Tuesday, August 16, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၁၄)

(၁၇)

မင်အယ် ဗေးနီးယား ဘူတာ မှနေ၍ အမ်ထရက် ရထားကြီး ဘီးလိမ့်ထွက်လာမှပင် ထရေစီ လုံးဝ စိတ်သက်သာရာ ရတော့သည်။ ရထားမထွက်မီတွင် မိမိ ပခုံးပေါ်သို့ လက်တစ်ဖက်လာတင်ပြီး "မင်းကို တို့ ဖမ်းလိုက်ပြီ" ဟူသော အသံများ ကြားရလေမလားဟု စက္ကန့်တိုင်း တထိတ်ထိတ်နှင့် နေခဲ့ရသည်။
ရထားပေါ်သို့ တက်လာသမျှ ခရီးသည်တိုင်းကို ထရေစီ ဂရုတစိုက် စောင့်ကြည့်ခဲ့သည်။ သို့သော် စိုးရိမ် ထိတ်လန့် စရာ တစ်ယောက်မျှ မတွေ့ပေ။ ဘယ်လာမီအိမ်တွင် သူခိုးခိုး ခံရမှုကို ယခုလောက် မြန်မြန် ဆန်ဆန် သိနိုင်ကြဦးမည် မထင်ပေ။ သိကြလျှင်လည်း ထိုအမှုနှင့် မိမိကို မည်သို့မျှ ဆက်စပ်မိနိုင်ကြမည် မဟုတ်ပေ။

ကော်နတ်မော်ဂင်သည် စိန့်လူဝစ္စဘူတာ၌ ဒေါ်လာနှစ်သောင်းငါးထောင်နှင့်အတူ မိမိအား စောင့် နေပေလိမ့် မည်။ ထိုငွေ သည် ဘဏ်၌ မိမိတစ်နှစ်စာ လစာနှင့် ညီမျှသည်။ ထိုငွေဖြင့် မိမိ ဥရောပသို့ သွားမည်။ ပါရီ သို့ သွားမည်။ အို ... ပါရီ မသွားဘူး၊ ချားလ်နှင့် ပါရီသို့ ပျားရည်ဆမ်း ခရီးထွက်ရန် စီစဉ် ခဲ့ဖူးရာ အဟောင်း တို့ကို အသစ်မဖြစ်ချင်တော့ပါပေ။
သို့ဆိုလျှင် မည်သည့်နေရာ သွားမည်နည်း။ လန်ဒန် ... လန်ဒန်မြို့သို့ သွားမည်။ လန်ဒန်တွင် မိမိအား ထောင်ထွက် ဟု သိရှိသူရှိမည် မဟုတ်။ လူသစ် စိတ်သစ်ဖြင့် ဘ၀သစ် တည်ဆောက်နိုင်မည်။
ထရေစီ သည် ရထားတွဲမှ သူ၏ အိပ်ခန်း တံခါးကို ပိတ်ပြီး သော့ခတ်လိုက်သည်။ သားရေအိတ်ကို ဆွဲထုတ် ပြီး ဖွင့်လိုက်သည်။ အရောင်များ တဖျပ်ဖျပ်တောက်နေသော လက်ဝတ်ရတနာများ သူမလက်ထဲသို့ ကျဆင်း လာသည်။ စိန်လက်စွပ်ကြီး သုံးကွင်း၊ နားကပ်သုံးရန်၊ ပတ္တမြား ဆွဲကြိုးတစ်ကုံးနှင့် ပုလဲဆွဲကြိုး တစ်ကုံး တို့ ဖြစ်သည်။

ထိုရတနာများ၏ စုစုပေါင်းတန်ဖိုးသည် ဒေါ်လာ တစ်သန်းကျော်ဖိုး ရှိမည်။ ရထားက မြို့ဆင်ခြေဖုန်းဘက် သို့ ရောက်လာသည်။ ထရေစီသည် ညနေခင်းကအဖြစ်အပျက်များကို စိတ်မျက်စိ၌ တရေးရေး ပြန်လည် မြင်ယောင် ကာ ကုလားထိုင်၌ နောက်မှီပြီး မှေးနေလိုက်သည်။
အခန်းတံခါး ကို လာခေါက်သည့်အသံ ပေါ်လာသည်။ ထရေစီသည် လက်ဝတ်ရတနာများကို လက်ကိုင် အိတ်ထဲ သို့ ကသောကမျော ပြန်ထည့်လိုက်သည်။ ထိုအိတ်ကို ခရီးဆောင် လက်ဆွဲသေတ္တာထဲ၌ ပြန်ထည့် ထား လိုက်သည်။ ရထားလက်မှတ်ကို ထုတ်ယူလိုက်ပြီး တွဲစောင့် လက်မှတ်စစ်အား ပြရန် တံခါးကို ဖွင့်ပေး လိုက်သည်။

အခန်းတံခါးဝ လူသွားစင်္ကြံပေါ်တွင် အညိုရောင် ၀တ်စုံဝတ်ထားသော လူတစ်ယောက်ကို တွေ့ရသည်။ တစ်ယောက် မှာ အသက် ၃၀ကျော်ခန့်ရှိပြီး နောက်တစ်ယောက်မှာ သူ့ထက် ဆယ်နှစ်ခန့် ကြီးပုံရသည်။ အသက် ၃၀ကျော် လူငယ်မှာ အားကစာသမား ကိုယ်လုံးကိုယ်ပေါက် ရှိပြီး ရုပ်ရည်ချောမောကာ မိန်းကလေး များကို ဆွဲဆောင်နိုင်သော ရူပါမျိုး ဖြစ်သည်။ မေးရိုးကားကား၊ နှုတ်ခမ်းမွေး သဲ့သဲ့ရှိပြီး မျက်မှန် တပ်ထားသည်။ မျက်မှန်နောက်မှ အပြာရောင်မျက်လုံး တစ်စုံက အကင်းပါးသော သွက်လက် ထက်မြက် သော အသွင်ကို ထင်ဟပ်ပြနေသည်။ အသက်ကြီးပြီး ၀၀ဖိုင့်ဖိုင့် လူကမူ ခပ်တုံးတုံးပုံပင် ဖြစ်သည်။
"ကျွန်မ ဘာ ကူညီပေးရမလဲရှင်" ထရေစီက မေးလိုက်သည်။

"ဟုတ်ကဲ့ ... မဒမ်" အသက်ကြီးသူက ဖြေသည်။ အိတ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်ယူလိုက်ပြီး ကတ်ပြား လေး တစ်ခု ကို ဆွဲထုတ်ကာ ထရေစီကို ပေးလိုက်သည်။
ကတ်ပြားပေါ် မှ စာကို ထရေစီ လှမ်းကြည့်လိုက်သည်။
ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေးမှူးဗျူရို၊
တရားရေးဌာန၊ အမေရိကန် ပြည်ထောင်စု။
"ကျွန်တော်က အထူးထောက်လှမ်းရေးသမား ဒင်နစ် ထရီဗာ၊ သူက အထူးထောက်လှမ်းရေးသမား သောမတ်ဘောင်ဝါ" ထိုသူက ပြောလိုက်သည်။

ထရေစီ အံ့အားသင့်သွားသည်။ သို့သော် ဟန်မပျက် ကြိုးစားပြုံးလိုက်ပြီး ပြန်ပြော်သည်။
ကျွန်မတော့ ဘာမှ နားမလည်နိုင်အောင်ပါပဲရှင် ... ဘာများ အမှားအယွင်း ရှိလို့ပါလဲ"
"ခိုးရာပါ ပစ္စည်း တွေ ကို သယ်လသူ တစ်ယောက် ဒီရထားပေါ်မှာ ပါလာတယ်လို့ သတင်းရလို့ပါ လူငယ် ၀င် ပြောသည်။
ထရေစီ မူးလဲသွားမလိုအထိ ဖြစ်သွားသည်။ မျက်စိထဲတွင် ပြာဝေသွားသည်။ ဒင်းနစ်ထရီဗာ ဆိုသော အသက်ကြီး သူသာ ပြောလာသည်။
"ခင်ဗျားသေတ္တာ ဖွင့်ပြပါ"
သူ့အသံမှာ အမိန့်ပေးသံ ဖြစ်သည်။ ထရေစီအဖို့ ဟိတ်တစ်လုံး ဟန်တစ်လုံးနှင့် ဖြီးရန်သာ ရှိတော့သည်။

"ကျွန်မ မဖွင့်ပြနိုင်ဘူး ...၊ ရှင်တို့ ကျွန်မ အခန်းထဲကို အခုလို ၀င်လာတာ ဘယ်လောက်သတ္တိရှိလို့လဲ၊ အပြစ်ကင်းစင် တဲ့ နိုင်ငံသား ကို လိုက်အနှောင့်အယှက်ပေးတာ ရှင်တို့အလုပ်လား၊ ကျွန်မ ရထားတွဲစောင့် ကို ခေါ်လိုက်မယ်" ထရေစီက စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်သည်။
"ကျွန်တော်တို့ ရထားတွဲစောင့်ကို ပြောခဲ့ပါပြီ" ထရီဗာက ခပ်အေးအေးပင် ပြန်ပြောသည်။

"ဒါဖြင့် ရှင်တို့မှာ ရှာဖွေဝရမ်းပါလား"
"ကျွန်တော်တို့အတွက် ရှာဖွေ ၀ရမ်း မလိုပါဘူး မစ္စ၀ှစ်တတေန၊ မင်း ရာဇ၀တ်မှု ကျူးလွန်နေတုန်းမှာ တို့က လက်ရ ဖမ်းမှာပဲ၊ ဘာ ၀ရမ်းမှ မလိုတော့ဘူး" လူငယ် ညင်ညင်သာသာပင် ပြောလိုက်သည်။
ထရေစီ ဖျားသွားရပြီ။ သူတို့ မိမိနာမည်ကိုပင် သိနေကြပြီ။ ထောင်ချာက်ထဲ၌ ပိတ်မိပြီ။ လွတ်လမ်း ဘယ်မမြင် ဖြစ်ရပြီကော။

