Wednesday, December 29, 2010
စည်းစိမ်ရှင် ဘာသာပြန် ကိုယ့်ဘဝနဲ့ကိုယ် ...ဟုတ်တယ်မဟုတ်လား?
ကိုယ့်ဘဝနဲ့ကိုယ် ...ဟုတ်တယ်မဟုတ်လား?
ဘာသာပြန်သူ - စည်းစိမ်ရှင်
ဒီဆောင်းပါးလေးကို ဘာသာပြန်နေတာ အတော်ကြာပါပြီ  အကြောင်းအမျိုးမျိုး ကြောင့် လက်စမသတ် နိုင်ခဲ့ပါဘူး…၊ အခုတော့ အမရွှေစင်ရဲ့ ရာဇသံ ကြောင့်  လက်စသတ် လိုက်ရပါပြီ ….။ (ရာဇသံဆိုတော့ ကြောက်ရတာပေါ့ဗျာ….) ဖတ်လို့ မကောင်းခဲ့ ရင် တော့ ကျနော့် ရဲ့ ဘာသာပြန် မကျွမ်းကျင် မှု့ လို့ သတ်မှတ် ပြီး ခွင့်လွှတ် ပေးပါ..။
လေးစားစွာဖြင့် - စည်းစိမ်ရှင်
ဒီဆောင်းပါးလေး ကို ကျနော် သိပ်ကြိုက်ပါတယ်... ဆောင်းပါးလေး ကို ဘာသာပြန်ပေးတဲ့ အတွက် ကျနော့် ဘလော့ မှာ တင်ခွင့် ရတဲ့ အတွက် ချစ်ညီမ ကို ကျေးဇူးတင်ပါတယ်.... ရှာဖွေ ဖတ်ရှု့စေခဲ့ တဲ့ ချစ်ဖေဖေ ကိုလည်း ကျေးဇူးတင်ပါတယ်... ။
လေးစားစွာဖြင့် - ရွှေစင်ဦး 
ကိုယ့်ဘ၀ နဲ့ ကိုယ် လို့ ပြောတာ တကယ်တော့ မဟုတ်ပါဘူး……
အများ အတွက် မစဉ်းစားဘဲနဲ့ ကိုယ့်ဘ၀ အတွက် ….  ကိုယ့် ကိုယ်ကျိုး အတွက် လောက် သာ စိတ်ထဲ ရှိသလိုတွေးပြီး လုပ်နေမယ် ဆိုရင် တန်ဘိုးဖြတ်လို့မရနိုင် တဲ့ လှပသာယာတဲ့ လူတွေရဲ့ ဘဝပေါင်း များစွာ... အားလုံးရဲ့ မနက်ဖြန်ပေါင်း များစွာ နဲ့ …  ကမ္ဘာကြီး ရဲ့ အနာဂါတ် ကို ဆုံးရှုံးအောင် လုပ်လိုက် တာ နဲ့ အတူတူ ပါဘဲ...... ။
(၁)
ပါမောက္ခ တစ်ဦး က ဟေ့.... အမောင်ကျောင်းသား   ဆေးလိပ်သောက်တာ ကောင်းတဲ့ အလုပ် မဟုတ်ဘူး လို့ဆုံးမတော့ ၂၁ နှစ်အရွယ် ကောလိပ်ကျောင်းသား က သူ့ရဲ့ ပါမောက္ခ ကို ကိုယ့်အလုပ် ကိုယ်လုပ် ဆရာနဲ့မဆိုင်ဘူး ဆိုပြီး ပြန်လည် ပြစ်တင် ပြောဆို ခဲ့တာကို မနှစ်သက်စွာနဲ့ ကြားခဲ့ရပါတယ်......။
ကိုယ့်ဘာသာကိုယ် ဆေးလိပ်သောက်တာ ဘာဖြစ်လဲ ကိုယ့်အလုပ် ကို လုပ်ကြ  တခြားသူ တွေ ကို မပြောနဲ့........ မပြောနဲ့..... ဆေးလိပ်သောက်တာနှင့် ပတ်သက်ပြီး ကျန်းမာရေး ဟောပြောချက်တွေ ပို့ချချက် တွေ လမ်းညွှန်ချက် တွေ လာမလုပ်ပါနဲ့ ဒါက ကျွန်တော့်သဘောဘဲ ကျွန်တော်ပိုင်ဆိုင် တဲ့ ကျွန်တော့်ကိုယ်ခန္ဓာ ကျွန်တော့်ကျန်းမာရေး ကျွန်တော့်ဘ၀ ဝင်မစွက်ဖက်နဲ့။ ကိုယ့်ဘဝနဲ့ကိုယ် ဟုတ်တယ် မဟုတ်လား…။
ဆရာရှေ့မှာ ဆေးလိပ်သောက်တာ မကြိုက်ဘူး ဆိုရင် ကျနော် မသောက်တော့ဘူး ဆိုပြီး ဆေးလိပ်ကို သူ့ အိတ်ထဲ ပြန်ထည့် လိုက်တယ် ...။
မောင်ကျောင်းသားက ပြောသေးတယ်၊ အားလုံး ကိုယ့်ဘဝနဲ့ကိုယ်ချည်းပါဘဲ .....၊  ကြိုက်သလို နေကြပေ့ါ ...... ရာမ ဘဲချချ ဆေးခြောက် ဘဲ ရှုရှု ဝီစကီ လည်း ကြိုက်သလောက် သောက် ကိုယ့်သဘောအတိုင်း ဘဲ တဲ့.... ဘာဘဲ ဖြစ်ဖြစ် ကိုယ်လုပ်ချင်ရင် လုပ်မယ် မလုပ်ချင်ရင် မလုပ်ဘူး ကိုယ်လုပ်ချင်လို့ လုပ်တဲ့ ကိစ္စ ဘယ်သူ့ကို ထိခိုက်နေလို့လဲ …..  ပြီးတော့ ဆက်သေးတယ်.. ...။
လမ်းမကြီးပေါ်မှာ ကားတစီးတလေ မှ မရှိဘူး ခရီးသည် လည်း တဦးတလေ တောင် မပါတော့ တနာရီမိုင် ၁၀၀နှုန်း နဲ့ကား အမြန်မောင်းတာ ဘယ်သူ့ကို ဘယ်လိုအန္တာရယ် ဖြစ်စေလို့လဲ ဆရာ လို့… ပြန်ပြောတော့  ဟုတ်တာ ပေါ့ကွာ ....မင်း.. ဘာကို ဆိုလိုသလဲ ဆိုတာ သိပါတယ် ဒါပေမယ့်  အဲဒီလို ပြောတာ ကို ငါ သဘောမတူဘူးကွာ ဆိုပြီး ဆရာက ခေါင်း တငြိမ့် ငြိမ့် နဲ့ ပြန်ပြောပါတယ်..။
