ဘဘဦးသုခ
မန္တလေးအနှစ်(၁၅၀)ပြည့်နှင့် ကျွန်မတို့သားအမိ
နှင်းဆီအောင်
မန္တလေးအနှစ်(၁၅၀)ပြည့်နှင့် ကျွန်မတို့သားအမိ
နှင်းဆီအောင်
အမေ့ နာမည် က မတင်ဆောင်တဲ့။ အသက်က (၇၈)နှစ်ရှိပါပြီ။ ပုသိမ်ကြီးအပိုင်း ထဲက ကံကွဲရွာသူ ပါ။ ဆင်ရွာ ကြီး၊ နတ်စိမ်း စတဲ့ ရွာစဉ်တွေနဲ့ တစ်တန်းတည်းပေါ့။
ခေတ်ပျက် နဲ့ ခေတ်နောက်ကျမှုတွေကို ဖြတ်သန်းကြီးပြင်းလာရတဲ့ ကျွန်မတို့ အမေဟာ ရိုးအတဲ့အပြင် စာလဲ မတတ်ရှာပါဘူး။ ဒါပေမဲ့ ဘာသာတရားကို အင်မတန်ကိုင်းညွှတ်ပြီး မေတ္တာစေတနာအင်အား အလွန် ကြီးမားသူဖြစ်ပါတယ်။
တစ်လမှာ လခ(၈၂ိ) သာရတဲ့ သာမာန်ရဲဘော်လေးဖြစ်တဲ့ အဖေနဲ့ လက်ထပ်ခဲ့ပြီး အမေ့ညီအစ်ကို မောင်နှ မများဖြစ်ကြ တဲ့ မခွေးမ၊ မတင်လှိုင်၊ မောင်ညိုတုတ်၊ မမြိုင် စုစုပေါင်း (၄)ယောက်ကို တပါတည်း ခေါ်လာရပါ တယ်။ အဖိုးကဆုံးသွားပြီး အဖွားက ရင်ခွင်ပိုက်ကလေးလေး မောင်မွတ်တား နဲ့ ရွာမှာ ကျန်ခဲ့တယ်။ ဒါလဲ မကြာပါဘူး။ အဖွားဝမ်းပျက်ပြီး ဆုံးသွားလို့ အမေဟာ မောင်အငယ်ဆုံးလေးကို နို့ဗူးတိုက် မွေးခဲ့ရတယ်။
အဖေ့ လစာ၊ နေ့စဉ်ရတတ် တဲ့ ရိက္ခာအစိုလေးနဲ့ မောင်နှမတွေရော ကိုယ်တိုင်မွေးဖွားလာတဲ့ သားသမီး တွေ ရော မငြိုမငြင် ကျွေးမွေးစောင့်ရှောက်တယ်ဆိုတာ နည်းတဲ့ စေတနာမဟုတ်ပါလား။ အမေနဲ့ အဖေ ဘယ် လောက် ခြိုးခြံချွေတာခဲ့ပါလိမ့်မလဲလို့ ခုနေပြန်တွေးမိရင် ကြက်သီးထအောင် ကျေးဇူး တင်မိ ပါရဲ့။
ဒီကြားထဲ အဲဒီတုန်းက သောင်းကျန်းသူခေတ်ဆိုတော့ တိုက်ပွဲပြန်တဲ့အခါ ဒုက္ခသည်ကလေးအချို့ အဖေနဲ့ အတူပါလာတတ်သေးတယ်။ ခေတ္တခဏ စောင့်ရှောက်ပေးရပါတယ်။ အဲဒီအခါလဲ အမေက ငြူစူတယ် မရှိ ပါဘူး။ ကျွန်မတို့နဲ့ တန်းတူ စားစေ၀တ်စေပါတယ်။ ယာယီဧည့်သည်ရှိနေရင် ပျော်စရာဖြစ်အောင် မုန့်ဟင်း ခါး တို့ ထမင်းလက်သုပ် တို့တောင်တကူးတက ချက်ကျွေးတတ်တဲ့ အမေမျိုးပါ။ အမေနဲ့အဖေရဲ့ မီးဖိုချောင် မှာ ကျွန်မ တို့ စိတ်အေးလက်အေးစားခဲ့ကြရတယ်။ စည်းကမ်းသေးသေးလေးတွေတော့ အမေကချမှတ် ပေးလေ့ ရှိပါတယ်။
ဥပမာ - ဧည့်သည်ကို ဦးစားပေးရမယ်။ ဘဲဥဟင်း ဆို တစ်ခြမ်း အသားဟင်းဆို နှစ်တုံး။ အသီးအရွက်ကို တော့ ဖွယ်ဖွယ်ရာရာ နဲ့ လတ်ဆတ်မှုရှိအောင် ကိုယ်တိုင်စိုက်တယ်။ အိမ်နောက်ဖေးမှာ ဗူးစင်ထိုး၊ ချဉ် ပေါင်ခင်း၊ ကန်ဇွန်းခင်း၊ ငြုတ်ပင် နံနံပင်တွေ ရေအိုးဟောင်းမှာပျိုး စသဖြင့် အိမ်နောက်ဖေးမှာ တောအုပ် လေး တစ်အုပ်ဖြစ်အောင် အားလုံးဝိုင်းလုပ်ရပါတယ်။ ရောက်လေရာရာမှာ အပင်စိုက်တတ်တဲ့ အကျင့်ကို အမေ တို့ အဖေတို့က ပျိုးထောင်ပေးခဲ့တာပါ။ နောက်ပြီး အ၀တ်လျှော် မီးပူထိုး၊ ကြမ်းတိုက်၊ ပန်းကန်ဆေး ကစလို့ ကိုယ်စီ ကိုယ်စီ တာဝန်ခွဲဝေပြီး လုပ်ခိုင်းတယ်။ ကိုယ့်တာဝန်မကျေသူဟာ မုန့်ဖိုးတို့ ဟင်းတို့ အဖြတ် ခံရမယ်။ အဲဒီလို စနစ်တကျရှိတဲ့ အမေပါ။
