(၁၃)
စားတော်ကဲကြီး အင်ဒရေဂီလီယန်တစ်ဦးတည်း မီးဖိုထဲ၌ အလုပ်များနေသည်။ ညစာအတွက် စားကောင်း သောက်ဖွယ် အမျိုးမျိုးကို စီစဉ်ချက်ပြုတ်နေသည်။ ထိုသို့ ချက်ပြုတ်နေစဉ်မှာပင် လေအေးစက်အသံ ရပ် သွားသည် ကို သတိထားလိုက်မိသည်။
လေအေးစက် ရပ်သွားသဖြင့် လျှပ်စစ်ခလုတ်များကို ဂီလီယန် သွားစစ်ဆေးကြည့်သည်။ အားလုံး အကောင်း၊ လျှပ်စစ်အပိုင်းက မချွတ်ယွင်း။
လေအေးစက် ပျက်နေလျှင် မိမိဆရာ ရှေ့နေကြီး မစ္စတာ ပါရီပုတ် ဒေါပွပေလိမ့်မည်။ မိမိ ဆရာသည် အပတ်စဉ် သောကြာနေ့ညတိုင်း အိမ်၌ ပိုကာဝိုင်းလုပ်လေ့ရှိသည်။ ထိုသို့ လုပ်လာသည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် ကစားသူများမှာ သူနှင့်အရင်းနှီး အခင်မင်ဆုံး မိတ်ဆွေတစ်စုသာဖြစ်သည်။ သူ တို့၏ သီးသန့် အုပ်စုလေးမှ လွှဲ၍ တခြားလူမပါ။
လေအေးစက်မလည်ပတ်လျှင် မိမိတို့အိမ်မှာ မခံသာအောင်ပူသည်။ နယူးအော်လင်းမြို့၏ စက်တင်ဘာလ သည် ပူသော ကာလဖြစ်သည်။ နေ၀င်သွားပြီးသည့်တိုင်အောင် အပူရှိန်က ကျမသွားသေး။
ဂီလီယန် နာရီကြည့်လိုက်သည်။ ညနေ ၄ နာရီရှိပြီ။ ဧည့်သည်များမှာ ည ၈ နာရီကျမှ ရောက်လာမည် ဖြစ်သည်။ ဂီလီယန်သည် ပထမတော့ သူ့ဆရာ ရှေ့နေကြီးထံ တယ်လီဖုန်းဆက်ပြီး အကြောင်းကြားရန် ပြင်လိုက်သည်။ နောက်မှ သူ့ဆရာမှာသွားသည့် စကားကို သတိရသဖြင့် မဆက်တော့ပေ။ သူ့ဆရာက ဒီ နေ့ တစ်နေ့လုံး တရားရုံးမှာပဲ ရှိနေမည်ဟု မှာသွားသဖြင့် သူ့အလုပ်ခန်းသို့ တယ်လီဖုန်းဆက်၍လည်း အကြောင်း ထူးမည်မဟုတ်ချေ။
ထို့ကြောင့် ဂီလီယန်သည် တယ်လီဖုန်း လမ်းညွှန်စာအုပ်ကိုယူပြီး " အက်စကီးမိုး လေအေးစက် လုပ်ငန်း ဌာန" နံပါတ်ကို ရှာပြီး ထိုနံပါတ်များအတိုင်း ဆက်သည်။ တယ်လီဖုန်း အဆက်အသွယ်ရပြီး တစ်ဘက်မှ အသံ ပေါ်လာသည်။
" အက်စကီးမိုး လေအေးစက်လုပ်ငန်းဌာနကပြောနေပါတယ်၊ အခုလောလောဆယ်မှာတော့ ကျွန်တော်တို့ရဲ့ စက်ပြင်ဆရာတွေ မအားသေးပါဘူး၊ ခင်ဗျားရဲ့နာမည် တယ်လီဖုန်း နံပါတ်နဲ့ ဖြစ်ပျက်တဲ့ အကြောင်းအရာကို ပြောထားခဲ့ပါ။ ကျွန်တော်တို့ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန် ဆက်သွယ်ပါ့မယ်။ ကျေးဇူး ပြုပြီး တယ်လီဖုန်း အချက်ပေးသံ စောင့်ပြီးမှပြောပါ "
တယ်လီဖုန်းထံမှ ပေါ်လာသော ထိုအသံမှာကြိုတင်အသံသွင်းပြီး စီစဉ်ထားသောအသံဖြစ်သည်။ လူက တိုက်ရိုက်ပြောခြင်းမဟုတ်ဘဲ စက်နှင့် ဆက်သွယ်ပြန်ဖြေခြင်းဖြစ်သည်။ စက်နှင့်ဆက်သွယ် စကားပြောရ သောအလုပ်မျာ အမေရိက၌ လုပ်နေကျပင်ဖြစ်သည်။
တယ်လီဖုန်းမှ အချက်ပေးသံပေါ်လာမှ ဂီလီယန်က ပြောလိုက်သည်။
နံပါတ် ၂၄ ချားလ်လမ်း၊ မွန်စီယာပါရီပုတ်အိမ်က ပြောနေပါတယ်၊ ကျွန်တော်တို့အိမ်က လေအေးစက်ရပ် သွား လို့ပါ၊ စက်ပြင်ဖို့ တစ်ယောက်ယောက်ကို အမြန်ဆုံး လွှတ်ပေးပါ"
ပြောပြီးသည်နှင့် တယ်လီဖုန်းချထားလိုက်သည်။ သူ့ပြောစကားကို တစ်ဘက်မှ တယ်လီဖုန်းနှင့် ဆက်ထား သည့် တိပ်ရီကော်ဒါက အသံ ဖမ်းထားပေလိမ့်မည်။ သူဆက်စဉ်ကလည်း တစ်ဘက်တယ်လီဖုန်း၌ ဆက် ထားသော တိပ်ခွေထဲ၌ အသင့် အသံသွင်းထားသည့် စကားများက ဖြေခြင်းဖြစ်သည်။ တယ်လီဖုန်း လက်ခံ ခြင်းပြောခြင်း ပြန်လည် နားထောင် မှတ်သားခြင်း တို့ကို ယန္တရားစနစ်ဖြင့် လုပ်ကိုင်နေကြသည်။ လူမလို တော့ပါ။
