Wednesday, August 17, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၁၅)

"ဘာလိုသေးသလဲ အချစ်ရယ်" ဟု ဂျက် စိတ်ထဲက ပြောမိသည်။ သို့သော် ဂျက်အဖို့ တစ်ခု လိုနေသည်က တော့ အမှန်။ တစ်နေ့နံနက် ဂျက် အိပ်ရာက ထလာသောအခါ လူစီကို နံနက်စာ စားသော အခန်းထဲ၌ ကော်ဖီ သောက်နေသည်ကို တွေ့ရသည်။
"မောင် အလုပ်တစ်ခု ရှာလုပ်မယ်" ဂျက်က လူစီကို ပြောသည်။

"အလို လုရားရေ ... ဘာဖြစ်လို့လဲ မောင်ရယ်၊ ကျွန်မတို့အတွက် ပိုက်ဆံ မလိုပါဘူး"
"မောင် အလုပ် လုပ်ချင်တာက ငွေနဲ့ မဆိုင်ပါဘူး၊ ဘာ အလုပ်မှ မရှိဘဲ မိန်းမထဘီနား ခိုစားရတာ အနေ မဖြောင့်ဘူး၊ ဒီတော့ အလုပ်တစ်ခုတော့ ရှာလုပ်ရမှာပဲ" လူစီက ခေတ္တ စဉ်းစားလိုက်ပြီး ပြန်ဖြေသည်။

"ကောင်းပြီလေ ဒါဖြင့်  အကိုဘတ်ကို ပြောလိုက်မယ်၊ စတော့ရှယ်ယာ အရောင်းအ၀ယ် လုပ်ငန်းတစ်ခု သူ့မှာ ရှိတယ်၊ အဲဒီတော့ စတော့အရောင်းအ၀ယ် လုပ်ပါလား"
"ဘာအလုပ်ဖြစ်ဖြစ် လုပ်ရရင် ပြီးတာပါပဲ"
သို့ဖြင့် ဂျက်သည် ဘတ်ဟော်လန်ဒါဆီ အလုပ်လုပ်ဖို့ ရောက်သွားသည်။ ယခုလို အလုပ်ချိန် အတိအကျ ဖြင့် သွားလာ လုက်ကိုင်ရသော အလုပ်မျိုး ယခင်က ဂျက် မလုပ်ခဲ့ဖူးပေ။ သို့သော သူ ကြိုးစားပြီး လုပ် သည်။ လကုန်လျှင် မိန်းမထံ လစာချက်လက်မှတ် ယူသွားချင်သဖြင့် အောင့်အည်းသည်းခံပြီး လုပ်သည်။

တစ်နေ့ညပိုင်းတွင် ဂျက်က သူ့ဇနီးလူစီကို မေးသည်။
"တို့ ဘယ်တော့ ကလေးယူကြမှာလဲ ဟင် ..."
ဂျက်သည် ဘတ်အရောင်းအ၀ယ်လုပ်ငန်း၌ သုံးလခန့် လုပ်ပြီးသောအခါ လုပ်ဖော်ကိုင်ဖက်များ၏ ဇာတိ သရုပ်ကို သိလာသည်။ သူတို့သည် လာဘ်ထိုးခြင်း၊ အခွန်လိမ်ခြင်း၊ အာမခံငွေ ရအောင် လုပ်ခြင်း၊ အသုံးစရိတ် အလိမ်များ ပြုခြင်းတို့ဖြင့် မတရာုး စီးပွားရှာနေကြသည်ကို သိလာရသည်။ သူတို့၏ အငယ် အနှောင် များကို အတွင်းရေးမှူးများ၊ လက်ထောက်များအဖြစ် စာရင်းပြပြီး ငွေထောက်ပံ့သည်။
သူတို့၏ ဇနီးများကလည်း သူတို့လိုပင် ဖြစ်သည်။ ရနိုင်သမျှကို လောဘကြီးကြီးနှင့် အရယူသည်။ လင်သား ကို  လိမ်ညာသည်။ နောက်ပိုင်းမှ ခြေပုန်းမီးပွင့်သည်။
သူ့အမြင် သူ့ခံစားချက်များကို လူစီအား ပြောပြသည်။

"သိပ်ပြီးတော့လဲ ရိုးအ မနေစမ်းပါနဲ့ မောင်ရယ်၊ အခု မောင့်ဘ၀မှာ မောင် ပျော်မနေဘူးလားဟင် ..." လူစီက ပြန်ပြောသည်။
အမှန်အတိုင်း ပြောရလျှင် ဂျက် သူ့ဘ၀၌ သူမပျော်ပိုက်ပါ။ လူစီက မိမိအား တကယ်လိုအပ်သည်ထက်၍ သူ လူစီ ကို လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ သားသမီး ရလျှင်တော့ အရာရာ ပြောင်းလဲသွားလိမ့်မည်ဟု သူ ထင်မိသည်။

"တို့ လက်ထပ်တာလဲ တစ်နှစ် ရှိပြီ၊ သားသမီး ယူကြစို့ကွာ"
"နည်းနည်း စိတ်ရှည်စမ်းပါ မောင်ရယ်၊ ကျွန်မ ဆရာဝန်နဲ့ သွားတွေ့ပြီးပါပြီ၊ ကျွန်မဘက်က ကျန်းမာတယ် တဲ့၊ မောင်ဆရာဝန် နဲ့ သွားတွေ့ပြီး စစ်ဆေးကြည့်ဖို့ ကောင်းတယ်"
ဂျက် ဆရာဝန်ထံသွားပြီး ဆေးစစ်သည်။
"ခင်ဗျားမှာ သားသမီးမရနိုင်စရာအကြောင်း ဘာမှ မရှိဘူး၊ သိပ်ကို ကျန်းမာတယ်" ဟု ဆရာဝန်က ပြော သည်။

တစ်ခုသော တနင်္လာနေ့ နံနက်တွင် ဂျက်အလွန်ပင် အံ့အား သင့်သွားသည်။ သူသည် ခေါင်းကိုက် ပျောက်ေ်ဆး အက်စပရင် လိုချင်သငြဖ့် လူစီ၏ ဆေးသေတ္တာထဲ၌ သွားရှာသည်။ ထို ဆေးသေတ္တာထဲတွင် ပဋိသန္ဓေ တားဆေး ပုလင်း အများအပြားကို ဂျက် တွေ့လိုက်ရသည်။ ပုလင်းတစ်လုံးမှာ ကုန်လုနီးပါးပင် ရှိနေသည်။
နေ့လယ်ပိုင်း တွင် ဂျက်သည် ကလပ်၌ လက်တင်ဆိုဖာတစ်လုံးပေါ်တွင် ထိုင်ရင်း ယောက်ဖတော် ဘတ် အလာ ကို စောင့်နေသည်။
ထိုစဉ်တွင် သူ့နောက်ဘက်မှ ကျောချင်းကပ် ထိုင်နေသော လူနှစ်ယောက်၏ စကားပြောသံကို ကြားလိုက် ရသည်။

အီတလီ အဆိုတော် ကို လူစီ တော်တော် စွဲနေတယ်ဆိုပဲ"
"လူစီ တို့ကတော့ ဒါမျိုးများဆို ထမင်းထက်တောင် ကြိုက်သေး"
ထိုသူနှစ်ယောက်သည် အခြားသော လူစီဆိုသည့် အမျိုးသမီး တစ်ယောက်အကြောင်း ပြောနေခြင်း ဖြစ်မည်ဟု ဂျက် ပထမ၌ ထင်မိသည်။
"ဒါကြောင့်လဲ ဟို ... အပျော်လောင်းတမ်း ကစားပွဲအဖွဲ့ လူကို လက်ထပ်တာ နေမှာပေါ့။ သူ့ယောက်ျား အကြောင်း ရယ်စရာ ပုံပြင်တွေလဲ ပြောပြောပြတယ်၊ တစ်နေ့က သူ ဘာလုပ်တယ်ဆိုတာ ပြောပြရင် ယုံမှာ တောင် မဟုတ်ဘူး"