တပ်ထဲမှာ ကလေးတရုံးရုံးနဲ့ အိမ်ဟာ ကျွန်မတို့အိမ်ပါ။
ကျောင်းပိတ်ရက် တွေဆိုရင် လိုင်းတန်းလျားတွေရှေ့က ကစားကွင်းမှာ ကလေးတွေဟာ ဆောင်းဦး ပုရစ်တွေလို စီစီညံလို့ပေါ့။ ငယ်ငယ်ကတည်းက သွေးပေါင်ကျတတ်တဲ့ ကျွန်မက တခြားကလေးတွေလို သန်သန်မာမာ မရှိဘူး။ မသွက်လက်ဘူး။ ဒီတော့ ကစားရတာ အဆင်မပြေဘူး။ အမြဲတမ်းဘေးကနေ တမော့မော့ ငေးနေရတာ များပါတယ်။ အဲဒီလို အခါတိုင်း ကိုကိုဖေသန်းက လှမ်းခေါ်ပါတယ်။
ကိုကို ဖေသန်းဆိုတာက ကျွန်မတို့ ကလေးတွေကို ညတိုင်း သင်္ချာနဲ့ အင်္ဂလိပ်စာ သင်ပေးတတ်တဲ့ ဆရာပါ။ သူက ဒုအရာခံ ဗိုလ်ကြီး ဘဘအောင်နဲ့ မေမေသောင်းတို့ရဲ့ တစ်ဦးတည်းသော သားပီပီကလေးအလွန် ချစ်ပါတယ်။ စာသင်တာတောင် မုန့်ကျွေးပြီး သင်ပေးသူပါ။ သူ့ညကျောင်းလေးက သိပ်ပျော်စရာကောင်းခဲ့ တာပေါ့။
ပါတာနီပဲလှော် လို့ခေါ်တဲ့ ပဲကြီးလှော်နီနီ၊ မြေပဲဆားလှော်၊ ကြံသကာ။ နောက် သူစိုက်ထားတဲ့ ခြံထဲက ကြံ ချောင်းချိုချိုတွေနဲ့ စင်ပေါ်ကနေ ဆွတ်ခူးစားရတဲ့ ပင်မှည့်သီးခေါ်တဲ့ ဖျော်ရည်သီးတွေ။ တစ်နေ့မှာ အရောင် သုံးခါပြောင်းတဲ့ ဖျော်ရည်သီးတွေ။ တစ်နေ့မှာ အရောင်သုံးခါပြောင်းတဲ့ သုံးပန်လှ၊ ဇီဇ၀ါပန်းနှင့် နှင်းဆီပွင့် တွေက အထူးဆု။ ယောက်ျားလေးတွေ အတွက် နှစ်တန်းဘားလဲ ဆင်ထားပေးသေးတဲ့ အဲဒီအိမ် မှာ ကလေးတွေ ပျော်ကြတာမဆန်းဘူးပေါ့။ ငေးနေတဲ့ ကျွန်မကို ခေါ်ပြီး ခြံထဲမှာ ရေလောင်း ပေါင်းသင် ခိုင်း တတ်တယ်။ ကျွန်မ ဖျားနေတယ်ထင်ရင် " သွား အခန်းထဲမှာ ပုံပြင် စာအုပ်တွေရှိတယ်။ သွားဖတ် " လို့ ခိုင်းတတ်ပါတယ်။
ကိုကိုဖေသန်းအခန်းထဲမှာ စာအုပ်တွေက အများကြီးရယ်။ ဂျာနယ်တွေ စာစဉ်တွေလဲရှိတတ်တယ်။ ကျွန်မ ကပုံပြင်တွေ ရွေးဖတ်ရတာပေါ့။
ဘ၀မှာ အရေးပါတဲ့ နေ့တစ်နေ့ကိုလဲ အဲဒီအခန်းထဲမှာ ကျွန်မ စတွေ့ခဲ့တယ်။
ကိုကိုဖေသန်းစားပွဲပေါ်မှာ ခေါင်းအုံး နဘေးမှာ မကြာမကြာ တွေ့ရတဲ့ စာအုပ်တစ်အုပ်ကို ကောက်ကိုင် လိုက်မိတာဟာ ဘ၀မှာ အခန်းသစ်ပါပဲ။ ပထမဦးဆုံး ဖတ်ရတဲ့ဝတ္ထုပါ။
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ (သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည်ခိုင်)ဆိုတဲ့ စာအုပ်ပါ။
အောက်မြန်မာပြည်ရဲ့ စိမ်းစိမ်းစိုစို မြင်ကွင်းတွေကို ကျွန်မတို့က ရခဲ့ပြီးသားမှာ ဆရာက ပြည့်ဝအောင် ထပ်ပြီး ဖွဲ့ပြခဲ့တဲ့အပြင်။
