Monday, August 22, 2011

ဖိုးကျော့ ၏ သမုဒယ ဤပင်လယ် အပိုင်း (၁၇)

"အစ်ကိုကြီး က မေသူကို"ဟု ပြောပြီးမှ လူရိပ်မြင်သဖြင့် စကားဖြတ်လိုက်ရ၏။ ဆိုင်ရှေ့ရောက်လာ သော ကောင်းကျော် ကို သူကြည့်နေသည်။ ကောင်းကျော် က သူ့ကိုမြင်သောအခါ မျက်နှာအမ်း သွားလေ သလား ထင်၏။
"ဘာဝယ်မလဲကွ"
အေင်တိုင် ကပင် စမေး၏။
"ဓာတ်ခဲ ရှိလား"
"ရှိပါတယ်"
မေသူက ဘာမှဝင်မပြောသေးဘဲ ယိုးဒယားဓာတ်ခဲ ထည့်ထားသော စက္ကူသေတ္တာလေးကို လှမ်းဆွဲ၏။

"မင်း ကော ဘာလာဝယ်သလဲ"
"ငါ့အစ်ကိုကြီး က ဈေးကူရောင်းပေးပါလို့ ပြောလို့"
ကောင်းကျော်က အောင်တိုင် စကားကို သဘောမပေါက်။
"ဘယ်မှာလဲ"
"ဒီမှာလေ၊ ဒီဆိုင်က ပစ္စည်းတချို့က အစ်ကိုကြီးတင်ထားတာမို့"
အတည်ပေါက် နှင့် ပြောလိုက်၏။
ပို၍ အံ့သြသွားသလို မေသူ့မျက်နှာကိုကြည့်သည်။ နောက်မှ အောင်တိုင့်မျက်နှာသို့ အကြည့်ကို ရွှေ့ပြန် သည်။

"ဘယ်နှခဲ ယူမှာလဲ"
မေသူ၏အမေးကို ကောင်းကျော်က ကက်ဆက်ဖွင့်တဲ့ဓာတ်ခဲခြောက် ဟု ပြောလိုက်၏။
မေသူက နောက်စက္ကူသေတ္တာဘူးတစ်ခုကို လှမ်းဆွဲ၏။ မမီမကမ်းဖြစ်နေသဖြင့် အောင်တိုင်က လှမ်းပေး လိုက်၏။
ဓာတ်ခဲခြောက် တစ်ခု ကို ကောက်ကာ လက်နှိပ်ဓာတ်မီးနှင့် ဖင်ပြန်ခေါင်းပြန် ထိုးကြည့်နေ၏။
"ကောင်းပါတယ်ကွ၊ အသစ်ကြီးပါ။ ဒီမှာတွေ့လား"
အောင်တိုင် က မီးသီးဆက်ထားသော ကြေးပြားကလစ်နှင့် ထွန်းညှိပြ၏။

"မင်း တို့ငါးတဲ လည်း လာခဲ့ပါဦးကွ"
"မင်းတို့ဆီ လာရင်ပင်လယ်လိုက်ချင်စိတ်ပေါက်တယ်ကွ၊ အမေကလည်း မကြိုက်တော့ မရောက် ဖြစ်တာ ဘဲ ကောင်းပါတယ်"
"အဒေါ်နိုင်း ကလည်း ခက်တာပဲနော၊ ပင်လယ်သားတွေ ပင်လယ်မှာ သေတာမဆန်းပါဘူး၊ မင်းကို ငါမကန်း အုပ်ကြီး တွေ မြင်စေ့ချင်တယ်၊ တစ်ကောင်တစ်ကောင် ဘယ်လောက်ကြီးလဲဆိုရင် ဟိုမေသူတို့ လေကာ ကျောက်တုံး ထက် သုံးလေးပြန်ကြီးတယ်၊ တစ်ခါတစ်ခါများ..."
အောင်တိုင် စိတ်ညစ်မိ၏။ သူ့ထက်ပင် အကြွားကြီးတတ်သော ကောင်းကျော် ၏ စကားက မေသူ့ ရှေ့မို့ တော်တော်နှင့် ပြီးတော့မည်မဟုတ်၊ မကန်းတစ်ကောင်တစ်ကောင်ဟာ တို့တဲအောက်က ရေသူမ ကျောက်တန်း နီးနီး ရှည်တယ်။ ကျောက်မောင်မှမနီးနီးမြင့်တယ်၊ တစ်ခါတစ်ခါ ရေထဲမှာ ကျောက်တန်း ကျောင်ဆောင် တွေလားောတင် ထင်ရတယ်ဟု ယခင်ကပြောသလိုကြွား၍ ရလျက် နှင့်မဆီမဆိုင် မေသူတို့ လေကာကျောက်တုံးနှင့် မေသူကိုစကာစနေသည်။

"မင်း ဓာတ်ခဲယူမှာလား"
"ယူမှာပေါ့ကွာ၊ တစ်ခဲယူမယ်၊ အိမ်ကဓာတ်ခဲက အားနည်းနေပြီ၊ မင်းအစ်ကိုကြီးဆီ တိပ်ခွေ လာ ငှားရဦး မယ်၊ ဟိုတစ်နေ့က အစ်ကိုကြီးငှားလာတဲ့ အေဒင်ဥယျာဉ်ထဲက အချစ်ဆိုလား သိပ် နားထောင် ကောင်းတာ၊ အဘကတော့ အေဒင်ဥယျာသ်ဆိုတာဘဲလဲတဲ့၊ မြန်မာသီချင်လားတဲ့ ၊ရယ်သေးတယ်၊ အဘိုးကြီး တွေက မိုးမိုး ၀ါလိုက်ပါတော့မိုး ဆိုတဲ့ ရေဒီယိုထဲက ထားဝယ်ဒိန်းသံ လောက်တောင် မကောင်း ဘူးတဲ့၊ ဟား...ဟား၊ တို့ကက်ဆက်ထဲက အောက်လိုက်တာ ဆိုတာမျိုး ပေါ့ကွာ"
ဓာတ်ခဲခြောက် ကို သူ့ ဂျင်းအင်္ကျီအိတ်ထဲထည့်ရင်း အောင်တိုင်အနား လာထိုင်ပြန်၏။ ယခင်က မေသူ့ ဆိုင်တွင် သူထိုင်ချင်နေသော်လည်း ရင်းနှီးသူအဖော်မရှိ၍ ထိုင်ရခက်နေသော ကောင်းကျော် အတွက် ဤနေ့တော့အကွက်ဝင်သွား၏။