ဆရာ့သဘော ကို ပြောရရင် ဒါဟာ အထီးကျန်ပြီး ငြီးငွေ့စရာ ကောင်းတဲ့ လူတယောက်ရဲ့ အမြင် ဘဲ.....၊ အဲဒီလိုသာ ယူဆ နေရမယ်ဆိုရင် ဘဝဟာ ဘာမှ တန်ဖိုးမရှိ၊ အဓိပ္ပါယ် မရှိတော့ဘူး...။
အမောင်ကျောင်းသား ကတော့ ရုံးခန်းထဲက ထွက်သွားပြီး ကျောင်းစင်္ကြန်ပေါ်မှာ ဆေးလိပ် သောက် နေလေ ရဲ့ ..... စင်္ကြန်လမ်းပေါ်မှာ လူသူလေးပါး ရှင်းလင်းနေတယ်ဆိုပြီး ဆေးလိပ် သောက်တယ် .....၊ ဒါဆိုရင်  မှားယွင်းနေပြီ ဒါဟာ... မဟုတ်သေးဘူး လုံးဝကို မဟုတ်တာပါ.....။
ကျွန်တော်တို့ တစ်တွေနဲ့လည်း သူ ဟာ တစုံတရာ ပတ်သက်နေတယ် .....၊ လူတွေအားလုံးဟာ  ဆက်စပ် ပတ်သတ်နေသလို လူတိုင်းဟာလဲ သူ့ဘဝနဲ့ တစိတ်တပိုင်းစီပါဝင် ပတ်သက် နေကြ ပါတယ် ...၊ သူ ဆေးလိပ်သောက်လို့ ခန္ဓာကိုယ် ချွတ်ယွင်းတဲ့ အခါ သူ့ရဲ့ ကိုယ်အင်္ဂါ ဖြတ်တောက် ထုတ်ပယ် ပစ်ရတဲ့ အခါ  သူ့ရဲ့ ဆုံးရှုံးမှု ၊ နာကျင်ခံစားမှု အားလုံးဟာ ကျွန်တော်တို့ တတွေ  အားလုံးနဲ့ သက်ဆိုင် နေပါတယ် ... ၊ ဒီအဖြစ်ဆိုးကြီးက ထွက်ပြေး လွတ်မြောက်ချင်လို့ မရသလို ဘယ်သူ မှ ရှောင်တိမ်းလို့ မရပါဘူး .....။
(၂)
ကိုယ် အသုံးပြုတဲ့ ဆပ်ပြာ အနံ့တွေကို တခြားသူတွေ က  ရှုရိုက်ရမယ်....၊  ပြီးတော့ ကိုယ်အသုံးပြုတဲ့ ကားကနေ ထွက်တဲ့ အဆိပ်ငွေ့တွေလဲ အများသူငါတွေ ရှုရှိုက်နေကြရတာဘဲ....။
ကိုယ်ရဲ့ မင်္ဂလာနံနက်ခင်း အပြုံးပန်းလေး တွေဟာ တခြားသူတွေ အတွက် စိတ်ဓါတ်တွေ ကို တက်ကြွစေရင် ... ၊ မြေအောက်ရထားလမ်းမှာ အများသူငါတွေ ကို အပြုံးပန်းမပေး ဘဲ ပြစ်တင် ညည်းညူသံ တွေနဲ့ ကျိန်ဆဲပြီး  စိတ်အနှောက် အယှက် ဖြစ်စေမယ် ဆိုရင်.....၊ လူဆိုတာ တစ်ယောက် ထဲနေတာ မဟုတ်သလို....  တယောက်ထဲလည်း မနေနိုင်ပါဘူး ဆိုတာ ကို ပိုလို့ သဘောပေါက်ရမှာပါ .....။
ရှင်းပါတယ်ဗျာ လူတယောက်ဟာ ကိုယ့်ကိုကိုယ် ကောင်းအောင် ထိန်းသိမ်းနိုင်ရမယ်၊ လူအများရဲ့ အခွင့်အရေးတွေ၊ ခံစားချက်တွေကို ချိုးဖောက်ဖျက်ဆီးဖို့ အလွဲသုံးစားလုပ်ဖို့ အခွင့်အရေး ဘယ်သူ့ မှာမှ မရှိပါဘူး .....၊ ကိုယ့်ကိုကိုယ် တန်ဖိုး မရှိအောင် လည်း မလုပ်ရ မဖျက်စီးရပါဘူး....။
လူတိုင်း ဘာသာတရားကို ကိုးကွယ်ယုံကြည်ပြီး ဘာသာတရားရဲ့ အဆုံးအမတွေကို ခံယူ နေမယ်ဆိုရင် ......  မမြဲတဲ့သဘောတရားတွေသာရှိတဲ့  ရုပ်ခန္ဓာ နဲ့ နာမ် သာလျှင် ရှိတယ်ဆိုတာ သိကြ .. နားလည် ကြမှာပါ..?  လူတိုင်း ဟာ ကိုယ့် ဘဝ ကိုယ် မပိုင်ပါဘူး..... ။
လူသားထဲက လူတယောက်မှာ မိသားစု မိတ်ဆွေ သူငယ်ချင်း စတဲ့ အဖွဲ့အစည်း အသိုင်းအဝိုင်းတွေ ရှိပါတယ်......၊ လူသား တယောက်အနေနဲ့ အဖိုးအဖွား မိဘတွေက ပြုစုပျိုးထောင်ပေးရတယ် ချစ်ခင် ကြရတယ် ဆရာသမားတွေနဲ့ ဘုန်းတော်ကြီး တွေက ပညာတွေသင်ကြားပြသ ပေးကြတယ်....၊  တရားရေး ဝန်ထမ်းတွေ...၊ ပြည်သူ့ ရဲဘော်တွေ ၊ တပ်မတော်သား တွေက ကာကွယ် စောင့်ရှောက်ပေးကြ ရတယ်...။
