ဘယ်သူပြိုင်လို့လှပါတော့နိုင်
ရွှေဘိုတူးမာ
ရွှေဘိုတူးမာ
ဒါရိုက်တာ စာရေးဆရာကြီး ဦးသုခသည် အသက်(၉၆)နှစ် ၂၀၀၅ ခု၊ ဒီဇင်ဘာ (၇)ရက်နေ့ နံနက် ၁၁း၃၀ နာရီ တွင် ရန်ကုန်မြို့ အမှတ်(၂) တပ်မတော်ဆေးရုံကြီးမှာ အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန် သည် တဲ့။
သတင်းစာထဲမှာ နာရေးကြော်ငြာဖတ်ရစဉ်က ကျွန်မတို့မှာ ၀မ်းနည်း ကြေကွဲခဲ့ရတယ်။ ယူကြုံးမရ တသ နှ မှောမိပါတယ်။ ပျောက်သောသူ ရှာရင်တွေ့၊ သေသောသူ ကြာရင်မေ့သတဲ့။ အဲဒီဆိုရိုးစကားဟာ ကျွန်မတို့ အတွက်တော့ မမှန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဟာ ဆရာကြီးကို လွမ်းဆဲ၊ သတိရဆဲ၊ တမ်းတဆဲ၊ ကြည်ညိုလေးစားဆဲမို့ပါ။
ကြည့်စမ်းပါဦး၊ ဆရာကြီးဟာ လူ့လောကကို ကလောင်ကိုင်ရင်း၊ ရုပ်ရှင်ရိုက်ရင်း ဟောပြောရင်း သီချင်းဆို ရင်း အကျိုးပြုခဲ့တာ အလှဆင်ခဲ့တာ အနှစ် (၁၀၀)ပင် ရှိပါပေကောလား။
ဆရာကြီး ရဲ့ ဂုဏ်ပုဒ်တို့ဟာ အထူးများပြားလှပါတယ်။ ရေးဖွဲ့လို့ မကုန်နိုင်ပါ။ ဒါရိုက်တာ စာရေးဆရာကြီး တဲ့။ အဆိုတော် သရုပ်ဆောင်တဲ့။ ဒါရိုက်တာ အဖြစ်နဲ့လည်း " သြော် မိန်းမ (၁၉၅၄)၊ ဘ၀သံသရာ (၁၉၅၆)၊ စကားပြောသော အသည်းနှလုံး (၁၉၅၆)၊ ကျွန်မမှာ မိန်းမသား (၁၉၇၀)၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင် (၁၉၇၃)၊ ရွှေခြည် ငွေခြည်တန်းပါလို့ (၁၉၇၅) စတဲ့ ဇာတ်ကားနဲ့အတူ ဘ၀ သံသရာ သီချင်း ဟာလည်း ရေပန်းစားခဲ့ပါတယ်။ ပြည်သူများအတွက် စိန်စီသော တေးတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။
" ဘ၀သံသရာ ... ရှည်လျားထွေပြား ... မနေမနား ... တသွားထဲသွားကြတာ ... ခရီးပန်းတိုင် ... မရောက် မချင်း ... တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွာလာတဲ့ "
ကောင်းလိုက် တဲ့ အဓိပ္ပါယ် လှပတဲ့ သံစဉ်နဲ့ ဆရာကြီးရဲ့ ဆိုဟန်ကလည်း ထန်တွေ မာန်တွေ အပြည့်။ ကျွန်မ တို့ ရဲ့ ရင်ထဲအသဲထဲမှာ ယနေ့အထိ စွဲငြိဆဲပါ။
အော် ဆရာကြီး ရဲ့ အနုပညာအားမာန်တို့ဟာ ယနေ့ချိန်ထိ ကြီးမားဆဲ ... ကျယ်ပြန့်ဆဲ ... နက်ရှိုင်းဆဲ ပါတကား။