အေင်တိုင် က မသိမသာ ခေါင်းကုတ်မိသည်။ မေသူကပြုံး၏။ ငယ်စဉ်ကပင် တကယ်ခင်မင်လာ ကြသူတွေ လည်း ဖြစ်ရာ အောင်တိုင် မှာ ကောင်းကျော်၏ အပြောကို ခေါင်းတဆတ်ဆတ်ညိတ် နေရ၏။ ကောင်းကျော် က စကားမပြတ်နိုင်။
မကြာခင် သင်းနိုင် ၀င်လာပြန်သည်။
"ဟာ အောင်တိုင် တို့ကိုးကွ၊ ငါက ဘယ်သူတွေလဲလို့၊ မင်းကို ပြောရဦးမယ်၊ ရှေ့လဆန်းရေ ထရက်မှာ ငှက်ရဲကျောက် ဆောင်ဘက် ညငှက်သွားပစ်ရအောင်ကွာ၊ သိပ်ရမယ်၊ မင်းအစ်ကိုကြီး ကိုပြောကွာ..."ဟု စကား စသည်။

"အစ်ကိုကြီးက ငှက်လောက် စိတ်မ၀င်စားဘူးကွ"
"ဒါဆို မြောက်သေကျွန်းဘက် သွားမလား၊ ၀က်အားကြီးပေါတယ်တဲ့၊ ငါ့ဦးလေးတစ်ယောက် တောင်ပုလဲ ကျွန်း က ဂျပန်တွေကို လိုက်ပြဖူးတယ်တဲ့၊ သူတို့တစ်နာရီလောက်ပဲ၊ ကြာတယ်၊ နှစ် ကောင်တောင် ရခဲ့ တယ်တဲ့"
ဒီကောင် ကို အစ်ကိုကြီးနဲ့ အမဲပစ် တစ်ခါနှစ်ခါ ခေါ်သွားဖူးတာ မှားလေခြင်းဟု အောင်တိုင် တွေးနေ၏။""
"လုပ်ကွာ...နော်၊ မင်း အစ်ကိုကြီးကို ပြောကွာ၊ သွားကြရအောင်"
"ရှင်က ဘာယူမှာလဲ"
ဆိုင်ရှေ့ မတ်တတ်ရပ်ကာ တံတွေးစဉ်မတက် ပြောနေသော သင်းနိုင် ကို မေသူက လှမ်းမေး၏။

"သြော်...စက်...စက်လုပ်မုန့် တစ်ထုပ် ဟဲဟဲ"
တို့လည်း ၀ယ်ကျွေးကွာ သင်းနိုင်ရာ
မေသူ လှမ်းပေးနေသော ဘီစကွတ်တစ်ထုပ်ကို ကြည့်ကာ ကောင်းကျော်က ပြော၏။
"အာမာ...တို့ရွာ မှာ မင်းတို့ ဆလုံရွာတွေက သူဋ္ဌေးပါကွ၊ ကျွေးချင်းကျွေး..."
"ခွေးမသား၊ မင်းကတော့ ဆလုံမဟုတ်လို့ ဘာလဲ၊ မင်းအမေက ပသျှူးလား"
"ဟဲ...ဟဲ...အီမေက စီလုံ၊ ၀အီဖေတီရုတ် မေသူတို့အီမေလည် စီလုံပဲ"
"ဟုတ်တယ်၊ မေသူ့ အဖေကလည်း တရုတ်ပါ၊ မင်းဒီလို ပြောချင်တာမဟုတ်လား"

အောင်တိုင် ကပါ ပြောလိုက်သောအခါ ၀ိုင်းရယ်ကြ၏။
မေသူကသူ့ကို မျက်စောင်းထိုး၍ "ကိုအောင်တိုင်နော်"ဟု ဆို၏။
"ဟုတ်သယ်လ၊ တို့အီမျိုးတား၊ အမျိုးတမီးဂျင်း အားပီးရမယ်လယ်"
စီလိုမီးဟုတ်လားကွနော၊ မုန့်ဝယ်စားတာပြောတာပါဟ...ဟီး...ဟီး..ဟီ
သင်းနိုင် အပြောကို ဤတစ်ခါ မေသူပါ ပြုံးမိသွား၏။

"မေသူ့ဆိုင်က လှိုင်းအူလှချေလား အောက်မေ့တာ၊ လက်စသတ်တော့ အရယ်သန်က ဒီရောက် နေတာ ကိုး"
ဈေးဝယ်လာသူ ဒေါ်သန်းရာ က သင်းနိုင်ကို ရည်ရွယ်၍ ပြော၏။ ရယ်နေသဖြင့် မစားရသေးသော သူ့လက်ထဲ က မုန့်ထုပ်ကို အောင်တိုင်နှင့် ကောာင်းကျော်တို့ အတင်းလုစားကြ၏။
ဘာကို သဘောအကျကြီး ကျနေသည်မသိ။ သင်းနိုင်ကား အရယ်မရပ်သေး။
"ကဲ ဆိုင်သာ ပိတ်လိုက်တော့ မေသူရယ်၊ နို့မို့ဒီည ငါအိပ်ရတော့မှာ မဟုတ်ဘူး၊ ရှိန်းတိန်းဖိန်း တိန်း ဖြစ်နေလို့ ဆေးလာဝယ်တာ၊ ဆရာကြီး ဦးအောင်သိန်းရဲ့ သီတာမြိုင်ဆေးတစ်ထုပ်လောက် ပေးစမ်းပါ"
အိမ်ချင်း အနီးဆုံး ဖြစ်သူဒေါ်သန်းရာက သီတာမြိုင် ဆေးထုပ်ကို လှမ်းယူ၍ ပြော၏။
တကယ်လည်း ဆိုင်ပိတ်ချိန်နီးပေပြီ။