ဂျက် ထိုင်နေရာမှ ရုတ်ခြည်းထပြီး ကလပ်ထဲမှ တစ်ရှိန်ထိုး ထွက်လာခဲ့သည်။ တစ်ခါမှ မဖြစ်ဘူးသော ဒေါသမျိုးဖြင့် တဆတ်ဆတ် တုန်နေသည်။ သူ လုံးဝသိသော အီတလီ အဆိုတော်ကိုလည်း သတ်ချင်လာ သည်။ သူ့ဇနီး လူစီ ကိုလည်း သတ်ချင်လာသည်။ လူစီသည် မိမိကွယ်ရာ၌ ဘယ်လောက်များ နောက် မီးလင်း နေပါလိမ့်၊ မိမိအား သူတို့ အသိုင်းအ၀န်းက ဘယ်လောက်များ ညာခိုင်းချင်နေကြပါလိမ့်။
ဂျက် သည် လူစီထံမှ ချက်ချင်း ထွက်သွားတော့မည်ဟုပင် တွေးလိုက်သည်။ သို့သော် ဤသို့ ထွက်သွား လျှင် မိမိက အရှုံးပေး လက်မြှောက်ရာ ကျမည်။ သူတို့ အသိုင်းအ၀န်းက မိမိအား နောက်ဆုံးအကြိမ် ဟားတိုက် ရယ်မောကြမည့် အဖြစ်ကို သူ မခံလိုပါချေ။
ထိုနေ့ ညနေက ဂျက် အိမ်ပြန်ရောက်သောအခါ လူစီ ပြန်မရောက်သေး။ လူစီ ပြန်ရောက်လာချိန်တွင် ဂျက် သည် ဒေါသကို ထိန်းချုပ်ထားနိုင်ချေပြီ။

"ဘယ့်နှယ်လဲ၊ တစ်နေ့လုံး လျှောက်သွားနေရာတ အဆင်ပြေရဲ့လား" ဂျက်ကစ မေးသည်။
"ပြေပါတယ်၊ အလှပြင်ဆိုင် သွားတယ်၊ ဈေးလျှောက်ဝယ်တယ်၊ မောင်ရော အလုပ်မှာ အဆင်ပြေရဲ့လား"
"ပြေပါတယ်၊ အလုပ်က စိတ်ဝင်စားစရာ ကောင်းပါတယ်၊ လေ့လာစရာတွေလဲ အများကြီးပဲ"
"အစ်ကို ကလဲ ပြောပါတယ်၊ ရှင် လုပ်တာ ကိုင်တာ ကောင်းတယ်တဲ့"
"မကြာခင်  ပိုတောင် ကောင်းလာလိမ့်ဦးမယ်၊ မင်းစောင့်သာ ကြည့်နေ"
"အောင်မြင်မယ့် ကျွန်မ ယောက်ျားပဲ၊ ကဲ ... လာ စောစောအိပ်ရအောင်"
"မောင် ခေါင်းကိုက်နေတယ်ကွာ၊ ဒီညတော့ မင်းတစ်ယောက်တည်း အိပ်ပေတော့"
ဂျက်သည် နောက်အပတ် တစ်ပတ်လုံးပင် သူ့အစီအစဉ်များကို လုပ်နေသည်။ ကလပ်တွင် နေ့လယ်စာ စားရင်း အပေါင်းအသင်းများကို မေးလိုက်သည်။

"ကွန်ပျူတာနဲ့ လိမ်တဲ့နည်း ခင်ဗျားတို့ ဘယ်သူများ သိကြလဲ"
"ဘာဖြစ်လို့လဲ၊ ခင်ဗျားက အဲဒီလို လိမ်ချင်လို့လား" အက်ဇယ်လာက မေးလိုက်သည်။ ကျန်လူများက ၀ိုင်း ရယ်ကြသည်။
"မဟုတ်ပါဘး၊ ကျွန်တော် အလေးအနက် ပြောနေတာပါ၊ ကျွန်တော့်မှာ ပြဿနာတစ်ခု ရှိနေတယ်၊ လူတွေ ဟာ ဘဏ်တွေ အသက်အာမခံကုမ္ပဏီနေတွေနဲ့ တခြား စီးပွားရေး လုပ်ငန်းတွေကနေပြီး ကွန်ပျူတာနဲ့ ငွေလိမ် ယူကြတာ ဒေါ်လာ ကုဋေ ရာချီနေပြီး တဖြည်းဖြည်း ပိုဆိုးလာတယ်"
"ခင်ဗျား ပြောတာ မှန်တယ်" ဘတ်က ထောက်ခံသည်။

ကျွန်တော် လူတစ်ယောက်နဲ့ တွေ့ထားတယ်၊ လိမ်လို့မရတဲ့ ကွန်ပျူတာမျိုးအကြောင်း သူပြောတယ်၊ လ်ုပမလို့ဆိုပဲ"
"ခင်ဗျားက သူ့ကို အလဲထိုးမလို့လား" မိုက်ကွင်းစကီးက ၀င်နောက်လိုက်သည်။
"အဓိကအချက်ကတော့ အဲဒီလူကို အဲဒီလို လိမ်မရတဲ့ ကွန်ပျူတာမျိုး ထွင်ဖို့အတွက် ငွေကြေး ထောက်ပံ့ဖို့ ကျွန်တော် စိတ်ဝင်စားနေတယ်၊ ခင်ဗျားတို့ အထဲမှာ ကွန်ပျူတာအကြောင်း သိတဲ့လူများ ရှိမလားလို့ပါ"

"ကွန်ပျူတာအကြောင်းတော့ တို့မသိဘူး၊ ကွန်ပျူတာ တီထွင်တဲ့ လူတွေကိုတော့ နောက်ကနေ ငွေ ထောက်ပံ့ပြီး အမြတ် ပြန်ထုတ်တာတော့ တို့သိတယ်" ဘတ်က ပြောလိုက်သည်။
အားလုံးက သဘောကျပြီး ၀ိုင်းရယ် လိုက်ကြသည်။
နောက်နှစ်ရက်အကြာတွင် ဂျက်သည် ကလပ်သို့ ထုံးစံအတိုင်း နေ့လယ်စာ စားရန် ရောက်လာသည်။ သူ စားနေကျ စားပွဲမှ မိတ်ဆွေများအား သွားပြီး တောင်းပန်သည်။
ဒီနေ့တော့ ကျွန်တော် ခင်ဗျားနဲပအတူတူ စားနိုင်မှာ မဟုတ်သေးဘူး၊ တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော် ဧည့်သည် တစ်ယောက် ဖိတ်ထားလို့ပါ"
ဂျက် တခြားစားပွဲတစ်ခုဆီသို့ ထွက်သွားသောအခါ အယ်လင် သွန်မဆင်က နောက်လိုက်သည်။

"သူ ဆပ်ကပ်ထဲက လူပြက်နဲ့ ချိန်းထားလို့ နေမှာပေါ့"
ထိုအခိုက်မှာပင် အညိုရောင် ဆံပင်နှင့် ခါးကိုင်းကိုင်း လူကြီးတစ်ဦးက ကလပ် ထမင်းစားခန်းထဲသို့ ၀င်လာ ရာ ဂျက်၏ စားပွဲဆီသို့ ပို့ပေးကြသည်။
"ဘုရားရေ ... အဲဒါ ပါမောက္ခ အက်ကာမင် မဟုတ်လား" မိုက်ကွင်စကီ က တအံ့တသြ ပြောလိုက်သည်.
"ပါမောက္ခ အက်ကာမင်ဆိုတာ ဘယ်သူလဲ"