စာရေးဆရာဖြစ်တဲ့ ဆရာကြီးရဲ့ လောကကို အကျိုးပြုခဲ့ပုံတွေက များပြားလှပါတယ်။ မှတ်မိသမျှတွေးပြီး ရေးပြ လိုပါတယ်။ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ဖြစ်ပေါ့။
" အမေနေ့များ " ဖြစ်ပေါ်လာပုံကတော့ ဆရာကြီး ဟောပြောခဲ့သမျှ ရေးသားခဲ့သမျှထဲမှာ ထင်ရှားတဲ့ မှတ် တိုင် တွေပါ။ ဆရာကြီးဟာ ကျိုက်လတ်သားဖြစ်တယ်။ ငယ်ရွယ်စဉ်က ရန်ကုန်လာပြီး စီးပွားရှာခဲ့တယ်။ စီးပွားဖြစ် လာတော့ မိဘများကို လုပ်ကျွေးပြုစုတယ်။ မိဘကျေးဇူးဆပ်တယ်။ ဒါပေမဲ့ အားရအောင် မပြုစု လိုက်ရဘဲ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားခဲ့တယ်။ အဲဒီအခါ ဆရာကြီးရင်ထဲမှာ ဝေဒနာတစ်ရပ် ခံစားလာရ တယ်။ အဲဒါကတော့ မိဘကျေးဇူး ကို အားရပါးရ မဆပ်လိုက်ရခြင်းဘဲ။
ဒါကြောင့်လဲ ဆရာကြီးဟာ အသက်(၅၀)ကျော် (၆၀)ကျော်တွေ တွေ့တိုင်း မိဘသဖွယ် ပြုစုကျွေးမွေး တယ်။ ပြီးတော့ ဟောသမျှရေးသမျှ တွေဟာ "မိဘကျေးဇူး"နဲ့ "မိခင်မေတ္တာ"တို့ရဲ့ ဂုဏ်တွေ ပါဘဲ။
၁၉၉၂ ခုနှစ်က ဆရာကြီးဟာ ဂျပန်ကို သွားခဲ့တယ်။ ဂျပန်မှာ အလုပ်လုပ်နေတဲ့ သားကို တွေ့ဖို့ပါ။ ဆရာကြီး ဇနီး လည်း ပါတယ်။ ဒါရိုက်တာသင်းသင်းယုလည်း ပါတယ်။ သင်းသင်းယု သား ကလည်း ဂျပန် မှာ အလုပ်လုပ်နေတာပါ။
ဂျပန်ပြည်တိုကျိုကိုရောက်တော့ သားရဲ့ မိတ်ဆွေက ဖိတ်လို့ အဲဒီအိမ်ကို အလည်သွားကြတယ်။ အဲဒီ နေ့က မေလ(၅)ရက်နေ့ဖြစ်တယ်။ မေလ (၅)ရက်နေ့ဟာ ဂျပန်ပြည်မှာတော့ " အမေများနေ့" တဲ့။
အိမ်ရှင်ဟာ အိမ်ဝမှာ ပန်းစည်းကိုင်ပြီး ဆီးကြိုတယ်။ ဆရာကြီးက အိမ်တွင်းကို ဦးစွာ ၀င်ရောက်သူ ဖြစ်တယ်။ ဒါပေမဲ့ အိမ်ရှင်က ဆရာကြီးကို ပန်းစည်း မဆက်ဘူးတဲ့။ ဒုတိယ ၀င်ရောက်လာတဲ့ ဇနီးသည်နှင့် သင်းသင်းယု တို့သာ ပန်းစည်းဆက်သတဲ့။
" ငါ့ကို ဘာလို့ ပန်းစည်းမဆက်တာလဲ" လို့ ဆရာကြီးမှာ နားမလည်နိုင်အောင် ဖြစ်ရတယ်။ အဲဒီတော့မှ အိမ်ရှင် က ရှင်းပြတယ်။ မိုင် (၃၀၀၀)လောက်ဝေးတဲ့ မြန်မာပြည်က သားများကို တွေ့လို့ ဇောနဲ့ ဂျပန်ကို လာတဲ့ အမေ များကို ဂုဏ်ပြုတဲ့ ပန်းစည်းတဲ့။