လေအေးစက်လာမပြင်၍ စက်ပျက်နေလျှင် မိမိဆရာ ပါရီဝုတ် ဒေါသူပုန်ထတော့မည်မှာမလွဲ။ ဂီလိယန် သည် ပါရီပုတ်ထံ၌ စားတော်ကဲ လုပ်နေသည်မှာ သုံးနှစ်ရှိပြီ။ မိမိဆရာ ပါရီပုတ် မည်မျှသြဇာတိက္ကမ ရှိသည်ကိုလည်း ကောင်းကောင်းသိသည်။
နာရီဝက်ခန့် အကြာတွင် တံခါးမှလူခေါ် ခေါင်းလောင်းသံ မြည်လာသည်။ ထိုအချိန်တွင် ဂီလီယန်တစ် ကိုယ်လုံးမှာ ချွေးများ ရွှဲနေပြီး သူ အလုပ်လုပ်နေသော မီးဖိုခန်းမှ ပူလောင် အိုက်စပ်နေသည်။
ဂီလီယန်က နောက်ဖေးတံခါးကိုသွားဖွင့်လိုက်သည်။
အလုပ်သမားဝတ်စုံဝတ် လူနှစ်ယောက် တံခါးဝ၌ ရပ်နေသည်။ လက်ထဲ၌ ပစ္စည်းကိရိယာ သေတ္တာများ ဆွဲ ထားသည်။ တစ်ယောက်မှာ အရပ်ရှည်ရှည် ကပ္ပလီကြီးဖြစ်သည်။ သူ့အဖော်မှာ အသားဖြူဖြစ်ပြီး သူ့ထက် အရပ်အနည်းငယ်နိမ့်သည်။ သူတို့နောက်ဘက် ခပ်လှမ်းလှမ်း၌ လုပ်ငန်းသုံး ထရပ်ကားတစ်စီး ရပ်ထား သည်။
" ခင်ဗျား တို့ လေအေးစက် ပျက်နေလို့ဆို " ကပ္ပလီကြီးက မေးလိုက်သည်။
" ဟုတ်ပါတယ်ဗျာ၊ ခင်ဗျားတို့ ရောက်လာတာ ဘုရား မတာဘဲ၊ အချိန် မီပါသေးတယ်၊ တော်တော်ကြာဆို ဧည့်သည်တွေ ရောက်လာတော့မှာ ဂီလီယန်က အားရ၀မ်းသာဖြေသည်။
ကပ္ပလီကြီးက မီးဖိုခန်းထဲ ၀င်လာသည်။ ချက်ပြုတ်နေသော ဟင်းနံ့များရသဖြင့် နှာခေါင်း တရှုံ့ရှုံ့လုပ် လိုက်သည်။
" အာ ... မွှေးလိုက်တဲ့ အနံ့ "
" ကျေးဇူးပြုပြီး ကြည့်ရှု ပြင်ပေးပါဦးဗျာ "
" လေအေးစက် ယူနစ်တွေထားတဲ့ အခန်း ဘယ်မှာလဲ၊ ကြည့်ရအောင် " အရပ်ပုပုလူက မေးသည်။
ဂီလီယန်က သူတို့ နှစ်ယောက်အား ထိုအခန်းသို့ ခေါ်သွားပြီး ပြသည်။
" ယူနစ် ကတော့ ကောင်းသားပဲရပ်ဖ်" ကပ္ပလီကြီးက သူ့အဖော်ကို ပြောလိုက်သည်။
" ဟုတ်တယ် ... အယ်လ်၊ ဘာမှ မချွတ်ယွင်းဘူး "
" ဒါ ... ဒါဖြင့် လေအေးစက်တွေ ဘာလို့ မလည်တာလဲ " ဂီလီယန်က ၀င်မေးသည်။
သူတို့ နှစ်ယောက်စလုံး က ဂီလီယန်ကို စိုက်ကြည့်လိုက်သည်။
" အခုမှ စပြီး စစ်ဆေးစ ရှိပါသေးတယ်၊ အပြစ်ရှာရဦးမှာပေါ့ "
ရပ်ဖ်က ပြောပြောဆိုဆိုနှင့် ဒူးထောက်ထိုင်ချလိုက်ပြီး ယူနစ်အောက်မှ တံခါးလေးကို ဆွဲဖွင့်လိုက်သည်။ ကိရိယာအိတ်ထဲမှ လက်နှိပ်မီးကို ဆွဲထုတ်ကာ ၀မ်းလျားမှောက်ပြီး ထိုးကြည့်လိုက်သည်။ တအောင့်အကြာ တွင် မတ်တတ်ပြန်ထလိုက်ပြီး ပြောသည်။
" ဒီနေရာက ပျက်တာတော့ မဟုတ်ဘူး "
" ဒါဖြင့် ဘယ်နေရာကလဲ " ဂီလီယန်က မေးသည်။
" ဒိပြင် နေရာတွေက ဖြစ်နိုင်တယ်၊ အဆက်အသွယ်တွေ အားလုံးလျှောက်စစ်ကြည့်ရမှာပေါ့၊ ဒီ အိမ်မှာ လေအေးစက် ဘယ်နှလုံးရှိသလဲ "
" တစ်ခန်းတစ်လုံးရှိတယ်။ အားလုံးပေါင်း ကိုးလုံးထက် မနည်းဘူးပေါ့"
သူတို့သုံးယောက် အိမ်ထဲ လျှောက်ကြည့်ကြသည်။ ဧည့်ခန်းထဲမှ ဖြတ်လာသောအခါ ကပ္ပလီကြီး အယ်လ် က မှတ်ချက်ချလိုက်သည်။
" မစ္စတာပါရီပုတ် အိမ်က အတော် ခမ်းနားတာပဲ "
ဧည့်ခန်းမှာ အထူး မွမ်းမံပြင်ဆင်ထားသည့် အဖိုးတန် ရှေးဟောင်း ပစ္စည်းများကို အလှပြထားသည်ကို လည်း တွေ့ရသည်။ နင်းလိုက်လျှင် အိခနဲ အိခနဲနေအောင် မြုပ်သွားသော အဖိုးတန် ပါရှန် ကော်ဇောများ ကို ခင်းထားသည်။ ဧည့်ခန်းဘယ်ဘက်တွင် ထမင်းစားခန်းကျယ်ကြီး ရှိသည်။
