ဒီနေ့ ကျနော် တင်ရမဲ့ ပို့စ် တွေကို မဟားဒယား တင်နေမိတယ်..၊ စာရေးချင်လို့ဗျ ၊ သမီး တွေက ရိုက်ပေးပေမဲ့ စာအချိတ်အဆက်လေး စာလုံးပေါင်းလေး နဲ့ ပိုစ့်ထဲမှာ ကောင်းကောင်းမွန်မွန် လေးဖတ်နိုင် အောင် လုပ်ရ သေးတာ...၊ ဒါတောင် ကျနော်က ခပ်လျှမ်းလျှမ်း ဆိုတော့ စာလုံးပေါင်း အမှားတွေ များမယ် ထင်တယ်..၊ ဖြေးဖြေး ချင်း ပြင်ပေးပါ့မယ်..သည်းခံပြီး ဖတ်စေလိုပါတယ်..။
ကျနော် ဝါသနာ ပါတဲ့ အလုပ် လုပ်နေရတဲ့ အတွက် ကျနော် စိတ်ချမ်းသာနေမိတယ်..၊ ဒီလို လုပ်နေနိုင် တာလည်း ဒီဆိုင်လေး ရဲ့ ကျေးဇူးတရားဘဲ ဆိုပြီးတော့ ဆိုင်လေး ကို ကျေးဇူးတင်မိတယ်၊ သမီး များကို ကျေးဇူးတင်မိတယ်၊ မကြာခဏ ကျေးဇူးတင်ကြောင်းပြောပေးရတယ် တနေ့ထက် တနေ့ ရိုက်စရာတွေက ပြီးမှ မပြီးနိုင်တာကိုးဗျ..။
ကျနော် ဒီအလုပ် မလုပ် ခင်က အလုပ် လုပ်ဘူးပါတယ်.၊ အစိုးရ အလုပ် တော့ မဟုတ်ဘူး အပြင်အ လုပ်ပါ..၊ ကျနော် တို့ မောင်နှမ ခြောက်ယောက် တယောက်မှ အစိုးရဝန်ထမ်း မလုပ်ဘူးပါ.၊ ကျနော် ဖေဖေ ကမလုပ်စေချင်တဲ့ အတွက်ပါဘဲ..၊ ကျနော့် ဖေဖေ က အစိုးရ ဝန်ထမ်း ဆိုရင် စိတ်ဓါတ် ပျက်စီးမယ် ဆိုတဲ့ အယူအဆ ကြောင့် တယောက်မှ မလုပ်တာပါ..၊ (ဒါ ဖေဖေ ရဲ့ အယူအဆပါ..ဖေဖေ ကိုယ်တိုင်လည်း ဝန်ထမ်းပါ) ၊ ကျနော် ကတော့ လူအပေါ်မှာ ဘဲ မူတည်မယ် လို့ဘဲ ထင်ပါတယ်..။
ပထမ အလုပ်မှာ ဝန်ထမ်း ၄ဝ လောက်ရှိပါတယ်..၊ ညီမ လုပ်သူက ကျနော့် ကို အတင်းဝင်လုပ် ခိုင်းတဲ့ အတွက် ဝင်လုပ်မိပါတယ်..။ အဲ့ဒီ အချိန်မှာ ချစ်ချစ်ကြီးနဲ့ ယူပြီး ကျနော်က ဇိမ်ကျနေတဲ့ အချိန်ပေါ့..၊ ကျနော့် အလုပ်က မနက်မိုးလင်း ရင် ဘာစားမလည်း ဆိုတာဘဲ စဉ်းစားစရာ ရှိပါတယ်။
ချစ်ချစ်ကြီးကလည်း ကားဝယ်ရောင်း လုပ်တာ တော်တော် အဆင်ပြေနေတဲ့ အချိန်ပါ.၊ ကျနော်ကို ညီမ လုပ်သူက အလုပ် လုပ်ဘို့ခေါ်တော့......လုပ်မယ် ဆိုပြီး တိုင်ပင်တော့ ချစ်ချစ်ကြီးက သဘောပေါ့.တဲ့.၊ အဲဒါနဲ့ ကျနော် ပထမ အလုပ်ကို စလုပ်ဖြစ်ပါတယ်..။
