Sunday, January 17, 2010
ကျနော် နဲ့ Company အလုပ်များ အပိုင်း (၅)
ဒုတိယ အကြိမ် ကွန်ပျူတာ နဲ့ ရင်းနှီးခဲ့ ရတာကတော့ ကျနော့် တို့ မြို့မှာ ပထမဆုံး အကြိမ် အဖြစ် ရန်ကုန်က နံမည် အကြီးဆုံး သင်တန်း ကြီး တခု မန္တလေးမှာ စတင် ဖွင့်လှစ်ဖို့ ကြံရွယ်တဲ့ အချိန်မှာ နီးစပ်ရာ တွေကို ဝန်ထမ်း လုပ်ဘို့ ရွေးချယ်တဲ့ အချိန်ပါဘဲ နီးစပ်ရာဆိုပေမဲ့ ကွန်ပျူတာ သင်ဘူး တဲ့ သူ တတ်တဲ့ သူပေါ့ ..၊ အဲဒီအချိန်မှာ ကျနော် က ချစ်ချစ်ကြီး နဲ့ ရပြီးလို့ ကျောင်းလည်း ပြီးသွားပြီဆိုတော့ ပျင်းနေတဲ့ အချိန်ပါ...ညီမ လုပ်တဲ့ သူကလည်း တိုက်တွန်းတာ နဲ့ ဝင်လုပ်မယ် ဆိုပြီး ဆရာ့ ဆရာကြီး တွေနဲ့ တွေဆုံခဲ့ ပါတယ်..။
ဒါပေမဲ့ ဝန်ထမ်းလုပ်ဘို့ရာ ရန်ကုန်မှာ သင်တန်း ၂လ၊ ၃လ လောက်တက်ရမယ်တဲ့..၊ အဲဒီမှာ ကျနော် ဟာ သင်တန်း လိုက်မတက် နိုင်တဲ့အတွက် (ချစ်ချစ်ကြီးနဲ့ မခွဲနိုင်လို့မဟုတ်ပါ) မလုပ်ဖြစ်တော့ပါခင်ဗျား..၊ ဒါပေမဲ့ ကျနော့် ညီမနဲ့ မောင်အငယ် ကတော့ လုပ်ဖြစ်ပါတယ်..၊အဲဒီအချိန်မှာ ကျနော့် ဖေဖေ ရဲ့ ခေတ်ရှေ့ကို ပြေးနေတဲ့ အမြင်တခုကိုလည်း ပြောချင်ပါတယ်..။
မောင်လေး အလုပ် ရခဲ့တာက ကျနော့် ဖေဖေ ဟာ မောင်လေး ၁၀တန်း ဖြေ ပြီးပြီးခြင်းဘဲ ရန်ကုန်သွားပြီး ကွန်ပျူတာ သင်တန်းတွေ တခုပြီး တခု ဆက်တက်ခိုင်းပါတယ်..၊ မန္တလေး မှာ သင်တန်း တက်စရာ မရှိလို့ပါ..၊ အဲဒီမှာ သူလည်း သင်တန်း ၃ခုလောက် တက်လည်းပြီးရော အခု နံမည်ကြီး သင်တန်းကြီးက မန္တလေး မှာ စတင် ဖွင့် ဘို့ ကြံရွယ်တာနဲ့ အတော်ဖြစ်သွားပြီး အလုပ် ရခဲ့ပါတယ်..၊ ညီမလုပ်တဲ့ သူကတော့ MSc လည်းပြီးပြီးသား တက္ကသိုလ် မှာ ဖွင့်တဲ့ Application Course တွေလည်း တက်ဘူးတဲ့ အတွက် အဆင်ပြေ သွားတာပါ..။
မောင်ငယ်လေးကို ရန်ကုန်မှာ ကွန်ပျူတာ သင်တန်းတွေ ဖေဖေက လိုက်တက်ခိုင်းတော့ မောင်လေး သုံးဖို့နဲ့ သင်တန်းစရိတ် နဲ့ လစဉ် ပိုက်ဆံပို့ရတာကို ကျနော် က ရွတ် ဘူးပါတယ်..၊ ဖေဖေများ အလကား ကွန်ပျူတာ သင်ခိုင်း တယ်ပေါ့ ..ပိုက်ဆံကုန်တယ် ဘာ ညာပေါ့..၊ ဒါပေမဲ့ အခုလိုမျိုး ဆယ်တန်း အောင် အဆင့်လေးနဲ့ ကွန်ပျူတာ နယ်မှာ စတင်ခြေချ ခွင့်ရတာ ဖေဖေ ရဲ့ အမျှော်အမြင် ကြောင့်ပါ..အခုဆိုရင် မောင်လေးဟာ Microsoft က IT Professional Certificate ရပြီး အခုအထိဘဲ ကွန်ပျူတာ ပညာနဲ့ဘဲ အသက်မွေး ဝမ်းကြောင်းပြုနေပါတယ်..၊ ဒါဟာ ဖေဖေ ရဲ့ ခေတ်ရှေ့ပြေးနေတဲ့ အတွေးအခေါ် တွေ ကြောင့်ပါ..။