ဒီတော့မှ ဆရာကြီးလည်း သဘောကျပြီး ကျေနပ်သွားတယ်။ အိမ်ရှင်က ဆက်မေးတယ်။
"ဆရာကြီး တို့ မြန်မာနိုင်ငံ မှာ အမေများနေ့ရှိသလားတဲ့။"
ကျွန်မ တို့ မြန်မာပြည်မှာ မရှိပါဘူး။ ဒါပေမယ့် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို အထင်မသေးစေလိုလို့ သီတင်းကျွတ်လပြည့်နေ့မှာ မိဘဆရာသမားများကို ကန်တော့ပေးလေ့ရှိကြောင်း ဖြေခဲ့တယ်။
ဆရာကြီးရဲ့ ရင်ထဲမှာ အဲဒီ ၁၉၂ ခုနှစ်ကတည်းက " အမေများနေ့"ဟာ သန္ဓေတည်ခဲ့တယ်။ ဆရာကြီး အသက်(၈၇)နှစ် ၁၉၉၇ ခုနှစ်ရောက်မှ အမေများနေ့ကို မွေးဖွားနိုင်ခဲ့ပါတယ်။ ပထမဦးဆုံးသော အမေများ နေ့ကို မန္တလေးမြို့ သာသနာ့ဗိမာန်မှာ ကျင်းပခဲ့ကြတယ်။
အဲဒီနေ့က ဆရာကြီးကိုယ်တိုင် ဟောပြောခဲ့တာပါ။ သာသနာဗိမာန်တစ်ခုလုံး စာနာပရိသတ်တွေ အပြည့် အလျှံပါ။ ကြက်ပျံမကျစည်ကားပြီး အောင်မြင်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်။ အဲဒီနေ့က ဆရာကြီးဟာ ဟောပြော ပွဲမစမီ ရင်ထဲအသည်းထဲက လာတဲ့အသံ နဲ့ "အမေ"လို့ အော်ခေါ်လိုက်ပါတယ်။ "အမေ "လို့ အော်ခေါ် သံဟာ ဗိမာန်ကြီး တစ်ခုလုံး တုန်ဟီးသွားစေပါတယ်။ " အမေ " " အမေ " ဆိုတဲ့အသံတွေ ပဲ့တင်ထပ်စေခဲ့ ပါတယ်။ အဲဒီ အခါမှာ ခံစားနားလည်တတ်တဲ့ ပရိသတ်တို့ဟာ " အမေ "ကို သတိရပြီး တမ်းတအောက်မေ့ ကြပြီး မျက်ရည်ဖြိုင်ဖြိုင်ကျကြပါတယ်။ ခေါင်းငုံ့ပြီး ငိုကျွေးကြပါတယ်။ မျက်လုံးများ မှိတ်ထားကြပြီး မျက်ရည် တွေ က အလိုလိုစီးကျလာကြပါတယ်။ အဲဒီနေ့က -
ဝမ်းသာလို့ကျတဲ့မျက်ရည်
ဝမ်းနည်းလို့ကျတဲ့မျက်ရည်
သတိရလို့ကျတဲ့မျက်ရည်
နောင်တရလို့ကျတဲ့မျက်ရည် တွေပါဘဲ။
ပြီးတော့ ဆရာကြီးက "အမေ" ဆိုတဲ့ ဂုဏ်ရည် ဂုဏ်ပုဒ် ကို ဒီလိုမှတ်ယူ ပူဇော်သင့်ကြောင်း မိန့်ကြားခဲ့ ပါတယ်။
" အမေ " ဆိုတာ
ဥစ္စဓနပေါများသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ
ဂုဏ်ရှိသည်ဖြစ်စေ၊ ဂုဏ်မဲ့သည်ဖြစ်စေ
အမျိုးမြတ်သည်ဖြစ်စေ၊ အမျိုးနိမ့်သည်ဖြစ်စေ
ပညာရှိသည်ဖြစ်စေ၊ ပညာမရှိသည်ဖြစ်စေ
ရုပ်ရည်တင့်တယ်သည်ဖြစ်စေ၊ မတင့်တယ်သည်ဖြစ်စေ
ကျန်းမာသည်ဖြစ်စေ၊ မကျန်းမာသည်ဖြစ်စေ