မောင်နဲပခိုင်တို့ရဲ့ ကြည်လင်အေးမြလှတဲ့ ကလေးဘ၀။
နောက် အယူအဆပါဝင်တဲ့ တော်လှန်ရေးနဲ့ တိုက်ပွဲတွေကြားက လူတွေ ...။ စိတ်တွေ ...။ တက်နေရင်း စိတ်တွေ လှုပ်ရှားလိုက်ရတာ။
တစ်ဝက်ပြတင်းလေး အောက်မှာ ထိုင်ရင်း နေ့ရက်များစွာ ထမင်းမေ့။ ဟင်းမေ့။ ကျွန်မအောက်က ညီမလေး ကို မွေးနေတဲ့ အမေလဲ ကျွန်မကိုမေ့လို့ပေါ့။ မေ့လျော့ခြင်းခံရတာဟာ တခါတလေမှာ ပိုကောင်း စေပါတယ်။
အဲဒီမှာ ညိုဝင်း (မှောင်လွန်းသောညများ၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပြန်ဆိုတဲ့ (ဧရိပ်ဆာယာ)၊ စာလုံးပွိုင့်အကြီးကြီးတွေနဲ့ ဘုန်းမောင်တစ်ယောက်ထဲ အဲဒါတွေနဲ့ ကျွန်မ ဆုံစည်း အံ့သြနေခဲ့ရတယ်။ သွေးသောက် ရှုမ၀ စတဲ့ မဂ္ဂဇင်းတွေလည်း ကျွန်မ ဖတ်ခဲ့ရတယ်။ နိုင်သလောက်ဖတ်ခဲ့ရတယ်။
အဲဒီတုန်းက ဘ၀များသိပ်ဇိမ်ရှိတာပဲ။ အိမ်အလုပ်ပြီးတာနဲ့ စာသွားဖတ်တော့တာပဲ။ မေမေ သောင်းက ငှက်ပျောသီးလေး လာထားသွားလိုက်။ ကောက်ညှင်းထုတ်လေး လာထားသွားလိုက်နဲ့ နောက်ထပ် ဘယ်တော့ မှ မရတော့တဲ့ စည်းစိမ်မျိုးပေါ့။
ကလေးတွေများလွန်း လို့ ညတိုင်ဆို ခြင်ထောင်လှပ်ပြီး တစ်နှစ်သုံးလေး ရေကြည့် လူစစ်ရတဲ့ အမေ့ အနေနဲ့ တစ်နေ့လုံးလုံး ကျွန်မ စာအုပ်နဲ့ ပြီးနေတာ ဘယ်သိမလဲ။ မေမေသာင်းတို့ အိမ်ကို သွားတယ်ဆိုရင် အမေ က မပူတော့ဘူးလေ။ ပူစရာထဲ လိုမှမလိုတာ။ လှမ်းခေါ်ရင် ကြားရတယ်။
အဲ့ဒီတုန်းက ကျွန်မက သုံးတန်းကျောင်းသူပေါ့။ လေးတန်းတက်ရမဲ့နှစ်မှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ င၀န်ဆိပ် ကမ်းကနေ ဗန္ဓကသင်္ဘောကြီးစီးပြီး ရန်ကုန်ကို။ ရန်ကုန်ကနေ ရထားစီးပြီး မန္တလေးကို ပြောင်းခဲ့ ရတယ်။
ကျွန်မကတော့ ကိုကိုဖေသန်းရဲ့ စာအုပ်တွေနဲ့ မေမေသောင်းရဲ့ ဂရုစိုက်မှုတွေထားရစ်ခဲ့ရလို့ ငိုမစဲပေါ့။
မန္တလေးကိုရောက်တော့ လိုင်းခန်းမရခင် ကျွန်မတို့ ခေတ္တနားရတဲ့အိမ်က စိတ္တရမဟိရပ်ကွက်ထဲက အဖေ့ မိတ်ဆွေ ကြီးကြီးဒေါ်ကြင်မေတို့အိမ်ပေါ့။ အဲဒီအိမ်က အဲဒီခေတ်မှာ ဘယ်သူမှ သိပ်မလုပ်သေးတဲ့ ကာ တွန်းဆိုင်လေး ဖွင့်ထားတယ်တဲ့လေ။ ကဲ ကျွန်မကံကောင်းလိုက်ပုံက သူတို့အိမ်ကလည်း ကလေးရှား တယ်တဲ့။ ဒီလိုနဲ့ သောကြာနေ့ ကျောင်းဆင်းရင် ကြီးကြီးတို့ အိမ်သွား။ တနင်္လာနေ့မနက်ကျမှ နန်းတွင်း ထဲကို ပြန်တဲ့အကျင့် တစ်ခုစွဲခဲ့တယ်။ နန်းတွင်းထဲကို ပြန်တဲ့အကျင့် တစ်ခုစွဲခြ့တယ်။ အသွားအပြန် ပျော်ပျော်ကြီး လမ်းလေဆာက်နိုင်ခဲ့တယ်။