ညာဘက် တွင်လည်း အခန်းတစ်ခန်းရှိသည်။ အခန်းအလယ်တွင် စားပွဲဝိုင်းတစ်လုံးရှိပြီး အစိမ်းရောင် ကတ္တီ ပါစားပွဲခင်းကို ခင်းထားသည်။ ထိုအခန်းထောင့် တစ်ထောင့်၌လည်း စားပွဲဝိုင်းတစ်လုံးရှိပြီး ညစာအတွက် ပန်းကန်နှင့် ဇွန်း၊ ခရင်း၊ ဓားများ အသင့်ပြင်ထားသည်။ ထိုအခန်းထဲသို့ သူတို့ ၀င်သွား သည်။
" ဒီအပေါ်က ဘာလဲ "
" မျက်နှာကြက်ပါ "
" အပေါ်တက် ကြည့်ရအောင် "
" ဂီလီယန်က ခုံများခုကာ ရှေ့မှ တက်သွားရာ အလုပ်သမားနှစ်ယောက်က နောက်မှ လိုက်တက်သွား သည်။ မျက်နှာကျက်မှာ ခပ်နိမ့်နိမ့်ဖြစ်ပြီး ဖုန်များ၊ ပင့်ကူအိမ်များနှင့် ပေရေနေသည်။ မျက်နှာကျက် ထပ်ခိုး ပေါ်ရှိ လျှပ်စစ်သေတ္တာ ကပ်ထားသော နံရံကို ကပ္ပလီကြီး အယ်လ်က သွားကြည့်သည်။ ရှုပ်ထွေးပွေလိမ် နေသော ၀ါယာကြိုးများကို အသေအချာကြည့်ပြီး ပြောလိုက်သည်။
" ဟာ .... "
"ဘာတွေ့လို့လဲ " ဂီလီယန်က မေးသည်။
" ကွန်ဒင်ဆာ ပျက်နေတယ်၊ ရာသီဥတုကြောင့်ပါ၊ ဒီအပတ်ထဲမှာ ကွန်ဒင်ဆာပျက်လို့ လိုက်ပြင် ပေးရတာ ရာချီ နေပြီ၊ အခုလဲ ကွန်ဒင်ဆာအသစ် လဲထည့်ရမယ် "
" အလို ... ဘုရားရေ၊ သိပ်များ ကြာမှာလား "
" မကြာပါဘူး၊ ကျွန်တော်တို့ ကားထဲမှာ ကွန်ဒင်ဆာ အသစ်တစ်လုံး ပါလာပါတယ် "
" ဒါဖြင့် မြန်မြန် သွားယူပြီး လဲပေးစမ်းပါဗျာ၊ မစ္စတာပါရီပုတ် မကြာခင် အိမ်ပြန် ရောက်လာတော့မှာ " ဂီလီယန် က တောင်းပန်လိုက်သည်။
" ကျွန်တော်တို့ အမြန်ဆုံး လုပ်ပေးပါ့မယ် "
မျက်နျာကျက်ပေါ်မှ သူတို့ အောက်ပြန်ဆင်းလာကြသည်။
" ကျွန်တော် ချက်တာ ပြုတ်တာ မပြီးသေးဘူး၊ ခင်ဗျားတို့ပဲ မျက်နှာကျက်ပေါ် ပြန်တက်ပြီး လုပ်လိုက်ကြ ပါတော့ "
" စိတ်ချပါဗျာ ... ခင်ဗျား လုပ်စရာရှိတာသာ လုပ်တော့ ကျွန်တော်တို့ အလုပ်ကို ကျွန်တော်တို့ ပြီးအောင် လုပ် သွားပါ့မယ် "
" ကျေးဇူးပါပဲဗျာ၊ ကျေးဇူးပါပဲ "
အလုပ်သမားနှစ်ယောက် သူတို့၏ ထရပ်ကားဆီသို့ ထွက်သွားပြီး ရွက်ဖျင်အိတ်ကြီးနှစ်လုံးဆွဲကာ ပြန်လာ သည် ကို ဂီလီယန် စောင့်ကြည့်နေသေးသည်။
" ခင်ဗျား တို့ လိုတာရှိရင် ကျွန်တော့် ပြောနော် "
" စိတ်ချပါဗျာ "
အလုပ်သမားနှစ်ယောက်က မျက်နှာကျက်ပေါ်တက်သွားပြီး ဂီလီယန်က မီးဖိုခန်းဘက်သို့ ထွက်သွားသည်။
ရပ်ဖ်နှင့် အယ်လ်တို့ မျက်နှာကျက်ပေါ် ပြန်ရောက်သွားသည်။ ရွက်ဖျင်အိတ်ကြီး နှစ်လုံးကို ဖွင့်လိုက်ပြီး အထဲ မှ ပစ္စည်းများကို ထုတ်ယူကာ အောက်သို့ ချလိုက်သည်။
ထိုပစ္စည်းများမှာ ခေါက်ကုလားထိုင် အသေးကလေးတစ်လုံး၊ လွန်ပူဖောက်စက်ကလေးတစ်ခု၊ အသားညှပ် မုန့်များ၊ လင်ပန်းတစ်ချပ်၊ ဘီယာသံဘူးနှစ်လုံးနှင့် ဇိုက်စ် အမျိုးအစား မှန်ပြောင်းတစ်လက်၊ ထိုမှန်ပြောင်း မှာ အလင်းရောင် ပျပျလေး၌ပင် အဝေးသို့ လှမ်းကြည့်၍ရသော မှန်ဘီလူးအားကောင်းသည့် မှန်ပြောင်း ဖြစ် သည်။
သူတို့နှစ်ယောက် အလုပ် စလုပ်တော့သည်။
" ငါ့မိန်းမ အာနက်စတိုင်းကြီးကတော့ ငါ့လုပ်ရပ်အတွက် ၀မ်းသာဂုဏ်ယူနိုင်တော့မှာပါကလား အယ်လ် ---- ရင့်လိုက်သည်။
----
*
အစကနဦးက အယ်လ် သည် ထိုအကြံအစည်ကို လုပ်ပေးရန် အကြောက်အကန် ငြင်းခဲ့သေးသည်။ သို့သော် ကပ္ပလီကြီး အယ်လ်ကို ဇနီးသည် အာနက်စတိုင်းက အပိုင်ကိုင်ထားနိုင်သည်။ ယခုလည်း သူမ၏ အကြံအစည်ကို နှစ်ကိုယ်တည်း ချစ်တင်းနှောကြချိန်တွင်မှ အပိုင်ကိုင်ပြီး ပြောတော့သည်။