ကျနော် ရဲ့ ပညာရေး အကြောင်းပြောဘို့ ကျန်နေသေးတဲ့ အတွက်ပြောပရစေ.၊ ကျနော့် ပညာရေးဟာဖြင့် MSc (Maths) QII မှာဘဲ တဇာတ်သိမ်းခဲ့ ပါတယ်..၊ ချစ်ချစ်ကြီး နဲ့ မင်္ဂလာ ဆောင်ပြီး ပျော်ပျော်ပါးပါး Honey Moon ထွက်ပြီး ပြန်လာတဲ့ အချိန်မှာ ကျောင်းတွေဖွင့်ပြီး စာသင်ရက် နဲနဲ နဲ့ စာမေးပွဲ ဖြေရတဲ့ အချိန်မှာ ဘာမှ မမှတ်မိ ဘဲ ဖြေချင်ရာတွေဖြေလာတဲ့ အတွက် စာမေးပွဲ ကျပါတယ်ခင်ဗျာ..၊ အဲဒီ အချိန်က စပြီး တက္ကသိုလ် ပညာရေး နဲ့ ကျနော် နဲ့ လမ်းခွဲ ခဲ့ပါတယ်.။
ကျနော် ခေါင်းပူတဲ့ အကြောင်းလေးလည်း နဲနဲ ပြောချင်ပါတယ်.၊ လူတွေပြောတဲ့ ခေါင်းပူတယ် ခေါင်းပူတယ် ဆိုတာ ကျနော် အဲဒီ စာမေးပွဲ ဖြေမှဘဲ တသက်မှာ တခါ ခေါင်းပူ ဘူးပါတယ်..၊ ကျနော့် ခေါင်းက အငွေ့များ ထွက် လာမလား လို့တောင် ထင်မိလို့ ခေါင်းကနေ ရေတွေ လောင်းလောင်း ချိုးရပါတယ်..၊ အဲဒီက စပြီး ကျနော် ခေါင်းပူတာကို လက်တွေ့သိသွားပါတယ်..၊ နောက်တော့ တခါမှ မပူ ဘူးတော့ ပါဘူး.၊ ကျနော် က ဉာဏ်မကောင်းပါဘူး..အမြန် စဉ်းစား အမြန်လုပ် ဆိုရင် ဘာမှ မမှတ်မိတော့ ပါဘူး..၊ ဒါပေမဲ့ ဖြေးဖြေးခြင်း စဉ်းစားပြီး လုပ်ရတဲ့ အလုပ်မျိုးဆိုရင်တော့ စဉ်းစားနိုင်ပါတယ်..၊ စိတ်ပါတဲ့ အလုပ် ဆိုရင် ထမင်းမစား ဟင်းမစား လုပ်နိုင်ပေမဲ့ စိတ်မပါ ရင်တော့ လှည့် ကိုမကြည့် ချင်ပါဘူး..။
ကျနော် QII မှာ စာမေးပွဲ ကျတာ အဲဒီ အားနဲချက် တွေလည်း ပါပါတယ်..၊ သင်ရတဲ့ ၅ဘာသာထဲက ကျနော် စိတ်ဝင်စားတာ ၂ဘာသာ လောက်ဘဲပါတယ်..၊ စိတ်ဝင်စား တဲ့ ဘာသာတွေကို သေချာလုပ် ပေမဲ့.... ကျနော် စိတ်မဝင်စားတဲ့ ဘာသာ တွေ ကို တော့ အဲဒီလို အချိန်တိုတို လေးနဲ့ ဘယ်လိုမှ နားလည် အောင် လုပ်မရတာပါဘဲ.. ဒါတွေကြောင့် ကျနော့် ရဲ့ ပညာရေး ကတော့ ဒီမှာဘဲ That's all ပါခင်ဗျ..။
