက်ပြီး မန္တလေး က အရုပ်ကြီး တွေ ပျက်စီး တာက လည်း မန္တလေး မှာ လှုပ်ခဲ့ တဲ့ အကြီးစား ငလျှင်ကြီး (စစ်ကိုင်း ငလျှင် မတိုင်မှီ) ကြောင့် ပျက်စီးခဲ့တာပါတဲ့.. ဒါက အဲဒီ ဆရာပြောလို့ ကျနော် သိခဲ့ရတာပါ....

အဲဒီ ဘုရား မှာတော့ လူတွေ က မန္တလေး မှာလို မပွတ်ကြဘူးတဲ့ ... တနေရာ နဲ့ တနေရာ ယုံကြည်ချက် ခြင်း မတူညီ ကြလို့နေမှာပေါ့... အဲဒီ အတွက် အဲဒီဘုရား က အရုပ်၂ရုပ် အတွက် ကတော့ မစိုးရိမ်ရဘူး ထင် ပါတယ်.... 

ရွှေမန္တလေး က အရုပ်ကြီး ၆ရုပ်ကတော့ လူ မပွတ်အောင် ကာကွယ် ထိန်းသိမ်း ဖို့ လိုနေပါပြီ... သိပ်လည်း မခက်ခဲပါဘူး အဲဒီ ပြတိုက်ထဲ မှာဘဲ လူ တွေ ကိုင်လို့ မရအောင် အရံအတားလေး လုပ်လိုက် ရင် ထိန်းသိမ်း စောင့်ရှောက်ပြီးသားဖြစ်ပါပြီ လို့ အမေရိကန်ကြီး ကပြောပါတယ်....

အဲဒါတွေ ကို  လူများများသိအောင် လုပ်ကြဖို့ မီဒီယာ သမားတွေ ကို ဖိတ်ခေါ်ရှင်းလင်းပြတာပါ... ကျနော် အဲဒီပွဲလေး တက်ပြီး ဒီကိစ္စဟာ သိပ်မခက်ခဲဘဲနဲ့ ဖြေရှင်းနိုင်မယ်... ဘုရားကြီး က တာဝန်ရှိ ပုဂ္ဂိုလ် များ ကို သေသေချာချာ ရှင်းပြရင် ဒီအဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းပစ္စည်း တွေ ကိုထိန်းသိမ်း နိုင်မယ် လို့ ထင်ပါတယ်.. နောက်ပြီး အဲဒီ ပွဲမှာ တက်ကြတဲ့ သတင်းထောက် တွေ ရဲ့ ဂျာနယ် တွေ ထဲ မှာလည်း ကြေးရုပ်ကြီးတွေ အကြောင်း နဲ့ ပါတ်သက် လို့ ဆောင်းပါးတွေ ... သတင်းတွေ ... ပါမယ် ထင်လို့ စောင့်ကြည့် ပါတယ်.. အခုထိတော့ ကျနော် မတွေ့ သေးဘူး... 

နောက်ပြီး ဂျာနယ် တခုအတွက် ဒီသတင်း ကို စီစစ်ရေး က တချို့ အပိုင်းတွေ ဖြုတ်တယ်လို့ ကြား ပါတယ်.. ဘာတွေ ဖြုတ်စရာ ရှိလည်းတော့ ကျနော် လည်း သိကြားသား မဟုတ်တော့ မသိဘူး ကျနော် ကတော့ ကျနော့် ဘလော့ဂ် လေး မှာ ဘာစီစစ်ရေးမှ မရှိတဲ့ အတွက် အခုဆောင်းပါးလေး ကို စာဖတ်သူများ ဖတ်နိုင်အောင် တင်ပေးလိုက်ပါပြီ.... Strand Hotel က ကော်ဖီကျဲကျဲ (ကိုယ် ဘာသာ ဖျော်တာပါ) နဲ့ ဆီကျော် ဘီးမုန့် တခု ကို မရမက စားလာခဲ့ပြီး... အမေရိကန်ကြီး ပြောတဲ့ ကြေးရုပ် ကြီး တွေ အကြောင်း ကို နားလည် သယောင်ယောင် နဲ့ ခေါင်းတငြိမ့်ငြိမ့် လုပ်ပြီး  နားထောင် လာတဲ့ ရွှေစင်ဦး လည်း တာဝန်ကျေပြီထင်ပါတယ်....

