Tuesday, May 10, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၁၁)

တစ်ဖက်ကမ်းကို ပြန်ရောက်တော့ ဆိုင်မှာ အပ်ထားခဲ့သော သူ့ကားသည် ခြေရာလက်ရာပျက်နေ ကြောင်း တွေ့ရ လေသည်။ ပစ္စည်းတစ်စုံတစ်ရာဖြုတ်ခိုးခံရတာလည်း မဟုတ်။ ရပ်ထားတဲ့နေရာ ရွေ့ နေတာလည်း မဟုတ်။ ကားဘော်ဒီနှင့် ဘီးတွေမှာ ပေကျံနေသော ရွှံ့တွေ၊ ဗွက်တွေကို ပြောင်စင် အောင် ရေနှင့် ဆေးကြော ပေးထားတာ မြင်လိုက်ရခြင်းပင်ဖြစ်၏။
ပေါ်ဋ္ဌေး က ကျေးဇူးတင်ပြီး အခကြေးငွေပေးဖို့ ကြိုးစားသေးသည်။ ဆိုင်ရှင်က အလာတုန်းကလိုပဲ "ဘာပင်ပန်း တာလိုက်လို့ ဆရာရယ်" ဟု ပြောပြန်သည်။ ပေါ်ဋ္ဌေးလည်း သဒ္ဓါပေါက်သွားပြီး လက်ဆွဲ အိတ်ထဲ မှာ အရာမယွင်းဘဲ ရှိနေသော ၀ီစကီပုလင်းကို လက်ဆောင်အဖြစ် အတင်းပေးလိုက်သည်။

ဆိုင်ရှင်ကလည်း သူ သောက်ဖို့ သီးသန့်ဖယ်ထားသော ထန်းရည်တစ်ပုလင်းဖြင့် ပြန်ပြီး ဧည့်ခံသည်။ နေကျော် နေပြီဖြစ်သော်လည်း ထန်းရည်က ချဉ်စုပ်စုပ် ခါးသက်သက် မဖြစ်သေး။ ချိုပြင်းလေး၊ ရှတတ နဲ့ အတော် သောက်လို့ ကောင်းသည်။ နည်းနည်းတော့ "လာ"ချင်သည်။ ကားမောင်းရဦးမည် ဖြစ်သော ကြောင့် နှစ်ခွက်လောက်သာ သောက်လိုက်၏။

စကားပြောကြရင်း ဦးပဉ္စင်းအေဘီကျော် အကြောင်း စပ်မိကြသည်။ ပေါ်ဋ္ဌေးနှင့် ငယ်သူငယ်ချင်းဖြစ် ကြောင်း လည်း သိသွား၏။ သူတို့က ဆရာဦးပဉ္စင်းဟု ခေါ်သည်။ အရင်က ကျောင်းဆရာလည်းဖြစ်၊ ပညာ တတ်လည်း ဖြစ်သောကြောင့် လေးစားကြည်ညိုကြသည်။ တစ်ချိန်ချိန်မှာ ကျောင်းထိုင်ဆရာ တော်ကြီး နေရာကို ဆက်ခံမည့်သူဟုလည်း သတ်မှတ်ထားကြသည်။
ဆိုင်ရှင် ကို နှုတ်ဆက်ပြီး မောင်းထွက်လာခဲ့သည်။ အတော်ကြာမောင်းလာပြီးနောက် ရှေ့မှာ ကားတစ် စင်း သွားနေတာ တွေ့ရသည်။ ခရီးသည်ရော၊ ကုန်ပစ္စည်းရော အပြည့်တင်ဆောင်ထားသည်။ နောက် မြီးမှာ တွဲခိုလိုက်လာကြသော ခရီးသည်တွေ ကွယ်နေသောကြောင့် ဘာအမျိုးအစားကားမှန်းတောင် မသိရ၊ တကယ်ဆိုလျှင် ကားရယ်လို့တောင် မထင်ရ။ ပစ္စည်းတွေနှင့် လူတွေ တစ်ထွေးကြီး လေထဲမှာ လွင့်မျော နေသလို ဖြစ်နေ၏။