ခုနက ကွန်ပျူတာ သင်တန်းကြီးဟာ မန္တလေးမြို့ မှာ အရှိန်အဟုန်နဲ့ ပထမ ဆုံး စတင်ဖွင့်လှစ် လိုက်ပါတယ်..၊ မောင်လေး နဲ့ ညီမလေး ကလည်း အဲဒီမှာ အလုပ်ရခဲ့ပါတယ်..၊ သူတို့က ပထမ ဆုံး သင်တန်းမှာ သူတို့ကို တသက်လုံး ဆရာလုပ်လာတဲ့ သူတို့ အမကြီးကို ဆရာပြန်လုပ်ချင်တဲ့ အတွက် ကျနော် တက်ဖို့ရာ ပထမဆုံး အပတ်မှာဘဲ စာရင်းပေးထားတဲ့ အတွက် သင်တန်း စတက် ဖြစ်ပါတယ် ခင်ဗျား..။
ကျနော် သင်ခဲ့ ရတာတွေက Application Course တွေပါ....၊ ကျနော် သိထားခဲ့ တာတွေ က Programming တွေပါ..၊ သင်တန်းက သင်ခန်းစာ တွေကို စိတ်ဝင်စားလို့ မရပါဘူး..၊ ဒါကြောင့် ဆရာ့ ဆရာကြီး တွေ သင်ခဲ့ တဲ့ ပထမ အသုတ် မှာ ကျနော်ဟာ ကွန်ပျူတာ ဖဲ ရိုက်တဲ့ ပညာ တခုကိုဘဲ တဘက်ကမ်းခတ် ကျွမ်းကျင်စွာ တတ်မြောက်ပြီး သင်တန်း ၂ခု ဆင်းလာပါတယ် ခင်ဗျား..၊ သင်တဲ့ ဆရာတွေ မှာ အပြစ်လုံးဝ မရှိပါ ကျနော့် ရဲ့ စိတ်မပါရင် ဘာမှ မလုပ်တဲ့ မကောင်းတဲ့ အကျင့် ကြောင့် .. မတတ်ခဲ့ တာပါ..။
အဲဒီနောက် တော့ ကျနော်ဟာ လုပ်ငန်း ခွင် မှာ လိုအပ်ချက် အရ စာသင်ရတော့မယ် ဆိုတော့ မှ ကွန်ပျူတာ ထဲ ခေါင်းထိုးပြီး အသေအလဲ စမ်းပြီးသင်ရပါတယ်..၊ အဲဒီကြမှ မသိတဲ့ ဟာတွေကိုလည်း ညီမတွေ မောင်တွေ စီမှာ ပြန်လည်သင် ယူရပါတယ်..၊ ကိုယ် သင်ယူခွင့် ရတဲ့ အချိန်တုန်းက တန်ဘိုး မထားဘဲ လိုအပ်လာမှ ပြန်လည်သင်ယူရတဲ့ အတွက် ပိုမိုပင်ပန်းပါတယ်.....ကိုယ့်မှာ အခွင့် ရရဲ့သားနဲ့ အလုပ်တခု ကို ကောင်းကောင်း မလုပ်ခဲ့ တဲ့ အပြစ်တွေပါ..။
ကျနော် ဟာ ပထမ အလုပ် ကထွက်ပြီးတဲ့ နောက်မှာတော့ အပြင်မှာ Marketing, Management သင်တန်း များကို တက်ခဲ့ပါတယ်..၊ ဒုတိယ အလုပ် လုပ်တဲ့ အခါမှာ တော့ အားလုံးကို နဲနဲ စီတတ်ပြီလို့ ယူဆလို့ရပါတယ်..၊အဲဒီတော့ ကျနော် တတ်တာတွေနဲ့ ကျနော် အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ပါတယ်..၊ အောင်မြင်ပါတယ်..၊ အောင်မြင်တဲ့ အချိန်မှာတော့ သိတဲ့ အတိုင်းပါဘဲ..။
အလုပ်တခု အောင်မြင်တာ ဟာ ဘယ်အလုပ်မှ အကြောင်းမဲ့ မအောင်မြင်နိုင်ပါဘူး..၊ အလုပ် ရဲ့ အခြေခံ သဘောထား ၊ အလုပ်အပေါ်မှာ ခံယူချက် တွေနဲ့ အလုပ်ကျွမ်းကျင်မှု့ဟာ အများကြီးလိုအပ်ပါတယ်..။
ကျနော် လုပ်ခဲ့ တဲ့ အလုပ် ၂ခု ကနေရရှိခဲ့တဲ့ အတွေ့အကြုံလေးတွေ ကို နဲနဲ လောက်ဝေမျှပေးပရစေ.....