သော်က (အရိုင်း)၊ စံရွှေမြင့်၊ ကြံ့ဗဟုံးက စလို့ ကာတွန်းတင်အောင်နီအထိ အားရပါးရ ဖတ်ရတယ်။ ကြီးကြီး ရဲ့ သားသမီးတွေဖြစ်တဲ့ မမသန်း၊ မမအုံးနဲ့ မမစုတို့က ၀တ္ထုစာအုပ်တွေ ကိုယ်ပိုင် ၀ယ် ဖတ်ကြတော့ ဒေါ် ခင်ဆွေဦး ဆီမီးတစ်ထောင်တို့ ငြိမ်းကျော်တို့ နိုင်ဝင်းဆွေတို့ စသည်ဖြင့် ဆုံရပြန်ရော။ တခါ တလေ ကျွန်မနဲ့ ရွယ်တူ သိန်းဇော်တို့နဲ့ ဆုတောင်းရဘုရားထဲသွားဆော့ စာအုပ်တွေဖတ်နဲ့။ ဘ၀ရဲ့ လတ်ဆတ်မှု တွေ တစ်ပွေ့ကြီး ပွေ့ရချိန်ပေါ့။
နောက်တော့ နန်းရှေ့ကို ပြောင်းရတယ်။ ကျွန်မအတွက် စာအုပ်တွေဖတ်စရာချို့တဲ့သွားချိန် ဖြစ်ပါတယ်။ ဒါနဲ့ တစ်လစာ ရတဲ့မုန့်ဖိုးနဲ့စာအုပ်တွေ ၀ယ်ဖတ်ရတယ်။ အဲဒီမှာ အမေနဲ့ကျွန်မ ပြဿနာစဖြစ်ရတာပါပဲ။
အမေဖြတ်သန်း လာခဲ့တဲ့ဘ၀နဲ့ ခေတ်က ကြမ်းတမ်းရုံသာမက အရာရာနောက်ကျခဲ့ရတာဆိုတော့ မိန်း ကလေး တစ်ယောက် စာဖတ်တာဟာ အချိန်ဖြုန်းတာသက်သက်လို့ အမေက ယူဆတယ်။ တစ်အိမ်လုံး မှာမှ တစ်ယောက်တည်း ပါလာတဲ့ ၀ါသနာဆိုတော့ အမေနဲ့ရင်ဆိုင်ရတာ သိပ်ခက်ခဲတာပါ။ အရိုက်တောင် ခံရ တယ်။ အမေက ကြိုက်ကို မကြိုက်တာဆိုတော့ ကျွန်မလဲ စိတ်ပင်ပန်းခဲ့ရပါတယ်။ တခါတလေတအား ၀မ်း နည်းခဲ့ရတယ်။
အဲဒီမှာ အဖေက .....
ကျွန်မတာဝန်ခွဲတမ်းတွေပြီးရင် စာဖတ်။ စာကြည့်ချိန်မှာ ပြင်ပစာ လုံးဝမဖတ်ရ။ ဖတ်တာတွေ့ရင် အခွင့် အရေးကို ဖျက်သိမ်းရမယ်လို့ ကြားဝင်ပေးခဲ့လို့ တစ်သက်လုံး ကျေးဇူးတင်မိပါရဲ့။ အမေ့ရဲ့ မျက်စောင်းဒဏ် နဲ့ စကားသံတွေကိုတော့ တ၀ကြီး လက်ခံရပါတယ်။ ဒါပေမဲ့ ကျွန်မက ခံနိုင်ရည်ရှိပါတယ်။ မုန့်ဖိုး က စာအုပ်ဝယ်ရတာနဲ့တင် ကုန်တော့ ညီအစ်မငါးယောက်ထဲမှာ ကျွန်မက အရောင်မဲ့ပေါ့။ သွားစို့လာ စို့ဆိုရင် တခါတလေ ဖိနပ်တောင် ကောင်းကောင်းမရှိခဲ့ဘူး။ အ၀တ်အစားဆိုတာကတော့ ဝေးပေါ့။ ပွဲတွေ လမ်းတွေကို မမက်မိလို့တောင် ကိုယ့်ကိုကိုယ် ကျေးဇူးတင်ရပါတယ်။ ပိုက်ဆံဘယ်ကရရ စာအုပ် ၀ယ်လိုက် ရရင် စိတ်ချမ်းသာသွားတာပဲ။ လိုချင်တဲ့ စာအုပ်ကလေးများရမယ်ဆိုရင် ပိုက်ဆံတောင် ချေးငှား ၀ယ်ခဲ့ရပါရဲ့။
အိမ်ထောင်ကျတော့လဲ ရွှေတစ်မှုန်မှ မရှိဘူး။ စာအုပ်ချည်းစုမိတယ်။ ပထမအိမ်ထောင်နဲ့ ကွာရှင်းပြတ်စဲကြ တော့ ကလေးစရိတ် တောင်းရမဲ့အစား ကျွန်မ စာအုပ်သေတ္တာလေးသာ ပို့ပေးပါဆိုပြီး ကျေကျေ နပ်နပ် လက်မှတ်ထိုးပေးခဲ့တာမျိုးပါ။ အ၀တ်အစားတောင်မယူမိဘူး။ စာအုပ်တွေ မစုံမှာကို ပူမိပါရဲ့။