"ဘတ် ... ခင်ဗျားကတော့ ငွေကြေးသတင်းကလွဲပြီး တခြား ဘာသတင်းမှ မဖတ်ဘူး မဟုတ်လား၊ ဗာဒွန် မျက်နှာဖုံးမှာ ဖော်ပြခံရတဲ့ ပုဂ္ဂိုလ်ပေါ့၊ သမ္မတရဲ့ အမျိုးသား သိပ္ပံပညာဘုတ်အဖွဲ့ ဥက္ကဌပေါ့၊ အမေရိကန်မှာ အတော်ဆုံး သိပ္ပံပညာရှင်လို့ ဆိုရမှာပဲ"
"နေစမ်းပါဦး၊ ဒီလို ပုဂ္ဂိုလ်ကြီးက ငါ့ရွှေယောက်ဖနဲ့ ဘာတွေများ လုပ်နေတာလဲ"
ဂျက်နှင့် ပါမောက္ခတို့သည် နေ့လယ်စာ စားရင်း ဆွေးနွေးနေကြသည်။ ဘတ်ဟော်လန်ဒါနှင့် မိတ်ဆွေတွေ သူတို့စကားဝိုင်းကို ပိုပြီး စိတ်ဝင်စားလာကြသည်။ ပါမောက္ခကြီး ပြန်သွားသောအခါ ဂျက်စားပွဲဆီသို့ ဘတ် လျှောက် သွားသည်။

"ဟေး ... ဂျက် ... ခုန ထပြန်သွားတာ ဘယ်သူလဲ"
"အို ... ခင်ဗျား ဗာဒွန်ကို ပြောတာလား"
ဂျက်က မလုံမလဲဟန်ဖြင့် ပြန်မေးလိုက်သည်။
"ဟုတ်တယ်၊ မင်းတို့နှစ်ယောက် ဘာတွေပြောနေတာလဲ"
"ကျွန်တော်တို့ ... အာ ..."
ဂျက် က သူ့ယောက်ဖ၏ မေးခွန်းကို ရှောင်လွှဲရန် စဉ်းစားနေသည်။ တခြား လူများကလည်း ဂျက်ကိုပင် အာရုံစိုက် နေသည်။

"ကျွန် ... ကျွန်တော် သူ့အကြောင်း စာအုပ်တစ်အုပ် ရေးဖြစ်ကောင်း ရေးဖြစ်လိမ့်မယ်၊ သူက အလွန် စိတ်ဝင်စားစရာကောင်းတဲ့ လူပဲ"
"မင်း စာရေးတယ်ဆိုတာ ငါ မသိပါလား"
"တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ အားလုံး စာ စရေးဖြစ်ကောင်း ရေးဖြစ်ကြမှာပါ"
ထို့နောက် သုံးရက်အကြာတွင် ကလပ်၌ ဂျက်နှင့်အတူ နောက်ထပ်ဧည့်သည်တစ်ဦး နေ့လယ်စာ လာစား သည်။ ထိုဧည့်သည်ကိုမူ ဘတ်ဟော်လန်ဒါ မှတ်မိသည်။
"ဟေး ဟိုလူက ဂျက်ရက် နိုင်ငံတကာက ကွန်ပျူတာ ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဆေမောဂျာရက် မဟုတ်လား၊ ဒီလူ က ဂျက်နဲ့ ဘာလုပ်နေတာလဲ"

ဂျက်နှင့် သူ့ဧည့်သည်တို့သည် နေ့လယ်စာ စားရင်း အချိန်အတော်ကြာအောင်ပင် ဆွေးနွေး တိုင်ပင်နေကြ သည်။ နေ့လယ်စာ စားပြီး ဧည့်သည် ပြန်သွားသောအခါ ဘတ်က ဂျက်ကို မေးသည်။
"ဂျက်ဖရီ ... မင်းနဲ့ ဂျာရက်နဲ့ ဘာတွေ လုပ်နေကြတာလဲ"
"ဘာမှ မလုပ်ပါဘူး၊ အလ္လာပသလ္လာပ ပြောကြတာပါ"
ဂျက်က မြန်မြန်ဖြေပြီး လှည့်ထွက် သွားရန် ပြင်လိုက်သည်။ ဘတ်က ဂျက်ကို တားထားလိုက်သည်။
"ဒီလောက်လဲ အလောသုံးဆယ် ဖြစ်မနေပါနဲ့ ဂျက်၊ ဂျက်ရက် ဟာ သိပ်အလုပ်များတဲ့လူ၊ ဘာအကြောင်းမှ မည်မည်ရရ မရှိဘဲ အလ္လာပ သလ္လာပ ပြောရုံအတွက်တော့ မင်းနဲ့ ဒီလောက်အကြာကြီး လာထိုင်မှာ မဟုတ် ဘူး"
ထိုအခါ ဂျက်က အလေးအနက် ပြန်ပြောသည်။

"ကောင်းပြီ၊ ဒါဖြင့် အမှန်အတိုင်း ပြောပြမယ်၊ ဆေမောဂျာရက်ဟာ တံဆိပ်ခေါင်းစုတယ်၊ သူ့အတွက် ရှားပါး ပြီး အဖိုးတန်တဲ့ တံဆိပ်ခေါင်းတစ်ခု ရနိုင်တယ်ဆိုတာ ကျွန်တော်က ပြောပြနေတာ"
သူ့စကားကို ဘတ်ဟော်လန်ဒါ မယုံကြည်ပေ။
နောက်တစ်ပတ်အကြာတွင် ဂျက်သည် ကလပ်၌ ချားလ်ဘတ်လက်နှင့်အတူ နေ့လယ်စာ စားပြန်သည်။ ဘတ်လတ်ဆိုသူမှာ ကမ္ဘာပေါ်တွင် မတည်ငွေရင်း စိုက်ထုတ်ပေးသော အကြီးဆုံး အုပ်စုတစ်စု၏ ဥက္ကဋ္ဌ ဖြစ်သည်။ ဂျက်နှင့် ဘတ်လက်တို့ ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးကြသည်ကို ဘတ်ဟော်လန်ဒါ၊ အယ်ဇယ်လာ၊ အလန်သွန်မဆင်၊ မိုက်ကွင်းစကီးတို့က စိတ်ဝင်တစား စောင့်ကြည့်နေသည်။
"ခင်ဗျား ယောက်ဖကတော့ အကြံကြီးတစ်ခု ကြံနေပုံ ရတယ်၊ ဟိုလူတွေနဲ့ ဘာတွေများ အပေးအယူ လုပ်နေတယ် မသိဘူး"

ဇယ်လာက ပြောသည်။ ဘတ်ကလည်း သူ့အမြင် ပြန်ပြောသည်။
"သူ ဘာကြံစည်နေတယ်ဆိုတာတော့ ကျွန်တော်လဲ မသိဘူး၊ သိအောင် လုပ်ရမှာပဲ၊ တစ်ခု သေချာတာက တော့ ဂျာရက်နဲ့ ဘတ်လက်တို့ စိတ်ဝင်စားတဲ့ ကိစ္စဆိုရင် ငွေများများ ရမယ့် ကိစ္စမျိုး ဖြစ်ရမယ်"
ဘတ်လက် ထိုင်ရာမှ ထပြီး ဂျက်နှင့် အားပါးတရ လက်ဆွဲနှုတ်ဆက်ကာ ပြန်သွားသည်ကို သူတို့ စောင့်ကြည့်နေကြသည်။ ထို့နောက် ဂျက်က သူတို့စားပွဲဘေးမှ ဖြတ်လျှောက်သွားသောအခါ ဘတ်က ဂျက် လက်ကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်သည်။

"ထိုင်ပါဦး ဂျက်၊ တို့ မင်းနဲ့ စကား နည်းနည်း ပြောချင်တယ်ကွာ ..."
"ကျွန်တော် ရုံးကို ပြန်ရဦးမယ်၊ ကျွန်တော် ..."
"မင်း ငါ့ဆီမှာ အလုပ် လုပ်နေတယ်ဆိုတာ သတိရစမ်းပါ၊ ထိုင်စမ်းပါကွာ"
မတတ်သာတော့သဖြင့် ဂျက် ၀င်ထိုင်လိုက်ရသည်။

