၇။
''ဟင် အစ်ကိုကြီးတို့များ ဘာတွေလျှောက်ကောက် ထားမှန်းမသိဘူး''ဟု သူ့နှုတ်က ရေရွတ်မိ၏။ ကိုထွန်းသောင်ကိုတော့ အိမ်၌မတွေ့၊ ဘယ်သွားနေသည်မသိ။ သူတွေ့သည်က တောင်ပုံရာပုံ ပုံထားသော ကနုကမာခွံ၊ ပေါင်ခွံ၊ ခရုခွံများသာ။
သူတို့ အရပ်သူ အရပ်သားတွေ ဘိုးစဉ်ဘောင်ဆက် ချောင်းဘေးမြောင်းဘေး လွှင့်ပစ် ထားခဲ့ကြသော ကနုကမာခွံ၊ ပေါင်းကောင်ခွံ၊ ခရုခွံများကို အိမ်နှင့်အမြင့် ဘာကြောင့် ကောက်ပုံ ထားပါ လိမ့်ဟု အောင်တိုင် တွေးနေမိလေသည်။
သူသည် ကိုထွန်းသောင် အိမ်နားတွင် တောင်ပုံရာပုံ ကောက်ပုံထားသော ကနုကမာခွံ၊ ခရုခွံ၊ ပေါင်းခွံ၊ ခုံးခွံပုံကြီး ကို လှည့်ပတ်ကြည့်ကာ အံ့သြနေသည်။ ကိုထွန်းသောင်သည် ရူးနေသူတစ် ယောက်လားဟု တွေးမိသော အခါ မုန်တိုင်းကျတုန်းက သေသွားသော အရူးကြီး ရွှေဗန်ကိုပြေး သတိရမိသည်။ အရူးကြီး ရွှေဗန် ပင် ဤအခွံများကို မကောက်၊ အုန်းသီးသာ တောင်းစားတတ်၏။
သူ ကိုထွန်းသောင် အိမ် လာပြီး ကိုထွန်းသောင် နှင့် မိတ်ဖြစ်နေသည်မှာ အရူးတစ်ယောက်ကို အပေါင်း အသင်း လုပ်မိနေသလိုများ ဖြစ်နေလေမလားဟုလည်း တွေးမိသွားသည်။ ကျောက်ပြင် ပေါ် လမ်းလျှောက်ပြီး တစ်ယောက်တည်း စကားပောတတ်သည် များကိုပါ ပြန်သတိရသောအခါ ကျောချမ်းမိ သွားသည်။ ဟုတ်ပြီ၊ ရူးနေလို့သာ ဒီအဆိုးအညစ် အခွံတွေ သူကောက်ထားခြင်း ဖြစ် မည်။
ကျောက်စရစ် တွေ ကောက်သည်ကတော့ အိမ်ထဲအိမ်ပြင်ခင်းမှာမို့ ပြောစရာမရှိ ဤအခွံတွေ ကောက်စု...
''ဟေး.... ညီလေး ဘယ်တုန်းက ရောက်နေတာလဲကွ''
အောင်တိုင် ရုတ်တရက် စကားမပြန်နိုင်၊ လန့်သွား၏။
သူ့လက်ထဲ တွင် ကနုကမာခွံ၊ ပေါင်းခွံ၊ ခရုခွံအပြင် လိပ်ခွံတစ်ခုကိုပါ မြင်ရသောအခါ အောင်တိုင်မှာ ပို၍ တုန်လှုပ် သွား၏။ မှန်ပြီ၊ ကိုထွန်းသောင် သည် စက်လှေပျက်စဉ်က သေသွားသော သူ့အစ်ကို ကြီးစိတ်နှင့် သွက်သွက်ခါ ရူးနေပါပြီ။
''ဟ.... ညီလေး ဘာသဘောကျနေတာလဲကွ''
ကိုထွန်းသောင်သည် သူ့လက်ထဲ ကိုင်လာသော အခွံအညစ် အမည်းတွေကို အခွံပုံထဲ လှမ်းပစ် လိုက်ပြီး သူ့ အနား တစ်လှမ်းချင်းလျှောက်လာ၏။
အောင်တိုင် ကြောက်သည်မှာ ပြောစရာမရှိတော့။ မသိမသာ နောက်ဆုတ်သွားမိ၏။ သူ့မျက်နှာကို စေ့စေ့ လှမ်းကြည့် မိသောအခါ မုန်တိုင်းကျသောညက မုန်တိုင်းကြီးထမယ်၊ ငလျင်ကြီးလှုပ်မယ်၊ မြေကြီးထဲမှာ မျောက်ဥ ခုနစ်ပိုင်း ကျိုးမယ်၊ ကြီးသူဖင်ခေါင်းထဲ ငယ်သူဝင်ပုန်းမှ လွတ်မတဲ့ကွ နော်ဟု အော်ပြေး သွားသော အရူးကြီးရွှေဗန် ၏ မျက်နှာ ပြဲပြဲကြီးကို တစ်ခါထပ်၍ မြင်ယောင်လာ ပြန်၏။
ကိုထွန်းသောင် ကတော့ ရိပ်မိပုံမရ။ အမှုမဲ့ အမှတ်မဲ့သာ သူ့အနားလျှောက်လာ၏။
''ဟင် ... အစ်... အစ်ကိုကြီး၊ ဒီအခွံတွေ ဘာလို့ ကောက်ပုံထားတာလဲဗျ''
ကိုထွန်းသောင် သူ့အနားမရာက်မီ အောင်တိုင်က လန့်အော်မေး၏။ကိုထွန်းသောင်က အောင်တိုင် ကို လှည့်မကြည့် ခပ်ပေါ့ပေါ့သာပြော၏ဒ
''အဲဒီအခွံ တွေက ပိုက်ဆံတွေ ညီလေးရ''
ဒီတစ်ခါမှ သွားပြီ၊ အောင်တိုင်ပိုထိတ်လန့်သွား၏။ အခွံအညစ်အမည်းတွေကို ကိုထွန်းသောင် မျက်စိထဲ ပိုက်ဆံ ဟုပင် မြင်မှားမိနေလေပြီ၊ အောင်တိုင်သနားလည်း သနားသွားမိပြန်သည်။
''ဒီအခွံတွေ ပိုက်ဆံမဟုတ်ပါဘူး အစ်ကိုကြီးရာ၊ အစ်ကိုကြီးပဲ စဉ်းစားကြည့်ပါဗျာ၊ ဒီအခွံတွေသာ အမှန်တကယ် ပိုက်ဆံ ဆိုရင် ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက် ဘယ်လွှင့်ပစ်ထားခဲ့ကြပါ့မလဲဗျာ တန်ဖိုး မရှိတဲ့...''