အဲဒီအဖြစ်က အမေနဲ့ပြင်းပြင်းထန်ထန် စိတ်ဝမ်းကွဲရတဲ့ အဖြစ်ပါ။ အပြင်စာတွေဖတ်ပြီး အတွေးအခေါ်တွေ ဖရိုဖရဲဖြစ်ခဲ့လို့ အိမ်ထောင်ရေး ပြိုကွဲရတယ်လို့ ခိုင်ခိုင်မာမာ ယူဆသွားတဲ့အမေက စာဖတ်တဲ့ကိစ္စကို အတင်းအကြပ် ချုပ်ကိုင်ပါတယ်။ ပိုဆိုးတာက ကျွန်မက သာမန်စိတ်ဓာတ်မျိုးမရှိဘူးဆိုတာ အမေနားမ လည်ဘူး။ မိန်းမဆိုတာ အိမ်ထောင်ရေးအတွက် အရာရာကို စတေးနိုင်ရမယ်လို့ အမေကလက်ခံတယ်။ အမေ မမှားပါဘူး။ ဒါပေမယ့် ကျွန်မလည်း မမှားဘူး။ တစ်ကန့်စီပါလို့ ရှင်းပြပေမယ့် အမေက မရဘူး။ ကြား ၀င် ရပ်တည်ပေးမဲ့ အဖေကလဲဆုံးပြီဆိုတော့ ကျွန်မနဲ့ အမေရဲ့ ပဋိပက္ခကဆိုးတယ်။ ပြန်မတွေးချင်မိအောင် စိတ်ကျဉ်းကြပ် ခဲ့ရတယ်။
အမေကိုပိုပြီး စိတ်တိုအောင်လုပ်မိတာက ကျွန်မက အဲဒီကာလမှာ စာရေးချင်စိတ် အရူးအမူး ဖြစ်နေခဲ့ လို့ပါ။ ဟိုရေးသည်ရေး ရေးစပြုပြီဆိုတော့ အာရုံကတစ်ခြားဘယ်မှာမှ မရှိဘူး။ စားလဲဒီစိတ်၊ သွားလဲ ဒီစိတ်၊ ကျွန်မ ဘယ်လိုဖြေရှင်းရသလဲဆိုတော့ အလုပ်စောစောသွား လ္ဘက်ရည်ဆိုင်ထိုင်ဖတ်။ အပြန် မိုးချုပ် တာနဲ့ မနီး မဝေးက သူငယ်ချင်းခင်အုန်းမြင့် (နည်းပြ မြန်မာစာ)အိမ်ကို သွားဖတ်ရတယ်။ ရေးချင် တာ ရေးရတယ်။ သူတို့ အိမ်က စိတ်ချရတဲ့ အိမ်ဖြစ်လို့ လွတ်လွတ်လပ်လပ် နေခွင့် ရခဲ့ပါတယ်။
ဒီတုန်းမှာ စာပေစိတ်ဓာတ် အပြည့်အ၀ရှိသလို စာအုပ်တွေ အလျှံပယ်ရှိတဲ့ (သီရိသစ္စာ)ဆိုတဲ့ စာအုပ်ဆိုင် ကလေး က ကျွန်မကို ညပိုင်းစာအုပ်ငှားအကူလုပ်ဖို့ ကမ်းလှမ်းလိုက်တော့ အရမ်းကို အဆင်ပြေ သွားခဲ့ ရတယ်။ စာအုပ်တွေရဲ့ကြားက ရနံ့နဲ့တင် ဘ၀က နေလို့ပျော်ပါတယ်။
စာအုပ်ဆိုင်ရှင် ဦးညို ရဲ့ ကျေးဇူးကြောင့် ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို ကြိုက်သလောက် စိတ်အေး လက်အေး ဖတ်ခွင့်ရခဲ့တယ်။
ပါရဂူ၊ မြသန်းတင့်၊ ချစ်ဦးညို၊ ကြည်အေး၊ မိုးမိုးအင်းလျား၊ တင်မောင်မြင့်၊ မောင်ထွန်းသူ ရှိရှိသမျှ ဘယ် ဟာ မှမလွတ်ရအောင် ဖတ်ခွင့်ရခဲ့တယ်။ ဘ၀ရဲ့ တန်ဖိုးရှိလှတဲ့ ကာလများပါ။ စာရေးဖြစ်ဖို့ ခွန်အားဥာဏ်အား တွေ အပြည့်ရခဲ့တဲ့ အချိန်ဆိုလဲ မှန်ပါတယ်။ ဒီလိုနဲ့ ၀တ္ထုလေးတွေ ကြိုးစားပန်းစား စမ်း သပ် ရေးဖြစ်ခဲ့တယ်။
ဒုတိယအိမ်ထောင်ဖက်ကို အမေက
" သူ့ကို ဂရုစိုက်ပါ။ ခေါင်းမာတယ်၊ ချူချာတယ်" လို့ ပြောပြီး အပ်ခဲ့ပေမယ့် ကျွန်မကိုတော့ စကားဟဟ မပြောပါဘူး။ ဒီတော့ ၀တ္ထုတိုလေး တစ်ပုဒ်နှစ်ပုဒ် ဖော်ပြခံရတာကိုလဲ ကျွန်မက အမေသိအောင် မပြောဝံ့ပါ ဘူး။ အရွဲ့တိုက်တယ်ထင်မှာစိုးတာလဲ ပါပါတယ်။
အမေက ကျွန်မသား သူ့မြေးကြီးကို သိပ်ပြီး ကြင်နာချစ်ခင်သလို ကျွန်မနဲ့ ပတ်သက်တဲ့ စာပေအသိုင်း အ၀ိုင်းက ပုဂ္ဂိုလ်တွေအပေါ်မှာ သိပ်ကို ညွတ်နူးပါတယ်။ လေးစားကြည်ညိုစိတ် အပြည့်အ၀နဲ့ သူတတ်သ လောက် ဂါရ၀ထားပါတယ်။