ကိုယ့်ကျင့်တရားပြည့်ဝသည်ဖြစ်စေ၊ ချို့တဲ့သည်ဖြစ်စေ
မိခင်ဝတ္တရားကျေပွန်သည်ဖြစ်စေ၊ မကျေပွန်သည်ဖြစ်စေ
" ပဓာန " မဟုတ်တဲ့။
" အမေ သည် အမေသာဖြစ်သည် "
ဆိုသော အနှစ်သာရကိုသာ ကြည်ညိုကြရန်တဲ့။
မှတ်သားထိုက်ပါသည် ဆရာကြီး၊ တကယ်တော့ လောကကို အလှဆင်ရာမှာ "အမေများ" ဟာ ပေးဆပ် ခြင်းဖြင့် တန်ဆာဆင်လျက် ရှိကြပါတယ်။ ကောင်းကင်ဟာ ကြယ်တာရာနှင့် မကင်းနိုင်သလို လူသားတွေ ဟာ အမေများ နဲ့ မကင်းကြပါ။
ထိုအမေများသည် မိမိတို့ဘ၀ မိမိတို့ မိသားစုဘ၀ တင့်တယ်လှပရန် "ပေးဆပ်ခြင်း" "အနစ်နာခံခြင်းဖြင့်" တည်ဆောက် ပေးနေကြသူများဖြစ်လို့
ထိုအမေ များသည် "ဘယ်သူပြိုင်လို့လှပါတော့နိုင်"ဟု တင်စားက မမှားနိုင်ပါ။
ပြီးတော့ ဆရာကြီး ဦးသုခသည်လည်း
" ဘယ်သူပြိုင်လို့လှပါတော့နိုင်ပါပဲ"
ရွှေဘိုတူးမာ၊ ၂၈-၈-၀၉
ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဂီတစာဆို၊ တေးသံရှင်၊ သတင်းထောက်၊
စာရေးဆရာအဖြစ် ထင်ရှားခဲ့သော ဆရာကြီးဦးသုခမှာ (၇-၁၂-၂၀၀) ခုနှစ်တွင် ကွယ်လွန်ခဲ့သဖြင့် မြန်မာ့ စာပေလောက၊ ရုပ်ရှင်လောက၊ ဂီတလောကအတွက် အစားထိုးမရနိုင်သော ဆုံးရှုံးမှုတစ်ရပ်ပင်ဖြစ်ပါ သည်။ ဆရာကြီးကား ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီဆုကို သြော်မိန်းမ၊ ဘ၀သံသရာ၊ စကားပြောသော အသည်းနှလုံး၊ ကျွန်မမှာမိန်းမသား၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင်၊ ရွှေချည်ငွေချည်တန်းပါလို့ ဇာတ်ကား များဖြင့် (၆)ကြိမ် တိုင်တိုင် ဆွတ်ခူးရရှိခဲ့ပါသည်။
ကျွန်တော်တို့ ငယ်စဉ်က ဆရာကြီးပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားများကို ကြည့်ခဲ့ဘူးရာ "ဂုဏ်ရည်မတူ" ဇာတ်ကားတစ်ကားကိုသာ ညွှန်းဖွဲ့ရေးပါမည်။ ထိုဂုဏ်ရည်မတူဇာတ်ကားကို ယခုအသက် (၆၀)ကျော် သူများသာ ကြည့်ဘူးကြမည်ဟု ထင်ပါသည်။ ထိုဇာတ်ကားတွင် ဆရာ ဦးသုခနှင့် ဒေါ်မေသစ် မှာ မောင်နှမဖြစ်ပြီး ဇရပ်တစ်ဆောင်ပေါ်တွင်နေ၍ တောင်းရမ်းစားသောက်သူများဖြစ်သည်။ အခြားသူ တောင်းစား များလည်း ကိုယ့်မိသားစုနှင့်ကိုယ် စုဖွဲ့နေထိုင်ကြသည်။ ထိုခေတ်ထိုအချိန်အခါက