ရှေ့ကားကို ကျော်တက်မယ်ဆိုလျှင် လမ်းဘေးကို နည်းနည်းဆင်းပြီး ပန်းတက်မှ ရမည်။ လမ်းက ကျဉ်း နေသည်။ ရှေ့ကလည်း သူ့ဝိတ်ကြီးနဲ့မို့ ဘေးကိုချပြီး ကပ်ပေးနိုင်မှာ မဟုတ်။ တကယ်တော့ ကျော်တက် ပြီးလျှင်လည်း သိပ်တော့မထူးလှ။ နောက်ကားကို လွတ်အောင်အမြန်မောင်းလို့ရတာမှ မဟုတ်ဘဲ။
ထို့ကြောင့် နောက်က အသာမှေးပြီးတော့ပဲ လိုက်လာခဲ့ရသည်။ ဒီလိုနဲ့ ရွှံ့ဗွက်ရေအိုင် ရှိတဲ့နေရာကို ရောက်လာ၏။ ရှေ့ကား ဘာလုပ်မလဲဟု စောင့်ကြည့်နေလိုက်သည်။ ကားပေါ်က လူတွေ အကုန်ဆင်း ပေးကြသည်။ ဒီတော့မှတင်လာတဲ့ လူအုပ်က ဘတ်စ်ကားတစ်စင်းစာလောက် ရှိနိုင်ကြောင်း တွေ့ရ၏။ ကား ကတော့ လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်လောက်က သွင်းလာသော ဒတ်ဆန်းပစ်ကပ်ကားဖြစ်၏။

ရှေ့ကားသည် လမ်း၏ညာဘက်ခြမ်းကို ကပ်လိုက်သည်။ ခေါင်းကိုတော့ ဘယ်ဘက်ခြမ်းဆီ ဦးတည် ထားသည်။ ဒီပုံစံအတိုင်း ရေအိုင်ကို တစောင်းကြီး ဖြတ်မောင်းသည်။ ရေအိုင်ထဲက ထိုးတက်သွားတဲ့ အခါ မှာတော့ ကားဖင်ပိုင်းက ဘယ်ဘက်ကို ချာထွက်သွားသည်။ ဟိုဘက်လည်းရောက်ရော ကားက လမ်းပေါ် မှာ အတည့်ပြန်ဖြစ်သွား၏။ သူ့အထာနဲ့သူတော့ ဟုတ်လို့ပဲ။
ပေါ်ဋ္ဌေးကလည်း သူ့ကားကို ရှေ့ကားဘီးရာအတိုင်း နင်းပြီး ဒီနည်းအတိုင်း ဖြတ်မောင်းသည်။ ရှေ့ကားလို ဖင်ပိုင်းလည်ထွက်မသွားတာကလွဲလျှင် အဆင်ပြေသည်။ တစ်ဖက်ကို အတက်မှာ လမ်း ကြောင်းမှန် ပြန် ရောက်အောင် ထိန်းလိုက်ရတာပဲ ရှိ၏။

ပေါ်ဋ္ဌေးက လမ်းဘေးကို ကြည့်လိုက်သည်။ တစ်ဖက်ရပ် တဲလေးရှေ့မှာ ထော်လာဂျီဆရာက ခါး ထောက် ရပ်ရင်း အကဲခတ်နေသည်။ ပေါ်ဋ္ဌေးက လှမ်းလက်ပြလိုက်ပြီး မောင်းထွက်လာခဲ့သည်။
ဟိုလူကို ကျောလိုက်ရလို့ ပေါ်ဋ္ဌေး ပျော်သွားသည်။ စောစောက သောက်လာခဲ့သော ထန်းရည်ချိုပြင်း နှစ်ခွက် အရှိန်ကြောင့် အူကလည်း မြူးလာသည်။ ထို့ကြောင့် ကားအရှိန်ကို တင်လိုက်မိ၏။ ဒါ သူ့အမှား ပဲ။ ကား သည် ရွှံ့ပြင်လမ်းပေါ်မှာ ဘေးတိုက်လျှောထွက်သွားသည်။ ဘရိတ်နင်းလို့လည်း မရတော့။ စတီယာရင် ကိုလည်း မထိန်းနိုင်တော့။