ထရီဗာက သူမ၏ လက်ဆွဲသေတ္တာကို ဖွင့်နေချေပြီ။ သူ့ကို တားဆီး၍လည်း အကျိုးမထူးနိုင်တော့။ ထရေစီ အသာပင် စောင့်ကြည့်နေသည်။ ထရီဗာက သေတ္တာထဲ မွှေနှောက်ရှာရာ သားရေအိတ်ကို ဖွင့်ကြည့်လိုက် ပြီး သူ့အဖော် ကို ခေါင်းဆိတ်ပြသည်။ ထရေစီ ဆိုဖာခုံတန်းပေါ်သို့ ထိုင်ချလိုက်သည်။ အားအင်များ ကုန်ခန်းပြီး အရုပ်ကြိုးပြတ်သလို ဖြစ်သွားသည်။
ထရီဗာ က အင်္ကျီအိတ်ထဲမှ စာရင်းစာရွက်တစ်ခုကို ထုတ်ယူလိုက်သည်။ သားရေအိတ်ထဲမှ ပစ္စည်းများကို စာရင်းစာရွက် နှင့် တိုက်ကြည့်သည်။
ထို့နောက် သားရေ လက်ကိုင်အိတ်ကို သူ့ကုတ်အင်္ကျီထဲသို့ ထိုးထည့်လိုက်သည်။

"အားလုံးကိုက်တယ်  ထရီဗာက ပြောသည်။
"ရှင်တို့ ဘယ်လိုလုပ်ပြီး ... ကျွန်မကို ရှာတွေ့တာလဲ"
"ကျွန်တော်တို့မှာ ပြောခွင့် မရှိပါဘူး၊ ခင်ဗျားကို ကျွန်တော်တို့ ဖမ်းလိုက်ပါပြီ၊ ရှေ့နေနဲ့ မတွေ့ခင်မှာ ခင်ဗျား ဘာမှမပြောဘဲ နေနိုင်ခွင့် ရှိတယ်၊ ခင်ဗျား ခုပြောတာကို သက်သေခံ ထွက်ချက်အဖြစ် ခင်ဗျား အပေါ်မှာ ပြန်သုံးလို့ ရတယ်၊ ခင်ဗျား နားလည်ရဲ့လား"
"ဟုတ်ကဲ့"
ထရေစီ လေသံ ခပ်သဲ့သဲ့ဖြင့်သာ ဖြေနိုင်တော့သည်။

"ဒီကိစ္စအတွက် ကျွန်တော် ၀မ်းနည်းပါတယ်၊ ကျွန်တော် ဆိုလိုချင်တာက  ခင်ဗျားရဲ့နောက်ကြောင်းကို ကျွန်တော် ကောင်းကောင်းသိနေတယ်၊ တကယ်ကို စိတ်မကောင်းပါဘူးဗျာ" ဘောင်ဝါက စာနာသနား သည့် လေသံဖြင့် နှစ်သိမ့်လာသည်။
"အလို ဘုရားရေ ... ကျွန်တော်တို့က ဒီသူငယ်မဆီ မိတ်ဆွေ ဖြစ်လာလည်တာ မဟုတ်ဘူး ကိုယ့်လူ" အသက်ကြီး သူက သူ့အဖော်ကို ပြောလိုက်သည်။
"ကျွန်တော် သိပါတယ်၊ ဒါပေမယ့်ဗျာ ..."
အသက်ကြီးကြီး လူက သူ့အဖော် စကားမဆုံးမီမှာပင် လက်ထိပ်တစ်စုံကို ထုတ်ယူပြီး ထရေစီအား လှမ်းပေးရင်း ပြောလိုက်သည်။

"ခင်ဗျား လက်ကောက်ဝတ်မှာ ခတ်လိုက်ပါ"
ထရေစီ ရင်ထဲ၌ ဒိုင်းခနဲ ခုန်တက်သွားသည်။ နယူးအော်လင်းလေဆိပ်၌ သူမ လက်ထိပ်ခတ် အဖမ်းခံခဲံရ သည် ကို ပြန်လည် သတိရလာသည်။
"ရှင် ... ရှင်တို့မှာ ဒီလိုလုပ်ခွင့် ရှိလို့လား"
"ရှိတာပေါ့ဗျာ"
ထိုစဉ်မှာပင် လူငယ်က လူကြီးအား ပြောလိုက်သည်။
"ကျွန်တော်တို့နဲ့ ခင်ဗျားနဲ့ နှစ်ယောက်တည်း ခဏလောက် စကားပြောရအောင်ဗျာ ... ဒင်းနစ်"
"ရပါတယ်" ဒင်းနစ်ထရီဗာ က ပခုံးနှစ်ဘက်တွန့်ပြီး ပြန်ပြောလိုက်သည်။

သူတို့နှစ်ယောက် ထရေစီ အခန်းထဲမှနေ၍ ရထားစင်္ကြံလမ်းပေါ်သို့ ထွက်လိုက်ကြသည်။ ထရေစီက စိတ်ပျက် အားငယ်စွာ ထိုင်မြဲ ထိုင်နေသည်။ သို့သော် သူတို့နှစ်ယောက် ပြောနေသော စကားများကို တစွန်း တစ ကြားနေရသည်။

"လက်ထိပ်ခတ်ဖို့ မလိုပါဘူး ဒင်းနစ်၊ သူ မပြေးနိုင်ပါဘူး"
"မင်း အခုလို တစ်ခါမှ မဖြစ်ဖူးပါဘူး၊ မင်းနဲ့င် အက်ဖ်ဘီအိုင် ရောက်လာတဲ့ နှစ်တွေလဲ ကြာပါပြီ"
"လာပါဗျာ၊ ဒီအတိုင်ထားလိုက်ပါ ရပါတယ်၊ ကောင်မလေး စိတ်ရောလူရော အရုပ်ကြိုးပြတ် ဖြစ်နေပါပြီ၊ မပြေးနိုင်ပါဘူး"
သူတို့ ဆက်ပြောသည့် စကားကို ထရေစီ မကြားတော့။ ကြားလည်း မကြားချင်တော့ပါ။ တစ်ခဏအကြာ တွင် သူတို့နှစ်ယောက် ထရေစီ၏ အခန်းထဲသို့ ပြန်ဝင်လာကြသည်။ အသက်ကြီးကြီးလူမှာ စိတ်ဆိုးနေပုံရ သည်။ ထိုသူကပင် ပြောလာသည်။

"ကောင်းပြီလေ ... မင်းကို လက်ထိပ်မခတ်တော့ဘူး၊ ရှေ့ဘူတာကျရင်တော့ မင်းကို တို့ခေါ်သွားရလိမ့် မယ်၊ ဗျူရိုက ကားတစ်စီး ရှေ့ဘူတာမှ လာစောင့်နေဖို့ တို့ရေဒီယို ဆက်သွယ်ရေးနဲ့ အကြောင်းကြားထား တယ်၊ ဒီအခန်းထဲက ဘယ်မှ မထွက်ဘဲ နေရမယ်၊ ရှင်းရဲ့လား"
ထရေစီက ခေါင်းညိတ် ပြလိုက်သည်။ သူမအဖို့ စကားပြောရန်ပင် အင်အား မရှိတော့ပါချေ။ မိမိအဖြစ်မှာ ခိုးထုပ်ခိုးထည်နှင့် လက်ပူးလက်ကြပ် အမိခံခဲ့ရပြီ။ ရဲဘက်က မိမိကို ခြေရာခံပြီး အက်ဖ်ဘီအိုင်သို့ အကြောင်းကြား ခဲ့ခြင်း ဖြစ်မည်။

အက်ဖ်ဘီအိုင်မှ အထူး ထောက်လှမ်းရေးသမား နှစ်ဦးသည် အပြင်ဘက်စင်္ကြံတွင် တွဲစောင့်နှင့် စကား ပြောနေကြသည်။ ဘောင်ဝါက ထရေစီကို လက်ညှိုးထိုးပြပြီး တွဲစောင့်ကို တစ်စုံတစ်ခု ပြောသည်။ သူ ဘာပြောသည်ကို ထရေစီ မကြားရပေ။ တွဲစောင့်က ခေါင်းတဆိတ်ဆိတ် ညိတ်ပြသည်ကိုသာ တွေ့ရ သည်။ ဘောင်ဝါက ထရေစီ၏ အခန်းတံခါးကို အပြင်မှ ဆွဲပိတ်လိုက်သည်။ ထရေစီအဖို့ ထောင်ထဲမှ အိပ်ဆောင် အခန်းကျဉ်းကလေးထဲ ပြန်ရောက်သွားသလို ခံစား လိုက်ရသည်။

ရထားက တရိပ်ရပ် ပြေးနေသည်။ ဘေးဘက်မှ သဘာဝအလှမြင်ကွင်း ပသာဒတို့က ရှုမောစရာ။ သို့သော် ထိုသဘာဝ အလှကို ထရေစီ ပသို့မှ ခံစား၍ မရပါချေ။ အရုပ်ကျိုးပြတ်ထိုင်ရင်း ထိတ်လန့် ကြောက်ရွံ့မှု တို့က လူကို လှုပ်မရအောင် ချုပ်ကိုင်ထားသည်။
မိမိအဖို့ ဒုတိယအကြိမ် အခွင့်အရေး မရနိုင်တော့ပါ။ မိမိသည် ပြစ်မှုကြီးကို ကျူးလွန်ထားသူ ဖြစ်နေပြီ။ အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်ခံရတော့မည်။ သည်တစ်ကြိမ်တွင် မိမိကယ်တင်စရာ ထောင်မှူးသမီးလည်း ရှိနိုင်တော့မည် မဟုတ်ပါ။ ထောင်ထဲတွင် နှစ်ကာလ ကြာရှည်စွာ နေရပေတော့မည်။ ဆွီဒင်မကြီး ဘာသာ၏ ပြုသမျှနုရပေတော့မည်။