ကွန်ပျူတာ သင်တန်း တခု တည်ထောင်ဘို့ ရာအတွက် အလုပ်နဲ့ သင့်တော် မဲ့ သူတွေကို ရွေးချယ် တတ်ရပါတယ်..၊ ကိုယ်စီမှာ သင်တန်းလာ တက်တဲ့ ကိုယ့်ရဲ့ User တွေကို Customer အဖြစ် သေချာ ဆက်ဆံပြီး Customer is always right တင်မကပါဘူး..၊ Customer is God ဆိုတာကိုလည်း သေချာလက်ခံ ထားရ ပါတယ်..။
ဒုတိယ အချက် အနေနဲ့ သင်တန်း သဘာဝ တွေကို အားလုံးနားလည် ပြီးဖြစ်ရပါတယ်..၊ သင်တန်း တခု စဖွင့်ပြီဆိုရင် သင်မဲ့ သင်ရိုးညွှန်းတန်း၊ သင်မဲ့ Lecturers များ၊ စာသင်မဲ့ အချိန်မှာ ဘေးက အကူအညီပေးမဲ့ Instructors များ ကို ဘယ်လို အရည်အချင်း တွေ ရှိမှ ခန့်အပ်ရမယ်ဆိုတာ နားလည် ရ ပါတယ်..။
( ကျနော့် အလုပ်က MD ဆိုတာကြီးက ပထမ ဆုံးအကြိမ် သူ့ရဲ့ ကြော်ငြာ လုပ်ငန်း ကြီးဖြုတ်ရမယ် ဆိုတော့ ကြော်ငြာ ဘက်က ကွန်ပျူတာ နဲနဲပါးပါး တတ်တဲ့ သူတွေကို ကျနော့် ရဲ့ ကွန်ပျူတာ ဝန်ထမ်း နေရာတွေမှာ အစားထိုး မယ် ဆိုကထဲက သူ့သဘောထားကို ကျနော် နားလည် ပြီးဖြစ်ပါတယ်..)
သင်တန်း တခုမှာ Instructor လုပ်ဖို့ ရာအတွက် သင်တန်းမှာ သင်တဲ့ Course တွေကို တတ်ထားပြီး ဖြစ်ရပါမယ်..၊ နောက်ပြီး အစမ်း ၂လလောက် စာသင်ခန်း ထဲမှာ နေပြီး တခြား Instructors များ လုပ်ကိုင်နေကြတာကို လေ့လာပြီးသားဖြစ်ရမယ်..၊ စာသင်ခန်း တခန်းမှာ အနဲဆုံး ကွန်ပျူတာ အလုံး ၂၀ ထားပါတယ်..၊ User  ၄ယောက် ကို Instructor တယောက်နှုန်း ထိန်းနိုင်ရပါမယ်..၊ Instructor တွေက ရှေ့က Lecturer စာသင်နေတုန်းမှာ User တွေဟာ ဟိုခလုပ်မှား နှိုတ် ဒီခလုပ် မှားနှိုတ် လုပ်ပြီး ရောက်ချင် တဲ့ နေရာ ရောက်သွားတတ်တာတွေကို ရှေ့က  Lecturer သင်နေတာကို မြန်မြန် မှီအောင် ပြန်ပြီး ပြင်တတ်ရပါမယ်..။
ဟို စမ်းစမ်း ဒီစမ်းစမ်း လုပ်နေလို့ မရပါဘူး..စာသင်တာ ကို အနှောက် အယှက် ဖြစ်စေပါတယ်..၊ အဲဒီလို User က ဟိုနှိုတ် ဒီနှိုတ် လုပ်ပြီး ဖြစ်သွားတဲ့ အမှားတွေကို သင်ပေးလို့ မရပါဘူး သူတို့ရဲ့ အတွေ့ အကြုံ ကနေမှ တဆင့် သာ သင်ယူနိုင်ပါတယ်..၊ Instructor ကဟိုစမ်းစမ်း ဒီစမ်းစမ်း လုပ်နေရင် သင်တန်း နံမည် ပျက်ပါတယ်..၊ User တွေက သင်တန်း ရက်တွေလည်း ပျက်တတ်ပါတယ်..၊ အဲဒီအချိန်မှာ Lecturer ကစောင့်မခေါ်နိုင်ပါဘူး Instructor ကပြန်သင်ပေးနိုင်ရပါမယ်..။