"မင်းနဲ့ နေ့လယ်စာ အတူတူစားတဲ့လူက ဘယ်သူလဲ"
"အထူးပုဂ္ဂိုလ် မဟုတ်ပါဘူး၊ မိတ်ဆွေဟောင်း တစ်ယောက်ပါ"
"ချာလီဘတ်လက်က မင်း မိတ်ဆွေဟောင်း  ဟုတ်လား"
"ဆိုပါတော့"
"ဒါဖြင့် မင်းနဲ့သူ ဘာတွေ ဆွေးနွေး နေကြတာလဲ"
"အား ... အဓိက ကိစ္စကတော့ မော်တော်ကားကိစ္စပါ။ ချာလီက ရှေးဟောင်းကားတွေ သဘောကျတယ်။ ၃၇ခုနှစ် ပုံစံ တံခါးလေးပေါက် ပက်ကပ်ကားတစ်စီးရှိတဲ့ သတင်း ကျွန်တော် ကြားထားလို့ ..."
"အဓိပ္ပာယ် မရှိတာတွေ မပြောစမ်းပါနဲ့ကွာ တော်တော့၊ မင်းဟာ တံဆိပ်ခေါင်းလဲ မစုဘူး၊ ကာလဲး မရောင်း ဘူး၊ ဘာ သောက် စာအုပ်မှလဲ မရေးဘူး"
"မဟုတ်ဘူး၊ ကျွန်တော် ..."
"ခင်ဗျား အလုပ်တစ်ခုခု လုပ်ပြီး ပွပေါက် ကြံနေတယ် မဟုတ်လား ဂျက်" အက်ဇယ်လာက ၀င်မေးလိုက် သည်။

"မဟုတ်ဘူး" ဂျက်က ငြင်းသည်။ သူငြင်းပုံမှာ အလိမ်ပေါ်သွားသည့်ပုံစံမျိုး ဖြစ်သည်။
ဘတ်က ဂျက်ပခုံးကို လှမ်းဖက်လိုက်ပြီး ပြောပြန်သည်။
"ဟေး ... ဂျက် ငါက မင်းရဲ့ယောက်ဖပါ၊ တို့တွေဟာ မိသားစုတွေဆိုတာ သတိမရတော့ဘးလား၊ ပြီးခဲ့တဲ့ အပတ်က မင်းပြောခဲ့တဲ့ လိမ်လို့မရတဲ့ ကွန်ပျူတာဆိုတာမျိုးနဲ့ ပတ်သက်တဲ့ ကိစ္စ မဟုတ်လား"
"ဂျက်မျက်နှာတွင် ခိုးထုပ်ခိုးထည်နှင့် အမိခံလိုက်သော အသွင်မျိုးကို သူတို့ မြင်လိုက်ရသည်။
"ဟုတ်တယ်"

ဒီကိစ္စမှာ ပါမောက္ခ အက်ကာမင် ပါတယ်ဆိုတာ မင်းတို့ကို ဘာလို့မပြောတာလဲ" ဘတ်က ဆက်မေးသည်။
"ခင်ဗျားတို့ စိတ်ဝင်စားမယ် မထင်လို့ပါ"
"မင်း မှားတာပေါ့၊ မင်းမှာ ငွေအရင်းအနှီးလိုရင် မင်းမိတ်ဆွေတွေဖြစ်တဲ့ တို့ဆီကို လာရောပေါ့ကွာ"
"ပါမောက္ခနဲ့ ကျွန်တော်တို့အတွက် ငွေအရင်းအနှီး မလိုတော့ပါဘူး၊ ဂျက်ရက်နဲ့ ဘတ်လက် ..."
"အဲဒီနှစ်ယောက်က သွေးစုပ်ငါးမန်းတွေကွ၊ မင်းကို အရှင်လတ်လတ် ကိုက်သတ်စားလိုက်လိမ့်မယ်" အယ်လ်သွန်မဆင်က ၀င်ပြောသည်။
"ဒီမှာ ဂျက် ... မင်းအနေနဲ့ ခင်မင် ရင်းနှီးပြီးသား မိတ်ဆွေတွေနဲ့ ဆက်ဆံလုပ်ကိုင်ရင် မင်းအဖို့ နစ်နာမှာ မဟုတ်ပါဘူး" အက်ဇယ်လာက ၀င်ထောက်ပေးလိုက်သည်။

"အားလုံး စီစဉ်ပြီးနေပြီ၊ ချာလီနဲ့ ဘတ်လက်"
ဂျက် စကားမဆုံးခင်ပင် ဘတ်က ၀င်ပြောသည်။
"မင်း လက်မှတ်ထိုးပြီးလို့လား"
"ဟင့်အင်း၊ လက်မှတ်တော့ မထိုးရသေးဘူး၊ ဒါပေမယ့် စကားတော့ ပြောထားပြီးသား"
"စကား ပြောထားရုံလောက်နဲ့ဆိုရင် အကြောင်း မဟုတ်ပါဘူး၊ ဒီမှာ ဂျက် စီးပွားရေး လုပ်ငန်းမှာ လူတွေဟာ အချိန်နဲ့အမျှ စိတ်ပြောင်းတတ်ကြတာပဲ"
"တကယ်တော့ အခုကိစ္စကို ကျွန်တော် ခင်ဗျားတို့နဲ့တောင် မဆွေးနွေးသင့်ဘူး၊ ပါမောက္ခ အက်ကာမင် နာမည်လဲ ဒီကိစ္စမှာ ထည့်မပြောသင့်ဘူး၊ သူက အစိုးရ အေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေတာ"
ဂျက်က သူ့ဘက်မှ ကန့်ကွက် ပြောကြားသည်။

"ဒါ တို့သဘောပေါက်ပါတယ်၊ မင်းကိစ္စက အလုပ် ဖြစ်လိမ့်မယ်လို့ ပါမောက္ခက ယူဆသလား" သွန်မဆင်က လေပြေ၀င်ထိုးသည်။
"အလုပ်ဖြစ်မယ်ဆိုတာ သူသိပါတယ်"
"အက်ကာမင်က လက်ခံတယ်ဆိုရင် တို့ကလဲ လက်ခံတာပဲပေါ့ကွာ၊ မဟုတ်ဘူးလား ရဲဘော်တို့"
ဘတ်က သူ့ လူများထံ ဆန္ဒတောင်းလိုက်ရာ အားလုံးကပင် တညီတညွတ်တည်း ထောက်ခံလိုက်သည်။

"ဟေး ... ကျွန်တော်က သိပ္ပံပညာရှင် မဟုတ်ဘူးနော်၊ ကျွန်တော် ဘာကိုမှ တာဝန်မခံနိုင်ဘူး၊ ကျွန်တော် သိသမျှဆိုရင် အဲဒီဟာက လုံးဝတန်ဖိုးမရှိတာလဲ ဖြစ်သွားနိုင်တယ်"
"ဟုတ်ပါတယ် တို့နားလည်ပါတယ်၊ ဒါပေမယ့် တန်ဖိုးရှိတယ် မဟုတ်လား၊ ဘယ်လောက်အထိ ကျယ်ပြန့် နိုင်သလဲ"
"ဈေးကွက် ကတော့ ကမ္ဘာတစ်ဝန်းလုံး ကျယ်ပြန့်နိုင်တယ် ဘတ်၊ အရောင်းပမာဏတန်ဖိုး ဘယ်လောက်ရှိ မယ် ဆိုတာ တွက်တောင် မတွက်ရဲဘူး၊ လူတိုင်း အဲဒါကို သုံးစွဲလို့ ရနိုင်တယ်"
"ကနဦး မတည်ရင်းနှီးမှု ဘယ်လောက် လိုမယ်လို့ မှန်းထားသလဲ"