မိမိကို သူတို့ ဘယ်လို ဖမ်းမိသွားပါလိမ့်။ ဤခိုးမှုတွင် သိသူမှာ တစ်ဦးတည်း ရှိသည်။ ထိုသူက ကော်နတ် မော်ဂင်။ သူက မိမိနှင့် ရတနာများကို အက်ဖ်ဘီအိုင် လက်ရောက်အောင် လုပ်စရာ အကြောင်း မရှိပေ။ သူ ရတနာဆိုင်က စာရေးတချို့က ရိပ်မိပြီး ရဲကို လက်တို့လိုက်ခြင်း ဖြစ်နိုင်သည်။ မည်သို့ပင် ဖြစ်စေတော့ မိမိ ကတော့ အမိ ခံလိုက်ရပါချေပြီ။
ထရေစီသည် မျက်လုံးကို စုံမှိတ်ထားလိုက်ပြီး ရှေ့ရေးကို မတွေးမိအောင် ခေါင်းထဲက အတင်းမောင်း ထုတ်လိုက်သည်။ မျက်ရည်ပူများက ပါးပြင်နှစ်ဘက်ပေါ်သို့ စီးကျ လိမ့်ဆင်းလာပါတော့သည်။
ရထားအရှိန လျော့သွားသည်။ အက်ဖ်ဘီအိုင်မှ လူနှစ်ဦး မိမိကို လာခေါ်ပေတော့မည်။ ဘူတာကို လှမ်းမြင် ရပြီး စက္ကန့်ပိုင်း အတွင်းမှာပင် ရထား ရပ်သွားသည်။ သွားရဖို့ အချိန်ကျပြီ။ ထရေစီက လက်ဆွဲသေတ္တာကို ပိတ် လိုက်သည်။ ကုတ်အင်္ကျီကို ၀တ်လိုက်သည်။ ပြီးနောက် ပြန်ထိုင်လိုက်သည်။

သုံးလေးမိန်စကြာသွားသည်အထိ ဟိုလူနှစ်ယောက် ပေါ်မလာ။ သူတို့ ဘာလုပ်နေကြပါလိမ့်။
"ခရီးသည်များ တက်ကြ ... တက်ကြ" ဟူသော ရထားတွဲစောင့်၏ အော်ပြောသံကို ထရေစီ ကြား လိုက်သည်။
ထရေစီ ကယောင်ချောက်ချား ဖြစ်သွားသည်။ ဟိုလူနှစ်ယောက် မိမိအား ဘူတာစင်္ကြံပေါ်မှ စောင့်နေခြင်း ဖြစ်မည်။ မိမိ ရထားပေါ်၌ ဆ်ကနေလျှင် ထွက်ပြေးဖို့ ကြိုးစားသည်ဟု သူတို့က စွပ်စွဲလိမ့်မည်။ ထိုအခါ မိမိ အတွက် အခြေအနေ ပိုဆိုးလာနိုင်သည်။ ထို့ကြောင့် ထရေစီ သေတ္တာကို ဆွဲယူလိုက်ပြီး အခန်းတံခါးကို ဖွင့်ကာ ရထား လူသွားစင်္ကြံပေါ်သို့ ခပ်သုတ်သုတ် ထွက်လိုက်သည်။
ရထား တွဲစောင့် က သူမအနားသို့ ရောက်လာပြီး မေးသည်။

"ဒီဘူတာမှာ ဆင်းမလို့လား မစ္စ ... ခပ်မြန်မြနလုပ်၊ ပေး ကျွန်တော် ၀ိုင်းကူသယ်ပေးမယ်၊ ခင်ဗျားလို အခြေအနေ မျိုးနဲ့ အမျိုးသမီးဟာ အလေးအပင်တွေ မ မ သင့်ဘူး"
"ဘာ ... ကျွန်မလို အခြေအနေမျိုးလဲ" ထရေစီက စိုက်ကြည့်ပြီး မေးလိုက်သည်။
"သြော် ... ခင်ဗျား စိတ်အားမငယ်ပါနဲ့ဗျာ ... ခင်ဗျား အစ်ကိုတွေက ကျွန်တော့်ကို မှာသွားတယ်၊ ခင်ဗျားမှာ ကိုယ်ဝန် ရှိနေတယ်တဲ့၊ ကြည့်ရှုပြီး အကူအညီပေးလိုက်ပါတဲ့"
"ကျွန်မ အစ်ကိုတွေ ဟုတ်လား"
"အင်းလေ ... လူကောင်းတွေပါဗျာ၊ ခင်ဗျားအတွက် တော်တော်လေး စိုးရိမ်ကြပုံရတယ်"

ကမ္ဘာကြီး ချာလပတ် လည်သွားသည်။ အားလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားသည်။ ထရေစီ သိလိုက်ပါပြီ။ မိမိ တပတ်ရိုက် ခံလိုက်ရပြီကော။
တွဲစောင့်က သေတ္တာကို ၀ိုင်းကူသယ်ပေးပြီး ထရေစီကို တွဲအောက်သို့ ချပေးသည်။ ရထားလည်း ဘီးလိမ့် ကာ စထွက်ပြီ ...။
"ကျွန်မ အစ်ကိုတွေ ဘယ်သွားတယ်ဆိုတာ  ရှင်သိသလား" ထရေစီက အော်မေးလိုက်သည်။
"မသိဘူး၊ ရထား ရပ်ရပ်ချင်း သူတို့ အငှားကား တစ်စီးပေါ် ခုန်တက်သွားကြတာပဲ"
ခိုးရာပါ ပစ္စည်း တစ်သိန်းဖိုးနှင့်အတူ သူတို့ လစ်သွားကြချေပြီ။

ထရေစီသည် လေဆိပ်သို့ အငှားကား တစ်စီးဖြင့် သွားနေသည်။ လေဆိပ်သို့သာ သူတို့ သွားလိမ့်မည်ဟု သူမ တွေးမိသည်။ သူတို့ အငှားကားဖြင့် သွားသည်ဟု သိရသဖြင့် ကိုယ်ပိုင်ကား ပါမလာသည်မှာ သေချာ သည်။ ဤမြို့မှ သူတို့ ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာချင်မည်မှာလည်း သေချာသည်။ သို့ဆိုလျှင် လေယာဉ် ဖြင့် ထွက်ရမည့်နည်းသာ ရှိသည် မဟုတ်ပါလော။
ထရေစီသည် အငှားကား နောက်ခန်း၌ ကျောမှီထိုင်ရင်း မိမိကိုယ်မိမိ ဒေါသ ဖြစ်နေသည်။ သူတို့ တပတ် ရိုက်ခံလိုက်ရသည်ကို ဒေါသဖြစ်သလို လွယ်လွယ်နှင့် အပတ်ခံလိုက်ရသဖြင့်လည်း ကိုယ့်ကိုယ်ကို ရှက်မိ သည်။ ရတနာများကို မိမိ ပြန်ရကို ရရမည်။ ထိုသို့ ရရန် လေဆိပ်သို့ အချိန်မီ ရောက်ဖို့လိုသည်။ ရှေ့ခန်းမှ ယာဉ်မောင်းကို လှမ်းပြောလိုက်သည်။

"လေဆိပ် မြန်မြန်  ရောက်အောင် ဒီထက် မြန်မြန် မောင်းပေးစမ်းပါရှင်"
ထရေစီ လေဆိပ်သို့ ရောက်သွားသောအခါ သူတို့ နှစ်ယောက်မှာ လေယာဉ်ကွင်းထဲ ထွက်မည့် ဂိတ်ပေါက်ဝ လူတန်းတွင် တန်းစီးပြီး အသင့် ရှိနေသည်။ ထရေစီ သူတို့ကို ချက်ချင်း မမှတ်မိပေ။
သူ့ကိုယ်သူ သောမတ်ဘောင်ဝါဆိုသော ရူပါ ခပ်ဖြူးဖြူး ခပ်ငယ်ငယ်လူငယ်သည် ယခုအခါ မျက်မှန် မတပ်တော့။ သူ့မျက်လုံးမှာလည်း အပြာရောင်မှ အညိုရောင် ဖြစ်နေသည်။ နှုတ်ခမ်းမွေး သဲ့သဲ့လည်း မရှိ တော့ပေ။ ဒင်းနစ် ထရီဗာဆိုသော အသက်ကြီးကြီး လူကမူ မဟူရာရောင် ဆံပင် ထူထူထဲထဲ နေရာတွင် ထိပ်ပြောင်ကြီး ဖြစ်နေသည်။

သို့သော် သူတို့ကို ထရေစီ မှတ်မိလာသည်။ မမှားနိုင်။ သူတို့အတွက် အ၀တ်အစားလဲရန် အချိန်မရသဖြင့် အညိုရောင် ၀တ်စုံဆင်တူဖြင့်ပင် ရှိနေသည်။ ထရေစီ သူတို့အနား ရောက်သွားချိန်တွင် သူတို့သည် လေယာဉ်ပေါ် တက်မည့် အထွက်ဂိတ်ပေါက်ဝသို့ပင် ရောက်နေချပြီ။
"ရှင် တို့ တစ်ခု မေ့သွားတယ်" ထရေစီက ပြောလိုက်သည်။
သူတို့က လှည့်ကြည့်လိုက်သည်။ ထရေစီကို မြင်သောအခါ အလွန်အမင်း အံ့အား သင့်သွားပုံရသည်။ လူ ခပ်ငယ်ငယ် က မျက်မှောင်ကုတ်ကြည့်လိုက်ပြီး ပြောသည်။

"မင်း ဒီမှာ ဘာလုပ်နေတာလဲ၊ ဗျူရိုက ကားက မင်းကို ခေါ်သွားဖိ့ ဘူတာမှာ စောင့်နေလိမ့်မယ်"
"ဒါဖြင့်လဲ လာလေ၊ ကျွန်မတို့ သုံးယောက်စလုံး ပြန်သွားပြီး ရှာကြည့်တာပေါ့"
"တို့ မလိုက်နိုင်ဘူး၊ တခြား အမှုကိစ္စ" တစ်ခုအတွက် သွားရဦးမယ်၊ ဒီလေယာဉ်နဲ့ အမီလိုက်မှ ဖြစ်မယ်" ထရီဗာ က ရှင်းပြသည်။
"ဒါဖြင့် ရတနာတွေကို အလျင်ဆုံး ကျွန်မကို ပြန်ပေး" ထရေစီ က ခပ်မာမာ ခပ်ထန်ထန်ပင် တောင်းလိုက် သည်။
"ပေးလို့ မဖြစ်ဘူး၊ ဒါက သက်သေခံ ပစ္စည်းတွေ၊ ဒီရတနာတွေ ရထားကြောင်း မင်းကို ပြေစာဖြတ်ပိုင်း ပေးလိုက်မယ်"
"ဟင့်အင်း ... ပြေစာ မလိုချင်ဘူး၊ ရတနာတွေပဲ လိုက်ချင်တယ်"
"၀မ်းနည်းပါတယ်၊ တို့ကလဲ မပေးနိုင်ဘူး" ထရီဗာက ငြင်းသည်။