အနုပညာရှင်တွေနဲ့ ကဗျာဆရာတွေ၊ စာရေးသူတွေက စိတ်ကြည်နှုးမှုတွေ ဖြစ်စေဘို့ ပြုံးစေ ပျော်ရွှင် စေအောင် လုပ်ပေး ကြတယ်..၊ စိတ်ဓါတ် ခွန်အားတွေဆုံးရှုံး နေတဲ့အခါ စကားလုံးတွေနဲ့ ခွန်အားတွေ ပြန်လည် ပြည့်ဝ စေအောင် ပြုလုပ်ပေး ခဲ့ ကြတယ်...။
ဒါတွေကို ဘယ်သူ မှ မလေးမစား လုပ်လို့မရပါဘူး ..... ကိုယ့် ကို ကိုယ် မစောင့်ရှောက်ဘဲထားရင် ဂရုမစိုက် ဘဲနေရင် စည်းစနစ် မရှိဘဲ ဖြစ်သလိုကြုံသလို လုပ်ရင် စိတ်ဝင်စားမှု မရှိဘူး ဆိုရင်…. အကျိုးဆက် ကတော့ လူသားတွေ အားလုံး အတွက် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။
(၃)
သဘာဝ တရားကြီး ရဲ့ နှစ်ထောင်ပေါင်း များစွာ စုဆောင်းသိုမှီး ရင်းနှီးမြုတ်နှံ ထားခဲ့တဲ့ အထဲ မှာ မျှော်လင့်ချက် တွေ လည်း အများကြီး ပါဝင်နေမှာပါ.... ။ အဲဒီလို အလွန်တရာမှ တန်ဖိုးရှိလှတဲ့ ဘိုးဘွား အမွေအနှစ် တွေကို အနာဂတ် မျိုးဆက် တွေ အတွက် မည်မည်ရရ ရေရေ ရာရာ မရှိဘဲ အချည်းနှီး ကုန်ဆုံးစေဖို့ အခွင့်အလမ်း ဘယ်သူ့ မှာမှ  မရှိပါဘူး။
ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန် စစ်တပ် က တပ်သား တစ်ယောက်ဟာ ကြောက်စရာ ကောင်းတဲ့ နေလောင်နာ နဲ့ အရေပြားတွေ ယောင်ရမ်းတာကို ခံစားရတယ်။ တပ်သားခမြာ ကိုယ့်တာဝန် ကို မထိန်းသိမ်း နိုင်တဲ့ အတွက် အပြစ်ပေးခံ ရတယ်... ။
ရည်ရွယ်ချက်ကတော့ လုံးဝကို ရှင်းပါတယ် ကိုယ့် ရဲ့ တကိုယ်ရေ တကာယ ကျန်းမာရေးကို ကိုယ်တိုင် ကိုယ်ကျ စောင့်ရှောက်ရမဲ့ တာဝန်ကို မကျေပြွန် တဲ့ အတွက်ဖြစ်ပါတယ်။ စောင့်ရှောက်ဖို့လည်း လိုအပ်ပါတယ် ဒါဟာ အားလုံး အတွက် အရေးကြီး ပါတယ်။
ရပ်ထဲ ရွာထဲမှာရှိတဲ့ ဥပဒေတွေဟာ လည်း ဒီရည်ရွယ်ချက်တွေနဲ့ အတူတူပါဘဲ...။ ကျွန်တော်တို့ ကိုယ်တိုင် ကာကွယ်ဆေး တွေ ထိုးဖို့လိုအပ်သလို  တခြားသူတပါးတွေကို  ထိုးဖို့ တိုက်တွန်းရမှာပါ...  ရောဂါ တွေကို ဒီနည်းနဲ့ မကူးစက်အောင် မပြန့်ပွားအောင် လုပ်ရမှာပါ။ ပြီးတော့ ယဉ်မောင်းတဲ့ အခါ အသက်အန္တာရယ် ကနေ လုံခြုံစိတ်ချရအောင် စည်းကမ်း လိုက်နာဖို့ လိုပါတယ်....၊  ဘာဖြစ်လို့လဲဆိုတော့  လမ်းမကြီးပေါ် မှာ လူသားအားလုံး သွားလာ လှုပ်ရှား နေကြ ပြီး အားလုံးဟာ လမ်းမကြီးနဲ့ သက်ဆိုင် နေလို့ပါဘဲ.....။
ရှေ့နေဟောင်းတဦးက ကျွန်တော် ဒါကိုသိပါတယ်ဗျာတဲ့ .... လူသားတစ်ဦးမှာလည်း အခွင့်အရေးရှိ ပါတယ် ....၊ ဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုရင် သူ့ရဲ့လက်သီးကို တစ်ပါးသူရဲ့ နှာဖျားလေး အထိ ဝှေ့ရမ်း နိုင်ပါတယ်တဲ့.... ။
(၄)
လူငယ်တယောက်ကို လွတ်လွတ်လပ်လပ် ရူးသွပ်သွားစေတဲ့အထိ စွန့်စားပြီး မူးယစ်စေတဲ့ အရာ များကို သုံးစွဲခံစားခွင့် ရှိစေသင့်ပါသလား .. မသုံးစွဲ သင့်ဘူးလို့ သတ်မှတ်ပြဌာန်းထားဖို့ ဆိုတာ လိုအပ်ချက် မဟုတ်ဘူးလား.. သူ့မှာ တခြား လူ့ အဖွဲ့စည်း တွေကို ပေးဆပ်ဖို့ ဘာမှ မရှိ တော့ဘူးလား……။
ဒေါသတရား လက်ကိုင်ထားပြီး ကိုယ့် ဆန္ဒနဲ့ကိုယ် ကျောင်းထွက်ချင်တယ်ဆိုပေမဲ့.. သူ့ရဲ့ အနာဂါတ်မှာ မတော်ရသေးတဲ့ ဇနီးလောင်း နဲ့ သားသမီးလေးများရဲ့ဘဝတွေ အတွက်… သူ့အတွက်… လူမှု့ပြဿနာတွေ နဲ့ငွေကြေးထောက်ပံ့မှု့တွေကို ပေးရတော့ မှာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ အားလုံး နဲ့ သူ့ ရဲ့ ဒေါသတရား ဟာ သွယ်ဝိုက်ပြီး သက်ဆိုင် နေပါပြီ…။