"အမေ ည ကျွန်တာ် အိပ်ပြန်မလာဘူးနော်၊ ပင်လယ်ထဲ ခိုးလိုက်သွားတယ်မထင်နဲ့ဦး"
"ဘာဖြစ်လို့လဲ သားရယ်"
"အစ်ကိုကြီး ဟိုဘက်ကမ်းသွားတယ်၊ အိမ်စောင့်ပေးရမယ်"
ခါတိုင်း လည်း အစ်ကိုကြီးအိမ်စောင့်ပေးနေကျမို့ အမေကဘာမှမပြောတော့။ သူအစ်ကို ကြီးတို့ အိမ်ဘက် ထွက်လာသည်။
သွားရင်းလာရင်း စိတ်က မေသူဆီ ရောက်သွားပြန်သည်။ မနေ့က အကြောင်းပြန်တွေးမိသော အခါ စိတ်မကောင်း ဖြစ်ရသည်။
မေသူ ဆီ သူရောက်သွား၏။ ခါတိုင်းလိုပင် ထိုင်၍စကားပြောနေကြသည်။ ဦးဆုံး ညည်းသံကြား ရသည်။ အတွင်း ထဲက ဖြစ်သဖြင့် မေသူ့အဖေမှန်း သူသိ၏။ မေသူ့မျက်နှာကို ငေးကြည့်မိ၏။ မေသူ မျက်နှာ ညှိုး နေသည်။

"ဘယ့်နှယ်နေလဲ"
"တစ်ရက်နှစ်ရက်ရှိပြီ မသက်သာဘူး"
သူသက်ပြင်းချမိလိုက်သည်။
"သမီးရေ...မေတူ..သမီး"
"ဟုတ်ကဲ့ လာပါပြီဖေဖေ"
မေသူက မီးခွက်ကို ကောက်ထွန်းသည်။ ထိုင်ရာက ထ၏။
"တို့လည်း လိုက်ကြည့်မယ်နော်"
မေသူ က ဘာမှမပြောသော်လည်း မေသူ့နောက်ကပင် သူလိုက်လာသည်။

သူ့အဖေအခန်းထဲ မေသူဝင်သွား၏။ သူကအခန်းဝတွင် ခြေလှမ်းတုံ့၍ရပ်ကြည့်နေသည်။ ဆိုးရွား သော အနံ့ အသက် သည် ဦးဆုံး သူ့နှာခေါင်းထဲ ၀င်လာ၏။ ဆီးမီးခွက်ရောင်ထဲတွင် မေသူ့အဖေ ကိုလှမ်းကြည့်နေမိသည်။
တရုတ်ကြီးက အိပ်ရာထဲ ပက်လက်လဲနေ၏။ အသားအရေတို့ ၀ါထိန်နေသည်။ မျက်လုံးပင် ဖွင့်မကြည့်။ ဟောက်ပက် နေသော မျက်လုံးနှင့် ပါးစောင်းရိုး နားထင်ရိုးတို့ ငေါထွက်နေသည်။ ပိန် လိုက်သည် မှာ လည်း ပြားချပ်နေ၏။ ပင်ပန်းကြီးစွာ အသက်ရှူ၍ မောနေသည်။ တစ်စုံတစ်ခုကို လည်း မေးနေသံကြား၏။ မပီသသဖြင့် နားမကွ။
မေသူသည် တန်းပေါ်က လုံချည်တစ်ထည်ကို ဆွဲချ၏။ သူ့အဖေ၏ ခြေအစုံကိုမကာ ကွင်းစွပ် လိုက်သည်။ ၀က်ထားသော ပသျှူဘောင်းဘီပွကြီးပေါ် လုံချည်အပြင်က ဖုံးကာ ဘောင်းဘီကို ဆွဲချွတ်ယူသည်။ အနံဆိုး များသည် ထောင်းထောင်းထလာ သည်။ အောင်တိုင်က ယောင်၍ နှာခေါင်းကို ပွတ်မိသွား၏။

"မောင်...မောင်ထွန်းသောင်"
အစ်ကိုကြီး ကို တမှန်း သူသိလိုက်၏။ နောက်စကားမျာကို အဓိပ္ပာယ်ဖော်မရ။ လူမမာအသံက တိုးလွန်း၏။ တရုတ်သံ လည်း မပျောက်သဖြင့် ဘာပြောမှန်းမသိ။ မေသူက အေးပါအဖေရယ်ဟု ဆိုသည်။ လက်ထဲ ရောက်နေသော ပသျှူးဘောင်းဘီကို လုံးထွေး၍ ခြေရင်းကို ပစ်လိုက်၏။ ရပ် ကြည့်နေသော အောင်တိုင် ကို တစ်ချက်ကြည့်ပြီး သူ့အဖေဘက် မျက်နှာပြန်လှည့်သွား၏။
"ဗျို့...ဆိုင်ရှင်တို့၊ ဆိုင်ရှင်တို့"
အပြင်က တစ်စုံတစ်ယောက် ခေါ်သံကြားရ၏။ ဈေးဝယ်လာသူမှန်း သိသာသည်။
မျက်နှာပေါ် က ချွေးကို ပခုံးစွန်နှင့် မေသူခေါင်းငဲ့သုတ်၏။ ကိုအောင်တိုင် ခဏသွားလိုက်ပါဦးဟု ဆိုသည်။

အခန်းထဲက ထွက်လာသောသူ့ကို ဦးဂျလား က စူးစူးစိုက်စိုက် ကြည့်နေ၏။ စိတ်ထဲ တစ်မျိုးဖြစ် သွား၏။ ရုတ်တရက် ဘာပြောရမှန်းမသိ။ အလျောင် တို့ကောကွဟု အဘိုးကြီးက ဆို၏။
"တော်တော် နေမကောင်းဖြစ်နေတယ်။ ကျွန်တော် ခဏ၀င်ကြည့်ပြီး ပြန်ထွက်လာတာ ဘကြီး"
အေး...ဟု ဆိုကာ အဘိုးကြီးက သူ့ကိုအကဲခတ်သည်။
"အေး...တော်တော်ဖြစ်နေတယ် ကြားလို့ ငါလည်း လာကြည့်တာ၊ လာမယ်လာမယ်နဲ့ ခုတစ် လော ငါးလိုက်များတော့ မိုးချုပ်ချုပ်သွားတယ်၊ နိုင်လွန်ကြိုးတစ်ထုံးလည် ယူမလို့၊ မျောကြိုးလုပ် လို့ရတဲ့ ကြီးကြီး လိုချင်တယ်"
"ရှိပါတယ်ဘကြီး"
နိုင်လွန်ကြိုးထုံး ကို အောင်တိုင် လက်လှမ်းကိုင်၏။