သူတို့ ဂိတ်ဝသို့ ရောက်သွားပြီ။ ထရီဗာက လေယာဉ်ပေါ်တက်သည့် လက်မှတ်ကို လေကြောင်းကုမ္ပဏီမှ အမှုထမ်းအား လှမ်းပေးလိုက်သည်။ ထရေစီက ဘေးပတ်ဝန်းကျင်ကို ကမန်းကတန်း လှမ်းကြည့်လိုက် သည်။ လေဆိပ်အစောင့် ရဲအရာရှိတစ်ဦး သူတို့နှင့် မလှမ်းမကမ်း၌ ရပ်နေသည်ကို တွေ့ရသည်။ ထရေစီက လှမ်းခေါ်လိုက်သည်။
"ဒီမှာ အရာရှိ ... အရာရှိ"
ဟိုလူနှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အံ့အားသင့်သွားသည်။

"မင်း ဘာလုပ်နေတယ်ဆိုတာ မင်းကိုယ်မင်း သိရဲ့လား၊ တို့အားလုံး အဖမ်းခံလိုက်ရအောင် မင်းလုပ်နေတာ ပဲ" ထရီဗာက ခပ်တိုးတိုး ဟောက်လိုက်သည်။
ရဲအရာရှိက သူတို့အနား ရောက်လာသည်။

"ဟုတ်ကဲ့မစ္စ .. ဘာအခက်အခဲများ ရှိလို့လဲ၊ ကျွန်တော် ဘာကူညီရမလဲ" ရဲအရာရှိက မေးသည်။
"သြော် ... ဘာအခက်အခဲမှ မရှိပါဘူး၊ ကျွန်မ ပျောက်သွားတဲ့ အဖိုးတန် ရတနာအချို့ကို ဒီ အံ့သြစရာ ကောင်းတဲ့ လူကြီး လူကောင်း နှစ်ယောက်က တွေ့ထားလို့ပါ၊ သူတို့က ကျွန်မကို ပြန်ပေးမလို့ပါတဲ့၊ ဒီကိစ္စ အတွက် ကျွန်မ အက်ဖ်ဘီအိုင် ကိုလဲ ဒုက္ခမပေးချင်ပါဘူးရှင်"
ဟိုလူနှစ်ယောက် တစ်ယောက်တစ်မျက်နှာ တစ်ယောက် ကြည့်လိုက်သည်။

"သူတို့က အကြံပေးတယ်၊ ရှင်က ကျွန်မကို အငှားကား တစ်စီးဆီအထိ ရောက်အောင် စောင့်ကြပ်ပြီး လိုက်ပို့ ပေးနိုင် လိမ့် မယ်တဲ့"
"ဟုတ်ပါတယ်၊ ကျွန်တော် ကူညီပေးရမှာပေါ့"
ထရေစီက ထိုလူနှစ်ယောက်ဘက်သို့ ပြန်လှည့်ပြီး ပြောလိုက်ပြန်သည်။
"ကဲ ... အခုဆိုရင် ရှင်တို့ ကျွန်မကို ရတနာတွေ ပြန်ပေးဖို့အတွက် လုံခြုံပြီ၊ စိတ်ချရပြီ မဟုတ်လား"
"မဟုတ်ဘူးလေ ... ကျွန်တော်တို့ ကိုယ်တိုင် လိုက်ပို့ရင် မကောင်းဘူးလား"
"အို ... အားနာစရာကြီးရှင်၊ ရှင်တို့ ဒီလေယာဉ်ပျံနဲ့ မီဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျွန်မ သိ ပါတယ်"

ဟိုလူနှစ်ယောက်မှာ ရဲအရာရှိ မျက်နှာကို ကြည့်လိုက်ပြီးနောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည်လိုက် ကြပြန်သည်။ သူတို့အဖို့ ဘာမှ လုပ်စရာ မရှိတော့။ တွယ်ရာမဲ့ ဖြစ်ပြီ။
ဘောင်ဝါ  သည် သူ၏ ကုတ်အကျိံထဲမှနေ၍ ရတနာများပါသော သားရေအိတ်ကို လေးကွေး နှေးကန်စွာ ထုတ်ယူလိုက်သည်။
"ဟုတ်တယ် ... အဲဒီအိတ်ပဲ"
ထရေစီက ပြောပြောဆိုဆိုနှင့် သူ့လက်ထဲမှ အိတ်ကို လှမ်းယူလိုက်သည်။ အိတ်ကို ဖွင့်ပြီး အထဲကို ကြည့်လိုက်သည်။

"ဘုရားသခင် ကျေးဇူးပဲ၊ အထဲမှာ အားလုံး ရှိတယ်"
ဘောင်ဝါက နောက်ဆုံးအကြိမ် ကြိုးစားကြည့် လိုက်သေးသည်။
"ခင်ဗျားအတွက် လုံခြုံစိတ်ချရတဲ့ နေရာအထိ လိုက်ပို့ပေးမယ်လေ"
"မလိုပါဘူးရှင် ... ဒီမှာ ရဲအရာရှိကြီးတစ်ယောက်လုံး ရှိပါတယ်"

ထရေစီက ခပ်မြူးမြူးလေး ပြောလိုက်ပြီး သူမ၏ လက်ကိုင်အိတ်ကို ဖွင့်လိုက်သည်။ ရတနာ သားရေ အိတ်ကို လက်ကိုင်အိတ်ထဲ ထည့်လိုက်သည်။ ငါးဒေါ်လာတန် ငွေစက္ကူနှစ်ရွက်ကို ထုတ်ယူလိုက်ပြီး တစ်ယောက် တစ်ရွက်စီ ပေးလိုက်သည်။
"ရှင်းတို့ ကျေးဇူးကို တုံ့ပြန်တဲ့သဘော စတိ ပေးတာပါရှင်"
အခြားလေယာဉ်ခရီးသည် အားလုံး ဂိတ်ဝမှ ထွက်သွားကြပြီ ဖြစ်သည်။ လေယာဉ်ကုမ္ပဏီ အမှုထမ်းက သတိပေးလာသည်။

"လေယာဉ်ပေါ်တက်ဖို့ နောက်ဆုံးအကြိမ် ခေါ်နေပါပြီ၊ လိုက်မှာဖြင့်ရင် တက်ကြပါတော့ဗျာ"
"ကျေးဇူးပါပဲရှင်၊ ရှင်တို့လို ရိုးသားဖြောင့်မတ်တဲ့ လူမျိုးကို ခုခေတ်ကာလမှာ တွေ့ရဖို့ သိပ်ရှားနေပါပြီ"
ထရေစီက နောက်ဆုံး အားပါးတရ အလှဆုံး ပြုံးပြပြီး ပြောလိုက်သည်။ ထို့နောက် ရဲအရာရှိနှင့်အတူ လှည့်ထွက် သွားတော့သည်။
(၁၈)

သောမတ်ဘောင်ဝါ၏ နာမည်အရင်းမှာ ဂျက်စတီဗင် ဖြစ်သည်။ သူသည် ပြတင်းပေါက်ဘေးရှိ လေယာဉ် ထိုင်ခုံ တွင် ထိုင်ပြီး လေယာဉ် ကောင်းကင်သို့ တရိပ်ရိပ်တက်လာနေသည်ကို ကြည့်နေသည်။ လုက်သုတ် ပ၀ါဖြင့် မျက်လုံးအစုံကို တို့ပြီး သုတ်လိုက်သည်။ သူ့ပခုံးနှဟ်ဘက်မှာ မြင့်ချည် နိမ့်ချည် ဖြစ်လာသည်။
နာမည် အရင်း ဘရင်ဒန်ဟစ်ဂင်ဖြစ်သော ဒင်းနစ်တေလာသည် ဂျက်စတီဗင်၏ ဘေးဘက် ထိုင်ခုံတွင် ထိုင်နေရာ မှ သူ့ကို အံ့အားတသင့် လှမ်းကြည့်လိုက်သည်။  'ဟေး... ဒီကိစ္စက ပိုက်ဆံမရရုံဘဲ ရှိပါတယ်ကွာ... ငိုစရာ မဟုတ်ပါဘူး" ဒင်းနစ်တေလာက ပြောလိုက်သည်။

ဂျက်စတီဗင် က သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ ဂျက်၏ မျက်လုံးအစုံမှ မျက်ရည်များက မျက်နှာပေါ် သို့ စီးကျနေသည်။ ဟစ်ဂင် အံ့အားသင့်နေစဉ်မှာပင် ဂျက်စတီဗင်က တသိမ့်သိမ့်တုန်အောင် အူလှိုက် သည်းလှိုက် ရယ်နေသည်။
"မင်း ဘာဖြစ်နေတာလဲကွ၊  တို့ ပြန်အလှီးခံလိုက်ရတဲ့ ကိစ္စက ရယ်စရာမှ မဟုတ်ဘဲ" ဟစ်ဂင်က ပြောသည်။
ဟုတ်ပါသည်။ သူတို့ ခံလိုက်ရသော ကိစ္စသည် ဟစ်ဂင်အတွက် ရယ်စရာမဟုတ်သော်လည်း ဂျက်အတွက် ရယ်စရာ ပင် ဖြစ်ပါသည်။
ထရေစီဝှစ်တနေ က မိမိတို့အား လေဆိပ်၌ ရိုးရိုးကလေးနှင့် ပါးပါး လှပ်လှပ်ကလေး တပတ်ရိုက်သွားပုံမှာ မိမိ၏ ဂျင်ဂလယ်ဘ၀၌ တွေ့ဖူးခဲ့ရသမျှတွင် အထက်မြက်ဆုံး၊ လက်ရာအမြောက်ဆုံး ဖြစ်နေသည်။