" ပါရီပုတ် ကို သွားလုပ်လို့တော့ လွယ်မယ်မထင်ဘူး၊ ငါ ထောင်ထဲရောက်သွားပြီး တစ်သက်လုံး နေရောင် မမြင်ရ ဘဲ ဖြစ်နေပါဦးမယ်ကွာ "
" အို ... ရှင် သူ့အတွက် ပူစရာမလိုပါဘူး၊ သူ နောက်ဘယ်သူ့ကိုမှ ဒုက္ခပေးနိုင်တော့မှာ မဟုတ်ပါဘူး"
" မင်း ဘာဖြစ်လို့ သူ့ကို ဒီလို လုပ်ချင်ရတာလဲ "
" သိပ်ချစ် တဲ့ မိတ်ဆွေတစ်ယောက်အတွက်ပါ မောင်ရယ် ... "
" ထရေစီ အတွက်လား "
" ဟုတ်တယ် "
ကပ္ပလီကြီးအယ်လ်လည်း သူ့ဇနီးအား နက်စတိုင်းနှင့် ပတ်သက်ပြီး ထရေစီကို သိကျွမ်းခင်မင်ကာ သမီး ကလေး လိုပင် ချစ်ခင်နေရှာသည်။ ထရေစီ ထောင်ကထွက်သည့် နေ့မှာပင် သူတို့သုံးဦး ညစာအတူတူ စားခဲ့ကြသည်။
" အင်း ... ဒီကောင်မလေးကတော့ သနားစရာ ချစ်စရာလေးပါ၊ ဒါပေမယ့်သူ့ကိစ္စအတွက် တို့က ဘာလို့ အန္တရာယ်များ တဲ့အလုပ် ၀င်လုပ်မှာလဲကွာ " အယ်လ်က စိတ်ရင်းအတိုင်း ပြောလိုက်သည်။
" ကျွန်မတို့က သူ့ကို မကူညီရင် ရှင့်တစ်ဝက်လောက်တောင် မတော်တဲ့ တခြားသူတစ်ယောက်ကို သူသွား ပြီး အကူအညီ တောင်းမှာပဲ၊ တကယ်လို့ မအောင်မြင်ရင် ဒီကောင်မလေး အဖမ်းခံရပြီး ထောင်ထဲပြန် ရောက်သွား လိမ့်မယ် "
" ကောင်မလေး ထောင်ထဲပြန်ရောက်သွားမှာကို မင်းလုံးဝ မလိုလားဘူးပေါ့ ဟုတ်လား ... "
အယ်လ် က အိပ်ရာထဲတွင် လှဲနေရာမှ ထထိုင်လိုက်ပြီး အာနက်စတိုင်းကို စူးစိုက်ကြည့်ကာ မေးလိုက် သည်။
" ဟုတ်တယ် "
အယ်လ် နားလည်အောင် အာနက်စတိုင်း မည်သို့ ရှင်းပြရမည်မှန်း မသိဘဲ ဖြစ်နေသည်။ အမှန်အတိုင်း ဆိုရလျှင် ထရေစီ ထောင်ထဲ ပြန်ရောက်သွားပြီး ဆွီဒင်မကြီး ဘာသာ ပြုသမျှ နုရမည့် အဖြစ်မျိုးကို အာနက် စတိုင်း မည်သို့မျှ အရောက်မခံနိုင်ပါ။
တကယ်တော့ ထရေစီအတွက်သာလျှင် အာနက်စတိုင်း စိုးရိမ်ပူပန်မိခြင်း မဟုတ်ပါ။ မိမိ၏ ဂုဏ်သိက္ခာ အတွက် လည်း ပူပန်မိခြင်းဖြစ်သည်။ အာနက်စတိုင်းသည် ထရေစီ၏ အကာအကွယ်အဖြစ် မိမိကိုယ်မိမိ ခံယူ ကာကွယ်ပေးခဲ့သည်။ အကယ်၍ ထရေစီသာ ဆွီဒင်မကြီးဘာသာလက်ထဲ ပြန်ရောက်သွားလျှင် မိမိ၏ ရှုံးနိမ့် မှုပင် မည်ပေလိမ့်မည်။
" ဒီမျာမောင် ... ဒီကိစ္စက ကျွန်မအတွက် သိပ်အရေးကြီးတယ်၊ ဒီတော့ လုပ်ပေးမယ် မဟုတ်လားဟင် ... "
" ငါတစ်ယောက်တည်းတော့ လုပ်လို့ဖြစ်မှာ မဟုတ်ဘူး" အယ်လ်က ပြောလိုက်သည်။
ထိုစကားကြားလိုက်ရသည်နှင့် မိမိ အောင်နိုင်ပြီဟု အာနက်စတိုင်း သိလိုက်ရသည်။
" ပြီးခဲ့တဲ့ လေးငါးရက်ကပဲ ရပ်ဖ် ထောင်က လွတ်လာတယ် မဟုတ်လား၊ သူနဲ့ပေါင်းပြီး လုပ်ပေါ့ မောင်ရယ် ... "
*
မျက်နှာကျက်ပေါ်မှနေ၍ အယ်လ်နှင့်ရပ်ဖ်တို့ ပြန်ဆင်းလာပြီး ဂီလီယန်၏ မီးဖိုထဲသို့ ရောက်သောအခါ ညနေ ၆ နာရီခွဲနေချေပြီ။ သူတို့ နှစ်ယောက်စလုံးတွင် ချွေးများ စိုရွှဲနေပြီး ဖုန်အလိမ်းလိမ်းဖြစ်နေသည်။
" တပ်လို့ပြီးသွားပြီလား" ဂီလီယန်က အလောတကြီးမေးသည်။
" ပြီးသွားပါပြီ၊ နောက် ငါးမိနစ်လောက်ဆို အားလုံးကောင်းသွားမှာပါ " အယ်လ်ကပြောသည်။
" ကျေးဇူးပါပဲဗျာ ... ပစ္စည်းအသစ်လဲပြီး အားထိုးပြင်ဆင်ရတာ အားလုံးအတွက် ကျသင့်တဲ့ ငွေတောင်းပြေ စာသာ ရေးပေးခဲ့ပါ "