ကြေးရုပ် ပုံတွေ ကိုလည်း မန္တလေး မဟာမြတ်မုနိ ဘုရား ကိုမရောက်ဖူးသေးတဲ့ ပုဂ္ဂိုလ်များ အတွက် တင်ပေးထား ပါတယ်...  ကျနော် တတ်နိုင် သလောက် လုပ်ဆောင်ခြင်းပါဘဲ... အားလုံးကို ကျေးဇူးတင် ပါတယ်..

လေးစားစွာဖြင့် 
စာရေးသူ - ရွှေစင်ဦး
.

22 comments:

Anonymous said...

Dutiful Shwe Mann Thu blogger.....
Is it still free to look these statues?
Gyidaw

မအိမ္သူ said...

မရွှေစင်ရေ မြန်မာပြည်မှာ ရှေးဟောင်းအနုပညာလက်ရာတွေကို တန်ဖိုးထား ထိန်းသိမ်းတတ်ဖို့ အများကြီးလိုတာတော့ အမှန်ပဲ။ အသိပညာပေးဖို့လဲ အတော်အားနည်းကြတယ်။ ခမာကြေးခေတ်လက်ရာတွေကတော့ တကယ်ကို လက်ရာမြောက်တာ အမှန်ပဲ။ ပြတိုက်မှာ ဓါတ်ပုံရိုက်ခွင့်မပေးလို့ မရိုက်ခဲ့ရတာ။ ခမာလက်ရာတွေက အရမ်းအနုစိတ်တယ်။

ညီရဲ said...

စိတ်ချ အစ်မ... ကျွန်တော် ဘုရားကို ရောက်ရင် ကြေးရုပ်ကြီးတွေကို မပွတ်တော့ဘူး... တကယ်က ဒါတွေဟာ သမိုင်းဝင်း ရှေးဟောင်းအမွေအနှစ်တွေပါ ထိန်းသိမ်းစောင့်ရှောက်ရမဲ့ အရာတွေ... အစ်မပြောပြလို့ သိတာပါ... ခုလို မျှဝေပေးလို့ ကျေးဇူးပါ အစ်မ...

ချစ်စံအိမ် said...

မြန်မာတွေရဲ့ အယူသီမှုတွေအလွဲတွေးမှုတွေကလည်း
ခက်ပါရောလာကွယ်
ပိုစ့်လေးအတွက်ကျေးဇူးပါ

ကိုရင် said...

အင်း..ရှားပါးတဲ့ အရာမှန်ရင် ထိန်းသိမ်းရမှာ လူတွေရဲ့ တာဝန်ပေပဲ မဟုတ်ပေဘူးလား..

ဒါပေမဲ့ အမရယ်..ဒီတစခါ ဘုရားရောက်ရင်တော့ တစ်ခါ ပွတ်အုံးမယ်..နောက်ဆုံးပေါ့ဗျာ :D

ညီလင်းသစ် said...

သဘောတူတယ် အမရွှေစင်၊ ဟို အတိတ်တချိန်က ယုံကြည်မှုကြောင့် ပွတ်ခဲ့တာ ထားတော့၊ ဒီနေ့လို တွေးခေါ်စွမ်းအား၊ ဆင်ခြင်တုံတရား ပိုမြင့်လာတဲ့ ကာလမှာတော့ ဒါတွေ မရှိသင့်တော့ပါဘူး၊ ပြီးတော့ ဒါဟာ (ပုဂံဘုရားတွေ ပြင်သလိုမျိုး) ဘာသာရေး၊ ရှေး ဟောင်းအမွေအနှစ် စတဲ့ ရှုထောင့်တွေ ရောထွေးနေတဲ့ အငြင်းပွားစရာ ကိစ္စလည်း မဟုတ်ပါဘူး၊ ယဉ်ကျေးမှု ညွှန်းကိန်းအဖြစ် တန်ဖိုးရှိလှတဲ့ အမွေအနှစ် သက်သက်ပဲ ဖြစ်လို့ ထိန်းသိမ်းသင့်ပါတယ်၊ နောက်ဆုံး ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်တောင် အနယ်နယ် အရပ်ရပ်က လက်ပေါင်းစုံက သယ်လာတဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားကူးစက်ရာ နေရာတစ်ခု လည်း ဖြစ်နေသေးတယ်..။