လွန်ခဲ့တဲ့ ၁ဝနှစ် ကထဲက အရက်အလွန်အကျွံ သောက်တဲ့ အသက် ၃၀ နားနီး ကျွန်တော်သိတဲ့ လူတစ်ယောက် ကို မိတ်ဆွေသူငယ်ချင်းတွေ က ခင်ဗျား ဒီလောက်သောက်နေရင်တော့ ကျန်းမာရေး ထိခိုက်တော့မှာ ဘဲ ဆိုပြီး ဝိုင်းပြောကြ သတိပေးကြတယ် .... ။
ဒါပေမယ့် ဘသားချောက ကိုယ့်ဘာသာကိုယ် ဒုက္ခရောက်တာ မဆီမဆိုင်ဘာဖြစ်လို့ ဝင်ပါကြတာလဲ ကိုယ့်အလုပ် ကိုယ်လုပ်ဆိုပြီး ပြန်ပြောတယ်။  အင်း….အခုတော့အသဲခြောက်ရောဂါရပြီး အိမ်ထောင်ရှင်မ ခမျာလည်း ကိုယ်စိတ်နှစ်ပါး ဒုက္ခရောက်ရပြီ အလုပ်ကလည်း ဆက်မလုပ်နိုင်တော့ ဘဝ ကလည်း မသေချာ မရေရာတော့ဘူး...။
နှစ်ပေါင်းများစွာ သောက်နေတဲ့ သက်တမ်းတစ်လျှောက်   ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး ဖြတ်သန်း နေတုန်းက အိမ်ထောင် မကျသေးဘူး...၊ သူဟာ အဲဒီတုန်းက သာ သူ့ကိုယ် သူ ထိမ်းသိမ်း စောင့်ရှောက် ခဲ့ရင် ... အခု အချိန်မှာ .... လွန်ခဲ့တဲ့ ငါးနှစ် က တွေ့ဆုံ လက်ထပ် ခဲ့တဲ့  ဇနီးသည်ရဲ့ ဘဝ ဟာလည်း ... တဖြည်းဖြည်းခြင်း ပျက်စီးစေမှာ မဟုတ်ဘဲ ..... မမွေးဖွားသေးတဲ့ ကလေးငယ် တွေလည်း ဒုက္ခရောက်မှာ မဟုတ်ပါဘူး.....။
ကိုယ့်အလုပ် ကိုယ်လုပ်ပါ ဆိုပြီး တစ်ကိုယ်ကောင်းဆန်ဆန်အတ္တကြီးကြီး နဲ့ ဆက်လုပ်နေမှတော့ အပြစ်ပြော မနေချင်တော့ဘူး..... ကိုယ့်ဘဝနဲ့ကိုယ် ပျော်နေကြ ... ဒါမှမဟုတ် ကတိတွေ အထပ်ထပ် ပေးပြီး....  တကယ် လုပ်ဆောင်ဖို့ ရှောင်ကြဉ်နေတဲ့ သူတွေကို  ကြားဝင် မနှောက်ယှက် မစွက်ဖက်ချင်ပါဘူး.... ဆိုပြီး ဒီအတိုင်း ဘဲ အလိုက်သင့် နေမယ် ဆိုရင် လောကကြီး အတွက် ကျနော် တို့ ရဲ့ ဆုံးဖြတ်ချက် တွေ ဟာ တရားပါ့မလား……။
လူသားမျိုးနွယ်တွေ အတွက် ဒါကို သွေးဆောင်ဖျားယောင်း ပြီး ကောင်းရာ ကောင်းကျိုး လုပ်ဘို့ ကို လုပ်ဆောင် ရပါမယ်.....။
(၅)
ကျွန်တော် တို့ဘိုးဘွားတွေ လက်ထက် က စပြီး အရိပ်ရဖို့ သစ်ပင်တွေ အများကြီးစိုက်ပျိုးခဲ့ကြ တယ် ....၊ သူတို့ ကိုယ်တိုင် စိုက်ပျိုးရတယ်ဆိုပေမယ့် သူတို့အတွက် မဟုတ်တာတော့ သေချာပါတယ် သူတို့ရဲ့ မျိုးဆက်သစ် သားမြေးမြစ် လေးတွေ အတွက်ပါ ....၊ ဒါဟာ လူသားဆန်တဲ့ လူသားတိုင်း ရဲ့ အလုပ် တစ်ခု ဖြစ်ပါတယ်.....။
 တစ်ချို့လူတွေယုံကြည်ထားတာ က ကိုယ်မဟုတ်တာ လုပ်တာကို  ဘယ်သူမှ မသိရင် ဘာမှ မဖြစ်ပါဘူးလေ ဆိုပြီး  စိတ်အလိုလိုက်ကြတော့ ဒုက္ခရောက် ကြရပါတယ်...၊ တစ်ချို့ လူငယ် တွေဟာ လည်း အန္တာရယ်များ တဲ့  အများ ဒုက္ခရောက်စေမယ့် အလုပ်တွေ ကို ပိပိရိရိ သေသေသပ်သပ် လုပ်နိုင်ကြတယ် လို့ ငယ်ရွယ်တဲ့ အုပ်ချုပ်ရေး အရာရှိက စိတ်မသက်သာစွာနဲ့ပဲ  ပြောပြပါတယ်....။