မြို့ပေါ်ရှိ ဓမ္မာရုံ တစ်ချို့၊ ဇရပ်တစ်ချို့ပေါ်တွင် သူတောင်းစားများ ကိုယ့်အုပ်စုနှင့်ကိုယ် စုဖွဲ့နေထိုင်ကြသည်။ မန္တလေး တောင်ပြင် အရပ်တွင်လည်း အရှေ့ (၄၅)တာဇရပ်ပေါ်တွင် လည်းကောင်း၊ ရှမ်းစုဘူတာရှိ ဇရပ်ပေါ် တွင် လည်းကောင်း၊ စုဖွဲ့နေထိုင်ကြသည်ကို တွေ့မြင်ရပါသည်။
ကိုယ့်အကန့်နှင့်ကိုယ် ကြိုးတန်းများ၊ အ၀တ်များ၊ စောင်များဖြင့် အခန်းဖွဲ့နေထိုင်ကြလေသည်။ အ၀တ် တွေ တိုးလို့တန်းလန်း၊ ခွက်တွေ၊ ပလုံးတွေ ဟိုရောက် ဒီရောက်နဲ့ ဖြစ်သလိုနေကြသည်။ ညနေ တောင်း ပြန်လာရင် သူ ဘယ်လောက်ရတယ် ကိုယ်ဘယ်လောက်ရတယ်ဆိုပြီး ပြောဆိုကြတာလည်းရှိတယ်။ မိမိတို့ တောင်းရမ်း စားရမယ့် နယ်မြေလည်း ခွဲဝေသတ်မှတ်ထားတယ်။ မကျူးကျော်ကြေးပေါ့။ ဆရာကြီး ဦးသုခ က မျက်မမြင်ဒုက္ခိတဖြစ်ပေမယ့် မယ်ဒ လင်တီးတတ်တယ်။ ဒေါ်မေသစ်က ရှေ့မှ တုတ်ဆွဲပြီး တစ်လမ်းဝင် တစ်လမ်း ထွက် သီချင်းဆို ဆရာကြီး ကမယ်ဒလင်တီးပြီး တောင်းကြတယ်။ အဲဒီသီချင်းလေးကတော့ ...
" ပုဗ္ဗေစ အခြေမလှတဲ့သူကို ... သဒ္ဒါတအား နည်းများမဆို ... သနားကရုဏာပို ... ပေးကမ်းစေလို ... "တဲ့။
အဲဒီသီချင်းလေးက မြန်မာတစ်နိုင်ငံလုံးရှိ သူတောင်းစားများပါးစပ်ဖျားမှာ ရေပမ်းစားပြီး သူတို့တောင်းတဲ့ အခါမှာ ဒီသီချင်းကိုဆိုပြီး တောင်းရမ်းကြတယ်။ ကလေးတွေလည်း ရတော့ရတယ်။ ဒါပေမယ့် လူကြီး တွေ က မဆိုရဘူး၊ ဆိုရင် ဟန့်တားတယ်။ နမိတ်မရှိဘူး။ ကျက်သရေမရှိဘူးပေါ့ ...။ သရုပ်ဆောင် ကောင်း လွန်းသော ဆရာကြီး ဦးသုခလည်း အမည်တစ်ခုရလိုက်ပါတယ်။ " သူတောင်းစား သုခ" ... တဲ့။
ဒီနာမည်ကြီးကို ဆောင်းပါးခေါင်းစဉ်မှာတပ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဆရာကြီး ဂုဏ်သိက္ခာကို စော်ကား ရာများ ရောက်မလားဆိုတာရယ်၊ လူငယ် စာပေသမားတွေက အပြစ်တင်မှာ ကြောက်လို့ရယ် မတပ် ခဲ့ ပါဘူး။ သူတို့ နေတဲ့ဇရပ်ကို မင်းသားခင်မောင် (ဖာတစ်လုံးဂေါင်းကြားခင်မောင်) ကားမှောက်ပြီး ဘ၀မေ့ကာ ရောက်လာ တယ်။ သူ့နာမည်လည်း သူမသိပါဘူး၊ ဒါ့ကြောင့် သူ့ကို ပေါက်စီလို့ ဆရာကြီးတို့က