သစ်ပင်လေးတစ်ပင်ခံနေလို့သာ လမ်းဘေးရေမြောင်းထဲ တစောင်း လဲကျမသွားခြင်းဖြစ်၏။ သစ်ပင်ကို ကား ဘေးဘက် နှင့် ၀င်ဆောင့်ပြီး ရပ်သွားသည်။ အမိုးကိုင်း ကောက်ကွေးသွား၏။ ထိုအရှိန်ကြောင့် ရှေ့မှန်လည်း ကွဲသွားသည်။ ပြည်တွင်းဖြစ် ဖြစ်သောကြောင့် မှန်ကွဲစတွေ လွင့်စဉ်ထွက်ကုန်သည်။ လူကတော့ ဘာမှမဖြစ်။ အဲ... မဟုတ်သေးဘူး။ ပါးပြင်ပေါ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်နေ၏။ လက်နှင့် စမ်း ကြည့် လိုက်တော့ ပူပူနွေးနွေး ပျစ်ချွဲချွဲ။ သွေးတွေ... လွင့်စဉ်လာသော ကားရှေ့မှန်ကွဲစရှမိခြင်းဖြစ်မည်။

သွေးသုတ်ဖို့ တစ်ရှူးစက္ကူယူရန် ဒက်ရှ်ဘုတ်အဖုံးကို ဖွင့်လိုက်သည်။ ဒီတော့မှ သတိရပြီး ပလတ်စတစ် သေတ္တာငယ် လေးကို ဆွဲထုတ်လိုက်သည်။ အရေးပေါ် ဆေးသေတ္တာလေး ဖြစ်၏။ သေတ္တာဖွင့်၊ ဂွမ်းစ ယူပြီး သွေး တွေ သုတ်လိုက်သည်။ ပတ်တီးစကို လေးခေါက် ခေါက်၊ ဘီတာဒိုင်းဆေးရည် ဆွတ်ပြီး ဒဏ်ရာ ပေါ်အုပ်သည်။ ပလတ်စတစ်ရှည်ရှည်ဖြတ်ပြီး ကပ်ထားလိုက်သည်။ လောလောဆယ်တော့ စိတ်ချရပြီ။

ထိုဆေးသေတ္တာလေးမှာ ရင်ရင်ငြိမ်း စီစဉ်ပေးထားခြင်းဖြစ်၏။ အရေးကြုံလာတဲ့အခါ အသုံးဝင်သဖြင့် ဒီအတွက် ရင်ရင်ငြိမ်းကို ကျေးဇူးတင်သင့်သည်။ သို့ရာတွင် ပေါ်ဋ္ဌေး စိတ်ထဲမှာတော့ ဒီဆေးသေတ္တာ ထည့်ပေး ထားတာကိုက တစ်နေ့နေ့ဒဏ်ရာရမှာပဲ ဆိုပြီး ကြိုတင်နိမိတ်ဖတ်ထားသလို ဖြစ်နေတယ်ဟု ရှာကြံ အပြစ်တင်ချင်သလို ဖြစ်မိသေးသည်။
ကားစက် ပြန်နှိုးသည်။ ဂီယာသွင်းပြီး မောင်းထွက်လိုက်သည်။ ကားက တုန်ခါသွားရုံပဲ ရှိသည်။ ရှေ့ကို မရွေ့။ ကားပေါ်က ဆင်းပြီး ကြည့်တော့မှာ ညာဘက် နောက်ဘီးသည် လမ်းဘေး မြေပျော့ထဲ နစ်ဝင် နေတာ တွေ့ရ၏။ သူ ခေါင်းကုတ်သည်။ ဘာလုပ်ရပါ့မလဲ စဉ်းစားနေတုန်း နောက်ဘက်မှ စက်သံပြင်း ပြင်း ကြား ရသည်။ လှည့်ကြည့်လိုက်တော့ ထော်လာဂျီတစ်စင်း။ မောင်းလာသော ပုဂ္ဂိုလ်က ပြုံးဖြီးဖြီး လုပ်ရင်း လှမ်း လက်ပြနေသည်။