ကျွန်တော် ရဲ့ မကောင်းမှု့ တွေကို ချစ်လှစွာသော ဇနီးကလေးတောင် မသိပါဘူး.... ၊ ကျနော့် ဇနီးက ဘယ်တော့ မှ လည်း သိမှာမဟုတ်ဘူး....  သံသယ လည်း ရှိမှာ မဟုတ်ပါဘူး ...၊  ဒါပေမယ့် ဘာကြောင့်ဘဲ ဖြစ်ဖြစ်  အဲဒီ မကောင်းမှု့တွေ ပြီးဆုံးသွားရင်တော့ သူ့ ဘဝ မှာ အမှန်တရား အတွက် နေရာ မရှိတော့ပါဘူး ပျောက်ဆုံး သွားပါပြီ.... သူ့ကိုယ်သူလည်း ယုံကြည်မှုတွေ နည်းသထက်နည်းလာပါပြီ။ သူ့ ဇနီး အပေါ်မှာလည်း ရင်ဆိုင်ဖို့ အင်အား တွေ နည်းသထက် နည်းလာပါပြီ သူ့ရဲ့ ကလေးတွေ အပေါ်မှာလည်း မျက်လုံးချင်း စေ့စေ့ကြည့်ဖို့ တောင် ခက်ခဲလာပါတယ်။ သူ့ အသံတွေ ပိုပြီးတိတ်ဆိတ် ငြိမ်သက်လာမယ်... အလေးအနက် မထားသင့် တဲ့ ဟာတွေ ကိုပါ ပိုအလေးနက်ထားလာပြီး ပို လျှို့ဝှက်လာမယ်။ အကျိုးဆက် ကတော့ သူ့ရဲ့ မိသားစု နဲ့ တစ်မျိုးလုံး တစ်ဆွေလုံးဟာ သူ့ကြောင့် အစွန်းအထင်း ဖြစ်သွားပါပြီ။
(၆)
သိပ်မကြာသေးတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ အလွန် အင်မတန် ဉာဏ်ထက်မြက်ပြီး ချောေမောလှပတဲ့ ကျောင်းသူလေး တစ်ယောက် က အတန်းမတက်တာ အတော် ကြာပါပြီ။ မိဘတွေနဲ့လည်း ရင်းနှီးပြီးသား ဖြစ်ပြီး သိပ်ကို လှပတဲ့ မိန်းကလေးတစ်ယောက်ပါ။
သူမ မှာလည်း သူ့လို ငယ်ရွယ်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ အများကြီးပါ။ အဲဒီ မိန်းခလေး မှာ အသည်း အသန် ခဲမှန် စရာကိစ္စတစ်ခု ဖြစ်လာပါတယ်။
သူမ က အိမ်ထောင်ရှိပြီးသား အမျိုးသားတစ်ဦးနဲ့တွေ့ဖို့ စတင်ချိန်းဆို ပါတယ်....၊ မိတ်ဆွေ သူငယ်ချင်း တွေကိုလည်း ကိုယ့်ဘာသာ ကိုယ် အတွေ့အကြုံကိုရှာဖွေဖို့ အခွင့်အရေးရှိတယ် မဟုတ်ဘူး လား လို့ ဂျစ်တီးဂျစ်ကန် နဲ့ ပြန်ပြောပါသေးတယ်။
ဘယ်သူ့ကို ဒုက္ခပေးနေလို့လည်း ဟုတ်တယ်နော်....၊ သိပ်မကြာခင်မှာဘဲ သူ့မ မှာ သန္ဓေသားလောင်း လေး စွဲကပ်ရောက်ရှိခဲ့ပြီး အဲဒီ သားလောင်းလေးလည်း ပျက်ဆီးခဲ့ရတယ် ပြီးတော့ ကောလိပ် ကနေလည်း စွန့်ခွာခဲ့ရပါပြီ .....။
အခုတော့ မကောင်းမှုတွေ လိပ်ပြာမသန့်မှုတွေ နဲ့အတူ အပြစ်မကင်းတဲ့ နောင်တ တွေ တလှေကြီးနဲ့  သူမ အိမ်မှာဘဲနေ နေရပါတယ် ။ သူမက မိဘတွေ ကိုလည်း ရင်မဖွင့်ဘဲနဲ့နေတယ် ....၊  သား... သမီး တွေ ရဲ့ မျက်နှာညို အလိုမကျ မှု့တွေ ဟာ မိဘ တွေကို ခံစားရ စေပါတယ်.. ဒါဟာ အလွန် ထင်ရှားပါတယ်...။
သူမ ကိုယ် သူမ တော့ မှန်တယ်.....၊ တခြားဘယ်သူ့ကိုမှ  မထိခိုက်ဘူးပေါ့ ....၊ ဒါကြောင့်လည်း သူမ ဒီလို လုပ်တာပေါ့။ 
သူမရဲ့ စိတ်အလိုလိုက်ပြီး မှောက်မှားမိ တဲ့ဒဏ်က သူမ တယောက်ထဲတင် အကျိုးသက်ရောက်မှု ရှိတာ မဟုတ်ပါဘူး  ။
တနေ့မှာ သူမ ဟာ သူမ မသိတဲ့ တစိမ်းအမျိုးသားတစ်ယောက် နဲ့ လက်ထပ်မင်္ဂလာပြုပါလိမ့်မယ်....၊ ဒါပေမယ့် သူမ ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်း နဲ့ သူ့မ အတွက်တော့ စိတ်ဒုက္ခကောင်းကောင်း ရောက် စေမှာပါ ....၊
ဒါဟာ သူမ ရဲ့ အနာဂါတ်မှာ ဘယ်သူ့ကို မှ ကောင်းကောင်း ဝေမျှလို့ မရတဲ့ လျှို့ဝှက် တဲ့ အမာရွတ် တစ်ခုပေါ့ အဲဒီ အမာရွတ်ကလည်း သူ့မကိုယ်သူမ ခံစားနေရတဲ့ စိတ်ဒဏ်ရာ တစ်ခုဖြစ်နေမှာပါ .....၊ နောက်ဆုံး သားသမီးကလေးတွေ ကို တောင်မှ ကြောက်ရွံ့နေရမယ်...။
အခုတော့ သူမ သိနေပြီ....၊ လူသားတွေရဲ့ ပြုမှုဆောင်ရွက်ရမဲ့ တစ်ဦးချင်းစီရဲ့ တာဝန်တွေ ဟာ ဘယ်လိုဘဲ ဖြစ်ဖြစ် တနေ့နေ့မှာ တခြားလူသားတွေအပေါ် အကျိုးသက်ရောက်မှု ရှိစေပါတယ် ဆိုတာ ကိုပေါ့...။
(၇)