"ဒေါ်လာ နှစ်သိန်းလိုမယ်၊ ဒါပေမယ့် လောလောဆယ် ပေးရမှာက ဒေါ်လာနှစ်သိန်းငါးငါးသောင်း ကုန်မယ်၊ ဘတ်လက်က ကတိပေးပြီး ...၊
"ဘတ်လက်ကို မေ့ထားလိုက်စမ်းပါကွာ၊ ဒီလောက် ငွေကတော့ အသေးအဖွဲပါ၊ ကြက်ကျွေးသလောက်ပဲ ရှိ ပါတယ်၊ ဒီငွေကို တို့ပဲ ထုတ်ပေးမယ်၊ တို့မိသားစုပဲ လုပ်ကြတာပေါ့၊ မဟုတ်ဘူးလား ရဲဘော်တို့"
"ဟုတ်တာပေါ့၊ သိပ်ဟုတ်"
ဘတ်စကားကို သူ့ရဲဘော်များက ထောက်ခံလိုက်သည်။ ဘတ်က မော့်ကြည့်ပြီး လက်ပြလိုက်ရာ စားပွဲထိုး တစ်ယောက် သူတို့ စားပွဲသို့ ကပျာကယာ ရောက်လာသည်။
"ဒို့မိနစ် စာရွက် သုံးလေးရွက်နဲ့ ဖောင်တိန်တစ်ချေင်း မစ္စတာစတီဗင်ကို ယူပေးလိုက်စမ်း"
ဘတ်က ပြောလိုက်သည်။

စာရွက်နှင့် ဖောင်တိန်တို့ ချက်ချင်းပင် ရောက်လာသည်။
"တို့အရောင်းအ၀ယ်ကိစ္စ ဒီမှာပဲ အခု လုပ်လိုက်တာပေါ့၊ ကဲ-ဒီစာရွက်ပေါ်မှာ တို့ကို မူပိုင်ခွင့်ပေးကြောင်း မင်းကရေး၊ ပြီးတော့ တို့အားလုံး လက်မှတ်ထိုးမယ်၊ မနက်ကျရင် ဒေါ်လာ နှစ်သိန်းခွဲတန် ချက်လက်မှတ် မင်းလက်ထဲ ရောက်စေရမယ်၊ ဒါဆို မင်း ကျေနပ်တယ် မဟုတ်လား"
ဘတ်က သူ လိုလားချင်းကိုသာ ထုတ်ပြောလိုက်သည်။
ဂျက်က အောက်နှုတ်ခမ်းကို သွားနှင့်ကိုက်လိုက်ပြီးမှ ပြန်ပြောသည်။

"ဘတ် ... ကျွန်တော် မစ္စတာဘတ်လက်ကို ကတိပေးထားပြီးနေပြီ"
"သွားစမ်းပါ၊ ဒီလောက်ဘတ်လက်၊ မင်း သူ့ညီမကို ယူထားတာလား၊ ငါ့ညီမကိကု ယူထားတာလား၊ ကဲ - ရေးသား ရေးပါကွာ"
"ကျွန်တော် တို့ မူပိုင်ခွင့် တော့ မှတ်ပုံ မတင်ရသေးဘူးနော်"
ဂျက်က သေချာအောင် ပြောလိုက်သည်။
"ရပါတယ်ကွာ၊ ရေးသာရေး"
ဘတ်က ဂျက်လက်ထဲသို့ ဖောင်တိန် ထိုးထည့်လိုက်သည်။ ဂျက်သည် တုံ့ဆိုင်းဆိုင်းနှင့်ပင် မရေးချင် ရေးချင်း စရေးသည်။

စူကာတာ (SUCABA) ဟု အမည်ပေးထားသော သင်္ချာကွန်ပျူတာကို ၀ယ်ယူသူများဖြစ်သော ဒေါ်နယ်ဘတ်ဟော်လန်ဒါ၊ အယ်ဇယ်လာ၊ အလန့်သော်မဆင်နှင့် မိုက်ကွင်းစကီးတို့အား ဒေါ်လာနှစ်သန်း ဖြင့် လက်ငင်း ဒေါ်လာနှစ်သိန်းခွဲ ပေးချေမှုကို လက်ခံကာ လက်မှတ်ထိုး ရောင်းချလိုက်သည်။ ထိုပစ္စည်း၏ နာမည် မူပိုင်ခွင့် နှင့် အကျိုးစီးပွားအားလုံးကို ထိုသူများအား အပြီးအပိုင် လွှဲပြောင်း ပေးလိုက်သည်။ စူကာဘာ ကို  ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ထားရာ လောလောဆယ် ဈေးကွက်တွင် ရှိသော အခြား ကွန်ပျူတာ များထက် ဈေးသက်သာပြီး အပျက်အစီးနည်းကာ လျှပ်စစ်ဓာတ်အား သုံးစွဲ ကုန်ကျမှုလည်း နည်းပါးသည်။ စူကာတာသည် အနည်းဆုံး ဆယ်နှစ်ကာလအထိ ပြုပြင်မွမ်းမံရန် မလိုဘဲ မပျက်မစီး ရှိနေ မည် ဖြစ်သည်။

ဂျက်က အထက်ပါအတိုင်း ရေးသားနေစဉ် ကျန်လူများက ဂျက် ပခုံးပေါ်မှ ကျော်ပြီး သူရေးနေသော စာကို ၀ိုင်းကြည့်နေကြသည်။ "အလို ... ဘုရားရေ၊ ဆယ်နှစ်အတွင် မပျက်ဘူးလား"၊ ဒီလို ကွန်ပျူတာမျိုး ဈေးကွက် မှာ လုံးဝ မရှိသေးဘူး"
အက်ဇယ်လာက ၀င်ပြောသည်။
ဂျက်က စာရွက်တွင် ဆက်ရေးသည်။
ပါမောက္ခ ဗာဒွန်အက်ကာမင်နှင့် ကျွန်တော်သည် စူကာတာ အမှတ်တံဆိပ်ကို မှတ်ပုံတင်ခြင်း မပြုလုပ်ရ သေးကြောင်း ၀ယ်သူများ သဘောပေါက် နားလည်ကြပါသည်။
"ကိစ္စ မရှိပါဘူး၊ ဒါက အရေးမကြီးဘူး၊ အမှတ်တံဆိပ် မူပိုင်ခွင့် မှတ်ပုံတင် လုပ်ပေးမယ့် ရှေ့နေတွေ ငါ့မှာ တစ်ပုံကြီး ရှိတယ်"
အယ်လန်သော်မဆင် က ၀င်ပြောလိုက်သည်။ ဂျက်က စာကို ဆက်ရေးသည်။

စူကာတာ ကွန်ပျူတာသည် တစ်ပြားမှ တန်ဖိုးမရှိသည့် အဖြစ်သို့လည်း ရောက်သွားနိုင်ကြောင်းကို ၀ယ်သူ များ အား ကျွန်ုပ် ရှင်းပြထားပါသည်။ ပါမောက္ခဗာဒွန်အက်ကာမင်နှင့် ကျွန်ုပ်က စူကာဘာနှင့် ပတ်သက်၍ အထက်ပါ ရေးသား ဖော်ပြချက်များမှ တစ်ပါးအခြား မည်သည့်အချက်ကိုမှ တာဝန်မယူ ကြောင်း၊ အာမ မခံကြောင်း အတိအလင်း ဖော်ပြပါသည်။
ဂျက်သည် ထိုစာအောက်တွင် လက်မှတ်ရေးထိုးလိုက်သည်။ ထို့နောက် စာရွက်ကို ကိုင်ထားလိုက်ပြီး "ကဲ ... ကျေနပ်ပြီလား" ဟု မေးလိုက်သည်။

"ဆယ်နှစ်အတွင်း ပြင်စရာ မလိုဘးဆိုတာ သေချာတယ်နော်"
"အာမခံပါ တယ်၊ ကဲ နောက်ထပ် မိတ္တူတစ်ရွက် ထပ်ကူးလိုက်ဦးမယ်"
ဂျက်က ပြောပြောဆိုဆိုနှင့် မူလေရေးထားသော စာရွက်ကို နောက်ထပ် မိတ္တူတစ်ရွက် ထပ်ကူးရာ ကျန် လူများက စောင့်ကြည့်နေသည်။ ဂျက် ရေးကူးပြီးသွားသောအခါ ဘတ်က နှစ်ရွက်စလုံးကို ဆွဲယူလိုက် ပြီး ဂျက်လက်မှတ် ၏ အောက်ဘက်တွင် သူ့လက်မှတ် ရေးထိုးလိုက်သည်။ ဇယ်လာ၊ ကွင်းစကီးနှင့် သော်မဆင် တို့ကလည်း အလားတူ လက်မှတ် လိုက်ထိုးကြသည်။
ဘတ်က အားပါးတရ ပြုံးပြီး ပြောလိုက်သည်။