"နေဦးလူလေး၊ ပြန်မှယူမယ်၊ အလျောင်းကို ဘကြီး တက်ကြည့်လိုက်ဦးမယ်"
အဘိုးကြ်ီး က အဆင့်ပေါ် လှမ်းတက်သွား၏။
"မင်းအစ်ကိုကြီး ကော အိမ်ထဲမှာလား"
"အစ်ကိုကြီး မရောက်သေးဘူးဘကြီး"
အဘိုးကြီး အတွင်းခန်းထဲ ၀င်သွားသည်။ စကားပြောသံ ကြားနေရ၏။

"ငါလည်း လာမယ်လာမယ်နဲ့ပဲ အလျောင်ရယ်၊ ခုတလော ငါးအလိုက်များနေတော့ မိုးချုပ်ချုပ် သွားလို့ကွ၊ ဟိုတစ်ပတ် က ငါမောင်ထွန်းသောင် မေးကြည့်တော့ သက်သာတယ်ပြောလို့"
တကယ် တော့ ဟုတ်ပေမည်။ သူတို့မှာ ပင်လယ်ထဲ ရလာသော ငါးမန်းများကို ချက်ချင်း အသည်း အူနုတ်ခွဲစိတ် လုပ်ရသဖြင့် ငါးအလိုက်များသော နေ့ဆိုလျှင် သန်းခေါင်း လွဲထိပင် မီးခါက်ထွန်း၍ လုပ်ကြ ရ၏။
မေသူ ပြန်ထွက်လာသည်။
"လူကြီးတစ်ယောက်ယောက်ရှိနေရင် ကောင်းတယ်၊ ဟိုအကြောင်း ဒီအကြောင်း အနားက ထိုင် ပြော နေတော့ စိတ်သက်သာနေမှာပေါ့၊ နို့မို့ရင် တညည်း ညည်းလို့ချည်းနေတယ်"
မေသူ၏ အပြောကို သူကဘာမှပြန်မပြောမိ။ ဈေးလာဝယ်သူတောင်ပိုင်းက ပသျှူးမကြီးတစ် ယောက် ကိုသာ ပုရုတ်ဆီဘူး လှမ်းပေးလိုက်၏။ မေသူတို့ အဖေလားဟု ပသျှူးမကြီးက ညည်း နေသံကို နားစွင့်၍ မေး၏။

"ဟုတ်ကဲ့ အဖေပါ"
"ဘယ့်နှယ်နေသေးလဲ"
"သိပ်မသက်သာဘူး"
"အမေကြီး တက်ကြည့်မယ်နော်၊ ရလား"
"ရပါတယ်၊ ဦးဂျလားလည်း ရှိတယ်"
"သြော် အလျောင်...အလျောင်၊ ဒီဘိန်းများ ခါးကခါးနဲ့၊ တို့များတော့ ၀မ်းဖောဝမ်းရောင် ဖြစ်တာ တောင် ကြိတ်မှိတ် မျိုချရတာ၊  နင်ကတော့ နတ်သဒ္ဓါထင်နေတယ်၊ မုန်တိုင်းကြီး ထပြီးတဲ့နှစ်ကပင် နင် ပျက်စီးတာပါ်၊ စက်လှေပျက်ထဲက ပစ္စည်းတွေရကြတော့ ရှူလိုက်ကြတဲ့ဘိန်း၊ စည်းစိမ်ပြုတ် ရုံမကဘူး၊ အသက်ပါ...."

အစ်ကိုကြီး ၀င်လာသဖြင့် ပသျှူးမကြီး စကားကို အာရုံပြတ်သွားသည်။ တစ်နေ့ခင်းလုံး သူ့အိမ် တွင် အတူနေခဲ့ကြရသဖြင့် အစ်ကိုကြီးက သူ့ကိုနှုတ်မဆက်၊ တစ်ချက်သာအကဲခတ်ကြည့်၏။ မေသူ အတွင်းထဲဝင် နေတုန်း မေသူနေရာက ဈေးထိုင်ရောင်းပေးနေရရာ သူ့မှာ တစ်ချက်ရွံ့သွား သည်။
"ဘယ့်နှယ်နေလဲ"
"စောစောကလိုပဲ၊ အစ်ကိုကြီး"
မေသူက ညှိုးညှိုးငယ်ငယ် ပြန်ပြောသည်။
"၀မ်းလျှောသေးလား"
"ဟုတ်ကဲ့"
အစ်ကိုကြီးက နားစွင့်သလို ခေါင်းဆက်၏။

"ဦးဂျလားတို့ အမေကြီး ရောဗီတို့ရှိတယ်၊ အစ်ကိုကြီး"
ဘာမှမပြောဘဲ အစ်ကိုကြီး အိမ်ပေါ်တက်သွား၏။
"စောစောက အစ်ကိုကြီး လာသေးလား"
"လာတယ်၊ ဘာဖြစ်လို့လဲ"
အောင်တိုင်အကြည့်နှင့် အမေးကို မေသူကလည်း အကြည့်အမေးနှင့် ပင်တုံ့ပြန်၏။
"ဟိုဟာလေ ...ဆေး .... ဆေးရလားလို့ပါ"
"အစ်ကိုကြီးကို ဟိုဘက်ကမ်းသွားပြီး ရှာပေးပြီး ရှာပေးဖို့ မနက်က မေသူပြောထားတယ်၊ မနက်ဖြန် သွားပေးပါ့မယ်ပြောတယ်''
အောင်တိုင်က ဘာမှ ပြန်မပြောမိတော့။ ဈေးဝယ်လာသူများကိုသာ ဈေးကူရောင်းပေးနေ၏။

ဤနေ့ ဈေးဝယ်လာကြသူ လူကြီးတိုင်းလိုလို မေသူ့အဖေကို မေးကြ၊ တက်ကြည့်သွားကြသည်။
အစ်ကိုကြီးသည် အိမ်တွင်းထဲက ပြန်ထွက်လာ၏။ သူတိှု့နှစ်ယောက်ကို လုံးဝ စကားမပြော။ တစ်ချက်သာ လှည့်ကြည့်ပြီး ပဲလှော်တစ်ထုပ်ကို ဆွဲဖြုတ်သည်။ ချက်ချင်းဖွင့်၍ ပါးစပ်ထဲ တစ်စေ့ ထည့်၏။ မေသူနှင့်သူက အစ်ကိုကြီးမျက်နှာကို လိုက်ကြည့်နေကြသည်။ အစ်ကိုကြီးက မကြည့်သဖြင့် မျက်လုံးချင်းကို မဆုံမိ။ ပဲကြီးလှော်ခွံကို ပါးစပ်ထဲက ထုတ်ကာ မြေပြင်သို့ အမှတ် တမဲ့ချလိုက်သည်။ မြေပြင်ကို စိုက်ကြည့်ကား ဆိုင်ရှေ့တွင် ခဏသာ ရပ်၏။ ပြန်လှည့်ထွက် သည်။