တကယ်တော့ ထရေစီ လုပ်သွားပုံမှာ ဂျင်ပေါ်၌ ထုံးတို့သွားခြင်း၊ ပန်ကာပေါ်၌ အမှိုက်တင်သွားခြင်းပင် ဖြစ် သည်။
"လယ်သလား လို့ မမေးနဲ့" ဟုပင် ဂျက် စိတ်ထဲက ပြောလိုက်မိသည်။
ကော်နတ်မော်ဂင် ကမူ ထရေစီသည် အပျော်တမ်း အဆင့်သာ ရှိပါသည်ဟု ဂျက်အား ပြောလိုက်သည်။ တကယ် လို့ ထရေစီများ ကြေးစား ဆရာကြီးအဆင့် ရောက်သွားလျှင် ပသို့ ရှိပါလိမ့်မည်နည်းဟု မတွေးရဲ အောင်ပင် ဖြစ်လာသည်။

ဂျက် တွေ့ဖူး မြင်ဖူးသမျှ အမျိုးသမီးများထဲတွင် ထရေစီမှာ အလှဆုံုးဟု ဂျက် သတ်မှတ်လိုက်သည်။ ထို့အပြင် အကင်းပါးပြီး ပါးနပ်သည်။ အလိမ်အညာနှင့် တပတ်ရိုက်သော လုပ်ငန်းတွင် ဂျက်သည် သူ့ ကိုယ်သူ တုမရသော ဆရာကြီးအဖြစ် ဂုဏ်ယူထားသူ ဖြစ်သည်။
ယခုတော့ ထရေစီက မိမိကို အလဲထိုး အနိုင်ယူသွားချေပြီ။

ထရေစီလို ပါးနပ်သူကလေးကို တွေ့လျှင် ဦးလေးဝီလီတောင် သဘောကျပေလိမ့်မည်ဟု ဂျက် တွေးမိ သည်။
ဂျက်သည် လေယာဉ်စီးနေရင်း သူ့ဘ၀ နောက်ကြောင်းကို ပြန်တွေးမိလာသည်။ အတိတ်မှ အရိပ်များ သည် သူ့၏စတ်အစဉ် ပိတ်ကားပေါ်တွင် အရိပ်အလား တရေးရေး ထင်ဟပ်ပေါ်လွင်လာသည်။
ဂျက်အား ပညာအရပ်ရပ် အဌာရသ အဖျာဖျာကို သင်ကြားပေးခဲ့သူမှာ ဦးလေး ၀ီလီပင် ဖြစ်သည်။ ဂျက် မိခင်သည် လယ်ယာလုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းရှင်သမီး ဖြစ်ပြီး မိဘလုပ်ငန်းကို အမွေဆက်ခံ ရရှိခဲ့သည်။ သူ့အဖေကမူ ရှေ့ရေးကို မမြော်မြင်တတ်။ ရေတိုအကြံအဖန်သမား ဖြစ်သည်။ သူတို့ နှစ်ယောက် လက်ထပ်ပြီး ငါးနှစ်ခန့်အထိမူ ဂျက် အဖေသည် ဇနီး အမွေရသော လုပ်ငန်းကို ကောင်းကောင်း မွန်မွန် ဦးစီး လုပ်ကိုင်ခဲ့ရသည်။

ထို့နောက်ပိုင်းတွင် ဂျက်အဖေသည် ဗွေဖောက်လာပြီး ဇာတိသရုပ်ထုတ်ဖော်လာသည်။ ဖောက်ခြေ၀င်လာ သည်။ ငွေရေးကြေးရေးကိစ္စနှင့် မြာပွေမှုများကြောင့် အဖေနှင့်အမေတို့ တကျက်ကျက် ရန်ဖြစ်ကြရသည် များမှာ ဂျက်ဘ၀၌ အစောဆုံး သိရှိမှတ်မိရသော ကိစ္စများပင် ဖြစ်သည်။ သူတို့၏ အိမ်ထောင်ရေးသည် စိတ်ပျက်စရာ ဖြစ်လာသည်။ ထို့ကြောင့် ဂျက်သည် မိမိဘ၀၌ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဟု ဆုံးဖြတ်ခဲ့သည်။

ဂျက်အဖေ၏ အစ်ကို ဦးလေး ၀ီလီသည် အလောင်းအစား ပျော်ရွှင်ပွဲကစားနည်းများကို လုပ်သော နယ်လှည့် မော်တော်ယာဉ်ကြီးဖြင့် အသက်မွေးသူ ဖြစ်သည်။ ဂျက်တို့ မိသားစုနေသော အိုဟိုင်းရိုး ပြည်နယ် မာရီယွန်မြို့ အနီးသို့ ရောက်လာတိုင်း ဂျက်တို့မိသားစုထံ လာလည်သည်။ ဂျက်တွေ့ဖူးသမျှတွင် သူ့ ဦးလေး သည် ပျော်ပျော်ရွှင်ရွှင် အနေတတ်ဆုံး ဖြစ်သည်။ အကောင်းမြင်ဝါဒသမား ဖြစ်သည်။ တောက်ပ ကောင်းမွန်မည့် အနာဂတ်ကိုသာ မျှော်မှန်းသူ ဖြစ်သည်။

ဦးလေးဝီလီသည် တူတော်မောင်ဂျက်အတွက် လက်ဆောင်များ ယူလာစမြဲ ဖြစ်သည်။ ထို့အပြင် ဂျက်အား မျက်လှည့် လည်း ပြသည်။ ဦးလေးဝီလီသည် မူလက နယ်လှည့်လောင်းကစား ပျော်ပွဲရွှင်ပွဲကားကြီးတွင် မျက်လှည့် ဆရာ ဖြစ်သည်။ ထိုကားကြီး ဇာတ်ခေါင်းကွဲသွားသည့် အချိန်တွင် ဦးလေးဝီလီက ဦးဆောင် ကာ အဖွဲ့သစ် ပြန်ဖွဲ့ပြီး ဇာတ်ဆရာကြီး ဖြစ်လာသူ ဖြစ်သည်။
၈ျက် အသက်၄၀နှစ်အရွယ်တွင် သူ့အမေသည် ကားတိုက်ခံရ၍ သေဆုံး သွားခဲ့သည်။ အမေ သေပြီး နှစ်လ အကြာ တွင် အဖေက နောက်အိမ်ထောင်ပြုသည်။ ဂျက်မိထွေးမှာ အသက်၁၉နှစ်သာ ရှိသေးပြီး အရက် ဆိုင် စားပွဲထိုး ဖြစ်သည်။

ဂျက်တွင် သူ့အဖေထံမှ မွေးရာပါ အမွေတစ်ခု ရထားသည်။ ၎င်းမှာ အရပ်အမောင်း ကောင်းခြင်း၊ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်း ကြံ့ခိုင်ခြင်းနှင့် ရူပါဖြူခြင်းတို့ပင် ဖြစ်သည်။ မိန်းမကြိုက်ရူပါနှင့် ခန္ဓာပိုင်ရှင် ဖြစ်သည်။ ဂျက်သည် နောက်အိမ်ထောင်ပြုခဲ့သော အဖေ့ကို စိတ်နာခဲ့သည်။ အဖေကမူ ယောက်ျားအဖို့ တစ်ဦး တည်း ထီးထီးကြီးနေ၍ မရကြောင်း ရှင်းပြသေးသည်။
ဂျက်အဖေသည် နောက်အိမ်ထောင် ပြုပြီးသောအခါ ခရီးသွား အရောင်း ဈေးသည် အလုပ်ရသည်။ တစ်ပတ် လျှင် သုံးလေးရက်ခန့် အိမ် ၌ မရှိ။ ဈေးရောင်း ထွက်ရသည်။ အဖေ ဈေးရောင်းထွက်သောအခါ ဂျက် နှင့် သူ့မိထွေး တို့သာ အိမ်၌ ကျန်သည်။

ထိုသို့ နှစ်ယောက်တည်း ကျန်သည့် ညတစ်ညတွင် သူ့အိပ်ခန်းတံခါး ပွင့်သွားသံ ကြားရသဖြင့် ဂျက်လန့်နိုး သွားသည်။ ခဏအကြာတွင် နူးညံ့ပျော့ပျောင်းသော ကိုယ်ခန္ဓာတစ်ခုက သူ့ဘေးတွင် ၀င်လှဲပြီး အိပ်လိုက် သည်။ အထိအတွေ့ ကို ခံစားလိုက်ရသည်။
ဂျက် အလန့်တကြား ထ ထိုင်လိုက်သည်။
ဂျက် ကမန်းကတန်း အ၀တ်အစား ကောက်ဝတ်လိုက်သည်။ သူ့တစ်သက်တွင် အမြန်ဆုံး အ၀တ်အစား ၀တ် သည့် စံချိန်ပင် ဖြစ်သည်။ အ၀တ်အစား ၀တ်ပြီးသည်နှင့် ပြတင်းပေါက်မှ ခုန်ဆင်းကာ တချိုးတည်း ထွက်ပြေး တော့သည်။ နောက်သို့ တစ်ချက်ပင် လှည့်မကြည့်တော့။

ဂျက်ပြေးသည့် နေရာက ဦးလေးဝီလီ၏ ပျော်ပွဲရွှင်ပွဲ ကားကြီး ပြသနေသော ကင်းဆပ်ပြည်နယ်မှာ စိမာရွန်မြို့ အထိ ဖြစ်သည်။ အိမ်က ဘာကြောင့် ထွက်ပြေးလာရသလဲဟု သူ့ဦးလေးက မေးသည်။
"ကျွန်တော် မိထွေး နှင့် မနေချင်လို့ပါ" ဂျက်က ဤမျှသာ ဖြေသည်။

"ဦးလေးဝီလီက ဂျက်အဖေထံ တယ်လီဖုန်း ဆက်သည်။ သူတို့နှစ်ယောက် အတန်ကြာ ဆွေးနွေးပြီးနောက် ဂျက် အား သူ့ဦးလေး ၀ီလီထံတွင် ထားရန် ဆုံးဖြတ်လိုက်သည်။
"ဘယ်လို ကျောင်းမျိုး ကမှ သင်မပေးနိုင်တဲ့ ပညာတွေ သူ ဒီမှာ ရနိုင်တယ်" ဦးလေးဝီလီက ဂျက်အဖေကို ပြော လိုက်သည်။
အလောင်းအစားများ ပျော်ပွဲရွှင်ပွဲများနှင့် နယ်လှည့် ပြသသော အဖွဲ့သည် ကမ္ဘာလေးတစ်ကမ္ဘာပင် ဖြစ် သည်။ ထိုကမ္ဘာလေး ၏ ပိုင်ရှင် ဦးလေးဝီလီ က တူတော်မောင် ဂျက်အား သူ့လုပ်ငန်း၏ အခြေခံ ဒဿနကို ရှင်းပြ သည်။