ကိုထွန်းသောင် က ခပ်ဟဟရယ်လိုက်သဖြင့် အောင်တိုင်စကားရပ်သွားသည် ။အောင်တိုင်သည် အံ့အား သင့်စွာ ကိုထွန်းသောင် မျက်နှာကို စိုက်ကြည့်နေ၏။ ကျေးဇူးရှိသော အစ်ကိုကြီး၊ ဘောင်းဘီ အင်္ကျီ ပေးဖူးသော အစ်ကိုကြီး။ သူ့ခမျာ ရူးသွားပြီကောဟု ကြီးစွာ ၀မ်းနည်းသွားမိသည်။ သူ့ကို အန္တရာယ် ပြုမည့် ပုံပန်း သဏ္ဍာန်များ မြင်ရလေမလားဟု သေသေချာချာ စိုက်ကြည့်နေ၏။ သိမ် မွေ့သော သူ့အသွင်ကြောင့် ထွက်မပြေးမိ။ ငေး၍သာ မှင်တက်မိနေ၏။
ကိုထွန်းသောင်သည် သူအနားက အခွံပုံကြီးဘေးတွင် လေးတွဲ့စွာလာထိုင်၏။
''ဒီအခွံ တွေဟာ ပိုက်ဆံတွေ ညီလေးရာ'' ဟု ထပ်ပြောပြန်၏။
''အစ်ကိုကြီး ကလည်း မဟုတ်တာဗျာ''
ကိုထွန်းသောင်က ပြုံးပြန်သည်။
''ဟုတ်ပါတယ် ညီလေးရာ၊ မင်းတို့မသိလို့၊ ဒီအခွံတွေဟာ ပိုက်ဆံဖြစ်လာမယ့် ကုန်ကြမ်းတွေ ဆိုပါ တော့ ဒီအခွံ တွေကို မြို့မှာ သွားရောင်းရင် ပိုက်ဆံအများကြီးရတယ်၊ ပီနံတို့ မလေးတို့ ထိုင်းတို့ စင် ကာပူတို့ ဆိုတဲ့ နိုင်ငံခြားတွေသာ သွားရောင်းရင် ပိုတောင် ပိုက်ဆံရသေးတယ်၊ ညီလေးတို့ဆီက လူတွေသာ မသိလို့ လွှင့်ပစ်ထားကြတာ၊ ဒီအခွံတွေကို လုပ်ထားတဲ့ပစ္စည်းတွေ ဘယ်လောက် လှလဲဆိုတာ နောက်တော့ ညီလေးကို အစ်ကိုကြီးပြမယ်နော်၊ မင်းယုံပါ''
ကိုထွန်းသောင် ဘယ်လိုပြောပြော အောင်တိုင်မယုံ။အရူးစကား ပြောပြန်ပြီဟုသာ ထင်၏။ ထို့ကြောင့် ခေါင်းမညိတ်၊ ခေါင်မခါဘဲ သူမျက်နှာကိုသာ စိုက်ကြည်နေသည်။ ကိုထွန်းသောင်က ရိပ်မိသွားပုံရ၏ ။ သူစကား ဆက်ပြောသည်။
''ညီလေး ဒီလိုအခွံတွေ တွေ့ရင် အစ်ကိုကြီးကို ပြောနော်၊ ညီလေးကို အစ်ကိုကြီးပိုက်ဆံ ပေးမယ်''
တကယ်လား ဟု အရူးစကားကို သူမမေးချင်တော့။ သည်လို အခွံတွေက ချောင်းဘေးမြောင်းဘေး အများကြီး။ သူတို့ ဘိုစဉ်ဘောင်ဆက်ကပင် လွှင့်ပစ်လာခဲ့သော အသုံးမကျသည့် ပစ္စည်း။ သူ့အဖေပင်မြစ်ကောက်ဘက် ကရုကမာသွားငုန်လျှင် တစ်နှစ်တစ်နှစ် လွှင့်ပစ်ထားတာတွေက တောင်ပုံ ရာပုံ။ သည်အခွံတွေကို သာ ပြောရလျှင် အရူးကြီး သွားရည်ကျသွားနိုင်သည်ဟု အောင်တိုင်တွေး၏။ သို့သော် ပြော၍မဖြစ်။ လိုက်ပြပါဟု ပြောနေလျှင်ခက်မည်။ သူစိတ်ညစ်လာ ပြီ၊ သနားလည်း သနားသည်။ ထို့ကြောင့် တွေ့ရင်ပြောပါ့မယ် အစ်ကိုကြီးဟု ပြောပြီး သူလစ်လာ၏
''အေးကွ၊ ညီလေးတွေ့ရင် အစ်ကိုကြီးကိုပြောနော်၊ အစ်ကိုကြီး ပိုက်ဆံပေးမယ်'' ဟု အရူးကြီးက ခခယယ ပြောလိုက် သေး၏။
''အဖေ အစ်ကိုကြီးတော့ သနားပါတယ်ဗျာ''
''ဟင်... ဘာဖြစ်လို့လဲ သား''
''ရူးနေပြီဗျ၊ ခု ကျွန်တော် အဲဒီက လာတာ''
''ကြံကြံဖန်ဖန်ကွာ ငါနဲ့မနက်က ရေပြာချောင်းဝမှာတောင် တွေ့လိုက်သေးတာ''
အောင်တိုင် က သူ့အဖေမျက်နှာကို မော့ကြည့်၏။
''ဘယ်လိုဖြစ်ရတာလဲ အဖေရာ ကနုကမာခွံတွေ၊ ခရုခွံတွေ အိမ်မှာကောက် ပုံထားတယ်ဗျ၊ အဲဒါ ပိုက်ဆံ ပိုက်ဆံ ဆိုပြီး ကျွန်တော့်ပြောတယ်၊ အရူးကြီး ရွှေဗန် ထက် ဆိုးနေပြီဗျ''
အဖေ က အားရပါးရရယ်သည်။ အောင်တိုင်က ကြောင်သွား၏။ သူ့အဖေမျက်နှာ ထပ်ကြည့်၏။
''ဘာရယ်တာလဲအဖေ၊ အစ်ကိုကြီး ရူးနေတာ မဟုတ်ဘူးလား''