"အစ်ကိုကြီး"
အောင်တိုင်က လှမ်းခေါ်သဖြင့် ခြေလှမ်းတုံ့သွား၏။ နောက်ပြန်လှည့်ကြည့်သည်။
"အစ်ကိုကြီး မနက်ဖြန် ဟိုဘက်ကမ်း သွားမယ်လား"
ဟင်... ဟု အံ့သြသလို နှုတ်ထွက်ပြီး၊ အေး ... ညီလေးကို ဘယ်သူပြောလဲဟု ဆိုသည်။
"မေသူပြောလို့"
"အေး ...သွားဖြစ်ရင် ကျွန်တော်သွားလို့ကော မဖြစ်ဘူးလား"
"မနက်ဖြန်မှ အစ်ကိုကြီး ကြည့်စီစဉ်မယ်နော် ညီလေး"

အစ်ကိုကြီးအသံကို အောင်တိုင် သတိထား၍ နားထောက်သည်။ ကြားနေကျ ပုံမှန်အသံမဟုတ်ဟု ထင်မိ၏။ မေသူ့အဖေကိစ္စ အစ်ကိုကြီး စိတ်ညစ်နေသလားဟု ထင်မိ၏။
"အစ်ကိုကြီး လာဦးမယ်မဟုတ်လား"
အေးဟု ပြောကာ အစ်ကိုကြီး ခြံပြင်ဘက် လျှောက်သွားသည်။ မေသူက အစ်ကိုကြီး နောက် ကျောကို ငေးကြည့်နေ၏။ အောင်တိုင်က မေသူမျက်နှာကို ငေးသည်။ 
"ရှည်ကို ရှည်တယ်"
မေသူ၏ အပြောကို သဘောမပေါက်။ မေသူက သူ့ကို မျက်စောင်းနှင့် ဆိုလိုက်သောစကား။

"ဘာပြောတာလဲ"
"ဘာလို့ သွားမေးတာလဲ"
"ဘာကိုလဲ"
"ဟိုဘက်ကမ်း သွားမသွားပြောတာ"
"အိုး ...ဘာဖြစ်လဲ၊ တကယ်လို့ သူ မအားရင် မေသူ့အဖေအတွက် တို့်သွားပေးမလို့ဟာ၊ ကျေးဇူးမတင်ဘူး"
"ကျေးဇူးတင်ပါတယ်၊ ရှင်သွားလို့ဖြစ်မလား"
"ဘာလို့မဖြစ်လဲ၊ ဟိုဘက်ကမ်း တို့ရောက်တာ အခေါက်အပေါင်းမရေနိုင်တော့ဘူး"

"ဘာဆိုင်လဲ၊ ဟိုဘက်ကမ်းရောက်တာနဲ့"
"ဖြစ်ပါတယ်ဆို၊ ဘယ်သူ့ဆီဝင်၊ အစ်ကိုကြီးက လွှတ်လိုက်တယ်ဆိုရမှာပေါ့၊ တခြားပစ္စည်းတွေ လည်း အစ်ကိုကြီးလွှတ်တိုင်း တို့ဒီလိုပဲ ပြောပြီး ယူနေကျပါနော်၊ ဟိုတစ်လောကတောင် မဟီမှာ ပိုက်ဆံသွားယူရသေးတယ်"
"ဒါက ပိုက်ဆံသွားယူတာ မဟုတ်ဘူး၊ ပြဿနာဖြစ်ရင် မလည်မ၀ယ်နဲ့ ရှင်ဒုက္ခရောက်မှာစိုးလို့တဲ့ ၊ မေသူပြောဖူးသားပဲ၊ ကိုအောင်တိုင်လွှတ်ပါလားလို့၊ သူက အလုပ်များတော့ အားနာတယ်လေ၊ သူသွားမှဖြစ်မှာပါတဲ့၊ ဘိန်းမရင် ထောင်ကျမယ်တဲ့၊ သိတယ်မဟုတ်လား"
"အမယ်လေး ဒီနည်းနည်းလေး ဘယ်လိုလုပ် မိနိုင်မလဲ"

"မသင်္ကာရင် မဟီက ရဲတွေ တစ်ကိုယ်လုံး ပိုက်စိပ်တိုက် ရှာတာတဲ့တော်ရေ့ သိရဲ့လား"
မေသူက အော်သဖြင့် သူလည်း တွေသွားသည်။
"မေသူ့အဖေ အသည်းအသန်ဖြစ်လာရင် အစ်ကိုကြီးရှိတော့ အားကိုးရတယ်မဟုတ်လား၊ အဲဒါကြောင့် သွားပေးမယ်ပြေတာပါ"
"ကျေးဇူးတင်ပါတယ်၊ ကဲ ပြန်တော့ ဆိုင်ပိတ်မယ်"
"အစောကြီး ရှိသေးတယ်"
မေသူက လက်မှနာရီကို မျက်နှာနား မြှောက်ကပ်ပြ၍ ပြော၏။

"အစ်ကိုကြီး ပြန်လာဦးမယ်ဆို"
မေသူက တစ်ချက်တွေသွားသည်။
"လာမှာ မဟုတ်တော့ပါဘူး"ဟု ဆိုပြီး ဖန်ပုလင်းထဲက ထန်းလျက်ကို လှမ်းနှိုက်၏။ စားပါလားဟု ဆို၏။ ဟင့်အင်း ... ဟု အောင်တိုင် ငြင်းလိုက်သည်။
မေသူ ကဲလားချသဖြင့် သူထွက်လာ၏။ ဈေးဆိုင်ဘေးက လေကာကျောက်တုံးနား အတော်ကြာ ကြာ ရပ်နေခဲ့သေးသည်။ မေသူဆီ လာသောကာလသားအချို့သည် ဆိုင်ပိတ်ထားသည်ကို မြင် သဖြင့် သီချင်းဆို၍ ထွက်သွားကြ၏။ သူ့စိတ်ထဲ ပေါ့ပေါ့ပါးပါး မတွေးမိ။ အစ်ကိုကြီးအိမ်ဘက် ထွက်လာမိ၏။ လမ်းတွင် အစ်ကိုကြီးနှင့်များ တွေ့လေမလားဟု သူထင်သည်။ တွေ့လျှင်တော့ မေသူ ဆိုင်ပိတ်လိုက်ပြီ ဖြစ်ကြောင်း ပြောမည်ဟု သူတွေးလာသည်။