ကိုကိုမောင်(ပန်းရနံ့) said...

သူကြီးမင်းလဲ ပွတ်ခဲ့ဖူးတယ် အမရွှေစင်။

ဗိုက်နာပျောက်ပါစေ။ ကျန်းမာရေးကောင်းပါစေ စသဖြင့် ဆုတောင်းပြီး ပွတ်တာလေ။ ဆုတောင်းပြည့်မပြည့်တော့မသိဘူး။ ကြေးရုပ်ကြီးတွေကတော့ ပွတ်လေ ပြောင်လေပါဘဲ။

တုံးဖလားရွာက ဘုရားဖူးဆင်းလာကြတဲ့ ရွာသားတွေလဲ အလုအယက် ပွတ်ကြပါ့။ ကြေးရုပ်ကြီး စမ်းပွင့်ပုံများ။း)

အင်းး
နှမြောတတ်တဲ့ လူတွေနဲ့ တွေ့ပြန်တော့လဲ နှမြောစရာကြီးပါလား။ ဟုတ်တယ်။ ရှေးဟောင်းအမွေအနှစ်ကို ထိန်းသိမ်းထားသင့်တယ်။

နောက်ဆိုရင်တော့ သူကြီးမင်းလဲ မပွတ်တော့ဘူးးး။

နေ၀သန် said...

မဟာမြတ်မုနိဘုရားကို ခဏခဏဖူးဖြစ်ခဲ့ပေမယ့် အဲဒီ ကြေးရုပ်ကြီးတွေကို တော့ မသိဘူးရယ်.. မသိတော့ ပွတ်ရတဲ့အကြောင်းကိုလည်း မသိဘူး.. အခုမှ သိတယ်... ဘယ်လိုယုံကြည်မှုတွေလည်း မသိဘူးနော်... အံ့သြစရာ. :P..

ခင်မင်လျက်
နေ၀သန်

seesein said...

ချစ်မကြီး
အားအားယားယား ပွတ်ချင်သလောက်ပွတ် အလကားရတုန်း တော်ကြာ တခါပွတ် ရင် ဒေါ်လာ ဘယ်လောက်ဆိုပြီး ပေးနေရရင် ချစ်မကြီးတာဝန်နော်....အဟဲဟဲ...ထိန်းသိမ်းတာအကြောင်းပြပြီး ဘယ်လိုဂွင်ဖန်ကြအုံးမယ်မသိဘူး......မြင်ရောင်မိပါသေးရဲ့ .....အခုတောင် မျက်နှာသစ်တော်ရည်ကို အလကားမပေးဘဲ ရောင်းစားနေကြတာ ဘယ်လောက်ကြာပြီလဲ ......
ဘုရား ဘုရား..... ထိန်းသိမ်းစောင့်ရှောက်ဖို့ တကယ်ဘဲ ဆုတောင်းပါရဲ့။ အဖိုးတန်တွေ ရောင်းစား နေကြတာများ လွန်းလို့ ကာလတန်ဖိုး မကြားသိစေနဲ့နော်.....ဒါနဲ့စကားမစပ် လူရုပ် ၂ရုပ်ရဲ့ ဗိုက်အောက်နားကလည်း ဟောင်းလောင်းတောင် ဖြစ်နေပြီနော် ချစ်မကြီးရေ မသိလို့မေးအုံးမယ်လေ .... အဲလို အပေါက်ကြီးဖြစ်သွားတဲ့အထိ ပွတ်ကြတာကရော ဘယ်လို ဆုတွေတောင်းပြီး ပွတ်ကြလို့ လဲဗျို့....အဟဲဟဲ...ဒါမျိုးတော့ သိချင်သားနော ဖြေပေးနော်.....အမကြီးမှာတာဝန်ရှိတယ် ...စကားမစပ် ကြေးက တပိဿာဘယ်ဈေးလဲ..........
မေးထားတာလေးတွေတော့ မမေ့မလျော့ မပေါ့မဆဖြေကြားပေးစေလိုပါတယ်.....
ပွတ်ခဲ့ဖူးသော သူတော်စင်အပေါင်းတို့ အခုချိန်ကစလို့ .....ချစ်မကြီးကဲ့သို့ ဆက်လက်မပွတ်စေကြောင်း ထပ်လောင်းနှိုးဆော်အပ်ပါတယ်......
အသစ်မရှာတတ်တဲ့ နော်နော် ရေ ....ပွတ်ဖူးတယ် ရှိအောင် လာခဲ့အုံး လေ နော...အရီးတော့ အနံ့ မခံနိုင်လွန်းလို့ ဘယ်တော့မှ မပွတ်ပါကြောင်း......(ကြေးနံ့ အင်မတန် နံပါတယ်ခညာ) ။