"ကဲ တစ်ရွက် တို့ ယူထားမယ်၊ တစ်ရွက်က မင်းယူထား၊ ဂျက်ရက်နဲ့ ဘတ်လက်တို့တော့ နောက်ကောက် ကျပြီပေါ့ကွာ၊ အင်း ... ဒီကိစ္စ သူတို့ မြန်မြန် သိစေချင်လိုက်တာကွာ"
နောက် တစ်နေ့ နံနက်တွင် ဘတ်ဟော်လန်ဒါနက ဂျက်စတီဗင်အား ဒေါ်လာ ၂၅၀၀၀၀ တန် အာမခံ ချက်လက်မှတ် တစ်စောင်ကို ပေးလိုက်သည်။
"ဘယ်မှာလဲ မင်းကွန်ပျူတာ" ဘတ်က မေးသည်။

"နေ့လယ်ကျရင် ခင်ဗျားတို့ဆီ ကလပ်ကို ပို့ပေးဖို့ ကျွန်တော် စီစဉ်ထားပြီးပါပြီ၊ အခုမှ ဆင်ပြီး စလောက်ပဲ ရှိဦးမယ်၊ နေ့လယ်ကျတော့ အတူတူ ကြည့်ကြတာပေါ့"
"မင်းဟာ တကယ့်လူတော်ပဲဂျက်၊ နေ့လယ်စာ စားချိန်ကျတော့ ဆုံကြတာပေါ့" ဘတ်က ဂျက်ပခုံးကို ပုတ်လိုက်ပြီး ချီးကျူးထောပနာ ပြုလိုက်သည်။
မွန်းတည့် ၁၂-နာရီ တိတိ အချိန်တွင် သေတ္တာတစ်လုံးကို လူတစ်ယောက်က သယ်ပြီး ကလပ် ထမင်း စားခန်းထဲသို့ ၀င်လာသည်။ ထိုသူ့အား ဘတ်၏ စားပွဲသို့ ပို့ပေးသည်။ ဘတ်သည် ဇယ်လာ၊ သွန်မဆင်၊ ကွင်းစကီး တို့ နှင့်အတူ စားပွဲတစ်လုံး၌ ထိုင်နေကြသည်။

"ဟော ... ဒီမှာ ရောက်လာပြီ၊ အလုဘုရားရေ ... ခပ်သေးသေးအရွယ်ပဲ၊ စားပွဲတင်အရွယ်ပဲ သိပ်ကောင် တာ ပေါ့"
"ကျွန်တော်တို့ ဂျက်လာအာင် စောင့်ကြဦးမလား"
သွန်မဆင်က မေးလိုက်သည်။
"ထားလိုက်စမ်းပါ၊ ဒီပစ္စည်းက ကျွန်တော်တို့ ပိုင်နေပြီပဲ"
ဘတ်က ပြောရင်းဆိုရင်းနှင့် စားပွဲပေါ် ရောက်လာသော သေတ္တာ၏ အပြင်ဘက်မှ စက္ကူကို ခွာလိုက်သည်။ သေတ္တာထဲတွင် ကောက်ရိုးစများကို ပထမ တွေ့ရသည်။ ၎င်းတို့ကို ဖယ်ပြီး အထဲမှ ပစ္စည်းကို ထုတ်ယူ လိုက်သည်။ ထိုပစ္စည်းကို စားပွဲတွင် ၀ိုင်းထိုင်နေကြသူများက စိတ်ဝင်တစား ကြည့်နေကြသည်။

ထိုပစ္စည်းများ အလျားတစ်ပေကျော်ခန့် အနံရှစ်လက်မခန့်ရှိသော သစ်သားဘောင်တစ်ခုတွင် ကန့်လန့် ဖြတ်သစ်သားတန်းကလေးများ ရှိနေသည်။ ထိုသစ်သားတန်းကလေးများတွင် ရွေ့လျား လှုပ်ရှား၍ ရသော အသီးကလေးများ တပ်ထားသည်။
"အဲဒါဘာလဲ"
နောက်ဆုံး ကွင်းစကီးက မအောင့်နိုင်တော့ဘဲ ထုတ်မေးသည်။
"အဲဒါ တရုပ်ပေသီးပေါ့၊ အရှေ့တိုင်းမှာ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားတွက်တဲ့ ကိရိယာလေ"
အယ်လယ်သွန်မဆင်က ပြောလိုက်သည်။ သူ့မျက်နှာတွင် အမူအရာ ပြောင်းသွားပြီး ဆက်ပြောသည်။

"ဘုရားရေ ... နေဦး သိပြီ၊ တရုတ်ပေသီးကို အင်္ဂလိပ် အေစီ ယူအက်စ်" ပဲ ဂျက် ပြောသွားတဲ့ ကွန်ပျူတာ ဆူကာဘာဆိုတာက စာလုံးပေါင်းရင် "အက်စ်ယူစီအေဘီအေ" မဟုတ်လား၊ ဟုတ်တာပေါ့၊ တရုတ် ပေသီး စာလုံးပေါင်း ကို ပြောင်းပြန် ပြန်လုပ်ထားတာပဲ"
သွန်မဆင်သည် ဘတ်ဘက်သို့ လှည့်ပြီး မေးလိုက်သည်။
"ဒါ ခင်ဗျားယောက်ဖ ရယ်စရာများ လုပ်တာလားဗျာ"
ဇယ်လာက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဈေးကွက်မှာရှိတဲ့ ကွန်ပျူတာတွေထက် ဈေးပေါ့တယ်၊ ဆယ်နှစ်လောက်အထိ မပျက်ဘူး၊ လျှပ်စစ် ဓာတ်အားလဲ သိပ်မကုန်ဘး၊ ဒါ ဟိုကောင်ပြောသွားတာတွေ၊ ကဲ - ဘတ် ခင်ဗျား ချက်လက်မှတ်ကို ခင်ဗျား ရွှေယောက်ဖ ငွေမထုတ်ခင် လှမ်းတားလိုက်တော့"
သူတို့အားလုံး တယ်လီဖုန်းဆီသို့ အပြေးအလွှား သွားပြီး ဘဏ်ကို တယ်လီဖုန်း လှမ်းဆက်သည်။ ဘဏ် စာရင်းကိုင်ချုပ်က ပြန်ပြောသည်။
"ခင်ဗျားရဲ့ အာမခံ ချက်လက်မှတ်လား၊ အဲဒီကိစ္စအတွက် ဘာမှ မပူပါနဲ့၊ မနက်ကပဲ မစ္စတာစတီဗင် ငွေလာ ထုတ်သွားပါပြီ၊ ကျွန်တော်တို့ အဆင်ပြေအောင် လုပ်ပေးလိုက်ပါတယ်"
ဂျက်အား သူ့အိမ်သို့ တယ်လီဖုန်း လှမ်းဆက်ပြီး မေးပြန်သည်။ စားပွဲထိုး ပစ်ကင်နှင့် တွေ့သည်။ ပစ်ကင်က ပြောလာသည်။