Lecturer တွေကိုယ်တိုင်က လည်း အရည်အချင်း ရှိသူတွေဖြစ်ရမှာ ဖြစ်ပြီး Lecturer တွေအားလုံးအတွက် အာဘော်တခုထဲ ရှိရမှာ ဖြစ်ပါတယ်..၊ ကိုယ် သင်ချင်သလို သင်လို့ မရပါဘူး၊ အဲဒီ အာဘော် ကိုရဘို့ အတွက် Training Manager က သင့်တော် တဲ့ သူကို ရွေးပြီး Lecturer ခန့်ဘို့ အမြဲတန်း သင်တန်း ပေးနေရပါမယ်..၊ နောက်ပြီး စာသင်တဲ့ အချိန်တွေမှာ လိုက်နားထောင်ပြီး မှတ်သား ခိုင်းရပါတယ်..။
Lecturer တွေကို ဘယ်နေ့ မှာ ဘယ် Chapter ကို အပြီး သင်ရမယ် ဆိုတဲ့ အချိန်စာရင်း ကို ဆွဲပြီးသား ဖြစ်ရမယ်..၊ နောက် သင်တန်းသစ် ဖွင့်နိုင်မဲ့ ရက်ကို ကြေညာနိုင်ဘို့ ဖြစ်ပါတယ်...၊ သင်တန်းသစ် က လူဝင်နဲနေရင် ကြော်ငြာထည့် ရမယ်..သင်တန်းဟောင်း ကိုနဲနဲ အချိန်ဆွဲ သင်ပေးရမယ်..ဆိုတာတွေက စပြီး သိရမယ့် ဟာတွေ အများကြီးပါ..။
သင်ရိုး ညွှန်းတန်း ဆွဲတဲ့ အချိန်က စပြီးတော့ ဘယ် သင်ခန်းစာကိုဖြင့် Basic ထဲထည့် Advance Course က ဘာတွေထည့်ရမယ်..၊ DTP Course တခုထားပြီး ဘာတွေ ထည့်သင့်သလည်းဆိုတာ နားလည်ရမယ်.၊ Graphic သင်တန်းမှာ ဘာတွေထဲ့မယ်..၊ ဘယ် Account Software သင်မယ်ဆိုတာက အစ ရွေးချယ်နိုင် ရပါ့မယ်....၊ နောက်ပြီး Programming Course တွေနဲ့ Hardware Course တွေကို လည်း အဆင်ပြေသလို ဖွင့်နိုင်အောင် လုပ်ပေးရမယ်..၊ အဲဒါတွေ အားလုံးကို နားလည်ထား ရပါ့မယ်..။
ဝန်ထမ်းတွေအားလုံးကို လည်း အမြဲတန်း အရည်အချင်း ရှိအောင် မြှင့်တင်ပေးနေရပါတယ်..၊ လိုအပ်ရင် အင်္ဂလိပ်စာက စပြီး ကွန်ပျူတာနဲ့ သက်ဆိုင်တဲ့ Hardware, Software တွေကို လည်း Training ပေးနေ ရပါတယ်..။
ဒါတွေက ကျနော် အလုပ် လုပ်ခဲ့ တဲ့ Company အလုပ်များ မှ ရခဲ့တဲ့ လုပ်ခဲ့တဲ့ လုပ်ငန်း အတွေ့အကြုံ တွေနဲ့ ကျနော် သင်ထားတဲ့ ဖတ်ထားတဲ့ သင်တန်းများ စာအုပ်များမှ ရရှိခဲ့ တဲ့ အသိလေးတွေပါဘဲ..ကျနော့် သိတဲ့ အနည်းငယ်သော အသိလေး တွေကို မျှဝေပေးတာပါ..။
နောက်ပြီး ကျနော့် MD ကြီး က လည်း ထိုင်ဝမ် က ရလာတဲ့ ဒီပလိုမာ တွေနဲ့ ဒါတွေကို သိပြီးဖြစ်မှာပါ..။