"တို့အလုပ်က ရိုးရိုးကြီး လုပ်လို့ မရဘူး၊ အလိမ်လှည့် အတတ်ပညာတွေကို ပိပိရိရိ လုပ်ရတယ်၊ လူတွေကို လောဘတတ်လာအောင် ဆွပေးပြီးမှ လိမ်လို့ ရမယ်ဆိုတာ မင်း မြဲမြဲမှတ်ထား၊ အဲဒါ လိမ်နည်း ပညာရဲ့ တရားကိုယ် သဘောပဲ၊ လောဘမကြီးတဲ့လူ ရိုးရိုးကျင့် မြင့်မြင့်ကြံတဲ့ လူမျိုး ကို လိမ်ဖို့ မလွယ်ဘူး"
သူတို့အဖွဲ့ မှ အဖွဲ့သား အားလုံးလိုလိုနှင့်ပင် ဂျက် ရင်းနှီး ခင်မင်လာသည်။ ဂျက်သည် အပေါင်းအသင်း ကောင်းသူ ပညာယူ မြန်သူ ဖြစ်သည်။ ပညာတစ်ရပ်ကို မြန်မြန်တတ်ပြီး သူ့နည်းသူ့ဟန်ဖြင့် ပိုကောင်း အောင် တီထွင်နိုင်သူ ဖြစ်သည်။ ဂျက်အား သူ့ဦးလေးက ပျော်ပွဲရွှင်ပွဲလောင်း ကစားနည်းများကို တတ်ကျွမ်း အောင်၊ ဦးစီးနိုငအောင် တစ်မျိုးပြီးတစ်မျိုး အလှည့်ကျ ကူးပြောင်း သင်ကြားစေသည်။

"တစ်နေ့ကျရင် ငါ့လုပ်ငန်းကြီး တစ်ခုလုံးဟာ မင်းလက်ထဲ ရောက်မှာပဲ၊ ဒီတော့ ကစားနည်းတိုင်းမှာ တာဝန်ခံ ဦးစီး နေတဲ့ လူတွေထက် မင်းက ပိုကျွမ်းထားဖို့လိုမယ်"
ဂျက် သည် လေးနှစ်တာ ကာလအတွင်း အပျော်လောင်းကစားနည်း အလိမ်အလှည့်အားလုံးကို ပါရဂူ မြောက် တတ်ကျွမ်းသွားသည့်အပြင် လူ့သဘော လူ့မနောကိုလည်း ကောင်းကောင်းသိသွားသည်။ လူတွေ လောဘ မသတ်နိုင်ပုံကိုလည်း နားလည်လာသည်။
အသက် ၁၈နှစ် အရွယ်တွင် ဂျက်သည် လူချော လူလှ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လာသည်။ သူတို့ အဖွဲ့ထဲမှ ဗိုက်သားလှုပ် အကပညာသည် ကာရင်က ဂျက်အား "သော့" ကစားနည်းကို အပိုမီးဆောင်း သင်ပေး လာသည်။ ကာရင်သည်လည်း ပေါင်တံရှည်ရှည် ကိုယ်လုံးလှလှဖြင့် ရွှေဘိုမင်းကြိုက်ချော ချောသူ ဖြစ်သည်။

"စနေနေ့ညကျရင်လေ ကျွန်မ ဗိုက်သားလှုပ် အကကို ပိုပြီး ခပ်ဟော့ဟော့လေး ကမယ်၊ အဲဒီအချိန်မှာ ရှင် က ပရိသတ်ထဲက နှာဘူးကျတဲ့ လူတချို့ကို ရွေးပြီး ချဉ်းကပ်၊ တစ်ချိန်မှာ တစ်ယောက်ပဲ ခေါ်ထုတ်ပြီး လုပ်နော်၊ သူတို့ကို ဟောဒီသော့ မိတ္တူတွေ တစ်ယောက်တစ်ချောင်းရောင်း၊ တစ်ချောင်းကို ဆယ်ဒေါ်လာ တောင်း၊ အဲဒီသော့က ကျွန်မ အိပ်ခန်းကို ဖွင့်ပြီးဝင်တဲ့ သော့၊ ကျွန်မက ရောင်းခိုင်းတာလို့ပြော၊ ဒီလောက် တော့ ရှင် ကျွမ်းပါတယ်"

ဂျက်သည် သော့ ၁၂ချောင်း ရောင်းလိုက်ရသည်။ ထိုည သန်းခေါင် ပွဲသိမ်းပြီးချိန်တွင် ကာရင်အခန်းဝ၌ သော့ ပိုင်ရှင် ၁၂ယောက် သွားဆုံသည်။  ထိုအချိန်တွင် ကာရင်နှင့် ဂျက်တို့သည် မြို့ထဲရှိ ဟိုတယ်ခန်း တစ်ခု၌ အောင်ပွဲကြီး ခံနေချေပြီ။ နောက်တစ်နေ့ နံနက်တွင် သော့ဝယ်သူများ ဒေါသတကြီးဖြင့် လာသောအခါ ဂျက်တို့အဖွဲ့ ကားတန်းကြီးသည် နောက်တစ်မြို့သို့ ခရီးဆက်နေသည်မှာ ခရီး အတော်ပင် ပေါက် နေပြီ ဖြစ်သည်။

ဂျက်သည် ပျော်ပွဲရွှင်ပွဲ လောင်းကစားအဖွဲ့ကြီးနှင့် လှည့်လည်နေရာ တစ်နေ့တွင် ဂျော်ဂျီယားပြည်နယ် မစ်ဒယ်ဗေလာမြို့သို့ ရောက်သွားသည်။ အဖွဲ့သားများသည် စခန်းချ ပြသဖျော်ဖြေရေးအတွက် ယာယီတဲ စခန်းများ ထိုးနေသည်။
မိန်းမကို သစ်သားပြားချပ်ကြီးတွင် ရပ်ခိုင်းပြီး ဓားနှင့် လွတ်အောင် ပေါက်သော ဓားသမားသည် သူ့အလုပ် ကို ပြင်ဆင်နေသည်။ တပည့်တစ်ယောက်ကို ခေါ်ပြီး အစမ်းလေ့ကျင့်ရန် ပြင်ဆင်သည်။
ထိုအချိန်တွင် ဓားသမား မယားက ဂျက်ကို သူ့ဟိုတယ်သို့ ခေါ်သွားသည်။ ထို့နောက် ဓားသမား ရောက် လာသည်။ ဂျက် သေပြေး ရှင်ပြေး ပြေးရတော့သည်။ နောက်မှ ဓားသမားက ဓားနှင့် လိုက်ပေါက်ရာ ဂျက် နားရွက်နှစ်ဘက်နှင့် လည်ပင်းကြားမှ ကိုယ်ခန္ဓာဘေးမှ ၀ှီးခနဲ ၀ှီးခနဲ ဖြတ်သွားသည်။

ထိုစဉ်က ဂျက် ထွက်ပြေးခြင်းသည် သူ့ဦးလေး၏ နယ်လှည့် အပျော် လောင်းကစား ဇာတ်အဖွဲ့ကြီးမ အပြီး အပိုင် ပြေးခြင်းပင် ဖြစ်တော့သည်။
ထို့နောက် ခြောက်လအကြာတွင် သူ ဗီယက်နမ်သို့ စစ်သားအဖြစ် ရောက်သွားသည်။ ဗီယက်နမ်ရောက် စစ်သား ဘ၀ တွင်လည်း အယူအဆရေး ရာအရ အငြင်းပွားစရာများ၊ ပုဂ္ဂိုလ်ရေးအရ မပျော်ပိုက်မှု များ ကြောင့် သူ အလုပ် ထွက်လိုက်သည်။
ဂျက် ဗီယက်နမ် စစ်သားဘ၀ မကုန်ဆုံးမီ တစ်ပတ်အလိုတွင် ဦးလေးဝီလီ သေဆုံးကြောင်း သတင်းရသည်။ ဦးလေးဝီလီနှင့်အတူ သူ့အဖွဲ့ကြီးလည်း ပျက်သွားသည်။ ထို့အတူ ဂျက်၏ အတိတ် ဇာတ်ကြောင်း လည်း နိဂုံးချုပ်သွားသည်။
ဂျက်အဖို့ ပျော်ရွှင် ချမ်းမြေ့စရာ အနာဂတ်ကို ဖန်တီးရန် အချိန်တန်လာချေပြီ။

ထို့နောက် နှစ်များသည် ဂျက်အဖို့ စွန့်စားရသော နှစ်များပင် ဖြစ်သည်။ သူ့အဖို့တွင် ကမ္ဘာကြီး တစ်ခုလုံး သည် သူ့ဦးလေး ၏ ပျော်ပွဲရွှင်ပွဲ ဇာတ်ကြီးနှင့် တူပြီး လူအများသည် သူ့အတွက် အလိမ်ခံ အညာခံများနှင့် တူလှ သည်။
သူ့တစ်ကိုယ်တော် အလိမ်အညာ လုပ်ငန်းကို စတော့သည်။ သတင်းစာတွင် ကြော်ငြာတစ်ခု ထည့်လိုက် သည်။ ငွေတစ်ဒေါ်လာ ပေးလျှင် သမ္မတ၏ ရောင်စုံဓာတ်ပုံ ပို့ပေးမည်ဟု ကြော်ငြာလိုက်သည်။ ငွေများ ရောက် လာသည်။ သူက သမ္မတ၏ ရောင်စုံဓာတ်ပုံနှင့် ထုတ်ဝေသော တံဆိပ်ခေါင်းကလေးများသာ ပြန်ပို့ လိုက်သည်။ သူ့လိမ်နည်းမှာ အာပတ်လွတ်နေသည်။
မဂ္ဂဇင်းတွင် ဂျက် ကြော်ငြာများ ထပ်ထည့်သည်။ ငါးဒေါ်လာစီ ပို့ပေးရန် ခြောက်ရက်သာ ကျန်တော့သည် ဟု ကြော်ငြာ လိုက်သည်။ ထိုငါးဒေါ်လာနှင့် ဘာပစ္စည်းရမည်ဟု သူ မကြေညာ ...။ သို့သော် ငွေများ ရောက် လာသည်။ သူ အာပတ် လွတ်ပါသည်။