ကျွန်မကို မျက်နှာသာမပေးတာကတော့ ကျွန်မကလဲ မိုက်တာကိုး။ ဒေါသမာန်လို ၀တ္ထုမျိုးကို တစ်နေ့နဲ့ တစ်ညထိုင်ပြီး တောက်လျှောက် ဖတ်တာ အမေက ဒေါသဖြစ်ပြီး မီးထပိတ်ရင် အမေပါ အိပ်ရေး ပျက်ရရော။ မနက်ရောက်တော့ ကျွန်မက အထူးဆက်အိပ်နေရင် ခေါင်းရင်းထရံကို တံမြက်စီးနဲ့ ရိုက်တာ မျိုးလဲ အမေက လုပ်သေးတယ်။ နေမြင့်အောင် အိပ်တယ်ဆိုတာ မိန်းကလေးအလုပ်မှ မဟုတ် တာကိုး။
ကျွန်မ တစ်သက်မှာ ကျွန်မထက် နောက်ကျမှ အမေအိပ်ယာထတာ တခါမှမကြုံခဲ့ပါဘူး။ ကျွန်မတို့ နိုးပြီ ဆိုတာနဲ့ ဆွမ်းတစ်အိုးကျက်လို့ သနပ်ခါးမွှေးမွှေးလေးနဲ့ ဘုရားကန်တော့နေတဲ့ အမေ့ကို ... သားသမီး မြေးမြစ်တွေစားဖို့ ချက်ပြုတ်နေတဲ့ အမေ့ကို ... အပင်တွေရေလောင်း ပေါင်းသင်နေတဲ့ အမေ့ကို ... မြင်နေ ရတာ ခုထိ။
သီလကောင်းလိုက်ပုံကလည်း ဒီအရွယ်ထိ မျက်စေ့မမှုန် သွားမကျိုး၊ ခါးတို့လို့မှ မယောင်တတ်ဘူး ဆေးရုံ ဆေးခန်း နဲ့ ကင်းပြတ်တဲ့သူ...။
ကျွန်မ မျက်မှန်မပါရင် လမ်းထွက်ဖို့ခက်။ အအိပ်အစားပေါ့ဆလို့ ခဏခဏ နာဖျားတတ်သူ။ သွားတွေဆို နုတ်ရလွန်းလို့ ပြန်မစိုက်ဖြစ်ပဲ ယိုင်ကျဲနေတဲ့သူ။
ဆက်စပ်မှု အင်အားနည်းနေတဲ့ ကျွန်မတို့ သားအမိကြားကို ခိုင်မာတဲ့ တံတားသစ်ကြီး ထိုးခင်းထားလိုက် တာကတော့ (၂၀၀၉)ခုနှစ်မှာ ထွက်ပေါ်ထုတ်ဝေခဲ့တဲ့ မန္တလေးအနှစ် (၁၅၀)ဆိုတဲ့ စာအုပ်ကြီးပါ။
မန္တလေးအသင်း (ရန်ကုန်)နဲ့အတူ ထွန်းဦး စာပေရဲ့ ဦးဆောင်မှုများနဲ့ မန္တလေးစာပေသမားတွေ အင်တိုက် အားတိုက် လှုပ်ရှားနေကြတာတွေ မြင်ရကြားရပါတယ်။ ဆရာ မောင်တင်သစ်၊ ဆရာ ဇော်မင်းသန်း၊ ဆရာ ဥက္ကာကျော် တို့တွေနဲ့အတူ အားလုံး ၀ိုင်းဝန်းနေကြတာတွေ ကြားရတော့ ၀မ်းသာအားရ ဖြစ်မိတယ်။ လူငယ်တွေ ဆိုပေမဲ့ သူတို့တတွေ သွက်လက်ကြတယ်။ ကိုမော်မင်းသန်းဆိုရင် ဘာစာအုပ်လိုလို သူ့ကို အကူအညီ တောင်းတိုင်း ကူညီတတ်သူပါ။ ဥက္ကာကိုတော့ သူ့ဒီဒေးစာအုပ်ဆိုင်ကို ကျွန်မက သွားရောင်း လိုက်ဝယ်လိုက်လုပ်နေခဲ့လို့ သတိပြုမိခဲ့ပါတယ်။
စာမူ ရေးပို့ချင်စိတ်ရှိလာပေမဲ့ ကျွန်မ တော်တော် သတ္တိမွေးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ အနှစ်(၁၅၀) ဆိုတဲ့ အရှိန်အ၀ါကကြီးတယ်။ အလုံးအရင်းနဲ့ ဖြစ်တည်ခဲ့မှုကို ကမ္ဗည်းတင်ကြရတာဆိုတော့ တာဝန်လဲ ကြီးကြတယ်။ မှားလိုက်ရင် ထင်းကနဲမြင်ရမှာ။ ဒီလိုနဲ့ ကျွန်မပို့ဖြစ်တယ်။ အမေက အဲဒီ မန္တလေးအနှစ်(၁၅၀) ကိုတော့ စိတ်ဝင်စားမှုရှိတယ်။ အမှန်ကတော့ အမေမှ မဟုတ်ပါဘူး။ မန္တလေးသူကြီး တွေ မန္တလေးသားကြီး တွေ အားလုံး စိတ်ဝင်စားတန်ဘိုးထားကြပါတယ်။