အစ်ကိုကြီးအိမ်ဘက် ၀င်ကြည့်သေး၏။ မီးမှိတ်ထားသည်။ အိမ်ရှေ့တံခါး ပိတ်ထား၏။ အိပ်နေပြီဟု ထင်ရသည်။ သူပြန်လာ၏။
အဘိုးကြီး ဘယ့်နှယ့်နေသေးလဲ။
"ဒီလိုပါပဲ"
မေသူက ပုံမှန်အသံနှင့်ပြော၏။
"အစ်ကိုကြီး ပြန်ရောက်ရင် သက်သာသွားပါလိမ့်မယ်"ဟု ပြောကာ မေသူ အနားတွင် သူထိုင်လိုက် သည်။ မေသူအဖေဆီ လူမမာ လာမေးကြသော အဘိုးကြီးအဘွားကြီး နှစ်ယောက် အိမ်ထဲမှ ထွက်လာကြသည်ကို အောင်တိုင်ငေးကြည့်နေမိ၏။ မေသူ၏ မျက်နှာကို စိုက်ကြည့် လိုက်သည်။ ရင်ထဲက တဒိတ်ဒိတ် အခုန်မြန်လာ၏။

"မေသူ"
မေသူက နှုတ်ဖြင့်မထူး၊ ဘာလဲ ဟူသော သဘောနှင့် သူ့မျက်နှာကို ပြန်ကြည့်သည်။
"ညကျရင် အောက်ဆင်းခဲ့ပါလား၊ အိမ်နောက်ဘက်က လေကာကျောက်တုံးရင်းမှာ ကိုယ်စောင့် နေမယ်"
ကြားရုံမျှသာ ပြောသော သူ့အသံကို မေသူက အမယ်ဘာလုပ်မလို့လဲဟု ကျယ်ကျုယ်ဆို၏။
"စကား အေးအေးဆေးဆေး ပြောချင်လို့ပါ"
"ဒီမှာ ပြောနေတာပဲ မဟုတ်လား၊ နေ့တိုင်း"
"အရေးကြီးတဲ့စကား ပြောချင်လို့ပါ"
"ဘာများ အရေးကြီးနေပြန်လဲ၊ သူများအဖေ နေမကောင်းလို့ စိတ်ညစ်နေရတဲ့ကြားထဲ"

အားနာသလို ဖြစ်သွားသဖြင့် သူ့မျက်နှာကို ကြည့်မိသည်။ စိတ်ညစ်နေသော မျက်နှာမျိုးကို သူအ ကဲမရ၊ သူ့အမြင်မှာ မကတိထက်ပင် ကြည်လင်နေသည်ဟုသာ မြင်မိ၏။
"ကိုယ်လည်း စိတ်ညစ်နေတာပဲ"
"အမယ် ... တော်က ဘာဖြစ်လို့"
"မေသူနဲ့ နှစ်ယောက်တည်း တွေ့ချင် ... "
"ဟိုမှာနော်၊ ရှင့်ယောက်ဖကြီး တွေ့လား "ဟူသော မေသူစကားကြောင့် အိမ်ရှေ့ဘက်အကြည့် ရောက် သွား သည်။

ပသျှူးဘောင်းဘီပွကြီး ကိုးရိုးကားရားနှင့် ခြေလှမ်းကျဲကျဲ လှမ်းလာသော ဂေါလာကြီးကို မြင်လိုက် ရ၏။ အေင်တိုင် ပြုံးမိသွားသည်။
တခြားကာလသားများ မေသူဆိုင်ကို လာလျှင် ဂျင်းဘောင်းဘီ ဂျင်းအင်္ကျီနှင့်သာ ရှိုးကျုကျု လာ တတ် ကြ၏။ ဂေါလာ ကို ကြည့်ရသည်မှာ ပင်လယ်ပြင်ထွက်သော အ၀တ်အစားပင် လဲခဲ့ပုံမရ။ ချက်ချင်းအနား သို့ ရောက်လာ၏။ ငါးညှီနံ့ပင် နံနေသလား ထင်လိုက်မိသည်။

"မင်း ငါရှာလိုက်ရတာကွာ ...၊ အဒေါ်နိုင်း ပြောတော့ အစ်ကိုကြီးအိမ် သွားတယ်ဆိုလို့ ရောက်ခဲ့ သေးတယ်၊ တံခါးပိတ် ထားတာ တွေ့တော့ ဘယ်ရှာရမှန်းတောင်မသိ ဖြစ်သွားတယ်။ ပြန်တော့မ လို့ အ၀တ်ကြိုး တစ်ခွေ ၀ယ်ရင်းအဖေကလည်း ရွာထဲရောက်ရင် မေသူ့အဖေသတင်းမေးခဲ့ပါပြော လို့ ၀င်လာတာ"
အောင်တိုင်က ဂေါလာကို ဘာမှပြန်မပြောသေးဘဲ သူ့မျက်နှာကိုသာ မသိမသာ ငေးကြည့်နေ၏။ သူ့မျက်နှာ မှာ ချွေးနှင့်အဆီတွေ ပြန်နေသည်။ ဘာကိစ္စ ရှာပါလိမ့်ဟု တွေးမိနေ၏။
" မေသူ့အဖေ နေမကောင်းဘူးလို့ အဖေက ပြောတယ်၊ ဘယ်နှယ့်နေသေးလဲ"
မေသူ ကို စေ့စေ့ကြည့်၍ မေး၏။