မကြာသေးခင်က မှ ညစာ စားပွဲလေးတစ်ခု မှာ ညစာ စားသောက်နေရင်း တယူသန် တဇောက်ကန်း ဧည့်သည် တစ်ဦးက အင်အားနည်းအုပ်စု ဥပဒေပြု လွတ်တော် အဖွဲ့ဝင် အဖြစ် ရွေးချယ်ခံရမှာ မဟုတ် ဆိုတဲ့ မှတ်ချက်ကို  ကျွန်တော် တို့ အားလုံး စားသောက်နေရင်း နားထောင်ခဲ့ရတယ်။ အိမ်ရှင်က အကြောင်းအရာ ပြောင်းလဲ ပြောဖို့ လှည့်ပတ်ပြီး စကားလွဲပြောပေမယ့် ကိုရွှေဧည့်သည် က ဒီ အကြောင်းအရာ တွေကိုဘဲ ထပ်ခါ ထပ်ခါ ပြောနေပါတယ်...။
သူရဲ့ငယ်ရွယ်တဲ့ ကလေးငယ် တွေကလည်း သူ့ အနီးမှာ ရှိနေလေတော့ အိမ်ရှင်က သိမ်မွေ့စွာနဲ့ဘဲ ကျေးဇူးပြုပြီး ကျွန်တော့ အိမ်မှာ မပြောပါနဲ့ဗျာလို့ ထပ်ပြီး တောင်းပန်ပါတယ် ကျွန်တော်ထင် တာက ခင်ဗျား ရဲ့ ကိုယ်ပိုင် အယူအဆ တွေဟာ ခင်ဗျားနဲ့ဘဲ ဆိုင်ပါတယ်...။
 ဒါပေမယ့် ခင်ဗျား အခု ဒီနေရာမှာ ပြောတဲ့စကားတွေက ကျွန်တော့် စကားတွေဖြစ်လာလိမ့်မယ် ကျွန်တော် ထပ်ပြောမယ် ခင်ဗျားပြောတာ ကျွန်တော် သဘောမတူဘူး  ဒါဟာ ကျေနပ်စရာ မကောင်းတဲ့ ထင်မြင် ယူဆချက် ပါ။
အခု တကယ့်ကို ကျွန်တော် ပြန်မပြောချင်ပါဘူး  ဒီနေရာမှာ  တခြားဧည့်သည်တွေ နဲ့ ကလေးသူငယ် တွေ ပါရှိနေတယ်.....၊  သူတို့က ထင်ကောင်းထင်နိုင်တယ် ကျွန်တော်ငြိမ်ပြီးနေတာဟာ ခင်ဗျားရဲ့ အတွေးအခေါ် တွေ အယူအဆ တွေကို လိုလားတယ် သဘောတူတယ်လို့ထင်မယ် ....။
ကျွန်တော် ဘာကို ဆိုလိုတယ် ဆိုတာ နားလည်မယ်လို့ မျှော်လင့်ပါတယ် ...  ညစာကို ဆက်ပြီး စားနေကြ ပေမယ့် ဧည့်သည် အပေါင်း တိတ်ဆိတ်ငြိမ်သက်သွားပါတယ် ကိုရွှေဧည့်သည် လည်း စောစော စီးစီး ပြန်သွား ပါတယ် ။
ကျွန်တော် သတိပြုမိတာကတော့ လူတစ်ယောက် ရဲ့ အတွေးအမြင်တွေဟာ သူ တစ်ယောက်ထဲ ရဲ့ အလုပ် မဟုတ်ပါဘူး စိတ်အာရုံ ခံစားမှု့ နောက်လိုက်ပြီး ကိုယ်ပြောချင်တာပြောရင် တခြားသူတွေအတွက် အနှောက် အယှက် ဖြစ်စေနိုင် ပါတယ် ......  ဒါဟာ တကိုယ်ကောင်းဆန် တဲ့ အလုပ်ပါ ။
တကယ့် ကို ပါဘဲ လူတစ်ယောက် ရဲ့ ဘဝမှာ ကိုယ်တိုင် လုပ်နိုင်တဲ့ ကိုယ်ပိုင် အခွင့်အရေး တွေ အများကြီးပါ...၊ ကိုယ်ကိုတိုင် လည်း ထိန်းသိမ်း နိုင်ရပါမယ်။ တကယ်လို့ ဖဲကစားဖော် ကစားဖက် အချင်းချင်း၊ စက်ရုံ အလုပ်ရုံ စတဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ တံငါ သည် ဆို တံငါသည် အချင်းချင်း စတဲ့ ကိုယ့် ဘဝလေး နဲ့ ကိုယ် ၊ ကိုယ့်ကမ္ဘာလေး နဲ့ကိုယ် တခြားသူတွေကို မပါဝင် မပတ်သက် စေဘူး ဆိုရင်တော့  ကိုယ့် အလုပ် ကိုယ် လုပ် ဝင်မရှုပ်နဲ့လို့ ပြောတာမှန်တာပေါ့.... ။ 
ကိုယ် ကျင်လည်ရာ ဘဝလေး က နေ  ခဏလေးထွက်သွား ကြည့်ပါ.....တချိန်ချိန်မှာ ကိုယ် စွန့်လွတ်ခဲ့တဲ့ လောက ကမ္ဘာလေး ထဲကို ပြန်ဝင်ကြည့်ပါ... ကျွန်တော်တို့ ရရှိ ခဲ့ တဲ့ အတွေ့အကြုံ နဲ့အဲဒီ လောကလေး ကို ပိုမိုပြီး ကောင်းမွန်အောင် ကူညီနိုင်မှာ ဖြစ်ပါတယ်.... ။
 ဟိုးရေ့စ်မန်း (Horace Mann)  လမ်းညွှန် ပြသတာကို ကျွန်တော်  လက်ခံမှာပါ... ။ “ လူ့လောက ကောင်းကျိုး အတွက် ဘာမှ မလုပ်ဘဲနဲ့ သေသွားရမှာကို ရှက်ပါ တဲ့ “ ဒါဟာ ကျွန်တော်တို့ အားလုံး အတွက် ရည်ရွယ်တယ် မဟုတ်လား။
မူရင်း - Reader Digest (1968, November)
လေးစားစွာဖြင့်
ဘာသာပြန်သူ- စည်းစိမ်ရှင်
.