စာအုပ်ကြီးထွက်လာပြီး ပါလာတယ်ဆိုတော့ ကျွန်မ အမေ့ဆီပြေးတယ်။ ဦးဦးဖျားဖျား မြင်စေ့ချင်တယ်။ အမေ တကယ်လည်း မြင်ပါတယ်။ စာမဖတ်တတ်ရှာတဲ့ အမေဟာ ဓါတ်ပုံတွေ ပန်းချီတွေနဲ့ ကြော်ငြာတွေ အားလုံး ကို တစ်ရွက်ခြင်း သေချာကြည့်သည်။ ကြည့်ပြီးမှ အားရပါးရ သက်ပြင်းရှည်ကြီး ချရှာတယ်။ ကျွန်မ ကိုပြုံးပြီးကြည့်တယ်။
ကျွန်မ အသက်ရှုအောင့်ထားတုန်း အမေက ပြောပါတယ်။
" ဒါမှ ငါ့သမီး" တဲ့။ ပြီးမှ ဆက်ပြောပါတယ်။
အနှစ်(၁၅၀)စောင့်ပြီးမှ ထွက်လာတဲ့ စာအုပ်အကြီးကြီးပဲ။ အမေသဘောကျလိုက်တာ။ အတုမရှိ၊ ကုသိုလ် တော် ကို ဦးထိပ်ထားပြီး ဘ၀ရှင် မင်းတရားကြီး၊ အရှင်(၂)ပါးနဲ့ တော်ဘုရားက စလို့ ဈေးချိုတော်နဲ့ ဓာတ်ရ ထား၊ ဆန်လှူသင်းနဲ့ မြို့မ မကျန် လှကလေးစိန်၊ ထက်ထက်မိုးဦးထိ ပါတဲ့ စာအုပ်ကြီး" လို့ ပြောသေးတာ။ လာသမျှလူကိုပြပြီး မဆီမဆိုင် ပြောသေးတယ်။
" မန္တလေးရာပြည့်ပွဲတုန်းကများ မှီလိုက်ရင် ကျုပ်သမီး ဘယ်လိုများ ရေးမလဲမသိဘူး"တဲ့။ သနားဖို့ ကောင်း လိုက်တဲ့ အမေရယ်။ ကျွန်မဖြင့် ဘယ်လိုကြီးနေရမှန်း မသိအောင် ခံစားရတယ်။
အကြောင်းကြောင်းတွေကြောင့် ပါဝင်မရေးဖြစ်တဲ့ ကိုယ်ရှေ့ကဆရာ၊ ဆရာမကြီးတွေကြားရင် ကျွန်မ အတွက် ရှက်စရာကောင်းအောင်ကို အမေဂုဏ်ယူနေရှာတာ မြင်ရတော့ ရှက်ရှက်နဲ့ ၀မ်းမြောက်ရ တယ်။ ပီတိဖြစ် ရတယ်။ ဘ၀ကချက်ခြင်း စိုပြေလင်းလက်လာသလို ခံစားရတယ်။
မကြာပါဘူး။ ဆရာကြီးဦးသုခ ရာပြည့်အတွက် အမေနေ့ ဖြစ်မြောက်ရေးအဖွဲ့က ဆရာကြီး ဦးဘုန်းမြင့် အောင်နဲ့အတူ မန္တလေးစာပေသမားတွေ လှုပ်ရှားအလုပ်များလာကြပြန်ပါတယ်။ အနှစ်(၁၅၀)စာအုပ်ကြီး ကလဲ သွေးပူနေဆဲဖြစ်တော့ အဲဒီက လူငယ်တွေလဲ ပူးပေါင်းလုပ်ကိုင်နေကြတာ ၀မ်းသာစရာမြင်ရ ကြားရ ပါတယ်။
ကျွန်မကတော့ မျှော်ငေးသူပေါ့။
ကိုယ့်ကိုကိုယ် ဗဟိုပြုပြီးတွေးနေမိတယ်။
မြန်မာပြည် တနံတလျားက ကြည်ညို လေးမြတ်ကြရတဲ့ ဘဘဦးသုခနဲ့ အတွင်းကျကျ နီးကပ်နွေးထွေး သူများ တော်တော်ရှိခဲ့ပါတယ်။ အဲဒီဝန်းရံထားခဲ့တဲ့ ပုဂ္ဂလ်များကသာ အနှစ်ကျတဲ့ ဘဘ ရဲ့ အမြိုက်တရား ကို ထုတ်ဖော် ပူဇော်နိုင်ပေလိမ့်မယ်လို့ ယူဆမိတယ်။ ကြီးမားလှတဲ့ ဘဘရဲ့ ထုထည်ကို တို့ ထိကြည့်နိုင်ဖို့ ကျွန်မ တို့ မှာ မလွယ်ပါဘူး။
စိတ်ထဲမှာ ရှိနေတဲ့ ကိုယ့်ရဲ့ ပူဇော်ဂါရ၀ပြုမှုတွေဟာ အကန်းကာလာစပ်သလို ဖြစ်သွားမှာစိုးတဲ့စိတ်။
လေးနက်ပြီးသား တန်ဖိုးတွေကို ကိုယ်ကပိုပြီး နက်ရှိုင်းအောင် ပူဇော်နိုင်အားရှိပါ့မလားဆိုတဲ့စိတ်တွေနဲ့ ငေး လို့ ကြည့်နေခဲ့မိပါတယ်။ ဘာမှမလှုပ်ရှားနိုင်ပါဘူး။ ဒါပေမယ့် အဲဒီလို ခံစားရစိတ်တွေကိုတော့ သတိရ တိုင်းပြော နေမိတယ်။
အမေကလဲ ဘာပြောလာလဲဆိုတော့ ...