"ဒီလိုပါပဲ ကိုဂေါလာ၊ သိပ်မသက်သာသေးဘူး"
သက်မချပြီး သြော်...ဟုဆိုကာ မျက်နှာက ချွေးတွေကို လက်ဖ၀ါးနှင့် သုတ်၏။ လက်ကို ပသျှူး ဘောင်းဘီဖင် တွင် ပြန်သုတ်သည်။
"အေး ...အဖေ့ကို ပြောလိုက်မယ်"
အောင်တိုင်ဘက် လှည့်ကြည့်သည်။ အောင်တိုင်က ငြိမ်မနေနိုင်တော့။
"ကိစ္စရှိလို့ဘလား အစ်ကိုဂေါလာ"
"ငါတို့က ဒီ တစ်ရက်နှစ်ရက် ပင်လယ်ပြင် မထွက်ဖြစ်ဘူးကွ၊ ရေဒီယိုထဲက မုန်တိုင်းရှိတယ်လို့ ပြောတယ်၊ အဲဒါ ရက်အားရချိန် မင်းနဲ့ အမဲပစ်လိုက်ချင်လို့"
"ဟုတ်ကဲ့၊ ရပါတယိ၊ တစ်ညနေ သွားကြတာပေါ့။ ကျွန်တော်လာခေါ်မယ်လေ၊ အစ်ကို ငါးတဲမှာ ရှိမယ် မဟုတ်လား"

"ပင်လယ်မထွက်ရရင် ငါငါးတဲ မဆင်းဘူးကွ၊ ရွာမှာပဲ ရှိတယ်၊ မင်းဆီိကိုငါလာပါ့မယ်၊ ဘယ်နေ့ည နေ လဲသာ ပြောလိုက်"
အောင်တိုင် ခဏတွေ၍ စဉ်းစားသည်။

ဂေါလာကို သူလေးစားသည်။ သူများလို လိုက်ပါရစေခေါ်ပါဟု ခဏခဏ မပူဆာ။ အစ်ကိုကြီးက ပင်လယ်ကျွန်းတွေ တစ်ခေါက်လောက် လိုက်ပြပါပြော၍ တစ်ခါ၊ သူလိုက်ချင်၍ တစ်ခါနှစ်ခါသာ လိုက်ဖူး သည်။ ဂေါလာကြီးသည် အမြဲလိုလို ရေမှာနေတတ်သူဖြစ်သဖြင့် အပြင်ကျွန်းတွေရော အတွင်းကျွန်းတွေပါ မြစ်ကောက်တစ်ခုတွင် သူမရောက်ဖူးသော ကျွန်းမရှိ။ အစ်ကိုကြီးခေါ်သွား တုန်းက သူရေကြောင်းပြသည်။ ဒီရေတက်ချိန် ဘယ်ကျွန်း၏ ဘယ်ဘက်တွင် စုပ်ဝဲတွေရှိ၍ ဒီရေကချိတ်တွင် ဘယ်ကျွန်း၏ မှုတ်ဝဲ ၀ဲကတော့စည်းပေါ်တက်သည်ကိုလည်း သူကား အတပ် ပြောနိုင်သူဖြစ်လေသည်။ အစ်ကိုကြီးကပင် သူ့ကို လေးစား ၏။ ဒီလူမှ ဆလုံစစ်တာဟု ကွယ်ရာ တွင် ချီးကျူးဖူးသည်။

"မနက်ဖြန်ညနေ ထမင်းစားပြီးပေါ့။ မနက်ဖြန် မိုးမအုံ့ရင် ကောင်းမယ်"
အောင်တိုင်က မိုးသားများ ပိတ်နေသော ကောင်းကင်ကို မော့ကြည့်၍ပြော၏။
"ရပါတယ်ကွ၊ ဓာတ်မီးပါတာပဲ၊။ အစ်ကိုကြီး သံလိုက်ဓာတ်မီးတော့ ငါတော်တော်ကြိုက်တယ်ကွ"
သူတော်တော် သွားချင်နေမှန်း အောင်တိုင် ရိပ်မိလိုက်၏။ သူ့ခမျာ ပင်လယ်ထဲ အမြဲထွက်နေရသ ဖြင့် အားရက်ကို အချိန်လု၍ လာပြောခြင်းဖြစ်သည်။

"မနက်ဖြန်ညနေ ကျွန်တော် အစ်ကိုကြီးအိမ်က စောင့်မယ်၊ အစ်ကိုလာခဲ့၊ ဓာတ်မီးလည်း ယူလာ ခဲ့"
"အေး ... ကောင်းပြီ၊ ငါပြန်မယ်၊ မေသူပြန်မယ်နော်၊ အဖေ့ကို ပြေလိုက်မယ်၊ အမ်းကူးကြီး နေမကောင်း သေးဘူးလို့"
"ဟုတ်ကဲ့"
သူလှည့်ထွက်သွားသည်။ မေသူနှင့် အောင်တိုင်တို့က သူ့ကို လှမ်းကြည့်၍ ပြုံးနေကြ၏။
"ယောက်ဖကြီးမှန်း သိသာ... ဟော"
သူ ကမန်းကတန်း ပြန်လှည့်လာသဖြင့် မေသူ စကားရပ်သွား၏။

"ကြိုးမေ့သွားလို့ မေသူရယ်၊ ပါးဝတ်ကြိုးတစ်ထုံး ပေးပါဦး၊ ဘယ်လောက် ရော့ ပိုက်ဆံ"
ပြန်လာ၍ ပါးဝတ်ကြိုးတစ်ထုံးဝယ်ကာ ပြန်ထွက်သွားသည်။

"သူက သိပ်ရိုးတာ၊ တည်တာ မေသူရဲ့၊ တခြားလူတွေဆို ဒီအချိန်အခါမျိုး အစ်ကိုကြီးလည်း မရှိဘူး၊ တို့က လယ်လိုက်ပေးမလဲ၊ သူ့ကို အစ်ကိုကြီးလည်း လေးစားတယ်၊ အစ်ကိုကြီး ပဲ့ချိတ် ၀ယ်စက အပြင်ကျွန်းတွေ ရေကြောင်းပြက သူလေ၊ အစ်ကိုကြီးက သူမှ ဆလုံအစစ်တဲ့၊ ရေကြော လေကြော သိပ်နားလည်တာ၊ အရွယ်နဲ့မလိုက်အောင် တော်တယ်လို့ ပင်လယ်သွားတိုင်း ပြောပြ တယ်"
"အမယ်လေး နားညည်းတယ်၊ ယောက်ဖကြီးမို့ ကြောက်ရင် ကြောက်ရတယ်ပြောပါ၊ အစ်ကိုကြီးပါ ဆွဲမထည့် ပါနဲ့၊ တကတည်း"
မေသူ့ကို "မဟုတ်ဘဲနဲ့နော်" ဟု ပြောရင်း သူလှမ်းထုမိ၏။