အဲဒီ MD ကြီးရဲ့ ကောင်းတဲ့ အချက်အလက်တွေကို ပြောပြချင်ပါသေးတယ်..၊ ဥပဓိ ရုပ် တော်တော် ကောင်းတယ်..၊ ကြည့်လိုက်တာနဲ့ လူကြီးလူကောင်း လို့ ယူဆ နိုင်တယ်..၊ စကား အပြောအဆို ချိုသာတယ်..၊ ဒေါသဖြစ်နေတာတောင် မသိသာဘူး..၊  Marketing, Management, Computer တွေကို နားလည်ပြီးဖြစ်တယ် လို့ ယူဆလို့ ရအောင် Document တွေရှိတယ်..၊ အဲဒါ က သူ့ရဲ့ ကောင်းတဲ့ အချက် တွေပါ....။
ဒါတွေကြောင့် လည်း သူတို့ တရုပ်သူဌေးက သိန်းရာချီတဲ့ လုပ်ငန်းတွေ လွဲ ပေးထားတယ် ထင်ပါတယ်....၊ နောက်ပြီး ကျနော့် ကို ဖယ်ထုတ်ချင်လို့ လား ဒါမှမဟုတ် တကယ် ဘဲ ၆ လ တခါ စာချုပ် ချုပ်ပြီး ဝန်ထမ်း ငှားဘို့ စဉ်းစားထားတာ လားတော့ မသိဘူး..၊ အဲဒီ အကြံအတွက်တော့ ပြောပြချင်ပါတယ်..၊ ကျနော် တို့ မန္တလေး မှာ သူလိုချင်သလို ဝန်ထမ်း တွေ (ပညာရှင် တွေ) မပေါများတာပါဘဲ..၊ နောက်ပြီး ရွာကြီး တရွာမှာ မကောင်းသတင်း ထွက်သွားတဲ့ လူတယောက် အတွက် ယုံကြည်မှု့ ရဘို့ခက်သွားတာပါဘဲ..။
တကယ်ဆိုရင် သူ့ သူဌေးဟာ သနားဘို့ ကောင်းပါတယ်..၊ တော်တော် ကို ရင်းနှီး မြှုတ်နှံထား တာပါ.၊ပုံနှိပ် လုပ်ငန်း အတွက် အော့ဖ်ဆက် ကြီးကိုက အဲဒီအချိန်တုံးက ရာချီတန်ပါတယ်..၊ စက်ကိုင် တတ်တဲ့ သူကို လစဉ် သိန်းချီပေးရပါတယ်..၊စာသင်ခန်းတွေ အတွက်လည်း စက်သစ် တွေ အားလုံး သုံးပြီး အကောင်းဆုံး တွေလုပ်ထားတာပါ..၊ Sales အတွက်လည်း အများကြီး သုံးထားပါတယ်..နေရာကလည်း ငှားမယ်ဆိုရင် အခုအချိန် ဆိုရင် တလ ကို ၁၀ သိန်းလောက်တန်တဲ့ နေရာပါ..။
နောက်ဆုံး ကျနော်တို့ ထွက်သွားတဲ့ အချိန်မှာ အကောင်းကျန် တာက သင်တန်း နဲ့ Sales ပါဘဲ..၊ အော့ဖ်ဆက် ကြီးကလည်း စက်ကိုင် ဆရာ တယောက်ပြီးတယောက်ပြောင်းပြီး လက်စွမ်းပြလိုက်ကြတာ စက်အကောင်း ကနေ အသွင်ပြောင်းနေပါပြီ..။
သင်တန်းကတော့ ကျနော်တို့ ထွက်သွားပြီး တဲ့ နောက် ကွန်ပျူတာ တက္ကသိုလ် ဆင်းတွေကို အလုပ်ခန့် ပြီး ဆက်လုပ် နေတာဘဲ သိလိုက်ပါတယ်..၊ ကျနော် ဟာ တကယ်ကိုဘဲ နောက်ကို လှည့် မကြည့်တော့ပါဘူး..။ ဒါပေမဲ့ ကျနော် ကြည့် လိုက်တဲ့ အချိန် မှာတော့ ခြေရာမကျန်အောင် ကို ဒီကုမ္ပဏီလုပ်ငန်း ကြီးက ပျောက်ကွယ် သွားပါပြီ..။