အိမ်တံခါးလာဖွင့်ပေးသော ၀ိုင်းစိန်က မျက်နှာပေါ်က ဒဏ်ရာကိုမြင်ပြီး-
"ဟင်... ဦးပေါ်၊ ဘာဖြစ်..."
စကားကို ဆုံးအောင်မပြောဘဲ နောက်ဖေးဘက်သို့ လှစ်ခနဲပြန်ပြေးဝင်သွားသည်။ ရင်ရင်ငြိမ်းကို သွား အကြောင်းကြားခြင်း ဖြစ်၏။ ပေါ်ဋ္ဌေး လှေကားပေါ် တက်ခါနီးတွင် ရင်ရင်ငြိမ်း ရောက်လာသည်။ ပေါ်ဋ္ဌေးကို မြင်တော့ စိုးရိမ်ဟန်ဖြစ်သွားပြီး-
"ဘာဖြစ်တာလဲ"

ဟု မေးသည်။ ဒဏ်ရာကြီးရှိနေပါလျက် "ဘာမှမဖြစ်ဘူး"ဟု ငြင်းလိုက်သည်။
ရင်ရင်ငြိမ်းကလည်း သတင်းထောက် မဟုတ်သဖြင့် ဘယ်တုန်းက ဘယ်နေရာမှာ ဘာဖြစ် ဆိုတာမျိုး... "ဘ" လေးလုံးထွေး၊ "ဘ" ငါးလုံးတွေ စုံစမ်းမနေတော့။ စီအိုင်ဒီကလည်း မဟုတ်သဖြင့် ရဲအရေးပိုင် သော အမှုအခင်း ဟုတ်၊ မဟုတ် စစ်ဆေးမနေတော့ဘဲ-
"ငါ ဘာလုပ်ပေးရမလဲ"
ဟု လိုရင်းကိုသာ တိုက်ရိုက်မေးလိုက်သည်။

"မလိုဘူး"
ပေါ်ဋ္ဌေးက ပြောပြီး အပေါ်ထပ် တက်လာခဲ့သည်။
"ဆေးခန်းကိုတော့ သွားလိုက်ဦး"
ဟု ရင်ရင်ငြိမ်းက လှမ်းပြောသည်။ အစတုန်းကလည်း အချိန်ရှိသေးလျှင် ရပ်ကွက်ထဲက ဆေးခန်းကို သွားမည်။ ဒါမှမဟုတ် နှစ်ဆယ့်လေးနာရီဖွင့်သော အထူးကုဆေးခန်းကို သွားမည်ဟု စိတ်ကူးခဲ့သည်။ ရင်ရင်ငြိမ်း က ခုလို အကြံပေးလိုက်တော့မှပဲ ဘယ်ဆေးခန်းမှ မသွားတော့ဟု ဆုံးဖြတ်လိုက်သည်။

အခန်းထဲ ရောက်တော့ ဒဏ်ရာကို စစ်ဆေးကြည့်ဖို့ ပလတ်စတာကို ခွာလိုက်သည်။ ပတ်တီးခေါက်က သွေး တွေ ခဲပြီး အသားမှာ ကပ်နေသည်။ နည်းနည်း ဆွဲခွာကြည့်တော့ အတော်နာသည်။ ရေနွေးနဲ့ နှူး ပြီးလုပ်မှ ရမည်။ ထို့ကြောင့် ဘာမှမလုပ်တော့ဘဲ ပလတ်စတာ ပြန်ကပ်ထားလိုက်သည်။
မှန်တင်ခုံ မှန်ထဲလှမ်းကြည့်တော့ ပါးတစ်ခြမ်း ရောင်နေတာတွေ့ရသည်။ ခုမှ ပိုပြီး နာလာသည်။ ထိုအချိန်တွင် "ဦးပေါ်"ဟု ခေါ်သံကြားသဖြင့် လှည့်ကြည့်သည်။ ၀ိုင်းစိန်က အခန်းပေါက်ဝမှာ ရပ်နေ သည်။ လက်ထဲ မှာ ရေခွက်နှင့် ဆေးကတ်ကို ကိုင်ထားသည်။