''အေး ဘယ်သူရူးလဲတော့ ငါလည်း မပြောတတ်ဘူး၊ ငါလည်းမပြောတတ်တော့ဘူးကွာ မင်းအစ်ကို ကြီးနဲ့ ငါတို့ တစ်ယောက်ယောက်တော့ ရူးတာအမှန်ပဲ၊ သူပြောတော့လည်း ယုတ္တိယုတ္တာ အရှိသား ကွ၊ သူက ပညာ တတ်ပဲ၊ သူပြောတာဟုတ်မယ်၊ ငါတို့သာ မသိလို့ဖြစ်မယ်၊ ဒီကနုကမာခွံတွေ ပေါင်း ခွံတွေ ခရုခွံ တွေဟာ နိုင်ငံခြားမှာ သွားရောင်းရင် သိပ်ပိုက်ဆံရတယ် ဆိုပါလား၊ မင်း အစ်ကိုကြီး ကတော့ ရွာမှာ ပြော နေတာပဲ၊ ငါတို့ သိပ်စိတ်မ၀င်စားကြလို့၊ သူပြောတာ ဟုတ်တော့ ဟုတ်မယ်''
''အဖေကလည်းဗျာ ကြံကြံဖန်ဖန်''
''မင်းဘာသိလို့လဲ'' ဟု အဖေက ဟောက်၏။ အောင်တိုင် က အဖေ့ကိုပါ စကားပြောချင်စိတ် ကုန်ခန်းသွား လေသည်။
၈။
အောင်တိုင် သည် ကိုထွန်းသောင်အိမ်ကို တစ်ရက်တစ်ခါ နှစ်ရက်တစ်ခါ သွားကြည့်သည်။ ကိုထွန်း သောင် အပေါ် ၌ သူသံယောဇဉ် ကြီးနေသဖြင့် ဖြစ်သည်။ ဘယ်အထိရူးနေလေပလဲ။ ပြန်ကောင် သွားပလား၊ သူ သိချင်နေသည်။ ကိုထွန်းသောင်ကို သူအသနားကြီး သနားနေ၏။
အခွံပုံကြီး တဖြည်းဖြည်းမြင့်လာသည်။ ကိုထွန်းသောင်ကို အိမ်၌မတွေ့သောအခါ များ၏။ စုံစမ်း ကြည့် သော အခါ အခွံရှာ ထွက်နေသည်ဟု ဆို၏။ အောင်တိုင်တို့ ရွာနားဝန်းကျင်တွင်မက မလိကျွန်းနှင့် တောင်ပင်လယ် ဘက်ကိုပါ လှေနှင့် အခွံသွားကောက်နေသည်ဆို၏။ သူနှင့် လိုက်၍ အခွံရှာပေးသော လှေသမား တွေကိုလည်း ပိုက်ဆံပေးသည်ဟု ကြားရပြန်သည်။
အောင်တိုင် လုံးဝ စိတ်မကောင်းပါ။ ငါ့အစ်ကိုကြီးတော့ ရှိတဲ့ပိုက်ဆံဆွေ ကုန်တော့မှာ ပဲ။ ရင်မနေမိ၏။ အစ်ကိုကြီး နှင့် အခွံရှာ လိုက်သွားကြသည်ဆိုသော ရွာက လှေသမားတွေကိုလည်း ငါ့အစ်ကိုကြီး ပိုက်ဆံ လိမ်စားပြောဆို၍မရ။ သူဟန့်တားပြောဆိုလျှင် အစ်ကိုကြီး ကရယ်၍သာ နေ၏။ သူ့ရင်ထဲကတော့ အစ်ကိုကြီး ကိုထွန်းသောင် အတွက် မချိအောင် ခံစားနေရ၏။
တဖြည်းဖြည်း နှင့် အခွံပုံတွေ ယူတ်လျော့ကုန်သည်။ နောက်လုံးဝပျောက်ကုန်၏။ အစ်ကိုကြီး အခွံတွေကို သွားရောင်း နေပြီဟု သိရသည်။
ဘယ်လိုမှ မယုံ၍ မရ အစ်ကိုကြီး ကိုထွန်းသောင် ပြန်လာသောအခါ ကရုကမာခွံကို လုပ်ထား သော ပစ္စည်း တွေ၊ ပေါင်းခွံကို၊ ခရုခွံကို လုပ်ထားသော ပစ္စည်းတွေ၊ လိပ်ခွံကို လုပ်ထားသော ဘီးတွေပင် ပါလာ၏။ အမေ့ကိုပင်လိပ်ခွံ ဘီးတစ်ချောင်း လက်ဆောင်ပေး၏။ အရုပ်အဆင်နှင့် လိပ်ခွံဘီးကို ရသဖြင့် အမေအလွန် ပျော်သွားသည်။
အစ်ကိုကြီး ကိုထွန်းသောင်ဆီတွင် သီချင်းဆိုပြတတ်သော ဓာတ်အိုးကြီးလည်း ပါ၏။ တစ်နေ့ အောင်တိုင် ရောက်သွား သောအခါ အစ်ကိုကြီးနှင့် စကားပြောကြ၏။ အောင်တိုင်ပြန်ခါနီးတွင် အစ်ကိုကြီးက .. မင်းအသံ ငါဖမ်းထားပြီ၊ နားထောင်စမ်းဟု ဆိုပြီး ဓာတ်အိုးဖွင့်ပြသည်။ အောင်တိုင် အကြီးအကျယ် တုန်လှုပ် သွားသည်။အောင်တိုင် အစ်ကိုကြီးနှင့် ပြောနေကြသော စကားအားလုံး ဓာတ်အိုးထဲက ပြန်ပြော သည်။
ပုံပြင်၌သာ အမေအဖေ ပြောပြ၍ ကြားဖူး၏။ သီချင်းဆိုပြသော တောင်တန်း၊ လူသံအတိုင်ပြန် အော်ပြသော ကျောက်တုံးကျောက်ဆောင်၊ ငိုသည်းနေသော ကျိန်စာသင့် သစ်ပင်ကြီး၊ လူလိုပြော တတ် သောငှက်။
ဤသည် တို့မှာ ပုံပြင်၊ ဒဏ္ဍာရီ။ ယခုတော့ မိမိစကားကိုပင် ပြန်ပြောပြသော အစ်ကိုကြီး ကိုထွန်း သောင် ၏ ဓာတ်အိုး။
''ဒါ ဟိုအခွံတွေရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ ၀ယ်လာတာညီလေး၊ နောက်ညီလေး ကနုကမာခွံတွေ လိပ်ခွံ တွေရရင် လွှင့်မပစ်နဲ့နော်၊ အစ်ကိုကြီးဆီလာရောင်း၊ ပိုက်ဆံရမယ်'' ဟု ဆိုသည်။
''အစ်ကိုကြီး အတွင်းပိုင်းဝင်ပြီး မိချောင်းရေတွေ ပုလဲကောင်တွေ ၀ယ်ဦးမယ်ကွ၊ အဲဒါက ပိုက်ဆံ ပိုရတာ၊ မင်း အစ်ကိုကြီး နဲ့ အတွင်းပိုင်းလိုက်မလား''