" ကိစ္စမရှိပါဘူး၊ ကုမ္ပဏီကနေပြီး ဒီကို ပြေစာပို့ပေးပါလိမ့်မယ် "
" ကျေးဇူးသိပ်တင်တယ်ဗျာ၊ ခင်ဗျားတို့ နှစ်ယောက်စလုံးကို ဘုရားသခင် မ ပါစေ "
အလုပ်သမားနှစ်ယောက် ရွက်ဖျင်အိတ်ကိုယ်စီဆွဲပြီး နောက်ဖေးပေါက်မှ ထွက်သွားသည်ကို ဂီလီယန်စောင့်ကြည့်နေသည်။ ဂီလီယန်၏ မျက်ကွယ်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် မြေကွက်လပ် ကို တစ်ပတ်ပတ်ကာ လေအေးစက်များ၏ ပြင်ပကွန်ဒင်ဆာ ထားသော သေတ္တာကို သွားဖွင့်လိုက်သည်။
ရပ်ဖ်က ထိုသေတ္တာထဲသို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုးပြလိုက်သည်။ အယ်လ်သည် လွန်ခဲ့သော နှစ်နာရီက မိမိလာပြီး ဖြတ်ထားခဲ့သည့် ၀ါယာကြိုးကို ပြန်ဆက်လိုက်သည်။ ပါရီပုတ်အိမ်မှ အေအေးစက်များ ပြန်လည် အသက်ဝင် လည်ပတ်သွားကြသည်။
အယ်လ်သည် ထိုအိမ်မှ ပြန်လာပြီး လမ်းတစ်ဝက်အရောက်တွင် အများသုံးတယ်လီဖုန်းရုံ တစ်ရုံသို့ဝင်ပြီး အက်စကီးမိုး အေအေးစက် ကုမ္ပဏီသို့ ဆက်သည်။ တစ်ဘက်မှ အသင့် အသံသွင်းထားသောအသံကို နား ထောင်ပြီးသည်နှင့် အယ်လ်က ပြန်ပြောလိုက်သည်။
" အမှတ် ၂၄ ချားလ်လမ်း၊ ပါရီပုတ် အိမ်က ပြောနေပါတယ်၊ ကျွန်တော်တို့အိမ်က အေအေးစက်တွေ အခု ပြန်ကောင်းသွားပါပြီ၊ အဲဒီက ပြင်ဆင်ဖို့ လူလွှတ်ပေးစရာ မလိုတော့ပါဘူး၊ ကောင်းသောနေ့ပါဗျာ "
ပါရီပုတ်အိမ် တွင် သောကြာနေ့ ညတိုင်း ပြုလုပ်ကြသော ပိုကာဝိုင်းသည် သီးသန့်အုပ်စုတစ်စု၏ ၀ိုင်းသာဖြစ် သည်။ ထိုဝိုင်း၌ အမြဲတမ်း ကစားကြသူများမှာ အန်တိုနီဆက်တီ၊ မျိုးရိုမာနို၊ တရားသူကြီး ဟင်နရီလောရင့်စ် အထက်လွှတ်တော်အမတ်တစ်ဦးနှင့် အိမ်ရှင်ပါရီပုတ်တို့သာဖြစ်သည်။
ထိုင်ဝိုင်း၌ လောင်းကြေးကကြီးသည်။ အစားအသောက်က ကောင်းသည်။ ကစားသူများက သြဇာ တိက္ကမ ရှိသူများဖြစ်သည်။
ပါရီပုတ်သည် အိပ်ခန်းထဲ၌ အ၀တ်အစားလဲနေသည်။ အဖြူရောင် ပိုးသားဘောင်းဘီရှည်နှင့် လိုက်ဖက် သောစပို့ရှပ် ကို ၀တ်လိုက်သည်။ ဒီည ဖဲကစားရမည်ကို ပျော်နေသည်။ နောက်ပိုင်းတွင် နိုင်လေ နိုင်ထရှိ သည်။ သူ့ဘ၀၏ အောင်မြင်မှုအတွက်လည်း ၀မ်းသာဂုဏ်ယူမဆုံးဖြစ်နေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် နယူးအော်လင်းမြို့၌ တရားဥပဒေရေးကိစ္စတွင် အသာစီးရလိုပါက ထို သူငှားရမည့် ရှေ့နေမှာ ပါရီပုတ်သာဖြစ်သည်။ သူ ထိုသို့အစွမ်းထက်နေသည်မှာလည်း အော်ဆက်တီ မားဖီးယား မိသားစု၏ နောက်ခံအင်အားကြောင့်သာဖြစ်သည်။ သူ့ဘ၀က ဖြောင့်ဖြူးလှသည်။
အန်တိုနီအော်ဆက်တီသည် ထိုနေ့ညက ပါရီပုတ်အိမ်သို့ ဖဲကစားရန် ရောက်လာသောအခါ လူသစ်ဧည့် သည်တစ်ဦး ကို ခေါ်လာသည်။
" ဂျိုးရိုမာနို ဒီကို နောက်လာကစားတော့မှာ မဟုတ်ဘူး၊ ကြီးကြပ်ရေးမှူး နယူးဟောက်စ်ကို ခင်ဗျားတို့ သိပါ တယ်"
အော်ဆက်တီက မိတ်ဆက်ပေးလိုက်ရာ လူသစ်နှင့် လူဟောင်း အားလုံး လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
" ဘေးဘက်ကစားပွဲ တွေပေါ်မှာ ယမကာမျိုးစုံရှိပါတယ်၊ လူကြီးမင်းများခင်ဗျာ ... ညစာကတော့ နောက်မှ အေးအေး ဆေးဆေး စားတာပေါ့၊ အခု ပိုကာစကစားကြရင် မကောင်းဘူးလား "