"ဒေါ်လေးက ဆေးသောက်ဖို့ ပေးလိုက်တယ်"
"နေပါစေ"
ဝိုင်းစိန်က ရင်ရင်ငြိမ်း မှာလိုက်တဲ့အတိုင်း အခန်းထဲကို မရဲတရဲဝင်လာပြီး ရေခွက်နှင့် ဆေးကတ်ကို ခုတင်ဘေး က စားပွဲလေးပေါ်တင်ထားခဲ့ပြီး ပြန်ထွက်သွားသည်။ လိမ္မော်ရောင် ဆေးတောင့်များ။ အကိုက်အခဲ ပျောက်ဆေး ဖြစ်သည်။ ပေါ်ဋ္ဌေး ခဏစိုက်ကြည့်ပြီးမှ လုံးဝမတို့ မထိဘဲ အိပ်ရာပေါ်လှဲချ လိုက်သည်။

ပင်ပန်း လာ လို့ ထင်သည်။ ခဏအတွင်းမှာ အိပ်ပျော်သွား၏။ အိပ်မက်အပိုင်းအစလေးတွေ အများကြီး မက်သည်။ ရင်ရင်ငြိမ်းအကြောင်းလည်း ပါသည်။ ဆေးမသောက်ရကောင်းလားဆိုပြီး ရင်ရင်ငြိမ်းက သူ့ကို ပါးရိုက်သည်။ အိပ်မက်ထဲမှာတောင် တော်တော်နာသည်။ သွေးတွေလည်း ထွက်ကျလာသည်။

သူ လန့်နိုးလာ၏။ ပါးတစ်ဖက်က ရောင်ကိုင်းပြီး ဒဏ်ရာက တဆစ်ဆစ်နာကျင်ကိုက်ခဲနေသည်။ ဖျား ချင် သလိုလို လည်း ဖြစ်နေ၏။ ဘေးကိုလှည့်ကြည့်တော့ ရင်ရင်ငြိမ်းကို မတွေ့ရ။ စောသေးလို့ အိပ်ရာ မ၀င်သေးတာလားဆိုပြီး ခေါင်းရင်းက စားပွဲတင်နာရီလေးကို လှမ်းကြည့်သည်။ ညဆယ့်နှစ်နာရီ တောင် ကျော်နေပြီ။ ဒီနေ့သည် လပြည့် သို့မဟုတ် လကွယ် ဖြစ်လိမ့်မည်။ ထို့ကြောင့် ရင်ရင်ငြိမ်း ဘုရားခန်းထဲမှာ သွားအိပ်တာ ဖြစ်ရမည်။

အိပ်ရာမှ ထလိုက်သည်။ ခုတင်ဘေးက စားပွဲပုလေးပေါ်မှာ ရေနွေးဓာတ်ဘူး၊ အချိုပန်းကန်၊ ကွေကာ အုတ်တစ်ထုပ်၊ အကိုက်အခဲပျောက်ဆေးကတ်၊ ရေပုလင်းနှင့် ဖန်ခွက်တို့ တင်ထားတာ တွေ့ရသည်။
မနေ့က တစ်ညနေလုံး၊ တစ်ညလုံး ဘာမှမစားရသေးတာ သတိရသည်။ ဗိုက်ထဲက ဆာနေသည်။ ဒဏ် ရာကြောင့် ပါးက တင်းပြီး ပါးစပ်ကောင်းကောင်းဟလို့ မရ။ ၀ါးစားရတာမျိုးနဲ့ဆို မဖြစ်။ ထို့ကြောင့် ကွေ ကာအုတ် ဖျော်သောက်သည်။ အကိုက်အခဲပျောက်ဆေး တစ်တောင့် ဖောက်သောက်သည်။

ပြီးတော့မှ ဒါတွေဟာ ရင်ရင်ငြိမ်း စီစဉ်ပေးထားတာဖြစ်ကြောင်း သတိရသွား၏။ ခဏတွေနေပြီးနောက် အချိုပန်းကန် နှင့် ကွေကာအုတ်အိတ်ခွံကိုယူပြီး အောက်ထပ် ဆင်းလာခဲ့သည်။ အိတ်ခွံကို အမှိုက်ပုံးထဲ ထည့်သည်။ ပန်းကန်ဆေးသည်။ ကြောင်အိမ်ဖွင့်ပြီး ရှာသည်။ ကွေကာအုတ်အထုပ်ကြီးထဲက အသေး တစ်ထုပ် ယူသည်။ အပေါ် ပြန်တက်သည်။ ဆေးပြီးသာ ပန်းကန်လုံးက သူ့နေရာမှာ ပြန်ထားသည်။ ပန်းကန်ပြား အုပ်ပြီး ကွေကာအုတ်အထုပ်သစ်ကို တင်ထားလိုက်သည်။ မူလအတိုင်း အရာမယွင်းတဲ့ ပုံစံ လုပ်ထားလိုက်သည်။ ဆေးတစ်တောင့် ဖောက်သောက်ထားသော ဆေးကတ်ကိုတော့ ပြန်ဖြည့်လို့ မရတော့။