ချစ်ညီမ

sosegado said...

အမေရိကန်နှင့်တစ်ချို့နိုင်ငံတွေမှာလို ပုံတူလုပ်ပြီး ချထားပေးလိုက်ပါ၊ အစစ်ကို ပြတိုက်ထဲမှာသိမ်းထားလိုက်ပါ၊
ဒါမှာလည်း လွတ်လပ်စွာ ပွတ်ခွင့်ရှိကြမှာပါ၊
ကြေးရုပ်ကြီး မပွတ်လိုက်ရလို့ ကျမ့ အဖွား ဗိုက်အောင့်ပြီး သေသွားတယ်လို့ စွဲချက်တင်လာရင် ဘယ်လိုလုပ်မလဲ၊ လွတ်လပ်စွာယုံကြည်ခွင့် ရှိရမယ်မဟုတ်လား။

မဒမ်ကိုး said...

ပွတ်မယ် မပွတ်ဖူးဆိုတာတောင် မမှတ်မိတော့လို့ မသိဘူးမကြီးရေ ခုမှဘဲသိတော့တယ်
နောက်တစ်ခါရောက်ရင်မပွတ်ပါဘူး ဟိုပွတ်မယ့်လူကိုလဲ ကြိမ်လုံးနဲ့ပါရိုက်ခဲ့ပါ့မယ်း)

ဒါနဲ့စကားမစပ် ဘာဖြစ်လို့ မုန့်ဟင်းခါးကသောက်ခဲ့ရတာလဲဟင် .စားတာဟုတ်ဖူးလား . အန်တီတင့်တော့ အဖတ်မပါဘဲ အရည်ချည်းတိုက်လွှတ်လိုက်ပီထင်တယ်း))))

ချစ်တဲ့

မဒိုးကန်

kay said...

ရွှေတိဂုံက..လူတယောက် မျက်နှာနဲ့ တူတဲ့..ကျောက်စိမ်းဘုရားကြီးကိုရော..ဒူးကို လာသမျှ လူတွေ ပွတ်ခိုင်းတာ..ဒူးပွန်း..ဒူးပါး ဖြစ်သေးဘူးလား။း)

Myanmar Good Knowledg Co., Ltd said...

အဲလိုဗဟုသုတတွေဖြန့်ဖြူးတဲ့ဟောပြောပွဲလေးတွေ အများကြီးရှိရင်ကောင်းမှာနော်။
အစ်မရွှေစင်အခုလိုလုပ်ပေးတာလည်း သိပ်တန်ဘိုးရှိတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ဆက် မပွားတော့ဘူးဆိုတော့ နည်းနည်းတော့ ပွားခဲ့တယ်ပေါ့ ...း)

Anonymous said...