''ခုကျွန်တော် ဘုန်းကြီးကျောင်း သွားနေရတယ် အစ်ကိုကြီး ဒီနေ့ခဏလစ်လာတာ''
''ကျောင်းတော့ မပြေးနဲ့ကွာ စာတတ်အောင်သင်၊ အစ်ကိုကြီးနွေရောက်ရင် မင်းကို အတွင်းပိုင်း ခေါ်သွား ဦးမယ်''ဟုတ်ကဲ့'' ဟု ပြောကာ သူပြန်လာ၏။
သူ့စိတ်ထဲက တော်တော်ကြည်ကြည်လင်လင် ဖြစ်လာ၏။ အစ်ကိုကြီး ကိုထွန်းသောင်စကားကို လည်း အကြွင်းမဲ့ ယုံကြည်သွား၏။
မိုးပါးသော တော်သလင်းလ ကောင်းကင်သည် ပင်လယ်ပြာနှင့် အတူသန့်စင်နေ၏။ မုန်တိုင်းထားခဲ့ သော သစ်ပင်များ သည် ခက်လက်ဖြာဝေ၍ စိမ်းလန်းနေကြသည်။
၉။
တောင်ပင်လယ်တွင် လှိုင်းလေတို့ ငြိမ်သက်သွားပြီ၊ ပင်လယ်နားမှ လှိုင်းအူသံတို့လည်း တိုးသွားပြီ။ ရာသီဥတု သာယာပြီဖြစ်သဖြင့် အဖေသည် ဦးဂျလား၊ ဂေါလာတို့နှင့် ပင်လယ်ပြင် ထွက်နေကြ သည်။
မိုးချုပ်စ တစ်ညနေမှာ ကောင်းကျော် အောင်တိုင်ဆီသို့ ရောက်လာ၏။ ''တို့ပင်လယ်နား လိပ်ဥ သွားရှာ ရအောင်ကွာ ''ဟု ခရီးရောက်မဆိုက်ပြော၏။ ပင်လယ်ကမ်းခြေဘက် ညကြီးမင်းကြီး တစ်ခါမှ လိပ်ဥရှာ မသွားဖူးသေးသောအောင်တိုင်က လူကြီးတွေ မပါဘဲဖြစ်ပါ့မလား၊ မင်းရှာတတ် လို့လား'' ဟု ကောင်းကျော် ကို ပြန်မေးလိုက်၏။
''ဘာခက်တာ မှတ်လို့ကွာ၊ ငါ့အစ်ကို ဂေါလာနဲ့ သုံးလေးခါလိုက်ဖူးပြီးပြီ မင်းကော မင်းအဖေနဲ့ လိပ်ဥရှာ တစ်ခါ မှ မလိုက်ဖူးသေးဘူးလား''
မလိုက်ဖူး၊ မသွားဖူးသေး ပြောလိုက်လျှင် ညံ့ရာကျမည်စိုသဖြင့် ''တစ်ခါတော့ လိုက်ဖူးပါတယ်ကွာ၊ ဒါပေမဲ့ အဲဒီအခေါက် က လိမ်ဥ မရခဲ့ပါဘူး၊ အဲဒေါကြောင့် နောက်တော့ အဖေက... ''ဟု နှုတ်တွက် သွားပြီးမှ လာဘ်တိတ်တယ်ဆိုပြီး နောက်မခေါ်တော့ဘူး ဟူသော ဆက်ပြောရမည့်စကားကို ဆက်ညာမပြောရဲတော့ ဘဲရပ်ထားလိုက်ရ၏။
မဟုတ်ပါဘဲနှင့် လိမ်ပြောမိခါမှ ဒီကောင် သူ့အနေနဲ့ သွားတာတောင် လိပ်ဥမရခဲရင် တကယ် လာဘ်တိတ်မယ့်အကောင်ဟု အောင်းကျော်ဆီတွင် အထင်မခံနိုင်။ ထို့ကြောင့် နောက်ထပ် စကားမဆက် ဘဲ ကောင်းကျော်၏ မျက်နှာကိုသာ မလုံမလဲနှင့် တစ်ချက် လှမ်းကြည့်၏။
သူတို့မှာ ပင်လယ်ကမ်းကြီး သတ်သားများပီပီ အယူသီးလွန်းသည်ကို အောင်တိုင်သိထားသည်။ သို့သော် အောင်တိုင့် စကားကို ကောင်းကျော်က အလေးအနက်ထားပုံမရ။ သွားရအောင်ကွာ ဟုသာ တိုက်တွန်း စကား ထပ်ဆို၏။ အေးကွာ သွားကြတာပေါ့ ဟု အောင်တိုင်ကလည်း ဟန်တစ် လုံး ပန်တစ်လုံးနှင့် ပြန်ပြော လိုက်၏။
သူတို့နှစ်ယောက် လိပ်ဥရှာရန် ပင်လယ်ကမ်းခြေဘက် ထွက်လာကြ၏။
လက်မောင်တစ်ဆုံးလောက် ရှည်သော် အဖျားချွန်နှင့် ဖဲထီးသံလုံးတစ်ချောင်းကို ကောင်းကျော်က လေထဲ တရွှီးရွှီ ဝှေ့ယမ်းပြီး ရှေ့က သွား၏။ အောင်တိုက်က နောက်ကလိုက်ရသည်။ လိပ်ဥရလျှင် ထည့်ရန်စောင် ပိုင်း တစ်ခု ကိုလည်း ကောင်းကျော်က သူ့ကိုယ်ပေါ် စလွယ်သိုင်းချည်ထား၏။
စက်လှေပျက်၍ ပစ္စည်းရှာကြသော သကို အောင်တိုင်သတိရလာသည်။ ထိုညက အောင်တိုင်သည် ကောင်းကျော်နောက်က တကုပ်ကုပ်။ ပင်လယ် အတွေ့အကြုံမရှိသဖြင့် တပည့်ဖြစ်နေ၏။ အဖေ လိမ်ဥ သွားရှာသည်ကို သူမြင်ဖူးသည်။ လိပ်ဥရလာသည်ကိုလည်း သူတွေ့ဖူးသည်။ လိပ်ဥများကို လည်း ၀အီ အောင် စားဖူးသည်။လိပ်ဥရှာကား တစ်ခါမှ မလိုက်ဖူးသေး။ သူတစ်ခါလိုက်ပါရစေဟု အဖေ့ကိုပြောဖူး၏။ အမေကြားသွားသဖြင့် ''ဘာလို့ကလေးခေါ်သွားရမှာလဲ။ ရှင်ကြားတယ် မဟုတ်လား၊ လိပ်ဥလုရင်း သတ်ကြ ပုတ်ကြနဲ့ ''ဟု အမေကဟန်တားသည်။ အဖေက ''အဖေက သားငယ်သေးတးယ်၊ မလိုက်နဲ့'' ဟု အမေ့စကား ကိုသံယောင်လိုက်၍ အမေ့ကို အောင်တိုင် မကျေ နပ်ခဲ့။ အဖေနှင့်သာ ယခင်က လိုက်ဖူး ထားလျှင် ယခုလို ကောင်းကျော်ဆီတွင်တပည့်ခံ လိုက်စရာ မလိုဟု တွေးလာလေသည်။