အိပ်ရာပေါ် ပြန်လှဲသည်။ ကွာကြရှင်းကြဖို့ ပြောဆိုထားပြီးကြသည့်တိုင် ရင်ရင်ငြိမ်း သည် အိပ်ရာခွဲ မအိပ်ဘဲ ခုတင် မှာပဲ ပေကပ်ပြီး အိပ်နေသည်။ အရင်က ၀ါတွင်းသုံးလမှာ အိပ်ရာခွဲအိပ်ရအောင်လို့ အကြံပြုခဲ့တဲ့ မိန်းမ က ခုကျတော့ လပြည့် လကွယ်ကလွဲလို့ ဒီခုတင်မှာ မြဲနေပြန်သည်။ ဒါဟာ ပေါ်ဋ္ဌေး ကို လိုက်လျောချင် တဲ့ သဘော၊ အခွင့်အရေး ပေးချင်တဲ့သဘော မဟုတ်။ ကွာရှင်းလိုသော ဆန္ဒမရှိ ကြောင်း အချက်ပြ နေခြင်းသာ ဖြစ်၏။

ပေါ်ဋ္ဌေးက သူ့ဘာသာ စာကြည့်ခန်းထဲမှာ သွားအိပ်ရင် ကောင်းမလား စဉ်းစားခဲ့သေးသည်။ ဒါဆိုလျှင် သူ အရှုံးပေး သလို ဖြစ်သွားမလား၊ သိက္ခာကျသွားမလားဟု တွက်ဆပြီး ဒီအတိုင်း ဆက်အိပ်နေခြင်း ဖြစ်၏။

မကြာမီမှာ သီးခြားစီ လမ်းခွဲကြဖွယ်ရှိသော၊ လောလောဆယ်မှာလည်း စကားပင် ခပ်ဟဟ မပြောဖြစ် ကြ တော့သော လူနှစ်ယောက်တို့ တစ်အိပ်ရာတည်း အတူတူ အိပ်နေရသော ပြဿနာ အခက်အခဲကို ဒီလိုမျိုး အိပ်ဖူး သူတို့သာ ကိုယ်ချင်းစာကြည့်နိုင်ကြလိမ့်မည်။

နှစ်ယောက်အိပ် ခုတင်၏အကျယ်အ၀န်းမှာ ငါးပေခွဲသာရှိ၏။ တစ်ယောက်စာအတွက် နှစ်ပေခွဲသာသာ ပဲ ရသည်။ ဒီအတိုင်းအတာအတွင်းမှာ တစ်ယောက်နှင့်တစ်ယောက် မတို့မထိမိအောင် အိပ်ဖို့ဆိုတာ မလွယ်ကူလှ။ မအိပ်ခင်မှာ ငြိမ်ငြိမ်လေး နေလို့ရချင်ရမည်။ အိပ်ပျော်သွားပြီဆိုလျှင်တော့ ထိန်းချုပ်လို့ မရ။ လူးတာ လှိမ့်တာရှိမည်။ ခြေတွေ၊ လက်တွေက ဟိုရောက် ဒီကိုင် ဖြစ်နိုင်သည်။
ပေါ်ဋ္ဌေး သည် အအိပ်ကြမ်းသူဟု ဆိုနိုင်၏။ လွတ်လွတ်လပ်လပ် ခြေကားယား လက်ကားယား အိပ်ချင် သည်။ အိပ်မောကျပြီဆိုလျှင် အိပ်ရာအနှံ့ လူးလှိမ့်နေတတ်သည်။ လက်ထပ်ပြီးခါစတုန်းကတောင် ရင်ရင်ငြိမ်း က-
"ကိုပေါ်ရယ်... ဣနြေ္ဒရရ အိပ်စမ်းပါ" ဟု ပြောသေးသည်။