" အဲဒီစာအုပ်ကြီးက မန္တလေးအနှစ် (၁၅၀)လို ထူးထူးမှတ်မှတ် လာမှာထင်တယ်နော်...။ ငါ့သမီး ရေးနိုင်ရင် သိပ်ကောင်းမှာပဲ "တဲ့။
ကျွန်မကို သွေးနွေးပေးတဲ့အနေနဲ့ အမေက သူသိမီသလောက် သူနားလည်သလောက် ဘဘ ဦးသုခရဲ့ အကြောင်းခြင်းရာတွေကို စကားစပ်ပြီး ပြောရှာတယ်။ ကျွန်မ အမေ့ကို သနားနေမိတယ်။ အမေပြောသမျှ အကြောင်းတွေက လူတိုင်း သိပြီးသားတွေ ဖြစ်နေတယ်ဆိုတာ စာပေနဲ့ အလှမ်းဝေးလှတဲ့ အမေက မသိရှာ ဘူးလေ။
ရက်တွေက အကုန်မြန်လိုက်တာ။ ကျွန်မလဲ ဂဏာမငြိမ် ပိုဖြစ်လာတယ်။ အမေစိတ်ချမ်းသာသွားအောင် လုပ်ပေးချင်စိတ်နဲ့ စာတွေ ပြန်ဖတ်။ ထူထူပူပူနဲ့ ဟိုဟိုဒီဒီမေး။ လိုရင်းကို မရောက်နိုင်ဘူး။ ဗျာများနေတဲ့ ကျွန်မကိုကြည့်ပြီး တစ်ရက်မှာ အမေက ကျွန်မကို ပြောလာပါတယ်။
အဲဒီ စကားဆုံးသွားတော့ အားလုံးက လက်ခုပ်တီးပြီး သြဘာပေးကြပါတယ်။ ကျွန်မကတော့
" ဒါမှ ငါ့အမေကွ "လို့ လက်ခမောင်းခတ်လိုက်မိတယ်။ အမေပြောပုံက ရိုးလွန်းလို့ ရှင်းကနဲ လင်းသွားတာ မျိုးပေါ့။
" ကတည်းမှအေ။ ငါ့သမီးညည်းစာရေးနေပြီ ဘာစဉ်းစားနေတာလဲ။ အမေပြောမယ် နားထောင်စမ်း ...။"
သုဆိုတာ သုခမိန် ဒါမှမဟုတ် ကောင်းတဲ့မွန်တဲ့မင်္ဂလာ ကို ပြောတာလေ။
ခ ဆိုတာ ၀န်းရံနေတာလေ။
ဒီတော့ သုခဆိုတာ ကောင်းမွန်သော အရာတွေ ၀န်းရံနေသူလို့ အဓိပ္ပါယ်ရတယ်။ အဲဒါလေးကို ရေးလိုက် လေ" တဲ့။
ဟုတ်ကဲ့ပါ အမေ... ။ အမေ့သမီးရေးလိုက်ပါပြီ။
အမေ၀မ်းမြောက်နိုင်ပါစေ။
နှင်းဆီအောင်
ဆရာဦးသုခနှင့်
သူတို့အမြင် သူတို့သဘောထား
သူတို့အမြင် သူတို့သဘောထား
ဒေါ်စံရှားတင်
ဦးသုခ ကို ကျွန်မအမြင်ဖြင့်ပြောရရင်
(၁) ဆရာဟာ စာပေ ပညာရော အနုပညာမှာပါ လေးစားထိုက်သော ဆရာဂုဏ်မြောက်သော ဆရာတစ်ဦး ဖြစ်ပါတယ်။
(၂) ငယ်စဉ်က ဆရာနဲ့ ဇာတ်ကား (၃)ကား (ချစ်တော့ချစ်တယ်၊ သူ၊ သူပြန်လာပြီ) ရိုက်ခဲ့ဖူးပါတယ်။ ဆရာ ဦးသုခဟာ တစ်ခါထဲ ဇာတ်ကွက်ကို သဘောပေါက်ပြီး သရုပ်ဆောင်နိုင်အောင် ထူးထူးခြားခြား သင် ပြနိုင်စွမ်းလဲ ရှိပါတယ်။
(၃) ကျွန်မ အလေးစားဆုံးနဲ့ အကြောက်ဆုံး ဆရာနှစ်ယောက်ရှိပါတယ်။ ဆရာ ဦးသုခနဲ့ ဆရာကြီး ရွှေဒုံး ဘီအောင်ပါ။ ဆရာ ဦးသုခဟာ သူသင်ပြတဲ့ လေယူလေသိမ်းနဲ့ သရုပ်ဆောင်မှု မတူညီမချင်း လုံးဝရိုက်ကူး ခွင့်မပေးတဲ့ လေးစားထိုက်သော ဆရာပါဘဲ။
(၄) အခုခေတ်မှာတော့ ဘက်စုံထောင့်စုံတော်တဲ့ ဆရာဦးသုခလို့သာ ဆိုချင်ပါတယ်ရှင်။
ဆရာအကြောင်းကို တွေးရင် ဘ၀သံသရာ သီချင်းကို ကြားယောင်မိသလို ဆရာ့ရဲ့ ပုံရိပ်ကိုလဲ မြင်ယောင် မိပါတယ်။
စာရေးရာမှာရော ဒါရိုက်တာပညာမှာ သာမက အဆိုပညာပါ ထူးချွန်ထက်မြက်လှတဲ့ ဆရာဦးသုခကို ဤစာ နဲ့ ဂါရ၀ပြုလိုက်ပါတယ်။
ဆက်ရန်
.
No comments:
Post a Comment