ကျနော့် ကတော့ အလုပ်ထွက်ပြီးတဲ့ နောက်မှာ ယောင်ချာချာ ဖြစ်နေပါတယ်..၊ စီးပွားရေးအရလည်း ကျနော် နဲ့ ချစ်ချစ်ကြီး လက်တွဲ ခဲ့ တဲ့ အချိန်က စပြီးတော့  အဲဒီအချိန်ဟာ.. အဆင်မပြေဆုံး အချိန် ဖြစ်နေပါတယ်...၊ တကယ်ဘဲ လုပ်စရာမရှိတာပါ..၊ စာသင်ချင်တာတောင် သင်စရာ စက် မရှိလို့ မသင် ရပါဘူး.. ချစ်ချစ်ကြီး ကလည်း ဝယ်မပေး နိုင်ပါဘူး..၊ ဖခမည်းတော်ကလည်း ဝယ်မပေးနိုင်ပါဘူး..၊ ချစ်သော မေမေ ကတော့ သူ့ရဲ့ တကုံးတည်း သော ရွှေကြိုး ကလေး ဖြုတ်ပြီး ဝယ်ခိုင်း ပါတယ်.. မဝယ် ရက် ပါဘူးဗျာ..။
နောက်ဆုံးတော့ အလုပ် လုပ်ချင်တဲ့ ကျနော့် ရဲ့ ဆန္ဒ တွေ အတွက် ပိုက်ဆံ ရှာပေးတဲ့ ချစ်ညီမ ပေါ်လာ ပါတယ်..၊ ချစ်ညီမ ကလည်း ပိုက်ဆံရှိလို့ မဟုတ်ပါဘူး ကျနော့် ကို ချစ်လွန်းလို့ ..ရှာကြံ ပေးတာပါ..။
စက်အသစ် မဝယ်နိုင်ပါဘူး..စက်အဟောင်းပါ..၊ အဲဒီမှာ ကျနော် ရဲ့ ပထမ Boss နဲ့ တွေ့ပါတယ်..၊ ကျနော် ဝယ်နေတဲ့ စက်ကို ကြည့်ပြီး မဝယ်ပါနဲ့တဲ့ စက်တွေက သင်တန်း အကျတွေ..နင်လည်း သိသားနဲ့ ငါ့ ဆိုင် က နင်ကြိုက်တဲ့ စက်လာယူတဲ့ အရစ်ကျပေးပါတဲ့ (သူက Sales Center ပါ ဖွင့်ထားပါတယ်) ကျနော် မယူဖြစ်ပါဘူး ကျနော်တတ်နိုင်တဲ့ စက်အဟောင်းလေးဘဲ ဝယ်ခဲ့ပါတယ်..။
စက်ရပေမဲ့ သနားစရာ ဆရာမ ပါ..၊ သင်မဲ့ သူက မရှိသေးပါဘူး ..ဆွေမျိုးအသိုင်း အဝိုင်းထဲက ကွန်ပျူတာ မတတ်သေးတဲ့ သူများကို ရှာဖွေပြီး ချော့ချော့ မော့မော့ အလကား သင်ပေးခဲ့ ရပါတယ်..၊ အဲဒီ ကနေ မှ စာသင်တဲ့ အလုပ် ကလေး ကို ကျနော် စ တင် ခဲ့ပါတယ်..၊ ချစ်ညီမ စီက ပိုက်ဆံကိုလည်း တနှစ် လောက် နေမှ ပြန်ဆပ်နိုင်ပါတယ်.. အဲဒါလည်း ကျနော် မှာ ရှိလို့ ပေးနိုင်တာ မဟုတ်ပါဘူး ချစ်ချစ်ကြီးရဲ့ ညီအငယ်ဆုံး က သူ့အကိုကြီး ကိုပေးတဲ့ ငွေ နဲ့ ပြန်ဆပ်လိုက်ရပါတယ်..၊ ဒါတွေက ကျနော့် ရဲ့ စာသင်တဲ့ လုပ်ငန်း လေး စတင် ပေါ်ပေါက်လာပုံပါ..။
တချို့က ပြောကြတယ် ဘဝဆိုတာ ရေးပြီးသား စာအုပ် တအုပ်ပါတဲ့..၊ ကျနော် ကြိုက်တယ်..၊ ဒါပေမဲ့ ရေးပြီးသား စာအုပ် ကလေး ဖတ် လို့ မပြီးခင် ဆုံးသွားတာတို့ ဖတ်လို့ မဝလို့ နောက်တအုပ် ဆက်ထုတ် ရတာတို့ ဆိုတာ ကျနော်တို့ ပြုခဲ့တဲ့ အလုပ်တွေရဲ့ နောက်ဆက်တွဲ အကျိုးတရား တွေဘဲ ဖြစ်မယ် ထင်ပါတယ်..။