"ငါက အစ်ကိုကြီးရှိတယ်ထင်တာကွ"
"မရှိဘူး၊ အစ်ကိုကြီး ဟိုဘက်ကမ်းသွားတယ်"
စကားတပြောပြောနှင့် သူတို့်လျှောက်လာကြသည်။
"အဒေါ်နိုင်းကတော့ ခုထိ မင်းကို ပင်လယ်ပြင်ထည့်ဖို့ စကားမဟသေးဘူးနော်"
"ဟုတ်ကဲ့"
ကမ်းကြီးသတ်ဘက်က သူတို့အုန်းခြံထဲ ရောက်လာကြ၏။

မိုးရွာလာရင်တော့ မင်းတို့်ပဲ့ချိတ်ရေပြာချောင်းဖျားပြောင်းထားလို့ ရတာပေါ့၊ နို့မို့ တတန်တက လာထုတ် နေရတယ်ဟု ကိုဂေါလာကြီးက ချောင်းနားအရောက်တွင် ဆိုသည်။
"မိုးရွာရုံနဲ့ မလွယ်သေူပါဘူး၊ မိုးမှန်၊ ဖျား(ဒီရေ) မှန်မှပါ"
အောင်တိုင်က ပဲ့ချိတ်ပေါ် လှမ်းတက်လိုက်၏။ အ၀တ်နှင့် ပတ်လာသောသေနတ်ကို အခင်းကြမ်း ပေါ် ချထားလိုက်သည်။ ပဲ့ချိတ်ကို စက်နှိုးသည်။ ဘုတ်ဘုတ် ဘုတ်ဘုတ် မြည်သံနှင့်အတူ ပဲ့ချိတ် က သိမ့်သိမ့်ခါနေ၏။
"တို့ ဘယ်ကျွန်းသွားကြမလဲကွ"
"နတ်ကျွန်းဦးရွာဘက် သွားရအောင်အစ်ကို။ အဲဒီကျွန်းမှာ ၀က်ပေါတယ်၊ ကျွဲရိုင်းတောင် သုံးလေး ကောင် ရှိတယ်ပြောတယ်၊ ရွာထဲလည်း ခဏ၀င်ရအောင်၊ အဲဒီမှာ ကျွန်တော်တို့ဆီ အခွံလာ ရောင်းနေတဲ့ ပသျှူးတစ်ယောက်အသိရှိတယ်။ မလာတာကြာလို့ တစ်နေ့က အစ်ကိုကြီးမှာထား တယ်၊ သူက လိပ်ထိုးသမား၊ မိုးတွင်းဆို လိပ်ခွံတွေရတော့မယ်လေ၊ အဆင်သင့်တွေ့ရင် သူ့ပါခေါ် သွားမယ်၊ သူပဲ အရင် က ကျွန်တော်တို့ လိုက်ပြတာ"

"ကောင်းသားပဲကွ၊ လိပ်ခွံက ဘီးလုပ်တာဆိုပဲ၊ ဟုတ်လား"
"ဟုတ်တယ်လို့ အစ်ကိုကြီးက ပြောတယ်၊ အစ်ကိုကြီး ပေးထားတဲ့ ဘီးတစ်လက် အမေ့မှာ ရှိသား ပဲ။ အစ်ကို ဂေါလာမမြင်ဖူးဘူး"
"ဟင့် ... အင်း ... အဒေါ်နိုင်းဆီ တောင်းကြည့်ရဦးမယ်"
"ဒီက လိပ်ခွံတွေကို ပီနံတို့ မလေးတို့က ၀ယ်တယ်တဲ့၊ အချောသတ်ပြီး ရန်ကုန်ရောင်းတယ်၊ တစ်ပိဿာကို တစ်ထောက်ကျော်တယ်လို့ အစ်ကိုကြီးက ပြောတယ်၊ ကျွန်တော်တို့မြိတ်က ငါးပုပ် ခြောက် စစ်စစ်ဆိုတဲ့ စာတမ်းနဲ့ အမေရိကန်က နယူးယောက်ဆိုလား အဲဒီမြို့မှာ ရောင်းတယ်တဲ့၊ မြန်မာတွေ ဈေးကြီးကြီးနဲ့ ၀ယ်စားရတယ်လို့ အစ်ကိုကြီးက ပြောတယ်"
"အို...အစ်ကိုကြီးကလည်း အဲဒီမှာ သွားရောင်း... "

ဂေါလာက စကားရပ်သွား၏။ အောင်တိုင်ကလည်း ပြန်ပြောဖို့ အချိန်မရတော့။ ပဲ့ချိတ်က သူတို့်အိမ်နားရောက်လာသလို မိဇံက အစ်ကိုအောင်တိုင်၊ အစ်ကိုအောင်တိုင်ဟု အော်ခေါ်၍ ချောင်းနား ပြေးဆင်း လာသည်ကို အုန်းပင်များကြားထဲတွင် လှမ်းမြင်လိုက်ရ၏။
"အစ်ကို အောင်တိုင်"
"အစ်ကိုအောင်တိုင်"
မိဇံက ချက်ချင်း ကမ်းနဖူးရောက်လာ၏။ အောင်တိုင်က စက်ရှိန်ကို လျှော့ပစ်လိုက်၏။
ပဲ့ချိတ်ပေါ်၌ သူ့အစ်ကိုကြီးကို မြင်သောအခါ မိဇံ အမ်းသွားသည်။ ပြန်တက်ပြေးရအခက်၊ ဆက် ရပ်နေရ အခက်နှင့် မျက်နှာပါ ပျက်နေ၏။ အောင်တိုင်စိတ်ထဲက ကျိတ်ရယ်နေ၏။ သူ့အစ်ကို ကြီး ရိပ်မိမှာ စိုး၍ မျက်နှာကိုတော့ တည်ထားရ၏။ ခွေးမ မှန်ထားဟု စိတ်ထဲက ကျန်ဆဲလိုက် သည်။

ဆက်ရန်
.

1 comment:

AMK said...

မောင်အောင်တိုင် တော့ ကျောကို ဒါးနဲ့ အထိုးခံရမလား သေနတ်နဲ့ အပြစ်ခံရမလား ၀တော့ မသိဘူး မြန်မြန်တင်ပါအစ်မကြီးရယ်