18 comments:
မေဓာဝီ said...
အရီးလေးရေ ... သိပ်ကောင်းတဲ့ ဆောင်းပါးလေး တပုဒ်ပါပဲ။
ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ရမယ်ဆိုတာ ဗုဒ္ဓဟောခဲ့တဲ့ မင်္ဂလာတရားတော်နဲ့ အညီလဲ ဖြစ်ပါတယ်။
အတ္တသမ္မာ ပဏိဓိစ - မိမိကိုယ်စိတ်ကို ကောင်းစွာ ထားရင် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်တာပဲ မဟုတ်လား။
တကယ်တမ်း နီးလွန်းတော့ မမြင်ဘူး ဖြစ်တတ်တယ်။ များသောအားဖြင့် အဝေးကိုပဲ ကြည့်နေမိတာကိုး။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်မှ အများကိုပါ စောင့်ရှောက်နိုင်မှာပဲ။ ငယ်ငယ်တုန်းက ဆိုခဲ့ရတာလေး မှတ်မိသေးတယ်။ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည် ... တဲ့။ ဒါက တကယ်ပဲ အရေးကြီးတာပဲ။
ဒီဘာသာပြန် ဆောင်းပါးလေးအတွက် ကျေးဇူးအရီးလေးရေ ... ။
ahphyulay said...
အင်း...
အမှန်ကတော့  လူတွေက လုပ်ချင်တာနဲ့ 
လုပ်သင့် တာနှစ်ခုယှဉ်လာရင် လုပ်သင့်တာပဲ
ဦးစားပေးရွေးချယ်ရမှာပါ။ လုပ်သင့် တာတွေကြီးပဲ
လုပ်နေရတာကြာလာတော့ လဲ တစ်ခါတစ်လေ လုပ်ချင်တာကို
ဇွတ်တိုးလုပ်ချင်လာတတ်ပြန်တဲ့  လူ့ သဘောလေ။
ကြုံမှသိ ဆိုတော့  မကြုံရင်မသိနှိုင်လို့ ပဲ နောင်မှ တ ရတဲ့ 
နောင်တ တွေ ဖြစ်လာတာပါပဲ။ ကျွန်တော့် ဘဝမှာလဲ
နောင်တ တွေ အကြိမ်ကြိမ်ရလာခဲ့ လို့  အသက်ရှုတဲ့ စီးရီးကို
ဆက်တိုက်ပဲရေးချနေခဲ့ မိပါတယ်ဗျာ..။
ရွှေရတုမှတ်တမ်း said...
အရီးလေး....အဖွားကြီးဖြစ်လာပြီ..
ဆုံးမဩဝါဒတွေ..ရေးတာတွေ့နေရပြီ...
Digest အဟောင်းတွေထဲက အဲလို ကောင်းတာလေးတွေ အများကြီးပဲ.. ဆက်ရေးပါ အရီးရေ့..
ကိုအောင် said...
အသက်ရှင်စဉ်မှာ ကောင်းတာ တစ်ခုခု လုပ်သွားကြမယ်ဆိုရင် ကြာရင် ကောင်းတာတွေပဲ ကမ္ဘာမြေမှာ ကျန်ရစ်ခဲ့မှာပါ၊
ဘာသာပြန်ပေးတဲ့အတွက် ကျေးဇူးဗျို့။
Anonymous said...
အရီးလေး.
ဘာသာပြန်ပေးတဲ့အတွက် ကျေးဇူးပါ
ငွေစန္ဒာ said...
အရမ်းကောင်းတဲ့ဆောင်းပါးလေးပါ ဘာသာပြန်ပေးတဲ့အမစည်းစိမ်ရော၊ဘလော့မှာ
တင်ပေးတဲ့အမရွှေစင်ရောကျေးဇူးပါနော်။
လသာည said...
ကောင်းလိုက်တဲ့ စာသားလေးတွေ.. very nice!!!
တစ်ပုဒ်ချင်းတစ်ပုဒ်ချင်းမှာ အဓိပ္ပါယ်တွေ လေးနက်နေတာတွေ့ရတယ်။
ဒါမျိုးလေးတွေ နောက်ထပ် ဘာသာပြန်ပါဦး အရမ်းကြိုက်လို့..ပါ။
ဒီပိုစ်လေးအတွက် အချိန်ပေးပြီး ဘာသာပြန်ပေးတဲ့အတွက် စစကို အရမ်းကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ မမရွှေစင်ကိုပါ ကျေးဇူးတင်ပါတယ် ။ နောက်.. ပြီး..တော့ မမရဲ့ ဖေဖေ့ကိုပါ ကျေးဇူးတင်ပါတယ်... .။
Anonymous said...
This post is really interesting and very good to read because of translator.
I really want to read more and more....
Please continue to translate other articles like this.
Thanks for this post.
Ray
ယောနက်သန် said...
ဖတ်သွားပါတယ်။ ခုလို ဝေမျှတာ ကျေးဇူးပါ မစည်းစိမ်ရှင်။
အဖြူရောင်နတ်သမီး said...
အချိန်ပေးပြီး ဘာသာပြန်မျှဝေပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ် မကြီးစည်းစိမ်ရှင်ရေ...
စိတ်၏ဖြေရာ said...