အမည် ပေးတယ်။ ဒေါ်မေသစ်နာမည်က မယ်သုံ ... တဲ့၊ ဒါကြောင့် ပေါက်စီ - မယ်သုံဆိုရင် သူတို့ရဲ့ ဇာတ်လမ်းလေး ကို သိ ကြတယ်။ ပေါက်စီနဲ့ မယ်သုံတို့ အနေကြာလာတော့ အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညိ တာပေါ့။ အစ်ကိုကြီးဖြစ်သူ မျက်မမြင်ဦးသုခက ညီမလေးကို သတိပေး ရှာပါတယ်။ လူကုံတန်ထဲက ဖြစ်မယ် ညီမလေး၊ တစ်နေ့ ညီမလေးပူဆွေးသောကရောက်လိမ့်မယ်၊ သူ့ကို စိတ်မ၀င်စား နဲ့လို့တော့ ဆုံးမပါတယ်။ ဒါပေမယ့် သိတဲ့ အတိုင်းပဲလေ (Love is Blind) ပေါ့။ ပေါက်စီ - မယ်သုံ ဆိုတဲ့ နာမည်ဟာလည်း လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပမ်းစားခဲ့တယ်။
တစ်နေ့တော့ မင်းသားခင်မောင်ဟာ သစ်ကိုင်းကြီးတစ်ခုနဲ့ ခေါင်းကိုတိုက်မိပြီး သူ့ဘ၀သူ ပြန်သတိရလာ တယ်။ ဒါကြောင့် ဦးသုခတို့ မောင်နှမသွားတောင်းနေတုန်း ဇရပ်ထဲကနေ သူနေတဲ့တိုက်ကို သူပြန်သွား တယ်။ မယ်သုံကိုလည်း မသိတော့ဘူး။ ဦးသုခကိုလည်း မသိတော့ဘူး။ သူတောင်းစားတွေနေတဲ့ ဇရပ်ကို ရွံရှာစက်ဆုပ်တဲ့အကြည့်နဲ့ ကြည့်ပြီး ထွက်သွားတယ်။ ဦးသုခတို့ မောင်နှမတောင်းရမ်းပြီး ပြန်လာတော့ ပေါက်စီကို မတွေ့ရတော့ဘူး။ ဇရပ်ပတ်ဝန်းကျင်ကို ဒေါ်မေသစ်လိုက်ရှာတယ်။ ဘယ်လိုမှ ရှာမတွေ့ တော့ဘူး။ ဒေါ်မေသစ် အချစ်နာကျပြီပေါ့။ လွမ်းရဆွေးရပြီပေါ့။ အဲဒီတော့ မျက်မမြင်ဦးသုခ က နှမလေး ကို အသနား ပိုခဲ့တယ်။ ဒါပေမယ့် ဘယ်လိုမှ မတတ်နိုင်ဘူးလေ။
နောက်နေ့တွေမှာတော့ ထုံးစံအတိုင်း မောင်နှမနှစ်ယောက် မိမိပိုင်နက်ရပ်ကွက်တွေထဲမှာ တစ်လမ်းဝင် တစ်လမ်းထွက် တောင်းရမ်းရတယ်။ မတောင်းလို့လည်း မဖြစ်ဘူးလေ။ ၀မ်းရေးက ရှိသေးတာကိုး။ မောင်နှ မနှစ်ယောက်ရဲ့ မျက်နှာဟာ အရင်လိုမဟုတ်တော့ဘူး။ ညိုးငယ်နေတယိ၊ မရွှင်ပျဘူးပေါ့။ ဒါပေမယ့် တိုက် ဆိုင်တာက သူတို့ရဲ့ တောင်းရမ်းပိုင်ခွင့်နယ်မြေအတွင်း မှာ ဦးခင်မောင်ရဲ့ ကြီးမားတဲ့ တိုက်ကြီးနဲ့ ၀င်းခြံ အကျယ်ကြီးရှိနေတယ်။
" စစ်မက်စစ်ရေး - ရန်သူ့ဘေးကြောင့်၊
အပြေးအလွှဲ - ဆွေမျိုးကွဲသား
ပြည်ထဲရေးရာ - ခက်သည်သာတည့်" ... တဲ့။
တစ်ခါ ...