ရေသူမ ကျောက်တန်းဘက် ရောက်လာကြ၏။ လမိုက်ညဖြစ်သဖြင့် ရေသူမကျောက်တန်းသည် အမှောင်ထဲ တွင် ငြိမ်သက်စွာ လဲလျောင်း
ရေသူမ ကျောက်တန်းဘက် ရောက်လာကြ၏။ လမိုက်ည ဖြစ်သဖြင့် ရေသူမ ကျောက်တန်းသည် အမှောင် ထဲတွင် ငြိမ်သက်စွာ လလျောင်းနေသည်။ မုန်တိုင်းက ဒီကျောက်တန်းကို ရေဖုံးခဲတယ်ကွ ဟု အမှတ်ရ၍ အောင်တိုင် က ပြော၏။ အင်းဟုတ်တယ်ဟု အောင်ကျော်က ဆို၏။
“ အောင်တိုင် မင်း ဒီ ရေသူမ ကျောက်တန်းအကြောင်း ကြားဖူးလား“
“ဘာကြားဖူးလို့လဲ မင်းက“
“ငါ့ အစ်ကို ဂေါလာနဲ့ ပထမဆုံး လိပ်ဥရှာတဲ့နေ့က အစ်ကိုဂေါလာ ပြောပြတယ်ကွ၊ ဟိုတုန်းက ဒီကျောက်တန်းမှာ ရေသူမတွေ အမြဲ ကျက်စားတတ်တယ်ကွ၊ ဟိုတုန်းက ဒီကျောက်တန်းမှာ ရေသူမတွေ အမြဲ ကျက်စားတတ်တယ်တဲ့၊ တစ်နေ့ညမှာ ဒီကျောက်တန်းနား ကွန်လာပစ်တဲ့ ပသျှူးကြီး တစ်ယောက် ကွန်မှာ ရေသူမတစ်ကောင် မိရောတဲ့၊ သိပ်လှတယ်တဲ့၊ အပေါ်ပိုင်းကတော့ အားလုံးလူအတိုင်းပဲတဲ့၊ အောက်ပိုင်းကတော့ ငါးပေါ့ကွာ၊ အဲဒါ ပသျှူးကြီးက ရေသူမကို ကွန်နဲ့ချုပ်ပြီး အိမ်ခေါ်လာတယ်၊ ရေသူမ က သိပ်လှတော့ ပသျှူးကြီး ချစ်သွားတာပေါ့၊ မယားလုပ်ထားတာ ကလေးတောင် နှစ်ယောက်ရတယ်တဲ့၊ ပသျှူကြီး က သူ့မိန်းမ သူများမြင်မှာ စိုးလို့ အိမ်ထဲ အမြဲ ၀ှက်ထားတယ်။ ညကျလို့ သူ ကွန်ပစ် ငါးရှာ သွားရင်လည်း ရေသူမကို ကုန်းပိုးပြီး ခေါ်သွားတတ်တယ်တဲ့၊ တစ်နေ့မှာ ကွန်လျှောက်ပစ်ရင်း ဒီ ကျောက်တန်းနား ရောက်လာတော့ ပသျှူးကြီးက ရေသူမကို ပြောသုတဲ့၊ ဟိုမှာ ဆေးလိပ်မီး လားကွ၊ လိပ်ဥရှာ တဲ့ လူတွေနဲ့ တူတယ်“
ရေသူမ အကြောင်း ပြောနေရင်း ကျောင်ဆောင်အလွန်နားတွင် မီးရဲရဲတစ်ပွင့် မြင်သဖြင့် ကောင်းကျော်က လက်ညှိုး ညွှန်ပြ ၍ ပြော၏။ မင်း မြင်လားဟု ထပ်မေးသည်။
“အေး မြင်တယ်၊ လိပ်ဥရှာတဲ့လူတွေ သောင်တဲ့ ဆေးလိပ်က မီးပွား ဖြစ်မှာပဲ“
“တဖြည်းဖြည်း ကြီးများလာလား၊ သေသေချာချာ ကြည့်စမ်းကွာ“
ကောင်းကျော် က ရုတ်တရက် ထိုင်ချလိုက်သောအခါ ဘာမသိ ညာမသိနှင့် အောင်တိုင်လည်း လန့်ပြီး သဲသောင်ပေါ် ထိုင်ချလိုက်၏။
“ဘာလဲကွ၊ မင်း ဘာမြင်လို့လဲ“
“ပင်လယ်စုန်းများ လားလို့ ကြည့်တာကွ၊ ပင်လယ်နားမှာ ဒီလို မီးစုန်းတွေ ရှိတယ်တဲ့၊ အမေနို့ ပြောဖူး တယ်၊ စမြင်တုန်းက ဒီလို သေးသေးလေးတဲ့၊ နောင်တော့ ကြီးလာပြီး လူကို လာကပ် တတ်တယ်တဲ့၊ လောင်တော့ မလောင်ဘူးလို့ ပြောတယ်၊ အဲဒါကြောင့် ကြည့်ပါလို့ မင်းကို ပြောတာပေါ့”
ကောင်းကျော်ပြောသလို ပင်လယ်စုန်းများလားဟူသော အတွေးကြောင့် အောင်တိုင် ကြက်သီး ထသွား၏။ လူကြီး တစ်ဦးတစ်ယောက်မှ မပါဘဲ ဒီကောင်နဲ့ လိုက်လာတာ မှားလေပြီဟုလည်း နောင်တရမိ၏။
ကောင်းကျော်သည် ဆောင့်ကြောင့်ထိုင်ကာ သူ့လက်ညှိုးကို လက်မနှင့် တိုင်းဆစ်ပြီး သူ့မျက်စိရှေ့ တွင်ထောင်ထား၏။ ပြီး မျက်နှာရှေ့တွင် သူ့လက်ညှိုးကို ဟိုရွှေ့ သည်ရွှေ့ လုပ်နေ၏။
“ဟင်... ကောင်း...ကောင်းကျော် မင်းဘာလုပ်တာလဲဟင်၊ ဘာမြင်လဲ ပင်လယ်စုန်းဟုတ်လား”