ဘုရားသွား ဘုရားဝတ်ပြု ဒါပါပဲ
ဘိုးတော် မယ်တော် နတ်တော် ဘာညာလည်း စိတ်မဝင်စားဖြစ်ဖူး အစ်မရေ ပွတ်ဖို့ဆိုရင်ဝေးပေါ့ဗျာ

တခါတခါသူများပွတ်တာတွေ့တော့ အူကြောင်ကြောင်ဖြစ်မိတယ်လေ
တကယ်ဆို လက်ရှိ အရွယ်ကြီးတဲ့ အမေအိုဖြစ်ဖြစ် အဖေအိုဖြစ်ဖြစ် ခြေဆုပ်လက်နယ်ပြု ကုသိုလ်ယူတာကမှ လက်တွေ့ကျတယ်မဟုတ်လားဗျာ


မောင်ဘကြိုင်

Anonymous said...

အစ်မပို့စ်မဖတ်ခင်..မန်းလေးရောက်ဖြစ်ရင်
ပွတ်မိချင်ပွတ်မိမှား)
ကိုယ့်နိုင်ငံယဉ်ကျေးမှုကို
ကိုယ်တိုင်မထိန်းသိမ်းရင်
ကိုယ်ပဲနစ်နာမှန်း.ခုတော့
သိပါပြီ။
ပွတ်တော့ဘူး..အစ်မး)
(အရီးပြောတဲ့.ချက်အောက်က.
အပေါက်ကသူ့ဘာသူ.ဟိုးတုန်းကတည်းက
ပေါက်တာထင်ပါတယ်းP)

ချစ်ခင်လျှက်
မိစံ

Ko said...

I know that 2 bronze statues in Thi-baw township (Northern Shan State). Actually, there were 3 statues (one lost) and these were gifted by Myanmar King to Shan Saw-bwar who helped to win Thailand. Thais brought firstly from Cambodia.

Anonymous said...

အဲလို တစ်ခါမှ ပွတ်ဖူးဘူး။ဘုရားစူး။
ချစ်ညီမ နော်နော်

mstint said...

ညီမရန်ကုန်ကိုရောက်စဉ်ကပြောပြလို့ အကြမ်းဖျင်း
သိပြီးပေမယ့်အခုတော့ အပြည့်အစုံလေးသိသွားပြီ။
ဘုရားကြီးရောက်တိုင်းကြေးရုပ်ကြီးတွေကို
သွားသွားကြည့်ဘူးတယ်။
မဒိုးကတော့ မုန့်ဟင်းခါးရေရောတိုက်တယ်
ထင်နေပြီ စကားလှအောင် အဖတ်မပါဘူးလို့
ပြောနေတယ်ညီမရေး)))
ရန်ကုန်မှာတော့ 'စားတယ်' လို့ပဲသုံးတယ်လေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

စာရေးဆရာ မာန်(တောင်လုံးပြန်) ရဲ့ အီးမေးလ် လေး လိုချင်ပါတယ်ဗျာ။ မြို့ဂျပိုးကို ဖတ်ပြီး ... သဘောကျနေဒါ။ ဒီက စာကြည့်တိုက်တွေမှာလည်း အဲ့တစ်အုပ်ပဲ ရှားရှား ပါး ပါး ရောက်လာတာဆိုပေမယ့် သဘောကျလွန်းလို့ပါဗျာ။ naridoon@gmail.com ကို ဆက်သွယ်ပေးပါ ကျေးဇူးတင်ပါ၏။

An Asian Tour Operator said...

အစ်မရွှေစင် တာဝန်ကျေပါတယ် ဗျာ။ အားလုံး လဲ ဆက်မပွတ် ကြပါနဲ့ တော့..။ :))

SHWE ZIN U said...

မာန် (တောင်လုံးပြန်) ရဲ့ အီးမေးလ် က
moekyawthu.1971@gmail.com ဖြစ်ပါတယ်