အမရွှေစင်စာရေးကောင်းသလိုမစည်းစိမ်လည်း
ဘာသာပြန်တာကောင်းတယ်။
အားပေးနေပါတယ်။
ခင်မင်စွာဖြင့်
စိတ်၏ဖြေရာ
Anonymous said...
Very good artical n nice translation.Thanks both szu n 3s.HAPPY HOLIDAYS N NEW YEAR...Gyidaw
ကိုဇော် said...
မှန်လိုက်တာ အစ်မရယ်။
ကျနော် ဒီစာဖတ်ပြီး အရမ်းကို ဝမ်းသာသွားတာ။ အရင်က ကျနော် “ လှိုင်းများ ” ဆိုပြီး ကျနော့်ဘဝရဲ့ အတွေ့အကြုံထဲက တစ်ခုကို ချရေးဖူးတယ်။ တကယ့် အဖြစ်အပျက်ပါ။
http://www.zaw357.net/2010/05/blog-post_22.html
ဒါကို အသိတစ်ယောက်က ပျစ်ပျစ်နှစ်နှစ် ဝေဖန်ပြီး ပြောလိုက်တာဗျာ။ ပြီးတော့ သူ့ကို စောင်းရေးတယ်တဲ့။ တကယ်တော့ ဒီလို စာတစ်ပုဒ် ထွက်လာဖို့ ဘယ်လောက် အောင်းထားရတယ် ဆိုတာ သိတဲ့ လူဆိုရင်ပြောမှာ မဟုတ်ပါဘူး။
အခုတော့ အစ်မစာကို ဖတ်လိုက်ရတာ ကျနော် တော်တော်ကို ဝမ်းသာမိတယ်။ ဒီနေ့ ပြန်ပြီး တင်လိုက်မယ် အစ်မ။
ဒီစာလေး အတွက် ကျေးဇူးပဲ။ ကျနော် တကယ်ကို မဖတ်ဖူးတာတော့ လုံးဝ သေချာတယ်။
Anonymous said...
သိပ်ကောင်းတဲ့ ဆောင်းပါးလေး တပုဒ်ပါပဲ။
ဘာသာပြန်ပေးတဲ့အတွက် ကျေးဇူးပါ
Ray
ချစ်ကြည်အေး said...
စည်းစိမ်ရေ...ဘာသာပြန်လေးတွေ များများတင်နော် သဘောကျတယ်။ အရင်ကတည်းက လက်ခံထားတဲ့ အမူအကျင့်လေးပါပဲ။ ကိုယ့် လုပ်ရပ် ရဲ့ ရလာဒ်ဟာ ကိုယ်နဲ့ဆက်စပ်နေသူအားလုံးအပေါ် သက်ရောက်မှုရှိနေတာ...ဒါကိုလူတိုင်း သိကြ လက်ခံကျင့်သုံးကြမယ်ဆိုရင်...သိတ်လှတဲ့ လူ့ဘောင်ဖြစ်လာမှာမလွဲပါပဲ....။ အားပေးတယ်နော် ဆက်ရေးပါဦး....:)
မြစ်ကျိုးအင်း said...
ကိုယ့်အတ္တကို ချိုးနှိမ်နိင်မှ ဒီဆောင်းပါရှင် ရည်ရွယ်သလို ညီညွတ်တဲ့ လူဘောင်ဖြစ်လာမှာ
အလုပ်သွားတဲ့ ကားပေါ်မှာဆို ဆေးလိပ်သောက်တတ်သူတွေက မသောက်တတ်သူတွေကို ထည့်မတွက်ဘူး တလမ်းလုံး တလိပ်ပြီး တလိပ်ဖွာသွား ကြတယ်။မသောက်တတ်သူတွေက ခေါင်းတွေကိုက်လို့...။ ကိုယ်တွေ့တွေပေါ့။ အတ္တတွေများလာရင် ပါတ်ဝန်းကျင်ရော ကိုယ်တိုင်ရော စိတ်ဒုက္ခ ကိုယ်ဒုက္ခ ကြုံကြရတာပါပဲ။
ရည်ရွယ်ချက်ကောင်းတဲ့ ဆောင်းပါးလေးကို ရွေးပြီး ဘာသာပြန်တာ ပိုတန်ဖိုးရှိတယ်။
အားပေးပါတယ် မစည်းစိမ်..
နောက်လည်း ဘာသာပြန်လေးတွေ ဖတ်ချင်ပါသေးတယ်။
နှောင်းအတိတ်ဂန္တ၀င် said...
စည်းဇိမ်ရှင်ဆိုတာဘယ်သူလဲသိချင်လို့ပါ
ဟိုတုန်းက 1960 ပတ်ဝန်းကျင်လောက် ကာတွန်းသစ်စာစောင်
မှာ ဟာသ ကလေးတွေရေးတဲ့ စည်းဇိမ်ရှင်လားလို့သိချင်လို့ပါ
ကျွန်တော်က မောင်သုည ပါ အဲဒီတုန်းက ကာကွန်းသစ်စာစောင် အယ်ဒီတာ က ကာတွန်းစိန်ကြိးပါ
အဲဒီတုန်းက ကာတွန်းသစ်မှာ ရေးဘော်ရေးက်တွေက
စည်းဇိမ်ရှင်တို့ ကုက္ကုင်းကျီးကန်း ။ ခင်ဂွမ်းဂီ အီကြာကွေးတို့ပါ
အင်ကြင်းသန့် said...
မမလေးရေ.....အရမ်းကောင်းတဲ့ ဆောင်းပါးလေး တစ်ပုဒ်ပါ...ညီမလေးအခုမှအချိန်ရလို့ ဖတ်ဖြစ်တာကို စိတ်မရှိနဲ့နော်...နောက်တစ်ခုက ဒီပိုစ့်လေးကို ညီမလေး facebook မှာ ရှယ်ချင်လို့ ခွင့်ပြုပါနော်....
ငါ့အစ်မအခုလိုစာကောင်းပေကောင်းတွေကို အများကြီးထပ်မံ ဘာသာပြန်ဆိုပေးနိုင်ပါစေ....
ချစ်ညီမလေး