ထို့နောက် သုံးလခန့်တွင် ဂျက်သည် ရေနံ အစုရှယ်ယာ အတုများကို တယ်လီဖုန်းနှင့် ရောင်းသည်။ ဒါလဲ သူ့ အတွက် အဆင်ပြေသည်။
ဂျက်သည် ရွက်သင်္ဘောမျး၌ ၀ါသနာ ပါ သည်။ သူငယ်ချင်း တစ်ယောက်က ဂျက်အား တတီတီကျွန်းသို့ ရွက်လွှင့် ထွက်ခွာမည့် စက်လှေ၌ အလုပ်လုပ်မလားဟု ကမ်းလှမ်းလိုက်သောအခါ ဂျက် လက်ခံလိုက် သည်။ သင်္ဘောသား အဖြစ် လိုက်ပါရန် လက်မှတ် ထိုးလိုက်သည်။

ထိုသင်္ဘောသည် ၁၆၅ပေ ရှည်ပြီး နေရောင်တွင် တောက်ပြောင် ၀င်းလက်နေသည်။ ကုန်းပတ်မှာ ကျွန်းသားများ ဖြစ်သည်။ လျှပ်စစ်မီးဖိုများဖြင့် ချက်ပြုတ်သည်။ သင်္ဘောအမှုထမ်းများ အခန်းက ရှေ့ပိုင်း တွင် ရှိသည်။ ဂျက်အလုပ်မှာ ရွက်အတင်အချတွင် ကူညီရသည်။ သင်္ဘောမှ ကြေးနီသား ပြတင်းပေါက် ဘောင် များကို ပြောင်လက်နေအောင် တိုက်ရသည်။
ထိုသင်္ဘော တွင် အပျော်ခရီးထွက်သူ ရှစ်ဦး ပါလာသည်။
"ဒီရွက်လှေ ပိုင်ရှင် က ဟော်လန်ဒါတဲ့" ဘ၀တူ သင်္ဘောသားတစ်ယောက်က စကားမစပ် ပြောသည်။

သူပြောသော ဟော်လန်ဒါမှာ လူစီ ဟော်လန်ဒါဆိုသူ အမျိုးသမီး ဖြစ်သည်။ အသက် ၂၅နှစ်သာ ရှိသေး သည်။ လှပ ပျော့ပျောင်း၍ လှိုင်းတွန့်ထနေသော ရွှေရောင်ဆံကေသာ ပိုင်ရှင် ဖြစ်သည်။ သူ့အဖေသည် အမေရိကတိုက် အလယ်ပိုင်း တစ်ဝက်နီးပါးကို ပိုင်ဆိုင် ချမ်းသာသူ ဖြစ်သည်။
သင်္ဘောပေါ်တွင် ပါလာသူများသည် လူစီဟော်လန်ဒါ၏ မိတ်ဆွေများ ဖြစ်သည်။
သင်္ဘောထွက်လာသော ပထမနေ့တွင် ဂျက်သည် ကုန်းပတ်ပေါ် နေပူပူထဲ၌ အလုပ်လုပ်နေသည်။ သူ အလုပ် လုပ် နေစဉ် လူစီက လမ်းလျှောက်လာရင်း သူ့ဘေး၌ ရပ်လိုက်ပြီး မေးသည်။
"မင်း သင်္ဘောသား အသစ်လား"
ဂျက်က အလုပ်လုပ်နေရာမှ မော်ကြည့်ပြီး ဖြေလိုက်သည်။

"ဟုတ်ကဲ့"
"မင်းနာမည်က ..."
"ဂျက်စတီဗင်"
"ဟယ် ... နာမည်လေးက ကောင်းလိုက်တာ၊ တို့ ဘယ်သူလဲဆိုတာ မင်း သိသလား"
"မသိ"
"တို့ ...  လူစီဟော်လန်ဒါလေ၊ ဒီသင်္ဘောပိုင်ရှင်ပေါ့"
"သြော် ... ဟုတ်လား၊ ကျွန်တော် ခင်ဗျားဆီမှာ အခု အလုပ်လုပ်နေတာပဲ"
"ဟုတ်ပါသတဲ့ ... ရှင်"
လူစီက ခပ်မျှဉ်းမျှဉ်းကလေး ပြုံးပြီး ပြောလိုက်သည်။ ဂျက်က သူ့အလုပ်ကိုသာ အားကြိုးမာန်တတ် ဆက်လုပ် နေသည်။

တတီတီကျွန်းသို့ ရွက်သင်္ဘော မဆိုက်မီ နောက်ဆုံးညတွင် လူစီ ဟော်လန်ဒါသည် ဂျက်အား သူမ၏ အခန်း သို့ ဆင့်ခေါ်သည်။ လူစီသည် အလွန်ပါးလွှာသော ပိုးသားဝတ်စုံကို ၀တ်ထားသည်။
"ကျွန်တော့် ကို တွေ့ချင်လို့ဆို မဒမ်"
"အင်း ... ဟုတ်တယ်၊ ရှင့်မှာ ချစ်သူ ရှိသလား"
"အဲဒါ ခင်ဗျားအလုပ် မဟုတ်ပါဘူး၊ ဒါပေမယ့် မိန်းမတွေကိုတော့ ကျွန်တော် ကြိုက်တယ်"
"ဘယ်လို ခင်ဗျားအလုပ် မဟုတ်ပါဘူး၊ ဒါပေမယ့် မိန်းမတွေကိုတော့ ကျွန်တော် ကြိုက်တယ်"
"ဘယ်လို မိန်းမမျိုး ရှင်ကြိုက်သလဲ"

"ချောတဲ့ လှတဲ့ ပိုက်ဆံရှိတဲ့ မိန်းမမျိုး ကြိုက်တယ်၊ ကဲ ဘာပြောစရာများ ကျန်သေးသလဲ မစ္စဟော်လန်ဒါ"
"တစ်ခု ကျန်သေးတယ်၊ မနက်ဖြန်ညမှာ တို့ ညစာ စားပွဲ ကျင်းပမလို့၊ သူ လာမလားဟင် ..."
ဂျက်က လူစီကို အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။
"လာမယ်"
"ဒီလိုနှင့်ပင် သူတို့ ဇာတ်လမ်း စခဲ့ကြသည်။

လူစီဟော်လန်ဒါသည် အသက် ၂၁နှစ် မတိုင်မီက ယောက်ျားနှစ်ယောက် ရခဲ့ဖူးသည်။ ယခု ဂျက်နှင့် တွေ့ချိန်တွင် သူမ၏ ရှေ့နေက လူစီကို တတိယယောက်ျား ကွာရှင်းပြတ်စွဲ ပေးထားခါစပင် ရှိသေးသည်။
တတီတီကျွန်း ပါတီတီဆိပ်ကမ်းသို့ သင်္ဘောဆိုက်ရောက်ပြီး ဒုတိယညတွင် ခရီးသည်များနှင့် သင်္ဘော သားများ ကမ်းပေါ်သို့ တက်သွားကြသည်။ ထိုအချိန်တွင် လူစီက ဂျက်အား သူ့အခန်းသို့ လာရန် ဆင့်ခေါ် ပြန် သည်။
ဂျက် ရောက်သွားသော အချိန်တွင် လူစီသည် ဖောင်ပင်လယ်လောက်အထိ တိုသော ပိုးသားဂါဝန် ကျပ်ကျပ်လေး ကို ၀တ်ထားသည်။

"ဒီမှာ ဂျက် ... တို့ကို ကူညီပါဦး၊ စကတ်ချွတ်တာ ချွတ်လို့ မရဘူး၊ ဇစ်ပျက်နေတယ်၊ လုပ်ပေးစမ်းပါဦး"
ဂျက် က လူစီနား လျှောက်သွားပြီး ၀တ်စုံကို လှည့်ပတ်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"သူ့စကတ်မှာ ဇစ်မှ မရှိတာ"
လူစီက ဂျက်နှင့် မျက်နှာချင်းဆိုင် လိုက်ပြီး အချိုသာဆုံး အပြုံးနှင့် ပြောလိုက်သည်။
"တို့ သိပါတယ် ... အဲဒါကိုက ပြဿနာပဲ"
ထိုညက လူစီအခန်းတွင်ပင် ဂျက် အိပ်လိုက်ရသည်။ သူတို့၏ အချစ်ခရီးမှာ ဤနေရာက စသည်။ ထို့ နောက်တွင် သူတို့နှစ်ယောက် ညတိုင်း အတူတူ အိပ်ကြပြီး တတွဲတွဲ ရှိနေကြသည်။ အစပထမတွင် လူစီ၏ သူငယ်ချင်း များက ဂျက်သည် လူစီအတွက် ကစားစရာ အရုပ်ကလေးတစ်ရုပ်အဖြစ် ထင်ကြသည်။ အပျော်တမ်း အပျင်းပြေ သဘောထားကြသည်။ သို့သော်  လူစီက ဂျက်ကို လက်ထပ်ရန် ရည်ရွယ်ထား ကြောင်း ထုတ်ပြောလိုက်သောအခါ သူတို့ အံ့အားသင့်သွားကြသည်။

"အလို ဘုရားရေ ... ဖြစ်မှ ဖြစ်ရလေ လူစီရယ် ...၊ သူက ဘာမှ မည်မည်ရရ မရှိတဲ့ အညတရ၊ အပျော် လောင်းကစားပွဲ အဖွဲ့က အလုပ်သမားဆိုတာ မင်းလဲ သိသားနဲ့၊ သူ့ထက်ပိုပြီး အတည်တကျ ရှိတဲ့ လူမျိုးနဲ့ မင်း လက်ထပ် သင့်ပါတယ်၊ သူက ခြေသလုံး အိမ်တိုင် သမားရယ်ပါကွာ၊ သူ ရုပ်ချောတာတော့ ဟုတ်ပါ တယ်၊ အတူတူ အိပ်တာ တစ်ခုတည်းကို  မကြည့်နဲ့နော်၊ ကျန် အချက်တွေမှာ မင်းနဲ့သူတူနဲ့ မတူတာတွေ တစ်ပုံကြီး သူငယ်ချင်း"
"လူစီ ... ဂျက်က မင်းအတွက် မနက်စာပါကွာ၊ ညစာ မဟုတ်ပါဘူး"
"မင်းက သူ့ထက် လူနေမှု အဆင့်သိပ်မြင့်တယ်၊ မင်း အဆင့်ကိုလဲ မင်းကြည့်ဦးမှပေါ့"
"ပွင့်ပွင့် လင်းလင်း ပြောရရင် ဂျက်ဟာ မင်းနဲ့ဘယ်လိုမှ မတန်ပါဘူးကွာ"