ကျနော် တသက်လုံး အလုပ် လုပ်လာတာပါ..၊ ဒါပေမဲ့ အဲဒါတွေ အားလုံးက ကိုယ်ပိုင် အလုပ် တွေပါဘဲ..၊ မကြီးကျယ် ပေမဲ့ အရာရာ ကို ကိုယ့်သဘောနဲ့ ကိုယ် ဆုံးဖြတ်ပိုင်ခွင့် ရှိခဲ့ပါတယ်..၊ အလုပ်ကိုလည်း ကျိုးကျိုးစားစား လုပ်ခဲ့ ပါတယ်..၊ အခုလို သူများ အလုပ်စလုပ် တဲ့ အချိန်မှာ လည်း ကျနော် ဟာကိုယ်ပိုင် အလုပ်ကဲ့သို့ လုပ်ခဲ့ ပါတယ်.။
ကျနော့် ကို ပိုင်ရှင် တွေက နှစ်သက်ပါတယ်..၊ ဒါပေမဲ့ ဝန်ထမ်း ၄၀ ကျော် ရဲ့ တယောက်တမျိုး ဒဏ်တွေ ကိုကျနော် မခံနိုင်ပါဘူး..၊ အုပ်စုတွေဖွဲ့..သူတပါးရဲ့ အားနဲချက် တွေရှာ..အစည်းအဝေး မှာ ဂျောက်ချ..၊ လက်ဖက်ရည် ဆိုင် မှာ တိတ်တိတ်ပုန်း အတင်းပြော..၊ ဂျောက်တွန်း..၊ သူ့လူ ကိုယ့်လူခွဲ..၊ သူ့လူ ကိုယ်ဘက်သားလုပ်..၊ နောက်ကြော ဒါးနဲ့ ထိုး..အများကြီးပါဘဲ..။ ကျနော် အဲဒီဒဏ်တွေ မခံနိုင်ပါဘူး..။
အဲဒီတော့မှ ကျနော် ဟာ လူတွေ အကြောင်းကို တော်တော် သိသွားတယ်...၊ အံသြမိတယ် စိတ်လည်းညစ် တယ်..၊ ရုံးက ပြန်လာပြီ ဆိုရင် ဒီအကြောင်းတွေ ကျနော် ချစ်ချစ်ကြီး ကိုပြန်ပြောပြတယ်.. တရက်လည်း မဟုတ် နေ့တိုင်း ဆိုတော့ ချစ်ချစ်ကြီး က မခံနိုင်တော့ပါဘူး.. အလုပ်က ထွက်လိုက်ပါ.. လစာကို ၂ဆ ပေးပါမယ် ဆိုပြီး ပြောလာတယ်..။
သိပ်မကြာပါဘူး ညီမ လုပ်သူကလည်း မပျော်ဘူး ဆိုတော့ ကျနော် တို့ ပျော်ပျော်ပါးပါး ဘဲ company အလုပ်ကို ပထမအကြိမ် Good bye လုပ်ခဲ့ပါတယ်..၊ အဲဒီ အလုပ်မှာ ၂နှစ် လောက် ကြာခဲ့ပါတယ်..။
ဒီလိုနဲ့ ကျနော် ဟာ အိမ်မှာ နေရင်း မောင်နှမ တွေနဲ့ ချစ်ချစ်ကြီးကို ထမင်း၊ ဟင်း ချက်ကြွေး (မနက်စာ)၊ ညစာ ကြရင် ချစ်ချစ်ကြီး တို့အိမ် က ထမင်း စားပွဲမှာ လက်ဆေးစရာတောင် မလိုပါဘူး..၊ ဇွန်း ကိုင်စားရုံပါဘဲ..၊ ဒါတွေက ချစ်ချစ်ကြီး အိမ်က ကျနော့် အပေါ်မှာ ထားရှိတဲ့ မေတ္တာတရားတွေပေါ့..။
အဲဒီလို ဘဝမှာ နေသာသလို နေလာရင်း ဒုတိယ အကြိမ် အလုပ်ဝင်ဖြစ်ပါတယ်..၊ အဲဒီ တုန်းကလည်း ညီမ လုပ်တဲ့ သူက အလုပ် လုပ်ချင်တယ် ဆိုတာ နဲ့ ကျနော် နဲ့ အတူ အလုပ်ဝင်ဖြစ်တာပါ..၊ အလုပ် ပိုင်ရှင်တွေက တရုပ်သူဌေး တွေပါ..၊ မြန်မာစာ နဲ့ အင်္ဂလိပ်စာ တောင် မတတ်ပါဘူး စာရင်း လုပ်ရင် တရုပ်လို တဆင့် ပြန်လုပ်ရပါတယ်..၊ အလုပ်မှာ လည်း ဘာမှ နားမလည် ပါဘူး..၊ သူတို့ ယုံကြည်စွာ လွဲအပ် ထားတဲ့ သူက သူတို့ တရုပ် ပညာတတ်ပေါ့ ထိုင်ဝမ် က ဒီပလိုမာ အချို့ နဲ့ မြန်မာ ဘွဲ့ရပေါ့..အင်္ဂလိပ် စာ နဲ့ ကွန်ပျူတာ လည်း နဲနဲပါးပါး တတ်တော့ သူက M.D ပါ..၊ ကျနော်က G.M ပါ..၊ ညီမ က Training Manager ပါ..။
အဲဒီမှာ ကျနော် တို့ ဟာ Company Ltd ဆိုတာနဲ့ ထိပ်တိုက် တိုးတော့ တာပါဘဲ..၊ လုပ်ငန်း ၄ ခုလောက်ရှိပါတယ်..၊ သတင်း စာ ထဲမှာ ကြော်ငြာ ထည့် တဲ့ လုပ်ငန်း၊ ပုံနှိပ် လုပ်ငန်း၊ ကျနော် တို့ ကွန်ပျူတာ သင်ကြားရေးလုပ်ငန်း..နဲ့ ကွန်ပျူတာ အရောင်းနဲ့ အပြင်လုပ်ငန်း ပါဘဲ..။
ကျနော့် ကို G.M ဆိုတဲ့ ရာထူးကြီးပေးပြီး ခပ်တည်တည် နဲ့ တံဆိပ်ထု ဆိုင်းထိုးပေးပြီး ဝန်ထမ်း ကဒ် လေး လုပ်ပေးတာဘဲ ရှိတာပါ..၊ တကယ် ကျနော် လုပ်ရတာက ကွန်ပျူတာ သင်ကြားရေး ဘက်က ဝန်ထမ်း တွေနဲ့ သက်ဆိုင်တဲ့ လစာ၊ ဝန်ထမ်း ခန့်အပ်ရေး၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်း၊ စာရင်းဇယား တွေနဲ့ သင်တန်း အချိန်စာရင်း ၊ သင်တန်း အောင်မြင်ရေး အတွက် တော့ အားလုံး လုပ်ရပါတယ်..၊ ကြော်ငြာ လုပ်ရတယ်၊ ဒါပေမဲ့ ကျနော် အဲဒီ အလုပ် တွေကို အကောင်းဆုံး လုပ်ပေးခဲ့ပါတယ်..၊ လိုအပ်ရင် သင်ကြားရေးမှာလည်း ဝင်ပေးခဲ့ ပါတယ်.။
ကျနော့် အနေ နဲ့ လည်း G.M ဆိုတာ ကြီးက ဘာလုပ်ရ သလည်း ဆိုတာတောင် အတိအကျ မသိပါဘူး..၊ သူတို့ ကလည်း ကျနော့် ကို မပြောပါဘူး..၊ အဲဒီတော့ ကျနော်လည်း ကျနော် တတ်တာဘဲ ကျနော်လုပ်နေတာပါ..၊ သူတို့ကလည်း တခြားလုပ်ငန်း တွေမှာ အဝင်မခံပါဘူး..၊ အဲဒီတော့ ကျနော် နဲ့ သက်ဆိုင် တာ သင်တန်း တခုဘဲသတ်မှတ်ပြီး ဘယ်အလုပ် ထဲ မှာမှ ဝင်မပါခဲ့ ပါဘူး..။
တိုတိုပြောရရင် သူတို့ရဲ့ လုပ်ငန်း ၄မျိုး က ကျနော် တို့ သင်ကြားရေး နဲ့ ပတ်သက်တာ တခုဘဲ အမြတ်အစွန်းရပါတယ် အောင်မြင်ပါတယ်..၊ တခြားလုပ်ငန်း တွေက လစဉ် အရှုံးပြနေပါတယ်..၊ အဲဒီမှာ သူဌေးက ကြော်ငြာ လုပ်ငန်း ကို ဖြုတ်ဖို့ ပြောလာပါတယ်..၊ အဲဒီ အရှုတ်ထုပ်က ကျနော့် ခေါင်းပေါ် ရောက်လာတာ ပါဘဲ။
ကျနော်ဟာ အဲဒီ company မှာ စလုပ် ကထဲက မျက်စေ့ပိတ် နားပိတ်ပြီး လုပ်ခဲ့ တာပါ.၊ ကျနော့် အလုပ် ထဲလည်း လာမရှုတ်နဲ့ ဒင်း တို့ အလုပ် လည်း ဝင်မစွက်ဘူး ဆိုတဲ့ မူနဲ့ နေလို့ အဲဒီ အချိန်လောက်ထိ နေလို့ ရတာပါ..၊ အဲဒီ MD တရုပ်နဲ့ ကြော်ငြာ လည်ကောက် တဲ့ ဝန်ထမ်း မိန်းခလေး တွေနဲ့ ပတ်သက်မှု့ တွေ၊ လုပ်ငန်း ခွင်မှာ မမှန်မကန် လုပ်တဲ့ ဖြစ်ရပ်တွေ သူ့ကို ယုံကြည်တဲ့ သူဌေး ကို အမျိုးမျိုး စာရင်းလိမ်ပြီး မဟုတ်မမှန် လုပ်နေတာတွေ အများကြီးပါ..။
ကျနော်လည်း ကျနော့် နဲ့ တိုက်ရိုက် သက်ဆိုင် တာတွေ မပါသေးတော့ အသာဘဲ နေလိုက်ပါတယ်..၊ နောက်တော့ သူ့ ကြော်ငြာ ကောက်တဲ့ ဝန်ထမ်းတွေ အလုပ်ပြုတ်မယ် လုပ်တော့ မဆီမဆိုင် အဲဒီ ဝန်ထမ်း တွေ အလုပ်မဖြုတ်ဘဲ ကျနော့် ကွန်ပျူတာ ဘက်က ဝန်ထမ်း တွေ (၇ ယောက်လောက်၊ နံမည် တောင် ရေးပြီးပြီ ၊ ကြော်ငြာ ကပ်ဘို့ ဘဲ ကျန်တော့ တယ်) လာဖြုတ်ပြီး သူ့လူ တွေ ကို အဲဒီနေရာမှာ အစားထိုးဘို့ လာပြီး request လုပ်ပါတယ်..(request ဆိုတာ အလကား ပြောတာ လာပြီး order အောက်တာ)။
ဟဲ..ဟဲ ဘယ်ရမလည်း ဒီလို ဖိုက်ချင်နေတာ ကြာပြီ ဆိုတော့ ကျနော် လည်း ကျနော် ကွန်ပျူတာ ဝန်ထမ်း တွေ အကုန် အစည်း အဝေး ခေါ်ပြီး MD ရဲ့ မတရား အကြံအစီ ကြီးကို ဖွင့်ပြောလိုက်ပြီး ကျနော်လည်း မတတ်နိုင်ဘူး သူက သူဌေးရဲ့ လူယုံ နောက်ပြီး ရာထူး အရလည်း ကျနော့် ထက် ကြီးတယ် ဒါကြောင့် ကျနော် တာဝန်ယူရတဲ့ ဝန်ထမ်း တွေကို ကျနော် မတရား မလုပ်ချင်တဲ့ အတွက် ကျနော် အလုပ်ထွက်မယ် ဆိုပြီး ကြေငြာ ပစ်လိုက်ပါတယ်.။
ထွက်စာ ရေးပြီး တခါထဲ အစည်းအဝေး မှာ တရားဝင်တင်လိုက်ပါတယ်..၊ အဲဒီ အချိန်မှာ မြန်မာ့ သတ္တိ သိရတာ ပါဘဲ..၊ ကျနော့် နောက်က ဝန်ထမ်း အားလုံးလိုက်ပြီး ထွက်စာတင်ကြပါတယ်..၊ MD တရုပ်လည်း ပြာသွားပြီး သူ့ အစီအစဉ် ကို နောက်ဆုတ်လိုက်ပါတယ်..၊ အဲဒီ အချိန်မှာ မှန်ကန်တဲ့ ဘက်ကလိုက်ပြီး ကျနော် နဲ့ အတူ ထွက်စာလိုက်တင် ခဲ့ ကြတဲ့ ကျနော့် ရဲ့ လုပ်ဖော်ကိုင်ဘက် များ ကို ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်..(ဝန်ထမ်း ၂၅ ၊ ၃ဝ လောက်ရှိပါတယ်..၊ sales က hardware သမားတွေလည်း ပါပါတယ်)...။
ဒါပေမဲ့ သူ့ရဲ့ ဘာမကျ၊ ညာမကျ ၃၊ ၄ ယောက် ကိုတော့ ကွန်ပျူတာ အတန်း တွေ အတင်း တက်ခိုင်းပြီး ကွန်ပျူတာ ဝန်ထမ်း ထဲ ထည့် ထားပါတယ်..၊ အဲဒါတော့ ကျနော် မပြောတော့ဘူး..။ ဒါပေမဲ့ သူနဲ့ ကျနော် နဲ့ ကတော့ အဲဒီ အချိန်က စပြီးတော့ ရန်သူ ဖြစ်သွားပါပြီ..။
ကျနော် ရဲ့ သင်တန်းကလည်း အောင်မြင်နေပါပြီ အတန်းချိန် အားလုံး ပြည့်တဲ့ အပြင် သင်တန်းကို အမှီပြု ပြီး လုပ်တဲ့ sales ကလည်း တော်တော် ရနေပါပြီ..၊ အဲဒီမှာ MD ဇာတိ ကပေါ်လာတာပါဘဲ.. ၊ ကျနော် ကွန်ပျူတာက ဝန်ထမ်း မိန်းခလေး တွေကို ပရောပရီ လာလုပ်တယ်..၊ လာဝယ်တဲ့ စက်တွေကို အတွင်း ကလီစာ တွေ အဟောင်းနဲ့ အသစ်လဲတယ် ၊ customer ပေးထားတဲ့ တန်ဘိုး အတိုင်း မပေးဘဲ ပစ္စည်း လျှော့ပေးတယ်..၊ဈေးတွေ ကို တကယ်ရောင်းတော့ တမျိုး ပိုင်ရှင်စီတင်တော့ တမျိုး လုပ်တယ်။ ဒါတွေက ကျနော် နဲ့ သက်ဆိုင်ပါတယ် ၊ ကျနော့် သင်တန်း ကို တက်ပြီး ယုံကြည်မှု့ နဲ့ ပစ္စည်းဝယ်တာ ဆိုတော့ တော်တော် ရှက်မိပါတယ်..။
အလုပ်ကလည်း ထွက်ချင်တဲ့ အပိုင်းကတပိုင်း နောက်ပြီး ၊ အောင်မြင်အောင် စဖွင့် ကထဲက လုပ်လာခဲ့ တဲ့ အလုပ်သံယောဇဉ် က တပိုင်း နဲ့ တော်တော် စိတ်ညစ်နေပါပြီ..၊ အဲဒီ အချိန်မှာ MD က သူ့သြဇာ မခံတဲ့ ကျနော့် ကို ဖယ်ထုတ်ဖို့ ကျိုးစားလာပါတယ်..၊ အလုပ်ခန့် ရင် ၆လ စာချုပ်နဲ့ နိုင်ငံခြားလို လုပ်မယ်ပေါ့.၊ ၆ လပြည့် သွားမှ သူ ကြိုက် ရင် ဆက်ခန့်မယ်၊ သူမကြိုက်ရင် ထွက်ရမယ် ပေါ့ ၊ကာရကံရှင် ကလည်း အဲဒီအတိုင်း ဘဲ အခွင့်အရေးရှိတယ် ပေါ့ ..လာတာက..။
ကျနော်လည်း အဲဒီလို့ ပြောကထဲ က သိပြီ ငါ့ကို အလုပ်ထုတ် ချင်လို့ဘဲ ဆိုပြီး စဉ်းစားလိုက်တယ်..၊ အလုပ်ထွက်မယ်ပေါ့. ထွက်မယ်ဆိုရင် သူ မထုတ် ခင် တခါထဲ ဦးအောင်ပြောရမှာ ဘဲဆိုပြီး သူခေါ်ပြောတဲ့ အချိန်မှာ ဘဲ ဆုံးဖြတ်ပြီး လကုန်ရင် အလုပ် ထွက်မယ် ဆိုပြီး သူ့ကို ပြောခဲ့ တယ်..။
လကုန်တာ နဲ့ အလုပ်က ဒုတိယ အကြိမ် Good Bye လုပ်ခဲ့ ရပြန်တယ်..။ အဲဒီ အလုပ်မှာ လည်း ၂နှစ် လောက် လုပ်ခဲ့ ပါတယ်..၊လုပ်ဖော်ကိုင်ဖက် တွေကိုလည်း အားလုံးကို တခါထဲ ပြောခဲ့တယ် အလုပ် တခုရဘို့ မလွယ်ပါဘူး တတ်နိုင် သလောက် ကျနော် မရှိလည်း ဆက်လုပ်ကြပါ..၊ လိုက် မထွက်ပါနဲ့ ဆိုပြီး တခါထဲ မှာ ခဲ့ ပါတယ်..၊ ဒါပေမဲ့.......။
အပိုင်း (၂) ဆက်ဖတ်ပါ.....
.

6 comments:
ဒါပေမဲ့.......မျှော်နေမယ်....
တူတူပဲ..အမရေ..ကုမဏီမှာ စိတ်ဆိုးတိုင်း
အလုပ်ကထွက်လိုက် ပြန်လိုက်ခေါ်လိုက်နဲ့ သံယောဇဉ်ကြောင့်ဆက်လုပ်တာ ၅နှစ်ကြာသွားတယ်။
နောက်တခါ အမလိုပဲ ကျနော်လည်း အပီထွက်စာတင်တာ.. တယောက်တည်းတော့မထွက်ဘူး..တပြိုင်တည်း အင်ဂျင်နီယာတွေအကုန်ထွက်မယ်ဆိုပီး လူစု စာတင် ပီး လုပ်လိုက်တာ.. သူဌေးဆိုတာ ပြာပီး ချက်ချင်းအစည်းအဝေးထိုင်..ပီးတာနဲ့ချက်ချင်းလာပြောရတယ်..
အင်းအဲ့တုန်းက အရွယ်ကလည်းငယ် အစွယ်ကလဲရှိတော့ မာန်မာနတွေကိုးးး ..ကလေးကလဲဆန်.. လူကြီးတွေက သဘောကောင်းပီး အလိုလိုက်ကြလို့သာ.. ဟီး
ဒီလိုကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတော့..ကြိုက်တယ်ရွှေဇင်ရေ့
တော်တော် ညစ်စုတ်တဲ့ လူတွေပဲ။ ဒီကောင်တွေ ဒီမြေမှာ လာပြီး ဂုတ်သွေးစုတ်ညစ်ထုပ်ဇာတ်လမ်းတွေ ခင်းနေတာ ကြာပြီ။
နောက်ဆက်တွဲ မျှော်နေပါတယ်ဗျာ။ သမီးတွေကိုလဲ ပြောလိုက်ပါ။ မြန်မြန်ရိုက်လို့...ဟီးး
အရေးအသား ဆွဲဆောင်မှု ရှိပါသည်။
သူများဝန်ထမ်းလုပ်ရတဲ့ဘ၀ကတော့ မလွယ်ပါဘူး မမရာ....
ချစ်ညီမလေး
Post a Comment