" ပြည်ထဲရေးထက် - ၀မ်းရေးခက်၏။
ဝမ်းရေးထက် - လွမ်းရေးခက်၏" ... တဲ့။ သိဝိဘုရင်ကြီးဟာ ဥမ္မာဒန္တီကို အစွဲအလန်းကြီးလို့ မစားနိုင် မသောက်နိုင် ဖြစ်ရသလို ... မယ်သုံတစ်ယောက်လည်း အချစ်ဝေဒနာကြောင့် မစားနိုင်၊ မသောက်နိုင်ဖြစ် ခဲ့ရတယ်။ အချစ်ဆုံး တစ်ဦးတည်းသော နှမလေးရဲ့ ဒုက္ခိတအစ်ကိုကြီး ဦးသုခလည်း ဘယ်လို ကြည့်ရက် နိုင်ပါ့မလဲ။ အဲ နောက်တော့ တောင်းရမ်းရင်း မူလသီဆိုနေတဲ့ သီချင်းနေရာမှာ သီချင်းတစ်ပုဒ်အစားထိုး ၀င်ရောက် လာတယ်။ အဲဒီသီချင်းလေးက ...
" လေးကျွန်းစင်္ကြ၀ဠာ ... မဟာသမုဒ္ဒရာ
ခရီးပြင်နှယ် ... ဥပမာ နိုင်းလောက်ဖွယ်
အပြောကျယ် ... အချစ်နယ် ... ခရီးပြင်ကျယ်
ချစ်ရေယာဉ်စီးကာ ... ကူးခပ်ခါလှော်ကြတယ်
ဘယ်လိုပဲကျော်ကြစေကွယ် ... ပစ္စည်းဂုဏ်
ဓနဂုဏ် ... ပညာဂုဏ်တွေနဲ့ ... မျိုးရိုးဇာတိသွေးကို
တွေးကြည့်ရင်မရွှင်ဘွယ် ... အစဉ်တကယ်အနှောက်
အယှက်ဘေးတွေကြုံတွေ့ပါလို့ ... ချစ်ရသူမယ် ...
ဗျာပါကြွယ် ... အချစ်မီးတွေနယ် ... ဆွေးသမျှရယ်
ဂုဏ်ရည်မတူရင် ခဲသမျှ လွဲအောင်ဖန်တတ်တယ် ... "
ကဲ ... ဒီသီချင်းလေးကရော ကောင်းမှကောင်းပေါ့။ အရွယ်ရောက်နေတဲ့ အပျို လူပျိုတွေရဲ့ နှုတ်ဖျားမှာ အဆင်မပြေ သူတွေ ရင်တွင်းခံစားချက်နဲ့ ဆိုနေကြတယ်။ တစ်ပြည်လုံးရဲ့ နှုတ်ဖျားမှာ တိုးတိုးတစ်မျိုး ကျယ်ကျယ် တဖုံ ဆိုနေကြတယ်လေ။ ကျွန်တော်တို့ကတော့ အရွယ်မရောက်သေးလို့ ခံစားချက်မရှိဘဲ အပျင်းပြေ ဆိုကြတယ်။
ကိုပေါက်စီကြီး ခြံဝမှာ ဦးသုခတို့ မောင်နှမ မသိလို့ ၀င်တောင်းတော့ ကိုပေါက်စီ ကိုယ်တိုင် ငွေတစ်မတ် (သို့မဟုတ်) ငါးမူးစေ့တစ်စေ့ ထည့်ပေးလိုက်တယ်။ မယ်သုံ က ထွက်ပြေးတယ်။ ကိုပေါက်စီ ဦးသုခနဲ့ မယ်သုံ ရဲ့ မျက်နှာကိုမြင်တော့ တွေဝေသွားတယ်။ သူနဲ့အနီးကပ် နေလာတဲ့သူတွေကိုး။ စဉ်းစား လိုက်တော့ ကိုပေါက်စီဟာ တရေးရေး အတိတ်ဘ၀ ကို ပေါ်လာတယ်။ အဲဒီတော့ မြန်မာဇာတ်ကားတို့ရဲ့ ထုံးစံ အတိုင်း မင်းသမီးမင်းသားညားမှ ဖြစ်မယ်လေ။ သူတို့ဘယ်လိုညားသွားသလဲတော့ မမှတ်မိ တော့ပါဘူး။ ဒီဇာတ်ကား ရဲ့ အကောင်းဆုံး ဇာတ်ပို့ဟာ လူတကာလေးစားရတဲ့ ဆရာကြီးဦးသုခ ဖြစ်ပါ တယ်။
အဲဒါကြောင့် အမည်နာမတွေရဲ့ သဘောသဘာဝကို တင်ပြရရင် ...