ကောင်းကျော် က ဘာမှ ပြန်မပြော။ တိတ်တိတ်နေဟူသော သဘောဖြင့် ကျန် လက်တစ်ဖက်ကို ကာပြ၏။ အောင်တိုင်က ပို၍ ထိတ်လန့်သွားသည်။ ကောင်းကျော်အနားကို ပိုကပ်မိသွား၏။ ကောင်းကျော် လက်ထဲက ဖဲထီးသံလုံး ကို လည်း ရုတ်ခနဲ ဆွဲယူလိုက်သည်။ ပြူးကျယ်သော မျက်လုံး တစ်စုံ နှင့်လည်း ရှေ့ ကို မျက်တောင်မခတ် ကြည့်နေ၏။
“မကြောက်ပူါနဲ့ကွ၊ ”ှ
”မကြောက်ပါနဲ့ကွ၊ ပင်လယ်စုန်းမဟုတ်ပါဘူး၊ တို့ထင်သလို လိပ်ဥရှာတဲ့ လူကြီးတွေ ဆေးလိပ်မီးပါ၊ ပင်လယ်စုန်း ဆိုရင် ကြီးလာမှာပေါ့။ ပြီးတော့ ငါတို့ဘက် လာတာမဟုတ်ဘူး၊ ဘေးကို သွားတာလည်း မဟုတ်ဘူး၊ ရှေ့ကို သွားနေတာ ငါ့လက်ညှိုး မှာ မြင်ရတယ်’’
မတ်တပ် ထရပ်၍ ကောင်းကျော်က ပြော၏။
အောင်တိုင်မှာ ခုမှ သက်မ ချနိုင်တော့သည်။ သူလည်း မတ်တတ်ထရပ်၏။ ဒီကောင် လက်ညှိုးမှာ ရှေ့ကို သွားတယ်ဆိုတာ ဘယ်လိုမြင်ရပါလိမ့်ဟု အံ့သြနေသည်။ သို့သော် မသိ၍ မေးလျှင် တုံးရာဖျင်းရာ ကျမည်စိုးသဖြင့် အောင်တိုင်က မမေးတော့။ ဘာပဲဖြစ်ဖြစ် ကောင်းကျော်ဆီတွင် သူအကျော မခံချင်။ သူ ကသာ ကောင်းကျော်ကို ကျောချင်နေသည်။
’’ပင်လယ်စုန်းဟာ လူကို သေအောင်တော့ မလုပ်နိုင်ဘူးကွ၊ ပင်လယ်ပြင်မှာဆို ရွက်တိုင်တို့ လှေဦးပုန်းတိုင် တို့ လာကပ်...”
’’တော်စမ်းပါ ကွာ၊ မင်း ပင်လယ်စုန်း အကြောင်း ငါလည်း...”
’’မင်းကြောက်လို့လား”
ကောင်းကျော်သည် သူ့ကို ခြိမ်းခြောင်နေတာလားဟု အောင်တိုင်ချက်ချင်း အထင်လွဲသွားသည်။
’’ဘာလို့ ကြောက်ရမှာ လဲကွ၊ ပင်လယ်စုန်းအကြောင်း ငါလည်းအဖေတို့ ပြောပြထားလို့ ကြားဖူးနေတာပဲ၊ ငါ မကြောက်ပါဘူး။ ငါး မင်း စောစောက ပြောတဲ့ ပသျှူးမလား၊ ရေသူမလားအကြောင်း တွေးမိသွားလို့ပါ”
’’မင်း ကြားဖူးတယ်ပေါ့”
’’ငါ ကြားဖူးတာက ဒီကျောက်တန်းက ရေသူမအကြောင်း မဟုတ်ပါဘူ။ကွ၊ ပင်လယ်ပိုင်းက မလိ ဘက်ကပါ”
’’ပြောပါဦး၊ မင်းကြားဖူးတာ”
’’မင်း ရေသူမပဲ ပြောလက်စနဲ့ အလျင်ပြောပါဦး၊ နောင်တော့ ငါကြားဖူးတဲ့ ရေသူမအကြောင်း ပြောပြပါ့မယ်”
နည်းနည်းမှ အကျောမခံချင်၊ အောာင်တိုင်က ကောင်းကျော် စိတ်ဝင်စားနေမှန်း သိ၍ တမင်နောက်မှ ပြောမည်ဟု အသာစီးယူထား၏။
’’ငါ့ရေသူမ အကြောင်းက ပြီးနေပါပြီကွာ၊ ပသျှူးကြီးက အေး... အဲဒီလို သူ့မယား ရေသူမ ကုန်းပိုးထမ်းပြီး ကွန်လျှောက် ပစ်လာတော့ ရေသူမကို သူရခဲ့တဲ့ နေရာရောက်ရော ဆိုပါတော့”
’’ပသျှူးကြီက နင့်ကို ငါဒီတေရာက ရခဲ့တာပဲလို့လည်း လက်ညှိုးထိုးပြပြီး ပြောရော။ ကုန်းပိုးထားတဲ့ ရေသူမ ခုန်ဆင်းသွားတဲ့နေရာ နေ့တိုင်းလာစောင့်ရင်း ငိုငိုနေတယ်တဲ့၊ နောက် နှစ် လ နေ့ ရက်တွေ ကြာလာတော့ ပသျှူးကြီးလည်း အဲဒီ သူ့မယားရေသူမ ခုန်ဆင်းသွားတဲ့နေရာကပဲ ရေထဲ ခုန်ချသေ သွားတယ် တဲ့၊ မင်း ကြားဖူးထားတာကို ပြောစမ်းပါဦး”
ရေသူမ ပုံပြင်ကို ကြားဖူးထားသည်မှာ ကြာပြီဖြစ်သော ကောင်းကျော်ကမူ ဘာမှ မခံစားရသလို ပြော နေသော်လည်း အောင်တိုင်ရင်ထဲကမူ နင့်ခနဲ ဖြစ်သွား၏။ ထို့ကြောင့် တော်တော်နှင့် စကားမပြန်နိုင် ဖြစ် နေမိ၏။
’’ကဲ၊ မင်းကြားဖူးတာလည်း ပြောလေကွာ” ဟု ကောင်းကျော်က လောဆော်သည်။