သူငယ်ချင်းများက လူစီအား ထိုသို့ အမျိုးမျိုး ဖျောင်းဖျပြီး ဖျက်ကြသည်။ လူစီကတော့ "သိကြားမင်း ဖျက်တောင် မပျက်နိုင်ပါဘူးရှင်" ဆိုသည့်အတိုင်းပင် ဂျက်မှဂျက်။ လူစီ တွေ့ဖူးသမျှ ယောက်ျားသား များထဲ တွင် ဂျက်သည် သူမအတွက် မက်စရာအကောင်းဆုံး ဖြစ်နေသည်။ ဂျက်ထက် ရုပ်ချော ရုပ်ဖြောင့် သော ယောက်ျားမျိုး တွေ့ဖူးပါသည်။ သို့သော် အေးတိအေးစက်နှင့် အသက်မပါသလို။ ဂျက်ကတော့ ရုပ်လည်း ချောသည်။ စွဲမက်ဖွယ်လည်း ကောင်းသည်။ ထို့ကြောင့် လူစီ စွဲမိပြီ။ လက်လွတ်မခံနိုင်တော့။
လူစီက ဂျက်အား လက်ထပ်ဖို့ကိစ္စကို ပြောလိုက်သောအခါ လူစီ၏သူငယ်ချင်းများ အံ့အားသင့်သွား သလို ပင် ဂျက်ကိုယ်တိုင်လည်း အံ့အားသင့်သွားသည်။

"ဘာဖြစ်လို့ လက်ထပ်ချင်ရတာလဲ၊ ငါ့ တစ်ကိုယ်လုံးကို မင်းရထားပြီပဲ၊ ငါ့မှာ မင်းကို တခြားပေးစရာ ဘာမှ မရှိဘူး။
"ဒါကတော့ လွယ်ပါတယ် ဂျက်ရယ် ...၊ ကျွန်မ ရှင့်ကို ချစ်တယ်၊ ကျွန်မ ဘ၀နဲ့ ကျန်အစိတ်အပိုင်းမှာ ရှင်နဲ့ အတူတူ နေချင်တယ်"
ဂျက် စဉ်းစားရပြီ။ လူစီက မိမိကို လိုချင်နေပြီ၊ သားမယားနှင့် အိုးအိမ်အတည်တကျ ထူထောင်ပြီး နေချင် စိတ် ဂျက်၌ ရုတ်တရက် ပေါ်လာသည်။ သူ့ဘ၀သည် လှည်းဘီးများလို တစ်လျှောက်လုံး တရစပ် လည် နေ ခဲ့ရသည်။ ယခုတော့ ရပ်တန့်ရန် အချိန်သင့် အခွင့်ကြုံလာချေပြီ။
ထို့နောက် သုံးရက်အကြာတွင် တတီတီကျွန်း မြို့တော်ခန်းမ၌ ဂျက်နှင့်လူစီတို့ လက်ထပ်လိုက်ကြသည်။

သူတို့ ဇနီးမောင်နှံ နယူးယောက်သို့ ပြန်ရောက်သောအခါ လူစီဟော်လန်ဒါ၏ ရှေ့နေက ဂျက်ကို သူ့ရုံးခန်း သို့ ခေါ်တွေ့သည်။
"ဒီမှာ ခင်ဗျားလက်မှတ်ထိုး ဖို့ စာရွက်စာတမ်းတွေ" ရှေ့နေစကားဖော်ဂါတီက ပြောသည်။
"ဘာ စာရွက်စာတမ်းတွေလဲ" ဂျက်က ပြန်မေးသည်။

"ကြေညာချက် တစ်မျိုးပေါ့။ တကယ်လို့ ခင်ဗျားနဲ့ လူစီဟော်လန်ဒါနဲ့ ကွာရှင်း ပြတ်စဲကြမယ်ဆိုရင် ..."
"လူစီစတီဗင် ဖြစ်နေပြီလေဗျာ ..."
"အဲ ... လူစီစတီဗင်နဲ့ ခင်ဗျားနဲ့ ပြတ်စဲမယ်ဆိုရင် ခင်ဗျားဟာ သူရဲ့ငွေကြေးပိုင်ဆိုင်မှုမှာ ဘယ်လိုမှ ပါဝင် ပတ်သက်မှု မရှိဘူးဆိုတာ"
"ဘယ်နေရာ မှာ လက်မှတ် ထိုးရမလဲပြော" ဂျက်က မေးကြောကြီးများ တင်းသွားပြီး ပြောလိုက်သည်။
"ကျွန်တော် ပြီးအောင် ဖတ်မပြရတော့ဘူးလား"
"မလိုဘူး၊ ဒီသောက်ပိုက်ဆံမက်လို့ လူစီကို လက်ထပ်တာ မဟုတ်ဘူးဗျ"
"တကယ်ပဲနော် ... ဖတ်ပြဖို့မလို ..."
"ခင်ဗျား ကျွန်ုပ်လက်မှတ် လိုချင်သလား မလိုချင်ဘူးလား၊ ဒါပဲပြော"

ရှေ့နေက လက်မှတ် ထိုးရမည့်နေရာကို စာရွက်ပေါ်၌ ပြလိုက်သည်။ ဂျက်က သူ့လက်မှတ်ကို ကောက်ခြစ် ထိုးလိုက်ပြီး အခန်းထဲ မှ ၀ုန်းခနဲ ထွက်သွားသည်။ လူစီ၏ မော်တော်ကားနှင့် ယာဉ်မောင်းက အောက်ထပ် တွင် အသင့် စောင့်နေသည်။ ဂျက်က ကားပေါ်တက် ထိုင်ပြီး တဟားဟား ရယ်လိုက်သည်။

လူစီက ဂျက်အား မင်ဟက်တန်ရှိ အကောင်းဆုံး အပ်ချုပ်ဆိုင်ကြီးသို့ ခေါ်သွားပြီး အကောင်းဆုံး ၀တ်စုံများ ကို ချုပ်ပေးသည်။ အရပ်အမောင်း ကောင်းပြီး ရူပါဖြူးသော ဂျက်အဖို့ ပိုပြီး သားနား ခန့်ထည်လာသည်။ သူတို့ လက်ထပ်ပြီး ဒုတိယလတွင် လူစီ၏ အခင်ဆုံး သူငယ်ချင်းငါးယောက်က လူစီလစ်လျှင် လစ်သလို ဂျက် အား သွေးဆောင် ဖြားယောင်းကြသည်။ အခွင့်အရေး ပေးကြသည်။ သို့သော် ဂျက်က ရှောင်တိမ်းခဲ့ သည်။ သူ၏ အိမ်ထောင်သည်ဘ၀တွင် လူစီမှ လူစီဟုသာ ဆုံးဖြတ်ချက် ချထားသည်။

လူစီ၏ အစ်ကိုဘတ်ဟော်လန်ဒါက ဂျက်အား သူတို့၏ "နယူးယောက် ပေးဂရမ်ကလပ်" တွင် အသင်းဝင် အဖြစ် သွင်းပေးသည်။ ဘတ်သည် လူလတ်ပိုင်းသာ ရှိသေးပြီး ဟားဘတ်တက္ကသိုလ်ကျောင်းထွက် ဖြစ်သည်။ သင်္ဘောကုမ္ပဏီတစ်ခု၊ ငှက်ပျောသီးစိုက်ခင်း၊ မွေးမြူရေးခြံများနှင့် အခြားလုပ်ငန်း အများ အပြား ကို ပိုင်သူ ဖြစ်သည်။ ဘတ်က ဂျက်အား သူ့သဘောထားအမြင်ကို ရှင်းလင်းပြတ်သားစွာပင် ပြောသည်။
"မင်းဟာ တကယ်တော့ တို့လူတန်းစားရဲ့အပြင်က လူပဲ၊ ဒါပေမယ့် ငါ့ညီမက မင်းနဲ့ အတူတူနေချင်သမျှ ကာလ ပတ်လုံး မင်းကိုငါက ယောက်ဖအဖြစ် လက်ခံရမှာပဲ၊ ငါ့ညီမကို ငါ ချစ်တယ်"
ဂျက် သည် ဘတ်ကို ဆွဲ မထိုးမိအောင် ဒေါသကို မနည်းချုပ်တည်း မျိုသိပ်ထားရသည်။

ကလပ်တွင်မူ ဂျက်သည် ခဏချင်းမှာပင် အသိမိတ်ဆွေ ပေါသွားသည်။ ဂျက်ကို အများက ခင်မင်ကြသည်။
ဂျက်နှင့် လူစီတို့သည် မင်ဟက်တန် အရှေ့ဘက်၌ အခန်းပေါင်း ၂၀ရှိသော အိမ်ကြီးတွင် ထမင်းချက်များ၊ အိမ်ဖော်များ စသည့် အခြွေအရံ အပြည့်အစုံနှင့် နေသည်။ လူစီတွင် လောင်းအိုင်းလင်းနှင့် ဘဟားမားတို့၌ ခြံကျယ်ကြီး များ ရှိသည်။ ဆားဂီးနားတွင် အိမ်တစ်လုံး ရှိသည်။ ပါရီ၌ တိုက်ခန်းကျယ်ကြီး တစ်ခန်း ရှိသည်။ ဂျက်နှင့် လူစီတို့ စတွေ့ခဲ့ရသည့် ဇိမ်ခံအပျော်စီ ရွက်လှေကြီးအပြင် ဒိန်မလာ အပါအ၀င် ဇိမ်ခံ ကားကြီး ကားကောင်းကောင်းလေး ရှိသေးသည်။

ဆက်ရန်
.

1 comment:

လသာည said...

ဂျက်အကြောင်း သိချင်ပါဘူး။ ထရေစီအကြောင်းပဲ သိချင်တာကို..ဒီစာရေးဆရာနှယ် ခက်ပါ့.. :)