"မစ္စတာစတီဗင် အထုပ်အပိုင်း ပြင်ဆင်ပြီး အိမ်က ထွက်သွားပါတယ်၊ ခရီးရှည် ထွက်စရာရှိတယ်လို့ ဆိုတာပဲ"
နောက်ဆုံး ထိုနေ့ညနေတွင် ဘတ်ဟော်လန်ဒါသည် ပါမောက္ခ အက်ကာမင်ထံ တယ်လီဖုန်း ဆက်မေးပြန် သည်။
"ဂျက်စတီဗင်လား။ ခင်မင်စရာကောင်းတဲလူပဲ၊ ခင်ဗျား ယောက်ဖ မဟုတ်လား"
"ဟုတ်ပါတယ် ပါမောက္ခကြီး၊ ခင်ဗျးနဲ့သူနဲ့ ကလပ်မှာ နေ့လယ်စာ စားတုန်းက ဘာတွေ ဆွေးနွေးကြ တာလဲ"
"ဟာ - ဒါလျှို့ဝှက်ကိစ္စ မဟုတ်ပါဘူးဗျာ၊ ဂျက်က ကျွန်တော်အကြောင်း စာအုပ်ရေးဖို့ စိတ်ဝင်စားနေတယ်၊ သိပ္ပံပညာရှင် တွေရဲ့ အကြောင်းကို ကမ္ဘာက သိချင်နေတယ်ဆိုတာ ကျွန်တော် လက်ခံလာအောင် သူက ပြောနိုင် တယ်"

ဘတ်သည် စကားဆုံးအောင်ပင် ဆက်နားမထောင်တော့၊ မစ္စတာဆေမော်ဂျာရက်ထံ ဆက်ပြန်သည်။
"မစ္စတာစတီဗင်နဲ့ ကျွန်တော်တို့ ဘာတွေ ဆွေးနွေးတယ်ဆိုတာ ခင်ဗျားက ဘာကြောင့် သိချင်ရတာလဲ၊ ခင်ဗျား ကရော တံဆိပ်ခေါင်း အပြိုင်စုတဲ့လူလား"
"မဟုတ်ပါဘူး၊ ကျွန်တော် ..."
"ခင်ဗျားတို့ ကျွန်ုပ်ကို စကား အစ်အောက်နေလို့လဲ အပိုပါပဲ၊ အဲဒီလိုတံဆိပ်ခေါင်းမျိုးက တစ်ခုတည်းရှိတာ၊ မစ္စတာစတီဗင် က အဲဒီတံဆိပ်ခေါင်း သူရရင် ကျွန်တော့်ကို ပြန်ရောင်းဖို့ သဘောတူပြီး နေပြီဗျ"
ဂျာရက် က တယ်လီဖုန်းကို ဆောင့်ချလိုက်သည်။

ချာလီဘတ်လက်ထံ ဆက်ပြန်သည်။ ချာလီ မပြောခင်ကပင် ဘာပြောမည်ကို ဘတ် သိနေသည်။ သူထင် သည့်အတိုင်းပင်  ချာလီဘတ်လက်က ပြောလာသည်။
"ဂျက်စတီဗင်လား၊ အို ... ဟုတ်တယ်၊ ကျွန်တော်က ခေတ်ဟောင်းကားတွေ စုတယ်၊ ဂျက်ဆီမှာ ၁၉၃၇ခု ထုတ် ပက်ကပ်ကားတစ်စီး တွေ့ထားတယ်"
ဤတစ်ကြိမ်တွင် ဘတ်က တယ်လီဖုန်းကို ဆောင့်ချလိုက်သည်။
ဘတ်က သူ့လုပ်ဖော်ကိုင်ဖက်များကို အားပေး စကားပြောလိုက်သည်။

"ခင်ဗျားတို့ ဘာမှမပူနဲ့၊ ကျွန်တော်တို့ ပိုက်ဆံ ပြန်ရရစေ့မယ်၊ ဒီခွေးမသားကိုလဲ တစ်သက်လုံး ထောင်ထဲ ထည့်ထားမယ်၊  လိမ်လည်မှုတွေကို အရေးယူတဲ့ ဥပဒေ ရှိပါတယ်ဗျ"
ဘတ်ဟော်လန်ဒါတို့ လူစုသည် ရှေ့နေစကော့ဖော်ဂါတီ၏ ရုံးသို့ သွားကြပြန်သည်။
"ကျွန်ုပ်တို့ဆီင ဒေါ်လာနှစ်သိန်းခွဲ ယူသွားတယ်၊ ဒီကောင်ကို တစ်သက်လုံး ထောင်ထဲထည့်ထားရမယ်၊ ဖမ်းဝရမ်းထုတ်စမ်းပါဗျာ"
"ခင်ဗျားတို့နဲ့ သူနဲ့ ပဋိဥာဉ် စာချုပ် ချုပ်ထားသလား ဘတ်"
"ချုပ်ထားတယ်၊ ဟောဒီမှာ"

ဘတ်က ဖော်ဂါတီအား ဂျက်ရေးပေးခဲ့သည့်စာကို လှမ်းပေးလိုက်သည်။ ရှေ့နေကြီး ဖော်ဂါတီသည် စာကို တစ်ခေါက် အမြန်ဖတ်လိုက်သည်။ ထို့နောက် ခပ်ဖြည်းဖြည်း တစ်ခေါက် ထပ်ဖတ်လိုက်သည်။
"ဒီစာရွက်ပေါ် ခင်ဗျားတို့ လက်မှတ်တွေကို သူက အတုလုပ် ထိုးထားတာလား"
ရှေ့နေက မေးသည်။
"မဟုတ်ဘူး၊ ကျွန်တော်တို့ကိုယ်တိုင် ထိုးထားတာ၊ ဘာဖြစ်လို့လဲ"
မိုက်ကွင်းစကီးက မေးသည်။
"ခင်ဗျားတို့စာ ခင်ဗျားတို့ ပြန်ဖတ်ပြီးပြီလား"
"ဖတ်ပြီးပြီ၊ ဘာလဲ - ခင်ဗျားက ကျွန်တော်တို့ကို လူမိုက်တွေကို ထင်နေလို့လား"

"ကဲ ... ခင်ဗျားတို့ကို ကျွန်တော် ရှင်းပြမယ်၊ ခင်ဗျားတို့ ဒေါ်လာနှစ်သိန်းခွဲ ပေးဝယ်တဲ့ ပစ္စည်းဟာ မူပိုင် မှတ်ပုံတင် ထားတာလဲ မရှိဘူး၊  လုံးဝ တန်ဖိုး မရှိတာလဲ ဖြစ်သွားနိုင်တယ်လို့ သူ ရှင်းရှင်းလင်းလင်း ရေးထားတာ ကို ခင်ဗျားတို့က သဘောတူပြီး လက်မှတ်ထိုးဝယ်လိုက်ကြတာပဲ၊ ဥပဒေအကြောင်းအရ သူ့ကို ဘယ်လိုမှ အရေးယူလို့ မရဘူး၊ ခင်ဗျားတို့ကို လှလှပပနဲ့ မဟာဆန်ဆန် လိမ်သွားတာပဲ၊ ခံသာ ခံလိုက် ကြပေတော့ ဘာမှ လုပ်လို့ မရဘူး"
ဂျက်စတီဗင် သည် ရီနိုမြို့ကို ရောက်သွားပြီးမှ လူစီထံမှ ကွာရှင်းပြတ်စဲစာ ရရှိသည်။ ဂျက်သည် ရီနိုမြို့၌ နေစဉ် မှာပင် ကော်နတ်မော်ဂင်နှင့် တွေ့သည်။ မော်ဂင်သည် တစ်ချိန်က သူ့ဦးလေး ၀ီလီထံတွင် အလုပ် လုပ်ခဲ့ဖူးသည်။

"အလုပ်ကလေး တစ်ခု ရှိတယ် လုပ်မလား ဂျက်၊ ကောင်မလေး တစ်ယောက် နယူးယောက်ကနေ စိန့်လူဝစ္စကို ရထားနဲ့ လာလိမ့်မယ်၊ သူ့ဆီမှာ ရတနာတချို့ ပါလာလိမ့်မယ်"
ဂျက်သည် လေယာဉ်ပြတင်းပေါက်မှ  အပြင်ဘက်ကို မျှော်ကြည့်နေသည်။ သူ့ဘ၀နောက်ကြောင်းကို ပြန်တွေးနေရာမှ ထရေစီကို သတိရလာသည်။ တစ်ယောက်တည်း ပြုံးလိုက်မိသည်။
ထရေစီ သည် နယူးယောက်သို့ ပြန်ရောက်သောအခါ ကော်နတ်မော်ဂင်၏ ရတနာဆိုင်သို့ တန်းသွားသည်။ ကော်နတ်က ထရေစီအား သူ့ရုံးခန်းထဲသို့ ခေါ်သွားပြီး တံခါးကို ပိတ်လိုက်သည်။ လက်ဝါးနှစ်ဘက်ကို ပွတ်ရင်း ပြောလိုက်သည်။