’’ငါ ကြားဖူးတာက အပြင်ဘက မလိကျွန်းတစ်ကျွန်မှာ စက်လှေပျက်လို့ လူတစ်ယောက် ကျွန်းပေါ် လာတင်တေတော့ ရေငုမတစ်ကောင်က သူ့ကို ငါးစိမ်း ဖားစိမ်းတွေ ရှာကျွေးပြီး လင်ပြုထားတယ်တဲ့၊ လူတစ်ယောက် ကို အဲဒီလို ပြုစုနေတဲ့ ရေသူမကို နောက် ရေသူမတွေက အပေါင်းအသင်း မလုပ်တော့ဘဲ ခွာပြေးသွားကြတယ်တဲ့၊ ဒါပေမဲ့  အဲဒီ ရေသူမကတော့ အဲဒီလူအပေါ်မှာ မခွာနိုင်လို့ သူနဲ့ရပြီး အဲဒီ ကျွန်းမှာပဲ နေတယ်တဲ့၊ အဖေတိ့ ပြောပြတာနော်” ဟု အောင်တိုင်က ဆိုသောအခါ ကောင်းကျော် က’’အေးပါကွာ ပြောမှာသာ ပြောစမားပါ”ဟု ဆို၏။
ကေင်းကျော်ကမူ အောင်တိုင်လို ဟန်မဆောင်တတ်၊ သူပြောပြသော အကြောင်း အောင်တိုင် စိတ်ဝင်စား သလို အောင်တိုင်ပြောပြသော ရေသူမအကြောင်းလည်း သူစိတ်ဝင်တစား ရှိနေ၏။
’’အဲဒီလို ရေသူမနဲ့ သူ့နဲ့ ရနေကြတဲ့၊ ရေသူမယောက်ျား ဖြစ်နေတဲ့လူဟာ ၀မ်းသာအားရနဲ့ လှေပေါ် တက်လိုက်လာတယ်၊ သူ့ကို ချစ်နေတဲ့ ရေသူမကလည်း သူနဲ့အတူ လိုက်ချင်လို့ သူတို့ဘာသာနဲ့ အော်ငိုပြီး လှေသွားရာအတိုင်း ကူးလိုက်လာတယ်တဲ့၊ တခြားလူတွေက ဒီရေသူမကိ တက်နဲ့ ၀ိုင်းရိုက်ကြတယ်၊ ရေသူမ ဟာ လှေပေါ်က လူတွေကို မရိုင်ကြဖို့ တောင်းပန်တယ်တဲ့၊ ဒါပေမဲံ လှေပေါ်က လူတွေက မင်းဟာ အရူးပဲ၊ ဒီရေသူမကို ဘာသံယောဇဉ်ရှိနေတာလဲ၊ လူတွေ သိသွားရင်တောင် တိရစ္ဆာန်မယောက်ျား ဆိုပြီး အရှက်ရဦးမှာ ဒီရေသူမကို အသေ သတ်ထားခဲ့ရမယ် ဆိုပြီး ၀ိုင်း ပြောကြတယ်တဲ့၊ ရေသူမ ယောက်ျားကလည်း သူကျွန်းပေါ် တင်နေတုန်းက အသက်ရှင်အောင် ဒီရေသူမ ကျွန်တော့်ကို အစာရေစာ ကျွေးမွေးထားတာပါဗျာ၊ ကျွန်တော့် အသက်သခင် ကျေးဇူးရှင်ပါ၊ မရိုက်ကြပါနဲ့ မသတ်ကြပါနဲ့ပေါ့၊ ဒါပေမဲ့ သူ့စကား ကို ဘယ်သူကမှ လက်မှ လက်မခံကြဘူးတဲ့၊ ရွာနားထိ လိုက်လာတယ်တဲ့၊ လူတွေကလည်း ဆက်ပြီး ရိုက်ကြှီက်ကြတယ်၊ ရေသူမဟာ ရေပေါ်မှာ ပေါ်လိုက် မြုပ်လိုက်ဖြစ်နေတော့ ဆက်ပြီး ကြည့် မနေနိုင် တဲ့ သူ့ယောက်ျားဟာ လက်ချင်းယှက်ပြီး သူတို့ နေခဲ့ကြတဲ့ ကျွန်းဆီ ပြန်ကူးသွားကြတယ်တဲ့”
’’မင်းပြောတဲ့ အတိုင်းသာဆို ခုထိ အဲဒီ ရေသူမနဲ့ အဲဒီလူဟာ ပင်လယ်ကျွန်းပေါ်မှာ ရှိကြဦးမှာပေါ့နော်”
’’ခုထိတော့ ဘယ်ရှိတော့မလဲကွ၊ တို့အဖီးအဗီတွေ လက်ထက်ကပင် တစ်ဆင့်စကား ပြောလာကြတာ ကြာပြီ ပဲ”
’’မဟုတ်ဘူးလေကွာ၊ အဲဒီ ရေသူမနဲ့ အဲဒီလူက ရပြီး ကျန်နေသေးတဲ့ သားသမီး မြေးမြစ် အဆက်တွေ ပြောတာ”
’’ဒါတော့ ရှိချင် ရှိဦးမှာပေါ့၊ အဲဒါကြောင့် ပင်လယ်ဘက် သွားတဲ့ အဖေတို့ အချိန်တန်လို့ ရွာပြန်မလာကြရင် အမေ က နင့်အဖေတော့ ရေသူမကျွန်းမှာ ရေသူမတွေနဲ့ ရနေပြီလို့ ခဏခဏ ပြောတတ်တယ်”
’’အဲဒီ ရေသူမကျွန်းက ဘယ်ဘက်မှာ လဲကွ” ကောင်းကျော် စိတ်ဝင်တစား မေး၏။
’’ငါလည်း ဘယ်သိမလဲကွ၊ လူကြီးတွေကတော့၊ ပင်လယ်ဘက် ကျွန်းလို့ ပြောတာပဲ’’
’’အေးကွ၊ ရေသူမတွေ ငါကြည့်ချင်လိုက်တာ။ အဖေတို့တော့ သိချင်သိမယ်။ မင်းပြောတဲ့ ရေသူမ အကြောင်း အဖေ့ ငါတစ်နေ့ မေးကြည့်ဦးမယ်”
’’မေးကြည့်ပေါ့၊ မင်းအဖေက ရေထဲနေတဲ့ ဆလုံပဲ သိချင်သိမှာပေါ့”
’’အေး မေးကြည့်ဦးမယ်” ဟု ကောင်းကျော်က ဆို၏။
စကားတပြောပြောနှင့် လျှောက်လာကြရာ ရေသူမ ကျောက်တန်း ကို လွန်လာကြ၏။
’’ဒီရေသူမ ကျောက်တန်းမှာ ခုလည်း ရေသူမတွေ ရှိချင်ရှိမလား မသိဘူးနော်’
’’ဘယ်ရှိတော့မလဲကွ၊ ပသျှူးက ရေသူမတစ်ယောာက်ကို ဖမ်းပြီး မယား လုပ်တားတော့ တခြားရေသူမတွေ ဘယ်လာရဲတော့မလဲ၊ ပြီးတော့ ပသျှူးကြီး ကျောပေါ်က ဆင်းပြေးသွားတဲ့ ရေသူမကလည်း သူ့အမျိုးတွေ တွေ့တော့ အကြောင်းစုံ ပြောပြမှာပေါ့၊ ဘယ်လာဝံ့တော့မလဲ၊ ရေသူမတွေဟာ လူနဲ့ဝေးတဲ့ ကျွန်းတွေမှာပဲ နေကြတယ်လို့ ဖေဖေက ပြောဖူးတယ်”