အခုအချိန်မှာ ကျနော်ဟာ ချစ်ချစ်ကြီး၊ ချစ်ညီမ နဲ့ ချစ်သား ချစ်သမီး များ ချစ်ဘလော့  မိတ်ဆွေများ နဲ့ အတူ ဆိုင်လေး ကို အားပေး ကြတဲ့ ချစ်သော Customer များ ရဲ့ ကျေးဇူးတရား ကြောင့် စာအုပ် ကလေး ရဲ့ စာမျက်နှာလေး တနေရာမှာ လူ မချမ်းသာ ပေမဲ့ စိတ်ချမ်းသာ စွာနဲ့ ရပ်တည် နေပါတယ်.....ရေးပြီးသား စာအုပ်ကလေး ကိုလည်း နောက်ဆက်တွဲလေး ထပ်ထုတ်နိုင်အောင် ကျိုးစား နေပါတယ် လို့ပြောကြားရင်း ဒီ ပို့စ်လေးကို အဆုံးသတ်ခွင့် ပြုပါတော့ခင်ဗျာ...။
အားလုံးကို ကျေးဇူးတင်ပါတယ်..
.
4 comments:
Anonymous said...
နာ့အမကြ..အားက်လိုက္တာ..
လုပ်ငန်းတခုအောင်မြင်ဖို့ ကျွမ်းကျင်မှုရယ် စီမံခန့်ခွဲနိုင်မှုရယ်
စေတနာရယ် အရင်းခံပါတယ်
အမက သိပ်တော်တာပဲ
အမညီမကလဲ တော်လိုက်တာနော်
အမအဖေကတော့ အတော်ဆုံးပေါ့
အမတို့မိသားစုတွေအားလုံးတက်ညီလက်ညီနဲ့ ပျော်စရာကြီးနေမှာ..
မောင်မောင် said...
ခင်ဗျား က အတော်အတွေ့ အကြုံကောင်းတာပဲနော်။
အင်းလေဗျာ လူမချမ်းသာပေမယ့်စိတ်ချမ်းသာတယ်
လို့ ဆိုတော့လဲ အရေးကြီးဆုံးပဲလေ။ အချိန်တန်တော့လည်း ချမ်းသာလာမှာပေါ့ဗျာ။
ချစ်ချစ်ကြီး ဆို လို့  အိမ်က မရွှေသက် ကိုသွားသတိရတယ်။ ခေါ်တာချင်းတူနေတယ်။ :)
ရွှေရတုမှတ်တမ်း said...
ဆရာမဂျီးဆိုတော့..သမီးတွေကိုစာရိုက်ခိုင်းပြီး နေ့တိုင်းတင်နေတာပေါ့လေ၊ ဖတ်ရတဲ့သူဖြင့် ရတဲ့အချိန်လေးမှာ မနဲလိုက်မီအောင်ဖတ်ရတယ်
Anonymous said...
ဆရာမဂျီးက လိုင်းတွေပူးသွားလို့ ပညာရေးဆုံးခန်းတိုင်သွားတယ်နေမှာ
စာမေးပွဲနီးပါပြီဆိုမှ honey moon သွားနေတာကို
ပြသနာ မရှိပါဘူး ဘီလ်ဂိတ်တောင် ကျောင်းပြီးတာမှ မဟုတ်တာ နော ချစ်ချစ်ကြီးကလည်း post တိုင်းပါနေတာ အဝေးရောက် သူတွေကို နှိပ်စက်သလိုများဖြစ်နေမလားမသိ ကိုမောင်တို့သာကြည့်လေ နည်းနည်းတော့လျှော့ခေါ်အုံး
အဟား ဟား သင်တန်းသားမရှိလို့ ချော့သင်ရတယ်
ကောင်းလိုက်တာ အခုရော အဲဒီလို သင်ပေးမယ်ဆိုရင်တော့ တူတွေ တူမတွေနဲ့ အမျိုးတွေ တလှေကြီး လာအပ်မယ်နော်
ခင်တဲ့
ညီမ