"ငါမင်းအတွက် စိတ်ပူလိုက်ရတာ၊ မင်းကို ငါ စိန့်လူဝစ္စက စောင့်နေပြီး ..."
"ရှင် စိန့်လူဝစ္စကို မလာပါဘူး"
"ဘာ ... မင်း ဘာကို ဆိုလိုတာလဲ"
ကော်နတ်မျက်လုံး ကလယ်ကလယ် ဖြစ်သွားသည်။

"ရှင် စိန့်လူဝစ္စကို မသွားဘူးလို့ ကျွန်မ ပြောတာ၊ ရှင် ကျွန်မနဲ့ အခုလို ပြန်တွေ့ဖိုလဲ ဘယ်တုံးကမှ မမျှော်လင့် ခဲ့ဘူး မဟုတ်လား"
"မင်း ဘာတွေ ပြောနေတာလဲ၊ မင်းမှာ ရတနာတွေ ပါလာတယ် မဟုတ်လား၊ ငါ ..."
"ရှင် ကျွန်မဆီက ရတနာတွေကို ဖြတ်ခုတ်ဖို့ လူနှစ်ယောက် လွှတ်လိုက်တယ်လ"
"မော်ဂင်မျက်နှာတွင် ဇဝေဇ၀ါအသွင် ပေါ်လာသည်။
"မင်းပြောတတွေ ငါဘာမှ နားမလည်ဘူး"

"ပထမတော့ ရှင့်ဆိုင်ထဲက တစ်ယောက်ယောက်ဆီက ပေါက်ကြားတာလို့ ကျွန်မထင်တာ၊ ဒါပေမယ့် မဟုတ်ဘူး၊ တကယ်ကတော့ ရှင်ပဲ၊ ကျွန်မအတွက် ရထားလက်မှတ်ကို ရှင်ကိုယ်တိုင် စီစဉ်တာလို့ ရှင် ကျွန်မကို ပြောခဲ့တယ်၊ ဒီတော့ ရထားက ကျွန်မ အိပ်ခန်းနံပါတ်ကို သိတာ ရှင်တစ်ယောက်ပဲ ရှိတယ်၊ ကျွန်မ နာမည် ပြောင်းပြီး ရုပ်ဖျက်ထားတယ်၊ ဒါပေမယ့် ရှင့်လူတွေက ကျွန်မကို ဘယ်မှာ ရှာရမယ်ဆိုတာ အတိအကျ သိနေတယ်"
ကော်နတ်၏ မျက်နှာတွင် အံ့အားသင့်သည့် အရိပ်လက္ခဏာ ပေါ်လာပြန်သည်။

"ရတနာတွေကို မင်းဆီက လူတချို့က ခိုးသွားတယ်လို့ မင်းက ပြောဖို့ ကြိုးစားနေတာလား"
"သူတို့ မအောင်မြင်ဘူးဆိုတာ ပြောမလို့ ကြိုးစားနေတာ"
ထရေစီက ခပ်ပြုံးပြုံးလေး ပြောလိုက်သည်။
သည်တစ်ကြိမ်တွင် မော်ဂင်၏ မျက်နှာပေါ်၌ ပေါ်လာသော အံ့သြမှုမှာ စောစောက ဟန်ဆောင်မှု မဟုတ်တော့ပေ။ တကယ့်ကို အံ့သြသွားခြင်း ဖြစ်သည်။
"ရှိတယ်၊ ရှင့် မိတ်ဆွေတွေတော့ အဲဒါတွေ ထားရစ်ခဲ့ပြီး လေယာဉ်မီအောင် ခွေးပြေးဝက်ပြေး သွားကြလေရဲ့"
မော်ဂင်က ထရေစီကို ခေတ္တ စူးစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ငါ့ကို ခွင့်လွှတ်ပါကွာ"
မော်ဂင်က ထရေစီအား ရုံးခန်းနှင့် ဆက်လျက် သီးသန့်အတွင်းခန်းသို့ ခေါ်သွားသည်။
ထရေစီသည် ဆိုဖာပေါ်တွင် ပစ်ထိုင်လိုက်သည်။
မော်ဂင် ၁၅မိနစ်ခန့် ပျောက်သွားပြီး ပြန်ရောက်လာသည်။ သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်သည့် အသွင် ပေါ်လာသည်။

"ငါအမှားတစ်ခု လုပ်ခဲ့မိပြီ ... တကယ့် အမှားကြီးပဲ၊ မင်းဟာ တကယ့်ကို ပါးနပ်တဲ့ မိန်းကလေးပါပဲ မစ္စ၀ှစ် တနေ၊ မင်း ရစရာရှိတဲ့ ဒေါ်လာ နှစ်သိန်းခွဲကို မင်း ရထိုက်ပါတယ် တန်ပါတယ်။ ငါ့ကို ရတနာတွေသာ ပေးပါ"
"ငါးသိန်း"
"ဘာ ... ဘယ်လို"
"ကျွန်မက ဒီရတနာတွေကို နှစ်ခါပြန် ခိုးရတာ၊ ဒီတော့ တန်ဖိုးက နှစ်ဆ တက်သွားပြီး ငါးသိန်း ဖြစ်သွားတာပေါ့ မစ္စတာမော်ဂင်"
"မဟုတ်ဘူး ... ငါ ဒီလောက်များများ မပေးနိုင်ဘူး" ထရေစီ ထိုင်ရာမှ ထလိုက်သည်။

"ဒါဖြင့်လဲ ကောင်းပြီးလေ၊ ကျွန်မ လာ့စ်ဗေးဂတ်စ်မြို့ သွားပြီး ဒီရတနာတွေဟာ ဒီလောက်တော့ တန်တယ်လို့ လက်ခံမယ့် လူကို ရှာရောင်းတော့မယ်"
ထရေစီ တံခါးဆီသို့ လျှောက်သွားသည်။
"ဒေါ်လာ ငါးသိန်း ဟုတ်လား" မော်ဂင်က ထပ်မေးလိုက်သည်။
ထရေစီက ခေါင်းညိတ်ရုံ ညိတ်ပြလိုက်သည်။
"ရတနာတွေက ဘယ်မှာလဲ"

"ပင်းဘူတာရုံက အာမခံသေတ္တာ တစ်ခု ရှိတယ်၊ ရှင်က ကျွန်မကို ဒေါ်လာ ငါးသိန်းနှင့် အငှားကားတစ်စီး ပါ် တင်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ကျွန်မက ရှင့်ကို အဲ့ဒီသေတ္တာသော့ ပေးလိုက်မယ်"
ကော်နတ်မော်ဂင်က သက်ပြင်းမောကြီးတစ်ချက် ချလိုက်သည်။ အရှုံးပေးလိုက်ရသော သက်ပြင်း။
"မင်း ပြောတဲ့အတိုင်း သဘောတူပါတယ်ကွယ်"
"ကျေးဇူးပါပဲရှင် ... ရှင်နဲ့ အလုပ်လုပ်ရတာ ပျော်စရာတော့ ကောင်းသား ... နော်"
ထရေစီ က ရယ်သံ လွင့်လွင်လေးဖြင့် ပြောလိုက်သည်။

ဆက်ရန်
.

1 comment:

KMC@ချင်းလေး said...

ဈေးတင်လိုက်တာသိပ်မှန်တာပေါ့ထရေစီရေ....တော်လိုက်တာ..ငါနဲ့များကွာပ...P