(က) နွားဟူသော သတ္တ၀ါတစ်ခု၌ပင်၊ နုထွတ်သေးငယ် နို့စို့သောအရွယ်နွားသူငယ်ကို၊ ၀စ္စဟုခေါ်ပါသည်။ နှစ်-နှစ်၊ သုံးနှစ်နွားဖြန်းဖြစ်၍ ဆုံးမလောက်သော အရွယ်နွားသူငယ်ကို ဒမ္မဟုခေါ်ပါသည်။ ဆုံးမပြီး၍ လှည်းထွန် ဆီဆုံ ကုန်စည်စေပါး ခိုင်းစားလောက်သောအရွယ်ကို ဗလိဗဒ္ဓဟုခေါ်ပြီး ကြီးရင့်အိုမင်း လှည်း ထွန် ကင်း၍ လွှတ်ခြင်းအရွယ်ရောက်တဲ့အခေါ် ဇရဂ္ဂ၀ဟုခေါ်ပြန်ပါသည်။
ဤကား အခိုက်အတန့်ကိုစွဲ၍ ပြောင်းလဲခေါ်ဝေါ်ကုန်သော အ၀တ္တိက အမည်ဖြစ်ပါသည်။
(ခ) ရွှေသော အဆင်းကိုစွဲ၍ ရွှေနှင့်တူသော အဆင်းကိုစွဲ၍ သုတဏ္ဏသာမ၊ သုဝဏ္ဏသဒ္ဒ။ မည်းညစ်သော အဆင်းကိုစွဲ၍ ကဏှ၊ ကာလီ၊ ကာလီဒါသ၊ ရှည်သောအရပ်ရှိခြင်းကြောင့် ဒီဃတာလ၊ ဒီဃပိဋ္ဌိစသဖြင့် အဆင်းသဏ္ဍာန် ပုံဟန်ကိုစွဲ၍ ခေါ်သော လိင်္ဂိက အမည်ဖြစ်ပါသည်။
(ဂ) အကြောင်းမဘက်-သက်သက်အားဖြင့် သူတစ်ပါးတို့မှတ်သားခေါ်ဝေါ်ရုံသာ တိဿ၊ မိတ္တ၊ မောင်လှ၊ မောင်မြ စသည့် ခေါ်သော အမည်သည် အဓိစ္စသမုပ္ပဒ္ဒ အမည်ဖြစ်ပါသည်။
(ဃ) ဒါန၊ သီလ၊ ပါဏာတိပါတ၊ ကောင်းမှု၊ မကောင်းမှု ဂုဏ်အထူးနှင့် ကျေးဇူးယုတ်-မြတ်၊ ဂုဉ်နှင့်ကပ်၍ ထပ်ကြပ် မည့်ခေါ်အမည်သော်ကား နေမိတ္တိက၊ အမည်ဟူ၍ ခေါ်ဆိုပါကြောင်း ထူးခြားမှုကိုအစွဲပြု၍ ခေါ် ဝေါ်ခြင်းဖြစ်သည်။
ထို့ကြောင့် ဂုဏ်ရည်မတူ "ဇာတ်ကား တွင် ဆရာကြီး ဦးသုခ ၏ ထူးခြားစွာသရုပ်ဆောင်နိုင်မှုကို အစွဲပြု၍ "သူတောင်းစားသုခ" ဟုအမည်တွင်ကြောင်း တင်ပြရပါသည်။
ရာစိုး (လူမှု့)
ဆက်ရန်
.
No comments:
Post a Comment