ကောင်းကျော် မေးသည်ကို အောင်တိုင်က လူတတ်ကြီးလုပ်၍ အရှည်ကြီး ပြောပြ၏။
ရေသူမကျောက်တန်း အလွန်တွင် ဟင်... အောင်တိုင်ဟု နှုတ်ထွက် စကား ဟကာ ကောင်းကျော်က ခြေလှမ်းတုံ့ ထား၏။ မြေပြင်ကိုလည်း သူက စူးစိုက်ကြည့်နေသည်။ ဘာလဲကွဟု အောင်တိုင်ကလည်း မတ်မတ်ရပ် ၍ သဲပြင်ကို ငုံ့ကြည့်၏။
’’မင်းတွေ့လား”
ရုတ်တရက် မဖြေသေး၊ အောင်တိုင်က သဲပြင်ကို အမှောင်ထဲမှာ သေသေချာချာ ခါးကုန်းငုံ့ကြည့်သည်။ ထူးခြားမှု့ ကိုတော့ တွေ့ရသည်။ သဲပြင်သည့် တခြားနေရာလို တစ်ပြေးတည်း ချောချောမွတ်မွတ် မဟုတ်ဘဲ မညီမညာ ရှိနေသည်။ ကောင်းကျော်က သဲပြင်ကို ခြေထောက်နှင့် လျှောက်စမ်းနေ၏။
’’ဘာလဲကွ”
အောင်တိုင်က ပြန်မေး၏
’’ဒီနေရာ လိပ်ကျင်းပဲကွ၊ စောစောက ဒီနေရာ လိပ်တက်ဥသွားတယ်၊ လိပ်မကြီးဟာ ဥ ဥပြီးရင် သူ့ကျင်းနေရာကို လူသိမှာစိုးလို့ ခုလို သဲတွေကို ဖွထားခဲ့တယ်။ ပေးပေး ဖဲထီးသံလုံး ပေးစမ်း၊ ဘယ်နေရာ ဥ ရှိလဲ ငါထိုးကြည့်မယ်”
ကောင်းကျော်သည် သူ့လက်ထဲက ဖဲထီးသံလုံးကို ဇိုးဇိုးဇတ်ဇတ် လှန်းယူကာ သဲပြင်ကို ဟိုထိုးဒီးထိုး လျှောင်လုပ်နေ၏။ တစ်လှမ်း နှစ်လှမ်းသွားလိုက်၊ ဖဲထီးသံလုံးနှင့် သဲထဲ တစ်ချက်နှစ်ချက် ထိုးလိုက်၊ နမ်း ကြည့်လိုက် လုပ်နေ၏။ အောင်တိုင်ကမူ ဘာမှ နားမလည်၊ ကောင်းကျော် လျှောက်လုပ်နေသည်ကိုသာ လိုက်ကြည့် နေ၏။
အောင်တိုင် သိသိသာသာ သတိထားမိသည်မှ သဲသောင်ပြင်ကြီးထဲတွင် တလင်းရာတစ်ကွက် လောက် ရှိသော သဲဝန်းကြီးတစ်ဝန်းသည် ပြန့်ပြူးညီညာခြင်း မရှိဘဲ လယ်ထွန်ထားသလို သဲများ ပြန့််ကြဲ ပွရွ နေသည်သာ။
“တောက်၊ ရေသူမတွေအကြောင်း တို့ပြောနေကြတုန်းက ဆေးလိပ်မီးမြင်လိုက်တာ သူ တို့ပေါ့ကွ၊ ဒီနေ့ညမှ လကလည်း ထွက်ခဲလိုက်တာ၊ တကယ်လို့ လရောင်သာ ရှိရင် လူခြေရာတွေ မြင်ရမယ်ကွ၊ ဟိုစမ်း ဒီစမ်းလျှောက်ထိုး နေစရာတောင်မလိုဘူး။ လူးခြေရာ တွေ့တာနဲ့ လိပ်ကျင်း လူဦးပြီ ဆိုတာ သိတာပေါ့၊ ခုတော့ အလကားအချိန်ကုန်တယ်၊ ကဲဒီ ဘက်မှာ လူဦးနေပြီကွ၊ ရှေ့လျှောက်သွားနေလို့လည်း အပိုပဲ၊ စောစောက တို့ဆေးလိပ်မီး မြင်လိုက်တဲ့လူတွေပဲ ရသွားမှာ၊ တို့ငှက်ရဲကျောက်ဆောင်ဘက် ပြန်လှည့်ကြရအောင် ”
ကောင်းကျော်သည် မကျေမနပ်နှင့် ဗျစ်တောက်ဗျစ်တောက် ပြောကာ အောင်တိုင့်အနား က ပြန်ရောက် လာ၏။
အောင်တိုင် ကမူ လိပ်ဥရှာ အတွေ့အကြုံဘာမှ မရှိသေးသဖြင့် ကောင်းကျော် ပြောသမျှသာ မှတ်ထားရ၏။
ဆက်ရန်
.
3 comments:
အမကြီးရွှေစင်.........
ဖတ်ပြီးသွားပြန်ပြီ ဖတ်ချင်လွန်းလို့သာ
မြန်မြန်တင်ပေးပါလို့ပြောရတာ
ရေးပေးတဲ့သူတွေကိုလည်း အာနာပါတယ်
ဒါကြောင့်မို့ ရေးတော့ရေး ဖြေးဖြေးပေါ့နော်.......
ကျန်းမာပျော်ရွှင်ပါစေဗျာ။
ဟုတ်တယ်နော် တင်တဲ့သူကလည်း တစ်စိုက်မတ်မတ် တင်ပေးပေမယ့် စာဖတ်သူကလဲ အဟီးး လောဘကြိးနေတာ အားတော့နာတယ်မမ ရေ..
စောင့်မျှော်နေပါတယ်လို့...:)
'မသိသူကျော်သွား သိသူဖော်စား'ပေါ့ညီမရေ။ အခုမြန်မာပြည်မှာ ထွက်တဲ့ပစ္စည်းအတော်များများ၊ တန်ဖိုးမရှိဘူးထင်တာတွေ တရုတ်ပြည်က ကုန်ကြမ်းဈေးနဲ့ဝယ်သွားပြီး ကုန်ချောအနေနဲ့ ပြန်သွင်းတဲ့ ပစ္စည်းအမယ် အတော်များနေပြီနော်။
အပိုင်း ၇ နဲ့ ၈ ဖတ်သွားပြီနော်။ ကျေးဇူး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment