Thursday, November 17, 2011

ရွှေစင်ဦး ငယ်ငယ်က စားခဲ့တာလေး တွေ နဲ့ မကြာခင် အဆင်ပြေသွားမှာပါ ချစ်ဖေဖေ

ချစ်မိတ်ဆွေ များရေ တောင်လည်း မရောက် မြောက်လည်း မသွားနဲ့ ရွှေစင်ဦး ရဲ့ တာဝန်များ ပျက်ကွက် ခဲ့ တာလည်း ကြာခဲ့ပါပြီ....။

ဖေဖေ ရန်ကုန်မသွားခင်မှာ ... ရွှေစင်ဦး ဟာ ဖေဖေ အနားမှာ အနီးကပ် ကြီးကြပ် .... အဖြစ် နှစ်ပတ် နီးပါး အိမ် မှာ နေခဲ့ပါတယ်... ရွှေစင်ဦး ငယ်ငယ် ကထဲက နေခဲ့တဲ့ အိမ်ဖြစ်နေတော့ နေ့လည် နေ့ခင်း မှာ အဆာပြေ စားဖို့ မုန့်တွေ ကို စဉ်းစားမိတယ်... ။

ရွှေစင်ဦး စားစရာ ဘာမှ မရှိပါလား.... မေမေ ရေ ဟို ခိုတောင်မုန့်တီ သည်ကြီး ရှိသေးလား.... အမဲသား အရွတ် အကြော တွေ ကို နူးအိနေအောင် ပြုတ်ထားပြီး အမဲသား စားသူတွေ ဆိုရင် ခိုတောင်မုန့်တီ နဲ့ ရော သုပ်ပေးတယ် လေ လို့ ပြောရင်း မျက်လုံး ထဲမှာ အကွင်း အကွင်း နဲ့ မုန့်တီ ဟင်းအိုးကြီး ကို တကယ်ဘဲ သားရေတမျှားမျှား နဲ့ မြင်ယောင် လာပါတယ်... ဟင်းရည်အိုး (မြေသောက်ရေအိုးဟောင်း) ပူပူကြီး ကို အပူဓါတ် တွေ မပြယ် အောင် အဝတ်ထူထူ ကြီးနဲ့ ပတ်ထားတယ်....... ။

ရွှေစင်ဦး တို့ ရပ်ကွက် ဟာ သူ့ရဲ့ ပထမဆုံး နယ်မြေ ဖြစ်တော့  ငရုပ်ကောင်း နံ သင်းနေတဲ့ ဟင်းရည် ပူပူချိုချို တွေ ဟာ ငရုပ်သီးစပ်စပ် နဲ့ စားထား လို့ တဟားဟား ဖြစ်နေတဲ့ ပါးစပ် တွေ က မခံနိုင်လို့ တဖူးဖူး မှုတ်သောက် ရအောင် ပူနွေး ချိုမွှေး လှ ပါ တယ်....။

မုန့်တီ မစားဖြစ်ရင် စားနေကြဖြစ်တဲ့ မျက်နှာချင်းဆိုင် အိမ်ဝန်း ထဲမှာ စုငှားနေကြတဲ့ ထဲက တယောက် ဖြစ်တဲ့... ဈေးသည်ကြီး အမေဆင့် ကို လည်း သတိရမိတယ် ....... ပေါ်သမျှ အသီးအနှံ တွေနဲ့ မြန်မာ မုန့် လတ်လတ် ဆတ်ဆတ် တွေကို  သူ့ ရဲ့ ဈေးဗန်း အကြီးကြီး ထဲမှာ ပြည့်ကျပ် နေအောင် တင် ထား တယ်.... ။

ဈေးဗန်းကြီး ထဲမှာ တကယ်ကို ပေါ်သမျှ ရာသီစာ တွေ အားလုံး ကို ရောင်းဖို့တင်ထားပါတယ်... ရွှေစင်ဦး ကြိုက် တဲ့ မကျီးတော ပဲမြစ် စီးစီး လေး တွေ ထန်းပင်မြစ် ပြုတ် (မီးဖုတ်တော့ မရ)... ကန်စွမ်းဥ ပြုတ်... အာတလွတ်ဥ နုနု ထွားထွားကြီး တွေ နဲ့ ရှမ်းပြောင်း အစေ့ညီညီ အဖူးရောင်စုံ လေး တွေ ... ရခိုင်ငှက်ပျောသီး မှည့်မှည့် ချိုချိုလေး တွေ ကို အခု တွေး ရင် အခုတောင် မြင်ယောင် မိတယ်.....။

ရာသီစာ တွေ အပြင် အရပ်ထဲ မှာ ထိုင်ရောင်းလေ့ ရှိတဲ့ မုန့်စိမ်းပေါင်း.... မုန့်ပစ်သလက်... အကြော်... ပဲ နဲ့ ထန်းလျှက် ကို ထာပနာ ပြီး ကောက်ညှင်းမှုန့် နဲ့ ကြော်ထားတဲ့ ကတိုးဝါကြော်....  အုန်းသီး နဲ့ သကြား  ထာပနာ ထားတဲ့ မုန့်လုံးကြီးကြော်.... မုန့်ပေါင်း လို့ မုန့်များ ကို လည်း အော်ဒါ မှာပြီး သူ့ မုန့်ဗန်းထဲ မှာ တင်ရောင်းလေ့ ရှိတယ်.... နောက်တခါ အုန်းမှန်ကူ ဆိုတဲ့ အုန်းသီး နဲ့ သကြား နဲ့ ရောလုပ်ထားတဲ့ အုန်းသီးနိုင်းခြင်း နဲ့ မုန့် အကြီးကြီး တွေလည်း ပါတယ်... ပဲမုန့် လတ်လတ် ဆတ်ဆတ် တွေလည်း ပါတယ်... ။

သူ့ ရဲ့ မုန့် ဗန်းကြီး ဟာ အကြီးကြီး နဲ့ ပြည့်ကျပ် နေတော့ ဘယ်လိုများ သူ ရွက်ရောင်းလည်း မသိဘူး လို့ အခု စဉ်းစားမိတယ် ... နေ့လည် တနာရီ လောက်မှာ ....အမေဆင့် ဟာ မုန့် အပြည့် နဲ့ မုန့် ဗန်းကြီး ကို တအိမ် အိမ် ရဲ့ ရှေ့မှာ ချလိုက် ပြီ ဆိုကထဲ က ဝိုင်းလာလိုက်တဲ့ ကလေး တွေ ဟာ မနည်း ပါဘူး... တယောက် တမျိုး ... နှစ်မျိုး စားလိုက်ကြတော့ ဈေးဗန်းကြီး အတော် ပေါ့သွားမှာ ပေါ့... အဲလိုဘဲ အရိပ်ကောင်း တဲ့ အပင်အောက် တို့ အိမ်ရှေ့ ကွက်လပ် ကောင်းကောင်း တို့ မှာ ထိုင် ရောင်းရင်း မုန့်ဗန်း ကြီးကတော့.... ကုန် သွားတာဘဲ....။

ဈေးသည်ကြီး အမေဆင့် ကို သတိရမိရင်း အမေဆင့် ရဲ့ ဖြစ်ရပ်ဆန်း လေး တခု ကိုလည်း အမှတ် ရမိတယ်... အဲဒီ အမေဆင့် က ယောက်ကျား မရှိဘူး သားသမီးလည်း မရှိဘူး... အပျိုကြီးလား.. မုဆိုးမ လား ဆိုတာ ငယ်တုန်း က ဆိုတော့ သတိမထားမိဘူး.. သူ့မှာ လုပ်ကျွေးမဲ့ သူ မရှိဘဲ အိမ်ခြံဝန်းလေး ထဲ က အခန်းကျဉ်းလေး တခန်း ထဲမှာ နေရင်း တယောက်ထဲ မုန့်ရောင်းစားတာ ဘဲ သိတယ်...။
တနေ့တော့ အမေဆင့် ကြီး ကို ခွေးကိုက် နေလို့ ဆိုပြီး အော်သံကြားတယ်... သူ့ အခန်းကျဉ်း ကလေး ထဲမှာ ကပ်ရက်အိမ် က အယ်လ်ဇေးရှင်း ကြီး ရောက်လာပြီး လှိမ့် ကိုက်နေတာကို အားလုံး အပြင် က နေပြီး ဝိုင်းကြည့် နေကြတာ တွေ့ တယ်... ၊ ရွှေစင်ဦး တို့ ကလေး တွေလည်း ဝိုင်းကြည့် ကြတယ်... ခွေးကြီး ကိုလည်း ဘယ်သူ မှ မခြောက်ရဲဘူး... ခွေး အကြီးကြီး ဆိုတော့ အားလုံး က ကြောက် ကြတယ် ထင်တယ်... ပိုင်ရှင် ရောက်လာတော့ မှ ခွေးကိုဆွဲလို့ ရတယ်... အမေဆင့် လည်း အဲဒီ ခွေးကိုက်တဲ့ ဒဏ်ရာ ကို အတော် ဆေးကုလိုက်ရတယ် .... ငယ်သေးတော့ အားလုံး ကို မမှတ်မိ တော့ ဘူး... တလလောက် မုန့်ရောင်း မထွက်တော့ တာကိုဘဲ သတိရနေတယ်...။

ရွှေစင်ဦး ပြောချင်တာတွေလည်း... လမ်းလွဲ ရောက်သွားပြီ... ကျနော် တို့ ငယ်ငယ် က လတ်လတ် ဆတ်ဆတ် ရာသီပေါ် သီးနှံ တွေ နဲ့ အမေဆင့် ဗန်းထဲ က ဟာတွေ  (မြန်မာ့ ရိုးရာ မုံတွေ) ကိုသာ စားစရာ လို့ ထင်ကြတယ်..၊ အခု အိမ်မှာ နေရင်း အပျင်းပြေ စားဖို့ တူပေါက်စ လေး နဲ့ ကစားဖော် ကလေး တွေ ကို . ဘာ စားစရာ ရှိလည်း မေးကြည့်တော့.. သူတို့ စားတာ ဂျယ်ရီ တို့ ဝေဖာ တို့ ချောကလက် တို့ နဲ့ အထုတ် လှလှ ဗူးလှလှ ထဲက ပက်ကင် စားစရာ တွေ... ရေခဲ သေတ္တာ ထဲက အအေးဘူး လှလှ လေး တွေ...  ကို စားစရာ တွေ တဲ့....။

ကျနော် စားချင်တာ တခု မှ မပါဘူး... ၊ ကန်စွန်းဥ ပြုတ် .. ပြောင်းဖူးပြုတ် ... မြေပဲပြုတ် စားမလား အန်တီ ပြုတ်ပေးမယ် ဆိုတော့ နှာခေါင်းရှုံတယ်... စားစရာ လို့ မထင်ဘူး..... သနားစရာ ကောင်း လိုက်တာ လို့ တွေးမိ တယ်...။

သဘာဝ လတ်လတ်ဆတ်ဆတ် စားစရာတွေ ကို ပစ်ပယ်ထားပြီး အဲဒီ က ရတဲ့ အနံလေး အရသာ လေး  ပါလေကာ နဲ့ ဆိုးဆေး တွေ ဆိုးထားတဲ့... ကြာရှည်ခံ စားစရာ တွေ ကိုသာ စားနေကြတဲ့ အခုခေတ် ကလေး တွေ ကို တော်တော် သနား မိတယ်... သူတို့ ကလည်း ကျနော့် ကို ဘာတွေ ပြောနေတာ လည်း ဆို ပြီး... မဟုတ် တရုပ် စားစရာ တွေကို လာမေးနေ လို့ သနားစရာ ဘွားတော်ကြီး.. ဒိတ်အောက် လိုက်တာ လို့ ထင်နေတာ ကို သဘောပေါက် တယ်...။

အင်း ဘယ်သူက သနားစရာကောင်းလည်း ဆိုတာ ဒီကလေး တွေ နားလည်အောင် ရှင်းပြဖို့ ကျနော် တို့ ဘယ်လောက် ထိ များ အချိန်ပေးရမလည်း.... မိဘ တွေ ကလည်း သဘာဝ အစားအစာ တွေ ကို လုပ်ပေး ဖို့ အချိန် မပေးနိုင်တော့ .. လွယ်လွယ် ရတာတွေ ကို ဝယ်ကျွေးရင်း သဘာဝ အစားအစာ တွေ နဲ့ ဝေးကွာသွားကြတဲ့... ကလေးများကို ကြည့်ပြီး အခုစာလေး ကိုရေးမိတယ်... ၊ ရွှေစင်ဦး ငယ်ငယ် က စားဖြစ် ခဲ့တဲ့ ... နေ့လည်စာမုံလေး တွေ ကို မှန်းဆ.. သားရေကြ မိရင်း စာလေး ကို အဆုံးသတ် လိုက်ပါပြီ.... ။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
-----------------------------------------------
ချစ်ဖေဖေ ရဲ့ ဘရိတ်ကင်း နယူးစ်

 
 
 ရွှေစင်ဦး တို့ ရန်ကုန် ကို ၁၃ရက် ည ကိုးနာရီ ကား နဲ့ သွားပြီး ၁၄ ရက်နေ့ မနက်ခင်း မှာဘဲ မင်္ဂလာဒုံ ဆေးရုံကြီး မှာ ဖေဖေ ကို တင် လိုက် ပါပြီ... ဖေဖေ ရဲ့ အခြေအနေ အားလုံး ကို ဆေးရုံ မှာ ပြန်လည် စစ်ဆေး ပါတယ်... ဒီဇင်ဘာ.. လဆန်း မှာ လာမဲ့ ဘယ်လ်ဂျီယန် အဖွဲ့ နဲ့ ခွဲစိတ် ဖို့ သင့်တော် တယ် လို့ ဆုံးဖြတ် ကြ တဲ့ အတွက် . ၂ဝ၁၁ ဒီဇင်ဘာ လဆန်း မှာ လာမဲ့ ဘယ်လ်ဂျီယန် အဖွဲ့ တွေကို ဆေးရုံပေါ် က နေဘဲ စောင့် ဖို့ မိသားစု တွေ ဆုံးဖြတ်ကြပါတယ်... ။

မေမေ နဲ့ သားသမီး တယောက်ယောက် တွဲ ပြီး စောင့်ကြမှာ ဖြစ်ပါတယ်... အခုတော့ မောင်အလတ် တယောက် နဲ့ မေမေ နဲ့ ထားခဲ့ပြီး ကျနော် က ၁၅ ရက် ည ၉နာရီ ကားနဲ့ မန္တလေး ကို ပြန်လာခဲ့ ပါတယ်... လကုန်ခါနီး မှ တခေါက် ပြန်သွားပါမယ်... ဒီကြားထဲမှာ မောင် အလတ် နဲ့ ညီမငယ် လဲလှယ် ပြီး ဖေဖေ ကို စောင့်ပါမယ်...။

မိတ်ဆွေ အားလုံး ပို့ သတဲ့ မေတ္တာတွေ အတွက် လည်း အထူးဘဲ ကျေးဇူးတင်ပါတယ်.. ။

အင်း ပြင်သစ် နဲ့ မခွဲ ဖြစ်ပေမဲ့... ဘယ်လ်ဂျီယန် နဲ့ ခွဲလည်း ကောင်းတာပါဘဲ ဖေဖေ ရေ ... ဖေဖေ အတွက် သင့်တော် တာ ကို ဆုံးဖြတ်ကြတာပါ လို့ ပြောပေမဲ့... ဆေးရုံပေါ်မှာ အကြာကြီး မနေချင် တဲ့ ချစ်ဖေဖေ ကို သနား မိ ပါတယ်....။

ဖေဖေ ရေ မကြာခင် မှာ အားလုံးအဆင်ပြေ သွားမှာပါ... တလနှစ်လ ဆိုတာ ဘဝ တခု ရှင်သန်ဖို့ ဘာမှ မပြောပ လောက်ပါဘူး... သည်းခံ ပါဖေဖေ ရေ...

ချစ်သမီးကြီး
ရွှေစင်ဦး
.

14 comments:

Cameron said...

မကြီးရွှေစင်ချစ်ဖေဖေ အမြန်ဆုံးကျန်းမာပါစေ အစစအရာရာ အဆင်ပြေပါစေအမ....။ မကြီးပြောတဲ့ မုန့်တွေကို မျက်စေ့ထဲမြင်ယောင်ပြီး သရေယိုသွားတယ်။ ဟုတ်တယ် ညီမတို့လဲ အဲလို ဒေသထွက်အစားစာ ရာသီစာတွေကိုပိုကြိုက်တယ်...ဒုန့်လိုက် ရယ်ဒီမိတ်စာ...။

ခင်တဲ့
မိုးငွေ့

ညီလင်းသစ် said...

ဟုတ်တယ်ဗျာ၊ အမရွှေစင်ဦး ပြောတဲ့ ရာသီစာတွေ၊ ရိုးရာမုန့်တွေက တဖြည်းဖြည်းနဲ့ ရှားပါးလာတာ အမှန်ပါပဲ၊ အရင်းအနှီး၊ ကြော်ငြာ၊ ဆွဲဆောင်မှု စတာတွေက ကျနော်တို့ ကြိုက်ကြ၊ စားခဲ့ကြတဲ့ အဲဒီ မုန့်တွေကို ဈေးကွက်နေ မောင်းထုတ်ပစ်လိုက်သလား လို့ တွေးနေမိတယ်၊ အမရဲ့ အဖေလည်း ဘယ်လ်ဂျီယန် သမားတော် အဖွဲ့ရဲ့ ခွဲစိတ်မှုနဲ့အတူ အမြန်ဆုံး ပြန်လည် သက်သာလာလိမ့်မယ်လို့ ယုံကြည်ပါတယ်ဗျာ..။

ကိုဇော် said...

အဆင်ပြေပြေနဲ့ ကျန်းမာလာပါစေဗျာ။
အစ်မပြောသလိုပဲ ဘဝ တစ်ခု ရှင်သန်ဖို့အတွက် ဆိုရင်တော့ ဒီလောက်က ဘာမှ မပြောပလောက်ပါဘူးလေ။ ကြိုက်တယ်ဗျာ။

Anonymous said...

အစ်မရေ..
ဖတ်ရင်းနဲ့တောင်.သရေတွေကျလို့..း)
အစ်မဖေဖေ.လန်းဆန်းနေပုံထောက်တော့
အမြန်နေကောင်းမှာ.သေချာနေပါပြီရှင်
လေးစားလျှက်
မိစံ

ညိမ်းနိုင် said...

အစ်မရွှေစင့်ဖေဖေ အမြန်ဆုံးနေကောင်းကျမ်းမာပါစေဗျာ၊
အန်ကယ်က လန်းလန်းဆန်းဆန်းပါပဲဗျ...၊အစစအရာရာ
အဆင်ပြေမှာပါ...။အစ်မငယ်ငယ်က စားခဲ့ရတဲ့ မုန့်မျိုးစုံ
ကိုလည်း သွားရည်တောက်တောက်ကျသွားသဗျိုးးးးးး။

Myanmar Good Knowledg Co., Ltd said...

အစ်မရွှေစင်ရေးတာတွေဖတ်ပြီး ကျွန်မသတိထားမိတာလေးလည်းပြောပါရစေ။
ဂျပန်မှာဘာမုန့်တွေဘယ်လောက်ဆန်းကြယ်များပြားလာလာ ရိုးရာမုန့်တွေကလည်း အစဉ်အလာမပျက်စားသုံးကြတယ်။
သူတို့ရဲ့ရိုးရာမုန့်တွေကို ပိုကောင်းသထက်ကောင်းအောင် လုပ်ပြီး ပက်ကင်တွေကအစခေတ်မှီအောင်လုပ်ထားတော့ အားလုံးကမြတ်မြတ်နိုးနိုးစားနေကြတာတွေ့ရတယ်။

အစ်မရဲ့ဖေဖေ အနားယူရင်း ဆေးအဖွဲ့ကိုစောင့်တာကောင်းတဲ့ အခြေအနေပါပဲ။
အောင်မြင်မှာပါ။

IDIOT-Ki said...

ဖတ်ရင်းနဲ့တောင် စားချင်လာပြီ မ ရေ ။သဘာဝကျကျ ဗမာမုန့် လတ်လတ်ဆပ်ဆပ်လေးတွေ အဆင်ပြေပြေ စားရမဲ့ တနေ့  ပြန်ရောက်အုံးမယ် လို့  တွေးမိပါတယ်..မဖေဖေလည်း သမားကောင်းနဲ့ တွေ့ ပြီး အဆင်ပြေပြီး အမြန်ဆုံးသက်သာပါစေ ။
“တလနှစ်လ ဆိုတာ ဘဝ တခု ရှင်သန်ဖို့ ဘာမှ မပြောပ လောက်ပါဘူး ” အဲဒီစာသားလေး အရမ်းကြိုက်ပါတယ် ။

ခင်မင်စွာ..
မကိ

ဘုန်းဘုန်းတောက် said...

မကြီးရွှေစင်ရဲ့ဖေဖေလည်း အမြန်ဆုံး ကျန်းကျန်းမာမာ၊ အဆင်ပြေပြေ ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခွေးကိုက်ခံရတဲ့အမေဆင့်အတွက်လည်း စိတ်မကောင်းဘူး။ ဟိုတစ်နေ့ကမှ ဘုန်းဘုန်းကို ခွေးက ကိုက်ဖို့ အရမ်းကပ်လာပါတယ်။ အဲဒါနဲ့ ဘုန်းဘုန်းလည်း မပြေးဘဲ တကယ်ကပ်လာရင် ဖိနပ်နဲ့ ရိုက်ပစ်ဖို့ဆိုပြီး ရွယ်ထားလိုက်တယ်။ ပိုင်ရှင်ကလည်း ကြည့်နေတာတဲ့ဗျာ။ ခြောက်လည်းမခြောက်ဘူး။

ကိုအောင်(ပျူနိုင်ငံ) said...

အခု ကုသမယ့်ပုံစံက တော်တော်လေး ကောင်းမွန်တဲ့ အစီအစဉ်ပါ၊ အမတို့ဖေဖေ အမြန်ဆုံး ကျန်းမာ ပျော်ရွှင်ပါစေ ဆုတောင်းပါတယ် ...

စံပယ်ချို said...

မြန်မာပြည်ကိုမပြန်နိုင်တာနဲ့ပဲ
ရာသီစာတွေ မြန်မာမုန့်တွေကို
အရမ်းလွမ်းတယ်အမရွှေစင်ဖေဖေ ကျန်းမာပြီးအစစ
အရာရာ အဆင်ပြေပါစေလို့ဆုတောင်းပါတယ်ရှင်
ချစ်ချစ်ခင်ခင် jasmine

ကိုကိုမောင်(ပန်းရနံ့) said...

မြန်မာအစားအစာ လတ်လတ်ဆတ်ဆတ်ကလေးတွေကို သတိရမိတယ်။ အိမ်နောက်ဖေး အခင်းထဲက မုန့်ညှင်းတွေ၊ ကင်မွန်းချဉ်တွေ၊ ဆူးပုပ်တွေ၊ ချဉ်ပေါင်တွေ။ စားချင်လိုက်တာ။ ဒီမှာ ဘာမှ မရှိ။ ရှာမှရှား။
အမရွှေစင်ရေးတဲ့ ကန်ဇွန်းဥပြုတ်လဲ ကြိုက်တယ်။ ဒါပေမဲ့ြ့ပုတ်တာထက် ပေါင်းတာကို ပိုကြိုက်တယ်။

အမရွှေစင် ပါးပါး အားလုံးအဆင်ပြေအောင်မြင်စွာ ကျန်းမာရေး ပြန်ကောင်းလာပါစေ။

ခင်မင်လျှက်

အင်ကြင်းသန့် said...

မမရွှေစင်ရေ...ဖတ်ရတာ သွားရည်ကျပါပေ့...း)

မမရွှေစင်ရဲ့ ဖေဖေ ခွဲစိတ်မှု အောင်မြင်စွာနဲ့ပြီးဆုံးပြီး အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေ...း))

ချစ်ညီမလေး

အဖြူရောင်နတ်သမီး said...

ရှလွတ်...
လာကို လည်အုံးမယ်.. မကြီးဆီ...

မကြီးရဲ့ဖေဖေ အမြန်ဆုံးနေကောင်းပါစေလို့ ဆုတောင်းပေးပါတယ်...

sosegado said...

ခိုတောင်မုန့်တီကြိုက်ပါတယ်၊ မရွှေစင်၏အဖေ အစစအရာရာ အဆင်ပြေပါစေလို့ဆုတောင်းပါတယ်၊