အစိမ်းရောင် ကတ္တီပါကြီး ခင်းထားသော စားပွဲဝိုင်းပတ်လည်မှ ကုလားထိုင်များတွင် ထိုင်နေကျ နေရာ အတိုင်း ၀င်ထိုင်ကြသည်။ ဂျိုးရိုမာနို ထိုင်နေကျနေရာ၌ လစ်လပ်နေသည်။ အော်ဆက်တီက ထိုနေရာကို လက်ညိုး ထိုးပြပြီး ကြီးကြပ်ရေးမှူး နယူးဟောက်စ်အား ပြောလိုက်သည်။
" အဲဒီနေရာမှာ ခင်ဗျား ဒီနေ့ကစပြီး နောက်ကို အမြဲတမ်း ဆက်သာထိုင်ပေတော့ "
ဝိုင်းထဲမှ တစ်ယောက်က ဖဲထုပ် အသစ်များကို ဖောက်လိုက်သည်။ ပါရီပုတ်က တိုကင်ပြားများ ဝေငှပေး သည်။ ဤ၀ိုင်း ၌ လူသစ်ဖြစ်နေသော ကြီးကြပ်ရေးမှူး နယူးဟောက်စအား ပါရီပုတ်က ရှင်းပြသည်။
" တိုကင်ပြား အမည်းရောင် တွေက ငါးဒေါ်လာ၊ အနီရောင်က ဆယ်ဒေါ်လာ၊ အပြာရောင်က ဒေါ်လာ ၅၀ အဖြူရောင်က ဒေါ်လာ ၁၀၀၊ တစ်ယောက်ကို တိုကင်ပြား ဒေါ်လာ ၅၀၀ ဖိုးစီ ၀ယ်ရပါတယ် "
" ဟုတ်ကဲ့၊ သဘောပေါက်ပါတယ်" ကြီးကြပ်ရေးမှူးက ဖြေသည်။
" ကဲ ... စ ကစားကြစို့ "
အော်ဆက်တီက ပြောလိုက်သည်။ သူ စိတ်ကြည်လင်ပုံမရ။ သူ့အသံက သိပ်တိုးနေပြီး လေလံမျှသာ ဖြစ် နေသည်။ ကောင်းသောလက္ခဏာမဟုတ်။
ဂျိုးရိုမာနို မည်သို့မည်ပုံ ဖြစ်သွားသည်ကို ပါရီပုတ်လေ့လာရပေဦးမည်။ သို့သော် ထိုကိစ္စကို အသေးစိတ် မသိမီကပင် အခြေအနေမကောင်းမှန်း အကဲခတ်မိသည်။ သိချိန်တန်လျှင် အော်ဆက်တီက မိမိအားဖွင့်ဟ ဆွေးနွေးလိမ့်မည် မဟုတ်ပါလား။
အော်ဆက်တီစိတ်ထဲက ဂျိုးရိုမာနိုအကြောင်း တွေးနေမိသည်။
" ငါက သူ့အပေါ်မှာ အဖေတစ်ယောက်လို ပြုမူခဲ့တယ်၊ ငါ ဒင်းကိုယုံကြည်ပြီး ညာလက်ရုံး အဖြစ် ထားခဲ့တယ်၊ အခုတော့ ခွေးမသားက ငါ့ကို နောက်ကျော ဓားနဲ့ထိုးတယ်၊ ဟိုတဏှာရူး ပြင်သစ်မသာ ငါ့ ဆီတယ်လီဖုန်းမဆက်ရင် ဒီအကောင် လစ်တော့မှာ သေချာတယ် အင်း ... ငါကံကောင်းတယ်၊ သူ့အကြံ မစနိုင်ခင် ငါက လက်ဦးပေလို့သာပေါ့" အန်တိုနီစိတ်ထဲ ပြောနေသည်။
" တိုနီ ... ခင်ဗျား အလှည့်လေ "
အော်ဆက်တီသည် ပျံ့လွင့်နေသော အတွေးကို ဖြတ်ကာ သူ့စိတ်ကို ဖဲဝိုင်းဆီ၌ ပြန်လည်စုစည်းထားလိုက် သည်။ ဤစားပွဲဝိုင်း၌ သူ ငွေအမြောက်အမြား ရှုံးလည်း ရှုံးဖူးသည်။ နိုင်လည်းနိုင်ဖူးသည်။ သူ့အဖို့ ငွေသည် အကြောင်း မဟုတ်သော်လည်း ရှုံးလျှင် ကျွဲမြီးတိုတတ်သည်။ အန်တိုနီသည် မည်သည့်ကိစ္စ၌မဆို အရှုံးဘက် ၌ ရပ်တည်လိုသူမဟုတ်။
သူ့ဘ၀တွင် အရှုံးဆိုတာ ချိုနဲ့လားဟု မေးရမတတ်ရှိသည်။ အောင်မြင်မှု သရဖူများကို ဆောင်းရန် မွေးဖွား လာသူဟု သူ့ကိုယ်သူ ခံယူထားသည်။ ဘ၀တွင် မိမိ၏ လက်ရှိအခြေအနေမျိုးကို ရောက်နိုင်သူမှာ အောင် မြင်သူ များသာဖြစ်သည်။
လွန်ခဲ့သော တနင်္ဂနွေခြောက်ပတ်လုံး ဤပိုကာဝိုင်းတွင် ပါရီပုတ်ချည်းနိုင်ခဲ့သည်။ ယနေ့ညတွင် မိမိနိုင်ရ မည်ဟု အော်ဆက်တီ သန္နိဋ္ဌာန်ချထားသည်။ သို့သော် တကယ်ကစားနေသောအခါ အော်ဆက်တီ အရှုံး နှင့် ရင်ဆိုင်နေရသည်။ ည သန်းခေါင်ယံအချိန်၌ ညကြီးစာ စားရန် ပိုကာဝိုင်းကို ရပ်လိုက်သောအခါ အန်တိုနီ အော်ဆက်တီအဖို့ ဒေါ်လာငါးသောင်း ရှုံးနေသည်။
နိုင်နေသူ က အိမ်ရှင် ပါရီပုတ်။
အစားအစာများက တကယ်အရသာရှိသည်။ ညကြီးစာကို အလကားစားရတိုင်း အန်တိုနီ ပျော်သည်။ သို့သော် ယနေ့တွင်မူ အစားစားရသည်မှာ ခံတွင်းလည်းမတွေ့၊ စိတ်လည်းမပါ။ သူ့စိတ်က ကစားဝိုင်းသို့ သာ ပြန်ရောက်နေသည်။
" ဘာမှလဲ သိပ်မစားပါလားတိုနီ" ပါရီပုတ်က မေးသည်။