"အိပ်တာတောင် ဣနြေ္ဒရှိရဦးမှာလား၊ အိပ်ပျော်သွားမှတော့ ကိုယ် ဘယ်လိုဖြစ်နေလဲ ဘယ်သိပါ့မလဲ"
"အိပ်တာလည်း ဣရိယာပုတ် တစ်မျိုးပဲ၊ သူတော်ကောင်းတွေဟာ ဘယ်လိုအနေအထားမျိုးမှာပဲ ဖြစ် ဖြစ်၊ ဣနြေ္ဒ သိက္ခာကို စောင့်ထိန်းကြတာပဲ"
"အဲဒါတွေ မသိဘူး၊ ငါက လူယုတ်မာပဲ၊ ရှင်းပြီလား" ဟု စိတ်တိုတိုနှင့် ပြောမိသေးသည်။

ပေါ်ဋ္ဌေးက ညအိပ်လျှင် ရင်ရင်ငြိမ်းကို ဖက်ထားချင်သည်။ ရင်ရင်ငြိမ်းက အသက်ရှူကျပ်တယ်ဟု ပြော သည်။
"ဒါဆိုလည်း နင်ကပဲ ငါ့ကိုဖက်ထားလေ၊ ငါ အသက်ရှူမကျပ်တတ်ပါဘူး၊ မွှေးတောင် မွှေးသေးတယ်" ဆိုတော့-
"အို... လက်မရဲပါဘူး" ဟု ဆို၏။

ပေါ်ဋ္ဌေးသည် ငယ်ငယ်ကတည်းက အမေ့ရင်ခွင်ကို ခေါင်းနှင့်ဝှေ့လို့ဝှေ့။ အမေ့ပေါင်ပေါ် ခေါင်းအုံးပြီး ချွဲလိုချွဲ လုပ် တတ်သည်။ ရင်ရင်ငြိမ်းကကျတော့ ပွတ်သီးပွတ်သပ် လုပ်တာမကြိုက်။ ယားတယ်ဆိုပြီး မနေတတ် မထိုင်တတ် ဖြစ်နေသည်။
"သြော်... နင်က ယားတော့ ယားတတ်သားပဲနော်"
ဟု ပေါ်ဋ္ဌေး က မချင့်မရဲ ငေါ့တော့တော့ ပြောသည်။

ရင်ရင်ငြိမ်းသည် ညအိပ်လျှင် တစ်ဖက်ကိုလှည့်ပြီး ခပ်စောင်းစောင်းလေး အိပ်တတ်သည်။ မနက်အထိ ဒီပုံစံ အတိုင်း အရာမယွင်းဘဲ ငြိမ်ငြိမ်လေးရှိနေတတ်၏။ သူမို့ မညောင်းတတ်။
ပေါ်ဋ္ဌေး က အိပ်ချင်ယောင်ဆောင်ပြီး ချမ်းလွန်းလို့ ဆိုသောသဘောဖြင့် ကျောချင်းကပ်ဖို့ ကြိုးစားသေး သည်။ ရင်ရင်ငြိမ်းက ဟိုဘက်ကို ရွှေ့သွား၏။ ပေါ်ဋ္ဌေးက အမြင်ကတ်ကတ်နှင့် လိုက်တိုးသည်။ ရင်ရင် ငြိမ်း နေရာ ရွှေ့ရင်း ရွှေ့ရင်း နံရံဘက်ကပ်သွားသည်။ ထပ်ရွှေ့လို့မရတော့။ ပေါ်ဋ္ဌေးက ဇိမ်နှင့် မှိန်းနေ စဉ် ရင်ရင်ငြိမ်း က ဆတ်ခနဲ ထ၊ ခြေရင်းဘက်က ကွေ့ပြီး ဒီဘက်နေရာလွတ်ကို ပြောင်းအိပ်လေသည်။

ဆက်ရန်
.

3 comments:

Anonymous said...

Thanks Sis.

Ray

Angelhlaing(May everybody be happy and healthy! said...

မမရေ သင်တန်းလေးတွေကြောင့် ခုမှပဲ စာလာဖတ်ဖြစ်တယ်...မမရေ..ခွင့်လွတ်..နော်..
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

Anonymous said...

Thanks ပါဗျာ ။