" ကျွန်တော် မဆာလို့ပါဗျာ ... "
အော်ဆက်တီ သည် သူ့ဘေးရှိ ငွေလက်ဖက်ရည်ကရားကြီးထဲမျ လက်ဖက်ရည်များကို ပန်းကန်ထဲသို့ ငှဲ့ ထည့်လိုက်သည်။ ထို့နောက် လက်ဖက်ရည်ပန်းကန်ကို ယူပြီး ညစာ စားသောစားပွဲမှ ပိုကာ ကစားသော စားပွဲ သို့ ပြန်သွားကာ ထိုင်လိုက်သည်။
အခြားသူများ စားသောက်နေသည်ကို အော်ဆက်တီက လှမ်းကြည့်နေသည်။ သူတို့ စားသောက်၍ မြန်မြန် ပြီးပါစေဟု စိတ်ထဲက ကျိတ်ဆုတောင်းနေသည်။ သူရှုံးထားသောငွေကို ပြန်နိုင်ရန်သာ စိတ်စောနေသည်။
သူ့ရှေ့ မှ ကော်ဖီခွက်ကို ဇွန်းကလေးနှင့် မွှေနေစဉ်တွင် ကော်ဖီခွက်ထဲသို့ အစကလေးတစ်စ ကျလာသည်။ အော်ဆက်တီ စိတ်အနှောင့်အယှက် ဖြစ်သွားပြီး ကော်ဖီခွက်ထဲမှ အစကလေးကို ဇွန်းဖြင့်ဆယ်ယူကာ ကြာ့်လိုက်သည်။ ထိုအစကလေးမှာ အင်္ဂတေအစကလေးနှင့် တူလှသည်။
အော်ဆက်တီသည် သူ့ခေါင်းပေါ်ဘက်ရှိ မျက်နှာကြက်ကို မော့်ကြည့်လိုက်ရာ သူ့နဖူးဆီသို့ အစကလေး တစ်စ လာမှန်ပြန်သည်။ မျက်နှာကျက်ပေါ်မှ ချိုးချိုးချွတ်ချွတ် အသံများ ကြားလိုက်ရသည်။
" အပေါ် မှာ ဘာတွေဖြစ်နေတာလဲ" အန်တိုနီအော်ဆက်တီက မေးလိုက်သည်။
ပါရီပုတ် သည် ကြီးကြပ်ရေးမှူး နယူးဟောက်စ် နှင့် စကားလက်ဆုံ ကျနေရာ အော်ဆက်တီ၏ မေးခွန်းကို ကောင်းကောင်း မကြားသဖြင့် ပြန်မေးလိုက်သည်။
" ဘာပြောတာလဲ တိုနီ "
မျက်နှာကျက်ထပ်ခိုးပေါ်မှ အစများ ပိုကျလာသည်။ အင်္ဂတေအပိုင်းအစများလည်း ကတ္တီပါစားပွဲခုံ အစိမ်း ပေါ်သို့ ကျလာပြန်သည်။
" မျက်နှာကျက်ပေါ်က အသံတွေက ကြွက်တွေပြေးနေတဲ့အသံနဲ့တူတယ်" အထက်လွှတ်တော် အမတ်မင်း က ၀င်ပြောသည်။
" ဒီအိမ်မှာ ကြွက်မရှိပါဘူး " ပါရီပုတ်က ပျာပျာသလဲ ဖြေသည်။
" မျက်နှာကျက်ပေါ် မှာ တစ်ခုခုတော့ ထူးခြားနေပြီထင်တယ်" ပါရီပုတ် က ဘ၀င်မကျသည့်လေသံဖြင့် ပြော လိုက်သည်။
" ဂီလီယန် ကို အပေါ်တက်ပြီး ကြည့်ခိုင်းလိုက်ပါမယ်၊ ကဲ စားသောက်ပြီးရင် ဖဲဆက်ရိုက်ကြရအောင် "
အန်တိုနီအော်ဆက်တီ သည် သူ့ခေါင်းပေါ်တည့်တည့်ရှိ မျက်နှာကျက်မှ အပေါက်ကလေးတစ်ပေါက်ကို မော့ ပြီး စိုက်ကြည့်နေသည်။
" ခဏနေဦး၊ မျက်နှာကျက်အပေါ်တက်ပြီး ကြည့်လိုက်ဦးမယ် " အော်ဆက်တီက ပြောသည်။
" ဘာ ... ဘယ်လို တိနီ ... ဂီလီယန် ... "
ပါရီပုတ် က တအံ့တသြ ပြောလိုက်သော စကားမဆုံးမီမှာပင် အော်ဆက်တီသည် အပေါ်တက်သည့် လှေ ကားရင်း သို့ ရောက်နေချေပြီ။ ကျန်လူများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အော် ဆက်တီ နောက်မှ ကမန်းကတန်း လိုက်သွားသည်။
" မျက်နှာကျက်ထပ်ခိုးပေါ်မှာ ရှဥ့်တွေများတက်နေသလားမသိဘူး၊ နှစ်တိုင်း ဒီအချိန်ဆိုရင် နေရာတကာ မှာ ရှဥ့်တွေ ရောက်နေတော့တာပဲ" ပါရီပုတ်က ပြောလိုက်သည်။
မျက်နှာကျက်ထပ်ခိုးဝ တံခါး သို့ ရောက်သောအခါ အော်ဆက်တီက တွန်းဖွင့်လိုက်ပြီး ပါရီပုတ်က မီးဖွင့် လိုက်သည်။ ကြွက်ဝမ်းဖြူနှစ်ကောင် မျက်နှာကျက်ပေါ်၌ ပြေးလွှားနေသည်ကို သူတို့မြင်ကြရသည်။
" ဘုရားရေ ... ငါ့အိမ်မှာ ကြွက်တွေရောက်နေပါလား "
ပါရီပုတ် က ဘုရားတလိုက်သည်။ သို့သော် အော်ဆက်တီက သူပြောလိုက်သောအသံကို ဂရုမစိုက်။ အခန်း ထဲသို့သာ လှည့်ပတ် စူးစမ်းကြည့်ရှုနေသည်။ ထပ်ခိုးမျက်နှာကျက် အခန်းအလယ်တွင် ခေါက်ကုလားထိုင် လေး တစ်လုံးကို တွေ့ရသည်။ ထိုကုလားတိုင်ပေါ်တွင် အသားညှပ်ပေါင်မုန့်တစ်ထုပ်နှင့် ဖွင့်ထားသော ဘီ ယာနှစ်ဘူးကို တွေ့ရသည်။ ကုလားထိုင်ဘေး ကြမ်းပြင်ပေါ်၌ မှန်ပြောင်းတစ်လက်ချထားသည်။
အော်ဆက်တီသည် ထို အရာဝတ္ထုများ ရှိရာသို့ လျှောက်သွားသည်။ တစ်ခုပြီးတစ်ခု ကောက်ယူကြည့်ရှုပြီး စဉ်းစား သုံးသပ်သည်။ ထို့နောက် ဖုန်များ အလိမ်းလိမ်းတက်နေသော ကြမ်းခင်းပေါ်သို့ ဒူးထောက်ထိုင်ချ လိုက်သည်။ မျက်နှာကျက်တွင် ချောင်းကြည့်ရန် အပေါက်တစ်ပေါက် ဖောက်ထားပြီး ထိုအပေါက်ကို ပိတ်ဆို့ထားသည့် သစ်သားစ ရှည်ရှည်လုံးလုံးလေးကို ကော်ထုတ် ဖော်ယူလိုက်သည်။ အော်ဆက်တီသည် ချောင်းကြည့်ပေါက်တွင် မျက်စိကပ်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ အောက်ဘက်တည့်တည့်တွင် ကစားသော စားပွဲဝိုင်း ကို အထင်းသားမြင်ရသည်။
ပါရီပုတ်သည် မျက်နှာကျက် ထပ်ခိုးအလယ်တွင် ရပ်နေသည်။
" ဒီပစ္စည်းတွေ ဒီနေရာဘယ်သူ လာတင်ထားသလဲ၊ ဂီလီယန်ကို စစ်ဆေးမေးမြန်းရမယ်" ပါရီပတ်က ဒေါသဖြင့် ပြောလိုက်သည်။
အော်ဆက်တီ သည် ဒူးထောက်ထိုင်နေရာမှ ထလိုက်သည်။ သူ့ဘောင်းဘီ ဒူးခေါင်းနေရာ၌ ပေနေသော ဖုန်များ ကို ခါလိုက်သည်။
ပါရီပုတ် က ကြမ်းခင်းကို ငုံ့ကြည့်လိုက်သည်။
" ဒီမှာ ကြည့်စမ်းပါဦး၊ သူတို့ မျက်နှာကျက်မှာ အပေါက်တစ်ပေါက် ချန်ထားခဲ့တယ်၊ ဒီခေတ်အလုပ်သမား တွေ ကောင်း ကို မကောင်းပါဘူး "
ပါရီပုတ်သည် လေးဘက်ထောက်လိုက်ပြီး မျက်နှာကျက် အပေါက်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။ အောက်မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့မျက်နှာတွင် သွေးမရှိတော့သလို ဖြူဖပ်ဖြူရော်ဖြစ်သွား သည်။ ချက်ချင်း မတ်တတ်ပြန်ရပ်လိုက်ပြီး ဘေးမှ လူများကို ထိတ်ထိတ် ပျာပျာ လှမ်းကြည့်လိုက်သည်။ ကျန်လူ အားလုံးက သူ့အား စိုက်ကြည့်နေသည်ကို တွေ့ရသည်။
" ဟေး ... ခင်ဗျားတို့ ကျွန်တော် ဟိုဒင်း ဖြစ်တယ်လို့ မထင်ဘူးလား၊ ဒီမှာ ကျွန်တော် ပြောမယ်၊ ဒီကိစ္စ ကျွန်တော် ဘာမှမသိဘူး၊ လုံးလုံးမသိဘူး၊ ကျွန်တော် ခင်ဗျားတို့အပေါ်မှာ မကောက်ကျစ်ပါဘူး၊ အလို ... ဘုရားရေ ... ကျွန်တော်နဲ့ ခင်ဗျားတို့ဟာ မိတ်ဆွေရင်းချာတွေပါဗျာ "
ပါရီပုတ်လက်က သူ့ပါးစပ်ဆီသို့ အလိုအလျောက် ရောက်သွားပြီး ပါးစပ်ကို ပိတ်ထားလိုက်သလို ဖြစ်သွား သည်။
အန်တိုနီအော်ဆက်တီက ပါရီပုတ်ပခုံးကို လက်နှင့် အသာပုတ်လိုက်ပြီး ပြောလိုက်သည်။ သို့သော် သူ့အသံ မှာ တိုးလွန်းသဖြင့် ကြားရသည် ဆိုရုံမျှလေးသာ ဖြစ်သည်။ ဤသည်မှာ သူ အလွန် ဒေါသဖြစ်နေ သော လက္ခဏာ ပင်ဖြစ်သည်။
" ဒီအတွက် မပူပါနဲ့ပါရီ "
သူက မပူပါနှင့် ဆိုသော်လည်း ပါရီပုတ်ရင်ထဲ၌မီးတောက်လုမတတ် ခံစားနေရပါပြီ။
----------------
ဆက်ရန်
.
2 comments:
အမရွှေစင်ရေ
ဆက်လက်ဖတ်နေပါတယ်...အားတဲ့အချိန်လေးလာဖတ်ရတာမို့ပါ...
စိတ်ရှည်စွာနဲ့တင်ပေးတဲ့အမကိုလဲကျေးဇူးတင်ပါတယ်
ချမ်းမြေ့ပါစေရှင်။ ။
ကောင်းကြပါပေတယ်ဗျာ..တစ်ယောက်ပြီးတစ်ယောက်ကိုပုံစံပေးနေတာ... အောင်မြင်ပါစေထရေစီရေ.....(မမတို့ကိုလည်းကျေးဇူးတင်ပါတယ်ဗျို့)
Post a Comment